ယျာတင်
RB News
11.9.2017
သြဂုတ်လ ၂၅ ရက်နေ့ ညသန်းခေါင်ကျော်အချိန်၊ ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲ ကင်းစခန်းအချို့နဲ့ ARSA လို့ခေါ်တဲ့ တုတ်၊ ဓား၊ လေးဂွ၊ ဂျင်းဂလိလို အဆင့်နိမ့်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အဖွဲ့တို့ကြားမှာ အပြန်အလှန် တိုက်ပွဲငယ် ဖြစ်ခဲ့ပါတယ်။ ခုခံတိုက်ပွဲလို့ ပြောထားတဲ့ အဲဒီညက တိုက်ပွဲမှာ သူတို့ ပါဝင်ခုခံတိုက်ပွဲဝင်ခဲ့တယ်ဆိုပြီး ARSA က ထုတ်ဖော်ပြောထားပြီး တာဝန်ခံထားပါတယ်။
ဒါပေမယ့် နောက်တစ်နေ့ မနက်က စပြီး မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေက ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး လက်နက်မဲ့ အရပ်သားရိုဟင်ဂျာတွေကို သေနတ်ပစ် သတ်ဖြတ်ခြင်း၊ သူတို့ရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေ အဆက်မပြတ် ပြုလုပ်လာခဲ့ပါတော့တယ်။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ မြန်မာအစိုးရလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရိုဟင်ဂျာတွေရဲ့အိမ်တွေ သောင်းဂဏန်းမက မီးရှို့ခံခဲ့ရပါတယ်။ မောင်တောင် တောင်ပိုင်းမှာ စုစုပေါင်း ကျေးရွာပေါင်း ၂၃ ရွာ ရှိတဲ့အထဲ သဝန်ချောင်း၊ အင်းဒင်၊ သင်္ဘောကွေ့၊ ကျောက်ပန္ဒူ၊ မြင်းလွတ်၊ သပြေတော၊ ဂေါ်ရခါလီ၊ ဥဒေါင်း၊ ကံပူး၊ အလယ်သံကျော်၊ ချိန်ခါလီ၊ ဝါချ နဲ့ သံဒါ စုစုပေါင်းကျေးရွာပေါင်း (၁၃) ရွာဟာ လုံးဝ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပြီး ပြာကျသွားခဲ့သလို ကျန်ကျေးရွာ ၈ ရွာမှာတော့ တစ်ချို့တစ်ဝက် မီးရှို့ခံခဲ့ရပါတယ်။ မောင်တောမြောက်ပိုင်း၊ ဘူးသီးတောင် မြောက်ပိုင်းမှာလည်း အလားတူပါပဲ။ အိုးအိမ်တွေ အများအားဖြင့် မီးရှို့ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး ရိုဟင်ဂျာတွေနေတဲ့ ကျေးရွာတွေက အိမ်တွေ အစုလိုက်အပြုံလိုက် မီးရှို့ခံခဲ့ရတဲ့ ကိစ္စဟာ နိုင်ငံတကာ အလယ်မှာ အရမ်းဟော့တဲ့အစ်ရှုးတစ်ခုဖြစ်လာပါတယ်။ ဒေသခံရိုဟင်ဂျာတွေက သူတို့်အိမ်တွေကို မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံရခိုင်တွေ လာရောက်မီးရှို့တယ်လို့ အခိုင်အမာ ထွက်ဆိုပြောကြပြီး မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကို မီးရှို့တယ်လို့ ပြန်စွပ်စွဲတယ်။ ခေတ်အဆက်ဆက်က မြန်မာလက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းဆိုးတွေကို သိထားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရရဲ့စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောထားပါတယ်။ တကယ်လည်း မြန်မာအစိုးရက ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့နေတယ်ဆိုပြီး စွပ်စွဲတာကို အခိုင်အမာ သက်သေအဖြစ် ယခုထိ မပြနိုင်ခဲ့ပါဘူး။
ဒီတော့ အစိုးရလက်နက်ကိုင်တွေက အပြစ်မဲ့ အရပ်သားတွေရဲ့ အိမ်တွေကို တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့နေတာကို တိတိကျကျ ဖော်ထုတ်ပြီး အရေးယူပေးဖို့ မြန်မာအစိုးရကို နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဖိအားပေးလာပါတော့တယ်။ ဒါကြောင့် မြန်မာအစိုးရက သူတို့အပေါ် ကျရောက်လာတဲ့ ဖိအားကိုလျော့ချနိုင်ဖို့ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး သက်သေပြစရာအဖြစ် ရိုဟင်ဂျာနဲ့ ရုပ်ချင်း ဆင်တူယိုးမှားတဲ့ ဒေသခံဟိန္ဒူလူမျိုးတွေကို အသုံးချလာပါတော့တယ်။
စက်တင်ဘာလ (၆) ရက်နေ့မှာ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်က ရိုဟင်ဂျာတွေဟာ သူတို့အိမ်သူတို့မီးရှို့နေပြီ ဆိုတဲ့ ဓာတ်ပုံအချို့နဲ့ Eleven မီဒီယာက သတင်းတစ်ပုဒ် ရေးသားလာပါတယ်။ သတင်းမှာ source အဖြစ် အမှတ် ၄ ရပ်ကွက် ဘုန်းကြီးကျောင်းရဲ့ ဆရာတော်တစ်ပါးကို ကိုးကားထားပြီး အဆိုပါ ဆရာတော်က ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှိုးနေတာကို ဓာတ်ပုံရိုက်ထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းထဲက ဓာတ်ပုံတွေဟာ သတင်းတက်မလာခင်ကပင် Social မီဒီယာပေါ် ပြန့်နေခဲ့ပါသေးတယ်။ အထူးသဖြင့် သတင်းမှားတွေနဲ့ ဝါဒဖြန့်တဲ့ Facebook အကောင့်တစ်ချို့မှာ တင်ကြပြီး ဟိုလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
ဓာတ်ပုံတွေထဲက လူတွေ ဘယ်သူတွေလဲ
ဒီဓာတ်ပုံထဲ ပါနေသူတွေရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရင် ရိုဟင်ဂျာတွေမဟုတ်ကြောင်း သိသာပါတယ်။ ရိုဟင်ဂျာ အမျိုးသားအဖြစ် သရုပ်ဆောင်ထားသူတွေဟာ အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုချိန် ဆောင်းတတ်တဲ့ ဦးထုပ်အဖြူ အသစ်ချွတ်ချွတ်ကို အိမ်မီးရှို့နေချိန်မှာ ဆင်တူဆောင်းထားပြီး ရိုဟင်ဂျာ အမျိုးသမီးများအဖြစ် သရုပ်ဆောင်ထားသူတွေက စားပွဲခင်းအဖြူတွေကို ပုဝါအဖြစ် ခြုံထားတာ တွေ့ရပါတယ်။ ဒီ့အပြင် ဓာတ်ပုံတွေကို မျက်နှာမမြင်ရအောင် ရိုက်ထားပါတယ်။ လုပ်ကြံဓာတ်ပုံတွေဆိုတာ သိသာပါတယ်။
ဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး Facebook User တစ်ဦးဖြစ်သူ Arif Kasim က အိမ်မီးရှို့နေသူတွေဟာ ရိုဟင်ဂျာမဟုတ်ကြောင်း သေချာရှင်းပြပြီး ငြင်းချက်ထုတ်ပါတယ်။ သူ့ ရှင်းပြထားပုံမှာ__
"၁။ ဟိန္ဒူ အမျိုးသားများ လက်ကောက်ဝတ်မှာ ၀တ်လေ့ဝတ်ထားရှိတဲ့ အနီရောင် ကြိုးကို သေချာ မြင်အောင် ကြည့်ရန် -
၂။ ရိုဟင်ဂျာ အမျိုးသား လက်ကောက်ဝတ်နှင့် ဟိန္ဒူ အမျိုးသား လက်ကောက်ဝတ်ကို ခွဲခြား မြင်နိုင်အောင် လက်ကောက်ဝတ်ပုံ ကို တွဲပေးလိုက်ပါတယ်။
၃။ ရိုဟင်ဂျာ အမျိုးသမီး ခေါင်းမြီးခြုံပုဝါကို ဘယ်အသက်အရွယ်အတွက်ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကို ရိုဟင်ဂျာ လူမျိုးကလွဲလို့ တခြား ဘယ်သူကမှ မခွဲခြား မသိရှိနိုင်ပါ။ ပြီးတော့ ရိုဟင်ဂျာ အမျိုးသမီးများက ဘယ်တော့မှ ခေါင်းမြီးခြုံပုဝါကို လေးထောင့်(ရဟတ်ယာဉ်ပုံစံ) မခြုံပါ။ အထူးသဖြင့် ကုလားထိုင်သုံး ပလတ်စတစ် အခင်းကိုတော့ လုံးဝ (လုံးဝ) မခြုံပါ။
၎။ ရိုဟင်ဂျာ အများသမီးများ အသက်အရွယ်အလိုက် သုံးကြတဲ့ ခေါင်းမြီးခြုံပုဝါ အရောင်နဲ့ ခြုံထားပုံကို တွဲတင်ထားပါတယ်။" ဆိုပြီးဖြစ်တယ်။
အမှတ် (၄) ရပ်ကွက်နေ ရိုဟင်ဂျာလူငယ်တစ်ဦးကလည်း ဓာတ်ပုံထဲပါနေသူ တစ်ချို့ကို သူသိကြောင်း၊ သူ့ရွာက ဟိန္ဒူလူမျိုးတွေဖြစ်ကြောင်း ဆိုပြီး ဓာတ်ပုံထဲက နှစ်ဦးကို နာမည်နဲ့တကွ သက်သေခံလာတာလည်း ရှိပါတယ်။

အားလုံးကို ခြုံပြီး သုံးသပ်ကြည့်တဲ့အခါ အဲ့ဒီဓာတ်ပုံတွေဟာ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး အခြေအမြစ်မရှိ စွပ်စွဲတဲ့ မြန်မာအစိုးရအတွက် အသက်ကယ် ဆေးတစ်လက် မဖြစ်ခဲ့ပါဘူး။
နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ကလည်း အဲ့ဒီ ဟိန္ဒူပုံတွေကို သူ့ Twitter မှာ Rakhine True Story ... Believe it or not ဆိုပြီး တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ tweet ကို နောက်ပိုင်းမှာ ပြန်ဖြုတ်လိုက်ခဲ့ပါတယ်။
တကယ်လို့ သူပြောခဲ့သလိုသာ မှန်ခဲ့ရင် သူ့ Tweet ကို ဖြုတ်ချစရာ အကြောင်းမရှိဘူးလို့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က မှတ်ချက်ပြုပါတယ်။
ဒီနေ့ (စက်တင်ဘာလ ၇ ရက်) မှာတော့ ဦးဇော်ဌေးက သူ Tweet ခဲ့တဲ့ True Story နဲ့ပတ်သက်ပြီး Fake News ဖြန့်ဝေသူကို အရေးယူမယ်လို့ Facebook ပေါ် ရေးတင်လာတာကို တွေ့ရှိပြန်တယ်။ တကယ်တော့ အဲ့ဒီ Fake News ဖြန့်ဝေသူထဲမှာ ဦးဇော်ဌေးက ထိပ်ဆုံးမှာ ပါဝင်နေတယ်။
https://m.facebook.com/story.php?story_fbid=1435837479846669&id=100002612916066
စက်တာဘာလ ၇ ရက်နေ့မှာတော့ အိမ်မီးရှို့နေတဲ့ ဓာတ်ပုံထဲ ပါနေသူ တစ်ဦးဟာ ဟိန္ဒူလူမျိုးတစ်ဦးဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေခံဓာတ်ပုံ တစ်ပုံထွက်လာပါတော့တယ်။ အပြာရောင် အစင်းကွက် အင်္ကျီဝတ်ဆင်ထားသူဟာ တစ်ခြားဟိန္ဒူတွေနဲ့ အတူရိုက်တဲ့ Mizzima News လိုဂိုနဲ့ ဓာတ်ပုံတစ်ပုံမှာ ထင်ထင်ရှားရှား ပါနေကြောင်း တွေ့ရှိရပါတယ်။ ဒါတွေဟာ မြန်မာအစိုးရရဲ့ လိမ်ဇတ်ခင်းတဲ့ ဇတ်လမ်းသာဖြစ်ပါတယ်။ ဒီလို လိမ်ဇတ်ကို ဦးဆောင် ဝါဒဖြန့်နေသူကးဟာ နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဖြစ်နေတာကတော့ နိုင်ငံတကာအလယ်မှာ နိုင်ငံ့ဂုဏ်သိက္ခာကို ရုပ်ဆိုးအကျည်းတန်စေတာတော့ အမှန်ပါပဲ။

လိမ်ညာမှုတစ်ခုကို ဖုံးဖိနိုင်ဖို့ မြန်မာအစိုးရက နောက်ထပ်လိမ်ညာမှုတွေကို ထွင်လုပ်လာခဲ့ပါတော့တယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများကို အစည်းအဝေးခေါ်ပြီး ညနေ (၄) နာရီအတွင်း ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဓာတ်ပုံရိုက်ပေးရန် သို့မဟုတ် ကျေးရွာသား ဆယ်ဦး ဖမ်းပေးရမယ်လို့ အမိန့်ပေးလိုက်တယ်။ တကယ်လို့ ပေးတဲ့ အမိန့်အတိုင်း မလုပ်ပေးရင် အာဏာပိုင်များကိုယ်တိုင်လာပြီး ရွာလုံးကျွတ် မီးရှို့ပစ်မယ်၊ တွေ့သမျှလူကို သေနတ်ပစ်မယ်ဆိုပြီးလည်း ခြိမ်းခြောက်တာ သိရတယ်။
မီးရှို့မှု အကြောင်း မီဒီယာ သက်သေ
တစ်ဖက်မှာ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာအချို့ဟာ အစိုးရရဲ့တင်းကျပ်တဲ့ စီစဉ်ပေးမှုအောက်မှာ ဒီနေ့ မောင်တောမြို့ကို ရောက်လာပြီး သတင်းယူခဲ့ပါတယ်။ ဒီသတင်းအဖွဲ့ဟာ မနက်ပိုင်းမှာ မောင်တော တောင်ပိုင်းကို သွားရောက်သတင်းယူခဲ့ရာ ဂေါ်ဒူသာရကျေးရွာကို ရောက်သွားတဲ့အချိန် အဲ့ဒီရွာ မီးလောင်နေတာ တွေ့ရပြီး ကွင်းဆင်းသတင်းရယူခဲ့ပါတယ်။ အဲ့လို ကွင်းဆင်းသတင်းရယူတဲ့အခါ ရခိုင်အမျိုးသားတွေက ရိုဟင်ဂျာအိမ်တွေကို မီးရှို့သွားနေတာကို သူကိုင်တိုင်မြင်တွေ့ခဲ့ရတယ်လို့ BBC အကြီးတန်း သတင်းထောက် ဂျိုနသန်ဟတ်က Twitter ပေါ်ရေးတင်ပါတယ်။ (https://twitter.com/pakhead/status/905702293676351490)
AP သတင်းတစ်ပုဒ်မှာလည်း "လူသူကင်းမဲ့တဲ့ ရွာမီးလောင်မှု မေးခွန်းထုတ်စရာဖြစ်လာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ရေးလာတယ်။ အဲ့ဒီသတင်းထောက်အဖွဲ့ ရောက်ရှိသွားချိန်မှာ မီးခိုးကြားက ထွက်လာတဲ့ ရခိုင်တစ်ဦးကို တွေ့ရှိရပြီး ၎င်းကို မီးလောင်မှုအကြောင်း မေးကြည့်ရာ ရဲများနဲ့ ရခိုင်တွေက ရှို့တယ်လို့ ပြောပြီး ပြေးထွက်သွားတယ်လို့ AP သတင်းမှာရေးသားပါတယ်။ ဓားရှည်ကိုင်ဆောင်ထားတဲ့ ရခိုင်တစ်ချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့လည်းပါရှိပါတယ်။
အားလုံးကို ခြုံငုံပြီး သုံးသပ်ကြည့်တဲ့အခါ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှိုးတယ်လို့ မြန်မာအစိုးရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ရိုဟင်ဂျာတွေ ထွက်ဆိုတဲ့အတိုင်း မြန်မာအစိုးရနဲ့ ရခိုင်တွေကပဲ ရှို့နေကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။
ဒီလိုထင်ရှားနေတဲ့ ဖြစ်ရပ်မျိုးကို ဒုက္ခသည်ဘဝတွန့်ပို့ခံနေရသူ ရိုဟင်ဂျာတွေအပေါ် ပြန်လည်စွပ်စွဲနေတဲ့ပုံစံနဲ့ အစိုးရကိုယ်တိုင်က အမှန်ကိုဖုံးကွယ်ပြီး ဝါဒဖြန့်နေတာကတော့ နေ့စဉ်နဲ့အမျှ တွေ့ရှိနေရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီလို အမှားတရားဝါဒဖြန့် သတင်းတွေကို အမြဲရေးသား ဖြန့်ဝေလေ့ရှိပြီး နိုင်ငံတကာ အသိုင်ူအဝိုင်းကတော့ မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုကို လုံးဝမယုံကြည်ကြပါဘူး။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး တူရကီသမ္မတအာဂန်ဒိုက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ လွန်ခဲ့တဲ့ သုံးရက်က ဖုန်းဆက်ဆွေးနွေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လူတွေပြောသလို မနှိပ်စက်ကြောင်း၊ ထွက်လာတဲ့သတင်းတွေဟာ လုပ်ကြံဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေတာသာ ဖြစ်ကြောင်း ဆိုပြီး ငြင်းချက်ထုတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ဖို့ အင်တိုက်အားတိုက် လှုပ်ရှားခဲ့ဖူးသူ Burmar Campaign UK ရဲ့ ဒါရိုက်တာဖြစ်သူ Mark Farmaner က ရခိုင်အရေးမှာ သတင်းအမှားတွေလွှင့်တဲ့ အကြီးဆုံးဌာနဟာ မြန်မာအစိုးရပဲ ဖြစ်နေတာ သူတွေ့ရှိရတယ်လို့ Twitter ပေါ် ရေးလိုက်ပါတယ်။ (https://twitter.com/MarkFarmaner/status/905756456343003136)
ယနေ့အချိန်အထိ မြန်မာအစိုးရက ရိုဟင်ဂျာရွာပေါင်း ၄၀ နီးပါးကို မီးရှို့လိုက်ပြီး ရိုဟင်ဂျာ ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ ဘဝဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ သွားရောက်ခိုလှုံနေရပါတယ်။

10.9.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာအုပ်စု လမ်ဘာဂူနား ကျေးရွာသို့ စက်တင်ဘာလ (၆) ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ မီးရှို့နေစဉ် ရိုဟင်ဂျာရွာသား (၄) ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံများတွင် မြင်တွေ့ရသည့် အလောင်းမှ အီနုစ် (ဘ) ဦးနူရ်အာလာမ် (အသက် ၁၈ နှစ်) ၏ အလောင်းဖြစ်ပြီး ကျန်သည့် (၃) ဦးကို ပြာဖြစ်သွားသည့်အထိ မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
အရှင်လတ်လတ် မီးရှို့သတ်ခံရသူများမှာ --
(၁) ဦးဟာဘီဘုလ္လာ (ဘ) ဦးအာမီးန်ရှရီးဖ် (အသက် ၅၇ နှစ်)
(၂) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးရှဖီအုလ္လာဟ် (အသက် ၂၀ နှစ်)
(၃) နူရ်ဟာမိတ် (ဘ) ဦးဒိလ်မာမတ် (အသက် ၁၈ နှစ်)
(၄) အီနုစ် (ဘ) ဦးနူရ်အာလာမ် (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

MYARF
RB News
7.9.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများအနေဖြင့် ညနေ (၄) နာရီအတွင်း ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဓာတ်ပုံရိုက်ပေးရန် သို့မဟုတ် ကျေးရွာသား ဆယ်ဦး ဖမ်းပေးရမည်ဟု အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက အစည်းအဝေးခေါ်ပြီး အမိန့်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများကို အစည်းအဝေးခေါ်ပြီး အထက်ပါအတိုင်း အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အမိန့်အတိုင်း မလုပ်ပေးလျှင် အာဏာပိုင်များကိုယ်တိုင်လာပြီး ရွာလုံးကျွတ် မီးရှို့ပစ်မည်ဖြစ်ကြောင်း၊ တွေ့သမျှလူကို သေနတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အခုအခါ အဆိုပါ ခြိမ်းခြောက်ခံရသည့် ဒေသခံများအနေဖြင့် အားကိုးရာမဲ့နေပြီး အထူးစိုးရိမ်နေကြသည်။
အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအနေဖြင့် အမှတ် (၆) နယ်မြေ တပ်ရင်းမှူး၏ လူမဆန်သော လုပ်ရပ်ကို အမြန်ဆုံးဟန့်ထားပေးရန် လိုအပ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

5.9.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာနယ်မြေရှိ ရိုဟင်ဂျာကျေးရွာ အများစုကို မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့သဖြင့် ဒေသခံရိုဟင်ဂျာများ အားလုံးနီးပါး ရွာများမှထွက်ပြေး သွားခဲ့ရသည်။
ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာတွင် အိမ်ထောင်စု ၂၀ ခန့်သည် ၎င်းတို့၏ နေအိမ်များတွင် နေထိုင်လျက်ရှိပြီး ရက်စက်စွာ သတ်ဖြတ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားသည့် ရွာသားများ၏ ကျွဲ၊ နွား အကောင် ၂၀၀ ခန့်ကို တာဝန်ယူ၍ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
စက်တင်ဘာလ (၄) ရက်နေ့ ညနေပိုင်းတွင် တောင်ဘဇာ ရခိုင်ရွာမှ ရခိုင်အစွန်းရောက် ၅၀ ဦးခန့်က တုတ်၊ ဓါးများ ကိုင်ဆောင်၍ ငါးရန့်ချောင်း၊ မောင်နှမရွာသို့ ရောက်ရှိလာပြီး ကျန်နေခဲ့သည့် ရွာသားများကို ခြိမ်းခြောက်၍ ကျွဲ၊ နွားများကို လုယက်ယူဆောင်သွားသည့် အပြင် ယင်းရွာမှ ဦးဟာမိတ် ပိုင်သည့် ဆန်စက်ကို မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
RB News
3.9.2017
တိုကျို၊ ဂျပန် -- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေခြင်း အတွက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဦးစီး၍ တိုကျိုမြို့တွင် လမ်းလျှောက် ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့က ကျင်းပခဲ့သည်။
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများ၏ ရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ ရိုဟင်ဂျာများကို နေအိမ်များ မောင်းထုတ်၍ တစ်ဖက်နိုင်ငံသို့ တွန်းပို့နေခြင်းများအတွက် ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ အမှုဆောင်များနှင့် အတူ အဖွဲ့ဝင် (၇၀) ဦး၊ ဂျပန်နိုင်ငံမှ ကျောင်းသား (၃၀) ဦးနှင့် ဂျပန်နိုင်ငံ အခြေစိုက် သတင်းဌာနများမှ သတင်းထောက်များ ပါဝင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson |
ဗွီအိုအေမြန်မာပိုင်း
3.9.2017
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကိုရော တခြားလူမှုအ၀န်းအ၀ိုင်းတွေကိုပါ ထိခိုက်နေတဲ့ အကြမ်းဖက်မှုနဲ့ မလိုမုန်းထား ဘက်လိုက်မှုတွေ အဆုံးသတ်စေဖို့ လုပ်ဆောင်ပါလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ခေတ်ရဲ့ အတုယူ အားကျဖွယ်အကောင်းဆုံး လူပုဂ္ဂိုလ် တဦးဖြစ်ပေမဲ့ သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေပေါ် ပြုမူဆက်ဆံပုံကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။
နိုင်ငံကို ခေတ်မီအောင်လုပ်တာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံကို ညီညွတ်အောင်လုပ်ဖို့ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ အားလုံးကို အခုအခါမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာစစ်ဘက်ရဲ့ ထောက်ခံ ပံ့ပိုးမှုကို ဒေါ်အောင်ဆန်းစုကြည် ရဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သူ့ရဲ့ ကြိုးပမ်း ချက်တွေ အချည်းနှီး ဖြစ်မသွားဖို့ အထူး အရေးကြီးကြောင်း၊ ဒီလုပ်ဆောင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံက လူထုအားလုံး မိမိတို့ရဲ့ အပြည့်အ၀ ထောက်ခံ မှုကို ရကြမှာဖြစ်ကြောင်း ၀န်ကြီး Johnson ကပြောထားပါတယ်။
ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ နွမ်းပါးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှု အ၀န်းအ၀ိုင်းတွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီအဖြစ် ဗြိတိန်ပေါင်စတာလင် ၈ သန်းနီးပါး UK နိုင်ငံက ကူညီပံ့ပိုး ခဲ့ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကလဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင်ပြည် အရေး ဆွေးနွေးဖို့ ဗြိတိန်က ကမကထပြု တင်သွင်းခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့လဲ မြန်မာအစိုးရကို ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။

28.8.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်ဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများက မတရားသဖြင့် သိမ်းဆည်းလျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်သာယာဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံး၊ မည်သည့် ပစ္စည်းကိုမဆို ဈေးအပြင်သို့ သယ်ဆောင်ခွင့် မပေးဘဲ ၀ယ်ယူထားသည့် ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့က ဂိတ်အပေါက်ဝများတွင် အစောင့်များ ထား၍ သြဂုတ်လ (၂၅) ရက်နေ့မှ စ၍ အတင်းအဓမ္မ သိမ်းဆည်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရခိုင်လူမျိုးများနှင့် စစ်တပ်မှ လာရောက် ၀ယ်ယူ၍ ပြန်သည့်အခါ နှောက်ယှက်ခြင်း လုံးဝမရှိဘဲ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ သိမ်းဆည်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဖြည့်စွက် ပြောပါသည်။
ထိုကဲ့သို့ သိမ်းဆည်းနေခြင်းကြောင့် ဘူးသီးတောင်မြို့ရှိ ရပ်ကွက်ဈေးဆိုင်ငယ်များနှင့် မြို့အနီးအနားရှိ ဈေးဆိုင်ငယ်များတွင် ကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်။ ဘူးသီးတောင်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး တစ်ခုတည်းသာ အဓိက အားထားရသည့် ဖြစ်ပြီး၊ ရိုဟင်ဂျာများမှာ စားသောက်ကုန်ပစ္စည်းများ ၀ယ်ယူရန် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။
ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့သည် မြို့မစည်ပင်ဈေးအတွင်း အရောင်းအ၀ယ် လုပ်နေကြသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း အမြဲလိုလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်သူများ ဖြစ်သည်ဟု သိရှိရသည်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ |
28.8.2017
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေကြတဲ့ ရခိုင်နဲ့ မွတ်စလင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှုတွေ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။
ဘေးလွတ်ရာမှာ ခိုလှုံနေကြတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ထောက်ပံ့မှုအကူအညီတွေကို တနင်္ဂနွေနေ့ကစလို့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။
တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ဟာ မောင်တော ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ၊ ၀န်ထမ်းတွေကို ဘေးကင်းလုံခြုံရာဘက် ရွှေ့ပြောင်းထားနိုင်တဲ့ အခြေအနေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ဖို့ လိုအပ်တဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှု ဆောင်ရွက်ခဲ့ကြပါတယ်။

မောင်တောမြို့နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတဦး |
လက်ရှိအခြေအနေထိ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ကပ်နေတဲ့ မောင်တော ဒေသ မြောက်ပိုင်း ရခိုင်ရွာ တချို့မှာတော့ အကြမ်းဖက်တိုက်ခိုက်မှု ထပ်ပြီးခံရမှာကို စိုးရိမ်တဲ့အတွက် ရွာသူရွာသားတွေဟာ နေအိမ်တွေကို မပြန်ရဲကြသေးပဲ ဘေးလွတ်ရာမှာ ခိုလှုံနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ ကြိမ်ချောင်းလုံခြုံရေးစခန်းမှာ ခိုလှုံနေတဲ့ ကြိမ်ချောင်းကျေးရွာသား မောင်လူအေးက ပြောပါတယ်။
“ကိုယ့်အိမ်တွေကိုလည်း ပြန်လို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့ အခုအချိန်အထိ စောင့်ကြည့်နေတုန်းပါ အကြမ်းဖက်သမားတွေဝင်လာမလားဆိုပြီးတော့ ကျနော်တို့ အခုအချိန်အထိစောင့်ကြည့်နေတုန်းပါ။ စားနပ်ရိက္ခာကတော့ ကျနော်တို့အခုလောလောဆည်ရှိတာလေးတွေနဲ့ပဲ လုံလောက်အောင် လုပ်နေရပါတယ်။ စားနပ်ရိက္ခာတွေယူလို့မရဘူးခင်ဗျ ဒီလမ်းတောက်လျှောက်မှာ အကုန်လုံး မိုင်းတွေထောင်ထားလို့ သွားလို့လာလို့ ထွက်လို့ကိုမရတာပါခင်ဗျ။”
မောင်တောမြို့အရှေ့ဘက် ၁ မိုင်ကျော်အကွာမှာရှိနေတဲ့ မြို့သူကြီး လို မွတ်စလင်ရွာ တချို့ အနားတ၀ိုက်မှာတော့ အဲဒီက လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခံရမှုမျိုးမရှိပေမယ့် လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် မွတ်စလင်ရွာသားတွေဟာ ဘေးလွတ်ရာ နီးစပ်တဲ့ ရွာတွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ မြို့သူကြီး ရွာသား ကိုလှထွန်းကပြောပါတယ်။
“အဲဒီရွာကို ဒီနေ့ စစ်တပ်ကနေလာပြီးတော့ ညနေ ၅ နာရီမှာ လောင်စာယူပြီးတော့ မီးရှို့ပစ်တယ်။ တရွာလုံးနီးပါးကို မီးရှို့ပစ်တယ်။ ပြီးတော့ လူတွေက ထွက်ပြေးကြတာပေါ့နော် အဲဒီမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေလည်းပါတယ်၊ ပြီးတော့ ကိုယ့်အသက်ကို ကိုယ်လုပြေးကြတာပေါ့နော် လုပြီးတော့ ပြေးနေရတာပေါ့။”
နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ မွတ်စလင်ရွာတွေအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းမှုမရှိရင် အစိုးရလုံခြုံရေးတပ်တွေကို မကြောက်ကြဖို့ပြောထားပေမယ့် အကြမ်းဖက်သမားတွေကိုနှိမ်နင်းရေးကိစ္စမှာ သူတို့အနေနဲ့ အစိုးရလုံခြုံရေးတပ်တွေနဲ့ မပူးပေါင်းချင်လို့မဟုတ်ပဲ အရင်အတွေ့ အကြုံတွေအရစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ကိုလှထွန်းက ဆိုပါတယ်။
“မပူးပေါင်းတာမဟုတ်ဘူး။ လူတွေက ကြောက်ရွံ့ပြီးတော့ ထွက်ပြေးသွားတာ ။ အဲဒီလိုပူးပေါင်းမယ်ဆိုပြီးတော့ ရွာမှာနေရင်လည်း လူတွေက အသတ်ခံရမှာကို စိုးရိမ်တယ်။ အဲဒါကျနော်တို့မှာ ဘာအာမခံချက်မှလည်း မရှိဘူးလေ။ ဥပမာ ကျနော်နေမယ်ဆိုပါစို့၊ ကျနော့်ကိုဖမ်းလိုက်ရင် အကြမ်းဖက်စာရင်းထဲထည့်မှာ ၊ ဒီမှာ အဲဒီလိုအဖမ်းခံရပြီးတော့ အဲဒီစာရင်းမှာ ပါသွားရင် တရားရေးပိုင်းကိုသွားမယ်။ တရားရေးပိုင်းကိုသွားရင် ဒီမှာရှေ့နေတွေဘာတွေလည်း ငှားခွင့်မရဘူး၊ ကျနော်တို့ပြောတာတွေလည်းဘယ်သူမှမယုံဘူး။ အဲဒါကြောင့် လူတွေက စောစောကတည်းက ရှောင်လေကောင်းလေဆိုတဲ့ပုံစံနဲ့ ထွက်ပြေးသွားတာ။”
လက်ရှိ မြို့သူကြီးရွာနားတ၀ိုက်က ကျေးရွာတွေမှာ ပိတ်မိနေသူတွေ၊ ဘေးလွတ်ရာပြေးနေသူတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်း အခုလိုပြောပါတယ်။
“ပိတ်မိနေတယ်ဆိုတော့ လူတွေက လုံးဝကိုရွာအပြင်ကို မထွက်နိုင်ဘူးလေ။ ပြီးတော့ ပြောင်းရွှေ့ရတဲ့လူတွေလည်းအများကြီးဆိုတော့ လူတွေမှာအဓိက ဆေးဝါးကုသမှုတွေ လိုအပ်နေသေးတယ်။ အစားအသောက်တွေကတော့ ရတယ် လူတွေကတော့ မစားရင်လည်းရတယ်။ ဒါပေမယ့် ဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေရှိတယ် ပြီးတော့ Serious ဖြစ်နေတဲ့ ရောဂါသည်တွေရှိတယ် လူနာရှင်တွေရှိတယ်။”

သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် အပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်များ |
နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကို စနစ်တကျဖျက်ဆီးဖို့ ကြံစည်လုပ်ဆောင်နေကြောင်းနဲ့ မီးရှို့၊ လက်လုပ်ဗုံးတွေဖောက်ခွဲပြီး သေနတ်နဲ့ပ စ်ခတ်မှုတွေ မနေ့က နေ့လည်ပိုင်းအထိရှိနေသေးတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေအပါအ၀င် သေဆုံးသူ ၁၀၄ ဦးရှိနေပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအကြမ်းဖက်မှုမှာ ပါဝင်တဲ့ ARSA ခေါ် Arakan Rohingya Salvation Army ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာအစိုးရက တရားဝင်ကြေညာထားပါတယ်။
ဦးမန်း
RB News
26.8.2017
သင်သာ ရိုဟင်ဂျာတစ်ယောက်ဖြစ်မယ်ဆိုရင်
မြန်မာနိုင်ငံအတွင်း နေထိုင်မည်ဆိုပါက ရင်ဆိုင်ရမည့် အချက် (၇) ချက်
(၁) နံပါတ် တစ်အနေနဲ့ အသေချာဆုံးက သင် ရိုဟင်ဂျာ ဖြစ်ကြောင်းကို ယောင်လို့တောင် အခြားလူမျိုး တစ်ဦးဦးကို သွားမပြောမိစေနှင့်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ကြေညာမိပါက သင့်ရဲ့ လုံခြုံမှု အခြေအနေကို မည်သူမှ အာမမခံနိုင်ပါ။
(၂) သင်သာ ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ မွေးရာပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပြီ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ စာသင်ကြားနိုင်မှုတို့အပြင် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးမျိုးကိုပါ သင် ရရှိဖို့ ခက်ခဲမှာပါ။
(၃) မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းတီးတဲ့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာမုန်းတီးရေးမှာတော့ အားလုံး စစ်တပ်နဲ့ တစ်သားတည်း ဖြစ်နေပါတယ်။ သမိုင်းကြောင်းအစဉ်အလာအရ ရိုဟင်ဂျာတွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ခဲ့တယ်ဆိုပေမယ့် ရိုဟင်ဂျာတစ်ယောက်အနေနဲ့ စစ်မှုထမ်းဖို့ဆိုတာ မြောက်ကိုးရီးယားမှာ ဒီမိုကရေစီရတော့မယ်ဆိုတဲ့ သတင်းလို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။
(၄) သင် ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် နိုင်ငံခြားကို အလွယ်တကူ ထွက်သွားလို့ ရနိုင်ပါမလား။ နိုင်ငံခြား ခရီးစဉ်သွားဖို့နေနေသာသာ ပြည်တွင်း ခရီးစဉ်မျာမှာပင် သွားဖို့ မလွယ်ကူပါ။ စစ်ဆေးရေးအထပ်ထပ်၏ မေးမြန်း စုံစမ်းခြင်းနဲ့အတူ အခန့်မသင့်ရင် သင့်လေယာဉ်၊ ဘက်စ်ကား အချိန်ဇယားမှ သွေဖီပြီး နောက် တစ်ခေါက် လက်မှတ် ထပ်ဝယ်ရပါလိမ့်မည်။
(၅) ရိုဟင်ဂျာများဟာ အစ္စလာမ်ဘာသာကိုးကွယ်သည့် မွတ်စ်လင်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ အားကောင်းမှုနှင့် အစိုးရ၏ လျစ်လျူရှုမှုတို့ကြောင့် ဘာသာရေးလွတ်လပ်ခွင့် ပျောက်ဆုံးနေပါတယ်။ ရိုဟင်ဂျာတစ်ယောက်အနေနဲ့ ဘာသာရေးဝတ်ပြုခွင့်နဲ့ ဘာသာရေး အထိမ်းအမှတ် ပွဲလမ်းသဘင်တွေ ဆင်နွှဲခွင့် ရရှိရေးဟာ ဒေါ်လာတစ်သန်းတန် ထီပေါက်သလို ကြီးမားတဲ့ အိပ်မက်ကြီး တစ်ခုပါပဲ။
(၆) ရိုဟင်ဂျာ လို့ မိမိကိုယ်မိမိကြေညာလိုက်ပါက သင်ရဲ့ နိုင်ငံသား ကဒ်ပြား ရရှိဖို့ အိပ်မက်ဟာ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်သူဟု လဝက မှ အတည်ပြုလိုက်ပြီး ဘဝတစ်လျှောက်လုံး နိုင်ငံမဲ့ အနေနဲ့ နေထိုင်သွားရမှာပါ။
(၇) အဆိုးတကာ့ အဆိုးထဲက အဆိုးဆုံးလို့ ပြောခံရနိုင်တဲ့အချက်က သင်သာ ရိုဟင်ဂျာဆိုရင် အချိန်မရွေး အကြမ်းဖက်သမားဟု အစိုးရက သံသယရှိနိုင်ပါတယ်။ မြက်ခုတ်ရန် ဓားရှည် ကိုင်ဆောင်သွားခြင်းပဲ ဖြစ်ဖြစ် ငှက်ပစ်ရန် လေးဂွ ကိုင်ဆောင်ထားခြင်းပဲ ဖြစ်ဖြစ် အကြမ်းဖက် သမားတစ်ယောက် အဖြစ် အစိုးရက အချိန်မရွေး သတ်မှတ်လို့ ရပါတယ်။ ဥပမာ အနေနဲ့ အစိုးရရဲ့ အင်္ဂလိပ်လို ရေးသားထားတဲ့ ဖေ့ဘုတ်စ်ပေ့ခ်ျတွေမှာ လေ့လာနိုင်ပါတယ်။
MYARF
RB News
26.8.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သီဟိုဠ်ကျွန်းကျေးရွာ (ခ) ဘကားဂုံးနားကျေးရွာအုပ်စု ရွာမကို မြန်မာစစ်တပ်က လောင်ချာများဖြင့် ပစ်ခတ်၍ နေအိမ်ပေါင်း အနည်းဆုံး ၁၀၀ ကျော် မီးရှိုးသောကြောင့် ရွာသားများ ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်
ဩဂုတ်လ (၂၈) ရက် နေ့လည် ၃ နာရီခွဲမှစ၍ မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နွားရုံတောင်တံတားအနားမှနေ၍ သီဟိုဠ်ကျွန်းကျေးရွာ (ခ) ဘကားဂုံးနားကျေးရွာအုပ်စု ရွာမကို လောင်ချာများဖြင့် အနည်းဆုံး အချက် ၄၀ ခန့် ပစ်ခတ်သဖြင့် ယင်းကျေးရွာရှိ ရွာသူရွာသားများ လွတ်မြောက်ရာကို ထွက်ပြေးသွားခဲ့ရကြောင်း၊ အိမ်ခြေအနည်းဆုံး ၁၃၀ ခန့် မီးလောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မီးလောင်နေသည့် အိမ်များထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ပိတ်မိနေနိုင်သည်ဟု ယူဆရသော်လည်း သတင်းရယူရရန် အလွန်ခက်ခဲနေကြောင်း မောင်တောခရိုင်၏ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက --
“လောင်ချာတွေ အဆက်မပြတ်ပစ်ခတ်တော့ လူတွေ ဝရုန်းသုန်ကား ထွက်ပြေးသွားကြရတယ်။ ဒီလိုမျိုး မထင်မှတ်ဘဲ လောင်ချာနဲ့ပစ်ခတ်တော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိပြီး သေဆုံးနိုင်တယ်။ ထွက်ပြေးလာတဲ့ လူတွေကလည်း ပြန့်ကျဲသွားတော့ လိုက်ပြီး မေးရခက်နေတော့ အတိအကျ မသိနိုင်သေးဘူး။ အိမ်ခြေကတော့ ၁၃၀ လောက်ရှိမယ်။ လူတွေကလည်း ကြောက်ရွံ့နေတာပေါ့နော်။ အသတ်ခံရမှာ ဒီနေ့လား မနက်ဖြန်လား ဆိုပြီး နေ့တွေ ရေတွက်နေတယ်။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ အစိုးရလက်နက်ကိုင်တွေဘက်က အရပ်သားတွေကိုပဲ ပစ်မှတ်ထားတာ တွေ့ရတယ်။”
သြဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းမှ စ၍ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် နေအိမ် ရာနှင့်ချီ၍ မီးလောင် ဆုံးရှုံးသွားရပြီး အနည်းဆုံး နှစ်ရာနီးပါးခန့် သေဆုံးခဲ့ရသည်။ ထို့အပြင် လူဦးရေ ငါးသောင်းနီးပါးခန့် ဒုက္ခသည်များ ဘ၀သို့ ရောက်ရှိနေရသည်။ (သတင်းများကို ဆက်လက် တင်ပြပေးပါမည်)
MYARF
RB News
23.8.2017
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ် သုတ်သင်ရေး တစ်ဖန် စတင်နေပြီဟု ရသေ့တောင်မှ ဒေသခံများက ပြောပါသည်။
ရသေ့တောင်မြို့နယ် စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ အင်အား (၂၀၀) ကျော်တို့သည် သြဂုတ်လ (၂၃) ရက်နေ့ နံနက် ၅ နာရီတွင် ချွတ်ပြင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်၍ စခန်းတစ်ခုလုံးကို ထွက်ပေါက်မရှိအောင် ၀န်းရံပိတ်ဆို့၍ ဒုက္ခသည် အမျိုးသား (၁၀၀) နီးပါးကို အခန်းများမှ ဆွဲထုတ်ပြီးနောက် ဓါးများဖြင့်ထိုး၊ သေနတ်များဖြင့် ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဖမ်းဆီးရန် အခန်းများမှ ဆွဲထုတ်စဉ် မော်လ၀ီ ဘာသာရေးဆရာများကို ရွေး၍ ဓါးများဖြင့် ထိုးခြင်း၊ သေနတ်ဖြင့် ခေါင်းကွဲသည့် အထိ ရိုက်နှက်ခြင်းများ ပြုလုပ်သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။
မော်လ၀ီ အိုဘိုင်ဒူရာမာန်နှင့် မော်လ၀ီမိုဟာမတ်ယူနုစ် တို့နှစ်ဦးကို ဓါးများဖြင့် အကြိမ်ကြိမ် ထိုးခြင်းကြောင့် အူများထွက်လာခဲ့ရာ ထိုနေရာမှ ဒရွတ်တိုက်ဆွဲ၍ ဒုက္ခသည်စခန်း၏ တောင်စောင်းရှိ ချုံပုတ်နားတွင် ချထားခဲ့ကြောင်း၊ ဦးမိုဟာမတ်ဟာရှိမ်း၊ ဦးဘော်ရှိရ်အာမတ်နှင့် ဦးအဗ်ဒူလ်အာမီးန် တို့ (၃) ဦးကို ခေါင်းကွဲ၍ သွေးများ ဒလဟောယိုစီးလာသည့် အထိ ရိုက်နှက်ပြီးနောက် အလားတူ ဒရွတ်တိုက်ဆွဲ၍ ချုံပုတ်နားတွင် ချထားပြီး စစ်သားများ ၀ိုင်းစောင့်နေခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။
စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဦးမိုဟာမတ်အလီ၊ ဦးအဗ်ဒူလ်အာမီးန်၊ ဦးအဒူရော်ကိမ်း တို့မိသားစုများထံမှ ရွှေနားကပ်၊ ဆွဲကြိုး၊ နှာခေါင်းနားကပ်များ အပါဝင် ရွှေ (၆) ကျပ်သား လုယက်သွားခဲ့သည်။
ဦးနူရ်ဟာရှိမ်း (ဘ) ဦးအဒူရောန်၊ ဦးအဒူရောန် (ဘ) ဦးမူဇေရ်၊ ဦးအိုမောရ်ဟမ်းဇား၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးကာလာမျာ၊ ဦးအဒူရောဇူးမ် (ဘ) ဦးဆော်ယာဒ်၊ ဦးဘေလာလ် (ဘ) ဦးအလီဟူစိန်း၊ ဦးဂျမာလ် (ဘ) ဦးနော်ဘီဟူစိန်း၊ ဦးမုဂိုလ်အာမတ် (ဘ) ဦးမော်တူဘော်လီ၊ ဦးရိုင်ဟားန်၊ ဦးဆုလ်တာန် (ဘ) ဦးနူရ်အာလောမ်၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟာရှိမ်း၊ ဦးဟာလာဆင် (ဘ) ဦးဇာဖော်ရ်၊ ဦးမာမတ်ဟူဆောင်း (ဘ) မော်လ၀ီမုဂိုလ်အာမတ်၊ ဦးအလီဟူစိန်း (ဘ) ဦးယူဆုပ် အပါအ၀င် (၉၄) ဦးကို ကားကြီး (၃) စီး၊ ကားငယ် (၄) စီးတို့ဖြင့် တင်ဆောင်၍ စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဓါတ်ပုံသတင်း
- ရခိုင် ဘယ်သူလဲ
- ဘာသာရေး ခုတုန်းလုပ် နိုင်ငံရေး အမြတ်ထုတ်မှု ရပ်ချိန် တန်ပြီ
- စစ်တွေမြို့တွင် မွတ်စလင်များအတွက် စားနပ်ရိက္ခာမရောင်းရန်တားမြစ်
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- ယာယီကဒ်ပြား အပ်နှံရာတွင် မူရင်းမရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေးရ
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
- ဇီးပင်ချောင်း နယ်ခြားစောင့်တပ်နှင့် ရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ငွေညှစ်
- အကြံ ကိုယ်စီဖြင့် မြှောက်ထိုး ပင့်ကော် လုပ်ချ လိုက်ပြန်ပြီ
- ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကောလဟလများ မဖြန့်ရန် အိန္ဒိယ ခေါင်းဆောင်များ တောင်းဆို
- OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတင်