နောက်ဆုံးသတင်း/ဆောင်းပါးများ

စစစ ၏ ငွေညှစ်မှုကြောင့် ဒေသခံတစ်ဦး ပိုင်ဆိုင်မှုများ ထားပြီး တစ်ဖက်နိုင်ငံသို့ သွားရောက် ခိုလှုံ

Rohingya Eye
23.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဆမတန် ငွေညှစ်မှုကြောင့် ဒေသခံတစ်ဦးက ပိုင်ဆိုင်မှုများကိုပင် ပစ်ထား၍ တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာသွားသည်။ 

၂၀၁၇ သြဂုတ်လတွင် မောင်တောမြို့နယ် မြို့ဦးကျေးရွာ (ဧတာလျာ) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဲဖ်ဇူးရာမာန် ကို သတ်ဖြတ်မှုနှင့် ဆက်နွယ်၍ ဧတာလျာရွာမှ ရွာသား (၄) ဦးကို သြဂုတ်လ (၂၂) ရက်နေ့တွင် မသင်္ကာမှုဖြင့် ရွှေဇားကျေးရွာမှ ဖမ်းဆီး၍ ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ထောင်ချခံရသူ (၄) ဦးထဲမှ ဦးအနိုဝါရ် (ဘ) ဦးအဒူရာမာန် (အသက် ၃၀ နှစ်) သည် ၂၀၁၈ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ 

ပြန်လည် လွတ်မြောက်လာသူ ဦးအနိုဝါရ်ထံတွင် မြို့မစည်ပင်သာယာဈေး၌ ကိုယ်ပိုင် အထည်ဆိုင်တစ်ဆိုင်ရှိပြီး၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ဆိုင်ရောင်းပြီး အိမ်ပြန်လာနေစဉ် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ (၂၅) ရက်နေ့ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ထောင်မှ လွတ်လာသူ ဖြစ်ကြောင်း ပြောဆို၍ ထောင်ထွက် ပြသပြီး၊ ၎င်းသည် တိုက်ခိုက်မှုနှင့် မည်သို့မှ ပတ်သက်ဆက်နွယ်နေခြင်း မရှိကြောင်း ရှင်းပြသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲများက လက်မခံဘဲ ငွေကျပ် ၂၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးအနိုဝါရ်သည် နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ ဆိုင်ကို ဆွေမျိုးတစ်ဦးကို အပ်နှံရန် တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 

ဦးအနိုဝါရ်၏ မိတ်ဆွေတစ်ဦးက “လူသတ်မှုမှာ ပါဝင်ပတ်သက်နေမယ်ဆိုရင် ထောင် ၆ လ နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေရင်လည်း ၆ လနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ နှစ်ရှည်ထောင်ဒဏ် ချခံရမှာပဲ။ အခုက ဒေသဆိုင်ရာ အာဏာပိုင်တွေအတွက် စားကွက် တစ်ခု ဖန်တီးထားသလို ဖြစ်နေတယ်။ တဖက်ကနေ ထွက်ပြေးသွားအောင် ဖန်တီးနေတာလည်း ဖြစ်တယ်” ဟု ပြောသည်။ 




Comment ရေးရန်

Rohingya Exodus