နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
18.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာရှိ နယ်ခြားစောင့် ရဲကင်းစခန်းကို ဗလီပိုင် မြေပေါ်တွင် ကျူးကျော်၍ ဆောက်လုပ်ခဲ့သည့် အပြင် ယခုအခါ လုံးချင်းအိမ် တစ်လုံး ထပ်မံ၍ ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ၊ ဈေးအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ဗလီပိုင်မြေပေါ်တွင် အာဏာသုံး၍ ကျူးကျော်၍ ဆောက်လုပ်ခဲ့ပြီး ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လက်ကိုင်တုတ် တစ်ဦး ဖြစ်သည့် ဦးဖေတာမောင်က ရဲကင်းစခန်းနှင့် ကပ်လျက် လုံးချင်းအိမ် တစ်လုံးကို ထပ်မံ ကျူးကျော်၍ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးဖေတာမောင်သည် ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး၏ လူယုံ တစ်ဦး ဖြစ်ပြီး၊ ညစဉ် ညတိုင်း ရဲမှူးငြိမ်းချမ်းအေး၏ အပြစ်မဲ့များ ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ ငွေညှစ်ခြင်းတို့တွင် လမ်းပြအဖြစ် လိုက်ပါသူလည်း ဖြစ်သည်။

ဦးဖေတာမောင်သည် ဖွေရာရွာ ဇာတိဖြစ်ပြီး၊ ၎င်း၏ လုပ်ရပ်များကြောင့် မိသားစု အများအပြား မိမိတို့၏ အိုးအိမ်၊ လယ်ယာမြေ များကို စွန့်လွှတ်၍ တဖက်နိုင်ငံသို့ ထွက်ပြေး သွားခဲ့ရသည်။ ၎င်းအတွက် ဆောက်လုပ်နေသည့် လုံးချင်းအိမ်ကို ရဲမှူးငြိမ်းချမ်းအေးမှ ဆောက်လုပ်ပေးခြင်း မဟုတ်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် တာဝန်ယူ ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ရဲမှူးချုပ် တင်ကိုကိုက နှုတ်ဖြင့် တာဝန်ယူခြင်းသာ ဖြစ်ပြီး၊ လုပ်အားနှင့် ငွေကြေးကို ရွာသားများက ပေးရမည် ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မဟုတ်သည့် သာမာန် ရွာသား တစ်ဦးကို ယခုကဲ့သို့ လုံးချင်း အိမ်ဆောက်လုပ် ပေးနေခြင်းမှာ သံသယ ၀င်စရာ အချက်များစွာ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ နယ်ခြားစောင့်ရဲက ဖေတာမောင်ကို လုံးချင်းအိမ် ဆောက်ပေးပြီး မက်လုံး ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ တပည့်တွေ၊ လက်ကိုင်တုတ်တွေ များများ မွေးနိုင်အောင်ပါ။ အဲဒါမှ ဘယ်သူတွေမှာ ပိုင်ဆိုင်မှု ဘယ်လောက် ရှိသလဲ ဆိုတာ ရွာသားတွေက တဆင့် ပိုပြီး သိလာနိုင်မယ်။ အဲဒီတော့ အရင်ထက် ဒုစရိုက်တွေ ပိုလုပ်လို့ ရလာမယ်။ ဒီသဘောနဲ့ ဖေတာမောင် အတွက် ရဲမှူးချုပ် တင်ကိုကိုက အိမ်တစ်လုံး နာမည်ပေါ်မှာ ရင်းလိုက်တာ ဖြစ်မယ်။ ရဲမှူးချုပ် တင်ကိုကိုက ဆောက်လုပ် ပေးနေတယ် ဆိုပေမယ့် လုပ်အားက ရွာသားတွေ တစ်အိမ်မကျန် လုပ်အားပေးရမှာပါ၊ ငွေကြေးလည်း ရွာသားတွေက ပေးဖို့ ပြောထားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ပြည်မတွင် လယ်ယာမြေ သိမ်းခံရမှုတို့နှင့် ပတ်သက်၍ ပြောဆိုခွင့် ရှိသော်လည်း မောင်တောခရိုင်တွင် ယခင် စစ်အစိုးရ လက်ထက် ကတည်းက လယ်ဧက သောင်းချီ သိမ်းဆည်းခံရသည့် အပြင်၊ ယခုအချိန်ထိလည်း သိမ်းဆည်းခံရမှုများ ရှိနေသေးကြောင်း သိရသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၎င်းတို့၏ လက်ကိုင်တုတ် ဖြစ်သူကို လုံးချင်းအိမ် ဆောက်ပေးလျှင်လည်း ဗလီပိုင်မြေကို မကျူးကျော်ဘဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မြေနေရာ တရားဝင် ၀ယ်ယူ၍ ဆောက်လုပ် ပေးသင့်ပြီး၊ လုပ်အားနှင့် ဆောက်လုပ်ရန် ငွေကြေးကိုလည်း ရွာသားများထံမှ အတင်းအဓမ္မ ယူနေခြင်းမှာ ဥပဒေ ချိုးဖောက်၍ အာဏာကို အလွဲသုံးစား ပြုလုပ်နေခြင်း ဖြစ်သည်။

ရဲမှူးချုပ်တင်ကိုကိုသည် မောင်တောခရိုင်မှ အကြီးအကဲ တစ်ဦး ဖြစ်သဖြင့် ဒေသခံများက မည်သူ့ကိုမှ မတိုင်ကြားနိုင်ဘဲ အာဏာစက်ဖြင့် နှိပ်စက်သမျှ ခံနေကြရသည်။




ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
18.1.2015

ကျွန်တော့်နာမည်က မစ္စတာ ဖိနပ်မောင် .. ။

ကျွန်တော့် တာဝန်က လူသားတွေရဲ့ ခြေဖ၀ါးနုနုလေးတွေကို ကာကွယ်ပေးရုံသာ ဖြစ်ပါတယ်။ လူတွေက ဘယ်သွားသွား ကျွန်တော့်ကို ခေါ်သွားတယ်။ သူတို့ရဲ့ အစောင့်တော် တစ်ယောက် အနေနဲ့ပေါ့။ သူတစ်ပါးကို စောင့်ရှောက်ရတဲ့ တာဝန်တစ်ခု ထမ်းဆောင်ရတဲ့ အတွက်လည်း အတော့်ကို ဂုဏ်ယူမိပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း လူသားတွေရဲ့ အသိအမှတ်ပြုခြင်း၊ ကြင်နာခြင်းတွေကို ခံရတယ်။ လူအမျိုးမျိုးနဲ့လည်း ရင်းနှီးလာတယ်။ လူတွေရဲ့ စိတ်နေ သဘောထား တွေကိုလည်း အကဲဖြတ် နိုင်တဲ့ စွမ်းရည်တွေ ရလာတယ်။ စိတ်ကောက်တဲ့ လူတွေ အတွေ့ရများတယ်။ စာနာမှု ကင်းမဲ့တဲ့ လူတွေလည်း တပုံကြီးပါဘဲ။ အထူးသဖြင့် အရင်က စစ်ဖိနပ် (အဲ .. ဘွတ်ဖိနပ်) စီးခဲ့ပြီး ယခု သဲကြိုးဖိနပ်စီးနေတဲ့ လူတွေက ကျားသရဲလို ရိုင်းလိုက်တာ။

အဲ့လူတွေကလေ .. ကမ္ဘာကြီးကိုတောင် လိမ်ဖို့ ကြိုးစားနေတာ။ သမိုင်းကို သူတို့ ကိုယ်တိုင် ဖန်တီးဖို့ ကြိုးစားနေတာ။ ကမ္ဘာကြီးကို အမှောင်ချဖို့ ကြိုးစားနေတာ။ လွန်ရော .. လွန်ရော .. ။

တကယ်ပြောရရင် ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။ ကျွန်တော်က လူတွေကို စောင့်ရှောက်ဖို့ တာဝန်တစ်ခု ယူထားပေမယ့် ဒီလို လူစားမျိုးတွေကို ကျွန်တော် ပါးရိုက်ချင်တယ်။ ကျွန်တော့် အရိုက် ခံရရင် အဲ့လူတွေဟာ သုံးမစားနိုင် လုပ်မစားနိုင် ဖြစ်တဲ့အထိ သိက္ခာကျသွားနိုင်တယ် ဆိုတဲ့ အသိတရားကို မမေ့သင့်ပေ။

ကျွန်တော့် အရိုက်မခံရအောင် အမှန်တရားကိုသာ စောင့်ထိန်းပေတော့ ..။ သိက္ခာ အကျိုးမျှော်၍ နှိုးဆော် အပ်ကြောင်းပါ ခင်ဗျား ..။ လူသား အားလုံး သိက္ခာရှိရှိ နေထိုင်ရင်း ပျော်ရွှင်ဖွယ် ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။




MYARF
RB News
18.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တာဝန်ခံ တစ်ဦးက ခမောင်းဆိပ် ရွာသား တစ်ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံနှင့် ခမောင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း တို့သည် မင်းခမောင်းရွာမှ ဈေးခေါင်း ဖြစ်သူ ဦးအဒူရော်ဟိမ်းကို တရားမ၀င် ပစ္စည်းများ ရောင်းဝယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ခမောင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းသည် ဒေသခံ ရိုဟင်ဂျာ ရွာသား များကို အမြဲတစ်စေ ခေါ်ပြီး အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်လေ့ ရှိကြောင်း သိရသည်။ ၎င်းတောင်းသည့် ငွေကို မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်ကို ခေါ်၍ အပ်နှံလေ့ ရှိသည်ဟု ဆိုသည်။ ယခုလည်း စ.ရ.ဖ တာဝန်ခံနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရွာသားထံမှ ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် စ.ရ.ဖ တို့က ဒေသခံ ရွာသားများကို လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး မကြာခဏ ငွေညှစ်၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသော်လည်း ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့မှ တားဆီး အရေးယူခြင်း မပြုသည့် အပြင်၊ ဒေသတွင်း အကြီးအကဲ တစ်ဦး ဖြစ်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် အစည်းအဝေး များတွင် ရိုင်းစိုင်းစွာ သုံးနှုန်း ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။




MYARF
RB News
18.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ ယာဉ်ထိန်းရဲ များသည် ဘူးသီးတောင် - ညောင်ချောင်းလမ်းရှိ မြို့အ၀င် လမ်းတွင် စောင့်၍ နယ်ကျေးရွာ များမှ လာသည့် ဆိုင်ကယ်သမား များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်ရှိ ယာဉ်ထိန်းရဲများသည် ဘူးသီးတောင် - ညောင်ချောင်းလမ်းရှိ မြို့အ၀င် လမ်းတွင် စောင့်၍ နယ်ကျေးရွာများမှ မြို့ထဲသို့ ဆိုင်ကယ်စီးလာသည့် ဒေသခံ ရိုဟင်ဂျာ များကို ဆိုင်ကယ် ဦးထုပ် မဆောင်း၊ သုံးယောက်စီး၊ ယာဉ်မောင်း လိုင်စင်မပါ၊ ဘီးခွန် မဆောင်ဟု အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ယခု အပတ်အတွင်း ဒေသခံ ရိုဟင်ဂျာ (၅၀) ဦးခန့် ငွေညှစ်ခံ ခဲ့ရကြောင်း သိရသည်။ ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးရော်ရှိတ် - ကကျဘက်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း
(၂) ဦးရော်ဖိတ် - ကကျဘက်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း
(၃) ဦးဟာမိတ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း ငါးထောင်
(၄) ဦးအီနုစ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် သုံးသောင်း
(၅) ဦးဟာမိတ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် ခြောက်သောင်း
(၆) ဦးဆော်လိမ် - ကာဒီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း -- တို့ဖြစ်သည်။

မောင်တောခရိုင်တွင် ဌာန ပေါင်းစုံမှ နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ကို အထက် အာဏာပိုင်များကို တင်ပြလျှင်လည်း တိုင်ကြားသူကိုသာ ပြန်လည် ခြိမ်းခြောက်ခြင်းများဖြင့် တုန့်ပြန်လျက် ရှိကြောင်း သိရသည်။



MYARF
RB News
17.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာ အခြစိုက် စစ်စခန်း အမှတ် (၁၂) မှ ဗိုလ်မှူးသည် အာဏာ အလွဲသုံးစား ပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာ များထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်တပ် စခန်းအမှတ် (၁၂) မှ ဗိုလ်မှူး တစ်ဦးနှင့် ၎င်း၏ တပည့် ဖြစ်သူ တို့သည် ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၁း၃၀ နာရီတွင် ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်၍ မိမိ၏ ခြံဝင်း အတွင်းမှ သရက်ပင် တစ်ပင် ခုတ်လှဲနေသည့် ဦးဆော်ယာဒူလ်ဘော်ရှော်ရ် (ဘ) ဦးအာလ်တာဟူစိန်းကို အပင်ခုတ်ရန် ခွင့်ပြုချက် မယူဟု ဆိုကာ ငွေကျပ် ၇၀၀၀/- ညှစ်ယူခဲ့သည်။ ထို့နောက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ရေခဲချောင်း ခွဆုံးရွာသို့ ၀င်ရောက်ပြီး ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့် ရွာသား နှစ်ဦး ဖြစ်သည့် ဦးဆော်လီမုလ္လာ (ဘ) ဦးဖေရာန်အလီ (ငါးရောင်း) နှင့် ဦးနူရ်ဟာန် တို့ကို ခေါ်၍ ဘင်္ဂလား ဖုန်းရှိသည်ဟု စွပ်စွဲ၍ ရှာဖွေ ခဲ့သည်။ မည်သည့် ဖုန်းမှ မတွေ့ရှိသော်လည်း ဆိုင်ထဲတွင် ဖွက်ထားခဲ့သည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ အဆိုပါ ရွာသား နှစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယင်းနေ့ နေ့လည် တစ်နာရီ အချိန်တွင် ရေခဲချောင်း ခွဆုံရှိ ဈေးသို့ ၀င်ရောက်ပြီး ဈေးခေါင်း ဖြစ်သူ ဦးမိုဟာမတ် အာယုဖ် (ဘ) ဦးမုစ်တာဖာကမာလ်ကို ဈေးဆိုင် တစ်ဆိုင်မှ အားကစား ၀တ်စုံ တစ်စုံ ၀ယ်ခိုင်း၍ ကျသင့်ငွေကို ဈေးခေါင်း ဖြစ်သူအား ရှင်းခိုင်းခဲ့ကြောင်း သိရသည်။

၎င်းဗိုလ်မှူးသည် နေ့စဉ် နေ့တိုင်း ရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များထံမှ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ယခင်က နယ်ခြားစောင့် ရဲများသာ ညှဉ်းပန်း နှိပ်စက်၊ ငွေညှစ်သော်လည်း ယခုအခါ တပ်မတော်သား များပါ နယ်ခြားစောင့် ရဲများကဲ့သို့ပင် ဆိုးသွမ်း လာသည်ကို တွေ့ရသည်။ မောင်တောမြို့နယ် အမှတ် (၂) နယ်မြေရှိ တပ်ရင်း (၅၆၄) မှ ဗိုလ်ကြီး အောင်ဖုန်းလှိုင် နှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာများ အိမ်တွင် မွေးမြူထားသည့် ကြက်၊ ဘဲ၊ ဆိတ်များကို ဤရက်ပိုင်းအတွင်း ဖမ်းဆီး လုယက် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
17.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲ များသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်း များကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သင်္ဘောကွဲ ကျေးရွာ အုပ်စု

ဇန်န၀ါရီလ (၁၅) ရက်နေ့ ညပိုင်းတွင် ဘင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ဘင်္ဘောကွဲ အနောက်ရွာနေ ဦးအဒူရှကူရ် (ဘ) ဦးနူရူ (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ ဦးအဒူရှကူရ်အား ရှာဖွေရာ မတွေ့ရှိသဖြင့် နေအိမ်မှ ဆိုင်ကယ်ကို လုယက် သွားခဲ့သည်။ ထို့နောက် ဦးရှော်ဖီအုလ္လာ (ဘ) ဦးဆူရ်အလီ၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးရှော်ဖီအုလ္လာကို ဖမ်းဆီးသည့် အပြင် ၎င်း၏ ဆိုင်ကယ်ကိုပါ လုယက် သွားခဲ့သည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးအဒူရှကူရ်၏ မိခင် ဖြစ်သူက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ လုယက်သွားသည့် ဆိုင်ကယ်ကို ပြန်တောင်းရာ မပေးသည့် အပြင် ဒုရဲအုပ် တစ်ဦးက ဦးအဒူရှကူရ်သည် လူကုန်ကူးမှုတွင် ပါဝင်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဦးရှော်ဖီအုလ္လာ ထံမှလည်း ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် အပတ်ကလည်း အဆိုပါရွာမှ ဦးဆောနာအုလ္လာ (ဘ) ဦးဟာလာဆန်ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး နှစ်ရက်ကြာ ချုပ်နှောင် ထား၍ ငွေညှစ်ရန် ကြိုးစားရာ ငွေမရသဖြင့် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့သည်။ အင်ဒင်း စခန်းတွင် ၂၄ နာရီကြာ ချုပ်နှောင် ထားပြီး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။

အင်းဒင် ကျေးရွာ အုပ်စု

ဇန်န၀ါရီလ (၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့်ရဲများက ဘာသာရေး ဆရာများ (မော်လ၀ီ) များကို ပစ်မှတ်ထား၍ မော်လ၀ီ (၅) ဦးကို ဖမ်းဆီးပြီး ဓါးပြအဖွဲ့ကို ထမင်းကျွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် နှစ်သိန်းစီ - စုစုပေါင်း ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေကျပ် နှစ်သိန်းစီ ညှစ်ခံရသည့် မော်လ၀ီ (၅) ဦးမှာ --

(၁) မော်လ၀ီ ဂျာဘဲရ် (ဘ) ဦးဆာလေ
(၂) မော်လ၀ီရာမတ်အုလ္လာ
(၃) မော်လ၀ီ ဆော်ယာဒ်အုလ္လာ
(၄) မော်လ၀ီရော်ရှိတ်
(၅) မော်လ၀ီမိုဟာမတ်ရီယာစ် (ဘ) ဦးရှော်ဘီ -- တို့ဖြစ်သည်။

အင်းဒင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ အမြဲတစေ ငွေညှစ်ခြင်းများ ပြုလုပ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။



အောင်ရဲမောင်မောင်
17.1.2015

ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ်ယန်ဟီးလီရဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုချက်တွေဟာ ရခိုင်ပြည်နယ် အတွင်းက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ အရေးမှာ အစိုးရအပေါ် အကြံပြု ပြောဆိုချက် တွေကို ပယ်ချတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ မြန်မာ သမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ မစ္စယန်ဟီးလီရဲ့ ရခိုင်ပြည်နယ် အတွင်းက အခြေအနေ တွေအပေါ် ခြုံငုံ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖက် အသိုင်း အ၀ိုင်း အကြားက လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာလည်း အမြင်မတူမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေး ဖြစ်စေပြီး ကုလ အဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ပါ သက်ဆိုင် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆို သွားခဲ့တာပါ။ ရခိုင်ပြည်နယ် အတွက် အဖြေရှာဖို့ ဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ဗဟိုပြု ဖြေရှင်းရ ပါလိမ့်မယ်လို့ ပြောဆို ခဲ့သလို ရခိုင် ပြည်နယ်မှာ ရှိတဲ့ မူဆလင် အသိုင်း အဝိုင်း တခုလုံးကို သိမ်းကျုံး ဒဏ်ပေးတဲ့နည်းနဲ့ အဖြေမရှာဖို့ ပြောဆိုချက်တွေကို ပယ်ချတယ်လို့ မြန်မာ အစိုးရရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

“အဲဒါကတော့ဗျာ၊ သိတဲ့အတိုင်းပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွေက လာကတည်းကိုက ဟိုဘက်ကပေးတဲ့ သတင်း အချက်အလက် တွေကို အခြေခံပြီး လာနေတော့ ဒီလိုမျိုး ကောက်ချက်တွေက လွဲတာပဲ။ အဲဒီတော့ ကျနော်တို့ အခု လုပ်နေတာက ရခိုင် ပဋိပက္ခ ခင်ဗျားတွေ့ ပါလိမ့်မယ်၊ နှစ်ဘက်လုံးမှာ ရှိတဲ့ ပြစ်မှုကျူးလွန်တဲ့ လူတွေ အားလုံးကို နှစ်ရှည်ထောင်ဒဏ် ကျနော်တို့ ချမှတ် ခဲ့တယ်။ ဒီကနေ့ ဒုက္ခသည် စခန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာလို့ သူတို့ခေါ်နေတဲ့ ဘင်္ဂါလီ တွေရော၊ နောက်တခါ ရခိုင် ဒုက္ခသည် စခန်းတွေရော အားလုံးကို ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်း တွေက အကူအညီတွေ ပေးနေတာရှိတယ်။ ၂၀၁၄ နှစ်ဝက်ပိုင်းက စပြီးတော့ ရခိုင်ပြည်နယ်မှာ တည်ငြိမ် အေးချမ်းမှု အခြေအနေတွေ အများကြီး တိုးတက် လာတာ ရှိတယ်။ အဲဒီတော့ ဒါတွေဟာ သူတို့ အသိအမှတ် ပြုရမယ့် ကိစ္စတွေပဲ။ ဒါတွေကို အသိအမှတ် မပြုဘဲနဲ့ အခုနကလို တဘက်သတ် ကောက်ချက် ဆွဲနေရင်တော့ သူနောက်တခါ ရခိုင်ပြည်နယ်ကို လာလို့ရှိရင် ရခိုင် တိုင်းရင်းသား တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လုံးဝ ရမှာ မဟုတ်တော့ဘူး။”

လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြည်တွင်းမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့် ဥပဒေ ၄ မျိုးထဲမှာ အပြန်အလှန် နားလည် သည်းခံမှုနဲ့ အားလုံး သဟဇာတ ဖြစ်ဖြစ်နဲ့ အတူတကွ ယှဉ်တွဲ နေထိုင်ကြဖို့ ဒီဥပဒေကြမ်း တွေကို သေသေချာချာ လေ့လာ သုံးသပ် စေချင်ပါတယ်လို့ ပြောဆိုချက်ပေါ် မှာလည်း ဦးရဲထွဋ်က အခုလို တုံ့ပြန်ပါတယ်။

“ဒီဟာတွေ အားလုံးက ဘယ်ဘာသာကိုမှ ဖိနှိပ်ဖို့ မဟုတ်ဘူး။ ဘာသာ ကူးပြောင်းတဲ့ အခါမှာ ဘာသာ ကူးပြောင်းမှုကို အခွင့်ကောင်းယူပြီး တဘက်ဘက် ကနေ ဖိနှိပ်လို့ မရအောင်၊ ဒါမှမဟုတ် သူ့ဆန္ဒနဲ့သူ ကူးပြောင်းတာကို မပြောင်းရဘူးလို့ တားလို့မရအောင် နည်းလမ်းတကျ ဖြစ်အောင် လုပ်တာလေ။ စင်ကာပူလို၊ မလေးရှားလို နိုင်ငံမျိုး မှာလည်း ဒီ Registration ကိစ္စက ရှိတာပဲ။ တကယ်ကျတော့ အဲဒီ ဥပဒေကိုသာ ကျင့်သုံးနိုင်မယ် ဆိုရင် ဘာသာပြောင်းတဲ့ အပေါ်မှာ မူတည်ပြီးတော့ နှစ်ဘက်ကြားမှာ အငြင်းပွားတဲ့ဟာ တွေကိုတောင်မှ အကာ အကွယ် ပေးနိုင်မှာပေါ့။”

မစ္စ ယန်ဟီးလီရဲ့ မြန်မာပြည်ကို လာရောက်တဲ့ ၁၀ ရက်ကြာ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ထုတ်ပြန် ပြောဆိုချက် တွေမှာ ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ အသိုင်း အ၀ိုင်းကို ဇောင်းပေး လွန်းတယ်လို့ မြေပုံမြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“အစိုးရပိုင်းက ဖြေရှင်းတဲ့ အခါမှာတော့ … ၈၂ ခု နိုင်ငံသား ဥပဒေနဲ့ နိုင်ငံသား ဖြစ်ရေးကို အဓိက ဇောင်းပေးပြီးတော့ ..အဓိကလည်း ကျတယ်။ အဲဒါကို ဦးတည်ပြီးတော့ ဖြေရှင်းနေ ပါတယ်။ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာက အစိုးရက ဖိအားပေးလို့ ရတာမျိုး မဟုတ်ဘူး။ ဒါက နှစ်ဘက် လူ့အဖွဲ့ အစည်း တွေရဲ့ ဆက်ဆံရေး ပေါ်မှာ မူတည်ပြီးတော့ သူတို့က နိုင်ငံသား ဖြစ်လာတဲ့ အခါမှာ ၊ နိုင်ငံသား အရ အခွင့်အရေး ရလာတဲ့ အခါမှာ ဒါတွေဟာ တဖြည်းဖြည်း ဖြေလျော့ သွားလိမ့်မယ်။”

ဒါပေမဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ကတော့ မစ္စ်ယန်ဟီးလီရဲ့ ရခိုင်ပြည်နယ် အပေါ် သုံးသပ် တင်ပြချက်ဟာ ၂ ဖက် အသိုင်း အဝိုင်း အကြား မျှမျှတတ ပြောခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

“အရင် တခေါက်နဲ့ နှိုင်းယှဉ်ရင်တော့ ဒီတခေါက် ကတော့လေ၊ သူ့ရဲ့လေ့လာမှုက နှစ်ဘက်လုံး ကိုလည်း သူနားထောင်တယ်၊ ပြီးရင် သူတို့ ရခိုင် Action Plan ကို ဖော်ဆောင်တဲ့ အခါမှာလည်း နှစ်ဘက် ကွန်မြူနတီက …ဖိတ်ပြီး UN အဖွဲ့အစည်း၊ ပြီးတော့ အင်တာနေရှင်နယ် Norm တွေနဲ့ပါ သူက …အဲဒါ all inclusive ဖြစ်တဲ့ ပုံစံနဲ့ လုပ်မယ် ဆိုရင် ဒါက အဖြေဖြစ်မှာ ပေါ့နော်။ အဲလို မလုပ်ဘဲနဲ့ ရန်ဖြစ်မှာ စိုးလို့၊ ရန်လိုမှာ စိုးလို့ စိုးရိမ်ပြီးတော့ နှစ်ဘက် ကွန်မြူနတီကို သီးသန့် ခွဲထားတာ segregation သဘောကို လုပ်ထားတာ အဖြေ မဟုတ်ဘူး။ အဲဒါမျိုးတွေလည်း သူရေးထားတာတော့ - ဘာပဲဖြစ်ဖြစ် ကျနော် တွေ့ရတာတော့ သူ့ရဲ့ Report သည် တော်တော်လေးကို နှစ်ဘက်လုံးကို မျှမျှတတ နဲ့ လေးလေး နက်နက်နဲ့ ထားပြီးတော့ အဲဒီ အစီရင်ခံစာကို statement ထုတ်သွားတာ တွေ့ရတယ်။”

မစ္စယန်ဟီးလီ အနေနဲ့ သူ့ရဲ့ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးအတွင်း မှာပဲ ရခိုင်ပြည်နယ်မှာ ၃ ရက်ကြာ နေထိုင်ပြီး မွတ်ဆလင် လူနည်းစုတွေ အပေါ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေး နေတဲ့ အခြေအနေတွေ အပါအ၀င် ပဋိပက္ခ ဖြစ်ခဲ့တဲ့ နှစ်ဖက် အသိုင်း အဝိုင်းက လူမျိုးစုတွေ၊ ဒုက္ခသည်
စခန်း တွေကိုလည်း သွားရောက် လေ့လာ ခဲ့တာပါ။



Rohingya Eye
RB News
17.1.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ အမှုတစ်ခုနှင့် မသက်ဆိုင်သူများကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဦးဟာဖီဇူလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၂၈ နှစ်) တွင် အလယ်သံကျော် ဈေးတွင် လဘက်ရည်ဆိုင် ဖွင့်၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ ဖြစ်သည်။ ၎င်း၏ မိသားစုဝင် တစ်ဦးကို ဂေါ်ဒူသာရရှိ တံတား ကင်းစခန်းတွင် ဆေးပြား အချို့ဖြင့် ဖမ်းဆီးမိခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးဟာဖီဇူလ္လာ၏ ဆိုင်ကယ်ကို ငှားစီးသော အလယ်သံကျော်ရွာမှ မော်လ၀ီ ဟာမိတ်ကိုလည်း အမှုနှင့် ဆက်စပ်နေသည်ဟု ဆိုကာ ရဲမှူး ငြိမ်းချမ်းအေးက ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဟာမိတ်သည် ဆိုင်ကယ်ငှား စီးခြင်းသာ ဖြစ်ပြီး ဦးဟာဖီဇူလ္လာနှင့် ၎င်း၏ မိသားစုဝင်များနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိဟု အကြိမ်ကြိမ် ရှင်းပြ ခဲ့သော်လည်း ရဲမှူး ငြိမ်းချမ်းအေးက ငွေကျပ် ၁၀ သိန်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ အမှုကို အကြောင်းပြ၍ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျဦး တို့သည် ရဲမှူး ငြိမ်းချမ်းအေး လက်မှတ်ထိုးထားသည့် စာတစ်စောင်ကို ကိုင်ဆောင်၍ ဖမ်းဆီးခံထားရသူက ထွက်ဆိုသည်ဟု ဆိုကာ အလယ်သံကျော် ဈေးတွင် ဆိုင်ကယ် ပြုပြင်သူ ချိန်ခါလီရွာသား ဦးအေနာယာဒ်အူလ္လာ (ဘ၀ ဦးအဒူမော်ဂျီး ထံမှ ငွေကျပ် ၅ သိန်း၊ လဘက်ရည်ဆိုင် ပိုင်ရှင် ဖြစ်သူ ဦးဟာဖီဇူလ္လာ (ဘ) ဦးဆုလ်တာန် ထံမှ ငွေကျပ် ၁၀ သိန်းကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်၍ တောင်းခံလျက် ရှိသောကြောင့် ဆိုင်မဖွင့်ရဲတော့ဘဲ ရှောင်တိမ်း နေရကြောင်း သိရသည်။ ထို့အပြင် ဦးမောင်သက်နိုင်နှင့် ဦးကျော်ဇေယျဦး တို့သည် အဆိုပါ စာရွက်ဖြင့် အခြားသော ဆိုင်ရှင်များ ထံမှလည်း ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။

ဂေါ်ဒူသာရ တံတားကင်းစခန်းတွင် ဖမ်းဆီးခံရသူတွင် အမှန်တကယ် အပြစ်ရှိပါက တရားဥပဒေဖြင့် တရားစီရင် ရမည် ဖြစ်သော်လည်း အာဏာပိုင်များက တရားစီရင်ခြင်းထက် အဆိုပါ အမှုကို အကြောင်းပြ၍ မသက်ဆိုင်သူများထံမှ ငွေညှစ်ခြင်းသည် မောင်တောခရိုင်၏ အလေ့အထ တစ်ခု ဖြစ်နေသည်မှာ ယခင် စစ်အစိုးရ လက်ထက်မှပင် ဖြစ်သည်။ ထို့အပြင် တရားဥပဒေနှင့် ငြိစွန်းခြင်း မရှိလျှင်လည်း အကြောင်းမဲ့ ငွေညှစ်ခြင်းကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိပြီး၊ နိုင်ငံတော် အစိုးရ မောင်တောခရိုင်တွင် တရားဥပဒေ စိုးမိုးရေး ကိစ္စကို ကိုင်တွယ် ဖြေရှင်းရန် မည်သည့်အခါမှ ကြိုးစားခြင်း မရှိသည်ကို တွေ့ရှိရသည်။



MYARF & Rohingya Eye
RB News
17.1.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံက အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဖမ်းဆီး၍ ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး လက်သို့ အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံနှင့် အပေါင်းအပါ ၁၀ ဦးခန့်တို့သည် ၎င်းနှင့် ရန်ငြိုးရှိသူ အရှေ့ရွာမှ ဦးအဒူမူနာဖ် (ဘ) ဦးဘောဆိရ်အာမတ် (အသက် ၃၀ နှစ်) ကိုဖမ်းဆီးရန် ဦးအဒူမူနာဖ်၏ နေအိမ်တွင် ၀င်ရောက် ရှာဖွေရာ မတွေ့ရှိသဖြင့် ဦးအဒူမူနာဖ်၏ မိခင်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် ဦးအဒူမူနာဖ်ကို ရှာဖွေ ဖမ်းဆီးပြီး၊ ဒုချီးရားတန်းရှိ ယောက္ခမအိမ်သို့ အလည်ရောက် နေသူ ဂေါ်ဒူသာရ ရွာသား နူရူအစ္စလာမ် (အသက် ၃၀ နှစ်) ကိုလည်း ဖမ်းဆီးခဲ့သည်။

ကျေးရွာ တာဝန်ခံက ဖမ်းဆီးထားသူ နှစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် လာစဉ် လမ်းတွင် မိုဟာမတ် တာဟဲရ် (ဘ) ဦးအဒူရာဇတ် (အသက် ၂၅ နှစ်) ကိုတွေ့သဖြင့် မိုဟာမတ်တာဟဲရ်ကိုပါ ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး ရုံး၌ ကြိုးဖြင့် ချည်နှောင်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် ကျေးရွာ တာဝန်ခံက ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးကို ဖုန်းဆက်၍ ခေါ်ကာ ဖမ်းဆီးထားသူ များကို အပ်နှံခဲ့သည်။ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဖမ်းဆီးထားသူများနှင့် အတူ ကျေးရွာ တာဝန်ခံကိုပါ ခေါ်ဆောင်သွားပြီး၊ တစ်ဖန် ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ဒုချီးရားတန်း ကျေးရွာသို့ ပြန်လာ၍ ဦးအာဇီမူလ္လာ (ဘ) ဦးကူလ်လာမျာ (အသက် ၃၇ နှစ်) ၏ ၀န်းရံကာ ဦးအာဇီမူလ္လာကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူများကို ဂေါ်ဒူသာရရှိ တံတား ကင်းစခန်းတွင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး နံနက်ပိုင်းတွင် မောင်တော ရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကျေးရွာ တာဝန်ခံ၏ ရိုက်နှက်မှုကြောင့် ဦးအဒူမူနာဖ်၏ မိခင်မှာ သေလုမျောပါး ဖြစ်နေကြောင်း သိရသည်။

“ဖမ်းတာတော့ ဘာအကြောင်းမှ ရှိလို့ ဖမ်းတာ မဟုတ်ဘူး။ ကျေးရွာ တာဝန်ခံနဲ့ မကြည်လို့ တမင် ဖမ်းပြီး ရဲမှူး ငြိမ်းချမ်းအေး လက်ကို အပ်လိုက်တာ။ သူတို့ကို ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနဲ့ မသင်္ကာဘူး ဆိုပြီး တရားစွဲမယ်၊ အဲဒါ မအောင်မြင်ရင် မီးရှို့မှုနဲ့ တရားစွဲမယ်။ မတရားထောင်ချမယ်။ အရင်လည်း အဲဒီလို လုပ်ခဲ့ဖူးတာတွေ ရှိတော့ အခုလူတွေကိုလည်း အဲလိုဘဲ လုပ်မယ်လို့ ထင်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။




RB News
16.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်တွင်လည်း ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များက ပါဝင်ရန် ဆန္ဒ မရှိသော်လည်း၊ အုပ်ချုပ်ရေးမှူး၏ ခြိမ်းခြောက်မှု များကြောင့် သုံးပုံ တစ်ပုံခန့် ပါဝင်ခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များက ပြန်လည် အသက်သွင်း လာသည့် ယခင် န.စ.က လက်ထက်က ဆွဲ၊တင်၊စစ် တွင် ပါဝင်ရန် ဆန္ဒ မရှိသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်လှိုင်ဦး၏ ခြိမ်းခြောက်မှု၊ ရိုက်နှက်မှု များကြောင့် သုံးပုံတစ်ပုံခန့် ပါဝင်ခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“၁၃ ရက်နေ့ မနက် ၉ နာရီမှာ ဆွဲ၊တင်၊စစ် အဖွဲ့ရောက်လာတယ်။ နေ့လည် ၁၂ နာရီထိ ဘယ်သူ့မှ အစစ်မခံခဲ့ဘူး။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရပ်ကွက်သား အချို့ကို ခေါ်ပြီး ခြိမ်းခြောက်၊ ရိုက်နှက်ပြီးတော့ အတင်း အစစ်ခံ ခိုင်းခဲ့တယ်။ ကျွန်တော်တို့ဆီမှာ ဘယ်သူ့မှ အစစ်ခံဖို့ ဆန္ဒမရှိခဲ့ဘူး။ တစ်ခါ ၁၄ ရက်နေ့မှာ ဦးမောင်လှိုင်စိုးက ဆင်းရဲပြီး အားကိုးရာ မရှိတဲ့ မိသားစုတွေကို ရိုက်နှက် ခြိမ်းခြောက် ပြီးတော့ အစစ်ခံခိုင်း ခဲ့တယ်။ ၁၅ ရက်နေ့မှာတော့ ဦးမောင်လှိုင်စိုးက တုတ်တစ်ချောင်း ကိုင်ပြီး ရပ်ကွက်ထဲ ပတ်တယ်၊ သူ့ရှေ့မှာ တွေ့သမျှ လူတွေကို ရိုက်နှက်၊ ခြိမ်းခြောက်တော့ မိသားစု အချို့ အစစ်ခံလိုက် ရတယ်။ ဒီနေ့တော့ သောကြာနေ့မှာ သူတို့ အားလပ်ရက် ဆိုပြီး မလာကြဘူး။ ရပ်ကွက်ထဲမှာ ဘယ်သူ့မှ အစစ်ခံဖို့ ဆန္ဒမရှိတော့ သူတို့ အကြမ်းဖက် နေရတယ်။ အဲဒါကြောင့် ဘယ်လို ပုံသဏ္ဍန်မျိုးနဲ့ ဆက်ပြီး စစ်မယ်ဆိုတာ အစည်းအဝေး လုပ်နေကြလို့ ဒီနေ့ကို အားလပ်ရက် ဆိုပြီး ကြေညာထားတာ ဖြစ်မယ်လို့ ထင်တယ်” ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
လာရောက် စစ်ဆေးသည့် အဖွဲ့တွင် ဌာနပေါင်းစုံ အပြင် လုပ်ငန်းနှင့် မဆိုင်သည့် ရခိုင်ခေါင်းဆောင် များလည်း ပါဝင်ကြောင်း သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဘူးသီးတောင် မြို့နယ်ရှိ ကျေးရွာအုပ်စု၊ ရပ်ကွက် ၈၅ ခုတွင် အဆိုးဆုံး အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အာဏာပိုင်များက ဦးမောင်လှိုင်စိုးကို နေရာတကာတွင် ပါဝင်စေသည့် အတွက် ပိုမို၍ အာဏာရ ထားသည့် သဖွယ် ဖြစ်လာပြီး၊ ရပ်ကွက်သူ/သား များကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ မကြာခဏ ပြုလုပ်သည်ဟု သိရသည်။

“ဦးမောင်လှိုင်စိုးကတော့ ဘူးသီးတောင်မှာ အဆိုးဆုံး အုပ်ချုပ်ရေးမှူး တစ်ယောက်ပါ။ သူ့ရဲ့ ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး အထက် အာဏာပိုင်တွေကို သွားပြီး တင်ပြရင်လည်း တင်ပြသူသာရဲ့ အပြစ်သာ ဖြစ်သွားပြီး၊ ငွေညှစ်ခံရတယ်။ ကံဆိုးရင် ထောင်ပါ ချခံရတယ်။ ဦးမောင်လှိုင်စိုး ကိုတော့ ဘယ်တုန်းကမှ အရေးယူတယ် ဆိုတာ မရှိဘူး” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း မောင်တော မြို့နယ် ကဲ့သို့ ဆွဲ၊တင်၊စစ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

“ငွေကြေးကတော့ မောင်တောမှာ ကောက်တဲ့ အတိုင်း ဒီမှာလည်း ကောက်နေပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို ပုဝါချွတ်ခိုင်း၊ ခြုံထည် ချွတ်ခိုင်း၊ မော်လ၀ီ တွေကို ကုရ်သာ ချွတ်ခိုင်း၊ ဦးထုပ် ချွတ်ခိုင်း၊ ပြီးတော့ မိန်းမပျို တွေကို သားပြော မယားပြော စကားပုံစံတွေနဲ့ ပြောတာတွေ၊ ကျွန်တော်တို့လည်း ဒီအစိုးရ တက်လာမှ အရင်ကထက် ပိုဆိုးတဲ့ အခြေအနေ ဖြစ်နေပါပြီ” ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဗျူဟာကြား စခန်း ဆိုင်တန်း ဆိုင်အမှတ် (၂) ရှိ ဟိန္ဒူ လူမျိုး မောင်လှ၏ ကွမ်းယာဆိုင်တွင် အမြဲထိုင်၍ လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး နှောက်ယှက်သည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကားမှုများ မကြာခဏ ပြုလုပ်ကြောင်း သိရသည်။

“ဦးမောင်လှိုင်စိုးက အမြဲလိုလို မောင်လှရဲ့ ကွမ်းယာဆိုင်မှာ ထိုင်တယ်။ လမ်းသွားလမ်းလာ တွေကို ကိုယ်ထိ လက်ရောက် စော်ကားတယ်၊ ၁၄ ရက်နေ့ကလည်း “ငါ-ိုးမသား ဘင်္ဂလီတွေ ရိုဟင်ဂျာ လုံးဝ မဖြစ်နိုင်အောင် ဆက်ပြီ ဒုက္ခပေးမယ်” ဆိုပြီး အော်ပြောတယ်။ မောင်လှဆိုတဲ့ လူက ရိုဟင်ဂျာနဲ့ ရခိုင်တွေကို ရန်တိုက်ပေးတဲ့ အလုပ်လည်း လုပ်တယ်။ သူ့ဆီမှာ ကွမ်းဝယ်တဲ့ လူတွေဆီက စကားနှိုက်တယ်၊ ပြီးရင် တဖက်ကို နောက်တစ်မျိုး ပြောပြီး ရန်တိုက်တယ်။ သူကိုယ်တိုင်က ရိုဟင်ဂျာတွေကို နှိပ်စက်ဖို့ တွန်းအားပေးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာတွေ ရှိတော့ ဦးမောင်လှိုင်စိုးက အဲဒီဆိုင်မှာဘဲ ရုံးခန်း ဖွင့်ထားသလို လုပ်ထားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့မှ မီးလောင်ပြင် တစ်နေရာ


MYARF
RB News
16.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာတွင် မိသားစု (၄) စု နေထိုင်သော အိမ်နှစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ကြိမ်ချောင်း ရဲစခန်းမှ ရဲများက အိမ်ရှင်များထံမှ ငွေကျပ် သိန်း ၃၀ ညှစ်ယူရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာ အုပ်စု၊ နိယာရ်ဘိလ် ကျေးရွာတွင် မိသားစု နှစ်စုစီ နေသော ပူးတွဲ အိမ်နှစ်လုံး မီးလောင်၍ ပြာကျ သွားခဲ့သည်။ ဦးရှော်မူလုခ် (ဘ) ဦးအိုင်ရ်ရှော်ရိဖ်နှင့် ညီဖြစ်သူ နေသောအိမ်နှင့် ဦးအီမာန်ရှော်ရိဖ် (ဘ) ဦးအိုင်ရ်ရှော်ရိဖ်နှင့် ၎င်း၏ ညီဝမ်းကွဲ ဦးရှုကူရ် (ဘ) ဦးဆူလေမန် တို့နေထိုင်သည့် အိမ်များ ဖြစ်ကြောင်း သိရသည်။ ဦးရှော်မူလုခ်၏ နေအိမ်မှ ပေါ့ဆမှုကြောင့် မီးစတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မီးလောင်ပြီးနောက် ကြိမ်ချောင်း ရဲစခန်းမှ ရဲများ ရောက်ရှိလာခဲ့ရာ အမျိုးသားများက မေးခွန်း မမေးမြန်းမှီ လူမဆန်စွာ ရိုက်နှက်မည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့သည်။ ထို့နောက် ရဲများက အမျိုးသမီး များကို အကြောင်းစုံ စစ်ဆေး မေးမြန်ခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အကယ်၍ ငွေကျပ် သိန်း ၃၀ မပေးနိုင်ပါက မိသားစု (၄) စုလုံးကို ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက် နေကြောင်း သိရသည်။

ပေါ့ဆမီးကြောင့် မီးလောင်သည့် အိမ်မှ အိမ်ရှင် ဖြစ်သူကို ဥပဒေ အရ ဆောင်ရွက်သင့်သည် များကို ဆောင်ရွက်ပြီး၊ မီးဘေးသင့် ဒုက္ခသည် များကို အာဏာပိုင်များက ကူညီရမည် ဖြစ်သော်လည်း၊ မကူညီသည့် အပြင် ယခုကဲ့သို့ ငွေညှစ် နေခြင်းမှာ အလွန်ပင် ဥပဒေမဲ့ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။



Rohingya Eye
RB News
16.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက ဒေသခံ (၄) ဦးကို ငွေမပေးပါက ဖမ်းဆီး ထောင်ချမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ကတဆင့် ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး၏ ကိုယ်ရံတော် ရဲတပ်သား တစ်ဦးသည် ၀ါးချ ကျေးရွာရှိ ဦးရော်ရှိတ်အာမတ် (ဘ) ဦးအလီအာမတ် (အသက် ၄၅) နှစ်၏ နေအိမ်သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး မပါဘဲ ဘင်္ဂလား ဆင်းမ်ကဒ် ရှာဖွေသည်ဟု အကြောင်းပြကာ တစ်ဦးတည်း ၀င်ရောက်၍ ဦးရော်ရှိတ်အာမတ်၏ ဇနီးဖြစ်သူ ဒေါ်ဒိလ်ဘာဟာရ်၏ လည်ပင်းမှ ဆွဲကြိုးကို အတင်းဆွဲပြီး လုယက်နေစဉ် သားဖြစ်သူ မောင်အလီဇူဟာရ် (အသက် ၁၅ နှစ်) က ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းသဖြင့် အိမ်နီးချင်းများ ရောက်ရှိလာခဲ့ရာ ၎င်းရဲတပ်သားက စီးလာသည့် ဆိုင်ကယ်ကို ထား၍ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ လုယက်သည့် ရဲတပ်သား ထွက်ပြေးသွားပြီးနောက် နာရီဝက်ခန့် အကြာတွင် နယ်ခြားစောင့်ရဲ (၁၅) ဦးခန့် ရောက်ရှိလာပြီး ရွာကို ၀ိုင်းရံ ပိတ်ဆို့ ခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအဒူကော်ရီးမ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ အချိန်မှီ ဖုန်းဆက်၍ အကြောင်းကြား ခဲ့သဖြင့် ပြဿနာ  တစ်စုံတစ်ရာ မဖြစ်ခဲ့ဘဲ၊ နယ်ခြားစောင့် ရဲများ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယခုအခါ အလယ်သံကျော် ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၇) နယ်မြေ၊ နယ်မြေမှူးက ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူကော်ရီးမ်အား ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် (၅) သိန်း တောင်းပေးရန်၊ အကယ်၍ မတောင်းပေးပါက ၎င်းတို့ကို ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

ငွေကျပ် ၅ သိန်း ပေးရမည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ --

(၁) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအလီအာမတ် (အသက် ၄၅ နှစ်)
(၂) အီစ္စမိုင်လ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၅ နှစ်)
(၃) ဟာမိတ်ဟူဆောင်း (ဘ) ဦးဟာရွန် (အသက် ၁၄ နှစ်) နှင့် အခြား တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ (၄) ဦးကို မည်သည့် အကြောင်းပြချက်ဖြင့် ငွေညှစ်လျက် ရှိသည်ကို မသိရှိ ရသော်လည်း၊ မောင်တော ခရိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား များသည် လက်နက်နှင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ၎င်းတို့ အကြောင်းမဲ့ ငွေညှစ်လျှင်လည်း ဒေသခံများကို ဥပဒေက ကာကွယ်မပေး သဖြင့် တောင်းသမျှ ငွေကိုပေး၍ သူပုန်များ လက်ထဲတွင် ရောက်နေသည့် ပမာ နေထိုင်နေကြရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



RB News
16.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ဆင်အိုး ကျေးရွာ တာဝန်ခံက ၎င်း၏ အိမ်တွင် ရွာသားများ ကင်းစောင့်ရန် ပျက်ကွက်သော ရွာသားများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ ညက မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ဆင်အိုး ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူသည် ၎င်း၏ အိမ်တွင် ရွာသားများ ကင်းစောင့်ရန် ပျက်ကွက် သဖြင့် ရွာသား (၄) ဦး ထံမှ ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ခံရသည့် ရွာသား (၄) ဦးမှာ --

(၁) ဦးအာဘူရှာမား (ဘ) ဦးအာဘူလ်ဟူစိန်း
(၂) ဦးနူရ်ဟူစိန်း (ဘ) ဦးဒိလ်မာမတ်
(၃) ဦးအော်လီအုလ္လာ (ဘ) ဦးမာမတ်ဒူလ်ဟောက်
(၄) ဦးမာမတ်ဟူဆောင်း -- တို့ဖြစ်သည်။

ကျွန်းပေါက် ဆင်အိုး ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံသည် လက်ထပ်ခွင့် တစ်ခုအတွက် ပင်လျှင် ငွေကျပ် ၅ သိန်းခန့် ညှစ်ယူပြီး၊ ရရှိထားသည့် ရာထူး အရှိန်အ၀ါကို အသုံးချ၍ ဆင်းရဲသည့် ဒေသခံ ရွာသားများထံမှ မကြာခဏ ငွေညှစ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုကဲ့သို့ ရာထူး အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်နေခြင်း များကို အထက် အာဏာပိုင်များက အရေးယူ ဟန့်တား ပေးပါရန် ဒေသခံ ရွာသားများက တောင်းဆိုကြောင်း၊ အရေးယူ ဟန့်တားခြင်း မပြုလုပ်ဘဲ ယခုကဲ့သို့ ဆက်လက်၍ ငွေညှစ်နေပါက ရွာသားများနှင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရွာတာဝန်ခံ၏ အိမ်တွင် ကင်းစောင့်ပေးရန် ရွာသားများတွင် တာဝန်မရှိသော်လည်း အမှုဆင်၍ ဖမ်းဆီး ထောင်ချမည်ကို စိုးရိမ်၍ ကင်းစောင့်ပေးနေသည်ကြားမှ ပျက်ကွက်လျှင် ငွေညှစ်ခြင်းနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

ပန်းတောပြင် တံတား၊ မောင်တောမြို့


RB News
16.1.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ ကျောင်းသား/သူ များ ကျူရှင် တက်ရန် သွားနေစဉ် ပန်းတောပြင် တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက အနှောက်အယှက် ပေးခဲ့ပြီး၊ ကျောင်းသား/သူများ ပညာမသင် ရရေးက ၎င်းတို့အတွက် ပိုအရေးကြီးသည့် အလုပ် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် မောင်တောမြို့သို့ အ၀င် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများက လမ်းသွား လမ်းလာ များကို အကြောင်းမဲ့ အနှောက် အယှက် မျိုးစုံ ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ နံနက်ပိုင်းတွင် ကျူရှင် တက်ရန် သွားနေသည့် ကျောင်းသား/သူ များထံမှ မှတ်ပုံတင်ပြခိုင်းခြင်း၊ ရောင်းဝယ် ဖောက်ကားရန်နှင့် ဈေးဝယ်ရန် လာသူများကို ရွာထွက် လက်မှတ် ပြခိုင်းခြင်း၊ မချေမငံ ဆက်ဆံမှုများ ပြုလုပ်သည့် အပြင် ကျောင်းသား/သူ များကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

“ကလေးတွေ မနက်စောစော ကျူရှင်သွားတက်ကြတာ၊ အဲဒါကို မှတ်ပုံတင်ပြမှ စခန်းကျော် ခွင့်ပြုမယ်တဲ့။ အဲဒီ ကျောင်းသားတွေ ဘာလို့ ကျောင်းစိမ်း မ၀တ်တာလဲ မေးတယ်၊ စာမေးပွဲနီးလာလို့ အပြင်မှာ ကျူရှင် သွားတက်တာပါ၊ အရေးကြီးတဲ့ အချိန်မို့ သွားခွင့်ပြုပါဆိုပြီး အနူးအညွတ် တောင်းပန်ပြီး ပြောပေမယ့်လည်း “မင်းတို့ ကုလားတွေ ပညာမသင်ရဖို့က ငါတို့အတွက် ပိုအရေးကြီးတယ်” ဆိုပြီး ပြောလိုက်တာ ကလေးတွေ တော်တော်လေး စိတ်ညစ်သွားတယ်။ ကလေးတွေက ပြန်မသွားကြဘဲ သွားခွင့်ပေးမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စခန်းအနီးမှာ စုရပ်နေတော့ ရဲတွေသွားပြီး ရိုက်နှက်တော့တာဘဲ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့ပေါ်တွင် ရောင်းဝယ် ဖောက်ကား၍ အသက် မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးက “ဒီစခန်းက မောင်တောမြို့ကို ၀င်တဲ့ စခန်းပါ၊ အနီးအနား ကျေးရွာက လူတွေ မြို့ပေါ်မှာ ရောင်းဝယ် ဖောက်ကားဖို့ နေ့တိုင်း သွားနေရတယ် ဆိုတော့ အခုလို နှောက်ယှက်တော့ အခက်ကြုံတာပေါ့။ ရွာထွက် လက်မှတ်ပြတော့လည်း ကုလား အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကို ငါတို့ တိုင်းရင်းသားတွေ နာခံရမလားတဲ့။ နောက်ဆုံးတော့ တံတားဖြတ်ခ ဆိုပြီး ငွေ ၅၀၀ စီပေးရတယ်” ဟု ပြောပါသည်။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အမြဲစောင့်ကြည့် လေ့လာနေသူ တစ်ဦးက “ပန်းတောပြင် တံတား ကင်းစခန်းမှာ ရှိတဲ့ ဗိုလ်လတ်က ဘောလုံးပွဲ လောင်းကစားတာ ၀ါသနာ အရမ်း ထုံတယ်။ စနေ၊ တနင်္ဂနွေနေ့မှာ အင်္ဂလန် ပရီမီးယားလိဂ် ဘောလုံးပွဲတွေ ရှိနေတော့ ဘောလုံးပွဲ လောင်းဖို့ အခုလို ကြိုတင် ငွေရှာနေတယ်လို့ ထင်တယ်” ဟု ဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ပညာရေး မြှင့်တင်ရမည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ကျောင်းများ၌ စာသင်ကြားပေးမည့် ဆရာ/မများ မရှိခြင်း၊ ယခုအခါ ကျူရှင် တက်ရန် သွားနေသည့် ကျောင်းသား/သူ များကိုပင် နယ်ခြားစောင့်ရဲများက ရန်မူလျက် ရှိသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတကာ ကျေနပ်အောင် ပြောဆိုနေခြင်း မဟုတ်ဘဲ၊ အမှန်တကယ် ပြောဆိုနေခြင်း ဆိုပါက ရခိုင်ပြည်နယ် အတွင်းရှိ လက်နက်ကို အာဏာပိုင်များ၏ အာဏာ အလွဲသုံးစား ပြုလုပ်မှုများကို ချက်ချင်း ရပ်တန့်ရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။



ဒေါ်ခင်စိုးဝင်း
16.1.2015

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski က ကချင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ၂ ဘက် ယုံကြည်မှု လစ်ဟင်း နေတာကြောင့်လို့ သုံးသပ်လိုက်ပြီး ငြိမ်းချမ်းရေး အတွက် ဆက်လက် ကြိုးပမ်းကြဖို့ အားပေး တိုက်တွန်း လိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ကူညီရေးနဲ့ နိုင်ငံသား အဖြစ် အသိအမှတ် ပြုရေးမှာ ခွဲခြား ဆက်ဆံတာတွေ မလုပ်စေ လိုကြောင်းလည်း ထောက်ပြ လိုက်ပါတယ်။ ဒီနှစ်အတွင်း ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း အမေရိကန် ပြည်ထောင်စုက ပွင့်လင်း မြင်သာစွာ အကူအညီ ပေးဖို့ရှိ တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက ဆက်ပြောပြပေးပါမယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး မကြာမှီမှာပဲ ဖားကန့်ဒေသက တိုက်ပွဲသတင်းကြားရလို့ စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းပြောရင်း လက်ရှိ ပဋိပက္ခ အခြေအနေကို အခုလို သုံးသပ်လိုက်ပါတယ်။

“ကချင်ပြည်နယ်မှာ ရိုးရာပွဲတခု ကျင်းပပြီး မကြာခင် လွန်ခဲ့တဲ့ ၂ ရက် အတွင်းဖြစ်ခဲ့တဲ့ ကိစ္စမှာ ဘယ်ဘက်က မှားတယ်၊ မှန်တယ် မပြောဘဲနဲ့ ကျနော်တို့ တကယ် သိသိသာသာ တွေ့မြင်ချင်တာကတော့ လူတွေ တိုက်ခိုက်ကြရင်း သေဆုံး ထိခိုက်ရတာတွေ အဆုံးသတ်စေချင် တာဘဲဖြစ်ပါတယ်။ နှစ်ဘက်ကြား ယုံကြည်မှု လစ်ဟင်းနေတာကြောင့် ဒီလို တင်းမာမှုတွေ တိုးလာတာကို မအံ့သြမိပါဘူး။ ကချင်ပြည်နယ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတိုင်းလိုလိုဟာ ငြိမ်းချမ်းရေးကို အဖြစ်နိုင်ဆုံးနဲ့ အမြန်ဆုံး လေးလေးနက်နက် လိုချင်နေကြတယ် ဆိုတာ ကျနော်တို့ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ စစ်တိုက်ပြီးမှရတဲ့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ တရားမျှတတဲ့ငြိမ်းချမ်းရေး၊ မှန်ကန်သင့်တော်တဲ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး၊ နှစ်ပေါင်းများစွာ ဒုက္ခတွေခံစားခဲ့ကြတဲ့လူထုအတွက် သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ရပါမယ်။ ဒါကြောင့် ပဋိပက္ခ အဆုံးသတ်ရေး နှစ်ဘက် သဘောတူညီမှုရအောင် အစိုးရက စေ့စပ်ကြိုးပမ်းနေတာကို မိတ်ဆွေဖြစ်တဲ့ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး အားပေးနေတာဖြစ်ပါတယ်။ အဲဒီ့ကနေနိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးနေပါတယ်။"

ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ ဒုတိယအကြိမ်မြောက် အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲကို နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ရာမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောပါတယ်။ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေနိုင်ခဲ့တယ်လို့ အခုလို ဆိုပါတယ်။

"ဒီကိစ္စဟာ နိုင်ငံရေးအရ သိပ်ကို ရှုတ်ထွေးတယ်ဆိုတာ ကျနော်ပြောဖို့လိုမယ် မထင်ပါဘူး။ အခုလောလောဆယ် နိုင်ငံရေးအရ ဘယ်လို ရေစီးကြောင်းတွေ ပြောင်းလဲနေသလဲ ဆိုတာနဲ့ ဒီကိစ္စ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကိုလည်း ပြောဖို့မလိုပါဘူး။ အချုပ်အခြာ အာဏာပိုင်တဲ့ အစိုးရတရပ် အတွက် နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုလည်း ကျနော်တို့က ချမှတ်ပေးလို့ မရသလို ကျနော်တို့ပြောရမယ့်နေရာလည်း မဟုတ်ပါဘူး။ ကျနော်တို့လုပ်နိုင်တာ အားလုံးကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ဘဲဖြစ်ပါတယ်။ ကမ္ဘာတဝန်းက တခြားနေရာတွေမှာလို ကျနော်တို့နိုင်ငံမှာလည်း အစွန်းရောက်တာတွေ၊ အကြမ်းဖက်မှုတွေစတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ပေါ်အခြေခံပြီး အကြံပေးနိုင်ပါတယ်။"

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြံပြုချက်တွေနဲ့ အတူ အခုလိုတိုက်တွန်းခဲ့တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

“ချက်ချင်းလုပ်ပေးဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ အချက် ၃ ချက်ကိုထောက်ပြနိုင်ခဲ့ပါတယ်။ နံပါတ် ၁ ကတော့ အကူအညီလိုအပ်နေတဲ့ သူတွေဆီ အကန့်အသတ်မရှိ စာနာမှု အကူအညီတွေပေးပို့နိုင်ရေးဖြစ်ပါတယ်။ ဒီ သီတင်းပတ်အတွင်း လူသားချင်းစာနာမှု ကူညီရေးအဖွဲ့တွေကို ဒုက္ခသည်တွေဆီ သွားလာခွင့်ပေးခဲ့တဲ့ အတွက် ကြိုဆိုပါတယ်။ နောက်ထပ်လည်း ခွင့်ပြုလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံမဲ့ ဒုက္ခသည်တွေကို စခန်းတွေမှာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး နိုင်ငံကနေနှင်ထုတ်ထားတဲ့ အစီအစဉ်ပြန်လည် စဉ်းစားဖို့ဖြစ်ပါတယ်။ တတိယအချက် ကတော့ နိုင်ငံသားအဖြစ် သတ်မှတ်တဲ့နေရာမှာ လူမျိုးဘာသာ ခွဲခြားတာတွေ မလုပ်စေလိုဘဲ၊ သူတို့ရဲ့ လူမျိုးနဲ့ ဘာသာကို ဖေါ်ပြဖို့ မလိုဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေးစတဲ့ အချက်တွေဘဲဖြစ်ပါတယ်။"

ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ အထမြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပံ့ပိုး အကူအညီပေးနေတဲ့ အကြောင်း နဲ့ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်ပေးနေတဲ့ အမေရိကန် သံအမတ်ကြီး Derek Mitchell က အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံမှာရှိကြတဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ ကျနော်တို့ ပူးပေါင်းပြီး သိပ်ကို ရှုတ်ထွေးလှတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးနိုင်ဖို့ ထဲထဲဝင်ဝင် ညှိနှိုင်းဆောင်ရွက်နေတာ ၆ လ လောက်ရှိပါပြီ။ ထဲထဲဝင်ဝင် ဆိုတဲ့နေရာမှာ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေ၊ နိုင်ငံရေးပါတီတွေ၊ CSOs လူထုခြေပြုအဖွဲ့အစည်းတွေကို မဲဆန္ဒရှင် မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲ အသိပညာပေး တာတွေဆောင်ရွက်နေ ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ အကဲခတ်လေ့လာရေး ဆောင်ရွက်နိုင်ဖို့လည်း ပါဝင်ပါတယ်။ ဒီနေ့မနက်မှာဘဲ ကျနော်တို့ဘာတွေလုပ်နေသလဲဆိုတဲ့ သတင်းအချက်အလက်တွေ အားလုံးကို စုစည်းပြီး ပွင့်လင်းမြင်သာအောင် ရုံးတွင်း ဆွေးနွေးခဲ့ကြပါသေးတယ်။ USAID ကနေ ရွေးကောက်ပွဲဆိုင်ရာ နည်းပညာပံပိုးမှုကအစ တတ်နိုင်တဲ့ဘက်က ပွင့်ပွင့်လင်းလင်း ကူညီနေပါတယ်။”

နေပြည်တော်မှာ ဇန်နဝါရီလ ၁၄ နဲ့ ၁၅ရက် နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲ မှာ နိုင်ငံရေးအကျဉ်းသားတွေ အရေး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးခွဲ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအခြေအနေ မြေယာအရေး ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး IDP ခေါ် အခြေအနေမဲ့ ဒုက္ခသည်တွေ အရေးနဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး မှာ နိုင်ငံတကာဥပဒေတွေနဲ့ အညီ ပြန်လည်သုံးသပ်ရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။



အောင်ရဲ မောင်မောင်
16.1.2015

ရခိုင်ပြည်နယ်ရဲ့ ပြသနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေး ဖြစ်စေပြီးတော့ ကုလအဖွဲ့ဝင် နိုင်ငံ အားလုံးနဲ့ ပါ သက်ဆိုင် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် က ဒီကနေ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆို သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အတွင်း နှစ်ဖက် အသိုင်း အဝိုင်း အကြားမှာ ရန်လိုမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ သူမကို ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံ ကိုတော့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

မစ္စယန်ဟီးလီးရဲ့ ၁ဝ ရက်မြောက် နောက်ဆုံးနေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သတင်းမီဒီယာတွေကို တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ သူ့သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အဓိက ထားပြောဆိုသွားတာကိုတွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ပြသနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေးတွေဖြစ်နိုင်ပြီး ကုလအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ပါ သက်ဆိုင်နေပြီိး ဒီကိစ္စအပေါ် အခြေတည်ပြီး အသက်ဆုံးရှုံး မှုတွေ အထိပါ ကြုံတွေ့နေရတယ်လို့ မစ္စယန်ဟီးလီး ကပြောပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်က အသိုင်းအဝိုင်း နှစ်ခုအကြား ရန်လိုနေသေးတဲ့ အခြေအနေ ရှိနေဆဲဘဲ လို့ အတည်ပြုသလို၊ ရပ်မိရပ်ဖတွေနဲ့ ကျမ ဆွေးနွေးခဲ့တုံးကလည်း ဒီအတိုင်းပဲ အတည်ပြုကြတာပါဘဲ။ ဒါဟာ လက်ခံနိုင်စရာကောင်းတဲ့ အခြေအနေလို့ ကျမ သဘောမထားပါဘူး။ IDP ဒုက္ခသည်တွေ ထိန်းသိမ်းထားတဲ့အခြေအနေ၊ သူတို့ရဲ့ အခွင့်အရေးတွေကို ကန့်သတ် ချုပ်ချယ်တာတွေ၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမမှီအောင် ကန့်သတ်ထားတာတွေကို မဖြစ်မနေ ချက်ချင်း ကိုင်တွယ်ဖို့လိုပါတယ်။ ကျမ ဒီကိုမရောက်ခင်အထိ နိုင်ငံတကာ NGO တွေကို ဒုက္ခသည်စခန်းတွေဆီ တပတ်ကို တကြိမ် သွားခွင့်ပြုခဲ့ရာက အခု ၃ ကြိမ်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ လုံလောက်တဲ့ အခြေအနေရောက်ဖို့ အများကြီးလိုနေပါသေးတယ်။”

ရခိုင်ပြည်နယ်အတွက် အဖြေရှာဖို့ဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ဗဟိုပြုဖြေရှင်းရပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင် အသိုင်းအဝိုင်းတခုလုံးကို သိမ်းကျုံး ဒဏ်ပေးတဲ့နည်းနဲ့ အဖြေရှာလို့ မရသလို ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ကန့်သတ်တဲ့ လတ်တလောအခြေအနေကို ဆက်လုပ်သွားမယ်ဆိုရင် တင်းမာမှုတွေ၊ ဒေါသတွေ ပိုတိုးလာဖို့ ရှိတယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ပြသနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေးတွေဖြစ်နိုင်ပြီး ကုလအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ပါ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာတွေကြောင့် လူမှောင်ခိုတာတွေဖြစ်အောင် တွန်းအားပေးနေ သလို ခိုလှုံခွင့်တောင်းသူတွေ အများအပြားကို မွေးထုတ်ပေးနေ တာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကနေ ဒုက္ခတွေရောက်ကြရသလို အသက်ဆုံးရှုံးရတာတွေနဲ့လည်း မကြာခဏကြုံတွေ့နေကြရပါတယ်။”

ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ ၄ မျိုးနဲ့ ပတ်သက်ပြီးလည်း ပြောဆိုသွားခဲ့ပါတယ်။

“ဒီဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်လို့ တရားမျှတမှုရှိအောင် ဆောင်ရွက်ချက်တချို့ကို ရှင်းပြကြပြီး ဒီမူကြမ်းကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုံးတွေနဲ့ အညီ ရေးဆွဲပါ့မယ် လို့လည်း အာမခံကြပါတယ်။ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းမှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ သာယာဝပြောရေး၊ အမျိုးသမီးအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ အတွက် မှတ်ပုံတင်တာမျိုး လိုအပ်တယ်လို့ လည်းရှင်းပြပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲပြောပြော ဥပဒေပြုအမတ်တွေအနေနဲ့ အပြန်အလှန် နားလည်သီးခံမှုနဲ့ အားလုံးသဟဇာတအတူတကွ ယှဉ်တွဲနေထိုင်ကြဖို့အတွက် ဒီဥပဒေကြမ်းတွေကို သေသေချာချာ လေ့လာ သုံးသပ်စေချင်ပါတယ်ဆိုတဲ့ ကျမရဲ့စိုးရိမ်မကင်းဖြစ်ရတာတွေ ကို ပြောပြနိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လိုက်နာမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရတယ်လို့ မစ္စ ယန်ဟီးလီး က သူ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ကုလ အထူးသံအရာရှိ အနေနဲ့ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ရရှိသွားတဲ့ သတင်း အချက်အလက်တွေကို လွတ်လပ်တဲ့ တတိယ အဖွဲ့အစည်းတစ်ခုခု နဲ့ ပြန်လည် စိစစ်ဖို့ ပြောဆိုခဲ့တဲ့အပေါ်မှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ ဆောင်ရွက် ပါသလားလို့ ဗွီအိုအေ က မစ္စ ယန်ဟီးလီးကို ဒီကနေ့သတင်းစာရှင်းလင်းပွဲ အတွင်းမှာ မေးမြန်းခဲ့ပါတယ်။

မစ္စ ယန်ဟီးလီးကတော့ သူ့အနေနဲ့ ရရှိသမျှ သတင်း အချက်အလက်တွေကို သေချာ စိစစ်ပြီးမှ လက်ခံတယ်လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။ မစ္စယန်ဟီးလီး အနေနဲ့ သူ့ရဲ့ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့အရေးလေ့လာ အကဲဖြတ် တစ်ချို့ အပါအဝင် မီဒီယာ လောကထဲက တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

နေပြည်တော်မှာ ၃ ရက် ကြာနေထိုင်ပြီးတော့လည်း အစိုးရ ထိပ်ပိုင်းအရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လေ့လာခဲ့ပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဧပြီလမှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။

ဒီကနေ့မှာဘဲ မစ္စရန်ဟီလီးဟာ ဆန္ဒပြပွဲတရပ်နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အရှင် ၀ီရသူ ဦးဆောင်တဲ့ လူအုပ်ကြီးက လက်သီးလက်မောင်းတန်းပြီးတော့ ကန့်ကွက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အစ္စလာမ်ဆန့်ကျင်ရေး လှုံဆော်တဲ့ ရှပ်အကျီင်္တို့ကို ၀တ်ဆင်ထားကြပြီး Bangledesh က တရားမ၀င် ခိုးဝင်လာသူတွေ အတွက် နာမည်တုတွေ သုံးတာကို အလိုမရှိဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။ လူလိမ်လူညာတွေကို မောင်းထုတ်ပစ် ဆိုပြီး အော်ဟစ်ခဲ့ကြတယ်လို့လည်း ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



MYARF
RB News
15.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီးရှိ အိမ်တစ်အိမ်မှ လုယက်ပြီး အိမ်ရှင် အမျိုးသမီးကို ၎င်းတို့ မလုယက် ခဲ့ကြောင်း လက်ဗွေနှိပ်ခိုင်း ခဲ့ပြီးနောက် ထပ်မံ၍ ခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာသို့ ၀င်ရောက်၍ ဦးတာဟဲရ်၏ နေအိမ်မှ ငွေကျပ် ၁၇ သိန်း ၆ သောင်း၊ ရွှေ ၁၀ ကျပ်သားနှင့် CDMA Huawei G730 ဖုန်းတစ်လုံး တို့ကို လုယက်၍ ဦးတာဟဲရ်၏ ဇနီး ဖြစ်သူကို မည်သည့် ပစ္စည်းမှ မလုယက်ခဲ့ကြောင်း အတင်း အဓမ္မ လက်ဗွေနှိပ် ခိုင်းခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဇန်န၀ါရီ (၁၁) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။ (အပြည့်အစုံ ရှု http://bit.ly/1CcjgLT)

သတင်း ဖော်ပြပြီးနောက် ရဲမှူး ငြိမ်းချမ်းအေးက CDMA ဖုန်းတွင် နဂိုက Mectel SIM ရှိခဲ့သော်လည်း ဘင်္ဂလား SIM တွေ့ရှိသည်၊ ထိုင်းဘတ်ငွေများလည်း မိသည်ဟု ဆိုကာ ထောင်ချမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်တာစ်အုလ္လာမှ တဆင့် ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအေး နှင့် အဖွဲ့သည် ၎င်းတာဝန်ယူထားသည့် နယ်မြေရှိ ရွာများအတွင်းသို့ ညစဉ် ညတိုင်း ၀င်ရောက်၍ ဒေသခံ ရွာသားများကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်လျက် ရှိသည်မှာ အချိန်ကာလ အတော်ကြာမြင့်ပြီ ဖြစ်သလို၊ အထက် အာဏာပိုင်များကိုလည်း ဒေသခံများက မကြာခဏ အကြောင်းကြား ထားပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းကို ယခု အချိန်ထိ အရေးယူခြင်း၊ နောက်နောင် မလုပ်ရန် ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။



Rohingya Eye
RB News
15.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ယခင် န.စ.က ၏ ဆွဲ၊တင်၊စစ် လုပ်ငန်းကို ပြန်လည် စတင်ခဲ့ရာ ဒေသခံ ရွာသားများ ပါဝင်၍ စစ်ဆေး မခံသဖြင့် ရွာတာဝန်ခံ တစ်ဦးနှင့် ရပ်မိရပ်ဖ တစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ အခြားသော လူ့အခွင့်အရေး ချိုးဖောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီ (၁၃) ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက် ကျေးရွာ (ဖေါ်ခီးရ်တောင်) အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက မောင်တောမြို့နယ် တောင်ပြိုလက်ယာ ကျေးရွာမှ ရွာတာဝန်ခံ ဦးအာဖ်တာရ် အာလမ်နှင့် ရပ်မိရပ်ဖ ဖြစ်သူ မော်လ၀ီ ဦးနော်ဇီမူလ်ဟောက် (အသက် ၄၅ နှစ်) တို့ကို တောင်ပြိုလက်ယာ ရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားပြီး တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ဇန်န၀ါရီလ (၁၄) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဆွဲ၊တင်၊စစ်ကို ယခင်က န.စ.က က ပြုလုပ်ခဲ့ပြီး၊ ယခုအခါ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်လျက် ရှိခြင်း ဖြစ်သည်။ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ အချို့ကျေးရွာ များတွင် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လျှင် ငွေကျပ် ၁၀၀၀၊ အမည်သစ် တင်လျှင် ငွေကျပ် ၂၀၀၀၊ ကို မ.က.ဖ မှ ကောက်ခံလျက် ရှိပြီး၊ မောင်တောနှင့် တောင်ပြိုလက်ဝဲရှိ အခြားသော ကျေးရွာများတွင် ငွေကျပ် ၂၅၀၀၀ ထိကောက်ခံသည်များ ရှိနေသည်။

ထို့အပြင် ဇန်န၀ါရီလ (၁၄) ရက်နေ့က တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် အဖွဲ့ကို ထမင်း မကျွေးဟု ဆိုကာ အလယ်ရွာမှ ရာအိမ်မှူး ဦးကာမာလ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၂) တပ်ရင်း၊ စခန်း အမှတ် (၁၀) မှ စခန်းမှူး ဒုရဲအုပ် မင်းဇံက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆွဲ၊တင်၊စစ် ကို ယခင် န.စ.က လက်ထက်တွင် နှစ်နှစ်ဆယ်ခန့် ဥပဒေမဲ့ ပြုလုပ်ခဲ့ပြီး၊ ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။ ဆွဲ၊တင်၊စစ် ဟူ၍ ခေါင်းစဉ်တပ်ကာ အမျိုးသမီး များကို ဓါတ်ပုံရိုက်ရာတွင် ပုဝါခြုံခွင့်မပြုခြင်း၊ ဘူရ်ခါ (ခြုံထည်) ၀တ်ခွင့် မပြုခြင်း၊ မော်လ၀ီ (ဘာသာရေး ဆရာ) များကိုလည်း ၎င်းတို့၏ ၀တ်စုံ (ကုရ်သာ) နှင့် ဦးထုပ်များကို ချွတ်ခိုင်းခြင်းမှာ ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာလျှင် ခွဲခြား၍ ယခုကဲ့သို့ ဆွဲ၊တင်၊စစ် ပြုလုပ်နေခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိဘဲ၊ အစိုးရက အာဏာအလွဲသုံးစား ပြုလုပ်၍ လူ့အခွင့်အရေး ချိုးဖောက်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေသခံ အများအပြားက မပါဝင်ရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။



15.1.2015

မြန်မာနိုင်ငံ ရောက်နေတဲ့ နောက်ထပ် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ နိုင်ငံရေး၊ လူ့အခွင့် အရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှေ့အပတ် အင်္ဂါနေ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်မှု ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard အနေနဲ့ နေပြည်တော်မှာ မနေ့ကစတဲ့ ဒုတိယ အကြိမ် အမေရိကန်- မြန်မာ လူ့အခွင့် အရေး ဆွေးနွေးပွဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski နဲ့အတူ တက်ရောက် နေပါတယ်။

ဒီနေ့မှာပြီးမယ့် လူ့အခွင့်အရေး ဆွေးနွေးပွဲအပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ မနက်ဖြန် ဇန်နဝါရီ ၁၆ ကနေ - ၁၉ အထိ ရခိုင်ပြည်နယ် ကိုသွားပြီး ပြည်နယ်အစိုးရ အရာရှိတွေ၊ ရိုဟင်ဂျာ မူဆလင် ကိုယ်စားလှယ်တွေ၊ ရခိုင် ဒေသခံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ တွေ့ဖို့ရှိပါတယ်။

အခုလို တွေ့ဆုံရာမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ ရခိုင်ပြည် ထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း ဇန်နဝါရီ ၂၀ ကနေ ၂၃ အထိ သွားရောက်ကာ မြန်မာနယ်စပ်မြို့ Cox’s Bazar မှာ ဒေသခံ အရာရှိတွေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒုက္ခသည် ကူညီရေး အဖွဲ့တွေနဲ့ တွေဆုံဖို့ ရှိနေပါတယ်။



MYARF
RB News
14.1.2015

မောင်တော ။ ။ ​ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် ယခင် န.စ.က လက်ထက်က ပြုလုပ်ခဲ့သည့် ဆွဲ၊ တင်၊ စစ် ကို ယမန်နေ့ကစပြီး စတင်လိုက်ပြီး ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်တွင် ယမန်နေ့က စ၍ ဆွဲ၊ တင်၊ စစ် အစီအစဉ် စတင်ခဲ့ရာ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာတွင် ဓါတ်ပုံ ရိုက်ခ ၂၅၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်နှင့် နိုင်ငံခြား ထွက်သွား ပယ်ဖျယ် ၂၅၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက အစည်းအဝေး များတွင် ဓါတ်ပုံ ရိုက်ခပင် မယူဟု ပြောခဲ့သော်လည်း အမှန်တကယ် စတင်သည့် နေ့မှပင် စတင်၍ ငွေကြေး ကောက်ခံလျက် ရှိသည်။ ယမန်နေ့က မြင်းလွှတ်ရွာတွင် မကောက်ခံ ခဲ့သော်လည်း ယနေ့ ကောက်ခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မြင်းလွှတ် ကျေးရွာနှင့် အင်ဒင်း ကျေးရွာများတွင် ဓါတ်ပုံ ရိုက်ခ ၃၀၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ အပြောင်း အရွှေ့ ၈၀၀၀ ကျပ်စီ ကောက်ခံ ခဲ့ကြောင်း၊ အပြောင်း အရွှေ့များကို နယ်မြေ အတွင်းတွင် ပြောင်းရွှေ့ခွင့် ပေးသော်လည်း နယ်မြေခြားလျှင် ပြောင်းရွှေ့ခွင့် မပြုကြောင်း သိရသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာတွင်လည်း ယမန်နေ့က စတင်ခဲ့ပြီး နိုင်ငံခြား ထွက်သွား ပယ်ဖျက် ၁၀၀၀၀ ကျပ်၊ မွေးတိုး ၃၀၀၀ ကျပ်နှင့် အပြောင်း အရွှေ့ကို ၁၀၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB Nws သို့ပြောသည်။

ဆွဲ၊ တင်၊ စစ် ကို ယမန်နေ့က စ၍ စတင်လိုက်သော်လည်း ဒေသခံ အများစုက ပါဝင်ခြင်း မရှိကြောင်း၊ ယမန်နေ့က ကံပူးကျေးရွာသို့ ၀င်ရောက်၍ စစ်ဆေးရန် ကြိုးစားသော်လည်း ဒေသခံ တစ်ဦးမှ အစစ်ဆေး မခံခဲ့ကြောင်း သိရသည်။



MYARF
RB News
14.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက နှစ်ဖက် အသိုင်းအ၀ိုင်း အတွင်း ပြဿနာ ပေါ်ပေါက် လာစေရန် လှုံ့ဆော်မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းကို ရိုဟင်ဂျာများက မီးရှို့ရန် လာသည်ဟု လုပ်ကြံ ဖန်တီးမှုများ ပြုလုပ်ခဲ့သည်။ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီး များနှင့် ရခိုင် အစွန်းရောက် အချို့က ဘုန်းကြီးကျောင်း၏ ခြံစည်းရိုး အနီးတွင် ကောက်ရိုးဖြင့် ပြုလုပ် ထားသည့် အရုပ်များ တွေ့ရှိသည်ဟု ဆိုကာ အော်ဟစ်၍ န.တ.လ ရွာသားများ အားလုံးကို ဘုန်းကြီးကျောင်း၌ စုရုံးစေခဲ့သည်။ ထို့နောက် လောင်းဒုံး ကျေးရွာရှိ ကင်းစခန်းနှင့် ငါးခူရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ စခန်းတို့ကို အကြောင်းကြားခဲ့ရာ နယ်မြေမှူး ရဲမှူး သီဟန်နှင့် အဖွဲ့ ချက်ချင်း ရောက်ရှိလာပြီး န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ညလုံး ကင်းစောင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘုန်းကြီးကျောင်းနှင့် န.တ.လ ရွာအတွင်းတွင် မသင်္ကာစရာ ၀င်ထွက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ကောက်ရိုးဖြင့် ပြုလုပ် ထားသည့် အရုပ်များ တွေ့ရှိသည်ကို ရိုဟင်ဂျာများက ဘုန်းကြီးကျောင်းကို မီးရှို့မည်ဟု လုပ်ကြံ ဖန်တီး၍ ကျေးရွာ အုပ်စု အတွင်းရှိ နှစ်ဖက် အသိုင်းအ၀ိုင်း အတွင်း တည်ငြိမ် အေးချမ်း နေသည့် အခြေအနေကို တင်းမာမှုများ ဖြစ်ပေါ်လာ စေရန် တမင် ရည်ရွယ်၍ ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယခုကဲ့သို့ လုပ်ကြံ ဖန်တီးများ ပြုလုပ်ပြီး ဒေသခံ ရိုဟင်ဂျာ များကို မတရား စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။

မောင်တောမြို့တွင် နှစ်ဖက် အသိုင်းအ၀ိုင်း အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိပြီး၊ ဆွဲ၊ တင်၊ စစ် စတင်သည့် အချိန်တွင် အာဏာပိုင်များက နောက်ကွယ်က မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ပြုလုပ်ခြင်းလားဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။



MYARF
RB News
14.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်တွင် မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်ကျ ခံနေရသည့် အကျဉ်းသား များထဲမှ ယခု ဇန်န၀ါရီလ အတွင်း နှစ်ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ၌ မောင်တော မြို့နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ကျေးရွာ အများအပြားမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ရခိုင်လူမျိုး များ၏ နေအိမ်များ မီးရှို့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး၊ ရှေ့နေ ငှားရမ်းခွင့် မပြုဘဲ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် လူမဆန်စွာ နှိပ်စက်မှုများကို RB News ၌ ၂၀၁၃ ဖေဖော်ဝါရီလ (၉) ရက်နေ့က အသေးစိတ် ဖော်ပြခဲ့သည်။ (ဤနေရာတွင် ရှု -- http://bit.ly/152S5bG)

ဘူးသီးတောင်ရှိ အကျဉ်းထောင်တွင် လူမဆန်စွာ ရက်စက်မှုကြောင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး၊ အချို့သူ၏ အလောင်းများကို မိသားစုများထံ အကြောင်းမကြားဘဲ အာဏာပိုင်များက သင်္ချိုင်းမဟုတ်သော နေရာများတွင် မြေမြှပ် သဂြိုဟ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယခုလည်း ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကြောင့် ဇန်န၀ါရီလ (၂) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့နယ် ပဒင်းကျေးရွာမှ ဦးနော်ဇိရ်အာမတ် (ဘ) ဦးရှော်ဘိရ်အာမတ် (အသက် ၃၃ နှစ်)၊ ဇန်န၀ါရီလ (၄) ရက်နေ့ ညနေ ၅ နာရီတွင် မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာမှ ဦးဇော်နာလ်အူဒင်တို့ ထောင်တွင်း၌ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခုလ အတွင်း သေဆုံး သွားသူ နှစ်ဦး၏ ရုပ်အလောင်းများကို မိသားစုများအား လာရောက်၍ ကြည့်ခွင့် ပေးသော်လည်း အလောင်းများကို ၎င်းတို့ နေရပ်သို့ သယ်ခွင့် မပေးဘဲ အကျဉ်းထောင် အနီးရှိ သင်္ချိုင်းတွင် သဂြိုဟ်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဆယ်ရက်ကြာ တရားဝင် လေ့လာရေး ခရီးရောက်ရှိ နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee က ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များသို့ သွားရောက် လေ့လာရန် ရခိုင်ပြည်နယ် အစိုးရကို တောင်းဆို ခဲ့သော်လည်း လုံခြုံရေး အကြောင်းပြ၍ သွားခွင့် မပေးခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်ရှိ ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ သိရှိလျက် ရှိပြီး၊ အကယ်၍ ကုလ ကိုယ်စားလှယ်ကို ဘူးသီးတောင် မြို့နယ်သို့ သွားခွင့် ပေးမည်ဆိုပါက အကျဉ်းထောင်သို့ ၀င်ရောက်၍ စစ်ဆေးမည်ကို စိုးရိမ်၍ လုံခြုံရေး အကြောင်းပြပြီး သွားခွင့် မပေးခဲ့ခြင်း ဖြစ်သည်။



အောင်ရဲမောင်မောင်
14.1.2015

မြန်မာနိုင်ငံကို ရောက်ရှိ နေတဲ့ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် အနေနဲ့ သူရရှိထားတဲ့ သတင်း အချက် အလက် တွေနဲ့ ပြည်ထောင်စု အစိုးရရဲ့ အချက် အလက် တွေမှာ ကွဲလွဲမှုတွေ ရှိနေတဲ့ ပြန်လည် ရှင်းလင်း ပြခဲ့တယ် သမ္မတပြောခွင့် ရှိသူက ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောဆိုဖြစ်တဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် မစ် Yanghee Lee အနေနဲ့ မြန်မာနိုင်ငံက သူရရှိထားတဲ့ သတင်း အချက် အလက် တွေကို တတိယ အဖွဲ့အစည်း တခုနဲ့ တိုက်ဆိုင် စစ်ဆေးဖို့လည်း အကြံပြုခဲ့တယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံ ကိုတော့ သူ့ခရီးစဉ်ကို စောင့်ကြည့် သတင်းယူ နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

မစ် Yanghee Lee ရဲ့ ၈ ရက်မြောက်နေ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတ ပြောခွင့်ရှိသူ အပါအ၀င်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အခြားအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က ပြောပါတယ်။

“ဒီနေ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီး ဦးထင်အောင်နဲ့ တွေ့တယ်။ ပြီးတော့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ၀န်ကြီးနဲ့လည်း တွေ့တယ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းနဲ့လည်း တွေ့တယ်။ နောက်တခါ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်နဲ့လည်း တွေ့ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲလည်း တွေ့တယ်။ ခုံရုံးအဖွဲ့နဲ့လည်း တွေ့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနဲ့လည်း တွေ့တယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့လည်း တွေ့တယ်။ ဒီနေ့နောက်ဆုံး အစည်းအဝေးကတော့ မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ ဗိုလ်မှူးချုပ် ဦးကျော်ဇံမြင့်နဲ့လည်း တွေ့ပါတယ်ခင်ဗျ”

သမ္မတရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က မစ် Yanghee Lee အနေနဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ သတင်းရရှိမှုအချို့မှာ ကွဲလွဲချက်တွေ ရှိနေတဲ့အတွက် သူ့အနေနဲ့ ပြန်ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။

“ဟိုအချို့ဟာတွေမှာ သူတို့ သတင်းမှားတာတွေ ရှိတာပေါ့ဗျာ။ ဥပမာဆိုပါတော့ သံတော်ဆင့်ကို အသရေဖျက်မှုနဲ့ စွဲထားတယ်ဆိုတဲ့ ကိစ္စမျိုး၊ ကျနော်တို့က မဟုတ်ဘူး သတင်းမီဒီယာ ဥပဒေနဲ့ စွဲထားတယ်လို့ ရှင်းပြခဲ့တယ်။ နောက်တခါ ပြန်ကြားရေးက တရားရုံးကို တိုက်ရိုက်သွားတယ်လို့ သတင်းမှားတွေ … မဟုတ်ဘူး ကျနော်တို့က စာနယ်ဇင်းကောင်စီကနေတဆင့် ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားတယ်။ ကျနော်တို့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တရားရုံးကို နောက်ဆုံးနည်းအဆင့်နဲ့ ရွေးခဲ့ရတယ်။ သံတော်ဆင့်တုန်းကလည်း ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်လို့ ရှင်းပြခဲ့တယ်။ အစိုးရအနေနဲ့ အသရေဖျက်မှုကို ဒီလွတ်လပ်စွာ ပြောဆိုခွင့်ကို တားဆီးဖို့ နည်းလမ်းတခုအဖြစ်နဲ့ အသုံးပြုဖို့ လုပ်နေတယ်လို့ ပြောတယ်။ မဟုတ်ဘူး ဒီအစိုးရလက်ထက်မှာ အသရေဖျက်မှုနဲ့ တရားရုံးရောက်တာ ၂ ခေါက်ပဲရှိတယ်။ တခုက သတ္တုတွင်းနဲ့ The Voice ဖြစ်ပြီးတော့ တရားရုံးပြင်ပမှာ ကျေအေးလိုက်ကြတယ်။ Eleven နဲ့ ကျနော်တို့ ၀န်ကြီးဌာနနဲ့ ဖြစ်တဲ့ကိစ္စမှာ Eleven က စာနယ်ဇင်းကောင်စီရဲ့ ဖြေရှင်းပေးမှုကို ညှိနှိုင်းဖို့ ပျက်ကွက်တဲ့အတွက် ရွေးရတယ်ဆိုမျိုးတွေ ကျနော်တို့က ရှင်းပြတယ်။ နောက်တခုက ကျနော်ဘာရှင်းပြလဲဆိုရင် ကျနော်တို့က ၂ ခုပဲ ရှိတဲ့အချိန်မှာ မီဒီယာအချင်းချင်း ပြန်ပြီးတော့ သရေဖျက်မှုနဲ့ စွဲတဲ့ဟာက Eleven ဆိုရင် ကိုစည်သူအောင်မြင့် တယောက်ထဲကိုပဲ ၅ မှုလောက်ရှိတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေကိုလည်း ခင်ဗျားတို့ စဉ်းစားသင့်တယ်လို့ ပြောလိုက်တယ်။”

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သူ့အနေနဲ့ ရရှိထားတဲ့ ဥပဒေ အချက်အလက်တွေပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တတိယအဖွဲ့အစည်း တခုခုနဲ့ ပြန်လည် ချိန်ထိုး ဆန်းစစ်ဖို့ အကြံပေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ပြည်တွင်းက သတင်းအချက်အလက် စုဆောင်းတဲ့အခါမှာ သတင်းအချက်အလက်တွေကို Third Party ပေါ့နော်။ တတိယ အဖွဲ့အစည်းတခုခုနဲ့ အတည်ပြုပါ။ နောက်တခု ဥပဒေတွေ ညွှန်ကြားချက်တွေကို ဘာသာပြန်ပြီး ပြည်တွင်းက အဖွဲ့အစည်းတချို့က ပေးတဲ့အခါမှာ ပေးပို့ပေးတဲ့ မူရင်းအဓိပ္ပာယ်နဲ့ လွဲနေတာရှိတယ်။ အဲဒါမျိုးကိုလည်း ခင်ဗျားတို့ တတိယ အဖွဲ့အစည်းအနေနဲ့ ဘာသာပြန်ချက်ကို တိုက်ဆိုင်ပြီး စစ်ဆေးသင့်တယ်။ တကယ်လို့ရှိရင်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တိုက်ရိုက်ဆက်သွယ်ပြီး မေးပါလို့ ပြောခဲ့တယ်။”

မစ် Yanghee Lee အနေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့တာကြောင့် သူ့ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ မြန်မာ့ ပညာရေး မူဝါဒ အခြေအနေ နဲ့ပတ်သက်ပြီး ရေးသားဖို့လိုတယ်လို့ တက္ကသိုလ်များ ကျောင်းသားများသမဂ္ဂက ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့ ကိုစည်သူမောင်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စသဖြင့် အခြားခြားသော ကဏ္ဍတွေဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပေါ်မှာ အာရုံစိုက်ပြီးတော့ အလေးထားစေချင်တယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ တောင်းဆိုပေးမယ်၊ တိုက်တွန်းပေးမယ်ဆိုရင် ဒါကလည်း နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေနဲ့ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှုဟာ ဘာပဲပြောပြော တနည်းတဖုံနဲ့ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။”

မစ် Yanghee Lee အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့အရေး လေ့လာ အကဲဖြတ်တချို့ အပါအဝင် မီဒီယာလောကထဲက တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

မနေ့တုန်းကလည်း နေပြည်တော်မှာ နေထိုင်ပြီးတော့ သမ္မတရုံးဝန်ကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီး၊ ရှေ့နေချုပ်တို့နဲ့ တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း သူမကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သွားရောက် လေ့လာခဲ့ပါတယ်။ အခုခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။



14.1.2015

မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ် ထားတဲ့ ဥပဒေကို ပြန်ပြင်ပေးဖို့ ကုလသမဂ္ဂက တောင်းဆို ထားတဲ့ အတိုင်း လုပ်ပေး သင့်တယ်လို့ လူ့အခွင့် အရေး အဖွဲ့တခုက သမ္မတထံ စာရေး တောင်းဆို လိုက်ပါတယ်။

Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက မြန်မာ သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ ပို့လိုက်တဲ့ စာထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မနှစ် ဒီဇင်ဘာလ ၂၉ ရက် ဆုံးဖြတ်ချက် အတိုင်း ပြင်ဆင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

အခုလို ပြင်ဆင်ပေး လိုက်ရင် ဒီနိုင်ငံသား ဖြစ်မှု ဥပဒေ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ ညီသွားပြီး၊ ရိုဟင်ဂျာ မူဆလင် တွေကိုလည်း ခွဲခြား ဆက်ဆံရာ မရောက်တော့ဘူးလို့ ဒီလူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ထောက်ပြ လိုက်ပါတယ်။

ဒီလူ့အခွင့် အရေး အဖွဲ့ကပဲ မြန်မာနိုင်ငံမှာ တက်လာခဲ့တဲ့ အစိုးရ အဆက်ဆက် အနေနဲ့ ဒီဥပဒေကို သုံးပြီး ရိုဟင်ဂျာ လူဦးရေ စုစုပေါင်း ခန့်မှန်းချေ ၈ သိန်းကနေ ၁.၃ သန်းအထိကို တိုင်းရင်းသား ၁၃၅ မျိုးထဲကနေ ဖယ်ထားကာ နိုင်ငံသားဖြစ်ခွင့် ငြင်းဆန် လာခဲ့တယ်လို့ ဒီစာထဲမှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒီခွဲခြား ဆက်ဆံမှုရှိတဲ့ ဥပဒေကြောင့် ရိုဟင်ဂျာ မူဆလင်တွေ နိုင်ငံသား ငြင်းပယ် ခံရတာအပြင်၊ သူတို့အပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်လာအောင် အားပေးထားတယ်လို့ ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှဆိုင်ရာ ဒါရိုက်တာ Brad Adams က ထောက်ပြလိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက လူ့အခွင့် အရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ဆိုရင် ဒီဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ ညီအောင် ပြင်ဆင်ရေး ကမ္ဘာ့ ကုလသမဂ္ဂကို အကူ အညီတောင်း လုပ်ဆောင် သင့်တယ်လို့ ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက အကြံပြုထားပါတယ်။



မအေးသန္တာကျော်
13.1.2015

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီ ၂ ရပ် သဘောထား ကွဲပြားမှုက ကြီးမားပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ထွန်းကားရေး အပါအ၀င် အချို့ကိစ္စ္စကြီးတွေမှာ ပါတီ ၂ ရပ် သဘောထား တညီတညွတ် တည်းထားပြီး အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

Kentucky ပြည်နယ် Louisville တက္ကသိုလ်မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားတော့ အခုလို ပြောသွားခဲ့တာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီတွေအကြား သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေအဖြစ် ကွဲပြားတဲ့ ကာလကို ရောက်ရှိနေပေမဲ့၊ ကမ္ဘာကို ဦးဆောင်မှုပေးနေတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ နှစ်ဘက်ကြား သဘောတူညီချက်တွေ ပိုရဖို့ လိုတာကို ဒီမိုကရက် သမ္မတ ဘရက်ခ် အိုဘားမားရော၊ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် Mitch McConnell ရော သဘောပေါက် လက်ခံထားပါတယ်လို့ Louisville တက္ကသိုလ် McConnell Center မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။

ပါတီ နှစ်ရပ်အကြား ကွဲပြားမှုတွေ ရှိပေမဲ့ အခုမျက်မှောက်ကာလမှာ ကြုံရတဲ့ ပြဿနာကြီးသုံးခုကိုတော့ ပါတီနှစ်ရပ် သဘောထား တညီတညွတ်တည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးတာ၊ အကြမ်းဖက် အစွန်းရောက်မှု နှိမ်နင်းရေးနဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဆီ ခေါ်ဆောင်တာတွေပဲ ဖြစ်ပါတယ်လို့ Ms. Power က ပြောပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး လှုပ်ရှားကြသူတွေနဲ့ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က ဆိုရင်တော့ အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုကလည်း မြန်မာ့အပြောင်းအလဲကို ဖော်ဆောင်ပေးတဲ့ အဓိက အားတရပ် ဖြစ်ပါတယ်လို့ Ms. Power က ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သူက အခုလို ထောက်ပြသွားတာပါ။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ လုပ်တဲ့နေရာမှာ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု စတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှု စံသတ်မှတ်ချက်တွေအပေါ် မြန်မာအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်သလဲဆိုတဲ့ အချက်တွေအပေါ် မူတည်ဆောင်ရွက်ခဲ့ပါတယ်။ တိုးတက်မှုတွေ အလုံအလောက် ဖြစ်မလာဘူးဆိုရင်လည်း အမေရိကန် အစိုးရအနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ဆိုတဲ့ အလျှော့အတင်း လုပ်နိုင်တဲ့အခြေအနေမှာ ရှိပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး Ms. Power ပြောကြားရာမှာတော့ -

“တိုးတက်ဖြစ်ထွန်းခဲ့တဲ့ အခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့၊ နောက်ကြောင်း ပြန်မလှည့်သွားဖို့ ဆိုတာတွေဟာ ကျမတို့ ဒီကနေ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်ပါပဲ။ နောက်ကြောင်း ပြန်လှည့်တာ အပါအ၀င် ကျမတို့ လေ့လာမိတဲ့ အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ နည်းဗျူဟာတွေ ဘယ်လိုအလိုက်အထိုက် ကျင့်သုံးသွားမလဲဆိုတာကိုလည်း ပြင်ဆင်ထားရပါတယ်။ ကျမတို့ ချဉ်းကပ်တဲ့နည်းနာတွေကိုလည်း အမြဲ ပြန်ပြီး သုံးသပ်ဆန်းစစ်နေရပါမယ်။ မြန်မာပြည်သူတွေကို ခွန်အားဖြစ်စေအောင်၊ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်စေအောင် ဘယ်လိုခြေလှမ်းတွေ လှမ်းသွားမလဲဆိုတာဆန်းစစ်သွားဖို့ပါ။”

မြန်မာနိုင်ငံ အပြောင်းအလဲ ဖော်ဆောင်ရေးမှာ စစ်တပ်ရဲ့ အရပ်သားအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးနေတာ၊ လူမျိုးရေး၊ ဘာသာရေး တင်းမာတာတွေက ကြီးမားတဲ့ အဟန့်အတား ဖြစ်နေတယ်လို့ သံအမတ်ကြီး Power က ပြောပါတယ်။

“အရပ်သားအစိုးရဟာ စစ်တပ်အောက်မှာ ရှိနေတုန်းပါ။ ဖွဲ့စည်းပုံအရဆိုရင် စစ်တပ်ကို လွှတ်တော်ဖျက်သိမ်းခွင့်၊ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ဗီတိုသုံးပယ်ချခွင့် ကျယ်ပြန့်တဲ့ အာဏာတွေ ပေးထားပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ လှုံ့ဆော်မှုကြောင့် ရိုဟင်ဂျာတွေနဲ့ လူနည်းစု မူဆလင်တွေအပေါ် တိုက်ခိုက်မှုတွေကလည်း တိုးမြင့်လာပါတယ်။ ဒီအတွက် ဖော်ထုတ်အရေးယူတာမျိုး မရှိသေးသလို အဲဒီက လူမှုနေထိုင်ရေး အကျပ်အတည်းတွေကလည်း ဆိုးရွားလာပါတယ်။ ရိုဟင်ဂျာ ၁ သိန်းကျော်ဟာ စုတ်စုတ်ပြတ်ပြတ် ဒုက္ခသည်စခန်းတွေထဲမှာ နေနေကြရပါတယ်။ ပိုပြီးဆိုးစေတာကတော့ မကြာခင်တုန်းက အစိုးရက အဆိုပြုတဲ့ ဥပဒေကြမ်းအရဆိုရင် ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ဖို့ သူတို့လူမျိုးအမည်ကို စွန့်လွှတ်ဖို့ ဖိအားပေးခံရတာပါ။”

ဒါပေမဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် အကဲစမ်းချက်တွေကို ကိုင်တွယ်ရာမှာ အစပိုင်း သူပြောသွားသလို အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ကျင့်သုံးသွားရမယ်လို့လည်း ပြောပါတယ်။

“နည်းလမ်းတွေထဲမှာတော့ တိုးတက်မှုတွေ ဆက်ဖြစ်ဖို့ စည်းရုံးနားချတဲ့နည်းရော၊ အစိုးရရဲ့ ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြတာရော၊ အပြောင်းအလဲမှာ ပိတ်ဆို့နေသူတွေကို ပစ်မှတ်ထား အရေးယူတာမျိုးရော ပါဝင်ပါတယ်။ ဥပမာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အကြီးတန်း မြန်မာတာဝန်ရှိသူလည်းဖြစ် စီးပွားရေးသမားလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အကြမ်းဖက်မှုတွေ အဂတိ လိုက်စားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အနှောင့်အတားလုပ်တာနဲ့ ဆက်နွယ်ပြီး အရေးယူ ဒဏ်ခတ်မှုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်း သူ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာဖြစ်သလို၊ အမေရိကန် ကုမ္ပဏီတွေကို သူနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။”

လူငယ်တွေ အပါအ၀င် လူထုကို ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်တွေ ရရှိဖို့ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တဲ့ ဆွေးနွေးမှုတွေ လိုအပ်ကြောင်းကိုလည်း Ms. Power က ပြောသွားခဲ့ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski မြန်မာ အရပ်ဘက် လူမှုအဖွဲ့ တွေနဲ့ တွေ့ဆုံ။ (Photo: US Embassy - Rangoon)

ကိုဥာဏ်ဝင်းအောင်
13.1.2015

လူ့အခွင့် အရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွက် မြန်မာနိုင်ငံကို အလည် အပတ် ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဟာ မြန်မာ အရပ်ဘက် လူ့အဖွဲ့ အစည်း တွေနဲ့ ရန်ကုန် အမေရိကန် သံရုံးမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အဆိုပါ အဖွဲ့တွေက လက်တွေ့ ရင်ဆိုင် နေရတဲ့ အာဏာပိုင် တွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ ခွဲခြား ဆက်ဆံမှု တွေကို တင်ပြခဲ့ ကြပါတယ်။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ တွေ့ဆုံခွင့်ရကြတဲ့ အဖွဲ့ ၉ ဖွဲ့ထဲမှာ Triangle အမျိုးသမီးအဖွဲ့လည်း ပါဝင်ပြီး သူတို့အဖွဲ့အနေနဲ့ တင်ပြဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကို အဖွဲ့ရဲ့အကြီးအကဲ ဒေါ်ခင်လေးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျမတို့ အမျိုးသမီးတွေ အတွက် ဆိုပြီးတော့ သီးသန့် ပြဌာန်းမယ့် ဒီဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ - ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူး လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ နောက်ပြီးတော့ တလင်တမယား စနစ်၊ နောက် လူဦးရေ ထိန်းချုပ်ခြင်း ဆိုင်ရာ ဥပဒေ ဆိုပြီးတော့ ဥပဒေကြမ်း ၄ ခုကို မကြာခင်က မကြာသေးခင်က အစိုးရက ပြဌာန်း လိုက်တာ ရှိတယ်လေ။ အဲ့ဒီ ဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ရဲ့ အမြင်တွေကို ဆွေးနွေးတယ်။ အဲ့ဒီမှာ ကျမတို့ တခု သိလာရတာက အမေရိကန် အစိုးရ အနေနဲ့လည်း ဒီဥပဒေကြမ်း ၄ ခုအပေါ်မှာ သူတို့ရဲ့အမြင်သဘောထားတွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အစိုးရတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ တိုက်ရိုက် ဆွေးနွေးပြီးတော့မှ ကျန်တဲ့ လူထုကို အသိပေးမယ်လို့လည်း ပြောပါတယ်။”

မစ္စတာ Malinowski နဲ့ အမေရိကန်သံရုံးမှာ ၂ နာရီကျော်ကြာ တွေ့ဆုံကြတဲ့အထဲမှာ Equality Myanmar အဖွဲ့လည်း ပါဝင်ပြီး အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ -

“အဲ့ဒါ ကျနော်တို့ရဲ့ခေါင်းစဉ်ကတော့ ဒီနိုင်ငံရေးအကျဉ်းသားနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ အကြောင်းအရာကို ဆွေးနွေးပါတယ်။ အဓိကဆွေးနွေးတာကတော့ နိုင်ငံရေးအကျဉ်းသား ကိစ္စကိုတော့ ဆွေးနွေးပါတယ်။ ကိုဘိုကြည်က အဓိကထားပြီး ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ရှိနေတယ်။ အခု အသစ်ရွေးချယ်ပြီးတော့ တင်မြှောက်လိုက်တဲ့ ဒီနိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကော်မတီရဲ့အားနည်းချက်တွေ အထူးသဖြင့် ပါဝင်တဲ့နေရာမှာ ကျနော်တို့ လူထုအရပ်ဘက် အဖွဲ့အစည်းတွေ အားနည်းပြီးတော့ အစိုးရဘက်က များနေတာတွေ၊ နောက်တခုကတော့ အခုနောက်ပိုင်းမှာ အရင်ဥပဒေဟောင်းတွေရော၊ လက်ရှိ ဥပဒေအသစ်ကိုပါ အသုံးချပြီးတော့ ဆန္ဒပြတဲ့သူတွေအပေါ် ပိုပြီးတော့ ဖိနှိပ်မှုများလာနေတဲ့ကိစ္စကိုလည်း ကျနော် ပြောဖြစ်ပါတယ်။ ဥပဒေဟောင်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ အစိုးရကို အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဥပဒေသစ်ထဲမှာဆိုရင် ပုဒ်မ ၁၈၊ ပြီးရင် ပုဒ်မ ၁၉ ဒါတွေကို ပိုပြီးတော့ သုံးလာတဲ့ကိစ္စကို ကျနော် အဓိကတင်ပြဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ ဥပဒေတွေက တကယ်တမ်း ပြည်သူလူထုကို ကာကွယ်ပေးတာ မဟုတ်ဘဲနဲ့ ချုပ်နှောင်ဖို့ဖြစ်နေတဲ့ကိစ္စတွေ တင်ပြဖြစ်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ဆောက်ရွက်နေတယ်ဆိုပေမဲ့ တချို့ကိစ္စတွေမှာ ရိုးသားမှုမရှိတာ တွေ့ရကြောင်း ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“နောက်တခါ လက်ရှိ ကော်မတီတွေ၊ ကော်မရှင်တွေပေါ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့တယ်။ နောက် အမှုမှန်ဖော်ထုတ်ရေး အဖွဲ့တွေ ဖွဲ့တယ်ဆိုတာသည်လည်း တကယ်တမ်း အမှုမှန် ဖော်ထုတ်ဖို့မဟုတ်ဘဲ၊ အဲ့ဒီကော်မရှင်တွေ၊ ကော်မတီတွေက ဘက်လိုက်ပြီးတော့ ဆောင်ရွက်ပြီးတော့ ဒီအမှုမှန်ကို ဖုံးကွယ်ဖို့ လုပ်နေတဲ့ဟာမျိုးတွေပေါ့နော်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ပဲဖြစ်ဖြစ် အရမ်းအားနည်းနေတယ်။ ကိုပါကြီးကိစ္စမှာဆိုရင်လည်း သူတို့ကနေ ဘာလုပ်ပါဆိုပြီး ရဲကို ပြန်လွှဲတယ်။ ရဲက နဂိုကတည်းကမှ အားနည်းပြီးသား ဖြစ်နေတယ်။ ဆိုတော့ မလုပ်နိုင်ဘူး။ နောက်တခါ လက်ပံတောင်းကိစ္စဆိုရင်လည်း ကော်မရှင်က လုပ်ထားတာသည် လုံးဝ အမှုမှန်ကို ဖုံးဖို့အတွက်၊ ဖော့ဖို့အတွက် လုပ်တဲ့ဟာမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျမတို့ကတော့ ထောက်ပြတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ မနက်ဖြန်၊ သန်ဘက်ခါနေ့တွေမှာ အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။



ဗွီအိုအေ မြန်မာပိုင်း
13.1.2015

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု အခြေအနေဟာ ဆက်လက် ဆိုးရွားလျှက် ရှိပြီး လူနည်းစု မွတ်ဆလင်တွေ အပေါ် တိုက်ခိုက် ခဲ့သူများ အပေါ် အရေးယူမှု မရှိသလောက် ဖြစ်နေတာ တွေ့ရတယ်လို့ တနင်္လာနေ့က ပြောလိုက် ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်လို့ အထက် လွှတ်တော် ရီပတ်ဘလီကင် အမတ် အများစု ခေါင်းဆောင် Mitch McConnell က ကြီးမှူး ကျင်းပတဲ့ ကင်တာကီ ပြည်နယ်၊ Lousville တက္ကသိုလ်မှာ အခုလို သံအမတ်ကြီး ပါဝယ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် ၁ သိန်းကျော်တို့ဟာ အခြေအနေ ဆိုးရွားလှတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြ ရတဲ့ အကြောင်းနဲ့ နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားဖို့ စိစစ်ရာမှာလည်း ရိုဟင်ဂျာတွေ အနေနဲ့ သူတို့ရဲ့လူမျိုး အမည်ရင်းနဲ့ မှတ်ပုံတင်ခွင့် မရတဲ့ အဆိုပြုချက် ဥပဒေကြမ်းကိုလည်း သူက ပြစ်တင် လိုက်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ အမည်ကို လက်မခံဘဲ တဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ရောက်ရှိ လာတဲ့ ဘင်္ဂါလီတွေ အဖြစ် သတ်မှတ် ခေါ်ဝေါ် ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုများ အတွက် ဖိအားပေးရာမှာ အဓိက နိုင်ငံရေး ပါတီကြီး ၂ ရပ်တို့ဖြစ်တဲ့ ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုကိုလည်း သံအမတ်ကြီး ပါဝဲလ်က မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းထောက်တွေအနေနဲ့ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံနေရတဲ့အကြောင်းလည်း သူက ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ကတော့ အလှမ်းကွာဝေးဆဲရှိတယ်လို့လည်း သံအမတ်ကြီးက Power က ပြောခဲ့ပါတယ်။

ယခင် န.စ.က လက်ထက်က ဆွဲ၊ တင်၊ စစ်


RB News
13.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် ယခင် န.စ.က လက်ထက်က နှစ်ပေါင်း နှစ်ဆယ် နီးပါး ပြုလုပ်ခဲ့သည့် ဆွဲ၊ တင်၊ စစ် ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က ယနေ့ ပြန်လည် စတင်၍ အကောင် အထည် ဖော်လိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်ရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ များတွင် ယခင် န.စ.က လက်ထက်က စစ်ဆေးခဲ့သည့် ပုံစံအတိုင်း ဆွဲ၊ တင်၊ စစ် ကို ယနေ့ ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ စစ်ဆေးနေကြောင်း ဒေသခံများက ပြောပါသည်။

“ဒီနေ့ ဘူးသီးတောင်၊ မောင်တော မြောက်ပိုင်းက ကြိမ်ချောင်း ကျေးရွာ၊ လိပ်ရ ကျေးရွာ၊ မင်္ဂလာကြီး ကျေးရွာနဲ့ တောင်ပိုင်းက မြင်းလွတ် ကျေးရွာ တွေမှ စစ်တယ်။ လူအနည်း အကျဉ်း လောက်ဘဲ အစစ်ဆေးခံခဲ့တယ်လို့ သိရတယ်။ ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်ကတော့ လုံးဝ အစစ်မခံဘူးလို့ ပြောနေတာလည်း ကြားရတယ်” ဟု မောင်တောမြို့က ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် အလယ်သံကျော် ကျေးရွာများတွင် ကျင်းပခဲ့သည့် အစည်းအဝေး များတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ငွေကြေး ကောက်ခံခြင်း လုံးဝ မပြုလုပ်ဟု ပြောကြား ခဲ့သော်လည်း ယခု စတင် စစ်ဆေးသည့် နေ့တွင်ပင် ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

“ရဲမှူးချုပ် တင်ကိုကိုက အစည်းအဝေး တွေမှာ ဆွဲ၊ တင်၊ စစ် မှာ ဓါတ်ပုံ ရိုက်ခတောင် မယူဘူး၊ အလကား ရိုက်ပေးမယ်လို့ ပြောခဲ့တယ်။ အခုတော့ ဓါတ်ပုံ ရိုက်ခ ၂၅၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်၊ နိုင်ငံခြားထွက် ပယ်ဖျက် ၂၅၀၀၀ ကျပ်၊ စီ ကောက်ခံနေတယ်။ အစစ်ဆေးခံတဲ့ သူတွေက ရဲမှူးချုပ် ကိုယ်တိုင် ငွေမကောက်ဘူးလို့ ပြောခဲ့တာလို့ စောဒက တက်တော့ မ.က.ဖ တွေက အဲဒါ ငါတို့မသိဘူး၊ ရဲမှူးချုပ်နဲ့ ညွန်ချုပ်ရဲ့ အမိန့်အရ ငါတို့ ကောက်နေတာလို့ ပြန်ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခင်က စစ်အစိုးရ လက်ထက်တွင် ဆွဲ၊ တင်၊ စစ် ကို သေနတ်ထောက်၍ လုပ်ခဲ့သည်ကို စစ်အစိုးရ ဆိုသည့် အာဏာရှင်များ၏ လုပ်ရပ်ဟုဆိုကာ နားလည် ပေးနိုင်ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စစ်အာဏာရှင်များ၏ ထုံးထမ်းစဉ်လာ အတိုင်း ပြုလုပ်ခြင်းကို နားလည် ပေးရန် အလွန် ခက်ခဲနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

မောင်တောမြို့မှ ပညာတတ် လူငယ် တစ်ဦးက “ကျွန်တော်တို့ရဲ့ ဘိုးဘွား စဉ်ဆက် အထောက် အထားတွေကို စနစ်တကျ စီမံကိန်းတွေနဲ့ ဖျောက်ပစ်တာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေပြီ၊ အခု ဆွဲ၊ တင်၊ စစ် မှာလည်း ယခင်က ကျန်ခဲ့တဲ့ အိမ်ထောင်စု စာရင်းတွေ သိမ်းပြီး အသစ် ထုတ်ပေးတဲ့ အခါ အရေးကြီးတဲ့ အချက် အလက်တွေ ချန်ထားလိုက်မှာ စိုးရိမ်ရတယ်။ အဲဒီတော့ ဒေသခံတွေ အနေနဲ့ ပထမဆုံး အိမ်ထောင်စု စာရင်း (အ.ထ.စ) ကို မိတ္တူဆွဲပြီး သိမ်းထားဖို့ လိုပါမယ်။ အ.ထ.စ မှာ ယခင်က အမျိုးသား မှတ်ပုံတင် နံပါတ်တွေ ရှိနေတာက အထောက် အထားတွေပါ။ အခု ဆွဲ၊ တင်၊ စစ် မှာ အဲဒီ အထောက်အထား တွေပါ ဖျောက်ပစ် နိုင်တယ်။ အဲဒါကြောင့် သတိရှိဖို့ လိုပါမယ်” ဟု ပြောသည်။

ရဲမှူးချုပ် တင်ကိုကိုက ဆွဲ၊ တင်၊ စစ် တွင် ပါဝင် အစစ်ဆေး ခံသူများကို ပြုနိုင်ငံသား (အစိမ်းရောင်) ကဒ်များ ထုတ်ပေးမည်ဟု ဆိုကာ အစိမ်းရောင် ကဒ်ထောင်ပြ၍ ရွာများထိ ကွင်းဆင်းပြီး စည်းရုံးရေး ဆင်းလျက် ရှိကြောင်း သိရသည်။ ဒေသခံ ရိုဟင်ဂျာများသည် ရခိုင်ဒေသ၏ မူလ ဘူတ တိုင်းရင်းသားများ ဖြစ်ပြီး၊ ယခင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ မပေါ်ပေါက်မှီ အချိန်ထိ ရိုဟင်ဂျာများသည် အခြားသော မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တန်းတူ မြန်မာနိုင်ငံသား များသာ ကိုင်ဆောင်ခွင့် ရသည့် ဂဏန်း ၆ လုံးပါ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ ကိုင်ဆောင် ခဲ့သည်။ ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) များထုတ်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ တင်ခိုင်းခဲ့ပြီးနောက် အမျိုးသား မှတ်ပုံတင် ကဒ်ပြားများကို သိမ်းယူ၍ ယာယီ သက်သေခံ ကဒ်ပြား (အဖြူကဒ်) များကို အတင်းအဓမ္မ ကိုင်ဆောင် စေခဲ့သည်။ ယခင်က အမျိုးသား မှတ်ပုံတင် ကဒ်ပြားတွင် လူမျိုး အမည် မရေးထားသော်လည်း၊ ယာယီ သက်သေခံ ကဒ်ပြားတွင် စစ်အစိုးရ အလိုကျ ဘင်္ဂလီဟု ရေးသား၍ ထုတ်ပေးခဲ့သည်။ ဆွဲ၊ တင်၊ စစ် တွင်လည်း ဒေသခံများကို လူမျိုး အမည် ပြောဆိုခွင့် မပေးဘဲ စစ်အာဏာရှင်များ စိတ်တိုင်းကျ ရေးမှတ်ခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံသို့ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဦးစီးမှူး များက စာရေးသား၍ ဘင်္ဂလီဖြင့် နိုင်ငံသားပြု (အစိမ်းရောင်) ကဒ်ပြားများ လျှောက်ထားလိုသူများ စာရင်းကို တောင်းခံလျက် ရှိသည်။ သို့သော်လည်း ဒေသခံ ရိုဟင်ဂျာများက လူမျိုး အမည် “ရိုဟင်ဂျာ” ဖြင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) မထုတ်ပေးပါက လျှောက်ထားမည် မဟုတ်ကြောင်း သိရသည်။

“ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး နာမည်ကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ တရားဝင် အသိအမှတ်ပြုလို့ မြန်မာ့ တပ်မတော်ကတောင် လစဉ်ထုတ် ဂျာနယ်တွေမှာ ရိုဟင်ဂျာ အကြောင်း အများကြီး ရေးခဲ့ဖူးတယ်။ ကျွန်တော်တို့က ဘင်္ဂလီတွေ မဟုတ်ပါ။ ရိုဟင်ဂျာများသာ ဖြစ်ကြပါတယ်။ အဲဒီတော့ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး နာမည်နဲ့ အားလုံးနဲ့ တန်းတူ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပန်းရောင် မရဘူးဆိုရင် မယူဘူး၊ ဒါက ကျွန်တော်တို့ အားလုံးရဲ့ သဘောထားပါ။ ၂၀၁၄ သန်းခေါင်စာရင်း တုန်းကလည်း ရိုဟင်ဂျာ ပေးမထည့်လို့ မပါခဲ့ဘူး။ အခုလည်း အဲဒီအတိုင်းပါဘဲ။ ကျွန်တော်တို့ကို မက်လုံး ပေးပြီး စည်းရုံးလို့လည်း ရမှာမဟုတ်ဘူး” ဟု မောင်တောမြို့မှ မြို့မိမြို့မ တစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့မှ ဒေသခံများကို အစိုးရ၏ အမိန့်အတိုင်း လိုက်နာရန် စည်းရုံးမှုများကို အစိုးရနှင့် နီးစပ်သူများက ပြုလုပ်လျက် ရှိသော်လည်း ၎င်းတို့က လက်ခံသွားမည် မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ တစ်ခုအတွက် နှစ်ပေါင်း ၃၀ ကျော် ဒုက္ခခံခဲ့ပြီးပြီ၊ မကြာခင် အစိုးရက ဒီအမည်ကို ပေးကို ပေးရပါလိမ့်မယ်၊ အဲဒါကို ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော်တို့ကို အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ရပိုင်ခွင့်တွေ အတွက် အစိုးရ အလိုဖြည့်ပေးပါလို့ ပြောတာကို လက်ခံမှာ မဟုတ်ဘူး။ အစိုးရလူတွေကို ပြောချင်တာက ကျွန်တော်တို့ အားလုံး ရိုဟင်ဂျာ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ညီညီညွတ်ညွတ် ရှိနေကြတယ်လို့ - အစိုးရကို မလွန်ဆန်နိုင်လို့ လျှောက်မယ် ဆိုတဲ့ တစ်ဒါဇင်လောက် လူတွေကတော့ သူတို့ ကံကြမ္မာ သူတို့ ဖန်တီးပေါ့။ ကျွန်တော်တို့ မောင်တော ခရိုင်ကတော့ အမြဲတမ်း ရိုဟင်ဂျာပါဘဲ” ဟု အဆိုပါ မြို့မိမြို့ဖ ကပြောပါသည်။

စစ်တွေမြို့ရှိ၊ ဒုက္ခသည် စခန်းများနှင့် အခြားသော ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် အများအပြားရှိ ရိုဟင်ဂျာ များကလည်း မြေပုံ ဒုက္ခသည် စခန်းရှိ ဒုက္ခသည် များကဲ့သို့ အလိမ်ခံမည် မဟုတ်ဘဲ၊ ရိုဟင်ဂျာ အမည်ဖြင့် ပန်းရောင်ကဒ် ရမှသာ လျှောက်ထားမည် ဖြစ်သည်ဟု သိရသည်။

တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရာခံများအား ရုံးထုတ်လာစဉ် မြင်ကွင်း (ဓာတ်ပုံ – ကျော်မျိုးထွန်း / ဧရာဝတီ)

ကျော်မျိုးထွန်း
12.1.2015

ပြည်ပ အကြမ်းဖက် အဖွဲ့အစည်း များနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလာမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

“အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။

တရားခံ ၁၈ ဦးကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ၅ (ဌ) အရ ထောင်ဒဏ် ၇ နှစ်တို့ကို သီးခြားစီ ကျခံစေသဖြင့်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ် တရားခံ ကိုအောင်ဆန်းဝင်းကို ယင်းပုဒ်မ နှစ်ခု တပေါင်းတည်း ကျခံစေသဖြင့် ထောင်ဒဏ် ၇ နှစ်သာ ကျခံရမည်ကြောင်း ရှေ့နေ ဦးသိန်းရွှေက ဆက်ပြောသည်။

တရားခံ ၂၀ ဦး အနက် တရားခံ ဦးသိန်းဇော် (ခ) ကံဖကို ထောင်ဒဏ် ၁၄ နှစ်အပြင်၊ မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှု ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့သည် ၎င်းက ဆိုသည်။

တရားစွဲဆို ထားသည့် ပုဒ်မများအရ အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်များကို တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ ယခုလအတွင်း အယူခံ ဝင်သွားမည် ဖြစ်ကြာင်း တရားခံများ၏ မိသားစုဝင်များက ပြောဆိုသည်။

တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရားရုံး အမိန့်ချ စီရင်ခြင်းကို တရားခံ မိသားစုဝင်များ၊ သတင်းမီဒီယာများ အပါအဝင် မည်သူ တဦးတယောက်ကိုမျှ ဝင်ရောက် နားထောင်ခွင့် မပြုခဲ့ပေ။

တရားခံ တဦးနှင့် ဆွေမျိုးတော်စပ်သူ တဦးက “နိုင်ငံရေးလည်း မလုပ်ဘူး။ ဘာသာရေးလည်း မလုပ်ဘူး။ ဂျီဟတ် စစ်ပွဲလည်း မပါဝင်ဘူး။ ဒီစွပ်စွဲခံရတဲ့ သူတွေနဲ့လည်း တယောက်နဲ့မှ မသိဘူး။ ဒီမင်္ဂလာဆောင်ကိုလည်း လူမှုရေးအရ ဧည့်သည် အနေနဲ့ လိုက်သွားရင်း ဖြစ်ရတာ” ဟု ပြောသည်။

ဖမ်းဆီး ထောင်ချခံရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့မှာ လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ဖြစ်ကြကြောင်း ရှေ့နေ ဦးသိန်းရွှေက ပြောသည်။

ထိုအမှုကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၁၈၂ /၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ) တို့ဖြင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ် ဘာသာဝင် ဗလီဆရာ တဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ် ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင်တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လြုံခုံရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်၊ တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံ ဖမ်းဆီးခဲ့သည့် အတွက် စုစုပေါင်း လူ ၂၀ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ အမှုကို စစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက် နားထောင်ကြကြောင်း၊ အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် အတွက် လူမှုကွန်ရက် facebook မှ တဆင့် ၉၆၉ အဖွဲ့ဝင် တဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရကြောင်း တောင်ကြီးမြို့ခံ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောသည်။

တောင်ကြီးခရိုင် တရားရုံးတွင် ထိုအမှုကို စစ်ဆေးနေစဉ် ကာလအတွင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ရဲမှူးချုပ် ၀င်းခေါင်က ယင်းတရားခံများသည် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိကြောင်းနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို ၀န်ခံထားကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်။

Rohingya Exodus