နောက်ဆုံးသတင်း/ဆောင်းပါးများ



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

မြန်မာပြည်က ရိုဟင်ဂျာ လူမျိုးတွေ အတွက် တသားတည်း ရှိမှုနဲ့ ထောက်ခံမှု ပြသတဲ့ သတင်း စကားကို ကျမ ပါးလိုက် ပါရစေ။ ရိုဟင်ဂျာ တွေဟာ သူတို့ ဘိုးစဉ် ဘောင်ဆက် အိမ်တွေမှာ နေလာ ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ဌာနေဖွား တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုတာဆိုလို့ သူတို့ထံကနေ မြန်မာ စစ်အစိုးရက သိမ်းယူသွားတဲ့ နိုင်ငံသားအဆင့်အတန်းကို ပြန်လည်ပေးအပ်ဖို့ဆိုတာပါပဲ။ သူတို့ပိုင်ဆိုင်ရာမြေပေါ်မှာ သူတို့ကို နိုင်ငံသားမဟုတ်သလို ဆက်ဆံတာဟာ ကိုယ်ကျင့်ပိုင်းဆိုင်ရာ မှားယွင်းနေပါတယ်။

၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခဟာ ပိုမိုဆိုးရွားလို့ လာခဲ့ပါတယ်။ အခုအချိန်မှာ သူတို့ဟာ ညီတူညီမျှလောက် အန္တရာယ်များတဲ့ ရွေးချယ်စရာ လမ်းနှစ်ခုသာ ရှိတယ်လို့ ထင်မြင်ခံစားနေကြရပါတယ်။ တလမ်းက မြန်မာပြည်ထဲမှာ ဆက်နေပြီး အသေခံမလား။ နောက်တလမ်းက လှေစီးပြီး ထွက်ပြေးမလား ဆိုတာပါပဲ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဆိုအရ ၂၀၁၄ ခုနှစ်အတွင်းမှာ ထိုင်း နဲ့ မလေးရှား ကို ဦးတည်သွားတဲ့ လှေတွေထဲမှာ ကလေးသူငယ်နဲ့ မိန်းမများအပါအဝင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၅၃၀၀၀ ခန့် ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေဆီကို အခြေခံ လူသားချင်းထောက်ထားတဲ့ အကူအညီတွေ အရောက်ပေးပို့ကြဖို့ လိုပါတယ်။ အခုလောလောဆယ်မှာ အဲဒီ လူသားချင်းထောက်ထားတဲ့ အကူအညီတွေဟာ သူတို့ထံကို မရောက်ရှိသေးပါဘူး။ ရိုဟင်ဂျာတွေဟာ လက်နက်မကိုင်၊ အကြမ်းမဖက်နည်းနဲ့ ရုန်းကန်တိုက်ပွဲဝင်နေကြရတဲ့ မြန်မာပြည်က တခုတည်းသော လူနည်းစုတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် အသုံးပြုနေတဲ့ သူတို့ရဲ့ အကြမ်းမဖက်တဲ့ တိုက်ပွဲကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အသိအမှတ်ပြုပြီး ထောက်ခံအားပေးကြဖို့ လိုပါတယ်။

ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခ နဲ့ သူတို့ဟာ သူတို့အစိုးရလက်ထဲမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကြုံတွေ့ခံစားနေရတယ်ဆိုတဲ့ အချက်ကို ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွေက အသိအမှတ်ပြုလက်ခံဖို့ ကျမတို့ လိုလားပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်တာကို အဆုံးသတ်ဖို့ ကျမတို့ အလိုရှိပါတယ်။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေလုပ်မယ်၊ အပြုသဘောဆောင်ဆက်ဆံမယ်ဆိုရင် အဲဒီအချက်ဟာ အရေးကြီးတဲ့အခြေခံ ဖြစ်ရပါမယ်။

ကျမရဲ့ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးအပါအဝင် အခြားသော ခေါင်းဆောင်များနှင့်အတူ လက်တွဲပြီး ကျမ တိုက်တွန်းပါတယ်။ ရိုဟင်ဂျာလူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပေးဖို့နဲ့ သူတို့အသက်တွေကို ကယ်တင်နိုင်အောင် ရပ်တည်ပြောကြားပေးဖို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတခုအနေနဲ့ ကျမတို့မှာ တာဝန်ရှိပါတယ်။ သူတို့တိုင်းပြည်အတွင်းမှာ၊ သူတို့လူ့အဖွဲ့အစည်းကြားမှာ သူတို့ရဲ့နေရာမှန် ပြန်လည်ရရှိဖို့ နဲ့ မြန်မာပြည်ဟာ သူ့လူမျိုးအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ ရှေ့သို့ ဆက်ရွေ့လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။ မိုင်ရိဒ် မက်ဂွဲ ပါ။ ကျေးဇူးတင်ပါတယ်။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

ဟဲလို… ငြိမ်ချမ်းရေး မြတ်နိုးသူများ၊ လုပ်ဖော် ကိုင်ဖက် များနှင့် မိတ်ဆွေများ ခင်ဗျား။

အီလက် ထရောနစ် နည်းနဲ့ ခင်ဗျား တို့ကို မိန့်ခွန်း ပြောရတဲ့ အတွက် ဝမ်းနည်း ပါတယ်။ အသက် အရွယ်ကြီးရင့်လာခြင်းရဲ့ ဆိုးကျိုးတွေ ထဲက တခုကတော့ ခရီးသွားရတာ တမျိုးတမည် ခက်ခဲ လာတတ် တာပါပဲ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လူ့အခွင့်အရေး ကပ်ဘေးကြီးတွေထဲက တခုကို ဖြေရှင်းဖို့ အတွက် ခင်ဗျားတို့ရဲ့ အာရုံ စူးစိုက်မှုတွေကို အထိုင် ချနေကြတဲ့ အချိန်မှာ အားပေး စကားနဲ့ တသားတည်း ရှိမှု စကား အနည်းငယ်ကို ပြောကြားခွင့် ရတဲ့ အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် မြန်မာအစိုးရပေါ် အမှတ်ပေးသော်လည်း ဒီအချက်က ကိုယ့်တိုင်းရင်းသားလူနည်းစုတွေဖြစ်တဲ့ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ငြင်းဆန်မှု နဲ့ ဖိနှိပ်မှုတွေကို မမြင်တော့လောက်အောင် ကျနော်တို့ကို ကြောင်တောင်မကန်းစေခဲ့ပါဘူး။ တိုင်းပြည်တပြည်ဟာ သူ့ကိုယ်သူ ပြန်ပြီး ရန်လိုနေခဲ့ရင်၊ သူတိုင်းသူပြည်သားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဘိုးကို အသိအမှတ်ပြုဖို့ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် အဲဒီတိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည်တခု မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ ခွဲခြမ်းပေးလို့ ရတာမျိုးမဟုတ်။ အားလုံးကို ဖိတ်ခေါ်ရမယ်။ အားလုံးကို တခုလုံးပေးရမယ်။

ဗြိတိသျှတွေက ဗမာပြည်နယ်စပ်မျဉ်းကို မြေပုံပေါ်မှာဆွဲခဲ့တုန်းက ရိုဟင်ဂျာလူမျိုးတွေကို တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ဘူး။ အဲဒီ ဖောင်တိန်ဆွဲသားချက်တွေနဲ့အတူ ရိုဟင်ဂျာတွေဟာ နယ်နိမိတ်အနားသတ်မြေပေါ်က လူသားတွေ ဖြစ်ခဲ့ရတယ်။ သူတို့ရဲ့ ဘိုးဘွားစဉ်ဆက်နေလာခဲ့တဲ့ မြေဟာ နိုင်ငံရေးနယ်နိမိတ်စည်းမျဉ်းတွေကို ကျော်ဖြတ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုလိုနီခေတ်လွန် ဗမာအစိုးရက ရိုဟင်ဂျာတွေကို မူလကတည်းက အခြေချနေထိုင်တဲ့ တိုင်းရင်းသားတွေအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ပထမ စစ်အစိုးရကလည်း ထိုနည်းတူစွာ အသိအမှတ်ပြုခဲ့ပါတယ်။

တိုင်းပြည်အနောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်တပ်က ခြယ်လှယ်မှုဟာ သက္ကရာဇ်ကို နောက်ပြန်သွားကြည့်ရင် ၁၉၅၀ ခုနှစ်လောက်အထိ ပြန်သွားပါတယ်။ ပထမတော့ ရခိုင်ခွဲထွက်ရေးသမားများကို ချေမှုန်းပြီးတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဘာသာရခိုင်တွေကို ခေါင်းမထောင်နိုင်အောင် နှိမ်နင်းဖို့ စစ်တပ်ဟာ မွတ်ဆလင်ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းခဲ့တယ်။ နောက်တော့ စစ်တပ်က ရိုဟင်ဂျာတွေဖက်လှည့်လာတယ်။ ၁၉၇၈ ခုနှစ်မှာ အရှေ့ဖျားစီးပွားရေးစောင့်ကြည့်စာစောင်မှာ ရိုဟင်ဂျာတွေကို ဗမာ အသားအရောင်ခွဲခြားမှုရဲ့ သားကောင်တွေလို့ ဖော်ပြခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာပြီးနောက် နိုင်ငံသားဥပဒေတရပ်က ရိုဟင်ဂျာတွေကို တိုင်းရင်းသားစာရင်းက ပယ်ဖျက်လိုက်ပါတယ်။ သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူ မွတ်ဆလင်တွေလို့ ပုံဖော်ပါတယ်။ မြန်မာပြည်မှာ မွတ်ဆလင်ဆန့်ကျင်ရေး ရေချိန်မြင့်မားလာချိန် ဗုဒ္ဓဘာသာဝင်အများစုဟာ အထူးသဖြင့် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာတွေကို ခိုးဝင်လာသူတွေလို့ သတ်မှတ်ကြပါတယ်။ ရိုဟင်ဂျာတသိန်းကျော်ဟာ ယာယီဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေပါတယ်။ “သူတို့ရဲ့ လုံခြုံမှုအတွက်”ဆိုပြီး သူတို့ကို အဲဒီစခန်းတွေထဲက အပြင်ထွက်ခွင့်မပေးပါဘူး။ သူတို့ဟာ ယာယီသက်သေခံ ကပ်ပြားတွေကို ကိုင်ဆောင်ထားပါတယ်။ ဖေဖော်ဝါရီလမှာတော့ သူတို့ရဲ့ မဲပေးခွင့်တွေ ဆုံးရှုံးသွားခဲ့တော့ပါတယ်။

မြန်မာအစိုးရဟာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေအကြားက ပဋိပက္ခကို သာမန် ဘာသာရေးအရ ခိုက်ရန်ဖြစ်ပွားမှု သို့မဟုတ် လူမျိုးစုတွေအကြား ခိုက်ရန်ဖြစ်ပွားမှုလို့ ပုံဖော်ကာ တာဝန်ကနေ ရှောင်လွှဲဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော့်အနေနဲ့ကတော့ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် အမ္မာတီယာဆင် အပါအဝင် ထင်ရှားတဲ့ ပညာရှင်များနဲ့ သုတေသနသမားများရဲ့ သတိပေးချက်ကိုပဲ ပိုပြီး အလေးဂရုပြုမှာ ဖြစ်ပါတယ်။ အမ္မာတီယာဆင်ရဲ့ အဆိုအရ အစိုးရရဲ့ ပြောကြားချက်ဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ ကျူးလွန်တဲ့ တဖြည်းဖြည်းမျှင်းသတ်နေသော လူမျိုးတုန်းသတ်ဖြတ်မှုကို ဖုံးကွယ်ဖို့ တမင်တကာ မဟုတ်မမှန် ဆင်လုံးမျှသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာမုန်းတီးရေးစိတ်တွေကို အစိုးရကိုယ်တိုင်က ဂရုတစိုက်နဲ့ ပျိုးထောင်ခဲ့တဲ့ အထောက်အထားတွေ ရှိနေပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။

လူသားတွေဟာ တယောက်နဲ့တယောက် ပုံပန်းသဏ္ဍာန် နဲ့ ပြုမူပုံ ကွဲလွဲမှု ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သူကမှ ပိုပြီးသာလွန်မြင့်မြတ်တယ်လို့ မပြောကြားနိုင်ကြပါဘူး။ သဘာဝအတိုင်းကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ကွဲပြားခြားနားမှုမရှိပါဘူး။ ခရစ်ယာန်တယောက်ရဲ့ နှလုံးသားကိုယူပြီး ဟိန္ဒူတယောက်ရဲ့ ရင်ဘတ်ထဲမှာ အစားထိုး ထည့်ပေးလို့ရပါတယ်။ အစ္စရေးနိုင်ငံသားတယောက်ရဲ့ ကျောက်ကပ်ကို ပါလက်စတိုင်းတယောက်ထံ ပေးလှူလို့ရပါတယ်။ ကျနော်တို့ မွေးဖွားလာကြတယ်ဆိုတာ တယောက်နဲ့တယောက် အထင်အမြင်လွဲမှားမှုမရှိဘဲ၊ မယုံမကြည် မဖြစ်ဘဲ ချစ်ခင်ကြဖို့ ။ လူသားဆိုတဲ့ မိသားစုတခုရဲ့ မိသားစုဝင်တွေသာ ဖြစ်ကြပြီး တယောက်နဲ့ တယောက် အထောက်အကူဖြစ်ဖို့နဲ့ ကောင်းကျိုးအတွက်သာ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးပါပဲ။

ခွဲခြားဆက်ဆံဖို့၊ မနှစ်သက်ဖို့ နဲ့ မုန်းတီးဖို့ဆိုတာ သင်ကြားပေးလို့ တတ်မြောက်လာကြတာပါ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေအနေနဲ့၊ မိသားစုဝင်အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအတွက် အခွင့်အရေးတွေအပေါ် ယုံကြည်သူများအနေနဲ့ ကျနော်တို့မှာ ရိုဟင်ဂျာတွေအတွက် သတ်သတ်မှတ်မှတ် တာဝန်ရှိပါတယ်။

၂၀၁၅ ဟာ မြန်မာပြည်အတွက် ကြီးကျယ်တဲ့ နှစ် တခုပါ။ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲရော၊ အထွေထွေရွေးကောက်ပွဲပါ ဒီနှစ်ထဲမှာ ရှိပါတယ်။ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ဆက်လက်တည်ဆောက်ဖို့ ဒီတိုင်းပြည်ကို ကျနော်တို့ အားပေးနေတဲ့ တချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ ကပ်ဘေးဒုက္ခကို မျက်ခြေပြတ်မသွားစေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ အစိုးရတွေ၊ ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ အကျိုးအမြတ်ကို ရှာဖွေရင်း မြန်မာပြည်နဲ့ ဆက်ဆံရေးအသစ်တွေ ပြုလုပ်ကြတဲ့အခါ အဲဒီ ဆက်ဆံရေးတွေဟာ ကောင်းမွန်တဲ့ ကျင့်ဝတ်အခြေခံတွေပေါ်မှာ တည်ဆောက်လာကြစေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။

ဥရောပသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ နဲ့ ဒေသဆိုင်ရာ အကူအညီများ၊ ချေးငှားမှုများ ပြုလုပ်ကြတဲ့ အဖွဲ့အစည်းတွေက မြန်မာပြည် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးတဲ့အခါမှာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအဆင့်အတန်း၊ အမျိုးသားအမှတ်အသားနဲ့ အခြေခံလူ့အခွင့်အရေးများကို ပြန်လည်ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ရမယ့် သတ်မှတ်ချက်တွေ ထားရှိပြီးမှ ရန်ပုံငွေတွေကို ပေးအပ်ကြဖို့ဆိုတဲ့ ဘုံရပ်တည်ချက်တခုကို လက်ခံကျင့်သုံးလာကြစေရန် စည်းရုံးရမယ့်တာဝန် ကျနော်တို့မှာ ရှိပါတယ်။

ဒါပါပဲ ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျနော် ဝမ်းနည်းမိပါတယ်။ မြန်မာနိုင်ငံကို အရှေ့တောင် အာရှ နိုင်ငံ များရဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း တခု ဖြစ်တဲ့ အာဆီယံ မှာ အသင်းဝင်နိုင်ငံ တနိုင်ငံ အဖြစ် ဝင်ရောက်နိုင်ဖို့ အရေးမှာ ကျနော်ဟာ အခရာ ကျခဲ့ဖူးပါတယ်။ ပထဝီ အနေအထား အရကြည့်ရင် မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှရဲ့ အစိတ်အပိုင်းတခု ဧကန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားမယ် ဆိုရင် အရှေ့တောင်အာရှ ညီညွတ်ရေး ဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်ဖီလာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံက သူ့ပြည်သူတွေကို ဆက်ဆံပုံဟာ ကျနော်တို့က မြန်မာနိုင်ငံအပေါ်ဆက်ဆံသလိုမျိုး မဟုတ်တာကို တွေ့ရပါတယ်။

ကျနော်တို့က မြန်မာနိုင်ငံကို ဖယ်ထုတ်မထားချင်ခဲ့ဘူး။ ဒါပေမယ့် ဒီကနေ့ မြန်မာနိုင်ငံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ လောက်ကတည်းက သူ့နိုင်ငံထဲမှာ အခြေချနေထိုင်ခဲ့တဲ့ ရိုဟင်ဂျာခေါ် မွတ်ဆလင်လူမျိုးစုတွေကို မောင်းထုတ်ဖို့ အရေးယူလုပ်ဆောင်နေပါတယ်။ သူတို့ဟာ အရင်က ဗမာပြည်မှာ နိုင်ငံသားတွေအဖြစ် အမြဲတစေ သတ်မှတ်ခံခဲ့ရပါတယ်။ မြန်မာပြည်ဆိုတာ အရင်က ဗမာပြည်ကိုပဲ ဆက်လက်ခေါ်ဝေါ်တာပဲမို့ ဒီလူမျိုးစုတွေကို သူ့နိုင်ငံသားတွေအဖြစ် လက်ခံသင့်ပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်ကစလို့ တခြားနိုင်ငံတွေက လာရောက်အခြေချနေထိုင်တဲ့ လူတွေအများအပြား ရှိပါတယ်။ ဒီလူတွေမှာ မလေးရှားနိုင်ငံသားတွေဖြစ်လာဖို့ အခွင့်အရေးရှိတယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ကို နိုင်ငံရေးအခွင့်အရေးတွေ ပေးဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးဖို့၊ မလေးရှားနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ကို ကျနော်တို့ နိုင်ငံသားတွေအဖြစ် ကျနော်တို့ သတ်မှတ်ပါတယ်။

မလေးရှားနဲ့ မတူတာကတော့ မြန်မာနိုင်ငံဟာ အဲဒီမှာ တလျှောက်လုံး နေထိုင်လာခဲ့တဲ့ ရိုဟင်ဂျာတွေကို သူ့နိုင်ငံသားတွေအဖြစ် အသိအမှတ်တောင် မပြုချင်တာကို တွေ့ရတယ်။ ဒါဟာ မြန်မာအစိုးရဖက်က အကြီးအကျယ် မတရားလွန်းတာပါပဲ။ မြန်မာအစိုးရက ပြန်လွှတ်ပေးအောင် ကျနော်တို့ရဲ့ ကြိုးပမ်းမှုကြောင့် အကျိုးရှိသွားတဲ့ သူတွေ (ဥပမာ အောင်ဆန်းစုကြည်)အနေနဲ့ အစိုးရရဲ့ ဖိနှိပ်မှုဟာ လက်သင့်ခံနိုင်စရာမရှိဘူးလို့ သဘောပေါက်ကြမယ်လို့ ကျနော် မျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေပဲ ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ကျတော့ မြန်မာပြည်က လူအနည်းအကျဉ်းလောက်ပဲ ရှေ့ထွက်လာဖော်ရတယ်။

ဒီဗုဒ္ဓဘာသာအများစုတိုင်းပြည်မှာ နိုင်ငံသားတွေ ဖြစ်နေကြပေမယ့် မွတ်ဆလင်တွေဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာအပေါ်မှာ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကနေ အထူးအာရုံစိုက်ကြဖို့ ကျနော်မျှော်လင့်ပါတယ်။ သူတို့ဟာ မြန်မာပြည်မှာ နေထိုင်ခွင့်ရသင့်ပြီး ဖိနှိပ်မှုမရှိဘဲ နေထိုင်ခွင့်လည်း ရသင့်ပါတယ်။ ဘာသာမတူတဲ့ လူမျိုးစုတွေအပေါ်မှာ နားလည်သည်းခံမှုဆိုတာ ရှိရပါတယ်။

ကျနော်ထပ်ပြီး ပြောလိုတာက မလေးရှားမှာဆိုရင် မွတ်ဆလင်တွေဟာ လူများစုဖြစ်ပေမယ့် တခြားဘာသာ သက်ဝင်သူတွေကိုလည်း စာနာထောက်ထားစိတ်နဲ့ ဆက်ဆံတယ်။ သူတို့ကို မလေးရှားနိုင်ငံသားတွေဖြစ်လာဖို့ အခွင့်အရေးတွေကို ပေးတယ်။ ဒီနိုင်ငံရဲ့ ဥပဒေတွေ အကျိုးကို ခံစားခွင့် ပေးတယ်။ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ တခြားတိုင်းပြည်တွေကို သင်္ဘောတွေနဲ့ ထွက်ပြေးဖို့ ဖိအားပေးခံရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာအပေါ် အာရုံစိုက်ကြဖို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဒီလို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေထဲက အများအပြားဟာ ပင်လယ်ပြင်မှာ ရေနစ်သေကုန်ကြပြီ။ ဘာကြောင့်လဲဆိုတော့ တခြားတိုင်းပြည်တွေဆီ သူတို့ကို သယ်ဆောင်သွားဖို့အတွက် သင်္ဘောကောင်းကောင်းတွေကို မရနိုင်ခဲ့လို့ပဲဖြစ်တယ်။

ဒါဟာ လူသားတွေအဖို့ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်ပါဘဲ။ ဒီလို ဒီမိုကရေစီနိုင်ငံတခုဖြစ်လာဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ မလျော်ညီစွာဘဲ ဖိနှိပ်ခံနေရတဲ့ ကံမကောင်းအကြောင်းမလှတဲ့ မြန်မာနိုင်ငံက လူမျိုးနွယ်စုတခုကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကနေ ကူညီပေးလိမ့်မယ်လို့ ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

ဟဲလို။ အခု ဟိုဆေး ရာမို့စ် အော့တာ နယူးယော့ခ် ကနေ စကား ပြောနေတာပါ။ အခုလို မြန်မာပြည်ဟာ ရွေးကောက်ပွဲ တွေဆီကို ဦးတည်နေပြီး ဒီမိုကရေစီ၊ လွတ်လပ်မှု နှင့် တရား ဥပဒေ စိုးမိုးမှု တို့ကို ပေါင်းစည်း ပေးတော့မယ်လို့ မျှော်လင့် ယူဆ ရတဲ့ အချိန်နဲ့ ချိန်သားကိုက် အရေးကြီးတဲ့ စုဝေးပွဲကြီးမှာ အော်စလိုမှာ ရှိမနေနိုင်တဲ့ အတွက် ကျနော် ဝမ်းနည်း ပါတယ်။

ကျနော်ဟာ မြန်မာ့ အရေး ကျွမ်းကျင်သူ တယောက်ရယ်လို့ မပြောကြားနိုင်ပေမယ့် မြန်မာပြည်နဲ့ အင်မတန် ရင်းနှီး ကျွမ်းဝင် လှပါတယ်။ ကျနော့်ရဲ့ နောက်ခံ အတိတ်ကာလက လှုပ်ရှားမှုတွေကို မသိကြသေးသူတွေအတွက် ပြောရရင် ကျနော်ဟာ မြန်မာပြည်ပေါ် ဘယ်သူမှ အာရုံမစိုက်ကြသေးခင် ၁၉၉၄ ခုနှစ် ဇူလိုင်လထဲမှာ မြန်မာပြည်ကို ပထမဦးဆုံးအကြိမ်သွားခဲ့ပါတယ်။ ချင်းမိုင်ကနေ နယ်ခြားကို ဖြတ်ပြီး မဏိပူရအထိ ကျနော်သွားခဲ့ပါတယ်။ အဲဒီမှာ လုပ်ဖော်ကိုင်ဖက်အချို့နဲ့အတူ ကျနော်ဟာ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများ နဲ့ သံတမန်ရေးရာ လေ့ကျင့်ရေးပရိုဂရမ်တခုကို ပြုလုပ်သင်ကြားခဲ့ပါတယ်။ အဲသည် ကျနော်သိတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူအများစုဟာ ကနေ့အခါမှာ သူတို့ဇာတိတိုင်းပြည်ဖြစ်တဲ့ ရန်ကုန်ကို ပြန်လည်ရောက်ရှိနေကြပြီး မြန်မာပြည်တွင်းက ဒီဖြစ်စဉ်မှာ ပူးပေါင်းပါဝင်နေကြပါတယ်။

ကမ္ဘာပေါ်မှာ လစ်လျူအရှုခံရဆုံး၊ မေ့ထားခံရဆုံး လူမျိုးတမျိုးကို ပြပါဆိုရင် မြန်မာပြည်က ရိုဟင်ဂျာတွေလို့ပဲ ကျနော်တို့ ပြောရပါမယ်။ ကျနော်တို့အားလုံးဟာ ဒီကမ္ဘာဂြိုဟ်ပေါ်က လူသားများပဲ ဖြစ်ကြပါတယ်။ မြန်မာပြည်ဟာ တိုင်းရင်းသားအုပ်စုပေါင်းစုံ အရောအနှောတခုပဲဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ တန်ဘိုးတွေ၊ မတူညီသော အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ လွှမ်းမိုးမှုတွေ များပြားလှတဲ့ အာရှက လမ်းဆုံလမ်းခွ တခုဖြစ်ပါတယ်။

လူသားတွေအနေနဲ့၊ မြန်မာနိုင်ငံသားတွေအနေနဲ့ ရိုဟင်ဂျာတွေဟာ အနည်းဆုံးသော အခွင့်အရေးတွေ၊ အနည်းဆုံးသော အကျိုးခံစားခွင့်တွေကိုသာ ရရှိနေကြပုံပါပဲ။ သာမန်ထက်ပိုကဲတဲ့ အကြမ်းဖက်မှုတွေ၊ အရှက်ခွဲမှုတွေ၊ သတ်ဖြတ်မှုတွေ နဲ့ ဘိုးဘွားပိုင်မြေကနေ ရိုဟင်ဂျာတွေကို နှင်ထုတ်တာတွေ ရှိနေပါတယ်။ သူတို့ဟာ အဲဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ နေလာခဲ့သည်ဖြစ်စေ၊ နှစ်ရာပေါင်းများစွာ နေလာခဲ့သည်ဖြစ်စေ၊ ဒါမှမဟုတ် မျိုးဆက်အနည်းငယ်မျှသာ နေလာခဲ့ကြသည်ဖြစ်စေ သူတို့ဟာ မြန်မာပြည်သူတွေအနေနဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မြန်မာပြည်မှာပဲ မွေးဖွားခဲ့ကြလို့ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီနေရာမှာ မျိုးဆက်များစွာ နေထိုင်ခဲ့ကြပြီးဖြစ်တယ်။ ဘယ်လောက်ကြာကြာ နေခဲ့သလဲဆိုတာ အရေးမပါတော့ပါဘူး။ ရာစုနှစ်ထောင်ပေါင်းများစွာ နေခဲ့တာ ဖြစ်ပါစေ။

မြန်မာပြည်က ဘယ်အုပ်စုကိုမှ ကျနော် လက်ချာမပေးချင်ပါဘူး။ မြန်မာပြည်က အာဏာပိုင်တွေကိုလည်း လက်ချာ မပေးချင်ပါဘူး။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အကူးအပြောင်း ဖြစ်စဉ်ဟာ ရှုပ်ထွေးပွေလီတယ်၊ ကောက်ကွေ့တယ်၊ ဘယ်လောက် ရှည်လျားမယ် မပြောနိုင်ဘူး ဆိုတာတွေကို ကျနော်သိပါတယ်။ ကျနော်တို့အားလုံးကနေပြီးတော့ ဆွေးနွေးညှိနှိုင်းတတ်တဲ့ ပတ်ဝန်းကျင်၊ အပြန်အလှန် လေးစားလက်ခံတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံရေးအရ ပွင့်လင်းတဲ့၊ အရောင်အသွေးစုံလင်တဲ့၊ တိုင်းရင်းသားအားလုံးနဲ့ ဘာသာပေါင်းစုံအဖွဲ့အစည်းတွေကို အားလုံး ပွေ့ဖက်ကြိုဆိုတဲ့ မြန်မာပြည်ကို ဦးတည်စေမယ့် လမ်းပြမြေပုံတခုဆီ ရွေ့လျားသွားအောင် အခြေအနေ ပတ်ဝန်းကျင်တခုကို ဖန်တီးကြရပါမယ်။

ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ ကျနော်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ သံသယတွေ ရှိနေကြတယ်။ အထင်အမြင်လွဲမှားမှုတွေ ရှိနေကြတယ်။ အဲဒီမှာ ခေါင်းဆောင်တွေရဲ့ကဏ္ဍ ရောက်လာတော့တာပဲ ။ ရပ်ရွာအဖွဲ့အစည်းအဆင့်က ခေါင်းဆောင်တွေ၊ နိုင်ငံအဆင့်က ခေါင်းဆောင်းတွေ တဦးနဲ့တဦး လက်ကမ်းထွေးပွေ့ရမယ်။ မေတ္တာနဲ့ ပြုမူဆောင်ရွက်ရမယ်။ ဥာဏ်အမြော်အမြင်နဲ့ ပြုမူဆောင်ရွက်ရမယ်။ မြန်မာပြည်ဟာ အရှေ့တောင်အာရှနဲ့ အာရှတခွင်မှာ လင်းလက်တဲ့ ဥပမာတခု ဖြစ်လာနိုင်တဲ့အထိ ရိုဟင်ဂျာတွေအပါအဝင် အားလုံးကို ထွေးပွေ့တဲ့ ခေါင်းဆောင်တွေဖြစ်ရမယ်။

ဒီကနေ့ လွတ်လပ်တဲ့အထွေထွေရွေးကောက်ပွဲအကြိုကာလအထိ လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအတွက် မျိုးဆက်ပေါင်းများစွာ တိုက်ပွဲဝင်ကြိုးပမ်းခဲ့ကြတဲ့ မြန်မာပြည်က လူအပေါင်းကို ကျနော်က ထပ်မံ ချီးကျူးဂုဏ်ပြုလိုပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ရိုဟင်ဂျာတွေ၊ မွတ်ဆလင်လူ့အဖွဲ့အစည်းတွေ နဲ့ အားလုံး လွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာ အစစ်အဆေးမရှိ၊ အခြိမ်းအခြောက်မရှိဘဲ ပါဝင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ အနာဂတ်အသစ် ဖြစ်လာလိမ့်မယ်။ သင်တို့ရဲ့ လှပတဲ့တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက် နောက်ထပ် ခြေလှမ်းတလှမ်း ဖြစ်လာလိမ့်မယ်။

ဒီကွန်ဖရင့်စ်မှာ ခင်ဗျားတို့အားလုံး အောင်မြင်ကြပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ ကျနော် ပြုမြဲအတိုင်း ဘုရားသခင်ဆီမှာနဲ့ ဂရုဏာတော်ရှင်ထံမှာ မြန်မာပြည်သူပြည်သားတွေကို ဥာဏ်ပညာ၊ ပျော်ရွှင်မှု နဲ့ ကြွယ်ဝမှုတွေ ဆက်လက် ကောင်းချီးပေးတော်မူပါလို့ ဆုတောင်းပါတယ်။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

အားလုံးပဲ မင်္ဂလာပါ။ ဒီကွန်ဖရင့်မှာ လူကိုယ်တိုင် မလာရောက် နိုင်တာကို ဝမ်းနည်း ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက ကျနော်ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ ကူညီသူ တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီ ကာလတွေ တုန်းက အပြောင်းအလဲ ဖြစ်လာနိုင်ခြေဟာ အလှမ်း ကွာဝေးလွန်းလှသလို ထင်ရပြီး ကျနော်လည်း တိုးတိုးပြီး စိတ်အားလျော့ လာမိခဲ့တယ်။ ဒါပေမယ့် ၂၀၁၀ လည်းကျရော ရုတ်တရက်ကြီး ဆိုသလို ဒါမှမဟုတ် ထင်ရတာ သက်သက်ပဲ ဖြစ်ချင်လည်း ဖြစ်မယ်၊ အုပ်ချုပ်သူ စစ်အစိုးရဟာ အလုံးစုံအာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကမ္ဘာလုံး မင်သက်မိသွားတယ်။ အမှောင်ကျခဲ့တဲ့ နေ့ရက်များအတွင်း မြန်မာပြည်မှာ ကျွန်ုပ်ထိတွေ့ဆက်ဆံခဲ့မှုကနေ အရေးကြီးတဲ့ သင်ခန်းစာတခု ကျနော်ရခဲ့တယ်။ ရံဖန်ရံခါ ရှုံးနိမ့်နေတဲ့ အရေးတခုကို မီးတောက်ဆက်လက် ရှင်သန်နေရေးအတွက် အချိန်အကြာကြီး အားပေးထောက်ကူဖို့ လိုအပ်တယ်။ ဒီနည်းနဲ့ အခြေအနေတွေ ပြောင်းလဲတဲ့အခါ ရှေ့ကိုတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်တွေဟာ ချပြီးသား ဖြစ်နေတယ်။ ဒီကနေ့ ခင်ဗျားတို့ကို ကျနော် အခုလို စကားပြောနေရင်းကို ကျနော်ဟာ စိတ်အားလျော့နေပြန်တာကို ကျနော်ကိုယ်ကျနော် တွေ့ရပြန်တယ်။ စစ်အုပ်ချုပ်ရေးကနေ ပိုပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို ပြောင်းရတာဟာ မလွယ်ကူဘူး။ မြန်မာအစိုးရဟာ သူရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုမှာ နေရာတော်တော်များများတော့ အစစ်အမှန် တိုးတက်အောင်လုပ်နိုင်ခဲ့တယ်။ ဒီပြုပြင်ပြောင်းလဲရေးတွေ တာရှည်မရှင်သန်မှာ ကျနော် စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးတွေဟာ နေသားတကျ မရှိသေးလို့ပဲ။

မြန်မာပြည်ရဲ့ ပစ်ပယ်ထားခြင်းခံခဲ့ရတဲ့ သဘာဝသယံဇာတရင်းမြစ်တွေကနေ ရလာတဲ့ဝင်ငွေမှန်သမျှ လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့

အခွင့်ထူးခံ လူနည်းစုရဲ့ လက်ထဲမှာပဲ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအာဏာတွေ အကုန်လုံးနီးပါး စုပြုံကျရောက်နေဆဲ ဆိုတာလည်း အမှန်တရားပါပဲ။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို လတ်တလော ခြိမ်းခြောက်နေတာကတော့ မြင့်တက်လာနေတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး စိတ်တွေရယ်၊ အစိုးရကိုယ်တိုင်က မျက်စိမှိတ်ပေးထားတဲ့ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်ခြင်းရယ် ပါပဲ။ ဒါဟာ နေပြည်တော်က လက်ရှိအုပ်စိုးသူများရဲ့ မျက်စိအောက်မှာတင် ဖြစ်ပျက်နေတာပါ။ တိုးတက်သောအမြင်ရှိတဲ့ ဗမာအစိုးရပိုင်းဆိုင်ရာ အရာရှိအချို့နဲ့ သီးသန့်တွေ့ဆုံစကားပြောကြည့်ရာက ကျနော်သိလာရတာကတော့ အာဏာလက်ကိုင်ရှိသူထဲက တချို့ဟာ နိုင်ငံသားတိုင်းကို တန်းတူညီမျှ ဆက်ဆံတဲ့ မြန်မာနိုင်ငံကို အလိုရှိသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရာရှိတွေဟာ သေးငယ်သော်လည်း အားကောင်းလှတဲ့ ဘာသာရေးအစွန်းရောက်အုပ်စုဆီက အစွန်းရောက်အကြမ်းဖက် လှုပ်ရှားမှုတွေ ဖြစ်လာနိုင်ခြေကို ကြောက်ရွံ့နေကြတာလည်း ဖြစ်တယ်။ အဲဒီ အစွန်းရောက်သမားတွေဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးတခုလုံးကို ဖောက်ခွဲဖျက်ဆီးပစ်နိုင်တဲ့ ပေါက်ကွဲနိုင်တဲ့ အခြေအနေကို ဖန်တီးထားပြီး ဖြစ်ပါတယ်။ ဒီအစွန်းရောက်တွေနဲ့ သူတို့ရဲ့ ငွေကြေးထောက်ပံ့သူများကို အစိုးရအနေနဲ့ မဖြစ်မနေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာတုန်းကလိုပဲ ဇန္နဝါရီလက မြန်မာပြည်ကို စတုတ္ထအကြိမ်မြောက် ကျနော်သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်တပ်အပ် မြင်တွေ့နိုင်ဖို့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ခဏသွားလည်ခဲ့ပါတယ်။ ပြည်နယ်ခေါင်းဆောင်တွေ၊ ဒေသခံခေါင်းဆောင်တွေ နဲ့သာမက ရခိုင်လူထုနဲ့ရော ရိုဟင်ဂျာလူမျိုးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များနှင့်ရော၊ ဂက်တို(ghetto)လို့သာ ခေါ်ဝေါ်ဖို့ကောင်းတဲ့ အောင်မင်္ဂလာရပ်ကွက်အမည်ရ ရိုဟင်ဂျာအများစု နေထိုင်ကြရတဲ့ စစ်တွေမြို့ရဲ့ အစိတ်အပိုင်းတခုမှာ နေထိုင်ကြသူတွေနဲ့ပါ စကားပြောခဲ့ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ ကျနော့်ရဲ့ ကလေးဘဝက ပဲ့တင်သံတွေကို ပြန်ကြားရပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ၁၉၄၄ ခုနှစ်တုန်းက ဘူဒါပက်စ် မြို့က ဂျူးတယောက်အနေနဲ့ ကျနော်ဟာလည်း ရိုဟင်ဂျာတယောက်လိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ဥရောပတခွင်မှာ နာဇီတွေ တည်ဆောင်ထားတဲ့ ဂျူးရပ်ကွက်တွေလိုပဲ အောင်မင်္ဂလာရပ်ကွက်ဟာလည်း မိသားစုထောင်ပေါင်းများစွာရဲ့ မနေချင်ဘဲ နေရတဲ့ အိမ်ရာ ဖြစ်လာပါတယ်။ ဒီမိသားစုတွေဟာ တခါက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း တွေကို ရရှိခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ အခုအချိန်မှာတော့ သူတို့တတွေဟာ တွင်းဆုံးကျအောင် ချို့ချို့ငဲ့ငဲ့အခြေအနေနဲ့ ခွဲခြားကန့်သတ်ခံရတဲ့ဘဝမှာ ဆက်လက်ကျရောက်နေအောင် ဖိအားပေးတွန်းပို့ခြင်းကို ခံနေရပါတယ်။ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တုနှိုင်းယှဉ်ဖွယ် လုပ်ရပ်တွေဟာ အလန့်တကြားဖြစ်လောက်ပါတယ်။ ကံကောင်းထောက်မစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအဆင့်အထိတော့ မရောက်သေးပါဘူး။

ကျနော်တို့ဟာ တဦးချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ သိပ်အချိန်မနှောင်းခင်မှာ ကူပြောဖို့လိုပြီ လို့ ကျနော် အခိုင်အမာ ခံစားမိပါတယ်။ ရိုဟင်ဂျာတွေကို သူတို့ရဲ့ လုံခြုံမှုအကာအကွယ်အတွက် ဂက်တိုထဲမှာ ထည့်ထားရတာပါဆိုတဲ့ မြန်မာအစိုးရ အစဉ်တစိုက်ပြောကြားနေမှုဟာ ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော် ယုံကြည်လက်ခံလာစေဖို့ အစိုးရအာဏာပိုင်တွေက ကြိုးစားခဲ့ကြပါသေးတယ်။ သူတို့က အခြေအနေတွေ တည်ငြိမ်သွားပြီ။ ရခိုင်ပြည်ရဲ့ ရှည်လျားရှုတ်ထွေးလှတဲ့သမိုင်းကြောင်းနဲ့ ဒေသဓလေ့ထုံးစံတွေကို နားမလည်သူများလို့ သူတို့ စွတ်စွဲတဲ့ အပြင်လူများပြောသလောက် အခြေအနေတွေဟာ မဆိုးလှပါဘူးလို့ ပြောကြပါတယ်။ ရာစုနှစ်တဝက်လောက် ဖိနှိပ်ခံဘဝမှာ တသီးတခြား နေလာခဲ့ရတဲ့အခါ လူသားမျိုးနွယ်စုတခုအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ကြားက ခလောက်ဆန်တာတွေ၊ အမြတ်ထုတ်ခြင်းတွေကို အလွယ်တကူ ခံရနိုင်တယ်ဆိုတာ ကျနော်သဘောပေါက်နားလည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူအားလုံးနီးပါးဟာ မျှတတဲ့ စိတ်ထားရှိကြပြီး သူတို့တိုင်းပြည်ကို အားလုံးလွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြတဲ့ နေရာတခုအဖြစ် လိုချင်ကြတယ်လို့လည်း ကျနော် သိထားပါတယ်။ ၂၀၁၅ ခုနှစ်ဟာ မြန်မာပြည်အတွက် အရေးပါတဲ့ နှစ်တခုပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ယန်ဟီးလီ ရဲ့ စကားနဲ့ ပြောရရင် အလှည့်အပြောင်းမှတ်ကို ရောက်နေပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနဲ့ညီတဲ့ အပြောင်းအလဲတွေလုပ်နိုင်မယ့် အလားအလာနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့် အလားအလာတွေကြောင့် အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နိုင်ကောင်းပါလိမ့်မယ်။

မြန်မာပြည်ရဲ့ ကာလရှည်ကြာ မိတ်ဆွေတယောက်အနေနဲ့ရော ထောက်ခံအားပေးသူတယောက်အနေပါ တိုင်းပြည်တွင်းက လူအားလုံးအတွက် အပေါင်းလက္ခဏာ ရလဒ်တခုကို ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ တခါက အကောင်းမြင်စိတ်များခဲ့ရသလောက် အခုတော့ ကျနော့်မှာ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေရပါပြီ။ အာဏာလက်ကိုင်ရှိနေသူများအနေနဲ့ အစွန်းရောက်မှုကို တန်ပြန်နိုင်ဖို့နဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အမြစ်တွယ်စေဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို ချက်ချင်းဆိုသလို လုပ်ဆောင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲတွေ မတိုင်မီမှာ လူမှုကွန်ယက်များပေါ်က မြင့်တက်နေတဲ့ အမုန်းတရားများ၊ ရိုဟင်ဂျာဆန့်ကျင်ရေး လှုံ့ဆော်မှုများနဲ့ လူမျိုးရေးခွဲခြားဖိနှိပ်တဲ့ ၉၆၉ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် တရားဝင် ဆောင်ရွက်ချက်တွေကို ပြုလုပ်ဖို့ အခရာကျလှပါတယ်။ ဗမာပြည်ဟာ စည်ပင်ဝပြောပြီး အုတ်အုတ်ကျက်ကျက် ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အနာဂတ်ကို လက်လှမ်းမီနိုင်ပါသေးတယ်။ ဒီအနာဂတ်ကို လှမ်းကိုင်နိုင်ဖို့ကတော့ ဗမာပြည်က ခေါင်းဆောင်များနဲ့ လူထု အပေါ်မှာပဲ မူတည်ပါတယ်။



ရိုဟင်ဂျာများ အပေါ် မြန်မာ၏ နှိပ်ကွပ်မှု အဆုံးသတ်ရေး အတွက် အော်စလို ကွန်ဖရင့်

တိုက်ရိုက်ကြည့်ရူရန်

မေလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီမှ ည ၁၀ နာရီထိ

ကျင်းပသည့်နေရာ: The Nobel Institute & Voksenaasen - Oslo, Norway








24.5.2015

မြန်မာ့ ရေပိုင်နက် ထဲ တွေ့ခဲ့ရ တဲ့ လူမှောင်ခို လှေ ၂ စင်း ပေါ် က ရွှေ့ပြောင်းသူ အယောက် ၂၀⁠၀ ကျော် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား တွေ ဖြစ် ကြောင်း စိစ⁠စ် တွေ့ထား ရပြီး သူတို့ရဲ့ မူ လ နိုင်ငံ ကို ပြန်လည် ပို့ဆောင် ပေး နိုင် ဖို့ ဘင်္ဂလား ဒေ့ရှ် သံရုံး နဲ့ ဆက်သွယ် ဆောင် ရွက် နေတယ် လို့ မြန်မာ နိုင်ငံခြားရေး ဌာ န က ပြောပါတယ်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား တွေ ကို မြန်မာ အာဏာ ပိုင် တွေ က ကယ်ဆယ် ထား တယ် ဆို တာ ကြောင့် စ⁠စ်တွေ မှာ ရှိတဲ့ ဘင်္ဂလား ဒေ့ရှ် ကောင်စစ်ဝန် ရုံး ဟာ ရခိုင် ပြည်နယ် အစိုးရ နဲ့ တွေ့ဆုံ ထားပြီး ဖြစ်တယ် လို့ ဘင်္ဂလား ဒေ့ရှ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ် က မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီး နဲ့ တွေ့ဆုံ တုန်း မှာ ပြော ကြား ထား ကြောင်း နိုင်ငံခြားရေး ရုံး ရဲ့ ညွှန်ကြားရေး မှုး ချုပ် ဦးထင်လင်း က ဘီ⁠ဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ က မြန်မာ အစိုးရ ရေတပ် ကနေ ခေါ်ဆောင် လာခဲ့တဲ့ ရွှေ့ပြောင်းသူ အယောက် ၂၀⁠၀ ကျော် ကို ယာယီ လက်ခံ ထားရာ မောင်တော မြို့ တောင်ပိုင်း ၊ အလယ် သံကျော် ရွာ က ယာယီ စခန်း တွေ ကို ကုလသမဂ္ဂ အတွင်းရေး မှုး ချုပ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး ဗီဂျေ နမ်ဘီးယား လည်း သွားရောက် ကြည့် ရှု့ ခဲ့ ပါတယ်။

မစ္စတာ နမ်းဘီးယား နဲ့ အတူ လိုက်ပါ သွားတဲ့ ရခိုင် ပြည်နယ် အစိုးရ ဝန်ကြီး ချုပ် ဗိုလ်ချုပ် မောင်မောင် အုန်း က အဲဒီ့ လှေစီး ရွှေ့ပြောင်း သူ တွေ ကိုယ်တိုင် သူတို့ရဲ့ မူလ နိုင်ငံ ကို ပြန်လိုကြောင်း ပြောနေတယ် လို့ ဆိုပါ တယ်။

မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကနေ ထွက် ခွာ နေကြ တဲ့ ထောင် ပေါင်း များစွာ သော လှေစီး ရွှေ့ပြောင်း သူ တွေ ဟာ အရှေ့တောင် အာရှ ဒေသတွင်း ပင်လယ် ပြင် ထဲ မျော ပါ ဒုက္ခရောက် နေကြ ရတာ ကို မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံ တွေ ပူးပေါင်း ကိုင်တွယ် ကြဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က တောင်းဆို နေကြ ပါတယ်။



ဘီဘီစီမြန်မာပိုင်း
24.5.2015

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ရဲ့ မြန်မာ ပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ် နမ်းဘီးယားရဲ့ ခရီးစဉ် ပြီးဆုံး သွားခဲ့ပါပြီ ။

သူရဲ့ ဒီတခေါက် ရခိုင် ပြည်နယ် ခရီးက လှေစီး ဒုက္ခသည်တွေ အရေး အတွက် အဓိက လာရောက် တဲ့ ခရီးစဉ် ဖြစ် တာကြောင့် အဲဒီ ဒုက္ခသည် တွေရှိရာ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကို ရခိုင် ပြည်နယ် ဝန်ကြီးချုပ် နဲ့ အတူ မစ္စတာ နမ်းဘီးယား သွားရောက် ကြည့်ရှု ခဲ့ပါတယ်။

မောင်တော မြို့ ရွှေဝါနဒီ ခန်းမ မှာ ဗုဒ္ဓဘာသာ နဲ့ မွတ်ဆလင် နှစ်ဘက် အသိုင်းအဝိုင်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

စစ်တွေကို ပြန်ရောက်ပြီး ညနေပိုင်း မှာ အလိုတော်ပြည့် ဆရာတော်ကြီး ကို တွေ့ဆုံ ကာ လက်ရှိ ရေမျော ဒုက္ခသည် တွေရဲ့ ကိစ္စ၊ နှစ်ဘက် လူမှု အသိုင်းအဝိုင်း နှစ်ခု ကြား သင့်မြတ်ရေး ကိစ္စ၊ ဒေသ အတွင်း ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ တွေ ကို ဆွေးနွေးခဲ့ပါတယ်။

အလိုတော် ပြည့် ဆရာတော်ကြီး ကတော့ ရခိုင်နဲ့ မွတ်ဆလင် တွေ အကြား ပဋိပက္ခ တွေ ရှိနေပေမယ့် ယာယီ ဒုက္ခသည်စခန်းတွေမှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိနေကြတဲ့ အတွက် လက်ရှိမှာ တည်ငြိမ်မှု ရှိနေတယ်။

မွတ်ဆလင် မှာလည်း ဒုက္ခသည်တွေ ရှိသလို ရခိုင် မှာလည်း ဒုက္ခသည်တွေ ရှိတဲ့ အတွက် အညီအမျှ ကူညီပေးမှု တွေ ပြုလုပ်ရင် ပြဿနာတွေ ဖြစ်ပေါ်စရာ မရှိဘူး လို့ ပြောဆို ခဲ့ပါတယ်။

ကုလ အထူး ကိုယ်စားလှယ် က လူမျိုး အသိုင်းအဝိုင်းနှစ်ခု အကြားမှာ သင့်မြတ်ရေး အတွက် သူလာတိုင်း ပြောဆိုနေတာပါ။

ဒါပေမဲ့ အခုအချိန်ထိ သင့်မြတ်ရေး မဖြစ်နိုင်တဲ့ အခြေခံ အကြောင်းရင်း က အစိုးရက အာဏာရှိ အဖွဲ့အစည်း ဖြစ်လို့ သင့်မြတ်ရေးကို ကနေ့လုပ်ရင် ချက်ချင်း ရနိုင်ပေမယ့် အချိန်ဆွဲ ဆောင်ရွက်မယ် ဆိုရင် မပြေလည် နိုင်ဘူးလို့ မွတ်ဆလင် သဲချောင်း စခန်းက ဦးအောင်ဝင်း က ပြောပါတယ်။

ရခိုင်နဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခ ဖြစ်ပွားတာဟာ လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ သုံးနှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် အခုအချိန်ထိ ဖြေရှင်း မရဘဲ ဖြစ်နေတဲ့ အတွက် ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေးကတော့ မရေရာ တဲ့ အခြေအနေမှာ ရှိနေပါသေးတယ် ။

မလေးရှားနဲ့ ထိုင်းနိုင်ငံ နယ်စပ်က စစ်ဆေးရေး ဂိတ်တခုကို တွေ့ရစဉ်။

24.5.2015

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရွှေ့ပြောင်း ဝင်ရောက်သူ တွေလို့ ယုံကြည်ရသူ တွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံ ထားတဲ့ နေရာ အတော် များများကို ရဲတပ်ဖွဲ့ဝင် တွေက ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။

ထိုင်းနဲ့ မလေးရှား နယ်စပ်မှာ ရှိတဲ့ ရွာတွေ အနီးမှာ အခုလို လူအစုလိုက် အပြုံလိုက် မြှုပ်နှံ ထားတာတွေကို ရှာတွေ့ ခဲ့တာလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Zahid Hamidi က သတင်းထောက်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

မြှုပ်နှံထားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ရဲစုံစမ်းစစ်ဆေးရေး အရာရှိချုပ်နဲ့ သူ့လက်ထောက်တို့ဟာ အဲဒီနယ်စပ်မှာ ရောက်ရှိနေပြီးရဲတပ်ဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့ကတော့ ဒီလူတွေဟာ လူကုန်ကူးခဲ့ရတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ ပြောဆိုကြောင်း ပြည်ထဲရေးဝန်ကြီး မစ္စတာ Zahid Hamidi က ပြောသွားတာပါ။

လူမှောင်ခိုကူးသူတွေဟာ စခန်းတထောက်ချ ရပ်နားဖို့ ဒီနယ်စပ်က ရွာတွေကို အသုံးပြုလာခဲ့တာဖြစ်ပြီး လူမှောင်ခိုကူးခံရတဲ့သူတွေ မြှုပ်နှံထားတဲ့နေရာ ၃၀ လောက်မှာ အရိုးစု ရာနဲ့ချီတွေ့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ အရင်တုန်းကတော့ မလေးရှားမြေပေါ်မှာ အခုလိုမျိုး လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာတွေ၊ လူမှောင်ခိုကူးစခန်းတွေမရှိဘူးလို့ မလေးရှားအာဏာပိုင်တွေက ငြင်းဆိုခဲ့တာပါ။

အခုလ အစောပိုင်းတုန်းကထိုင်းနိုင်ငံဘက်ခြမ်းမှာလည်းအလားတူ လူမှောင်ခိုကူးသူတွေရဲ့ စခန်းတွေ၊ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီး၏ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဧရာဝတီ)

ထက်ထက်ပိုင်
23.5.2015

ရခိုင်ပြည်နယ်မှ စွန့်ခွာ သွားသည့် လှေစီး ဒုက္ခသည် များသည် လိုအပ်ချက် များနှင့် ကိုက်ညီပါ က မြန်မာနို င် ငံသား ဖြစ်ရန် အခွင့် အလမ်းများ ရှိသင့်ကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန် တိုနီ ဘလင်ကန်က ပြောဆိုသည်။

“နိုင်ငံသား ဖြစ်ဖို့ လိုအပ်ချက်တွေ ပြည့်စုံတယ် ဆိုရင် သူတို့ အတွက် ဒီနိုင်ငံမှာ အနာဂတ် ရှိနိုင်ဖို့နဲ့ နိုင်ငံ သားဖြစ်ဖို့ အခွင့် အလမ်း တွေ ရှိသင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မသေချာမှုတွေဟာ သူတို့ကို ဒီနိုင်ငံ ကနေ စွန့်ခွာသွားအောင် ဖန်တီး နေတာကြောင့် ပါပဲ” ဟု မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန် စင်တာ၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘလင်ကန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ သတင်းအချက်အလက်များအရ ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့မှ ကယ်ဆယ် ရရှိထားသော လှေစီးဒုက္ခသည်များ၏ တဝက်ခန့်သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တွေ့ကြုံ နေရ သော ကြမ်းတမ်းသည့် အခြေအနေများကြောင့် နေရပ်ကို စွန့်ခွာခဲ့ သူ များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ရှိ ဒုက္ခသည်များသည် စီးပွားရေးနှင့် လူမှုရေးအရ ချန်လှပ်ခံထားရခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဋ္ဋိ ပက္ခ များ ခံစားနေရသည့်အတွက် ပိုကောင်းသည့် အနာဂါတ်ကို ရှာဖွေရင်း အန္တရာယ် ကျရောက်စေခြင်း ဖြစ် ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အနေနှင့် ရခိုင်တွင် နေထိုင်သူ အားလုံးအတွက် လူနေမှုဘဝများ တိုးတက် ကောင်းမွန် လာ အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ ဘလင်ကန်က ပြောကြားသည်။

“ရေရှည်အဖြေတခု ရရှိဖို့ဆိုရင်တော့ အစိုးရဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ အကုန်လုံးရဲ့ လူနေမှု ဘဝတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ အကာအ ကွယ်ပေး မှုတွေ ၊ အခြေခံ လွတ်လပ်ခွင့် တွေ စတာတွေကို ကတိကဝတ် ခံထားတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

လှေစီးဒုက္ခသည်များ အရေးသည် ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြား ဒေ သရှိ နိုင်ငံများအားလုံး ၏ ဒေသတွင်း အရေး တခု ဖြစ်ကြောင်းနှင့် ယင်းဒေသအတွင်းရှိ နိုင်ငံများအားလုံးက နိုင်ငံတကာ စံနှုန်း များ၊ ဥပဒေများနှင့်အညီ ရွှေ့ ပြောင်း နေထိုင်ခွင့် အကူအညီများ အမြန်ဆုံး ပေးနိုင်ရန်၊ လူသားချင်း စာနာမှု ဆိုင်ရာ ဆေးဝါးအထောက်အပံ့များ ပေးနိုင်ရန်နှင့် လူသားဆန်စွာ ဆက်ဆံကြရန် တိုက်တွန်းကြောင်း၊ မေ လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ရွှေ့ပြောင်းဒုက္ခသည်များအရေး ဆွေးနွေးပွဲမှ ပြဿနာများ၏ အဓိက သော့ချက်ဖြစ်သော ဒေသတွင်း လူမှောင်ခိုကူး မှု များကို ကာကွယ်နိုင်ရန် အကြံဥာဏ်သစ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

“ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ပါစေ နိုင်ငံတွင်းမှာ နေထိုင်သူတိုင်းအတွက် လူအခွင့်အရေးဆိုင်ရာ လေး စားမှု၊ အကာ အကွယ် ပေးမှုတွေနဲ့ ဘာသာကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့် အပါအဝင် အခြေခံ လွတ် လပ်ခွင့်တွေဟာ နိုင်ငံရဲ့ လုံခြုံ ရေး၊ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု မစ္စတာ ဘလင်ကန်က ပြောသည်။

မြန်မာ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှေစီးဒုက္ခသည် အများစုမှာ UNHCR မှ အထောက်အပံ့များ ရလိုသဖြင့် မြန်မာနိုင်ငံမှ လာသည် ရိုဟင်ဂျာများ ဖြစ်သည်ဟု ပြောဆိုသူများ ရှိနေနိုင် သဖြင့် သေချာစွာ စစ်ဆေးရန် လိုအပ် ကြောင်း မေလ ၂၁ ရက်နေ့ မစ္စတာ ဘလင်ကန်နှင့် နေပြည်တော် ၌ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မေလ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၈ ဦးကို တင်ဆောင်လာသော စက်လှေတစီး ကို မြန် မာ့ရေ တပ်က ဖမ်းဆီး ရမိပြီး ရခိုင်ပြည်နယ် အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ကာ လူသားချင်း စာ နာထောက်ထားမှု အကူအညီများ ပေးခြင်းနှင့် စိစစ်မှုများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အင်ဒိုနီးရှား နိုင်ငံကို မကြာခင်က လှေစီး ရောက်လာသူတွေ ထဲက အမျိုးသမီး တဦး မလေးရှားက မိခင် ဖြစ်သူကို ဖုန်းနဲ့ ဆက်သွယ် စကား ပြောနေစဉ်။ (မေ ၂၂၊ ၂၀၁၅)

ဗွီအိုအေမြန်မာပိုင်း
23.5.2015

မြန်မာ နိုင်ငံက ရိုဟင်ဂျာ တွေနဲ့ Bangladesh နိုင်ငံက နိုင်ငံပြောင်း အခြေချဖို့ ကြိုးစားသူတွေ ဘာကြောင့် သူတို့ နိုင်ငံတွေ ကနေ ထွက်လာရ သလဲ ဆိုတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား ခဲ့ပါတယ်။

ဒီကိစ္စဟာ ဒေသတွင်းမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စတခုဖြစ်နေတာကြောင့် ဘာကြောင့် ခုလို သူတို့နိုင်ငံတွေ ကနေ လူတွေ ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြတ်ပြတ် သားသား ဖြေရှင်းသင့်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ Vietnam နိုင်ငံရောက်နေစဉ် မှာ ပြောကြားခဲ့ တာဖြစ် ပါ တယ်။ မြန်မာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေအပြင် တခြားဒေသတွင်းတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ပင်လယ်ထဲမှာ မြောနေနိုင်မဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်ဖို့နဲ့ လူသားချင်းစာနာပြီး လိုအပ်တဲ့ အကူအညီတွေ အရင်ပေးဖို့ တိုက်တွန်းခဲ့သလို နေရာပြန်လည်ချထားရေး ကိစ္စတွေကို ဆွေးနွေး ခဲ့တယ်လို့လည်း ဟနွိုင်းမြို့တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ခုလို လှေစီးဒုက္ခသည်တွေ ရှိနေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို ၂ ရက်ကြာ လာ သွားတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း အစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံဘက်ကို လူတွေ ခိုးသွင်းနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိုင်းနိုင်ငံက စတင်နှိမ်နှင်းလာပြီးနောက်မှာ တရားမဝင် နိုင်ငံထဲဝင်ဖို့ ကြိုးစားသူထောင်ပေါင်းများစွာနဲ့ စက်လှေတွေကို လူမှောင်ခိုတွေက ပင်လယ်ထဲမှာ ပစ်ထားခဲ့ကြတာဖြစ်ပါတယ်။

မေလလယ်လောက်ကစပြီး မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကမ်းခြေတွေဆီ ရောက် လာကြတဲ့ လှေစီး ဒုက္ခ သည် ၃ ထောင်ကျော်လောက်ရှိပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဖြစ်ကြပြီး ကျန်တဲ့ ထက်ဝက်လောက်ကတော့ Bangladesh နိုင် ငံက ရွှေ့ပြောင်း လုပ်သားတွေဖြစ်ကြပါတယ်။ နောက်ထပ် ၃ ထောင်ကျော်လောက်လည်း ပင်လယ်ထဲမှာ ရှိနေနိုင်သေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။

လှေစီးပြေး ၂၀၀ကျော် မြန်မာ ရေတပ် တွေ့ရှိ။ သတင်း ဓာတ်ပုံ - ပြန်ကြားရေး ဝန်ကြီး ဌာန

နန္ဒာချမ်း
23.5.2015

ဒေသတွင်းမှာ လူကုန်ကူးမှု ပြဿနာတွေ ကြီးထွားလာနေ တာကြောင့် မြန်မာ အစိုးရ အနေ နဲ့ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေနဲ့ လူမှောင်ခိုကူးမှု ပြဿနာကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပြီလို့ - အမေရိကန် အစိုးရ က သောကြာနေ့ မှာ ပြောကြား လိုက်ပါတယ်။ လက်ရှိ ဒေသတွင်း နိုင်ငံတွေမှာပါ ဂယက် ရိုက်ခတ် မှုတွေ ဖြစ်စေခဲ့ တဲ့ လှေစီးပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ၀ိုင်းဝန်းေုဖရှင်းကြဖို့ ကုလသမဂ္ဂ အပါ အ၀င် နိုင်ငံတကာက တိုက် တွန်းပြောဆိုနေချိန်မှာပဲ - ပထမဆုံး အကြိမ် အနေ နဲ့ မြန်မာ ရေတပ်ကနေ - ဘင်္ဂလား ပင်လယ်အော် အတွင်း က မြန်မာ ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင် လိုက်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ကြမယ့် လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက်ကို တင်ဆောင်လာတဲ့ စက်လှေ ၂ စင်းကို မနေ့ သောကြာနေ့က ရခိုင်ပြည် နယ် မောင်တော မြို့ အနီးက မြန်မာရေပိုင်နက်အတွင်း မှာ မြန်မာရေတပ်က ကယ်တင်ခဲ့ပြီး လောလောဆယ် သူတို့ ကို မောင်တောမြို့တောင်ဘက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်းမှာ အရေးပေါ် အကူအညီတွေကို ပေးအပ် ထားပါတယ်။

အခုလို ပြောင်းရွှေ့အခြေချနေထိုင်မှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ ကို မြန်မာ အစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းသွားဖို့ အမေရိကန်အစိုးရက ဆက်လက် ဖိအားပေးသွားမယ် ဆိုတဲ့အကြောင်း ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက အခုလို ပြောဆိုခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်းဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အများ သိအောင် ပဲဖြစ်ဖြစ်၊ တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ် မြန်မာ အစိုးရကို တလျှောက်လုံး ပြောဆိုနေ တာ ဖြစ်ပါ တယ်။ ရွှေ့ပြောင်းနေထိုင် မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့ ကတိပြုထားတဲ့အတိုင်း အရေးတကြီးဆောင်ရွက်ဖို့လိုအပ်နေတာတွေ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ လူမှုရေးနဲ့လူသားချင်း စာနာရ မယ့် ကိစတွေကြောင့် ရိုက်ခတ်လာတဲ့ အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့တွေကိုလည်း အလေးထား ပြောဆိုနေတာပါ။”

ဒါ့အပြင် လူမှောင်ခိုကူးမှုပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း အမေရိကန် အစိုးရ အနေနဲ့ ဆက်ပြီး ဖိအားပေး သွားမှာဖြစ်တဲ့အကြောင်းလည်း သူက အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ လူမှောင်ခိုကူးသူတွေအပေါ် ထိထိရောက်ရောက် အရေးယူသွားဖို့ အတွက် မြန်မာ အစိုးရ ကို ဆက်ပြီး ဖိအားပေးသွားမှာပါ။ ရခိုင်ပြည်နယ်က လိုအပ်နေတဲ့သူတွေ လူသားချင်းစာနာမှု အကူအညီတွေကို လွတ်လွတ်လပ်လပ် ခံစားခွင့်ရဖို့၊ ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေမှာ ရှိကြတဲ့ နိုင်ငံ မဲ့ဖြစ်နေသူတွေကို နိုင်ငံသားဖြစ်ခွင့်ရအောင် လမ်းဖွင့်ပေးဖို့၊ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကို လည်း မြန်မာအစိုးရကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး အန်သနီ ဘလင်ကန် (Antony Blinken) ကလည်း - အမေရိကန်စင်တာမှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း - လက် ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေအရေးဟာ ဒေသတွင်းနိုင်ငံတွေအားလုံးနဲ့ သက်ဆိုင်တာကြောင့် - အတူဝိုင်းဝန်းဖြေရှင်းပြီး တာဝန်ခွဲဝေယူကြဖို့ လိုအပ်တယ် လို့ ပြောဆိုသွား ခဲ့ပါ တယ်။

အလားတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း - မြန်မာရေပိုင်နက် အတွင်းမှာ လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက် ကို မြန်မာအစိုးရက ကယ်တင်ခဲ့တဲ့ကိစ္စအပေါ် ကြိုဆိုခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ UNHCR ရုံးအနေနဲ့လည်း ဒီဒုက္ခသည်တွေအတွက် ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အရေးပေါ်အကူအညီတွေ ပေးအပ်နိုင် ဖို့ မြန်မာ တာဝန်ရှိသူတွေနဲ့ နီးနီး ကပ်ကပ် လုပ်ဆောင်နေတဲ့ အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပင်လယ်ပြင်ထဲမှာ လှေစီးပြေးဒုက္ခသည် ၃၅၀၀ လောက် ရှိနေနိုင်သေးတယ်လို့ UNHCR က ခန့်မှန်းထားပြီး၊ ဒီလူတွေကို မကြာခင် ကျရောက်တော့မယ့် မိုးရာသီမတိုင်ခင် အချိန်မီ ကယ်တင်နိုင်ဖို့ လိုအပ်တယ်လို့လည်း UNHCR ရဲ့ သောကြာနေ့ က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါ တယ်။

(ဓါတ်ပုံ - MOI)

MYARF
RB News
23.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အုန်းကျွန်းကြား ဘင်္ဂလား ပင်လယ်အော်မှ မလေးရှား နိုင်ငံသို့ ပို့ရန် လူအပြည့်တင်ထားသည့် စက်လှေ တစ်စီးကို မြန် မာ့ရေတပ်က ဖမ်းဆီးခဲ့ရာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် မြန်မာ ရိုဟင်ဂျာ (၈) ဦးကို ဖမ်းဆီး ထားပြီး ၊ မြန် မာ ရိုဟင်ဂျာ တစ်ရာကျော်ကို ပြန်လည် လွှတ်ပေးပြီး စာရင်းဖျောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မြန်မာ့ရေတပ်မှ မောင်တော မြို့နယ် တောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အုန်းကျွန်းကြား ဘင်္ဂလားပင်လယ်အော်မှ မလေးရှားနိုင်ငံသို့ ပို့ရန် လူအပြည့် တင် ထား သည့် စက်လှေ တစ်စီးကို ဖမ်းဆီး၍ မောင်တောမြို့ရှိ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ အာဏာပိုင်များက UNHCR နှင့် ပူးပေါင်း၍ ၎င်းစက်လှေပေါ် ပါသည့် လှေစီးပြေး ဒုက္ခသည်များကို အလယ်သံကျော် ကမ်းခြေမှ ကုန်ပေါ်တင်မည်ဟု သဘောတူခဲ့သည်။ ညနေ (၆) နာရီ အချိန်ခန့် တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် အဖွဲ့၊ မောင်တော ရဲစခန်းမှ တာဝန်ရှိသူများ၊ ခရိုင် လ.၀.ကမှူး ဦးစောနိုင်နှင့် အဖွဲ့၊ UNHCR, MSF, WFP, Malteser တို့သည် အလယ်သံကျော် ကျေးရွာသို့ သွားရောက်ပြီး ဒုက္ခသည်များ ယာယီ နေ ထိုင်နိုင် ရန် နေရာ စီစဉ်၍ ဒုက္ခသည်များ အလာကို စောင့်နေခဲ့ကြသည်။

ထိုစဉ် ရဲမှူးချုပ် တင်ကိုကိုနှင့် ခရိုင် လ.၀.က မှူး ဦးစောနိုင် တို့သည် အတူလိုက်ပါသွားသော အဖွဲ့အစည်း များကို အသိမပေးဘဲ အငူမော်သို့ သွားရောက်ပြီး မေလ (၂၂) ရက်နေ့ အာရုဏ်တက် အချိန်တွင် ဒုက္ခ သည် ၂၂၈ ဦးကို အငူမော် ဆိပ်ကမ်းမှ ကုန်းပေါ်သို့ တင်ခဲ့သည်။ ၎င်းဒုက္ခသည်များမှ ၂၀ ဦးကို အခြားသော အဖွဲ့အစည်း များကို အကြောင်းမကြားဘဲ မောင်တော ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ ၂၀ ဦးမှ ၈ ဦးသည် ဧရာဝတီ ဒေသခံများ ဖြစ်ပြီး၊ စက်လှေမှ အလုပ်သမား ဖြစ်သည်ဟု ယူဆ ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ ကျန်သည့် ၁၂ ဦးမှာ မည်သူမည်ဝါ မသိရှိရသေးကြောင်း ၎င်းတို့က ပြောပါသည်။

ရဲမှူးချုပ် တင်ကိုကိုနှင့် ခရိုင် လ.၀.က မှူး တို့ အလယ်သံကျော်သို့ ပြန်လည် ရောက်ရှိပြီး တစ်နာရီကျော် အကြာ နံနက် ၁၀ နာရီ ခန့်တွင် ကျန်သည့် ဒုက္ခသည် ၂၀၈ ဦးကို အလယ်သံကျော်ကို ခေါ်ဆောင် လာပြီး အစ္စလာမ် ဘာသာရေး ကျောင်း ခြံဝင်း အတွင်းတွင် နေရာချ ထားပေးခဲ့သည်။ ဒုက္ခသည် ၂၀၈ ဦးမှ တစ်ဝက်ကျော်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက် ရှိနေသည်ဟု မျက်မြင် တွေ့ရှိသူများ က ပြောပါ သည်။ ၂၀၈ ဦးမှ (၈) ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှ ရိုဟင်ဂျာများ ဖြစ်ပြီး၊ ကျန်သည့် ၂၀၀ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြသည်။

မေလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် ခရိုင် အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ သူနာပြုများ၊ မောရ၀တီ တပ်ရင်းမှ တပ်ရင်းမှူး တို့သွားရောက် ကြည့်ရှုခဲ့သည်။ အာဏာပိုင်များနှင့် UNHCR တို့က အသုံးအဆောင် ပစ္စည်းများ၊ ကျန်းမာရေး ဌာနမှ သူနာပြုများက ဓါတ်ဆား နှစ်ထုပ်စီ ပေးခဲ့သည်။ Malteser နှင့် MSF တို့က ဆေးကု သမှု ပေးလျက် ရှိပြီး WFP မှ အစာရေစာများ ကျွေးမွေးလျက် ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာများကလည်း ၀ိုင်းဝန်း ကူညီနေကြသည်ဟု ဒုက္ခသည်များကို သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံများက RB News သို့ပြောပါသည်။

ဒုက္ခသည်များ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဘင်္ဂလား ပင်လယ်အော်တွင် မျှောနေသည်မှာ ၃ လခန့် ရှိပြီး၊ မြန်မာ့ ရေတပ်မှ မကြာခဏ ရောက်ရှိလာပြီး ဆီနှင့် ငွေများ ယူလေ့ရှိသည်ဟု ဆိုသည်။ ၎င်းစက်လှေတွင် လူပေါင်း ၃၅၀ ဦး ရှိခဲ့ပြီး ၎င်းထဲမှ မြန်မာ ရိုဟင်ဂျာ ၁၄၂ ဦးမှာ ပျောက် ဆုံး နေကြောင်း ဒေသခံများက ပြောပါသည်။ ယခု ဖမ်းဆီးခံရသူ ထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ကလေး ၄ ဦး ပါဝင်သည်။

မေလ (၂၁) ရက်နေ့က မြန်မာ့ရေတပ်မှ အဆိုပါ စက်လှေကို ဖမ်းဆီးပြီးနောက် မြန်မာ ရိုဟင်ဂျာဟု ထွက်ဆိုသူ (၁၄၂) ဦးကို သီးသန့် သစ်သား စက်လှေဖြင့် ကျောက်ပန္ဒူ ကျေးရွာသို့ ပို့ဆောင် ပေးမည် ဟု ပြောဆိုခဲ့ပြီး ထိုမှ တဆင့် မိမိတို့၏ နေရပ်သို့ ပြန်နိုင်ကြောင်း ပြောဆိုပြီး ခေါ်ဆောင် သွားသော်လည်း အဆိုပါ (၁၄၂) ဦးတို့ ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိခြင်း မရှိကြောင်း ကျောက်ပန္ဒူ ကျေးရွာ မှ ဒေသ ခံများ က ပြောပါသည်။ ပျောက်ဆုံးနေသည့် မြန်မာ ရိုဟင်ဂျာ (၁၄၂) ဦးနှင့် ပတ်သက်၍ ကူညီ ရန် သွားရောက်ခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းများက အာဏာပိုင်များကို မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံး လေ့လာတွေ့ရှိချက် အရ မြန်မာ ရိုဟင်ဂျာ (၁၄၂) ဦးထံမှ ငွေယူ၍ စက်လှေဖြင့် ထွက်ခွာ ခွင့် ပေးလိုက်သည်ဟု သိရှိသည်။ မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ အလယ်တွင် စက်လြှေ ဖင့် ပြောင်းရွှေ့သွားနေသူ အများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသာ ဖြစ်ပြီး ရိုဟင်ဂျာ အနည်း ငယ်သာ ပါသည့် ပုံစံဖြင့် ၀ါဒဖြန့်ရန် ယခုကဲ့သို့ မြန်မာ ရိုဟင်ဂျာ (၁၄၂) ဦးကို မဖမ်းဆီးဘဲ စာရင်းဖျောက် ပစ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



မသိင်္ဂီလင်း
22.5.2015

ကမ္ဘာ့ ကုလသမဂ္ဂ နဲ့ အခြား အဖွဲ့တွေ ကနေ ရရှိထားတဲ့ အထောက် အထားတွေ အရ လက်ရှိ ပင်လယ်ပြင်မှာ ထွက်ပြေး ကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အနက် တဝက်လောက်က ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ အမေရိကန် စင်တာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေးကို အဓိကထား ပြောဆိုခဲ့ပြီး သတင်းထောက် များရဲ့ စိတ်ဝင်စားမှု ကိုလည်း အများဆုံး ဖြစ်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှု အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲ တွေအတွက် အမေရိကန် ပြည်ထောင်စု ရဲ့ သုံးသပ်ချက်တွေ အပြည့်အစုံ ကိုတော့ ကိုယ်တိုင် သတင်း ရယူထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပါမယ်။

လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေ အရေးဟာ ဒေသတွင်းက နိုင်ငံတွေ အားလုံးနဲ့သက်ဆိုင်တာကြောင့် အတူဖြေရှင်းပြီး တာဝန်ခွဲယူကြဖို့လိုအပ်တယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိပင်လယ်ပြင်ကို ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့ တစ်ဝက်လောက်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့လည်း သူက အခုလိုပြောပါတယ်။

"ပင်လယ်ထဲက ကယ်တင်ထားတဲ့လူတွေကနေရော၊ ကမ္ဘာ့ကုလသမဂအဖွဲ့နဲ့ အခြားအဖွဲ့တွေရဲ့ အချက်အလက်တွေကနေရော သိထားတဲ့အတိုင်းဆိုရင် အခုပင်လယ်ထဲမှာ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေထဲက တစ်ဝက်လောက်ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကဖြစ်တယ် လို့ ဖော်ထုတ် ထားပါတယ်။ သူတို့တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်းပါဝင်ကြပါတယ်၊ သူတို့ဘဝတွေကို ရင်းပြီး အန္တရာယ်များတဲ့ ပင်လယ်ထဲကို ထွက်ပြေးဖို့၊ သူတို့ဘဝတွေကို လူကုန်ကူးသူတွေဆီ ထည့်လိုက်ရအောင် ဖြစ်လာတဲ့ အကြောင်းအရင်းတွေလည်း သူတို့မှာရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရော၊ ကမ္ဘာ့ကုလသမဂနဲ့ အခြားအဖွဲ့တွေရဲ့ ကြိုးပမ်းမှုအရ ရရှိထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင်တော့ ဒီဒုက္ခသည်တွေထဲက အများစုဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်၊ ရခိုင်ပြည်နယ်က ဆိုးဝါးတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးလာရတာဖြစ်တယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန်က လှေစီးပြေး ဒုက္ခသည်တွေ အားလုံး ဟာ မြန်မာနိုင်ငံ ကဖြစ်တယ် ဆိုတဲ့ ပြောကြားချက်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ပြီး ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းကတော့ ဒုက္ခသည်တွေထဲက အများစုမှာ မြန်မာနိုင်ငံ မှ မဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။

Mr. Blinken အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံက ဧည့်ခံကျင်းပမယ့် လှေစီးပြေး ဒုက္ခသည်များ အရေး သုံးနိုင်ငံဆွေးနွေးပွဲမှာ တာဝန်တွေခွဲယူပြီး မျှမျှတတ ဖြေရှင်းကြဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တိုးတက်မှုတွေရှိပေမယ့် အရေးကြီးတဲ့ စိန်ခေါ်ချက်တွေကိုလည်း ရင်ဆိုင်နေရတုန်းပဲလို့ Mr. Blinken က ဆိုပါတယ်။ လူနည်းစုဝင်တွေရဲ့ အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် စတဲ့ စိန်ခေါ်ချက်တွေကို ရှိနေသေးကြောင်း သူက အခုလိုပြောဆိုလိုက်ပါတယ်။

"အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ မြန်မာနိုင်ငံသားတွေ အတွက် ဥပဒေကြောင်းအရ အာမခံမှုတွေ အပါအဝင် အခြားအရေးကြီးတဲ့ စိန်ခေါ်ချက်တွေဖြစ်တဲ့ သတင်းထောက်တွေ အပေါ်ဆက်ဆံမှု၊ ဆန္ဒပြသူတွေအပေါ် ဆက်ဆံမှု နဲ့ တိုင်းရင်းသားဒေသတွမှာ လူ့အခွင့်အရေးရရှိမှုတွေကတော့ လုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်တွေဖြစ်ပြီး အမှန်တကယ် တိုးတက်နေပေမယ့် မလုံလောက်သေး တာကိုတွေ့ရပါတယ်။"

ရောက်ရှိလာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ စောင့်ကြည့်နေမယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ဗီတို အာဏာရရှိထားတာမျိုးကတော့ အငြင်းပွားဖွယ်ရာတော့ ဖြစ်နေတယ်လို့ Mr. Blinkenက အခုလို ဆိုပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ ပြဌာန်းချက်အချို့ဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကိုတွေ့ရပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုက အငြင်းပွား ဖွယ်ရာဖြစ်နေတာပါ။ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တွေ့ဆုံခဲ့ကြတာတွေလည်းရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဝင်ရောက်ပြောဆိုလိုတာမရှိပါဘူး။ ဒါပေမယ့်လည်း စည်းမျဉ်းစည်းကမ်း အရပြောရမယ် ဆိုရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ စစ်တပ်က ဗီတိုအာဏာ ရရှိထားတာ၊ မြန်မာနိုင်ငံသားတွေ ကိုယ်နှစ်သက် တဲ့ခေါင်းဆောင် ရွေးချယ် တင်မြှောက်ခွင့်မရအောင် ကန့်သတ် ထားတာတွေဟာ ဝိရောဓိဖြစ်စရာတွေပါ။"

လက်ရှိမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မနေ့က မေလ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံကာ ညနေပိုင်း မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးညှိနှိုင်းရေး NCCT အဖွဲ့နဲ့ လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါသေးတယ်။

ထိုင်းမြန်မာ နယ်စပ် မြန်မာ ဒုက္ခသည်များ။

မသိင်္ဂီထိုက်
22.5.2015

ထိုင်း- မြန်မာ နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှု၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ စစ်ရေး ဆက်သွယ် ဆောင်ရွက် ကြဖို့ အတွက် နှစ်နိုင်ငံ သဘော တူညီ ခဲ့ကြပါတယ်။ လူကုန်ကူးမှု အဆိုးဆုံး အဆင့် သတ်မှတ် ခံထားရတဲ့ ထိုင်းနိုင်ငံနဲ့ လူကုန်ကူးမှု စောင့်ကြည့် စာရင်း သတ်မှတ် ခံထားရတဲ့ မြန်မာ တို့ကြား ပူးပေါင်း ဆောင်ရွက်မှု တွေကြောင့် ဒေသတွင်း လူကုန်ကူးမှု လျော့ကျ လာသလား ဆိုတာနဲ့ နယ်စပ်ဒေသ မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ အလားအလာ တွေကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဒေသတွင်း နယ်စပ်ရေးရာ ကော်မတီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ကုန်ကူးမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အပါအ၀င် သဘောတူညီချက် ၁၂ ချက် ရခဲ့ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က သဘောတူညီချက် တချို့ကို အခုလို ပြောပါတယ်။

"ကျနော်တို့ နယ်စပ်မှာ ရှိတဲ့ ပြည်သူလူထု နှစ်ဖက်ပေါ့နော် အေးအေး ချမ်းချမ်း နေနိုင်ဖို့ အတွက် လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်မယ့် အစီအမံပေါ့၊ နောက် တခုက မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးပေါ့နော် အဲဒီအချက်တွေ သဘောတူညီမှုရတယ်။ ကျန်တာတွေကတော့ စစ်တပ်က အပိုင်းတွေ ဖြစ် ပါတယ်နော်။"

ထိုင်းတော်ဝင် တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး Sathit Pattharat ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာ့တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ခေါင်းဆောင်ကြတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့တို့ ချင်းမိုင်မြို့ Imperial Mae Ping ဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စတွေကို ၂ ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆိုးဆုံး Tier 3 အဆင့် သတ်မှတ်ခံခဲ့ရသလို လတ်တလောမှာလည်း ဒေသတွင်း လူကုန်ကူးမှု ကိစ္စရပ်တွေ ထပ်မံ ပေါ်ပေါက်လာပြီးနောက်မှာ နိုင်ငံတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့တာပါ။ မြန်မာနိုင်ငံကိုတော့ Tier 2 အဆင့် သတ်မှတ်ပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာ ဖြစ်တယ်လို့ ဒီရက်ပိုင်း အတွင်းမှာဘဲ ဦးတည် ပြောဆိုနေတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကို ပူးပေါင်းတိုက်ဖျက်နေတဲ့ လုပ်ငန်းစဉ်အပေါ်မှာတော့ ထိုင်းနိုင်ငံတွင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးကျော်သောင်းကတော့ အခုလို ရှုမြင်ပါတယ်။

"လူတွေရာ၊ ထောင်ချီပြီး လာနေတာ ဒီနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တဲ့ နေရာတွေမှာ တာဝန်ကျတဲ့ နှစ်နိုင်ငံ အရာရှိတွေနဲ့ လုံးဝ ပါဝင် ပတ်သက်တယ်။ ထိုင်းနိုင်ငံမှာ ဆိုလို့ ရှိရင်လည်း ရဲတပ်ဖွဲ့ရော၊ ရပ်ကျေး အုပ်ချုပ်တဲ့ လူတွေ အထိကို လူပေါင်း ၅၀ ကျော်ကို ၀ရမ်းထုတ်ထားတယ်။ နောက် အဓိက အကြောင်းအရာ တခုက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်ပြီးတော့ ၀၀လင်လင် ထမင်းနဲ့ တူတဲ့ ထမင်း စားစရာ အလုပ်မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ အရွယ်ရောက်ပြီးတဲ့လူတိုင်း၊ အလုပ်လုပ်နေတဲ့ လူတိုင်း ဒီထိုင်းနိုင်ငံကို နိစ္စဒူဝ ထွက်နေကြတာဘဲ။"

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ကလည်း အရေးကြီးတယ်လို့ မူးယစ်ရဲမှူးကြီးဟောင်း ဦးခမ်းအောင် ကလည်း ထောက်ပြပါတယ်။

"ကျနော်တို့ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း Cooperation (ပူးပေါင်းဆောင်ရွက်မှု) က အတော်ကောင်းပါတယ်။ နောက်ပြီးတော့ တခုရှိတာက Personal Attachment ပေါ့ ၊ ကျနော်တို့ Relationship က အရမ်းကောင်းပါတယ်။ တခုခု ဖြစ်ပြီဆိုရင် တယ်လီဖုန်းလေး ကောက်ဆက်ရင် တောင်မှ ကျနော်တို့ အလုပ်လုပ်လို့ ရတဲ့ အဆင့်ထိကို ကျနော်တို့က Establish (တည်ဆောက်) ထားတာပါ။ ဆိုတော့ အခုနောက်ပိုင်းကျတော့ ကျနော်ထင်တယ် အဲဒီအပိုင်းမှာ နည်းနည်းလေး အားနည်းမလားလို့။ ကျနော် အဲလိုတော့ မြင်တယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အပြောင်းအလဲတွေ ဖြစ်တာများတယ်။ သူတို့ဘက်လည်း အပြောင်းအလဲတွေ များတယ်။ ကျနော်တို့ ဘက်လည်း အပြောင်းအလဲတွေ များတယ်။ လူသစ်တွေက အဲဒီအဆင့်ထိကို ပြန်ပြီးတော့ Cooperation (ပူးပေါင်းဆောင်ရွက်မှု) မရနိုင်ဘူးထင်တယ်။"

ချင်းမိုင်မြို့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာတော့ နယ်စပ်ဒေသ လုံခြုံရေး၊ နှစ်နိုင်ငံ နယ်စပ်တလျှောက် စစ်ရေးဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်တွေ၊ နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လက်နက်ကုန်ကူးမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်း မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ညီအမ ကျေးရွာ တခု တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။



MYARF
RB News
22.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းတွင် Care Myanmar မှ ပံ့ပိုးမှုဖြင့် စိုက်ပျိုးထားသော ဒေသခံ ရိုဟင်ဂျာများပိုင် ဥယျာဉ်များကို ရခိုင်များနှင့် န.တ.လ များက ခုတ်ထွင်း ဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ မေလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့ ဥယျာဉ်ခြံ စောင့်နေစဉ် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရခိုင်ရွာမှ ရခိုင်များ လာရောက်၍ သစ်ခုတ်နေသည်ကို ဟန့်တားသဖြင့် အပြန်အလှန် စကားများ၍ ရန်ဖြစ်ခဲ့ရသည်။ ထို့နောက် မေလ (၁၈) ရက်နေ့တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရွာကြီးမှ ဦးယူနုစ် (ဘ) ဦးကော်ဒူ (အသက် ၄၅ နှစ်) နှင့် ၎င်း၏ သားများ ဖြစ်သော ဇူဘိုင်ရ် (အသက် ၂၆ နှစ်) နှင့် ၇ နှစ် အရွယ် သားတစ်ဦးတို့သည် ချောင်းမှ ငါးဖမ်းနေစဉ် ရခိုင်အုပ်စု တစ်စု ရောက်ရှိလာပြီး အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားရာ မနီးမဝေးရှိ လယ်ကွင်းတွင် ဘောလုံးကစား နေသည့် ရိုဟင်ဂျာ ကလေးများက မြင်တွေ့သွားကာ အော်ဟစ်ခဲ့သည်။

ကလေးများ၏ အော်သံကြောင့် ရွာထဲမှ ရိုဟင်ဂျာ ရွာသား အချို့ ထွက်ကြည့်သည့် အချိန်တွင် ရခိုင်များနှင့် နယ်ခြားစောင့် ရဲများ ရောက်ရှိလာသောကြာင့် အနားမကပ် နိုင်ခဲ့ပေ။ ထို့နောက် နယ်ခြားစောင့် ရဲများက ဦးယူနုစ်၏ ၇ နှစ် အရွယ် သားငယ်ကို ပြန်လည် လွှတ်ပေးလိုက်ပြီး ဦးယူနုစ်နှင့် သားဖြစ်သူ ဇူဘိုင်ရ်တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့အပြင် နယ်ခြားစောင့် ရဲများနှင့် ရခိုင်များသည် ဥယျာဉ်ခြံထဲသို့ သွား၍ ဥယျာဉ်ထဲတွင် ထင်းခုတ်နေသည့် ဦးရာဘီအုလ္လာ (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၅ နှစ်) နှင့် ကျော့ကွင်းတင်၍ တောကြက် ဖမ်းနေသည့် ဦးကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ် (အသက် ၃၅ နှစ်)၊ ဦးအာမန်အုလ္လာ (ဘ) ဦးအဒူရော်ရှိတ် (အသက် ၄၀ နှစ်) နှင့် ၎င်း၏သား ကော်ဘိရ်အာမတ် (အသက် ၁၂ နှစ်) တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၄) ဦးမှ ဂေါ်ဒူသာရ တောင်ရွာမှ ဖြစ်ကြကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများက အဆိုပါ ဖမ်းဆီးရသူ ၆ ဦးကို မေလ (၁၇) ရက်နေ့တွင် ရခိုင်များနှင့် ရန်ဖြစ်ခဲ့ရာတွင် ပါဝင်သည်ဟု စွပ်စွဲ၍ အလယ်သံကျော်ရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ မေလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အလယ်သံကျော်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဂေါ်ဒူသာရသို့ လာရောက်ပြီး ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်ပြီး ခြိမ်းခြောက် ခဲ့သည်။ တပ်ရင်းမှူးက “ဒီတိုင်းပြည်မှာ နေရင် ဒီတိုင်းပြည်ရဲ့ ဥပဒေကို လေးစား လိုက်နာရမယ်။ တိုင်းရင်းသားတွေကိုလည်း လေးစားရမယ်။ ငါတို့ တိုင်းပြည် အေးချမ်းအောင် လုပ်ရင် မင်းတို့က ဆူပူအောင် လုပ်နေတယ်။ ရခိုင်တွေ ဥယျာဉ်ကို ရောက်လာရင် မင်းတို့ မသွားရဘူး။ ရခိုင်တွေ မင်းတို့ ဥယျာဉ်က သစ်ခုတ်ရင် ငါတို့ကို အကြောင်းကြား၊ ငါတို့ လာရှင်းပေးမယ်၊ မင်းတို့ ကိုယ်တိုင် မသွားနဲ့” ဟု ပြောဆိုခဲ့သည်။

ထို့နောက် တပ်ရင်းမှူးက ရခိုင်များနှင့် ရန်ဖြစ်ခဲ့ရာတွင် ကော်ဘိရ်အာမတ် ဟုခေါ်သော လူတစ်ဦး ပါဝင်ခဲ့သည်ဟု ရခိုင်များက ပြောခဲ့သောကြောင့် ယခု ဖမ်းဆီးထားသော ကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ် ဆိုသူကို ပြန်လည် လွှတ်ပေးမည် မဟုတ်ကြောင်း၊ ကျန်သည့်လူ ငါးဦးကို လာရောက်၍ ရွေးယူရန် ပြောဆို၍ ထွက်ခွာသွားခဲ့သည်။

မေလ (၁၉) ရက်နေ့ ညနေပိုင်းတွင် ကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ်မှ အပ ကျန်သည့် ၅ ဦးကို ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးကော်ဘိရ်အာမတ်ကိုမူ ရခိုင်များနှင့် ရန်ဖြစ်ခဲ့သူများကို ဖမ်းဆီးပေးမှသာ ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း သို့မဟုတ်ပါက နယ်ခြားစောင့် ရဲများ ရွာထဲဝင်ရောက်၍ တွေ့သမျှ လူများကို ဖမ်းဆီးမည်ဟု တပ်ရင်းမှူးက ပြောကြားခဲ့သည်။



ဘီဘီစီမြန်မာပိုင်း
21.5.2015

ကပ္ပလီ ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ တို့က ယာယီ ခိုလှုံခွင့်ပေးဖို့ သဘောတူ လိုက်ပြီးနောက် မြန်မာနိုင်ငံကလည်း မြန်မာ့ရေပိုင်နက်ထဲက လှေစီးဒုက္ခသည်တွေကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရေး လုပ်ငန်းတွေကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်ပြီး တာဝန်ယူ ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ အစိုးရက ဒီနေ့ပဲ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူတွေ နေရပ်ကို စွန့်ခွာကြတဲ့ ပြဿနာက ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါလဲ၊ ဘူးသီးတောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဘီဘီစီသတင်းထောက် ကိုတင်အောင်ကျော်က မေးကြည့်ထားပါတယ်။
 




မေတ္တာမောင်
RB News
22.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကညင်တန်း ကျေးရွာရှိ BAJ ရုံးရှေ့တွင် ရဲနှင့် လ.၀.က တို့ပူးပေါင်း၍ လမ်းသွားလမ်လာ ရိုဟင်ဂျာများကို ရွာထွက် လက်မှတ်များ စစ်ဆေးခြင်း၊ ခန္ဓာကိုယ် အနှံ့ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။ မေလ (၁၉) ရက်နေ့မှ စ၍ ထိုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်ပြီး စစ်ဆေးရေး အဖွဲ့သည် နံနက် ၈ နာရီမှ စ၍ ညနေ ၄ နာရီထိ စစ်ဆေးလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

စစ်ဆေးခံရသူများက ရွာထွက် လက်မှတ်နှင့် ယာယီ သက်သေခံ ကဒ်ပြား လက်ခံ ဖြတ်ပိုင်းကိုပါ ပူးတွဲတင်ပြရသည်။ ထိုသို့ မပြနိုင်သူ မည်သူမဆိုကို ဖြတ်ကျော်၍ သွားခွင့် မပြုကြောင်း သိရသည်။ စစ်ဆေးရေး အဖွဲ့ စခန်းချထားသည့် နေရာသည် မောင်တောမြို့ပေါ်သို့ အ၀င် ဂိတ်ဝ ဖြစ်သဖြင့် မောင်တောမြို့ပေါ်၌ ဆိုင်ဖွင့်လှစ် ရောင်းချ၍ အသက် မွေးဝမ်းကျောင်း နေသည့် ဈေးဆိုင်ပိုင်ရှင်များ၊ ဈေးဝယ်ရန် လာသူများ အလွန် အခက်ကြုံလျက် ရှိကြသည်။

ဈေးဆိုင်ပိုင်ရှင် တစ်ဦးက “ကျွန်တော်တို့ လူတွေ လက်နက်ကိုင် သောင်းကျန်း နေတဲ့ ပုံစံမျိုးနဲ့ စစ်ဆေးနေတာ၊ သူတို့က လူတွေကို တမင် ခွဲခြားဆက်ဆံ ညှဉ်းပန်းနေတာဗျာ၊ အဲလို စစ်ဆေးနေတော့ လူတွေလည်း မြို့ထဲဝင်မလာရဲဘူး။ မြို့ထဲမှာ လူတွေ ရောက်မလာနိုင်အောင် လုပ်နေတော့ အရောင်းအ၀ယ် ကလည်း လုံးဝ မဖြစ်ဘူး၊ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ဈေးဆိုင် သမားတွေ ပေါင်းပြီး စုပေါင်း ဆိုင်ပိတ် ဆန္ဒပြကြရမယ်” ဟု RB News သို့ပြောသည်။ 

ယခု စစ်ဆေးသည့် နေရာနှင့် ကပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်တွင် စစ်တပ် အဖွဲ့ရှိပြီး ၃ ဖာလုံခန့် အကွာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှိသည်။ ထိုသို့ ခပ်စိတ်စိတ် စခန်းများ ရှိသော်လည်း ယခုကဲ့သို့ စစ်ဆေးရေး အဖွဲ့သစ် တစ်ဖွဲ့ ဘွားခနဲ ပေါ်လာပြီး စစ်ဆေးနေခြင်းသည် ဒေသခံ ရိုဟင်ဂျာများ၏ အသွားအလာကို တမင် ကန့်သတ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ဒေသခံ တစ်ဦးက “အိမ်က ထွက်လာတာနဲ့ ရွာထွက် လက်မှတ်ပြရတဲ့ ပုံစံ ဖြစ်နေတယ်။ ရွာထွက် လက်မှတ် ယူဖို့ သွားတော့လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေ ၁၀၀၀ စီယူတယ်။ ရဲတွေ၊ လ.၀.က တွေက အမျိုးသမီးတွေရဲ့ ၀တ်ရုံထဲ နှိုက်ပြီး စစ်ဆေးတယ်။ မြို့ထဲမှာ ကျူရှင်လာတက်တဲ့ ကျောင်းသားလေးတွေ ဆိုလည်း စက်ဘီးပေါ်က ဆင်းပြီး သူတို့ကို သွားအသိပေးရတယ်။ ရွာထွက် လက်မှတ် ပါမလာတဲ့ သူတွေကို နွားကုလား ဘာညာဆိုပြီး ဆဲဆို စော်ကားတယ်။ မူးယစ် ဆေးပြား စစ်ဆေးနေတာလည်း မဟုတ်ဘူး။ လူတွေကို သက်သက် အာရုံနောက်အောင် လုပ်နေတာ။ စိတ်မကောင်းစရာဘဲဗျာ” ဟု RB News သို့ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက် ခွဲခြား ဆက်ဆံ နေခြင်း မရှိကြောင်း ပြောဆိုခဲ့ခြင်းသည် ယခုကဲ့သို့ ဒေသခံ ရိုဟင်ဂျာများ၏ အသွားအလာကို ကန့်သတ် ပိတ်ပင် နေခြင်းနှင့် တလွဲစီ ဖြစ်လျက် ရှိနေသည်။ မောင်တော မြို့ပေါ်သို့ အ၀င် နောက်ထပ် ဂိတ်ဝ တစ်ခုဖြစ်သည့် မြို့သူကြီး တံတား အနီးတွင်လည်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ဤကဲ့သို့ မဆိုင်သည့် အဖွဲ့က လမ်းမပေါ် စခန်းချ ဒေသခံ လမ်းသွားလမ်းလာ များကို စိတ်အနှောက်အယှက် ဖြစ်အောင် ဥပဒေမဲ့ တမင် နှိပ်စက်နေခြင်းကို ပြည်ထောင်စု အစိုးရမှ ဟန့်တား ပေးပါရန် ဒေသခံများက အထူးလိုလား တောင့်တလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



21.5.2015

လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အဆင့်မြင့် သံတမန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်း သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်ရေး ဆွေးနွေး ခဲ့တဲ့ အကြောင်း မြန်မာ အစိုးရ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ထိုင်းနိုင်ငံက လှေစီးပြေး ဒုက္ခသည်တွေ အရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို စေလွှတ်ဖို့ စီစဉ်နေပြီး ဦးဆောင်မယ့် သူကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်း ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောဆိုခဲ့တာပါ။

ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ အမေရိကန် အဆင့်မြင့် သံတမန် ဟာ နေပြည်တော်မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် လွှတ်တော်အမတ် ၂၃ ဦးကလည်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာအစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ချထားဖို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ထံ စာတစောင် ပေးပို့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာသူ မူဆလင် ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ ဆိုနေကြတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင် ဖို့ ငွေရေးကြေးရေးအရ ပံ့ပိုးပေးမှာ ဖြစ်သလို၊ ဒုက္ခသည်တွေ ကို လက်ခံဖို့လည်း စဉ်းစားထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဒုက္ခသည်တွေကို ယာယီလက်ခံဖို့ သဘောတူခဲ့ကြတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က အကူအညီ တောင်းထားတဲ့အပေါ် စဉ်းစားနေသလို၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုင်ငံပေါင်းစုံနဲ့ လက်တွဲပြီး အခြေချနေထိုင်ရေး အစီအစဉ်မှာ ဦးဆောင်ပါဝင်ဖို့ ပြင်ဆင် ထားတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Marie Harf က မနေ့တုန်းက ၀ါရှင်တန်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အာဖရိက နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ ဆန္ဒရှိတဲ့အကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinkenဟာ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။



သိင်္ဂီထိုက်
21.5.2015

ပင်လယ်ပြင် ထဲမှာ လှေတွေနဲ့ မျောပါနေကြ တဲ့ လှေစီးပြေး တွေကို ကယ်တင်နိုင်ရေး အတွက် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတွေ နေပြည်တော် ကို လာရောက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ မြန်မာ့ ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခရောက်နေ သူတွေရှိခဲ့ရင် မြန်မာ အစိုးရဘက်က ကယ်တင်ဖို့ အဆင်သင့်ရှိပြီး လတ်တလော အခြေအနေ မှာတော့ မြန်မာ့ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခသည်တွေ မရှိဘူးလို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ လှေစီးပြေး ဒုက္ခသည်တွေ အရေး နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ နေပြည်တော်က ဆွေးနွေးပွဲကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ပြီး မလေးရှားနိုင်ငံဆီ ၀င်ရောက်ကြဖို့ ကြိုးစားရင်း ကမ်းမကပ်နိုင်ဘဲ ပင်လယ်ထဲမှာ ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို ကယ်တင်နိုင်ရေး အတွက် ဒီကနေ့မှာဘဲ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတွေ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကို နေပြည်တော် မှာ လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Most Concerned ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးဖို့ပါပဲ။ တခြားကတော့ သူတို့ထုတ်ပြန်ချက်မှာ ပါပါတယ်။ သူတို့ Root Cause တွေ ဘာတွေ Identify လုပ်ဖို့ပါပဲ။ ကျနော်တို့ ရေရှည်လုပ်သွားရမယ့်အပိုင်းဖြစ်ပါတယ်။ Root Cause က ဘယ်နိုင်ငံက ထွက်လဲ။ ဘာကြောင့်ထွက်လဲ။ Root Cause က ဘာလဲ။ ဒါတွေ ဘယ်လို ဝိုင်း Address လုပ်ကြမလဲ။ စသည်အားဖြင့်တော့ ရှိတာပေါ့နော်။

ရုပ်မြင်ထဲမှာလည်း တွေ့ပါလိမ့်မယ် ကျနော်တို့ မြန်မာပြည်ဘက်ကလို့ဆိုတဲ့ လူအချိုးအစား ဟာလှေစီးဒုက္ခသည်တွေမှာ အများကြီး နည်းပါတယ်။ တဖက်နိုင်ငံက လူတွေဟာ အများအပြားဆိုတာ ကိန်းဂဏန်းတွေက ထင်ရှားပါ တယ်။ ပြီးတော့ ကျနော်တို့ ရေပြင် မှာ ဒါမျိုး ရှိမရှိလည်း ကျနော်တို့ ဒါ တပ်မတော်ရေ အနေနဲ့ အမြဲတမ်း Patrol လုပ်ပြီး ကြည့်နေပါတယ်။ တွေ့ပြီ ဆိုရင်လည်း ကျနော်တို့အနေနဲ့ Humanitarian Assistance ပေးဖို့ အဆင်သင့်ရှိနေပါတယ်။"

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးတွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေကိုလည်း ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက အခုလို ပြောပါတယ်။

" ကပ္ပလီ ပင်လယ်တို့ မလက်ကာရေလက်ကြားတို့ မှာ Boat People တွေ ဘာတွေ ရှိတာ Concerned ရှိတာပေါ့နော်။ သူတို့ဘက်က သုံးနိုင်ငံ ပူးတွဲကြေညာချက်လည်း ရှိခဲ့တာပေါ့။ အင်ဒိုနီးရှားနဲ့ မလေးရှားဆိုရင် ယာယီလက်ခံမယ် တစ်နှစ်။ ပြီးတော့ နိုင်ငံတကာ အကူအညီပေးရမယ်။ စသည်အားဖြင့် သူတို့ဆောင်ရွက် ချက်လေးတွေ။ ယာယီ shelter ပေးမှာပေါ့နော်။ temporary shelter ပေးမယ် စသည်အားဖြင့် ဒီအချက်လေးတွေ ပါတာလည်း သူတို့ရှင်းပြပါတယ်။

ကျနော်တို့ဘက်ကတော့ ကျနော်တို့ နိုင်ငံခြားရေးမှာလည်း သတင်းထုတ် ထားပြီးပါပြီ။ ကျနော်တို့ရပ်တည်ချက်ကို ကျနော်တို့ကတော့ နိုင်ငံတကာ အသိုက်အဝိုင်းနည်းတူ ဒီလိုလှေစီးဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ဆိုတဲ့ ကိစ္စကို ကျနော်တို့ စိုးရိမ်ပါတယ်။ ထပ်တူထပ်မျှ လူသားချင်းစာနာမှု ရှု့ထောင့် က။ နောက်ပြီးတော့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကိုလည်း အထူးပဲ ကျေနပ်မိကြောင်း ပြောပါတယ်။ ကျနော်တို့ရဲ့ သဘောထားရပ်တည်ချက်ကို သိရတဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ကျေနပ်ပါတယ် ဆိုတာ ပြောပါတယ်။

ကျနော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အတတ်နိုင်ဆုံး လုပ်သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ ကျနော်တို့ပြည်ထောင်စုဝန်ကြီးက။ "

ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ယာယီလက်ခံဖို့၊ အကူအညီပေးဖို့ အတွက် ဗုဒ္ဓဟူးနေ့က ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံ သဘော တူညီခဲ့ကြတဲ့ အချက်ကိုလည်း ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ သုံးနိုင်ငံ သဘော တူညီချက် အရ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က လှေစီးပြေး ဒုက္ခသည်တွေကို တနှစ် ယာယီ လက်ခံမှာ ဖြစ်ပြီး ဒီ ယာယီလက်ခံထားတဲ့ ၁ နှစ်အတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီလူတွေကို နေရပ်ရင်းတွေ ပြန်ပို့ဖို့ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ လှေစီးပြေး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လူတွေလို့ သေချာရင် ပြန်လည်ခေါ်ယူဖို့ ပြောထားပြီး ဖြစ်သလို နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဆိုတဲ့ အသုံးအနှုန်း ကိုလည်း လက်မခံတဲ့ အကြောင်း ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုမ ထား တာကြောင့် နိုင်ငံတကာ နဲ့ လှေစီးပြေး ဒုက္ခသည် အရေး ဆွေးနွေးမှုတွေမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း သုံးစွဲလာရင် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း အစိုးရက ယတိပြတ် ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။



21.5.2015

သြစတြေးလျား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တွေကို အခြေချ နေထိုင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Tony Abbott ကပြောကြား လိုက်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံဖို့ လှေတွေနဲ့ လာရောက်သူ တွေကို သြစတြေးလျား နိုင်ငံ လို အနောက်နိုင်ငံ တခုမှာ ဘဝသစ် ထူထောင်ဖို့ အခွင့်ပေးမှာ မဟုတ် ကြောင်းလည်း သတိပေး လိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းတွေကို ထောင်နဲ့ ချီပြီး ရောက်လာတဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံသားတွေနဲ့ မြန်မာ နိုင်ငံမှာ အဖိနှိပ် အနှိပ်စက်ခံရလို့ ထွက်ပြေးလာတယ်လို့ ဆိုတဲ့ ရိုဟင်ဂျာ တွေကို သြစတြေးလျား နိုင်ငံက အခြေချ နေထိုင်ခွင့် ပေးဖို့ ရှိမရှိ မေးမြန်းချက်ကို မစ္စတာ Abbott က လက်မခံကြောင်း ဒီကနေ့ပဲ ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်မှာ ကမ်းပေါ်ခေါ်တင်ခဲ့တဲ့ ရွေ့ပြောင်းအခြေချသူ ၄၀၀ ကျော်ရဲ့ အခြေနေဟာ သိပ်ကိုဆိုးဝါးနေတယ်လို့ IOM နိုင်ငံတကာ အရွှေ့ပြောင်း အခြေချသူများ အရေး ဆိုင်ရာ ဆောင်ရွက်နေတဲ့ အဖွဲ့ပြောခွင့်ရ Joe Lowry က ပြောကြားနေချိန်မှာပဲ မစ္စတာ Abbottက အခုလို ပြောကြားလိုက်တာပါ။

ဒီ ရွှေ့ပြောင်းအခြေချသူတွေဟာ ပင်လယ်ပြင်မှာ လနဲ့ ချီနေခဲ့ရတာမို့ မျှော်လင့်ထားတဲ့အတိုင်း အခြေနေက ဆိုးဝါးနေပေမယ့် သူတို့ထဲက သေဆုံးသူတော့တယောက်မှ မရှိ ဘူးလို့ပြောပါတယ်။
သူတို့ဟာ Aceh ပြည်နယ်ထဲက လူသူအရောက်အပေါက်နဲတဲ့ နေရာကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ရောက်လာတာလာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည် တွေကို အင်ဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေးက မှတ်ပုံတင် စာရင်းယူ နေစဉ်

အောင်အောင်
20.5.2015

အရှေ့တောင် အာရှ ပင်လယ်ပြင် ကနေ ၀င်ရောက် လာတဲ့ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း အခြေချ နေထိုင်သူ၊ လူမှောင်ခိုကူး ခံရသူ လှေစီးပြေး ဒုက္ခသည် တွေကို ယာယီ လက်ခံ သွားဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ သဘောတူ လိုက်ကြ ပါတယ်။

မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာ ဒုက္ခသည်တွေကို ကူညီမယ် ဆိုပြီး ကြေညာ ခဲ့တာပါ။ ဒီအကြောင်း ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။

ဟိုတုန်းကတော့ ဒုက္ခသည်တွေကိုကူညီဖို့ ဒီနိုင်ငံတွေဟာ တွန့်ဆုတ်နေခဲ့ကြပေမဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီလှေစီပြေးဒုက္ခသည်တွေကို ကူညီမယ်ဆိုပြီး ကြေညာခဲ့တာပါ။ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်တွေအရ ခန့်မှန်းချေ လှေစီးပြေး ဒုက္ခသည် ၇,၀၀၀ လောက်ကို မလေးရှားနဲ့ အင်ဒိုနီးရှားက လူသားချင်းစာနာထောက်ထားရေး အကူအညီပေးတဲ့ အနေနဲ့ ယာယီခိုလှုံ နေထိုင်စရာ ပေးသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က ပြောပါတယ်။

“ပြန်လည် နေရာချထားရေးနဲ့ နိုင်ငံရင်း ပြန်ပို့ရေး လုပ်ငန်းစဉ်ကို တနှစ်အတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက အပြီးလုပ်ဆောင်မယ်ဆိုတဲ့ အခြေခံနဲ့ သူတို့ကို ယာယီနေထိုင်ခွင့်ပေးဖို့ ကျနော်တို့ သဘောတူလိုက်ပါတယ်။”

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Tanasak Patimapragorn တက်ရောက်ခဲ့ပါတယ်။ ဒုက္ခသည်တွေယာယီ ခိုလှုံနေထိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပေမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ခရီးတထောက် ၀င်ရောက်ခိုလှုံလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ ဒီယာယီခိုလှုံတဲ့ စခန်းတွေ ဆောက်လုပ်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Amen က ပြောပါတယ်။ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း သူက -

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ လူမှောင်ခိုကူးမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး တနိုင်ငံချင်းပဲဖြစ်ဖြစ် အတူပူးပေါင်းပြီးပဲဖြစ်ဖြစ် ဒီစက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ် ကျူးလွန်နေသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လိုအပ်တာတွေ အားလုံးကို အစိုးရတွေအနေနဲ့ ဆက်လုပ်သွားမယ်လို့ သန္ဓိဌာန်ချထားပါတယ်။”

IOM လို့ခေါ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများဆိုင်ရာ အကူအညီပေးရေး အဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပြောခွင့်ရ Joe Lowry က အခုလို လှေစီးပြေဒုက္ခသည်ကို ကူညီမယ့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုခဲ့ပါတယ်။

“မလေးရှား နိုင်ငံကနေ ဒီသတင်းထွက်လာတာ အရမ်းဝမ်းသာစရာပါ။ မကြာခင်မှာ ဒီဒုက္ခသည်တွေအနေနဲ့ ခိုလှုံခွင့်ရမှာပါ။ ကျနော်တို့အနေနဲ့ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး အစိုးရကိုလည်း ဒီလူတွေကိုလက်ခံပေးဖို့ တိုက်တွန်းနေခဲ့တာပါ။ သူတို့လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပေးဖို့လိုပါတယ်။ အခုတော့ သူတို့ ကို ဒီပင်လယ်ပြင်ကနေ ကယ်ဆယ်ပြီးတဲ့အခါ ကျနော်တို့ သူတို့ကို စောင့်ရှောက်မှု ပေးနိုင်ပါလိမ့်မယ်။”

ဒါပေမဲ့လည်း ဒေသတွင်းပင်လယ်ပြင်မှာရှိနေတဲ့ လှေစီးပြေးဒုက္ခသည်တွေကို တင်ဆောင်ထားတဲ့ စက်လှေတွေကို ရှာဖွေကယ်ဆယ်ဖို့ သဘောတူညီချက် မရှိခဲ့တာဟာလည်း ပြဿနာတရပ်အဖြစ် ဆက်ရှိနေဆဲပဲလို့ မစ္စတာ Lowry က ပြောပါတယ်။ သူတို့တွေကို အချိန်မှီ မကယ်ဆယ်နိုင်လျင် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ဒီအတောအတွင်း ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာပဲ နောက်ထပ် ရွှေ့ပြောင်းဝင်ရောက်သူ လှေစီးပြေးဒုက္ခသည် ၄၀၀ ကျော်ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ပါတယ်လို့ အေပီသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ Julok ဒေသ အုပ်ချုပ်ရေးမှုး Zainuddin က -

“ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေကို ကယ်ဆယ်ခဲ့တယ်လို့ ဒေသခံရွာသားတွေက သတင်းပို့ပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ လူ ၁၀၀ ကျော် ဒီကိုရောက်ရှိခဲ့ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသက Simpang Tiga ရွာကို ကယ်ဆယ်လာခဲ့တဲ့ လှေစီးပြေးဒုက္ခသည် ပထမအသုတ်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေ ၆၀ နီးပါး ပါဝင်ပါတယ်။ အခုရက်ပိုင်းတွေအတွင်း မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို ရေကြောင်းလမ်းကနေ ၀င်ရောက်လာတဲ့ လှေစီးပြေးဒုက္ခသည် ၃,၀၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ခိုကိုးရာမဲ့ ဖြစ်နေပြီး အစားအစာနဲ့ရေ ပြတ်လတ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေး ပြောဆိုထားပါတယ်။ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး လှေစီးပြေးဒုက္ခသည်အရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။



မသိင်္ဂီထိုက်
20.5.2015

ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမယ့် ရွှေ့ပြောင်း ၀င်ရောက်သူများ ဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်မယ့် အကြောင်း မြန်မာ အစိုးရက အတည်ပြု ပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေ အရေး ဖြေရှင်းနိုင်ဖို့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဒေသတွင်း အစိုးရတွေနဲ့ မြန်မာ အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်မယ့် တချိန်တည်း မှာပဲ မြန်မာ့ ရေပြင်ပိုင်နက် အတွင်း လူကုန်ကူမှု မရှိရေးနဲ့ ပင်လယ်ပြင် အတွင်း လှေတွေနဲ့ မျောပါနေကြတဲ့ လူကုန်ကူး ခံရသူတွေ အကူအညီ လိုအပ်ရင်လည်း မြန်မာ့ တပ်မတော်က ကူညီပေးဖို့ အဆင့်သင့် ရှိနေတယ် လို့လည်း ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့လိုက်ရပြီးတဲ့နောက် ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။ ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်ဆိုရင် မြန်မာဘက်က မတက်ဘူးလို့ မြန်မာအစိုးရဘက်က ယတိပြတ် ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘက်က Irregular Migrant (ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်မှု) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလို့ ထိုင်းအစိုးရက သုံးနှုန်းပြီး အစည်းအဝေး ဖိတ်ခဲ့တာမို့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်စေလွှတ်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစည်းအဝေးတက်မယ့်အကြောင်း အခုလို ပြောပါတယ်။

“ညီလာခံမဟုတ်ဘူး။ အစည်းအဝေးပေါ့နော် Irregular Migrant လို့ သူတို့က သုံးတယ်။ အဲဒီမှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးသားပါ လူမှောင်ခိုနဲ့ ပတ်သက်ပြီးတော့။ ဟို လောလောဆယ်တော့ အကြောင်းပြန်မှာပါ။ ဟုတ်။ ဟိုဘက်ကို အကြောင်းပြန်သွားမယ်။”

ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ၀င်ရောက်သူတွေရော၊ လတ်တလော ကပ္ပလီ ပင်လယ်ပြင်နဲ့ မလက္ကာရေလက်ကြားမှာ ကမ်းကပ်မရဘဲ ဒုက္ခရောက်နေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သုံးနှုန်းပြောဆိုကြတာတွေကို မြန်မာအစိုးရဘက်က ပယ်ချထားတာပါ။ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် အချိန်မရွေး ပြန်ခေါ်မယ်လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါပေမဲ့လည်း ပင်လယ်ပြင်မှာ လှေတွေနဲ့ မျောပါနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးဖို့ မြန်မာ့ရေတပ်နဲ့ လေတပ်က အဆင့်သင့် ရှိတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။

“ကျနော်တို့ ရေပြင်နဲ့ ဝေဟင်မှာ စောင့်နေပါတယ်။ အဲဒီကနေ စောင့်နေတာ တခုခုဖြစ်တယ်ဆိုရင် ကျနော်တို့က ဆောင်ရွက်ပေးဖို့ ရယ်ဒီရှိတယ်ဆိုတာကို ဖော်ပြထားတာ။ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးပါပြီ။”

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲမှာ လူကုန်ကူးသူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်သွားမယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို သွားရောက်မယ့် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၁ ဦးတို့လည်း မြန်မာ့ရခိုင်ကမ်းရိုးတန်းမှာ သောင်တင်ခဲ့တာမို့ အကူအညီပေးပြီး နေရပ်ရင်း ပြန်ပို့ခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဥဒေါင်းရွာ၊ ကံပူးချောင်းကန်၊ အဲဒီမှာ လှေစီးပြေးဒုက္ခသည်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ သွားပြီးတော့ စစ်တဲ့အချိန်မှာ ၁၁ ယောက်တွေ့တယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဆိပ်ကမ်းကနေ မလေးရှားနိုင်ငံကို သွားမယ့် စက်လှေပေါ်ကို တဦးချင်းသွားတယ်။ အဲဒီမှာ မလေးရှားကိုသွားဖို့ သင်္ဘောပေါ်မှာ စောင့်နေတဲ့အချိန်မှာ မလေးရှားကိုပို့ဖို့ အဆင်မပြေတော့တဲ့အတွက် သူတို့နေရပ်ကို ပြန်ပို့မယ်ဆိုပြီးတော့ မေလ ၁၅ ရက်နေ့က မနက် ၈ နာရီမှာ စက်လှေနဲ့ပြန်ပို့တယ်။ အဲဒီစက်လှေက ကျနော်တို့ ဘင်္ဂလား-မြန်မာနယ်စပ် အလယ်တန်းရွာ ချောင်းဝအနီးမှာရှိတဲ့ ပင်လယ်ရေထဲ ခုန်ဆင်းခိုင်းတဲ့အချိန်မှာ သူတို့ ရေမျောကမ်းတင်နဲ့ ကျနော်တို့ မြန်မာနိုင်ငံ မောင်တောဘက်ကို ရောက်လာတယ်လို့ သိရတယ်။ မဲဒီတော့ အဲဒီ ၁၁ ယောက်ကို မောင်တောခရိုင် လ၀ကကို ပြန်ပြီးတော့ လွှဲပြောင်းပေးလိုက်ပါတယ်။”

ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံစုံ အစည်းအဝေးမှာတော့ ထိုင်း၊ မြန်မာ၊ မလေးရှားတို့ တက်ရောက်ကြမှာ ဖြစ်သလို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမေရိကန် ပြည်ထောင်စုဘက်ကလည်း တက်ရောက်မယ်လို့ ပြောဆိုထားပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး မလေးရှား ဒုတိယ ပြည်ထဲရေးဝန်ကြီးကတော့ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်မှု မရှိစေဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဘက်က ပြတ်ပြတ်သားသား ပြောကြားဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာပါ။ မြန်မာဘက်ကတော့ ဒေသတွင်း လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နယ်စပ်ဖြတ်ကျော်ကြသူတွေအရေးကို မြန်မာနိုင်ငံတွင်း ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်တယ်လို့ မြန်မာဘက်ကို အပြစ်ပုံချမယ်ဆိုရင်တော့ လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

(ဓါတ်ပုံ - မောင်တောမြို့ Facebook)

ယျတင် (MYARF)
RB News
20.5.2015

"​ဘာ ... အလံစိုက်​လိုက်​တယ်​ ဟုတ်​လား... ​မောင်​ ... ကျမ ကို​သေချာ​ပြောပြပါ ... "

"ဟုတ်တယ်​ မိန်းမရာ ... ဒီမနက်​ကပဲ နယ်​ခြား​စောင့်​ရဲ​တွေနဲ့ ​မြေစာရင်းဦးစီးမှူးတို့လာပြီး အလံနီ​တွေ စိုက်​လိုက်​တာ... န.တ.လ ရွာ အသစ်​ ချ​ပေးမယ်​လို့ ​ပြောတာပဲ ... ခါတိုင်းလို သူတို့အတွက်​ လယ်​​ယာမြေလို​နေတယ်​​ပေါ့ ... ဒီတစ်​​ခေါက်​ ပါသွားတာက ​မောင်​တို့လယ်​​မြေ အားလုံးရယ်​ ... ဦးဖိုက်​ဆဲလ်​တို့ လယ်​​မြေ အားလုံးရယ်​ ... ကို​ရွှေလှတို့ လယ်​​ယာမြေလည်း တစ်​ဝက်​ပါသွားတယ်​.... အနီးအနားက အများကြီးပဲ... စုစု​ပေါင်း ဧက ၄၀၀ ​သိမ်းလိုက်​တာ ..."

သူတို့ရွာက လယ်​ယာ​မြေ ထပ်​သိမ်းလိုက်​ပြီး ကြားလို့ ဘယ်​သူ့​ မြေ​တွေပါသွားသလဲ သွားကြည့်​​သော ဦးအာလီ အိမ်​ပြန်​​ရောက်​​ရောက်​ချင်း မိန်းမဖြစ်​သူက တန်း​မေးလိုက်​၍ သူ စိတ်​မ​ကောင်းစွာနဲ့ ​ပြောပြလိုက်​သည်​။

ယောက်ျားဖြစ်​သူ၏ စကားကို ကြားကြားချင်း မိန်းမဖြစ်​သူက ချုံးပွဲချ ငို​ချလိုက်​​လေသည်​။

"မောင်​ရယ်​ ... ကျမတို့ ဘဝ ဘယ်​လို ရပ်​တည်​​တော့မှာလဲ ... မနှစ်​က သိမ်းတာမှာ ၅ ဧက ပါသွားတယ်​ ... ကျန်​ ၄ ဧက ကိုလည်း ထပ်​သိမ်းလိုက်​ပြီး ဆို​တော့ ကျမတို့ ဘယ်​လို စား​သောက်​ ​နေရမှာလဲ ​မောင်​ရယ်​ ... "

မိန်းမ ဖြစ်​သူ သိမ့်​ငယ်​စွာ ငိုချလိုက်​​တာကို မြင်​မိသဖြင့်​ ဦးအာလီ လည်း သူ့မျက်​ရည်​ကို မထိန်းနိုင်​​ပေ။ " မိန်းမ​ရယ်​ ... ငို​နေလို့ ဘယ်​ထူးမလဲ ... အစိုးရ သိမ်းတဲ့ဟာကို ဘယ်​သူ့ကို သွား​ပြောရမလဲ ... ​ရိုဟင်​ဂျာ လယ်​ယာ​မြေ​တွေ ကို သူတို့ အချိန်​မ​ရွေး သိမ်း​နေကျပဲ ... ဖြစ်​သလို ​နေရတာ​ပေါ့ ... ​မောင်​ အဓိက စဉ်းစား​နေတာက သားနှင့်​သမီးတို့ရဲ့ ပညာ​ရေး စရိတ်​ပဲ ..."

အချိန်​က ​နေ့ခင်းဖက်​ ထမင်းစားချိန်​။ ဦးအာလီ ဖျာခင်းပြီး လှဲနေလိုက်​သည်​။ ထမင်းစားချင်​စိတ်​မရှိ။ လယ်​ယာ​မြေ​တွေ သိမ်းတာ သိမ်း​ပေါ့ ... ​တောကိုသွားပြီး ဝါး​တွေ ထင်း​တွေ ခုတ်​ယူလာပြီး ​ရောင်းနိုင်​ရင်​ ​ကောင်းမှာပဲ​နော်​.... ၂၀၁၂ အ​ရေးအခင်းဖြစ်​ပြီး ​နောက်​ပိုင်း ဘယ်​ရိုဟင်​ဂျာကိုမှ ​တော ထဲ ဝင်​ခွင့်​လည်း မပြုဘူး။ သားနှင့်​သမီး တို့ရဲ့ ပညာ​ရေး စရိတ်​​တွေ ငါ ဘယ်​က ​ပေးရမလဲ။ စစ်​အစိုးရ ကာလတုန်းက​တောင်​ လယ်​ယာ​မြေ​တွေကို ဒီလို ဧက ရာ​ပေါင်းများစွာ တစ်​သုတ်​တည်း မသိမ်းခဲ့ဘူး။ ဒီ ဒီမိုက​ရေစီ အစိုးရ တက်​လာမှပဲ ငါတို့ ရိုဟင်​ဂျာ ​တွေရဲ့ လယ်​​မြေ​တွေ အသိမ်းများ​နေတာ။ ဘိုးဘွားတွေ ပိုင်​ခဲ့တဲ့ ​မြေ​ပြေစာ ​တွေရှိရက်သားနဲ့ ရိုဟင်​ဂျာ​တွေမှာ ​မြေပိုင်​ဆိုင်​မှု မရှိဘူး ဆိုပြီး သိမ်း​နေတာ။ ငါတို့ ရွာမှာ ရှိတဲ့ လယ်​ယာ​မြေ တစ်​ဝက်​​ကျော်​​ကျော်​ သိမ်းပြီးပြီ။ ကျန်​တဲ့ဟာကိုလည်း ဘယ်​​နေ့ သိမ်းလိုက်​မလဲ မသိ။ န.တ.လ ရွာ​တွေ တည်​​ပေးတာ တည်​​ပေး​ပေါ့။ ဘာလို့ ငါတို့ ထွန်​ယက်​ စိုက်​ပျိုးပြီး အသက်​​မွေးဝမ်း​ကျောင်း ပြု​နေတဲ့ လယ်​ယာ​မြေ​တွေကို သိမ်းပြီး အဲ့ဒီ န.တ.လ ​တွေကို ခွဲ​ပေးရတာလဲ။ သူတစ်​ပါး ဘဝ​တွေကို ရစရာမရှိ​အောင်​ ဖျက်​ဆီးလိုက်​ပြီး တစ်​ပါးသူ ဘဝကို တည်​​ထောင်​​ပေး​နေတာ တရားမျှတ ရဲ့လား။ လူသားဆန်​တဲ့ လုပ်​​ဆောင်​မှုလား။

"​မောင်​... ထမင်းစားလို့ရပြီ..."

မိန်းမဖြစ်​သူ လာ​ခေါ်မှ ဦးအာလီ အ​တွေးထဲက ရုန်းထွက်​လာ​ခဲ့သည်​။

"မိန်းမ​ရယ်​ ... ​မောင်​ ထမင်းမစားချင်​​တော့ဘူး ... စားလည်း စားဝင်​မှာ မဟုတ်​ဘူး ... မိန်းမတို့ပဲ စားလိုက်​​တော့ ... ​မောင်​ ခဏ အနားယူမယ်​..."

"မောင်​ရယ်​ ... ကျမ စဉ်းစားမိတယ်​​လေ ... ငို​နေလို့ ဘာမှ ဖြစ်​လာမှာ မဟုတ်​ဘူး .... ရှိတာ​လေးနဲ့ အဆင်​​ပြေသလို လုပ်​စားရမှာ​ပေါ့ ... လာ လာ ထမင်း စား​တော့မယ်​ ​မောင်​..."

မိန်းမဖြစ်​သူသည်​ အချိန်​ခဏ အတွင်းမှာပဲ ​ပြောင်းလဲလို့ သွား​ချေပြီ။ အခုနားက သူ ငိုခဲ့ဖူးသည်​​လေ။ ​သြော်​... ဖိနှိပ်​မှု ဒဏ်​ကို ခံစားရင်း ခံစားရင်း နဲ့ ခံနိုင်​ရည်​က မြင့်​တက်​လာပြီကိုး။ လှဲနေရင်​ လဲကျ​နေရဦးမှာပဲ။ အမျိုးသမီးတစ်​​ယောက်​​တောင်​ ခံနိုင်​ရည်​ရှိရှိ ရင်​ဆိုင်​နိုင်​ရင်​ ငါ ​ယောက်ျားဖြစ်​ပြီး ဘာလို့ အားငယ်​​နေရမှာလဲ။ ဦးအာလီ လှဲ​နေရာက ထလိုက်​ပြီး ထမင်း သွားစားလိုက်​​တော့သည်​။

"မောင်​ ... ​မောင်​ခံစား​နေရသလို ကျမလည်း ခံစားရပါတယ်​ ... ဒါ​ပေမယ့်​ ဘယ်တတ်​နိုင်​မလဲ ​မောင်​ ... ရိုဟင်​ဂျာလူမျိုးထဲက ဖြစ်​​နေ​တော့ .... ပြီး​တော့ ကမ္ဘာ့အဖိနှိပ်​ခံ လူနည်းစုလည်း ဖြစ်​​နေ​တော့ ...."

ပြောရင်းနဲ့ မိန်းမဖြစ်​သူ ပြန်​ ငိုချလိုက်​​လေသည်​။

"ဟာ မိန်းမရာ ... မငိုပါနဲ့ ... ​မောင်​တို့မှာ နွားနှစ်​​ကောင်​ ရှိ​သေးတာပဲ ... သူများလယ်​ယာ​မြေ​တွေ ငှားလုပ်​မှာ​ပေါ့ ဒီနှစ်​ ... အကြပ်​အတည်း ဖြစ်​​​လောက်​တာ မှန်​​ပေမယ့်​ ထိုင်​​နေရင်​ ပို ဒုက္ခ​ရောက်​မှာ​ပေါ့..."

"အင်းပါ ​မောင်​ ... မငိုမိဖို့ အားကို အမြင့်​ဆုံး တင်​ထားလိုက်​​ပေမယ့်​ ဒီစိတ်​က ဘယ်​လိုမှ မခံစား နိုင်​ဘူး​မောင်​... ဒီ​လောက်​​တောင်​ လူမဆန်​ ရရလား​မောင်​ရယ်​... ရိုဟင်​ဂျာ ဆိုတာလည်း သူတို့လို အသက်​ရှုရင်းနဲ့ အသက်​ရှင်​​နေတဲ့ လူသားပါ... ကိုးကွယ်​တဲ့ ဘာသာ တစ်​ခုမတူလို့ပဲ ဒီ​လောက်​​တောင်​ ညှဉ်းပန်း နှိပ်​စက်​ရတာလား ​မောင်​... "

အချိန်​ (၂) လကြာပြီး​သော်​-----

မိုးရာသီ စပြီ။ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက လယ်​ယာ​မြေ အသိမ်းခံခဲ့ရတဲ့ ​ကျေးရွာသားများကို အစည်းအ​ဝေး ​ခေါ်လိုက်​သည်​။ တစ်​ခုခု ထူး​နေပြီးလား ဆိုပြီး ​ဦးအာလီလည်း ​မျှော်​လင့်​ချက်​ တစ်​ပုံကြီးနှင့်​ အစည်းအ​ဝေးကို သွားတက်​လိုက်​သည်​။

ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက-

"မ​နေ့က မြို့နယ်​အုပ်​​ချုပ်​​ရေးမှူးက လပတ်​ အစည်းအ​ဝေးမှာ ​ပြောလိုက်တယ်​ ... သိမ်းလိုက်​ပြီး န.တ.လ ကို ခွဲ​ဝေ ​ပေးလိုက်​တဲ့ လယ်​ယာ​မြေ​တွေကို ယခင်​ လယ်​ယာ​မြေ ပိုင်​ရှင်​​တွေက ထွန်​​ပေးရမယ်​ ... ထွန်​ မ​ပေးချင်​သူက​တော့ တစ်​ဧက ကို ​ငွေ-၂၀၀၀၀ ကျပ်​စီ ​ပေး​ဆောင်​ရမယ်​ ... ဒါက ငါ​ပြော​နေတာ မဟုတ်​ဘူး .... မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ရဲ့ အမိန့်​ကို ​ကျေးရွာသားများကို အသိ​ပေး ​ကြေငြာ​ပေးတာပါ... မနက်​ဖြန်​က စပြီး ထွန်​​ပေးရမယ်​ ...

ကိုယ်​တိုင်​ ထွန်​မ​ပေးချင်​သူ က​တော့ အခုနားက ​ပြောသလို တစ်​ဧက ကို ​ငွေ -၂၀၀၀၀ ကျပ်​စီ လာ​ပေးပါ... ပျက်​ကွက်​ရင်​​တော့ နယ်​ခြား​စောင့်​ရဲ​တွေ လာဖမ်းပြီး ပြင်းပြင်းထန်​ထန်​ အ​ရေးယူ​တော့မယ်​..."

ဦးအာလီ၏ ​​ဒေါသ​သွေးသည်​ သူ့ဦး​နှောက်​ထိပ်​အထိ ​ရောက်​လာ​သော်​လည်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးကို ဘာတစ်​ခုမှ မတုန့်​ပြန်​မိဖို့ သူအ​တော်​ကြိုးစားပြီး ထိန်းသိမ်းလိုက်​သည်​။ ​ကျေးရွာ ​အုပ်​ချုပ်​​ရေးမှူးရုံးမှ ​အိမ်​အပြန်​ ​လျှောက်​လှမ်းလာခိုက်​ ဦးအာလီ အ​တွေးထဲ အစီအစဉ်​ ဆွဲလိုက်​ပြီ။ အိမ်​​ကို ​ရောက်​​ရောက်​ချင်းပဲ-

"မိန်းမ​ရယ်​ ... ရှိသမျှ​တွေ အကုန်​​ရောင်းမယ်​... ​နောက်​အပတ်​ စက်​​လှေထွက်​ဖို့ ရှိတယ်​... အဲ့စက်​​လှေနဲ့ အားလုံး သွား​တော့မယ်​ ... ဒီနိုင်​ငံမှာ ဆက်​ပြီး ​နေနိုင်​ဖို့ ငါ့မှာ ခံနိုင်​ရည်​ ထပ်​မရှိ​တော့ဘူး... ဥပ​ဒေက အကာအကွယ်​​ပေးတဲ့တစ်​​နေ့.... လူကို လူလိုမြင်​တဲ့ လူ​တွေ အုပ်​ချုပ်​တဲ့ တစ်​​နေ့ .... ငါတို့ အမိ နိုင်​ငံကို ပြန်​လာကြမယ်​... "

လူကုန်​ကူး ​နေသူပွဲစားများနှင့်​ ​တွေ့ဆုံ ညှိနှိုင်းပြီး​နောက်​ တစ်​ပတ်​​လောက်​အကြာ---- အချိန်​က ည ၆ နာရီ။ ဦးအာလီတို့ မိသားစုဝင်​အားလုံး သားတစ်​​ယောက်​ သမီးတစ်​​ယောက်​အပါအဝင်​ စုစု​ပေါင်း ​လေး​ယောက်​ မ​လေးရှားသွားရန်​ ​စောင့်​ဆို​င်း​နေ​သော ​လှေ​ပေါ်သို့ တက်​ရန်​ ခရီးဆက်​​နေ​တော့သည်​။

သွား​နေရာ လမ်းတစ်​​လျှောက်​ ဦးအာလီသည်​ တစ်​ကိုယ်​တည်း ​တွေးမိ​လေသည်​။ စိတ်​ထဲက​နေ သူ့အ​ဖေကို ​တိုင်​တန်းပြီး​ပြော​နေ၏။

အဖေ​ရယ်​ … အ​ဖေ သားကို ဆုံးမ သွားခဲ့တဲ့ ဆုံးမမှုကို သား ဆက်​ပြီး မ​စောင့်​နိုင်​​တော့ဘူး အ​ဖေ။ နိုင်​ငံထဲက ဘယ်​​တော့မှ ထွက်​မသွားပါနဲ့ ဆိုတဲ့ အ​ဖေ့ရဲ့ဆုံးမမှု ကို သား မလိုက်​နာတာ မဟုတ်​ပါဘူးအ​ဖေ။ သားတို့ကို နိုင်​ငံထဲက အတင်းတွန်းပို့​နေလို့ သားတို့ မနိုင်​တဲ့ အဆုံး ထွက်​သွား​နေရတာကို အ​ဖေ တမလွန်​က သိပြီး သားကို ခွင့်​လွှတ်​​ပေးပါ။ အမိ​မြေကို မုန်းလို့ အမိနိုင်​ငံကို မချစ်​လို့ ထွက်​သွားတာ မဟုတ်​မှန်း အ​ဖေ သိပါ​စေ။

စက်​​​လှေစီး လှိုင်းကြမ်းကို ဆန်​ပြီး သွား​နေတဲ့ခရီးမှာ မိမိအသက်​ ရှင်​သန်​ဖို့ ရာခိုင်​နှုန်း နည်းပါး​သော်​လည်း ဒီနိုင်​ငံထဲ ​နေရတာမှာ​တော့ အသက်​ရှင်​သန်​ နိုင်​ဖို့ ပို၍ ရာခိုင်​နှုန်း နည်း​ပေသည်​။

ဦးအာလီ၏ ဝမ်းနည်း​သော မျက်​ရည်​များ ပါးပြင်​​ပေါ်သို့ ​ရေတခွန်​လို ကျဆင်း​နေ​တော့သည်​။

Rohingya Exodus