နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ ယာယီ တာဝန်ခံက သစ်ခုတ်သည့် လူငယ်နှစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်



Rohingya Eye
RB News
24.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဆီရာဇ် (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၂၃ နှစ်) နှင့် မာမတ်ဝါရဲစ် (ဘ) ဦးဒေါလ္လာ (အသက် ၂၇ နှစ်) တို့သည် ဇန်န၀ါရီလ (၁၆) ရက်နေ့က ကျီးကန်းပြင် ကျေးရွာ အနီးရှိ တောင်တွင် သစ်ခုတ်ရန် သွားခဲ့သည်။ ၎င်းတို့သည် တောင်ပေါ်တို့ မတက်မှီ သစ်တောဦးစီးဌာနသို့ အခွန်ငွေ ပေးသွင်းပြီး နေ့စဉ် သစ်ခုတ်ယူ၍ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဆင်းရဲသား လူငယ်များ ဖြစ်သည်။ 

ယင်းနေ့တွင် ၎င်းတို့သည် သစ်ခုတ်ပြီး နေအိမ်သို့ ပြန်ရောက်သည့် အခါ ယခင် ရာအိမ်မှူးဟောင်း၊ ယခု ယာယီ ကျေးရွာ တာဝန်ခံ ဦးမုစ်တော်ဗီစ် (အသက် ၃၅ နှစ်) နှင့် ၎င်း၏ လက်ထောက် နှစ်ဦး ဖြစ်သည့် ဦးမော်ဂျီအုလ္လာ (အသက် ၃၇ နှစ်) နှင့် ဦးဟူဆောင်း (ခ) ရှိခူး (အသက် ၃၁ နှစ်) တို့ ရောက်ရှိလာပြီး၊ “မင်းတို့ ဒီနေ့ ခုတ်ယူလာတဲ့ သစ်တွေက ကျွန်းသစ်တွေ ဖြစ်တယ်၊ ငါတို့ ရဲစခန်းကို သွားတိုင်မယ်” ဟု ခြိမ်းခြောက်၍ ဆင်းရဲသား နှစ်ဦး ထံမှ ငွေကျပ် နှစ်သိန်းစီ၊ စုစုပေါင်း ငွေကျပ် လေးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ငွေညှစ်ခံရတဲ့ ဆင်းရဲသား လူငယ် နှစ်ယောက်ကတော့ အလွန်ကို မကျေမနပ် ဖြစ်နေကြတယ်။ ဒါပေမယ့် ငွေမပေးရင် ထောင်ကျခံရမယ်၊ ရိုက်နှက်ခံရမယ် အဲဒါတွေ ရှိနေတယ် ဆိုတော့ ငွေနှစ်သိန်းစီ ပေးပြီး ရှင်းလိုက်တာပါ။ အခု ယာယီ တာဝန်ခံက အမြဲတမ်း တာဝန်ခံ မဖြစ်ခင် ရွာသားတွေကို ဒီလို မတရားလုပ်နေမယ် ဆိုရင် သူ့ရဲ့ သက်တမ်း တစ်လျှောက်လုံးမှာ မဟုတ်မမှန် စွပ်စွဲမှု၊ မတရားသဖြင့် လုပ်ကြံမှုတွေ ခံစားရမှာကို ရွာသားတွေက အလွန်ကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးကောက်ပွဲ တစ်ခု အမြန်လုပ်ပေးပြီး၊ ရပ်ရွာအတွက် အကျိုးရှိမယ့် လူကောင်းလူမွန် တစ်ယောက်ကို ရွေးချယ်ပေးဖို့ ကျွန်တော်တို့ ရွာသားတွေ အားလုံးက တောင်းဆိုပါတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus