နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
25.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာတွင် ကျေးရွာ တာဝန်ခံ ရာထူး ရယူရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးကို ၎င်း၏ တပည့်ဖြစ်သူ ဦးဆော်လီမူလ္လာက ငွေကျပ် ၇ သိန်း ပေးပြီး ကြိုးစားခဲ့သော်လည်း ကျေးရွာသားများ ကန့်ကွက်သောကြောင့် ကျေးရွာတာဝန်ခံ အဖြစ် ခန့်အပ်မည် မဟုတ်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ လဆန်းပိုင်းတွင် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ထိုသို့ ကျေးရွာသားများ၏ ကန့်ကွက်ခြင်းကို ခံရသဖြင့် ဦးဆော်လီမူလ္လာက ညအချိန်တွင် သောက်စား မူးယစ်၍ တုတ်၊ ဓါးများကိုင်ကာ လမ်းပေါ် ထွက်၍ ရွာသားများကို အော်ဟစ်ဆဲဆိုသည့် အပြင် လမ်းသွား လမ်းလာများကိုလည်း ငါ့အတွက် အင်တာနက်ပေါ်ကို သတင်းပေးပို့ခဲ့သည်ဟု ဆိုကာ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဧပြီလ (၁၆) ရက်နေ့ကလည်း ဖရုံချောင်း ပြိုင်းတောင်မှ အိုမောရ်ဖာရုခ် (ဘ) ဦးယာရ်မာမတ် (အသက် ၂၈ နှစ်) နှင့် အဒူကော်ရီးမ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၀ နှစ်) တို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်ရာတွင် အသက် ၆၀၊ ၇၀ ကျော် သက်ကြီး ရွယ်အို များကိုလည်း ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ကိုလည်း လာဘ်ငွေ ရယူပြီး ၎င်းအား ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း မရှိဟု ဆိုကာ ဆဲဆိုလျက် ရှိကြောင်း သိရသည်။

ဧပြီလ ဒုတိယ အပတ်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ကျေးရွာ အုပ်စု ၇ စု၏ ခေါင်းဆောင် ဂူတာပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးကျော်လှက မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ဗျူဟာမှူး၊ တပ်မမှူး စသော အရာရှိကြီးများ အားလုံး ၎င်း၏ လက်ထဲတွင် ရှိကြောင်း ကျေးရွာ တာဝန်ခံ မဖြစ် ဖြစ်အောင် လုပ်ပေးမည်ဟု ဦးဆော်လီမူလ္လာကို ပြောဆိုခဲ့ကြောင်း သိရသည်။ ဦးအေးကျော်လှက ဦးဆော်လီမူလ္လာကို ကျေးရွာ တာဝန်ခံ ဖြစ်အောင် လုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀ ယူထားသည်ဟု ဒေသခံများက ဆိုသည်။

ကျေးရွာသားများက အကယ်၍ ဦးအေးကျော်လှက ဦးဆော်လီမူလ္လာကို ကျေးရွာ တာဝန်ခံ ရာထူး ရအောင် ရယူပေးပါက ၎င်းတို့ ကျေးရွာသားများ ရွာတွင်ပင် နေခွင့် မရတော့ဘဲ အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထက် အာဏာပိုင်များက ဦးအေးကျော်လှမှ အရေးဆိုခဲ့လျှင် လေးနက်စွာ စဉ်းစားရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် သောက်စား မူးယစ် ရမ်းကားနေသူ တစ်ဦးကို ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်မည်ကို လုံးဝ မလိုလားကြောင်း ပြောပါသည်။



RFA မြန်မာပိုင်း
25.4.2015

ရခိုင် တပ်မတော်(AA) တပ်ဖွဲ့ဝင် တွေနဲ့ ဆက်နွယ် နေတဲ့သူ တွေကို အစိုးရ တပ်မတော်နဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တို့က ရှာဖွေ စစ်ဆေး ဖမ်းဆီးရာမှာ ၆၅ ဦး ရှိပြီး ၁၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။

ဖမ်းဆီး ရရှိထားတဲ့ သူတွေကို အစိုးရ တပ်မတော်ဖက်က ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေး လာပါက မတရားအသင်း ဆက်သွယ်မှုနဲ့ အရေးယူ သွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောပါတယ်။

"သူတို့ဆီကနေ အိုင်ပတ်ဖုန်း တပ်မတော်ကနေ သိမ်းဆည်းရမိတဲ့အခါကျတော့ အဲ့ဒီကနေ ကျနော်တို့ သူတို့ရဲ့ တပ်ဖွဲ့ဝင်ဓါတ်ပုံတွေရထားတာရှိပါတယ်၊ အဲ့ဒီဓါတ်ပုံတွေနဲ့ တိုင်ဆိုင်ပြီးတော့ စစ်ဆေးတာဖြစ် ပါတယ်လို့၊ သူတို့ကတော့ ကျနော်တို့ကို ၁၅ ယောက်လောက်ရှိတယ် တပ်မတော်က ခဏထိန်းထား တာရှိတာပေါ့၊ အမှုပေါ်ပေါက်ခြင်းဟာ သူတို့ဟာ ရခိုင်သောင်းကျန်းသူဖြစ်တဲ့အတွက်ကြောင့် မတရားအသင်း ပုဒ်မ ၁၇(၁) နဲ့ အကျုံးဝင်မှာဖြစ်ပါတယ်၊ ကျနော်တို့ကိုတော့ လွှဲပြောင်းပေးခြင်း မရှိသေးပါဘူး၊ လွှဲပြောင်းပေးမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က ဥပဒေအရ ဆက်လက်အရေးယူ သွားမှာဖြစ်ပါတယ်"

အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ရာနေရာဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ရခိုင်တပ်မတော်(AA) နဲ့ ဆက်နွယ်သူတွေကို အဓိကရှာဖွေနေသလို မင်းပြား၊ ရမ်းဗြဲ၊ မြောက်ဦး၊ စစ်တွေ အစရှိတဲ့မြို့တွေမှာလည်း ရှာဖွေစစ်ဆေးနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာ ဖမ်းဆီးရမိတဲ့ ရခိုင်တပ်မတော်ဝင်တွေကို စစ်ဆေးပြီးနောက် ရခိုင်တပ်မတော်နဲ့ ဆက်နွယ်နေ တယ်ဆိုပြီး မသင်္ကာတဲ့သူတွကို စစ်ဆေးဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ရခိုင်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆို ပြီး ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။



25.4.2015

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည် နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ နိုင်ငံသားဖြစ်ခွင့်ပြုရေး ပြဿနာကို အလေးအနက်ထား ဖြေရှင်းဖို့ မြန်မာ အစိုးရကို မနေ့က ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပ တဲ့ မြန်မာ့ လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်က အခြေအနေကို နိုင်ငံတကာာအသိုင်း အဝန်းက အထူး စိုးရိမ်ပူပန်နေကြောင်း၊ မွတ်စလင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာအစိုးရအနေ နဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိဖူးဆိုရင် ရခိုင်ပြည်နယ် မှာ ရေရှည်တည်ငြိမ်မှုရရှိနိုင်မှာ မဟုတ်ကြောင်း နဲ့ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်း စုရေးရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဖူး ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာ ဖြစ်ကြောင်းစသဖြင့် ကုလအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းကပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင် လူဦးရေ တသန်းကျော် ရှိတဲ့ အနက် တသိန်းခွဲလောက်ဟာ ၂ဝ၁၂ အဓိကရုဏ်းနောက်ပိုင်း အိုးမဲ့အိမ်မဲ့ ဘဝရောက်နေတယ်လို့ ဆိုပါတယ်။



MYARF
RB News
25.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ တပ်ကြပ် အပါအ၀င် နယ်ခြားစောင့် ရဲများသည် ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဇေယျာအောင် (ဘ) ဦးအောင်မြင့်နှင့် အတူ လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာသို့ သွားရောက်၍ ဒေသခံ တစ်ဦးကို ည ၉ နာရီ အချိန်တွင် ဖမ်းဆီးပြီး ညမထွက်ရ အမိန့်ကို အကြောင်းပြ၍ ငွေညှစ်ရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ တပ်ကြပ် အပါအ၀င် နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ စခန်းတွင် အမြဲနေသည့် လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ရခိုင်လူမျိုး တစ်ဦးဖြစ်သည့် ဦးဇေယျာအောင် (ဘ) ဦးအောင်မြင့် ကိုလည်း နယ်ခြားစောင့်ရဲ ယူနီဖောင်း ၀တ်စေပြီး သေနတ်လွယ် စေကာ နယ်ခြားစောင့်ရဲ အယောင်ဆောင် ခိုင်းပြီး ၎င်းတို့နှင့်အတူ စေတီပြင်ရွာသို့ သွားရောက်၍ နွားရုံတွင် မြေဖို့ရန် အတွက် အိမ်ရှေ့တောင်ကုန်းတွင် မြေထုနေသော မာမတ်ယာစီးန် (ဘ) ဦးဂူရာမီယာ (အသက် ၂၇ နှစ်) ကို ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ညမထွက်ရ အချိန်တွင် အပြင်ထွက်ခဲ့သည်ဟု ဆို၍ ငွေကျပ် နှစ်သိန်း တောင်းရာ မာမတ်ယာစီးန်က ငွေမပေးသဖြင့် ထိပ်တုံးခတ်၍ ချုပ်နှောင် ထားခဲ့သည်။ 

ည ၁၀း၃၀ နာရီ အချိန်တွင် ငါးခူရ စခန်း (နယ်မြေ ၅) မှ ရဲမှူး ရောက်ရှိလာခဲ့ရာ မတရားသဖြင့် ဖမ်းဆီးထားသည့် မာမတ်ယာစီးန်ကို မီးဖိုခန်းတွင် ၀ှက်ထားခဲ့သည်။ နယ်ခြားစောင့်ရဲ ယူနီဖောင်း ၀တ်၍ နယ်ခြားစောင့်ရဲ အယောင်ဆောင် ထားသည့် ဦးဇေယျာအောင်သည် ရဲမှူးကို မြင်၍ ထွက်ပြေးသွားရာ ရဲမှူးက စခန်းတာဝန်ခံကို ထွက်ပြေးနေသူမှာ မည်သူနည်းဟု မေးမြန်းရာ ရွာသား တစ်ဦး ဖြစ်သည်ဟု လိမ်လည် ဖြေဆိုခဲ့သည်။ ထို့နောက် ည ၁၁ နာရီ အချိန်တွင် ရဲမှူးက ၎င်းနှင့် အတူပါလာသည့် တပ်ဖွဲ့ဝင် တစ်ဦးကို ယာယီ စခန်း တာဝန်ခံ တာဝန်ပေးကာ လောင်းဒုံ စခန်း တာဝန်ခံ တပ်ကြပ်ကို ငါးခူရ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ယာယီ စခန်းတာဝန်ခံ တာဝန်ပေးခံရသူက မီးဖိုခန်းထဲသို့ ၀င်ကြည့်သည့် အခါ မာမတ်ယာစီးန်ကို မြင်၍ နယ်ခြားစောင့် ရဲများအား မီးဖိုခန်းထဲတွင် ချုပ်နှောင်ထားသူမှာ မည်သူနည်းဟု မေးမြန်းရာ နယ်ခြားစောင့် ရဲများက စခန်းတာဝန်ခံ ဖမ်းဆီး ချုပ်နှောင် ထားသူ ဖြစ်သည်ဟု ဖြေဆိုကြသည်။ ထို့နောက် ယာယီ စခန်းတာဝန်ခံက မာမတ်ယာစီးန်ကို အကျိုးအကြောင်း မေးမြန်း၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဧပြီလ (၁၅) ရက်နေ့တွင်လည်း ရဲမှူးက ၎င်းစခန်း တာဝန်ခံကို (၁၁) ရက်နေ့တွင် ဆေးဆိုင် ပိုင်ရှင် ဦးလာလူးအား ဖမ်းဆီး၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့မှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာ စခန်းတာဝန်ခံက ငွေကျပ် ငါးသောင်း ညှစ်ခဲ့ကြောင်း လိမ်လည်ခဲ့သည်။ ရဲမှူး ရောက်မလာမှီ ၎င်းရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များကို ခေါ်ယူပြီး ရဲမှူးက မေးမြန်းလျှင် ငွေကျပ် ငါးသောင်း ညှစ်ခဲ့သည်ဟု ဖြေဆိုရန် ပြောဆိုခိုင်းခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့များတွင် မတရား ဖမ်းဆီးမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။



မေတ္တာမောင်
RB News
25.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ညောင်ချောင်း ကျေးရွာတွင် ဆွဲ၊တင်၊စစ် အဖွဲ့ ရိုက်ကူးခဲ့သော မိသားစု ဓါတ်ပုံများကို ကျေးရွာ လူထုထံ ပေးအပ်ရာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ တစ်ပုံလျှင် ၅၀၀ ကျပ်စီ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ ညောင်ချောင်း ကျေးရွာ၌ ဧပြီလ ပထမ အပတ်တွင် ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ ထိုစဉ်က မ.က.ဖ အဖွဲ့က ဓါတ်ပုံ ရိုက်ကူးခဟု ဆိုကာ မိသားစု တစ်စုလျှင် ငွေကျပ် ၂၀၀၀/- ထိ ကောက်ခံခဲ့သည်။ ထို့အပြင် ပြောင်းရွှေ့ခ၊ မွေးတိုးခ စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးတပ်၍ ငွေကောက်ခံ ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဆွဲ၊တင်၊စစ် အဖွဲ့က ရိုက်ကူးသွားသည့် မိသားစု ဓါတ်ပုံများကို ကူးပြီးလျှင် မိသားစုများထံ လက်ခံအဖြစ် တစ်ပုံစီ ပြန်ပေးလေ့ရှိသည်။ ထိုသို့ ဓါတ်ပုံ ပြန်ပေးရတွင် ယခင်က ငွေကြေး ကောက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ လွန်ခဲ့သည့် နှစ်လကျော်က ညောင်ချောင်း ကျေးရွာ တာဝန်ခံ အသတ်ခံရပြီးနောက် ၎င်းရွာကို ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှ က ယာယီ တာဝန်ယူထားသည်။ ယခုအခါ ဓါတ်ပုံတစ်ပုံစီ မိသားစုများထံ ပြန်ပေးရာတွင် ငွေကောက်ခံနေသူမှာ ဦးအောင်ထွန်းလှက ၎င်းယာယီ တာဝန်ယူနေစဉ် အထောက်အကူ အဖြစ် စာရေး တာဝန်ခန့်ထားသူ ညောင်ချောင်း ကျေးရွာမှ ဦးဆယဒ်အာမတ် ဆိုသူ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ထိုသို့ ငွေကောက်ခံရန် မ.က.ဖ အဖွဲ့က ညွန်ကြားထားခြင်း မရှိသောကြောင့် ငွေကောက်ခံရာတွင် အကျိုးအကြောင်း မေးမည့် ကျေးရွာရှိ ပြောတတ်ဆိုတတ်သူ များထံမှ မကောက်ခံဘဲ မရှိဆင်းရဲသား ပညာမတတ်သူ များကိုသာ ပစ်မှတ် ထား၍ ကောက်ခံနေခြင်း ဖြစ်သည်။ ညောင်ချောင်း ကျေးရွာ ကဲ့သို့ အခြားသော ကျေးရွာ များတွင်လည်း ဤကဲ့သို့ ငွေကောက်ခံလျက် ရှိကြောင်း သိရသည်။ ညောင်ချောင်း ကျေးရွာ အိမ်ခြေ ၆၀၀ နီးပါးရှိသည်။



ကိုမိုးဇော်
23.4.2015

တိုင်းရင်းသား ပါတီ ၂၁ ပါတီ ပါဝင်တဲ့ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF က ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်သူ တိုင်းရင်းသား ကိုယ်စားလှယ် ဟာ NBF ကို ကိုယ်စား မပြုကြောင်း ဒီကနေ့ သဘောထား ထုတ်ပြန် ပါတယ်။ ဗုဒ္ဓဟူးနေ့ ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ SNLD ကလည်း သူတို့ကို ကိုယ်စား မပြုကြောင်း ထုတ်ပြန် ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ထား ပါတယ်။

ဧပြီလ ၁၀ ရက်နေ့က နိုင်ငံတော် သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။

ဒီလ ၂၀ရက်နေ့မှာ ဒေါက်တာအေးမောင်က ၆ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေကို ရှင်းပြပြီးကြောင်းနဲ့ တိုင်းရင်းသား ပါတီတွေက သဘောတူထားတဲ့ အချက်တွေကိုပဲ ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

ဒီတွေ့ဆုံမေးမြန်းခန်း ကို အင်တာနက် စာမျက်နှာမှာ ဖော်ပြပြီးတဲ့နောက် တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေက သူတို့သဘောထားကို ထုတ်ပြန် လာခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ ၂၁ပါတီ ပါဝင်တဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ရဲ့ သဘောထား ကိုတော့ NBF မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ -ဦးစောသန်းမြင့်က အခုလို ပြောပါတယ်။

"ခြောက်ပွင့်ဆိုင်လာတုန်းက ကန့်သတ်ချက်ရှိတယ်ဗျ။ သူက ပါတီအနေနဲ့ မဟုတ်ဘူးဗျ။ လွှတ်တော်မှာ ရှိတဲ့ ကိုယ်စားလှယ်ကိုပဲ ရွေးပေးပါဆိုတော့ အဲ့မှာပေါ့နော် လွှတ်တော်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတချို့ကနေ မဲစနစ်နဲ့ ရွေးပေးတဲ့ အခါမှာ ဒေါက်တာအေးမောင်က မဲအများဆုံး ရတယ်။ ဒေါက်တာအေးမောင်က NBF ထဲမှာ ပါတဲ့အတွက် NBF ရဲ့ Mandate နဲ့ တက်ပြီးတော့ NBF ကိုယ်စားတက်တယ်လို့ အထင်မှားကုန်မှာစိုးလို့ ကျနော်တို့က ပါတီ Side က သပ်သပ်ပါ။ လွှတ်တော်က လုပ်တဲ့ Side ဖြစ်ပါတယ်။ အဲ့တာလေးကို ရှင်းအောင်။ ကျနော်တို့ NBF ကျတော့ ၂၁ ပါတီ ရှိတာ ၂၁ပါတီရဲ့ Mandate တော့ မဟုတ်ဘူး။ သူ့ကို ကန့်ကွက်တာလည်း မဟုတ်ဘူး။ ထောက်ခံတာလည်း မဟုတ်ဘူး။ အဲ့ဒီ့အပိုင်း မဟုတ်ဘူး။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်ကတော့ တွေ့ဆုံမေးမြန်းခန်း အဖြေကို ရှင်းလင်းအောင်လို့ သဘောထား ထုတ်ပြန်တာလို့ ပြောပါတယ်။

"ဒီခြောက်ပွင့်ဆိုင် တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဧရာဝတီနဲ့ အင်တာဗျူး လုပ်တဲ့ ကာလမှာပေါ့နော် ဒေါက်တာအေးမောင်က တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီ Agree လုပ်ထားတဲ့အတိုင်း သူဘောင်ထဲကပဲ ပြောတယ်။ သူသိထားတဲ့ အတိုင်းပဲ ပြောတယ်ပေါ့။ သူက အဲ့လို အင်တာဗျူးထားတာ ရှိတယ်။ အဲ့မှာ ကျနော်တို့က ဘာအခက်အခဲဖြစ်သွားလဲဆိုတော့ သူက တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီဆိုတော့ လွှတ်တော်ထဲက တိုင်းရင်းသားတွေကို ရှင်းပြတယ်လို့ သူက အဲ့လို ရှင်းရှင်းလင်းလင်း မပြောဘူး။ တိုင်းရင်းသားတွေကိုပဲ ရှင်းလင်းလိုက်တယ် ဆိုတဲ့အခါ ကျတော့ ကျနော်တို့ SNLD က ပါသလိုလို ဖြစ်နေတယ်။ ဘာမှ မသိလိုက်ပဲ ကျနော်တို့ ပါသလိုလို ဖြစ်နေတာကို ဒါကို ကာကွယ်တဲ့အနေနဲ့ ရှင်းလင်းချက်သဘောမျိုး ထုတ်တာပါ။"

ဒီလို ထုတ်ပြန်ရာမှာ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ဒေါက်တာအေးမောင်ကို ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲရလဒ်တွေကို SNLD ရဲ့ မူဝါဒနဲ့ ကိုက်ညီရင် ထောက်ခံသွားဖို့ ရှိကြောင်းလည်း ပြောပါတယ်။

ကျားခေါင်းပါတီလို့လည်း ခေါ်တဲ့ SNLD ပါတီဟာ လွန်ခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ခံထားရတာမရှိပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲတွေ မှာ ရွေးချယ် ခံခဲ့ရတဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPက လွှတ်တော်ကိုယ်စားလှယ်အချို့က SNLD ကို ကူးပြောင်းခဲ့တဲ့နောက် မှာတော့ SNLD ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းမှာ ရှိလာပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒေါက်တာအေးမောင်က ရှင်းလင်းပြခဲ့တာ မရှိဘူးလို့ ဦးစိုင်းညွှန်လွင်က ပြောပါတယ်။

ဒေါက်တာအေးမောင်ကတော့သူ့ကို လွှတ်တော်တွင်းက တိုင်းရင်းသားပါတီ ၁၂ပါတီက ရွေးချယ်ခဲ့တာဖြစ်တာ ကြောင့် ဒီပါတီ ၁၂ခုကို ကိုယ်စားပြုတယ် လို့ ပြောပါတယ်။

" ၂၀၁၄ နိုဝင်ဘာလ ၂၅ရက်နေ့မှာ အမျိုးသားလွှတ်တော်အမတ် ဦးမြင့်ထွန်း ပြည်ခိုင်ဖြိုး ပါတီကပါပဲ။ သူရဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံ တခု ပေါ်ထွန်းအောင် ဒီအစုအဖွဲ့ ခြောက်ဦးကနေ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးပါ ဆိုတဲ့ တိုက်တွန်းမှု အရ ပြည်ထောင်စုလွှတ်တော်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ပါတီများ အစုအဖွဲ့ကလည်း တဦး ဆိုတဲ့ သဘောနဲ့ ကျနော်တို့က တိုင်းရင်းသား ပါတီများ အစုအဖွဲ့ ၁၂ ခုကို စုစည်းပြီးမှ Mandate အရ တဦး တက်လာခြင်းဖြစ်ပါတယ်။ ကျနော့်ကို Mandate ပေးတာက လွှတ်တော်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားပါတီ (၁၂) ခုက ကျနော့်ကို တာဝန်ပေးထားခြင်း သာလျင်ဖြစ်ပါတယ်။"

အခုလို တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ထုတ်ပြန်နေချိန်ဟာ ၂၀၀၈ဖွဲ့စည်းပုံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို လာမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီဥပဒေကြမ်း က အများပြည်သူရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီရင် ၆ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် က ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သက်ရောက်မှုမရှိမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

RB News
23.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ကျေးရွာ များတွင် ရမ်းကုများထံမှ လစဉ်ကြေး ယူ၍ တရားဝင် ဆေးခန်း ဖွင့်ခွင့် ပေးထားမှုကြောင့် မသိ နားမလည်သည့် လူနာများမှာ အသက် မသေသင့်ဘဲ သေဆုံး နေရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ကျောက်လှေကား ကျေးရွာ အုပ်စု၊ ခေါ်ရီတူလာရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဦးအာဘူဆိဒိတ်၏ ချွေးမ ဖြစ်သူ မတော်ယိုဘာ (အသက် ၂၈ နှစ်) သည် ဧပြီလ (၁၆) ရက်နေ့တွင် ဓမ္မတာ သွေးဆင်းခြင်း များနေသဖြင့် ညနေ (၆) နာရီခန့်တွင် ဇင်ပိုင်ညာ ကျေးရွာမှ ရမ်းကု ဦးအာဘူမောန်ဇူရ် အားခေါ်၍ ဆေးကုသခဲ့သည်။ ရမ်းကု ဦးအာဘူမောန်ဇူရ်က လူနာဖြစ်သူ မတော်ယိုဘာကို ညနေ (၆) နာရီမှ (၉) နာရီ အတွင်းတွင် ဂလူးကူစ် (၃) လုံး၊ သွေးရပ်ရန် ထိုးဆေး၊ တားဆေး ထိုးပေးပြီး သောက်ဆေး (၆) မျိုး ပေးခဲ့သည်။ ၎င်းက ပေးသည့် သောက်ဆေးများကို ည (၁၀) နာရီ အချိန်တွင် မိသားစုများ ရှေ့မှောက်တွင် သောက်ပြီးနောက် (၅) မိနစ်ခန့် အကြာတွင် မူးလဲသွားခဲ့ပြီး၊ သတိလစ်သွားပြီးနောက် အသက်ပါ ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင် ရမ်းကုများ တရားဝင် ဆေးခန်း ဖွင့်လှစ်၍ ဆေးကုသ နေသည်ကို အာဏာပိုင်များက သိရှိသော်လည်း တားမြစ်ခြင်း မပြုဘဲ လူမျိုးတုန်း သတ်ဖြတ်မှု စီမံကိန်းကို အထောက်အကူ ပြုနေသောကြောင့် မျက်စိပိတ် နားပိတ် ထားသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ဆမ လိုင်စင်ရ ရှားပါးသည့် အရပ်ဒေသ ဖြစ်သည်က တစ်ကြောင်း၊ ပညာ ဗဟုသုတ နည်းပါးသည်က တစ်ကြောင်း တို့ကြောင့် အများစုမှာ ရမ်းကုများထံတွင် ဆေးကုသမှု ခံယူနေရပြီး အသက်မသေသင့်ဘဲ သေဆုံးနေရသည်ဟု ၎င်းကဆိုသည်။

ဇင်ပိုင်ညာ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ လစဉ်ကြေး ပေးပြီး တရားဝင် ဆေးခန်း ဖွင့်လှစ် ထားသည့် ရမ်းကုများမှာ --

(၁) ဦးအာဘူမော်န်ဇူရ် (ဇင်ပိုင်ညာဈေး)
(၂) ဦးဇူဘိုင်ရ် (ဇင်ပိုင်ညာဈေး)
(၃) ဦးနူရူလာမီးန် (ဇင်ပိုင်ညာဈေး)
(၄) ဦးအေနာယာတ်အုလ္လာ (ကျွဲတောပြင်)
(၅) ဦးဒေါလာ (ဒိုးတန်း) -- တို့ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ ဦးဝင်းနိုင် (ခ) ဦးဇီယာဘူ (ဘ) ဦးရှော်မ်ရှု (သဲချောင်း၊ ကျောက်လှေကား ကျေးရွာအုပ်စု) ထံ လစဉ်ကြေး ပေးပြီး တရားဝင် ဆေးခန်း ဖွင့်လှစ် ထားသည့် ရမ်းကုများမှာ --

(၁) ဦးရှော်ဘီအုလ္လာ (ကျောက်လှေကားဈေး)
(၂) ဦးတာဟဲရ် (ကျောက်လှေကားဈေး)
(၃) ဦးအစ္စမိုင်လ် (ကျောက်လှေကားဈေး)
(၄) ဦးအဗ်ဒူလ္လာ (ကျောက်လှေကားဈေး)
(၅) ဦးရှော်ဖီအာမတ် (ကျောက်လှေကားဈေး)
(၆) ဦးဂျာဘဲရ် (လှဘော်ဇား)
(၇) ဦးမိုဟာမတ်ရော်ရှိတ် (လှဖိုးခေါင်)
(၈) ဦးအီဆုဖ် (လှဖိုးခေါင်)
(၉) မော်လ၀ီဟူဆောင်း (မင်္ဂလာကြီး)
(၁၀) ဦးဇော်မိလ် (ပေါင်းဇား) -- တို့ဖြစ်သည်။

မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ အဆိုပါ ရမ်းကုများကို ထိရောက်စွာ အရေးယူပါရန်နှင့် ကျန်းမာရေး ဦးစီးဌာနမှ ဒေသခံ ပြည်သူများ ဆေးကုသမှု ရနိုင်ရန် ကူညီ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

လှဖိုးခေါင် ကျေးရွာမှ ရမ်းကု ဦးမိုဟာမတ် ရော်ရှိတ်၏ ဆေးစာ




Rohingya Eye
RB News
22.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ပုဇွန်ကန်တွင် ငါးဖမ်းသည့် ငါးဖမ်းသမား များသည် အုပ်ချုပ်ရေးမှူး ထံမှ ထောက်ခံစာ ယူပြီး ငါးဖမ်းလျက် ရှိသော်လည်း နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံရပြီး ငွေညှစ်ခံခဲ့ ရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာပိုင် ပုဇွန်ကန်ပေါင်း (၁၅) ကန်ကျော်ခန့် ရှိပြီး၊ အဆိုပါ ပုဇွန်ကန်များတွင် ညပိုင်း၌ ငါးဖမ်းရန် အတွက် ငါးဖမ်းသမား များက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာထံမှ တစ်ပတ် အတွက် ငွေကျပ် ငါးထောင်စီ ပေး၍ ထောက်ခံစာ ယူနေရသည်။ ဧပြီလ (၁၈) ရက်နေ့ ည ၉ နာရီ အချိန်တွင် ဦးအုစ်မာန် (ဘ) ဦးဟူစိန်း (အသက် ၅၂ နှစ်) နှင့် အတူ ငါးဖမ်းသမား (၈) ဦးတို့သည် ပုဇွန်ကန်မှ ငါးဖမ်း၍ ရွာသို့ ပြန်နေစဉ် နခေါင်းဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ဖမ်းဆီး သွားသဖြင့် ၎င်းတို့က မိမိတို့သည် ထောက်ခံစာ ယူပြီး ငါးဖမ်းနေခြင်း ဖြစ်ကြောင်း ပြောဆို ရှင်းပြခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့်ကို ကျူးလွန်ခြင်း အတွက် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ပြောဆိုသဖြင့် မတရားသဖြင့် ရိုက်နှက် နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ည ၁၂ နာရီ အချိန်တွင် ငွေကျပ် ၃ သိန်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငါးဖမ်းသမား တစ်ဦးက “ကျွန်တော်တို့က အုပ်ချုပ်ရေးမှူး ဆီက ထောက်ခံစာ ရယူပြီး တရားဝင် လုပ်ကိုင်နေတာပါ။ ညမထွက်ရ အမိန့်ကို ကျူးလွန်တာလည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး ထောက်ခံစာ ယူနေတယ်။ နယ်ခြားစောင့် ရဲတွေက ငွေကြေး တစ်စုံတစ်ရာ မရတော့ မကျေနပ် ဖြစ်ပြီးတော့ ဖမ်းပြီး ငွေညှစ်လိုက်တာပါ။ ကျွန်တော်တို့က ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း နေတာ၊ ဒီလို အဘက်ဘက်က အနှောက်အယှက် ပေးနေပြီး ငွေညစ်နေတာ ခံနေရရင်တော့ လုပ်ငန်းလည်း ပျက်သွားဖို့ပဲ ရှိတော့တယ်” ဟု ပြောပါသည်။



မအေးအေးမာ
22.4.2015

မြန်မာ အစိုးရ တပ်တွေနဲ့ ရခိုင် တပ်မတော် (AA) တို့ရဲ့ တိုက်ပွဲတွေ အတွင်း ရခိုင် ပြည်နယ် ကျောက်တော်မြို့ အတွင်းက အောင်လံ ချောင်းရွာ မီးရှို့ ဖျက်ဆီး ခံရပြီး အောင်လံချောင်း၊ ပင်လုံ စတဲ့ ကျေးရွာ ၄ ရွာလောက်က ဒုက္ခသည် ၄၀၀ ကျော်ဟာ အနီးနားက စပါးဆိပ်ရွာမှာ ခိုလှုံ နေထိုင်နေ ကြပါတယ်။

အခု အခါ မှာတော့ စပါးဆိပ်ရွာမှာ မြန်မာ့ တပ်မတော် ဘက်က ယာယီ စခန်းချ ထားပြီး ၀င်ခွင့် ထွက်ခွင့် ၅ ရက် ပိတ်ထားတဲ့ အတွက် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲ နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်က စပြီး မြန်မာ အစိုးရ တပ်တွေနဲ့ ရခိုင် တပ်မတော် (AA) တို့ဟာ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ ဒီနောက်မှာ ကျောက်တော် မြို့နယ်ထဲက အောင်လံချောင်းရွာ မီးရှို့ ဖျက်ဆီး ခံရပြီး စစ်ဘေးကြောင့် တိမ်းရှောင်တဲ့ ရွာ ၄ ရွာက ဒုက္ခသည် ၄၀၀ ကျော်ဟာ စပါးဆိပ်ရွာမှာ ခိုလှုံနေထိုင် နေကြပါတယ်။

ဧပြီလ ၂၁ ရက်နေ့က စပြီး ဒုက္ခသည်တွေ နေထိုင်နေရာ စပါးဆိပ်ရွာကို မြန်မာ့ တပ်မတော်က စခန်းချထားပြီး ၀င်ခွင့် ထွက်ခွင့်တွေ ပိတ်ထားတဲ့ အတွက် အစားအသောက် အတွက် အခက်အခဲတွေ ကြုံနေရကြောင်းကို စပါးဆိပ်ရွာက ဒေသခံ တဦးက ပြောပါတယ်။

“အသွားအလာ တွေပေါ့နော် ၅ ရက် ပိတ်တယ်လို့ ပြောထားပါတယ်။ ၀င်လို့လည်း မရဘူး။ ထွက်လို့လည်းမရဘူးလို့ ပြောထားတယ်။ အခု လောလောဆယ်က စားနပ်ရိက္ခာ အတွက် ရွာသားတွေ အကုန်လုံး ဒုက္ခရောက်နေပါတယ်။ အပြင်ထွက် လို့လည်း မရဘူး။ ဈေးသွားဝယ် လို့လည်း မရဘူး ဖြစ်နေပါတယ်။”

ဒုက္ခသည်တွေကို အကူညီပေးဖို့ အတွက် ကျောက်တော်မြို့က ဒေသခံတွေ အပြင် အနီးနားက ကျေးရွာတွေက လာခဲ့ကြပေမဲ့ ၀င်ခွင့်ထွက်ခွင့် ပိတ်ထားတဲ့ အတွက် အကူညီပေးဖို့ ခက်ခဲတယ် ဆိုပြီး အကူညီပေးဖို့လာတဲ့ ဒေသခံ တဦးက ပြောပါတယ်။

“ရွာလေးရွာက လူတွေဖြစ်တယ်။ စပါးဆိပ်ကို လာပြီးတော့ ခိုလှုံနေတာပါ။ အေး သူတို့မှာက စားစရာလည်း ဘာမှ မရှိတော့ဘူး။ သူတို့က ထမင်းနဲ့ရေနဲ့ပဲ စားရတယ်။ ပြီးတော့ ကျနော်တို့ကို အကူအညီတောင်းတယ်။”

ရခိုင် တပ်မတော်ကတော့ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေကြောင်း ပြောဆိုပြီး၊ အောင်လံချောင်းရွာ မီးရှို့ ဖျက်ဆီးခံ ရတယ်လို့ ရခိုင် တပ်မတော်က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် က ဆိုပါတယ်။

“အဲဒါကတော့ အောင်လံချောင်း ကျေးရွာ ပေါ့နော်။ မီးရှို့သွားတယ် ဆိုတော့ ရွာသားတွေ ကတော့ အဲဒီရွာကနေ အကုန် ထွက်ခွာသွားတယ်။ ဖြစ်နိုင်တာ ကတော့ အဓိကကတော့ ဒီ ကျနော်တို့ ရခိုင် တပ်မတော်နဲ့ သူတို့က အဲဒီမှာ လှုပ်ရှား သွားလာတယ် ဆိုတော့ ဒီနောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ရွာသားတွေထဲက အရေးပေါ် များလာတာ ဖြစ်တယ်။ အဓိကကတော့ မြန်မာ့ တပ်မတော် အနေနဲ့ကတော့ သူတို့ ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးပါ။ ဒီဟာက ဟို တိုင်းရင်းသား ဒေသ အသီးသီးတွေမှာ ကြွက်မနိုင် ကျီမီးရှို့တဲ့ ပုံစံမျိုးကတော့ တွေ့ရတယ်ခင်ဗျ။”

ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အတွက် ဒေသခံတွေ ကတော့ စိုးရိမ် ပူပန်မှုတွေ ရှိနေတာပါ။ မြန်မာ တပ်မတော်ဘက် ကတော့ ရခိုင် သောင်းကျန်းသူ တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့က ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပေးပို့တဲ့ သတင်း ထုတ်ပြန်ချက် ထဲမှာတော့ ရခိုင် သောင်းကျန်းသူ ၅ ဦးကို လက်နက်တွေနဲ့ ဖမ်းမိထားကြောင်း သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ထဲမှာ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင် တပ်မတော်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းစဉ် မှာတော့ သူတို့ တပ်သားတွေ ဖမ်းမိတဲ့ သတင်း အပြည့်အစုံ မရရှိသေးဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားရာမှာ ဆက်သွယ် မေးမြန်းလို့ မရခဲ့ပါဘူး။

မြန်မာ အစိုးရနဲ့ လက်ရှိ ကျောက်တော်မြို့မှာ တိုက်ပွဲဖြစ်နေတဲ့ ရခိုင် တပ်မတော်ဟာ မြန်မာပြည် မြောက်ပိုင်းမှာ စတင် အခြေစိုက်ခဲ့တာ ၆ နှစ်ခန့် ရှိပြီ ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း အခြေစိုက် လှုပ်ရှားတာဟာ ၈ လခန့် ရှိပြီ ဖြစ်ပါတယ်။

ရခိုင် တပ်မတော်နဲ့ မြန်မာ တပ်မတော် တို့ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သား ၂ ဦးကို ရခိုင်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ရခိုင်တပ်မတော်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မကြာခင်မှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမှာပြုလုပ်မယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင်တပ်မတော်က တက်ရောက်ဖို့ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီမှာတော့ ဆက်စပ်အဖွဲ့အစည်းအဖြစ် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပါတယ်။



“ထုတ်ပြန်ကြေညာချက်”

ရိုဟင်ဂျာများအပေါ် မြန်မာ၏ နှိပ်ကွပ်မှု အဆုံးသတ်ရေးအတွက် အော်စလိုကွန်ဖရင့်

ကျင်းပမည့်နေရာ: The Nobel Institute & Voksenaasen
Oslo, Norway

ရက်စွဲ: ၂၆-၂၈ မေလ ၂၀၁၅


အပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များ အဖွဲ့(RI)၊ အားလုံး အတွက် တရားမျှတမှု (USA)၊ အောက်စဖို့ဒ် ဆင်းရဲ မွဲတေမှုနှင့် လူသား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း အဖွဲ့(OPHI)၊ ဟားဗတ် ကမ္ဘာလုံး ဆိုင်ရာ တန်းတူညီမျှမှု စီမံကိန်းအဖွဲ့(HGEI)၊ ကွင်းမေရီ လန်ဒန် တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ နိုင်ငံတော်မှ ကျူးလွန်သော ရာဇ ဝတ်မှုများ ဆိုင်ရာ စီမံကိန်း အဖွဲ့ နှင့် နော်ဝေ - မြန်မာ ကော်မတီ တို့သည် အရေအတွက် တသန်းကျော် ရှိသော မြန်မာပြည်မှ ရိုဟင်ဂျာ များ၏ ဘေးဒုက္ခကို ဆွေးနွေးရန်နှင့် ဆယ်စုနှစ် များစွာ ကြာမြင့် ခဲ့ ပြီ ဖြစ်သော ၄င်းတို့အပေါ် ဖိနှိပ် ညှင်းပန်းမှု များကို အဆုံးသတ်ရန် အတွက် သုံးရက်ကြာ အပြည်ပြည် ဆိုင်ရာ ကွန်ဖရင့်တခုကို ကျင်းပ သွားမည် ဖြစ်သည်။

နာဇီ သိမ်းပိုက် ထားသော ဟန်ဂေရီနိုင်ငံမှ ထွက်ပြေးလွတ်မြောက်ခဲ့သော ဂျော့ဂ်ျဆိုးရို့စ် (George Soros) သည် ၁၉၄၄ ခုနှစ်က နာဇီလက်အောက်ကျရောက်ခဲ့သော သူ့ဘဝ အတွေ့အကြုံများနှင့် မကြာမီကမှ သူ သွားရောက်လည်ပတ်ခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော မြန်မာပြည်အနောက်ပိုင်းမှ ရိုဟင်ဂျာများ၏ အခြေအနေများ အကြား တူညီမှုများ ရှိသည်ဟု မြင်သည်။

ကွန်ဖရင့်တွင် ဆိုးရို့စ်၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်များဖြစ်ကြသော မိုင်ရိဒ် မက်ဂွဲ(Mairead Maguire)၊ ဒက်စမွန်တူးတူး (Desmond Tutu)၊ ဟိုဆေး ရို့စ်ယိုတာ (Jose Ramos-Horta)၊ မလေးရှား ဝန်ကြီး ချုပ်ဟောင်း မဟာသီယာမိုဟာမက် (Mahathir Mohammad)၊ နော်ဝေဝန်ကြီးချုပ်ဟောင်း ခဲလ် မက်ငဲ ဘွန်ဒီဗစ် (Kjell Magne Bondevik) တို့သည် ရိုဟင်ဂျာမျိုးဆက်နှစ်ခုမှ ကိုယ်စားလှယ်များ၊ တက်ကြွ လှုပ်ရှားသူများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သုတေသီများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အစု လိုက် အပြုံလိုက် သတ်ဖြတ်မှုများဆိုင်ရာ ပညာရှင်များနှင့် လက်တွဲပူးပေါင်းကြမည်ဖြစ်သည်။ သူတို့ သည် မြန်မာ၏ ရိုဟင်ဂျာ ခွဲခြားနှိပ်ကွပ်သော မူဝါဒများကို အဆုံးသတ်ရေးအတွက် တွန်းအားပေးကြ မည်ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်း တော မတ်စ် အော်ဂျီယာ ကွင်တားနား (Tomas Ojea Quinta ) နှင့် လက်ရှိ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်ဟီးလီ (Yanghee Lee) တို့သည်လည်း ၄င်းတို့၏ အတွေ့အကြုံ များကို တက်ရောက်လာသူ များနှင့် တကွ အခြား ပါဝင်သူများနှင့်ပါ နှီးနှော ဖလှယ်မည် ဖြစ်ကြသည်။

အော်စလို ကွန်ဖရင့် ပထမရက်ကို အများပြည်သူ တက်ရောက် နားထောင်နိုင်ရန် ဖွင့်ပေးမည် ဖြစ်ပြီး အင်တာနက် မှ တဆင့် တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်သည်။

ကွန်ဖရင့် အစီအစဉ်ကို သိနိုင်ရန်အတွက် အောက်ပါ လင့်ခ်ကို ကလစ်နှိပ်ပါ။

https://www.facebook.com/OsloConferenceOnRohingyas/posts/960561500643487

အမည် စာရင်း ပေးသွင်းရန် ရီဂျစ်စတာလုပ်ရန်အတွက် အောက်ပါ လိပ်စာသို့ အီးမေးလ်ပို့ပါ။
OsloConference@yahoo.com.


သင့်အမည်အပြည့်အစုံ၊ သင်ပါဝင်ပတ်သက်သော အဖွဲ့အစည်း (ရှိခဲ့လျှင်) နှင့် သင်နေထိုင်သော တိုင်းပြည် တို့ကို ထည့်သွင်းရန် မမေ့ပါနှင့်။

သုံးရက်ကြာ ကွန်ဖရင့်

၂၆ မေ ၂၀၁၅ : ကွန်ဖရင့် ပထမဆုံးနေ့ - အများပြည်သူတက်ရောက်နိုင် - ကို The Nobel Institute and Voksenaasen conference center တွင် ကျင်းပမည်။

၂၇ မေ ၂၀၁၅ : ကွန်ဖရင့် ဒုတိယနေ့ - ဖိတ်ကြားခံရသူများသာ တက်ရောက်နိုင် - တွင် ရိုဟင်ဂျာများ၏ အခြေခံလူ့အခွင့်အရေးများ၊ လူမျိုး နှင့် နိုင်ငံသားအဖြစ် တို့ကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်ရန်အတွက် တွန်းအားပေး အထောက်အကူဖြစ်စေနိုင်မည့် အကြံဥာဏ်စိတ်ကူးစိတ်သန်းကောင်းများ နှင့် အဆိုပြုချက် များ ရှာဖွေလေ့လာခြင်းကို အဓိက အလေးထား လုပ်ဆောင်သွားမည် ဖြစ်သည်။

၂၈ မေ ၂၀၁၅ : ကွန်ဖရင့်နောက်ဆုံးနေ့ဖြစ်သော တတိယနေ့တွင် ကွန်ဖရင့်သည် ဘာမားဖိုရမ်တခု (Burma Forum) ကို စင်ထရယ် အော်စလိုတွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်း အများပြည်သူပါဝင်သော စကားဝိုင်းတွင် ရိုဟင်ဂျာခေါင်းဆောင်များပါဝင်သော အဖွဲ့၊ အခြား ဘာသာရေးခေါင်းဆောင်များနှင့် လူ့ အခွင့်အရေးကျွမ်းကျင်သူများသည် မြန်မာနိုင်ငံ၏ မြင့်တက်လာသော မွတ်ဆလင်မုန်းတီးဆန့်ကျင်ရေး လှုံဆော်မှုများနှင့်အတူ အခြား အလားတူပတ်သက်ဆက်နွယ်သော ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ် သည်။ ဘားမားဖိုရမ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နော်ဝေ-ဗမာ ကော်မတီ ( info@burma.no ) သို့ အီးမေးလ်း ပို့ကာ ဆက်သွယ်နိုင်ပါသည်။

အော်စလို ကွန်ဖရင့် ကျင်းပရခြင်း၏ နောက်ခံအကြောင်း

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသားနှင့် သူတို့၏ ဘိုးဘွားပိုင်မြေပေါ်တွင် တရားဝင်အခြေစိုက်နေထိုင်ခွင့် နှစ်ရပ်စလုံးကို ဖျောက်ဖျက်ရန် “Rakhine Action Plan” ဟု သိကြသော အသေးစိတ် စီမံကိန်းတခုကို မြန်မာအစိုးရက ထုတ်ဖော်လာသည်။ သမ္မတ၏ အကြံပေး ပညာ ရှင်ဟောင်း ဒေါက်တာကျော်ရင်လှိုင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ နှင့် ရခိုင်ပြည် နယ်ဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ် မောင်မောင်အုန်း တို့ပါဝင်သော သုံးဦးပါဝင်သော အဖွဲ့ကို စေလွှတ်ကာ အနောက်နိုင်ငံအစိုးရများနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအား ရိုဟင်ဂျာပြဿနာ ဖြေ ရှင်းရေးအတွက် မြန်မာအစိုးရ၏ တရားဝင် စီမံကိန်းကို လက်ခံလာစေရန် စည်းရုံးစေခဲ့သည်။

သိန်းစိန်၏ မြန်မာအစိုးရသည် လက်တွေ့တွင်လည်း ထို Rakhine Action Plan ကို အကောင် အ ထည်ဖော်လျက်ရှိသည်။ ဤအချက်ကို ထင်ရှားစေသည်မှာ ယခုနှစ် မတ်လမှစပြီး ရိုဟင်ဂျာများ၏ တရား ဝင်နေထိုင်ခွင့်နှင့်ပတ်သက်သည့် တခုတည်းသော စာရွက်စာတမ်းအထောက်အထားဖြစ်သည့် ဝှိုက်ကဒ် များကို ဖိအားပေး ပြန်လည်သိမ်းဆည်းခြင်းအားဖြင့် ရိုဟင်ဂျာအများစုအား တရားမဝင်နေထိုင်သူ များဖြစ်စေရန် နှင့် ရွေးကောက်ပွဲမဲပေးခွင့်မရှိစေရန် ဆက်လက်လုပ်ဆောင်ခြင်းများမှ တဆင့် သိသာ ထင်ရှားစေခြင်းဖြစ်သည်။ တချိန်တည်းမှာပင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို တရုတ်-မြန်မာ နယ်စပ်တလျှောက် မြန်မာစစ်တပ်နှင့် ကိုးကန့်တရုတ်လက်နက်ကိုင်တပ်များ၊ ၄င်းတို့၏ မဟာမိတ်အကြား တိုက်ပွဲများ၊ အလားတူ ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအမီ စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရန် အောင်ဆန်းစုကြည်၏ လောဆော်မှုများထံသို့ အာရုံလွှဲထားသည်။

ရိုဟင်ဂျာများတည်ရှိမှုအပေါ် မြန်မာအစိုးရ၏ တရားဝင် ငြင်းဆိုသော မြန်မာအစိုးရ မူဝါဒနှင့် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်မှု

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရိုဟင်ဂျာများအပေါ် ကြီးကြီးမားမား အကြမ်းဖက်ခဲ့မှုကြီးအပြီး မြန်မာနိုင်ငံ၏ “ပြုပြင်ပြောင်းလဲရေး”အစိုးရသည် လာရောက်လည်ပတ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး အန်တိုနီယို ဂူထရီစ်ကို ရိုဟင်ဂျာပြဿနာဖြေရှင်းရန် နည်းလမ်း နှစ်ခုကို အဆိုပြုခဲ့သည်။ တနည်းမှာ ရိုဟင်ဂျာများကို တတိယနိုင်ငံများတွင် အခြေချနေထိုင်ခွင့်ပေးရေး ဖြစ်ပြီး (ထိုသို့မဟုတ်က) နောက် တ နည်းမှာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ၄င်းတို့ အစဉ်အဆက်နေ ထိုင်လာ ရာ မြေပေါ်တွင် ပင် ကုလသမဂ္ဂ ရန်ပုံငွေဖြင့် ထူထောင်သော စခန်းများတွင် ထားရှိရေး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်ရှိ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အဖွဲ့အစည်း (Chatham House) တွင် ပြောကြား ခဲ့ပြီး ကျယ်ပြန့်စွာ သတင်းထဲတွင် ဖော်ပြခံခဲ့ရသော မိန့်ခွန်းထဲတွင် မြန်မာသမ္မတ သိန်း စိန်သည် ရိုဟင်ဂျာများသည် တရားဝင်အခြေချနေထိုင်သူများ ဖြစ်ခြင်းကိုလည်းကောင်း၊ တိုင်းရင်းသား မျိုးနွယ်စု တခုဖြစ်ခြင်းကိုလည်းကောင်း ရိုဟင်ဂျားများ၏ တည်ရှိမှုကို တရားဝင်ငြင်းဆိုသွားခဲ့သည်။ တချိန် တည်းမှာပင် သူ၏ အစိုးရသည် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံခြား မစ်ရှင်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အ ထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂ အရာရှိများ အား ရိုဟင်ဂျာများကို မြန်မာပြည်မှ တိုင်းရင်း သား မျိုးနွယ်စုတခုအဖြစ် အသိအမှတ်ပြုလက်ခံနေခြင်းမှ ရပ်တန့်စေရေးအတွက် ဖိအားပေးရန် ကြိုးပမ်း မှုများကို စိုက်လိုက်မတ်တတ် ပြုမူလက်ရှိသည်။

ထိုသို့သော ထုတ်ပြန်ကြေညာချက်များနှင့် မူဝါဒများသည် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်း မှ ပြင်း ထန်သော ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရသည်။ ထိုအထဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း (Ban Ki-Moon) နှင့် အမေရိကန်သမ္မတ ဘရတ်အိုဘားမား (Barack Obama) တို့ကဲ့သော ထိပ်တန်းခေါင်းဆောင်များ ပါဝင်သည်။ ခွဲခြားဆက်ဆံမှုကင်းခြင်း၊ သာတူညီမျှအခွင့်အရေးများ၊ ဂုဏ်သိ က္ခာနှင့် အခြားမြန်မာပြည်မှ တိုင်းရင်းသားမျိုးနွယ်စုများနည်းတူ ညီမျှသော အခြေခံလေးစားမှုများကို ထိုက် တန်သော လူနည်းစုတိုင်းရင်းသားတစုအဖြစ် ရိုဟင်ဂျာများကို အပြည်ပြည်ဆိုင်ရာမှ အသိအ မှတ်ပြုသော်လည်း ယင်းနှင့် လုံးလုံးလျားလျား ဆန့်ကျင်ကာ မြန်မာ ဗုဒ္ဓဘာသာလူများစုနှင့် ရခိုင်အမျိုး သားရေးဝါဒီများက ရိုဟင်ဂျာများကို ဆင်းရဲမွဲတေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော တရားမ ဝင် ပြောင်းရွှေနေထိုင်သူ မွတ်စလင်များဟု တံဆိပ်ကပ်လျက်ရှိသည်။ ထိုသို့လျှင် ရိုဟင်ဂျာများကို လူသား အဖြစ်မှ နှိမ့်ချကာ ဗိုင်းရပ်စ်များ၊ မျှော့များ၊ ဘီလူးများ၊ ခွေးများ စသည့် အခေါ်အဝေါ်မျိုးစုံဖြင့် သမုတ် ကြလေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့သော ဒီမိုကရေစီ ဘက်တော်သား အတိုက်အခံခေါင်းဆောင်များနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူ့အခွင့် အရေးခေါင်းဆောင်ကြယ်ပွင့်များဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်လည်း ထိုသို့သော ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓါတ်များကို မျှဝေလက်သင့်ခံနေကြသည်။ မြန်မာအစိုးရသည် ရိုဟင်ဂျာများ ၏ ဘေးဒုက္ခကို လူများစု ဗုဒ္ဓဘာသာရခိုင်များနှင့် မွတ်စလင်ရိုဟင်ဂျာများအကြားဖြစ်ပွားသော လူမျိုးရေး ပဋိ ပက္ခအဖြစ်လည်းကောင်း၊ အာဏာရှင်စနစ်မှ အကူးအပြောင်းတွင် မလွှဲသာမရှောင်သာ ဆက် ဆက် ကြုံတွေ့ရမည့် အကျိုးဆက်အဖြစ်လည်းကောင်း တမင်လှည့်ဖြားကာ ပုံဖော်လျက်ရှိသည်။ ရိုဟင်ဂျာ အဖွဲ့ အစည်းကို ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်အစွန်းရောက်ဝါဒနှင့်လည်းကောင်း၊ ပိုဆိုးသည်မှာ အကြမ်းဖက်ဝါ ဒနှင့်လည်းကောင်း ဆက်စပ်ရန် မြန်မာသမ္မတရုံးအဖွဲ့မှ ကြိုးပမ်းရာတွင် အခြေအမြစ်မရှိသော ထုတ်ပြန် စွတ် စွဲချက်များကို မှန်မှန်ကြီး လုပ်လေ့ရှိသည်။

ပိုမိုဆိုးရွားလာသော ရိုဟင်ဂျာများ၏ ဘေးဒုက္ခ

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ရိုဟင်ဂျာများအပေါ် စနစ်တကျအုပ်ဖွဲ့တိုက်ခိုက် မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်းမှ စ၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတို့၏ ဘေးဒုက္ခမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့ နေ့စွဲပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သော သူမ၏ အစီ ရင်ခံစာတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပရော်ဖက်ဆာ ယန်ဟီးလီက ပြည်တွင်းဒုက္ခ သည်စခန်း ရှိ ရိုဟင်ဂျာဒုက္ခသည်များခံစားရသော ရွေးချယ်စရာ လမ်းနှစ်လမ်းကို ထည့်သွင်းဖော်ပြခဲ့သည်။ “မြန် မာပြည် တွင်းမှာပဲ နေပြီး သေ ဒါမှမဟုတ် လှေစီးပြီး ထွက်ပြေး”။ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး၏ အဆိုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ အ တွင်း မြန် မာနိုင်ငံမှ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ လှေစီးထွက်ပြေးလာကြသော မိန်းမနှင့်ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်အရေအတွက်မှာ ၅၃ ၀၀၀ ခန့် ရှိသည်ဟူ၏။ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာမှ ဧည့်သည်များက ဒုက္ခသည်စခန်းအတွင်းအပြင် နှစ်ရပ်လုံးရှိ ရိုဟင်ဂျာများ နေ ရသောအခြေအနေများကို အကြီးအကျယ် ရှုတ်ချပြစ်တင်ထိုက်ကြောင်း ဖော်ပြခဲ့ကြ သည်။ မြန်မာသမ္မတ၏ ရခိုင်စုံစမ်းလေ့လာရေးကော်မရှင်မှ တင်ပြသော တရားဝင်အစီရင်ခံအရဆိုလျှင် ပင် မြန်မာပြည် အနောက် ပိုင်းရှိ အဓိက ရိုဟင်ဂျာမြို့ကြီးနှစ်မြို့ရှိ ဆရာဝန်နှင့် လူနာ အချိုးအစားများမှာ ၁း ၇၆၀၀၀ နှင့် ၁း ၈၃၀၀၀ တို့ ဖြစ်ကြသည်။ (နှိုင်းယှဉ်ပြရလျှင် မြန်မာတမျိုးသားလုံးအတွက် ပျမ်းမျှအ ချိုးအစားမှာ ၁း ၁၀၀၀ ဖြစ် သည်။)

နိုင်ငံတကာ တုန့်ပြန်မှုများ

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရိုဟင်ဂျာများအပေါ် မြန် မာ ၏ ပြုမူဆက်ဆံပုံကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု” နှင့် “လူမျိုးတုန်း သတ်ဖြတ်မှု” များအဖြစ် အကဲဖြတ်သတ်မှတ်ကြသည်။ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသ မဂ္ဂ အထူးကိုယ်စားလှယ်များဖြစ်ကြသော တောမတ်စ် ကင်တားနားနှင့် ယန်းဟီးလီတို့က လည်း မြန် မာမွတ်စလင်များအပေါ် လူမျိုးရေးခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို ခွင့်ပြုထားသော အစိုးရ၏ တရားဝင် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများ သဘောသဘာဝကို ထောက်ပြခဲ့ကြသည်။ ပစိဖိတ်ရင်းမ် ဥပဒေနှင့်ပေါ်လစီ အဖွဲ့အစည်းကလည်း ယင်းတို့၏ ပညာရပ်ဆိုင်ရာ ဂျာနယ်ဖြစ်သည့် “ပစိဖိတ်ရင်းမ် ဥပဒေနှင့်ပေါ်လစီ ဂျာနယ်” (၂၀၁၄ နွေဦး)တွင် “မြန်မာရိုဟင်ဂျာများအပေါ် တငွေ့ငွေ့လောင်ကျွမ်းနေသည့် လူမျိုးတုန်း သတ်ဖြတ်မှု” ခေါင်းစဉ်ရ သုံးနှစ်တာ ပညာရပ်ဆိုင်ရာ လေ့လာမှုစာတမ်းကို ထုတ်ဝေခဲ့သည်။ လတ် တလော တွင်လည်း လန်ဒန်တက္ကသိုလ် နိုင်ငံတကာ နိုင်ငံတော်မှကျူးလွန်သော ရာဇဝတ်မှု သုတေသန စီမံကိန်းအဖွဲ့နှင့် ယေးလ်တက္ကသိုလ် လူ့အခွင့်အရေးဥပဒေမြှင့်တင်ရေး တို့မှ သီးခြားလွတ်လပ်သော သုတေသနအဖွဲ့အစည်းနှစ်ဖွဲ့သည် ရိုဟင်ဂျာများ၏အခြေအနေကို လူမျိုးတုန်းသတ်ဖြတ် မှုဘောင်အတွင်း မှ လေ့လာစုံစမ်းနေပြီဖြစ်သည်။

ဟားဗတ်တက္ကသိုလ်မှ (Amartya Sen) အမ္မာတိယ ဆင်းမ်ကဲ့သို့ ထင်ရှားသော ပညာရှင်များက ရိုဟင်ဂျာများအပေါ် မြန်မာ၏ ပြုမူဆက်ဆံပုံကို “တဖြည်းဖြည်း လူမျိုးတုန်းသတ်ဖြတ်မှု”ဟု သတ်မှတ်ကြ သည်။ လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၁၄ ခုနှစ် ဧပြီလက ကျင်းပခဲ့သော ရိုဟင်ဂျာပြဿနာ ကွန်ဖရင့်စ် တွင်လည်း တာဝန်မှ ထွက်ခွာတော့မည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်မစ္စတာ ကင်တားနားက ရိုဟင်ဂျာများကိစ္စနှင့်ပတ်သက်၍ “လူမျိုးတုန်းသတ်ဖြတ်မှု အပြုအမူ များ”ကို လေ့လာတွေ့ရှိခဲ့သည်ဆို၏။

ယခု ကျင်းပမည့် အော်စလို ကွန်ဖရင့်တွင် ဂျော့ဂ်ျ ဆိုးရို့စ် (George Soros) နှင့် ဒက်စမွန်တူးတူ (Desmond Tutu) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် နိုင်ငံတကာရင်းနှီးမြှုတ်နှံသူများ၊ ဥရောပ ဘုံဈေးအဖွဲ့ ၊ မြန်မာနိုင်ငံနှင့်နီးစပ်သော အစိုးရများကို မြန်မာနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် ဖိနှိပ်ဆက် ဆံမှုအား အဆုံးသတ်စေရန် တိုက်တွန်းသွားမည်ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးသော လူမျိုးတစုအတွက် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအရ မိမိဘာသာ လူမျိုးအမှတ် သညာ ဖော် ထုတ်ခွင့်၊ အခြေခံလူ့အခွင့်အရေးများ၊ လူမျိုးနှင့် နိုင်ငံ သားရပိုင်ခွင့်များ ကို ပြန် လည် ဆောင် ကျဉ်းပေးနိုင် ရန် တိုက်တွန်းသွားမည်ဖြစ်သည်။



Rohingya Eye
RB News
21.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာမှ ဒေသခံ အမျိုးသမီး တစ်ဦးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ တရားဝင် ခွင့်ပြုချက်ဖြင့် ဆေးကုသရန် ခရီးသွား ခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ (ဟာဆာရ်ဘီးလ်) ရွာမှ ဦးနူရူ၏ အသက် ၂၀ နှစ် အရွယ် သမီးဖြစ်သူသည် ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ တရားဝင် ခွင့်ပြုချက် ရယူပြီး တဖက်နိုင်ငံသို့ ဆေးကုသရန် သွားခဲ့သည်။ ဦးနူရူ၏ သမီးဖြစ်သူ ဆေးကုသပြီး ပြန်လည် ရောက်ရှိလာသည်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းနှင့် ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဧပြီလ (၁၉) ရက်နေ့ ညနေ ၄း၄၅ နာရီ အချိန်တွင် ဦးနူရူ၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ သမီးက တရားမ၀င် ပစ္စည်းများကို တဖက်နိုင်ငံမှ တရားမ၀င် ပစ္စည်းများ သယ်ဆောင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နေအိမ်အနှံ့ ရှာဖွေခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း စွပ်စွဲမှုနှင့် ပတ်သက်၍ ဦးတာန်ဒါမျာ (ဘ) ဦးရော်ဇက်အလီ (အသက် ၈၀ နှစ်) ၏ နေအိမ်သို့ သွားရောက်ပြီး ထပ်မံ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သို့သော်လည်း ဆေးကုရန် ခရီးသွားခဲ့သည့် အမျိုးသမီးကို ခြိမ်းခြာက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် အိမ်သုံး အင်ဗာတာ တစ်လုံးကိုလည်း လုယက်ယူဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ကျော်ဇေယျာဦး


RB News
20.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဆင်းရဲသည့် မုဆိုးမ တစ်ဦး၏ သမီးဖြစ်သူကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့် ကျော်ဇေယျာဦးက တရားမ၀င် မယားငယ် အဖြစ် သုံးနှစ်နီးပါး ပေါင်းသင်းပြီး ခြိမ်းခြောက်၍ အကြိမ်ကြိမ် ကိုယ်ဝန် ဖျက်ချခိုင်းခဲ့ရာ ယခု တစ်ကြိမ်တွင် အဆိုပါ အမျိုးသမီး၏ အသက်ပါ ဆုံးရှုံးသွားခဲ့ရကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အလယ်သံကျော် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးမှ ဦးမောင်သက်နိုင် ဖြစ်လာခဲ့သည်။ ထိုအချိန်မှ စ၍ ၎င်း၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦးသည် ကျေးရွာသူ ကျေးရွာသားများအား အကြောင်း အမျိုးမျိုး ပြပြီး ငွေညှစ်ခြင်း၊ အနိုင်ကျင့် စော်ကားခြင်း၊ အမျိုးသမီး များအား အတင်း အဓမ္မ ဖြစ်စေ၊ ငွေကြေးဖြင့် ဖြစ်စေ သားမယား ပြုကျင့်မှုများ ပြုလုပ်ခြင်းများဖြင့် ကျော်ကြားနေသူ တစ်ဦးဖြစ်သည်။ ၎င်းတွင် တရားဝင် ဇနီးတစ်ဦး ရှိပြီး သားသမီး (၇) ဦး ရှိသည်။ ထို့အပြင် တရားမ၀င် ဇနီး (၃) ကိုလည်း တရားဝင် ဇနီးကဲ့သို့ ထားရှိကာ ပေါင်းသင်း နေသည်ကို ရွာသူရွာသားများ အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အားလုံးက သိရှိထားသည်။ အဆိုပါ တရားမ၀င် ဇနီးများမှ အငယ်ဆုံး ဖြစ်သည့် မဟူမိုက်ရာ (ဘ) ဦးဆုလ်တာန် (အသက် ၂၀ နှစ်) ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စ၍ အတင်းအဓမ္မ ခြိမ်းခြောက်၍ ပေါင်းသင်း နေခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ အဆိုပါ အမျိုးသမီးမှာ ကိုယ်ဝန် ငါးကြိမ် ဖျက်ချခဲ့ရကြောင်း မိသားစုဝင်များ၏ ပြောကြားချက်များ အရ သိရသည်။ မဟူမိုက်ရာ၏ အစ်ကို ဖြစ်သူ ဦးအာဆော်ဒူလ္လာက ယခုတစ်ကြိမ်တွင် ကိုယ်ဝန် (၇) လ ရှိနေချိန်တွင် ကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ မဟူမိုက်ရာနှင့် ပေါင်းသင်း နေခြင်းမှာ ဘာသာရေး အရ တရားဝင်သော်လည်း၊ ဥပဒေအရ တရားမ၀င်သေးကြောင်း၊ ယခုအချိန် ကလေးယူလျှင် နှစ်ဦးလုံး ထောင်ထဲရောက်ရမည် ဖြစ်ကြောင်း ပြောဆို စည်းရုံး၍ ကိုယ်ဝန် ဖျက်ချခိုင်းသော်လည်း အသက် အန္တရာယ် ရှိသည့်အတွက် လက်မခံခဲ့ကြောင်း၊ နောက်ဆုံးတွင် ကျော်ဇေယျာဦးက ကိုယ်ဝန် မဖျက်ချလျှင် အာဏာပိုင်များနှင့် ပူးပေါင်း၍ ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုသည်။

ကျော်ဇေယျာဦးသည် လွန်ခဲ့သည့်လက မောင်တူလာရွာမှ ဒေါ်လေဒို (ဘ) ဦးဘာဆာမျာ (အသက် ၆၀ နှစ်) နှင့် အတူ မဟူမိုက်ရာ၏ နေအိမ်သို့ ရောက်ရှိလာပြီး ကိုယ်ဝန်ဖျက်ချရန် အပင်တစ်မျိုး၏ အမြစ်ကို အမျိုးသမီး၏ အင်္ဂါမှ တဆင့်ထည့်သွင်းရာ ကိုယ်ဝန် မပျက်ဘဲ ထည့်သွားထားသည့် ဆေးဖက်ဝင် အမြစ်မှာ ၀မ်းထဲတွင် ကျန်ရစ်ခဲ့သည်။ သုံးရက်ကြာသည့် အခါ ဒုတိယ အကြိမ် ထည့်ခဲ့ပြီး ကိုယ်ဝန်ပျက်ကျ သွားသော်လည်း သွေးဆင်းမှု မရပ်ဘဲ ဧပြီလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကိုယ်ဝန်ဖျက်ချ ထားသည့် ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျော်ဇေယျာဦးသည် မဟူမိုက်ရာ သေဆုံးသွားသည့် သတင်းကို ရသည်နှင့် ချက်ချင်း ရောက်ရှိလာပြီး အမြန်ဆုံး မြေမြှပ် သဂြိုဟ်ရန် ခြိမ်းခြောက် ပြောဆိုလာသဖြင့် ယင်းနေ့ ညနေ ၄ နာရီတွင် မြေမြှပ် သဂြိုဟ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများက မရှိဆင်းရဲသည့် မုဆိုးမ တစ်ဦး၏ အပြစ်မဲ့ သမီးကို ခြိမ်းခြောက်၍ အတင်းအဓမ္မ ပေါင်းသင်းသည့် အပြင် ယခုကဲ့သို့ အသက်ပါ ဆုံးရှုံးရသည့် အထိ လူမဆန်စွာ ပြုမှုခြင်းအတွက် အထက် အာဏာပိုင်များက ဥပဒေအရ ထိရောက်စွာ အရေးယူပေးပါရန်နှင့် ၎င်းတို့အနေဖြင့် အားကိုးတကြီး စောင့်မျှော်လျက် ရှိသည်ဟု ဆိုသည်။




MYARF
RB News
20.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များကို ငါးခူရ စခန်း (နယ်မြေ ၅) မှ ရဲမှူးက မတရားသဖြင့် ငွေညှစ်ခြင်း၊ ဖမ်းဆီး ရိုက်နှက်ခြင်း ကဲ့သို့သော သောင်းကျန်းမှုများ ဆက်လက် မပြုလုပ်ရန် ဆုံးမခဲ့သော်လည်း လောင်းဒုံ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရဲမှူး၏ အဆုံးအမကို လိုက်နာ နာခံခြင်း မရှိဘဲ ဆက်လက် သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

လောင်းဒုံ ကျေးရွာ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ၎င်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ရွာသားများကို မတရားဖမ်းဆီး ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်နေသည်ကို ငါးခူရ စခန်း (နယ်မြေ ၅) မှ ရဲမှူးက သိရှိသွား၍ ဧပြီလ (၁၅) ရက်နေ့တွင် လောင်းဒုံ ကျေးရွာ ကင်းစခန်းသို့ လာရောက်ပြီး လောင်းဒုံ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များကို ရိုက်နှက်၍ နောက်နောင် ထိုသို့ မပြုလုပ်ရန် ဆုံးမခဲ့သည်။

သို့သော်လည်း နယ်ခြားစောင့် ရဲများသည် ရဲမှူး၏ ဆုံးမမှုကို လိုက်နာခြင်း မရှိဘဲ ဧပြီလ (၁၆) ရက်နေ့ ည ၉ နာရီတွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာသို့ သွားရောက်ပြီး ရာသီဥတု ပူပြင်းလွန်း၍ အိမ်ရှေ့ လမ်းမဘေးတွင် ရပ်၍ လေညှင်းခံနေသည့် မော်လ၀ီ နိုရူ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၅ နှစ်) ကို ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားကာ ညမထွက်ရ အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၅ သိန်း တောင်းရာ မော်လ၀ီ နိုရူက ညမထွက်ရ အမိန့်မှာ ည ၁၁ နာရီမှ နံနက် ၄ နာရီထိသာ ဖြစ်ကြောင်း၊ ၎င်းသည် ည ၉ နာရီ အချိန်တွင် အပြင်ရောက် နေခြင်း ဖြစ်သည်ဟု ပြန်လည် ပြောဆိုသဖြင့် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ နောက်ဆုံးတွင် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ငွေကျပ် နှစ်သိန်း ပေး၍ လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ နယ်ခြားစောင့် ရဲများသည် ဧပြီလ (၁၇) ရက်နေ့ ည ၈ နာရီ အချိန်တွင် ငါးစာကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာရှိ ၂၀၁၄ ခုနှစ် မီးဘေးသင့် ဒုက္ခသည်များထံ သွားရောက်ပြီး ရှောမ်ရှုလ်အာမီးန် (ဘ) ဦးဖော်ဇိလ်အာမတ် (အသက် ၂၅ နှစ်) ကို ဆိုင်တွင် ထိုင်နေစဉ် ဖမ်းဆီး ခေါ်ဆောင် သွားပြီး ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ ရိုက်နှက်နေသဖြင့် ၎င်း၏ အစ်ကို ဖြစ်သူ မော်လ၀ီက ၎င်းအား ရွေးယူလာရန် သွားရာ မော်လ၀ီကိုလည်း ရိုက်နှက်ခဲ့သည်။ ညီအစ်ကို နှစ်ဦးစလုံးကို နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်နေခြင်းကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

လောင်းဒုံ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွားလမ်းလာများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေ၊ ပစ္စည်းများ လုယက်ခြင်း၊ ဆိုင်ကယ် စီးသူများကို ဦးထုပ်မဆောင်း၊ လိုင်စင်ပါ၊ သုံးယောက်စီး စသည်ဖြင့် အကြောင်း အမျိုးမျိုးပြ၍ ငွေညှစ်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



RFA မြန်မာပိုင်း
20.4.2015

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့် တပ်မတော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ် ကျေးရွာကို ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။

စစ်ဘေး ဒုက္ခသည်တွေဟာ စပါးဆိပ်ကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"ရွာလေးရွာ ခန့်မှန်းခြေအိမ်ခြေ ၁ဝဝ ကျော်လောက်ရှိတယ်၊ လူဦးရေ ၄ဝဝ ကျော်ရှိတယ်၊ ရွာသူရွာသားတွေက သူတို့ကို စာသင်ကျောင်းထဲမှာ ထားရတယ်လို့ပြောတယ်"

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားက ကုလားကျ၊ ဒန်ချောင်း၊ ပင်လုံ၊ အောင်လံချောင်းကျေးရွာက ဒေသခံတွေဟာ စပါးဆိပ်ကျေးရွာထံ မနေ့ကရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ကျောက်တော်မြို့ခံတွေက စစ်ဘေးဒဏ်သင့် ထောက်ပံ့ရေးကော်မတီတစ်ရပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မနက်ဖြန်မှာ စပါးဆိပ်ကျေးရွာထံ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တို့မှာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာအုပ်စုအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာမြင့်ဆုံး တိုက်ပွဲတွေဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် က သတင်း ထုတ်ပြန်ခဲ့ပါတယ်။



RB News
20.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ၀ရကျွန်း ကျေးရွာအုပ်စု၊ ဒိုးဒန်း ဇာတိ ဖြစ်သူ ဦးအဒူဆောလာမ် (ပဲချေ) သည် ယခုအခါ ဘူးသီးတောင် မြို့နယ် အမှတ် (၄) ရပ်ကွက် တွင် နေထိုင်လျက် ရှိသည်။ ၎င်းသည် ယခင် စစ်အစိုးရ လက်ထက်တွင် ရ.၀.တ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထိုတာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း ရွာသူရွာသားများကို အ လွန် ညှဉ်းပန်း နှိပ်စက်ခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အလွန်ဆင်းရဲသည့် အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ခဲ့ခြင်းကြောင့် ငွေကြေး မြောက်မြားစွာ ကုန်ကျခဲ့ပြီး နောက်ဆုံးတွင် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ရွာတွင် မနေရဲတော့ပဲ ဘူးသီးတောင် မြို့ပေါ်တွင် အိမ်ငှား ၍ ပြောင်းရွှေ့ နေ ထိုင်လာခဲ့သည်။

ဘူးသီးတောင် မြို့ပေါ်သို့ ရောက်ရှိလာပြီးနောက် ၎င်းတာဝန် ထမ်းဆောင်စဉ်က ရွာသားများ ညှဉ်းပန်း နှိပ် စက် ငွေညှစ်စဉ် မိတ်ဆွေဖြစ်ခဲ့သည့် ရဲများနှင့် ပြန်လည် ပူးပေါင်း၍ ရွာသားများနှင့် ပတ်သက်၍ လုပ်ကြံ သတင်းများ ဖန်တီး၍ ရဲတပ်ဖွဲ့မှ တဆင့် ထောက်လှမ်းရေး (၁၈) အထိ ပေးပို့ကာ ၎င်းအလုပ်ပြုတ်စဉ်က ပါဝင်ခဲ့သူများဟု ယူဆရသူများကို ဂလဲ့စား ချေခဲ့သည်။ ၎င်း၏ လုပ်ကြံသတင်းများ ဖန်တီးမှုကြောင့် ရာဂ ဏန်း နီးပါးရှိသော အပြစ်မဲ့ ရွာသားများ နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ ဆယ်ဂဏန်းကျော် အသတ်ခံခဲ့ရ သည်။ မတရားသဖြင့် ဖမ်းဆီး ထောင်ချခြင်း ခံနေရသူများလည်း များစွာ ရှိနေသည်ဟု ဒေသခံများက ပြော ပါသည်။ ထိုစဉ်က ထောက်လှမ်းရေး (၁၈) မှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို RSO ခေါင်းစဉ် တပ်ကာ မတရား ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်နေသည့် အချိန် ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် နည်းအမျိုးမျိုးဖြင့် ဒေသ ခံ ရွာသားများကို ဒုက္ခပေးကာ ရဲများ၏ ပွဲစားကြီး ဘ၀သို့ ရောက်ရှိခဲ့သည်။ ဤမျှမက ဌာန ပေါင်းစုံသို့လည်း ၀င်ရောက် နေရာယူခဲ့ပြီး အမှုကြီး/ငယ် လိုက်ရာတွင်လည်း ဥပဒေ ပါရဂူဘွဲ့ရ တရားလွှတ်တော် ရှေ့နေ တစ်ဦးပမာ ဖြစ်လာခဲ့သည်။ လယ်ယာမြေ အမှု၊ ရဲအမှု၊ မ.ယ.က အမှု၊ တရားမမှု၊ ရာဇ၀တ်မှု၊ အမှုဟူသမျှ တွင် မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်းက လိုက်ပေးလျှင် အနိုင်ရကို ရရမည်ဟု ကြွေးကြော်ကာ ထင်ရှားလာခဲ့သည်။

တစ်စုံတစ်ဦးက(အထူးသဖြင့်၎င်း၏ ဆွေမျိုးသားချင်းတစ်ဦးဦးက)အခြားသူတစ်ဦးဦးနှင့်အဆင် မပြေ ဖြစ်ခဲ့ လျှင် ၎င်းထံ တိုင်ကြားပါက အတိုင်ခံရသူကို ရဲစခန်း ဂိတ်စာရေး ထံတွင် မှတ်တမ်းပင် မတင်ဘဲ ရဲစခန်းမှ တံဆိပ်တုံးဖြင့် စာရွက် တစ်ရွက်ယူဆောင်လာပြီး နို့တစ်စာ ကဲ့သို့ ပြုလုပ်ကာ ဆင့်ခေါ်၍ ငွေ ညှစ်လေ့ရှိ ရာ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ အများအပြား ဆင်းရဲ ချမ်းသာမရွေးတို့၏ မျက်ရည်စာများဖြင့် ငွေ သိန်း ထောင်ပေါင်း များစွာ ပိုင်ဆိုင်သူ ဖြစ်လာသည်ဟု ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် ရဲစခန်းများ၏ လုပ်ပိုင်ခွင့် လျော့နည်းလာသည့် အခါ ၎င်း၏ ဇာတိ ကျေးရွာ အပိုင်ရှိ လေးမြို့ နယ်ခြာစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) ၏ စခန်းမှူးနှင့် ပူးပေါင်း ၍ ဒေသခံ ရွာသားများ ထံမှ မတရားသဖြင့် ငွေညှစ်သည့် အလုပ်ကို ဆက်လက် လုပ်ကိုင်လာသည်ဟု ဆိုသည်။ ဧပြီလ (၈) ရက်နေ့တွင် လေးမြို့ စခန်း (၂၁) မှ စခန်းမှူး၏ တာဝန်ပေးအပ်ချက် အရဟု ဆိုကာ လုပ်ကြံ၍ ဖန်တီးထားသည့် အမှုများ ရင်ဆိုင်နေရသူများ ထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူး စရိတ်၊ စခန်းမှူး စရိတ်၊ စာရေး စာချုပ် စရိတ်နှင့် ရုံးစရိတ်ဟု ခေါင်းစဉ်များ တပ်ကာ ငွေညှစ်ရာ အမှု ဖန်တီးခံရသူများ က ငွေကြေး အချို့ ပေးလိုက်သော်လည်း ကျန်သည့် ငွေများကို နေ့စဉ် နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် လာရောက်၍ ထောင်ကျမည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်သဖြင့် မတတ်နိုင်သည့် ဆင်းရဲသား များမှာ ၎င်းတို့ လုပ်ကိုင် စားသောက်သည့် ကျွဲ၊ နွားများကိုပင် ရောင်းချ၍ ပေးလိုက်ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ ငွေကြေး လုံးဝ မတတ်နိုင်သည့် ဆင်းရဲသားများကို ၎င်းက ငွေထုတ်ချေး ပြီး ငွေတစ် သိန်း အတွက် စပါးတင်း ၁၀၀ အတိုးယူလျက် ရှိသည်ဟု ဆိုသည်။ ၎င်းက ငွေချေးသူများကို ၁၀၀ ကျပ်တန် တံဆိပ်ခေါင်း ကပ်ထားသည့် စာချုပ် အလွတ်တွင် လက်ဗွေနှိပ် ခိုင်းသည်ဟု ဆိုသည်။ မည်သည့်စာမှ မရေးထားသည့် စာချုပ်တွင် လက်ဗွေနှိပ်ခိုင်းသည့် အတွက် ငွေကြေး မတတ်နိုင်၍ လက်ဗွေနှိပ်ပေးခံရ သူများက အလွန်စိုးရိမ်လျက် ရှိကြသည်။

ယခုရက်ပိုင်း အတွင်း ငွေညှစ်ခံရသူများမှာ --

(၁) ၀ါရကျွန်း ကျေးရွာအုပ်စု၊ ခြင်းချောင်း ကျေးရွာမှ ငါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုသူ ဦးမာမတ်၏ သားနှင့် ကျောက်ရိုင်း ကျေးရွာအုပ်စု တိကုပ်ရွာနေ ဦးအလီအာမတ်၏ သမီးတို့ လူငယ် သဘာဝ ချစ် ကြိုက်နေသည်ကို တရားမ၀င် ပေါင်းသင်းနေသည်ဟု လုပ်ကြံ၍ ယောက်ျားလေး ဘက်မှ ငွေကျပ် ၄ သိန်းနှင့် မိန်းကလေးဘက်မှ ငွေကျပ် ၄ သိန်း -- စုစုပေါင်း ငွေကျပ် ၈ သိန်း ညှစ်ယူ

(၂) ၀ါးရကျွန်း ကျေးရွာအုပ်စု၊ ခြင်းချောင်းရွာမှ ဦးဂူရာဖူတူနာ၏ သမီးနှင့် မော်လ၀ီအဒူရော်ဟိမ်း၏ သားဖြစ်သူ ၉ တန်း ကျောင်းသားတို့ ချစ်ကြိုက်နေသည်ဟု အမှုဖန်တီး၍ နှစ်ဖက်သော မိဘများကို အမျိုး မျိုး ပြောဆိုကာ မိန်းကလေး ဖြစ်သူ၏ ဖခင်ထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ ထို့အပြင် ထပ်မံ ၍ ငွေ ကျပ် ၃ သိန်း တောင်းခံနေသဖြင့် မိန်းကလေး၏ ဖခင် ဖြစ်သူ ဦးဂူရာဖူတူနာမှ တိမ်းရှောင်နေရ သည်ဟု ဆိုသည်။

(၃) ၀ါးရကျွန်း ကျေးရွာအုပ်စု၊ ခြင်းချောင်းရွာမှ လမ်းဘေးတွင် ဈေးရောင်းသည့် ဦးအဒူလ္လာ (ခ) ဦးအာဇော လာ (ဘ) ဦးနူရာမတ်ကို ဦးအဒူဆော်လာမ် (ပီချေ) က ၎င်း၏ ငါးကန်မှ ငါးခိုးသည်ဟု လုပ်ကြံ စွပ်စွဲ၍ စခန်းမှူးထံ တိုင်ကြားမည်ဟု ခြိမ်းခြောက်၍ ဧပြီလ (၁၀) ရက်နေ့ ညနေ (၅) နာရီ အချိန်က ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။

ဦးအဒူဆော်လာမ် (ပီချေ) ၏ ၀ါးရကျွန်း ကျေးရွာသို့ ခရီးစဉ် တစ်ခေါက်တွင် ဒေသခံ ရွာသားများကို မတရား သဖြင့် အမှုများဆင်ကာ ငွေကျပ် ၂၂ သိန်း နီးပါး ညှစ်ယူသွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြော သည်။ ၀ါးရကျွန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အမြဲတစေ သောက်စား မူးယစ်နေသူ တစ် ဦး ဖြစ်သောကြောင့် ဦးအဒူဆော်လာမ် (ပီချေ) သည် မြို့ပေါ်မှ ရွာထဲသို့လာ၍ ယခုကဲ့သို့ ဗိုလ်ကျ စိုး မိုးနိုင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

၎င်း၏ မတရားသဖြင့် အမှုဖန်တီး ငွေညှစ်နေမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက အချိန်မှီ တားဆီး မပေးလျှင် ဒေသခံ ရွာသားများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် အခြေအနေတွင် ရှိနေသည် ဟု ဒေ သခံ များက ပြောပါသည်။


မအေးအေးမာ
19.4.2015

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေ တွေကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဂျပန်နိုင်ငံမှာ သွားရောက် ရှင်းပြခဲ့ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အတွင်းမှာ မြန်မာ အစိုးရတပ်တွေနဲ့ ရခိုင် တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။ မနေ့ စနေနေ့ကတော့ နှစ်ဘက်အကြား လက်နက်ကြီးတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန် ခဲ့တဲ့ အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်လူထုကို ကာကွယ်နိုင်ဖို့ ဆိုပြီး အခြေချ လှုပ်ရှားလာတဲ့ ရခိုင့် တပ်မတော်နဲ့ မြန်မာ အစိုးရတပ်တို့ နှစ်ဘက် ရင်ဆိုင် တိုက်ပွဲတွေ အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရတဲ့ အထိ ပြင်းထန်လာကြောင်း ရခိုင့်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“နှစ်ဆန်းတရက်မှာတော့ ထိတွေ့မှု လေးကြိမ်လောက်ဖြစ်တယ်။ ဒီနေ့နဲ့ပေါင်းတော့ လေးကြိမ်၊ ငါးကြိမ်လောက် ထိတွေ့မှုဖြစ်တယ်။ အခုနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပေါ့နော်၊ အများကြီး ပစ်ခတ်တယ်။ တိုက်ပွဲအရှိန်လည်း တော်တော်ကြာတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ်လခန့်က ကိုးကန့်လူမျိုးစုတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ်တပ်တွေဘက်က ပါဝင်တိုက်ခိုက်မူတွေရှိခဲ့တဲ့ ရခိုင့်တပ်မတော် (AA) ကို မြန်မာအစိုးရက လက်နက်ကိုင်အဖွဲ့တခုအနေနဲ့ အသိမှတ်ပြုခြင်းမရှိခဲ့ဘူးလို့ ရခိုင်တပ်မတော်ကဆိုပါတယ်။

ရခိုင့်တပ်မတော်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်ရှိရာ ပန်ဆန်းမှာဆွေးနွေးကြမယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင့်တပ်မတော်က တက်ရောက် ဖို့ ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေ ရှင်းလင်းရင်း ရခိုင်သောင်းကျန်းသူတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ ရခိုင့်တပ်မတော် ဘက်ကတော့ ရခိုင်လူထုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်ချက်အရ ရခိုင့်တပ်မတော်ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆက်ပြောပြပါတယ်။

“ရခိုင့်တပ်မတော်ဆိုတာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိရမယ်။ ပြီးရင် ရခိုင်ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ရမယ်။ ပြီးရင် တိုင်းရင်းသားအားလုံးနဲ့အတူ ဘုံ ရပ်တည်ချက်၊ ဘုံရည်မှန်းချက်တွေအပေါ်မှာ အတူတူ အလုပ်လုပ်ကိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ရခိုင့်တပ်မတော်ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်ခင်ဗျ။”

ရခိုင့်တပ်မတော်ဟာ မြန်မာပြည်မြောက်ပိုင်းမှာ စတင်အခြေစိုက်ခဲ့တာ ၆ နှစ်ခန့်ရှိပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားလာတာဟာ ၈ လခန့် ရှိနေပါပြီ။ ရခိုင့်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သားနှစ်ဦးကို ရခိုင့်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ဒီနောက် ဧပြီလ ၁၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်လာခဲ့သလို ဧပြီလ ၁၈ ရက်နေ့မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေ ဖြစ်လာခဲ့ပေမယ့် နှစ်ဘက် ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်လို့တော့ သတင်းတွေ မကြားရသေးပါဘူး။



MYARF
RB News
19.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာနှင့် အောက်ပြူးမ ကျေးရွာ ရခိုင်ရွာများရှိ နယ်ခြားစောင့် ရဲကင်း စခန်းများမှ နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဒေသခံ အရပ်သား နှစ်ဦး ကျည်ဆံ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမျောပါး ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာ၌ အမည်မသိ လူတစ်စုက နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆွေတာမောတ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၅ နှစ်) ကို ဓါးဖြင့် ထိုး၍ သတ်ဖြတ်လိုက်သည့် မှုခင်း တစ်ခု ဖြစ်ပွားခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီခန့် အချိန်တွင် ငါးခူရ နယ်မြေစခန်း (နယ်မြေ ၅) မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး မှုခင်းဖြစ်ပွားသည့် နေရာ အနီးတ၀ိုက်ရှိ ဦးနာဆဲရ် (ဘ) ဦးအဒူလာမီးန် (အသက် ၄၀ နှစ်) ၏ ပုဇွန် အ၀ယ်ဒိုင်၌ အလုပ်လုပ်နေသည့် ဦးမုစ်တာအာမောတ် (ဘ) ဦးရှော်ဘိရ်အား မသင်္ကာဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ လူသတ်မှုကို အစွဲပြု၍ ဦးဆွေတာမောတ် မိသားစုက ကျေးရွာတွင် ၎င်းတို့နှင့် ပြေလည်မှု မရှိသောသူများကို လူသတ်မှုနှင့် မသက်ဆိုင်သော်လည်း လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲကာ အပြစ်မဲ့သော ဒါဇင်ပေါင်း များစွာသော ရွာသားများကို တရားစွဲဆို ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ တကယ်တမ်းတွင် လူသတ် တရားခံ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိ မဖော်ထုတ် နိုင်သေးသော်လည်း နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ အရပ်သားများကို လိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဧပြီလ (၁၇) ရက်နေ့ နေ့လည် ၁ နာရီခန့် အချိန်တွင် အထက်ပြူးမနှင့် အောက်ပြူးမ ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲ ၁၀ ဦးခန့် အထက်ပြူးမ ကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ဖမ်းဆီးရန် သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက် နေသဖြင့် ရွာသားများက လူသတ်တရားခံဟု မတရား စွပ်စွဲခံရပြီး ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ပြူးမချောင်းကို ကူးကာ ထွက်ပြေးနေစဉ် နယ်ခြားစောင့် ရဲများက လူအုပ်ထဲသို့ သေနတ်ဖြင့် ပတ်ခတ်ရာ ဒေသခံ ရွာသား အချို့ ကျည်ဆံထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်။

ကျည်ဆံထိမှန်ခံရသူများထဲတွင် ဒေသခံ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သူ နှစ်ဦးမှာ -- ဦးဒီလူး (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၅၂ နှစ်) နှင့် ဦးကာမာလ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၈ နှစ်) တို့ဖြစ်သည်။ ဦးကာမာလ်ကို ကျည်ဆံ ထိမှန်ပြီးနောက် ၎င်းနှင့် အတူ လိုက်ပါလာသူတို့က သယ်ဆောင်၍ ခေါ်သွားနိုင်ခဲ့သောကြောင့် နယ်ခြားစောင့် ရဲများ၏ လက်မှ လွတ်မြောက် နိုင်ခဲ့သည်။ သို့သော်လည်း ဦးဒီလူးမှာမူ ပြင်းထန်သော ဒဏ်ရာဖြင့် ထွက်ပြေးနိုင်ခြင်း မရှိခဲ့သည့် အတွက် နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းကို ဧပြီလ (၁၈) ရက်နေ့တွင် မောင်တော ဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။

ထို့နောက် နယ်ခြားစောင့် ရဲများသည် အထက်ပြူးမ ကျေးရွာထဲသို့ ပြန်လည် ရောက်ရှိလာပြီး ဦးဂျိန္နား (ဘ) ဦးမုစ်တာဖာ၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး လူသတ်မှုနှင့် ပတ်သက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး၊ ငါးခူရ စခန်းသို့ ဖုန်းဆက်ကာ ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ ခေါ်၍ ဖမ်းဆီး ထားသူများ အားလုံးကို ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ လက်ထဲသို့ လွှဲအပ်ခဲ့သည်။

အသတ်ခံခဲ့ရသည့် အထက်ပြူးမ ကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆွေတာမောတ်သည် ဧပြီလ ပထမပတ်တွင် အောက်ပြူးမ ကျေးရွာအုပ်စု ရခိုင်ရွာသို့ သွားခဲ့ရာတွင် အဆိုပါ ကျေးရွာမှ နှလုံး (ရခိုင်) ဆိုသူနှင့် အပေါင်းအပါ များက ၎င်းကို ရိုက်နှက်ခဲ့သည်။ ၎င်းက ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ အထက်ပြူးမ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ်ကို တိုင်ကြားခဲ့ရာ ဒုရဲအုပ်က အကယ်၍ နှလုံး ဆိုသူ အထက်ပြူးမ ကျေးရွာသို့ လာရန် ပြန်လည် ရိုက်နှက်ရန် ပြောကြားခဲ့သည်။

ဧပြီလ (၁၀) ရက်နေ့တွင် နှလုံး ဆိုသူနှင့် ဦးအေဇာရ်ဟူစိန်း၏သား ဖြစ်သူတို့ အထက်ပြူးမ ကျေးရွာမှ ဆိုင်ကယ်ဖြင့် သွားနေစဉ် ဦးဆွေတာမောတ်က ၎င်းတို့ နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ထိုနေရာတွင် ၎င်းတို့ (၃) ဦး အပြန်အလှန် စကားများခဲ့ပြီး နှလုံး ဆိုသူက ဦးဆွေတာမောတ်ကို တစ်ပတ်အတွင်း အပြတ်ရှင်းမည်ဟု ခြိမ်းခြောက် ပြောဆို၍ ထွက်သွားခဲ့သည်။

ထို့နောက် (၅) ရက်မြောက်နေ့ ဧပြီလ (၁၅) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဦးဆွေတာမောတ်နှင့် ၎င်းကျေးရွာသား ဦးရော်ဖိတ် (ဘ) ဦးကာလူ တို့သည် အထက်ပြူးမ ကျေးရွာရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ အိမ်သို့ ပြန်နေစဉ် အထက်ပြူးမ ရခိုင်ရွာအလွန်လမ်းတွင် နှလုံး နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အထက်ပြူးမ ကျေးရွာမှ ဦးအေဇာရ်ဟူစိန်း၏ သား အပါအ၀င် ရခိုင်ရွာသား အချို့က ဦးဆွေတာမောတ်ကို ဓါးဖြင့် ၁၈ ချက်တိတိ ထိုးကာ သတ်ဖြတ်ခဲ့သည်။

ထို့နောက် နံနက် ၁ နာရီခန့် အချိန်တွင် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး အနီးအနားရှိ ဦးနာဆဲရ်၏ ပုဇွန် အ၀ယ်ဒိုင်မှ အလုပ်သမား ဦးမုစ်တာအာမောတ် (ဘ) ဦးရှော်ဘိရ်ကို မသင်္ကာဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဦးဆွေတာမောတ်နှင့် အတူ ရှိနေခဲ့သည့် ဦးရော်ဖိတ်က ဦးဆွေတာမောတ်၏ ဇနီးထံ သွား၍ ၎င်းအား လူသတ်မှုနှင့် ပတ်သက်ပြီး မစွပ်စွဲရန် ဥက္ကဌဟောင်း ဦးလှမြင့်၏ ဆွေမျိုးသားချင်း များကိုသာ စွပ်စွဲရန် ပြောဆိုပြီး ငွေကျပ် ၁၀ သိန်း ပေးခဲ့ကြောင်း သိရသည်။ ဦးရော်ဖိတ်က ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ၎င်းအား နှလုံးက ငွေပေး၍ ခိုင်းစေသောကြောင့် ဖြစ်ပြီး၊ အကယ်၍ ခိုင်းသည့် အတိုင်း မလုပ်ပါက သတ်ပစ်မည်ဟု နှလုံးက ခြိမ်းခြောက် ခဲ့သောကြောင့် ဖြစ်ကြောင်း သိရသည်။

အထက်ပြူးမ ကင်းစခန်းနှင့် ငါးခူရ စခန်းတို့မှ နယ်ခြားစောင့် ရဲများက ဦးဆွေတာမောတ် အသတ်ခံရစဉ် ဦးရော်ဖိတ် အတူ ရှိနေသည်ကို သိရှိသော်လည်း ဦးရော်ဖိတ်အား စစ်ဆေး မေးမြန်းခြင်း မပြုလုပ်ဘဲ ဥက္ကဌဟောင်း ဦးလှမြင့်၏ ဆွေမျိုးသားချင်း များကို ဖမ်းဆီးရန် ရွာကို ပိတ်ဆို့ကာ အပြစ်မဲ့များ၏ နေအိမ်များကို ၀င်ရောက် ရှာဖွေ၍ မတရားသဖြင့် ဖမ်းဆီးရန် ကြိုးစားနေသဖြင့် ရွာသားများ ထွက်ပြေး တိမ်းရှောင် နေရသည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အထက်ပြူးမ ကင်းစခန်းမှ ဒုရဲအုပ်က ဥပဒေဖြင့် ဖြေရှင်း ပေးရမည်ကို ဥပဒေဖြင့် ဖြေရှင်း မပေးဘဲ လူမိုက်ဆန်ဆန် ဖြေရှင်းရန် ပြောဆိုမှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ အခင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် အပြစ်မဲ့ များကို လိုက်လံ ဖမ်းဆီးခြင်းကြောင်း ရွာတွင် အမျိုးသား တစ်ဦးပင် ရှိမနေတော့ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
18.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံ နှစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့က ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း တို့ပူးပေါင်း၍ ဒေသခံ နှစ်ဦးဖြစ်သည့် ဦးအဒူရာမန် (ဘ) ဦးအော်လီဘောက်ရှုး (အသက် ၆၀ နှစ်) နှင့် ဦးဖော်ဇော်လ် (ဘ) ဦးအဒူနော်ဘီ (အသက် ၇၀ နှစ်) တို့ကို ၎င်းတို့၏ သားများ မလေးရှား နိုင်ငံသို့ သွားရောက်နေသည်ဟု ဆို၍ ငွေညှစ်ရာ ၎င်းတို့က ငွေပေးရန် ငြင်းဆန်သဖြင့် လူကုန်ကူးမှု ပုဒ်မနှင့် ထောင်ဒဏ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်၍ ဦးအဒူရာမန် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းနှင့် ဦးဖော်ဇော်လ် ထံမှ ငွေကျပ် လေးသောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
18.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာတွင် နယ်ခြားစောင့် ရဲကင်းစခန်း ဆောက်လုပ်ရန် ဒေသခံ တစ်ဦး၏ မြေနေရာကို သိမ်းဆည်း ပြီးနောက် လျော်ကြေး ပေးမည်ဟု ပြောဆို ခဲ့သော်လည်း လျော်ကြေး မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ် ပစ်ခတ်၍ နယ်ခြားစောင့်ရဲ (၃) ဦး သေဆုံးခဲ့ရပြီးနောက် ၎င်းရဲကင်းစခန်းကို အခြားနေရာသစ် တစ်ခုသို့ ပြောင်းရွှေ့၍ ဆောက်လုပ်ခဲ့သည်။ စခန်းသစ် ဆောက်လုပ်သည့် နေရာမှ သင်္ဘောကွဲ ကျေးရွာမှ ဦးအဒူလော်တီ (ဘ) ဦးနိုရာ ပိုင်ဆိုင်သော စားကျက်မြေ ဖြစ်သည်။

စခန်း ဆောက်လုပ်စဉ် အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက မြေပိုင်ရှင် ဖြစ်သူ ဦးအဒူလော်တီကို ကာလ ပေါက်ဈေး အတိုင်း လျော်ကြေး ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ ယခုအခါ စခန်း ဆောက်လုပ် ပြီးစီးသွားသော်လည်း မြေပိုင်ရှင် ဖြစ်သူ ဦးအဒူလော်တီကို လျော်ကြေးငွေ တစ်ကျပ် တစ်ပြားမှ မပေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
17.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ဦးအေဂျာတ်ဟူစိန်း (ဘ) ဦးဒေါလ္လာသည် ဧပြီလ (၁၀) ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် စိုက်ခင်းမှ အိမ်သို့ ပြန်လာနေစဉ် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ ဒုရဲအုပ်က စိုက်ခင်းသို့ သွားရောက်၍ ဘင်္ဂလားဖုန်းနှင့် စကားပြော၍ ပြန်လာသည်ဟု လုပ်ကြံ စွပ်စွဲပြီး ရိုက်နှက်ကာ စခန်းသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် သုံးသိန်း ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဒုရဲအုပ်က ဦးအေဂျာတ်ဟူစိန်းကို စစ်ဆေးရာတွင် မည်သည့်ဖုန်းမှ မတွေ့ရှိခဲ့သော်လည်း လက်နက်ဖြင့် သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အဆုံးရှိ သ၀န်ချောင်း ကျေးရွာတွင် အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို ကျေးရွာ၌ လုံခြုံရေး တာဝန်ယူ စေသည်။ ၎င်းလုံခြုံရေး များကြောင်း နယ်ခြားစောင့် ရဲများ ညအချိန်မတော် ရွာထဲသို့ ၀င်၍ သောင်းကျန်းခြင်း၊ အဓမ္မလုယက်ခြင်း စသည်များ မပြုလုပ်နိုင်သောကြောင့် နယ်ခြားစောင့်ရဲများက အဆိုပါ လုံခြုံရေးများ အပေါ် အမျက် ဒေါသထွက်လျက် ရှိသည်။ ဧပြီလ (၉) ရက်နေ့ ညတွင် လုံခြုံရေး ခေါင်းဆောင် ဦးနူရ်အာမီးန်ကို နယ်ခြားစောင့် ရဲများက မုန့်ဝယ်ခိုင်းရာ ဦးနူရ်အာမီးန်က မုန့်ဝယ်ရန် သွားနေစဉ်တွင် လမ်းတစ်ဝက်တွင် တုတ်၊ သေနတ် ကိုင်ဆောင်၍ ပုန်းဝှက်နေသော နယ်ခြားစောင့်ရဲ (၃) ဦးက ဦးနူရ်အာမီးန်ကို တုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ဦးနူရ်အာမီးန်၏ အော်သံကြောင့် ရွာသားများ ရောက်ရှိလာပြီး နယ်ခြားစောင့်ရဲ (၃) ဦး ထွက်ပြေးသွားခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ဦးနူရ်အာမီးန်၏ ဦးခေါင်း ကွဲပြတ်သွားခဲ့ရသည့် အပြင် အိပ်ရာမှပင် ထ၍ မရတော့သည့် အခြေအနေသို့ ရောက်နေရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ ရိုက်နှက်မှုကို အထက်အရာရှိ များထံ တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေစခန်း (ကျောက်လှေကား စခန်း) မှ ဒုရဲအုပ် (စစ်ဦးစီး) အပါအ၀င် နယ်ခြားစောင့်ရဲ နှစ်ဦး၊ အမှတ် (၅) နယ်မြေ ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲ နှစ်ဦး၊ (၃) မိုင် စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် ကျောက်ပြင်ဆိပ် ကျေးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးတို့သည် ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာသို့ သွားရောက်၍ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ တို့ကို ခေါ်ယူပြီး ၎င်းကျေးရွာ အုပ်စု အနောက်ရွာရှိ အိမ် (၅) အိမ်ကို ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။ အိမ်များထဲသို့ ၀င်ရောက်၍ အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့သည်။ ၎င်းတို့က “ဘင်္ဂလားဖုန်း ဘယ်မှာ ထားလဲ၊ ယာယီကဒ်ပြား မိတ္တူ ဘယ်မှာလဲ” ဟု မေးမြန်းရာ အိမ်ရှင်များက ဘင်္ဂလားဖုန်း မရှိကြောင်း၊ ယာယီကဒ်ပြားများလည်း မိတ္တူကူး မထားခဲ့ကြောင်း ပြန်လည် ဖြေဆိုသည်။ ထို့နောက် ဧည့်စာရင်း စစ်ဆေးပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။ နေအိမ်များကို အသေးစိတ် ရှာဖွေခဲ့သော်လည်း တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် အကြောင်းမဲ့ ဖမ်းဆီးခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
17.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဘူးသီးတောင် မြို့ပေါ်ရှိ လဘက်ရည်ဆိုင်များ၊ နေအိမ်များ၊ လမ်းများမှ အမည်မသိ ရခိုင်လူမျိုး (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များက ဘူးသီးတောင် မြို့ပေါ်ရှိ လဘက်ရည်ဆိုင်များ၊ နေအိမ်များ၊ လမ်းများမှ အမည်မသိ ရခိုင်လူမျိုး (၈) ဦးကို ဖမ်းဆီးခဲ့သည်။ မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ (၁၅) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရခိုင်လူမျိုး (၁၃) ဦးသည် အဖြူရောင် ကားငယ် တစ်စီးဖြင့် မြို့ပေါ်တွင် နိုင်ငံတော် သီချင်းကို ပြောင်းပြန် ရွတ်ဆိုကာ လှည့်လည်ခဲ့သည်။ ၎င်းတို့ နိုင်ငံတော် သီချင်း ဆိုပုံမှာ - “ကမ္ဘာမကျေ မြန်မာပြည်၊ သတ္တ၀ါ ကုလားတွေ တို့ပြည်က ထွက်ပြေး” ဟု ဆိုကာ ရိုဟင်ဂျာ ရပ်ကွက်များ ထဲသို့ လှည့်လည် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာမှ မြို့ပေါ်သို့ လာနေစဉ် ဘူးသီးတောင် ဂေါက်ကွင်း အနီးတွင် ဆိုင်ကယ် ရှေ့ဘီး ပြုတ်ထွက်ကာ ဆိုင်ကယ်မှောက်၍ နှစ်ဦး စလုံး ဒဏ်ရာရခဲ့သည်။ ထို့နောက် ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ကို ဆေးရုံသို့ ပို့ပေးခဲ့သည်။ သို့သော်လည်း ရဲများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ လုပ်ကြံသကဲ့သို့ စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဒဏ်ရာ ရရှိသည့် နယ်ခြားစောင့်ရဲများက အမှန်အတိုင်း ရှင်းလင်း ခဲ့သောကြောင့် ဖမ်းဆီးရန် ကြိုးစားမှု မအောင်မြင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



16.4.2015

ရခိုင်ပြည်နယ် မောင်တောမြို့မှာ သင်္ကြန် ရေပက်ခံ ထွက်တဲ့ မြို့ခံ လူငယ်တွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး  တရားစွဲဆိုဖို့ ပြင်ဆင် နေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ကိုယ်တိုင် မောင်တော မြို့ကို သွားရောက် စစ်ဆေး ခဲ့ကြောင်း ရခိုင်ပြည်နယ် အရေးပေါ် ညှိနှိုင်း ပေါင်းစပ်ရေး အဖွဲ့က ဦးသန်းထွန်းက ပြော ပါတယ်။

"မနေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီးတော့ မောင်တောမြို့ ကိုသွားပါတယ်၊ အဲဒီ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၁ ဦးကို ဖမ်းချုပ် ထားတယ်၊ ပြည်သူ လူထုရဲ့ ထွက်ဆိုချက် အရ သူတို့ကို တရား စွဲဆို သွားမယ်၊ မောင်တောမှာ မော်တော်ကား မှန်တစ်စင်းကို ရိုက်ခွဲ သွားတယ်၊ နောက်အိမ်တွေ ကိုလည်း ဒုတ်တွေနဲ့ ရိုက်တဲ့ ကိစ္စတွေ အတွက် အဲဒီ့ ၂၁ ရောက်အဖွဲ့က တောင်းပန် ပေးရမယ်"
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က မောင်တောမြို့ခံ လူငယ် ၃၀ ကျော်တို့ ဘူးသီးတောင်မြို့ကို ကားနှစ်စီးနဲ့ ရေပက်ခံ ထွက်ပြီး ညနေပိုင်း မောင်တောမြို့ကိုအပြန်မှာ စကားများ ရန်ဖြစ်ရာက ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တွေဟာ အဲဒီနေ့ ည ၈ နာရီလောက်မှာ မောင်တောမြို့ အထိ လာရောက်ပြီး အမှတ် (၃) ညောင်ပင်လှ ရပ်ကွက်မှာ ကားပေါ်က လူငယ်တွေကို နံပါတ်တုတ်တွေ၊ သေနတ်ဒင် တွေနဲ့ ရိုက်နှက် ခဲ့တာကြောင့် လူငယ် ၅ ယောက်ထက် မနည်း ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး မြို့ခံတွေကိုလည်း ရိုင်းပြ စော်ကားခဲ့ကြောင်း သိရပါတယ်။

မနက်ဖြန် နှစ်ဆန်း တစ်ရက်နေ့ မှာတော့ မောင်တော မြို့နယ်လုံး ဆိုင်ရာ သက်ကြီး ပူဇော်ပွဲ အခမ်းအနား မှာ မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ဦးတင်ကိုကို ကိုယ်တိုင် မောင်တောမြို့ခံ လူထုကို တောင်းပန်မယ်လို့ လည်း သိရပါတယ်။



MYARF
RB News
16.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင် မြို့နယ် များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖွဲ့စည်းထားသော နယ်လှည့် အဖွဲက ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၈) မှ ဒုရဲအုပ်နှင့် ရသေ့တောင် မြို့နယ် အနောက်ပိုင်း ကိုးတန်းကောက် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တို့နှင့် အခြား ကင်းစခန်းများမှ နယ်ခြားစောင့် ရဲများဖြင့် ဖွဲ့စည်းထားသည့် နယ်လှည့်အဖွဲ့သည် ဧပြီလ (၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ သွားရောက်၍ ဘာဂူး (ဘ) ဘာဆာမီယာ (အသက် ၂၅ နှစ်) ကို ဖမ်းဆီးပြီး လွန်ခဲ့သည့် သုံးနှစ်က ဆောက်လုပ်ခဲ့သော အိမ်ကို ယခု အိမ်သစ်ဆောက်လုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် အဆိုပါ နယ်လှည့်အဖွဲ့သည် ဖေရာန် (ဘ) ဦးကော်လီမူလ္လာ (အသက် ၂၈ နှစ်) ၏ နေအိမ်သို့လည်း သွားရောက်၍ ၎င်းစုဆောင်း ထားသည့် သစ်များကို သိမ်းဆည်း ယူသွားသည့် အပြင် ငွေကျပ် တစ်သိန်း ငါးသောင်း တောင်းကြရာ ၎င်းတွင် လက်ငင်းငွေ ပေးရန် မရှိသဖြင့် ရပ်မိရပ် ဦးဆော်ယီဒူရာမန်အား ဖေရာန်ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ယူ၍ နယ်လှည့်အဖွဲ့သို့ ပေးရန် တာဝန်ပေးခဲ့သည်။

အဆိုပါ နယ်လှည့်အဖွဲ့သည် ၎င်းကျေးရွာအုပ်စု ရွာကြီးသို့ သွားရောက်ပြီး ဦးအာဘူလ်ဘာဆဲရ် (ဘ) ဦးဟာဘီအုလ္လာ၏ နေအိမ်သို့လည်း သွားရောက်ပြီး အိမ်ပြုပြင်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



BBC မြန်မာပိုင်း
15.4.2015

မြန်မာနိုင်ငံ တဝှမ်း နှစ်သစ်ကူး ကာလမှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ သင်္ကြန် ပွဲတော် ဆင်နွှဲနေချိန်မှာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ရခိုင်လူငယ်တွေ အကြား ခိုက်ရန် ဖြစ်ပွားရာကနေ လူစုလူဝေး ဖြစ်လာတဲ့ အတွက် တပ်ကနေ ဝင်ရောက် ထိန်းသိမ်း ခဲ့ရတဲ့ အခြေအနေ အထိ ရောက်ခဲ့ပါတယ်။

အင်္ဂါနေ့ ညနေက ဘူးသီးတောင်မြို့ကနေ သင်္ကြန် ရေကစားပြီး မောင်တောမြို့ကို ကားနဲ့ ပြန်လာတဲ့ ဒေသခံ လူငယ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား ရိုက်နှက်မှု ဖြစ်ရာကနေ လူစု လူဝေး ဖြစ်ပွားခဲ့တဲ့ အထိ ပြသနာ ကြီးကျယ်ခဲ့ရပါတယ်။

မောင်တော အဝင် သုံးမိုင်ဂိတ်မှာ မိန်းခလေးတွေကို ရေပက် ကစားရာကနေ ကိုယ်ထိ လက်ရောက် စော်ကားမှုတွေရှိလာတာကို ဟန့်တားခဲ့တဲ့ ရခိုင် လူငယ်တွေကို နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့ကြောင်းနဲ့ အဲဒီ့နောက်မှာ မောင်တော မြို့ထဲကို နောက်ထပ် တပ်ဖွဲ့ဝင် လေးဆယ်ခန့်က ကားသုံးစီးနဲ့ ချက်ချင်း ဝင်ရောက်လာပြီး ကားတွေကို ရိုက်ခွဲခဲ့သလို မဆိုင်သူတွေကို ရိုက်နှက်ခဲ့တယ်လို့ အဲဒီ ပဋိပက္ခမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဒေသခံ လူငယ် တစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုချက် ရယူဖို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ တာဝန်ရှိသူတွေကိုပါ ဖုန်းဆက်မေးဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် ပြန်လည် ဖုန်းဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့တဲ့အခါမှာလည်း ဖုန်းကိုင်သူ ရဲက ဒီကိစ္စကို သူတို့ ဘာမှ မသိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီလို ပဋိပက္ခတွေ ဖြစ်ခဲ့အပြီး မောင်တောမြို့တွင်းမှာ လူ နှစ်ရာလောက် လူစုလူဝေးနဲ့ စုရုံး ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက်မှာ ဒေသအခြေစိုက် ဗျူဟာမှူး ကိုယ်တိုင် ည ၁၀ နာရီကျော်လောက်မှာ အင်အား ၂၀ ခန့်နဲ့ မောင်တောမြို့ထဲကို ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

မောင်တောမြို့မှာ နေထိုင်နေကြတဲ့ ရခိုင် တိုင်းရင်းသားတွေဟာ လူနည်းစု ဖြစ်ပြီး ခုလို ပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် စိုးရိမ်မှုတွေလည်း တိုးပွားနေတယ်လို့ သိရပါတယ်။



Rohingya Eye
RB News
15.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ရေကောင်း ရေသန့် ရရှိရန် ရေကန် တူးဖော်နေသူများကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး​၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ၊ ဆောန်ကောတ်သာဘီးလ် ဖာရာတွင် ရေကောင်း ရေသန့် ရရှိရန် အခက်အခဲ ဖြစ်နေသောကြောင့် ရွာသားများ ပူးပေါင်းပြီး ရေကောင်းရေသန့် ရရှိရေး အတွက် ရေကန် တူးဖော်ရန် ရှိလ်ခါလီ ကျေးရွာမှ ဦးကာမာလ်ဟူစိန်း (ဘ) ဦးကော်ရီမူလ္လာ (အသက် ၃၅ နှစ်) အပါအ၀င် လူ (၁၁) ဦးကို ငွေကျပ် ၅ သိန်း ၅ သောင်းဖြင့် ကန်ထရိုက် ပေး၍ ခေါ်ဆောင် လာ၍ ရေကန် တူးဖော်လျက် ရှိသည်။

ဧပြီလ (၁၂) ရက်နေ့ နံနက် ၁း၃၀ နာရီ အချိန်တွင် နခေါင်းဒီးယား နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး အဆိုပါ ရေကန် တူးဖော်သူ (၁၁) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ကို ရွာရာအိမ်မှူး များဖြစ်သည့် ဂျာဟန်ဂိရ် (ဘ) ဦးဘာဆဲရ် (အသက် ၂၅ နှစ်) နှင့် ဦးနော်ဇီရ် (ဘ) ဦးမူဆောန်အာလီ (အသက် ၅၅ နှစ်) တို့ထံ ဧည့်စာရင်း တိုင်ကြားခဲ့ခြင်း မရှိသည့်အတွက်ဟု စွပ်စွဲ၍ ဖမ်းဆီးသော်လည်း၊ ဖမ်းဆီးခံရသူများက မိမိတို့သည် ဧပြီလ (၁၀) ရက်နေ့မှ (၁၇) ရက်နထေိ့ ဧည့်စာရင်း တိုင်ကြားခဲ့သည်ဟု ပြောဆိုနေကြသည်။ နုယ်ခြားစောင့် ရဲများကို ဧည့်စာရင်း တိုင်ကြားကြောင်း ရှင်းလင်း ပြောဆိုသော်လည်း ၎င်းတို့ကို တစ်ညလုံး ချုပ်နှောင်ထား ခဲ့သည်။ နောက်ဆုံးတွင် ပြန်လည် လွတ်မြောက် လာရေး အတွက် နယ်ခြားစောင့် ရဲများကို ငွေကျပ် လေးသိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
14.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ ကျင်းပလျက်ရှိရာ သင်္ကြန် မဏ္ဍာပ်များ အတွက် ရိုဟင်ဂျာ လုပ်ငန်းများထံမှ အလှူငွေများ အတင်း အဓမ္မကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၃) ရက်နေ့မှစ၍ မောင်တောမြို့နယ်တွင် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ ကျင်းပလျက် ရှိရာ သင်္ကြန်ပွဲ ဆင်နွဲရန်၊ မဏ္ဍာပ်များ အတွက်ဟု ဆိုကာ မောင်တောမြို့ရှိ ရိုဟင်ဂျာ အမျိုးသားပိုင် ကုမ္ပဏီ (၁၀) ခုကျော်မှ ခရိုင် အုပ်ချုပ်ရေးမှူးရုံး မဏ္ဍာပ် အတွက်ဟု ဆိုကာ ကုမ္ပဏီ တစ်ခုစီမှ ငွေကျပ် နှစ်သိန်းစီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၁) ရက်နေ့တွင် မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုးက ရိုဟင်ဂျာများ ပိုင်သည့် တည်းခိုရိပ်သာ (၇) ခုမှ သင်္ကြန်ပွဲအတွက်ဟု ဆိုကာ ဘီယာ တစ်ဖာစီနှင့် ရေသန့်ဘူး တစ်ဖာစီ အတင်းအဓမ္မ ယူခဲ့သလို မြို့နယ် ခရိုင်ရဲတပ်ဖွဲ့ မဏ္ဍာပ် အတွက်ဟု ဆိုကာ မြို့ပေါ် အလယ်တန်းကျောင်း ရှေ့ရှိ သစ်သား အရောင်းဆိုင်မှ သစ်များလည်း အတင်းအဓမ္မ ယူဆောင် သွားကြောင်း အဆိုပါဒေသခံက ပြောပါသည်။

လုပ်ငန်းရှင် တစ်ဦးက “နှစ်စဉ် နှစ်တိုင်း သင်္ကြန်ပွဲမှာ ကျွန်တော်တို့ အဆင်ပြေသည် ဖြစ်စေ၊ မပြေသည်ဖြစ်စေ သူတို့ တောင်းတဲ့ အတိုင်း အလှူငွေ ပေးရတယ်။ ပဋိပက္ခ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ လုပ်ငန်းတွေ အဆင်မပြေတော့ အခုလို အတင်းအဓမ္မ ပေးခိုင်းတဲ့ အခါကျတော့ ၀န်ထုတ် ၀န်ပိုး ဖြစ်တာပေါ့” ဟု ပြောသည်။



RB News
14.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် ခမရ ၅၆၄ မှ တပ်ရဲ တပ်ကြပ်ကြီး ဘကျော်က ခြင်းသမား ကျေးရွာအုပ်စု၊ မိကျောင်းဈေး ကျေးရွာအုပ်စု၊ ဒါးပိုင်ဆရာ ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ဆိုင်ကယ် တစ်စီးဖြင့် လှည့်လည်၍ ဒေသခံများကို အမှုဆင် ဖမ်းဆီးခြင်း၊ အပြစ်မရှိ အပြစ်ရှာ လုပ်ကြံ စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်းများ အပြင် တပ်ရင်းမှူးက ခေါ်ခိုင်းသည်၊ တပ်ရေး ဗိုလ်ကြီးက ခေါ်ခိုင်းသည်ဟု လိမ်ညာ ပြောဆို၍ ငွေညှစ်ခြင်း၊ ဒေသခံ ရိုဟင်ဂျာများအား လူမျိုးရေး မုန်းတီးရေး စိတ်ဖြင့် ခွဲခြား ဆက်ဆံပြီး နဖူးပေါ် ခြေဖြင့် ကန်ခြင်း၊ လက်ထိပ်ခတ် ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ တပ်ရဲ တပ်ကြပ်ကြီး ဘကျော်သည် ၂၀၁၁ ခုနှစ်တွင် မိကျောင်းဈေး ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ကျောင်းသား လူငယ် တစ်ဦး ဖြစ်သည့် နူရ်ဘော်ရှော် (ဘ) ဦးဒူဒူမျာ တပ်ရင်းမှ ထွက်ပြေးပြီး သေဆုံးမှုတွင် အဓိက ပါဝင် ပတ်သက်ခဲ့သည့် လူသတ် ရာဇ၀တ်ကောင် တစ်ဦး ဖြစ်သော်လည်း အထက် ခုံရုံးမှ စစ်ဆေးရာတွင် အရေးယူခြင်း မခံရသည်ကိုလည်း တွေ့ရှိရသည်။

၎င်း၏ ရာထူး တည်မြဲနေခြင်းမှာ ၎င်းသည် ငကျည်တောက် ဒိုင်းနက်ရွာ ဇာတိ၊ ဒိုင်းနက် လူမျိုး တစ်ဦး ဖြစ်ပြီး တပ်ရင်းမှူး အပါအ၀င် အရာရှိများအား ဒေသခံ ရိုဟင်ဂျာများထံမှ မတရားသဖြင့် ညှစ်ယူထားသည့် ငွေများမှ ဝေစုခွဲကာ ပေးနေသည်က တစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူကလည်း တပ်ရင်းမှူး အိမ်သို့ သွားရောက်၍ တပ်ရင်းမှူး ကတော်ကို ချဉ်းကပ်၍ အိမ်ဖော်သဖွယ် ချက်ပြုတ်ပေးခြင်း၊ အ၀တ်လျှော်ပေးခြင်း တို့ကြောင့် တစ်ကြောင်း၊ ၎င်း၏ တပ်ရဲ တာဝန် တည်မြဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ အခြားသော ရဲဘော်များကို တပ်ရဲ တာဝန် ခန့်အပ်ပါက တစ်ပတ် နှစ်ပတ်ထက် ပို၍ပင် တာဝန်မြဲခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

တပ်ရဲ တပ်ကြပ်ကြီး ဘကျော်၏ မတရားသဖြင့် ငွေညှစ်ခြင်း ခံရသူ အချို့မှာ --

(၁) ဦးဇာဟိဒ်အုလ္လာ (ဘ) ဦးဟာမိဒ်ဟူစိန်း -- ပုလဲတောင်ရွာ -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း
(၂) ဦးမာမတ်အာရော်ဖ် (ဘ) ဦးအာဘူအာမတ် -- ခြင်းသမား - မြစ်နား -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း
(၃) ဦးတော်ယုဖ် (ဘ) ဦးဘေလာဟူဆောင်း -- မောင်နူရွာ -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း
(၄) ဦးဆော်လိမ် (ဘ) ဦးကာလူ -- မောင်နူရွာ -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း

ဤကဲ့သို့ လိုင်စင်ရ ဓါးပြတစ်ဦး ကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နေခြင်းကို အထက် အရာရှိများက ဟန့်တား၍ အရေးယူ ဆောင်ရွက် ပေးခြင်းမရှိပါက ဒေသခံ ရွာသားများနှင့် ထိပ်တိုက် ပြဿနာ ဖြစ်လာဖွယ် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ သို့ဖြစ်၍ တပ်မတော် အကြီးအကဲများနှင့် နိုင်ငံတော် အစိုးရက အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ဆိုသည်။



MYARF
RB News
13.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ၀န်ထမ်းများ၊ ဘုရားအောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံ တစ်ဦး ထံမှ ငွေညှစ်ခဲ့ပြီး၊ တပ်မတော် သားများ ဈေးရောင်း၍ ပြန်လာသည့် သားအဖ နှစ်ဦးထံမှ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဒု-ဦးစီးမှူး၊ စာရေး ဦးမောင်မြဇံနှင့် ဘုရားပြင် အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ တို့သည် ဧပြီလ (၁၁) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးဒိလ်မာမတ် (ဘ) ဦးဇော်ဘောရ်မျာ၏ နေအိမ်သို့ သွားရောက်ပြီး ခွင့်ပြုချက် မရဘဲ အိမ်ခြံဝင်း အတွင်းမှ သစ်ပင်တစ်ပင် ခုတ်ခဲ့သည်ဟု ဆိုကာ အိမ်ထောင်စု စာရင်း သိမ်းယူသည့် အပြင် ဦးဒိလ်မာမတ်ကိုလည်း အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး ကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့ သုံးဦးက မိမိ အိမ်ခြံဝင်း ဖြစ်သော်လည်း မပိုင်ဆိုင်ကြောင်း၊ ဘင်္ဂလီများမှာ မည်သည့် ပစ္စည်းမှ ပိုင်ဆိုင်ခြင်း မရှိကြောင်း၊ တိုင်းရင်းသား များသာ ပိုင်ဆိုင်ကြောင်း စော်ကား ပြောဆိုပြီး ငွေကျပ် ငါးသိန်း တောင်းခဲ့ကြသည်။ နောက်ဆုံးတွင် ဦးဒိလ်မာမတ် ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၁) ရက်နေ့တွင်ပင် ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးအဒူဇော်လိလ် (ဘ) ဦးအဒူဆော်လာမ်က ၎င်း၏ အိမ်မှာ ဟောင်းနွမ်း၍ ပျက်စီး နေသဖြင့် အိမ်ပြန်လည် မွမ်းမံရန် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်၍ ခွင့်ပြုချက် တောင်းခံရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးမှူးက ငွေကျပ် တစ်သိန်း ငါးသောင်း တောင်းခဲ့သည်။ သို့သော်လည်း ဦးအဒူဇော်လိလ်က ဦးစီးမှူး တောင်းခံသည့် ငွေကို မပေးနိုင်သဖြင့် ခွင့်ပြုချက် မရခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာမှ ဦးကာမာလ် (ဘ) ဦးအီဆုဖ် (အသက် ၄၂ နှစ်) နှင့် ၎င်း၏ သားဖြစ်သူ တို့သည် ဘူးသီးတောင် မြို့နယ်မှ အ၀တ်အထည်များ ၀ယ်ယူပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ ရွာထွက် လက်မှတ် ရယူပြီး ရွာများအတွင်းသို့ လည်ပတ်၍ ရောင်းကာ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ဧပြီလ (၁၂) ရက်နေ့တွင် ၎င်းတို့ သားအဖ နှစ်ဦးသည် ဖရုံချောင်း တောင်ကြားလမ်းမှ တဆင့် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာသို့ သွားရောက်၍ ဈေးရောင်းပြီး အိမ်ပြန်နေစဉ် နံနက် ၁၁ နာရီခန့် အချိန်တွင် တောင်ထိပ်သို့ ရောက်သောအခါ တပ်မတော်သားများက ဖမ်းဆီးပြီး ဈေးရောင်း၍ ရငွေ ကျပ် တစ်သိန်း နှစ်သောင်း၊ ငါးသောင်းတန် လက်ပတ်နာရီ တစ်လုံး၊ သုံးသောင်းတန် Giffini အင်္ကျီတစ်ထည်၊ ရှစ်ထောင်တန် ရွှေရွက်ဝါ လုံချည် ၃ ထည် တို့ကို လုယက်ပြီး ၎င်းတို့ သားအဖ နှစ်ဦးတို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



RFA မြန်မာပိုင်း
13.4.2015

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန် လာရေးအတွက် အခင်း အကျင်း သစ်တွေ စတင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကမ်းလှမ်း လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် အတွက် အာဆီယံ နိုင်ငံတွေနဲ့ ဆက်စပ်ဖို့ အဓိကကျတဲ့ ပေါင်းကူးနေရာမှာ ရှိနေပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိတွေ့မှု အနည်းဆုံး ဖြစ်နေကြောင်း၊ ဒါပေမဲ့ နှစ်နိုင်ငံရဲ့လတ်တလော နဲ့ ရှေ့အနာဂတ် ထိတွေ့ ဆက်ဆံမှု တွေဟာ အရှိန်အဟုန် မြင့်မား လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မာမွတ်အလီက ဒါကာမြို့မှာကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံ ဆွေးနွေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ အသင့်ချုပ်ပြီး အဝတ်အထည် ၊ ဆေးဝါး၊ သားရေထည်ပစ္စည်း၊ ဘိလပ်မြေ၊ ဂုန်လျှော်၊ စိုက်ပျိုးရေး ပစ္စည်းတွေကို မြန်မာနိုင်ငံဘက် တင်ပို့နိုင်ကြောင်း၊ အလားတူ မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ သဘာဝ သယံဇာတ တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ကြောင်း၊ အခု အခါ မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဖွင့်ပေးနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ကလည်း သင့်တော်တဲ့ ကဏ္ဍမှာ လာရောက် မြှုပ်နှံလိုကြောင်း၊ စွမ်းအင် ကဏ္ဍမှာလည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေဝါရီလက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ စွမ်းအင်အကြံပေးအဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

အဲ့ဒီ သုံးနိုင်ငံဆွေးနွေးပွဲမှာ မြန်မာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တမ္ပဒီပအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ဇော်ဝင်းက ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ လူ့ဘောင်မှာ နှစ်ပိုင်းကွဲနေရာမှာ တချို့က အလယ်အလတ် အမြင်ရှိပြီး၊ တချို့ကတော့ ပြင်းထန်တဲ့ သဘောထား ရှိကြတယ်လို့ ပြောဆိုကြောင်း bdnews24 ဘင်္ဂလားဒေ့ရှ် သတင်းဌာနက ဖေါ်ပြပါတယ်။

Rohingya Exodus