နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
6.12.206

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှာ ပစ္စည်းများကို စစ်တပ်က လုယက်ခြင်း ပြုလုပ်ခဲ့ပြီး အမျိုးသမီး အချို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှ ပစ္စည်းများကို ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့တွင် စစ်သားများက လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မြောတောင် ကျေးရွာကို လွန်ခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စစ်သားများက အကြမ်းဖက်ခဲ့ပြီး၊ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ စစ်သား ၅၀၀ ခန့်သည် မြောတောင် ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို နေအိမ်များမှ ထွက်ခိုင်း၍ မဖွယ်မရာ ပြုလုပ်၍ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း ရွှေ၊ ငွေများ လုယက်ခြင်း၊ ဆိုင်ကယ်၊ ပရိဘောဂများ လုယက်ခြင်းများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင်လည်း စစ်သားများက လုယက်ထားသည့် ပစ္စည်းများကို ဖားဝပ်ချောင်း န.တ.လ ကျေးရွာမှ စက်လှေများ ခေါ်ယူလာပြီး ဖားဝပ်ချောင်း ကျေးရွာသို့ သယ်ယူသွားခဲ့သည်။ ကျွဲ၊ နွား၊ ဆိတ်များကို န.တ.လ ရွာသားများက ယူဆောင် သွားခဲ့သည်။

ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် စစ်သားများက မြောတောင် မြောက်ရွာမှ အမျိုးသမီးများနှင့် ကလေးငယ် ၅၀၀ ကျော်ကို နေအိမ်များမှ ထွက်ခိုင်းပြီး ကျောင်းသို့ ခေါ်သွားကာ ထိုထဲမှာ ချောမောလှပသည့် အမျိုးသမီး အချို့ ရွေးယူပြီး စစ်သားများက လူစုခွဲ၍ တစ်ဦးချင်းစီကို တစ်နေရာစီသို့ သီးသန့် ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။

ည ၁၁ နာရီ အချိန်တွင် မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများကို ကျောင်းသို့ ပြန်လည် ခေါ်လာခဲ့ပြီး၊ ကနဦး ပိတ်လှောင် ထားခဲ့သည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အတူ အိမ်ပြန်စေခဲ့သည်။

အမျိုးသမီးများကို အိမ်များမှ ခေါ်ထုတ်လာစဉ် အမျိုးသား ၂၀ ဦးကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများထဲမှ အသက် (၁၆) နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးမှာ စစ်သားများ၏ အုပ်စုဖွဲ့ ယုတ်မာမှုကြောင့် ဒီဇင်ဘာလ (၅) ရက်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့သည်။

စစ်သားများသည် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ထိ နေ့စဉ် ရက်ဆက် စီးနင်း ၀င်ရောက်ပြီး လုယက်မှု ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ကလေးငယ်များမှာ စားစရာပင် မရှိတော့၍ ငတ်ပြတ်မှု ဒဏ်နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောပါသည်။


Rohingya Eye
RB News
4.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မြောတောင် ကျေးရွာအုပ်စုကို နိုဝင်ဘာလ (၁၂) ရက်နေ့မှ စ၍ မြန်မာစစ်တပ်က ၀င်ရောက်စီးနင်းပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်လျက် ရှိရာ ယနေ့ ဒီဇင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင်လည်း စစ်သား ၃၀၀ ၀င်ရောက်လာသဖြင့် အမျိုးသားများ အားလုံး ရွာပြင်သို့ ထွက်ပြေးနေရပြီး၊ အမျိုးသမီးများ ညပိုင်းတွင် မုဒိမ်းကျင့်ခံရမည်ကို အထူး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ဒီဇင်ဘာလ (၂) ရက်နေ့တွင် စစ်သားများသည် ဖားဝပ်ချောင်း၊ အောင်မင်္ဂလာနှင့် အောင်သာယာ ကျေးရွာများမှ န.တ.လ ရွာသားများနှင့် ၀င်ရောက်၍ ရိုဟင်ဂျာများ၏ နေအိမ်များမှ ပရိဘောဂများ၊ အ၀တ်အစားများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊ အဖိုးတန် ပစ္စည်းများကို လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ လုယက်သွားသည့် ပစ္စည်းများကို စက်လှေနှစ်စီးဖြင့် ငါးကြိမ်တိုင်တိုင် ဖားဝပ်ချောင်း န.တ.လ ရွာသို့ သယ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆိုင်ကယ်လုယက်ခံရသူ အချို့မှာ --

(၁) ဂျာနီအာလာမ် (ဘ) ဦးမာမွတ်အစ္စလာမ် (အသက် ၂၃ နှစ်)
(၂) ဂျဟာန်ဂီရ် (ဘ) ဦးမာမွတ်အစ္စလာမ် (အသက် ၂၆ နှစ်)
(၃) ဆာဘဲရ်ဟူစိန်း (ဘ) ဦးအာဇီးဇ်အာမွတ် (အသက် ၂၆ နှစ်)
(၄) အာန်ဆာရ် (ဘ) ဦးမာမွတ်အာလာမ် (အသက် ၂၆ နှစ်)
(၅) မူဖီဇူရ်ရာမန် (ဘ) ဦးအဒူဇာဘောရ် (အသက် ၂၄ နှစ်)
(၆) ဦးမာမွတ်အာမီးန် (ဘ) ဦးဝလီဟူစိန်း (အသက် ၂၇ နှစ်)
(၇) အာန်ဆာရ် (ဘ) ဦးအာရောဖ်ဟူစိန်း (အသက် ၃၀ နှစ်)
(၈) အာဘူတယူဖ် (ဘ) ဦးဝလီအာမွတ် (အသက် ၂၈ နှစ်)
(၉) ရဖီခ် (ဘ) ဦးရှီခါန်ဒေါရ် (အသက် ၂၈ နှစ်)
(၁၀) ဦးမူဂျီဘူရ်ရာမန် (ဘ) ဦးဇာဟိတ်ဟူစိန်း (အသက် ၄၇ နှစ်)
(၁၁) ဟာဖီးဇ်အိဒိရီစ် (ဘ) ဦးဆော်ယောဒ်အလီ (အသက် ၂၄ နှစ်)
(၁၂) မာမွတ်ဒူလ်ဟူစိန်း (ဘ) ဦးအာမွတ်ဆော်ယောဒ် (အသက် ၂၂ နှစ်)
(၁၃) အာဟေဆန် (ဘ) ဦးအဒူရာမန် (အသက် ၂၉  နှစ်)
(၁၄) အာန်ဆာရ် (ဘ) ဦးရှောမ်ရှုလ်အစ္စလာမ် (အသက် ၂၈ နှစ်)
(၁၅) မာမူဒူလ္လာ (ဘ) ဦးတူဖိုင်လ်အဟမွတ် (အသက် ၂၆ နှစ်) -- တို့ဖြစ်သည်။

အခြားရွာများမှ ခိုလှုံရန် ရောက်ရှိနေသူများလည်း လုယက်ခြင်း ခံရသည်။ လုယက်ခံရသူများမှာ --

(၁) နူရ်ဘော်ရှော်ရ် (ဘ) ဦးရှုကူရ်အဟမတ် (အသက် ၂၄ နှစ်) - ကြက်ရိုးပြင် ကျေးရွာမှ
(၂) ဟူစိန်းဇူဟာရ် (အသက် ၂၄ နှစ်) - ဦးရှည်ကျ ကျေးရွာမှ
(၃) ဟိုက်ရုလ်အာမီန်း (ဘ) ဦးနူရူလ်ဟောက် (အသက် ၄၀ နှစ်) - ဖားဝပ်ချောင်း ကျေးရွာမှ
(၄) ဦးမာမွတ်ရဟီးမ် (ဘ) ဦးရှောမ်ရှု (အသက် ၃၈ နှစ်) - ဓါးကြီးစား ကျေးရွာမှ (မြောတောင် တွဲဖက်ကျောင်းမှ ကျောင်းဆရာ) -- တို့ဖြစ်သည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် တောင်ရွာ၊ မြောက်ရွာနှင့် အလယ်ရွာ များမှ အမျိုးသမီးများ အားလုံးကို စစ်သားများက တစ်နေရာတွင် စုခိုင်းပြီး အိမ်ထောင်ရှင်များ၏ အမည်စာရင်းများကို ရေးမှတ်ခဲ့သည်။ ထို့နောက် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးပြီး၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို ဖမ်းဆီး၍ ဖားဝပ်ချောင်းမှ န.တ.လ ရွာသားများ၏ အကူအညီဖြင့် စက်လှေများပေါ် တင်ဆောင်၍ လုယက်သွားခဲ့သည်။ မြောက်ရွာမှ အများဆုံး လုယက်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် စစ်သား (၄) ဦးသည် မြောတောင် ကျေးရွာအုပ်စုသာလူးချောင်းရွာရှိ ဦးဇာဖောရ်၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဇာဖောရ်၏ (၁၆) နှစ် အရွယ် သမီးဖြစ်သူကို စစ်သား (၂) ဦးက အခန်းတစ်ခန်းထဲသိုပ အတင်းအဓမ္မ ဆွဲခေါ်၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ပြီး၊ ကျန်သည့် စစ်သား (၂) ဦးက မိန်းကလေး၏ မိခင်ဖြစ်သူကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ သို့သော်လည်း မိခင် ဖြစ်သူက သမီးဖြစ်သူ၏ အော်ဟစ် အကူအညီတောင်းမှုကို မခံနိုင်တော့၍ စစ်သားများ၏ လက်မှ ရအောင် ရုန်းထွက်၍ သမီးဖြစ်သူကို ကယ်တင်ခဲ့သည်။ ထို့နောက် စစ်သားများက မိခင်ဖြစ်သူအား သေနတ်ဖြင့် ခေါင်းကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခံရသည့် မိခင်ဖြစ်သူမှာ ဒေါ်ခူရ်ရှီဒါ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၃၅ နှစ်) ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၁) ရက်နေ့ ညနေပိုင်းတွင် စစ်သား အုပ်စုနှစ်စုသည် မြောတောင် ကျေးရွာအုပ်စု၏ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ခွဲ၍ ၀င်ရောက်ပြီး ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများ အားလုံးကို တစ်နေရာတွင် စုခိုင်းခဲ့သည်။ အမျိုးသားများမှာ စစ်သားများ ၀င်ရောက်လာသည်နှင့် ရိုက်နှက် နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားခဲ့သည်။ စစ်သားများက တစ်နေရာတွင် စုထားသည့် အမျိုးသမီးများကို ၎င်းတို့၏ အမျိုးသားများနှင့် အရွယ်ရောက်နေသည့် သားများ၏ အမည်များကို မေးမြန်းပြီး အချိန်အတော်ကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသမီးများ နေအိမ်ပြန်ရောက်သည့် အချိန်တွင် နေအိမ်အတွင်းရှိ အဖိုးတန် ရွှေ၊ ငွေ ပစ္စည်းများ မရှိတော့သည်ကို တွေ့ခဲ့ရပြီး၊ မြှပ်နှံ၍ ၀ှက်ထားသည့် ပစ္စည်းများကို ပျောက်ဆုံး နေသည်ကို တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

“သူတို့က အမျိုးသမီးတွေကို အိမ်အပြင် ထုတ်ထားတယ်။ ပြီးတော့ အိမ်တွေထဲကို ၀င်ပြီး ပစ္စည်းတွေ ခိုးတယ်။ အခုဆိုရင် နှစ်လနီးပါးရှိလာပြီ ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေက ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ သိမ်းတတ်လည်း ဆိုတာ သိနေပြီ။ လုံခြုံအောင် မြေကြီးထဲ မြှပ်ထားတာတောင် တူးဖော်ပြီး ယူသွားတယ်။ ကျွမ်းကျင်တဲ့ သူခိုးတွေ ဖြစ်နေပြီ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။


Ahkter Husin
RB News
4.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ အမှတ် (၄) နယ်မြေ (၄) အပိုင် ကျောက်ချောင်း ကျေးရွာ၌ ယနေ့ နံနက် အစောပိုင်းတွင် စစ်ကားလေးစီး အပြည့်ဖြင့် စစ်သား တစ်ရာကျော် ၀င်ရောက်လာပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

“သူတို့ မနက် ၈ နာရီလောက်မှာ လိပ်ရကျေးရွာဘက်ကနေ ကျွန်တော်တို့ရဲ့ အလယ်ရွာကို ရောက်လာတာပါ။ ၀င်လာတာနဲ့ သေနတ်နဲ့ အဆက်မပြတ် ပစ်တယ်။ ရွာကို ၀ိုင်းပြီး ရွာသား ၂၀ ကျော်ကို ဖမ်းတယ်။ အမျိုးသမီး အချို့ကိုလည်း မဖွယ်မရာ လုပ်တယ်။ စစ်သားတွေ ဖမ်းထားတဲ့ လူတွေရဲ့ နာမည်တွေ အားလုံး အတိအကျ ပြောဖို့တော့ ခက်တယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေနားကို ကျွန်တော်တို့ မသွားရဲဘူး။ အခု ကျွန်တော်တို့ တောထဲမှာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်းဆီးခံရသူ အချို့မှာ --

(၁) ဦးရှော်မ်ရှု (ဘ) ဦးဟာဆောန်အလီ
(၂) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဖော်ဇော်ရ်အလီ
(၃) ဦးဟာလာမီယာ (ဘ) ဦးနာဇီရ်ဟူစိန်း
(၄) ဦးမာမတ်ဒူလ္လာ (ဘ) ဦးနူရ်မာမတ်
(၅) မော်လ၀ီ အာမီးရ်ဟူစိန်း
(၆) ဦးဂူရာမျာ
(၇) ဦးမာမတ်ဆီဒိတ် -- အပါအ၀င် (၂၀) ဦးကျော် ဖြစ်သည်။ 

ဖမ်းဆီးခံရသူများမှာ အလယ်ရွာနှင့် ဂုံးနားရွာတို့မှ ဖြစ်ကြသည်။ 

“စစ်သားတွေကတော့ အလယ်ရွာနဲ့ ဂုံးနားရွာမှာ ရှိနေသေးတယ်။ ရွာသားတွေကို မတရားဖမ်းဆီးတာတွေ၊ ရိုက်နှက် ဖမ်းဆီးတာတွေ ထပ်လုပ်မယ်လို့ ထင်ရတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

“ဘာပြဿနာမှ မရှိတဲ့ ကျွန်တော်တို့ရွာမှာ လာပြီး အကြောင်းမဲ့ သေနတ် ပစ်ဖောက်တာတွေ၊ အမျိုးသမီး တွေကို မဖွယ်မရာ လုပ်တာတွေကတော့ မတရားဘူး။ သူတို့ လုပ်ချင်းတိုင်း လုပ်နေတယ်။ လူသတ်ဖို့၊ အပြစ်မဲ့တွေကို ဖမ်းဖို့၊ မုဒိမ်းကျင့်ဖို့ လိုင်စင်ရထားသလိုမျိုး လုပ်နေတယ်။ အခုလို စစ်သားတွေ ရောက်လာတာက ရွာအုပ်ချုပ်ရေးမှူး မောင်မောင်စိုးက စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို ပေးမယ်ဆိုပြီး ရွာသားတွေ ဆီက ကောက်ထားတဲ့ ငွေတွေ အားလုံးကို မပေးဘဲ သူ့အတွက် ချန်လိုက်လို့ ဖြစ်မယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။






RB News
4.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အတွင်းငှက်သေ ကျေးရွာတွင် ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၃) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာရှိ လဘက်ရည်ဆိုင်မှာ မီးလောင်မှု စတင်ခဲ့ခြင်း ဖြစ်ပြီး ဦးအဟမတ်ရော်ရှိတ်၏ နေအိမ်လည်း မီးကူးစက်၍ လောင်ကျွမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် လဘက်ရည်ဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ပေါ့ဆမီးဖြစ်၍ စတင်လောင်ကျွမ်းသည့် လဘက်ရည်ဆိုင် ပိုင်ရှင်က ဖမ်းဆီး၍ ငွေညှစ်ခံရမည်ကို စိုးရိမ်လျက် ရှိသည်။




MYARF
RB News
3.12.2016

မောင်တော ။ ။ ကြိမ်ချောင်းကျေးရွာသည် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ မြောက်ပိုင်း ၂၄ မိုင်အကွာတွင် တည်ရှိပြီး စစ်တွေဖွား ဖော်တေးအာလီ ဘော်လီ (စော်ဘွား) မှ ဆင်းသက်လာသည့်  တိုင်းပြည်နှင့် ပြည်သူ့ အကျိုးဆောင် အစိုးရ ဝန်ထမ်းများ များစွာ မွေးဖွား နေထိုင်သည့် ရွာဖြစ်သည်။ ခေတ်အဆက်ဆက်မှ တည်ငြိမ်အေးချမ်းမှု ဂုဏ်သရေနှင့် ယနေ့ထိ ထင်ပေါ်ကျော်ကြားလျက် ရှိနေသည်ကို တွေ့ရှိရသည်။

အဆိုပါကျေးရွာတွင် အစ္စလာမ် ဘာသာဝင်များမှာ လူများစု ဖြစ်နေသော်လည်း လူနည်းစုများ ဖြစ်ကြသော ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်လာပြီး မည်သည့်အခါမှ ဘာသာဝင်အချင်းချင်း အနိုင်ကျင့်တိုက်ခိုက်ဖူးသည်ကို မတွေ့ရပေ။

အဆိုပါကျေးရွာကို ထို့ဘော်လီစော်ဘွားမှ ဆင်းသက်လာသည့် ရွာသူကြီးများနှင့် ဥက္ထဌများကသာ အုပ်ချုပ်လာပြီး ၂၀၁၀ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဇာဒိရ်မူရား ဇာတိ ဦးဘုန်းကံနိုင် (ခ) ဦးကိုကိုအောင်က အုပ်ချုပ်ရေးမှူး အဖြစ် အုပ်ချုပ်လာသည်မှာ ယခုဆိုလျှင် သက်တမ်းနှစ်ကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်သားများနှင့် နယ်ခြားစောင့်ရဲ များက သေနတ်များ အဆက်မပြတ် ပစ်ဖောက်ပြီးနောက် ကြိမ်ချောင်းကျေးရွာမှ ရွာသူရွာသားများသည် အနီးအနားရှိ ကျေးရွာများသို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အခြေအနေ တည်ငြိမ်နေသည့် အနေအထား ဖြစ်၍ ရွာသူရွာသားများ အားလုံး စစ်ဆေးခံပြီး ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။

ထိုသို့  ရွာသူရွာသားများ အားလုံး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့သည်ကို အခွင့်ကောင်း ယူ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ကြိမ်ချောင်းကျေးရွာတွင် စခန်းချနေသည့် စစ်တပ် တပ်ရင်းမှ တပ်ရင်းမှူးနှင့် ညှိနှိုင်းကာ လူ (၅၀) ဦး ပါဝင်သည့် စာရင်းတစ်ခု ပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်စဉ် ဓား၊ တုတ်များ ကိုင်ဆောင်ပြီး အကြမ်းဖက်ရန် ကြိုးစားခဲ့သည့်ဟု လုပ်ကြံစွပ်စွဲပြီး အပြစ်မဲ့ ရွာသူရွာသားများမှ ငွေညှစ်ယူရန် ခြိမ်းခြောက်နေနသည်ကို တွေ့ရှိရသည်။

"အဲဒီ စာရင်းမှာ လူ (၅၀) ဦး ပါတယ်လို့ ပြောတယ်။ အလယ်ရွာက (၂၀) ဦး ပါတယ်။ ပြီးတော့ တောင်ရွာက (၃၀) ဦး ပါ။ အုပ်ချုပ်ရေးမှူး က တစ်ဦးကို ငွေကျပ် (၅) သိန်းစီ ပေးရင် တပ်ရင်းမှူးက အာမခံနဲ့ လွှတ်ပေးမယ်လို့ ပြောလာတယ်။" ဟု မြောက်ရွာမှ ရွာသားတစ်ဦးက RB News သို့ ပြောသည်။

အခြား ဒေသခံ တစ်ဦးက "ဒါက အုပ်ချုပ်ရေးမှူးရဲ့ လုပ်ကြံဇတ်တစ်ခုပါ။ သူက မိုးရာသီမှာ ရေကြီးလာလို့ ရှိရင် ရွာရဲ့ တောင်ရွာမှာ နေတဲ့ ရွာသူရွာသားတွေကို မူလတန်းကျောင်းကို ခေါ်ပြီးထားတဲ့ ကယ်ဆယ်ရေး စိတ်ဓါတ်တစ်ခု ရှိပေမယ့်လည်း အခုလို့ အခွင့်ကောင်းယူတာတော့ မကောင်းဘူးဗျာ" ဟု ပြောသည်။

"အဲလို လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနိုင်တယ်။ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ ရွာသူရွာသားတွေကို ဆူပူအုံ့ကြွမှု မီးလျံကြီးကို မွေးစေလိုတာပဲ"ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

ထိုသို့ သိန်းပေါင်းများစွာသော ငွေများ ညှစ်ယူနိုင်ရန် အုပ်ချုပ်ရေးမှူးနှင့် တင်ရင်းမှူးတို့၏ လက်ကိုင်တုတ် ဖြစ်သည့် ကြိမ်ချောင်း၊ အလယ်ရွာက ဆီရာစ် (ဘ) ဦးမာမတ်နော်ဆိမ်ကို အသုံးချနေသည်ဟု ရွာသားများက ပြောဆိုနေကြသည်။

ထို့အပြင် ရွာသူရွာသားများ မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဒေသခံများဖြင့် ဖွဲ့စည်းခဲ့သည့် ညပိုင်း လုံခြုံရေးအစောင့် အစီအစဉ်တွင် တောင်ရွာမှ ရွာသူရွာသားများအတွက် တာဝန် မယူနိုင်ဟု အကြောင်းပြ၍ ကျေးရွာအတွင်းရှိ တောင်ရွာကို ဘေးဖယ်ထားလိုက်သည်ဟု သိရှိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး အနေဖြင့် ကျေးရွာရှိ အလယ်ရွာနှင့် မြောက်ရွာက ရွာသူရွာသားများအတွက် တာဝန်ရှိသလို့ တောင်ရွာက ရွာသူရွာသားများ အတွက်လည်း တူညီသော တာဝန်ရှိသည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။

လွန်ခဲ့သော နိုဝင်ဘာလတွင် အဆိုပါ ကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင်များ ထံမှ စစ်သားများအတွက် ဆိုကာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ဦးဆောင်၍ ငွေကျပ် သိန်း (၄၀) ကောက်ခံခဲ့သည်။


RB News
3.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်တပ်ကို ပေးရန်အတွက်ဟု ဆိုကာ ရွာသားများ ထံမှ ငွေကျပ် ၈၃ သိန်း ကောက်ခံထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းတိုရွာမှ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်သူ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၃၅ နှစ်) သည် ဆေးလိပ်သောက်၍ လမ်းလျှောက်နေစဉ် စစ်သားများက တွေ့ရှိသွားပြီး သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့သည်။

အသတ်ခံရသူမှာ စိတ်ဝေဒနာရှင် ဖြစ်သည့် အကြောင်းကို တစ်ရွာလုံးမှ သက်သေပြနိုင်ခဲ့သည့် အတွက် အလယ်သံကျော် ဆေးရုံတွင် ခွဲစိတ်ပြီး ရွာသားများထံ အလောင်းပြန်လည် အပ်နှံခဲ့သဖြင့် ကောင်းမွန် သဂြိုဟ်နိုင်ခဲ့သည်။

အဆိုပါ စိတ်ဝေဒနာရှင် သတ်ဖြတ်ခံရပြီး နောက်တစ်ရက်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအီဗရာဟင်မ်က စစ်တပ်မှ ၎င်းအား အကြမ်းဖက်သမား (၇) ဦးကို ကျေးရွာတွင်းမှ ဖမ်းဆီးပေးရန် ညွန်ကြားထားကြောင်း၊ ထို့ကြောင့် စစ်တပ်မှ ရွာအတွင်းသို့ ၀င်ရောက် စီးနင်းနိုင်ဖွယ် ရှိကြောင်း၊ ရွာထဲသို့ စစ်တပ် မ၀င်လာရန် ငွေကျပ် ၈၃ သိန်း ပေးရမည်ဟု ဆိုကာ ရွာသားများထံမှ ငွေကျပ် ၈၃ သိန်း ကောက်ခံထားကြောင်း ဒေသခံများက ပြောပါသည်။

“ကျွန်တော်တို့ အခုအချိန်မှာ ဘာအလုပ်မှ လုပ်လို့မရဘူး။ ၀င်ငွေလည်း မရှိကြဘူး။ အိမ်တွေကနေ ၇ သောင်း၊ ၅ သောင်း၊ ၃ သောင်း၊ တစ်သောင်းခွဲ သတ်မှတ်ပြီး ကောက်တယ်။ ဆင်းရဲလို့ မပေးနိုင်တဲ့ လူတွေကို သူ့ရဲ့ ရုံးကို ခေါ်တယ်။ ပြီးတော့ အကြမ်းဖက်သမား စာရင်းထဲထည့်ပြီး စစ်တပ်လက်အပ်လိုက်မယ်လို့ ခြိမ်းခြောက်တယ်။ တစ်ရွာလုံးကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ တဆင့် ခြိမ်းခြောက်တယ်။ ငွေကောက်တာမှာ ဦးအာဘူလ်ဟူစိန်းရဲ့သား နအီးမ်အုလ္လာလည်း ပါတယ်။ စစ်တပ်ကို ပေးရချင်မှ ပေးရမယ်။ သူ့ဟာသူ စစ်တပ်နာမည် သုံးပြီး ကျွန်တော်တို့ဆီက ငွေလိမ်နေလား ဆိုတာ သံသယ ဖြစ်မိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒေသခံများက ယခုကဲ့သို့ ငွေကောက်ခံနေခြင်းနှင့် ပတ်သက်၍ အလွန်ပင် စိတ်အနှောက်အယှက် ဖြစ်နေရကြောင်း၊ ငွေကြေး မပြေလည် ဖြစ်နေသည့် အချိန်တွင် ပေးရသောကြောင့် အလွန်ပင် ကြီးမားသည့် ၀န်ထိုးဝန်ပိုး ဖြစ်ရကြောင်း၊ ထို့ကြောင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူပေးရန် တေင်းဆိုသည်ဟု ပြောပါသည်။


RB News
3.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာသို့ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီးခံရပြီး အမျိုးသမီးများနှင့် ကလေးများ အားလုံးနီးပါး ရိုက်နှက်ခံရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာမည် ဖြစ်၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးတို့မှ တာဝန်ရှိသူ အချို့ ရှေ့ပြေး ရောက်ရှိလာခဲ့ပြီး ရွာသူရွာသား အများစုကို ရွာမှ မောင်းထုတ်ခဲ့သည်။

ထို့နောက် ၁၁း၃၀ နာရီခန့်တွင် ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ရိုဟင်ဂျာ အမျိုးသား အချို့၊ အမျိုးသမီးများနှင့် ကလေး အချို့ တွေ့ဆုံ၍ စကားပြောခွင့် ရခဲ့သည်။ ကိုဖီအာနန် အဖွဲ့နှင့်အတူ လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ ပါရှိခဲ့သော်လည်း ကိုဖီအာနန်အဖွဲ့နှင့် ရွာသားများ စကားပြောနေစဉ် စစ်သားများသည် ရွာထဲရှိ နေအိမ်အချို့နှင့် တောင်ပေါ်တွင် အဆင်သင့် စောင့်နေခဲ့သည်။

ကိုဖီအာနန်နှင့် အဖွဲ့ ကားပေါ်သို့ တက်၍ ထွက်ခွာသည်နှင့် စကားပြောခဲ့သည့် ရပ်မိရပ်ဖ သုံးဦး အပါအ၀င် အမျိုးသား အချို့ကို ဖမ်းဆီး၍ အမျိုးသမီးများနှင့် ကလေးများကို စစ်သားများ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုက်နှက်နေစဉ် ရွာသားတစ်ဦးက ယာဉ်တန်းနောက်သို့ ပြေးလိုက်ခဲ့ရာ ငန်းချောင်းကျေးရွာ အနီးတွင် ယာဉ်တန်းကို တား၍ ကော်မရှင် အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားခြင်း၊ ရိုက်နှက်နေခြင်း ကိစ္စ တင်ပြနိုင်ခဲ့ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်ကလည်း အာဏာပိုင်များကို ဖုန်းဆက် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ ပြေလည် သွားမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဖမ်းဆီးထားသူများကို နာရီအနည်းငယ် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဓါးကြီးစား၊ ရေခဲချောင်းခွဆုံ၊ မြောတောင်နှင့် ကျားခေါင်းတောင် စသည့် ကျေးရွာများတွင် နံနက်ပိုင်း၌ စစ်သားများက သေနတ်များ ပစ်ဖောက်၍ ရွာသားများ ရွာမှ ထွက်သွားရန် ခြိမ်းခြောက်ခဲ့သည်။


(Photo: Rakhine Commission Twitter)


MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာတွင် တဲထိုး နေရသူများ၊ ရေခဲချောင်းခွဆုံနှင့် သူဦးလာ ကျေးရွာရှိ ရိုဟင်ဂျာများထံ အာဏာပိုင်များ သွားရောက်၍ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တော ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များသည် ကား (၁၀) စီးဖြင့် ဓါးကြီးစား ကျေးရွာသို့ သွားရောက်၍ တဲထိုးနေကြသည့် ရွာသားများကို ခေါ်ကာ ကိုဖီအာနန်လာလျှင် အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှု မရှိခဲ့ကြောင်း နေအိမ်များကို အကြမ်းဖက်သမားများကသာ မီးရှို့ခဲ့ကြောင်း၊ ယခုနေထိုင်သော တဲများကို အာဏာပိုင်များက ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုရန် မှာကြားခဲ့သည်။

ထိုသို့ မပြောဘဲ တစ်မျိုးတစ်ပုံ ပြောပါက ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့နောက် အမျိုးသမီးများ ထံမှ လက်ဗွေယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ရေခဲချောင်းခွဆုံနှင့် သူဦးလာ ကျေးရွာများသို့ သွားရောက်၍ အလားတူ ပြောကြား၍ ခြိမ်းခြောက်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဓါးကြီးစား ကျေးရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လယ်ကွင်းပြင်တွင် နေထိုင်နေကြသူ အချို့ကို နိုဝင်ဘာလ (၂၆) ရက်နေ့က အာဏာပိုင်များက ဖိအားပေးပြီး ရွာထဲသို့ ပြန်ခိုင်းကာ တဲများထိုး၍ နေခိုင်းထားခြင်း ဖြစ်သည်။

ဓါးကြီးစား ကျေးရွာတွင် တဲထိုး၍ နေထိုင်နေကြသူများ

MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာ အတွင်းသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်၍ ဒေသခံ နှစ်ဦးကို ဖမ်းဆီးခဲ့သည့် အပြင် ရွှေ၊ ငွေ၊ စားကုန်ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံး ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဆင်သေပြင်အရှေ့ရွာသို့ ၀င်ရောက်ခဲ့သည့် စစ်သား ၄၆ ဦးသည် ညအချိန်တွင် ဗလီထဲတွင်ပင် နေထိုင်ခဲ့သည်။ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် စိုက်ခင်းသို့ သွားနေသည့် ဦးဘောက်ထူး (ခ) အိဒိရီစ် (ဘ) ဦးအော်ဆီရာမန် (အသက် ၃၃ နှစ်)၊ နူရ်ဘော်ရှော်ရ် (ဘ) ဦးရှော်ရီတုလ္လာ (အသက် ၂၃ နှစ်) တို့ နှစ်ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်သားများသည် ကြိမ်ချောင်းဈေးတွင် စားကုန်ဆိုင်ကြီး ရောင်းချသူ ဦးအာနိစ်အုလ္လာ (ဘ) ဦးကော်ဘိရ်အာမတ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဘီဒိုများ ဖျက်ဆီးပြီး ငွေကျပ် ၂၇ သိန်း ၅ သောင်း၊ ရွှေနားထောင်း နှစ်ရံ (ငါးမူးသား) နှင့် ဆိုင်မှ နေအိမ်သို့ ပြောင်းရွှေ့ထားသည့် စားကုန်ပစ္စည်း ၁၅ သိန်းဖိုး တို့ကို လုယက်သွားသည့် အပြင် အိမ်သုံးပစ္စည်းများကို ဖျက်ဆီး၍ ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးရော်ရှိတ်အာမတ် (ဘ) ဦးရှိခါန်ဒေါရ်၏ နေအိမ်တွင်းမှ ငွေကျပ် ငါးသိန်း၊ ရွှေနားထောင်းနှစ်ရံ (ငါးမူးသား) တို့ကို လုယက်၍ အိမ်သုံးပစ္စည်းများ၊ ဆန်များကို ဖျက်ဆီး၍ ရေကန်ထဲသို့ ပစ်ချခဲ့သည်။ ဦးအာမိရ်ဟူစိန်း (ဘ) ဦးဖော်ကိရ်အာမတ်၏ အိမ်မှ နွားထီးတစ်ကောင်၊ ဦးနူရ်အာလောမ် (ဘ) ဦးရော်ရှိဒုလ္လာ၏ အိမ်မှ ဆိတ်တစ်ကောင်၊ ဦးမာမတ် (ဘ) ဦးဟာဘိရာမန်၏ အိမ်မှ ဆိတ်တစ်ကောင်၊ ဦးအီဆုပ် (ဘ) ဦးနူရ်ဘော်ရှောရ် (နိုဝင်ဘာလ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသူ) ၏ အိမ်မှ ဆိုင်ကယ်တစ်စီး၊ ဦးဆော်လိမ် (ဘ) ဦးရှော်မူလုခ်၏ အိမ်မှ ဆိုင်ကယ်တစ်စီး တို့ကိုလည်း စစ်သားများက လုယက်ခဲ့သည်။

ထို့အပြင် အခြားအိမ်များမှလည်း အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ ဆန်များနှင့် ကြက်၊ဘဲ၊ ခိုများ လုယက်ခြင်း ပြုလုပ်ခဲ့သည်။ ဆိုင်ကယ် (၇) စီးကိုလည်း ဖျက်ဆီးခဲ့သည်။

စစ်သားများသည် ယခုအချိန်ထိ ဆင်သေပြင်အရှေ့ရွာတွင် စခန်းချလျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

စေတီပြင် န.တ.လ ရွာ အိမ်အမှတ် (၁၂) မှ လွင်မိုး (ဘ) သန်းမြင့် သည် ဆင်သေပြင် အရှေ့ရွာသို့ ၀င်ရောက်၍ ရွာသားများ အမြန်ထွက်ရန်၊ မထွက်လျှင် စစ်သားများက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ နိုဝင်ဘာလ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့များတွင် စစ်သားများက ရွာသူရွာသား အများအပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ရွာသားများက အထိတ်တလန့်ဖြင့် ထွက်ပြေးခဲ့ကြသည်။

စေတီပြင် န.တ.လ ရွာမှ လွင်မိုး (ဘ) သန်းမြင့်၊ လူဖြူ (ခ) မောင်သန်းလှိုင် (ဘ) စိန်သာပွင့်၊ ဇေယျာအောင် (ဘ) အောင်မြင့်၊ စိုးဝင်း (ခြေကျိုး)၊ ကျော်နိုင် (ဒိုင်းနက်) တို့သည် လုယက်မှုများ၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများတွင် ပါဝင်ကြသူများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရေကုန်တန်း ကျေးရွာတွင် နယ်ခြားစောင့်ရဲနှင့် မ.က.ဖ တို့က လူဦးရေ စစ်ဆေးနေစဉ် စစ်သားများက အိမ်များထဲသို့ ၀င်ရောက်၍ လုယက် ဖျက်ဆီး၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က သရေကုန်တန်း ကျေးရွာတွင် လူဦးရေ စစ်ဆေး၍ ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်နေစဉ် လုံခြုံရေး တာဝန်ယူထားသော စစ်သားများက အိမ်များထဲသို့ ၀င်ရောက်၍ ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံး ပစ္စည်းများ ဖျက်ဆီးခြင်း၊ တွေ့သမျှ အမျိုးသားများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

အမျိုးသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်းကြောင့် အမျိုးသားများ ထွက်ပြေးကြရာ၊ ၁၀ ဦးကျော်ကို လိုက်လံဖမ်းဆီး၍ ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဘာသာရေး ဆရာ တစ်ဦးဖြစ်သူ မော်လ၀ီ မာမတ်အာမီးန် ကိုလည်း ဖမ်းဆီး၍ လူဆန်စွာ ရိုက်နှက်ပြီးနောက် ငွေအစား ကြက်ဖ (၄) ကောင် ညှစ်ယူ၍ မွန်းလွှဲပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက တစ်နေကုန် စစ်ဆေးနေစဉ် စစ်သားများက တစ်နေကုန် လုယက် ဖျက်ဆီးခြင်း၊ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 





သို့ -

မစ္စတာကိုဖီအာနန်
ဥက္ကဌ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်


ရက်​​စွဲ။ ။ ၂၀၁၆ ခုနှစ်​၊ ဒီဇင်​ဘာလ ၂ ရက်

အ​ကြောင်းအရာ။ ။ ​ကော်​မရှင်​နှင့်​ ​တွေ့ဆုံစကား​ပြောမည့်​ ​ဒေသခံရိုဟင်​ဂျာများ၏ လုံခြုံ​ရေးကို ​ကော်​မရှင်​မှ တာဝန်​ အပြည့်​အ၀ ယူ​ပေးပါရန်​ ​တောင်းဆိုခြင်း။

လေးစားစွာဖြင့်

၁။ ​၂၀၁၆ ခုနှစ်​၊ ​အောက်​တိုဘာလ ၉ ရက်​​နေ့၌ ဖြစ်​ပွားခဲ့​သော ဖြစ်​စဉ်​ကို အ​ကြောင်းပြု၍ ​မောင်​​တောမြို့ တွင်​ အာဏာပိုင်​များက ကျွနု​ပ်​တို့​​ ဒေသခံ ရိုဟင်​ဂျာ ရာ​ပေါင်း များစွာကို ဥပ​ဒေမဲ့ သတ်​ဖြတ်​ခြင်း၊ ကျွနု​ပ်​တို့၏ အိုးအိမ် ​ထောင်​​ပေါင်း​များစွာကို မီးရှို့ပစ်​ခြင်း၊ က​လေးသူငယ်​များကို မီးထဲသို့ ပစ်​သွင်းခြင်း၊ အမျိုးသမီး ရာ​ကျော်​ကို ​ပေါ်​ပေါ်တင်​တင်​ အဓမ္မပြုကျင့်​ခြင်း၊ အပြစ်​မဲ့ အမျိုးသား ရာ​ပေါင်းများစွာကိုလည်း အကြမ်းဖက်​သမား ​ခေါင်းစဉ်​တပ်​၍ အ​ထောက်​အထားမဲ့စွာ ဖမ်းဆီးခဲ့ခြင်း စ​သည်​များကို ကျူးလွန်​လာ​နေ ခဲ့သည်​မှာ ယ​နေ့အချိန်​ထိ ဖြစ်​ပါသည်​။

အထူးသဖြင့်​ ​မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ​ကျေးရွာများဖြစ်​ကြ​သော ကြက်​ရိုးပြင်၊ ပွင့်​ဖြူ​ချောင်း၊ ဒါးကြီးဇား၊ ​ပြောင်းပြိုက်​၊ ဝါးပိတ်​ စ​သော ​ကျေးရွာများကို ရွာလုံးကျွတ်​နီးပါး မီးရှို့ပစ်​ခဲ့သည့်​အပြင်​ ကျီးကန်​ပြင်​ အလယ်​ရွာနှင့်​ ​မောင်​နှမ ​တောင်​ရွာ စသည့်​ ရွာအချို့မှ ​ဒေသခံများကိုလည်း ​နေအိမ်​မှ အတင်းအဓမ္မ နှင်​ထုတ်​လိုက်​​သော​ကြောင့်​ ယခုအခါ လူဦး​ရေ ​လေး​သောင်းနီးပါး အိုးမဲ့အိမ်​မဲ့ ဖြစ်​ခဲ့ရပြီး အချို့မှာ အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​ နိုင်​ငံသို့ ထွက်ပြေး ခိုလှုံ​နေရပြီ ဖြစ်​ပါသည်​။

ထို့အပြင်​ ကျွနု​ပ်​တို့၏ ကျွဲ၊ နွား စသည့်​ အိမ်​​မွေးတိရစ္ဆာန်​များကို အာဏာပိုင်​များနှင့်​ န.တ.လ ရွာသားများ၊ ရခိုင်​ ရွာသား များက လုယက်​ယူသွားခဲ့ပြီး ကျွနု​ပ်​တို့၏ စပါးစိုက်​ခင်းများကိုလည်း ရိတ်​သိမ်း၍ ယူသွား​နေပါသည်​။ ယ​နေ့ အထိ တစ်​ရွာမှ တစ်​ရွာသို့လည်း သွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါသည်။

၂။ ထိုအချိန်​မှ စ၍ ပြင်​ပအဖွဲ့အစည်းများ ဝင်​​ရောက်​ခွင့်​ကို လုံးဝ ကန့်​သတ်​ ပိတ်​ပင်​ထားခဲ့သည်​မှာလည်း ယ​နေ့အထိ ဖြစ်​ပါသည်​။ သို့​သော်​လည်း လွန်​ခဲ့သည့်​ နိုဝင်​ဘာလ (၂) ရက်​​နေ့တွင်​ မြန်​မာနိုင်​ငံ ဆိုင်​ရာ ကုလသမဂ္ဂ ဌာ​နေကိုယ်​စားလှယ်​ ဦး​ဆောင်​​သော နိုင်​ငံတကာ သံအမတ်​ အဖွဲ့ကို မြန်​မာအစိုးရက ​ခေါ်​ဆောင်​လာခဲ့ပြီး အမျိုးမျိုး လှည့်​ဖြားကာ ပြန်​လည်​​ခေါ်ဆောင် ​သွားခဲ့ပါသည်​။ ထိုကိုယ်​စားလှယ်​အဖွဲ့ကို ပျက်​စီးဆုံးရှုံးမှုများပြား​ခဲ့သော ​​ကျေးရွာ (effected area) များ၊ မုဒိမ်းကျင့်​ခံရသည့်​ အမျိုးသမီးများ ​နေထိုင်​ရာသို့ သွား​ရောက်​​လေ့လာခွင့်​မ​ပေးခဲ့​ပေ။ သို့​သော်​ ဝါးပိတ်နှင့်​ ကျီးကန်း​ပြင်​ ​​ကျေးရွာသားအချို့သည်​ တင်းကျပ်​​သော လုံခြုံ​ရေးကို မ​ကြောက်​မရွံ့ဘဲ သံအမတ်​အဖွဲ့ကို ကျီးကန်း​ပြင်​ လမ်းခုလတ်​တစ်​နေရာတွင်​ သွား​ရောက်​​တွေ့ဆုံခဲ့၍ မိမိတို့ ​တွေ့ကြုံခဲ့ရသည့်​ မတရားမှုများကို ရင်​ဖွင့်​​ပြောပြခဲ့ပါသည်​။ သို့​သော်​ ​သံအမတ်​အဖွဲ့ ပြန်​သွားခဲ့သည်​နှင့်​ တပြိုင်​နက်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ ဝါးပိတ်​နှင့်​ ကျီးကန်းပြင်​​ ကျေးရွာသားများကို ဖမ်းဆီးလိုက်​ပြီး ထိုအထဲတွင်​ သံအမတ်​အဖွဲ့နှင့်​ မျက်​နှာချင်းဆိုင်​၍ စကား​ပြောခဲ့သည့်​ အမျိုးသား​လေးဦးကို ရှာ​ဖွေခဲ့ပါသည်​။ သို့​သော်​ ကံ​ကောင်း​ထောက်​မစွာဖြင့်​ အဆိုပါ အမျိုးသား​လေးဦး ထွက်​​ပြေးတိမ်းရှောင်​နိုင်​ခဲ့ပြီး ယ​နေ့အချိန်​ထိ တိမ်း​ရှောင်​​နေရပါသည်​။

အလားတူ ရ​သေ့​တောင်​မြို့နယ်​၊ ကိုးတန်​​ကောက်​ ​ကျေးရွာသူ​ကျေးရွာသားများကလည်း အဆိုပါ သံအမတ်​အဖွဲ့ကို မိမိတို့ ​တွေ့ကြုံခံစား​နေရသည့်​ မတရားမှုများအ​ကြောင်းကို Banner များကိုင်​​ဆောင်​၍ ​ဖော်​ထုတ်​ပြသခဲ့ပါသည်​။ ထို့​ကြောင့်​ သံအမတ်​အဖွဲ့ပြန်​သွားပြီး နှစ်​ရက်​အကြာတွင်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ အဆို​ပါ ကျေးရွာကို စစ်​တပ်​၊ လုံထိန်းရဲတပ်​ဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ အင်​အား ၁၀၀၀ ခန့်​ဖြင့်​ ဝန်းရံပိတ်​ဆို့ခဲ့၍ ရွာထဲဝင်​ပြီး ​တွေ့သမျှလူများကို ကန်​​ကျောက် ​ရိုက်​နှက်​ခြင်း၊ သံအမတ်​အဖွဲ့ကို Banner ပြ၍ ဆန္ဒထုတ်​​ဖော်​ခဲ့သူများဟုဆိုကာ အပြစ်​မဲ့ ရွာသူရွာသားများကို အလုံအရင်း ဖမ်းဆီးခြင်းများ ပြုလုပ်​ခဲ့ပါသည်​။

၃။ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​​ "နိုင်​ငံတကာကို ငါတို့မ​ကြောက်​ဘူး၊ ငါတို့က လုပ်​ချင်​တာလုပ်​မယ်​၊ သူတို့​ပြောမှာက ​နောက်​မှာ၊ သတ္တိရှိရင်​ အခု လာကယ်​ခိုင်း" စ​သော စကားများ​ပြောဆိုလျက်​ ကျွနု​ပ်​တို့ ​ဒေသခံရိုဟင်​ဂျာများကို ​နေ့စဉ်​ရက်​ဆက်​ ဥပ​ဒေမဲ့ သတ်​ဖြတ်​၊ ဖမ်းဆီး၊ မုဒိမ်းကျင့်​​နေလျက်​ရှိပါသည်​။

လူမျိုးတုံးသုတ်​သင်​​ရေး အထိ အစိုးရ၏ ရာဇဝတ်​မှု ကျူးလွန်​​နေ​မှု​ကြောင့်​ အ​ရေး​ပေါ် အကူအညီ လိုအပ်​​နေလျက်​ရှိ​သော်​လည်း မည်​သည့်​ အဖွဲ့အစည်းကိုမှ မြန်​မာအစိုးရ ဝင်​ခွင့်​မ​ပေးသည့်​အချိန်​တွင်​ လူကြီးမင်းတို့ ​ကော်​မရှင်​လာ​ရောက်​၍ ကျွနု​ပ်​တို့ ​အားကိုးစရာမဲ့ ပြည်​သူများနှင့်​ ​တွေ့ဆုံမည်​ဟု သိရသည့်​အ​ပေါ် အင်​မတန်​ ဝမ်းသာပါသည်​။

သို့​သော်​ လူကြီးမင်းတို့အဖွဲ့နှင့်​ ​တွေ့ဆုံရာတွင်​ ​ဒေသအာဏာပိုင်​များ ရှိ​နေလျှင်​ ကျွနု​ပ်​တို့၏ လွပ်​လပ်​စွာ ရင်​ဖွင့်​ခွင့်​ကို ဟန့်​တားရာ ​ရောက်​​စေမည်​ဖြစ်​ပြီး လူကြီးမင်းတို့ပြန်​သွားသည်​နှင့်​ ကျွနု​ပ်​တို့ ​တွေ့ဆုံစကား​ပြောမည့်​ လူများကို အ​ကြောင်းအမျိုးမျိုးဖြင့်​ ဖမ်းဆီးကာ အစိုးရလုပ်​​နေကျအတိုင်း အကြမ်းဖက်​သမားအဖြစ်​ သတင်းထုတ်​ပြန်​​ပေးမည်​ကို အင်​မတန်​ ​စိုးရိမ်​မိပါသည်​။ ထို့အပြင်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ လူအချို့ကို ခြိမ်း​ခြောက်​၍ လူကြီးမင်းတို့နှင့်​ ​တွေ့ဆုံ စကား​ပြောရန်​၊ အစိုးရက မည်​သို့မျှ ဥပ​ဒေမဲ့ လုပ်​​ဆောင်​ခဲ့ခြင်းမရှိဟု လုပ်​ကြံထွက်​ဆို​ပေးရန်​ ​လေ့ကျင့်​ ဖန်​တီးထား​ကြောင်း သိရှိရပါသည်​။

သို့ဖြစ်​ပါ၍ လူကြီးမင်းတို့ အ​နေဖြင့်​ ​effected area များသို့ ကွင်းဆင်း၍ ​ဒေသခံလူထုနှင့်​သာ ​တွေ့ဆုံ​ပေးရန်​နှင့်​ ​ထိုသို့တွေ့ဆုံ စကား​ပြောမည့်​ ​ဒေသခံရိုဟင်​ဂျာများ၏ လုံခြုံ​ရေးနှင့်​ ပတ်​သက်​၍လည်း လူကြီးမင်းတို့ဖက်က တာဝန်​အပြည့်​ယူ​ပေးပါရန်​ အ​လေးအနက်​ ​တောင်းဆိုပါသည်​။


မောင်​​တော​မြောက်​ပိုင်းမှ ​ဒေသခံရိုဟင်​ဂျာများ

Ahkter Husin
RB News
1.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့  ကျောက်ချောင်း ကျောက်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး သည် ရွာသားများကို အဆက်မပြတ် အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

“အုပ်ချုပ်ရေးမှူး မောင်မောင်စိုးက စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို ပေးရမယ်ဆိုပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရွာသားတွေဆီက ငွေ ၁၈ သိန်း ကောက်ခဲ့တယ်။ အမှန်တော့ စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို တစ်သိန်းခွဲစီပဲ ပေးတာလို့ ဗိုလ်မှူးနဲ့ အဆက်အသွယ်ရှိတဲ့ ရွာသား တစ်ယောက်ဆီက ပြန်ကြားရတယ်။ ကျန်တာတွေ သူစားနေတာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“မောင်တော ပြဿနာမဖြစ်ခင်က ရွာသား အချို့ဆီမှာ ငွေရှိခဲ့တယ်။ အခု သူတို့လည်း ဆင်းရဲသားတွေနဲ့ မထူးမခြားနား ဖြစ်နေပြီ။ လူတွေရဲ့ လက်ထဲမှာ ငွေသားဆိုတာ မရှိတော့ဘူး။ ရွာသားတွေက သူခြိမ်းခြောက်တာကို ကြောက်လို့ ရသလို ကြံဖန်ပေးနေရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

နိုဝင်ဘာလ (၂၂) ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို RB News တွင် ဖော်ပြပြီးနောက် ၎င်းက “ငွေညှစ်ထားသူများကို RB News မှာ ရေးလည်း ဘာမှ မထူးဘူး။ မင်းတို့ကို ငါပြမယ်” ဟု ဆိုကာ ဆက်လက် ခြိမ်းခြောက်ကြောင်း၊ ရွာသားများကို အငြိုးထားကာ ပိုမို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံ အချို့ကပြောပါသည်။ 

မြို့နယ် အာဏာပိုင်များ အနေဖြင့် နေ့စဉ်နှင့် အမျှ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု အဆိုပါ ဒေသခံအချို့က ပြောပါသည်။



MYARF
RB News
1.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် နေထိုင်သော နိုင်ငံ့ဝန်ထမ်း နှစ်ဦးကို နယ်ခြားစောင့်ရဲများက မြို့ပေါ်သို့ ပေးမသွားသောကြောင့် လစာထုတ်ခွင့် မရခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးရန့်ချောင်း ကျေးရွာရှိ ကျောင်းမှ လက်ရှိ အထွေထွေလုပ်သား ဆရာ ဦးဆော်လာမတ်အုလ္လာ (အသက် ၄၅ နှစ်) သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် မောင်တောမြို့ပေါ်ရှိ ပညာရေးမှူးရုံးမှ လစာထုတ်ရန် သွားနေစဉ် ကျီးကန်းပြင် ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက မြို့ပေါ်သို့ သွားခွင့် မပေးဘဲ ရွာပြန်ခိုင်းခဲ့သည်။

အလားတူ ခမောင်းဆိပ်မြို့၊ မကျည်းချောင်းရွာမှ အုပ်ချုပ်ရေးမှူး ရုံးစာရေး ဦးအဒူဆော်လာမ် (အသက် ၄၆ နှစ်) ကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ လစာထုတ်ရန် သွားနေစဉ် နယ်ခြားစောင့်ရဲများက သွားခွင့်မပေးသဖြင့် အိမ်ပြန်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

၎င်းတို့ နှစ်ဦးစလုံးသည် ရိုဟင်ဂျာလူမျိုးများ ဖြစ်ကြပြီး၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသော်လည်း နယ်ခြားစောင့်ရဲများက လူမျိုး၊ ဘာသာ ခွဲခြား၍ တမင်တကာ သွားခွင့် မပေးခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

နှစ်ဦးစလုံးသည် နိုင်ငံတော်၏ လစာဖြင့်သာ စားသောက်နေရသဖြင့် လစာ မရသောကြောင့် မိသားစုများ စားဝတ်နေရေးပင် အခက်အခဲ ကြုံရန် ရှိနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
1.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ သားအဖ နှစ်ဦးကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ ဦးအဗ်ဒူလ်ဟာကိမ်း (ဘ) ဦးဟာမီဒူလ္လာ (အသက် ၅၃ နှစ်) နှင့် သားဖြစ်သူ ဂျာဘဲရ် (အသက် ၂၃ နှစ်) တို့ကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများ ဖမ်းဆီး၍ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ် ရှိသည်၊ နိုင်ငံခြားသို့ သတင်းပို့သည်၊ အင်တာနက်ပေါ်တွင် သတင်းတင်သည်ဟု အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေမပေးပါက တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ငွေကျပ် သိန်း ၃၀ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများသည် သာမာန်ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးလျက် ရှိပြီး၊ စစ်သားများသည် ရွာများထဲသို့ ၀င်ရောက်၍ ခြိမ်းခြောက် ပြောဆိုခြင်း၊ မတော်မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

“တပ်ရင်းဂိတ်တွေကို ကျော်သွားဖို့ မပေးတဲ့ အတွက် တစ်ရွာကနေ တစ်ရွာကို သွားလာခွင့် ပိတ်ထားတယ်လို့ ပြောရပါမယ်။ ကျောက်ဖြူတောင်၊ တပ်မင်းချောင်း၊ ငကျည်တောက် စတဲ့ ရွာတွေက ရွာသူရွာသားတွေနဲ့ ဘူးသီးတောင် မြောက်ပိုင်းက လူတွေ အောက်တိုဘာလ ၉  ရက်နေ့က စပြီး အခုထိ မြို့ပေါ်ကို ဘာအကြောင်းနဲ့မှ သွားလာခွင့် မရတော့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 


MYARF
RB News
1.12.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့ရှိ ကျေးရွာအုပ်စုနှစ်စုမှ နေအိမ်အချို့ကို အာဏာပိုင်များက ဖြိုဖျက်ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ ကြောင်နှဖေ ကျေးရွာအုပ်စုနှင့် အောင်သပြေ ကျေးရွာအုပ်စု တို့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် အမိန့်ပေးပြီး အာဏာစက်ဖြင့် ရိုဟင်ဂျာများ၏ နေအိမ်အချို့ကို ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နိုဝင်ဘာလ (၂၇) ရက်နေ့က အောက်ဖော်ပြပါ အမည်စာရင်းတွင် ပါဝင်သူများထဲမှ ဒေသခံ (၄) ဦး၏ နေအိမ်များကို လုံးဝ ဖြိုဖျက်ခိုင်းခဲ့ပြီး ကျန်သည့် အိမ်များကို (၃) ရက်အတွင်း လုံးဝ ဖြိုဖျက်ကြရန် အိမ်ရှင်များကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ယူထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ နေအိမ်များသည် အိမ်ထောင်စု တစ်ခုတွင် နေအိမ်နှစ်လုံး ဖြစ်နေသည်ဟု အကြောင်းပြ၍ မတရားပြုလုပ်ခြင်း ဖြစ်သည်။ အဆိုပါ အိမ်များကို န.စ.က ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် ပြုလုပ်ခဲ့သော ဆွဲတင်စစ် ကာလတွင် ရေးဆွဲခဲ့သော လူနေအိမ်ပြ မြေပုံတွင် ထင်ထင်ရှားရှား တည်ရှိသော အိမ်များ ဖြစ်သည်။ ရိုဟင်ဂျာ မွတ်စလင်များ၏ နေအိမ်များ ဖြိုဖျက် ဖျက်ဆီးလိုက်လျှင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး တဖက်နိုင်ငံသို့ ထွက်ပြေးသွားအောင် တမင် ပြုလုပ်နေခြင်း ဖြစ်သည်။

နေအိမ်ဖြိုဖျက် ခံရသူများမှာ --

(၁) ဦးဆယာဒ်ဟူစိန်း (ဘ) ဦးမာမတ်နော်ဆိမ်
(၂) ဦးအာဘူလ်ဟူစိန်း (ဘ) ဦးမာမတ်နော်ဆိမ်
(၃) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးမာမတ်
(၄) ဦးရော်ဖိတ် (ဘ) ဦးမာမတ်
(၅) ဦးအလီဇူဟာရ် (ဘ) ဦးအာရှောဇာမာ
(၆) ဦးအဒူဆော်ဘီ (ဘ) ဦးဆယာဒ်ဟူစိန်း
(၇) ဦးကာမာလ် (ဘ) ဦးမုဟ်တာရ်အာမတ်
(၈) ဦးလာလားယား (ဘ) ဦးဆီးဒိခ်အာမတ်
(၉) ဦးအာယုပ် (ဘ) ဦးမုဟ်တာရ်အာမတ်
(၁၀) ဦးအာဘူတာဟဲရ် (ဘ) ဦးရှောမ်ရှု
(၁၁) ဦးအာဘူတော်ယုပ် (ဘ) ဦးရှောမ်ရှု
(၁၂) ဦးနိုရိုဇာမာ (ဘ) ဦးအီဆက်
(၁၃) ဦးမာမတ်တော်ယုပ် (ဘ) ဦးဘော်ရှိရ်
(၁၄) ဦးနူရ်အာလောမ် (ဘ) ဦးအဒူမော်တော်လောပ်
(၁၅) ဦးမုရ်ရှိတ်အာလောမ် (ဘ) ဦးဇာဖောရ်
(၁၆) ဦးနူရ်အာလောမ် (ဘ) ဦးနော်ဇူမျာ
(၁၇) ဒေါ်ဆာဂျေဒါ (ဘ) ဦးအဒူဆော်ဘီ
(၁၈) ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဆော်ဒူလ်အာမီးန်
(၁၉) ဦးဂျင့်ဂိရ်အာလောမ် (ဘ) ဦးအဒူမူနာဖ် -- တို့ဖြစ်ကြသည်။


MYARF
RB News
1.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင်၊ မြောတောင် ကျေးရွာများသို့ စစ်သားများ ၀င်ရောက်၍ လိင်အကြမ်းဖက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ဖားဝပ်ချောင်းမှ ကျွဲ၊ နွားများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်သား ၉၈ ဦးနှင့် ရေမျက်တောင် ရခိုင်ရွာမှ ရခိုင်လူငယ် ၂၀ ဦးခန့်တို့သည့် ရေမျက်တောင်ရွာမှ ချောင်းကူး၍ ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသမီးများကို အိမ်ပြင်ထွက်ခိုင်း၍ အ၀တ်အစားများ ချွတ်စေကာ စစ်ဆေး၍ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ လုယက်ခဲ့သည့် အပြင် အမျိုးသမီးများကို မဖွယ်မရာ ပြုမှု ဆက်ဆံခဲ့သည်။ ထို့နောက် အိမ်များထဲသို့ ၀င်ရောက်၍ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ ဆန်များအပါအ၀င် အစားအသောက် များကို ရေကန်ထဲသို့ ပစ်ချခြင်း၊ လယ်ကွင်းများတွင် ဖြန့်ကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့အပြင် ဆိုင်ကယ်နှစ်စီးနှင့် စက်ဘီး ၅ စီးတို့ကို လုယက် ယူဆောင်သွားသည့် အပြင်၊ နောက်ဆိုင်ကယ် ၄ စီးနှင့် စက်ဘီး ၇ စီးကို ဖျက်ဆီးခဲ့သည်။ ဆိုင်ခန်း (၅)ခန်းမှလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အမျိုးသမီး အချို့ကို ရိုက်နှက်၍ အကြမ်းဖက်သမားတွေ ဘယ်မှာလဲ ပြပေးဟု ဆိုကာ နှိပ်စက်ခဲ့သည်။ 

ညနေ ၅ နာရီခန့် အချိန်တွင် ပွင့်ဖြူချောင်း ကျေးရွာကို ဖြတ်သန်း၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ဖက်သို့ အတင်းထွက်ခိုင်းပြီး ရခိုင်လူငယ်များကို အိမ်များထဲသို့ ၀င်စေကာ ပစ္စည်းများ လုယက်၊ ဖျက်ဆီးခိုင်းခဲ့သည်။ စစ်သားများသည် အမျိုးသမီးများကို မဖွယ်မရာ ဆက်ဆံ စစ်ဆေး၍ လက်ဝတ်ရတနာများနှင့် ငွေသားများ လုယက်ခဲ့သည်။ 

ညနေ ၄ နာရီ အချိန်တွင် ဖားဝပ်ချောင်း ရခိုင်ရွာမှ စစ်သား ၅၀ ဦးနှင့် ရခိုင်လူငယ် ၅၀ ဦးခန့်သည် ဖားဝပ်ချောင်း ကျေးရွာအုပ်စု အောက်ရွာသို့ ၀င်ရောက်လာကာ စစ်သားများက လုံခြုံရေးပေးထားပြီး၊ ရခိုင်လူငယ်များကို လယ်ကွင်းနှင့် ပုဇွန်ကန်ရှိ စားကျက်နေရာသို့ ဆင်းစေပြီး ကျွဲ၊ နွား အကောင် ၅၀ ခန့်ကို လုယူသွားခိုင်းခဲ့သည်။ ရခိုင်လူငယ်များသည် ကျွဲ၊ နွားများဖြင့် ရခိုင်ရွာသို့ ၀င်သွားသည် အထိ စစ်သားများက လုံခြုံရေး ပေးခဲ့သည်။ 

အဆိုပါ စစ်သားများသည် ညနေ ၅ နာရီခွဲခန့် အချိန်တွင် လှေငယ်များဖြင့် ချောင်းကူး၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ထွက်ခိုင်းပြီး စစ်ဆေးကာ လုယက်ခြင်း၊ အိမ်ထဲသို့ ၀င်ရောက်၍ ပစ္စည်းများ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင်လည်း စစ်သား ၇၃ ဦးသည် ဦးရှည်ကျ ကျေးရွာအတွင်းသို့ ၀င်ရောက်၍ နွားထီး ငါးကောင်ကို ဖမ်း၍ လုယက်သွားခဲ့သည်။ 


MYARF
RB News
30.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စုရှိ ရွာများ အတွင်းသို့ စစ်သားများ ၀င်ရောက်၍ ဒေသခံများကို လုပ်ကြံ ဖန်တီး၍ ဖမ်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ အုပ်ချုပ်ရေးမှူးမှ တဆင့် ရွာသားများကို ရွာပြင်သို့ မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် စစ်သားများသည် မောင်နှမ ကျေးရွာအုပ်စု၊ တောင်ရွာ (မစ္ဇီတိုလ္လာ) သို့ ၀င်ရောက်၍ ဦးဇော်ဟိရ်အာမတ်၏ အိမ်တွင် ဓါးရှည် သုံးလက် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ ဖန်တီးကာ ဦးဇော်ဟိရ်အာမတ်၏ သား ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်သားများနှင့် အတူ ပါလာသည့် အောင်မင်္ဂလာ ကျေးရွာမှ ရခိုင်များနှင့် အောင်သာယာ ကျေးရွာမှ န.တ.လ ရွာသားများ သယ်ဆောင် လာသည့် ဓါးများကို ဖမ်းဆီးထားသူ (၃) ဦးကို ကိုင်ဆောင်စေကာ ဓါတ်ပုံ ရိုက်ယူပြီး ခေါ်ဆောင်သွားခဲ့သည်။

စစ်သားများသည် မောင်နှမကြီးရွာမှ ဒေသခံတစ်ဦး၏ သမီး (၃) ဦးနှင့် ဘာသာရေးဆရာတစ်ဦး၏ ဇနီးတို့ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“သောကြာနေ့ကစပြီး ကျွန်တော်တို့ ရွာကို စစ်သားတွေ ၀င်ထွက်နေတယ်။ ရွာထဲရှိတဲ့ ကျွဲ၊ နွား၊ တိရိစ္ဆာန် အားလုံးကို လုသွားတယ်။ စနေနေ့က အပြစ်မဲ့ ရွာသား ၁၆ ယောက်ကို ဖမ်းသွားတယ်။ အသက် ၁၀ နှစ် အထက် ယောက်ျားလေး တွေ့တာနဲ့ ရိုက်တယ်၊ သူတို့ ရိုက်ပြီး မကျေနပ်သေးရင် ဖမ်းပြီး ဌာနချုပ်ကို ခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ညနေ (၄) နာရီခန့် အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင် ရောက်ရှိလာပြီး၊ “အခု မင်းတို့ကို ငါ မကယ်နိုင်ဘူး။ မင်းတို့ရွာကနေ ထွက်သွားကြ၊ ညပိုင်းမှာ စစ်သားတွေ ပြန်ဝင်လာမယ်။ အဲဒီအချိန်ကျရင် မင်းတို့ကို သေနတ်နဲ့ ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုကာ တောင်ရွာမှ တစ်ရွာလုံးကို ရွာမှထွက်သွားခိုင်းခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်သဖြင့် ရွာသားများသည် အ၀တ်အစား အချို့ယူ၍ နေမ၀င်ခင် ရွာမှ ထွက်၍ အနီးအနားရှိ ကျေးရွာများသို့ သွားရောက် ခိုလှုံနေကြသည်။

ရွာသားများ မထွက်မီ အောင်မင်္ဂလာမှ ရခိုင် ရွာသားများ၊ အောင်သာယာမှ န.တ.လ ရွာသားများသည် ဓါးများ ကိုင်ဆောင်လျက် အုပ်စုလိုက် ၀င်ရောက်လာပြီး ၎င်းတို့ ရှေ့မှောက်တွင်ပင် ကျွဲ၊ နွား၊ ဆိတ်များနှင့် စပါးများကို ယူဆောင် သွားကြကြောင်း ဒေသခံများက ပြောပါသည်။ ယခုအခါ မောင်နှမ ကျေးရွာအုပ်စု တောင်ရွာတွင် မည်သူတစ်ဦး တစ်ယောက်မှမရှိကြောင်း သိရှိရသည်။

စစ်သားများသည် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် ဆက်လက် အသုံးပြုလျက် ရှိပြီး နိုဝင်ဘာလ (၂၉) ရက်နေ့ ညပိုင်းကလည်း လောင်းဒုံကျေးရွာအုပ်စု၊ ကျွန်းခေါင်းရွာမှ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။


MYARF
RB News
30.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာ အုပ်စု၊ ဆင်သေပြင် ကျေးရွာအတွင်းသို့ စစ်သားများနှင့် န.တ.လ ရွာသား အချို့ ၀င်ရောက်၍ ဗလီထဲတွင် ကုရ်အာန်ကျမ်းစာများ စုတ်ဖြဲခြင်း၊ ဒေသခံများ၏ နွားနှင့် ဆိတ်များ သတ်ဖြတ် စားသောက်ခြင်း၊ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် စစ်သား ၄၆ ဦးသည် လောင်းဒုံကျေးရွာ အုပ်စု၊ ကျွန်းခေါင်း ကျေးရွာမှ ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက်လာပြီး ဆင်သေပြင်အရှေ့ရွာ ဗလီထဲတွင် စခန်းချပြီး၊ ဗလီထဲရှိ ကော်ဇော်များ စုတ်ဖြဲခြင်း၊ ကုရ်အာန်ကျမ်း စာအုပ်များကို ခြေထောက်ဖြင့် ကန်ခြင်း၊ လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်သားများနှင့် အတူ စေတီပြင် န.တ.လ ရွာမှ လွင်မိုး (ဘ) မောင်သန့်မြင့်၊ လူဖြူ (ခ) မောင်သန်းလှိုင် (ဘ) စိန်သာပွင့်၊ ဇေယျာအောင် (ဘ) အောင်မြင့်၊ စိုးဝင်း (ခြေကျိုး)၊ ဒိုင်းနက်လူမျိုး တစ်ဦး အပါအ၀င် န.တ.လ ရွာသား အချို့ လည်း လိုက်လာခဲ့သည်။

လွင်မိုးဆိုသူသည် ရွာထဲသို့ သွားရောက်၍ ယောက်ျားတွေ အားလုံးထွက်သွား၊ ယောက်ျားမြင်ရင် စစ်သားတွေက သေနတ်နဲ့ ပစ်မယ် ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ၎င်းတို့ ၀င်ရောက်လာသည်နှင့် ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများပါ မကျန် အနီးအနားရွာများသို့ ထွက်သွားခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလ (၂၅) ရက်နေ့က အမျိုးသမီးများ မုဒိမ်းကျင့်ခံရ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသဖြင့် ယနေ့လည်း စစ်သားများကို မြင်သည်နှင့် ထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

၁၁း၄၅ နာရီ အချိန်တွင် ရဟတ်ယာဉ် တစ်စီးက ဝေဟင်မှ ဆင်သေပြင် ကျေးရွာကို အကြိမ်ကြိမ် ပတ်ကြည့်ခဲ့သည်။ ရဟတ်ယာဉ် ပျံဝဲနေစဉ် စစ်သားများအားလုံး ဗလီထဲသို့ ၀င်ရောက်၍ ငြိမ်နေခဲ့သည်။ နေ့လည် ၁၂ နာရီ အချိန်တွင် စစ်သားများသည် ရွာထဲသို့ သွားရောက်၍ ဦးအဒူမူနာဖ်၏ နွားထီးတစ်ကောင်ကို ဖမ်းယူသွားကာ ဗလီတစ်ဖက်ရှိ လယ်ကွင်းတွင် လှီးဖြတ်၍ ချက်ပြုတ် စားသောက်ခဲ့သည်။ စစ်သားတစ်ခု တစ်ဖန် ထွက်လာပြီး ရွာထဲရှိ လမ်းတွင် ကျက်စားနေသော ဆိတ် ၅ ကောင်ကို ဖမ်းဆီးကာ သတ်ဖြတ်၍ ထပ်မံ၍ ချက်ပြုတ် စားသောက်ခဲ့သည်။

စစ်သားအချို့ ချက်ပြုတ်နေစဉ် ကျန်စစ်သားများသည် ရွာထဲသို့ သွားရောက်၍ တစ်အိမ်ပြီး တစ်အိမ် ၀င်ရောက်ကာ ပစ္စည်းများ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ဦးအလီဂျူဟာရ် (ဘ) ဦးဆော်ယော်ဒူလ္လာ၏ နေအိမ် အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီး၍ အိမ်ရှေ့ရှိ သောက်ရေကန် ထဲသို့ ပစ်ချခဲ့သည်။ ထို့နောက် ၎င်းအိမ်နှင့် ကပ်လျက် ရှိသော အိမ်အတွင်းသို့လည်း ၀င်ရောက်၍ အလားတူ ပြုလုပ်ခဲ့ပြီး၊ အိမ်နံရံများကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



RB News
30.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော မူးယစ်ဆေးဝါး ဘုရင် ဦးနူရူလ်အာမီးန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော ဦးနူရူလ်အာမီးန် (ဘ) ဦးဒိလ်မာမတ် သည် မောင်တောခရိုင်မှ မူးယစ်ဆေးဝါး ဘုရင်တစ်ဦး ဖြစ်ပြီး၊ ၎င်းကို နိုဝင်ဘာလ (၂၈) ရက်နေ့က ၎င်း၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ် (ဘ) ဦးအဒူဇော်ဘော်ရ်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က ဦးနူရူလ်အာမီးန်၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ်ကို ပြန်လွှတ်ရန် အတွက် ငွေကျပ် သိန်း ၁၀၀၀ တောင်းခဲ့ရာ ဦးနူရူလ်အာမီးန်က ငွေပေးရန် သဘောမတူသဖြင့် ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု အမှုဆင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဦးဟူစိန်းအာမတ်၏ ဓါတ်ပုံနှင့်တကွ အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

ဦးနူရူလ်အာမီးန်ကို ပြန်လည် လွှတ်ပေးရန် အတွက် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ဖြင့် သဘောတူခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် သိန်း ၂၀၀၀ ကို ဦးနူရူလ်အာမီးန်၏ ယောက်ဖ ထံမှ လက်ခံရယူခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးမည်ဟု ထင်ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“မောင်တောမှာ နူရူလ်အာမီးန်က ဆေးပြားဘုရင်ပါ။ အဓိက လုပ်ငန်းရှင်တွေက ရခိုင်တွေ ဖြစ်ပေမယ့်လည်း နူရူလ်အာမီးန်ကို ဘယ်သူ့မှ ကျော်ပြီးလုပ်လို့မရဘူး။ ရခိုင်တွေက ရန်ကုန်၊ မန္တလေးကနေ တဆင့် ဆေးပြားတွေ သယ်လာတယ်။ အဲဒါတွေကို တဖက်နိုင်ငံ ပို့ပြီး နူရူလ်အာမီးန်က ရောင်းပေးတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“နူရူလ်အာမီးန် မရှိရင် မောင်တောက မူးယစ်ဆေးဝါး လုပ်ငန်း တော်တော်လေး ကျသွားမယ်။ အဲဒါကြောင့် အခု ဒီလူကို ပြန်လွှတ်ရေးအတွက် ရခိုင်လုပ်ငန်းရှင်တွေ ကိုယ်တိုင် ရဲတွေနောက်လိုက်နေတယ်။ အခု ငွေယူတာမှာ ခရိုင်မှူး၊ မြို့နယ်မှူး အကုန်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

ဦးနူရူလ်အာမီးန်သည် ရွှေဇားကျေးရွာ ဇာတိဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ငွေကြေးချမ်းသာလာကာ မြို့မတောင်ရပ်ကွက် လမ်းမတန်းတွင် ငွေကျပ် သိန်း ၅၅၀၀ ဖြင့် တိုက်ဝယ်၍ ပြောင်းရွှေ့နေထိုင်လျက် ရှိသူ ဖြစ်သည်။

ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် အဖြစ်မှန်ကို စုံစမ်း၍ မူးယစ်ဆေးဝါး လုပ်ငန်းရှင်များကို ထိုက်သင့်သည့် ပြစ်ဒဏ် ချမှတ်ရမည် ဖြစ်ပြီး၊ လာဘ်ငွေယူ၍ ပြန်လွှတ်ပေးခြင်း မပြုလုပ်ရန် အထူးလိုအပ်ပေသည်။




နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၉ ရက်

အထူး မေတ္တာရပ်ခံချက်

ပြည်တွင်းရှိ ရိုဟင်ဂျာ ညီအစ်ကို မောင်နှတို့အား မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အဓမ္မကျင့်မှု ကျူးလွန်ခြင်း၊ အိုးအိမ် ဥစ္စာ လယ်ယာတို့အား ဖျက်ဆီးခြင်း၊ လူမျိုးတုံး သုတ်သင်သည် ထိ ကျူးလွန်နေမှုများ။ မြန်မာ မွတ်ဆလင် ညီအစ်ကို မောင်နှမတို့အား မတရားသော ပုဒ်မများဖြင့် အပြစ်ရှာ ဖမ်းဆီးနေခြင်း၊ ထောင်ချနေခြင်း၊ ဘာသာရေး အဆောက်အဦးတို့အား အတင်း အဓမ္မ ပိတ်ပင်ခြင်း ဖျက်ဆီးခြင်းများ အပြင် စိတ်ဓါတ်ရေးရာ သိမ်ငယ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း မီဒီယာများနှင့် ဆိုရှယ်မီဒီယာများမှ “ဘင်္ဂလီ” တံဆိပ်ထု လှုံ့ဆော်နေခြင်းများကြောင့်-- မခံမရပ် နိုင် လောက်အောင် ခံစားနေရသည် နာကြည်းနေရသည်ကို ကျွန်ုပ်တို့ Civil Rights အဖွဲ့နှင့် ညီအစ်ကို ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ မြန်မာမွတ်ဆလင် အဖွဲ့အစည်းများမှ နားလည်ခံစားပေးနိုင်ပါသည်။

အဆိုပါ ရာဇ၀တ်မှုတို့အား ကျူးလွန်သော၊ ကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ပေးသော ရာဇ၀တ်ကောင် တို့အား ဤနေ့ ဤရက်မှ စ၍- ပြင်းထန်ပြတ်သား ထိရောက်သော နည်းလမ်းများဖြင့် (ကမ္ဘာ့ ဥပဒေ ဘောင်တွင်းမှ) ဆက်တိုက် အရေးယူသွားမည် ဖြစ်ကြောင်း ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ အပေါင်းအား အသိပေးလိုပါသည်။

အရေးယူသည် ဆိုခြင်းမှာ ပြစ်မှုကျူးလွန်သော ရာဇ၀တ်ကောင်များကိုသာ အရေးယူရခြင်း ဖြစ်၍- ဘ၀ပေး အမျိုးမျိုးကြောင့် ပြည်ပတွင် လာရောက် လုပ်ကိုင်စားသောက်နေရသော အပြစ်မဲ့သူများ မပါဝင်ပါ။ မလေးရှား၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ် စသော မွတ်ဆလင် လူများစုနေထိုင်ရာ နိုင်ငံများ အပါအ၀င် အခြားသော (ထိုင်းနိုင်ငံကဲ့သို့) ပြည်ပနိုင်ငံများတွင် လုပ်ကိုင် စားသောက်နေ ရသော- (မြန်မာ နိုင်ငံသား) ဗုဒ္ဓဘာသာ၊ ခရစ်ယာန် မည်သည့် အပြစ်မဲ့ လူသား တစ်ဦးတစ်ယောက် ကိုမျှ မထိခိုက် မနစ်နာရစေရန်- ကျွန်ုပ်တို့ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီတွင် တာဝန်ရှိနေပါသည်။

သက်ဆိုင်ရာ နိုင်ငံတိုင်းတွင် ရှိသော ကျွန်ုပ်တို့၏ Civil Rights အဖွဲ့များနှင့် ကျွန်ုပ်တို့ဖြင့် နီးစပ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း - အပြစ်မဲ့ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးကို ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လက်လှမ်းပြင်ဘက်ရှိ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကိုမောင်အားလုံးကိုလည်း ထပ်တူထပ်မျှ မေတ္တာရပ်ခံပါသည်။

မည်သူ တရားပျက်ပျက်၊ မိမိဘက်မှ တရားမပျက်ရန် လွန်စွာ အရေးကြီးပါသည်။ တရားသော သူများသည်သာ အောင်မြင်မှု ပန်းတိုင်ဖြင့် အပ်စပ်ကြောင်းကိုလည်း သတိမမေ့စေလိုကြောင်း ထပ်မံ၍ မေတ္တာရပ်ခံ လိုပါသည်။ -



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

MYARF
RB News
29.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးကျေးရွာအုပ်စုရှိ မီးလောင်ပြင်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အချို့ကို အာဏာပိုင်များက တဲများထိုး၍ နေခိုင်းထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ ၀န်ထမ်း အချို့နှင့် ဓါးကြီးစား ကျေးရွာအုပ်စု မြေတိုင်းစာရေး တာဝန်ခံ တို့သည် ဓါးကြီးစား ကျေးရွာမှ နေအိမ်များ မီးရှို့ခံရပြီးနောက် လယ်ကွင်းတွင် တဲထိုးနေသည့် ဒုက္ခသည်များထံ သွားရောက်၍ “ဓါးကြီးစား ကျေးရွာမှာ အိမ်ထောင်စု ဘယ်လောက်ရှိလဲ၊ အိမ်ခြေ ဘယ်လောက်ရှိခဲ့လဲ၊ အိမ်ခြေ အရေအတွက် ဘယ်လောက် မီးလောင်ပျက်စီးခဲ့သလဲ၊ ပိုင်ဆိုင်မှု ဘယ်လောက် ဆုံးရှုံးသွားလဲ” စသည့် မေးခွန်းများ မေးမြန်း၍ စာရင်းကောက်ခံခဲ့သည်။ 

ထို့နောက် လယ်ကွင်း၌ ဆက်မနေရန်၊ နေရပ်သို့ ပြန်သွားရန် ပြောကြားခဲ့သည်။ အမျိုးသမီး အချို့က “ကျွန်မတို့ အိမ်တွေ အကုန်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ နေရာစရာ ခိုလှုံစရာမရှိဘူး။ ဘယ်လိုသွားရမလဲ” ဟု မေးမြန်းခဲ့ရာ အဆိုပါ အာဏာပိုင်များက “ဒီအတိုင်း တဲထိုးနေရမယ်” ဟု ပြန်ပြော၍ ဒုက္ခသည် အချို့ကို နေရပ်သို့ ပြန်စေခဲ့သည်။ 

မိသားစုအချို့ သွားရောက်၍ တဲထိုးနေထိုင်လျက် ရှိသော်လည်း အချို့မှာ အနီးအနားရှိ ကျေးရွာများသို့ သွားရောက်၍ ခိုလှုံနေကြသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့တွင် စစ်သားများသည် ဓါးကြီးစား ကျေးရွာသို့ သွားရောက်၍ တဲထိုးနေထိုင် နေကြသည့် အမျိုးသမီးများကို ခေါ်၍ “နင်တို့ ယောက်ျားတွေရော ဘယ်မှာလဲ” မေးမြန်းရာ အမျိုးသမီးများက ၎င်းတို့ မသိကြောင်း ဖြေဆိုခဲ့သည်။ ထို့နောက် စစ်သားများက “နင်တို့ ယောက်ျားတွေကို ခေါ်ပြီး ကိုယ့်နေရာမှာ ကိုယ်အေးဆေးနေကြ၊ ငါတို့ ဘာမှ မလုပ်ဘူး။ ဖမ်းလည်း မဖမ်းဘူး” ဟု ပြောဆိုခဲ့သည်။ စစ်သားများက ကလေးအချို့ကို ငွေအချို့ မုန့်အချို့ ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့ စစ်သားများ၏ အပြုအမှုများ ပြောင်းလဲလာသည်ကို ၎င်းတို့က “ယောက်ျားတွေ ရောက်လာရင် ဖမ်းဖို့ ကြံစည်နေတာ၊ ကိုဖီအာနန် ခရီးစဉ် ရှိလို့ စကားချိုချို ပြောပြီး လှည့်စားနေတာ” ဟု အမျိုးမျိုး ဝေဖန် သုံးသပ်နေကြသည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များတွင် စစ်သားများက ကြက်ရိုးပြင်၊ ငါးစားကြူး ပြောင်းပိုက်၊ ကျောက်ပြင်ဆိပ်၊ ငန်းချောင်း၊ ဖားဝပ်ချောင်း၊ မြောတောင်၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင် စသော ကျေးရွာများသို့ သွားရောက်၍ “ရွာသားတွေ ကိုယ့်ရွာကိုယ်လာကြ၊ ကိုယ့်အိမ်မှာ ကိုယ်နေကြ၊ စပါးတွေ ရိတ်သိမ်းကြ၊ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြ၊ မင်းတို့ကို ဘယ်သူကမှ မဖမ်းဘူး၊ ဘာမှ မလုပ်တော့ဘူး၊ စစ်တပ်က တာဝန်ယူမယ်” ဟု အသံချဲ့စက်များဖြင့် အော်ဟစ်ခဲ့ကြောင်း ဒေသခံ အချို့က ပြောပါသည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်သား အများစုကို မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်ချောင်း၊ မောရ၀တီ၊ သရေကုန်းဘောင်၊ ဥဒေါင်း၊ မြင်းလွတ် စသည့် ကျေးရွာများသို့ ပြောင်းရွှေ့ထားသည်။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်သား အနည်းငယ်သာ ကျန်နေကြောင်း သိရှိရသည်။ 

ဓါးကြီးစား ကျေးရွာတွင် ယာယီတဲများ ထိုး၍ နေထိုင်နေကြသူများ



RB News
29.11.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် (၅) လုံးကို အာဏာပိုင်များက ဖျက်လိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့၊ မီးတိုက် ကျေးရွာအုပ်စု၊ ပေါင်းတည်ရွာသို့ မြို့အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ (၁၀) ဦး၏ နေအိမ်များကို ဖျက်ပစ်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။

နေအိမ် (၁၀) လုံး ဖျက်ပစ်ရန် အမိန့်ပေးပြီးနောက် နေအိမ် (၂) လုံးကို ၎င်းတို့ ကိုယ်တိုင် ဖျက်ပစ်ပြီး၊ (၃) လုံးကို ရွာသားများအား အတင်းအဓမ္မ ဖျက်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့ ဖျက်ခံလိုက်ရသည့် အိမ် (၅) လုံး၏ ပိုင်ရှင်များမှာ --

(၁) မော်လ၀ီကာမာလ် (ဘ) ဦးဒိလ်ဝါရ်ဟူဆောင်း
(၂) ဦးကော်ရီမူလ္လာ (ဘ) ဦးဆာလေအာမတ်
(၃) ဦးရှေခ်ကာမာလ် (ဘ) ဦးဒူဒူမျာ
(၄) ဦးအော်လီအာမတ် (ဘ) ဦးရှိခ်ဒါတ်
(၅) ဦးဂျာဖော်ရ် (ဘ) ဦးနူရ်အစ္စလာမ် -- တို့ဖြစ်သည်။


RB News
29.11.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှ ဘာသာရေးဆရာ တစ်ဦးကို နယ်ခြားစောင့်ရဲ များက ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေ အုတ်ဖိုကျေးရွာအုပ်စု၊ ကံဆိပ် ကျေးရွာသို့ ရောက်လာပြီး၊ ဘာသာရေး ဆရာတစ်ဦး ဖြစ်သူ မော်လ၀ီ ဦးအဒူလာချေ (ဘ) ဦးအစ္စမိုင်လ် ကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။


RB News
29.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအုပ်စု အတွင်းသို့ စစ်သားများ ၀င်ရောက်၍ အမျိုးသမီးများ၏ အ၀တ်အစားများကို ချွတ်ခိုင်းခြင်း၊ ရွှေ၊ ငွေများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာအုပ်စု မြောက်ရွာသို့ စစ်သားများသည် ၂ ဦး၊ ၃ ဦး အဖွဲ့များ ဖွဲ့၍ ၀င်ရောက်လာရာ၊ ရွာမှ အမျိုးသားများသည် ရိုက်နှက် နှိပ်စက်၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာအပြင်သို့ တိမ်းရှောင် သွားခဲ့သည်။

ထို့နောက် စစ်သားများက အမျိုးသမီးများကို အ၀တ်အစားများ ချွတ်ခိုင်း၍၊ ရသမျှ ရွှေ၊ ငွေများကို လုယက်ခဲ့သည်။

“ကျွန်တော့်ရဲ့ အမျိုးသမီးဆီက ငွေသား ၃ သိန်း၊ ပြီးတော့ ကျွန်တော့်အိမ် ပတ်ဝန်းကျင်က ရွှေလုသွားတာ တစ်ဆယ်သားလောက်ရှိမယ်၊ တစ်ချို့ဆီက တစ်ကျပ်သား ဆွဲကြိုး၊ နောက်တစ်ချို့ဆီက ငါးမူးသား ဆွဲကြိုး၊ အဲလို လုတာ အားလုံး တစ်ဆယ်သား လောက်ရှိပါမယ်၊ ငွေသား အားလုံး သိန်း ၂၀ နီးပါးရှိတယ်။ အဲဒါ အားလုံး မြောက်ရွာက အိမ်အနည်းငယ်က လုတာပါ။ ကျန်တာတွေလည်း အများကြီး ရှိပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ထို့နောက် စစ်သားများသည် အမျိုးသမီးများကို နေအိမ်များမှ အပြင်သို့ ထုတ်၍ တစ်နေရာတွင် စုဝေးပြီး ထပ်မံ၍ စစ်ဆေးခဲ့သည်။

တောင်ရွာသို့ သွားရောက်၍ အိမ်နှစ်အိမ်ကို စစ်ဆေးခဲ့ပြီး၊ တစ်အိမ်မှ မိုဘိုင်းဖုန်းတစ်လုံးနှင့် နောက်တစ်အိမ်မှ ငွေကျပ် ၃ သိန်း လုယက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မြောက်ရွာရှိ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ဆင်းရဲသားများ ဖြစ်ကြပြီး၊ စစ်သားများ၏ လုယက်မှုကြောင့် စုဆောင်းထားသည်များ ကုန်လုနီးပါး ဖြစ်သွားသည်ဟု ဆိုသည်။


RB News
28.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာအုပ်စု ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ယနေ့ ညနေပိုင်းတွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင် ငါးခူရ ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် အာနောစ် (ဘ) မော်လ၀ီနူရ်အာလောမ် (အသက် ၂၂ နှစ်) ကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“လူငယ်က သူ့ဟာသူ အလယ်ရွာက လမ်းမှာ သွားနေတာ။ စစ်သားနှစ်ယောက်က မူးရူးနေပုံရတယ်။ အကြောင်းမဲ့ ပစ်လိုက်တာ။ သူတို့ မူးရူးပြီး ပစ်တာကြောင့် အပြစ်မဲ့ လူငယ်တစ်ယောက်ရဲ့ အသက်ဆုံးရှုံး ရတယ်" ဟု အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
28.11.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာရှိ ပုဇွန်ကန်မှ တဲများ၊ စပါးစည်းများကို စစ်သားများ မီးရှို့ခဲ့ပြီး၊ အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ စစ်သား ၅၀ ခန့်သည် တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာသို့ ရောက်ရှိလာပြီး ၎င်းတို့၏ အိတ်များကို လိပ်ရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၄ စခန်း) တွင် ထားရှိကာ နယ်စပ် ခြံစည်းရိုး အနားသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် ပုဇွန်ကန်များရှိ တဲ (၈) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် လယ်ကွင်းသို့ သွားရောက်ပြီး လိပ်ရကျေးရွာမှ ဦးအာဘူရှော်မ၏ တလင်းမှ စပါးစည်း ၃၆၀ စည်းနှင့် အခြားဒေသခံ တစ်ဦး၏ စပါးစည်း ၁၀၀ စည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ မီးတိုက်ကျေးရွာ၌ ဆွဲ၊တင်၊စစ် ပုံစံမျိုး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အိမ်ထောင်စု စာရင်းဖြင့် လူဦးရေ စစ်ဆေးခြင်း၊ မိသားစုများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို အကြမ်းဖက်မှုနှင့် ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူနှစ်ဦးကို တောင်ပြိုလက်ဝဲရှိ စခန်းတွင် ထိန်းသိမ်းထားစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မောင်တောမြို့ရှိ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ --

(၁) မော်လ၀ီ မိုဟာမတ်ရှာကဲရ် (ဘ) ဦးအာမီးရ်ဟမ်ဇာ (အသက် ၁၈ နှစ်)
(၂) မော်လ၀ီ အစ္စလာမ် (ဘ) ဦးရှော်ရိဖ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။


MYARF
RB News
27.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သင်္ဂနက်ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ တပ်သား စန်းမြသည် အမှတ် (၈) ရပ်ကွက် (မာဇီးရွာ)၊ မိကျောင်းဈေး ကျေးရွာအုပ်စုမှ သားအဖ (၃) ဦးကို မလေးရှားနိုင်ငံတွင် ကျင်းပသည့် ဆန္ဒပြပွဲတွင် သားတစ်ဦးပါသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားပြီး၊ တစ်ညလုံး ချုပ်နှောင်ထားကာ ရိုက်နှက်၍ ငွေကျပ် ၁၃ သိန်းနီးပါး ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့ ညနေ ၄ နာရီခွဲခန့် အချိန်တွင် အမှတ် (၈) ရပ်ကွက် (ဒေသအခေါ် မာဇီးရွာ)၊ မိကျောင်းဈေး ကျေးရွာအုပ်စုမှ ဦးဖော်ယာစ် (ဘ) ဦးကာလူ (အသက် ၅၀ နှစ်) နှင့် ၎င်း၏ သားနှစ်ဦးကို ခမရ (၅၅၂) တပ်ရင်းမှ တပ်သား စန်းမြက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မလေးရှားနိုင်ငံတွင် ယင်းနေ့က ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် ဦးဖော်ယာစ်၏ သားတစ်ဦး ပါဝင်ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ပြီး၊ သားအဖ (၃) ဦးကို တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။ 

တပ်သားစန်းမြက လုပ်ကြံ စွပ်စွဲခဲ့ခြင်းဖြစ်ပြီး၊ သားအဖ (၃) ဦးကို ရိုက်နှက်၍ အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့သည်။ ထို့နောက် ငွေကျပ် ၁၂ သိန်း ၇ သောင်း ညှစ်ယူပြီး နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

တပ်သားစန်းမြနှင့် အတူ ၎င်း၏ တပည့်များဖြစ်ကြသော အမှတ် (၉) ရပ်ကွက် ဆင်သေရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဒိရ်ဟူစိန်း၊ အမှတ် (၃) ရပ်ကွက် ဘိုကြီးချောင်းရွာမှ ဦးရော်ဖိခ် (ဘ) ဦးအေကရာမ်နှင့် ရွာသစ်ရွာမှ ဦးအာနိုဝါရ် (ဘ) ဦးအဲခ်ဘာလ်ဟူစိန်း တို့ပူးပေါင်း ပါဝင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။ 

ဦးဖော်ယာစ်၏ သားသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ၎င်း၏သားသည် အိမ်မှထွက်ခွာသွားပြီး မည်သည့် နိုင်ငံသို့ ရောက်ရှိနေသည်ကို ဖခင် ကိုယ်တိုင်ပင် သိရှိခြင်း မရှိကြောင်း၊ နိုင်ငံမှ ထွက်ခွာသည်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စုစာရင်းမှ ပယ်ဖျက် လိုက်ပြီ ဖြစ်သောကြောင့် တပ်သားစန်းမြ၏ စွပ်စွဲမှုသည် တည်ဆဲဥပဒေနှင့်လည်း မည်သို့မှ ကိုက်ညီမှု မရှိကြောင်း ဒေသခံ လူ့အခွင့်အရေး လေ့လာသူ တစ်ဦးက ပြောပါသည်။

ဒေသခံများက ယခုကဲ့သို့ လုပ်ကြံ စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီး၍ ငွေညှစ်နေခြင်း များကို ပြည်ထောင်စု အစိုးရမှ ဟန့်တား ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။

ဓါတ်ပုံ - ရိုက်တာ

MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာအုပ်စု (တပ်ဦးချောင်း) နူရူလ္လာရွာရှိ အစ္စလာမ် ဘာသာရေးကျောင်းမှ ခြံစည်းရိုးများကို နယ်ခြားစောင့်ရဲများက ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မန်ကျည်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း အမှတ် ၁၅) မှ ရဲမှူးနှင့် အဖွဲ့က နူရူလ္လာရှိ အစ္စလာမ် ဘာသာရေးကျောင်း၏ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“မနက်ပိုင်းမှာ ရဲမှူးက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အစည်းအဝေး လုပ်စရာ ရှိတယ်ဆိုပြီး လူ ၄၀ ခေါ်ခိုင်းတော့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ လူ ၃၀ ကျော် ခေါ်လာတယ်။ ရဲမှူးက ဒီလို လက်ဗလာနဲ့ လာလို့မရဘူး။ တူတွေ တရွင်းတွေပါ ယူလာပြီး ဗလီနဲ့ ကျောင်းကို ဖြိုရမယ် ပြောတော့ ရွာသားတွေက မဖြိုပေးနိုင်ဘူးလို့ ပြန်ပြောတယ်။ အဲဒီမှာ ရဲမှူးက ဖြိုမပေးနိုင်ရင်လည်း ဗလီရှေ့ရပ်ပြီး ဓါတ်ပုံ ရိုက်ခံရမယ်လို့ ထပ်ပြောတယ်။ အဲဒီမှာ ရွာသားတွေက ဓါတ်ပုံ ရိုက်မခံဘဲ ပြန်သွားတဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ရွာသားများ ထွက်ခွာသွားပြီးနောက် နယ်ခြားစောင့်ရဲများက ဘာသာရေးကျောင်း၏ အုတ်ဖြင့်ကာရံထားသော ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၆ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ ရွာသားများ အားလုံးကို ရွာပြင်သို့ နှင်ထုတ်၍ လုယက်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် မောင်နှမ ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသား ၆၆ ဦးကို ဖမ်းဆီး၍ မောင်နှမ ကျေးရွာ၏ တောင်ဖက် အောင်မင်္ဂလာ န.တ.လ ရွာသို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသွားများကို လူမဆန်စွာ ရိုက်နှက်၍ ၅၀ ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၁၆ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လွှတ်ပေးလိုက်သူများထဲမှ အချို့မှာ လမ်းပင် လျှောက်နိုင်တော့သည့် အနေအထား မရှိတော့သဖြင့် ထမ်းပြီး ခေါ်ဆောင်လာခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ရွာသားများ အားလုံးကို စစ်သားများက ရွာမှ နှင်ထုတ်၍ လယ်ကွင်းပြင်တွင် တဲများထိုး၍ နေစေကြောင်း၊ အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ အောင်မင်္ဂလာနှင့် အောင်သာယာ န.တ.လ ရွာသားများ ရွာထဲသို့ ၀င်ရောက်၍ အိမ်များမှ ပစ္စည်းများ၊ ကျွဲ၊ နွား၊ ဆိတ်များ ယူဆောင်သွားသည့် အပြင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။


MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၁၀၀ ကျော်ကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် စစ်သား ၅၀၀ ခန့်က လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာကို ၀င်ရောက် စီးနင်းခဲ့ရာ အမျိုးသား အများစု ထွက်ပြေးတိမ်းရှောင် နိုင်ခဲ့သော်လည်း၊ မတိမ်းရှောင်နိုင်ခဲ့သည့် အမျိုးသား ၇၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်များမှ အပြင်ထုတ်၍ တစ်နေရာတွင် စုထားကာ အမျိုးသမီး အများအပြားကို မုဒိမ်းကျင့်ခဲ့သည့် အပြင် ချောမောလှပသည့် အမျိုးသမီး (၃) ဦးကို တောထဲသို့ ခေါ်ဆောင် သွားခဲ့သည်။ နေအိမ်များအတွင်းသို့ န.တ.လ ရွာသားများ ၀င်ရောက်၍ စိတ်တိုင်းကျ လုယက် ဖျက်ဆီးခဲ့သည်။ 

အသက် (၇၀) နှစ် အရွယ်ရှိသော ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးဆော်ယာဒ်အာမတ် ကို နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ဖမ်းဆီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့ရာ ကျန်းမာရေး ချို့တဲ့နေသဖြင့် ထွက်မပြေးနိုင်ဘဲ နေအိမ်တွင်ရှိနေခဲ့ရာ ၎င်းကို စစ်သားများက ယမန်နေ့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည်။ 

အမျိုးသမီးများ အားလုံးကို နံနက် ၉ နာရီမှ စ၍ အိမ်အပြင်တွင် ထားခဲ့ပြီး ည ၉ နာရီ အချိန်တွင် ပြန်လွှတ် ပေးခဲ့သည်။ ဦးအဒူလ်ဟာဖီးဇ်ကို အမျိုးသမီးများ အိမ်သို့ ပြန်ရောက်သည့် အချိန်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဖမ်းဆီးထားခဲ့သည့် အမျိုးသား ၇၀ ဦးကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ည ၁၁ နာရီတွင် ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်သားများ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်သား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး၊ အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်၊ အဓမ္မ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ဆင်သေပြင်အရှေ့ရွာနှင့် အလယ်ရွာမှ အမျိုးသမီးများသည် မုဒိမ်းကျင့်ခံရမည်ကို ကြောက်ရွံ၍ မူရာဖာရာသို့ ထွက်ပြေးကြရာ စစ်သားများက သေနတ်ပစ်ဖောက်၍ ရပ်တန့်ခိုင်းပြီး နေပူတစ်နေရာတွင် စုခိုင်းကာ အမျိုးသမီးများ အားလုံးကို အ၀တ်အစားများ အားလုံး အတွင်းခံများမကျန် ချွတ်ခိုင်း၍ ထိုင်ခိုင်းထားကြောင်း အမျိုးသမီးတစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် အမျိုးသမီးများထံမှ ရွှေ၊ ငွေများကိုလည်း လုယက်ခဲ့သည်ဟု ဆိုသည်။ 

အဝေးမှ မြင်သည့် မျက်မြင်သက်သေ တစ်ဦးက “ကျွန်တော် အကုန်မြင်နေရတယ်။ သေနတ်နဲ့ပစ်ပြီး အမျိုးသမီးတွေ အားလုံး ၃၀၀ နီးပါးရှိမယ်၊ အားလုံးကို နေပူထဲ လယ်ကွင်းပြင်မှာ စုလိုက်တယ်။ ပြီးတော့ ပုဝါတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ အင်္ကျီတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ ထမိန်တွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ အဲလို လုပ်နေတာ ကျွန်တော်ကိုယ်တိုင် မြင်နေရတာပါ” ဟုပြောသည်။

အမျိုးသမီးများကို အ၀တ်အစားမဲ့ အတိုင်း နှစ်နာရီခွဲခန့် ထားခဲ့သည်။ စစ်သားများက အမျိုးသမီး ၃၀၀ ခန့်ရှိသည့် အုပ်စုထဲမှာပင် ၎င်းတို့ စိတ်ထင်ရာ ပြုလုပ်ခဲ့သည်။ 

“ကျွန်မတို့ အမျိုးသမီး ၁၀၀ ကျော်လောက် မုဒိမ်းကျင့်ခံရတယ်။ အသတ်ခံရတာလည်း အနည်းဆုံး ၄၀ လောက် ရှိမယ်။ သူတို့က သတ်ပြီးတာနဲ့ အလောင်းဖျောက်လိုက်တော့ သေဆုံးသူ အတိအကျ ပြောဖို့ အရမ်းခက်နေတယ်။ မနေ့က အားလုံး ၁၉ ယောက်ကတော့ အတည်ပြုလို့ ရတဲ့ ဦးရေပါ” ဟု မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး တစ်ဦးက ပြောသည်။ 

ယမန်နေ့က စစ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အမျိုးသမီးငယ် (၃) ဦး ယနေ့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။ 

ယခုအခါ အမျိုးသမီးများနှင့် ကလေးငယ်များမှာ အမိုးအကာမဲ့ လယ်ကွင်းပြင်တွင် နေထိုင်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ယမန်နေ့က စစ်သားများ သတ်ဖြတ်ပြီး အလောင်းများ ယူသွားခဲ့ရာ အလောင်းအချို့ကို စံပယ်ကုံး ကျေးရွာရှိ သီဟိုဠ်တောထဲတွင် ကျင်းနှစ်ကျင်း၌ မြှပ်နှံထားသည်ကို ရွာသားများက တွေ့ရှိခဲသည်။ ယနေ့ ရွာသားများက ကျင်းတစ်ကျင်းကို တူးဖော်ခဲ့ရာ အလောင်း (၄) လောင်း တွေ့ရှိခဲ့သည်။ ကျန်ကျင်းတစ်ကျင်းတွင်လည်း အလောင်း (၈) လောင်းခန့် ရှိမည်ဟု ခန့်မှန်း ပြောနေဆိုနေကြသည်။ အခြားအလောင်း အချို့ကိုလည်း ရွာ၏ အရှေ့ဖက် သဲပြင်တွင် စစ်သားများက မြှပ်နှံထားခဲ့ကြောင်း ၎င်းတို့က ပြောပါသည်။ 

ယနေ့ နေ့လည်ပိုင်းတွင် စေတီပြင် န.တ.လ ရွာမှ စိုးဝင်း (ခြေကျိုး) အပါအ၀င် န.တ.လ ရွာသား ၅၀ ကျော် ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက်လာပြီး အိမ်များတွင် တွေ့ရှိသမျှ ပစ္စည်းများကို တွန်းလှည်းများဖြင့် ယူဆောင် သွားခဲ့ကြောင်း။ ကျွဲ၊ နွား၊ ဆိတ်များကိုလည်း ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ကျင်းတစ်ကျင်းမှ တူးဖော်ရသည့် အလောင်း 

Rohingya Exodus