နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ကျဉ်းကိစ္စ အစိုးရ ကတိပျက်မှု FIDH ရှုတ်ချ

အင်းစိန် အကျဉ်းထောင်ရှေ့။

ကျော်ကျော်သိန်း
10.1.2014

၂၀၁၃ နှစ်ကုန်ကျရင် မြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မ ရှိစေ ရ ပါဘူးလို့ ကတိ ပေးခဲ့တာကို သမ္မတ ဦးသိန်းစိန် မတည် ခဲ့ဘူးလို့ ထိပ်တန်း လူ့အခွင့် အရေး အဖွဲ့တွေ က ဝေဖန်လိုက် ပါတယ်။ အရင် အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် နိုင်ငံရေး ပုဒ်မလို့ သတ်မှတ်ကြတဲ့ပုဒ်မတွေနဲ့ချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေကို ပယ်ဖျက် ပေးခဲ့ပေမဲ့ လည်း တခြားပုဒ် မတွေ ကြောင့် ဆက်ပြီး အကျဉ်း ကျဆဲ ဖြစ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေ တုန်းပဲလို့ နိုင် ငံရေးအကျဉ်းသား အရေး လုပ်ဆောင်နေသူ တစ်ဦးက လည်းပြော ပါတယ်။ အပြည့်အစုံ ကိုကိုကျော်ကျော်သိန်းက ဆက်ပြော ပြပါမယ်။

၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွေမှာသမ္မတ ဦးသိန်းစိန် က ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်တွေ ထုတ်ပြန်ပြီး လွှတ်ပေး တာတွေ ရှိခဲ့ ပေမဲ့လည်း လွတ်လာသူ တွေထဲမှာ နိုင်ငံရေး အကျဉ်းသားက နည်းနည်းပဲ ပါပြီးတော့ ရာဇ၀တ် ပြစ်မှုတွေနဲ့ အကျဉ်း ကျသူက အများစု ဖြစ်နေတယ် ဆိုပြီးတော့ ပြင်သစ် အခြေစိုက် လူ့အခွင့် အရေး အဖွဲ့ဖြစ်တဲ့ FIDH နဲ့ ဒေသတွင်း အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားတဲ့ အဖွဲ့ ALTSEAN Burma တို့က ဝေဖန် ထားတာပါ။

ဒါဟာ လက်ခံ နိုင်ဖွယ် မရှိဘူးလို့ ယူဆတဲ့ အကြောင်း FIDH အဖွဲ့က အရှေ့တောင် အာရှရေးရာ ဆိုင်ရာ အကြီး အကဲ အန်ဒရေရာ ဂျော်ဂျက်တာ (Andrea Giorgetta) က ဗွီအိုအေကို ပြောပါတယ်။

“သုံးနှစ် နီးပါး ကြာတဲ့ အထိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မြန်မာ နိုင်ငံက နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို လွှတ် မပေးသေး ပါဘူး။ အထူး သဖြင့် ကျနော်တို့ စိုးရိမ် တာက နိုင်ငံရေး အကျဉ်းသား တွေကို စွဲချက်တင် ချမှတ် ထားတဲ့ ပုဒ်မတွေ အားလုံး ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ ပေမဲ့လည်း မြေယာ သိမ်း ဆည်း မှုတွေ အပေါ် ကန့်ကွက် ဆန္ဒပြတဲ့ တက်ကြွ လှုပ်ရှား သူတွေ အနေနဲ့ ရာဇ၀တ် ပြစ်မှု ဆိုင်ရာ ပုဒ်မ အမျိုးမျိုးနဲ့ စွဲချက်တင် ခံရမယ့် အရေး ရင်ဆိုင် နေရ ပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်း သားတွေ အပေါ် ချမှတ် ခဲ့တဲ့ ပုဒ်မတွေ ကနေ လွတ်ငြိမ်း ခွင့်ပြုခဲ့ ပေမဲ့လည်း တက်ကြွ လှုပ်ရှားသူ တွေကို စွဲချက် တင်ဖို့ တခြား ရာဇ၀တ်ကြောင်း ဆိုင်ရာ ပုဒ်မတွေ အသုံးပြု နေဆဲ ရှိတာကြောင့် ဒီကိစ္စက အတော် အရေးကြီး ပါတယ်။”

ဒါကြောင့်လည်း ဖိနှိပ် ချုပ်ခြယ်တဲ့ ဥပဒေတွေ အားလုံးကို လွှတ်တော်က ဖျက်သိမ်း ပေးရေး အတွက် သမ္မတ ဦးသိန်းစိန် အနေနဲ့ လက်တွေ့ ကျကျ ဦးဆောင် လုပ်ဖို့နဲ့ အကယ်၍ လွှတ်တော်က ဘာမှ မလုပ် ခဲ့ဘူး ဆိုရင်လည်း သမ္မတ ဦးသိန်းစိန်က အမိန့် ထုတ်ပြန်ပြီး ဖိနှိပ်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်သိမ်း သင့်တယ်လို့ FIDH က တိုက်တွန်း ပါတယ်။

ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိ စစ်ရေး ကော် မတီ အနေနဲ့ မဟုတ်ပေမဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ကိုယ်တိုင် ပါဝင် ဖွဲ့စည်း ထားတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ ကတော့ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်း သားတွေ ဆက်ပြီး ရှိနေ သေး တယ်လို့ သတ်မှတ် ထားတဲ့ အကြောင်း စိစစ်ရေး ကော်မတီဝင် တစ်ဦး ဖြစ်သူ ကိုရဲအောင်က ဗွီအိုအေ ကို ပြောပါတယ်။

"ကျနော်တို့ စာရင်း အရ ဆိုရင် တင်ပြ ထားတဲ့ စာရင်းအရ ၃၃ဦး ကျန်ပါ သေးတယ်။ ကော်မတီက သတ် မှတ် ထားတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ ဒီလူတွေ အကုန်လုံးက နိုင်ငံရေး ပုဒ်မတွေ ပါတယ်။ ဒါကြောင့်မို့ ဒီလူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသား အဖြစ် ကော်မတီက နောက်ဆုံး အကြိမ်မှာ ကျနော်တို့ ဆွေးနွေး ကြပါတဲ့ အခါမှာ တချို့ဟာ တွေက ရာဇဝတ် ပုဒ်မတွေနဲ့ ရှိနေတဲ့ အတွက် ဒီနှစ် အ ကုန်မှာ နိုင်ငံရေး ပုဒ်မအရ ရှင်းပေး ပြီးတော့ ကျန်တာတွေ ကိုဆွေးနွေးဖို့ အတွက် တင်ပြပေးမယ် လို့တော့ ကော်မ တီ ဥက္ကဋ္ဌက ပြောသွား ပါတယ်။ ပြောသွားတဲ့ အတွက်ကြောင့် ကျနော် တို့က ဒီဟာ ကို စောင့် ကြည့် နေ တယ်။ စောင့်ကြည့် နေတာမှာ အခု အချိန် အထိ ဒီလူတွေကို လွှတ်ပေးတာ မတွေ့ရ ပါ ဘူး။ "

လက်ကျန် နိုင်ငံရေး အကျဉ်း သား စိစစ်ရေး ကော်မ တီဟာ ဆက် တည် ရှိနေမှာ ဖြစ်တယ်လို့ ၀န်ကြီး ဦးစိုး သိန်းကပြော ထားပြီး အခုနှစ်ဆန်းပိုင်း မှာကော်မတီ အစည်းအဝေး လုပ်ဖို့ အကြောင်း ကြား ထားခဲ့ပေ မဲ့ နှစ် ကြိမ် တိုင် ရွှေ့ဆိုင်း ပြီးတဲ့နောက် အစည်း အဝေး ဘယ်တော့ လုပ်မယ် ဆိုတာကို ဘာမှ မသိ ရ သေး ဘူး လို့ ကိုရဲအောင်က ပြောပါတယ်။

"၁၂ ရက် ပြောင်းလဲ ပြီးတဲ့ အခါ ကျတော့ ကျနော် တို့ကို ၉ ရက်နေ့မှာ အကြောင်းကြား ပါတယ်။ အစည်း အဝေးကို ၁၂ ရက်နေ့ ရွှေ့ဆိုင်း လိုက်ပြီ ဆိုတာ အကြောင်းကြား ပါတယ်။ ဘာကြောင့် ရွှေ့ဆိုင်းတယ်။ ဘယ်တော့ လုပ်မယ် ဆိုတာလည်း မပြောဘူး။ ကျနော်တို့ အနေနဲ့က ဒီအစည်း အဝေး လုပ်မှပဲ လက် ကျန် နိုင်ငံရေး အကျဉ်း သားတွေ ကိစ္စ ပြောဆို ဆွေးနွေး ရမှာ ဖြစ်တယ်။ အခုက ကျနော် တို့က ဘာ မှ ပြောဆို ဆွေးနွေးဖို့ နေရာ မရှိဘူး ဖြစ်နေတယ်။ အစည်း အဝေး လုပ်မယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင် ဘာမှ တိတိ ကျကျ မသိရဘူး ဖြစ်နေတယ်။"

သမ္မတ ဦးသိန်းစိန်က အမိန့် ခေါင်းစဉ် အမျိုးမျိုးနဲ့ အကျဉ်းသား တွေကို လွှတ်ပေးလို့ လွတ်တဲ့ထဲ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာတိုင်းမှာ နိုင်ငံ တကာက အများ အားဖြင့် ချီးကျူး ပြောဆို ကြပြီး အခုဆိုရင် ကိုရဲအောင် တို့က ပြောနေတဲ့ ကျန်နေ သေးတယ် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကို မြန်မာ့ အရေး စိတ်ဝင်စားတဲ့ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်း ကြီးတွေက မပြော သလောက် ဖြစ်နေ ပါပြီ။ ဒါကြောင့် လည်း နိုင်ငံတကာ အသိုင်း အ၀ိုင်း အနေနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြောဆိုတဲ့ အချိန် တိုင်းမှာ နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးဖို့ ကိစ္စကို ဆက်ပြီးတော့ ဦးစားပေး ထည့်သွင်း ဆွေးနွေး သင့်တယ် လို့ လူ့အခွင့် အရေးအဖွဲ့ FIDH က တိုက်တွန်း ပါတယ်။

Comment ရေးရန်

Rohingya Exodus