နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
30.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၃၇၈ မှ တပ်ကြပ်ကြီး မြင့်အေးသည် ကျောင်းဆရာ တစ်ဦးကို ရိုက်နှက်၍ စာချုပ် တစ်စောင်တွင် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၂) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာ အခြေစိုက် တပ်ရင်း ၃၇၈ မှ တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမာမတ်တာရစ် (ဘ) ဦးအဒူဟာမိတ် တို့သည် တပ်မင်းချောင်း ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာ ဖြစ်သူ ဦးမိုဟာမတ်နူရ် (ဘ) ဦးမိုဟာမတ်အီနုစ် (အသက် ၃၅ နှစ်) ကို မူလတန်းလွန် ကျောင်းရှေ့မှ ဖမ်းဆီး၍ ကျောက်ဖြူတောင် ကျေးရွာရှိ ဦးဘော်ရှော်ရ်၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါက စာကြမ်း တစ်စောင်ကို အခွန် တံဆိပ်ခေါင်းပါ စာချုပ် တစ်စောင် ပေါ်တွင် ကူးရေးရန် ကျောင်းဆရာ ဦးမိုဟာမတ်နူရ်ကို ခိုင်းရာ၊ ကျောင်းဆရာက ငြင်းဆိုသဖြင့် လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကျောက်ကာ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်သဖြင့် နောက်ဆုံးတွင် စာချုပ်ပေါ်တွင် ကူးရေးပေးပြီး လက်မှတ် ရေးထိုးပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါသည် စာချုပ်အတွက် စာကြမ်းတွင် ကျောင်းဆရာ ဦးမိုဟာမတ်နူရ်က ငွေကျပ် ၆၅ သိန်းခန့် တန်ဖိုးရှိ ရွှေနှင့် ငွေသားများကို ဇူလိုင်လ (၁) ရက်နေ့တွင် ပေးပါမည်ဟု ရေးသားထားခဲ့ပြီး၊ ကျောင်းဆရာ ဦးမိုဟာမတ်နူရ်က တပ်ကြပ်ကြီး မြင့်အေး၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် စာချောကူးပေးခဲ့ရပြီး၊ အဆိုပါ ငွေသား၊ ရွှေများကို ပေးပါမည်ဟု လက်မှတ်ထိုး ပေးခဲ့ရသည်။

ကျောင်းဆရာ ဦးမိုဟာမတ်နူရ်သည် ၂၀၀၄ ခုနှစ်က လက်ထပ်ခဲ့ပြီး၊ အိမ်ထောင်နှင့် နှစ်ရှည်လများ ကွဲနေသူတစ်ဦး ဖြစ်သည်။ ထိုလူမှုရေး ကိစ္စကို တပ်ကြပ်ကြီး မြင့်အေးနှင့် တပည့် ဖြစ်သူ ဦးမာမတ်တာရစ် တို့က သိရှိသွားပြီး၊ ဦးမိုဟာမတ်နူရ်၏ ဇနီးက တိုင်ကြားသယောင် လုပ်ကြံမှုများ ဖန်တီးကာ ရိုက်နှက် နှိပ်စက်၍ စာချုပ်ပေါ်တွင် လက်မှတ်ထိုးခိုင်း၍ အတင်း အဓမ္မ ငွေညှစ်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။



မသိင်္ဂီထိုက်
30.6.2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် သမ္မတ အမည် တင်သွင်း ထားတဲ့ ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းကို ဒီကနေ့မှာပဲ ပြည်နယ် လွှတ်တော်က ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပါပြီ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်သူတွေ ရွေးကောက်တဲ့ ရခိုင် တိုင်းရင်းသား ဖြစ်စေချင်တဲ့ အကြောင်း ရခိုင်ပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ် အရေ အတွက် အများဆုံး ရထားတဲ့ ရခိုင် အမျိုးသားပါတီ ANC က ကြေညာချက် တစ်စောင် ထုတ်ခဲ့ သေးတာပါ။ ဗိုလ်ချုပ် မောင်မောင်အုန်းကို ဒီလ ၂၀ ရက်နေ့ကမှ ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ် လိုက်တာ ဖြစ်ပြီး ၅ ရက်အကြာ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အဆိုပြု ခဲ့တာပါ။

သူ့ကို ကန့်ကွက် လိုသူတွေကို ၂ ရက်တိတိ အချိန်ပေးခဲ့ ပေမယ့် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်မဲ မရှိနဲ့ တညီ တညွတ်တည်း ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြု လိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ကျမ်းကျိန်မယ့် ရက်တော့ အတိအကျ မသိရသေးဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ် အဖြစ် အတည်ပြု လိုက်တယ် ဆိုတဲ့ ကြေညာချက်ကို ကြေညာချက် သဘောမျိုး ပါပဲ။ ၂၅ ရက်နေ့က ကျနော်တို့ လွှတ်တော်မှာ သမ္မတက အဆိုပြုလွှာ တင်တယ်။ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ် မောင်မောင်အုန်းကို ကန့်ကွက်လွှာ နောက်ဆုံး ထားပြီး တင်လို့ ရတယ် ဆိုပြီး ဥက္ကဋ္ဌကြီးက ပြောတယ်။ ၂၇ ရက်နေ့မှာ သူ့ကို ကန့်ကွက်မယ့် လွှတ်တော် ကိုယ်စားလှယ် ဘယ်သူမှ မရှိတဲ့ အတွက် ဒီနေ့တော့ အတည်ပြု လိုက်တဲ့ သဘောမျိုး။ ဒီလွှတ်တော်မှာ အတည်ပြုတာပဲ ရှိပါတယ်။ ဒီအတည်ပြု ချက်ကို သမ္မတ ဆီယူပြီး လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီပို့ ရအုံးမယ်။ သမ္မတဆီက ခန့်အပ်လွှာ အမိန့် ထုတ်ပြန်တဲ့စာ ဒီကိုရောက်ပြီးမှ ဝန်ကြီးချုပ်က ကျန်းသစ္စာ ကျိန်ဆိုပြီးမှ ဝန်ကြီးချုပ် ဖြစ်မှာပါ။”

ဗိုလ်ချုပ် မောင်မောင်အုန်းဟာ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ကော်မတီ အတွင်းရေးမှူးနဲ့ ပြည်ထောင်စု အဆင့် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး ဌာန ECC ရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အနေနဲ့ ကတော့ နိုင်ငံတကာမှာ မျက်နှာပန်း မလှ ဖြစ်နေရတဲ့ လက်ရှိ ရခိုင်ပြည်နယ် အတွင်းက လူမျိုးရေး ပဋိပက္ခတွေကို ကိုင်တွယ် လာရမှာ ဖြစ်တာမို့ စောင့်ကြည့် ကြရမယ့် အနေအထား လို့လည်း လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

အခု ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဟာ တပ်မတော်သား ကိုယ်စားလှယ် တွေထဲက ဒုတိယမြောက် ပြည်နယ် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းအောင် ဆိုရင်လည်း တပ်မတော်သား ကိုယ်စားလှယ် ကနေ ခန့်အပ်ထားသူ ဖြစ်ပါတယ်။

ဟိန္ဒူ  ဘာသာဝင်များ မြို့မဈေးမှ အမှတ် (၅) ရပ်ကွက်သို့ သွားနေကြစဉ်


RB News
29.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် အစ္စလာမ် ဘာသာဝင် များမှ လွဲ၍ ကျန်သည့် ဘာသာဝင်များမှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ရရှိနေကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဇွန်လ (၃၀) ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ်လ စတင်မည် ဖြစ်သော်လည်း မောင်တောခရိုင် အတွင်းရှိ ဗလီဝတ်ကျောင်းတော် များအားလုံးကို အာဏာပိုင်များက သော့ခတ်၍ ပိတ်ထားမှာ ယခုဆိုလျှင် နှစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

ယနေ့ (ဇွန်လ ၂၉) ညနေပိုင်းတွင် မောင်တောမြို့ မြို့မဈေး အနီးရှိ ဟိန္ဒူ ဘုရားကျောင်းတွင် ဟိန္ဒူ ဘာသာဝင် ၃၀၀ ကျော် စုဝေးပြီးနောက် အမှတ် (၅) ရပ်ကွက်ရှိ ဟိန္ဒူ ဘုရားကျောင်းသို့ လမ်းလျှောက်၍ သွားခဲ့ကြသည်။ မောင်တောမြို့တွင် ဘာသာပေါင်းစုံ နေထိုင်ကြပြီး၊ ခရစ်ယာန် ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင် များမှာ မိမိတို့၏ ဘာသာနှင့် ပတ်သက်သည့် ထုံးထမ်းစဉ်လာ များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရထားကြသော်လည်း အစ္စလာမ် ဘာသာဝင်များ၏ ဗလီ ၀တ်ကျောင်းတော် များကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ပိတ်ပင် ထားခဲ့ရာ ယခု အချိန်ထိ ဖြစ်သည်။

ဒေသခံ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးများကို ဘာသာရေး အပြင် စီးပွာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အခြေခံ အခွင့်အရေး များကို အဘက်ဘက်မှ ပိတ်ပင်ထားပြီး၊ အခြားသော ဘာသာဝင်များကို ပေးအပ်ထားသည်မှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်းကိုသာ နိုင်ငံတော် အစိုးရမှ မူဝါဒ ချမှတ်၍ ဖိနှိပ် ချုပ်ချယ်နေခြင်းကို ပေါ်ပေါ်တင်တင် ပြသထားခြင်း ဖြစ်သည်။

“ဇွန်လ (၃၀) ရက်နေ့ ဆိုရင် ကျွန်တော်တို့ ဥပုသ်လ စတော့မယ်။ ဗလီတွေ အားလုံးကို သော့ခတ် ထားတယ်။ လူ ၅ ဦးထက် ပိုမစုရဘူးလို့ အမိန့် ထုတ်ထားတယ်။ ဒါပေမယ့် အဲဒီ အမိန့်က ကျွန်တော်တို့ လူမျိုးအတွက်သာ သက်ရောက်မှု ရှိနေတာပါ။ အခြားလူမျိုးတွေ အတွက် ပုဒ်မ ၁၄၄ ဆိုတာလည်း မရှိသလို၊ လူ ၅၀၀၀ ဆိုလည်း စုလို့ရကြတယ်။ ကျွန်တော်တို့ အတွက် အင်မတန် မွန်မြတ်တဲ့ ဗလီ ၀တ်ကျောင်းတော် နားကို ကျွန်တော်တို့ ကပ်ခွင့်တောင် မရဘူး ဖြစ်နေတယ်။ အခုလို ထူးမြတ်တဲ့ ရာမ်ဇာန် ဥပုသ်လမှာ ကျွန်တော်တို့ အနေနဲ့ ဗလီ ၀တ်ကျောင်းတော် တွေထဲမှာ ကောင်းမွန်စွာ တရားအားထုတ် ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အာဏာပိုင်တွေက မတရား ဖိနှိပ် ချုပ်ချယ် ထားလို့ ကျွန်တော်တို့ရဲ့ ဘာသာရေး အခွင့်အရေးများ အားလုံး ဆုံးရှုံးနေရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“လက်ရှိ အစိုးရကို ရွေးကောက် တင်မြှောက်ထားတဲ့ထဲမှာ ကျွန်တော်တို့လည်း ပါတယ်။ ကျွန်တော်တို့ ကြံ့ခိုင်ရေး ပါတီကို မဲပေးခဲ့တယ်။ ကြံ့ခိုင်ရေး ပါတီရဲ့ အစိုးရက ကျွန်တော်တို့ကို အခုလိုမျိုး ဆက်လုပ်ထားမယ် ဆိုရင် ၂၀၁၅ အတွက် သေချာ စဉ်းစားပါလို့ ပြောချင်ပါတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။



MYARF
RB News
29.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဆေးမှူးက ကျေးရွာအတွင်းရှိ ဆေးရောင်းချသူများထံမှ လစဉ် ဆက်ကြေး သဖွယ် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ ဆေးမှူးက ကျေးရွာ အတွင်းရှိ ဆေးဆိုင် ပိုင်ရှင်များထံမှ လစဉ် ငွေကျပ် ၅၀၀၀ စီ ဆက်ကြေးသဖွယ် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဆေးဆိုင်ပိုင်ရှင် များသည် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တရားဝင် ခွင့်ပြုချက်ဖြင့် ရောင်းချလျက် ရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်နက်နှင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်နေခြင်း ဖြစ်သည်။

ရွက်ညိုတောင် ကျေးရွာ အုပ်စုတွင် ဆေးဆိုင် ဖွင့်လှစ် ရောင်းချနေသူ ၃၂ ဦး ရှိပြီး၊ ၎င်းတို့အားလုံး ထံမှ ငွေကျပ် ၅၀၀၀ စီကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ ဆေးမှူးက တစ်လကြို၍ ကောက်ခံလေ့ ရှိကြောင်း သိရှိရပါသည်။

ဇွန်လ (၂၅) ရက်နေ့ မြော်တောင်ဈေးနေ့တွင် ၎င်းဈေးရှိ ဆေးဆိုင် (၆) ဆိုင်မှ ဇူလိုင်လ အတွက်ဟုဆိုကာ ငွေကျပ် ၅၀၀၀ စီကို ဓါးပြသဖွယ် ကောက်ယူသွားခဲ့သည်။ ဇွန်လ (၂၂) ရက်နေ့တွင် ကျရောက်သည့် မြော်တောင်ဈေးနေ့တွင် ဖားဝပ်ချောင်း ကျေးရွာမှ ရွာသား ၅၀ ကျော်သည် ၄ x ၂ x ၁၈ လက်မ အရွယ် သစ်ချောင်း ၁၀၀၀ ကျော်ကို ရောင်းချရန် ရောက်ရှိခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ သစ်များကို ၆ ပုံခွဲကာ ၅ ပုံကို သိမ်းယူလိုက်ပြီး တစ်ပုံကိုသာ ပြန်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။



Rohingya Eye
RB News
28.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ထိန်းရဲများက ချဲထိုးသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၄ ) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာမှ ဦးရှာကဲရ် (ဘ) ဦးအလီမော်ဒိန်း (အသက် ၃၅ နှစ်) သည် မောင်တောမြို့ပေါ်တွင် ဈေးဝယ်ရန် လာနေစဉ် နေ့လည် (၂) နာရီခန့်တွင် နယ်ထိန်းရဲများက ဖမ်းဆီး၍ ရဲစခန်း ရှေ့ဆိုင်တန်းများရှိ လဘက်ရည်ဆိုင်သို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နယ်ထိန်းရဲများက ဦးရှာကဲရ် ချဲထိုးသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း တိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးရှာကဲရ်သည် မည်သည့် အခါကမှ ချဲထိုးခြင်း၊ လောင်းကစားခြင်း မရှိခဲ့ဘဲ အကျင့် စာရိတ္တ ကောင်းမွန်သူ တစ်ဦး ဖြစ်သည်။ ၎င်းထံမှ ချဲထိုးထားသည့် ဖြတ်ပိုင်း၊ ချဲနှင့် သက်ဆိုင်သည့် အရာ တစ်စုံတစ်ခု မရရှိခဲ့ဘဲ၊ ရဲများဟူသည့် အာဏာ အရှိန်အ၀ါကို အသုံးချ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်ရှိ ဆန်းကြည်ဝင်း ဓါတ်ပုံဆိုင်တွင် ချဲဒိုင် လုပ်ငန်း လုပ်ကိုင်လျက် ရှိသော်လည်း ဖမ်းဆီး အရေးယူခြင်း မရှိသည့် အပြင် ရဲများကိုယ်တိုင် နေ့စဉ် သွားရောက်၍ ချဲထိုးနေကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ဆိုင်ရှင် ဖြစ်သူမှာ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ပြီး၊ ရခိုင် လူမျိုး တစ်ဦး ဖြစ်သည်။ နယ်ထိန်း ရဲများသည် ဒေသခံ ရိုဟင်ဂျာ များကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လျက် ရှိသော်လည်း၊ ရခိုင်လူမျိုးများ ဥပဒေ ချိုးဖောက်ပါက ဥပဒေ မရှိသည့်ဟန်ဖြင့် အရေးယူခြင်း မရှိသည့် အပြင် အားပေး အားမြှောက်ပင် ပြုလုပ်လျက် ရှိသည်။

နယ်ထိန်းရဲများ၏ ခေါင်းဆောင်မှာ ဒုရဲအုပ် တိုးတိုး ဖြစ်ပြီး၊ မောင်တောမြို့ပေါ်သို့ နေ့စဉ် နေ့တိုင်း ဈေးဝယ်လာသူ များကို အကြောင်းမဲ့ အနှောက် အယှက်ပေးခြင်း၊ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ဖမ်းဆီး၍ ချုပ်နှောင်ထားခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။



RB News
28.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာရှိ မူလတန်း လွန်ကျောင်းတွင် ကျောင်းဆရာများ စာသင်ကြားခြင်း မရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေး ဆုံးရှုံး နစ်နာလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မောင်နီရွာရှိ မူလတန်း လွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၉၀၀ ကျော်ရှိပြီး၊ ၂၀၁၄ - ၁၅ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဆဌမတန်းထိ ဖွင့်လှစ် သင်ကြားလျက် ရှိသည်။ သူငယ်တန်းမှ ပထမတန်း ကျောင်းသား၊ ကျောင်းသူများမှာ နံနက် ၇ နာရီမှ ၁၀း၃၀ နာရီ အထိ ဖြစ်ပြီး၊ နံနက် ၁၁ နာရီမှ ညနေ ၄း၃၀ နာရီ အထိ ဒုတိယတန်းမှ ဆဌမတန်း ကျောင်းသားများကို သင်ကြားလျက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျောင်းတွင် ရခိုင်လူမျိုး ဆရာမ ၁၀ ဦး ရှိပြီး၊ ရိုဟင်ဂျာ ဆရာ တစ်ဦး ရှိသည်။ သို့သော်လည်း နံနက် ၇ နာရီ ၁၀း၃၀ နာရီ အချိန်တွင် မည်သည့် ဆရာ/မ တစ်ဦးမှ လာရောက်ခြင်း မရှိသဖြင့် သူငယ်တန်းနှင့် ပထမတန်း ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြား ပေးသည့် ဆရာ/မ လုံးဝ မရှိ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နံနက် ၁၁ နာရီမှ ညနေ ၄း၃၀ နာရီ အတွင်း ဆရာ/မ ၁၁ ဦးမှ ၆ ဦး လာရောက်သော်လည်း ၎င်းတို့သည် ကျောင်းသို့ နေ့လည် ၁၂ နာရီ အချိန်တွင် လာရောက်ကြပြီး နေ့လည် တစ်နာရီ အချိန်တွင် ပြန်သွား ကြသည့် အတွက် ဒုတိယတန်းမှ ဆဌမတန်း ကျောင်းသား၊ ကျောင်းသူများမှာ ပညာသင်ကြား ပေမည့် ဆရာ/မ မရှိဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းနွယ်လည်း တစ်လတွင် နှစ်ကြိမ်ခန့်သာ ကျောင်းသို့ လာရောက်သည့် အတွက် အဆိုပါ မူလတန်း လွန်ကျောင်းမှာ အထိန်း အကွပ်မဲ့ သဏ္ဍန် ဖြစ်နေသည်ဟု ဆိုသည်။ ယခု စာသင်နှစ်တွင် စတုတ္တတန်းကို အစိုးရစစ် အဖြစ် စနစ်ပြောင်းလဲ လိုက်သည့် အတွက် စတုတ္တတန်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ အထူး စိုးရိမ်လျက် ရှိကြကြောင်း သိရှိရပါသည်။

နိုင်ငံတော် အစိုးရမှ ပညာရေး ၀န်ထမ်းများကို လစာပေး၍ ခန့်ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရခိုင် လူမျိုး ဆရာ/မ များမှာ ကျောင်းများသို့ လာရောက်ခြင်း မရှိသဖြင့် ရိုဟင်ဂျာ လူမျိုး ကျောင်းသား/သူ များမှာ ပညာရေးပိုင်းတွင် အလွန် ဆုံးရှုံး နစ်နာလျက် ရှိသည်။ သက်ဆိုင်ရာ ဌာန၏ အကြီးအကဲများကို တိုင်ကြားလျှင်လည်း အရေး တယူ ဆောင်ရွက် ပေးခြင်း မရှိသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ ပညာရေး အဆင့် အတန်း တစ်နေ့ထက် တစ်နေ့ နိမ့်ပါး လာနေရသည်ဟု ဒေသခံများက ပြောပါသည်။



မဆုမွန်
26.6.2014

မြန်မာပြည်မှာ ပြုပြင် ပြောင်းလဲ မှုတွေ ဖော်ဆောင် နေချိန်မှာပဲ လူနည်းစု တိုင်းရင်း သားတွေ အပေါ် ဖိနှိပ် မှုတွေ ရှိနေဆဲပဲလို့ ဗြိတိသျှ ပါလီမန်မှာ လစ်ဘရယ် ဒီမိုကရက် အမတ်က ပြောဆို လိုက်ပါတယ်။ ဗြိတိန် အစိုးရ အနေနဲ့ စစ်ရေး အကူအညီ ပေးဖို့ စီစဉ်နေတဲ့ အပေါ်လည်း လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ အကြား တိုက်ပွဲတွေ ဖြစ်နေဆဲ အနေအထားဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ပါလီမန်တွင်း ထောက်ပြ ပြောဆိုမှုတွေ ရှိပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ဗြိတိန် စံတော်ချိန် မနက်ပိုင်းမှာ ဗြိတိသျှ ပါလီမန် အတွင်း လစ်ဘရယ် ဒီမိုကရက် ပါတီ အမတ် Mr. David Ward ရဲ့ မြန်မာ့ အရေး သုံးသပ် တင်ပြချက် အပေါ် အမတ်တွေက ဆွေးနွေး ခဲ့သလို မြန်မာ့အရေး စိတ်ဝင်စားသူ တွေလည်း တက်ရောက် ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲ နေတဲ့ အခြေ အနေ၊ လူနည်းစု တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေဆဲ လူ့အခွင့် အရေး အခြေအနေ တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ မြန်မာ အစိုးရကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူက အလေး အနက်ထား ပြောကြား ခဲ့ပါတယ်။

အခုလို ဗြိတိသျှ ပါလီမန် အတွင်း မြန်မာ့ အရေးကို အလေးထား တင်ပြ ခဲ့တဲ့ အတွက် မြန်မာပြည် အတွင်း ဖြစ်ပျက် နေတဲ့ ပကတိ အခြေ အနေ တွေကို နိုင်ငံ တကာက ပိုပြီးတော့ သိရှိ လာနိုင်မယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Kachin National Organization အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Mr. Ring Du LaChyang (ရင်ဒူလကြုံ) က ပြောပါတယ်။

“ဗြိတိသျှ ပါလီမန် ကျနော်တို့ Minority အတွက် အဓိက သူတို့ ဆွေးနွေးတဲ့ နေရာမှာ ကျနော်တို့ တိုင်းရင်းသား ဒေသမှာ ဖြစ်နေတဲ့ Conflict နဲ့ ပတ်သက်ပြီးမှ ထိရောက်မှု ရှိပါတယ်။ နံပါတ်တစ် အနေနဲ့ ကျနော်တို့ ကချင်ပြည်နယ်မှာ အဓိက ဖြစ်တဲ့ လူမှုရေး ဆိုင်ရာ ပြဿနာ  Humanitarian Violence တခြား ပြဿနာတွေဟာ အားလုံး နိုင်ငံရေး ပေါ်မှာ အခြေခံတာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ နိုင်ငံရေး ပြဿနာကို အဖြေရှာမှ ဖြေရှင်းဖို့ အတွက် အဓိက ဖြစ်တယ် ဆိုတာကို မြန်မာပြည် အစိုးရကိုရော၊ International ကိုရော သိစေတဲ့ အတွက်မို့ မြန်မာနိုင်ငံ သာယာဖို့ဟာ အဓိက နိုင်ငံရေးကို ဖြေရှင်းကို ဖြေရှင်းရမယ့် ဟာတွေ ဖြစ်တယ် ဆိုတာ ကိုလည်း သိစေတယ်။ နောက် တချို့ဟာ ကတော့ အတွင်းမှာ ဖြစ်နေတဲ့ အရာ ကိစ္စတွေကို International က သိပ်ပြီးမှ အဓိက မထားတဲ့ အချက် တွေပေါ့။ အထူးသဖြင့် ဒီ ဗြိတိသျှ ပါလီမန် ကနေ ဖော်ပြတဲ့ International ကနေ အခုလို ဆွေးနွေးပွဲ တွေမှာ ဖော်ပြတဲ့ဟာ တွေဟာ ကျနော်တို့ တိုင်းရင်းသား ဒေသအတွက် အများကြီး အကျိုးရှိပါတယ်။”

ဗြိတိသျှ ပါလီမန် အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဗြိတိန်သျှ ပါလီမန် အမတ်တွေ စုဖွဲ့ထားတဲ့ APPG (All Party Parliamentary Group) အဖွဲ့ရဲ့ ဗြိတိသျှ အစိုးရနဲ့ နိုင်ငံတကာကို တင်ပြချက် တွေကြောင့် မြန်မာ ပြည်တွင်း လိုအပ်ချက် တွေနဲ့ ပတ်သက်လို့ အလေးထား ဆောင်ရွက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ ကချင် အမျိုးသား အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။

“APPG အဖွဲ့ ကနေပြီးတော့ Burma ပေါ့လေ မြန်မာပြည် အကြောင်း အရာကို သူတို့ အဓိက ထားပြီးတော့မှ တဆင့် ပြန် Raise တာတွေ လုပ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီ ပါလီမန်မှာ မြန်မာ အရေး အထူးသဖြင့် ကျနော်တို့ Minority တိုင်းရင်းသား ဒေသမှာ သူတို့ အဓိက မြောက်များစွာ လုပ်ဖို့ဟာ ကျနော်တို့ အမြဲတမ်း Push လုပ်ပါမယ်။ အခုလို ဆွေးနွေးတယ် ဆိုတာ အများကြီး ကောင်းတဲ့ လက္ခဏာ တွေပါ။ ဆွေးနွေး ချဉ်းကပ် နေပြီးတော့ အဖြေရှာ ရမယ်ပေါ့။ အဖြေ ဘယ်လို ဒီပြဿနာကို ဖြေရှင်းမယ် ဆိုတဲ့ ဟာကို အဖြေရှာ ရမယ်။ အဲ့ဒီ အဖြေပေါ်မှာ မူတည် ပြီးတော့မှ လက်ရှိ ကိစ္စကို ဘယ်လို ဖြေရှင်းမယ်၊ ဖြစ်ပေါ် နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမယ် ဆိုတဲ့ အကြောင်း ရလဒ် ဖြစ်ပေါ်စေ ပါတယ်။”

ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာပြည်တွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ အကူ အညီ ပေးမှုတွေ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ လူနေမှု ဘဝ လုံခြုံရေး တွေနဲ့ ဒုက္ခသည်တွေ အပေါ် လူသားချင်း စာနာမှု ဆိုင်ရာ ကူညီ ပေးနေတာနဲ့ ပတ်သက်လို့ ကျေးဇူးတင်တယ်လို့ ဆိုပေမဲ့ မြန်မာ့ တပ်မတော်နဲ့ စစ်ရေး ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အပေါ် အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ အခြေအနေမှာ ကန့်ကွက်ပြောဆို ချင်တယ်လို့ ဦးရင်ဒူလကြုံ က ဆိုပါတယ်။

“တချို့ အားနည်းမှုတွေ အများကြီး ရှိသေးတယ်။ ဒီ စစ် Engagement ကိုတော့ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ အဓိက ဆန့်ကျင်ချိန်မှာ ဒီ စစ်ရေးရာ Military Engagement ဟာ အထူးသဖြင့် တိုင်းရင်းသား ဒေသကို ဖြစ်ပေါ် စေတဲ့ အဆင့်မှာ တိုက်ရိုက် အကျိုးဆိုးစေတဲ့ အကြောင်း တရားတွေ ရှိနေတယ်။ သူတို့ ဒါတွေပေါ့ ကျနော်တို့က အမြဲတမ်း ပါလီမန်ကို သွားပြီးမှ ဆန့်ကျင်တယ်ပေါ့။ ဒါတွေကို အမြန် ရုပ်သိမ်းဖို့။ ကျနော် အမြဲတမ်း သူတို့ကို တင်ပြ ပြောဆိုတာတွေ ကျနော် အမြဲတမ်း လုပ်ပါတယ်။”

မြန်မာ့ အရေး အလေးထား ဆောင်ရွက် နေတဲ့ ဗြိတိသျှ ပါလီမန် အမတ် တွေဟာ မြန်မာ နိုင်ငံတွင်း လက်ရှိ နိုင်ငံရေး အခြေ အနေ တွေကို မျက်ခြေ မပြတ် စောင့်ကြည့် နေပြီး ကလေး သူငယ်တွေ၊ အမျိုးသမီး တွေနဲ့ တိုင်းရင်းသား လူနည်းစု တွေရဲ့ လူ့အခွင့် အရေး ချိုးဖောက် ခံနေရဆဲ အခြေအနေ၊ စာပေ စာနယ်ဇင်း လွတ်လပ်ခွင့်တွေနဲ့ အတူ ဒုက္ခသည်တွေ အရေးကို မကြာခဏ ဆိုသလို ပါလီမန် အတွင်း တင်ပြ ဆွေးနွေးမှုတွေ လုပ်ပြီး ဖိအားပေး ပြောဆို နေတာလည်း ဖြစ်ပါတယ်။




MYARF
RB News
25.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ အုပ်ချုပ်ရေး အာဏာပိုင်များသည် ကျေးရွာများရှိ အိမ်ပြုပြင်သည့် စာရင်းများ အပြင် အခြားသော စာရင်းများ ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၂၅) နံနက် ၁၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ စ.ရ.ဖ နှင့် သတင်းတပ်ဖွဲ့ တို့သည် ကွမ်းသီးပင် ကျေးရွာ အုပ်စုသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ ပြုပြင်ထားခြင်း၊ အိမ်သစ်များ ဆောက်လုပ်ခြင်း၊ ဗလီများ ပြုပြင်ထားခြင်း၊ ထရံများ ဖာထေးခြင်းနှင့် အမိုးကာခြင်းများ အားလုံး စစ်ဆေး၍ မှတ်တမ်းတင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အုပ်ချုပ်ရေးနှင့် အာဏာပိုင်များက စာရင်းများ ပြုစု မှတ်တမ်းတင်ခဲ့သော်လည်း အိမ်ပိုင်ရှင်များကို တစ်စုံတစ်ရာ ပြောဆို သွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အဖွဲ့သည် ကွမ်းသီးပင် ကျေးရွာ အုပ်စုမှ တစ်ဆင့် မီးတိုက် ကျေးရွာ အုပ်စုသို့ သွားရောက်၍ ကွမ်းသီးပင် ကျေးရွာ အုပ်စု ကဲ့သို့ စာရင်းပြုစု မှတ်တမ်းတင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်း (ဒိုင်းနက် လူမျိုး) ကိုပြောရာ၊ ဦးမောင်သာထွန်းက စာရင်းပြုစုရန် မလိုအပ်ကြောင်း၊ မိမိတွင် နေအိမ်ပြုပြင်၊ ဆောက်လုပ်၊ ဗလီပြုပြင် ခဲ့သည့် စာရင်းများ အတိအကျ ရှိကြောင်း ပြောဆိုပြီး ၎င်းတွင် ရှိသည့် စာရင်းကို ပေးလိုက်သဖြင့် တစ်အိမ်ချင်း စစ်ဆေးမှု မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



Rohingya Eye
RB News
25.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သစ်တောနား ခွဆုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံ ကျေးရွာမှ ဒေသခံများသည် ကားအသွားအလာ ရှင်းနေသည့် အချိန်တွင် တံတားပေါ်မှ နေ၍ ချောင်းအတွင်း မျောနေသည့် ထင်းများကို ဆယ်ယူကြရာ အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအရာခံဗိုလ် တစ်ဦး ဦးဆောင်ပြီး တပ်ဖွဲ့ဝင် (၇) ဦး ပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံ (၃) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ နံနက်ပိုင်း အချိန်တွင် မည်သူ မဆို ရွာအတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နံနက်ပိုင်းတွင် တံတားပေါ်တွင် ရှိနေသည်ဟု ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဒေသခံ ၃ ဦးထံမှ ငွေကျပ် ၇ ထောင်ကျော်စီ တန်ဖိုးရှိ ကြက် (၃) ကောင် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရပြီး ကြက် (၃) ကောင် ပေးခဲ့ရသူ များမှာ ---

(၁) မိုဟာမတ်ဟာရွန် (ဘ) ဦးရှောမ်ရှု (အသက် ၂၁ နှစ်)
(၂) ဆွေယာဒ်ဟူစိန်း (ဘ) ဦးရှော်ဖီရာမန် (အသက် ၂၁ နှစ်)
(၃) ဦးရှော်ဘိရ်အာမတ် (အသက် ၄၀ နှစ်) -- တို့ဖြစ်ပါသည်။

အလားတူပင် ဇွန်လ (၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် သစ်တောနား ခွဆုံကျေးရွာ အုပ်စု၊ လေးမြို့ရွာ (ဆီယော့န်ဆူရီ ဖာရာ) မှ မာမတ်အီဆုပ် (ဘ) ဦးအဒူရာမန် (အသက် ၂၈ နှစ်) သည် မင်္ဂလာဆောင် တစ်ခုသို့ သွားနေစဉ် လမ်းခုလတ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက အကြောင်းမဲ့ ကိုယ်ထိ လက်ရောက် စော်ကားသည့် အပြင် အင်္ကျီ အိတ်ထဲရှိ ငွေကျပ် ၃၆၀၀၀/- ကိုပါ ဓါးပြများ သဖွယ် နှိုက်ယူခဲ့သည်။ ထို့အပြင် မာမတ်အီဆုပ်ကို အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် ထိပ်တုံးခတ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်အစ္စလာမ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးထံ သွားရောက်၍ မာမတ်အီဆုပ်ကို ပြန်လည် လွှတ်ပေးရန် အသနားခံ တင်ပြခဲ့သော်လည်း ငွေကျပ် ၅ ထောင်ကျော် တန်ဖိုးရှိ ကြက် (၄) ကောင် ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု ပြောသဖြင့် ကျပ်နှစ်သောင်းကျော်ဖိုး အကုန်အကျခံကာ ကြက် (၄) ကောင် ပေးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ မာမတ်အီဆုပ်သည် ထိပ်တုံးခတ် ခံထားရသည့် ဒဏ်၊ ညှဉ်းပန်း နှိပ်စက် ခံရသည့် ဒဏ်တို့ကြောင့် ယခု အချိန်ထိ လမ်းပင် ကောင်းစွာ မလျှောက်နိုင်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ခန္ဓာကိုယ်တွင်လည်း အတွင်း ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းရှိ တပ်ဖွဲ့ဝင်များ အားလုံးသည် ရခိုင် လူမျိုးများ ဖြစ်ပြီး၊ လူမျိုးရေး အစွန်းရောက်များ ဖြစ်သောကြောင့် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ် နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
25.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) ရှိ ရပ်မိရပ်ဖ များကို အစည်းအဝေး ခေါ်ယူ၍ စစ်ဆေးခြင်း မခံသူများကို ပြည်ပြေးများ အဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) ရှိ ရပ်မိရပ်ဖများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိက ယခု စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးခြင်းသည် လူမျိုးနှင့် မဆိုင်သလို၊ ကိုးကွယ်သည့် ဘာသာနှင့်လည်း မဆိုင်ကြောင်း၊ အိမ်ထောင်စု တစ်စုတွင် ရှိသည့် လူဦးရေ၊ နိုင်ငံခြားသို့ ထွက်သွားသည့် လူဦးရေ၊ မွေးဖွားသည့် ဦးရေ၊ သေဆုံးသည့် ဦးရေ၊ ကျား/မ ဦးရေ တို့ကိုသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်စား ကျွန်တော် ပြောမယ်၊ ပထမ အကြိမ် စစ်ဆေးမယ်၊ စစ်ဆေးမခံဘူး ဆိုရင် ခွင့်လွှတ်မယ်၊ ဒုတိယ အကြိမ် စစ်ဆေးမယ်၊ ဒုတိယ အကြိမ်မှာလည်း စစ်ဆေး မခံဘူးဆိုရင် ခွင့်လွှတ်မယ်၊ တတိယ အကြိမ်မှာ အစစ်ဆေး မခံဘူး ဆိုရင်တော့ ပြည်ပြေး အဖြစ် သတ်မှတ်မယ်” ဟု ထည့်သွင်း ပြောကြား၍ ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇွန်လ ၂၈ ရက်နေ့မှ စ၍ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) တွင် စစ်ဆေးခြင်းများ စတင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

လူဦးရေ စစ်ဆေးခြင်းကို ဒေသခံ ရိုဟင်ဂျာများက လက်ခံနိုင်သော်လည်း၊ အာဏာပိုင်များက လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်း အဓမ္မ ခိုးဝင် ဘင်္ဂလီများ စာရင်းဟု ပြုလုပ် နေခြင်းကို လုံးဝ လက်မခံ နိုင်သည့် အတွက် ယခု ပြုလုပ် နေသည့် စစ်ဆေးမှုကို ဒေသခံ ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမှ ပါဝင် စစ်ဆေးခံရန် ငြင်းဆိုနေခြင်း ဖြစ်သည်။ နိုင်ငံတော် အစိုးရမှ ရိုးသား ပွင့်လင်းစွာ လူဦးရေ စာရင်း စစ်ဆေးမည် ဆိုပါက မည်သူမဆို ပါဝင်ရန် အသင့် ရှိနေကြသည်။

လူဦးရေ စစ်ဆေးခြင်းဟု ဆိုကာ ခိုးဝင် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင် နေခြင်းကို ရပ်တန့်ပြီး၊ ဒေသခံများ အပေါ် ရိုးသားစွာ ပွင့်လင်း မြင်သာမှုကို ပြပြီး ကောက်ခံရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)


စည်သူအောင်မြင့်
25.6.2014

ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေး ကျင်းပ ပါတော့မယ်။ အားလုံး သိကြပြီး ဖြစ်တဲ့ အတိုင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက် ထားပါတယ်။ ဗဟို အစိုးရ နယ်စပ်ဒု-၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ကလည်း တာဝန်က နှုတ်ထွက်၊ တပ်ကိုပြန်၊ ရခိုင်ပြည်နယ် လွှတ်တော် အတွက် တပ်မတော်သား အမတ်အဖြစ် စာရင်းပေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တာဝန်ရယူဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သမ္မတ ကလည်း ဗိုလ်ချုပ် မောင်မောင်အုန်းကို လစ်လပ် သွားတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာမှာ ခန့်အပ်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကို အကြောင်းကြား ထားပြီးပါပြီ။

ဒါပေမဲ့ ထူးတာ တစ်ခုက ရခိုင် အမျိုးသား ပါတီကနေ ဇွန်လ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ပါ။ အဲဒီ ကြေညာချက် ထဲမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထားကို ဖော်ပြထား ပါတယ်။ ကြေညာချက်မှာ ဘာပါသလဲ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဘယ်သူ ဖြစ်လာမှာလဲ၊ နောင် ရခိုင်ပြည်နယ် အရေး ဘာတွေ ဆက်ဖြစ်လာ နိုင်ဦးမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွား ပါ့မယ်။

ရခိုင်အမျိုးသား ပါတီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လုပ်မယ့်သူဟာ ရခိုင် တိုင်းရင်းသား ဖြစ်ရမယ်၊ ပြည်သူတွေက ရွေးချယ် တင်မြှောက် ထားတဲ့ အမတ်ထဲက ဖြစ်ရမယ်။

ဒါ့အပြင် ဒီမိုကရေစီ အနှစ်သာရနဲ့ အညီ ကျင့်သုံးမယ် ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ အမတ်နေရာ အများဆုံး ရထားတဲ့ ရခိုင်အမျိုးသား ပါတီက ပြည်နယ်အမတ် တစ်ယောက်ယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် တင်မြှောက် ခန့်အပ် သင့်တယ်လို့ ဆိုပါတယ်။ ဒါက ရခိုင် အမျိုးသားပါတီရဲ့ လိုလား တောင်းဆိုချက်ပါ။ လောလောဆယ် အနေအထားကို ကြည့်ရင် သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ဘက် ကတော့ ဒါကို လိုက်လျောမယ့် ပုံတော့ မရှိပါဘူး။ ဗိုလ်ချုပ်မောင်မောင်အုန်း ကိုပဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ဖို့ နာမည်စာရင်း တင်သွင်း ပါလိမ့်မယ်။

ဒါကို လွှတ်တော်ထဲ အမတ်နေရာ အများစု အနိုင်ရထားတယ် ဆိုတဲ့ ရခိုင် အမျိုးသား ပါတီကလည်း တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၁ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်ရေး ကိစ္စမှာ သမ္မတဟာ သက်ဆိုင်ရာ လွှတ်တော်ထဲက ရွေးကောက်ခံ အမတ် တစ်ယောက်ယောက်ကို ဖြစ်စေ၊ တပ်မတော်သား အမတ် တစ်ယောက်ယောက်ကို ဖြစ်စေ သူကြိုက်တဲ့ သူကို နာမည် စာရင်း တင်သွင်းနိုင် ပါတယ်။ အမတ်တွေ ကတော့ သမ္မတက နာမည် စာရင်း တင်သွင်းလာ သူဟာ ၀န်ကြီးချုပ် အဖြစ် သတ်မှတ် ထားတဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူးလို့ သက်သေ မပြနိုင်ရင် ငြင်းပယ်ခွင့် မရှိပါဘူး။ အတည်ပြု ခန့်အပ် ပေးရမှာပါပဲ။ အဓိပ္ပာယ် ကတော့ ဖွဲ့စည်းပုံ အရ သက်ဆိုင်ရာ တိုင်း ဒါမှမဟုတ် ပြည်နယ် လွှတ်တော်မှာ အမတ် အများစု အနိုင် ရထားရင်တောင် ၀န်ကြီးချုပ် ခန့်တဲ့ ကိစ္စ ဘာမှ မလုပ်နိုင်ဘူး ဆိုတာပါ။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃၅ ခုမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အမတ် ၁၈ ယောက်နဲ့ အများဆုံး ရွေးကောက်ခံ ရပါတယ်။ ပြည်ခိုင်ဖြိုးက ၁၄ ယောက်၊ NDPD က နှစ်ယောက်၊ တစည ပါတီက တစ်ယောက် အရွေးခံ ရပါတယ်။ မြန်မာ တစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ် ၁၄ ခုရဲ့ လွှတ်တော် ရွေးကောက်ပွဲ တွေမှာ ပြည်ခိုင်ဖြိုး မဟုတ်ဘဲ အမတ် အများဆုံး အနိုင် ရတာဆိုလို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ တစ်ခုတည်း ရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း လွှတ်တော်ဖွဲ့စည်းတော့ တပ်မတော်သား အမတ် ၁၂ ယောက် ၀င်လာပါတယ်။ ဒီအခါ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ လွှတ်တော် ထဲမှာ အမတ် အများစု ဖြစ်တယ် ဆိုတဲ့ အနေအထား မရှိတော့ပါဘူး။

အကြောင်း ကတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်နှစ်ဖွဲ့ပေါင်းရင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီထက် အမတ် ဦးရေ များတာကြောင့် ဆုံးဖြတ်ချက်တွေ ချရာမှာ ရခိုင် ပါတီ အရေးမပါ တော့တာ ဖြစ်ပါတယ်။

ပြောရရင် ရွေးကောက်ပွဲမှာ အမတ် အများစုသာ အနိုင်ရတယ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ ၀န်ကြီးချုပ် နေရာလည်း မရ၊ လွှတ်တော် ထဲမှာလည်း အဆုံးအဖြတ် အခန်း ကဏ္ဍက မပါနိုင် ဖြစ်ခဲ့ရတာပါ။ ဒါဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်ရတာပါ။ လောလောဆယ် သမ္မတက တပ်မတော်သား အမတ် တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းကို ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရခိုင် အမျိုးသားပါတီ ဘက်က ဘာမှ မပြောသာပါဘူး။

သပိတ်မှောက်မယ်၊ ဆန္ဒပြမယ် ဆိုရင်လည်း အစိုးရနဲ့ အခြေအနေ တင်းမာသွားမှာ ကလွဲပြီး တခြားဘာ လိုက်လျောမှုမှ ရနိုင်မယ့် အနေအထား မရှိပါဘူး။

နောက်တစ်ချက် ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ရတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဘက်က ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခ အခြေအနေ၊ တည်ငြိမ်မှု မရှိသေးတဲ့ အခြေအနေ တွေကို အကြောင်းပြကောင်း ပြနိုင်ပါတယ်။ ဒါဟာလည်း တကယ့် အဖြစ်မှန် အမှန်တရား ဖြစ်နေတာမို့ ရခိုင်အမျိုးသားပါတီ ငြင်းဆန်ရ ခက်ခဲ ပါလိမ့်မယ်။ နောက်ဆုံးတော့ ရခိုင်ပြည်နယ်မှာ မတည်ငြိမ် နိုင်သေးဘူး၊ ဒါကို ပိုင်ပိုင် နိုင်နိုင် ထိန်းသိမ်းဖို့ လိုတယ်။ နောက်သိပ်မကြာခင် အကောင် အထည်ဖော်တော့မယ့် နိုင်ငံတော် အဆင့် စီမံကိန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူ  ရေနက် ဆိပ်ကမ်း စီမံကိန်း၊ အထူး စီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်အထိ ဖောက်မယ့် ရထားလမ်း၊ ကားလမ်းပါတဲ့ ဘက်စုံလမ်းမကြီး စီမံကိန်းတွေ အတွက်လည်း ရခိုင်ပြည်နယ် တည်တည် ငြိမ်ငြိမ်ရှိ ဖို့လိုတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ် တစ်ယောက်ပဲ သင့်လျော်တယ် ဆိုတဲ့ သဘော သက်ရောက် သွားစေမှာ ဖြစ်ပါတယ်။

အခုတော့ ရခိုင် ခေါင်းဆောင်တွေ အတွက် တခြား ရွေးချယ်စရာ များများစားစား မရှိပါဘူး။ နောင်ခုလို မဖြစ်ရလေအောင် ဖွဲ့စည်းပုံ ပြင်နိုင်ရေး ကြိုးစားဖို့ လိုပါမယ်။ ပုဒ်မ ၂၆၁ မှာ ပြည်နယ် ၀န်ကြီးချုပ်ကို ရွေးကောက်ခံ အမတ် အများစု ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်ရမည် ဆိုတာမျိုး ပြင်နိုင်ဖို့ လိုပါတယ်။

နောက်တစ်ခု ကတော့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးပါ။ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပြီး မတည် မငြိမ် ဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အစွန်းရောက် သမားတွေ ပြဿနာ  ဖြေရှင်းဖို့ လိုပါတယ်။ အမုန်းတရား ဖြန့်ဖြူး နေတာတွေ ရပ်ဆိုင်းအောင် လုပ်ဖို့ လိုပါတယ်။

မတူညီတဲ့ လူမျိုးစု နှစ်ခု၊ မတူညီတဲ့ ဘာသာဝင် အုပ်စု နှစ်ခု ပဋိပက္ခတွေ မဖြစ်ပွား၊ အမုန်းတွေ မပွား၊ ငြိမ်းငြိမ်း ချမ်းချမ်း အတူတကွ နေထိုင်နိုင်တဲ့ အခြေအနေ ရောက်လာအောင် နည်းလမ်း ပေါင်းစုံရှာ ကြိုးစားဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကို အခုလို စစ်ဘုရင် တစ်ပါးက လာအုပ်ချုပ် ရတယ် ဆိုတဲ့ အခြေအနေမျိုး ကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။




ကိုမိုးဇော်
24.6.2014

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးကို မကြာခင်မှာပဲ ခန့်အပ်ဖို့ ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပဖို့ လွှတ်တော် ကိုယ်စားလှယ် တွေကို အကြောင်းကြား ထားပြီး အဲဒီ အစည်း အဝေးမှာ သမ္မတက အမည်စာရင်း တင်သွင်းသူကို လွှတ်တော် ကိုယ်စားလှယ် တွေက အဆုံး အဖြတ် ပေးကြဖို့ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟာ ရခိုင် တိုင်းရင်းသား ဖြစ်ဖို့၊ ရွေးချယ် တင်မြှောက် ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖို့ တောင်းဆိုတာ တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး တက်ရောက်ဖို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေကို စစ်တွေမြို့ကို ဒီလ ၂၄ ရက်နေ့မှာ အရောက် လာဖို့ အတွက် ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး မှာတော့ နှုတ်ထွက် သွားတဲ့ ၀န်ကြီးချုပ် နေရာကို အစားထိုး ခန့်အပ်ဖွယ် ရှိတယ်လို့လည်း ကျောက်တော် မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

“ကျနော် မနေ့ကပဲ စစ်တွေကို ရောက်နေပါပြီ။ လွှတ်တော် တက်ဖို့ အတွက်လေ။ ကျနော်တို့ ၂၅ ရက်နေ့မှာ လာပြီး တင်ရပါမယ်။ မနက်ဖြန် ပေါ့လေ။ သြော် ကျနော်တို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က နှုတ်ထွက် သွားတယ်လေ။ အဲ့ဒီ အတွက်ကြောင့် အဲ့ဒီနေရာမှာ ၀န်ကြီးချုပ် အနေနဲ့ ဖြစ်လာမယ့် ကိစ္စကို ကျနော်တို့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အတည်ပြု ရမှာပေါ့။ အဲ့ဒီ ကိစ္စ အတွက် ကျနော်တို့ကို အရေးပေါ် အစည်းအဝေး ခေါ်တာ။ အဲ့ဒါပဲ ဖြစ်ပါမယ်။”

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် သစ်ကို ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သား တွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ပေါ် လာမယ့် သူကို ခန့်ထားဖို့ မျှော်လင့်ကြောင်းလည်း ဦးမောင်လှကျော်က ဆက်ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ် ထဲက မြို့နယ်တွေက ရွေးကောက် တင်မြှောက် ထားတဲ့ ပြည်သူတွေ ကောက်တင် ထားတဲ့ ကိုယ်စားလှယ် တဦးဦးကိုတော့ ထည့်ချင်တာပေါ့။ ကျနော်တို့ နှုတ်ထွက် သွားတဲ့ ဦးလှမောင်တင် ဆိုရင် အဲ့ဒီ မိမိ ဆန္ဒနယ်က ရွေးကောက်ပြီး တင်မြှောက်လာတဲ့ ကိုယ်စားလှယ်ပါ။ ကျနော်တို့ ကိုယ်စားလှယ်တွေ ကလည်း ရခိုင်ပြည်နယ်သူ ပြည်နယ်သား တွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာမယ့် ၀န်ကြီးချုပ်ကိုတော့ မျှော်လင့် ပါတယ် ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကတော့ နိုင်ငံတော်ရဲ့သမ္မတကြီးက တိုက်ရိုက် ထုတ်ပြန်ခွင့် ရှိတယ် ဆိုတော့ ဘယ်သူ ဖြစ်ပေါ်လာ မလဲ ဆိုတာကို မသိသေးပါဘူး။”

ဦးမောင်လှကျော်ရဲ့ မိခင်ပါတီလို့ ဆိုရမယ့် ရခိုင် အမျိုးသား ပါတီကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်မယ် ဆိုရင် ရခိုင် တိုင်းရင်းသား ဖြစ်ဖို့၊ ရွေးချယ် တင်မြှောက် ခံရတဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖို့နဲ့ လွှတ်တော် ကိုယ်စားလှယ် အများဆုံး နေရာ ရရှိထားတဲ့ ရခိုင် အမျိုးသား ပါတီက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ကို ခန့်အပ်ဖို့ အတွက် သဘောထား ထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ မာန်အောင် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးသာညွန့် ကတော့ သူ့ အမြင်ကို အခုလို ပြောပါတယ်။

“၀န်ကြီးချုပ် ရွေးတာ ကတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အရ ဆိုရင်တော့ နိုင်ငံတော် သမ္မတမှ အမည် စာရင်း တင်သွင်းသော ပုဂ္ဂိုလ် ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ ရခိုင် အမျိုးသား ဖြစ်ရမယ် လို့တော့ ဖွဲ့စည်းပုံ မှာတော့ ကျနော်တို့ မပါဘူးနော်။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဆိုတာ ကတော့ ကျနော် တို့မှာ ပြည်သူတွေ ရွေးချယ် တင်မြှောက်တဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ ပါသလို၊ တပ်မတော် ကိုယ်စားလှယ် ကလည်း ကျနော်တို့မှာ ၂၅ ရာခိုင်နှုန်း ပါတာကိုး။ နိုင်ငံတော် သမ္မတက ရွေးချယ် တင်မြှောက် ပေးတဲ့၊ အမည် စာရင်းပေးတဲ့ ဒါပေမဲ့လည်း ခုနကပြောတဲ့ တပ်မတော်သား ကိုယ်စားလှယ် ထဲကလည်း ဖြစ်နိုင်တာပါပဲ။ အမည်စာရင်း တင်သွင်းတဲ့ အခါကျတော့ လွှတ်တော် ကိုယ်စားလှယ် များရဲ့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာကိုး။ အမည်စာရင်း တင်သွင်းတဲ့ အချိန်မှာတော့ ဒါ ကန့်ကွက် တာတို့၊ ထောက်ခံတာတို့ ဖြစ်လာ နိုင်တယ်လေ။ ကန့်ကွက်မှု ရှိရင်လည်း ဒါ မဲခွဲရမှာ ပေါ့နော်။”

ရခိုင်ပြည်နယ် လွှတ်တော် အတွင်းမှာတော့ ရခိုင်အမျိုးသား ပါတီက ကိုယ်စားလှယ် ၁၈ ဦး၊ ပြည်ခိုင်ဖြိုး ပါတီက ၁၄ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ NBF ခေါ် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးစောသန်းမြင့် ကတော့ ရခိုင် အမျိုးသားပါတီရဲ့ သဘောထားဟာ တိုင်းရင်းသား ပါတီ အားလုံးရဲ့ သဘောထား ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ရခိုင်ပဲ မဟုတ်ဘူး ခင်ဗျ။ ကျနော်တို့ တိုင်းရင်းသား ပါတီ အားလုံးရဲ့ သဘောထား ပဲဗျ။ ဒါကျနော်တို့ ဟို ပြောနေကျ အတိုင်းပေါ့ ဖက်ဒရယ်ဖြစ်ဖို့ လိုတယ် ဆိုတာ။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေ နေတဲ့နေရာမှာ ဒီအရပ်က တင်မြှောက်တဲ့ ပုဂ္ဂိုလ်သာလျှင် ဒီအရပ်မှာ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ သို့မဟုတ်လျှင် ၀န်ကြီးချုပ် ဖြစ်သင့်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ ခံယူတယ် ခင်ဗျ။ အခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သမ္မတက တင်သွင်းတဲ့ လူသာလျှင် ၀န်ကြီးချုပ် ဖြစ်ရမယ်လို့ အခြေခံ ဥပဒေမှာ ပါတာကိုးဗျ။ သမ္မတက ကန့်ကွက်ရင် ဘယ်သူပဲ ဖြစ်ဖြစ် မရနိုင်ဘူး။ တခြား တင်ရင်လည်း။ ကိုယ့်လူမျိုးတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုဖြစ်ဖြစ် ပြုပြင် ပြောင်းလဲမှု လုပ်ရမှာ ပေါ့နော်။ ပြင်ရမယ် ပေါ့နော်။”

လောလောဆယ် မှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် နေရာကို မကြာမီကမှ ရခိုင် ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ခန့်အပ် လိုက်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်း ခန့်အပ်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နယ်စပ် ရေးရာ ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသလို ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကရင်ပြည်နယ် မှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းကို ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ် ထားတာ ရှိပါတယ်။

RB News
25.6.2014

ရခိုင်ပြည်နယ်တွင် လက်ရှိ ပြုလုပ် ဆောင်ရွက်လျက် ရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေ အရ နိုင်ငံသား ဖြစ်မှု စီစစ်ရေး စီမံချက် ပြန်လည် သုံးသပ်ပေးရန် အတွက် ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) က ဇွန်လ (၂၀) ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သို့ လိပ်မူ၍ စာတစ်စောင် ပေးပို့ခဲ့သည်။

အပြည့် အစုံမှာ --







ကိုသားညွန့်ဦး
24.6.2014

မြန်မာနိုင်ငံကို အမေရိကန်ဖက်က အဆင့်မြင့် စစ်ဖက် တပ်မှူး တစ်ဦး စေလွှတ်တာဟာ အချိန်မကျသေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကြီးက ဝေဖန်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့် အရေးနဲ့ အလုပ်သမား aရးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski နဲ့အတူ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးက တာဝန်ရှိသူ တွေလည်း ပါသွားရာမှာ အမေရိကန် ပြည်ထောင်စုရဲ့ ပစိဖိတ် ဒေသ စစ်ဌာနချုပ် ဒုတိယ တပ်မှူး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Anthony Crutchfield လည်း ပါသွားခဲ့တာကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ စုံစမ်း မေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ဆက် ပေးထား ပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ အချိန် မတိုင်သေးဘဲ မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံမှု ဆောင်ရွက် နေတာ တွေဟာ တဖက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က ဝေဖန်လိုက်တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ရိုဟင်ဂျာ အပါအ၀င် လူနည်းစုတွေ အရေး ကိစ္စ၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ကိစ္စ စတဲ့နေရာတွေမှာ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ လူ့အခွင့် အရေး အတွက် အတော်လေး ရပ်ခံမှုပေးထား ပေမယ့် မြန်မာအစိုးရ အထူးသဖြင့် မြန်မာ စစ်တပ်နဲ့ နီးနီး ကပ်ကပ် ဆက်ဆံဖို့ ကြိုးပမ်းတာဟာ စောလွန်းသေးတယ်လို့ HRW က ယူဆပါတယ်။ အမေရိကန် စစ်ဖက်က အဆင့်မြင့် တပ်မှူး တစ်ဦး မြန်မာနိုင်ငံ သွားပြီး မြန်မာ စစ်ဖက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ် ဆိုတာဟာ မြန်မာ စစ်တပ်ဖက်က အဓိပ္ပါယ် ကောက်လွဲတာမျိုး ဖြစ်နိုင်တယ်လို့ HRW အာရှရေးရာ အမှုဆောင် ညွန်ကြားရေးမှူး Brad Adam က ဗွီအိုအေကို ပြောပါတယ်။

“ပြဿနာကတော့ တကယ့်ကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ပျက်ကွက်တဲ့ မြန်မာ အစိုးရနဲ့ မိတ်ဆွေ ဖြစ်ဖို့ အမေရိကန် အနေနဲ့ အသည်းအသန် လုပ်နေတဲ့ ကိစ္စပါ။ အမေရိကန်ဖက်က အဆင့်မြင့် တပ်မှူး တစ်ဦးကိုလည်း မြန်မာနိုင်ငံကို သွားရောက် စေတာကြောင့် သူတို့ကို လိုလားမှု ရှိတယ် ဆိုပြီး မြန်မာဖက်က အဓိပ္ပါယ်ကောက် လွဲသွားစေနိုင် ပါတယ်။

"တကယ်ကတော့ မြန်မာ စစ်တပ်ထဲမှာ ပြုပြင် ပြောင်းလဲမှုတွေ ဘာမှ မတွေ့ရ သေးတာကြောင့် ဒါဟာ အင်မတန် စောလွန်း သေးတယ်လို့ ယူဆပါတယ်။ မြန်မာ စစ်တပ်ဟာ အရပ်ဖက် အုပ်ချုပ်မှုတွေမှာ ပတ်သက် ထိန်းချုပ် ထားတုန်းပါ။ ဒါကို ပြောင်းပစ်ဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားမှုတွေ ရှိတုန်းပါ။ ကချင်၊ ကရင်ပြည်နယ် တွေက စစ်ပွဲတွေမှာ လူ့အခွင့် အရေး ချိုးဖောက်မှု တွေလည်း မရပ်သေးပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှု နည်းနည်းလေး လုပ်ပြရုံနဲ့ မလုံလောက်ဘူး ဆိုတာကို မြန်မာ အစိုးရကိုရော မြန်မာ စစ်တပ်ကိုပါ အမေရိကန် ပြည်ထောင်စု အနေနဲ့ ရှင်းရှင်း လင်းလင်း ပြထား သင့်တယ်။ အဓိပ္ပါယ် ကောက်လွဲတာမျိုး မဖြစ်သင့်ပါဘူး။”

အမေရိကန် ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသ စစ်ဌာနချုပ် ဒုတိယ တပ်မှူး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Anthony Crutchfield အပါ အ၀င် အမေရိကန် ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဌာန အဆင့်မြင့် အရာရှိတွေကို ဦးဆောင် သွားသူ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski ဟာ HRW မှာ ၁၂ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး HRW ရဲ့ ၀ါရှင်တန်ဒီစီ ညွန်ကြားရေးမှူး အဖြစ် မြန်မာ လူ့အခွင့် အရေး ကိစ္စရပ်တွေမှာ အတော်လေး ပြင်းပြင်း ထန်ထန် ထောက်ပြ ဝေဖန် ခဲ့သူတဦး ဖြစ်ပါတယ်။
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski နဲ့ အမေရိကန် စစ်ဖက် တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ မြန်မာ စစ်တပ် အကြီးတန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့် အရေး ကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေး ဌာနကတော့ ထုတ်ပြန် ထားပါတယ်။

“Tom အနေနဲ့ ကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကိုရော မြန်မာ စစ်တပ်ကိုပါ နောက် အမေရိကန် အစိုးရ အတွင်းမှာပါ သူအတတ်နို်င်ဆုံး ပြင်းပြင်း ထန်ထန် ဖိအားပေး ပြောမယ် ဆိုတာ သံသယ မရှိပါဘူး။ ဒါကြောင့် မေးခွန်းက Tom ပေါ် မတည်ပါဘူး။ ကျန်တဲ့ အမေရိကန် အစိုးရပိုင်းက အချိန်မကျသေးဘဲ မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီး စီးပွားဆက်ဆံချင်တာက ပြဿနာဖြစ်နေတာပါ။

"အမေရိကန် အနေနဲ့ မြန်မာရဲ့ ပြုပြင် ပြောင်းလဲ လာမှုတွေကို မစောင့်ဘဲနဲ့ အခုဆိုရင် ထောက်ခံ ကူညီမှု အတော် များများ ပေးနေပါတယ်။ ဒါဟာ HRW အနေနဲ့ အမေရိကန် အစိုးရနဲ့ သဘော ကွဲလွဲတဲ့ အချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ပြုပြင် ပြောင်းလဲမှုတွေ သိသိ သာသာ ရှိခဲ့ပေမယ့်၊ နောက်ထပ် ပြုပြင် ပြောင်းလဲတဲ့ လက္ခဏာတွေ အခု ဘာမှ မမြင်ရပါဘူး။ နောက်ကြောင်း လှည့်သွားတဲ့ အခြေအနေ တွေတောင် မြင်ရပါတယ်။ ဥပမာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုတွေ ရှိနေတာပါ။ လူနည်းစုတွေကို ခွဲခြား ဆက်ဆံမှု တွေကိုလည်း ကိုင်တွယ် ဖြေရှင်းတာ မတွေ့ရပါဘူး။ အခြား လူနည်းစု တိုင်းရင်းသား တွေနဲ့လည်း တည်တံ့တဲ့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေး မလုပ်နိုင် သေးပါဘူး။ ဒါကြောင့် လမ်းကြောင်း မှန်ပေါ်သွားနေပြီ ပြောလို့ မရပါဘူး။”

HRW က Brad Adam ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski ဟာ အမေရိကန် နိုင်ငံခြားရေး ဌာန ကာကွယ်ရေး ဌာနနဲ့ ဘဏ္ဍာရေး ဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ သွားရောက် နေတာ ဖြစ်ပါတယ်။

ရန်ကုန်၊ နေပြည်တော် အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဖက် ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ စစ်ဖက် တာဝန်ရှိသူတွေ အပြင် အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေကိုလည်း တွေ့ဆုံ သွားဖို့ ရှိနေပါတယ်။

RB News
24.6.2014

ရခိုင်မြေ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေး ကွန်ယက် (ACCN) နှင့် တရား ဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့် အရေး ကွန်ယက်တို့ ပူးပေါင်း၍ ရိုဟင်ဂျာ လူမျိုးများ နိုင်ငံသား ဖြစ်ခွင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီတို့ လိပ်မူ၍ ဇွန်လ (၂၀) ရက်နေ့က စာတစ်စောင် ပေးပို့ခဲ့သည်။ 

အပြည့်အစုံမှာ -- 




အောင်ရဲမောင်မောင်
23.6.2014

မြန်မာနိုင်ငံ တွင်းမှာ ထုတ်ဝေနေတဲ့ သတင်း မီဒီယာ လုပ်ငန်းတွေရဲ့ဘဏ္ဍာရေး အစီအမံတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခဲ့တဲ့ အပေါ် စာနယ်ဇင်း လောကကြားမှာ မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒါပေမဲ့လည်း ပြည်ထဲရေး ၀န်ကြီး ဌာနရဲ့ ဆောင်ရွက်ချက် တွေဟာ အစိုးရက ညွှန်ကြား ထားတာမျိုး မဟုတ်ဘူး လို့လည်း သမ္မတရုံးက ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြ ပေးထားပါတယ်။

ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေက တာဝန်ရှိတဲ့ အယ်ဒီတာ တွေကို ပြည်ထဲရေး ၀န်ကြီး ဌာန လက်အောက်က သတင်း ရဲတပ်ဖွဲ့ကနေ ဒီရက်ပိုင်းတွေ အတွင်း တွေ့ဆုံ မေးမြန်း နေခဲ့တာပါ။

ဆင့်ခေါ် မေးမြန်းမှုတွေဟာ လုပ်ရိုး လုပ်စဉ် ပုံစံမျိုး မဟုတ်တဲ့ အတွက် အရင် စစ်အစိုးရ လက်ထက်တုန်းက သတင်း မီဒီယာကို ဖိနှိပ်တဲ့ လုပ်ရပ်မျိုးတွေ ပြန်လုပ် လာပြီလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ မေးမြန်းခံ ခဲ့ရတဲ့ စာနယ်ဇင်း သမားတွေထဲက THE VOICE သတင်းစာ အယ်ဒီတာချုပ်လည်း ဖြစ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကျော်မင်းဆွေ က ပြောပါတယ်။

“သံတော်ဆင့် ကိစ္စနဲ့ ဆက်စပ်ပြီး၊ ဦးဆန်းဆင့် ကိစ္စနဲ့ ဆက်စပ်ပြီး ဒါတွေ ဖြစ်လာတာ၊ ဘာဖြစ်လို့ မီဒီယာတွေကို ဒီလို လုပ်ရမှာလဲ၊ လုပ်လို့ရလား၊ ဘယ်သူက လုပ်လို့ရလဲ။ လုပ်မယ် ဆိုလို့ရှိရင်လည်း ဥပဒေကြောင်း အရ ခိုင်လုံအောင် အရင်လုပ်ပြီးမှ လုပ်ပါလား၊ ဆိုလိုတာက ဥပဒေကြောင်း အရ officially ဖြစ်အောင် ဘာလို့ မလုပ်ဘဲနဲ့ ဒီလို အရင် စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေးက ခေါ်ပြီးတော့ လုပ်သလိုမျိုး ဘာဖြစ်လို့ လုပ်သလဲဆိုတာ မေးစရာ ဖြစ်တာပေါ့။”

မေးမြန်းရတဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိရပေမဲ့ အဓိက အားဖြင့် ကတော့ လက်ရှိ သတင်းစာ၊ ဂျာနယ်တွေ လည်ပတ်ရာမှာ ငွေကြေး သုံးစွဲမှုတွေကိုသာ မေးမြန်းခဲ့တဲ့ အကြောင်း စစ်ဆေး မေးမြန်းခံ ခဲ့ရတဲ့ မြန်မာပို့စ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ပြောပါတယ်။
အခုလို မေးမြန်းမှုတွေဟာ မီဒီယာ လောကအတွင်းမှာ ငွေကြေး ခ၀ချမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက သံသယဖြစ်လို့ မေးမြန်းခဲ့တာ ဆိုရင်တော့ မီဒီယာလောက အတွင်းမှာ ဈေးပေါပေါနဲ့ အရှုံးခံချ ရောင်းနေတဲ့ သတင်းစာ၊ ဂျာနယ်တွေကို ဆက်ပြီး စုံစမ်းမှုတွေ လုပ်သင့်တယ်လို့ ဦးသန်းထိုက်သူက ပြောပါတယ်။

“တကယ်တန်း ကျတော့ ငွေကြေး ခဝါချမှုတွေကြောင့် သိချင်လို့ မေးတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ် ငွေဖြူငွေမည်း ခဝါချတာတွေ မဖြစ်အောင် မေးတာမျိုးဆိုရင် သူတို့ တကယ် မှန်မှန်ကန်ကန် လုပ်မယ် ဆိုရင်တော့ ကျနော်တို့က ဝမ်းပမ်းတသာနဲ့ ကြိုဆိုရမှာပဲလေ၊ ဘာလို့လဲဆိုတော့ လက်ရှိ ဂျာနယ် ဈေးကွက်မှာက အရင်း ၅၀၀ လောက်ရှိတာကို ၃၀၀ နဲ့ရောင်းတယ်၊ ၃၀၀ ရှိတာကို ၁၀၀ နဲ့ ထိုးရောင်းလိုက် လုပ်နေကြရတာ၊ ဈေးကွက်ရဲ့ရေရှည် သဘောမှာ မကောင်းဘူးလေ။ နိုင်ငံတကာ မှာလည်း ငွေထုတ်လုပ်မှု ဈေးအောက်မှာ ကျပြီးတော့မှ ဈေးကွက် ပျက်နေတဲ့ သဘောမျိုးနဲ့ ရောင်းတာ ခွင့်မပြုဘူး။ သူတို့မှာ ဥပဒေနဲ့ ထိန်းချုပ် တာတွေ ရှိတယ်။ အဲဒီလို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာမေးတာ မျိုးဆိုရင်တော့ ကြိုဆိုပါတယ်။ တကယ်လုပ်ဖို့တော့ လိုမယ်လေ။”

စာနယ်ဇင်း လောကသား တွေကြား မကျေနပ် စရာတွေ ဖြစ်နေရတဲ့ စစ်ဆေး မေးမြန်းမှုတွေနဲ့ ပတ်သက်လို့ အစိုးရက တိုက်ရိုက် ညွှန်ကြားချက် ပေးမထားကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့် ရသူလည်းဖြစ်၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ သမ္မတရုံး အနေနဲ့ သီးခြား ညွှန်ကြားထားတာ မရှိဘူး။ သို့သော် သူတို့ စုံစမ်း စစ်ဆေးနေဆဲ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုမို သိချင်လို့၊ သတင်း အချက်အလက် စုံစုံလင်လင် ရချင်လို့ မေးတာမျိုး ဖြစ်ပါလိမ့်မယ်။”

အခုလို သတင်းတပ်ဖွဲ့ က မေးမြန်းမှုတွေ ဟာ မီဒီယာ လောက အတွင်းမှာ ငွေကြေးခ၀ါချမှု တွေရှိလို လုပ်တာလို့လည်း သတင်းတွေ ထွက်နေပါတယ်။

“ငွေကြေး ခဝါချမှု ကတော့ အဲဒါနဲ့ ပတ်သက်လို့ လုပ်နေတဲ့ အဖွဲ့အစည်း တွေရှိတယ်။ ကျနော်တော့ အသေးစိတ် မသိဘူး။ သို့သော် ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ငွေကြေး ခဝါချမှုနဲ့ ပတ်သက် လာလို့ ရှိရင်တော့ ဒါ ကျနော်တို့က ငွေကြေး ခဝါချမှုနဲ့ ပတ်သက်တဲ့ ဥပဒေနဲ့ အညီ အရေးယူ ခံရမှာပေါ့။”

အခုလို စာနယ်ဇင်း သမားတွကို မေးမြန်းတာနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေနဲ့ သီးခြား တုံ့ပြန်မှုအဖြစ် လာမယ့် ဗုဒ္ဒဟူးနေ့မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ကျင်းပဖို့လည်း စီစဉ်နေ ကြပါတယ်။

အစိုးရရဲ့သတင်း ရဲတပ်ဖွဲ့ အနေနဲ့ မကြာသေးခင် တုန်းကလည်း ပေါက်မြို့နယ်က အစိုးရ လက်နက် စက်ရုံကိစ္စ ရေးသားခဲ့တဲ့ UNITY ဂျာနယ်၊ ပြည်သူ့ခေတ် ဂျာနယ်၊ မြန်မာပို့စ်နဲ့ မြန်မာပိုစ့် ဂလိုဘယ် ဂျာနယ်၊ the voice ဂျာနယ် နဲ့ the voice သတင်းစာတွေကို မေးမြန်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။




RB News
22.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဘာလီနှင့် အဖွဲ့က သမ္မတ အမိန့်ဖြင့် စစ်ဆင်ရေး ပြုလုပ်နေသည်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ဦးခန့် ဖမ်းဆီးမည်ဟု ပြောဆိုလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဘာလီနှင့် တပ်ဖွဲ့ဝင် ၂၀ ဦးခန့်သည် ဇွန်လ ၂၁ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်ကြီးထောင့် ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ သန်းခေါင်စာရင်း ကာလတွင် ရိုဟင်ဂျာ လူမျိုးဟု ထွက်ဆိုခဲ့သူများ၏ နေအိမ် တံခါးများကို ရိုက်ချိုး၍ ၀င်ရောက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး အောင်ဘာလီက အဆိုပါ ဒေသခံ ရိုဟင်ဂျာများကို RSO နဲ့ အဆက်အသွယ် ရှိနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဒေသခံ ၁၀၀ ဦးကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။ ရဲမှူး အောင်ဘာလီက သမ္မတ၏ အမိန့်ဖြင့် စစ်ဆင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများမှ ပြောပါသည်။

ဤကဲ့သို့ လုပ်ရပ်ကြောင့် တည်ငြိမ်အေးချမ်း နေသည့် အခြေအနေများ ယိုယွင်း ပျက်ပြား လာမည် ဖြစ်ပြီး၊ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောပါသည်။ သမ္မတ၏ အမိန့်ဖြင့် စစ်ဆေးရေး လုပ်ဆောင်နေသည် ဆိုသည်မှာ သမ္မတကြီး၏ အမည်ကို အလွဲသုံးစား ပြုလုပ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ဒေသခံများက ယုံကြည်ကြောင်း ဖြည့်စွက် ပြောပါသည်။




RB News
22.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်နှင့် ကျွန်းပေါက် ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ ရဲများက ငွေညှစ်ခြင်းများနှင့် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်နှင့် ကျွန်းပေါက် ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း များမှ ရဲများသည် ရေကြောင်းလမ်းမှ သွားလာနေသည့် လှေများ၊ သမ္ဗာန်များနှင့် စက်လှေများမှ တစ်စီးလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ကျပ် အထိ အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။ ထို့အပြင် ဒေသခံ ရွာသားများကို ပေါ်တာဆွဲ၍ အတင်း အဓမ္မ ခိုင်းစေခြင်း၊ ၎င်းတို့ ခိုင်းစေမှုကို ငြင်းဆိုလျှင် လူမဆန်စွာ ရိုက်နှက်ခြင်း၊ ငွေမပေးနိုင်သူများကို ရိုက်နှက်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျောင်းတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်သည် ကျေးရွာ အသီးသီးသို့ ကွင်းဆင်း၍ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် လက်ထပ်ထားသည့် စုံတွဲများ၏ အမည်များကို စာရင်းပြုစုလျက် ရှိသည်။ ညပိုင်းတွင် စစ်တပ်မှ လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများသည် ကျေးရွာများသို့ ၀င်ရောက်၍ ရွာအတွင်း ကင်းစောင့် နေသည့် ကင်းသမားများကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်မှုများ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ထိုသို့ ရိုက်နှက်ရုံ သာမက ငွေညှစ်ခြင်းများ၊ အိမ်မွေးကြက်များကို ဓါးပြတိုက် သကဲ့သို့ ယူဆောင် သွားခြင်းများ ပြုလုပ်လျက် ရှိသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများ မပါဘဲ နေအိမ် တံခါးများကို ရိုက်ချိုး၍ ၀င်ရောက်ပြီး အမျိုးသမီးများကို စော်ကားခြင်းများလည်း ပြုလုပ်လျက် ရှိသည့် အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို အထူး စိုးရိမ်ရကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။




RB News
21.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက လက်ထပ်ခွင့် အတွက် အကြောင်းကြားသူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် န.စ.က ကို ဖျက်သိမ်း ပြီးနောက်၊ လက်ထပ်ခွင့် ကိစ္စကို ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကိုင်တွယ်ရန် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ဌာနများက ညွန်ကြားခဲ့သည်။ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အဆိုပါ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်လျက် ရှိရာ၊ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် (မြို့မတောင်) အုပ်ချုပ်ရေးမှူး ဦးအီဆုပ်လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။ ၎င်းသည် မာရမာကြီး လူမျိုး တစ်ဦးဖြစ်ပြီး၊ အစ္စလာမ် ဘာသာ ကိုးကွယ်သူ ဖြစ်သည်။

မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆင်းရဲ၊ ချမ်းသာ မရွေး လက်ထပ်ခွင့် အတွက် အကြောင်းကြားသူ များထံမှ ငွေကျပ် သုံးသောင်းစီ ညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းက “ဒီငွေတွေကို ကျွန်တော် ရတာ မဟုတ်ဘူး၊ မြို့နယ် အုပ်ချုပ်ရေးကို တစ်သောင်း ပေးရတယ်၊ ရဲစခန်းကို တစ်သောင်း ပေးရတယ်၊ ကျွန်တော်တို့ရဲ့ ရပ်ကွက် အုပ်ချုပ်ရေး ရုံးစရိတ် အတွက် တစ်သောင်းဘဲ ရတာ” ဟု ပြောဆိုလေ့ ရှိသည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

မြို့မတောင် ရပ်ကွက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရှောင်တခင် လူဦးရေ စစ်ဆေးခြင်း ခေါင်းစဉ် တပ်၍ ခိုးဝင်လာသော ဘင်္ဂလီ စာရင်းဟူ၍ ကောက်ခံလျက် ရှိသည်။ လူဦးရေ စာရင်းကို ရိုးသားစွာ ကောက်ခံပါက မည်သူ မဆို ပါဝင်ရန် အသင့်ရှိသော်လည်း ယခုကဲ့သို့ ယုတ်မာသည့် ခေါင်းစဉ် တပ်၍ ကောက်ခံ နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများ မပါဝင်နိုင်ဟု ငြင်းဆိုထားသည်ကို အဆိုပါ အုပ်ချုပ်ရေးမှူးက ရပ်မိရပ်ဖများကို ပါဝင်ပေးရန် တိုက်တွန်းလျက် ရှိသည်။ အချို့သော ဒေသခံများကို ခြိမ်းခြောက်၍ နည်းလမ်းမျိုးစုံဖြင့် စာရင်းကောက်ခံရန် ကြိုးစားလျက် ရှိသည်။

ယခုအခါ ဧည့်စာရင်းများကိုလည်း ပိတ်ပင်ထားပြီး၊ ရပ်ကွက်ထဲရှိ နေအိမ်များသို့ အလည်လာသည့်သူများကို ဧည့်စာရင်း တိုင်ခွင့် မပေးကြောင်း သိရှိရပါသည်။ ညပိုင်းတွင် အာဏာပိုင် အဖွဲ့အစည်းများနှင့် အတူ ဧည့်စာရင်း စစ်မည်ဟု ဆိုကာ ဒေသခံများကို အနှောက်အယှက် ပေးလျက် ရှိပြီး၊ နေ့ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ခိုးဝင် ဘင်္ဂလီ စာရင်း ကောက်ခံရန် အနှောက်အယှက် ပေးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ အာရ်ကာန် ဒေသ၏ မူလဘူတ တိုင်းရင်းသားများ ဖြစ်သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တမင်ယုတ်မာ၍ ခိုးဝင် ဘင်္ဂလီများ စာရင်းဟု ဆိုကာ အတင်း အဓမ္မ ကောက်ခံရန် ကြိုးစားလျက် ရှိခြင်း ဖြစ်သည်။ ဒေသခံ ရိုဟင်ဂျာများ အနေဖြင့် အတင်း အကျပ် ကောက်ခံခြင်းမျိုးကို လုံးဝ လက်ခံမည် မဟုတ်ဟု ဆိုသည်။



RB News
21.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီးမျိုးမြင့်ကို၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဆေးရုံတင် ထားရကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၀) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုတွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး မျိုးမြင့်ကိုနှင့် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်တို့သည် ရွာအတွင်း ကင်းလှည့်ပြီး၊ ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအဒူရာမန်၏ နေအိမ်သို့ ဖုန်းရှာဖွေရန်ဟု အကြောင်းပြပြီး ၀င်ရောက် ရှာဖွေခဲ့သည်။ ဦးဇာဟိတ်ဟူစိန်း၏ နေအိမ်တွင် မည်သည့် ဖုန်းမှ ရှာဖွေမတွေ့ရှိခဲ့ဘဲ ပြန်ထွက်လာခဲ့ပြီးနောက် အဆိုပါ နေအိမ်၏ မနီးမဝေးတွင် ရွာ၏ ကင်းစောင့် တာဝန်ယူထားသည့် ဒေသခံ ရွာသား ကင်းသမား (၄) ဦးကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဗိုလ်ကြီးမျိုးမြင့်ကိုနှင့် အဖွဲ့၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် မိုဟာမတ်ရော်ဖိခ် (ဘ) မော်လ၀ီ ဦးမိုဟာမတ် (အသက် ၁၉ နှစ်) မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုထံ ဒေသခံများက သတင်းပေးပို့ခဲ့ပြီး၊ ရဲမှူး ဝေလင်းကိုက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် မိုဟာမတ် ရော်ဖိခ်ကို ကြိမ်ချောင်း တိုက်နက် ဆေးရုံသို့ ဆေးကုသရန် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပါသည်။ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့် မိုဟာမတ် ရော်ဖိခ်မှာ ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသော်လည်း ဆေးဝါးခပင် တတ်နိုင်သည့် အခြေအနေ ရှိသူမဟုတ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

“စစ်တပ်ရဲ့ တာဝန်က လုံခြုံရေး ယူပေးရုံ သက်သက်ပါ။ သူတို့ အနေနဲ့ ကင်းလှည့်ခွင့်သာ ရှိပြီး၊ ၀င်ရောက် ရှာဖွေတာတွေ၊ ကင်းသမားတွေရဲ့ တာဝန်ကို နှောက်ယှက်တာတွေ လုပ်ခွင့် မရှိဘူး။ လက်နက် အားကိုး လူမိုက်လုပ်သွားတာပါ” ဟု အဆိုပါ ဒေသခံမှ RB News သို့ပြောပါသည်။



ကိုသားညွန့်ဦး
21.6.2014

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့် စာရင်းထဲမှာ ဆက်ပြီး ထည့်ထား ပါတယ်။ မြန်မာ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အနိမ့်ဆုံး အဆင့် သတ်မှတ်ချက်တွေကို မပြည့်မှီ သေးပေမယ့် လည်း၊ လူကုန်ကူးမှု တားဆီးရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု တွေတော့ ရှိတယ်လို့ ဒီ အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ဆက်စပ် နေတဲ့ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေ ကတော့ Tier-3 အဆိုးဆုံး အဆင့်ကို သတ်မှတ် ခံထား ရပါတယ်။ အပြည့်အစုံ ကိုတော့ ကိုသားညွန့်ဦးက တင်ဆက် ပေးမှာပါ။

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်စာထဲ မြန်မာနိုင်ငံ အနေနဲ့ အခုလို Tier-2 စောင့်ကြည့် စာရင်းထဲမှာ သတ်မှတ် ခံရတာ ဒါဟာဆိုရင် သုံးနှစ် ဆက်တိုက် ဖြစ်ပါတယ်။ အရင်တုန်းက Tier-3 အဆိုးဆုံး အဆင့်မှာ ရှိပေမယ့် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေဖြစ် လာပြီးနောက် ၂၀၁၂ ခုနှစ် ကစပြီး Tier-2 စောင့်ကြည့် စာရင်းထဲမှာ တိုးမြင့် သတ်မှတ်ခံ ခဲ့ရပါတယ်။ မြန်မာ အစိုးရ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာ စံနှုန်း အနိမ့်ဆုံး အဆင့်ကိုတောင် ပြည့်မှီအောင် မဆောင်ရွက် နိုင်သေးပေမယ့်၊ ကြိုးပမ်း အားထုတ်မှု ရှိတယ် ဆိုတာကို အသိအမှတ် ပြုလာတာပါ။

ဒီနှစ်ထဲ ထူးထူး ခြားခြား ဆိုရင်တော့ အခု ၂၀၁၃ ခုနှစ် ဧပြီလ ထဲမှာ မြန်မာ ပြည်ထဲရေး ၀န်ကြီးဌာန ကနေ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ ဖွဲ့စည်းပြီး လူကုန်ကူးမှု ရာဇ၀တ်မှုတွေကို စောင့်ကြည့် အရေးယူတာ တွေရှိတယ် ဆိုတာကို ဖော်ပြ ထားပါတယ်။ ဒါပေမယ့် လို့လည်း အဂတိ လိုက်စားမှုတွေ တာဝန်ခံမှု မရှိတွေကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေ အကောင် အထည်ဖော်တဲ့ နေရာမှာတော့ အကန့် အသတ်တွေ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု ဖြစ်ရပ် အတော်များများ ကတော့ အိမ်နီးချင်း နိုင်ငံ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတာ များပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ဆိုရင် အမျိုးသမီး တွေနဲ့ ကလေးငယ် တွေကို အခြား တိုင်းပြည် တွေမှာ လိင်ကုန်ကူးမှု ရာဇ၀တ်မှု တွေရဲ့ အဓိက ပင်ရင်းနိုင်ငံ ဖြစ်တယ် လို့လည်း ဖော်ပြ ထားပါတယ်။

မြန်မာ အမျိုးသမီး ငယ်တွေကို တရုတ်နိုင်ငံကို ရောင်းစား ခံနေရတဲ့ ပြဿနာတွေ၊ ထိုင်းနယ်ခြားကို ဖြတ်ပြီး တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် ကြတဲ့ မြန်မာ အလုပ်သမား တွေရဲ့ အခြေအနေ တွေကို ဒီ အစီရင်ခံစာမှာ ပြောထား ပါတယ်။

HRW လူ့အခွင့် အရေး စောင့်ကြည့်မှု အဖွဲ့က ပြောခွင့်ရသူ John Sifton ကတော့ ထိုင်းနိုင်ငံ အနေနဲ့ လက်ရှိမှာ တရားမ၀င် အလုပ်သမား တွေကို နှိမ်နင်းမှုတွေဟာ ခုတ်ရာ တခြား ရှရာ တလွဲ ဖြစ်ပြီး လူကုန်ကူးမှုတွေ ပိုဖြစ်စေ လိမ့်မယ်လို့ သတိပေးပါတယ်။

“ထိုင်းနိုင်ငံ အနေနဲ့ အလုပ်သမား ပြဿနာကို အခြားနည်းတွေနဲ့ ဖြေရှင်းသင့် ပါတယ်။ ထိုင်းစစ်တပ်ကနေ အခု ဆောင်ရွက်ချက်ကြောင့် ရှုပ်ထွေးပြီး အလုပ်သမား တွေကို ကြောက်ရွံ ထိတ်လန့်မှုတွေ ဖြစ်စေပါတယ်။ ပြဿနာက အထောက်အထား လက်မှတ် မရှိတဲ့ အလုပ်သမားတွေ ကိစ္စပါ။ အဲဒါကြောင့် လူကုန်ကူးတွေက သူတို့ကို တနေရာနဲ့ တနေရာ ရွေ့ပြောင်းပြီး၊ လူကုန်ကူးမှု ရာဇ၀တ်မှုတွေ ဖြစ်စေ ပါတယ်။ ဒါကြောင့် ဒီအလုပ်သမား တွေကို နှိမ်နင်းရမှာ မဟုတ်ပဲ၊ လူကုန်ကူးသူ တွေကို နှိမ်နင်း ရမှာပါ။”

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုနဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်း ချက်တွေ ရှိ လာပေမယ့်လည်း၊ မြန်မာနိုင်ငံရဲ့ တရားရေး စနစ်မှာ ပြင်ဆင် လုပ်ဆောင် စရာတွေ အတော်ကျန် သေးတယ် လို့လည်း John Sifton က ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် တွင်းက ရိုဟင်ဂျာတွေ လူကုန်ကူး ခံနေကြရတဲ့ အခြေအနေ တွေကို လည်း မြန်မာဖက် က ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ် တွင်းက ရိုဟင်ဂျာ လူမျိုးတွေ အစုလိုက် အပြုံလိုက် ထွက်ခွာ ကြတဲ့ ပြဿနာလည်း ရှိပါတယ်။ သူတို့တွေ ဒုက္ခသည်တွေ အဖြစ်နဲ့ ထွက်ပြေး ကြပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ အပေါ် ခွဲခြား ဆက်ဆံမှု တွေရှိတာ၊ အကြမ်းဖက်မှု ဖြစ်တာတွေကို ဖြေရှင်းဖို့ လိုပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး Luis Cdebaca ကလည်း မြန်မာ နိုင်ငံတွင်း ရိုဟင်ဂျာ တွေကို ဖိနှိပ်မှုကြောင့်၊ ထွက်ပြေး ကြတဲ့ ဒီဒုက္ခသည်တွေ အရေး စိုးရိမ်ကြောင်း ကိုလည်း ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မွတ်ဆလင် ရိုဟင်ဂျာတွေ ဟာလည်း လှေတွေနဲ့ မလေးရှား ထိုင်း စတဲ့ နိုင်ငံတွေကို ထွက်ပြေး ကြရာမှာ လူကုန်ကူးတဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ သားကောင်းတွေ ဖြစ်ရတယ်လို့ သတင်းတွေ အစီရင်ခံစာ တွေလည်း မကြာမကြာ ထွက်ပေါ်လေ့ ရှိပါတယ်။



21.6.2014

မြန်မာနိုင်ငံမှာ လက်ရှိ အဆိုပြု ထားတဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းဟာ လူသားတဦး အနေနဲ့ ဘာသာ တရားကို လွတ်လပ်စွာ ပြောင်းပိုင်ခွင့် အပေါ် ကန့်သတ် ချုပ်ချယ်တဲ့ အတွက် အဲဒီ ဥပဒေကြမ်းကို အတည် မပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူ တွေက မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ရဟန်းရှင် လူတွေ အနေနဲ့ အကြံပြုချက် မေလ ၂၇ ရက်နေ့မှာ မြန်မာ အစိုးရက ထုတ်ပြန် လိုက်တဲ့ အဲဒီ ဥပဒေကြမ်း ထဲမှာ ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းလိုသူ တွေအနေနဲ့ အလွယ်တကူ ကူးပြောင်းလို့ မရနိုင်အောင် လုပ်ဆောင် ထားတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဘာသာတရား လွတ်လပ်ခွင့်၊ လူမျိုးစု ရေးရာနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူ တွေက သတိပေး ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ တွေကိုလည်း မတန်တရား ပြစ်ဒဏ် စီရင်ဖို့ အဆိုပြုချက်ထဲမှာ ထည့်သွင်း ထားတယ်လို့ အဲဒီ ကျွမ်းကျင်သူတွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး တချို့ အပိုဒ်တွေ ဟာလည်း ဘာသာရေး ဆိုင်ရာနဲ့ လူနည်းစုတွေ အပေါ် ဖိနှိပ် ချုပ်ချယ်ရာ ရောက်စေမယ့် အဓိပ္ပါယ် ဖွင့်ဆိုလို့ ရနိုင်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဥပဒေပြုရာမှာ အများပြည်သူရဲ့ သဘောဆန္ဒ ပါဝင်နိုင်အောင် လုပ်ဆောင်တာ ကောင်းမွန်တဲ့ လုပ်ရပ် ဖြစ်ပေမယ့် ဒီကိစ္စမှာတော့ ဘာသာရေး တခုပေါ် တဖက်သတ် ဖိနှိပ် ချုပ်ချယ်လို့ ရအောင် တမင် သွေးထိုး လှုံ့ဆော် ပေးနေသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဘာသာတရား ကူးပြောင်းခွင့်ကို အစိုးရက ကန့်သတ် ချုပ်ချယ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ မကိုက်ညီတဲ့ အပြင် တရားမ၀င်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Heiner Bielefeldt က ပြောပါတယ်။



နန္ဒာချမ်း
20.6.2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက် ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင် သတင်းစာမှာ ဖော်ပြထား ပါတယ်။ ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက် သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင် လူမျိုးတွေအတွက် ဆုံးရှုံးမှု တရပ် ဖြစ်တယ်လို့ သုံးသပ်ကြ ပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အကြီးအကဲ တစ်ဦး နှုတ်ထွက် ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ် မေးမြန်း ကြည့်တော့ -

"သူနှုတ်ထွက် ရတာကို ပြောမယ် ဆိုရင်တော့ အဓိက ကတော့ ဖိအားတွေပေါ့ တောက်လျှောက်မှာ တော်တော်များများ ဖိအားတွေ ကြုံလာရ တာ တွေ့ရတယ်။ ပထမ ဖိအားကတော့ သူ့ရဲ့ cabinet အတွင်းမှာကို သူ့ cabinet ကိုသူ မထိန်းနိုင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်တယ်။ ပြီးရင် ဒီဖက်မှာရှိတဲ့ NGO INGOတွေရဲ့ ဖိအားရယ် ပြည်ထောင်စုက ဖိအားရယ် နိုင်ငံတကာ အသိုင်းအဝန်း တွေရဲ့ ဖိအားရယ် အဲ့ဒီ ဖိအားတွေကြောင့် သူ့အနေနဲ့ နှုတ်ထွက် ရတယ်လို့ ကျနော်တို့ အနေနဲ့ သုံးသပ် မိတာပေါ့။

မေး ။ ။ ဘယ်လို ဖိအားမျိုးတွေလဲ။ ဘာ့ကြောင့် ဖိအား ပေးတာလဲရှင့်။

ဖြေ။ ။ ဘယ်လို ဖိအားမျိုးတွေလဲ ဆိုတော့ ဒီ ကျနော်တို့ရဲ့ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေနဲ့ ပါတ်သက် ပြီးရင် အဓိက ဖိအားပေးတဲ့ အပိုင်းကတော့ ကျနော့် အမြင်ကတော့ ပြည်ထောင်စုဖက်က သူ့အပေါ် ဖိအားပေးတဲ့ အပိုင်းက များမယ်။ ပြီးရင် ဦးလှမောင်တင် အနေနဲ့ ဒီလို နှုတ်ထွက်ရတဲ့ အပိုင်းကလည်း သူက ဓားစာခံ တစ်ယောက် အနေနဲ့ ဖြစ်သွားတဲ့ ပုံသဏ္ဍန်မျိုး အနေနဲ့ ရှူ့မြင် သုံးသပ်တာပေါ့။

ဘာဖြစ်လို့လည်း ဆိုတော့ International ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ အဓိက အုပ်ချုပ်ရေး အာဏာကို ကိုင်တဲ့ ပြည်ထောင်စု အစိုးရပေါ့ ဦးသိန်းစိန် အစိုးရရယ် International ဖိအားတွေကို ပြောမယ် ဆိုရင် ပြည်ထောင်စု အစိုးရက ထွက်ပေါက်ရှာတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဒီပြည်နယ်မှာ ရှိတဲ့ အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ ဝန်ကြီးချုပ်ကို သူတို့က အနားပေး လိုက်တဲ့ သဘောမျိုး အဲလိုမျိုး ပေးလိုက်ခြင်း အားဖြင့် နိုင်ငံတကာ အလည်မှာ ပြောမယ်ဆိုရင် ဒီပြည်ထောင်စု အစိုးရ အတွက် မျက်နှာပွင့် လာနိုင်တဲ့ အတိုင်းအတာ အဲလိုမျိုး ပုံစံမျိုးကြောင့် ဦးလှမောင်တင် ကို နှုတ်ထွက်ဖို့ အတွက် ဖိအားပေးပြီးရင် ဦးလှမောင်တင် နှုတ်ထွက်ခဲ့ရတဲ့ သဘောမျိုးဖြစ်သွားတယ်လို့ ကျနော်တို့အနေနဲ့ လေ့လာသုံးသပ်မိတာပေါ့။

မေး ။ ။ ဟုတ်ကဲ့ရှင့်။ ဦးအောင်မြတ်ကျော်က ရခိုင်ပြည်နယ် လွှတ်တော် အမတ်တဦး အနေနဲ့ ပေါ့နော် ဒီ ဝန်ကြီးချုပ် ဦးလှမောင်တင် နဲ့ နှစ်နဲ့ချီပြီးတော့ သူနဲ့ အလုပ်တွဲလုပ်ဖူးတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုပေါ့ ဘယ်လိုမြင်ရသလဲရှင့်။

ဖြေ ။ ။ သူကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပေါ့။ သူ့မှာက ခက်တာက သူ့အသိုင်းအဝိုင်းတွေမှာ သူ့ကို ရံပေးမယ့် ညီအကိုရောင်းရင်းလို သူ့ကို ဝန်းရံပေးမယ့် ပုဂ္ဂိုလ်က သူ့မှာမရှိဘူး။ သူက တစ်ယောက်ထည်းကို ရုန်းကန်နေရတဲ့သဘောမျိုး။ သူ့ Cabinet လို့ပြောရမယ့် ပြည်နယ်အစိုးရအဖွဲ့မှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ကလည်း သူ့ကို ပံ့ပိုးပေးရမယ့်အစား သူ့ကို တော်တော်များများ တိုက်ခိုက်ကြတဲ့ အခြေအနေတွေကိုလည်း အများကြီးတွေ့ရတာပေါ့။

အဲ့ဒီ့အပိုင်းမှာ နောက်ပိုင်းတော့ ပြောမယ်ဆိုရင် ဦးလှမောင်တင်ရဲ့ ဒီဖက် သူ့ရဲ့ အရည်အချင်းက သူက တစ်ဦးတည်းသူက ဦးဆောင်သွားရတဲ့ သဘောမျိုးလို ဖြစ်တဲ့အပိုင်းမှာ တစ်ချို့ နေရာတွေမှာ တော်တော်များများ လစ်ဟာမှုတွေ ရှိသွားတဲ့ အတိုင်းအတာလေးတွေ ဖြစ်သွားတာပေါ့။ အဲ့လိုမျိုးသာ သူတို့ရဲ့ အစိုးရ တစ်ဖွဲ့လုံး စည်းစည်းရုံးရုံးနဲ့သာ အဲ့လိုမျိုး ပြသနာတွေကို အမှန်အတိုင်း ရင်ဆိုင်မယ်ဆိုရင် ဒီလိုမျိုး ပြသနာ ကြီးကြီးမားမား သူ နှုတ်ထွက်ရတဲ့ အဆင့်အထိတော့ မဖြစ်နိုင်ပါဘူး။ အခုကတော့ သူ့အတွက်လည်း စိတ်မကောင်းပါဘူး။

သူလည်း တကယ့် အရည်အချင်းရှိတဲ့ ရခိုင် ပြည်သူလူထု အတွက်လည်း ပြောမယ် ဆိုရင် သူ အများကြီး ပံ့ပိုးပေးခဲ့တာ။ မှားမှား မှန်မှန် ရပ်တည်ပေးခဲ့တဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ရခိုင် ပြည်သူလူထု နစ်နာမှု မရှိရအောင် အများကြီး သူ ကာကွယ်ပေးခဲ့တဲ့ အပိုင်းက ကျနော်လည်း တွဲခဲ့တဲ့ အပိုင်း တွဲဖြစ်တဲ့ အချိန်မှာ တော်တော်များများကို တွေ့ကြုံခဲ့ရပါတယ်။

မေး ။ ။ ဟုတ်ကဲ့ရှင့် ဒါဆိုရင် ဒီဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်ပြီ ဆိုတော့ သူ့နေရာမှာပေါ့လေ ဘယ်သူ့ကို အစားထိုး မှာလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ အဓိက ကတော့ သမ္မတနဲ့ပဲ သက်ဆိုင်တာပေါ့။ သမ္မတက သူ့ရဲ့ အနောက်ဖက်အပိုင်း အတွက် သူ့ရဲ့ မဟာဗျူဟာ အခင်းအကျင်း ဘယ်လိုမျိုး လူတင်ချင်သလဲ။ အခင်းအကျင်းအတွင်းမှာရှိမလဲ။ အဲဒါအပေါ်မှာ အဓိကမူတည်တယ်။ အကောင်းဆုံး ကတော့ ကျနော်တို့ ဒီဖက် အခု ကြားနေရတဲ့ အပိုင်းကတော့ ဘယ်လို ပြောမလဲ ဆိုရင် ခက်တော့ခက်သား တစ်ဦးဦးကို အစားထိုးမယ်လို့ ကျနော်တို့ ကြားနေရတယ်။ ခက်တော့ ခက်သား အစားထိုး လာရင် ရခိုင်ပြည်သူ လူထု အတွက် ကတော့ ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ ကျနော့် အနေနဲ့ သုံးသပ်ချင်တယ်။

ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ် မေးမြန်း ခဲ့တာပါ။ အခုလို မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးကတည်းကဆိုရင် - ပြည်နယ်နဲ့တိုင်းဒေသကြီးတခုရဲ့ အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဒီလိုမျိုး နှုတ်ထွက်တာဟာ ဒါ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။




MYARF
RB News
20.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့နယ် ဆရာဝန်ကြီး၏ ဆေးဆိုင်မှ ဆေးမ၀ယ်သဖြင့် ဒေသခံ တစ်ဦး လုပ်ကြံ ဖမ်းဆီးခြင်း ခံရသည့် အပြင် ရဲများ၏ ငွေညှစ်ခြင်းကိုလည်း ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဇွန်လ ၁၆ ရက်နေ့တွင် မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဦးမာမတ်ဂျူဟာရ် (ဘ) ဆရာ ဦးဟာရှိမ်သည် ကျန်းမာရေး မကောင်းသဖြင့် ဦးဥတ္တမလမ်းရှိ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ဆေးခန်းသို့ သွားရောက်၍ ဆေးကုသမှု ခံယူခဲ့သည်။ ဦးမာမတ်ဂျူဟာရ်သည် ဆေးကုသမှု ခံယူပြီးနောက် ဆေးကုသခကို ရှင်းပေးပြီး၊ ဆရာဝန် ရေးပေးသည့်  သောက်ဆေးများကို ဆရာဝန်၏ ဆေးဆိုင်တွင် မ၀ယ်ဘဲ၊ အခြား ဆေးဆိုင် တစ်ဆိုင်မှ ၀ယ်ယူခဲ့သည်။

ထိုသို့ အခြားဆိုင်မှ ဆေးဝယ်ယူသည်ကို ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက သိရှိသွားသည်နှင့် တပြိုင်နက် ဦးမာမတ်ဂျူဟာရ်က ဆေးကုသမှု ခံယူစဉ် ရိုင်းပျစွာ ဆက်ဆံသည်၊ ထို့နောက် ဖုန်းတစ်လုံး ပျောက်သွားသည်ဟု လီဆယ် လုပ်ကြံ၍ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ရဲများက ဒေါက်တာ ကျော်မောင်မောင်သိန်း လီဆယ် လုပ်ကြံသည်ကို စုံစမ်း စစ်ဆေးခြင်း မပြုလုပ်ဘဲ ယင်းနေ့ ညနေ (၄) နာရီ အချိန်တွင် ဦးမာမတ်ဂျုဟာရ်ကို မြို့မ ကညင်တန်းဈေးမှ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ရဲများက ဦးမာမတ်ဂျူဟာရ် ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ဆေးဆိုင်တွင် ရောင်းချသည့် ဆေးများမှာ အခြား ဆေးဆိုင်များထက် ဈေးနှစ်ဆကြီးသည့် အတွက် စီးပွားရေး မပြေလည်သည့် လူနာများမှာ ဈေးသက်သာသည့် ဆိုင်များတွင်သာ ၀ယ်ယူ သုံးစွဲနေရသည်။ ငွေကြေး လောဘ ကြီးသည့် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းမှ ၎င်း၏ ဆိုင်မှ မ၀ယ်ယူသည့် အတွက် တမင် လီဆယ် လုပ်ကြံ၍ ရဲများနှင့် ဖမ်းဆီးခိုင်းကာ၊ နောက်နောင် လူနာများ ၎င်း၏ ဆိုင်မှသာ ၀ယ်ယူရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။




RB News
20.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ လူငယ်တစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလတွင် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာမှ ရော်ရှိတ်အာမတ် (ဘ) ဦးဇော်ဖော်ရ် အာမတ် (အသက် ၂၃ နှစ်) ၏ တူမနှင့် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦးတို့၏ တူမတို့ ကလေး အချင်းချင်း စကားများခဲ့ကြရာ ရော်ရှိတ်အာမတ်က ကြားဝင်၍ ဖြေရှင်း ပေးခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျော်ဇေယျာဦးက မကျေနပ်ဘဲ ရော်ရှိတ်အာမတ်ကို ဆဲဆိုကြိမ်းမောင်းပြီး စကားများခဲ့သည်။ စကားများပြီး နောက်နေ့တွင် ရော်ရှိတ်အာမတ်၏ နေအိမ်သို့ ကျော်ဇေယျာဦးနှင့် အတူ ၎င်း၏ ညီအစ်ကို ၄ ဦး ရောက်ရှိလာပြီး ရော်ရှိတ်အာမတ်ကို အနိုင်ကျင့်ရန် ကြိုးစားခဲ့သော်လည်း ရော်ရှိတ်အာမတ်ကို မတွေ့ရှိသဖြင့် ခြံစည်းရိုးနှင့် အိမ်ထရံများကို ဓါးဖြင့် ခုတ်၍ ပြန်သွားခဲ့ကြသည်။

ကျော်ဇေယျာဦးသည် အုပ်ချုပ်ရေးမှူး၏ တပည့် တစ်ဦး ဖြစ်ပြီး ရွာသားများကို မကြာခဏ ညှဉ်းပန်း နှိပ်စက်လေ့ ရှိသောကြောင့် ရော်ရှိတ်အာမတ်မှာ နေအိမ်မှ ခဏ တိမ်းရှောင်နေစဉ် ကျော်ဇေယျာဦးက နောက်နောင် ရွာသို့ ပြန်လည် လာ၍ မရအောင် လုပ်ပစ်မည်ဟု ကြုံးဝါး၍ ကျော်ဇေယျာဦး ကိုယ်တိုင် မိမိအိမ်ကို မိမိ မီးရှို့ပြီး ရော်ရှိတ်အာမတ်မှ မီးတင်ရှို့သည်ဟု သတင်းလွှင့်ခဲ့သောကြောင့် ရော်ရှိတ်အာမတ်မှ ရွာမှ အပြီး ရှောင်တိမ်းခဲ့ရသည်။ ကျော်ဇေယျာဦးမှ မိမိအိမ်ကို မိမိ မီးရှို့ခဲ့သော်လည်း မီးရှို့ပြရုံသာ ဖြစ်ပြီး ပျက်စီးခြင်း လုံးဝမရှိခဲ့ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျော်ဇေယျာဦး၏ လုပ်ကြံမှုကြောင့် ရော်ရှိတ်အာမတ်သည် တက္ကသိုလ် ၀င်တန်း စာမေးပွဲပင် မဖြေဆိုခဲ့ရဘဲ အိုမင်းနေသည့် မိဘများကို ထား၍ မတရားဖိနှိပ်ခံရမှုမှ ကင်းဝေးရန် ထွက်ပြေး တိမ်းရှောင် သွားခဲ့ရသည်။ ကျော်ဇေယျာဦးက ရော်ရှိတ်အာမတ် တစ်ဦးတည်းကို လုပ်ကြံရုံသာမက ရော်ရှိတ်အာမတ်၏ မိတ်ဆွေ (၇) ဦးကိုပါ ၎င်း၏ နေအိမ်ကို မီးရှို့သည်ဟု စွပ်စွဲခဲ့သည်။ ထိုကဲ့သို့ မတရား စွပ်စွဲခံရသူ (၇) ဦးထဲမှ (၆) ဦးသည် ငွေကြေး တတ်နိုင်သူများ ဖြစ်သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်ကို ငွေသိန်းချီ ပေးပြီး မတရား ဖမ်းဆီးခံရမည့် အရေးမှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ကျော်ဇေယျာဦး၏ လုပ်ကြံ စွပ်စွဲခံရမှုတွင် ပါဝင်သူ တစ်ဦး ဖြစ်သည့် မော်လ၀ီ နူရ်အာလမ် (ဘ) ဦးမိုဟာမတ်အာရော်ဖ် (အသက် ၂၈ နှစ်) သည် ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး ငွေကြေး မပေးနိုင်ခဲ့သောကြောင့် ကျော်ဇေယျာဦး၏ အငြိုးထားမှုကို ခံခဲ့ရသည်။

ယမန်နေ့ (ဇွန်လ ၁၉) နေ့လည် ၃ နာရီ အချိန်တွင် မောင်တူလာ ရွာသား မော်လ၀ီ နူရ်အာလမ်သည် အလယ်သံကျော် ဈေးရှိ လဘက်ရည်ဆိုင်တွင် လဘက်ရည် ထိုင်သောက်နေစဉ် ကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြား ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၈) ဦး ရောက်ရှိလာပြီး မော်လ၀ီ နူရ်အာလမ်ကို လူအများရှေ့တွင် လူမဆန်စွာ ရိုက်နှက်ပြီး လက်ထိပ်ခတ်၍ နယ်မြေရုံးသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျော်ဇေယျာဦးသည် အလယ်သံကျေးရွာ အုပ်စု အတွင်းရှိ ရွာများတွင် မတရားမှုများစွာကို ဦးဆောင် ပြုလုပ်နေသူ တစ်ဦး ဖြစ်ပြီး၊ မော်လ၀ီ နူရ်အာလမ်က ကျော်ဇေယျာဦးနှင့် ရဲတပ်သား သုံးဦးတို့ ဓါးပြတိုက်သည့် ကိစ္စကို စ.ရ.ဖ ရုံးသို့ တိုင်တန်းသည့် ကိစ္စကိုလည်း အငြိုးထားကာ ယခုကဲ့သို့ လုပ်ကြံ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ကျော်ဇေယျာဦး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ ငွေညှစ်မှုများနှင့် ပတ်သက်၍ RB News တွင် အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သလို၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများနှင့် ဒေသ ဆိုင်ရာ အာဏာပိုင်များကို တိုင်တန်းခဲ့သော်လည်း လုံးဝ အရေးယူ ဆောင်ရွက် မပေးဘဲ၊ အာဏာပိုင်များ ကိုယ်တိုင် ဒေသခံများကို ညှဉ်းပန်း နှိပ်စက် နိုင်ရန် လွှတ်ပေး ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။




Rohingya Eye
RB News
19.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲတပ်သား တစ်ဦးက ဒေသခံများကို အကြောင်းမဲ့ စိန်ခေါ်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၁၉) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား အောင်နိုင်သည် ၎င်းရွာရှိ လဘက်ရည်ဆိုင် ဆိုင်ပိုင်ရှင် ဦးကမာလ် (ဘ) ဦးမူတာရ်အာမတ် (အသက် ၃၀ နှစ်) ထံမှ အကြောင်းမဲ့ ငွေကျပ် ၃ သောင်း တောင်းခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲတပ်သား အောင်နိုင်သည် ရခိုင် လူမျိုး အစွန်းရောက် တစ်ဦး ဖြစ်ပြီး၊ ရေတွင်းကျွန်း ကျေးရွာရှိ ချောင်းဝ စခန်းမှ ဇွန်လ ၁၆ ရက်နေ့တွင် ကျားခေါင်းတောင်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ ပြောင်းရွှေ့လာသည့် နေ့မှစ၍ ရွာအတွင်း လမ်းသွားလမ်းလာ များကို ဂုဏ်သိက္ခာ ညိုးနွမ်းသည့် အထိ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ရဲတပ်သား အောင်နိုင်က “မင်းတို့ ကုလားတွေ ဒီမိုကရေစီ ရနေပြီလား၊ မင်းတို့ ကုလားတွေ ငါနဲ့ ပြိုင်မယ့်လူ ရှိလား၊ ရှိရင် ထွက်လာခဲ့၊ ငါက ငါနဲ့ ပြိုင်မယ့်လူ ရှာနေတာ” ဟု ပြောဆို၍ အကြောင်းမဲ့ စိန်ခေါ်မှုများ ပြုလုပ်နေသည့် အပြင် ညစ်ညမ်းစွာ ဆဲဆိုမှုများပါ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများ ဆိုသည်။

“အခုလို အကြောင်းမဲ့ စိန်ခေါ်တာတွေ၊ ညစ်ညမ်းစွာ ဆဲဆိုတာတွေ၊ ပြီးတော့ ဂုဏ်သိက္ခာ ညိုးနွမ်းတဲ့ အထိ၊ ကာအိနြေ္ဒ ပျက်ပြားတဲ့ အထိ အကြောင်းမဲ့ စစ်ဆေးမှုတွေ လုပ်နေမယ် ဆိုရင် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်မှာကို စိုးရိမ် ရတယ်။ လက်နက် အားကိုးနဲ့ အနိုင်ကျင့်တယ် ဆိုတာ အတိုင်းအတာ ရှိပါတယ်။ အကြောင်းမဲ့ ငွေညှစ်တာတွေ၊ ဆဲဆို ကြိမ်းမောင်း ရိုက်နှက်တာတွေကို ဗဟို အစိုးရက အမြန်ဆုံး ရပ်တန့် ပေးဖို့ လိုနေပါပြီ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

(ဓါတ်ပုံ - Reuters)


RB News
19.6.2014

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Kyung-wha Kang ၏ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း တွေ့ရှိခဲ့မှုများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဦးဖေသန်းနှင့် ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် တို့ကို ဗွီအိုအေ မြန်မာပိုင်းက ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် မေးမြန်းထားသည့် အသံဖိုင်ကို အောက်တွင် နားထောင် နိုင်ပါသည်။ 





RB News
19.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းကို ပိတ်ထားပြီး၊ ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမြအောင်၏ နှုတ်မိန့်ဖြင့် ဈေးကောက်အဖွဲ့က သောင်းကျန်းလျက် ရှိသောကြောင့် ဈေးရောင်းသူများ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် လိုင်စင်ရ ဓါးပြသဖွယ် ဖြစ်နေသည့် ဆရာပေါင်မဲ့ (ခ) ဦးမောင်စံရွှေသည် မောင်တောမြို့နယ်တွင် ရခိုင် အစွန်းရောက် (၃၀) ဦးကျော်ကို တုတ်၊ ဓါးများ ကိုင်ဆောင်စေပြီး၊ မောင်တော ဆိပ်ကမ်းတွင် တရားဝင် ကုမ္ပဏီ လိုင်စင်ဖြင့် ကုန်တင်ကုန်ချ လုပ်နေသူများထံမှ ဈေးကောက် ကောက်ခံခြင်း၊ ကုန်တင်ကုန်ချ လုပ်နေသည့် အလုပ်သမား များကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ဆိပ်ကမ်း အာဏာပိုင်များက စည်ပင်သာယာမှ တရားဝင် ထုတ်ပြန်ထားသည့် စာတောင်းလျှင် စကားများ ရန်ဖြစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမောင်စံရွှေက ထိုကဲ့သို့ ဥပဒေမဲ့ ဈေးကောက် ကောက်နေခြင်းသည် ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမြအောင်၏ နှုတ်မိန့်ဖြင့် ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် စည်ပင်သာယာရေး ၀န်ကြီး ဦးမြအောင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦး ဖြစ်ပြီး၊ နှစ်စဉ် နှစ်တိုင်း အထက်လူကြီးများကို ချဉ်းကပ်ညှိနှိုင်း၍ ဈေးကောက်လိုင်စင် ရယူနေသူ တစ်ဦး ဖြစ်သည်။ ယခင်နှစ်များတွင် ပျံကျဈေးသည်များထံမှသာ ဈေးကောက် ကောက်ခံခဲ့သော်လည်း ယခုနှစ်တွင် နှစ်စဉ် အခွန်ဦးစီးဌာနနှင့် စည်ပင်သာယာ ဦးစီးဌာနတို့ကို တရားဝင် အခွန် ထမ်းဆောင်နေသည့် ဆိုင်များမှပါ တရားမ၀င် ဈေးကောက် ကောက်ခံလျက် ရှိသည်။

ဦးမောင်စံရွှေသည် မောင်တောမြို့နယ် စည်ပင်သာယာ ဦးစီးမှူး ဦးမောင်တင်ဦးနှင့် မောင်တောမြို့မှ ရွေးကောက် တင်မြှောက်ခံ ထားရသည့် လွှတ်တော် ကိုယ်စားလှယ် (ယခု ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး) ဦးမြအောင်တို့ အားကိုးဖြင့် မောင်တောမြို့ရှိ ကုမ္ပဏီများနှင့် ဆိုင်များကို အုပ်စုဖွဲ့၍ အနိုင်ကျင့်လျက် ရှိသည်ဟု အဆိုပါ ဒေသခံမှ ဆိုသည်။ ထိုကဲ့သို့ မတရားသဖြင့် ဈေးကောက် ကောက်ခံနေမှုကြောင့် ရန်ကုန်နှင့် မန္တလေးမြို့များမှ ကုန်စည် စီးဆင်းမှု လျော့နည်းလာပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့် လာနေကြောင်း သိရှိရပါသည်။

“အခုလို လူမိုက် တစ်ယောက်ကို တရားဝင် ၀န်ကြီး တစ်ယောက်နဲ့ မြို့နယ် ဦးစီးမှူးတို့က ကျောထောက် နောက်ခံ လုပ်ပေးထားတဲ့ အတွက် မောင်တောမြို့မှာ ရှိတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင် တွေကလည်း ဒီကိစ္စကို အစိုးရက ရပ်တန့် မပေးဘူးဆိုရင် နယ်စပ် ကုန်သွယ်ရေး ဆက်လက် လုပ်မှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။ နိုင်ငံတော် အနေနဲ့ ရရှိမယ့် အခွန်အခတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ တပိုင်တနိုင် ဆိုင်ရောင်းနေတဲ့ သူတွေလည်း အလွန် ဒုက္ခရောက် နေကြတယ်။ ကုမ္ပဏီတွေနဲ့ ကုန်သည်ကြီးတွေက နယ်စပ်ကုန်သွယ်ရေးကို ဒီတစ်ပတ် အတွင်းမှာ ရပ်ဆိုင်းထားပါတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ဦးမောင်စံရွှေ ရရှိထားသည့် ဈေးကောက် လိုင်စင်မှာ ပျံကျ ဈေးသည်များထံမှ ဈေးကောက် ကောက်ရန်သာ ဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းရှင်ကြီးများကို အနှောက်အယှက် ပေးမှုကြောင့် ငွေသန်းပေါင်းများစွာဖြင့် လုပ်ကိုင်နေသည့် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။




RB News
19.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာနှင့် ဒုချီးရားတန်းရွာများသို့ ရခိုင် အစွန်းရောက်များ ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၁၉) ည ၈း၄၅ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား ကျေးရွာ အုပ်စု၊ ဘဂုံးနားရွာ အနီးရှိ ရွာများဖြစ်သည့် ဗောဓိကုန်း၊ ကန်သာယာရွာများမှ ရခိုင် အစွန်းရောက် အုပ်စု တစ်စုသည် ဘဂုံးနား အနောက်ရွာ အတွင်းသို့ တုတ်၊ ဓါးများ ကိုင်ဆောင်၍ ၀င်ရောက်ပြီး အကြမ်းဖက်ရန် ကြိုးစားခဲ့သည်။ အဆိုပါ ရခိုင် အစွန်းရောက်များ၏ အကြမ်းဖက်ရန် ကြိုးစားမှုကို ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဟန့်တားခဲ့ရာ ရခိုင် အစွန်းရောက် များသည် ဘဂုံးနားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ရဲကင်း စခန်းသို့ ထွက်ပြေးသွားခဲ့ကြသည်။ ရခိုင် အစွန်းရောက်များ ရဲကင်း စခန်းသို့ ရောက်သည့် အခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် နှစ်ချက် ပစ်ဖောက်၍ ရခိုင် အစွန်းရောက်များကို ကာကွယ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ရခိုင် အစွန်းရောက်များ အကြမ်းဖက်ရန် ကြိုးစားမှုကြောင့် ဒေသခံ ရိုဟင်ဂျာ ရွာသား အများအပြား ရွာမှ ထွက်ခွာ၍ ရှောင်တိမ်းခဲ့ကြောင်း သိရှိရပါသည်။ မောင်တောမြို့ပေါ်မှ လုံခြုံရေးကား (၄) စီးရောက်လာမှသာ ရွာသားများ မိမိတို့၏ နေအိမ်များသို့ ပြန်လည် လာနိုင်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

အလားတူ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ ကင်းချောင်းရွာမှ ရခိုင် အစွန်းရောက်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အင်အား ၁၀၀ ခန့်တို့သည် ဒုချီးရားတန်း အရှေ့ရွာကို ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးစားခဲ့ရာ နူရူလ္လာရွာနှင့် ဒုချီးရားတန်း အရှေ့ရွာတို့မှ ရွာသားများက ဟန့်တားနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။




RB News
18.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၏ တရား စီရင်ရေး မဏ္ဍိုင်ကို ရခိုင်အစွန်းရောက် များနှင့် သံဃာတော်များက လွှမ်းမိုးထားသည့် အတွက် မတရားမှုများ ပိုမိုဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ဘူးသီးတောင်မြို့နယ်ရဲ့ တရားရေး မဏ္ဍိုင်က ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်မှာ ဖြစ်နေပါတယ်။ တရားရုံးမှာ အမှုတစ်ခု ရောက်လာပြီ ဆိုရင် ရခိုင်ကွန်ယက်၊ သံဃာတော်တွေ၊ ဒုရဲအုပ်ကျော်လှနဲ့ ဦးဇော်ဝင်းတို့က ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်မှာ ထိုင်ပြီး စည်းဝေးကြတယ်။ တရားစီရင်မှုနဲ့ ပတ်သက်ပြီး သူတို့ ဆုံးဖြတ်တယ်။ သူတို့ ဆုံးဖြတ်တဲ့ အတိုင်း တရားသူကြီးက စီရင်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ်တွင် တရားစီရင်မှုသည် ရခိုင် အစွန်းရောက်များနှင့် သံဃာတော်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်နေသည်ဟု ၎င်းကဆိုသည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသည်ကို ခရိုင်နှင့် မြို့နယ် အာဏာပိုင်များက သိရှိသော်လည်း ဟန့်တားခြင်း တစ်စုံတစ်ရာ မရှိဘဲ၊ လွှတ်ပေးထားကြောင်း သိရှိရပါသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက အဖြစ်အပျက် တစ်ခုကို ကြည့်မယ်ဆိုရင် ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာမှာ ရခိုင် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတို့ စီးလာတဲ့ ဆိုင်ကယ်ကို ရိုဟင်ဂျာတွေက မှားပြီး တားမိတာကို ကျေးရွာ အုပ်ချုပ်ရေးမှူးက အမှုလုပ်ပြီး ရိုဟင်ဂျာ ငါးယောက်ကို ဖမ်းထားပါတယ်။ အမှန်ဆိုရင် ဒါက အမှုလည်း မဟုတ်သလို၊ တရားသူကြီး အနေနဲ့ ချက်ချင်း အာမခံ ပေးလိုက်လို့ ရတဲ့ အမှုဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီးကို ရခိုင် အစွန်းရောက် တွေနဲ့ သံဃာတော်တွေက လုံးဝ အာမခံ မပေးရဘူးလို့ ပြောထားလို့ အာမခံ မပေးဘဲ မတရား သဖြင့် ထောင်ချဖို့ စီစဉ်နေတယ်။ တဖက်က ဒုရဲအုပ် ကျော်လှက အမှုက လွတ်အောင် လုပ်ပေးမယ် ဆိုပြီး ဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅ ဦး ဆီက ငွေကျပ် သိန်း ၃၀ ယူထားပါတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

“ဒီကိစ္စကို ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်နဲ့မြို့နယ် ရဲတပ်ဖွဲ့မှူးတွေက သိပါတယ်။ ဒါပေမယ့် ဘာမှ လုပ်မပေးဘူး။ အရင်က တရားသူကြီးက ဖြစ်စဉ်ကို သေချာ လေ့လာပြီး ဆုံးဖြတ်တဲ့ အတွက် ဒီလောက် ပြဿနာတွေ မရှိခဲ့ဘူး။ အခု တရားသူကြီးက ဘူးသီးတောင်ကို ရောက်လာတာ တစ်လလောက်ဘဲ ရှိသေးတယ်။ မြန်အောင်ကနေ ပြောင်းလာတဲ့ ရခိုင် အစွန်းရောက် တစ်ယောက် ဖြစ်ပါတယ်။ ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်က မြို့နယ် တရားရုံး အမှတ် (၁) ဖြစ်နေပြီး၊ အစိုးရရဲ့ တရားရုံးက အမှတ် (၂) လို ဖြစ်နေတယ်။ တရားခံလို့ စွပ်စွဲခံရထားတဲ့ သူတွေရဲ့ ဖြေရှင်းချက်တွေကို လုံးဝ နားမထောင်ဘဲ ရခိုင် အစွန်းရောက်တွေနဲ့ ဆုံးဖြတ်ချက် အတိုင်း၊ ပြောတဲ့ အတိုင်း တရားစီရင် နေတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

“တရားရေး မဏ္ဍိုင်ကို အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်း ကတောင် ၀င်ရောက် စွက်ဖက်ခွင့် မရှိဘူး။ အဲဒီလို မဏ္ဍိုင် တစ်ခုကို အခုလို သာမာန် ပြည်သူတွေက ၀င်ရောက် စွက်ဖက်တာမျိုးတောင် မဟုတ်ဘဲ တရားစီရင်ရေး အာဏာပိုင် တွေလို လုပ်နေတဲ့ အတွက် မတရားမှုတွေ ပိုမိုများပြား လာနေပါတယ်။ ဗဟို အစိုးရ အနေနဲ့ လိုအပ်သလို စစ်ဆေးမှုတွေ ပြုလုပ်ပြီး မှန်ကန်တဲ့ တရားစီရင်မှုတွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးဖို့ ကျွန်တော်တို့ ဒေသခံ တွေက တောင်းဆိုပါတယ်” ဟု ၎င်းက ပြောပါသည်။

Rohingya Exodus