နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးရှဥ့်ကျမှ ဈေးမှ ဆိုင်ခန်းများကို စစ်သားများက ဖျက်ဆီး လုယက်လိုက်သောကြောင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေ

Rohingya Eye
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျကျေးရွာရှိ ဈေးမှ ဆိုင်ခန်းများကို စစ်သားများက ဖျက်ဆီး၍ လုယက်လိုက်သောကြောင့် ဒေသခံ ရွာသားများ စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ အောက်တိုဘာလ (၂၄) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် စစ်သားများ ၀င်ရောက်လာပြီး၊ နေအိမ်အချို့ကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်များရှိ ဆန်အိတ်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အားလုံး ဖျက်ဆီးခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးဂူရာမျာ (ဘ) ဦးဒူဒူမျာနှင့် ဦးအီဆုပ် (ဘ) ဦးအဒူဇော်ဘောရ်တို့၏ နေအိမ်များကို စစ်ဆေးစဉ် အိမ်တံခါးများ၊ ပြတင်းပေါက်များ၊ အိမ်သုံးဗီဒိုများပါ ဖျက်ဆီးခဲ့သည်။ 

ထို့နောက် စစ်သားများ ပြန်သွားစဉ် စပါးရိတ်သိမ်းနေသော ဦးလာလ်မာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၆၅ နှစ်)၊ ဦးအာဘူအာမတ် (ဘ) ဦးဒူဒူမျာ (အသက် ၆၀ နှစ်) နှင့် အဒူဟိုင်ရ် (ဘ) ဦးရှော်မူလုခ် (အသက် ၁၈ နှစ်) တို့ကို တွေ့ရှိပြီး စစ်သားများက သေနတ်နှင့်ထု၍ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် အသက် (၆၅) နှစ် အရွယ် ဦးလာလ်မာမတ်၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ကျေးရွာတွင် ရွာသားများ မှီခိုအားထားရသည့် ဈေးငယ်တစ်ခုရှိပြီး လွန်ခဲ့သည့် အပတ်က စစ်တပ်နှင့် န.တ.လ ရွာသားများ ပူးပေါင်းကာ ဆိုင်ခန်းများကို ရိုက်ချိုး၍ ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့သောကြောင့် ဒေသခံ ရွာသူရွာသားများက စားကုန်ပစ္စည်းများ ရရန် အခက်ကြုံလျက် ရှိသည်။ 

ရွာသားတစ်ဦးက “စစ်တပ်က အသွားအလာ ပိတ်ဆို့ထားတယ်၊ ရွာမှာ စားကုန်ပစ္စည်းလည်း မရှိတော့ဘူး။ ဆီတစ်ပိဿာ ငါးထောင်နဲ့ ၀ယ်သုံးနေရတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲ လုံးဝ မရတော့ဘူး။ ဆန်လည်း လုံလုံလောက်လောက် မရှိဘူး။ မကြာခင် ကလေးငယ်တွေမှာ အာဟာရ ချို့တဲ့သွားနိုင်တယ်” ဟု ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus