နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင်မှ အပြစ်မဲ့ ဒေသခံ (၅) ဦးကို စစ်သားများက ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေးထား

Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံ (၈) ဦးကို စစ်သားများက ဖမ်းဆီး၍ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၅) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေး၍ ချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သား ၆၀ ဦးခန့် ပါဝင်သည့် အဖွဲ့ ၀င်ရောက်လာပြီး အဖွဲ့ (၃) ဖွဲ့ခွဲ၍ စစ်ဆေးခဲ့သည်။ ဒေသခံရွာသားများ၏ နေအိမ်အချို့ကို ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ ရွာအတွင်း လှည့်လည် စစ်ဆေးခဲ့သည်။

အဖွဲ့ (၃) ဖွဲ့မှ တစ်ဖွဲ့သည် ငါးမွေးကန်များရှိ တဲများဘက်သို့ သွားရောက်၍ စစ်ဆေးခဲ့ပြီး၊ ငါးမွေးကန်များကို စောင့်ရှောက်ရန် ရောက်ရှိနေသည့် ငါးမွေးကန်ပိုင်ရှင်များ အပါအ၀င် ဒေသခံ (၈) ဦးကို ဖမ်းဆီး၍ အောင်ဇေယျရွာသို့ ခေါ်ဆောင်သွားခဲ့သည်။ နံနက် ၉ နာရီ အချိန်တွင် ဖမ်းဆီးထားသူ (၈) ဦးမှ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ငါးဦးကို စစ်ဆေးရန်ဟု ဆိုကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၌ ချုပ်နှောင်ခံထားရသူများမှာ --

(၁) ဦးမိုဟာမတ်အီဆက် (ဘ) ဦးအာဘူဆူဖီယန် (အသက် ၃၅ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၂) ဦးဖာရုခ် (ဘ) ဦးအာဘူဆူဖီယန် (အသက် ၃၃ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၃) ဦးဟာဖီဇူရာမန် (အသက် ၃၈ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၄) ရှောမ်ရှု (ဘ) ဦးနူရ်အာလောမ် (အသက် ၂၅ နှစ်) - ကျီးကန်းပြင် အနောက်ရွာမှ
(၅) ဦးရှုနာမျာ (ဘ) ဦးဆောယာဒ်အာမတ် (အသက် ၃၅ နှစ်) - ကျီးကန်းပြင် ၀ါးပိတ်ရွာမှ -- တို့ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရာတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၈ နာရီအချိန်တွင် ဖမ်းဆီးခဲ့သည်ဟု လွှဲမှားစွာ ရေးသားထားပြီး၊ ဖမ်းဆီးခံထားရသူများ၏ ရွာများလည်း မှားယွင်းနေသည်ဟု ဒေသခံများက ထောက်ပြသည်။

ထို့အပြင် ၎င်းတို့အား ငါးမွေးကန်ရှိ တဲများမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ကျွဲတပြင် ကျေးရွာဘက်သို့ သွားနေခြင်းမှ ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။




Comment ရေးရန်

Rohingya Exodus