နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
16.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို ယနေ့ ည (၇) နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ကျေးရွာသားများ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာရှိ ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ရွာသားများ ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့ ည ၆း၅၀ နာရီ အချိန်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း အလယ်ရွာ အနီးမှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို လွန်ခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်ဟု ဆိုကာ နေအိမ်များမှ မောင်းထုတ်ခဲ့သည်။ ထိုသို့ နေအိမ်များမှ မောင်းထုတ်မှုကြောင့် အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများ အားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီး၊ ရွာသားများ အားလုံး နေအိမ်များမှ ထွက်သွားပြီးနောက် န.တ.လ ရွာသားများ ၀င်ရောက်ကာ နေအိမ်များမှ အသုံးအဆောင် ပစ္စည်းများကို ခိုးယူ၍ သယ်ဆောင် သွားခဲ့ကြသည်။

အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများနှင့် ကျွဲ၊ နွား၊ ဆိတ်များကို စိတ်တိုင်းကျ ခိုးယူ သယ်ဆောင် သွားပြီးနောက် နိုဝင်ဘာလ လဆန်းပိုင်းမှ စ၍ နေအိမ်များမှ သစ်များ၊ အိမ်တိုင်များ၊ သွပ်မိုးများပါ ဖြုတ်ယူလျက် ရှိပြီး၊ လွန်ခဲ့သည့် ဆယ်ရက်ခန့်ကလည်း ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် ရွာငယ် လေးရွာရှိပြီး၊ ၀ါးပိတ် ကျေးရွာတွင် စစ်တပ်က ယာယီ စခန်းချထားသည်။ ကျန်သည့် ရွာငယ်များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကသာ လုံခြုံရေး တာဝန်ယူထားပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော အလယ်ရွာမှ ရိုဟင်ဂျာများက ၎င်းတို့ နေအိမ်များမှ ပစ္စည်းတစ်ခု အတွက် သွားလျှင်ပင် နယ်ခြားစောင့်ရဲများက ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ရွာထဲသို့ ၀င်ခွင့်မပေးကြောင်း၊ သို့သော်လည်း န.တ.လ ရွာသားများကို စိတ်တိုင်းကျ ခိုးယူခွင့် ပေးထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ကျီးကန်းပြင် အလယ်ရွာမှ ရိုဟင်ဂျာများ၏ အိမ်များမှ အကာအရံများပါ မကျန် န.တ.လ ရွာသားများ ခိုးယူထားသည့် အိမ်တစ်လုံး




RB News
15.12.2016

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အသက်တွေ ဆုံးရှုံးနေရတာ၊ နေ့စဉ်လူမှုဘ၀တွေ ဆုံးရှုံးနေရတာ၊ နေထိုင်ဖို့ နေရာတွေ ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ဥရောပ ပါလီမန် အဖွဲ့ဝင်တွေ အလွန်ဝမ်းနည်းနေရပြီး၊ မြန်မာစစ်တပ်က အလွန်တရာ အင်အားသုံးပြီး အကြမ်းဖက်နေတာနဲ့ ပတ်သက်ပြီး အလွန်ကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဥရောပပါလီမန်က ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတာတွေ၊ ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ မုဒိမ်းကျင့်နေတာတွေနဲ့ အိမ်တွေ မီးရှို့နေတာကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ သိန်းပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတာကိုလည်း နားလည်ကြောင်း၊ သို့ပေမယ့်လည်း ရောက်လာတဲ့ ဒုက္ခသည်အသစ်တွေကို ပြန်တွန်းပို့တာမျိုးတွေကို သေချာရေရာတဲ့ ဖြေရှင်းမှုတစ်ခု ရတဲ့အထိ မလုပ်ဖို့ကိုလည်း တောင်းဆိုတယ်လို့ ဥရောပ ပါလီမန်ရဲ့ သတင်းမှာ ရေးသား ဖော်ပြထားတယ်။

Rohingya Eye
RB News
15.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာအုပ်စု တောင်ရွာသို့ စစ်သာများ ၀င်ရောက်၍ လုယက်ခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် စစ်သားများသည် မြောတောင် ကျေးရွာအုပ်စု၊ တောင်ရွာသို့ ၀င်ရောက်လာပြီး ကျောင်းရှေ့တွင် စခန်းချ၍ နေအိမ်များမှ အမျိုးသမီးများကို ခေါ်ထုတ်ကာ နှစ်နေရာတွင် စုထားခဲ့သည်။ ထို့နောက် စစ်သားများသည် နေအိမ်များထဲသို့ ၀င်ရောက်၍ လုယက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုဝင်ဘာလ (၁၂) ရက်နေ့ နောက်ပိုင်းတွင် နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်၍ လုယက်မှုများ ပြုလုပ်ခဲ့သဖြင့် နေအိမ်များမှ အဖိုးတန်ပစ္စည်းများ လုယက်ရန် သိပ်မရှိတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျောင်း၏ အရှေ့တည့်တည့်ရှိ ဦးမိုဟာမတ်တယူဖ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ချက်ထားသည့် ဟင်းအိုးနှစ်အိုးကို ဖျက်ဆီးပစ်၍ နေအိမ်အတွင်းရှိ ပစ္စည်းများကို လုယက်ခဲ့သည်။ ဦးမိုဟာမတ်တယူဖ်သည် တွဲဖက် အထက်တန်းကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး၊ ကျောင်းအုပ်ဆရာမကြီးက WFP မှ လှူဒါန်းထားသော အာဟာရ ဘီစကွတ်မုန့် ၁၅ ထုပ် ကို ၎င်း၏ အိမ်တွင် အပ်နှံထားခဲ့ရာ၊ အဆိုပါ ဘီစကွတ်မုန့်ထုပ် များကိုလည်း လုယက်ယူဆောင် သွားခဲ့သည်။ 

ဦးမိုဟာမတ်တယူဖ်၏ နေအိမ်မှ --

(၁) ဘက်ထရီ နှစ်လုံး
(၂) ဆိုလာပြားတစ်ပြား
(၃) ဘီစကွတ် (၁၅) ထုပ် (တစ်ထုပ်တွင် အထုပ်ငယ် ၁၄၀ ပါဝင်)
(၄) ကျောပိုးအိတ် (၄) လုံး -- တို့ကို စစ်သားများ လုယက်သွားခဲ့သည်။ 

လုယက်ပြီးနောက် ကျေးရွာအတွင်းရှိ ဗလီတွင် စခန်းချ၍ နေ့လည်စာ စားသောက်၍ ညနေ ၅ နာရီ အချိန်တွင် ဓါးကြီးစား ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့သည်။ 

ဗလီတွင်းသို့ ဖိနပ်မချွတ်၍ ၀င်ရောက်ပြီး ဗလီတွင်းရှိ ကုရ်အာန်ကျမ်းစာအုပ်များကို စုတ်ဖြဲခြင်း၊ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခြင်း၊ ဗလီတွင်းရှိ ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။





MYARF
RB News
15.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင်ရွာသို့ စစ်သားများ ၀င်ရောက်၍ ရွာသားများကို အကြမ်းဖက်ခြင်း၊ ဆိုင်ခန်းများ ဖျက်ဆီး၍ လုယက်ခြင်းများ၊ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ရွာသားအများအပြား နေအိမ်စွန့်ခွာ ခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၂၀၀ ခန့်သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင် (နိယာရ်ဘိလ်) အနောက်ရွာကို ၀ိုင်း၍ ပိတ်ဆို့ပြီး၊ အရံမီးသတ်တပ်ဖွဲ့ ၀တ်စုံ နှစ်စုံယူလာပြီး၊ ပုဇွန်ကန်အနီးမှ ကောက်ရသည့် အကြမ်းဖက်သမားများ၏ ၀တ်စုံဟု လုပ်ကြံ ဖန်တီး၍ နံနက် ၁၁ နာရီခန့်မှ စ၍ နေအိမ်များထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို တစ်နေရာတွင် စုထားပြီး ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

နံနက်ပိုင်းတွင် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် နောက်ထပ် (၃) ဦးကို ဖမ်းဆီးခဲ့သည်။ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သူများကို ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

စစ်သားများသည် ဆိုင်ခန်းများကို ဖျက်ဆီးခြင်း၊ ဆိုင်အတွင်းမှ ပစ္စည်းများ လုယက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ရွာသားများကို ညှဉ်းပန်းနှိပ်စက်နေသည့် ဒဏ်ကို မခံနိုင်တော့၍ ရွာသားများသည် ငါးစားကြူး ရွာမဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

စစ်သားများသည် ရွာမနှင့် လိပ်အိုင်ရွာ ကြားရှိ ဘာသာရေးကျောင်းတွင် စခန်းချထားခဲ့ပြီး၊ ရွာအတွင်း အမျိုးသမီး အချို့သာ ရှိနေခဲ့ကြောင်း၊ အမျိုးသား အများစုမှာ ရွာမှ ထွက်ပြေး သွားခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။






RB News
15.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ် ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၃) တွင် ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၁၀) လုံးနှင့် ဆိုင်ခန်း (၉) ခန်း ဆုံးရှုံးခဲ့သည့် အပြင် ကလေးတစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၃) ရှိ ဦးကော်ဘိရ်အာမတ်၏ နေအိမ် အပေါ်ထပ်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး၊ ယင်းအိမ်အပါအ၀င် နေအိမ် (၁၀) လုံး ပြာကျသွားခဲ့သည်။ နေအိမ်တစ်လုံး၏ အပေါ်ပိုင်းလည်း မီးလောင်ကျွမ်း သွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် ဆိုင်ခန်း (၉) ခန်းလည်း မီးလောင် ဆုံးရှုံးသွားခဲ့ရကြောင်း သိရှိရသည်။

မီးစတင်လောင်ကျွမ်းသည့် ဦးကော်ဘိရ်အာမတ်၏ နေအိမ်တွင် ကလေးနှစ်ဦးမှာ အိပ်ခန်းထဲတွင် ရှိနေခဲ့ပြီး ကလေးနှစ်ဦးမှ တစ်ဦးမှာ မီးလောင်ကျွမ်း၍ သေဆုံးသွားပြီး တစ်ဦးမှာ မီးလောင်ကျွမ်း၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

မီးလောင်ကျွမ်းနေစဉ် လုံထိန်းများ ရောက်ရှိလာပြီး ဒေသခံများကို အနားကပ်ခွင့် မပေးသောကြောင့် ယခုကဲ့သို့ နေအိမ်များစွာ မီးလောင်ကျွမ်းရသည်ဟု ဒေသခံများက ပြစ်တင်ဝေဖန် ပြောဆိုနေကြသည်။

မီးလောင်ကျွမ်းသွားသည့် နေအိမ်များ၏ အိမ်ရှင်များမှာ --

(၁) ဦးကော်ဘိရ်အာမတ်
(၂) ဦးမိုဟာမတ်ဟာဆာန်
(၃) ဦးရော်မူယာ
(၄) ဦးလူဗာဒါ
(၅) ဦးဖော်ယာစ်
(၆) ဦးအာဘူယာ
(၇) ဦးကော်ရီမူလ္လာ
(၈) ဦးအလီအာမတ်
(၉) ဦးကာလူ
(၁၀) ဦးရာသီလာကိမ်း -- တို့ဖြစ်သည်။






၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်

အချိန်ဆိုင်ငံ့နေခြင်း

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူစလင်များအပေါ် ဆက်လက်ညှဉ်းပန်းနှိပ်စက်နေမှု

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင်မှ ရေးသားထုတ်ပြန်သည်။ 



Arif Kassim
RB News
13.12.2016

ကျနော့်ရဲ့ အဖိုး အသက် (၈၀) ကျော် အရွယ်မှာ ကွန်လွန်သွားပါတယ်။ ၈၈ အရေးအခင်း နောက်ပိုင်းမှာ မြန်မာ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာတာနဲ့ အမျှ နိုင်ငံရေးပါတီများစွာလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက မောင်တောမြို့ပေါ်မှာရှိတဲ့ အသက်ကြီးပိုင်း လူကြီးများနဲ့ စာတတ်ပေတတ်၊ လုပ်ငန်းရှင် လူကြီးများကို နိုင်ငံရေးပါတီ ထူထောင်ထားသူတွေက နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံကြတယ်။ ကျနော့် အဖိုးကတော့ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက ဘုံဘေ၊ ကာရာချီနဲ့ ကလကတ္တား စတဲ့ မြို့ကြီးတွေက စာပေများစွာကို တတ်ကျွမ်းပြီး တစ်ဖက်က လုပ်ငန်း အသွယ်သွယ် လုပ်ကိုင်ခဲ့တဲ့ မြို့ပေါ်က မျက်နှာဖုံး လုပ်ငန်းရှင် တစ်ဦး ဖြစ်ပါတယ်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အများနဲ့ မတူအောင် ယုံကြည်ထောက်ခံသူ တစ်ဦးလည်း ဖြစ်ပါတယ်။  အဲဒီရက်တွေတုန်းက အလယ်တန်းကျောင်းသား ဖြစ်တဲ့ ကျနော်က အဖိုးရဲ့ လက်ကိုင်တုတ်အဖြစ် အချိန်ပြည့် အတူနေပေးရပါတယ်။ အဖိုးရဲ့ သားဖြစ်တဲ့ ကျနော့် အဖေဆိုလည်း ဖအေတူသား ပီပီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေး ထောက်ခံသူ ဖြစ်ပါတယ်။ အိမ်မှာ အဖိုးရဲ့ နိုင်ငံရေး စကားဝိုင်းများ၊ မောင်တောမြို့ လမ်းမကြီးပေါ်မှာရှိတဲ့ လုံးချင်းတိုက် နှစ်ခန်းတွဲ ဆိုင်ရှေ့မှောက်မှာလည်း အချိန်ပြည့် နိုင်ငံရေး စကားဝိုင်းများနဲ့  စည်စည်ကားကားရှိခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရတဲ့ ရည်ရွယ်ချက် များစွာထဲက အဓိက အချက်တစ်ချက်ကတော့ - ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ ရခဲ့တဲ့ နိုင်ငံသား အခွင့်အရေးများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်မှာ ပြန်လည် ခံစားနိုင်လိမ့်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်။ (ဒီကနေ့ လက်ရှိချိန်မှာတော့ မဆလ ခေတ်က ဆုံးရှုံးသွားတဲ့ နိုင်ငံသား အခွင့်အရေးထက် အဆပေါင်း မြောက်များစွာ ဆုတ်ယုတ်ပြီး လူမျိုးရေး သုတ်သင်မှုအထိ ဖြစ်လာပါတယ်)

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်မှာ အကျယ်ချုပ်ချထားခဲ့တာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ (စာရှည်မှာမို့ လိုရင်းကိုဘဲ ရေးရပါမယ်)

ဒီကနေ့ တစ်ချို့တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်တွေ တိုက်ခိုက်နေတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးတွေက နိုင်ငံတကာ (မွတ်စလင် နိုင်ငံများ) အားကိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကြပ်အတည်းကို သိသိနဲ့ တမင်နှိပ်ကွပ် နေကြတယ်လို့ ဆိုပါတယ်။ ဖိအားပေးဖို့ နိုင်ငံတကာကို ထောင်းဆိုကြတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ပျက်၊ အသရေပျက်အောင် လုပ်နေတယ်လို့ စွပ်စွဲကြပါတယ်။ နိုင်ငံတော် သစ္စာဖောက် ဆိုပြီးတောင် စွပ်စွဲ ပြောဆိုလာတာ တွေ့ရပါတယ်။ 

ဒီနေရာမှာ ကျနော် ပြောချင်တာက - ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့် အဖိုး၊ အဖေတွေ အသက်ရှင်စဉ်ကတည်း ယုံကြည်အားကိုး ထောက်ခံလာခဲ့တာကို ပြောလိုပါတယ်။ မြန်မာ့နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစီးဦးဆောင်မှု အောက်မှာဘဲ လိုလိုလားလားနဲ့ ရှိစေချင်ခဲ့တာကို သိစေလိုပါတယ်။ ၀န်ကြီးချုပ် ဦးနု ဦးဆောင်ခဲ့တဲ့ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ ကျနော့် အဖိုးအဖွားတွေ ရရှိခဲ့တဲ့ နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး တွေကို မဆလ ခေတ်မှာ ဆုံးရှုံးလိုက်တာထက် အဆပေါင်း မြောက်မြားစွာ ဆုံးရှုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုတာဘဲ ဖြစ်ပါတယ်။ 

ယခင် အစိုးရ အဆက်ဆက် လက်ထက်မှာ ရိုဟင်ဂျာ လူမျိုးတွေကို ကွက်ပြီး နှိပ်စက်ခဲ့တဲ့ထဲက တစိတ်တဒေသကို ချရေးပြပါမယ်။ ရိုဟင်ဂျာ လူမျိုးကို -
လွတ်လပ်စွာ သွားလာနိုင်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ကျန်းမာရေး စောင့်ရှောက်ခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အစိုးရ အမှုထမ်းခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ စိုက်ပျိုး မွေးမြူခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အဆောက်အအုံ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတယ်။
စသည်ဖြင့် အခြေခံ လွတ်လပ်မှု မှန်သမျှကို ပိတ်ပင်ထားတယ်။

ဒီထက်မက ပြောနိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုတာသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အများနည်းတူ ကျနော်တို့လည်း ချစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ရိုဟင်ဂျာထုက ဆုတောင်း မေတ္တာပို့ ကြပါတယ်။ ဒေါ်စုရဲ့ ပေးဆပ်မှုကို တန်ဖိုးထား လေးစားကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရပ်တည်ချက်အပေါ်မှာ အားမရတာတော့ အမှန်ပါဘဲ။ အပြစ်မဲ့ ရိုဟင်ဂျာ သက်ကြီး ရွယ်အို လူမမယ် ကလေးများစွာ သတ်ဖြတ်ပြီး၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတာကို မသိကျိုးကျွံနေရုံမက ပြစ်မှုကျူးလွန်နေသူတွေကို ကာကွယ်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်က ကျနော့် အဖိုးနဲ့ အဖေ အားကိုးအားထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိတာတော့ အမှန်ပါ။ သို့သော်ငြားလည်း အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို အဖိုး၊ အဖေတို့ နည်းတူ အားကိုးနေချင်သေးတဲ့ ဆန္ဒက ရှိနေတုန်းပါပဲ။

RB News
13.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာမှ အမျိုးသမီးငယ် (၅) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် အပြင်၊ ဗလီဝတ်ကျောင်းတော် အတွင်းရှိ ကုရ်အာန်ကျမ်းမြတ်များကို စုတ်ဖြဲ၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာ အတွင်းသို့ စစ်သား ၅၅ ဦး ၀င်ရောက်လာပြီး၊ ဟာဖီးဇ်အဲက်ဘာလ်၏ နေအိမ်တွင် စုဝေးနေကြသည့် အမျိုးသမီး (၃၀) ဦးမှ (၈) ဦးကို အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အပြင် ကျန်သည့် အမျိုးသမီးများကို အ၀တ်အစားများ ချွတ်ခိုင်းပြီး လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ (သတင်း - http://bit.ly/2hoF2M4)

ညနေပိုင်းတွင် ဟာဖီးဇ်အဲက်ဘာလ်၏ နေအိမ်တွင်ပင် စုဝေးနေသည့် အမျိုးသမီးများထဲမှာ အမျိုးသမီးငယ် (၄) ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အမျိုးသမီးငယ် (၄) ဦးမှ (၃) ဦးမှာ အပျိုများ ဖြစ်ကြပြီး၊ (၁) ဦးမှာ အိမ်ထောင်သည် ဖြစ်သည်။ အိမ်ထောင်သည်တစ်ဦးနှင့် အခြား အပျိုတစ်ဦး တို့မှာ ညီအစ်မအရင်းများ ဖြစ်ကြသည်။

၎င်းတို့ (၄) ဦးတို့သည် အသက် (၁၆) နှစ်၊ အသက် (၁၇) နှစ်၊ အသက် (၁၈) နှစ်နှင့် အသက် (၂၀) အရွယ်များ ဖြစ်ကြသည်။

ယင်းရွာမှ ဦး ---- ၏ အသက် (၁၇) နှစ် အရွယ် သမီးပျိုကို ၎င်း၏ အိမ်တွင် မုဒိမ်းကျင့်ရန် ကြိုးစားရာ ထွက်ပြေးသဖြင့် လယ်ကွင်းပြင်တွင် ဖမ်းဆီး၍ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ တစ်ရက်တည်းပင် ချောင်းကုလာရွာမှ အမျိုးသမီး (၁၃) ဦး မုဒိမ်းကျင့်ခံခဲ့ရသည်။

စစ်သားများသည် အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အပြင် နေအိမ်များမှ လုယက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ ထို့နောက် အသက် (၇၀) နှစ် အရွယ် ဦးဆာရ်အဟမတ်ကို သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ သေလုမျောပါး ဖြစ်နေကြောင်း သိရှိရသည်။ အသက် (၇၁) နှစ်အရွယ် ဦးဇာဟိတ်အဟမတ်နှင့် အသက် (၇၅) နှစ် အရွယ် ဦးဒိုလီယာ တို့ကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

ညပိုင်းတွင် ရွာအတွင်းရှိ ဗလီတွင် စခန်းချ၍ ဗလီအတွင်းရှိ ကုရ်အာန်ကျမ်းမြတ် များကို စုတ်ဖြဲ၍ လွှင့်ပစ်ခြင်း၊ ဗလီအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင် ရောက်ရှိနေသည့် အချိန်တွင် စစ်သားများက ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်လျက် ရှိပြီး၊ စုံစမ်းရေး ကော်မရှင်က စုံစမ်းသိရှိရသည့် သတင်းများကို နိုင်ငံပိုင်များ မီဒီယာများက ပြည်သူများကို မှန်မှန်ကန်ကန် တင်ပြခြင်း မရှိဘဲ လိမ်ညာ၍ ရေးသား ဖော်ပြနေသည်ကို တွေ့ရှိရသည်။





RB News
13.12.2016

အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Dr. Yousef A. Al-Othaimeen က နယူးယောက်၊ ဂျနီဗာနှင့် ဘရာဆဲလ် တို့မှာ ရှိတဲ့ OIC အဖွဲ့ဝင်နိုင်ငံများရဲ့ ဌာနေကိုယ်စားလှယ်တွေကို အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး လက်ရှိ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများ ကြုံတွေ့နေရတဲ့ အခြေအနေကို တင်ပြဖို့ OIC ရဲ့ အမြဲတမ်းဌာနေ ကိုယ်စားလှယ်ရုံးတွေကို ညွန်ကြားလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ၊ ထပ်မံပြီးတော့ ဖိနှိပ်လာတွေနဲ့ ပတ်သက်ပြီး OIC အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်ခါတလဲလဲ ကန့်ကွက် ရှုတ်ချတယ်လို့ ယနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ OIC က ထုတ်ပြန်တဲ့ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။ OIC ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ နိုင်ငံများထဲက လူနည်းစု အသိုင်းအ၀ိုင်းတွေရဲ့ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာနဲ့ ဘာသာရေး တို့နဲ့ ပတ်သက်တာတွေကို အထောက်အကူပြု ကာကွယ်ပေးဖို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထူထောင်လာတဲ့ အချိန်မှာ ရိုဟင်ဂျာမွတ်စလင်များကို နှိပ်ကွပ်နေတာ အဆုံးသတ်သွားပြီး တန်းတူအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာ တစ်ခုမှ ဖြစ်မလာတာကို ၀မ်းနည်းစွာ တွေ့နေရတယ်လို့ OIC ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အခွင့်အလမ်း ရဖို့ အနေနဲ့သာ မဟုတ်ဘဲ တာဝန်ယူမှုတွေပါ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုကိုပြုရမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်နေတာကြောင့် နိုင်ငံတကာ ညီလာခံတွေ၊ ကြေညာချက်တွေမှာ ပါတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့ လိုတယ်လို့ OIC အထွေထွေအတွင်းရေးမှူးချူပ်က အလေးပေး ပြောဆိုပါတယ်။ 

ရိုဟင်ဂျာအရပ်သားတွေကို မြန်မာစစ်တပ်က တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်မှတ်ထားပြီး လက်လွတ်စပယ် သတ်ဖြတ်နေတာတွေ၊ ဖမ်းဆီးနေတာတွေ၊ နေအိမ်များနဲ့ ဘာသာရေး အဆောက်အဦတွေ ဖျက်ဆီး မီးရှို့နေတာတွေ၊ အမျိုးသမီးတွေကို လိင်အကြမ်းဖက်နေတဲ့ မှတ်တမ်းမှတ်ရာတွေက လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်နေတဲ့ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြည့်ပြည့်၀၀ စုံစမ်းခွင့် ပေးကို ပေးရမယ်လို့ OIC အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။ 




RB News
12.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသည့် မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒေသခံ ရိုဟင်ဂျာများ တွေ့ဆုံပြီး စစ်တပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့ကြောင်း၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စုံစမ်းရေး ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံ ကျေးရွာသို့ ရောက်ရှိခဲ့သည်။ ယင်းကျေးရွာမှ အမျိုးသားများနှင့် အမျိုးသမီးများ အချို့ လာရောက်တွေ့ဆုံပြီး၊ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်များကို လောင်ချာဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးဖြင့် ခုတ်၍ သတ်ဖြတ်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကလေးများကို မီးထဲသို့ ပစ်ချ၍ သတ်ဖြတ်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့သည်။ ကော်မရှင်အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံစကားပြောစဉ် စစ်သားတစ်ဦးက ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ခဲ့သည်။

ကော်မရှင်အဖွဲ့ ထွက်ခွာသွားပြီးနောက် အောက်ပါ ဒေသခံ (၆) ဦးကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

(၁) ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးအဗ်ဒူဆတာရ် (အသက် ၇၁ နှစ်)
(၂) ဦးမာမွတ်ဆော်လာမ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၅၀ နှစ်)
(၃) အဘူဆီဒိတ် (ဘ) ဦးအဘူလ်ဟိုက်ရ် (အသက် ၁၅ နှစ်)
(၄) ဦးဘော်ဆိရ်အဟမတ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၇၀ နှစ်)
(၅) ဆော်ဒါမ် (ဘ) ဦးအဘူလ်ဟိုက် (အသက် ၁၆ နှစ်)
(၆) ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးနဇီရ်ဟူစိန်း (အသက် ၅၃ နှစ်) - တို့ဖြစ်သည်။

စစ်သားများသည် ဖမ်းဆီးထားသူ (၆) ဦးတို့ကို တစ်နေရာသို့ ခေါ်ဆောင် သွားပြီး ဗီဒီယို ရိုက်ကူးထားသည့် မှတ်တမ်းကို ဖွင့်ပြပြီး ကော်မရှင်အဖွဲ့နှင့် စကားပြောသူများ၏ အမည်များကို မေးမြန်းပြီး၊ ဘာသာပြန်သူ၏ အမည်များကို မေးမြန်းခဲ့သည်။ ဗီဒီယိုမှတ်တမ်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးက ကော်မရှင်အဖွဲ့ကို ပြောဆိုနေသည်များလည်း ပါဝင်ပြီး၊ အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်များကို အစားထိုးနိုင်ရန် အခြားသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ကော်မရှင်အဖွဲ့နှင့် ထွက်ဆိုစဉ် ပြောဆိုသည်များနှင့် ဆန့်ကျင်သည့် ထွက်ဆိုချက်များ ထွက်ဆိုခိုင်းပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သည်။

ဖမ်းဆီးခံရသူ (၆) ဦးအနက် ဦးဇာဖောရ်ဟူစိန်းနှင့် ဦးမာမွတ်ဆော်လာမ် တို့သည် ဗမာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်သူများ ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့နှင့် ရွာသားများ တွေ့ဆုံစဉ် ပြောဆိုသည် များကို ဘာသာပြန် ပေးခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ၎င်းတို့ကို ညနေ (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အသက် (၇၀) နှစ် အရွယ် ဦးဇာဖောရ်ဟူစိန်းမှာ အခြေအနေ အရမ်းဆိုးရွား နေကြောင်း ဒေသခံများက ပြောပါသည်။

ရေခဲချောင်းခွဆုံ ကျေးရွာမှ ကျေးရွာ အဖွဲ့ထွက်ခွာ သွားပြီးနောက် စစ်သားများသည် အမျိုးသမီး (၃) ဦးကိုလည်း တောတောင်ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး ညနေ နေ၀င်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ကော်မရှင်အဖွဲ့သည် ရေခဲချောင်းခွဆုံ ကျေးရွာမှ တဆင့် ဓါးကြီးစား ကျေးရွာသို့ သွားရောက်ခဲ့သည်။ ဓါးကြီးစားတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၃) ဦး အပါအ၀င် အမျိုးသမီး (၇) ဦးနှင့် အမျိုးသမီး (၄) ဦးတို့က တွေ့ဆုံ၍ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှု အပြည့်အစုံကို တင်ပြခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နေ့လည်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ဒေသခံများကလည်း အဖြစ်အပျက်များ အားလုံးကို တင်ပြခဲ့သည်။

မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာ ကျေးရွာသို့ ကော်မရှင် အဖွဲ့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်သားများက ရွာထဲသို့ ၀င်ရောက်၍ အမျိုးသားများကို မောင်းထုတ်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

MYARF နှင့် Rohingya Eye မှ သတင်းပေးပို့သည်။

(ဓါတ်ပုံ - MOI)


မောင်သစ္စာ (ရခိုင်ပြည်)
RB News
12.12.2016

မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် တွေမှာ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို အကြောင်းပြုပြီး ဒေသခံ မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ လုံထိန်းတပ်ဖွဲ့ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက ကလေး၊ လူအို၊ အမျိုးသမီးများမကျန် အပြစ်မဲ့ ရိုဟင်ဂျာတွေကို အကြောင်းမဲ့ ပစ်ခတ် သတ်ပစ်ခြင်း၊ အိမ်တွေကို ရွာလုံကျွတ် မီးရှို့ပစ်ခြင်း၊ ရွာတွေမှ နှင်ထုတ်ခြင်း၊ လူတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ကိုယ်ဝန်သည်၊ အရွယ်မရောက်သေးတဲ့ အမျိုးသမီးမကျန် ရာပေါင်းများစွာသော အမျိုးသမီးတွေကို လက်နက်တစ်ခုသဖွယ် အသုံးပြုပြီး မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းဥစ္စာတွေ လုယက်ခြင်း ဖျက်ဆီးပစ်ခြင်း စတဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာ ကမ္ဘာတစ်လွှား ဟိုးလေတကျော်ကျော် ကျော်ကြားနေပြီ ဖြစ်ပါတယ်။

ဒီလိုမျိုး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့ ရာဇာဝတ်မှုတွေကို အရပ်သားအစိုးရမှတဆင့် ပြောင်းပြန် သတင်းထုတ်ပြန်ခိုင်းတာလည်း နေ့စဉ်မြင်တွေ့နေရပါတယ်။ အထူးသဖြင့် ကမ္ဘာရဲ့ထောက်ခံမှုကို ရရှိထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လိုသလို အသုံးချခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့တာပါပဲ။ တစ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ကျူးလွန်ခဲ့တဲ့ဟာတွေကို နိုင်ငံတကာ အဖွဲ့အစည်းဆီ သိုသပ်စွာသိစေပြီး အစိုးရအပေါ် ဖိအားပေးခိုင်းနေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာက ဖိအားပေးနေတာတွေကို တန်ပြန်တုန့်ပြန်ပြပြီး တစ်ဖက်က မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိဖို့ ဆင်ခဲ့တဲ့ အကွက်တစ်ကွက်ပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စနစ်တကျ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို သုံးသပ်ကြည့်ရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အနိုင်ယူပြီးတက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ကို နိုင်ငံတကာမှ ဖိအားပေးရန် ပြည်ထဲရေးက ဆင်ခဲ့တဲ့ အကွက်တစ်ကွက်လို့ပြောရင် မှားမယ်မထင်ပါဘူး။

အခုဆို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထဲရေးရဲ့ လှည့်ကွက် ထောင်ချောက်ထဲကို မသိမသာ တိုးဝင်မိသွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာတွေ့ရပါတယ်။ နောက်ဆုံးတော့ သူနေအိမ်အကျယ်ချုပ်ခံရစဉ် ကာလတစ်လျှောက်လုံး ထောက်ခံအားပေးခဲ့တဲ့ ကျေးဇူးရှင် နိုင်ငံတကာကိုတောင် ဒေါ်အောင်စုကြည်က အသိတရားကင်းမဲ့စွာ ဒေါကန်လာခဲ့ပြီ။ ဒီတော့ အမှန်ကိုထောက်ပြလို့ ပြန်ပြီး ဒေါကန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေပြီး တစ်ချိန်က သူ့ကို အသိအမှတ်ပြု ချီမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုတောင် ပြန်ရုပ်သိမ်းလိုက်ဖို့အထိ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလာ တွေ့ရှိရပါတယ်။ ဒါတွေက ပြည်ထဲရေးရဲ့ ပါးနပ်တဲ့ ထောင်ချောက်ကို ဒေါ်အောင်ဆန်းစုကြည် အသိတရား ကင်းမဲ့စွာ ဇွတ်တိုးဝင်လိုက်တာပါပဲ။

အခုဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားမှုတွေကို ရဲရဲဝံ့ဝံ့ လက်ညှိုးထိုးပြမှု၊ အမှန်တရားဖက်က ရပ်တည်မှု၊ လူ့အခွင့်အရေးကို မြတ်နိုးမှု စတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ဝိသေသတွေ ပျောက်ကင်းနေပြီး သူ့အပြောအဆိုတွေကလည်း ရှေ့နောက်မညီ ဖြစ်လာတာ တွေ့နေရပါတယ်။ တလောက ဂျပန်နိုင်ငံသွားတုန်းက မောင်တော တိုက်ခိုက်မှုကို အထောက်အထား သေချာမရမချင်း ဘယ်သူ့ကိုမှ မလွှဲချချင်ဘူးလို့ ပြောခဲ့သလို တစ်ချို့အင်တာဗျူးတွေမှာတော့ စစ်တပ်ရဲ့လုပ်ရပ်တွေ မှန်ကန်နေတယ်၊ သူကိုယ်တိုင် စစ်တပ်နဲ့ အတူရှိတယ်ဆိုပြီး ထောက်ခံပြသွားတယ်။ သူကိုယ်တိုင် စစ်တပ်နဲ့ အတူတူ ရာဇာဝတ်မှု ကျူးလွန်နေတယ်လို့ ဝန်ခံသွားသလိုပါပဲ။ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေအပေါ် ဥပဒေမဲ့ ကျူးလွန်နေတဲ့ ရာဇာဝတ်မှုတွေကို ထောက်ခံပြသွားတာပါပဲ။

ပြီးတော့ သူ့ရဲ့ ဒီမိုကရေစီလှုပ်ရှာမှုကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တဲ့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သူ့နိုင်ငံအရေး ဝင်ရောက်မစွက်ဖက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်။ ဒီလိုမျိုး သူ့ကို အစဉ်အမြဲ ထောက်ခံခဲ့တဲ့ နိုင်ငံတွေနဲ့ စိတ်ဝမ်းကွဲအောင် စစ်တပ်က ဖန်တီးခဲ့တဲ့ အကွက်သာဖြစ်ပြီး ထိုအကွက်ဆိုးထဲကို ဒေါ်အောင်ဆန်းစုကြည် ဇွတ်မိုက်စွာ တိုးဝင်ခဲ့တာကတော့ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။ တစ်ချို့နိုင်ငံရေး သုံးသပ်သူတွေက ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို သူ့ဖက်ပါလာအောင် မြူဆွယ်ဖို့ ကြိုးစားရင်း စစ်တပ်က သူ့ကို မြူဆွယ်လိုက်ပြီ ဆိုတဲ့ အချက်ကို ထောက်ပြနေတာတွေလည်း အင်မတန် မှန်ကန်နေတယ်လို့ ပြောရပါလိမ့်မယ်။

ပြီးတော့ ခေတ်အဆက် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ရာဇာဝတ်မှုတွေကို အခုအစိုးရအပေါ် ပုံချနိုင်ခဲ့တာလည်း စစ်တပ်ရဲ့မဟာဗျူဟာမြောက်တဲ့ လှည့်ကွက်တစ်ကွက်ပါပဲ။ တကယ်တော့ ပြည်ထဲရေးလက်အောက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရလက်အောက်ဖြစ်ပြီး ပြည်ထဲရေး အကွက်အတိုင်း ရွေ့နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို လုံးဝဂရုမစိုက်ပါဘူး။ အောက်ကဟာတွေကို ဖတ်ကြည့်ပါ။

------

အရပ်သားအစိုးရကို စောက်ဂရုမစိုက်ဘူး ဆိုတဲ့ သဘော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကွဲရေးမှူးနှင့် စစ်တပ်မှ ပြောကြား

ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မောင်တော ခမောင်းဆိပ်ဆိုတဲ့ ရွာမှာ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူးက ဒေသခံရိုဟင်ဂျာတွေနဲ့ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ကွပ်ကဲရေးမှူး သူရစန်းလွင် ပြောကြားခဲ့တာကို ကြည့်ရင် သူတို့လက်နက်ကိုင် အဖွဲ့တွေက အရပ်သားအစိုးရကို စောက်ဂရု မစိုက်ဘူး ဆိုတဲ့ အာဘော်ကို တွေ့ရပါလိမ့်မယ်။

သူပြောသွားတာက ခပ်ရိုင်းရိုင်းလေးပါပဲ။ သူတို့ဖက်က ပါသွားတဲ့ လက်နက်တွေကို ပြည်သူတွေကို ရအောင်ပြန်ယူပေးဖို့ ပြောနေတာက အင်မတန် အဓိပ္ပါယ်မဲ့နေပါတယ်။ အဲ့ဒီလက်နက်တွေ ယူမပေးနိုင်ရင် သူ့ဖက်က ခပ်ပြတ်ပြတ်ပဲ ဆက်လက် သတ်ဖြတ်နေမယ် ကိုင်တွယ်နေမယ်ဆိုပြီးလည်း ပြောသွားတာတွေ့ရတယ်။ ဆိုလိုတာက အိမ်တွေကို နောက်ထပ်မီးရှို့မယ်။ လူတွေကိုသတ်ဖြတ်မယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်မယ်။ လုပ်ချင်တိုင်းလုပ်မယ်ဆိုတဲ့ သဘောပါပဲ။

သူပြောခဲ့တာကို ဒီ clip မှာ ကြည့်ပြီး နားထောင်ပါ။



မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့၌ နယ်ခြားစောင့်ရဲစခန်း နှစ်ခုနဲ့ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာက စခန်းတစ်ခု စုစုပေါင်း သုံးခု တိုက်ခိုက်ခံခဲ့ရတာ လူတိုင်းအသိပါပဲ။ ဒီတိုက်ခိုက်မှုကို "အာလ်ယေကင်း" ဆိုတဲ့ တုတ်၊ဓား ပိုင်ဆိုင်နေတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့တိုက်ခိုက်တာ ဖြစ်တယ်လို့ တာဝန်ယူ ဝန်ခံပြောကြားထားသလို အစိုးရကိုယ်တိုင်ကလည်း "အာကာမူလ်မူဂျာဟီဒီန်း" အဖွဲ့က လုပ်ဆောင်တာပါလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ငယ်လေးကို ဒေသခံ ရိုဟင်ဂျာတွေက သိရှိခြင်း မရှိသလို၊ သူတို့နဲ့ သွားရောက် ပူးပေါင်းခဲ့တာလည်း မရှိခဲ့ပါဘူး။ အစိုးရကိုယ်တိုင်က ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်ကြံဖန်တီးပြီး ဖွဲ့စည်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲ ဖြစ်ဖြစ် လက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပျက်ခဲ့တဲ့ဟာနဲ့ ဆွဲယူပြီး အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ချေမှုန်းနေတာကတော့ အင်မတန် ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်လွန်းပါတယ်။ ပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း အစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေက ရိုဟင်ဂျာ ရွာတစ်ချို့ကိုဝန်းရံပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာတွေ အရင်ကထက် ပိုခံလိုက်ခဲ့ရတာပဲ။ ဒီတော့ အားကိုးစရာမဲ့နေတဲ့ ရိုဟင်ဂျာတွေ နောက်ဆုံးမတတ်သာ၍ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေးနေရတာပါ။ ဒီတော့ ဘင်္ဂလားဒေရှ့် အစိုးရက မြန်မာအစိုးရကို ဖိအားပေးမယ်။ ဒါလည်း အရပ်သားအစိုးကို ဖရိုဖရဲဖြစ်စေဖို့ ပြည်ထဲရေး ဆင်ခဲ့တဲ့ အကွက်လှလှလေး တစ်ကွက်ဆိုရင် လွန်မယ် မထင်ပါဘူး။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သမ္မတဦးထင်ကျော် ဖွဲ့စည်းခဲ့တဲ့ မောင်တောဖြစ်စဉ် လေ့လာရေးကော်မရှင် မောင်တောကို ရောက်လာခဲ့ပါတယ်။ ဒီတော့ ဒေသခံရိုဟင်ဂျာတွေကလည်း သူတို့ခံခဲ့ရတဲ့ မတရားမှုတွေကို ကော်မရှင်ထံတင်ပြဖို့ စောင့်ဆိုင်းနေတုန်း စစ်တပ်အရာရှိတစ်ယောက် လာပြောသွားတာက ဒီလိုပါ။

"မင်းတို့ကုလားတွေ ဘယ်လောက်ပဲ ပြောပြော သူတို့က ငါတို့အဖွဲ့ပဲ။ မင်းတို့ အဖေမဟုတ်ဘူး။ သူက စစ်တပ်က သွားတဲ့ သမ္မတပဲ။ သူနဲ့အတူပါလာတဲ့ ကျန်လူတွေကတော့ အစိုးရလူတွေဆိုတော့ အဲ့ဒီအရပ်သား အစိုးရကို ငါတို့လက်နက်ကိုင်တပ်ဖွဲ့တွေက စောက်ဂရုကို မစိုက်ဘူး။" တဲ့။ ကဲ ... အခြေအနေတွေကို သုံးသပ်ကြည့်ပါ။ 

နောက်တစ်ခုက- အရင် စစ်အာဏာရှင်ရဲ့ အမာခံလူဖြစ်ပြီး ယခုသမ္မတရုံးရဲ့ ဒုတိယ ညွန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ထမ်းဆောင်နေသူ ဦးဇော်ဌေးကလည်း အစိုးရဲ့ရွေ့လျားမှုကို အနီးကပ်လေ့လာပြီး ပြည်ထဲရေးရဲ့အကွက်တွေမှာ အားဖြည့်နေသူပါပဲ။ ပြည်ထဲရေးက ကျူးလွန်မိသမျှကို သူတာဝန်ယူထားတဲ့ သမ္မတရုံး ပြောရေးဆိုခွင့် အပိုင်းကနေ လုံးဝအကာအကွယ် ပေးနေပြီး ပြည်ထဲရေးကို ဆက်လက် ကျူးလွန်နိုင်ဖို့ လမ်းခင်းပေးနေတယ်။ တစ်ဖက်က အရပ်သားအစိုးရကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာကျအောင် လုပ်ဆောင်နေတာ အမှန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အမြဲ ထောက်ခံလာခဲ့တဲ့ နိုင်ငံတကာက သတင်းဌာနတွေကိုလည်း အခုဆို ဦးဇော်ဌေးက ရိုဟင်ဂျာ အကြောင်းပြပြီး ထိုးနှက်ဝေဖန်လာခဲ့သလို လိမ်ညာနေသူများအဖြစ် ပုံဖော်ပြီး တန်ပြန် ပြောဆိုရေးသား နေတာ တွေ့နေရပါတယ်။

ဦးဇော်ဌေးကို နောက်ကွယ်က အားပေးနေသူတစ်ဦးကတော့ အရင်အစိုးရလက်ထက် ဦးဇော်ဌေးနဲ့အတူ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပါပဲ။ ဉာဏ်နီဉာဏ်နက်နှစ်ဦး လက်ဝါးညီညီရိုက်ပြီး အရပ်သားအစိုးကို ကမ္ဘာ့အလယ်နဲ့ မြန်မာပြည်သူအကြား အရှက်ကွဲအောင် လုပ်နေတာတွေကို ပညာတတ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိသွားပေမယ့် အတန်ကြာကြာ မှိုင်းတိုက်ခြင်းအောက် နေနေရတဲ့ သနားစရာ မြန်မာပြည်သူအများစုကတော့ မသိရှာဘဲ အရင်က မုန်းခဲ့တဲ့ ဦးဇော်ဌေးလို လူကိုတောင် အခုဆို အချစ်ဆုံး ဆိုပြီး နမ်းနေတဲ့ အထိ ရူးသွပ်သွားပါပြီ။ ဒါကလည်း စစ်တပ်က အလိုချင်ဆုံး အကွက်တစ်ကွက်ပဲ ဆိုရင် လုံးဝမှန်ကန်ပါတယ်။

ဒီတော့ အာလုံးကို ခြုံငြုံသုံးသပ်လိုက်ရရင် ပြည်ထဲရေးရဲ့ ရည်ရွယ်ချက်ရှိရှိ ဆင်ခဲ့တဲ့ ထောင်ချောက်ထဲမှာ အရပ်သားအစိုးရက ပုဂ္ဂိုလ်တွေ မသိမသာ မိသွားခဲ့ပြီး ထိုသို့ ပြည်ထဲရေးနဲ့ အရပ်သား အစိုးရတို့ရဲ့ အာဏာလွန်ဆွဲပွဲကြားမှာ အပြစ်မဲ့ ရိုဟင်ဂျာတွေကတော့ မြေစာပင် ဖြစ်နေရကြောင်းပါ။

RB News
12.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် အသက် ၆၆ နှစ် အရွယ် အဖိုးအို တစ်ဦးကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ၆ ရက်အကြာတွင် အလောင်းပြန်လည် ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် စစ်သား ၅၀၀ ခန့် ၀င်ရောက်လာပြီး ဒေသခံ ရွာသားများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှ အသက် ၆၆ နှစ်အရွယ် ဦးဒေါလာမျာ (ဘ) ဦးအိုက်မောသ် ကို စစ်သားများက ခေါ်ဆောင်သွားပြီး ကပ္ပားခေါင်းရွာရှိ ပုဇွန်ကန်များ အနီးတွင် မြှုပ်နှံထားခဲ့သည်။  အရှင်​မြှုပ်​နှံ ​ခဲ့ခြင်းလား သတ်​ဖြတ်ပြီးနောက် မြှုပ်​နှံခဲ့ခြင်းကို ဒေသခံများက မသိရှိဟုဆိုသည်။

ဦးဒေါလာမျာ၏ မိသားစုများက ဖမ်းဆီးသွားသည့် အချိန်မှစ၍ မည်သည့် သတင်းမှ မရသဖြင့် လိုက်လံ ရှာဖွေကြရာ ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ညနေ (၅) နာရီ အချိန်တွင် ဦးဒေါလာမျာ၏ မသင်္ကာစရာ မြှပ်နှံထားသည့် သဖွယ် တွေ့ရှိရသဖြင့် တူးဖော်ကြည့်ကြရာ ဦးဒေါလာမျာ၏ အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးဒေါလာမျာ၏ ရုပ်အလောင်းကို ဒေသခံများက ယနေ့ နေ၀င်ချိန်တွင် အစ္စလာမ် ဘာသာရေး ထုံးထမ်းစဉ်လာနှင့် အညီ မြှုပ်နှံ သဂြိုလ်လိုက်ကြောင်း  သိရှိရပါသည်။






RB News
12.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၈) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် အပြင် အခြား အမျိုးသမီး ၂၀ ကျော်ကိုလည်း လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာသို့ စစ်သား ၅၅ ဦး ၀င်ရောက်လာခဲ့ရာ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၃၀ ဦးသည် စစ်သားများ၏ မုဒိမ်းကျင့်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ဟာဖီးဇ် အက်ဘာလ်၏ နေအိမ်တွင် စုဝေး၍ ထိုင်နေခဲ့ကြသည်။

အမျိုးသမီးများ စုဝေးနေသည့် အိမ်အတွင်းသို့ စစ်သား (၁၂) ဦး ၀င်ရောက်လာပြီး အမျိုးသမီး (၈) ဦးကို အခန်းထဲသို့ ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ကျန်သည့် အမျိုးသမီး (၂၀) ဦးကျော်ကိုလည်း အ၀တ်အစားများ၊ အတွင်းခံများပါ မကျန် ချွတ်ခိုင်းပြီး လိင်အကြမ်းဖက်မှုများကို စိတ်ကြိုက် ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၈) ဦးတွင် (၄) ဦးမှာ အိမ်ထောင်သည်များ ဖြစ်ပြီး၊ ကျန်သည့် (၄) ဦးမှာ အပျိုများ ဖြစ်ကြောင်း သိရှိရသည်။

မုဒိမ်းကျင့်ခံရသူ (၈) ဦးတွင် အသက် (၄၀) နှစ် အရွယ် မိခင်နှင့် အသက် (၁၈) နှစ် အရွယ်၊ အသက် (၂၁) နှစ် အရွယ် သမီးပျို နှစ်ဦးလည်း ပါဝင်သည်။ ကျန်သည့် အပျိုနှစ်ဦးမှာ အသက် (၁၇) နှစ် အရွယ်နှင့် အသက် (၂၂) နှစ် အရွယ်တို့ ဖြစ်ကြသည်။ အခြား အိမ်ထောင်သည် (၃) ဦးမှာ အသက် (၂၅) နှစ်၊ အသက် (၃၃) နှစ်နှင့် အသက် (၃၇) နှစ် အရွယ်တို့ ဖြစ်ကြသည်။

စစ်သားများသည် ကျေးရွာတွင်းတွင် မုဒိမ်းကျင့်သည့် ရာဇ၀တ်မှုများ ကျူးလွန်သည့် အပြင် ဦးမောင်မြင့်၊ ဦးဖော်ဇော်လ်နှင့် ဦးရှီခါန်ဒေါရ် တို့၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဦးဆီရာဇုလ်ဟောက်၏ အသက် (၇၀) နှစ်အရွယ် ဇနီးသည် ထံမှ ရွှေနားကပ် တစ်ရံလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင် ရောက်ရှိနေသည့် အချိန်တွင် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် စစ်သားများက လုယက်ခြင်း၊ ဒေသခံများကို ကော်မရှင် အဖွဲ့နှင့် တွေ့ခွင့်မရစေရန် နေအိမ်များမှ မောင်းထုတ်ခြင်းများကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။




RB News
12.12.2016

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီး များကို လာမယ့် ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး အထူးအစည်းအဝေး တစ်ရပ် ကျင်းပမယ်လို့ Nikkei Asian Review သတင်းမှာ ဒီဇင်ဘာလ (၁၁) ရက်နေ့က ဖော်ပြထားပါတယ်။

အခုအစည်းအဝေးမှာ ရိုဟင်ဂျာအရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ပြီး၊ အစည်းအဝေးကတော့ တရားဝင် အလုပ်သဘော အစည်းအဝေးမျိုး မဟုတ်ဘဲ အာဆီယံ အသိုင်းအ၀ိုင်းကြားမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တင်းမာလာတော့မယ့် အခြေအနေ ရောက်ရှိလာနေလို့ အခုလို ဖိတ်ကြားလိုက်ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ၀န်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ် ဦးဆောင်ပြီး ဆန္ဒပြပွဲကျင်းပခဲ့တာမှာ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ ပေါ်ပေါ်တင်တင် ပြောကြားခဲ့တဲ့ အပြင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းတာမှာ ရိုဟင်ဂျာအရေးဆိုရင် မတွေ့နိုင်ဘူးလို့ အကြောင်းပြန်ခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ၎င်းအနေနဲ့ အင်ဒိုနီးရှား သမ္မတကိုလည်း သူ့လို ဆန္ဒပြပွဲကြီးတစ်ခုကို ဦးဆောင်လုပ်ဖို့ ဖုန်းဆက်ပြောမယ်လို့ ပြောခဲ့ပါသေးတယ်။

မလေးရှားက ဆန္ဒပြပွဲပြီးတော့ နောက်တစ်နေ့မှာ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး၊ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ တပ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနောက်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ နေအိမ်မှာ ညစာနဲ့ တည်ခင်းဧည့်ခံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးခဲ့ပါတယ်။

မလေးရှားမှာ ၀န်ကြီးချုပ် ကိုယ်တိုင် ဦးဆောင် ဆန္ဒပြတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဒု-၀န်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိထောက်လွှာ ပေးခဲ့တဲ့အပြင်၊ မြန်မာဘက်က မလေးရှားကို အလုပ်သမားတွေ စေလွှတ်တာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။ မလေးရှားနိုင်ငံ ဒု-၀န်ကြီးချုပ်ကလည်း မြန်မာဘက်က အလုပ်သမား မလွှတ်တော့တဲ့ အတွက် သူ့တိုင်းပြည်မှာ ထိခိုက်စရာ လုံးဝ မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မလေးရှားက မီဒီယာတွေကို ပြောဆိုလိုက်တယ်။

နောက်တစ်ဖက်မှာတော့ ကုလသမဂ္ဂက ခွင့်ပြုမယ်ဆိုရင် မလေးရှားဘက်က ငြိမ်းချမ်းရေးတပ်တွေကို ရိုဟင်ဂျာများနေထိုင်ရာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် ဘက်တွေကို စေလွှတ်ဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ သတင်းတွေက မလေးရှားနိုင်ငံ အခြေစိုက် မီဒီယာများ မဟုတ်တဲ့ မီဒီယာအချို့နဲ့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ တက်လာပါတယ်။

အားလုံးကို သုံးသပ်ကြည့်ရင် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဆန္ဒပြပွဲနောက်ပိုင်းမှာ အာဆီယံနိုင်ငံများရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးက အတော်လေးကို ပြိုပျက် ပျက်စီးတော့မယ့် အနေအထားကို ရောက်နေပြီလို့ ဆိုရပါမယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်က ၎င်းအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံ အသိုင်းအ၀ိုင်းထဲကို ထည့်သွင်းခဲ့တာကို နောင်တတစ်ခုလို ယူဆနေပြီး၊ မလေးရှားအစိုးရကို မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ဖို့၊ ဒါမှမဟုတ် မလေးရှား သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အထိ တိုက်တွန်းတာတွေလည်း ရှိနေတယ်။

အာဆီယံ အသိုင်းအ၀ိုင်းထဲမှာ စင်ကာပူနိုင်ငံက ကြားနေ နိုင်ငံတစ်နိုင်ငံလို့ ဆိုရပါမယ်။ စင်ကာပူနိုင်ငံမှာ လူမျိုးရေး ခွဲခြားမှုကို ပြစ်မှုတစ်ခုလို့ သတ်မှတ်ထားတာလည်း ရှိသလို၊ စင်ကာပူနိုင်ငံသားတွေကလည်း လူ့ဘောင် အဆင့်အတန်းမီသူများ ဖြစ်နေတဲ့ အခါကျတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံသား အများစုက မြန်မာအစိုးရ အပေါ် အမျက်ထွက်နေတာလည်း တွေ့နေရတယ်။ ဒါပေမယ့် စင်ကာပူ အစိုးရကတော့ စီးပွားရေးကို ဦးစားပေးသွားမှာ ဖြစ်ပြီး ကြားနေ ပုံစံအတိုင်းသာ ဆက်လက် ရပ်တည် သွားပါလိမ့်မယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အင်အားကြီး နိုင်ငံတွေ ဖြစ်နေပြီး၊ ကျန်တဲ့ နိုင်ငံ (၆) နိုင်ငံကို စည်းရုံးသိမ်းသွင်းပြီး မြန်မာအစိုးရ ကျူးလွန်နေတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုး ဖန်တီးလာနိုင်တာတွေ ရှိလာနိုင်ပါတယ်။

ရိုဟင်ဂျာအရေးက ပြည်တွင်းရေးပါ၊ နိုင်ငံတကာ ၀င်ရောက်စွက်ဖက် စရာမလိုဘူး ဆိုတဲ့ အပြောနဲ့ ရပ်နေလို့ မရဘူးဆိုတာကို မြန်မာအစိုးရ အနေနဲ့ နားလည်သင့်သလောက် နားလည်လာနေလို့ အခုလို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများကို တိုးတိုးတိတ်တိတ် အစည်းအဝေး ခေါ်လိုက်တာ ဖြစ်ပါတယ်။


RB News
11.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အချို့သို့ မောင်တောမြို့နယ် အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အဖွဲ့ သွားရောက်ခဲ့ပြီး၊ ဒေသခံ အချို့နှင့် တွေ့ဆုံခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သိရှိသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ရဟတ်ယာဉ် နှစ်စီးဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

ကြိမ်ကျောင်း ကျေးရွာအုပ်စု မြောက်ရွာမှ အာဏာပိုင်များ၏ လက်ကိုင်တုတ် တစ်ဦးဖြစ်သည့် ဦးအီဆုပ် (ဘ) ဦးဆုလ်တာန်အာမီးန်ကို အတူ ခေါ်ယူ၍ ငါးခူရကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။ ဒေသခံ ရိုဟင်ဂျာများက စစ်သားများ၏ ညှဉ်းပန်း နှိပ်စက်၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အမျိုးသမီးများကို အုပ်စုလိုက် မုဒိမ်းကျင့်မှုများကို တင်ပြခဲ့သည်။ ထို့နောက် ဦးရှည်ကျ ကျေးရွာသို့ သွားရောက်ရာ မနက်ပိုင်းကပင် စစ်သားများ ၀င်ရောက်လာပြီး ဒေသခံများကို မောင်းထုတ်ခဲ့သောကြောင့် ဒေသခံများနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

မွန်းလွှဲပိုင်းတွင် ငါးစားကြူး ကျေးရွာအုပ်စု၊ ပြောင်းပိုက်ရွာသို့ သွားရောက်ခဲ့သည်။ အဆိုပါ ကျေးရွာတွင်လည်း မနက် (၉) နာရီတွင် စစ်သားများ ၀င်ရောက်၍ ကော်မရှင်အဖွဲ့အား ကြိုဆိုရန် စောင့်ဆိုင်းနေသည့် ဒေသခံများကို ရိုက်နှက်ခဲ့သည်။ ဒေသခံများက ကော်မရှင်အဖွဲ့အတွက် ရေသန့်ဘူးများပင် ၀ယ်ယူ၍ စောင့်ဆိုင်းနေခဲ့ရာ စစ်သားများက “မင်းတို့အဖေအတွက် ၀ယ်ထားတာလား” ဟု ဆဲဆို၍ သိမ်းဆည်းခဲ့သည်။ ထို့နောက် ရာအိမ်မှူး ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သို့သော်လည်း ကော်မရှင်အဖွဲ့ ရောက်လာသည်နှင့် ရွာသား အချို့ လာရောက် တွေ့ဆုံပြီး အဖြစ်အပျက်များ စုံစုံလင်လင် တင်ပြနိုင်ခဲ့သည်။ စစ်သားများကို ဒေသခံပြည်သူများကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း၊ အချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ အိမ်များကို လောင်ချာဖြင့် ပစ်ခတ်၍ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ အကြောင်း တင်ပြခဲ့သည်။

စစ်သားများ၏ မုဒိမ်းကျင့်ခြင်းကို ခံရသည့် အမျိုးသမီးတစ်ဦးကလည်း ၎င်းကိုယ်တိုင် မုဒိမ်းကျင့်ခံရခြင်းနှင့် ပတ်သက်၍ တင်ပြခဲ့ပြီး၊ အသက်  ၁၂ နှစ်၊ ၁၃ နှစ်နှင့် ၁၅ နှစ် အရွယ် မိန်းကလေးများ အပါအ၀င် အခြား အမျိုးသမီးပေါင်း များစွာကို စစ်သားများက အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း အကြောင်း များကို တင်ပြခဲ့သည်။

ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် စစ်သားများသည် ကြက်ရိုးပြင် ကျေးရွာသို့ ၀င်ရောက်၍ ဒေသခံ ရွာသားများကို ရွာမှ မောင်းထုတ်ခဲ့သည့် အပြင် မော်တော်ဆိုင်ကယ်များ၊ စောင်များ၊ ဆိုလာပြားများနှင့် ဘက်ထရီများ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မော်တော်ဆိုင်ကယ်နှင့် ဆိုလာပြားများ လုယက်ခံရသူများမှာ --

(၁) မိုဟာမတ်ကာဆိမ်း (ဘ) ဦးကော်ဘိရ်အဟမတ် (အသက် ၂၅ နှစ်)
(၂) ဦးကော်လိမ် (ဘ) ဦးဖော်ဇော်လ် အဟမတ် (အသက် ၂၇ နှစ်)
(၃) အာဘူတယုပ် (ဘ) ဦးရှရီဖ်ဟူစိန်း (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

MYARF နှင့် Rohingya Eye တို့မှ သတင်းပေးပို့သည်။ 


Rohingya Eye
RB News
11.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာ တစ်ဦး ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ ည (၈) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် တောင်ရွာထဲသို့ ၀င်ရောက်၍ ကင်းလှည့်နေစဉ် ခွေးဟောင်သံကြား၍ အိမ်တံခါး ဖွင့်ကြည့်သော ဦးဖော်ဇော်ကော်ရိမ်း (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၃ နှစ်) ကို ဖမ်းဆီး၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ည (၇) နာရီ အချိန်တွင်လည်း နေအိမ်ရှေ့တွင် ထိုင်စကားပြောနေသူ နှစ်ဦးကို ဖမ်းဆီး၍ အဆိုပါ နယ်ခြားစောင့်ရဲများက ငွေကျပ် (၇) သိန်းခွဲ ညှစ်ယူခဲ့သည်။

“ကျွန်တော်တို့ ရွာမှာတော့ တည်ငြိမ် အေးချမ်းနေပါတယ်။ ဘာပြဿနာမှ မရှိဘူး။ အခု နယ်ခြားစောင့်ရဲတွေ ပြန်ရောက်တာနဲ့ ငွေညှစ်နေတာကတော့ ရွာရဲ့ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားအောင် လုပ်နေတာနဲ့ အတူတူပါပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။


UN Photo/Amanda Voisard


ရိုနေဆန်းလွင်
RB News
11.12.2016

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ နေရာမှာ ပိုမိုထိရောက်ဖို့ အတွက် ဗီဂျေနံဗီးယားကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အဖြစ်ခန့်အပ်ထားခဲ့တယ်။ အခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ သက်တမ်း ကုန်ဆုံးသွားပေမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထောက်ခံတင်ပြခြင်း မရှိလို့ သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ သူ့နေရာမှာ လူစားလည်း ထိုးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးက အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အပြင်၊ အခြားသော တိုင်းရင်းသားတွေလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရလို့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အထူး အကြံပေးပုဂ္ဂိုလ် ထားပြီး၊ မြန်မာအစိုးရနဲ့ရော တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ထိတွေ့ ဆက်ဆံစေခဲ့တယ်။ 

ဗီဂျေနံဗီးယားက မြန်မာအစိုးရဘက်ကို မျက်နှာလိုက်တယ်ဆိုပြီး အတော်လေး နာမည်ဆိုးနဲ့ ကျော်ကြားလာလို့ နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ မျက်နှာပျက်နေရသူ တစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အစီရင်ခံပုံ ညံ့ဖျင်းလို့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ဆိုရင်လည်း မှန်ပါမယ်။

အောက်တိုဘာလ (၉) ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၃) ခု တိုက်ခိုက်ခံရတဲ့ နောက်ပိုင်းမှာ ဒေသခံ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နေအိမ်တွေ မီးရှို့မှု၊ အမျိုးသမီးများကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေက မြန်မာအစိုးရက ဖုံးကွယ်ပြီး ငြင်းဆိုနေပေမယ့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းမှာတော့ ဘယ်လိုမှ ပစ်ပယ်ထားလို့ မရတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်ဘက်က ရပ်တည်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြစ်တင် ဝေဖန်တာတွေ လုပ်လာတော့ အခြေအနေက ပိုဆိုးလာတယ်လို့ ဆိုရပါမယ်။ 

နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက် အနေနဲ့ အမှန်တရားဘက် လိုက်ပြောရမယ့် အစား စစ်တပ်က ကျူးလွန်နေတဲ့ ရာဇ၀င်မှုတွေကို ဖုံးဖိပြီး ဘက်လိုက်ပြောနေတာက နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် အမျက်ထွက်စရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ 

ရိုဟင်ဂျာအရေးကို တောက်လျှောက် လေ့လာနေတဲ့ သတင်းထောက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊  နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြန်လည် ဝေဖန်တာကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ အတော်လေးကို ကျဆင်းသွားပြီလို့ ဆိုရပါမယ်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပြဿနာရဲ့ အစိတ်အပိုင်းလို့ ပေါ်ပေါ်တင်တင် ဝေဖန် ပြောဆိုနေကြတယ်။ 

အဲလို ဝေဖန်သံတွေ ဆူဆူညံညံ ထွက်လာတဲ့ အချိန်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနံဗီးယားက ဒေါ်အောင်ဆန်းစုကြည်ကို ဘူးသီးတောင်၊ မောင်တောမြို့တွေကို သွားပြီး အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို သေချာတာဝန်ယူပေးမယ်လို့ ပြောဆိုဖို့ တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တယ်။ အဲလို တိုက်တွန်းချက်ကလည်း တကယ်တမ်းမှာ ကိုယ့်နိုင်ငံထဲမှာ ဘာဖြစ်နေသလဲဆိုတာ ကိုယ်တိုင် သွားကြည့်မှ သိမယ်လို့ နိုင်ငံပြင်ပက လူတစ်ယောက်က ပြောလိုက်သလိုပါပဲ။ ဘာမှ မဖြစ်ဘူးလို့ ပြောမနေနဲ့လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ 

နံဗီးယားရဲ့ ကြေညာချက်နဲ့ အတူ အမေရိကန်၊ ကနေဒါနဲ့ ဥရောပ (၁၄) နိုင်ငံကလည်း လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးခွင့် ပိတ်ပင်ထားတာကို အမြန်ဆုံး ဖွင့်ပေးဖို့ တောင်းဆိုလိုက်တယ်။ အဲဒီကြေညာချက်က နံဗီးယားရဲ့ ကြေညာချက်ကို ကျောထောက်နောက်ခံ လုပ်ပေးထားသလိုဖြစ်ပြီး၊ ကုလသမဂ္ဂနဲ့ အတူ ဒီ အင်အားကြီး နိုင်ငံတွေလည်း အတူရပ်တည်နေတယ်လို့ ပြောလိုက်တာပါ။

ဗီဂျေနံဗီးယားလို လူကတောင် ဒီလို ကြေညာချက် ထုတ်တယ်ဆိုရင် ရိုဟင်ဂျာတွေရဲ့ အခြေအနေက အရမ်းကို ဆိုးရွားနေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မှတ်ချက်ချကြတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြီးအကဲ ဖြစ်တဲ့ ဇားသ်အလ်ဟူစိန်းကလည်း မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးတွေကို လုပ်နေတာတွေက လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု အထိ ဖြစ်လာနိုင်တယ်လို့ တရားဝင် ကြေညာချက်နဲ့ ပြောဆိုပြီးတဲ့နောက်မှာ ဒီဇင်ဘာလ (၁၀) ရက်နေ့ Facebook Live အမေးအဖြေမှာ မြန်မာအစိုးရက ရိုဟင်ဂျာတွေ အပေါ် လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ ဆယ်စုနှစ်များစွာ ရှိပြီလို့ ပြောဆိုလိုက်ပါတယ်။ 

ဒါတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျွန်မတ်ကီစ္စစ်ကလည်း မြန်မာအစိုးရက ရိုဟင်ဂျာတွေကို လူမျိုးတုန်း သန့်စင်ရေး လုပ်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ 

အခုလာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ကုလသမဂ္ဂ အထွေထွေရေးမှူးချုပ် အသစ် ဖြစ်လာမယ့် António Guterres ကလည်း ရိုဟင်ဂျာအကြောင်းကို သေချာနားလည်သူပါ။ ဦးသိန်းစိန် လက်ထက်တုန်းက ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ခေါ်သွားဖို့ တောင်းဆိုခဲ့တာကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဖွဲ့အစည်း နှစ်ခုက term နှစ်မျိုးထွက်လာတယ်။ Ethnic Cleansing နဲ့ Crimes Against Humanity - ဒီ term နှစ်ခုလုံးက တရားဝင်ရပ်တည်လာပါတော့မယ်။ အဲလို ရပ်တည်လာရင် အဲဒီ ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့ အတွက် ကုလသမဂ္ဂကနေ နိုင်ငံတကာခုံရုံး (ICC) ကို ပို့လို့ရတဲ့ နည်းလမ်းတွေ ရှိလာပါလိမ့်မယ်။ အချိန်တော့ နည်းနည်း ကြန့်ကြာနိုင်ပါမယ်။ သို့ပေမယ့် ရာဇ၀တ်မှုအတွက် တရားစီရင်မှုတော့ တကယ်ကို ရှိလာပါလိမ့်မယ်။ 

ဒါတွေ အားလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် နံဗီးယား နေရာကို သက်တမ်းလည်း မတိုး၊ လူစားလည်း မထိုးတာက ရာဇ၀တ်မှုကို စတင် ကိုင်တွယ်ဖို့ အတွက် သံတမန် အဆင့် လျှော့ချလိုက်တယ်လို့သာ သုံးသပ်မိပါကြောင်း။




Rohingya Eye
RB News
10.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်ခြင်း လုပ်ငန်းကို ပြန်လည် စတင်နေကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ရဲကင်းစခန်းများကို ယာယီ ရုပ်သိမ်းခဲ့ပြီး၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ စတင်၍ ကင်းစခန်းများတွင် နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ည (၇) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျေးရွာအတွင်းသို့ ၀င်ရောက်ပြီး နေအိမ်၏ ရှေ့မျက်နှာစာတွင် ထိုင်စကားပြောနေသူ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူနှစ်ဦးမှာ --

(၁) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးဆုလ်တာန် (အသက် ၃၄ နှစ်)
(၂) မော်လ၀ီ ဦးအီနုစ် (ဘ) ဦးဆော်ဒူ (အသက် ၃၂ နှစ်) တို့ဖြစ်သည်။

ဦးဇာဟိတ်ဟူစိန်း ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ပြီး၊ မော်လ၀ီ ဦးအီနုစ်ထံမှ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဦးအီနုစ်သည် မြောတောင် ကျေးရွာမှ ဖြစ်ပြီး ကျောက်ပြင်ဆိပ် ကျေးရွာရှိ ဆွေမျိုးများထံသို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် လိုအပ်သည့် တရားဝင် ရွာထွက်လက်မှတ်ဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။

နယ်ခြားစောင့်ရဲများသည် အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှု မတိုင်ခင်ထိ နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများ ကျူးလွန်ခဲ့ပြီး၊ ယခုအခါ ၎င်းတို့၏ ပုံမှန် ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခြင်းများ တစ်ဖန် ပြန်လည် စတင်လာခြင်း ဖြစ်သည်။


MYARF
RB News
10.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားအောင်ပ ကျေးရွာမှ ရပ်မိရပ်ဖ သုံးဦးကို ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဘုရားပြင်အောင်ပ ကျေးရွာမှ ရပ်မိရပ်ဖ သုံးဦး ဖြစ်ကြသော (၁) ဦးမူဟာမတ်တာဟဲရ် (ဘ) ဦးကာဆိမ်း (အသက် ၆၂ နှစ်) (ရယက အတွင်းရေးမှူးဟောင်း)၊(၂) ဦးအစ္စမိုင်လ် (ဘ) ဦးကာဆိမ်း (အသက် ၄၆ နှစ်) နှင့် (၃) ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘုလ်ဟာရှိမ်း (အသက် ၄၁ နှစ်) တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ကို အစပိုင်းတွင် အမှတ် ၁၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ရက်တိတိ ချုပ်နှောင်ထားခဲ့ပါသည်။ နောက်တစ်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်ရှိ အချုပ်စခန်းသို့ ပို့ဆောင်၍ ဆက်လက် ချုပ်နှောင်ထားကြောင်း သိရှိပါသည်။ 

အဆိုပါ ရပ်မိရပ်ဖ များသည် မည်သည့် ပြစ်မှုမှ ကျူးလွန်ထားခဲ့သူ မဟုတ်ကြောင်း၊ ဤကဲ့သို့ အပြစ်မဲ့ ပြည်သူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းကို နားလည်ရခက်နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ ညောင်ချောင်း နယ်မြေ အတွင်းရှိ ကျေးရွာအုပ်စု တိုင်းမှ ရွာမျက်နှာဖုံး အမျိုးသားများ အနည်းဆုံး ၂၀ ဦး ကို အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်နေ့၌ ဖြစ်ပွားခဲ့သော မောင်တော ပြဿနာ၌ ပါဝင်ပတ်သက်နေသူများ အဖြစ် ပုံဖော် ဖမ်းဆီးရန် ရှိနေကြာင်း သိရှိရ၍ ဒေသခံများအကြား စိုးရိမ်ပူပင်နေရကြောင်း ဒေသခံများက ပြောပါသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက "ပြဿနာ ဖြစ်နေတာက မောင်တောမှာ။ လူဖမ်းနေတာက ဘူးသီးတောင်မှာ။ ဒါက သူတို့ ဒီလောက်အရေအတွက် ဖမ်းမယ်ဆိုပြီး တမင်တကာ လိုက်ဖမ်းနေတာပဲ။ ၂၀၁၂ ပြဿနာတုန်းကလည်း အယောက် ၁၀၀၀ ဖမ်းမယ်ဆိုပြီး အပြစ်မဲ့တွေ အကုန်ဖမ်းဆီးသလိုပါပဲ အခုလည်း အဲလို ဖမ်းနေတာ။ ရွာမျက်နှာဖုံးတွေကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ပဲ" ဟု သုံးသပ်ပြောဆိုသည်။




စန္ဒာ့မောင်စိက္ကေ (MYARF)
RB News
10.12.2016

ဒီစကားလေးကို ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက်တုန်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုခဲ့တဲ့ စကားလေး ဖြစ်ပါတယ်။

မီးလောင်ရာ လေပင့်ဆိုတာဟာ လောင်နေတဲ့ မီးကို ပိုပြီး တောက်လောင်အောင် မီးမွေးပေးခြင်း၊ ဖေးမကူညီခြင်း၊ ရေလာမြောင်းပေးခြင်း လုပ်ပေးတာကို ဆိုလိုတယ်လို့ နားလည်ရပါတယ်။ ဒီမီးကြီးဟာ ရခိုင်ပြည် အနောက်မြောက်ပိုင်း၊ မောင်တောဒေသမှာ အောက်တိုဘာလကစပြီး ယနေ့ထိ ဖြစ်ပွားနေတဲ့ ပြဿနာကို ရည်ညွှန်းဆိုလိုတာ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်တာကို တင်စားပြီး ပြောလိုက်တဲ့ စကားလေးပါပဲ။ ဒီတော့ မောင်တောပြဿနာမှာ ပြဿနာ တစ်ခုတည်းသာ မဟုတ်ပဲ၊ တကယ်တမ်း မီးစစ်စစ် လောင်နေတာ ဖြစ်ပါတယ်။

ဒီပြဿနာ မီးကြီးဟာ ဘာဖြစ်လို့ ဖြစ်လာရတာလဲဆိုရင် ဇစ်မြစ်ကို သိမှ အဖြေမှန် ထွက်လာမှာပါ။ ဒီမီးကြီးဟာ ရိုဟင်ဂျာလို့ ခေါ်တဲ့ လူမျိုးကို လူမျိုးတုန်းအောင် ဖြည်းဖြည်းချင်း အကွက်ဆင် သတ်ဖြတ်နေတဲ့ မီးကြီးပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးဟာ ခေတ်အဆက်ဆက်က တိုင်းရင်းသား၊ နိုင်ငံသား လူအခွင့်အရေးကို အပြည့်အဝ ရရှိတဲ့ ဘဝကနေ နိုင်ငံမဲ့ ဘဝသို့ တွန်းပို့ ခံလိုက်ရတယ်။ နောက်ဆုံး လူမျိုးပါ တုန်းသွားအောင် အကွက်ဆင်ပြီး လောင်နေစေတဲ့ မီးကြီးပါ။ ဒီနေရာမှာ အကွက်ဆင်တယ်လို့ ဘာလို့ ပြောနိုင်သလဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါဟာ သန်းနဲ့ ချီတဲ့ မူးယစ်ဆေးဝါး ရောင်ဝယ်ရေးနဲ့ အရာရှိကြီးတွေထဲမှာ အဝေမတည့်လို့ မကျေနပ်တဲ့ အဖွဲ့က ဖန်တီးတိုက်တဲ့ တိုက်ပွဲလည်း ဖြစ်နိုင်တယ်။ ဒါကို ရိုဟင်ဂျာတွေ လာတိုက်တယ်လို့ ပြောပြီး လှုပ်ရှားလိုက်တာပါပဲ။

တစ်ခါ မောင်တော တောင်ပိုင်းမှာ ဘဂုံးနာကျေးရွာ အုပ်စု၊ နူရူလာရွာ ကိစ္စ။ ဒီကိစ္စဟာ နေခင်းပိုင်းလောက်က ရဲဘော် (၂) ဦး ရန်ဖြစ်ကြတယ်။ ဒါကို ရဲမှူးကြီးက လာပြီး ညနေ (၄) နာရီလောက်မှာ ပြန်ဖြေပေးလိုက်တယ်။ ရဲမှူးကြီးလည်း ပြန်တော့  ည (၈) နာရီလောက်မှာ ရန်ဖြစ်ခဲ့တဲ့ ရဲဘော် (၂) ဦးက အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်ကြတဲ့ ကိစ္စပါပဲ။ ဒါကိုလည်း ရိုဟင်ဂျာအပေါ် အပြစ်ပုံချလိုက်တယ်။ ပြီးတော့ နောက်တစ်ခုက မြင်းလွတ် စာသင်ကျောင်းအတွင်း ဆရာ၊ဆရာမများ အဆောင် နှစ်ကြိမ်တိုင်တိုင် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကိစ္စပါ။ မြင်းလွတ်ကျောင်းဟာ စရဖအဖွဲ့၊ ရခိုင်ရွာနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတာပဲ။ ရိုဟင်ဂျာရွာနဲ့ အလှမ်းဝေးတယ်။ ဒီထဲမှာ မီးလောင်မှု ဖြစ်တယ်။ ဒါကိုလည်း ရိုဟင်ဂျာလူမျိုးအပေါ် ပုံချလိုက်တာပဲ။ ဒါနဲ့ အကွက်ဆင် တိုက်ခိုက်တာလို့ ပြောချင်တာ ဖြစ်ပါတယ်။

ဒီတော့ ဘာဖြစ်လာလဲ။ နယ်မြေ ရှင်းလင်းရေး လုပ်တယ်။ ဥပဒေနဲ့ ညီတယ်တဲ့။ ဖြစ်ပျက်မှုတွေကိုကြည့်ရင် အစိုးရက ကြေညာတာနဲ့ မြေပြင်မှာ တကယ် ဖြစ်နေတာဟာ မိုးနဲ့မြေ ကွာနေတာပါပဲ။ အစိုးရ ကြေညာတာက မီးလောင်မှုမှာ ပါသွားတဲ့ အိမ်ခြေ (၁၄၅) လုံး၊ မြေပြင်မှာ (၂၅၀၀) လုံး ကျော်၊ လူသေတာက (၆၉) ဦး၊ မြေပြင်မှာက (၅၀၀) ဦးကျော်။ ဒါ့အပြင် ကျေးရွာပေါင်း (၁၂) ခုက နေအိမ်တွေမှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေအကုန်  စစ်ကားတွေပေါ် တင်ပြီး နတလရွာတွေကို သွားပေးလိုက်၊ ရွာထဲမှာရော လယ်ပြင်မှာပါ တွေ့ရှိတဲ့ ကြက်၊ဘဲ၊ဆိတ်၊ကျွဲနဲ့ နွားတွေကို ဖမ်းဆီး မောင်းယူလာပြီး နတလရွာသားတွေကို သွားဝေပေးလိုက်တာက ဥပဒေနဲ့အညီလုပ်နေတာလား။

ဒါ့အပြင် အမကြီး ဒေါ်အောင်ဆန်းစုကြည်ရော ဘယ်လို ခံစားမိပါသလဲ။ အမကြီးလို ဘဝချင်းတူတဲ့ အမျိုးသမီးပေါင်း (၃၀၀) နီးပါးကို အဓမ္မပြုကျင့်လိုက်တယ်။ အဲဒီထဲမှာ ချောချောလေး မိန်းကလေးတစ်ဦးကို စစ်သားတွေက အုပ်စုဖွဲ့ မုဒိမ်းကျင့်လိုက်တော့ ဘာကုသမှုမှ မခံယူနိုင်ပဲ ဝေဒနာပြင်းပြင်းကြီးနဲ့ အသက်ဆုံးရှုံးခံလိုက်ရတော့တယ် အမကြီးရေ။

ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြလာတယ်။ အဲ့တော့ ဒါတွေကို မီးလောင်ရာ လေပင့်နေတယ်လို့ ပြောရင် ဘယ်သူက မီးငြိမ်း၊ ဘယ်သူက လေပင့်တယ်ဆိုတာ စဉ်းစားကြည့်ရင်တော့ အဖြေက ရှင်းနေပါလိမ်မယ့်။

တကယ်ဆိုရင် လူတစ်ဦးကို လက်ညှိုးထိုးလိုက်ရင် လက်ညှိုးနဲ့ လက်မဟာ ထိုးသူဖက်ကို ဦးတည်ပေမယ့် လက်သန်းနဲ့ လက်သူကြွယ်၊ လက်ခလယ်တွေ ကျတော့ ကိုယ့်ဖက်ကိုပဲ ဦးတည်နေမှာဘဲ။ ဒါကိုလည်း သတိချပ်ဖို့ လိုပါလိမ့်မယ်။

ဒီဇင်ဘာ (၄) ရက်နေ့က အမကြီး ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးလိုက်တဲ့ ကိုဖီအာနန် ရခိုင်ကော်မရှင်က မောင်တောကို ရောက်ပြီး စစ်တွေအပြန်မှာ သတင်းထောက်တွေ မေးမြန်းကြတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဆိုသူက အဲဒီမှာ မီးလောင်တာတွေ့တယ်၊ ရွာသားတွေမှာ စားစရာတွေ ရှားပါးတယ်လို့ ပြောတယ်။ NGO တွေကို သွားခွင့် မပြုဘူးတယ်တဲ့။ မီးရှို့တာက သူတို့ဟာကို သူတို့ပဲ မီးရှို့တယ်လို့ ဝေဝေဝါးဝါး ပြောဆိုတယ်။ ဒါကို ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို မေးကြည့်တော့ တိုတိုတုတ်တုတ် ပြတ်ပြတ်ပဲ ပြောလိုက်တယ်။ သူကကြောက်နေတော့ Comment တော့ သိပ်မပေးချင်ဘူးတဲ့။ ဒါပေမယ့် အစိုးရက ကြေညာတာနဲ့ ရွာသူရွာသားတွေက ပြောလိုက်တာနဲ့ မတူဘူးလို့ ပြောသွားပါတယ်။ အဲဒီတော့ စဉ်းစားကြည့်ရင်တော့ အဖြေမှန်က ဘာလဲဆိုတာ ပေါ်လာတော့မှာပဲ။

အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ မီးရှုးတန်ဆောင်ကြီးပါ။ မညိုးပန်းလို့ပဲ တင်စားခေါ်ဝေါ်လို့ ရပါတယ်။ မညှိုးပန်းဆိုတာ ဘယ်တော့မှ မညိုးစေလိုတာကြောင့် “ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ရေရွတ်လိုက်ရပါတော့တယ်လို့ ပြောရင်း…။




RB News
9.12.2016

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဖြစ်တဲ့ မစ္စတာဗီဂျေနံဗီးယားက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်နေရတဲ့ အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက တရားဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့၊ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ လုပ်ဆောင်ဖို့ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်စေတာတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်တာတွေ မလုပ်ဆောင်ဖို့ ကုလသမဂ္ဂ အနေနဲ့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေ အနေနဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ပေးဖို့ လိုပြီး လူသားချင်းစာနာမှု အထောက်အပံ့ အကူအညီတွေ ပေးနိုင်ဖို့ လမ်းတွေဖွင့်ပေးဖို့ လိုတဲ့အကြောင်း၊ အစိုးရက ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် စုံစမ်းရေး ကော်မရှင်ကလည်း သီးခြားလွတ်လပ်တဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ရင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာက ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုပါ ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ နံဗီးယားရဲ့ ကြေညာချက်ထဲ ရေးသားထားပါတယ်။

ပြစ်မှုကျူးလွန်သူများရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း နားလည်တဲ့ အကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီက ပြည်သူများရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ တို့ကို ထည့်သွင်းစဉ်းစားရမယ့် အပြင် သေချာ ကာကွယ်ပေးဖို့လည်း လိုတဲ့အကြောင်း၊ နေအိမ်စွန့်ခွာပြီး ထွက်ပြေးသွားရသူများကိုလည်း အစိုးရက သူတို့ရဲ့ အိမ်တွေမှာ ပြန်လည် နေထိုင်ခွင့် ပေးရမှာ ဖြစ်ကြောင်း၊ အစိုးရ အကြီးအကဲတွေအနေနဲ့ လူမျိုး၊ ဘာသာ၊ လိင်၊ အဆင့်အတန်း မခွဲခြားဘဲ ကာကွယ်ပေးမယ် ဆိုတာကို ပြောဆိုဖို့ လိုကြောင်း၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သေချာကိုင်တွယ် ဖြေရှင်းဖို့ အားလုံးမှာ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကို ကြားသိနေပြီ ဖြစ်ပေမယ့်လည်း အစိုးရ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ငြင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ စိတ်ပျက်နေတာတွေ တွေ့နေရကြောင်း၊ မြန်မာပြည်သူတွေ အနေနဲ့လည်း အကြမ်းဖက်မှု၊ စည်းလုံးညီညွတ်မှု ပျက်ပြားတာတွေ၊ ခွဲခြားနေတာတွေကို ဆန့်ကျင်ဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မောင်တောနဲ့ ဘူးသီးတောင်ကိုသွားပြီး ပြည်သူတွေကို ကာကွယ်ပေးမယ့် အကြောင်းကို သေချာ ပြောဖို့လိုတယ်လို့ တိုက်တွန်းတယ်လို့ မစ္စတာနံဗီးယားရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။

MYARF
RB News
8.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာတွင် ဒီဇင်ဘာလ (၇) ရက်နေ့က စစ်သားများ ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အပြစ်မဲ့ ရွာသား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၅၀၀ ဦးခန့် ဦးရှည်ကျ ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသဖြင့် အမျိုးသားများ ထွက်ပြေးကြရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

“မနက်ပိုင်းမှာ သက်ကြီးရွယ်အို တွေချည်း ဖမ်းခံရတယ်။ အဖိုးကြီးတွေ ဆိုပြီး လွှတ်မပေးဘူး။ အရမ်းကို ရိုက်တာ။ အသက် ၆၀ အရွယ် ဦးမာတ်အာလမ် ကို ဖမ်းပြီးတော့ သူ့အိမ်ကို ၀င်တယ်။ လုခံရမှာစိုးလို့ မြေကြီးမှာ မြှပ်ထားတဲ့ ငွေ ၃ သိန်းနဲ့ ရွှေနားကပ် ၃ ရံကို စစ်သားတွေက တူးဖော်ပြီး လုသွားတယ်။ သူ့အိမ်က အိမ်ထရံတွေ အကုန်ဖျက်ဆီးပစ်တယ်။ ပြီးတော့ အိမ်က ဆန်တွေကို ချက်စားပစ်တယ်။ အိမ်ထဲက ပစ္စည်းတွေကိုလုတယ် ဖျက်ဆီးတယ်။ ဦးမာတ်အာလမ်ကို ရိုက်တာ မျက်နှာပါ ကွဲပြဲသွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဦးမာမတ်နိုဘီ ဆိုရင် အသက် ၈၅ နှစ် အရွယ်ပါ။ သူ့ကို စစ်သားတွေ ၀ိုင်းရိုက်တာ သွားပါ ကျိုးသွားတယ်” အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

နံနက် (၈) နာရီ အချိန်တွင် အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်အပြင်သို့ ထွက်ခိုင်း၍ ရွာအပြင်ဖက် ချောင်းနားရှိ ဦးရှည်ကျ ဈေးရှေ့ လယ်ကွင်းတွင် စုထားခဲ့သည်။ ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အမျိုးသမီးများကို လိင်စော်ကား၍ စစ်ဆေးပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသည့် ရွှေများ၊ ၀ှက်ထားသည့် ငွေသားများကို လုယက်ခဲ့သည်။

စစ်သားအချို့နှင့် နယ်ခြားစောင့်ရဲ အချို့သည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်းကို ပြုလုပ်ခဲ့သည်။

“ဆိုင်ကယ် ၆ စီးနဲ့ နွားတွေအများကြီး လုယက်သွားတယ်” ဟု ရွာလူကြီးတစ်ဦးက ပြောပါသည်။

အမျိုးသမီးများနှင့် အတူရှိနေသည့် စစ်သားများက အကြမ်းဖက်သမားများကို မပြပေးပါက ဖမ်းဆီး၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

နေ့လည် ၃ နာရီခန့် အချိန်တွင် အမျိုးသမီးများနှင့် ကလေးများကို အိမ်ပြန်ခွင့် ပေးပြီး၊ ညနေ ၄ နာရီ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်သွားခဲ့သည်။ ၎င်းတို့ ပြန်သွားပြီးနောက် အမျိုးသားများ ပြန်လည် ရောက်ရှိလာရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲ များသည် ည ၆ နာရီ အချိန်တွင် ရွာထဲသို့ ၀င်ရောက်၍ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်လည် ၀င်လာသည်နှင့် အမျိုးသားများ ရွာမှထွက်ပြေးခဲ့ကြသည်။ အမျိုးသမီးများကို စစ်သားများက နေအိမ်မှ အပြင်သို့ ထွက်၍ နေအိမ်အတွင်းသို့ ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကံပြင်ရွာမှ ရခိုင်အစွန်းရောက်များက အိမ်များနှင့် ဆိုင်များမှ လုယက်ခဲ့ကြောင်း သိရှိရသည်။

ဦးရှည်ကျ ကျေးရွာတွင် အောက်တိုဘာလ၌ စစ်တပ်က နေအိမ်များ အတွင်း ၀င်ရောက် ဖျက်ဆီးထားသည့်ပုံ 

အင်ဒိုသမ္မတနဲ့ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ရခိုင်အရေး ဆွေးနွေး

ဗွီအိုအေမြန်မာပိုင်း
8.12.2016

မြန်မာ အစိုးရရဲ့ ရခိုင်အရေး အကြံပေး ကော်မရှင် ဥက္ကဌ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို အရေးယူ ဖြေရှင်းရေးနဲ့ အင်ဒိုနီးရှား နိုင်ငံဘက်က စိုးရိမ်မှုတွေကို အင်ဒိုနီးရှား သမ္မတ Widodo က ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတ နန်းတော်က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေ၊ နောက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြသနာတွေကို ရခိုင် အကြံပေး ကော်မတီ ဥက္ကဌ ကိုဖီအာနန်နဲ့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ အပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကူအညီတွေ ချက်ချင်းပေးနိုင်အောင် အဆင်သင့် ရှိနေကြဖို့လည်း အစိုးရ အဖွဲ့ကို ညွှန်ကြားထားတဲ့ အကြောင်းလည်း သမ္မတ ၀ီဒိုဒိုက ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံဘက်က ကမ်းလှမ်းထားတဲ့ အကူအညီတွေဟာ ရခိုင်လူမှု အသိုင်းအ၀ိုင်း နှစ်ဘက်ကကြား မျှတတဲ့ အကူအညီတွေ ဖြစ်ရင် ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာဘက်က တုံပြန်ထားတာပါ။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ ၂ ရက်တာ ကျင်းပနေတဲ့ ဒီမိုကရေစီ ဖိုရမ်ကို တက်ရောက်နေတာ ဖြစ်ပြီး ဒီအစည်းအဝေး ပြင်ပမှာ အင်ဒိုနီးရှား သမ္မတနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး၊ လက်နက် အမြောက်အများ ပျောက်ဆုံးခဲ့ရမှု နောက်ပိုင်း မြန်မာ အစိုးရဘက်က ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတာပါ။ ဒီအခြေအနေမှာ ဒေသခံတွေအပေါ် မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အရေး ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်တွင်း အစိုးရဘက်က လုံခြုံရေး ကိစ္စ ဆောင်ရွက်တာမှာ လူနည်းစု မူဆလင်တွေ အပါအ၀င် ဒေသတွင်း လူမှု အသိုင်းအ၀ိုင်း တခုလုံးအပေါ် လေးစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် ဆောင်ရွက်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။

Rohingya Eye
RB News
8.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာမှ မိခင်နှင့် အရွယ်မရောက်သေးသော သမီးငယ်နှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၄) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် စစ်သားများနှင့် န.တ.လ ရွာသားများသည် မြောတောင် ကျေးရွာအုပ်စု၊ အလယ်ရွာသို့ ၀င်ရောက်လာခဲ့သည်။ ထို့နောက် စစ်သား (၇) ဦးသည် ဦး ------- ၏ နေအိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ဦး ---- က ၎င်းကို အကြောင်းမဲ့ ရိုက်နှက်၍ ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်သားများ လာနေသည်ကို မြင်သည်နှင့် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

စစ်သားများသည် ဦး ----- ၏ နေအိမ်အတွင်းသို့ ၀င်ရောက်၍ ဦး ----- ၏ အသက် ၃၆ နှစ် အရွယ် ဇနီးနှင့် အရွယ်မရောက် သေးသည့် အသက် (၁၅) နှစ်နှင့် အသက် (၁၃) နှစ် သမီးငယ် တို့ကို လူမဆန်စွာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။ သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူတို့ကို အချင်းချင်း ရှေ့မှောက်တွင်ပင် မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ (မိခင်နှင့် သမီးငယ်နှစ်ဦးတို့၏ အမည်များကို ဂုဏ်သိက္ခာကို ငှဲ့ကွက်၍ ချန်လှပ်ထားရခြင်း ဖြစ်သည်။)

ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လည် ၃း၂၀ နာရီ အချိန်တွင် အရပ်ဝတ် ၀တ်ဆင်ထားသော စစ်သားများ (သို့) နယ်ခြားစောင့်ရဲများနှင့် သရက်အုပ် ကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက် အချို့သည် သေနတ်နှစ်လက်နှင့် ဓါးရှည် သုံးချောင်း ကိုင်ဆောင်၍ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် မြောတောင် ကျေးရွာထဲသို့ ၀င်ရောက်လာခဲ့သည်။ ကျေးရွာထဲသို့ ၀င်ရောက်သည်နှင့် ဆိုင်ကယ်နှစ်စီး စီးနင်းသွားနေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသားနှစ်ဦးကို တွေ့သည့်အခါ ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး၊ ရခိုင်အစွန်းရောက်နှစ်ဦးက ဆိုင်ကယ်မှ သော့ကိုဖြုတ်ယူကာ ကျန်သည့်သူများက ရွာသားနှစ်ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။

ရိုက်နှက်ခံနေရသည့် ရွာသားနှစ်ဦးသည် ထိုနေရာမှ ရအောင် ထွက်ပြေးခဲ့သောအခါ ၎င်းတို့နှစ်ဦး၏ ဆိုင်ကယ်များကို စစ်သားများ (သို့) နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များက လုယက်ယူ၍ စီးနင်းသွားပြီး၊ ရွာအတွင်းရှိ လျှပ်စစ်ပစ္စည်း၊ စားကုန်ပစ္စည်းများ ရောင်းသည့် ဆိုင်ငယ်ရှေ့တွင် ရပ်တန့်ကာ ဆိုင်အတွင်းသို့ ၀င်ရောက်၍ လုယက်ပြီး ဆိုင်မှ ပစ္စည်းများ အားလုံး ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆိုင်ကယ် လုယက်ခံရသူ နှစ်ဦးမှာ --

(၁) ဦးကာမာလ် (ဘ) ဦးမာမွတ်ကော်ဘီရ် (အသက် ၄၀ နှစ်)
(၂) ဖာရ်ခါန် (အသက် ၂၃ နှစ်) တို့ဖြစ်ပြီး --

လုယက်ခံရသည့် ဆိုင်ရှင်မှာ အေလီယာစ် (ဘ) ဦးဆိဒိတ် (အသက် ၂၅) နှစ်ဖြစ်သည်။




ဘုရားသခင်ကို တိုင်ပြောပြမယ်

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
7.12.2016

သားက သိပ်ငယ်သေးတယ်လေ
သုံးမိုးသုံးဆောင်းတောင် မပြည့်သေးတဲ့ အရွယ်ပါ။
လောကကြီးရဲ့အချိုအခါး
ပတ်ဝန်းကျင်ရဲ့ အနေအထား
ဘာဆိုဘာမှ မသိသေးတဲ့ အရွယ်လေးပါပဲ။

လောကကြီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း
အမေရဲ့ရင်ခွင်နဲ့ အိမ်ကပုခက်ကလေးထဲမှာပဲ
တစ်လှည့်စီ ခိုလှုံနေရတာလေ။
ဒါပေမယ့်--
ပုခက်ကလေးမှာ သား မနေရတာ
အခုဆို ရက်သတ္တပတ် သုံးပတ်ကျော်ခဲ့ပြီ။

ဒီနေ့တော့--
ကြမ်းပြင်မှာ ပက်လက်နေတဲ့ သားကို
အမေ့က သူ့ရင်ခွင်ထဲ ပွေ့ပိုက်လို့
ခြေလှမ်းကျဲကျဲ လှမ်းနေတာ သား သတိပြုမိတယ်။
မြင့်တစ်ခါ နိမ့်တစ်လှည့် အမေရဲ့ခြေလှမ်းတွေကြောင့်
ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားတဲ့ ကြားကပဲ
သားခန္ဓာသေးသေးလေးက လှုပ်ခါနေလို့။
အမေ ရှုထုတ်တဲ့ ပင့်သက် ပူပူ
သားမျက်နှာပေါ် အဆက်မပြတ် ကျရောက်လို့။
တစ်ခါတလေ မျက်ရည်စက်ပူပူရော့ပဲလေ။

အမေရဲ့ရင်ဘတ်ထဲ မုန်တိုင်းတိုက်နေဘိအလား
အမေရဲ့ရင်ဘတ်ထဲ ငလျင်လှုပ်နေပြီဘိအလား
အမေ မောဟိုက်နေပြီ...
အမေရဲ့ရင်ဘတ်ထဲမှာလည်း ဆူညံနေပြီ။
ဪ... သား သတိရပြီ
အမေက ပန်းနာ ရောဂါသည်ကိုး။

×××××

အခုက ရေပေါ်လျှောက်နေသံ ကြားရပြီ။
ဟော... အမေ တစ်ခုခုပေါ် တက်ထိုင်လိုက်ပြီ။
ဘုရားသခင်ကို အမေ တသနေပြီ။
နေရောင်မရှိတာ အပထား...
လရောင်လေးတောင် ပိတ်ပိတ်ပျောက်နေတယ်။
အမေရေ ...
ဘာတွေ ဖြစ်နေလို့ ဘယ်ကိုဦးတည်သွားနေတာလဲ
ဟစ်အော် မေးလိုက်တဲ့အခါပေါ့
အမေက --
သူ့သားမြတ်အစုံ ဖုံးအုပ်ထားတဲ့ အဝတ်ကို ဟပေးခဲ့တယ်
သူ့သားလေး နို့ငတ်နေတယ်များ ထင်ခဲ့တာလား။
သားငိုသံကို အမေ ဘာသာ မပြန်တတ်ခဲ့တာ
ဒီတစ်ခါ ပထမဆုံး အကြိမ်ပါပဲ။

ဟော ... အမေ မဟုတ်တဲ့ လူစိမ်းတွေရဲ့အသံ
မကြားချင်းဘဲ သား နားထဲ ဆူဆူညံညံ။
အမေတိုက်တဲ့ နို့ပူပူ တစ်အောင့်စုပ်ပြီးနောက်
အမေရဲ့ ရင်ခွင်နွေးနွေးထဲမှာ သားအိပ်ပျော်သွားလေပြီ။

×××××


" ဒိုင်း... ဒိုင်း ... ဒိုင်း ဒိုင်း ..."
အဆက်မပြတ် ပေါက်ကွဲသံများ
သား နိုးနေချိန် ...
အမေရဲ့ ရင်ခွင်ထဲမှာ မဟုတ်တော့
ရေငန်တွေ သားပါးစပ်ထဲသို့ ဒလဟော စီးဝင်လို့။
သားကို ရေငန်မတိုက်ပါနဲ့လား
ခုနက အမေတိုက်တဲ့ နို့ပူပူ သောက်ခဲ့တာလေ။

အမေရေ ...သားကို ချန်ရစ်လို့ ဘယ်ရောက်နေတာလဲ
သားကို ရေငန် အတင်း တိုက်နေတာ
သား ဝမ်းတောင် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။
အမေရေ...သားနေသာတဲ့ အမေရဲ့ရင်ခွင် ဘယ်မှာလဲ။

××××

"ရက်စက်လိုက်တာဗျာ..."
"လူ့စိတ်မရှိလိုက်တာဗျာ..."
"ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ..."
"သနားလိုက်တာဗျ ..."

လူစိမ်းတွေ... သားမသိတဲ့ လူတွေ။
ဒီလူတွေ ဘာပြောနေတာပါလိမ့်။

ဘယ်သူက ရက်စက်တာလဲ
ဘယ်သူက လူ့စိတ်မရှိတာလဲ
သားက ဘာအပြစ်ကျူးလွန်လို့ အပြစ်ရှိရမှာလဲ
ဘယ်သူက သနားစရာ ဖြစ်နေတာလဲ
သား ... နားကိုမလည်ဘူး။
အိပ်ရာကို လက်နဲ့စမ်းနေမှတော့
အမေရဲ့ နွေးထွေးတဲ့ ရင်ခွင်အစား
အေးစက်တဲ့ ရွှံ့မြေပျော့ပျော့လေးပဲ တွေ့မိ။

ဟာ!!! ဒီလူတွေ...
သားကို ဘယ်ဆီ ချီယူသွားနေတာလဲ
အမေရဲ့ နူးညံ့တဲ့ လက်တွေလည်း မဟုတ်ဘူး။

ဟာ!!! ပိတ်စဖြူ ...
သားကို ဘာလို့ ဝတ်ပေးတာလဲ။

ဟာ!!! မြေတွင်းတစ်ခု ...
ဟာ!!! သားကို ထည့်ပေးပြီ ...
ဟာ!!! မြေဖို့ ပေးနေပြီ ...
အမေရေ ... သားကို လာကယ်ပါဦးလား။

ဘာအပြစ်ကျူးလွန်လို့ မြေမြုပ်နေတာလဲ။
ဟွန့်... ဒီလူတွေ ဘယ်သူမှ မဖြေဘူး။

ဪ...သားကို ဒင်းတို့ ဘယ်သူမှ မလိုတော့မှ
သားလည်း မြေကြီးအောက် သွားနေပါရစေ။

အဲ့ဒီအရပ်မှာ--
သားနဲ့ ပုံပန်းသဏ္ဍာန်တူတဲ့
ဆီးရီးယားက အီလန်ကူရ်ဒီနဲ့ မိတ်ဖွဲ့လို့နေတော့မယ်။

×××××

ဒါပေမယ့်--
မောပန်းလို့ ရှူထုတ်တဲ့
အမေရဲ့ ပင့်သက်ပူပူ အကြောင်း...
ရင်ဘတ်ပေါက်ထွက်လုမတတ် ဆူညံခဲ့တဲ့
အမေရဲ့ ပန်းနာပေါက်ခဲ့မှု အကြောင်း ...
အမေ ကျမိတဲ့ မျက်ရည်စက်ပူပူတွေ အကြောင်း....
"ဒိုင်း...ဒိုင်း" အသံကြောင့်
အမေနဲ့ခွဲကွာခဲ့ရတဲ့ အကြောင်း...
သား ဝမ်းပေါက်ထွက်လောက်အောင်
ရေငန် အတင်းတိုက်ကျွေးခဲ့တဲ့ အကြောင်း...
အရာရာကို... အသေးစိတ်...တစ်ခုမကျန်
ဘုရားသခင်ကို သား ... တိုင်ပြောပြမယ်။
သား... ဧကန် တိုင်ပြောပြမယ်။


ယျာတင်(ရိုဟင်းသား)


မှတ်ချက် ။ ။ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ၊ အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်၍ လှေဖြင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေရှ့်သို့ သွားနေစဉ် ဒီဇင်ဘာလ (၄)ရက်နေ့၌ ပင်လယ်အလယ်တွင် ရေတပ်၏ပစ်ခတ်မှုကြောင့် လှေမြုပ်ခဲ့၍ အသက်ဆုံးသွားခဲ့ရှာသူ ရိုဟင်ဂျာ ကလေးငယ်များအကြောင်းကိုပုံဖော်ပြီး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။





ကိုထက်အောင်
6.12.2016

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ အကြံပေးကော်မရှင်ဟာ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံးသတ်ဖြတ်မှူအဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှူတွေနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှူတွေဟာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ အဆင့်ကို ရောက်နေပြီလို့ စွပ်စွဲပြောဆိုနေချိန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းက ပြောဆိုလိုက်တာပါ။

လူမျိုးတုံးသတ်ဖြတ်မှူဆိုတဲ့ အသုံးအနှူန်းဟာ လေးနက်တဲ့ စကားလုံးဖြစ်သလို၊လက်တွေ့မှာ ဒီလိုပြောနိုင်ဖို့ ဆိုရင်တော့ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ လိုတဲ့အကြောင်း သူ့ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် အပြီး ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

မောင်တောဒေသက စစ်ဆင်ရေးတွေအတွင်း လုံခြုံရေး အာဏာပိုင်တွေက မူဆလင်တွေကို အဓမပြုကျင့်တာ၊ သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့အစောပိုင်းမှာလည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ တွေ့ဆုံမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှူတွေမှာ အရပ်သားတွေကို အကာအကွယ်ပေး ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့်ကတော့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေးကို အလေးမထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌက သူ့အမြင်ကို သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့တာပါ။

"တစ်ချို့ အစိုးရတွေက အကြမ်းဖက်မှူ တိုက်ဖျက်ဖို့ဆိုရင် အရပ်ဖက် လူ့အဖွဲ့အစည်းတွေ လူသားတွေရဲ့ လွတ်လပ်မူတွေကို လျော့တန်လျော့ ဖြတ်တောက်သင့်တာ ဖြတ်တောက်သင့်တယ်ဆိုကာ လုံခြုံရေးကိုပဲ အဓိက သတ်မှတ်လေ့ ရှိကြပါတယ်။ ကျနော့်အနေနဲ့ ထင်တာကတော့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေကို လုံခြုံရေးအတွက် စွန့်လွှတ်လိုက်မယ်ဆိုရင် တကယ်ပဲ လုံခြုံတဲ့ အခြေအနေ ရောက်သွား မလားဆိုတာကတော့ စဉ်းစားစရာပါ။ ကျနော် မျှော်လင့်မိတာကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပိုမို ရရှိဖို့နဲ့ အဲဒီ့ဒေသေကို လွတ်လွတ်လပ်လပ် အမြန်ဆုံး သွားရောက်နိုင်ဖို့ မျှော်လင့်မိတယ်"လို့ မစ္စတာ ကိုဖီအာနန်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

မြန်မာ အစိုးရဘက်ကတော့ ပြီးခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့သူ ၅၀၀ ကျော်ကို ဆက်လက် ဖမ်းစီး စစ်ဆေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်နေကြသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့တော့ အစိုးရဘက်ကတော့ စစ်တပ်ကပါ ပြတ်ပြတ် သားသား ငြင်းဆိုထားပါတယ်။

Rohingya Exodus