နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ အရာရှိ၏ လူမဆန်စွာ ထိုးကြိတ်မှုကို ခံရသည့် ဦးအဒူရာမန်

RB News
8.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ချိလ်ခါလီ ရိုဟင်ဂျာ ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် အဖိုးအို တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ရသေ့တောင် မြို့နယ် ချိလ်ခါလီ ရိုဟင်ဂျာ ကျေးရွာမှ ဦးအဒူရာမန် (ဘ) ဦးအဒူရူကူရ် (အသက် ၆၅ နှစ်) သည် ဇူလိုင်လ (၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ချိလ်ခါလီ ရခိုင်ရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ထံသို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် သွားရောက် ခဲ့သည်။ ထိုအချိန်တွင် ချိလ်ခါလီ ရိုဟင်ဂျာရွာမှ ရာအိမ်မှူး များလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အတူ ရှိနေခဲ့သည်။ 

ဦးအဒူရာမန်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် ရခိုင်ရွာ အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် စောမင်းအောင် ရောက်ရှိလာပြီး ဥပုသ်စောင့် ထားသည့် ဦးအဒူရာမန်ကို တစ်စုံတစ်ရာ မေးမြန်းခြင်းပင် မပြုလုပ်ဘဲ အင်္ကျီကိုဆွဲ၍ မျက်နှာ၊ နှာခေါင်းနှင့် နားရွက်တို့ကို လူမဆန်စွာ အကြောင်းမဲ့ ထိုးကြိတ်ရာ သွေးများထွက်၍ သတိလစ်သည့် အထိဖြစ်သွားပြီး လဲကျ သွားခဲ့သည်။

ဦးအဒူရာမန်ကို ၎င်း၏ မိသားစုဝင်များက အင်းဒင်သို့ ဆေးကုသရန် ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။



မသိင်္ဂီထိုက်
8.7.2015

လွှတ်တော် ရွေးကောက်ပွဲကို နိုဝင် ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းတွေ လွှတ်တော် တွင်းမှာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့ နောက် တနိုင်ငံလုံး အတိုင်း အတာနဲ့ မဲဆန္ဒရှင် စာရင်း လွဲမှားမှု တွေကို ပြင်ဆင် မပြီးသေး ပေမဲ့လို့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ကြေညာ လိုက်တဲ့ အပေါ်မှာတော့ အတိုက် အခံတွေက ကြိုဆို ကြပါတယ်။

အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကလည်း ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာကို မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

“တနင်္ဂနွေနေ့ပါ၊ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့၊ အခုဟာက ကျနော်တို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ပေါ့။ နောက်တခုပါသေးတယ်ဗျ။ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း စတင်တယ်ဆိုတဲ့ ကြေညာချက်ပါ တွဲကြေညာတယ်။”

လွှတ်တော်တွင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုတွေ မအောင်မမြင် ဖြစ်ပြီးချိန်မှာ အခုလို ၂၀၁၅ လွှတ်တော်အမတ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပေမဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ကြိုဆိုလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ရွေးကောက်ပွဲ ၀င်မယ် - မ၀င်ဘူး ဆိုတာကိုတော့ ဒီလ ၁၁ ရက်နေ့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ အစည်းအဝေးပွဲမှာ ဆုံးဖြတ် ကြေညာမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးထွန်းထွန်းဟိန် ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကို ကျနော်တို့ နိုဝင်ဘာလ ၈ ရက်နေ့လို့ ပြောလိုက်တာကို ကျနော်တို့က ကြိုဆိုတယ်ဆိုတာက ရွေးကောက်ပွဲကို အချိန်မှန်မှန် ကျင်းပဖို့ လိုတဲ့အတွက်ကြောင့် အချိန်မှန်မှန် ကျင်းပတာကို ကျနော်တို့ ကြိုဆိုတာပါခင်ဗျ။ နောက်တချက်က ကျနော်တို့ ဒီရွေးကောက်ပွဲ ကြေညာပြီ ဆိုတဲ့အခါကျတော့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ဖို့ လိုလာတာပေါ့ခင်ဗျာ။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ထိုင်ပြီးတော့မှ ကျနော်တို့က ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူးဆိုတာ ဆုံးဖြတ်ရမှာပါခင်ဗျ။ အခုကျနော်တို့ ဆောင်ရွက်ထားသမျှတွေက တကယ်လို့ ဗဟိုအလုပ်အမှုဆောင်တွေက ရွေးကောက်ပွဲ ၀င်မယ်လို့ ကျနော်တို့က ကြေညာလိုက်ရင်၊ ကြေညာမယ်ဆိုရင် အသင့်ဖြစ်အောင် ပြင်ထားတဲ့ အနေအထားပါခင်ဗျ။ ကျနော်တို့ဒီ ၁၁ ရက်နေ့မှာတော့ CEC အများစုနဲ့ တွေ့စရာရှိပါတယ်ခင်ဗျာ။ အဲဒီကျလို့ရှိရင် ဒီဥစ္စာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့အချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က အကြို ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို အတိုက်အခံ NLD ပါတီဘက်ကလည်း တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေရဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ မဲဆန္ဒရှင်စာရင်း အမှန်ကန်ဆုံး ရရှိရေးကို အတိုက်အခံတို့ဘက်က ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဆက်လက် အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း NLD ပါတီ ပြောခွင့်ရ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“ကျနော်တို့ ရပ်ဆိုင်းထားတာတော့ မဟုတ်ပဲကိုးဗျာ။ ဇူလိုင်၊ သြဂုတ်လလောက်အထိတော့ ကျနော်တို့ စိစစ်နိုင်လိမ့်မယ်ပေါ့၊ အဲဒီလို ယူဆပါတယ်ခင်ဗျ။ ဆိုလို့ရှိလို့ရှိရင် တော်တော်လေးတော့ ပြီးသွားပါပြီခင်ဗျ။ ကျနော်တို့ပြီးနိုင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ တပြိုင်တည်း လွှတ်တော် ကိုယ်စားလှယ်လောင်း ကိစ္စတွေ ကျနော်တို့ ကိုင်မှာပါခင်ဗျ။ ကျနော်တို့ဒီလိုပါခင်ဗျ၊ ကိုယ်စားလှယ်လောင်းကိစ္စ ဘာမှမလုပ်ရသေးဘူး ဒီလိုတော့မဟုတ်ဘူးခင်ဗျ၊ ကျနော်တို့ ကျော်စရာတွေပေါ့နော်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်က ဘယ်လိုတွေ ရှိရမယ်၊ ဘယ်လိုအရည်အသွေးတွေ ရှိရမယ်၊ ဦးစားပေးမှာက ဘယ်သူတွေပေးမယ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းက ဘာတွေ၊ ဘာတွေ၊ ဘာတွေ သူကလုပ်ပေးရမယ်။ ဒီလိုတွေပေါ့ဗျာ။ အဲဒါတွေကတော့ ကျနော်တို့က ကြိုတင်စဉ်းစားပြီး၊ ကြိုတင်လုပ်နေတာတွေ ရှိပါတယ်ခင်ဗျ။ ၄၃၆ ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတမ်း ကျနော်တို့ ရှေ့ကနေပြီးတော့ လှုပ်ရှားနေတဲ့ အဖွဲ့ပါပဲခင်ဗျ။ သို့သော်လည်း ကျနော်တို့လက်ရှိ အခြေအနေနဲ့ လက်ရှိအခြေအနေ အတိုင်းပေါ့လေ ရွေးကောက်ပွဲ ၀င်ဖို့လိုတယ်လို့ ကျနော်တို့က ဆုံးဖြတ်ရင် လက်ရှိအခြေအနေအတိုင်း ၀င်ဖို့ရာအတွက် ကျနော်တို့မှာ အသင့်ရှိပါတယ်ခင်ဗျ။”

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုတွေဟာ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပြီး၊ ပြည်သူတွေ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း မဲဆန္ဒရှင်စာရင်း တိကျ မှန်ကန်မှုရှိအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီကနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ကြေညာပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတွေကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း လက်ခံမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်းလိုရင် သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးနေ့ သတ်မှတ်ထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၂ ရက်ကနေ ၂၁ ရက်အတွင်းမှာ စိစစ်သွားမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။



မေခ
8.7.2015

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တွေကို ဘာသာခြားနဲ့ မယူဖို့ ဥပဒေ အရ တားမြစ်ထားချက် မပါဝင်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုလိုက် ပါတယ်။

အခြားသော ဘာသာတွေမှာ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေတွေနဲ့ ဘာသာဝင် အမျိုးသမီး တွေကို ကာကွယ်မှုတွေ ရှိသလို မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ကိုလည်း ကာကွယ်နိုင်ဖို့ ဥပဒေတွေ ရှိသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှု ရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့တာနဲ့ ပတ်သတ်ပြီး အချို့သော လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကတော့ အခြားဘာသာဝင်တွေလို ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမျိုး လိုအပ်ကြောင်း၊ ဒီလို လိုအပ်တဲ့အတွက် ဥပဒေ ပေါ်ထွက်လာနိုင်ဖို့ တင်ပြခဲ့တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့က အရှင် သောပါက က ပြောပါတယ်။ ဥပဒေအပေါ်မှာ ဝေဖန်မှုတွေ ရှိပေမဲ့ ဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားအမျိုးသားက လက်ထပ်ခြင်း မပြုရလို့ တားမြစ်ထားခြင်း မရှိကြောင်း ဥပဒေကို သေချာစွာ ဖတ်ရန်လိုကြောင်း အခုလို ပြောပါတယ်။

“ဦးဇင်းတို့ အခုပြထားတဲ့ဥပဒေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ကျန်တဲ့ဘာသာခြားတွေက မယူရဘူးလို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ ဥပဒေကိုဖတ်ရင်သိတယ်။ နောက်တခုက ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ်၊ အစ္စလာမ်က အစ္စလာမ်အမျိုးသမီးကို ယူတဲ့သူ မှန်သမျှ အစ္စလာမ်ပဲ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိတာရော သိဖူးသလား။ ဟိန္ဒူကို လိုချင်လို့ရှိရင် ဟိန္ဒူဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိပြီးသား။ ခရစ်ယာန်ဘာသာကိုယူရင် ခရစ်ယာန်ဘာသာ ဖြစ်ရမယ်ဆိုတဲ့ ခရစ်ယာန်ဘာသာမှာ ရှိတာရော သိဖို့လိုအပ်တယ်။ ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့ ဥပဒေ တခါမှ မရှိခဲ့ဖူးဘူး။ အခု ပြဌာန်းတာက ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ်ဆိုတာတောင် မပါဘူး။ အဲဒါ လွန်သလား။ သူတို့ပြောနေတဲ့ ၁၉၅၄ ဥပဒေကလည်း ဘာမှ လုံလောက်မှုမရှိလို့ ဒါတွေကို ရှေ့ဆက်ပြီးတော့ တောင်းဆိုတဲ့သဘောမျိုး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာအများစုဖြစ်ပေမဲ့ ဒီအင်အားကို ဗုဒ္ဓဘာသာအတွက် အခွင့်အရေး အများကြီးယူထားတာ မဟုတ်ဘူး။ ဟိုဘက်က ရှိသလိုမျိုးလေး တန်းတူအဆင့်အတန်းမျိုးလေး ရအောင်လို့ တောင်းဆိုထားတာပဲ ရှိတယ်။ တကယ်ဆိုရင် ဒီဥစ္စာတွေက ဒီထက်မကတောင် တောင်းဆိုသင့်တယ်။”

အမျိုးသမီးအရေးလှုပ်ရှားသူ အခရာအဖွဲ့က မထားထားကတော့ ဒီဥပဒေဟာ အမျိုးသမီးတွေအပေါ်မှာ အမှန်တကယ် ကာကွယ်မှု မပေးနိုင်ကြောင်း၊ နိုင်ငံရေးလှည့်ကွက် တခုသာဖြစ်ကြောင်း ဥပဒေနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ချစ်တယ်၊ ကြိုက်တယ် ဆိုရင် ဘယ်သူ့ကိုမှ ပြောတော့မှာမဟုတ်ဘူး။ အဲဒါသည် မြန်မာအမျိုးသမီးတွေအတွက် ပိုတောင်မှ အန္တရာယ်များသေးတယ်။ တိတ်တိတ်လေးယူမယ်။ အဲဒီအတွက် violence ဖြစ်လာတယ်ဆိုရင် ကြိတ်ပြီး ခံရတော့မယ့် အခြေအနေမှာ ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကာကွယ်ပေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးသွားလို့ရှိရင် ဒါက discriminatory ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတိုင်းကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေချည်းပဲ ရှိတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဟိုး ဘိုးစဉ်ဘောင်ဆက်ထဲက တိုင်းရင်းသားအများကြီးနဲ့ နေလာတဲ့ဟာကို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ လုပ်ထားတာချည်း ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ဟာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ပေါ့နော်။ ပြီးသွားရင် မြန်မာအမျိုးသမီးတွေ တော်တော်များများကိုလည်း တကယ်တမ်း ကာကွယ်ပေးမယ့်ဥပဒေ ဟုတ်မနေဘူးပေါ့နော်။ ဒါသည် နိုင်ငံရေးလှည့်ကွက်တခုလို့ပဲ အတိအကျကို မြင်တယ်။”

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဗုဒ္ဓဘာသာဝင် မိန်းမတွေနဲ့ တခြားသာသာဝင် ယောက်ျားတို့ လက်ထပ်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် မိန်းမတွေကို အကာအကွယ်ပေးဖို့ ဒီဥပဒေကို ပြဌာန်းတာဖြစ်တာကြောင့် ဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းကတော့ ဒီဥပဒေဟာ ဘာသာမတူ တိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်တာကြောင့် မပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ မဲခွဲမှုအရ ဥပဒေကို အတည်ပြုဖို့ မဲနိုင်ခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာပါ။

အမျိုးသမီးအရေး ကူညီပေးနေသူ ဒေါ်ဆွေဇင်ထိုက်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“ကျမတို့မှာ ဟိုးအရင်ကတည်းကတော့လေ လက်ထပ်ထိမ်းမြားခြင်းဥပဒေဆိုတာ ရှိပြီးသားပဲ။ ကျမတော့လေ ဒါ Human Rights နဲ့လည်းဆိုင်တယ်။ ကိုယ့်ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် လူတိုင်းမှာ ရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေအသစ်ကြီး အနေနဲ့တော့လေ ကျမ မလိုအပ်ဘူးလို့ ထင်တာပါပဲ။ လက်ထပ်တယ်ဆိုတာက လူနှစ်ယောက်ကြားမှာဆိုတော့ ဒီ issue ဟာ သိပ်ကို နက်နဲတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကျေနပ်လို့ ကိုယ်ရွေးချယ်လို့ ရှိရင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲလေ။ စောစောစီးစီးထဲက ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်အောင် သင်ပေးထားဖို့ပဲ လိုတယ်။ ကိုယ့်ကိုယ်ကိုပဲ ကောင်းစွာ စောင့်ရှောက်ရမှာလေ။ ဘယ်လောက်ကြီးပဲ ဥပဒေတွေ ထုတ်ထား ထုတ်ထားလေ။ ခိုးလုပ်တဲ့သူကတော့ လုပ်တာပဲ။ ကိုယ့်ကိုယ်ကို လုံခြုံအောင်လို့ ကိုယ့်ဟာကိုယ် စောင့်ရှောက်တတ်အောင် သင်ပေးလိုက်ရမယ်။”

ဒီဥပဒေကို ပြဌာန်းနိုင်ခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ ဘာသာခြားတဦးဦးနဲ့ လက်ထပ်ဖြစ်ပါက မိမိဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှာဖြစ်သလို၊ ကွာရှင်းဖြစ်ခဲ့ပါက ခံစားခွင့်နဲ့ ကလေးပိုင်ဆိုင်ခွင့်တွေကို ဥပဒေမှာပါတဲ့အတိုင်း ဆုံးဖြတ် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ဥပဒေအရ ဘာသာခြား အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးကို ဘာသာကိုးကွယ်ခွင့်အပေါ် ကန့်ကွက်ခြင်း၊ တားဆီးခြင်းများ လုပ်ဆောင်ပါက ထောင်ဒဏ်ကျခံနိုင်ကြောင်း ဥပဒေမှာ ဖော်ပြထားပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ လက်မှတ်ထိုးကာ ပြဌာန်းခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေနဲ့ ကုလသမဂ္ဂ က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။



Rohingya Eye
RB News
7.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာရှိ အထက်တန်း ကျောင်းခွဲသို့ ဇူလိုင်လ (၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တော ခရိုင် လ.၀.က မှူး ဦးစောနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ရောက်ရှိလာပြီး ရပ်မိရပ်ဖ (၁၀၀) ကျော်နှင့် တွေ့ဆုံ၍ အစိမ်းနုရောင် ကဒ်ပြားများ ကိုင်ဆောင်ရန် ဖိအားပေး ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

အစည်းအဝေးတွင် ခရိုင် လ.၀.က မှူး ဦးစောနိုင်က အစိမ်းရောင် ကဒ်များကို လက်ခံရန် လိုကြောင်း၊ အစိမ်းရောင် ကဒ်ပြား ရှိသူများသာ နိုင်ငံသား လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အစိမ်းရောင် ကဒ်ပြား မရှိသူများ နိုင်ငံသား အခွင့်အရေး ရမှာ မဟုတ်ကြောင်း၊ ယခု အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ ဥပမာ အားဖြင့် မော်လ၀ီ တစ်ဦး တစ်နေရာသို့ သွားလျှင် စစ်ဆေးရေး ဂိတ်တွင် အထောက်အထား တောင်းသည့် အခါ အထောက်အထား ပြရန် ရှိမည် မဟုတ်သဖြင့် ရှေ့သို့ ဆက်သွားနိုင်မည် မဟုတ်ကြောင်း၊ ယခု အစိမ်းရောင် ကဒ်ပြား ရှိမှသာ သွားနိုင်မည် ဖြစ်ကြောင်း၊ ယခု ကဒ်ပြားသည့် အဆင့်မြင့် ကဒ်ပြား ဖြစ်ပြီး၊ နိုင်ငံတကာ ပညာရှင်များ၏ အကြံဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ သက်တမ်း နှစ်နှစ်ပြီးလျှင် ကုန်ဆုံးမည် ဆိုသည်မှာလည်း မဟုတ်ကြောင်း၊ ကဒ်ပြား ပျောက်ဆုံးသည် ဖြစ်စေ၊ ပျက်စီးသည် ဖြစ်စေ အသစ်ထုတ်ရန် ၃ လ ကြိုတင် လျှောက်ထား ရမည် ဖြစ်ကြောင်း၊ ကဒ်ပြားများ မကိုင်ရန် စည်းရုံးနေသူများ ရှိပါက သတင်းပို့ရန် လိုကြောင်း၊ ကဒ်ပြား ကိုင်ဆောင်ရန် ငြင်းဆန်သူများ ဖြစ်သည့် ဦးဖော်ဇိလ်အာမတ်နှင့် ဒေါ်နုရ်နာရ် တို့ကို ဖမ်းဆီး၍ လူကုန်ကူးမှုဖြင့် တရားစွဲဆို ထားကြောင်း၊ ပြောဆိုခဲ့သည်။

ရွာသား တစ်ဦးက ဤကဒ်ပြားဖြင့် ရန်ကုန်သို့ သွားနိုင်မည်လားဟု မေးမြန်းရာ၊ ဦးစောနိုင်က အောက်ခြေမှ ခေါင်မိုးပေါ်သို့ တက်မယ်ဆိုလျှင် လှေကား လိုကြောင်း၊ ထို့ကြောင့် နိုင်ငံသား ဖြစ်ရန် အတွက် လျှောက်ထားရန် လိုကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။ 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခဲ့ပြီး အခြားသော နိုင်ငံသားများနှင့် တန်းတူ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ ထုတ်ပေးပြီး ကိုင်ဆောင်ခွင့် ပြုခဲ့သော်လည်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြဌာန်း ပြီးသည့် အချိန်မှစ၍ နိုင်ငံသား အဆင့်များကို လျှော့ချကာ ယခုအခါ ထုတ်ပေးနေသည့် အစိမ်းနုရောင် ကဒ်ပြားမှာ ယာယီ နေထိုင်ခွင့် ကဒ်ပြား သဖွယ် ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ တိုင်းရင်းသား များကို ယခု ချက်ချင်း နိုင်ငံခြားမှ ၀င်ရောက် လာသူများ သဖွယ် သတ်မှတ်ခြင်း ဖြစ်နေသဖြင့် မည်သည် တစ်ဦး တစ်ယောက်ကမျှ လက်ခံရန် သဘောတူခြင်း မရှိသောကြောင့် အာဏာပိုင်များက နည်းလမ်း ပေါင်းစုံ သုံး၍ ဖိအားပေး အကျပ်ကိုင်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

အလားတူ ဇူလိုင်လ (၃) ရက်နေ့နှင့် (၅) ရက်နေ့ များတွင်လည်း ရပ်မိရပ်ဖ များကို အစည်းအဝေး ခေါ်ယူ၍ ဖိအားပေး အကျပ်ကိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



Rohingya Eye
RB News
7.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ (ဘာလူးခါလီ ဖာရာ) မှ ဦးအေမာရာန် (အသက် ၃၈ နှစ်) ၏ သားဖြစ်သူ အသက် ၈ နှစ် အရွယ် ကလေးငယ်သည် ဇူလိုင်လ (၁) ရက်နေ့ ည ၆ နာရီ အချိန်တွင် အိမ်မှ နွားများကို ကျောင်းနေစဉ် နွားများသည် ကျောက်လှေကား နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံး၏ ခြံဝင်း အတွင်းသို့ ၀င်ရောက် သွားသောကြောင့် နယ်ခြားစောင့် ရဲတစ်ဦး ထွက်လာကာ အဆိုပါ ကလေးငယ်ကို ရိုက်နှက်ရာ ကလေးငယ်မှာ ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။ 

ကလေးငယ် ရိုက်နှက်ခံရမှုကို မိခင်ဖြစ်သူ ဒေါ်မူဘာရဲခ်ခါတူ (အသက် ၃၁ နှစ်) က ကြားသိ၍ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးသို့ သွားရောက် စုံစမ်း မေးမြန်းရာ နယ်ခြာစောင့် ရဲတစ်ဦးက ၎င်းအား ရုံးခြံဝင်း အပြင်သို့ အတင်းဆွဲခေါ်ကာ ရိုက်နှက်သည့် အပြင် ခြေထောက်ဖြင့် ကန်ကျောက်မှုများကို အများပြည်သူ ရွာသားများ ရှေ့မှောက်တွင် ပြုလုပ်သဖြင့် မခံနိုင်၍ ထွက်ပြေး သွားခဲ့သည်။ သားအမိ နှစ်ဦးလုံးသည် ဒဏ်ရာများ ရရှိပြီး လမ်းပင် လျှောက်၍ မရတော့သည့် အခြေအနေတွင် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းတို့မှာ ငွေကြေး မပြေလည်သူများ ဖြစ်သဖြင့် ဆေးကုသရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။ 

အလားတူ ဇွန်လ (၂၉) ရက်နေ့ကလည်း ဒေါ်မူဘာရဲခ်ခါတူ၏ ဖခင် ဖြစ်သူ ဦးအဒူကော်ရိမ်း (အသက် ၅၀ နှစ်) ၏ ငွေကျပ် ၄ သိန်း တန်ဖိုးရှိ နွားထီး တစ်ကောင်သည် အဆိုပါ နယ်မြေရုံး ခြံဝင်း အတွင်းသို့ ၀င်ရောက် သွားသဖြင့် အဆိုပါ နွားထီးအား နယ်ခြားစောင့် ရဲများက သိမ်းဆည်းလိုက်ပြီး ပိုင်ရှင်ထံသို့ ပြန်လည် အပ်နှံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ကျောက်လှေကား နော်ယာဖာရာရွာနေ ဦးအဒူလာမီးန် (ဘ) ဦးအဒူကော်ရိမ်း (အသက် ၄၂ နှစ်) ၏ ငွေကျပ် ငါးသိန်း တန်ဖိုးရှိ နွားတစ်ကောင်လည်း အဆိုပါ နယ်မြေရုံး ခြံဝင်းအတွင်း ၀င်ရောက် သွားသဖြင့် နယ်ခြားစောင့် ရဲများက သိမ်းဆည်း လိုက်ပြီး ပိုင်ရှင်ကို ပြန်လည် မပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှိ နယ်ခြားစောင့် ရဲများသည် လူဆိုးဂိုဏ်း သဖွယ် ဖြစ်နေပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို တရားသဖြင့် ကိုယ်ထိ လက်ရောက် စော်ကားခြင်းများကို မကြာခဏ ပြုလုပ်လျက် ရှိသဖြင့် အထက် အာဏာပိုင်များက စုံစမ်း စစ်ဆေး၍ အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
7.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာကြားရှိ တံတား ကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်အေးနှင့် ဆီထိန်း ကာလူ ဆိုသူတို့သည် ရိုဟင်ဂျာ လူငယ် တစ်ဦးကို အမှုဆင် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၃) ရက်နေ့ မွန်းလွှဲပိုင်း အချိန်တွင် လှဘော်ဇား ကျေးရွာ (အာဂျားပါရာ) မှ ဂျာဘဲရ် (ဘ) ဦးကာမာလ်ဟူစိန်း (အသက် ၂၂ နှစ်) သည် မောင်တော မြို့မဈေးမှ ဈေးဝယ်ပြီး သုံးဘီး ဆိုင်ကယ် တက္ကစီဖြင့် အိမ်ပြန်စေနေစဉ် မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာ ကြားရှိ တံတား ကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်အေးက အမှုရှိသည်ဟု ဆိုကာ တက္ကစီမှ ဆင်းခိုင်းပြီး မနီးမဝေးရှိ မြို့မကညင်တန်း ကျေးရွာ အုပ်စု ဆိတ်လ္လာရွာမှ ဆီထိန်း ကာလူ ဆိုသူ၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး ဆီထိန်းကာလူ၏ သမီးကို မုဒိန်းကျင့်ရန် ကြံစည်ခဲ့သည်ဟု မိန်းကလေး ဖြစ်သူအား ထွက်ဆိုစေကာ ဂျာဘဲရ်ကို ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းအား ခြိမ်းခြောက်၍ ငွေညှစ်ရာ ၎င်းက မိမိတွင် မည်သည့် အပြစ်မှ မရှိသည့် အတွက် ငွေမပေးနိုင်ကြောင်း ပြောဆို၍ ငွေပေးရန် ငြင်းဆိုခဲ့သည်။ 

ရဲတပ်ကြပ်ကြီး ကျော်အေးက ဘင်္ဂလား ဆင်းမ်ကဒ် မိ၍ ရဲစခန်းသို့ အပ်နှံကာ ထောင်ချမည်ဟု နည်းလမ်း ပြောင်း၍ ထပ်မံ ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားခဲ့သည်။ နေ့လည် ၃ နာရီ အချိန်တွင် ဂျာဘဲရ်ကို ၎င်း၏ အိမ်သို့ ဖုန်းဆက်စေကာ ငွေ ၃ သိန်းနှင့် လာရွေးရန် မိသားစုဝင်များကို အတင်းအဓမ္မ ပြောစေခဲ့သည်။ ဂျာဘဲရ်၏ မိသားစုက အိမ်တွင် စုဆောင်းထားသည့် ငွေမရှိသဖြင့် ချက်ချင်း ရောက်မလာနိုင်ခဲ့ရာ၊ နေ၀င်ချိန်ခန့်တွင် ရဲတပ်ကြပ်ကြီး ကျော်အေးက ဂျာဘဲရ်ကို မြို့မ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၄) ရက်နေ့ နံနက်ချိန်တွင် ဂျာဘဲရ်၏ မိခင်နှင့် ဇနီးတို့သည် တံတား ကင်းစခန်းသို့ သွားရောက် စုံစမ်းရာ ကင်းစခန်းတွင် မည်သူ့ကိုမှ ဖမ်းဆီး မထားကြောင်း ဖြေဆိုသဖြင့် အမျိုးသမီး နှစ်ဦးသည် မြို့မ ကညင်တန်းနှင့် မြို့သူကြီး ကျေးရွာရှိ ကင်းစခန်းများသို့ သွားရောက် စုံစမ်းပြန်ရာ မတွေ့သဖြင့် တံတား ကင်းစခန်းသို့ တစ်ဖန် လာရောက်၍ မေးမြန်းခဲ့သည်။ တံတား ကင်းစခန်းက ဆီထိန်းကာလူ အိမ်တွင် လူတစ်ဦး ဖမ်းဆီးထားကြောင်း ပြောဆိုသဖြင့် ဆီထိန်းကာလူ အိမ်သို့ လိုက်သွားရာ ဆီထိန်းကာလူ အိမ်မှ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် အမျိုးသမီး နှစ်ဦးသည် မြို့မ ရဲစခန်းသို့ သွားရောက်၍ ငွေပေးပြီး အပြစ်မဲ့ ဂျာဘဲရ်ကို ရွေးယူရန် ကြိုးစားသော်လည်း ရဲစခန်းက တရားမ၀င် ဆင်းမ်ကဒ် သုံးစွဲမှုဖြင့် အမှုဖွင့်ထားပြီး ဖြစ်၍ ပြန်လည် လွှတ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ ယခုအခါ ဂျာဘဲရ်ကို မြို့မ ရဲစခန်းတွင် ချုပ်နှောင် ထားသည်။ 

ဆီထိန်းကာလူသည် ပြည့်တန်ဆာများ စုဆောင်း၍ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး ၎င်း၏ သမီးများကိုပါ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင် စေသည်ဟု ဒေသခံများက ပြောပါသည်။ ရဲတပ်ကြပ်ကြီး ကျော်အေးသည် ဆီထိန်းကာလူနှင့် ပူးပေါင်း၍ ဆီထိန်းကာလူ၏ သမီးများအား မုဒိန်းကျင့်သည်၊ မုဒိန်းကျင့်ရန် ကြိုးစားသည်ဟု အမှုဆင်ကာ လူငယ်များကို ဖမ်းဆီး၍ ငွေညှစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

၎င်းတို့၏ ပြုမှုပုံ အမှန်ကို သိလိုလျှင် မြို့မ ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်နှင့် ရပ်မိရပ်ဖများ ဂုဏ်သရေရှိ သက်ကြီး လူကြီးများကို မေးမြန်းလျှင် သိနိုင်ပါသည်ဟု ဒေသခံများက ပြောပါသည်။ ဒေသခံများက မောင်တော မြို့နယ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များမှ ဆီထိန်းကာလူနှင့် ရဲတပ်ကြပ်ကြီး ကျော်အေး တို့ကို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် အထူးလိုလား နေကြသည်ဟု ဆိုသည်။



MYARF
RB News
6.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်။ မောင်တော မြို့နယ်ရှိ အာဏာပိုင်များက ရိုဟင်ဂျာများကို နိုင်ငံသား စီစစ်ခံရမည့် သူများ ကဒ်ပြား (အစိမ်းနုရောင် ကဒ်ပြား) များကို လက်ခံလာအောင် နည်းမျိုးစုံဖြင့် ဖိနှိပ်လျက် ရှိသည်။ မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် များတွင် ၂၀၁၅ ခုနှစ် ဇွန်လမှ စ၍ အစိမ်းနုရောင် ကဒ်ပြားများ ထုတ်ပေးရန် ကြိုးစားလျက် ရှိသည်။ 

အစက ယာယီ ခရီးသွားခွင့်နှင့် ဘင်္ဂလားဒေ့ရှ် သို့သွားရန် ပတ်စ်ပို့များ ထုတ်လိုသူများကို ထုတ်မပေးဘဲ အစိမ်းနုရောင် ကဒ်ပြားကိုသာ ဦးစွာ အတင်းအဓမ္မ ထုတ်ပေးခဲ့သည်။ ထို့နောက် တစ်ဖန် ကျေးရွာများသို့ ကွင်းဆင်းပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ထုတ်ပေးခဲ့သည်။ ထိုသို့ ထုတ်ပေးရာတွင် အချို့သော အစိုးရ အလိုတော်ရိ ရိုဟင်ဂျာများက အာဏာပိုင်များနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိသည်။ မောင်တောမြို့နယ်၊ ၄ မိုင်ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်သို့ သွားရောက်၍ ကဒ်ပြားများ ထုတ်ပေးရာတွင် ဦးရော်ဖိခ် (ခ) လှခင် (အာဏာပိုင်များ၏ ထိပ်တန်း အသုံးတော်ခံ၊ အကျဉ်းသားဟောင်း)၊ စစ်မှုထမ်းဟောင်း ဦးဟူစိန်းအာမတ်နှင့် သားဖြင့် တင်အောင်မိုး (ခ) ခါနာယာ တို့က ကဒ်ပြား လက်ခံခဲ့သည့် အပြင် ရပ်ကွက် အတွင်းရှိ ၎င်းတို့၏ ဆွေမျိုးသားချင်း များနှင့် မရှိဆင်းရဲသားများကိုပါ ခြိမ်းခြောက်၍ အတင်းအဓမ္မ လက်ခံစေခဲ့သည်။ 

အချို့သော ဒေသခံများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမိုးနှင့် ဦးရော်ဖိခ် တို့က ရိုက်နှက်ခြင်း အထိ ပြုလုပ်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်၍ ထုတ်ပေးရာတွင် ကဒ်ပြားကို လက်မခံခဲ့သည့် မောင်နှမ နှစ်ဦးကို အဆိုပါ အစိုးရ အလိုတော်ရိများက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဖမ်းဆီးစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဦးဂျမာလ်ဟူစိန်း၏ သားဖြစ်သူ ဦးဖော်ဇိလ်အာမတ် (အသက် ၄၃ နှစ်) နှင့် သမီး ဒေါ်နုရ်နာရ် (အသက် ၄၀ နှစ်) တို့ကို ကျေးရွာသားများ ကြောက်ရွံအောင် စံပြဟုဆိုကာ လူကုန်ကူး ပွဲစားများဟု လုပ်ကြံ အမှုတပ် ဖမ်းဆီးခဲ့သည်။ ယခုအခါ ဦးဖော်ဇိလ်အာမတ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားပြီး ဒေါ်နုရ်နာရ်ကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် ထားကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၃) ရက်နေ့တွင် လ.၀.က နှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ရွှေဇား ကျေးရွာအုပ်စု၊ ဂုံးနားရွာရှိ ကျောင်းသို့ သွားရောက် ၎င်းလမ်းမှ လာသော အဆိုပါ ကျေးရွာမှ ရွာသားများနှင့် အခြား ကျေးရွာမှ ရွာသားများကိုပါ ကျောင်းထဲသို့ ခေါ်သွင်း၍ ခရိုင် လ.၀.က မှူး ဦးစောနိုင်က ယခု ထုတ်ပေးနေသည့် အစိမ်း ကဒ်ပြားမှာ နိုင်ငံတော် သမ္မတက သနားကြင်နာ၍ ထုတ်ပေး နေသော ကဒ်ပြား ဖြစ်သည်၊ ယခု ဤကဒ်ပြားကို လက်ခံလျှင် နောက်နှစ်နှစ်ကြာလျှင် နောက်တစ်ဆင့်တိုး၍ ကဒ်ပြားများ ထုတ်ပေးရန် ရှိသည်၊ ထိုသို့ အဆင့်ဆင့် ထုတ်ပေး၍ နောက်ဆုံး၌ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင် ကဒ်ပြား) ရရှိမည်ဟု ပြောဆိုခဲ့သည်။ ခရိုင် လ.၀.က မှူးက ယခင်က ရွှေဇားတွင် သဲလမ်းသာ ရှိခဲ့သည်၊ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျောက်ခင်းလမ်း ဖြစ်ခဲ့သည်၊ ယခုဆိုလျှင် ကွန်ကရစ်လမ်း ဖြစ်နေသည်၊ သင်တို့၏ နိုင်ငံသား ဖြစ်မှုကိုလည်း ထိုကဲ့သို့ အဆင့်ဆင့် တိုးမြှင့် ဆောင်ရွက် သွားမည်ဟု ဥပမာပေး ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

သို့သော်လည်း ခရိုင် လ.၀.က မှူး၏ ပြောဆိုချက်ကို မည်သူ တစ်ဦးတစ်ယောက်ကမှ လက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဇူလိုင်လ (၄) ရက်နေ့တွင်လည်း လ.၀.က များသည် ရွှေဇား ကျေးရွာသို့ သွားရောက်၍ တစ်နေကုန် စောင့်ဆိုင်းသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ သွားရောက်၍ ကဒ်ပြားထုတ်ယူခြင်း မရှိခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။ သို့သော်လည်း အာဏာပိုင်များက ကဒ်ပြားထုတ်ယူရန် ဆက်လက်၍ ခြိမ်းခြောက်လျက် ရှိပြီး၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ အချို့သို့လည်း အာဏာပိုင်များ သွားရောက်၍ ကဒ်ပြားများ ထုတ်ပေးရန် ကြိုးစားခဲ့ကြောင်း သိရသည်။



MYARF
RB News
6.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား တံတား ကင်းစခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၁၂) ဦးတို့သည် ဆိုင်ကယ် ၆ စီးဖြင့် ဇူလိုင်လ (၄) ရက်နေ့ ည ၉ နာရီ အချိန်တွင် ကင်းလှည့်ကြရာ၊ ည ၉း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲနှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ရွှေဇား ကျေးရွာ အုပ်စု၊ ကန်းပိုင်းနားရွာ (ကုန်ကာရ်ဖာရာ) ထဲသို့ ၀င်ရောက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့် ရဲနှစ်ဦး ရွာထဲသို့ ၀င်ရောက် လာသည့် အချိန်တွင် လူငယ် နှစ်ဦး စကားပြော၍ အိမ်ထဲသို့ ၀င်ရောက် သွားသည်ကို မြင်၍ ဆိုင်ကယ်ကို ယင်းအိမ်ရှေ့တွင် ရပ်တန့်ကာ လူငယ်နှစ်ဦးမှ တစ်ဦး ဖြစ်သူ နော်ဘာဗ်ရှောရိဖ် (ဘ) ဦးနူရ်ရုလ်ဟောက် ဆိုသူကို အိမ်ထဲမှ ခေါ်ထုတ်ပြီး အကြောင်းမဲ့ ပါးရိုက်၍ ရွှေဇား ကျေးရွာ အုပ်စု၊ စေတီပြင်ဈေးသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲနှစ်ဦးက ဒုရဲအုပ်ကို ဖုန်းဆက်၍ ခေါ်ခဲ့သည်။ ဈေးဆိုင်တွင် ထိုင်၍ စကားပြောနေသည့် ရပ်မိရပ်ဖ အချို့က အဆိုပါ လူငယ်ကို ဖမ်းဆီးရခြင်း အကြောင်းရင်းကို နယ်ခြားစောင့် ရဲနှစ်ဦးထံမှ မေးမြန်းရာ၊ နယ်ခြားစောင့် ရဲက “ဒီလူငယ်ကို စစ်ဆေးဖို့ ခေါ်တာမှာ ငါတို့နဲ့ အပြန်အလှန် စကားများပြီး ငါတို့ လက်ထဲက သေနတ်လုဖို့ ကြိုးစားလို့” ဟု လိမ်လည် ပြောဆိုခဲ့သည်။ ထို့နောက် ဒုရဲအုပ် ရောက်ရှိလာခဲ့ရာ ဒုရဲအုပ်ကိုလည်း ထိုကဲ့သို့ လိမ်လည် ပြောဆိုခဲ့သည်။ 

ဒုရဲအုပ်က မတရား သဖြင့် ဖမ်းဆီးခံရသည့် လူငယ် ဖြစ်သူ နော်ဘာဗ်ရှော်ရိဖ်ကို စစ်ဆေး မေးမြန်းရာ နယ်ခြားစောင့် ရဲများကို ရန်မူခြင်း မရှိခဲ့ကြောင်း၊ ၎င်းအား ခေါ်၍ အကြောင်းမဲ့ ပါးရိုက်ပြီး ခေါ်လာခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ် အမှန်ကို ပြောပြခဲ့သော်လည်း ဒုရဲအုပ် ဖြစ်သူက ငွေကျပ် နှစ်သိန်း ညှစ်ယူပြီးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကင်းလှည့်သည်ဟု ခေါင်းစဉ်တပ်ကာ ရွာထဲသို့ မကြာခဏ ၀င်ရောက်၍ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
6.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကံလှနှင့် တပည့် ဖြစ်သူ ဦးအီဒီရိစ် တို့သည် ၎င်းကျေးရွာမှ မော်လ၀ီ အီဆုပ် (ဘ) ဦးအိုလာမျာက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခြင်း မရှိဘဲ လယ်ယာမြေ ရောင်းချ ခဲ့သည်ဟု ဆိုကာ ဇွန်လ (၂၅) ရက်နေ့က ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

ယင်းနေ့တွင်ပင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က ဘဒကား ကျေးရွာ အုပ်စု တောင်ရွာမှ ဦးအလီဟူစိန်း (ဘ) ဦးအဒူဂေါ်ဖာရ်ကို တရားမ၀င် ဖုန်းသုံးစွဲနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဦးအလီဟူစိန်း ထံမှ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ကျောင်းသား အချို့သည် တောင်ဘဇာရှိ အထက်တန်း ကျောင်းတွင် ပညာသင်ကြား လျက်ရှိရာ ၎င်းကျောင်းသားများ တောင်ဘဇာတွင် နေထိုင်နိုင်ရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် လိုအပ်သဖြင့် ကျောင်းသားများက သွားရောက် တောင်းခံရာ၊ အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူက ငွေအဆမတန် တောင်းခံသဖြင့် ငွေမပေးနိုင်၍ ထောက်ခံချက် မရရှိခဲ့ပေ။ 

ကျောင်းသားများက အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကြေးကို စုဆောင်း၍ ငွေပေးပြီး ထောက်ခံချက် ရယူရန် သွားသည့် အခါ အုပ်ချုပ်ရေးမှူးက ထောက်ခံချက် လုံးဝ ပေးမည် မဟုတ်ကြောင်း ပြောဆိုသဖြင့် အဆိုပါ အထက်တန်း ကျောင်းသားများ ကျောင်းမတက်နိုင် ဖြစ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



မဇ္ဈိမ
6.7.2015

ရန်ကုန် ။ ။ အစ္စလာမ် ဘာသာဝင် များဖြင့် ဖွဲ့စည်း ထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက ရန်ကုန်နှင့် ရခိုင်မှ အစ္စလာမ် ဘာသာဝင် အများစု ရှိသည့် မြို့နယ် ၇ခုမှ နေ၍ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဦးကျော်မင်းက ဇူလိုင် ၆ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက "ရန်ကုန်က ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းတို့လို့ အစ္စလာမ်အများစု ရှိတဲ့ဆီက၀င်မယ်၊ ရခိုင်ကတော့ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောက ပြည်နယ် လွှတ်တော်အတွက် ၀င်ဖို့ လျာထားတာ ကိုယ်စားလှယ်တွေတော့ မရွေးရသေးဘူး" ဟု ပြောသည်။

ပါတီ အနေဖြင့် ရန်ကုန်နှင့် ရခိုင်ပြည်နယ်များတွင် အဓိက၀င်ရောက်မည်ဖြစ်သော်လည်း မန္တလေး တိုင်း၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းတို့တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်/တိုင်း ၅ခုတွင် နေရာပေါင်း ၃၀ထိ ယှဉ်ပြိုင်ရန် ပါတီက လျာထားသည်ဟု ဦးကျော်မင်းကဆိုသည်။

အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် လူ့အခွင့် အရေးရရှိရေး နှင့် ပြည်သူများ ဆန္ဒနှင့် အညီအုပ်ချုပ်နိုင်သည့် ဒီမိုကရေစီစနစ်ဖော်ထွန်းရေးအတွက် တွန်းအား ပေးကာ ရွေးကောက်ပွဲ သို့ ၀င်ရောက်သွားရန် ရည်ရွယ်ထားသည်ဟု ပါတီမူဝါဒ အရသိရသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားသော်လည်း ပြန်လည်ပြင်ဆင်လိုက်သည့် နိုင်ငံရေး ပါတီများမှတ်ပုံ တင်ခြင်းဥပဒေပါ နိုင်ငံသားပြုခွင့်ရရှိသူများသာ ပါတီထောင်ခွင့် ၊ ၊၀င်ရောက် ရွေးချယ်ခံခွင့် ရှိသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ၀င်ရောက်ရွေးချယ်နိုင်မည့် ကိုယ်စား လှယ်လောင်းမရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဦးကျော်မင်း က ပြောသည်။

နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေအရပါ ပါတီတည်ထောင်ခွင့်ရှိသူ၊ ပါတီဝင်များသည်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ဥပဒေအရ နိုင်ငံသား၊ ယာယီနိုင်ငံသား ဟူသည့် စကားရပ်အစား၊ နိုင်ငံသား၊ ဥပဒေ အရ နိုင်ငံသားဟု ၂၀၁၄ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ပြင်ဆင်ခဲ့သည့် အတွက်ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ယာယီ နိုင်ငံသားကဒ်ကိုင်ဆောင်သူ ၁၀၀၀ကျော်ကို မတ်လအတွင်းက ထုတ်ပယ် ခဲ့ရသည်။ 

(Photo: Al Jazeera)

စန္ဒြားခန့် (ဝေသာလီ)
RB News
6.7.2015

မြန်မာအစိုးရက ရိုဟင်ဂျာတို့ကို နည်းမျိုးစုံ သုံးပြီး လူမျိုးတုံး သုတ်သင် ရှင်းလင်းနေတာကို ကမ္ဘာ့ Genocide Watch အဖွဲ့တွေက တင်ပြခဲ့ပြီးပါပြီ။ ဘယ်လူသားကို မဆို အသက်ရှင်ရန် စားသုံးရသော အစားအစာကို ပိတ်ပင်လိုက်လျှင်၊ လူယဉ်ကျေး ဘ၀ရရန် သင်ယူရတဲ့ ပညာသင်ခွင့်ကို ပိတ်ပင်တားမြစ်လျှင်၊ ကျန်းမာရေး အတွက် ဆေးကုသခွင့်ကို ကန့်သတ်တားမြစ်လျှင် စသည်ဖြင့် အသက်ရှင်ရန် လိုအပ်တဲ့ အခြေခံလိုအပ်ချက် တွေကို ကန့်သတ် ပိတ်ပင် တားမြစ်လျှင် ရိုဟင်ဂျာ မဆိုထားနှင့်၊ ဘယ်လူသားကမှ ထိုသို့သော နိုင်ငံတွင် နေထိုင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ရိုဟင်ဂျာများ မိမိတို့၏ အသက်များကို ကယ်တင်ရေး အတွက် မြန်မာနိုင်ငံမှ ထွက်ပြေးကြရာ အိန္ဒိယနိုင်ငံသို့လည်း တစ်ချို့ ရောက်ရှိခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်သည့် နိုင်ငံ ဖြစ်သည့်အတွက် ရေကြည်ရာ မြက်နုရာ ဒေသတွင် နေထိုင်နိုင်ကြသည်။ သို့သော်လည်း ကာလကတ္တားနှင့် မွန်ဘိုင်း ပြည်နယ် နှစ်ခုတွင် နေထိုင်ခွင့် မရှိပေ။ ဂျမ္မူးပြည်နယ်တွင် ၇ ထောင်ကျော် နေထိုင်လျက် ရှိပြီး အိန္ဒိယရောက် ရိုဟင်ဂျာများ၏ တစ်ဝက်ခန့် ဖြစ်သည်။ Hyderabad တွင်လည်း အများစု နေထိုင်ကြပြီး၊ နယူးဒေလီတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသည်။ UP ပြည်နယ် Mathura မြို့၏ Azim Pur ဆိုသည့် နေရာလေးတွင်လည်း အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ထိုသူများ အားလုံးမှာ ကျွန်ဘ၀သို့ ရောက်ရှိနေသည်။ Mathura တွင် ဘင်္ဂလီလူမျိုး လူကုန်ကူးပွဲစား Rahman ဆိုသူနှင့် ၎င်း၏ ယောက္ခမဖြစ်သူ ပွဲစား Imraan တို့ရှိသည်။ ၎င်းတို့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ လူကုန်ကူးမှု စက်ဝိုင်းရှိသည်။ အိန္ဒိယသို့ လာရောက်လိုသူများ ထံမှ ငွေကြေး မယူဘဲ၊ အလုပ်လုပ်ရင်းနဲ့သာ ပေးဆပ်ရန်ဟု ဆိုကာ မက်လုံးကြီးများ ပေး၍ ခေါ်ဆောင်လာသည်။

မြန်မာအစိုးရ၏ ညှဉ်းပန်း နှိပ်စက်မှုများကို မခံနိုင်ဘဲ ထွက်ပြေးလာသည့် ရိုဟင်ဂျာများမှာ ၎င်းတို့ ဆင်ထားသည့် ထောင်ချောက်များ ထဲသို့ ကျသွားရသည့် ဘ၀များဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိပြီး စွန့်ပစ်ပစ္စည်း scrap များ ကောက်ရသည့် ဘ၀သို့ ရောက်ရှိသွားရသည်။ ပွဲစားများက ပေးခဲသည့် မက်လုံးများ အကြောင်း ပြောလျှင် ပွဲစားများက လူမဆန်စွာ ရိုက်နှက်သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ၂၀၁၄ ခုနှစ် ဇွန်လတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်။ ကောက်ရသည့် scrap များထဲမှ တန်ဖိုး၏ သုံးပုံ တစ်ပုံသာ ရကြသည်။ ထို့အပြင် ၎င်းတို့ စားသုံးလိုသည့် အစားအသောက် များကိုလည်း အပြင်ဆိုင်များမှ ၀ယ်ယူခွင့် မရှိဘဲ ပွဲစား Rahman ထံမှ သာမာန်ဈေးထက် နှစ်ဆ ပိုပေးကာ ၀ယ်ယူရသည်။

ဇီယာအုရ်ရာမန် ဆိုသူအား ရူပီငွေ တစ်သောင်း အကြွေးဖြင့် ခေါ်လာပြီး ၂၀၁၄ သြဂုတ်လတွင် တစ်နှစ်ခွဲ အချိန်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နှစ်ခွဲဆိုသည့် အချိန်တွင် ရူပီငွေ ၅၀၀၀ သာ ပေးဆပ်နိုင်ခဲ့သည်။ ဒိလ်ဒါရ်ဟူစိန်းနှင့် နဆီမာခါတူတို့၏ သားဖြစ်သူ အဗ်ဒူလ္လာဟ်ကို ကျွန်ရောင်းသခဲ့သို့ ရောင်းချလိုက်ခြင်းမှာ အဆိုးဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Altas Miya နှင့် Aftab Hussein တို့၏ ပြောကြားချက်များ အရ ၎င်းတို့မိသားစု တစ်စုလုံးသည် တစ်နေ့လျှင် ငွေ ၁၀၀၀ တန်ဖိုးရှိ scrap များ ရှာဖွေ ပေးသော်လည်း ၎င်းတို့အား ၄၀၀ သာ ပေးသည်ဟု ဆိုသည်။ ထိုကဲ့သို့ မိသားစု ၄၀ ခန့် တစ်နေရာတည်းတွင် နေထိုင်ကြသည်။ Mathura တွင် မိသားစု ၆၄ စု နေထိုင်ပြီး ဆယဒ်ကဘိရ်က ၎င်းကိုယ်တိုင် နှစ်နှစ်အတွင်း ရူပီ ၁၅၀၀၀ ဆပ်နိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် သာမာန် အလုပ်ကြမ်း သမား တစ်ဦးပင်လည်း နေ့စဉ် ၃၀၀ မှ ၅၀၀ ကြား ၀င်ငွေရှိသည်။ မိသားစု တစ်စု၏ အနိမ့်ဆုံး ကုန်ကျငွေမှာ ၆၀၀၀ မှ ၁၀၀၀၀ ထိရှိသည်။

အဆိုပါ မိသားစုများမှ နေအိမ်တွင်း အကျယ်ချုပ်ခံများ ကဲ့သို့ နေထိုင်ရပြီး ဖခင်ဖြစ်သူ scrap ထွက်ရှာလျှင် သားသမီးများ အိမ်တွင် နေခဲ့ရသည်။ မိသားစု အလိုက် ထွက်ပြေး တိမ်းရှောင် မသွားနိုင်ရန် ထိုကဲ့သို့ ပိတ်ပင် ထားခြင်း ဖြစ်သည်။

ဒေါ်ရာဘီယာ၏ အမျိုးသားသည် UNHCR ရုံးတွင် refugee card ထုတ်ရန် သွားနေစဉ် ဘူတာရုံ၌ ရဲများက ဖမ်းဆီးပြီး ချုပ်နှောင် ထားသည်မှာ ယခုဆိုလျှင် သုံးနှစ်ခွဲ ရှိပြီ ဖြစ်သည်။ ခူရ်ရှိသ်အာလာမ် ဆိုသူလည်း ထောင် ၃ လ ကျခံခဲ့ရပြီး ပြန်လည် လွှတ်လာသည်။ သို့သော် ၎င်း၏ အမျိုးသမီးမှာ ကိုယ်ဝန်ဖြင့် ထောင်ကျနေဆဲ ဖြစ်သည်။ ကာလကတ္တား ပြည်နယ် Balur Garh Jail, Alipur Central Jail, Dam Dam Jail, Manipur Jail, Malda Home Children Jail စသည့် အကျဉ်းထောင် များထဲတွင် မရေတွက်နိုင်လောက်အောင် များပြားသည့် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးများ၏ အနာဂတ်များ ပျောက်ဆုံး နေဆဲ ဖြစ်သည်။

လူကုန်ကူး ပွဲစားများ ဖြစ်သည့် ဘင်္ဂလီ ပွဲစားများသည် ရိုဟင်ဂျာ အမျိုးသမီးများကို မက်လုံးများ ပေးကာ ခေါ်ဆောင်လာပြီး ဘာသာခြားများ လက်ထဲသို့ ရောင်းပစ်လေ့ရှိသည်။ မည်သည့် နေရာကိုမှ သိရှိခြင်း မရှိသည့် ရိုဟင်ဂျာ အမျိုးသမီးများမှာ ငိုကြွေးရုံမှ အပ မည်သို့မျှ မတတ်နိုင်ဘဲ ဘ၀ကို ကျွန်များ သဖွယ် အရှုံး ပေးနေရသည်။ ပွဲစားများ၏ ထိန်းချုပ်ခြင်းကို ခံထားရသူများမှာ မိုဘိုင်းဖုန်းလည်း သုံးစွဲခွင့် မရှိကြပေ။

မြန်မာအစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုများကို ရှောင်ကွင်းရင်း ခေတ်သစ်ကျွန် ဘ၀သို့ ရောက်ရှိသွားရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အိန္ဒိယနိုင်ငံတွင် ရှိနေပါသည်။



မအင်ကြင်းနိုင်
6.7.2015

ကမ္ဘာပေါ်မှာ လူ့အခွင့် အရေး အခြေအနေ ဆိုးနေတဲ့ နိုင်ငံတွေ တောင်မှ လူ့အခွင့် အရေးနဲ့ ပတ်သက်ရင် မြန်မာ အစိုးရ အပေါ် ထောက်ခံမှု မရှိဘူး ဆိုတာကို မကြာသေးခင်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ကပြနေတယ်လို့ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က ပြောလိုက် ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး အတွင်း မြန်မာ့ လူ့အခွင့် အရေး အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ခဲ့တဲ့ အပေါ် HRW က အခုလို တုံ့ပြန်ပြော ဆိုတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဇွန်လ (၁၅) ရက်နေ့ကနေ ဇူလိုင်လ (၃) ရက်နေ့ထိ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစည်း အဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးက တင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးကတောင် မြန်မာနိုင်ငံတွင်း လူမျိုးရေးခွဲခြားမှု အခြေအနေဆိုးရွားနေတာကို ထောက်ပြပြောဆိုလာတဲ့အတွက် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာထောက်ခံမှုတွေ ဘယ်လောက် ကျဆင်းလာသလဲဆိုတာကို တွေ့မြင်နိုင်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

“တကယ့်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေကပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ပြောဆိုနေတာသာ ဖြစ်ပြီး အခြားနိုင်ငံတွေက စိတ်မဝင်စားဘူးလို့ မြန်မာအစိုးရ အမြဲတမ်းပြောနေတာပါ။ အခုမြန်မာ့အရေးဆုံးဖြတ်ချက်ကို ပါကစ္စတန်နိုင်ငံက ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံအတော်များများက ထောက်ခံခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးဆီကတောင် ထောက်ခံမှုတွေ မရနိုင်ဘူးဆိုတာ မြန်မာအစိုးရကို သတိပေးလိုက်တာပါပဲ။”

ဇူလိုင်လ (၂) ရက်နေ့က လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းအဆိုတင်သွင်းခဲ့တဲ့ ပါကစ္စတန် သံအမတ်ကြီး ကလည်း မြန်မာနိုင်ငံမှာ မူဆလင်တွေဟာ အသက်ရှင်နေထိုင်လုပ်ကိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့် ၊ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် စတာတွေ ချိုးဖောက်ခံနေရတာဟာ ခွဲခြားဆက်ဆံတဲ့ဥပဒေပြဌာန်းချက်တွေကြောင့်ဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

“ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုရဲ့အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားမြန်မာပြည်တဝှမ်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အထူးထောက်ပြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ လိုအပ်တဲ့ကိစ္စရပ်တွေကို သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အလုံးအရင်းနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေး ခဲ့ကြတာ ဖြစ်တယ်လို့လည်း ပါကစ္စတန်သံအမတ်ကြီးကပြောသွားပါတယ်။ ဒီမူကြမ်းရေးဆွဲစဉ်ကာလတလျောက်လုံး OIC အနေနဲ့ ဂျီနီဗာမှာရှိတဲ့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးကောင်စီက OIC ကဦးဆောင်တင်သွင်းတဲ့မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ်မှာ မြန်မာအစိုးရဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့အစည်းအဝေးအတွင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေကလည်း ဒီမူကြမ်းအဆိုဟာ အစကတည်းက တင်ကိုမတင်သင့်တဲ့ အဆိုဖြစ်ပြီး မဟုတ်မမှန်စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားပါတယ်။

“ဒီဆုံးဖြတ်ကိုအတည်ပြုလိုက်တာဟာ ဘာကောင်းကျိုးမှာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်သက်ရောက်မှုပဲဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မူဆလင်တွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့အယူအဆဟာ အတော်လည်းကို လွဲနေပါတယ်။ မှားယွင်းနေတဲ့အမြင်သာဖြစ်ပြီး အဖြစ်အပျက် အမှန်တွေမဟုတ်ပါဘူး။”

(၂၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လာမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးအနေနဲ့ တင်ပြပေးဖို့ ပန်ကြားထားပါတယ်။



RB News
6.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၈) နယ်မြေ မြင်းလွှတ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး အဖြစ် တာဝန် ထမ်းဆောင် နေသည့် ဒု-ရဲမှူး ကျော်မြင့်ရွှေသည် မြင်းလွှတ် အနောက်ရွာနေ ဦးအလီဂျူဟာရ် (ခ) ဦးလားလား၏ သမီးပျို ဖြစ်သူ ဖြစ်သူ ရှောမ်ရှီဒါ (အသက် ၁၇ နှစ်) ကို အတင်း အဓမ္မ တရားမ၀၀င် ပေါင်းသင်းလျက်ရှိပြီး၊ ယခုအခါ ကိုယ်ဝန် လေးလပင် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဦးအလီဂျူဟာရ်၏ နေအိမ်ကို ယခင် န.စ.က လက်ထက်က နယ်မြေရုံးတွင် စိုက်ပျိုးထားခဲ့သည့် အော်ရေရှား အပင်များကို ခွဲစိတ်၍ ဒု-ရဲမှူး ကျော်မြင့်ရွှေက ဆောက်လုပ်ပေး ထားသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဒု-ရဲမှူး ကျော်မြင့်ရွှေသည် ညအချိန်တွင် မရှောမ်ရှီဒါ၏ နေအိမ်သို့ သွားရောက်၍ အတင်းအဓမ္မ ခြိမ်းခြောက်ကာ တရားမ၀င် ပေါင်းသင်း နေခြင်းကို ဘေးပတ်ဝန်းကျင်မှ သိရှိပြီးနောက်ပိုင်းတွင် ရွာသူရွာသားများက မကျေမနပ် ဖြစ်လျက် ရှိကြရာ အခြေအနေမှာ တင်းမာလာနိုင်သည့် အခြေအနေတွင် ရှိနေပြီး၊ မလိုလားအပ်သည့် ပြဿနာများ မကြာခင် ဖြစ်ပွားလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ကျောင်းတောင် ကျေးရွာ (ခ) ဂေါ်ရခါလီ ကျေးရွာ အုပ်စု အလယ်မုန်းချီရွာ အထစ အမှတ် (---) နေ ဦး---- ၏ သမီးဖြစ်သူ မ ----- (အသက် ၂၆ နှစ်) မှ ရိုက်မှု တစ်ခုနှင့် ပတ်သက်၍ နယ်မြေရုံးသို့ သွားရောက် တိုင်တန်းရာ ဒု-ရဲမှူး ကျော်မြင့်ရွှေက အခွင့်ကောင်းယူ၍ တိုင်တန်းသူ မ---- ကို မြင်းလွှတ် ကျေးရွာ အုပ်စု၊ ဖွေရာရွာရှိ နေအိမ် တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဒု-ရဲမှူး ကျော်မြင့်ရွှေသည် မြင်းလွှတ် အနောက်ရွာမှ ဦးဆော်လီမူလ္လာနှင့် အရှေ့ရွာမှ ဦးအာနောစ် တို့ကို ဇွန်လ (၁၆) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခဲ့သည်။ ထို့နောက် အဆိုပါ ဖမ်းဆီးခံရသူများနှင့် ဆက်နွယ်မှု ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲကာ မြင်းလွှတ် အရှေ့ရွာနေ ဦးနူရ်အာမီးန် ထံမှ ငွေကျပ် ၁၀ သိန်း၊ ဦးဂျီယာဘုလ်ဟောက် ထံမှ ငွေကျပ် ၂ သိန်း၊ မော်လ၀ီ ဟာရှိမ်း (ခ) စိန်တလုံး ထံမှ ငွေကျပ် ၂ သိန်း၊ တောင်ရွာနေ ဦးဖေရုစ်ဇူလ်ဟောက် ထံမှ ငွေကျပ် ၄ သိန်း၊ ဇုံကာရာ ရွာနေ မော်လ၀ီ အာတာအုလ္လာ ထံမှ ငွေကျပ် ၃ သိန်း၊ အရှေ့ရွာနေ ဦးဘောက်တူး ထံမှ ငွေကျပ် ၂ သိန်း၊ ဟာဖီးဇ် နူရူလ်ဟောက် ထံမှ ငွေကျပ် ၈ သိန်း၊ မြောချောင်း ရွာနေ ဦးအာဘူလ်ဟာရှိမ်း ထံမှ ငွေကျပ် ၂ သိန်း၊ ရွာသစ်ရွာနေ ဦးဟာဆောန် ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း၊ အနောက်ရွာနေ ဦးအီနုစ် ထံမှ ငွေကျပ် ၁၅ သိန်း တို့ကို ဒု-ရဲမှူး ကျော်မြင့်ရွှေက ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ကျောင်းတောင် ကျေးရွာ (ခ) ဂေါ်ရခါလီ ကျေးရွာ အုပ်စု၊ တောင်ရွာနေ ဦးအဒူလော်တီ (ခ) ဦးအဒူမော်ဇိတ်၊ ဦးနူရ်အာလောမ် (ဘ) ဦးနူရ်အာမတ်၊ ဦးဇော်ကော်ရီယာ (ဘ) ဦးအာယာစ်၊ ဦးအီနုစ် (ဘ) ဦးဒေါ်လုဟူဆောင်း၊ ဦးဆာလူ (ဘ) ဦးနော်ဘီဟူစိန်း၊ အလယ်မုန်းချီးရွာနေ ဦးဒေါ်လုဟူဆောင်း (ဘ) ဦးမော်တုလုဟူဆောင်း၊ ကျောင်းတောင်ရွာနေ ဦးမော်ဇီအူလ္လာ (ဘ) ဦးဟာဘီရောမန်၊ ပေတာရွာနေ ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးအလီဟူဆောင်း တို့ထံမှလည်း ဒု-ရဲမှူး ကျော်မြင့်ရွှေက နေအိမ်များ ပြုပြင်ထားသည်ဟု စွပ်စွဲကာ ငွေကြေး အမြောက်အမြား ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

၎င်းက ယခုအခါ မြင်းလွှတ် ကျေးရွာ၊ ကျောင်းတောင် ဂေါ်ရခါလီ ကျေးရွာ၊ သပြေတော ကျေးရွာနှင့် ဥဒေါင်း ကျေးရွာများရှိ ငွေကြေး တတ်နိုင်သူများကို ဦးဆော်လီမူလ္လာ ကဲ့သို့ ဖမ်းဆီး၍ တရားစွဲဆိုမည်ဟု ခြိမ်းခြောက်လျက် ရှိသည်ဟု ဆိုသည်။ 

ယခုလသည် အစ္စလာမ် ဘာသာဝင် များ၏ ဥပုသ်လ ဖြစ်သော်လည်း အေးချမ်းစွာ ဥပုသ် သီလ စောင့်ထိန်း၍ နေအိမ်များတွင် နေထိုင်နိုင်ခြင်း မရှိကြောင်း၊ ဒု-ရဲမှူး ကျော်မြင့်ရွှေက နယ်ထိန်း ခေါင်းဆောင် တပ်ကြပ် အောင်ဇော်လင်းနှင့် ၎င်း၏ တပည့် ဖြစ်သူ အနူဝါရ် (ဘ) ဦးအီနုစ် တို့ကို ကျေးရွာများသို့ စေလွှတ်၍ ငွေကြေး တတ်နိုင်သူများ၏ နေအိမ်များကို ကြည့်ရှုစေပြီး ညသန်းခေါင်ယံ အချိန်တွင် ဒု-ရဲမှူး ကျော်မြင့်ရွှေ ကိုယ်တိုင် ဦးဆောင်ကာ လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
2.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာမှ လယ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးအမိရ်မူမိန်း၏ (၅) နှစ် အရွယ် သားဖြစ်သူ ဖေရူဒူးစ်သည် ဇွန်လ (၂၇) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျသောကြောင့် နေအိမ် ပြိုကျ ပျက်စီးရာတွင် အိမ်ထဲတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ကလေးငယ် သေဆုံးခဲ့ရသည့် အိမ်သည် တဲအိမ်ငယ် ဖြစ်ပြီး၊ အိမ်တစ်ခုလုံး ပြိုကျ ပျက်စီး၍ ကလေးငယ် တစ်ဦးပင် သေဆုံး သွားခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက လာရောက်၍ ထောက်ပံ့ခြင်း၊ ၀မ်းနည်း စကား ပြောဆိုခြင်း မရှိသည့် အပြင် ကျားခေါင်းတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဦးအမိရ်မူမိန်းအား သားဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးရန် ဇွန်လ (၂၈) ရက်နေ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။ 

၎င်း၏ ကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ ဦးအမိရ်မူမိန်းသည် ဆင်းရဲသား တစ်ဦး ဖြစ်ကြောင်း၊ နေအိမ်လည်း လုံးဝ ပျက်စီး သွားကြောင်း၊ ၎င်း၏ သားဖြစ်သူ သေဆုံးမှု အတွက် မည်သို့မျှ ငွေပေးနိုင်မည် မဟုတ်ကြောင်း ဖြောင်းဖြ ပြောဆိုခဲ့သောကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထပ်မံ၍ ဆင့်ခေါ်ခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးအမိရ်မူးမိန်၏ နေအိမ်လည်း ပျက်စီး၊ သားဖြစ်သူလည်း အသက် သေဆုံးခဲ့သည့် ကြားမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေညှစ်ရန် ဆင့်ခေါ်သဖြင့် ဒေသခံများက အာဏာပိုင်များ အပေါ် အလွန်စိတ်ပျက် နေကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
2.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ လောင်းဒုံ စေတီပြင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာ များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၃၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာ အုပ်စု ဆင်သေပြင်ရွာမှ အာဘူတော်ယုဖ် ၉ဘ) ဦးဟားဆူမီယာ (အသက် ၂၇ နှစ်) သည် ငါးစကြူး ကျေးရွာမှ ဆိုင်ကယ် တက္ကစီ တစ်စီးဖြင့် ငါးစကြူး ကျေးရွာမှ လောင်းဒုံ ကျေးရွာသို့ ပြန်သွားနေစဉ် လောင်းဒုံ စေတီပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လိမ်ညာ ဖမ်းဆီး၍ ငွေညှစ်ရန် ကြံဖန် နေသဖြင့် အာဘူတော်ယုဖ်က ထွက်ပြေးရန် ကြိုးစားခဲ့သည်။ 

သို့သော်လည်း နယ်ခြားစောင့် ရဲများက လိုက်လံ ဖမ်းဆီးပြီး နေ၀င်ချိန် အထိ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အာဘူတော်ယုဖ် ထံမှ ငွေကျပ် ၈ သောင်းနှင့် ဆိုင်ကယ် တက္ကစီ သမားထံမှ ငွေကျပ် ၄ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
2.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှကံ (မြိုလူမျိုး) နှင့် ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကူများ ဖြစ်သော ဦးမော်နိုရ်အာမတ်၊ ဦးမာတာမီးန်၊ ဦးအဒူရော်ဟိမ်းနှင့် ဘဒကား ကျေးရွာအုပ်စု ပန်ဇီရွာမှ ဦးတာဟဲရ်တို့က ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများထံ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၅) ရက်နေ့တွင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲ များ၏ အကူများက Symphony ဟန်းဆက် တစ်လုံးနှင့် သီချင်း နားထောင်ရင်း လမ်းလျှောက် သွားနေသည့် ဘဒကား ကျေးရွာမှ ဂျူဟာရ် (ဘ) ဦးဖေရာန်အလီကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ ပန်ဇီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ အတင်း အဓမ္မ ခေါ်ဆောင် သွားပြီး ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည့် အပြင် ၎င်းကျေးရွာမှ ရှော်မုလုခ် (ဘ) ဦးအဒူဆော်လာမ် ထံတွင်လည်း ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု အတင်း အဓမ္မ ထွက်ဆိုခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် ရှော်မုလုခ်ကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ လွန်ခဲ့သည့် မေလ အလယ်ပိုင်းတွင်လည်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဘဒကား ကျေးရွာ အုပ်စု၊ တောင်ရွာမှ အာဘာစ်မျာ (ဘ) ဦးနော်ဇိရ်အာမတ်ကို RSO အဖွဲ့အား ထမင်းကျွေးခဲ့သည်ဟု လုပ်ကြံ လီဆယ် စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းရွာမှ အခြား မိသားစု ၄ စုကိုလည်း ထိုကဲ့သို့ လုပ်ကြံ လီဆယ် စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ရာ မိသားစုများက ၎င်းတို့ တောင်းသည့် ငွေကို မပေးသဖြင့် နယ်ခြားစောင့် ရဲများနှင့် ဖမ်းဆီးရန် နေအိမ်များသို့ အကြိမ်ကြိမ် လာရောက် နှောက်ယှက် သဖြင့် ၎င်းမိသားစုများမှာ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင် နေရကြောင်း သိရှိရသည်။ 

ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြောင်း အမျိုးမျိုး ဖန်တီးကာ မကြာခဏ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



ကိုဉာဏ်ဝင်းအောင်
27.6.2015

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တွေဟာ တိုးတက်မှု တွေရှိ လာတယ် ဆိုပေမယ့် ရခိုင်ပြည်နယ် ကိစ္စ မှာတော့ နောက်ပြန် ဆွဲနေတဲ့ အခြေ အနေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာ မှာဖေါ်ပြ ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရခိုင် ပြည်နယ် တွင်းက ပြဿ နာတွေကို နေချင်းညချင်း ဖြေရှင်းလို့ မရနိုင်သေးပဲ လက်ရှိ အစိုးရ အနေနဲ့ကတော့ ဒေသတွင်း လူမှု အသိုင်း အ၀ိုင်း တွေကြား ပြန်လည် သင့်မြတ်ရေး အတွက် ကြိုးစား ဆောင်ရွက် နေတယ်လို့ မြန်မာ အစိုးရဖက်က တုန့်ပြန်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား အများအပြား ပြန် လွှတ်ပေးတာ၊ အကျဉ်းထောင်အခြေနေတွေ တိုးတက်အောင် လုပ်ပေးတာ၊ အပစ်အခတ် ရပ်စဲရေးကိစ္စကို လုပ်ဆောင်လာတာရှိပေမယ့် ရခိုင်ပြည်နယ်က ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာမှုအကူအညီပေးရေးကိစ္စကို အပြင်းအထန် ကန့်သတ် တာမျိုး အကြမ်းဖက် ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံ အကြောင်းတရားတွေ ကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင်ခံစာ မှာထောက်ပြ ထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက အခုလိုတုန့်ပြန်ပါတယ်။

" ဒီပြဿနာက ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှ ဖြစ်ပေါ်လာတာဖြစ်သော်လည်းပဲ ဟိုး အစဉ်အဆက် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ အများကြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ နောက်ခံအကြောင်းအရာတွေရှိပါတယ်။ အဲ့တာတွေကို နေ့ခြင်းညခြင်း ဖြေရှင်းလို့မရဘူး။ ဖြေရှင်းလို့မရသလို ပဋိပက္ခအလွန်ပေါ့နော်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ပေါင်းစီးစေ- ဆိုပြီး ချက်ခြင်း လုပ်လို့မရဘူး။ လုပ်လို့မရတော့ ကျနော်တို့က အဓိက အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု၊ မွန်းကျပ်နေတဲ့ ပြဿနာတွေပေါ့ ဒါတွေ အကုန်လုံးကို ခြုံငုံပြီး တော့ ရှင်းရတယ်ဆိုတဲ့ အချိန်တခုတော့ လိုပါတယ်။"

ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့မူဆလင် လူနည်းစု ကို တန်းတူညီမျှ အပြည့်အဝနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမှတ် ထားတာမျိုးမရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ ထောက်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဇော်ဋ္ဌေးက ခုလိုတုန့်ပြန်ပါတယ်။

" အလားတူပဲ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်လို့ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ လွှတ်တော် မှာလည်း တင်ပြဆွေးနွေးပြီးပြီ။ ဒီဥပဒေကို မပြင်ဘူး။ အစိုးရ အနေနဲ့ လည်း နိုင်ငံသားဖြစ်ခွင့်ကို ကျနော်တို့က ငြင်းပယ်တာမဟုတ်ဘူး။ သို့သော် ပေးမယ်။ ၈၂ခုနှစ် နိုင်ငံသားဥပဒေနဲ့ ညီရင်တော့ ပေးမယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ က ဘာတွေကြုံမလဲဆိုတော့ Verification Process ပေါ့နော်။ အဲ့ဒီ့အပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေကနေပြီးတော့ ဒီဘင်္ဂလီတွေကို နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်မှာ မပါဝင်အောင်ပေါ့။ မြှောက်ထိုး ပင့်ကော် လုပ်နေ တာတွေရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ဆက်စပ် အကြောင်းပြပြီးတော့ ဒီဟာကို ဖိအားပေးခြင်းဟာ တခါတရံမှာ ဘာဖြစ်လဲ ဆိုတော့ ပြည်တွင်းမှာ ပဋိပက္ခတွေ ပြန်ပြီးတော့ အရှိန်မြင့်လာစေတယ်။"

မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံရေးပရောဂနဲ့ ဖမ်းဆီးတာတွေ အကျင့်ပျက်ခြစားမှု စတာတွေပေါ် ဒေသခံအာဏာပိုင်တွေက ကျူးလွန်နေပေမယ့် ဒါကိုဖေါ်ထုတ်အရေးယူတာမျိုး အားနည်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအချက်ပေါ်မှာလည်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက တုန့်ပြန်ပါတယ်။

"သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်အောင်လို့ လုပ်နေ၊ ကြိုးပမ်းနေတယ်ပေါ့နော်။ ဒီလိုဒီအချိန်မှာ တပ်မတော်က မဟုတ်မမှန် လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုရင်လည်း အစိုးရကရော တပ်မတော်ခေါင်းဆောင်တွေ ကရော ကာကွယ်ခြင်းမရှိဘူးပေါ့နော်။ ကျနော်တို့က သိရင် အရေးယူပါတယ်။ အဲ့ဒီ့အပေါ်မှာ တချို့သော လူ့အခွင့်အရေး အဖွဲ့အစည်းတွေ မှာ မြန်မာနိုင်ငံ လည်း တခါမှ မရောက်ဖူးဘူး။ မရောက်ဖူးပဲနဲ့ အပြင်ကနေ မေးမြန်းတဲ့သတင်းအချက်အလက်တွေ လည်း ရှိတတ်တယ်ပေါ့နော်။ အဲ့ဒီ့လိုသတင်းအချက်အလက်တွေ Report တွေမှာ ပါတယ်ဆိုတာ ဟုတ်ပြီ။ အခု မြန်မာနိုင်ငံက နိုင်ငံတကာ နဲ့သင့်တင့်မျှတတဲ့ ဆက်ဆံရေးကို ထူထောင်နေ တယ်။ အဲ့တော့ အစိုးရကဖြစ်စေ၊ တပ်မတော်ကဖြစ်စေ မဟုတ်မမှန်တာ လုပ်မယ်ဆိုရင် ကျနော်တို့ သက်ဆိုင်ရာ ထိန်းကျောင်းရေး အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲ့တာတွေနဲ့ဆက်သွယ်ပြီးတော့ လုပ်သွားဖို့လိုသလို ကျနော်တို့ အစိုးရနဲ့ ဖြစ်စေ တပ်မတော်နဲ့ဖြစ်စေ သတင်းအချက်အလက်တွေပေးပြီးတော့ လုပ်တယ်ဆိုရင် ကျနော်တို့ ဒါတွေက အရေးယူမှာပါ။ သိရင်လည်း အရေးယူတယ်။ အခု ဒါတွေမှာ အားနည်းနေတယ်ဆိုတာက အဲ့ဒီ့ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ ကျနော်တို့က မြင်တယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် သတင်းလွတ်လပ်ခွင့် လွတ်လပ်စွာစုဝေးခွင့် ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာမှုပေါ် ကန့်သတ်တာတွေဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီးဖိနှိပ်ချုပ်ချယ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။



ရွှေအောင်
27.6.2015

ရခိုင်ပြည်နယ် အတွင်း မိုးကြီးပြီး မြေပြို တာကြောင့် လမ်းပိတ် ဆို့မှုတွေ ရှိနေပြီး အခုရက်ပိုင်း သတိထားသွားလာကြဖို့ ပြည်နယ် အစိုးရက သတိပေး နှိုးဆော် ထားပါတယ်။

ပြည်နယ် အတွင်း ၂ နေရာ လောက်မှာ မိုးကြီးလို့ မြေပြိုပြီး လမ်းပိတ် ဆို့နေတာ ရှိနေတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကျနော် မနက်က နောက်ဆုံး အချိန် အထိ ဆက်သွယ်ထား ရသလောက်တော့ ကယ်ဆယ်ရေး စခန်း ဖွင့်ပြီး လုပ်ရတဲ့ ပုံစံတော့ မရှိဘူး၊ မင်းဘူးဘက်က ရခိုင်ဘက် လာတဲ့လမ်းမှာ လမ်းပြိုပြီး လမ်းပိတ်နေတာ ရှိပါတယ်။ လမ်း ၄ နေရာလောက်ပိတ်နေလို့ အဲ့ဒီနေရာတွေမှာ ဘေလီတံတားထိုးပြီး ပြင်ရမယ့်အပိုင်း ရှိပါတယ်။ နောက်တခါ ကျောက်တော်နဲ့ မြောက်ဦးဘက်လာတဲ့ လမ်းဘက်မှာလည်း မြေပြိုတာတွေ ရှိတယ်။”

မိုးများပြီး ချောင်းမြောင်းတွေ ရေမြင့်တက်လာလို့ ကားလမ်းထိပ်ထိ ရေထိုးလာတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။

ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးလေ၀သဌာနက ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ရခိုင်နဲ့ တနင်္သာရီ အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး ရေကြီးနိုင်တယ်၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

အဲ့ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပြီး ဒေသအလိုက် မိုးကြီးခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်နဲ့ တနင်္သာရီ၊ ထားဝယ်ဘက်တို့မှာ ရေကြီး ရေဖုံးလွှမ်းတာနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရခိုင်မှာ နောက် ၃ ရက်၊ တနင်္သာရီမှာ နောက် ၅ ရက်လောက်ထိ မိုးကြီးနိုင်သေးတယ်လို့ ခန့်မှန်းပြောပါတယ်။

“မုတ်သုံက ခုချိန်ထိကို အားအလွန်ကောင်းနေသေးတယ်။ ရခိုင်ရော၊ တနင်္သာရီရော အားအလွန်ကောင်းနေသေးတယ်။ နောက် နှစ်ရက်သုံးရက်လောက်နေမှ ရခိုင်ဘက်က နည်းနည်းလေး ကျသွားမယ်၊ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ နောက်ထပ် ငါးရက်ခြောက်ရက်လောက်ထိ အားကောင်းနိုင်တဲ့ အနေအထား ရှိပါသေးတယ်ဗျ။”



ဗွီအိုအေမြန်မာပိုင်း
26.6.2015

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ လူထု ကြိုက် နှစ်သက်ရာ ခေါင်းဆောင် ရွေးချယ်ခွင့် ရရှိစေမဲ့ အဓိက အပြောင်း အလဲ တွေကို စစ်တပ်က ဟန့်တား လိုက်တဲ့ အတွက် အမေရိကန် အောက်လွှတ်တော်က ဒီမိုကရက်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန် အမတ် Steve Chabot တို့က ရှုတ်ချ လိုက်ကြပါတယ်။

လွှတ်တော်မှာ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လာမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု မရှိနိုင်ဘူး၊ ဒါမှမဟုတ် ခိုင်လုံ စိတ်ချ ရမှု မရှိနိုင်ဘူး ဆိုတဲ့ စိုးရိမ်မှုကို ပိုမို ခိုင်မာ သွားစေ ပါတယ်။

စစ်အုပ်ချုပ်ရေး လက်အောက်မှာ ရေးဆွဲပြီး မဲအတုအယောင်နဲ့ အတည်ပြုခဲ့ တဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေမလုပ်ရင် အဓိကအာဏာရပ်တွေ ပြည်သူ လူထုလက်ထဲမရောက်ဘဲ စစ်တပ်လက်ထဲ ကိုပဲ ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရအောင် လုပ်ထားတဲ့ နိုင့်ထက်စီးနင်း ဖွဲ့စည်းပုံပြဌာန်းချက်ကို အစိုးရက ဆက်လက် ဆုပ်ကိုင်ထားပါလိမ့်မယ်။

တိုင်းပြည်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားဆိုတာ ပြောစရာမလိုတဲ့ အတိုက်အခံတယောက်ကို ဘေးဖယ်ထားခြင်းဟာ လာမယ့်ရွေးကောက်ပွဲကို အခြခံကစပြီး အားနည်းယုတ်ညံ့သွားစေပါတယ်။

ရပ်တန့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုခြိမ်းခြောက်နေတယ်ဆိုတာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။



ဗွီအိုအေမြန်မာပိုင်း
26.6.2015

မြန်မာနိုင်ငံမှာ မူစလင် ဆန့်ကျင်ရေး အမုန်း စကားတွေ အင်တာနက် အွန်လိုင်း မှာ ပြောဆိုနေ ကြတဲ့ အပေါ် မြန်မာနိုင်ငံက အရပ် ဖက် လူမှု အဖွဲ့အစည်း တွေက လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်ေ တွနဲ့ အတူတွဲပြီး တုန့်ပြန် လုပ်ဆောင် ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကွန်ဂရက် လွှတ်တော် ကိုတင်သွင်းတဲ့ ၂၀၁၄ ခုနှစ်၊ နိုင်ငံတကာ လူ့အခွင့် အရေး အခြေအနေ ဆိုင်ရာ အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ အထူး ထောက်ပြ ထားတာ ကတော့ ရခိုင်ပြည်နယ် ဘက်က လူ့အခွင့် အရေး အခြေ အနေတွေပါပဲ။ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့တာ၊ အကျဉ်းထောင်အခြေအနေတွေ တိုးတက်အောင်လုပ်တာ၊ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ ဆက်လုပ်နေတာတွေအပါအ၀င် ၂၀၁၁ ခုနှစ်ကတည်းက ရလာခဲ့တဲ့ တိုးတက်မှု အခြေအနေ တစုံလုံးဟာ ရခိုင်ပြည်ဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာနာမှု အကူအညီပေးလုပ်ငန်းတွေကို အပြင်းအထန် ကန့်သတ်ထားပြီး အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံအကြောင်းတွေကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင် ခံစာကထောက်ပြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့ မူစလင်လူနည်းစုတွေကို တန်းတူညီမျှ ခွဲခြား မှုမရှိတဲ့ အပြည့်အ၀နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမထားဘူးလို့လဲဆိုပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေနဲ့ နိုင်ငံတ၀န်းမှာ သိသာထင်ရှားတဲ့ တခြား လူ့အခွင့်အရေးပြဿနာတွေ ဆက်ရှိနေ တုန်းပဲလို့လဲ အစီရင်ခံစာမှာဖော်ပြပါတယ်။ အဲဒီထဲမှာ မုဒိန်းကျင့်တာနဲ့ လိင်ပိုင်း အကြမ်းဖက်တာ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီး တာတွေလုပ်တာ၊ တရားဥပဒေစိုးမိုးရေး အားနည်းတာကြောင့် အကျင့်ပျက်ခြစားမှု၊ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ မျိုး ဒါမှမဟုတ် တရားဥပဒေအရ လုပ်ဆောင်နိုင်တဲ့နည်းလမ်း ရွေးချယ်ခွင့်ပေးတာမျိုး မရှိဘဲ မြေယာသိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတာ၊ သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ခြယ်တာ တွေ ပါဝင်တယ်လို့ အသေးစိတ် ထောက်ပြထားပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက အရပ်သားတွေကို အာဏာပိုင်တွေက အကာအကွယ်မပေးဘူးလို့လဲ ပြောပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာတာပေါ် ကန့်သတ်တာတွေ ဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီး ဖိနှိပ် ချုပ်ခြယ်နေတုန်းပဲလို့လဲ အစီရင်ခံစာမှာပြောထားပါတယ်။

လူမျိုးစုနဲ့ဘာသာရေးဆိုင်ရာ လူနည်းစုတွေ၊ နိုင်ငံမဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေသလို လူမှောင်ခိုကူးတာလဲ ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။ ကလေးတွေအပါအ၀င် အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေက အရင်တုန်းကထက် နည်းသွားပေမဲ့ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတချို့ကို အစိုးရက အကန့် အသတ်နဲ့လုပ်ခဲ့ပေမဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ချိုးဖောက်မှုတွေကတော့ အပြစ်ပေးအရေးယူ မခံရဘဲ ကင်းလွတ်နေတုန်းပဲလို့လဲ ပြောထားပါတယ်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့တချို့ဟာလဲ လူကြီးနဲ့ကလေးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သား စုဆောင်း တာနဲ့ ပဋိပကဖြစ်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာတွေအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲတာတွေရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်။



မသိင်္ဂီထိုက်
25.6.2015

မြန်မာဘက်က ဖမ်းဆီး ထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်သားကို ဒီကနေ့မှာ ပြန်လည် လွှဲပြောင်းပေးဖို့ စီစဉ်ထားတဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပါတယ်။ နှစ်နိုင်ငံ သံတမန်တွေကို ဆင့်ခေါ် ဆွေးနွေး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်ခြားစောင့် တပ်တွေရဲ့ ပစ်ခတ်မှု ကလည်း နားလည်မှု လွဲမှားတာသာ ဖြစ်ပြီး သံခင်း တမန်ခင်း မှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မှု မရှိခဲ့ဘူး လို့လည်း ပြောဆို လိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် မြန်မာ နယ်စပ် လုံခြုံရေးနဲ့ လှေစီးပြေးတွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး နောက်ဆုံးရ အခြေ အနေ တွေကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

မြန်မာ ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကိုကျူးကျော် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သား Nayak Abdur Razzak ကို လက်နက် အပြည့်အစုံနဲ့ ကြာသပတေးနေ့မှာ ဘင်္ဂလားဒေရှ့် ထံပြန်လည် အပ်နှံဖို့ စီစဉ်ထားတယ်လို့ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော် က ပြောပါတယ်။

“ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖို့ အစီအစဉ်ရှိတယ်နော်။ ဒီနေ့ လုပ်ဖြစ်လား။ မလုပ်ဖြစ်လားဆိုတာတော့ ကျနော့်ဆီ မက်ဆေ့ မရသေးဘူး။ လုပ်ဖြစ်လို့ရှိရင် ကျနော်တို့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်ပြီးလွှဲအပ်မယ်ပေါ့နော်။ သူ့ရဲ့ လက်နက်အပြည့်အစုံနဲ့ အတူ ကျနော်တို့ ဒီနေ့ ပြန်လွှဲအပ်ဖို့ လုပ်ထားပြီးပါပြီ။ အဲ့တော့ ဒီနေ့ အလံတင်အစည်းအဝေး လုပ်ဖြစ်တယ်။ မလုပ်ဖြစ်ဘူးဆိုတာတော့ ကျနော်တို့ နိုင်ငံခြားရေးရုံးမှာတော့ မတ်ဆေ့မရောက်သေးဘူး။ ဒါပေမဲ့ လုပ်မယ် ဆိုတဲ့ အစီအစဉ်ကိုတော့ ကျနော်တို့ ဟိုဘက်ဒီဘက်ညှိတာပေါ့။ ကျနော်တို့ဘက်ကတော့ လုပ်ဖို့ အဆင်သင့်ပဲ။ ဟိုဘက်က လက်ခံဖို့ လိုတာပေါ့။ ဟိုဘက်က လက်ခံတယ်ဆိုရင် ဒီနေ့ လုပ်ဖြစ်မယ်။”

နှစ်နိုင်ငံ နယ်ခြားစောင်တပ်တို့ကြား ပြုလုပ်မယ့် ဒီအလံတင် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတွက် ဘင်္ဂလားဒေရှ့်ဘက်ကလည်း ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထားတာပါ။ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးတို့က မောင်တောမြို့ အနီး မြန်မာ့ ရေပိုင်နက်ထဲကို ဒီလ ၁၇ ရက်နေ့က စက်လှေနဲ့ ၀င်ရောက်လာခဲ့တာ ဖြစ်ပြီး မြန်မာ နယ်ခြားစောင့်တပ်ဘက်က စစ်ဆေးမေးမြန်းချိန်မှာ နှစ်ဖက်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

ဘင်္ဂလားဒေရှ့် တပ်ဖွဲ့ဝင် ၂ ဦးတို့ လွတ်မြောက်သွားပြီး တပ်သား Nayak Abdur Razzak ကိုတော့ မြန်မာ နယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာပါ။ဘင်္ဂလားဒေရှ့် ဘက်ကတော့ မသကာင်္တဲ့ စက်လှေတစင်းနောက်ကို လိုက်ရင်း နယ်ကျော်ခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။

မြန်မာဘက်ကတော့ ဘင်္ဂလားဒေရှ့်တို့ဟာ ကြိုတင် အသိပေးခြင်းလည်း မရှိ နိုင်ငံ အလံကိုလည်း မတင်ဘဲ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ချိုးဖောက် ၀င်ရောက်ခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ဒီကိစ္စ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ သံအမတ်ကြီးတွေကို အသီးသီး ဆင့်ခေါ်ဆွေးနွေးခဲ့ကြ ရတယ်လို့လည်း ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“ ကျနော်တို့ကလည်း သူတို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ရှင်းပြတာရှိတယ်။ သူတို့ကလည်း ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီး ရှင်းပြတာရှိတယ်။ အားလုံးကတော့ ပြေပြေလည်လည်ဖြစ်အောင် ကြိုးစားကြတာပေါ့။ ပြဿနာကတော့ ရှိတာချည်းပဲလေ။ ပြဿနာမရှိတဲ့ နယ်စပ်ဆိုတာ ရှိမှ မရှိတာ။ အဲ့တော့ ရှိတဲ့ပြဿနာကို တယောက်နဲ့တယောက် ဖော်ထုတ်တာပေါ့လေ။ ဖော်ထုတ်ပြီးလို့ရှိရင် ပြဿနာအပေါ်မှာ ဖြေရှင်းကြတာပါပဲ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ဒီအပေါ် ပြဿနာ အကြီးအကျယ် ထပ်ပြီးဖြစ်တာ မရှိပါဘူး။ တခုတော့ရှိတာပေါ့။ သူတို့က မြန်မြန်လွတ်စေချင်တယ်။ ကျနော်တို့ကလည်း မေးတာ မြန်းတာ လုပ်ရတာတွေရှိတယ်လေ။”

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်စပ် ဒေသ တကြောမှာ လူမှောင်ခို၊ မူးယစ်မှောင်ခိုမှုတွေကို ကိုင်တွယ်နိုင်ဖို့ မြန်မာဘက်က လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာချိန်မှာ အခုလို ထိပ်တိုက်မှုတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသခံ လုံခြုံရေး အာဏာပိုင်တို့ကတော့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားတွေဟာ တံငါလှေတွေဆီက ဆတ်ကြေးကောက်ဖို့ အတွက် မကြာခဏ ဆိုသလို မြန်မာ့ ရေပိုင်နက်ထဲကို ၀င်လာကြတယ်လို့ ပြောဆိုကြပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့  မြန်မာကြား နယ်စပ်ဒေသ လုံခြုံရေးနဲ့ ပတ်သက်လို့ နှစ်ဘက်တို့ ဆွေးနွေးနေကြရသလို တဖက်မှာလည်း မြန်မာဘက်က ကယ်ဆယ်ထားတဲ့ လှေစီးပြေးတွေ အရေးလည်း ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။

ရခိုင်ကမ်းလွန်ကနေ ပထမ အသုတ်ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ၁၈၇ ဦးတို့ကို ဘင်္ဂလားဒေရှ့် နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၁၃ ဦးတို့ထဲက ၈ ဦးတို့ကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ အဖြစ် အသိအမှတ်ပြုလိုက်တယ်လို့လည်း ဒုတိယ ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“အဲ့တော့ ကျန်တဲ့ ၅၀၀ကျော်ကတော့ သူတို့က စစ်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၅၀၀ကျော်ဆိုတော့ နည်းနည်း များလည်းများတော့ စစ်နေတယ်။ စစ်နေပြီးလို့ရှိရင်တော့ သူတို့ စပြီးတော့ သူတို့ ဘယ်တော့ လက်ခံမလဲဆိုတာ ကျနော်တို့လည်း စောင့်နေတာပေါ့လေ။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံး လွှဲပြောင်းပေးချင်တာပေါ့။ အမြန်ဆုံးလွှဲပြောင်းပေးနိုင်အောင်လည်း ကျနော်တို့ နှစ်ဘက် ညှိနှိုင်းနေပါတယ်။”

ဧရာဝတီ ကမ်းလွန် ပင်လယ်ပြင်ကနေ ဖမ်းဆီးရမိထားတဲ့ လှေစီးပြေးတွေထဲက ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားတဲ့ လူပေါင်း ၅၀၀ ကျော်တို့ကိုတော့ ဘင်္ဂလားဒေရှ့် သံအဖွဲ့က နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို အချိန်ယူ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။

ဒါကာမြို့ကနေ ရိုက်တာသတင်းဌာန ပေးပို့တဲ့ နောက်ဆုံးသတင်းမှာတော့ ပြီးခဲ့တဲ့ လတုန်းက ဖမ်းဆီးခံရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို မြန်မာဘက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။



ဘီဘီစီမြန်မာပိုင်း
25.6.2015

ရခိုင် ပြည်နယ် မဲစာရင်းကို ရခိုင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့က ထုတ်ပြန် ခဲ့ရာမှာ ပြည်နယ် အတွင်း မဲပေးခွင့် ရှိသူ လူပေါင်း တစ်သန်း သုံးသိန်းကျော် ရှိတယ်လို့ သိရပါတယ်။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်းထဲမှာ လက်ရှိ ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ စာရင်းတွေ မပါသေးဘူးလို့ သိရပါတယ်။

သူတို့ မဲစာရင်းထဲမှာ ပါဝင်ခွင့် ရမရ ရွေးကောက်ပွဲ တရားဝင် သတ်မှတ်ရက် ကြေညာပြီး ထုတ်ပြန်တဲ့ မဲစာရင်း မှာမှ သိနိုင်မယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွန်း က ပြောပါတယ်။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်းကတော့ ရခိုင် ပြည်နယ်အတွင်း နေထိုင်သူတွေ ဖြစ်ပြီး နိုင်ငံသားကတ် ကိုင်ဆောင်သူ ဗုဒ္ဓဘာသာတွေရော၊ အစ္စလာမ် ဘာသာဝင်တွေရော ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင် ပြည်နယ်အတွင်း ဝှိုက်ကတ်တွေကို ပြန်အပ်တဲ့ လူပေါင်း သုံးသိန်းကျော်ကို နိုင်ငံသား စိစစ်ခံရမယ့် အစိမ်းရောင် ကတ်တွေကို ထုတ်ပေးနေပါတယ်။

အဲဒီ အစိမ်းရောင်ကတ် ကိုင်ဆောင်သူတွေ ကတော့ မဲထည့်ခွင့် မရသေးပါဘူး။

အခု အခြေခံ မဲစာရင်း ထုတ်ပြန်တဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲအတွက် အပြီးသတ် ထုတ်ပြန်တာ မဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက် နုတ်ပယ်တာတွေ လုပ်နိုင်တယ်လို့ ဦးသူရိန်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မဲစာရင်း အရှုပ်အထွေးတွေ ရှိနေတဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဆူပူမှုတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး အများ ပြည်သူကြား စိုးရိမ်နေကြတယ်လို့ သိရပါတယ်။



ဒေါ်ခင်လှ
RB News
25.6.2015

ကျွန်မရဲ့ဖခင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ တာဝန်ကျစဉ် ၁၉၆၁ ခုနှစ် သင်္ကြန်တွင်း ပိတ်ရက် စစ်တွေမြို့က ဆွေမျိုးတွေနဲ့ အတူ ပေါက်တောမြို့ကို သွားခဲ့တယ်။ အဲဒီတုန်းက ရခိုင်ပြည်နယ် တစ်ခုလုံးမှာ အလွန်နာမည်ကြီးနေတဲ့ အသက် တစ်နှစ်ခွဲ အရွယ်သာရှိတဲ့ မွတ်စလင် ကလေးငယ် တစ်ဦး ဖြစ်တဲ့ ပယောဂဆရာလေးကို တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီ ကလေးငယ် ပယောဂဆရာလေးက မှန်းပြီးပေးတဲ့ ရေကို သောက်ရင် ကင်ဆာရောဂါက အစ ပျောက်ကင်းတယ်လို့ သိရလို့ ကျွန်မတို့တတွေ သွားခဲ့ရတာပါ။ ကလေးငယ် ပယောဂဆရာလေး ရှိတဲ့ မွတ်စလင်ရွာ အ၀င်ဝမှာ ကောက်ရိုး တန်းလျားရှည်တွေ ရှိပြီး၊ ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် အားလုံးတည်းခိုနေကြတယ်။ ကြက်ပျံမကျ စည်ကားလှသလို အစားအသောက်၊ ရေအိုးတွေနဲ့ ရေတွေလည်းရောင်းနေကြတာ မြင်ခဲ့ရတယ်။ ကျွန်မတို့လည်း ကောက်ရိုးတန်းလျားမှာဘဲ အိပ်ကြတယ်။ မနက်ရှစ်နာရီလောက်မှာ ကလေးငယ် ပယောဂဆရာလေးကို သူ့ဦးလေးက ချီပြီး ခေါ်လာတယ်။

ကလေးငယ် ပယောဂဆရာလေးက ဒိုအာတွေ ဖတ်ရွတ်ပြီး မန်းမှုတ်နေတာ မြင်ရတယ်။ လူတွေက ရေအိုးတွေ ကိုယ်စီနဲ့ တန်းစီပြီး စောင့်နေကြပါတယ်။ ကျွန်မအပါအ၀င် လူတွေအားလုံးက ကလေးငယ် ပယောဂဆရာလေးကို မြင်ချင်နေကြတာပါ။ ကလေးငယ် ပယောဂဆရာလေးက အသားညိုညို၊ နှာတံစင်းပြီး ချစ်စရာကောင်းပါတယ်။ အသက်က တစ်နှစ်ခွဲ အရွယ်လောက်သာ ရှိပေမယ့် သူ့ရဲ့ ဖတ်ရွတ် မန်းမှုတ်နေပုံကတော့ အံ့မခန်းပါဘဲ။ ကျွန်မတို့လည်း ရေမန်းတွေယူပြီး စစ်တွေမြို့ကို ပြန်လာခဲ့ကြတယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ လာမန်းပေးတယ်ဆိုတော့ လူတွေက ကောက်ရိုး တန်းလျားမှာဘဲ စောင့်နေကြရတယ်။

ပေါက်တောမြို့က မွတ်စလင်တွေကို ခိုးဝင် ဘင်္ဂလီ တံဆိပ်တပ်ပြီး ဒုက္ခသည် စခန်းတွေမှာ အကျဉ်းချထားတာကို တွေ့ရလို့ လွန်ခဲ့တဲ့ ၅၄ နှစ်က ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ မြင်ကွင်းကို ရေးရတာပါ။ ဒီလူတွေက မနေ့တစ်နေ့ကပဲ ခိုးဝင်လာတယ်လို့ ပြောသံကြားတိုင်း ကျွန်မ မယုံဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစုနှစ်က ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတဲ့ လူတွေက မနေ့တစ်နေ့ကမှ ခိုးဝင်လာသူတွေ ဖြစ်ပါ့မလား။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုနောက်ပိုင်း ပေါက်တောက မွတ်စလင်တွေလည်း ခိုးဝင် ဘင်္ဂလီ ဖြစ်ခဲ့ရတာပါ။ အမုန်းတရား မှိုင်းတိုက်ပြီး နိုင်ငံသားကို နိုင်ငံမဲ့ ဖြစ်အောင် လုပ်တယ်။ နိုင်ငံသားတွေကို နိုင်ငံသား ဖြစ်အောင် ပြန်စစ်တာ အဓိပ္ပာယ်မဲ့နေပါတယ်။ အိုးအိမ် အတည်တကျ နေထိုင်လာတဲ့ သူကို ဒုက္ခသည် စခန်းပို့ပြီး ဒုက္ခမျိုးစုံ ပေးထားတယ်။ ဒါတွေကို လူတွေ သိကြပါတယ်။ မသိယောင်ဆောင် နေတာပါ။ အမုန်းတရားရဲ့ လောင်းရိပ်အောက်မှာ ပျော်နေကြတာပါ။ ဒါပေမယ့် ဒီအမုန်းအတရားတွေကို မကြာခင် မြင်လာကြမယ်လို့ ကျွန်မ မျှော်လင့်နေပါတယ်။ ပေါက်တောက ဒုက္ခသည်တွေ ဒုက္ခအပေါင်းက လွတ်မြောက်ပြီး နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အမြန်ဆုံး ရကြပါစေ။

ဒေါ်ခင်လှ (ယူကေရောက် ဒုက္ခသည်)



ဗွီအိုအေမြန်မာပိုင်း
24.6.2015

ပါကစ္စတန်နိုင်ငံ ကရာချိ မြို့တော်မှာ လွန်ခဲ့တဲ့ သုံးရက် အတွင်း ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၇၀၀ ထက်မနည်း သေဆုံး ခဲ့ရပြီး ဒီကနေ့ အထိ အပူရှိန် လျော့ကျသွားမယ့် အရိပ် လက္ခဏာ မတွေ့ရ သေးပါဘူး။

လူဦးရေ သန်း ၂၀ ရှိတဲ့မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကြောင့် ပန်ကာတွေ၊ လေအေးပေးစက်တွေကို ဖွင့်လို့မရတဲ့အတွက် အခြေအနေ ပိုဆိုးနေတာပါ။ အခုဆိုရင် အပူဒဏ်ကို ခံနိုင်အောင် ကြိုးစားတဲ့အနေနဲ့ လူအများအပြား လမ်းတွေပေါ်မှာ ထွက်အိပ်နေကြပါတယ်။

ဒေသတွင်း ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်ဘက်ဆရာဝန်တွေလည်း ကူညီ ကုသပေးနေပါတယ်။

ကရာချိမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ရောက်သွားခဲ့ပြီး၊ Sindh ပြည်နယ်ရဲ့ ကျန်တဲ့နေရာတွေမှာလည်း ပါကစ္စတန်နိုင်ငံမှာ အခုချိန်ဟာ ကမ္ဘာတ၀ှမ်းက မူဆလင်တွေ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အစာ မစားဘဲ ဥပုသ်သီလ ဆောက်တည်ကြတဲ့ ရာမာဒန် အခါကြီးရက်ကြီး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ချစ်တောက်အောင်ပူတဲ့ အပူချိန်အောက်မှာ ပါကစ္စတန်နိုင်ငံသားတွေ အစာမစား ရေမသောက်ဘဲ ဥပုသ်စောင့်နေကြရပါတယ်။



မသိင်္ဂီထိုက်
24.6.2015

ရခိုင် ကမ်းလွန် ကနေ ဖမ်းဆီး ရမိတဲ့ လှေစီးပြေးတွေ ထဲက စက်လှေ လုပ်သားတွေနဲ့ စကားပြန် အပါအ၀င် ပတ်သက် ဆက်နွယ်သူ လူ ၂၀ တို့ကို လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေနဲ့ မောင်တောတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်ပါတယ်။

သူတို့ကို လူကုန်ကူးမှု နဲ့လည်း တရားစွဲဆို ထားပြီး လာမယ့် ဇူလိုင်လမှာ တရားရုံးတင် ကြားနာဖို့လည်း ရှိနေပါတယ်။ ပြစ်ဒဏ်ချ ခံခဲ့ရသူတွေ ဘက်က လုံလောက်တဲ့ ခုခံချေပခွင့် ရရှိခဲ့ပါသလား ဆိုတာနဲ့ အမှုသွား အမှုလာ အခြေအနေ တို့ကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က လှေစီးထွက်ပြေးကြသူ ၂၀၀ ကျော်တို့ကို တင်ဆောင်ပြီး မလေးရှားနိုင်ငံဆီ ဦးတည်မောင်းနှင်ရင်း ရခိုင်ကမ်းလွန်မှာ မြန်မာရေတပ်က ဖမ်းဆီးလိုက်တဲ့ထဲက စက်လှေဝန်ထမ်းတွေနဲ့ စကားပြန်တွေ အပါအ၀င် လူ ၂၀ တို့ကို မောင်တောတရားရုံးက ၁၉၄၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ၁၃ (၁) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ မောင်တောမြို့ခံ ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြစ်ဒဏ်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒီ လူ ၂၀ ကို လ၀ကပုဒ်မ ၁၃ (၁) နဲ့ စွဲတဲ့အမှုနဲ့ အမိန့်ချတာ၊ လူကုန်ကူးတဲ့အမှုနဲ့ အမိန့်ချတာ မဟုတ်ဘူး။ လ၀ကပုဒ်မနဲ့ စွဲထားတာ၊ လ၀ကပုဒ်မနဲ့ ချတာ၊ လူကုန်ကူးမှုနဲ့က တရားစွဲထားတုန်းပဲရှိသေးတယ်။ လ၀ကဥပဒေပုဒ်မနဲ့က သူတို့က အပြစ်ရှိတယ်လို့ ၀န်ခံတဲ့အတွက် ချတာပါ။ လူကုန်ကူးမှုဥပဒေနဲ့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အဲဒါအမှုနဲ့ စွဲထားတာပဲရှိသေးတယ်။ အဲဒါမချရသေးဘူး။”

နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကို တရားမ၀င် ကူးလူးသွားလာသူတွေအတွက် ချမှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ အမြင့်ဆုံးပေးနိုင်တဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ဘူးသီးတောင်ထောင်မှာ ထားရှိမှာ ဖြစ်ပါတယ်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်ခဲ့တယ်ဆိုတာကို ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးက ၀န်ခံခဲ့တာ ဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။ ဒီလူတွေကို နောက်ထပ် လူကုန်ကူးမှုနဲ့လည်း တရားစွဲဆိုထားပြီး လာမယ့် ဇူလိုင်လ အတွင်းမှာ ကြားနာမှာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ နာမည်တွေကိုတော့ အတိအကျ မပြောနိုင်ဘူးဆိုပြီး ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“မောင်တောဒေသခံ မပါဘူး။ လူစာရင်း အတိအကျ လူ ၂၀ နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဧရာဝတီတိုင်းပါတယ်။ ရန်ကုန်တိုင်းပါတယ်။ တနင်္သာရီတိုင်းပါတယ်။ မွန်ပြည်နယ်ပါတယ်။ ရခိုင်ပြည်နယ်က တယောက်ပါတယ်ထင်တယ်။ ရခိုင်ဘက်က မူဆလင် ကျောက်တော်ဆိုပြီး တယောက်ပါသလားလို့။ သေသေချာချာ မပြောနိုင်ဘူး။”

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က လှေစီးပြေးတွေကို အရှေ့တောင် အာရှနိုင်ငံတွေဆီကို တရားမ၀င် ပို့ဆောင်မှုနဲ့ လူ ၅ ဦးတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ရခိုင်ကမ်းလွန်ကနေ ဖမ်းဆီးရမိတဲ့ စက်လှေမှာ လူပေါင်း ၂၀၈ ယောက်တင်ဆောင်လာခဲ့တာဖြစ်ပြီး အများစုက ဘင်္ဂလားဒေရှ့် နိုင်ငံက ဖြစ်ကြပါတယ်။ ဒီထဲက ၁၈၇ ဦးတို့ကိုတော့ ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည် ပို့ဆောင်ပြီး ဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက်က လက်မခံသေးတဲ့ ကျန်တဲ့ ၁၃ ဦးတို့ကတော့ ရခိုင်ပြည်နယ်မှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။



ဇော်ဝင်းလှိုင်
ဗွီအိုအေမြန်မာပိုင်း
24.6.2015

အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ဖြစ်တဲ့ Ramadan ဥပုသ် ကာလမှာ ကမ္ဘာ တ၀ှမ်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အပြင် အကြမ်းဖက် နှိပ်ကွပ်မှု တွေကြောင့် ထွက်ပြေးနေ ရတဲ့ ဒုက္ခသည်တွေ အရေးကို အိမ်ဖြူတော်မှာ ဇွန်လ ၂၂ ရက်၊ တနင်္လာနေ့ညက ပြုလုပ်တဲ့ ၀ါဖြေ ညစာစားပွဲ အတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြား သွားတာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ တွေနဲ့ ပတ်သက် လို့လည်း ထည့်သွင်း ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုလည်း သမ္မတ အိုဘားမားနဲ့ စားပွဲဝိုင်း တခုထဲထိုင်ပြီး ညစာစားခွင့် ရခဲ့တာမှာ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေကို သမ္မတ အိုဘားမားထံ တိုက်ရိုက် ပြောဆိုခွင့်ရခဲ့တယ်လို့ မဝေေ၀နုက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။


ဝါဖြေညစာစားပွဲဟာ မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ ချိုးဖောက်လို့မရတဲ့ အခွင့်အရေး အပါအ၀င် အမေရိကန် နိုင်ငံသားတွေအဖြစ် အတူတကွ စည်းနှောင်ထားတဲ့ လွတ်လပ်ခွင့်တွေကို ပြန်ပြီး အမှတ်ရစေတယ်လို့ ညစာစားပွဲ မတိုင်ခင် ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ အိုဘားမားက ထည်သွင်း ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံအတွင်းက ဖိနှိပ် ချုပ်ချယ်မှုတွေကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးနေရတဲ့ အရေးတွေကို သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။

“ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေ၊ ဆင်းရဲ ချို့တဲ့ပြီး ငတ်မှုခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေမှာ ရာမာဒန် ဥပုသ်ကာလကို ဖြတ်သန်းနေကြတဲ့သူတွေ အပါအ၀င် ကမ္ဘာတ၀ှမ်း ညှဉ်းပန်း နှိပ်စက်မှုတွေ ခံစားနေရတဲ့သူတွေအတွက် ကျနော်တို့ ဒီည ထည့်သွင်း ဆုတောင်းပေးကြရအောင်ပါ။ ISIL - အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ရန်ကို တွန်းလှန် တိုက်ခိုက်နေကြတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံသားတွေ၊ အကြမ်းဖက် ဆူမှုတွေ အဆုံးသတ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ယီမင်နဲ့ လစ်ဗျားနိုင်ငံသားတွေ၊ မြေထဲပင်လယ်ကို ဖြတ်ပြီး စစ်ပွဲတွေနဲ့ အခက်အခဲတွေ ဘေးက ထွက်ပြေး လွတ်မြောက်လာသူတွေ၊ မနှစ်က ဖြစ်သွားခဲ့တဲ့ ပဋိပက္ခကနေ ပြန်လည် နလန်ထူနိုင်ဖို့ ကြိုးစားနေကြတဲ့ ဂါဇာဒေသကလူတွေ၊ ပင်လယ်ပြင်ထဲမှာရှိနေကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအ၀င် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးသင့်ပါတယ်။”

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြန်မာ ရေပိုင်နက် အတွင်း တစ်ဖက် နိုင်ငံမှ လုံခြုံေ ရးတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီး ရမိစဉ်။ (ဓာတ်ပုံ- MOI)

23.6.2015

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံ ထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လည် လွှဲပြောင်း ပေးရေးအတွက် မြန်မာဘက်က တောင်းဆိုချက်ကို လိုက်လျှော ရမယ်လို့ မြန်မာ နယ်ခြားစောင့်တပ်က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြ ထားပါတယ်။ အဲဒီ တောင်းဆိုချက် ကတော့ ကပ္ပလီ ပင်လယ်ပြင် အတွင်း မြန်မာ ရေတပ်က ကယ်တင် ထားလိုက်တဲ့ လူမှောင်ခိုကူး ခံရသူ လှေစီးပြေး ဒုက္ခသည် ၅၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လည် လက်ခံရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်လို့ မြန်မာအစိုးရက ပြောနေပေမယ့်လည်း သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ အရင် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒမရှိဘူးလို့ ပြောပါတယ်။ စစ်ဆေး မေးမြန်းပြီးတာတောင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်လက်ခံလိုက်တဲ့ အုပ်စုထဲမှာ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ မူဆလင်တွေ ပါလာတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသ Teknaf မြို့အနီးက နတ်မြစ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား ဇွန်လ ၁၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Nayek Abdur Razzak ကို မြန်မာဘက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။ တခြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

Razzak နဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအရေးဟာ သီးခြားစီဖြစ်ကြောင်း၊ အဲဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် ဆိုတာ စစ်ဆေးဖို့အတွက် အချိန်ယူလုပ်ဆောင်ရမှာဖြစ်ကြောင်း Teknaf မြို့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Abu Jar Al Jahid ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာဘက်က အဲဒီလို တောင်းဆိုတယ်ဆိုတာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တနင်္လာနေ့မှာ အတည်ပြု ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ် ပုံမှန်တွေ့ဆုံပွဲအတွင်း ဖမ်းခံထားရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွဲပြောင်းပေးရေးကိစ္စကိုပါ ထည့်သွင်း ညှိနှိုင်းခဲ့တယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး Assaduzzaman Khan Kamal က သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ Razzak ရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာတော့ မျက်နှာမှာ သွေးတွေ စွန်းနေပြီး လက်ထိပ်ခတ်ခံထားတဲ့ သူ့ရဲ့ပုံကို တင်ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့ မိသားစုကလည်း စိုးရိမ်နေသလို သူ့ရဲ့ ဇနီးကလည်း တနင်္လာနေ့မှာပဲ တတိယမြောက် ရင်သွေးကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP က လွှတ်တော်အတွင်း ဖိအားပေး ပြောဆိုမှုတွေ ရှိနေတာမှာ ဖမ်းဆီးမှု ဖြစ်ပွားပြီး ၆ ရက်ကြာတဲ့အထိ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွတ်လာအောင် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့အထိပါ တောင်းဆိုလာနေကြပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။



မဆုမွန်
22.6.2015

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်က အိမ်ဖြူတော်မှာ ဒီည ကျင်းပမယ့် အစ္စလာမ် ဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုကို အမေရိကန်သ မ္မတက ဂုဏ်ပြု ဖိတ်ကြား ထားပါတယ်။ မြန်မာနိုင်ငံ တွင်းက လူ့အခွင့်အရေး အခြေ အနေတွေ၊ ၂၀၁၅ ရွေးကောက်ပွဲ အနေအထားနဲ့ အာရှ ဒေသတွင်း နိုင်ငံတကာက အာရုံစိုက်နေ ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကို အမေရိကန် သမ္မတ အပါအဝင် အမေရိကန် အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံတဲ့ အခါ အဓိက ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ဖိတ်ကြား ခံရတဲ့ မဝေဝေနုက ပြောပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ မဆုမွန်က တင်ပြ ပေးထား ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ အမေရိကန်စံတော်ချိန် တနင်္လာနေ့ညပိုင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်မှာ ကျင်းပမယ့် “ဝါဖြေညစာစားပွဲ” ကို တက်ရောက်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်က မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ မဝေဝေနုကို ဖိတ်ကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်သီတင်းလမှာ အထွဋ်အမြတ်ထားကျင်းပတဲ့ ဝါဖြေညစာစားပွဲကို မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးဖိနှိပ်မှု လူမျိုးရေးခွဲခြားဆက်ဆံမှုမထားဘဲ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အခုလို အမေရိကန်အစိုးရလိုမျိုး မတူကွဲပြားတဲ့ ဘာသာတရားတွေအပေါ် လေးစားမှုနဲ့ ကျင်းပ ဆောင်ရွက်ပေးမယ်ဆိုရင် အမုန်းတရားနဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ မဝေဝေနုက ပြောလိုက်ပါတယ်။

“…ဝါဖြေတဲ့ညစာစားပွဲပေါ့နော်။ ဝါဖြေညစာစားပွဲဟာ ကျမအတွက်ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံမှာ ကျမတို့က မတူကွဲပြားမှု၊ တခြား ဘာသာတရားတွေကိုကျမတို့ လေးစားမှု၊ ဂုဏ်ပေးမှုတွေကို ကျမတို့မတွေ့ရပါဘူး။ မတွေ့ရဘဲနဲ့ သူများနိုင်ငံမှာလာပြီးတော့ သူများနိုင်ငံကနေပြီးတော့ ဒီလိုမျိုးဖိတ်ပြီးတော့ ကျမတို့ကို လေးစားဂုဏ်ပြုပေးတယ်ဆိုတဲ့ဟာ အရမ်းကို အင်မတန် ဝမ်းမြောက်ဝမ်းသာစရာ ဖြစ်ပါတယ်။ …ဆိုတော့ ဒါမျိုး အလေ့အထတွေကို ကျမတို့ ပြည်တွင်းထဲမှာလည်း ကျမတို့မြန်မာနိုင်ငံအစိုးရကလည်း လုပ်ပေးတာမျိုးကို မြင်ချင်ပါတယ်။ အဲဒါမှ ပြည်တွင်းထဲမှာရှိနေတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ပြည်သူတွေအချင်းချင်းကြားထဲမှာ မယုံကြည်မှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရတွေ ကိုယ်နှိုက်ကိုက ဦးဆောင်ဦးရွက်ပြုပြီးတော့ ဘာသာတရားတွေကို လေးစားပေးတယ်၊ ဂုဏ်ပြုပေးတယ်ဆိုလို့ရှိရင် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ မယုံကြည်မှုတွေ သောကတွေ ပျောက်သွားမယ်လို့ ထင်ပါတယ်ရှင့်။”

အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်တဲ့ ဒီဝါဖြေညစာစားပွဲအတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေတွေကို အဓိကဆွေးနွေးတင်ပြသွားမှာဖြစ်တယ်လို့ မဝေဝေနုက ပြောပါတယ်။

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲမှာ အားပေးတာကို ကျမတို့ထောက်ခံတယ်-ပေါ့နော်၊ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း စစ်မှန်တဲ့ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ဖို့လိုတယ်ပေါ့နော်၊ ရိုးသားတဲ့ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ လိုတယ်၊ လူတွေရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖြစ်ဖို့လိုတယ်-ပေါ့နော်။ နောက်တခါကျတော့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီ ဖြစ်ဖို့လိုတယ်၊ လူနည်းစု တစုကိုပဲဖြစ်ဖြစ်၊ တချို့သောလူတွေကိုပဲဖြစ်ဖြစ် ဖယ်ကျဉ်ပြီးတော့၊ ဒါမှမဟုတ်ရင် နှိပ်ကွပ်ပြီးတော့မှ ရတဲ့ဒီမိုကရေစီမျိုး မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးပေါ့။ အဓိက စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွကို ကျမတို့ကို အားပေးသွားပါ-လို့ ကျမက ပြောချင်တယ်။ နောက်တခါကျတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ တကယ့်ကို အခြေခံကျတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို အရင်ဆုံးဖြေရှင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားဖို့လည်း ကျမ ပြောချင်တယ်။ အထူးသဖြင့် ရခိုင်ဒေသမှာရှိတဲ့ပဋိပက္ခတွေ၊ နောက်ပြီးတော့ ကချင်စစ်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို အဓိက အမြန်ဆုံးဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းဖို့ ကျမပြောချင်တယ်။ နောက်တခါ တရားမျှတမှုနဲ့ဆိုင်တဲ့ကိစ္စတွေ”

မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အပြောင်းအလဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအချို့မဲပေးခွင့် မရှိဘဲ နိုင်ငံသားအခွင့်အရေး မရကြတာတွေ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့် မရကြတဲ့ အနေအထားတွေကိုလည်း ရှင်းပြသွားမယ်လို့ မဝေဝေနုကပြောပါတယ်။

အာရှဒေသတွင်း ပင်လယ်ပြင်တွေမှာ ဒုက္ခရောက်နေကြရတဲ့ အကူအညီမဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး ဘာကြောင့် သူတို့ဟာ နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေးကြရပါသလဲဆိုတဲ့ အကြောင်းရင်းကို အဓိကထား ဦးစားပေးစုံစမ်းပေးဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရအပေါ် အမေရိကန်အစိုးရဘက်က ဖြေလျော့မှုတွေနဲ့ ဆက်ဆံနေတဲ့မူဝါဒသဘောထားတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ မဝေဝေနုက ဆိုပါတယ်။

Justice for Women အဖွဲ့ ဦးဆောင်သူ မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း Gorge W. Bush ရဲ့  Bush Center က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု ( Liberty and Leadership) သင်တန်းရဲ့ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီသင်တန်းကို ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့အတူ တက်ရောက်ခဲ့တာဖြစ်ပေမဲ့ မဖြိုးဖြိုးအောင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကိုလင်းထက်နိုင်ကတော့ အာဏာပိုင်တွေရဲ့ လက်ကလွတ်မြောက်အောင် တိမ်းရှောင်နေရဆဲဖြစ်လို့ သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သင်တန်းဆင်းပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

Rohingya Exodus