နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ် ကော်မရှင်က မောင်တော၌ စစ်ဆေးနေစဉ် ပြည်နယ် ၀န်ကြီးချုပ်က မီးရှို့ခံရသည့် မြေနေရာကို အစိုးရက သိမ်းလိုက်ပြီဟု ပြောကြား

MYARF
RB News
February 13, 2017

မောင်တော ။ ။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစားကျေးရွာသို့ ရောက်ရှိလာပြီး၊ ဓါးကြီးစား၊ ရေခပ်ချောင်းခွဆုံ၊ သူဦးလာ၊ ပွင့်ဖြူချောင်း၊ မြောတောင်နှင့် ကျားခေါင်းတောင် ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများကို စစ်ဆေးခဲ့ပြီး၊ ပြည်နယ် ၀န်ကြီးချုပ်က မီးရှို့ခံရသည့် နေရာများကို အစိုးရက သိမ်းလိုက်ပြီဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှေးဦးစွာ ကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ကော်မရှင်ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လုံခြုံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဒေသခံများအနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် မိမိတို့ကိုယ်တိုင် အေးအေးချမ်းချမ်း နေထိုင်ရန်၊ အကြမ်းဖက် သောင်းကျန်းသူများကို မိမိတို့ရပ်ရွာများတွင် နေထိုင်ခွင့် မပြုရန်၊ အကယ်၍ ရောက်လာပါက စစ်တပ်နှင့်ပူးပေါင်း၍ ဖမ်းဆီးပေးရန်၊ မဖမ်းပေးလျှင် ၎င်းတို့ကြောင့် ရွာသားများလည်း ဒုက္ခခံရမည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင်လည်း စစ်တပ်က အကြမ်းဖက်သမားများကို ဖြိုခွဲနှိမ်နင်းနေစဉ် ရွာသားအချို့ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက မင်းတို့အတွက် ပြည်နယ်အစိုးရက ဒုက္ခသည်စခန်း ဆောက်ပေးရန် စီစဉ်နေသည်ဟု ပြောကြားရာ နေအိမ်မီးရှို့ခံခဲ့ရသော ဒေသခံအမျိုးသမီးတစ်ဦးက မိမိတို့၏ မူလနေရာများတွင်သာ ပြန်လည်နေထိုင်လိုသည်ဟု တင်ပြခဲ့သည်။ ဦးညီပုက မီးလောင်ခံရသည့်နေရာများကို အစိုးရက သိမ်းဆည်းလေ့ရှိသောကြောင့် မင်းတို့မြေတွေကိုလည်း သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခင်နေရာများတွင် ပြန်လည်နေထိုင်ခွင့် မရှိကြောင်း၊ အစိုးရက စီစဉ်ပေးသည့် နေရာတွင်သာ နေရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စု တစ်စုမှ ဒေသခံ ၆ ဦးစီ၊ အုပ်စု ၆ စုမှ ဒေသခံ ၃၆ ဦးကို ရွေးယူကာ တစ်ဦးကို တစ်နေရာစီ သီးခြားခေါ်သွားပြီး ကော်မရှင်အဖွဲ့က တစ်နာရီကျော် စစ်ဆေးခဲ့သည်။ ထိုသို့ အုပ်စု ၆ စုကို စစ်ဆေးရာတွင် ညနေ နေ၀င်ချိန်ထိ စစ်ဆေးရကြောင်း ဒေသခံများက RB News သို့ပြောသည်။ စစ်ဆေးစဉ် ဘာသာပြန်အဖြစ် ရိုဟင်ဂျာစကား ပြောဆိုတတ်သော ရခိုင်လူမျိုးများကို အသုံးပြုခဲ့သည်။

ဒေသခံများ ပြောသည့်အတိုင်း ဘာသာပြန်ပေးသူ ဘာသာမပြန်ဘဲ၊ စစ်ဆေးသူကလည်း ၎င်းတို့ အလိုအကျအတိုင်း ရေးခဲ့ကြောင်း ဒေသခံအချို့က ဝေဖန် ပြောဆိုနေကြသည်။

စစ်ဆေးခံရသူများထဲတွင် ဓါးကြီးစားကျေးရွာမှ ဦးဟူစိန်းအာမတ်ဆိုသူက ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သဖြင့် ဘာသာပြန် မလိုအပ်ဘဲ တိုက်ရိုက် ပြောဆိုနိုင်ခဲ့သည်။ ၎င်းက စစ်သားများက နေအိမ်များကို လောင်ချာဖြင့် ပစ်၍ မီးရှို့ခဲ့ကြောင်း၊ ရွာသားများကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြောဆိုခဲ့ရာ၊ စစ်ဆေးသူက စစ်သား၏ အမည်၊ တပ်ရင်း၊ မည်သည့်နေရာက မည်သည့်အိမ်၊ ကိုယ်တိုင် မြင်/မမြင် များကို အသေးစိတ် မေးမြန်းခဲ့သည်။ ဦးဟူစိန်းအာမတ်က မိမိကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း၊ မိမိ၏ အိမ်လည်း မီးရှို့ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ဆေးသူက ၎င်း၏ ပညာအရည်အချင်းကို မေးမြန်းရာ ၎င်းက ဘွဲ့ရဟု ဖြေကြားခဲ့သည်။ စစ်ဆေးသူများက အနီးအနားရှိ ပညာမဲ့တစ်ဦးကို ခေါ်၍ ဦးဟူစိန်းအာမတ်၏ ပညာအရည်အချင်းကို မေးမြန်းရာ အဆိုပါ ပညာမဲ့က ဆယ်တန်းဟု ဖြေသဖြင့် စစ်ဆေးသူက ဦးဟူစိန်းအာမတ်ကို “မင်းလူလိမ်၊ ငါ့ကို ဘွဲ့ရလို့ ပြောခဲ့တယ်။ အခုမင်းကို လိမ်လည်မှုနဲ့ တရားစွဲပြီး ထောင်ချမယ်” ဟု ခြိမ်းခြောက်၍ ၎င်းဖြေဆိုခဲ့သမျှ ကြံဖန် လိမ်လည် ဖြေဆိုခဲ့သည်ဟု အတင်းအဓမ္မ ၀န်ခံထွက်ဆိုခိုင်းပြီး ဗီဒီယိုရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကော်မရှင်အဖွဲ့ မရောက်မီ နံနက်စောစော အချိန်ကတည်းကပင် စစ်သားများ ရွာထဲသို့ ၀င်ရောက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus