နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
2.4.2014

ရခိုင်ပြည်နယ် အ၀န်းရှိ မြို့နယ်များ အားလုံးတွင် မည်သည့် မွတ်စလင် တစ်ဦး တစ်ယောက်ကမှ မိမိတို့၏ စိတ်ဆန္ဒဖြင့် ဘင်္ဂလီ ဖြည့်ခဲ့ခြင်း မရှိခဲ့ဘဲ၊ မီဒီယာများ ပေါ်တွင် ပြောဆို ရေးသား နေခြင်းမှာ လုပ်ကြံမှုများ ဖြစ်သည်ဟု ဒေသခံ ရိုဟင်ဂျာများက RB News သို့ ပြောသည်။

မြစ်မခ မီဒီယာတွင် “မတ်လ(၃၀)ရက် သန်းခေါင်စာရင်းကောက်ယူသည့် ပထမနေ့၌ စစ်တွေမြို့ အနောက်စံပြရပ်ကွက် ဘာဆာရာကျေးရွာရှိ ဘင်္ဂါလီအများစုသည် လူမျိုးနေရာ၌ ဘင်္ဂါလီဟု စာရင်းပေးခဲ့ကြပြီး” ဟု ယနေ့ ဧပြီလ (၂) ရက်နေ့တွင် ရေးသားခဲ့သည်ကို တွေ့ရှိရသည်။ မတ်လ (၃၀) ရက်နေ့က စစ်တွေမြို့ ဘာဆာရာ ကျေးရွာသို့ စာရင်းကောက်များ ရောက်ရှိလာသည့် အချိန်မှ ထွက်ခွာသွားသည့် အချိန်ထိ ဒေသခံ ရိုဟင်ဂျာများနှင့် RB News က ဆက်သွယ် မေးမြန်းနေခဲ့သည်။ သက်ကြီး အဖွားအို တစ်ဦး၏ အိမ်တွင် မည်သူမှ မရှိဘဲ စာရင်းကောက်များ စိတ်တိုင်းကျ ရေးသား သွားသည်ဟုသာ သိရှိရပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ဖြည့်သွင်းခြင်း မရှိဘဲ၊ ရွာလုံးကျွတ် ရိုဟင်ဂျာ လူမျိုးဟု ပြောသောကြောင့် စာရင်းကောက်များ ထွက်ခွာသွားကြောင်း ဒေသခံများက RB News သို့ ပြောကြားခဲ့သည်။ မြစ်မခ မီဒီယာသည် ရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်ပြီး လုပ်ကြံသည့် သတင်းပေါင်း များစွာကို ရေးသားသည့် သတင်း အေဂျင်စီ တစ်ခုဖြစ်ပြီး၊ Fortify Rights နဲ့ပတ်သက်၍လည်း သတင်းမှား ရေးသားခဲ့သော သတင်းဌာန ဖြစ်သည်။ ယနေ့ ရေးသားထားသည့် သတင်းမှာလည်း မှန်ကန်မှု မရှိဘဲ လုပ်ကြံခြင်းသာ ဖြစ်ကြောင်း ဒေသခံ ရိုဟင်ဂျာ များက ပြောပါသည်။

ထို့အပြင် ယနေ့ ဧရာဝတီ မြန်မာပိုင်းတွင် ဖော်ပြသည့် သတင်းတွင်လည်း ရခိုင်ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က “ပထမတုန်းကတော့ အဲဒီလို ထည့်သွင်းဖို့ကို ငြင်းကြတယ်၊ သေချာ ရှင်းပြတော့မှ လက်ခံ လာကြတာ၊ အခု စစ်တွေမှာ နေ တဲ့ ဘင်္ဂါလီတွေကတော့ ဘင်္ဂါလီလို့ ထည့်သွင်းဖို့ကို သဘောတူကြတယ်၊ ဘင်္ဂါလီတွေ အနေများတဲ့ သဲချောင်း ကျေးရွာတို့၊ ဒုံပြင်(တောင်/မြောက်)တို့၊ ကန်ဒေါ်လီ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်လို့ ရပါတယ်” ဟု ပြောကြား ခဲ့ကြောင်း ရေးသား ခဲ့သည်။ ဦးအောင်မြကျော် ပြောကြားသည် မှာလည်း မှန်ကန်မှု လုံးဝ မရှိဘဲ လိမ်ညာ၍ ပြောဆိုခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ အချို့သော ဒေသခံ ရိုဟင်ဂျာ များကို မေးခွန်း (၁) မှ (၇) ထိ မေး၍ စာရင်းကောက်များ စိတ်တိုင်းကျ လူမျိုးကို ရေးသား သွားခြင်းမျိုးလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။ သို့သော်လည်း မည်သည် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ပြောဆိုခဲ့ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယမန်နေ့က လ.၀.က ညွန်ချုပ် ဦးမြင့်ကြိုင်ကို ဗွီအိုအေ မြန်မာပိုင်းမှ မေးမြန်းရာတွင်လည်း အချို့က ဘင်္ဂလီ ဖြည့်သည်ဟု ပြောဆိုခြင်းမှာ လုပ်ကြံခြင်းသာ ဖြစ်ပြီး၊ မြေပုံမြို့နယ်တွင် ဘင်္ဂလီ မပြောပါက ရေဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်တိုင်၊ မောင်တောမြို့နယ် ရိုဟင်ဂျာဟု ပြောသည့် အတွက် ဒဏ်ရာများ ဆိုးဝါးစွာ ရရှိအောင် ရိုက်သည့်တိုင် မည်သူ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ရေးသားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများကို ဆက်သွယ် မေးမြန်းချက်များ အရ လေ့လာ သိရှိရပါသည်။

RB News
2.4.2014

ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဥပဒေကို လျစ်လျူရှု၍ ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီး သတင်းလွှင့်နေခြင်း တားဆီးပေးနိုင်ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ မတ်လ ၃၁ ရက်နေ့ စာရေးသား ခဲ့သည်။



ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဥပဒေကို လျစ်လျူရှု၍ ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီး သတင်းလွှင့်နေခြင်း တားဆီးပေးနိုင်ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ မတ်လ ၃၁ ရက်နေ့ စာရေးသား ခဲ့သည်။


Rohingya Eye
RB News
1.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ (၂) အပိုင်ရှိ သစ်တောနား ခွဆုံ ကျေးရွာသို့ မြို လူမျိုး အုပ်စု တစ်စု ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အိမ်တစ်လုံးကို မီးရှို့ အကြမ်းဖက်ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက်ခံရသူ များထံမှ စစ်တပ်က ငွေ ၁၄ သိန်းညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၈ ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံ ကျေးရွာ၏ အရှေ့ဘက်ရှိ ဦးရှော်ကတ်အလီ (ဘ) ဦးအမီးရ်နူရ်မာမတ် (အသက် ၃၂ နှစ်) ၏ နေအိမ်ကို မြို ဗုဒ္ဓဘာသာဝင် အုပ်စု တစ်စုက အကြမ်းဖက် မီးရှို့ရန် ကြိုးစား ခဲ့သည်။ အဆိုပါ မြိုအဖွဲ့မှ အကြမ်းဖက်ရန် ကြိုးစား နေစဉ် အိမ်ရှင် ဖြစ်သူက အော်ဟစ် အကူအညီ တောင်းမှုကြောင့် သစ်တောနား ခွဆုံရွာနှင့် နံရားရိုင်ရွာ (ရာဇားဘီလ်) တို့မှ ရွာသားများ ရောက်ရှိ လာသည့်ကြောင့် မီးမရှို့နိုင်ခဲ့ဘဲ ထွက်ပြေး သွားခဲ့ကြသည်။

ထို့နောက် ရွာသားများက ခမောင်းဆိပ် ကျေးရွာ အခြေစိုက် အင်ဂျီနီယာတပ် (ဂျီအီးတပ်) မှ တပ်ရင်းမှူးကို အကြောင်းကြားရာ၊ စစ်သား ၁၀၀ ခန့်ရောက်ရှိ လာပြီး စစ်သားများက ရွာသားများထံမှ တုတ်များကို သိမ်းဆည်း၍ ဆူပူ ကြိမ်းမောင်းပြီး လူစုခွဲ၍ ပြန်သွားခဲ့သည်။ ထို့နောက် မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တပ်ရင်းမှူးက ရွာနှစ်ရွာမှ ရွာသားများကို ဆင့်ခေါ်၍ ရွာသားများကို ပြစ်မှု ကျူးလွန်သူများ ဖြစ်ကြောင်း မဟုတ်မမှန် စွပ်စွဲ၍ အကြမ်းဖက် ခံရသူ ဦးရှော်ကတ်အလီနှင့် နံရားရိုင် ရွာသား ၉ ဦးကို ဖမ်းဆီး ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သစ်တောနားခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရူအစ္စလာမ်နှင့် နံရားရိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒုလ် အာမီးန် တို့က တပ်ရင်းမှူး ထံလိုက်သွားပြီး အပြစ်မရှိသူများကို ဖမ်းဆီး မထားရန် တောင်းပန်၍ ပြောသောကြောင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် ၁၄ သိန်းကို ဧပြီလ (၂) ရက်နေ့ နောက်ဆုံးထားပြီး မပေးပါက ပြန်လည် ဖမ်းဆီးမည်ဟု တပ်ရင်းမှူးက ပြောဆို ခဲ့သောကြောင့် ရွာသားများ စုပေါင်း၍ ငွေကျပ် ၁၄ သိန်း ပေးရန် စီစဉ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

တပ်ရင်းမှူးမှ ဓါးပြ သဖွယ် ငွေညှစ်နေသည့် ငွေကျပ် ၁၄ သိန်းကို အကြမ်းဖက် ခံရသူ ဦးရှောက်ကတ် အလီမှ (၁) သိန်း၊ သစ်တောခွဆုံ ကျေးရွာသားများက (၈) သိန်းနှင့် နံရားရိုင် ရွာသားများက (၅) သိန်း ကောက်ခံ၍ ဧပြီလ (၂) ရက်နေ့တွင် ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။



Rohingya Eye
RB News
1.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်းတွင် ဘင်္ဂလီ ဖြည့်ရန် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၃၁) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ သန်းခေါင်စာရင်း စစ်ဆေးမှု ခံယူရန်၊ သန်းခေါင်စာရင်းတွင် ဘင်္ဂလီဟုသာ ထွက်ဆိုရန် ဆဲဆို ကြိမ်းမောင်း၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ရိုဟင်ဂျာဟု ဖြည့်ချင်သူများသည် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ စာရင်း ပေးသွင်းရန် လိုသဖြင့် စာရင်း ပေးသွင်းရန် ပြောဆိုခဲ့သည်။

ညပိုင်းတွင် ရွာများ၌ လုံခြုံရေး တာဝန်ကို ရွာသားများ တာဝန်ယူခြင်းကို ပိတ်ပင်လိုက်ပြီး ရာအိမ်မှူး များသာ ကင်းစောင့်ရန် ညွန်ကြားခဲ့သည်။ ကင်းစောင့်ရာတွင်လည်း အရေးပေါ် အသုံးပြုရန် တုတ်များ ကိုင်ဆောင်ခြင်းကို ပိတ်ပင်လိုက်ပြီး ညပိုင်းတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာပါက ၎င်းအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ ရွာများသို့ အကြမ်းဖက်ရန် လာနိုင်သည့် အနေအထားမျိုး ရှိသည့် အသွင်သဏ္ဍန်ဖြင့် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။




MYARF
RB News
1.4.2014

မောင်တော ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာဝင် ၈၀ ဦးခန့် လက်နက် အပြည့်ဖြင့် မောင်တောမြို့သို့ ၀င်ရောက်လာကြောင်း မျက်မြင် သက်သေ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက်ခ်နာဖ်မြို့၊ အန်တော်လ္လာ ရှော်လာ ဗုဒ္ဓဘာသာရွာမှ ဘင်္ဂလီ-ရခိုင် ၈၀ ဦးခန့်သည် လက်နက် အပြည့်ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ငရန့်ချောင်း တောင်ကြားလမ်းမှ တဆင့် ၀င်ရောက်လာကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ဘင်္ဂလီ-ရခိုင် များသည် ယနေ့ နေ့လည်ပိုင်းတွင် ရေနောက်ငါးသားရွာမှ တမန်းသား ကျေးရွာသို့ တောင်ကြားလမ်းမှ လာနေစဉ် လမ်းတွင် တမန်းသား ကျေးရွာသား ရိုဟင်ဂျာ တစ်ဦးက တွေ့ခဲ့ပြီး၊ ၎င်းကို ဖမ်းဆီး၍ အကြမ်းဖက်ရန် ကြိုးစားသောကြောင့် ထွက်ပြေးခဲ့ရာ ကံကောင်း ထောက်မ၍ လွတ်မြောက် ခဲ့ကြောင်း RB News သို့ပြောပါသည်။ ၎င်းကို ဖမ်းဆီးရန် လိုက်ခဲ့သူ ၃ ဦးမှာ ဘောင်းဘီတိုများ ၀တ်ဆင်ထားပြီး၊ လက်နက် အပြည့်အစုံ ကိုင်ဆောင် ထားသည်ကို မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

ဒေသခံများ၏ လိုက်လံ စုံစမ်းမှုအရ ၎င်းအဖွဲ့သည် တမန်းသားကျေးရွာမှ ညပိုင်းအချိန်တွင် ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ ရောက်ရှိ၍ ညအိပ်ဖွယ် ရှိပြီး၊ ဗုဒ္ဓဟူးနေ့တွင် မောင်တောမြို့ ပေါ်သို့ ရောက်ရှိမည်ဟု စုံစမ်းသိရှိရကြောင်း၊ ၎င်းအဖွဲ့သည် မောင်တောမြို့ပေါ် သို့မဟုတ် ကျေးရွာ တစ်ခုခုတွင် ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မည်ဟု သတင်း ရရှိထားကြောင်း ခိုင်မာသည့် သတင်း အရင်းအမြစ်မှ သတင်း ရရှိထားသည်ဟု ဒေသခံများက ပြောပါသည်။

တမန်းသား ကျေးရွာသားမှ အဆိုပါ ဘင်္ဂလီ-ရခိုင် အကြမ်းဖက် အဖွဲ့ကို တွေ့ရှိခဲ့ပြီးနောက် တမန်းသား ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ရွာများတွင် ဒေသခံ ရွာသားများက ကင်းအဖွဲ့များ ထူထပ်စွာ ချထားသည်ဟု ဒေသခံများက ပြောပါသည်။



ကိုသားညွန့်ဦး
1.4.2014

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ခံရာမှာ ရိုဟင်ဂျာလူမျိုး အမည် မထည့်ရဆိုတဲ့ အစိုးရရဲ့ ညွှန်ကြားချက်ဟာ ရှိပြီးသား သဘောတူညီချက်ကို သွေဖီတာအပြင်၊ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့လည်း ကွဲလွဲမှုဖြစ်စေတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အခု လူဦးရေသန်းခေါင်စာရင်း ကောက်ခံမှုကို UNFPA ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကနေ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးခဲ့တာပါ။ အခု ရခိုင်မှာဖြစ်ခဲ့တဲ့ အစိုးရညွှန်ကြားချက်ကို UNFPA အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UNFPA ကြေညာချက်မှာ တွေ့လိုက်ရပါတယ်။

ရိုဟင်ဂျာလူမျိုး တပ်မယ်ဆိုရင် သန်းခေါင်စာရင်း ကောက်ခံမှု မလုပ်ဘူးဆိုတဲ့ အစိုးရညွှန်ကြားချက်ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုလုပ်ငန်းတွေကို ထိခိုက်လာမှာ သူတို့ စိတ်ပူမိတယ်လို့ UNFPA ရန်ကုန်ရုံး ပြောခွင့်ရသူ William A. Ryan က ပြောပါတယ်။

“သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ လူမျိုးနေရာမှာ ရိုဟင်ဂျာလို့ အမည်ပေးလိုတဲ့သူတွေကို ခွင့်မပြုဘူးဆိုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ UNFPA အနေနဲ့ အတော်ကြီးကို စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ သဘောတူထားချက်မှာ နိုင်ငံတကာမှာ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေအတိုင်း ဆောင်ရွက်ပါ့မယ်ဆိုပြီး အစိုးရက ကတိပြုထားတာပါ။”

မြန်မာနိုင်ငံမှာ လူမျိုးနွယ်စု ၁၃၅ မျိုးရှိတယ်ဆိုပြီး အစိုးရက သတ်မှတ်ထားတာမို့ အခု သန်းခေါင်စာရင်း ကောက်ခံရာမှာ အဲဒီလူမျိုး ၁၃၅ မျိုးကို အခြေခံ ယူထားတာပါ။ ဒါပေမဲ့လည်း ကိုယ်ဟာ အဲဒီစာရင်းထဲမှာ ပါဝင်တဲ့ လူမျိုးမဟုတ်ဘူးဆိုရင်လည်း၊ မိမိလူမျိုးအမည်ကို အခြားဆိုတဲ့ နေရာမှာ ဖြည့်စွက်နိုင်တယ်ဆိုပြီး သန်းခေါင်စာရင်း မတိုင်ခင်ကတည်းက မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကရော UNFPA ဘက်ကပါ ပညာပေး အသိပေးထားကြတာပါ။

ဒါပေမဲ့လည်း ဒီမတိုင်ခင်မှာပဲ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုတဲ့ မူဆလင်တွေကို လက်ခံ စာရင်းကောက်ယူမယ်ဆိုရင်၊ သပိတ်မှောက်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ဆော်သြမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မူဆလင်တွေအနေနဲ့ ရိုဟင်ဂျာဆိုပြီး ဖြည့်မယ်ဆိုရင် လက်မခံဘဲ၊ ဘင်္ဂါလီဆိုတဲ့ အမည်ပေးမှ စာရင်းလက်ခံဖို့ဆိုပြီး မြန်မာအစိုးရဘက်က ညွန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။ တကယ်တော့ မူလ သဘောတူညီချက်နဲ့ နိုင်ငံတကာ စံနှုန်းစံထားအရကိုက သန်းခေါင်စာရင်း ကောက်ခံရာမှာ လူတိုင်းဟာ သူသုံးစွဲလိုတဲ့ လူမျိုးအမည်ကို ပေးလို့ရတယ်လို့ UNFPA က ပြောပါတယ်။

အခု အစိုးရညွန်ကြားချက်ဟာ ဒီသဘောတူညီမှုကနေ သွေဖီလိုက်တာဖြစ်တယ်လို့ UNFPA ပြောခွင့်ရသူ William Ryan က ပြောပါတယ်။ ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးတင်းမာမှုတွေ ပိုကြီးလာမှာ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

“ရိုဟင်ဂျာလို လူမျိုးအမည် ပြောဆိုမယ့်သူတွေကို မပြောနိုင်အောင် အကြီးတန်း အရာရှိတွေက အခု သန်းခေါင်စာရင်းကောက်ခံမှု မစခင်ကလေးမှာပဲ ကြေညာထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာရဲ့ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေ၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ သဘောတူပြီးသား လုပ်ငန်းစဉ်တွေကနေ အခုလို သွေဖီသွားတဲ့ ကိစ္စအပေါ်မှာ UNFPA ဘက်က အတော်လေးကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီကနေတဆင့် လူမျိုးရေး အကြမ်းဖက်မှုတွေရှိတဲ့ ရခိုင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုပြီး ကြီးထွားလာမှာ၊ သန်းခေါင်စာရင်း ကောက်ခံရာမှာလည်း အများယုံကြည်လက်ခံမှု ထိခိုက်သွားမှာကို စိုးရိမ်မိပါတယ်။”

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ လူ့အသက်တွေကို အကာအကွယ်ပေးဖို့နဲ့ ရိုဟင်ဂျာဆိုပြီး ကိုယ့်ကိုကိုယ် အမည်တပ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ လိုက်နာ အကာအကွယ်ပေးရေးအတွက် အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နိုင်ဖို့ UNFPA အနေနဲ့ မျှော်လင့်ထားတယ်လို့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်စဉ်၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ပြောဆိုခဲ့ကြတာဖြစ်ပြီး လက်တွေ့ လုပ်ဆောင်မှုပိုင်းမှာ UNFPA က အနီးကပ် အကူအညီပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခု UNFPA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာတာဝန်ရှိသူတွေဘက်က သဘောထား တုံ့ပြန်ချက်ရဖို့ ဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။




နေဆန်းလွင်
RB News
1.4.2014

သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လ.၀.က ၀န်ကြီး ဦးခင်ရီ၊ ဒု-၀န်ကြီး ဦးဝင်းမြင့်နဲ့ ညွန်ချုပ် ဦးမြင့်ကြိုင်တို့က ရိုဟင်ဂျာ ကိုယ်စားလှယ် များနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဦးခင်ရီ၊ ဦးဝင်းမြင့်နဲ့ ဦးမြင့်ကြိုင် တို့ကို ရိုဟင်ဂျာ လူမျိုး အမည်ကို ဖြည့်ခွင့် ပေးမလားလို့ အကြိမ်ကြိမ် မေးခဲ့ပါတယ်။ သုံးဦးစလုံးက ဖြည့်ခွင့် ရှိပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒါကို ငြင်းရဲရင် ငြင်းပါ။

သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် လိုအပ်တဲ့ ငွေကြေးကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရဖို့အတွက် လူတိုင်းကို လူမျိုးအမည် လွတ်လပ်စွာ ဖြည့်ခွင့် ပေးမယ်လို့ ကတိတွေ အကြိမ်ကြိမ် ပေးပြီးမှ လိုချင်တာ အားလုံး လက်ထဲရောက် လာတော့ ရိုဟင်ဂျာကို သန်းခေါင်စာရင်းမှာ ပါဝင်ခွင့် မပေးဘဲ သိက္ခာမဲ့တဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ အသွင် ပုံသဏ္ဍန်ကို နိုင်ငံတကာ သိအောင် ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

အခု ကျွန်တော် ပြောချင်တာက ညွန်ချုပ် ဦးမြင့်ကြိုင်ကိုပါ။ ဒီနေ့ ဧပြီလ ၁ ရက်နေ့ ညနေ ၆း၃၀ နာရီမှာ ဗွီအိုအေ မြန်မာပိုင်းက ကိုသားညွန်ဦး မေးမြန်းတာကို ဖြေသွားတာ နားထောင်တော့ ဧပြီဖူးလ်များ လုပ်နေသလားတောင် ထင်ရတယ်။ တစ်ဖက်က ဦးမြင့်ကြိုင်ကို မေးတာကို ဟန်ချက်ညီညီ မဖြေနိုင်တာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။ အရှိန် မထိန်းနိုင်တဲ့ ဦးမြင့်ကြိုင် ထုတ်လာတဲ့ မေးခွန်းကတော့ ရိုဟင်ဂျာ ဘယ်ကလာသလဲ? ဆိုတာပါ။ ပြီးတော့ White Card မှာ ဘင်္ဂလီတဲ့။ ကောင်းပါပြီ ဦးမြင့်ကြိုင် ..

ရိုဟင်ဂျာ ဘယ်ကလာသလဲ ဆိုတာကို မသွားခင် White Card ကိစ္စ ပြောပါမယ်။ ယနေ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒေသခံ ရိုဟင်ဂျာ တွေကို White Card တွေထုတ်ပေးထားတာ ဥပဒေနဲ့ ညီရဲ့လား? ဥပဒေနဲ့ ညီ/မညီကို လ.၀.က ညွန်ချုပ် တစ်ဦး ဖြစ်တဲ့ ဦးမြင့်ကြိုင်ကို ကျွန်တော်က တရားလို လုပ်ပြီး တရားဆွဲရင် ဘယ်သူက အမှုနိုင်မယ်လို့ ဦးမြင့်ကြိုင် ထင်ပါသလဲ? အဲဒီမေးခွန်းကို ဥပဒေ ပညာရှင်တွေရှေ့မှာ ရဲရဲဝံ့ဝံ့ ဖြေဆိုရဲတဲ့ သတ္တိ ရှိပါသလား? တစ်ချိန်တုန်းက ဂဏန်း ခြောက်လုံးနဲ့ နိုင်ငံသားများသာ ကိုင်ခွင့်ရခဲ့တဲ့ အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို ဦးမြင့်ကြိုင်တို့ ကိုင်ခဲ့သလို ကျွန်တော်တို့လည်း ကိုင်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားသားတွေက ဂဏန်း ငါးလုံးသာ ဖြစ်လို့ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်သူတိုင်းက နိုင်ငံသားတွေချည်း ဖြစ်ပါတယ်။ အဲဒီ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ခဲ့သူတွေကို အတင်းအဓမ္မ မှတ်ပုံတင် တွေသိမ်းပြီး ယာယီ သက်သေခံ ကဒ်ပြားတွေကို အစားထိုး ပေးခဲ့တာ ဘယ်ဥပဒေနဲ့ ငြိစွန်းသလဲ ဆိုတာ ဦးမြင့်ကြိုင် သိမှာပါ။ အဲဒီတော့ တရားမျှမျှတတနဲ့ ယောက်ျားကောင်း ပီပီ တရားခွင်မှာ ဖြေရှင်းရဲသလား ဦးမြင့်ကြိုင်?

၁၉၇၀ ခုနှစ်နှောင်းပိုင်းက စပြီး ဦးနေ၀င်းရဲ့ အမိန့်အရ ဘူးသီးတောင်နဲ့ မောင်တော အဝေးပြေးလမ်း ပေါ်မှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ရိုဟင်ဂျာ ခရီးသွားတွေဆီက မှတ်ပုံတင် စစ်တဲ့ အချိန်မှာ ဘယ်နှစ်ယောက်ဆီက မှတ်ပုံတင်တွေ အတင်း အဓမ္မ သိမ်းခဲ့သလဲ? နဂါးမင်း စီမံကိန်းလို စီမံကိန်း ပေါင်းစုံ လုပ်ပြီး လူတွေကို အထိတ်တလန့် လုပ်ပြီး စာရွက်စာတမ်းတွေ မကျန်အောင် နည်းမျိုးစုံနဲ့ ဦးနေ၀င်းရဲ့ အမိန့်အရ လုပ်ခဲ့တာ ၀န်ခံရဲသလား? ရခိုင်ပြည်နယ် တောင်ပိုင်းက ရိုဟင်ဂျာတွေကို သင်္ဘောပေါ် အတင်းတင်ပြီး မြောက်ပိုင်းကို ပို့ခဲ့တာရော ငြင်းချင်သေးလား?

White Card မှာ ဘင်္ဂလီလို့ ဖြည့်ခဲ့တာ ရိုဟင်ဂျာတွေလား? လ.၀.က တွေလား? ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း ကောက်တုန်းက စာရင်းကောက်လုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အခုထိ သက်ရှိ ထင်ရှား ရှိပါတယ်။ ရိုဟင်ဂျာလို့ ကျွန်တော့်လက်နဲ့ ရေးပေးခဲ့တာ ပါလို့ သက်သေခံမယ့် သူတွေ ရေတွက်လို့တောင် မကုန်ဘူး။ ၁၉၈၃ ခုနှစ်ကလည်း အဲဒီလိုဘဲ။ သန်းခေါင်စာရင်း ကောက်ပြီးမှ မသမာမှုတွေ လုပ်ပြီး ရိုဟင်ဂျာကို ဘင်္ဂလီလို့ ပြင်ခဲ့တာ ဦးမြင့်ကြိုင်တို့ လ.၀.က တွေဘဲ မဟုတ်လား?

နဂါးမင်း စီမံချက် အပြီး ဟင်္သာ စီမံချက်နဲ့ ပြန်ခေါ်လာတဲ့ အချိန် ရိုဟင်ဂျာလို့ ပြန်လည် လက်ခံရေး ပုံစံမှာ ရေးထားတဲ့ စာရွက်တွေ ကျွန်တော့်လက်ထဲမှာ တစ်ပုံကြီး၊ လ.၀.က ကတရားဝင် ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းတွေမှာ ရိုဟင်ဂျာလို့ ရေးထားတဲ့ အိမ်ထောင်စု စာရင်းတွေ ကျွန်တော့်လက်ထဲမှာ တစ်ပုံကြီး ရှိတယ်။ အဲဒါတွေကို ထုတ်ပေးတုန်းက ရိုဟင်ဂျာက ဘယ်ကလာသလဲ ဆိုတာ ဘာကြောင့် မတွေးခဲ့တာလဲ ဦးမြင့်ကြိုင်?

ဦးနုက နိုင်ငံရေးသမားမို့၊ မဲလိုချင်လို့ ရိုဟင်ဂျာကို လက်ခံတာလို့ ဦးမြင့်ကြိုင်တို့ အားလုံး ပြောကြတယ်။ အခု ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့ အထောက်အထား အားလုံးက ဦးနေ၀င်းနဲ့ န.၀.တ၊ န.အ.ဖ လက်ထက်မှာ ထုတ်ပေးခဲ့တဲ့ အထောက်အထား တွေပါ။ အဲဒါတွေကိုရော မဲလိုချင်လို့လို့ ပြောချင်သေးလား ဦးမြင့်ကြိုင်?

ဦးမြင့်ကြိုင်မေးတဲ့ ရိုဟင်ဂျာ ဘယ်ကလာသလဲ ဆိုတာ ဖြေပါမယ်။ ရိုဟင်ဂျာ ဘယ်ကမှ လာတာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေ ရှိနေတဲ့ နေရာကို ဦးမြင့်ကြိုင်တို့ ရောက်လာတာ။ ယနေ့ ရခိုင်ပြည်နယ်လို့ ခေါ်နေတဲ့ အာရ်ကာန်ဆိုတာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်လာတာ ၁၇၈၄ ခုနှစ်မှာ ဆိုတာကိုတော့ ဦးမြင့်ကြိုင် သိလောက်ပါတယ်။ အဲဒီဒေသမှာ အင်ဒိုအာရီယန်တွေသာ ရှိခဲ့ပြီး၊ နောက်ပိုင်း ၁၁ ရာစုလောက်မှာ ယနေ့ ရခိုင်လူမျိုးလို့ ခေါ်နေတဲ့ တိဗက်တိုဘားမန်း မော့ဂ်တွေ ရောက်လာခဲ့တာပါ။ အာရ်ကာန်ဒေသရဲ့ မူလဘူတ လူမျိုးက အင်ဒိုအာရီယန်တွေသာ ဖြစ်ပြီး၊ ယနေ့ ရိုဟင်ဂျာ တွေဟာ အဲဒီ အင်ဒိုအာရီယန်တွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။ ကြိုက်တဲ့ သမိုင်း ပညာရှင်ကို ခေါ်ခဲ့ပါ။ နိုင်ငံတကာ မီဒီယာ ရှေ့မှာ official debate လုပ်ရဲတယ် ဆိုရင်ပေါ့။ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက ၁၉၅၀ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ လွှတ်တော် အမတ် ဦးအဒူဂဖာရ် တီထွင်ခဲ့တာ မဟုတ်ဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရလည်း ရိုဟင်ဂျာတွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား တွေဖြစ်ပါတယ်။ ၁၈၂၃ ခုနှစ် မတိုင်မှီ ရိုဟင်ဂျာ လူမျိုးအမည်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့တဲ့ အထောက်အထား တွေအများကြီး ရှိပါတယ်။ ဦးမြင့်ကြိုင်တို့ရဲ့ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ အပေါ်မူတည်ပြီး တိုင်းရင်းသား သတ်မှတ်ခြင်းကြောင့် ၁၄၄ မျိုးပါဝင်တဲ့ ရိုဟင်ဂျာ အပါအ၀င် မွတ်စလင် အများစုက တိုင်းရင်းသား စာရင်းက ပယ်ထုတ်ခံခဲ့ရတာပါ။

အကယ်၍ ဦးနေ၀င်းသာ အာဏာကို မတရားတဲ့နည်းနဲ့ မရယူခဲ့ဘူးဆိုရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ပြဿနာ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်ရေးတဲ့ အတိုင်း မကျေနပ်ဘူး၊ မမှန်ကန်ဘူး ထင်ရင် ဦးမြင့်ကြိုင်တင် မဟုတ်ဘူး၊ ကြိုက်တဲ့ သမိုင်းပညာရှင်ရှေ့မှာ အလှဲထိုးဖို့ လာလိုက်ပါ။ ကျွန်တော်တို့ဘက်က အဆင်သင့် ရှိတဲ့ အကြောင်း သတင်းကောင်း ပါးပါရစေ။

အာဏာရှိတယ်ဆိုပြီး အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ အကျင့်ဆိုးကို ပြင်ဆင်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကောင်း တစ်နိုင်ငံ တည်ဆောက်ဖို့ ကြိုးစားကြပါ။


အယ်ဒီတာ့အာဘော်
RB News
1.4.2014

ဒီနေ့ဆိုရင် သန်းခေါင်စာရင်း ကောက်ယူနေတာ သုံးရက်မြောက်နေ့ ရှိပါပြီ။ ရခိုင်ဒေသမှာ လူမျိုးအမည်ကို ရိုဟင်ဂျာလို့ ထည့်ပြီး ဖော်ပြခွင့်ကို ပြည်နယ် အာဏာပိုင်တွေက အာဏာသုံးပြီး ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလို့ ပြောတဲ့သူတိုင်းကို သန်းခေါင်စာရင်းမှာ စာရင်း မသွင်းတော့ပါဘူး။ ရိုဟင်ဂျာတွေ အားလုံးက မိမိတို့ ချစ်မြတ်နိုးတဲ့ လူမျိုးအမည်ကို ကာကွယ်တဲ့ အနေနဲ့ သန်းခေါင်စာရင်း မကောက်လည်း ရိုဟင်ဂျာက လွှဲလို့ အခြား ဘယ်လူမျိုး အမည်ကိုမှ မထည့်ဘူးလို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည် နေကြပါတယ်။

အဲဒီလို ရပ်တည်မှုကြောင့် မတ်လ ၃၁ ရက်နေ့က မောင်တောမြို့မှာ ရိုဟင်ဂျာ အမျိုးသား နှစ်ယောက်ကို ရဲတွေနဲ့ ဗိုလ်ကြီး တစ်ယောက်တို့က လူမဆန်စွာ ရိုက်နှက် ခဲ့တာ သိရလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားတွေ အလွန် ၀မ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဘူးသီးတောင်မြို့နယ် မှာလည်း ရဲတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေ၊ မြေပုံ မြို့နယ်မှာ ရိုဟင်ဂျာလို့ ပြောရင် ရေမပေးတော့ဘူးလို့ ခြိမ်းခြောက် နေတာတွေကို ကြားရပြီး အလွန် စိတ်မကောင်း ဖြစ်ရပါတယ်။

ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ လူမျိုးအမည် အတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေတာ အခုဆိုရင် နှစ်ပေါင်း ၄၀ နီးပါး ရှိနေပါပြီ။ ကျွန်တော်တို့ ပန်းတိုင်ရောက်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင် ရမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကြောင့် စိတ်အနှောက် အယှက် ဖြစ်ရသူတွေ၊ စိုးရိမ်မှု ရှိလာတဲ့သူ ပေါင်းများစွာ ကျွန်တော်တို့ရဲ့ Hotline ကို ဆက်သွယ် လာခဲ့ပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အားလုံးကို နှစ်သိမ့်နိုင် ခဲ့ပါပြီ။

ပြဿနာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ဘက်လုံးမှာ ရှိပါတယ်။ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြန်မာ အစိုးရ တစ်ခုတည်းက တာဝန်ယူပြီး လုပ်နေတာ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရ၊ ရခိုင် ပြည်နယ် အစိုးရက ဘယ်လိုဘဲ တာဝန်မဲ့၊ ဥပဒေမဲ့ စကားတွေ ပြောနေပါစေ၊ နောက်ဆုံးမှာ ဘယ်လို ဖြစ်နိုင်သလဲ ဆိုတာ ကျွန်တော်တို့ သုံးသပ် ထားတာတွေ ရှိလို့ ရိုဟင်ဂျာများ အားလုံးကို ကိုယ့်လူမျိုး ဖြည့်ခွင့် မရှိရင် အေးချမ်းစွာ နေကြဖို့၊ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ဥပဒေ၊ လုပ်ထုံး လုပ်နည်း တွေအရ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ် ပြောတဲ့စကားက တရားဝင်မှု မရှိသလို၊ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးကျော်ယဉ်ဦး လက်မှတ်ထိုးပြီး ထုတ်လိုက်တဲ့ စာကလည်း တရားမ၀င်ဘူးလို့ ပြောရမှာပါ။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ နိုင်ငံမို့ ဥပဒေကြောင်း အရ ကျွန်တော်တို့မှာ ပြောရေးဆိုခွင့် မရှိလို့ နှုတ်ပိတ် နေရခြင်း ဖြစ်ပါတယ်။ ဦးကျော်ယဉ်ဦး လက်မှတ်ရေးထိုးထားတဲ့ စာမှာ ရေးထားတာတွေက အလွန်တရာကို ရင့်သီးလွန်းပြီး၊ ပြည်နယ် အစိုးရ အဖွဲ့က အတွင်းရေးမှူး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းနဲ့ မတူညီတာကို လေ့လာ တွေ့ရှိရပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ မိဘ ပြည်သူများရဲ့ ခံယူချက် အတိုင်း ရှေ့ဆက်လျှောက် ပါလို့သာ နှိုးဆော်ပါတယ်။

သန်းခေါင်စာရင်းထဲ မပါရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် မေးခံရတဲ့ အတွက် အတိုချုန်းပြီး ဖြေဆိုရရင် အခု ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ ဆိုးကျိုးက အစိုးရဘက်မှာ ပိုများနေပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေ ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက ဆိုးရွားလာတဲ့ အခြေအနေက အခု အချိန်ထိ တစ်ပုံစံတည်း ဖြစ်ပါတယ်။ အခွင့်အရေး မျိုးစုံကို ဆုံးရှုံးခံနေရတဲ့ ကျွန်တော်တို့ လူမျိုးအတွက် ထူးခြားပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မိဘ ပြည်သူများကို အသိပေးလိုတာကတော့ သန်းခေါင်စာရင်းမှာ မပါဝင်ရလို့ စိတ်မကောင်း မဖြစ်ဖို့နဲ့၊ ခြိမ်းခြောက်မှု အားလုံးကို အန်တုပြီး ကျွန်တော်တို့ အားလုံး ချစ်တဲ့ “ရိုဟင်ဂျာ” ကိုကာကွယ်ပါလို့ ပြောကြား လိုပါတယ်။

ချစ်ခြင်းများစွာဖြင့်

RB ၀ိုင်းတော်သားများ



RB News
1.4.2014

ပလက်ဝ ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်း ကောက်ယူသည့် စာရင်းကောက်များနှင့် လုံခြုံရေး ရဲများက ဘင်္ဂလီ ဇတ်သွင်းရန် အတင်းအဓမ္မ နည်းဖြင့် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များကို ယနေ့ နံနက် ၇ နာရီတွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များနှင့် လုံခြုံရေး ရဲများ အင်အား အများအပြာ့းဖြင့် လာရောက်ခဲ့ရာ ဒေသခံများက ရိုဟင်ဂျာ လူမျိုးဟု ပြောသဖြင့် စာရင်းကောက်များက စာရင်းမယူဘဲ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ယခုအခါ ယနေ့ နေ့လည် ၃ နာရီ အချိန်တွင် စာရင်းကောက်များ ပြန်လာမည်ဟု အကြောင်းကြား ထားပြီး၊ ပြန်လာသည့် အခါတွင် လူမျိုး အမည်ကို ဘင်္ဂလီဟု လက်မခံပါက ပြဿနာ တတ်မည်ဟု ခြိမ်းခြောက်၍ အကြောင်းကြား ထားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုသူများ၏ ဆန္ဒအတိုင်းသာ ဖြည့်သွင်းရမည်မှာ စာရင်းကောက် များ၏ တာဝန် ဖြစ်သည်။ ရခိုင်ပြည်နယ် အစိုးရမှ ဦးကျော်ယဉ်ဦး ထုတ်ပြန်ခဲ့သည့် စာသည် သန်းခေါင်စာရင်း ဥပဒေ အရ တရားဝင်မှု မရှိသော်လည်း လူနည်းစုက လူများစုက အနိုင်ကျင့်သည့် ပုံသဏ္ဍန်ဖြင့်သာ လုပ်ဆောင် နေခြင်း ဖြစ်သည်။

ရိုဟင်ဂျာ လူမျိုးများက ၎င်းတို့၏ လူမျိုး အမည် အမှန် ရိုဟင်ဂျာကို ဖြည့်သွင်းခွင့် မပေးပါက ပါဝင်မည် မဟုတ်သလို၊ ပါဝင်ခွင့် မရသည့် အတွက် ၀မ်းနည်းလိမ့်မည် မဟုတ်ကြောင်း ဒေသခံ အများစုက RB News သို့ပြောပါသည်။

ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်တွင် ရိုဟင်ဂျာ အိမ်ခြေ ၁၉ လုံးသာ ရှိပြီး၊ အားကိုးရာမဲ့ ပုံစံဖြစ်နေသည့် လူနည်းစုကို စာရင်းကောက်များနှင့် ရဲများက အုပ်စုဖွဲ့၍ အနိုင်ကျင့် ခြိမ်းခြောက် နေခြင်းသည် ဥပဒေမဲ့ မင်းမဲ့ စရိုက် သဏ္ဍန် ပြုလုပ်နေခြင်းသာ ဖြစ်သည်။



သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် သတင်းများကို ဤသတင်းတွင် ဆက်လက် ဖော်ပြမည် ဖြစ်သဖြင့် ဤစာမျက်နှာကိုသာ ပြန်လည် ဖတ်ရှုကြပါ။

RB News

စစ်တွေ (31.3.2014) -- ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ဘုမေ ကျေးရွာနှင့် မန်ကျည်းမြိုင် ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များသည် လုံခြုံရေး အင်အား အများအပြားဖြင့် သွားရောက် ခဲ့သည်။ စာရင်းကောက်များက တစ်အိမ်တက်ဆင်း၍ လူမျိုး အမည်ကို မေးမြန်းသော အခါ အိမ်ထောင်ဦးစီး များက ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသောကြောင့် စာရင်းကောက်များက စာရင်း မကောက်ဘဲ ပြန်လည် ထွက်ခွာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်တွေမြို့ ဘုမေ ကျေးရွာတွင် ရိုဟင်ဂျာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး မန်ကျည်းမြိုင် ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။

-------------------

မောင်တော (31.3.2104) -- ယနေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း စာရင်းကောက်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အမှတ် (၅) နယ်မြေရှိ သ၀င်ချောင်း ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ သွားရောက်၍ ဦးမိုဟာမတ်အလီ၊ ဦးလေရူးနှင့် ဦးနူရူဟောက် တို့၏ အိမ်များတွင် သန်းခေါင် စာရင်း ကောက်မည့် အကြောင်း ပြောရာ၊ အိမ်ရှင်များက လူမျိုး အမည် ရိုဟင်ဂျာဟု ဖြည့်ခွင့် ရှိ/မရှိကို မေးမြန်း ခဲ့သည်။ စာရင်းကောက်များက ရိုဟင်ဂျာဟု ဖြည့်ခွင့် မရှိကြောင်း ပြောသဖြင့် အိမ်ရှင်များက ၎င်းတို့အနေဖြင့် ရိုဟင်ဂျာဟု ဖြည့်ခွင့် ရှိမှသာ ပါဝင်နိုင်မည် ဖြစ်ကြောင်း ပြန်ပြော ခဲ့သည်။ ထို့နောက် စာရင်းကောက် များက စာရင်းမကောက် တော့ဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

အမှတ် (၆) နယ်မြေသို့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း ရောက်ရှိလာပြီး နယ်မြေ အတွင်းရှိ အုပ်စု (၉) စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူခဲ့သည်။ ဦးကြည်စန်းက ကျေးရွာ အုပ်ချုပ်ရေးမှူး များကို သန်းခေါင်စာရင်းတွင် အမှတ်စဉ် (၇) နှင့် (၈) ကို ကွက်လပ် ထားရန် သဘောတူ/မတူ (သို့) ဘင်္ဂလီ ဖြည့်မည်/ မဖြည့်မည်ကို ရွာသားများကို မေးမြန်း၍ ညနေ ၄ နာရီတွင် အစီရင်ခံစာ တင်ရန် ပြောကြားခဲ့သည်။ ညနေ ၄ နာရီ အချိန်တွင် နယ်မြေ ရုံးခန်းသို့ ကျေးရွာ များမှ ရပ်မိရပ်ဖများ သွားရောက်၍ သန်းခေါင်စာရင်း ကော်မတီ ဥက္ကဌကို ၎င်းတို့ အနေဖြင့် သန်းခေါင်စာရင်းကို ဖြေဆိုရန် အမြဲအသင့် ရှိနေခဲ့ကြောင်း၊ ယခုအခါ သန်းခေါင်စာရင်းတွင် လွတ်လပ်စွာ ဖြေဆိုခွင့် မပေးခြင်းသည် သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေဘောင် အတွင်းကသာ မေးမြန်းရန် ပြောဆိုခဲ့ ကြသည်။ သို့သော်လည်း သန်းခေါင်စာရင်း ကော်မတီ ဥက္ကဌက မြို့နယ် အုပ်ချုပ်ရေးမှူးထံ မပါဝင်ရခြင်း အကြောင်းရင်းကို အစီရင်ခံစာ တင်သွင်းရန် ပြောကြားခဲ့သည်။ တဖန် ညပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ (၁) ရက်နေ့ နံနက် ၉ နာရီတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဒေသခံများကို အကြောင်းကြား ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

အလားတူပင် ယနေ့ နေ့လည်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းသည် ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ သွားရောက်၍ အနီး ပတ်ဝန်းကျင်မှ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီ နောက်ဆုံးထား၍ ဘင်္ဂလီ အမည်ခံမည့် သူများ စာရင်း၊ လူမျိုး အမည်ကို ကွက်လပ် ထားမည်ကို လက်ခံမည့်သူများ စာရင်းကို တင်သွင်းရန် ပြောကြားခဲ့သည်။ ဦးကြည်စန်းက ရိုဟင်ဂျာ လူမျိုး ဖြည့်မည်သူ များကို မလိုလားကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ [Report: MYARF]

ယမန်နေ့ (မတ်လ ၃၀ ရက်) က မြင်းလွှတ်ကျေးရွာ ဇုံကာရွာသို့ သန်းခေါင်စာရင်း ကောက်ခဲ့ရာ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးဘော်ဆိရ်အာမတ်၊ ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဘော်ဆိရ်အာမတ်နှင့် ဒေါ်ဒေါလူး (ဘ) ဦးဆော်လာမတ် တို့၏ အိမ်ထောင်စု များကို မေးမြန်းခဲ့သည်။ စာရင်းကောက်က အမှတ် (၁) မှ (၆) ထိ မေးမြန်းပြီး၊ အမှတ် (၇) နှင့် (၈) တို့ကို ကျော်လွန်၍ မေးမြန်းရန် ကြိုးစားရာ အိမ်ရှင်များက လူမျိုးနေရာကို မမေးမြန်း ရသည့် အကြောင်းကို မေးမြန်းခဲ့သည်။ သို့သော်လည်း စာရင်းကောက်က ပြန်လည် ဖြေကြားခြင်း မရှိဘဲ စာရင်းစစ်ပြီးကြောင်း စာကပ်၍ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

----------------------------

ကျောက်တော် (31.3.2014) -- ယနေ့ ကျောက်တော်မြို့နယ်တွင် လက်ဆောင်ကောက် ကျေးရွာ၊ အပေါက်ဝ ကျေးရွာ၊ ပြားဘက် ကျေးရွာ၊ ရွှေလှိုင် ကျေးရွာ များတွင် သန်းခေါင် စာရင်း ကောက်ခံခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ များကို မေးခွန်း အမှတ် (၁) မှ (၇) အထိ မေးမြန်းပြီး၊ အမှတ် (၈) လူမျိုး အမည်ကို မေးမြန်းသည့် အခါ 914 ရိုဟင်ဂျာဟု ဖြေကြား သဖြင့် စာရင်းကောက် များက ဆက်လက် မမေးမြန်း တော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အချို့သော ဒေသခံ ရိုဟင်ဂျာများကို လူမျိုး အမည်ကို မမေးမြန်းဘဲ ကွက်လပ် ထားခဲ့ပြီး၊ ကျန်သည့် မေးခွန်းများကို အပြည့်အစုံ မေးမြန်းခဲ့ကြောင်း သိရှိရသည်။ စာရင်းကောက်များက လက်ဆောင်ကောက် ကျေးရွာမှ ရွှေလှိုင် ကျေးရွာသို့ အသွားတွင် ရိုဟင်ဂျာ စကားပြန် များကို အသိမပေးဘဲ ထွက်ခွာ သွားခဲ့ကြပြီး၊ ပေါက်တော ပလောင် ကျေးရွာနှင့် ဆင်အိုး ပေါက်တော ကျေးရွာများသို့လည်း စကားပြန် မပါဘဲ သွားရောက်၍ သန်းခေါင်စာရင်း ကောက်ယူ ခဲ့ကြောင်း သိရှိရသည်။

---------------

ပေါက်တော (31.3.2014) -- ပေါက်တော မြို့နယ်၊ ဆင်တက်မော် ကျေးရွာသို့ သန်းခေါင်စာရင်း စာရင်းကောက်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၀၀ ကျော်တို့ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ကြပြီး၊ တစ်အိမ်တက်ဆင်း၍ ဖြည့်မည့် လူမျိုး အမည်ကို မေးမြန်း ခဲ့ရာ၊ အိမ်တိုင်း အားလုံးမှ ရိုဟင်ဂျာ လူမျိုးဟု ဖြေဆို ခဲ့သောကြောင့် သန်းခေါင်စာရင်း မကောက်ယူဘဲ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ဆင်တက်မော် ကျေးရွာတွင် အိမ်ထောင်စု ၇၀၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

----------------

မင်းပြား (31.3.2014) -- မင်းပြားမြို့နယ်၊ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များသည် ဌာနပေါင်းစုံ၊ မင်းပြားမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ အားလုံးနှင့် ယမန်နေ့ (မတ်လ ၃၀ ရက်) နေ့ နေ့လည် ၂း၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ ပိုက်သည်ရွာသို့ ရောက်ရှိပြီးနောက် အိမ်ထောင်စု ၄ စုကို လူမျိုး အမည်ကို စတင် မေးမြန်းရာ အားလုံးက ရိုဟင်ဂျာ လူမျိုးဟု ဖြေကြားသဖြင့် နေ့လည် ၂း၃၀ နာရီတွင် သဒ္ဒါကျေးရွာသို့ ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

------------------
ကျောက်တော် (30.3.2014) -- ကျောက်တော်မြို့နယ်၊ ပိုက်သည် မွတ်စလင် ကျေးရွာသို့ သန်းခေါင်စာရင်း စစ်ဆေးရန် ယနေ့ မွန်းလွှဲ တစ်နာရီ အချိန်တွင် စာရင်းကောက်များ၊ လုံခြုံရေး အဖွဲ့များ ရောက်ရှိခဲ့သည်။ စာရင်းကောက်များက လူမျိုး အမည် မေးမြန်းသည့် အခါ ဒေသခံ ရိုဟင်ဂျာများက ရိုဟင်ဂျာ လူမျိုးဟု ဖြေကြား သဖြင့်၊ စာရင်းကောက်များ ဆက်လက်၍ စာရင်းမကောက်ဘဲ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မတ်လ ၃၁ ရက်နေ့တွင် အပေါက်ဝ ကျေးရွာနှင့် လက်ဆောင်ကောက် ကျေးရွာများတွင် သန်းခေါင်ကောက်ခံမည်ဟု သိရှိရသည်။
-------------

ရသေ့တောင် (30.3.2014) ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေ၊ ဆင်ခုန်းတိုင် ကျေးရွာ အုပ်စု၊ လွန်းတောင် ရိုဟင်ဂျာရွာသို့ စစ်တပ်မှ ဗိုလ်ကြီး အဆင့် ရှိသူ (၆) ဦး၊ ရဲတပ်ဖွဲ့ဝင် (၈) ဦး၊ မြို့နယ် လ.၀.ကမှ ဒုဦးစီးမှူး အပါအ၀င် (၆) ဦး၊ သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီ (၇) ဦး၊ ဒေသခံ ရခိုင် လူမျိုး (၆) ဦး၊ စုစုပေါင်း ၃၃ ဦးတို့ ရောက်ရှိ လာပြီး ယနေ့ နေ့လည် ၃ နာရီ အချိန်မှ ၅ နာရီ အထိ သန်းခေါင်စာရင်း ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် အဖွဲ့က ဒေသခံများကို မေးခွန်း ၄၁ ချက် အနက် လူမျိုး အမည်ကို ပထမဆုံး မေးမြန်းရာ အိမ်ထောင်ဦးစီး များအားလုံးက ရိုဟင်ဂျာဟု တညီတညွတ်တည်း ဖြေဆိုခဲ့သည်။ ထို့နောက် စာရင်းကောက်များက အဆောက်အအုံ အကွက်တွင် သန်းခေါင်စာရင်း ကောက်ပြီးသည့် အမှတ်အသားကို ထည့်၍ နှစ်နာရီ အတွင်း အိမ်ထောင်စု ၄၀၀ ကျော်ကို စာရင်းကောက်ခဲ့သည်ဟု သိရှိရသည်။

အိမ်ထောင်စု ၄၀၀ ကျော်က ၎င်းတို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုးဟု ထွက်ဆို၍ ပြောကြား ခဲ့သော်လည်း စာရင်းကောက် များက ၎င်းတို့ စိတ်တိုင်းကျ ထည့်သွင်း ရေးမှတ် သွားသည်ဟု သံသယ ဖြစ်ပြီး စိုးရိမ်လျက် ရှိကြသည်။

----------

ဘူးသီးတောင် (30.3.2014) -- ဘူးသီးတောင် မြို့နယ်၊ အမှတ် (၃) ရပ်ကွက် သို့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိခဲ့သည်။ စာရင်းကောက်များက ရိုဟင်ဂျာ လူမျိုးဟု ဖြည့်လျှင် စာရင်းကောက်မည် မဟုတ်ကြောင်း၊ အခြား လူမျိုး အမည် ပြောမှသာ စာရင်းကောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ ဒေသခံ ရိုဟင်ဂျာများကလည်း ရိုဟင်ဂျာဟု လက်ခံ၍ စာရင်းသွင်းမည် ဆိုလျှင် မိမိတို့ဘက်မှ ဖြေဆိုရန် အသင့်ရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။

သို့သော်လည်း စာရင်းကောက်များက ၂ ရက် ၃ ရက်ခန့် စဉ်းစား၍ အကြောင်းပြန်ရန် ပြောကြားခဲ့ရာ၊ ဒေသခံများက လူမျိုးအမည် ပြောသည့် ကိစ္စသည် စဉ်းစား စရာ၊ ရွေးချယ် စရာ ကိစ္စမဟုတ်ဘဲ၊ မိမိတို့၏ လူမျိုးအမည်မှန် ရိုဟင်ဂျာ ကို ပြောခြင်း ဖြစ်သဖြင့် စဉ်းစားရန် မလိုကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
-----------------------------------

မောင်တော (30.3.2014) -- ယနေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အနောက် ရပ်ကွက် (အမှတ် ၁ ရပ်ကွက်) တွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိလာခဲ့သည်။ အိမ်ထောင်စု ၇ စုခန့်ကို မေးမြန်းပြီး၊ အားလုံးက ရိုဟင်ဂျာ လူမျိုးဟုသာ ထွက်ဆိုသဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ စာရင်းကောက်များနှင့် အတူ လ.၀.ကမှူး ကိုယ်တိုင် လာရောက် ခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၃ နာရီ အချိန်တွင် တောင်ပြိုလက်ယာ ကျေးရွာသို့ စာရင်းကောက်အဖွဲ့ ရောက်ရှိလာပြီး အိမ်ထောင်စု (၄) စုကို မေးမြန်းခဲ့သည်။ အိမ်ထောင်စု အားလုံးက လူမျိုးနှင့် သက်ဆိုင်သည့် မေးခွန်း ရောက်သည့်အခါ ရိုဟင်ဂျာဟု ဖြေဆိုသဖြင့် စာရင်းကောက်များက ဆက်လက်၍ မေးမြန်းခြင်း မပြုလုပ်ဘဲ ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ စာရင်းကောက် များက မြန်မာနိုင်ငံ၏ တိုင်းရင်းသား စာရင်းတွင် ရိုဟင်ဂျာ မပါသဖြင့် မဖြည့်ပေးနိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တောင်ပြိုလက်ယာတွင် မေးခွန်းအမှတ် (၆) အထိသန်းခေါင်စာရင်း ဖြေဆိုခဲ့သူများမှာ --

(၁) ဦးမာဂျေးဒ် (ဘ) ဦးဂူလာလ် (အသက် ၈၅ နှစ်)
(၂) ဦးအေခ်ဘာလ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၂၇ နှစ်)
(၃) ဦးအဒူလ္လာ (ဘ) ဦးရှာကဲရ် (အသက် ၃၂ နှစ်)
(၄) ဦးယာကုဘ် (ဘ) ဦးမာမတ်ဟာဆောင် (အသက် ၃၀ နှစ်) -- တို့ဖြစ်သည်။

[တောင်ပြိုလက်ယာ Report: Rohingya Eye]
-----------------------------

စစ်တွေ (30.3.2014) ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘာဆာရာ (စံပြ) ကျေးရွာသို့ ယနေ့ နေ့လည်ပိုင်းက သန်းခေါင်စာရင်း ကောက်ယူမည့် အဖွဲ့ရောက်ရှိခဲ့ပြီး၊ အိမ်ထောင်စု ၂၀ ခန့်ကို မေးမြန်းခဲ့ရာ၊ လူမျိုးအမည်ကို ရိုဟင်ဂျာဟု ထွက်ဆိုသဖြင့် စာရင်းကောက်များက မေးမြန်းရမည့် မေးခွန်းများကို မမေးမြန်းတော့ဘဲ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီဟု ထွက်ဆိုရန် ဖိအား အမျိုးမျိုး ပေးခဲ့သော်လည်း ဒေသခံများက ၎င်းတို့သည် ရိုဟင်ဂျာများ ဖြစ်သဖြင့် ဘင်္ဂလီဟု မထွက်ဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။ စာရင်းကောက်များက သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသည့် ပုံစံကို အသုံးမပြုခဲ့ဘဲ၊ သာမာန် ဗလာစာအုပ်တွင်သာ အမှတ်စဉ် (၁) မှ (၇) ထိ ရေးမှတ်ခဲ့ပြီး၊ မေးခွန်း (၈) ကို ၎င်းတို့ စိတ်တိုင်းကျ အဖြေ မရသဖြင့် ဆက်လက်၍ မေးမြန်းခြင်း မရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

---------------------------
ဘူးသီးတောင် (29.3.2014) -- ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ တည်းခိုခန်းများ၊ ဘော်ဒါဆောင်များတွင် သန်းခေါင်စာရင်း ကောက်ခံ ခဲ့သည်။ စာရင်းကောက်ခံသည့် အဖွဲ့မှာ လုံခြုံရေးများ အပါအ၀င် ၇၀ ဦးခန့် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျူရှင်ဆရာ တစ်ဦးကို စတင်၍ မေးမြန်းရာတွင် အမှတ်စဉ် (၁) မှ (၇) အထိ မေးမြန်းပြီးနောက်၊ အမှတ်စဉ် (၈) တွင် လူမျိုးကို ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသောအခါ စာရင်းကောက်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း၊ အခြား လူမျိုး တစ်ခုခု ပြောရန် ပြန်ပြောရာ ဖြေဆိုသူက မိမိသည် ရိုဟင်ဂျာ လူမျိုး ဖြစ်ပြီး အခြား ဖြေဆိုရန် မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း စာရင်းကောက်များက အခြား လူမျိုး တစ်ခုခု ဖြေဆိုရန် အကြိမ်ကြိမ် ဖိအား အမျိုးမျိုး ပေးခဲ့ပြီး၊ နောက်ဆုံးတွင် ဖြေဆိုသူက ရိုဟင်ဂျာဟု လက်မခံလျှင် အခြား ဖြေကြားရန် မရှိဟု ပြောသဖြင့် စာရင်းကောက်များ ထိုနေရာမှ ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စာရင်းကောက်များက ဖြေဆိုခဲ့သည် များကို မှတ်တမ်းတင်ရာတွင် ကွယ်ဝှက်သည့် ပုံစံမျိုးဖြင့် မှတ်တမ်းတင်ကြောင်း သိရှိရပါသည်။



31.3.2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ သန်းခေါင် စာရင်း ကောက်ယူမှု အပေါ်မှာ မတူညီတဲ့ လူမျိုးစု တွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။



RB News
31.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး တာဝန်ယူသည့် ရဲများက အလွန် ရိုင်းပျစွာ ဆက်ဆံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို ၀က်မကြ၊ ပေါင်တောပြင်၊ ဆေးအိုးကျ ကျေးရွာ၊ ၀ရကျွန်း၊ ငကျဉ်တောက်၊ ဂူဖိ၊ ဂူဒါပြင်၊ ကြာညိုပြင်၊ သိမ်တောင်ပြင် ကျေးရွာ အုပ်စု များနှင့် အမှတ် (၄) ရပ်ကွက်တို့တွင် ယနေ့ ဆက်လက်၍ ပြုလုပ်ခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်များက ဒေသခံ ၅၀ ဦးခန့်ကို အိမ်တစ်အိမ် စုပြီး အမည်များကို မေး၍၊ လူမျိုးအမည်ကို ဆက်လက် မေးမြန်းရာတွင် ရိုဟင်ဂျာ လူမျိုးဟု ဖြေသဖြင့် စာရင်းမယူကြောင်း၊ ရေးမှတ်သည့် စာရွက်များမှာလည်း သာမာန် ကျောင်းသုံး ဗလာစာအုပ်မှ စာရွက်ပေါ်တွင်သာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ အချို့ စာရင်းကောက်များက နေအိမ်ရှေ့မှ လူမျိုးအမည်ကို မေးပြီး ရိုဟင်ဂျာဟု ပြောလိုက်ပါက မမေးမြန်းတော့ဟု သိရှိရသည်။

စာရင်းကောက်များနှင့် အတူ လိုက်ပါလာသည့် လုံခြုံရေး ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို အလွန် ရိုင်းပျစွာ ဆက်ဆံကြောင်း သိရှိရသည်။

“ရဲတွေက ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးလို့ ပြောလိုက်ရင် -ီးရိုဟင်ဂျာလား၊ မင်းတို့ ရိုဟင်ဂျာ ရေးလို့ မရဘူးဆိုတာ နားမလည်ဘူးလား၊ ရိုဟင်ဂျာ မရှိဘူးကွလို့ ပြောပြီး အိမ်ရဲ့ တံခါးတွေကို ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ သေနတ်ပြတယ်။ အမျိုးမျိုး ညစ်ညမ်းတာတွေ သုံးပြီး ဆဲဆိုတယ်။ ရိုဟင်ဂျာလို့ ပြောတာနဲ့ ပြောတဲ့လူကို ဓါတ်ပုံ ရိုက်ယူတယ်။ ကျွန်တော်တို့က သည်းခံလို့သာ ပြဿနာ မတက်တာ။ ပြဿနာ ဖြစ်အောင် အမျိုးမျိုး ဖန်တီးတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စာရင်းကောက်များသည် ရိုဟင်ဂျာ လူမျိုး မရှိဟု ဆိုကာ စာရင်းမှတ်ယူ သွားခြင်း မရှိသော်လည်း ရိုဟင်ဂျာ များ၏ နေအိမ်များတွင် နေ့လည်စာ သုံးဆောင် သွားသည့် အပြင် ၎င်းတို့၏ အသုံးစရိတ် ဆိုကာ အာဏာပိုင်များက ဓါးပြ သဖွယ် တောင်းခံသောကြောင့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ စီပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။



RB News
31.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသား ကျေးရွာ အုပ်စု၊ ဖောင်ဆိပ်ရွာမှ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဟု ထွက်ဆိုသည့် အတွက်ဟု ဆိုကာ ရဲနှင့် စစ်တပ်ပေါင်း၍ လူမဆန်စွာ နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာ အုပ်စု၊ ဖောင်ဆိပ်ရွာသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိလာရာ ၎င်းတို့နှင့် အတူ လုံထိန်း ၁၅ ဦးနှင့် စစ်သား ၁၅ ဦးတို့ လုံခြုံရေး အဖြစ် လိုက်ပါလာကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ သန်းခေါင်စာရင်း လုပ်ထုံး လုပ်နည်းအရ တစ်အိမ်တက်ဆင်း မေးရမည် ဖြစ်သော်လည်း လုပ်ထုံး လုပ်နည်း အတိုင်း မပြုလုပ်ဘဲ၊ ဒေသခံ ရွာသားများ အားလုံးကို ယခင် န.စ.က ဆွဲ၊တင်၊စစ် ပုံစံအတိုင်း တစ်နေရာတွင် စု၍ ပထမ ဦးစွာ ရိုဟင်ဂျာများ လက်မြှောက်ရန် မေးမြန်း ခဲ့ရာ တစ်ရွာလုံး လက်မြှောက် ခဲ့ကြသည်။ ထို့နောက် ဘင်္ဂလီများ လက်မြှောက်ရန် မေးမြန်းရာ တစ်ဦးတစ်ယောက်မှ လက်မြှောက်ခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

သန်းခေါင်စာရင်း ဖြေဆိုရန် ရောက်ရှိနေသည့် လူအုပ်ထဲမှ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးနှင့် လ.၀.က အရာရှိ တစ်ဦးတို့က ဆွဲထုတ်၍ ရိုဟင်ဂျာလို့ ပြောဖို့ ဘယ်သူက သင်ပေးထားတာလဲ ဟုမေးရာ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးက မိမိတို့သည် ဘိုးစဉ် ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်ပြီး၊ မွေးကတည်းက ရိုဟင်ဂျာများ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်နှင့် တပြိုင်နက် အဆိုပါ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို လူအုပ်ကြီး၏ ရှေ့တွင် စစ်သားများနှင့် လုံထိန်းများက လူမဆန်စွာ ရိုက်နှက်၍ ကျေးရွာရှိ အထက်တန်းကျောင်းသို့ ခေါ်ဆောင် သွားခဲ့သည်။

အထက်တန်းကျောင်းသို့ ရောက်သည့်အခါ ထိတ်တုံး ယူလာ၍ ခြောက်ပေါက် ထိတ်ထုံး ခတ်ထားပြီး၊ ရဲများနှင့် စစ်သားများက ယခု သတင်းရေးနေသည့် အချိန်ထိ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက် ရိုက်နှက် လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို စတင်ရိုက်နှက်သူမှာ တပ်ရင်း ၅၃၆ မှ ဗိုလ်ကြီး တစ်ဦး ဖြစ်ပြီး၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံ နေရသူ နှစ်ဦးမှာ ဦးဘော်ဒီအာလမ် (ဘ) ဦးအဘူအာလမ်နှင့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအလီမိုဒမ် တို့ ဖြစ်သည်။




MYARF
RB News
30.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာ များတွင် တစ်ဖက်နိုင်ငံမှ ဘင်္ဂလီ-ရခိုင်များ ခိုအောင်းလျက် ရှိနေကြပြီး၊ ယခင် မီးရှို့မှုများနှင့် ဆက်စပ်လျက် ရှိနေသူများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

မောင်တော ခရိုင်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အနောက် မြောက်ပိုင်းနှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ များရှိ ရခိုင်ရွာများတွင် တစ်ဖက်နိုင်ငံမှ ဘင်္ဂလီ-ရခိုင်များ တွေ့နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ၎င်း ဘင်္ဂလီ-ရခိုင် များသည် လွန်ခဲ့သည့် ရက်ပိုင်းများက မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဓာတု ပစ္စည်းများ သွင်းယူလာပြီး ပြုလုပ် ခဲ့သူများ ဖြစ်ပြီး၊ ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် ပြန်လည် ကူးရန် စောင့်ဆိုင်း နေသူများ ဖြစ်သည်ဟု အခိုင်အမာ ပြောဆို နေကြသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် ကူးသွားသည့် ဘင်္ဂလီ-ရခိုင် ၃၀ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်များက ဖမ်းဆီးရမိ ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ထူထပ်စွာ ချထားသဖြင့် မပြန်နိုင်ဘဲ ခိုအောင်း နေသူများ ဖြစ်သည်ဟု ဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်လင်း အားကြီး ၂း၃၀ နာရီတွင် မောင်တော မြောက်ပိုင်း နယ်မြေ (၆) ရှိ ကျောက်လှေကား ကျေးရွာသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသည့် ဓါးနှင့် လေးခွများ ကိုင်ဆောင် ထားသည့် ဟိန္ဒူ လူငယ် ၁၀ ယောက်ကို ကင်းစောင့်နေသည့် လူငယ်များက ဖမ်းဆီး၍ နယ်မြေ (၆) စခန်းသို့ အပ်နှံ ခဲ့သည်။

မတ်လ ၂၉ ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒု ကျေးရွာ အုပ်စု ရခိုင်ရွာမှ ရခိုင် နှစ်ဦးသည် စေတီရွာ (ရိုဟင်ဂျာရွာ) သို့ ဖားရှာရန် ဆိုကာ ၀င်ရောက်၍ ရွာတစ်ရွာလုံးကို ပတ်ခဲ့သည့် အတွက် အထိတ် တလန့် ဖြစ်ခဲ့ရသည်။ ကျောက်ပန္ဒု ကျေးရွာတွင် အသစ်ချ ထားသည့် လုံခြုံရေး စခန်းက ရဲများသည် ရိုဟင်ဂျာ ရွာများသို့ ၀င်ရောက်၍ ၀ါး၊ သစ်၊ နွား၊ ဆိတ်နှင့် အခြား ပစ္စည်းများကို မကြာခဏ လုယက် လေ့ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ရဲများကသာ လုယက်ခြင်း မဟုတ်ဘဲ ကျောက်ပန္ဒု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် သားမက် ဖြစ်သူ ကျော်အေး တို့ကလည်း မကြာခဏ လုယက်မှုများ ကျုးလွန် လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာရှိ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ရုံးကို ခဲများဖြင့် ပစ်ပေါက်ခံရသဖြင့် ရုံးအကြီးအကဲ ဖြစ်သူ (နိုင်ငံခြားသူ) က လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်ရာ လုံထိန်း ၃ ဦးကို မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါ လုံထိန်းများသည် အောင်မြေ ဗောဓိ ကျောင်းတိုက်တွင် လုံခြုံရေး ယူထားသည့် လုံထိန်းများဟု ယူဆရကြောင်း ဒေသခံများက ပြောပါသည်။



RB News
30.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လိပ်ရကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက အကျပ်ကိုင်၍ ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီ မဖြည့်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက ၎င်း၏ ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်း ကောက်ရာတွင် ဘင်္ဂလီများ အဖြစ် ထွက်ဆိုခိုင်းခြင်း မပြုလုပ်နိုင်ပါက အလုပ်မှ ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုက အကယ်၍ ဒေသခံ ရိုဟင်ဂျာများက ဘင်္ဂလီဟု သန်းခေါင်စာရင်းတွင် မဖြည့်ပါက ၎င်းအနေဖြင့် အထက်အရာရှိများ ရှေ့တွင် မျက်နှာငယ် ရမည် ဖြစ်ကြောင်း၊ ၎င်း၏ မျက်နှာကို မကြည့်ပါက အားလုံးကို ပစ်သတ်ပြီး၊ ထကြွပုန်ကန်၍ သတ်ပစ်လိုက်ကြောင်း စာရေးပြီး အထက်သို့ တင်လိုက်လျှင် ပြီးပြီ ဖြစ်ကြောင်း၊ ကောင်းကောင်း မွန်မွန် နေချင်ပါက ကျွန်ကဲ့သို့ နေရန် လိုကြောင်း အမျိုးမျိုး ပြောဆို၍ လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုသည် အောင်သပြေ ကျေးရွာမှ ရခိုင် အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထားသူ တစ်ဦးဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့ သွားသည့် အထိ ရိုင်းပျစွာ ဆက်ဆံခြင်း များကို အမြဲတစေ ပြုလုပ်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။



RB News
30.3.2014

ရန်ကုန် ။ ။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်း ရေးသားခွင့် ပြုမည် မဟုတ်ကြောင်း ဥပဒေချိုးဖောက်၍ မီဒီယာများကို ပြောဆိုခဲ့ပြီးနောက် ဗြိတိန်သံရုံးက ယမန်နေ့ ညပိုင်းတွင် အရေးပေါ် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုသူများ အားလုံးကို မိမိတို့၏ လူမျိုးအမည်ကို နိုင်ငံတကာ စံချိန်စံညွန်းနှင့် အညီ လွတ်လပ်စွာ ဖော်ပြခွင့် ပေးမည်ဟု ကတိပြုထားကြောင်း၊ သို့သော် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေအရ အစိုးရက ကတိ ပေးထားသည့် အတိုင်း ဖြည့်ဆည်း မပေးမည်ကို စိုးရိမ်ကြောင်း၊ ယခု ကျင်းပမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ပါဝင် ဖြေဆိုမည့် သူတိုင်း ခြိမ်းခြောက်မခံရဘဲ လွတ်လပ်စွာ ဖြေဆိုခွင့် ရရန် အစိုးရ အနေဖြင့် စီမံပေးရန် လွန်စွာ အရေးကြီးကြောင်း ထည့်သွင်း ဖော်ပြထားပါသည်။

ဗြိတိန်သံရုံးက ရခိုင်ပြည်နယ် အရေးကို စိုးရိမ်ကြောင်း ကိုလည်း ရေးသား ဖော်ပြထားပါသည်။



RB News
29.3.2014

ရန်ကုန် ။ ။ ရန်ကုန်မြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲသည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိဘဲ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများနှင့် ပူးပေါင်း၍ ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး ပါတီဝင် တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ကျင်းပခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၆၃ ခု တွေ့ဆုံပွဲသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတက သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ပြောကြားခဲ့ခြင်းလည်း မရှိခဲ့ကြောင်း၊ တွေ့ဆုံပွဲသည် နိုင်ငံတော် အတွင်း ငြိမ်းချမ်းရေး ရရှိရေး အတွက် ဦးတည်ပြီး၊ တစ်နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ရရှိရန် အတွက် အမြန်ဆုံး ဆွေးနွေး အကောင် အထည် ဖော်နိုင်ရေး တို့အတွက် ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိခဲ့သော်လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်းနှင့် လက်ဝါး ရိုက်ထားသည့် မီဒီယာများကို သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ဥပဒေ ချိုးဖောက်၍ ပြောဆိုပြီး ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ၎င်းမှ ဆက်လက်၍ ပြောပါသည်။

ဦးရဲထွဋ် ပြောကြားခဲ့ခြင်းသည် ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) ကို ချိုးဖောက်၍ ပြောဆိုခြင်းသာ ဖြစ်ပြီး ၎င်း၏ ပြောဆိုမှုမှာ တရားဝင်ခြင်း မရှိသကဲ့သို့ ၎င်းတွင် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်လည်း မရှိပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ပြန့်ပွားနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟူသည်မှ လုံးဝ မှန်ကန်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတ အနေဖြင့်လည်း ဥပဒေ အထက်က မဟုတ်သဖြင့် ဥပဒေကို ချိုးဖောက်၍ ပြောဆိုခွင့် မရှိကြောင်းကို ရိုဟင်ဂျာ လူမျိုး အနေဖြင့် သိရှိရန် အထူး အရေးကြီးကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ ပြောပါသည်။



RB News
29.3.2014

ရခိုင်ပြည်နယ်တွင် နိုင်ငံတော် အစိုးရက သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ သန်းခေါင်စာရင်း ကောက်ခံရန် စီစဉ်လျက်ရှိရာ ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ဥပဒေနှင့် အညီ စာရင်းကောက်ခံမှသာ ဖြေဆိုမည်ဟု ပြောဆို နေကြသည်။

နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ရန်ကုန်မြို့တွင် မီဒီယာများကို ရိုဟင်ဂျာဟု ပြောဆိုပါက စာရင်းကောက်မည် မဟုတ်ကြောင်း ပြောဆိုသည့် အပြင် ယမန်နေ့က ကာကွယ်ရေး ၀န်ကြီးဌာနက စစ်တွေမြို့သို့ သွားရောက် ခဲ့သည့် ကိုယ်စားလှယ် များကလည်း ရိုဟင်ဂျာ အမည် ထည့်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ ပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာများက မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာများသာ ဖြစ်၍ သန်းခေါင်စာရင်း မေးခွန်းများကို ဖြေဆိုရာတွင် ရိုဟင်ဂျာဟုသာ ဖြေဆိုမည် ဖြစ်ပြီး၊ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်ပြီး အတင်းအဓမ္မ မဟုတ်မမှန်သည့် လူမျိုးအမည်ကို ဖြေဆိုခိုင်းလျှင် လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ အကယ်၍ ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသည့် အတွက် စာရင်းမကောက် ပါကလည်း စာရင်းကောက် များနှင့် အခင်း ဖြစ်ပွားအောင် ပြန်လည် ပြောဆိုမည် မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ နေထိုင်မည် ဖြစ်ကြောင်း၊ သို့သော် ရိုဟင်ဂျာဟု ဖြေဆိုခြင်းကို လက်ခံမှသာ ဆက်လက်၍ မေးခွန်းများကို ဖြေဆိုမည်ဟု ဒေသခံ အများစုက RB News သို့ ပြောပါသည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် ဥပဒေအရ ဦးရဲထွဋ် ပြောဆိုခဲ့သည်မှာ ဥပဒေကို ချိုးဖောက်၍ ပြောဆိုခြင်းသာ ဖြစ်ပြီး၊ မည်သူ တစ်ဦး တစ်ယောက်ကမှ ယခုကဲ့သို့ ပြောဆိုခွင့် မရှိကြောင်း သန်းခေါင် စာရင်း ဥပဒေတွင် အတိအလင်း ပြဌာန်း ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေဆိုရန် အသင့်ရှိနေကြပြီး၊ နှစ်ပေါင်း ၃၀ ကျော် အကြာတွင် စတင် ကောက်ခံသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကြိုဆိုကြောင်း၊ သို့သော် အစိုးရက လက်နက် အားကိုးဖြင့် အနိုင်ကျင့်မည် ဆိုလျှင်လည်း မိမိတို့ အနေဖြင့် ဥပဒေ အတိုင်း လိုက်နာမည် ဖြစ်၍ ဥပဒေ အတိုင်းသာ ဖြေဆိုမည်ဟု ဒေသခံများက ပြောပါသည်။

နိုင်ငံတော် အစိုးရသည် လူမျိုးအမည်ကို ဥပဒေ ချိုးဖောက်၍ ကန့်သတ် နေခြင်းသာမကဘဲ၊ နိုင်ငံတကာ အလှူရှင်များမှ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ကုန်ကျစရိတ်များ အားလုံးကို လှူဒါန်း ထားသော်လည်း ဒေသခံ ရိုဟင်ဂျာ များထံမှ ဓါးပြများ သဖွယ် အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။



RB News
28.3.2014

ရန်ကုန် ။ ။ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ကမ္ဘာ့ လူဦးရေး ရန်ပုံငွေ အဖွဲ့ UNFPA က သန်းခေါင်စာရင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ယနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည်ကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိကြောင်း ရေးသားထားပါသည်။

UNFPA ၏ ကြေညာချက်၌ မတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် စစ်တွေမြို့၌ နိုင်ငံတကာ အန်ဂျီအိုနှင့် အန်ဂျီအို အဖွဲ့အစည်း များကို လူအုပ်စုများဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် အလွန်စိုးရိမ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိသည့် အဖွဲ့အစည်းများကို အကာအကွယ် ပေးရန် တောင်းဆိုကြောင်း ရေးသား ဖော်ပြထားသည်။

UNFPA ၏ ကြေညာချက်၌ မတ်လ ၃၀ ရက်နေ့တွင် စတင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ပြဿနာများ ဖြစ်ပေါ်လာမည်ဟူသည့် သတင်းများကြောင့် စိုးရိမ်ပူပန်လျက် ရှိကြောင်း၊ အခြေအနေ တိုးတက်မှုပေါ် မူတည်၍ UNFPA က လိုအပ်သည့် ၀န်ထမ်းများကို ဆက်လက် ထားရှိရန် ဆုံးဖြတ်မည် ဖြစ်ကြောင်းကို ရေးသား ဖော်ပြ ထားသည့် အပြင် မြန်မာအစိုးရ ကုလသမဂ္ဂနှင့် အလှူရှင် နိုင်ငံများ၏ သဘော ဆန္ဒ အရ လူ့အခွင့် အရေးအရ သော်လည်းကောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများ အရသော် လည်းကောင်း မြန်မာနိုင်ငံတွင်းရှိ လူတိုင်း သန်းခေါင်စာရင်း ကောက်ခံမှုတွင် ပါဝင်မည်ဟု ကတိပြုထားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင်းရှိ လူတိုင်းက မိမိတို့၏ လူမျိုး အမည်ကို ထည့်သွင်းခွင့် ပြုမည်ကိုလည်း မြန်မာ အစိုးရက ကတိပြုထားကြောင်း ထည့်သွင်း ရေးသား ဖော်ပြထားသည်။

UNFPA က စာရင်းကောက်များနှင့် ဖြေဆိုမည့်သူများကို လုံခြုံမှု ပေးနိုင်မှသာ ယုံကြည်စိတ်ချ ရသည့် သန်းခေါင်စာရင်း ရလာဒ်ကို ရရှိမှာ ဖြစ်ကြောင်း၊ ဖြေဆိုမည်သူများမှာ မေးခွန်းများ ဖြေဆိုနေသည့် အချိန်တွင် လုံခြုံမှု ရှိနေသည်ဟု ခံစား နေရန် ရှိနေဖို့ လိုသလို၊ စာရင်းကောက် များကလည်း ဖြေဆိုသည့် အဖြေများ အားလုံးကို ယုံကြည် စိတ်ချရသည့် အထိ မှတ်တမ်း ရမည်ဖြစ်သည်ဟု ဆိုသည်။ စာရင်းကောက်ခံစဉ် အတွင်း ခြိမ်းခြောက်မှုနှင့် ကြောက်ရွံမှု မရှိစေရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။ သန်းခေါင်စာရင်း ကောက်ခံရာတွင် အာဏာပိုင်များက လုံခြုံရေး အတွက်ဟု ဆိုကာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်များကို ချိုးဖောက်ခြင်း မပြုလုပ်ဘဲ၊ လူတိုင်း၏ လူ့အခွင့်အရေး များကို တရားမျှတစွာ ဖြည့်ဆည်း ပေးရမည် ဖြစ်ကြောင်း၊ စာရင်းကောက်ရာ တွင်လည်း အားလုံး တန်းတူရည်တူ ပါဝင်ရမည်ဟု ယနေ့ ထုတ်ပြန်ထားသည့် UNFPA ၏ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

(ဓါတ်ပုံ - Facebook)


မြတ်ကျော်သူ၊ ကေဇူး 
28.3.2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၆ ရက်ညက စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များမှ နိုင်ငံခြားသား ၀န်ထမ်းများ အပါအ၀င် ထိုအဖွဲ့အစည်းများတွင် အလုပ် လုပ်နေသော ၀န်ထမ်းများအား ရန်ကုန်သို့ နေ့တွင်းချင်း ပို့လိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန် ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က မတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ အန်ဂျီအိုဝန်ထမ်းများကို ရခိုင်ဒေသတချို့က ရုံးခန်းများအဆောက်အအုံများ၊ လာရောက်ဖျက် ဆီးမှုကြောင့် ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် ဖြစ်ခဲ့သည့် မငြိမ်သက်ဖြစ်မှုကြောင့် ရဲများက ခြောက်လှန့်ပစ်ခတ် လူစုခွဲရာတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနှင့် ထောက် လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး မင်းအောင်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားထားသည်။ မဇ္ဈိမအနေနှင့်မူ သတင်းရေသားချိန်အထိ သီးခြား အတည် မပြုနိုင်သေးပေ။

ဝန်ထမ်းများကို ရန်ကုန်သို့ ကယ်ထုတ်

“ဆက်နေရင် ထိန်းချုပ်ရခက်သွားလိမ့်မယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို (ရန်ကုန်ကို) ပြန်ပို့လိုက် တယ်”ဟု ဦးဝင်းမြိုင်က ပြောသည်။

၎င်း၏ ပြောဆိုချက်များအရ စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း ၂၃ ခုရှိပြီး ပြန်ပို့ သောဝန်ထမ်းများမှာ စစ်တွေမြို့ရှိ ရုံးများတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက “စစ်တွေမှာ ရှိတဲ့လူ အားလုံး ပြန်ပို့တာ တော့ မဟုတ်ဘူး။ တချို့ ပြန်ပို့တာ။ တချို့ကိုတော့ လုံခြုံတဲ့နေရာမှာ ထားပါတယ်”ဟု မဇ္ဈိမကို အတည် ပြု ပြောဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်များ အရ ၂၇ ရက် ညနေ ၃ နာရီ ၎င်းရရှိ သည့်သတင်းတွင် နိုင်ငံခြားသား ၂၀ နှင့် မြန်မာ ၃၀ ကို စစ်တွေရှိ ရဲရိပ်သာတွင် ခေတ္တ ရှောင်တိမ်းခိုင်း ထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမှ ရန်ကုန်သို့ နောက်ဆုံး ဆိုက်ရောက်သည့် Air Mandalay လေယာဉ်ပေါ်တွင် ပါ ၀င်လာသည့် ရခိုင်သားကြီး စာပေမှ ဦးဦးလှမြင့်၏ လေဆိပ်တွင် ပြောဆိုချက်အရ လေယာဉ်ပေါ်တွင် နိုင်ငံခြားသား လေးဦးမှ ခြောက်ဦး အထိသာ ပါဝင်ပြီး အစောပိုင်း ထွက်ခွာ သွားသည့် လေယာဉ် များတွင်လည်း နိုင်ငံခြားသားများ ပါဝင်သည်ဟု ဆိုသည်။

လတ်တလော အခြေအနေတွင် စစ်တွေ မှ ရန်ကုန်သို့ ပြန်ရောက်သည့် နိုင်ငံခြားသား များကို အဆက် အသွယ် မရသေးဘဲ ယနေ့ မတ်၂၈ တွင်လည်း စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်သို့ နိုင်ငံခြားသားများ ထပ်မံ ရောက်ရှိ လာဦးမည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

ရုန်းရင်းဆန်ခတ်မှု စတင်ဖြစ်ပေါ်ပုံ

မတ်လ ၂၆ ရက်က စစ်တွေမြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် မာတေဇာ (Malteser Inter- national)မှ နိုင်ငံခြားသား ၀န်ထမ်း အမေရိကန် နိုင်ငံသူ တစ်ဦးက သာသနာ့ အလံကို ဘောင်းဘီအိတ် တွင်း ထည့်ယူသည်ဆိုကာ စစ်တွေမြို့နယ်ဒေသခံ ၃၀ ကျော်က ယင်းအမျိုးသမီးနေထိုင်ရာ နေအိမ်ကို ၀ိုင်းကာ ထုတ်ပေးရန်တောင်းဆိုခဲ့သည်ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ်နှင့် ဒုချရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို ပြောသည်။

ထို့နောက် လူတစ်ရာခန့် လူစုဝေးမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ထိန်းသိမ်းသဖြင့် လူစုကွဲခဲ့သည်။

စစ်တွေ၊ မြို့မိ၊ မြို့ဖ ဦးသန်းထွန်းဆိုသူက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို ပြောပြရာတွင် “သူက အလံ တိုင်ကအလံကို ဆွဲချတယ်။ သာသနအလံကို။ ဆွဲချပြီးတော့ သူက ပြောပြလို့မသင့်တဲ့ မဖွယ်မရာအလုပ် တွေ လုပ်တယ်ဗျာ။ သာသနအလံကို ဆွဲဖြုတ်တယ်။ လုံးလိုက်တယ်။ တင်ပါးတွေ ကြားမှာ၊ ပေါင်ကြား တွေမှာပွတ်တယ်။ ပြီးတော့မှ သာသနအလံကို ဘောင်းဘီဘေးအိတ်ထဲ ထည့်လိုက်တယ်”ဟု ဆိုသည်။

သာသာနအလံကို အမေရိကန်သူက မဖွယ်မရာပြုလုပ်ခြင်းသည် လုံးဝမဟုတ်ဘဲ ကောလာဟလသာ ဖြစ်သည်ဟု ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ငြင်းဆိုသည်။

“မီးရှို့တာတွေ၊ ဘာတွေတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။ အတည်ပြုနိုင်သလောက်တော့ “အပျက် အစီး” ရှိပါတယ်။ သာသနအလံကို မဖွယ်မရာလုပ်တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး”ဟု ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။

မတ် ၂၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် လူနှစ်ရာခန့် ထပ်မံစုဝေးကာ ရပ်ကွက်အချို့ရှိ မာတေဇာ (Malt- eser International) ရုံးခွဲများကို ခဲများဖြင့်ပစ်ပေါက်မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးရဲဝန်ထမ်းများက သေ နတ်ဖြင့်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။

ထိုသို့ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေများနှင့်ပတ်သက်၍ “တစ်ဖက်ကလည်း လေးစားမှုမရှိသလို ဖြစ်တယ်။ ဒါကို ဒေါသနဲ့တုံ့ပြန်နေတာ လူအုပ်စုဖြစ်ပြီး ထိန်းချုပ်ဖို့ခက်နေတော့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ် နေတယ်”ဟု ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးဦးသာပွင့်က သုံးသပ်သည်။

မတ်လ ၂၇ တွင် မာတေဇာရုံးများအပါအ၀င် အန်ဂျီအိုရုံးများ စုစုပေါင်း ၁၀ ရုံးကျော်ကို ထပ်မံ ခဲဖြင့်ပစ် ပေါက် ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဦးဦးသာပွင့်က ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်တွေမြို့၏ လက်ရှိ အခြေအနေ များကြောင့် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အလုပ်လုပ်ကြရန် ကြေညာပြီး ပုဒ်မ ၁၄၄ ကို မတ် ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဒေသခံလူမှုအဖွဲ့ အစည်း များနှင့် ရဟန်း သံဃာများက ညနေ ၃ နာရီခန့်တွင် လူစုခွဲ၍ မြို့တွင်း၌ လှည့်လည် ကြေညာမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်တွေမြို့တွင် ညမထွက်ရအမိန့်အား ၅ နာရီ လျှော့ချပေး ခဲ့ပြီး၊ လတ်တလောဖြစ်စဉ်များကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ပြန်လည်ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှု

အေအက်ဖ်ပီ၏ မတ်လ ၂၇ ရက် သတင်းတစ်ပုဒ်တွင် “လူသားချင်းစာနာမှု အကူအညီပေးရေး နိုင်ငံတ ကာအဖွဲ့တစ်ခု၏ ရုံးခန်းများကို ၀ိုင်းထားသော လူအုပ်ကြီး လူစုကွဲသွားစေရန်အတွက် သတိပေးပစ်ခတ် မှုများကို လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ရသည်”ဟု ဆိုသည်။

စစ်တွေဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရေးသားသော အချိန်အထိ Malteser အဖွဲ့ထံမှ မှတ်ချက်တစ်စုံ တစ်ရာရရှိခြင်း မရှိသေးဟုလည်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။

လူစုခွဲရန်အတွက် ရဲများက သတိပေးပစ်ခတ်မှုများ အချက် ၄၀-၅၀ ခန့် ပြုလုပ်ခဲ့ရကြောင်းလည်း ဦးဝင်းမြိုင်က ပြောခဲ့သည်ဟု အေပီသတင်းဌာနက ဖော်ပြထားသည်။

ကြာသပတေးနေ့တွင်လည်း အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ လူသားချင်းစာနာမှု အကူအညီပေး ရေး နိုင်ငံတကာဝန်ထမ်းများ နေထိုင်ကြသော လမ်းတစ်လမ်းထဲတွင်၊ လူ ၁,၀၀၀ ကျော်ရှိသော လူအုပ် ကြီးက အိမ်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်းလည်း အေပီသတင်းဌာနက မတ်လ ၂၇ ရက်တွင် ရေးသားထားသည်။

နိုင်ငံတကာ၏ စိုးရိမ်ချက်များ

အမေရိကန်သံရုံးမှ ကြေညာချက်

အမေရိကန်နိုင်ငံသား/သူ အနည်းဆုံး သုံးဦးပါဝင်သည့် နိုင်ငံတကာအကူအညီပေးရေး ၀န်ထမ်းများကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပြီး အကူအညီပေးရေးအဖွဲ့များ၏ ရုံးများနှင့် အကာကွယ် မဲ့နေသူများကို ကာကွယ်နိုင်သည့် လုံခြုံရေးအင်အား နည်းပါးခြင်းတို့ကြောင့် အမေရိကန်အနေနှင့် စိုးရိမ် ပူပန်ဆဲဖြစ်သည်ဟု သံရုံးက ထုတ်ပြန်လိုက်သည်။

ဗြိတိသျှသံရုံးမှ ကြေညာချက်

ဗြိတိသျှ သံရုံး အနေနှင့်လည်း ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ များကို အကြမ်းဖက်မှု များနှင့် လူသားချင်း စာနာမှု ဆိုင်ရာများ အတွက် အကာအကွယ်များ ပြုလုပ်ပေးရန် အစောပိုင်း ကတည်းက ပြောဆို ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့အနေနှင့် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။

ကုလသမဂ္ဂမှ ကြေညာချက်

လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးမှုများ လျော့ကျလာခြင်းသည် အကူအညီပေးနေသည့်လူပုဂ်္ဂိုလ် များအတွက် အပြုသဘောမဆောင်သည့် သက်ရောက်မှုမျိုး ဖြစ်လာစေနိုင်မည်ကို အထူးစိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေးအရာရှိ မစ္စတာToily Kurbanov က ထုတ်ပြန်လိုက်သည်။



RB News
28.3.2014

မောင်တော ။ ။ သန်းခေါင်စာရင်း ကောက်ယူရန် စရိတ်ကို နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာမှ တာဝန်ယူထား သော်လည်း မောင်တောခရိုင် အတွင်းတွင် သန်းခေါင်စာရင်း ကောက်ယူရန် စရိတ်ဟုဆိုကာ ဒေသခံ ရိုဟင်ဂျာများထံမှ အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒ်အာလမ်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း၏ ညွန်ကြားချက် အရ သန်းခေါင်စာရင်း ကောက်ယူစရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃၀၀၀ စီကောက်ယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် မောင်တောမြို့နယ် အတွင်းရှိ အခြား ရွာများတွင်လည်း ကောက်ခံလျက် ရှိပြီး၊ အချို့ရွာများတွင် ငွေကြေး တတ်နိုင်သူများကို ရွေးချယ်၍ ကောက်ခံလျက် ရှိကြောင်း သိရှိ ရပါသည်။

အလားတူပင် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်း (တောင်ဘဇား) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှ ကလည်း ကျေးရွာ အုပ်စု အတွင်းရှိ ရွာငယ် ၁၇ ရွာကို သန်းခေါင်စာရင်း ကောက်ယူ စရိတ် အတွက်ဟုဆိုကာ တစ်ရွာလျှင် နှစ်သိန်းကျပ်နှုန်း၊ စုစုပေါင်း ၃၄ သိန်း ပေးရမည်ဟု ပြော၍ ရပ်မိရပ်ဖ များမှ တဆင့် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ ရွာအုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှကို ဒေသခံ ရွာသားများက မေးမြန်းသည့် အခါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၏ ညွန်ကြားချက်အရ ကောက်ခံခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်ရှိ ကျောက်ဖြူသား သေကံ ကျေးရွာအုပ်စု၊ သေကံခွဆုံ ကျေးရွာ အုပ်စု တို့တွင်လည်း သန်းခေါင် စာရင်း စရိတ်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

အချက်အလက်အချို့ကို MYARF မှ ပံ့ပိုးသည်။  

စစ်တွေက နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားတွေနဲ့ NGO ဝန်ထမ်းတွေ ပြည်တွင်း လေကြောင်းလိုင်းနဲ့ ရန်ကုန် လေဆိပ်ကို ဆိုက်ရောက်လာ။ (မတ် ၂၇၊ ၂၀၁၄)


ကျော်ကျော်သိန်း
28.3.2014

ရခိုင်ပြည်နယ်က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေရဲ့ရုံးတွေ တိုက်ခိုက်ခံ ခဲ့ရတဲ့ အပေါ် အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပြောလိုက်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကာအကွယ်ပေးဖို့ ကုလ သမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုသလို အကူအညီပေး လုပ်သားတွေ ဘေးကင်းလုံခြုံရေး အထူးအရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွေအတွင်း အသီးသီး တုန့်ပြန် ပြောဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူးရဲ့ ထုတ်ပြန်ချက်ကို ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ နေရာဌာန တွေကို ဘယ်သူဘယ်ဝါမှန်းမသိသူတွေက မကြာသေးခင်က တိုက်ခိုက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်း အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Toily Kurbanov က အထူးပဲ စိုးရိမ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မြန်မာအစိုးရက အကာအကွယ်ပေးဖို့ သူ့ရဲ့ထုတ်ပြန်ချက် ထဲမှာ တောင်းဆိုထားပါတယ်။ ဘေးရန်မကင်းတဲ့ကြားကပဲ ကုလသမဂ္ဂနဲ့ လူလူချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်နေသူတွေကို အသက်ကယ် အကူအညီတွေ ဆက်ပြီး ပေးသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။”

စစ်တွေမြို့အခြေစိုက် Malteser International အဖွဲ့ရဲ့ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် စစ်တွေမှာရှိတဲ့ NGO ရုံးတွေ၊ NGO ၀န်ထမ်းတွေ နေထိုင်တဲ့ အိမ်တွေကို ဒေသခံအချို့က ဗုဒ္ဓဟူးနေ့ညနေပိုင်းကစပြီး ဖျက်ဆီးခဲ့ကြ တယ်လို့ စစ်တွေပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဗွီအိုအေကိုပြောပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေဟာ ကြာသပတေးနေ့ မနက်ပိုင်းအထိ ဆက်ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Marie Harf က အခုလိုပြောပါတယ်။

“အိုးအိမ်တွေပျက်စီးခဲ့ရပြီး အမေရိကန်နိုင်ငံသား သုံးဦးထက်မနည်းအပါအ၀င် အပြည်ပြည် ဆိုင်ရာ အကူအညီပေး လုပ်သားတွေကို ဘေးကင်းရာဆီ အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်း ခဲ့တဲ့ထိဖြစ်ခဲ့ရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို စစ်တွေမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် ကျမတို့ အထူးပဲ စိုးရိမ်ပါတယ်။”

လူလူချင်းစာနာမှုဆိုင်ရာ အကူအညီပေးလုပ်သားတွေရဲ့ လုံခြုံရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်မှုတချို့ ရှိပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့အင်အား အလုံ အလောက်မရှိတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ အကြမ်းဖက်မှု မဖြစ်အောင်နဲ့ မပြန့်ပွား အောင် အကာအကွယ်ပေးဖို့၊ အကူအညီပေးလုပ်သားတွေ၊ သူတို့ရဲ့ရုံးတွေနဲ့ တခြား အကာ အကွယ်မဲ့လူထုတွေကို အကာအကွယ်ပေးဖို့ အားနည်းတာတွေအပေါ် အထူးစိုးရိမ်ဆဲ ဖြစ်ပါ တယ်လို့လည်း မာရီး ဟာ့ဖ်ကပြောပါတယ်။

အကြမ်းဖက်အခြေအနေ စဖြစ်ရတာကတော့ Malteser International အဖွဲ့ရဲ့ နိုင်ငံခြားသူ ၀န်ထမ်းက သာသာနာ့အလံကို ဆွဲဖြဲပြီး မတော်တရော်လုပ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက မြင်သွားပြီးတော့ သတင်းပြန့်သွားတာကနေ မကျေမနပ်ဖြစ်သူတွေ စုဝေးပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဦးအောင်မြတ်ကျော်က ရှင်းပြပါတယ်။

လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ရမှာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက မြန်မာတာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

“လိုအပ်နေသူတွေအတွက် လူလူချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမဲ့ ပုံမှန် ရောက်ဖို့နဲ့ အဲဒီအကူအညီတွေကို ထိထိရောက်ရောက် ပေးပို့နိုင်ဖို့ရာ လူလူချင်းစာနာမှုဆိုင်ရာ လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အထူးအရေးကြီးပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခရဲ့ အရင်းခံအကြောင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ရေရှည်ခံမယ့်အဖြေတစ်ခုရရှိရေး လုပ်ဆောင်ဖို့၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေတွေကို ဖန်တည်းပေးဖို့ မြန်မာအစိုးရကို ကျမတို့ ဆက်ပြီး အားပေးတိုက်တွန်းပါတယ်။ ဒီ ကြိုးပမ်းမှု တွေမှာ ကူညီထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။”

သင့်တင့်လျောက်ပတ်တဲ့ တုန့်ပြန်မှု လုပ်ဆောင်ဖို့နဲ့ ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေး သေချာအောင်လုပ်ဖို့ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး တွိုင်လီ ကူရ်ဘာနော့ဗ်ကလည်း မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသလို နိုင်ငံခြားသားတွေ အကုန်လုံးကို စစ်တွေဟော်တယ်မှာ လုံခြုံရေး ပေးပြီးတော့ ရန်ကုန်ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။



RB News
27.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထွန်းက စေတီပြင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများကို ခေါ်ယူ တွေ့ဆုံ၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်ရန် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထွန်းက စေတီပြင် ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၃ ဦးစီကို ခေါ်ယူ၍ တွေ့ဆုံ ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ရေးခွင့် ပြုနိုင်မည် မဟုတ်ကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို ဘင်္ဂလီဟုသာ ရေးပါမည်ဟု အတင်းအဓမ္မ လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာ ရပ်မိရပ်ဖများက မိမိတို့သည် ဘင်္ဂလီများ မဟုတ်သဖြင့် လက်မှတ် ရေးထိုး နိုင်မည် မဟုတ်ဟု ငြင်းဆို၍ လက်မှတ် မရေးထိုးဘဲ ပြန်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

အလားတူပင် ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်း ကျေးရွာ တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှက ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို အထက်အမိန့်အရ ဟုဆိုကာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂလီ သို့မဟုတ် မွတ်စလင် ဟုသာ ဖြည့်ရမည် ဖြစ်ကြောင်း၊ ရိုဟင်ဂျာဟု ဖြည့်မည် ဆိုပါက စာရေးသား၍ လက်မှတ် ရေးထိုးပြီး စာတင် ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဦးကျော်လှက အကယ်၍ ရိုဟင်ဂျာဟု ပြောမည် ဆိုပါက စာရင်းကောက်များက စာရင်းကောက်မည် မဟုတ်ကြောင်း ပြောကြားရာ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ များက မိမိတို့ အနေဖြင့် မိမိတို့၏ လူမျိုး အမည်ကိုသာ ရေးမည် ဖြစ်ကြောင်း၊ အကယ်၍ စာရင်းကောက်များက စာရင်း မကောက်လည်း မိမိတို့ အတွက် ပြဿနာ မဟုတ်ကြောင်း၊ မိမိတို့သည် ရိုဟင်ဂျာ များသာ ဖြစ်၍ ရိုဟင်ဂျာဘဲ ဖြစ်ရမည်ဟု ရဲရဲဝံ့ဝံ့ တုန့်ပြန် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




RB News
27.3.2014

ရမ်းဗြဲ ။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာမှ ဒေသခံ များကို သန်းခေါင်စာရင်းနှင့် ပတ်သက်၍ လ.၀.က တိုက်နယ်မှူးက ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၄ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ မူလတန်းလွန် ကျောင်းတွင် ကျောက်နီမော်မှ ဒေသခံများကို ကျောက်နီမော် လ.၀.က တိုက်နယ်မှူး ဦးကျော်ကျော်အောင်၊ ကျောက်နီမော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၊ စာရေး ဦးဇော်မင်းနိုင် တို့က ခေါ်ယူ တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံပွဲတွင် ဦးကျော်ကျော်အောင်က ခရိုင် လ.၀.က ဦးစီးမှူး၏ အမိန့်အရ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် မေးခွန်း အမှတ် (၇) ကိုးကွယ်သည့် ဘာသာ၊ အမှတ် (၈) လူမျိုး နေရာများတွင် မဖြည့်စွက်ရန်၊ အကယ်၍ ဖြည့်စွက်မည် ဆိုပါကလည်း ဘင်္ဂါလီဟုသာ ဖြည့်စွက်ရန် ပြောကြားခဲ့သည်။ ဦးကျော်ကျော်အောင်က အကယ်၍ ၎င်းပြောကြားသည့် အတိုင်း မလိုက်နာဘဲ အခြား လူမျိုး အမည် တစ်စုံ တစ်ရာ ဖြည့်စွက် ရေးသားပါက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အစရှိသည့် အရေးပေါင်းစုံတွင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောက်နီမော် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးကျော်ကျော်အောင် ပြောကြားခဲ့သည် များကို ရွာသူ ရွာသား များအားလုံးကို ရှင်းပြပြီး မတ်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီတွင် လက်ခံ သဘောတူကြောင်း ရွာသူရွာသားများက လက်မှတ် ရေးထိုး၍ အကြောင်းပြန်ရမည်ဟု သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ ပြောကြား ခဲ့သည်။ သန်းခေါင်စာရင်း ဥပဒေအရ မည်သူ တစ်ဦး တစ်ယောက်ကမှ တိုက်တွန်း၊ ခြိမ်းခြောက် ပြောဆိုခွင့် မရှိသော်လည်း ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့နယ် များတွင် ဒေသခံ မွတ်စလင်များကို နည်းမျိုးစုံ ခြိမ်းခြောက် လျက်ရှိသည်။




RB News
27.3.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးနှင့် လ.၀.က ဒုဦးစီးအရာရှိ တို့က ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ လ.၀.ကမှူး ဦးလှဝင်းနိုင်တို့က ကျေးရွာ အုပ်စု ၁၅ စုမှ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက သန်းခေါင်စာရင်း ကောက်ယူသည့် အခါ လူမျိုး၊ ဘာသာကို ကွက်လပ် ထားရန် ပြောဆို ခဲ့ပြီး၊ ကျန်သည့် မေးခွန်းများကိုသာ ဒေသခံများမှ ဖြေဆိုရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ အကယ်၍ ပြောဆိုထားသည့် အတိုင်း မလိုက်နာပါက ပြဿနာ ဖြစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ထို့နောက် မြို့နယ်ခွဲ လ.၀.ကမှူး ဖြစ်သူ ဦးလှဝင်းနိုင်က “မင်းတို့ ဘင်္ဂလီဘဲ၊ ဘင်္ဂလီဘဲ ရေးရမယ်။ ရိုဟင်ဂျာ ရေးရင် ငါတို့ လက်မခံဘူး။ မင်းတို့ ရွာသား တွေကို ရှင်းပြ။ သန်းခေါင် စာရင်း ကောက်ယူတာ ငါတို့ လိုအပ်ချက် အရ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ အစည်းအဝေးသို့ တက်ရောက် လာသူများကို သန်းခေါင် စာရင်း ဖြေဆိုရာတွင် အာဏာပိုင်များ ပြောကြားသည့် အတိုင်း လိုက်နာ ပါမည်ဟု အတင်း အကျပ် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လ.၀.ကမှူး ဦးလှဝင်းနိုင်သည် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ လူမှု ဘက်စုံ ကူညီ စောင့်ရှောက်ရေး အသင်း၏ ဥက္ကဌ ဖြစ်ပြီး တစ်ဖက်နိုင်ငံက ဘင်္ဂလီ - ရခိုင်များကို စည်းရုံး၍ ခေါ်လာနေသူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် တဖက်နိုင်ငံရှိ ရခိုင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



အယ်ဒီတာ့အာဘော်
RB News
27.3.2014

သန်းခေါင်စာရင်း ကောက်ယူမယ့် အချိန်နီးကပ် လာတာနဲ့ အမျှ ရခိုင်ပြည်နယ် အ၀န်းမှာ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေက ဒေသခံ ရိုဟင်ဂျာ တွေကို အစည်းအဝေး တွေခေါ်ယူပြီး ခြိမ်းခြောက်တာတွေ တစ်နေ့ထက် တစ်နေ့ များပြား လာနေပါတယ်။ အဲဒီလို ခြိမ်းခြောက်ခြင်းက ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ သန်းခေါင်စာရင်း ဥပဒေနဲ့ ဆန့်ကျင် နေပမယ့်လည်း ပြည်ထောင်စု အစိုးရ ကိုယ်တိုင်က အဲဒီလို ခြိမ်းခြောက်ဖို့ ညွှန်ကြားထားတာမို့ အရေးယူ ဆောင်ရွက် ပေးခြင်းလည်း မရှိပါဘူး။

ဒေသဆိုင်ရာ အာဏာပိုင်တွေက လူမျိုးနေရာမှာ ဘာမှ မဖြည့်ဘဲ ကွက်လပ်ချန်ဖို့ ပြောနေတာ ရှိသလို၊ လူမျိုးနေရာမှာ ဘင်္ဂါလီလို့ ဖြည့်ပါဆိုပြီး အတင်း အဓမ္မ ခြိမ်းခြောက် တိုက်တွန်း နေတာလည်း ရှိပါတယ်။ ပျော့ပျောင်းစွာ ပြောတာ ရှိသလို၊ ရာထူးနဲ့ မလိုက်ဖက်အောင် ညစ်ညမ်းတဲ့ အသုံးအနှုန်း တွေကိုပါ သုံးစွဲပြီး ခြိမ်းခြောက် နေတာတွေလည်း လေ့လာ တွေ့ရှိရပါတယ်။ အဲဒါတွေ အပြင် လူမျိုးနေရာမှာ ဘင်္ဂါလီလို့သာ ရေးပါမယ် ဆိုပြီး ခံဝန်ချက် လက်မှတ်ရေးထိုး ခိုင်းနေတာလည်း ရှိသလို၊ လူမျိုးနေရာမှာ ရိုဟင်ဂျာလို့သာ ရေးမယ့် အကြောင်းကို လက်မှတ်ထိုးပြီး စာတင်ပါလို့ အာဏာပိုင်တွေက အတင်းအဓမ္မ ပြောဆိုနေတာ တွေလည်း ရှိပါတယ်။

ဥပဒေအရ အာဏာပိုင်တွေမှာ အခုလိုမျိုး လုပ်ပိုင်ခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အဲဒီ အတွက်ကြောင့် အာဏာပိုင် တွေတောင်းတဲ့ စာတွေကို ပေးစရာ မလိုဘူးလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားများက အသိပေးချင်ပါတယ်။ သန်းခေါင်စာရင်းကို စာရင်းကောက် များက အိမ်တိုင်ရာရောက် လာရောက်ပြီး ကောက်ယူ ရမှာ ဖြစ်ပြီး၊ မိမိတို့ အနေနဲ့ ယခင် န.စ.က ဆွဲ၊တင်၊စစ် လို သွားပြီး ဖြေစရာလည်း အကြောင်း မရှိပါဘူး။ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ထုံး လုပ်နည်းက တစ်နိုင်ငံလုံး တစ်မျိုးတည်းသာ ဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ရဲ့ နေအိမ်များမှာသာ စောင့်ဆိုင်းပြီး ဖြေဆိုကြပါ။ ပြီးတော့ သန်းခေါင်စာရင်း ဖြေဆိုရာမှာ မည်သည့် စာရွက် စာတမ်းကိုမှ ပြစရာလည်း မလိုပါ။ အမျိုးသား မှတ်ပုံတင် ကဒ်ပြား၊ ယာယီ သက်သေခံ ကဒ်ပြား၊ အိမ်ထောင်စု စာရင်းနဲ့ အခြား မည်သည့် စာရွက် စာတမ်းကိုမှ ပြဖို့ မလိုအပ်ပါ။

သန်းခေါင်စာရင်း ဖြေဆိုရာမှာလည်း မိမိ အတွက် အဆင်ပြေမယ့် မေးခွန်းကနေ စပြီး ဖြေခွင့် ရှိပါတယ်။ မေးခွန်းကို အစဉ်လိုက် ဖြေရမယ်လို့ ပြဌာန်းထားခြင်း မရှိပါဘူး။ အဲဒါကြောင့် သန်းခေါင်စာရင်း ဖြေဆိုမယ့် ရိုဟင်ဂျာများ အနေနဲ့ စာရင်းကောက်များကို မေးခွန်း နံပါတ် (၈) အရင် ဖြေမယ်လို့ ပြောပါ။ မေးခွန်း နံပါတ် (၈) ကို မိမိတို့ရဲ့ ဆန္ဒအတိုင်း လူမျိုးနေရာမှာ “ရိုဟင်ဂျာ” - ကုဒ်နံပါတ် 914 ကိုဖြည့်လိုက်မှသာ ကျန်တဲ့ မေးခွန်းများကို ဖြေဆိုပါလို့ အကြံပြုချင်ပါတယ်။ ဖြေဆိုတဲ့အတိုင်း မှန်မှန်ကန်ကန် ရေးခြင်း ရှိ/မရှိကို အရင်စစ်ဆေးပါ။ စစ်ဆေးခွင့် ရှိပါတယ်။ ပြီးမှသာ ကျန်တဲ့ မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါလို့ အလေးအနက် ပြောချင်ပါတယ်။ အကယ်၍ မိမိတို့ရဲ့ ဆန္ဒအတိုင်း ရိုဟင်ဂျာ လူမျိုး - ကုဒ်နံပါတ် 914 ဖြည့်မပေးဘူး ဆိုရင် ဆက်ဖြေစရာလည်း မလိုအပ်ပါဘူး။

သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ စာရင်းကောက်၊ လုံခြုံရေးနဲ့ အခြား တစ်ဦးတစ်ယောက်က မိမိရဲ့ ဆန္ဒအတိုင်း ဖြည့်သွင်းခြင်း မရှိဘူး၊ အနှောက်အယှက် တစ်စုံတစ်ရာ ပေးတယ်ဆိုရင် UNFPA ရဲ့ Hotline ဖြစ်တဲ့ 1840 ကိုချက်ချင်း ဖုန်းဆက် အကြောင်းကြားပါ။ UNFPA က ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ပြီးရင် ဒုတိယ တာဝန် အရှိဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ RB ၀ိုင်းတော်သားတွေ အနေနဲ့ ရိုဟင်ဂျာ မိဘပြည်သူများ တွေ့ကြုံလာတဲ့ အခက်အခဲ များကို အချိန်နဲ့ တပြေးညီ အတတ်နိုင်ဆုံး သတင်းရေးသား ပေးမှာ ဖြစ်သလို၊ ကုလသမဂ္ဂနဲ့ အခြားသော အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ နိုင်ငံတကာ သံရုံးများကိုလည်း အချိန်မှီ သတင်း ပေးပို့ သွားမှာ ဖြစ်ပါတယ်။

လ.၀.က ၀န်ကြီး ဦးခင်ရီက စစ်တွေမြို့မှာ ခြိမ်းခြောက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တဲ့ နောက်မှာ စစ်တွေမြို့မှာ ရှိတဲ့ နိုင်ငံခြားသား တွေကို အပြီးမောင်းထုတ်ဖို့ လုပ်ကြံဖန်တီးမှု တစ်ခု စလိုက်တာ မတ်လ ၂၆ ရက်နေ့ ညပိုင်း ကတည်းက ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရိုဟင်ဂျာတိုင်းရဲ့ အသွေးအသားထဲက ရိုဟင်ဂျာကို ဘယ်လို ခြိမ်းခြောက်မှုနဲ့မှ ပြောင်းလဲ နိုင်မှာ မဟုတ်ဘူးဆိုတာကို လ.၀.က ၀န်ကြီး ဦးခင်ရီနဲ့ အပေါင်းအပါများ နားလည် ထားပါလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားများ ပြောချင်ပါတယ်။

ရိုဟင်ဂျာ မိဘ ပြည်သူများ အနေနဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့ ကာလမှာ တွေ့ကြုံရတဲ့ အခက် အခဲများကို Viber, WeChat, Whatsapp ကနေတဆင့် ဖုန်းနံပါတ် 0049 179 6535213 သို့ဆက်သွယ်ပြီး အကြောင်းကြား နိုင်ပါတယ်။


Rohingya Blogger - RB ၀ိုင်းတော်သားများ

မြန်မာ - ဘင်္ဂလား နယ်စပ် ခြံစည်းရိုး (ဓါတ်ပုံ - UCA News)


RB News
27.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် အတွင်းတွင် အကြမ်းဖက်ရန် ၀င်ရောက် ခဲ့သည့် ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စုသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနားတွင် ရှိနေပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံဖက်သို့ ပြန်လည် ကူးရန် အတွက် ဘင်္ဂလား ဒေ့ရှ် နယ်ခြား စောင့်တပ်၏ အလစ်ကို စောင့်ဆိုင်း နေကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုး အနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာ နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်၍ အကြမ်းဖက်ရန် ၀င်ရောက်ခဲ့သည့် ၃၀ ဦးခန့် ပါဝင်သည့် ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စုက ဘင်္ဂလား ဒေ့ရှ် နိုင်ငံဖက်သို့ ပြန်လည် ကူးရန် အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်၏ အလစ်ကို စောင့်ဆိုင်း လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) ရပ်ကွက်မှာ ရှိတဲ့ ယခင် ဦးရှိတ်အာမတ်ရဲ့ အိမ်နားမှာ ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စု လွန်ခဲ့တဲ့ နှစ်နာရီ လောက်က စပြီး ထိုင်စောင့် နေကြတယ်။ တဖက်နိုင်ငံကို ကူးဖို့ အတွက် ဟိုဘက်က နယ်ခြား စောင့်တပ်ရဲ့ အလစ်ကို စောင့်နေတာပါ။ ကျွန်တော်တို့ ဒေသခံ လုံခြုံရေးတွေကို အကြောင်းကြား ပါတယ်။ ဒါပေမယ့် လာလည်း မကြည့်ဘူး။ လာကြည့်မယ်လို့ တောင် မပြောဘူး။ ကျွန်တော်တို့ မောင်တောမှာ နေ့စဉ် ရက်ဆက် မီးရှို့မှု တွေ ဖြစ်နေတာတွေနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ တရားမ၀င် ၀င်ရောက်လာလို့ တရားမ၀င် ပြန်ထွက် နေတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သိသိကြီးနဲ့ လွှတ်ပေး ထားသလို ဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။




ကိုမိုးဇော်
26.3.2014

အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့ မြန်မာအစိုးရအပေါ် တောင်းဆိုတာဟာ မြန်မာပြည်ရဲ့ နောက်ခံ နိုင်ငံရေးသမိုင်းကို တိတိကျကျ လေ့လာမှုမရှိဘဲ ပြောဆိုတာသာ ဖြစ်တယ်လို့ မြန်မာ အစိုးရရဲ့ ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။

ဒီအရေးကိစ္စဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တာကြောင့် ပြင်ပက ဖိအားပေး ဆောင်ရွက်တာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီ လို့ ခေါ်ဆိုသုံးစွဲနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အစ္စလာမ် ဘာသာဝင်တွေကို တိုင်းရင်းသားအဖြစ် ချက်ချင်း အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့အတွက် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေးကော်မတီ ကြားနားပွဲမှာ အင်္ဂါနေ့က ဆွေးနွေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုအပေါ်မှာတော့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“အဲ့ဒီမှာ ပြဿနာက တိုင်းရင်းသား လူနည်းစုဆိုတဲ့ ကိစ္စနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စနှစ်ခုကို လာပေါင်းလို့ မရဘူး။ ၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီ မှန်သမျှ နိုင်ငံသားဖြစ်ခွင့်အတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ကျနော်တို့က အမြဲတမ်း ပြောခဲ့ပြီးသားပဲ။ တိုင်းရင်းသားဖြစ်ခွင့်ဆိုတာက ဗြိတိသျှလက်ထက်မှာ သန်းခေါင်စာရင်း ကောက်ကတည်းကိုက သူတို့ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီစကားလုံးဆိုတာလည်း ဒါ ၁၉၅၀ လောက်ကမှ စပြီး ပေါ်လာတဲ့ စကားလုံးကြီး။ အဲ့ဒီနှစ်ခုကို ခွဲခွဲခြားခြား နားမလည်ဘဲနဲ့ ပေါင်းပြီးတော့ ထည့်တာတော့ သူတို့ဟာသူတို့ ဒီ ပြည်တွင်းနိုင်ငံရေးအရ lobby group တွေရဲ့ အလိုကျ လိုက်လုပ်တာလို့ပဲ ပြောရမှာပဲ။ ကျနော်တို့ကတော့ ဘာမှ အလေးထားပြီး လိုက်လုပ်ပေးစရာ မလိုပါဘူး။ အမေရိကန်က လွှတ်တော်အမတ်တွေက သူများနိုင်ငံရဲ့အကြောင်းကို ပြောမယ်ဆိုရင် အဲ့ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေရဲ့ နောက်ကြောင်းတို့၊ အကြောင်းရင်းခံတို့ကို တိတိကျကျ လေ့လာပြီးမှ ပြောသင့်တာပေါ့ဗျာ။”

အမေရိကန် အောက်လွှတ်တော်အမတ်တွေက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံတာတွေ တိုးတက်အောင် မလုပ်ရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဟာ ပြည့်မီမှာ မဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ နိုင်ငံတကာက လိုအပ်တဲ့ နည်းလမ်းတွေသုံးပြီး ဖိအားပေး ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“နိုင်ငံတကာက ဖိအားပေးလို့လည်း မရပါဘူး။ ဒါ ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စပဲ။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ကိစ္စပဲ။ အမေရိကန်နိုင်ငံမှာ လုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို ကျနော်တို့က ဖိအားပေးလို့ မရသလို၊ ကျနော်တို့နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဘယ်သူကမှ လာပြီးတော့ ဖိအားပေးလို့ မရပါဘူး။ ကျနော်တို့မှာ လူ့အခွင့်အရေးနဲ့ မညီလို့ အကြံပြုချင်တယ်ဆိုရင်တော့
ပြုလို့ရမယ်။ ဒါလောက်ပဲ။”

ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေးဟာ အရေးကြီးကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၈ မျိုးရှိတယ်။ အဲ့ဒီရဲ့အောက်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာဆိုတာလည်း မရှိဘူး။ ရိုဟင်ဂျာဆိုတာ ပါလည်းမပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားအရ အနောက်ဘက်မှာ ဧရိယာမိုင်အားဖြင့် မကွေးတိုင်းသာသာလောက်ပဲရှိတယ်။ လူဦးရေက သန်း ၁၆၀ ကျော်နေပြီ။ population က အရမ်းကို ကြီးထွားနေတယ်။ ပြီးတော့ အဲ့ဒီအထက်မှာ အိန္ဒိယရှိတယ်။ သန်း ၁၃,၀၀ ကျော်နေပြီ။ အရှေ့ဘက်မှာ တရုတ်နိုင်ငံရှိတယ်။ တရုတ်နိုင်ငံက သန်း ၁၆,၀၀ ကျော်ရှိတယ်။ အဲဒီလိုမျိုး လူဦးရေများပြားလွန်းတဲ့ နိုင်ငံကြီးတွေကြား ထဲမှာနေတဲ့ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေအရေးဟာ သိပ်ကို အရေးကြီးတယ်။ တနိုင်ငံနဲ့တနိုင်ငံ ပထ၀ီ နိုင်ငံရေးမတူဘဲနဲ့ သူတို့က ဒါမျိုး သေချာ မလေ့လာဘဲနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။
နောက်တခုက ဒါဟာ တနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တနိုင်ငံက ၀င်ရောက် စွက်ဖက်တာဖြစ်နေတယ်။”

ဘူးသီးတောင်၊ မောင်တော မူဆလင်ဒေသခံတွေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ သူတို့တွေဟာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၇ ဥပဒေရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ခေါ်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးတွေနဲ့အတူတူ ကျနော်တို့ ရိုဟင်ဂျာဒေသကို ကိုယ်စားပြုတဲ့ ကျနော့်အဖေရယ်၊ နောက် မောင်တောက တယောက်ရယ်၊ တိုင်းရင်းသားလူမျိုးကိုယ်စားပြုတဲ့အထဲမှာ နှစ်ဦးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ။ ဦးနေ၀င်း အာဏာတက်လာပြီး တတိုင်းပြည်လုံးမှာ လူတွေအားလုံး အခွင့်အရေး ဆုံးရှုံးတဲ့နေရာမှာ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကလည်း ထိပ်ဆုံးကနေ လူ့အခွင့်အရေး ဆုံးရှုံးခံရတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၈၊ 88 နောက်ပိုင်းကျတော့ ၂၀၁၀ ပြည့်က အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး အခု ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာမရှိဘူးဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်တွေက ပြောနေတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့က လက်မခံဘူး။”

ဦးကျော်စိုးအောင်က သူတို့ဒေသက လူထုတွေဟာ လက်ထပ်ထိမ်းမြားခွင့်၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုး၊ ဘာသာ ခွဲခြားပြီး ဆက်ဆံတာ မရှိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မကြာမီ စတင်တော့မယ့် သန်းခေါင်စာရင်း
ကောက်ယူရာမှာ ရိုဟင်ဂျာလူမျိုးအမည် မထည့်သွင်းဖို့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ စုက တောင်းဆိုထားပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တော နယ်တွေမှာ ပြည်သူ့ဆန္ဒ ကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြု ရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ လူ ၂၀၀၀ လောက် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

Rohingya Exodus