နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
2.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ လောင်းဒုံ စေတီပြင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာ များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၃၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာ အုပ်စု ဆင်သေပြင်ရွာမှ အာဘူတော်ယုဖ် ၉ဘ) ဦးဟားဆူမီယာ (အသက် ၂၇ နှစ်) သည် ငါးစကြူး ကျေးရွာမှ ဆိုင်ကယ် တက္ကစီ တစ်စီးဖြင့် ငါးစကြူး ကျေးရွာမှ လောင်းဒုံ ကျေးရွာသို့ ပြန်သွားနေစဉ် လောင်းဒုံ စေတီပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လိမ်ညာ ဖမ်းဆီး၍ ငွေညှစ်ရန် ကြံဖန် နေသဖြင့် အာဘူတော်ယုဖ်က ထွက်ပြေးရန် ကြိုးစားခဲ့သည်။ 

သို့သော်လည်း နယ်ခြားစောင့် ရဲများက လိုက်လံ ဖမ်းဆီးပြီး နေ၀င်ချိန် အထိ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အာဘူတော်ယုဖ် ထံမှ ငွေကျပ် ၈ သောင်းနှင့် ဆိုင်ကယ် တက္ကစီ သမားထံမှ ငွေကျပ် ၄ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
2.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှကံ (မြိုလူမျိုး) နှင့် ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကူများ ဖြစ်သော ဦးမော်နိုရ်အာမတ်၊ ဦးမာတာမီးန်၊ ဦးအဒူရော်ဟိမ်းနှင့် ဘဒကား ကျေးရွာအုပ်စု ပန်ဇီရွာမှ ဦးတာဟဲရ်တို့က ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများထံ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၅) ရက်နေ့တွင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲ များ၏ အကူများက Symphony ဟန်းဆက် တစ်လုံးနှင့် သီချင်း နားထောင်ရင်း လမ်းလျှောက် သွားနေသည့် ဘဒကား ကျေးရွာမှ ဂျူဟာရ် (ဘ) ဦးဖေရာန်အလီကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ ပန်ဇီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ အတင်း အဓမ္မ ခေါ်ဆောင် သွားပြီး ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည့် အပြင် ၎င်းကျေးရွာမှ ရှော်မုလုခ် (ဘ) ဦးအဒူဆော်လာမ် ထံတွင်လည်း ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု အတင်း အဓမ္မ ထွက်ဆိုခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် ရှော်မုလုခ်ကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ လွန်ခဲ့သည့် မေလ အလယ်ပိုင်းတွင်လည်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဘဒကား ကျေးရွာ အုပ်စု၊ တောင်ရွာမှ အာဘာစ်မျာ (ဘ) ဦးနော်ဇိရ်အာမတ်ကို RSO အဖွဲ့အား ထမင်းကျွေးခဲ့သည်ဟု လုပ်ကြံ လီဆယ် စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းရွာမှ အခြား မိသားစု ၄ စုကိုလည်း ထိုကဲ့သို့ လုပ်ကြံ လီဆယ် စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ရာ မိသားစုများက ၎င်းတို့ တောင်းသည့် ငွေကို မပေးသဖြင့် နယ်ခြားစောင့် ရဲများနှင့် ဖမ်းဆီးရန် နေအိမ်များသို့ အကြိမ်ကြိမ် လာရောက် နှောက်ယှက် သဖြင့် ၎င်းမိသားစုများမှာ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင် နေရကြောင်း သိရှိရသည်။ 

ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြောင်း အမျိုးမျိုး ဖန်တီးကာ မကြာခဏ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



ကိုဉာဏ်ဝင်းအောင်
27.6.2015

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တွေဟာ တိုးတက်မှု တွေရှိ လာတယ် ဆိုပေမယ့် ရခိုင်ပြည်နယ် ကိစ္စ မှာတော့ နောက်ပြန် ဆွဲနေတဲ့ အခြေ အနေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာ မှာဖေါ်ပြ ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရခိုင် ပြည်နယ် တွင်းက ပြဿ နာတွေကို နေချင်းညချင်း ဖြေရှင်းလို့ မရနိုင်သေးပဲ လက်ရှိ အစိုးရ အနေနဲ့ကတော့ ဒေသတွင်း လူမှု အသိုင်း အ၀ိုင်း တွေကြား ပြန်လည် သင့်မြတ်ရေး အတွက် ကြိုးစား ဆောင်ရွက် နေတယ်လို့ မြန်မာ အစိုးရဖက်က တုန့်ပြန်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား အများအပြား ပြန် လွှတ်ပေးတာ၊ အကျဉ်းထောင်အခြေနေတွေ တိုးတက်အောင် လုပ်ပေးတာ၊ အပစ်အခတ် ရပ်စဲရေးကိစ္စကို လုပ်ဆောင်လာတာရှိပေမယ့် ရခိုင်ပြည်နယ်က ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာမှုအကူအညီပေးရေးကိစ္စကို အပြင်းအထန် ကန့်သတ် တာမျိုး အကြမ်းဖက် ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံ အကြောင်းတရားတွေ ကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင်ခံစာ မှာထောက်ပြ ထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက အခုလိုတုန့်ပြန်ပါတယ်။

" ဒီပြဿနာက ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှ ဖြစ်ပေါ်လာတာဖြစ်သော်လည်းပဲ ဟိုး အစဉ်အဆက် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ အများကြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ နောက်ခံအကြောင်းအရာတွေရှိပါတယ်။ အဲ့တာတွေကို နေ့ခြင်းညခြင်း ဖြေရှင်းလို့မရဘူး။ ဖြေရှင်းလို့မရသလို ပဋိပက္ခအလွန်ပေါ့နော်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ပေါင်းစီးစေ- ဆိုပြီး ချက်ခြင်း လုပ်လို့မရဘူး။ လုပ်လို့မရတော့ ကျနော်တို့က အဓိက အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု၊ မွန်းကျပ်နေတဲ့ ပြဿနာတွေပေါ့ ဒါတွေ အကုန်လုံးကို ခြုံငုံပြီး တော့ ရှင်းရတယ်ဆိုတဲ့ အချိန်တခုတော့ လိုပါတယ်။"

ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့မူဆလင် လူနည်းစု ကို တန်းတူညီမျှ အပြည့်အဝနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမှတ် ထားတာမျိုးမရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ ထောက်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဇော်ဋ္ဌေးက ခုလိုတုန့်ပြန်ပါတယ်။

" အလားတူပဲ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်လို့ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ လွှတ်တော် မှာလည်း တင်ပြဆွေးနွေးပြီးပြီ။ ဒီဥပဒေကို မပြင်ဘူး။ အစိုးရ အနေနဲ့ လည်း နိုင်ငံသားဖြစ်ခွင့်ကို ကျနော်တို့က ငြင်းပယ်တာမဟုတ်ဘူး။ သို့သော် ပေးမယ်။ ၈၂ခုနှစ် နိုင်ငံသားဥပဒေနဲ့ ညီရင်တော့ ပေးမယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ က ဘာတွေကြုံမလဲဆိုတော့ Verification Process ပေါ့နော်။ အဲ့ဒီ့အပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေကနေပြီးတော့ ဒီဘင်္ဂလီတွေကို နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်မှာ မပါဝင်အောင်ပေါ့။ မြှောက်ထိုး ပင့်ကော် လုပ်နေ တာတွေရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ဆက်စပ် အကြောင်းပြပြီးတော့ ဒီဟာကို ဖိအားပေးခြင်းဟာ တခါတရံမှာ ဘာဖြစ်လဲ ဆိုတော့ ပြည်တွင်းမှာ ပဋိပက္ခတွေ ပြန်ပြီးတော့ အရှိန်မြင့်လာစေတယ်။"

မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံရေးပရောဂနဲ့ ဖမ်းဆီးတာတွေ အကျင့်ပျက်ခြစားမှု စတာတွေပေါ် ဒေသခံအာဏာပိုင်တွေက ကျူးလွန်နေပေမယ့် ဒါကိုဖေါ်ထုတ်အရေးယူတာမျိုး အားနည်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအချက်ပေါ်မှာလည်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက တုန့်ပြန်ပါတယ်။

"သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်အောင်လို့ လုပ်နေ၊ ကြိုးပမ်းနေတယ်ပေါ့နော်။ ဒီလိုဒီအချိန်မှာ တပ်မတော်က မဟုတ်မမှန် လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုရင်လည်း အစိုးရကရော တပ်မတော်ခေါင်းဆောင်တွေ ကရော ကာကွယ်ခြင်းမရှိဘူးပေါ့နော်။ ကျနော်တို့က သိရင် အရေးယူပါတယ်။ အဲ့ဒီ့အပေါ်မှာ တချို့သော လူ့အခွင့်အရေး အဖွဲ့အစည်းတွေ မှာ မြန်မာနိုင်ငံ လည်း တခါမှ မရောက်ဖူးဘူး။ မရောက်ဖူးပဲနဲ့ အပြင်ကနေ မေးမြန်းတဲ့သတင်းအချက်အလက်တွေ လည်း ရှိတတ်တယ်ပေါ့နော်။ အဲ့ဒီ့လိုသတင်းအချက်အလက်တွေ Report တွေမှာ ပါတယ်ဆိုတာ ဟုတ်ပြီ။ အခု မြန်မာနိုင်ငံက နိုင်ငံတကာ နဲ့သင့်တင့်မျှတတဲ့ ဆက်ဆံရေးကို ထူထောင်နေ တယ်။ အဲ့တော့ အစိုးရကဖြစ်စေ၊ တပ်မတော်ကဖြစ်စေ မဟုတ်မမှန်တာ လုပ်မယ်ဆိုရင် ကျနော်တို့ သက်ဆိုင်ရာ ထိန်းကျောင်းရေး အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲ့တာတွေနဲ့ဆက်သွယ်ပြီးတော့ လုပ်သွားဖို့လိုသလို ကျနော်တို့ အစိုးရနဲ့ ဖြစ်စေ တပ်မတော်နဲ့ဖြစ်စေ သတင်းအချက်အလက်တွေပေးပြီးတော့ လုပ်တယ်ဆိုရင် ကျနော်တို့ ဒါတွေက အရေးယူမှာပါ။ သိရင်လည်း အရေးယူတယ်။ အခု ဒါတွေမှာ အားနည်းနေတယ်ဆိုတာက အဲ့ဒီ့ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ ကျနော်တို့က မြင်တယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် သတင်းလွတ်လပ်ခွင့် လွတ်လပ်စွာစုဝေးခွင့် ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာမှုပေါ် ကန့်သတ်တာတွေဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီးဖိနှိပ်ချုပ်ချယ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။



ရွှေအောင်
27.6.2015

ရခိုင်ပြည်နယ် အတွင်း မိုးကြီးပြီး မြေပြို တာကြောင့် လမ်းပိတ် ဆို့မှုတွေ ရှိနေပြီး အခုရက်ပိုင်း သတိထားသွားလာကြဖို့ ပြည်နယ် အစိုးရက သတိပေး နှိုးဆော် ထားပါတယ်။

ပြည်နယ် အတွင်း ၂ နေရာ လောက်မှာ မိုးကြီးလို့ မြေပြိုပြီး လမ်းပိတ် ဆို့နေတာ ရှိနေတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကျနော် မနက်က နောက်ဆုံး အချိန် အထိ ဆက်သွယ်ထား ရသလောက်တော့ ကယ်ဆယ်ရေး စခန်း ဖွင့်ပြီး လုပ်ရတဲ့ ပုံစံတော့ မရှိဘူး၊ မင်းဘူးဘက်က ရခိုင်ဘက် လာတဲ့လမ်းမှာ လမ်းပြိုပြီး လမ်းပိတ်နေတာ ရှိပါတယ်။ လမ်း ၄ နေရာလောက်ပိတ်နေလို့ အဲ့ဒီနေရာတွေမှာ ဘေလီတံတားထိုးပြီး ပြင်ရမယ့်အပိုင်း ရှိပါတယ်။ နောက်တခါ ကျောက်တော်နဲ့ မြောက်ဦးဘက်လာတဲ့ လမ်းဘက်မှာလည်း မြေပြိုတာတွေ ရှိတယ်။”

မိုးများပြီး ချောင်းမြောင်းတွေ ရေမြင့်တက်လာလို့ ကားလမ်းထိပ်ထိ ရေထိုးလာတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။

ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးလေ၀သဌာနက ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ရခိုင်နဲ့ တနင်္သာရီ အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး ရေကြီးနိုင်တယ်၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

အဲ့ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပြီး ဒေသအလိုက် မိုးကြီးခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်နဲ့ တနင်္သာရီ၊ ထားဝယ်ဘက်တို့မှာ ရေကြီး ရေဖုံးလွှမ်းတာနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရခိုင်မှာ နောက် ၃ ရက်၊ တနင်္သာရီမှာ နောက် ၅ ရက်လောက်ထိ မိုးကြီးနိုင်သေးတယ်လို့ ခန့်မှန်းပြောပါတယ်။

“မုတ်သုံက ခုချိန်ထိကို အားအလွန်ကောင်းနေသေးတယ်။ ရခိုင်ရော၊ တနင်္သာရီရော အားအလွန်ကောင်းနေသေးတယ်။ နောက် နှစ်ရက်သုံးရက်လောက်နေမှ ရခိုင်ဘက်က နည်းနည်းလေး ကျသွားမယ်၊ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ နောက်ထပ် ငါးရက်ခြောက်ရက်လောက်ထိ အားကောင်းနိုင်တဲ့ အနေအထား ရှိပါသေးတယ်ဗျ။”



ဗွီအိုအေမြန်မာပိုင်း
26.6.2015

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ လူထု ကြိုက် နှစ်သက်ရာ ခေါင်းဆောင် ရွေးချယ်ခွင့် ရရှိစေမဲ့ အဓိက အပြောင်း အလဲ တွေကို စစ်တပ်က ဟန့်တား လိုက်တဲ့ အတွက် အမေရိကန် အောက်လွှတ်တော်က ဒီမိုကရက်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန် အမတ် Steve Chabot တို့က ရှုတ်ချ လိုက်ကြပါတယ်။

လွှတ်တော်မှာ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လာမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု မရှိနိုင်ဘူး၊ ဒါမှမဟုတ် ခိုင်လုံ စိတ်ချ ရမှု မရှိနိုင်ဘူး ဆိုတဲ့ စိုးရိမ်မှုကို ပိုမို ခိုင်မာ သွားစေ ပါတယ်။

စစ်အုပ်ချုပ်ရေး လက်အောက်မှာ ရေးဆွဲပြီး မဲအတုအယောင်နဲ့ အတည်ပြုခဲ့ တဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေမလုပ်ရင် အဓိကအာဏာရပ်တွေ ပြည်သူ လူထုလက်ထဲမရောက်ဘဲ စစ်တပ်လက်ထဲ ကိုပဲ ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရအောင် လုပ်ထားတဲ့ နိုင့်ထက်စီးနင်း ဖွဲ့စည်းပုံပြဌာန်းချက်ကို အစိုးရက ဆက်လက် ဆုပ်ကိုင်ထားပါလိမ့်မယ်။

တိုင်းပြည်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားဆိုတာ ပြောစရာမလိုတဲ့ အတိုက်အခံတယောက်ကို ဘေးဖယ်ထားခြင်းဟာ လာမယ့်ရွေးကောက်ပွဲကို အခြခံကစပြီး အားနည်းယုတ်ညံ့သွားစေပါတယ်။

ရပ်တန့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုခြိမ်းခြောက်နေတယ်ဆိုတာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။



ဗွီအိုအေမြန်မာပိုင်း
26.6.2015

မြန်မာနိုင်ငံမှာ မူစလင် ဆန့်ကျင်ရေး အမုန်း စကားတွေ အင်တာနက် အွန်လိုင်း မှာ ပြောဆိုနေ ကြတဲ့ အပေါ် မြန်မာနိုင်ငံက အရပ် ဖက် လူမှု အဖွဲ့အစည်း တွေက လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်ေ တွနဲ့ အတူတွဲပြီး တုန့်ပြန် လုပ်ဆောင် ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကွန်ဂရက် လွှတ်တော် ကိုတင်သွင်းတဲ့ ၂၀၁၄ ခုနှစ်၊ နိုင်ငံတကာ လူ့အခွင့် အရေး အခြေအနေ ဆိုင်ရာ အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ အထူး ထောက်ပြ ထားတာ ကတော့ ရခိုင်ပြည်နယ် ဘက်က လူ့အခွင့် အရေး အခြေ အနေတွေပါပဲ။ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့တာ၊ အကျဉ်းထောင်အခြေအနေတွေ တိုးတက်အောင်လုပ်တာ၊ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ ဆက်လုပ်နေတာတွေအပါအ၀င် ၂၀၁၁ ခုနှစ်ကတည်းက ရလာခဲ့တဲ့ တိုးတက်မှု အခြေအနေ တစုံလုံးဟာ ရခိုင်ပြည်ဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာနာမှု အကူအညီပေးလုပ်ငန်းတွေကို အပြင်းအထန် ကန့်သတ်ထားပြီး အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံအကြောင်းတွေကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင် ခံစာကထောက်ပြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့ မူစလင်လူနည်းစုတွေကို တန်းတူညီမျှ ခွဲခြား မှုမရှိတဲ့ အပြည့်အ၀နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမထားဘူးလို့လဲဆိုပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေနဲ့ နိုင်ငံတ၀န်းမှာ သိသာထင်ရှားတဲ့ တခြား လူ့အခွင့်အရေးပြဿနာတွေ ဆက်ရှိနေ တုန်းပဲလို့လဲ အစီရင်ခံစာမှာဖော်ပြပါတယ်။ အဲဒီထဲမှာ မုဒိန်းကျင့်တာနဲ့ လိင်ပိုင်း အကြမ်းဖက်တာ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီး တာတွေလုပ်တာ၊ တရားဥပဒေစိုးမိုးရေး အားနည်းတာကြောင့် အကျင့်ပျက်ခြစားမှု၊ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ မျိုး ဒါမှမဟုတ် တရားဥပဒေအရ လုပ်ဆောင်နိုင်တဲ့နည်းလမ်း ရွေးချယ်ခွင့်ပေးတာမျိုး မရှိဘဲ မြေယာသိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတာ၊ သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ခြယ်တာ တွေ ပါဝင်တယ်လို့ အသေးစိတ် ထောက်ပြထားပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက အရပ်သားတွေကို အာဏာပိုင်တွေက အကာအကွယ်မပေးဘူးလို့လဲ ပြောပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာတာပေါ် ကန့်သတ်တာတွေ ဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီး ဖိနှိပ် ချုပ်ခြယ်နေတုန်းပဲလို့လဲ အစီရင်ခံစာမှာပြောထားပါတယ်။

လူမျိုးစုနဲ့ဘာသာရေးဆိုင်ရာ လူနည်းစုတွေ၊ နိုင်ငံမဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေသလို လူမှောင်ခိုကူးတာလဲ ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။ ကလေးတွေအပါအ၀င် အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေက အရင်တုန်းကထက် နည်းသွားပေမဲ့ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတချို့ကို အစိုးရက အကန့် အသတ်နဲ့လုပ်ခဲ့ပေမဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ချိုးဖောက်မှုတွေကတော့ အပြစ်ပေးအရေးယူ မခံရဘဲ ကင်းလွတ်နေတုန်းပဲလို့လဲ ပြောထားပါတယ်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့တချို့ဟာလဲ လူကြီးနဲ့ကလေးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သား စုဆောင်း တာနဲ့ ပဋိပကဖြစ်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာတွေအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲတာတွေရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်။



မသိင်္ဂီထိုက်
25.6.2015

မြန်မာဘက်က ဖမ်းဆီး ထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်သားကို ဒီကနေ့မှာ ပြန်လည် လွှဲပြောင်းပေးဖို့ စီစဉ်ထားတဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပါတယ်။ နှစ်နိုင်ငံ သံတမန်တွေကို ဆင့်ခေါ် ဆွေးနွေး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်ခြားစောင့် တပ်တွေရဲ့ ပစ်ခတ်မှု ကလည်း နားလည်မှု လွဲမှားတာသာ ဖြစ်ပြီး သံခင်း တမန်ခင်း မှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မှု မရှိခဲ့ဘူး လို့လည်း ပြောဆို လိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် မြန်မာ နယ်စပ် လုံခြုံရေးနဲ့ လှေစီးပြေးတွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး နောက်ဆုံးရ အခြေ အနေ တွေကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

မြန်မာ ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကိုကျူးကျော် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သား Nayak Abdur Razzak ကို လက်နက် အပြည့်အစုံနဲ့ ကြာသပတေးနေ့မှာ ဘင်္ဂလားဒေရှ့် ထံပြန်လည် အပ်နှံဖို့ စီစဉ်ထားတယ်လို့ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော် က ပြောပါတယ်။

“ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖို့ အစီအစဉ်ရှိတယ်နော်။ ဒီနေ့ လုပ်ဖြစ်လား။ မလုပ်ဖြစ်လားဆိုတာတော့ ကျနော့်ဆီ မက်ဆေ့ မရသေးဘူး။ လုပ်ဖြစ်လို့ရှိရင် ကျနော်တို့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်ပြီးလွှဲအပ်မယ်ပေါ့နော်။ သူ့ရဲ့ လက်နက်အပြည့်အစုံနဲ့ အတူ ကျနော်တို့ ဒီနေ့ ပြန်လွှဲအပ်ဖို့ လုပ်ထားပြီးပါပြီ။ အဲ့တော့ ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖြစ်တယ်။ မလုပ်ဖြစ်ဘူးဆိုတာတော့ ကျနော်တို့ နိုင်ငံခြားရေးရုံးမှာတော့ မတ်ဆေ့မရောက်သေးဘူး။ ဒါပေမဲ့ လုပ်မယ် ဆိုတဲ့ အစီအစဉ်ကိုတော့ ကျနော်တို့ ဟိုဘက်ဒီဘက်ညှိတာပေါ့။ ကျနော်တို့ဘက်ကတော့ လုပ်ဖို့ အဆင်သင့်ပဲ။ ဟိုဘက်က လက်ခံဖို့ လိုတာပေါ့။ ဟိုဘက်က လက်ခံတယ်ဆိုရင် ဒီနေ့ လုပ်ဖြစ်မယ်။”

နှစ်နိုင်ငံ နယ်ခြားစောင်တပ်တို့ကြား ပြုလုပ်မယ့် ဒီအလံတင် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတွက် ဘင်္ဂလားဒေရှ့်ဘက်ကလည်း ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထားတာပါ။ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးတို့က မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကို ဒီလ ၁၇ ရက်နေ့က စက်လှေနဲ့ ၀င်ရောက်လာခဲ့တာ ဖြစ်ပြီး မြန်မာ နယ်ခြားစောင့်တပ်ဘက်က စစ်ဆေးမေးမြန်းချိန်မှာ နှစ်ဖက်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

ဘင်္ဂလားဒေရှ့် တပ်ဖွဲ့ဝင် ၂ ဦးတို့ လွတ်မြောက်သွားပြီး တပ်သား Nayak Abdur Razzak ကိုတော့ မြန်မာ နယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာပါ။ဘင်္ဂလားဒေရှ့် ဘက်ကတော့ မသကာင်္တဲ့ စက်လှေတစင်းနောက်ကို လိုက်ရင်း နယ်ကျော်ခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။

မြန်မာဘက်ကတော့ ဘင်္ဂလားဒေရှ့်တို့ဟာ ကြိုတင် အသိပေးခြင်းလည်း မရှိ နိုင်ငံ အလံကိုလည်း မတင်ဘဲ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ချိုးဖောက် ၀င်ရောက်ခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ဒီကိစ္စ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ သံအမတ်ကြီးတွေကို အသီးသီး ဆင့်ခေါ်ဆွေးနွေးခဲ့ကြ ရတယ်လို့လည်း ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“ ကျနော်တို့ကလည်း သူတို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ရှင်းပြတာရှိတယ်။ သူတို့ကလည်း ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီး ရှင်းပြတာရှိတယ်။ အားလုံးကတော့ ပြေပြေလည်လည်ဖြစ်အောင် ကြိုးစားကြတာပေါ့။ ပြဿနာကတော့ ရှိတာချည်းပဲလေ။ ပြဿနာမရှိတဲ့ နယ်စပ်ဆိုတာ ရှိမှ မရှိတာ။ အဲ့တော့ ရှိတဲ့ပြဿနာကို တယောက်နဲ့တယောက် ဖော်ထုတ်တာပေါ့လေ။ ဖော်ထုတ်ပြီးလို့ရှိရင် ပြဿနာအပေါ်မှာ ဖြေရှင်းကြတာပါပဲ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ဒီအပေါ် ပြဿနာ အကြီးအကျယ် ထပ်ပြီးဖြစ်တာ မရှိပါဘူး။ တခုတော့ရှိတာပေါ့။ သူတို့က မြန်မြန်လွတ်စေချင်တယ်။ ကျနော်တို့ကလည်း မေးတာ မြန်းတာ လုပ်ရတာတွေရှိတယ်လေ။”

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်စပ် ဒေသ တကြောမှာ လူမှောင်ခို၊ မူးယစ်မှောင်ခိုမှုတွေကို ကိုင်တွယ်နိုင်ဖို့ မြန်မာဘက်က လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာချိန်မှာ အခုလို ထိပ်တိုက်မှုတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသခံ လုံခြုံရေး အာဏာပိုင်တို့ကတော့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားတွေဟာ တံငါလှေတွေဆီက ဆတ်ကြေးကောက်ဖို့ အတွက် မကြာခဏ ဆိုသလို မြန်မာ့ ရေပိုင်နက်ထဲကို ၀င်လာကြတယ်လို့ ပြောဆိုကြပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့  မြန်မာကြား နယ်စပ်ဒေသ လုံခြုံရေးနဲ့ ပတ်သက်လို့ နှစ်ဘက်တို့ ဆွေးနွေးနေကြရသလို တဖက်မှာလည်း မြန်မာဘက်က ကယ်ဆယ်ထားတဲ့ လှေစီးပြေးတွေ အရေးလည်း ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။

ရခိုင်ကမ်းလွန်ကနေ ပထမ အသုတ်ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ၁၈၇ ဦးတို့ကို ဘင်္ဂလားဒေရှ့် နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၁၃ ဦးတို့ထဲက ၈ ဦးတို့ကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ အဖြစ် အသိအမှတ်ပြုလိုက်တယ်လို့လည်း ဒုတိယ ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“အဲ့တော့ ကျန်တဲ့ ၅၀၀ကျော်ကတော့ သူတို့က စစ်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၅၀၀ကျော်ဆိုတော့ နည်းနည်း များလည်းများတော့ စစ်နေတယ်။ စစ်နေပြီးလို့ရှိရင်တော့ သူတို့ စပြီးတော့ သူတို့ ဘယ်တော့ လက်ခံမလဲဆိုတာ ကျနော်တို့လည်း စောင့်နေတာပေါ့လေ။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံး လွှဲပြောင်းပေးချင်တာပေါ့။ အမြန်ဆုံးလွှဲပြောင်းပေးနိုင်အောင်လည်း ကျနော်တို့ နှစ်ဘက် ညှိနှိုင်းနေပါတယ်။”

ဧရာဝတီ ကမ်းလွန် ပင်လယ်ပြင်ကနေ ဖမ်းဆီးရမိထားတဲ့ လှေစီးပြေးတွေထဲက ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားတဲ့ လူပေါင်း ၅၀၀ ကျော်တို့ကိုတော့ ဘင်္ဂလားဒေရှ့် သံအဖွဲ့က နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို အချိန်ယူ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။

ဒါကာမြို့ကနေ ရိုက်တာသတင်းဌာန ပေးပို့တဲ့ နောက်ဆုံးသတင်းမှာတော့ ပြီးခဲ့တဲ့ လတုန်းက ဖမ်းဆီးခံရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို မြန်မာဘက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။



ဘီဘီစီမြန်မာပိုင်း
25.6.2015

ရခိုင် ပြည်နယ် မဲစာရင်းကို ရခိုင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့က ထုတ်ပြန် ခဲ့ရာမှာ ပြည်နယ် အတွင်း မဲပေးခွင့် ရှိသူ လူပေါင်း တစ်သန်း သုံးသိန်းကျော် ရှိတယ်လို့ သိရပါတယ်။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်းထဲမှာ လက်ရှိ ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ စာရင်းတွေ မပါသေးဘူးလို့ သိရပါတယ်။

သူတို့ မဲစာရင်းထဲမှာ ပါဝင်ခွင့် ရမရ ရွေးကောက်ပွဲ တရားဝင် သတ်မှတ်ရက် ကြေညာပြီး ထုတ်ပြန်တဲ့ မဲစာရင်း မှာမှ သိနိုင်မယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွန်း က ပြောပါတယ်။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်းကတော့ ရခိုင် ပြည်နယ်အတွင်း နေထိုင်သူတွေ ဖြစ်ပြီး နိုင်ငံသားကတ် ကိုင်ဆောင်သူ ဗုဒ္ဓဘာသာတွေရော၊ အစ္စလာမ် ဘာသာဝင်တွေရော ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင် ပြည်နယ်အတွင်း ဝှိုက်ကတ်တွေကို ပြန်အပ်တဲ့ လူပေါင်း သုံးသိန်းကျော်ကို နိုင်ငံသား စိစစ်ခံရမယ့် အစိမ်းရောင် ကတ်တွေကို ထုတ်ပေးနေပါတယ်။

အဲဒီ အစိမ်းရောင်ကတ် ကိုင်ဆောင်သူတွေ ကတော့ မဲထည့်ခွင့် မရသေးပါဘူး။

အခု အခြေခံ မဲစာရင်း ထုတ်ပြန်တဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲအတွက် အပြီးသတ် ထုတ်ပြန်တာ မဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက် နုတ်ပယ်တာတွေ လုပ်နိုင်တယ်လို့ ဦးသူရိန်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မဲစာရင်း အရှုပ်အထွေးတွေ ရှိနေတဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဆူပူမှုတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး အများ ပြည်သူကြား စိုးရိမ်နေကြတယ်လို့ သိရပါတယ်။



ဒေါ်ခင်လှ
RB News
25.6.2015

ကျွန်မရဲ့ဖခင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ တာဝန်ကျစဉ် ၁၉၆၁ ခုနှစ် သင်္ကြန်တွင်း ပိတ်ရက် စစ်တွေမြို့က ဆွေမျိုးတွေနဲ့ အတူ ပေါက်တောမြို့ကို သွားခဲ့တယ်။ အဲဒီတုန်းက ရခိုင်ပြည်နယ် တစ်ခုလုံးမှာ အလွန်နာမည်ကြီးနေတဲ့ အသက် တစ်နှစ်ခွဲ အရွယ်သာရှိတဲ့ မွတ်စလင် ကလေးငယ် တစ်ဦး ဖြစ်တဲ့ ပယောဂဆရာလေးကို တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီ ကလေးငယ် ပယောဂဆရာလေးက မှန်းပြီးပေးတဲ့ ရေကို သောက်ရင် ကင်ဆာရောဂါက အစ ပျောက်ကင်းတယ်လို့ သိရလို့ ကျွန်မတို့တတွေ သွားခဲ့ရတာပါ။ ကလေးငယ် ပယောဂဆရာလေး ရှိတဲ့ မွတ်စလင်ရွာ အ၀င်ဝမှာ ကောက်ရိုး တန်းလျားရှည်တွေ ရှိပြီး၊ ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် အားလုံးတည်းခိုနေကြတယ်။ ကြက်ပျံမကျ စည်ကားလှသလို အစားအသောက်၊ ရေအိုးတွေနဲ့ ရေတွေလည်းရောင်းနေကြတာ မြင်ခဲ့ရတယ်။ ကျွန်မတို့လည်း ကောက်ရိုးတန်းလျားမှာဘဲ အိပ်ကြတယ်။ မနက်ရှစ်နာရီလောက်မှာ ကလေးငယ် ပယောဂဆရာလေးကို သူ့ဦးလေးက ချီပြီး ခေါ်လာတယ်။

ကလေးငယ် ပယောဂဆရာလေးက ဒိုအာတွေ ဖတ်ရွတ်ပြီး မန်းမှုတ်နေတာ မြင်ရတယ်။ လူတွေက ရေအိုးတွေ ကိုယ်စီနဲ့ တန်းစီပြီး စောင့်နေကြပါတယ်။ ကျွန်မအပါအ၀င် လူတွေအားလုံးက ကလေးငယ် ပယောဂဆရာလေးကို မြင်ချင်နေကြတာပါ။ ကလေးငယ် ပယောဂဆရာလေးက အသားညိုညို၊ နှာတံစင်းပြီး ချစ်စရာကောင်းပါတယ်။ အသက်က တစ်နှစ်ခွဲ အရွယ်လောက်သာ ရှိပေမယ့် သူ့ရဲ့ ဖတ်ရွတ် မန်းမှုတ်နေပုံကတော့ အံ့မခန်းပါဘဲ။ ကျွန်မတို့လည်း ရေမန်းတွေယူပြီး စစ်တွေမြို့ကို ပြန်လာခဲ့ကြတယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ လာမန်းပေးတယ်ဆိုတော့ လူတွေက ကောက်ရိုး တန်းလျားမှာဘဲ စောင့်နေကြရတယ်။

ပေါက်တောမြို့က မွတ်စလင်တွေကို ခိုးဝင် ဘင်္ဂလီ တံဆိပ်တပ်ပြီး ဒုက္ခသည် စခန်းတွေမှာ အကျဉ်းချထားတာကို တွေ့ရလို့ လွန်ခဲ့တဲ့ ၅၄ နှစ်က ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ မြင်ကွင်းကို ရေးရတာပါ။ ဒီလူတွေက မနေ့တစ်နေ့ကပဲ ခိုးဝင်လာတယ်လို့ ပြောသံကြားတိုင်း ကျွန်မ မယုံဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစုနှစ်က ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတဲ့ လူတွေက မနေ့တစ်နေ့ကမှ ခိုးဝင်လာသူတွေ ဖြစ်ပါ့မလား။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုနောက်ပိုင်း ပေါက်တောက မွတ်စလင်တွေလည်း ခိုးဝင် ဘင်္ဂလီ ဖြစ်ခဲ့ရတာပါ။ အမုန်းတရား မှိုင်းတိုက်ပြီး နိုင်ငံသားကို နိုင်ငံမဲ့ ဖြစ်အောင် လုပ်တယ်။ နိုင်ငံသားတွေကို နိုင်ငံသား ဖြစ်အောင် ပြန်စစ်တာ အဓိပ္ပာယ်မဲ့နေပါတယ်။ အိုးအိမ် အတည်တကျ နေထိုင်လာတဲ့ သူကို ဒုက္ခသည် စခန်းပို့ပြီး ဒုက္ခမျိုးစုံ ပေးထားတယ်။ ဒါတွေကို လူတွေ သိကြပါတယ်။ မသိယောင်ဆောင် နေတာပါ။ အမုန်းတရားရဲ့ လောင်းရိပ်အောက်မှာ ပျော်နေကြတာပါ။ ဒါပေမယ့် ဒီအမုန်းအတရားတွေကို မကြာခင် မြင်လာကြမယ်လို့ ကျွန်မ မျှော်လင့်နေပါတယ်။ ပေါက်တောက ဒုက္ခသည်တွေ ဒုက္ခအပေါင်းက လွတ်မြောက်ပြီး နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အမြန်ဆုံး ရကြပါစေ။

ဒေါ်ခင်လှ (ယူကေရောက် ဒုက္ခသည်)



ဗွီအိုအေမြန်မာပိုင်း
24.6.2015

ပါကစ္စတန်နိုင်ငံ ကရာချိ မြို့တော်မှာ လွန်ခဲ့တဲ့ သုံးရက် အတွင်း ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၇၀၀ ထက်မနည်း သေဆုံး ခဲ့ရပြီး ဒီကနေ့ အထိ အပူရှိန် လျော့ကျသွားမယ့် အရိပ် လက္ခဏာ မတွေ့ရ သေးပါဘူး။

လူဦးရေ သန်း ၂၀ ရှိတဲ့မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကြောင့် ပန်ကာတွေ၊ လေအေးပေးစက်တွေကို ဖွင့်လို့မရတဲ့အတွက် အခြေအနေ ပိုဆိုးနေတာပါ။ အခုဆိုရင် အပူဒဏ်ကို ခံနိုင်အောင် ကြိုးစားတဲ့အနေနဲ့ လူအများအပြား လမ်းတွေပေါ်မှာ ထွက်အိပ်နေကြပါတယ်။

ဒေသတွင်း ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်ဘက်ဆရာဝန်တွေလည်း ကူညီ ကုသပေးနေပါတယ်။

ကရာချိမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ရောက်သွားခဲ့ပြီး၊ Sindh ပြည်နယ်ရဲ့ ကျန်တဲ့နေရာတွေမှာလည်း ပါကစ္စတန်နိုင်ငံမှာ အခုချိန်ဟာ ကမ္ဘာတ၀ှမ်းက မူဆလင်တွေ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အစာ မစားဘဲ ဥပုသ်သီလ ဆောက်တည်ကြတဲ့ ရာမာဒန် အခါကြီးရက်ကြီး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ချစ်တောက်အောင်ပူတဲ့ အပူချိန်အောက်မှာ ပါကစ္စတန်နိုင်ငံသားတွေ အစာမစား ရေမသောက်ဘဲ ဥပုသ်စောင့်နေကြရပါတယ်။



မသိင်္ဂီထိုက်
24.6.2015

ရခိုင် ကမ်းလွန် ကနေ ဖမ်းဆီး ရမိတဲ့ လှေစီးပြေးတွေ ထဲက စက်လှေ လုပ်သားတွေနဲ့ စကားပြန် အပါအ၀င် ပတ်သက် ဆက်နွယ်သူ လူ ၂၀ တို့ကို လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေနဲ့ မောင်တောတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်ပါတယ်။

သူတို့ကို လူကုန်ကူးမှု နဲ့လည်း တရားစွဲဆို ထားပြီး လာမယ့် ဇူလိုင်လမှာ တရားရုံးတင် ကြားနာဖို့လည်း ရှိနေပါတယ်။ ပြစ်ဒဏ်ချ ခံခဲ့ရသူတွေ ဘက်က လုံလောက်တဲ့ ခုခံချေပခွင့် ရရှိခဲ့ပါသလား ဆိုတာနဲ့ အမှုသွား အမှုလာ အခြေအနေ တို့ကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က လှေစီးထွက်ပြေးကြသူ ၂၀၀ ကျော်တို့ကို တင်ဆောင်ပြီး မလေးရှားနိုင်ငံဆီ ဦးတည်မောင်းနှင်ရင်း ရခိုင်ကမ်းလွန်မှာ မြန်မာရေတပ်က ဖမ်းဆီးလိုက်တဲ့ထဲက စက်လှေဝန်ထမ်းတွေနဲ့ စကားပြန်တွေ အပါအ၀င် လူ ၂၀ တို့ကို မောင်တောတရားရုံးက ၁၉၄၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ၁၃ (၁) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ မောင်တောမြို့ခံ ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြစ်ဒဏ်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒီ လူ ၂၀ ကို လ၀ကပုဒ်မ ၁၃ (၁) နဲ့ စွဲတဲ့အမှုနဲ့ အမိန့်ချတာ၊ လူကုန်ကူးတဲ့အမှုနဲ့ အမိန့်ချတာ မဟုတ်ဘူး။ လ၀ကပုဒ်မနဲ့ စွဲထားတာ၊ လ၀ကပုဒ်မနဲ့ ချတာ၊ လူကုန်ကူးမှုနဲ့က တရားစွဲထားတုန်းပဲရှိသေးတယ်။ လ၀ကဥပဒေပုဒ်မနဲ့က သူတို့က အပြစ်ရှိတယ်လို့ ၀န်ခံတဲ့အတွက် ချတာပါ။ လူကုန်ကူးမှုဥပဒေနဲ့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အဲဒါအမှုနဲ့ စွဲထားတာပဲရှိသေးတယ်။ အဲဒါမချရသေးဘူး။”

နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကို တရားမ၀င် ကူးလူးသွားလာသူတွေအတွက် ချမှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ အမြင့်ဆုံးပေးနိုင်တဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ဘူးသီးတောင်ထောင်မှာ ထားရှိမှာ ဖြစ်ပါတယ်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်ခဲ့တယ်ဆိုတာကို ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးက ၀န်ခံခဲ့တာ ဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။ ဒီလူတွေကို နောက်ထပ် လူကုန်ကူးမှုနဲ့လည်း တရားစွဲဆိုထားပြီး လာမယ့် ဇူလိုင်လ အတွင်းမှာ ကြားနာမှာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ နာမည်တွေကိုတော့ အတိအကျ မပြောနိုင်ဘူးဆိုပြီး ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“မောင်တောဒေသခံ မပါဘူး။ လူစာရင်း အတိအကျ လူ ၂၀ နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဧရာဝတီတိုင်းပါတယ်။ ရန်ကုန်တိုင်းပါတယ်။ တနင်္သာရီတိုင်းပါတယ်။ မွန်ပြည်နယ်ပါတယ်။ ရခိုင်ပြည်နယ်က တယောက်ပါတယ်ထင်တယ်။ ရခိုင်ဘက်က မူဆလင် ကျောက်တော်ဆိုပြီး တယောက်ပါသလားလို့။ သေသေချာချာ မပြောနိုင်ဘူး။”

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က လှေစီးပြေးတွေကို အရှေ့တောင် အာရှနိုင်ငံတွေဆီကို တရားမ၀င် ပို့ဆောင်မှုနဲ့ လူ ၅ ဦးတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ရခိုင်ကမ်းလွန်ကနေ ဖမ်းဆီးရမိတဲ့ စက်လှေမှာ လူပေါင်း ၂၀၈ ယောက်တင်ဆောင်လာခဲ့တာဖြစ်ပြီး အများစုက ဘင်္ဂလားဒေရှ့် နိုင်ငံက ဖြစ်ကြပါတယ်။ ဒီထဲက ၁၈၇ ဦးတို့ကိုတော့ ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည် ပို့ဆောင်ပြီး ဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက်က လက်မခံသေးတဲ့ ကျန်တဲ့ ၁၃ ဦးတို့ကတော့ ရခိုင်ပြည်နယ်မှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။



ဇော်ဝင်းလှိုင်
ဗွီအိုအေမြန်မာပိုင်း
24.6.2015

အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ဖြစ်တဲ့ Ramadan ဥပုသ် ကာလမှာ ကမ္ဘာ တ၀ှမ်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အပြင် အကြမ်းဖက် နှိပ်ကွပ်မှု တွေကြောင့် ထွက်ပြေးနေ ရတဲ့ ဒုက္ခသည်တွေ အရေးကို အိမ်ဖြူတော်မှာ ဇွန်လ ၂၂ ရက်၊ တနင်္လာနေ့ညက ပြုလုပ်တဲ့ ၀ါဖြေ ညစာစားပွဲ အတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြား သွားတာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ တွေနဲ့ ပတ်သက် လို့လည်း ထည့်သွင်း ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုလည်း သမ္မတ အိုဘားမားနဲ့ စားပွဲဝိုင်း တခုထဲထိုင်ပြီး ညစာစားခွင့် ရခဲ့တာမှာ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေကို သမ္မတ အိုဘားမားထံ တိုက်ရိုက် ပြောဆိုခွင့်ရခဲ့တယ်လို့ မဝေေ၀နုက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။


ဝါဖြေညစာစားပွဲဟာ မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ ချိုးဖောက်လို့မရတဲ့ အခွင့်အရေး အပါအ၀င် အမေရိကန် နိုင်ငံသားတွေအဖြစ် အတူတကွ စည်းနှောင်ထားတဲ့ လွတ်လပ်ခွင့်တွေကို ပြန်ပြီး အမှတ်ရစေတယ်လို့ ညစာစားပွဲ မတိုင်ခင် ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ အိုဘားမားက ထည်သွင်း ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံအတွင်းက ဖိနှိပ် ချုပ်ချယ်မှုတွေကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးနေရတဲ့ အရေးတွေကို သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။

“ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေ၊ ဆင်းရဲ ချို့တဲ့ပြီး ငတ်မှုခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေမှာ ရာမာဒန် ဥပုသ်ကာလကို ဖြတ်သန်းနေကြတဲ့သူတွေ အပါအ၀င် ကမ္ဘာတ၀ှမ်း ညှဉ်းပန်း နှိပ်စက်မှုတွေ ခံစားနေရတဲ့သူတွေအတွက် ကျနော်တို့ ဒီည ထည့်သွင်း ဆုတောင်းပေးကြရအောင်ပါ။ ISIL - အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ရန်ကို တွန်းလှန် တိုက်ခိုက်နေကြတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံသားတွေ၊ အကြမ်းဖက် ဆူမှုတွေ အဆုံးသတ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ယီမင်နဲ့ လစ်ဗျားနိုင်ငံသားတွေ၊ မြေထဲပင်လယ်ကို ဖြတ်ပြီး စစ်ပွဲတွေနဲ့ အခက်အခဲတွေ ဘေးက ထွက်ပြေး လွတ်မြောက်လာသူတွေ၊ မနှစ်က ဖြစ်သွားခဲ့တဲ့ ပဋိပက္ခကနေ ပြန်လည် နလန်ထူနိုင်ဖို့ ကြိုးစားနေကြတဲ့ ဂါဇာဒေသကလူတွေ၊ ပင်လယ်ပြင်ထဲမှာရှိနေကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအ၀င် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးသင့်ပါတယ်။”

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြန်မာ ရေပိုင်နက် အတွင်း တစ်ဖက် နိုင်ငံမှ လုံခြုံေ ရးတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီး ရမိစဉ်။ (ဓာတ်ပုံ- MOI)

23.6.2015

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံ ထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လည် လွှဲပြောင်း ပေးရေးအတွက် မြန်မာဘက်က တောင်းဆိုချက်ကို လိုက်လျှော ရမယ်လို့ မြန်မာ နယ်ခြားစောင့်တပ်က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြ ထားပါတယ်။ အဲဒီ တောင်းဆိုချက် ကတော့ ကပ္ပလီ ပင်လယ်ပြင် အတွင်း မြန်မာ ရေတပ်က ကယ်တင် ထားလိုက်တဲ့ လူမှောင်ခိုကူး ခံရသူ လှေစီးပြေး ဒုက္ခသည် ၅၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လည် လက်ခံရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်လို့ မြန်မာအစိုးရက ပြောနေပေမယ့်လည်း သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ အရင် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒမရှိဘူးလို့ ပြောပါတယ်။ စစ်ဆေး မေးမြန်းပြီးတာတောင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်လက်ခံလိုက်တဲ့ အုပ်စုထဲမှာ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ မူဆလင်တွေ ပါလာတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသ Teknaf မြို့အနီးက နတ်မြစ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား ဇွန်လ ၁၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Nayek Abdur Razzak ကို မြန်မာဘက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။ တခြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

Razzak နဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအရေးဟာ သီးခြားစီဖြစ်ကြောင်း၊ အဲဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် ဆိုတာ စစ်ဆေးဖို့အတွက် အချိန်ယူလုပ်ဆောင်ရမှာဖြစ်ကြောင်း Teknaf မြို့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Abu Jar Al Jahid ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာဘက်က အဲဒီလို တောင်းဆိုတယ်ဆိုတာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တနင်္လာနေ့မှာ အတည်ပြု ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ် ပုံမှန်တွေ့ဆုံပွဲအတွင်း ဖမ်းခံထားရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွဲပြောင်းပေးရေးကိစ္စကိုပါ ထည့်သွင်း ညှိနှိုင်းခဲ့တယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး Assaduzzaman Khan Kamal က သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ Razzak ရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာတော့ မျက်နှာမှာ သွေးတွေ စွန်းနေပြီး လက်ထိပ်ခတ်ခံထားတဲ့ သူ့ရဲ့ပုံကို တင်ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့ မိသားစုကလည်း စိုးရိမ်နေသလို သူ့ရဲ့ ဇနီးကလည်း တနင်္လာနေ့မှာပဲ တတိယမြောက် ရင်သွေးကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP က လွှတ်တော်အတွင်း ဖိအားပေး ပြောဆိုမှုတွေ ရှိနေတာမှာ ဖမ်းဆီးမှု ဖြစ်ပွားပြီး ၆ ရက်ကြာတဲ့အထိ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွတ်လာအောင် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့အထိပါ တောင်းဆိုလာနေကြပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။



မဆုမွန်
22.6.2015

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်က အိမ်ဖြူတော်မှာ ဒီည ကျင်းပမယ့် အစ္စလာမ် ဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုကို အမေရိကန်သ မ္မတက ဂုဏ်ပြု ဖိတ်ကြား ထားပါတယ်။ မြန်မာနိုင်ငံ တွင်းက လူ့အခွင့်အရေး အခြေ အနေတွေ၊ ၂၀၁၅ ရွေးကောက်ပွဲ အနေအထားနဲ့ အာရှ ဒေသတွင်း နိုင်ငံတကာက အာရုံစိုက်နေ ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကို အမေရိကန် သမ္မတ အပါအဝင် အမေရိကန် အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံတဲ့ အခါ အဓိက ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ဖိတ်ကြား ခံရတဲ့ မဝေဝေနုက ပြောပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ မဆုမွန်က တင်ပြ ပေးထား ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ အမေရိကန်စံတော်ချိန် တနင်္လာနေ့ညပိုင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်မှာ ကျင်းပမယ့် “ဝါဖြေညစာစားပွဲ” ကို တက်ရောက်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်က မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ မဝေဝေနုကို ဖိတ်ကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်သီတင်းလမှာ အထွဋ်အမြတ်ထားကျင်းပတဲ့ ဝါဖြေညစာစားပွဲကို မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးဖိနှိပ်မှု လူမျိုးရေးခွဲခြားဆက်ဆံမှုမထားဘဲ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အခုလို အမေရိကန်အစိုးရလိုမျိုး မတူကွဲပြားတဲ့ ဘာသာတရားတွေအပေါ် လေးစားမှုနဲ့ ကျင်းပ ဆောင်ရွက်ပေးမယ်ဆိုရင် အမုန်းတရားနဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ မဝေဝေနုက ပြောလိုက်ပါတယ်။

“…ဝါဖြေတဲ့ညစာစားပွဲပေါ့နော်။ ဝါဖြေညစာစားပွဲဟာ ကျမအတွက်ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံမှာ ကျမတို့က မတူကွဲပြားမှု၊ တခြား ဘာသာတရားတွေကိုကျမတို့ လေးစားမှု၊ ဂုဏ်ပေးမှုတွေကို ကျမတို့မတွေ့ရပါဘူး။ မတွေ့ရဘဲနဲ့ သူများနိုင်ငံမှာလာပြီးတော့ သူများနိုင်ငံကနေပြီးတော့ ဒီလိုမျိုးဖိတ်ပြီးတော့ ကျမတို့ကို လေးစားဂုဏ်ပြုပေးတယ်ဆိုတဲ့ဟာ အရမ်းကို အင်မတန် ဝမ်းမြောက်ဝမ်းသာစရာ ဖြစ်ပါတယ်။ …ဆိုတော့ ဒါမျိုး အလေ့အထတွေကို ကျမတို့ ပြည်တွင်းထဲမှာလည်း ကျမတို့မြန်မာနိုင်ငံအစိုးရကလည်း လုပ်ပေးတာမျိုးကို မြင်ချင်ပါတယ်။ အဲဒါမှ ပြည်တွင်းထဲမှာရှိနေတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ပြည်သူတွေအချင်းချင်းကြားထဲမှာ မယုံကြည်မှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရတွေ ကိုယ်နှိုက်ကိုက ဦးဆောင်ဦးရွက်ပြုပြီးတော့ ဘာသာတရားတွေကို လေးစားပေးတယ်၊ ဂုဏ်ပြုပေးတယ်ဆိုလို့ရှိရင် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ မယုံကြည်မှုတွေ သောကတွေ ပျောက်သွားမယ်လို့ ထင်ပါတယ်ရှင့်။”

အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်တဲ့ ဒီဝါဖြေညစာစားပွဲအတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေတွေကို အဓိကဆွေးနွေးတင်ပြသွားမှာဖြစ်တယ်လို့ မဝေဝေနုက ပြောပါတယ်။

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲမှာ အားပေးတာကို ကျမတို့ထောက်ခံတယ်-ပေါ့နော်၊ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း စစ်မှန်တဲ့ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ဖို့လိုတယ်ပေါ့နော်၊ ရိုးသားတဲ့ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ လိုတယ်၊ လူတွေရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖြစ်ဖို့လိုတယ်-ပေါ့နော်။ နောက်တခါကျတော့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီ ဖြစ်ဖို့လိုတယ်၊ လူနည်းစု တစုကိုပဲဖြစ်ဖြစ်၊ တချို့သောလူတွေကိုပဲဖြစ်ဖြစ် ဖယ်ကျဉ်ပြီးတော့၊ ဒါမှမဟုတ်ရင် နှိပ်ကွပ်ပြီးတော့မှ ရတဲ့ဒီမိုကရေစီမျိုး မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးပေါ့။ အဓိက စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွကို ကျမတို့ကို အားပေးသွားပါ-လို့ ကျမက ပြောချင်တယ်။ နောက်တခါကျတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ တကယ့်ကို အခြေခံကျတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို အရင်ဆုံးဖြေရှင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားဖို့လည်း ကျမ ပြောချင်တယ်။ အထူးသဖြင့် ရခိုင်ဒေသမှာရှိတဲ့ပဋိပက္ခတွေ၊ နောက်ပြီးတော့ ကချင်စစ်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို အဓိက အမြန်ဆုံးဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းဖို့ ကျမပြောချင်တယ်။ နောက်တခါ တရားမျှတမှုနဲ့ဆိုင်တဲ့ကိစ္စတွေ”

မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အပြောင်းအလဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအချို့မဲပေးခွင့် မရှိဘဲ နိုင်ငံသားအခွင့်အရေး မရကြတာတွေ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့် မရကြတဲ့ အနေအထားတွေကိုလည်း ရှင်းပြသွားမယ်လို့ မဝေဝေနုကပြောပါတယ်။

အာရှဒေသတွင်း ပင်လယ်ပြင်တွေမှာ ဒုက္ခရောက်နေကြရတဲ့ အကူအညီမဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး ဘာကြောင့် သူတို့ဟာ နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေးကြရပါသလဲဆိုတဲ့ အကြောင်းရင်းကို အဓိကထား ဦးစားပေးစုံစမ်းပေးဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရအပေါ် အမေရိကန်အစိုးရဘက်က ဖြေလျော့မှုတွေနဲ့ ဆက်ဆံနေတဲ့မူဝါဒသဘောထားတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ မဝေဝေနုက ဆိုပါတယ်။

Justice for Women အဖွဲ့ ဦးဆောင်သူ မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း Gorge W. Bush ရဲ့  Bush Center က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု ( Liberty and Leadership) သင်တန်းရဲ့ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီသင်တန်းကို ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့အတူ တက်ရောက်ခဲ့တာဖြစ်ပေမဲ့ မဖြိုးဖြိုးအောင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကိုလင်းထက်နိုင်ကတော့ အာဏာပိုင်တွေရဲ့ လက်ကလွတ်မြောက်အောင် တိမ်းရှောင်နေရဆဲဖြစ်လို့ သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သင်တန်းဆင်းပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။



Rohingya Eye
RB News
22.6.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်ရှိ ဦးမူဟီဘုလ္လာ (ဘ) ဦးမူဇာရ်မျာ (အသက် ၄၈ နှစ်) သည် ၎င်း၏ စားကုန်ဆိုင်တင် ဇွန်လ (၂၀) ရက်နေ့ ည (၉) နာရီ အချိန်က ဆိုင်ရောင်းနေစဉ် နယ်ထိန်းရဲ အဖွဲ့ ခေါင်းဆောင် တပ်ကြပ် ကျော်ဌေးနှင့် အတူ ရဲတပ်ဖွဲ့ဝင် (၄) ဦး၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ တို့ရောက်ရှိလာပြီး ရှာဖွေ ပုံစံဖြင့် ဆိုင်အတွင်း ရှာဖွေခဲ့ရာ၊ ဆိုင်၏ တစ်နေရာတွင် ရှာဖွေသည့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုထားကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဆိုင်ရှင် ဖြစ်သူ ဦးမူဟီဘုလ္လာကို ရဲများက ခြေထောက်ဖြင့် ကန်ကျောက်၍၊ ရွာသားများ ရှေ့မှောက်တွင် ရိုက်နှက် ခဲ့သည်။ ထို့နောက် ဦးမူဟီဘုလ္လာကို လက်ထိပ်ခတ်၍ ခေါ်ဆောင် သွားစဉ် ရဲများက ငွေကျပ် ၄ သိန်း ပေးလျှင် ပြန်လည် လွှတ်ပေးမည်ဟု ဆိုသဖြင့် အိမ်နီးချင်း တစ်ဦးက ငွေကျပ် ၄ သိန်း ထုတ်ပေးခဲ့ရာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News ပြောသည်။ 

“ကျွန်တော်တို့ကို ဥပုသ်လ အချိန်တောင် မရှောင်ဘူး၊ အနှောက်အယှက် ပေးနေတယ်။ တစ်ရက် စ.ရ.ဖ အဖွဲ့ လာတယ်။ နောက်တစ်ရက် နယ်ထိန်း ရဲအဖွဲ့၊ တစ်ဖက်မှာ အုပ်ချုပ်ရေးမှူး ကျော်ဇံလှနဲ့ နေ့တိုင်း ပူးပေါင်းပြီး ပုံစံအမျိုးမျိုးနဲ့ နှောက်ယှက် ပေးနေတယ်။ သူတို့ကြောင့် ရောင်းဝယ်ရ၊ နေထိုင်ရတာ အခက်အခဲ ဖြစ်လာတယ်။ အထက် လူကြီးတွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူပေးသင့်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
21.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး (ဖေရာန်ဖူရူး) ကျေးရွာအုပ်စု၊ ဆာဇီးရွာမှ အာရဗီ စာသင်ကျောင်း၊ ကျောင်းအုပ်ကြီးဟောင်း မော်လ၀ီ နူရ်ဟာဖီးဇ် (ဘ) ဦးနူရ်အီမာန် (အသက် ၃၄ နှစ်) သည် ဇွန်လ (၁၆) ရက်နေ့ ည (၉) နာရီ အချိန်တွင် ၎င်းပိုင် ပုဇွန်ကန်၌ ငါးဖမ်းနေစဉ် ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦး ရောက်ရှိလာပြီး ၎င်းကို စခန်းသို့ လိုက်ရန် ခေါ်ရာ ၎င်းက မိမိသည် ညမထွက်ရ အမိန့်ကို ကျူးလွန်ခြင်း မရှိဘဲ မိမိ၏ ပုဇွန်ကန်တွင် ငါးဖမ်းနေခြင်း ဖြစ်သည့်အတွက် မည်သည့် အကြောင်းကြောင့် လိုက်ရမည်ကို မေးမြန်းရာ နယ်ခြားစောင့် ရဲများက အတင်းဆွဲ၍ ခေါ်ဆောင် သွားပြီး စခန်းသို့ ရောက်သည့်အခါ သစ်သားချောင်းဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ရာ မျက်ခုံးတစ်ဘက် ကွဲသွားသည့် အပြင် ကျောဘက်တွင်လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

၎င်းနှင့် အတူ အခြားသော ပုဇွန်ကန်များမှ လူ (၃) ဦးကိုလည်း ဖမ်းဆီး သွားခဲ့သည်။ မိသားစုဝင် များက ၎င်းတို့ကို တစ်ညလုံး ရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ ဇွန်လ (၁၇) ရက်နေ့ နံနက် (၈) နာရီ အချိန်မှသာ နယ်မြေ (၆) ရုံးတွင် ထိန်းသိမ်းထားသည်ကို သိရှိပြီးနောက် နံနက် (၉) နာရီ အချိန်တွင် မိသားစုဝင်များ သွားရောက်၍ မော်လ၀ီ နူရ်ဟာဖီးဇ်ကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ ငွေကျပ် နှစ်သိန်း ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အခြားသော ပုဇွန်ကန်များမှ ဖမ်းဆီး ခံရသည့် ဦးအဒူဇော်လိလ် (ဘ) ဦးအဘူဆာလဲခ် (အသက် ၃၀ နှစ်)၊ ဟာဖီ်း အေကာရာမ်အူလ္လာ (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ဦးအာမိရ်ဟူဆောင်း (ဘ) ဦးအဒူမော်တာလောဖ် (အသက် ၄၅ နှစ်) တို့လည်း ငွေကျပ် နှစ်သိန်းစီ ပေးခဲ့ရကြောင်း သိရသည်။ 

“ဒီနယ်ခြားစောင့်ရဲတွေက ညအချိန်ကျရင် အရက်သောက်ပြီး မူးယစ် ရမ်းကားတယ်၊ တွေ့တဲ့လူတွေကို မတော်မတရား ရိုက်နှက်တယ်၊ မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်တယ်၊ အဲလို မင်းမဲ့စရိုက် ဆန်ဆန်လုပ်နေတာတွေကို ဘယ်သူမှ ထိထိရောက်ရောက် အရေးယူပေးတာလဲ မတွေ့ရဘူး၊ အခု နယ်ခြားစောင့် ရဲတွေက အရင် န.စ.က တွေထက် အကျင့် စာရိတ္တလည်း ပိုဆိုး၊ အရည်အချင်းလည်း ညံ့ဖျင်းတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။



ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
21.6.2015

ပန်းတိုင်ရှိရာသို့

နှင်ရတဲ့ခရီး ကြမ်းတမ်းသမို့
အကြိမ်ကြိမ်လဲလို့ ပြေးလမ်းလွဲလည်း
အားမာန်မပျက် ပြန်ပြန်ထ၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။

ချွေးစက်နှင့်လူ ခရီးပန်းသူ
ခြေကုန်လက်ပန်း ကျသည်ကြားက
ဇွဲ၊လုံလကို အဖော်ပြု၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။

ခရီးပန်း၍ မောဟိုက်နေလည်း
လွတ်လပ်မှုသာ တစ်ခုတည်းပါ
ထိုအတွေးကို ရင်မှာပိုက်၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။

ဖိနှိပ်ရက်စက် ပြင်းထန်လွန်းလည်း
အပြုံးမပျက် ရှေ့သို့သာချီ
ကျွန်ဘဝက လွတ်မြောက်ချင်ပြီ
ရိုဟင်ဂျာသားငါ
ပန်းတိုင်ရှိရာ ပြေးမြဲပြေးမည်။



MYARF
RB News
20.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အထက်ပြူးမ ကျေးရွာမှ ဦးဟူဆောင်း (ဘ) ဦးနူရ်အာမတ်၏ သမီး ဖြစ်သူမှာ ဇွန်လ (၁၄) ရက်နေ့ ညသန်းခေါင်ယံ ၁၂း၁၅ နာရီ အချိန်တွင် ၀မ်းပျက်ဝမ်းလျှော ဝေဒနာခံစား နေရ၍ ဦးဟူဆောင်း၏ ဇနီးက ၎င်း၏ ဆွေမျိုး တော်စပ်သူ ဦးအီလီယာစ် (ဘ) ဦးကာလူ၏ နေအိမ်သို့ သွားရောက်၍ သမီးဖြစ်သူကို ငါးခူရ ဆေးရုံသို့ ပို့ရန် အကူအညီ တောင်းရာ ဦးအီလီယာစ်က ညမထွက်ရ အချိန်ဖြစ်သဖြင့် ဦးစွာ အာဏာပိုင်များကို အကြောင်းကြားရမည် ဆိုကာ အိမ်မှ ထွက်လာစဉ် ဦးအီလီယာစ်၏ အိမ်ရှေ့တွင် ကင်းချထားသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲနှစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ 

နယ်ခြားစောင့် ရဲနှစ်ဦးမှ တစ်ဦးက ဦးဟူဆောင်း၏ ဇနီးဖြစ်သူအား ပစ်မှားရန် ကြံရွယ်၍ ဦးအီလီယာစ်ကို မလိုက်လာရန် တားမြစ်ပြီး၊ အမျိုးသမီး တစ်ဦးတည်းသာ စခန်းသို့သွား၍ ခွင့်ပြုချက် ယူရမည်ဟု ဆိုသည်။ သို့သော်လည်း ဦးအီလီယာစ်က အမျိုးသမီး တစ်ဦးတည်း လွှတ်လျှင် အန္တရာယ်များသောကြောင့် အတူလိုက်ပါသွားရန် ပြောသဖြင့် နယ်ခြားစောင့် ရဲများနှင့် စကားများ ခဲ့ရသည်။ နောက်ဆုံးတွင် ဦးအီလီယာစ်၏ ခြံဝင်းမှ ပေ ၂၀ ခန့်အကွာသို့ အရောက်တွင် နယ်ခြားစောင့် ရဲတစ်ဦးက ဦးအီလီယာစ်ကို သေနတ်ဖြင့် ၃ ချက်တိတိ ပစ်ခတ်ခဲ့ရာ ဦးအီလီယာစ်၏ ပေါင်နောက်ဘက်တွင် ကျည်ဆံမှန်ပြီး ရှေ့ဘက်မှ ပေါက်ထွက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

သေနတ်ပစ်သံ ကြားရ၍ ငါးခူရစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးသည် ၁၅ မိနစ်ခန့် အကြာတွင် အခင်းဖြစ်ပွားသည့် နေရာကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နယ်ခြားစောင့် ရဲအပါအ၀င် အထက်ပြူးမ ကျေးရွာ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးကိုလည်း ငါးခူးရ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့နှင့် အတူ သေနတ်ဖြင့် ပစ်ခံရသည့် ဦးအီလီယာစ်ကိုပါ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးအီလီယာစ်ကို ငါးခူရ ဆေးရုံတွင် ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။ 

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရေးပေါ် လူနာဖြစ်နေသည့် ၀မ်းပျက်ဝမ်းလျှော ဝေဒနာ ခံစားနေရသူကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဇွန်လ (၁၅) ရက်နေ့တွင် ဦးအီလီယာစ်ကို မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နယ်ခြားစောင့်ရဲ (၅) ဦး အစောင့်ထား၍ မိသားစုများနှင့် တွေ့ဆုံခွင့် မပေးကြောင်း သိရသည်။ ဧပြီလ အလယ်တွင်လည်း အထက်ပြူးမ ကျေးရွာမှ ဦးဆွေတာမတ် (ဘ) ဦးနူရ်အာလောမ်ကို အောက်ပြူးမ ရခိုင်ရွာမှ ရခိုင်များနှင့် ပူးပေါင်း၍ သတ်ဖြတ်ခဲ့သည်။

လယ်ပိုင်ရှင် မော်လ၀ီ ဦးဖော်ဇော် အာမတ် (ဓါတ်ပုံ - RB News)

RB News
20.6.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ လယ်ပိုင်ရှင် တစ်ဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူးက လယ်မြေ အထောက်အထား မရှိဟု ဆိုကာ ငွေညှစ်ခဲ့သည့် အပြင် လယ်မြေ ထွန်ယက်ခွင့်ကိုပါ ရပ်ဆိုင်းထား သဖြင့် လယ်မြေပါ ဆုံးရှုံးနေရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သတင်း ရရှိပါသည်။

၁၉၉၉ ခုနှစ်က တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦး ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးအာဘူဘော်ကော်ရ်က ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်စုရှိ ၎င်း၏ လယ် တစ်ဧက အတွက် ၁၉၉၉ ခုနှစ်တွင် ယင်းအချိန်က ရ.၀.တ ဥက္ကဌ ဖြစ်သူ ဦးရှော်ဘိရ်အာမတ် (ယခု အုပ်ချုပ်ရေးမှူး) ၏ မြေခွန် ပြေစာ စည်းကြပ်ပေးရန် ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဌာနမှ (၁၀၅) မြေပုံနှင့်တကွ မြေခွန်ပြေစာပါ စည်းကျပ် ရယူပြီး ၂၀၁၅ ခုနှစ်တွင် တည်ငြိမ် အေးဆေးစွာ လုပ်ကိုင်လာခဲ့သည်။

ယခုအခါ ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘော်ဘိရ်အာမတ် (ယခင် ရ.၀.တ ဥက္ကဌ) က လယ်ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်လ်အာမတ် ထံတွင် ခိုင်လုံသည့် အထောက်အထား မရှိဟု ဆိုကာ အုပ်ချုပ်ရေးမှူး အာဏာကို အလွဲသုံးစား ပြုလုပ်၍ အမျိုးမျိုး ခြိမ်းခြောက် ဖိအားပေးကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ငွေကျပ် ၃ သိန်း ညှစ်ယူပြီးနောက် လယ်ပိုင်ရှင် ဖြစ်သူအား မိုးရာသီတွင် လယ်မြေသို့ သွားရောက်၍ ထွန်ယက်ခွင့် မပြုဘဲ၊ ကျောက်ချောင်း ကျေးရွာ အုပ်စု ရွာသစ်ရွာနေ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဟာဆောင်အလီအား ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်အာမတ်က မော်လ၀ီ ဦးဖော်ဇော်အာမတ်၏ လယ်မြေ တစ်ဧကကို အထောက်အထား အသစ်ဖြင့် လွှဲပြောင်းပေးမည်ဟု လိမ်ညာ၍ ငွေကျပ် ၇ သိန်း ရယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆင်းရဲသည့် လယ်တစ်ဧက ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖောဇော်အာမတ်သည် အသက်အရွယ် ကြီးပြင်း နေသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ လယ်နှင့် ပတ်သက်၍ လိုက်လံ ဆောင်ရွက် ပေးမည့် သားသမီးတစ်ဦး တစ်ယောက်မှ မရှိသည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်အာမတ်က အခွင့်ကောင်း ယူ၍ အနိုင်ကျင့်နေခြင်း ဖြစ်သည်။ ၎င်းသည် ငွေညှစ်ခံရသည့် အပြင် သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး တို့မှ ခွင့်ပြုချက် ရယူပြီး လုပ်ကိုင်လာသည့် လယ်မြေလည်း အုပ်ချုပ်ရေးမှူး၏ မတရား ကျူးကျော် သိမ်းပိုက်ခြင်းကို ခံနေရပြီး၊ လုံးဝ လက်လွှတ် ဆုံးရှုံးရမည့် အနေအထားတွင် ရှိနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စီစစ်၍ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း လယ်ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်အာမတ်က ပြောပါသည်။


RB News
20.6.2015

တိုကျို  -- မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ မှ ဦးစီး၍ ဂျပန်နိုင်ငံ တိုကျိုမြို့ မြို့လည်တွင် လမ်းလျှောက် ဆန္ဒပြပွဲ တစ်ရပ်ကို ယနေ့ ဇွန်လ (၂၀) ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်မှ) အဖွဲ့ဝင် ၄၀ ဦး၊ ဂျပန်နိုင်ငံမှ သတင်းဌာန ဆယ်ခုခန့်၊ ရိုဟင်ဂျာအရေး အားပေး ထောက်ခံသည့် နိုင်ငံခြားသားများ၊ ဂျပန်ကျောင်းသားများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဆန္ဒပြပွဲတွင် BRAJ ဥက္ကဌ ဦးအောင်တင်၊ ဒု-ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဘဏ္ဍရေးမှူး ဦးမိုဟာမတ်စလင်းနှင့် ပါဝင်သူများက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးများသည် ခေတ်အဆက်ဆက် ဘိုးဘွားဘီဘင် လက်ထက်မှစ၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် နေထိုင်လာခဲ့ရာ ဦးနေ၀င်း လက်ထက်မှ စ၍ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လာခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား များကို အကြောင်း အမျိုးမျိုးဖြင့် လိမ်လည် လှည့်ဖျား၍ သိမ်းဆည်းပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ သွားလာရေး၊ အိမ်ထောင်ရေး များကို ကန့်သတ်ထားသည့် အပြင် ၂၀၁၂ ခုနှစ်မှစ၍ စနစ်တကျ စီမံကိန်းဖြင့် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခဲ့ပြီးနောက် ယခု အခါ နိုင်ငံတကာသို့ စက်လှေဖြင့် ပင်လယ်ခရီးကြမ်းများ ဖြတ်၍ ထွက်ခွာနေရကြောင်း အကျယ်တ၀န့် ပြောဆိုခဲ့သည်။

ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရက ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံတွင်းရှိ မွတ်စလင်များ ခံစားနေရသည့် အခြေအနေများကို ကမ္ဘာသို့ အမြဲတစေ လိမ်ညာ ပြောဆိုလျက် ရှိသောကြောင့် BRAJ မှ ဂျပန်အစိုးရ၊ ပြည်သူများနှင့် မီဒီယာများ အားလုံး အဖြစ်မှန်ကို သိရှိစေရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု RB News သို့ပြောသည်။ 

ဆန္ဒပြပွဲတွင် မြန်မာ အစိုးရအား ကူညီထောက်ပံ့၍ အဓိက အားပေးနေသည့် ဂျပန်အစိုးရနှင့် စီးပွားရေး သမားများကို ဖိအားပေးရန်နှင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ချုပ်ငြိမ်းမှသာ ရင်းနှီးမြှပ်နှံမှုများ ဆက်လက် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဆန္ဒပြပွဲကို နေ့လည် ၁ နာရီမှ ၃ နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။









ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဂျပန် ဘာသာဖြင့် ဖော်ပြထားသည့် သတင်း



Rohingya Eye
RB News
19.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာမှ မနူရ်ဟာဘာ (ဘ) ဦးဆွေယောဒ် အာနိုဝါရ် (အသက် ၂၀ နှစ်) သည် ကိုယ်ဝန်ဆောင် ကာလ (၈) လခန့် ရှိပြီး၊ ဇွန်လ ၁၄ ရက်နေ့မှ စ၍ အဆိုပါ အမျိုးသမီးသည် သွေးဆင်းလျက် ရှိနေသောကြောင့် ဆေးကုသရန် အလယ်သံကျော် ဆေးရုံသို့ ဇွန်လ ၁၆ ရက်နေ့တွင် တင်ခဲ့သည်။ အဆိုပါ ဆေးရုံမှ မောင်တော ခရိုင် ပြည်သူ့ ဆေးရုံသို့ ဇွန်လ (၁၇) ရက်နေ့ နေ့လည် (၃) နာရီတွင် ပို့ဆောင်ခဲ့ပြီး၊ နေ့လည် ၃း၃၀ နာရီတွင် လူနားအား ခွဲစိတ်ခန်း အတွင်းသို့ ခေါ်ဆောင် သွားပြီး မိနစ် အနည်းငယ် အကြာတွင် လူနာ၏ အော်သံကို အပြင်တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များက ကြားပြီးနောက် လူနာ သေဆုံးနေသည့် အလောင်းကို သူနာပြုဆရာမများက မိသားစုထံ အပ်နှံခဲ့သည်။

ညနေ ၄း၄၀ နာရီအချိန်တွင် သေဆုံးသွားသူ၏ အလောင်းကို နေအိမ်သို့ သယ်ဆောင်လာပြီး သဂြိုဟ်ရန် ရေချိုးပေးနေစဉ် သေဆုံးသူ၏ အရှက်အင်္ဂါထဲမှ ကတ်ကြေးငယ် တစ်ခု တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များမှ သိရှိရသည်။ သေဆုံးသွားသည့် လူနာသည် သွေးဆင်းနေစဉ် ကာလအတွင်း အော်ဟစ်ခြင်း မရှိခဲ့ကြောင်း ခွဲစိတ်ခန်း အတွင်း ခွဲစိတ်ရာတွင် မေ့ဆေး မထိုးဘဲ ခွဲစိတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လူမျိုးရေး ခွဲခြားမှုဖြင့် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် သတ်ပစ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဆေးရုံအုပ်ကြီး ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းမှာ ရခိုင် အမျိုးသား ၀ါဒီ တစ်ဦး ဖြစ်ပြီး ယခင်ကလည်း မောင်တော ပြည်သူ့ ဆေးရုံတွင် လူမျိုး၊ ဘာသာ ခွဲခြား၍ နှိမ်ချ ဆက်ဆံခြင်းများ မကြာခဏ ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
19.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ် စခန်းမှ တာဝန်ခံ ဗိုလ်ကြီးက ဒေသခံ ရိုဟင်ဂျာ ရွာသား များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက် အကျပ်ကိုင်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးအာမတ်ဟူဆောင်း (အသက် ၃၅ နှစ်) -- ညှစ်ခံရငွေ ၁ သိန်း ၂ သောင်း
(၂) ဦးဇာဖောရ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၂ နှစ်) -- ညှစ်ခံရငွေ ၇ သောင်း ၅ ထောင်
(၃) ဦးတွာဟဲရ် (ဘ) ဦးအဘူလ်ဟူစိန်း (အသက် ၄၇ နှစ်) -- ညှစ်ခံရငွေ ၇ သောင်း ၅ ထောင် -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ တံငါသည်များ ဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ခွင့်ပြုချက် ရယူပြီး အမြဲသွားသည့် ပုံစံဖြင့် ပင်လယ်သို့ ငါးဖမ်းရန် သွားနေသော်လည်း ဇွန်လ ၁၂ ရက်နေ့က တံငါသည်များ ငါးဖမ်း၍ ရွာသို့ ပြန်လာစဉ် စစ်သားများက ငါးဖမ်းရန် စစ်တပ် စခန်းသို့ အကြောင်းမကြားခဲ့ဟု စွပ်စွဲ၍ ဖမ်းဆီးကာ တစ်နေကုန် ချုပ်နှောင် ထားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့အပြင် အဆိုပါ စစ်တပ် စခန်းမှ ဗိုလ်ကြီးက တံငါသည်များ၏ စက်လှေများမှ ငါးများကို နေ့စဉ် စိတ်တိုင်းကျ လုယက် ယူဆောင်လျက် ရှိပြီး ထိုသို့ လုယက် မယူရန် တားမြစ်သည့် တံငါသည်ကို ကိုယ်ထိ လက်ရောက် စော်ကားကြောင်း တံငါးသည်များက ပြောပါသည်။ 

အဆိုပါ ဗိုလ်ကြီးသည် ရွာထဲသို့ ၀င်ရောက်၍ ကင်းလှည့် နေစဉ် ရိုဟင်ဂျာ လူငယ်များက မဟုတ်မမှန် လုပ်ကြံ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားလျှင် ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးစွဲနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဇွန်လ (၁၃) ရက်နေ့က မဒီနာရွာသားများ ဖြစ်သည့် အာရ်ရှောတ်ဒူလ္လာ (ဘ) ဦးမာမတ်အလီ (အသက် ၃၂ နှစ်) ထံမှ ငွေကျပ် တစ်သိန်းနှင့် ဇွန်လ (၁၄) ရက်နေ့က မာမတ်ဆလာမ် (ဘ) ဦးဇော်ဘောရ် (အသက် ၁၈ နှစ်) ထံမှ ငွေကျပ် တစ်သိန်း လေးသောင်းကို ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သိရသည်။



မသိင်္ဂီထိုက်
19.6.2015

ရခိုင်ပြည်နယ်မှာ သောင်တင် နေတဲ့ လှေစီးပြေး ၈၀၀ လောက်ထဲက ၃၇ ဦးတို့ကို ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က ထပ်မံ လက်ခံ လိုက်ပါတယ်။ ဧရာဝတီတိုင်းမှာ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ် တွင်းမှာ လက်ခံ ထားရတဲ့ လှေစီးပြေး တွေကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသား စိစစ်မှု လုပ်ငန်းတွေ ပြီးစီး သွားပြီ ဖြစ်ပြီး အမြန်ဆုံး ပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။ လှေစီးပြေးတွေ ဌာနေပြန်ပို့ရေး နောက်ဆုံးရ အခြေအနေနဲ့ ဘင်္ဂလား - မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့တွေကြား ပစ်ခတ်မှု နောက်ဆက်တွဲ အခြေအနေ တွေကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင်းက ဖမ်းဆီးရမိတဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ဘင်္ဂလားဒေရှ့် နိုင်ငံထံ မလွှဲပြောင်းနိုင်သေးဘဲ ကျန်ရှိနေသေးတဲ့ ၅၀ ထဲက တချို့ကို ဘင်္ဂလားဒေရှ့် အစိုးရဘက်က ထပ်မံလက်ခံလိုက်တာမို့ သောကြာနေ့မှာ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။ ဧရာဝတီ တိုင်းအတွင်းက ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်ထဲမှာ ခေတ္တ ထိန်းသိမ်း ထားတဲ့ လှေစီးပြေး၇၀၀ ကျော်တို့ထဲ က မြန်မာနိုင်ငံသား မဟုတ်သူများကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အစိုးရ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

"ပထမ တသုတ်ကျန်တဲ့ လူငါးဆယ်မှာ ၃၇ယောက်ကိုလက်ခံပါတယ်ဆိုတာ အဲ့တာက မနက်ဖြန် ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်။ အသစ်ရောက်တဲ့ ၇၀၀ ကတော့ အရင် ဘင်္ဂလားဒေ့ရှ်ပို့မယ်။ သူတို့က လူကြည့်မယ်။ ကြည့်ပြီးရင် ကျောန်တို့က လွှဲမယ်။ ဒီကိစ္စက မြန်မြန်ထက်ထက်ဖြစ်အောင်တော့ လုပ်နေကြပါတယ်။"

နောက်ထပ် ဖမ်းဆီးရမိတဲ့ လှေစီးပြေး ၇၀၀ ကျော်တို့ထဲမှာတော့ မြန်မာနိုင်ငံက ၂၀၀ နီးပါးပါရှိခဲ့တာ ဖြစ်ပါတယ်။ လူကုန်ကူးသူတွေ အကူအညီနဲ့ မလေးရှားနိုင်ငံဆီကို ထွက်ခွာကြရင်း ပင်လယ်ထဲမှာ မြောနေသူတွေကို ရခိုင်ပြည်နယ်တွင်းမှာ လက်ခံတာကြောင့်လည်း ပြီးခဲ့တဲ့ သတင်းပတ် အတွင်းကဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ဒေသခံ တချို့ ဆန့်ကျင် ဆန္ဒပြခဲ့ကြသေးတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်ခြားစောင့်တပ်တို့ ဗုဒ္ဓဟူးနေ့မှာလည်း အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မြန်မာ့ရေပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ဘင်္ဂလား နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး ကိုမြန်မာဘက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ၀င်ရောက် ကိုင်တွယ်တာ မရှိဘဲ နယ်ခြားစောင့်တပ်ဘက်ကဘဲ အရေးယူ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဘက်က မကြာခဏ မြန်မာဘက်ကို ၀င်ရောက်လာတတ်တယ်လို့ ရဲမှူးကြီး ဦးအောင်စောက ပြောပါတယ်။

"တခါတလေကျတော့ ကျနော်တို့ နယ်ခြားစောင့်တပ် ကင်းတွေနဲ့ အလှမ်းဝေးတဲ့အခါကျတော့ သူတို့က အမြန်ယာဉ်စက်လှေစပိဘုတ်တွေနဲ့ လာကြတဲ့အခါကျတော့ ကျနော်တို့ဆီက အလျှင်မီစွာ မလိုက်နိုင်ဘူးဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က လာပြီးတော့ ပိုက်ချတဲ့ဟာတွေ ကျနော်တို့ဘက်က နေပြီးတော့ ပိုက်ချနေတဲ့သူတွေ အဲ့လိုပေါ့ တံငါလှေတွေ သူတို့က ပိုက်ဆံတွေရော ငါးတွေရော လုယူကြတာပေါ့အမရာ။"

ဘင်္ဂလားဒေရှ့် ဘက်ကတော့ နှစ်နိုင်ငံ နယ်ခြားမြစ် ဖြစ်တဲ့ နဖ် မြစ်ထဲက မသင်္ကာတဲ့ လှေတစင်းကိုလိုက်ရင်း မြန်မာဘက်က မှားယွင်းပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး သူတို့တပ်ဖွဲ့ဝင် ပြန်လည် လွှဲပြောင်းပေးဖို့ မြန်မာနယ်ခြားစောင့်တပ်နဲ့ ညှိနှိုင်းနေတယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လူမှောင်ခိုကူးသူတွေ၊ မူးယစ်မှောင်ခိုတွေ ရာဇ၀တ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် မြန်မာဘက်က နယ်ခြားစောင့် တပ်ဖွဲ့ကို ပြန်လည် ဖွဲ့စည်းပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်နဲ့ မြန်မာတပ်တို့ ကြား ထိပ်တိုက်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။



19.6.2015

အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေ ကမ်းခြေ တွေကို လှေစီးပြေး ဒုက္ခသည်တွေ ပြီးခဲ့တဲ့ တလလောက် အတွင်း ထောင်နဲ့ချီ ရောက်လာ ပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာလည်း ၀ိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ဒါကြောင့်လည်း မလေးရှား နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက တရားမ၀င် ရောက် လာကြတဲ့ ရိုဟင်ဂျာ တွေကို လက်ခံ ထားပါတယ်။ ကျနော်တို့ဆီ ရောက်လာသူ အားလုံးကိုတော့ လက်ခံ မထားနိုင် ပါဘူး။ အခုဆိုရင် မလေးရှား နိုင်ငံက တရားဝင် လက်ခံ ထားတဲ့ ရိုဟင်ဂျာ ၂၀၀,၀၀၀ လောက် ရှိပါတယ်။ ပင်လယ်ပြင်ထဲ မျောနေတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား တို့က လက်ခံထားဖို့ ဆုံးဖြတ် လိုက်တာပါ။

ဒါပေမယ့် ကျနော်တို့ ပြောခဲ့သလိုပါဘဲ၊ ဒီကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့ အတွက် အကူအညီ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်း က ၀ိုင်းဝန်း ကူညီပေးကြဖို့ လိုပါတယ်။ ကျနော်တို့ လက်ခံထားတယ် ဆိုတာက ရေတို ဖြေရှင်းတဲ့ နည်းလမ်းပါ။ ကျနော်တို့အနေနဲ့ သူတို့ကို တနှစ်လောက် လက်ခံထားလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ဒီဝန်ထုပ်ဝန်ပိုးကို မျှဝေ တာဝန်ယူကြဖို့ လိုပါတယ်။”

ဒီဒုက္ခသည်တွေ အရေး အတွက် အမေရိကန် ပြည်ထောင်စုကလည်း ဒေါ်လာ သန်းပေါင်းများစွာ အကူအညီတွေ ပေးပြီးဖြစ်သလို တချို့ကိုလည်း အမေရိကန်နိုင်ငံ အတွင်း ပြန်လည် နေရာချထားပေးပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရအမျိုးသမီး Jen Psaki က ပြောကြားခဲ့ပါတယ်။



MYARF
RB News
18.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဈေးဆိုင် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးဟာလာ၏ သားဖြစ်သူ ဂျီယိုရာမန် (အသက် ၂၃ နှစ်) သည် ဇွန်လ (၁၀) ရက်နေ့ ညနေပိုင်းတွင် ဆိုင်ကယ်ဖြင့် ငါးခူရ ကျေးရွာသို့ သွားနေစဉ် လောင်းဒုံ ကျေးရွာသို့ ရောက်သည့် အခါ အမည်မသိ လူတစ်ဦး ၎င်း၏ ဆိုင်ကယ် နောက်မှ တက်၍ လိုက်ပါခဲ့သည်။ ၎င်းသည် ဒုတန်း ကျေးရွာသို့ ရောက်သည့် အခါ ဒုတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စောင့်နေသည့် ငါးခူရ စခန်း (အမှတ် ၅ နယ်မြေ) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် အဖွဲ့က ဆိုင်ကယ်ကို ရပ်တန့် ခိုင်းသဖြင့် ဂျီယိုရာမန်က ဆိုင်ကယ်ကို ရပ်တန့်ရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ ထွက်ပြေး သွားခဲ့သည်။ ၎င်းသူ ထွက်ပြေးရာတွင် ဖုန်းတစ်လုံး ကျကျန်ခဲ့ပြီး နယ်ခြားစောင့် ရဲများက ကောက်ယူ စစ်ဆေးရာ ဖုန်းထဲတွင် မြန်မာဆင်းမ်ကဒ်နှင့် ဘင်္ဂလားဆင်းမ်ကဒ် နှစ်မျိုးလုံး တွေ့ရှိခဲ့သည်။

နယ်ခြားစောင့် ရဲများ ရရှိသည့် ဖုန်းမှာ ဂျီယိုရာမန်နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း နယ်ခြားစောင့် ရဲများက ဂျီယိုရာမန်ကို ဆိုင်ကယ်နှင့် အတူ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငါးခူရ စခန်းသို့ ရောက်သည်နှင့် ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် ၈ သိန်း တောင်းရာ ဂျီယိုရာမန်က ဖုန်းမှာ ၎င်းနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် ငွေပေးရန် ငြင်းဆန်ခဲ့သည်။

ဇွန်လ (၁၂) ရက်နေ့တွင် ဂျီယိုရာမန်ကို ဘင်္ဂလားဖုန်း မိသည်ဟု ဆိုကာ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်း၏ ဆိုင်ကယ်ကို ငါးခူရ စခန်းတွင် သိမ်းဆည်း ထားပြီး မိသားစုများကို ငွေကျပ် နှစ်သိန်း ပေး၍ ဆိုင်ကယ် ရွေးယူရန် ဖိအားပေးလျက် ရှိကြောင်း သိရသည်။

ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများသည် နေ့စဉ် နေ့တိုင်း အနီးအနားရှိ ရိုဟင်ဂျာရွာ များထဲသို့ ၀င်ရောက်ပြီး မတရားသဖြင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်း၊ ဈေးဆိုင်များမှ ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။ ထိုသို့ သောင်းကျန်းနေသည်ကို ငါးခူစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကို တိုင်တန်းသော်လည်း မည်သို့မျှ အရေးယူ ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။



ကိုဇော်ဝင်းလှိုင်
18.6.2015

အရှေ့တောင် အာရှ အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်း နေထိုင်သူများ အရေးနဲ့ ပတ်သက်လို့ နိုင်ငံ တကာက ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လို ကူညီ ဆောင်ရွက် ပေးနိုင်မလဲ ဆိုတာကို Tackling Southeast Asia’s Refugee Crisis ဆိုတဲ့ ခေါင်းစဉ်နဲ့ CSIS - နိုင်ငံတကာ မဟာ ဗျုဟာ လေ့လာရေး တတ်သိ ပညာရှင်များ အဖွဲ့က ဦးဆောင်ပြီး ဇွန်လ ၁၇ ရက်နေ့က ၀ါရှင်တန် ဒီစီမြို့မှာ ဆွေးနွေးပွဲ တခု ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးပွဲကို အမေရိကန် အစိုးရက အရာရှိတွေ၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေ၊ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ တခြားဒုက္ခသည်တွေအရေး ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေပါ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဒေသတွင်း နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက အဓိကထား ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးရုံးက မူဝါဒရေးရာ အရာရှိ Jessica Yucatan က အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ကြဖို့ အဓိက စိုးရိမ်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အသက်ကယ်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူတို့လိုက်ပါလာတဲ့ စက်လှေတွေကို ပင်လယ်ပြင်ထဲ ပြန်လွှတ်ခြင်းအားဖြင့် သူတို့ရဲ့ အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အဖြစ်မျိုးက ကာကွယ်တဲ့ အနေနဲ့ ပင်လယ်ပြင်ထဲ ပြန်မလွှတ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။”

Jessica Yucatan ဟာ အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard နဲ့အတူ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာတဲ့ ခရီးစဉ်မှာ လိုက်ပါသွားသူတဦး ဖြစ်သလို ဒီလှေစီးပြေး ဒုက္ခသည်တွေအရေးအတွက် ဒေသတွင်းနိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေမှာလည်း ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

အရှေ့တောင်အာရှတိုက်အတွင်းက နိုင်ငံတွေကို ရောက်လာကြတဲ့ လှေစီးပြေး ရွှေ့ပြောင်း နေထိုင်သူတွေ အားလုံးဟာ မြန်မာနိုင်ငံလာကြတဲ့ ရိုဟင်ဂျာဆိုသူတွေချည်း မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတွေလည်း ပါတယ်လို့ Jessica Yucatan က ဆက်ပြောပါတယ်။
“ကမ်းကပ်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄,၀၀၀ လောက်ထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့သူတွေ ဖြစ်ပါတယ်။ ကမ်းကိုကပ်လာသူ စုစုပေါင်းထဲက ၅၀ ကနေ ၇၀% နှုန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေသတွင်း ပြဿနာအဖြစ် ရှုမြင်သုံးသပ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မကြာသေးခင်က လှေစီးပြေး ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ဖို့ IOM - နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအရေး ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ကို ဒေါ်လာ ၃ သန်း အထောက်အကူ ပေးခဲ့သလို၊ ပြီးခဲ့တဲ့ ၂ နှစ်တာ အတွင်းမှာလည်း ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာလို့ဆိုတဲ့ ဒုက္ခသည်များအရေး တခြားနိုင်ငံတွေမှာ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ ၁၀၉ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ Jessica Yucatan က ပြောပါတယ်။

ဒါပေမဲ့ United to End Genocide ဆိုတဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဆုံးသတ်ရေးအတွက် ဆောင်ရွက်နေတဲ့အဖွဲ့က ညွှန်ကြားရေးမှူး Daniel Sullivan ဒီလှေစီးပြေး ဒုက္ခသည်တွေအရေးဟာ မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်တဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကို ပိတ်ဆို့အရေးမှုတွေ ချမှတ်ပြီး အရေးယူသင့်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။
“အမေရိကန် ပြည်ထောင်စုအနေနဲ့ ပိတ်ဆို့ အရေးယူမှု အများစုကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ကြားက အဲဒီ ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်နေသူ တဦးချင်းစီအပေါ် ပစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမျိုး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တဦးအပေါ်မှာသာ ချမှတ်ခဲ့တာ ရှိပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သူတို့ပေးထားတဲ့ ကတိတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ဖိအားပေး ဆောင်ရွက်သင့်တယ်လို့ Daniel Sullivan ပြောပါတယ်။ ဥပမာအားဖြင့် - အမေရိကန်သမ္မတ Barack Obama မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့တုန်းက သမ္မတ ဦးသိန်းစိန်အနေနဲ့ ကတိ ၁၁ ခု ပေးခဲ့တဲ့အကြောင်း၊ အဲဒီ ၁၁ ချက်ထဲက ၁ ချက်ကိုသာ အကောင်အထည်ဖော်ခဲ့တယ်လို့ ပြောလို့ရပြီး ကျန် ၁၀ ကိုတော့ လုံးဝ မသိကျိုးကျွန် ပြုထားတာ၊ ဒါမှမဟုတ် တပိုင်းတစပဲ အကောင်အထည် ဖော်တာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကတိ ၁၁ ချက်ထဲက အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ ၁ ချက်ကတော့ မြန်မာနိုင်ငံမှာ UNHCR ရုံးဖွင့်ခွင့်ပြုမယ်လို့ သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ကတိပြုလိုက်တဲ့ အချက်ဖြစ်တဲ့အတွက် အဲဒီအချက် အကောင်အထည်ဖော်လာအောင် အမေရိကန် အစိုးရဖက်က ဆက်လက် ဖိအားပေးမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်တွေအရေးကိစ္စကို UNHCR အနေနဲ့ အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း Daniel Sullivan က ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲ ၀င်ရောက် ဆွေးနွေးကြသူ အများစုကတော့ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဥာဏ်စာချုပ်ကို လက်မှတ်ရေးထိုးကြဖို့ လိုအပ်သလို ဒေသတွင်းက လူကုန်ကူးမှုဂိုဏ်းတွေကို တိုက်ဖျက်ပြီး တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူကြဖို့ လိုအပ်တယ် ဆိုတာကို အဓိက မီးမောင်းထိုး ဆွေးနွေးသွားကြပါတယ်။ ဒီရိုဟင်ဂျာဆိုသူ ဒုက္ခသည်တွေ အဓိက ထွက်ပြေးရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ် ချုပ်ချယ်မှုတွေ အဆုံးသတ်ပြီး နိုင်ငံသား ဖြစ်ခွင့်ပြုရေးတို့အတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Pisan Manawapat ကတော့ ဒီကိစ္စမှာ မြန်မာအစိုးရကို အပြစ်တင်နေမယ့်အစား ထိတွေ့ ဆက်ဆံတဲ့နည်းနဲ့ အဖြေရှာတာက အဆင်ပြေနိုင်မယ့် အလားအလာ ပိုများတယ်လို့ ပြောပါတယ်။
“အာဆီယံဒေသတွင်း နိုင်ငံသားတဦး အနေနဲ့ရော ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ရော ကျနော့် အနေနဲ့ ပြောရမယ်ဆိုရင်တော့ - မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုက အောင်မြင်တယ်ဆိုတာကို ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံအရ ပြောနိုင်ပါတယ်။ မြန်မာအစိုးရနဲ့ ပြောမယ်၊ ဆိုမယ်၊ ထိတွေ့ ဆက်ဆံမယ်ဆိုရင် သူတို့မှာလည်း သူတို့အတွက် အကန့်အသတ်တွေ၊ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို နားလည်ထားပြီး လေးစားမှု ပြသဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့အနေနဲ့ ရှေ့တိုး လုပ်ဆောင်လို့ရရင် သူတို့ လုပ်ကြမှာပါ။”

ရိုဟင်ဂျာဆိုသူတွေအရေး ဖြေရှင်းတဲ့နေရာမှာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့က မြန်မာအစိုးရကို ပိုမိုဖိအားပေး လုပ်ဆောင်သင့်သလိုပဲ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အီးယူနဲ့ ဗြိတိန်တို့ အပါအ၀င် နိုင်ငံတကာ အသိုင်းဝိုင်းကလnf; ပါဝင်ဆောင်ရွက်လာအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆော်သြသင့်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောကြားခဲ့ကြပါတယ်။



ဒေါ်ခင်မျိုးသက်
18.6.2015

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား ပဋိပက္ခ တွေကြောင့် အိုးအိမ် စွန့်ခွါ ထွက်ပြေးကြ ရသူ ပေါင်းဟာ ၂၀၁၄ ခုနှစ်မှာ ၅၉ သန်းခွဲ အထိ ရှိလာနေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး က ပြောကြား လိုက်ပါတယ်။ ဥရောပမှာ အခြေချဖို့ မြေထဲ ပင်လယ်နဲ့ Aden ပင်လယ်ကွေ့ တွေကို အသက်စွန့်ပြီး ဖြတ်ကြသူတွေ၊ မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေ ကနေ အရှေ့တောင် အာရှနိုင်ငံ တွေကို သွားဖို့ ကြိုးစား ကြသူတွ အရေးကို ကမ္ဘာက တာဝန်တရပ် အနေနဲ့ လက်ခံပြီး ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂက ပန်ကြား လိုက်တာပါ။ ဒီအထဲမှာ ရိုဟင်ဂျာတွေ အရေးနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံက အခုထက်ပိုပြီး အရေးယူ ဆောင်ရွက်ပေး ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ၂၀၁၄ ခုနှစ်ကုန်အထိ စာရင်းတွေအရ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်က သန်းပေါင်း ၆၀ လောက်ရှိနေပြီး ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၈ သန်းလောက် ပိုလာသလို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကထက် သန်း ၂၀ လောက် ပိုလာတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေထဲက ဘင်္ဂလား ပင်လယ်အော်နဲ့ အရှေ့တောင် အာရှ ရေပြင်တွေထဲမှာ သောင် တင်နေတဲ့ ဒုက္ခသည်တွေ အတွက် ဒေသ တွင်းနိုင်ငံတွေ ရဲ့ ဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂက ဝမ်းမြောက်ပေမယ့် အခုထက်ပိုပြီး လုပ်စရာတွေ ရှိသေးတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။

"မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေက ပင်လယ်ပြင်ထဲက ဒုက္ခသည်တွေကို ကယ်တင်ဖို့ စလုပ်လာတာအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကပါ ပင်လယ်ပြင်ထဲ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ် တာတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် ထင်ရှားလာတာက ဒီလို ဒုက္ခသည် ဖြစ် လာရတဲ့ အကြောင်းရင်းကို ထုတ်ပြောကြဖို့ လိုနေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ဆိုရင် ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့ ဖြစ်နေသလိုသူတို့ရဲ့ ရပိုင်ခွင့်တွေ အတွက် လေးစားမှုလည်း မရတဲ့အတွက် ဒီလို ပြဿနာတွေ ဖြစ်နေတာပါ။"

လူပေါင်း ၁၂၂ ယောက်တိုင်းမှာ တယောက်ကတော့ ဒုက္ခသည်၊ ဒါမှမဟုတ် ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးသူ၊ ဒါမှမဟုတ် နိုင်ငံရေး ခိုလှုံသူတွေ ဖြစ်နေပြီး ဒီကမ္ဘာ့လက်ရှိ အခြေနေက ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ထင်ဟပ်နေတယ်လို့ မစ္စတာ ဂူးထရပ်စ်က ပြောပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒုက္ခသည်တွေ အတွက်တင် မကပါဘူး။ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"

လက်ရှိမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ဒုက္ခသည် အများဆုံး နိုင်ငံဟာ ဆီးရီးယား ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန် နဲ့ ဆိုမားလီယား နိုင်ငံတွေ ဖြစ်ပါတယ်။ ဆီးရီးယား အိမ်နီးချင်း တူရကီကတော့ ဒုက္ခသည် အများဆုံး လက်ခံရတဲ့ နိုင်ငံပါ။ ဂရိနဲ့ အီတလီ နိုင်ငံတွေမှာလည်း ဥရောပကို အခြေချ ချင်သူတွေနဲ့ ပြည့်နေပါတယ်။ ဒီဒုက္ခသည်တွေရဲ့ ပြဿနာကို ဘယ်လို ဝေမျှယူကြမယ် ဆိုတာအတွက်တော့ ဥရောပ နိုင်ငံတွေကြား အငြင်းပွါးနေကြပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန် ရောက်နေပါပြီ။ ဒုက္ခသည်တွေအတွက်တင် မကပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"

ဂျာမဏီ နိုင်ငံခြားရေး ဝန်ကြီး Frank Walter Steinmeier ပါ။ EU အဖွဲ့ဝင် နိုင်ငံ အများအပြား ကတော့ ဒါကိုလက်မခံကြပါဘူး။ ဟန်ဂေရီက သူရဲ့ဆားဗီးယား နယ်စပ်ကို ပိတ်ပစ်မယ့်အစီစဉ်ကို ကြေညာခဲ့ပါတယ်။

ဂျာမဏီနဲ့ ဆွီဒင်ကို သွားမယ့် ဒုက္ခသည် အများအပြား ဟာ ဘော်လကန်နိုင်ငံတွေကို ဖြတ်ပြီး ဟန်ဂေရီကို ရောက်လာကြတာ ဖြစ်ပါတယ်။

"၁၇၅ ကီလိုမီတာရှည်တဲ့ နယ်စပ်တလျှောက်မှာ ၄ မီတာ မြင့်တဲ့ ခြံစည်းရိုးခတ်ပြီး ပိတ်ပစ်မယ်လို့ ကျွန်တော်တို့ ပြောနေတာပါ။

ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပါ။

ကမ္ဘာတလွှားမှာ အခုလို ဒုက္ခသည်တွေ ပေါ်ပေါက်လာနေတဲ့ ပြဿနာ အတွက်တော့ ကုလသမဂ္ဂနဲ့ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက တာဝန်ယူနိုင်မှာတော့ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။


17.6.2015

ရခိုင် အမျိုးသား ပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင်ဟာ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ် မာန်အောင် မြို့နယ်ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ သူ့ရဲ့ပါတီ က ရွေးချယ် လိုက်တာကို မကျေနပ်ကြတဲ့ ANP ပါတီဝင် တွေနဲ့ မြို့ခံတွေက ဒီကနေ့ ကန့်ကွက် ဆန္ဒပြ ကြပါတယ်။

ဒေါက်တာအေးမောင်က မာန်အောင် မြို့ခံ မဟုတ်တဲ့ အတွက် ဒေသခံတွေကို ကိုယ်စား မပြုဘူးလို့ ဆန္ဒပြပွဲမှာပါဝင် တဲ့ မာန်အောင်မြို့နယ် ရခိုင် အမျိုးသား ပါတီ ANP အတွင်းရေးမှူး ဦးတင်လတ်က ပြောပါတယ်။

"ကျနော်တို့ မာန်အောင်သားတွေဟာ နိုင်ငံရေးအရ မာန်အောင်သားတွေ လုပ်ခွင့်ရရှိရေး၊ မာန်အောင်မြို့ ရဲ့ကံကြမ္မာကို မာန်အောင်သားတွေ ဖန်တီးခွင့်ရရှိရေး၊ အခု ကျနော်တို့ဒေသခံမဟုတ်တဲ့ ဒေါက်တာအေးမောင် ကို လုံးဝအလိုမရှိတဲ့အကြောင်း မာန်အောင်သားတွေအနေနဲ့ ဆန္ဒပြခြင်းဖြစ်ပါတယ်"

ဆန္ဒပြပွဲမှာ မာန်အောင်မြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျေးရွာအတော်များများက ANP ပါတီဝင်တွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ဒေါက်တာအေးမောင်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မာန်အောင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဆန္ဒမဲပေးမှာမဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါ တယ်။

မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်းရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီး အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ဒေါက်တာအေးမောင်နဲ့ မာန်အောင်မြို့ခံ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာမှာ ဒေါက်တာအေးမောင် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲမှာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ထားရသူဖြစ်ပါတယ်။



ကိုဥာဏ်ဝင်းအောင်
17.6.2015

အန္တရာယ် များတဲ့ ပင်လယ် ခရီးကိုဖြတ်ပြီး အင်ဒိုနီးရှား နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံ နေရတဲ့ အာရှက လှေစီးပြေး ရာပေါင်း များစွာကို ကူညီရာမှာ အင်ဒိုနီးရှား - အာချေး ဒေသဟာ ထင်ရှားတဲ့ အခန်းကဏ္ဍက ပါဝင် လာပါတယ်။

ရိုဟင်ဂျာတွေ ကလည်း မူဆလင်တွေရဲ့ ရာမာဒမ် ဥပုသ်လ ရာသီ ကုန်သွားပြီးချိန် နောက်မှာလည်း ဒီလို အရဲစွန့် ရတဲ့ ခရီးမျိုးကို နောက်ထပ် ထွက်လာကြမယ့် အခြေအနေ ရှိတယ်လို့ လူသားချင်း စာနာထောက်ပံ့သူတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောကြောင်း ဘန်ကောက်မြို့ကနေ Ron Corben သတင်းပေးပို့ထားတာကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒေသခံ တံငါသည်တွေ ပင်လယ်ပြင်မှာကယ်တင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ မြန်မာပြည်က ရိုဟင်ဂျာ မူဆလင်တွေ စုစုပေါင်း ၂ထောင်လောက် အင်ဒိုနီးရှားမြောက်ပိုင်း အာချေးဒေသက ယာယီစခန်းတွေမှာ ရှိပါတယ်။ ဒေသန္တရ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို သူတို့ဌာနေ ပြန်ပို့သွားမှာ ဖြစ်ပေမဲ့ ရိုဟင်ဂျာ မူဆလင်တွေကိုတော့ ဒီစခန်းမှာ တနှစ်လောက် ဆက်နေခွင့်ရမှာ ဖြစ်ပါတယ်။ လူမှောင်ခိုကူးသူတွေ စွန့်ပစ်ခဲ့တာကြောင့် စက်လှေနဲ့ ပင်လယ်ထဲမျောခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် ခိုလှုံဖို့ နောက်ဆုံးအခွင့်အရေး ရတဲ့နေရာကတော့ အာချေးဒေသပဲ ဖြစ်ပါတယ်။

ဒေသခံ တံငါသည်တွေကပဲ ရိုဟင်ဂျာတွေကိုကယ်တင်ဖို့ ဆန္ဒရှိကြတာပါလို့ အာချေးဒေသမှာ လူသားချင်းစာနာရေးနဲ့ သုတေသနလုပ်ငန်း လုပ်နေသူ Lillian Fan ကပြောပါတယ်။

“ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံမယ့်သူဆိုလို့ နှစ်ပေါင်း ၃၀ လောက် ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတဲ့ အာချေးလို ဒေသမျိုး တခုလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။ တကယ့်ကို လူသားချင်းစာနာစိတ်နဲ့ လက်ခံတာပါ။ အသက်အန္တရယ် ကြုံနေရသူတွေကို ကယ်ဆယ်ဖို့ ဒေသတွင်းကရော နိုင်ငံတကာကရော ဘာမှ လုပ်ဆောင်တာမျိုး မရှိတာနဲ့ပတ်သက်လို့ ကျမသိပ်ကို စိတ်ပျက်မိပါတယ်။”

အာချေးပြည်သူတွေဟာ ဒုက္ခကို ကြုံဖူးသူတွေဖြစ်ပါတယ်။ ဒီပြည်နယ်ဟာ ခွဲထွက်ရေးအတွက် နှစ်ပေါင်း ၃၀ လောက် အကြမ်းဖက် မငြိမ်သက်မှုတွေကြုံခဲ့ရသလို၊ ၂၀၀၄ ခုနှစ်က ရင်ဆိုင်ခဲ့ရတဲ့ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် အာချေးမှာပဲ လူ ၁သိန်းခွဲလောက် သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီးရှား အစိုးရအာဏာပိုင်တွေဟာ လှေစီးဒုက္ခသည်တွေကို သွားမကယ်တဲ့အပြင် ဒီကိစ္စမှာ ၀င်မပါကြဖို့ တံငါသည်တွေကို တားမြစ်ခဲ့ကြပေမဲ့ တံငါသည်က ဒါကိုမလိုက်နာခဲ့ကြပါဘူး။ အင်ဒိုနီးရှား စစ်တပ်ကဆိုရင် အစောပိုင်းမှာ ငါးဖမ်းသမားတွေရဲ့ လုပ်ခွင့်ပါမစ်တွေ သိမ်းတာမျိုး

သူတို့စက်လှေတွေကို ဒဏ်ရိုက်တာမျိုးလုပ်ခဲ့ပေမဲ့ အဲဒီတံငါသည်တွေက ကယ်ဆယ်ရှာဖွေရေးတွေ ဆက်လုပ်ခဲ့တယ်လို့ မစ္စ Fan ကပြောပါတယ်။

“အားရစရာ အချက်တချက်ကတော့ သာမန်ပြည်သူတွေ ဖြစ်ကြတဲ့ ငါးဖမ်းသမားတွေပါပဲ။ အာချေးက ငါးဖမ်းသမားတွေ၊ ရွာသားတွေဟာ သူတို့ကိုယ်တိုင်က ပဋိပက္ခရဲ့ သားကောင်တွေ ဖြစ်ခဲ့ဖူးတော့ တွေ့လို့ ကယ်ဆယ်ရုံတင်မကပဲ လိုက်ရှာပြီး ကယ်တဲ့အထိ လုပ်ကြပါတယ်။ ပင်လယ်ထဲမှာ ဒုက္ခဖြစ် နေကြတဲ့လူတွေ ရှိနေတယ်ဆိုတာ သူတို့သိကြလို့ပါ။”

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိပ်ကွပ်မှုနဲ့ ၀ိုင်းကျဉ်ခံရတာကြောင့် နိုင်ငံမဲ့ဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်အများစု အဲဒီဒေသကနေ ထွက်ပြေးနေကြတာဟာ တနေ့တခြား ပိုများလာနေပါတယ်။ ဒီအခြေနေတွေက သူတို့ကို လူမှောင်ခိုသူတွေ လက်ထဲရောက်အောင် တွန်းပို့ လိုက်သလို ဖြစ်သွားပြီး စက်လှေတွေနဲ့ ပင်လယ်ခရီးကို အသက်စွန့်ရင်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်လာကြပါတယ်။ ရိုဟင်ဂျာတွေပါတဲ့ ပထမဆုံးစက်လှေကို မေလ ၁၀ရက်နေ့က အာချေးဒေသမှာ ရှာတွေ့ခဲ့ပြီး နောက်တစင်းကိုတော့ မေလ ၁၅ ရက်နေ့မှာ တွေ့ခဲ့ပါတယ်။ နောက်ဆုံး စက်လှေတစီးကိုတော့ မေလ ၂၀ ရက်နေ့က အာချေးနားမှာ ရှာတွေ့ခဲ့ပါတယ်။

အာချေးဒေသက ဒုက္ခသည်စခန်းတွေကို အင်ဒိုနီးရှားအစိုးရ ကူညီပံ့ပိုးခဲ့ပြီး ဘင်္ဂါလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၁ သိန်း ၈ သောင်းနီးပါး ထုတ်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာ ကူညီစောင့်ရှောက်ရေး လုပ်နေတဲ့ Equal Harmony Together ဖောင်ဒေးရှင်းက ၀န်ထမ်းဖြစ်တဲ့ ထိုက်ထိုက် ဆိုသူကတော့ စခန်းထဲက ဒုက္ခသည်အများစုဟာ သူတို့အနာဂတ်အတွက် စိုးရိမ်နေကြသလို ရခိုင်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက်လည်း စိတ်ပူနေကြတယ်လို့ ပြောပါတယ်။

“အာချေးက ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာတွေ တနှစ်အထိ နေထိုင်ခွင့်ရှိတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပေမဲ့ အဲဒီနောက်ပိုင်း သူတို့ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို အားလုံးက သိချင်နေကြတာပါ။ မြန်မာပြည်ကို ပြန်ပို့မှာလား အာချေးမှာ ဆက်နေခွင့်ရှိမလား ဒါမှမဟုတ် အခြားတနေရာမှာ သူတို့အခြေချခွင့် ရမလားဆိုတာကို သိချင်နေတာပါ။”

အာချေး ဒုက္ခသည်စခန်းထဲက အမျိုးသမီးအချို့ဆိုရင် သူတို့ခင်ပွန်းတွေဟာ ၂၀၁၂/ ၂၀၁၃ကတည်းက မြန်မာပြည်ကနေ ထွက်သွားခဲ့ကြပြီး မလေးရှားမှာ ရှိနေကြတယ်လို့ ယုံကြည်ရကြောင်း ထိုက်ထိုက်ကပြောပါတယ်။ မူဆလင်ဥပုသ်လ ရာမဒမ်ကာလ ပြီးရင်တော့ သူတို့ခင်ပွန်းတွေ ဒီကို လိုက်လာကြမယ်လို့ ထင်ကြောင်းသူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာဆိုသူတွေကတော့ အောက်တိုဘာလ ပင်လယ်ပြင် ငြိမ်သက်တဲ့အချိန်ထိ မစောင့်ဘဲ အခုလို မုတ်သုန်မိုးကာလမှာပဲ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်လာဖွယ်ရာရှိပါတယ်။ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေကို မြန်မာအစိုးရက ဆက်ပြီး လျစ်လျှူရှုနေဦးမယ် ဆိုရင်တော့ ရိုဟင်ဂျာတွေဟာ အန္တရယ်များတဲ့ ပင်လယ်ခရီးကို ထပ်ထွက်လာကြဦးမယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Rohingya Exodus