နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
1.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရွာသစ်ကေ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်တပ်မှ အမိန့် ပေးနေသည်များကို အခွင့်ကောင်းယူ၍ ငွေညှစ်နကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၈) ရက်နေ့မှ စ၍ မောင်တောမြို့နယ်၊ မြို့မ ရွာသစ်ကေ ရပ်ကွက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်အရ လူနေအိမ်များ၏ မျက်နှာစာ ခြံစည်းရိုးများကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးဖော်ယာစ်က ရပ်ကွက်အတွင်းရှိ နေအိမ်တိုင်းမှ ငွေကျပ် နှစ်သောင်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ယခုအခါ နေအိမ်များ၏ ခြံစည်းရိုး မျက်နှာစာ တစ်ဖက်သာ ပယ်ဖျက်ခဲ့သော်လည်း ငွေမပေးပါက ခြံစည်းရိုး အားလုံး တစ်ခုမကျန် ပယ်ဖျက်ရမည် ဖြစ်ကြောင်း အကျပ်ကိုင်၍ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ငွေကောက်ခံရသည့် အကြောင်းရင်းမှာလည်း အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် တပ်မတော် အရာရှိက တောင်းခံနေ၍ ငွေကောက်ခံနေရခြင်း ဖြစ်ကြောင်း၊ တောင်းသလောက် ငွေမပေးပါက ရပ်ကွက် အတွင်းသို့ စစ်သားများ အချိန်မတော် ၀င်ရောက်၍ အေးအေးချမ်းချမ်း နေနိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုလျက် ရှိသည်။ ရာအိမ်မှူး ဦးမာမတ်နှင့် ဆယ်အိမ်မှူး ဦးဒိလ်မာမတ်တို့က လိုက်လံ၍ ငွေကောက်ခံနေသည်ဟု ဒေသခံများက ပြောပါသည်။

ထို့အပြင် အဆိုပါ အုပ်ချုပ်ရေးမှူးက ယင်းကျေးရွာတွင် ယခင်ကတည်းက အိမ်ခြံမြေဝယ်ပြီး အခြားကျေးရွာများမှ တရားဝင် ပြောင်းရွေ့ လာရောက်နေထိုင်သူများထံမှလည်း ဧည့်စာရင်း အကြောင်းပြ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူလျက်ရှိသည်။ ငွေမပေးပါက ရပ်ကွက်မှ ထွက်ခွာသွားရန် ဖိအားပေးနေသည်ဟု ဆိုသည်။ ထိုသို့ တရားဝင် ပြောင်းရွှေ့ နေထိုင်သူများ၏ သားသမီးများသည် နှစ်အစကပင် မြို့မ ရွာသစ်ကေရပ်ကွက်ရှိ စာသင်ကျောင်းတွင် တက်ရောက်၍ ပညာသင်ယူနေခြင်း ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် သားသမီးများ၏ ပညာရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။


ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)


ကိုမိုးဇော်
31.10.2016

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်းကို ဒီသီတင်းပတ်ထဲ သွားရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ မောင်တောဒေသ တိုက်ခိုက်မှုနောက်ပိုင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အကြောင်း ဂြိုဟ်တု ဓာတ်ပုံတွေနဲ့တကွ ထပ်မံ သတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရာမှာအရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ဖမ်းဆီးတာနဲ့ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ကို ခွင့်ပြုဖို့အတွက် ကုလသမဂ္ဂတောင်းဆိုခဲ့သလို အမေရိကန်အစိုးရကလည်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီတောင်းဆို တိုက်တွန်းတာနဲ့ပတ်သက်လို့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုး Ms Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုး ဦးသက်ဆွေက ပြောပါတယ်။

“နိုဝင်ဘာ ၂ ရက်နေ့မှာ Renata ပါမယ်။ အဖွဲ့ဝင် စုစုပေါင်း သူတို့ အနောက်ကအဖွဲ့တွေရော သူတို့ စုစုပေါင်း ၁၀ ယောက်ဆိုပြီးတော့ ရာထားပြီးတော့ လုပ်နေတယ် သို့သော်လုပ်တုန်းပဲ။ ရခိုင်ပြည်နယ်မှာရှိတဲ့ စွတ်စွဲချက်တွေပေါ့ ၊ အဲဒီစွတ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ အဲဒီဟာကို ကိုယ်တွေ့မျက်မြင်သိအောင် အဲဒါတွေကို ကွင်းဆင်းသွားစစ်ဆေးမယ် သွားကြည့်မယ့်သဘောပါခင်ဗျ။ ဒီဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ နယ်စပ်ဝန်ကြီးပါသွားမယ် ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်ပါသွားမယ်၊ ဘူးသီးတောင် မောင်တောပါပဲခင်ဗျ။”

အောက်တိုဘာလ ၃၁ရက်နေ့မှာတော့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရခိုင်နယ်မြောက်ပိုင်းက ကြက်ရိုးပြင်၊ ပြောင်ပစ် (ငါးစားကြူး)၊ ၀ါးပိတ်(ကျီးကန်းပြင်) ရွာသုံးရွာမှာမီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးတာတွေကို လက်ခံဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အနည်းဆုံးရွာ ၃ ရွာမှာ မီးလောင်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီနေရာတွေဟာ အရပ်သားတွေ တိုက်ခိုက်ခံရပြီး၊ ကျေးရွာတွေမီးရှို့ခံရတယ်လို့ တခြားသူတွေကလည်း ပြောဆိုနေကြတဲ့ ဒေသတွေပါ။ ဒါဟာ ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုပြီး ရေဆုံးရေဖျား ဖော်ထုတ်ဖို့ မြန်မာအစိုးရအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသရာလည်းရောက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့၊ မြန်မာအစိုးရအနေနဲ့ ဒီလို စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်လိုပုံ မရတဲ့အတွက်လည်း ကျနော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ဒီကျေးရွာတွေမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဒီရွာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်သူတွေ တာဝန်ခံဖို့လိုသလဲ ဆိုတာတွေကို တိတိကျကျ ဖော်ထုတ်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂကို အကူအညီတောင်းဖို့ ကျနော်တို့က တိုက်တွန်းနေရတာပါ။”

ဒါကတော့ HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရတပ်မတော်ဖက်ကတော့ ဒီလိုမီးလောင်တာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်သူတွေက ကျေးရွာတွေကို မီးရှို့ခဲ့တာတွေ ရှိကြောင်း ပြောဆိုတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၁၂ရက်နေ့က ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်သူတွေဟာ ကျီးကန်ပြင်ရွာအနီးက ၀ါးပိတ်ကျေးရွာကို မီးရှိုသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေက ခိုင်လုံမှုမရှိတာကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးတာတွေကို ခွင့်ပြုသင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ဆက်ပြောပါတယ်။

“ဒီပြောဆိုချက်တွေဟာ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေက သူတို့နေထိုင်ရာအရပ်တခုလုံးကို မီးတင်ရှို့ခဲ့တယ်လို့ ၂၀၁၂ ခုနှစ်မှာတုန်းက အစိုးရတာဝန်ရှိသူတွေ ပြောဖို့ကြိုးပမ်းခဲ့ဖူးတဲ့ အဓိပါယ်မဲ့ ပြောကြားချက်တွေနဲ့ တူနေပါတယ်။ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ မရှိတဲ့ ဒီလိုပြောဆိုချက်တွေဟာ လက်ခံယုံကြည်နိုင်စရာလည်း မရှိပါဘူး။ မြန်မာအစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒီလိုစုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်နေတာ မရှိဘူးဆိုတာလည်း ရှင်းပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ၊ ထိခိုက်ပျက်စီးမှု ပမာဏဟာ လူတွေထင်ထားတာထက် ပိုပြီးကြီးမားနေတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေဟာ ဒီဓာတ်ပုံတွေထဲမှာထက်တောင် ပိုနိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ၀င်ခွင့်ပြုဖို့ လိုပါတယ်။ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေ၊ NGOs တွေနဲ့ တခြားအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တင်ပြနိုင်အောင် ကိုယ်တိုင်လေ့လာခွင့်၊ စုံစမ်းခွင့်ပေးရမှာ ဖြစ်ပါတယ်။”

HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ သူတို့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေဟာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေရဲ့ အစွန်းထွက်လောက်သာဖြစ်နိုင်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အောက်တိုဘာ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ကတော့ အောက်တိုဘာ ၂၇ရက်နေ့ကနတ်မြစ်အတွင်း ဖမ်းဆီးရမိသူ ၅ဦးအနက်က ၃ယောက်နဲ့ အောက်တိုဘာ ၁၄ရက်က ဖမ်းဆီးထားသူ၁ဦးကို အကြမ်းဖက်မှုဖြစ်စဉ်မှာ မပါဝင်တဲ့အတွက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

RB News
31.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး ကျေးရွာအုပ်စု၊ ကြက်မောက်တောင် အနောက်ရွာမှ ဦးဆွေတာမတ်ကို အောက်တိုဘာလ (၂၆) ရက်နေ့က အကြမ်းဖက်သမားဟု ဆိုကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်နှင့် ပတ်သက်၍ ၎င်းသည် အကြမ်းဖက်သမား မဟုတ်သည့် အကြောင်း လိုအပ်လျှင် တစ်ရွာလုံးမှ အာမခံပေးရန် အသင့်ရှိသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဦးဆွေတာမတ်နဲ့ ပတ်သက်လို့ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သာထွန်း၊ ကျေးရွာ တာဝန်ခံ၊ ကျေးရွာ ရပ်မိရပ်ဖတွေ အပြင် တစ်ရွာလုံး၊ ဒါတင်မက ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ရွာတွေကပါ အာမခံပေးလို့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဦးဆွေတာမတ်သည် အသက် ၅၅ နှစ် ၀န်းကျင် အရွယ် ရှိသူဖြစ်ပြီး၊ သား (၄) ဦး၊ သမီး (၃) ၏ ဖခင်ဖြစ်သည်။ ၎င်းပိုင်လယ်မြေ အနည်းငယ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင် ပြင်သစ်နိုင်ငံအခြေစိုက် NGO တစ်ခုဖြစ်သည့် GRET ၏ စိုက်ပျိုးရေးစီမံကိန်းတွင် အလုပ်လုပ်ကိုင် ခဲ့သည်။

“ငါးခူရစခန်းကို တိုက်ခိုက်သူတွေမှာ ပါဝင်တဲ့ ပုံစံမျိုးနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားတာ တွေ့ရတယ်။ တကယ်တော့ ဦးဆွေတာမတ်က ဒီနှစ်ထဲမှာ မောင်တောကို သွားခဲ့တာတောင် မရှိခဲ့ဘူး။ အသက်လည်း ကြီးတော့ သူ့ဟာသူ လယ်လုပ်တာနဲ့ တပိုင်တနိုင် လုပ်ကိုင်စားသောက်နေတာ” ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဦးဆွေတာမတ်ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ တစ်ရွာလုံး စိုးရိမ်ပူပန်နေကြပြီး၊ အစိုးရက ၎င်းအား အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်း၊ တစ်ရွာလုံးမှ ၎င်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ကူညီပံ့ပိုးပေးရန် အမြဲအသင့်ရှိနေသည်ဟု ဆိုသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အချို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်သမားများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူများမှာ တိုက်ခိုက်မှုနှင့် မည်သို့မှ ဆက်နွယ်ခြင်း မရှိသူများဖြစ်ကြပြီး၊ အများစုမှာ ပညာတတ်များ၊ စီးပွားရေးသမားများ ဖြစ်ကြပြီး၊ အချို့မှာ သာမာန်လက်လုပ်လက်စားများ ဖြစ်ကြသည်။

ဦးဆွေတာမတ် ပြင်သစ် NGO တွင် အလုပ်လုပ်ကိုင်ခဲ့သည့် အထောက်အထားများ




ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသော ဦးဆွေတာမတ်၏ ဓါတ်ပုံ


MYARF
RB News
31.10.2016

ငါးခူရ၊ မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့က ဒေသခံရိုဟင်ဂျာများ၏ နေအိမ် တစ်လုံးနှင့် ဆိုင်ခန်းသုံးခန်း မီးရှို့ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းသုံးခန်းကို န.တ.လ ရွာသားများ ၀င်ရောက်ပြီး မီးရှို့ခဲ့သည်ဟု ယူဆကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“ည ၈ နာရီကျော်ကျော်မှာ ကားတစ်စီးနဲ့ န.တ.လ ရွာသားတွေ ၀င်လာတယ်။ သူတို့ထွက်သွားတာနဲ့ မီးစလောင်တာ။ ညမထွက်ရ အမိန့်ရှိတော့ ဘယ်သူမှ အပြင်ထွက်လို့ မရကြဘူး။ ဒါပေမယ့် န.တ.လ ရွာသားတွေ ကားနဲ့လာသွားတာတော့ ကျွန်တော်တို့ မြင်တယ်။ သူတို့လက်ချက်လို့ ကျွန်တော်တို့ ယူဆတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မီးရှို့ခံရသည့် အိမ်မှာ ဦးနူရူဒီးန်၏ နေအိမ်ဖြစ်ပြီး၊ ဆိုင်ခန်းများမှာ ဦးဆော်နာအုလ္လာ၏ သားပိုင်ဆိုင်သည့် ပရိဘောပဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကွမ်းယာဆိုင်နှင့် အချိုရည်ဆိုင်တို့ဖြစ်သည်။ 

မီးစတင်လောင်ကျွမ်းသောအခါ ဒေသခံရိုဟင်ဂျာများက မီးငြိမ်းသတ်ရန် ကြိုးစားခဲ့သော်လည်း စစ်သားများက သေနတ် ပစ်ဖောက်နေသောကြောင့် မီးငြိမ်းသတ်ခွင့် မရခဲ့ကြောင်း၊ ဟိန္ဒူလူမျိုးများနှင့် စစ်သားများက မီးငြိမ်းသတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကိုယ့်အိမ်ကိုယ် မီးရှို့ခြင်း ဖြစ်သည်ဟု DVB သတင်းဌာနသို့ ပြောကြားမှုနှင့် ပတ်သက်၍ ရွာသားတစ်ဦးက “ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ် မီးရှို့ရလောက်အောင် အသိဥာဏ်မဲ့နေသူတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ အိမ်လေးပြင်ရင်တောင် သက်ဆိုင်ရာ ခွင့်ပြုချက်ယူရတဲ့ အပြင် အရင်က န.စ.က၊ အခု နယ်ခြားစောင့်တပ်ကနေ ခွင့်ပြုချက် ယူနေရတာ၊ ကျွန်တော်တို့ ဒေသခံအများစုက ဆင်းရဲကြတယ်။ အဲဒီတော့ ဒီလို မိုက်ရူးရဲဆန်တဲ့ အလုပ်လုပ်ရလောက်အောင်လည်း အသိဥာဏ်မဲ့နေတာ မဟုတ်တော့၊ အသိဥာဏ်မဲ့သလို စကားတွေ ပြောတာကတော့ အမတ်မင်း တစ်ယောက်ရဲ့ အပြောအဆိုနဲ့ မတူဘဲ အရမ်းကို ပညာမဲ့စကားဆန်လွန်းတယ်” ဟု ပြောသည်။ 

“ကျွန်တော်တို့ရွာမှာ ဘာအကြမ်းဖက်သမားမှ မရှိဘူး။ ရွာကနေ ဖမ်းခံရတယ်ဆိုတာလည်း အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ၊ သူတို့ကို စီးပွားရေးအရ ထိုးနှက်လိုက်တာလို့ ယူဆတယ်။ ဖမ်းထားတဲ့ထဲက လူနှစ်ယောက်ကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ ပြဿနာစကတည်းက န.တ.လ ရွာသားတွေကို နေရာတိုင်းကို ခေါ်သွားတယ်။ ရိုဟင်ဂျာတွေရဲ့ ပစ္စည်းတွေ လုတာ၊ ရိုဟင်ဂျာတွေကို ရိုက်နှက်နှိပ်စက်တဲ့ နေရာမှာ န.တ.လ ရွာသားတွေကို သုံးတယ်။ အခုလည်း န.တ.လ ရွာသားတွေကို သုံးတယ်၊ ပြီးတော့ သူတို့ ကိုယ်တိုင် မီးငြိမ်းတဲ့နေရာမှာ ၀င်လာပြီး လူကောင်းယောင်ဆောင်လိုက်တာပါ။ စစ်သားတွေ မီးရှို့ခဲ့တဲ့ အိမ်ခြေ အရေအတွက်က ထောင်ကျော် ရှိနေပြီဆိုတော့ သူတို့ အရင်က ဘာမှ မလုပ်ခဲ့သလို ပြန်လုပ်ယူနေတာ။” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ငါးခူရ၌ မီးလောင်နေသည်ကို အဝေးမှ မြင်ရစဉ်



ရိုဟင်းစိုးမိုးဝင်း
RB News
30.10.2016

လူသားဟူသည် လောကတွင် တစ်ဦးတည်း ရပ်တည် ရှင်သန်မနေနိုင်။ လူ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ဦး အဖြစ် ပါဝင်၍ မိမိဘ၀ရပ်တည်ရေးနှင့် အခြားလူများနှင့် သဟဇာတကျကျ နေထိုင်ရေးတို့အတွက် ကြိုးပမ်း ကြရသည်။ အခြားလူများနှင့် သဟဇာတကျကျ နေထိုင်ရေး အတွက် လူတစ်ဦးစီတွင် လိုက်နာကျင့်ကြံရမည့် လူ့ကျင့်ဝတ်၊ လူ့တာဝန်၊ လူ့ဝတ္တရား ကိုယ်စီရှိကြသည်။ လူသားတစ်ဦးအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များဟူသည် မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးအတွက် ကြည့်တတ်၊ မြင်တတ်၊ သိတတ်၊ ဆောင်ရွက်တတ်သည့် ကျင့်ဝတ်များဖြစ်ကြသည်။

တစ်နည်းအားဖြင့် မိမိကိုယ်ကျိုး စီးပွားကို ဦးစားမပေးဘဲ အများကောင်းကျိုးကို ဆောင်ရွက်တတ်သော ကျင့်ဝတ်များဖြစ်ရသည်။ ဤသို့ ကျင့်ဝတ်များ ကိုယ်စီ လိုက်နာပါက စိုးရိမ်မှု၊ ပူပန်မှု၊ သောကရောက်မှု တို့သည် မိမိဘဝ၌ ကွန်းခိုရာ ရလိမ့်မည် မဟုတ်ပေ။ စိုးရိမ်မှု၊ ပူပန်မှု၊ သောကရောက်မှုတို့ ကင်းဝေးနေပါက မိမိ၏ စိတ်သည် ကြည်လင်ချမ်းမြေ့ပေမြဲပင်။ ချမ်းမြေ့မှသာ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ရပေအံ့။

လူတိုင်းလိုလို ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်နိုင်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေး၏ အနှစ်သာရတည်း။ သို့သော် ငြိမ်းချမ်းရေးဟူသည် မိုးပေါ်က အလိုလိုကျလာသော အရာမဟုတ်၊ ကိုယ်တိုင် ဖန်တီးယူနိုင်မှသာ လက်ဝယ် ရရှိသောအရာ ဖြစ်ပေသည်။

ယနေ့ မြန်မာနိုင်ငံတွင် နေရာဒေသ အတော်များများ၌ စစ်ပွဲများ ဖြစ်ပွားနေလျက်ရှိပေရာ စစ်ပွဲများကြောင့် ထောင်သောင်းမကသော ပြည်သူများ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေရသည်။ မိမိ၏နေရပ်ဒေသကို စွန့်ခွာနေရသည်။ လူသားတို့အတွက် မမေ့သင့်သော တစ်နေရာသည် မိမိ၏ဇာတိ မွေးရပ်မြေဟု အဆိုပြုပါသည်။

လူတစ်ဦးအနေဖြင့် မိမိမွေးဖွားသန့်စင်ခဲ့ရာ နေရာဒေသကို အမြတ်တနိုး တန်ဖိုးထားကြသည်။ မိမိမွေးဖွားရာ အမိတိုင်းပြည်ပေါ် မည်သည့် အတားအဆီးပင် ဖြစ်စေ ၊ မည်သည့်ပြဿနာပင် ဖြစ်စေ ဖြစ်ပွားခဲ့ပါက မည်သူကမျှ စိတ်ချမ်းသာမည် မဟုတ်သည်က အမှန်ပင်။ မိမိ၏နေရပ် မွေးရပ်မြေကို လူတို့ ခင်တတ် မင်တတ်၊ တွယ်တာတတ်၊ သံယောဇဉ်ထားတတ်သည့် စိတ်ကြောင့် ကိုယ့်ရပ်ကိုယ့်မြေကို စောင့်ရှောက်လေ့ရှိသည်။ ဖြည့်ဆည်း ပေးလေ့ ရှိမြဲပင် ဖြစ်သည်။ ထို့ကြောင့် မည်သူတစ်ဦးကမှ မိမိနေရပ်ဒေသမှ အိုးအိမ်စွန့်ခွာချင် စိတ်ပေါက်မည် မဟုတ်ပေ။

ဤနေရာတွင် ကွယ်လွန်သွားပြီ ဖြစ်သော အိန္ဒိယသမ္မတဟောင်း အေ၊ပီ၊ဂျေ အဗ္ဗဒူကာလမ်၏ အဆိုတစ်ရပ်ကို သတိရမိသည်။

အဆိုက - "အိပ်မက်တွေ မြင်မက်ကြပါ။ အိပ်မက်တွေထဲကမှ အတွေးတွေ ဖြစ်လာမယ်။ အတွေးတွေရှိပါမှ အလုပ်ဖြစ်မယ်။"

အေ၊ပီ၊ဂျေ အဗ္ဗဒူကာလမ် (အိန္ဒိယသမ္မတဟောင်း) ပြောထားသလိုပါပဲ ကျွန်တော်တို့အားလုံးလည်း ငြိမ်းချမ်းရေးဖို့ အိပ်မက်တွေ ပြိုင်တူမြင်မက်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေး အိပ်မက်တွေထဲကမှ ငြိမ်းချမ်းရေး အတွေးတွေ ဖြစ်လာမည်။ ငြိမ်းချမ်းရေး အတွေးတွေ ရှိပါမှ ငြိမ်းချမ်းရေး အလုပ်တွေ အမှန်တကယ် ဖြစ်လာမည်။ ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို သုံးဆောင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ နေရာဒေသအနှံ့ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်နိုင်အောင် စွမ်းဆောင်နိုင်ခြင်းသည် မြန်မာပြည်သူပြည်သားတို့၏ ကြီးမားသော တာဝန်တစ်ရပ် ဖြစ်ပေသည်။ ဆင်းရဲချမ်းသာ၊ အဖြူ အမည်း မရွေး၊ လူမျိုးမရွေး ဘာသာမရွေး စုပေါင်းလက်တွဲကာ ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ့  ။

RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာမှ ရာအိမ်မှူး ကျော်ဇေယျာဦးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာမှ ရာအိမ်မှူး ကျော်ဇေယျာဦးသည် နယ်ခြားစောင့်ရဲ (၅) ဦးနှင့် အတူ မောင်တူလာ ကျေးရွာမှ ဆင်းရဲသားများ ဖြစ်ကြသည့် ဦးအမောက်ဒူ (ဘ) ဦးအာဘူလ်ဟူဆောင်း (အသက် ၇၀ နှစ်)၊ ဦးအော်ဆီအူလ္လာ (ဘ) ဦးအာဘူလ်ဟူဆောင်း တို့ကို ဒေါ်ဟာမီဒါ (ဘ) ဦးအာရှော်ရ်မျာ ၏ နေအိမ်သို့ ဆင့်ခေါ်၍ အကြမ်းဖမ်သမား များကို ထမင်းကျွေးခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကျော်ဇေယျာဦးက ငွေညှစ်ရခြင်းမှာ တပ်ရင်းမှူး၏ အမိန့်ဖြင့် ညှစ်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားပါသည်။ 

ကျော်ဇေယျာဦးသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဒေသခံ ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်နေသူ တစ်ဦးဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ် အဆင့်သာမက ပြည်နယ်အစိုးရထံ တိုင်ကြားလျှင် အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသည်။ 

ရာအိမ်မှူး ကျော်ဇေယျာဦး

(ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ)


ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ

မောင်ဇာနည် (MYARF)
RB ကဗျာ
30.10.2016

နာမည်တောင် မမှည့်ရသေးတဲ့ နို့စို့ကလေးကို
မိခင်ရင်အုံထဲက ဆတ်ခနဲ လုယူပြီး
တဝုန်းဝုန်း လောင်မြိုက်နေတဲ့ မီးလျှံထဲ ပစ်ချတော့
အငြိုးကြီးစွာ လောင်ကျွမ်းခြင်းခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

ရက်ပေါင်းများစွာ အစာရေစာပြတ်လပ်လို့
ဘေးမကင်းတာကို သိရက်သားနဲ့
ဘဝဆိုးက လွတ်မြောက်ဖို့အရေး
မခိုင်ခန့်တဲ့ စက်လှေပေါ်တက်လိုက်ရပေမယ့်
နောက်ဆုံး မှီခိုရာကမ်းကို မရောက်နိုင်ဘဲ
တစ်မိသားစုလုံး ပင်လယ်ထဲနစ်မြုပ်ခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

ကိုယ်ဝန်ဆောင် သုံးလတာ ကာလ
အပြစ်ကင်းစင်တဲ့ အမျိုးသမီးလေးဟာ
စစ်သားတွေရဲ့အုပ်စုဖွဲ့ တပြုံးပြုံး တဏှာဖြေခဲ့မှုအောက်
သွေးတသွင်သွင်ဖြင့် ကိုယ်ဝန်ဖျက်ခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

ဘဝရဲ့ အချိုအခါးတောင် မသိသေးတဲ့
ချစ်စရာ ခုနှစ်တန်းကျောင်းသားကလေး
စစ်သားတွေရဲ့ အနီးကပ် ပစ်ခတ်ခံရပြီး
အကြောင်းမဲ့ အသက်ရှုံးဆုံးခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

မိမိ ခိုစရာအိမ်လေး မီးရှို့ခံရလို့
အိုးမဲ့အိမ်မဲ့နေတဲ့ အပျိုစင်မိန်းကလေး
နီးစပ်ရာ ဆွေမျိုး နေအိမ်ကို ပြေးခိုလှုံချိန်
စီးနင်းဝင်လာတဲ့ စစ်သားတွေရဲ့
အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရကာ
ဆေးကုသမှု ခံယူခွင့်မသာခဲ့တဲ့နောက်
လောကကြီးကို ကျောခိုင်းသွားခဲ့ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

ရွာလုံးကျွတ် မီးရှို့ခံရစဉ်
အိုမင်းမစွမ်း ဖြစ်နေတဲ့ အဘိုးအဘွားတွေ
ရုန်းထွက်လာနိုင်ခြင်း မတတ်နိုင်ရှာတဲ့အခါ
မီးတောင်အလား လောင်မြိုက်နေတဲ့ မီးထဲ
ပြာကျသွားခဲ့ ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။

ဪ... ငါတို့အပေါ်
ဒီလောက်တောင် ဖြတ်သန်းသွားခဲ့ပြီလား။
ညှဉ်းပန်းနှိပ်စက်ခံရမှုမှာ နှိုင်းစရာဆိုလို့
ဟောဒီက ငါတို့နဲ့ငါတို့သာ ရှိမယ်ထင်တယ်။
ဒါပေမယ့်...
ဖြစ်ခဲ့ပြီးသမျှ အရာရာကို
လောကဓံရဲ့စမ်းသပ်မှုလို့ မှတ်ယူရင်း
ခံစားချက်ခါးခါးလေးတွေကို
သည်းခံမှုနဲ့ အပေးအယူလုပ်ရင်း
ဘဝကို အသက်ဆက်နေရတဲ့ ငါတို့ကို
အကြမ်းဖက်သမား သမုတ်နေတာကတော့
ခင်ဗျားတို့ သိပ်လွန်လွန်းပါတယ်ဗျ။

MYARF
RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း အချို့ကို တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို ကလေး၊ အမျိုးသမီးများပါ မကျန် ပစ်သတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဘာသာရေး စော်ကားခြင်းနှင့် လူငယ်၊ သက်ကြီးရွယ်အို မကျန် ဖမ်းဆီးပြီး အကြမ်းဖက်သမားဟု ဆိုကာ ဥပဒေမဲ့ ပြုလုပ်လျက် ရှိသည်။ ယခုအခါ အချိန်ကာလ သုံးပတ် ကြာလာသည်နှင့် အညီ ပြည်တွင်းပြည်ပမှ ၀ိုင်းဝန်း အပြစ်တင် ပြောဆိုနေမှု ရှိသော်လည်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်လျက် ရှိသည်။

မြန်မာစစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အဆိုးရွားဆုံး ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် ကြက်ရိုးပြင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဦးမောင်မောင်ကြီး၊ ငါးစားကြူး ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆောလိမ်နှင့် ဦးရှည်ကျ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအာမီးရ်ဟာကိမ်း တို့ကို နယ်မြေရှင်းလင်းရေး အဖွဲ့က ဖမ်းဆီး၍ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားကာ (၃) ရက်တိတိ ချုပ်နှောင်၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အပြင် ကျေးရွာတွင် အကြမ်းဖက်သမားများ ရှိကြောင်း၊ ကျေးရွာကို အကြမ်းဖက်သမားများက မီးရှို့ခဲ့ကြာင်း၊ လူအချို့ကိုပါ သတ်သွားကြောင်း အတင်းအဓမ္မ ၀န်ခံချက်တွင် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၁) နှင့် (၂) အပိုင်ရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက နယ်မြေရှင်းလင်းရေး အဖွဲ့သို့ ငွေကြေး ချမ်းသာသည့် ရိုဟင်ဂျာများ၏ အမည်များကို ရွေး၍ အကြမ်းဖက်သမားများဟု စာရင်းပြုပြီး တင်ပြကာ မောင်တောတစ်မြို့နယ်လုံး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြိုးစားလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ ယနေ့ထိ နယ်မြေရှင်းလင်းရေး အဖွဲ့မှ ဖမ်းဆီးထားသူများမှာ အကြမ်းဖက်သမားများဟု စွပ်စွဲခံရသည့် အပြစ်မဲ့ပြည်သူများ ဖြစ်ကြသည်။


MYARF
RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်သားများ ၀င်ရောက် စီးနင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ ယခုလည်း လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာသို့ စစ်သားများ ၀န်းရံ ပိတ်ဆို့ထားကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းရှိ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာကို စစ်သား ၅၃ ဦးခန့်က ၀န်းရံ ပိတ်ဆို့ထားပြီး၊ ရွာအတွင်းရှိ အိမ်များထဲမှ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွာသူရွာသားများကို ရိုက်နှက်ခြင်းများ အပြင် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်မည်ကို ရွာသားများက အထူးစိုးရိမ်နေကြကြောင်း RB News သို့ပြောသည်။ 

အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သားများက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ် အောက်တွင် သတ်ဖြတ်ခဲ့သည့်အပြင်၊ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများစွာကို လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်သည်။

အဆိုးဆုံးမှာ ဆယ်ကျော်သက် အသက် ၁၀ နှစ် မိန်းကလေးမှ စ၍ အသက် ၄၀ ကျော် အိမ်ထောင်ရှင် အမျိုးသမီးများပါ မကျန် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ဖြစ်သည်။ 

မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေသူတစ်ဦးက " ဒီစစ်သားတွေက လူမဟုတ်ဘူးဗျ။ နှမချင်း စာနာစိတ်ဆိုတာ မရှိကြဘူး။ အားနွဲ့တဲ့ အမျိုးသမီးတွေကို နေ့စဉ်နဲ့အမျှ လက်နက်အားနဲ့ မုဒိမ်းကျင့်နေကြတယ်။ ဒီတော့ ဒေသခံတွေကလည်း သူတို့ သမီးတွေ၊ ညီမတွေ၊ အစ်မတွေ၊ ဇနီးတွေကို စစ်သားတွေက ဆက်လက် မုဒိမ်းကျင့်မယ်ဆိုရင်တော့ မခံနိုင်ရင် လက်တုန့်ပြန်ကြမှာကို စိုးရိမ်ရတယ်။ အဲ့လို ကိုယ့်ရဲ့ရှေ့မှာ ကိုယ့်သမီးကို ကိုယ့်အမေကို မုဒိမ်းကျင့်ရင် ဘယ်သူကမှ သူတော်စင်လို လက်ပိုက်ပြီး ကြည့်နေနိုင်မှာ မဟုတ်ဘူးလေ'' ဟု RB News သို့ပြောသည်။

အစိုးရအနေဖြင့် ရာဇ၀တ်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်သားများကို အရေးယူ ဟန့်တားရန် အရေးတကြီး လိုအပ်နေပြီး၊ ယခုကဲ့သို့ ဥပဒေမဲ့ ကျူးလွန်နေခြင်းများကို လွှတ်ထားမည် ဆိုပါက မလိုလားအပ် ပြဿနာပေါင်းစုံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။


RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်း တွင် စစ်သားများ ၀င်ရောက်လာပြီး၊ ဒေသခံများထံမှ လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဗလီအတွင်းတွင် စခန်းချ၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၉) ရက်နေ့ နံနက် ၁၁း၃၀ အချိန်တွင် စစ်သားများသည် န.တ.လ ရွာသားများနှင့် အတူ  ဦးရှည်ကျ ကျေးရွာအုပ်စုသို့ ၀င်ရောက်လာကာ အနောက်ရွာရှိ ဗလီနှင့် အနောက်ရွာအနီးရှိ ဘာသာရေး ကျောင်းသို့ ၀င်ရောက်၍ ကုရ်အာန်ကျမ်းစာများကို စုတ်ဖြဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် အဖွဲ့ ၄ ဖွဲ့ခွဲကာ တစ်ဖွဲ့က မြောက်ရွာရှိ ဗလီသို့ သွားရောက်၍ ဗလီတွင်းရှိ ကုရ်အာန်ကျမ်းစာများကို စုတ်ဖြဲဖျက်ဆီးခြင်းများ ဆက်လက်ပြုလုပ်ခဲ့သည်။ အခြားနှစ်ဖွဲ့က အလယ်ရွာနှင့် ဈေးအနီးရှိ ဗလီများကို သွားရောက်၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့သည်။ 

ထို့နောက် စစ်သားအဖွဲ့ (၄) ဖွဲ့သည် ၎င်းတို့ ရောက်ရှိနေသည့် ရွာများရှိ နေအိမ်များမှ စိတ်တိုင်းကျ လုယက်ခဲ့ပြီး၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စစ်သားများက ယခုကဲ့သို့ ရွာအတွင်းသို့ ၀င်ရောက်၍ ထပ်မံ အကြမ်းဖက်ရခြင်းမှာ မီဒီယာများ ရောက်ရှိခဲ့စဉ်က မီဒီယာများနှင့် တွေ့ဆုံ၍ စကားပြောခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုသွားကြောင်း ဒေသခံများက ပြောပါသည်။ 

စစ်သားများသည် ၎င်းတို့ စိတ်တိုင်းကျ လုယက်၊ ရိုက်နှက်၊ ဖျက်ဆီးပြီးနောက် ည ၁၂ နာရီ အချိန်တွင် ဗလီတွင် စခန်းချ၍ ရွာမှ လုယက်ထားသည့် ဆိတ်များ၊ ကြက်များကို ချက်ပြုတ်၍ စားသောက်ခဲ့ကြောင်း သိရှိရသည်။ ယနေ့ အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် လုယက် ယူဆောင်ထားသည့် ပစ္စည်းများနှင့်တကွ ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

စစ်သားများသည် ဗလီအတွင်း စခန်းချနေစဉ် အချိန်တွင် ၎င်းတို့၏ တာဝန် မှတ်တမ်းများ ရေးသားခဲ့ပြီး၊ ထိုထဲမှ စာရွက်နှစ်ရွက် မေ့ကျန်ခဲ့သည်။ အဆိုပါ စာရွက်နှစ်ရွက်တွင် စစ်သားများ၏ ကိုယ်ပိုင်အမှတ်များပါ ပါရှိသည်။

စစ်သားများ၏ တာဝန်မှတ်တမ်းများ 




ဦးရှည်ကျ ကျေးရွာသို့ အောက်တိုဘာလ (၂၉) ရက်နေ့က စစ်သားများ ၀င်ရောက်၍ လုယက်၊ ဖျက်ဆီးပြီးနောက် ရိုက်ကူးထားသည့် ဓါတ်ပုံ အချို့ 














RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ အနောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တို့သည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေနှင့် ရာအိမ်မှူ ဦးတင်ရွှေ တို့သည် ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ ပြည်သူများကို အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှု တရားခံစာရင်း၌ ပါဝင်သည်ဟု ဆိုကာ နေအိမ်များမှ တိမ်းရှောင်နေရန် ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။ 

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေသည် အပြစ်မဲ့ ပြည်သူ အချို့ကို ၎င်း၏ နေအိမ်သို့ လျှို့ဝှက် ခေါ်ယူကာ နေအိမ်များမှ ရှောင်နေရန် ထပ်မံပြောဆိုခဲ့သည်။ အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေ၊ ရာအိမ်မှူး ဦးတင်ရွှေ တို့သည် မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ထွန်း၊ ခရိုင် လ.၀.က လုံခြုံရေးကင်းစခန်းမှ ရဲတပ်သား တစ်ဦးတို့ကို Toyota Probox ကားတစ်စီးပေါ်တွင် တင်၍ နေအိမ်မှ ရှောင်ခိုင်းထားသူများ၏ နေအိမ်များသို့ သွားရောက်ခဲ့သည်။ 

“အိမ်တွေကို ၀င်တော့ ရဲနှစ်ယောက်က ကားပေါ်မှာ ကျန်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး တို့က အိမ်ထဲဝင်ပြီး အခုဖမ်းဖို့ လာတာ၊ အိမ်ထဲမှာ တရားခံစာရင်းထဲ ပါတဲ့လူ ရှိနေရင် အမြန်ရှောင်ခိုင်းလိုက်ပါ ဆိုပြီး ပြောတယ်။ အိမ်ထဲတော့ ၀င်မစစ်ဘူး။ ရဲခေါ်လာပြီး ခြောက်ပြတာပါ။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

တစ်ဖန် ယင်းနေ့ နေ့လည် (၂) နာရီ အချိန်တွင် တရားခံစာရင်းတွင် ပါသည်ဟု လုပ်ကြံခံရသူများကို အုပ်ချုပ်ရေးမှူး ဦးမောင်ဒိုင်ချေက ဖုန်းဆက်၍ နေ့လည် (၃) နာရီ အချိန် နောက်ဆုံးထား၍ ငွေကျပ် သိန်း (၂၀) စီ လာပေးရန်နှင့် မပေးပါက ၎င်းအနေဖြင့် တာဝန်မယူနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

“အုပ်ချုပ်ရေးမှူးက ငွေကြေး နည်းနည်းပါးပါး တတ်နိုင်သူတွေရဲ့ ဖုန်းနံပါတ်တွေ အရင်စုဆောင်းတယ်၊ ပြီးမှ ငွေညှစ်ဖို့ အတွက် ရဲတွေနဲ့ ပေါင်းပြီး လုပ်ကြံတာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အခုလို လုပ်ကြံနေတာတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ရပ်ကွက်ထဲက အပြစ်မဲ့ ပြည်သူတွေ စိုးရိမ်ပြီး အထိတ်တလန့် ဖြစ်နေရတယ်” ဟု အဆိုပါ ဒေသခံကပြောပါသည်။


MYARF
RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၄ မိုင် အမှတ် (၆) ရပ်ကွက်မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကန်များကို စစ်မှုထမ်းဟောင်း အဖွဲ့က သိမ်းဆည်း၍ ရောင်းချလိုက်ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် ၄ မိုင်၊ အမှတ် (၆) ရပ်ကွက်ရှိ ဗလီကြီးပိုင် ရေကန်နှင့် ဦးအောင်သာကျော်နှင့် ဦးမာမတ်တို့ ပိုင်ဆိုင်သည့် ငါးမွေးမြူရေးကန် (၃) ကန်ကို ၄ မိုင်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့မှ ဦးကျော်မောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှကျော်တို့က မောင်တောမြို့တွင် တည်ငြိမ်မှု မရှိသည်ကို အခွင့်ကောင်းယူ၍ စစ်မှုထမ်းဟောင်း သက်သာချောင်ချိရေး အတွက် သိမ်းဆည်းလိုက်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

သိမ်းဆည်းလိုက်သည့် ငါးမွေးမြူရေးကန် (၃) ကန်ကို ဦးလှခင် ထံသို့ ငွေကျပ် သိန်း (၃၀) ဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှကျော်နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးကျော်မောင် တို့က ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် အရောင်းအ၀ယ် စာချုပ်ချုပ် ဆို၍ ရောင်းချလိုက်ကြောင်း သိရှိရသည်။ 

“ပိုင်ရှင်တွေကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှု မိတ္တူတွေနဲ့ အုပ်ချုပ်ရေးမှူး ရုံးကို သွားတယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ ကျူးကျော် သိမ်းပိုက်ပြီး ရောင်းစားတဲ့ အတွက် ခရိုင်အဆင့်ထိ တိုင်မယ် ပြောတော့လည်း အရေးတောင် မလုပ်ဘူး။ စာရွက်စာတမ်းတွေကို သေချာ ကြည့်ရုံသာ ကြည့်တယ်။ မတည်ငြိမ်မှုကို အခွင့်ကောင်း ယူပြီး ပိုက်ဆံရှာနေကြတာ။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 


RB News
29.10.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အောက်နန်းရာ ကျေးရွာအုပ်စုမှ မော်လ၀ီ လေးပါးကို တပ်မတော် စစ်ကြောင်းမှ စစ်ကြောင်းမှူးက ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၆) ရက်နေ့တွင် တပ်မတော် စစ်ကြောင်း တစ်ကြောင်းမှ အထက်နန်းရာ ကျေးရွာအုပ်စု၊ ပေါက်ပင်ရင်း ကျေးရွာအုပ်စု တို့တွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ညနေ ၅း၃၀ နာရီခန့် စေတီပြင် ကျေးရွာသို့ အပြန်တွင် အောက်နန်းရာ ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းနှင့် မပြေလည်သည့် မော်လ၀ီ လေးပါးကို ခေါ်ယူ၍ စစ်ကြောင်းမှူးနှင့် တွေ့ဆုံပေးခဲ့သည်။ စစ်ကြောင်းမှူးက မော်လ၀ီ များကို မေးခွန်း အနည်းငယ် မေးပြီးနောက် လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး၊ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုက်နှက်ခံရပြီး ငွေညှစ်ခံရသည့် မော်လ၀ီ လေးပါးမှာ --

(၁) မော်လ၀ီ အာတာအူလ္လာ (ဘ) ဦးတော်ဇူမာလီ (အသက် ၄၅ နှစ်)
(၂) မော်လ၀ီ အာတာအူလ္လာ (ဘ) ဦးအဒူမော်တလုပ် (အသက် ၂၈ နှစ်)
(၃) မော်လ၀ီ ရော်ဟီမူလ္လာ (ဘ) ဦးခေါ်ဘီရာမောက် (အသက် ၄၀ နှစ်)
(၄) မော်လ၀ီ နော်ဘီဟူစိန်း (ဘ) ဦးတာကေးရ် (အသက် ၃၆ နှစ်) -- တို့ဖြစ်သည်။ 

မော်လ၀ီ လေးပါးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူပြီးနောက် ရွာမှ စုပေါင်း၍ ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

စစ်ကြောင်းမှူးသည် ငွေကျပ် (၇) သိန်းရပြီးမှ ရွာမှပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။


MYARF
RB News
29.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာသို့ စစ်သားများ ၀င်ရောက်ပြီး ထပ်မံ၍ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးရှည်ကျ ကျေးရွာကို စစ်သားများက ၀န်းရံ ပိတ်ဆို့ခဲ့ပြီး၊ ညနေပိုင်းမှစ၍ နေအိမ်များအတွင်း ၀င်ရောက်စီးနင်း၍ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို ရိုက်နှက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် စစ်သားများသည် ဗလီထဲတွင် စခန်းချ နေထိုင်လျက် ရှိကြောင်း သိရှိရသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၂)နယ်မြေ ခမောင်းဆိပ် ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးနှင့် အောင်ဇံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူး တို့က အမှတ် (၂) နယ်မြေ အပိုင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ခံများကို ယနေ့ ဆင့်ခေါ်ပြီး ကျေးရွာများ စစ်ဆေးရန် ရှိကြောင်း၊ ရွာသားများကို တစ်ရွာမှ တစ်ရွာသို့ သွားလာခြင်း မပြုလုပ်ရန်၊ ရွာအတွင်းတွင်လည်း တစ်အိမ်မှ တစ်အိမ်သို့ မသွားရန် မှာကြားခဲ့ကြောင်း၊ တပ်ရင်းမှူးနှင့် နယ်မြေမှူးတို့က ရွာထဲတွင် သောင်းကျန်းသူများ ရှိနေသဖြင့် ရွာများကို စစ်ဆေးရန် လိုသည်ဟု ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“တပ်ရင်းမှူးနဲ့ နယ်မြေမှူး တို့က ဘာပြဿနာမှ မရှိတဲ့ ကျွန်တော်တို့ ရွာတွေကို ခေါင်းစဉ်တွေတပ်ပြီး ရွာထဲဝင် ညှဉ်းပန်းနှိပ်စက်၊ လုယက်တာတွေ လုပ်ဖို့ ကြံစည်နေတယ် ထင်တယ်” ဟု အဆိုပါ ဒေသခံကပြောသည်။ 

မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက် (၄ မိုင်) တွင်လည်း ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်ခြံဝင်းများ ဖယ်ရှားပေးရန် အပြင် လူဦးရေ ကျားမခွဲ၍ စစ်ဆေးသွားမည်ဟု ပြောနေကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး စစ်တွေသို့ ခရီးသွားနေစဉ် ဦးလှခင်နှင့် ဦးတင်အောင်စိုး တို့က မလိုအပ်သည်များကို လုပ်ခိုင်းနေသည်ဟု ဒေသခံများက သံသယ ဖြစ်နေကြပြီး၊ ရပ်ကွက်နှင့် နီးသည့် တပ်ရင်းမှ ဒေသခံများကို ရပ်ကွက်မှ နှင်ထုတ်ရန် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခြင်းနှင့် အကြမ်းဖက်သမားများ ၀င်ရောက်လာပါက အကြောင်းကြားရန် မှာကြားထားကြောင်း သိရှိရသည်။ 

စစ်သားများသည် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် ၎င်းတို့ စိတ်ကြိုက် ဥပဒေမဲ့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ စစ်သားများ ၀င်ရောက်လာပြီး ရွာမြောက်ဘက်ရှိ ဗလီတွင် စခန်းချနေကြောင်း သိရှိရသည်။ အပြစ်မဲ့များကို ဖမ်းဆီး ရိုက်နှက်ခြင်း၊ အိမ်များ စစ်ဆေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ အောက်တိုဘာလ (၂၇) ရက်နေ့ကလည်း စစ်သားများ ရေတွင်းပြင်ကျေးရွာသို့ ၀င်ရောက်လာပြီး ဗလီတွင် စခန်းချကာ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ထွက်ခွာသွားခဲ့သည်။ 

အလားတူ အောက်တိုဘာလ (၂၈) ရက်နေ့ကလည်း လောင်းဒုံ ကျေးရွာအုပ်စု၊ မျှာဇင်ကျေးရွာနှင့် ကြိုက်ချောင်း ကျေးရွာသို့ စစ်သားများဝင်ရောက်၍ မျှာဇင် အစ္စလာမ်အာရဗီတက္ကသိုလ် ကျောင်းတွင် ညအိပ်ကာ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 


Rohingya Eye
RB News
29.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာတွင် စစ်သားများ ၀င်ရောက်၍ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်သည့် အပြင် ကားတစ်စီးကို တစ်နေ့တာ အတွက် ချောဆွဲသွားပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ငန်းချောင်း ကျေးရွာသို့ အောက်တိုဘာလ (၁၄) ရက်နေ့မှစ၍ စစ်သားများ ၀င်ထွက်ခဲ့သည်။

အောက်တိုဘာလ (၂၃) ရက်နေ့တွင် စစ်သားများက ဦးအီနုစ် (ဘ) ဦးမိုဟာမတ်ရှော်ဖီ (အသက် ၄၃ နှစ်) ၏ ကျပ်သိန်း ၁၅၀ တန်း Lifan ကားတစ်စီးကို နောက်တစ်နေ့ ပြန်ပေးမည်ဟု ဆိုကာ ချောဆွဲသွားပြီး ယနေ့ထိ ပိုင်ရှင်ထံ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အောက်တိုဘာလ (၂၁) ရက်နေ့တွင် စစ်သားများက ဈေးတွင်းရှိ စားကုန်ဆိုင် ဆိုင်ခန်း (၃) ခန်း၏ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများ လုယက်ယူပြီး ဖားဝပ်ချောင်း ကျေးရွာအုပ်စုရှိ န.တ.လ ရွာသို့ သယ်ဆောင် သွားခဲ့သည်။

လုယက်ခံရသည့် စားကုန်ဆိုင် ပိုင်ရှင်များမှာ --

(၁) ဦးအာလောမ် (ဘ) ဦးအဘူအာလောမ် (အသက် ၂၇ နှစ်)
(၂) ဦးအေကေရာမ် (ဘ) ဦးဝါရဲစ် (အသက် ၃၅ နှစ်)
(၃) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၂၈ နှစ်) တို့ဖြစ်သည်။

အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် အဆိုပါ ကျေးရွာအုပ်စု ဂေါနောဘီရာရွာသို့ စစ်သားများ ၀င်ရောက်လာပြီး ဦးကော်လိမ် (ဘ) ဦးမာမတ် (အသက် ၅၀ နှစ်) နေအိမ်မှ အ၀တ်အထည် အချို့ လုယက်ယူဆောင်သွားပြီး၊ ဦးလေရာယာ (ဘ) ဦးဆွေတာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်မှ ဆိုလာပြားတစ်ခုနှင့် ခို များ လုယက်ယူဆောင် သွားခဲ့သည်။

အလားတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာလတ်၏ နေအိမ်ကိုလည်း ၀င်ရောက်စစ်ဆေးပြီး၊ ခြံဝင်းထဲမှ ဆိတ်တစ်ကောင်ကို လုယက်ယူဆောင် သွားခဲ့သည်။ စစ်သားများသည် ရွာထဲသို့ ၀င်ရောက်ပြီး လုယက်ယူသမျှ ပစ္စည်းများ၊ လယ်ကွင်းပြင်များတွင် တွေ့ရှိသော ကျွဲ၊ နွား၊ ဆိတ်များကို ဖားဝပ်ချောင်း ကျေးရွာအုပ်စုရှိ န.တ.လ ရွာသို့ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရွာလူကြီးတစ်ဦးက “စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေတယ် ဆိုပြီး အိမ်ထဲကို ၀င်စစ်တယ်။ တရားမ၀င် ဘာမှ မတွေ့ဘူး။ ဒါပေမယ့် အဖိုးတန် ပစ္စည်းတွေကို လုတယ်။ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ တွေ့သမျှ ဆိတ်တွေကို သတ်ဖြတ်ပြီး စားသောက်တယ်။ ကျွဲ၊ နွားတွေကို ကျတော့ န.တ.လ ရွာတွေထဲကို မောင်းသွင်းနေတယ်။ ကျွန်တော်တို့ကို ဆင်းရဲသား ဘ၀ ရောက်အောင် တွန်းပို့ နေတာပဲ” ဟု ပြောသည်။


Rohingya Eye
RB News
29.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ အပိုင် မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်းရွာ (ရိုင်မောမ်ဘိလ်) မှ အသက် (၁၀) နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေး တစ်ဦးကို နယ်ခြားစောင့်ရဲ တစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်း ကျေးရွာမှ ဦး ---- ၏ အသက် (၁၀) နှစ် အရွယ် မ ---- သည် ၎င်း၏ နေအိမ်မှ နွားများကို လယ်ကွင်းပြင်တွင် ကျောင်းနေခဲ့သည်။ ထိုစဉ် နယ်ခြားစောင့်ရဲ (၃) ဦးက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ လမ်းကြောင်း ရှိသဖြင့် လယ်ကွင်းအနီးတွင် ကင်းလှည့်နေခဲ့သည်။ နယ်ခြားစောင့်ရဲများက အသက် (၁၀) နှစ် အရွယ် မိန်းကလေးကို တွေ့သောအခါ ဖမ်းချုပ်၍ တစ်ဦးမှ မုဒိမ်းကျင့်နေစဉ် အခြားသော နွားကျောင်းနေသည့် ကလေးတစ်ဦးမှ တွေ့၍ ရွာသားများကို လှမ်းအော် အကူအညီ တောင်းသောအခါ မုဒိမ်းသမားများ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ (၃) ဦးလုံးက မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သော်လည်း အခြားနွားကျောင်းနေသည့်သူ တစ်ဦးမှ တွေ့ရှိသောကြောင့် ကံကောင်းထောက်မ၍ (၃) ဦးလုံး၏ မုဒိမ်းကျင့်ခြင်းကို မခံရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လူစိတ်ကင်းမဲ့နေသည့် နယ်ခြားစောင့်ရဲ (၃) ဦးလုံး၏ မုဒိမ်းကျင့်ခြင်းကို ခံရပါက အသက်ပင် သေဆုံး သွားနိုင်ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။

မုဒိမ်းကျင့်ခံရသူ၏ ဂုဏ်သိက္ခာကြောင့် အမည်ကို ချန်လှပ်ထားသည်။ 



Rohingya Eye
RB News
28.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု တောင်ရွာအနီးမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားအကောင် ၄၀ ကျော်ကို စစ်သားများက န.တ.လ ရွာသားများနှင့် ပူးပေါင်း၍ လုယက် ယူဆောင် သွားကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်သားများသည် ကျီးကန်းပြင် ကျေးရွာအုပ်စု တောင်ရွာသို့ စီးနင်း ၀င်ရောက်ခဲ့ပြီး၊ ရွာအတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရှိသောကြောင့် ရွာ၏ အရှေ့ဘက်ပိုင်းရှိ လယ်ကွင်းပြင်သို့ သွားရောက်ခဲ့သည်။ လယ်ကွင်းပြင်တွင် နွားအကောင် (၄၀) ကျော် ကျောင်းနေသည့် သူများကို တွေ့သည့် အခါ အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားသောကြောင့် နွားကျောင်းနေသူများ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် စစ်သားများက နွားများ အားလုံးကို န.တ.လ ရွာသားများနှင့် အတူ အောင်ဇေယျ န.တ.လ ရွာသို့ မောင်းသွင်းလိုက်ပြီး၊ နွားများနှင့် အတူ ရှိနေခဲ့သည့် ဆိတ်နှစ်ကောင်ကို သတ်ဖြတ်၍ တောင်ရွာ၏ ဘေးကပ်လျက်တွင် ရှိသည့် ဦးမူဇာဖောရ်၏ ဥယျာဉ်ခြံတွင် ချက်ပြုတ် စားသောက်၍ တစ်ညလုံး စခန်းချ နေခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် ရက်ပိုင်းက ကျီးကန်းပြင် အလယ်ရွာမှ နှင်ထုတ်ခဲ့ရသည့် ဒေသခံ ဦးမိုဟာမတ်နူးရ် (ဘ) ဦးအဒူဂဖူရ်သည် ၎င်း၏ နွား (၉) ကောင်ကို တောင်ရွာရှိ အိမ်တစ်အိမ်တွင် ထားရှိခဲ့ရာ ၎င်း၏ နွား (၉) ကောင်လည်း စစ်သားများ လုယက်ယူဆောင် သွားသည့် အထဲတွင် ပါဝင်သွားကြောင်း သိရှိရသည်။ 

စစ်သားများ ဦးမူဇာဖောရ်၏ ဥယျာဉ်ခြံတွင် ရှိနေစဉ် အချိန် ည ၁၁း၃၀ နာရီခန့်တွင် အရပ်ဝတ်ဖြင့် လူ (၅) ဦးသည် လက်နက်များ ကိုင်ဆောင်၍ ကျီးကန်းပြင် တောင်ရွာသို့ ၀င်ရောက်လာပြီး ဦးအ၀ဲလ်အစ္စလာမ် (ဘ) ဦးအေဇာမျာ၏ နေအိမ်ထဲသို့ ၀င်ရောက်ကာ ဆယ်ကျော်သက် တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် ဦးဟာဒိရ် (ဘ) ဦးမာမွတ်ဟာဆောင်၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ရှင် ဖြစ်သူ၏ ဖခင်နှင့် ၀ပိတ်ရွာမှ ရွာစွန့်ခွာခဲ့ရသူ ယောက္ခထီး တို့ကို လူမဆန်စွာ အဆိုပါ အရပ်ဝတ်ဖြင့် လူ(၅) ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ဦးဟာဒိရ်၏ ဖခင်ဖြစ်သူမှာ အသက် (၇၀) ကျော်ဖြစ်ပြီး၊ ယောက္ခထီး ဖြစ်သူမှာလည်း သက်ကြီးရွယ်အိုဖြစ်သည်။ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ယောက္ခထီးဖြစ်သူ၏ ဦးခေါင်းကွဲသွားကြောင်း သိရှိရသည်။ 

အောက်တိုဘာ (၂၆) ရက်နေ့ ညပိုင်းတွင် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေများတောင်ရွာသို့ ပြသရွာမှ ရခိုင်အမျိုးသား တစ်ဦးသည် သေနတ် ကိုင်ဆောင်၍ ကျောပိုးအိတ်တစ်လုံး လွယ်ကာ ၀င်ရောက်လာခဲ့သည်။ ၎င်းသည် ရွာအတွင်း ဒေါ်ရိုမီဒါ၏ နေအိမ်နောက်ဖေးသို့ ရောက်ရှိသောအခါ လမ်းလျှောက်၍ လှုပ်ရှားနေသည့် အသံကြောင့် ဒေါ်ရိုမီဒါက တွေ့ရှိသွားပြီး မေးမြန်းသောအခါ ဖားရှာရန် လာခဲ့ခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ဒေါ်ရိုမီဒါက သေနတ်ဖြင့် ဖားရှာနေသည်မှာ ရွာအတွက် အန္တရာယ် ရှိသည်ဟု တွေးကာ ရွာအတွင်းရှိ ကင်းသမားများ အော်ခေါ်ခဲ့သည်။ ကင်းသမားများက သေနတ်ကိုင်ဆောင် ထားသူကို ဖမ်းဆီးပြီး ရွာတာဝန်ခံကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ရွာတာဝန်ခံ ချက်ချင်း ရောက်ရှိလာပြီး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဦးချစ်မြအောင်ကို ဖုန်းဆက် ခေါ်ရာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး သေနတ်သမားကို ပြန်လွှတ်ပေးရန် ပြောသောကြောင့် ပြန်လွှတ်ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။


MYARF
RB News
28.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်ဆည်ဒိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို အခွင့်ကောင်းယူ၍ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်ဆည်ဒိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးသည် အောက်တိုဘာလ (၂၇) ရက်နေ့ ည ၆း၃၀ နာရီအချိန်တွင် အရက်သေစာ သောက်စား၍ တပ်ဖွဲ့ဝင် (၅) ဦးနှင့် အတူ ဂူတာပြင်ရွာသို့ ရောက်ရှိလာပြီး မိမိ၏ ခြံဝင်းထဲတွင် ရပ်နေသော ဦးအီဆုပ် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၄၅ နှစ်) ကို တွေ့ပြီး အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် ရွာကင်းစောင့်ရန် လာနေသည့် ဦးနူရ်အာမီးန် (ဘ) ဦးအာလီမီဆီရီး (အသက် ၄၃ နှစ်) ကို တွေ့ရှိသောအခါ ည ၆ နာရီမှစ၍ ကင်းစောင့်ရမည်ဟု ပြောဆိုကာ ရိုက်နှက်၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ဂူတာပြင် တောင်ပေါ်တွင် နေထိုင်သည့် မော်လ၀ီ ဦးဂျာကဲရ် (ဘ) ဦးနော်ဇူမျာ (အသက် ၂၉ နှစ်) က ၎င်း၏ အိမ်တလင်းပြင်ကို ညီညာအောင် တူးနေသည်ကို ပေါက်တူး နှစ်လက်ဖြင့် တွေ့သည်ဟု ဆိုကာ ပေါက်တူး နှစ်လက်နှင့်ပါ ဖမ်းဆီး ခေါ်ဆောင် သွားပြီး အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 






မနန္ဒာချမ်း
28.10.2016

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် နိုင်ငံတကာ အဖွဲ့တွေကို အကန့်အသတ်မရှိ ၀င်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ က မနေ့က နယူးယောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမတိုင်ခင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းခဲ့တဲ့ သူ့ရဲ့အစီရင်ခံစာမှာလည်း - တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒုက္ခသည် တွေ အရေးပြဿနာတွေကိုလည်း အလေးပေး ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း - အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့ခင်းပိုင်းက နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - လက်ရှိ ရခိုင်ပြည် နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ စိုးရိမ်စရာ အခြေအနေမှာရှိနေပြီး၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနဲ့ ဘူးသီးတောင် ဒေသတွေ မှာဖြစ်ခဲ့တဲ့ နယ်ခြားစောင့်ရဲစခန်း ၃ ခု တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတာ၊ လက်ရှိ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံအရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာတွေကို သူက ပြောဆိုခဲ့တာပါ။

အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် - မောင်တော ဒေသတ၀ိုက်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဒေသလုံခြုံရေးရှင်းလင်းမှု စီမံချက်အတွင်း ဒေသခံအရပ်သားတွေအပေါ် အထူးသဖြင့် မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ - သတင်းမှန်ကို သေသေချာချာ သိရှိခွင့် မရတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် အဲဒီဒေသကို နိုင်ငံတကာအဖွဲ့တွေ ၀င်ရောက်ခွင့်ပြုဖို့ မြန်မာအစိုးရကို မစ္စစ် ယန်ဟီးလီက တောင်းဆိုခဲ့ပါတယ်။

“အစိုးရပိုင်သတင်းမီဒီယာတွေနဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေကလွဲလို့ နိုင်ငံခြားသတင်းမီဒီယာတွေကို သွားရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါ့အပြင် ပုဂ္ဂလိက သတင်းမီဒီယာဆိုရင်လည်း ရခိုင်ပြည်နယ်အခြေအနေကို ရေးသားဖော်ပြခွင့် မပေးပါဘူး။ ကျမကိုယ်တိုင်လည်း အဲဒီက အခြေအနေတွေကို ဘာမှ မသိရသလို၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အလားတူပါပဲ။ ဘာဖြစ်နေသလဲဆိုတာ မသိပါဘူး။ လောလောဆယ်မှာ အရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးမှုတွေလို ဆိုးရွားလှတဲ့ သတင်းတွေကိုပဲ ကြားနေရပါတယ်။ ဒါတွေနဲ့ ပတ်သက် လို့လည်း အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့် မကြာသေးခင်က အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ အဲဒီဒေသတွေကို အကန့် အသတ်မရှိ ၀င်ရောက်ခွင့်နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

မြန်မာအစိုးရကတော့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေဟာ ဖန်တီးလုပ်ကြံမှုသာဖြစ်ပြီး၊ မြန်မာအစိုးရက ဥပေဒနဲ့အညီ ဆောင်ရွက်နေကြောင်းကို တုံ့ပြန်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁ သန်းကျော် ရှိပြီး၊ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် မူဆလင်တွေအနေနဲ့ လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်လို အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးနေရတာကိုလည်း မစ္စစ် ယန်ဟီးလီ က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လက်ရှိ အစိုးရအနေနဲ့ ပြင်ဆင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

“ကျမအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ထပ်ခါတလဲလဲ ဖိအားပေး တိုက်တွန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၂ နိုင်ငံသားဥပဒေက အသက်ဝင် နေဆဲ ဖြစ်တာကြောင့် ဒီဥပဒေအရ သူတို့ကို အသိအမှတ်မပြုပါဘူး။ ၁၉၈၂ မတိုင်ခင်က ရိုဟင်ဂျာတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ကဒ်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်ကစလို့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒီကဒ်တွေကို အရင်အစိုးရလက်ထက်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေအဖြစ်သာ လက်ခံထားတာပါ။ လက်ရှိ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ရေးဆွဲ တာ ဒါမှမဟုတ် ပယ်ဖျက်တာမျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ - ဒီဥပဒေပြင်ဆင်ဖို့ကို လက်ရှိအစိုးရက မရည်ရွယ်ထားဘူးဆိုတာ ရှင်းရှင်းလင်း လင်း ပြောထားပါတယ်။”

ကြာသပတေးနေ့ မနက်အစောပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မစ္စစ် ယန်ဟီးလီ တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး အစီအရင်ခံစာမှာလည်း - မကြာသေးခင်က မြန်မာနိုင်ငံမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ခဲ့တာကို သူက ကြိုဆိုပေမဲ့ - လက်တွေ့အခြေအနေမှာ ငြိမ်းချမ်းရေဖို့ အလှမ်းဝေးနေဆဲဆိုတာကိုလည်း သူက ထောက်ပြခဲ့တာပါ။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတာပါ။ အဓမ္မတပ်သားသစ်စုဆောင်းမှု၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ အဲ့လိုပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာ့တပ်မတော်လည်း ပါဝင်ပါတယ်။ တချို့ဒေသတွေ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် မကြာသေးခင်ကနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒုက္ခသည်တွေ ထွက်ပြေးနေကြရဆဲပါ။ ဒီပဋိပက္ခတွေက ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်လို တခြားဒေသတွေကိုပါ ပျံ့နှံ့လာ နေပါတယ်။”

ဒါ့အပြင် NLD ဦးဆောင်တဲ့အစိုးရသစ်လက်ထက် လူ့အခွင့်အရေး တိုးတက်လာဖို့မှာ စိန်ခေါ်မှုတွေ ရှိနေပြီး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးအကျဉ်းသား ကိစ္စ၊ တရားဥပဒေစိုးမိုးရေနဲ့ ဥပဒေပြင်ဆင်ဖို့မှာ လိုအပ်ချက်တွေရှိတာတာတွေကိုလည်း - ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ မစ္စစ် ယန်ဟီးလီ က ထည့်သွင်းခဲ့ပါတယ်။

RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာကို စစ်သားများက ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ ည (၁၁) နာရီတွင် မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ ယနေ့ နံနက် ၉း၃၀ နာရီခန့်တွင် စစ်သားများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၉) ဦး၏ နားများမှ နားကပ်များ ချွတ်ယူ၍ လုယက်ခဲ့ကြောင်း မျက်မြင် သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထို့နောက် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီး၍ ရေများတောင်ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ကို ဘုန်းကြီးကျောင်းတွင် ရိုက်နှက် နှိပ်စက်၍ အကြမ်းဖက်သမားများကို နေ့လည် ၁၂း၃၀ နာရီ နောက်ဆုံးထား ရှာဖွေ၍ ဘုန်းကြီးကျောင်းသို့ လာရောက် အကြောင်းကြားရန် ပြောကာ ပြန်လည် လွှတ်ပေးခဲ့သည်။

ရွာသား (၃) ဦးက နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ၎င်းတို့ အနေဖြင့် မိမိတို့ ရွာထဲတွင် မည်သည့် အကြမ်းဖက်သမားမှ မရှိသောကြောင့် ရှာဖွေတွေ့ရှိခြင်း မရှိဟု သွားရောက် အကြောင်းကြားရာ၊ စစ်သားများက အကြမ်းဖက်သမားများ ရှာဖွေတွေ့ရှိခြင်း မရှိသောကြောင့် ည (၁၁) နာရီ အချိန်တွင် တစ်ရွာလုံး မီးရှို့မည်ဟု ခြိမ်းခြောက်၍ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

ဦးရှဥ့်ကျကျေးရွာတွင် စစ်သားများက လုယက်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရိုက်နှက်ခြင်းများ အပြင် အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ရွာမှ အမျိုးသမီး (၃၁) ဦးကို လူမဆန်စွာ မုဒိန်းကျင့်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Rohingya Eye
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျကျေးရွာရှိ ဈေးမှ ဆိုင်ခန်းများကို စစ်သားများက ဖျက်ဆီး၍ လုယက်လိုက်သောကြောင့် ဒေသခံ ရွာသားများ စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ အောက်တိုဘာလ (၂၄) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် စစ်သားများ ၀င်ရောက်လာပြီး၊ နေအိမ်အချို့ကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်များရှိ ဆန်အိတ်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အားလုံး ဖျက်ဆီးခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးဂူရာမျာ (ဘ) ဦးဒူဒူမျာနှင့် ဦးအီဆုပ် (ဘ) ဦးအဒူဇော်ဘောရ်တို့၏ နေအိမ်များကို စစ်ဆေးစဉ် အိမ်တံခါးများ၊ ပြတင်းပေါက်များ၊ အိမ်သုံးဗီဒိုများပါ ဖျက်ဆီးခဲ့သည်။ 

ထို့နောက် စစ်သားများ ပြန်သွားစဉ် စပါးရိတ်သိမ်းနေသော ဦးလာလ်မာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၆၅ နှစ်)၊ ဦးအာဘူအာမတ် (ဘ) ဦးဒူဒူမျာ (အသက် ၆၀ နှစ်) နှင့် အဒူဟိုင်ရ် (ဘ) ဦးရှော်မူလုခ် (အသက် ၁၈ နှစ်) တို့ကို တွေ့ရှိပြီး စစ်သားများက သေနတ်နှင့်ထု၍ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် အသက် (၆၅) နှစ် အရွယ် ဦးလာလ်မာမတ်၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ကျေးရွာတွင် ရွာသားများ မှီခိုအားထားရသည့် ဈေးငယ်တစ်ခုရှိပြီး လွန်ခဲ့သည့် အပတ်က စစ်တပ်နှင့် န.တ.လ ရွာသားများ ပူးပေါင်းကာ ဆိုင်ခန်းများကို ရိုက်ချိုး၍ ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့သောကြောင့် ဒေသခံ ရွာသူရွာသားများက စားကုန်ပစ္စည်းများ ရရန် အခက်ကြုံလျက် ရှိသည်။ 

ရွာသားတစ်ဦးက “စစ်တပ်က အသွားအလာ ပိတ်ဆို့ထားတယ်၊ ရွာမှာ စားကုန်ပစ္စည်းလည်း မရှိတော့ဘူး။ ဆီတစ်ပိဿာ ငါးထောင်နဲ့ ၀ယ်သုံးနေရတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲ လုံးဝ မရတော့ဘူး။ ဆန်လည်း လုံလုံလောက်လောက် မရှိဘူး။ မကြာခင် ကလေးငယ်တွေမှာ အာဟာရ ချို့တဲ့သွားနိုင်တယ်” ဟု ပြောပါသည်။ 






ခင်ဖြူထွေး
26.10.2016

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပေမဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား ရဖို့အတွက် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မခင်ဖြူထွေးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီးတော့ မစ္စ ယန်ဟီးလီ ရဲ့ အဓိက စိုးရိမ်ချက်က ဘာတွေ ရှိနေတာပါလဲ။ အရင်ဆုံး ပြောပြပေးပါရှင့်။

“ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာဆိုတော့ အခင်းဖြစ်ပွားချိန်စကတည်းက အဲဒီမှာဘာတွေ ဖြစ်ပွားနေသလဲ ဆိုတာကို အပြည့်အဝ မသိရပါဘူး။ ဒါပေမဲ့ ကျမတို့ အခြေအနေကိုသိနိုင်ဖို့အတွက် ပြင်ပနဲ့ ဆက်သွယ်နိုင်တဲ့ ဒီခေတ်နည်းပညာတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ စစ်ဆင်ရေး ဇုံနယ်မြေအဖြစ် ကြေညာနိုင်ပါတယ်။ ဒေသခံတွေအတွက်တော့ ပိုပြီးကန့်သတ်တာ ရှိနိုင်ပါတယ်။ ကုလဝန်ထမ်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဖွဲ့တွေတောင်မှ အဲဒီမှာ ဘယ်လိုအခြေအနေရှိသလဲ ဆိုတာကို သိနိုင်ဖို့အတွက် သွားလို့မရပါဘူး။”

မေး။ မစ္စယန်ဟီးလီတို့ သိထားတဲ့ အချက်အလက်တွေထဲက အကြောင်းအရာ တချို့ကို ပြောပြပါဦးရှင့်။

“ကျမတို့ကြားသလောက်က လူတွေကို ဖမ်းတာဆီးတာ၊ အိမ်တွေ မီးရှို့ခံရတာရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အသတ်ခံရတာတွေ ရှိတယ်။ အကြောင်းပြချက်ပေးပြီး သတ်ပစ်တာတွေ ရှိတယ်။ ဒါတွေက တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။ မတရားပြုကျင့်မှုတွေ၊ လူရှေ့သူရှေ့မှာတင် အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့လည်း ကျမတို့ကြားရပါတယ်။ ”

မေး။ ဘာ သက်သေတွေ ရှိပါလဲရှင့်။

“ဒီအချက်အလက်တွေကို မှန်မမှန် သိဖို့က သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုပါတယ်။ အခုချိန်မှာတော့ ကျမတို့ သွားလာလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေတောင် အဲဒီနေရာတွေကို သွားလာဖို့ကန့်သတ်ခံထားရပါတယ်။”

မေး။ အချက်အလက်တွေကို မစ္စ ယန်ဟီးလီတို့ ဘယ်လို ရရှိပါသလဲ။ မှန်ကန်တဲ့ အချက်အလက်တွေလို့ ဘယ်လို ယူဆနိုင်ပါသလဲ။

“မြန်မာနိုင်ငံထဲမှာ ကျမတို့ရဲ့လူတွေ ရှိပါတယ်။ သူတို့က ဓာတ်ပုံ အထောက်အထားတွေနဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ ကျမတို့အနေနဲ့ အခု ပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး မမှားအောင် အများကြီး ဂရုစိုက်ရပါတယ်။ မှားယွင်းပြီး စွပ်စွဲတာမျိုးလည်း ကျမတို့ မလုပ်ချင်ပါဘူး။ ဒါကြောင့်လည်း အခုကြားသိရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ကျမတို့ တောင်းဆိုနေတာပါ။ ဒီလိုလုပ်ဖို့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိရဖို့ လေ့လာစမ်းစစ်မှုတွေ အပြည့်အ၀ လုပ်ဖို့ပါတယ်။ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ဆိုးရွားနေသလဲ ဆိုတာကို သေချာသိဖို့လိုပါတယ်။”

မေး။ မြန်မာအစိုးရကတော့ မစ္စ ယန်ဟီးလီတို့ ပြောသလို လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး အခြေအနေအောက်မှာ နေအိမ်တွေမီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီအရေးယူ aဆာင်ရွက်နေတယ်လို့ ပြောပါတယ်ရှင့်။

“ဘယ်လိုဥပဒေမျိုးကို ပြောတာလဲ။ အဲဒါပဲ ကျမ သိချင်တာပါ။ ဘယ်လို ဥပဒေမျိုးကို သူတို့ပြောနေတာပါလဲ။ လူသားချင်းစာနာ ထောက်ထားတဲ့ ဥပဒေလား။ ဘယ်လိုဥပဒေမျိုးလဲ။”

မူစလင်လူဦးရေ အများစုရှိတဲ့ မောင်တောမြို့နယ်တွင်းက စစ်ဆင်ရေးတွေအတွင်းမှာ လက်နက်မဲ့ အရပ်သားတွေအပေါ် မတရားပြုကျင့်တာ၊ ရပ်ရွာတွေကို မီးရှို့တာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မစ္စယန်ဟီးလီ အပါအ၀င် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက မြန်မာအစိုးရကို မနေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့တာပါ။ မောင်တောမှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာလုံခြုံရေးတပ်တွေက ဒေသတွင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ စစ်ဆင်ရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

MYARF
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စုနှင့် ကြက်ရိုးပြင် ကျေးရွာအုပ်စု တို့မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ ၂၀ ဦးခန့် ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၆း၃၀ နာရီအချိန်တွင် ငါးစားကြူး ကျေးရွာအုပ်စု၊ တောင်ရွာမှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အို တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၁၀) ဦးကို ယခုအချိန်ထိ ဖမ်းဆီးထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ (၁၀) ဦးမှာ --

(၁) ဦးနူရ်ဟူစိန်း (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်)
(၂) ဦးအာလ်တာဟူစိန်း (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၇ နှစ်)
(၃) ဦးအာခ်ဘောရ်ကာမာလ် (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၅ နှစ်) 
(၄) ဦးရှော်ဘိရ် (ဘ) ဦးဘော်ဒူဇာမာ (အသက် ၆၀ နှစ်)
(၅) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးမာရာဇာ (အသက် ၆၇ နှစ်)
(၆) ဦးရှုနာအလီ (ဘ) ဦးမောဂူလ်အလီ (အသက် ၆၅ နှစ်)
(၇) ဦးဇာဖောရ် (ဘ) ဦးရှုနာအလီ (အသက် ၆၃ နှစ်)
(၈) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဟားဆူမျာ (အသက် ၆၀ နှစ်)
(၉) ဦးအော်လီဟူစိန်း (ဘ) ဦးဟားဆူမျာ (အသက် ၆၂ နှစ်)
(၁၀) မော်လ၀ီဦးအော်လီဟူစိန်း (ဘ) ဦးအဒူရှကူရ် (အသက် ၆၅ နှစ်) -- တို့ဖြစ်သည်။ 

စစ်သားများသည် ညပိုင်းတွင် ရွာထဲ၌ တဲထိုး၍ စောင့်နေသည့် အတွက် ရွာသားများက အကြောင်းမဲ့ ဖမ်းဆီးမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိသည်။ နေ့ပိုင်းတွင် စစ်သားများက ဆိုင်ခန်းများကို ဖျက်ဆီး၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ (၂၃) ရက်နေ့တွင် စစ်သားများသည် ကြက်ရိုးပြင် ကျေးရွာသို့ ၀င်ရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြီး၊ ရာအိမ်မှူး ဦးဇူရီးယာ၊ ဦးအနိုဝါရ်နှင့် အခြားရွာလူကြီး တစ်ဦး တို့ကို မေးမြန်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

အောက်တိုဘာလ (၂၄) ရက်နေ့ နေ၀င်ချိန်တွင် စစ်သား (၅) ဦးက ဦးအနိုဝါရ်နှင့် ရာအိမ်မှူး ဦးဇူရီးယာ တို့နှင့် အတူ ကြက်ရိုးပြင်ရွာသို့ ပြန်လည်ရောက်ရှိလာပြီး ကျေးရွာတာဝန်ခံရန် လူကြီးများ လိုအပ်နေကြောင်း၊ ကျေးရွာလူကြီးများနှင့် အုပ်ချုပ်ရေးမှူး တို့က တာဝန်ယူလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းမည် မဟုတ်ကြောင်း ပြောဆိုကာ ဦးဟာရှိမ်း၊ ဦးအီနုစ်၊ ဦးဇော်ဘူ၊ ဦးဒိလ်ဒါရ်ကာမာလ် တို့ကိုလည်း ခေါ်ဆောင် သွားခဲ့သည်။

“သူတို့ကို ဘယ်နေရာ ခေါ်သွားလဲ ဆိုတာ အသေအချာ မသိရသေးဘူး။ ကျွန်တော်တို့ကတော့ BGP ဌာနချုပ်ကို ခေါ်သွားတယ်လို့ ထင်တယ်။ လူကြီး (၇) ယောက်နဲ့ အုပ်ချုပ်ရေးမှူး တို့ဆီက ခံဝန်ချက် ယူပြီး ၂၅ ရက်နေ့ ပြန်လွှတ်ပေးမယ်လို့ ကြားပေမယ့်လည်း အခုထိ ပြန်ရောက်မလာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



Rohingya Eye
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်မှ မျက်နှာဖုံး (၃) ဦးကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲပ ဌာနချုပ်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် အစိုးရက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ နေ့စဉ် ကျူးလွန်လျက် ရှိသည်။ 

အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးကျော်လှိုင်သည် မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်၍ ယင်းရပ်ကွက်မှ ဦးမောင်ကျော် (ခ) ဦးဂျမာလ် (အသက် ၆၅ နှစ်) နှင့် ဦးခင်ဇော် (အသက် ၆၂ နှစ်) တို့ကို အုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူ တွေ့ဆုံပြီးနောက် ကားပေါ်တင်၍ မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ယင်းနေ့တွင်ပင် အမှတ် (၅) ရပ်ကွက်မှ ဦးကျော်မြင့် (ခ) ဦးအနိုဝါရ် (အသက် ၅၂ နှစ်) ကိုလည်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒေသခံ ပြည်သူလူထုကို ရှင်းလင်းရန် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ၀န်ကြီးများ အဖွဲ့ မောင်တောမြို့သို့ ရောက်ရှိခဲ့စဉ်က ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ယခုအစိုးရသည် ပြည်သူများ တင်မြှောက်ထားသည့် အစိုးရ ဖြစ်ကြောင်း၊ ယခင်အစိုးရ မဟုတ်ကြောင်း၊ ထို့ကြောင့် စိုးရိမ်ရန် မလိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူမှာ ဖြစ်ကြောင်း။ အပြစ်မရှိသူများကို အရေးယူမည် မဟုတ်ကြောင်း၊ အပြစ်မရှိသူများကို အရေးယူသည့် ဌာနများကို မိမိကိုယ်တိုင် အရေးယူသွားမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် စိုးရိမ်ရန် မလိုအပ်ဘဲ ပုံမှန်အတိုင်း နေကြရန်လိုကြောင်း ပြောဆိုခဲ့သည်။ 

မြို့ပေါ်မှ ဒေသခံတစ်ဦးက “အခုအာဏာပိုင်တွေရဲ့ လုပ်ရပ်က အရင် အာဏာရှင် အစိုးရအတိုင်း ဖြစ်နေတယ်၊ မောင်တောမှာ တစ်ခုခု ဖြစ်တယ်ဆိုရင် ကုန်သည်ကြီးတွေ၊ မျက်နှာဖုံး လူကြီးတွေပါ လိုက်ဖမ်းတဲ့ အလေ့အထ တစ်ခုရှိတယ်။ ၂၀၁၂ တုန်းကလည်း မြို့ပေါ် မျက်နှာဖုံး လူကြီးတွေ၊ ကုန်သည်ကြီးတွေကို အကြောင်းမဲ့ ဖမ်းဆီးတယ်၊ မီးရှို့မှုနဲ့ စွပ်စွဲပြီး အရေးယူခဲ့တယ်။ အခု အာဏာပိုင်တွေလည်း အရင်အာဏာပိုင်တွေ လုပ်တဲ့အတိုင်း ဆက်လုပ်နေတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောခဲ့တဲ့ အတိုင်း ဒေသခံ အာဏာပိုင်တွေ လိုက်နာမှုမရှိတာ တွေ့ရတယ်” ဟု RB News သို့ပြောသည်။ 


MYARF
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ အောက်တိုဘာလ (၂၄) ရက်နေ့က မြန်မာစစ်သားများ ၀င်ရောက် စီးနင်းပြီး ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၇) ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ပြီး၊ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး တစ်ဦး ယနေ့ သေဆုံးသွားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၄) ရက်နေ့က မောင်တောမြို့နယ် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ မြန်မာ့တပ်မတော်မှ စစ်သားများ စီးနင်းဝင်ရောက်ပြီး ရွာအတွင်းရှိ ရိုဟင်ဂျာ အမျိုးသမီး (၇) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့သည်။

မုဒိန်းကျင့်ခံရသည့် အမျိုးသမီး (၇) ဦးထဲမှ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးသည် ငါးစားကြူး ကျေးရွာအုပ်စု၊ ရွာမ ရွာမှဖြစ်ပြီး၊ ဆွေမျိုးများ အိမ်သို့ အလည်ရောက်ရှိနေစဉ် စစ်သား (၁၀) ဦး၏ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ မုဒိန်းကျင့်ခံရပြီး သွေးထွက်လွန်ကဲမှုကြောင့် သတိလစ်သွားခဲ့ပြီး၊ စစ်သားများ ထွက်ခွာသွားပြီးနောက် ရွာသားများက ၎င်းကို မိဘများရှိရာ ရွာမရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

၎င်းအား မိဘများက ဆေးရုံသို့ ပို့ချင်ခဲ့သော်လည်း လမ်းများ ပိတ်ဆို့ထားသဖြင့် ဆေးရုံသို့ ပို့ခွင့်မရသည့် အပြင် ရွာအတွင်း ဆေးဝါးကုသမှုလည်း လုံးဝ မရခဲ့သောကြောင့် ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် သေဆုံး သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းနှင့် အတူ မုဒိန်းကျင့်ခံရသည့် အခြား အမျိုးသမီး (၆) ယောက်တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရှိရသည်။

မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကြောင့် ၎င်းတို့ အမည်များကို မဖော်ပြခြင်း ဖြစ်သည်။ 



ကျီးကန်းပြင် အလယ်ရွာမှ နေအိမ်စွန့်ခွာပြီး သွားနေကြသည့် ရိုဟင်ဂျာများ


မောင်ရမိတ် (မေယု)
RB News
26.10.2016

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအပြီး အာဏာပိုင်တွေက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ လူမမယ် ကလေး နှင့် သက်ကြီးရွယ်အိုများကဲ့သို့ အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေခြင်း၊ အထောက်အထားမဲ့ ဖမ်းဆီးနေခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ အိုးအိမ်များ ဗလီများ မီးရှို့နေခြင်း၊ ဒေသခံရိုဟင်ဂျာများကို နေအိမ်များမှ နှင်ထုတ်ခဲ့ခြင်း စသော ရာဇ၀တ်မှုများ ကျူးလွန်နေသည့် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက တောင်းဆိုခဲ့သည်။

သို့သော် မြန်မာအစိုးရ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ကုလသမဂ္ဂက ရရှိနေသည့် သတင်းအချက်အလက်များသည် မှန်ကန်မှုမရှိကြောင်း၊ အာဏာပိုင်တွေက မည်သည့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီခဲ့ခြင်း၊ မုဒိမ်းကျင့်မှုများ မရှိကြောင်း၊ အိုးအိမ်များကိုလည်း မီးရှို့ခဲ့ခြင်းမရှိကြောင်း၊ ဒေသခံများကို နေအိမ်တွေမှ နှင်ထုတ်ခဲ့ခြင်း မရှိကြောင်း၊ ကုလသမဂ္ဂက ရရှိသည့် သတင်းအချက်အလက်များသည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေကြောင်း ငြင်းချက်ထုတ်လာသည်ကို တွေ့ရှိရပါသည်။

သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ ငြင်းချက်ထုတ်ခဲ့မှုအပေါ် အာဏာပိုင်များ၏ တကယ်ကျူးလွန်ခြင်း ခံခဲ့ရသည့် မြေပြင်မှ လူတစ်ချို့၏ ကိုယ်တွေ့ကြုံခဲ့ရသည့် အဖြစ်ကို မေးမြန်းကြည့်ပါသည်။

ဦးစွာ အောက်တိုဘာလ ၂၃ ရက်နေ့၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး၏ အမိန့်ကြောင့် နေအိမ်ကို စွန့်ခွာလိုက်ရပြီး နီးစပ်ရာ ကျေးရွာတစ်ရွာတွင် ဆွေမျိုးများ၏အိမ်၌ ခိုလှုံနေသည့် ကျီးကန်းပြင် အလယ်ရွာမှ ကိုဖာရုခ် (အမည်လွဲ) ကို မေးမြန်းရာ --

မေး။ ။ အစ်ကိုတို့က မိမိတို့နေအိမ်တွေကို စွန့်ခွာပြီးတော့ ဘာလို့ သူများအိမ် လာခိုလှုံနေတာပါလဲ။ 

ဖြေ။ ။ ရွာက လူကြီး နှစ်ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခွဲမှာ ဌာနာချုပ်ကို ခေါ်ပြီးတော့မှ အိမ်တွေကနေ အမြန်ဆုံးဆင်းပေးဖို့ အမိန့်ပေးတာပေါ့နော်။ မဆင်းပေးတဲ့ လူကို ဖမ်းဆီးမယ်လည်း ပြောတယ်။ အဲ့တော့ လူတွေက ဘယ်နေရဲမှာလဲ။ အချိန်ကလည်း မပေးတော့ အိမ်ကနေ ရှိတဲ့ ရွှေငွေတွေ၊ တန်ဖိုးရှိတဲ့ စာရွက်စာတမ်း တစ်ချို့တွေကိုပဲ ယူပြီးတော့မှ လူတွေ အမြန်ဆုံး ထွက်လာလိုက်တာပါ။ နောက်ဘာမှ သယ်ယူလာခွင့်မရလိုက်ဘူး။

မေး။ ။ အဲ့လို ထွက်လိုက်ရတာ အိမ်ခြေဘယ်လောက်လောက်ရှိလဲ။ လူဦးရေရော ဘယ်လောက်လောက်ရှိမလဲ။

ဖြေ။ ။ အိမ်ခြေက ၃၀၀ ကျော်ရှိတယ်။ လူဦးရေက ၂၀၀၀ ကျော်ရှိမယ်။

မေး။ ။ ဒီလောက်များပြားတဲ့ လူတွေ ဘယ်မှာ ဘယ်လို နေကြလဲ။

ဖြေ။ ။ နီးစပ်ရာ ရွာတွေကို ပြောင်းနေကြတာပါ။ အမျိုးတွေ အသိတွေရဲ့ နေအိမ်တွေမှာ ဖြစ်သလို နေနေကြတာပဲ။

မေး။ ။ သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ အာဏာပိုင်တွေက နေအိမ်တွေကနေ အဲ့လို နှင်ထုတ်တာ မရှိဘူးလို့ပြောတယ်။ အဲ့လို ပြောတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ဟုတ်လား။ သူက အဲ့လိုပြောတယ်ပေါ့။ ဒါက တစ်အိမ် နှစ်အိမ် မဟုတ်ဘူးလေ။ အိမ်ခြေပေါင်း ၃၀၀ ကျော်ကို နှင်ထုတ်တာ။ သူအဲ့လို ပြောရင်တော့ သပ်သပ် လိမ်ညာနေတယ်လို့ပဲ ပြောတယ်ချင်တယ်။

ဒီကျီးကန်းပြင် အလယ်ရွာသားများ မိမိနေအိမ်မှ နှင်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ကျီးကန်းပြင် အလယ်ရွာသားများ ကွပ်ကဲရေးမှူး၏ အမိန့်ကြောင့် နေအိမ်များမှ ဆင်းပေးခဲ့ရသည်မှာ မှန်ကန်ကြောင်း၊ ရွာမှ ဒေသခံရိုဟင်ဂျာများ ထွက်သွားပြီးနောက် နယ်ခြားစောင့်ရဲ၊ စစ်တပ်နှင့် န.တ.လ ရွာသားတို့ ပူးပေါင်း၍ အဆိုပါအိမ်များထဲ ဝင်ပြီး ပစ္စည်းများ လုယက်သွားခဲ့ကြောင်း၊ ၎င်းရွာသားများသည် နီးစပ်ရာကျေးရွာများတွင် ဖြစ်သလို နေနေကြကြောင်း အတည်ပြုပြောကြားသွားပါသည်။

သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အာဏာပိုင်များက ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိဟု ငြင်းဆိုနေခြင်းသည် နိုင်ငံတကာနှင့် မြန်မာပြည်သူတစ်ရပ်လုံးကို လိမ်ညာနေခြင်းသာ ဖြစ်ကြောင်း၊ မိမိနေအိမ်ကို စွန့်ခွာလာခဲ့ရသူများ၏ သက်သေအဖြစ် ဗီဒီယိုဖိုင်များ ၎င်းတို့မှာ ရှိနေကြောင်း၊ အကယ်၍ အစိုးရဖက်က မှန်ကန်နေလျှင် မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို အခင်းဖြစ်ပွားရာ နေရာသို့ ဝင်ခွင့်ပေးသင့်ကြောင်း၊ အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက ထပ်လောင်း ပြောကြားသွားပါသည်။

Rohingya Eye
RB News
25.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုနှင့် ငန်းချောင်း ကျေးရွာအုပ်စု တို့မှ အိမ်ထောင်ရှင် အမျိုးသမီး (၃) ဦးတို့ကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အနောက်ရွာတွင် မော်တူးဖာရာဆိုသည့် ရွာငယ်တစ်ရွာ ရှိပြီး၊ အိမ်ခြေ (၆၀) ခန့် လူဦးရေအားဖြင့် (၄၀၀) ကျော်ရှိသည်။ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် နယ်ခြားစောင့်ရဲ (၃) ဦးသည် မော်တူးဖာရာ ရွာအတွင်းသို့ ၀င်ရောက်ပြီး ဦး --------- (အသက် ၄၅ နှစ်) ၏ အိမ်ထဲသို့ အသက် (၁၈) နှစ် အရွယ်သမီးကို မုဒိန်းကျင့်ရန် ကြိုးစားရာ မိန်းကလေးက ရုန်းကန်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ မိန်းကလေးကို မုဒိန်းကျင့်၍ မရသည့် နယ်ခြားစောင့်ရဲ များက အဆိုပါအိမ်မှ ဆိုလာပြားတစ်ခုနှင့် ဘက်ထရီတစ်လုံးကို လုယက်ယူဆောင် သွားခဲ့သည်။ အလားတူ ဦးဘော်ဒီအာလောမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၈ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဆိုလာပြားတစ်ခုနှင့် ဘက်ထရီတစ်ခုကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ (၃) ဦးသည် ဆက်လက်၍ ဦး ----- (ဘ) ဦး ------ (အသက် ၂၆ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး ဦး ---- နှင့် ဇနီးတို့ကို အိမ်အပြင်သို့ ဆွဲခေါ်လာခဲ့သည်။ ထို့နောက် ယင်းအိမ်နှင့် ကပ်လျက်ရှိသော အိမ်များမှ မိသားစုများကိုလည်း အိမ်အပြင်သို့ ဆွဲခေါ်လာကာ တစ်နေရာတွင် စုဝေး ထိုင်ခိုင်းထားပြီး၊ နယ်ခြားစောင့်ရဲ (၂) ဦးက ၎င်းတို့ကို သေနတ်များဖြင့် ချိန်ရွယ်ထားခဲ့သည်။ ကျန်သည့် နယ်ခြားစောင့်ရဲ (၁) ဦးက ဦး ----- ၏ အသက် (၂၀) အရွယ် ဇနီးကို သေနတ်ဖြင့် ချိန်၍ အိမ်ထဲသို့ ဆွဲခေါ်သွားကာ လူမဆန်စွာ မုဒိန်းကျင့်ပြီးနောက် ရွာမှ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ ငန်းချောင်း ကျေးရွာအုပ်စု၊ မူရားဖာရာရွာရှိ ဦး ---- (အသက် ၂၇ နှစ်) နှင့် ဦး --- ( အသက် ၂၅ နှစ်) တို့ အတူနေထိုင်ကြသည့် အိမ်ထဲသို့ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် စစ်သား (၂) ဦး ၀င်ရောက်လာပြီး၊ သေနတ်ဖြင့်ချိန်ကာ အမျိုးသား နှစ်ဦးစလုံးကို အိမ်အပြင်သို့ ထုတ်၍ အိမ်အတွင်းရှိ အိမ်ထောင်ရှင် အမျိုးသမီးနှစ်ဦးကို လူမဆန်စွာ မုဒိန်းကျင့်၍ ပြန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေ့စဉ်နှင့် အမျှ ရာဇ၀တ်မှုများ ကျူးလွန်နေသည်ကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက သိလျက်နှင့် အရေးယူ ဟန့်တားခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရ ကိုယ်တိုင် ယခုကဲ့သို့ ရာဇ၀တ်မှုများ ကျူးလွန်ရန် ခွင့်ပြုထားသည်လားဟု သံသယဖြစ်မိကြောင်း ဒေသခံလူကြီးတစ်ဦးက ပြောသည်။

(ကာယကံရှင်များ၏ ဂုဏ်သိက္ခာအတွက် အမည်များကို ချန်လှပ်ထားသည်)


MYARF
RB News
24.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချနေသည့် စစ်သားများသည် ရွာသုံးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ နေအိမ်များနှင့် ဆိုင်ခန်းများမှ လုယက်ခြင်းနှင့် ဗလီမှ ကုရ်အာန်ကျမ်းစာများ ဖျက်ဆီးခြင်းနှင့် ဗလီအတွင်း အပေါ့သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၃) ရက်နေ့တွင် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချနေသည့် စစ်သားများသည် စေတီပြင်ရွာနှင့် ဆင်သေပြင်ရွာများကို ၀င်ရောက် စီးနင်းသောကြောင့် ရွာရှိ အမျိုးသားများ တိမ်းရှောင်သွားခဲ့သည်။ ရွာတွင် အမျိုးသားများ မရှိတော့သဖြင့် စေတီပြင်အောက်ရွာမှ အမျိုးသမီး ၂၀ ဦးခန့်သည် ၎င်းတို့၏ နေအိမ်များတွင် မနေကြတော့ဘဲ ရာအိမ်မှူး ဦးဇော်ဖောရ်အာလောမ်၏ အိမ်တွင် စုဝေးနေခဲ့ကြသည်။ 

ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၇) နာရီကျော်ခန့်တွင် စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချထားသည့် စစ်သားများသည် အုပ်စု (၃) စုခွဲကာ လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာ၊ ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြိုင်ရွာနှင့် တောတောင်ထဲသို့ ၀င်ရောက် စီးနင်းခဲ့သည်။ 

စေတီပြင်အောက်ရွာ 

စေတီအောက်ရွာရှိ ရာအိမ်မှူးအိမ်တွင် အမျိုးသမီး (၂၀) ဦးခန့် ခိုလှုံလျက်ရှိရာ အဆိုပါအိမ်သို့ ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် စစ်သား (၅) ဦး ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းရာ အမျိုးသမီးများက ကြောက်ရွံ၍ တံခါးဖွင့် မပေးသောကြောင့် စစ်သားများက တံခါးရိုက်ချိုး ၀င်ရောက်ကာ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့ရာ အမျိုးသမီးများက အော်ဟစ်၍ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ 

အမျိုးသမီးများက ထွက်ပြေးရန် ကြိုးစားစဉ် စစ်သားများက သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သည်။ သေနတ်သံကြား၍ မူလတန်းကျောင်းမှ စစ်သား (၃၀) ဦး အင်အားဖြည့်ရန် ရောက်ရှိလာပြီး အမျိုးသမီးများအားလုံးကို အိမ်အပြင် တစ်နေရာတွင် စုဝေးစေကာ စစ်ဆေးမည်ဟု ဆို၍ ထပ်မံ၍ မဖွယ်မရာ ပြုလုပ်ခဲ့သည်။ ထို့နောက် စစ်သားများက အမျိုးသမီး (၇) ဦးကို ရွေးချယ်၍ ခေါ်သွားရန် ကြိုးစားသဖြင့် အမျိုးသမီးများ ထွက်ပြေး တိမ်ရှောင် သွားခဲ့ကြသည်။ 

အမျိုးသမီးများ ထွက်ပြေးသွားသည့် အခါ စစ်သားများက ရာအိမ်မှူး ဦးဇော်ဖောရ်အာလောမ်၏ အိမ်နှင့် ကပ်လျက်ရှိသော အိမ်ကိုဝင်၍ အိမ်ရှင်ဖြစ်သူ ဦးအာမီးရ်ဟူစိန်း (အသက် ၆၅) နှစ်ကို သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဦးခေါင်းကွဲ၍ သေလုမျောပါး ဖြစ်နေရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စစ်သားများ ပြန်သွားနောက် အမျိုးသမီးများ အချင်းချင်း ရှာဖွေ၍ လူစုရာတွင် နှစ်ဦး ပျောက်ဆုံးနေခဲ့သော်လည်း ည ၁၀ နာရီကျော်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီး နှစ်ဦးကို အိမ်တစ်အိမ်တွင် ပုန်းနေခဲ့သည်ကို တွေ့ရှိခဲ့သည်။ 

ဆင်သေပြင်ကျေးရွာ

ဆင်သေပြင် ကျေးရွာကို ၀င်ရောက်စီးနင်းခဲ့သည့် အင်အား (၃၀) ဦးပါ စစ်သားများသည် ဆင်သေပြင်အရှေ့ရွာရှိ အိမ်ခြေ ၃၀၀ ကျော်မှ အမျိုးသမီးများ အားလုံးကို အိမ်များမှ ဆွဲထုတ်ကာ အလယ်ရွာသို့ ခေါ်လာပြီး တစ်နေရာတွင် စုထားခဲ့သည်။ 

ထို့နောက် စစ်သားများနှင့် ၎င်းတို့နှင့်အတူ ပါလာသည့် န.တ.လ ရွာသားများသည် အရှေ့ရွာရှိ အိမ်များမှ ရှိသမျှ ပစ္စည်းများကို လုယက်၍ န.တ.လ ရွာသို့ သယ်ယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အိမ်များရှိ ကြက်၊ ဘဲ၊ ခို၊ ဆိတ်များကို စစ်သားများနှင့် န.တ.လ ရွာသားများက သတ်ဖြတ်၍ ချက်စားခဲ့ကြသည်။ 

ည (၆) နာရီအချိန်ထိ လုယက်ထားသည့် ပစ္စည်းများကို န.တ.လ ရွာသို့ သယ်ဆောင်ခဲ့ပြီး၊ ဆိုင်ခန်း (၇) ခန်းမှ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများတစ်ခုမကျန်အောင် လုယက် ယူဆောင်သွားခဲ့သည်။ ဆိုင်ခန်းများမှ လုယက်ခံရသည့် ပစ္စည်းမှာ ကာလတန်ဖိုးအားဖြင့် ကျပ် သိန်း ၇၀ ခန့်ရှိသည်ဟု ဆိုသည်။ 

အမျိုးသမီးများကို ည (၆) နာရီအချိန်တွင် အလယ်ရွာမှ ပြန်သွားစေခဲ့ပြီး၊ အမျိုးသမီးများ အိမ်သို့ ရောက်သည့်အခါ မိမိတို့၏ အိမ်များတွင် ပစ္စည်းများ မရှိတော့သည်ကို တွေ့ခဲ့ရကြောင်း သိရှိရသည်။ 

ပန်းမြောင်ရွာ

ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ ရောက်ရှိသွားသော စစ်သားများကို အိမ် (၁၅) လုံးသို့ ၀င်ရောက် စီးနင်း၍ အမျိုးသမီးများကို ရိုက်နှက်ပြီး၊ ရွှေ၊ ငွေ၊ ဆိုလာပြား စသည့် အဖိုးတန်ပစ္စည်းများ လုယက်ခဲ့သည့် အပြင်၊ ဆိုင်ခန်း (၃) ခန်းမှ ပစ္စည်းများလည်း လုယက်ခဲ့သည်။ 

ထို့အပြင် ဗလီထဲသို့ ၀င်ရောက်၍ ကုရ်အာန်ကျမ်းမြတ် များကို စုတ်ဖြဲခြင်း၊ မီးရှို့ခြင်း၊ ဗလီအတွင်း အပေါ့သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Rohingya Exodus