နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာပြန်သူ - Ahkter Husin
RB News
22.11.2016

ဒါကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dainik Purbokone သတင်းစာမှာ ရေးထားတဲ့ သတင်းတစ်ပုဒ်ပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အစုလိုက်အပြုံလိုက် ၀င်လာ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ မှောင်မိုက်တဲ့ ညအချိန်ခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားပြည်နယ်၊ တပ်ခ်နာဖ်မြို့နဲ့ အူးကီးယားမြို့တွေမှာ ရှိတဲ့ နယ်စပ်တွေကနေ ခိုးဝင်နေကြတယ်။ ၀င်ရောက်လာသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ BGB (Border Guard Bangladesh) က ရိုဟင်ဂျာတွေ မ၀င်နိုငအောင် နယ်စပ်ကို တင်းကျပ်ထားပေမယ့်လည်း နယ်စပ်တစ်လျှောက် လူမှောင်ခို အဖွဲ့တွေ ရှိတာကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၀င်ရောက်လာနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်။ 

လွန်ခဲ့တဲ့ ၃ ရက်အတွင်း ရိုဟင်ဂျာ ၃ ထောင်လောက် ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာပြီး၊ အူကီးယားမြို့မှာရှိတဲ့ ကူတူပါလောင် တရားဝင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းနဲ့ တပ်ခ်နာဖ်မြို့ လေးဒါးကျေးရွာတွေမှာ ရှိတဲ့ တရားမ၀င် ဒုက္ခသည်များနေရာ တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစခန်းတွေက တဆင့် ကော့ဇ်ဘာဇားပြည်နယ် နေရာအနှံ့မှာ ယခင်က ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ အတူ နေထိုင်ဖို့လည်း ကြိုးစားနေကြတယ်။ တဖက်မှာလည်း  မြန်မာ့စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး ရိုဟင်ဂျာအမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို မြန်မာပြည်ကနေ နှင်ထုတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ စနေနေ့က ရိုဟင်ဂျာ (၃၂) ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ တပ်ခ်နာဖ်မြို့ ဟွိုက်ကောင်ကျေးရွာအုပ်စုရဲ့ ဇီးမောင်းခါလီ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာခဲ့တယ်။ အဲဒီ ၃၂ ဦးကတော့ -- နူရ်ဘေဂမ်၊ ရှာဟာနုရ်၊ မော်လ၀ီဆော်ယောဒ်ကော်ရီးမ်၊ ရှမီလာဘေဂမ်၊ ဂရီဘူလ္လာ၊ အာယေရှာဘေဂမ်၊ ဖရီဒုလ်ကာလာမ်၊ အာဇီဇ်ကာလာမ်၊ ရှမိန်အာရာ၊ ကုရ်ရှိဒါဘေဂမ်၊ အာရ်ဖာတ်ဟူစိန်း၊ ဟာဘီဘုလ္လာ၊ ဟာလီခါတူ၊ ကာမာလ်ဟူဆောင်း၊ နာဇ်မာ၊ မောဟိုစေနာ၊ ခိုက်ရုလ်ဘော်ရှော်ရ်၊ နူရ်ကာမာလ်၊ တာစ်မီးန်အာရာ၊ ယာစ်မီးန်အာရာ၊ အာဇီဇ်ခါးန်၊ ဒိလ်မိုဟာမတ်၊ ဒိလ်ဒါရ်ဘေဂမ်၊ အေကေရာမ်၊ မိုဟာမတ်ဖုရ်ခါးန်၊ ကော်အိုဆဲရ်ဘီဘီ၊ ဒူးစ်မိုဟာမတ်၊ နုရ်ဖော်ယာစ်၊ အေကေရာမ်၊ နုရ်ခါလေဒါ နဲ့ ရှာဘေကုန်နာဟာရ် တို့ဖြစ်ကြပါတယ်။ သူတို့တွေဟာ ရာမ္မားဂူးနား (ရေတွင်းကျွန်း)၊ ရွာအိမ်ကဒေါင် (ရွက်ညိုတောင်)၊ နိုင်းချောင်း (ငန်းချောင်း)၊ ကီယာရီဖာရာန် (ကြက်ရိုးပြင်)၊ ဇာမ္မားနား (ပွင့်ဖြူချောင်း) စတဲ့ ရွာများက ဖြစ်ကြတယ်။

မောဟိုစေနာနဲ့ ရှာမီလာတို့က ပြောတာကတော့ “ကျွန်မတို့အိမ်တွေမှာ စစ်သားတွေ လာပြီးတော့ ခင်ပွန်းနဲ့ အဖေကို ဖမ်းဆီးခေါ်ဆောင် သွားကြတယ်။ သူတို့ဘယ်မှာလဲ ဆိုတာ ကျွန်မတို့ ဘာသတင်းမှ မရတော့ဘူး။ ပြီးတော့ အိမ်တွေကိုလည်း မီးရှို့လိုက်ကြတယ်။ အဲဒါကြောင့် ကျွန်မတို့ အသက်ရှင်နေဖို့ အတွက် ဒီကိုလာရတာပါ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား ရိုဟင်ဂျာ မိုဟာမတ်ဖုရ်ခါးန် ကတော့ “ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ကျွန်တော်တို့ ရွာက အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် အပါဝင် အားလုံး နှစ်ထောင်ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို လာဖို့ ရည်ရွယ်ချက်နဲ့ ထွက်ပြေးလာခဲ့တယ်။ ပြီးတော့ စနေနေ့ကျမှ ကျွန်တော်တို့ တစ်ထောင်လောက် ဇီးမောင်းခါလီ နယ်စပ်ကနေ ဒီကိုလာနိုင်ခဲ့တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေ ဘယ်မှာလဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။” လို့ ပြောပါတယ်။

လောလောဆယ်တော့ သူတို့ ၃၂ ယောက် အဖွဲ့က လေးဒါး ဒုက္ခသည်စခန်းနဲ့ အဲဒီနေရာ တ၀ိုက်မှာ ရှိတဲ့ အငှားအိမ်တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းမှာလည်း ရိုဟင်ဂျာ တစ်ရာလောက် ဇီးပေါင်းခါလီ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ၀င်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်ခ်နာဖ် အမှတ် (၂) တပ်ရင်းက တပ်ရင်းမှူး အာဘူဇာလ် အာဇာဟိဒ် ကတော့ “မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို အကြောင်းပြပြီး ရိုဟင်ဂျာတွေဟာ နတ်မြစ်ကနေ တဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ၀င်လာဖို့ နေ့စဉ်နဲ့ အမျှ ကြိုးစားနေတယ်။ BGP (မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့) ကတော့ သူတို့ ဒီဘက်ကို မလာနိုင်အောင် တားဆီးနေတယ်။ BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) တွေကလည်း နေ့ရောညပါ ကင်းလှည့်နေတယ်။ စစ်တကောင်းက BGB အဖွဲ့တွေလည်း ကော့ဇ်ဘာဇားကို ခေါ်လာခဲ့တယ်။ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေး တင်းကျပ်ထားတယ်” လို့ ပြောပါတယ်။

နောက်တစ်ဖက်မှာ စနေနေ့ညအမှောင်ထဲမှာ (၁၃) ဦး ပါဝင်တဲ့ မိသားစုတစ်စုက ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်ဖြစ်တဲ့ အူးကီးယား - ရှိလ်ခါလီ နယ်စပ်ကို ဖြတ်ကျော်ပြီး ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ၀င်ရောက် ခိုလှုံနေပါတယ်။ အဲဒီမိသားစုကတော့ မောင်တောမြို့နယ် ကီယာရီဖာရာန် (ကြက်ရိုးပြင်) ကျေးရွာက ဖြစ်ပြီး၊ အဖေ၊ အဖေ၊ သားနှစ်ယောက်နဲ့ ချွေးမ၊ မြေးတွေ အပါအ၀င် အားလုံး (၁၃) ယောက် ဖြစ်ပါတယ်။ 

မောင်တောမြို့နယ် အာခ်ဘောရ်ဂျာ (သရက်အုပ်ကျေးရွာအုပ်စုမှ ရွာ) ကျေးရွာက ဦးနောဇူမျာရဲ့ သားဖြစ်သူ ဇာဘဲရ်ဟူစိန်းက “ကျွန်တော်တို့ သောကြာနေ့ ညပိုင်းမှာ လောင်းလှေကို အသုံးပြုပြီး ၂၈ ယောက် ဒီကို ရောက်လာတယ်။ ဒါပေမယ့် အခု ဘယ်သူက ဘယ်မှာဆိုတာ အတိအကျ မသိဘူး” လို့ ပြောပါတယ်။

မောင်တောမြို့နယ် ကီယာရီဖာရာန် (ကြက်ရိုးပြင်) ကျေးရွာက ဦးဆွေဒုလ်အာမီးန်နဲ့ ဇနီး ဒေါ်မီနာရာဘေဂမ်၊ ညီမဖြစ်သူ ဟာမီဒါဘေဂမ်၊ ညီဖြစ်သူ ဇူဘိုင်ရ်ဟူစိန်းရဲ့ သားနှစ်ယောက် တို့ဟာ လွန်ခဲ့တဲ့ ၅ ရက်က အုန်းဆီပြင် နယ်စပ်ကို ဖြတ်ကျော်ပြီး  ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ဇ်ဘာဇား ပြည်နယ်အုပ်ချုပ်ရေးမှူး အလီဟူစိန်းကတော့ “မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်က ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတယ်။ BGB ကလည်း သတိ အနေအထားမှာ ရှိနေတယ်။ ရိုဟင်ဂျာ အချို့က ညဘက် အမှောင်ထဲမှာ ခိုးပြီး ၀င်နေတာ ရှိတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့မှ ၀င်လို့မရအောင် ကျွန်တော်တို့ အနေနဲ့ တာဆီးနေတယ်” လို့ Dainik Purbokone ပြောပါတယ်။


RB News
22.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုမှ စိတ်ဝေဒနာရှင် တစ်ဦးကို စစ်သားများက သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းတိုရွာမှ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်သူ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၃၅ နှစ်) သည် ဆေးလိပ်သောက်၍ လမ်းလျှောက်နေစဉ် စစ်သားများက တွေ့ရှိသွားပြီး သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဒီလူ စိတ်ဝေဒနာရှင် ဆိုတာ လူတိုင်းသိတယ်။ ညက သေနတ်ပစ်သံ အချက် ၂၀ ကျော် ကြားတယ်။ သူ့ကို ပစ်သတ်တာပါ။ အလောင်းကို အခုထိ ပြန်မပေးဘူး။ ပြီးတော့ သူ့အလောင်းနားမှာ ဓါးတစ်လတ် ထားတာလည်း တွေ့လိုက်တယ်။ ဒေသခံတွေ အားလုံးက သူက စိတ်ဝေဒနာရှင် ဖြစ်တယ်ဆိုပြီး သက်သေခံပြောပြီးတော့ အလောင်းပြန်အပ်ဖို့ တောင်းဆိုနေတယ်။ လောလောဆယ်တော့ ဗျူဟာမှူး ရောက်လာမယ် ကြားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက “ မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။” ဟု ရေးသား ထုတ်ပြန်ခဲ့သည်။

“အမှန်တော့ အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု က အမှတ် (၄) နယ်ခြားစောင့် ဒေသ တပ်ရင်း နယ်မြေ (၇) ထဲမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်းထဲမှာလို နယ်မြေ (၈) ထဲမှာ မဟုတ်ဘူး။ ပြီးတော့ သတင်းဓါတ်ပုံမှာလည်း ဘူးသီးတောင်မြို့နယ် နှာခေါင်းတိုလို့ ရေးထားတယ်။ အဓိက လိမ်ချင်ဇောနဲ့ အလွဲတွေ ဖြစ်နေတာပါ” ဟု မောင်တောမြို့မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက RB News သို့ပြောပါသည်။

“အသတ်ခံရတဲ့ စိတ်ဝေဒနာရှင်ကလည်း ရွာထဲမှာ အပြင်ထွက် ဆေးလိပ်သောက်တာ ဖြစ်နိုင်ပါတယ်။ အဲဒါကို စစ်သားတွေက ပစ်သတ်ပြီး စခန်းနားကို ပို့ထားတာလို့ ယူဆရပါတယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ရေးထားသလို နှာခေါင်းတို စခန်းကို လူအုပ်စုတစ်စု ချဉ်းကပ်တယ် ဆိုတာလည်း လုံးဝ မမှန်ကန်တဲ့ သတင်းပါ။ ညအချိန် လူတွေ ဖြတ်သန်းသွားလာရင် ကျွန်တော်တို့ လူတွေ အပြင်ထွက် မရရင်တော့ အိမ်ထဲကနေ လေ့လာလို့ရတယ်။ ကျွန်တော်တို့ အဲဒီက ဒေသခံတွေ အားလုံးနဲ့ မေးမြန်းကြည့်ပြီးပြီ။ အဓိက စိတ်ဝေဒနာရှင်ကို ပစ်သတ်လိုက်တဲ့ သတင်းကို ဖုံးဖို့ အတွက် လုပ်ကြံသတင်း တစ်ခု ထုတ်လိုက်တာပါ။ နယ်မြေ (၈) ဆိုရင်လည်း နယ်မြေ (၈) ရုံးမှာ ခြံစည်းရိုး မရှိဘူး။ အဲဒီတော့ လိမ်ရင်လည်း ဒေသခံတွေ လက်ခံနိုင်လောက်အောင် လိမ်မှ တော်ကာကျလိမ့်မယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဖော်ပြထားသည့် ဓါတ်ပုံ၊


MYARF
RB News
21.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုနှင့် မျောတောင် ကျေးရွာအုပ်စုတို့မှ ရိုဟင်ဂျာ အမျိုးသမီး အများအပြား မုဒိမ်းကျင့်ခံရပြီး၊ အမျိုးသား ၂၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား ၂၀၀ ဦးခန့်သည် ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အစည်းအဝေးပြုလုပ်ရန် ရှိကြောင်း၊ ရွာသားများကို ဖမ်းဆီးရန် မဟုတ်ကြောင်း အသံချဲ့စက်ဖြင့် အော်ခဲ့သည်။ သို့သော်လည်း အမျိုးသားများသည် ဖမ်းဆီး ရိုက်နှက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့ကြသည်။ စစ်သားများက ရွာအတွင်းရှိ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီးများကို ရွာ၏ လယ်ကွင်းတစ်နေရာတွင် စုဝေးစေခဲ့ပြီး နေ့လည် (၃) နာရီခန့်တွင် အမျိုးသမီးများကို နေအိမ်များသို့ ပြန်စေခဲ့သည်။ 

ညနေ (၅) နာရီခန့်တွင် စစ်သားများသည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ စစ်ဆေးရန်ဟု ဆိုကာ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်သည့် အပြင် အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့သည်။ ရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အချို့ကိုလည်း ရိုက်နှက်ခဲ့သည်။ 

ကျားခေါင်းတောင် ကျေးရွာအုပ်စု၊ တောင်ရွာရှိ အုပ်ချုပ်ရေးမှူး ဦး ----- ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ၎င်း၏ ဇနီး၊ သမီးပျိုတစ်ဦးနှင့် အိမ်ဖော် မိန်းမပျိုနှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။ 

နေအိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးစဉ် တွေ့ရှိခဲ့သော အမျိုးသား (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ နေ၀င်သည့် အချိန်တွင် အမျိုးသမီးများကို နေအိမ်များ အတွင်းမှ ပြန်ထွက်ခိုင်းကာ ည ၁၁ နာရီ အချိန်ထိ လယ်ကွင်းပြင်တွင် စုထားခဲ့သည်။ ထိုနေရာမှ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားပြီး မုဒိမ်းကျင့်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော် သိရသလောက် အနည်းဆုံး အမျိုးသမီး ၅၀ လောက် မုဒိမ်းကျင့်ခံရတယ်။ အမျိုးသား ၂၅ ယောက် ဖမ်းခံထားရတယ်။ သူတို့ကို အခုထိ ချုပ်နှောင်ထားဆဲပါ။ စစ်သားတွေကတော့ အခုထိ မပြန်သေးဘူး” ဟု အဆိုပါ ဒေသခံက ယနေ့ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီခန့်တွင် ပြောပါသည်။ 

ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် ကျားခေါင်းတောင်၊ တောင်ရွာမှ ဦးအာမီးရ်ဟူစိန်း၏ နွားထီးကြီး တစ်ကောင်ကို စစ်သားများက သတ်ဖြတ်၍ ချက်ပြုတ် စားသောက်ခဲ့သည်။ ရွာအတွင်းမှာ ဆိုင်ကယ်ငါးစီး၊ ဆိုလာပြားများနှင့် အခြားသော တန်ဖိုးရှိ ပစ္စည်းများ လုယက်ထားသည်ဟု သိရှိရသည်။

ယနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် နွားထီးကြီး လုယက်ခံရသူ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်နှင့် ဆာမွန်နာရွာမှ နေအိမ်အချို့ကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မျောတောင် ကျေးရွာအုပ်စု ကို စစ်သား ၃၀၀ ကျော်က ၀န်းရံ ပိတ်ဆို့ စစ်ဆေးခဲ့သည်။ ရွာအတွင်း အမျိုးသားများ မရှိသဖြင့် မတွေ့ရှိခဲ့သော်လည်း သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်း ဖြစ်နေသည့် အမျိုးသားများကို ရိုက်နှက်ခဲ့သည်။ ညပိုင်းတွင် အမျိုးသမီးများကို ရွာလယ်တွင် စုထားခဲ့ပြီး၊ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားကာ မုဒိမ်းကျင့်ခဲ့ကြောင်း၊ စစ်သားများမှာ ယခုအချိန်တွင် ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။




RB News
21.1.2016

တောင်ပြိုလက်ဝဲ
။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ဆာမာဟာရာရွာမှ မသန်မစွမ်း မိန်းကလေး တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အမှတ် (၂) ရပ်ကွက် ဆာမာဟာရာရွာမှ ဦးအဒူဆလာမ်၏ အသက် (၁၇ နှစ်) အရွယ် မသန်မစွမ်း သမီးဖြစ်သူ မဘီဘီအက်ခ်သာ ကို နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နယ်ခြားစောင့်ရဲများက ပြန်လွှတ်ရန်ဟု ဆိုကာ ဆင်းရဲသည့် မိဘများထံမှ ငွေကျပ် ၅ သိန်း တောင်းခံခဲ့သည်။ ဖခင်ဖြစ်သူက ငွေကျပ် ၅ သောင်း ပေးကာ ကျန်သည့် ငွေကျပ် လေးသိန်းငါးသောင်းကို ပေးပါမည်ဟု ရပ်မိရပ်ဖ တစ်ဦးကို အာမခံပေးခိုင်းကာ မသန်မစွမ်း သမီးဖြစ်သူကို ပြန်ခေါ်ခဲ့ရကြောင်း သတင်း ရရှိပါသည်။





RB News
20.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံ ကျေးရွာကို နိုဝင်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့များတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည့် အပြင်၊ ဒေသခံ ရိုဟင်ဂျာအများအပြားကို ပစ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ရေခဲချောင်းခွဆုံရွာမှ ရိုဟင်ဂျာအဖိုးအို တစ်ဦးက ထွက်ဆိုသည့် ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်သည်။








RB News
20.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ လာမ်ဘာဂူးနား ကျေးရွာအတွင်းသို့ နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် စစ်သားများ ၀င်ရောက်၍ ဗလီအတွင်းရှိ ဘီဒိုများ ဖျက်ဆီးခြင်း၊ ခြံစည်းရိုးများ တံခါးများ ဖျက်ဆီးခြင်း အပြင် ကုရ်အာန်ကျမ်းမြတ်များကို လွင့်ပစ်ခြင်း၊ စုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့သည်။
ကျေးရွာအတွင်းရှိ အိမ်များ အတွင်းသို့ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဆိုင် (၇) ဆိုင်မှ ပစ္စည်းများ အားလုံး လုယက် ယူဆောင်သွားခြင်းများ ပြုလုပ်ခဲ့သည်။

ကျေးရွာမှ ဒေသခံတစ်ဦးမှ စစ်သားများ၏ လူမဆန်သော လုပ်ရပ်များကို ဗီဒီယိုရိုက်ကူး၍ ပေးပို့ထားသည်။ ဗီဒီယို၌ ပြောဆိုထားသည်များကို ဘာသာပြန်ပေးထားပါသည်။

ဘာသာပြန် --

ဒီနေ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာအုပ်စု၊ လာမ်ဘာဂူးနားရွာမှာ စစ်သားတွေ ၀င်လာပြီး၊ ဗလီထဲကိုဝင်ပြီးတော့ ဘီရိုတွေ ဖျက်ဆီးပစ်တယ်။ ဘီရိုတွေအများကြီး ဖျက်ဆီးပစ်တယ်။ ဗလီရဲ့ တံခါးတွေကို ရိုက်ချိုးဖျက်ဆီးပစ်တယ်။ ကုရ်အာန်ကျမ်းမြတ်တွေကိုလည်း ဟိုဘက်ဒီဘက် လွင့်ပစ်တယ်။ ကုရ်အာန်ကျမ်းမြတ်တွေကို စုတ်ဖြဲတယ်၊ ပြီးတော့ ဟိုဟိုဒီဒီ လွင့်ပစ်တယ်။ ဗလီက တံခါးတွေကို ဖျက်တယ်။ ဘီရိုတွေအများကြီးကို ဖျက်ဆီးပစ်လိုက်ကြတယ်။ ဗလီထဲမှာ ရှိတဲ့ပစ္စည်းတော်တော်များများကို လုယူလိုက်ကြတယ်။ ကြည့်ပါ ဒီမှာ ကုရ်အာန်ကျမ်းမြတ်တွေကို ဘယ်လိုလုပ်ထားလဲ ကြည့်ပါ။

ပြီးတော့ ခြံစည်းရိုးတွေကို ဖျက်ပြီး ဘယ်လိုလုပ်လိုက်လဲဆိုတာကြည့်ကြပါ။ ဗလီရဲ့ လေးဘက်ပတ်ပတ်လည်မှာရှိတဲ့ ခြံစည်းရိုးအားလုံးကို ဖျက်ဆီးလိုက်တယ်။ စစ်သားတွေ ၀င်လာပြီး ဒါတွေအားလုံး ဖျက်ဆီးလိုက်တာတွေပါ။ ကြည့်ကြပါ။ ဒါတွေအားလုံး ဖျက်ဆီးပစ်လိုက်တာပါ။ ဘာဆိုဘာမှ ချန်မထားဘူး။ ပစ္စည်းတွေ အကုန်ယူပြီး ကားနဲ့တင်သွားလိုက်ကြတယ်။

လာမ်ဘာဂူးနားမှာ ဆိုင် (၇) ဆိုင်ရှိတယ်။ ဆိုင်တွေအားလုံးကို ဖျက်ဆီးတယ်။ ပြီးတော့ ဆိုင်ထဲမှာ ရှိသမျှ ပစ္စည်းတွေ အားလုံးကို ယူသွားကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မွတ်စလင်တွေ အားလုံး စားဖို့သောက်ဖို့ပါ ခက်ခဲနေပါပြီ။ အရင်တစ်ခါလည်း ရွာထဲဝင်ပြီး အကုန်ယူသွားတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဗီဒီယိုရိုက်လို့ မရခဲ့ဘူး။ အခု ရိုက်ပြတာပါ။ အဲဒါကြောင့် ဒီနေ့သတင်း အားလုံး ပို့နေတာပါ။ ဆိုင်တွေ ဖျက်ဆီးတယ်ဆိုတာ ဗီဒီယိုထဲမှာ ကြည့်ကြပါ။ ဆိုင်သော့ကို ဖျက်မရတာတွေ အခုလို ထရံကို ဖျက်တယ်။ ပြီးတော့ လူတွေရဲ့ အိမ်တွေထဲကို ၀င်တယ်။ အိမ်ထဲမှာ ရှိတဲ့ မီး၊ အိုးအိမ် အခြားအသုံးအဆောင်၊ ထိုင်ခုံတွေကအစ အကုန်ဖျက်ဆီးပစ်တယ်။ အဲလိုပဲ ကြက်၊ ဘဲ တွေကို လေးခွနဲ့ ပစ်ဖမ်းပြီး ယူသွားကြတယ်။ အိမ်တွေထဲ ၀င်ပြီး လုယူသွားသလို၊ ဒီဆိုင်တွေကို ကြည့်ပါ။ ဆိုင် (၇) ဆိုင်ကနေ တစ်ဆိုင်က နှစ်သိန်းဖိုး ပစ္စည်းယူသွားတယ်။ နောက်တစ်ဆိုင်က တစ်သိန်းသုံးသောင်းဖိုးလောက် ယူသွားတယ်။ နောက်တစ်ဆိုင်က နှစ်သိန်းငါးသောင်းဖိုးလောက် ယူသွားတယ်။ 





MYARF & Rohingya Eye
RB News
20.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ အုပ်စုဖွဲ့ မုဒိမ်းကျင့်ကို ခံရသည့် အမျိုးသမီး (၅) ဦးကို ထပ်မံ တွေ့ရှိခဲ့ပြီး၊ ဒိုးတန်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို စစ်သားများ ပစ်သတ်ခဲ့ကြောင်း၊ စစ်သားများကို ကြောက်ရွံ၍ ထွက်ပြေးနေစဉ် ကလေးနှစ်ဦး ရေနစ်ခဲ့ပြီး ပျောက်ဆုံးနေကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကြိမ်ချောင်း စခန်း အမှတ် (၂၄) အခြေစိုက် တပ်ရင်းမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်သားများသည် ဒိုးတန်း ကျေးရွာအုပ်စု၊ လာမ်ဘာဂူးနားရွာသို့ ၀င်ရောက် စီးနင်း ရှာဖွေရာ ကြက်ရိုးပြင်ကျေးရွာ ကဲ့သို့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရွာထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ စစ်သားများက မတွေ့ရှိခဲ့ပေ။ စစ်သားများက ရွာသားများကို မတွေ့သဖြင့် အိမ်များနှင့် ပစ္စည်းများ ဖြိုဖျက် ဖျက်ဆီးကာ သေနတ်များ အဆက်မပြတ် ပစ်ဖောက်၍ ညနေ ၄ နာရီခန့်တွင် ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းရွာသို့ ၀င်ရောက်ခဲ့သည်။ ရွာသားများက စစ်သားများ ၀င်လာသည်ကို တွေ့သည်နှင့် ချောင်းကူး၍ အထက်ပြူးမ ကျေးရွာဘက်သို့ ထွက်ပြေးနေစဉ် စစ်သားများက အဆက်မပြတ် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ မအူဘိုင်ဒါ (ဘ) ဦးခေါ်ရီမူလ္လာ (အသက် ၁၈ နှစ်) နှင့် အီနုစ် (ဘ) ဦးအာဘူအာလောမ် (အသက် ၂၂ နှစ်) တို့နှစ်ဦးကို ကျည်ဆံထိမှန်ခဲ့သည်။ အီနုစ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

ပြင်းထန်သော ဒဏ်ရာဖြင့် ချောင်းတဖက်၌ လဲကျနေသော မအူဘိုင်ဒါ၏ နေရာသို့ စစ်သား (၃) ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် (၃) ချက်ဆက်တိုက် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ထို့နောက် စစ်သားများက မအူဘိုင်ဒါ၏ အလောင်းကို ရွာထဲသို့ သယ်ဆောင်သွားပြီး အိမ်တစ်အိမ်တွင် ပစ်ထားကာ ညနေ ၆ နာရီခန့်တွင် ရွာမှ ထွက်ခွာသွားခဲ့သည်။ 

အမျိုးသမီးများ ကလေးများဖြင့် ချောင်းကူး၍ ထွက်ပြေးနေစဉ် ကလေးနှစ်ဦး ရေနစ်သွားခဲ့ပြီး၊ ယခုအချိန် ပြန်ရှာမတွေ့ကြောင်း၊ သေဆုံးသွားပြီဟု ယူဆရကြောင်း၊ ကလေးတစ်ဦး ကျည်ဆံထိမှန်ခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်ပြီး တိမ်းရှောင်နိုင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်သား အင်အား ၂၀၀ ကျော်သည် ငန်းချောင်း ကျေးရွာကို ၀င်စီး၍ ရွာသား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးထားသူများကို စစ်ဆေး၍ ငန်းချောင်း ရွာသားများကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကြက်ရိုးပြင်၊ ရေခဲချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ ဓါးကြီးစား၊ ကျားခေါင်းတောင် တို့မှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး ငန်းချောင်းတွင် ခိုလှုံနေသူ ၈၀ ဦးကို ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့သည်။ 

နိုဝင်ဘာလ (၁၈) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ဦးရှည်ကျ ကျေးရွာများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀င်ရောက် စီးနင်းပြီး ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ လူပန်းပြင် ကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသမီး (၈) ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။ အမျိုးသား ၅၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့သည်။ ယင်းနေ့က အမျိုးသမီး (၃) ဦးသာ မုဒိမ်းကျင့်ခံရသည်ဟု ဒေသခံများက ပြောကြားခဲ့သော်လည်း နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၅) ဦးကို ထပ်မံတွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အလွန်ငယ်ရွယ်သည့် ၁၁ နှစ်၊ ၁၃ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ် မိန်းကလေးများ ဖြစ်ကြကြောင်း ဒေသခံများက ပြောပါသည်။ မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ် (၈) ဦးမှ နှစ်ဦးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရှိရသည်။ (မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များနှင့် အချက်အလက် အသေးစိတ်များကို မှတ်တမ်းအဖြစ် သိမ်းဆည်းထားပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ပေးပို့သွားမည် ဖြစ်သည်။)

စစ်သားများက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ လုယက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး၊ လုယက်ခံရသူ အချို့မှာ --

(၁) ဦးနူရူ (ဘ) ဦးအဒူလာကိမ်း (အသက် ၅၀ နှစ်) -- (ငွေကျပ် ၅ သိန်းနှင့် ရွှေတစ်ကျပ်သား) လူပန်းပြင်ရွာမှ
(၂) ဦးအူလာမျာ (ဘ) ဦးအာလ်ကာစ် (အသက် ၅၅ နှစ်) -- (ငွေကျပ် ၂ သိန်း) ရွာကြီးရွာမှ
(၃) ဦးအဒူဇော်ဘော်ရ် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၃၀ နှစ်) -- (ငွေကျပ် တစ်သိန်းနှင့် ရွှေငါးမူးသား) တောင်ရွာမှ
(၄) ဦးအီဒိရိစ် (ဘ) ဦးကာလာ (အသက် ၂၂ နှစ်) -- (ငွေကျပ် နှစ်သိန်း) တောင်ရွာမှ
(၅) ဦးနူရူအစ္စလာမ် (ဘ) ဦးရှော်မုလုခ် (အသက် ၄၈ နှစ်) -- (အိမ်အသုံးအဆောင်ပစ္စည်းများ လုယက်၊ ဖျက်ဆီး) တောင်ရွာမှ -- တို့ဖြစ်သည်။ 

၎င်းတို့၏ နေအိမ်များမှ လုယက်ဖျက်ဆီးသည့် အပြင် ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။ 

နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားသူများကို ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ရိုက်နှက်မှုကြောင့် ဦးနူရူအစ္စလာမ်မှာ အလွန်အသည်းအသန် ဖြစ်နေကြောင်း သိရှိရသည်။ 

နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပြူးမချောင်းဝ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် အခြေစိုက်သော မြန်မာရေတပ်နှင့် အောက်ပြူးမ ရခိုင်ရွာမှ အစွန်းရောက် အချို့ ပူးပေါင်း၍ ပြူးမချောင်း မြောက်ဘက်ကမ်းရှိ ရေတွင်းပြင်ရွာသို့ ရေတပ်မှ အမြန်ရေယာဉ် တစ်စီးဖြင့် သွားရောက်ပြီး ဦးရှော်မ်ရှုအာလောမ် (ဘ) ဦးဘာဆဲရ်၏ ဆိတ် (၄) ကောင်ကို ကျက်စားနေရာမှ လုယက် ယူဆောင်သွားခဲ့သည်။ တစ်ဖန် နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် အဆိုပါ မြန်မာရေတပ်မှ ရေယာဉ်ဖြင့် ရေတွင်းပြင်ရွာသို့ ထပ်မံသွားရောက်၍ ဦးရှုနာမျာ (ဘ) ဦးဂျီန္နာသ်အလီ ပိုင်သည့် နွားတစ်ကောင်ကို လုယက် ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 


Rohingya Eye
RB News
November 19, 2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ အမျိုးသမီးများ အားလုံးကို ကြက်ရိုးပြင်ကျေးရွာတွင် နိုဝင်ဘာလ (၁၈) ရက်နေ့က မုဒိမ်းကျင့်ခဲ့သကဲ့သို့ မုဒိမ်းကျင့်မည်ကို အလွန်စိုးရိမ်နေကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် ၉  နာရီ အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာသို့ ၀င်ရောက် စီးနင်းရာ၊ ရွာရှိ အမျိုးသမီးများ အားလုံးက စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရွာထဲသို့ ၀င်လာသည်နှင့် နေအိမ်အတွင်း မုဒိမ်းကျင့်ခံရမည်ကို စိုးရိမ်၍ နေအိမ်များမှ ထွက်ပြီး တစ်နေရာတွင် စုနေခဲ့ကြသည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် အမျိုးသမီးများကို နေအိမ်များ အတွင်းသို့ ၀င်သွားရန် အတင်းအဓမ္မ ပြောခဲ့သော်လည်း အမျိုးသမီးများက ကြောက်ရွံ့၍ အိမ်များထဲသို့ မ၀င်ဘဲ စုနေသည့် နေရာတွင်သာ နေခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ၎င်းတို့ လိုချင်သည်များကို ယူပြီး၊ စားသောက်ဖွယ်ရာများ ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဆိတ် (၅) ကောင်ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ နေအိမ်များမှ လုယက်သွားသည့် ပစ္စည်းများတွင် ဆိုလာပြား (၅) ပြား၊ ဘက်ထရီ (၄) လုံးနှင့် လပ်တော့ ကွန်ပျူတာ တစ်လုံးတို့ ပါဝင်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဆိတ်များ လုယက်ခံရသူ (၃) မှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးရှီကာန်ဒါရ် (အသက် ၅၀ နှစ်) တစ်ကောင်လျှင် ကျပ် ငါးသောင်း တန်ဖိုးရှိ ဆိတ် (၂) ကောင်
(၂) ဦးဟာဘီဘူရာမန် (ဘ) ဦးမိုဂုလ်အာမတ် (အသက် ၅၃ နှစ်) တစ်ကောင်လျှင် ကျပ် ခုနှစ်သောင်း တန်ဖိုးရှိ ဆိတ် (၂) ကောင်
(၃) ဦးဇူဘိုင်ရ် (ဘ) ဦးအာဖ်တာအာမတ် (အသက် ၂၇ နှစ်) ကျပ် ငါးသောင်း တန်ဖိုးရှိ ဆိတ် တစ်ကောင် -- တို့ဖြစ်သည်။

ထို့အပြင် ဦးရှော်ဖီခ် (ဘ) ဦးစလင်း (အသက် ၂၈ နှစ်) သည် ၎င်း၏ စားကုန်ဆိုင်မှ ပစ္စည်းများကို နေအိမ်သို့သယ်ဆောင် ထားခဲ့ရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ငွေကျပ် တစ်သိန်းခွဲ တန်ဖိုးရှိ စားကုန်ပစ္စည်းများ လုယက်သွားခဲ့သည်။ ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသမျှ အမျိုးသားများကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ဆင်သေပြင်ကျေးရွာတွင် တစ်နာရီခွဲခန့် စိတ်တိုင်းကျ လိုင်စင်ရ သောင်းကျန်းသူများ၊ ဓါးပြများပမာ သောင်းကျန်းပြီးနောက် ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြောင်ရွာသို့ ၀င်ရောက်၍ လုယက်မှုများ၊ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အခြားသော စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အဖွဲ့သည် ငန်းချောင်း ကျေးရွာသို့ ၀င်ရောက် စီးနင်းပြီး ရွာအတွင်းရှိ ကလေး၊ လူကြီး၊ အမျိုးသမီးများကို အလယ်တန်းကျောင်းတွင် အိမ်ထောင်စုစာရင်းများနှင့် အတူ စုဝေးခိုင်းခဲ့ပြီး၊ အိမ်ထောင်စု စာရင်းနှင့် တကွ လူဦးရေ စစ်ဆေးခဲ့ပြီး၊ အခြားရွာများမှ ရောက်ရှိနေသည့် ဧည့်သည် ၁၂ ဦးခန့်ကို လူအုပ်စုထဲမှ ဖယ်ထုတ်၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ အချို့မှာ သတိလစ်သည် အထိ ဖြစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အခြားရွာများမှ ဧည့်သည် ၁၂ ဦးခန့်ကို စစ်သားများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကားမှာ၍ ကားပေါ်သို့ တင်ဆောင်ပြီး ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အမျိုးသမီးများကို နေအိမ်များ အတွင်းသို့ သွင်း၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သောကြောင့် ငါးစားကြူးကျေးရွာအုပ်စု ပန်းမြောင်ရွာကို ၀င်ရောက်စီးနင်းပြီးသောအခါ ဆင်သေပြင် ကျေးရွာ၏ အရှေ့ဘက် တောင်တန်းတွင် စခန်းချ ထားကြောင်း သိရှိရသည်။ အမျိုးသမီးများက စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တောင်တန်းတွင် စခန်းချထားသည်ကို သိရှိသွားပြီး ညပိုင်းတွင် ရွာအတွင်းသို့ စီးနင်းဝင်ရောက်၍ မုဒိမ်းကျင့်မည်ကို အလွန်စိုးရိမ်နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။




"မငိုပါနဲ့ သားလေး"

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
18.11.2016

သားလေးရေ...
အိမ်တွေလည်း မရှိတော့ပြီ။
ခန္ဓာမှာပါတဲ့ အဝတ်ကလွဲပြီး ဘာဆိုဘာမှ မရှိတော့တာပါ သား။
သားအဖေလည်း မနက်က အဖမ်းခံရလေပြီ။

ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို တိုက်နိုင်တဲ့ သားမြတ်တစ်စုံ
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။

သားလေးရေ...
ဒီဇင်ဘာလ နီးလာတော့ ချမ်းခိုက်လာတာ မဆန်းပါဘူး။
သဘာဝတရားကို အမေတို့ မလွန်ဆန် နိုင်ဘူးလေ။
ချမ်းမယ့်အချိန်မှာ ချမ်းမှာပဲ။
ချမ်းလွန်းလို့ သားလေး ခန္ဓာကို ချူံးလိုက်တာတော့
အမေ့ရင်ထဲ နာကျင်စေတာပေါ့ သား။
သားကို ခြုံရတဲ့ အဝတ်စုပ်တွေတောင်
မီးစားခံဘဝရောက်ခဲ့ရတာလေ။

ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို အနွေးဓာတ်ပေးနိုင်တဲ့ ရင်ခွင်တစ်ခု
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။

သားလေးရေ...
သားလေးကို လွှဲတဲ့ ပုခက်ကလေးလား။
သားလေးကစားဖော် အရုပ်တွေလား။
အဲ့ဒါတွေလည်း မီးကို မိတ်ဖွဲ့ရခဲ့ပြီ။

ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို လွှဲနိုင်တဲ့ လက်ဖဝါးနှစ်ဖက်
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။

သားလေးရေ...
သားလေးကြီးလာရင် အဖေကို လိုက်မရှာပါနဲ့။
သားအဖေက ပြန်လာခွင့်မရတဲ့
မရဏခရီးကို ရောက်ခဲ့ရပြီ။
သားလေးကြီးလာရင် အမေကိုလည်း လိုက်မရှာပါနဲ့။
အမေလည်း မကြာခင်
လောကကြီးမှ ပျောက်ကွယ်သွားရလိမ့်မယ်။

မုဒိမ်းကျင့်ခံရတုန်း ဘာလို့ မတုန်ပြန်ခဲ့တာလဲ ဆိုပြီး
သားသာ ခဏခဏ မေးဖြစ်ခဲ့ရင်
အမေ့မှာ သားကို ဖြေစရာ မရှိ ဖြစ်နေမှာလေ။
သားကိုကယ်ဖို့ အမေ ပေးဆပ်ရတာ သားရယ်လို့ပြောရင်
အဲ့ဒီ အချိန် သား ဘယ်လိုခံစားနေမလဲ။
အမေ ကိုယ်ချင်းစားတတ်တယ် သား။

တကယ်တော့ အမေ့အတွက်
သားထက် ဘယ်အရာကမှ မပိုပါဘူး။
တစ်ခုပဲ အမေမှာပါရစေ သား။
သားကို အမေ ကယ်ပေးတာ တန်ရအောင်
အမေတို့ မတရားခံခဲ့ရတာတွေအတွက်
တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ဖို့
တရားသဖြင့် အစွမ်းကုန် ကြိုးစားပါလေ။
အငို တိတ်ပါတော့ သားလေး။
MYARF
RB News
18.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ဦးရှည်ကျ ကျေးရွာများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းရာတွင် ကြက်ရိုးပြင်ကျေးရွာ အုပ်စု လူပန်းပြင်ရွာမှ အမျိုးသမီး ၃ ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ပြီး အပြစ်မဲ့ အမျိုးသား ၅၀ ဦးခန့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီခွဲမှစ၍ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ဦးရှည်ကျ ကျေးရွာများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲတို့က ရွာကို ဝိုင်း၍ ရွာထဲ ဝင်ရောက်စီးနင်း ခဲ့ကြောင်း၊ ညနေမိုးချုပ်သည်အထိ အဆိုပါ စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပြန်သွားခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု ပြောနေသော အဖွဲ့သည် ကြက်ရိုးပြင်ကျေးရွာအုပ်စု လူပန်းပြင်ရွာကို စီးနင်းဝင်ရောက် စစ်ဆေးချိန် အမျိုးသားများ မတွေ့သော နေအိမ်တစ်ချို့တွင် အမျိုးသမီး များကို အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ကြောင်း ထွက်ပြေး တိမ်းရှောင်လာခဲ့သူများက ပြောပါသည်။

"သူတို့ အိမ်တွေထဲဝင်စစ်ရမယ် ဆိုပြီးတော့ အိမ်ထဲဝင်လာတယ်။ အမျိုးသားတွေကို မတွေ့တာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ကြတယ်။ ကျနော် သိရသလောက်က ကျနော့် အိမ်နားက အမျိုးသမီး သုံးဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တယ်။ အမျိုးသမီးတွေ အော်ဟစ် အကူအညီတောင်းတာ အနီးအနား အိမ်သားတွေက အကုန်ကြားခဲ့တယ်။" ဆိုပြီး ရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ နယ်မြေရှင်းလင်းရေး အဖွဲ့သည် ကြက်ရိုးပြင်ကျေးရွာမှ အမျိုးသား ၅၀ ဦးခန့်၊ ဦးရှည့်ကျကျေးရွာမှ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်လာသူ နောက်တစ်ဦးကလည်း "သူတို့က တွေ့သမျှ အမျိုးသားတွေ့ကို လိုက်ဖမ်းတယ်။ အဲ့တော့ ကျနော်တို့ ထွက်ပြေးလာရတယ်။ ထွက်ပြေးလာတုန်း ဖမ်းခံရတာလည်း ရှိတယ်။ ရွာထဲမှာ အေးအေးဆေးဆေး နေဖို့ပြောပြီးတော့ လာပြီးတာနဲ့ ဖမ်းတာပဲ။ အခု ဒီကလူတွေ ဒီနိုင်ငံက ထွက်ပြေးသွားမှပဲ အဆင်ပြေမှာ။ မဟုတ်ရင် တစ်နေ့မဟုတ် တစ်နေ့ သူတို့ဖမ်းဆီးတာ ခံရမှာပဲ။ " ဆိုပြီး ၎င်းတို့ခံစားနေရသည့် အခြေအနေကို ပြောပြသည်။

မောင်တောအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူ တစ်ဦးက "သူတို့ နယ်မြေရှင်းလင်းရေး အဖွဲ့လာရင် တွေ့သမျှ အမျိုးသားတွေကို ဖမ်းတတ်တာပဲ။ ဖမ်းတာနဲ့ နိုင်ငံပိုင်သတင်းဌာနတွေက အကြမ်းဖက်သမား တံဆိပ်ခတ်ပြီး သတင်းရေးတယ်။ အဲ့ဒီတော့ အပြစ်မဲ့ လူတွေကလည်း စစ်သားနဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ မြင်ရင် ထွက်ပြေးတိမ်းရှောင်နေရတာပဲ။ အဲ့လို ထွက်ပြေးတိမ်းရှောင်နေရတော့ ဆိုးကျိုးက စစ်သားတွေက အမျိုးသမီးတွေကို လွတ်လွတ်လပ်လပ် မုဒိမ်းကျင့်နိုင်တယ်။ အခုဆို မောင်တော မြောက်ပိုင်းမှာ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီး စာရင်းက ကျနော်တို့မှာ ရာကျော်နေပြီ။ လူတွေမှာလည်း မုဒိမ်းကျင့်တဲ့ ကိစ္စပြောရတာတောင် ရိုးနေပါတယ်။" ဟု ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့မှစ၍ မောင်တောမြို့နယ်တွင် အပြစ်မဲ့ ရိုဟင်ဂျာပေါင်း မြောက်များစွာ ဥပဒေမဲ့ အသတ်ခံရပြီး အမျိုးသမီး တစ်ရာကျော် မုဒိမ်းကျင့်ရပါသည်။ အပြစ်မဲ့ပြည်သူပေါင်း မြောက်များစွာလည်း မတရား ဖမ်းဆီးခံခဲ့ရပါသည်။

ယခုအခါ မောင်တောမြောက်ပိုင်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးရန် ကြိုးစားလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများလည်း အများအပြား ရှိနေကြောင်း စုံစမ်း သိရှိရသည်။





RB News
18.11.2016

ဒီအသံဖိုင်ကို လူပန်းပြင်ရွာ၊ ကြက်ရိုးပြင်ကျေးရွာအုပ်စုကနေ နိုဝင်ဘာလ (၁၈) ရက်နေ့ မနက် ၁၁ နာရီမှာ ပို့ပေးတာပါ။

ဒီအသံဖိုင်မှာ --

ရိုဟင်ဂျာအမျိုးသမီးက --

ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ရွာက အစ်ကို၊မောင်တွေကို ပြောနေတာပါ။
သူတို့ [စစ်သားတွေ] က ကျွန်မတို့ကို ခြံဝင်းထဲခေါ်ထုတ်လာတယ်။
ကျွန်မတို့ အ၀တ်အစားတွေထဲကို လက်တွေထည့်ပြီး အကြမ်းဖက်တယ်။
ပြီးတော့ ကျွန်မတို့ကို အိမ်ထဲကို ခေါ်သွားပြီး အကြမ်းဖက်တယ်။
မိန်းကလေးငယ်တွေကိုလည်း အိမ်ထဲခေါ်သွားပြီး အကြမ်းဖက်တယ်။
ပြီးတော့သူတို့တစ်ယောက်ချင်းစီ [စစ်သားတွေ] ထွက်လာတယ်။
ကျွန်မတို့ ဒီတိုင်းပြည်မှာ ဘယ်လိုနေကြမလဲ။
ကျွန်မတို့အတွက်ဆုတောင်းပေးပါ။
ကျွန်မကိုလည်း သူတို့အကြမ်းဖက်တယ်။ အခုလေးဘက်ထောက်ထွက်လာတယ်။
အစ်ကိုတွေ၊ မောင်တွေ ကျွန်မတို့အတွက် ဆုတောင်းပေးပါ။
ကျွန်မ ဆက်မပြောနိုင်တော့ဘူး။

ရိုဟင်ဂျာအမျိုးသားက --

ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ကျွန်တော်တို့ လူပန်းပြင်ရွာ၊ ကြက်ရိုးပြင်ကျေးရွာအုပ်စုကနေ ပြောနေတာပါ။
ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ဒါကိုနားထောင်ပြီး ကျွန်တော်တို့အတွက် ဆုတောင်းပေးပါ။

မှတ်ချက် ။ ။ လူတီဖရာမ်ဆိုတာ ရိုဟင်ဂျာရွာ နာမည်ဖြစ်ပါတယ်။ ဗမာလို လူပန်းပြင်ရွာလို့ ခေါ်ကြတယ်။

အသံဖိုင်တင်သူရဲ့ မှတ်ချက် ။ ။ အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာဖြစ်ပြီး၊ ပြောနေတဲ့ အမျိုးသမီးရဲ့ နှုတ်က မုဒိမ်းကျင့်ခံရတာကို ပြောမထွက်လို့ လိင်အကြမ်းဖက်ခံရတဲ့ ပုံစံနဲ့ ပြောထားတယ်။ သူပြောတဲ့အတိုင်း ဘာသာပြန်ပေးထားတာပါ။



MYARF
RB News
17.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာအမျိုးသမီး များစွာကို လွန်ခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ နောက်ပိုင်းတွင် လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ ဆေးဝါးကုသခွင့် လုံးဝ မရဖြစ်နေသည့် အတွက် MSF ဟု ခေါ်သည့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့၏ ဆေးဝါးကုသမှု အကူအညီများ အမြန်ဆုံး ပေးရန် မောင်တောမြို့မှ ပညာတတ်သည့် အမျိုးသမီး တစ်ဦးမှ တောင်းဆိုလိုက်သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ၀င်ရောက်၍ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ရွာသားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း အပြင် အမျိုးသမီးများစွာကို မုဒိမ်းကျင့်ခဲ့သည်။

အောက်တိုဘာလ (၁၄) ရက်နေ့မှစ၍ နိုဝင်ဘာလ (၁၆) ရက်နေ့ထိ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ခဲ့ရာ ဦးရှည်ကျ ကျေးရွာမှ အမျိုးသမီး (၂၂) ဦးလည်း မုဒိမ်းကျင့်ခံခဲ့ရသည်။ ဦးရှည်ကျ ကျေးရွာမှ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး (၈) ဦး အကြောင်းကို ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သော်လည်း ကျန်သည့် (၁၄) ဦး၏ ကိစ္စရပ်များကို သတင်းထောက်များ ၀င်ခွင့် ကန့်သတ်ထားသောကြောင့် ယခုအချိန်ထိ နိုင်ငံတကာ မီဒီယာပေါ်သို့ မရောက်နိုင်သေးကြောင်း၊ အမျိုးသမီး အချို့မှာ ထိတ်လန့်ပြီး အခြားရွာများသို့ တိမ်းရှောင်နေခြင်းများလည်း ရှိကြောင်း အမျိုးသမီးတစ်ဦးက RB News သို့ပြောသည်။ 

နိုဝင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၁) နာရီ အချိန်ခန့်တွင် စစ်သားအင်အား ၁၀၀ ကျော်ရှိသော အဖွဲ့တစ်ဖွဲ့သည် ဦးရှည်ကျ ကျေးရွာကို ၀ိုင်းထားပြီး သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ အမျိုးသား အချို့ ရွာမှ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ပြီး၊ အချို့ အမျိုးသားများသည် အသက်ဘေးမှ လွတ်ကင်းနိုင်အောင် ရွာရှိ ဈေးကြီး၏ အရှေ့ဘက် တောင်တန်းပေါ်သို့ ပြေးလွှား တက်ခဲ့ကြသည်။ ထိုသို့ တက်သွားသည်ကို စစ်သားများက မြင်ပြီးနောက် လိုက်လံ၍ ပစ်ခတ်ရာ အမျိုးသားများမှာ တောင်တန်းနှင့် ကပ်လျက်ရှိသည့် ချောင်းထဲသို့ ခုန်ဆင်းခဲ့ရသည်။ စစ်သားများသည် တောင်ပေါ်သို့ ရောက်ရှိလာပြီး ချောင်းကူးနေသူများဘက်သို့ မိုးရွာသည့် အလား သေနတ်ပစ်ခတ်ခဲ့သည်။ 

"ကျနော်တို့ ကမ်းဘက်ကို ရောက်တာနဲ့ သူတို့က တောင်ပေါ်ကို ရောက်လာတယ်။ ပြီးတော့ ကျနော်တို့ဖက်ကို အဆက်မပြတ် ပစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ကျည်ဆံထိပြီး အသက်ဆုံးရှုံးခဲ့တယ်" ဟု အသက်ဘေးမှ လွတ်မြောက်လာသူ ရွာသားတစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသူ (၃) ဦး ရှိကြောင်း အဆိုပါရွာသားက ဖြည့်စွက် ပြောကြားပါသည်။

ထို့နောက် စစ်သားများသည် ရွာထဲကို စီးနင်းဝင်ရောက်ပြီး ထွက်ပြေးတိမ်းရှောင်ခွင့် မရဘဲ ကျန်ရစ်ခဲ့သည့် အမျိုးသားများနှင့် အမျိုးသမီးများ (၃၀၀) ကျော်ကို တစ်နေရာတွင် စုထားကာ စစ်သားအချို့က အမျိုးသမီးများထဲက ချောမော့လှပသည့် အမျိုးသမီး (၄) ဦးကို အတင်းဆွဲခေါ်ယူပြီး နီးစပ်ရာ အိမ်တစ်အိမ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်သားများ ဝိုင်းထားသည့် အမျိုးသားများထဲမှ (၇) ဦးကို ဖမ်းဆီးထားပြီး ကျန်အမျိုးသားများကို စိတ်တိုင်းကျ ရိုက်နှက်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် စစ်သားများသည် ညနေ(၅) နာရီထိ ရွာထဲတွင် လုယက်မှုများနှင့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ ပြန်လည် ထွက်ခွာသည့် အချိန်တွင် ဖမ်းဆီးထားသည့် ရွာသား (၇) ဦးကို အတူခေါ်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။

"အခုလို ဝင်စီးနင်းလာပြီး အပြစ်မဲ့ အမျိုးသမီးတွေကို စစ်သားတွေက ထပ်ခါထပ်ခါ မုဒိမ်းကျင့်နေတာက လိုင်စင် ရထားလို့ လုပ်နေတယ် ထင်ရတယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေကလည်း ဘာဆေးကုသမှုမှ မရနိုင်ဘဲ နာကျင်စွာ ဝေဒနာခံစားနေရတယ်။" ဟု ပညာတတ် မိဘနှစ်ပါးမှ မွေးဖွားလာသူတစ်ဦး ဖြစ်ပြီး ကိုယ်တိုင်လည်း ပညာတတ်သည့် ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"အဲဒီလို ဝေဒနာရှင် အမျိုးသမီးတွေအတွက် MSF လို့ ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ဆေးကုသမှု အကူအညီကို အမြန်ဆုံး လိုအပ်တယ်။ အဲဒါကြောင့် အမြန်ဆုံး အကူအညီပေးဖို့ တောင်းဆိုတယ်"ဟု အဆိုပါ အမျိုးသမီးက ပြောပါသည်။

Rohingya Eye မှ သတင်းအချက်အလက် အချို့ မျှဝေသည်။

ဦးရှည်ကျရွာမှ ရွာသားများ (ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ)

RB News
17.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားများက ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာအုပ်စု၊ အနောက်ရွာမှ ငါးဖမ်းရန် သွားနေသည့် ငါးဖမ်းသမား နှစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ရော်ဖိတ်နှင့် ဦးဖော်ဇော်လ်နှင့် အခြားဒေသခံတစ်ဦး တို့ကို စစ်သားများက ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့်ည (နိုဝင်ဘာလ ၁၆ ရက်) တွင် ဦးအေနာမူလ္လာ၏ လှေမှ ကြိုးကို အမည်မသိသူ တစ်ဦးက ဖြတ်လိုက်ရာ၊ လှေသည် ချောင်း၏ အလယ်သို့ မျောသွားပြီး၊ ယနေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ လှေကို ကမ်းဘက်သို့ ဆွဲယူကာ အနီးအနားရှိ လယ်ကွင်းတွင် အလုပ်လုပ်နေသူများကို အတင်းအဓမ္မ ခေါ်၍ လှေပေါ်တင်ပြီး ဓါတ်ပုံရိုက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက စစ်သားများကို ဖုန်းဆက်ခေါ်ခဲ့သည်။

စစ်သားများ ရောက်ရှိလာသောအခါ ငါးဖမ်းရန် သွားနေသည့် ငါးဖမ်းသမားနှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ငါးဖမ်းသမား ဦးမိုဟာမတ်ရော်ဖိတ်၏ ညီဖြစ်သူကိုလည်း ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ စစ်သားများ၏ ရိုက်နှက်နေမှုကြောင့် လယ်ကွင်းပြင်တွင် အလုပ်လုပ်နေသည့် ကလေးများ ထွက်ပြေးသွားခဲ့ကြပြီး၊ စစ်သားများ ၀င်ရောက်လာသည့် သတင်း ပြန့်နှံသွားမှုကြောင့် သင်္ဘောကွေ့ အနောက်ရွာ၊ ရွာမနှင့် ရွာသစ်တို့မှ ဒေသခံများ အားလုံး နီးစပ်ရာ တောတောင်များ အတွင်းသို့ ရှောင်ပြေးခဲ့ရကြောင်း သိရှိရပါသည်။

ရိုက်နှက်ခံရသည့် ငါးဖမ်းသမား နှစ်ဦး၏ ဓါတ်ပုံ







"နှလုံးသားတွေ မီးတင်ရှို့နေတာ ရပ်တန့်ပါ"

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
November 17, 2016

နေအိမ်ဆိုတာ-
နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့
လှပပြီး ချမ်းမြေ့စရာကောင်းတဲ့
အမိုးအကာနဲ့ နေစရာလေး တစ်ခုပါ။

မိသားစုဆိုတာ-
နွေးထွေးမှုတွေနဲ့ ချည်နှောင်ထားတဲ့
လှပတဲ့ အစုအဖွဲ့လေးတစ်ခုပါ။

မိသားစုဝင်တွေ-
တစ်စုတစ်ဖွဲ့ ထမင်း ဝိုင်းစားတာတို့ ....
သားငယ်လေးက အမေ့ အပွေ့အပိုက်ထဲ
အိပ်မောရင်း ချမ်းမြေ့မှု စည်းစိမ် ခံစားတာတို့ ...
တစ်ယောက်ကို တစ်ယောက် စနောက်ပျော်ပါးတာတို့ ...
ညီအစ်ကို မောင်နှမ အချင်းချင်း
ချစ်စနိုး ရန်ဖြစ်ရင်း မေတ္တာပွားတာတို့ ...
အဖေက ရိုက်ရင် အမေ ရင်ထဲတိုးဝင်တာတို့ ...
အမေကရိုက်ရင် အဖေ့ရင်ထဲ ပြေးဝင်ခိုတာတို့က
မိသားစု ဝင်တွေရဲ့ လုပ်နေကျ သင်ခန်းစာတွေပါပဲ။

အခုတော့-
အဲ့လို နေအိမ်တွေကို အငြိုးကြီးစွာ မီးတင်ရှို့နေတော့
အဲ့လို မေတ္တာအသိုက်အမြုံထဲ နေနေတဲ့ မိသားစုလည်း
တကွဲတပြား ဖြစ်နေရတာပေါ့ဟ။

အဲ့ဒီ နေအိမ်တွေ မီးရှို့ခံရတာနဲ့ အတူတူ
မိသားစု မေတ္တာအသိုက်အမြုံလည်း ပြာကျသွားတယ်
ချမ်းမြေ့မှု အလုံစုံလည်း ပြာကျသွားတယ်
မျက်ရည်တွေ ကျလွန်းလို့ ခန္ဓာထဲ ရေဓာတ်ခမ်းသွားတယ်။

ကြည့်လေ-
အဖေ့ကို ရိုက်နှက် ဖမ်းဆီးကာ လက်ထိပ်ခတ်၍ ခေါ်သွား
အမေက အမျိုးအိမ်တစ်အိမ်မှာ သွားခိုလှုံနေရ
အစ်ကိုက ထွက်ပြေးတိမ်းရှောင်နေရ
အစ်မက မုဒိမ်းကျင့်ခံရလို့ ကိုယ့်ကိုကိုယ် စီရင်သွား
နို့စို့ကလေး ညီမောင်ကို အမေ့အပွေ့ထဲက လုယူပြီး
တကျွမ်းကျွမ်း လောင်နေတဲ့ မီးထဲ ပစ်ချ
ကျနော်ကတော့ မြင်တဲ့အတိုင်းပဲ စပါးစိုက်ခင်းထဲမှာ
အစာရေစာမဲ့ မျက်ရည်မှာ အရည့်ပြည့်
နှလုံးသားမှာ မီးတောင်ပေါက်ကွဲနေတာလေ။

ဒီလို တကွဲတပြားဖြစ်ခဲ့ရခြင်း နောက်ဆက်တွဲဟာ-
အရယ်အမော အစား အငိုအကြွေး
အချမ်းအမြေ့ အစား အပူအပန်
စည်းစိမ်မှု အစား ဒုက္ခခံနေရမှု
စသော ပြောမဆုံးတဲ့ သောကရောက်မှု ဝမ်းနည်းရမှုတွေ
နဖူးတွေ့ ဒူးတွေ့ ခံစားနေရတာပဲလေ။


ဒီမှာ-
ငါတို့ရဲ့ မေတ္တာ အသိုက်အမြုံလေး
ငါတို့ရဲ့ မိုးကာ ချမ်းကာ နေအိမ်လေး
ငါတို့ရဲ့ မိသားစု ခိုစရာလေးကို မီးတင်ရှို့နေတာတွေ
ကျေးဇူးပြုပြီး ဆက်လက်မကျူးလွန်ပါနဲ့ဟ။
အဲ့ဒီ နေအိမ်တွေနဲ့ မီးရှို့ခံရတာနဲ့ အတူတူ
ငါတို့ နှလုံးသားတွေလည်း အတူတူ လောင်ကျွမ်းသွားလို့ပါ။

ကျေးဇူးပြုပြီး-
ငါတို့အိမ်တွေ ... ငါတို့ နှလုံးသားတွေကို
အငြိုးတကြီး မီးတင်ရှို့နေတာတွေ
ရပ်-တန့်-က ရပ်-တန့်-ပါ-တော့။
သင်တို့ လူသားဆန်ရင်ပေါ့လေ။
RB News
17.11.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သမီးလှ ကျေးရွာမှ အသက် (၁၇) နှစ် အရွယ် ရိုဟင်ဂျာလူငယ် တစ်ဦးကို ရခိုင်အစွန်းရောက်အုပ်စု တစ်စုက ယမန်နေ့ ညပိုင်းတွင် ဓါးဖြင့် ခုတ်၍ တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ် သမီးလှ (ဆာမီလား) ကျေးရွာမှ စပါးခင်းတွင် ကင်းစောင့်၍ နေသည့် အသက် (၁၇) နှစ် အရွယ် မိုဟာမတ်ဂျူနိုက် (ဘ) မော်လ၀ီ ဒူဒူအာလောမ် ကို ယမန်နေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈း၃၀ နာရီ အချိန်တွင် ကံထိုက်ကျေးရွာမှ ရခိုင်အစွန်းရောက် အုပ်စုတစ်စုက လာရောက်၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း သိရှိရသည်။

ဓါးဖြင့် ခုတ်ခံရပြီးနောက် မိဘများက လုံခြုံရေး ကင်းစခန်းကို အကြောင်းကြားပြီး၊ လုံခြုံရေး အကူအညီဖြင့် မြောင်းဘွယ် ဆေးရုံသို့ ဆေးကုသရန် သွားရောက် ခဲ့သော်လည်း ဆေးရုံမှ ဆေးကုသမပေးဘဲ မောင်းထုတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ဓါးဖြင့်ခုတ်ခံရသူမှာ ဆေးဝါးကုသခွင့် လုံးဝ မရရှိခဲ့ဘဲ နေအိမ်သို့ ပြန်ခဲ့ရသည်ဟု ဆိုသည်။




MYARF
RB News
15.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံ တောင်ရွာမှ ကလေးများနှင့် အမျိုးသမီးများ ၃၀ ကျော်ကို စစ်သားများက နေအိမ်များတွင် ပိတ်ဆို့၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အင်အား ၁၅၀ ကျော်တို့သည် ရေတွင်းကျွန်း ကျေးရွာကို ၀ိုင်း၍  ရွာသူရွာသား ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခဲ့သည့်သူများထဲတွင် ရေခဲချောင်းခွဆုံ၊ ဓါးကြီးစား၊ ကျားခေါင်းတောင်၊ မျောတောင် တို့မှ ရွာသားများ ပါဝင်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖမ်းဆီးထားသူများထဲမှ ငွေကြေး ချမ်းသာသူ ၂၀ ကျော်ကို ရွေးယူ၍ ငါးခူရ နယ်မြေစခန်းသို့ ခေါ်သွားခဲ့သည်။ ကျန်သည့်သူများကို ရွက်ညိုတောင် စခန်း (၁၂) သို့ ခေါ်ဆောင်သွားပြီး စစ်ဆေးကာ ရေတွင်းကျွန်း ရွာသားများကို ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန်သည့်သူများကို ညနေ နေ၀င်ချိန်ခန့်တွင် ကံပြင်ကျေးရွာ (ရခိုင်ရွာ) သို့ ခေါ်ဆောင်သွားပြီး လမ်းမပေါ်တွင် တုတ်၊ ဓါး၊ သေနတ်များ ကိုင်စေကာ သက္ကဗိရ် (အစ္စလာမ် ဘာသာဝင်များ အရေးပေါ် အချိန်တွင် ရွတ်ဆိုသည့်စာ) ရွတ်ဆိုခိုင်းပြီး ဗီဒီယို ရိုက်ကူး၍ မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို ရွက်ညိုတောင် စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ယနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖမ်းဆီးခံနေရသူများထဲတွင် ပါဝင်သော ရေခဲချာင်းခွဆုံမှ ကလေးများနှင့် အမျိုးသမီး ၃၀ ကျော်ကို အိမ်သို့ ပြန်ပို့မည်ဟု ဆိုကာ ရေခဲချောင်းခွဆုံ တောင်ရွာသို့ ခေါ်လာပြီး၊ အိမ်များထဲသို့ သွင်းပေးကာ စစ်သားများက ၀ိုင်းထားပြီး အိမ်များကို မီးရှို့ ခဲ့သည်။ အိမ်များထဲမှ အမျိုးသမီးများနှင့် ကလေးများက ထွက်၍ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း စစ်သားများက အဆက်မပြတ် သေနတ်ပစ်ဖောက်နေမှုကြောင့် မထွက်နိုင်ဘဲ အိမ်ထဲတွင်ပင် မီးရှို့ခံ၍ သေဆုံးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စစ်သားများက ရေခဲချောင်းခွဆုံ တောင်ရွာမှ အိမ်ခြေ ၁၂၀ ခန့်ကို ယနေ့ နေ့လည်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ယင်းကျေးရွာတွင် အိမ်ခြေဟူ၍ လုံးဝ မရှိတော့ဟု ဆိုသည်။ ယနေ့ ညနေ နေ၀င်ချိန်ထိ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ 

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့မှ စ၍ ရွာ (၆) ရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေအိမ်များ မီးရှို့ခြင်း၊ ဒေသခံ ရိုဟင်ဂျာများကို လောင်ချာများ သုံး၍ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ခြင်း၊ နေအိမ်များထဲတွင် မီးရှို့သတ်ဖြတ်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ရာ အသေအပျောက် စာရင်း အတိအကျ ပြုစုရန်ပင် ခက်ခဲလျက် ရှိသည်။ 

ရေခဲချောင်းခွဆုံရွာမှ ထွက်ပြေးနေရသူများ 
MYARF
RB News
15.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံး ကျေးရွာအုပ်စုနှင့် ကြိမ်ချောင်း ကျေးရွာ အုပ်စုတို့တွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ ရွာသားများ အထိတ်တလန့် ဖြစ်၍ တိမ်းရှောင်ခဲ့ရပြီး၊ စစ်သားများ၏ လုယက်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် လောင်းဒုံးကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာရှိ သင်္ချိင်း အရှေ့ဘက် ကားလမ်းပေါ်တွင် ကြိမ်ချောင်းသို့ သွားနေသည့် စစ်ကားတစ်စီးမှ နောက်ဘီးတစ်လုံး အလိုအလျောက် ပေါက်သွားခဲ့သည်။ ထို့နောက် စစ်သားများသည် စစ်ကားပေါ်မှ ဆင်းလာပြီး တစ်နာရီကျော်ကျော် အဆက်မပြတ် သေနတ် ပစ်ခတ်ခဲ့သည်။ ထိုသို့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အနီးအနားရှိ လောင်းဒုံးကျေးရွာအုပ်စု ကြိုက်ချောင်း၊ ဖော်ကီတောင်ရွာနှင့် ကြိမ်ချောင်းကျေးရွာအုပ်စု အလယ်ရွာတို့မှ ရွာသူရွာသားများ အထိတ်တလန့် ဖြစ်ကြပြီး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြသည်။ ယင်းနေ့ ညနေ (၅) နာရီခွဲခန့်အချိန်တွင် သေနတ် ပစ်ခတ်မှု ရပ်တန့်သွားပြီး အခြေအနေတည်ငြိမ်သွားပြီးဟု ယူဆ၍ အိမ်ထဲမှ အပြင်သို့ ငေးကြည့်နေသော ဖော်ကီတောင်ရွာသား ဦးနော်ဇူမုဒိန်၊ အသက် (၅၄) နှစ်သည် စစ်သားတစ်ဦး၏ သေနတ်ပစ်ခြင်းခံရပြီး ဦးခေါင်းကို ထိမှန်း၍ အလွန် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၄) နှင့် ရဲစခန်းသို့ ခမောင်းဆိပ် တပ်ရင်းမှ စစ်ကား (၄) စီး၊ တောင်ပြိုတပ်ရင်းမှ စစ်ကား (၂) စီးဖြင့် စစ်သားများ ရောက်ရှိလာခြင်း၊ မောင်တော တောင်ပိုင်းရှိ မောရဝတီတပ်ရင်းမှ လက်နက်ငယ်နှင့် လက်နက်ကြီးများကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ယူလာခြင်း စသော အစိုးရ လက်နက်ကိုင်တပ်သားများ၏ ထူးခြားသော ပြင်ဆင်လှုပ်ရှားမှုများကို အနီးအနားရှိ ရွာသားရွာသားများ မြင်ပြီးနောက် ယင်းနေ့ ညနေပိုင်းအချိန်၌ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

အလားတူ ကြိမ်ချောင်းကျေးရွာအုပ်စု မြောက်ရွာနှင့် အလယ်ရွာတို့မှ ရွာသူရွာသားများသည်လည်း ကြိမ်ချောင်း တောင်ရွာနှင့် ပြူးမချောင်း၏ တစ်ဖက်ကမ်းရှိ မြို့မိချောင်း ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယင်းနေ့ ညနေ (၅) နာရီခွဲခန့်တွင် စစ်သားများသည် ကြိမ်ချောင်း စခန်းမှ ရုတ်တရက် ထွက်လာပြီး သေနတ်များ အဆက်မပြတ် ပစ်ဖောက်ခဲ့သည်။ ထို့သို့ ပစ်ဖေါက်မှုကြောင့် ရွာသူရွာသားများမှာ ပိုမို အထိတ်တလန့် ဖြစ်ကြခဲ့ပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယင်းနေ့ ညပိုင်းတွင် ကြိမ်ချောင်းကျေးရွာ၌ မည်သည့် ဆူပူသောင်းကြွမှုများ မဖြစ်ခဲ့သော်လည်း ပြူးမချောင်းကို ကူးဖြတ်နေသော ကြိမ်ချောင်း အလယ်ရွာမှ အသက် (၁၈) နှစ် အရွယ် ရွာသားတစ်ဦးကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် အလွန် စိုးရိမ်းရသည့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကြိမ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ရွာသားများကို ရွာထဲပြန်ဝင်လာရန် လော်စပီကာဖြင့် နှိုးဆော်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကြိမ်ချောင်းကျေးရွာမှ ရွာသူရွာသားများသည် မိမိတို့၏ နေရပ်သို့ ပြန်လာခဲ့ကြသည်။ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် ရပ်မိရပ်ဖ အချို့သည် ကြိမ်ချောင်း ဈေးဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ပြူမချောင်း တစ်ဘက်ကမ်းရှိ မြို့မိချောင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများအတွက် စက်လှေများ စေလွှတ်၍ ပြန်ခေါ်လာပြီး ပြန်ရောက်လာသူများကို စစ်ဆေးကာ လက်ခံခဲ့သည်။ 

“ကျနော်တို့ စက်လှေနဲ့ ကူးလာကြတယ်။ ပြီးတော့ ကျနော်တို့အားလုံးကို ရယကရုံးကို ခေါ်သွားပြီးတော့ အိမ်ထောင်စုစာရင်းနဲ့ တစ်ဦးချင်းစီ စစ်ဆေးခဲ့တယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူး ပါတယ်။ စ.ရ.ဖလည်း ပါတယ်။ သူတို့က လက်ကိုင်ဖုန်းတွေ တွေ့ရင် လုယူတယ်။ အဲဒီလို စစ်ဆေးပြီးတော့ အိမ်ပြန်ခိုင်းတယ်။” ဟု စစ်ဆေးခံခဲ့ရသည့် ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ကြိမ်ချောင်းစခန်းမှ စစ်သားများသည် လောင်းဒုံကျေးရွာအုပ်စု မျာဇင်ရွာသို့ စီးနင်းဝင်ရောက်ပြီး အပြစ်မဲ့ ဒေသခံ (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ ထို (၁၁) ဦးထဲတွင် လောင်းဒုံ မျာဇင်မှ (၇) ဦး၊ ဖော်ကီတောင်မှ (၂) ဦး၊ ကြိုက်ချောင်းမှ (၁)ဦး ဖြစ်ပြီး ကျန် (၃) ဦးမှာ ၎င်းရွာတွင် တိမ်းရှောင် နေသည့် ကြိမ်ချောင်းရွာသားများ ဖြစ်ကြသော အလယ်ရွာမှ ဦးဘော်ရှိရ်၊အသက် (၅၂)နှစ် နှင့် မြောက်ရွာမှ လူငယ် (၂) ဦးတို့ ဖြစ်ကြသည်။ ဖမ်းဆီးခံရသူများကို ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းတဝက်တွင် တွေ့ရှိသည့် ကြိမ်ချောင်း၊ အလယ်ရွာမှ ဦးနူရ်အာလောမ်၊ အသက် (၅၆) နှစ်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ စစ်သားများ၏ စီးနင်းဝင်ရောက် ပစ်ခတ်မှုကြောင့် အထိတ်တလန့် ဖြစ်နေသည့် လောင်းဒုံ၊ ကြိုက်ချောင်းမှ အသက် (၁၇) အရွယ် အာယစ် (ဘ) ဦးကာမာလ်မှာ ပြူးမချောင်းကို ကူးဖြတ်နေစဉ် ချောင်းတစ်ဝက်၌ ရေနစ်မြုပ်ခံရပြီး အသက်ဆုံးရှုံးခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် ကျည်ဆံထိမှန်သော လူငယ်အချို့လည်း ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လည် ၁ နာရီတွင် စစ်သားအင်အား ၅၀ ကျော်သည် အဆိုပါ လောင်းဒုံ မျာဇင်ရွာသို့ ထပ်မံ၍ ၀င်ရောက် စီးနင်းပြီး ဆိုင်းခန်းများ လုယက်ခြင်းနှင့် နေအိမ်များထဲ ဝင်ရောက်၍ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကြိမ်ချောင်း၊ တောင်ရွာသို့ စီးနင်းဝင်ရောက်ရာ နွားတစ်ကောင် ဖော်၍ ခုတ်ထစ်ရန် ပြင်ဆင်နေသည့် ရွာသားများက စစ်သားများကို ကြောက်လန့်ပြီး နွားကို ထားကာ ထွက်ပြေးသွားခဲ့ကြသည်။ စစ်သားများသည် အဆိုပါ နွားကို ခုတ်ထစ်၍ ယူဆောင်သွားသည့် အပြင် အိမ်အချို့သို့ ဝင်ရောက်၍ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

"ကျနော်တို့ ကြိမ်ချောင်းမှာ ပညာတတ်တွေများတယ်ဆိုတော့ အစိုးရဌာနဆိုင်ရာတွေကို အမြဲ ဝိုင်းဝန်းကူညီကြတယ်။ လိုအပ်တာတွေ အကုန် ဖြည့်ဆည်းပေးတာပဲ။ အခု စစ်သားတွေ စခန်းလာချတော့ သူတို့ကို အုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ဆိုင်ရှင်များဖက်က ကောက်ပြီးတော့ ငွေကျပ်သိန်း (၄၀) ပေးလိုက်တယ်။" ဟု ရွာသားတစ်ဦးက ပြောပါသည်။ 


MYARF
RB News
15.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာအုပ်စု သရက်အုပ်ဓါးကြီးစားရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ (၃၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာအုပ်စု၊ သရက်အုပ်ဓါးကြီးစားရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပါဝင်သော (၁၀၀) ဦးကျော် ရှိသည့် အဖွဲ့တစ်ဖွဲ့ ၀င်ရောက်ပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ရွာအနောက်ဘက်ရှိ ဆားချက်ကွင်းသို့ ခေါ်သွားကာ အမျိုးသမီးများကို အ၀တ်အစားများ အတင်းချွတ်ခိုင်းပြီး ရိုက်နှက် စစ်ဆေးခဲ့သည့် အပြင် အမျိုးသမီးများ၏ ခေါင်းများကိုလည်း ရွံ့ထဲသို့ နှစ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် အမျိုးသား (၃၀) ကျော်ကို ဖမ်းဆီးပြီး အချို့ကို သေနတ်ဖြင့် ပစ်သတ်၊ အချို့ကို ဓါးဖြင့် လည်လှီး သတ်ဖြတ်ခဲ့သည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၎င်းတို့ သတ်ဖြတ်ထားသည့် အလောင်းများကို တလင်းမှ ကောက်ရိုးပုံများထဲ ချကာ မီးရှို့ပစ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ထွက်သွားပြီးနောက် အမျိုးသမီးများနှင့် ကလေးများသည် အနီးအနားရှိ ကျေးရွာများသို့ သွားရောက် ခိုလှုံခဲ့ကြကြောင်း သိရှိရပါသည်။

ယနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် သရက်အုပ်ဓါးကြီးစားရွာသို့ စစ်သားများ ထပ်မံရောက်ရှိလာပြီး နေအိမ် (၁၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်၊ လည်လှီး သတ်ဖြတ်ခံရသူများမှာ --

(၁) ဦးအာဘူကာလာမ် (ဘ) ဦးရှော်မ်ရှု (အသက် ၂၈ နှစ်)
(၂) ဦးရှောမ်ရှု (ဘ) ဦးဆောဒူရာန် (အသက် ၅၀ နှစ်)
(၃) ဦးအိဇ်ဇောတ်အလီ (ဘ) ဦးအီဆုပ် (အသက် ၂၅ နှစ်)
(၄) ဦးမူဆာအလီ (ဘ) ဦးအီဆုပ် (အသက် ၄၀ နှစ်)
(၅) ဦးရှုနာအလီ (ဘ) ဦးအီဆုပ် (အသက် ၃၅ နှစ်)
(၆) ဦးဆော်ယာဒ်အလီ (ဘ) ဦးအီဆုပ် (အသက် ၃၀ နှစ်)
(၇) ဦးအီဆုပ် (ဘ) ဦးဆော်ဒူရာမန်  (အသက် ၈၀ နှစ်)
(၈) ဦးဂူလာမ်ကာဒိရ် (ဘ) ဦးဂေါ်နူ (အသက် ၂၈ နှစ်)
(၉) ဦးဂေါ်နူ (ဘ) ဦးဆော်ဒူရာမန် (အသက် ၅၀ နှစ်)
(၁၀) ဦးနူရ်အာလောမ် (ဘ) ဦးဆော်ဒူရာမန် (အသက် ၄၅ နှစ်)
(၁၁) အီဗြာဟိမ်း (ဘ) ဦးနူရ်အာလောမ် (အသက် ၂၀ နှစ်)
(၁၂) ဦးမာမတ်ဆာလဲခ် (ဘ) ဦးအဒူလာကိမ်း (အသက် ၃၀ နှစ်)
(၁၃) ဦးမာမတ်ဆီဒိခ် (ဘ) ? (အသက် ၂၇ နှစ်)
(၁၄) ဦးမုစ်တာမတ် (ဘ) ? (အသက် ၄၅ နှစ်)
(၁၅) ဦးလာလူး (ဘ) ဦးနူရ်ဟာရှိမ်း (အသက် ၂၅ နှစ်)
(၁၆) ဦးနူရ်ဟာရှိမ်း (ဘ) ဦးဘော်နီအာမီးန် (အသက် ၄၅ နှစ်)
(၁၇) ဦးဟိုင်ရုလ်အာမီးန် (ဘ) ဦးဟိုရ်ဟူစိန်း (အသက် ၂၅ နှစ်)
(၁၈) ဦးဟိုရ်ဟူစိန်း (ဘ) ဦးနော်ဇိရ်အာမတ် (အသ်က ၄၅ နှစ်)
(၁၉) ဦးအဒူလ်ဟာဘီ (ဘ) ဦးဆော်ဒူရာမန် (အသက် ၃၅ နှစ်) - မသန်စွမ်းသူ
(၂၀) ဦးနူရ်မာမတ် (ဘ) ဦးရာမတ်အုလ္လာ (အသက် ၂၅ နှစ်)
(၂၁) ဦးရာမတ်အုလ္လာ (ဘ) ? (အသက် ၄၂ နှစ်)
(၂၂) ဦးနူရ်မာမတ် (ဘ) ? (ဖားဝပ်ချောင်းမှ အလည်ရောက်နေသူ) -- အပါအ၀င် (၃၀) ကျော် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ဦးနူရ်မာမတ်၏ အသက် (၁၈) လ အရွယ် သားငယ်ကို စစ်သားတစ်ဦးက ခြေထောက်မှ ဆွဲကိုင်၍ သစ်ပင်ကြီးတစ်ပင်၏ အရင်းသို့ လွှဲရိုက်ကာ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။


Rohingya Exodus