နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
17.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် နီးစပ်ရာ ကျေးရွာများသို့ အရပ်သား ၀တ်စုံဖြင့် အချိန်မတော် ၀င်ရောက် စီးနင်း၍ ရွာသားများကို အနှောက်အယှက် ပေးခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စခန်းရှေ့မှ ဖြတ်ကျော် သွားစဉ် ရပ်တန့် စစ်ဆေးပြီး အမျိုးမျိုး အကွက်ဆင်၍ ငွေညှစ်လေ့ ရှိသည်။ အထူးသဖြင့် မြန်မာ ဆင်းမ်ကဒ်သုံး ဖုန်းများကို စစ်ဆေး ယောင်ဆောင်၍ ၎င်းတို့တွင် အသင့် ရှိနေသည့် ဘင်္ဂလား ဆင်းမ်ကဒ် များကို ထည့်ကာ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့အပြင် အချိန်မတော် နီးစပ်ရာ ကျေးရွာများသို့ အရပ်သား ၀တ်စုံဖြင့် ၀င်ရောက်၍ ကျေးရွာသား များကို ခြောက်လှန့်ခြင်း၊ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်နေသည့် အပြင် စခန်းကို ဖြတ်ကျော် သွားသည့် လမ်းသွားလမ်းလာ များကို ရွာထွက် လက်မှတ် စစ်ဆေးပြီး ရွာထွက် လက်မှတ် မပါသူများ ထံမှ ငွေတောင်းခံခြင်း၊ ကုန်ပစ္စည်းများ အပေါ် ငွေကောက်ခံခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကို နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဧပြီလ (၂) ရက်နေ့ မွန်းလွှဲ (၃) နာရီခန့် အချိန်တွင်လည်း အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် သီဟိုဠ်ကျွန်း ရွာထဲသို့ ရောက်ရှိလာပြီး ဗလီ အဆောက်အဦကို ဓနိဖြင့် အမိုးကာနေသည်ကို မြင်တွေ့ပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဘဲ အမိုးကာနေသည်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

ဤကဲ့သို့ လိုင်စင်ရ ဓါးပြကဲ့သို့ သောင်းကျန်းနေသည့် သီဟိုဠ်ကျွန်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ မျာကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဟန့်တား အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။



ဗွီအိုအေမြန်မာပိုင်း
16.4.2016

မြန်မာ အပါအ၀င် နိုင်ငံတချို့ကို IRF ခေါ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စိုးရိမ်ဖွယ် နိုင်ငံတွေ အဖြစ် ပြန်လည် သတ်မှတ်ဖို့ ဆုံးဖြတ် လိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ကွန်ဂရက် လွှတ်တော်ကို အကြောင်းကြား လိုက်ပါတယ်။ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား (Iritria)၊ အီရန်၊ မြောက်ကိုရီးယား နဲ့ ဆူဒန်တို့ကို IRF ဥပဒေအရ သမ္မတ က အခုလို သတ်မှတ် လိုက်တာပါ။

အခုလို သတ်မှတ်ဖို့ ဆုံးဖြတ်တာဟာ ကွန်ဂရက် လွှတ်တော်က နှစ်စဉ် တင်သွင်းရတဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာအပေါ် အခြေပြုဆုံးဖြတ်ခဲ့တာ ဖြစ်တယ် လို့ နိုင်ငံခြားရေးပြောခွင့်ရ John Kirby ကဆိုပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ အခုလက်ရှိ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းမှု တနည်းနည်းနဲ့ ဆက်စပ်မှုရှိတယ်-မရှိဘူးဆိုတာ သူမသိဘူးလို့လဲ အခုလို ပြောသွားပါတယ်။

"ဒီလိုသတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုအပေါ် ဘယ်လိုရိုက်ခတ်လာမလဲ ဆိုတာကို နောက်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ်"လို့လဲ ပြောကြားသွားပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF ရဲ့ ဧပြီလ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစုဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖေါက်ခံနေရတာတွေ ပပျောက်အောင် အရပ်သားအစိုးရ သစ်က လုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေက အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစု မူဆလင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေပေါ် ကန့်သတ်မှုတွေ ရှိတာကြောင့် ဒါတွေကို ပြန်လည် သုံးသပ်ဖို့ကိုလဲ USCIRF ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။



MYARF
RB News
15.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ဈေးကြီးတွင် မီးရှို့မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၄) ရက်နေ့ ည (၉) နာရီ အချိန်ခန့်တွင် ကြိမ်ချောင်း ကျေးရွာမှ ယခင် ရ.၀.တ ဥက္ကဌဟောင်း ဦးအီဒီရိစ် မိတ္တူဆိုင်နှင့် ကပ်လျက် ရှိသည့် ယင်းကျေးရွာ အလယ်ရွာမှ ဦးလီယာကောတ်အလီ၏ ကွမ်းယာဆိုင်ကို မသမာသူ ရခိုင်လူမျိုး တစ်ဦးက မီးရှို့ခဲ့ကြောင်း၊ ဈေးရှိ အစောင့်များက အချိန်မှီ မြင်တွေ့၍ ချက်ချင်းပင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း၊ အစောင့်များက နှစ်မိနစ်ခန့် နောက်ကျပြီး တွေ့ပါက တစ်ဈေးလုံး မီးလောင်ပြာကျ သွားနိုင်ခဲ့ကြောင်း မျက်မြင်သက်သေ များကို ကိုးကား၍ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မီးရှို့ခဲ့သူသည် လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က အကျင့်ပျက်မှုဖြင့် တာဝန်မှ ရပ်စဲခြင်းခံခဲ့ရသူ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ ရခိုင်ရွာမှ ရဲဝန်ထမ်းဟောင်း ဦးစိုးနိုင် (အသက် ၄၀ နှစ်) ဖြစ်ပြီး၊ ၎င်းသည် နေ့ရောညပါ အရက်သေစာ သောက်သုံး၍ ဒေသခံ ရိုဟင်ဂျာများကို အနှောက်အယှက် ပေးသူ တစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဈေးခေါင်း အဖွဲ့နှင့် ဈေးကော်မီတီဝင် များက အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကြိမ်ချောင်း ရဲစခန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ညတွင်းချင်း အစီရင်ခံ တိုင်ကြားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ ယခု အချိန်ထိ အကြောင်း တစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသလို၊ ကွင်းဆင်း စစ်ဆေးခြင်းလည်း မရှိသေးကြောင်း အခြေအနေကို အနီးကပ် စောင့်ကြည့် နေသည့် ဒေသခံ တစ်ဦးက ပြောပါသည်။ 

ကြိမ်ချောင်းဈေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် တစ်ကြိမ် မသမာသူ အချို့က မီးရှို့ခဲ့ခြင်းကြောင့် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင် (၈၀) ထက်မနည်း မီးလောင်ပြာကျ သွားပြီး ကျပ်သန်းပေါင်း ၁၅၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ 

နိုင်ငံအ၀ှမ်းရှိ စည်ပင်သာယာရေး ဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ ဈေးများအနက် ကြိမ်ချောင်း ဈေးသည်သာလျှင် မွတ်စလင်ပိုင် ဆိုင်အများဆုံး ရှိသည့် တစ်ခုတည်းသော ဈေးကြီး တစ်ခု ဖြစ်သည့်အလျောက် ၂၀၁၂ ခုနှစ် ဘာသာရေးနှင့် လူမျိုးရေး တစ်ဖက်သတ် အကြမ်းဖက်မှု နောက်ပိုင်းမှ စ၍ ရခိုင်လူမျိုးများက အဓိက ပစ်မှတ်ထား ဖျက်ဆီးပစ်ရန် ကြိုးစား အားထုတ်ခြင်း ဖြစ်ပြီး၊ ယခုတစ်ဖန် မီးရှို့ရန် ကြိုးစား နေခြင်း ဖြစ်သည်ဟု ဒေသခံ လူကြီးများက သုံးသပ် ပြောဆိုနေကြသည်။



MYARF
RB News
14.4.2016

မောင်တော ။ ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာရှိ ဘုန်းကြီးကျောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ရိုဟင်ဂျာ လူငယ် တစ်ဦး၏ မော်တော်ဆိုင်ကယ် တစ်စီးနှင့် MPT ဆင်းမ်ကဒ်သုံး GSM ဖုန်းတစ်လုံး တို့ကို လုယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ၊ သီဟိုဠ်ကျွန်း ကျေးရွာမှ မာတာလောမ် (ဘ) ဇာဖောရ် (အသက် ၂၅နှစ်) သည် ဧပြီလ (၉) ရက်နေ့၊ ည (၆) နာရီ အချိန်ခန့်တွင် နွားရုံတောင် ကျေးရွာအုပ်စု ရေမျက်တောင်ရွာမှ ဆိုင်ကယ်စီး၍ လာနေစဉ် သီဟိုဠ်ကျွန်း ကျေးရွာရှိ ကင်းစခန်းသို့ ရောက်သောအခါ စခန်း တာဝန်ကျ နယ်ခြားစောင့်ရဲ များက ယင်းလူငယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့သည်။ စစ်ဆေးပြီး တရားမဝင် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း တပ်ဖွဲ့ဝင်တစ်ဦးက ယင်းလူငယ်၏ မိုဘိုင်းဖုန်းကို ယူ၍ စစ်ဆေး ယောင်ဆောင်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံသုံး SIM ကဒ် တစ်ကဒ် ထည့်သွင်းပေးပြီး ဖမ်းဆီး ထိန်းသိမ်းရန် ပြုလုပ်နေသည်ကို လူငယ်ကမြင်၍ လှစ်ခနဲ ထွက်ပြေးသွားခဲ့သည်။

နောက်နေ့ ဧပြီလ (၁၀) ရက်နေ့ နံနက်၌ သီဟိုဠ်ကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီး အချို့တို့သည် ကင်းစခန်းသို့ သွား၍ လူငယ်၏ ဆိုင်ကယ်ကို တောင်းကြရာ စခန်းမှ တာဝန်ရှိသူများက ဆိုင်ကယ်ကို နယ်မြေ (၆) ပြင်ဖြူ စခန်းသို့ အပ်နှံခဲ့သည်ဟု ပြောကြားခဲ့သည်။ ပြစ်မှု ကျူးလွန်ခဲ့ခြင်း မရှိသော မာတာလောမ်သည် ယခုထိပင် ၎င်းပိုင် ပစ္စည်းကို လက်ခံ ရရှိခြင်း မရှိသေးဟု ဒေသခံများက RB News သို့ပြောသည်။ 

ဒေသခံ ရိုဟင်ဂျာ လမ်းသွားလမ်းလာ များကို စစ်ဆေးပြီး တရားမဝင် ပစ္စည်းတစုံတရာ မတွေ့ရှိသော်လည်း ဘင်္ဂလား SIM Card ထည့်သွင်းပြီး ခြောက်လှန့် ငွေတောင်းယူခြင်းများနှင့် ပစ္စည်းများ လုယက်ခြင်း များကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေသော သီဟိုဠ်ကျွန်း ဘုန်ကြီးကျောင်း အခြေစိုက် နယ်ခြားစောင့်ရဲ များနှင့် အခြားသော လမ်းများပေါ်ရှိ ကင်းစခန်းမျာမှ နယ်ခြားစောင့်ရဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဟန့်တား တားမြစ်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
14.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဆေးအိုးကျ ကျေးရွာမှ ဥက္ကဌဟောင်း ဦးအီမာန်ဟူစိန်း ဓါးဖြင့် ခုတ်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဆေးအိုးကျ ကျေးရွာမှ အမှတ် (၇) ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်သူ ဥက္ကဌဟောင်း ဦးအီမာန်ဟူစိန်း (အသက် ၆၀ နှစ်) သည် ဧပြီလ (၁၃) ရက်နေ့တွင် ၎င်း၏ နေရပ်ဟောင်း ဆေးအိုးကျ ကျေးရွာသို့ သွားရောက်ပြီး ညအိပ်ကာ နောက်နေ့ ဧပြီလ (၁၄) ရက်နေ့ နံနက် စောစော အချိန်တွင် နမားဇ် ၀တ်ပြုရန် (ဘုရားရှိခိုးရန်) ဗလီသို့ သွားရောက်၍ ရေကန်သို့ ဆင်းပြီး မျက်နှာသစ် နေချိန်တွင် ၎င်းနှင့် ရန်ငြိုးရှိသူ ယင်းကျေးရွာသား အတွင်းရေးမှူးဟောင်း ဦးဘာဆဲရ် (ဘ) မော်လ၀ီအီလီယာစ် (အသက် ၅၀ နှစ်) ၏ ညီဖြစ်သူက ၎င်း၏ ပုခုံးကို ဓါတ်ဖြင့် နှစ်ချက်တိတိ ခုတ်ဖြတ်၍ ထွက်ပြေး သွားခဲ့သည်။ ဓါးဖြင့် ခုတ်ခံရသူ ဦးအီမာန်ဟူစိန်းကို ရွာသားများက ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဘူးသီးတောင် မြို့နယ်၊ အမှတ် (၇) ရပ်ကွက်တွင် နေထိုင်ခဲ့သူ ယခင် ထောက်လှမ်းရေး (၁၈) ၏ သတင်းပေး ဦးလှမြင့်က ထောက်လှမ်းရေး (၁၈) အာဏာရှိစဉ် ထောက်လှမ်းရေး အားကိုးဖြင့် ဦးဘာဆဲရ်ပိုင် ပုဇွန်ကန် တစ်ကန်ကို အတင်းအဓမ္မ သိမ်းယူပြီး ဦးလှမြင့် အမည်ဖြင့် ပြေစာထုတ်ကာ နှစ်အတန်ကြာ လုပ်စားပြီးနောက် ၂၀၁၃ ခုနှစ်တွင် ဦးလှမြင့်က အဆိုပါ ပုဇွန်ကန်ကို ဥက္ကဌဟောင်း ဦးအီမာန်ဟူစိန်းထံ ရောင်းချပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ပြောင်းရွှေ့ သွားခဲ့သည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဆေးအိုးကျ ကျေးရွာအုပ်စု ၀ါရကျွန်းရွာမှ ကင်းစခန်း၏ သတင်းပေး ဦးအဒူဆော်လမ်က ဦးဘာဆဲရ် အားခေါ်ယူ၍ ပုဇွန်ကန် ပြန်ရအောင် လုပ်ပေးမည်ဟု ကတိပေးကာ ငွေအမြောက်အမြား ယူခဲ့သည်။ ဦးဘာဆဲရ်ကလည်း ဦးအီမာန်ဟူစိန်း ၀ယ်ယူလိုက်သည့် ပုဇွန်ကန်သည် ၎င်း၏ ပုဇွန်ကန် ဖြစ်သောကြောင့် ဘူးသီးတောင် မြို့နယ် တရားရုံးမှ တဆင့် တရားစွဲဆိုခဲ့သည်။ တရားရုံးက အမှု စီရင် စစ်ဆေးပြီး ဦးအီမာန်ဟူစိန်းသာ ပိုင်ဆိုင်ကြောင်း ဆုံးဖြတ် ပေးခဲ့သည်။ ဦးဘာဆဲရ်က ၎င်း၏ ပုဇွန်ကန် ပြန်ရရေး အတွက် ငွေကြေး အမြောက်အမြား ဆုံးရှုံးခံရသော်လည်း ပုဇွန်ကန် ပြန်မရသည့် အပေါ် ဒေါ်သထွက်နေသည်ကို အကြောင်းပြု၍ ဦးဘာဆဲရ်၏ ညီဖြစ်သူက ဦးအီမာန်ဟူစိန်းကို ဓါးဖြတ် ခုတ်ခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
13.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာတွင် ဧပြီလ (၈) ရက်နေ့က အသတ်ခံရသည့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာနှင့် ပတ်သက်၍ ၎င်း၏ ဇနီးနှင့် ဆွေမျိုးသားချင်း များက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ လူသတ်မှုနှင့် မသက်ဆိုင်သူ များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်း၊ အသတ်ခံရသည့် ဦးဆော်လီမူလ္လာကို မနှစ်သက်သော ကျေးရွာသား အချို့ကို မဟုတ်မမှန် စွပ်စွဲ၍ တိုင်တန်းခြင်း၊ နယ်ခြားစောင့်ရဲ များကလည်း လူသတ်မှုနှင့် မည်သို့မျှ မပတ်သက်သည့် ကျေးရွာသား များကို ခြိမ်းခြောက် ငွေညှစ်ရန် ကြိုးစား နေကြောင်း သတင်း ရရှိပါသည်။

ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာကို ယင်းကျေးရွာသား တစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ရော်ဖိတ် (ဘ) ဦးမိုဟာမတ်ဆယာဒ်က ဧပြီလ (၈) ရက်နေ့ ည (၁၂) နာရီခန့် အချိန်တွင် သတ်ဖြတ်ခဲ့ပြီး၊ ဧပြီလ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်းကိုယ်တိုင် ဦးဆော်လီမူလ္လာ၏ မိသားစုဝင် များထံ ဖုန်းဆက်၍ ၎င်းကိုယ်တိုင် သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဇနီး ဖြစ်သူကို အတင်းအဓမ္မ သားမယား ပြုကျင့်ခဲ့ခြင်းကြောင့် လက်တုန့်ပြန်ရခြင်း ဖြစ်ကြောင်း၊ ကျေးရွာမှ မဆိုင်သူများကို စွပ်စွဲခြင်း မပြုလုပ်ရန် ပြောကြားခဲ့သည်။ 

သို့သော်လည်း ယခုအခါ ဦးဆော်လီမူလ္လာ၏ ဆွေမျိုးများက ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ အငြိုးရှိနေသူ များကို လူသတ်မှုနှင့် ပတ်သက်သည်ဟု အထောက်အထားမဲ့ စွပ်စွဲကာ ရွာသား (၃၀) ဦးကို လက်စားချေရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ ရွာသားများက RB News သို့ပြောသည်။ ထို့အပြင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ အသတ်ခံခဲ့ရသည်ကို လက်စားချေသည့် အနေဖြင့် ၎င်း၏ ဆွေမျိုးများက နယ်ခြားစောင့်ရဲများ အားကိုးဖြင့် တုတ်၊ ဓါး၊ လှံများ ကိုင်ကာ ရွာတစ်လျှောက်လုံး ပတ်ပြီး တစ်ရွာလုံးကို ဆဲဆိုခြင်း၊ ခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို စော်ကားခြင်း စသည်များ ပြုလုပ်လျက် ရှိသည်။ 

ရုန်းရင်း ဆန်ခတ် ပြုလုပ်နေသည့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ၏ ဆွေမျိုး အချို့မှာ --

(၁) ဦးမာမတ်အူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၃၀ နှစ်)
(၂) ဦးမာမတ်ရော်ဖိတ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) အာဘူဖောယာစ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၁ နှစ်)
(၄) ဦးရှာလောမ် (ဘ) ဦးဘုအိလ္လာ (အသက် ၃၂ နှစ်)
(၅) ဦးမာမတ် (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၃၇ နှစ်)
(၆) ဦးဆောလိမ် (ဘ) ဦးအလီအာမောတ် (အသက် ၃၅ နှစ်)
(၇) ဆော်ယိဒ်ဟူစိန်း (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၁ နှစ်) တို့ ဖြစ်ကြသည်။ 

ထိုကဲ့သို့ ရုန်းရင်း ဆန်ခတ် ပြုလုပ်ရန် ၎င်းတို့ကို အားပေးနေသူ တစ်ဦးမှာ ယင်းကျေးရွာတွင် သူဌေးကြီးဟု နာမည် ကျော်ကြားသော ဦးအဒူဂေါ်နီ (ဘ) ဦးဆောယိဒ်ကော်ရိမ် (အသက် ၄၅ နှစ်) ဆိုသူ ဖြစ်သည်။ ၎င်းသည် အသတ်ခံခဲ့ရသည့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာကို လက်ကိုင်တုတ် အဖြစ် လိုရာ အသုံးပြုခဲ့ရုံသာမက နောက်ကွယ်မှ ကြိုးကိုင်၍ ကျေးရွာသူ/သား များကို ဖမ်းဆီး ငွေညှစ်၍ ဝေစု ရယူခဲ့ခြင်း၊ ကျေးရွာသူ/သား များ၏ ပိုင်ဆိုင်မှု များကို အကြောင်း အမျိုးမျိုးပြ၍ သိမ်းယူလိုက်ခြင်းများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ 

ကျေးရွာသား များက အသတ်ခံခဲ့ရသည့် ဦးဆော်လီမူလ္လာ၏ ဆွေမျိုးများက နယ်ခြားစောင့်ရဲများ အားကိုးဖြင့် ဆက်လက်၍ ပြဿနာရှာမည်ကို အထူးစိုးရိမ် နေကြသည်။ ထို့အပြင် နယ်ခြားစောင့်ရဲ များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်မည်ကိုလည်း အထူး စိုးရိမ်နေကြသည်။



MYARF
RB News
12.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးသည် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၄) ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် မိုဟာမတ်ဟာဆောင်န့် (ဘ) ဦးမာတာမိန့် (အသက် ၁၉ နှစ်) နှင့် နူရ်မိုဟာမတ် (ဘ) ဦးမုစ်တာမတ် (အသက် ၁၈ နှစ်) တို့သည် ရွက်ညိုတောင် ကျေးရွာမှ ဆိုင်ကယ်စီး၍ လာနေစဉ် ကျောက်ပြင်ဆိပ် ကျေးရွာအတွင်း ကင်းလှည့် နေသည့် နယ်ခြားစောင့်ရဲ နှစ်ဦးက တား၍ စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် ဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ထပ်မံ စစ်ဆေးရမည်ဟု ဆိုကာ လူငယ် နှစ်ဦးကို လက်ထိပ်ခတ်၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားရန် ပြုလုပ်ခဲ့သည်။ 

လူငယ် နှစ်ဦးက ၎င်းတို့ကို စခန်းသို့ ခေါ်ဆောင် သွားလျှင် ရိုက်နှက် ခံရမည့်အပြင် တရားမ၀င် ပစ္စည်း တစ်ခုခုကို သက်သေခံ အဖြစ် လုပ်ကြံ၍ စွပ်စွဲမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် နယ်ခြားစောင့်ရဲ နှစ်ဦး တောင်းသည့် ငွေကျပ် တစ်သိန်းကို ပေး၍ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



RB News
12.4.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ လယ်သမား ၁၀၀ ဦးခန့်က ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် ပုဇွန်ကန် ဧက ၁၀၀ နီးပါးကို ယင်းကျေးရွာသား တစ်ဦးက အာဏာပိုင်များ အားကိုးဖြင့် အတင်းအဓမ္မ လုပ်ကိုင် နေသဖြင့် လယ်သမားများမှာ ၀မ်းစာ အတွက်ပင် ခက်ခဲလာနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ လယ်သမား ၁၀၀ ဦးခန့်သည် ၎င်းတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် ပုဇွန်ကန်များတွင် လုပ်ကိုင် စားသောက်ခွင့် ဆုံးရှုံးလျက် ရှိသည်။ ၎င်းတို့နှင့် တစ်ရွာတည်းနေ ဦးမာမတ်အာမီးန် (ဘ) ဦးနာဇိရ်ဟူဆောင်းက နှစ်စဉ်နှစ်တိုင်း ငွေအင်အားဖြင့် သက်ဆိုင်ရာ မြို့နယ်ခွဲ အုပ်ချုပ်ရေးနှင့် ကျေးရွာ အုပ်ချုပ်ရေး တို့ကို လာဘ်ငွေ အမြောက်အမြား ပေးကာ အတင်းအဓမ္မ လုပ်ကိုင်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ပုဇွန်ကန်များကို ဦးကာမာလ် (ဘ) ဦးဒိလ်မာမတ်၊ ဦးအစ္စမိုင်လ် (ဘ) ဦးဒိလ်မာမတ်၊ ဦးရှောမ်ရှုဟူဒါ (ဘ) ဦးဇာဂိရ်ဟူဆောင်း၊ ဦးဇာဂိရ်ဟူဆောင်း (ဘ) ဦးကာလာဆန် အပါအ၀င် (၁၀၀) ဦးခန့်က ပိုင်ဆိုင်ပြီး ငှားရမ်းခပင် တစ်နှစ်လျှင် သိန်းတစ်ရာကျော် ရှိသဖြင့် လွန်စွာ ဆုံးရှုံးနေရသည်ဟု ဆိုသည်။ ပုဇွန်ကန်များမှာ ကွင်းအမှတ် ၃၅/က တွင် တည်ရှိသည်ဟု သိရသည်။



Rohingya Eye
RB News
11.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာအုပ်စု၊ ရွာသစ်ရွာ အဝေးပြေးလမ်း၏ အနောက်ဘက်၌ တည်ရှိသော ဦးဟိုက်ရ်မိုဟာမတ်၏ နေအိမ်မှ ဧပြီလ (၁၀) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မီးစတင် လောင်ကျွမ်းခဲ့ပြီး၊ ယင်းအိမ်နှင့် အတူ အခြားအိမ် (၁၂) လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်မှာ သက်ကယ်အိမ် ဖြစ်ပြီး၊ အခြားအိမ်များမှာ ဓနိနှင့် သွပ်မိုးအိမ်များ ဖြစ်ကြသည်။
မီးစတင် လောင်ကျွမ်းသည့် အိမ်မှ အိမ်ရှင်သည် ဘူးသီးတောင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး နေအိမ်တွင် ဇနီးနှင့် သားသမီးများမှာ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ အထောက်အပံ့နှင့် ရပ်တည်နေရသည့်အိမ် ဖြစ်သည်။ 

မီးလောင်မှုကြောင့် ကလေးငယ် (၃) ဦး မီးလောင်ခံရပြီး၊ ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ ကလေးများ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 

မီးလောင်မှုနှင့် ပတ်သက်၍ ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များက မီးစတင်လောင်ကျွမ်း ခဲ့သည့် အိမ်မှ ငွေကျပ် (၅) သိန်း တောင်းခံလျက် ရှိသောကြောင့် ဒဏ်ရာရသည့် ကလေးများထက် အဆိုပါ ငွေကြေး အတွက် ပိုမို၍ အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မီးကူးဆက်ပြီး ပြာကျသွားသည့် အိမ်များ၏ အိမ်ရှင်များမှာ -- ဒေါ်ရော်မီဒါ၊ ဦးအာဘူဆီဒိတ်၊ ဦးချော်ရီးဒ်ဟူဆောင်း၊ ဦးမာမတ်ဘောက်ရှု၊ ဦးဆီရာဇူလ်အာမီးန်၊ ဦးဇူရူလ်ဟောက်၊ ဦးနူရ်မာလ်ဟာကိမ်း အပါအ၀င် အခြား (၅) ဦးတို့ ဖြစ်သည်။ မီးလောင်ခံရသည့် အိမ်များမှ အိမ်ရှင်များကို ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဧပြီလ (၁၁) ရက်နေ့ နံနက် (၈) နာရီအချိန်ထိ ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။





ဓါတ်ပုံ - RB News




Rohingya Eye
RB News
11.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ၎င်းတို့၏ နယ်မြေရုံး လက်အောက်ခံ ကျေးရွာများရှိ ဆိုင်ရှင်များအား (၃) လ တစ်ကြိမ် ငွေကျပ် တစ်သောင်းစီကို ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် ပေးသွင်းရန် ဧပြီလ (၈) ရက်နေ့က အမိန့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ အမိန့် ထုတ်ပြန်ပြီးနောက် ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အောက်ဖော်ပြပါ ဆိုင်ရှင် (၂) ဦးထံမှ ငွေကျပ် နှစ်သောင်းစီနှင့် ဆိုင်ရှင် (၈) ဦးထံမှ ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငွေကျပ် နှစ်သောင်းစီ ပေးသွင်းရသည့် ဆိုင်ရှင်များမှာ -- 

(၁) ဦးဇိုက်တာအာလောမ် (ဘ) ဦးအာမူဆောင် (အသက် ၃၆ နှစ်) - ဆေးဆိုင်
(၂) ဆရာဂျော်မိလ် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၄ နှစ်) - ဆေးဆိုင် -- တို့ဖြစ်သည်။ 

ငွေကျပ် တစ်သောင်းစီ ပေးသွင်းရသည့် ဆိုင်ရှင်များမှာ -- 

(၁) ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၃ နှစ်) -- စားကုန်ဆိုင်
(၂) ဦးအာဘူအာလောမ် (ဘ) ဦးအာမီးန်အူလ္လာ (အသက် ၄၂ နှစ်) -- စားကုန်ဆိုင်
(၃) ဦးအဒူရော်န် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၃၆ နှစ်) -- စားကုန်ဆိုင်
(၄) မော်လ၀ီအဒူရော်မန် (ဘ) ဦးဖော်ဇော်လ်ဟောက် (အသက် ၃၆ နှစ်) -- စားကုန်ဆိုင်
(၅) ဦးဆွေတာမောတ် (ဘ) ဦးနာဇီးရ်ဟူဆောင်း (အသက် ၃၇ နှစ်) -- စားကုန်ဆိုင်
(၆) မော်လ၀ီရှောမ်ရှု (ဘ) ဦးဆွေဒူရော်န် (အသက် ၄၆ နှစ်) -- စားကုန်ဆိုင်
(၇) ဦးရှာကဲရ် (ဘ) ဦးဟာဘီဘူရာမာန် (အသက် ၂၄ နှစ်) -- စားကုန်ဆိုင်
(၈) ဦးအဒူကာဒိရ် (ဘ) ဦးအဒူလ် (အသက် ၂၈ နှစ်) -- စားကုန်ဆိုင် -- တို့ဖြစ်သည်။ 

ဆိုင်ရှင်တစ်ဦးက “ဒါ အခွန်ပေးရတာလည်း မဟုတ်ဘူး။ အခွန်ဆိုရင်တော့ ဆောင်ရမှာပေါ့။ အခုက မတရားသဖြင့် ကောက်ခံနေတာ။ န.စ.က ထက် ပိုဆိုးနေတယ်။ အထက် အာဏာပိုင်တွေ အနေနဲ့ အခုဆို မတရားသဖြင့် ငွေကောက်နေတာကို အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟုပြောပါသည်။



RB News
12.4.2016

RB News Website တွင် ဧပြီလ (၈) ရက်နေ့က “၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးကို တပ်ရင်းမှူးနှင့် စစ်သားများက အုပ်စုဖွဲ့ အကြိမ်ကြိမ် မုဒိန်းကျင့်” ဟူ၍ ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြခဲ့သည်။ ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာသည် သွားလာရန် ခက်ခဲသည့် နေရာတွင် ရှိသဖြင့် ကျွန်တော်များ၏ သတင်းထောက် ကိုယ်တိုင် သွားရောက်၍ သတင်းယူနိုင်ခြင်း မရှိခဲ့ဘဲ၊ တယ်လီဖုန်းဖြင့်သာ သတင်းယူခဲ့ရသည်ကို ရိုးသားစွာ ၀န်ခံပါသည်။ သို့သော်လည်း အနောက်ပြင်ရွာမှ သတင်းပို့ပေးသူမှာ ယုံကြည်ရသူ ဖြစ်သောကြောင့် သတင်းကို အများသိရှိစေရန် အလျင်အမြန် ဖော်ပြခဲ့ပါသည်။ သတင်းဖော်ပြပြီးနောက် သတင်းမမှန်ကန်ဟု ဆိုကာ ပြည်ပရောက် အနောက်ပြင် ရွာသားများမှ ပြောဆိုလာသဖြင့် သတင်းကို တစ်ရက်ခန့် ဖြုတ်ချပြီးနောက် ကာယကံရှင်များနှင့် တိုက်ရိုက် စကားပြောရန် ကြိုးစားခဲ့သည်။

ဧပြီလ (၁၀) ရက်နေ့တွင် ဦးအဒူလ်ဟာရှိမ်း၏ ဖုန်းနံပါတ်ဟု ဆိုကာ မိမိတို့ သတင်းထောက်၏ ယုံကြည်ရသူ ထံမှ ရရှိခဲ့သောကြောင့် မိမိကိုယ်တိုင် ဖုန်းဖြင့် စကားပြော၍ အတည်ပြုချက် ရယူခဲ့သည်။ အတည်ပြုချက် ရခဲ့သောကြောင့် သတင်းကို ပြန်လည် ဖော်ပြခဲ့သည်။ 

သို့သော်လည်း ယခုတဖန် ဤသတင်းကို မမှန်မကန်ဟု ဆိုကာ ကာယကံရှင် ဦးအဒူလ်ဟာရှိမ်း (ခ) ဦးကျော်သိန်းနှင့် သမီး ဖြစ်သူတို့ ပြောဆိုနေသည့် ဗီဒီယိုဖိုင်များကို အခြားသောသူများမှ တဆင့် လက်ခံရရှိပါသည်။ 

မိမိတို့ သတင်းထောက်များနှင့် မိမိကိုယ်တိုင် အနောက်ပြင်ရွာသို့ သွားရောက်ရန် မလွယ်ကူသည့် အခြေအနေတွင် ဤသတင်းနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို ဆက်လက် ဖြေရှင်းရန် ဆန္ဒမရှိတော့သဖြင့် ဤသတင်းအား မိမိတို့၏ Website မှ အပြီးအပိုင် ဖြုတ်သိမ်းလိုက်ပါကြောင်း ကြေညာအပ်ပါသည်။

ဤသတင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် နားလည်နေသည်မှာ ဦးအဒူလ်ဟာရှိမ်းနှင့် မပြေလည်သည့် အုပ်စု တစ်စုမှ အကွက်ချ၍ လုပ်ကြံခြင်း ဖြစ်ပြီး၊ မိမိတို့အား မိမိတို့ ယုံကြည်ရသည့် အနောက်ပြင်ရွာသားမှ တဆင့် အသုံးချခြင်းလည်း ဖြစ်နိုင်သလို၊ ကာယကံရှင် ဖြစ်သူ ဦးအဒူလ်ဟာရှိမ်းအား စစ်တပ်မှ အလွန်အကျွံ ခြိမ်းခြောက် ထားသောကြောင့် ယခုအခါ မဟုတ်မမှန်ဟု ထွက်ဆိုခြင်းလည်း ဖြစ်နိုင်သည်။ 

အကယ်၍ ဤသတင်း မမှန်ကန်ဘဲ မိမိတို့အား အသုံးချခြင်း ဖြစ်လျှင်လည်း - ကာယကံရှင် မိန်းကလေး ထိခိုက်နစ်နာသလို၊ မိမိတို့ အနေနှင့်လည်း ထိခိုက်နစ်နာမှု ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ မိမိတို့၏ သိက္ခာထက် မိန်းကလေး၏ သိက္ခာမှာ ပိုမို အရေးကြီးသောကြောင့် မိမိအနေဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဘက်များဖြစ်သော MYARF Team နှင့် RB News Team ကိုယ်စား အနူးအညွတ် တောင်းပန်အပ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ 

လေးစားစွာဖြင့်

နေဆန်းလွင်
Facebook - Nay San Lwin / Twitter @nslwin
RB News Team ကိုယ်စား



MYARF
RB News
9.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လိမ်မူလ္လာကို ယင်းကျေးရွာသား တစ်ဦးက ဧပြီလ (၈) ရက်နေ့၊ ည (၁၂) နာရီခန့် အချိန်တွင် သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဖြစ်သည့် အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ မဟာတပည့် တစ်ဦး ဖြစ်သူ ဦးဆော်လိမ်မူလ္လာ (ဘ) ဦးအီမာန်ဟူဆောင်းသည် ညအချိန်တွင် ရွာတွင်း ပတ်သည့် ပုံစံဖြင့် အမျိုးသမီးများကို အတင်း အဓမ္မ သားမယား ပြုကျင့်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဦးမိုဟာမတ်ရော်ဖိတ် (ဘ) ဦးမိုဟာမတ်ဆယာဒ်သည် ဆင်းရဲသား လယ်ယာ လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ညတိုင်း ၎င်း၏ ယာခင်းသို့ သွားစောင့်ရချိန်ကို ဦးဆော်လိမ်မူလ္လာက အခွင့်ကောင်းယူ၍ ဦးမိုဟာမတ်ရော်ဖိတ်၏ အိမ်ထဲသို့ အကြိမ်ကြိမ် အနှောက်အယှက် ပေးခဲ့ပြီး၊ တညနေတွင် အတင်း အဓမ္မ သားမယား ပြုကျင့်ခဲ့သည်။ ထိုအဖြစ်အပျက်ကို သားမယား ပြုကျင့်ခံရသူ အမျိုးသမီးက ၎င်း၏ ခင်ပွန်းကို ပြောပြခဲ့ရာ ခင်ပွန်း ဖြစ်သူသည် ဧပြီလ (၈) ရက်နေ့တွင် ယာခင်းသို့ သွားမစောင့်ဘဲ အိမ်တွင် နေခဲ့သည်။ ကျေးရွာ တာဝန်ခံ ဦးဆော်လိမ်မူလ္လာသည် ည ၁၂ နာရီခန့် အချိန်တွင် ၎င်း၏ နေအိမ်သို့ ဦးမိုဟာမတ်ရော်ဖိတ် မရှိဟု ထင်ကာ အတင်း ၀င်ရောက်ပြီး ဦးမိုဟာမတ်ရော်ဖိတ်၏ ဇနီးကို အတင်း အဓမ္မ သားမယား ပြုကျင့်ရန် ကြိုးစားနေစဉ် ဦးမိုဟာမတ်ရော်ဖိတ်က ဒေါသ မထိန်းချုပ်နိုင်ဘဲ ဓါးဖြင့် ခုတ်လိုက်ရာ ဦးဆော်လိမ်မူလ္လာသည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။ 

အခင်း ဖြစ်ပွားပြီးနောက် ဦးမိုဟာမတ်ရော်ဖိတ် တို့ လင်မယား နှစ်ဦးစလုံး နေအိမ်မှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး ယခုအချိန်ထိ မည်သည့် နေရာတွင် ပုန်းအောင်း နေသည်ကို မသိရှိရသေးဟု ဒေသခံများက ပြောပါသည်။ သို့သော်လည်း ဧပြီလ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးမိုဟာမတ်ရော်ဖိတ်က အသတ်ခံရသည့် ကျေးရွာတာဝန်ခံ၏ မိသားစုဝင် များထံ ဖုန်းဆက်၍ ဦးဆော်လိမ်မူလ္လာကို ၎င်းက သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူကို အတင်းအဓမ္မ သားမယား ပြုကျင့်ခဲ့ကြောင့် လက်တုန့်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာမှ မဆိုင်သူများကို မတရား စွပ်စွဲ၍ ဖမ်းဆီးမှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ ေ

ကျးရွာ တာဝန်ခံ ဦးဆော်လိမ်မူလ္လာသည် ၎င်း၏ ကျေးရွာသား များကို အမျိုးမျိုး အကြောင်းပြ၍ ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခဲ့သူ ဖြစ်သည်။ ၎င်း၏ မတရား အနိုင်ကျင့် ဗိုလ်ကျမှု များကို ညောင်ချောင်း အခြေစိုက် တပ်မတော် တပ်ရင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့ထံ အကြိမ်ကြိမ် သွားရောက် တိုင်တန်းခဲ့သော်လည်း ၎င်းကို မည်သည့် အခါကမှ အရေးယူ ဟန့်တားခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုသည်။ ၎င်း၏ မတရား အနိုင်ကျင့် ဗိုလ်ကျ၍ ငွေညှစ်ခဲ့သည့် အကြောင်းများကို RB News တွင်လည်း အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုအခါ အာဏာပိုင်များက လူသတ်မှုကို အကြောင်းပြ၍ အပြစ်မဲ့ ကျေးရွာသားများကို စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်မည်ကို အထူး စိုးရိမ်လျက် ရှိနေကြသည်။



MYARF
RB News
9.4.2016

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​၊ ကညင်​တန်း (မြို့မ) ​ကျေးရွာရှိ ​ဗလီများနှင့် အ​ခြေခံ သာသာရေး စာသင်​​ကျောင်း များကို ရဲ၊ စစ်​တပ်​နှင့် နယ်​ခြား​စောင့်​ရဲ တို့က စီးနင်းဝင်​​ရောက်​ပြီး ပိုက်​စိပ်​တိုက်​ ရှာ​ဖွေမှုများ ပြုလုပ်​ခဲ့သည်​ဟု သတင်းရရှိပါသည်​။

ဧပြီလ (၈) ရက်​​နေ့၊ နံနက်​ ၈ နာရီ​ကျော်​ခန့်​ အချိန်​တွင်​ ​မောင်​​တော မြို့မ ရဲစခန်းမှ ရဲများသည်​ ကားတစ်​စီးဖြင့်​ ​​ကညင်​တန်း(မြို့မ) ​ကျေးရွာ၊ အ​ရှေ့ရွာရှိ သင်္ချိုင်း​ဗလီ အနီး ​ရောက်​ရှိလာပြီး လမ်းမ​ပေါ်တွင်​ လာ​ရောက်​ ​ခြေကုပ်​ယူခဲ့သည်​။ တစ်​နာရီခန့်​ အကြာတွင်​ အဆိုပါ ရဲများသည်​ ​မောင်​​တော မြို့မရဲစခန်းသို့ ပြန်​သွားခဲ့ပြီး​နောက်​ ၁၅ မိနစ်​ခန့်​ အကြာတွင်​ စစ်​သား ၁၀၀ ကျော်​ခန့်​သည်​ ကား​ခြောက်​စီးဖြင့်​ ​ရောက်​ရှိလာခဲ့ပြီး ​ကညင်​တန်း(မြို့မ) ​ကျေးရွာ၊ အ​ရှေ့ရွာရှိ သင်္ချိုင်း​ဗလီနှ​င့် အ​ခြေခံ ဘာသာ​ရေး စာသင်​​ကျောင်း တို့ကို ဝိုင်းထား ခဲ့​သည်​။ ထို့နောက်​ မြို့မရဲစခန်းမှ ရဲများနှင့် အတူ နယ်​ခြား​စောင့်ရဲ များပါ ​​ရောက်​ရှိလာခဲ့ပြီး အ​ခြေခံ ဘာသာ​ရေး စာသင်​​ကျောင်းများနှင့် အနီးရှိ ​ဗလီများကို ၁၅ မိနစ်​​ကျော်​​ကျော်​ ပိုက်​စိပ်​တိုက်​ ရှာ​ဖွေခဲ့​သော်​လည်း ဥပ​ဒေနှင့်​ ဆန့်​ကျင်​​သော မည်​သည့်​ အရာများ ရှာမ​တွေ့ခဲ့​၍ အဆိုပါ စစ်​သားများ၊ ရဲများနှင့် နယ်​ခြား​စောင့်ရဲ အဖွဲ့တို့ ပြန်​သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဆက်​လက်​၍ အဆိုပါ စစ်​​ဆေး​ရေး အဖွဲ့သည် ကညင်​တန်း(မြို့မ)​ ​ကျေးရွာရှိ ​ဗလီကြီး (​မောလ်​ကောစ်​) သို့ ​ရောက်​ရှိလာခဲ့ပြီး ယင်းဗလီကြီးကိုလည်း ပိုက်​စိပ်​တိုက်​ ရှာဖွဲ့ခဲ့သည်​။ ထို့​နောက်​ အဆိုပါအဖွဲ့သည်​ ၎င်း​ဗလီအနီး ရှိ​သော အထက်​တန်းပြ ဘာသာ​ရေး စာသင်​​ကျောင်းထဲကိုလည်း တံခါးများ ဖျက်​စီး၍ စီးနင်းဝင်​​ရောက်​ပြီး ရှာ​ဖွေခဲ့သည်​။ သို့​သော်​ ဥပ​ဒေနှင့်​ ဆန့်​ကျင်​​သော မည်​သည့်​အရာများ မ​တွေ့ရှိခဲ့​ပေ။ အဆိုပါ ​ဗလီနှင့် စာသင်​​ကျောင်း များမှာ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်းဖြစ်​ပြီး ​နောက်​ပိုင်းမှစ၍ ပိတ်ထားခဲ့ရသည်။

ထို့​နောက်​ အဆိုပါ အဖွဲ့သည်​ ကညင်​တန်း(မြို့မ) ​ကျေးရွာ၊ ​ဒိလ်​ဖာရာရှိ ​ဗလီ၊ ဆီတိလ္လာရွာရှိ ​ဗလီနှင့်​ အ​ခြေခံ ဘာသာ​ရေး စာသင်​​ကျောင်း များကိုလည်း အလားတူ ရှာ​ဖွေခဲ့​သော်​လည်း ဥပ​ဒေနှင့် ဆန့်​ကျင်​​သော မည်​သည့်အရာမျှ မ​တွေ့ရှိ​ခဲ့​ပေ။

ဧပြီလ (၈) ရက်​​၊ နံနက်​ပိုင်း အချိန်​တွင်လည်း​ အဆိုပါ အဖွဲ့သည်​ ​​ရွှေဇား၊ အမှတ်​(၅) ရပ်​ကွက်​သို့ သွားပြီး ​ဗလီများနှင့်​ အ​ခြေခံဘာသာ​ရေး စာသင်​​ကျောင်းများ အားလုံးကို ပိုက်​စိပ်​တိုက်​ ရှာ​ဖွေခဲ့သည်​။ သို့​သော် ဥပဒေနှင့် မလွတ်ကင်းသည့် မည်သည့် အရာမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အလားတူ ဘူးသီးတောင် မြို့နယ် မြို့ပေါ်နှင့် အမှတ် (၁) ရပ်ကွက် တို့တွင်လည်း ယနေ့ ဧပြီလ (၉) ရက်နေ့ ညနေပိုင်းတွင် ဗလီများထဲသို့ ရဲများ ၀င်ရောက် စီးနင်း၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

ဤကဲ့သို့ ရဲများ၊ စစ်​သားများနှင့်​ နယ်​ခြား​စောင့်​ရဲများ ပူး​ပေါင်း၍ ​ဗလီနှင့်​ ဘာသာ​ရေး စာသင်​​ကျောင်း များကို အင်​အားသုံး၍ ရှာ​ဖွေ​နေသည့်​ အ​ကြောင်းရင်းကို မသိရှိ​သော်​လည်း ​ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဆောင်​သည့်​ အစိုးရသစ်​အ​ပေါ် ပြည်​သူများ ယုံကြည်​မှု ပျက်​ပြားသွားရန်​ တမင်​ ခြိမ်း​ခြောက်​​နေသည်​သာ ဖြစ်​သည်​ဟု ​ဒေသခံများအကြား ​ဝေဖန်​​ပြောဆို​နေကြသည်​။ 

ဒေသခံရိုဟင်​ဂျာပြည်​သူများသည်​ ဒေါ်​အောင်​ဆန်းစုကြည် ဦး​ဆောင်​​သည့်​ အစိုးရသစ်၏ တရားဥပ​ဒေစိုးမိုးကို အထူး​မျှော်​လင့် တောင့်တလျက် ​ရှိပါသည်​။



RB News
9.4.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ဇန်န၀ါရီ လဆန်းပိုင်းမှ စ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးကောက် တင်မြှောက်ခဲ့သည်။ ရွေးကောက်ပွဲ အပြီးတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ အစ္စလာမ် ဘာသာဝင် အုပ်ချုပ်ရေးမှူး များကို နိုင်ငံသား စီစစ်ခံရမည့်သူများ၏ ကဒ်ပြား (ခ) အစိမ်းနုရောင် ကဒ်ပြား ထုတ်ယူရမည်ဟု ညွန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညွန်ကြားချက်အရ အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရသူ များက အစိမ်းနုရောင်ကဒ်များ ထုတ်ယူခဲ့သော်လည်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စုမှ ရွေးချယ် တင်မြှောက်ခံရသူ ဦးမိုဟာမတ်အာနိုဝါရ် (ဘ) ဦးနူရုလ်အာမီးန်က အဆိုပါ အစိမ်းနုရောင် ကဒ်ပြားသည် နိုင်ငံသားဖြစ်သူများကို တရားမ၀င် ခိုးဝင်လာသူများ အဖြစ်သို့ တွန်းပို့ ထားသည့် ကဒ်ပြားဖြစ်၍ မိမိအနေဖြင့် မကိုင်ဆောင်နိုင်ကြောင်း ပြောဆို၍ ငြင်းဆိုခဲ့သည်။ 

ဦးမိုဟာမတ်အာနိုဝါရ်သည် မြန်မာနိုင်ငံတွင် မွေးဖွား ကြီးပြင်း၍ စစ်တွေ တက္ကသိုလ်မှ ရူပဗေဒ အဓိကဖြင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် ကျေးရွာသားများက ၎င်းတို့အား မျှတစွာ အုပ်ချုပ်မည်ဟု ယုံကြည်၍ ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးသစ် ဖြစ်သည့် အလျောက် ကျေးရွာသားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသူ ဖြစ်သည်။ 

ခရိုင် အုပ်ချုပ်ရေးမှ ညွန်ကြားချက်ကို လိုက်နာရန် ငြင်းဆိုသောကြောင့် မြို့နယ် အုပ်ချုပ်ရေးမှ ၎င်းအား ရွေးချယ်ခံထားရသည့် ရာထူးမှ ဖြုတ်ချ၍ မဲရှုံးနိမ့်ခဲ့သူ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနူရ်မာမတ် (ဘ) ဦးဖြုတ်အာမတ်ကို အုပ်ချုပ်ရေးမှူး ပြန်ခန့်ရန် ငွေယူနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဤကဲ့သို့ ပြုလုပ်နေခြင်းမှာ ဥပဒေနှင့် မညီသည့် အပြင် ပြည်သူများ၏ ဆန္ဒကိုပါ လျစ်လျူရှုရာ ရောက်သောကြောင့် အထက် အာဏာပိုင်များက လိုအပ်သလို စီစစ်၍ ဆောင်ရွက်ပေးရန် ကျေးရွာသားများက တောင်းဆိုသည်ဟု ပြောပါသည်။



Rohingya Eye
RB News
8.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သံဒါ ကျေးရွာမှ မော်လ၀ီအာချော်ဒူလ္လာ (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ဧပြီလ (၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ကံပူးကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ နယ်ခြားစောင့်ရဲ (၂၀) ဦးခန့် ရောက်ရှိလာပြီး၊ နေအိမ်ကို ၀န်းရံကာ ၎င်းကို ဖမ်းဆီး၍ တပ်ရင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို တစ်ညလုံး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ပြီး တရားမ၀င် လုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခဲ့သည်။ ၎င်းက အကြိမ်ကြိမ် ငြင်းဆိုခဲ့သော်လည်း လက်မခံဘဲ ညှဉ်းပန်း နှိပ်စက်မှုများ ဆက်လက် ပြုလုပ်ခဲ့သည်။

မော်လ၀ီအာချော်ဒူလ္လာက ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးကို ငွေကျပ် သိန်း (၂၀) ပေး၍ ဧပြီလ (၅) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“အဲဒီ မော်လ၀ီက တရားမ၀င် အလုပ်လုပ်တာတော့ မရှိဘူး။ နယ်ခြားစောင့်ရဲ တွေက မော်လ၀ီ ဆရာတွေကို ပစ်မှတ် ထားပြီး ဖမ်းတယ်၊ မဟုတ်တာတွေ စွပ်စွဲပြီး နှိပ်စက်တယ်၊ ငွေညှစ်တယ်၊ လက်နက် အားပြပြီးတော့ ဗိုလ်ကျ အနိုင်ကျင့်တယ်၊ ဘာသာရေးအရ စော်ကားတယ်၊ ဒါတွေကို အထက်အရာရှိ တွေက မသိချင်ယောင်ဆောင် နေတယ်၊ အဲဒီတော့ ကျွန်တော်တို့မှာ အားကိုးစရာ မရှိတော့ အတော်လေး စိတ်ထိခိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။



MYARF
RB News
7.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အစွန်း ဒေသဖြစ်သည့် အောင်ဇူ ကျေးရွာ အခြေစိုက် အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ယခင်နှစ်နှစ်၊ သုံးနှဏ် အတွင်း ပြုပြင် မွမ်းမံခဲ့သည့် နေအိမ်များကို အထက်အမိန့်အရ ဖြိုဖျက်ပစ်မည် ဖြစ်ကြောင်း ဧပြီလ (၅) ရက်နေ့က ပြုလုပ်ခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေးတွင် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သို့ဖြစ်၍ ခမောင်းဆိပ်၊ လှိုင်သီ၊ အောင်ဇံ စသည့် ကျေးရွာများတွင် ဧပြီလ (၅) ရက်နေ့မှ စ၍ ယခင်က မွမ်းမံခဲ့သည့် နေအိမ်များ၏ စာရင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ကောက်ခံလျက် ရှိကြောင်း၊ ထို့ကြောင့် အိမ်ခြေ ရာပေါင်းချီ စာရင်းတွင် ပါသွားကြောင်း၊ မိုးရာသီကျမည့် ဆဲဆဲ ကာလတွင် နေအိမ်များကို ဖြိုဖျက်လိုက်လျှင် ထောင်ပေါင်းများစွာ မရှိဆင်းရဲသားများ အလွန်ပင် ဒုက္ခရောက်မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ၀မ်းနည်းကြေကွဲစွာဖြင့် RB News သို့ပြောသည်။




MYARF
RB News
7.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ဘက်ခြမ်း ဒေသ ဖြစ်သည့် အောင်ဇူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂) လက်အောက်ခံ စခန်း အမှတ် (၄) တွင် ယခု ရက်ပိုင်းအတွင်း ရောက်ရှိလာသည့် IP (ခေါ်) ရဲအုပ် တစ်ဦးသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူပြီး အခြား ရိုဟင်ဂျာ (၇) ဦးထံမှလည်း ငွေညှစ်ရန် ကြံစည် နေကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီအချိန်ခန့်တွင် ရဲအုပ်နှင့် အဖွဲ့သည် အောင်ဇူ (ယခင် ဘောက်ရှုဖွေရာ) ကျေးရွာအုပ်စု ချိတာရွာမှ ဦးနူရုလ်ဟောက် (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၃၀ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ရှင်ဖြစ်သူ ဦးနူရုလ်ဟောက်အား နေအိမ်ပြုပြင်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားမည့်ဟန် ပြုခဲ့သည်။ ဦးနူရုလ်ဟောက်ကလည်း စခန်း၌ ချုပ်နှောင် ထိန်းသိမ်းခံထားရလျှင် လူမဆန်စွာ ရိုက်နှက် ရက်စက်ခံရမည်ကို စိုးရိမ် ကြောက်လန့်၍ ငွေကျပ် တစ်သိန်းငါးသောင်း ပေး၍ ဖြေရှင်းခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် အဆိုပါ ရဲအုပ်သည် အခြား ရိုဟင်ဂျာ (၇) ဦးကိုလည်း တရားမ၀င် အိမ်ပြုပြင်ခဲ့သည်ဟု ခေါင်းစဉ်တပ်၍ IP ရုံးသို့ လာရောက်ရန် စာထုတ်ခဲ့ပြီး ယင်းရွာသို့ နေ့ရောညပါ သွားရောက်၍ အဆိုပါ ရိုဟင်ဂျာ (၇) ဦးနှင့် အခြား အိမ်ပြုပြင်ခဲ့သည့် အိမ်များကိုပါ လိုက်လံ ရှာဖွေ၍ ငွေညှစ်ရန် ကြံစည်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။




ကိုရန်နိုင်
ဗွီအိုအေမြန်မာပိုင်း
7.4.2016

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဟာ ပြည်သူလူထု က ရွေးကောက် တင်မြှောက် လိုက်တဲ့ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းတခု ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ကျင့်သုံး သွားမယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန် လိုက်တဲ့ ပထမဆုံး ကြေညာချက်မှာ အခုလို ဖော်ပြ ထားတာဖြစ်ပါတယ်။ ဒီကြေညာချက် အပေါ်မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ပေးရေး အသင်း ကလည်း ကြိုဆို လိုက်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁ / ၂၀၁၆ မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကျခံနေရသူတွေကို လွတ်ငြိမ်းခွင့်ပေးနိုင်တာနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"လွတ်ငြိမ်းချမ်းသာခွင့်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ နောက် ရာဇဝတ်ကျင့်ထုံး (၄၀၁) အရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ ဒီနှစ်ခုက ကြိုက်တာကို ကျင့်သုံးပေါ့။ "

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ နဲ့ အမှုရင်ဆိုင်နေရသူတွေကို သမ္မတက လွတ်ငြိမ်းခွင့်ပေးနိုင်မယ့် ဥပဒေအချက် ၃ ချက်ကို ဒီကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မှာ ဖော်ပြထားတဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီက အခုလို ရှင်းပြပါတယ်။

"အပြစ်ဒဏ်ကျခံထားရပြီးသား တသင်း၊ တဖွဲ့၊ တစုကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ချင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၀၄) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် အဲ့ဒီ့နှစ်ခုနဲ့ သမ္မတက လွှတ်ပေးလို့ရတယ်။ ကာလုံရဲ့ ထောက်ခံချက် မလိုဘူး။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အဓိပ္ပါယ်က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အားလုံး အကျုံးဝင်သွားတယ်။ ဆိုလိုတာက လူသတ်မှု ၊ မုဒိမ်းကောင်၊ ဓားပြကောင် လွှတ်လိုက်လို့ရှိရင် အပြင်မှာ အန္တရာယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အဲ့ဒီ့လူတွေပါ အကျုံးဝင်တဲ့အတွက် အဲ့တာကြောင့် အထွေထွေကျတော့ကာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အတွက် ကာလုံရဲ့ ထောက်ခံချက် ရမှ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အဲ့တော့ အခုပေးမှာက ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၄) (က) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် နှစ်ခုကို သုံးပြီးတော့ သူ့သဘောနဲ့ ကာလုံထောက်ခံချက် မလိုပဲနဲ့ လွှတ်ပေးနိုင်တယ် ထောင်ကျပြီးသားလူဆို လွှတ်ပေးမယ်။ တချို့က အမှုစစ်ဆေးဆဲ ဥပမာဆို လက်ပံတန်းဆို အမှုမပြီးသေးဘူး။ အဲ့တော့ အဲ့ဒီ့ကလေးတွေ ဝန်းရံတဲ့ပြည်သူတွေကျတော့ စစ်ဆေးဆဲဖြစ်တဲ့အတွက် ရှေ့နေချုပ်ရုံးရဲ့ အမိန့်နဲ့ တရားရုံးကနေ ပြန်ရုပ်သိမ်းကြောင်း လုပ်ရမယ်။ ကျောင်းသားတွေကျတော့ ဘယ်သူ့မှ မထိခိုက်ဘူး။ ဒါမျိုးတွေကို ရုပ်သိမ်းမယ်ဆိုရင် တရားရုံးက အလွယ်တကူ ခွင့်ပြုမှာပါ။ တရားလိုအစိုးရက ဒီအမှုကို ရုပ်သိမ်းပါတယ် ဆိုတဲ့ လျှောက်လွှာတင် လိုက်တာနဲ့ တရားသူကြီးက ဒါကို စဉ်းစားပြီး ရုပ်သိမ်းခွင့်ပေးလိုက်လို့ရှိရင် အဲ့ဒီ့အမှုက ချက်ခြင်းပြီးသွားရော။"

မေး။ ။ အဲ့တော့ ကာလုံဘက်ကရော ကျောင်းသားတွေဘက်က ဆူဆူပူပူ လုပ်တယ် ဆိုပြီးတော့ ကန့်ကွက်တာမျိုးရော မဖြစ်လာနိုင်ဘူးလား။

"လုံးဝ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ နိုင်ငံတော်သမ္မတကို အာဏာပေးထားတာ။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ရဲ့ အကြီးအကဲ။ နိုင်ငံတော်၏ အထွဋ်အထိပ်ပုဂ္ဂိုလ် အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ။ ကာလုံဆိုတာ နိုင်ငံတော်သမ္မတကို အကြံပေးဖို့ ဖွဲ့ထားတဲ့ အောက်ကအဖွဲ့။"

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံး လွတ်မြောက်လာနိုင်ဖို့အတွက် ဒီကြေညာချက်မှာ ဖော်ပြထားတဲ့ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) နဲ့ (ဂ) တို့ကို အသုံးပြုသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေ ထုတ်ပြန် အခုလိုကြေညာချက် ထုတ်ပြန်လိုက်တဲ့ အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။

"ဒီကြေညာချက်အပေါ်မှာတော့ ကျနော်တို့ အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါက ဖြစ်လည်းဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက အင်မတန်ကို အရေးကြီးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာကိုက နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ အဖမ်းခံနေရသူတွေရဲ့ လွတ်မြောက်ရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်တယ် ဆိုကတည်းကိုက ဒါဟာ အရပ်သားအစိုးရဖြစ်တယ်။ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုတာကို ပြလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိရဘူးဆိုတာ သူပြောဆိုထားပါတယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်း အရတော့ - လက်ရှိမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦး၊ အမှုရင်ဆိုင်နေရသူ ၁၁၆ ဦး နဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၂၉၈ ဦးရှိတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။



Rohingya Eye
RB News
7.4.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၂၈) ဦးကို လွန်ခဲ့သည့် မတ်လ (၅) ရက်နေ့တွင် ဖမ်းဆီး၍ မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ရာ ဧပြီလ (၄) ရက်နေ့တွင် ၎င်းတို့ကို တရားရုံးတင် စစ်ဆေးခဲ့သည်။ ၎င်းတို့ (၂၈) ဦးသည် အပြစ်မဲ့များ ဖြစ်ကြသော်လည်း အမှု ပေါ့လျော့ရန်ဟု ဆိုကာ ရဲများက မိဘများထံမှ တစ်ဦးလျှင် ငွေကျပ် ၄ သောင်းစီကို နှစ်ကြိမ်ခွဲ၍ ယူခဲ့သည်။ ယခုအခါ ထပ်မံ၍ ငွေကျပ် (၄) သောင်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထပ်မံ၍ တောင်းခံနေသည့် ငွေကျပ် (၄) သောင်းစီကို မိဘများက ပေးနိုင်သော အခြေအနေ မရှိသောကြောင့် မပေးသေးကြောင်း သိရှိရသည်။ မိဘတစ်ဦးက “ကျွန်တော်တို့ ရွာအပြင်ထွက်ခွင့် မရှိဘူး။ ရွာထဲမှာဘဲ လုပ်စားနေရတာ၊ တစ်နေ့လုပ် တစ်နေ့စားရတဲ့ အခြေအနေမှာ ဒီလောက်ငွေကို ဘယ်လို ပေးနိုင်မှာလဲ” ဟု ၀မ်းနည်းစွာ ပြောသည်။ 

အဓိက တရားခံမှာ မြေတူးလုပ်ငန်းကို ကန်ထရိုက်ယူခဲ့သူ စာရေး ဦးမောင်မောင်ထွန်း ဖြစ်ပြီး၊ ဖမ်းဆီး ခံထားရသည့် အပြစ်မဲ့ (၂၈) ဦး၏ မိဘများထံ စာတစ်စောင် ပို့ခဲ့သည်။ အဆိုပါစာတွင် ယခုကိစ္စတွင် ဦးမောင်မောင်ထွန်း ပါဝင် ပတ်သက်မှု မရှိကြောင်းကို မိဘများက လက်မှတ်ထိုးပေးရန်၊ မထိုးပေးပါက ၎င်းတို့၏ သားများ ထောင်ကျလိမ့်မည်ဟု ခြိမ်းခြောက် ထားသည်။ သို့သော်လည်း မိဘများက လက်မှတ်ထိုး ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။ အပြစ်မဲ့ (၂၈) ဦးကို ယနေ့ ဧပြီလ (၇) ရက်နေ့တွင် ထပ်မံ၍ စစ်ဆေးရန် ရုံးချိန်းထားသဖြင့် စာရေး ဦးမောင်မောင်ထွန်းသည် ယမန်နေ့ ဧပြီလ (၆) ရက်နေ့တွင် စစ်တွေမြို့သို့ တိမ်းရှောင် သွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၂၈) ဦး ဖမ်းဆီး ခံထားရသည်ကို နိုင်ငံတော် အကြီးအကဲများက အမြန်ဆုံး စီစစ်၍ ပြန်လည် လွှတ်ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု RB News သို့ပြောပါသည်။

တပ်မတော်တွင် ဗိုလ်မှုးချုပ် အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သူ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို (ဓာတ်ပုံ - ဝေယံမိုး/ Myanmar Now)

ဖြိုးသီဟချို
April 6, 2016

ရန်ကုန် - အစိုးရသစ်၏ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုသည် ဧပြီ ၁ ရက်နေ့ ရေဒီယို အင်တာဗျူး တစ်ခုတွင် အငြင်းပွားဖွယ် အသုံးအနှုန်း တစ်ခု ထည့်သွင်း ပြောဆို ခဲ့သောကြောင့် အစ္စလာမ် ဘာသာရေး ဆိုင်ရာ အဖွဲ့များနှင့် အထင်ကရ မွတ်စလင် တချို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

သူရဦးအောင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့က တွေ့ဆုံမေးမြန်း ထုတ်လွှင့်သည့် ဗွီအိုအေမြန်မာဌာန၏ အင်တာဗျူးတွင် စစ်အစိုးရလက်ထက် "ဧည့်နိုင်ငံသားတွေ အများစု ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အပါအ၀င် အခြား ဘာသာငယ်တွေ အပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ် ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး" ဟူသော ပြောဆိုချက်ပါ အသုံးအနှုန်းမှာ လက်ခံနိုင်စရာမရှိဟု ကန့်ကွက်သူများက ဝေဖန်ကြသည်။

အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်၊ တွဲဘက်အထွေထွေအတွင်းရေးမှုးချုပ် ဦးဝဏ္ဏရွှေက "ဧည့်နိုင်ငံသား" ဟူသော စကားလုံးကြောင့် စိတ်ထိခိုက်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို ဒီနိုင်ငံသားမဟုတ်ဘူးလို့ပြောတာ ကျွန်တော်တို့ရဲ့ နိုင်ငံချစ်စိတ်ကို စော်ကားတာပဲ။ ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကို ထိခိုက်အောင် နာကျင်အောင်ပြောတာပဲ၊ ကျွန်တော်တို့ ခံရတော်တော်ခက်ပါတယ်” ဟု ရန်ကုန်မြို့ဇာတိ အသက် ၅ဝ ကျော်အရွယ် ဦးဝဏ္ဏရွှေက ပြောသည်။

ဦးဝဏ္ဏရွေတို့၏ကောင်စီအပါအဝင် နိုင်ငံအတွင်း အစ္စလာမ်အဖွဲ့အများအပြား ပူးပေါင်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဧပြီလ ၃ရက်နေ့တွင် ကန့်ကွက်ကြောင်း ကြေညာလိုက်ပြီး အမြန်ဆုံး ဖြေရှင်းချက်ပေးရန် ဝန်ကြီးဌာနကို တောင်းဆိုလိုက်သည်။

အစိုးရသစ်၏ အနေအထားကို နားလည်သော်လည်း ဘာသာမတူသူ နိုင်ငံသားများအကြား ရေရှည်တွင် သဘောထားကွဲစရာ ဖြစ်လာနိုင်သည့်အတွက် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကိစ္စမျိုး ဖြစ်နေတော့ မဖြစ်မနေ ပြောရတာပါ။ ကျန်တာဆိုရင်တော့ နိုင်ငံရဲ့ အခြေအနေအပေါ်လိုက်ပြီးတော့ နှုတ်ဆိတ်နေတာတွေ အများကြီးရှိပါတယ်“ ဟု သူက ဆိုသည်။

ဝန်ကြီး၏ အငြင်းပွားဖွယ်ဖြစ်နေသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို Myanmar Now က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာပါ ဖြေရှင်းချက်ကိုသာ ညွှန်းဆိုခဲ့သည်။

ညွှန်းဆိုသည့် ဖြေရှင်းချက်တွင် အစိုးရဟောင်း၏ သာသနာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ တွင် “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့အစ္စလာမ်ဘာသာ” ဟု“ထပ်မံ ဖြည့်စွက်” ဖြေကြားကြောင်း ရေးသားထားသည်။

အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမားတို့၏ တုန့်ပြန်ချက်

သူရဦးအောင်ကို၏ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်ပြီး သူ့ကို ဝန်ကြီးအဖြစ် စိတ်ကြိုက် ရွေးချယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် တာဝန်ရှိသည်ဟု အစ္စလာမ်ဘာသာဝင်အများအပြားနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ၏ ဥပဒေရေးရာ တာဝန်ခံ ဦးရန်နိုင်က ယူဆသည်။

“ပါတီမှာတာဝန်ရှိပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဒီဝန်ကြီးကို ခန့်ထားတယ်။ အခု ဒီဝန်ကြီးက ဒီလိုစကား ပြောလာတာ NLD က ပြောခိုင်းတာလား၊ NLD က တာဝန်ယူမှာလား၊ NLD ကအရေးယူမှာလား ဘယ်လို ဖြေရှင်းမလဲ၊ အဲဒါကိုလည်း စောင့်မျှော်နေပါတယ်” ဟု ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလအထိ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် NLD ၏ မြို့နယ်အဆင့် စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရန်နိုင်က ပြောသည်။

NLD ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ရှေ့နေဦးကိုနီကလည်း သူရဦးအောင်ကို၏ ပြောကြားချက်သည် ပါတီ၏ မူဝါဒနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

“နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းက ဘာသာရေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူ့ပြောဆိုချက်တွေဟာ အခြေခံဥပဒေနဲ့လည်း မညီညွတ်ဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလောက်တော့ သိဖို့ကောင်းတယ်ဗျာ။ သူ့စကားကြောင့် ကျွန်တော်တို့ပါတီအပေါ်ကို အများကြီးရိုက်ခတ်မှုရှိနေတယ်” ဟု ဦးကိုနီက ပြောသည်။

ဝန်ကြီး၏ ပြောဆိုမှုများသည် ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာချက်ထုတ်ပြန် ရှင်းလင်းသင့်ကြောင်း NLD ကို တင်ပြထားသည်ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်မှုးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုအစိုးရဝန်ကြီး သူရဦးအောင်ကိုသည် ယခင် စစ်အစိုးရလက်ထက် သာသနာရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကာလ ကြာရှည်စွာ တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် သူရဦးရွှေမန်းနည်းတူ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းနေရာမှ ဖယ်ရှားခံရသူလည်း ဖြစ်သည်။

သူရဦးအောင်ကိုက ၎င်းသည် ပြည်ခိုင်ဖြိုးတွင် ပါတီဝင် တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။



မသိင်္ဂီထိုက်
4.4.2016

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကို ပြည်သူ့ လွှတ်တော်မှာ အဆိုပြုတာမှာတော့ တပ်မတော်သား ကိုယ်စားလှယ်က နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဟာ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ စိစစ်ဖို့ အတွက် အချိန် ကာလ ပိုပြီး ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမျိုးသား လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့ ဒီဥပဒေကြမ်းကိုတော့ အင်္ဂါနေ့မှာ ပြည်သူ့လွှတ်တော်မှာ အတည်ပြုနိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အလားအလာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အခြေခံ ဥပဒေ ရဲ့ အကန့်အသတ်ကြောင့် သမ္မတ ဖြစ်ခွင့် မရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်ရေး အမျိုးသား လွှတ်တော်က အတည်ပြုခဲ့တာကို အခု ပြည်သူ့လွှတ်တော်ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက တနလာင်္နေ့မှာ ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တာမှာ တပ်မတော်သား ကိုယ်စားလှယ်က အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ်နိုင်ဖို့ အတွက် အချိန်တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ပြည်သူ့လွှတ်တော်တွင်းက အခြေအနေတွေကို တအောင်းအမျိုးသား ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။ 

“ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ သူတို့အချိန်မလောက်ဘူးပေါ့နော် လေ့လာဖို့ဟာက အချိန်မလောက်ဘူး။ တကယ်လို့ ဒီဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင်သူတို့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ အပြည့်အ၀ထောက်ခံမယ်ဆိုတဲ့ အကြောင်းကို ပြောသွားတာပေါ့နော်။ ဒါပေမယ့်အချိန်တော့ သတ်မှတ်ပေးပါပေါ့နော်။ အချိန်တိုးပေးပါပေါ့နော်။ ဒီလေ့လာဖို့အချိန် အဲဒါကို တောင်းဆိုတာ။ ကျမတို့ လွှတ်တော်ဥက္ကဋ္ဌက ခါတိုင်းဆိုလို့ရှိရင် ကျမတို့က အကြောင်းအရာတခုကိုဆွေးနွေးချင်တယ်ဆိုရင် ဒီနေ့လိုတင်သွင်းတဲ့ အကြောင်းအရာဆိုလို့ရှိရင် ညနေ ၄ နာရီ ဆိုရင် ကျမတို့က ပိတ်ပြီလေ။ ဒါပေမယ့် ကျမတို့က ညနေ ၄ နာရီ မဟုတ်ပဲနဲ့ နောက်တနေ့ ၉ နာရီ အထိကို ကျမတို့က လက်ခံတယ်ပေါ့။” 

တပ်မတော်သား ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို ဆွေးနွေးလိုသူတွေ စာရင်းပေးသွင်းနိုင်တဲ့ အချိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဌက နာရီပိုင်းတိုးပြီး ပေးလိုက်ပါတယ်။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်တွင်း ကန့်ကွက်၊ ထောက်ခံမှု အခြေအနေ အလားအလာကို ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။ 

“ဆွေးနွေးမယ့်သူ ဆိုလို့ရှိရင်လည်း ကျမအထင်ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဒါမှမဟုတ် USDP ပဲရှိမှာပါ။ ကျမတို့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတော့ ဆွေးနွေးဖို့ အလားအလာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက အားလုံးသဘောတူတယ်လေ။ သဘောတူတဲ့ အနေအထားမှာ ရှိတယ်ပေါ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ။ ကျမကတော့ သဘောတူတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါလိုလည်း လိုအပ်တယ်လို့ ကျမလည်းထင်တယ်လေ။ နိုင်ငံတော် အတိုင်ပင်ခံဆိုတာက ဒါလိုအပ်တဲ့ ဥပဒေကြမ်းလို့ ကျမထင်တာပဲ။ ကျမယူဆတယ်ပေါ့နော်။ ကျမတို့အနေနဲ့ကတော့ ကျမတို့ မကန့်ကွက်ပါဘူး။ ကန့်ကွက်တယ်ဆိုရင်လည်း ဒါက အချိန်ပိုကုန်တာပဲရှိမှာပဲလေ။” 

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကိုတော့ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်း အတည်ပြုခဲ့တာ ဖြစ်ပြီး အင်္ဂါနေ့ ဆွေးနွေးမယ့် ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက် မရှိ အတည်ပြုနိုင်ရင်တော့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြစရာ မလိုတော့ဘဲ သမ္မတထံ တင်ပြဖို့ဘဲ ကျန်ရှိတော့တယ်လို့ ဥပဒေကြမ်းကို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ 

“အတိုင်ပင်ခံဥပဒေက ကျနော်တို့ အမျိုးသားက အတည်ပြုပြီးတော့ အခုဒီနေ့ ပြည်သူ့ကို ပို့ပြီးတင်ပြီ။ မနက်ဖြန်ကို ကန့်ကွက်စရာရှိမလားဆိုတာကို မနက်ဖြန်ကို ဆွေးနွေးကြမယ်။ ဆွေးနွေးကြပြီး လိုအပ်ရင် မဲခွဲမယ်။ မဲခွဲရင် မနက်ဖြန် ပြည်သူ့မှာ မဲခွဲပြီးတဲ့အခါကျတော့ အကယ်၍များ အမျိုးသားကတင်တဲ့ အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုတယ်ဆိုရင် နောက်နေ့ကို ကျနော်တို့ အမျိုးသားလွှတ်တော်ကို ပို့မယ်။ အဲဒါဆိုရင်တော့ ပြည်ထောင်စုက အတည်ပြုတဲ့ အတိုင်းမှတ်ယူပြီးတဲ့ အခါကျတော့ ကျနော်တို့ သမ္မတဆီ ပို့ရုံပဲ ရှိတယ်။ ကျနော်တို့ ပြင်ဆင်ချက်နဲ့ လာတယ်ဆိုရင် ကျနော်တို့ အမျိုးသားကနေပြန်ပြီး ဒီပြင်ဆင်ချက်ကို လက်ခံတယ်ဆိုလို့ရှိရင်လည်း ပြီးသွားမှာပေါ့။ ပြင်ဆင်ချက်ကို လက်မခံဘူး သဘောထားကွဲလွဲမယ်ဆိုရင် ပြည်ထောင်စုတက်ပြီးတော့ ဆက်လုပ်ရမှာပေါ့။” 

ဥပဒေ အတည်ပြုနိုင်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ပြည်ထောင်စု အစိုးရကို ဦးဆောင်ဖွဲ့စည်းထားပြီး လွှတ်တော် ၂ ရပ်လုံးကိုလည်း အများစု ကြီးစိုးထားတာကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကြမ်းဟာလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ အများစု ထောက်ခံမဲနဲ့ အတည်ပြုနိုင်မယ်လို့လည်း အများက ခန့်မှန်းထားကြပါတယ်။



MYARF
RB News
4.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ နတ်ချောင်း (ယခင် ပဒေကား ဒေ၀ါနာလီ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး (ဘ) ဦးပြေရီဝင်း (မြိုလူမျိုး) သည် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို ခြိမ်းခြောက်၍ တရားမ၀င် ပေါင်းသင်းပြီး ကိုယ်ဝန် ရလာသည့်အခါ ကိုယ်ဝန် ဖျက်ချခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် တောင်ပေါ်သား မြိုလူမျိုး တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ခံခဲ့ရသည့်နေ့မှ စ၍ ရိုဟင်ဂျာများ ရှိရာ အရပ်သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့သည်။ ၎င်းသည် ရိုဟင်ဂျာများ၏ နေအိမ်များတွင် တည်းခိုနေထိုင်၍ ရိုဟင်ဂျာ အမျိုးသမီး အပျိုများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

၂၀၁၅ ခုနှစ် အစောပိုင်းမှ စ၍ ယင်းကျေးရွာအုပ်စု သဲချောင်းရွာမှ ဆယ်အိမ်မှူး ဖြစ်သူ ဦး ------ (ဘ) ------ ၏ အိမ်တွင် နေထိုင်၍ ဆယ်အိမ်မှူး၏ အသက် (၂၁) နှစ်အရွယ် သမီးကို ခြိမ်းခြောက်၍ တစ်နှစ်တိုင်တိုင် တရားမ၀င် ပေါင်းသင်းခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ကိုယ်ဝန် (၆) လ ရှိနေသည်ကို လူမဆန်သည့် အုပ်ချုပ်ရေးမှူးက သိရှိသည့်အခါ သစ်မြစ်များ သုံး၍ သဘာဝမကျသည့် နည်းလမ်းဖြင့် ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မမှန်ကန်သည့် ဆေးများကြောင့် သွေးလွန်ပြီး သတိလစ်မတတ် ခံစားခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ မတ်လ (၂၄) ရက်နေ့တွင် အခြေအနေ ဆိုးရွားလာသဖြင့် တမန်းသား ကျန်းမာရေး ဌာနသို့ ပို့ဆောင်၍ ဆေးရုံတင်၍ ဆေးကုသရန် ကြိုးစားခဲ့သည်။ ကျန်းမာရေးမှူး ဦးမောင်သာထွန်းက အဖြစ်မှန်ကို သိသည့်အခါ ဆေးကုသပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမှူးကို ငွေအမြောက်အမြား ပေး၍ ဆေးကုသခိုင်းခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ယခုအခါ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် ဆယ်အိမ်မှူး၏ နေအိမ်တွင် မနေတော့ဘဲ အခြားအိမ်တစ်အိမ်တွင် နေထိုင်လျက် ရှိပြီး ထိုအိမ်တွင်လည်း အပျို မိန်းကလေး တစ်ဦးကို ခြိမ်းခြောက်၍ ပေါင်းသင်း နေထိုင်လျက် ရှိသည်ဟု သိရှိရသည်။ 

နတ်ချောင်း ကျေးရွာတွင် ရှိသည့် စုစုပေါင်း လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများ ဖြစ်ပြီး ကျန်သည့် ၄ ရာခိုင်နှုန်းခန့်မှာ မြိုလူမျိုးများ ဖြစ်သည်။ ရိုဟင်ဂျာများထဲတွင် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ရန် လိုအပ်သည့် အရည်အချင်း ပြည့်စုံသော ပုဂ္ဂိုလ် အများအပြား ရှိသော်လည်း အရည်အချင်း မရှိ၊ အကျင့်ပျက် တောင်ပေါ်မြို့သား မြိုလူမျိုး တစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ပြီး ရိုဟင်ဂျာ လူမျိုးများကို အနိုင်ကျင့်ရန်၊ တမင် ဒုက္ခရောက်စေရန် ပြုလုပ်ခြင်းသည်သာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



MYARF
RB News
3.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ယာယီ စခန်းမှူး ဒုရဲအုပ်သည် ရေတွင်းပြင် ကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးထံ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၂၃) ရက်နေ့ ည (၈) နာရီခန့်တွင် ဆိဒိတ် (ဘ) ဦးအီလီယာစ် (အသက် ၂၂ နှစ်) နှင့် ဦးလီယာကောတ်အလီ (ဘ) ဦးဂူရာမျာ (အသက် ၃၂ နှစ်) တို့သည် ရွာအတွင်းရှိ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ရန် သွားနေစဉ် ကင်းလှည့်နေသည့် ယာယီ စခန်းမှူးနှင့် အဖွဲ့က လူငယ်နှစ်ဦးကို စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံကာ လူငယ်နှစ်ဦးကို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နာရီအနည်းငယ် အကြာတွင် ရိုက်နှက်ခြင်း မရှိသော်လည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

စခန်း အမှတ် (၁၀) မှ ယာယီ စခန်း တာဝန်ခံ ဒုရဲအုပ်နှင့် အဖွဲ့သည် ယင်းနေ့တွင် တွေ့ရှိသမျှ လမ်းသွားလမ်းလာများ၊ အိမ်ခြံဝင်း အတွင်း မြင်တွေ့သမျှ ရွာသားများကို လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့ပြီးနောက် အဆိုပါ လူငယ် နှစ်ဦးကို လမ်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စခန်း၏ တာဝန်ခံ စခန်းမှူးသည် သင်တန်း တက်ရောက်၍ သွားနေသည့် အချိန်တွင် ယာယီ စခန်းမှူး တာဝန်ယူထားသူက ယခုကဲ့သို့ သောင်းကျန်း နေခြင်း ဖြစ်ကြောင်း သိရှိရသည်။



MYARF
RB News
3.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ ရိုဟင်ဂျာ ရွာသား (၄၀) ဦးကို ရိုက်နှက်ခဲ့ကြောင်းနှင့် ဆိုင်ရှင် တစ်ဦးကို လောက်လေးခွဖြင့် သုံးချက် ပစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) လက်အောက်ခံ ရေတွင်းပြင် ချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မတ်လ (၂၅) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် ရွာအတွင်းသို့ ၀င်ရောက်၍ လမ်းသွားလမ်းလာ များကို ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင် သွားပြီး စစ်ဆေးပြီးနောက် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း လက်သီးများဖြင့်ထိုး ခြေထောက်များဖြင့် ကန်ကျောက်ကာ ပြန်လည် လွှတ်ပေးခဲ့သည်။ 

အလားတူ မိုဟာမတ်အာမီးန် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၄ နှစ်) ၏ ဆိုင်တွင် ကွမ်းယာ ၀ယ်နေသည့် ရွာသားများကိုလည်း ဘင်္ဂလား ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဘင်္ဂလား ဆင်းမ်ကဒ် မတွေ့ရှိခဲ့သော်လည်း အဆိုပါ ရွာသားများကို ထိုးကြိတ် ရိုက်နှက်ပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ ဆိုင်တွင် ၀ယ်သူများကို ရိုက်နှက်ရုံသာမက ဆိုင်ရှင်ကိုလည်း ရိုက်နှက်သည့် အပြင် လောက်လေးခွနှင့် သုံးချက်တိတိ ပစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ကွမ်းယာ ၀ယ်နေသည့် ဦးရှုနာမျာ (ဘ) ဦးဂျိန်နောတ်အလီ (အသက် ၄၀ နှစ်) ကို “မင်းက လုပ်ငန်းရှင်၊ မင်းမှာ ဘင်္ဂလား ဆင်းမ်ကဒ်သုံးဖုန်း ရှိကိုရှိရမယ်၊ ဘယ်မှာလဲပြော” ဟုဆိုကာ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်၍ လက်ထိပ်ခတ်ပြီး အနီးရှိ ရေမြောင်းတစ်ခုထဲသို့ တွန်းချခဲ့သည်။ နာရီဝက်အကြာတွင် ရေမြောင်းထဲမှာ ဆွဲထူကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားစဉ် ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ကြားဝင်၍ ညှိနှိုင်းပေးရာ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ရေတွင်းပြင် ချောင်းဝ ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲ များသည် ကျေးရွာတွင်းသို့ နေ့စဉ်နှင့်အမျှ ၀င်ရောက်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲများ အနေဖြင့် ကျင့်ဝတ်ကို ချိုးဖောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်၍ ငွေညှစ်နေသည့် လက်အောက်ငယ်သား များကို ထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများက လိုလားနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
3.4.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် တောင်ပိုင်း ပေါင်းတုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူချေနှင့် စာရေး ဖြစ်သူ ဦးမောင်မောင်ထွန်း တို့သည် မုန်တိုင်း ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသည့် နေအိမ်များ ပြန်လည် ဆောက်လုပ်နေသည့် အိမ်ရှင် (၁၁) ဦးထံမှ ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိပြီး၊ ငွေကျပ် တစ်သိန်းစီ မပေးပါက ခြေထောက်ဖြင့် ကန်မည်ဟု ရိုင်းပျစွာ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ်များမှ မိသားစုများမှာ ယခင်က အခြားနေအိမ်များတွင် ခိုလှုံ နေထိုင်ခဲ့ပြီး မတ်လ (၂၈) ရက်နေ့မှ စ၍ ပြန်လည် ဆောက်လုပ်လျက် ရှိရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိပြီး၊ မပေးသူများကို ခြိမ်းခြောက်ခြင်း ဖြစ်သည်။ ရွာသားများမှာ ရွာအတွင်းမှ အပြင်သို့ ထွက်ခွင့် မရှိဘဲ မိမိတို့၏ ရွာအတွင်းတွင် စုဆောင်း၍ ရသည့် ငွေများဖြင့် အိမ်ဆောက်နေသည်ကို အကြောင်းပြ၍ ငွေတောင်းခံနေခြင်းမှာ ရွာသားများကို ကျေးရွာတွင်းမှ နှင်ထုတ်ရန် ကြံစည်နေခြင်းဟု ဖြစ်သည်ဟု ခံစားမိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အိမ်ဆောက်လုပ်နေသည့် ရွာသား (၁၁) ဦးမှာ -- 

(၁) ဦးဟာလာချေ (ဘ) ဦးဆုလ်တာန် (အသက် ၄၂ နှစ်)
(၂) ဦးကုရ်ဘာန်အလီ (အသက် ၄၀ နှစ်)
(၃) ဦးဟာလာဖူတူ (အသက် ၃၂ နှစ်)
(၄) ဦးအဒူကော်ရိမ်း (ဘ) ဦးဆုလ်တာန် (အသက် ၅၅ နှစ်)
(၅) ဦးအဘူဆီဒိတ်၏ ဇနီး ဒေါ်ဆော်ကီနာ (အသက် ၃၅ နှစ်)
(၆) ဦးလာလာ (ဘ) ဦးတော်ဘိလ်အာမတ် (အသက် ၄၅ နှစ်)
(၇) မာမတ်တာဟဲရ် (ဘ) ဦးအာမိရ်ရှား (အသက် ၂၁ နှစ်)
(၈) ဦးရော်ရှိတ်အာမတ် (ဘ) ဦးဆွေတာအာမတ် (အသက် ၃၀ နှစ်)
(၉) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးမိရ်အာမတ် (အသက် ၃၂ နှစ်)
(၁၀) အုစ်မာန်ဂျူဟာရ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်)
(၁၁) ရွှေလှမောင် (ဘ) ဦးအဒူကော်ရိမ်း (အသက် ၂၁ နှစ်) -- တို့ဖြစ်သည်။



အိတ်ဖွင့်ပေးစာ

သမ္မတကြီး ဦးထင်ကျော်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်

ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁) ရက်။

လေးစားအပ် ပါသော သမ္မတကြီး ဦးထင်ကျော် ခင်ဗျား-

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတကြီး အဖြစ် ရွေးချယ် တင်မြှောက် ခံရခြင်း အပေါ်ကျွန်ုပ်တို့ မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK) မှ ကြိုဆို လိုက်ပါသည်။ ဤသို့ ရွေးချယ် တင်မြှောက်ခံ ရခြင်းအား ကျွန်ုပ်တို့နိုင်ငံတော်၏ ဒီမိုကရေစီ လမ်းမကြီး အတွက်  အရေးပါ အရာရောက်သော မှတ်တိုင်တစ်ခု အဖြစ် ကျွန်ုပ်တို့ရှုမြင်ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတော်ကြီး အတွက် နှစ်ပေါင်းများစွာ စွန့်လွှတ်စတေးခြင်း ပြုခဲ့သည့် ကျွန်ုပ်တို့အားလုံး၏ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ကြီးမားသော အောင်မြင်မှု အတွက်လည်း ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။

 မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK) သည် လူမျိုး၊ ဘာသာမခွဲခြားဘဲ မြန်မာပြည်သူပြည်သား အားလုံး အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရရှိစေရန် နှစ်ပေါင်းများစွာကပင် ကြိုးပမ်းလာခဲ့သော အဖွဲ့ အစည်းကြီး တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်းကြီးသည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသရှိ ရိုဟင်ဂျာများ ရင်ဆိုင်နေရသော ပြင်းထန်သည့် ဖိနှိပ်မှုများအပါအဝင် တိုင်းရင်း သားတို့ရှိရာ ဒေသများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ် သွားစေရန် NLD LA နှင့် UK ရှိ မြန်မာ့ လူ့အဖွဲ့အစည်းများနှင့် အတူတကွ ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ ကျွန်ုပ်တို့ ၏ BROUK မှ ထောက်ခံ အားပေးကြိုးပမ်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယခုအခါ လွှတ်တော်အမတ်များအဖြစ် လည်း ကောင်း၊ ဝန်ကြီးများအဖြစ် လည်းကောင်း၊ အခြားအဆင့်မြင့် အရပ်သားအစိုးရ ရာထူးဌာန များတွင် လည်း ကောင်း အသီးသီး တာဝန်ထမ်းဆောင်လျှက် ရှိနေကြသည့် အတွက် များစွာနှစ်ထောင်း အားရကျေနပ်မိပါသည်။

မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာ အစဉ်အဆက် အုပ်ချုပ်ခဲ့သည့် အာဏာရှင်နှင့် အစိုးရများ လက်ထက် တွင်မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ဖျောက်ဖျက်ပစ်ရန် အလို့ငှါ ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုဆိုင်ရာ မူဝါဒများကို တစ်ပြိုင်နက်ထဲချမှတ်ကျင့်သုံးခဲ့ပါသည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လူထု ထောက်ခံမှုရရှိစေရန် နိုင်ငံတွင်းဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အသုံးပြုရန်ကြိုးစားအားထုတ်ခဲ့သောကြောင့်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများသည် သိသာ ထင်ရှားစွာမြင့်တက်ခဲ့ပါသည်။

ရိုဟင်ဂျာများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများသည်လူမျိုးတုန်းသန့်စင်ခြင်းနှင့်လူသားထု အပေါ် ပြစ်မှုကျူးလွန်ခြင်းတို့၏ တရားဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီကြောင်း လူ့အခွင့်အရေး စောင့် ကြည့်သူများအဖွဲ့ (Human Rights Watch) မှဖော်ပြခဲ့ပါသည်။ လူသားထုအပေါ်ပြစ်မှု ကျူးလွန်ခြင်း မြောက် ကြောင်း အထောက်အထားများကို Fortify Rights အဖွဲ့မှလည်း တွေ့ရှိပြီးဖြစ်ပါသည်။ Yale Law School မှ Lowenstein International Human Rights Clinic၊ Fortify Rights နှင့် Queen Mary University London မှ International State Crime Initiative တို့အတူတကွ လေ့လာမှုများအရလည်း ရိုဟင်ဂျာမျိုးတုန်း ဖျောက် ဖျက်မှု အထောက်အထားများကိုတွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ်တွင် ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံခဲ့သော စခန်း များတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာများရှိနေပြီး၊ Arakan National Party (ရခိုင်အမျိုးသား ပါတီ) မှ အဆင့်မြင့်ပါတီဝင်များသည် ရိုဟင်ဂျာများအား မုန်းတီးရေးအတွက် ဆက်လက်လှုပ်ရှား ဆောင်ရွက် နေကြပါသည်။

NLD အစိုးရသည် ရိုဟင်ဂျာမုန်းတီးဆန့်ကျင်ရေးမြှင့်တက်မှုမူဝါဒများနှင့် ဥပဒေများကို ရပ်ဆိုင်းသွား စေရန်ဆယ်စုနှစ်များစွာအတွင်းပထမဦးဆုံးကြိုးပမ်းတင်ပြလာရုံမက၊အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများအားအဆုံးသတ်စေကာတရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများကို လက်တွေ့ အသုံးချဆောင်ရွက်လျှက်ရှိပါသည်။

ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားမှုများ၏ ရေသောက်မြစ် အကြောင်း ရင်းများအား ဖော်ထုတ်ရန် နှစ်ပေါင်းများစွာကြာရှည်မည်ဖြစ်ရာ၊ ၎င်းလုပ်ငန်းစဉ်အား စတင်အကောင်အထည် ဖော်ရန်လည်းကောင်း၊ အသက်များစွာအားကယ်တင်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းသွား စေရန်ဆောင်ရွက်မှုတို့အပေါ် ချက်ခြင်းထိရောက်မှုရှိစေရန်လည်းကောင်း NLD အစိုးရအနေဖြင့် အစိုးရ သက် တမ်းပထမခြောက်လတာကာလအတွင်းဆောင်ရွက်သင့်နိုင်သည့်လက်တွေ့ခြေလှမ်းများကိုအောက်ပါ အတိုင်း အကြံပြုတင်ပြအပ်ပါသည်။

၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။
၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှုနှင့်ဒုက္ခသည်များ၎င်းတို့နေအိမ်များသို့အန္တရာယ်ကင်းစွာပြန်လည် နေထိုင်ရေး။
၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။
၎) တရားမျှတမှုနှင့် တာဝန်ယူမှု။

ခြေလှမ်းလေးခု-

၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။

ကဏ္ဍအစုံပါဝင်သည့်ကျယ်ပြန့်တာရှည်သော နည်းဗျူဟာကို စီမံချမှတ်ရမည်ဖြစ်ပြီး၊ ယင်းသို့စီမံချမှတ်ရာတွင် မြန်မာ့လူ့အဖွဲ့အစည်းဒေသအသီးသီးမှကိုယ်စားလှယ်ပေါင်းစုံနှင့်အတူနိုင်ငံတကာမှကျွမ်းကျင်သူပညာရှင်များ နှင့်နိုင်ငံတကာလူ့အဖွဲ့အစည်းမှအဆင့်မြင့်အစိုးရဝန်ကြီးအဆင့်တို့ ပါဝင်သောအမျိုးသားညီလာခံကြီး တစ်ရပ် မှ အစပြကာ၊ အရေးပါသောအရင်းအမြစ်များနှင့် ကျွမ်းကျင်နည်းပညာတို့အား နိုင်ငံတကာလူ့အဖွဲ့အစည်းမှ ပံ့ပိုးကူညီသည့်အခါ လက်ခံရယူသင့်သည်။ ဤလုပ်ငန်းစဉ်အားအကောင်အထည်ဖော်ရန် အချိန်ယူရမည်ဖြစ် သော်လည်း၊ စီမံကိန်းချမှတ်ခြင်းအား အလျှင်အမြန်စတင်သင့်သည်။

လိုရင်းအားဖြင့်ဆိုရမူ၊ NLD အနေဖြင့်ဆောင်ရွက်ရမည့် အခြားခြေလှမ်းနှစ်ခုရှိပါသည်။ ပထမခြေလှမ်း မှာ အမုန်းဝါဒဖြန့်ချီမှုများနှင့် အကြမ်းဖက်မှုလှုံ့ဆော်ခြင်းတို့အားကာကွယ်သည့်အနေဖြင့် လှုံ့ဆော်သူများနှင့် အကြမ်းဖက်မှုအတွက်စည်းရုံးသူတို့အား ဥပဒေအရနှိပ်ကွပ်ခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ၊ အမုန်းဝါဒ လှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုတို့အား လုံးဝဥဿုံအရေးယူခြင်းမရှိသေးပါ။

ဒုတိယခြေလှမ်းမှာ၊ဒေါ်အောင်ဆန်းစုကြည်နှင့်အခြား NLD ခေါင်းဆောင်များပုဂ္ဂိလ်အားဖြင့်ဦးဆောင် ကာ မတရားမှုများနှင့်အမုန်းဝါဒဖြန့်မှုများကိုအထူးသဖြင့် ဆန့်ကျင်ဟောပြော၍ အစွန်းရောက်အမျိုးသားရေး ဝါဒဖြန့်ချက်များကို တန်ပြန်ရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာ နှင့် လူထု ထောက်ခံမှုအား ဖော်ညွှန်းလျှက်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုသည် အရေးပါသော ပြောင်းလဲမှုအား ဆောင်ကျဉ်းနိုင်ရုံမက၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူ့အခွင့် အရေးကိုထောက်ခံပံ့ပိုး လျှက်ရှိသူ များမှ ၎င်းတို့၏ ဆန္ဒထုတ်ဖော်ရာတွင် အကာအကွယ်နှင့် ယုံကြည်မှုများ ရှိလာစေနိုင်ပါသည်။ ဤနည်းအား ဖြင့် ရိုဟင်ဂျာနှင့်ဆိုင်သော ဆွေးနွေးမှုများနှင့်စကားစစ်ထိုးငြင်းခုံမှုများအပေါ်အပြောင်းအလဲရှိလာနိုင်ပါသည်။

၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှု

NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ အပေါ်ချမှတ်ထားသည့်ကန့်သတ် ချက်များကို ချက်ခြင်းရုပ်သိမ်းရန်နှင့် အကူအညီပေးရေး လုပ်သားများ၏လုံခြုံရေးအတွက်အာမခံချက်ပေးရန်ဆောင်ရွက်ရန်။

NLD အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများ၊ သီးခြားလွင့်စင်နေထိုင်နေရသော ရွာသူရွာသားများအားအထောက် အပံ့ပြုနိုင်သည့် အစိုးရအရင်းအမြစ်များကို ပိုမိုပေးအပ်ရန်။

နိုင်ငံတော်အဆင့်ချမှတ်ထားသည့်အလုံးစုံသောကန့်သတ်မှုများနှင့်ဥပဒေစည်းမျဉ်းများအား ကျယ်ပြန့်စွာ ဖော် ထုတ်ကာ ချက်ခြင်းရုပ်သိမ်းရန်။

ရိုဟင်ဂျာများနှင့်ရခိုင်များသည် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ ကြသည်ဖြစ်ရာ၊ နားလည် သည်းခံမှု၊ ငြိမ်းချမ်းမှုအပြည့်ဖြင့် ဆက်လက်အတူတကွယှဉ်တွဲနေထိုင်နိုင်ကြရန် ကျွန်ုပ်တို့အားလုံး လေ့ကျင့် ပျိုးထောင်ရမည်ဖြစ်ပါသည်။နိုင်ငံရေးအကြပ်အတည်းများကိုဖြေရှင်းသည့်နည်းလမ်းအဖြစ်အကြမ်းဖက်မှု အသုံး ပြုခြင်းကို ကျွန်ုပ်တို့ရိုဟင်ဂျာများမှ ကန့်ကွက်ဆန့်ကျင်ပါသည်။ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ အမိနိုင်ငံတော် ကြီးဖြစ်သည့် မြန်မာနိုင်ငံ၌ရိုးရှင်းအေးချမ်းစွာ နေထိုင်ကြလိုပါသည်။ ကျွန်ုပ်တို့သည်သီးခြားပြည်နယ်ကိုလည်း မလိုလားသလို၊တစ်စုံတစ်ဦးအပေါ်ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘာသာတရားနှင့်ယဉ်ကျေးမှုတို့ လွှမ်းမိုးရန်လည်း မလိုလားပါ။မြန်မာနိုင်ငံသည်များစွာသောလူမျိုးများနှင့်ဘာသာအယူဝါဒတို့ရှင်သန်ရာနိုင်ငံဖြစ်ပါသည်။ နေထိုင် ရာပျောက်ဆုံးလျှက်ရှိသော ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ မူလဘူတကျေးရွာများသို့ အန္တရာယ်ကင်းစွာပြန် နိုင်ရန်နှင့် ယင်းသည့်အတွက် လိုအပ်သည့် လုံခြုံရေးအကာအကွယ်များကို ပြည်နယ်အစိုးရမှ တာဝန်ယူရမည် ဖြစ်ပါသည်။

၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။

ရိုဟင်ဂျာများ၏ အခွင့်အရေးများငြင်းပယ်ခံရသည့် အခြေအမြစ်အကြောင်းတရားမှာ ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ပါသည်။ လွတ်လပ်စွာခရီးသွားလာခွင့်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှု များရယူခံစားခွင့် တို့ အပါအဝင်ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသည့်များစွာသောခွဲခြားခံရမှုတို့သည်တင်းပြည့်ကျပ်ပြည့်နိုင်ငံသား အဖြစ်ကို မရရှိခြင်းအပေါ်မူတည်ပါသည်။ NLD ဦးဆောင်သော အစိုးရအနေဖြင့် ခိုင်မာသောလူထုထောက်ခံမှု၊ ခိုင်ခန့်သောပါတီစည်းလုံးမှု၊နှစ်များစွာလိုသေးသည့်ရွေးကောက်ပွဲတို့ကိုအားပြုကာအစိုးရသက်တမ်းအဦး အစ ၌ပင် အခက်အခဲများရှိလင့်ကစား၊အထက်ပါအရေးကိစ္စများကို ပြုရန်ဦးစားပေးဆောင်ရွက်နိုင်ပါသေးသည်။ ၎င်းဥပဒေအား ပြင်ဆင်ပြောင်းလဲခြင်းသည် မုချအငြင်းပွါးဖွယ်ရာဖြစ်သော်လည်း၊ ရှောင်လွှဲရနိုင်သည်တော့ မဟုတ်ပါ။ တစ်ခုသောအချိန်ကာလ၌ ယင်းကိစ္စအားကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်ပါသည်။ NLD ဦးဆောင် သော အစိုးရ အခိုင်မာဆုံးဖြစ်နေသည့် အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းခြင်းသည်ပို၍သင့်တော်ကောင်းမွန် လှပါသည်။

၎) တရားမျှတမှုနှင့် တာဝန်ယူမှု။

ရိုဟင်ဂျာများအပေါ် မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ချေ၊ လူသားဖြစ်တည်မှုအားကျူးလွန်သည့် ပြစ်မှု နှင့် မျိုးတုန်းသန့်စင်ဖျောက်ဖျက်ခြင်းအပါအဝင် များစွာသော နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည့် ထင်ရှား သောအထောက်အထားများရှိနေပါသည်။ ဤပြစ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်းမပြု၍မရသလို၊ ဤပြစ်မှုများ အတွက် တာဝန်ရှိသူများကိုလည်း ၎င်းတို့ရဲ့လုပ်ရပ်များနှင့်ပတ်သက်ပြီး လစ်လျူရှု၍မရနိုင်ပါ။ ကြောင့်ကြမဲ့ အပူ အပင်ကင်းစွာပြစ်မှုကျူးလွန်နိုင်ခြင်းသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်လျှက်ရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကိုဆက်လက်ကျူးလွန်ရန်အားပေးခြင်းသာဖြစ်ပါလိမ့်မည်။ တရားမျှတမှုနှင့် တာဝန်ယူမှုတို့သည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်ချိုးဖောက်မှုများကိုတားဆီးရန်အလွန်အရေးပါထိရောက်သောကိရိယာတန်ဆာ ပလာဖြစ်ပါသည်။

အဆိုပါပြစ်မှုများအားစုံစမ်းစစ်ဆေးအဖြေထုတ်ရန်နှင့် အရေးယူရန်အတွက် NLD အစိုးရအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများပါဝင်သော ထိရောက်လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့သင့်ပါသည်။ အကယ် ၍ စုံစမ်းစစ်ဆေးမှုအား NLD အစိုးရအနေဖြင့် မပြုလုပ်နိုင်ပါက၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးမှ ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်သင့်ပါသည်။

သမ္ဓတကြီးအနေဖြင့်ဤကမ်းလှမ်းအကြံပြုချက်များအားအရေးတယူစဉ်းစားကာအကောင်အထည်ဖော် လိမ့်မည်ဟုလည်းကောင်း၊ ထပ်မံဆွေးနွေးရန်အတွက် သမ္မတကြီး (သို့မဟုတ်) သမ္မတကြီး၏ ကိုယ်စားလှယ် တို့မှ ကျွန်ုပ်တို့အားတွေ့ဆုံခွင့်ပေးမည် ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။


ရိုသေလေးစားစွာဖြင့်

ထွန်းခင်
ဥက္ကဋ္ဌ
မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK)


Rohingya Eye
RB News
1.4.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တောင်ပိုင်းတွင် တည်ရှိသည့် ပေါင်းတုတ် ကျေးရွာမှ ဦးအာမိရ်ဟူဆောင်း၏ ဇနီး မယာဇော်မ်နီဆာ (အသက် ၂၂ နှစ်) သည် သားသမီးနှစ်ဦး၏ မိခင်ဖြစ်ပြီး၊ တတိယ ကိုယ်ဝန်ဆောင် ထားရပြီး၊ ကလေး မွေးဖွားမည့် သတ်မှတ်ရက်ထက် ကျော်လွန် နေပြီး မွေးဖွားရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေသည်။ ခင်ပွန်းဖြစ်သူသည် ကျဘန်း အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ ငွေကြေး ချိုတဲ့သူ ဖြစ်သည်။ မတ်လ (၃၁) ရက်နေ့က ၎င်း၏ ဇနီးဖြစ်သူကို ဆေးဝါး ကုသပေးနိုင်ရန် အတွက် အိမ်နီးချင်းများထံမှ ငွေကြေး အကူအညီ တောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များမှလည်း မည်သည့် အကူအညီမှ မရသောကြောင့် ကလေး မွေးဖွားရန် အလွန် အခက်အခဲ ကြုံတွေ့လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

မြောက်ဦးမြို့ရှိ ဒေသခံ ရိုဟင်ဂျာများမှာ မြောက်ဦး မြို့နယ် ဆေးရုံတွင် ဆေးကုသခွင့် မရှိကြောင်း၊ မြောက်ဦးမြို့နှင့် (၁၀) မိုင်ခန့် အကွာအဝေးတွင် ရှိသည့် မြောင်းဘွေ ဆေးရုံတွင် ဆေးကုသခွင့် ရှိသော်လည်း၊ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလိုပါက ညနေ (၅) နာရီထိသာ ဆေးရုံတွင် နေထိုင်ခွင့်ပြုကြောင်း၊ အကယ်၍ ဆေးရုံတွင် တစ်ညအိပ်လိုပါက လုံခြုံရေး တပ်ဖွဲ့ဝင်များအား တစ်ညအတွက် ငွေကျပ် (၃) သောင်းစီ ပေးရကြောင်း၊ ငွေကြေး မတတ်နိုင်သူများမှာ အတွင်းလူနာ အဖြစ် ဆေးကုခွင့် မရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
1.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာတွင် ကျေးရွာ တာဝန်ခံ (အုပ်ချုပ်ရေးမှူး) ဖြစ်သူ ဦးအီနုစ်က မုဆိုးမ တစ်ဦးကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာအုပ်စု ဘော်လီ (၂) ရွာမှ မုဆိုးမ ဖြစ်သူ ဒေါ်နူရုဇ္ဖန် (ဘ) ဦးမော်ဂုလ်အာမောတ် (အသက် ၃၅ နှစ်) သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အိုးအိမ် အခက်အခဲနှင့် ရင်ဆိုင်နေခဲ့ရသဖြင့် ယခုအပတ်အတွင်းတွင် ၎င်း၏ ခင်ပွန်း ပိုင်ဆိုင်ခဲ့သည့် ခြံဝင်း၌ ၀ါးထရံကာ၊ ဓနိမိုးဖြင့် တဲငယ် တစ်လုံး ဆောက်လုပ်ခဲ့သည်။ ထိုတဲငယ် ဆောက်လုပ်ရာတွင် ပြိုင်းတောင် ကျေးရွာမှ ၎င်း၏ အစ်ကိုရင်းများ ဖြစ်သည့် ဦးနူရ်အစ္စလာမ်နှင့် ဦးဆွေယာဒ်ဟူဆောင်း တို့က ၀ိုင်းဝန်း ကူညီ ဆောက်လုပ် ပေးခဲ့သည်။ 

ဒုအိုးသည်မ ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးအီနုစ်က တဲငယ် ဆောက်လုပ်သည့် သတင်းကို ကြားသိပြီး မုဆိုးမနှင့် တကွ ၎င်း၏ အစ်ကိုနှစ်ဦးကို မတ်လ (၂၄) ရက်နေ့တွင် ရုံးသို့ ဆင့်ခေါ်ကာ ချုပ်နှောင်ပြီး “ဘင်္ဂလီ အမည်ခံယူပြီး ဒီအုပ်ချုပ်ရေးမှူး တာဝန်ယူထားတာ မင်းတို့ကို သနား ညှာတာဖို့ မဟုတ်ဘူး၊ မင်းတို့ကို ရက်စက်ဖို့ပဲ” ဟု ပြောဆို၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

မုဆိုးမဖြစ်သူ ဒေါ်နူရုဇ္ဖန်သည် ဦးဖော်ဇော်လ်အာမောတ် (ကွယ်လွန်) ၏ ဒုတိယမြောက် ဇနီး ဖြစ်ပြီး၊ ၎င်း၏ ခင်ပွန်း သေဆုံးပြီးနောက် ခင်ပွန်း၏ ပထမဇနီး၊ သားနှစ်ဦးနှင့် အတူ တစ်အိမ်တည်းတွင် နေထိုင်ခဲ့ပြီး၊ သူများအိမ်တွင် နေ့စား အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း နေရသူ ဖြစ်သည်။ ယခုအခါ သားအရင်း မဟုတ်သူ နှစ်ဦးက နေအိမ်မှ နှင်ထုတ်လိုက်သဖြင့် အိုးအိမ် စွန့်ခွာခဲ့ရပြီး နေစရာ မရှိတော့၍ တဲငယ် တစ်လုံး ဆောက်လုပ်ပြီး နေထိုင်ရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ ရိုက်နှက်၍ ငွေညှစ်ခြင်းမှာ သားနှစ်ဦး၏ ပကောဂ ကြောင့်သာ ဖြစ်ကြောင်း၊ မုဆိုးမကို ခြံဝင်း အတွင်းကပါ နှင်ထုတ်ရန် ကြိုးစား အားထုတ် နေခြင်းသာ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်၍ ပြောပါသည်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့် ယခုကိစ္စကို စုံစမ်း စစ်ဆေး၍ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပြီး၊ မရှိဆင်းရဲသည့် မုဆိုးမ တစ်ဦးထံမှ ငွေညှစ်သည့် ကျေးရွာ တာဝန်ခံကို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်စိန်

Rohingya Eye
RB News
1.4.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လှမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လာလ် (ခ) ဦးမောင်စိန်၊ ရာအိမ်မှူး ဖြစ်ကြသည့် ဦးဟိုက်ရ်ဘောရှော်ရ် (ဘ) ဦးအီမာနူ (အသက် ၅၀ နှစ်) နှင့် ဦးအီလီယာစ် (အသက် ၃၅ နှစ်) တို့ (၃) ဦးသည် ရွာသားများ၏ ရပိုင်ခွင့်များမှ ခေါင်းပုံဖြတ်ခြင်း၊ မညှာမတာ ဆက်ဆံခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်စိန်က မုန်တိုင်းကြောင့် ပြိုပျက်သွားသည့် အိမ်များကို ပြုပြင်နိုင်ရန် အတွက် အလှူရှင်များထံမှ ထောက်ပံ့ကြေး လိုချင်သူများ စာရင်းပေးသွင်းကြရန် လှုံ့ဆော်ကာ မတ်လ (၆) ရက်နေ့မှ စ၍ မိသားစု တစ်စုလျှင် ငွေကျပ် နှစ်ထောင်ကျပ်စီ ကောက်ခံခဲ့သည်။ နူရူလာမိန် (ဘ) ဦးအီလီယာစ် (အသက် ၂၅ နှစ်) ၏ နေအိမ် ပြုပြင်နိုင်ရန် အတွက် ထောက်ပံ့ကြေး ရရန် စာရင်းပေးသွင်းရန်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးက ငွေကျပ် တစ်သောင်း ယူခဲ့သည်။ 

လွန်ခဲ့သည့် ဒီဇင်ဘာလတွင် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းရှစ်သောင်းနှုန်းဖြင့် အိမ်ခြေ (၁၁၃) အိမ်အား ထောက်ပံ့ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေ တစ်သိန်းရှစ်သောင်းမှ ငွေကျပ် တစ်သိန်းစီသာ အိမ်ခြေ (၁၁၃) အိမ်သို့ အုပ်ချုပ်ရေးမှူးက ပေးအပ်ပြီး ကျန်သည့် ငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရာအိမ်မှူး ဦးဟိုက်ရ်ဘောရှော်ရ် ကလည်း စပါး စိုက်ပျိုးရန် တစ်ရာသီ အတွက် ငှားရမ်းခဲ့သည့် လယ်သမား (၆) ဦးကို လုပ်ခ တစ်ပြားတစ်ချပ်မှ ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ဒေသခံများက ခေါင်းပုံဖြတ်နေသူ (၃) ဦးနှင့် ပတ်သက်၍ အာဏာပိုင်များက အဖြစ်မှန်ကို စုံစမ်း၍ အရေးယူ ပေးရန် တောင်းဆို နေကြသည်။



RB News
31.3.2016

တိုကျို၊ ဂျပန် -- ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်၊ အထွေထွေ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်း တို့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ ယနေ့ မတ်လ (၃၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် သွားရောက်၍ ဂုဏ်ပြု သ၀ဏ်လွှာ တစ်စောင် ပေးအပ်ခဲ့သည်။

သ၀ဏ်လွှာ ပေးအပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနှင့် အိုရှင်နီရေးရာ ဗျူရို ညွန်ကြားရေးမှူး Mr Satoshi Oyama နှင့် ဒု-ညွန်ကြားရေးမှူး Mrs Yoko Takushima တို့တက်ရောက်ခဲ့သည်။

ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ရခြင်းမှာ ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မတ်လ (၁၇) ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရှိ လူနည်းစုများ၏ လူမျိုးရေး၊ ဘာသာရေး အခွင့်အရေး များကို အထူး အလေးပေး တောင်းဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ အထူး ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဂျပန်အစိုးရ အနေဖြင့် မြန်မာအစိုးရသစ်နှင့်လည်း အစစအရာရာ ပူးပေါင်း ဆောင်ရွက်၍ လုပ်ဆောင်ရာတွင် မြန်မာအစိုးရအား လူနည်းစု အခွင့်အရေး၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာများ၊ ပြည်တွင်း လက်နက်ကိုင် ပြဿနာများနှင့် တရား ဥပဒေ စိုးမိုးရေး တို့ကို အလေးထားရန် အတွက် ပြောကြားပေးရန် တိုက်တွန်းခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိများကလည်း မြန်မာ အစိုးရသစ်နှင့် စီမံထားသည့် လုပ်ငန်းစဉ် များကို ရှင်းပြခဲ့သည်။






Rohingya Exodus