နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဦးလှဖေကျေးရွာမှ ရွာသား ၂၂ ဦးကို ထောင်ဒဏ် (၃) နှစ်စီ ချမှတ်

RB News
28.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ သြဂုတ်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံရသူ (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်လိုက်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ဦးလှဖေကျေးရွာအတွင်းသို့ လက်နက်ကိုင် အာဏာပိုင်များ ရောက်ရှိလာပြီး အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၄၉) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ သက်ကြီးရွယ်အိုများနှင့် အသက်အရွယ် ငယ်ရွယ်သူများ (၂၅) ဦးကို ငွေညှစ်၍ ညောင်ချောင်း နယ်မြေစခန်းမှတဆင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်သည့် (၂၄) ဦးကို ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်၍ ပုဒ် ၁၇/၁ နှင့် ၁၇/၂ တို့ဖြင့် တရားစွဲဆိုခဲ့ရာ နောက်ဆုံးတွင် ၁၇/၂ ကို ပယ်ဖျက်ပေးခဲ့သော်လည်း ၁၇/၁ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယနေ့ မတ်လ (၂၈) ရက်နေ့တွင် တရားစွဲဆိုခံထားရသူ (၂၄) ဦးအနက် ဦးအာရော်ဖ်အူလ္လာနှင့် ဦးအီလီယာစ် တို့နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။

“လွှတ်လာတဲ့နှစ်ဦးကတော့ တရားသူကြီးကို တစ်ယောက်က သိန်း (၇၀)၊ နောက်တစ်ယောက် (၇၅) သိန်း ပေးလို့ လွတ်လာတယ်လို့ ကြားတယ်။ ကျန်တဲ့ (၂၂) ယောက်ကိုတော့ ထောင်ဒဏ် (၃) နှစ်စီ ချလိုက်ပြီး အကျဉ်းထောင်ကို ခေါ်သွားလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ထောင်ဒဏ်ချမှတ်ခံရသူ (၂၂) ဦးစလုံးသည် အပြစ်မဲ့များဖြစ်ပြီး၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။




Comment ရေးရန်

Rohingya Exodus