နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေမှူး ဖလား ဘောလုံးပွဲ ဗိုလ်လုပွဲတွင် ရခိုင်အသင်းက တစ်ဖက်အသင်းကို အနိုင်ကျင့် ကစား



MYARF
RB News
22.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် နယ်မြေ အသီသီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) များက ရဲမှူး (နယ်မြေမှူး) ဖလားဟုဆိုကာ ဘောလုံးပွဲ ကျင်းပခဲ့သည်။ 

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေအပိုင်တွင် ကျေးရွာအုပ်စု ၂၄ အုပ်စု ရှိသည်။ ယင်း ၂၄ အုပ်စုမှ ဘောလုံး ၂၄ သင်းဖြင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘောလုံးပွဲများ ကျင်းပခဲ့သည်။ အစပိုင်းတွင် ဘောလုံးပွဲများကို ဂူတာပြင် ကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သော်လည်း ဘောလုံး အသင်း ၂၄ သင်းမှ တစ်သင်းတည်း ရခိုင်အသင်း ဖြစ်သော အထက်ကျွဲကြိုမော် ကျေးရွာ (ညောင်ချောင်း ရခိုင်ရွာ) အသင်း၏ ကန့်ကွက်မှုဖြင့် ဘောလုံးပွဲများကို ညောင်ချောင်း နယ်မြေစခန်း၏ အနောက်ဘက် လယ်ကွင်းသို့ ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။ 

အစပိုင်းတွင် ဒိုင်လူကြီးနှင့် ဘေးဒိုင်များကို ယင်းနယ်မြေပိုင်နက်ရှိ အားကစား သမားဟောင်းများက ဆောင်ရွက်သွားသော်လည်း အထက်ကျွဲကြိုမော် ကျေးရွာအသင်း၏ ကန့်ကွက်မှုကြောင့် ဘူးသီးတောင် မြို့ပေါ် ရပ်ကွက်ပမှ ရခိုင်လူမျိုး အားကစားသမားများကို ခေါ်၍ ဒိုင်လူကြီးနှင့် ဘေးဒိုင်များ အဖြစ် တာဝန်ပေး၍ ကျင်းပခဲ့သည်။ 

နောက်ဆုံးတွင် အထက်ကျွဲကြိုမော် အသင်းနှင့် ကကျဘက်ကံပြင် ကျေးရွာအသင်းတို့ ဗိုလ်လုပွဲ တက်ခဲ့သည်။ ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် ဗိုလ်လုပွဲကို ကျင်းပရာ ကကျဘက်ကံပြင် ကျေးရွာ အသင်းမှ ပွဲစပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်၍ ဂိုးသွင်းခဲ့သည်။ ဒိုင်လူကြီးနှင့် ဘေးဒိုင်များက ဂိုးသတ်မှတ်သော်လည်း အထက်ကျွဲကြိုမော် အသင်း၏ တိုက်စစ်မှူး၊ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှလှ၏ ညီ၊ ရခိုင်အစွန်းရောက် ဦးရွှေမောင်၏ စတုတ္တမြောက်သား ကျောနံပါတ် (၁၁) က ဒိုင်လူကြီးကို ဆဲဆို၍ ဂိုးမပေးနိုင်ဟု ကန့်ကွက်ခဲ့သောကြောင့် ဒိုင်လူကြီးက ပွဲကြည့်စင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် တိုင်ပင်၍ ဂိုးမပေးတော့ဘဲ ပွဲက အစမှ ပြန်လည် စခဲ့သည်။ 

ပြန်လည် ကစားသည့်ပွဲ ဒုတိယပိုင်း ၁၅ မိနစ်ခန့် အကြာတွင် ကကျဘက်ကံပြင် ကျေးရွာအသင်းက နောက်ထပ် ဂိုးသွင်းပြီး တစ်ဂိုး၊ ဂိုးမရှိဖြင့် ကစားရာ အထက်ကျွဲကြိုမော် အသင်းက အုပ်ချုပ်ရေးမှူး ဦးလှလှ လူစားဝင်လာပြီး၊ တစ်ဖက်အသင်းမှ ဘောလုံးသမားများကို လက်သီးဖြင့် ထိုးကြိတ် ခြေထောက်ဖြင့် ကန်ကျောက်၍ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သည့် အပြင် ၎င်းက “ကုလားတွေကိုသတ်၊ ခြေထောက်ကျိုးအောင် ကန်ကျောက်၊ ကုလားတွေကို သတ်ရင် ဘာမှ မဖြစ်ဘူး၊ သတ်၊ ရိုက်” ဟု အော်ဟစ်၍ အသင်းသားများကို တိုက်တွန်း အားပေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးလှလှက ရိုင်းစိုင်းစွာ ဆဲဆို ရန်ရှာသည်ကို ပွဲကြည့်စင်ပေါ် ထိုင်၍ ပွဲကြည့်နေသည့် ဘောလုံးပွဲ ကျင်းပသူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) က ကြားသိသော်လည်း ကြမ်းတမ်း ရိုင်းစိုင်း၍ ရန်ရှာနေသည်ကို သတိပေးခြင်းဖြင့် ပွဲမထိန်းပေးဘဲ လက်ပိုက် ကြည့်နေခဲ့သည်။ ထိုကဲ့သို့ ကြမ်းတမ်းစွာ ကစားခြင်းကို ဒိုင်လူကြီးက ပြစ်ဒဏ်ပေးခြင်းလည်း မရှိခဲ့ဟု ဘောလုံးပွဲ ကြည့်ခဲ့သူများက ပြောပါသည်။ 

၎င်း၏ ကြမ်းတမ်းစွာ ကစားမှုကြောင့် ကကျဘက်ကံပြင် အသင်းမှ ဘောလုံးသမား (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ကွင်းထဲမှ လမ်းလျှောက်၍ပင် မထွက်နိုင်တော့သည့် အနေအထားသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။ ပွဲပြီးဆုံးရန် မိနစ်ပိုင်း အလိုတွင် ဦးလှလှက ကကျဘက်ကံပြင် အသင်းမှ ခံစစ်မှူး ကျောနံပါတ် (၃) ကို မနိုင်၍ လက်သီးဖြင့် ထိုးခဲ့သည်။ ထိုသို့ လက်သီးဖြင့် ထိုးနေသည်ကို ဒိုင်လူကြီးက ပြစ်ဒဏ် သတ်မှတ် ပေးခြင်း မရှိသည့်အပြင် ကကျဘက်ကံပြင် အသင်းကို ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့သည်။ ထိုသို့ ဗြောင်ကျကျ လိမ်လည်နေသည်ကို ကကျဘက်ကံပြင် အသင်းမှ သည်းမခံနိုင်တော့၍ ဆက်လက် မကစားတော့ပဲ ကွင်းထဲမှ ထွက်သွားခဲ့သည်။ 

ထို့နောက် ဒိုင်လူကြီးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) တို့က အထက်ကျွဲကြိုမော် အသင်းကို အနိုင်ပေး၍ ပထမဆု ချီးမြှင့်ခဲ့သည်။ ရဲမှူး၏ ရှေ့မှောက်တွင် ဒိုင်လူကြီးက ဗြောင်ကျကျ လိမ်နေသည့်အပြင် ရခိုင် ဘောလုံးသမား များကလည်း ပြိုင်ဘက် အသင်းသားများကို လက်ဝှေ့ပွဲ ကဲ့သို့ လက်သီးဖြင့် ထိုးကြိတ်၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းများ ပြုလုပ်နေသည်ကို ရဲမှူးက မည်သို့မျှ ဟန့်တားခြင်း၊ သတိပေးခြင်း မရှိခဲ့ပေ။ အကယ်၍ ပြိုင်ဘက် အသင်းက ရခိုင်အသင်းကဲ့သို့ ပြန်လည် ကြမ်းတမ်းမည် ဆိုပါက ယင်းဘောလုံးပွဲမှ လူမျိုးရေး ပဋိပက္ခပင် ဖြစ်နိုင်ဖွယ် ရှိခဲ့သည်။ ကကျဘက်ကံပြင် အသင်းက ပြဿနာ မလိုလား၍ ၎င်းတို့ အရှုံးပေး ထွက်ခဲ့ခြင်း ဖြစ်သည်။ 

ကြမ်းတမ်းစွာ ကစားခြင်းဖြင့် ပြဿနာ ဖြစ်နိုင်သည်ကို စဉ်းစား၍ ရဲမှူးက ဘောလုံးပွဲကို ထိန်းပေးရန် တာဝန်ရှိသော်လည်း ရဲမှူးက ပွဲကို ထိန်းမပေးခဲ့ခြင်းမှာ ကြမ်းတမ်းစွာ ကစားခဲ့သည့် ရခိုင်အသင်းကို အားပေးခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ ဆန္ဒမှာလည်း ရခိုင်အသင်းကိုသာ အနိုင်ပေးရန် ဖြစ်နိုင်သည်ဟု ပွဲကြည့် ပရိသတ်များက ဝေဖန် သုံးသပ်ကြသည်။

Comment ရေးရန်

Rohingya Exodus