နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား


ဌေးလွင်ဦး
RB News
3.8.2012

မြန်မာ နိုင်ငံရေး သမားလောကမှာ ရိုဟင်ဂျာတို့ကို တိုင်းရင်းသား အဖြစ် အသိအမှတ် မပြုလိုမှုကို အခြေခံပြီး- ရိုဟင်ဂျာတွေ ပြောတဲ့ စကားဟာ ဘင်္ဂလီစကား ဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံထဲက တိုင်း ရင်းသား အဖြစ် အသိအမှတ်ပြုထားတဲ့ လူမျိုးနွယ် တစ်ခုခုရဲ့ ဘာသာစကားကို မတတ်မြောက်ဘူး- လို့ မှန်းဆပြောနေသူများ ကိုလည်း ထုနဲ့ဒေး တွေ့နေရပါတယ်။

တစ် ချို့ က လည်း ရိုဟင်ဂျာတွေ ဟာ ယဉ်ကျေးမှု အရ သီးခြား  ဖြစ်နေတယ်၊ အခြား လူ့ အသိုင်း အ၀ိုင်းနဲ့ ၀န်မ ဆန့် ဘူး လို့ စွပ်စွဲတာတွေလည်း အကြီးအကျယ် ရှိနေတယ်။

ဒါတွေအားလုံးက လုံးဝ အမုန်းတရားကို အခြေခံပြီး ဗဟုသုတမဲ့စွာ လျှောက်ပြောနေတဲ့ အရာများသာ ဖြစ် တယ်လို့ ပြောလိုပါတယ်။

(၁) ဘာသာစကားကို ထောက်ပြလိုတယ်- ရခိုင်ဒေသလို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အနောက် ဘက် ကမ်း မြောင်ဒေသမှာ တရားဝင် သတ်မှတ်ထားတဲ့ လူမျိုး ၇ မျိုးရှိနေတယ်။ အဲ့ဒီမှာ ဒိုင်းနက်၊ ချင်း၊ မာရ် မာကီး၊ ခမွီး၊ ကမန်၊ ရခိုင် နဲ့ မြိုလူမျိုးတို့ ဖြစ်တယ်။ ဒီလူ မျိုး ၇ မျိုးမှာ ကမန်နဲ့ ရခိုင်က လူမျိုးတူ ဘာ သာ ကွဲ ဖြစ်တယ်၊ ယဉ် ကျေးမှု ဓလေ့ ဘာသာစကား အကုန်တူညီတယ်။ ကျန် ၅ မျိုးက သူ့ဓလေ့နဲ့ သူ့ ဘာ သာစကား သီးခြား ဖြစ်နေ တယ်။ ဒီအထဲမှာ ဒိုင်းနက်တို့ ခမွီး တို့က ရခိုင်ထက် ရှေ့ကျတဲ့ လူမျိုး စုတွေ ဖြစ်တယ်။

ရိုဟင်ဂျာတွေ ပြောနေတဲ့ ဘာ သာ စကားနဲ့ တရားဝင် တိုင်းရင်းသား အဖြစ် သတ်မှတ်ထားတဲ့ ဒိုင်းနက် လူ မျိုးစု ပြောနေတဲ့ ဘာသာစကားဟာ ၁၀၀ ရာနှုန်း တူညီနေတယ်။ ပညာရှင် ခံယူထား သူ များ လေ့ လာကြည့်ပါ။ ဒါဟာ ရိုဟင်ဂျာတို့က တိုင်းရင်း သား ဘာ သာ စကားတစ် ခုခုကို မတတ်ဘူး လို့ ပြောနေတာ- လုံးဝ မှား ယွင်းနေတဲ့ သက်သေအဖြစ် လုံလောက်မယ် ထင်ပါတယ်။ တောနယ် တောင် တန်းဒေ သမှာ နေ တဲ့ ဒိုင်းနက်တို့က ဘာသာ တစ်ခုကို ရွေးချယ် ကိုးကွယ်ခြင်း မရှိသေးဘဲ- တော နတ်၊ တောင် နတ်၊ ရိုးရာ နတ်များကို ကိုးကွယ်နေသူများပါ တယ်။ သူတို့ထဲက ပညာတတ်များ ထွက်ပေါ် လာခြင်းလည်း ရာနှုန်း နည်းပါးပါတယ်။ တနည်းအားဖြင့် သူတို့ထဲ က နိုင်ငံသုံး မြန်မာ စကားနဲ့ မြန်မာစာကို တတ်မြောက် သူ လူဦးရေ ရာနှုန်းက ရိုဟင်ဂျာများလောက် မများပါ။

ကျောင်းနေ ခွင့်ရ ရိုဟင်ဂျာများက မြန်မာစကားနဲ့ မြန်မာစာကို ကျွမ်းကျင်စွာ တတ်မြောက်ပါတယ်။ အချို့ဆို ရင် မိခင်ဘာသာ စကား ကိုတောင် မပြောနိုင်တော့ဘဲ- မြန်မာစာ မြန်မာစကားနဲ့ပဲ ကျင် လည်နေတဲ့ မျိုး ဆက်ပေါင်း လည်း ထုနဲ့ဒေး ဖြစ်နေပါတယ်။

အလွန်ခေါင်ပြီးကျောင်းနေခွင့်မရတဲ့ ရိုဟင်ဂျာများကမြန်မာစကားကို မတတ်မြောက်ပေမယ့်- သူတို့ရဲ့ ဘာ သာ စကားကိုယ်တိုင်က မြန်မာနိုင်ငံတွင်း အသိအမှတ်ပြု တိုင်းရင်း ဘာသာစကား ဖြစ်တဲ့ ဒိုင်းနက် ဘာ သာ စကားကို ရာနှုန်းပြည့် တတ်မြောက်နေသူများ ဖြစ်ပါတယ်။ ဒီဘာသာ စကားအပြင် အခြားသီးခြား ဘာသာ စကား ရိုဟင်ဂျာများမှာ မရှိပါ။

(၂) သီးခြား ယဉ်ကျေးမှု- လို့ မြင်နေတဲ့ အမြင်က နိုင်ငံရေး ကို မကျွမ်းကျင်သူများရဲ့ သာမန်လူထုရဲ့ သုံးသပ် မှု မျှသာ ဖြစ်ပါတယ်။ မြောက်ဦး ဘုရင်နိုင်ငံကို မြန်မာများ မသိမ်းပိုက်မှီ- မြောက်ဦးနှောင်း ပိုင်းကာ လက တည်းက ရိုဟင်ဂျာတွေဟာ စတင် ဖိနှိပ် ခွဲခြားခံနေ ခဲ့ရပါတယ်။ မြောက်ဦး နန်းတွင်း အာ ဏာလု မှု များ ကြား မှာ ဗမာများကို အားထားပြီး အာဏာ လိုချင်သူများက မြောက်ဦး ဘုရင် အဆက် ဆက် အား ထားခဲ့ တဲ့ ရိုဟင် ဂျာများကို စတင်ဖိနှိပ် တယ်လို့ ဆိုရမှာပါ။ ဒီလို ချိုးနှိမ်နိုင် မှ မြောက် ဦး ဘုရင် တို့ ရဲ့ လက်ကိုင်လူထု ဦးကျိုး သွားပြီး မြောက်ဦးဘုရင်တို့ ရဲ့ လက်က အာဏာကို လုယူနိုင် မှာ ဖြစ် ခဲ့ပါတယ်။

ဒီအခြေ အနေမှာ ရိုဟင်ဂျာ အများစုက သူတို့ယုံကြည်တဲ့ အစ္စလာမ်သာသနာရဲ့ ဓမ္မသတ်တွေထဲက စစ်ကာ လ ဓမ္မသတ် ဖြစ်တဲ့ ဒါရိုဟရာ့ဘ် အရေးပေါ် အခြေအနေကို ရိုဟင်ဂျာ လူထုကြားမှ စတင်ကျင့် သုံး ရပါ တယ်။ အဲ့ဒီမှာ အထူးသဖြင့် အမျိုးသမီးများကို အဓမ္မပြု ကျင့်ခံရခြင်းမှ တတ်နိုင် သမျှ ကာကွယ်ပေးနိုင်အောင် အမျိုးသမီး များ အရွယ်ရောက်လာရင် အိမ်ထဲမှာပဲ နေရမယ် ဆိုတဲ့ မူနဲ့၊ မိမိဘုရင်နဲ့ မိမိတိုင်းပြည်ရဲ့ ဂုဏ် သိက္ခာကို ချိုးဖဲ့ပြီး ပြဌာန်းသင်ကြားပေးတဲ့ ပညာရေးစနစ်များကို အား မပေး ရ ဆိုတဲ့ မူ များ ဖြစ် ပါတယ်။ ဒီ ဓမ္မသတ်တွေကို ကျင့်သုံး ပြီး လူထုကို ထိန်းသိမ်းခဲ့လေတော့ အမျိုးသမီး များဟာ အဓမ္မပြု ကျင့်ခံရခြင်းမှ အတော်အသင့် လွတ်မြောက် ပေမယ့် အခြား တစ် ဘက် မှာ ပြင်ပ ဗဟုသုတများ ဆုံး ရှုံးခဲ့ ရပါတယ်။ အ လား တူ လူငယ်အများစုကလည်း စာ သင်ကျောင်းတွေ ရဲ့ ပညာရေးမှုကို ဆန့်ကျင်ခဲ့တော့ အခြားသော သူ များ နဲ့ ဗဟုသုတမှာကွာခြား သွားခဲ့ပါ တယ်။ ဒါဟာ သူ့မြေ၊ သူ့ဘုရင် သူ့ဇာတိကို ချစ် လို့ ဖြစ်ခဲ့တဲ့ သမိုင်း ရကြောရိုးများသာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ အရေးပေါ် အခြေအနေ ဆိုပေမယ့် အရေးပေါ် အခြေအနေက နှစ်ကာလ ကြာလာတော့ ဓလေ့လိုဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲမှာတောင် ရိုဟင်ဂျာများကို အသိအမှတ်ပြုတဲ့ ပါလီမန်ဒီမိုကရေ စီ ခေတ်က စ ရိုဟင်ဂျာတွေဟာ လူမျိုးတွင်း အတွင်းပြောင်းလည်းရေးမှုကို ချခဲ့ပြီး တတ်နိုင်သမျှ ပညာ ဆည်းပူး ခဲ့ ပါတယ်။ မြန်မာစာနဲ့ မြန်မာစကားကို မြတ်မြတ်နိုးနိုး သင်ယူ သင်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ကျန်လူမျိုးစုများနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာ လူမျိုးများရဲ့ နိုင်ငံချစ်စိတ်၊ ပြည်မနဲ့ ပူးပေါင်းနေ ထိုင်လိုစိတ်က-ဒီနေ့ထိအကြီးအကျယ်ကိန်းဝပ်နေပါတယ်။မြန်မာစာမြန်မာစကားကိုလည်း တတ်မြောက်မှု မှာ ကျန်တိုင်းရင်းသားများထက် ရာနှုန်း မနည်းပါ။

ရှမ်း၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်၊ ကချင်- အားလုံး ရာနှုန်းပြည့် မြန်မာစကားကို မတတ်မြောက်ပါ။ အလားတူ ဗမာ လူများစုကြီးက တိုင်းရင်းသား ဘာသာစကားတစ်ခုကို တတ်မြောက်သူ အလွန့်အလွန်နည်း ပါးပါ တယ်။ ရိုဟင်ဂျာကို အလွန်မုန်းတီးနေတဲ့ လွှတ်တော် အမတ်တစ်ယောက်က တိုင်းရင်းသား ဒိုင်းနက် လူ မျိုး များဆီကို စည်းရုံးရေး ခရီးသွားမယ် ဆိုရင်- သူတတ်နေတဲ့ မြန်မာစကားက အသုံးမ၀င်တော့ပါ။ ရိုဟင် ဂျာ တစ်ဦးကို စကားပြန်အဖြစ် ခေါ်သွားရင် သူတတ်ထားတဲ့ မြန်မာစကားထက် အဆပေါင်းများစွာ အသုံး ၀င်ကြောင်းကို လက်တွေ့ တွေ့ရပါလိမ့်မယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်စကားကို ပြောဆိုတဲ့ လူမျိုးက ကမန်နဲ့ ရခိုင်သာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ စကား ကို ပြော ဆိုတဲ့ လူမျိုးက ဒိုင်းနက်၊ ရိုဟင်ဂျာ၊ မာရ်မာကီး သုံးမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ရခိုင်စကား ထက် ပိုပြီး ရိုဟင်ဂျာစကားကို လူမျိုးစု အများက တိုင်းရင်း ဘာသာစကား အဖြစ် အသိအ မှတ်ပြု ထားခြင်း ဖြစ်ပါ တယ်။

ရိုဟင်ဂျာ များမှာ သူ့ဘာသာ သူ့ဘာသာစာပေကို သင်ကြားခွင့် ရရှိရေး စာသင်ကျောင်းဖွင့်ခွင့် ရ ရှိရေး တောင်း ဆိုခြင်း လည်း မရှိပါ။ နိုင်ငံက ခွဲထွက်ဘို့ ကြိုးစားခြင်း လည်း မရှိပါ။ သူများတွေ ပြောနေတဲ့ ဖက် ဒရယ်မူ (အတွင်း သဘောမှာ ခွဲထွက်ရေးမူ)ကိုလည်း ရိုဟင်ဂျာများ လုံးဝ လက်မခံပါ။ သူတို့သည် အခြားသော လူသား များ ကဲ့သို့ လူသား ဖြစ်တယ် ဆိုတဲ့ အသိ အမှတ်ပြုပေးမှု ကိုသာ တောင်း ဆိုနေ ပါတယ်။ သူတို့ရဲ့ ကာယ၊ ဉာဏ၊ ဓန တွေအား လုံးကို မြန်မာနိုင် ငံအတွက် ပေး ဆက်ဘို့ ပဲ တောင်း ဆိုနေပါတယ်။ ဒီလို လူမျိုး စု ကို နှင်ထုတ်နေပြီး ခွဲထွက်ရေးအတွက် အမြဲကြံ စည်နေသူ များကိုသာ ရင်ဘတ်ထဲ ဆွဲသွင်းနေတဲ့ အဖြစ် က အင်မတန် အံ့သြဘို့ ကောင်းနေပါတယ်။ 

မိမိရဲ့ နိုင်ငံကို တစ်ကယ်ချစ်ပြီး အတူတကွ နေထိုင်လိုသူများကို ဘယ်ခွဲထွက်ရေး သမားကမှ ကြည်ဖြူမှာ မဟုတ်ပါ။ သူတို့ရဲ့ မကြည်ဖြူမှုကို အလိုလိုက်ပြီး- ရိုဟင်ဂျာ မုန်းတီးရေး ဖြန့်ချီနေတဲ့ မြန်မာ့နိုင်ငံရေး သမားများ ကို “ပထွေးကို ကြက်ဥတိုက်နေသူများ” လို့ ကမ္ဘာက သတ်မှတ်နေပါပြီ။ တိုင်းပြည်ကို တစ်ကယ် ချစ်သူများက တိုင်းပြည်ခွဲထွက်ရေး၊ ခွဲထွက်ရေး အတွက် လမ်းစ၊ ခွဲထွက်ရေးသမားတို့ရဲ့ ၀ါဒ မှိုင်းများ ကို ပြတ်ပြတ်သားသား သတ္တိရှိရှိ ရင်ဆိုင်ပစ်ဘို့ လိုနေပါပြီ။

  1. ကိုဌေးလွင်ဦး ရေးသားတဲ့ ရခိုင်သမိုင်းဆိုင်ရာ ဆောင်းပါးတွေကို ဖတ်ခွင့်ရပြီး သမိုင်းဗဟုသုတတိုးရတဲ့အတွက် ကျေးဇူးတကယ်တင်မိပါတယ်။ ဒီလို သမိုင်းအမှန်ကို အမုန်းတရားတွေနဲ့ ဆောက်တည်ထားတဲ့ သမိုင်းလိမ်တွေကြားက ဖော်ထုတ်မှတ်တမ်းတင်တဲ့အတွက်လည်း လေးစားပါတယ်။ ဆက်လက်ရေးသွားဖို့လည်း တိုက်တွန်းအားပေးပါတယ်။ ဒါပေမယ့် အထက်က ဆောင်းပါးမှာ ဖယ်ဒရယ်မူကို ခွဲထွက်ရေးအတွင်းသဘောဆောင်တယ်လို့ ပြောထားတာကို မရှင်းသလို ဘ၀င်လည်းမကျပါဘူး။ ရှင်းပြစေချင်ပါတယ်။ နောက် ခွဲထွက်ရေးမူကို အမှားတခုလို့ သတ်မှတ်အမြင်ရှိတာကိုလည်း ရှင်းပြစေချင်ပါတယ်။ ဖြစ်နိုင်ရင် ဖြေပေးပါ။ ကျနော်ကတော့ အရင်ကတည်းက ဖယ်ဒရယ်မူကို လိုအပ်ချက်အဖြစ် လက်ခံထားပါတယ်။ အခုနောက်ပိုင်းမှာတော့ ခွဲထွက်ရေးမူကိုပါ လိုအပ်ရင် လက်ခံသင့်တယ်ဆိုပြီး ယူဆပါတယ်။ ကျနော်မှားတယ်ထင်ရင် ရှင်းပြစေလိုပါတယ်။

  2. ကျွန်တော် ကွန်မင့်များကို ပြန်လေ့မရှိပါ။ ခဲထုသံမကြောက်သလို လက်ခုပ်သံကိုလည်း မမျှော်ကိုးပါ။ သို့သော် ကိုမျိုးမြင့်အောင်ရဲ့ ကွန်မင့်နဲ့ ဆွေးနွေးမှုကို ပြန်လည်ဆွေးနွေးပေးသင့်တယ်လို့ ခံစားမိလို့ ပြန်လည် ဆွေးနွေး ပေးပါမယ်။
    အမှန်တစ်ကယ် ဖက်ဒရယ်မူ- ကို ကျွန်တော် နှက်သက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တော်လှန်ရေးအုပ်စု တွေ ပြောဆိုနေတဲ့ ဖက်ဒရယ်မူနဲ့ တိုင်းရင်းသားများ ခံစားနေတဲ့ ဖက်ဒရယ်မူက ဆိုဗီယက်ယူနီယံ ပုံစံ ဖက်ဒရယ်မူ ဖြစ်ပါတယ်။ ၁၉၄၇ ပင်လုံစာချုပ်မှာ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာ ခွဲထွက်လိုက သီးခြားခွဲထွက် ခွင့်ရှိသည် ဆိုတဲ့ မူကို လက်ကိုင်ထားဆဲပါ။ နယ်စပ်ဒေသတစ်လျှောက် တော်လှန်ရေး အုပ်စုကြားမှာ ခံစားနေတဲ့ ဖက်ဒရယ်မူဆိုတာလည်း အတွင်းစိတ်မှာ ခွဲထွက်ရေးကို ဦးတည်ပါတယ်။
    ကျွန်တော့သဘောကတော့ ခွဲထွက်ရေးကို အားမသန်ပါ။ ဖိနှိပ်ခံနေရတဲ့ ကျွန်တော်တို့ မျိုးဆက်အတွက် လတ်တလော ထွက်ပေါက် ဆေးမီးတို အနေနဲ့ အသက်ရှုချောင်နိုင်ပါတယ်။ ဒါပေမယ့် နောင် အနှစ် ၁၀၀၊ ၂၀၀ အနာဂါတ်မျိုးဆက်များ အတွက်လည်း မကောင်းပါ။ ဘာကြောင့်လည်း ဆိုတော့ မြန်မာပြည်က ဧရိယာအားဖြင့် မကျယ်ဝန်းပါ။ တိုင်းရင်းသားအားလုံး ခွဲထွက်ကုန်ရင် ခွဲထွက်သွားတဲ့ ဧရိယာသည်လည်း အလွန်ကျဉ်းမြောင်း တဲ့ ဧရိယာလေးများကို ပိုင်ဆိုင်မယ်၊ ကျန်နေခဲ့တဲ့ ဧရိယာသည်လည်း ကျဉ်းမြောင်းစွာပဲ ကျန်နေခဲ့ပါမယ်။ ဥပမာ စင်္ကပူနိုင်ငံကို ကြည့်ပါ။ ခွဲထွက်စနဲ့ ခွဲထွက်ပြီး အနှစ် ၃၀ ထိ ခွဲထွက်သွားရခြင်းကို ကျေနပ်နေပေမယ့် အခုအချိန်ကစ ခွဲထွက်ခဲ့တာ မှားတယ်လို့ ခံစားသူများ ပေါ်ထွန်းလာနေပါတယ်။ သူတို့ဟာ သူတို့မျိုးဆက်များ အကြောင်းကို တွေးလိုက်ရင် နောင် အနှစ် ၁၀၀ မှာ ဘယ်မှာနေမလဲ ဆိုတာက အစ ခေါင်းကိုက်နေရပါတယ်။ လောလောဆယ် ချမ်းသာသွားရခြင်းက မြန်မာ၊ လာအို၊ ဗိယက်နာမ်၊ ကမ်ဘောဒီးယား တို့က တံခါးပိတ် စီးပွားရေး စနစ်ကို ကျင့်သုံးလိုက်လို့သာ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံ လေးနိုင်ငံက တံခါးပိတ်ထားတော့ ၀င်ရထွက် ရမယ့် အပေါက်က ထိုင်းနဲ့ စင်္ကပူ မှောင်ခိုလမ်းများသာ ဖြစ်ခဲ့တယ်၊ ဒီမှာ စင်္ကပူနဲ့ ထိုင်းက ပွဲစားလုပ်ရင်း ချမ်းသာသွားတာပါ။ တစ်ကယ်လို့ အဲ့ဒီ လေးနိုင်ငံ စီးပွားပွင့်လာရင် ကုန်ကူးသန်းမှုက ဖွင့်ထားတဲ့ တံခါးကပဲ လုပ်ဆောင်လာမှာပါ။ ဒီအခါ စင်္ကပူဟာ စီးပွား ထိုးတက်နေမှု ရပ်သွားမယ်၊ တနည်းအားဖြင့် သူနိုင်ငံကျဉ်းကျဉ်း လေးမှာ နေထိုင်မယ့် လူတွေ အတွက် စီစဉ်ပေးနိုင်မှုမှာ ချို့တဲ့လာမှာ ဖြစ်ပါတယ်။
    ဆိုဗီယက်ယူနီယံက ခွဲထွက်တဲ့ နိုင်ငံပေါင်း ဆယ့်ငါးနိုင်ငံမှာ တစ်ချို့နိုင်ငံများက မြန်မာပြည်ထက် ၂ ဆလောက် ကျယ်ဝန်းပါတယ်။ ဒီအတွက် ခွဲထွက်ခဲ့တာ ပြသနာမကြီးကျယ်ပေမယ့်- အင်အားအရာမှာတော့ ယုတ်လျှော့ သွားပါတယ်။
    မြန်မာနိုင်ငံသာ အဲ့လို ခွဲထွက်ရင် ရှိသမျှသော အကုန်မျိုးနွယ်တို့ရဲ့ နောက်ဆက်တွဲဟာ သေးသိမ်လာရမှာ ဖြစ်ပါတယ်။ ခွဲပြီးသားကို ပြန်ပေါင်းဘို့ ဆိုတာလည်း လွယ်ကူတဲ့ အလုပ်မဟုတ်ပါ။
    ကျွန်တော့ အမြင်မှာ - ခွဲထွက်ချင်စိတ် ဘာကြောင့် ရှိရသလဲ- ဆိုတာကိုပဲ ကျွန်တော်တို့ ပြန်လည် သုံးသပ်ပြီး အဖြေထုတ်ဘို့ လိုပါတယ်။ ပြုပြင်ပေးဘို့ လိုပါတယ်။

  3. (၁) လူမျိုးနွယ် တစ်ခုဟာ အခြားသော အင်အားကြီးတဲ့ လူမျိုးနွယ်တစ်ခုရဲ့ ဖိနှိပ်မှု၊ ကြီးနိုင်ငယ်ညှင်းခံရမှု၊ တန်းတူညီမျှ အခွင့်အရေးများ မရမှု ဖြစ်နေရင် ဖိနှိပ်ခံရသူများက မခံမရပ်နိုင်ဖြစ်လာမှာ သေချာတယ်၊ ဒီအခါ သူများဆီမှာ အဖိနှိပ်ခံနေရမယ့် အစား ငါတို့ဟာ ငါတို့ လွတ်လပ်စွာ နေမယ်၊ ကိုယ့်မင်းကိုချင်းနဲ့ ကိုယ်နေမယ် လို့ ဖြစ်လာပါမယ်။- ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကြီးနိုင်ငယ်ညှင်းပြုကျင့်တဲ့ ဓလေ့များကို တိမ်ကော ပပျောက်သွားအောင် ဥပဒေအရ ဖြစ်စေ၊ ပြင်းထန်ထိရောက်စွာ အရေးယူခြင်းဖြင့် ဖြစ်စေ- ကျင့်ဆောင်ယူရမှာ ဖြစ်ပါတယ်။
    (၂) ကိုယ့်ဒေသမှာ ထွက်တဲ့ သယံဇာတ များကို ကိုယ့်ဒေသက မခံစားရခြင်း ပြသနာ-။ ဒီအတွက် စနစ်ကျတဲ့ ပြည်ထောင်စုမူကို တည်ဆောက်ရပါမယ်။ ထွက်သမျှ ပစ္စည်းများကို ဗဟိုအစိုးရကချည်း မခံစားစေဘဲ-၊ နေရာ ဒေသ၊ တိုင်းဒေသ၊ ပြည်နယ်ဒေသ အလျှောက် ခံစားခွင့်၊ လုပ်ဆောင်ပိုင်ခွင့်များကို ပြဌာန်းပေးရပါမယ်။ ဥပမာ အမေရိကန် ပြည်ထောင်စု မှာ ဆိုရင် ပြည်နယ် တစ်ခုကို ထားတော့ မြို့နယ် တစ်ခုရဲ့ မြို့တော်ဝန်တစ်ဦးချင်းစီမှာ သူ့မြို့ သူ့ဒေသ တိုးတက်စေဘို့-၊ နိုင်ငံတစ်ကာနဲ့ ဆက်သွယ် စီးပွား လုပ်ခွင့်ထိ ရှိနေတယ်။ ကျွန်တော့ကိုယ် တွေ့ ကျွန်တော်တို့ မြို့ရဲ့ မြို့တော်ဝန် ဂျူလီယန်ကို ကိစ္စရှိလို့ ကျွန်တော် သွားတွေ့တော့-၊ သူ ဂျာမဏီကို သွားနေ ကြောင်းပြောတယ်။ နောက်တစ်ပါတ်မှာ ကျွန်တော် သူ့ကို သွားတွေ့တယ်- ကျွန်တော်က “ငါလာတယ်၊ မင်း ခရီးသွားနေလို့ ငါပြန်သွားခဲ့တယ်” လို့ ပြောတော့၊ သူက ဟုတ်တယ်၊ ငါတို့မြို့မှာ အလုပ်လက်မဲ့တွေ များလာ တယ်၊ ဒါကြောင့် ဂျာမဏီက သံကုမ္ပဏီတစ်ခုကို ငါတို့မြို့မှာ စက်ရုံလာဖွင့်ဘို့- တစ်ကယ်လို့ စက်ရုံ ဖွင့်မယ် ဆိုရင် မင်းက အလုပ်သမား လခကို ဘယ်လောက်ပေးပါ၊ မင်းတို့အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အခွန်အခ လောက်နဲ့ ငါ ခွင့်ပြုပေးမယ်” ဆိုပြီး သွားရောက် ကမ်းလှမ်းကြောင်း၊ သူ့ကမ်းလှမ်းမှု အဆင်ပြေခဲ့ကြောင်း၊ မကြာမှီ စက်ရုံ လာဖွင့်ရင် ဒီမြို့နေ မင်းတို့ မြန်မာနိုင်ငံသားတွေလည်း အလုပ်ရလာမှာ ဖြစ်ကြောင်း ကျွန်တော့ ကို ရှင်းပြတယ်။ ဒီတော့ ပြည်နယ် တစ်ခုကို ထားတော့ မြို့တစ်မြို့ရဲ့ မြို့တော်ဝန်တောင် လုပ်ပိုင်ခွင့် ဘယ်လောက် ရှိသလဲ၊ နိုင်ငံရပ်ခြားက ကုမ္ပဏီကို ခေါ်ခွင့် ပြုနိုင်တဲ့ အဆင့်ထိ ရှိတယ်။

  4. မြန်မာနိုင်ငံမှာလည်း ဒါမျိုးတွေ လိုအပ်ပါတယ်။ ချင်းပြည်နယ်မှာ ချင်းလူထုက သူ့မြေနဲ့ သူ့ရေ ဘာတွေ လုပ်ရင် ကောင်းမယ်၊ ဘယ်လိုမျိုး လုပ်ဘို့ နိုင်ငံခြားကုမ္ပဏီတွေကို ကိုယ်ပိုင် ခေါ်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်။ ဒါမှ သူမြေမှာ သူ့လူမျိုးတွေအတွက် ၀င်ငွေတွေ၊ အလုပ်အကိုင်တွေ၊ ရလာမှာ ဖြစ်တယ်။ အခြားပြည်နယ်က လူများကလည်း အလုပ်လိုရင် အလုပ်သွားလုပ်နိုင်မှာ ဖြစ်တယ်။ ဒီလိုပဲ ပြည်နယ်အားလုံး လူမျိုးအားလုံးကို လွတ်လပ်စွာ ဖွင့်ပေးလိုက်ရပါမယ်။
    ဒီနေရာမှာ မတော်မတရားသူများရဲ့ အနှောင့်အယှက်က ကင်းလွတ်ဘို့၊ သူခိုးဓားပြရန်က ကင်းလွတ်ဘို့ နေရာ ဒေသ၊ ပြည်နယ် ပြည်မ အတွက် လုံခြုံရေး လိုအပ်တယ်။ ဒီလိုအပ်တဲ့ လုံခြုံရေးကို ဗဟိုအစိုးရက တာဝန်ယူ ကာကွယ်ပေးရမယ်။ ဒီအတွက် ကုန်ကျစားရိတ်များကို မြို့တိုင်း နယ်တိုင်း လူမျိုးတိုင်းက အခွန်အခနဲ့ ပြန် လည် ထောက်ပံ့ပေးရပါမယ်။ ဒီအတွက် ပြည်ထောင်စု စစ်တပ်ကို ဗဟိုအစိုးရရဲ့ အောက်မှာသာ ထားရပါမယ်။ ပြီးတော့ ပြည်နယ် ပြည်မ ဗဟိုလမ်းမကြီးများ ဖေါက်လုပ်ရေးလို ကိစ္စမျိုးကို ဗဟိုအစိုးရကသာ တာဝန်ယူရပါမယ်။ ဒီအတွက် ပြည်နယ်၊ ပြည်မ အစိုးရများနဲ့ ဗဟိုအစိုးရကြားမှာ ဒေသတစ်ခုမှာ ရရှိတဲ့ ၀င်ငွေရဲ့ အချိုးအစား ဘယ်လောက်ကို ပြည်ထောင်စု အသုံးစားရိတ် အဖြစ် သုံးမယ် ဆိုတဲ့ ဥပဒေသည်လား တိတိ ကျကျရှိရပါမယ်။
    ဗဟိုအစိုးရ ဆိုတာ ပြည်နယ်၊ ပြည်မ လူမျိုးစုံ ဘာသာစုံထဲက ရွေးကောက်တင်မြှောက်တဲ့ အမတ်များနဲ့ ဖွဲ့စည်းတဲ့ အစိုးရ ဖြစ်ရပါတယ်။ လူမျိုးကြီးဖြစ်သူက မောင်ပိုင်စီးထားခွင့် မရှိစေရသလို၊ အရည်အချင်း ရှိရင် ရှိတဲ့သူကို ဦးဆောင်နိုင်ခွင့် ရှိစေရပါမယ်။
    ဒီအတွက် နိုင်ငံသား မှတ်ပုံတင် ပြုလုပ်တဲ့နေရာမှာလည်း စကားပြောပါတယ်။ အခုအခါ မြန်မာနိုင်ငံရဲ့ နိုင်ငံ သား မှတ်ပုံတင်က မှားယွင်းနေပါတယ်။ ရှင်းရှင်းပြောရရင်တော့- အလှုမဏ္ဍပ်မှာ ထမင်းခေါ်ကျွေးမလို့ ထုတ်ပေးတဲ့ ကဒ်ပြားနဲ့ တူနေတယ်။ မှတ်ပုံတင်ကို ကြည့်လိုက်ရင် သူကတော့ ရှမ်းလူမျိုး ပဲပုတ်ကြိုက်တယ်၊ သူကတော့ ကရင်လူမျိုး တာလပေါ့ကြိုက်တယ်၊ သူကတော့ မွတ်စလင် ၀က်သားမစားဘူး၊ စသည်ဖြင့် ခွဲခြား ထားသလို ဖြစ်နေတယ်။
    နိုင်ငံတစ်ကာမှာ တစ်ကယ့် အဆင့်မှီ မှတ်ပုံတင်တွေက အဲ့လို မဟုတ်ဘူး၊ အမည်-၊ မွေးသက္ကရာဇ်၊ အရပ်၊ ဆံပင်အရောင်၊ မျက်လုံးအရောင်-။ ကျား၊မ။ ထုတ်ပေးသည့်နေ့--- သက်တမ်းကုန်ဆုံးသည့်နေ့ (သက်တမ်း ကို သတ်မှတ်ခြင်းက မှတ်ပုံတင်ပါ လူရဲ့ အရွယ် ပြောင်းသွားမှာ မို့ ဆယ်နှစ်တကြိမ် ဓါတ်ပုံပြောင်းပေးခြင်း သာ ဖြစ်တယ်။) ဒါလောက်ပဲ ပြည့်စုံသွားပြီလေ။
    ဒီမှာ မှတ်ပုံတင်ကို ကြည့်လိုက်ရင် ဘယ်နိုင်ငံသား ဆိုတာ (ဖေါ်မပြဘဲ) သိနိုင်တယ်။ လူမျိုး၊ ဘာသာ ထည့် မထားတော့- သူ့လူမျိုး ငါ့လူမျိုး ငြင်းခုံ ရန်ဖြစ်သွေးကွဲနေစရာ မလိုတော့ဘူး။ သူ့ဘာသာ ငါ့ဘာသာလည်း ပြောနေစရာ မလိုတော့ဘူး။ မှတ်ပုံတင် ကိုင်ဆောင်ထားသူ တစ်ဦးက အရည်အချင်း ရှိလို့ လူကြီး ဖြစ်လာရင် လည်း ဘာလူမျိုးပဲ၊ ဘာ ဘာသာပဲ ငြင်းနေဘို့ မလိုတော့ဘူး။ ဘယ်သူ ဖြစ်ဖြစ် ငါတို့ နိုင်ငံသားပဲ ဆိုတဲ့ အသိကို ၀င်စေပါတယ်။ (နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ညစ်ပတ်မှုနဲ့ ဘာသာရေး၊ လူမျိုးနွယ်ကို ဖေါ်နိုင်တယ်- ဒီလို အရာများကို ပြင်းထန်စွာ အရေးယူမယ့် ဥပဒေများနဲ့ တားမြစ်ပေးရမှာ ဖြစ်ပါတယ်။)
    လက်ရှိကမ္ဘာကြီးက ခွဲထွက်ဘို့ထက် ပူးပေါင်းဘို့ကိုပဲ နည်းမျိုးစုံနဲ့ ကြံစည်နေပါတယ်။ ဥပမာ- အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ တို့ကို ကြည့်ပါ။ သူတို့ဟာ သမိုင်းမှာ မဟာရန်သူကြီးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရန်စ ကြီးလွန်းလို့ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်များ ထိ ဖြစ်ခဲ့ရတယ်။ ဒီနေ့မှာ European Union ဆိုပြီး ပူးပေါင်းနေတယ်၊ ကွဲသွားတဲ့ အာရဗ်တွေ အာရဗ်လီဂ် ဆိုပြီး ပေါင်းနေတယ်၊ အာဖရိကတိုက်မှာ အာဖရီကန် ယူနီယံ ဆိုပြီး တည်ဆောက်နေတယ်၊ ပြန့်ကျဲနေတဲ့ အရှေ့တောင် အာရှက အာဆီယံ ဆိုပြီး စုစည်းနေတယ်။ ဒီလို စုစည်းနေတဲ့ခေတ်ကာလကြီးမှာ ကျွန်တော်တို့ နိုင်ငံ ကျဉ်းကျဉ်းလေးက ထပ်မံ ကွဲရဦးမယ် ဆိုရင် သမိုင်း နောက်ပြန်ဆွဲနေမှုသာ ဖြစ်ပါတယ်။
    သမိုင်းနောက်ပြန်ဆွဲလွန်းလို့ အခုထိ လူ့အခွင့်အရေး မရသေး လူကို လူလို့ မမြင်တတ်သေးတာ- နောက်ထပ် ထပ်ကွဲရင် ပိုဆိုးလာပါလိမ့်မယ်။ နောက်ဆုံး လူတစ်မျိုးခြင်းစီ တိမ်ကော ပပျောက်သွားပါတော့မယ်။
    အကောင်းဆုံးက အမေရိကန်ရဲ့လက်ရှိ အနေအထားကို အတုယူသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
    မိတ်ဆွေ အနေနဲ့လည်း မိတ်ဆွေရဲ့ အမြင်သဘောထားများကို ပြန်လည်ဆွေးနွေးနိုင်ပါတယ်။
    လေးစားလျှက်
    ဌေးလွင်ဦး

Comment ရေးရန်

Rohingya Exodus