နောက်ဆုံးသတင်း/ဆောင်းပါးများ

(ဓါတ်ပုံ - ရိုက်တာ)


10.5.2015

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိ ထိန်းသိမ်း ထားတဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချသူ ၁၀၀ ကျော်ဟာ လူကုန်းသူတွေရဲ့ ဓားစားခံတွေ ဖြစ်ခဲ့သလား ဆိုတာကို အာဏာပိုင်တွေက မေးမြန်း စစ်ဆေး နေပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်တကျောမှာ လူကုန်ကူးတဲ့ စခန်းတွေရှိနေတာကို ၁၀ ရက်အတွင်း ဖော်ထုတ်ဖို့ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက အမိန့်ပေးထားပါတယ်။

အရင်တပတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ အလောင်း ၃၃ လောင်းကို စွန်ကလာ ပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။ လူကုန်ကူးသူတွေ အသုံးပြုတဲ့ လျှို့ဝှက်စခန်း ၃ ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဒီလို ပြဿ နာတွေ ပေါ်ပေါက်ပြီးနောက် ဒေသတွင်းမှာ လူကုန်ကူးမှုတွေကို နှိမ်နင်းမယ့် နည်းလမ်းတွေကို ထိုင်း၊ မြန်မာ၊ မလေးရှားတို့နဲ့ သုံးနိုင်ငံ အစည်းအဝေးကို ခေါ်ဖို့ ထိုင်းဝန်ကြီးချုပ်က ဆော်သြလိုက်ပါတယ်။

အခု စစ်ဆေးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၁၇ ယောက်ကိုလည်း မလေးရှားနဲ့ နယ်စပ် စွန်ကလာ ပြည်နယ်မှာပဲ တွေ့ရှိခဲ့တယ်လို့ ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်က ဖြစ်ပါတယ်။

ဒီနှစ် ပထမသုံးလအတွင်း ရိုဟင်ဂျာနဲ့ ဘင်္ဂလားလူမျိုး ၂၅၀၀၀ လောက်ဟာ ရေလမ်းကတဆင့် နေရပ်ရင်းကို စွန့်ခွာခဲ့ကြတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။

ဒါကြောင့် မနှစ်ကထက် နှစ်ဆ တိုးလာတယ်လို့ ဆိုပါတယ်။လှေစီးပြေး ဒုက္ခသည်တွေဟာ မူလနေရာမှာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အန္တရာယ်များတဲ့ ခရီးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဆူမာတြာကျွန်းကို လှေစီးပြီး ရောက်လာ ကြတဲ့ ရိုဟင်ဂျာ တွေကို ယာယီ ခိုလှုံ နေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်း နေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)

10.5.2015

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင် ၅၀၀ လောက် တင်ဆောင် ထားတဲ့ လှေတွေ အင်ဒိုနီးရှား အနောက်ဘက် ကမ်းခြေကို ဆိုက်ကပ် လာခဲ့ပါတယ်။ ဒီလှေစီးပြေး ဒုက္ခသည် တွေထဲက တချို့ဟာ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် အားအင် ကုန်ခန်းပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နေကြောင်း ရွှေ့ပြောင်း အခြေချမှုနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။

ဂျကာတာ မြို့တော်က IOM လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ လက်ထောက်အကြီးအကဲ Steve Hamilton က အကူအညီပေးရေးအဖွဲ့တွေဟာ အာချေးဒေသကို သွားရောက်နေကြတယ်ဆိုပြီးတော့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ခွဲခြား ဆက်ဆံခံနေရတာကြောင့် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြ ရတယ်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာနေတဲ့ Arakan Project အဖွဲ့ ညွှန်ကြားရေးမှူး Chris Lewa က ပြောဆိုကြောင်းကိုလည်း အေပီ သတင်း မှာ ဖေါ်ပြထားပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရိုဟင်ဂျာ ၅၀၀ နီးပါး အင်ဒိုနီးရှားကို ရောက်ရှိလာကြောင်းကိုလည်း သူက အတည်ပြုပြောဆိုပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ဟိုတုန်းကတော့ လူကုန်ကူးသူတွေဟာ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံတောတွင်းက စခန်းတွေမှာ ထားပြီး သူတို့ တောင်းတဲ့ငွေပေးမှသာ လိုရာ ခရီးကို ဆက်ထွက်ခွာခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း ထိုင်းနဲ့မလေးရှားမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင်း အထန် ဆောင်ရွက်လာတာကြောင့် အခုလို နည်းနာပြောင်းလဲပြီး အင်ဒိုနီးရှား ကမ်းခြေအထိ တိုက်ရိုက် ရောက်ရှိလာတာပါ။

အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာဦးရေ ခန့်မှန်းခြေ - (၇,၀၀၀) – (၈,၀၀၀) လောက်ဟာ မလက္ကာရေလက်ကြားက ရပ်နားထားတဲ့ သဘောင်္ပေါ်တွေမှာ ရှိနေတယ်လို့လည်း Lewa က ပြောပါတယ်။ အစားအစာနဲ့ရေ ပြတ်လပ်မှုကြောင့် ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ဆိုးရွားလာနေပြီး ပြီးခဲ့တဲ့လတွေအတွင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။



Rohingya Eye
RB News
10.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံ ဆိုသူက သေနတ်လွယ်၍ အရပ်ဝတ်ဖြင့် အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ တာဝန်ခံ ဆိုသူသည် အရပ်ဝတ်စုံဖြင့် သေနတ်လွယ်၍ ၎င်း၏ တပည့်ဖြစ်သူ ဦးမောန်ဇူရ် (ဘ) ဦးရာဟာမောတ်အာလီ (အသက် ၃၀ နှစ်) နှင့် ပူးပေါင်း၍ ကံပူး ကျေးရွာနှင့် လေယာဉ်ကွင်း ကျေးရွာ (မဒီနာဖာရီ) တို့တွင် ည ၈ နာရီ အချိန်မှ စတင်ကာ ညသန်းခေါင်ယံ အချိန်ထိ ရွာထဲသို့ လည်ပတ်၍ ဒေသခံ ရွာသားများ၏ နေအိမ် ခြံဝင်း အတွင်းသို့ ၀င်ရောက်ပြီး အိမ်ထဲတွင် စကားပြောသံကြားလျှင် ဘင်္ဂလားဖုန်း သုံးစွဲ၍ ဖုန်းစကား ပြောနေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ အလားတူ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်း သွားလျှင်လည်း လိုက်လံ ဖမ်းဆီးပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၅) ရက်နေ့ ည ၈ နာရီ အချိန်တွင် မာမတ်ယူဆုဖ် (ဘ) ဦးရာဟာမတ်အလီ (အသက် ၁၇ နှစ်) သည် မိမိ၏ နေအိမ်မှာ အခြားအိမ် တစ်အိမ်သို့ သွားရောက်နေစဉ် လမ်းတစ်ဝက်တွင် အဆိုပါ စစ်စခန်း တာဝန်ခံကို တွေ့၍ ရှောင်သွားရာ လိုက်လံဖမ်းဆီးပြီး ဘင်္ဂလား ဆင်းမ်ကဒ် အသုံးပြုနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ရပ်မိရပ်ဖ တစ်ဦးက “ညအချိန်မတော် ရွာထဲမှာ လက်နက်နဲ့ အရပ်သား ၀တ်စုံဝတ်ပြီး ပုန်းအောင်း နေတယ်ဆိုတော့ ရွာသားတွေက ဓါးပြလို့ ထင်ပြီး တုံ့ပြန်လို့ ရှိရင် ဘယ်လိုလုပ်မလဲ၊ နည်းဗျူဟာ ပြောင်းပြီး ငွေရှာပေမယ့် လုပ်တဲ့ ပုံစံက အတော်လေး အန္တရာယ် ရှိတယ်။ အဲဒီ စခန်း တာဝန်ခံ ဆိုသူက ကျွန်တော်တို့ ရပ်ရွာ တည်ငြိမ် အေးချမ်းအောင် လုပ်နေတာ မဟုတ်ဘဲ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတဲ့ အတွက် အထက် အရာရှိကြီးတွေ အနေနဲ့ ထိရောက်စွာ အရေးယူ ပေးဖို့ လိုပါတယ်” ဟု ပြောပါသည်။



MYARF
RB News
9.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (နယ်မြေ ၇ စခန်း) မှ နယ်ခြားစောင့် ရဲအချို့သည် မေလ (၆) ရက်နေ့ ည ၉ နာရီ အချိန်တွင် ကားတစ်စီးဖြင့် ကံပူး ကျေးရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်ကို ခေါ်ယူပြီး အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စောင့်နေခဲ့သည်။ ထိုအချိန်တွင် ၎င်းကျေးရွာမှ အုစ်မာန် (ဘ) မော်လ၀ီ အဒူလ်အလီ (အသက် ၁၈ နှစ်) နှင့် မာမတ်ရော်ရှိတ် (အသက် ၂၀ နှစ်) တို့သည် ဆိုင်မှ ကွမ်းယာနှင့် ဆေးလိပ်များ ၀ယ်ယူ၍ အိမ်ပြန်နေစဉ် နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့်ကို ဖောက်ဖျက်၍ အပြင်ထွက်သည်ဟု ဆိုကာ ဖမ်းဆီးပြီး ငွေတောင်းရာ လူငယ် နှစ်ဦးက ညမထွက်ရ အမိန့်မှာ ည (၁၁) နာရီမှ စကြောင်း ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့် ည (၉) နာရီသို့ ရှေ့ထိုး ထားသည်ဟု လိမ်ညာ ပြောဆို၍ လူငယ်နှစ်ဦးထံမှ ငွေကျပ် တစ်သောင်းတန် ကြက်ဖ နှစ်ကောင်ကို ငွေအစား ညှစ်ယူခဲ့သည်။

ထို့နောက် ဦးမာဒူလ္လာ (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၂ နှစ်) သည် ညစာစားပြီး ကွမ်းယာ ၀ယ်ရန် ထွက်လာရာ ၎င်းကိုလည်း ဖမ်းဆီးပြီး ကြက်ဖ တစ်ကောင် ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲများက ၎င်းတို့ ရရှိသည့် ကြက်ဖ ၃ ကောင်ကို အုပ်ချုပ်ရေးမှူး ရုံးတွင် ချက်ပြုတ် ခိုင်းပြီး လမ်းပေါ်တွင် ဆက်လက်၍ စောင့်နေခဲ့သည်။ ည ၁၀ နာရီ အချိန်တွင် ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးနူရိုဇာမာ (အသက် ၃၂ နှစ်) သည် ဓါတ်မီးထိုး၍ လမ်းလျှောက် သွားနေစဉ် နယ်ခြားစောင့် ရဲများ ခေါ်ယူ၍ စစ်ဆေးမည်ဟု ဆိုကာ ၎င်း၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်း၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ချက်ပြုတ်ထားသည့် ကြက်ဖများကို စားသုံးပြီး ည ၁၂ နာရီ အချိန်တွင် ရွာထဲသို့ ၀င်ရောက်သွားရာ အလယ်ရွာ လမ်းကြားသို့ ရောက်သည့်အခါ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးဖူခူန္နားက ရာသီဥတု ပူပြင်း၍ အိမ်ရှေ့တွင် လေခံနေသည်ကို တွေ့၍ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

မေလ (၅) ရက်နေ့ ည (၉) နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲများသည် ကံပူးကျေးရွာသို့ သွားရောက်ပြီး စောင့်နေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် ဥဒေါင်း ကျေးရွာမှ အလယ်သံကျော် ကျေးရွာ အုပ်စု လေယာဉ်ကွင်း (မဒီနာ ဖာရာ) ရှိ မိမိတို့၏ နေအိမ်များသို့ ပြန်သွား နေသည့် လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

နယ်ခြားစောင့် ရဲများကို ရွာထဲသို့ လုံးဝ မ၀င်ရန် အထက် အရာရှိကြီးများက အမိန့် ထုတ်ပြန် ထားသော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့၏ အထက် အရာရှိ အမိန့်ကို မနာခံဘဲ ရွာထဲသို့ ၀င်ရောက်၍ နေ့စဉ်နှင့် အမျှ သောင်းကျန်း လျက်ရှိသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
9.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းကို ယခု စခန်း တည်ရှိသည့် နေရာနှင့် အနည်းငယ် အကွာရှိ တောင်ကုန်းပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ်လျက် ရှိသည်။ စခန်း ဆောက်လုပ်ရန် အတွက် ကျောက်ပန္ဒူ ကျေးရွာမှ နေ့စဉ် အလုပ်သမား ၁၀ ဦးစီ အတင်း အဓမ္မ လုပ်အားပေး ခိုင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု ရွာကြီးမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေးများ ဖြစ်သည့် ဦးကေဖာယတ်အုလ္လာ၊ ဦးအာဘူလ်ကာဆိမ်း၊ ဦးအာဘူဘော်ကော်ရ် (ဘ) ဦးဆွေတာလောမ်၊ ဦးကာမာလ် (ဘ) ဦးနော်ဘီဟူစိန်း တို့နှင့် ပူးပေါင်း၍ အချိန်မတော် ရွာထဲသို့ ၀င်ရောက်ပြီး ရွာသားများက နေအိမ် ပြုပြင်ရန်၊ အိမ်သာ ဆောက်လုပ်ရန် အတွက် စုဆောင်း ထားသော သစ်သားများကို ခွင့်ပြုချက် မရဘဲ ခုတ်ဖြတ် စုဆောင်း ထားသည်ဟု စွပ်စွဲ၍ သိမ်းဆည်းပြီး စခန်းသစ် ဆောက်လုပ်ရာတွင် အသုံးပြုလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

သစ်ပိုင်ရှင် အချို့ကို ရိုက်နှက်သည့် အပြင် အချို့ထံမှ ငွေညှစ်ခြင်းများပါ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် စခန်းရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ အတင်း အဓမ္မ လုပ်အားပေးခိုင်းလျက် ရှိပြီး၊ ဖြတ်သန်း သွားလာသူ ကလေး၊ လူကြီး၊ မော်လ၀ီ၊ ကျောင်းဆရာ၊ ပညာတတ်၊ အလုပ်သမား လူတန်းစား မရွေးကို ရေခပ်ခိုင်း လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ ၎င်းတို့ ခိုင်းသည့် အတိုင်း ရေမခပ်ပါက ရိုက်နှက်သည်ဟု ဆိုသည်။

မေလ (၄) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် အဆိုပါ နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ သတင်းပေး (၃) ဦးနှင့် အတူ ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအာဘုလ်ဟိုရ်၏ နေအိမ်သို့ ၀င်ရောက်၍ သစ်ရှာသည်ဟု ဆိုကာ တစ်အိမ်လုံး ရှာဖွေ စစ်ဆေးခဲ့သည်။ သစ်နှင့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပြန်ထွက်သွားစဉ် ဦးအာဘူလ်ဟာရှိမ်း၏ ညီဖြစ်သူ ဦးဖော်ယာစ်အာမတ်၏ သားတစ်ဦး အိမ်ရှေ့ကြမ်းပြင်ပေါ်တွင် တွေ့ရာ ၎င်းကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။

သင်္ဘောကွေ့ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ် ပစ်ဖောက်၍ သေဆုံးမှု ဖြစ်ပွားပြီးနောက် စခန်းကို သင်္ဘောကွေ့ ကျေးရွာမှ ဦးအဒူလော်တီ၏ စားကျက်မြေ ပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ် ခဲ့သည်။ စခန်းပြောင်းရွှေ့ လိုက်၍ ယခင် စခန်းတည်ရှိရာ နေရာမှ လစ်လပ်သွားရာ မူလ မြေပိုင်ရှင်များ ဖြစ်သော သင်္ဘောကွေ့ ကျေးရွာမှ မော်လ၀ီ အာမီးန်အုလ္လာ (ဘ) ဦးအဒူရှကူရ်နှင့် ကျောက်ပန္ဒူ ကျေးရွာမှ ဦးအာမာန်အုလ္လာ (ဘ) ဦးဟောလိလ် တို့က ၎င်းတို့၏ မြေများ ပြန်လည် ပိုင်ဆိုင်နိုင်ရန် သွားရောက် ပြောဆိုသဖြင့် ၎င်းတို့ထံမှ ငွေကျပ် ၃ သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့် ရဲကင်းစခန်း တာဝန်ခံက ထိုငွေကို နယ်ခြားစောင့် ရဲများ စားသုံးရန် မဟုတ်ဘဲ ယခု စခန်းသစ် အတွက် မြေသိမ်းခံရသော ဦးအဒူလော်တီအား ပေးရန် ဖြစ်သည်ဟု ပြောကြောင်း သိရသည်။ ဦးအဒူလော်တီအား နိုင်ငံတော် အစိုးရမှ လျော်ကြေး ပေးရမည် ဖြစ်သော်လည်း နယ်ခြားစောင့် ရဲများက သင်္ဘောကွေ့ ကျေးရွာရှိ ငွေကြေး တတ်နိုင်သူများထံမှ ငွေတောင်းခံလျက် ရှိသည်ဟု ဆိုသည်။




RB News
9.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံက အိမ်ပြုပြင်သူ ဒေသခံ တစ်ဦးကို ဖမ်းဆီး ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၉) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းနှင့် ၎င်း၏ တပည့်များ ဖြစ်သော မောင်တူလာရွာမှ ဦးအဒူလ္လာ (ဘ) ဦးဇော်ဖော်ရ်နှင့် ဦးအေနာတုလ္လာ (ဘ) ဦးဆွေဒူလ္လာ (ခ) ဦးမျိုးအောင် တို့သည် မြင်းလွတ် ကျေးရွာသို့ သွားရောက်ပြီး မြင်းလွတ် အရှေ့ရွာမှ ဆေးဆိုင် ရောင်းသူ ဦးအာဇီမူလ္လာ (ဘ) ဦးအဒူဆလာမ်အား တရားမ၀င် နေအိမ် ပြုပြင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

စခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဦးအာဇီမူလ္လာက သက်ဆိုင်ရာ မြို့နယ်မှ ခွင့်ပြုချက် ရယူ၍ အိမ်ပြုပြင် နေခြင်း ဖြစ်ကြောင်း အထောက်အထား ပြသရာ၊ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းက တရားမ၀င် ဆေးထိုး၊ ရမ်းကု ပြုလုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း မပေးပါက မောင်တော ရဲစခန်းသို့ ပို့၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့သည်။

စခန်းတာဝန်ခံ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ၍ ညနေ (၅) နာရီ အချိန်တွင် အလယ်သံကျော် ဈေးရှိ မိတ်ဆွေ ဆိုင်ရှင်များထံမှ ငွေကျပ် ၄ သိန်း ချေးယူပြီး ပေးသည့်အခါမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လူသေ အလောင်းများ ထပ်မံ တူးဖော် ရရှိ။ (မေ ၂၀၁၅)

ကိုဥာဏ်ဝင်းအောင်
8.5.2015

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မလေးရှား နယ်စပ်နဲ့ နီးတဲ့ ထိုင်းနိုင်ငံ ထဲမှာ သေဆုံးသွားသူ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး ထိုင်း မြန်မာ နဲ့ မလေးရှား ၃ နိုင်ငံ ပူးပေါင်း အစည်းအဝေး တရပ် ခေါ်ယူဖို့ လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။ မြန်မာနိုင်ငံဖက် ကတော့ လူကုန်ကူး မှု တားဆီး တိုက်ဖျက်ရေးမှာ အိမ်နီးချင်း ထိုင်း တရုတ်နိုင်ငံ တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှိနေသလို၊ နောက်ထပ် လည်း တိုးချဲ့ပြီး ပူးပေါင်း ဆောင်ရွက် သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တားဆီး ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ်နားမှာ လူကုန်ကူး သူတွေကြောင့် သေဆုံးနေတဲ့ ရိုဟင်ဂျာ မူဆလင်လို့ ယူဆရသူ အလောင်း ၃၀ ကျော်ကို ရှာဖွေတွေ့ခဲ့ပြီးနောက်မှာ ဒေသတွင်း လူကုန်ကူးမှု ပြသနာကို ထိုင်း-မြန်မာ-မလေးရှား ၃နိုင်ငံ ပူးပေါင်းဖြေရှင်းသွားနိုင်အောင် အစည်းဝေးပွဲ တရပ် ခေါ်ယူဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်-ချန်အိုချာက မေလ ၈ရက် သောကြာနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃၀ ကျော်ရဲ့ အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ဆုမ်ကလာ ခရိုင်မှာ ပြီးခဲ့တဲ့ သီးတင်းပတ်ထဲ ရှာတွေ့ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ဆက်နွှယ်ပြီးလူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်သွားဖို့ မြန်မာနဲ့ မလေးရှား နိုင်ငံက တာဝန်ရှိသူတွေကို အစည်းအဝေး တရပ် ဖိတ်ကြားဖို့ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကို ညွှန်ကြားထားပီး ဖြစ်ပါတယ်။

ဒီ ဖိတ်ကြားမှုကို သူတို့ မသိရှိရသေးပေမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ အရင်ကတည်းက အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

" အခုလောလောဆယ်တော့ အဲ့ဒီ့အစည်းအဝေးတွေနဲ့ ကျနော်တို့ဆီတော့ တရားဝင် ဖိတ်ကြားထားတာ မရှိပါဘူး ခင်ဗျ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့လေ။ ကျနော်တို့ ထိုင်းနဲ့ရော တရုတ်နဲ့ရောကတော့ Border- Office တွေ ဖွင့်ပြီး ပေါင်းပြီးတော့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေ လုပ်နေကြတယ်။"

ထိုင်းနိုင်ငံမှာ အခုကြုံရတဲ့ ရိုဟင်ဂျာမူဆလင်တွေ သေဆုံးသွားတဲ့ လူကုန်ကူးမှု ပြသနာ စဖြစ်လာရတဲ့ မူလ ဇစ်မြစ် ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာ နယ်စပ်ဒေသတွေမှာ စပြီး ဖြေရှင်းသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းကိစ္စမျိုးဟာ တကယ်တော့ လူကုန်ကူးခံရမှု ဆိုတာထက် လူမှောင်ခိုမှုသာ ဖြစ်တယ်လို့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက မှတ်ချက်ပေးပါတယ်။

"အခုသုံးစွဲနေတာ လူကုန်ကူးလို့သာ ပြောနေတာလေ။ ကျနော့်အမြင်တော့ human smuggling လူမှောင်ခိုမှုလို့ပဲ ကျနော်ကတော့ မြင်တယ်ဗျ ဒီကိစ္စကလေ။ လူကုန်ကူးမှုတော့ မဟုတ်သေးဘူးလို့ထင်တယ်။ လူကုန်ကူးမှုကျတော့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာ ၊ လုပ်အားပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတွေ ပါမှပဲ သူတို့က လူကုန်ကူးမှုမြောက်တယ်လို့ ကျနော်တို့ Law တွေမှာရော definitionတွေမှာရော ဆိုထားတာရှိတယ်။ ဒါပေမဲ့ ဟိုဘက်နိုင်ငံရောက်ပြီး တခုခုဖြစ်တာနဲ့ လူကုန်ကူးမှုကြီးပဲ စွတ်ရေးနေကြတဲ့ အနေအထားတွေ့ရတယ်။ အခု မလေးရှား border နယ်စပ်မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ကျနော့်အမြင်တော့ လူမှောင်ခိုကူးမှု ကိစ္စပဲလို့ ကျနော်ကတော့ မြင်ပါတယ်။ Migrate လုပ်တဲ့အနေအထားပဲလေ။ Migration လုပ်တဲ့ Issue ပါပဲလေနော်။

လူကုန်ကူးခံရတဲ့သူကို ပြန်ပြီးတော့ အကာအကွယ်ပေးရတဲ့ Protection အပိုင်းတွေ ကျတော့ Rights တွေက အများကြီးဖြစ်တယ်ဗျ လူမှောင်ခိုဆိုရင်တော့ သက်ဆိုင်ရာ နှစ်နိုင်ငံရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရယ်၊ ဥပဒေအတိုင်းပဲ လဝက အက်တွေပေါ့နော်။ အဲ့တာတွေနဲ့ပဲ အရေးယူကြတယ်ဆိုတဲ့ အပိုင်းတွေပဲ ရှိပါတယ်"

ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုကိစ္စမှာ ကြားခံနိုင်ငံတခုဖြစ်ပြီးထိုင်းဒေသခံ အာဏာပိုင်တွေ ကိုယ်တိုင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ် လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။

လူကုန်ကူးမှုတိုက်ဖျက်ဖို့ ထိုင်းနိုင်ငံဟာ တာဝန် ပျက်ကွက်နေတယ်ဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလဲ ထောက်ပြလေ့ရှိပြီး ဒီပြသနာကိုအမြန်ဖြေရှင်းဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် ဂျူလီဘီရှော့ကလဲ ထိုင်းမှာအခုကြုံရတဲ့ ကိစ္စဟာ အလွန် ၀မ်းနည်းစရာကောင်းပြီး ဒါကိုအချိန်မီ ဖြေရှင်း ပေးဖို့ သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တိုက်တွန်းပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ခ်ျနယ်စပ်ကလာတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ထားပြီး မူဆလင်အများစုရှိတဲ့ မလေးရှား နိုင်ငံကို ရွှေ့ပြောင်း ၀င်ရောက်နေကြတာ ဖြစ်ပါတယ်။




MYARF
RB News
8.5.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၂) မှ နယ်ခြားစောင့် ရဲများသည် အောက်နန်းရာ ကျေးရွာ အုပ်စုနှင့် အထက်နန်းရာ ကျေးရွာအုပ်စု တို့မှ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေသိန်းချီ၍ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင် မြို့နယ်၊ စေတီပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၂) မှ နယ်ခြားစောင့် ရဲများသည် အောင်နန်းရာ ကျေးရွာ အုပ်စု (ရာဇာဘိလ်) မှ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဆွဲ၊တင်၊စစ် တွင် မပါဝင်ရန် ရွာသားများကို စည်းရုံးခဲ့သည်ဟု ဆိုကာ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် အဆိုပါ ကင်းစခန်းတွင် ချုပ်နှောင်ထားခြင်း ခံရသည့် အခြားသော အဖမ်းဆီးခံ နှစ်ဦးနှင့် ဆွဲ၊တင်၊စစ် တွင် မပါဝင်ရန် စည်းရုံးခဲ့သူများဟု စွပ်စွဲ ဖမ်းဆီးခံရသူ (၄) ဦးတို့ အချုပ်ခန်းမှ ထွက်ပြေး သွားခဲ့ကြသည်။

ထွက်ပြေးသွားသူ (၄) ဦးကို ရှာဖွေသည်ဟု နယ်ခြားစောင့် ရဲများက အကြောင်းပြ၍ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ ထွက်ပြေးသွားသူ (၄) ဦးကို ထမင်းကျွေးထားသည်၊ အိမ်များတွင် ထားထားသည်ဟု စွပ်စွဲ၍ လူနေအိမ်များ စစ်ဆေးခြင်း၊ ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုသို့ ပြုလုပ်ရာတွင် ယင်းကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ဖြစ်သည့် မုစ်တာခ်အာမတ်နှင့် ဂျော်မိလ်တို့၏ မဟုတ်မမှန် သတင်းပေးမှု များကြောင့်လည်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူ (၄) ဦး ထွက်ပြေး သွားသည်ကို အကြောင်းပြု၍ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦးက ရွာသားများ ထံမှ ငွေတောင်းခံခြင်း၊ ရွာသားများက ငွေမပေးလျှင် ထွက်ပြေး သွားသူ (၄) ဦးကို ထမင်းကျွေးခဲ့သည်၊ အိမ်တွင် ထားသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ နယ်ခြားစောင့် ရဲများထံ သတင်းပို့သည်ဟု ဒေသခံများက ပြောပါသည်။ ထို့ကြောင့် နယ်ခြားစောင့် ရဲများ လာရောက်၍ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်းများ ပိုမို ပြုလုပ်လျက် ရှိသည်ဟု ၎င်းတို့က ပြောသည်။

မတ်လ (၃၀) ရက်နေ့တွင် နယ်ခြားစောင့် ရဲများက အောက်နန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီးန် (ဘ) ဦးဘောက်ရှုးကို ထွက်ပြေး သွားသူ (၄) ဦးကို ရွာတွင် နေထိုင်စေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းအား ချုပ်နှောင် ထားစဉ် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် လူမျိုးဘာသာ ခွဲခြား၍ စော်ကား ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းထံမှ နယ်ခြားစောင့် ရဲများက ငွေကျပ် ၅၅ သိန်း ညှစ်ယူ၍ ဧပြီလ (၁၅) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် အောက်နန်းရာ ကျေးရွာမှ ဒေသခံ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၂၅) ဦးမှ ဦးဘော်နီအာမီးန် (ဘ) ဦးအာယုဖ်ကို ယခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့ပြီး၊ ဆွဲ၊တင်၊စစ် တွင်လည်း ပါဝင်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲ၍ ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့သည်။ ကျန်သည့် (၂၄) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းမှ ၃ သိန်းထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ အထက်နန်းရာ ကျေးရွာအုပ်စု၊ နီလာမ်ဘော်ရွာနှင့် အဒူလ္လာရွာ (ပေါက်ပြင်ရွာ) တို့မှလည်း ဒေသခံ (၄) ဦးကို ဖမ်းဆီး၍ ငွေကျပ် ၄ သိန်းစီ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။

မေလ (၅) ရက်နေ့တွင် တစ်ဖန် အောက်နန်းရာ ကျေးရွာမှ မော်လ၀ီ ယာကုဖ်အား ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ၎င်းငွေကို နယ်ခြားစောင့် ရဲများက တိုက်ရိုက် မယူဘဲ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ထံမှ တစ်ဆင့် ညှဏ်ယူခဲ့သည်။ မေလ (၆) ရက်နေ့တွင် ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦးက မော်လ၀ီ တစ်ပါးကို ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း တောင်းခံလျက် ရှိနေကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ယခုအခါ နယ်ခြားစောင့် ရဲများ ကိုယ်တိုင် ရွာထဲသို့ သွားရောက်၍ ရွာသားများကို နှောက်ယှက်ခြင်း မပြုတော့ဘဲ ၎င်းတို့ လိုချင်သည့် ငွေကြေးကို ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ဖြစ်သည့် မုစ်တာခ်အာမတ်နှင့် ဂျော်မိလ်တို့ ထံမှ တဆင့် ခြိမ်းခြောက်၍ တောင်းခံလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
7.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာ များတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့် ရဲများက မတရား ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကား ပြောဆိုခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ရွာထွက် လက်မှတ် စစ်ဆေးရာတွင် ရွာထွက် လက်မှတ် ပြနိုင်လျှင်လည်း ရွာထွက် လက်မှတ်တွင် ဓါတ်ပုံ မပါ၊ ဓါတ်ပုံ ပါလျှင်လည်း ယာယီ အပ်နှံ၍ ရရှိထားသည့် ကဒ်ပြခိုင်းခြင်း၊ ယင်းကဒ် ပြနိုင်လျှင်လည်း မသင်္ကာ ဖြစ်နေသည် စစ်ဆေးမည်ဟု အကြောင်း အမျိုးမျိုး ပြ၍ နောက်ဆုံးတွင် ငွေကျပ် တစ်ထောင်စီ ညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ဗမာ စကား မတတ်သူများကို ရိုက်နှက်ခြင်း၊ စကားပြော တတ်သူများကို မနေ့တစ်နေ့က ခိုးဝင်လာသည့် ခိုးဝင် ဘင်္ဂလီကောင်များ၊ ကုလားများဟု အမျိုးမျိုး ဆဲဆို၍ စော်ကားလျက် ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် မော်လ၀ီ ဘာသာရေး ဆရာများကို ပစ်မှတ်ထား၍ စော်ကားလေ့ ရှိကြောင်း သိရသည်။

အမျိုးသမီးများကို ခန္ဓာကိုယ်တွင် ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု ဆို၍ နယ်ခြားစောင့် ရဲများ ကိုယ်တိုင် ခန္ဓာကိုယ်ကို ကိုင်တွယ် စစ်ဆေးသည့် အပြင် ညစ်ညမ်းစွာ ပြောဆို ဆက်ဆံလျက် ရှိသည်ဟု ဆိုသည်။ ၎င်းကင်းစခန်းမှ ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအေးက လက်အောက်ငယ်သား များကို ထိုသို့ ဥပဒေမဲ့ ပြုမှု ဆက်ဆံခြင်းနှင့် ပတ်သက်၍ တားဆီး ဟန့်တားခြင်း မရှိသည့် အပြင် ၎င်းကိုယ်တိုင် “ကုလားမတွေ အသိဥာဏ် မရှိတဲ့ ကောင်မတွေ၊ နင်တို့ကို ငါတို့ နိုင်ငံကနေ နှင်ထုတ်ရမယ်” ဟု ဆဲဆို စော်ကားခြင်းများ ပြုလုပ်ကြောင်း သိရသည်။ အလားတူ ဇော်မတက် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများကလည်း ထိုကဲ့သို့ ပြုမှု ဆက်ဆံလေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

မေလ (၆) ရက်နေ့ နေ့လည် ၁း၂၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာမှ ငါးဖမ်းသမား တစ်ဦးသည် အာရုဏ်တက်ချိန်မှ စ၍ မွန်းလွှဲချိန် အထိ ကညင်တန်း လမ်းတစ်လျှောက်တွင် ကြိုးကွင်းပစ် ဖမ်းဆီးရမိသည့် ဂဏန်း ၇ ကောင်၊ ငါးအနည်းငယ်ဖြင့် အိမ်ပြန်နေစဉ် ကညင်တန်းရှိ CARE ရုံးရှေ့ရှိ လုံခြုံရေး ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့် ရဲက ခေါ်ယူ၍ တစ်နေကုန် နီးပါး အားထုတ်၍ ဖမ်းဆီး ရမိသည့် ဂဏန်း ၇ ကောင်နှင့် ငါးများကို လုယက်၍ ပြန်လွှတ် ပေးခဲ့သည်။ မြို့မ ကညင်တန်းရှိ INGO နှင့် အခြားသော NGO ရုံးများ ရှေ့တွင် လုံခြုံရေး တာဝန်ယူသည့် နေ့စောင့် နယ်ခြားစောင့် ရဲများသည် ရုံးများ၏ လုံခြုံရေး အတွက် တာဝန်ပေး ခံရသော်လည်း လမ်းသွား လမ်းလာများကို အမြဲတစေ အနှောက်အယှက် ပေးလျက် ရှိပြီး တစ်ခါတစ်ရံ အကြောင်းမဲ့ ငွေညှစ်ခြင်းများလည်း ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဧပြီလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ စားကုန်ပစ္စည်းများ၊ သကြား၊ ဂျုံ၊ အချိုရည်ဘူးများ တင်ဆောင်၍ ကြိမ်ချောင်း ဈေးသို့ သွားနေသည့် ကြိမ်ချောင်း အလယ်ရွာမှ ဦးမုခ်တာရ်အာမတ် (ဘ) ဦးနူရူလ်ဟောက် (အသက် ၃၉ နှစ်) မောင်းနှင်သော ကားကို ဖမ်းဆီး၍ ကားနှင့် တန်ဖိုးအားဖြင့် ကျပ် ၅၅ သိန်းဖိုးခန့် ရှိသည့် ကုန်ပစ္စည်းများကို ကြိမ်ချောင်း စခန်းတွင် သိမ်းဆည်း ထားခဲ့သည်။ ထို့နောက် ယာဉ်မောင်း ဖြစ်သူကို ဧပြီလ (၃၀) ရက်နေ့တွင် မောင်တော တရားရုံးမှ ရမန် ယူ၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ဦးမုခ်တာရ် အာမတ် မောင်းနှင်သည့် ကားမှာ ၎င်း၏ ကိုယ်ပိုင်ကား ဖြစ်ပြီး ကြိမ်ချောင်း ဈေးမှ ကုန်သည် အချို့က ငှားရမ်းပြီး တောင်ပြို - ကြိမ်ချောင်း လမ်းတစ်လျှောက်ရှိ ဂိတ်စခန်းနှင့် ကြိမ်ချောင်းနှင့် တောင်ပြိုရှိ အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ကြိမ်ချောင်း ဈေးသို့ စားကုန်ပစ္စည်းများ သယ်ယူလာစဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ရဲအုပ်က တစ်ဖက်နိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ပစ္စည်းများ ဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကားကို ဖမ်းဆီးပြီးနောက် ကုန်ပစ္စည်းများ၏ ပိုင်ရှင်များကို ရှာဖွေသဖြင့် ကုန်သည်များ တိမ်းရှောင် နေရသည်။ ကုန်သည်များက ကြိမ်ချောင်း စခန်းမှ ခွင့်ပြုချက် ရယူစဉ် ကားကို ဖမ်းဆီးသည့် ရဲအုပ် မဟုတ်ဘဲ အခြားသော ရဲအုပ် တစ်ဦး ရှိခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ ခွင့်ပြုချက် ရယူစဉ် အဆိုပါ ရဲအုပ်၏ လက်အောက်ငယ်သားများ အားလုံးလည်း သိရှိခဲ့သည်။

ဦးမုခ်တာရ်အာမတ် ဖမ်းဆီးခံရ၍ ၎င်း၏ သားသမီးငယ်များ စားဝတ်နေရေး အခက်ကြုံရမည့် အပြင် ပညာရေးပါ ဆုံးရှုံးရမည့် အနေအထားတွင် ရှိနေသည်ဟု မိသားစုဝင် များက ပြောပါသည်။



MYARF
RB News
7.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက လောင်းဒုံ ကျေးရွာမှ ငွေညှစ်ခံရသူကို ခံဝန်ချက် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် (နယ်မြေ ၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် လောင်းဒုံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ ဧပြီလ (၁၇) ရက်နေ့တွင် လောင်းဒုံ ကင်းစခန်းမှူး၏ ငွေညှစ်ခြင်းကို ခံရသည့် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးရှောမ်ရှုလ် အာမီးန် (ဘ) ဦးဖော်ဇိလ်အာမတ်ထံ နယ်ခြားစောင့်ရဲ (၃) ဦး စေလွှတ်၍ ငွေညှစ်မှုကို စစ်ဆေးရန် ခေါ်ခိုင်းခဲ့သော်လည်း ဦးရှောမ်ရှုလ်က ကြောက်ရွှံ၍ တိမ်းရှောင် သွားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဦးရှောမ်ရှုလ်၏ အစ်ကို မော်လ၀ီ ဟိုင်ရုလ်အာမီးန်က ရွာမှ ရပ်မိရပ်ဖများ ဖြစ်သည့် ဦးရှောမ်ရှုလ်အာမီးန်၊ ဦးလှတင်နှင့် ရာအိမ်မှူး ဦးနူရူလ်ဟောက်တို့နှင့် အတူ လောင်းဒုံ ကင်းစခန်းသို့ သွားရောက်၍ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။

ရဲမှူးက မော်လ၀ီ ဟိုင်ရုလ်အာမီးန်ကို ရိုက်နှက်ခံရခြင်းနှင့် ငွေညှစ်ခံရခြင်းများ အကြောင်းကို မေးမြန်းခဲ့ပြီး၊ ရဲမှူးက မော်လ၀ီအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့်ရဲများကို တရားဆွဲမည်လား၊ ခွင့်လွှတ်ပေးမည်လားဟု မေးမြန်းခဲ့သည်။

မော်လ၀ီ ဟိုင်ရုလ်အာမီးန်က မိမိသည် အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ အစ္စလာမ် ဘာသာတွင် တစ်ဦး တစ်ယောက်က အပြစ်တစ်ခု ကျူးလွန်လျှင် ၎င်းကို ပြန်လည် အစားမယူဘဲ သနား၍ ခွင့်လွှတ်ခြင်းသည် မွန်မြတ်လှကြောင်း၊ သို့ဖြစ်၍ မိမိသည် မော်လ၀ီ တစ်ပါး ဖြစ်သည့် အလျောက် မိမိအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့် ရဲများကို ခွင့်လွှတ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် နောက်နောင် မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိုကဲ့သို့ ရိုက်နှက်ခြင်း မပြုအောင် ရဲမှူး အနေဖြင့် ဆုံးမ သွန်သင် ပေးရန် လိုလားကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ရဲမှူး ဖြစ်သူသည် ကြိမ်ချောင်း ဈေးရှိ ကွန်ပျူတာ ဆိုင်မှ ဦးရှောမ်ရှုလ်အာမီးန်နှင့် မော်လ၀ီ ဟိုင်ရုပ်အာမီးန် တို့ထံမှ လောင်းဒုံ ကင်းစခန်းမှူးက ငွေကြေး တစ်စုံတစ်ရာ ညှစ်ယူခြင်း မရှိဟု ၀န်ခံချက် စာရွက် ယူဆောင် လာပြီး မော်လ၀ီ ဟိုင်ရုလ်အာမီးန် အား လက်မှတ် ရေးထိုး စေသည့် အပြင် ၎င်းနှင့် အတူ ပါလာသည့် ရပ်မိရပ်ဖ နှစ်ဦးနှင့် ရာအိမ်မှူး တို့ကို အသိသက်သေ များအဖြစ် လက်မှတ် ရေးထိုး စေခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
7.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်က ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၌ ယခင် ကျေးရွာ တာဝန်ခံ သတ်ဖြတ်ခံရပြီးနောက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွှေရင်အေး န.တ.လ ရွာမှ ဦးအောင်ထွန်းလှကို ခန့်အပ်ခဲ့သည်။ အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် မေလ (၂) ရက်နေ့တွင် အိမ်နီးချင်း ရွာသား နှစ်ဦး အချင်းချင်း အချေအတင် စကားများခဲ့သည်ကို အကြောင်းပြု၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖေရာန် (ဘ) ဦးဟာလာယာ (အသက် ၂၁ နှစ်) ထံမှ ငွေကျပ် ၅ သောင်းနှင့် ဆွေယာဒ်ကာဆိမ်း (ဘ) ဦးမာမောတ် (၁၈ နှစ်) ထံမှ ငွေကျပ် ၇ သောင်း ၅ ထောင် ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ မေလ (၄) ရက်နေ့တွင် ဇာဖောရ်အာလောမ် (ဘ) ဦးအီလီယာစ် (အသက် ၂၀ နှစ်) သည် အုပ်ချုပ်ရေးမှူးနှု့် အပေါင်းအပါ များအား မထီလေးစား ပြုခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ရုံးတွင် ထိန်းသိမ်းထားပြီး ညှဉ်းပန်း နှိပ်စက်သည့် အပြင် ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ ဦးအောင်ထွန်းလှ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ခြေထောက် နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်ချုပ်ရေးမှူးသစ် ဦးအောင်ထွန်းလှသည် ပြဿနာများ လုပ်ကြံ ဖန်တီး၍ ရွာသားများကို ညှဉ်းပန်း နှိပ်စက် ငွေညှစ် နေသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို အထူး စိုးရိမ်ပူပန် နေရကြောင်း ဒေသခံ ရွာသားများက ပြောဆို နေကြသည်။



မအေးအေးမာ
7.5.2015

ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးနေတဲ့ ရုပ်အလောင်း အတော်များများ တွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံ ဆုံခလာခရိုင်ထဲက ရာဘာ တောထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ရွှေ့ပြောင်း နေထိုင်သူလို့ သံသယ ရှိရတဲ့ ရုပ်အလောင်း ၆ လောင်းကို ထိုင်းရဲတွေက ထပ်မံ တွေ့ရှိကြောင်း အတည်ပြု ပြောကြားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက ထိုင်းနိုင်ငံ ဆုံခလာခရိုင်၊ ဖန်ငခရိုင်တွေမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေလို့ သံသယရှိတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရာကစလို့ ထိုင်းအာဏာပိုင်တွေက ဆက်တိုက် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့သူတွေကိုပါ ဖမ်းဆီး စစ်ဆေး အရေးယူနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်အတွင်းမှာ ရုပ်အလောင်း ၂၆ လောင်းခန့် ရှာဖွေခဲ့ပြီးတဲ့နောက်မှာတော့ ဆုံခလာခရိုင်တွင်းမှာပဲ နောက်ထပ်အလောင်း ၆ လောင်း တွေ့ရှိရတယ်လို့ ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောကြားပါတယ်။ အဲဒီမှာမြှုပ်ထားတဲ့ အလောင်းတွေဟာ အဲဒီအနီးအနားတ၀ိုက်မှာရှိတဲ့ လူမှောင်ခိုကုန်ကူးသူတွေရဲ့ စခန်းအတွင်းမှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်လို့ ရွာသားတွေက သူတို့ကိုပြောကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါ့အပြင် ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက ရဲစခန်းမှူးကိုလည်း ရဲချုပ်ရုံးကို ရာထူးရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖန်င စတဲ့ နေရာတွေကနေတဆင့် ထိုင်း-မလေး နယ်စပ်အထိ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူကုန်ကူးသူတွေက ပို့ဆောင်နေတာဖြစ်လို့ ထိုင်းတောင်ပိုင်းမှာ မကြာခဏ ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ ဖန်ငခရိုင် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ရှိသူ ကိုမိုးဝေကတော့ လူကုန်ကူးခံရသူတွေဟာ ရနောင်း၊ ဖန်ငခရိုင်တွေကတဆင့် မလေးနယ်စပ်ထိ သွားသူတွေရှိသလို မလေးရှားနယ်စပ် ဆုံခလာမြို့နယ်အထိ တိုက်ရိုက် လှေတွေနဲ့ ပို့ဆောင်ခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

“ဖန်ငကနေတဆင့် မလေးရှားနယ်စပ်အထိ ဖြတ်တာကိုး။ ဖြတ်တာကတော့ ကျနော်တို့အဖွဲ့က တောက်လျှောက်ဖြတ် အဲဒီ ရနောင်း ဖန်င လှေလာစိုက်ပြီးရှိသလိုမျိုး ဟိုး ဆုံခလာဘက်ကို လှေတခါတည်း သွားစိုက်တာတွေလည်း ရှိတယ်။ ကျွန်းရှိတဲ့နေရာတွေမှာ သူတို့က လှေလာစိုက်ပြီးတော့ ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်တွေမှာ ထားထားတာပေါ့နော်။ မရွေးနိုင်တဲ့သူတွေ ကျန်ခဲ့တဲ့သူတွေလည်း အစာရေစာပြတ်ပြီး သေတာတွေ၊ အဖမ်းခံရတာတွေ အဲဒီလိုမျိုးတွေ ရှိတယ်ခင်ဗျ။”

၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူ ၃ ထောင်လောက် ၀င်ရောက်လာတာကို တွေ့ခဲ့ရကြောင်း ကိုမိုးဝေက ပြောပြပါတယ်။ ထိုင်းနိုင်ငံကို ၀င်ရောက်လာတဲ့ မူဆလင်တွေထဲမှာ တချို့က မလေးရှားရောက်ဖို့အတွက် ငွေကြေးကုန်ကျခံပြီး သူတို့ဆန္ဒနဲ့ လာသူတွေလည်းရှိသလို၊ တချို့ကတော့ အလုပ်လုပ်ပြီး လမ်းစရိတ်ဆပ်ရမယ်ဆိုပြီး သဘောတူညီချက်နဲ့ လာကြသူတွေလည်း ရှိပါတယ်။ အဲဒီထဲက တတိယအမျိုးအစားကတော့ သူတို့သဘောဆန္ဒမပါဘဲ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီထဲက ဒုတိယအမျိုးအစားနဲ့ တတိယအမျိုးအစားက ငွေကြေးမပေးနိုင်တဲ့အတွက် ရောင်းစားခံရတာ များတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကစလို့ ထိုင်းနိုင်ငံမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအများစုဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာမူဆလင်တွေ ဖြစ်ကြပါတယ်။ လူမှောင်ခိုကူးတဲ့သူတွေဟာ တနှစ်ကို လူ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကို ခေါ်ဆောင်လာကြပြီး၊ အဲဒီလူတွေကိုတော့ တောထဲမှာဖွက်ထားပြီး၊ မူဆလင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကို ပို့ပေးဖို့အတွက် ပိုက်ဆံတွေ တောင်းယူနေတာဖြစ်ပါတယ်။

မေလ ၅ ရက်နေ့ကတော့ လူမှောင်ခိုကူးသူတွေ အသုံးပြုခဲ့တဲ့ ဒုတိယစခန်းတခုကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲဒီအနီးအနားက ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။ ထိုင်းသတင်းတွေမှာတော့ လူကုန်ကူးမှုမှာ လူမှောင်ခိုဂိုဏ်းက လူတွေနဲ့အတူ ထိုင်းရဲတွေ၊ ရပ်ရွာအာဏာပိုင်တွေ ၈ ဦးထက်မနည်း ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြကြပါတယ်။ လူကုန်ကူးသူတွေဟာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကို ခေါ်ဆောင်လာပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့ရဲ့မိသားစုတွေထံမှာ ငွေညစ်တောင်းခံတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ သတ်ပစ်တာ၊ ရောင်းစားတာတွေ လုပ်ခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေက လူကုန်ကူးမှုနဲ့ ဆက်နွယ်နေသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။ လူကုန်ကူးသူတွေ ဖမ်းထားတဲ့တန်စာခံဟာ လွတ်သွားပြီး စစ်တပ်ကိုတိုင်ကြားရာကနေစပြီး ဒီအမှုက စတင်ပေါ်ပေါက်လာတာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ အခုလို လူတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတာကို တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကလည်း တောင်းဆိုထားပါတယ်။

ထိုင်းလူကုန်ကူးဂိုဏ်း သံသယ ရှိသူတွေ ဖမ်းဆီး ရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာ ရှင်းလင်း။ (မေ ၅-၂၀၁၅)

မအေးအေးမာ
7.5.2015

ထိုင်းရဲတပ်ဖွဲ့ ထဲမှာ လူကုန်ကူးမူနဲ့ ဆက်စပ် ပတ်သက်တယ်လို့ သံသယရှိနေတဲ့ ထိုင်းရဲ ၅၀ ထက် မနည်းကို အရေးယူ ဆောင်ရွက်မူတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံ ရဲချုပ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ကလည်း မလေးနယ်စပ်က လူကုန်ကူးနေတဲ့ စခန်းတွေကို ရှာဖွေပြီး ၁၀ရက်အတွင်း ပိတ်ပစ်ဖို့ အတွက် အမိန့်ပေး ထားပါတယ်။ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်း ပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်က ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်က ဆုံခလာ ခရိုင်ထဲမှာ ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံက လူကုန်ကူးမှုနဲ့ ပတ်သက် ဆက်နွယ်သူတွေလို့ သံသယရှိတဲ့ ရဲအာဏာပိုင်တွေကိုပါ စစ်ဆေး အရေးယူနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ Burma Rohingya Association in Thailand (BRAT) အဖွဲ့က ဦးမောင်ကျော်နုကတော့ ဒီလို ဖမ်းဆီးစစ်ဆေးမူတွေ လုပ်တာဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေ အတွက် သင်္ခန်းစာဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

"Police တွေဆိုရင် သူတို့ အစုလိုက် အပြုံလိုက် မဟုတ်တာတောင်မှ ကျနော် သိသလောက် အယောက် လေးငါးဆယ်လောက် ပြောင်းရွှေ့လိုက်ပြီ။ သူတို့ကို Demotion လုပ်တယ်။ နောက်ပြီးတော့ နေရာပြောင်းလိုက်တာတွေ ဘာတွေရှိပါတယ်။ အဲ့တာကောင်းပါတယ်။ အဲ့တာ သင်္ခန်းစာ တခုဖြစ်သွားပါတယ်။"

ရိုဟင်ဂျာတွေကို လူကုန်ကူးမူတွေနဲ့ ပတ်သက်လို့ ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အနုစစ်က တော့ ဒီနေ့မှာပဲ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"ဒီလို လူကုန်ကူးတဲ့စခန်းတွေ မြှုပ်နှံထားတဲ့ နေရာတွေ တခြားနယ်မြေတွေမှာရော ရှိနေသေးသလား ဆိုတာ စစ်ဆေးနေကြောင်း အလားတူ ဖြစ်ရပ်မျိုးတွေ အိမ်နီနားချင်းနိုင်ငံတွေမှာရော ရှိနေသလားဆိုတာ စုံစမ်းနေကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ လူကုန်ကူးမှုတွေ ကွင်းဆက်တွေကို သေချာ စုံစမ်းဖော်ထုတ် သွားမယ်လို့ ပြောသွားပါတယ်။ လူကုန်ကူးမှုတွေ ပြသနာတွေ ကိုဖြေရှင်းဖို့ အခု အစိုးရလက်ထက်မှာ သေသေချာချာလုပ်ဆောင်နေပါတယ် ဒါအပြင် နိုင်ငံတော် လုံခြုံရေးနဲ့ လူအခွင့်အရေးကို ညီမျှအောင်လုပ်ဖို့လိုကြောင်း ရိုဟင်ဂျာတွေ အပြင် တခြားလူကုန်ကူးမူတွေကိုပါ စစ်ဆေးအရေးယူ သွားမှာဖြစ်ပါတယ်" ဆိုပြီး ပြောကြားသွားခဲ့တာပါ။

မြန်မာပြည် အနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားနယ်စပ်ကနေ တရား မ၀င်လှေတွေနဲ့ သယ်ဆောင် လာရာမှာ တချို့ကတော့ အလုပ်အကိုင် ရှာဖွေ လိုတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေဖြစ်ကြပါတယ်။ ထိုင်းရေတပ်ကလည်း မကြာခန ဖမ်းဆီးမိသလို ထိုင်းနိုင်ငံ ဖန်းငခရိုင်တွင်းမှာလည်း ဖမ်းဆီးမိ တာတွေရှိပါတယ်။ သူတို့ကို ထိန်းသိမ်းရေးစခန်း ပို့ထားပေမဲ့ ထွက်ပြေး လွတ်မြောက် သွားတာတွေ ရှိသလို အဲ့ဒီနေရာတွေက ပြန်လွတ်တဲ့ အခါမှာ လည်း ရောင်းစားခံရမူတွေ ရှိနေတယ်လို့ ဦးမောင်ကျော်နုက ဆက်ပြော သွားပါတယ်။

"၉၀ကျော်% ဟာ လူကုန်ကူးတဲ့လူရဲ့ လက် ရောက်သွားပါတယ်ဗျ။ ဘယ်လိုရောက် လဲ ဆိုတော့ သူတို့ ကို ပြန်လွှတ်ပေးမယ်ဆိုပြီး ရနောင်း ကနေ ကော့သောင်း ကို လွှတ်ပေးမယ်လို့ လုပ်ပေမဲ့လို့ ဒီကြားမှာပဲ နယ်စပ် ကနေပြီးတော့ ပြန်လွှတ်ပေး တယ်ဆိုတဲ့နေရာကနေ ပြန်ပြီးတော့ တခါ သူတို့ လက်ထဲမှာပဲ ရောက် သွားတယ် ခင်ဗျ။ "

ဒီလို ရွှေ့ပြောင်း အခြေချနေထိုင်နေသူတွေ နဲ့ ပတ်သက်လို့ လူကုန်ကူးခံရ တာတွေရှိနေတဲ့ အတွက် ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတာပါ။ ဒီအတွက် ထိုင်းနိုင်ငံက စစ်အစိုးရ တက်လာပြီးတဲ့နောက် တင်းတင်းကြပ်ကြပ် သေချာကိုင်တွယ်မှု တွေ လုပ်လာပါတယ်။

အခု ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူဆောင်ရွက် တာအပြင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယရှိတဲ့ ရဲအရာရှိတွေ အပါအ၀င် ဒေသဆိုင် ရာနိုင်ငံရေးသမားတွေကိုပါ စစ်ဆေး အရေးယူမူတွေလုပ်လာခဲ့တာပါ။ ဒီအစိုးရ လက်ထက်မှာ သေချာ ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကို ယုံကြည်ကြောင်း ဦးမောင်ကျော်နုက ဆက်ပြောသွားပါတယ်။

"ယုံကြည်ပါတယ်။ ကျနော် ယုံကြည်ပါတယ် အခုတက်လာတဲ့အစိုးရက တိုက်ဖျက်မှာပဲ။ ကျနော် လုံးဝ ယုံကြည်ပါတယ်။ တခြားအစိုးရတွေထက်ကို လုပ်မှာပါ။ ဗမာအစိုးရကလည်း ဦးသိန်းစိန် အစိုးရကလည်း ပူးပေါင်းဖို့ကောင်းပါတယ်။ ပူးပေါင်းအောင်လို့လည်း ဒီကနေ ဆက်သွယ်တယ်လို့ ကျနော် သတင်းကြားရပါတယ်။"

အခုဆိုရင် မြေမြုပ်ထားတဲ့ကျင်းပေါင်း ၃၀ကျော် ၄၀နီးပါး ရှာဖွေတွေရှိခဲ့ရာမှာ ရုပ်အလောင်း ၃၂လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ သေဆုံးသူတွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလား နယ်စပ်က ရွှေ့ပြောင်း အခြေချသူတွေအဖြစ် ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပြိး သူတိုတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ အတွက် ထိုင်းနိုင်ငံကို တထောက်နားစခန်းအဖြစ် အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ ဆိုတဲ့နေရာမှာ ဆလွန်းကားနောက်ခန်းမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကို ထည့်ပြီး လူကုန်ကူးခဲ့တဲ့ ထိုင်းလူမျိုး တဦးကို ဖမ်းဆီးခဲ့ပါတယ် ။

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန် တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ ထဲ မှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေ မယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံ ထားရပါတယ်။

ဒီအတွက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံတကာ အစိုးရတွေ နဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း လူကုန်ကူးမူနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် ရွှေ့ပြောင်း အလုပ်သမားတွေ စီစစ်ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့် ရသူ Jeff Rathke

ကိုသားညွန့်ဦး
5.5.2015

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အတွက် အဆိုပြု တင်သွင်း ထားတဲ့ ဥပဒေ မူကြမ်းတွေ အပေါ် စိုးရိမ်မကင်း ဖြစ်မိပြီး၊ မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့် အရေး စိန်ခေါ်ချက် တွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆို လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အမေရိကန်အာဏာပိုင် တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် ဘက်က အခုလို ထောက်ပြ ပြောဆို ခဲ့ကြတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထား ပါတယ်။

လူနည်းစုဘာသာဝင်တွေ အပါအ၀င် မတူကွဲပြားတဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ အခွင့်အရေး တန်းတူ အကာအကွယ် ရစေဖို့အတွက် လိုအပ်ချက် ရှိတဲ့အကြောင်း သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး Benjamin Rhodes က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ မနေ့တုန်းက တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။ ဒီအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားရပ်တည်မှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရသူတွေရဲ့ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာဖို့ အစိုးရအနေနဲ့ ကတိက၀တ်အတိုင်း အလျှင်အမြန် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း Mr.Ben Rhodes က လွှတ်တော်နာယက သူရဦးရွှေမန်းကို ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သူရဦးရွှေမန်းဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း မနေ့တုန်းက တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတဲ့အချက်နဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ခဲ့မှုတွေအတွက် ပွင့်လင်းလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဒု နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က ပြောသွားပါတယ်။

“အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်ပြီး အများလက်ခံယုံကြည်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အပံ့ဖြစ်စေဖို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အရေးပါတဲ့ ခေါင်းဆောင်တွေ အားလုံးအကြား အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအကြောင်း ပြောဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်ရေးအတွက် ရည်မှန်းတဲ့ ဥပဒေမူကြမ်းလေးရပ်နဲ့ပတ်သက်လို့ စိုးရိမ်ကင်း ဖြစ်ရတဲ့အကြောင်းလည်း ဒုနိုင်ငံခြားရေးဝန်ကြီး Blinken က ပြောခဲ့ပါတယ်။ ယာယီနိုင်ငံသားမှတ်ပုံတင် White Card ကိုင်ဆောင်တွေရဲ့ အခြေအနေတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စိန်ခေါ်ချက်တွေအပေါ် ခိုင်ခိုင်မာမာ အဖြေထုတ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့သလို၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိစ္စအပေါ် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။”

မျိုးစောင့်ဥပဒေကြမ်းတွေလို အသိများတဲ့ ဥပဒေမူကြမ်းလေးရပ် လွှတ်တော်မှာ ဆွေးနွေးကြစဉ်ကတည်းက ဒီဥပဒေကြမ်းတွေအပေါ် ပြည်တွင်းရော ပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေ အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ ဘာသာရေးဘက်မှာတော့ တင်းမာမှုတွေရှိနေပြီး၊ လူနည်းစု ဘာာသာဝင်တွေအတွက် အခက်ကြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein ကလည်း ဗွီအိုအေကို ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမေရိကန်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှုရနေတာကို အသိအမှတ်ပြုသလို၊ ဆက်ပြီးတော့လည်း နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် တည်တံ့မယ့် ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes နဲ့ တွေ့ဆုံစဉ်မှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။



RB News
5.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ယခင်က အတိုင်း ဆက်လက်၍ အပြစ်မဲ့ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ၎င်း၏ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှု၊ ငွေညှစ်မှုများကြောင့် တာဝန်မှ ပြောင်းရွှေ့ ခံရမည်ကို သိရပြီးနောက် နေပြည်တော်သို့ သွားရောက်ပြီး ၁၅ ရက်ကြာ နေထိုင်ပြီးနောက် ရဲချုပ်ကို သိန်း ၅၀၀ လာဘ်ငွေပေးပြီး မူလ နေရာတွင် တာဝန်ထမ်းဆောင် နေခြင်း ဖြစ်သည်ဟု ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်း အသိုင်းအ၀ိုင်းမှ ပြောကြားချက်များ အရ သိရှိရပါသည်။ ရဲအုပ်မြတ်ထွေး ခရီးသွားနေစဉ် ကာလတွင် ဘူးသီးတောင်မြို့မှာ တည်ငြိမ် အေးချမ်းနေခဲ့ပြီး ယခု ပြန်လည် ရောက်ရှိလာသည့် အချိန်မှ စ၍ ကျေးလက်ဒေသများမှ ဒေသခံများ မြို့ပေါ်သို့ ဈေးဝယ်လာရန်ပင် အလွန် အခက်အခဲ ကြုံလျက် ရှိသည်ဟု ဒေသခံများက RB News သို့ ပြောသည်။ လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ခြိမ်းခြောက် ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ကျေးလက် ဒေသမှ ဒေသခံများမှာ တစ်နှစ်ပတ်လုံး လယ်လုပ်၊ ငါးဖမ်းဖြင့် ရရှိသည့် ငွေများကို ရဲအုပ်မြတ်ထွေးသို့ တစ်ရက်တည်း ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။ ရဲအုပ်မြတ်ထွေး၏ လုပ်ရပ်များကြောင့် ဘူးသီးတောင် မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းများလည်း ထိခိုက်လျက် ရှိနေပြီး၊ ဆိုင်များမှာလည်း ပိတ်ရမည့် အခြေအနေတွင်ပင် ဆိုက်ရောက်နေသည်ဟု ဆိုသည်။ ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး ငွေညှစ်နေခြင်းကို ပြည်နယ် အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန အမြန်ဆုံး တားဆီး ပိတ်ပင် အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် အကယ်၍ ဆက်လက်၍ လုပ်ဆောင်ခွင့် ပေးထားပါက ဒေသခံများနှင့် ရဲအုပ်မြတ်ထွေးတို့ အကြား မလိုလားအပ်သည့် ပြဿနာ ဖြစ်ပေါ် လာလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေ ကလည်း ရဲအုပ်မြတ်ထွေး ထံမှ ဝေစု ရနေသည့် အတွက် အရေးယူ ဟန့်တားခြင်း မရှိကြောင်း၊ မြို့နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင် များမှာ တရားဝင် ဓါးပြ လိုင်စင်ရ သောင်းကျန်းသူ များပမာ ဖြစ်နေသည်ဟု ဆိုသည်။

လတ်တလော ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးနူရ်မာမတ် (ဘ) ဦးဖော်ဇော်လ်ကော်ရီးမ် -- ဦးလှဖေ - တောင်ရွာမှ -- လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲခံရပြီး ငွေကျပ် ၆ သိန်း ညှစ်ခံရ

(၂) ဦးဇော်မိလ် (ခ) ဦးစိုးမြင့် (ဘ) ဦးမောန်ဇူရ် -- ပွဲရုံလုပ်ငန်းရှင် - မြို့မဈေးကြီးမှ - နိုင်ငံခြားငွေ လဲလှယ်သည်ဟု စွပ်စွဲခံရပြီး ငွေကျပ် ၅ သိန်း ညှစ်ခံရ

(၃) ဦးအာမီးရ် အီဆုပ်အလီ (ဘ) ဦးကျောက်ဆိပ် -- ဈေးကြီးမှ မတရား ဖမ်းဆီးခံရပြီး ငွေကျပ် ၆ သိန်း ညှစ်ခံရ --- တို့ဖြစ်သည်။



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ထင်းခုတ်သမား (၁၅) ဦးကို စစ်သားများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာမှ ရော်ဖိခ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၀ နှစ်)၊ ရာဟမတ်အုလ္လာ (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၄၀ နှစ်) နှင့် ဦးအိဒိရီစ် (အသက် ၄၅ နှစ်) အပါအ၀င် ထင်းခုတ်သမား (၁၅) ဦးတို့သည့် နံနက်လင်းအားကြီး အချိန်တွင် ရွာ၏ အရှေ့ဘက် တောင်တန်းသို့ သွားရောက်၍ ထင်းခုတ်ပြီး နံနက် ၉ နာရီအချိန်တွင် ရွာသို့ ပြန်လာရာ လမ်းတွင် အဆိုပါ ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက တွေ့၍ ဖမ်းဆီးရန် ကြိုးစားစဉ် ထွက်ပြေးကြသဖြင့် မိုးပေါ်ထောင်၍ သေနတ် ၆ ချက် ပစ်ဖောက်၍ ဖမ်းဆီးပြီး ရိုက်နှက်၍ စစ်တပ် စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီ အချိန်တွင် စစ်သားများက အဆိုပါ ထင်းခုတ်သမား များထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် နောက်နောင် တောင်တန်းသို့ မသွားရန်လည်း တားမြစ်ခဲ့သည်ဟု ဆိုသည်။

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ အနေနဲ့ တောင်ပေါ်ကို သွားပြီး လုပ်ကိုင် စားသောက် နေရတဲ့လူတွေပါ၊ အခုလို တောတောင်ကို မသွားနိုင်ရင်၊ ပင်လယ်ပြင် ငါးဖမ်းဖို့ အတွက် ခွင့်ပြုချက် ရဖို့ ပိုက်ဆံပေးရရင် ကျွန်တော်တို့ ဘာလုပ်ငန်း လုပ်ကိုင် စားသောက်ပြီး အသက်ရှင် နေရမှာလဲ” ဟု စိတ်မကောင်းစွာဖြင့် ပြောပါသည်။



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူးတို့က မောရ၀တီရှိ စစ်တပ်သို့ မဟုတ်မမှန် သတင်းများ ပေးပို့ခြင်းနှင့် ဒေသခံများထံမှ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူး ဦးဖော်ခိရ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၅၀ နှစ်) တို့သည် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်းကျန်းနေသည့် ဓါးပြဗိုလ် အဒူလာကိမ်းအား ဒေသခံများက ထမင်းကျွေးမွေး ခဲ့သည်ဟု မောရ၀တီ အခြေစိုက် စစ်တပ်စခန်းသို့ မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့ခဲ့ရာ စစ်သားများနှင့် နယ်မြေ (၇) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များသည် အင်အား အပြည့်ဖြင့် ည ၁၂ နာရီအချိန်တွင် ဦးအဒူမာလဲခ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးဒီလူး (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၅ နှစ်) တို့၏ နေအိမ်များသို့ ၀င်ရောက် ရှာဖွေခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့ နှစ်ဦး၏ နေအိမ်များတွင် နွားကျောင်းသားများ အဖြစ် အလုပ်လုပ်ကိုင် နေသည့် ရှီလ်ခါလီ ရွာသား မိုဟာမတ်ဇူဘိုင်ရ် (အသက် ၂၅ နှစ်) နှင့် ရှော်မ်ရှု (အသက် ၂၇ နှစ်) တို့ကို မောရ၀တီရှိ စစ်တပ် စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပြန်လည် လွှတ်ပေးရန် ငွေကျပ် သိန်း ၂၀ တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူး တို့သည် အဆိုပါရွာမှ ဦးနူရ်ဟာဆောင်း (ဘ) ဦးဆီဒိတ်ခ် (အသက် ၅၀ နှစ်) ၏ နေအိမ်တွင် တဖက်နိုင်ငံမှ အမျိုးသမီး နှစ်ဦးကို တရားမ၀င် နေထိုင်ခွင့်ပြု ထားသည်ဟု စစ်တပ် စခန်းသို့ မဟုတ်မမှန် လုပ်ကြံ သတင်းပေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေ၍ အိမ်သုံး ပရိဘောဂများနှင့် အိမ်တံခါးများကို ဖျက်ဆီးခဲ့သည်။ မေလ (၁) ရက်နေ့တွင် ရာအိမ်မှူး ဦးဖော်ခိရ်အာမတ်၏ ဇနီးနှင့် ဦးနူရ်ဟာဆောင်း၏ ဇနီးတို့ စကားများခဲ့သည်ကို အကြောင်းပြု၍ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ယခုကဲ့သို့ ဒုက္ခပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဦးမောင်မောင်စိုးသည် ကျေးရွာ တာဝန်ခံ ဦးအဒူကော်ရိမ်းနှင့် ပူးပေါင်းကာ အိမ်ပြုပြင် နေသည့် ဦးအဒူမော်တလိဖ် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၅၀ နှစ်) ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ပြီး ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။

ဒေသခံ တစ်ဦးက “အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တွေက မဟုတ်မမှန် သတင်းတွေ ပေးပြီးတော့ ရွာမတည်မငြိမ် ဖြစ်အောင် လုပ်နေတာကို အချိန်မှီ ရပ်တန့်ဖို့ လိုပါတယ်။ မဟုတ်ရင် နောက်နောင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု စိုးရိမ်မကင်းစွာဖြင့် ပြောပါသည်။

(Photo: REUTERS/AUBREY BELFORD)


4.5.2015

ရခိုင်ပြည်နယ် မောင်တော မြို့ က လာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း မှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်း ခေါင်းဆောင် ရိုဟင်ဂျာ တစ်ဦး ကို ထိုင်း အာဏာပိုင် တွေ က ဖမ်းဆီး လိုက်ပါတယ်။

ဒါဟာ မကြာခင် က မှ ထိုင်းတောင်ပိုင်း မှာ ရိုဟင်ဂျာ ရုပ်အလောင်း တွေ မြှုပ်နှံ ထားတဲ့ နေရာ တွေ ကို တွေ့ခဲ့ တဲ့ ဖြစ်ရပ် နဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ဖော်ထုတ် ဖမ်းဆီးမှု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တွင်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်း တွေ ထဲ က ထွက်ပြေးလာ ကြရတဲ့ ရိုဟင်ဂျာ တွေ ကို ထိုင်းတောင်ပိုင်း က လူကုန်ကူး ဂိုဏ်းတွေ က ထိန်းသိမ်း ထား ကြရင်း အကြောင်း အမျိုးမျိုး နဲ့ သေဆုံး ခဲ့ရသူ တွေ ကို မြှုပ်နှံ ထားတာ ဖြစ်တယ် လို့ ယူဆထားကြ ကြောင်း ထိုင်း အခြေစိုက် ရိုဟင်ဂျာ အသိုင်းအဝိုင်း က ပြောပါတယ်။

အဲဒီလို လူကုန်ကူး ဂိုဏ်း တွေ ကို ထိုင်း အာဏာပိုင် တွေ ဖော်ထုတ် ရာက အခု အဓိက ကျတဲ့ ဂိုဏ်းခေါင်းဆောင် အဏ္ဏဝါ ဆိုသူ ကို ဖမ်းဆီး မိတာ လို့ Rohingya Society of Thailand အဖွဲ့က ဟာဂျီ အစ္စမိုင် က ဘီ⁠ဘီစီ ကို ပြောပါတယ်။

ရခိုင်ပြည် က ထွက် ပြေး လာသူတွေ ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေတွေကို ရောက်ချိန်မှာ လူကုန်ကူး ဂိုဏ်တွေ က လိုရာကို ပို့ပေးမယ် ဆိုပြီး ထိုင်းနဲ့ မလေးရှား နယ်စပ် တောထဲ မှာ သူတို့ကို ထိမ်းသိမ်း ထားခဲ့တာ လို့ လည်း ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်းက ထိမ်းသိမ်း ထားတဲ့ သူတွေကို ထိုင်း ဒါမှမဟုတ် မလေးရှား မှာ ရှိတဲ့သူတို့ ရဲ့ ဆွေမျိုး သားချင်း တွေက ငွေပေးပြီး ရွေးမှ လိုရာကို သွားခွင့် ပေးတာမျိုး ဖြစ်ပါတယ်။

ငွေပေးနိုင်တဲ့သူ အတော် များများ ကတော့ မလေးရှား နိုင်ငံ ကို သွားကြတယ် လို့ ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်ရဲ့ တောထဲက စခန်းမှာ မ၀ရေစာနဲ့ ရောဂါတွေ ဖြစ်ပြီး သေဆုံး သူတွေဟာ ငွေပေးပြီး ရွေးမယ့်သူ မရှိတဲ့ သူတွေ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ လူ့အခွင့်ရေး အဖွဲ့တွေက ယူဆ ပါတယ်။

ဒီလူကုန်ကူး ဂိုဏ်းမှာ လက်နက်ကိုင် ထိုင်းနိုင်ငံ တောင်ပိုင်းသားတွေ အများစု ပါဝင် တာကြောင့် တောတောင် ထူထပ်တဲ့ ထိုင်းတောင်ပိုင်း မှာ အားလုံးကို ဖမ်းဆီး ရမိဖို့ ကတော့ သိပ်မလွယ်ဘူး လို့ ထိုင်းတောင်ပိုင်း အရေး လေ့လာသူ တွေက သုံးသပ် ပါတယ်။

အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein

သိင်္ဂီလင်း
4.5.2015

မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ တိုးတက်မှုတွေ ရှိနေပေမယ့် ဘာသာရေး ဆိုင်ရာမှာ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပြီး လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတွေ အနေနဲ့ အခက် အခဲတွေ ကြုံတွေ့ နေရတယ်လို့ အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein က မြန်မာနိုင်ငံ ခရီးစဉ်မှာ သုံးသပ် လိုက်ပါတယ်။ ဘာသာ ပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေ တွေကို လေ့လာနေတဲ့ အထူး သံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်အကြောင်း ကိုတော့ လိုက်ပါ သတင်းယူ ထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြ ပေးထားပါတယ်။

ပြုပြင်ပြောင်းလဲ နေတဲ့ ကာလ အတွင်း မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ တိုးတက်မှုတွေ ရှိနေပေမယ့်လည်း လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေမှာ လွတ်လပ်မှု မရှိဘဲ ဘာသာဝင် အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein က VOA ကို အခုလို ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းတဲ့ခရီးမှာ တိုးတက်မှုတွေရှိနေပေမယ့်လည်း ဘာသာရေးလွတ်လပ်မှုအပိုင်းမှာတော့ ဘာသာရေးတင်းမာမှုတွေ၊ လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေအနေတဲ့ တူညီတဲ့အခွင့်အရေးမရတာတွေ၊ စတဲ့အခြေအနေအေပေါ်မှာ စိုးရိမ်စရာတွေရှိပါတယ်။ နိုင်ငံတွင်းမှာ ဘုရားကျောင်းဆောက်ခွင့်မပြုတဲ့ တားမြစ်ချက်မျိုးတွေရှိနေသလို လူမှုရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လူနည်းစုဘာသာဝင်တွေ နေထိုင်ရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး၊တွေလည်း ရှိနေပါတယ်။”

အထူးသံအမတ်ကြီးဟာ ရန်ကုန်မြို့ကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိပြီး ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာသာပေါင်းစုံက ဘာသာဝင်တွေ ညီညွတ်ကြဖို့ အားပေးသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီခရီးစဉ်မှာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် လိုအပ်ချက်တွေကို ထောက်ပြပြောဆိုသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ဒီခရီးစဉ်မှာ ကျနော်တို့ အဓိကကျတဲ့ ဘာသာကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးပါပြီ။ အချင်းချင်း သိပြီးသားတွေပါသလို မသိတဲ့လူတွေလည်း ပါပါတယ်။ ဒီခရီးစဉ်မှာတော့ ကျွန်တော်က သူတို့တွေအားလုံးကို စုစုစည်းစည်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပေးလိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့လည်းတွေ့ပြီး လူနည်းစုဘာသာဝင်တွေ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်အောင်၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင်၊ လူနည်းစုဘာသာဝင်ဝန်ထမ်းတွေကို အစိုးရဌာနတွေ၊ စစ်တပ်တွေထဲမှာ ရာထူးတိုးပေးဖို့၊ ဘာသာရေးအဆောက်အအုံတွေ ဆောက်ခွင့်မပေးတဲ့ တားမြစ်ချက်ကို လျော့ပေါ့စေဖို့ စတာတွေ နှိုးဆော်သွားမှာပါ။ တဆင့်ပြီးတဆင့် ဆောင်ရွက်မှသာ နောက်ပိုင်းမှာ စင်စစ်ပြောင်းလဲမှုဖြစ်လာပြီး ဘာသာရေးလွတ်လပ်ခွင့်တွေ တိုးတက်လာမှာပါ။”

ပြဌာန်းဖွယ်ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ရပ်ဖြစ်တဲ့ ဘာသာကူးပြောင်းခြင်း၊ ဘာသာခြားချင်းလက်ထက်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေတိုးပွားနှုန်း စတာတွေဟာ လူ့အခွင့်အရေးကို ထိခိုက်နေတယ်လို့လည်း အထူးသံအမတ်ကြီး David Saperstein က သုံးသပ်ပါတယ်။ မျိုးစောင့်ဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အားနည်းလာနိုင်ကြောင်း မြန်မာအစိုးရကို သတိပေးသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီလူနည်းစုဘာသာဝင်တွေအားလုံးကို သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုတွေအတိုင်း လက်ခံဆောင်ရွက်ပေးသွားနိုင်ဖို့ အစိုးရကို ကျနော်တို့ဘက်က ကြိုးစား တိုက်တွန်းနေပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နိုင်ငံမှာ လူနည်းစုဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိတော့ဘဲ ဒီမိုကရေစီလည်း တဖြည်းဖြည်း အားနည်းလာပါ လိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ အစိုးရအနေနဲ့ ဒီမျိုးစောင့်ဥပဒေကို အတည်မပြုဖို့ မျှော်လင့်ပါတယ်။ အတည်ပြုလိုက်မယ်ဆိုရင်လည်း အခြေခံလူ့အခွင့်အရေးတွေကို တင်းတင်းကျပ်ကျပ်ကာကွယ်ထားရပါမယ်။ ဒါမှလည်း လူနည်းစုဘာသာဝင်တွေကို မထိခိုက်နိုင်မှာပါ။”

မြန်မာနိုင်ငံကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး David Saperstein ဟာ ရန်ကုန်မြို့ထဲက ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ ဂျူးဘုရားရှိခိုးကျောင်းတွေကို သွားရောက်ပြီး ဘာသာဝင်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ပါတယ်။ ဒီနေ့ မေလ ၄ ရက်နေ့မှာတော့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နောက်နေ့တွေမှာတော့ မန္တလေးနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကိုလည်း သွားဖို့ရှိပါတယ်။



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ နေရာ ပြောင်းရွှေ့ ဆောက်လုပ်ရန် ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ လယ်ယာမြေ ၃.၆ ဧကကို သိမ်းဆည်းပြီး လျော်ကြေး ပေးခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာ၏ မြောက်ဘက်တွင် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို ရွာ၏ အလယ်သို့ ပြောင်းရွှေ့ ဆောက်လုပ်ရန် အတွက် အဆိုပါရွာမှ ဦးဆော်ယာဒ်အလီ (ဘ) ဦးဒူဒူမျာ (အသက် ၄၅ နှစ်) ၏ လယ်ယာမြေ ၃.၆ ဧကကို သိမ်းဆည်း လိုက်ပြီး လျော်ကြေးငွေ တစ်စုံတစ်ရာ ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဧပြီလ (၂၅) ရက်နေ့က လယ်ပိုင်ရှင် ဖြစ်သူက အဆိုပါ ကင်းစခန်း၏ တာဝန်ခံ ဖြစ်သူထံ လယ်မြေများ အတွက် လျော်ကြေးငွေ တောင်းခံခဲ့ရာ ကင်းစခန်း တာဝန်ခံက အထက်မှ ဆောက်လုပ်ခိုင်းခြင်း ဖြစ်သည့် အတွက် လျော်ကြေးငွေ ပေးရန် မလိုအပ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့သည်။

ထို့အပြင် ကင်းစခန်း ဆောက်လုပ်ရန် အတွက် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ တစ်နေကုန် အတင်း အဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ကင်းစခန်းကို ဖြတ်ကျော် သွားလာသူများကို အမြဲတစေ ဒုက္ခပေးနေသည့် အတွက် ၎င်းလမ်းကို ဖြတ်ကျော်၍ သွားလာသူ နည်းပါးလျက် ရှိသည်။

ဒေသခံ တစ်ဦးက “အတင်း အဓမ္မ ခိုင်းစေမှုနဲ့ လယ်ယာမြေ သိမ်းဆည်းခြင်းတွေ မရှိပါဘူးလို့ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ပြောနေပေမယ့်လည်း အခု နယ်ခြားစောင့် ရဲတပ်ဖွဲ့က လယ်ယာမြေတွေ သိမ်းပြီး နစ်နာကြေးလည်း မပေးဘူး၊ လယ်မြေနဲ့ လုပ်စားနေတဲ့သူ ဆိုတော့ လုပ်ငန်းပျက်ပြီး လုပ်စရာ လုပ်ငန်း ရှာမတွေ့ရင် မိခင်နိုင်ငံကနေ ထွက်သွားဖို့ တွန်းပို့သလို ဖြစ်နေတာပေါ့” ဟု ပြောပါသည်။

ထိုင်းနိုင်ငံ၊ Songkhla ခရိုင် အတွင်းမှာ တွေ့ခဲ့တဲ့ ရွှေ့ပြောင်း အခြေချ နေထိုင်သူ ၃၀ ကျော်ရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်း တွေကို ဆွန်ခလ ဆေးရုံဆီ သယ်ဆောင် နေစဉ်။ (မေ ၁၊ ၂၀၁၅)

ကိုဉာဏ်ဝင်းအောင်
3.5.2015

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကနေ လူကုန်ကူး ခံလာရတယ်လို့ ယူဆရတဲ့ ရုပ်အလောင်း ၃၀ ကျော်ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရှာဖွေ တွေ့ခဲ့တဲ့ ကိစ္စကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီး ဒီ သေဆုံးမှုမှာ ပါဝင် ပတ်သက်သူ တွေကို ဖေါ်ထုတ် အရေးယူ သွားဖို့ HRW လို့ ခေါ်တဲ့ လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရုပ်အလောင်း ၃၀ ကျော် ရှာဖွေ တွေ့ရှိတယ် ဆိုပြီး မေလ ၁ ရက်နေ့ တုန်းက သတင်းတွေ ထွက်ပေါ်လာ အပြီးမှာ HRW က မေလ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်၊ (Songkhla) ဆာဒါအို (adao) ဒေသမှာ ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ရဲ့ရုပ်အလောင်းကို သောကြာနေ့တုန်းက ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အခုရှာတွေ့ခဲ့တဲ့ နေရာဟာ မလေးရှားနယ်စပ်နားမှာဖြစ်ပါတယ်။ ရုပ်အလောင်း တချို့ကို မြေကြီးထဲ မြှုပ်ထားပြီး တချို့အလောင်းတွေကိုတော့ မြေပေါ်မှာ စောင်နဲ့ပဲဖုံးထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ဒီ ရုပ်အလောင်း တွေဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကလာတဲ့ ရိုဟင်ဂျာမူဆလင်တွေ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေ ယူဆထားပါတယ်။ လူ မှောင်ခို ကူးသူတွေက ဒီလူတွေကို ထိန်းသိမ်းထားစဉ်မှာ ရောဂါရပြီး သေဆုံးတာဖြစ်နိုင်တယ်လို့ ထိုင်းရဲ အစီရင်ခံစာတွေက ဆိုကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

HRW အဖွဲ့ရဲ့ဖေါ်ပြချက်အရ လူကုန်ကူးမှု တထောက်နားစခန်းမှာ ဒီလို ရှာတွေ့တဲ့ ရိုဟင်ဂျာမူဆလင် ရုပ်အလောင်းကိစ္စကို လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ပေးဖို့နဲ့ ဒီအမှုမှာ ပတ်သက်သူတွေကို ဖေါ်ထုတ် အရေးယူပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုကြောင်း သူတို့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ Brad Adams ဟာ HRW အဖွဲ့ရဲ့ အာရှဒေသ ဒါရိုက်တာတဦးပါ။

“သူတို့အနေနဲ့ ဒီကိစ္စကို လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု လုပ်ဖို့လိုပါတယ်။ ထိုင်းနိုင်ငံကိုယ်တိုင်က လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်တာမျိုး မရှိပါဘူး။ အခုလုပ်မယ့်စုံစမ်းစစ်ဆေးမှုတွေမှာ ကုလသမဂ္ဂက ပါဝင်ကူညီဖို့ ကျနော်တို့အကြံပြုပါတယ်။ ရလာတဲ့ အချက်အလက် တွေကို အများသိအောင် တရားဝင်ထုတ်ပြန်ပေးဖို့ လိုသလို၊ အခုသေဆုံးသွားတဲ့ လူ ၃၀ ၀န်းကျင်ကို လူကုန်ကူးတဲ့ကိစ္စမှာ ပါဝင်ပတ်သက် သူတွေကိုလည်း တရားဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးဖို့ လိုပါတယ်။”

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုလုပ်ငန်း ရှိနေခဲ့တာကြာပြီး ဒီလုပ်ငန်းမှာ ထိုင်းအာဏာပိုင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ HRW အဖွဲ့က လေ့လာတွေ့ရှိရကြောင်း Brad Adams ကပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေကိုယ်တိုင် လူကုန်ကူးမှုလုပ်ငန်းထဲမှာ ပါဝင်နေကြတာ ရှိပါတယ် ။ ဒါဟာ အံ့သြစရာကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ထိုင်းအစိုးရက ဒီကိစ္စကို သိလျက်သားနဲ့ သေချာ ကိုယ်တွယ်ဖြေရှင်းတာမျိုး အခုချိန်ထိ မရှိသေးပါဘူး။ တချို့ ထိုင်းအာဏာပိုင်တွေဆိုရင် ဒီလူကုန်ကူးမှုနဲ့ ဆက်စပ်ပြီး ချမ်းသာလာကြသူတွေတောင် ရှိပါတယ်။”

ဒါကြောင့် ရိုဟင်ဂျာ မူဆလင် ရုပ်အလောင်းတွေ စုံစမ်း စစ်ဆေးမယ့် ကိစ္စမှာ ကုလသမဂ္ဂ ပါဝင် ပတ်သက်ဖို့ HRW အဖွဲ့က တောင်း ဆိုနေတာလည်း ဖြစ်ပါတယ်။ အမေရိကန် အစိုးရက နောက်ဆုံး ထုတ်ခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပျက်ကွက်နေဆဲဖြစ်ပြီး အဆိုးဝါးဆုံး အဆင့်မှာရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးတဲ့ ရခိုင်ဒေသမှာ ဖိနှိပ်ခွဲခြား ဆက်ဆံ ခံရတဲ့ အခြေနေတွေကြောင့် ရိုဟင်ဂျာမူဆလင်ဆိုသူတွေဟာ ထိုင်းနိုင်ငံဘက် ကို ရွှေ့ပြောင်းဝင်လာကြပြီး ထိုင်းနိုင်ငံကလည်း သူတို့ကို တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် ဆက်ဆံကြကြောင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ မယ်လို့ ခြိမ်းခြောက်ကြောင်း ၊ ထိုင်းအာဏာပိုင်တွေက သူတို့ကို ဘာအကူအညီမှ မပေးဘဲ လူကုန်ကူးသူတွေလက်ထဲ ရောင်းစားတာမျိုးတွေ ရှိကြောင်း HRW အဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ချန်အိုချာရဲ့ ထိုင်းစစ်အစိုးရဟာ ဒုက္ခသည်အရေး ကူညီမယ့် UNHCR ကုလသမဂ္ဂအဖွဲ့အစည်းကိုတောင် ထိုင်းနိုင်ငံမှာ လတ်တလော လုပ်ခွင့်မပေးဘဲ တားမြစ်ထားတယ်လို့ HRWကြေညာချက် မှာ ဖေါ်ပြထားပါတယ်။



Rohingya Eye
RB News
2.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယားရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် ရွာသား တစ်ဦး၏ ဆိုင်ကယ် တောင်းရာ မရသဖြင့် ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယားရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် နခေါင်းဒီးယား ရွာသား ဦးကာမာလ် (အသက် ၅၀ နှစ်) ၏ ဆိုင်ကယ်အား စီးနင်းရန် တောင်းခံရာ ဦးကာမာလ်က ၎င်း၏ ဆွေမျိုးတစ်ဦးက စီးနင်း၍ အလယ်သံကျော် ကျေးရွာသို့ သွားကြောင်း ပြန်လည် ပြောဆိုခဲ့ရာ အဆိုပါ ဒုရဲအုပ်က မကျေနပ်၍ ည (၉) နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကာ အုပ်ချုပ်ရေးမှူး ရုံးတွင် ထိပ်တုံးခတ် ထားပြီး တစ်ညလုံး ရိုက်နှက် နှိပ်စက်သဖြင့် နောက်ဆုံးတွင် မတတ်သာ၍ မိသားစုဝင် တစ်ဦးက ဧပြီလ (၂၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ငွေကျပ် ၃ သိန်း ပေးပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးကာမာလ် ဆိုသူသည် မည်သည့် ပြစ်မှု တစ်စုံတစ်ရာကိုမှ ကျူးလွန်ခြင်း မဟုတ်ဘဲ မတရားသဖြင့် နှိပ်စက်ခံရသည့် အပြင် ငွေညှစ်ခံရခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲများသည် နေ့စဉ် နေ့တိုင်း လက်နက်နှင့် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ကျေးရွာသူ ကျေးရွာသားများကို မတရား နှိပ်စက် ငွေညှစ်လျက် ရှိနေပြီး နောင်တွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်ရသဖြင့် အထက် အာဏာပိုင်များက အချိန်မှီ အရေးယူ ဆောင်ရွက် ပေးရန် လိုလားကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
2.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ၎င်း၏ သတင်းပေးများ ဖြစ်ကြသည့် ဘုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၆) မှ ရှူဝိုက်ဖ် (ဘ) ဦးအာဘူလ်ဟာရှိမ်း၊ အကွက် (၈) မှ ရှားကဲရ် (ဘ) ဦးမူဇဲရ်မျာ နှင့် အကွက် (၁) မှ မူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်း တို့နှင့် ပူးပေါင်း၍ ညောင်ချောင်း အနီးတ၀ိုက် ကျေးရွာများသို့ သွားရောက်၍ အိမ်ပြုပြင်ခဲ့သည်၊ ဘင်္ဂလားဖုန်း ရှိသည်၊ တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်၊ တောင်မှ သစ်ခုတ်ခဲ့သည်ဟု အမျိုးမျိုး အကြောင်းပြ စွပ်စွဲ၍ အာဏာ အလွဲသုံးစား ပြုလုပ်၍ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ်၊ သစ်တော ဦးစီးဌာနမှ ညောင်းချောင်း အခြေစိုက် ဒု-ဦးစီးမှူးသည် ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးအာယုဖ်ခါန် (ဘ) ဦးရှော်ရိဟူစိန်းနှင့် ပူးပေါင်း၍ ညောင်ချောင်း အနီးတ၀ိုက် ကျေးရွာများသို့ သွားရောက်၍ အိမ်ပြုပြင်ခဲ့သူ များကို သစ်တော ဦးစီးဌာနမှ ခွင့်ပြုချက် မရဘဲ အိမ်တွင် သစ်သားများ အသုံးပြုခဲ့သည့် အတွက်ဟု ဆိုကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ကွမ်းခြံနှင့် တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများ ထံမှလည်း ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ဘုရားပြင် အောင်ပ ကျေးရွာမှလည်း တောင်မှ ထင်းခုတ်သည့် အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးဝါရဲစ် (ဘ) ဦးအော်လီအာမတ် (အသက် ၃၆ နှစ်)၊ ဦးဟောလိလ် (ဘ) ဦးကာဒီချေ (အသက် ၅၀ နှစ်) နှင့် ဦးမာမတ်ဆော်လာမ် (အသက် ၄၅ နှစ်) တို့သည် ဧပြီလ (၂၆) ရက်နေ့တွင် ဖရုံချောင်း တောင်ကြားလမ်းမှ တဆင့် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာသို့ ငါးဝယ်ရန် သွားနေစဉ် တောင်တောင်ထဲတွင် စစ်သားများက တွေ့ရှိပြီး ၎င်းတို့ ငါးဝယ်ယူရန် ယူသွားသည့် ငွေများ ငွေတ၀က်ကို လုယက်၍ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် မြင်းလွတ်သို့ ရောက်ရန် အချိန် အနည်းငယ် အလိုတွင် စစ်သား အုပ်စု နောက်တစ်စုဖြင့် တွေ့ရှိခဲ့ရာ ၎င်းတို့ကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေများလည်း လုယက်ခဲ့သည်။ ငါးဝယ်မည့်သူများက ၎င်းတို့တွင် ပါလာသည့် ငွေများအားလုံး လုယက်ခံလိုက် ရသဖြင့် မြင်းလွတ်သို့ မသွားဘဲ အိမ်ပြန်ချင် ခဲ့သော်လည်း၊ စစ်သားများ ပြန်ခွင့်မပေးဘဲ အတင်းအဓမ္မ မြင်းလွတ်သို့ သွားခိုင်းခဲ့သည်။ 

စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဝါရဲစ်မှာ ဦးခေါင်းကွဲ သွားသည့်အပြင် အခြား အင်္ဂါအစိတ်အပိုင်း များတွင်လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ငါးဝယ်မည့်သူ (၃) ဦးလုံး လုယက်ခံရသည့် ငွေပမာဏမှာ ဦးဝါရဲစ် ထံမှ ငွေကျပ် ၃၀၀၀၀၊ ဦးဟောလိလ် ထံမှ ငွေကျပ် ၁၂၀၀၀၊ ဦးမာမတ်ဆော်လာမ် ထံမှ ငွေကျပ် ၁၂၀၀၀ တို့ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
2.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်းရှိ တပ်မတော် တပ်ရင်း ၅၅၂ နှင့် ရခိုင့် တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာ စိုင်းဒင်တောင်ရှိ တပ်မတော်သား များအတွက် ရိက္ခာပို့ရန် ဟုဆိုကာ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို ပေါ်တာဆွဲ သွားကြောင်း သတင်း ရရှိပါသည်။

မေလ (၁) ရက်နေ့ ညနေ (၆) နာရီခန့်တွင် တပ်မတော် တပ်ရင်း ၅၅၂ မှ စစ်သား ၂၀ ဦးသည် ဘူးသီးတောင် မြို့နယ် သင်္ဂနား ကျေးရွာ ခွဆုံသို့ သွားရောက်ပြီး ၎င်းတို့ မျက်စိရှေ့ တွေ့သည့် ဒေသခံ ရွာသား ကလေးပါ မကျန် ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယင်းမချောင်းတောင် ကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ၂၀ ဦးကို ထပ်မံ ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင် သွားခဲ့သည်။ တစ်ဖန် ည ၉ နာရီ အချိန်တွင် တပ်ရင်း ၅၅၂ မှ စစ်သား ၅၀ ဦးခန့်သည့် သင်္ဂနား ကျေးရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များသို့ ၀င်ရောက်၍ ဒေသခံ ၃၀ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ယနေ့ မေလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း တပ်ရင်း ၅၅၂ နှင့် ၅၆၄ မှ စစ်သား ၁၀၀ ခန့်က တောင်ဘဇာဈေးသို့ သွားရောက်ပြီး ဒေသခံ ၄၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

တပ်မတော်သားများက ၎င်းဖမ်းဆီးခံ ဒေသခံများကို တိုက်ပွဲ ဖြစ်သွားသော နေရာရှိ တပ်မတော်သား များအတွက် ရိက္ခာ ပို့ရန် ဖမ်းဆီးခဲ့သည်ဟု ပြောဆိုသော်လည်း ဖမ်းဆီးခံရသူများ၏ မိသားစုများက တိုက်ပွဲ၌ ရှေ့တန်းတွင် အသုံးပြုမည်ကို စိုးရိမ်လျက် ရှိကြသည်။




MYARF
RB News
2.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ်ကို အမည်မသိ မျက်နှာဖုံးစွပ် လူသတ်သမား တစ်ဦးက ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်၊ ဓါးဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ်ကို ယနေ့ မေလ (၂) ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အိပ်ရာပေါ်၌ အိပ်ပျော်နေစဉ် မျက်နှာဖုံး တပ်ဆင် ထားသည့် လူတစ်ဦး ၀င်ရောက်လာပြီး ပစ္စတို သေနတ် တစ်လက်ဖြင့် ဦးခေါင်းသို့ တစ်ချက်၊ ရင်ဘတ်သို့ တစ်ချက်၊ ၀မ်းဗိုက်သို့ နှစ်ချက်၊ စုစုပေါင်း လေးချက် ပစ်ခတ်သည့် အပြင် ဓါးဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ရေချိုးခန်း၌ ရေချိုး နေခဲ့သည်။ လူသတ်သမားက ဆုလ်တာန်ကို သတ်ဖြတ်၍ ထွက်ပြေးသွားခဲ့သည်။ လူသတ်သမားကို ဆုလ်တာန်၏ မိခင်က မြင်တွေ့ခဲ့သော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆုလ်တာန် အာမတ်သည် ယခင်က ဒုချီးရာတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူထံတွင် အလုပ်လုပ်ကိုင် ခဲ့သူ ဖြစ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဒုချီးရာတန်းကို ရခိုင် အစွန်းရောက် များနှင့် နယ်ခြားစောင့် ရဲများ အကြမ်းဖက် ဖျက်ဆီးပြီးနောက် အာဏာပိုင်များက ကျေးရွာ တာဝန်ခံ တစ်ဦး ခန့်အပ်ရန် ကြိုးစားခဲ့ရာ အကြမ်းဖက် ဖျက်ဆီးရခြင်းကြောင့် ကျေးရွာတွင် အမျိုးသားများ မနေ၀ံ့၊ ရွာသားများက တာဝန်ယူရန် ကြောက်ရွံသဖြင့် ဦးအောင်ဇံဖြူက ၎င်း၏ လူယုံတော် ဖြစ်သူဟု ဆိုကာ အရေးဆိုသဖြင့် ဆုလ်တာန်အာမတ်ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ဦးအောင်ဇံဖြူသည် ဆုလ်တာန်အာမတ်ကို အသုံးချ၍ ရွာသားများကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲစေကာ ငွေညှစ်၍ နှစ်ယောက် ဝေစုခွဲ၍ ယူခဲ့သည်။ ဦးအောင်ဇံဖြူသည် ၉၆၉ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဆုလ်တာန်အာမတ်ကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးစားခဲ့သည်။ ဦးအောင်ဇံဖြူက ဆုလ်တာန်အာမတ်အား ကျေးရွာတွင် ချမ်းသာသူများနှင့် ပညာတတ်များကို RSO နှင့် အဆက်အသွယ် ရှိသူများဟု အာဏာပိုင်များထံသို့ အစီရင်ခံခိုင်း ခဲ့သည်။ သို့သော်လည်း ဆုလ်တာန်အာမတ်က ကျေးရွာတွင် အကြမ်းဖက်မှု ထပ်မံ ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ ဆိုးဝါးသည့် မဟုတ်မမှန် စွပ်စွဲချက် မတင်ပြနိုင်ဟု ပြောသဖြင့် ဦးအောင်ဇံဖြူနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ထိုနေ့မှစ၍ ဦးအောင်ဇံဖြူက ဆုလ်တာန်အာမတ်ကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဆုလ်တာန်က ဦးအောင်ဇံဖြူ၏ အသုံးချခြင်းကို မခံတော့ဘဲ၊ ရွာသားများထံမှ ငွေညှစ်သော်လည်း ဦးအောင်ဇံဖြူကို ဝေစု မပေးတော့သောကြောင့် မကြာခဏ ခြိမ်းခြောက်လေ့ ရှိကြောင်း သိရသည်။

ယခု ဆုလ်တာန်အာမတ် အသတ်ခံရမှုမှာ ဦးအောင်ဇံဖြူ၏ လက်ချက် ဖြစ်နိုင်သည်ဟု ရွာသားများက ဝေဖန် ပြောဆို နေကြသည်။

“ကျွန်တော်တို့ ဒေသခံ ရိုဟင်ဂျာတွေ သေနတ် မပြောနဲ့ ဓါးကောင်းကောင်း တစ်လက်တောင် မထားနိုင်တဲ့ အခြေအနေမှာ သေနတ်ပစ် သတ်ဖြတ်မှု ဖြစ်တယ်။ ရခိုင်လူမျိုးတွေကို အစိုးရက လုံခြုံရေး အတွက် ဆိုပြီး ပေးခဲ့တဲ့ သေနတ်တွေ၊ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းမှာ တဖက်နိုင်ငံက တရားမ၀င် ၀ယ်ယူ စုဆောင်း ထားတဲ့ သေနတ်တွေ ရှိနေတာကို နိုင်ငံတော်နဲ့ ဒေသခံ အားလုံးက သိပါတယ်။ အခု လူသတ်မှု ပုံစံကို သေချာ ဝေဖန် သုံးသပ်ရင် အောင်ဇံဖြူရဲ့ လက်ချက်ဆိုတာ သိနိုင်တယ်။ နယ်ခြားစောင့် ရဲတွေကတော့ အသတ်ခံရတဲ့ ဆုလ်တာန်ရဲ့ မိသားစုကို ဆုလ်တာန်နဲ့ ရန်ငြိုးရှိတဲ့လူတွေကို လူသတ် တရားခံ စွပ်စွဲဖို့ ခြိမ်းခြောက်ပြီး ဖိအားပေး နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အသတ်ခံရသည့် ဆုလ်တာန် အာမတ်၏ အိပ်ရာတွင် ကျည်ဆန်ခွံ တစ်တောင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆုလ်တာန်အာမတ်သည် အသက် ၂၄ နှစ် အရွယ် ဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၅ ရက်ခန့်က အိမ်ထောင်ပြု ခဲ့ကြောင်း သိရသည်။



Rohingya Eye
RB News
30.4.2015

မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာ

ဧပြီလ (၁၉) ရက်နေ့က မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာ ကျေးရွာမှ ဦးမာမတ် ကာဆိမ်း၏ ဥယျာဉ်ခြံမှ သစ်ပင် (၁၀) ပင်ကို ပိုင်ရှင်ဖြစ်သူအား အသိမပေးဘဲ သံဒါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူက ခုတ်လှဲခဲ့ရာ ဦးမာမတ်ကာဆိမ်း၏ သားဖြစ်သူ မာမတ်ရော်ဖိခ် (အသက် ၁၅ နှစ်) က ဦးဆီရာဇူ ထံသွားရောက်၍ ကန့်ကွက်သဖြင့် အဆိုပါ လူငယ်ကို ရိုက်နှက်ခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ခုတ်လှဲခဲ့သည့် သစ်ပင်များကို မောရ၀တီ အခြေစိုက် စစ်တပ်စခန်းသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သစ်ပင် (၁၀) ပင်၏ ကာလတန်ဖိုးမှာ ငွေကျပ် တစ်သိန်းခွဲ အထက် ရှိကြောင်း သိရသည်။

အဆိုပါရွာမှ ဦးအဒူရော်ဟိမ်း (အသက် ၃၅ နှစ်) အပါအ၀င် ဒေသခံ (၆) ဦးတို့သည် တောတောင်သို့ ထင်းခုတ်ရန် သွားရောက်ခဲ့ရာ အပြန်လမ်းတွင် မောရ၀တီတွင် စစ်သားများက တွေ့ရှိခဲ့ပြီး ၎င်းစစ်သားများက နှိပ်စက်မည်ကို စိုးရိမ်၍ ထင်းခုတ်သမားများက ၎င်းတို့နှင့် ပါလာသည့် ထင်းများနှင့် ဓါးများကို ထား၍ ထွက်ပြေးသွားရာ စစ်သားများက ထားခဲ့သည့် ထင်းများနှင့် ဓါးများကို သိမ်းဆည်းလိုက်သည့် အပြင် ထွက်ပြေးသွားသည့် အတွက်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ထင်းခုတ်သမား တစ်ဦးချင်းစီမှ ငွေကျပ် ၉ သောင်းစီ ပေးရန် တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အလားတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူက မော်လဝီ မိုဟာမတ်ဆုလ်တန်(ဘ) ဦးအာမိရ်ဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်ခြံဝင်းမှ အပင်တစ်ပင်ကို ငွေကျပ် ၆ သောင်းကျပ် နှုန်းဖြင့် ဈေးဖြတ်ပြီး ခုတ်လှဲခဲ့သော်လည်း ယခုအချိန်ထိ ငွေကြေး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါရွာမှ ဦးဟူဆောင်းအာမတ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၆၀ နှစ်) ထံမှလည်း နေအိမ် ပြုပြင်သည်ကို အသစ်ဆောက်လုပ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် တစ်သိန်း ငါးသောင်း ညစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်တန်း ကျေးရွာ

မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်တန်း (ခူးန္နားဟ်ဖာရာ) ကျေးရွာအုပ်စု၊ ဂျောင်တောင်ရွာမှ မော်လ၀ီ မာမတ်ဒူရာဟာမန် (ဘ) ဦးဖော်ဇော်လောခ် (အသက် ၄၀ နှစ်) သည် အဆိုပါရွာ၏ ဈေးထဲတွင် အလှကုန် ပစ္စည်းများရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ဧပြီလ (၂၃) ရက်နေ့တွင် ၎င်းသည် မြို့မ စည်ပင်သာယာဈေးသို့ ဆိုင်အတွက် ဈေးဝယ်ရန် မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ပြီး ဈေးဝယ်၍ ရွာသို့ ပြန်နေစဉ် ဦးဥတ္တမလမ်း၊ ကန်တော်ကြီးရှေ့ ဆိုင်တစ်ဆိုင်မှ အရပ်သား ၀တ်စုံဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထွက်လာကာ ၎င်းကို ဆိုင်ထဲသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက မော်လ၀ီ မာမတ်ဒူရာဟာမန်ကို မီးရှို့သည့် တရားခံများ စာရင်းတွင် ပါနေသည်ဟု ခြိမ်းခြောက်၍ ငွေတောင်းခံရာ ၎င်းက မိမိသည် ဆိုင်အတွက် ပစ္စည်းများ ၀ယ်ယူ၍ ရွာသို့ ပြန်သွားနေသဖြင့် လက်ထဲတွင် ငွေတစ်ပြား တစ်ချပ်မှ မရှိကြောင်း ပြောဆိုသော်လည်း အရပ်သား ၀တ်စုံဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ငွေမပေးလျှင် သွားနိုင်မည် မဟုတ်ဟု ပြောဆိုသဖြင့် ၎င်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆိုင်တစ်ဆိုင်မှ ငွေချေး၍ ပေးမည်ဟု ဆိုကာ အတူ ခေါ်ဆောင်လာရာ လမ်းတစ်ဝက်တွင် ရဲတပ်ဖွဲ့နှစ်ဦးက ၎င်းကို အတင်းအဓမ္မ ရဲစခန်းသို့ ခေါ်ဆောင် သွားပြီး ရဲစခန်း၏ လျှို့ဝှက် နေရာ တစ်နေရာတွင် ချုပ်နှောင် ထားခဲ့သည်။ ညနေ (၆) နာရီ အချိန်တွင် မြို့မရဲစခန်း နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုးက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ၈ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ရဲအုပ်တိုးတိုးက “မင်းက ငါတို့ကို ငွေပေးတာ ဘယ်သူ့ကိုမှ မပြောနဲ့၊ တကယ်လို့ မီဒီယာ တစ်ခုခုမှာ ပါလာလို့ရှိရင် ငါတို့က ဒီမှာရှိမှာနော်၊ မင်းက ဆိုင်အတွက် မြို့ထဲလာပြီး ပစ္စည်းတွေ ၀ယ်ရမယ်၊ အဲဒီ အချိန်မှာ မင်းကို ငါတို့က ထောင်ကျအောင် လုပ်မယ်၊ ဒီတစ်ခါ ငါတို့လွှတ်ပေးတာ” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။ 

မြို့ခံ ဈေးဆိုင်ရှင် တစ်ဦးက “၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်း ကျေးရွာတွေက ဒေသခံ ရိုဟင်ဂျာတွေ မြို့ပေါ် သိပ်မလာကြတော့ဘူး၊ အရေးတကြီး လာရင်လည်း ဒီမှာ နယ်ထိန်းရဲတွေက မီးရှို့မှုနဲ့ စွပ်စွဲပြီးတော့ ငွေညှစ်တာပဲ။ ဆိုင်မှာ ပစ္စည်း အရောင်းအ၀ယ်လည်း မကောင်းတော့ဘူး၊ ဒုစရိုက် ကင်းရှင်းဖို့ နယ်ထိန်းရဲတွေမှာ တာဝန်ရှိတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင် ဒုစရိုက် လုပ်ငန်း လုပ်နေတယ် ဆိုရင် ဘယ်လိုလုပ် တည်ငြိမ် အေးချမ်းတော့မှာလဲ” ဟု ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများ ရွာထဲသို့ ကင်းလှည့်နေစဉ် အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ဒေသခံ ရွာသားများ ရှောင်ထွက် သွားလျှင် စစ်သားများက လိုက်လံ ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေပြီး၊ ရှောင်ထွက် မသွားဘဲ မျက်နှာချင်းဆိုင် တွေ့လျှင်လည်း ခန္ဓာကိုယ် အနှံ့ ရှာဖွေ၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့လျှင်လည်း ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် အသုံးပြုနေသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဧပြီလ (၂၆) ရက်နေ့တွင် ထိုကဲ့သို့ စွပ်စွဲမှုများ ပြုလုပ်ခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဖိုက်ဆဲလ် (ဘ) ဦးဟူဆောင်း (အသက် ၁၈ နှစ်) - မဒီနာရွာမှ - ညှစ်ခံရငွေကျပ် ၅ သောင်း
(၂) ဦးအေနာမ်မူလ္လာ (အသက် ၃၂ နှစ်) - မဒီနာရွာမှ - ညှစ်ခံရငွေကျပ် ၁ သိန်း
(၃) ဆရာ ဦးရှော်ဖီအုလ္လာ (ဘ) ဦးနူရူဇာမာ (အသက် ၄၀ နှစ်) - မဒီနာရွာမှ - ညှစ်ခံရငွေကျပ် ၁ သိန်း ၅ သောင်း
(၄) ဦးအာယာဒ်အုလ္လာ (ဘ) ဦးနူရူး (အသက် ၃၅ နှစ်) - မဒီနာရွာမှ - ညှစ်ခံရငွေကျပ် ၁ သိန်း ၅ သောင်း
(၅) ဟာဖီးဇ် အားဂျီးတ်သာ (ဘ) ဦးအီဆုပ်ဂျလာလ် (အသက် ၂၁ နှစ်) - ကမ်းဖူရွာမှ - ညှစ်ခံရငွေကျပ် ၂ သိန်း
(၆) မာမတ်တူဟာ (ဘ) ဦးဟာရှိမ်းမူလ္လာ (အသက် ၁၈ နှစ်) -- အောက်ရွာမှ -- ညှစ်ခံရငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။

အထက်ပါ (၆) ဦးကို ယင်းနေ့ ည (၈) နာရီ အချိန်တွင် ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

အလားတူ ဧပြီလ (၂၅) ရက်နေ့တွင် အဆိုပါ စစ်တပ် စခန်းမှ တာဝန်ခံနှင့် ၎င်း၏ လူယုံတော် မဒီနာရွာသား ဦးမော်န်ဇူရ် (ဘ) ဦးအုံမောတ်အလီ (အသက် ၃၀ နှစ်) တို့ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် အလယ်သံကျော် ကညင်တန်း (ဂေါ်ဇောန်ဒီးယား) ကျေးရွာသို့ နံနက် ၁၁ နာရီ အချိန်တွင် ရောက်ရှိသွားစဉ် ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်၍ စကားပြောနေသည့် လူငယ်သုံးဦးက မြင်ပြီး မတရားသဖြင့် ဖမ်းဆီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထိုင်စကားပြောနေသူ သုံးဦးမှ နှစ်ဦး ထွက်ပြေးသွားခဲ့သည်။ ကျန်နေခဲ့သည့် လူငယ် တစ်ဦး ဖြစ်သည့် ဖာရုခ် (ဘ) ဦးနော်ဇိရ် (အသက် ၁၇ နှစ်) ၏ ခန္ဓာကိုယ် အနှံ့အပြားကို စစ်တပ် စခန်းမှ တာဝန်ခံက ရှာဖွေခဲ့ရာ မြန်မာ့ ဆက်သွယ်ရေး MPT ဆင်းမ်ကဒ်ဖြင့် GSM ဖုန်း တစ်လုံး တွေ့ရှိခဲ့သော်လည်း ဘင်္ဂလား ဟန်းဆက် သုံးနေသည်ဟု ပြောဆို၍ ဖုန်းကို သိမ်းဆည်း သွားခဲ့သည်။ ထို့အပြင် အဆိုပါ လူငယ်ကို ညနေ (၄) နာရီ အချိန်တွင် စစ်ဆေးခံရန်နှင့် ထွက်ပြေးသွားခဲ့သည့် လူငယ်နှစ်ဦးကိုပါ စစ်ဆေးခံရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း ပ-ညောင်ပင်ကြီး ကျေးရွာ

ဧပြီလ (၂၅) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ပ-ညောင်ပင်ကြီး (ဒေါင်းခါလီ) ကျေးရွာမှ ဘော်ရှော်ရ် (ဘ) ဦးဖော်ဇော်လောခ် (အသက် ၂၇ နှစ်) သည် မင်းကြီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကားကို မြင်၍ မတရားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရှောင်ထွက် သွားခဲ့ရာ နယ်ခြားစောင့် ရဲများက အဆိုပါ လူငယ်ကို လိုက်လံ ဖမ်းဆီးပြီး လက်ထိပ်ခတ်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် အဆိုပါ လူငယ်ကို ခန္ဓာကိုယ် အနှံ့ ရှာဖွေမှုများ ပြုလုပ်ပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ရှောင်ထွက် သွားသည်ကို အပြစ်ဖို့ကာ ဘင်္ဂလား ဆင်းမ်ကဒ် ပါသည့် ဖုန်းသုံးစွဲ နေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲ၍ မင်းကြီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ကိုယ်တိုင် ငွေအစား ရေနံဆီ ဂါလံ (၈၀) အတင်းအဓမ္မ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
29.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲများ ကင်းလှည့်သည့် အချိန်တွင် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကားခြင်းများကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်း (ငါးခူရ စခန်း) မှ ရဲမှူးနှင့် အဖွဲ့သည် ၎င်းနယ်မြေပိုင် ကျေးရွာအုပ်စုများ ဖြစ်သည် ငန်းချောင်း၊ ဖားဝပ်ချောင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ဦးရှဉ့်ကျ၊ ကျားခေါင်းတောင်၊ မြော်တောင်၊ ပွင့်ဖြူချောင်း၊ ဓါးကြီးစား၊ ရေခဲချောင်းခွဆုံ၊ ရေတွင်းကျွန်း စသည့် ကျေးရွာ ၂၂ ရွာတွင် အမြဲတစေ ကားဖြင့် ကင်းလှည့်လေ့ ရှိသည်။ ထိုသို့ ကင်းလှည့်ရာတွင် လမ်းတလျှောက် တွေ့ရှိသလျှ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေး မရွေး ရိုဟင်ဂျာများကို စစ်ဆေးလေ့ ရှိသည်။ စစ်ဆေးရာတွင်လည်း လူမျိုးရေး ဘာသာရေးနှင့် သက်ဆိုင်သည့် စော်ကားမှုများ ပြုလုပ်ခြင်း၊ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ မသင်္ကာဟူ၍ ဖမ်းဆီးခြင်း၊ ဘင်္ဂလားဖုန်း မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်း ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း၊ အမျိုးသမီး များကို ညစ်ညမ်းစွာ မဖွယ်မရာ ပြောဆို ဆက်ဆံခြင်း စသည်များ ပြုလုပ်လျက် ရှိသည်။ ထိုကဲ့သို့ ပြုမှုနေခြင်းကြောင်း လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများ နယ်ခြားစောင့် ရဲများ၏ ကားကို မြင်တိုင်း အထိတ်တလန့် ဖြစ်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အလားတူ အမှတ် (၆) နယ်မြေ၊ ကျောက်ပြင်ဆိပ် ကျေးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ယူနီဖောင်း မ၀တ်ဘဲ သေနတ်တစ်လက် လွယ်ကာ အချိန်မတော် ကျောက်ပြင်ဆိပ် ကျေးရွာထဲသို့ ၀င်ရောက်ပြီး လမ်းသွားလမ်းလာသူ များကို စစ်ဆေးခြင်း၊ ဆိုင်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ရွာသားများကို ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ မည်သည့် တရားဝင် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ဘင်္ဂလားဖုန်း ရှိသည်ဟု လုပ်ကြံ စွပ်စွဲ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ အမြဲ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထိုကဲ့သို့ ပြုမူနေခြင်းကြောင့် ရွာသားများ သွားလာရန်နှင့် ဈေးဆိုင်သည်များ ဆိုင်ရောင်းချရန်ပင် အခက်ကြုံနေရသည်ဟု ဆိုသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ (နားရီဘိလ်) နှင့် လှဖိုးခေါင် ကျေးရွာ (ဆောရ်ကောဒ္ဒီး ဘိလ်) ကြားရှိ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများကလည်း လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို နှောက်ယှက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အထူးသဖြင့် ဆိုင်ကယ်စီး သွားသူများကို ယာဉ်မောင်း လိုင်စင် ရှိ/မရှိ၊ ဘီးခွန် ရှိ/မရှိ၊ ဆိုင်ကယ် ဦးထုပ် ဆောင်း/မဆောင်း စစ်ဆေးခြင်းများ ပြုလုပ်၍ နှောက်ယှက်လျက် ရှိသည်။ နယ်ခြားစောင့် ရဲများနှင့် မသက်ဆိုင်သော်လည်း လက်နက်အားကိုးဖြင့် အတင်း အဓမ္မ စစ်ဆေးပြီး ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ ဆိုင်ကယ်စီး သွားသူများကို စခန်းတွင် ထိုင်ခိုင်း၍ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်ယူ၍ ရွာထဲသို့ လည်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ အချို့ကို နေ့တစ်ထက်ထိ ထိုင်ခိုင်းလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
29.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ အိမ်ပြုပြင်သူများထံမှ ငွေတောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ကားတစ်စီးဖြင့် ကကျဘက် ကံပြင် ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်း၊ ကျေးရွာ တာဝန်ခံ ဦးကော်လီမူလ္လာ၊ ရာအိမ်မှူး ဦးအဒူရော်ကိမ် တို့ကို ခေါ်ယူပြီး ၎င်းကျေးရွာတွင် နေအိမ်ပြုပြင်သူများ စာရင်း ကောက်ခံခဲ့သည်။ နေအိမ်ပြုပြင်သူများ ဖြစ်သည့် ဦးဆော်လိမ် (ဘ) ဦးမော်ခ်ဂုလ်အာမတ်၊ ဦးဇော်မိရ် (ဘ) ဦးအုစ်မာန်၊ ဦးမုစ်တာအာမတ် (ဘ) ဦးအော်လီဟူစိန်း တို့ သုံးဦး၏ အမည်များကို စာရင်း ပြုစု သွားခဲ့သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ကကျဘက် ကျေးရွာ၊ မြောင်းနား ကျေးရွာ၊ အလယ်ချောင်း ကျေးရွာများသို့ သွားရောက်ပြီး ၎င်းကျေးရွာများတွင် နေအိမ် အမိုးပျက်စီး၍ အမိုးပြုပြင်၊ အိမ်နံရံ ပျက်စီးသွား၍ နံရံ ပြုပြင်သူများ၏ စာရင်း ကောက်ခံပြီး ခွင့်ပြုချက် မရဘဲ နေအိမ် ပြုပြင်ခဲ့သည်ဟု ဆိုကာ ငွေကျပ် ငါးသောင်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထိုငွေကျပ် ငါးသောင်းစီကို မြို့နယ် အုပ်ချုပ်ရေးမှူးက တိုက်ရိုက် မတောင်းဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် တောင်းခံလျက် ရှိကြောင်း သိရသည်။



MYARF
RB News
29.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် လ.၀.က တိုက်နယ် တာဝန်ခံတို့က ကျောင်းသား (၅) ဦးကို ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားပြီး တစ်နှစ်တိတိ နေ၍ ပြန်ရောက်လာခဲ့သည်ဟု စွပ်စွဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် လ.၀.က ရုံးမှ ဖရုံချောင်း တိုက်နယ် တာဝန်ခံသည် ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အာဏာပိုင်များ၏ သတင်းပေး ဦးဆော်လီမူလ္လာ၊ ရုံးစာရေးတို့နှင့် တွေ့ဆုံ၍ ၎င်းတို့နှင့် အတူ ယင်းရွာမှ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား မာမတ်အာနောစ် (ဘ) ဦးဇော်ကော်ရီယာ (အသက် ၂၅ နှစ်) နှင့် ၁၀ တန်း ကျောင်းသား မာမတ်ဟာဆောင်း (ဘ) ဦးမာမတ်အလီ တို့အပါအ၀င် ကျောင်းသား (၅) ဦးကို ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ပြီး တစ်နှစ်တိတိ နေ၍ ပြန်ရောက်လာခဲ့သည်ဟု စွပ်စွဲ၍ အဆိုပါ ကျောင်းသားများကို ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ မိဘများအား ခေါ်၍ သားဖြစ်သူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည့် အတွက်ကြောင့် မြို့နယ် လ.၀.က ဦးစီးမှူးနှင့် တွေ့ဆုံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မိဘများက ၎င်းတို့၏ သားများ မည်သည့် အခါကမှ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့၍ ခေါ်သည့်နေရာသို့ သွားရောက်၍ မည်သည့် အရာရှိ မဆိုနှင့် တွေ့ဆုံ၍ ဖြေရှင်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Rohingya Exodus