နောက်ဆုံးသတင်း/ဆောင်းပါးများ


RB News
18.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားတစ်ဦးက ယနေ့ ညနေပိုင်းတွင် ဓါးဖြင့်ခုတ်သဖြင့် (၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ငကျဉ်တောက် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ ၅း၄၅ မိနစ်အချိန်တွင် ငကျဉ်တောက်ဈေးမှ ပြန်လာနေစဉ် တပ်ရင်း (၅၃၅) မှ စစ်သားတစ်ဦးက ဓါးဖြင့် လိုက်ခုတ်ရာ (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ကျန်တစ်ဦးမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News ခဲ့သည်။ 

ဒဏ်ရာပြင်းထန်စွာ ရရှိသူနှစ်ဦးမှာ သားအမိနှစ်ဦး ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အခြားလူငယ်တစ်ဦး ဖြစ်သည်။ 

ဘူးသီးတောင်မြို့နယ်တွင် အခြေအနေ အားလုံး တည်ငြိမ်အေးချမ်းလျက် ရှိသော်လည်း ကောလဟလများ ဖန်တီး၍ တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်ခြင်း ရှိခဲ့သည်။ သို့သော်လည်း ဒေသခံရိုဟင်ဂျာများက အခြေအနေကို နားလည်သဘောပေါက်ပြီး ထိန်းသိမ်း၍ နေခဲ့သဖြင့် ယခုအခါ စစ်သားများကိုယ်တိုင် ဒေသခံများကို ဓါးဖြင့် လိုက်ခုတ်၍ တည်ငြိမ် ပျက်ပြားအောင် ပြုလုပ်နေသည်ကို တွေ့ရှိရသည်။


ဓါးဖြင့်ခုတ်ခံရသည့် ဒေသခံတစ်ဦး
Rohingya Eye
RB News
18.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင် ကျေးရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများမှာ ဆေးဝါး၊ နေရာနှင့် စားသောက်ရန် အခက်အခဲ ပေါင်းစုံ ကြုံတွေ့လျက် ရှိကြောင်း သိရှိရသည်။ 

မောင်တောမြို့ မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာအုပ်စုတွင် ရွာကြီးရွာ၊ အနောက်ရွာ၊ လူတီးဖာရာန်၊ ဖောက်ရ်ဇားဂါဖာရာ စသည့် ရွာငယ်များ ရှိသည်။ လူဦးရေအားဖြင့် ကျား ၄၉၉၄ဦး၊ မ ၅၀၁၆ ဦး - စုစုပေါင်း ၁၀၀၁၀ ဦးရှိပြီး၊ အိမ်ခြေ ၁၃၈၆ အိမ်ရှိသည်။ 

အောက်တိုဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တို့တွင် စစ်တပ်က ၀င်ရောက်၍ မီးရှို့ခဲ့မှုကြောင့် အိမ်ခြေ (၈၀၃) အိမ် မီးလောင်ဖျက်ဆီး သွားခဲ့ပြီး၊ ကျေးရွာရှိ ဈေး သုံးပုံနှစ်ပုံ ပြာကျသွားခဲ့သည်။ ကျေးရွာအတွင်းရှိ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို စစ်သားများက ကားပေါ်တင်၍ သယ်ဆောင် သွားခဲ့သည်။ 

ကျေးရွာသားများသည် စစ်တပ်က ၀င်ရောက်၍ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်သဖြင့် ကြောက်ရွံ၍ ထွက်ပြေးခဲ့ကြရာ၊ မည်သည့် ပစ္စည်းမှ သယ်ယူသွားနိုင် မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းတို့သည် နီးစပ်ရာရွာများတွင် ခိုလှုံလျက်ရှိသည်။ ရွာမှ ထွက်ပြေးသွားရသူများထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး (၃၇) ဦး ကလေးမွေးဖွားခဲ့ရာ ၎င်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မရသည့်အပြင် ဆေးဝါးလည်း လုံးဝ မရကြောင်း သိရှိရသည်။ 

ထွက်ပြေးသွားရသူများမှာ အစားအသောက်များ အတွက် အခက်အခဲကြုံတွေ့နေရသလို နေရန်အတွက်လည်း အခက်ကြုံနေရသည်ဟု ဆိုသည်။ 

ဒေသခံတစ်ဦးက “နယ်မြေ ရှင်းလင်းရေး ဆိုပြီး ကျွန်တော်တို့ ရွာတွေကို မီးတင်ရှို့တယ်၊ ရသမျှ ပစ္စည်းတွေကို လုယက်တယ်။ ဖျက်ဆီးတယ်။ ကျန်တဲ့ ရွာတွေမှာလည်း စစ်တပ်က တစ်အိမ်တက်ဆင်း စစ်ဆေးတယ်၊ ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းတွေကို လုက်နေတယ်” ဟု ပြောသည်။ 



MYARF
RB News
18.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်တွင် လုံခြုံရေးတာဝန်ချထားသည့် ရေတပ်က ဘုန်ကြီးအချို့နှင့် ရခိုင်လူမျိုးအချို့ ဦးဆောင်၍ ကြံပြင်ရခိုင်ကျေးရွာသို့ လှူဒါန်းရန် သယ်ဆောင် သွားနေသည့် ဆန်အိတ်တင် စက်လှေပေါ်တွင် ပစ္စတို သေနတ် နှစ်လက်နှင့် ဓားရှည်ရာကျော် တို့ကို ဖမ်းဆီးရမိ၍ P.O.E စခန်းခေါ် အမှတ်(၁) အဝင်/အထွက် စခန်းသို့ အပ်နှံခဲ့သော်လည်း P.O.E စခန်းမှ နယ်ခြားစောင့်ရဲများက သယ်ဆောင်လာသူများကို မဖမ်းဆီးဘဲ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့၊ နေ့လည် ၃ နာရီခန့်အချိန်တွင် အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးအချို့နှင့် ရခိုင်လူမျိုး ၂၀ ဦးခန့်တို့သည် ကြံပြင်ရခိုင်ကျေးရွာ အတွက် လှူဒါန်းရန် ဆန်အိတ်များကို P.O.E စခန်းခေါ် အမှတ်(၁) အဝင်/အထွက် စခန်းအနီးရှိ ဆိပ်ကမ်းမှ စက်လှေတစ်စီးဖြင့် သယ်ဆောင်သွားနေစဉ် နတ်မြစ်တွင် လုံခြုံရေးတာဝန်ချထားသည့် မြန်မာရေတပ်က အဆိုပါ စက်လှေကို စစ်ဆေးခဲ့သည်။ ဆန်အိတ်အောက်၌ ပီနံအိတ် နှစ်အိတ်တွင် ထည့်ထားသည့် ဓားရှည်ရာကျော်နှင့် ဆန်အိတ်များထဲတွင် ပစ်စတို သေနတ် နှစ်လက် တို့ကို စစ်ဆေး တွေ့ရှိခဲ့သည်။ ထို့အပြင် ဓာတ်ဆီ ၂ ဂါလံလည်း စက်လှေပေါ်တွင် တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရေတပ်က အဆိုပါ စက်လှေကို သွားခွင့်မပြုဘဲ P.O.E စခန်းကို အပ်နှံလိုက်သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

စက်လှေကို ရေတပ်က P.O.E သို့ အပ်နှံပြီး ပြန်သွားသည့်အခါ P.O.E စခန်းမှ နယ်ခြားစောင့် ရဲများက စက်လှေပေါ်က လူများကို ပြန်လွှတ်ပေးလိုက်ပြီး စက်လှေကို ထိန်းသိမ်းထားခဲ့သည်။ ထိုအကြောင်းကို စစ်တပ်မှ သတင်းရ၍ ညနေပိုင်းတွင် စက်လှေနှင့်အတူ လိုက်ပါခဲ့သူများထဲက ၃ ဦးကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေသည်ဟု သိရှိရသည်။ စက်လှေပေါ်တွင် လိုက်ပါခဲ့သူများထဲတွင် အမှတ်(၃) ရပ်ကွက်မှ ရခိုင်ဒေသခံ အချို့လည်း ပါနေကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။

မောင်တောမြို့ပေါ်က ဒေသခံတစ်ဦးက "သူတို့က လှူဒါန်းဖို့ သွားတယ် ဟန်ဆောင်ပြီး လက်နက်တွေ ဖြန့်နေတာပါ။ ဓားရှည်တွေ ဆိုတာက သုံးပေကျော်ရှည်တဲ့ ဓားရှည်တွေ။ အခု စစ်တပ်က ရိုဟင်ဂျာ အိမ်တွေကို ဝင်စစ်နေတုန်း ၁ ပေကျော်ခန့် ရှိတဲ့ အိမ်သုံး ဓားတွေ့ရင်တောင် အကြမ်းသမားဆိုပြီး ဖမ်းဆီးနေတာ။ နိုင်ငံပိုင် မီဒီယာတွေမှာတောင် တွေ့ရတယ်။ ရခိုက်ဖက်က ခဏခဏ လက်နက်တွေ မိတာပဲ။ သူတို့ဟာကျရင် နိုင်ငံပိုင် သတင်းဌာနမှာ မပြောနဲ့ ဘယ်မီဒီယာမှာမှ မတွေ့ရဘူး။ ဒီနိုင်ငံမှာ ဥပဒေက လူမျိုးဘာသာ ခွဲခြားတတ်တာဆိုတာ အထင်းသားပဲ။ အလိုတော်ပြည့် ဘုန်ကြီးက ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေသလားမသိဘူး။ ပဋိပက္ခ ဖြစ်ရင် အဲ့ဒီကျောင်းက ဆရာတော်က မူးယစ်ဆေးပြားတွေ ရောင်းဝယ်လို့ အင်မတန် အဆင်ပြေတယ်။ လူတွေကို ကူညီိယောင်ဆောင်ပြီး မူးယစ်ဆေးပြားတွေ ရောင်းဖို့ အကွက်ဆင်နေတာ။ အလိုတော်ပြည့်ဆရာတော်က မောင်တောမှာ မူးယစ်ဒိုင်လေ။ ဘာဘဲဖြစ်ဖြစ် ဒေသအာဏာပိုင်တွေက ပဋိပက္ခတွေ မဖြစ်အောင် လူမျိုးဘာသာမရွေး ဥပဒေ ထိန်းညှိသင့်ပါတယ်" ဟု RB News သို့ပြောသည်။

သတင်းအချက်အလက် အချို့ကို Rohingya Eye မှ ပေးပို့သည်။




MYARF
RB News
18.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအပြီး တပ်မတော်က လမ်းပန်းဆက်သွယ်ရေးများကို ပိတ်ပင်လိုက်သောကြောင့် မောင်တော မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ဒေသခံ ရိုဟင်ဂျာများ ဆန်ပြတ်လပ်လာမှု၊ အခြားသော စားကုန်ပစ္စည်းများ ဈေးနှုန်းမြင့် တက်လာမှုတို့ကြောင့် အလွန်တရာ အခက်ကြုံနေရကြောင်း သတင်းရရှိပါသည်။

မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်းတို့ရှိ ဒေသခံအများစုသည် ဘူးသီးတောင်မှ တင်သွင်းလာသော ဆန်များအပေါ် မှီခိုနေရခြင်း ဖြစ်ပြီး၊ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ တပ်မတော်က လမ်းပန်းဆက်သွယ်ရေးကို ပိတ်ပင်လိုက်သောကြောင့် ယခုဆိုလျှင် မောင်တော တောင်ပိုင်းတွင် ဆန်တစ်အိတ်ဈေးနှုန်းမှာ ၄၀၀၀၀ ကျပ်ဝန်းကျပ်အထိ ဖြစ်နေကြောင်း သိရှိရသည်။ မြို့ပေါ်တွင် ဆန်ဈေးမှာ တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဝန်းကျင်း ဖြစ်နေပြီး၊ မောင်တော ကျေးလက်ဒေသများတွင် အခြားစားကုန်ပစ္စည်းများလည်း အင်မတန် ဈေးနှုန်းမြင့်မားလာကြောင်း၊ အချို့စားကုန်ပစ္စည်း ဆိုလျှင် လုံးဝ ပြတ်လပ်နေကြောင်း ဒေသခံများက RB News သို့ ပြောသည်။

မောင်တော တောင်ပိုင်းမှ ဒေသခံတစ်ဦးက "ဆန်က အရမ်းဈေး တက်လာတယ်၊ တစ်အိတ်ကို ၄၀၀၀၀ ဖြစ်နေတယ်။ အရင်က ၂၀၀၀၀ ကျော်ကျော်လောက်ပဲ။ ဒီမှာ လူတွေအများစုက ဆင်းရဲကြတယ်။ အခုတလော အပြင်ထွက် အလုပ်လည်း မလုပ်နိုင်တော့ ဆန်ဈေးနှုန်းလည်း တက်လာတော့ တော်တော် ဒုက္ခ ရောက်နေကြတယ်" ဟု ပြောသည်။

အထူးသဖြင့် ကြက်ရိုးပြင် ဈေးကို တပ်မတော်မှ မီးရှို့လိုက်သောကြောင့် ၎င်းဈေးမှ ဝယ်ယူပြီး အသက်မွေးဝမ်းကျောင်းပြုနေရသော လက်လုပ်လက်စားများ အလွန် အခက်ကြုံနေရသည်။ ကြက်ရိုးပြင် ဈေးသည် မောင်တော မြောက်ပိုင်းတွင် ကြိမ်ချောင်းဈေးပြီးလျှင် ဒုတိယအကြီးဆုံး ဈေးဖြစ်ပြီး အလွန်စည်ကားသော ဈေးတစ်ဈေး ဖြစ်သည်။ ကြက်ရိုးပြင် ကျေးရွာတစ်ခုတည်းမှ အိမ်ပေါင်း ၅၀၀ ကျော်ကို တပ်မတော်က မီးရှို့လိုက်ကြောင်း လူပေါင်း ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေရသည်။

ကြက်ရိုးပြင် ကျေးရွာမှ အိမ်မီးရှို့ခံရသူတစ်ဦးက "ကြက်ရိုးပြင်အနီးအနားက ရွာသားတွေက ကြက်ရိုးပြင် ဈေးကို မှီခိုအားထားနေရတာများတယ်။ အခု အဲ့ဒီဈေးလည်း မီးရှို့ခံရတာကတစ်ကြောင်းပေါ့နော်၊ လူတွေကလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေတာက တစ်ကြောင်း၊ အနီးအနားက တစ်ခြားဈေးငယ်တွေလည်း လုယက်ခံရတော့ စားကုန်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ လူတွေ အင်မတန် အခက်အခဲကြုံနေရတယ်။ ဒီအတိုင်းသာ နောက်တစ်ပတ်လောက် နေရမယ်ဆို လူတွေ အငတ်ဘေးနဲ့ သေကုန်ကြမှာပဲ။ အထူးသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေလေ" ဟုပြောသည်။

ထို့အပြင် မောင်တော မြောက်ပိုင်း အစွန်းကျသည့် တောမန်းဇား၊ ခမောင်းဆိပ် တို့တွင်လည်း စားကုန်ပစ္စည်းများ ပြတ်လပ်နေသည်ဟု သိရှိရပါသည်။

မောင်တောမြောက်ပိုင်း ရခိုင်ကျေးရွာများမှ ဒေသခံများကို တပ်မတော်က မြို့ပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သောကြောင့် အခက်အခဲများ အားလုံးကို ရိုဟင်ဂျာလူမျိုး တစ်မျိုးသာ ခံစားနေရသည်ဟု ဒေသခံများက ပြောပါသည်။ 




MYARF
RB News
17.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းလင်း တို့ပူးပေါင်း၍ ကျေးရွာတွင်းရှိ ပညာတတ်များနှင့် ကျောင်းသား လူငယ်များကို RB News သို့ သတင်းပို့သူများဟု စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲများနှင့် အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် (၁၅) ဦးခန့်တို့သည် အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု၊ ကာဒိရာရွာသို့ ရောက်ရှိလာပြီး ဦးဇော်မြင့်ရွှေ (ခ) မာမတ်တော်ယုပ် (ဘ) ဦးကုလ္လာမျာ ကို ဖမ်းဆီးရန် လိုက်လံ ရှာဖွေခဲ့သည်။ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က RB News သို့ သတင်းပို့နေသူများကို မသင်္ကာမှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသခံများက ပြောပါသည်။

RB News တွင် သတင်းမှန်များ အမြဲ ရေးသားနေသောကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ အခက်တွေ့လျက် ရှိပြီး၊ ပညာတတ်များနှင့် ကျောင်းသား လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်လျက် ရှိသောကြောင့် လူငယ်များ အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ဆိုသည်။




RB News
17.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ ဆိုင်ခန်းမှ ပစ္စည်းများကို နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျ ရွာမှ န.တ.လ ရွာသားများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်မှ စ၍ ည (၆) နာရီထိ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာနှင့် ကပ်လျက် လမ်းပေါ်ရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျရွာမှ န.တ.လ ရွာသားများက လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လုယက်ခံရသည့် ဆိုင်တန်းများတွင် အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကွန်ပျူတာဆိုင်၊ စားကုန်ဆိုင်၊ အလှကုန်ဆိုင်နှင့် လဘက်ရည်ဆိုင်များ ပါဝင်သည်။ နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျ ရွာမှ န.တ.လ ရွာသားများမှ ဆိုင်ခန်းတံခါးများကို ရိုက်ချိုး၍ လုယက်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ လုယက်၍ ပစ္စည်းများကို သယ်ဆောင်နေစဉ် လူမူကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ၀န်ကြီးနှင့် အဖွဲ့ ကားများဖြင့် ဖြတ်သွားစဉ် လုံခြုံရေးယူထားသကဲ့သို့ ဟန်ဆောင်နေခဲ့ပြီး၊ ကားတန်း ကျော်သွားသည်နှင့် ဆက်လက်၍ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ပစ္စည်းများကို လုယက်ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ဘက်သို့ ကားဖြင့် တင်ဆောင်သွားကြောင်း သိရှိရသည်။ 

လုယက်ခံရသည့် ဆိုင်ခန်းများမှ ဆိုင်ပိုင်ရှင်အချို့မှာ -- 

(၁) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဖော်ယောစ်အာမတ်
(၂) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဆော်ယောဒ်အုလ္လာ
(၃) ဦးအေနာယာဒ်အုလ္လာ (ဘ) မော်လ၀ီဦးအဒူရော်ရှိတ်
(၄) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဇာဟဲရ်အာမတ် -- တို့ဖြစ်သည်။ 





RB News
16.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေအနေ တည်ငြိမ်မှု ရှိခဲ့သော်လည်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာမှ အိမ်တစ်လုံးနှင့် တဲအချို့ ကို စစ်သားများက မီးရှို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် တည်ငြိမ်မှု ရှိခဲ့ပြီး၊ နံနက်ပိုင်းတွင် ရွာအချို့၌ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမှုများ ရှိခဲ့သည်။

ည ၆း၂၅ နာရီ အချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာမှ အိမ်တစ်လုံးနှင့် ပုဇွန်ကန်များရှိ တဲ ၅ လုံးခန့်ကို စစ်သားများက မီးရှို့ခဲ့သည်။

“အခြေအနေ အားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ ည ၆ နာရီ ၂၅ မှာ ၀ပိတ်က အိမ်တစ်လုံးနဲ့ ည ၆ နာရီကျော်ကျော်လောက်မှာ ၀ပိတ်ကနေ တစ်မိုင်နီးနီး အကွာအဝေးမှာ ရှိတဲ့ ပုဇွန်ကန်က တဲ ၅ လုံးလောက်ကို စစ်သားတွေက မီးရှို့လိုက်ပါတယ်” ဟု မီးကို လှမ်းမြင်နေရသူ တစ်ဦးက RB News သို့ဖုန်းဖြင့် ပြောသည်။

ရေမျက်တောင် ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာသို့ ယမန်နေ့ အောက်တိုဘာလ (၁၅) ရက်နေ့ ည ၇ နာရီ အချိန်မှ ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့ နံနက် (၁) နာရီထိ လက်နက်ကိုင် အာဏာပိုင်များ ၀င်ရောက်၍ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခဲ့ပြီး အမျိုးသမီးများ ၀တ်ဆင်ထားသည့် အဖိုးတန် ရွှေရတနာများ ချွတ်၍ လုယက်ခြင်း၊ အမျိုးသားများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

သတင်းအချက်အလက် အချို့ကို MYARF မှ ပေးပို့သည်။ 


တဲများမီးလောင်နေသည်ကို လှမ်းမြင်နေရစဉ် (Photo: RB News)
ဝပိတ်ရွာမှ အိမ်တစ်လုံး မီးလောင်နေစဉ် (Photo: RB News)

MYARF
RB News
15.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ (၉) ရက် ညသန်းခေါင်ယံကျော် အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခုကို လူအုပ်စုတစ်စုက ၀င်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ယနေ့ထိ အပြစ်မဲ့ ရိုဟင်ဂျာ ၉၂ ဦး သတ်ဖြတ်ခဲ့ပြီး၊ ရိုဟင်ဂျာများ၏ နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စ၍ အပြစ်မဲ့ ရိုဟင်ဂျာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် အရွယ်မရောက်သေးသည့် ကလေးများပါ မကျန် သေနတ်ဖြင့် ပစ်သတ်၊ ဓါးဖြင့် ခုတ်သတ်၊ လည်လှီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ ထို့အပြင် ရိုဟင်ဂျာများ၏ နေအိမ်များ၊ ဈေးဆိုင်များကို နေ့အချိန်တွင် ပေါ်ပေါ်တင်တင် မီးရှို့ဖျက်ဆီးလျက် ရှိသည်။ ရိုဟင်ဂျာများ၏ ရိက္ခာများ၊ တန်ဖိုးရှိသည့် ရွှေနှင့် ရတနာများ၊ ငွေသားများကိုလည်း လုယက်လျက် ရှိသည်။ အဆိုးဆုံးမှာ အမျိုးသား မှတ်ပုံတင် ကဒ်ပြား၊ အိမ်ထောင်စုစာရင်း စသည့် တန်ဖိုးဖြတ်ရန် မလွယ်ကူသော စာရွက်စာတမ်းများကို စုတ်ဖြဲပြီး မီးရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ အသက်ဆုံးရှုံးရသူများကို အကြမ်းဖက်သမားများ အသေ ဖမ်းဆီးရမိသည်၊ ဖမ်းဆီးသူများကို အကြမ်းဖက်သမားများ အရှင်ဖမ်းမိသည် ဟူ၍ အစိုးရပိုင် မီဒီယာများတွင် အမှန်တရားကို ဥပက္ခာပြု၍ ရေးသားနေသည်ကိုလည်း နေ့စဉ်နှင့် အမျှ စိတ်မကောင်းစွာ တွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ အောက်တိုဘာလ (၁၅) ရက်နေ့ထိ စစ်တပ်က မီးရှို့လိုက်သည့် ရိုဟင်ဂျာများ၏ နေအိမ်များ အရေအတွက်နှင့် ကျေးရွာများမှာ --

(၁) ၀ပိတ်ရွာ၊ ကျီးကန်းပြင် ကျေးရွာအုပ်စု (အိမ်ခြေ ၃၀ ခန့်)
(၂) ကြက်ရိုးပြင် ကျေးရွာအုပ်စု (အိမ်ခြေ ၅၀၀ ကျော်)
(၃) ငါးစကြူး ကျေးရွာအုပ်စု၊ ပြောင်းပြိုက် ကျေးရွာ အပါအ၀င် (အိမ်ခြေ ၁၅၀ ခန့်)
(၄) ငန်းချောင်း ကျေးရွာ (အိမ်ခြေ ၂၀ ခန့်) -- တို့ဖြစ်သည်။

နေအိမ်များ မီးရှို့ခံခဲ့ရသောကြောင့် အပြစ်မဲ့ ရိုဟင်ဂျာပြည်သူပေါင်း (၁) သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး ၎င်းတို့သည် နီးစပ်ရာ ကျေးရွာများတွင် သွားရောက်၍ ယာယီ ခိုလှုံနေကြရသည်။ ထိုသို့ သွားရောက် ယာယီ ခိုလှုံနေကြရာတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အို များသာ ဖြစ်ကြပြီး အမျိုးသားများသည် စစ်တပ်၏ လက်လွတ်စပယ် ပစ်ခတ်နေမှု၊ ဖမ်းဆီးနေမှုကြောင့် အိမ်များတွင် မနေရဲကြဘဲ လုံခြုံမည် ထင်သောနေရာများတွင် ပုန်းနေကြရသည်။ ယာယီ ရွှေ့ပြောင်း ခိုလှုံနေကြသူများသည် စားဝတ်နေရေးအတွက် အလွန် အခက်ကြုံနေရပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရဖြစ်နေသည်။ အထူးသဖြင့် လူငယ်များသည် စစ်တပ်၏ လူမဆန်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသောကြောင့် ထိတ်လန့်နေကြပြီး ၎င်းတို့တွင် စိတ်ဓာတ်ရေးရာ မြင့်တင်ပေးမှုများလည်း လိုအပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့အထိ မြန်မာစစ်တပ်၏ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဓါးဖြင့်ခုတ်၊ လည်လှီးသတ်ဖြတ်ခြင်းကို ခံရသည့် အပြစ်မဲ့ ရိုဟင်ဂျာများမှာ --

(၁) ကြက်ရိုးပြင်ကျေးရွာမှ - ၅၀ ဦးကျော်
(၂) မြို့သူကြီးကျေးရွာမှ - ၇ ဦး
(၃) ဦးရှဥ့်ကျကျေးရွာမှ - ၆ ဦး
(၄) ကျောက်ပြင်ဆိပ်ကျေးရွာမှ - ၅ ဦး
(၅) ၀ပိတ်ကျေးရွာမှ - ၈ ဦး
(၆) မောင်နှမကျေးရွာမှ - ၁ ဦး
(၇) ငါးစကြူးကျေးရွာမှ - ၁ ဦး
(၈) ဒိုးတန်းကျေးရွာမှ - ၁ ဦး
(၉) အောင်စစ်ပြင်ကျေးရွာမှ - ၆ ဦး
(၁၀) အောက်ပြူးမကျေးရွာ - ၄ ဦး
(၁၁) ငါးခူရကျေးရွာမှ - ၁ ဦး -- စုစုပေါင်း ၉၂ ဦးဖြစ်သည်။

အသတ်ခံရသူများ၏ စာရင်းမှာ လတ်တလောက် ကောက်ယူရရှိခဲ့သည့် စာရင်းသာဖြစ်ပြီး အသတ်ခံရသူများ ဒီထက်မက များပြားသည်။ ထို့အပြင် ပျောက်ဆုံးနေသူပေါင်း များစွာလည်း ရှိနေသည်။ တစ်ရွာမှတစ်ရွာသို့ မသွားလာနိုင်ခြင်း၊ ဒေသခံများ၏ ဖုန်းများ အားမသွင်းနိုင်ခြင်း တို့ကြောင့် ဆက်သွယ်ရန် ခက်ခဲနေသဖြင့် ကျန်သည့်စာရင်းများကို ရသည့်အခါတွင် ဖော်ပြသွားမည် ဖြစ်သည်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်တပ်က လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှုများ၊ ၎င်းတို့၏ နေအိမ်များနှင့် ဆိုင်ခန်းများကို မီးရှို့နေမှုများ၊ အကြမ်းဖက်သမား ဆို၍ ဖမ်းဆီးနေမှုများသည် အလွန်ပင် သက်ညာမှုကင်းမဲ့နေသည်ဟု ဒေသခံများက ပြောပါသည်။



မောင်သစ္စာ (ရခိုင်ပြည်)
RB News
15.10.2016

Frontier သတင်းထောက် မြတ်ကျော်သူက သတင်းအမှားများ ရေးသား၍ ဝါဒဖြန့်ဝေပြီး ဒေသအတွင်း မတည်မငြိမ် ဖြစ်လာအောင် လှုံဆော်နေကြောင်း သူ၏ သတင်းမှား တစ်ပုဒ်ကို ထောက်ပြ၍ ပြောပြချင်ပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၊ ငါးခူရ နယ်ခြားစောင့်စခန်း နှင့် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာအခြေစိုက် နယ်ခြားစောင့် ကင်းစခန်းတို့တွင် လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်၊ ညသန်းခေါင်ကျော်အချိန်တွင် အမည်မသိ လူအုပ်စုများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ ဖြစ်ပွားခဲ့သော အပြန်အလှန် တိုက်ခိုက်မှုတွင် နှစ်ဖက်စလုံးမှ ကျဆုံးမှုများ ရှိခဲ့သည်ဟု အစိုးရ၏ သတင်း ထုတ်ပြန်မှုအရ သိရှိရသည်။

ယင်းနေ့မှ စ၍ Frontier သတင်းဌာနမှ သတင်းထောက်ဖြစ်သူ မြတ်ကျော်သူက မောင်တောမြို့နယ်တွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းလိုက်ပြီး ရေးသား နေလျက်ရှိရာ ၎င်း၏ သတင်းအများစုမှာ အမှားများဖြစ်နေကြောင်း၊ မောင်တော ဒေသ၏ အခြေအနေမှန်နှင့် အလွန်ပင် ကွာခြားလွန်းနေကြောင်း၊ ဘက်လိုက်များ ရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်။ 

အောက်တိုဘာလ ၁၂ ရက်နေ့ "မောင်တော၊ အလယ်သံကျော်တွင် ထိတွေ့မှု ပြင်းထန်နေ၍ ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေး" ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သူ၏ သတင်းမှာ ထိုဒေသ၏ အခြေအနေမှန်နှင့် လုံးဝလွဲမှားနေကြောင်း လေ့လာတွေ့ရှိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့၌ မောင်တော တောင်ပိုင်း၏ အခြေအနေသည် အေးဆေးတည်ငြိမ်ခဲ့ပါသည်။ ယခုထိလည်း အေးဆေးတည်ငြိမ်နေပါသည်။

ထိုနေ့မနက်ပိုင်း၌ အလယ်သံကျော် နယ်ခြားစောင့် နယ်မြေစခန်း ခြံဝင်းအတွင်းတွင် နယ်ခြားစောင့်ရဲများက သေနတ်ပစ် လေ့ကျင့်ခဲ့တာပဲ ရှိသည် ဟု အလယ်သံကျော် ဒေသခံများက ပြောပြသည်။ ထိုသို့ အခြေအနေကို Frontier သတင်းထောက် မြတ်ကျော်သူက အကြမ်းဖက်အဖွဲ့နှင့် တပ်မတော်တို့အကြား စစ်ပွဲဖြစ်နေသည်ဟု လက်လွတ်စပယ် သတင်းမှား ရေးသားပြီး ဝါဒဖြန့်ခဲ့သည်။ ၎င်းအနေဖြင့် အလယ်သံကျော် နယ်မြေစခန်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တစ်ဦးထံမှ စစ်ပွဲဖြစ်နေသည်မှာ ဟုတ်မဟုတ် မေးမြန်း အတည်ပြုပြီးမှသာ သတင်းရေးသားခဲ့ရမည် ဖြစ်သော်လည်း ထိုသို့ မေးမြန်းခြင်း မပြုဘဲ လက်လွတ်စပယ် သတင်းရေးသားခဲ့ခြင်းသည် အင်မတန် ရုပ်ဆိုးအကျည်းတန်ပါသည်။

Frontier သတင်းထောက် မြတ်ကျော်သူသည် သတင်းအလိုက် ကြေးရသည့် ကြေးစား သတင်းထောက် တစ်ဦးလား။ သို့တည်းမဟုတ် နိုင်ငံရေးအမြတ်ထုတ်ချင်နေသူ များ၏ အသုံးချခံ သတင်းထောက် တစ်ဦးလား။ ကျနော် မေးခွန်းထုတ်ပါရစေ။

Frontier သတင်းဌာ၏ တာဝန်ရှိ ပုဂ္ဂိုလ်အနေဖြင့် ဘက်လိုက်ခြင်းကင်း၍ မျှတသောဆန်းစစ်ချက်များဖြင့် တင်ဆက်သွားမည်ဖြစ်သည်ဟု ဆော်ဪထားသည့်အတိုင်း ၎င်းတို့သတင်းထောက် မြတ်ကျော်သူ၏ သတင်းမှားများကို စီစစ်ပြီးမှ ရေးသားဖြန့်ဝေရန် အရေးကြီးပါသည်။ ထို့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့ "မောင်တော၊ အလယ်သံကျော်တွင် ထိတွေ့မှု ပြင်းထန်နေ၍ ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေး" ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သတင်းအမှားနှင့် ပတ်သက်၍လည်း စာဖတ်သူ ပြည်သူပြည်သားများကို တောင်းပန်ဖို့ လိုပါသည်။

ဒီမိုကရေစီသို့ ဦးတည်လျှောက်လှမ်းနေသော အစိုးရအနေဖြင့် နိုင်ငံတော်၏ စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာများ၏ တရားလွန် လုပ်ရပ်များကို ထိန်းသိမ်း ပေးရမည်ဖြစ်သည်။ သတင်းအမှားရေးသား၍ ရိုးသားသည့် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့သော Frontier သတင်းထောက် မြတ်ကျော်သူကို အရေးယူပေးနိုင်ရန် ထောက်ပြ ရေးသားလိုက်ရပါသည်။

Frontier သတင်းလင့်ခ် -- http://frontiermyanmar.net/mm/news/2915

ဤသည်မှာ မြန်မာ့ မီဒီယာထဲက အလွဲများ အမှတ်စဉ် နံပါတ် (၁) ဖြစ်ပါသည်။


မောင်သစ္စာ(ရခိုင်ပြည်)



MYARF
RB News
15.10.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်မှ ၀င်ရောက်၍ အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ နံနက် ၁၂ နာရီနောက်ပိုင်းတွင် စစ်သားများသည် ရခိုင်ဒေသခံများနှင့်အတူ ငခူရကျေးရွာအုပ်စုရှိ ဈေးသို့ ၀င်ရောက်၍ ဆိုင်ခန်းများမှ ပစ္စည်းများ လုယက်ခဲ့သည်။ ထို့နောက် နံနက်အစောပိုင်းတွင် စစ်သားများက ဆိုင်ခန်းပိုင်ရှင်များကို ပစ္စည်းများ ရွှေ့ပြောင်းယူရန် အကြောင်းကြားခဲ့သည်။ ဆိုင်ရှင်များက စစ်သားများ၏ အမိန့်အတိုင်း ဆိုင်ခန်းရှိ ပစ္စည်းများသယ်ယူရန် သွားသည့်အခါ ဆိုင်များ၏ တံခါးများ ရိုက်ချိုးထားသည်ကို မြင်တွေ့ရပြီး၊ ဆိုင်အတွင်း ပစ္စည်းများ မရှိတော့သည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယင်းနေ့ နံနက် (၁၀) နာရီအချိန်တွင် စစ်သားများသည် ကြက်ရိုးပြင် ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ လူပန်းပြင်ကျေးရွာရှိ အိမ်များအားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အတူ ကြက်ရိုးပြင် ကျေးရွာအုပ်စုရှိ ရွာမရွာ အတွင်းရှိ အိမ်များကိုလည်း မီးရှို့ခဲ့သည်။ မီးရှို့စဉ် ထွက်ပြေးရန် အချိန်မရသော အမျိုးသမီး အချို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ခန့်မှန်းအားဖြင့် ရွာနှစ်ရွာတွင် အိမ်ခြေ ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

နံနက် ၁၁ နာရီ အချိန်တွင် စစ်သားများသည် လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင် ကျေးရွာသို့ ၀င်ရောက်၍ ဦးဆယာဒ်အာမီးန်၏ အိမ်နံရံနှင့် အခြားပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ထို့နောက် တစ်ရွာလုံးရှိ ရွာသားများကို ပစ္စည်းများ ယူ၍ ရွာမှထွက်သွားရန် အမိန့်ပေးခဲ့သည်။ စစ်သားများ မပြန်မှီ ဦးဆယာဒ်အာမီးန်၏ တူတော်မောင် ရူးသွပ်နေသူ အာမာန်အုလ္လာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီးမှ ရူးနေမှန်း သိသွားသောအခါ ပြန်လည် လွှတ်ပေးခဲ့သည်။ ရွာသားများက စစ်သားများ အမိန့်ပေးသည့် အတိုင်း သယ်ဆောင်နိုင်သည့် ပစ္စည်းများ ယူဆောင်၍ နီးစပ်ရာရွာများသို့ ထွက်သွားခဲ့သည်။ ရွာသားများက ၎င်းတို့ မရှိတော့သည့် အချိန်တွင် နေအိမ်များကို မီးရှို့လိုက်မည်မှာ သေချာသည်ဟု ပြောသည်။ 

ယနေ့ အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၁) နာရီ အချိန်ထိ လောင်းဒုံကျေးရွာအုပ်စု အတွင်းသို့ စစ်သားများ ၀င်ထွက်နေကြောင်း သိရှိရသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အောင်စစ်ပြင် ကျေးရွာအုပ်စုသို့ စီးနင်း ၀င်ရောက်၍ ဒေသခံရွာသား (၄) ဦးနှင့် ဘူးသီးတောင်မြို့နယ်မှာ ခရီးသွားခွင့် လက်မှတ်နှင့် ရောက်ရှိနေသူ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးအဘူလ်ဖယာစ် (ဘ) အထက်တန်းကျောင်းဆရာ ဦးရွှေသာ (NGO ၀န်ထမ်း)
(၂) မော်လ၀ီနုရ်ဟူဒါ
(၃) ၀ါဟီဒူရ်ရာဟ်မာန်
(၄) ဦးကရိမ်းအုလ္လာ (မော်လ၀ီနုရ်ဟူဒါနှင့် ၀ါဟီဒူရ်ရာဟ်မာန် တို့၏ ဖခင်)
(၅) ဘူးသီးတောင်မှ ပုံစံ (၄) ဖြင့် အလည်ရောက်ရှိနေသူ နှစ်ဦး တို့ဖြစ်သည်။







အသတ်ခံ သားနှစ်ယောက် မိခင်၏ အဖြစ်

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
14.10.2016

ထိုနေ့မနက်က မိုးတွေ တဖွဲ့ဖွဲ့ရွာလို့
နေမင်းကလည်း ပုံမှန်ပဲ အရှေ့ရပ်ဝန်းမှထွက်လာခဲ့ပြီ။
ပုံမှန်မဟုတ်တာ တစ်ခုလည်း ကျမတို့အတွက် ဖြစ်ခဲ့သည်။
ကျမတို့ရွာလေးကို စစ်သားတွေက ဝိုင်းလိုက်တာလေ။

ဒီတော့--
အိမ်နီးနားချင်းလို ကျမမိသားစုလည်း အိမ်ထဲမှာ နေကြရတာပေါ့။
အပြင်ဘယ်သူ ထွက်ရဲမှာလေနော်။
စစ်သားတွေ နေရာယူထားပုံက တတိယကမ္ဘာစစ် ဆင်နွှဲမည့် သဏ္ဍာန်။

ဘာပဲဖြစ်ဖြစ်ဖြစ်--
သားနှစ်ယောက်နဲ့ အလည်ရောက်လာတဲ့ သားမက် အတွက် မနက်စာအဖြစ်
မနေ့ညက ကြွင်းကျန်ခဲ့တဲ့ ထမင်းကို
ကျမ ကြော်နေခဲ့သည်။
အိမ်နီးနားချင်းတွေရဲ့ တီးတိုးသံတွေ
ကျမနားထဲ တစ်ချက်တစ်ချက် ဝင်လာခဲ့တာကို နားစွင့်နေရင်းပေါ့။

"စစ်သားတွေ များလိုက်တာ
ဘာလုပ်မလဲ မသိဘူးနော်တဲ့"။

ကျမ စိုးရိမ်ခဲ့ပေမယ့် လွန်ကဲခြင်း အလျဉ်းမရှိ။
စစ်သားတွေ အိမ်ကိုလာဝင်စစ်လည်း စိတ်ပူစရာမရှိဘူး။
ကျမတို့ အိမ်မှာ နိုင်ငံတော်အကျိုးယုတ်မယ့် ဘာဆိုဘာမှ မရှိ။
အခြေအနေကို နားစွင့် စောင့်ဆိုင်းရင်း
မိသားစုအတွက် မနက်စာကို ကျမပြင်ဆင်နေဆဲပါ။
နောက် နာရီတစ်ချို့စာ အနာဂါတ်ကိုပဲ
ကျမ ကြိုတင်သိရှိ ခဲ့လျှင်။

၉ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ နေရာနဲ့ ကျမတို့ရွာက
၆ မိုင်တောင် ဝေးနေသည်ကိုး။
ကျမတို့ရွာနဲ့ ဘာမှမဆိုင်ဘူး။
စစ်သားက စစ်ဆေးရေးဝင်လုပ်လည်း ကျမစိတ်မပူဘူး။

တွေးမိတုန်း အသံတစ်ခုထက်ပေါ်လို့လား
အသံထွက်လာရာကို လှည့်ကြည့်တော့
ကျမတို့အိမ်ရှေ့ကြမ်းပြင်ပေါ် စစ်သားတစ်စု
ကျမကြက်သီးတွေ ဖြန်းခနဲ ထလို့။
ကြောက်ရွံ့မှုက အသည်းနှလုံးကို အေးခနဲဖြစ်စေလို့။
ကြော်နေတဲ့ ထမင်းကို မွှေနေတဲ့ ယောက်မ
ကျမလက်ထဲက ပြုတ်ကျသွားခဲ့ပြီ။
ကျမ ခန္ဓာက ဘာလို့တုန်လာခဲ့သလဲ။
နှုတ်ဖျားကလည်း အသံမထွက်လာဘူးလေ။

ဆွံ့အ ဖြစ်နေချိန်ကာလ
ကျမ သားနှစ်ယောက်နဲ့ သားမက်ကို
စစ်သားတွေက အိမ်ကခေါ်ထုတ်ပြီး ခေါ်သွားပြီ။
စစ်သားခေါ်ရာ လိုက်နေတဲ့
သားနှစ်ယောက်နဲ့သားမက်နောက် လိုက်ရမလား။
ကျမ သားနှစ်ယောက်နဲ့ သားမက်မှာ
ဘာအပြစ်ရှိလို့ပါလိမ့်လို့ စစ်သားတွေကို မေးရမလား။
အတွေးက ခေါင်းထဲ သန္ဓေတည်လာချိန်မှာပဲ
သားနှစ်ယောက်နဲ့ သားမက်တို့က မနီးမဝေးသို့ရောက်လေပြီ။
ရှေ့နဲ့နောက်က စစ်သားတွေရဲ့ အလယ်မှာ
ကျမ သားနှစ်ယောက်နဲ့ သားမက်ပါ။

အသိတရားခေါင်းထဲ ရောက်လာချိန်
ကျမ သားနဲ့ သားမက်နောက် ပြေးသွားဖို့ ဟန်ပြင်သည်။
မိုးကြိုးပစ်သံအလား အသံတစ်သံ
ကျမ နားထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သည်။
ကျမ ဒူးတွေ တုန်လွန်းနေပြီး
ခြေလှမ်းတွေ ရပ်သွားခဲ့ပြီ။
ကျမ ကြမ်းပြင်ပေါ် ဗုန်းဗုန်း လဲကျသွားလေပြီ။

ကျမ သားနှစ်ယောက်နဲ့ သားမက်တွေ ဘယ်မှာလဲ။
အားယူကာ စဉ်းစားတုန်းပေါ့
ဒုတိယမြောက် သေနတ်ပစ်သံ
ကျမနားထဲသို့ ခါးသီးစွာ ဝင်ရောက်လာခဲ့ပြီ။
ကျမ အသိတရားတွေလည်း
ဒုတိယမြောက် သေနတ်ပစ်သံနဲ့အတူ တုံးသွားခဲ့ပြီလေ။

အချိန်က မနက် ၉ နာရီခွဲခန့်
ကျမ လက်နှစ်ဖက်က ဘေးဘီဝဲယာကို စမ်းကိုင်မိ။
စိုစွတ်နေတာက ကျမ အဝတ်အစားများ
ခေါင်းပေါ်က ဆံကေသာများ
မျက်စိကို အားယူဖွင့်မိချိန်
သမီးက ကတိုက်ကရ မေးလာသည်
"အမေသတိရပြီးလားတဲ့"။

ကျမ ဘယ်မှာလဲ
ကျမ သားနှစ်ယောက်နဲ့ သားမက် ဘယ်မှာလဲ
စစ်သားတွေရော ဘယ်မှာလဲ။
ကျမ ဘေးနားက သမီးရဲ့မျက်လုံးတွေတော့
ရေကန် ဖြစ်နေပြီ။
မြေးလေးတွေကလည်း ငိုနေသည်။
ကျမ အိမ်မှာ ဘာဖြစ်နေတာလဲ
ကျမ သေချာ စဉ်းစားရခက်နေ၏။

အသံတွေ ဗလောင်ဆူနေပြီ။
ကျမ မကြားချင်ဆုံး အသံများ ကျမနားထဲ တိုးဖောက်လာသည်။
"သား နှစ်ယောက်နဲ့ သားမက်ရဲ့ အလောင်းတွေ
မြေကြီးပေါ် လဲလျောင်းနေပြီ"တဲ့။

"ဘာ!!!"
ကျမ ထလာခဲ့သည်။
လူတွေ ကျမကို တင်းကျပ်စွာ ဖက်ထား၏။
ကျမ ဟစ်ငိုခွင့်ရချင်လည်း
လူတစ်ယောက်က ကျမပါးစပ်ကို သူ့လက်နဲ့ အတင်း ပိတ်ထားလိုက်သည်။
အသံထွက်ရင် ပြန်ရောက်လာမယ်တဲ့။

"ကျမ သားတွေနဲ့ သားမက်ကို ယူလာပေးပါ"
ကျမ တောင်းဆိုချက် ဘယ်သူမှ ဖြည့်ဆည်းမပေး။
ဘယ်သူမှ အိမ်ပြင် မထွက်ရဲဘူးပြောသည်။

ကျမ အရာရာကို နားလည်လာခဲ့ပြီ။
ပြီးလျှင် ကျမ အိပ်မောကျသွားတာလား
ဒုတိယအကြိမ် သတိလစ်သွားတာလား
ကျမ ဘယ်သိမလဲ။
ကျမ နိုးလာချိန်မှာ
ကျမ ကြော်ထားတဲ့ ထမင်းကြာ်ကိုတွေ့သည်
အဲ့ဒီထမင်းကြော်ကို ကျွေးမယ့် ကျမသားတွေနဲ့ သားမက်ကိုတော့
ကျမ မတွေ့ခဲ့ရပါ။

"အလောင်းကို စစ်သားတွေ ကားပေါ်တင်ပြီး ယူသွားတယ်"
ထိုစကားတစ်စွန့်တစ်ပဲ ကျမနားထဲ
ယနေ့ထိ တစ်ရစ်ရစ် ကျန်နေဆဲပါ။

ကျမသားတွေနဲ့ သားမက်ကိုတွေ့ရင်
အိမ်ပြန်လာကြဖို့ ပြောပေးပါ။
ကျမ သူတို့ကို--
ပြင်းပြင်းပြပြ သတိရနေတယ်လို့လည်း
ပြောဖြစ်အောင် ပြောပေးပါနော်။

* အောက်တိုဘာလ (၁၀) ရက်နေ့၌ စစ်သားများက အိမ်မှခေါ်ထုတ်ပြီး အနီးကပ် သေနတ်ပစ် သတ်ဖြတ်လိုက်သည့် ၁၃ နှစ်အရွယ်နှင့် ၂၀ နှစ်အရွယ် အပြစ်မဲ့ ကလေးများ၏ မိခင်နေရာကို ဝင်ခံစားပြီးရေးဖွဲ့ပါသည်။




RB News
14.10.2016

တိုကျို၊ ဂျပန် -- ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (BRAJ) မှ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ ဖြစ်စဉ် အမှန်ကို တင်ပြခဲ့သည်။ 

အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်နှင့် အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့တော်အာရှရေးရာ ညွန်ကြားရေးမှူး Mr Kota Watanabe နှင့် Mrs. Yoko Takushima တို့ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံ ဆွေးနွေးကြသည်။ 

BRAJ အဖွဲ့က ၁၉၆၂ ခုနှစ်မှ စ၍ ရိုဟင်ဂျာများ တိုင်းရင်းသားနှင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပြီး ယခုအချိန်ထိ ဒုက္ခမျိုးစုံ ခံစားနေရမှုများ၊ အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ခြင်း တို့ခံစားနေရကြောင်း၊ မြန်မာလက်နက်ကိုင် အာဏာပိုင်များ၏ စခန်းများကို အမည်မသိ အုပ်စုက တိုက်ခိုက်ခြင်းကိုလည်း မိမိတို့အနေဖြင့် ကန့်ကွက်ကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာစစ်တပ်မှ ကာကွယ်ပေးရမည့်အစား သတ်ဖြတ်နေသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရ အနေနဲ့ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်းများကို မြန်မာအစိုးရက ချက်ချင်း ရပ်တန့် ပေးရန်အတွက် တောင်းဆိုပေးရန် ပန်ကြားခဲ့သည်။ 

RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်တပ်မှ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ ပိုမို ပြုလုပ်လာကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် ဖားဝပ်ချောင်း ကျေးရွာမှ ကလေးများ အပါအ၀င် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၁၅) ဦးကို ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဖားဝပ်ချောင်းရွာကို စစ်တပ်က ၀င်စီးတယ်။ ပြီးတော့ ကလေး ၅ ယောက်အပါအ၀င် ၁၅ ယောက်ကို ဖမ်းပြီး ကားပေါ်တင် ခေါ်သွားတယ်။ အနားမှာရှိတဲ့ န.တ.လ ရွာကို ခေါ်သွားတာပါ။ အဲဒီရွာမှာ ဓါးနဲ့ ခုတ်သတ်ပစ်လိုက်တယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ ဖုန်းဖြင့်ပြောသည်။

ကြက်ရိုးပြင် ကျေးရွာကို စစ်သားများက ယမန်နေ့ကစ၍ စတင်မီးရှို့ခဲ့ရာ ယနေ့ ညပိုင်းထိ ရိုဟင်ဂျာများ၏ နေအိမ် ၁၆၂ လုံးကို ပြာကျသည့်အထိ မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကြက်ရိုးပြင်ရှိ ဈေးလည်း လုံးဝ ပြာကျသွားသည်ဟု ဆိုသည်။ ဆိုင်ခန်းပေါင်း ၁၅၀ ကျော် ပြာကျသွားခဲ့သည်။

ငါးစားကြူး ကျေးရွာအုပ်စု၊ ပြောင်းပြိုက်ရွာသို့ ယနေ့ နံနက်ပိုင်းမှ စ၍ စစ်သားများ ၀င်ရောက်စီးနင်းပြီး နေအိမ်များမှ ပစ္စည်းများ စတင် လုယက်ခဲ့သည်။ ထို့နောက် နေအိမ်များကို မီးရှို့ခဲ့ပြီး၊ အစပိုင်းတွင် နေအိမ် (၄၀) ခန့်သာ မီးရှို့ခဲ့သော်လည်း ညနေပိုင်းတွင် နေအိမ်ပေါင်း ၁၀၀ ကျော်ထိ မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့နေစဉ်အတွင်း သက်ကြီးအဖွားအို တစ်ဦးကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ပြီး မီးလောင်နေသည့် မီးပုံထဲသို့ ပစ်သွင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများ မီးတင်ရှို့နေစဉ် နေအိမ်မှ ထွက်မပြေးနိုင်သည့် ကလေးငယ် အချို့နှင့် သက်ကြီးရွယ်အို အချို့ နေအိမ်များတွင် ပိတ်မိပြီး မီးထဲပါသွားခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အဖိုးတန်ပစ္စည်းများ၊ ကျွဲ၊နွားများ လုယက်ရန် အတွက် ဖားဝပ်ချောင်းနှင့် လောင်းဒုံ ကျေးရွာများမှ န.တ.လ ရွာသားများကို စစ်သားများက ပြောင်းပြိုက်ရွာသို့ အတူခေါ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

နေ့လည် ၂ နာရီခန့် အချိန်တွင် သ၀န်ချောင်း ကျေးရွာသို့ ၀င်ရောက်၍ အိမ်တိုင်းမှ အိမ်ထောင်စုစာရင်းနှင့် လူများကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် သ၀န်ချောင်း ရွာသားမဟုတ်သူ ရူးသွပ်နေသူတစ်ဦးကို ဖမ်းဆီးသွားပြီး၊ စစ်ဆေးပြီးနောက် ည ၆ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ည (၆) နာရီ နောက်ပိုင်းတွင် စပယ်ကုံးကျေးရွာနှင့် လောင်းဒုံ ကျေးရွာများသို့ စစ်တပ်က ၀င်ရောက်၍ လက်နက်ကြီးများ သုံးကာ ပစ်ခတ်၍ မီးရှို့ခဲ့သည်။ ကျေးရွာလူကြီးတစ်ဦးက “စစ်တပ်က မီးရှို့နေတဲ့ ရွာတွေမှာ သက်ကြီးရွယ်အိုတွေ ရှိတယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သူတို့ရဲ့ အခြေအနေတွေ အတွက် အတော်လေး စိုးရိမ်ရတယ်၊ အသက်ရှင်နေလား၊ သေသွားပြီလား မသိဘူး ဆိုတဲ့ အနေအထား၊ အခုလုပ်နေတာက အရင်သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ ဒုက္ခသည်စခန်းမှာ ထားပြီး တတိယနိုင်ငံ ပို့မယ့် စီမံကိန်းကို အကောင်အထည် ဖော်နေတာလားလို့ သံသယ ဖြစ်မိတယ်” ဟု RB News သို့ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် ရဟတ်ယာဉ် ၅ စီးခန့် နာရီအတော်ကြာ ပျံသန်းနေခဲ့ပြီး၊ စစ်သားများက လက်နက်ကြီးများ၊ လောင်ချာများသုံး၍ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

MYARF နှင့် Rohingya Eye တို့က သတင်းများ ပေးပို့သည်။

ပြောင်းပြိုက်ရွာ၌ နေအိမ်များ မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရစဉ် 


RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို စစ်သားများက တနင်္ဂနွေနေ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသခွင့် မရခဲ့သောကြောင့် ယနေ့ သေဆုံးသွားခဲ့ရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာသို့ အောက်တိုဘာလ (၉) ရက်နေ့တွင် မြန်မာစစ်တပ်က ၀င်ရောက် ပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ် အရွယ် ရော်ဘီ (ဘ) ဦးအလီအဟမတ် သည် တင်ပါးတွင် ကျည်ဆံထိမှန်ခဲ့ပြီး ဆေးကုသမှု လုံးဝ မရခဲ့သောကြောင့် ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သေဆုံးသူ၏ အလောင်းကို အောက်တိုဘာလ (၁၄) ရက်နေ့တွင် သဂြိုဟ်မည်ဟု သိရှိရပြီး၊ ညအချိန်တွင် စစ်သားများက ရွာထဲဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် အလောင်းကို နေအိမ်တွင် ထား၍ မိဘများမှာ ရွာ၏ အပြင်သို့ ထွက်၍ တိမ်းရှောင်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အာဏာပိုင်များက ဟိန္ဒူလူမျိုးများကို မွတ်စလင် အယောင်ဆောင်၍ ကြွေးကြော်မှုများ ပြုလုပ်စေပြီး ဒေသခံရိုဟင်ဂျာများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နိုင်ရန် စီစဉ်နေသည်ဟု သတင်း ရရှိပါသည်။ 

အစ္စလာမ် ဘာသာရေး ဆရာများ ဝတ်ဆင်လေ့ရှိသည့် ကုရ်သာဝတ်ရုံရှည်နှင့် ဦးထုပ်များကို ဟိန္ဒူများအား ဝတ်ဆင်စေပြီး လမ်းပေါ်ထွက်၍ ရိုဟင်ဂျာဘာသာစကားဖြင့် တိုက်ပွဲဆင်နွဲရန် ကြွေးကြော်သည့်ပုံစံမျိုးကို ဒယနေ့ညတွင် ပြုလုပ်ရန် မောင်တော အာဏာပိုင်များက စီစဉ်နေသည်ဟု ဟိန္ဒူဘာသာဝင် တစ်ယောက်ထံမှ သိရှိရပါသည်။

ဒသခံရိုဟင်ဂျာ တစ်ဦးက “ဟိန္ဒူတွေကို မွတ်စလင် အယောင်ဆောင်ခိုင်းပြီး တိုက်ပွဲဆင်နွဲဖို့ ကြွေးကြော်ခိုင်းမယ်လို့ သတင်းထွက်ပေါ်နေတာပါ၊ ဒီသတင်းက အခုညနေပိုင်းမှာ မောင်တောမြို့ပေါ်တစ်ဝိုက် တော်တော်ကို လှုပ်ခတ်နေတယ်” ဟုအတည်ပြု ပြောကြားသည်။

ဟိန္ဒူလူမျိုးများကို မွတ်စလင် အယောင်ဆောင်ခိုင်း၍ ကြွေးကြော်မှု ပြုလုပ်စေဖို့ မောင်တော အာဏာပိုင်များ စီစဉ်နေခြင်း၏ အဓိက ဖြစ်နိုင်ခြေ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေကို ဒေသခံတစ်ဦးကို မေးကြည့်သောအခါ 

“- သူတို့အဲ့လို ကြွေးကြော်ချိန် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ ဂျီဟတ်လုပ်ဖို့ လမ်းပေါ်ထွက် ကြွေးကြော်တယ်ဆိုတဲ့ဟာကို ဗီဒီယို မှတ်တမ်းတင်ဖို့၊

- ရိုဟင်ဂျာတွေကိုလည်း လမ်းပေါ် ထွက်လာဖို့ လှုံ့ဆော်ပေးဖို့၊

- တကယ်လို့ ရိုဟင်ဂျာတွေ လမ်းပေါ်ထွက်လာရင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်နိုင်ဖို့၊

- ပြီးတော့ အပြစ်မဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးဖို့၊

- မောင်တောမြို့ပေါ်က ရိုဟင်ဂျာတွေ ပိုင်ဆိုင်တာတွေကို လုယက်နိုင်ဖို့၊

ဒီရည်ရွယ်ချက်တွေနဲ့ စီစဉ်တာ ဖြစ်ပါတယ်" ဟူ၍ သူ၏ အမြင်ကို ပြောပြသည်။

အကယ်၍ ဤကဲ့သို့ ဖြစ်လာခဲ့လျှင် ဒေသခံ ရိုဟင်ဂျာများ အနေဖြင့် မိမိအိမ်ထဲမှ အပြင်မထွက်ကြပါရန်လည်း အဆိုပါ ဒေသခံက ထပ်လောင်း ပြောကြားသည်။

လမ်းပေါ်ထွက်၍ တိုက်ပွဲဆင်နွဲရန် ကြွေးကြော်ခဲ့လျှင် ၎င်းတို့သည် ရိုဟင်ဂျာများ မဟုတ်ဘဲ ဟိန္ဒူဘာသာဝင်များကို မောင်တော အာဏာပိုင်များက လုပ်ဆောင်ခိုင်းခြင်းသာ ဖြစ်သည်ကို သတိပြုရန် အသိပေးခြင်းဖြစ်သည်။

နောက်ဆုံးသတင်းအရ ယခု ညနေ ၉ နာရီခွဲ ကျော်ခန့်အချိန်တွင် မောင်တော ပြည်သူ့ဆေးရုံရှေ့၌ ဟိန္ဒူဘာသာဝင်များ စတင်စုရုံးနေသည်ဟု သတင်းရရှိပါသည်။





"RSO အကြမ်းဖက်သမားလားဟင်"

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
13.10.2016


အနှစ်နှစ် အလလပေါ့
သွေးစက်တွေနဲ့ ကြိုးစားရုန်းကန်းပြီး
ဆောက်ခဲ့တဲ့ အိမ်ကလေးမှာ
ငါတို့မိသားစုတွေ ပြုံးတူ ငိုတူ
အေးတူ ပူအမျှ အေးချမ်းစွာ နေခဲ့ဖူးတယ်။

အခုတော့လေ ...
ထိုအိမ်ကို သူတို့တစ်တွေက
ရယ်လျက်မောလျက် မီးတင်ရှို့နေလေပြီ။

ငါတို့ရဲ့အိမ်နန်းတော်ကို
မီးကတမြုံမြုံ မြိုချနေချိန် ....
သူတို့တစ်တွေက အောင်ပွဲခံအခမ်းအနားတွေ
သိုက်သိုက်မြိုက်မြိုက် ကျင်းပနေလေပြီ။

ညီလေးကို ဘယ်ဖက်ပခုံးပေါ်
ညီမလေးကို ညာဖက်ပခုံးပေါ်
ထမ်းပိုးလို့ ငါတို့ ထွက်ပြေးနေရပြီလေ။

အိုမင်းမစွမ်းဖြစ်နေတဲ့ အမေအတွက်
သေခြင်းတရားဟာ
သူတို့ပစ်လွှတ်တဲ့ အငြိုးပြည့်ချည်ဆံနဲ့အတူ
ရောက်လာခဲ့တာက ကံကြမ္မာ လားဟင်။

"အမေအတွက် မစိုးရိမ်ပါနဲ့ ...
သာတို့ပဲ လွတ်နိုင်အောင်ကြိုးစားပါ"
အမေပြောခဲ့တဲ့ နောက်ဆုံး မှားတမ်းစကား
ငါတို့နားထဲ ထပ်ခါတလေလေ ပဲ့ထင်ဟပ်လို့နေ။

လွတ်မြောက်မှုတစ်ခုက ငါတို့ရှေ့မှာ ရှိနေပါအံ့ ...
ခိုစရာ လှုံစရာ နေရာလေးတစ်ခု
ငါတို့နဲ့ မနီးမဝေးမှာ ရှိကောင်းပါအံ့ ...
ယိုင်တော့မယ့် ငါတို့ ခြေလှမ်းတွေရဲ့အဆုံးမှာပေါ့ဟ။

တွေ့ပြီ ... ချုံပုတ်တစ်ခု ....
ခဏတာ နားပါရစေ ...
တွေးမိတုန်းပေါ့ဟ
"ဟေ့ကောင်တွေ မပြေးနဲ့တဲ့"
အသံနဲ့တစ်ပြိုင်နက်
ငါ့ပခုံးနှစ်ဖက်က ညီ၊ ညီမလေးများ
သူတို့ရဲ့ ဘုတ်ဖိနပ်ဝတ် ခြေထောက်အောက်သို့။

သူတို့နှုတ်ဖျားမှာက
"ဟေ့ ကုလား လက်နက်ကိုင် အကြမ်းဖက်သမား"တဲ့။

အဲ့ချိန်တုန်းက ပြန်ပြောခွင့်မသာခဲ့ဘူး
ငါ့ပါးစပ်မှာ ပါးချုပ်ပါခဲ့တာလည်း မဟုတ်ရဘူး
"လက်"နှစ်ဖက်ပဲ ရှိတာ
"နက်" ဆိုတာ မရှိဘူး
ဘယ်ကလာခဲ့သလဲ "လက်နက်ကိုင်" စကား။

သွေးတွေ ခန္ဓာပေါ်ပေကျံလျက်
အာရုံတွေ မှုန်ဝါးလာချိန်
သဲ့သဲ့လေး မြင်ခဲ့ရပြီလေ
သူတို့နဲ့အတူ ပါလာတဲ့ ကင်မရာသမားဟာ
သတင်းထောက်များလား
ဖုန်းထဲမှာ အရေးတယူ ပြောနေတဲ့
သူ့သတင်းစကားက
"အကြမ်းဖက်သုံးယောက် အသေဖမ်းမိရ" သတဲ့ဗျာ။

ငါ့နားနဲ့ ငါကြားလိုက်တာ
မယုံရင် မနက်ဖြန် ထွက်လာမယ့် သတင်းစာထဲမှာ
ရှာဖတ်ကြပေါ့ဗျာ။

ငါ ရယ် ... ငါးနှစ်သား ညီလေးရယ် ... လေးနှစ်သား ညီမ ရယ် ...
"ငါတို့ RSO အကြမ်းဖက်သမား ဖြစ်သွားပါရော့လား''

အမုန်းတရားနဲ့ အမှားတရား
ဘယ်တော့များ ဆုံးခန်းတိုင်မှာပါလိမ့်။

#ယျာတင်_ရိုဟင်းသား#



* ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်းတွင်၊ မြန်မာစစ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်၊ အိမ်တွေ မီးရှိုးပြီး မဟုတ်မမှန် အပြန်စွပ်စွဲနေခြင်းကို ခံစားပြီး ရေးဖွဲ့ထားသည်။

RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၊ စဉ်တောင်ရွာနှင့် ဇင်ပိုင်ညာ ကျေးရွာအုပ်စုသို့ မြန်မာစစ်တပ်မှ စစ်သားများ ၀င်ရောက်၍ ဖမ်းဆီးခြင်း၊ ဆိုင်များနှင့် ၀တ်ပြုဆောင် ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် ၁၂ နာရီတွင် ဒိုးတန်းကျေးရွာအုပ်စု၊ စဉ်တောင်ရွာသို့ မြန်မာစစ်တပ်မှ စစ်သားများ ရောက်ရှိလာပြီး ရွာအတွင်းရှိ ဆိုင်ခန်းများ အားလုံးကို ဖျက်ဆီးလိုက်သည့် အပြင် ကျေးရွာအတွင်းရှိ စုပေါင်းဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ဆိုင်ခန်းများမှ ပစ္စည်းများလုယက်ခြင်း၊ နေအိမ် (၅) အိမ်သို့ဝင်ရောက်၍ ရွှေ၊ ငွေ ပစ္စည်းများ လုယက်ခြင်းလည်း ပြုလုပ်ခဲ့ကြောင်း၊ စစ်သားများနှင့် အတူ ရခိုင်လူမျိုးများ၊ ဟိန္ဒူလူမျိုးများလည်း ပါလာပြီး၊ ၎င်းတို့လည်း ၀ိုင်းဝန်း ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အဖမ်းအဆီးနှင့် ပတ်သက်၍ “စစ်သားတွေ ရောက်တာနဲ့ ရွာထဲက လူ (၄) ယောက်ကို ဖမ်းပါတယ်။ နောက် တော့ (၃) ယောက်ကို ပြန်လွှတ်လိုက်တယ်။ တစ်ယောက်ကိုတော့ သူတို့ ခေါ်သွားတယ်၊ ဖမ်းခေါ်သွားတဲ့ တစ်ယောက်က ကြိမ်ချောင်းရွာသားပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ နေ့လည် (၃) နာရီခန့်တွင် ဇင်ပိုင်ညာကျေးရွာအုပ်စုရှိ ဈေးသို့ စစ်သားများ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ဈေးရောင်းနေသူ (၅) ဦးကို အကြောင်းမဲ့ ဖမ်းဆီးကာ ဈေးဆိုင်များအတွင်းမှ ပစ္စည်းများ လုယက်ခဲ့သည်။

“ဈေးကလူ ၅ ယောက်ကို ဖမ်းတယ်၊ ပစ္စည်းတွေလုတယ်၊ ပြီးတော့ ဈေးပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးသမီးတွေ စော်ကားဆဲဆိုတယ်၊ ဈေးရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဗလီထဲကို ဖိနပ်နဲ့ ၀င်တယ်၊ ကပ်လျက်မှာရှိတဲ့ ဘာသာရေးကျောင်းကို ပြတင်းပေါက်တွေကို ခဲနဲ့ထုတယ်၊ တံခါးတွေကို ရိုက်ချိုးပြီး ပြန်ထွက်သွားတယ်” ဟု ဇင်ပိုင်ညာမှ ဒေသခံတစ်ဦးက ပြောပါသည်။

ထို့နောက် ကျီးကန်းပြင် ကျေးရွာအုပ်စု အ၀င်ဝရှိ တံတားအနီးတွင် ကလေးများ ဆိတ်ကျောင်းနေသည်ကို တွေ့ရှိသဖြင့် ဆိတ် (၅) ကောင် လုယက်၍ တင်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

သတင်းအချက်အလက်အချို့ Rohingya Eye မှ ပေးပို့သည်။



RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ ပညာရေးဝန်ထမ်း များကို နယ်မြေဒေသ လုံခြုံရေးအရဟု ဆိုကာ နေရပ်ဒေသ အသီသီးသို့ အစိုးရအစီအစဉ်ဖြင့် ပို့ဆောင် ပေးလိုက်သော်လည်း ရိုဟင်ဂျာ ၀န်ထမ်းများကို လူမျိုးရေးခွဲခြားကာ ပို့ဆောင်ပေးခြင်း မရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင် နေကြသော ပညာရေး ၀န်ထမ်းများ အားလုံးကို ယမန်နေ့က ရဟတ်ယာဉ်များဖြင့် တောင်ပြိုသို့ အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ ထိုမှတဆင့် နေရပ်ဒေသအသီးသီးသို့ ထပ်မံ ပို့ဆောင် ပေးခဲ့သဖြင့် ပညာရေးဝန်ထမ်းများ အားလုံး ၎င်းတို့၏ နေအိမ်များသို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ၊ ငန်းချောင်း ကျေးရွာနှင့် ခမောင်းဆိပ် တို့တွင် တာဝန်ထမ်းဆောင် နေသည့် ရိုဟင်ဂျာဆရာ (၃) ဦးရှိရာ ၎င်းတို့ကို ယမန်နေ့က ရဟတ်ယာဉ်နှင့် ခေါ်ဆောင်၍ တောင်ပြိုသို့ ပို့ဆောင် ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဆရာ (၃) ယောက်လုံးက ဘူးသီးတောင်ကပါ။ အခြားဆရာတွေ အားလုံးက ရခိုင်လူမျိုး၊ သူတို့ကို ရဟတ်ယာဉ်နဲ့ တောင်ပြိုထိ ခေါ်သွားတယ်၊ မွတ်စလင် ဆရာတွေကျတော့ အထက်က စာရင်းမပါလို့ ဆိုပြီး ထားခဲ့တယ်။ ဒါက လူမျိုးရေးအရ ခွဲခြားတာလို့သာ မြင်တယ်။ နိုင်ငံ့ဝန်ထမ်းချင်း အတူတူဗျာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော မြောက်ပိုင်းရှိ ဆရာ (၃) ဦးသည် နယ်မြေဒေသ လုံခြုံရေးအရ သွားလာရန် ခက်ခဲသည့် အချိန် ဖြစ်နေသဖြင့် အစိုးရက အခြားဝန်ထမ်း နည်းတူ ပို့ဆောင် မပေးပါက ဘူးသီးတောင်သို့ ပြန်ရန် မလွယ်ကူဟု ဆိုသည်။ အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လူမျိုးရေးအရ မခွဲခြားဘဲ တန်းတူဆက်ဆံသင့်ကြောင်း၊ ယခုကဲ့သို့ ခွဲခြားခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ကျောင်းဆရာ (၃) ဦး အလွန် စိတ်မကောင်း ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်တပ်က ယမန်နေ့ကစပြီး မီးရှို့ဖျက်ဆီးနေကြောင်း သတင်း ရရှိပါသည်။ 

“မနေ့ကစပြီး စစ်တပ်က ကြက်ရိုးပြင်ရွာက အိမ်အချို့ကို မီးရှို့ခဲ့တယ်။ အဲဒီမှာ ရွာသားတွေ တော်တော်များများ ထွက်ပြေးသွားကြတယ်။ ဒီနေ့ မနက် ၁၀ နာရီကစပြီး တစ်ရွာလုံးနီးပါး ကုန်အောင် မီးထပ်ရှို့နေတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ ဖုန်းဖြင့် ပြောသည်။ 

ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ စစ်တပ်က လက်နက်ကြီးများ သုံး၍ ထပ်မံပြီး မီးရှို့နေသောကြောင့် ကြက်ရိုးပြင်ရွာရှိ ရွာသူ/ရွာသားများ အားလုံး နီးစပ်ရာ ရွာများသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။ စစ်တပ်က အပြစ်မဲ့ ရွာသားများကို လောင်ချာများ သုံး၍ ပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကြက်ရိုးပြင်ဈေး ကိုပါ မီးရှို့လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ဒီလိုစစ်တပ်က ရွာတိုင်း ရွာတိုင်းကို ၀င်စီးပြီး မီးရှို့နေမယ်ဆိုရင် မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အားလုံး ဒုက္ခသည် ဘ၀ကို ရောက်သွားမှာ သေချာတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက်က အဲလိုပဲလို့ ထင်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ငန်းချောင်း ကျေးရွာအုပ်စု၊ တီးန်ဂူဂျာဖာရာ သို့လည်း စစ်တပ် ၀င်ရောက်လာပြီး မော်လ၀ီအဒူကော်ရိမ်း (ဘ) ဦးဟာဘီ (အသက် ၄၂ နှစ်) နှင့် ဦးကာဆိမ်း (ဘ) ဦးဟာရှ်မောတ်အုလ္လာ (အသက် ၄၅ နှစ်) တို့၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ငန်းချောင်း ရွာသား တစ်ဦးက RB News သို့ပြောသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက်ပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာရွာသားများ အားလုံး ထွက်ပြေး သွားခဲ့ရသည်။ ယမန်နေ့က ၀ပိတ်ရွာသို့ စစ်တပ် ၀င်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အစိုးရပိုင် မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများတွင် အကြမ်းဖက်သမားများက မီးရှို့ခဲ့သည်ဟု သတင်းမှား လွှင့်ထုတ်ခဲ့သည်။ 

မောင်တောမြို့နယ်တွင် အပြစ်မဲ့ ရိုဟင်ဂျာများကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က လက်နက်ကြီး၊ လက်နက်ငယ်များ သုံး၍ ပစ်ခတ် သတ်ဖြတ်ပြီး၊ အစုလိုက်အပြုံလိုက် မြှပ်နှံမှုများလည်း ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ 

သို့သော်လည်း မီဒီယာများတွင် အပြစ်မဲ့ ရိုဟင်ဂျာများက လက်နက်ကိုင် အာဏာပိုင်များကို အကြမ်းဖက် နေသည်ဟု ဖော်ပြလျက် ရှိသည်ကို တွေ့ရှိရသည်။ 

ယမန်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် နယ်ခြားစောင့်ရဲများက ၎င်းတို့၏ လက်နက်များကို စမ်းသပ်၍ ပစ်ခတ်သည်ကို အကြမ်းဖက်သမားများ ၀င်ရောက် ပစ်ခတ်သဖြင့် ရခိုင်ဒေသခံများ ထွက်ပြေးသွားသယောင် ပုံဖော်၍ မီဒီယာများတွင် သတင်းမှားများ လွှင့်ထုတ်ခဲ့သည်။ 

အမှန်တကယ်တွင် မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ အသတ်ခံနေရခြင်းသာ ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရှိရသည်။ 






ဓါတ်ပုံများမှာ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေသည့် ပုံများဖြစ်သည်။


MYARF
RB News
12.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာတွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ဒုတိယမြောက် ကျင်းတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းမှာ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာရှိ အရှေ့ဗလီ၏ တောင်ဖက်၌ တည်ရှိသော ရိုဟင်ဂျာမွတ်စလင် သင်္ချိုင်းတွင်ဖြစ်သည်။

၁ ဒါဇင်ခန့် ရှိမည်ဟု ယူဆရသော အလောင်းများကို အောက်တိုဘာလ (၁၀) ရက်နေ့၊ ည (၁၂) နာရီခန့် အချိန်တွင် စစ်သားများက ကား ၅ စီးဖြင့် သယ်ယူလာပြီး မြုပ်နှံခဲ့ခြင်း ဖြစ်သည်။ 

ကားငါးစီးဖြင့် ရောက်လာသည့် စစ်သားများသည် ဦးစွာ သင်္ချိုင်း ပတ်ပတ်လည်ကို ဝိုင်း၍ လုံခြုံရေး ယူခဲ့သည်။ ထို့နောက် ဗလီခြံဝင်း၏ အဝင်တံခါးသော့ကိုရိုက်ချိုး၍ ကားတစ်စီးဖြင့် သင်္ချိုင်းအတွင်းသို့ မောင်းဝင်သွားကာ အလောင်းများကို သင်္ချိုင်း၏ ဒေါင့်တစ်နေရာတွင် မြှပ်နှံခဲ့ခြင်း ဖြစ်သည်။ ကားပေါ်မှ ချ၍ အလောင်းသယ်ဆောင်သွားရာ နေရာ တစ်လျှောက်၌ သွေးများပေကျံနေသည်ကိုလည်း တွေ့ရှိရသည်။

အလောင်းများကို ပီနံအိတ်ဖြင့် ထုပ်ပိုး၍ မြုပ်နှံခဲ့ခြင်း ဖြစ်ပြီး မြုပ်နှံသည့်နေရာကို ကြည့်ခြင်းအားဖြင့် အလောင်း တစ်ဒါဇင်ခန့် ရှိမည်ဟု ယူဆရပြီး မည်သူမည်ဝါများ ဖြစ်သည်ကို တူးဖော်၍ ကြည့်မရသေးသဖြင့် မသိရှိရသေးပေ။ ကျင်း၏ အပေါ်ပိုင်းမှ မြေများကို ဖယ်ကြည့်သောအခါ ပထမဆုံး အလောင်းကို တွေ့ရှိပြီး လုံခြုံရေးအခြေအနေအရ ဆက်လက်တူးဖော်နိုင်ခြင်း မရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင် စစ်သားများက မြို့သူကြီးကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသား (၇) ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အလောင်း (၄) လောင်းကို ကားဖြင့် သယ်ဆောင်သွားခဲ့သည်။ 

စစ်သားများက ၎င်းတို့ ပစ်ခတ်သတ်ဖြတ်သည့် အလောင်းများကို မွတ်စလင်သင်္ချိုင်းနေရာတွင် လာရောက်မြုပ်နှံခဲ့သည့် အကြောင်းရင်းကို စဉ်းစားရခက်နေသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်လည်း ဒေသခံ အာဏာပိုင်များက ရိုဟင်ဂျာ အမြောက်အမြားကို ပစ်ခတ်၊ ရိုက်နှက် သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြုပ်နှံခဲ့သော်လည်း ရိုဟင်ဂျာရွာနှင့် ဝေးသည့် နေရာများတွင်သာ မြုပ်နှံခဲ့သည်ကို တွေ့ရှိရသည်။ ယခုအခါ မွတ်စလင်သင်္ချိုင်းသို့ လာရောက် မြုပ်နှံခဲ့သည့် စစ်သားများ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရခက်နေသည်ဟု ဆိုသည်။

ဒေသခံများက စစ်သားများ၏ ဤကဲ့သို့ ထူးဆန်းသည့် လုပ်ရပ်နှင့်ပတ်သက်၍ အင်မတန်စိုးရိမ် နေကြသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းတစ်ကျင်းကို ရှာဖွေတွေ့ရှိခဲ့သည်။







(ဓါတ်ပုံများမှာ MYARF/RB News မှ ရိုက်ကူးထားသည့် ဓါတ်ပုံများ ဖြစ်သည်)




ကိုဇော်ဝင်းလှိုင်
12.10.2016

ရခိုင်ပြည်နယ် အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခု တိုက်ခိုက်ခံ ခဲ့ရတဲ့ကိစ္စ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ ကိုင်တွယ် ဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က တိုက်တွန်းပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့ ကိစ္စကိုလည်း အထူး စိုးရိမ်မိကြောင်း Mr. Nambiar က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်တော်မြို့နယ်အတွင်းက ကင်းစခန်း (၃) ခုကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ပြစ်တင် ရှုတ်ချလိုက်ပြီး အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုံ့ချပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး တကယ် ဖြစ်ရပ်မှန်အကြောင်း အသိနိုင်ဖို့ နောက်ထပ် အချက်အလက်တွေ စုဆောင်းနေချိန်မှာ အခြေအနေကို နီးနီးကပ်ကပ် လေ့လာ စောင့်ကြည့်နေပါတယ်။ ဖြစ်ရပ်ကို တိတိကျကျ ထင်သာ မြင်သာနဲ့ တရားဥပဒေအရ စုံစမ်း စစ်ဆေးပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ကိုလည်း မေတ္တာရပ်ခံသလို နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သွားစေဖို့ အုပ်စု အားလုံးတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အမေရိကန်က ဆက်လက် ကူညီ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”

ဒီကိစ္စကို ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Katina Adams က ဆက်ပြောပါတယ်။

“ဒီဖြစ်ရပ်ကို ထိထိရောက်ရောက်နဲ့ ထင်သာ မြင်သာရှိစွာ စုံစမ်း စစ်ဆေးဖို့အပြင် အဲဒီ ဒေသရှိ လူတွေရဲ့ အခွင့်အရေးတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ကိုလည်း ကျမတို့ တိုက်တွန်းပါတယ်။ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ရခိုင်ပြည်နယ်အတွင်း အုပ်စု အားလုံးတို့ကို ကိုယ်စားပြုတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးပြီး နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရလေအောင် အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်း (၃) ခုကို အမည်မသိ လက်နက်ကိုင် အုပ်စုတွေရဲ့ ၀င်ရောက် တိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အပေါ် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးပုဂ္ဂိုလ် Vijay Nambiar က အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Eri Kaneko ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး ဖြစ်ပါတယ်။ သူက မစ္စတာ Nambiar ရဲ့ ကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“အမည်မသိလူတွေနဲ့ အုပ်စုတွေက နယ်ခြားစောင့် တပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပေါ်ကို အောက်တိုဘာလ ၉ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့်မို့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နေရာ (၃) ခုမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ အရပ်သားတွေပါ သေဆုံးတဲ့အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Nambiar က ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒေသခံ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီးတော့ ဘာသာခြား အုပ်စုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုကြဖို့ အခြေအနေ ပိုဆိုးရွားလာအောင် မလုပ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်တွေအနေနဲ့ မြန်မြန်ထက်ထက်နဲ့ ဥပဒေအရ ဒီကိစ္စကို တုန့်ပြန်ဖို့ လိုအပ်တာကို အထူးအကြံပေး အနေနဲ့ နားလည် သဘောပေါက်ပေမယ့် တချိန်ထဲမှာပဲ သတိထား ကိုင်တွယ်ပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု၊ အိမ်ယာပစ္စည်းတွေ ဖျက်ဆီးခံရမှု၊ ဒေသခံတွေအပေါ် နှောင့်ယှက် ဟန့်တားမှုတွေကို ရှောင်ကြဉ်ဖို့လည်း အထူးအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။”

အလားတူပဲ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်ပြီး အခြေအနေတွေ တင်းမာလာနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းလည်း မစ္စတာ Nambiar က နောက်ထပ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ Eri Kaneko က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့ နောက်တနေ့မှာ မောင်တောမြို့နယ်၊ မြို့သူကြီး ကျေးရွာအနီးမှာ အကြမ်းဖက် စီးနင်းတိုက်သူတွေ ရောက်ရှိနေကြာင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေက သတင်းရရှိတဲ့အတွက် ရောက်သွားတာမှာ အဲဒီ ကျေးရွာထဲက လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်ခဲ့တာမှာ ၀င်ရောက် တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူတွေကတော့ ထွက်ပြေးသွားကြကြောင်းနဲ့ သူတို့ထံက လက်လုပ်သေနတ်နဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိလိုက်ကြောင်း ၊ တချိန်ထဲမှာပဲ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို အကြမ်းဖက် ဆီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ လောက်က ၀ိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှာတာ အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က တဦး သေဆုံးပြီး တပ်မတော်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကို တပ်မတော်က ၀င်ရောက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီး ရမိထားကြောင်း ဖမ်းဆီးထားသူတချို့ရဲ့ ပုံနဲ့တကွ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေ သိရှိနိုင်ဖို့အတွက်နဲ့ တည်ငြိမ်အေးချမ်းမှုရှိရေး ရှင်းလင်း ပြောကြားဖို့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ့ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘလာ ၁၁ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့တွေ၊ စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ ဌာနဆိုင်ရာက ၀န်ထမ်းတွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်စခန်း (၃) တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေအတွက် ဥရောပသမဂ္ဂအနေနဲ့ ၀မ်းနည်းကြောင်းနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အလားတူပဲ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရမ် ပူပန်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာ အစိုးရထံတွေ တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

Rohingya Exodus