နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
8.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာမှ စစ်သားများကို နေ့စဉ် ကျွေးမွေးနေသူနှစ်ဦးကို အကြမ်းဖက်သမားများဟု စွပ်စွဲ ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၅) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် ဖားဝပ်ချောင်း ကျေးရွာတွင် လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများကို နံနက်စာ ကျွေးမွေးရန် သွားသည့် ဒေသခံနှစ်ဦးဖြစ်သည့် တာဟဲရ် (ဘ) ဦးဆာလ်အာမတ် (အသက် ၂၇ နှစ်) နှင့် ဦးဖိုယာစ်အာမတ် (ဘ) ဦးမိုဟာမတ်ရှော်ဘီ (အသက် ၄၃ နှစ်) တို့ကို အကြမ်းဖက်သမားများဟု စွပ်စွဲ၍ ဖမ်းဆီး ထားကြောင်း သိရှိရသည်။

“အဲဒီနှစ်ယောက်က စစ်သားတွေနဲ့ ရင်းနှီးနေသူတွေပါ။ သူတို့က စစ်သားတွေ စားဖို့ အကုန်စီစဉ်ပေးရတယ်။ အသား၊ ငါး၊ ဆိတ်ဆိုရင် အကောင်လိုက် ဖော်ပေးရတယ်။ အဲဒါကို ၅ ရက်နေ့ မနက်မှာ သူတို့ဆီမှာ သေနတ်ရှိတယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းလိုက်တယ်။ ပြီးတော့ သူတို့ အိမ်တွေကို သွားစစ်တယ်။ ဘာတစ်ခုမှ မရဘူး။ စစ်တဲ့အချိန်မှာ အိမ်မှာတွေ့တဲ့ မော်လ၀ီ မူဘာရက်ခ် ကိုလည်း ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

တာဟဲရ်၏ နေအိမ်ကို ရှာဖွေစဉ် ဖမ်းဆီးသွားသည့် တာဟဲရ်၏ အစ်ကိုဝမ်းကွဲ  ဖြစ်သူ မော်လ၀ီမူဘာရက်ခ် (ဘ) ဦးကော်ဘိရ်အာမတ် ကို စစ်သားများက စိတ်တိုင်းကျ ရိုက်နှက်ပြီးနောက် လမ်းဘေးတွင် ပစ်ထားခဲ့သည်။ မော်လ၀ီမူဘာရက်ခ်သည် ယခုအခါ မြောက်ရွာတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။

ဖမ်းဆီးခံရသူ နှစ်ဦးစလုံးသည် မည်သည့် အကြမ်းဖက်မှုနှင့်မှ ဆက်နွယ်နေသူများ မဟုတ်ဘဲ၊ ၎င်းတို့၏ ဆွေမျိုးအားလုံးကို အမြဲတစေ တိုက်ခိုက်နေသူတစ်ဦး ဖြစ်သည့် ဦးကာမာလ်ဟူဆောင်း၏ မဟုတ်မမှန် သတင်းပေးမှုကြောင့်သာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ ဦးကာမာလ်ဟူဆောင်းသည် ဖားဝပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပြီး၊ လူသတ်မှု (၃) ခု ကျူးလွန်ထားသူလည်း ဖြစ်သည်။အာဏာပိုင်များက ၎င်း၏ ရာဇ၀တ်မှုများကို သိရှိသွားသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသူ ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် တောင်ပြိုလက်ဝဲမြို့ရှိ အာဏာပိုင်များ၏ အလိုတော်ရိ တစ်ဦးထံမှ တဆင့် မဟုတ်မမှန် သတင်းပို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ထို့အပြင် ဦးမိုဟာမတ်ရှော်ဘီနှင့် သားဖြစ်သူ ဦးအီဒိရီစ် တို့နှင့် ပတ်သက်၍လည်း မဟုတ်မမှန် သတင်းများ ပေးပို့ထားသဖြင့် သားအဖနှစ်ဦး၏ နေအိမ်ကို စစ်သားများက နေ့စဉ်ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးကာမာလ်ဟူဆောင်းသည် ဖားဝပ်ချောင်း အုပ်ချုပ်ရေးမှူး ဦးကော်ဘိရ်အာမတ်၊ ဦးဆာလ်အာမတ်နှင့် ဦးမိုဟာမတ်ဖာရုခ် တို့ကို သတ်သည့် အမှုများတွင် တိုက်ရိုက် ပါဝင်သူဟု ဒေသခံများက ပြောပါသည်။

ဒေသခံများက မဟုတ်မမှန် ရရှိသည့် သတင်းများကို အတည်ယူ၍ ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေခြင်းများ မပြုလုပ်ဘဲ အပြစ်မဲ့များကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။


RB News
7.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ဗိုလ်ကြီးထင်ကျော်နှင့် အဖွဲ့၏ ငွေညှစ်ခြင်းကို ခံရသူများအား ခေတ္တတပ်ရင်းမှူးက ဆင့်ခေါ်၍ ငွေညှစ်ခံရခြင်း မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ဗိုလ်ကြီးထင်ကျော်၊ ဒုတပ်ကြပ် ကျော်နိုင်အေး တို့က ဒေသခံ (၃၀) ကျော်ထံမှ ငွေကျပ် ၃၆ သိန်းနီးပါး ညှစ်ယူခဲ့သည့် သတင်းကို နိုဝင်ဘာလ (၄) ရက်နေ့တွင် RB News ၌ ဖော်ပြခဲ့သည်။ (သတင်းအပြည့်အစုံ - http://bit.ly/2fhLi4a)

သတင်းဖော်ပြပြီးနောက် နိုဝင်ဘာလ (၆) ရက်နေ့က ခမရ (၅၅၂) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးက ငွေညှစ်ခံရသူများကို ဆင့်ခေါ်၍ ငွေညှစ်ခံရခြင်း မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ RB News သို့ သတင်းပို့သူကိုလည်း ဖော်ထုတ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီမှာ ငွေညှစ်ခံရလို့ အာဏာပိုင်တွေကို သွားတိုင်ရင်လည်း တိုင်တဲ့လူကိုသာ အရေးယူတယ်။ မီဒီယာကို ပြောရင်လည်း မဟုတ်ဘူးဆိုပြီး ခံဝန်ချက် ထိုးခိုင်းတယ်။ တရားဥပဒေဆိုတာ လုံးဝ မရှိဘူး။ ကျွန်တော်တို့ မီဒီယာကို ပြောတာက ပြည်ထောင်စု အစိုးရထိ၊ စစ်တပ်ခေါင်းဆောင်ပိုင်းတွေထိ သတင်းရောက်အောင် ပြောတာပါ။ အာဏာပိုင်တွေကို တိုင်တာထက် ပိုထိရောက်လို့ပါ။ အခု အထက်က စစ်ဆေးရင် ပြဖို့ဆိုပြီး ခံဝန်ချက်ထိုးခိုင်း လိုက်တယ်။ ကျွန်တော်တို့ အပေါ် ကျူးလွန်နေတာတွေကို အစိုးရက ဘယ်သောအခါမှ ဥပဒေနဲ့ ဖြေရှင်းပေးမှာလဲ။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခင်က ငွေညှစ်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ အချို့ကို နေပြည်တော်မှ ဆင့်ခေါ်၍ စစ်ဆေးမှုများ ရှိခဲ့သော်လည်း စစ်ဆေးခံရသူများက သိန်းရာချီသုံး၍ ၎င်းတို့ အမှုများကို ပိတ်ပြီး ပြန်လာလေ့ ရှိသဖြင့် ဥပဒေမဲ့ ငွေညှစ်နေခြင်းများ ရပ်တန့် မသွားခဲ့ကြောင်း၊ ယခုအခါ မောင်တောပြဿနာကို အကြောင်းပြု၍ စစ်တပ်က ပိုမို၍ အာဏာရှိနေသကဲ့သို့ ဖြစ်လာပြီး စစ်သားများက ယခင်ကထက် ပိုပြီး ငွေညှစ်နေခြင်းများ နေရာတိုင်းတွင် ကြုံတွေ့နေရသည်။


RB News
7.11.2016

ဆော်ဒီအာရေဗျာနိုင်ငံ ဘုရင် ဆဲလ်မာန်၏ လူသားချင်းစာနာ ထောက်ပံ့သည့် အထောက်အကူပြု အဖွဲ့ (KS-RELIEF) က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM) မှ တဆင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၃၅) ရွာ အတွက် လူသားချင်း စာနာသည့် အထောက်အပံ့များ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ကူညီရန် သဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) က ကြိုဆိုလိုက်ကြောင်း နိုဝင်ဘာလ (၆) ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

KS-RELIEF က ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၃၅) ရွာတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ နေ့စဉ် လူနေမှု ဘ၀မြှင့်တင်ရေး လုပ်ဆောင်မည် ဖြစ်သောကြောင့် လှေစီး၍ ထွက်ပြေးနေရသည်များ လျော့နည်းလာအောင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း OIC ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

OIC ၏ အတွင်းရေးမှူးများ အဖွဲ့က OIC အဖွဲ့ဝင် နိုင်ငံများနှင့် လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) များကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လိုအပ်နေသူများအား ဆော်ဒီအာရေဗျာနိုင်ငံ ကဲ့သို့ လူသားချင်း စာနာ ထောက်ပံ့ရေး အကူအညီများ ပေးရန် တိုက်တွန်း ထားသည်။

ကျီးကန်းပြင် အလယ်ရွာရှိ နေအိမ်များမှ နှင်ထုတ်ခံခဲ့ရသူများ
RB News
7.11.2016

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့ရှိ ဆရာ/မ များ၏ အဆောင်တစ်ခုကို စစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့ရှိ ဆရာ/မ များ၏ အဆောင်တစ်ခုကို စစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“မီးစလောင်တဲ့အချိန်မှာ မြင်းလွတ် အပိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်က တပ်ရင်းမှူးတို့ အစည်းအဝေး လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန် စစ်သားတွေက ထမင်းချက်နေတယ်။ အဲဒီအဆောင်မှာ ကင်းစောင့်မယ့် ရွာသား (၄) ယောက် ၆ နာရီမှာ ရောက်လာတယ်။ စစ်သားတွေက ကင်းသမားတွေကို ဘာလို့ လာတာလဲမေးတော့ သူတို့က အုပ်ချုပ်ရေးမှူးက ကင်းစောင့်ခိုင်းလို့ လာတယ်လို့ ပြန်ဖြေလိုက်တယ်။ ၆ နာရီခွဲလောက်မှာ စစ်သားတွေက ကင်းသမား (၄) ယောက်ကို သရက်ပင်မှာ ကြိုးနဲ့ချည်လိုက်ပြီး၊ အဆောင်ကို တစ်ဖက်နှစ်ယောက်စီ မီးရှို့ပြီး နယ်မြေရုံးထဲ ပြေးပြီး ၀င်သွားကြတယ်။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“မီးစလောင်ပြီး ၁၀ မိနစ်လောက် အကြာမှာ ဇုမ်ခါရာ ရွာသားတွေက မီးငြိမ်းဖို့ ရောက်လာတော့ စစ်သားတွေက ကင်းသမား (၄) ယောက်ကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ရွာသားတွေကို ရှေ့တိုးလာပြီ မီးမငြိမ်းဖို့ အသံချဲ့စက်နဲ့ အော်တယ်။ ဒါပေမယ့်လည်း ရွာသားတွေက စစ်သားတွေ ဟန့်တာကို မနာခံဘဲ မီးဝိုင်းငြိမ်းတာ အခန်း (၄) ခန်း မီးလောင်ပြီးတဲ့နောက် ငြိမ်းသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မီးရှို့ခံရသည့် အဆောင်သည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံး၏ တောင်ဘက် လမ်းတစ်ဘက်ခြမ်းတွင် ရှိသည့် အဆောင် ဖြစ်ပြီး၊ အနီးတွင် စ.ရ.ဖ ရုံး ရှိသလို၊ စစ်သားများလည်း စခန်းချ ထားသည့် နေရသည်။ မီးစတင်လောင်သည့် အချိန်သည် ညမထွက်ရ အမိန့်ရှိနေသည့် အချိန်ဖြစ်၍ ရွာသားများကို စွပ်စွဲလျှင်လည်း အလွန်ကို ဆင်ခြင်မှုကင်းမဲ့သည့် စွပ်စွဲမှုသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောပါသည်။

“အဲဒီနေရာမှာ နယ်ခြားစောင့်ရဲ နယ်မြေရုံး၊ စ.ရ.ဖ ရုံး၊ စစ်သားတွေ ပြည့်နှက်နေတာ၊ တစ်စုံတစ်ယောက်က မီးသွားရှို့ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ နေရာပါ။ အခု ဒီလိုမီးတင်ရှို့မှုတွေ လုပ်ပြီး ဒေသခံ ရိုဟင်ဂျာ တွေကို ညှဉ်းပန်း နှိပ်စက်ဖို့ အကြောင်းရှာနေတာ လို့သာ မြင်တယ်” အခြား ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ ဇုမ်ခါရာရွာထဲသို့ စစ်သားများ၊ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးရန် လိုက်လံ ရှာဖွေလျက် ရှိသည်။ ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်စိုး၍ ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အချို့ ကားတစ်စီးဖြင့် မြင်းလွတ်နှင့် ဂေါ်ရာခါလီ (ချောင်းတောင်) ကြားရှိ တံတားပေါ်တွင် စောင့်နေကြောင်း သိရှိရသည်။

စစ်သားများ၏ မီးရှို့ခြင်းကို ခံရသည့် အဆောင်သည် ၀ါးထရံ၊ သက္ကယ်အမိုးဖြင့် အလွန်ဟောင်းနွမ်း နေသည့် အဆောင်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ကင်းသမား (၄) ဦးက အုပ်ချုပ်ရေးမှူးနှင့် အတူ တပ်ရင်းမှူးကို သွားရောက် တိုင်ကြားရာ တပ်ရင်းမှူးက အစအန မကျန်အောင် သန့်ရှင်းရေး ပြုလုပ်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

“မြင်းလွတ် ရွာသစ်က ကင်းစခန်းကိုလည်း နယ်ခြားစောင့်ရဲ တွေက မနက် ၂ နာရီခွဲလောက်မှာ မီးရှို့ပြီး ရွာသားတွေကို အပြစ်ပုံချခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နိုင်ခဲ့လို့ အခုလည်း စစ်သားတွေက နောက်ထပ် မီးရှို့ပြီး ရိုဟင်ဂျာတွေကို ရက်စက်ဖို့ အကွက် ရှာနေတာပါ” မောင်တောမြို့မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ပြောပါသည်။

MYARF မှ သတင်းအချက်အလက် အချို့ပေးပို့သည်။



MYARF
RB News
7.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စု၊ နူရူလ္လာရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီးထားကြောင်းနှင့် သ၀န်ချောင်း ကျေးရွာမှ သားအဖ နှစ်ဦးကိုလည်း နေအိမ်တွင် တုတ်တစ်ချောင်း ရှိနေသည်ကို အကြောင်းပြ၍ ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စု၊ နူရူလ္လာရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နိုဝင်ဘာလ (၃) ရက်နေ့ ည (၆) နာရီခန့်တွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် စစ်တပ်ရောက်ရှိလာပြီး ညလုံးပေါက် လမ်းမပေါ်တွင် စောင့်နေခဲ့သည်။

နိုဝင်ဘာလ (၄) ရက်နေ့ နံနက် အစောပိုင်းတွင် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်တပ်က ၀ိုင်း၍ ပိတ်ဆို့ စစ်ဆေးခဲ့ပြီး၊ အပြစ်မဲ့ လူငယ်များ ဖြစ်သည့် နူရူလ္လာရွာမှ မာမတ်အာယာစ် (ဘ) ဦးအီနုစ် (အသက် ၁၆ နှစ်) နှင့် မြို့မကညင်တန်းရွာမှ မူဖီဇူရာမန် (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၀ နှစ်) နှင့် မာမတ်ရှာကဲရ် (ဘ) ဦးအီဆက် (အသက် ၁၆ နှစ်) တို့ကို ဖမ်းဆီး၍ မောင်တောရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

ယခုအခါ အဆိုပါ လူငယ် (၃) ဦးကို ရဲစခန်း၌ ချုပ်နှောင် ထားကြောင်း သိရှိရသည်။

မြို့မကညင်တန်း ကျေးရွာမှ မူဖီဇူရာမန်နှင့် မာမတ်ရှာကဲရ်တို့သည် နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည်ပိုင်းတွင် မြို့မကညင်တန်း ဈေးမှ ကွမ်းရွက်များ ၀ယ်ယူပြီး ပဒင်း၊ ဘဂုံးနာနှင့် ဒုညောင်ပင်ကြီး ရွာများတွင် သွားရောက် ရောင်းချခဲ့ရာ နေ၀င်ချိန်တွင် ညမထွက်ရ အမိန့်ကြောင့် အိမ်မပြန်နိုင်တော့ဘဲ ဒုညောင်ပင်ကြီး ရွာတွင် ညအိပ်ကာ နံနက် အစောပိုင်းတွင် ငါးများဝယ်ယူ၍ ဒုညောင်ပင်ကြီး ရွာမှ ထွက်လာစဉ် စစ်သားများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ နူရူလ္လာရွာမှ မာမတ်အာယာစ်ကို ဒုညောင်ပင်ကြီး ရွာထဲမှ လမ်းလျှောက် သွားနေစဉ် အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း သ၀န်ချောင်း ကျေးရွာသို့ စစ်သားများ ၀င်ရောက်ပြီး အိမ်များကို စစ်ဆေးခဲ့ရာ သ၀န်ချောင်း တောင်ပိုင်းတွင် နေထိုင်သည့် ဦးအဘူဆော်ယာဒ်၏ နေအိမ်ကိုလည်း စစ်ဆေးခဲ့သည်။ ၎င်း၏ အိမ်တွင် သစ်သားတုတ် တစ်ချောင်း တွေ့ရှိသည်ကို အကြောင်းပြ၍ ဦးအာဘူဆော်ယာဒ်နှင့် အတူ သားဖြစ်သူ ဒေါလ္လာ တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရသူများ အားလုံးမှာ အပြစ်မဲ့ ပြည်သူများ ဖြစ်ကြပြီး၊ နယ်မြေရှင်းလင်း ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ပြည်သူများကို စစ်တပ်နှင့် အာဏာပိုင်များက ဥပဒေမဲ့ ပြုလုပ်နေခြင်းသာ ဖြစ်သည်။

မြို့မကညင်တန်းနှင့် နူရူလ္လာရွာမှ လူငယ် (၃) ဦး

RB News
7.11.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်ကျေးရွာရှိ ဈေးမှဆိုင်ခန်း အချို့နှင့် အိမ်ဆိုင် အချို့ မီးလောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ဒါးပိုင် ကျေးရွာရှိ ဆိုင်ခန်း ၁၀ ခန်းနှင့် အိမ်နှင့်ဆိုင် တွဲလျက် ၃ လုံး မီးလောင်မှု ပျက်စီးခဲ့သည်။

“မီးကတော့ ပေါ့ဆမီးပါ၊ ဆိုင်ခန်း ၁၀ ခန်းနဲ့ အိမ်ဆိုင် ၃ လုံး ပါသွားတယ်။ ဆိုင်ခန်းတွေကတော့ ဟင်းသီးဟင်းရွက် ဆိုင်တွေများတော့ ပျက်စီးမှု တန်ဖိုးနည်းတယ်။ အိမ်ဆိုင်မှာ အထည်ဆိုင်ပါတော့ နည်းနည်း တန်ဖိုးများတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒေသခံများနှင့် မီးသတ်ကားများ ၀ိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် အချိန်အတန်ကြာ မီးလောင်ကျွမ်းပြီး မီးငြိမ်းသတ် သွားခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ - ဒါးပိုင်ဈေးမှ ဆိုင်ခန်းများ မီးလောင်နေပုံ





Rohingya Eye
RB News
6.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာတွင် စားနပ်ရိက္ခာ ပြတ်လပ်လျက်ရှိပြီး အကူအညီများ ပေးအပ်ရန် ရွာသားများက မေတ္တာရပ်ခံလျက် ရှိသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာသို့ အောက်တိုဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့များတွင် စစ်တပ်မှ ၀င်ရောက်၍ မီးရှို့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင် ပြာကျသွားပြီး၊ ဆိုင်ခန်း ၁၇၃ ခန်း မီးလောင် ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဈေးအပြင်ပိုင်းရှိ ဆိုင်ခန်း ၅၇ ခန်းကိုလည်း စစ်သားများက မီးရှို့ခဲ့သည်။ 

စစ်သားများ၏ ပစ်ခတ်မှုကြောင့် ရွာအတွင်း ၁၉ ဦး သေဆုံးခဲ့ပြီး၊ ပျောက်ဆုံးနေသူ ၁၃ ဦး ရှိသည်ဟု ရွာသားများက RB News သို့ပြောသည်။ 

နေအိမ်များ မီးရှို့ခံရမှုကြောင့် အနည်းဆုံး ရွာသား ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်လျက်ရှိပြီး၊ ယခင်လက်ကျန် စားနပ်ရိက္ခာများဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါ စားနပ်ရိက္ခာ ပြတ်လပ်နှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။ 

ရွာသားများသည် တစ်ရွာမှ တစ်ရွာသို့ သွားခွင့် မရှိသဖြင့် စားနပ်ရိက္ခာ ရရန် အလွန်ခက်ခဲလျက် ရှိပြီး၊ နိုဝင်ဘာလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရေကျော်တံတားအနီး ဘော်ဒူဖာရာရှိ လယ်မြေများမှ စပါးရိတ်သိမ်းရန် လူငယ် (၃) ဦး သွားခဲ့ရာ စစ်သားများက နှင်ထုတ်ခဲ့သောကြောင့် စပါးမရိတ်သိမ်းနိုင်ဘဲ ပြန်လာခဲ့ရကြောင်း ရွာသားများက ပြောသည်။ 

“စပါးရိတ်သိမ်းရမယ့် ရာသီမှာ စပါးမရိတ်သိမ်းနိုင်ရင် ကျွန်တော်တို့ ဘာစားမလဲ၊ ကျွန်တော်တို့ အိမ်တွေလည်း မီးရှို့ခံရတယ်၊ ဆိုင်တွေလည်း မီးရှို့ခံရတယ်။ စားနပ်ရိက္ခာလည်း မရှိတော့ဘူး။ ကျွန်တော်တို့ကို သနားညှာတာပြီး စားနပ်ရိက္ခာတွေ ကူညီ ပံ့ပိုးပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ကြက်ရိုးပြင်ရွာမှ နေအိမ်မီးရှို့ခံရပြီး ရွာစွန့်ခွာနေကြသူများ

MYARF & Rohingya Eye
RB News
6.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်လာပြီး၊ အမျိုးသမီးများကို လိင်အကြမ်းဖက်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချနေသည့် စစ်သား (၄) ဦးနှင့် န.တ.လ ရွာသား (၈) ဦးတို့သည် ဆင်သေပြင်အလယ်ရွာသို့ ရောက်ရှိလာပြီး၊ ရိုဟင်ဂျာများ၏ နေအိမ်များမှ လုယက်ခြင်း၊ အမျိုးသမီးများကို စစ်ဆေးရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ခြံဝင်းများထဲမှ ကြက်၊ ဘဲ၊ ခိုများကို လေးခွခြင့် ပစ်ခတ်၍ ဖမ်းယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ နံနက် ၁၀ နာရီကျော် အချိန်တွင်လည်း ဆင်သေပြင်အနောက်ရွာသို့ ၀င်ရောက်၍ အလားတူ လုယက်မှုများ ပြုလုပ်ခဲ့သည်။

နေ့လည် ၂း၁၅ နာရီ အချိန်တွင် စစ်သား ၄၅ ဦးခန့်နှင့် အတူ န.တ.လ ရွာသား (၄) ဦးတို့သည် စစ်ကား (၃) စီးဖြင့် ဆင်သေပြင်ရွာကို ၀ိုင်းခဲ့သည်။ ထိုအချိန်တွင် အမျိုးသားများက ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်သွားခဲ့သည်။ စစ်သားများက အမျိုးသမီးများကို နေအိမ်များမှ ထုတ်၍ တစ်နေရာတွင် စုထားပြီး နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အဖိုးတန် ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ စစ်သားများသည် အသက် (၁၇) နှစ်၊ အသက် (၁၉) နှစ်နှင့် အသက် (၂၁) နှစ် အရွယ် အမျိုးသမီး သုံးဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်သားများသည် လေးခွများဖြင့် ပစ်ခတ်၍ ကြက် (၂၀) ကောင်ခန့် လုယက် ယူဆောင်သွားခဲ့သည့် အပြင် ဆိုလာပြား (၁၈) ချပ်ကိုလည်း လုယက်ခဲ့ကြောင်း၊ အာယုပ်ခါးန် (ဘ) ဦးအုစ်မာန် (အသက် ၂၃ နှစ်) ၏ ဆိုင်မှလည်း ငွေကျပ် နှစ်သိန်းကျော် တန်ဖိုးရှိ စားကုန်ပစ္စည်းများကို လုယက်ယူဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ရွာအတွင်းမှ စိတ်မမှန်သော လူငယ်တစ်ဦး ဖြစ်သူ မော်နိရ်အာလောမ် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၁ နှစ်) ကို လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့သည်။

စစ်သားများက အမျိုးသမီးများကို နေအိမ်အတွင်းသို့ ၀င်ရန် ခေါ်ခဲ့သော်လည်း အမျိုးသမီးများက မုဒိမ်းကျင့်ခံရမည်ကို စိုးရိမ်၍ မ၀င်ဘဲ နေခဲ့သည်ဟု ဆိုသည်။


MYARF
RB News
5.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာ ကျေးရွာ နှစ်ရွာကို ဝန်းရံပြီး ၀င်ရောက်စီးနင်း၍ စစ်ဆေးခဲ့ရာတွင် ဒေသခံအချို့ကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ အဖိုတန် ပစ္စည်းများ လုယက်ခြင်းများကို ပြုလုပ်ခဲ့ခြင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ ၅ ရက်၊ နံနက် ၇ နာရီ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တပ်ဦးချောင်း ကျေးရွာ (ယခင်- ဘဂုံးနား) ကို ဝိုင်း၍ ရွာအတွင်း အိမ်အများစုကို စီးနင်းဝင်ရောက် စစ်ဆေးခဲ့ရာ မည်သည့်အိမ်များတွင်မှ နိုင်ငံတော်နှင့် ဆန့်ကျင့်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ သို့သော် ထိုသို့ စီးနင်းဝင်ရောက် စစ်ဆေးချိန်၌ အချို့အိမ်များတွင် အမျိုးသားများ မတွေ့ရှိခဲ့၍ အိမ်သုံးပစ္စည်းများကို ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“မနက်အစောကတည်းက ရွာကို ၀ိုင်းလိုက်တယ်။ ပြီးတော့ အိမ်အတော်များများကို ဝင်စစ်တယ်။ ဘယ်အိမ်ထဲမှာမှ နိုင်ငံတော်နဲ့ ဆန့်ကျင့်တဲ့ ပစ္စည်းမတွေ့ခဲ့ဘူး။ ဒါပေမယ့် သူတို့က အမျိုးသားတွေ မတွေ့တဲ့ အိမ်တချို့မှာ အိမ်သုံးပစ္စည်းတွေ ဖျက်ဆီးခဲ့တာတွေ ရှိပါတယ်။ လူတွေဘာတွေတော့ ဖမ်းဆီးတာ မရှိဘူး။ လူငယ် တစ်ယောက်ကိုတော့ စစ်သားတွေက ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

စစ်သားများ၏ ရိုက်နှက်ခံခဲ့ရသူမှာ ဦးရာမောတ်အုလ္လာ၏ သား အသက် (၂၂) နှစ် အရွယ် အာဘုလ်ဟူစိန်း ဖြစ်သည်။ နယ်ခြားစောင့်ရဲများက ဦးရာမောတ်အုလ္လာ၏ အိမ်သို့သွား၍ နွားတစ်ကောင်တောင်းကြရာ ၎င်းက အိမ်မှာနွားမရှိကြောင်း၊ နွားရုံသို့ သွားရောက်ယူလာရမည်ဖြစ်ကြောင်း ပြောပြရာ နယ်ခြားစောင့်ရဲများက ဦးရာမောတ်အုလ္လာ၏ သား အာဘုလ်ဟူစိန်းကို နွားယူလာခိုင်းခဲ့သည်။ ၎င်းက သွားရောက်၍ နွားယူပြီး ပြန်လာနေစဉ် စစ်သားများက တွေ့ရှိသွားပြီး အကြောင်းမဲ့ ထိုးနှက် ရိုက်နှက်ပြီး နယ်ခြားစောင့်ရဲများထံ အပ်နှံခဲ့သည်။ နယ်ခြားစောင့်ရဲများက ၎င်းကို လွှတ်ပေးခဲ့သော်လည်း စစ်သားများ၏ ရက်ရက်စက်စက် ရိုက်နှက်မှုကြောင့် အသက်စိုးရိမ်ရဖွယ် ရှိနေသည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

“ဒီနေ့ တပ်ဦးချောင်းမှာ လုပ်ခဲ့တာတွေက အရင်ရွာတွေနဲ့ နှိုင်းရင် သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့် အိမ်တစ်ချို့မှာ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာရှိတယ်။ ပြီးတော့ အပြစ်မဲ့ လူငယ်တစ်ဦးကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်တာကတော့ ဥပဒေမဲ့ လုပ်ရပ်ပါပဲ'' ဆိုပြီး မောင်တောမှ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက ပြောပါသည်။

အလားတူ မောင်တော မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု ကျွန်းခေါင်းကျေးရွာ ကိုလည်း ယနေ့ နေ့လည် ၁၁ နာရီမှစ၍ စစ်သား အင်အား ၅၀ ခန့်နီးပါးက ဝိုင်း၍ အိမ်များထဲသို့ စီးနင်းဝင်ရောက်၍ စစ်ဆေးခဲ့သည်။ စစ်သားများ၏ ဥပဒေမဲ့ ရိုက်နှက်မှု ဖမ်းဆီးမှုများကို ကြောက်ရွံ့၍ အမျိုးသားများ တိမ်းရှောင်သွားခဲ့ရာ စစ်သားများက အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်များမှ ခေါ်ထုတ်၍ ရွာထဲရှိ ဗလီခြံဝင်းတစ်ခုအတွင်း စုထားခဲ့သည်။ ထို့နောက် စစ်သားများသည် လူသူမရှိသော အိမ်ထဲသို့ ဝင်ရောက်၍ စိတ်တိုင်းကျ လုယက်ခဲ့ပြီး အိမ်သုံးပစ္စည်းများလည်း ဖျက်ဆီးခဲ့သည်။

ထို့အပြင် မော်လဝီ အာဘုလ်ကာလာမ်၏ ဇနီးသည်ကို စစ်သားများက ခြေဖြင့် ကန်ခဲ့ခြင်းအပါအဝင် ရက်စက်စွာ ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ စစ်သားများသည် ညနေ ၄ နာရီချိန်တွင် ပြန်သွားခဲ့ပါသည်။

ဆက်စပ်သတင်းအရ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဖမ်းဆီးခဲ့သော မောင်တောမြို့ပေါ်မှ  ဦးမောင်မောင်စိန်ကို ယနေ့နံနက် ၁၀ နာရီတွင် မောင်တောရဲစခန်းမှ ရဲများက ဆေးရုံတင်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်ခေါ်သွားခဲ့သည်။ 

“ဦးမောင်မောင်စိန်မှာ ဆေးကုသမှု လိုတယ်။ ၁၀ မိနစ်ခန့်နဲ့တော့ ဘယ်လုံလောက်မလဲ။ ဒါက အစိုးရက ဖမ်းဆီးတဲ့လူတွေကို ကျန်းမာရေး အပိုင်းမှာ ဂရုတစိုက် ရှိတယ်ဆိုပြီး နိုင်ငံတကာနဲ့ ပြည်သူကို လိမ်လိုရအောင် ဇတ်လမ်းရိုက်တာပါ။'' ဆိုပြီး အဆိုပါ မောင်တောဒေသမှ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက သုံးသပ်သည်။


MYARF
RB News
5.11.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအုပ်စုကို စစ်သားများ ၀င်ရောက်စီးနင်း၍ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ (၄) ရက်နေ့ ည ၁၁း၃၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာကို စစ်တပ်က ကား (၁၁) စီးဖြင့် ၀ိုင်းထားခဲ့ပြီး၊ ယနေ့ နိုဝင်ဘာလ (၅) ရက်နေ့ နံနက် ၆း၃၀ နာရီ အချိန်တွင် ရွာထဲသို့ ၀င်ရောက်လာကာ ရွာမှ ရပ်မိရပ်ဖများကို ရွာအတွင်း စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။ 

စစ်သားများသည် နေအိမ်များအတွင်းရှိ လူများကို အပြင်သို့ အိမ်ထောင်စု စာရင်းနှင့် တကွ ထွက်ခိုင်းထားခဲ့ပြီး၊ တစ်အိမ်ချင်း စစ်ဆေးခဲ့ပြီး၊ အိမ်အနည်းငယ် စစ်ဆေးပြီးနောက် လုယက်ခြင်း၊ ရိုက်နှက်ခြင်းများ စတင်ခဲ့သည်။ အမျိုးသမီးများ ၀တ်ဆင်ထားသည့် အဖိုးတန် လက်ဝတ်ရတနာများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့နောက် အသက် (၈) နှစ် အရွယ် အထက်များကို ဖမ်းဆီး၍ ကျေးရွာရှိ ဗလီဝင်းထဲတွင် စုထားခဲ့သည်။ အနည်းဆုံး ၃၀၀ ခန့် ဖမ်းဆီး၍ ဗလီဝင်းထဲတွင် စုပြုံထားပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာ မော်လ၀ီဦးအဒူဟာလီးမ် သည် ရိုက်နှက်မှုကြောင့် သတိလစ်သွားခဲ့ပြီး အများစုက သေဆုံးသွားသည်ဟု ထင်ခဲ့ကြသည်။ ထို့အပြင် မော်လ၀ီရဟ်မသ်အုလ္လာ အပါအ၀င် ဒေသခံအချို့မှာ သေလုမျောပါး ဖြစ်သည်အထိ ရိုက်နှက်ခံရကြောင်း သိရှိရသည်။ 

“ညှဉ်းပန်းနှိပ်စက်တာ ကတော့ အရမ်းကို ဆိုးရွားလွန်းတယ်။ လူကို လူက ဒီလို ညှဉ်းပန်းနှိပ်စက်တာ ကျွန်တော့် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ည ၈ နာရီ အချိန်ခန့်တွင် နံနက်ပိုင်းမှစ၍ အစာရေစာ မစားရသည့် ဒေသခံ ၃၀၀ ခန့်ကို မိသားစုဝင် ကလေးများက အစားအသောက်များ ပို့ရန် သွားရာ စစ်သားများက အဆိုပါ ကလေးများကိုပါ ပြန်မလွှတ်ဘဲ စုပြုံထားသည့် လူအုပ်နှင့် အတူ ဖမ်းဆီးထားခဲ့သည်။ ညပိုင်းတွင် လူပေါင်း ၈၀၀ ခန့်ထိဖမ်းဆီးထားခဲ့သည်။

ည ၁၀း၃၀ နာရီခန့်တွင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း မော်လ၀ီဦးအဒူဟာလီးမ်၊ မော်လ၀ီဦးအာဘူကာဆိမ်း အပါဝင် (၅) ဦးကို စစ်သားများက ခေါ်ဆောင် သွားကြောင်း သိရှိရသည်။ 

ပြန်ကြားရေး ၀န်ကြီးဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် မွန်းလွဲ (၂) နာရီတွင် ကိုးတန်ကောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို စီးနင်းတိုက်ခိုက်သူ (၂) ဦးကို ဖမ်းဆီးရထားကြောင်း ဓါတ်ပုံနှင့် တကွ တင်ထားသူများမှာလည်း အပြစ်မဲ့ ရွာသား နှစ်ဦးသာ ဖြစ်သည်။ 

“အဓိကကတော့ ကိုးတန်ကောက် ရွာသားတွေက ကုလနဲ့ သံတမန် အဖွဲ့လာတော့ ပလာကဒ်တွေ ကိုင်ပြီး ဆန္ဒပြတယ်။ သူတို့ရဲ့ ပလာကဒ်တွေမှာ ရေးထားတွေက အစိုးရ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေပဲလေ၊ အဲဒီတော့ အစိုးရရဲ့ အရှိုက်ကို ထိတယ်။ ပြီးတော့ လူတွေက သူတို့ ခံစားနေရတာတွေကို လာတဲ့ အဖွဲ့ကို ရတဲ့နည်းနဲ့ ပြောပြတယ်။ အဲဒါကြောင့် သူတို့ကို အစိုးရက အငြိုးထားပြီး ဒီနေ့ ညှဉ်းပန်းနှိပ်စက်တာပါ” ဟု မောင်တောမှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက RB News သို့ပြောသည်။

ကိုးတန်ကောက်မှ ဒေသခံများ


RB News
4.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက နည်းမျိုးစုံဖြင့် ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ညမထွက်ရ အမိန့် ည (၆) နာရီ ကနေ မနက် (၆) နာရီ အတွင်းမှာ အိမ်ထဲမှာ ကလေးတွေ စာကျက်ဖို့ မီးတောင် ထွန်းလို့မရဘူး။ မီးထွန်းတာ တွေ့တာနဲ့ ရိုက်နှက်ပြီး ငွေညှစ်နေတယ်။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“အိမ်ခြံဝင်းတွေက ခြံစည်းရိုးတွေကို ဖြုတ်ခိုင်းတဲ့ အပြင် နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်က အကာအရံတွေပါ ဖြုတ်ခိုင်းနေတယ်။ ဖြုတ်တာ နှောင့်နှေးရင်လည်း ရိုက်နှက်ပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ ဒေသခံတွေဆီက ပုံစံပေါင်းစုံနဲ့ ငွေညှစ်နေတယ်” အဆိုပါ ဒေသခံက ပြောပါသည်။

“သူတို့လုပ်နေတဲ့ ပုံစံနဲ့ဆိုရင် ကျွန်တော်တို့ ဒေသခံတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးရမလို ဖြစ်နေပြီ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ခမရ (၅၅၂) မှ ဗိုလ်ကြီးထင်ကျော်နှင့် အဖွဲ့က ဘိုးကြီးချောင်း ကျေးရွာမှ ဦးရော်ဖိတ် (ဘ) ဦးအေကေရာမ် ကို အသုံးချ၍ အောက်ဖော်ပြပါ ဒေသခံများထံမှ နိုဝင်ဘာလ (၃) ရက်နေ့တွင် ငွေညှစ်ခဲ့သည်။

(၁) ဦးကော်မာလ်အုဒိန် (ဘ) ဦးအီနုစ် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်းခွဲ
(၂) ဦးဇော်ကော်ရီယာ (ဘ) ဦးနူရ်အာလောမ် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်းခွဲ
(၃) ဦးဖော်ယာစ် (ဘ) ဦးဘော်ဒီရာမန် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်းခွဲ
(၄) ဦးမာမတ်အာယုပ် (ဘ) ဦးအာမီရ်းဟူစိန်း - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၅) ဦးရှကူရ် (ဘ) ဦးရော်မ်ဇာန်အလီ - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း

အဆိုပါ ဗိုလ်ကြီးထင်ကျော်နှင့် အဖွဲ့သည် အောက်တိုဘာလ (၃၁) ရက်နေ့က ဆင်သေရွာမှ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနာဇီရ်ဟူဆောင်းကို အသုံးချ၍ အောက်ဖော်ပြပါ ဒေသခံများထံမှ ငွေညှစ်ခဲ့သည်။ အသုံးချခံရသူကလည်း အသုံးချခံရသည်ကို အခွင့်ကောင်းယူကာ ရွာသားများထံမှ ၀ါးများ၊ ထင်းများ၊ ဟင်းသီးဟင်းရွက်များ တောင်းယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

(၁) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ခါန် - ဆင်သေရွာမှ - ညှစ်ခံရသည့် ငွေကျပ် သုံးသိန်း
(၂) ဦးကာလူမျာ (ဘ) ဦးယာကုပ်မျာ - ဆင်သေရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း
(၃) ဦးမာမတ်အော်လီ (ဘ) ဦးမာမတ်အလီ - ဆင်သေရွာမှ - ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း
(၄) ဦးမော်နီရာမန် (ဘ) ဦးဖော်ဇာအာမတ် - ဆင်သေရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း

ခမရ (၅၅၂) မှ ဒုတပ်ကြပ် ကျော်နိုင်အေးက သင်္ဂနက် ကျေးရွာမှ ဦးအန်ဝါရ် (ဘ) ဦးအုစ်မာန်ဂေါ်နီ ကို အသုံးချ၍ အောက်ဖော်ပြပါ ဒေသခံများထံမှ နိုဝင်ဘာလ (၂) ရက်နေ့တွင် ငွေညှစ်ခဲ့သည်။

(၁) ဒေါ်ဆာဘဲရာခါတူ (ဘ) ဦးဆူလေမန် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်းခွဲ
(၂) ဦးနူရူလ်ဟောက် (ဘ) ဦးအဒူဇော်ဘော်ရ် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်းတစ်သောင်း
(၃) ဦးအန်ဝါရ်ဝါး (ဘ) ဦးဂျာဖော်ရ်နှင့် အပေါင်းပါ (၃) ဦး - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၄) ဦးဖော်ဇူး (ဘ) ဦးအစ္စမိုင် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၅) ဦးအာလီမျာ (ဘ) ဦးမော်တော်လောဖ် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၆) ဦးဆုလ်တာန် (ဘ) ဦးမုဇာရ်မျာ - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ရှစ်သောင်း
(၇) ဦးဟိုက်ရုလ်အစ္စလာမ် (ဘ) ဦးဆော်မီယုဒိန် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ရှစ်သောင်း
(၈) ဦးအီဆုပ် (ဘ) ဦးယာစီးန် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၉) ဦးမော်တော်လောဖ် (ဘ) ဦးရော်ဖိတ် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၁၀) ဦးမုဂျမ္မာလ် (ဘ) ဦးအာမီးရ်နှင့် အပေါင်းပါ (၂) ဦး - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၁၁) ဦးဂျီယာဘူ (ဘ) ဦးအဒူရော်ဇောက် - မားဇီရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၁၂) ဦးဂျူနိုက်ဒ် (ဘ) ဦးအာဘူကာလာမ် - မားဇီရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၃) ဦးဖွေယာစ် (ဘ) ဦးအန်ဒါဟူစိန်း - မားဇီရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၄) ဦးနော်ဆိမ် (ဘ) ဦးမော်ဂုလ်မျာ - မိကျောင်းဈေးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်း ခုနှစ်သောင်း
(၁၅) ဦးရှုနာမျာ (ဘ) ဦးဒူဒူမျာ - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၆) ဦးမာမတ်ဇော်လိလ် (ဘ) ဦးဒူဒူမျာ - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၇) ဦးရှော်ဖီအုလ္လာ (ဘ) ဦးအာဘူလ်ဟူစိန်း - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၈) ဦးအာဘူလ်ကာလာမ် (ဘ) ဦးနော်ဆော်ရော်ဒိန် - ဘိုးကြီးချောင်းရွာမှ - ညှစ်ခံရငွေကျပ် ငါးသောင်း

ထို့အပြင် ဒုတပ်ကြပ် ကျော်နိုင်အေး သည် ဘိုးကြီးချောင်းရွာရှိ ကျန်သည့် အိမ်များမှလည်း ငွေကျပ် နှစ်သောင်းမှ ငါးသောင်းထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

စစ်သားများက လက်နက်နှင့် အာဏာကို အသုံးပြု၍ ဒေသခံများကို ခြိမ်းခြောက်ပြီး ငွေညှစ်နေခြင်းများကို အထက်အာဏာပိုင်များက အမြန်ဆုံး ရပ်တန့်၍ အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
4.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျှတောင် ကျေးရွာမှ ရွာသားများကို စစ်သားများ လာစဉ် ရှောင်နေသည့် အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က တစ်ဦးချင်းထံမှ ငွေကျပ် ၅၀၀၀ စီ ညှစ်နေကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျှတောင် ကျေးရွာသို့ စစ်သားများ ရောက်ရှိလာပြီး၊ တစ်အိမ်တက်ဆင်း စစ်ဆေးနေသဖြင့် ရွာအတွင်းရှိ လူငယ်၊ လူကြီး အမျိုးသားများ အားလုံး တောထဲသို့ တိမ်းရှောင်သွားပြီး၊ အချို့လည်း ပုဇွန်ကန်များရှိ တဲများတွင် သွားရောက်နေခဲ့ကြသည်။ အောက်တိုဘာလ (၁၂) ရက်နေ့ကလည်း စစ်သားများ ရွာထဲသို့ ၀င်ရောက်လာပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် အမျိုးသားများ အားလုံး ယနေ့နံနက်ပိုင်းက တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရခိုင်အစွန်းရောက် အချို့က ကျေးရွာတာဝန်ခံ ဦးဆာလေအာမတ် (ဘ) ဦးဟော်လိလ်ကို ရွာမှ တိမ်းရှောင်သွားသော အမျိုးသား တစ်ဦးစီချင်းမှ ငွေကျပ် ၅၀၀၀ စီ ကောက်ခံပေးရန် မှာကြားလိုက်ပြီး၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် ၂၅၀ ဦး အတွက် ငွေကျပ် ၁၂ သိန်းခွဲ ပေးရမည် ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရခိုင်အစွန်းရောက် များက အကယ်၍ ငွေမပေးပါက အာဏာပိုင်များကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများ (သို့မဟုတ်) လက်နက်ကိုင် အဖွဲ့ထဲသို့ ၀င်ရောက်သွားသူများဟု တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။ 


MYARF
RB News
4.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့ကို မြို့နယ်ရဲစခန်းမှူးက ခေါ်ယူကာ စစ်သားများက ပစ်ခတ်သတ်ဖြတ်လိုက်သည့် မြို့သူကြီးရွာသား ၇ ဦးနှင့် ပတ်သက်၍ လိမ်လည်ထွက်ဆို ဝန်ခံခိုင်းသည်ဟု သတင်းရရှိပါသည်။ 

နိုဝင်ဘာလ ၂ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် မောင်တော မြို့နယ်ရဲစခန်းမှ မြို့နယ်ရဲစခန်းမှူးက မြို့သူကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမဲသားနုနှင့် ၎င်းကျေးရွာ တာဝန်ခံ ဦးဟူးဆောင်း တို့ကို ခေါ်ယူကာ ၎င်းကျေးရွာအုပ်စု ရွာဟောင်းရွာနှင့် သောင်ပိုင်ညာရွာ များမှ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ဦးကို လွန်ခဲ့သော အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်သားများက ပစ်ခတ် သတ်ဖြတ်လိုက်သည်ကို စစ်သားများကို တိုက်ခိုက်လာ၍ စစ်သားများကလည်း ပြန်လှန် ပစ်ခတ်ရခြင်းဖြစ်သည်ဟု လိမ်လည် ထွက်ဆိုပေးရန် ဖိအားပေး၍ ဝန်ခံလက်မှတ် ထိုးခိုင်းခဲ့သည်။ ထိုသို့ လိမ်လည်ထွက်ဆို ဝန်ခံခိုင်းပြီး ၎င်းကျေးရွာ အုပ်ချုပ်မှူးနှင့် တာဝန်ခံတို့ကို ညနေ ၁၀ နာရီခန့်အချိန်တွင် မြို့နယ်ရဲစခန်းမှ ရဲများက အိမ်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။  

အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်သားများက ပစ်ခတ် သတ်ဖြတ်လိုက်သည့် မြို့သူကြီး ရွာသား ၇ ဦးမှာ မည်သို့မျှ အပြစ်ကျူးလွန်ခဲ့ခြင်းမရှိပေ။ ယင်းနေ့ နံနက် ၆ နာရီခန့်အချိန်တွင် စစ်သားများက မြို့သူကြီးရွာကို ဝန်းရံလိုက်ပြီး အိမ်ထဲမှ အပြင်သို့ ချောင်းကြည့်ခဲ့သည့် ရွာသား ခုနှစ်ဦးကို စစ်သားများက အိမ်မှ ခေါ်ထုတ်ကာ အနီးကပ် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်သည်ဟု အခင်းဖြစ်ပွားခဲ့ရာကို မြင်ခဲ့သူ မျက်မြင်သက်သေများက Al Jazeera သတင်းဌာနသို့ ပြောပြခဲ့သည်။

နိုင်ငံပိုင် သတင်းမီဒီယာကမှု မြို့သူကြီးရွာသားများက ရွာထဲက သေနတ်နှင့် ပစ်ခတ်၍ စစ်သားများကလည်း ပြန်လှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထိုစဉ်က လိမ်လည်၍ ရေးသားဖော်ပြခဲ့သည်။ 

ယခုအခါ ထိုဖြစ်ရပ်အမှန်သည် နိုင်ငံတကာ မီဒီယာစာမျက်နှာပေါ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ ရောက်သွားသဖြင့် မြန်မာအစိုးရက ၎င်းတို့ လိမ်လည်ခဲ့သည့် လိမ်လည်မှုကို ဆက်လက် ရှင်သန်စေလို၍ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့ကို ယခုလို ဖိအားပေး၍ လိမ်လည်ထွက်ဆို ဝန်ခံခိုင်းခြင်းသာ ဖြစ်သည်ဟု မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက သုံးသပ်နေကြသည်။

ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသူများထဲတွင် အသက် ၁၈ နှစ်အောက် လူငယ်နှစ်ဦးလည်း ပါဝင်ပါသည်။ နှစ်ဦးမှာ ညီအစ်ကို ဖြစ်ပါသည်။ 

ယခုအခါ မောင်တော ရဲစခန်းမှ မြို့နယ်ရဲစခန်းမှူးက အသတ်ခံခဲ့ရသူ၏ မိဘများကိုလည်း လိမ်လည်ထွက်ဆို ပေးရန် အကြိမ်ကြိမ် ခေါ်နေသော်လည်း မိဘများက ၎င်းတို့ကိုလည်း သတ်နိုင်ကြောင်း၊ သို့သော် ၎င်းတို့၏ သားများသည် ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြို့နယ်ရဲစခန်းမှူးနှင့် သွားရောက်တွေ့ဆုံရန် မှာကြားမှုကို ငြင်းဆန်ပယ်ချလိုက်ပါသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၄ နာရီခန့်အချိန်တွင် ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သော အဖွဲ့တစ်ဖွဲ့ မြို့သူကြီးကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို စစ်သားများက ပစ်ခတ်သတ်ဖြတ်သည့် နေရာများကို လာရောက်ပြသပေးခိုင်း၍ ဗီဒီယို ရိုက်ခဲ့သွားကြောင်း သတင်းရရှိပါသည်။

မြို့သူကြီးရွာမှ အသတ်ခံရသူများ

RB News
4.11.2016

ဂျပန်နိုင်ငံသို့ (၅) ရက်ကြာ တရားဝင် အလည်အပတ်ခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးအပ်လိုက်သည့် ယန်းဘီလီယံ ၈၀၀ မှ ယန်းဘီလီယံ ၄၀ ကို လူနည်းစု ရိုဟင်ဂျာမွတ်စလင်များ အတွက် အသုံးပြုမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကို နိုဝင်ဘာလ (၂) ရက်နေ့က ပြောကြားခဲ့ကြောင်း ဂျပန်ဘာသာဖြင့် ရေးသားထားသော Yahoo News တွင် ဖော်ပြထားသည်။

Yahoo News တွင် ဂျပန်ဘာသာဖြင့် ဖော်ပြထားချက်အရ နိုဝင်ဘာလ (၂) ရက်နေ့က ဂျပန်ဝန်ကြီးချုပ် အာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ပြီး၊ ၀န်ကြီးချုပ်အာဘေးက ဂျပန်နိုင်ငံမှ ၅ နှစ်တာ အတွင်း ပေးအပ်မည့် ယန်းဘီလီယံ ၈၀၀ မှ ယန်းဘီလီယံ ၄၀ စီကို ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဒေသများတွင် သုံးစွဲရန် တိုက်တွန်းခဲ့သည်။ ယင်းငွေများကို စိုက်ပျိုးရေး၊ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် စီမံကိန်း (၉) မျိုးတွင် သုံးစွဲရန် သဘောတူခဲ့သည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းငွေများဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်လမ်း ဖန်တီးခြင်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးများကို အဓိက ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက်လည်း ပံ့ပိုးပေးလိုကြောင်း ပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာမွတ်စလင်များ၏ လူ့အခွင့်အရေး ကိစ္စရပ်များအတွက် ယန်းဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် ပြဿနာများကို တရားဥပဒေနှင့် အညီ ဖြေရှင်းလိုသည်ဟု ပြောကြားခဲ့ကြောင်း Yahoo News တွင် ဂျပန်ဘာသာဖြင့် ရေးသားထားသည်။

(ပထမအပိုဒ်နှင့် ဒုတိယအပိုဒ်တို့တွင် ယန်းဘီလီယံ ၈၀၀ ဖြစ်ရမည် ဖြစ်သောကြောင့် ပြန်လည် ပြင်ဆင်ထားသည်)

Yahoo News တွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော သတင်း


RB News
4.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ အနောက်ရွာမှ အသက် (၆၂) နှစ်အရွယ် အဖိုးအိုတစ်ဦးကို ရခိုင်အစွန်းရောက်များနှင့် နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင် သရက်အုပ်ကျေးရွာအုပ်စု၊ အနောက်ရွာမှ အသက် (၆၂)နှစ်အရွယ် ဦးဆယာဒ်ကရီးမ် (ဘ) ဦးဆယာဒ်အဟမတ် သည် ရွာအပြင်ပိုင်းတွင် လမ်းလျှောက်နေစဉ် ရခိုင် အစွန်းရောက်များက ဖမ်းဆီး၍ သရက်အုပ်ရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကင်းစခန်းတွင် အဆိုပါ အဖိုးအိုကို အစွန်းရောက်များနှင့် နယ်ခြားစောင့်ရဲများက လူမဆန်စွာ ရိုက်နှက်မှုကြောင့် ခေါင်းကွဲသွားခဲ့သည်။

အစွန်းရောက်များနှင့် နယ်ခြားစောင့်ရဲများက စိတ်တိုင်းကျ ရိုက်နှက်ပြီးနောက် ရွာအပြင်ပိုင်းသို့ ပို့ဆောင်ပြီး ပစ်ထားသည်ကို ရိုဟင်ဂျာ ရွာသားများက တွေ့ရှိပြီး နေအိမ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ရိုက်နှက်ခံရသည့် အဖိုးအိုသည် အလွန် ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ရိုက်နှက်ခံရသည့် အဖိုးအို
Rohingya Eye
RB News
4.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာတွင် လက်နက်တူးဖော် တွေ့ရှိသည့် ဇတ်လမ်းတစ်ခု ရိုက်ကူးခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အနောက်ရွာမှ ဆယ်အိမ်မှူး ဖြစ်သူ ဦးဟာမိတ်၊ ကျောင်းဆရာ ဦးအာဘူလ်ဟာရှိမ်၊ နွားရုံတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် (၆) ဦးတို့ကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆင့်ခေါ်ခဲ့သည်။

ထို့နောက် ၎င်းတို့ (၈) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀ါးပိတ်ကျေးရွာသို့ ခေါ်ဆောင်သွားပြီး တစ်နေရာတွင် လက်နက်ရှိသည်ဟု ဆိုကာ ၎င်းတို့ရှေ့တွင်ပင် မြေတူး၍ လက်နက် (၄) လက်ကို ပြခဲ့သည်။ ထို့နောက် ၎င်းတို့ (၈) ဦးလုံးကို လက်နက်များ မြင်ခဲ့ကြောင်း၊ လက်နက်များကို တူးဖော်ရရှိခြင်းမှာ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ မြေတူးတာက တစ်ထွာလောက်ပဲ ရှိမယ်။ ဘယ်နေရာမှာ မြှပ်ထားမှန်းမသိဘဲ ရှာတွေ့တာက တစ်မျိုးပေါ့နော်။ အခုက လူတွေကို မြှပ်ထားတဲ့နေရာကို တန်းခေါ်သွားတယ်။ တူးတယ်၊ အဖြစ်အပျက် အားလုံးကို ဓါတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်တယ်။ သူတို့ဟာသူတို့ ရှာတွေ့ထားတာကို လိုက်ပြတယ်ဆိုတာက တစ်မျိုး ယုတ္တိရှိတယ်။ အခုတော့ ဇတ်လမ်းတစ်ခု ရိုက်သလိုပါပဲ။” ဟု အဆိုပါ ဒေသခံကပြောပါသည်။

အာဏာပိုင်များသည် ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာနှင့် ၀ါးပိတ်ရွာတို့ကို အဓိက ပစ်မှတ်ထား၍ ဒေသခံများကို ဖယ်ရှားရန် စီစဉ်ထားသဖြင့် အောက်တိုဘာလ (၁၀) ရက်နေ့မှစ၍ ၀ါးပိတ်ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်၍ မောင်းထုတ်ခဲ့သည်။ တစ်ဖန် အလယ်ရွာမှ ရွာသားများကိုလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော် အမိန့်ဟုဆိုကာ နှင်ထုတ်ခဲ့သည်။

ယမန်နေ့ နိုဝင်ဘာလ (၃) ရက်နေ့ ည ၆း၁၅ မိနစ် အချိန်တွင် ၀ါးပိတ်ရွာမှ ရိုဟင်ဂျာများ၏ နေအိမ်နှစ်လုံးကို စစ်သားများက မီးရှို့ခဲ့သေးသည်။ မီးရှို့ခံရသည့် အိမ်နှစ်လုံးအနက် တစ်လုံးမှာ ဦးဟူစိန်း၏ နေအိမ်ဖြစ်ပြီး ရွာတွင် အကြီးဆုံးအိမ်ဖြစ်သည်။

အာဏာပိုင်များက ရွာနှစ်ရွာကို အပိုင်သိမ်းလိုသောကြောင့် ယခုကဲ့သို့ ဇတ်လမ်းပေါင်းစုံ ထွင်လျက် ရှိသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။


MYARF
RB News
3.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်းပိုင်၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း အစိုးရသတင်းဌာနနှင့် ပုဂ္ဂလိက မီဒီယာများက အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ယနေ့ နိုဝင်ဘာလ (၃) ရက်နေ့ ညနေ (၄) နာရီကျော် အချိန်တွင် အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည်။ ထိုသို့ အချင်းချင်း စကားများခဲ့သည်ကို အဆိုပါ ကင်းစခန်း တာဝန်ခံက ဟန့်တားရန် ကြိုးစားခဲ့သော်လည်း လက်အောက်ငယ်သားများက တာဝန်ခံ၏ အမိန့်ကို မနာခံသည့် အပြင် စကားများရာမှ ထိုးကြိတ်သည့် အထိ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကင်းစခန်းတာဝန်ခံက မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးကို အကြောင်းကြားခဲ့သည်။ ထို့နောက် မန်ကျည်းချောင်းမှ ရဲမှူး ရောက်ရှိလာခဲ့ပြီး စကားများ ရန်ဖြစ် ထိုးကြိတ်နေခြင်းကို ဖြေရှင်းပေးခဲ့သည်။ အခြေအနေကို ပကတိအတိုင်း ဖြစ်အောင် ထိန်းသိမ်းပြီးနောက် မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာ ည (၆) နာရီခန့် အချိန်တွင် ကင်းစခန်းအတွင်း၌ ပစ်ခတ်မှု အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ သေနတ်ပစ်ခတ်မှု အနည်းဆုံး အချက် ၂၀ ခန့် ရှိမည်ဟု အနီးအနားမှ ကျေးရွာသားများက ပြောပါသည်။ ကင်းစခန်း အနီး လယ်ကွင်းမှ ဆိတ်ကျောင်း၍ အိမ်ပြန်လာနေသည့် ကလေးငယ်များကိုပင် ကျည်ဆံ ထိလုမတတ် ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ 

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်လည်ရောက်ရှိလာပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်းခဲ့သည်။ အဆက်မပြတ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုကြောင့် ထိတ်လန့်နေသော ကျေးရွာမှ ရွာသူရွာသားများကို မန်ကျည်းချောင်း စခန်းမှ ရဲမှူးက ၎င်းတို့ အချင်းချင်းသာ ဖြစ်နေသည့် ပြဿနာ ဖြစ်သောကြောင့် ထိတ်လန့် ကြောက်ရွံရန် မလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါရဲမှူးနှင့် ခင်မင်ရင်းနှီးသော ဒေသခံ အချို့ကိုလည်း ရဲမှူးက အလားတူ ပြောကြား၍ အေးဆေးနေကြရန် မှာကြားခဲ့သည်။

ယခုအခါ အစိုးရမီဒီယာနှင့် ပုဂ္ဂလိကမီဒီယာ အချို့က ဖြစ်ရပ်မှန်ကို မဖော်ပြဘဲ နယ်ခြားစောင့်ရဲ အချင်းချင်း ဖြစ်ပွားခဲ့သည့် ပြဿနာကို ရိုဟင်ဂျာများအပေါ် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲရေးသားနေကြသည်ကို တွေ့ရှိရသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် MOI စာမျက်နှာတွင်လည်း  “ ရဲကင်းစခန်းရှေ့ ကင်းသမား နှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် လူများ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ် ပစ်ခတ်သံကြောင့် ကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ်သူများမှာ ဆိုင်ကယ်များ ထားရစ်ပြီး ဒဏ်ရာများ ရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါ ပစ်ခတ်ခံရမှု ကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ကျန်တပ်ဖွဲ့တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လာရောက် ပစ်ခတ်သူများ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်များနှင့် အတူ ဓာတ်ဆီ ထည့် ထားသည့် လက်လုပ်ဗုံး တစ်လုံးနှင့် ပစ္စတိုအိတ် အလွတ်လေးခု တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။” ဟု ရေးသားထားသည်။ 

“သေနတ်သံတွေ ကြားနေရတဲ့ အချိန်မှာ ကင်းစခန်းဘက်ကို ကျွန်တော် သေချာကြည့်နေတယ်။ သေနတ်သံကြားရတယ်၊ အခု အစိုးရက ပြောနေတဲ့ ဆိုင်ကယ်သမားဆိုတာလည်း မမြင်ဘူး။ သေနတ်သံသာ ကြားနေရတာ ဆိုတော့ စခန်းထဲ ပစ်နေကြတာ။ ဆိုင်ကယ်သမား ဆိုရင် ပစ်ပြီး ပြန်ထွက်သွားတာ မြင်ရမှာပေါ့။ အဲလိုလည်း မမြင်ရတော့ အစိုးရသတင်းက တော်တော်လေး လွဲနေတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။

“လက်နက်ငယ်နဲ့ တိုက်တယ်လို့ MOI ပေ့ခ်ျမှာ ရေးထားတယ်။ နယ်ခြားစောင့်ရဲတွေမှာ လက်နက်ကြီးတွေ ရှိတယ်။ တိုက်ခိုက်တဲ့သူ ၆ ယောက်ထဲက ဘာကြောင့် တစ်ယောက်ကိုမှ မမိတာလဲ၊ လက်နက်ငယ်နဲ့ ပစ်လို့ ရဲတစ်ယောက် သေတယ်၊ ရဲက လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ပစ်တာတောင် လာတိုက်တဲ့သူ တစ်ယောက်မှ မသေတာလဲ၊ ယုတ္တိရှိရှိနဲ့ စဉ်းစားဖို့လိုတယ်၊ မေးခွန်းလည်း ထုတ်ဖို့လိုတယ်” ဟု မောင်တောမြို့ ၏ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။ 

“လက်လုပ်ဗုံး တစ်လုံးနဲ့ ပစ္စတိုအိတ် အလွတ်လေးခု သိမ်းဆည်း ရမိတယ်ပြောတယ်။ အဲ့ဒီ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို လက်ဗွေစစ်တဲ့ အဆင့်မြင့် စက်တွေနဲ့ စမ်းသပ်ကြည့်ပါလို့ ဆိုချင်တယ်။ ဘယ်သူ့ဟာလဲ ဆိုတာ သိနိုင်တာပေါ့” ဟု ဒေသခံတစ်ဦးက ထောက်ပြသည်။ 

ယခုအခါ အဆိုပါ ကင်းစခန်းသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ရောက်ရှိလာသဖြင့် အနီးအနားမှ ရွာသူရွာသားများက ၎င်းတို့ကို မဟုတ်မမှန် စွပ်စွဲ၍ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မည်ကို အင်မတန် စိုးရိမ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် ညနေစောင်း အချိန်တွင် သောက်စားမူးယစ်၍ အချင်းချင်း စကားများလေ့ရှိကြပြီး၊ ယခင်ကလည်း အချင်းချင်း ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့သည်များ ရှိခဲ့သောကြောင့် စစ်တပ်မှ ယနေ့ ဖြစ်စဉ်ကို သေချာ လေ့လာစုံစမ်းရန် လိုအပ်ပေသည်။




MYARF
RB News
3.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဇင်ပိုင်ညာ ကျေးရွာအုပ်စု၊ ဖုတ်ခါလီရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ သုံးဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၃) ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ကျောက်လှေကား ကျေးရွာ အခြေစိုက် အမှတ် (၆) နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ အချို့သည် ဇင်ပိုင်ညာ ကျေးရွာအုပ်စု၊ ဖုတ်ခါလီရွာမှ လမ်းလျှောက်သွားနေသည့် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဒေသခံ သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူနှစ်ဦးတွင် တစ်ဦး၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူနှစ်ဦးမှာ --

(၁) ဦးအာမိရ်အုလ္လာ (ဘ) ဦးမာမတ်ရှော်ရိဖ် (အသက် ၆၀ နှစ်) - ပေါင်၌ ကျည်ဆံထိမှန်
(၂) ဦးဇော်ကိရ်အာမတ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၀ နှစ်) - ၀မ်းဗိုက်၌ ကျည်ဆံထိမှန် (အသက် စိုးရိမ်ရ) -- တို့ဖြစ်သည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ --

(၁) ဦးအဒူရှော်ရိဖ် (အသက် ၆၅ နှစ်)
(၂) ဦးဇော်ဖော်ရ် (ဘ) ဦးဟာဘဲစ်အာမတ် (အသက် ၄၀ နှစ်)
(၃) ဦးဆာဘဲရ် (ဘ) ဦးမာမတ် (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။


MYARF
RB News
2.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များ၏ ဒေသခံများအပေါ် ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများကို လေ့လာစုံစမ်းရန် အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနှင့် သံတမန်များ အဖွဲ့တစ်ဖွဲ့သည် ပြည်ထောင်စု ၀န်ကြီး အချို့နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ရဟတ်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။ ရဟတ်ယာဉ်သည် ကျီးကန်ပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အတွင်း ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ အဖွဲ့သည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်အတွင်းမှ နံနက် ၁၁ နာရီခွဲ အချိန်တွင် ထွက်ခွာလာပြီး ကျီးကန်းပြင် အရှေ့ရွာဖက်သို့ ကွင်းဆင်းခဲ့ရာ ဒေသခံရိုဟင်ဂျာ ၃၀၀ ခန့်သည် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့၏ အမျိုးမျိုးသော ဟန့်တားမှုများကြားက လာရောက် တွေ့ဆုံခဲ့သည်။ ထိုသို့ လာရောက်တွေ့ဆုံခဲ့သည့် ဒေသခံများထဲတွင် အိမ်များမီးရှို့ခံခဲ့ရ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ဝါးပိတ်ကျေးရွာသူ ကျေးရွာသား အချို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

တစ်နာရီခွဲခန့် အချိန်ကြာခဲ့သော ထို့တွေ့ဆုံပွဲတွင် စစ်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ မုဒိမ်းကျင့်ခံကြခဲ့သော အမျိုးသမီးများ ကိုယ်တိုင် ဖြစ်ရပ်မှန်ကို ရင်ဖွင့်ပြောပြခြင်း၊ ၎င်းတို့နေထိုင်ခဲ့ကြသော နေအိမ်များမှ နှင်ထုတ်ခံရခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အပြစ်မဲ့များ ဖမ်းဆီးချုပ်နှောင်ခံရခြင်း စသော လတ်တလော ခံစားနေရသည်များကို ထုတ်ဖော် ပြောကြားနိုင်ခဲ့သည်။ ကုလညှိနှိုင်းရေးမှူးနှင့် သံတမန်အဖွဲ့ မရောက်လာမီကတည်းက စစ်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အဆိုပါ ဒေသခံများ လာရောက်တွေ့ဆုံမည်ကို ကြောက်လန့်စေသော နည်းလမ်းများ အသုံးပြုပြီး ဟန့်တားခဲ့ကြသော်လည်း ဖြစ်ရပ်မှန်ကို သိစေလိုသော ဆန္ဒပြင်းပြသည့် ဒေသခံများသည် ၎င်းတို့ စုစည်းထားသော သတင်းအချက်အလက် များနှင့် မယ်မိုရီကတ်များကို အဖွဲ့ဝင်များ၏ လက်ထဲသို့ အရောက် ပေးနိုင်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် နေ့လည် ၂ နာရီ မိနစ် ၃၀ တွင် အဆိုပါ အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရှိ လေယာဉ်ကွင်းသို့ ဆိုက်ရောက်လာပြီး ထိုမှတဆင့် ကား (၈) စီးဖြင့် ငါးစားကြူး ကျေးရွာရှိ ပြောင်းပိုက်ရွာသို့ တောက်လျှောက်သွားခဲ့သည်။ ယင်းကျေးရွာတွင်လည်း ဒေသခံ ၂၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။ စစ်သားများ၏ မုဒိန်းကျင့်ခံခဲ့ရသော အမျိုးသမီးများ ကိုယ်တိုင် ၎င်းတို့အား မည့်ကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြသည်ကို ရဲရဲဝင့်ဝင့် ရင်ဖွင့်ခဲ့ကြသည်။ 

"ရိုဟင်ဂျာ စကား နည်းနည်းလောက် တတ်တဲ့ ရခိုင်လေသံနဲ့ ဘာသာပြန်တစ်ဦးလည်း အတူပါတယ်။ သူကတော့ ဒေသခံတွေ ရင်ဖွင့်တာကို တလွဲစီ ဘာသာပြန်တာ တွေ့ရတော့ နောက်ဆုံးတွင် ကျနော်တို့မှာ ကြားဝင်ပြီး တတ်သလောက် ဝင်ပြောလိုက်ရတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“သူတို့က ၃ နာရီလောက်မှာ ရောက်လာတယ်။ ကျနော်တို့ကျတော့ စုဆည်းထားတဲ့ သတင်းအချက် တစ်ချို့ကို အင်္ဂလိပ်လို ပေးခဲ့တယ်။ သူတို့လည်း လက်ခံရယူပြီး သူတို့ရဲ့ လက်ကိုင်အိတ်တွေထဲ သိမ်းထားပေးတယ်။ ပြီးတော့ သူတို့ကတော့ ၁၅ မိနစ်လောက်သာ နေပြီး ကြိမ်ချောင်းဘက်ကို ပြန်သွားတယ်" ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။ ထို့နောက် ရဟတ်ယာဉ်ဖြင့် ငါးခူးရ၊ ကြက်ရိုးပြင် စသော ကျေးရွာများကို ဝေဟင်မှ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

"သူတို့နဲ့ စကားပြောနေရင်း ရဲတွက ဓာတ်ပုံတွေ ရိုက်ထားတယ်။ အဲ့ဒီဟာကို ကျနော်တို့က အဖွဲ့ကိုလည်း ရှင်းပြထားတယ်။ ဒါပေမယ့်လည်း စိုးရိမ်းစရာကြီးပါ။ အဲဒီရဲတွေက နောက်မှ လာပြီး ပုဒ်မ အမျိုးမျိုးထည့်ပြီး ဖမ်းဆီးတတ်တယ်လေ။" ဟု အဆိုပါ ဒေသခံက စိုးရိမ်စွာဖြင့် ပြောသည်။ 

ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးနှင့် သံတမန်အဖွဲ့က ဇင်ပိုင်ညာ၊ ကွဲတပြင်၊ လိပ်အိုင်၊ ကြက်ရိုးပြင်၊ ဒိုးတန်း၊ ငါးခူရ စသော ကျေးရွာမှာကို သွားရောက်မည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သော်လည်း တကယ်တမ်းတွင် အစိုးရမှ လုံခြုံရေး အကြောင်းပြ၍ ထိခိုက်ပျက်စီးမှု အများဆုံးရှိသည့် ကျေးရွာများကို ခေါ်ဆောင်သွားခြင်း မရှိဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ကြိမ်ချောင်းကျေးရွာသို့ ရောက်ရှိသည့် အချိန်တွင် အာဏာပိုင်များမှ စီစဉ်ထားသည့် အာဏာပိုင်များ၏ လက်ကိုင်တုတ်များဖြင့်သာ တွေ့ခွင့်ပေးခဲ့ပြီး၊ ကြိမ်ချောင်းမှ ဥက္ကဌဟောင်း ဦးအိဒိရိစ်ကို လိမ်ညာခိုင်းခဲ့သည်။

မြန်မာစစ်တပ်မှ မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ခဲ့သည့် ဦးရှည်ကျ ကျေးရွာသို့ ကုလနှင့် သံတမန်အဖွဲ့ကို လုံးဝ ခေါ်ဆောင် သွားခြင်းမရှိသလို၊ ရိုဟင်ဂျာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်ရွာ၊ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခဲ့သည့် ကြက်ရိုးပြင်ကျေးရွာ တို့ကို လုံးဝ ခေါ်ဆောင် သွားခြင်း မရှိသည်မှာ မြန်မာအစိုးရ၏ မရိုးသားမှုသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ကုလနှင့် သံတမန်များ အဖွဲ့ ကျီးကန်းပြင် ကျေးရွာမှ ထွက်ခွာသွားပြီးနောက် ကျီးကန်းပြင် အနောက်ရွာမှ ရွာသူရွာသား ၃၀၀ ကျော်ကို စစ်သားများက ၃ နာရီကျော် ဖမ်းဆီးထားခဲ့သည်။ ၎င်းတို့ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း အဖွဲ့နှင့် ပြောဆိုခဲ့သည့် ဒေသခံများကို ဖမ်းဆီးရန် ရှာဖွေလျက် ရှိသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးနှင့် သံတမန်များ အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်နှင့် လက်တွေ့ မြေပြင်တွင် ဒေသခံရိုဟင်ဂျာများ တွေ့ဆုံ၍ ပြောဆိုထားသည်များမှာ အလွန်ပင် ကွာခြားလျက် ရှိပြီး၊ အစိုးရအနေဖြင့် မိမိတို့ ကျူးလွန်ထားသော ရာဇ၀တ်မှုများကို ပွင့်ပွင့်လင်းလင်း ၀န်ခံရန် လိုအပ်ကြောင်း မောင်တောမြို့နယ် အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောပါသည်။ 




စစ်တွေမြို့က ဒုက္ခသည်စခန်းအတွင်း ကင်းလှည့်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ။


ကိုဇော်ဝင်းလှိုင်
2.11.2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံ ရပြီးတဲ့နောက် အစိုးရ တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်တဲ့ နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ကိစ္စကို လေ့လာဖို့ အတွက် ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ကြမယ့် နိုင်ငံတကာ သံတမန်အဖွဲ့မှာ အမေရိကန် သံအမတ်ကြီး Scot Marciel လည်း လိုက်ပါ သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့် အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ အရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာနဲ့ မွတ်ဆလင် အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းဝိုင်း အဲဒီ ဒေသမှာ သွားရောက်လေ့လာခွင့်ပြုဖို့ တောင်းဆိုတာကြောင့် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Desssallien ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ဗြိတိန်၊ တရုတ်နိုင်ငံတို့က ထိပ်တန်း နိုင်ငံတကာသံတမန် ၁၀ ဦးကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel လည်း လိုက်ပါသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးဌာနက ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို လေ့လာဖို့ အခု သီတင်းပတ် အတွင်း သွားကြမယ့် နိုင်ငံတကာ သံတမန်အဖွဲ့နဲ့အတူ သံအမတ်ကြီး Scot Marciel လည်း လိုက်သွားမှာ ဖြစ်ပါတယ်။”

သံအမတ်ကြီး Scot Marciel ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာအစိုးရဖက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဦးကျော်တင့်နဲ့ တခြား တာဝန်ရှိသူတွေ လိုက်ပါ သွားကြမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူး ဦးသက်ဆွေက ဗွီအိုအေကို တနင်္လာနေ့က ပြောပြခဲ့ပါတယ်။

Brad Adams ဟာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက အခု ရခိုင်ပြည်ကို သွားကြမယ့် နိုင်ငံတကာ သံတမန်တွေအနေနဲ့ ဟိုရောက်တဲ့အခါ ဒေသခံတွေနဲ့ သီးခြား တွေ့ဆုံ မေးမြန်း သင့်တယ်လို့ အကြံပြုပါတယ်။

“ပထမဆုံးအဆင့် သူတို့လုပ်ဆောင်သင့်တဲ့အချက်ကတော့ ဒေသခံတွေနဲ့ ယုံကြည်စိတ်ချစွာ စကားပြောနိုင်ဖို့အတွက် အစိုးရနဲ့ စစ်တပ်က အရာရှိတွေ ထံကနေ သီးခြား ခွဲထွက်နေသင့်ပါတယ်။ သူတို့အနေနဲ့ ဒေသခံတွေကို အစိုးရ အရာရှိတွေရှေ့မှာ တွေ့ဆုံမယ်ဆိုင်ရင် ဒေသခံတွေက စကားပြောဖို့ အတွက် ကြောက်ရွံ့နေကြပါလိမ့်မယ်။ ဒါဟာ ဘယ်နိုင်ငံမှာမဆို အဲဒီလို ဖြစ်လေ့ ရှိတာကြောင့် မြန်မာနိုင်ငံမှာ ဆိုရင်လည်း အဲဒီလို ဖြစ်မှာ သေချာပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ HRW ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို ရခိုင်ပြည် မြောက်ပိုင်းက မီးရှို့ခံရတယ်ဆိုတဲ့ ရွာတွေ ရှိတဲ့နေရာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ ဒေသတွေကို သွားရောက် လေ့လာသင့်ပါတယ်။ သူတို့အနေနဲ့ အောက်တိုဘလာ ၉ ရက်နေ့က ဒီပြဿနာ စဖြစ်တဲ့ နေရာကိုလည်း သွားလေ့လာသင့်ပါတယ်။ ပြဿနာ စဖြစ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ပြဿနာ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားယုံနဲ့တင် မပြည့်စုံပါဘူး။”

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ - မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ နိုင်ငံတကာ လေ့လာသူတွေ ရခိုင်ပြည်နယ်အတွင်း သွားရောက် လေ့လာခွင့် ပြုသင့်ကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်ရေး အဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာ တောင်းဆိုခဲ့သလို - အဲဒီ တောင်းဆိုချက် ထဲမှာပဲ မောင်တောမြို့နယ် အတွင်းမှာ ရှိတဲ့ ကြက်ရိုးပြင်၊ ပြောင်ပစ်၊ ၀ါးပိတ် စတဲ့ ရွာ ၃ ရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလောင်နေတဲ့ ဂြိုလ်တုပုံတွေနဲ့ တကွ ကိုးကားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေသခံတွေအနေနဲ့ အကူအညီတွေ ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းဝိုင်းက သိရှိခွင့်ရနိုင်မယ်လို့ Brad Adams က ထောက်ပြပါတယ်။

“ဒီခရီးစဉ်ကနေ သိရှိနိုင်မယ့် အရေးကြီးဆုံး ကိစ္စတခုကတော့ - ဒေသခံတွေအနေနဲ့ လူသားချင်း စာမှုဆိုင်ရာ အကူအညီတွေ ဘယ်လောက်အထိ လိုအပ်နေသလဲ ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးသွားကြတဲ့ သူတွေဟာ လယ်ကွင်းတွေထဲမှာ အိပ်နေကြရတယ်၊ ဆေးဝါး၊ အစားအစာနဲ့ တခြား အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားနေရပါတယ်။ သူတို့လိုနေတဲ့ အကူအညီတွေကို မဆိုင်းမတွ အမြန်ဆုံး ပို့ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ တရက်နောက်ကျသွားတဲ့ အတွက် လူတွေ အသက်ဆုံးရှုံးရတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။”

အခုချိန်ထိတော့ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်းနဲ့ ဖမ်းဆီးထား သူတွေကို ဒေသ တွင်းက ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ပြစ်မှုဆိုင်ရာ စွဲချက်တွေနဲ့အညီ အရေးယူ သွားမှာဖြစ်ကြောင်း ရခိုင်အစိုးရ တာဝန်ရှိသူက နိုဝင်ဘာလ ၁ ရက်နေ့က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အစိုးရအနေနဲ့ ထင်သာ မြင်သာရှိပြီး တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က တနင်္လာနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

MYARF
RB News
2.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ယနေ့ နိုဝင်ဘာလ (၂) ရက်နေ့ သို့မဟုတ် မနက်ဖြန် ရောက်ရှိလာရန်ရှိမည့် ကုလသမဂ္ဂနှင့် သံတမန်များ စုံစမ်းရေးအဖွဲ့နှင့် လုံးဝ မတွေ့ဆုံရန် ဒေသခံရိုဟင်ဂျာများကို မောင်တောမှ စစ်တပ် ဦးဆောင်သော ဒေသခံ အာဏာပိုင်များက အထူး ဖိအားပေးနေကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ ၁ ရက်နေ့၊ နေဝင်ချိန်မှ စ၍ စစ်တပ်ဦးဆောင်သော ဒေသခံအာဏာပိုင်များက မောင်တောမြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ငါးစားကြူးကျေးရွာအုပ်စုနှင့် ယင်းကျေးရွာအုပ်စုမှ ပြောင်းပြိုက်ရွာ၊ ဦးရှည်ကျကျေးရွာအုပ်စု များသို့ ဝင်ရောက်လာပြီး ရောက်ရှိလာမည့် ကုလသမဂ္ဂနှင့် သံတမန်များ စုံစမ်းရေးအဖွဲ့နှင့် လုံးဝမတွေ့ဆုံရန် ကျေးရွာသူ ကျေးရွာသားများကို ဖိအားပေးနေကြောင်း သိရှိရသည်။ အဆိုပါ ကျေးရွာများသည် အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း ဒေသခံအာဏာပိုင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို ဆိုးရွားစွာ ခံစားခဲ့ရသည့် ကျေးရွာများ ဖြစ်ကြသည်။ 

ထို့အပြင် အင်အား ၁၀၀ ခန့်ရှိသော စစ်တပ်ဦးဆောင်သော ဒေသအာဏာပိုင် အဖွဲ့က ပြောင်းပြိုက်ကျေးရွာသို့ ၀င်ရောက်၍ ကလေးများပါမကျန် ရွာသူရွာသားများ အားလုံးကို ယင်းကျေးရွာမှ အတင်းအဓမ္မ နှင်ထုတ်လိုက်သည်။ အဆိုပါ နှင်ထုတ်ခံရသူ အများအပြားသည် စပါယ်ကုံးကျေးရွာနှင့် ဒိုးတန်းကျေးရွာ ဖက်သို့ ကူးပြောင်းသွားရပြီး အချို့မှာမှု စပါးခင်းထဲ၌ ချမ်းအေးသော ညကို ဖြတ်သန်းခဲ့ရသည်ဟု အဆိုပါ ကျေးရွာသား တစ်ဦးက RB News သို့ပြောသည်။ ယခုအခါ ပြောင်းပြိုက်ကျေးရွာတွင် စစ်သားနှင့် နယ်ခြားစောင့်ရဲမများမှအပ မည်သည့် ရိုဟင်ဂျာမှ မရှိဟုဆိုသည်။ အလားတူ ဝါးပိတ် ကျေးရွာတွင်လည်း လုံခြုံရေး တင်ကျပ်စွာ ချထားကြောင်း သိရှိရပါသည်။

ထိုသို့ ရွာလုံးကျွတ် နှင်ထုတ်လိုက်သော ပြောင်းပြိုက်ကျေးရွာမှ ရိုဟင်ဂျာတို့၏ နေအိမ်များတွင် အာဏာပိုင်များက ဟိန္ဒူလူမျိုးများကို အစားထိုးပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့နှင့် ရိုဟင်ဂျာ အယောင်ဆောင်၍ တွေ့ဆုံပေးရန် စီစဉ်နေခြင်းသာ ဖြစ်သည်ဟု မောင်တောအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာနေသူ တစ်ဦးက ပြောပြပါသည်။ 

ဒေသခံအာဏာပိုင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို ဆိုးရွားစွာ ခံစားခဲ့ရသည့် ကျေးရွာသူ ကျေးရွာသားများက ၎င်းတို့၏ မေ့ရခက်သော နေ့ညများအကြောင်းကို ကုလသမဂ္ဂနှင့် သံတမန်များအဖွဲ့အား ရင်မဖွင့်နိုင်မည်ကို အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း စစ်တပ်၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အတည်ပြုနိုင်ပြီးသော သတင်းများအရ မွေးကင်းစ ကလေးငယ် အပါအဝင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ စသည့် အပြစ်မဲ့ ရိုဟင်ဂျာပေါင်း ၁၀၀ ကျော် အသတ်ခံခဲ့ရပြီး အမျိုးသမီးပေါင်း များစွာလည်း စစ်တပ်၏ အဓမ္မ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ရိုဟင်ဂျာများ၏ နေအိမ်ပေါင်း ၁၀၀၀ ကျော်၊ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်တို့ မီးရှို့ခံခဲ့ရပြီး၊ လူပေါင်း ၁၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေရပါသည်။ ကျီးကန်းပြင် အလယ်ရွာမှ ကျေးရွာသူကျေးရွာသားများလည်း ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်ဖြင့် နေအိမ်များမှ နှင်ထုတ်ခံခဲ့ရသည်။ 


Rohingya Eye
RB News
1.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ တောင်ရွာမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူများကို စစ်သားများက ရိုက်နှက် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ တောင်ရွာမှ ဦးဆယာဒ်ဟူစိန်း (ဘ) ဦးအဗ်ဒူရှကူရ်၏ မေယုတောင်ခြေရှိ လယ်မြေပေါ်တွင် စပါးရိတ်သိမ်းနေကြသည့် (၁) ဦးမိုဟာမတ်ဇော်လာလ် (ဘ) ဦးအုမာရ်ဟာကိမ်း (အသက် ၄၅ နှစ်)၊ (၂) ဦးမိုဟာမတ်အီနုစ် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၂ နှစ်) နှင့် (၃) ဆဒမ်ဟူဆောင်း (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၁၈ နှစ်) တို့ကို ကင်းလှည့်နေသည့် စစ်သားများက ဖမ်းဆီး၍ လက်များကို ခေါင်းပေါ်သို့ တင်၍ ထိုင်ခိုင်းခဲ့သည်။ ထို့နောက် စပါးရိတ်သိမ်းခွင့် အမိန့် ဘယ်ကရသလဲဟု မေးမြန်းရာ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ မည်သူတစ်ဦးတစ်ယောက်ကမှ မပြောသောကြောင့် စစ်သားများက ၎င်းတို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရိုက်နှက်ပြီးနောက် စပါးမရိတ်သိမ်းတော့ရန်၊ နောက်နောင် လယ်ကွင်းတွင် တွေ့လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်သဖြင့် (၃) ဦးစလုံးသည် ၎င်းတို့၏ စပါးရိတ်သိမ်းသည့် ပစ္စည်းများယူ၍ ပြန်လာခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ညနေ (၄) နာရီအချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု တောင်ရွာမှ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးမာမွတ်ဟူဆောင်း (အသက် ၃၄ နှစ်) နှင့် ဦးဇာဖောရ်၏ သား တို့သည် ဦးအာယုပ်ခန်း (ဘ) ဦးဇော်လာလ်အာမတ်၏ အလုပ်သမားများ ဖြစ်ကြပြီး စပါးရိတ်သိမ်းပြီးနောက် မေယုတောင်ထဲသို့ ကျက်စားရန် လွှတ်လိုက်သည့် ကျွဲများကို ယူ၍ ပြန်လာစဉ် စစ်သားများက ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ၎င်းတို့နှစ်ဦးတွင် စပါးရိတ်သိမ်း ထားသည့် တံစဉ်များ ပါသဖြင့် အာဏာပိုင်များက အကြမ်းဖက်သမားများဟု ခေါင်းစဉ်တပ်ကာ နှစ်ရှည်ထောင်ချမည်ကို ဒေသခံ ရွာသားများက အထူးစိုးရိမ်လျက် ရှိကြသည်။

“ဒီလူနှစ်ယောက်က သူများဆီက အလုပ်လုပ်တဲ့ လယ်သမားတွေ၊ ကျက်စားဖို့ သွားတဲ့ ကျွဲတွေကို ပြန်သွားခေါ်ရင်းနဲ့ ဖမ်းခံရတာ၊ လက်ထဲမှာ တံစဉ်တွေ ရှိကြတော့ အကြမ်းဖက်သမား ဆိုပြီး ခေါင်းစဉ်တပ်ခံရမှာ ကျွန်တော်တို့ စိုးရိမ်နေတယ်။ ဒီတိုင်း အပြစ်မဲ့ ရွာသားတွေကိုတောင် ဖမ်းပြီး အကြမ်းဖက်သမား လုပ်နေတာ ဆိုတော့ အခု ဒီလယ်သမား နှစ်ယောက် အတွက် ပိုစိုးရိမ်တယ်” ဟု အဆိုပါ ဒေသခံကပြောပါသည်။


MYARF
RB News
1.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ကုလသမဂ္ဂမှ ရောက်ရှိလာရန် ရှိသည့် ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့နှင့် ဟန်ပြတွေ့ဆုံပေးရန် ဒေသဆိုင်ရာ အာဏာပိုင်များက ဟိန္ဒူလူမျိုးများကို အသုံးပြုရန်ရှိသည်ဟု သတင်းထွက်ပေါ်နေလျက်ရှိပါသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း အချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ရွာသားများ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေးဟု ဆိုကာ မွေးကင်းစ ကလေးအပါအဝင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများစသည့် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ရာကျော်ကို သတ်ဖြတ်၍ အစုလိုက်အပြုံလိုက် မြုပ်နှံခဲ့ခြင်း၊ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို အထောက်အထားမဲ့ စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အမျိုးသမီးများစွာကို အတင်းအဓမ္မ မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများ၏ အိုးအိမ်ပေါင်း အနည်းဆုံး ၁၀၀၀ ခန့်၊ ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး မီးရှို့လိုက်ခြင်း၊ နေအိမ်မှ အတင်း နှင်ထုတ်လိုက်ခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများကို စားနပ်ရိက္ခာ ပြတ်လပ်အောင် တမင်းရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း စသည် တို့ကို မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်ခဲ့ပြီး၊ ယခုတိုင် ဆက်လက်ကျူးလွန်လျက် ရှိသည်။

မြန်မာအဏာပိုင်များ၏ အပြစ်မဲ့ မောင်တော ဒေသခံရိုဟင်ဂျာများ အပေါ် ဥပဒေမဲ့ ကျူးလွန်နေခဲ့မှုကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှ စုံစမ်းစစ်ဆေးရန် လာမည့် ရက်ပိုင်းတွင် ရောက်ရှိလာရန် ရှိသဖြင့် မောင်တော ဒေသမှ အာဏာပိုင်များက ၎င်းတို့ ကျူးလွန်ခဲ့မှုများကို ဖုံးကွယ်ရန် ကြိုးစားသည့်အနေဖြင့် ရိုဟင်ဂျာများနှင့် ဘာသာစကား ရုပ်ရည်သွင်ပြင် တူညီသည့် ဒေသခံ ဟိန္ဒူဘာသာဝင်များကို အသုံးပြုရန် ကြံစည်လျက် ရှိနေကြောင်း မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူ များက RB News သို့ ပြောပါသည်။

"ဟိန္ဒူတွေကို သင်တန်းပေးနေတယ်လို့ ကြားတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ သူတို့သင်တန်းထားတဲ့ ဟိန္ဒူတွေကို ရိုဟင်ဂျာ အယောင်ဆောင်ခိုင်းပြီး တွေ့ပေးမှာပေါ့။ အဲဒီ ဟိန္ဒူတွေကလည်း ရိုဟင်ဂျာ အယောင်ဆောင်ပြီး သူတို့ကို အာဏာပိုင်တွေက ဘာမှ ဒုက္ခမပေးကြောင်း ထွက်ဆိုပေးမယ်။ ပွင့်ပွင့်ပြောရရင် ဇတ်လမ်း ရိုက်မှာပေါ့ဗျာ'' ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေသူ တစ်ဦးက ပြောသည်။ 

လတ်တလော ထွက်ပေါ်နေသည့် သတင်းအရ ဟိန္ဒူအမျိုးသမီးများကို အစ္စလာမ်ဘာသာဝင်များ ခြုံသည့် ဘုရ်ကာဝတ်ရုံကို ခြုံပေးပြီး ရိုဟင်ဂျာ အမျိုးသမီးအသွင်ဖြင့် ကုလသမဂ္ဂ အဖွဲ့နှင့် တွေ့ဆုံပေးပြီး ရိုဟင်ဂျာအမျိုးသမီးများ အပေါ် စစ်တပ်မှ မုဒိမ်းကျင့်ခဲ့သည်ကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်းပင် ဖြစ်သည်ဟု အဆိုပါ မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက ဖြည့်စွက် ပြောကြားပါသည်။

မြန်မာအစိုးရကလည်း ရောက်ရှိလာမည့် ကုလသမဂ္ဂ အဖွဲ့ကို လုံခြုံရေးအကြောင်းပြကာ ၎င်းတို့ခေါ်ဆောင်ရာသို့သာ သွားရမည်ဟု အကြောင်းပြထားသဖြင့် မောင်တော ဒေသခံရိုဟင်ဂျာများက ၎င်းတို့ခံခဲ့ရသည့်၊ ခံစားနေရသည့် မတရားမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အား မပြောပြနိုင်မည်ကို အထူး စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။


RB News
1.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) မှ အရာရှိများက မောင်တောမြို့နယ်၏ အခြေအနေကို အခွင့်ကောင်းယူ၍ ဒေသခံ (၆) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) မှ ဆရာစောမြ ဆိုသူနှင့် အရာရှိ နှစ်ဦးတို့သည် မီးကျောင်းဈေး ကျေးရွာအုပ်စု၊ ရပ်ကွက် (၈) မှ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနာဇီရ်ဟူဆောင်း (ခမရ ၅၅၂ ၏ ကိုယ်စားလှယ်ဟောင်း) နှင့် ဦးမာမတ်ဆောလမ် (ဘ) ဦးမာမတ်ကာဆိမ်း တို့ကို ခေါ်၍ အပြစ်မဲ့ ဒေသခံ (၆) ဦးကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

စစ်သားများက ငွေညှစ်ခြင်းကို ရံဖန်ရံခါသာ ပြုလုပ်လေ့ရှိသော်လည်း မောင်တောမြို့နယ်၏ အခြေအနေကို အခွင့်ကောင်းယူ၍ ငွေညှစ်နေခြင်းအတွက် ရွာသားများက အထူးစိုးရိမ် နေကြသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးအစ္စမိုင်လ် (ဘ) ဦးကာလူ (ရပ်ကွက် ၈) ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဦးမာမတ်အော်လီ (ရပ်ကွက် ၈) ညှစ်ခံရသည့် ငွေကျပ် ၇ သောင်း
(၃) ဦးဟာမိတ်ဟူဆောင်း (ရပ်ကွက် ၈) ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးဖောယာစ် (ဘ) ဦးအေန်ဒါဟူဆောင်း (ရပ်ကွက် ၉) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၅) ဦးမာမတ်ဂျူနိုက် (ဘ) ဦးအဘူလ်ကာလောမ် (ရပ်ကွက် ၈) ညှစ်ခံရသည့် ငွေကျပ် ၉  သောင်း
(၆) မော်လ၀ီမာမတ်အူလ္လာ (ဘ) မော်လ၀ီတာဟဲရ် (ရပ်ကွက် ၉) ညှစ်ခံရသည့် ငွေကျပ် တစ်သိန်းငါးသောင်း -- တို့ဖြစ်ကြသည်။



MYARF
RB News
1.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာမှ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသားများကို စစ်သားများက အလွန်အကျွံ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ရွှေ၊ ငွေ စသည့် တန်ဖိုးရှိသော ပစ္စည်းအများအပြား လုယက်သွားခဲ့သည့် အပြင် အိမ်သုံး ပစ္စည်းများကိုလည်း ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက် ၆ နာရီခန့်အချိန်တွင် အင်အား ၁၅၀ နီးပါးရှိသော စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ မောင်နှမ ကျေးရွာကို ဝိုင်းထားခဲ့သည်။ နံနက် (၇) နာရီခန့်အချိန်တွင် သေနတ် သုံးချက်ပစ်ဖောက်ခဲ့ပြီး ရွာထဲသို့ ဝင်ရောက်လာကာ တွေ့သမျှ ရွာသူရွာသားများကို ဖမ်းဆီးရိုက်နှက်၍ နေပူထဲတွင် နေလောင်ခံထားခိုင်းခဲ့သည်။

အထူးသဖြင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး၊ အိမ်ထဲ တွေ့ရှိသမျှ အမျိုးသမီးများကို ဒရွတ်တိုက် ဆွဲပြီး ခေါ်လာကာ အလွန်ပူပြင်းသော နေရောင်အောက်တွင် စုထားခဲ့သည်။ နံနက် ၇ နာရီကျော်ခန့်မှစ၍ ခေါ်ထုတ်ခဲ့သည့် အမျိုးသမီးများကို စားသောက်ခွင့် မပေးဘဲ ညနေ ၄ နာရီအထိ နေပူပူထဲတွင် နေရောင် အလောင်ခံစေခဲ့သည်။ ထို့အပြင် ရိုင်းရိုင်းစိုင်းစိုင်း ညှစ်ညမ်းစွာ ဆဲဆိုစော်ကားခဲ့သည်ဟု မောင်နှမရွာသား တစ်ဦးက RB News သို့ပြောသည်။

အမျိုးသမီးများကို ထိုသို့ လူမဆန်စွာ ရက်စက်နေသည်ကို မြင်သောအခါ ကျန်ရွာသူရွာသားများသည် မိမိအိမ်များကို စွန့်ခွာ၍ ရွာအပြင်ဖက်ရှိ လယ်ကွင်းများသို့ ထွက်ပြေးနေခဲ့ရသည်ဟု ထွက်ပြေးနေခဲ့ရသူ တစ်ဦးက ပြောပြသည်။ ထို့အပြင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များစွာကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်ဟု ရွာသားများက ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် အိမ်တိုင်းသို့ ဝင်ရောက်ပြီး အိမ်ထဲမှ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများမှန်သမျှကို သိမ်းကာ စစ်ကားဖြင့် သယ်ဆောင်သွားခဲ့ကြသည်။ စစ်ကား ဆယ်စီးခန့်ဖြင့် သယ်ဆောင်ခဲ့ပြီး၊ မသယ်ဆောင်ချင်သော ပစ္စည်းများကို ပြန်လည် သုံး၍ မရအောင် ဖျက်ဆီးခဲ့သည်။

အမျိုးသား ၂ ဒါဇင်နီးပါးကိုလည်း ဖမ်းဆီး၍ တစ်နေကုန်နီးပါး ထိန်းသိမ်းထားကာ နောက်ဆုံးတွင် ရိုက်နှက်၍ ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါ မောင်နှမရွာသားက ပြောပြသည်။

မောင်နှမကျေးရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အပြစ်မဲ့ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်နေ၍ ရွာသူရွာသားများ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေရသည့် ဗီဒီယိုဖိုင်များနှင့် ဒေသခံများ၏ မျက်မြင်ကိုယ်တွေ့ များကိုပြောပြသော အသံဖိုင်များကို လက်ခံရရှိထားသည်ဟု မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူများက RB News သို့ပြောပါသည်။

အောက်တိုဘာလ ဒုတိယပတ်က ကြက်ရိုးပြင် ရွာကို စွန့်ခွာခဲ့ရသူများ
MYARF
RB News
1.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရွာသစ်ကေ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်တပ်မှ အမိန့် ပေးနေသည်များကို အခွင့်ကောင်းယူ၍ ငွေညှစ်နကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၈) ရက်နေ့မှ စ၍ မောင်တောမြို့နယ်၊ မြို့မ ရွာသစ်ကေ ရပ်ကွက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်အရ လူနေအိမ်များ၏ မျက်နှာစာ ခြံစည်းရိုးများကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးဖော်ယာစ်က ရပ်ကွက်အတွင်းရှိ နေအိမ်တိုင်းမှ ငွေကျပ် နှစ်သောင်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ယခုအခါ နေအိမ်များ၏ ခြံစည်းရိုး မျက်နှာစာ တစ်ဖက်သာ ပယ်ဖျက်ခဲ့သော်လည်း ငွေမပေးပါက ခြံစည်းရိုး အားလုံး တစ်ခုမကျန် ပယ်ဖျက်ရမည် ဖြစ်ကြောင်း အကျပ်ကိုင်၍ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ငွေကောက်ခံရသည့် အကြောင်းရင်းမှာလည်း အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် တပ်မတော် အရာရှိက တောင်းခံနေ၍ ငွေကောက်ခံနေရခြင်း ဖြစ်ကြောင်း၊ တောင်းသလောက် ငွေမပေးပါက ရပ်ကွက် အတွင်းသို့ စစ်သားများ အချိန်မတော် ၀င်ရောက်၍ အေးအေးချမ်းချမ်း နေနိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုလျက် ရှိသည်။ ရာအိမ်မှူး ဦးမာမတ်နှင့် ဆယ်အိမ်မှူး ဦးဒိလ်မာမတ်တို့က လိုက်လံ၍ ငွေကောက်ခံနေသည်ဟု ဒေသခံများက ပြောပါသည်။

ထို့အပြင် အဆိုပါ အုပ်ချုပ်ရေးမှူးက ယင်းကျေးရွာတွင် ယခင်ကတည်းက အိမ်ခြံမြေဝယ်ပြီး အခြားကျေးရွာများမှ တရားဝင် ပြောင်းရွေ့ လာရောက်နေထိုင်သူများထံမှလည်း ဧည့်စာရင်း အကြောင်းပြ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူလျက်ရှိသည်။ ငွေမပေးပါက ရပ်ကွက်မှ ထွက်ခွာသွားရန် ဖိအားပေးနေသည်ဟု ဆိုသည်။ ထိုသို့ တရားဝင် ပြောင်းရွှေ့ နေထိုင်သူများ၏ သားသမီးများသည် နှစ်အစကပင် မြို့မ ရွာသစ်ကေရပ်ကွက်ရှိ စာသင်ကျောင်းတွင် တက်ရောက်၍ ပညာသင်ယူနေခြင်း ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် သားသမီးများ၏ ပညာရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။


ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)


ကိုမိုးဇော်
31.10.2016

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်းကို ဒီသီတင်းပတ်ထဲ သွားရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ မောင်တောဒေသ တိုက်ခိုက်မှုနောက်ပိုင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အကြောင်း ဂြိုဟ်တု ဓာတ်ပုံတွေနဲ့တကွ ထပ်မံ သတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရာမှာအရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ဖမ်းဆီးတာနဲ့ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ကို ခွင့်ပြုဖို့အတွက် ကုလသမဂ္ဂတောင်းဆိုခဲ့သလို အမေရိကန်အစိုးရကလည်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီတောင်းဆို တိုက်တွန်းတာနဲ့ပတ်သက်လို့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုး Ms Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုး ဦးသက်ဆွေက ပြောပါတယ်။

“နိုဝင်ဘာ ၂ ရက်နေ့မှာ Renata ပါမယ်။ အဖွဲ့ဝင် စုစုပေါင်း သူတို့ အနောက်ကအဖွဲ့တွေရော သူတို့ စုစုပေါင်း ၁၀ ယောက်ဆိုပြီးတော့ ရာထားပြီးတော့ လုပ်နေတယ် သို့သော်လုပ်တုန်းပဲ။ ရခိုင်ပြည်နယ်မှာရှိတဲ့ စွတ်စွဲချက်တွေပေါ့ ၊ အဲဒီစွတ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ အဲဒီဟာကို ကိုယ်တွေ့မျက်မြင်သိအောင် အဲဒါတွေကို ကွင်းဆင်းသွားစစ်ဆေးမယ် သွားကြည့်မယ့်သဘောပါခင်ဗျ။ ဒီဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ နယ်စပ်ဝန်ကြီးပါသွားမယ် ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်ပါသွားမယ်၊ ဘူးသီးတောင် မောင်တောပါပဲခင်ဗျ။”

အောက်တိုဘာလ ၃၁ရက်နေ့မှာတော့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရခိုင်နယ်မြောက်ပိုင်းက ကြက်ရိုးပြင်၊ ပြောင်ပစ် (ငါးစားကြူး)၊ ၀ါးပိတ်(ကျီးကန်းပြင်) ရွာသုံးရွာမှာမီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးတာတွေကို လက်ခံဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အနည်းဆုံးရွာ ၃ ရွာမှာ မီးလောင်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီနေရာတွေဟာ အရပ်သားတွေ တိုက်ခိုက်ခံရပြီး၊ ကျေးရွာတွေမီးရှို့ခံရတယ်လို့ တခြားသူတွေကလည်း ပြောဆိုနေကြတဲ့ ဒေသတွေပါ။ ဒါဟာ ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုပြီး ရေဆုံးရေဖျား ဖော်ထုတ်ဖို့ မြန်မာအစိုးရအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသရာလည်းရောက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့၊ မြန်မာအစိုးရအနေနဲ့ ဒီလို စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်လိုပုံ မရတဲ့အတွက်လည်း ကျနော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ဒီကျေးရွာတွေမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဒီရွာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်သူတွေ တာဝန်ခံဖို့လိုသလဲ ဆိုတာတွေကို တိတိကျကျ ဖော်ထုတ်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂကို အကူအညီတောင်းဖို့ ကျနော်တို့က တိုက်တွန်းနေရတာပါ။”

ဒါကတော့ HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရတပ်မတော်ဖက်ကတော့ ဒီလိုမီးလောင်တာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်သူတွေက ကျေးရွာတွေကို မီးရှို့ခဲ့တာတွေ ရှိကြောင်း ပြောဆိုတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၁၂ရက်နေ့က ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်သူတွေဟာ ကျီးကန်ပြင်ရွာအနီးက ၀ါးပိတ်ကျေးရွာကို မီးရှိုသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေက ခိုင်လုံမှုမရှိတာကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးတာတွေကို ခွင့်ပြုသင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ဆက်ပြောပါတယ်။

“ဒီပြောဆိုချက်တွေဟာ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေက သူတို့နေထိုင်ရာအရပ်တခုလုံးကို မီးတင်ရှို့ခဲ့တယ်လို့ ၂၀၁၂ ခုနှစ်မှာတုန်းက အစိုးရတာဝန်ရှိသူတွေ ပြောဖို့ကြိုးပမ်းခဲ့ဖူးတဲ့ အဓိပါယ်မဲ့ ပြောကြားချက်တွေနဲ့ တူနေပါတယ်။ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ မရှိတဲ့ ဒီလိုပြောဆိုချက်တွေဟာ လက်ခံယုံကြည်နိုင်စရာလည်း မရှိပါဘူး။ မြန်မာအစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒီလိုစုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်နေတာ မရှိဘူးဆိုတာလည်း ရှင်းပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ၊ ထိခိုက်ပျက်စီးမှု ပမာဏဟာ လူတွေထင်ထားတာထက် ပိုပြီးကြီးမားနေတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေဟာ ဒီဓာတ်ပုံတွေထဲမှာထက်တောင် ပိုနိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ၀င်ခွင့်ပြုဖို့ လိုပါတယ်။ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေ၊ NGOs တွေနဲ့ တခြားအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တင်ပြနိုင်အောင် ကိုယ်တိုင်လေ့လာခွင့်၊ စုံစမ်းခွင့်ပေးရမှာ ဖြစ်ပါတယ်။”

HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ သူတို့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေဟာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေရဲ့ အစွန်းထွက်လောက်သာဖြစ်နိုင်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အောက်တိုဘာ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ကတော့ အောက်တိုဘာ ၂၇ရက်နေ့ကနတ်မြစ်အတွင်း ဖမ်းဆီးရမိသူ ၅ဦးအနက်က ၃ယောက်နဲ့ အောက်တိုဘာ ၁၄ရက်က ဖမ်းဆီးထားသူ၁ဦးကို အကြမ်းဖက်မှုဖြစ်စဉ်မှာ မပါဝင်တဲ့အတွက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

RB News
31.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး ကျေးရွာအုပ်စု၊ ကြက်မောက်တောင် အနောက်ရွာမှ ဦးဆွေတာမတ်ကို အောက်တိုဘာလ (၂၆) ရက်နေ့က အကြမ်းဖက်သမားဟု ဆိုကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်နှင့် ပတ်သက်၍ ၎င်းသည် အကြမ်းဖက်သမား မဟုတ်သည့် အကြောင်း လိုအပ်လျှင် တစ်ရွာလုံးမှ အာမခံပေးရန် အသင့်ရှိသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဦးဆွေတာမတ်နဲ့ ပတ်သက်လို့ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သာထွန်း၊ ကျေးရွာ တာဝန်ခံ၊ ကျေးရွာ ရပ်မိရပ်ဖတွေ အပြင် တစ်ရွာလုံး၊ ဒါတင်မက ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ရွာတွေကပါ အာမခံပေးလို့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဦးဆွေတာမတ်သည် အသက် ၅၅ နှစ် ၀န်းကျင် အရွယ် ရှိသူဖြစ်ပြီး၊ သား (၄) ဦး၊ သမီး (၃) ၏ ဖခင်ဖြစ်သည်။ ၎င်းပိုင်လယ်မြေ အနည်းငယ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင် ပြင်သစ်နိုင်ငံအခြေစိုက် NGO တစ်ခုဖြစ်သည့် GRET ၏ စိုက်ပျိုးရေးစီမံကိန်းတွင် အလုပ်လုပ်ကိုင် ခဲ့သည်။

“ငါးခူရစခန်းကို တိုက်ခိုက်သူတွေမှာ ပါဝင်တဲ့ ပုံစံမျိုးနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားတာ တွေ့ရတယ်။ တကယ်တော့ ဦးဆွေတာမတ်က ဒီနှစ်ထဲမှာ မောင်တောကို သွားခဲ့တာတောင် မရှိခဲ့ဘူး။ အသက်လည်း ကြီးတော့ သူ့ဟာသူ လယ်လုပ်တာနဲ့ တပိုင်တနိုင် လုပ်ကိုင်စားသောက်နေတာ” ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဦးဆွေတာမတ်ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ တစ်ရွာလုံး စိုးရိမ်ပူပန်နေကြပြီး၊ အစိုးရက ၎င်းအား အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်း၊ တစ်ရွာလုံးမှ ၎င်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ကူညီပံ့ပိုးပေးရန် အမြဲအသင့်ရှိနေသည်ဟု ဆိုသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အချို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်သမားများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူများမှာ တိုက်ခိုက်မှုနှင့် မည်သို့မှ ဆက်နွယ်ခြင်း မရှိသူများဖြစ်ကြပြီး၊ အများစုမှာ ပညာတတ်များ၊ စီးပွားရေးသမားများ ဖြစ်ကြပြီး၊ အချို့မှာ သာမာန်လက်လုပ်လက်စားများ ဖြစ်ကြသည်။

ဦးဆွေတာမတ် ပြင်သစ် NGO တွင် အလုပ်လုပ်ကိုင်ခဲ့သည့် အထောက်အထားများ




ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသော ဦးဆွေတာမတ်၏ ဓါတ်ပုံ


MYARF
RB News
31.10.2016

ငါးခူရ၊ မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့က ဒေသခံရိုဟင်ဂျာများ၏ နေအိမ် တစ်လုံးနှင့် ဆိုင်ခန်းသုံးခန်း မီးရှို့ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းသုံးခန်းကို န.တ.လ ရွာသားများ ၀င်ရောက်ပြီး မီးရှို့ခဲ့သည်ဟု ယူဆကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“ည ၈ နာရီကျော်ကျော်မှာ ကားတစ်စီးနဲ့ န.တ.လ ရွာသားတွေ ၀င်လာတယ်။ သူတို့ထွက်သွားတာနဲ့ မီးစလောင်တာ။ ညမထွက်ရ အမိန့်ရှိတော့ ဘယ်သူမှ အပြင်ထွက်လို့ မရကြဘူး။ ဒါပေမယ့် န.တ.လ ရွာသားတွေ ကားနဲ့လာသွားတာတော့ ကျွန်တော်တို့ မြင်တယ်။ သူတို့လက်ချက်လို့ ကျွန်တော်တို့ ယူဆတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မီးရှို့ခံရသည့် အိမ်မှာ ဦးနူရူဒီးန်၏ နေအိမ်ဖြစ်ပြီး၊ ဆိုင်ခန်းများမှာ ဦးဆော်နာအုလ္လာ၏ သားပိုင်ဆိုင်သည့် ပရိဘောပဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကွမ်းယာဆိုင်နှင့် အချိုရည်ဆိုင်တို့ဖြစ်သည်။ 

မီးစတင်လောင်ကျွမ်းသောအခါ ဒေသခံရိုဟင်ဂျာများက မီးငြိမ်းသတ်ရန် ကြိုးစားခဲ့သော်လည်း စစ်သားများက သေနတ် ပစ်ဖောက်နေသောကြောင့် မီးငြိမ်းသတ်ခွင့် မရခဲ့ကြောင်း၊ ဟိန္ဒူလူမျိုးများနှင့် စစ်သားများက မီးငြိမ်းသတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကိုယ့်အိမ်ကိုယ် မီးရှို့ခြင်း ဖြစ်သည်ဟု DVB သတင်းဌာနသို့ ပြောကြားမှုနှင့် ပတ်သက်၍ ရွာသားတစ်ဦးက “ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ် မီးရှို့ရလောက်အောင် အသိဥာဏ်မဲ့နေသူတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ အိမ်လေးပြင်ရင်တောင် သက်ဆိုင်ရာ ခွင့်ပြုချက်ယူရတဲ့ အပြင် အရင်က န.စ.က၊ အခု နယ်ခြားစောင့်တပ်ကနေ ခွင့်ပြုချက် ယူနေရတာ၊ ကျွန်တော်တို့ ဒေသခံအများစုက ဆင်းရဲကြတယ်။ အဲဒီတော့ ဒီလို မိုက်ရူးရဲဆန်တဲ့ အလုပ်လုပ်ရလောက်အောင်လည်း အသိဥာဏ်မဲ့နေတာ မဟုတ်တော့၊ အသိဥာဏ်မဲ့သလို စကားတွေ ပြောတာကတော့ အမတ်မင်း တစ်ယောက်ရဲ့ အပြောအဆိုနဲ့ မတူဘဲ အရမ်းကို ပညာမဲ့စကားဆန်လွန်းတယ်” ဟု ပြောသည်။ 

“ကျွန်တော်တို့ရွာမှာ ဘာအကြမ်းဖက်သမားမှ မရှိဘူး။ ရွာကနေ ဖမ်းခံရတယ်ဆိုတာလည်း အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ၊ သူတို့ကို စီးပွားရေးအရ ထိုးနှက်လိုက်တာလို့ ယူဆတယ်။ ဖမ်းထားတဲ့ထဲက လူနှစ်ယောက်ကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ ပြဿနာစကတည်းက န.တ.လ ရွာသားတွေကို နေရာတိုင်းကို ခေါ်သွားတယ်။ ရိုဟင်ဂျာတွေရဲ့ ပစ္စည်းတွေ လုတာ၊ ရိုဟင်ဂျာတွေကို ရိုက်နှက်နှိပ်စက်တဲ့ နေရာမှာ န.တ.လ ရွာသားတွေကို သုံးတယ်။ အခုလည်း န.တ.လ ရွာသားတွေကို သုံးတယ်၊ ပြီးတော့ သူတို့ ကိုယ်တိုင် မီးငြိမ်းတဲ့နေရာမှာ ၀င်လာပြီး လူကောင်းယောင်ဆောင်လိုက်တာပါ။ စစ်သားတွေ မီးရှို့ခဲ့တဲ့ အိမ်ခြေ အရေအတွက်က ထောင်ကျော် ရှိနေပြီဆိုတော့ သူတို့ အရင်က ဘာမှ မလုပ်ခဲ့သလို ပြန်လုပ်ယူနေတာ။” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ငါးခူရ၌ မီးလောင်နေသည်ကို အဝေးမှ မြင်ရစဉ်

Rohingya Exodus