နောက်ဆုံးသတင်း/ဆောင်းပါးများ

Saed Arkani
RB News
13.1.2018

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သက္ကေပြင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ မြို့နယ် အုပ်ချုပ်ရေးရုံးမှ   စာရေးတစ်ဦး သွားရောက်၍  ရိုဟင်ဂျာများကို NVC ယူရန် စည်းရုံးသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် စစ်တွေမြို့ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည် စခန်းသို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ဦးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့ ရောက်ရှိလာပြီး သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီကို ခေါ်ယူ၍ ၎င်းတို့အား မြို့နယ် အုပ်ချုပ်ရေးမှူးက သက္ကေပြင် စခန်းတွင် နေထိုင်သူများကို NVC လုပ်ပေးရန် လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ စခန်းတွင်း နေထိုင်သူများကို NVC ကဒ် လက်ခံလာအောင် ဖိအားပေး ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီဝင်များက NVC ကို လူအများ မယူလျှင် ၎င်းတို့ မည်သို့မျှ မတတ်နိုင်ကြောင်း၊ လူအများအား ဖိအားပေး ပြော၍ မရကြောင်း၊ လူအများ မကြိုက်၍ မယူခြင်းကို ၎င်းတို့ ဖိအားပေး၍ ယူခိုင်းခြင်း မပြုလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဆို၍ ငြင်းဆန်ခဲ့သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး တို့သည် ၎င်းတို့အား အဖော်လိုက်ပေးရန် တောင်းဆိုပြီး ဒုက္ခသည်စခန်းထဲသို့ ၀င်ရောက်ကာ တစ်ခန်းဝင် တစ်ခန်းထွက် NVC ယူရန် နိုးဆော်သော်လည်း တစ်ဦးတစ်ယောက်မှ လက်မခံသောကြောင့် မျက်နှာငယ်ဖြင့် ဒုက္ခသည်စခန်းမှ ထွက်လာခဲ့သည်။ 

အုပ်ချုပ်ရေးမှူးရုံးမှ စာရေးက မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ NVC ယူရန် စည်းရုံး၍ မရသည့် အကြောင်းကို အကြောင်းကြားရာ မြို့နယ် အုပ်ချုပ်ရေးမှူးက လူအများက NVC မယူလျှင်လည်း ဒုက္ခသည်စခန်း ကော်မတီဝင်များအား NVC ပေးရန် ပြောဆိုပြီး ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။ 

ဒုက္ခသည်စခန်း ကော်မတီဝင်များက ၎င်းတို့ မိဘများထံတွင် အမျိုးသား မှတ်ပုံတင်ကဒ်ပြားများ ရှိကြောင်း၊ NVC ကို မိမိတို့ မယူချင်ကြောင်း၊ လိုအပ်လျှင် နိုင်ငံသားစီစစ်ရေး ကဒ်ပြားကို တိုက်ရိုက် လျှောက်ထားမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ 

NVC ပေးရန် လာသည့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့သည် နေ့လည် ၁ နာရီ အချိန်တွင် ၎င်းတို့၏ စီမံကိန်း မအောင်မြင်ဘဲ ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 




MYARF & Rohingya Eye
RB News
11.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသခံရိုဟင်ဂျာများကို ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ်၍ NVC ထုတ်ပေးခြင်း၊ အမျိုးသားမှတ်ပုံတင် ရှိသူများကိုပင် အတင်းအဓမ္မ NVC ထုတ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် (မြို့မ အလယ်ရပ်ကွက်) မှ စီအာန်ဂျီမောင်းသူ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအစ္စမိုင်လ် သည် ရွှေဇားကျေးရွာသို့ ယာဉ်အငှားလိုက်ပြီးနောက် နေအိမ်သို့ ပြန်လာနေစဉ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ ကျောင်းတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စခန်းချ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို အတင်းအဓမ္မ NVC ထုတ်ပေးသည့် လ.၀.က ၀န်ထမ်းများ နှင့် နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး အတင်းအဓမ္မ NVC ကဒ် လက်ခံရန် ပြောဆိုခဲ့သည်။ မာမတ်ဇူဘိုင်ရ်က NVC မယူနိုင်ဟု ငြင်းဆိုသဖြင့် ၎င်းအား ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်၍ မောင်တေ လ.၀.က ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်း၏ ဖခင်ဖြစ်သူ ဦးအစ္စမိုင်လ် ကို အကြောင်းကြားခဲ့သည်။

ဖခင်ဖြစ်သူ ရောက်လာသည့် အချိန်တွင် ၎င်းအား NVC ထုတ်ပေးထားသည့် အပြင် ဖခင်ဖြစ်သူကိုလည်း NVC လက်ခံရန် ပြောရာ ဖခင်ဖြစ်သူက မိမိသည် အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ ဖြစ်သောကြောင့် NVC လက်ခံရန် မလိုအပ်ဟု ဆိုကာ ငြင်းဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဂုံးနားရွာရှိ ကျောင်းတွင် စခန်းချ၍ NVC ထုတ်ပေးနေသည့် လ.၀.က ၀န်ထမ်းများနှင့် နယ်ခြားစောင့်ရဲများသည် တွေ့ရှိသမျှ ရိုဟင်ဂျာများနှင့် ဟိန္ဒူများကို ခေါ်၍ အတင်းအဓမ္မ ဓါတ်ပုံရိုက်ကာ NVC ထုတ်ပေးသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အိမ်ထောင်စု လူဦးရေ စာရင်းပင် မတောင်းဘဲ နာမည်မေးကာ ထုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ အတင်းအဓမ္မ NVC ထုတ်ပေးသည့် အဖွဲ့သည် ရွှေဇားတံတားကို ပိတ်ဆို့၍ မြို့ပေါ်သို့ ဈေးဝယ်ရန်၊ ဆေးကုသရန်နှင့် အခြားကိစ္စများအတွက် လာရောက်သူများကို ရပ်တန့်ခိုင်းပြီး ရာဇ၀တ်မှု ကျူးလွန်သူများကို ဖမ်းဆီးသကဲ့သို့ ဖမ်းဆီးသည့် ပုံစံဖြင့် ထိုင်စောင့်ခိုင်းကာ ၂၀ ဦး သို့မဟုတ် ၃၀ ဦး ပြည့်လျှင် မြို့နယ် လ.၀.က ရုံးသို့ အစောင့်အကြပ်များဖြင့် စေလွှတ်၍ အတင်းအဓမ္မ NVC ယူခိုင်းကြောင်း၊ မယူဟု ငြင်းဆိုသူများ၊ အမျိုးသားမှတ်ပုံတင်ရှိ၍ မယူနိုင်ဟု ပြောဆိုသူများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


11.1.2018

စက်တင်ဘာ ၂ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့ အင်းဒင်ကျေးရွာသား ၁ဝ ဦးဟာ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပြောဆိုခဲ့သလို အကြမ်းဖက်မှုနဲ့ တစ်စုံတရာ ပတ်သက်မှုမရှိဘဲ သူတို့ကို မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတွေက ကမ်းခြေကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း မိမိတို့မှာ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိတယ်လို့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင် က RFA ကို ပြောပါတယ်။

"အင်းဒင်ကျေးရွာအုပ်စုမှာရှိတဲ့ ရိုဟင်ဂျာရွာတွေကို သြဂုတ်လ ၂၉ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ စစ်တပ်ကဝင်ပြီး မီးရှို့ခဲ့တယ်၊ အဲဒီမီးရှို့တဲ့အချိန်မှာ ရွာသားတွေအားလုံး တချို့က အင်းဒင်ကမ်းခြေဘက်ကို ထွက်ပြေးတယ်၊ တချို့က အနားကရွာတွေဆီ ထွက်ပြေးခဲ့တယ်၊ အဲဒီရွာအထိ ထွက်ပြေးခဲ့တဲ့ ဗီဒီယိုဖိုင်တွေလည်း ကျနော့်ဆီမှာရှိတယ်၊ ယခုအသတ်ခံရတဲ့လူ ၁ဝ ယောက်ရဲ့ နာမည်အပြည့်အစုံ သူတို့ဘာတွေလုပ်လဲ၊ သူတို့ရဲ့ဓါတ်ပုံအချို့လည်း ကျနော့်ဆီမှာရှိတယ်၊ ကျနော်က ရွာသားတွေအားလုံးနဲ့ စကားပြောထားတယ်၊ တပ်မတော်ဘက်ကနေ ပြောတဲ့ပုံစံအတိုင်း ရခိုင်ရွာသားတွေကို ရိုဟင်ဂျာရွာသားတွေက ခြိမ်းခြောက်တာဒါတွေလုံးဝမရှိခဲ့ဘူး၊ စစ်တပ်ကဝင်ပြီး မီးရှို့လို့ထွက်ပြေးတယ်၊ ထွက်ပြေးတဲ့အချိန်မှာ အင်းဒင်ကမ်းခြေမှာသွားပြီးတော့ ရှောင်နေတဲ့လူတွေထဲကနေ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက ၁ဝ ယောက်ကို ရွေးဖမ်းသွားပြီးတော့ အစုလိုက်အပြုံလိုက်သတ်ပြီးတော့ မြှုပ်ထားခဲ့တယ်၊ ဒီလူတွေက တိုက်ခိုက်တဲ့လူတွေလည်း မဟုတ်ဘူး၊ အကြမ်းဖက်သမားတွေလည်း မဟုတ်ဘူး၊ သာမန်ရွာသားတွေဖြစ်တယ်။"

ဒါ့အပြင် အဲဒီရွာသား ၁ဝ ဦးကို ဖမ်းဆီးပြီး မသတ်ခင်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတပုံကိုလည်း သူရရှိခဲ့ကြောင်းနဲ့ တခြားမှတ်တမ်းတွေနဲ့အတူ အမည်မဖေါ်လိုတဲ့ သတင်းဌာနတခုကို ပေးပို့ထားပြီးဖြစ်ကြောင်း သူက ပြောပါတယ်။

"လူ ၁ဝ ယောက်ကို တန်းစီပြီးတော့ ချုပ်ထားတဲ့ပုံ ဒီဓါတ်ပုံက အမှန်တကယ်ဆိုရင် ကျနော်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေရခဲ့တာ၊ ဒါကို သတင်းထောက်ကနေပြီးတော့ ဟိုမှာသွားပြီးတော့ ဒီလူတွေရဲ့နာမည်တွေကို သူတို့ကသေချာသွားစစ်ဆေးတယ်၊ ရွာသားတွေကိုဖြစ်စဉ်တွေကိုမေးတယ်၊ ဒီဥစ္စာက တိတိကျကျမီဒီယာပေါ် မရောက်သေးဘူး၊ ဒါပေမဲ့ တချိန်ချိန်မှာ ရောက်လာမယ်ဆိုတာ ကျနော်ပြောလို့ရတယ်"

လန်ဒန်အခြေစိုက် မြန်မာ - ရိုဟင်ဂျာအစည်းအရုံး BROUK ဥက္ကဌ ဦးထွန်းခင်ကလည်း ရိုဟင်ဂျာ အများအပြားကို အလားတူ သတ်ဖြတ်မြှုပ်နှံထားတဲ့ကျင်းတွေ ရာနဲ့ချီရှိကြောင်း မျက်မြင်သက်သေ အချက်အလက်တွေ ရရှိထားပါတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေထိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ၂ဝဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူပြဌာန်းခဲ့တဲ့ R2P (Responsibility to Protect) ခေါ် အကာအကွယ်ပေးရန် ကတိကဝတ်ရှိသည်နဲ့အညီ ဝင်ရောက်ဆောင်ရွက်ပေးဖို့ သူတို့ ဆက်လက်ကြိုးစားမယ်လို့ ပြောပါတယ်။

ဖမ်းဆီးမိတဲ့ မွတ်စလင် ၁ဝ ဦးကို ရဲစခန်းမပို့နိုင်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ကြေညာခဲ့တာနဲ့ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး James Gomez ဂျိမ်းစ် ဂိုမက် က အခုလို မြန်မာစစ်သားတွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုကို ဆင်ခြေပေးပုံဟာ အံသြဖွယ်ကောင်းလှပါတယ်။ ဒါဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူမဆန်ရက်စက်မှုတွေရဲ့ အစိတ်ပိုင်းငယ်တခုမျှသာ ဖြစ်နိုင်ပါတယ်။ မိမိတို့ရရှိထားတဲ့ သက်သေခံ မှတ်တမ်းတွေအရဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ အိမ်မီးရှို့မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ဒီအပြုအမူတွေဟာ လူသားအဖြစ်ရပ်တည်ခွင့်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့ လိုအပ်ပါတယ်လို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ တခြားလွတ်လပ်တဲ့စုံစမ်းသူတွေကို မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ် သွားခွင့်မပေးရင် ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် မြန်မာတပ်ဖွဲ့တွေက ဥပဒေမဲ့ လူမဆန်ရက်စက်စွာကျူးလွန်ခဲ့ပုံတွေကို ဘယ်တော့မှာပြည့်ပြည့်စုံစုံ သိနိုင်မှာ မဟုတ်ပါဘူးလို့လည်း AI ညွန်ကြားရေးမှူးက ပြောပါတယ်။

ရိုနေဆန်းလွင်နဲ့ ဦးထွန်းခင် တို့ရဲ့ အင်တာဗျူး အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် နားဆင်နိုင်ပါတယ်။



ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

(မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့နေရာကို တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးနေစဉ်)


RB News
10.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းပြချက်မဲ့ ဖမ်းဆီးကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ညောင်ချောင်း နယ်မြေစခန်းမှ သန်းစိန်ဆိုသူနှင့် တပ်ဖွဲ့ဝင်များသည် ညောင်ချောင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူငယ်နှစ်ဦး ဖြစ်သူ တစ်ကူရိုနီ (ဘ) ဦးအစ္စမိုင်လ်နှင့် အာယာစ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ရှာဖွေ မတွေ့ရှိသောအခါ မိဘများကို ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေစခန်းသို့ ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးရန် ပြောဆိုသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် လူငယ်နှစ်ဦးကို နယ်မြေစခန်းသို့ ပို့ဆောင်လျှင် ငွေညှစ်ခံရမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ သွားရောက် မပို့ဆောင်လျှင်လည်း လာရောက် ဖမ်းဆီးပြီး ငွေညှစ်မည်ကို စိုးရိမ်နေကြသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲများသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဦးအာနိုဝါရ် (ဘ) ဦးအာမွတ်ဆောင်း ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးရွှေလုံး (ဘ) ဦးအစ္စမိုင်လ် ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးကာဆိမ်း (ဘ) ဦးအာဘူလ်ဟူဆောင်း ထံမှ ငွေကျပ် (၁၀) သိန်းနှင့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးတော်ဘီအာမတ် ထံမှ ငွေကျပ် (၈) သိန်း ညှစ်ယူခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ 


Rohingya Eye
RB News
9.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်တွင်းမှ ဒုက္ခသည်စခန်းမှ ပိတ်ရန် ပြောဆိုနေသည်များ တွေ့နေရသော်လည်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်စခန်းနှင့် ပုံစံတူ စံပြကျေးရွာ တည်ထောင်ရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၆) ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသည် ၎င်း၏ ရုံးမှ ရုံးအုပ်များ၊ ကျီးကန်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ကျီးကန်းပြင်ကျေးရွာအုပ်စု တောင်ရွာရှိ ဒုက္ခသည်စခန်းသို့ သွားရောက် ကြည့်ရှုခဲ့သည်။ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်နေသူများမှာ ၂၀၁၇ သြဂုတ်လနှင့် စက်တင်ဘာလများတွင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့သွားသူများ ဖြစ်ကြပြီး၊ နွားရုံတောင် ကျေးရွာအုပ်စုအနီးတွင် တည်ရှိသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီး ဒုက္ခသည် မိသားစုများအား၂၅ ကီလိုပါသည့် ဆန်အိတ်၊ ခေါက်ဆွဲထုပ် (၃) ထုပ်၊ ဆီ တစ်လီတာစီနှင့် အခြားအသုံးအဆောင် ပစ္စည်းအချို့ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းက ငြိမ်းချမ်းစွာ နေထိုင်ရန်၊ လက်နက်ကိုင်အဖွဲ့များ တွေ့လျှင် နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြောင်းကြားရန် မှာကြားရာ ဒုက္ခသည်များကလည်း မှာကြားသည့် အတိုင်း လုပ်ဆောင်မည်ဟု ပြန်လည် ပြောကြားခဲ့သည်။

မြို့နယ် အုပ်ချုပ်ရေးမှူးက တင်ပြစရာရှိလျှင်လည်း တင်ပြနိုင်ကြောင်း ပြောဆိုရာ ဒုက္ခသည်များက နွေရာသီတွင် ရေအခက်အခဲဖြစ်မည့် ကိစ္စများနှင့် အခြား တွေ့ကြုံနေရသည့် ပြဿနာများ တင်ပြခဲ့သည်။ ဒုက္ခသည်များက ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများ ပိတ်၍ ဒုက္ခသည်များကို မူရင်းနေရာတွင် ပြန်လည် နေရာချထားမည်ဟု ပြည်နယ်အစိုးရက ကြေညာထားသည်ကို ကြားသိရကြောင်း ပြောကြားရာ မြို့နယ် အုပ်ချုပ်ရေးမှူးက “အခုနေရာမှာ ဘာဖြစ်နေလဲ” ဟု မေးမြန်းခဲ့သည်။ ဒုက္ခသည်များက ၎င်းတို့ မကြာမီ ကြုံတွေ့ရမည့် ပြဿနာများကို ဆက်လက်တင်ပြပြီး၊ ၎င်းတို့အား မူရင်းနေရာတွင် ပြန်လည် နေရာချထားပေးရန်၊ ၎င်းတို့အား ပံ့ပိုးပေးရန် မလိုအပ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြစ်သလို ဆောက်လုပ်၍ နေမည်ဟု တင်ပြခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး မီးလောင်ထားသည့် နေရာများတွင် ပြန်လည် နေထိုင်ရန် ခွင့်မပြုနိုင်ကြောင်း၊ ရွာ၏ အနီးရှိ လယ်ကွင်းများတွင် စံပြကျေးရွာ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း (ဒုက္ခသည် စခန်းများနှင့် ပုံစံတူ)၊ ကုန်ကျစရိတ်များကို ၎င်းက ကျခံမည် ဖြစ်ကြောင်း၊ လမ်းနှင့် အခြားလိုအပ်ချက်များကို ၎င်းက ကျခံမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဒုက္ခသည်များက မြို့နယ် အုပ်ချုပ်ရေးမှူး ပြောကြားချက်များနှင့် ပတ်သက်၍ အချင်းချင်း တိုင်ပင် ဆွေးနွေးပြီးမှ အကြောင်းပြန်မည် ဖြေကြားခဲ့ပြီး၊ ဇန်န၀ါရီလ (၇) ရက်နေ့တွင် ဒုက္ခသည်တစ်ဦးက ဒုက္ခသည်များ အားလုံး ကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ ဒုက္ခသည်စခန်းနှင့် ပုံစံတူ စံပြကျေးရွာတွင် နေထိုင်နိုင်မည် မဟုတ်ကြောင်း၊ မူရင်းနေရပ်သို့ ပြန်သွားခွင့်မရပါက လက်ရှိ ရှိနေသည့် နေရာတွင်သာ ဆက်နေမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့ကြောင်း ဒုက္ခသည်တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
8.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုး ကလေးများ စာရင်းသွင်းရန် ငွေကြေး ကုန်ကျမှုများသောကြောင့် မရှိဆင်းရဲသားများ၏ ကလေးများ အမည်မည်းစာရင်း သွင်းခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၆) ရက်နေ့မှစ၍ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) အရှေ့အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုးတစ်ဦး အတွက် ပုံမှန်အတိုင်းဟု ဆိုကာ ငွေကျပ် တစ်သောင်းတစ်ထောင်စီ ကောက်ခံလျက် ရှိပြီး၊ လွန်ခဲ့သည့်နှစ်က ဆွဲ၊တင်၊စစ် တွင် မွေးတိုးစာရင်း မတင်ခဲ့သည့် ကလေးများကို နှစ်ကျော်လွန်သည်ဟု ဆိုကာ ငွေကျပ် သုံးသောင်းငါးထောင်မှ ငါးသောင်း အထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

လွန်ခဲ့သည့်နှစ်က မွေးတိုးစာရင်း မတင်ရသေးသည့် ကလေးများ အတွက် ကောက်ခံသည့် ငွေကြေးပမာဏ များပြားသောကြောင့် ငွေကြေးမတတ်နိုင်သည့် ဆင်းရဲသားများ၏ ကလေးများကို စာရင်းတွင် မထည့်သွင်းနိုင်လျှင် အမည်မည်းစာရင်း သွင်းခံရမည်ဖြစ်ပြီး အဆိုပါ ကလေးများ၏ ပညာသင်ကြားခွင့်နှင့် အခြား ကိစ္စရပ်များ အားလုံး ပိတ်ပင်ခံရမည်ကို မိဘများက အထူးစိုးရိမ်နေကြကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 




RB News
5.1.2018

တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) BRAJ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ လက်ရှိ ရိုဟင်ဂျာများ၏ အခြေအနေများကို တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

BRAJ အဖွဲ့မှ ဥက္ကဌ ဦးဟာရုံရော်ရှိတ်နှင့် ဒု-ဥက္ကဌ ဦးမိုဟာမတ်ယာစီးန် တို့သည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ အရှေ့တောင်အာရှ ရေးရာ အရာရှိ Mr Kota Watanabe လူ့အခွင့်အရေးဌာနမှ အရာရှိ Mrs Chizuru Yamamoto တို့နှင့် တွေ့ဆုံ၍ မြန်မာစစ်တပ်မှ ရိုဟင်ဂျာများကို အကြမ်းဖက် သတ်ဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် ပြုလုပ်ခဲ့ခြင်းများ၊ နေအိမ်များ မီးရှို့ အကြမ်းဖက်ခြင်းများ၊ မုဒိမ်းကျင့် ခြင်းများနှင့် လက်ရှိ ပြည်တွင်းတွင် ကျန်ရှိနေသူများကို NVC ကဒ်ပြားများ အတင်းအဓမ္မ ယူခိုင်းနေခြင်းများ၊ အစာရေစာ ငတ်ပြတ်အောင် ထားရှိပြီး တဖက်နိုင်ငံသို့ ထွက်ပြေးအောင် ဖန်တီးနေမှုများကို တင်ပြခဲ့သည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးသည် ယခု ဇန်န၀ါရီလ အလယ်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ရိုဟင်ဂျာအရေးလည်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။

BRAJ အဖွဲ့က လက်ရှိ အခြေအနေသည် တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသော ရိုဟင်ဂျာများ ပြန်လည် လာရောက်နိုင်မည့် အခြေအနေ မဟုတ်ကြောင်း၊ ရိုဟင်ဂျာများကို ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာဖြင့် ပြန်လည် လာရောက်နိုင်ရန် အတွက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ သွားသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် ပြန်ကြားခဲ့သည်။

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) ၏ ပန်ကြားစာ တစ်စောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

RB News
4.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် အသက် (၁၀) နှစ် အထက်များကို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများကို လိုက်နာပါမည်ဟု ၀န်ခံလက်မှတ်ရေးထိုးခိုင်း နေကြောင်း သတင်းရရှိပါသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာများတွင် အာဏာပိုင်များက အောက်ဖော်ပြပါ ပုံစံများကို ဖြန့်ဝေ၍ အသက် (၁၀) နှစ် အထက်များကို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာပါမည်ဟု ၀န်ခံလက်မှတ်ရေးထိုးခိုင်း နေသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

“ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှာတော့ အသက် (၁၀) နှစ် အထက် ကလေးတွေကိုပါ ပေးထားတဲ့ ပုံစံမှာ ဖြည့်ပြီး လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတတ်ရင် လက်ဗွေနှိပ်ပေါ့” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရသေ့တောင်မြို့နယ်မှ ဆင်ခုန်တိုင်းရွာမှ ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီမှာတော့ အသက် (၉) နှစ်အထက် ဆိုရင် လက်မှတ်ထိုး၊ မဟုတ်ရင် လက်ဗွေနှိပ်ပေးရတယ်” ဟု ဆိုသည်။ 

အာဏာပိုင်များက ဖြန့်ဝေသည့် ပုံစံတွင် မြန်မာဘာသာဖြင့် ရေးသားထားပြီး၊ အရဗီဘာသာဖြင့် ရေးသားရန် ကွက်လပ် ထားရှိသည့်နေရာတွင် ဒေသခံများကို အာရဗီဘာသာဖြင့် ရေးသားရန် ညွန်ကြားထားကြောင်း သိရှိရသည်။ 

ဒေသခံရိုဟင်ဂျာများသည် အာရဗီဘာသာကို ကုရ်အာန်ကျမ်းစာ ဖတ်တတ်ရုံမှလွဲ၍ ဘာသာစကား ရေးသား ပြောဆိုတတ်ခြင်း မရှိသော်လည်း အာဏာပိုင်များက အာရဗီဘာသာဖြင့်လည်း ရေးသားခိုင်းခြင်း အတွက် အာရဗီဘာသာရေးသားတတ်သော ဘာသာရေးဆရာ အချို့ထံမှ အကူအညီယူ၍ ဖြည့်စွက် ရမည်ဟု ဆိုသည်။ 



(Photo Credit: Moises Saman/Magnum/MSF)

ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
31.12.2017

(၁)

"ယောက်ျား ... လုပ်​ပါဦး... ​ဗိုက်​က အရမ်း​နာနေပြီ.... ကျမ မခံနိုင်​​တော့ဘူး ​မောင်​​ရေ...."

ဇနီးသည်​ ခံစား​နေသော နာကျင်​မှုဒဏ်​သည်​ သူ့ထံသို့ပင်​ ကူးစက်​လာ​နေသလို သူခံစား​နေရ၏။

"မိန်းမ​ရေ ... ခဏ​လောက်​ ​အောင့်​ခံထားပါ ... ညီ​လေး... ဆိုက္ကား မ​ရောက်​​သေးဘူးလားကွ ... မြန်​မြန်​​လုပ်​ပါဆိုမှ ... "

အာဇီးမ်​၏ ပျာ​လောင်​ခတ်​​နေမှုကို ကြည့်​လျှင်​ မိန်းမအ​ပေါ် ထားရှိသည့်​ သူ၏ ချစ်​ခြင်း​မေတ္တာကို သိသာစွာ မြင်​နိုင်​ပါသည်​။

လက်​ထပ်​ထိမ်းမြားခဲ့သည်​မှာ ​လေးနှစ်​​ ရှိသွားပြီ ဖြစ်​​သော်​လည်း သူ့ချစ်​ဇနီးသည်​မှာ သ​န္ဓေသားက မတည်​မြဲ။ အမြဲပဲ ပျက်​သွားတတ်​သည်။ ထို့​ကြောင့်​ သားသမီး မရခဲ့​သော သူသည်​ သားသမီး ရတနာ​လေးကို တကယ်​ပဲ ​မျှော်​လင့်​တောင့်​တ ​နေ​လေ၏။ သည်​တစ်​ခါ​တော့ သူ့ချစ်​ဇနီးမှာ ကိုယ်​ဝန်​ကမြဲခဲ့ပြီး ​မွေး​ရမယ့်​​နေ့ရက်​​တောင်​ ​စေ့လို့လာခဲ့ပြီ။

"ကိုလတ်​.... ဆိုက္ကား​ရောက်​ပြီ...."

ညီဖြစ်​သူ၏ ​ခေါ်သံ​ကြောင့်​ အာဇီးမ်​၏ ​တွေးလက်​စအ​တွေးများ ပြတ်​​တောက်​သွားလေ၏။

အင်္ကျီကို ​ကောက်​ဝတ်​လိုက်​သည်​။ ​ဆေးရုံတွင်​လိုအပ်​မည့်​ အသုံးအ​ဆောင်​အနည်းငယ်​ စုလိုက်​သည်​။ ပြီးလျှင်​ ဇနီးသည်​ကို ​​ပွေ့ချီပြီး ဆိုက္ကား​ပေါ် တင်​လိုက်​၏။ ဇနီးသည်​က ​ဗိုက်​ကို လက်​တစ်​ဖက်​နှင့်​ ဖိထားကာ ခံစား​နေရ​သော နာကျင်​မှု​ကို​ ​အောင့်​ခံ​နေ​လေသည်​။

လမ်းက မ​ကောင်းသဖြင့်​ ဆိုက္ကားကို နင်းမရ။ ဆိုက္ကားသမားနှင့်​အတူ အာဇီးမ်​လည်း ဆိုက္ကားကို တစ်​ဖက်​က​နေ တွန်းရင်း သွား​နေသည်​။ သူတို့ရွာသည်​ မြို့နှင့်​ ​ငါးမိုင်​​လောက်​​ဝေး​သော​ကြောင့်​ ​ဆေး​ခန်း​ရောက်​ဖို့​တော့ အ​တော်​ကြာ​နေဦးမှာပင်​။ လက်​က နာရီကို ကြည့်​လိုက်​​တော့ ​လေးနာရီ ထိုးရန်​ ဆယ့်​ငါးမိနစ်သာ​ လို​တော့၏။ လမ်းခရီးကလည်း သုံးပုံ တစ်​ပုံ​လောက် ဆန့်​ပြီးဖြစ်​​လေသည်​။

မွန်းတည့်​ချိန်​ကစပြီး သူ့မိန်းမက ​ဗိုက်​နာလာသည်​ဆို၍ ရွာက အ​ကောင်းဆုံး လက်​သည်​ကို ​ခေါ်လာခဲ့၏။ သို့​သော်​ လက်​သည်​က အ​တော်​ကြာကြာစမ်းခဲ့ပြီး အ​ခြေအ​နေ မဟန်​​ဘူးဆို၍ ​ဆေးရုံတက်​ရန်​သာ အကြံ​ပေးခဲ့ခြင်းဖြစ်​သည်​။ တကယ်​​တော့ အသွားအလာ ခက်​ခဲသည်​က တစ်​​ကြောင်း၊ လမ်းမှာ ရှိ​နေ​သော န.စ.က စခန်းကို ဖြတ်​သန်းသွားရတာ​ကတစ်​​ကြောင်း၊ ​ဆေးရုံမှာလည်း လူမျိုး​ရေးခွဲခြားတတ်​သည်​ကတစ်​​ကြောင်း၊ အဲ့သလို အ​ကြောင်းအမျိုးမျိုး​ကြောင့်​ သည်​​ဒေသက အမျိုးသမီးများသည်​ ​ဆေးရုံတက်​ပြီး က​လေးမွေးရသည်​ထက်​ ကိုယ့်​အိမ်​မှာပဲ လက်​သည်​အကူအညီနှင့်​ က​လေးမွေးတတ်​သည်​မှာ မည်​သို့မျှ မဆန်း။

"​ဟေ့​ကောင်​​တွေ... ဘယ်​သွားမလို့လဲ ... ​ရွာထွက်​လက်​မှတ်​ပြ...."

ကင်းစခန်းမှ န.စ.က တစ်​​ယောက်​၏ ခပ်​ကြမ်းကြမ်း အသံက အ​တွေးထဲ မျှောပါနေသည့် အာဇီးမ်​ကို တုန်​လှုပ်​​စေသည်​။

"ဆရာ...​ဆေးခန်းသွားပြမလို့ပါ ... အ​ရေးတကြီး ချက်​ချင်းလာလိုက်​ရတာနဲ့ ရွာထွက်​လက်​မှတ်​​ မပါလိုက်​ပါဘူး ဆရာ ..."

အာဇီးမ်​က န.စ.က ရဲ ကို ညှင်​ညှင်​သာသာ ယဉ်​ယဉ်​​ကျေး​ကျေး ​ပြောပြလိုက်​သည်​။

"မရဘူးကွ ... ဘယ်​သွားပြပြ ကုလားဆို ရွာထွက်​လက်​မှတ်​ပါရမယ်​ဆိုတာ မင်းတို့ မသိဘူးလား ... သွားယူကွာ ..."

"ဆရာ... လူနာက ရက်​​စေ့​နေတဲ့ ကိုယ်​ဝန်​နဲ့ပါ ... အရမ်း နာ​နေလို့ ချက်​ချင်းထွက်​လာလိုက်​တာနဲ့ ရွာထွက်​လက်​မှတ်​ မယူနိုင်​တာပါ.... ​နောက်​တစ်​ခါဆို ယူလာပါမယ်​... ဒီတစ်ခါတော့ သွားခွင့်​ပြုပါ..."

အာဇီးမ်​က ခွင့်​​တောင်းသလို ပုံစံမျိုးဖြင့်​ ​အေး​အေး​ဆေး​ဆေး ​တောင်းဆိုလိုက်​တဲ့အဆုံး....

"​ဟေ့ကုလား...လျှာရှည်​မ​နေနဲ့.... သနား​လာအောင်​ ပုံစံမျိုးနဲ့ လာမ​ပြောနဲ့ ... ကုလားဆို မသနားတတ်​ဘူး.... ရွာထွက်​လက်​မှတ်​မပါရင်​ ပြန်​ကွာ..."

န.စ.က ရဲ၏ ပြတ်​သား​သော အ​ပြော​ကြောင့်​ အာဇီးမ်​က ​သူ့ဒေါသကို ​ခေတ္တမျှ မထိန်းမနိုင်​ဖြစ်​သွားသည်​။

"ရွာထွက်​လက်​မှတ်​လည်း မပါဘူး ... ဒီအတိုင်းသွားမှာပဲ ...သတ်​ချင်​ရင်​သတ်​လို့ရတယ်​ ...လူနာကို ဆရာလည်း ကိုယ်​​တွေ့ပဲ ... "

"ငါလိုးမ ကုလား ... အာခံပြီး ​ပြောတယ်​​ပေါ့ ... ​ရော့ ..."

____________________×××____________________

(၂)

"​ရော့ ...!!! ပြီး​တော့ ဆက်​​ပြောပြလေ" ဆိုပြီး ကျွန်​​တော်​​က ​သိချင်​စိတ်​ပြင်းစွာ​ မေးကြည့်​လိုက်​လျှင်​ ဦး​လေးဟာရုန်းက သူ့လက်​သီးကို ငါ့ဝမ်း​ဗိုက်​တည့်​တည့်​ကို အသာအယာ လာထိုးပြီး ​ပြောပြသည်​။

"န.စ.က ​တွေက ဝိုင်းထိုးရိုက်​တာ​ပေါ့ကွာ ..."

"ပြီး​တော့ ... ဦး​​လေးအာဇီးမ်​ရဲ့ မိန်းမ​ရော ... ​ပြီး​တော့ နောက်​ဘာဖြစ်​သွားလဲ"
ကျွန်​​တော်​က တရစပ်​​မေးကြည့်​လိုက်​ပြန်​သည်​။

"​​အေး​ပေါ့ကွ ... ငါ့မှာ တပူ​ပေါ် နှစ်​ပူဆင့်​ရတာ​ပေါ့​ ... ဟိုက စိတ်​ရှိတိုင်း ဝိုင်းထိုးရိုက်​နှက်​တာ ခံရ​တော့ အာဇီးမ်​ဘိုင် ​လည်း သတိ​မေ့သွားတယ်​ ... သူ့မိန်းမကလည်း အရမ်းနာ​နေတယ်​ ဆိုပြီး ​အော်​​​အော်​နေတယ်​ ... ငါ့မှာ ​ရွေးချယ်​စရာမှ မရှိခဲ့တာ ... အာဇီးမ်​ဘိုင်ကိုပါ ဆိုက္ကား​ပေါ်တင်​ပြီး အိမ်​ပြန်​လမ်းကို နှင်​ရတာ​ပေါ့ ... နေကလည်း ဝင်​လုဆဲ ဖြစ်​​နေ​တော့ ​မှောင်​စပြုလာတယ်​ ... ပြန်​လာရင်းနဲ့ အိမ်​မ​ရောက်​ခင်​ လမ်းတစ်​ဝက်​မှာပဲ က​လေး​မွေးလိုက်​ရတယ်​​လေ ... "

"ဘာ ...!!! လမ်းမှာ က​လေး​မွေးတယ်​ ...!!! "​တောက်​ ... ဒီ န.စ.က ​တွေမှာ လူ့စိတ်​မရှိလိုက်​တာ​ဗျာ ...''

ဆိုက္ကားသမား ဦး​လေးက လွန်​ခဲ့​သော နှစ်​ ၂၀ အရင်​က အ​ကြောင်းတစ်​ခုကို တွေး​တွေးပြီး ပြန်​ကာပြောပြ​နေ​​သည်​ကို နား​ထောင်​နေရသူ ကျွန်​​တော့မှာ​တော့ ကြက်​သီးက တဖြန်းဖြန်းထလို့။

"​အေးကွာ ... လမ်း​ပေါ်မှာ အမျိုးသမီးတစ်​​ယောက်​ မီးဖွား​နေတာကို ဆိုက္ကားသမားဖြစ်​တဲ့ ငါက ဘာလုပ်​ရမှန်းကို မသိခဲ့ဘူး ... အဲ့ချိန်​ခဏ​တော့ ငါ တကယ်​ရူးသွားခဲ့တာပဲ ... က​လေး​လည်း ​မွေးပြီး​ရော့ အာဇီးမ်ဘိုင် ​လည်း ပြန်​ပြီး သတိရလာတယ်​ ... ဒီ​တော့ အာဇီးမ်ဘိုင် ... ငါ ဒီရွာကလူ​တွေကို အကူအညီသွား​တောင်းမယ်​ ဆိုပြီး ​ပြေးသွားလိုက်​တာ ... ဒါ​ပေမယ့်​ အချိန်​မမီလိုက်​ဘူး ... ကူညီမယ့်​လူ​တွေ ​ရောက်​လာချိန်​မှာ​တော့ အာဇီးမ်ဘိုင် က သူ့ အမျိုးသမီးရဲ့ အသက်​မရှိ​တော့တဲ့ ခန္ဓာကိုယ်ကို ​ပွေ့ဖက်​ရင်း ငို​​နေတာကိုပဲ ​တွေ့လိုက်​ရတယ်​ ... သူ့မိန်းမ ဆုံးသွားရှာတယ် တူ​လေးရာ .... သူ့အသက်ဆုံးရှုံးသွားတယ် ..."

ပြောပြရင်းနှင့်​ ဆိုက္ကားသမား ဦး​လေး တစ်​​ယောက်​ ချုံးပွဲချ ငို​ကြွေးလိုက်​​တော့သည်​။ ကျွန်​​တော့်​ ပါးပြင်​မှာလည်း မျက်​ရည်​​တွေ စီးကျပြီး ​နေရာယူနှင့်​လို့။

၁၉၉၄ ခုနှစ်​၏ တစ်​​ခုသော ည​နေခင်း။ သည်​လို ည​နေခင်းမျိုး ရိုဟင်​ဂျာတို့ဘဝမှာ ခပ်​များများရယ်​။

____________________×××____________________

(၃)

"ဟာရုန်းဘိုင်​ ... ဟာရုန်းဘိုင်​ ...ခင်​​ဗျား သိပြီးပြီလား ... ခင်​​ဗျား သိပြီးပြီလား ... ဆာဒဲက်​​လေ ...ဆာဒဲက်​​လေ ... "

ပြေး​လာခဲ့​သော​ကြောင့်​ အာဇီးမ်​တစ်​​ယောက်​ မောဟိုက်​​နေ​၏။ ​မောဟိုက်​စွာ ​ပြောပြ​နေ​သော အာဇီးမ်​၏ စကားလုံးတစ်​ခု​ကြောင့်​ ဟာရုန်း၏ ရင်​ထဲ မီး​ခဲ ထည့်​လိုက်​သလို ချက်​ချင်း ပူ​လောင်​သွားသည်​။

"အာဇီးမ်​ဘိုင်​ ... ဆာဒဲက်​ ဘာ​ဖြစ်​တာလဲ ...ငါ့ဆာဒဲက်​ ဘာဖြစ်​တာလဲ"

"ဆာဒဲက်​ ဆယ်​တန်း​အောင်​ပြီ​ဗျာ ... ဂုဏ်​ထူးလည်း ​လေးဘာသာ ပါတယ်​ ... ငါ​လေ ဒီသားတစ်​​ယောက်​တည်း​ရဲ့ အ​ဖေဖြစ်​ရတာနဲ့တင်​ လူဖြစ်​ရကျိုးနပ်​ပြီ​ဗျာ ... ငါ ဒီ​နေ့ အရမ်း​ပျော်​တယ်​​..."

"​ဟာ​ကွာ ... မင်းက လူကို တမင်​ ​စိတ်​ပူလာ​အောင်​​လုပ်​လိုက်တယ်​​ ... ငါဖြင့် ​စိုးရိမ်​သွားလိုက်တာ ..."

ထိုအခါမှ ဆိုက္ကားသမားကြီး ဟာရုန်းတစ်​​ယောက်​ သက်​ပြင်းချနိုင်​ခဲ့ပြီ။

"ဘာလဲ မင်းရော မ​ပျော်​ဘူးလား​ ... ငါ့သား ဂုဏ်​ထူး​လေးဘာသာနဲ့ ​ဆယ်​တန်း အောင်​တာ မင်း မ​ပျော်​ဘူးလား ... မင်းလည်း ​ပျော်​သင့်​တာ​ပေါ့​ .. မဟုတ်ဘူးလား ဟာရုန်း ... ငါ​တော့ အရမ်းအရမ်းကို ​ပျော်​​တယ်​​ ... မနက်​ဖြန်​ နွားဖော်​ပြီး ရွာသူရွာသား​တွေကို ထမင်း​ဖိတ်​ကျွေးမယ်​ ... မင်းလည်း ​စော​စောစီးစီး လာကွာ ... ငါတော့ အရမ်း ​ပျော်​နေတယ်​​... အရမ်းပဲ ..."

ငါလည်း သိပ်​​ပျော်​တာ​ပေါ့​။ ဆာဒဲက်​ဟာ ငါ့ လက်​​ပေါ်မှာပဲ ​မွေးဖွားလာသူ မဟုတ်​လား။ ငါ့ကို ချစ်​ချစ်​ခင်​ခင်​နဲ့ ဘကြီး​ခေါ်တဲ့ မင်းသား ဆာဒဲက်​ကို ငါလည်း သားအရင်း တစ်​​ယောက်​လို ချစ်​မြတ်​နိုးတာ မင်းလည်း သိသားပဲ။

ကခုန်​သည့်​ဟန်​ပန်​ဖြင့်​ ​လျှောက်​ကာ ပြန်​သွား​နေ​သော တစ်​ရွာတည်းသား အာဇီးမ်​ကို ​ငေးကြည့်​ရင်း ဟာရုန်းတစ်​​ယောက်​ တစ်​ကိုယ်​တည်း တီးတိုးစွာ ​ပြောလိုက်​သည်​။

"မိန်းမ​ရေ ... ငါ့ ချစ်​​တော်​ကြီး ဂုဏ်​ထူး​လေးဘာသာနဲ့ ဆယ်​တန်း​အောင်​တယ်​တဲ့"

ဟာရုန်းက အိမ်​​နောက်​​ဖေးမှာ အလုပ်​လုပ်​​နေ​သော သူ့မိန်းမကို တက်​ကြွ​နေသည့်​​လေသံဖြင့်​ လှမ်း​အော်​​ပြောလိုက်​သည်​။

အပြင်​မှာ မိုးဖွဲ့ဖွဲ့ရွာ​နေ​သည်​။ ၂၀၁၁ ခုနှစ်​၊ ဇွန်​လထဲက သည်​​နေ့ရက်​သည်​ ၁၇ နှစ်​ကြာ​ကြာ ခံစား​နေရ​သော အာဇီးမ်​ဘိုင်၏ စိတ်​ထိခိုက်​နာကျင်​ခံစားခဲ့ရမှုများကို ​ပျောက်​ကင်းသွားပါ​စေလို့ ဟာရုန်းက စိတ်​ထဲက​နေ ဆု​တောင်း​ပေးလိုက်​သည်​။

ပျော်​ရွှင်မှု တိမ်​တိုက်​များ ​ကောင်းကင်​တစ်​ခွင်​မှာ ပြန်​ပြီး ထူထပ်​​နေလို့။

____________________×××____________________

(၄)

"ဦး​လေး ... ပထမတစ်​​ခေါက်​ စိတ်​ညစ်​လို့ ငိုခဲ့ရ​ပေမယ့်​ ဒီတစ်​​ခေါက်​​တော့ ဦး​လေးတို့နဲ့အတူ ကျ​နော်​လည်း ​ပျော်​လာတယ်​ ... မိတဆိုး သားတစ်​​ယောက်​ ဆယ်​တန်းကို ​လေးဘာသာနဲ့ ​အောင်​​အောင်​ ကြိုးစားခဲ့တာ တကယ်​ ​လေးစားဖို့​လည်း ကောင်းတယ်​​... အင်​မတန်​ လိမ္မာတဲ့ သား​လေးပါပဲ​နော်​ ..."

ကျွန်​​​တော်​က ဒီတစ်​ခါ ​ပျော်​ရွှင်​​ပေါ့ပါးစွာ ​ပြောလိုက်​လျှင်​ ...

"​သိပ်​မှန်​တာ​ပေါ့ကွယ်​ ... ဆာဒဲက်​က တကယ့်​ကို လူလိမ္မာ​လေး ... သူ့အ​ဖေကလည်း သားရဲ့ ပညာ​ရေးမှ ပညာ​ရေးပဲ ... အလားတူ ဆာဒဲက်​ကလည်း သူ့အ​ဖေရဲ့ အိပ်​မက်​​တွေ အ​ကောင်​အထည်​​ဖော်​ခွင့်​ရဖို့ အင်​တိုက်​အားတိုက်​ စာကြိုးစားတယ်​ ...ဒါ​ပေမယ့်​ .... "

"ဒါ​ပေမယ့်​" ဆိုပြီး ဦး​လေး ဟာရုန်းက စကားကိုရပ်​တန့်​လိုက်​ပြီး ဟိုအ​ဝေးကြီးကို ရီ​ဝေစွာ​ငေး​နေ၏။ အ​တော်​ကြာကြာအထိ ဘာမှ​ပြောမလာ​​သောအခါ ကျွန်​​တော်​က ဝင်​​ထောက်​ပေး၍ ​မေးလိုက်​၏။

"ဒါ​ပေမယ့်​ ... ​​နောက်​ဘာဖြစ်​သွားတာလဲ ဦး​လေး"

"​ဒီလိုကွာ ... အာဇီးမ်​ဘိုင်ရဲ့ ရည်​မှန်းချက်​က သူ့သားကို သွားဖွားမီးယပ်​အထူးကု ဆရာဝန်​ကြီး တစ်​​ယောက်​ ဖြစ်​လာဖို့ ​မျှော်​လင့်​ချက်​ထားတယ်​ ... ​နောက်​ထပ်​​နောက်​ထပ်​​သော အမျိုးသမီး​တွေ သူ့အ​မေလို လမ်းတစ်​ဝက်​မှာ က​လေးမ​မွေးရ​အောင်​​ပေါ့တဲ့ ... သူ့အ​မေလို လမ်းတစ်​ဝက်​မှာ အကူအညီမဲ့ မ​သေရ​အောင်​​ပေါ့​တဲ့ ... သူ့သားကလည်း အမှတ်​မှီတယ်​ ... ဒါ​ပေမယ့်​ ... ပညာ​ရေးဝန်​ကြီးဌာနက ​သူ့သား​လျှောက်​တဲ့ ဆေးတက္ကသိုလ်​ကို မ​ပေးဘဲ သာမန်​ဘာသာရပ်​​မေဂျာတစ်​ခု ချ​ပေးတယ်​ ... စစ်​​တွေတက္ကသိုလ်​မှာ တက်​​ပေါ့တဲ့ ... မှတ်​ပုံတင်​မရှိလို့တဲ့ ... ဟူး ..."

ဦး​​လေးဟာရုန်းက "ဟူး" သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး စကားကို ရပ်​တန့်​လိုက်​ပြန်​သည်​။

ဒုက္ခသည်​စခန်းရှိရာ တောင်​။ ထို​တောင်​ထိပ်​​၏ အပင်​တစ်​ပင်​​အောက်​မှာ ထိုင်​​နေပြီး အတိတ်​တစ်​ခုကို ပြန်​ပြီး ​တွေး​တွေး​ပြောပြ​နေ​သော ဦး​လေး ဟာရုန်းက အမိ​မြေ မြန်​မာဖက်​ခြမ်းကို အဆုံးအစမဲ့စွာ ​ငေးကြည့်​​နေ၏။ ​နေမင်းသည်​ အ​နောက်​ရပ်​ဝန်းသို့ အ​တော်​ယိုင်​သွားခဲ့ပြီ။ အ​တော်​ကြာကြာအထိ စကားဆက်​မလာ​သော​ကြောင့်​ သိချင်​စိတ်​ပြင်းပြ​နေ​သော ကျွန်​​တော်​က ဦး​လေးကို ထပ်​တစ်​ပြန်​ စကားဝင်​​​ထောက်​လိုက်​၏။

"ပြီး​တော့ ... ဆက်​ပြီး ဘာဖြစ်​​သေးလဲ ဦး​လေး ..."

"အာဇီးမ်ဘိုင်​က ဒီ​လောက်​​တော်​​နေတဲ့ သူ့သားကို သာမန်​​မေဂျာတစ်​ခုနဲ့ တက္ကသိုလ်​တက်​ပြီး အချိန်​မကုန်​​စေချင်​ဘူး ... သူ​ အင်​မတန်​ ​မျှော်​လင့်​တဲ့ သားဖွားမီးယပ်​ အထူးကု ပညာရပ်ကို ဒီနိုင်​ငံမှာ သင်​ယူခွင့်​မရရင်​လည်း နိုင်​ငံရပ်​ခြားကို ​စေလွှတ်​ပြီး သင်စေချင်​တယ်​ ... သူ့မှာ ရှိတဲ့ လယ်​ယာ​မြေ အများစုကို ​ရောင်းချလိုက်​တယ်​ ... နိုင်​ငံရပ်​ခြားမှာ တက္ကသိုလ်​တက်​ဖို့ဆိုတာ ​ငွေအ​တော်​လိုတယ်​​လေ ... ပြီး​တော့ သူ့သားကို ဒီဘင်္ဂလား​ဒေရှ့်​နိုင်​ငံကို ​လွှတ်​လိုက်​တာ​ပေါ့​လေ .... အဲ့မှာ​ပေါ့ဟ ... အဲ့မှာ​ပေါ့ ..."

ဦး​လေးဟာရုန်း၏ အသံမှာ ရှိုက်​ငိုသံနှင့်​အတူ တိမ်​​ကောသွားလို့။ ဆက်​ပြီး ဘာဖြစ်​ခဲ့သလဲဆိုသည်​ကို ကျွန်​​တော်​ အတိအကျ မှန်းဖို့ခက်​​နေ​ပေမယ့်​ သည်​မိသားစု ထပ်​ပြီး တစ်​ခါ ဝမ်းနည်း နာကျင်​စရာများနှင့်​ ကြုံ​တွေ့ခဲ့ရပြီဆိုတာကို​တော့ ​ယေဘုယျအားဖြင့်​ မှန်းလို့ရ​နေသည်​။ ဦး​လေးဟာရုန်း ဆက်​ပြောပြလာမည်​ကို ကျ​နော်​ စိတ်​ဝင်​တစား နားစွင့်​​နေမိ၏။

"သူ့သား စီးလာတဲ့ ​လှေက ဒီနတ်​မြစ်​အလယ်​မှာ မြုပ်​သွားခဲ့ပါ​လေ​ရော ... အဲ့ဒီ သတင်းကြားကြားချင်း အာဇီးမ်​ဘိုင်​လည်း သတိလစ်​သွား​တယ်​ ... ငါတို့အားလုံးလည်း အရူးတစ်​ပိုင်း ဖြစ်​သွားခဲ့တာ​ပေါ့ ... ဆာဒဲက်​ကို ရှာဖို့ လိုက်သွားရမလား ... အာဇီးမ်​ဘိုင်​ကို ​ဆေးရုံတင်​ရမလားနဲ့​ပေါ့ ...

နှစ်​ရက်​အကြာမှာ​တော့ ဆာဒဲက်​ရဲ့ ပုပ်​​စော်နံ​နေတဲ့ အ​လောင်းက မြစ်ထဲက မျှောလာပြီး ကမ်းခြေတစ်ခုမှာ တင်နေတာ ​တွေ့လိုက်​ရတယ်​ ... အဲ့ချိန်​ အာဇီးမ်​ဘိုင်​က ပုပ်​​စော်​နံ​နေတဲ့ သူ့သားကို ဖက်​ပြီး "သား​ရေ" ဆိုပြီး ​​အော်​ဟစ်​ငို​ကြွေးခဲ့တဲ့ပုံရိပ်​ဟာ ယခုထိ ငါ့အ​တွေးထဲက ထုတ်​ရခက်​​နေတုန်းပါပဲ တူ​လေးရာ ..."

ဦး​လေးဟာရုန်း၏ စကားအဟုန်​တွင်​ စီး​မျှောသွားရင်း ကျွန်​​တော်​လည်း ရှိုက်​ငို​​လိုက်​​တော့သည်​။

____________________×××____________________

(၅)

အခု ဆာဒဲက်​ အ​ဖေ​ရော ဘယ်​မှာလဲ။ သူ ​နောက်​အိမ်​ထောင်​ကျပြီး ဘဝကို ​နောက်​တစ်​ပြန်​ အစပြုခဲ့သလား။ ဘဝကို ဘယ်​လိုပုံစံမျိုးနဲ့ ဆက်​လက်​ရှင်​သန်​ ဖြတ်​သန်းခဲ့သလဲ။ ကျွန်​​တော့ အ​တွေးထဲမှာ သိချင်​စရာများစွာ ဖြစ်​​ပေါ်လာခဲ့​ပေမယ့်​ ဦး​လေး ဟာရုန်းကို ထပ်​ပြီး ဘာမှမေးချင်​တဲ့စိတ်​ ကျွန်​​တော့မှာ ရှိမ​နေတော့​။

ဦး​လေးဟာရုန်းကို ကျွန်​​တော်​သိသည်​မှာ သည်​ဒုက္ခသည်​စခန်းကို ​ရောက်​ပြီးမှ ဖြစ်​သည်​။ အာရ်​ကာန်​မှာ ရှိစဉ်​ မမြင်​မ​တွေ့ဖူး​ပေမယ့်​ အသက်​ ၆၀ ​ကျော်​ရှိမည့်​ စိတ်​​စေတနာ​ကောင်းသည့်​ ဦး​လေးဟာရုန်းကို "ဦး​လေး" ဆိုပြီး ကျွန်​​တော်​ တ​လေးတစား ​ခေါ်ခဲ့​သည်​။ အတိတ်​က အ​ကြောင်းအရာများကို စပ်​စုတတ်​​သော ကျွန်​​တော်​က ဦး​လေးကို သူတို့ ငယ်​စဉ်​က အ​ကြောင်းအရာများ ​မေးဖြစ်​ခဲ့ရာမှ သည်​ဖြစ်​ရပ်​မှန်​​လေးကို သူ​ပြောပြခြင်းဖြစ်​၏။

၂၀၁၇ ခုနှစ်​၊ ဩဂုတ်​လ (၂၅) ရက်​​နေ့ အ​ရေးအခင်း​နောက်​ပိုင်း အသက်​လွတ်​နိုင်​ရာ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံကို ​ထွက်​​ပြေးတိမ်း​ရှောင်​လာ​ခဲ့သော လူ​ပေါင်း ၇ သိန်းနီးပါးမှာလည်း ဆာဒဲက်​တို့မိသားစုလို ဖြစ်​ရပ်​ဆိုး တစ်​မျိုးမျိုးနှင့်​ ကြုံ​တွေ့ခဲ့ရသည့်​ ဖြစ်​ရပ်​မှန်​ ဇတ်​လမ်းများ ကိုယ်​စီရှိ​နေဦးမည်ပင်​။

တောင်​​ပေါ် အပင်​​၏ အရိပ်​​အောက်​၌ ထိုင်​​နေသည့်​​နေရာမှ ​ကြည့်​လိုက်​လျှင်​ တစ်​ခုနှင့် တစ်​ခုကပ်​​ပြီး ဆောက်​ထား​သည့်​ ထူထပ်​​နေ​သော ဒုက္ခသည်​စခန်းရှိ တဲအိမ်လေးများ၊ အိုးအိမ်​ထားရစ်​ပြီး အမိ​မြေကို စွန့်​ခွာလာခဲ့ရ​သော မျှော်​လင့်​ချက်​မဲ့​​နေ​သည့်​ ဒုက္ခသည်​များကို ​တွေ့​နေရ၏။

မကြာခင်​ ​နေမင်း ပျောက်​ကွယ်​ပြီး သည်​​နေရာ​လေးကို အ​မှောင်​က မျိုသွားပါလိမ့်​မည်​။ ကျွန်​​တော်​တို့ ရိုဟင်​ဂျာများ၏ ဘဝ​နေ့ရက်​များသည်​လည်း အ​မှောင်​၏ မျိုခြင်းကို ခံလာ​နေရသည်​မှာ နှစ်​ကာလအားဖြင့်​ အ​တော်​ ကြာရှည်​လှ​ခဲ့ပြီ ဖြစ်​၏။

"တူ​လေး ... မနက်​ဖြန်​ အလှူအတန်းပွဲတစ်​ခုလုပ်​ရ​အောင်​ ... မင်းလည်း လာကူညီပေးပါလား ..."

ဦး​လေးဟာရုန်း၏ စကား​ကြောင့်​ အတန်​ကြာကြာ အ​တွေးထဲနစ်​မြုပ်​​နေသည့်​ ကျွန်​​တော်​ သတိပြန်​ရလာသည်​။

"ဘယ်​သူ့အတွက်​ ရည်​စူးပြီး လုပ်​မှာလဲ ဦး​လေး"

"ငါ့အချစ်​​တော်​ကြီး ဆာဒဲက်​နဲ့ ငါ့​ကျေးဇူးရှင်​ကြီး အာဇီးမ်​အတွက်​​လေ ..."

ဦး​လေး ဟာရုန်းက ခပ်ပြင်းပြင်း ​​​သက်​ပြင်းရှည်တစ်​ချက်​ချလိုက်​ပြီး ဆက်​လက်​​ပြောပြသည်​။

"ဆာဒဲက်​ဆုံးတဲ့​နေ့ကစပြီး သူ့အ​ဖေလည်း စိတ်​မမှန်​တဲ့ ဘဝ​ရောက်​သွားတာ​လေ ... ​နောက်​နှစ်​နှစ်​အကြာမှာ စိတ်​​ရောဂါနဲ့ပဲ ဆုံးသွားရှာတယ်​ ... သူ​ဆုံးသွားတဲ့​နောက်​ သူ့ပိုင်​လယ်​မြေတွေ ငါ့မိသားစုကို ​ပေးလိုက်​ဖို့ သူ့အစ်​ကိုကို မှာထားခဲ့တာတဲ့ ... အဲ့​တော့ သူ့ပိုင်​လယ်​မြေ​တွေ သူ့အစ်​ကိုက ငါ့ကို လွှဲ​ပေးခဲ့တယ်​ ... ငါက အဲ့ဒီလယ်​တွေလုပ်​ပြီး ရလာတဲ့ အကျိုးအမြတ်​ထဲက ​လေးပုံး သုံးပုံကို သူတို့ သားအဖ အမိ သုံး​ယောက်​အတွက်​ နှစ်​တိုင်း အလှူပွဲလုပ်​တယ်​ ... ဒီနှစ်​က ဖြစ်​သွားတဲ့ အ​ခြေအ​နေ​ကြောင့်​ အဲ့ပွဲမျိုး မလုပ်​နိုင်​ခဲ့ဘူး ... သူ​ပေးတဲ့ လယ်​ယာ​မြေ​တွေကိုထားပြီး ဒီကိုလာခဲ့ရတယ်​ ဆို​ပေမယ့်​ မ​လေးရှားက ငါ့သား​လေးဆီက ပိုက်​ဆံ​တောင်းလိုက်​တယ်​ ... မနက်​ဖြန်​ လုပ်​ကြရ​အောင်​ ... ငါ သူတို့ မိသားစုကို အရမ်း သတိရ​နေပြီ တူ​လေးရာ ... ငါ့အ​ပေါ် အရမ်းလည်း ​ကျေးဇူးကြီးမားခဲ့သူ​တွေ​လေ ..."

သည်​တစ်​ခါ ကျွန်​​တော်​လည်း ဆာဒဲက်​အ​ဖေ၏ ဖြစ်​ရပ်​ဆိုးကို ကြားရပြီး သတိလစ်​သွားလုမတတ်​ ခံစားခဲ့ရသည်​။ စိတ်​ထဲက​နေလည်း ဆု​တောင်း​ပေးလိုက်​ပါ​တော့သည်​။

ဆာဒဲက်​တို့ သားအမိ အဖ သုံး​ယောက်​စလုံး ​အမြင့်ဆုံး​သော သုခဘုံမှာ ပြန်​ဆုံဆည်းခွင့်​ရပြီး အဆုံးမဲ့ ချမ်း​မြေ့​ပျော်​ရွှင်​မှုများနှင့်​ စံမြန်းခွင့်​ရပါ​စေ။

ကျွန်​​တော်​၏ ပါးပြင်​​ပေါ်က မျက်​ရည်​​စက်​များကို သုတ်​လိုက်​ပြီး ဒုက္ခသည်​စခန်းထဲက တဲလေးဆီ ​ခြေလှမ်းစလိုက်​​တော့သည်​။ ဒုက္ခသည်​စခန်း၏ အနီးတစ်​ဝိုက်​ ပတ်​ဝန်းကျင်​ကိုလည်း အ​မှောင်​က စိုးမိုးလိုက်​နေခဲ့ပြီ။

ယျာတင်​ (ရိုဟင်းသား)
၃၁၊ ၁၂၊ ၂၀၁၇

Saed Arkani
RB News
30.12.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို မြို့နယ် လ.၀.က မှ အရာရှိများက NVC လက်ခံရန် ထပ်မံ၍ ဖိအားပေးကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် စစ်တွေမြို့နယ် လ.၀.က ဦးစီးအရာရှိနှင့် အခြားဒေသဆိုင်ရာ အာဏာပိုင်များသည် စစ်တွေမြို့နယ် ဘုမေရပ်ကွက် ၀ယာလစ်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ငါးဖမ်းစက်လှေပိုင်ရှင်များနှင့် တွေ့ဆုံ၍ NVC လက်ခံရန် ဖိအားပေးခဲ့သည်။

လ.၀.က ဦးစီးအရာရှိ ဦးကျော်သန်းက NVC လျှောက်ထားရန်လိုကြောင်း၊ ပြီးလျှင် နိုင်ငံသားကဒ် လျှောက်နိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းနိုင်ရန်အတွက် NVC လိုကြောင်း၊ NVC မရှိလျှင် ငါးဖမ်းခွင့်ရမည် မဟုတ်ကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် သွားရမည် ဖြစ်ကြောင်း၊ တစ်ကြိမ်တည်းဖြင့် အကုန်မရနိုင်ကြောင်း ပြောဆို၍ NVC လက်ခံမှ ငါးဖမ်းခွင့်ပေးမည်ဟု ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဒေသခံရိုဟင်ဂျာများဘက်မှ မိမိတို့တွင် အမျိုးသားမှတ်ပုံတင်ကဒ် ရှိနေသည့်အတွက် NVC ယူရန် မလိုကြောင်း၊ NVC ဆိုသည်မှာ မည်သည့် အထောက်အထားမှ မရှိသူများ အတွက် ဖြစ်ကြောင်း၊ အစိုးရအာဏာပိုင်များက မိမိတို့အား လှည့်ဖြားနေသည်မှာ ဆယ်စုနှစ်ချီနေပြီ ဖြစ်ကြောင်း၊ မိမိတို့အား ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဟု ပါးစပ်ဖြင့် ပြောဆိုခြင်းသာ ရှိကြောင်း၊ စာရွက်စာတမ်း အထောက်အထားများဖြင့် ပြောဆိုခြင်း မရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဏာပိုင်များကို မည်သည့်အခါ ယုံကြည်နိုင်မည် မဟုတ်ကြောင်း၊ ယခုအခါ လ.၀.က ၀န်ထမ်းများက လူတစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ယူ၍ ဘင်္ဂလီ လူမျိုးအမည်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးလျက် ရှိကြောင်း၊ မိမိတို့ အနေဖြင့် NVC ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း၊ နောက်နောင် NVC နှင့် ပတ်သက်၍ အစည်းအဝေး မခေါ်ရန် ပန်ကြားလိုကြောင်း ပြောဆို၍ တုန့်ပြန်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

လ.၀.က ဦးစီးအရာရှိ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ငါးဖမ်းစက်လှေ ပိုင်ရှင်များ၏ တွေ့ဆုံပွဲကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ 




MYARF
RB News
30.12.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​ လူကုန်​ကူးမှုတားဆီး နှိမ်​နှင်း​ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည်​ အပြစ်​မဲ့ဒေသခံများကို လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီးေ​​န့စဉ်​ရက်​ဆက်​ ​ငွေညှစ်​​လျက်​ရှိ​ကြောင်း သတင်းရရှိပါသည်​။

လူကုန်​ကူးမှုတားဆီး နှိမ်​နှင်း​ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များဖြစ်​ကြသည့်​ စခန်းမှူး ဦးစံမင်းနှင့်​ ရဲအရာရှိ ဦးစံဝင်းတို့ဦး​ဆောင်​​သော အဖွဲ့သည်​ ​ငွေ​ကြေးတတ်​နိုင်​သည့်​ ရိုဟင်​ဂျာများကို အဓိက ပစ်​မှတ်​ထား ဖမ်းဆီးပြီး မဟုတ်​မမှန် ​လုပ်​ကြံ အ​ကြောင်းပြချက်​များဖြင့်​ စွပ်​စွဲကာ ​ငွေညှစ်​​နေခြင်းဖြစ်​သည်​။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် အပြစ်​မဲ့ ဒေသခံများထံမှ မည်​သည့်​ပုံစံဖြင့်​ ​ငွေညှစ်​နေ​သည်​ကို ​မောင်​​တောခရိုင်​ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေး အဖွဲ့မှ တာဝန်​ခံ ဦးမျိုးမြင့်​ကို RB News မှ မေးမြန်းရာ --

"သူတို့က လူ​တွေကို ဖမ်းဆီးပြီး သူတို့ရုံးကိုခေါ်သွားတယ်။ ပြီးရင်​ ​ဘာမှမရေးထားတဲ့ စာရွက်ပေါ်မှာ အတင်းအဓမ္မ လက်​မှတ်​ထိုးခိုင်းတယ်​။ လက်မှတ်ထိုးပြီးတာနဲ့ အမျိုးမျိုး စွပ်​စွဲ ခြိမ်း​ခြောက်​ အကျပ်​ကိုင်ပြီး ​ငွေညှစ်​​နေတာ။ သူတို့​တောင်းတဲ့​ငွေ မ​ပေးရင်​ ပုဒ်​မတစ်​ခုခုနဲ့ တရားစွဲ​မယ်​ ဆိုပြီး ခြိမ်း​ခြောက်​တယ်​။ သူတို့မှာ WY ​ဆေးပြား​တွေလည်း အသင့်​ရှိတယ်​။ ​ငွေမ​ပေးရင်​ အဲ့ဒီ​ဆေးပြားတွေမိတယ်​ဆိုပြီး တရားစွဲမယ်​ ဘာညာ ခြိမ်း​ခြောက်​ပြီး ​ငွေညှစ်​တာ​ပေါ့​ဗျာ။ ​နေ့တိုင်း အဲ့လိုလုပ်​​နေကြတာ။" ဟု ဖြေကြားသည်။

နိုဝင်​ဘာလနှင့်​ ဒီဇင်​ဘာလ နှစ်​လအတွင်းတွင်​ အနည်းဆုံး ဒေသခံ ၅၀ ဦးကို ထိုကဲ့သို့ ပုံစံမျိုးဖြင့်​ ဖမ်းဆီးအကျပ်​ကိုင်​၍ ​ငွေသိန်းရာချီ ညှစ်​​ယူခဲ့ကြောင်း၊ လူတစ်​​ဦးကို ဖမ်းဆီးလျှင်​ အနည်းဆုံး နှစ်​သိန်းနှင့်​ အထက်​ ညှစ်​ယူ​ကြောင်း၊ ၎င်းတို့ ​ငွေညှစ်​ခဲ့သည်​ကို သတင်းဌာနများသို့ သတင်းပို့လျှင်​ လက်​မှတ်​ယူထားသည့်​ ​ဗလာစာရွက်​​ပေါ် ၎င်းတို့စိတ်​ကြိုက်​​ရေးသွင်း၍ တရားစွဲမည်​ဆိုကာ အဆိုပါ ရဲအဖွဲ့က ခြိမ်း​ခြောက်​ထားသည်​ဟုလည်း ဦးမျိုးမြင့်​က ဖြည့်​စွက်​ ပြောကြားပါသည်။

"တကယ်​​တော့ ​ငွေညှစ်​ခံရတဲ့ လူ​တွေရဲ့ စာရင်းအတိအကျ ကျ​နော်​တို့ ပြုစုထားတယ်​။ ဒီ​ငွေညှစ်​ခံရတဲ့လူ​တွေကို ထပ်​ပြီး ဒုက္ခ​ပေးမှာစိုးတာ​ကြောင့်​ ​လော​လောဆယ်​​တော့ ဒီစာရင်း​တွေကို မပို့ပဲထားတာပါ။ ဒါ​ပေမယ့်​ ဒီရဲအဖွဲ့က အခုလို ဆက်​ပြီး​ ​သောင်းကျန်း​နေရင်​​တော့ သက်​ဆိုင်​ရာ အဖွဲ့​ဆီ စာရင်းအတိအကျနဲ့ တိုင်​မယ်​" ဟု ဦးမျိုးမြင့်က ဆက်လက်ပြောပါသည်။

မောင်​​တောမြို့နယ်​တွင်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များ၏ လာဘ်​​ပေးလာဘ်​ယူမှုကို စုံစမ်းရန်​ အထူးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့တစ်​ဖွဲ့​ ရောက်​ရှိ​နေ​သော်​လည်း ထိုအထူးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ကို ဂရုမစိုက်ဘဲ အပြစ်​မဲ့ ရိုဟင်​ဂျာများကို ​နေ့စဉ်​ရက်​ဆက်​ ဖမ်းဆီး​ပြီး ငွေညှစ်မှုများပြုလုပ်​​နေလျက်​ရှိသည့်​ အဆိုပါ လူကုန်​ကူးမှုတားဆီးနှိမ်​နှင်း​ရေး ရဲအဖွဲ့သည်​ အစိုးရ၏ တရားဝင်​ လိုင်​စင်​ရ ဓားပြအဖွဲ့တစ်​ဖွဲ့လား ဟူ၍ မောင်​​တောမြို့ခံတစ်​ဦးက ​မေးခွန်းထုတ်​ပါသည်​။

ဤကဲ့သို့ ​​လိုင်​စင်​ရဓါးပြသဖွယ်​ ​သောင်းကျန်း​နေ​သော လူကုန်​ကူးမှုတားဆီးနှိမ်​နှင်း​ရေး အဖွဲ့ကို သက်​ဆိုင်​ရာမှ ထိ​ရောက်​စွာ အ​ရေးယူဟန့်​ထား​ပေးရန်​ လိုအပ်​​ကြောင်း မောင်​​တောခရိုင်​ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေး အဖွဲ့မှ တာဝန်​ခံ ဦးမျိုးမြင့်​က ​တောင်းဆိုပါသည်​။


RB News
28.12.2017

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာမှ မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေတစ်စင်း ထွက်ခွာရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာတွင် ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ကျောက်ဖြူမြို့နယ်မှ လာရောက်ခိုလှုံလျက်ရှိသည့် မွတ်စလင် ဒုက္ခသည်များနှင့် စစ်တွေမြို့နယ်တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို လူကုန်ကူးသည့် ပွဲစားက စည်းရုံးထားပြီး ဒီဇင်ဘာလ (၂၉) ရက်နေ့ ညပိုင်းတွင် စက်လှေ ထွက်ခွာရန် စီစဉ်ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ သက်ကြီးရွယ်အို၊ ကလေးများ၊ လသားအရွယ် ကလေးငယ်များ ၁၀၀ ခန့် အသင့်ဖြစ်နေပြီး စစ်တွေမြို့မှ ၅၀ ဦးခန့် စက်လှေငယ်ဖြင့် ဆင်တက်မော်သို့ တိတ်တဆိတ် ထွက်ခွာသွားကြောင်း အဆိုပါဒေသခံကပြောပါသည်။

စက်လှေ ထွက်ခွာနိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ငွေကြေးပေး၍ ညှိနှိုင်းထားပြီး ဖြစ်သည့် အတွက် ဒီဇင်ဘာလ (၂၉) ရက်နေ့ ညပိုင်းတွင် စက်လှေ ထွက်ခွာရန် အသင့် ဖြစ်နေကြောင်း အဆိုပါ ဒေသခံက အတည်ပြု ပြောကြားသည်။

စက်လှေပေါ်တွင် လိုက်ပါမည့်သူများထံမှ လူကုန်ကူးသည့် ပွဲစားက ငွေကျပ် ၃ သိန်း ယူကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူကုန်ကူးခြင်းမှာ တရားမ၀င်သည့် လုပ်ငန်း ဖြစ်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက လာဘ်ငွေယူထားသောကြောင့် ရပ်တန့်ပေးမည် မဟုတ်သဖြင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့မှ လူကုန်ကူးခံရမည့်သူများကို ကယ်တင်ပေးစေလိုကြောင်း အဆိုပါ ဒေသခံက ဒေသခံများ ကိုယ်စား ပြောသည်ဟု ဆိုသည်။




Rohingya Eye
RB News
26.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင် ယာယီအခြေစိုက်ထားသည့် တပ်ရင်းမှ စစ်သားများက မြောတောင်ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာများ၏ ကျွဲ များ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင်ကျေးရွာတွင် ယာယီစခန်းချထားသည့် တပ်ရင်း (၅၅၃) တပ်ခွဲ (၂) မှ စစ်သား (၆) ဦးနှင့် အရပ်ဝတ် လူနှစ်ဦးတို့သည် ဆိုင်ကယ်များဖြင့် မြောတောင်ကျေးရွာအုပ်စု၊ သလူချောင်းရွာသို့ ရောက်ရှိလာပြီး ဒေသခံများ၏ ကျွဲများ လုယက်ခဲ့သည်။ 

စစ်သားများနှင့် အရပ်သားများသည် သလူချောင်းရွာသို့ ရောက်ရှိပြီးနောက် ကျွဲကျောင်းနေသူများကို သေနတ်များဖြင့် ချိန်လိုက်ရာ ကျွဲကျောင်းသူများသည် ဖမ်းဆီးခံရမည်၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမည်ကို ကြောက်ရွှံ၍ ကျွဲကျောင်းနေရာမှ ထွက်လာခဲ့ကြသည်။ ထို့နောက် လိုင်စင်ရ လုယက်သူများဖြစ်ကြသည့် စစ်သားများနှင့် အရပ်သားများသည် ကျွဲ အကောင်ရေ ၄၀ ခန့်ကို မောင်း၍ ယူသွားရာ ကျွဲများ၏ သဘာဝအရ ၎င်းတို့ ကျက်စားရာနေရာကို ကျော်လွန်၍ မသွားသဖြင့် ၂၈ ကောင်ကိုသာ အတင်းအဓမ္မ မောင်း၍ ယူသွားနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

၂၈ ကောင်ကို ယူသွားပြီးနောက် ကျန်သည့် ကျွဲများကိုလည်း ထပ်မံယူရန် စစ်သားများ ပြန်လည် လာခဲ့သော်လည်း ရွာသားများက ၎င်းတို့၏ ကျွဲများကို ရွာအတွင်းသို့ မောင်းသွင်းခဲ့သောကြောင့် ကျန်သည့် ကျွဲများကို ယူသွား၍ မရခဲ့ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ကျွဲများ လုယက်ခံရသူများမှာ --

(၁) ဦးအလီဇူဟာရ် (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၂၆ နှစ်) -- ကျွဲ (၅) ကောင်
(၂) ဦးဆီရာဇူလ်အစ္စလာမ် (ဘ) ဦးဆော်ဒူလ်အာမီးန် (အသက် ၅၀ နှစ်) -- ကျွဲ (၆) ကောင်
(၃) ဦးအေနာမူလ်ဟာဆန် (ဘ) ဦးမိုဟာမတ်အာလာမ် (အသက် ၂၄ နှစ်) -- ကျွဲ (၄) ကောင်
(၄)  ဦးအာဘူအာလာမ် (ဘ) ဦးအာဘူသာဟိရ် (အသက် ၄၅ နှစ်) -- ကျွဲ (၃) ကောင်
(၅) ဦးဟာဘီအုလ္လာ (ဘ) ဦးနူရ်အာမတ် (အသက် ၆၂ နှစ်) -- ကျွဲ (၁၀) ကောင် -- တို့ဖြစ်ကြသည်။ 



RB News
25.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်အုပ်စုတစ်စုက တစ်ဖက်ကမ်းသို့ လှေဖြင့် လိုက်ပို့ရန် အကူအညီတောင်းပြီး တစ်ဖက်ကမ်းသို့ ရောက်သည်နဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့က ဘူးသီးတောင်မြို့နယ် သိမ်တောင်ရွာ၏ အောက်ဘက်တွင် မြစ်ထဲတွင် ငါးရှာနေသည့် ကွန်တိုင်ရွာသား ကော်ဘိရ်အာမတ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၇ နှစ်) ရခိုင်အုပ်စုတစ်စုက မြစ်၏ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့သည်။ 

ရခိုင်အုပ်စုတွင် (၇) ဦးပါဝင်ပြီး၊ ဓါးရှည်လည်း ပါရှိသဖြင့် ကော်ဘိရ်အာမတ်က ကြောက်ရွှံ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် ၎င်း၏ လည်ပင်းကို ဓါးရှည်ဖြင့် လှမ်းခုတ်ရာ အမြန်ရှောင်လိုက်သဖြင့် လည်ပင်းကို မထိပဲ လက်မောင်းရင်းကို ဓါးခုတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် ၎င်းသည် လှေပေါ်မှ မြစ်ထဲသို့ ခုန်ချ၍ အော်ဟစ်၍ အကူအညီတောင်းခံရာ အနီးအနားမှ ရွာသားများ ထွက်လာသည့် အခါ ၎င်းအား ဓါးဖြင့် ခုတ်သည့် ရခိုင်အုပ်စု ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ 



RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ အသက် (၅၅) နှစ် အရွယ် ဒေသခံတစ်ဦးကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် တွေ့ရသော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအီဗရာဟီးမ် (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) ၏ ရုပ်အလောင်းကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် ယနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ၎င်း၏ ဆိုင်ရှေ့တွင် တွေ့ရှိခဲ့သော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ဆိုသည်။

“မနက် ၅ နာရီခွဲလောက်မှာ ဦးအီဗရာဟီးမ်ရဲ့ ညီ ဦးဘိုဒီအာလာမ်က ဗလီမှာ ၀တ်ပြုဖို့ သွားနေတဲ့အချိန်မှာ ဦးအီဗရာဟီးမ်ရဲ့ အလောင်းကို ဆွဲကြိုးချ သေနေတဲ့ ပုံစံနဲ့ တွေ့တာပါ။ နွားချည်တဲ့ ကြိုးနဲ့ ချိတ်ထားတာ တွေ့တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဦးအီဗရာဟီးမ်သည် ဒီဇင်ဘာလ (၂၁) ရက်နေ့ ည ၁၂ နာရီခန့်အချိန်တွင် အစ်ကိုဖြစ်သူ ဦးအစ္စမိုင်လ်၏ နေအိမ်တွင် ထမင်းစားပြီးနောက် ထွက်ခွာသွားခဲ့ပြီး၊ နံနက် ၅ နာရီခွဲ အချိန်တွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ဦးအစ္စမိုင်လ်၏ နေအိမ်နှင့် ၎င်း၏ ဆိုင်သည် တစ်ဖာလုံခန့်သာ ဝေးကွာသည့် နေရာတွင် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မည်သူမည်ဝါ သတ်သည်ကို မမြင်တွေ့သော်လည်း ၎င်းအား သတ်ဖြတ်ပြီးမှ ဆိုင်ရှေ့တွင် နွားချည်သည့် ကြိုးဖြင့် ချိတ်ဆွဲ၍ ဆွဲကြိုးချသေသည့် ပုံစံဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် မရှိပေမယ့်လည်း ကျွန်တော် သုံးသပ်ကြည့်သလောက်ကတော့ သူ့အစ်ကို အိမ်ကနေ အပြန်လမ်းမှာ အသတ်ခံရတာ ဖြစ်မယ်။ လည်ပင်းညှစ်သတ်တာ ဖြစ်ဖို့ သေချာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာ သဲတွေ၊ လည်ပင်းနဲ့ နားမှာ သဲတွေ၊ မြက်နည်းနည်းပါးပါး တွေ့ရတယ်။ လမ်းမှာသူ့ကို လည်ပင်းညှစ်သတ်တာမှာ ပေကျံခဲ့တာတွေ ဖြစ်မယ်။ ပြီးမှ ဆိုင်ရှေ့ကို သယ်လာပြီး ဆွဲကြိုးချပြီး သေသလိုလို လုပ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ဦးအီဗရာဟီးမ်၏ ရုပ်အလောင်းကို ချိတ်ဆွဲထားစဉ် တွေ့ရှိသူက သုံးသပ်ပြောဆိုသည်။

ဒိုးတန်း (၁) ရွာ၏ အနီးအနားတွင် ကံ့ကော်မြိုင် န.တ.လ ရွာရှိပြီး န.တ.လ ရွာသားများသည် ဒိုးတန်း (၁) ရွာသို့ မကြာခဏ ၀င်ရောက်၍ ဖားရှာလေ့ရှိသည်ဟု ၎င်းကဆိုသည်။ ယမန်နေ့ညက ရွာထဲသို့ န.တ.လ ရွာသားများ ၀င်ရောက်သည်ကို တွေ့ရှိသူ မရှိသောကြောင့် စွပ်စွဲရန် ခက်ခဲနေသော်လည်း အာဏာပိုင်များက စုံစမ်းရန် လိုအပ်သည်ဟု မှတ်ချက်ပေး ပြောဆိုသည်။

ဦးအီဗရာဟီးမ်သည် စားကုန်ဆိုင်ငယ်လေး ဖွင့်လှစ်၍ ရောင်းချနေသော်လည်း သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ဆိုင်ကို ပိတ်ထားခဲ့ပြီး ယမန်နေ့က ငွေကျပ် တစ်သိန်းဖိုးခန့် ကုန်ပစ္စည်းများ ၀ယ်၍ ဆိုင်ကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း၊ ယခင်က လယ်မြေများ ပိုင်ဆိုင်ခဲ့သော်လည်း အများစုမှာ န.တ.လ ရွာအတွက် သိမ်းဆည်းခံခဲ့ရပြီး၊ လက်ကျန် လယ်မြေများ၊ ကျွဲ၊ နွား အနည်းငယ် ဖြင့် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေပြီး၊ ဘာသာရေးကိုင်းရှိုင်း၍ အများကြည်ညို လေးစားခံရသူလည်း ဖြစ်သည်။

ဦးအီဗရာဟီးမ်၏ ရုပ်အလောင်း

RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာမှ ရိုဟင်ဂျာမိသားစု ၁၅၀ ကျော် အငတ်ဘေးကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာတွင် မိသားစု ၃၅၀ ကျော်ရှိခဲ့ပြီး၊ စက်တင်ဘာလ အတွင်း မြန်မာစစ်တပ် (၃) ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့ခြင်းကြောင့် မိသားစု ၁၅၀ နီးပါး ကြောက်ရွံ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ကျွန်တော်တို့ရွာမှာ မိသားစု ၃၅၀ ကျော်ရှိခဲ့တယ်။ ၁၅၀ နီးပါးက စစ်တပ်ဝင်လာတော့ ကြောက်ပြီး ထွက်ပြေးသွားကြတယ်။ အခြားရွာတွေမှာ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်တာတွေရှိတော့ အကုန်လုံး စစ်တပ်ဝင်လာတာနဲ့ အရမ်းကြောက်ကြတယ်။ စက်တင်ဘာလ အတွင်း ၃ ကြိမ် ၀င်လာတော့ တစ်ခုခုလုပ်လိမ့်မယ်ဆိုပြီး အကုန်လုံး ကြောက်ခဲ့ကြတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

“အခု ရွာထဲမှာ မိသားစု ၂၀၀ စွန်းစွန်းကျန်တယ်။ အဲဒီမှာ မိသားစု ၄၀ ကျော်လောက်က ရိက္ခာစုဆောင်း ထားတာတွေ ရှိလို့ စားနိုင်ပေမယ့် ကျန်တဲ့ ၁၅၀ ကျော်ကတော့ အငတ်ငေးကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။

ဝက်မကျကျေးရွာမှ ဒေသခံရိုဟင်ဂျာများသည် ရွာမှ အပြင်သို့ထွက်ခွင့်မရှိခြင်း၊ ဈေးသို့ သွားရောက်၍ ဈေးဝယ်ခွင့် မရှိခြင်း အပြင် မည်သူတစ်ဦးတစ်ယောက်မှ အလုပ်အကိုင် လုပ်ခွင့်မရှိတို့ကြောင့် အငတ်ဘေးကြုံတွေ့နေရခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းများ ဆက်လက်ရှိနေမည် ဆိုပါက မကြာခင်အတွင်း အငတ်ဘေးကြောင့် သေဆုံးမှုများပင် ရှိလာနိုင်သည်။

ဝက်မကျကျေးရွာမှ ရိုဟင်ဂျာအိမ်အချို့


MYARF
RB News
22.12.2017

ကမ္ဘာတစ်​လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်​အ​ရေးချိုး​ဖောက်​သူ ၁၃ ဦးကို အ​မေရိကန်​နိုင်​ငံက စီးပွား​ရေးဒဏ်​ခတ်​ အ​ရေးယူခဲ့မှုမှာ မြန်​မာနိုင်​ငံဖက်​က​တော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်​လာပါတယ်​။ ​ဗိုလ်​ချုပ်​​မောင်​​မောင်​စိုးဟာ ရခိုင်​ပြည်​နယ်​က အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် တရားလက်​လွန်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ခဲ့တဲ့ စစ်​ဆင်​​ရေး​တွေကို တာဝန်​ယူခဲ့တယ်​လို့ အ​မေရိကန်​ ဘဏ္ဍာ​ရေးဝန်​ကြီးဌာနရဲ့ မ​နေ့က ထုတ်​ပြန်​ချက်​ထဲမှာ ​ပါရှိ​ပါတယ်​။

ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို စီးပွား​ရေး ဒဏ်ခတ် အရေးယူလိုက်ခြင်းဟာ ရခိုင်ပြည်နယ်မှာ အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်​နေတဲ့ မြန်​မာစစ်​တပ်​ရဲ့လုပ်​ရပ်​အ​ပေါ် အ​မေရိကန်​အစိုးရအ​နေနဲ့ စိတ်​ပျက်​​မိကြောင်းကို လက်​​တွေ့ပြသလိုက်​တာဖြစ်​ပြီး အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် မြန်​မာစစ်​တပ်​က ကြီးကြီးမားမား လူ့အခွင့်အရေး ချိုးဖောက်​နေတာ​တွေကို အမေရိကန်နိုင်​ငံအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ​ပြောပါတယ်။

ကြာသပတေးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်နိုင်​ငံမှာ ပိုင်ဆိုင်မှုတွေရှိ​နေရင် ချိတ်ပိတ်ခံရမှာ ဖြစ်​ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစနစ် အသုံးပြုမှုမှာလည်း အကန့်အသတ်ပြုခြင်း​တွေ ခံရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်​က အရပ်​သား ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ အမျိုးသမီး​တွေအ​ပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု၊ တရားလက်​လွန်​ ဖမ်းဆီးမှုတွေအပါအဝင် ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်​သက်​ပြီး မြန်​မာအစိုးရမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် အခုလို ဒဏ်​ခတ်​အ​ရေးယူမှု စတင်​ရတာ ဖြစ်​တယ်လို့ မနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတစ်​ရပ် ဖြစ်​ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က အာရှရေးရာ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။

မြန်​မာနိုင်​ငံက​နေ ဘင်္ဂလား​ဒေရှ့်​ဖက်​ခြမ်းကို ကျည်​ဆံဒဏ်​ရာအပါအဝင်​ တခြားဒဏ်​ရာ​ဒဏ်​ချက်​တွေနဲ့အတူ ​ထွက်​​ပြေးခိုလှုံလာတဲ့ ဒုက္ခသည်​​တွေက​တော့ ​ဒေသခံ​ဗုဒ္ဓဘာသာဝင်​​တွေအုပ်​စု​တွေနဲ့ မြန်​မာစစ်​သား​တွေ လက်​တွဲညီညီနဲ့ သူတို့ရဲ့ ရွာ​တွေကို မီးရှို့ခဲ့ကြတာဖြစ်​​ကြောင်း၊ အရပ်​သား​တွေကို ပစ်​မှတ်​ထား တိုက်​ခိုက်​သတ်​ဖြတ်​ခဲ့​ကြောင်း၊ အမျိုးသမီး​တွေကို အဓမ္မပြုကျင့်​​ကြောင်း စတဲ့ သူတို့​တွေ့ကြုံရင်​ဆိုင်​ခဲ့ရတာ​တွေကို ထွက်​ဆို​လျက်​ရှိနေပါတယ်​။

ဩဂုတ်​လ ၂၅ ရက်​​နေ့တွင်​ ဖြစ်​ပွားခဲ့တဲ့ အ​ရေးခင်း​နောက်​ပိုင်း ရခိုင်​ပြည်​နယ်​မှာ အပြစ်​မဲ့ ရိုဟင်​ဂျာအရပ်​သား​ပေါင်း ၆၇၀၀ ကျော်​ သတ်​ဖြတ်​ခံခဲ့ရ​တယ်​လို့ MSF က ပြီးခဲ့တဲ့အပတ်​က အစီရင်​ခံစာထုတ်​ပြန်​ခဲ့ပါတယ်​။ လူ​ပေါင်း ၇ သိန်းနီးပါး​ဟာ အိုးအိမ်​​တွေ မီးရှို့ခံရပြီး ဘင်္ဂလား​ဒေရှ့်​ဖက်​ခြမ်းကို အသက်​လုပြီး ထွက်​​ပြေးလာခဲ့ရခြင်း၊ အမျိုးသမီး​တွေ အဓမ္မအနိုင်​ကျင့်​ခံရခြင်း စတဲ့ စစ်​တပ်​ရဲ့ လူမဆန်​တဲ့ ကျူးလွန်​မှု​တွေဟာ သင်​ရိုးညွှန်းတမ်းမှာ ဥပမာပြစရာ လူမျိုးစုအလိုက်​ သုတ်​သင်​ရှင်းလင်း​​​ရေး လုပ်​​ဆောင်​မှုဖြစ်​တယ်​လို့ ကမ္ဘာ့ကုလသမဂ္ဂကအဖွဲ့က နိုဝင်​ဘာလ ၂၂ ရက်​​နေ့မှာ အတိအလင်း ​ပြောကြားခဲ့ပါတယ်​။

မြန်​မာအစိုးရက​တော့ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အဆိုပါ ရာထူးက ဖယ်ရှားခဲ့ပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်​။

RB News
21.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က နှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ငွေကျပ် ၃၆ သိန်းကျော် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းလှိုင် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံခဲ့ရသည်။ ၎င်းတို့နှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ်လည်း ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။  

ရွာသား ၁၂ ဦးမှ (၈) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ကျန်သည့် (၄) ဦးကို အနီးအနားရှိ ရိုဟင်ဂျာနေအိမ်များတွင် ထိန်းသိမ်းထားခဲ့သည်။ 

၎င်းတို့ (၁၃) ဦးကို ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ (၁၃) ဦးထံမှ ငွေကျပ် ၃၆ သိန်း ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ငွေယူခြင်း မရှိဟု လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။ 

ထိန်းသိမ်းခံခဲ့ရပြီး ငွေညှစ်ခံရသူများမှာ --

(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ် တို့ဖြစ်ကြသည်။

အဆိုပါ နယ်ခြားစောင့်ရဲများသည် နိုဝင်ဘာလ အစောပိုင်းတွင်လည်း မိကျောင်းဈေးရွာမှ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ မိကျောင်းဈေးရွာတွင် မီးရှို့ရန်လာသည့် ရခိုင်ရွာသားတစ်ဦးကို ရွာသားများက ၀ိုင်းဝန်းဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းလည်း ရှိခဲ့သည်။




ဖြိုးမေခင်
RB News
21.12.2017

NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ

ဒီအဖြေကို တစ်​ခွန်းတည်း တည့်တည့်ဖြေရရင် "အစိုးရ ခေတ်အဆက်ဆက်မှာ လ.ဝ.က က မွတ်စလင်တွေကို သွေးနှောဆိုတဲ့ တံဆိပ်တပ်ပြီး ခွဲခြားဆက်ဆံခဲ့လိုပဲ" ဖြစ်ပါတယ်။

အရင်ကလည်း ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ် ဆိုတာကို ပေးခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြသနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေခဲ့တာ ယနေ့တိုင်အောင် ရှင်းမရသေးပါဘူး။ အခုအချိန်မှာလည်း NVC ဆိုတာကို ပြည်မက မြန်မာမွတ်စလင်တွေကိုပါ ရောရိုက်သွင်းလာတာ တွေ့နေရပါတယ်​။ 

NVC လုပ်ပေး​နေတဲ့ ကိစ္စ ခဏထားပါဦး။ နိုင်ငံသားမှတ်ပုံတင်ကဒ် ရထားတဲ့သူတွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခံနေရခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရရှိခြင်း၊ ရခိုင်ရွာ​တွေကို ဝင်ခွင့်မရရှိခြင်း၊ မြို့တစ်မြို့ကနေ အခြားတစ်​မြို့သို့ ဗုဒ္ဓဘာသာတွေလို လွတ်လပ်စွာ သွားခွင့်မရရှိခြင်း၊ ဒီလို ခွဲခြားဆက်ဆံခံနေရတာဟာ လ.ဝ.က လက်ချက်ပဲ မဟုတ်ပါလား။

ဒီလအ​စောပိုင်းပိုင်းမှာ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်​မာနိုင်​ငံမှာ ဘာသာရေးဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှု​တွေ မရှိပါဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ အဲ့ဒီတော့ တပ်ချုပ်ကြီးကို ပြောချင်တာက ခွဲခြားဆက်ဆံမှုဆိုတာ ဘာလဲသိအောင် လက်တွေ့စမ်းသပ်ကြည့်​ပါ။ 

- လဝကရုံးကိုသွားပြီး အစ္စလာမ်ဘာသာဝင်အဖြစ် နိုင်ငံသားမှတ်ပုံတင်ကဒ် သွားလျှောက်ကြည့်ပါ။ နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်ပေးတဲ့အခါ အစ္စလာမ်​ဘာသာဝင်​ဖြစ်​တာနဲ့ ဘင်္ဂါလီ သွေးနှောအဖြစ်၊ အိန္ဒိယသွေးနှောအဖြစ်၊ ပါကစ္စတန်သွေးနှောအဖြစ် ထုတ်ပေးနေတာ  ကိုယ်တိုင် ကြုံဖူးသွားပါလိမ့်မယ်။

- ဘာသာရေးဖိနှိပ်မှု မရှိပါဘူးတဲ့လား။ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်​တို့ ဝတ်ပြုသောဗလီ​တွေ များသောအားဖြင့် မီးရှို့ ခံရ၊ ဗလီများစွာ ​သော့ခတ်​ခံရ၊ ​ကောင်းမွန်​အေးချမ်းစွာ စိတ်ငြိမ်စွာဝတ်ပြုခွင့်မရ၊ ပျက်​စီးသွားသော ဗလီများနဲ့ ဟောင်းနွမ်းနေသော ဗလီများကို ပြန်လည်​ ပြုပြင်ခွင့်မရ၊ ဒါတွေက​ရော ဘာလဲ။ ဘာသာရေးဖိနှိပ်မှုမဟုတ်လား။ 

ရခိုင်ပြည်မှာ ယနေ့တိုင်အောင် မီးခိုးကြွက်လျှောက်ပြဿနာတွေဖြစ်နေဆဲ အနေအထားမှာ တစ်​ချိန်​က ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ်ကြီးကို လက်ခံမိလို့ အမှားကြီး မှားခဲ့ပြီ။ ထပ်​ပြီးတစ်​ခါ အမှားမခံချင်​ဘူး။ ​နောင်​တမရချင်​ဘူး။

NVC ရဲ့ အချိန်​ကာလလည်း သတ်မှတ်ထားခြင်းမရှိဘူး။ NVC ကိုင်ပြီး ဘယ်နှစ်​လအတွင်း နိုင်ငံသားမှတ်ပုံတင်ကဒ် ပြုလုပ်ပေးမယ်ဆိုတာလည်း ပွင့်လင်းမြင်သာမရှိဘူး။ 

လက်ရှိ နိုင်ငံသားမှတ်ပုံတင်ကဒ် တိုက်ရိုက်လုပ်ပေးလို့ရသူတွေကို အရင်​ဆုံး နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်​မပေးဘဲ တစ်​ခြားလူ​တွေကို ရည်​ရွယ်​ချက်​ရှိရှိ အတင်းအဓမ္မ NVC ထုတ်​​ပေး​နေတာ​ဟာလည်း ​ကောက်​ကျစ်​မှု​တွေပါ​နေတာ အထင်းသား​မြင်​​နေရတယ်​။ 

မြန်မာနိုင်ငံသားစစ်​စစ်​ဆိုပြီး သက်​​သေပြခွင့်​ရရှိမှာမဟုတ်​တဲ့၊ တစ်​ဖက်နိုင်ငံနှင့် သွေးနှောဆိုပြီး သတ်မှတ်ခံနေရတဲ့ ဒီ NVC ကို ကျမတို့ ဘယ်တော့မှ ကိုင်မှာမဟုတ်ဘူး။ 

နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ  ခွဲခြားဆက်ဆံခြင်းခံနေရတဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ သွားလာခွင့်မရရှိနိုင်တဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် မရနိုင်တဲ့ အနေအထားမျိုးမှာ ဘာမှအာမခံချက်​မရှိတဲ့ NVC ကို ကိုင်ပါဆိုတာကတော့ အဆပေါင်းများစွာ နှိပ်ကွပ်နိုင်အောင် ကြိုတင်စီမံနေခြင်း ဖြစ်တယ်လို့သာ ကျမမြင်တယ်။

အမျိုးပျောက်မှာ စိုးကြောက်နေပါတယ်​ဆိုတဲ့ လ.ဝ.က ကြောင့် ကျမတို့ မွတ်စလင် လူနည်းစုတွေလည်း လက်​ရှိ ရင်​ဆိုင်​​နေရတဲ့ နိုင်ငံမဲ့၊ ပြည်မဲ့၊ အိမ်ခြံမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ အ​ခြေခံ လူအခွင့်အရေးမဲ့၊ လုပ်ပိုင်ခွင့်မဲ့၊ ပညာသင်ယူခွင့်မဲ့၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်မဲ့​နေမှုများထက်​ ပိုပြီးဆိုးရွာ​သော အ​ခြေအ​နေမျိုးနဲ့ ရင်​ဆိုင်​ ဖြစ်​​နေမှာကို အချိန်ပြည့် စိုးကြောက်ထိတ်​လန့်​ နေရပါတယ်လို့ ကျမ ဝန်ခံပါရစေ။

ဆောင်းပါးရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်သည်။



RB News
19.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်၍ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းနိုင်နှင့် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“ရွာသား ၁၂ ယောက်ကို မီးလောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့၊ ရဲမှူးက စစ်ဆေးဖို့အတွက် ခေါ်တာလို့ သိရတယ်။ ၈ ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ ကျန်တဲ့ ၄ ယောက်ကိုတော့ စခန်းနားက ရိုဟင်ဂျာအိမ်တွေမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းတို့အား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်မည်ကို မိသားစုများက စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။ 

ထိန်းသိမ်းခံထားရသူများမှာ --

(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦး ဖြစ်ကြောင်း သိရှိရပါသည်။ 
Rohingya Eye
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာရွာများတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ငွေအဆမတန် တောင်းခံနေခြင်းကြောင့် ငွေကြေးအဆင်မပြေသည့် အချိန်တွင် ဒေသခံများ အခက်ကြုံလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ နောက်ပိုင်းမှစ၍ မြို့ဦးကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ကျေးရွာ တာဝန်ခံ ဦးအဒူမူနာဖ်နှင့် ဆွဲ၊တင်၊စစ် တာဝန်ခံ လ.၀.က များက ကလေးတစ်ဦးကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် ထည့်သွင်းပေးခဟု ဆိုကာ ငွေကျပ် တစ်သိန်း ယူကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းမှ တစ်ဦး ပယ်ဖျက်လျှင် ငွေကျပ် ၇ ထောင်၊ ဓါတ်ပုံ ရိုက်ခံ ၇ ထောင် ယူကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြို့ဦးကျေးရွာရှိ ဒေသခံ အများစုမှာ ဆင်းရဲသားများ ဖြစ်ကြပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ ငွေကြေး အဆမတန် ကောက်ခံနေခြင်းကြောင့် ဓါတ်ပုံရိုက်ခပင် မပေးနိုင်သော ရွာသူရွာသား အများအပြား ရှိကြသည်။

သွားလာခွင့် ကန့်သတ်ထားခံရပြီး၊ အလုပ်အကိုင် အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် ယခင်နှစ်များကထက် ပို၍ ကောက်ခံနေခြင်းသည် ငွေကြေး မတတ်နိုင်သူများကို တဖက်နိုင်ငံသို့ ထွက်ပြေးသွားစေရန် တမင် ကြံစည် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ကလေး မွေးတိုးအတွက် ပြည်သူ့ဆေးရုံမှ မွေးစာရင်း ရယူရန် အခက်အခဲ ပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး ငွေအဆမတန် ကုန်ကျနေကြောင်း မွေးစာရင်း ထုတ်ခဲ့သူက ပြောပါသည်။


MYARF
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ သုဿန်တွင် တွေ့ရှိသည့် ရုပ်အလောင်း (၁၀) လောင်းမှာ သြဂုတ် (၃၁) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်သုဿန်တွင် အမည်မသိ ရုပ်အလောင်းများ တွေ့ရှိထားသည်ကို အမည်မဖော်လိုသူတစ်ဦးက အကြောင်းကြားကြောင်း ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင်လည်း ရုပ်အလောင်း (၁၀) လောင်း ဖြစ်သည်ဟု ထပ်မံ အတည်ပြု၍ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်းဒင်ကျေးရွာမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများအား မေးမြန်းကြည့်ရာ အင်းဒင်ကျေးရွာမှ အသတ်ခံရသူများ စာရင်းနှင့် ဖမ်းဆီးခံရသူများ၏ စာရင်းအချို့ အပြင် ရုပ်အလောင်း (၁၀) လောင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက်များ ရရှိခဲ့သည်။

အင်းဒင်ကျေးရွာရှိ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က သြဂုတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆက်တိုက် မီးရှို့ခဲ့ရာ ရွာသားအများစုသည် နီးစပ်ရာတောင်များ၊ ကမ်းခြေနှင့် နီးစပ်ရာရွာများသို့ ထွက်ပြေးခိုလှုံခဲ့သည်။

သြဂုတ်လ (၃၁) ရက်နေ့၌ အင်းဒင်ကမ်းခြေတွင် ယာယီခိုလှုံနေသူများထဲမှ အင်းဒင်ရွာသား (၁၀) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် အင်းဒင်ရွာသားများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးမှာ --

(၁) မော်လ၀ီအဒူမာလဲခ် (ဘ) ဦးမာမတ် (အသက် ၃၅ နှစ်)
(၂) ဦးအာဘူလ်ဟာရှင်မ် (ဘ) ဦးကမာရုလ် (အသက် ၃၀ နှစ်)
(၃) အဗ်ဒူလ္လာ (ဘ) ဦးအာဘူကာလာမ် (အသက် ၂၀ နှစ်)
(၄) ဦးဟာဖီဇုလ္လာ (ဘ) ဦးနုရ်မာမတ် (အသက် ၂၈ နှစ်)
(၅) ရရှိတ် (ဘ) ဦးအဒူရှုကူရ် (အသက် ၂၀ နှစ်)
(၆) ဦးအဗ်ဒူမိုဂျစ် (ဘ) ဦးမာမတ် (အသက် ၄၅ နှစ်)
(၇) ဘန်ဂို (ဘ) ဦးအာမာန်အုလ္လာ (အသက် ၂၅ နှစ်)
(၈) ဦးဒီလူး (ဘ) ဦးအီဆုဖ် (အသက် ၃၀ နှစ်)
(၉) ဦးဘူတာ (ဘ) ဦးအဒူရာမာန် (အသက် ၄၅ နှစ်)
(၁၀) ရဖိတ်ခ် (ဘ) ဦးမိုဟာမတ်ရာမူလ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။

ယခု အင်းဒင်ကျေးရွာ သုဿန်တွင် တွေ့ရှိသည့် ရုပ်အလောင်းများမှာ ဖမ်းဆီးသွားသူများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက သတ်ဖြတ်ထားသည့် ရုပ်အလောင်းများသာ ဖြစ်သည်ဟု အဆိုပါ ဒေသခံများက ပြောပါသည်။

အင်းဒင်ကျေးရွာ သုဿန်တွင် ရုပ်အလောင်းများ တူးဖော်နေပုံ
MYARF
RB News
19.12.2017

မောင်တော ။ ။ အသက် ၁၄ နှစ် အရွယ်ရှိ ကုရ်အာန်ကျမ်း အာဂုံဆောင်နေသူ ရိုဟင်ဂျာကျောင်းသား တစ်ဦးကို နယ်ခြားစောင့်ရဲများက တစ်လကျော်ကျော် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

၂၀၁၇ ခုနှစ်​ နိုဝင်​ဘာလ ၁၁ ရက်​​နေ့၊ နံနက်​ ၉ နာရီခန့်​အချိန်​တွင်​ နယ်​ခြား​စောင့်​ရဲ​တပ်ဖွဲ့နှင့် စစ်​တပ်​ ပူး​ပေါင်းအဖွဲ့သည်​ ဒု​ညောင်​ပင်​ကြီး​ကျေးရွာအနီးအနား စပါးခင်း၌ ​ကောက်​ရိတ်​​နေ​သူများနှင့်​ ၎င်း​ကျေးရွာအနီး၌ ရှိ​သော ပုဇွန်​ကန်​တွင်​ ငါးဖမ်း​နေသူများကို အင်​အားအလုံးအရင်းဖြင့်​ ဝန်းရံပိတ်​ဆို့ကာ ၂၆ ဦး ဖမ်းဆီးခဲ့ပြီး အသက်​အရွယ်​ကြီးသူ ၇ ဦးကို လွှတ်​​ပေးခဲ့သော်လည်း ၁၉  ဦးကို ​ခေါ်ဆောင်​သွားခဲ့သည်​။ ဤသတင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် RB News ၌ ရေးသား ဖော်ပြခဲ့သည်။ (http://bit.ly/2yXyPez)

ဖမ်းဆီး​ခေါ်​ဆောင်​သွားခြင်းခံရသူ ၁၉ ဦးမှ ၁၅ ဦးကို မောင်တောမြို့မ ရဲစခန်းမှတဆင့် ဘူးသီးတောင်​ အကျဉ်း​ထောင်​သို့ ပို့​ဆောင်​ကာ ထိန်းသိမ်းထားခဲ့ပြီး အသက်​အရွယ်​ငယ်​​သည့် လူငယ်​ ၄ ဦးကို ​မောင်​​တော ​တောင်​ပိုင်း၊ ​မောရဝတီ နယ်​ခြား​စောင့်​ရဲစခန်း၌ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်​သည်​။ ယခုအသတ်​ခံရသူမှာ ထိုလူငယ်​​လေးဦးထဲမှ တစ်​ဦးဖြစ်​ပါသည်​။

အသတ်​ခံရသည့်​ အသက်​ ၁၄ နှစ်​အရွယ်​ခန့်​ရှိ​သော မူဟာမာတ်နိုမာန် (ဘ) ဦးမူဟာမတ်​​ရော်​ရှိတ်​သည် တပ်​ဦး​ချောင်း​ကျေးရွာအုပ်​စု နူရူလာရွာသားဖြစ်ပြီး အိမ်​မီးရှို့ခံရပြီး​နောက်​ အနီးအနားမှရွာဖြစ်သည့် ဒုညောင်ပင်ကြီး​ကျေးရွာတွင် မိသားစုအလိုက်​ သွား​ရောက်​ခိုလှုံ​နေသူ ဖြစ်​သည်​။

၎င်းလူငယ်​ ​လေးဦးတို့ကို ​မောရဝတီ နယ်​ခြား​စောင့်​စခန်း၌ တစ်​လ​ကျော်​​ ထိန်းသိမ်းကာ ညှဉ်းပန်းနှိပ်​စက်​ခဲ့​သော​ကြောင့်​ ထိုအထဲမှ မူဟာမာတ်နိုမာန်သည်​ ညှဉ်းပန်းမှုဒဏ်​ကို မခံနိုင်​၍ ဒီဇင်​ဘာလ ၁၆ ရက်​​နေ့တွင်​ သေဆုံးသွားခဲ့ခြင်းဖြစ်​သည်​။ ၎င်း၏ အ​လောင်းကို နယ်​ခြား​စောင့်​ရဲများက ​မောင်​​တော​ဆေးရုံကြီးသို့ ပို့​ဆောင်​​ပေးခဲ့ကာ ခွဲစိတ်​​စစ်ဆေး​ပြီး​နောက်​ နောက်​တစ်​​နေ့ ဒီဇင်​ဘာလ ၁၇ ရက်​​နေ့ နေ့လည် ၂ နာရီ ခန့်​အချိန်​တွင်​ မိသားစုကို ​ခေါ်ယူ၍အပ်​နှံခဲ့သည်​။ အ​လောင်းကို နေ့လည် ၃ နာရီခန့်​အချိန်​တွင်​ မန်​ကျီး​ချောင်း ​​နယ်​ခြား​စောင့်​စခန်းမှ ရဲမှူးကိုယ်​တိုင်​ပါဝင်​​သော တပ်​ဖွဲ့ဝင်​ ၂၀ ဦးတို့က အ​စောင့်​အကြပ်​များဖြင့် ဒု​ညောင်​ပင်​ကြီး​ကျေးရွာ၌ ​မြေမြုပ်​သင်္ဂြိုလ်​ခဲ့သည်​။

“ဒီလူ​တွေကို ဖမ်းတုန်းက မသင်္ကာ၍ ဖမ်းဆီးစစ်​​ဆေး​နေတာသာ ဖြစ်​တယ်​ဆိုပြီး နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးက သတင်းထုတ်​ပြန်​ခဲ့တယ်​။ မသင်္ကာ၍ ဖမ်းဆီးစစ်​​ဆေးတဲ့အခါ ဒီလိုမျိုး ဆုံးပါးသွားတဲ့အထိ ညှဉ်းပန်းပြီး စစ်​​ဆေးရသလား။ ဒီလူငယ်​ဆိုရင်​ အရွယ်​တောင်​ မရောက်သေးဘူး။ ဒီလို အရွယ်​မ​ရောက်​​သေးတဲ့ လူငယ်ကို ဥပဒေအရ နှိပ်စက်ခွင့်မရှိဘူး။ အကာအကွယ်ပေးရမှာပါ။ အခုလို တစ်​လကြာကြာအထိ နှိပ်​စက်​ညှဉ်းပန်းစက်​ပြီး သတ်​လိုက်​က​တော့ တကယ်​ကို လူမဆန်တဲ့ လုပ်​ရပ်​ပါပဲ" ဟု ​ဒေသခံ ပညာတတ်​တစ်​ဦးက RB News သို့ ​ပြောသည်​။

မောင်​​တော​မြောက်​ပိုင်းတွင်​ အာဏာပိုင်​များက အပြစ်​မဲ့ ပြည်​သူများကို "မသင်္ကာ" ဆို​သော စကားလုံးဖြင့်​ ​နေ့စဉ်​နီးပါး ဖမ်းဆီးလာခဲ့သည်​မှာ ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်း ​နောက်​ပိုင်းမှစ၍ ယနေ့ထိ ဖြစ်​သည်​။ ဖမ်းဆီးစစ်​​ဆေးရာတွင်​လည်း အလွန်​တရား ညှဉ်းပန်းနှိပ်​စက်​မှု​ကြောင့်​ ဆုံးပါးသွားသူများလည်း မကြာခဏရှိ​နေသည်​။ "မသင်္ကာ" ၍ ဖမ်းဆီးစစ်​​ဆေးသည်​ဟု ဆိုကာ ဖမ်းဆီးသမျှလူများကို ပုဒ်​မတစ်​ခုခု တပ်​၍ ​ထောင်​ဒဏ်​ချမှတ်​​လေ့ရှိသည်​။

သေဆုံးသွားသူနှင့် အတူဖမ်းဆီးခံထားရသူ ၃ ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မန်ကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ပြောင်းရွှေ့၍ ချုပ်နှောင်ထားကြောင်း၊ လူငယ်များကို မိသားစုများနှင့် တွေ့ခွင့်ပေးပြီး ပြန်လည် လွှတ်ပေးမည်ဟု မကြာခဏ ပြောဆိုနေသော်လည်း စခန်း တာဝန်ခံကို ငွေမပေးနိုင်သောကြောင့် လွှတ်မပေးသေးခြင်း ဖြစ်ကြောင်း၊ ငွေမပေးနိုင်သဖြင့် ပုဒ်မတစ်ခုခုတပ်၍ ထောင်ချမည်ကို မိသားစုဝင်များက စိုးရိမ်ပူပန်လျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။

ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် မူဟာမတ်နိုမာန်
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဒေသခံနှစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာတွင် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဦးရိုဂျီအာလာမ် (ဘ) ဦးကုလ္လာမျာ (အသက် ၂၈) ရက်နေ့တွင် ခိုင်မာသည့် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ နယ်ခြားစောင့်ရဲများက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်းနှင့် ပတ်သက်၍ ဘာမှ မကြားရတော့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ရဲမှူးအောင်ကျော်မင်း အပါအ၀င် နယ်ခြားစောင့်ရဲများ ဦးရှည်ကျရွာသို့ ရောက်ရှိလာပြီး ဆွဲ၊ တင်၊ စစ် အစစ်ဆေးခံထားသည့် မိသားစု ၁၂ စု ကို လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သည်။ လာရောက်တွေ့ဆုံသည့် မိသားစုများထဲမှာ ဦးဂျာဖော်ရ်အာလာမ် (ဘ) ဦးဘိုဒီအာလာမ် (အသက် ၄၀ နှစ်) ကို စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် ပြုလုပ်ရာတွင် မိသားစု တစ်စုလျှင် ငွေကျပ် ၃၀၀၀ စီ ပေးခဲ့ရပြီး၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မတင်သွင်းရသေးသည့် နှစ်နှစ်အထက် ကလေးများကို အိမ်ထောင်စု လူဦးရေစာရင်းထဲသို့ ထည့်သွင်း မပေးခဲ့ကြောင်း၊ နှစ်နှစ်အောက် ကလေးများကို ငွေကျပ် ၁၁၀၀၀ မှ ၂၀၀၀၀ ထိ ယူ၍ ထည့်သွင်းပေးခဲ့ကြောင်း၊ ကျေးရွာတွင်း သန်းခေါင်စာရင်း ပြောင်းရွှေ့လျှင် ငွေကျပ် ၂၅၀၀၀၊ အခြားကျေးရွာမှ ပြောင်းရွှေ့လာလျှင် ငွေကျပ် ၅၀၀၀၀၊ သန်းခေါင်စာရင်း အသစ်လဲလျှင် ငွေကျပ် ၁၁၀၀၀ ယူခဲ့သည်ဟု သိရှိရသည်။

ဦးရှည်ကျကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်မှ မိသားစုများ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံလျက်ရှိပြီး၊ ယခုအခါ ကျေးရွာတွင်းတွင် မိသားစု ၂၆၀ သာ ကျန်ရှိတော့သည်။


Rohingya Eye
RB News
17.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် မင်္ဂလာဖာရာရွာမှ ဗလီဝတ်ကျောင်းတော်နှင့် ရိုဟင်ဂျာနေအိမ်တစ်လုံး တို့ကို ရခိုင်အစွန်းရောက်များက ဖျက်ဆီး၍ အစိတ်အပိုင်းများ ဖြုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၃၀) ရက်နေ့ နောက်ပိုင်းမှစ၍ မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးတင်မောင် က ရှီးဒါရွာ (မင်္ဂလာဖာရာ) မှ ဒေသခံရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ မောင်းထုတ်၍ နေအိမ်အချို့ကို ရခိုင်အစွန်းရောက်များနှင့် ပူးပေါင်း၍ မီးတင်ရှို့ခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အနီးအနားရှိ ရခိုင်ရွာသားများက မီးရှို့ခြင်း မခံရဘဲ ပကတိ အကောင်းတိုင်း ကျန်ရှိနေသော ဗလီဝတ်ကျောင်းတော်ငယ် တစ်လုံးကို ဖျက်ဆီး၍ သွပ်ပြားများ၊ သစ်သားများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မီးရှို့မခံရဘဲ အကောင်း ပကတိအတိုင်း ကျန်ရှိနေသည့် ဦးဂျမာလ် (အသက် ၅၃ နှစ်) ၏ နေအိမ်မှ သစ်သားနံရံများ၊ ပြတင်းပေါက်များ၊ အိမ်တံခါးများကို ဖြုတ်၍ ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပါသည်။

အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ကြားတွင် ရဲကင်းစခန်းတစ်ခု ရှိသော်လည်း ဗလီဝတ်ကျောင်းတော်နှင့် နေအိမ်များကို ဖျက်ဆီး၍ အစိတ်အပိုင်းများ ဖြုတ်ယူသွားသည့် ရခိုင်အစွန်းရောက်များကို ဟန့်တား တားဆီးခြင်း မရှိကြောင်း စုံစမ်းသိရှိရပါသည်။




Rohingya Eye
RB News
17.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ အပြစ်မဲ့ ဒေသခံတစ်ဦးနှင့် အလယ်သံကျော် ကညင်တန်းမှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးတို့ကို စ.ရ.ဖ နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ မော်လ၀ီအချော်ဒ်ဒူ (ဘ) ဦးဟော်လိလ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် စ.ရ.ဖ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ အချို့ ရောက်ရှိလာပြီး နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခြင်း၊ အိမ်ခြံဝင်း အတွင်း မြေတူးပြီး ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း မော်လ၀ီအချော်ဒ်ဒူနှင့် ၎င်း၏ နေအိမ်သို့ အလည်ရောက်ရှိနေသူ အလယ်သံကျော် ကညင်တန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရာဇ် (အသက် ၃၇ နှစ်) တို့နှစ်ဦးကို စ.ရ.ဖ များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ကို မည်သည့် အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို မိသားစုဝင်များက မသိရှိကြောင်း၊ မိသားစုများက တွေ့ဆုံခွင့်လည်း မရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

၎င်းတို့ကို မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး လူသတ်မှုဖြင့် ရမာန်ယူထားကြောင်း စုံစမ်းသိရှိရသည်။ 

၎င်းတို့ နှစ်ဦးလုံး နေထိုင်သည့် ရွာများတွင် လူသတ်မှု ဖြစ်စဉ် မရှိခဲ့ဘဲ ၎င်းတို့အား လူသတ်မှုဖြင့် ရမာန်ယူထားခြင်းမှာ လုပ်ကြံ၍ ထောင်ချရန် သက်သက် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

“မော်လ၀ီအာချော်ဒ်က ရွာမှ အေးအေးဆေးဆေး ဥပဒေဘောင်အတွင်း နေတဲ့ လူတစ်ယောက်ပါ။ ဘာမှ မပြောဘဲ ဖမ်းဆီးသွားပြီး လူသတ်မှုနဲ့ ရမာန်ယူထားတယ် ကြားတော့ သူ့အတွက် အရမ်းကို စိုးရိမ်နေတယ်။ အစိုးရ လူကြီးတွေ ကျွန်တော်တို့ ဒေသကို လာရင် ကျွန်တော်တို့ကို ဥပဒေနဲ့ ကာကွယ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဥပဒေမဲ့ ဖမ်းဆီးနေတာတွေ အရမ်းများနေတော့ အစိုးရ လူကြီးတွေ ပြောတာနဲ့ တကယ် ဖြစ်နေတာက တလွဲတွေလို့ ပြောရပါမယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



RB News
14.12.2017

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံရိုဟင်ဂျာများကို အာဏာပိုင်များက အတင်းအကျပ် NVC ကိုင်ဆောင်ခိုင်းနေကြောင်း၊ NVC မကိုင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာ (၁၅) ရွာမှ ရပ်မိရပ်ဖများကို ဆပ်ကျာရွာ စာသင်ကျောင်းသို့ ဆင့်ခေါ်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လ.၀.က ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိ တို့က NVC ကိုင်ဆောင်ရန်နှင့် NVC မကိုင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာများတွင် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူများ အားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ထားသူများမှ အပ ကျန်သူများအားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ NVC ကိုင်ဆောင်ရန် ငြင်းဆိုသူများ အားလုံးကို ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများ၏ သားသမီးများကိုလည်း NVC သာ ကိုင်ဆောင်ရမည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။ ဥပဒေအရ အထောက်အထား လုံးဝ မရှိသူများသာ NVC ကိုင်ဆောင်ရမည် ဖြစ်သော်လည်း ရိုဟင်ဂျာများအားလုံးတွင် အနိမ့်ဆုံး အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း အာဏာပိုင်များက NVC ကဒ်ပြား ကိုင်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ယာယီ သက်သေခံကဒ်ပြား (၀ှိုက်ကဒ်) များကို သိမ်းဆည်း၍ NVC ကဒ်ပြားများ ထုတ်ပေးလျက်ရှိသော်လည်း ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုလျက်ရှိကြသည်။ အာဏာပိုင်များနှင့် နီးစပ်သူ အချို့သာ မငြင်းဆန်နိုင်ပဲ ကိုင်ဆောင်လျက် ရှိကြသည်။ 




MYARF
RB News
14.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် အနောက်ရွာတွင် မီးရှို့ခံထားရသော နေရာများအပြင် လက်ရှိ လူနေထိုင်လျက်ရှိသော အိမ်ခြေများကိုပါ ဖျက်၍ မီးလောင်ပြင် အဖြစ် သတ်မှတ်၍ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် အနောက်ရွာတွင် မီးရှို့ခံထားရသော နေရာများကို မီးလောင်ပြင်အဖြစ်နေရာသတ်မှတ်၍ ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ မြေညှိစက်များဖြင့် ရှင်းလင်းလျက် ရှိသည်။ ထိုသို့ ရှင်းလင်းနေသည့် နေရာတွင် မီးမလောင်ဘဲ ကျန်ရှိနေသည့် ဗလီဝတ်ကျောင်းတော်၊ ဘာသာရေးကျောင်းနှင့် နေအိမ် (၆) လုံး အပြင် လက်ရှိလူနေထိုင်လျက်ရှိသည့် အိမ်ခြေ (၂၀) ကျော်ပါဝင်သည်။ 

လူများနေထိုင်လျက် ရှိသည့် အိမ်ခြေ (၂၀) ကျော်မှ ဒေသခံများသည် ရွာအတွင်း နေအိမ်များ မီးရှို့ခံနေရသော်လည်း မည်သည့် နေရာကိုမှ ထွက်မပြေးဘဲ မိမိတို့၏ နေအိမ်များတွင် နေထိုင်နေခဲ့ရာ ယနေ့ထိပင် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဗလီဝတ်ကျောင်းတော်၊ ဘာသာရေးကျောင်းနှင့် နေအိမ် (၆) လုံးမှ သွပ်၊ သစ်သား၊ တံခါးများနှင့် ပြတင်းပေါက်များကို ရခိုင်အစွန်းရောက်များက ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဖြုတ်၍ လုယက် ယူဆောင်သွားပြီးနောက် အာဏာပိုင်များက မြေညှိစက်များဖြင့် ဖြိုဖျက် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။ 

“လူနေတဲ့ အိမ် (၂၀) ကျော်ကိုတော့ အခုထိ ဖြိုတာ မလုပ်သေးဘူး။ ဒါပေမယ့် ဖြိုမယ်လို့ ပြောနေကြတယ်။ အဲဒါကြောင့် အဲဒီအိမ်တွေဖြိုလိုက်ရင် မိသားစုတွေ နေထိုင်ဖို့ တော်တော်လေး အခက်အခဲ ရှိမယ်။ အဲဒီမိသားစုတွေလည်း အတော်လေး စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

မောင်တောမြို့နယ် ဒေသဆိုင်ရာ အာဏာပိုင်များက နေအိမ်များထဲတွင် နေထိုင်နေကြသူများကို နေအိမ်များမှ နှင်ထုတ်၍ အိမ်များကို ဖြိုဖျက်နေခြင်းသည် နေအိမ်များ အတွင်းမှ မိသားစုများကို တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် သွယ်ဝိုက်သောနည်းဖြင့် တွန်းပို့နေခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ မီးရှို့မခံရသည့် နေအိမ်များကို ဖြိုဖျက်နေခြင်းအား အမြန်ဆုံး ရပ်တန့်ပေးရန် ပြည်ထောင်စုအစိုးရအား တောင်းဆိုကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်များ ပူးပေါင်း၍ လုယက် ဖြိုဖျက်နေခြင်းကို ပြည်ထောင်စုအစိုးရမှ သိရှိရန် အတွက် မြေပြင်သို့ လာရောက်၍ လေ့လာရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။




Rohingya Exodus