နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ ပညာရေးဝန်ထမ်း များကို နယ်မြေဒေသ လုံခြုံရေးအရဟု ဆိုကာ နေရပ်ဒေသ အသီသီးသို့ အစိုးရအစီအစဉ်ဖြင့် ပို့ဆောင် ပေးလိုက်သော်လည်း ရိုဟင်ဂျာ ၀န်ထမ်းများကို လူမျိုးရေးခွဲခြားကာ ပို့ဆောင်ပေးခြင်း မရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင် နေကြသော ပညာရေး ၀န်ထမ်းများ အားလုံးကို ယမန်နေ့က ရဟတ်ယာဉ်များဖြင့် တောင်ပြိုသို့ အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ ထိုမှတဆင့် နေရပ်ဒေသအသီးသီးသို့ ထပ်မံ ပို့ဆောင် ပေးခဲ့သဖြင့် ပညာရေးဝန်ထမ်းများ အားလုံး ၎င်းတို့၏ နေအိမ်များသို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ၊ ငန်းချောင်း ကျေးရွာနှင့် ခမောင်းဆိပ် တို့တွင် တာဝန်ထမ်းဆောင် နေသည့် ရိုဟင်ဂျာဆရာ (၃) ဦးရှိရာ ၎င်းတို့ကို ယမန်နေ့က ရဟတ်ယာဉ်နှင့် ခေါ်ဆောင်၍ တောင်ပြိုသို့ ပို့ဆောင် ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဆရာ (၃) ယောက်လုံးက ဘူးသီးတောင်ကပါ။ အခြားဆရာတွေ အားလုံးက ရခိုင်လူမျိုး၊ သူတို့ကို ရဟတ်ယာဉ်နဲ့ တောင်ပြိုထိ ခေါ်သွားတယ်၊ မွတ်စလင် ဆရာတွေကျတော့ အထက်က စာရင်းမပါလို့ ဆိုပြီး ထားခဲ့တယ်။ ဒါက လူမျိုးရေးအရ ခွဲခြားတာလို့သာ မြင်တယ်။ နိုင်ငံ့ဝန်ထမ်းချင်း အတူတူဗျာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော မြောက်ပိုင်းရှိ ဆရာ (၃) ဦးသည် နယ်မြေဒေသ လုံခြုံရေးအရ သွားလာရန် ခက်ခဲသည့် အချိန် ဖြစ်နေသဖြင့် အစိုးရက အခြားဝန်ထမ်း နည်းတူ ပို့ဆောင် မပေးပါက ဘူးသီးတောင်သို့ ပြန်ရန် မလွယ်ကူဟု ဆိုသည်။ အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လူမျိုးရေးအရ မခွဲခြားဘဲ တန်းတူဆက်ဆံသင့်ကြောင်း၊ ယခုကဲ့သို့ ခွဲခြားခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ကျောင်းဆရာ (၃) ဦး အလွန် စိတ်မကောင်း ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်တပ်က ယမန်နေ့ကစပြီး မီးရှို့ဖျက်ဆီးနေကြောင်း သတင်း ရရှိပါသည်။ 

“မနေ့ကစပြီး စစ်တပ်က ကြက်ရိုးပြင်ရွာက အိမ်အချို့ကို မီးရှို့ခဲ့တယ်။ အဲဒီမှာ ရွာသားတွေ တော်တော်များများ ထွက်ပြေးသွားကြတယ်။ ဒီနေ့ မနက် ၁၀ နာရီကစပြီး တစ်ရွာလုံးနီးပါး ကုန်အောင် မီးထပ်ရှို့နေတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ ဖုန်းဖြင့် ပြောသည်။ 

ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ စစ်တပ်က လက်နက်ကြီးများ သုံး၍ ထပ်မံပြီး မီးရှို့နေသောကြောင့် ကြက်ရိုးပြင်ရွာရှိ ရွာသူ/ရွာသားများ အားလုံး နီးစပ်ရာ ရွာများသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။ စစ်တပ်က အပြစ်မဲ့ ရွာသားများကို လောင်ချာများ သုံး၍ ပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကြက်ရိုးပြင်ဈေး ကိုပါ မီးရှို့လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ဒီလိုစစ်တပ်က ရွာတိုင်း ရွာတိုင်းကို ၀င်စီးပြီး မီးရှို့နေမယ်ဆိုရင် မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အားလုံး ဒုက္ခသည် ဘ၀ကို ရောက်သွားမှာ သေချာတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက်က အဲလိုပဲလို့ ထင်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ငန်းချောင်း ကျေးရွာအုပ်စု၊ တီးန်ဂူဂျာဖာရာ သို့လည်း စစ်တပ် ၀င်ရောက်လာပြီး မော်လ၀ီအဒူကော်ရိမ်း (ဘ) ဦးဟာဘီ (အသက် ၄၂ နှစ်) နှင့် ဦးကာဆိမ်း (ဘ) ဦးဟာရှ်မောတ်အုလ္လာ (အသက် ၄၅ နှစ်) တို့၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ငန်းချောင်း ရွာသား တစ်ဦးက RB News သို့ပြောသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက်ပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာရွာသားများ အားလုံး ထွက်ပြေး သွားခဲ့ရသည်။ ယမန်နေ့က ၀ပိတ်ရွာသို့ စစ်တပ် ၀င်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အစိုးရပိုင် မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများတွင် အကြမ်းဖက်သမားများက မီးရှို့ခဲ့သည်ဟု သတင်းမှား လွှင့်ထုတ်ခဲ့သည်။ 

မောင်တောမြို့နယ်တွင် အပြစ်မဲ့ ရိုဟင်ဂျာများကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က လက်နက်ကြီး၊ လက်နက်ငယ်များ သုံး၍ ပစ်ခတ် သတ်ဖြတ်ပြီး၊ အစုလိုက်အပြုံလိုက် မြှပ်နှံမှုများလည်း ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ 

သို့သော်လည်း မီဒီယာများတွင် အပြစ်မဲ့ ရိုဟင်ဂျာများက လက်နက်ကိုင် အာဏာပိုင်များကို အကြမ်းဖက် နေသည်ဟု ဖော်ပြလျက် ရှိသည်ကို တွေ့ရှိရသည်။ 

ယမန်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် နယ်ခြားစောင့်ရဲများက ၎င်းတို့၏ လက်နက်များကို စမ်းသပ်၍ ပစ်ခတ်သည်ကို အကြမ်းဖက်သမားများ ၀င်ရောက် ပစ်ခတ်သဖြင့် ရခိုင်ဒေသခံများ ထွက်ပြေးသွားသယောင် ပုံဖော်၍ မီဒီယာများတွင် သတင်းမှားများ လွှင့်ထုတ်ခဲ့သည်။ 

အမှန်တကယ်တွင် မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ အသတ်ခံနေရခြင်းသာ ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရှိရသည်။ 






ဓါတ်ပုံများမှာ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေသည့် ပုံများဖြစ်သည်။


MYARF
RB News
12.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာတွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ဒုတိယမြောက် ကျင်းတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းမှာ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာရှိ အရှေ့ဗလီ၏ တောင်ဖက်၌ တည်ရှိသော ရိုဟင်ဂျာမွတ်စလင် သင်္ချိုင်းတွင်ဖြစ်သည်။

၁ ဒါဇင်ခန့် ရှိမည်ဟု ယူဆရသော အလောင်းများကို အောက်တိုဘာလ (၁၀) ရက်နေ့၊ ည (၁၂) နာရီခန့် အချိန်တွင် စစ်သားများက ကား ၅ စီးဖြင့် သယ်ယူလာပြီး မြုပ်နှံခဲ့ခြင်း ဖြစ်သည်။ 

ကားငါးစီးဖြင့် ရောက်လာသည့် စစ်သားများသည် ဦးစွာ သင်္ချိုင်း ပတ်ပတ်လည်ကို ဝိုင်း၍ လုံခြုံရေး ယူခဲ့သည်။ ထို့နောက် ဗလီခြံဝင်း၏ အဝင်တံခါးသော့ကိုရိုက်ချိုး၍ ကားတစ်စီးဖြင့် သင်္ချိုင်းအတွင်းသို့ မောင်းဝင်သွားကာ အလောင်းများကို သင်္ချိုင်း၏ ဒေါင့်တစ်နေရာတွင် မြှပ်နှံခဲ့ခြင်း ဖြစ်သည်။ ကားပေါ်မှ ချ၍ အလောင်းသယ်ဆောင်သွားရာ နေရာ တစ်လျှောက်၌ သွေးများပေကျံနေသည်ကိုလည်း တွေ့ရှိရသည်။

အလောင်းများကို ပီနံအိတ်ဖြင့် ထုပ်ပိုး၍ မြုပ်နှံခဲ့ခြင်း ဖြစ်ပြီး မြုပ်နှံသည့်နေရာကို ကြည့်ခြင်းအားဖြင့် အလောင်း တစ်ဒါဇင်ခန့် ရှိမည်ဟု ယူဆရပြီး မည်သူမည်ဝါများ ဖြစ်သည်ကို တူးဖော်၍ ကြည့်မရသေးသဖြင့် မသိရှိရသေးပေ။ ကျင်း၏ အပေါ်ပိုင်းမှ မြေများကို ဖယ်ကြည့်သောအခါ ပထမဆုံး အလောင်းကို တွေ့ရှိပြီး လုံခြုံရေးအခြေအနေအရ ဆက်လက်တူးဖော်နိုင်ခြင်း မရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင် စစ်သားများက မြို့သူကြီးကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသား (၇) ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အလောင်း (၄) လောင်းကို ကားဖြင့် သယ်ဆောင်သွားခဲ့သည်။ 

စစ်သားများက ၎င်းတို့ ပစ်ခတ်သတ်ဖြတ်သည့် အလောင်းများကို မွတ်စလင်သင်္ချိုင်းနေရာတွင် လာရောက်မြုပ်နှံခဲ့သည့် အကြောင်းရင်းကို စဉ်းစားရခက်နေသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်လည်း ဒေသခံ အာဏာပိုင်များက ရိုဟင်ဂျာ အမြောက်အမြားကို ပစ်ခတ်၊ ရိုက်နှက် သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြုပ်နှံခဲ့သော်လည်း ရိုဟင်ဂျာရွာနှင့် ဝေးသည့် နေရာများတွင်သာ မြုပ်နှံခဲ့သည်ကို တွေ့ရှိရသည်။ ယခုအခါ မွတ်စလင်သင်္ချိုင်းသို့ လာရောက် မြုပ်နှံခဲ့သည့် စစ်သားများ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရခက်နေသည်ဟု ဆိုသည်။

ဒေသခံများက စစ်သားများ၏ ဤကဲ့သို့ ထူးဆန်းသည့် လုပ်ရပ်နှင့်ပတ်သက်၍ အင်မတန်စိုးရိမ် နေကြသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းတစ်ကျင်းကို ရှာဖွေတွေ့ရှိခဲ့သည်။







(ဓါတ်ပုံများမှာ MYARF/RB News မှ ရိုက်ကူးထားသည့် ဓါတ်ပုံများ ဖြစ်သည်)




ကိုဇော်ဝင်းလှိုင်
12.10.2016

ရခိုင်ပြည်နယ် အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခု တိုက်ခိုက်ခံ ခဲ့ရတဲ့ကိစ္စ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ ကိုင်တွယ် ဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က တိုက်တွန်းပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့ ကိစ္စကိုလည်း အထူး စိုးရိမ်မိကြောင်း Mr. Nambiar က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်တော်မြို့နယ်အတွင်းက ကင်းစခန်း (၃) ခုကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ပြစ်တင် ရှုတ်ချလိုက်ပြီး အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုံ့ချပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး တကယ် ဖြစ်ရပ်မှန်အကြောင်း အသိနိုင်ဖို့ နောက်ထပ် အချက်အလက်တွေ စုဆောင်းနေချိန်မှာ အခြေအနေကို နီးနီးကပ်ကပ် လေ့လာ စောင့်ကြည့်နေပါတယ်။ ဖြစ်ရပ်ကို တိတိကျကျ ထင်သာ မြင်သာနဲ့ တရားဥပဒေအရ စုံစမ်း စစ်ဆေးပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ကိုလည်း မေတ္တာရပ်ခံသလို နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သွားစေဖို့ အုပ်စု အားလုံးတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အမေရိကန်က ဆက်လက် ကူညီ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”

ဒီကိစ္စကို ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Katina Adams က ဆက်ပြောပါတယ်။

“ဒီဖြစ်ရပ်ကို ထိထိရောက်ရောက်နဲ့ ထင်သာ မြင်သာရှိစွာ စုံစမ်း စစ်ဆေးဖို့အပြင် အဲဒီ ဒေသရှိ လူတွေရဲ့ အခွင့်အရေးတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ကိုလည်း ကျမတို့ တိုက်တွန်းပါတယ်။ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ရခိုင်ပြည်နယ်အတွင်း အုပ်စု အားလုံးတို့ကို ကိုယ်စားပြုတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးပြီး နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရလေအောင် အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်း (၃) ခုကို အမည်မသိ လက်နက်ကိုင် အုပ်စုတွေရဲ့ ၀င်ရောက် တိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အပေါ် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးပုဂ္ဂိုလ် Vijay Nambiar က အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Eri Kaneko ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး ဖြစ်ပါတယ်။ သူက မစ္စတာ Nambiar ရဲ့ ကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“အမည်မသိလူတွေနဲ့ အုပ်စုတွေက နယ်ခြားစောင့် တပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပေါ်ကို အောက်တိုဘာလ ၉ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့်မို့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နေရာ (၃) ခုမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ အရပ်သားတွေပါ သေဆုံးတဲ့အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Nambiar က ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒေသခံ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီးတော့ ဘာသာခြား အုပ်စုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုကြဖို့ အခြေအနေ ပိုဆိုးရွားလာအောင် မလုပ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်တွေအနေနဲ့ မြန်မြန်ထက်ထက်နဲ့ ဥပဒေအရ ဒီကိစ္စကို တုန့်ပြန်ဖို့ လိုအပ်တာကို အထူးအကြံပေး အနေနဲ့ နားလည် သဘောပေါက်ပေမယ့် တချိန်ထဲမှာပဲ သတိထား ကိုင်တွယ်ပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု၊ အိမ်ယာပစ္စည်းတွေ ဖျက်ဆီးခံရမှု၊ ဒေသခံတွေအပေါ် နှောင့်ယှက် ဟန့်တားမှုတွေကို ရှောင်ကြဉ်ဖို့လည်း အထူးအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။”

အလားတူပဲ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်ပြီး အခြေအနေတွေ တင်းမာလာနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းလည်း မစ္စတာ Nambiar က နောက်ထပ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ Eri Kaneko က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့ နောက်တနေ့မှာ မောင်တောမြို့နယ်၊ မြို့သူကြီး ကျေးရွာအနီးမှာ အကြမ်းဖက် စီးနင်းတိုက်သူတွေ ရောက်ရှိနေကြာင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေက သတင်းရရှိတဲ့အတွက် ရောက်သွားတာမှာ အဲဒီ ကျေးရွာထဲက လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်ခဲ့တာမှာ ၀င်ရောက် တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူတွေကတော့ ထွက်ပြေးသွားကြကြောင်းနဲ့ သူတို့ထံက လက်လုပ်သေနတ်နဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိလိုက်ကြောင်း ၊ တချိန်ထဲမှာပဲ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို အကြမ်းဖက် ဆီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ လောက်က ၀ိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှာတာ အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က တဦး သေဆုံးပြီး တပ်မတော်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကို တပ်မတော်က ၀င်ရောက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီး ရမိထားကြောင်း ဖမ်းဆီးထားသူတချို့ရဲ့ ပုံနဲ့တကွ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေ သိရှိနိုင်ဖို့အတွက်နဲ့ တည်ငြိမ်အေးချမ်းမှုရှိရေး ရှင်းလင်း ပြောကြားဖို့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ့ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘလာ ၁၁ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့တွေ၊ စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ ဌာနဆိုင်ရာက ၀န်ထမ်းတွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်စခန်း (၃) တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေအတွက် ဥရောပသမဂ္ဂအနေနဲ့ ၀မ်းနည်းကြောင်းနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အလားတူပဲ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရမ် ပူပန်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာ အစိုးရထံတွေ တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

Rohingya Eye
RB News
11.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်းကို အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဒေသခံတစ်ဦးက “အခုရှာတွေ့တဲ့ ကျင်းထဲမှာ (၃) ယောက်ပါ။ တစ်ယောက်ကတော့ အသက်တော်တော်ကြီးနေပါပြီ။ ဒီလူတွေကို တနင်္ဂနွေနေ့ ညပိုင်းမဟုတ်ရင် တနင်္လာနေ့ မနက်အစောပိုင်းမှာ သတ်လိုက်တာပါ” ဟု RB News သို့ပြောသည်။

ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုသို့ အောက်တိုဘာလ (၉) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် စစ်တပ်ဝင်ရောက်လာပြီး ဒေသခံ ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦး၏ အလောင်းကို ကျင်းတစ်ကျင်းမှ အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်သားများ၏ ပစ်သတ်ခြင်းကိုခံရသူများမှာ --

(၁) ဦးဘော်ဆီရ်အဟမတ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၆၇ နှစ်)
(၂) ဦးအီမာန်ဟူစိန်း (ဘ) ဦးလာလ်မျာ (အသက် ၄၁ နှစ်)
(၃) မာမွတ်နာစိရ် (ဘ) ဦးဂျမာလ် (အသက် ၁၆ နှစ်) -- တို့ဖြစ်သည်။

ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန်သည့်သူ နှစ်ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောပါသည်။

ဓါတ်ပုံများမှာ ကျောက်ဆိပ်ပြင်ရွာသားများထံမှ ရရှိထားသည့် ဓါတ်ပုံများ ဖြစ်သည်။















နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၁၀ ရက်



လက်တွေ့ကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးပါရန် တောင်းဆိုခြင်း

မြန်မာ ဘင်္ဂလားနယ်စပ် မောင်းတောမြို့နယ်နှင့် အခြားနေရာများအား တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ အား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျှက် ရှိပါသည်။

ကျွန်ုပ်တို့ Civil Rights အဖွဲ့ အနေဖြင့် မည်သည့် လက်နက်ကိုင် ဖြေရှင်းနည်းကိုမျှ မနှစ်သက်သည့် အပြင် အားပေးခြင်းလည်း အလျှဉ်း မရှိပါ။ သို့အတွက် လက်နက်ကိုင် ဖြေရှင်းသည့် နည်းမှန်သမျှအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ သက်ဆိုင်ပတ်သက်သော လက်နက်ကိုင် အဖွဲ့အား ပွင့်ပွင့် လင်းလင်း တိတိကျကျ ဖေါ်ထုတ်လျှက် ပြတ်ပြတ်သားသား ချေမှုန်းပစ်ရန် အားပေးပါသည်။

သို့သော်လည်း နိုင်ငံရေးလှည့်ကွက် အဖြစ် ဖန်တီး၍ သော်လည်းကောင်း ကချင်စစ်မျက်နှာ ဖြစ်ရပ်များအား အာရုံလွှဲရန် အတွက်လည်းကောင်း ယုတ္တိမဲ့ လူမျိုးရေး ဘာသာရေး အမုန်းတရား ဓါတ်ခံများဖြင့် ရိုဟင်ဂျာတို့အား ထပ်ဆင့်ဖိနှိပ်ရန် ဟန်ပြင်သည့် အနေဖြင့်လည်းကောင်း- မသမာ သူတို့က ဖန်တီးခြင်း ဖြစ်ခဲ့သော်- ဤကိစ္စအား အစိုးရအနေဖြင့် တာဝန်ခံရမည်သာ ဖြစ်သည်။

မည်သည့် အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်သည်ဟု တိကျစွာ အဖြေ မထုတ်နိုင်မှီ ဤကိစ္စနှင့် စပ်လျှဉ်း၍ အပြစ်မဲ့ ရိုဟင်ဂျာ လူထု အပေါ်သို့ အလျှင်စလို ခေါင်းပုံချသည့် မီဒီယာများ ပါတီဝင်များ လူပုဂ္ဂိုလ်များ အားလည်း ထိရောက်စွာ အရေးယူပေးပါရန် လက်ရှိအစိုးအား ကျွန်ုပ်တို့ တောင်းဆို ပါသည်။

ဤ ကိစ္စသည် ကျွန်ုပ်တို့ အနေဖြင့် ခေါင်းကိုက်ရမည့် ကိစ္စဆိုသည်ထက် ဖြေရှင်းမှု မမှန်ကန်လျှင် လက်ရှိ အာဏာပိုင် အစိုးရ အနေဖြင့် ကုစားမရနိုင်သည့် ခေါင်းကိုက်ရမှုကြီးဖြင့် ရင်ဆိုင်ရမည် ဆိုသည်ကိုလည်း သတိမူမိစေလိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

MYARF
RB News
10.10.2016

မောင်တော ။ ။  ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာမှ ရိုဟင်ဂျာ ၇ ဦးကို စစ်သားများက အိမ်မှ ခေါ်ထုတ်သွားကာ အနီးကပ် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တို့ဘာလ (၁၀) ရက်၊ နံနက် ၅ နာရီအချိန်ခန့်ကစ၍ စစ်သားများက မြို့သူကြီးကျေးရွာအုပ်စု ရွာဟောင်းနှင့် သောင်းပိုင်းညာရွာ တို့ကို ဝိုင်းထားခဲ့သည်။ စစ်တပ်၏ ဝိုင်းထားခြင်းခံရသော ရွာသူရွာသားများသည် မိမိတို့၏နေအိမ်များမှ အပြင်သို့ မထွက်ဘဲ နေခဲ့ကြသည်။ ထိုအထဲမှ အချို့က မိမိတို့၏နေအိမ်မှ အပြင်သို့ ချောင်းကြည့်သည်ကို စစ်သားများက မြင်သောအခါ ထိုအိမ်များသို့ ၀င်ရောက်၍ အိမ်ထဲရှိ အမျိုးသားများကို ခေါ်ထုတ်ပြီး မနီးမဝေးနေရာတစ်ခုသို့ ခေါ်သွားကာ အနီးကပ် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုသို့ အနီးကပ် ပစ်ခတ်ခံရပြီး အသတ်ခဲ့ရသူများထဲတွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်နေသည်။ ၎င်းနှင့်အတူ ၎င်း၏ အစ်ကိုတစ်ဦးလည်း တစ်ချိန်တည်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

အလောင်းများကို မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် စစ်သားများက ၎င်းတို့ကားပေါ် တင်ပြီး ယူဆောင် သွားသည်ဟု ဒေသခံများက ပြောပါသည်။

စစ်သားများ၏ အနီးကပ်ပစ်ခတ်ခြင်းကို ခံရပြီး သေဆုံးခဲ့သူများ --

မြို့သူကြီးကျေးရွာအုပ်စု ရွာဟောင်းမှ--

၁။ မာမတ်အာယာစ် (ဘ) ကာမာလ် - ၁၃ နှစ်
၂။ မာမတ်ဟူးဆောင်း (ဘ) ကာမာလ် - ၂၀ နှစ်
၃။ ဦးမော်ဇူ (ဘ) အဒူမူနာဖ် - ၃၀ နှစ်
၎။ နေဇာမူဒိန် (ခ) ဒေါရ်မိန့်ဒါရ် (ဘ) အာယာစ် - ၃၅ နှစ်

မြို့သူကြီးအုပ်စု သောင်းပိုင်းညာရွာမှ--

၁။ ဦးနူရူ (ဘ) နော်ဇိရ်အမတ်
၂။ ဦးနာဂို (ဘ) ကာဒိရ် -
၃။ ဦးအီနုစ်၏ သား - ၁၈ နှစ်

မြို့သူကြီးရွာသည် အောက်တိုဘာလ (၉) ရက်နေ့၊ ညသန်းခေါင်ကျော်၌ BGP နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် အလွန်ဝေးကွာသော နေရာတွင် တည်ရှိသည်။

မြန်မာ့တပ်မတော် အနေဖြင့် အပြစ်မဲ့ ပြည်သူများကို ဤကဲ့သို့ အနီးကပ် ပစ်ခတ် သတ်ဖြတ်နေခြင်းမှာ အင်မတန် လူမဆန်သောလုပ်ရပ်သာ ဖြစ်သည်။

စစ်ပွဲဖြစ်ပွားလျှင်ပင် အရပ်သားပြည်သူများကို အစိုးရမှ အကာအကွယ်ပေးရသည် ဖြစ်သော်လည်း ယခု မောင်တောတွင် အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်မှုသည် အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပါသည်။

ယခုအခါ မောင်တော ရိုဟင်ဂျာပြည်သူများ အားကိုးရမဲ့နေပြီး အသတ်ခံရမည့် အလှည့်ကိုသာ ဘုရားသခင်ကို တသရင်း စောင့်ဆိုင်းနေသည်ဟု ဒေသခံများက ဆိုသည်။ 











RB News
9.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီကျော် အချိန်မှစ၍ ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၊ ငါးခူးရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်းကောက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတို့ တိုက်ခိုက်ခံခဲ့ရသည်။ မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို အတည်ပြုရန် ခဲယဉ်းနေပြီး တပ်မတော်ဖက်က ထွက်လာသော သတင်းအရ AA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု ယူဆနေကြောင်း သိရှိရသည်။ ရခိုင်မီဒီယာနှင့် မြန်မာမီဒီယာအချို့က အစိုးရထံမှ အတည်ပြုချက်မရမီကပင် RSO က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၀ါဒဖြန့်လျက် ရှိသည်။

ဖြစ်ပွားခဲ့ပုံ

- တိုက်ခိုက်ရေးအဖွဲ့သည် ဦးစွာ ဌာနချုပ် အနီး ကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီးနင်းရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရှိရသော်လည်း အတိအကျ မသိရပေ။

- ထို့နောက် တိုက်ခိုက်ရေးအဖွဲ့သည် ဌာနချုပ်ထဲသို့ စီးနင်းဝင်ရောက်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ မိနစ် သုံးဆယ်ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားပြီး တိုက်ခိုက်သူများ နောက်ဆုတ်သွားခဲ့သည်။ လက်နက် ၅၀ ကျော် သိမ်းယူသွားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ နယ်ခြားစောင့်တပ် ဘက်မှ အသေအပျောက် အနည်းဆုံး တစ်ဦး ရှိခဲ့သည်ဟု သိရသည်

- ထို့နောက် နံနက် ၃ နာရီခန့်အချိန့်တွင် မောင်တောမြောက်ပိုင်း ငါးခူးရ စခန်းနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ အသေအပျောက် မသိရပေ။

- တစ်ချိန်တည်းမှာ မောင်တော တောင်ပိုင်းအစွန်း ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ နယ်ခြားစောင့်တပ် ဘက်မှ တစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

တိုက်ခိုက်ခံရသည့် နေရာ အနေအထား

အထက်ပါ တိုက်ခိုက်ခံရသော နေရာ သုံးခုကို ကြည့်လျှင် သုံးခုစလုံးသည် ရခိုင်ရွာနှင့် နီးစပ်သည်။

- ကျီးကန်းပြင် ဌာနချုပ်စခန်း၏ တောင်ဖက်နှင့် မြောက်ဖက်တွင် အောင်ဇေယျာ ရခိုင်ရွာနှင့် အောင်မင်္ဂလာ ရခိုင်ရွာ တို့် တည်ရှိပါသည်။

- ငါးခူးရစခန်း၏ တောင်ဖက်တွင် ကြံပြင်ရခိုင်ရွာ တည်ရှိပါသည်။

- ကိုးတန်ကောက် စခန်းနှင့် နီးလျက် ဒုံးမိုက်ရခိုင်ရွာ တည်ရှိပါသည်။

သုံးသပ်ချက်

- တိုက်ခိုက်သူများသာ ရိုဟင်ဂျာ ဖြစ်လျှင် အဘယ်ကြောင့် ရခိုင်ရွာမရှိသော၊ ရိုဟင်ဂျာရွာနှင့် နီးကပ်လျက်ရှိသည့် စခန်းများကို မတိုက်ခိုက်ခဲ့သနည်း။ စဉ်းစားရန်လိုသည်။

- တိုက်ခိုက်ပြီးနောက် တိုက်ခိုက်သူများ ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ စခန်းနှင့် အနီးစပ်ဆုံးရှိသော ရွာများမှာ ရခိုင်ရွာများဖြစ်၍ ထိုရခိုင်ရွာများတွင် ပုန်းအောင်းနေခွင့်ရမည်လား။ စဉ်းစားရန်လိုသည်။

- ထို့အပြင် တိုက်ခိုက်လာသူ နည်းနည်းက BGP ဌာနချုပ်လို နေရာမျိုးထဲ စီးနင်းဝင်ရောက်နိုင်ခြင်း၊ လက်နက်သိုလှောင်ရုံမှ လက်နက်များ သိမ်းသွားနိုင်ခြင်းများသည် လွယ်ကူသည် မဟုတ်ပါ။ အဆိုပါ ဌာနချုပ်မှ BGP များထဲက ပူးပေါင်းမှု မရှိလျှင် လုံးဝမဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ BGP များ ရိုဟင်ဂျာနှင့် ပူးပေါင်းခဲ့ပါမည်လား။ စဉ်းစားရန်လိုသည်။

ဌာနချုပ်နှင့် ငါးခူးရစခန်း တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်း တိုက်ခိုက်ခံရသည်ကို အသေအချာ လေ့လာကြည့်လျှင် --

- တိုက်ခိုက်သူများသည် ဌာနချုပ်နှင့် ငါးခူးရ စခန်းကို တိုက်ခိုက်သည်။ ကျန်စခန်းများကို တိုက်ခိုက်လိုလျှင် မောင်တော မြောက်ပိုင်းတွင် BGP စခန်းပေါင်းများစွာ ရှိနေပါသည်။ ထိုစခန်းများကို မတိုက်ခိုက်ဘဲ ဌာနချုပ်နှင့် မိုင်ပေါင်း ၄၀ နီးပါးဝေးကွာသော ကိုးတန်ကောက် စခန်းကို အဘယ်ကြောင့် တိုက်ခိုက်သနည်း။ ထိုစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အစ္စလာမ်ဘာသာဝင် တစ်ဦးကို အသေဖမ်းမိသည်၊ နောက်တစ်ဦးကို အရှင် ဖမ်းမိသည်ဟု ရခိုင်မြန်မာမီဒီယာတစ်ခုတွင် ရေးထားသည်။

ဖမ်းမိရသူများ ဘယ်သူလဲ

- မောင်တော တောင်ပိုင်း၊ ကိုးတန်ကောက် ကျေးရွာ တစ်ဝိုက်တွင် အဒူလ်ဟာကိမ်း ဦးဆောင်သော ဓားပြအဖွဲ့တစ်ဖွဲ လှုပ်ရှားနေသည်မှာ လေးနှစ်ကျော်နေပြီ ဖြစ်သည်။ အဆိုပါ ဓားပြအဖွဲ့သည် ရိုဟင်ဂျာ ဖြစ်သော်လည်း ဒေသခံရိုဟင်ဂျာများကို လူမဆန်စွာ နှိပ်စက်လေ့ရှိသည်။ ပြန်ပေးဆွဲပြီး ငွေအမြောက်အများ ညှစ်လေ့ရှိသည်။ ငွေမပေးသူကို သတ်ပစ်သည်။ အဒူလ်ဟာကိမ်း၏ အဖွဲ့က ဓါးပြတိုက်လျှင် ဒေသခံအာဏာပိုင်အဖွဲ့အစည်းများက ဓားပြတိုက် ခံရသူများကို အကာအကွယ်မပေးသည့်အပြင် ဓားပြအဖွဲ့ထံမှ ဝေစု ခွဲယူသည်ဟု သိရသည်။ ၎င်းဓားပြအဖွဲ့နှင့် ပတ်သက်၍ RB News တွင် အကြိမ်ကြိမ် ရေးသားဖော်ပြခဲ့သည်။

အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ဌာနချုပ်နှင့် ငါးခူးရတွင် တိုက်ခိုက်မှုဖြစ်ပွားနေသည်ကို ကြား၍ ၎င်းဓားပြအဖွဲ့ အချိန်မီ ရှောင်သွားဟန်ရှိသည်။ ဌာနချုပ်နှင့် ငါးခူးရစခန်း တိုက်ခိုက်ခံရသည်ကို ကြား၍ မောင်တော တစ်ဝိုက် BGP များ အသင့်အနေအထားတွင် နေချိန်ဖြစ်သည်။ ထို့ကြောင့် ရှောင်သွားနေသော ဓားပြအဖွဲ့နှင့် BGP တို့ မျက်နှာချင်းဆိုင် ဖြစ်ခဲ့သည်။ ထိုစဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုတွင် ဓားပြအဖွဲ့မှ တစ်ဦးသေ၊ တစ်ဦးဖမ်းခံရခြင်း ဖြစ်သည်။

- အရှင်ဖမ်းမိရသူသည် အဒူလ်ဟာကိမ်း ဓားပြအဖွဲ့က ဖြစ်သည်ကို ဒေသခံများက သိကြသည်။

ဒေသခံအာဏာပိုင်များ ထဲတွင် ရှိသော ရခိုင်များ၏ စနစ်တကျ ကြိုတင် ကြံစည်မှုများလား

- မောင်တော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့် (ရခိုင်လူမျိုး) က အောက်တိုဘာလ (၄) ရက်နေ့တွင် အစိုးရဝန်ထမ်းများကို အကြမ်းဖက်မှု ဖြစ်ပွားနိုင်သဖြင့် သတိထားနေရန် စာထုတ်၍ သတိပေးခဲ့သည်။

- တစ်ဆက်တည်းတွင် "နယ်စပ်လှိုင်း" ဆိုသော မောင်တောအခြေစိုက် ဆိုရှယ်လ်မီဒီယာ ပေ့ခ်ျမှ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး ဘင်္ဂလီများ အကြမ်းဖက်နိုင်သည်ဟု ဝါဒဖြန့်ခဲ့သည်။

အထက်ပါ အချက်များကို သေချာလေ့လာကြည့်လျှင် ဤတိုက်ခိုက်မှုသည် ဒေသခံရိုဟင်ဂျာများ၏ လက်ချက်မဟုတ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ရခိုင်လူမျိုး အာဏာပိုင်အချို့က ၎င်းတို့နှင့် နီးစပ်သည့် ရိုဟင်ဂျာအချို့ကို ဤတိုက်ခိုက်မှုကို ရိုဟင်ဂျာများ လုပ်ခဲ့သည်ဟု သတင်းလွှင့်ရန် စည်းရုံးနေခြင်း ရှိနေသည်။

ဤတိုက်ခိုက်မှု ဖြစ်ပွားလာရန် အားထုတ်ခဲ့သူများသည် လက်နက်မဲ့ရိုဟင်ဂျာများကို နိုင်ငံတကာရှေ့မှောက်တွင် အကြမ်းဖက်သမားများ အဖြစ်ပုံဖော်ရန် ရည်ရွယ်၍ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

ရိုဟင်ဂျာများသည် အာဏာပိုင်အစိုးရ၏ ပိတ်ဆို့ ထားမှုကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်ခြင်း မရှိသည်မှာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် လူအင်အားစုခြင်း၊ လက်နက်စုဆောင်းခြင်း တို့မှာ ပိတ်ဆို့ခံရိုဟင်ဂျာ တို့အတွက် လက်တွေ့တွင် အင်မတန် ခက်ခဲပါသည်။ အိပ်မက်မက်ရန်ပင် ခဲယဉ်းသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် ဖြစ်စဉ်ကို သေချာ သုံးသပ်ရန် လိုပါသည်။

အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုပါရန်နှင့် တရားဥပဒေအတိုင်း တိကျစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။

** ထိခိုက်ကျဆုံးမှု စာရင်းမှာ အစိုးရစာရင်းတွင် ပိုနေသည်ကို တွေ့ရှိရသည်။ မိမိတို့ RB News အနေဖြင့် ထိခိုက်ပျက်စီးမှုများထက် ဖြစ်စဉ်ကို ပိုမိုသုံးသပ်၍ တင်ပြခြင်းဖြစ်သည်။ 





Rohingya Eye
RB News
8.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ရိုဟင်ဂျာများ တံတားအောက် ချောင်းငယ်တွင် ငါးဖမ်းခြင်းကို နယ်ခြားစောင့်ရဲများက ပိတ်ပင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက်ကျေးရွာနှင့် သံဒါကျေးရွာအကြား တံတားအနီး ဇော်မတက် ကျေးရွာဘက်ခြမ်းတွင် အခြေစိုက်ထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း တစ်ခုရှိပြီး၊ အဆိုပါ စခန်းသို့ အသစ်ပြောင်းရွှေ့လာသော နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ တံတားအောက် ချောင်းငယ်တွင် ငါးဖမ်းခြင်းကို ပိတ်ပင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် သံဒါကျေးရွာမှ နူရ်အာလောမ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၂၅ နှစ်)၊ မာမတ်ရော်ဖိခ် (ဘ) ဦးဟာလာမျာ (အသက် ၂၁ နှစ်)၊ မော်လ၀ီအီဗြာဟိမ်း (ဘ) ဦးမာမတ်အီဆုဖ် (အသက် ၃၅ နှစ်) နှင့် ဦးမိုဟာမတ်ဒူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၀ နှစ်) တို့သည် ငါးဖမ်းရန် ချောင်းသို့ ဆင်းနေစဉ် နယ်ခြားစောင့်ရဲများက ခေါ်၍ နောက်နောင် ငါးမဖမ်းရန် ဆုံးမကာ ပြန်လွှတ်လိုက်သည်။

အဆိုပါချောင်းသည် သံဒါကျေးရွာသားများ မှီခိုအားထား၍ လုပ်ကိုင် စားသောက်နေရသော ချောင်းဖြစ်သည်။ သံဒါကျေးရွာတွင် လူဦးရေ လေးထောင်ကျော် ရှိပြီး အများစုမှာ ဆင်းရဲချို့တဲ့ကြသည်။ ထင်းခုတ်/ထင်းရောင်း လုပ်ငန်းနှင့် ငါးဖမ်းခြင်း လုပ်ငန်းများကိုသာ အဓိကထား၍ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိရာ ယခုအခါ ငါးဖမ်းခြင်းကို ပိတ်ပင်လျက် ရှိသဖြင့် စားဝတ်နေရေး ကျပ်တည်းကာ ငတ်မွတ်မှုဒဏ်ကို ခံရမည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသည်။

နိုင်ငံတော်အစိုးရက ဆင်းရဲမွဲတေမှု ပပျောက်အောင် စီမံချက် ရေးဆွဲပြီး လုပ်ဆောင်နေသော်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် ဒေသခံရိုဟင်ဂျာများအား ဆင်းရဲမွဲတေအောင်သာ အမြဲကြိုးစားလျက် ရှိနေသဖြင့် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 




Rohingya Eye
RB News
7.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာအုပ်စုရှိ ရခိုင်ရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ အများအပြား တရားမ၀င် ခိုးဝင် လာကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များသည် စက်လှေ ၃ စီး ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်ပြူးမ (ခါးဆားဘီလ်) ကျေးရွာအုပ်စု၊ ရခိုင်ရွာသို့ တရားမ၀င် ခိုးဝင် ၀င်ရောက်လာကြောင်း ဒေသခံများက RB News သို့ပြောသည်။

“သူတို့က ဒီလိုပဲ အမြဲခိုးဝင်နေကျ၊ အခုတစ်ခါတော့ စက်လှေ ၃ စီး အပြည့်နဲ့ အများကြီး ၀င်လာတယ်။ သူတို့တွေ ဘာကြောင့် ၀င်လာတယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ ခိုးဝင်နေသည်ကို နယ်ခြားစောင့်ရဲ များက တွေ့ရှိသော်လည်း စစ်ဆေး မေးမြန်းခြင်း မရှိသဖြင့် အလွန်စိတ်ပျက်ရကြောင်း၊ ယခုကဲ့သို့ တရားမ၀င် ခိုးဝင်ပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ပါက နိုင်ငံအတွက် အလွန်အန္တရာယ်ရှိကြောင်း၊ ယခုကဲ့သို့ စက်လှေ ၃ စီး အပြည့် ၀င်ရောက်လာသဖြင့် အခြေအနေကို စိုးရိမ်လျက် ရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။


မောင်တောမြို့ တရားမ၀င် ခိုးဝင်နေသည့် ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ


Rohingya Eye
RB News
7.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း အခြေစိုက် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စန်းမင်းနှင့် အဖွဲ့သည် ဒေသခံ ရိုဟင်ဂျာ (၇) ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့မကညင်တန်း အခြေစိုက် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စန်းမင်း၊ တပ်ကြပ်စိုးတင်နှင့် ဒုတပ်ကြပ်တင်ထွန်း တို့သည် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာသို့ သွားရောက် ဒေသခံ (၇) ဦးကို ဖမ်းဆီးရန် နေအိမ်များတွင် ရှာဖွေခဲ့သည်။ သို့သော်လည်း ဖမ်းဆီးရန် လိုက်ရှာသူများကို မတွေ့ရှိသဖြင့် ဖမ်းဆီး၍ မရခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသခံ (၇) ဦးတို့သည် လူကုန်ကူးသူများ မဟုတ်ဘဲ ကျေးရွာမှ ဥက္ကဌဟောင်း ဦးဆီရာဇူလ္လာ တာဝန်ထမ်းဆောင်စဉ်က ၎င်း၏ ပြိုင်ဘက်များကို လူကုန်ကူးသူများဟု ရဲအုပ်စန်းမင်းထံ မဟုတ်မမှန် သတင်းပေးထားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဒေသခံ (၇) ဦးသည် ၎င်းတို့အား ဖမ်းဆီးခြင်း မပြုလုပ်ရန် အတွက် ရဲအုပ်စန်းမင်းအား ငွေပေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

ရဲအုပ်စန်းမင်းနှင့် အဖွဲ့သည် မသိနားမလည်သူများကို လူကုန်ကူးသည်ဟု စွပ်စွဲ၍ မကြာခဏ ငွေညှစ်လျက် ရှိပြီး၊ အမှန်တကယ် လူကုန်ကူးသည့် ပွဲစားများထံမှ ဆက်ကြေးယူ၍ လွှတ်ပေးထားကြောင်း၊ အထက်အာဏာပိုင်များ အနေဖြင့် စီစစ်၍ အရေးယူသင့်ကြောင်း ဒေသခံများက ဆိုသည်။

ရဲအုပ်စန်းမင်းက မဖမ်းဆီးရန်အတွက် အောက်ပါ ဒေသခံ (၇) ဦးက ငွေကျပ် တစ်သိန်း ငါးသောင်း စီ ပေးခဲ့ရသည်။

(၁) ဦးဇိုက်တူလ္လာ (ဘ) ဦးအဘူတာဟဲရ် (အသက် ၂၈ နှစ်)
(၂) ဦးဟာဘီဘူရာမန် (ဘ) မော်လ၀ီအဒူရှကူရ် (အသက် ၃၅ နှစ်)
(၃) ဦးအဘူကာလာမ် (ဘ) ဦးအာရှောရောဖ်မျာ (အသက် ၅၀ နှစ်)
(၄) မော်လ၀ီမာမတ်အာယာစ် (ဘ) မော်လ၀ီအဒူဆလာမ် (အသက် ၂၉ နှစ်)
(၅) ဦးကော်ရီမုလ္လာ (ဘ) ဦးအဒူမောဂျိတ် (အသက် ၅၀ နှစ်)
(၆) ဦးဖေရုစ် (ဘ) ဦးအလီဇူဟာရ် (အသက် ၂၇ နှစ်)
(၇) ဦးဖွေယာစ် (ဘ) ဦးယာရ်မိုဟာမတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။




MYARF
RB News
7.10.2016

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဒုံးသဲကျေးရွာ အခြေစိုက် ခမရ (၁၇၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မြင်းလွတ်မြို့အပိုင် သ၀န်ချောင်းကျေးရွာသို့ စီးနင်း ၀င်ရောက်ပြီး ဓါးပြ အဒူဟာကိမ်းနှင့် အဖွဲ့ကို နှိမ်နင်းရမည့် အစား ရွာသားများကိုသာ ရိုက်နှက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ရသေ့တောင်မြို့နယ်၊ ဒုံးသံကျေးရွာ အခြေစိုက် ခမရ (၁၇၀) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး အပါအ၀င် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် အောက်တိုဘာလ (၆) ရက်နေ့တွင် မြင်းလွတ်မြို့ အပိုင် သ၀န်ချောင်း ကျေးရွာအုပ်စု၊ ဆူရာလီရွာသို့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် စီးနင်းဝင်ရောက်ပြီး ရာအိမ်မှူးကို ရှာဖွေခဲ့ရာ ရာအိမ်မှူး အိမ်တွင် မရှိကြောင်း ဒေသခံ ရိုဟင်ဂျာ (၄) ဦးက ဖြေကြားခဲ့သည်။ ဖြေကြားခဲ့သူ ရိုဟင်ဂျာ (၄) ဦးကို “မင်းတို့ကောင်တွေ လိမ်တာ၊ မင်းတို့ကောင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်မသွားဘဲ ဘာလို့ ဒီမှာနေတာလဲ၊ မင်းတို့ကြောင့် ငါတို့ ကင်းလှည့်နေရတယ်၊ ငါတို့ ဒုက္ခရောက်နေတယ်” ဟု စော်ကားပြောဆိုပြီး ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ နောက်ဆုံးတွင် ရာအိမ်မှူးကို နှစ်နာရီအတွင်း ဒုံးသဲကျေးရွာရှိ တပ်စခန်းသို့ လာရောက်ရန် မှာကြားခဲ့ပြီး ပြန်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရိုက်နှက်ခံရသူ ရွာသား (၄) ဦးမှာ --

(၁) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၄၀ နှစ်)
(၂) ဦးကာလာယာ (ဘ) ဦးအဘူကော်ရ်ဆီဒိတ် (အသက် ၃၅ နှစ်)
(၃) ဦးဆော်ယဒ်ကော်ရိမ် (ဘ) ဦးကော်ရီမုလ္လာ (အသက် ၂၅ နှစ်)
(၄) ဦးရော်ဟီးမုလ္လာ (ဘ) ဦးဇောရ်မျာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

ရာအိမ်မှူး ဖြစ်သူ ဦးရှားအာလောမ် (ဘ) ဦးဆော်လီမုလ္လာ (အသက် ၃၅ နှစ်) သည် ရွာသားများကို မှာခဲ့သည့် သတင်းရရချင်း ရခိုင်ရွာသို့ သွားလျှင် လုံခြုံရေးလိုအပ်သည့် အတွက် သ၀န်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို အကူအညီ တောင်းယူပြီး ဒုံးသဲရွာရှိ တပ်စခန်းသို့ လိုက်သွားခဲ့သည်။ တပ်စခန်းသို့ ရောက်သည်နှင့် ၎င်းကို လက်ပိုက်ရပ်ခိုင်းပြီး စစ်သားများက လက်သီးဖြင့် ခြေဖြင့်ကန်ကျောက် နှုတ်ဖြင့်ဆဲဆို စိတ်တိုင်းကျ ညှဉ်းပန်းနှိပ်စက်ပြီး နောက်နောင် အဒူဟာကိမ်းနှင့် အဖွဲ့ လာရောက်သည့် ကိစ္စကို မည်သည့်ဌာနကိုမှ သတင်းမပို့ရန် မှာကြားပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရာအိမ်မှူးနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

ဓါးပြ အဒူဟာကိမ်းနှင့် အဖွဲ့သည် ယခုတလောတွင် ဒုံးသဲကျေးရွာ အရှေ့ဘက်ရှိ တောင်တန်းတွင် ရှိနေသည့် အကြောင်းကို ဒေသခံများက စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးသော်လည်း သွားရောက်မရှင်းလင်းဘဲ ဓါးပြအဖွဲ့ ယခင်ကနေခဲ့သည့် သ၀န်ချောင်း အရှေ့ဘက်တောထဲရှိ တဲဟောင်း နေရာဟောင်းကိုသာ သွားရောက်၍ ဓါတ်ပုံရိုက်ကာ ရှင်းလင်းသည်ဟု မှတ်တမ်းရေးပြီး လာရာလမ်းအတိုင်း ပြန်သွားကြောင်း ဒေသခံများက ပြောပါသည်။

ဓါးပြ အဒူဟာကိမ်းနှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်း၊ သ၀န်ချောင်းကျေးရွာမှ မော်လ၀ီဟူဆောင်းအာမတ် (ဘ) ဦးအူလာမျာ (အသက် ၂၈ နှစ်) ကို လွန်ခဲ့သည့် ရက်ပိုင်းက မီးရှို့သတ်ဖြတ်ခဲ့သည်။







နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၇ ရက်


ပယ်ဖျက်ပြီး ဥပဒေများဖြင့် ဖမ်းဆီးခံတို့အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခြင်း


မြန်မာ အစိုးရ၏ “အရေးပေါ်စီမံချက် ဥပဒေ (၅/ ည) အပါအ၀င်- ဧည့်စာရင်းတိုင်ရသည့် ဥပဒေများ ပေါ်လစီများအား ဖျက်သိမ်းလိုက်ခြင်းအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။

အဆိုပါ ဥပဒေ တို့ အား ဖျက်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက်- ရှေးယခင် ထို ဥပဒေ များ ပုဒ်မ ခွဲများ ဆက်စပ် ပုဒ်မများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့သော အကျဉ်းသားတို့အား- ဆက်လက်၍ အကျဉ်းထောင်များတွင် ထားရှိခြင်းမှာ အကြုံးမ၀င်တော့ပေ။

သို့ဖြစ်၍- အရေးပေါ်စီမံချက် ဥပဒေ သို့မဟုတ် ဆက်စပ် ဥပဒေများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း၊ ဧည့်စာရင်း ကိစ္စများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း- ရှိသော အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။

အလားတူပင်- အဆိုပါ ဥပဒေများ ပုဒ်မများဖြင့် ငြိစွန်း၍- အဖမ်းမခံလိုသဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတို့အား- ၀ရမ်းပြေးများ အဖြစ်မှ သော်လည်းကောင်း နာမည်ပျက်စာရင်းဝင် ရှိနေခြင်းမှ သော်လည်းကောင်း- အစိုးရအနေဖြင့် တရားဝင် ကြေငြာ၍ ပယ်ဖျက်ပေးရန်လည်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




RB News
6.10.2016

တိုကျို၊ ဂျပန် ။ ။ အောက်တိုဘာလ (၅) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဂျပန်နိုင်ငံ၊ Gunma ခရိုင်၊ Tatebayashi မြို့ရှိ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (BRAJ) ရုံးခန်းတွင် ဂျပန်လွှတ်တော်အမတ်များနှင့် ဆွေးနွေးပွဲ တစ်ရပ်ကို BRAJ က ဦးစီး၍ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ရိုဟင်ဂျာအရေး စိတ်ဝင်စားကြသည့် Gunma ခရိုင် လွှတ်တော်အမတ်များ ဖြစ်ကြသော Mrs. Kagya Fujiko နှင့် Mr. Kadokura Knuiyaishi, Tatebayashi လွှတ်တော်အမတ် Mr. Watanabe Mitsunori, အထက်လွှတ်တော်အမတ် Mrs. Kaminoto Mieko ၏ အတွင်းရေးမှူး Mrs. Otsuka Teruyo, Japan Teachers Union မှ Mrs. Fumiyo Fukuzawa, Japan Manichi သတင်းစာတိုက်နှင့် Thomson Reuters သတင်းစာတိုက်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ BRAJ မှ ဒု-ဥက္ကဌ ဦးအောင်တင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ လက်ရှိ လူနေမှုဘ၀ နိမ့်ကျနေသည့် အခြေအနေများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို ကြိုဆိုသည့် အကြောင်းနှင့် ကော်မရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဂျပန်လွှတ်တော်တွင် ရိုဟင်ဂျာအရေး ဆွေးနွေးတင်ပြရန်၊ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်သို့ လာရောက်ပါက ရိုဟင်ဂျာအရေး ဆွေးနွေးတင်ပြရန်၊ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာမရသေးသည့် ရိုဟင်ဂျာများ အရေး တို့ကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

အပြန်အလှန် ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို နေ့လည် (၃) နာရီတွင် အဆုံးသတ်ခဲ့သည်။ 









MYARF
RB News
6.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု ကာဒီရွာမှ ကျေးရွာ တာဝန်ခံ ဦးဆော်လိမ်သည် ဌာနဆိုင်ရာများ၏ သတင်းပေး ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးလာလူးနှင့် ပူးပေါင်း၍ ရွာသူရွာသားများကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ နည်းမျိုးစုံဖြင့် ငွေညှစ်ကြောင်း သတင်းရရှိပါသည်။

အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု၊ ကာဒီရွာမှ တာဝန်ခံ ဦးဆော်လိမ်သည် ယခင်က စ.ရ.ဖ ၏ တပည့်ရှိစဉ်ကာလတွင်လည်း ရွာသူရွာသားများကို အလွန်ဒုက္ခပေးခဲ့သူ တစ်ဦးဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ငွေကြေး အမြောက်အမြား သုံးစွဲပြီး ကျေးရွာ တာဝန်ခံ ရာထူး ရယူလိုက်သည့် အချိန်ကစပြီး ရွာသူရွာသားများကို ယခင်ကထက် ပို၍ နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ  ပြုလုပ်နေကြောင်း၊ ရွာသားအများစုမှာ တံငါးသည်ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများ ဖြစ်၍ ကျေးရွာတာဝန်ခံ ဦးဆော်လိမ်၏ ဒုက္ခပေးမှုများမှာ ၎င်းတို့အတွက် အလွန်ကြီးလေသော ၀န်ထုပ်ဝန်ပိုး တစ်ခုပင် ဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ငွေညှစ်ခံရသူအချို့မှာ --

(၁) ဒေါ်ဟော်တီဇာ (ဘ) ဦးဆွေယောဒ်ကော်ရိမ်း ထံမှ ငွေကျပ် ၇၅၀၀၀/ ညှစ်ယူခဲ့သည်။ စက်တင်ဘာလ (၃) ရက်နေ့က ငွေညှစ်ခြင်း ဖြစ်ပြီး၊ နေအိမ်တွင် ရောက်ရှိနေသည့် သားမက်အတွက် ဧည့်စာရင်းတိုင်ရန် ပျက်ကွက်သည်ဟု ဆိုကာ ညှစ်ယူခဲ့ခြင်း ဖြစ်သည်။

(၂) ဦးမာဒူ (ဘ) ဦးဒူဒူများ ကို သားအဖ နှစ်ဦး အချင်းချင်း စကားများခဲ့သည်ဟု စွပ်စွဲပြောဆို၍ သြဂုတ်လ (၅) ရက်နေ့က ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။

(၃) သြဂုတ်လ (၆) ရက်နေ့တွင် ဦးအဒူမာလိခ် (ဘ) ဦးမော်ဂုလ်အာမတ်ကို ၂၀၁၅ ခုနှစ်တွင် အသတ်ခံခဲ့ရသည့် ဖရုံချောင်းကျေးရွာအုပ်စု၊ ပြိုင်းတောင်ရွာ တာဝန်ခံ ဦးဆော်လိမ်၏ အမှုတွင် ပါဝင်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်းသုံးသောင်း ညှစ်ယူခဲ့သည်။

(၄) မော်လ၀ီအရှောရ်မျာ (ဘ) ဦးဖေတာန်အလီ ထံမှ ရွာသားတစ်ဦးက အကြွေးရရန် ရှိကြောင်း တိုင်ကြားခဲ့သည်ဟု လုပ်ကြံ ပြောဆို၍ ဇူလိုင်လ (၇) ရက်နေ့က ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

(၅) သြဂုတ်လ (၈) ရက်နေ့က ဦးမိုဟာမတ်အာလောမ် (ဘ) ဦးဆွေတာလောမ်ကို ၎င်း၏သားဖြစ်သူက မိန်းကလေးတစ်ဦးကို ရည်းစားစကား ပြောခဲ့သည်ဟု ဆိုကာ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

(၆) သြဂုတ်လ (၁၀) ရက်နေ့တွင် ဦးအာရောဖ်အုလ္လာ (ဘ) ဦးအလီ အား နွားတစ်ကောင် ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့သည်။

(၇) သြဂုတ်လ (၁၂) ရက်နေ့တွင် ဦးမိုဟာမတ်ဟူဆောင်း (ဘ) ဦးဟာဘီအုလ္လာ အား ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ၂၂၅၀၀၀/ ညှစ်ယူခဲ့သည်။

(၈) ဦးအီလီယာစ် (ဘ) ဦးအဒူကာဒဲရ် ကို မော်လ၀ီအရှောရ်မျာနှင့် စကားများခဲ့သည်ဟု စွပ်စွဲ၍ သြဂုတ်လ (၁၃) ရက်နေ့တွင် ငွေကျပ် ၇၅၀၀၀/- ညှစ်ယူခဲ့သည်။

(၉) ၁၀ နှစ်ခန့် ကာဒီရွာတွင် အခြေချ နေထိုင်သည့် ဦးအဒူဟာမိတ် (ဘ) ဦးအာမိရ်ဟူစိန်း ကို ဧည့်စာရင်း တိုင်ကြားပျက်ကွက်ခဲ့သည်ဟု ပြောဆို၍ သြဂုတ်လ (၁၈) ရက်နေ့က ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။

(၁၀) ဦးဟာဆူမျာ (ဘ) ဦးအီမာန်ရှော်ရိဖ်က သားဖြစ်သူနှင့် ချွေးမတို့ကို ဆဲဆိုခဲ့သည်ဟု စွပ်စွဲ၍ သြဂုတ်လ (၁၉) ရကနေ့က ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

(၁၁) ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးဇာဟိဒ်ဟူဆောင်း ကို ဇနီးဖြစ်သူကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည်ဟု စွပ်စွဲ၍ ဇူလိုင်လ (၁၉) ရက်နေ့က ငွေကျပ် ၇၀၀၀၀/- ညှစ်ယူခဲ့သည်။




MYARF
RB News
5.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က စခန်း ၂၄) မှ တပ်ဖွဲ့ဝင် (၃၀) ဦးခန့် ပါဝင်သော အဖွဲ့သည် ဒေသခံရိုဟင်ဂျာ (၃) ဦးထံမှ ငွေသိန်းချီ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် (၃၀) ဦးခန့်သည် စက်တင်ဘာလ (၁၉) ရက်နေ့ နံနက် (၁) နာရီခန့် အချိန်တွင် မြို့မိချောင်းကျေးရွာမှ မော်လ၀ီ ဦးနူရူလ်အာမီးန် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ခြံစည်းရိုးကျော်၊ အိမ်တံခါးများ ရိုက်ချိုး၍ ၀င်ရောက်ပြီး စစ်ဆေးခဲ့သည်။ မော်လ၀ီ ဦးနူရူလ်အာမီးန် ကို မတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးဟာနီဖာ (အသက် ၄၇ နှစ်) နှင့် ဦးဟာနီဖာ၏ သားမက် ဦးတော်ယုပ် (ဘ) ဦးကာလာမျာ တို့နှစ်ဦးကို လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့နှစ်ဦးကို စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲများက ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ စက်တင်ဘာလ (၁၆) ရက်နေ့ ည (၁၂) နာရီခန့် အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် နတ်ချောင်း (ပဒကားဒေ၀ါနာလီ) ကျေးရွာမှ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဆော်ယဒူရာမန် (အသက် ၅၂ နှစ်) ၏ နေအိမ်ထဲသို့ ဓါးပြများ ၀င်သကဲ့သို့ အိမ်တံခါးများ အားလုံး ရိုက်ချိုး ၀င်ရောက်ပြီး မြေကိုပါ တူးဆွ လှန်ကြည့်ခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘဲ ပြန်သွားခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ ဦးဖော်ရိတ်အာလောမ်ထံမှ ငွေကျပ် သိန်း (၃၀) ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ များက ယခုကဲ့သို့ နေ့စဉ်ရက်ဆက် ယခင်ကထက် ပိုမိုဆိုးရွားစွာ လုပ်နေခြင်းမှာ အာနန် ကော်မရှင်၏ နယ်မြေကွင်းဆင်း ခရီးစဉ်တွင် ဒေသခံရိုဟင်ဂျာများ ပြောရဲဆိုရဲ မရှိတော့အောင် ခြောက်လှန့် နေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။ 




Rohingya Eye
RB News
5.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း တောင်တန်းများပေါ်တွင် ရခိုင်လက်နက်ကိုင် အဖွဲ့များ ကိုင်ဆောင်ထားသည့် လက်နက်များမှာ နယ်ခြားစောင့်ရဲများ ကိုင်ဆောင်သည့် လက်နက်များနှင့် တူနေသည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ လူငယ် (၅) ဦးသည် အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် တောင်ပေါ်၌ ထင်းခုတ်နေစဉ် ဇော်မတက်ကျေးရွာအုပ်စု၊ ကိုင်းကြီး န.တ.လ ရွာမှ အငြိမ်းစား မူလတန်းပြဆရာ၏ သားဖြစ်သူ မောင်ဝင်းချေ (အသက် ၃၀ နှစ်) နှင့် အတူ လူ (၈) ဦး တောင်ပေါ်သို့ တက်လာနေသည်ကို တွေ့ရှိပြီး ကြောက်ရွံ၍ ပုန်းအောင်းနေခဲ့ကြသည်။ 

မောင်ဝင်းချေနှင့် အဖွဲ့သည် ဆန်အိတ်များ၊ ကြက်များ၊ ဆီ၊ ဆား စသော ရိက္ခာများကို တောင်ပေါ်သို့ သယ်ယူနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြောင်း၊ ကိုင်ဆောင်ထားသည့် လက်နက်များမှာ နယ်ခြားစောင့်ရဲများ ကိုင်ဆောင်သည့် လက်နက်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို သတိထားမိကြောင်း တောင်ပေါ်သို့ ထင်းခုတ်ရန်သွားသည့် လူငယ် (၅) ဦးက ပြောပါသည်။ 

ထို့အပြင် ဇော်မတက် ကျေးရွာ၏ အရှေ့ဘက်တောင်တန်း အနီးတွင် တည်ရှိသော မြိုလူမျိုးများ နေထိုင်ရာ ရွာတွင်လည်း လူစိမ်းအများအပြား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ဓါးရှည်နှင့် လှံကဲ့သို့ လက်နက်များ ကိုင်ဆောင်ထားကြောင်း၊ အဆိုပါရွာသို့ သွားရောက်ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။ 

အောက်တိုဘာလ (၃) ရက်နေ့တွင် ကံဘူးကျေးရွာမှ ဆိုင်ကယ်ဖြင့် ပြန်လာနေသော ဇော်မတက် ကျေးရွာသား (၃) ဦးကို ကိုင်းကြီးရွာမှ ရခိုင်အစွန်းရောက် နှစ်ဦးက ရပ်တန့်ခိုင်းကာ ၎င်းတို့တွင် ပါလာသည့်ငွေများနှင့် မိုဘိုင်းဖုန်း နှစ်လုံးကို လုယက်ယူဆောင် သွားကြောင်း သိရှိရသည်။ 

ဒေသခံတစ်ဦးက “ဘုန်းကြီးတွေ ငါးဝယ်နေတာ အရင်လိုမဟုတ်ဘူး။ အများကြီး ပိုဝယ်နေတာ တွေ့ရတယ်၊ ဆန်အိတ်တွေလည်း အရင်ကထက် ပိုဝယ်နေကြတယ်။ ဒါက ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ထင်တယ်။ ကျွန်တော်တို့ စိုးရိမ်တာက မဆိုင်သူတွေကို တိုက်ခိုက်မှာကိုဘဲ” ဟု စိုးရိမ်စွာဖြင့် ပြောသည်။ 

မောင်တောမြို့နယ် တောင်ပိုင်းတွင် ရခိုင်လက်နက်ကိုင် အဖွဲ့များ ခြေကုပ်ယူလာနေသည်ကို တွေ့ရှိရပြီး၊ ဒေသခံများကို တိုက်ခိုက် နှောက်ယှက်ခြင်းများ မရှိသော်လည်း၊ ဒေသခံများက စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက် ရှိသည်။ ရခိုင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလာလျှင် နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လှုံ့ဆော်သည့် ရခိုင်အစွန်းရောက်များက လုယက်ခြင်း၊ အကြောင်းမဲ့ တိုက်ခိုက်ခြင်းများ ပြုလုပ်သဖြင့် ဒေသခံများက လက်နက်ကိုင်အဖွဲ့၏ ရန်ထက် အခြေအနေကို အခွင့်ကောင်းယူသည့် အစွန်းရောက်များ၏ အန္တရာယ်ကို ပိုမိုကြောက်ရွံနေရသည်ဟု ဆိုသည်။



MYARF
RB News
5.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် စေတီတောင် ကျေးရွာအုပ်စု၊ ဘော်လီကျေးရွာမှ ဒေသခံ ရိုဟင်ဂျာလူငယ် (၂) ဦးနှင့် ဖား၊ ခရု၊ မြွှေ ရှာနေသည့် နွားရုံတောင်ရွာမှ ရခိုင် အမျိုးသမီးတစ်ဦး တို့သည် အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၁၀း၃၀ နာရီခန့် အချိန်တွင် အပြန်အလှန် စကားများခဲ့သည်။ 

စကားများနေစဉ် အသက် (၅၇) နှစ် အရွယ်ရှိ ရခိုင်အမျိုးသမီးကြီးက မနီးမဝေးရှိ ၎င်းနှင့်အတူ ဖား၊ ခရု ရှာရန် လိုက်ပါလာသည့် ရခိုင်ရွာသား (၄) ဦးကို အော်ဟစ်၍ ခေါ်လိုက်ရာ၊ ရိုဟင်ဂျာလူငယ် နှစ်ဦးက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် ရခိုင်အမျိုးသမီးကြီးနှင့် ရခိုင်ရွာသားတို့သည် ၎င်းတို့၏ ရွာသို့ ပြန်သွားပြီး အမျိုးသမီးကြီးကို ရိုဟင်ဂျာ (၎င်းတို့ အခေါ် ကုလား) နှစ်ယောက်က မုဒိန်းကျင့်ရန် ကြံစည်ပြီး ကိုယ်ထိလက်ရောက် စော်ကားနေစဉ် ၎င်းတို့ကို အော်ဟစ် အကူအညီတောင်းသဖြင့် ရိုဟင်ဂျာလူငယ်များ ထွက်ပြေးသွားခဲ့သည်ဟု ရခိုင်ရွာသား (၄) ဦးက ရွာအတွင်း ချဲ့ထွင်၍ ပြောဆိုသည့်အပြင် နွားရုံတောင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များကိုပါ သွေးထိုးလှုံ့ဆော် ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

နေ့လည် ၂း၃၀ နာရီအချိန်တွင် ရခိုင်အမျိုးသမီးကြီးနှင့် စကားများခဲ့သည့် ရိုဟင်ဂျာလူငယ်နှစ်ဦးကို နွားရုံတောင်ရွာမှ ရခိုင်ရွာသား အချို့နှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် ဘော်ဘီရွာသို့ သွားနေစဉ် မိမိတို့၏ လယ်ကွင်းမှ စပါးစိုက်ခင်း ကြည့်ရန် သွားနေသည့် ဘော်လီရွာသား ဦးအီနုစ် (ဘ) ဦးကာဒဲရ်ဟူစိန်း (အသက် ၅၀ နှစ်) နှင့် သားဖြစ်သူ အလီဟူစိန်း (အသက် ၂၀ နှစ်) တို့ကို ချောင်းကူးရန်အတွက် အကူအညီ တောင်းကြရာ သားအဖနှစ်ဦးက ကြည်ဖြူစွာ ကူညီပေးခဲ့သည်။ ထို့နောက် သားအဖ နှစ်ဦးကို ရခိုင်ရွာသားများနှင့် နယ်ခြားစောင့်ရဲများက ရခိုင်အမျိုးသမီးကြီးနှင့် ရိုဟင်ဂျာလူငယ် နှစ်ဦးတို့၏ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမမြန်းရာ တစ်စုံတစ်ရာမသိရှိပါ ဟု ဖြေဆိုသောကြောင့် ရခိုင်ရွာသားများက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ယင်းနေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် ဆင်သေပြင် ကျေးရွာမှ မိမိရွာသို့ ပြန်နေသည့် ဘော်လီရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးမာမတ်ရှာကဲရ် (ဘ) ဦးအာနို (အသက် ၄၀ နှစ်) ကို နွားရုံတောင်ရွာမှ ရခိုင်ရွာသားများ အဆိုပါ ဖြစ်စဉ်ကို အငြိုးထား၍ တုတ်ဖြင့် ခေါင်းကို ရိုက်ကြရာ၊ ခေါင်းကွဲသွားခဲ့ပြီး၊ ယခုအခါ စေတီပြင်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံတစ်ဦးက “ဟုတ်ကဲ့ .. အဲဒီ ရခိုင်အမျိုးသမီးက ကောင်လေးနှစ်ယောက်ရဲ့ စပါးခင်းထဲကို ၀င်ပြီးတော့ ဖားတွေ ခရုတွေ ရှာနေတာ၊ အဲလိုရှာနေတော့ စပါးပင်တွေ ဖျက်ဆီးသလို ဖြစ်နေလို့ စပါးပင်တွေ မဖျက်ဆီးဖို့ ကောင်လေးနှစ်ယောက်က ပြောရင်းနဲ့ အပြန်အလှန် စကားများခဲ့တယ်။ အဲဒီမှာ အမျိုးသမီးကြီးက သူနဲ့အတူ ပါလာတဲ့ ရခိုင်ရွာသားတွေကို လှမ်းအော်တော့ ကောင်လေးနှစ်ယောက် ကြောက်ပြီး ထွက်ပြေးသွားခဲ့တယ်။ စကားများတာသာ ရှိခဲ့တာပါ။ မုဒိန်းကျင့်ဖို့ ကြံစည်ခဲ့တယ်ဆိုတာ တမင်တကာ ပြဿနာ ဖြစ်အောင် ဖန်တီးနေတာပါ” ဟု ပြောသည်။ 

အခြားဒေသခံတစ်ဦးက “မောင်တော၊ ဘူးသီးတောင် အပါအ၀င် ရခိုင်ပြည် နေရာအနှံ့မှာ ရခိုင်၊ မြို၊ သက်တွေလို တိုင်းရင်းသားတွေက ရိုဟင်ဂျာရွာတွေတင်မက ရိုဟင်ဂျာများရဲ့ ခြံဝင်းထဲကို လုံးဝ အသိမပေးဘဲ ၀င်ပြီး ဖား၊ မြွှေနဲ့ အခြားပိုးမွှားတွေ ရှာတာ အဆန်းတော့ မဟုတ်တော့ဘူး။ အချိန်မတော် ခြံဝင်းထဲ ၀င်ပြီး အနှောက်ယှက်ပေးတယ်၊ ဘာမှ ပြောလို့မရဘူး၊ ပြောရင်လည်း စခန်းကို မဟုတ်တာတွေ သွားတိုင်ကြတယ်” ဟု ပြောသည်။ 

အသက် (၅၇) နှစ် အရွယ်ရှိ ရခိုင်အမျိုးသမီးကြီးနှင့် ရိုဟင်ဂျာလူငယ် နှစ်ဦးတို့သည် အပြန်အလှန် စကားများခဲ့ခြင်းသာ ဖြစ်ပြီး၊ မုဒိန်းကျင့်ရန် ကြံစည်ခြင်းမှာ လုံးဝ မဟုတ်ကြောင်း ဒေသခံများက တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသည်။ 

ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းနေသည့် အခြေအနေကို ဆူပူမှုများ ဖြစ်ပွားအောင် တမင်ဖန်တီး၍ ၀ါဒဖြန့် နေခြင်းဖြစ်ပြီး၊ ရခိုင်ရွာသားများက ဘော်လီရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ အချို့က ပြောပါသည်။ 




Rohingya Eye
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာ အခြေစိုက် သစ်တောအုပ်က ထင်းခုတ်သူများထံမှ မတရားသဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများသည် ယခင်က တောင်တန်းများသို့ သွားရောက်၍ ထင်းခုတ်ပါက တစ်ဦးလျှင် သစ်တောဦးစီးဌာနသို့ ငွေကျပ် နှစ်ရာစီသာ ပေးသွင်းခဲ့ရသော်လည်း ယခုအခါ သစ်တောအုပ် ဦးတင်နိုင်က တစ်ဦးလျှင် ငွေကျပ် ငါးရာမှ တစ်ထောင်ထိ တိုးမြှင့် ကောက်ခံလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် သစ်သားလုံး တစ်လုံးသယ်လာလျှင် ငွေကျပ် ၃ ထောင်၊ ထင်းစည်းတစ်စည်းလျှင် ငွေကျပ် ၂ ထောင်စီ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ 

စက်တင်ဘာလ (၂၇) ရက်နေ့က သံဒါရွာမှ ဦးမာမတ်ဆာဒဲခ် (ဘ) ဦးမာမတ်ဟာဆောင်း (အသက် ၃၁ နှစ်) ထံမှ ထင်းစည်းတစ်စည်းလျှင် ငွေကျပ် ၃ ထောင်နှုန်း၊ အဒူရှုကူရ် (အသက် ၂၀ နှစ်) ထံမှ ထင်းစည်းတစ်စည်းလျှင် ငွေကျပ် ၂ ထောင်နှုန်းဖြင့် သစ်တောအုပ် ဦးတင်နိုင်က ကောက်ခံခဲ့ကြောင်း သိရှိရသည်။ 

ယင်းကျေးရွာတွင် လူဦးရေ ၄ ထောင်ကျော်ရှိပြီး၊ အများစုမှာ ဆင်းရဲချို့တဲ့ကြကာ တောင်တန်းမှ ထင်းခုတ်၍ ပြန်လည်ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ ယခုအခါ ရရှိသည့် အမြတ်အစွန်းများအားလုံးနီးပါးကို သစ်တောအုပ်ကို ပေးနေရသဖြင့် စားဝတ်နေရေး အတွက် အဓိက အားထားရသည့် အလုပ် ပျက်သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 




RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သားသတ်လိုင်စင်ရထားသူက နွားရောင်းဝယ်နေသူများထံမှ အဆမတန် ငွေကြေး ကောက်ခံမှုကြောင့် စားသုံးသူများအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

မောင်တောမြို့နယ်တွင် စည်ပင်သာယာရေး ဦးစီးဌာနမှ ၂၀၁၆ - ၂၀၁၇ အတွက် သားသတ်လိုင်စင်ကို မြို့မတောင်ရပ်ကွက်မှ ဦးမောင်မောင်စိန် (ခ) ဦးမုစ်တော်ဖိစ် (အသက် ၆၅ နှစ်) ကို ငွေကျပ် သိန်း (၁၂၀၀) ယူ၍ ချပေးခဲ့သည်။ 

စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်ခဲ့သော အီးဒ်နေ့အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကျွဲနွားများ ၀ယ်ယူ၍ မောင်တောမြို့သို့ သယ်ယူခွင့် ပါမစ်ကို သားသတ်လိုင်စင်ရထားသူ ဦးမောင်မောင်စိန်က ချပေးခဲ့ရာ နွားတစ်ကောင်လျှင် ငွေကျပ် (၅) သောင်း ကောက်ခံခဲ့သည်။ ယခင်နှစ်က ငွေကျပ် သုံးသောင်းငါးထောင် သာ ပေးခဲ့ရသည်။ ဦးမောင်မောင်စိန်က “ဒီနှစ်မှာ အစိုးရအပြောင်းအလဲ ဖြစ်သွားတဲ့အတွက် ငွေကြေးပိုပြီးပေးသွင်းနေရတယ်” ဟုဆိုကာ တိုး၍ ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

နွားများကို မောင်တောမြို့သို့ သယ်ယူလာပြီးနောက် ရောင်းသူများထံမှ ရောင်းရငွေ၏ ၅% ကို အခွန်အဖြစ် ထပ်မံကောက်ခံခဲ့သည်။ ထိုကဲ့သို့ ကောက်ခံမှုများကြောင့် နွားအရောင်းအ၀ယ် ပြုလုပ်သူများမှာ တွက်ချက်နှင့် မကိုက်ညီသောကြောင့် ယခုနှစ်တွင် အရှုံးပေါ်ခဲ့သည်ဟု နွားရောင်းဝယ်သူများက ပြောပါသည်။ 

အီးဒ်နေ့ သားကောင်များ၏ သားရေများကို ဦးမောင်မောင်စိန်အား ငွေကျပ် တစ်ထောင်စီနှင့် အတူ အပ်နှံခဲ့ရသည်။ ဦးမောင်မောင်စိန်က သားကောင်များ၏ သားရေများကို တစ်ခုလျှင် ငွေကျပ် ၄ သောင်းဖြင့် ပြန်လည် ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဈေးတွင်လည်း အမဲသားရောင်းရန် အတွက် နွားတစ်ကောင်လျှင် ငွေကျပ် (၉) သောင်းထိ ဦးမောင်မောင်စိန်အား ပေးသွင်းရသည်။ ဦးမောင်မောင်စိန်က သားသတ်လိုင်စင်ရှိသည်ကို အကြောင်းပြ၍ နွားတစ်ကောင်စီမှ အခွန်အခ ၄ ကြိမ်ခန့် ကောက်ခံနေခြင်းမှာ အလွန်ပင် မတရားသဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဦးမောင်မောင်စိန်သည် စစ်အစိုးရ လက်ထက်တွင် ထောက်လှမ်းရေးတပည့် တစ်ဦးဖြစ်ခဲ့ပြီး၊ ယခင်အစိုးရ လက်ထက်တွင်လည်း ခရိုနီတစ်ဦးပမာ သောင်းကျန်းခဲ့ကြောင်း၊ ယခုကဲ့သို့ မတရားသဖြင့် အခွန်အခများ ကောက်ခံနေခြင်းကြောင့် စားသုံးသူများအတွက် ကြီးလေသော ၀န်ထုပ်ဝန်ပိုး ဖြစ်နေသဖြင့် စစ်ဆေး၍ အရေးယူဟန့်တားပေးရန် ဒေသခံများက RB News မှတဆင့် တောင်းဆိုသည်ဟု ပြောပါသည်။




Rohingya Eye
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးသည် သေမှုသေခင်းအလောင်းများ ခွဲစိတ်ခြင်းမပြုလုပ်ဟု ဆိုကာ မိသားစုဝင်များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဘော်ဇား ကျေးရွာမှ မာမတ်ဇီးယာရောဒ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၁၃ နှစ်) သည် စက်တင်ဘာလ (၂၂) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် စက်ဘီးစီး၍ မြို့ပေါ်မှာ နေအိမ်သို့ ပြန်လာစဉ် လမ်းတစ်ဝက်တွင် မိုးကြိုးထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

မာမတ်ဇီးယာရော်ဒ်၏ ရုပ်အလောင်းကို ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မောင်တောပြည်သူ့ဆေးရုံသို့ သေမှုသေခင်း စစ်ဆေးရန်အတွက် ပို့ဆောင်ခဲ့သည်။ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက အလောင်းကို ခွဲစိတ်မှု မပြုလုပ်ဟုဆိုကာ မိသားစုဝင်များထံမှ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ စက်တင်ဘာလ (၂၂) ရက်နေ့တွင်ပင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ပဲ့ထိန်း ဦးအေနာမူလ္လာ (ဘ) ဦးအာမာန်အုလ္လာ (အသက် ၄၅ နှစ်) ဦးဆောင်သော စက်လှေတစ်စီးသည် နယ်မြေရုံးမှ ခွင့်ပြုချက် ရယူပြီး နေ့လည် (၂) နာရီအချိန်တွင် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့သည်။ ၎င်းတို့၏ စက်လှေသည် ကျောက်ပန္ဒူကျေးရွာ၊ လောခေါန်းချောင်းသို့ ရောက်သည့်အခါ ၎င်းတို့စက်လှေကို ဦးတည်၍ ကင်းလှည့်စက်လှေတစ်စီးလာနေသည်ကို မြင်၍ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ပြန်လှည့် မောင်းနှင်ခဲ့ရာ ညနေ ၅း၃၀ နာရီအချိန်တွင် ကင်းလှည့်စက်လှေမှပစ်ခတ်မှုကြောင့် ပဲ့ထိန်း ဦးအေနာမူလ္လာမှာ သေနတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ စက်လှေပေါ်တွင် လိုက်ပါလာသူများ ရေထဲခုန်ချ၍ လွတ်မြောက်သွားခဲ့သည်။ 

စက်လှေပေါ်တွင် လိုက်ပါသွားသော (၁၅) နှစ်အရွယ် လူငယ်တစ်ဦးသည် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ရွာသို့ ပြန်လည် ရောက်ရှိလာပြီး ရွာသားများကို အကျိုးအကြောင်း ပြောပြခဲ့ရာ၊ ရွာသားများက ဦးအေနာမူလ္လာ၏ အလောင်းကို လိုက်လံရှာဖွေခဲ့ပြီး၊ နံနက် (၆) နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲများက ဦးအေနာမူလ္လာ၏ အလောင်းကို အလယ်သံကျော် ဆေးရုံသို့ သေမှုသေခင်း စစ်ဆေးရန် ပို့ဆောင်ခဲ့သည်။ 

အလယ်သံကျော် ဆေးရုံသို့ မောင်တော ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း ရောက်ရှိလာပြီး၊ မိသားစုဝင်များကို အလောင်းကို မခွဲစိတ်လိုပါက ငွေကျပ် (၁၀) သိန်း ပေးရမည်ဟု ပြောဆိုရာ မိသားစုဝင်များက ငွေကျပ် (၁၀) သိန်း ပေး၍ အလောင်းကို ရွာသို့ သယ်ဆောင်သွားပြီး ယင်းနေ့ ညနေ (၄) နာရီအချိန်တွင် သဂြိုဟ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မောင်တော ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းသည် ဆေးရုံတက်၍ ဆေးကုသရသည့် ရိုဟင်ဂျာ လူနာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေသူ တစ်ဦးဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ မီဒီယာတွင် ဖော်ပြခဲ့သော်လည်း အာဏာပိုင်များက အရေးမယူခြင်းမှာ အထက်အာဏာပိုင်များကို ခွဲတမ်းပေးနေသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်း၏ လုပ်ရပ်များကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေး၍ အမြန်ဆုံး အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။


MYARF
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာ အစိုးရ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးက ရိုဟင်ဂျာ ကျောင်းသား/သူ များကို ညစ်ညမ်းစွာ ဆဲဆို၍ ခွဲခြားဆက်ဆံလျက် ရှိကြောင်း သိရသည်။ 

မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက် (၄ မိုင်ရပ်ကွက်) ရှိ အခြေခံပညာ အစိုးရ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းလွင်က အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ ကျောင်းသား/သူ များကို အမြဲတစေ “ခွေးသားကုလားတွေ၊ ခိုးဝင်ဘင်္ဂါလီတွေ၊ နွားမျိုးတွေ” ဟု ညစ်ညမ်းစွာ ဆဲဆို၍ လူမျိုးရေး၊ ဘာသာရေးအရ စော်ကားနှိမ့်ချပြီး ခွဲခြားဆက်ဆံလျက် ရှိကြောင်း ကျောင်းသားမိဘများက RB News သို့ပြောသည်။

“ဆရာမကြီးက ရိုဟင်ဂျာ ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောတာတွေ၊ အကြောင်းမဲ့ ဆဲဆိုတာတွေကြောင့် ကျောင်းနားလိုက်တဲ့ ကျောင်းသားတွေ မနည်းတော့ဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပါသည်။ 

၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်းရေး နောက်ပိုင်းမှစ၍ ရိုဟင်ဂျာများကို ဌာနဆိုင်ရာ ၀န်ထမ်းများအဖြစ် ခန့်ထားခြင်းကို ကန့်သတ်ခဲ့ရာ ရိုဟင်ဂျာလူမျိုးများသည် စာသင်ကျောင်းများ၊ အစိုးရဆေးရုံများ၊ လ.၀.က ရုံးများတွင် ဘာသာခြား ၀န်ထမ်းများ၏ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ စော်ကားခြင်း၊ တဖက်သတ်အနိုင်ကျင့်ခြင်းများကို သည်းခံနိုင်စွမ်း ကုန်ဆုံးလေသည်အထိ ကြုံတွေ့ခံစားလာရသည်။ 

အစိုးရခန့် ရိုဟင်ဂျာလူမျိုး ၀န်ထမ်းဟူ၍ တစ်ဦးတစ်ယောက်မှ မရှိသည့် အစိုးရ စာသင်ကျောင်းများ၊ ဆေးရုံများ။ လ.၀.က ရုံးများ၊ အခြားအစိုးရရုံးများတွင် ဘာသာခြား ၀န်ထမ်းများ၏ မုန်းတီး စော်ကားမှုများကို ရိုဟင်ဂျာများ ခါးခါးသီးသီး ခံစားရနေရမှုသည် ၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းတွင် ပို၍ပင် အရှိန်မြင့်တက် လာသည်ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။ 




MYARF
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက နေအိမ်များနှင့် ဗလီများတွင် အာရဗီစာသင်ကြားခြင်း မပြုရန် စက်တင်ဘာလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်စာကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အောက်​တိုဘာလ (၁) ရက်နေ့က ကျင်းပပြုလုပ်​ခဲ့သည့်​ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပထမအပတ်​ လစဉ်​ပုံမှန်​ အစည်းအဝေးတွင်​ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ​၎င်းထုတ်ပြန်ခဲ့သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းသည်ဟု ပြေပာကြားခဲ့ခြင်း ဖြစ်​သည်​ဟု အမည်​မ​ဖော်​လို​သော ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး တစ်​ဦးထံမှ စုံစမ်း သိရှိရပါသည်​။

အာရ​ဗီစာ မသင်​ကြားရန်​ ထုတ်​ခဲ့သည့်​ အဆိုပါ အမိန့်​စာသည်​ စာအမှတ်​၊ ၅/ ၄၅-၃ / ဦး ၆ (၃၀၃၀) ဖြစ်​ပြီး စက်​တင်​ဘာလ (၂) ရက်​​နေ့ ရက်​စွဲဖြင့်​ ထုတ်​ပြန်​ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ (၁၂) ရက်နေ့တွင် RB News ၌ သတင်း ရေးသားဖော်ပြခဲ့သည်။ ​ယင်းအမိန့်​စာ၏ အပိုဒ်​ ၂ တွင်​ ရပ်​ကွက်​/​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး/​ခေတ္တအုပ်​ချုပ်​​ရေးမှူးများ အ​နေဖြင့်​ မိမိတို့ ရပ်​ကွက်​/​ကျေးရွာအုပ်​စုများ၌ ​နေအိမ်​/ဗလီများတွင်​ အာရ်​​ဗီ စာသင်​ကြားမှု မပြုလုပ်​စေ​ရေး နှင့်​ သင်​ကြား​နေသည့်​ ​ဗလီ၊ ​မော်​လဝီဆရာနှင့်​ ​နေအိမ်​ပိုင်​ရှင်​များ၏ အမည်​စာရင်းအား တင်​ပြသွားရန်​နှင့်​ လိုက်​နာမှုမရှိပါက အ​ရေးယူသွားမည်​ဟု ပါရှိပါသည်​။

နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ တွင် “ငြိမ်ဝိပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြားအချက်ပြဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး တို့ကိုအညီအမျှ ရရှိစေရမည်” ဟု ရေးသား ပြဌာန်းထားသဖြင့်​ အဆိုပါ အမိန့်​စာသည်​ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ကိုယ်​တိုင်​ ကျူး​ဖောက်​ရာ ​ရောက်​ခဲ့ပါသည်​။

ဒေသခံတစ်​ဦးက​ "အဲ့ဒီအမိန့်​စာ​ကြောင့်​ က​လေး​တွေရဲ့ ပညာသင်​ယူနိုင်​ကြား​ရေး ပိတ်​ပင်​ခံလိုက်​ရ​တော့ အင်​မတန်​ စိတ်​မသက်​မသာ ဖြစ်​ခဲ့တာ​ပေါ့​။ အခုလို ပြန်​လည်​ ရုပ်​သိမ်းလိုက်​တာကို​တော့ ကြိုဆိုပါတယ်​။ ဝမ်းလည်း ဝမ်းသာပါတယ်​" ဟု ဝမ်းပန်းတသာဖြင့် RB News သို့ပြောသည်။

မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၏ တည်​ဆဲဥပ​ဒေကို ဆန့်​ကျင်​၍ ဘာသာ​ရေးအရ ဖိနှိပ်​ရန်​ ရည်​ရွယ်​ ထုတ်​ခဲ့သည့်​ အမိန့်​စာကို ပြန်​လည်​ ရုပ်​သိမ်းလိုက်​ရန်​ ညွှန်​ကြားချက်​​ပေးသည့်​ နိုင်​ငံ​တော်​ အကြီးအကဲများကို ​ဒေသခံများက ​အထူး​ကျေးဇူးတင်​သည်​ကို RB News မှတဆင့်​ ​ပြောကြားလို​ကြောင်း ​​ဒေသခံလူ့အခွင့်​အ​ရေး လှုပ်​ရှားသူများက ​ပြောပါသည်​။

စက်တင်ဘာလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်စာ --



Rohingya Exodus