နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
27.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မကျီးချောင်း ကျေးရွာသို့ စစ်သား (၁၁) ဦး ၀င်ရောက်လာပြီး လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၁၀) နာရီ ခန့်အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း မကျီးချောင်း (ဖားထောင်န်ဇား) ကျေးရွာသို့ စစ်သား (၁၁) ဦး ၀င်ရောက် လာပြီး၊ ၎င်းတို့ ရှေ့တွင် တွေ့သော လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် လူငယ် (၄) ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ရာ၊ လူငယ်များက စစ်သားများ နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့သည့် အဆုံးတွင် ငွေကျပ် (၄) သောင်းစီ ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လွန်ခဲ့သည့်လက မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်သားများနှင့် နယ်ခြားစောင့် ရဲများ ၀င်ရောက်ပြီး လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးပြီး ရိုက်နှက် ငွေညှစ်ခဲ့ပြီး၊ ယခုလတွင် မောင်တောမြို့နယ် တောင်ပိုင်းရှိ လူငယ်များကို ပစ်မှတ်ထား၍ ရိုက်နှက် ငွေညှစ်ခြင်းများ ပြုလုပ် နေသည်ဟု ဒေသခံများက ဆိုသည်။

ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခံရပြီး ငွေကျပ် (၄) သောင်းစီ ညှစ်ခံရသူ များမှာ --

(၁) နူရူလ် အာမီးန် (ဘ) ဦးယူနုစ် (အသက် ၂၂ နှစ်)
(၂) မာမတ်ဇူဘိုင်ရ် (ဘ) ဦးဟာလူ (အသက် ၂၀ နှစ်)
(၃) ဂျာဘေရ် (ဘ) ဦးအာယု(ဖ်) (အသက် ၁၈ နှစ်)
(၄) အဒူလ်အာမီးန် (ဘ) ဦးအဒူအဇီးဇ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ပါသည်။



Rohingya Eye
RB News
27.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်မြေ (၅) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ညပိုင်း ကင်းစောင့်သည့် ကင်းသမား များကို ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်မြေ (၅) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဟာမ်ဖူးဖာရာ ရွာတွင် ညပိုင်း ကင်းစောင့် နေသည့် ကင်းသမား (၅) ဦးကို ကင်းစောင့်နေချိန်တွင် အိပ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကင်းသမား (၅) ဦးထံမှ ငွေကျပ် ၄ သောင်းစီ ညှစ်ယူခဲ့ပြီး၊ ရိုက်နှက် ငွေညှစ်ခံ ရသူ (၅) ဦးမှာ --

(၁) ဦးနူလ်မာလ်ဟာကီးမ် (ဘ) ဦးဘာဆာမျာ (အသက် ၆၅ နှစ်)
(၂) ဦးနူရ်အာမီးန် (ဘ) ဦးအဘူလ်ဟာရှီးမ် (အသက် ၃၀ နှစ်)
(၃) ဦးရှောမ်ရှု (ဘ) ဦးအဘူလ်ကာဆိမ်း (အသက် ၂၈ နှစ်)
(၄) ဦးအဒူလ်အာမီးန် (ဘ) ဦးအဘူလ်ဟာရှီးမ် (အသက် ၂၈ နှစ်)
(၅) ဦးအဒူလ္လာ (ဘ) ဦးရော်ရှီဒုလ္လာ (အသက် ၃၂ နှစ်) -- တို့ဖြစ်ပါသည်။

အလားတူ ပုဇွန်ကန် လုပ်သား တစ်ဦး ဖြစ်သူ ဦးရှော်ဘိရ် (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၃၅ နှစ်) သည် ညပိုင်းတွင် ပုဇွန်ကန် စောင့်နေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ရိုက်နှက်၍ ငွေကျပ် ၃ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



27.11.2014

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တောင်းဆို ထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုမှုဟာ လောလောဆယ် ဖြစ်နိုင်မှာ မဟုတ် သေးဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

အစိုးရ အနေနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တွေကို အဖွဲ့အစည်း တွေကို အခြေခံပြီး စဉ်းစား ဆောင်ရွက်တာ ဖြစ်ပေမဲ့ အခု ၆ ပွင့်ဆိုင် တွေ့ဖို့ တောင်းဆို တာဟာ လူပုဂ္ဂိုလ်ကို အခြေခံ တာမို့ လက်တွေ့နဲ့ မနီးစပ်ဘူလို့ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"ကျနော်တို့ အမြင် ကတော့ ချဉ်းကပ် ပုံချင်းက အတော် ကွဲပြားနေတဲ့ အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ် မထင်ဘူး၊ ကျနော်တို့ရဲ့ ချဉ်းကပ် ပုံချင်းက အဖွဲ့ကို အခြေခံပြီးတော့ စဉ်းစား ပါတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ လွှတ်တော်ရော ချဉ်းကပ်ပုံ တွေက ပုဂ္ဂိုလ်ကို အခြေခံတာ ဖြစ်လေတော့ ကျနော်တို့နဲ့ အတော်ကွာ ပါတယ်၊ နောက်တစ်ခုက မနေ့က ဆွေးနွေးပွဲ မှာလည်း တိုင်းရင်းသား ပါတီထဲက တိုင်းရင်းသား အားလုံးထဲက တစ်ယောက် ဆိုတာက မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကွဲပြားတဲ့ တိုင်းရင်းသားတွေ ရှိတဲ့အတွက် ကြောင့်မို့ ကွဲပြားတဲ့ အမြင်ကို ပြောနိုင်ဖို့ များများ လိုချင်တယ်လို့ ပြောတယ်၊ နောက်တစ်ခုက တကယ် ရွေးမယ် ဆိုရင်လည်း လွှတ်တော်ကတင် မဟုတ်ဘဲနဲ့ သူတို့ တိုင်းရင်းသား ပါတီတွေ အားလုံးက ရွေးတာမျိုးပဲ ဖြစ်သင့်တယ် သဘော ပြောတော့ သူတို့ရဲ့ ၆ ပွင့်ဆိုင်က လက်တွေနဲ့ သိပ်မနီးစပ်ဘူးလို့ ကျနော်တို့ ထင်ပါတယ်"

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေးနဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေတွေ အတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး အတွက် ဆိုပြီး နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အရေးကြီး အဆို တင်သွင်းခဲ့ပြီး၊ ပြည်ထောင်စု လွှတ်တော် ကလည်း အဲဒီ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ်ကို ၄ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆို ထားတဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သဘောတူ လက်ခံကြောင်း ပြောဆိုထား ပါတယ်။



မိုးဇော်
27.11.2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေကို တွေ့ဆုံဖို့ ဖိတ်ကြားတာကို အချိန် နီးကပ်ပြီး စီစဉ်ဖို့ အခက်အခဲရှိ တာကြောင့် နောက်တကြိမ် လွှတ်တော် အစည်းအဝေး ကျမှ တွေ့ဆုံဖို့ တပ်မတော်သား ကိုယ်စားလှယ် တွေဖက်က ဒီကနေ့ ပြန်ကြား ပါတယ်။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေကို NLD ပါတီက ပထမဆုံး အကြိမ် ဖိတ်ကြား တာလည်း ဖြစ်ပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ညစာစားဖို့ အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၇၀) ဦးကို မနေ့ နေ့ခင်းပိုင်းက ဖိတ်စာပေး ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ကြားချက် အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေဖက်က အကြောင်း ပြန်ကြားတာ ကိုတော့ NLD ပါတီ နေပြည်တော် ကိစ္စဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင်က အခုလို ပြောပါတယ်။

"ကျနော်တို့ ဖိတ်တာ ရက်ကပ် သွားတဲ့ အတွက် နက်ဖြန်ဆိုလည်း လွှတ်တော်ကပြီးပြီ။ ဒီနေ့ တစ်ရက်တည်း ကျနော်တို့က ကပ်ပြီး ဖိတ်တဲ့ အတွက် သူတို့မှာ စီစဉ်ရတာ အတော့်ကို ခက်ခဲ ပါတယ်တဲ့။ နဂိုကလည်း Program တွေရှိတော့ အဲတော့ နောက် ၁၂ ကြိမ်မြောက်ကျမှပဲ ကျနော်တို့ ဒီ ထမင်းစားပွဲ အတွက် စီစဉ်ကြ ရအောင်ပါ အဲဒီလို ပြန်ပါတယ်။ စာနဲ့လည်း အကြောင်းပြန် ပါတယ်။ နှုတ်ကလည်း ရှင်းပြပါတယ်။"

ဒီလိုတွ့ဆုံဖို့ ဖိတ်ကြား တာဟာ သီးခြား ဆွေးနွေးဖို့ ရှိတာကြောင့်လား ဆိုတဲ့ အမေးကိုတော့ ဒေါက်တာ မျိုးအောင်က အခုလို ဖြေကြားပါတယ်။

"မရှိပါဘူး။ အလွတ် သဘောပါပဲ။ ပထမဦးဆုံး အကြိမ်တွေ့တဲ့ ညစာစားပွဲ သဘောမျိုးပါပဲ ထားပါတော့"

ဗုဒ္ဓဟူးနေ့ ဖိတ်ကြားစဉ် ကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ဆိုတာကို အထက်ကို တင်ပြရမှာ ဖြစ်ကြောင်း သတင်း မီဒီယာတွေကို ပြန်ကြား ခဲ့တာလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ပြည်ထောင်စု လွှတ်တော်က တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံတာမျိုး ရှိခဲ့ဖူးပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို အခုလို ဖိတ်ကြားချိန် ဟာ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ)ကို NLD ပါတီက ပြင်ဆင်ဖို့ တောင်းဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို မပြင်ဆင်ဖို့ ဆွေးနွေး ခဲ့တာတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ၂၀၀၈ဖွဲ့စည်း ပုံပြင်ဆင်ရေး အတွက် ဥပဒေ မူကြမ်းကို နောက်တကြိမ် ကျင်းပမယ့် (၁၂) ကြိမ်မြောက် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။

မကြာမီရက်တွေ အတွင်းမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သမ္မတ၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၂ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်တဲ့ (၆) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။



RB News
26.11.2014

လန်ဒန် ။ ။ နိုဝင်ဘာလ (၁၉) ရက်နေ့က ကချင်ပြည်နယ်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်းရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို မြန်မာ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး၊ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့သည်နှင့် ပတ်သက်၍ ဆန္ဒပြပွဲ တစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ မြန်မာ သံရုံးရှေ့တွင် ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံရောက် ရိုဟင်ဂျာများလည်း စည်းလုံး ညီညွတ်စွာ တက်ရောက် ပါဝင်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 


ဆန္ဒပြပွဲကို ဗြိတိန် နိုင်ငံရောက် ကချင် အမျိုးသားများ အဖွဲ့ (KNO-UK) က ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ရှမ်းတိုင်းရင်းသားများ၊ ဗြိတိန် နိုင်ငံရောက် ရိုဟင်ဂျာ အသင်း (BROUK)၊ ၈၈ မျိုးဆက်မှ ကိုအောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးနိုင်ဝင်း၊ ဘားမား ကမ်းပိန်း ယူကေမှ Ms. Anna Roberts၊ မြန်မာ မိတ်ဆွေများ အသင်း (ယူကေ)၊ မွတ်စလင် အသင်းများမှ အဖွဲ့ဝင်များနှင့် အတူ ၅၀ ဦးကျော် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

KNO-UK မှ ဒုတိယ ဥက္ကဌ U Ring Du Lachyung က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး၊ ၎င်းက နိုင်ငံ အ၀န်း အပစ်အခတ် ရပ်စဲရေး အတွက် ဆောင်ရွက် နေချိန်တွင် ယခုကဲ့သို့ မြန်မာ့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပတ်ခတ်သည့် လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ နိုဝင်ဘာလ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့ တို့တွင်လည်း ကေအိုင်အေ တပ်စခန်းများကို မြန်မာ့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ ဒုက္ခသည် စခန်းများနှင့် နီးသော အေလန်ဘူမ်မှ ကျောင်းအနီးကို ထိမှန်ခဲ့ကြောင်း၊ ကချင် အမျိုးသား အဖွဲ့နှင့် ကချင် အသိုင်းအ၀ိုင်း တို့က မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်မှု များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ 


ရိုဟင်ဂျာ အသိုင်းအ၀န်း ကိုယ်စား ဗြိတိန် နိုင်ငံရောက် မြန်မာ ရိုဟင်ဂျာများ အသင်း ဥက္ကဌ ဦးထွန်းခင်က လွန်ခဲ့သည့် ရက်ပိုင်းက မြန်မာ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် ကျဆုံးသွားသည့် ဗိုလ်လောင်း များ၏ မိသားစု များနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရကြောင်း၊ ကချင်ပြည်ကို ကာကွယ် စောင့်ရှောက် နေသည့် ကချင် လူမျိုးများနှင့် စည်းလုံး ညီညွတ်စွာ ရှိသည့် အပြင် မြန်မာ အစိုးရ၏ ဖိနှိပ် ညှဉ်းပန်းမှုကို ခံနေရသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များနှင့် လက်တွဲ၍ အတူ လုပ်ကိုင် လိုကြောင်း၊ ရိုဟင်ဂျာ လူမျိုးသည် နိုင်ငံတော်၏ အသိအမှတ်ပြု တိုင်းရင်းသား ဘ၀မှ ပယ်ထုတ် ခံရသော်လည်း နိုင်ငံအတွင်းရှိ လူမျိုးစုများ အားလုံးကို မိမိတို့၏ ဆွေမျိုး သားချင်း ကဲ့သို့သာ သဘောထားကြောင်း၊ ဖဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရန် အတွက် လူမျိုးစုများ အကြား ချစ်ကြည် ရင်းနှီးမှု၊ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု၊ လူတိုင်း အတွက် ဥပဒေနှင့် အခွင့်အရေးများ ရှိနေမှသာ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို နေ့လည် ၂း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပြီး၊ ပါဝင် တက်ရောက် သူများက နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ့ တပ်မတော်မှ ပစ်ခတ်မှု အတွက် ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်း သတင်း ရရှိပါသည်။



ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
26.11.2014

ကမ္ဘာပေါ်ရှိ လူသား အားလုံးသည် မိမိတို့ နေထိုင်ရာ ပထ၀ီ အနေအထားကို လိုက်၍ ယဉ်ကျေးမှု ဓလေ့ ထုံးထမ်း စဉ်လာများ ကွဲပြား ခြားနားနေသည်။ ယုံကြည် ကိုးကွယ်မှုကလည်း ကွဲပြားသည်။ ၀တ်စား ဆင်ယင်မှု ကလည်း ထိုနည်းတူ ကွဲပြားသည်။ မည်သို့ပင် ဆိုစေကာမူ ကိုယ့်လူမျိုး ကိုယ့် အသိုင်းအ၀ိုင်းနှင့်ကိုယ် လိုက်လျော ညီထွေမှု ရှိအောင် နေထိုင်ကြသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။

စာရေးသူ တင်ပြချင်သည်မှာ ရခိုင်ပြည် အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာ လူမျိုးတို့၏ မြတ်နိုးဖွယ် ကောင်းသော ဓလေ့များ ဖြစ်ပါသည်။ ရိုဟင်ဂျာ လူမျိုး များသည် ရှေးပဝေသဏီကပင် ရခိုင်ဒေသခ၌ အခြေချ နေထိုင်လာခဲ့သူများ ဖြစ်သည်ကို အားလုံးလိုလို သိကြသည်။ အစ္စလာမ် ဘာသာကို ယုံကြည် ကိုးကွယ်ကြပြီး၊ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော လူမျိုး ဖြစ်သည်။ ရိုးရာဓလေ့ကို တသွေမတိမ်း လက်ဆင့်ကမ်း လာခဲ့သော လူမျိုးဆိုလည်း လွန်အံ့မည် မထင်။

ထိုရိုးရာ ယဉ်ကျေးမှု ဓလေ့များ အနက် အလွန်တရာမှ အားကျ လေးစားဖွယ် ကောင်းသော ဓလေ့ တစ်ခုကို မြည်းကြည့် စေလိုပါသည်။ ထိုဓလေ့ကား အခြားမဟုတ် .. ယနေ့ ကမ္ဘာတွင် နိုင်ငံ ခေါင်းဆောင်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်ကြီးများ၊ ပညာရှင်များက ကြိုးစား နေကြသည့် “မိဘကို လုပ်ကျွေး ပြုစုပါ” ဟူသော ဓလေ့ပင် ဖြစ်သည်။ ဘာသာကြီး လေးရပ်တွင်လည်း မိဘကို အထွတ်အထိပ် နေရာတွင် ပေးထားသည်ကို တွေ့မြင် နိုင်ပါသည်။ ဂုဏ်ရှိန် ကြီးမြတ်သူများဟု မှတ်ယူသည်။ ဤသို့ တန်ခိုး ဂုဏ်ရှိန် ကြီးမြတ်သူများကို လုပ်ကျွေး ပြုစုခြင်းသည် မင်္ဂလာ တစ်ပါးမည် ပါသည်။

ဤဓလေ့ကို ရိုဟင်ဂျာ လူမျိုးများက မွေးရာပါ တာဝန် တစ်ရပ် ကဲ့သို့ သဘောထား ကြပြီး၊ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ မိဘကို အလုပ်အကျွေး ပြုကြသည်။ မိဘအတွက် ဘ၀ကို မြှပ်နှံကြသည်။ မိဘ ကောင်းစားရေး အတွက် မိမိ၏ ဘ၀ကို ထည့်မတွက်ဘဲ စတေးကြသည်။ မိဘ စိတ်ချမ်းသာရေး အတွက် ခက်ခဲသည့် အလုပ်ပင် ဖြစ်စေ အရဲစွန့် လုပ်ဝံ့ကြသည်။ မိဘကို ဖြည့်ဆည်း ပေးရန် မွေးဖွား လာခြင်း ဖြစ်သည်ဟုပင် ခံယူကြသည်။ မည်သို့ပင် ဖြစ်စေ ကမ္ဘာ့ လူသားတိုင်း လက်ခံသော ဤဓလေ့ တစ်ခုသည် ရိုဟင်ဂျာ လူမျိုးတို့၏ မွန်မြတ်သော စိတ်ထားကို ပြသနေသည်မှာ ၀မ်းမြောက်ဖွယ် ဖြစ်ပါကြောင်း … ။ ။

ဆက်လက် ရေးသားပါမည်။

(ဓါတ်ပုံ Reuters)


ငှက်ကလေးသို့ ......

ရေးသားသူ - ယျာထင် (MYARF)
RB ကဗျာ
26.11.2014

အဖိုးမဖြတ်နိုင်တဲ့ငှက်
ရက်ပေါင်း (၂၅၀၀) ကျော်လှောင်အိမ်ထဲမှာ
မတရားသဖြင့် အလှောင်ခံရ
သူ့အတွက် ဘဝတက္ကသိုလ်ပါတဲ့လား ...။

ခုတော့
လေပြင်းကြောင့်လဲ သတ္တဝါတို့တွက်
အလှောင်ခံငှက်များ လွှတ်မြောက်ဖို့ရာ ဘဝတက္ကသိုလ်က ရတဲ့ပညာနှင့်
အဆုံးအဆမဲ့ ကောင်းကင်ပေါ်ဝယ်
ဇိမ်မခံအား မရပ်မနား
ပြတ်သားစိတ်နှင့် အခိုင်အမာ
အတောင်ပံများ ရွက်ကုန်လွင့်လို့
ပျံသန်းသွားလာ ဝေးဝေးဆီသို့
ရုန်းကန်တိုက်ပွဲ ဝင်နေတဲ့ခါ ...

အို...ငှက်
ဇွဲမလျှော့ဘဲ ရှေ့သို့ချီတက်
လေပြင်းအံတု ရှေ့သို့ချီတက်
မုန်တိုင်းမမှုရှေ့သို့ချီတက် .....။

* အမျိုးသမီးအရေး လှုပ်ရှားသူ မဝေဝေနု ကိုဂုဏ်ပြုရေးဖွဲ့ပါသည်။



အင်ကြင်းနိုင်
26.11.2014

မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့် ဆုံးရှုံးနေပြီး သတင်း သမား တွေဟာ ဖိနှိပ် ဖမ်းဆီး ထောင်ချခံ နေရတယ်လို့ သတင်း လွတ်လပ်ခွင့် ဆုရှင် ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် က ပြောပါတယ်။

သူဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ CPJ သတင်းထောက်များ အကာကွယ် ပေးရေး ကော်မတီရဲ့ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို တက်ရောက်ပြီး ကိုယ်တိုင် ဆုကို လက်ခံ ရယူ ခဲ့ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

CPJ ရဲ့ Press Freedom Awards နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ဆု ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့ ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် ကတော့ ဒီဆုဟာ မြန်မာနိုင်ငံက သတင်း လွတ်လပ်ခွင့် လှုပ်ရှား နေသူတွေကို နိုင်ငံတကာက အကာအကွယ်ပေး၊ အသိအမှတ် ပြုတဲ့ ဆုအဖြစ် ခံယူကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။


“ကျနော့်ရဲ့ ဒီ ဧရာဝတီ team တခုလုံးရော၊ နောက် မြန်မာပြည်တွင်းမှာ press freedom နဲ့ ပတ်သက်ပြီးတော့ independent journalism နဲ့ ပတ်သက်ပြီးတော့ promote လုပ်နေတဲ့ သူတွေကိုလည်း ပေးတယ်လို့ ကျနော့်အနေနဲ့ ခံစားရတယ်။ အဲ့ဒါကိုလည်း ကျနော် share လုပ်ပါတယ်။ ဒီဆုကလည်း ဒီလိုအချိန်မျိုးမှာ ရွေးပေးတဲ့ ကာလ ဖြစ်တယ် ဆိုတော့ မြန်မာပြည်မှာ နောက်ကို ပြန်သွား နေတဲ့အချိန် ဖြစ်တယ်ဆိုပြီး ပြောနေကြတဲ့၊ မြင်နေကြတဲ့ ကာလ၊ ပဋိပက္ခ တွေလည်း ပိုပြီးတော့ များလာတဲ့ ကာလ၊ တိုင်းပြည်မှာ ဆိုရင်လည်း press freedom ကို promote လုပ်နေတဲ့ journalist တွေ၊ အယ်ဒီတာတွေ ပြန်ပြီး ထောင်ချခံ နေရတဲ့ ကိစ္စ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်တယ် ဆိုတော့ ဒီဆုက ဧရာဝတီကိုရော၊ တခြား journalist တွေ၊ reporter တွေကိုလည်း အကာအကွယ် တခု အနေနဲ့ ပေးတယ်၊ အသိအမှတ် ပြုတဲ့ ပုံစံမျိုးလို့ ကျနော်တော့ အဲ့လိုမျိုး ခံစားရတယ်ပေါ့။”

ဧရာဝတီ သတင်းဌာနကို ၁၉၉၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင် တည်ထောင် ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေကြောင့် ပြည်ပ အခြေစိုက် သတင်း မီဒီယာ တချို့ ပြည်တွင်းမှာ သွားရောက် လုပ်ကိုင်ခွင့် ရတဲ့ အထဲ ဧရာဝတီလည်း ပါဝင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူတို့ သတင်းဌာန အနေနဲ့ ပြည်တွင်း သတင်း ဖော်ပြချက် တွေကို သတိထား စောင့်ကြည့်ခံ နေရတယ်လို့ ကိုအောင်ဇော် က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ပြန်ဝင်ခွင့် ရတယ် ဆိုကတည်းက ပေါ့လေ ကျနော် တို့လို အပြင်မှာ နေတဲ့ သူတွေကို ဖိတ်ခေါ်တယ် ပြောတော့လည်း ကျနော်တို့ ၀င်သွားတယ် ပေါ့လေ ဒါပေမဲ့ အဲ့ဒီ ကာလ အတွင်းမှာ ကျနော် တို့က အရင်လိုပဲ ကျနော်တို့ရဲ့ ရှိနေတဲ့ space ကို ကျနော်တို့က မိမိအသံကို မပျောက်ဘဲနဲ့ မြန်မာထဲမှာ ဖြစ်နေတဲ့ မြေယာသိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အကြမ်းဖက်တဲ့ ကိစ္စတွေ၊ နောက် အခု ဖြစ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေ နောက် journalist တွေ၊ သတင်းထောက် တွေကို ဖမ်းဆီး နှိပ်ကွပ်တဲ့ ကိစ္စတွေ၊ နောက် မြန်မာပြည်မှာ အကြီးအကျယ် လိုအပ်နေတဲ့ national reconciliation ပေါ့နော် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ကိစ္စတွေ၊ corruption တွေ၊ အဲ့ဒီ scandal တွေ တော်တော် များများကို ကျနော်တို့က စိုက်လိုက် မတ်တပ်ကို ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော် ထင်တယ်၊ အစိုးရ ကိုယ်တိုင်ကိုက ကျနော်တို့ကို တော်တော် မျက်မုန်းကျိုးပြီး ခေါ်ယူ ကြိမ်းမောင်း တာတွေ ခေါ်ယူပြီးတော့ ကျနော် တို့ကို tone down လုပ်ဖို့ ပြောခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရ လက်ထက်က ထက်စာရင် သတင်းမီဒီယာ လွတ်လပ်ခွင့် ရလာတယ် ဆိုပေမဲ့ လက်ရှိ အာဏာရ အစိုးရဟာ သတင်းသမား တွေကို ဖမ်းဆီး အရေးယူ၊ ထောင်ချ စတာတွေနဲ့ ဖိနှိပ်လာ နေတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၁၊ ၂၀၁၂ က ရခဲ့တဲ့ ကျနော်တို့ space က ပြန်ပြီးတော့များ နည်းသွားပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ ကျနော်တို့ ကိုယ်တိုင်မှာ ရှိပါတယ်။ ဒီဟာကိုလည်း ကျနော်တို့ ဒီမှာပဲ briefing တွေမှာလည်း ကျနော်တို့ အဲ့ဒါကို ပြောနေတယ်။ ဘာကြောင့်လဲ ဆိုတော့ cronies media တွေ ပေါ်လာတယ်။ ဗိုလ်ချုပ်တွေရဲ့သားသမီး တွေက မီဒီယာတွေကို သူတို့မှာ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ၀ယ်ထားတာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ဒီပြန်ကြားရေး ၀န်ကြီး ဌာနက အခုထက်ထိ အသက်ရှိ နေသေးတယ်။ ချုပ်ကိုင် ထားတာလည်း ရှိတယ်။ အထူးသဖြင့် တယ်လီ ဗေးရှင်းနဲ့ ရေဒီယို ကို သူတို့ပဲ ထိန်းချုပ် ထားတယ်။ အဲ့ဒါတွေ ကတော့ ကျနော် ထင်တယ် မြန်မာပြည် အတွက် မကောင်းတဲ့ လက္ခဏာ တွေပဲလို့ ကျနော်တို့ ယူဆ ရတယ်ပေါ့။ နောက်ပြီးတော့ သတင်းထောက်တွေ၊ journalist တွေကို အခု ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ပြန်ပြီးတော့ ဖမ်းဆီးလာတဲ့ ကိစ္စတွေ၊ တချို့ကိစ္စက defamation လောက်ပဲ သွားရမယ့် ကိစ္စမျိုး၊ ဒါမှမဟုတ်ဘဲနဲ့ civilian court မှာ fine ပေးလို့ ရလျက်သားနဲ့ လျော်ကြေးပေးလို့ ရလျက်သားနဲ့ မဟုတ်ဘဲနဲ့ ထောင်ချ ပစ်တာတွေ၊ ထောင်ချတဲ့ အခါမှာလည်း အရင်တုန်းက ဗြိတိသျှ law တွေကိုပဲ ပြန်သုံးပြီးတော့ ထောင်ချ ပစ်တာတွေ၊ ၅ နှစ်ကနေ ၁၀ နှစ် ချပစ်တာတွေက ကျနော် ထင်တယ် ကောင်းတဲ့ အလားအလာ မဟုတ်ဘူးပေါ့။”

CPJ ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ ဖမ်းဆီး ထောင်ချ ခံထားရတဲ့ သတင်းသမား ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် အတွက် CPJ ရဲ့ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် ဆုအတွက် ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ကို ရွေးချယ် ချီးမြှင့်ရတဲ့ အကြောင်းရင်း ထဲမှာ မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မတိုင်ခင် ပြည်ပ လှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံ သတင်း ဖော်ပြချက် တွေနဲ့ ပတ်သက်လို့ ဧရာဝတီ သတင်း ဌာနဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် အရေးပါ ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်က ချီးမြှင့်တဲ့ Shorenstein သတင်းသမား ဆုကို အယ်ဒီတာချုပ် ကိုအောင်ဇော် က လက်ခံ ရရှိခဲ့ပါတယ်။

အခု CPJ က ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် ဆုကို ကိုအောင်ဇော်ဟာ အခြား နိုင်ငံခြား သတင်းထောက် တွေဖြစ်တဲ့ အကျဉ်းထောင်က လွတ်မြောက် လာတဲ့ အီရန် သတင်းထောက် Siamak Ghaderi၊ ရုရှား Dozhd TV သတင်းဌာန အယ်ဒီတာ Milhail Zygar နဲ့ တောင်အာဖရိက City Press သတင်းစာ အယ်ဒီတာ Ferial Haffajee တို့နဲ့အတူ ရရှိခဲ့တာပါ။

CPJ ရဲ့ ၂၄ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနား ကိုတော့ နယူးယောက်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး ကမ္ဘာ့ သတင်းဌာန တွေဖြစ်တဲ့ CNN, Reuters နဲ့ Google တို့ကလည်း ပါဝင် ကူညီခဲ့ ကြပါတယ်။



MYARF
RB News
25.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို သေနတ်ဖြင့် ပစ်၍ ဖမ်းဆီးခဲ့ရာ၊ နားရွက်တွင် ကျည်ဆံ ထိမှန် သွားသဖြင့် ဆေးရုံတင် ထားရကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ (နာရီဘိလ်) အခြေစိုက် စခန်း အမှတ် (၁၃) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရွာ၏ အနောက်ဘက်ရှိ မြစ်တွင် ငါးဖမ်းရန် သွားနေသည့် ဒေသခံ ရွာသား ဦးနူရ်အာလမ် (ဘ) ဦးအီမာန်ဟူစိန်းကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့် ဦးနူရ်အာလမ်၏ နားရွက် တစ်ဖက်တွင် ကျည်ဆံ ထိမှန်ပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားသည့် အတွက် မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံတွင် ဆေးကုသရန် တင်ထား ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ရုံသာမက ဦးနူရ်အာလမ်၏ မိသားစု ၀င်များကို ဦးနူရ်အာလမ်အား အမှုဆင်၍ တရားစွဲပြီး ထောင်ချမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လိုင်စင်ရ သောင်းကျန်းသူများ ကဲ့သို့ သောင်းကျန်း လျက်ရှိနေသည့် အတွက် မြစ်၊ ချောင်း၊ ပင်လယ်တို့ကို မှီခို အားထား၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာများမှာ စားဝတ် နေရေး အတွက်ပင် ခက်ခဲလျက် ရှိသည်။



ကိုဥာဏ်ဝင်းအောင်
25.11.2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး ပြသနာတွေကို ဖြေရှင်း သွားဖို့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေကို ပြည်ခိုင်ဖြိုး ပါတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အဆို တင်သွင်း ခဲ့ပြီး ဒီအဆိုကို အတိုက်အခံ NLD ပါတီကလည်း ဒီအဆိုကို ထောက်ခံ လိုက်ပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ဖြေရှင်းဖို့ ကျန်နေသေးတဲ့ နိုင်ငံရေး ပြဿနာတွေကို အောင်အောင် မြင်မြင် ချောချော မွေ့မွေ့ ဖြေရှင်းသွား နိုင်ရေး အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး သင့်တယ်ဆိုပြီး ပြည်ခိုင်ဖြိုး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အရေးကြီး အဆိုတရပ် တင်သွင်းခဲ့တာပါ။

၆ ပွင့်ဆိုင်ဆိုတာက နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တဦးတို့ ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်တွင်း ကန့်ကွက်သူမရှိ အတည်ပြု ခဲ့ကြောင်း သိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ဘာကြောင့် ဒီအဆိုကို တင်သွင်းရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဗွီအိုအေကို ရှင်းပြပါတယ်။

“နိုင်ငံရေး အကျပ်အတည်း တခုကို တတ်နိုင် သလောက် ဖြေလျှော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီအဆိုကို တင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီကိစ္စဟာ ပါတီက ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးတော့မှ ကျနော် တို့ကိုလည်း ဒါလေးကို ရှင်းပြပြီးတော့မှ လွှတ်တော်မှာ တင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဥပမာဗျာ ဒေါ်အောင်ဆန်းစုကြည် တို့က လေးပွင့်ဆိုင် တွေ့ချင်တယ်။ အဲ့ဒီမှာ ဒီပါတီက ခုနပြောသလို ၆ ပွင့်ဆိုင် တွေ့လိုက်ရင် ကောင်းတယ်။ ဒါဆိုရင် ပို သဘာဝကျတယ် ပေါ့နော်။ ခုနက သမ္မတကြီး ခေါ်တွေ့သလို ၁၄ ယောက်တွေ ဘာတွေ ကျတော့လည်း ဟန်ပြလိုလို ဖြစ်သွားတဲ့ အခါကျတော့ အနှစ်မပါဘူး ပေါ့နော်။ အဲ့ဒါမျိုးပုံစံ ဖြစ်နေတဲ့ အတွက်ကြောင့် ပါတီကနေ အဲ့လို လှမ်းပြီးတော့ ထောက်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်း ၂၀၁၅ အလွန်ပေါ့ဗျာ သာယာ ဖြောင့်ဖြူးတဲ့ မြန်မာနိုင်ငံလမ်းကို လျှောက်ချင် ကြတာပေါ့။ အဲ့ဒါကြောင့် အဲဒီ ၆ ယောက်က ဆွေးနွေး လိုက်ရင်ပေါ့ သာယာတဲ့ လမ်းကြောင်း တခုကို ရောက်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ သူတို့ တင်တယ်လို့ ကျနော် ထင်ပါတယ် ခင်ဗျာ။”

NLD ပါတီနဲ့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူကိုယ်တိုင် အပါအဝင် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ၄ ဦး တွေ့ဆုံ ဆွေးနွေးမယ့် ၄ ပွင့်ဆိုင်ကို တောင်းဆို ထားခဲ့တာပါ။ ဒါပေမဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်သွင်းတဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ၆ ပွင့်ဆိုင် အဆိုကို သူတို့ NLD ပါတီက ထောက်ခံကြောင်း NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုပါတယ်။

“ကျနော် တို့ကတော့ ထောက်ခံပါတယ်။ အကုန်လုံးက ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကုန်လုံးက ဒီလိုလေ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူက အထွေထွေ သဟဇာတဖြစ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံညှိနှိုင်း အဖြေရှာရေး ဆိုတာ အဖွဲ့ချုပ်က တောက်လျှောက် ရပ်တည် လာတဲ့ မူပဲလေ။ ဆိုတဲ့အခါ ကျတော့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ အဖွဲ့ချုပ်က ထောက်ခံတာပေါ့။ ဒါကြောင့် ကျနော်တို့က ခုနက ရှင်းလင်း တင်ပြချက်ကိုပေါ့ တိုင်းပြည် အနာဂတ် အတွက်၊ မျိုးဆက်သစ်တွေ အတွက် နောက်တခုက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်၊ ပြည်သူတွေ မျှော်လင့် တောင့်တနေတဲ့ ဆန္ဒတွေ ပြည့်ဝရေး အတွက် လုပ်သင့် လုပ်ထိုက်တာ တခုခုကိုဗျာ တာဝန်ရှိတဲ့ သူတွေ၊ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာတာက ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေးသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးသည် စသည့်ဖြင့်ပေါ့ဗျာ နောက်တခါ တိုင်းရင်းသား လူမျိုးစုများရဲ့ အခွင့်အရေးသည် စသည်ဖြင့်ပေါ့ တွေ့ဆုံညှိနှိုင်း အဖြေရှာမယ် ဆိုရင်တော့ ဒါက ပိုပြီးတော့ သင့်မြတ်တာပေါ့။”

ပြည်ခိုင်ဖြိုးပါတီက အခုတင်သွင်းတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသား ကိုယ်စားလှယ် တဦးလည်း ပါဝင်ပါတယ်။ အဲဒီ တိုင်းရင်းသား ကိုယ်စားလှယ်ဟာ ဘယ်တိုင်းရင်းသား ထဲက ဖြစ်လာမှာလဲ၊ ဘယ်သူလဲ ဆိုတာကို လူတွေက စိတ်ဝင်စားနေ ကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ သုံးသပ်တာက -

“ကျနော်တို့ တိုင်းရင်းသား အားလုံးမှာ ရှမ်းက အင်အားများ ပါတယ်။ ဟိုး ဗိုလ်ချုပ်အောင်ဆန်း ခေတ်ကတည်းက ဒါကြောင့်မို့လို့လည်း ကျနော်တို့ အခု မြန်မာပြည်ရဲ့ အနေအထားမှာ ဒုသမ္မတကို ရှမ်း ဒုသမ္မတ တယောက် တင်ထားတယ် ဆိုတာကလည်း ခန့်မှန်းမိမှာပါ။ ဒီလောက် ဆိုရင် နားလည်ပြီလို့ ထင်ပါတယ်။ ကျနော့် အမြင်ကတော့ ကြံ့ခိုင်ရေးက nominate လုပ်ပြီး ပေးလိုက်တဲ့ သူမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အားလုံးက ၀ိုင်းပြီးတော့ ခင်ဗျား ကျနော်တို့ ကိုယ်စားသွားပါ ဆိုတဲ့ သူပဲ ဖြစ်သင့်တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ဒီကနေ့ လွှတ်တော်မှာ တင်သွင်း အတည်ပြုခဲ့တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အဆိုကို ၈၈ ကျောင်းသားများ အဖွဲ့ကလည်း ကြိုဆိုကြောင်း သဘောထား တရပ် ထုတ်ပြန် ထောက်ခံခဲ့ပါတယ်။



ဒေါ်လှလှသန်း
25.11.2014

နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပါတယ်။ အမျိုးသမီးများ အတွက် အကြမ်းဖက်မှု အဆုံးသတ်ဖို့ လူတိုင်းမှာ တာဝန် ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထား ပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေ အပေါ် အကြမ်းဖက်မှု ဟန့်တားရေးနဲ့ ပပျောက်ရေး အတွက် လုပ်ဆောင်ဖို့ လူတိုင်းမှာ တာဝန် ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်က ၂၀၁၄ ခုနှစ် အထိမ်း အမှတ် အမှာစကားမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

“အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုဟာ ကာယကံရှင်တွေကို တိုက်ရိုက် ထိခိုက် နစ်နာစေရုံမက လူသားတရပ်လုံးကိုလည်း ထိခိုက်စေပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးကို ကျနော် ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့ကြသူတွေကို ကျနော် ဂုဏ်ပြုပါတယ်။ ကမ္ဘာတဝှမ်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြပါ။ လူ့အခွင့်အရေးကို ထောက်ခံကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအမျိုးမျိုးနဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် အကြမ်းဖက်မှုအမျိုးမျိုးရှိရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုအကြမ်းဖက်ခံရမှုကြောင့် ကာယကံရှင်အမျိုးသမီးတွေရော၊ သူတို့ရဲ့မိသားစုတွေရော၊ လူ့အဖွဲ့အစည်းရော နိုင်ငံပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေရဲ့ ၇၀ % ဟာ တချိန် မဟုတ်တချိန် အကြမ်းဖက်ခံရမှုနဲ့ ကြုံတွေ့ရပြီး အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အထိ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်ခံရမှု၊ ဒါမှမဟုတ် အိမ်တွင်းရေးအကြမ်းဖက်ခံရမှုနဲ့ ရင်ဆိုင်ရဖို့အလားအလာဟာ ကင်ဆာရောဂါဖြစ်ဖို့၊ ကားတိုက်ခံရဖို့ စသဖြင့်အလားအလာထက် ပိုများတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့စာရင်းဇယားက ဆိုထားပါတယ်။ အကြမ်းဖက်မှုအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမှာ ကမ္ဘာတဝှမ်း အမျိုးသမီး ငါးဦးကျစီမှာ အဓမ္မပြုကျင့် ခံရဖို့ အလားအလာ ရှိတယ် လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခအတွင်း လက်နက်ကိုင် အုပ်စုတွေရဲ့ အကြမ်းဖက်မှုကို အမျိုးသမီးတွေ ခံစားကြရပြီး အဓမ္မပြုကျင့်မှုကို စစ်လက်နက် သဖွယ် အသုံးပြုတာ တွေ့ရတယ်လို့လည်း ကုလသမဂ္ဂက ထောက်ပြ ထားပါတယ်။ အထူးသဖြင့် အာဖရိကတိုက်မှာ ကွန်ဂို၊ ဒါဖူး၊ ရဝမ်ဒါ၊ လိုင်ဘေးရီးယားမှာ အမျိုးသမီးတွေ သိန်းနဲ့ချီ အဓမ္မပြုကျင့်ခံရပြီး အရှေ့ဥရောပမှာ ၁၉၉၀ ခုနှစ်က ဘော့စတွန် ပဋိပက္ခ အတွင်းဆို အမျိုးသမီးတွေ သောင်းနဲ့ချီပြီး အဓမ္မပြုကျင့် ခံရတာ ဖြစ်ပါတယ်။

ဆီဒေါလို့ခေါ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အလုံးစုံပပျောက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခု၊ ဇူလိုင်လက လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပေမယ့်လို့ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ စသဖြင့်ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တာ တွေ့ရတယ်လို့ အမျိုးသမီးများအဖွဲ့တွေက မကြာခဏ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီနှစ်စောစောပိုင်းမှာ “အရေးယူခြင်းမှကင်းလွတ်ပြီး မပြောင်းလဲတဲ့စနစ်” ဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ တိုင်းရင်းအမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အကြောင်း မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ WLB ရဲ့ပြောခွင့်ရ နော်ဂျူလိုင်က -

“ဒီအစီရင်ခံစာထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့က အခုလက်ရှိ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်တို့အနေနဲ့ ဖော်ဆောင်နေတဲ့ ပြောင်းလဲနေပြီဆိုတဲ့ ဥစ္စာထက် ကျမတို့က တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတဲ့အရာတွေကို နှိုင်းယှဉ်ပြီးတော့ မီးမောင်းထိုးပြထားခြင်းဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံနေရတယ်။ ဘယ်သူတွေကြောင့်လဲ ဆိုတော့ မြန်မာ အစိုးရ စစ်တပ်ကနေ တိုက်ရိုက်ကျူးလွန်နေတဲ့ ဟာတွေကို ကျမတို့က ပိုပြီးတော့မှ မီးမောင်းထိုးပြ ထားခြင်းဖြစ်တယ်။ ထိုးစစ်ဆင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက တိုက်ရိုက် ဆက်နွယ်မှု ရှိနေ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာက စစ်ပွဲတွေက မရပ်နေသေးပါဘူး။ အဲဒီစစ်ပွဲဖြစ်ပွားရခြင်းက ကျမတို့ လုံခြုံမှု မရနေသေးပါဘူး။ အမျိုးသမီးတွေ လုံခြုံမှုမရဘူး၊ လိင်ပိုင်းဆိုင်ရာအရ ကျူးလွန်မှုရှိနေတယ်။ ကျမတို့ ပါဝင်ချင်တဲ့နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်မှာ အမျိုးသမီးတွေဟာ ပါဝင်မှု ပိတ်ပင်ခံ နေတဲ့ ဥစ္စာတွေ ရှိနေပါသေးတယ်။ ပြီးလို့ရှိရင် ကျူးလွန်မှုက အစိုးရ စစ်သားတွေဘက်ကနေ ကျူးလွန်မှုက တကယ့်တရားဝင် ကျူးလွန်နေတယ်၊ ကျယ်ကျယ် ပြန့်ပြန့်ကို ကျူးလွန်နေတယ်။ အဲဒါတွေက အခု လက်ရှိ စစ်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတင် မဟုတ်ဘူး၊ တခြား လက်နက်ကိုင် ဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင် KNU မှာလည်း ဖြစ်နေပါသေးတယ်။ တိုက်ပွဲ ရှိနေခြင်း အားဖြင့် အမျိုးသမီးတွေဟာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ခံရမှုက ရှိနေတယ်၊ ခံနေရတယ်။ အမျိုးသမီးတွေက ဓားစာခံအဖြစ် ကျူးလွန်ခံ နေရတယ်ဆိုတာကို ကျမတို့က ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။”

WLB အနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် အဖြစ် “မျှော်လင့်ချက် ရှိရင် ထုတ်ဖော် ပြောကြားဝံ့ ကြမှာပဲ” ဆိုတဲ့ အစီရင်ခံစာကို ဒီနေ့ နေ့ခင်းပိုင်းမှာ ရန်ကုန်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ဖို့လည်း ရှိတယ်လို့ သိရပါတယ်။



Rohingya Eye
RB News
24.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ တရားခံပြေးကို လိုက်လံ မဖမ်းဆီးဘဲ အပြစ်မဲ့ ဒေသခံ ပြည်သူများကို ဖမ်းဆီးခဲ့ရာ နှစ်ဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် တစ်ဦး၏ အသက်ပင် စိုးရိမ် ရသည့် အခြေအနေ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာမှ မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးကာလူ (အသက် ၂၈ နှစ်)၊ ဦးအာမာန် အုလ္လာ (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်)၊ ဦးရော်ရှိတ် အာမတ် (ဘ) ဦးမာမတ်ရှော်ဖိခ် (အသက် ၃၈ နှစ်) တို့ကို ဦးမော်နူ (ဘ) ဦးအာဘူလ် ဟူဆောင်း အသတ်ခံရမှုနှင့် ပတ်သက်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး၍ မကျီးချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးသွားသူ များထဲမှ ဦးအာမန်အုလ္လာ (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်) နှင့် မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးကာလူ (အသက် ၂၈ နှစ်) တို့ထံမှ ငွေကျပ် (၁၀) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဦးအာမာန်အုလ္လာ၏ အသက် အန္တရာယ် စိုးရိမ် ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူသတ်မှုနှင့် ပတ်သက်၍ တရားခံ အစစ်အမှန်ကို ကျေးရွာ အုပ်ချုပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရှိသော်လည်း ထွက်ပြေး တိမ်းရှောင် နေသည့် တရားခံ အစစ်အမှန်ကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံ ပြည်သူများကို ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိရာ နိုဝင်ဘာလ (၁၈) ရက်နေ့က အပြစ်မဲ့ ဒေသခံ တစ်ဦး သေဆုံး ခဲ့ရသည်။

ဆက်စပ် သတင်း -- http://bit.ly/1v5aYUb



Rohingya Eye
RB News
24.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဥဒေါင်း ကျေးရွာမှ အပြစ်မဲ့ ဘာသာရေး ဆရာ တစ်ဦးကို ကျေးရွှာ အုပ်ချုပ်ရေးမှူး ဟောင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီးပြီး ပြန်လည် လွှတ်ပေးရန် ငွေကျပ် သိန်း ၇၀ တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အပြစ်မဲ့ ဘာသာရေး ဆရာ တစ်ဦး ဖြစ်သူ မော်လ၀ီ နေဇာမ် (ဘ) ဦးမူဘာရတ်ခ်ကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။

ဖမ်းဆီးခံရသူ မော်လ၀ီ နေဇာမ်သည် အာရဘီ စာသင်သည့် ဆရာ တစ်ဦး ဖြစ်ပြီး၊ ငွေကြေး ချမ်းသာသူ တစ်ဦး မဟုတ်ဘဲ ရိုးသားစွာ လုပ်ကိုင် စားသောက် နေသူ တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းကို ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးခိုင်းခြင်း ဖြစ်ပြီး၊ ယခုအခါ မောင်တော ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်က မော်လ၀ီ နေဇာမ်ကို ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် လုပ်ကြံ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဖမ်းဆီး ခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဦးတင်မောင်က အမှုမှ လွတ်မြောက်ချင်လျှင် ငွေကျပ် သိန်း ၇၀ ပေးရမည်ဟု ဆိုကာ ငွေကျပ် သိန်း ၇၀ ညှစ်ယူရန် ကြိုးစားလျက် ရှိကြောင်း သိရှိရပါသည်။ မော်လ၀ီ နေဇာမ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး၊ ဦးတင်မောင် တောင်းသည့် ငွေကျပ် သိန်း ၇၀ ကို မပေးနိုင်ပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မြို့နယ် ရဲစခန်း တို့နှင့် ပူးပေါင်း၍ အမှုဆင်ကာ တရား ဥပဒေ မရှိသည့် ပမာ ပြုလုပ်၍ ထောင်ချမည်ကို အထူး စိုးရိမ် ရကြောင်း ဒေသခံများက ပြောပါသည်။

ဒေသခံများက ယခုကဲ့သို့ အပြစ်မဲ့ များကို အမှုဆင်၍ ထောင်ချခြင်းကို ပြည်ထောင်စု အစိုးရမှ လက်ပိုက် ကြည့်မနေဘဲ အမြန်ဆုံး တားဆီး ဟန့်တား အရေးယူပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
24.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပဒင်းကျေးရွာမှ အပြစ်မဲ့ ဒေသခံ တစ်ဦးကို မောင်တောမြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲများက လူကုန်ကူး နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေ ၁၀ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် ပဒင်းကျေးရွာမှ ဦးဂျာဘူရာမန် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၇ နှစ်) သည် ရွာထဲရှိ ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်နေစဉ် မောင်တောမြို့ ပေါ်ရှိ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲများ ရောက်ရှိ လာခဲ့သည်။ ထို့နောက် ရဲများက ၎င်းကို နေပြည်တော်ရှိ လူကုန်ကူးသူ စာရင်းတွင်ပင် ပါဝင်နေသည်ဟု ခြိမ်းခြောက်၍ ဖမ်းဆီးပြီးနောက် ငွေကျပ် (၁၀) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ရဲတွေက ငွေတတ်နိုင်တဲ့ သူတွေကို ပစ်မှတ်ထားပြီး မဟုတ်မမှန် စွပ်စွဲတယ်၊ ဖမ်းတယ်၊ ငွေညှစ်တယ်။ ဂျာဘူရာမန်ကလည်း ငွေကြေး တတ်နိုင်တော့ ပစ်မှတ် ထားခံလိုက်ရတာပါ။ ပထမတော့ ငွေ ၁၅ သိန်း တောင်းတာ၊ နောက်ဆုံးတော့ ငွေ ၁၀ သိန်းနဲ့ ပြေလည် သွားတယ်။ သူတို့ တောင်းတဲ့ အတိုင်း မပေးရင်၊ ခေါ်သွားမယ်၊ လမ်းမှာ ကတည်းက ရိုက်မှာ ငွေပေးတဲ့ အထိဘဲ၊ ဆိုတော့ အသား အနာ မခံချင်ရင်၊ အချုပ်ခန်းထဲ မသွားချင်ရင် သူတို့နဲ့ ပြေလည်အောင် ညှိပေါ့။ ငွေမပေးနိုင်ရင်တော့ ပုဒ်မတွေ တန်းစီပြီး တပ်မယ်၊ ရှေ့နေ မပါဘဲ တရားရုံး တင်မယ်၊ ထောင်ချမယ် ပေါ့ဗျာ။ တရား ဥပဒေ ဆိုတာ ကျွန်တော်တို့ ကတော့ လွှတ်တော်မှာ ပြောနေတာဘဲ ကြားနေရတယ်။ ဒီမှာတော့ ဥပဒေ ဆိုတာတော့ လုံးဝ မရှိဘူး” ဟု ဦးဂျာဘူရာမန် ငွေညှစ်ခံရသည်ကို မြင်သည့် မျက်မျက် သက်သေ တစ်ဦးက ပြောပါသည်။

မောင်တောမြို့နယ်ရှိ လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာများ၊ လက်နက်ကိုင် အာဏာပိုင် များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး ငွေညှစ်လျက် ရှိသော်လည်း၊ အမှန် တကယ် လူကုန်ကူးမှုတွင် ပါဝင် ပတ်သက် နေသူများကို အရေးယူ ဖမ်းဆီးခြင်း မရှိသည်ကို တွေ့ရှိရပါသည်။



MYARF
RB News
24.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (၄) ခုမှ ရဲတပ်ဖွဲ့ဝင် များနှင့် စစ်တပ် အင်အား (၃၀၀) ကျော်တို့သည် ဘဂုံးနား ကျေးရွာကို ၀င်ရောက် စီးနင်းပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် အစောပိုင်း တစ်နာရီ ခန့်တွင် မကျီးချောင်း၊ ဂေါ်ဒူသာရ တံတား၊ နူရူလ္လာ ကျေးရွာနှင့် ဘဂုံးနား ကျေးရွာ များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သား အင်အား (၃၀၀) ကျော် တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံနား ကျေးရွာ (တပ်ဦးချောင်း) ကို ၀င်ရောက် စီးနင်းခဲ့သည်။ ဒေသခံ ရွာသားများက မတရား သဖြင့် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်ရန် ကြိုးစားနေစဉ် အပြစ်မဲ့ ရွာသား (၆) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၆) ဦးမှာ --

(၁) ဦးမိုဟာမတ် ယာစီးန် (ဘ) ဦးဟော်ဘိလ် (အသက် ၅၂ နှစ်)
(၂) ဦးမာမတ်အီဒီရိစ် (ဘ) ဦးဆုလ်တာန် (အသက် ၄၂ နှစ်)
(၃) ဦးအာမာန်အုလ္လာ (ဘ) ဦးဟာဆောန် (အသက် ၂၅ နှစ်)
(၄) ဦးအဒူလ်ဟောက် (ဘ) ဦးနူရ်မာမတ် (အသက် ၂၇ နှစ်)
(၅) ဦးရာမတ်အုလ္လာ (ဘ) ဦးဘော်ရှိရ်အူလ္လာ (အသက် ၄၀ နှစ်)
(၆) ဦးအာမာန်နူလ်ဟောက် (ဘ) ဦးခေါ်ရီမူလ္လာ (အသက် ၂၆ နှစ်) -- တို့ဖြစ်ပါသည်။

ဖမ်းဆီးသွားသူ များကို မိသားစုများနှင့် တွေ့ခွင့် မပေးသောကြောင့် ချုပ်နှောင် ထားသည့် နေရာကို မသိရှိ ရသေးကြောင်း၊ သို့သော်လည်း ၎င်းတို့ကို အလယ်သံကျော်ရှိ နယ်မြေစခန်းတွင် ချုပ်နှောင် ထားသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၁၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ ည (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာရှိ ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်စကား ပြောနေသည့် လူငယ် သုံးဦးကို ရွက်ညိုတောင် စစ်စခန်း အမှတ် (၁၂) မှ တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်နှင့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ နှစ်ဦး ထွက်ပြေး လွတ်မြောက် သွားခဲ့သော်လည်း တစ်ဦးကို ဖမ်းဆီး၍ ရွက်ညိုတောင်ရှိ စစ်စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူမှာ ဖာရ်ဝါစ် (ဘ) ဦးမာမတ်ဇော်မာ ဖြစ်ပြီး၊ ၎င်းကို ဖမ်းဆီးပြီး ခန္ဓာကိုယ် တစ်ခုလုံး ရှာဖွေ ခဲ့ရာ၊ တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ရွာထဲတွင်ပင် ရိုက်နှက်၍ ရွက်ညိုတောင်ရှိ စစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဗိုလ်မှူး ထွန်းလှိုင်ဇော်က ဖာရ်ဝါစ်ထံမှ ငွေကျပ် ၁၆ သိန်း ညှစ်ယူ၍ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်နှင့် အဖွဲ့က ဖမ်းဆီးမိလျှင် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့သည့် ကာလာဖူတူး (ဘ) ဦးရှော်ဖိတ်နှင့် ဆလီမူလ္လာ (ဘ) ဦးဟာဆောန် တို့ကို ငွေကျပ် (၁၂) သိန်းစီဖြင့် ဗိုလ်မှူး ထွန်းလှိုင်ဇော်ကို လာရောက် တွေ့ဆုံရန် အမိန့်ထုတ်ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေကြေး မတတ်နိုင်သည့် ကာလာဖူတူးနှင့် ဆလီမူလ္လာ တို့မှာ ယခုအချိန်ထိ တိမ်းရှောင် နေရကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်မှ ရွှေနှင့် ငွေသားများ လုယက်ခဲ့သည့် အပြင် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်နှင့် ရဲတပ်ဖွဲ့ (၁၃) ဦးတို့သည် ဂေါ်ဒူသာရ (ဆိုက်ရ်ဂူမ်ဘော်) ကျေးရွာမှ ဦးဆုလ်တာန် (ဘ) ဦးအလီဟူဆောင်း (အသက် ၄၅ နှစ်) ၏ နေအိမ် ထဲသို့ ၀င်ရောက်၍ အိမ်ရှင် ဖြစ်သူကို ဖမ်းဆီးရန် ရှာဖွေရာ မတွေ့သဖြင့် နေအိမ်ထဲမှ ရွှေ (၅) ကျပ်သားနှင့် ငွေသား အချို့ လုယက် ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ရဲမှူး ငြိမ်းချမ်းအောင် ဦးဆောင်သည့် အဖွဲ့သည် ဘဂုံးနား ကျေးရွာသို့ ၀င်ရောက်၍ ဦးဟာဆိမ်း (ဘ) ဦးအာဆူး (အသက် ၅၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။ ထို့အပြင် နံနက် (၅) နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာမှ မိုဟာမတ် ရှော်ဖိခ် (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၂၈ နှစ်) ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအောင်သည် ယခင်က န.စ.က တွင် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်း ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ရောက်ရှိလာပြီး မောင်တောမြို့နယ် အတွင်းတွင် လူမဆန်သည့် အရာရှိ များထဲမှ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် လူသတ်မှု၏ တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် အသက် ၆၀ နှစ် အရွယ် ဒေသခံ တစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ (လာမ်ဘာဂူးနား) မှ ဦးမော်နူ (ဘ) ဦးအာဘူလ် ဟူဆောင်း (အသက် ၆၅ နှစ်) ကို လူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့သည်။ တရားခံ ဖြစ်သူကို ရွာသားများ အားလုံးက သိရှိသော်လည်း၊ တရားခံ ဖြစ်သူမှာ ရွာမှ ထွက်ပြေး လွတ်မြောက် နေကြောင်း သိရှိရပါသည်။

တရားခံ ဖြစ်သူ ထွက်ပြေး လွတ်မြောက် သွားသော်လည်း မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ ရဲများနှင့် ယခင် ဥက္ကဌ ဟောင်း ဦးဇော်ဟိရ်အာမတ် (ဘ) ဦးမော်နူ (အသက် ၃၅ နှစ်)၊ ဥက္ကဌ ဟောင်း ဦးကော်ရီမူလ္လာ (ဘ) ဦးမာမတ် ရှော်ဖိခ် (အသက် ၅၀ နှစ်) နှင့် ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၄၂ နှစ်) တို့က အပြစ်မဲ့ ဒေသခံ ရွာသား များကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် လျက်ရှိသောကြောင့် အမျိုးသား အများစုမှ မိမိတို့၏ နေအိမ်များတွင် မနေရဲကြတော့ဘဲ တိမ်းရှောင် နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နေအိမ်များတွင် အိမ်ထောင် ဦးစီး အမျိုးသားများ မတွေ့ရှိလျှင် အမျိုးသမီး များကို ရိုက်နှက်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်နံရံများ ဖြိုချခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဦးဟူဆောင်းန်အာမတ် (ဘ) ဦးယာကုဖ် (အသက် ၆၀ နှစ်) ကို ရဲတပ်ဖွဲ့ဝင် များနှင့် ဥက္ကဌဟောင်း များက ၀ိုင်းဝန်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ရာ ထိုနေရာတွင်ပင် သေဆုံး သွားခဲ့သည်။ မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးကာလူ (အသက် ၂၈ နှစ်)၊ ဦးအာမာန် အူလ္လာ (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်)၊ ဦးရော်ရှိတ် အာမတ် (ဘ) ဦးမာမတ်ရှော်ဖိခ် (အသက် ၃၈ နှစ်) တို့ကိုလည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် မော်လ၀ီ ဇော်မိရ်ရော်ဒီးန် (အသက် ၄၅ နှစ်)၊ ဆရာရှော်ရိဖ် (ဘ) ဦးဘာဆာမျာ (အသက် ၃၀ နှစ်)၊ မော်လ၀ီ ယာကုဖ် (ဘ) ဦးအာမီးရ် ဟူဆောင်း (အသက် ၃၀ နှစ်)၊ မော်လ၀ီ ရှော်မီအူလ္လာ (ဘ) ဦးအုစ်မာန် (အသက် ၃၅ နှစ်)၊ ဟာဂျီ ဇာဖော်ရ် အာမတ် (အသက် ၆၅ နှစ်) နှင့် ဦးဆော်လီမူလ္လာ (ဘ) ဦးယူဆုဖ် (အသက် ၄၀ နှစ်) တို့၏ နေအိမ်များကို ရဲများက ၀င်ရောက်၍ ၎င်းတို့အား ဖမ်းဆီးရန် ရှာဖွေခဲ့ပြီး၊ ဥက္ကဌဟောင်း များကလည်း လူ (၄၅) ဦးနှင့် အတူ နေအိမ်များ ထဲသို့ ၀င်ရောက်၍ မတရား သဖြင့် အနိုင်ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မော်လ၀ီ ဇူဘိုင်ရ် အာမတ် (အသက် ၃၅ နှစ်) ၏ အသက် ၆၅ နှစ် အရွယ် မိခင် ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်မှုကြောင့် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့နှင့် ယခင် ကျေးရွာ အာဏာပိုင်ဟောင်း များက လူသတ်သည့် တရားခံ အစစ်အမှန် သိရှိသော်လည်း တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံ ရွာသားများကို ဖမ်းဆီး၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် နေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်သည့် အတွက် ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း၊ ၎င်းတို့၏ ရိုက်နှက်မှုကြောင့် သေဆုံး သွားသည့် သူအတွက် တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် ပေးမှုကို လိုလားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဒေသခံ တစ်ဦးကို ပြည်ပသို့ သတင်း ပို့နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် အာဏာပိုင်များက ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သည့် ဟာဖီးဇ် မာတာလောမ် (ဘ) ဦးဇာဖော်ရ် (အသက် ၂၈ နှစ်) ကို ပြည်ပသို့ သတင်းပို့ နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် အာဏာပိုင်များက ငွေကျပ် ၈ သိန်း ၄ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဟာဖီးဇ် မာတာလောမ်သည် ကျောင်းသား လူငယ်များကို စာသင်ပြ၍ အသက် မွေးဝမ်းကျောင်း ပြုနေသည့် လူငယ် တစ်ဦး ဖြစ်ပြီး၊ ၎င်းကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ အာဘူဘော်ကော်ရ် (ဘ) ဦးအာဘူဆာဒဲခ် (အသက် ၂၇ နှစ်) တို့က ပူးပေါင်း၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ဟာဖီးဇ် မာတာလောမ် ထံမှ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် တို့က ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့ပြီး၊ အထူး သတင်း တပ်ဖွဲ့ (SB) နှင့် စစ်တပ် တို့က ငွေကျပ် တစ်သိန်း လေးသောင်း ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နေရန် အဆောင် တစ်ခု ဆောက်လုပ်ရန် အတွက် ဒေသခံ ရွာသား များထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်းသို့ အသစ် ပြောင်းရွှေ့ လာသော ကျောင်းအုပ် ဆရာမကြီး နေထိုင်ရန် အတွက် အဆောင် တစ်ခု ဆောက်လုပ်ရန်ဟု ဆိုကာ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ဒေသခံများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိသည်။ အလယ်သံကျော် ကျေးရွာ အုပ်စုတွင် အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပြီး၊ အိမ်ခြေတိုင်းမှ ငွေကျပ် ၅၀၀၀/- စီ အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျေးရွာရှိ မျက်နှာဖုံး လူကြီးများနှင့် ငွေကြေး တတ်နိုင်သူများ ထံမှ ငွေကျပ် နှစ်သောင်းထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် ကောက်ခံ နေသည့် ကျောင်းအုပ်ကြီး အတွက် အဆောင် ဆောက်လုပ်ရန် ငွေကျပ် ၅ သိန်းခန့်သာ လိုအပ်မည် ဖြစ်သော်လည်း အိမ်ခြေပေါင်း ၁၂၀၀ ကျော်မှ အနည်းဆုံး ၅၀၀၀/- မှ ၂၀၀၀၀/- အထိ ကောက်ခံ၍ ၎င်း၏ ကိုယ်ကျိုး အတွက် အသုံးပြုရန် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကျောင်းအုပ်ကြီး အတွက် နိုင်ငံတော် အစိုးရမှ ဘဏ္ဍာငွေ ချမှတ်ပေးရမည် ဖြစ်သော်လည်း ဒေသခံ ရွာသားများ ထံမှ အာဏာပိုင်များက အာဏာ အလွဲသုံးစား ပြုလုပ်၍ ငွေကောက်ခံ နေခြင်း ဖြစ်သည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ တာဝန်ခံ ဗိုလ်မှူး ထွန်းလှိုင်ဇော်က ပွင့်ဖြူချောင်း ကျေးရွာမှ ကင်းသမား များကို အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ပွင့်ဖြူချောင်း ကျေးရွာ (ဇိုက်မူနာ) သို့ သွားရောက်ပြီး ညပိုင်းတွင် ရွာကင်းစောင့် ရမည့် ကင်းသမား (၆) ဦးကို ကင်းစောင့်ရန် အချိန် နောက်ကျ နေသည်ဟု စွပ်စွဲ၍ ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကင်းသမား တစ်ဦး ဖြစ်သူ ဦးအလီအာမောက် (ဘ) ဦးလေရူး (အသက် ၃၇ နှစ်) ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး စစ်စခန်း ထဲတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် (၈) နာရီတွင် ကြက်တစ်ကောင်ကို ငွေအစား ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အလားတူ ဦးဟူဆောင်းန် အာမတ် (အသက် ၃၁ နှစ်) ထံမှ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ပြီး၊ ကျန်သည့် ကင်းသမား (၄) ဦး ဖြစ်သည့် ဦးနူရ်အာမတ် (ဘ) ဦးနော်ဇိရ်ဟူဆောင်း (အသက် ၃၂ နှစ်)၊ ဦးဂျာဖောရ်ဟူဆောင်း (ဘ) ဦးဒူဒူမျာ (အသက် ၄၇ နှစ်)၊ အောလီအာမတ် (ဘ) ဦးအာဘူဆော်ယာဒ် (အသက် ၂၄ နှစ်) နှင့် ဦးမီတာရှောမ်ရှု (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၄ နှစ်) တို့ကိုလည်း ရွာထဲတွင် ရိုက်နှက်၍ ငွေအစား ကြက်တစ်ကောင်စီ ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရပ်ရွာ လုံခြုံရေး အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ တာဝန်ယူ ရမည် ဖြစ်သော်လည်း ကျေးရွာများမှ ရွာသားများကို အလှည့်ကျ တာဝန် ပေးထားပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ် တို့သည် ရွာများထဲသို့ ၀င်ရောက်၍ ကင်းသမား များကို အကြောင်းမဲ့ ရိုက်နှက် ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။



MYARF
RB News
22.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ ထံမှ လုယက်ခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာ ဈေးရှိ ဦးမာမတ် အာယာစ် (ဘ) ဦးဆော်ဒူလာမီးန်၏ စားကုန်ဆိုင်သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆိုင်ကို စစ်ဆေးပြီးနောက်၊ ဆိုင်မှ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသော်လည်း ဆိုင်ထဲရှိ ငွေသေတ္တာထဲမှ ငွေကျပ် ၃၇၀၀၀/- နှင့် စားကုန် ပစ္စည်း မျိုးစုံ (၃) အိတ်ကို လုယက် ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နိုဝင်ဘာလ (၇) ရက်နေ့ကလည်း လှဖိုးခေါင် ကျေးရွာသား တစ်ဦး ဖြစ်သည့် ၀ါးရောင်း၍ အသက် မွေးဝမ်းကျောင်း ပြုနေသည့် ဦးအာဘူကလာမ် (ဘ) ဦးနူရ်အာလမ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ တစ်ခုလုံး ခြံဝန်း ကာရံရန် ဟုဆိုကာ ၀ါးများ ပေးရန် တောင်းခဲ့ရာ၊ ဦးအာဘူကလာမ်က မိမိတစ်ဦးတည်း အနေဖြင့် ခြံဝန်း တစ်ခုလုံး အတွက် ၀ါးများ ပေးရမည် ဆိုလျှင် အလွန် ၀န်ထိုး ၀န်ပိုး ကြီးမည် ဖြစ်ကြောင်း၊ ၀ါးရောင်း၍ အကျိုးအမြတ် များစွာ ရရှိခြင်း မရှိသဖြင့် ပေးရန် မလွယ်ကူကြောင်း တောင်းပန်၍ ပြောသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးအာဘူကလာမ်သည် လက်နှင့် ဒူးတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လှဖိုးခေါင် တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ် အဆက် မပြတ် လုပ်ဆောင် လျက်ရှိရာ၊ ဒေသခံများက ဥပဒေမဲ့ ထင်ရာစိုင်း လုပ်ဆောင်နေသည့် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အထက် အာဏာပိုင်များက အရေးယူ ဟန့်တား ပေးရန် အထူး လိုလားကြောင်း RB News သို့ပြောပါသည်။



RB News
22.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ရုံးစရိတ်များ ဖြတ်တောက် ခံနေရပြီး၊ လစဉ် ထောက်ပံ့ကြေးလည်း မရကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း (၈၅) ခုနှင့် ရပ်ကွက် (၇) ခုရှိရာ ရိုဟင်ဂျာ လူမျိုး အများစု နေထိုင်ရာ ကျေးရွာ များတွင် ယခင်က ရိုဟင်ဂျာ လူမျိုးများသာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူ ခဲ့ရသော်လည်း၊ ဒီမိုကရေစီ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ရခိုင် လူမျိုး အိမ်တစ်အိမ်မျှ မရှိသည့် ကျေးရွာ (၂၀) တွင်သာ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များခန့်ထားပြီး၊ အခြား ရွာများတွင် ရခိုင် လူမျိုး တစ်ရာခိုင်နှုန်း ရှိလျှင်လည်း ရခိုင်လူမျိုး များကိုသာ အုပ်ချုပ်ရေးမှူး ခန့်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာ အုပ်စု (၇၂) စုအတွက် လစဉ် ထောက်ပံ့ကြေး၊ ရုံးစရိတ်များ ထုတ်ပေး ခဲ့သော်လည်း၊ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များအတွက် ထောက်ပံ့ကြေးနှင့် ရုံးစရိတ်များ ထုတ်ပေးခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စ၍ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များကို လစဉ် ရုံးစရိတ်ဟု ဆိုကာ ငွေကျပ် ၅၀၀၀၀/- ပေးအပ်သော်လည်း၊ ယခင်က တက္ကသိုလ်မှ ဆရာ/မ လာရောက်သည့် စရိတ်၊ အခြား ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ဖြတ်တောက်၍ လစဉ် ငွေကျပ် ၁၀၀၀၀/- ခန့်သာ ပေးအပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရုံးစရိတ်များကို ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ဖြတ်တောက်၍ လစဉ် တစ်သောင်းခန့် ပေးလျက် ရှိသော်လည်း အုပ်ချုပ်ရေးမှူးများ ရသင့်သည့် ထောက်ပံ့ကြေးကို ယခု အချိန်ထိ ပေးအပ်ခြင်း မရှိဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး ၎င်းစိတ်တိုင်းကျ အုပ်ချုပ် နေသူ တစ်ဦး ဖြစ်ပြီး၊ ရခိုင် ကျေးရွာများတွင် အိမ်တိုင်းကို ဆိုလာပြားများ ဝေငှလျက် ရှိသော်လည်း အစ္စလာမ် ဘာသာဝင်များ ဖြစ်သည့် ရိုဟင်ဂျာ နေအိမ်များ ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ဒေသခံ ရိုဟင်ဂျာ လူမျိုးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး တိုးတက် မလာစေရန် အဖက်ဖက်မှ ပိတ်ပင်ထားရန် ဌာနဆိုင်ရာ များကို လျှို့ဝှက် မှာကြားခဲ့ကြောင်း ပညာရေး ဌာနမှ အမည် မဖော်လိုသည့် ဗုဒ္ဓဘာသာ ၀န်ထမ်း တစ်ဦးက RB News သို့ပြောပါသည်။



RB News
22.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ တစ်ဦး တို့က ကုလားများကို နှိပ်စက်သောကြောင့် ရဲမှူးက ဆုချီးမြှင့်သည်ဟု ကျုံးဝါး၍ ဒေသခံများ ထံမှ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ကြပ် ဖုန်းကြီးနှင့် လိပ်ရ ကျေးရွာ အုပ်စု မြောက်ရွာမှ အာယု တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ကျော်ဇင်ဦး၏ အမိန့် အရဆိုကာ အနီးအနားမှ ကျေးရွာမှ ဖြစ်သော ကျောက်ချောင်း၊ ကျွန်းပေါက် ဆင်အိုးနှင့် ကျွန်းပေါက် ပြုစု ကျေးရွာ အုပ်စု များသို့ သေနတ် တစ်လက် ကိုင်ဆောင်၍ အရပ်ဝတ် များဖြင့် ၀င်ရောက်ပြီး၊ ဒေသခံ ရွာသားများကို တရားမ၀င် ရောင်းဝယ် နေသည်၊ တဖက်နိုင်ငံထုတ် ဆင်းမ်ကဒ်များ ကိုင်ဆောင် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ သိန်းပေါင်းစွာ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့ နှစ်ဦးက “မင်းတို့ ကုလားတွေကို နှိပ်စက် ငွေညှစ်နိုင်လို့ ငါတို့ ရဲမှူးက ၀မ်းသာပြီး ဆုချီးမြှင့်တာ ဆယ်ခါကျော်ပြီ” – “ဘယ်ကိုဘဲ သွားတိုင်တိုင် လုံးဝ ဂရုမစိုက်ဘူး” ဟု ကျုံးဝါး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရဲမှူး ကျော်ဇင်ဦးသည် စီးပွားရေး အမြင်ကောင်းသော စီးပွားရေး သမား တစ်ဦး ဖြစ်သော်လည်း ၎င်း၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် များကို မထိန်းသိမ်း နိုင်သောကြောင့် ဒေသခံများ ဒုက္ခရောက် လျက်ရှိသည်ဟု ဆိုသည်။



RB News
22.11.2014

ရမည်းသင်း ။ ။ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း မြို့နယ်ရှိ နှစ်ပေါင်း ၃၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ကန်ကြီး ဗလီကို မ.ဘ.သ ဘုန်းကြီးများက အာဏာပိုင်များနှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဖြိုချ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ ကျော်က တည်ဆောက်ခဲ့သည့် ရမည်းသင်း မြို့နယ် ဗမက အနောက် ရပ်ကွက်ရှိ ကန်ကြီး ဗလီကို ၂၀၀၈ ခုနှစ်က ဒေသဆိုင်ရာ အာဏာပိုင်များက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ အစ္စလာမ် ဘာသာဝင်များကို ၀တ်ပြုခွင့် ပိတ်သိမ်းခဲ့ပြီး၊ ဗလီကို ချိတ်ပိတ်ပြီး ထားခဲ့သည်။ ထို့နောက် အဆိုပါ ရှေးဟောင်း ဗလီကို ရွှေစည်းခုံ ဘုရားဝင်း အတွင်းတွင် ကျူးကျော်၍ တည်ဆောက် ထားသည်ဟု လုပ်ကြံ ၀ါဒဖြန့်ပြီးနောက် နိုဝင်ဘာလ (၂၀) ရက်နေ့က အမျိုးသား ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဖြိုချ ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလ (၁၉) ရက်နေ့က ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ကန်ကြီး ဗလီ အုပ်ချုပ်ရေး အဖွဲ့ဝင် (၄) ဦးကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၍ ဗလီ ဖျက်ခွင့်ပြုကြောင်း လက်မှတ် ရေးထိုးခိုင်း ခဲ့သည်။ ဦးအောင်မြင့်စိုးသည် ယခင်က မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို ညှဉ်းပန်း နှိပ်စက် ငွေညှစ်ရန် ဌာန ဆိုင်ရာများကို ခွင့်ပြုထား ခဲ့သူ တစ်ဦး ဖြစ်သလို၊ မောင်တောမြို့နယ်တွင် အကြမ်းဖက်မှုများ ဖန်တီး၍၊ အစ္စလာမ် ဘာသာဝင်များ၏ ဗလီ ၀တ်ကျောင်းတော်များ၊ ရွာများ မီးရှို့ဖျက်ဆီးရာတွင် အဓိက တာဝန်ရှိသူ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ ရမည်းသင်း ခရိုင်သို့ ရောက်ရှိပြီးနောက် ၎င်း၏ ယခင် အတွေ့အကြုံ များကို အသုံးချ၍ မ.ဘ.သ ဘုန်းကြီးများနှင့် ပူးပေါင်း၍ နှစ်ပေါင်း ၃၅၀ ကျော် သက်တမ်းရှိသည့် ဗလီကို ဖြိုချ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အစ္စလာမ် ဘာသာဝင် (၄) ဦးနှင့် ခရိုင်မှူး ဦးအောင်မြင့်စိုးတို့ နိုဝင်ဘာလ (၁၉) ရက်နေ့ တွေ့ဆုံ ခဲ့သော်လည်း မ.ဘ.သ ဘုန်းကြီးများက နိုဝင်ဘာလ (၁၄) ရက်နေ့ ကတည်းက ၎င်းတို့၏ လူမှု ကွန်ယက်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကန်ကြီး ဗလီကို ဖြိုချမည် ဖြစ်ကြောင်း ရေးသား ထားသည်ကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်များနှင့် ကြိုတင် ပူးပေါင်း၍ ညှိနှိုင်းထားသည်မှာ ပေါ်လွင် နေပါသည်။

ရှေးဟောင်း ကန်ကြီး ဗလီကို နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၈ နာရီကျော်မှ ည (၉) နာရီ ကျော်အချိန်တွင်း လူအင်အားဖြင့် ဖြိုချ ဖျက်ဆီးခဲ့ပြီး၊ ရဲများက လုံခြုံရေး တာဝန်ယူ ထားပေးခဲ့ပြီး မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဖြတ်သန်း သွားလာခွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရှေးဟောင်း ဗလီကို လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ ကျော်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊ ခိုင်မာသည့် ဂရန်နှင့် အထောက်အထား များရှိသော်လည်း အာဏာပိုင်များနှင့် မ.ဘ.သ ဘုန်းကြီးများက အာဏာနှင့် ဘုန်းကြီး အရှိန်အ၀ါကို အသုံးချ၍ မတရား သဖြင့် အနိုင်ကျင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ မ.ဘ.သ ဥက္ကဌ ဆရာတော်က ကန်ကြီး ဗလီ နေရာတွင် သာသနာ့ ဗိမာန် တည်ဆောက်မည်ဟု လူမှုကွန်ယက်တွင် ရေးသား ထားသည်။






RB News
22.11.2014

နယူးယောက် ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လူ့အခွင့် အရေး ကော်မီတီက ရိုဟင်ဂျာ များကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀နှင့် တန်းတူ ရည်တူ အခွင့်အရေးများ ပေးအပ်ရန် ဆုံးဖြတ်ချက် တစ်ရပ်ကို သောကြာနေ့က ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လူ့အခွင့် အရေး ကော်မီတီက မြန်မာနိုင်ငံတွင် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးရန်၊ တန်းတူ ရည်တူ အခွင့်အရေးများ ပေးအပ်ရန် ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်လိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်ကျော်က ရိုဟင်ဂျာ ဆိုသည့် အမည်နာမကို သုံးစွဲ ထားသည့် အတွက် ဟုဆိုကာ ကန့်ကွက် ခဲ့သော်လည်း လူ့အခွင့်အရေး ကော်မီတီက အများသဘော ဆန္ဒနှင့် အညီ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ ယခု ဆုံးဖြတ်ချက်ကို ဥရောပ သမဂ္ဂက မူကြမ်း ရေးသွင်းခဲ့ခြင်း ဖြစ်ပြီး၊ လိုက်နာဆောင်ရွက် ရမည် ဆိုသည့် မူဝါဒနဲ့ ရေးသား ထားသည့် အတွက် မြန်မာအစိုးရကို ဖိအား ပေးလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ သတင်းဌာနများ ရေးသား ဖော်ပြထားပါသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ကော်မီတီ တစ်ရပ်က ဆုံးဖြတ်လိုက်သည့် ယခု ဆုံးဖြတ်ချက်သည် မြန်မာ အစိုးရ ဘက်တွင် ရပ်တည် နေခြင်း မရှိသည်ကို သိသာစေရန် အတွက် အမြန်ဆုံး ပေးပို့ သွားမည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထား ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမားနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းတို့ မြန်မာနိုင်ငံကို အာဆီယံ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိစဉ် ကလည်း ရိုဟင်ဂျာ များကို နိုင်ငံသား အခွင့် အရေး အပြည့်အ၀ ပေးရန် ပြောဆို သွားခဲ့သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို သမ္မတ ဦးသိန်းစိန်၏ ပြောဆိုဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပယ်ချ လိုက်သော်လည်း၊ လူ့အခွင့် အရေး ကော်မီတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီ ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက လုံခြုံရေး ကောင်စီသို့ အဆိုတင်သွင်း ခံရလျှင် မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြီးမားသော အဟန့်အတား ဖြစ်လာမည်ဟု ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များက သုံးသပ် နေကြသည်။



နေ့စွဲ- ၂၀၁၄ ခု နိုဝင်ဘာ ၂၁ ရက်

ရမည်းသင်း ကန်ကြီး ဗလီအား ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုခြင်း

ရမည်းသင်းမြို့ ကန်ကြီး ဗလီ (အစ္စလာမ်သာသနာဝင်တို့၏ ၀တ်ကျောင်းတော်)အား ၂၀၁၄ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်အား ကျွန်ုပ်တို့ Civil Rights Movement မှ လေ့လာကြည့်သော အခါ-

(၁) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ ခန့်မှပင် တည်ရှိခဲ့သော မူလဗလီ ၀တ်ကျောင်းတော်အား ထပ်ဆင့်မွန်းမံထားသည့် သမိုင်းဝင် ဗလီဝတ်ကျောင်းတော် တစ်ခု ဖြစ်ခြင်း-

(၂) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် ဂရံမဲ့ ကျူးကျော်တည်ဆောက်ထားခြင်း မဟုတ်ဘဲ ရှေးအစိုးရ အဆက်ဆက် လက်ထက်မှ မြေဂရံ အထောက်အထား အခိုင်အမာဖြင့် ရှိနေခဲ့ခြင်း-

(၃) အဆိုပါ ဗလီဝတ် ကျောင်းတော်၏ အနီးတွင် ဗုဒ္ဓဘာသာ သာသနာပိုင်မြေဟူ၍ စေတီ တည်ဆောက်ခြင်းမှာ အဆိုပါ ဗလီ ၀တ်ကျောင်းတော်ထက် နှစ်ပေါင်း ၃၀၀ နီးပါး နောက်ကျပြီး ဖြစ်လာ ခြင်း တို့ကို ခိုင်ခိုင်မာမာ တွေ့ရှိရသည်။

သို့ဖြစ်၍ အဆိုပါ ဗလီ ၀တ်ကျောင်းတော် (ကန်ကြီးဗလီ)အား ဖျက်ဆီးခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ပါဝင်ပတ်သက်ပြီး - လူနည်းစု ဘာသာတရား တစ်ခုအား ဖိနှိပ် အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။

ကျွန်ုပ်တို့ Civil Rights Movement မှ သက်ဆိုင်ရာ မြန်မာနိုင်ငံ အစိုးရအား

(၁) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား ဖျက်ဆီးရန် ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးသူတို့အား ပွင့်လင်း မြင်သာစွာ အရေးယူပေးရန်-

(၂) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား မူလ လက်ရာအတိုင်း သီတင်းပတ် ၇ ပတ် အတွင်း ပြန်လည် တည်ဆောက်ပေးရန်- တောင်းဆိုပါသည်။



ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု (Civil Rights Movement)



Rohingya Eye
RB News
20.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးတင်မောင်သည် ကျေးရွာတွင်းမှ မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားသူများ၏ မိဘ အချို့ကို ခြိမ်းခြောက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ကို ရာထူးမှ တရားဝင် ရပ်စဲပြီး၊ ၎င်း၏ ယောက်ဖ တော်စပ် ဦးမောင်မြကို မြို့နယ် အာဏာပိုင် များက ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားသော်လည်း ဦးမောင်မြသည် ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်နေပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထိုင်ခုံတွင် ယခု အချိန်ထိ ဦးတင်မောင် ထိုင်၍ ရွာကို အုပ်ချုပ်လျက် ရှိသည်။ ဦးတင်မောင်သည် ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်၍ ငွေကျပ် သိန်းရာချီ၍ ညှစ်ယူခဲ့သူ ဖြစ်ပြီး၊ ယခုလည်း ရာထူးမှ ပြုတ်သွားသော်လည်း မြို့နယ် အာဏာပိုင်များက ဝေစု ရနေသဖြင့် ၎င်း၏ တရားမ၀င် ဥပဒေမဲ့ လုပ်ရပ် များကို လက်ပိုက် ကြည့်နေသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်သည် လွန်ခဲ့သည့် အပတ် အတွင်း မလေးရှား နိုင်ငံသို့ ထွက်ခွာသွားသူ များ၏ မိဘ အချို့ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ မိဘ (၄) ဦးထံမှ ငွေကျပ် ၄ သိန်း ၆ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသည့် မိဘများမှာ ငါးခြောက် လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်ပြီး၊ အလွန် ဆင်းရဲသည့် မိသားစုများ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်၏ ခြိမ်းခြောက်မှုကြောင့် ၎င်းတို့ ပိုင်ဆိုင်သည့် နွားများကို ရသည့်ဈေးဖြင့် ရောင်းချ၍ ဦးတင်မောင် ညှစ်သည့် ငွေကို ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသည့် မိဘ (၄) ဦးမှာ --

(၁) ဦးအာတာလ်ဟူဆောင်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၂) ဦးအဒူရှကူရ် (ဘ) ဦးမော်န်ဇူရာမန် (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း တစ်သောင်း
(၃) ဒေါ်ရော်ဟီမာခါတူ (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) ဦးမာမတ်ဟာရှီးမ် (အသက် ၇၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း -- တို့ဖြစ်ပါသည်။



RB News
20.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးမွေးမြူရေး ဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးဆန်းဒင်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ်ရှိ ငါးဖမ်း သမားများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ငါးမွေးမြူရေး ဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးဆန်းဒင် ဦးစီးပြီး၊ ဦးအောင်တင်ရွှေနှင့် အတူ ဆင်းရဲသည့် ဒေသခံ ငါးဖမ်း သမားများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင် မြို့နယ်တွင် ငါးဖမ်းသည့် ပိုက်မျိုးစုံ (၁၀၀၀) ခန့် ရှိပြီး၊ ဦးဆန်းဒင်နှင့် အဖွဲ့က ရွာများသို့ ကွင်းဆင်း၍ ကျားပိုက် တစ်ခုလျှင် ငွေကျပ် ၃၀၀၀၀/-၊ မြွှေပိုက် တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀/-၊ ကျွမ်းပိုက် တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀/-၊ ဒုံးပိုက် တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀/-၊ မြောက်ပိုက် တစ်ခုလျှင် ငွေကျပ် ၁၀၀၀၀/-၊ ရွေးပိုက် တစ်ခုလျှင် ငွေကျပ် ၃၀၀၀၀/- နှုန်းစီ နှင့် ငါးရောင်းဝယ်သူ များထံမှ ငွေကျပ် ၁၀၀၀၀/- စီ အတင်း အဓမ္မ ကောက်ခံ လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

ငွေများကို အတင်း အဓမ္မ ကောက်ခံလျက် ရှိပြီး၊ ငွေရ ပြေစာ မပေးသည့် အတွက် နိုင်ငံတော် အတွက် အခွန်အခ အဖြစ် ကောက်ယူ နေခြင်းမျိုး မဟုတ်ဘဲ၊ ရရှိထားသည့် ရာထူးကို အသုံးချ၍ မိမိ၏ ကိုယ်ကျိုး အတွက် ဆင်းရဲသည့် ပြည်သူ များကို ဒုက္ခ ပေး၍ ငွေကောက်ခံ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ငါးဖမ်း သမား အများစုမှာ ဆင်းရဲသူများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ မတရား သဖြင့် ငွေကောက်ခံမှုကြောင့် ငွေကြေး မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင် နေရသည်ဟု ပြောပါသည်။




RB News
20.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖောင်တောပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များသည် မောင်ကြီးတောင် ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖောင်တောပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် မောင်ကြီးတောင် ကျေးရွာ အုပ်စု၊ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ ဆိုင်များနှင့် လမ်းပေါ်တွင် တွေ့ရှိသည့် ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဖမ်းဆီးခံရသူ များကို ငွေမပေးပါက အမှုဆင်၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ (၁၀) ဦးထံမှ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဆောရ်အလီ (ဘ) ဦးရှာအာလမ်
(၂) ဦးအာဘုလ်ဟူဆောင်း (ဘ) ဦးဆုလ်တာန်
(၃) ဦးမာဘူရာမန် (ဘ) ဦးအဘူဆွေယာဒ်
(၄) ဦးမာမတ်တာဟဲရ် (ဘ) ဦးအဒူရော်ဟိမ်း
(၅) ဦးဟူမာရူန် (ဘ) ဦးအဘူအာမတ်
(၆) ဦးမာမတ်နော်ဆိမ်း (ဘ) ဦးဆွေတာမတ်
(၇) ဦးဆော်ဒူလာမီးန် (ဘ) ဦးနူရ်အာမီးန်
(၈) ဦးမာမတ်အနိုဝါရ် (ဘ) ဦးဆွေတူဆောင်း
(၉) တံတားတွင် အလုပ်လုပ်နေသော အလုပ်သမား (၂) ဦး -- တို့ဖြစ်ပါသည်။

Rohingya Exodus