နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
24.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲများ၏ သတင်းပေးများက မဟုတ်မမှန် သတင်းများပေး၍ ၎င်းတို့နှင့် မပြေလည်သူများကို နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းပြီး ရွာသားများအပေါ် အနိုင်ကျင့် ဗိုလ်ကျလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးများ ဖြစ်သည့် ဆော်လိမ်၊ အာဘူလ်ဟူစိန်း အပါအ၀င် (၈) ဦးတို့က မဟုတ်မမှန် သတင်းများ ပေးပို့၍ အပြစ်မဲ့ ပုဇွန်ချောင်းရွာသားများ ဖြစ်ကြသော (၁) မော်လ၀ီရော်ရှိတ် (ဘ) ဦးဆုလ်တာန် (အသက် ၅၁ နှစ်)၊ (၂) ဦးမာမတ်နူးရ် (ဘ) ဦးဇောရ်မုလုခ် (အသက် ၄၅ နှစ်)၊ (၃) ဦးဆယာဒ်ကော်ရီးမ် (ဘ) ဦးဟာဆောင်း (အသက် ၄၀ နှစ်) တို့ကို နယ်မြေရှင်းလင်းရေး အဖွဲ့ပေးခဲ့ရသည့် ငွေကျပ် သိန်း ၄၀ ကို ရွာမှ မကောက်ပေးခဲ့သည်ကို အငြိုးအတေးထား၍ နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးများ ဖြစ်ကြသည့် ငမဲ (ခ) ဇော်မိရ်ဟူစိန်း၊ တူဟားနှင့် အမ်အိုင်ရွာမှ အာဘူကာလာမ် တို့ကို မဟုတ်မှန်သတင်းပေး၍ အပြစ်မဲ့ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မောင်နှမရွာသားများ ဖြစ်ကြသည့် ဦးဇောဖော်ရ်အာလောမ်နှင့် ဦးဆယာဒ်အာခ်ဘောရ် အပါအ၀င် (၁၂) ဦးတို့ကို နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့သည်။ 

ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း သတင်းပေးများ ဖြစ်ကြသည့် စိန်တောင်ပြင်မှ အဒူလ်အာမီးန်၊ အီဆုပ်၊ မိုဟိဘူလ္လာ တို့က မဟုတ်မမှတ် သတင်းများပေး၍ အပြစ်မဲ့ ချွတ်ပြင်ကျေးရွာအုပ်စု ချောင်းရွာသား ဖြစ်ကြသည့် (၁) ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖော်ကီရ်မာမတ်၊ (၂) ဦးဟာဘီဟူစိန်း (ဘ) ဦးကာဒိရ်၊ (၃) ဦးမိုဟာမတ်ဇော်လိလ် (ဘ) ဦးဆုလ်တာန်နှင့် (၄) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးကာဆိမ်း တို့ကို လူမှုရေး မပြေလည်မှုဖြင့် အငြိုးအတေးထား၍ နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့သည်။ 



MYARF
RB News
23.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် စက်ဘီးဖြင့် လဲကျနေသော သက်လူမျိုး အမျိုးသမီးငယ် တစ်ဦး၏ စက်ဘီးတာယာကို ထိမိသည့် ဆိုင်ကယ်စီးသမားကို ရခိုင်ရွာသားများနှင့် ဌာနဆိုင်ပေါင်းစုံက ငွေညှစ်သည့် အပြင် အမှုဖွင့်၍ အရေးယူရန် ကြိုးစားလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် မကျည်းကုန်းရွာမှ အသက် (၁၃) နှစ်ခန့်ရှိ သက်အမျိုးသမီးငယ် တစ်ဦးသည် ဇူလိုင်လ (၂၂) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ဝေသာလီ န.တ.လ ကျေးရွာ၌ ကျူရှင်တက်၍ စက်ဘီးဖြင့် အိမ်ပြန်နေစဉ် ရွာလမ်းထိပ် မောင်တော - ဘူးသီးတောင် ကားလမ်း အရောက်တွင် ကားကြီးတစ်စီး ဖြတ်သွားရာ လေအရှိန်ဖြင့် စက်ဘီးလဲကျသွားခဲ့သည်။ ထိုအချိန်တွင် တစ်ရပ်ကွက်တည်းနေ ရိုဟင်ဂျာအမျိုးသား ဖြစ်သူ မော်ဇီအုလ္လာဟ် (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၀ နှစ်) က ကားကြီးနှင့် လဲကျသွားသော စက်ဘီးကြား နေရာကျဉ်းကျဉ်းလေးမှ ဖြတ်သွားရာ ၎င်း၏ ဆိုင်ကယ်နှင့် စက်ဘီး တာယာတို့ အနည်းငယ် ထိခဲ့သည်။

စက်ဘီးပေါ်မှ လဲကျသွားသူ အမျိုးသမီးငယ်သည် သွေးထွက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ဘဲ၊ ဒူးတွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်။ ကာယကံရှင် ကိုယ်တိုင်က မနာပါဘူး ဟု ပြောသော်လည်း အနီးအနားရှိ ရခိုင်ရွာသားများက စက်ဘီးလဲကျသည့် ကိစ္စနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိသော ရိုဟင်ဂျာအမျိုးသားကို ရိုဟင်ဂျာဖြစ်၍ တမင်အနိုင်ကျင့်ပြီး ဒဏ်ငွေဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် သက်လူမျိုး လ.၀.က ၀န်ထမ်းတစ်ဦး ရောက်ရှိလာပြီး၊ ၎င်းတာဝန်ကျနေသည့် ၃ မိုင်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ကို တိုင်တန်း၍ မော်ဇီအုလ္လာဟ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ တစ်ဖန် နယ်မြေ (၆) ရှိ ပြင်ဖြူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို တိုင်တန်း၍ ငွေကျပ် နှစ်သိန်း ထပ်မံ ညှစ်ယူခဲ့သည်။ ယခုအခါ နယ်ထိန်းရဲများက မောင်တော တရားရုံးတွင် အမှုဖွင့်၍ အရေးယူရန် ကြိုးစားနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မောင်တောခရိုင်တွင် ရိုဟင်ဂျာလူမျိုးများကို ဗုဒ္ဓဘာသာဝင်များက အပြစ်မရှိ အပြစ်ရှာ၍ လုပ်ချင်သလို လုပ်နိုင်ရန် အတွက် ဌာနဆိုင်ရာများ ကိုယ်တိုင် အားပေးကူညီနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုပါသည်။ 



MYARF
RB News
23.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တင်းမေရွာကို တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူါ် ဦးဆောင်သော အဖွဲ့က ၀င်ရောက်စီးနင်း၍ သေတ္တာများဖွင့်၍ လုယက်ခြင်း၊ အပြစ်မဲ့ရွာသူရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ ညနေ ၅ နာရီမှစ၍ နောက်နေ့ နံနက်မိုးလင်းသည် အချိန်ထိ တင်းမေရွာကို နယ်ခြားစောင့်ရဲများက ၀င်ရောက် စီးနင်း၍ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်များရှိ လူကြီးလူငယ်များ၊ အမျိုးသမီးများပါ မကျန် အိမ်ပြင်သို့ ထုတ်ထားခြင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ အချို့အမျိုးသမီးများကို အိမ်ရာဝင် အ၀တ်အစားများနှင့်ပင် အတင်းအဓမ္မ ဆွဲထုတ်ခေါ်လာခြင်း၊ အိမ်ထဲရှိ သေတ္တာ ဘီရိုများ ရိုက်ချိုး၍ တွေ့ရှိသမျှ ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းများ လုယက်သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တင်းမေရွာကို ၀င်ရောက် စီးနင်းရာတွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ကိုယ်ကိုင် ပါဝင်ပြီး၊ သတင်းထောက်များ အဖွဲ့ကို ဖြစ်ရပ်မှန်များ ပြောပြခဲ့မှုကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ သတင်းထောက်များ အဖွဲ့၏ မေးမြန်းချက်များကို ဖြေကြားစဉ် “မင်းတို့ကို (၇) ရက်အတွင်းပြမယ်” ဟု နယ်ခြားစောင့်ရဲများက ခြိမ်းခြောက်ထားသည်နှင့် အညီ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။ 

နယ်ခြားစောင့်ရဲများက အပြစ်မဲ့ရွာသားများ ဖြစ်ကြသော (၁) ဦးအိုမောရ်မျာ (ဘ) ဦးနူရ်အာလောမ်၊ (၂) ဦးအာမတ်ကော်ဘိရ် (ဘ) ဦးမာမတ်ဘောက်ရှု၊ (၃) ဦးအဗ်ဒူဟိုက် (ဘ) ဦးကာမာလ်ဟူစိန်း တို့ (၃) ဦးနှင့် အတူ အခြား အမျိုးသမီး (၂) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ 



Rohingya Eye
RB News
21.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမကျေးရွာအုပ်စုမှ ဗလီဝတ်ကျောင်းတော် နှစ်လုံးကို နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၉) ရက်နေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် နယ်မြေ (၆) နှင့် အောင်မင်္ဂလာကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ ၁၅ ဦးခန့်သည် မော်တော်ဆိုင်ကယ် ၇ စီးဖြင့် မောင်နှမကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ဗလီဝတ်ကျောင်းတော် နှစ်လုံးကို အကြောင်းမဲ့ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“သူတို့ ရောက်လာတဲ့ အချိန်က နေ့လည် ၀တ်ပြုချိန်ထက် စောနေတော့ အပြစ်မဲ့ ဒေသခံတွေကို ဖမ်းဆီးတာမျိုး လုပ်လို့မရခဲ့ဘူး။ ရွာက လူတွေကလည်း ဘယ်အချိန် နယ်ခြားစောင့်ရဲတွေ ရောက်လာမလဲဆိုတာကို စောင့်ကြည့်ကြတယ်။ ၀င်လာပြီး အပြစ်မဲ့ရွာသားတွေကို အမြဲဖမ်းလို့ အားလုံးက ကြောက်ကြတယ်။ အခုလည်း အောင်မင်္ဂလာမှာ နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး လုပ်ထားတဲ့ စာရင်းထဲက လူတွေကို လာရှာဖြစ်မယ်လို့ ထင်တယ်။ အပြစ်မဲ့တွေကို တရားခံတွေပါဆိုပြီး စာရင်းတွေ လုပ်ထားတာ မနည်းဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မောင်နှမ တောင်ရွာမှ ဦးဆယာဒ်ဂျိုဟာရ် (ဘ) ဦးဆော်လာမတ် (အသက် ၃၅ နှစ်) သည် ကျီးကန်းပြင် ဈေးတွင် ကွမ်းရွက်များ ရောင်းရန် သွားနေစဉ် ဇွန်လ (၃၀) ရက်နေ့တွင် ပွင့်ဖြူချောင်း ကျေးရွာတွင် အသတ်ခံရသည့် အာယာစ်အား သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု နယ်ခြားစောင့်ရဲများက လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ၎င်းနေသည့် ကျေးရွာနှင့် လူသတ်မှုဖြစ်သည့် ကျေးရွာတို့မှ အလွန်ဝေးကွာသော်လည်း လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကွမ်းရွက် ရောင်း၍ ရိုးရှင်းစွာ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပြီး၊ လူသတ်မှု ကျူးလွန်သူ ဖြစ်ပါက ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို ဖြတ်၍ ကွမ်းရွက်ရောင်းရန် ကျီးကန်းပြင်ဈေးသို့ သွားရန် သတ္တိလည်း ရှိမည် မဟုတ်ကြောင်း ဒေသခံများက ဝေဖန် သုံးသပ် ပြောဆိုသည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၃) ခု တိုက်ခိုက်ခံရပြီးနောက် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်ပြီး ဖမ်းဆီးနေသည်မှာ ယနေ့ထိ ရပ်တန့်ခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 




Rohingya Eye
RB News
21.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု ရဲအောင်ပြင် န.တ.လ ရွာမှ ရွာသားများသည် ရိုဟင်ဂျာများပိုင်သည့် ငါးကန်မှ ငါးများခိုးယူနေစဉ် လာရောက် ကြည့်ရှုသည့် ရိုဟင်ဂျာလူငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စုရှိ မေယုတောင်တန်း အနီးတွင် ဧက ၂၀ ခန့်ရှိ ငါးကန်တစ်ကန်ရှိသည်။ အဆိုပါက ကန်ကို ကြိမ်ချောင်းကျေးရွာမှ ဦးဘာသူက ပိုင်ဆိုင်ပြီး ယခုအခါ အောင်စစ်ပြင်ကျေးရွာအုပ်စု ရီဒါရွာမှ ဒေသခံ (၄) ဦးက တစ်နှစ်လျှင် ငွေကျပ် ၅ သိန်းဖြင့် ငှားရမ်း၍ လုပ်ကိုင်လျက် ရှိသည်။ 

ငါးကန်ကို ငှားရမ်းလုပ်ကိုင်နေသူများမှာ -- (၁) ဦးရော်ဖိခ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၈ နှစ်)၊ ဦးဟာလူ (အသက် ၂၉ နှစ်)၊ ဦးဟာလာမျာ (ဘ) ဦးဂူရာမျာ (အသက် ၅၅ နှစ်) နှင့် ဦးအာဘူအာမတ် (ဘ) ဦးအာဇီရာမာန် (အသက် ၄၈ နှစ်) တို့ဖြစ်ကြပြီး၊ ၎င်းတို့သည် ငါးကန်ကို ငွေကျပ် ၁၅ သိန်းခန့် အကုန်ကျခံ၍ ပြုပြင်ပြီး ငါးမွေးထားခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငါးမွေးကန်မှ ငါးများကို ရဲအောင်ပြင် န.တ.လ ရွာမှ န.တ.လ ရွာသားများက အမြဲခိုး၍ ဖမ်းယူနေခြင်းကြောင့် ငါးမွေးခြင်း လုပ်ငန်းကို ရပ်တန့်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင်လ (၁၇) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် မွန်ဇူရ် (ဘ) ဦးအာဘူအာမတ် (အသက် ၂၀ နှစ်) သည် ငါးမွေးကန်ကို စောင့်ရှောက်ရန် ငါးမွေးကန်သို့ ရောက်ရှိသွားသည့် အချိန်တွင် န.တ.လ ရွာသားများက ငါးများ ခိုး၍ ဖမ်းနေသည်ကို တွေ့ရှိခဲ့ရာ တစ်စုံတစ်ရာ မပြောဘဲ နှုတ်ဆိတ်နေခဲ့သော်လည်း ငါးခိုးဖမ်းနေသည့် န.တ.လ ရွာသားများက ၎င်းကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ငါးခိုးဖမ်းနေသည့် န.တ.လ ရွာသားများက ၎င်းကို စိတ်တိုင်းကျ ရိုက်နှက်ပြီးနောက် ငါးမွေးကန်မှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။
၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်က ဒေသခံရိုဟင်ဂျာများ၏ လယ်ယာမြေများနှင့် မြေများကို အတင်းအဓမ္မ သိမ်းယူ၍ န.တ.လ ရွာများ တည်ဆောက်ပြီး မြန်မာနိုင်ငံ အ၀ှမ်းမှ ထောင်များတွင် ရာဇ၀တ်မှု ပေါင်းစုံဖြင့် အကျဉ်းကျနေသည့် အကျဉ်းသားများကို ထောင်မှ လွှတ်ပေးပြီး န.တ.လ ရွာများတွင် နေထိုင်ခိုင်းပြီး၊ ဒေသခံရိုဟင်ဂျာများ ထံမှ အတင်းအဓမ္မ လုယက် သိမ်းယူထားသည့် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများကို ခွဲဝေပေးခဲ့သည်။ အဆိုပါ န.တ.လ ရွာသားများသည် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများ ပီပီ ဒေသတွင်း လိုင်စင်ရ သောင်းကျန်းသူများပမာ အမြဲသောင်းကျန်း၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အမြဲပြုလုပ်လျက် ရှိသည်။ 




Rohingya Eye
RB News
21.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ရီဒါရွာမှ လူငယ် (၄) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ၁၈ နာရီကြာ ချုပ်နှောင်ထားပြီးနောက် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၆) ရက်နေ့ ည ၈း၄၅ နာရီအချိန်တွင် အောင်စစ်ပြင် ကျေးရွာအုပ်စု ရီဒါရွာမှ အာယာစ်အုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၂၀ နှစ်) နှင့် အခြား လူငယ် (၃) ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၍ ပုဒ်မ ၁၄၄ ဖောက်ဖျက် ကျူးလွန်သည်ဟု လုပ်ကြံစွပ်စွဲပြီး ၁၈ နာရီကြာ ချုပ်နှောင်ထားပြီးနောက် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အာယာစ်အုလ္လာသည် ၎င်း၏ နေအိမ်ခြံဝင်းတွင်ပင် ဆိုင်ဖွင့်ထားခြင်း ဖြစ်ပြီး ည ၈း၄၅ နာရီ အချိန်တွင် ဆိုင်ပိတ်၍ အိမ်ထဲသို့ ၀င်ရန် ပြင်ဆင်နေစဉ် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဆိုင်မှ အိမ်ပြန်ရန် ပြင်ဆင်နေသည့် အခြား လူငယ် (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ 

အခြားလူငယ် (၃) ဦးမှာ -- 

(၁) အာဘူလ်ကာလာမ် (ဘ) ဦးမွန်ဆူရ် (အသက် ၁၇ နှစ်)
(၂) လာလားယား (ဘ) ဦးဇာဖော်ရ် (အသက် ၂၀ နှစ်)
(၃) ရှေတာယား (ဘ) ဦးနေဇာမ်မူဒီးန် (အသက် ၂၁ နှစ်) -- တို့ဖြစ်ကြသည်။ 

လူငယ် (၄) ဦးစလုံးကို လိပ်ရအခြေစိုက် နယ်မြေ (၄) လက်အောက်ခံ ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ၁၈ နာရီ ချုပ်နှောင်ထားပြီးနောက် ဇူလိုင်လ (၁၇) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် အာယာစ်အုလ္လာ ထံမှ ငွေကျပ် ၂ သိန်း၊ လာလားယား ထံမှ ငွေကျပ် ၁ သိန်းခွဲနှင့် ရှေတာယား ထံမှ ငွေကျပ် ၁ သိန်းခွဲ တို့ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အာဘူကာလာမ်၏ ဖခင်ဖြစ်သူမှာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်သောကြောင့် ငွေမညှစ်ရန် တောင်းပန်ခဲ့သည်ကို လက်ခံ၍ ငွေညှစ်မခံခဲ့ရကြောင်း သိရှိရသည်။ 

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်မှ ည ၉ နာရီမှ စတင်သောလည်း နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် နေ၀င်သည်နှင့် ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သမျှ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်နေခြင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်သည်။



MYARF
RB News
21.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးစားကြူး ကျေးရွာအုပ်စု ပြောင်းပိုက်ရွာ အနီးတွင် လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့က လယ်ကွင်းတွင် လယ်ထွန်ရင်း မြေမြှပ်မိုင်း ပေါက်ကွဲ ထိမှန်၍ သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ဆွေမျိုး (၁၂) ဦးတို့ကို ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ကာ အကြမ်းဖက်သမားများဟု အတင်းအဓမ္မ ၀န်ခံခိုင်းပြီး မတရားသဖြင့် အမှုဖွင့်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိပါသည်။


ငါးစားကြူး ကျေးရွာအုပ်စု ရွာမရွာမှ လယ်သမား (၄) ဦးသည် ရွာအရှေ့ဘက် ကားလမ်းဘေးရှိ လယ်ကွင်းပေါ်တွင် လယ်ထွန်းရင်း မြေမြှပ်မိုင်း ပေါက်ကွဲထိမှန်ပြီးနောက် (၃) ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများ စုစုပေါင်း (၁၂) ဦးကို အာဏာပိုင်များက ဖမ်းဆီး ချုပ်နှောင်၍ အကြမ်းဖက်သမားများဟု မတရားသဖြင့် စွပ်စွဲကာ အမှုဖွင့်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးခံထားရသူများမှာ --

(၁) ဦးလာလ်ဖူတီးယား (ဘ) ဦးဖေရင်
(၂) ဦးမာမတ်ဆော်လိမ် (ဘ) ဦးဖော်ကီရ်အာမတ်
(၃) ဦးဖော်ရီဇူလ္လာဟ် (ဘ) ဦးနူရ်အာလောမ်
(၄) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအဒူရှကူရ်
(၅) ဦးအာဘူလ်ဘော်ရှော်ရ် (ဘ) ဦးမာမတ်ဟူစိန်း
(၆) ဦးရှောမ်ရှု (ဘ) ဦးမာမတ်ဟူစိန်း
(၇) ဦးအီမာန်ဟူစိန်း (ဘ) ဦးရှောမ်ရှု
(၈) ဦးအဒူရောန် (ဘ) ဦးဇောရ်မုလုခ်
(၉) ဦးအဒူလာလီ (ဘ) ဦးဇောရ်မုလုခ်
(၁၀) ဦးဟာလာဘော်ဒါ (ဘ) ဦးမာမတ်ဆီဒိခ်
(၁၁) ဦးအာရ်ဖာသ် (ဘ) ဦးနိုရို
(၁၂) ပြောင်းပိုက်မှ အသက် ၁၀ နှစ် အရွယ် ကလေး တစ်ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

အာဏာပိုင်များအနေဖြင့် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားရသည့် အပြစ်မဲ့များ၏ မိသားစုများကို စာနာရမည့် အစား အကြမ်းဖက်သမားများဟု မတရား စွပ်စွဲ၍ အမှုဖွင့် ထောင်ချရန် ကြိုးစားနေခြင်းသည် ဒေသခံများ အတွက် မခံမရပ်နိုင်ဖွယ်ရာ တစ်ခု ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။



ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ ယမ်ဟီးလီဟာ သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲ။

ထက်အောင်
21.7.2017

ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ယေဘုယျအားဖြင့် မူစလင်အသိုင်းအ၀ိုင်းရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတဲ့အပြင် အစိုးရသစ်အနေနဲ့ အရင်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာတွေကို ဆက်ပြီး မကျင့်သုံးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ နေရာတစ်ချို့ကို လုံခြုံရေးအကြောင်းပြချက်ကြောင့် သွားရောက်လေ့လာခွင့်မရသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူတဲ့ ကိုထက်အောင်က ပြောပြပေးမှာပါ။

မြန်မာနိုငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ ယမ်ဟီးလီဟာ သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင်မှာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့တာပါ။ ကုလအထူးကိုယ်စားလှယ် ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူစလင်တွေရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတယ်လို့ ဒေါက်တာ ယမ်ဟီးလီဟာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်ပါတယ်။

"ဇန်န၀ါရီခရီးစဉ်ဖြစ်တဲ့ ကျမနောက်ဆုံးလာခဲ့တဲ့အချိန်ကစပြီး ရိုဟင်ဂျာတွေရဲ့ ယေဘုယျအခြေအနေကိုတိုးတက်မှုရှိတယ်လို့ ပြောဖို့ခက်ခဲတဲ့အပြင် ရခိုင်မြောက်ပိုင်း အခြေအနေဟာ ပိုပြီးတော့တောင် ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်ရေးချိုးဖောက်တယ်လို့ စွပ်စွဲတဲ့အစီရင်ခံစာတွေ ဆက်တိုက်ရနေတာပါ။ ဒါ့အပြင် နိုင်ငံသားစီစစ်ရေး လျှောက်ထားတဲ့ရိုဟင်ဂျာတွေကို ဘယ်သူဘယ်ဝါမှန်းမသိရသူတွေက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ၊ အစိုးရအာဏာပိုင်တွေနဲ့လက်တွဲလုပ်နေတဲ့ ကျေးရွာအုပ်ချုပ်သူတွေနဲ့ အခြားမွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကြောင့် ရိုဟင်ဂျာအရပ်သားအများအပြား ကြောက်လန့်နေကြရသလို နှစ်ဖက်အကြမ်းဖက်မှုတွေကြား မြေစာပင်ဖြစ်နေတာတွေလည်းတွေ့ရပါတယ်။"

ဒေါက်တာ ယမ်ဟီလီဟာ ဒီတစ်ခေါက်မှာ လုံခြုံရေး အခြေအနေကြောင့် တစ်ချို့နေရာတွေကို သွားရောက်လေ့လာဖို့ အစိုးရက ခွင့်မပြုခဲ့သလို ရှမ်းပြည်နယ် ဘက်မှာဆိုရင်လည်း လားရှိုးတစ်ခုကိုသာ သွားရောက်ခွင့်ရခဲ့ပါတယ်။ သတင်းသမား ၃ ဦးကို မတရားအသင်းကပုဒ်မ ၁၇ ၁ နဲ့ ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါကို သွားရောက်ဖို့ ခွင့်တောင်းခဲ့ပေမယ့်လို့ အစိုးရက ဒါကို ခွင့်မပြုခဲ့ဘူးလို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာလည်း ဘားအံမြို့ တမြို့ကိုသာ သွားရောက်ခွင့် ရခဲ့တာပါ။

သူမရဲ့ ခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတို့အပါအ၀င် ဒေသခံတွေကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်ဖက် အုပ်ချုပ်ရေးကို ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ အဟန့်အတားဖြစ်နေတယ်လို့ သတ်မှတ်ကြတဲ့ စစ်ဘက်က တာဝန်ရှိသူတွေနဲ့ ဘာသာရေး ပြသဿနာဆိုင်ရာတွေမှာ တာဝန်ရှိတဲ့ ဌာနတွေကို မသွားနိုင်ခဲ့တာကို မကျေမနပ်နဲ့ ပြောကြားခဲ့ပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ကျမ မတွေ့ခဲ့ရတဲ့အပြင် ပြည်ထဲရေး ကူးသန်းသွားလာရေး ဆက်သွယ်ရေးဆိုင်ရာ ၊ ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တွေ့ခွင့်မရခဲ့ပါဘူး။"

ဒေါက်တာယမ်ဟီးလီက ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး အခြေအနေ ကာကွယ်တိုးမြင့်ရေး ကိစ္စ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကိစ္စတို့ကို ဆွေနွေးခဲ့ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နှောင့်ယှက်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတဲ့ ဆက်သွယ်ရေး ဥပဒေ ၆၆ ဃနဲ့ ပတ်သက်လို့ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့်နဲ့ ဆွေးနွေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်လက်ထက်မှာ အရင်အစိုးရတွေ ကျင့်သုံးခဲ့တဲ့ နည်းဗျုဟာ တစ်ချို့ကို ကျင့်သုံးနေဆဲ ဖြစ်တာကြောင့် စိတ်ပျက်မိတယ်လို့လည်းဒေါက်တာယမ်ဟီးလီက သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုလိုက်ပါတယ်။

"အခုကျမရဲ့ခရီးစဉ်ဟာ အစိုးရသစ်လက်ထက်မှာ တတိယအကြိမ် လာရောက်တာဖြစ်ပြီး အရင်အစိုးရလက်ထပ်က ကျင့်သုံးခဲ့တဲ့မဟာဗျူဟာတွေကိုပဲ ကျင့်သုံးနေတာမြင်ရတာမို့စိတ်ပျက်မိပါတယ်။ အစိုးရသစ်အနေနဲ့ အထူးသတ်မှတ်မှုတွေမပါဘဲ ကုလသမဂ္ဂနဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ လိုလားတယ်ဆိုတာ ကျမနားလည်ပါတယ်။ ကုလသမဂ္ဂက အထူးသတ်မှတ်ချက်တွေ ဖြေလျော့မပေးခင်မှာ အခုလိုအထူးအာရုံစိုက်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လျော့ပါးဖို့သင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံကို အပြောင်းလဲ တွေရှိအောင် ပထမဆုံးလုပ်ဖို့လိုပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာယမ်ဟီးလီရဲ့ ဒီတစ်ခေါက် မြန်မာပြည် ခရီးစဉ် မစခင်မှာ သူမရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်နဲ့ ပတ်သက်မှု မရှိစေရဘူးလို့ အစိုးရက ပြောဆိုထားပါတယ်။ ဒါပေမယ့်လို့ သူမရဲ့  တာဝန်နဲ့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေဟာ မတူညီဘူးလို့ ဒေါက်တာ ယမ်ဟီးလီက သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

MYARF
RB News
20.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့သည့် သတင်းထောက်များ အဖွဲ့ ၀င်ရောက် သတင်းယူခဲ့သည့် ကျေးရွာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၀န်းရံပိတ်ဆို့ပြီး တွေ့ရှိသမျှ အမျိုးသမီးများကို ရိုက်နှက်ခဲ့သည့် အပြင် အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့ ည ၇ နာရီအချိန်တွင် တောင်ဘဇာ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၄၀) ဦးခန့်နှင့် အနီးအနားရှိ ရခိုင်ရွာနှစ်ရွာမှ ရခိုင်ရွာသား (၂၀) ဦးကျော် တို့ပူးပေါင်း၍ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မောင်နှမရွာကို ၀န်းရံပိတ်ဆို့ကာ ရွာရှိ အမျိုးသမီးများ အားလုံးကို နေအိမ်များမှ ခေါ်ထုတ်၍ ရွာလယ်တွင် စုရုံးခိုင်းခဲ့သည်။ အမျိုးသမီး အချို့က ၎င်းတို့၏ ကလေးငယ်များကို ထား၍ ချက်ချင်းထွက်မလာနိုင်သည်ကို အကြောင်းပြု၍ နယ်ခြားစောင့်ရဲများက အမျိုးသမီးများစွာကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက သတင်းထောက်များနှင့် တွေ့ဆုံစကားပြောခဲ့သူများကို စစ်ဆေးရှာဖွေခဲ့ရာ တစ်ဦးမှ မတွေ့ရှိသဖြင့် နောက်ဆုံးတွင် အမျိုးသမီးများကို ရိုင်းပျ စော်ကားစွာ ဆဲဆို၍ ပြန်လွှတ်ခဲ့သည်။ သို့သော်လည်း အမျိုးသား ၂၀ ကျော်ကို အမျိုးသမီးများကို သတင်းထောက်အဖွဲ့နှင့် တွေ့ဆုံစကားပြောရန် စီစဉ်ပေးခဲ့သူများ၊ ယခု အဆိုပါ အမျိုးသမီးများကို ၀ှက်ထားသူများဟု စွပ်စွဲ၍ ဖမ်းဆီးပြီး တောင်ဘဇာ စခန်းသို့ ဇူလိုင်လ (၁၈) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

ဖမ်းဆီးခံရသည့် အမျိုးသားများမှာ --

(၁) အာနုလ္လာဟ် (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၂၀ နှစ်)
(၂) ဦးအဒူဆလာမ် (ဘ) ဦးဆော်လိမ် (အသက် ၃၀ နှစ်)
(၃) အာမီးရ်ဟူစိန်း (ဘ) ဦးအဒူရှကူရ် (အသက် ၂၀ နှစ်)
(၄) ဦးရာမောတ်အလီ (ဘ) ဦးမျာဟူစိန်း (အသက် ၄၅ နှစ်)
(၅) ဦးဆွေယာဒ်ဟူစိန်း (ဘ) ဦးရာမောတ်အလီ (အသက် ၂၀ နှစ်)
(၆) ဦးအဒူမာလေခ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၀ နှစ်)
(၇) နူရ်အာမီးန် (ဘ) ဦးအဒူမာလေခ် (အသက် ၂၀ နှစ်)
(၈) ဖော်ယာစ် (ဘ) ဦးကာန်ဖူရူး (အသက် ၂၀ နှစ်)
(၉) နူရ်မာမတ် (ဘ) ဦးအာဇီရောန် (အသက် ၂၀ နှစ်)
(၁၀) မော်နီရာမာန် (ဘ) ဦးနူရ်မာမတ် (အသက် ၂၅ နှစ်)
(၁၁) အေမ်ရာန် (ဘ) ဦးနူရ်မာမတ် (အသက် ၂၀ နှစ်)
(၁၂) ဦးအီဗြာဟိမ်း (ဘ) ဦးအဒူဂေါ်နီ (အသက် ၅၀ နှစ်)
(၁၃) ဇာကေရ် (ဘ) ဦးအီဗြာဟိမ်း (အသက် ၁၈ နှစ်)
(၁၄) ဦးဆုလ်တာန် (ဘ) ဦးအဒူဂေါ်နီ (အသက် ၄၀ နှစ်)
(၁၅) ဦးမော်နီရာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၅ နှစ်)
(၁၆) ဦးအဒူရှကူရ် (ဘ) ဦးရှော်ကီရ်အာမတ် (အသက် ၄၀ နှစ်)
(၁၇) ဦးအီနုစ် (ဘ) ဦးဟာလူ (အသက် ၅၀ နှစ်)
(၁၈) ဇာဖော်ရ် (ဘ) ဦးဟာလူ (အသက် ၂၅ နှစ်)
(၁၉) ဦးဆယာဒ်အာခ်ဘာရ် (ဘ) ဦးမော်နီအုလ္လာ (အသက် ၅၀ နှစ်)
(၂၀) ဦးအာဘူလ်ရှားမား (ဘ) ဦးဟာလာမျာ (အသက် ၅၅ နှစ်)
(၂၁) ဦးဆယာဒ်နူးရ် (ဘ) ဦးအာမီးရ်ဟာကိမ်း (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြပြီး၊ ဦးမူဇောမေလ် ထံမှ ဆိတ်တစ်ကောင် လုယက်သွားခဲ့ကြောင်း သိရှိရပါသည်။ 



Rohingya Eye
RB News
19.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဓူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် န.တ.လ ရွာတွင်သာ နေထိုင်ပြီး ရိုဟင်ဂျာများ နေထိုင်ရာရွာသို့ မသွားရောက်သဖြင့် ရိုဟင်ဂျာရွာသားများ ရွာထွက် လက်မှတ်ရယူရန် အခက်တွေ့လျက် ရှိနေကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဓူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သာအောင်သည် န.တ.လ ရွာတွင်သာ နေထိုင်ပြီး ရိုဟင်ဂျာများ နေထိုင်ရာရွာသို့ သွားရောက်ခြင်း မရှိသဖြင့် ရိုဟင်ဂျာ ရွာသားများ ရွာထွက် လက်မှတ် ရယူရန် အဆက်တွေ့နေကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အုပ်ချုပ်ရေးမှူး မောင်သာအောင်သည် ရိုဟင်ဂျာများ နေထိုင်ရာရွာသို့ မလာရောက်သဖြင့် ရွာထွက်လက်မှတ် ထောက်ခံစာ တစ်စောင်အတွက် ငွေကျပ် တစ်ထောင် အပြင် ၎င်းနှင့် ရင်းနှီးသူများမှ တဆင့် ယူနေရသည့် အတွက် ပွဲစားခ တစ်ထောင်ကျပ်စီ၊ ရွာထွက်လက်မှတ် တစ်စောင်လျှင် ငွေကျပ် နှစ်ထောင်ကုန်ကျ နေသည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင်လမှ စ၍ မောင်တောမြို့နယ်တောင်ပိုင်း န.တ.လ ရွာ (သို့မဟုတ်) ရခိုင်ရွာများနှင့် နီးကပ်လျက် ရှိသည့် ရိုဟင်ဂျာရွာသားများကို အနီးအနားရှိ လူမျိုးခြား ဗုဒ္ဓဘာသာဝင်များ၏ ရွာများအတွင်းသို့ ၀င်ခွင့် မပြုရန် မောရ၀တီ အခြေစိုက် စစ်တပ်က နှုတ်မိန့်ဖြင့် အမိန့်ထုတ်ထားခဲ့ကြောင်း သိရှိရသည်။

ယခင်က ယင်းရွာများသို့ လယ်ယာလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် သွားရောက်သူများ ရှိခဲ့သော်လည်း ယခုလတွင် နှစ်ဖက်အုပ်စု တစ်ဖက်မှ တစ်ဖက်သို့ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။ ရိုဟင်ဂျာရွာသား တစ်ဦးဦးက အရေးပေါ်ကိစ္စနှင့် သွားသည့် အခါတွင်လည်း စစ်သားများက တွေ့ရှိလျှင် ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
19.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု ပြိုင်းတောင်ရွာမှ ရာအိမ်မှူးဟောင်း မာမတ်အီဆုပ် (ဘ) ဦးဆော်ဒူလာမီးန် (အသက် ၄၅ နှစ်) သည် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ မဟုတ်မမှန် သတင်းများ ပေးပို့၍ ရွာမျက်နှာဖုံး လူကြီးများနှင့် ပညာတတ် လူငယ်များကို ဒုက္ခပေးရန် ကြိုးစားလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၅) ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ဖိုးခေါင်ချောင်းကျေးရွာမှ လူစိမ်း ၄ ဦး ပြိုင်းတောင်ရွာသို့ ရောက်ရှိလာသည်ဟု ရာအိမ်မှူး မာမတ်အီဆုပ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ မဟုတ်မမှန် သတင်းပေးပို့ခဲ့သဖြင့် ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ (၂၀) ဦးကျော် ရောက်ရှိလာပြီး ပြိုင်းတောင်ရွာ၏ အနောက်ဖက်တွင် ရှိသည့်တောင်များကို ၀င်ရောက်ရှင်းလင်းခဲ့သည်။ ထိုတောင်များထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့သည့်အဆုံး လယ်ကွင်းနှင့် နေအိမ်များတွင် တွေ့ရှိသော ပြိုင်းတောင်ရွာသား (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မာမတ်အီဆုပ်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ ရာအိမ်မှူး တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး လူမိုက်ဆန်ဆန်ဖြင့် ရွာသားများကို အနိုင်ကျင့် နှိပ်စက်မှုများ ပြုလုပ်သည့်အပြင် ကျေးရွာအတွင်းရှိ လူကြီးများကိုပင် ဆဲဆိုခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

၎င်း၏ ရိုင်းပျမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို ရွာသားများက မခံမရပ်နိုင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းကို လွန်ခဲ့သည့် မေလတွင် တာဝန်မှ ရပ်စဲခဲ့သည်။ ယခုအခါ ၎င်းသည် အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေး၍ ရာအိမ်မှူး တာဝန်ရယူရန် ကြိုးစားလျက် ရှိကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ရွာသူရွာသားများ၏ ဆန္ဒကို မငှဲ့ကွက်ပဲ ငွေကျပ် ၅ သိန်းကိုသာ မက်မောလျက်ရှိကြောင်း၊ ၎င်းက ရာအိမ်မှူး ရာထူးပြန်ရလျှင် ကြည့်မရသူများ အားလုံးကို ထောင်ထဲသို့ ပို့မည်ဟု ကြုံးဝါး၍ ခြိမ်းခြောက်လျက် ရှိကြောင်း၊ အကယ်၍ ရာအိမ်မှူး ရာထူး ပြန်မရပါက ပြိုင်းတောင်ရွာကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ ရာအိမ်မှူး ရာထူးရရန် လိုအပ်သမျှ ငွေကြေးကို ၎င်း၏ ဆွေမျိုးတစ်ဦး ဖြစ်သူ မာမတ်ဝါရဲစ် (ဘ) ဦးကုရ်ဘာန်အလီ ဆိုသူက ပြည်ပမှ ထောက်ပံ့ပေးနေကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရာအိမ်မှူး ရာထူး ပြန်မပေးရန် တောင်းဆိုသူများကို အကြမ်းဖက်သမားဟု မတရားသဖြင့် လုပ်ကြံစွပ်စွဲမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။ 


MYARF
RB News
19.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် ယခင် န.စ.က ၀တ်စုံဟောင်းဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ ၅ ဦး၊ မာရ်မာကြီးနှင့် ဒိုင်းနက်ရွာသား ၉ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်သို့ ညအချိန်တွင် ၀င်ရောက်၍ စစ်ဆေးသည့် ပုံစံဖြင့် အပြစ်မဲ့များကို ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၅) ရက်နေ့ ည ၉း၃၀ နာရီခန့်အချိန်တွင် တောင်ပြိုလက်ဝဲမြို့ မီးတိုက်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အပါအ၀င် ယခင် န.စ.က ၀တ်စုံဟောင်း ၀တ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းမောင်၊ ရာအိမ်မှူး မောင်အေးသာ၊ ဒိုင်းနက်နှင့် မာရ်မာကြီးရွာသား ၈ ဦးတို့ပါဝင်သော အဖွဲ့သည် မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်း ရိုဟင်ဂျာရွာရှိ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်သို့ ၀င်ရောက်၍ ဧည့်စာရင်း စစ်ဆေးသည့် ပုံစံဖြင့် အိမ်ထောင်စုစာရင်း တောင်း၍ မိသားစုဝင်များကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရန် ခေါ်နေစဉ် လူငယ်တစ်ဦးဖြစ်သည့် ဇာဟိတ်အူလ္လာ (အသက် ၁၆ နှစ်) သည် အိမ်မောကျနေရာမှ ချက်ချင်းထမလာသဖြင့် ဒုရဲအုပ်နှင့် အဖွဲ့က ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးအေရ်ဖာန် (ဘ) ဦးနူရ်မိုဟာမတ်၊ ဦးအာဖ်ဆောရ် (ဘ) ဦးအဒူရာမာန်နှင့် ဦးဘိုက်ထားယား (ဘ) ဦးဒီလူး တို့ (၃) ဦးကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ဖြည့်စွက်ပြောပါသည်။ 

ဒုရဲအုပ်အပါအ၀င် နယ်ခြားစောင့်ရဲ ၅ ဦးတို့သည် ယခင် န.စ.က ၀တ်စုံဟောင်းများ ၀တ်ဆင်ထားပြီး စစ်ဆေးရန် အိမ်သို့ဝင်လာစဉ် အတူ ခေါ်ယူလာသည့် မာရ်မာကြီးနှင့် ဒိုင်းနက်ရွာသားများကို လမ်းထိပ်တွင် အရံအင်အား အဖြစ် ထားရှိခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် နယ်မြေမှ အရာရှိ၏ အမိန့်ဖြင့် လာရောက် စစ်ဆေးခြင်း မဟုတ်ဘဲ ငွေညှစ်ရန်အတွက် လျှို့ဝှက်လာရောက်ခြင်း ဖြစ်မည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။ 



Rohingya Eye
RB News
17.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပတ်လမ်းများ ဖြစ်သည့် မင်းဘာကြီးလမ်းနှင့် ဦးဥတ္တမလမ်း၏ ၀ဲယာတစ်လျှောက် ဆိုင်ခန်းများကို လွန်ခဲ့သည့်လမှစ၍ ညဘက်မိုးရွာသွန်းသည့် အချိန်များတွင် ဖောက်ထွင်း ခိုးယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြို့ပတ်လမ်းတစ်လျှောက်တွင် ရဲစခန်းမှ ရဲများသည် မော်တော်ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ကားဖြင့်သော်လည်းကောင်း တစ်ညလုံး ကင်းလှည့်လျက် ရှိသည်။ ထို့ကြောင့် အရပ်သားတစ်စုံတစ်ဦး အပြင်ထွက်၍ ဆိုင်ဖောက်ထွင်းမည်ဆိုပါက အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်ပူးလက်ကျပ် ဖမ်းဆီးနိုင်မည် ဖြစ်သည်။ 

လွန်ခဲ့သည့်လမှ စ၍ မြို့ပတ်လမ်းတစ်လျှောက်ရှိ ဆိုင်ခန်း ဖောက်ထွင်းခံရလျက်ရှိရာ၊ ဖောက်ထွင်းခိုးယူသူများမှာ ဆိုင်ကယ်ဖြင့် လှည့်ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်နိုင်သည်ဟု ဒေသခံများက RB News သို့ သုံးသပ်ပြောဆိုသည်။ ညအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပ အခြားမည်သူတစ်ဦးတစ်ယောက်မှ အပြင်မထွက်နိုင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ဖြည့်စွက်ပြောပါသည်။ 

ဖောက်ထွင်းခံရသည့်ဆိုင်များမှာ --

(၁) အုပ်ချုပ်ရေးမှူးဟောင်း ဦးအီဆုပ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးအာဘူယာ (အသက် ၂၇ နှစ်) ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်
(၂) ဆရာမောင်နက် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးဆိုက်ဘူရာမန် (အသက် ၃၅ နှစ်) ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် 
(၃) ဦးကာမာလ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးတင်မောင် ၏ တီဗီပြုပြင်သည့်ဆိုင်
(၄) ဆရာဟူဆောင်း ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ဦးရှော်ဖိခ် ၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်
(၅) ဦးအစ္စမိုင်လ် ပိုင်ဆိုင်သည့် ဆိုင်တန်းမှ ပလာဇာ ကွမ်းယာဆိုင် (ဦးဥတ္တလမ်းမှ)
(၆) ဦးမောင်တင်နု ပိုင်ဆိုင်သည့် ဆိုင်တန်းမှ Smile ကွမ်းယာဆိုင် (ဦးဥတ္တမလမ်းမှ) -- တို့ဖြစ်ကြသည်။

လျှပ်စစ်ပစ္စည်းဆိုင်များမှ တန်ဖိုးကြီးသည့် ဖုန်းများစွာ ခိုးယူခံရသည်ဟု သိရှိရသည်။ ဖောက်ထွင်းခံရသည့် ဆိုင်ပိုင်ရှင်များက သက်ဆိုင်ရာ မြို့မရဲစခန်းသို့ တိုင်ကြားလျှင် အမှုဖွင့်ခ ငွေကျပ် တစ်သောင်းအထက်နှင့် တရားခံရှာရန် စရိတ် ထပ်မံပေးရသည့်အတွက်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားရန် ၀န်လေးနေကြကြောင်း ဒေသခံများက ပြောပါသည်။ 

“လုံခြုံရေးတွေက မြို့တွင်းမှာ အမြဲလှည့်ကင်းလှည့်နေတာတောင် အခုလို ဖောက်ထွင်းခံနေရတာက အံ့သြစရာပါ။ လူတွေအိပ်နေတဲ့အချိန် မိုးကြီးနေတဲ့အချိန်မှာ ဖောက်ထွင်းနေတာဖြစ်တယ်။ ညပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွဲပြီး ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ အဲဒါကြောင့် ဘယ်သူတွေ ဖောက်ထွင်းဆိုတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသိဆုံးဖြစ်မှာ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေ အနေနဲ့ သေချာစုံစမ်းပြီး အရေးယူပေးစေလိုပါတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 




Rohingya Eye
RB News
17.7.2017

မောင်တော ။  ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာ အခြေစိုက် နယ်မြေ (၅) မှ နယ်ခြားစောင့်ရဲများနှင့် ကံပြင်ကျေးရွာအခြေစိုက် စစ်သားများ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၃) ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်မြေရုံးမှ နယ်ခြားစောင့်ရဲများနှင့် ကံပြင်ကျေးရွာ အခြေစိုက် စစ်တပ်တပ်ရင်းမှ စစ်သားများ ပူးပေါင်း၍ အင်အား ၂၀၀ ကျော်သည် ဇူလိုင်လ (၁၆) ရက်နေ့ နံနက် ၃ နာရီအချိန်တွင် ဦးရှည်ကျကျေးရွာကို ၀န်းရံခဲ့ပြီး နံနက် ၅ နာရီခွဲ အချိန်တွင် ရွာသူရွာသားများကို နေရာ ၃ ခု၌ စုဝေးခိုင်းခဲ့သည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၎င်းတို့၏ လက်ကိုင်တုတ်များနှင့် ညှိနှိုင်း၍ ၎င်းတို့သဘောအတိုင်း တရားခံများဟု သတ်မှတ်၍ ပြုလုပ်ထားသော စာရင်းထဲမှ မဖမ်းဆီးနိုင်ခဲ့သည့်  ဒေသခံ (၃) ဦးကို ရှာဖွေခဲ့ရာ မတွေ့ရှိဘဲ အဆိုပါ (၃) ဦးနှင့် အမည်တူသော အခြားဒေသခံ (၃) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နေအိမ်များရှာဖွေရာတွင် စစ်သားများက သေတ္တာ၊ ဘီရိုများနှင့် အခြားသော ပစ္စည်းများ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့ရှိသော ကြက်များကို လုယက်ယူဆောင် သွားခဲ့သည်။ 

စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၎င်းတို့၏ လက်ကိုင်တုတ်များနှင့် ညှိနှိုင်း၍ တရားခံစာရင်းထဲသို့ ထည့်သွင်းခံရသူများ အားလုံး ထွက်ပြေးသွားခဲ့ကြပြီး၊ တရားခံစာရင်းသွင်းခံရသူများနှင့် အမည်တူညီသူ (၃) ဦးကို ဖမ်းဆီး၍ ငါးခူရနယ်မြေရုံးသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးခံရသူများမှာ အလွန်ဆင်းရဲ ချို့တဲ့သူများ ဖြစ်ပြီး ရွာတွင် အေးချမ်းစွာ လယ်ယာလုပ်ငန်းတွင် အလုပ်သမားများ အဖြစ် လုပ်ကိုင် စားသောက်နေသူများ ဖြစ်ကြသည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ (၃) ဦးမှာ --

(၁) ဦးဇာဖော်ရ် (ဘ) ဦးဂူရာမျာ (အသက် ၄၃ နှစ်) - အလုပ်အကိုင်မရှိ၍ တောင်းရမ်းစားသောက်နေသူ
(၂) မာမတ်ရော်ရှိတ် (အသက် ၂၅ နှစ်)
(၃) မာမတ်အာယုဖ် (အသက် ၂၄ နှစ်) -- တို့ဖြစ်ကြသည်။ 



Saed Arakani
RB News
15.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချောင်းရွာမှ အပြစ်မဲ့ ဒေသခံအချို့ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချောင်းရွာသို့ ရောက်ရှိလာပြီး ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖိုကီရ်အဟမတ် (အသက် ၂၈ နှစ်) ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသွားနေစဉ် ရွာသားများက ဖမ်းဆီးရသည့် အကြောင်းရင်းကို မေးမြန်းရာ ၎င်းတို့၏ အရာရှိကြီးက ခေါ်ဆောင်ခိုင်းထားခြင်းကြောင့် ဖြစ်သည်ဟု နယ်ခြားစောင့်ရဲများ ဖြေကြားခဲ့သည်။ 

ဦးမိုဟာမတ်နူးရ်ကို စေတီပြင်စခန်းတွင် တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ချောင်းမှ တဆင့် ရသေ့တောင်မြို့နယ် စခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါစခန်းတွင်လည်း ၎င်းအား လူမဆန်စွာ ဆက်လက် ညှဉ်းပန်းနှိပ်စက်၍ လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုရှိသူများ၏ စာရင်းပေးခိုင်းခဲ့သည်။ ဦးမိုဟာမတ်နူးရ်သည် ၎င်းအား ညှဉ်းပန်းနှိပ်စက်နေသည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံးတွင် ရွာအတွင်း ၎င်းနှင့် သိကျွမ်းသူများ၏ အမည်များကို ပြောဆို၍ ၎င်းအား ညှဉ်းပန်းနှိပ်စက်နေခြင်းကို ရပ်တန့်ခိုင်းခဲ့သည်။ ၎င်းအမည်စာရင်းပေးသူများမှာ လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်နေသူများ မဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်တန့်စေရန် ပြောဆိုခဲ့ခြင်းသာ ဖြစ်သော်လည်း နယ်ခြားစောင့်ရဲများက ဇူလိုင်လ (၁၃) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ချောင်းရွာကို ၀ိုင်းထားခဲ့ပြီး ညနေ ၄ နာရီ အချိန်တွင် အပြစ်မဲ့ ရွာသား (၈) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ (၈) ဦးစလုံးကို စေတီပြင်ရှိ စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယင်းနေ့ နံနက် ၇ နာရီအချိန်တွင် ချောင်းရွာသို့ စစ်သားများ ရောက်ရှိလာပြီး ရပ်မိရပ်ဖများကို အစည်းအဝေး ကျင်းပရန် ပြောဆိုခဲ့သော်လည်း ရွာသူရွာသားများက စစ်သားများကို တွေ့ရှိပြီး မတရားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားသောကြောင့် အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၄) ရက်နေ့ ညနေပိုင်းတွင်လည်း ထပ်မံ၍ အစည်းအဝေး ကျင်းပရန် ကြိုးစားခဲ့ပြီး၊ အစည်းအဝေး ကျင်းပ၍ မရပါက တစ်အိမ်တက်ဆင်း စစ်ဆေးမည်ဟု စစ်သားများက ပြောဆိုခဲ့သည်။ 

ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ ရွာသား (၈) ဦးမှာ --

(၁) အဒူဂျလီလ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၆ နှစ်)
(၂) ဟာဘီဟူစိန်း (ဘ) ဦးကာဒိရ်မျာ (အသက် ၂၂ နှစ်)
(၃) လာလားယား (ဘ) ဦးနူးရ်မိုဟာမတ် (အသက် ၁၆ နှစ်)
(၄) ဦးဆလာမတ်အုလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၅ နှစ်) 
(၅) ဇူဘိုင်ရ် (ဘ) ဦးနူးရူ (အသက် ၂၅ နှစ်)
(၆) မိုနီရာ (ဘ) ဦးအဒူဆလာမ် (အသက် ၂၆ နှစ်)
(၇) ဦးဆာဂျီဒ်အုလ္လာ (ဘ) ဦးအီဆာအာမတ် (အသက် ၄၀ နှစ်)
(၈) အဗ်ဒူလ္လာ (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၁၈ နှစ်) -- တို့ဖြစ်ကြသည်။



MYARF
RB News
15.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ အစိုးရမှ စေလွှတ်သည့် သတင်းထောက်အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းတို့နှင့် စကားပြောခဲ့သူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

အစိုးရမှ ရွေးချယ်စေလွှတ်သည့် သတင်းထောက်များအဖွဲ့သည် ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် ၁း၂၀ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ ရောက်ရှိလာပြီး စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့သည့်နေအိမ်များကို ကြည့်ရှုခဲ့သည်။ ထို့နောက် ရွာအတွင်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုများ အကြောင်းကို ရွာသူရွာသားများ မေးမြန်းခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ နေ့လည် ၂ နာရီခန့်အချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“သူတို့ပြန်သွားပြီး တစ်နာရီခွဲလောက် အကြာ နေ့လည် ၃ နာရီခွဲလောက်မှာ ခထီးလှ န.တ.လ ရွာက နယ်ခြားစောင့်ရဲတွေ ရောက်လာပြီး သတင်းထောက်တွေနဲ့ စကားပြောခဲ့တဲ့ ရပ်ရွာလူကြီးတွေ၊ မော်လ၀ီတွေကို ဖမ်းဆီးဖို့ လိုက်ရှာနေတယ်။ အိမ်မီးရှို့တာမှ ပါတဲ့ ကျွန်းပေါက်စခန်းက နယ်ခြားစောင့်ရဲတွေလည်း အုပ်စုဖွဲ့ပြီး လူတွေကို ဖမ်း၊ ရွာကိုဖျက်ဖို့ လာနေတယ်လို့ သတင်းရထားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နယ်ခြားစောင့်ရဲများက သတင်းထောက်များနှင့် စကားပြောသူများကို ရှာဖွေနေသောကြောင့် ရွာသားများ ရွာပြင်သို့ ထွက်၍ တိမ်းရှောင်နေရကြောင်း ညပိုင်းတွင် တောတောင်အတွင်း တိမ်းရှောင်နေသူများကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အကြမ်းဖက် တိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း၊ မိမိတို့အား အကြမ်းဖက်သမားများဟု လုပ်ကြံစွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်မည်ကိုလည်း အထူးစိုးရိမ်နေရကြောင်း၊ သတင်းထောက်များ ထွက်ခွာနေစဉ် အချိန်မှာပင် တောင်ဘဇာ နယ်မြေမှူးက တွေ့ဆုံစကားပြောသူများကို ဖမ်းဆီး၍ ပစ်သတ်ရန်၊ မပစ်သတ်နိုင်ပါက စခန်းသို့ ပြန်မလာရန် အမိန့်ထုတ်ထားသည်ဟု သတင်းကြားရသည့် အတွက် ပို၍ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။ 



Saed Arakani
RB News
13.7.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်ရှိသွားသည့် ဒေသခံရိုဟင်ဂျာများသည် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ လေ့လာရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၁၃) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် စစ်တွေမြို့တွင် အကျဉ်းစခန်းကဲ့သို့ ပိတ်ဆို့ခံထားရသည့် အောင်မင်္ဂလာရပ်ကွက်သို့ ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။ မစ္စရန်ဟီးလီက ၎င်းနောက်ဆုံး ရောက်ခဲ့သည့် အခြေအနေနှင့် ယခုအခြေအနေ ကွာခြားမှုကို ဒေသခံများအား မေးမြန်းရာ ဒေသခံများက အပြောင်းအလဲ မရှိသည့် အပြင် အခြေအနေမှာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေကြောင်း တင်ပြခဲ့သည်။ ထို့နောက် မစ္စလီက နိုင်ငံသားလျှောက်ထားခြင်း ကိစ္စကို မေးမြန်းရာ ဒေသခံများက အထောက်အထား ပြည့်ပြည့်စုံစုံနှင့် တင်ပြသူများကိုပင် ပြုနိုင်ငံသားကဒ်များသာ ထုတ်ပေးနေသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ နိုင်ငံသားလျှောက်ထားရန် စိတ်မ၀င်စားကြောင်း၊ ထို့အပြင် လူမျိုးအမည်ကို မိမိတို့၏ လူမျိုးအမည် အမှန် ရိုဟင်ဂျာ ရေးသားပေးခြင်း မရှိသဖြင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စကို ပါဝင် ဆောင်ရွက်မည် မဟုတ်ကြောင်း တင်ပြခဲ့သည်။

ဒေသခံများက မိမိတို့အနေဖြင့် မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်သည့် အရပ်ဒေသတွင် ပိတ်ဆို့ခံထားရသည်မှာ ၅ နှစ်ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အခြေခံ လူ့အခွင့်အရေး လုံးဝ မရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက မောင်တောနှင့် ပတ်သက်၍ နေ့စဉ်နေ့တိုင်း လုပ်ကြံသတင်းများ ထုတ်ပြန်လျက် ရှိကြောင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု ဆိုကာ ဖမ်းဆီးခြင်း၊ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင် သွား၍ သတ်ပစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ဤကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မိမိတို့၏ လူမျိုး မျိုးတုန်းသွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

မစ္စရန်ဟီးလီသည် နံနက် ၁၁း၂၀ နာရီ အချိန်တွင် သက္ကေပြင် ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည်စခန်းအတွင်းရှိ ဟင်းလင်းပြင် ခန်းမတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် လုံခြုံရေး အစောင့်အကြပ်များ ရှိနေသောကြောင့် ဒုက္ခသည်ဘ၀သို့ ရောက်ရှိနေသည့် ဒေသခံရိုဟင်ဂျာများက မစ္စရန်ဟီးလီ ပြန်သွားလျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

မစ္စရန်ဟီးလီသည် ထိုမှတဆင့် ဒုက္ခသည်စခန်းအတွင်း လူနေမှုဘ၀ အခြေအနေများ၊ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေများကို စခန်းအသစ်နှင့် အဟောင်း နှစ်ခုစလုံးကို လှည့်လည်၍ အသေးစိတ် လေ့လာခဲ့ကြောင်း ဒုက္ခသည်ဘ၀သို့ ရောက်နေသူများက ပြောပါသည်။

ထိုသို့ လှည့်လည် ကြည့်ရှုပြီးနောက် လူငယ်အချို့နှင့် ဒုက္ခသည်စခန်းတစ်နေရာတွင် သီးခြား တွေ့ဆုံ၍ NVC ကဒ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့များကို ဖမ်းဆီးခြင်း ရှိ/မရှိတို့ကို မေးမြန်းခဲ့သည်။ လူငယ်များက မိမိတို့အား လာရောက်ကြည့်ရှု၍ အမှန်အတိုင်း အစီရင်ခံစာ တင်သွင်းနေခြင်းများ အတွက် အလွန်ပင် ၀မ်းသာအားရ ဖြစ်မိကြောင်း၊ မိမိတို့၏ နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက် ရှိကြောင်း၊ NVC ကဒ် ဆိုသည်မှာ နိုင်ငံခြားမှ ရောက်ရှိလာသူများကို နိုင်ငံသားပေးရန် သင့်/မသင့် စီစစ်ရန် အတွက် ဖြစ်ကြောင်း၊ မိမိတို့သည် ဤနိုင်ငံ၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခံခဲ့ဖူးသည့် ဌာနေ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မိမိတို့သည် ဤနိုင်ငံ၏ တိုင်းရင်းသားဖြစ်သည့် အထောက်အထားများလည်း ရှိကြောင်း၊ မိမိတို့အား တရားမ၀င်ရောက်ရှိလာသူများဟု သမုတ်နေသော်လည်း မိမိတို့သည် တိုင်းရင်းသား ဖြစ်သောကြောင့် NVC ကဒ်ကို လျှောက်ထားကြမည် မဟုတ်ကြောင်း၊ NVC ကဒ် လက်ခံရယူထားသူများမှာလည်း ရန်ကုန်သို့ အရေးပေါ် ဆေးကုသရန် အတွက် မဖြစ်မနေလိုနေသည့် အချိန်တွင် ရယူခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အကျဉ်းသားများကို ထောင်မှ လွှတ်ပေးသည့် အခါတွင် မယူလျှင် လွှတ်မပေးကြောင်း၊ အကျဉ်းသားများမှာ ထောင်မှ လွတ်မြောက်ရေး အတွက် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ခံရယူထားသူ အနည်းငယ်မှာ အခြေအနေကို မလွန်ဆန်နိုင်၍ လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုက္ခသည် စခန်းအတွင်းမှ အပြစ်မဲ့ ဒုက္ခသည်များကို မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးသွားသည်များ အမြောက်အမြား ရှိကြောင်း တင်ပြခဲ့သည်။





RB News
13.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစု အပါဝင် ရွာအချို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မပြန်မချင်း ညှဉ်းပန်းနှိပ်စက်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု၊ ဖက်လိပြင်နှင့် ကျောက်ချောင်း အလယ်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အင်အား ၄၀ ကျော် ၀င်ရောက် စီးနင်းပြီး အမျိုးသမီးများကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးက Ms Yanghee Lee မပြန်မချင်း ဆက်လက် ညှဉ်းပန်းနှိပ်စက်မည် ဖြစ်ကြောင်း၊ နှိပ်စက်မှု မခံချင်လျှင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးချင် ထွက်ပြေး၍ ရကြောင်း၊ ၎င်းကိုယ်တိုင် ချောင်းဝ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးကို ထွက်ပြေးနေသူများအား မတားမြစ်ရန် ညွန်ကြားချက် ပေးထားကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များမှ အထူးသဖြင့် ဆန်၊ ဆီ၊ ငြုတ်သီး၊ ထမင်း၊ ဟင်း ချက်သည့် အိုးခွက်များကို အဓိက ပစ်မှတ်ထား၍ ဖျက်ဆီးနေသည်ကို ကြည့်ခြင်းအား ဒေသခံများ၏ လူနေမှု ဘ၀ရပ်တည်နိုင်စွမ်းမရှိအောင် ပြုလုပ်ပြီး ဒုက္ခသည် ဘ၀ရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း ကျွန်းပေါက်ဆင်အိုးနှင့် ရေတွင်းပြင် ကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အလားတူ ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် ကြိမ်ချောင်းဈေးမှ ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ စားကုန်ပစ္စည်းများ ၀ယ်ယူပြီး ရေတွင်းပြင်သို့ ပြန်နေသည့် စက်တပ်လှေနှစ်စီးကို ပြူးမချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး ပစ္စည်းများ အားလုံးကို လုယက်ယူလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ လုယက်ခံရသူနှစ်ဦးမှာ ဦးအာမာန်အုလ္လာ (ဘ) ဦးမာမတ်အလီနှင့် ဦးမာမတ်ဟူဆောင်း (ဘ) ဦးရှုနာမျာ တို့ဖြစ်ကြသည်။ ၎င်းတို့သည် ရေတွင်းပြင်ကျေးရွာမှ ကားလမ်းဖြင့် သွားလာနိုင်ခြင်း မရှိသောကြောင့် စက်တပ်လှေငယ်များဖြင့် ကြိမ်ချောင်းဈေးမှ စားကုန်ပစ္စည်းများ ၀ယ်ယူ သယ်ဆောင်လာ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။



MYARF
RB News
13.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ရဲမှူးကြီး ဦးဆောင်၍ သင်တန်းပေးထားသည့် ဒေသန္တရရဲများက တောင်ပြိုလက်ဝဲမြို့တွင် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို သတိမေ့သည့်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓဘာသာဝင် လူငယ်များကို စစ်တွေမြို့သို့ ခေါ်ယူပြီး jပည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဦးဆောင်၍ ဒေသန္တရရဲများ အဖြစ် ရဲသင်တန်းပေး၍ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်ပို့ထားခဲ့သည်။ အဆိုပါ ဒေသန္တရရဲများသည် မြို့နယ်ရဲမှူး၏ အမိန့်ဖြင့် အစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အရပ်ဝတ်များ ၀တ်၍ တာဝန်ထမ်းဆောင်လျက် ရှိသည်။ 

အဆိုပါ ဒေသန္တရရဲများသည် အရပ်ဝတ်များဖြင့် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို စစ်ဆေး မေးမြန်း၍ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဦးထွန်းမြင့် အပါအ၀င် ဒေသန္တရရဲ (၃) ဦးသည် နံ့သာတောင်ရွာမှ ဦးမိုဟာမတ်ယာဆေရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၂၇ နှစ်) ကို တောင်ပြိုမြို့မဈေးသို့ အလာလမ်းမကြီးပေါ်တွင် ဖမ်းဆီး၍ (၃) ဦးစလုံးက ၀ိုင်းဝန်းထိုးကြိတ်သည့် အပြင် ဦးခေါင်းကို လမ်းပေါ်ရှိ ကျောက်တုံးနှင့် အကြိမ်ကြိမ် ဆောင့်တွန်းခဲ့သောကြောင့် ဦးခေါင်းကွဲ၍ ထိုနေရာတွင်ပင် သတိလစ် မေ့မျော သွားခဲ့သည်။ ရိုက်နှက်ထိုးကြိတ်ခံရသူကို လမ်းဘေးရှိ ဆိုင်များမှ ဆိုင်ရှင်များက ဖေးမကူညီ၍ တောင်ပြိုလက်ဝဲမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့ရကြောင်း၊ ဆေးရုံဝန်ထမ်းများက ၎င်းအား ဆေးရုံတင်ထားချိန်တွင် မိသားစုဝင်များကို ၀င်ရောက် ကြည့်ရှုခွင့်မပေးခဲ့ကြောင်း ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ ဒေသန္တရရဲများ ဖြစ်ကြသည့် ဦးထွန်းမြင့် အပါအ၀င် (၃) ဦးသည် အရပ်ဝတ်များဖြင့် တနေကုန် ရိုဟင်ဂျာရွာများအတွင်း လှည့်လည်၍ အမျိုးသမီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောသည့် ဘင်္ဂါလီစကားဖြင့် မဖွယ်မရာ ပြောဆိုခြင်း၊ တွေ့သမျှ ရွာသားများကို မဆိုင်သည်များကို မေးမြန်းခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ရွာသားများကို ဆဲဆိုရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်း စသည်တို့ကို လိုင်စင်ရ သောင်းကျန်းသူ ဓါးပြများ ပုံစံဖြင့် ပြုလုပ်၍ ပြဿနာဖန်တီးရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မခံမရပ်နိုင်သည့် အဆုံးတွင် ကြီးမားသည့် ပြဿနာများ ဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဒေသန္တရရဲများ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သတိလစ်သွားခဲ့သည့် မိုဟာမတ်ယာဆေရ် 
MYARF
RB News
13.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် လမ်းဘေးတွင် ထိုင်စောင့်ပြီး မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေသည့် ရိုဟင်ဂျာများကို စစ်ဆေးသည့်ပုံစံဖြင့် ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရနယ်မြေအပိုင် ရွက်ညိုတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အပါအ၀င် တပ်ဖွဲ့ဝင် (၅) ဦးသည် ၎င်းတို့၏ ကင်းစခန်း၏ အနောက်ဘက်ရှိ ကားလမ်းဘေးတွင် ထိုင်စောင့်ပြီး မော်တော်ဆိုင်ကယ် စီး၍ သွားလာနေသည့် ရိုဟင်ဂျာများကို ရွေး၍ ဖမ်းဆီးကာ လိုင်စင် (သို့မဟုတ်) ဘီးခွန်မရှိဟု လုပ်ကြံစွပ်စွဲ၍ နေ့စဉ် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၉) ရက်နေ့တွင် ဦးရာဟ်မတ်အုလ္လာ (ဘ) ဦးအာဘူ (အသက် ၃၅ နှစ်) ထံမှ ငွေကျပ် ၄ သောင်း၊ သရက်အုပ်ကျေးရွာသား ဦးအီလီယာစ် (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း၊ ရေတွင်းကျွန်းကျေးရွာသား နှစ်ဦးတို့ အသစ်ဝယ်ထားသည့် ဆိုင်ကယ် နှစ်စီးကိုလည်း သိမ်းယူသွားခဲ့ပြီး၊ ၃ ရက်ကြာပြီးမှ ပိုင်ရှင်များကို ငွေကျပ် တစ်သိန်းစီဖြင့် ရွေးယူခိုင်းခဲ့ကြောင်း၊ တစ်ရက်လျှင် အနည်းဆုံး ဆိုင်ကယ် ၅ စီးမှ ၁၀ စီးထိ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




MYARF
RB News
13.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ၎င်းတို့ နယ်မြေရှိ ရိုဟင်ဂျာကျေးရွာများသို့ လှည့်လည်၍ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ကျေးရွာရှိ မျက်နှာဖုံးများကို အကြောင်းမဲ့ မတရားသဖြင့် ဖမ်းဆီးရန် လိုက်လံရှာဖွေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများသည် ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာသို့ သွားရောက်၍ ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၃၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ ညီအစ်ကို ၄ ဦးကိုလည်း လိုက်လံရှာဖွေလျက် ရှိကြောင်း၊ ဇူလိုင်လ (၉) ရက်နေ့တွင် အထက်နန်းရာကျေးရွာမှ ဦးဂျီယာဘူရာမာန် ကို လိုက်လံရှာဖွေခဲ့ကြောင်း၊ ဇူလိုင်လ (၇) ရက်နေ့တွင် ပေါက်ပင်ရင်း ကျေးရွာအုပ်စု ဘဲလွှတ်မင်းရွာမှ ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအာနုမျာ (အသက် ၂၅ နှစ်) နှင့် ဦးဟာဘီအုလ္လာ (ဘ) ဦးဆော်ယာဒ်အာမတ် (အသက် ၅၀ နှစ်) တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ဇူလိုင်လ (၅) ရက်နေ့တွင် အောက်နန်းရာရွာမှ ဦးဟာဖီးဇ်အာမတ် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၄၅ နှစ်) ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံရသူများနှင့် တရားခံပုံစံဖြင့် ရှာဖွေခံနေရသူများမှာ အပြစ်မဲ့များ ဖြစ်သောကြောင့် အပြစ်မဲ့ ရွာသားများ ဖမ်းဆီးခံရမည်ကို စိုးရိမ်လျက် ရှိနေကြသည်။



Rohingya Eye
RB News
12.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်ပူးပေါင်း၍ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုတွင် လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်မြေ (၂) ရုံးမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် တောင်ပြိုလက်ယာ ကျေးရွာအုပ်စု၊ အရှေ့ရွာကို  ၀န်းရံပိတ်ဆို့ခဲ့သည်။ ထို့နောက် နံနက် ၆ နာရီ အချိန်တွင် ရွာအတွင်း အိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး သေတ္တာနှင့် ဘီရိုများ ဖျက်ဆီးခဲ့သည့် အပြင် စားသောက်ကုန်ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် ၎င်းတို့တွင် ပါလာသည့် ဓါးချွန်များဖြင့် ရေလောင်းအိမ်သာများနှင့် ရေချိုးခန်းများမှ ပလတ်စတစ် အကာများကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

စားသောက်ကုန်ပစ္စည်းများ လုယက်ခံရသူ အချို့မှာ ဦးမော်ဂျီအုလ္လာ (အသက် ၃၀ နှစ်)၊ ဦးနူရူအာမီးန် (ဘ) ဦးအလီအာခ်ဘော်ရ် (အသက် ၅၀ နှစ်)၊ မော်လ၀ီဇာဖော်ရ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၅၂ နှစ်) နှင့် ဦးဘာရှားမျာ (အသက် ၅၀ နှစ်) တို့ဖြစ်ကြသည်။

“သူတို့ စစ်ဆေးချင်တယ်ဆိုရင် အေးအေးချမ်းချမ်း စစ်ဆေးလို့ရပါလျက်နဲ့ ရွာသားတွေကို ထိတ်လန့်အောင် လုပ်ပြီး စစ်ဆေးနေတာ၊ လုယက်တာတွေက တမင်သက်သက် လာပြီး စော်ကားနေတာလို့ ခံစားရတယ်။ ဒီဒေသ တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ် လိုလားတယ်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို ရပ်တန့် ပေးဖို့ လိုပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။





ထွန်းခင်
RB News
12.7.2017

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး အား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခွင့်ပြုရမည်။

ယခုနှစ် မတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အဖိနှိပ်ခံရိုဟင်ဂျာ လူဦးရေ တစ်သန်းကျော်နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ရပ်အား ဖွဲ့စည်းခဲ့သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးနောက်၊ မြန်မာစစ်တပ်မှ စစ်အင်အားသုံးကာ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ပိတ်ဆို့ခြင်းခံထားရသည့် ဒေသများတွင် အရပ်သားအစုအဝေးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ရိုဟင်ဂျာအမျိုးသမီးများအား အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းများ ကျူးလွန်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ရိုဟင်ဂျာများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ၊ မီးလောင်တိုက်သွင်းမှုများ နှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်။ ၎င်းရက်စက်ကျူးလွန်မှုများအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့များက မှတ်တမ်းတင် ထားခဲ့ကြသည်။ များစွာသောရိုဟင်ဂျာများ ရှင်သန်နေ ထိုင်ရေးအတွက် အားကိုးအားထား ပြုနေရသည့် လူသားချင်းစာနာမှု အကူအညီများသည် လုံးဝနီးပါး ရပ်တန့်ခဲ့ ရသည်။
ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကြောင့် ဦးရေ ၇၅,၀၀၀ ထက်ပိုသောအရေအတွက်ရှိ ရိုဟင်ဂျာများသည် နယ်စပ်တစ်လျှောက်မှတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ခွဲ နှစ်ခု၏ အရာရှိများ၏အဆိုအရ ရိုဟင်ဂျာဦးရေတစ်ထောင်ကျော် သေဆုံးခဲ့ကြသည်။

မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံတွင်းသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည့် အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်သတ်ဖြတ်မှုများ အကြောင်း ပြန်လည်ပြောပြခဲ့ကြသည်။ 

ကလေးသူငယ်များကိုပင် အလွတ်မပေးခဲ့ကြောင်း ကျွန်တော်ကိုယ်တိုင်ဒုက္ခသည်စခန်းများသို့ ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့စဉ်က ၎င်းတို့က ကျွန်တော့်အား ပြောပြခဲ့ကြသည်။ မြန်မာစစ်တပ်သည် ကလေးသူငယ်များအား အရှင်လိုက် မီးရှို့သတ်ဖြတ်ခဲ့မှုများ၊ ပစ်ခတ်သတ်ဖြတ်ခဲ့မှုများ၊ ဓါးခုတ်သတ်ဖြတ်ခဲ့မှုများပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ပြောပြခဲ့ကြသည်။

မြန်မာစစ်တပ်၏ ကြီးလေးသော ရာဇဝတ်မှုများအကြောင်း အသက်ရှင်ကျန်ရစ်သူများထံမှ သိရှိရသည့်အတိုင်း များမကြာမီက ကျွန်တော့်၏ အဖွဲ့အစည်းဖြစ်သည့် BROUK မှ အထောက်အထားများကိုထုတ်ပြန်ခဲ့သည်။

မှုခင်းဆေးပညာအရ စစ်ဆေးသုံးသပ်ထားသည့် ကျွန်တော်တို့၏ အစီရင်ခံစာတွင်လည်း အထက်ပါ ဖော်ပြချက်များကို အထောက်အကူပြုသည့် အထောက်အထားများ ပါဝင်သည်။



မြန်မာ့လုံခြုံရေးတပ်များ၏ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ခံခဲ့ရသည်ဟု သက်သေခံကြသည့် ကလေးများ၌ တိုက်ရိုက်ပစ်ခတ်ခြင်း ခံရသည့် သေနတ်ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများကို ကျွန်တော်တွေ့ရှိခဲ့သည်။

၎င်းအထောက်အထားများအရ ပြစ်မှုကျူးလွန်မှုများသည် အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ထင်ရှားလျက်ရှိပြီး၊ မြန်မာအစိုးရ အနေဖြင့် ထိုကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း လက်ခံအသိအမှတ်ပြုရပေမည်။

လူအများ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် အရပ်သားအစိုးရ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကယ်၍ စစ်တပ်အပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်လင့်ကစား၊ သူမအနေဖြင့် အမှန်တရားနှင့် တရားဥပဒေစိုးမိုးရေး စံနှုန်းတို့အား အသုံးပြုကာ စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဖောက်ဖျက်မှုများအား လျှော့ချရန် ဖိအားပေးနိုင်ပေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ကျူးလွန်ဖောက်ဖျက်မှုများအား မှေးမှိန်အောင်ပြုခြင်း (သို့မဟုတ်) ပြစ်မှုများအား တရားနည်းလမ်းကျကျ စုံစမ်းစစ်ဆေးမည့်အရေးကို လက်မခံဘဲ ငြင်းဆန်လျက်ရှိသည်။ မြန်မာစစ်တပ်မှစနစ်တကျ ကျူးလွန်ခဲ့သည့် အိမ်ရာဖျက်ဆီးမှုများ၊ လူအစုအပြုံလိုက် နေအိမ်စွန့်ခွာ ကစဥ့်ကလျားထွက်ပြေးစေမှုများ၏ အထောက်အထားများရှိသော်လည်း လွန်ခဲ့သည့်လက ဘီဘီစီသတင်းဌာန Fergal Keane က ဒေါ်အောင်ဆန်းစုကြည်အား အင်တာဗျူးခဲ့ရာတွင်၊ ဖြစ်ခဲ့သမျှတို့သည် မျိုးသုဉ်းသန့်စင်မှု မဟုတ်ကြောင်း သူမအနေဖြင့် ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများသည် အသစ်တော့ဖြင့်မဟုတ်ပေ။ နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားလူနည်းစုများသည် စစ်တပ်၏ ရက်စက်အကြမ်းဖက်မှုများကို နှစ်ပေါင်းများစွာကတည်းကခံစားရလျက်ရှိသည်။ မကြာသေးခင်က ထွက်ရှိခဲ့သော အစီရင်ခံစာများအရ မြန်မာစစ်တပ်သည် နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်လည်းစစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းသိရှိရသည်။ ၎င်းရာဇဝတ်မှုများကိုလည်း အချက်အလက်ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အချက်အလက်ရှာဖွေရေးအဖွဲ့အား ငြင်းဆန်ခဲ့ပြီး၊ သူမ၏ အစိုးရအဖွဲ့သည်လည်း အချက်အလက်ရှာဖွေရေးအဖွဲ့အား နိုင်ငံတွင်းဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း မြင်သာလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးအတွက် တောက်လျှောက်ပြောဆိုနေခဲ့သော်လည်း လက်တွေ့တင်မူ သူမသည် ရွေးချယ် ကျင့်သုံးလျက်ရှိသည်။ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်အနေဖြင့် ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်ခွင့်ရှိကြောင်းနှင့် ရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ လူနည်းစုများသည် အတိဒုက္ခ ဆက်လက် ခံစားရမည့်အကြောင်း သတင်းစကားပါးလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာစစ်တပ်သည် မတရားသတ်ဖြတ်ညှင်းဆဲမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက လွတ်လပ်စွာ ပြုလုပ်ခဲ့သည့် အတိုင်းအနာဂတ်တွင်လည်း ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်။

မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးခွင့်ပြုရန် ငြင်းဆန်သည့် မြန်မာအစိုးရ၏လုပ်ရပ်သည် သတ်ဖြတ်ညဉ်းဆဲခံရသူများနှင့် ထွက်ပြေး လွတ်မြောက် အသက်ရှင်ကျန်ရစ်သူများ ခံစားခဲ့ရသည့်ပြင်းထန်သော နာကျင်ခံစားမှုဒဏ်များအား ထပ်မံစော်ကားသည့်ပမာ ဖြစ်သည်။ စစ်တပ်၏ ဒဏ်ခံရသူများမှာ ၎င်းတို့မည်သို့မည်ပုံ ခံစားခဲ့ရပုံတို့ကို ကျွန်တော့်အား ပြောပြခဲ့ကြသည်။ အချက်အလက်ရှာဖွေရေးအဖွဲ့အား ခွင့်ပြုရန် ငြင်းဆန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်သည် မတရားပြုခံရသည့်သူများ၏ အခွင့်အရေးအား လုယက် ဓားပြတိုက်သည့်ပမာ ဖြစ်ပြီး၊ ဖြစ်ပျက်ခဲ့သည့် အမှန်တရားများအား ဖုံးကွယ်ထားသည့်ပမာဖြစ်ကာ သတ်ဖြတ်ကျူးလွန်နှိပ်စက်ညဉ်းပန်းရာ၌ တာဝန်ရှိသူများအား အရေးယူနိုင်မည့်နေ့သည် အဝေးသို့ ပိုမိုရောက်ရှိသွားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အချက်အလက်ရှာဖွေရေးအဖွဲ့အနေဖြင့် ၎င်း၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အားဆောင်ရွက်ရန် ခွင့်ပြုသင့်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအား ဆက်လက် တားဆီးမည် ဆိုပါကလည်း စုံစမ်းစစ်ဆေးမှုအား မဖြစ်မနေဆောင်ရွက်သင့်သည်။ ဘင်္ဂလားဒေရှ်နိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့အား ၎င်းတို့၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအား ဆောင်ရွက်နိုင်ရန် ဝင်ခွင့်ပြုသင့်သည်။

အကယ်၍ဒေါ်အောင်ဆန်းစုကြည်သည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အား ခွင့်မပြုပါက၊ သူမသည်တရားမျှတမှုနှင့် တာဝန်သိတတ်မှုတို့ကို အကောင်အထည်ဖော်ရန်အ ကြံပြုတိုက်တွန်းချက်များကိုလည်း အကောင်အထည်ဖော်မည်မဟုတ်ဟု ယူဆရသည်။ ထိုအခြေအနေမျိုး၌ နိုင်ငံတကာ လူ့အဖွဲ့အစည်းသည် ရွေးချယ်ရန်လမ်းနှစ်သွယ်နှင့် ရင်ဆိုင်ရမည်။ နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကာ ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပေါ်စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများကို လုံးဝရပ်တန့်စေရန် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ရန်အတွက် ပြင်းထန်သော အရေးယူမှုများပြုလုပ်ရန် (သို့မဟုတ်) ရိုဟင်ဂျာများစနစ်တကျ ချေမှုန်းခံနေရပြီး၊ မြန်မာနိုင်ငံမှ နှင်ထုတ်နေရသည့်တိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခင်မူဝါဒအတိုင်း စိုးရိမ်ကြောင့်ကြမှုများကို ဖော်ပြရုံဖော်ပြပြီး မည်သည့်အရေးယူမှုမျှ ပြုလုပ်ခြင်းမရှိ အသာအယာ ထိုင်လျှက်သာ ရှိနေရန်ပင်ဖြစ်သည်။

ဦးထွန်းခင်သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ၏ ဥက္ကဌ ဖြစ်သည်။


RB News
7.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူမှ တဆင့် အပြစ်မဲ့ ရိုဟင်ဂျာရွာသားများကို ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ် (ဘ) ဦးအာဘူလ်ဟာရှိမ်း မှ တဆင့် ယင်းကျေးရွာအုပ်စု ရပ်ကွက် (၉) မှ ဒေသခံများ ဖြစ်ကြသော ဦးဟာဖီးဇ်အာမတ် (ဘ) ဦးမာမတ်အစ္စလာမ်နှင့် ဦးဟာရှိမ်းမုလ္လာ (ဘ) ဦးဘော်ဒီရာမာန် တို့ကို ဇူလိုင်လ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှိ ဂန့်ဂေါမြိုင်အောင်ပ န.တ.လ ရွာသို့ ဆင့်ခေါ်ခဲ့သည်။

ထို့နောက် ဆင့်ခေါ်ခံရသူနှစ်ဦးကို ရသေ့တောင်မှ လာသည့် လူစိမ်းတစ်ဦးကို ဧည့်ခံကျွေးမွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ချုပ်နှောင်ထားခဲ့သည်။

ချုပ်နှောင်ခံခဲ့ရသူ နှစ်ဦးစလုံးက မဟုတ်မမှန်သည့် ကိစ္စတစ်ခုဖြစ်၍ ၀န်မခံသောအခါ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်တို့နှစ်ဦးစလုံးက တုတ်များဖြင့် ဦးဟာဖီးဇ်အာမတ်ကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ဦးဟာဖီးဇ်အာမတ်ကို ရိုက်နှက်နေစဉ် ဦးဟာရှိမ်းမုလ္လာလည်း ရိုက်နှက်ခံရတော့မည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ ရွာသားတစ်ဦးကို မိမိ၏ ရှေ့မှောက်တွင် ညှဉ်းပန်းနှိပ်စက်နေသည်ကို ကြည့်မနေသည်က တစ်ကြောင်းတို့ကြောင့် အုပ်ချုပ်ရေးမှူး တောင်းသည့် ငွေကျပ် နှစ်သိန်း ပေးပါမည်ဟု ကတိပြုခဲ့သည်။ အုပ်ချုပ်ရေးမှူးက ငွေကျပ် နှစ်သိန်း ရမည်ဟု ကတိရမှ ရိုက်နှက်နေခြင်းကို ရပ်တန့်ခဲ့ပြီး၊ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူး ရုံးတွင် ရုံးမထိုင်ဘဲ နေအိမ်မှနေ၍ ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်မှ တဆင့် ရိုဟင်ဂျာရွာသားများကို တစ်ဦး (သို့မဟုတ်) နှစ်ဦးစီ ဆင့်ခေါ်၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
10.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင် နယ်မြေတစ်ဝိုက်တွင် လုံခြုံရေး တာဝန်ယူထားသော ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက မွတ်စလင် အမျိုးသမီးဝတ် ဘူရ်ခါများ ခြုံ၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ဓါးပြတိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများသည် ဇူလိုင်လ (၈) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် ကျောင်းတောင် ကျေးရွာအုပ်စု စာကိုင်းရွာ (ရှိခ်ဒါရ်ဖာရာ) သို့ဝင်ရောက်၍ ဦးဘော်ရှိရ်အာမတ်၏ နေအိမ်နှင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ် (၁၀) လုံးကို နှစ်နာရီကြာမျှ လည်ပတ် ကြည့်ရှု၍ အပြန်တွင် ဦးအဒူရှကူရ်၏ နေအိမ်မှ သစ်ခွဲစက် အငယ်တစ်လုံးနှင့် ပတ်ဝန်းကျင် အိမ်များမှ ကြက် ၄ ကောင် လုယက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ဇူလိုင် (၉) ရက်နေ့ နံနက် ၁း၃၀ နာရီအချိန်တွင် ဦးဘော်ရှိရ်အာမတ်၏ နေအိမ်သို့  မွတ်စလင်အမျိုးသမီးဝတ် ဘူရ်ခါများ ခြုံ၍ ၀င်ရောက်လာခဲ့သည်။ နေအိမ်အတွင်းရှိသူများက စစ်သားများ ဖြစ်ကြောင်း သိရှိသွားသောအခါ ဖမ်းဆီးသွားမည်ကို စိုးရိမ်၍ အမျိုးသားများ အိမ်ပြင်သို့ တိမ်းရှောင်သွားခဲ့သည်။ ထို့နောက် စစ်သားများက နေအိမ်အတွင်းရှိ အမျိုးသမီးများကို အိမ်ပြင်သို့ ထုတ်၍ နိုင်လွန်ကြိုးဖြင့် သစ်ပင်တွင် ချည်နှောင်ထားကာ ဓါးချွန်းများဖြင့် ထိုးခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ခန္ဓာကိုယ်တွင် ဆင်မြန်းထားသည့် လက်ဝတ်ရတနာများ လုယက်ယူခြင်းများ ပြုလုပ်ခဲ့သည့် အပြင် နေအိမ်အတွင်း ရွှေ၊ ငွေများ ထားရာနေရာကို အတင်းအဓမ္မ ညွန်ပြခိုင်းခဲ့သည်။ 

အဆိုပါ စစ်သားများသည် ယင်းအိမ် ရွှေ ၆ ကျပ်သားနှင့် ငွေကျပ် ၂၅ သိန်းကျော် ဓါးပြတိုက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

လုယက်ခံရသည့် သတင်း ပြန့်နှံ့သွားပြီးနောက် နံနက် မိုးလင်းသည့် အချိန်တွင် ကျောင်းတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး စစ်ဆေးချက် ယူမည့် ပုံစံဖြင့် ဓါးပြတိုက်ခံရသည့် မိသားစုဝင်များ အားလုံးကို စစ်သားများက လုယက်ခဲ့သည်ကို မည်သူ့ကိုမှ မပြောရန်၊ ပြောလျှင် ပြဿနာရှည်သွားမည် ဖြစ်ပြီး မိသားစုအားလုံး ဒုက္ခရောက်လိမ့်မည်ဟု ခြိမ်းခြောက်၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။ 



RB News
8.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာတို့သို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ရွာသားများကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ပြီး ရွာပြင်သို့ တွန်းပို့နေသလို ဖြစ်နေသဖြင့် လယ်ယာစိုက်ပျိုးရန် မလွယ်တော့ဘဲ ရှေ့လျှောက် အငတ်ဘေး ကြုံတွေ့ရမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာတို့ရှိ ဒေသခံရွာသား  အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ပြီး၊ ၉၈% ကျော် ဒေသခံများမှာ ဆင်းရဲမွဲတေနေသူများ ဖြစ်ကြသည်။

ဇွန်လနှင့် ဇူလိုင်လ များတွင် လယ်ယာစိုက်ပျိုးရမည့် အချိန်ဖြစ်သော်လည်း ကြိမ်ချောင်းနှင့် ဇီးပင်ချောင်း ကျေးရွာများ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက နေ့စဉ် ရွာများထဲသို့ ၀င်ရောက်၍ ရွာသားများကို ရွာပြင်သို့ မောင်းထုတ်ခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ လက်နက်ပြ၍ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“နယ်ခြားစောင့်ရဲတွေက နေ့တိုင်း အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်ထိလောက် ရွာထဲ ၀င်လာတယ်။ ရွာသားတွေကို မောင်းထုတ်တယ်။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အိမ်တွေကနေ ထုတ်ပြီး အပြင်မှာ စုထိုင်ခိုင်းထားတယ်။ နေပူမိုးရွာ မရှောင် ထိုင်ခိုင်းပြီး အပြစ်ပေးသလို လုပ်ထားတယ်။ ပြီးတော့ ပစ္စည်းတွေလုတယ်။ အခု စပါးစိုက်ရမယ့် ရာသီမှာ စပါးစိုက်လို့ မရဘူး။ ရွာသားတွေကို ရွာထဲကို ပြန်မ၀င်ရဲတော့လောက်အောင် ခြိမ်းခြောက်တယ်။ ဒါကတော့ တစ်နည်းအားဖြင့် နိုင်ငံထဲကနေ ထွက်ပြေးအောင် လုပ်တာပဲ။ အခုလို ပုံစံမျိုး လုပ်နေရင် စပါးစိုက်လိုက်ရတော့မှာ မဟုတ်ဘူး။ ကျွန်းပေါက်ပြုစုက ရွာသူရွာသားတွေ အငတ်ဘေး ကြုံရဖို့ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒေသခံများက ယခုကဲ့သို့ နေ့စဉ် ရက်ဆက် ညှဉ်းပန်းနှိပ်စက်နေသည်ကို ရပ်တန့် ပေးရန် ပြည်ထောင်စု အစိုးရအားတောင်းဆိုကြောင်း၊ လွတ်လပ်စွာ စပါးစိုက်ပျိုးခြင်း မပြုလုပ်နိုင်ပါက အငတ်ဘေးကြုံတွေ့ရမည် ဖြစ်သဖြင့် မခံနိုင်တော့သည့် အဆုံးတွင် မလိုလားအပ်သည့် ပြဿနာများဖြင့် ရှုပ်ထွေးလာနိုင်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရက အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။




Rohingya Eye
RB News
8.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့။ လိပ်ရကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ဒေသခံရွာသားများကို ဓါးထိုးမှုနှင့် ပတ်သက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့်ရဲများကို ဒေသခံရွာသားများထံမှ ငွေညှစ်နိုင်ရန် နည်းလမ်းများ ရှာပေးခဲ့သူ ဦးနူရူအစ္စလာမ် (အသက် ၃၄ နှစ်) ကို ဇွန်လ (၂၄) ရက်နေ့က ဓါးထိုးမှုနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခဲ့ရာ ဒေသခံ (၁၄) ဦးကို ဖမ်းဆီးခဲ့ပြီး (၁၀) ဦးကို ဇူလိုင်လ (၁) ရက်နေ့တွင် ငွေညှစ်၍ ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၄) ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရပြီး ပြန်လည် လွတ်မြောက်လာသည့် လိပ်ရကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံများ (၁၀) ဦးမှာ --

(၁) ဦးဘထွန်း (ဘ) ဦးဘော်ခေါ်ရ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေကျပ် ၂ သိန်း
(၂) ရှော်ဖိခ် (ဘ) ဦးလော့သီး (အသက် ၂၂ နှစ်) - ညှစ်ခံရငွေကျပ် တစ်သိန်းခွဲ
(၃) အာယုဖ် (ဘ) ဦးအုစ်မာန် (အသက် ၁၆ နှစ်) - ညှစ်ခံရငွေကျပ် ၁၀ သိန်း
(၄) ဦးရှာဘ်မျာ (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၅) ဦးဆွေဒူလာမီးန် (ဘ) ဦးလာလူး (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၆) ဟာဖီးဇ်ရှီခါန်ဒေါ့ရ် (ဘ) ဦးအဒူလ်အာဇီးဇ် (အသက် ၅၅ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်းခွဲ
(၇) အဒူရာမာန် (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၈) မူဂျီဘ် (ဘ) ဦးအာရှော်သ်အူလ္လာ (အသက် ၁၈ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၉) ဖူသီယာ (ဘ) ဦးဟာမိဒူလ္လာ (အသက် ၂၅ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း
(၁၀) ဦးဘော်ဒူရူ (အသက် ၆၀ နှစ်) - ညှစ်ခံရငွေကျပ် ၅ သိန်း - တို့ဖြစ်ကြသည်။

ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူ (၄) ဦးမှာ --

(၁) ဦးအဘူရ်နူရ်ဘော်ရှော်ရ် (ဘ) ဦးဟိုက်ရ် (အသက် ၂၈ နှစ်)
(၂) ဆွေတာလောမ် (ဘ) ဦးဖူသ်ခါး (အသက် ၂၄ နှစ်)
(၃) ဦးမုဟိဘူလ္လာ (ဘ) ဦးဖူးန်ဒူရာ (အသက် ၄၅ နှစ်)
(၄) အာနိုဝါရ်အစ္စလာမ် (ဘ) ဦးအာမီးန်အုလ္လာ (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။ 

ဓါးထိုးမှု မဖြစ်ပွားမီ တစ်ရက်အလိုတွင် ဖမ်းဆီးခံထားရသူ လိပ်ရမြောက်ရွာသား ဦးရော်ဘူလ်အာမီးန် (ဘ) ဦးအူဘိုဒူလော့ခ် (အသက် ၃၅ နှစ်) ထံမှလည်း ငွေကျပ် သိန်း ၅၀ ညှစ်ယူ၍ ဇွန်လ (၂၉) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 




RB News
7.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေအနီးရှိ ငါးရန့်ချောင်း ကျေးရွာအုပ်စု မောင်နှမရွာမှ နေအိမ်နှစ်လုံးကို တပ်ရင်း ၅၅၂ မှ စစ်သားများက ဓါတ်ဆီလောင်း၍ မီးတင်ရှို့ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၅) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေအနီးရှိ ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာ (ဘော်စ်ဒ္ဒေါ်ဖာရာ) သို့ ခမရ ၅၅၂ တပ်ရင်းမှ စစ်သားများ စီးနင်းဝင်ရောက်ပြီး ရွာရှိ အကြီးဆုံးနေအိမ်များ ဖြစ်ကြသည့် ဦးဇော်ကော်ရီယာ (ဘ) ဦးဘာဆဲရ်အာမတ်နှင့် ဦးမိုဟာမတ်အာနိုဝါရ် (ဘ) ဦးရော်ရှိတ်အာမတ်တို့၏ နေအိမ်များကို ဓါတ်ဆီလောင်း၍ မီးတင်ရှို့ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ယင်းရွာတွင် ဆက်လက် စခန်းချထားပြီး ရွာသူရွာသားများကို ညစ်ညမ်းရိုင်းပျစွာ ဆဲဆိုခြင်း၊ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို လုယက်၍ သတ်ဖြတ်စားသုံးခြင်း၊ နောက်ထပ် နေအိမ်များကို ထပ်မံ၍ မီးရှို့မည်ဟု ခြိမ်းခြောက်များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




RB News
7.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားဒေ၀ါနာလီ ကျေးရွာအုပ်စု (နတ်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ဒေသခံများထံမှ ပစ္စည်းများနှင့် ငွေများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားဒေ၀ါနာလီ ကျေးရွာအုပ်စု (နတ်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် ဇူလိုင်လ (၃) ရက်နေ့ ၈ နာရီခန့် အချိန်တွင် ပဒကားရွာသစ် ကျေးရွာအုပ်စု ဒုံဂူလာရွာသို့ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးသည့် ပုံစံဖြင့် အိမ်များသို့ ၀င်ရောက်ပြီး အခန်းများအားလုံးကို စစ်ဆေးခြင်း၊ သေတ္တာများ ဖွင့်၍ တွေ့ရှိသော အသုံးအဆောင်ပစ္စည်းများကို ခိုးယူသွားခြင်း၊ အိမ်ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်များ ခူးယူသွားခြင်း၊ ကြက်များ ဖမ်းယူသွားခြင်း၊ ငွေများလုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ပစ္စည်းများနှင့် ငွေများ လုယက်ခံရသူအချို့မှာ --

(၁) ဒုံဂူလာ ဗလီဝတ်ကျောင်းတော်မှ ဆိုလာပြား၊ ဘက်ထရီတစ်လုံးနှင့် မီးသီးများ
(၂) ဦးအေဇာရ်ဟူစိန်း (ဘ) ဦးဇော်ကိရ်အာမတ်၏ ဆိုင်မှာ ဆပ်ပြာများ
(၃) ဦးရော်ရှိတ်အာမတ်၏ နေအိမ်မှာ ဘက်ထရီ တစ်လုံး
(၄) ဦးရှော်ဖိခ်နှင့် ဦးတွာဟား (ဘ) ဦးဘော်ရှီရ်အာမတ်တို့ ညီအစ်ကို နှစ်ဦးထံမှ ငွေကျပ် ၂ သိန်း
(၅) ဦးအာဘုလ်ကာဆိမ်း၊ ဒေါ်ဆေမောန်ခါတူ၊ ဦးအူလာမျာနှင့် ဦးကာဒိရ်ဟူစိန်း တို့ထံမှ ဟင်းသီးဟင်းရွက်များနှင့် ကြက်များ ယူဆောင်သွားကြောင်း - သိရှိရပါသည်။








ယျာတင် (ရိုဟင်းသား)
RB News
5.7.2017

- "ရခိုင်​ပြဿနာဟာ ရှုပ်​​ထွေးတယ်​။ နက်​နဲတယ်​။ တစ်​ရက်​တည်း တစ်​ညတည်း တစ်​ထိုင်​တည်းနဲ့ ​ဖြေရှင်းလို့မရဘူး" ဆိုပြီး ​ဒေါ်​အောင်​ဆန်းစုကြည်​က နိုင်​ငံတကာအသိုင်းအဝိုင်းကို မကြာခဏ ပြောလေ့ရှိတယ်။

- ဘာကို​ထောက်​ပြီး ရှုပ်​​ထွေးတယ်​​၊ ဘာကိုအ​ကြောင်းခံပြီး နက်​နဲတယ်​လို့ ​ပြော​နေတာလဲ ဆိုတာ ကျ​နော်​လည်း ​သေချာ နားမလည်​​သေးဘူး။

- ရခိုင်​ပြည်​နယ်​က Muslim community ဟာ ခွဲခြားဆက်​ဆံခံရတာ၊ လူမဆန်​​အောင်​ ဖိနှိပ်​ခံ​နေရတာ ဆယ်စုနှစ်​နဲ့ချီခဲ့ပြီ။ ဒါက ​အစိုးရအဆက်​ဆက်​ရဲ့ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှု ဆိုတာ လယ်​ပြင်​မှာ ဆင်​သွားသလို ထင်​ရှား​နေတဲ့ ကိစ္စပါပဲ။ နိုင်​ငံ​ရေးအရ အမြတ်​ထုတ်​ချင်​ခဲ့တဲ့ နိုင်​ငံ့​ခေါင်း​ဆောင်​​တစ်​ချို့ရဲ့ ကစားပွဲမှာ ဒီလူ​တွေဟာ ကြားမှာ ဓားစားခံဘဝ​ရောက်​ခဲ့ရှာရတယ်​လို့ ​ပြောရင်​ မှားစရာမရှိပါဘူး။

- ရခိုင်​ပြဿနာကို တကယ်​ပဲ ​ဖြေရှင်းချင်​​နေသလား။ ရှင်းရှင်း​လေးပါပဲ။

(က) ခွဲခြား ဖိနှိပ်​ခံ ရခိုင်​ပြည်​က Muslim community ဟာ သူ့တို့ကို သူတို့ ရိုဟင်​ဂျာဆိုပြီး ခိုင်​ခိုင်​မာမာ ခံယူထားသူ​တွေဖြစ်​တယ်​။ ဒါကို လူ့အခွင့်​အ​ရေး၊ နိုင်​ငံတကာစံနှုန်း​တွေ နားလည်​တဲ့သူတစ်​​ယောက်​ကို ကန့်​ကွက်​ရင်​ တကယ်​ရှက်​စရာ ဖြစ်​ပါလိမ့်​မယ်​။ "မြန်​မာ" ဆိုတဲ့ နာမည်​ကို မကြိုက်​လို့ "​Burma" လို့ သုံးနှုန်းခဲ့တာကို ကမ္ဘာက အ​လေးထားဖူးတဲ့ အချက်​ကို ပြန်​လည်​စဉ်းစားကြည့်​ပါ။ မိမိနာမည်​ကို မိမိ​ခေါ်ခွင့်​မရှိရဘူးလို့ ​ပြောတာ​လောက်​ ရုပ်​ဆိုးတဲ့ ခွဲခြားဖိနှိပ်​မှု ရှိ​နေအုံးမလား။ စိတ်​ဓာတ်​မှန်​ လူမှန်​ရင်​ နာမည်​တစ်​ခုကို အသည်းအသန်​ ပိတ်​ပင်​ပြီး ဒီလူ​တွေကို ကြိုက်​သလို သတ်​ခဲ့မှာမဟုတ်​ဘူး။ စိတ်​ဓာတ်​ပဲ ရိုးသား မှန်​ကန်​ဖို့လိုပါတယ်​။

ပြီး​တော့ ဒီလူ​တွေဟာ ရခိုင်​ပြည်​ (​မူရင်းအခေါ်အဝေါ် - အာရ်​ကာန်​) ရဲ့ မူလဘူတ လူမျိုးလား။ ဒါမှမဟုတ်​ မ​နေ့တစ်​​နေ့က ဘင်္ဂလား​ဒေရှ့်​နိုင်​ငံက​နေ စိမ့်​ပြီးခိုးဝင်​လာတဲ့ လူ​တွေလား။ ဒီတစ်​ချက်​ အရင်​ ​ဖြေရှင်းပါ။ သမိုင်းဆိုင်ရာ​ကိစ္စမို့ သက်​ဆိုင်​ရာ သမိုင်းပညာရှင်​​တွေကို ​ခေါ်​တွေ့၊ ​ဆွေး​နွေးရင်​ အ​ဖြေထွက်လာပါ​မယ်​။

(ခ) မူလဘူတ ဌာ​နေ ဖြစ်​​နေရင်​ မူလဘူတ ဌာ​နေတစ်​ဦး ရသင့်​ရထိုက်​တဲ့ အခွင့်​အ​ရေး​တွေ ​ပေးလိုက်​ပါ။ ၁၉၈၂ နိုင်​ငံသား ဥပ​ဒေအရ "၁၈၂၃ မတိုင်​က မြန်​မာနိုင်​ငံနယ်​နမိတ်​အတွင်း မှီတင်း​နေထိုင်​သူ​တွေဟာ ဒီနိုင်​ငံရဲ့ တိုင်းရင်းသား ဖြစ်​တယ်​" ဆိုတဲ့ ဥပ​ဒေတစ်​ခုနဲ့တင်​ လုံ​လောက်​ပါတယ်​။

(ဂ) အဲ့လို အခွင့်​အ​ရေး​ပေးရင်​ တစ်​ဖက်​လူ့အဖွဲ့အစည်းက မကြိုက်​ဘူး၊ သ​ဘောမတူဘူး ဆိုပြီး အ​ကြောင်းပြလာရင်​​တော့ အဲ့ဒီအ​ကြောင်းပြချက်​ဟာ ယုတ္တိမဲ့​နေပါလိမ့်​မယ်​။ တစ်​ဖက်​လူ့အဖွဲ့အစည်းရဲ့ လူမဆန်​မှု၊ အငြိုးတရား၊ အမုန်းတရား​အောက်​မှာ ဒီလူ​တွေရဲ့ ​သွေးစက်​​တွေ၊ ဘဝ​တွေ၊ အသက်​​တွေ၊ အနာဂတ်​​တွေကို ထပ်​ပြီး ဖျက်ဆီးခံရမှာလား။ ​ပေးဆပ်​​မြဲ ​ပေးဆပ်​နေမြဲရမှာလား။

(ဃ) မ​နေ့တစ်​​နေ့က ခိုးဝင်​လာသူ ဖြစ်​ခဲ့ရင်​​တော့ သက်​ဆိုင်​ရာ နိုင်​ငံကို ​ခေါ်​တွေ့ပြီး "ခင်​​ဗျားတို့နိုင်​ငံက​နေ စိမ့်​ဝင်​လာတဲ့ လူ​တွေ၊ အ​ထောက်​အထားက ဒီမှာ၊ ပြန်​​ခေါ်သွားလိုက်​ပါ" ဆိုပြီး ​ပြော​လိုက်​ရုံပါပဲ။ သက်​ဆိုင်​ရာ နိုင်​ငံက ​ခေါ်မသွားဘူးဆိုရင်​ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆီ တင်​ပြပါ။ "ဒီလူ​တွေ ငါတို့နိုင်​ငံက မဟုတ်ဘူး၊ သက်​ဆိုင်​ရာ နိုင်​ငံကလည်း ​ခေါ်မသွားဘူး၊ ခိုးဝင်​လာ​ကြောင်း အ​ထောက်​အထားလည်း ဒီမှာရှိတယ်​၊ ငါတို့နိုင်​ငံမှာလည်း ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​​နေတယ်​၊ အဲ့​တော့ ဒီလူ​တွေရဲ့ပြဿနာကို ခင်​​ဗျားတို့ ​ဖြေရှင်း​ပေးပါ၊ မဟုတ်​ရင်​ ငါတို့ ရတဲ့နည်းနဲ့ နှင်​ထုတ်​ပစ်​ရမယ်​" ဆိုပြီး ​ခေါင်း​မော့ ရင်​​ကော့​ပြီး​ပြောလိုက်​ရုံပါပဲ။

- ရှင်း​နေတာပဲ။ ဘယ်​မှာလဲ နက်​နဲတာ။ ဘယ်​မှာလဲ ရှုပ်​​ထွေး​နေတာ။

×××

အခုက ရခိုင်​ပြဿနာဟာ နက်​နဲတယ်​၊ ရှုပ်​​ထွေးတယ်​၊​ဖြေရှင်းရခက်​​နေတယ်၊ အချိန်​ယူ ​ဖြေရှင်းရမယ်​ ဆိုပြီး ဇတ်​ရှည်​​သွားအောင်​ လုပ်​​နေ​တာဟာ ကမ္ဘာ့ငြိမ်းချမ်း​ရေး နိုဘယ်​ဆုရှင်​လည်းဟုတ်​၊ ဒီမိုက​ရေစီ ​ခေါင်းစဉ်​နဲ့ တက်​လာတဲ့ အစိုးရရဲ့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်​လည်း ဖြစ်​တဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​မှာလည်း အရင်​စစ်​အစိုးရလို ယုတ်​မာတဲ့စိတ်​ဓာတ်​​၊ လူလူချင်း ကိုယ်​ချင်းမစာနာတဲ့ စိတ်​ဓာတ်​တွေရှိ​နေပြီလား ဆိုပြီး နိုင်​ငံတကာ အသိုင်းအဝိုင်းက မီး​မောင်းထိုး ​ဝေဖန်​​နေတာ ​တွေ့ရပါတယ်​။

မေတ္တာရှင်​လို့ နာမည်ကြီးတဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို အများကလည်း ​မေတ္တာပုံရိပ်​စကားလုံးဖြစ်​တဲ့ "အ​မေ" နဲ့ တင်​စား​ခေါ်​ဝေါ်​နေချိန်​ ​ဒေါ်​အောင်​ဆန်းစုကြည်​အ​နေနဲ့လည်း ဒီရခိုင်​ပြည်​က Muslim Community ကြီးကို ကိုးကွယ်​တဲ့ ဘာသာတစ်​ခုတည်း​ကြောင့်​ လူမဆန်​​အောင်​ ခွဲခြား ဖိနှိပ်​​နေတာ​တွေ ရပ်​တန့်​​အောင်​ ဦး​ဆောင်​လုပ်​​ပေးချိန်​ တန်​ပါပြီ။

ကျ​နော်​တို့ ရခိုင်​ပြည်​နယ်​က Muslim Community ဟာ လူက​မွေးလာပြီး လူ့အသိုင်းအဝိုင်းမှာ ​နေ​နေရတဲ့ လူ​တွေဆို​တော့ လူ့ဂုဏ်​သိက္ခာနဲ့ ​ဘဝရှင်​ခွင့်​ရ​ရေးအတွက်​ ​တောင်းဆိုခွင့်​ရှိတယ်​လို့ ယုံကြည်​​နေသူများ ဖြစ်​တာနဲ့အညီ ကျ​နော်​တို့ရဲ့ ရသင့်​ရထိုက်​တဲ့ အခွင့်​အ​ရေးများကို ဆက်​လက်​ပြီး မတရား ပိတ်​ပင်​ထားတာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။

တကယ်​​တော့ ရခိုင်​ပြဿနာဟာ နက်​နဲရှုပ်​​ထွေး​နေတာ မဟုတ်​ဘဲ ​ဖြေရှင်း​ပေးရမယ့်​ ပုဂ္ဂိုလ်​​တွေရဲ့ စိတ်​ဓာတ်​သာ မှန်​မှန်​ကန်​ကန်​နဲ့ တရားမျှတရန် လိုအပ်​​နေတာသာဖြစ်​​ကြောင်း သုံးသပ်​တင်​ပြလိုက်​ရပါတယ်​။

ကျ​နော်​ ယျာတင်​ ရိုဟင်းသား ဖြစ်​ပါတယ်​။


Rohingya Exodus