နောက်ဆုံးသတင်း/ဆောင်းပါးများ
MYARF
RB News
2.2.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ကျေးရွာ၏ လမ်းသည် တောင်မြောက်လမ်း ဖြစ်သည်။ လမ်း၏ အရှေ့ဘက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ အိမ်အပါအ၀င် ရခိုင်လူမျိုး အိမ်သုံးအိမ် ရှိပြီး လမ်း၏ အနောက်ဘက်တွင် ရိုဟင်ဂျာအိမ်များ ရှိသည်။ 
အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ အိမ်တည့်တည့် လမ်း၏ အနောက်ဘက်ရှိ ရိုဟင်ဂျာ အိမ်ရှေ့လမ်းဘေးတွင် ယင်းရွာမှ မာမတ်တာဟဲရ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၂၅ နှစ်) က ၀ါးများ သိုလှောင်၍ ၀ါးအရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ 
ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက လမ်းပိုင်နက်တွင် ၀ါးများ သိုလှောင်ခွင့် မရှိ၊ လမ်းဘေးတွင် ၀ါးသိုလှောင်၍ ရောင်းချလိုလျှင် ၎င်းအား ငွေပေးရမည်ဟု ဆိုကာ မာမတ်တာဟဲရ် ထံမှ ငွေကျပ် နှစ်သောင်းကို လာဘ်ငွေ အဖြစ် ယူခဲ့သည်။ 
တစ်ဖန် ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက အဆိုပါ လူငယ်ကို ဆင့်ခေါ်၍ အိမ်ရှေ့တွင် ၀ါသိုလှောင် ထားသောကြောင့် အိမ်ရှင်က အနှောက်အယှက် ဖြစ်နေရကြောင်း တိုင်ကြားခဲ့သည်ဟု ဆိုကာ အိမ်ရှင်ကို အကြောင်းပြ၍ ထပ်မံ၍ ငွေတောင်းခံခဲ့သည်။ ၀ါးရောင်းချသူက ငွေကျပ် နှစ်သောင်း ပေးပြီးသောကြောင့်၊ ထပ်မံ၍ ငွေပေးရန် ငြင်းဆန်ရာ ဦးမောင်သန်းဌေးက လူငယ်အား အမျိုးမျိုး စော်ကား ဆဲဆို၍ လမ်းပေါ်မှ ၀ါးများကို ချက်ချင်း ဖယ်ရန် ပြောဆိုခဲ့သည်။ 
ဝါးရောင်းချသူ မာမတ်တာဟဲရ်က ချက်ချင်း အလုပ်သမား မရသဖြင့် ၀ါးများကို မဖယ်နိုင်သောကြောင့် ဦးမောင်သန်းဌေးက လမ်းပေါ်တွင် အများရှေ့မှောက်၌ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက် နေစဉ် မာမတ်တာဟဲရ်၏ ငွေကျပ် တစ်သိန်းကျော် တန်သည့် သားရေဂျာကင်လည်း စုတ်ပြတ် ပျက်စီးသွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
Rohingya Eye
RB News
2.2.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သံဒါ ကျေးရွာမှ ဦးမာမတ်အလီ (ဘ) ဦးဆွေတာလောမ် (အသက် ၅၀ နှစ်) ၏ သားဖြစ်သူသည် ၎င်းကျေးရွာရှိ လမ်းမ အနောက်ဘက် လယ်ကွင်းတွင် ဇန်န၀ါရီလ (၃၁) ရက်နေ့က ဖခင်ဖြစ်သူ၏ နွားအချို့ကို ကျောင်းနေခဲ့သည်။ 
ထိုသို့ နွားကျောင်းနေစဉ် ယင်းကျေးရွာမှ တောင်အနီးရှိ မောရ၀တီနှင့် ကိုင်းကြီး ရခိုင်ရွာမှ ရခိုင်ရွာသား အချို့ အဆိုပါကလေးနှင့် အတူ နွားကျောင်းနေသည့် ကလေးများကို မောင်းထုတ်ပြီး ကလေးများတွင် ရှိသည့် တုတ်ချောင်းများကို သိမ်းယူခဲ့သည်။ ထို့နောက် အဆိုပါ ရခိုင်ရွာသား များသည် ဦးမာမတ်အလီ ပိုင်ဆိုင်သည့် နွား (၂) ကောင်ကို ဆွဲယူသွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
နွားပိုင်ရှင် ဖြစ်သူသည် ၎င်း၏ နွားများကို ပြန်လည် တောင်းရန် ရခိုင်ရွာထဲသို့ မသွားရဲသောကြောင့် ငွေသိန်းချီ တန်သည့် နွားနှစ်ကောင်ကို အဆုံးရှုံးခံလိုက်ရမည့် အနေအထားတွင် ဖြစ်နေသည်။ သက်ဆိုင်ရာ အာဏာပိုင်များမှ ယခုကဲ့သို့ မတရားသဖြင့် ဓါးပြများကဲ့သို့ လုပ်ဆောင် နေခြင်းကို ဟန့်တား ပေးရန်နှင့် နွားများအား ပိုင်ရှင်ထံသို့ ပြန်လည် အပ်နှံရန် အတွက် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
2.2.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုနှင့် ဒိုးတန်း ကျေးရွာအုပ်စု တို့တွင် ဇန်န၀ါရီလ (၃၁) ရက်နေ့က ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ 
အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုတွင် ဓါတ်ပုံရိုက်ခ ငွေကျပ် ၁၅၀၀ ယူခဲ့ပြီး၊ ကလေး မွေးတိုးအား အိမ်ထောင်စု စာရင်းတွင် တင်ရန် ငွေကျပ် ၅၀၀၀ စီ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ဒိုးတန်း ကျေးရွာအုပ်စုသို့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိသည့်အခါ လက်ရှိ ကျေးရွာ တာဝန်ခံ ဦးဆီရာဇူလ္လာ (ဘ) မော်လ၀ီ ဆော်လိမ်မူလ္လာ က ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်ကို မကျေနပ်၍ ဒိုးတန်း ရွာသားများထံမှ ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၂၀၀၀ နှင့် ကလေး မွေးတိုးကို အိမ်ထောင်စု စာရင်းတွင် တင်ရန် အတွက် ငွေကျပ် ၁၀၀၀၀ စီ အတင်းအဓမ္မ ကောက်ယူခိုင်းခဲ့သည်။ 
ထိုစဉ် ဦးအာမီရ်ဟမ်ဇား (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၂၆ နှစ်) ၏ ညီဖြစ်သူ ဟာဆောင်းမှာ နိုင်ငံခြားသို့ ရောက်နေသဖြင့် အိမ်ထောင်စု စာရင်းမှ ပယ်ဖျယ်ရန် ဦးဆီရာဇူလ္လာ ထံမှ ထောက်ခံစာ တောင်းရာ၊ ထောက်ခံစာ အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ထို့အပြင် ၎င်းအား မဲမပေးသည့် မိသားစုဝင် အချို့၏ အိမ်ထောင်စု စာရင်းများကို ဓါတ်ပုံ ရိုက်ပြီးသည့် အခါ ပြန်မပေးဘဲ သိမ်းဆည်းခဲ့သည်။ ကာယကံရှင်များက အိမ်ထောင်စု စာရင်းများကို ပြန်တောင်းသည့် အခါ ငွေပေးမှ ပြန်လည် ပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ 
အိမ်ထောင်စု စာရင်း သိမ်းဆည်းခံရသူ အချို့မှာ -- 
(၁) ဦးဇာဟိဒူလ္လာ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၂၇ နှစ်) 
(၂) မိုဟာမတ်ယာဟာယာ (ဘ) ဦးမော်ဆီအုလ္လာ (အသက် ၃၀ နှစ်)
(၃) ဦးအာဘူကာလာမ် (ဘ) ဦးအာဘူဘော်ကော်ဆီဒိတ် (အသက် ၄၅ နှစ်) တို့နှင့် အတူ အခြားသော ရွာသား (၂၂) ဦးတို့၏ အိမ်ထောင်စု စာရင်းများ သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မေခ
2.2.2016
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် နေရာ တွေကို ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ် သွားမယ်လို့ ပါတီ ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေ နဲ့ တွေ့ဆုံစဉ် ပြောဆို သွားပါတယ်။ ပြည်နယ်နဲ့တိုင်း အစိုးရတွေ ဖွဲ့စည်းရာ မှာတော့ တိုင်းနဲ့ ပြည်နယ် မှာရှိတဲ့ တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေကို ထည့်သွင်း သွားမှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။ ပါတီအနေနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ဖို့ အတွက် ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်သလို ပါတီဝင်တွေကိုလည်း အဂတိ လိုက်စားခြင်း အထူးရှောင်ဖို့လည်း တင်းကျပ်စွာ သတိ ပေးထားတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ နေပြည်တော် လွှတ်တော်မှာ ကိုယ်တိုင် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။
ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားတဲ့ NLD ပါတီ အနေနဲ့ လွှတ်တော် ၂ ရပ်စလုံးမှာ ကိုယ်စားလှယ် အများဆုံးရရှိထားပြီး၊ သမ္မတ ကိုပါရွေးချယ်ခွင့် ရရှိထားသလို၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေကိုလည်း ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ၀န်ကြီးချုပ် နေရာတွေကို ပါတီတွင်းက ကိုယ်စားလှယ်တွေကိုသာ ခန့်ထားမှာ ဖြစ်ပေမဲ့၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာတော့ တိုင်းရင်းသားတွေကို ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌတွေက သမ္မတက ခန့်ရမယ်။ ဒါပေမယ့် ကျနော်တို့က မူအရ ဆွေးနွေးဖူးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်ကြိုက်တဲ့လူ ရွေးချယ်တင်မြှောက်ခွင့်ရအောင်ကြိုးစားတယ်။ အဲဒီတုန်းကတော့ မအောင်မြင်လိုက်ဘူး။ အခုတော့ အရင်တိုင်းရှိတယ်ဆိုရင် သမ္မတပဲရွေးမှာ၊ ရွေးတဲ့အခါမှာ သေချာတာကတော့ NLDဖြစ်မယ်။ သို့သော် တိုင်းနဲ့ပြည်နည် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့တွေမှာတော့ ကျန်တဲ့ပါတီတွေတော့ ပါလိမ့်မယ်။”
ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးလှစောကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရတာဟာ အုပ်ချုပ်ရေးအတွက် ပိုမိုထိရောက် စေနိုင်တယ်လို့ မြင်ပါတယ်။
“တိုင်းနဲ့ပြည်နယ်ထဲမှာပေါ့လေ၊ ရခိုင် issue ကတော့ နဲနဲ သီးခြား ထူးခြားဖြစ်မယ်ထင်တယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ထူးခြားဖြစ်စဉ်တွေရှိတယ်။ ဥပမာ ကျနော်တို့ communal violence တွေရှိတယ်။ နောက်ကျနော်တို့ SEZ (အထူးစီးပွားရေးဇုံ) ကိစ္စတွေ ရှိတဲ့အတွက်ကြောင့်နော်၊ အဲဒါတွေက ရှုပ်ထွေးတဲ့အတွက်ကြောင့် သိမ်လည်းသိမ်မွေ့ပါတယ်။အင်မတန်လည်း ပြည်တွင်းစစ်ရဲ့ ဂယက်တွေဆိုလည်း ရခိုင်ကို လာရိုက်တယ်ပေါ့နော်။ ကျနော်တို့ AA issue တွေလည်း ပြဿနာရှိတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒီပြဿနာတွေကို အာဏာရတဲ့ နိုင်ငံရေးပါတီတခုတည်းကနေပြီးတော့ ဦးဆောင်လို့ရမယ်မထင်ဘူး။ အဲတော့ ကျနော်တို့ ရခိုင်မှာဆိုလို့ရှိရင် ကျနော်တို့ ANP က လူထုထောက်ခံမှုလည်း အများကြီးရတယ်။ အမတ်နေရာလည်းအများကြီးရတဲ့အတွက်ကြောင့်မို့လို့ democratic culture ထဲမှာရှိတဲ့ political dialogue ပေါ့၊ ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးဆွေးနွေးသွားမယ်ဆိုရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ယူဆပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်စတင်ပြီး ၂ ပတ်လောက်အကြာမှာ သမ္မတကို ရွေးချယ်ရမှာပါ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ အဖြစ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သမ္မတဖြစ်ခွင့်မရှိပါဘူး။ ဒါပေမဲ့လည်းလွှတ်တော်သစ် စတင်ကျင်းပတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အခြေခံဥပဒေပါ သမ္မတရွေးချယ်ဖို့ သက်မှတ်ချိန်မတိုင်မှီအထိ ကြိုးပမ်းသွားဖို့ရှိကြောင်း၊ ဒီအတွက်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့လည်း NLD အသိုင်းအ၀ိုင်းက ပြောဆိုနေပေမဲ့NLD အလုပ်အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင် ကတော့ အခုလိုပြောပါတယ်။
“၂၀၁၁ ခုနှစ်တုန်းက ဦးသိန်းစိန်တက်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံက အဲဒီတုန်းက အတည်မဖြစ်သေးဘူး။ အဲတော့ ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလွှတ်တော် ပြည်ထောင်စု လွှတ်တော်ခေါ်ယူတဲ့ နေ့တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တနိုင်ငံလုံးအတွက် သက်ရောက်သည်ဆိုလိုက်တဲ့အတွက် ၂၀၁၁ တုန်းက ခေါ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရတဲ့အချိန် အခြေခံဥပဒေက ပေးထားတဲ့ ဘောင်အတွင်းကနေ ကျနော်တို့ လုပ်မှာပါ။”
လက်ရှိမှာ သမ္မတလောင်းအနေနဲ့ ဒီလိုမှမဟုတ်ရင် အစိုးရအဖွဲ့ဝင် အနေနဲ့ဖြစ်နိုင်တယ်လို့ နာမည်ကြီးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရုံးအဖွဲ့မှူး ဒေါက်တာ တင်မာအောင်၊ ဦးထင်ကျော် စသဖြင့်နာမည်ထွက်ပေါ်နေပေမယ့် တိကျတဲ့သတင်း မဟုတ်သေးသလို အတည်ပြုချက်လဲမရပါဘူး။
အင်ကြင်းနိုင်
2.2.2016
မြန်မာပြည်သူတွေ ရွေးကောက် တင်မြှောက် လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နေရာ အများစု ရထားတဲ့ ပြည်သူ့ လွှတ်တော် ဒုတိယ သက်တမ်း မနေ့က စတင်နိုင်ခဲ့ပါပြီ။ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလည်း မြန်မာ့ သမိုင်းဝင်နေ့ အဖြစ် ဂုဏ်ပြုစကား အသီးသီး ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် အလွန် အရေးကြီးတဲ့ ခြေလှမ်း တရပ် ဖြစ်တယ် လို့လည်း အသိအမှတ်ပြု ထုတ်ဖေါ် ပြောခဲ့ ကြတာပါ။ မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးထားခဲ့တဲ့ အရင်ပြည်ထောင်စု လွှတ်တော် ငါးနှစ် သက်တမ်း ပြီးဆုံး သွားပြီးနောက် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က စတင်ခဲ့ တဲ့ ပြည်သူ့လွှတ်တော်အပါအ၀င် အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော် အသီးသီး မှာ ဒေါ်အောင်ဆန်းစုကြည်တဲ့ ဦးဆောင်တဲ့ NLDက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဟာ နေရာ အများစုကို ရရှိထားတာပါ။
ဒါကြောင့် ဒီတကြိမ် လွှတ်တော် သက်တမ်း စတင်ဖွင့်လှစ်တဲ့နေ့မှာ ပင်နီတိုက်ပုံနဲ့ ပင်နီအကျီင်္ အရောင်တွေ ဝတ်ဆင်ထားတဲ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထိုင်ခုံ အများစုကို လွှမ်းမိုးထားတဲ့မြင်ကွင်း ဟာ နိုင်ငံတကာ သတင်းစာ မျက်နှာတွေမှာ ထူးခြားတဲ့ ပုံရိပ်တွေဖြစ်စေခဲ့ပါတယ်။ အခုလို မြန်မာပြည်သူတွေ တခဲနက် မဲပေးခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ် အသစ်တွေကို လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ိုင်းဝန်းကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ မြန်မာပြည်သူတွေ ဟာ စစ်အာဏာရှင်တွေကို အရှုံးမပေးပဲ မကြောက်မရွံ့ သတ္တိရှိရှိ ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရ ပုဂ္ဂိုလ် John Kirby ကပြောသွားပါတယ်။
"မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော် သက်တမ်းအသစ် စတင်ဖွင့်တဲ့နေ့မှာ တက်ရောက် လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်သစ် အားလုံးကို အမေရိကန်ပြည်ထောင်စု အနေနဲ့ဂုဏ်ပြုပါတယ်။ ပထမဆုံးအကြိမ် မဲပေးသူတွေ အပါအဝင် နိုင်ငံတ၀ှမ်းကလူသန်းပေါင်းများစွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈)ရက်နေ့ ရွေးကောက်ပွဲမှာ သူတို့ရဲ့ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ် ခဲ့ကြပါတယ်။ ဒီရလဒ်ဟာ နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေပြခဲ့တဲ့ သတ္တိနဲ့ အနစ်နာခံမှုတွေရဲ့ သက်သေပဲဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၁၀၀)ကျော်လည်း လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။"
ဒါ့အပြင် အရေးကြီးပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အပြည့်အ၀ရှိတဲ့ လွှတ်တော်နဲ့ အရပ်သား အစိုးရဖြစ်လာဖို့ လိုအပ်ချက်တွေရှိနေသေးပေမယ့် အခုလို လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ နေရာရလာတာဟာ မြန်မာ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ တိုးတက်တဲ့ခြေလှမ်း တရပ်လည်းဖြစ်တယ်လို့ John Kirby ကဆိုပါတယ်။
"အမျိုးသားရေး၊ ညီညွတ်ရေး၊ စိတ်ဓါတ်နဲ့ အတူလက်တွဲ အလုပ်လုပ်နေကြ တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တစိုက်မတ်မတ်ကြိုးစားမှုတွေကြောင့် အမေရိကန် အစိုးရအနေနဲ့ အားတက်မိပြီး အသွင်ကူးပြောင်းရေး ကာလနဲ့ အဲ့ဒီနောက်ပိုင်းမှာပါလည်း ဆက်လက်ဆောင်ရွက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း အစိုးရသစ်ကို ပံ့ပိုးကူညီဖို့ အဆင့်သင့်ဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆက်လက်လုပ်ဆောင်နေတာတွေကိုလည်း ကူညီဖို့ ကတိက၀တ်တွေလည်း ဆက်ပြီးရှိနေပါတယ်။ အခုလွှတ်တော်အသစ် ကိုလည်း ပံ့ပိုးကူညီဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မျှော်လင့်နေပါတယ်။"
အလားတူ ရန်ကုန် အမေရိကန်သံရုံးကလည်း လွှတ်တော်တက်ရောက်လာတဲ့ အသစ်ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဂုဏ်ပြုကြောင်း ကြေညာချက်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို NLD ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော် သက်တမ်း အသစ် အောင်အောင်မြင်မြင် စတင်နိုင်ခဲ့ တာဟာ သမိုင်းဝင်တဲ့ဖြစ်ရပ် လို့လည်း မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကပြောသွားပါတယ်။
"သမိုင်းဝင်တဲ့ ဖြစ်ရပ် ဆိုတာ အထင်အရှားပါပဲ။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ပြန်လည် ထူထောင်ဖို့ အလွန် အရေးပါတဲ့ခြေလှမ်း တရပ်လည်းဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ပေါ်ပေါက် လာတာဟာ နိုင်ငံရေး အာဏာ လွှဲပြောင်းရေးမှာ အလွန် အရေးပါတဲ့အဆင့်ဖြစ်တယ်လို့လည်း ဥရောပ သမဂ္ဂ ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ဗွီအိုအေကို ပြောပါတယ်။
" မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့ အစိုးရရဲ့ လွှတ်တော် ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ကျင်းပနိုင်တာဟာ အရေးကြီးတဲ့ ခြေလှမ်း တရပ် ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာ လွှဲပြောင်းပေးဖို့ ဖော်ဆောင်မှုမှာ အစိုးရသစ်ဟာ ဧပြီလမှာ ရာထူးလက်ခံမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မတူတဲ့ပါတီတွေ နဲ့ တိုင်းရင်းသားတွေကို လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌ နေရာမှာ ခန့်အပ်မှုကိုလည်း EU က ကြိုဆိုပါတယ်။ ဒါဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးတယ်လို့ ကျမတို့ ယူဆပါတယ်။ ကျမတို့ EU ကလည်း လွှတ်တော်သစ်နဲ့အတူ လက်တွဲ ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း မျှော်လင့်ပါတယ်။ "
အခုစတင်တဲ့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်း မှာတော့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်နှစ်ရပ်လုံး မှာ ၈၀% ကျော် အနိုင်ရရှိထားပါတယ်။ အရင်စစ်တပ် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် အရေအတွက်ကတော့ စုစုပေါင်းဟာ (၄၁)ယောက်သာရှိပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်အားလုံးမှာ စစ်တပ်ရဲ့ကိုယ်စားလှယ် (၂၅)%ရှိနေပါတယ်။
ဒေါ်ခင်စိုးဝင်း
1.2.2016
ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသစ်က ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ ပြည်သူတွေ ကိုယ်စား ဥပဒေပြု ကြမယ့် လွှတ်တော် အမတ်တွေ အနေနဲ့ ကိုယ်တိုင် ဥပဒေတွေကို မချိုးဖေါက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အပြတ် အသတ် အနိုင် ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်း အဝေးမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေ ဒီကနေ့ ကတိသစ္စာပြု၊ လက်မှတ် ရေးထိုး ခဲ့ကြစဉ်မှာ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်း လိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက ပြောပြမှာပါ။
ဒီကနေ့ ကျင်းပတဲ့ ဒုတိအကြိမ်ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တာမွေမြို့နယ် ပြည်သူ့ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပြီးနောက် အခုလို နှုတ်ခွန်းဆက် စကားပြောကြား လိုက်တာပါ။
“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တနေ့ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲများကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ပြည်သူများ လိုလားမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများက ၄င်းတို့ကိုယ်စား တာဝန်လွဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိတို့ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှု့ပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကို ပြသစေလိုပါတယ်။”
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီ၊ လု့အခွင့်အရေးစံနှုန်းတွေအရ၊ သဘောထားကြီးကြဖို့၊ သည်းခံကြဖို့၊ ခွင့်လွှတ်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြရင်း စစ်မှန်တဲ့ Federal ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းကြဖို့ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကတော့ အရပ်သားအစိုးရ စစ်စစ်တက်လာတော့မယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“အရင်ပြည်သူ့လွှတ်တော် ပထမအကြိမ်မှာတုန်းကတော့ အရင် နယက အစိုးရပေါ့နော်၊ သူတို့ ရဲ့စီမံဆောင်ရွက်မှုနဲ့ ၀န်ထမ်းတွေက နောက်က စီမံအတိုင်း ဆောင်ရွက်သွားရတာပေါ့နော်။ အခု ဒုတိယအကြိမ်မှာတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ရုံးတွေလည်း ကူးပြောင်းရေးကာလကို ကိုယ်တိုင် အစအဆုံး စီစဉ်ဆောင်ရွက်ခဲ့တာပါ။”
သမိုင်းတွင်မယ့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ အမျိုးသမီး သဘာပတိအဖြစ် တာဝန်ပေးခြင်းခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပိုမို ပါဝင်ခွင့်ရတဲ့အပေါ် ဂုဏ်ယူတယ်လို့ပြောပါတယ်။
“နောက်လည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြင့်ရင် မြင့်သလို သူတို့နေရာပေးပြီးတော့ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။”
လေ့လာသူအဖြစ် တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂသံအမတ်ကြီး Roland Kobia ကလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်ကို ကြိုဆိုပါတယ်လို့ပြောပါတယ်။
“ဒါဟာ ရွေးကောက်ပွဲ ရလဒ်ရဲ့ ပထမဆုံး တကယ့်ကို ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် အဓိပ္ပါယ်သက်ရောက်တဲ့ လွတ်တော်ဖြစ်ပါတယ်။ ပြည်သူ လူထုရဲ့ ဆန္ဒကို အလေးအနက်ဖေါ်ထုတ်နိုင်ခဲ့တဲ့ ရလဒ် ဖြစ်ပါတယ်။ လွတ်တော်သဘာပတိ၊ ဥက္ကဋ္ဌတွေရွေးချယ်၊ ကတိသစ္စာပြုကြပြီး အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ကျင်းပခဲ့တာတွေ့ရတာကြောင့် EU ပြည်သူတွေ ကိုယ်စားတက်ရောက်ခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။”
ရွေးကောက်ခံကိုယ်စားလှယ် ၃၂၃ ဦးအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၅ ဦးပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒုတိကအကြိမ်ပြည်သူ့လွှတ်တော် ပထမနေ့ကို ပြည်ခိုင်ဖြိုးပါတီရဲ့ အနိုင်ရလွတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့ ခွင့်ကြိုတင်ယူပြီး မတက်ရောက်ခဲ့ကြပါဘူး။ ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ စတင် ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး တွေကိုတော့ ဖေဖေါ်ဝါရီလ ၄ ရက် မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဒီကနေ့ စတင်
မသိင်္ဂီထိုက်
ဗွီအိုအေမြန်မာပိုင်း
1.2.2016
လွှတ်တော် အမတ် အသစ်တွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့ လွှတ်တော် မှာတော့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စတွေကို အရင်ကထက် ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေပါတယ်။ လွှတ်တော် ၂ ရပ်စလုံးကို ကြီးစိုးပြီး အစိုးရသစ်လည်း ဖွဲ့စည်းဖို့ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်တွေရော တိုင်းရင်းသား ပါတီ တချို့က လွှတ်တော် ကိုယ်စားလှယ်တွေကပါ သမ္မတသစ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားချက်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ မျှော်လင့်ချက် လိုလားချက်တွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသူတွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့လွှတ်တော်မှာတော့ ပင်နီဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေး ခန်းမကြီးရဲ့ သုံးပုံ ၂ ပုံကို နေရာယူထားပြီး တဖက်မှာတော့ အစိမ်းရောင် တပ်မတော် ယူနီဖောင်း အသစ်တွေ ၀တ်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေကြပါတယ်။ လွှတ်တော် အခင်းအကျင်းသစ်မှာ လွှတ်တော်အမတ်အသစ်တွေရော ဒီကနေ့ သတင်းထောက်တွေကြားမှာပါ သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာက အကြီးကျယ်ဆုံး မေးခွန်း ဖြစ်ခဲ့ပါတယ်။
တပ်မတော်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရ အဖွဲ့ကို ဦးစီးစေချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် ပိုပြီး အကျိုးရှိလာစေမယ်လို့ မျှော်လင့်နေသူကတော့ လီဆူး အမျိုးသား တိုးတက်ရေးပါတီရဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ် ဦးလာမားလေး ဖြစ်ပါတယ်။
“ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားများ ပေါ့နော်၊ ကျနော်တို့ NLD ပါတီ နဲ့လည်းအဆင်ပြေမယ့် သမ္မတ၊ အဓိကတော့ ဒီ စစ်တပ်နဲ့ အဆင်ပြေမယ့် သမ္မတ ၊ ၂ ခုစလုံးနဲ့ အဆင်ပြေတဲ့သမ္မတ ဖြစ်စေချင်တယ်။ ကျနော့်ဆန္ဒအရပြောမယ်ဆိုရင် ။ ကျနော်တို့အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒေါ်စု သမ္မတ ဖြစ်တာ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း ကျနော်ကိုယ်တိုင်ပေါ့နော်၊ ကျနော့် personal ဆိုရင် ဒေါ်စုကို သဘောကျတယ်။”
NLD လွှတ်တော် အမတ်တွေကြားမှာတော့ သမ္မတ ဖြစ်သင့်သူဟာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြည်သူ့လွှတ်တော် အမတ် ဒေါ်သက်သက်ခိုင်က အခုလို ပြောပါတယ်။
“ဒါက ပြည်သူ့ ဆန္ဒပါ။ နောက် သူမသာ နိုင်ငံတော် သမ္မတ အဖြစ် အသင့်လျော်ဆုံး ဖြစ်ပါတယ်။”
အကူးအပြောင်းကာလ အကဲဆတ်မှုကြောင့်ဆိုပြီး အစိုးရဖွဲ့စည်းမယ့် NLD က အစိုးရ အဖွဲ့၊ နောက် သမ္မတ လျာထားချက်ကို အခုချိန်ထိ ထုတ်ဖော်မပြောဆိုနိုင်သေးပါဘူး။ ဒီအချိန်မှာဘဲ သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဧည့်သည်တော် အဖြစ် တက်ရောက်လာတဲ့ ဦးထင်ကျော်ကိုလည်း သတင်းထောက်တွေကအလွတ်မပေးခဲ့ကြပါဘူး။
“အန်ကယ်က မဟုတ်ဘူး။ အန်ကယ်က ဒါပြောလို့မဖြစ်ပါဘူး။”
ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ်မှုတွေကြားက ရပ်တည်လာခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အခုလို လွှတ်တော်ကို ကြီးစိုးလာမယ်ဆိုတာဟာ မယုံကြည်နိုင်စရာ ဖြစ်နေဆဲပါလို့ NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။
“စိတ်ခံစားချက်ကတော့ ကျတော်တို့ကတော့ အိမ်မက်လိုပဲဗျာ။ ကျနော်တို့ အစိုးရဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထားဘူး။ တိုင်းသူပြည်သားလည်းမထင်ထားဘူး။ အခုကတော့ ကျနော်တို့ တက်လာတဲ့အတွက် မြန်မာပြည်ကြီးမှာ မကဘူး ကမ္ဘာကြီးမှာ သိမ့်သိမ့်တုန်နေပြီလို့ ထင်ပါတယ်။”
ဒါ့အပြင် အရင်က အငြိမ်းစား တပ်မတော်သားတွေ အများစု ကြီးစိုးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထက် အခု ရွေးကောက်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ စတင်မယ့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်က ဥပဒေပြုရေးကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့လည်း NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က မျှော်လင့်နေပါတယ်။
“အခု လွှတ်တော်က အရင်လွှတ်တော်ထက် ပိုပြီး သာလွန်မယ်။ ပိုပြီး အလုပ်လုပ်နိုင်မယ်။ အကောင်းဆုံးတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်”လို့ ဦးနေမျိုးထက် ပြောသွားတာ ဖြစ်ပါတယ်။
အခု လွှတ်တော် အခင်းအကျင်းက ပိုပြီး လုပ်ကိုင်ခွင့် ရမယ်လို့ မျှော်လင့်နေကြသူတွေထဲမှာ NLD ကိုယ်စားလှယ်တွေတင် မဟုတ်ပါဘူး။ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေမှာလည်း ဒီမျှော်လင့်ချက် ရှိနေပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။
“အရမ်းကျေနပ်တယ်။ ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ excited လည်းဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် တကယ်ပဲ ရည်မှန်းချက် ၊ ရည်မှန်းထားတဲ့ အကြောင်းအရာတွေကို တကယ်လုပ်နိုင်ပြီ၊ စတင်လုပ်ဆောင်နိုင်ပြီ ဆိုတဲ့အတွက်ကြောင့်တကယ်ပဲ ကျေနပ်တယ်ပေါ့နော်။”
ဖေဖော်ဝါရီလ ၁ ရက်နေ့ တနလာင်္နေ့မှာ ပဲ ပြည်သူ့လွှတ်တော် ကို စတင်လိုက်ပြီး လွှတ်တော် ဥက္ကဌသစ်တွေကို တင်မြှောက်ခဲ့ကြပါတယ်။ လွှတ်တော်ဟောင်းရဲ့ ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့ လွှတ်တော် ဥက္ကဌ အခန်းနဲ့ လွှတ်တော်ဆိုင်ရာ စာရွက်စာတန်းတွေကို လွှတ်တော်သစ်ရဲ့ ဥက္ကဌ ဦးဝင်းမြင့်ကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားနဲ့ လွှတ်တော် အမတ်တွေ ကျမ်းကျိန်ပွဲကိုတော့ အရင် လွှတ်တော်အမတ်ဟောင်းတွေ၊ NLD ပါတီက ခေါင်းဆောင်မှုပိုင်းနဲ့ ဖိတ်ကြားထားသူတွေ၊ နိုင်ငံခြား သံတမန်တွေ တက်ရောက်ခဲ့ကြပြီး လက်ရှိ အစိုးရဘက်ကတော့ တက်ရောက်လာတာကို မတွေ့ရပါဘူး။
31.1.2016
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မူဆလင် ဗလီ တခုကို ဗုဒ္ဓဟူးနေ့မှာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့က အစ္စလာမ်ဘာသာဝင်တွေဆီ သမ္မတရဲ့ အခုလို သွားရောက်လည်ပတ်မှုဟာ - မူဆလင် အမေရိကန်တွေ တိုင်းပြည်ကို ပံ့ပိုးကူညီမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အရေးပါမှုကို ထပ်လောင်း အတည်ပြုဖို့ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုခဲ့တာပါ။
သမ္မတ အိုဘားမားဟာ ဒေသခံလူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ အမေရိကန်ရဲ့ စံတန်ဖိုးတွေနဲ့အညီ ပြုမူနေထိုင်မှုရဲ့ အရေးပါမှုတွေကို ထပ်လောင်းပြောဆိုပြီး၊ အမေရိကန် နိုင်ငံသားတွေ အချင်းချင်းကြား ကြိုဆိုဖို့၊ အမေရိကန် ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်မှု ဓလေ့ထုံးစံကို အကာအကွယ်ပေးထားတဲ့ လူမျိုးရေးအစွန်းရောက်မှုကို လက်မခံကြောင်း ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လူမျိုးရေးအစွန်းရောက် မူဆလင်တွေနဲ့ ဆက်နွယ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန် ဘာနာဒီးနိုးမြို့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း - အမေရိကန် မူဆလင်တွေအနေနဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးမှာ ကူညီကြဖို့လည်း သမ္မတ အိုဘားမား က တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Rohingya Eye
RB News
31.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ အနောက်ရွာသို့ ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သော ရဲမှူးငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၄) ဦး ရောက်ရှိလာပြီး၊ အိမ်ရှေ့ လမ်းပေါ်တွင် စကားပြောနေသည့် လူငယ် (၂) ဦးကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ၎င်းတို့သုံးနေသည့် ဖုန်းများတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ ဖြစ်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ဂေါ်ဒူသာရ တံတား ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 
ညနေ ၅ နာရီကျော် အချိန်တွင် လူငယ် နှစ်ဦး ထံမှ ငွေကျပ် တစ်သိန်းငါးသောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသည့် လူငယ် နှစ်ဦးမှာ -- 
(၁) ယာဟာယာ (ဘ) မော်လ၀ီ ဆွေတာလောမ် (အသက် ၁၈ နှစ်)
(၂) နူရ်ဟာဆောင်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၁၇ နှစ်) -- တို့ဖြစ်သည်။ 
အဆိုပါ ရဲမှူး ငြိမ်းချမ်းအေးသည် ညစဉ်ညတိုင်း ရွာများထဲသို့ ၀င်ရောက်၍ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ်လေ့ရှိသည်။ ၎င်း၏ လုပ်ရပ်များနှင့် ပတ်သက်၍ အထက် အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက အထူး လိုလားနေကြသည်။
အင်ကြင်းနိုင်
30.1.2016
နအဖ စစ်အစိုးရက ဖန်တီးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော် ငါးနှစ် သက်တမ်းဟာ ဇန်န၀ါရီလ (၂၈) ရက်နေ့က ပြီးဆုံး သွားခဲ့ပါပြီ။ အခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ ဒုတိယ အကြိမ် လွှတ်တမ်း သက်တမ်းကို စတင်တော့မှာပါ။ ဒီတကြိမ် မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ် အသတ် အနိုင်ရခဲ့တဲ့ ပါတီကြီး အနေနဲ့ လွှတ်တော် နေရာ အများစုကို ရရှိထားတာကြောင့် အစိုးရသစ် ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေပါပြီ။ မကြာခင် ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ် အပေါ် ပြည်သူ အများက ဘယ်လို မျှော်လင့် ထားကြ ပါသလဲ။ AFPနဲ့ Reuters သတင်းတွေကို အခြေခံပြီး မအင်ကြင်းနိုင်က စုစည်း တင်ပြမှာပါ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ အလိုအလျောက်နေရာယူထားတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် လွှတ်တော်နေရာပေါင်း ၈၀%နီးပါး အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခုဆိုရင် နေပြည်တော်ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိနေကြပါပြီ။ အခုလိုလွှတ်တော်သက်တမ်း လက်ပြောင်းလက်လွှဲ ကိစ္စ ချောမွေ့အောင်ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ယူခဲ့ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကလည်း ဇန်န၀ါရီလ (၂၈)ရက်နဲ့ ၂၉ ရက်နေ့တွေကကျင်းပခဲ့တဲ့ လွှတ်တော်နှတ်ဆက်ပွဲ အခမ်းအနားတွေမှာ ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း အခုလိုတိုက်တွန်းသွားပါတယ်။
”ကျွန်မတို့ နိုင်ငံရေးမှာ ဒီမိုကရေစီ စနစ် ထွန်းကားအမြစ်တွယ်ရုံမကပဲ၊ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ချမ်းသာ ကြွယ်ဝပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးမှာ ဆက်လက်ပြီးတော့ ရှင်သန်သွားနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။”
NLD က နေရာအများစုကိုရထားတဲ့ အခုလွှတ်တော်သက်တမ်းအသစ်မှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့လွှတ်တော်ကို ထိန်းချုပ်မယ့်လက္ခဏာတွေ့ရပြီး ဒါကိုလည်း စစ်တပ်ကအသိအမှတ်ပြုပုံ ရှိတယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကမြင်ပါတယ်။
”ဒီအများစုကြီးကို သူကထိန်းကျောင်းမှာပါ။ ခင်ဗျားလည်းသိပါတယ်။ အစိုးရ၊ ဥပဒေပြုလွှတ်တော်တွေ ဒါတွေကို သူက ထိန်းချုပ်ပဲ့ကိုင်ရမယ့် အင်မတန်အရေးပါတဲ့နေရာပါ။ စစ်တပ်ကလည်း ဒါကို အသိအမှတ်ပြုထားပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူဟာ အစိုးရသစ်ရဲ့သမ္မတအထက်မှာ ရှိနေမှာဖြစ်ပြီးအဲဒီအတွက်လည်း စီစဉ်ထားပြီးပြီလို့ ရွေးကောက်ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒါကြောင့် လာမယ့်အစိုးရသစ်ဖွဲ့စည်းချိန် သမ္မတနေရာမှာ ဘယ်သူကိုထားမလဲဆိုတာ အများက စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒီသမ္မတနေရာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲယူလိမ့်မယ်လို့မြင်ကြောင်း ဒေါက်တာခင်ဇော်ဝင်းကဆိုပါတယ်။
”သူဘယ်သူ့ကိုရွေးမလဲဆိုတာက သိပ်ကို အရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာဟန်ပြဖြစ်ပြီး အားလုံးသိတိုင်းအတိုင်း သူက တယောက်ယောက် ကို ရွေးချယ်ပြီးနောက် အဲဒီနေရာမှာ အချိန်ကာလ တခုထား ထားမှာပါ။ ဒီနောက် အားလုံးဆောင်ရွက်ပြီးချိန်ကျရင် စီစဉ်ထားတဲ့အတိုင်း သူကအဲဒီနေရာကိုယူမယ်လို့ ကျနော်ထင်ပါတယ်။”
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားမယ် ဆိုပေမယ့်လည်း အခု တနင်္လာနေ့မှာ စတင်မယ့် လွှတ်တော်သက်တမ်းအသစ်မှာ အများပြည်သူမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအများစုရှိနေတာကြောင့် ပြည်သူအများကတော့ အပြောင်းအလဲတွေဖြစ်ဖို့ မျှော်လင့်ချက်တွေရှိနေကြပါတယ်။
”တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးမှ တည်ငြိမ်မှ ကျွန်တော်တို့ တိုင်းပြည် အေးချမ်းသာယာမှာလေ။ တရားဥပဒေ စိုးမိုးမှု မရှိတရင် တိုင်းပြည် အေးချမ်းသာယာမှာ မဟုတ်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကို အဓိက ပိုပြီးတော့ သဘောကျပါတယ်။ အဲဒါမှ ကျန်တဲ့ဟာအားလုံးက အဆင်ပြေမယ်လို့ ယုံကြည်တယ်။”
ဒါကတော့ ရန်ကုန်မြို့မှာ ၀က်သားထုတ်ထိုးရောင်းတဲ့ ကိုနိုင်ကြီးက ပြောသွားတာပါ။
အခုလို NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ အရင်ကတည်းက မျှော်လင့်ခဲ့ကြောင်း လူငယ် သွားဆရာဝန် ကိုကျော်ထက် ကလည်း ပြောပါတယ်။
”ကျွန်တော်တို့လည်း အရင်ကတည်းက မျှော်လင့်တယ်ပေါ့။ ဒီ NLD အစိုးရတက်လာဖို့ကို ပေါ့။ အခု တက်လာတော့ ကျေနပ်တယ်။ ကျေနပ်တယ်ပေါ့။ အားရတယ်ပေါ့။ ဒီလိုဖြစ်စေချင်တာက ကြာပြီ။”
အစိုးရသစ်အနေနဲ့ ပညာရေးပိုင်းကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မြင်သူကတော့ စီးပွားရေး တက္ကသိုလ် ကျောင်းသူ မအေးမြတ်မွန်ဖြစ်ပါတယ်။
”ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာလို့ရှိရင် ပညာရေးပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ြ့မင်တယ်။ ပြီးတော့ ပိုပြီးတော့လည်း ကောင်းလာလိမ့်မယ်လို့ မြင်တယ်။”
ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာစတင်မယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အသစ်ရွေးချယ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅%လည်း ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာတော့ NLD ဦးဆောင်မယ့် အစိုးရသစ်ကို လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။
Rohingya Eye
RB News
29.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မောင်နီကျေးရွာ ငါးဖမ်း စက်လှေ (၃) စီးသည် မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တရားဝင် ခွင့်ပြုချက် ရယူပြီး ဇန်န၀ါရီလ (၂၅) ရက်နေ့က မြန်မာ ရေပိုင်နက် အတွင်း ငါးဖမ်းရန် ထွက်ခွာခဲ့သည်။ 
အဆိုပါ စက်လှေများသည် မောင်နီချောင်းမှ မောင်တော POE ချောင်းဝသို့ ရောက်သောအခါ POE စခန်းမှ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း စက်လှေများ၏ ငါးဖမ်းခွင့် စာအုပ်များကို သိမ်းဆည်း၍ ငါးဖမ်းသမား များကို လက်ချည်းဗလာဖြင့် ပြန်လွှတ်ခဲ့သည်။ စက်လှေ တစ်စီးတွင် တာဝန်ခံ အပါအ၀င် လုပ်သား (၁၂) ဦး လုပ်ကိုင်လျက် ရှိပြီး၊ အားလုံးမှာ ဆင်းရဲသားများ ဖြစ်ကြသည်။ 
ငါးဖမ်းသမားများ ရွာသို့ ပြန်လည် ရောက်ရှိလာပြီး စက်လှေ ပိုင်ရှင်များကို အကျိုးအကြောင်း ပြောပြရာ၊ စက်လှေ ပိုင်ရှင်များက ချောင်းဝ POE စခန်းသို့ သွားရောက်၍ စာအုပ်များ ပြန်လည် တောင်းခံခဲ့သည်။ စခန်းမှ နယ်ခြားစောင့်ရဲ များက စက်လှေ တစ်စီး အတွက် ငွေကျပ် ၁၀ သိန်းစီ ပေးမှသာ စာအုပ်များ ပြန်လည် ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ငွေကျပ် ၁၀ သိန်း မတတ်နိုင်လျှင် ငွေကျပ် ၅ သိန်းစီ ပေးရန် တောင်းခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
သို့သော် စက်လှေပိုင်ရှင် များသည် ငွေကျပ် ၅ သိန်းစီ မတတ်နိုင်သဖြင့် စာအုပ်များ မရှိသောကြောင့် ငါးဖမ်းရန် အခက်ကြုံလျက် ရှိနေသည်။ ထို့အပြင် စက်လှေပေါ်တွင် အလုပ်လုပ်ကိုင် နေသည့် လုပ်သားများ၏ မိသားစု များမှာလည်း စားဝတ်နေရေး အခက်ကြုံ နေရသည်။
စက်လှေ ပိုင်ရှင်များနှင့် တာဝန်ခံများမှာ -- 
(၁) ဟာဂျီဦးလာလ်မျာ (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၆၀ နှစ်) -- ပိုင်ရှင်
ဦးရော်ဖိခ် (ဘ) ဦးနာဂူး (အသက် ၅၀ နှစ်) -- တာဝန်ခံ
(၂) ဦးအစ္စမိုင်လ် (ဘ) ဦးခေါ်လိလ် (အသက် ၅၀ နှစ်) -- ပိုင်ရှင်
ဦးရာဇာမျာ (အသက် ၄၀ နှစ်) -- တာဝန်ခံ
(၃) ဟာဂျီဦးနူရ်အာမီးန် (အသက် ၆၀ နှစ်) -- ပိုင်ရှင်
တာဝန်ခံ -- အမည်မသိ -- တို့ဖြစ်သည်။
MYARF
RB News
29.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ၊ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲမှူး၏ တပည့်ဖြစ်သူသည် ကျောက်လှေကား ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး လူဘောနှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ လမ်းလျှောက် သွားနေသည့် ကော်ဘိရ်အာမတ် (ဘ) ဦးအဒူနော်ဘီကို လိုက်လံ ဖမ်းဆီး၍ နယ်ခြားစောင့်ရဲကို မြင်၍ ထွက်ပြေးခဲ့သည်၊ တရားမ၀င် ပစ္စည်း ရှိနိုင်သည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း၊ ထွက်ပြေးခဲ့သည်ဟု ဆိုကာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အဆိုပါ လူငယ် MPT ဆင်းမ်ကဒ်သုံး ဖုန်းကိုယူ၍ ဖုန်းဟန်းဆက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်သည်၊ ဘင်္ဂလား ဆင်းမ်ကဒ်လည်း ရှိနိုင်သည်၊ နယ်ခြားစောင့်ရဲ ကိုမြင်၍ ၀ှက်ထားခြင်း ဖြစ်နိုင်သည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
အဆိုပါ ရဲမှူး၏ တပည့်သည် ဇန်န၀ါရီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ၎င်း၏ တပည့်တစ်ဦးနှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ လှည့်လည်နေစဉ် ဖုန်းပြောသံ ကြားနေသည်ဟု ဆိုကာ ဟာဖီးဇ် ဦးမူဇာဖောရ်၏ အိမ်ထဲသို့ ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးနေစဉ် ဦးဖူဇာဖောရ်၏ သားနှစ်ဦးကို ရိုက်နှက်ခဲ့သည်။ စစ်ဆေး၍ ဖုန်းနှင့် အခြား တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ယင်းအိမ်မှာ ထွက်ရာ လမ်းဘေးတွင် (၇) နှစ်အရွယ် ကလေး တစ်ဦးက ဦးမူဇာဖောရ်၏ သားနှစ်ဦးကို ရိုက်နှက်ခဲ့သည်ကို မြင်ခဲ့သောကြောင့် နယ်ခြားစောင့်ရဲ များကို တွေ့သည်နှင့် ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့သည်။ 
လူမဆန်သည့် နယ်ခြားစောင့်ရဲ များက အဆိုပါ ကလေးငယ်ကို လိုက်လံဖမ်းဆီးပြီး ထွက်ပြေးသွားသည့် အတွက်ဟု ဆိုကာ ရိုက်နှက်ခဲ့သည်။ 
ထို့နောက် ဦးဂျော်မိလ် (ဘ) ဦးဆော်ယာဒ်ကော်ရီးမ်၏ နေအိမ်သို့ ၀င်ရောက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် မယူဘဲ အိမ်ဆောက်လုပ်နေသည်၊ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် အိမ်ထဲတွင် ရှာဖွေ စစ်ဆေးရာ ဖုန်းအားသွင်းကြိုး တစ်ခုတွေ့ရှိသဖြင့် အဆိုပါ အားသွင်းကြိုးကို သိမ်းယူသွားခဲ့သည်။ ညနေ (၄) နာရီအချိန်တွင် လက်နက်အပြည့်ဖြင့် နယ်ခြားစောင့်ရဲ (၄) ဦးက ဦးဂျော်မိလ်၏ နေအိမ်သို့ တစ်ဖန် ရောက်ရှိလာခဲ့ပြီး၊ ဦးဂျော်မိလ် မရှိသောကြောင့် ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ယင်းနေ့ညတွင်ပင် ဦးဂျော်မိလ်အား ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ သို့သော်လည်း ဦးဂျော်မိလ်ကို မတွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 
နယ်ခြားစောင့်ရဲများ စခန်းသို့ အပြန်တွင် ကျောက်ပြင်ဆိပ် အနောက်ရွာသို့ ၀င်ရောက်၍ အိမ်တစ်အိမ်သို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ ယင်းအိမ်တွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းသာ တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဖုန်း တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 
ယနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဦးဂျော်မိလ်၏ နေအိမ်သို့ ထပ်မံ သွားရောက်၍ ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် နေအိမ်တွင် အသုံးပြု၍ ၀ယ်ထားသည့် ပျဉ်ပြား ၁၅ ချပ်ကို ယူ၍ ကျေးရွာ တာဝန်ခံ အိမ်သို့ သယ်ဆောင် သွားခဲ့သည်။ ဦးဂျော်မိလ်က ပျဉ်းပြားများ ပြန်ယူရန် ကျေးရွာ တာဝန်ခံ အိမ်သို့ သွားရာ၊ ၎င်းအား ဖမ်းဆီး၍ ဘင်္ဂလား ဖုန်းရှိသည်၊ တွေ့ရှိခဲ့သည့် ဖုန်းအားသွင်းကြိုးမှာ ဘင်္ဂလားဖုန်း အားသွင်းကြိုးသာ ဖြစ်သည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ ရိုက်နှက်ကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် နယ်ခြားစောင့်ရဲများ ယူဆောင်လာသည့် ပျဉ်ပြား ၁၅ ချပ်ကိုလည်း ပြန်မပေးဘဲ နယ်ခြားစောင့်ရဲ များက သိမ်းဆည်းသွားခဲ့သည်။ ပျဉ်ပြားများ၏ ကာလတန်ဖိုးမှာ တစ်ချပ်လျှင် ငွေကျပ် ရှစ်ထောင်၊ ၁၅ ချပ် - ငွေကျပ် တစ်သိန်းနှစ်သောင်း ဖြစ်သည်။ 
ဦးဂျော်မိလ်သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာရေး ဦးစီးဌာန တို့မှ တရားဝင်ခွင့်ပြုချက် ရယူပြီး အိမ်ဆောက်လုပ်နေခြင်း ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထံမှ ခွင့်ပြုချက် မယူခဲ့ဟုဆိုကာ ငွေညှစ်သည့် အပြင် ပျဉ်ပြားများလည်း သိမ်းဆည်း သွားခဲ့သည်။ အိမ်ဆောက်လုပ်ခွင့်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဘဲ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာရေး ဦးစီးဌာန တို့နှင့်သာ သက်ဆိုင်မှု ရှိသည်။ နယ်ခြားစောင့်ရဲ များက လက်နက်အင်အား ပြ၍ ခြိမ်းခြောက်ပြီး ငွေညှစ်နေခြင်း ဖြစ်သည်။ 
နယ်ခြားစောင့်ရဲ များသည် ယင်းကျေးရွာ ဦးမာမတ်ကာဆိမ်း (ဘ) ဦးတာဇော်မလုခ်ကို အိမ်ဆောက်လုပ် ခွင့်ပြုမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ယူသွားခဲ့သည်။ အဆိုပါ ရဲမှူး၏ တပည့်သည် အခြားသောသူများ ထံမှလည်း အိမ်ပြုပြင်ခဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ်ယူခဲ့ကြောင်း သိရှိရသည်။
MYARF
RB News
29.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာတွင် တာဝန်ကျနေသည့် မြေတိုင်းစာရေးသည် ယင်းကျေးရွာမှ ဦးမုစ်တော်ဖီစ် (ဘ) ဦးအေရှာဒူလ္လာနှင့် ပူးပေါင်း၍ ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် အဆိုပါ မြေတိုင်းစာရေးသည် ဦးမုစ်တော်ဖီစ်နှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ ဂျီမြေ မဟုတ်သည့် လယ်ယာမြေ ပေါ်တွင် အိမ်ဆောက်ခဲ့သည်၊ အိမ်ရာမြေ၏ မြေပုံ မဆွဲရသေး၊ ပုံစံ ၁၀၅ မပြုလုပ်ရသေး ဟူ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ရွာသား (၁၀) ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ငွေကျပ် တစ်သိန်းငါးသောင်းစီ ညှစ်ခံခဲ့ရသူများမှာ -- 
(၁) ဦးအဒူရှကူရ် (ဘ) ဦးဘော်ရှော်ရ်
(၂) ဦးဟားဆူ (ဘ) ဦးအာဇီရာမန်
(၃) ဦးဟူဆောင်ဂျူဟာရ် (ဘ) ဦးအဒူဟာလေး
(၄) ဦးမာမတ်ဆော်လာမ် (ဘ) ဦးနော်မိယား
(၅) ဦးအဒူရော်ကိမ် (ဘ) ဦးဖော်ဇောလ်
(၆) ဦးအစ္စလာမ် (ဘ) ဦးလာလ်မျာ
(၇) ဒေါ်ဖာတေမာ (ဘ) ဦးဆူးလေး
(၈) ဒေါ်ဟာမီဒါ (ဘ) ဦးဟာလူ
(၉) မော်လ၀ီဇော်ဟိရ်အာမတ် (ဘ) ဦးအာဘူဇော်ဖောရ်
(၁၀) ဦးနာဂူး (ဘ) ဦးအော်ဆီးရောန် -- တို့ဖြစ်သည်။ 
ထို့အပြင် အမျိုးသမီးနှစ်ဦး၏ နေအိမ်များသို့ သွားရောက်၍ ၎င်းတို့၏ အိမ်ရာမြေ အတွက် ပုံစံ ၁၀၅ ထုတ်ပေးမည်ဟု ဆိုကာ ငွေညှစ်ခဲ့သည်။ ငွေညှစ်ခံရသည့် အမျိုးသမီး နှစ်ဦးမှာ -- 
(၁) ဒေါ်နုရ်ဂျာဟာန် (ဘ) ဦးတာဇော်မလုခ် -- ညှစ်ခံရငွေကျပ် တစ်သိန်း ရှစ်သောင်း
(၂) ဒေါ်လိုင်လာဘေဂမ် (ဘ) ဦးဒူလားမျာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။
ဒ်ါအောင်ဆန်း စုကြည်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ထားတဲ့ ဦးဝင်းမြင့် (ယာ) လွှတ်တော် တက်လာစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)
မခင်ဖြူထွေး
28.1.2016
ရှေ့လ ၁ ရက်နေ့ စတင် ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရွေးချယ်လိုက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေက လာမယ့် လွှတ်တော်သစ်မှာ တိုင်းရင်းသားပြည်သူ အားလုံး အတွက် အကျိုးရှိမယ့် ဥပဒေတွေ ချမှတ် သွားမှာဖြစ်ပြီး အကျိုးမပြုတဲ့ ဥပဒေတွေကိုတော့ ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ လွှတ်တော်နှစ်ရပ် ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဆိုပြုစာရင်းကို အနိုင်ရ အန်အယ်ဒီပါတီက ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ဆက်ပြောပြပါမယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို ရွေးချယ်ထားပြီး ဒုဥက္ကဋ္ဌ နေရာတွေ အတွက်ကိုတော့ အမျိုးသား လွှတ်တော်မှာ ရခိုင် အမျိုးသားပါတီ က ဦးအေးသာအောင် နဲ့ ပြည်သူ့လွှတ်တော် မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကချင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တို့ကို ရွေးချယ် လိုက်တဲ့ အကြောင်း NLD ပါတီက ဒီကနေ့ ပဲ အတည်ပြု ပြောဆိုလိုက်တာပါ။
အခုလို လွှတ်တော်ဥက္ကဋ္ဌနေရာတွေမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို NLD က ရွေးချယ်တာဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီး လုပ်ဆောင်တာ လို့ ယူဆတဲ့ အကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ခံရတဲ့ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ရခိုင် တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
" NLD က ရွေးကောက်ပွဲပြီးတဲ့အခါမှာ သဘောထားတခု ထုတ်ပြန်ပါတယ်။ ဒီရွေးကောက်ပွဲ အပြီးမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ သူတို့ အစိုးရအဖွဲ့ကို ဖွဲ့ပါမယ်လို့ ပြောတဲ့စကားတခွန်း ရှိပါတယ်။ အခုလည်းပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနဲ့ပတ်သက်လို့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပါတီကနေ ရွေးချယ်ထားတဲ့ အနေအထားအပေါ်မှာ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ပြီးတော့ လျာထားသတ်မှတ်တယ်လို့ သုံးသပ်မိပါတယ်။"
ဦးအေးသာအောင်ဟာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ စုဖွဲ့ခဲ့တဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ခေါင်းဆောင် အဖြစ်နဲ့၊ NLD နဲ့ နီးနီးကပ်ကပ် ရပ်တည်ခဲ့သူတဦးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ANP ရခိုင်တိုင်းရင်းသားပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်ပါတယ်။
လွှတ်တော်က အတည်ပြုလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခွင့်ရမယ်ဆိုရင် သူ့အနေနဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့၊ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီး ပြည်သူတွေအတွက် အကျိုးပြုမယ့် ဥပဒေတွေကိုပဲ ပြဌာန်းနိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။
လက်ရှိလွှတ်တော်လက်ထက်မှာ မဆောင်ရွက်နိုင်ခဲ့တဲ့ ၂၀၁၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကိုလည်း လွှတ်တော်သစ်မှာ မဖြစ်မနေ ပြင်ဆင်နိုင်အောင် ကြိုးပမ်း သွားရမှာဖြစ်ပြီးတော့ အခက်အခဲတွေ ကတော့ ရှိနိုင်တယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။
"ကျနော်တို့ အပြောင်းအလဲကို လိုလားတယ်။ အပြောင်းအလဲဆိုတာက တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တယ်။ ပြည်တွင်းစစ် ရပ်စေချင်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်ဖို့ လိုတယ်။ ဒါဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေ ဖော်ဆောင်ရမယ်။ အဲ့ဒီ့လို ဖော်ဆောင်ဖို့ အတွက် ၂၀၀၈ အခြေခံဥပဒေကို မပြင်မဖြစ် ပြင်ရမယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါမြဲ ပါနေတဲ့အတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အဟန့်အတားတွေ ရှိကောင်း ရှိဦးမယ်လို့ ပြောချင်ပါတယ်။"
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ထားတဲ့ NLD အမတ် ဦးမန်းဝင်းခိုင်သန်း ကလည်း လာမယ့် လွှတ်တော်သစ်မှာ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်တဲ့ ဥပဒေတွေ ကို ပြဌာန်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ အဖွဲ့ချုပ် ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတော့ ငြိမ်းချမ်းရေးတို့ ဒါ တိုင်းပြည် တိုးတက်ဖို့ လိုအပ်တဲ့ဟာတွေပေါ့။ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးဖို့၊ နောက်ပြီးတော့ အမျိုးသားရင်ကြားစေ့ဖို့တို့ ဒီဟာတွေက တိုင်းပြည် တိုးတက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ အချက်တွေလေ။ အဲ့တော့ အဲ့ဒီ့ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ၊ အမျိုးသားရင်ကြားစေ့ရေး တို့ကို ဖော်ဆောင်နိုင်မယ့် ဥပဒေတွေကို ကျနော်တို့ ပြဋ္ဌာန်းပေးဖို့ ၊ အဟန့်အတားဖြစ်စေမယ့် ဥပဒေတွေကို ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ ပယ်ဖျက်သင့်တာတွေ ဒါတွေကို အဓိကထား လုပ်ဆောင်ဖို့ အနေအထား ရှိပါတယ်။ နောက်ပြီးတော့ အင်မတန်မှလည်း ကျနော်တို့ ရည်မှန်းတဲ့ ဒီမိုကရေစီပေါ့လေ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ အဲ့တာကို အထောက်အကူပြုမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကြိုးစားဖို့ ရည်ရွယ်ထားပါတယ်။"
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ရွေးချယ်ခံရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ်ကလည်း NLD ပါတီရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး ဆောင်ရွက်တဲ့ လုပ်ရပ် အတွက် လေးစား ဂုဏ်ယူတယ်လို့ ပြောပါတယ်။
"ဒါ ဘာပဲပြောပြော ဒါ Winner takes all ဆိုတဲ့ဟာ အနိုင်ရပါတီက အကုန် မယူပါဘူး။ National Reconciliation ပေါ့။ သူတို့ ဦးစားပေးတယ်ဆိုတော့ ကျနော်တို့ အများကြီး appreciate ဖြစ်ပါတယ်။ "
ကြံ့ခိုင်ဖွံ့ဖြိုးပါတီကနေ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ဦးတီခွန်မြတ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်နေတဲ့ အပေါ်မှာတော့ဒါဟာ နိုင်ငံရေးအရ သက်သက် တိုက်ခိုက်တာလို့ ဦးတီခွန်မြတ်က ဆိုပါတယ်။
"ကျနော်တော့ ဘာမှလည်း သိပ် မတုံ့ပြန်ချင်ဘူး။ ကိုယ်က ဒါ တလျောက်လုံး ဆန့်ကျင်ခဲ့တဲ့ ပုဂ္ဂိုလ် ၊ ကိုယ်က ခရစ်ယာန်လည်း ဖြစ်တယ်။ ခရစ်ယာန်တွေက ဒါတွေ ကျနော်တို့ လက်မခံပါဘူး။ ကျနော့် လူထုတွေလည်း ဘယ်လို သွားလက်ခံမလဲ။ အဲ့တော့ ကျနော်တို့ အဲ့ဒီ့မှာ လုံခြုံရေး တာဝန်ယူတုန်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျနော်ကိုယ်တိုင် ဦးဆောင်ပြီးမှ တိုက်ခိုက်တဲ့ စခန်းကြီးတွေရှိပါတယ်။ ဒါတွေလည်း တရားဥပဒေအတိုင်း တရားရုံးတွေမှာ သိမ်းပြီးမှ လုပ်ခဲ့တဲ့အပိုင်းတွေ ကျတော့ သူတို့ Mention မလုပ်ဘူး။ အခု ဘာမှ မဟုတ်တဲ့ဟာ ကျနော်တို့ လုပ်တယ်ဆိုတာက တပ်မတော်နဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးတွဲပြီးပဲ လှုပ်ရှားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲ့တာကိုတော့ Mention မလုပ်ဘဲနဲ့ ကျနော်ကိုကျမှ နိုင်ငံရေး ပရောဂလို့ပဲ ပြောချင်ပါတယ်။"
NLD ပါတီက အခု ရွေးချယ် လိုက်တဲ့ သူတွေကို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေ မှာ တရားဝင် ခန့်အပ်ခံရဖို့ကတော့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် အတည်ပြုချက် အလွယ်တကူ ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ဆွဲ၊တင်​၊စစ်​လား ... ဓားပြတိုက်​ပွဲလား ... ဘင်္ဂါလီ ဇတ်​သွင်းမှုလား ???
MYARF
RB News
28.1.2016
မောင်​​တောမြို့ ။ ။ ရခိုင်​ပြည်​နယ်​၊​ ​မောင်​​တော ခရိုင်​ရှိ မြို့များဖြစ်​ကြ​သော ​တောင်​ပြိုမြို့နယ်​ခွဲ အပါအဝင်​ ​မောင်​​တောမြို့၊ ဘူးသီး​တောင်​မြို့နှင့် ရသေ့​တောင်​မြို့တို့တွင်​ ရိုဟင်ဂျာများကို ဘင်္ဂါလီ ဇာတ်သွင်းရန် ကျင့်သုံးလာခဲ့သည့် ယခင် န၀တ အစိုးရ၏ စရိုက်ဆိုး တစ်ခုဖြစ်သော ဆွဲတင်စစ် ကို ယခုနှစ်​ ၂၀၁၆ နှစ်​ဆန်းပိုင်းမှစ၍ "မ၊က၊ဖ" က ရွာဆင်းပြီး တဖန်​ ပြုလုပ်​​နေလျက် ​ရှိရာတွင်​ ရိုဟင်​ဂျာ ပြည်​သူများထံမှ ​ခေါင်းစဉ် ​အမျိုးမျိုးဖြင့် ​ငွေ အ​မြောက်​အမြား အတင်း ​ကောက်​ယူ​ နေ​ကြောင်း သတင်း ရရှိပါသည်​။
ယခင်​နှစ်​ ဆွဲ၊တင်၊စစ် တွင် ​​မွေးတိုးဟု ​ခေါ်​သော​ မွေးကင်းစ က​လေးများကို အိမ်​​ထောင်​စု စာရင်းတွင်​ တင်​​ပေးခြင်းကိစ္စကို "မ၊က၊ဖ" က ချက်​ချင်း ပြုလုပ်​​ပေးခဲ့​သော်​လည်း ယခုနှစ်​တွင်​မှု အ​ထောက်​အထား အမျိုးမျိုး ​တောင်းခံခြင်း၊ အ​ထောက်​အထား ပြသခဲ့လျှင်​လည်း က​လေးကို အ.ထ.စ မှာ တင်​မ​ပေးဘဲ ​ရေးမှတ်​ယူခြင်းသာ ပြုလုပ်​ပါသည်​။ မှတ်​ယူခ အဖြစ်​လည်း ​ငွေ ​​ကောက်​ခံ​နေလျက်​ရှိပါသည်​။ အလားတူ သေဆုံးသူများကို အ၊ထ၊စ မှ ပယ်ဖျယ်ခြင်း၊ ​နေရပ်​လိပ်​စာ ပြောင်းရွှေ့ခြင်း၊ နိုင်ငံခြားထွက်​သူများကို အ၊ထ၊စ မှ ပယ်​ဖျက်​​ပေးခြင်း စသည့် ကိစ္စရပ် များအတွက်​ "မ၊က၊ဖ" က ​ငွေ အ​မြောက်​အမြား ​ကောက်​ခံ​နေလျက်​​ရှိပါသည်​။
ရိုဟင်ဂျာ အများအပြားသည်​ ဆင်းရဲနွမ်းပါးသူများ ဖြစ်သောကြောင့် မ၊က၊ဖ မှ မတန်​တဆ ​ကောက်ခံနေသည့် ​ငွေများ ​ပေး​ဆောင်​ရန်​ အလွန်​ပင်​ အခက်​ကြုံ​နေရပါသည်​။ နေ့စဉ်ပျဉ်းမျှ ၀င်ငွေကျပ်​ (၂၀၀၀)ထက် မပိုသော ရိုဟင်ဂျာ ထက်ဝက်ကျော် အတွက် မ၊က၊ဖ မှ ​ကောက်​ခံ​နေသည့်​ ငွေကို နှစ်စဉ်လိုလို ပေးဆောင်ရခြင်းမှာ မနိုင်​ဝန်​ ထမ်း​နေရသကဲ့သို့ ဖြစ်​​နေပါသည်​။
ယခုနှစ် ဆွဲတင်စစ် တွင် "မ၊က၊ဖ"မှ ကောက်ခံနေသည့် ငွေများကို လက်​လှမ်းမှီသမျှ အောက်တွင် စုစည်းတင်ပြလိုက်​ပါသည်​။
ဘူးသီး​တောင်မြို့
၁။ မီး​ချောင်း​ခေါင်း​ဈေး​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ငွေကျပ်​ ၅၀၀၀။
- အ​ပြောင်းအ​ရွှေ့ခ ​- ငွေကျပ်​ ၁၇၀၀၀။
၂။ အန်း​ချောင်းဘဓာနာ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ ​- ငွေကျပ်​ ၅၀၀၀။
- အ​ပြောင်းအ​ရွှေ့ခ ​- ငွေကျပ်​ ၁၇၀၀၀။
၃။ ငကျည်​​တောက်​ ​ကျေးရွာ
- ဓာတ်ပုံရိုက်​ခ - ​ငွေကျပ်​ ၅၀၀၀။
- အ​ပြောင်းအ​ရွှေ့ - ​ငွေကျပ်​ ၁၇၀၀၀။
၎။ လုံး​ချောင်း ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ ​- ငွေကျပ်​ ၂၀၀၀။
(ငကျည်​​တောက်​ ​ကျေးရွာတွင်​ ​ငွေကျပ်​ - ၅၀၀၀ စီ ​ကောက်​ခံသည်​ကို သိရ၍ (ဒိုင်းနက်​လူမျိုး) ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ကျော်​စိန်​လှ က ထပ်​မံ​ငွေ ၃၀၀၀ စီ​ကောက်​ခံ)။
- အ​ပြောင်းအ​ရွှေ့ခ - ​ငွေကျပ်​ ၁၇၀၀၀။
၎။ ဒုအိုးသည်​မ​ ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၅၀၀။
၅။ အမှတ်​ (၁) ရပ်​ကွက်
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
မောင်​​တောမြို့
၁။ ကြိမ်​​ချောင်း ​ကျေးရွာ
- အ​ပြောင်း​အ​ရွှေ့ခ - ​ငွေကျပ်​ ၁၂၀၀၀။
- ​သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၆၀၀၀။
၂။ လှိုင်​သီ/ထုံး​ချောင်း ​ကျေးရွာ
- မကဖ ထမင်းစားစရိတ်​အတွက်​ ​ငွေကျပ်​ ၁၀၀၀။
- ​က​လေးမွေးတိုးအတွက်​ ​ငွေကျပ်​ ၅၀၀၀။ (ချက်​ချင်းတင်​မ​ပေး)
- သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၅၀၀၀။
၃။ ငါးခူရ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
- ​က​လေးမွေးတိုးအတွက်​ ​ငွေကျပ်​ ၅၀၀၀။ (ချက်​ချင်းတင်​မ​ပေး)
၎။ သရက်​အုပ် ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၅၀၀။
- က​လေး​မွေးတိုးအတွက်​ ၅၀၀၀ (ချက်​ချင်းတင်​မ​ပေး)
- သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၅၀၀၀။
၅။ ရွှေ့ဇား (ကပ္ပားခေါင်း)​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
- က​လေး​မွေးတိုးအတွက်​ ​ငွေကျပ်​ ၅၀၀၀ (ချက်​ချင်းတင်​မ​ပေး)
- သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၅၀၀၀။
၆။ ဂေါ်ဒူသာရ ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
- က​လေး​မွေးတိုးအတွက်​ ​ငွေကျပ်​ ၅၀၀၀ (ချက်​ချင်းတင်​မ​ပေး)
- သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၅၀၀၀။
- အ​ပြောင်းအ​ရွှေ့ခ ​- ​ငွေကျပ်​ ၁၅၀၀၀။
၇။ မြင်းလွှတ် ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
- က​လေး​မွေးတိုးအတွက်​ ​ငွေကျပ်​ ၅၀၀၀။ (ချက်​ချင်းတင်​မ​ပေး)
- သေဆုံး/နိုင်​ငံခြားထွက်​ ပယ်​ဖျက်​ခ - ​ငွေကျပ်​ ၅၀၀၀။
၈။ အင်းဒင် ​ကျေးရွာ
- ဓာတ်​ပုံရိုက်​ခ - ​ငွေကျပ်​ ၂၀၀၀။
- က​လေး​မွေးတိုး အတွက်​ ၅၀၀၀ (ချက်​ချင်းတင်​မ​ပေး)။
- အ​ပြောင်းအ​ရွှေ့ခ -​ငွေကျပ်​ ၅၀၀၀။
၉။ ကံပူးကျေးရွာ
- ဓာတ်ပုံရိုက်ခ - ​ငွေကျပ်​ ၁၀၀၀။
- ​သေဆုံးသူကို အ၊ထ၊စမှ ပယ်ဖျက်ရန်​ ​ငွေကျပ်​ ၂၅၀၀။
- အပြောင်းအရွှေ့ခ ​- ငွေကျပ်​၂၅၀၀၀။ (နယ်မြေရုံးသို့ သွားရောက် ပြောင်းရွှေ့ရ)။
- မွေးတိုး တင်မပေး။
၁၉၇၄ ခုနှစ်ကစပြီး မြန်မာအစိုးရ အဆက်ဆက်က စီမံချက်မျိုးစုံ ဖန်တီးပြီး ရိုဟင်ဂျာလူမျိုးကို လူမျိုးသုဉ်း သုတ်သင်ရန် ကြိုးစားရင်းနှင့် ယခုအချိန်မှာ ဘင်္ဂါလီ ဇတ်သွင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ရန် ဆွဲ၊တင်​၊စစ်​ အမည်​ဖြင့်​ အရှိန်အဟုန်မြှင့် ကြိုးစားလာ​နေခြင်း ဖြစ်​သည်​။
၁၉၉၀ ခုနှစ်မှ စတင်ခဲ့သည့် ဤ ဆွဲ၊တင်၊စစ် ကို စစ်အစိုးရက လက်နက်ပြ ခြိမ်းခြောက်ခြင်းဖြင့် ပြုလုပ်​ခဲ့ခြင်း ဖြစ်​​သော်​လည်း ဒီမိုကရေစီ အစိုးရဟု နိုင်ငံတကာက အသိအမှတ်ပြုခြင်း ခံနေရသည့် ယခု အစိုးရ လက်ထက်တွင် စစ်အစိုးရ၏ အစဉ်အလာ တစ်ခု ဆက်​လက်​ အ​ကောင်​အထည်​ ​ဖော်​​နေခြင်းမှာ ဒီမိုက​ရေစီကို အလွန်​ပင်​ ရုပ်​ဆိုး​စေပါသည်​။ ပို၍ ဆိုးရွား​နေသည်မှာ ယခု ဆွဲ၊တင်၊စစ် ကို မ.က.ဖ ဟုခေါ်သည့် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်နေထိုင်မှု ကာကွယ် တားဆီး နှိမ်နင်းရေး အဖွဲ့က ဦးစီး၍ လုပ်ဆောင် နေခြင်း ဖြစ်သည်။
ဆွဲ၊တင်၊စစ် တွင် စစ်ဆေးပြီး ပြုလုပ်ပေးနေသည့် မွေးတိုး၊ သေဆုံး ပယ်ဖျယ်၊ ပြောင်းရွှေ့၊ နိုင်ငံခြားထွက် ကိစ္စရပ် များက သက်ဆိုင်ရာ ဌာနဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် အိမ်ထောင် ဦးစီးများ ကိုယ်တိုင် သွားရောက်၍ လုပ်ရမည့် ကိစ္စရပ်များ ဖြစ်သည်။ မ.က.ဖ ဆိုသည့် အဖွဲ့အစည်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ။ ယခုကဲ့သို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းမှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုးထဲကိုသာ ပစ်မှတ်ထားပြီး ခွဲခြား၍ လုပ်ဆောင် နေခြင်း ဖြစ်သည့်အပြင် စာရင်းရေးသွင်း မှတ်တမ်းတင်ခြင်း များကို မ.က.ဖ က ပြုလုပ်နေသည့်အတွက်​ ရခိုင်​ပြည်​နယ်​၏ မူလဘူတ ဖြစ်​​သော ရိုဟင်​ဂျာများကို တရားမ၀င် ၀င်ရောက် နေထိုင်သည့် နိုင်ငံခြားသားများ စာရင်းထဲ အတင်းအဓမ္မ သွင်းလိုက်ခြင်းပင်​ ဖြစ်သည်ဟု ပြည်​သူများ ​သုံးသပ်​ ဝေဖန်​​နေကြပါသည်​။
ဓါတ်ပုံ - Poppy McPherson
မှတ်ချက်။ ။ သံချပ် သီဆိုသလို ဖတ်ရွတ်ပါ။
‪‎မွေးဌာနေ‬
MYARF
RB ကဗျာ
28.1.2016
ကဗျာအမျိုးအစား - သံချပ်
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ သီးနှံစုံ
စားလို့ အကောင်းဆုံး ...
စားလို့ အကောင်းဆုံး...စားလို့ အကောင်းဆုံး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ ဆန်စပါးလျှံ
စားပြီး ရောင်းနိုင် ပြည်ပထံ ...
ပြည်ပထံ ... ပြည်ပထံ ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ မြစ်၊ ချောင်း၊ အိုင်
ငါးသေးငါးကြီး ထွက်လှိုင်လှိုင် ...
ထွက်လှိုင်လှိုင် ... ထွက်လှိုင်လှိုင် ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေက တော၊တောင်၊မြိုင်
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ... စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေမှာ တိုက်သည့် လေ
ခန္ဓာထိရင် ရင်ထဲ အေး ...
ရင်ထဲ အေး ... ရင်ထဲ အေး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသည် ဤတိုင်းပြည်၏
မူလဘူတ တိုင်းရင်းသားတည်း ...
တိုင်းရင်းသားတည်း ... တိုင်းရင်းသားတည်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသား ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ ...
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...။
______________________________
ရေးသားသူ - ယျာတင်(ရိုဟင်းသား)
MYARF
RB News
28.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာနှင့် ကံပူးကျေးရွာ ကြားရှိ ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် အလယ်သံကျော် ကျေးရွာမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် နယ်ခြားစောင့်ရဲ များ၏ တပည့် ကျော်ဇေယျာဦး၏ ညီ အယာတူလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်းနှင့် အတူ ဇန်န၀ါရီလ (၂၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကံပူးကျေးရွာသို့ သွားရောက်၍ အိမ်ခြံဝင်း ရှေ့တွင် ဆိုင်ငယ် တစ်ဆိုင်ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသည့် မသန်မစွမ်း ဖြစ်နေသည့် မော်လ၀ီ ဆိုက်ဖူလ္လာ (ဘ) ဦးဟာဘီရာမန် (အသက် ၂၅ နှစ်) ၏ ဆိုင်ကို စစ်ဆေးခဲ့သည်။ 
ဆိုင်တွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နောက်ဆုံးတွင် မော်လ၀ီဆိုက်ဖူလ္လာ၏ MPT ဆင်းမ်ကဒ်သုံး ဖုန်းကို စစ်ဆေးရန်ဟု ဆိုကာ ယူ၍ ၎င်း၏ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံ၍ မသန်မစွမ်း ဖြစ်နေသည့် မော်လ၀ီ ဆိုက်ဖူလ္လာကို လက်ထိပ်ခတ်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 
ထို့နောက် အဆိုပါ နယ်ခြားစောင့်ရဲ များသည် မော်လ၀ီဆိုက်ဖူလ္လာ ကိုပါ ၎င်းတို့နှင့် အတူ ခေါ်၍ ကံပူးကျေးရွာအုပ်စု၊ ဒိလ်ဖာရာသို့ သွားရောက် လှည့်လည်ခဲ့ပြီး စခန်းသို့ ပြန်သွားရာ မော်လ၀ီဆိုက်ဖူလ္လာသည် ခြေထောက်မသန်သူ တစ်ဦး ဖြစ်၍ နယ်ခြားစောင့်ရဲ များနှင့် အတူ လမ်းပြိုင် မလျှောက်နိုင်သောကြောင့် နယ်ခြားစောင့်ရဲ တစ်ဦးက ၎င်းကို အတင်းဆွဲခေါ်ရာ လမ်းတွင် ဒုက္ခကြုံတွေ့ရသည်။ 
ကင်းစခန်းနှင့် မနီးမဝေးရှိ တံတားပေါ်သို့ ရောက်သည့်အခါ မော်လ၀ီဆိုက်ဖူလ္လာက လမ်းဆက် မလျှောက်နိုင်တော့ သဖြင့် နယ်ခြားစောင့်ရဲ များက ၎င်းအား ပြန်လွှတ်ပေးရန် ငွေကျပ် ၅ သိန်း တောင်းခံခဲ့သည်။ မော်လ၀ီဆိုက်ဖူလ္လာက မိမိသည် မည်သည့် အပြစ်မှ ကျူးလွန်ထားခြင်း မရှိသဖြင့် ငွေ (၅) သိန်း ပေးနိုင်မည် မဟုတ်ကြောင်း၊ လက်ဆောင် အဖြစ် ငွေကျပ် နှစ်သောင်းသာ ပေးမည်ဟု ပြောကြားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ငွေကျပ် နှစ်သောင်းကို လက်မခံဘဲ ဆက်လက် ခေါ်သွားရာ နောက်ဆုံးတွင် မတတ်သာတော့၍ ငွေကျပ် နှစ်သိန်း ပေး၍ နယ်ခြားစောင့်ရဲ များ၏ လက်ထဲမှ လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
မော်လ၀ီဆိုက်ဖူလ္လာကို မဖမ်းဆီးမှီ ရွာအပြင်ဘက်တွင် ကံပူးကျေးရွာမှ မော်လ၀ီဟာမိတ်ကို တွေ့ရှိခဲ့၍ ဖမ်းဆီးနိုင်ရန် အမျိုးမျိုး လုပ်ကြံ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။ ငွေညှစ်ခံရသည့် မသန်စွမ်းသူ မော်လ၀ီ ဆိုက်ဖူလ္လာတွင် မိဘ၊ ဆွေမျိုး တစ်ဦးတစ်ယောက်မှ မရှိသည့် ဆင်းရဲသား တစ်ဦး ဖြစ်သည်။ နယ်ခြားစောင့်ရဲ များ၏ အတင်းဆွဲခေါ်မှုကြောင့် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး ယောင်ယမ်းလျက် ရှိကြောင်း သိရှိရပါသည်။
RB News
27.1.2016
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စုတွင် ဇန်န၀ါရီလ (၂၀) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဖ် (ဘ) ဦးအာဘူလ်ဟူစိန်းက မဲ (၂၀) ရရှိခဲ့သည်။ ၎င်းနှင့် ပြိုင်ဘက် ဦးနူရ်ဟူဆောင်း (ဘ) ဦးကာဒီဟူဆောင်းက (၃၂) မဲဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လက်ရှိ အုပ်ချုပ်ရေးမှူးက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် ၎င်းအား မဲမပေးခဲ့သူများကို အကြောင်းအမျိုးမျိုး ဖန်တီး၍ ဒုက္ခပေးရန် ကြံစည်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဇန်န၀ါရီလ (၂၄) ရက်နေ့ ညပိုင်းတွင် ဇီးပင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အမှတ် (၁၀) မှ နယ်ခြားစောင့်ရဲ များနှင့် အုပ်ချုပ်ရေးမှူး ဦးအာယုဖ် တို့ပူးပေါင်း၍ ရာအိမ်မှူးများ၊ အရန်မီးသတ်များနှင့် အတူ မဲမပေးခဲ့သူများကို WY ဆေးပြားများ ရောင်းချနေသူများဟု ဆို၍ နေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။ သို့သော်လည်း မည်သည့်အိမ်တွင်မှ WY ဆေးပြားမရသဖြင့် ပြန်သွားခဲ့သည်။ ဦးဂျန်ကိရ် (ဘ) ဦးအာမီးရ်ဟူစိန်း၊ ဦးကာလာမျာ (ဘ) ဦးကာဒိရ်ဟူစိန်း၊ ဦးဇော်ကီရ်ဟူစိန်း (ဘ) ဦးနာဇီရ်ဟူစိန်း တို့၏ နေအိမ်များကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ 
ရွာသားများက နောင်တွင်လည်း လက်ရှိ အုပ်ချုပ်ရေးမှူးက လုပ်ကြံ၍ ဒုက္ခပေးမည်ကို အထူးစိုးရိမ်လျက် ရှိကြသည်။
MYARF
RB News
27.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၁)၊ တမန်းသား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးထွန်း ဦးဆောင်သော နယ်ခြားစောင့်ရဲ များသည် ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် သက်ကိုင်ညှာ ကျေးရွာမှ ဆိုင်ကယ် တက္ကစီမောင်းသည့် ဦးဇော်ကော်ရီယာ (ဘ) ဦးအီဆုပ်အလီကို ဆိုင်ကယ်ဖြင့် ကလေးငယ် တစ်ဦးကို တိုက်မိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးကာ အမျိုးမျိုး ခြိမ်းခြောက် ရိုက်နှက်ပြီး ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ဇန်န၀ါရီလ (၂၄) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက် (အမှတ် (၂) ရပ်ကွက်) မှ စက်ပြုပြင်သူ ဦးအစ္စမိုင်လ်သည် ရွှေဇားကျေးရွာ၌ စက်ပြုပြင်ပြီး အိမ်အပြန်တွင် ရွှေဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက စစ်ဆေးခဲ့ပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးအစ္စမိုင်လ်၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့သည်ဟု လုပ်ကြံ၍ ငွေကျပ် တစ်သောင်းငါးထောင် ညှစ်ယူခဲ့သည်။ 
ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၁)၊ ခမောင်းဆိပ် ကျေးရွာ အခြေစိုက်၊ တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ရေနောက်ငါးသား ကျေးရွာအုပ်စု ဒိုင်းနက်ရွာသို့ သွားရောက်၍ ဒိုင်းနက်လူမျိုးများနှင့် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့သည်။ တပ်ရင်းမှူးနှင့် အဖွဲ့သည် အစည်းအဝေး ကျင်းပနေစဉ် စစ်သားအချို့ကို ရွာနှင့် ပြင်ပလမ်းတွင် လုံခြုံရေး အစောင့်ချထားခဲ့သည်။ အဆိုပါ လုံခြုံရေး အစောင့်ကျ စစ်သားများသည် လမ်းမ တစ်လျှောက် ဆိုင်ကယ် စီးသွားသည့် ဒေသခံ ရိုဟင်ဂျာများကို ဆိုင်ကယ် တစ်စီးကို လူသုံးယောက် စီးသည်၊ ဆိုင်ကယ် ဦးထုပ် မဆောင်းဟူ၍ အမျိုးမျိုး အပြစ်ရှာ ခြိမ်းခြောက်ကာ ဦးရှော်ဖိတ် အပါအ၀င် အခြားသော ဆိုင်ကယ်စီး ခရီးသွားများထံမှ ငွေကျပ် ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အခြားသော ရိုဟင်ဂျာ (၅) ဦးထံမှလည်း ငွေကျပ် ငါးထောင်စီ ညှစ်ယူခဲ့သည်။ ဦးရှော်ဖိတ်၏ ဆိုင်ကယ်တွင် လူ (၃) ဦးစီးခြင်း မရှိခဲ့သော်လည်း စစ်သားများက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
(Photo: Wikipedia)
MYARF
RB News
27.1.2016
ဤဆောင်းပါးကို ရေးဖို့ အ​ကြောင်းဖန်​လာခြင်းမှာ ၂၀၁၆ ခုနှစ်​ ဇန္နဝါရီလ (၃) ရက်နေ့ ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းခန်း​၌ မေယု စစ်ရေယာဉ် သင်္ဘောနှင့် ပတ်​သက်​၍ ၎င်းသ​င်္ဘော တာဝန်ခံဟောင်း ရေတပ်ဗိုလ်မှူးကြီး တစ်ဦး၏ ရှင်းလင်း ဖြေကြားချက်ကို နားဆင်​ပြီးမှ ဖြစ်သည်။ ၎င်း၏ ဖြေကြားချက်အရ ထိုသင်္ဘောသည် အင်္ဂလိပ် အစိုးရ၏ စစ်ရေယာဉ် တစ်စီး ဖြစ်သည်။ ထိုသ​င်္ဘော၌ အင်္ဂလိပ် အမည်နာမ တစ်ခုလည်း ရှိခဲ့သည်။ ထိုအမည် နာမကိုမှု အသံလွှင့်ချက်မှ သဲကွဲစွာ မကြားသိရ၍ ဖေါ်ပြနိုင်ခြင်း မရှိပါ။ (ဤသည်မှာ စာရေးသူ၏ အားနည်းချက် ဖြစ်ကြောင်း ဝန်ခံပါသည်။)
ထိုစဉ် ၁၉၄၇-ခုနှစ်​ အချိန်အခါ ဖြစ်သည်။ မြန်မာတို့၏ နိုင်ငံရေး အရှိန်အဝါသည် အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်၍ အင်္ဂလိပ် အစိုးရသည် ထိုသင်္ဘောကို မြန်မာတို့သို့ လွှဲပြောင်းပေးခဲ့သည်။ အခမ်းအနားနှင့် လက်ခံ ရယူပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် ဆိုက်ကပ်စေပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သင်္ဘောပေါ် တက်ရောက်လျှက် လွတ်လပ်ရေး မိန့်ခွန်း ခြွေခဲ့သည်။ ထိုအခမ်းအနားမှာပင် ဗိုလ်ချုပ် ကိုယ်တိုင်က ထိုသ​ဘောင်္၏ အမည်နာမကို မှည့်ခေါ်ခဲ့သည်။
အမည်မှည့် ခေါ်ရခြင်း၏ အကြောင်းရင်းမှာ မြန်မာတို့သည် ဂျပန်တို့အား မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့စဉ်က မြန်မာနိုင်ငံ၏ အနောက်ဘက်၊ ရခိုင်ပြည်၏ အနောက်မြောက်ဘက်တွင် မြောက်မှ တောင်သို့ စီးဆင်းတည်ရှိနေသော မေယုမြစ်၏ အဝတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးမှ အစွဲပြုခဲ့သည်။ တိုက်ပွဲတွင် ထိုသင်္ဘောသည် ရေပြင်မှနေ၍ တိုက်ခိုက်ခဲ့သည်။ မေယုဒေသ၌ နေထိုင်လျက် ရှိနေခဲ့သော လူမျိုးစု နှစ်စု (ရခိုင်+ မူဆလင်) မှလွတ်လပ်ရေး ရလိုသော ဆန္ဒနှင့် စည်းရုံး ပူးပေါင်းကာ ကုန်းကြောင်း၊ ရေကြောင်း နှစ်ဘက်ညှပ် တိုက်ခိုက်ပြီး ဂျပန်တို့အား အပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲကို အရင်းခံလျက် စည်းရုံးနိုင်ခဲ့ခြင်း၊ အောင်မြင်နိုင်ခဲ့ခြင်းတို့ကို အစွဲပြုပြီး “မေယု” သင်္ဘောဟု မှည့်ခေါ်ခဲ့ကြောင်း၊ သူ၏ မိန့်ခွန်းတွင် အတိအလင်း ရှင်းလင်း ပြောပြခဲ့သည်။ သို့နှင့် မေယု သည် လွတ်လပ်ရေး၏ သင်္ကေတ၊ စည်းလုံးမှု၏ မှတ်ကျောက် ဖြစ်လာခဲ့သည်။
၎င်းပြင် ၁၅ ရာစု၊ သက္ကရာဇ် ၁၄၀၀ တွင် ရခိုင်ပြည်ကြီးသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားရာမှ နှစ်ဘက်လူမျိုးစုတို့ ပူးပေါင်း၍ နရမိတ်လှ ဦးဆောင်ကာ ရခိုင်ပြည်ကြီးကို ကမ္ဘာ့မြေပုံတွင် ပြန်လည် ရေးဆွဲနိုင်ခဲ့သည်။ မြောက်ဦးမြို့တွင် နန်းရာဆိုက်၍ မြောက်ဦးခေတ် ဟူ၍ပင် ကျော်ကြား ရာဇဝင်တွင်ခဲ့သည်။ သို့သော်လည်း ထိုယခင် မှတ်ကျောက် တင်ခံခဲ့ရခြင်း၊ ရာဇဝင်တွင်ခြင်းစသော စည်းရုံးမှုမှာ ၂၀၁၂ ခုနှစ်တွင် လူမျိုးရေး ဘာသာရေး ဆန်​သော မုန်းတီး တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်သုဉ်းခံ ခဲ့ရရှာသည်။
ထိုမုန်းတီး​ရေး မုန်​တိုင်း၏ အကျိုးရလဒ်ကား၊ ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အနိမ့်ဆုံးအဆင့်သို့ ရောက်သွားရခြင်း၊ ရခိုင့်သယံဇာတများ ရခိုင်ပြည်သူတို့၏ အကျိုးမဲ့စွာ နိုင်ငံခြားရောက်သွားခြင်း၊ သေကြေပျက်စီးခြင်း၊ အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်ရှိခြင်း စသည်တို့သာ ဖြစ်ကြသည်။ ထို့အပြင်​ မြန်​မာနိုင်​ငံတွင်​ ရာစုနှစ်​ များစွာ၏ အလွတ်​လပ်​ဆုံး ​ရွေး​ကောက်​ပွဲဟု တင်​စား ဟစ်​​ခေါ်ခဲ့​သော ​၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ မူဆလင်များ မဲမထည့်နိုင် ဖြစ်ခဲ့ရသည်။ ၎င်းကို ရခိုင်လူမျိုး အချို့က မိမိတို့၏ အောင်မြင်မှုဟု ထင်မှတ်ကျေနပ်နေကြသည်။ ထိုအချက်ကိုပင် မဲဆွယ်စဉ်က အရသာရှိရှိ၊ ဇာတိသွေးနိုးကြားလျက် မဲဆွယ်ခဲ့သည်။ မူဆလင်တို့အား ခိုးဝင် ဘင်္ဂါလီဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဟူ၍ လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။
သို့​သော်လည်း​ ရခိုင်သမိုင်းကို လေ့လာကြည့်လျှင် ရခိုင်​လူမျိုး တစ်​ဦး ဖြစ်​​သည့်​ ဦးအောင်သာဦး ရေးသားခဲ့​သော “ရခိုင်ရာဇဝင်” စာအုပ်၏ အဆိုအရ ထိုအမည် နာမသည် ရခိုင်-မြန်မာစစ်ပွဲ (မြောက်ဦးခေတ်)၌ ထိုလူမျိုးများ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ခြင်းကို အစွဲပြု၍ ရခိုင်တို့က “ရွာဟောင်းကကျား”ဟုခေါ်ဆိုရာမှ ရိုဟင်ဂျာ ဖြစ်လာသည်ဟု အတိအလင်း ဖေါ်ပြထားသည်။ ထို့အပြင် ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ၅ နှစ်ထိထိ အသံလွှင့်ခြင်း ခံခဲ့သော အမည်နာမ၊ ငြင်းရန်​ခက်​ခဲ​သော သမိုင်းအ​ထောက်​အထားနှင့် ပြည့်စုံသော အမည်​နာမရှင်​ ရိုဟင်​ဂျာလူမျိုး ဖြစ်ကြသည်။ ၎င်းရိုဟင်ဂျာ ဟူသည့် အမည်နာမ တစ်ခုသာ ဖြစ်သည်။ ဘင်္ဂါလီခေါ်လျှင်လည်း ထိုလူမျိုး၊ ရိုဟင်ဂျာဆိုပြန်လည်း ထိုလူမျိုးပင်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဆိုရာ၌ နောက်ကွယ်တွင် တစုံတရာသော ရည်ရွယ်ချက်များ ရှိမည်လား။
AA တပ်ဖွဲ့ဝင်များနှင့် တိုက်ရခြင်းမှာ AA များရခိုင်ကို ကြီးစိုးလာလျှင် မူဆလင်များကို ဒုက္ခပေးမည် ဖြစ်၍ တိုက်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးအောင်မြင့်မှ ကြေညာလာပြန်သည်။ အဘယ် ရည်ရွယ်ချက်ပါနည်း။ စဉ်းစားရန် အချိန်တန်ပါသည်ဟု ယူဆပါသည်။ လက်​​တွေ့မှာမူ ထိုရိုဟင်​ဂျာ လူမျိုးများကို​ မြန်မာ့မြေ၊ ရခိုင်မြေပေါ်မှ ပျောက်ကွယ် သွားအောင် ကျင့်သုံးနိုင်​မည့် လမ်းစဉ် ရှိမည် မထင်ပါ။ အဘယ်ကြောင့်နည်း။
၁၅ ရာစု မြောက်ဦးခေတ်မှသည် ယနေ့ထိကို အသေအချာ လေ့လာကြည့်ပါက ထိုလူမျိုးတို့သည် မြောက်ဦးခေတ်တွင် ရှင်ဘုရင် (၁၇၃၇ ခုနှစ်၊ ၃၇ ကြိမ်မြောက်သော ရှင်ဘုရင်) စစ်သူကြီး (မာဂန်)၊ တရားသူကြီး (ဒေါလောတ်ခါဇီ)၊ စာရေးဆရာ (အဒူမင်းညို) တစ်ခြားသော အရာရှိ အရာခံများ၊ လွတ်လပ်ရေး ခေတ်တွင်၊ အမတ်ကြီး (ဦးဆုလ်တန်မာမွတ်၊ ကျန်းမာရေးဝန်ကြီး)၊ ပါလီမန်အတွင်းဝန် (ဦးဆုလ်တန်၊ မောင်တော)၊ ဆိုရှယ်လစ်ခေတ်တွင် ပါလီမန်အမတ်များ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်များ၊ အရာရှိကြီးများ၊ အစိုးရဝန်ထမ်းများ (ရှိနေဆဲ) ဖြစ်ခဲ့သည်။ ၎င်းတို့ကို မဲထည့်ပိုင်ခွင့် မရှိဟူသော ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် လူမျိုးတစ်ခုလုံးကို ဖျောက်ပစ်​၍ မရနိုင်ပါ။ အမှန်တရားမှာ ပေါ်လာစမြဲပါ မဟုတ်ပါလား။ စဉ်းစား ရမည်သာ။
၂၀၁၂ ခုနှစ် ကိစ္စမှာ မူဆလင် လူငယ်သုံးဦးမှ ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်​ဟုဆို၍ တစ်ပြည်လုံး အုံကြွခဲ့သည်။ သို့​သော်​ ရခိုင်​အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်​ခဲ့သည်​ဟု စွပ်​စွဲခံခဲ့ရသော မူဆလင် လူငယ် သုံးဦးမှာ အမှန်တကယ် ပြစ်​မှုကျူးလွန်​ခဲ့သူများလား ဆိုသည်​မှာလည်း မ​ရေရာ မ​သေချာခဲ့​သော ပုံပြင်​လိုလို ပြဇတ်​လိုလို ဒဏ္ဌာရီဆန်​ဆန်​ ဖြစ်​ပါသည်​။ အလားတူ ၂၀၁၅ ခုနှစ်​ ဒီဇင်ဘာလတွင် တပ်မတော်သား တစ်ဦးမှ ၈-နှစ်သာ ရှိသော ရခိုင် မိန်းကလေးငယ် တစ်ဦးကို စစ်တွေတွင် မုဒိန်းကျင့် ခဲ့သည်။ ကလေးမ ခမျာ ဆေးရုံတွင် သေဆုံးခဲ့ ရရှာသည်။ ဤအရေးကိစ္စတွင်မူ အဘယ်ကြောင့် တစ်ပြည်လုံး အုံကြွခြင်း မရှိခဲ့ပါသနည်း။ လေးလေးနက်နက် စဉ်းစားရမည့် အချက်ပင်ဖြစ်​သည်​။
ယုတ်စွ အဆုံးပြောရလျှင် ပြင်ပ ပယောဂ နှင့် အမုန်းစကား ပြန့်ပွားနိုင်ခြင်းကို အမှန်တရားဟု ထင်နေသရွေ့ ရခိုင်​ပြည်​နှင့် ၎င်း၏ ပြည်​သူများသည်​ အဆင့်နိမ့်ကျခြင်း၊ ပိုမို ဆင်းရဲခြင်း၊ သယံဇာတ အလုခံရခြင်း၊ အနိမ်ခံ ဘဝတွင် နေရခြင်း စသော အဟောသိကံများအပြင် လူအများ မျှော်လင့် တောင်းတနေသော “ဖယ်ဒရယ်” ရရှိမှုတွင် နောက်ကျ ကျန်ရစ်ခြင်း၊ နှောင့်နှေးခြင်း၊ အဟန့်အတားဖြစ်ခြင်းများ ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွှဲ သေချာ နေပါသည်။
ထိုသို့သော သွေးထိုး လှုံဆော်မှုများအား ဟန့်တား ကာကွယ်နိုင်သော အရာက လူမျိုးနှစ်မျိုး စည်းရုံး ပူးပေါင်းမှုဖြင့် အောင်မြင်ခဲ့သော နည်းလမ်းသာ ဖြစ်သည်။ ယခုအချိန်ကား စဉ်စား၊ ဆင်ခြင်၊ သုံးသပ်ရမည့် အချိန်ပင်။ သို့နှင့် "မေယုသင်္ဘောမှသည် စည်းရုံးရေးသို့" ဆောင်ပုဒ်နှင့်အညီ စဉ်းစားဆင်ခြင်နိုင်ခြင်းအံ့သောဌာ ဤ​ဆောင်းပါးကို ရေးသားလိုက်ရ​ကြောင်းပါ။
ကျေးဇူးတင်ပါ၏
စန္ဒြမောင်စိက္ကေ - ရခိုင်မြေ ရေးသားတင်ပြသည်။ 
Rohingya Eye
RB News
26.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သံဒါကျေးရွာအုပ်စုတွင် ဇန်န၀ါရီလ (၁၉) ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ယခင် ရာအိမ်မှူးဟောင်း၊ ယခု ယာယီ ကျေးရွာ တာဝန်ခံ ဦးအာဘူဘော်ကော်ရ်ဆိဒိတ် (ဘ) မော်လ၀ီ ဟူဆောင်းအာမတ် (အသက် ၃၅ နှစ်) နှင့် ဦးအာဘူလ်ကာဆိမ်း (အသက် ၃၀ နှစ်) တို့ ယှဉ်ပြိုင်ကြရာ ဦးအာဘူလ်ကာဆိမ်းက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 
ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် လက်ရှိ ယာယီ တာဝန်ခံက ၎င်းရှုံးနိမ့်ခဲ့သည်ကို မကျေနပ်၍ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ကားနှစ်စီး အပြည့် နယ်ခြားစောင့်ရဲများကို သံဒါကျေးရွာသို့ ခေါ်ဆောင် လာခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲ များသည် ရွာအတွင်းသို့ ရောက်သည့်အခါ ရွာခန့် ကျောင်းဆရာ (၃) ဦးနှင့် ရွာသား နှစ်ဦးတို့ ၀ိုင်းဖွဲ့၍ ပျော်ပွဲစား ပုံစံဖြင့် စားသောက်နေသည်ကို တွေ့ရှိပြီး အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် ကျောင်းဆရာ (၃) ဦးကို မေးမြန်းပြီး လမ်းတစ်ဝက်မှ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ရွာသား နှစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ရော်ဖိတ် (ဘ) ဦးမာမတ်အစ္စလာမ် (အသက် ၃၇ နှစ်) နှင့် ဦးမိုဟာမတ်ဆော်လာမ် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၃၆ နှစ်) တို့ကို မဲရှုံးအောင် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ၍ အလယ်သံကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 
အလယ်သံကျော်ရှိ စခန်းသို့ ရောက်သည်နှင့် ဦးမိုဟာမတ်ရော်ဖိတ်ကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး၊ တစ်ညထားခဲ့သည်။ ထို့နောက် ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် အလယ်သံကျော်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ဦးမိုဟာမတ်ဆော်လာမ်ကို အလယ်သံကျော် စခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ထို့အပြင် ဖမ်းဆီး ချုပ်နှောင် ခံထားရသူ နှစ်ဦးနှင့် အတူ ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်ခဲ့သည့် ကျောင်းဆရာ (၃) ဦး ဖြစ်သော -- မိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (အသက် ၂၄ နှစ်)၊ မိုဟာမတ်ရော်ဟိမ်း (ဘ) ဦးမိုဟာမတ်ဟာရှင်မ် (အသက် ၂၃ နှစ်) နှင့် မိုဟာမတ်ဆိဒိတ် (ဘ) ဦးဟာမိတ်ဟူဆောင်း (အသက် ၂၂ နှစ်) တို့ကို ယာယီ ကျေးရွာ တာဝန်ခံက ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်ပတ်သက် ခဲ့သူများဟု လုပ်ကြံ လီဆယ်၍ နယ်ခြားစောင့်ရဲ များကို တိုင်ကြားပြီး ဖမ်းဆီးရန် ညစဉ်ရှာဖွေ နေသောကြောင့် နေအိမ်များတွင် အိပ်မရဘဲ တိမ်းရှောင် နေကြရသည်။ 
အဆိုပါ ယာယီ ကျေးရွာ တာဝန်ခံသည် ညစဉ်ညတိုင်း နယ်ခြားစောင့်ရဲများ ခေါ်ယူလာပြီး၊ ရပ်ရွာလူကြီးများ၊ ပညာတတ်များ၊ မော်လ၀ီများ၊ ကျောင်းသားများကို ဖမ်းဆီးခိုင်းနေသောကြောင့် မိမိတို့၏ နေအိမ်များတွင် မနေရဲကြဘဲ တိမ်းရှောင်နေကြရသည်။ ၎င်းက “ငါ့မှာ ယာယီ တာဝန်ရှိနေတယ်၊ တာဝန်ရှိနေသရွေ့ ရွာသားတွေကို ညှဉ်းပန်း နှိပ်စက် သွားမယ်” ဟု ပြောဆို၍ ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ၎င်း၏ လုပ်ရပ်များကြောင့် ဒေသခံ ရွာသားများ အလွန် စိုးရိမ်လျက် ရှိပြီး၊ အထက် အာဏာပိုင်များက အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် အထူး လိုလားနေကြသည်။
RB News
26.1.2016
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်အနီး တာဝန်ကျနေသည့် ရဲလုံထိန်း တပ်ရင်းမှ ရဲတပ်ဖွဲ့ဝင် အချို့သည် ဇန်န၀ါရီလ (၂၅) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် စစ်တွေ လေဆိပ်အနီးရှိ ရိုဟင်ဂျာများပိုင် လယ်ကွင်း၌ ကျက်စားနေသော နွား (၅) ကောင်ကို အကြောင်းမဲ့ ခေါ်ဆောင် သွားပြီး ၎င်းတို့၏ တပ်ရင်း၌ ထိန်းသိမ်း ထားကြောင်း သိရှိရသည်။ 
ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားသည့် နွား (၅) ကောင် အနက် (၄) ကောင်ကို စစ်တွေ လေဆိပ် အနီးရှိ ဘုမေရွာမှ ဦးမာမတ်ဟူဆောင်းက ပိုင်ဆိုင်ပြီး၊ ကျန်သည့် တစ်ကောင်ကို ဦးအဘာစ်အလီက ပိုင်ဆိုင်သည်။ ပိုင်ရှင်နှစ်ဦးက ရဲလုံထိန်း တပ်ရင်းသို့ သွားရောက်၍ အကြောင်းစုံ မေးမြန်းပြီး ၎င်းတို့၏ နွားများကို ပြန်ပေးရန် တောင်းဆိုရာ ရဲလုံထိန်းများက ပြန်မပေးဘဲ၊ နွားများက လေဆိပ်အနီးသို့ ရောက်ခြင်းကြောင့် နွားပိုင်ရှင်များ ပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်း၊ စသည်ဖြင့် အမျိုးမျိုး ပြောဆို ခြိမ်းခြောက်ပြီး ပိုင်ရှင်နှစ်ဦးကို ရိုက်နှက်ရန် ကြံစည်သေကြောင့် ကြောက်လန့်၍ ပြန်လာခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
26.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လက်ရှိ ကျေးရွာ တာဝန်ခံ ဦးအီနုစ် ရှုံးနိမ့်ခဲ့ပြီး ဦးအာရောဖ်အုလ္လာ အနိုင် ရရှိခဲ့သည်။ သို့ဖြစ်၍ ကျေးရွာ တာဝန်ခံ ဦးအီနုစ်က ရွာသားများက ၎င်းအား မဲမပေးခဲ့သောကြောင့် ရွာသားများကို ကလဲ့စားချေသည့် အနေဖြင့် ရွာသားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အမျိုးမျိုး လုပ်ကြံ တိုင်တန်းပြီး ငွေညှစ်စေလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးအီနုစ်က ယင်းကျေးရွာအုပ်စု ဘော်လီရွာမှ ဆိုင်ကယ်တက္ကစီ မောင်းသူ ဦးရာမတ်အုလ္လာ (ဘ) ဦးဘော်ဒီယိုရာမန် (အသက် ၃၀ နှစ်) အား ဆိုင်ကယ်ဖြင့် လူတစ်ဦး တိုက်မိသည်ဟု လုပ်ကြံ လီဆယ်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲ များကို တိုင်တန်းပြီး ငွေကျပ် နှစ်သိန်း ညှစ်စေခဲ့သည်။ 
ဇန်န၀ါရီလ (၁၄) ရက်နေ့ကလည်း သိမ်တောင်ပြင် ကျေးရွာအုပ်စု ဆေးသမားရွာမှ ဒုအိုးသည်မ ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူ ဦးအဒူလ်ဂဖာရ် (ဘ) ဦးအိန္နားမီးန်ကို လူကုန်ကူး ပွဲစားဟု ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲ များထံ လုပ်ကြံ၍ တိုင်တန်းပြီး ငွေကျပ် (၆) သိန်း ညှစ်စေခဲ့သည်။ 
နယ်ခြားစောင့်ရဲ များကလည်း တိုင်တန်းလာသည်ကို မှန်မမှန် စီစစ်ခြင်း မရှိဘဲ တိုင်တန်းခံရသူ များကို ဖမ်းဆီး ရိုက်နှက်ပြီး ငွေညှစ်လျက် ရှိသည်။
"တစ်ဖက်ကမ်းသို့"
ရေးသားသူ - မိုဟာမတ်ဇူဘိုင်ရ်
RB ကဗျာ
26.1.2016
ကြိမ်ဒဏ်ကျည်ဒဏ် ​ရောင်​စုံတဲ့ဒဏ်
ငိုသံအော်သံ နားကြားလို့မခံ 
စိတ်လည်းမချမ်း ကိုယ်လည်းမကျန်း 
ခိုနားစရာ ရှားပါးတဲ့ခါ 
မ​လျှော့တဲ့ဇွဲ သတ္တိကိုစိုက် 
လူမျိုးကိုပွေ့လို့ ရင်​ခွင်ထဲ​​​ပိုက်​ပြီး 
ဟို…​ဝေးဝေး မြူထူထူအရုပ် 
ဒေါင်းရုပ်ကလေးလော့ 
ဥပဒေဆိုတဲ့ အရာလော့ 
မျှော်​လင့်ချက်​ကမ်းသို့ ငါလှော်ထွက်မယ် ...။
ပညာရေးတံခါး အမြဲပိတ်​ထား
 ကန့်​သတ်​မှုနဲ့ အသွားအလာ 
အကြောင်းမဲ့ဖမ်း ​နေ့စဉ်​ရက်​ဆက် 
က​လေးငယ်​ရဲ့ ငိုရှိုက်​တဲ့သံ 
နှိပ်စက်မှုဒဏ် ရင်​ထဲမဆံ့လည်း 
ယဉ်​​ကျေးလိမ္မာ ရိုဟင်ဂျာသား 
သတ္တိပိုက်​လို့ အရှုံးမ​ပေး 
လှော်တံကျိုးရင် ခြေနဲ့လှော်ပြီး 
ဟို…​ဝေးဝေး မြူထူထူအပြုံး 
အောင်ဆန်းသွေးလော့ 
ငြိမ်းချမ်းရေး မိခင်လော့ 
လွတ်လပ်ရာကမ်းသို့ ငါလှော်ထွက်မယ် ...။
(ဓါတ်ပုံ - Reuters)
ရေးသားသူ - ယျတင် (MYARF)
RB ကဗျာ
26.1.2016
သံန္နိဌာန်
•••••••••
ဒီခရီး
ငါဖြင့် မသိ ...။
ဒီခရီး 
နိမ့်သည်​ မြင့်သည်​ ငါဖြင့် မသိ ...။
ဒီခရီး 
ငါဖြင့် မသိ ...။
ဒီခရီး 
ငါဖြင့် မသိ ...။
ဒီခရီး 
မ​ရောက်​ မချင်း 
ရိုဟင်းသားငါ 
ချီတက်​မြဲ ချီတက်​မည်​ ...။
MYARF
RB News
25.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ပဒင်း ကျေးရွာအုပ်စု၊ ရေပုံးပြင်ရွာမှ မာမတ်နုရ် (ဘ) ဦးယာဟယားသည် ဇန်န၀ါရီလ (၂၂) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မိမိ၏ အိမ်ခြံဝင်းထဲ၌ MPT ဆင်းမ်ကဒ်သုံး ဖုန်းဖြင့် စကားပြောနေသည်ကို ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က ညကင်းလှည့်နေစဉ် တွေ့ရှိခဲ့သည်။ 
ရဲမှူးနှင့် အဖွဲ့က ခြံဝင်းထဲသို့ ၀င်ရောက် စစ်ဆေးရာ MPT ဆင်းမ်ကဒ်သုံး ဖုန်းကိုသာ တွေ့ရှိသော်လည်း ဘင်္ဂလား ဖုန်းဖြင့် စကားပြော နေသည်ဟု လုပ်ကြံ ဖမ်းဆီးပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
မာမတ်နုရ်က မိမိတွင် အပြစ်မရှိသဖြင့် ရဲမှူး တောင်းသည့်ငွေကို ပေးရန် ငြင်းဆန်ရန် အခွင့်အရေး ရှိသော်လည်း ဖမ်းဆီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကာ လူမျိုး ဘာသာ ခွဲခြား၍ ညှဉ်းပန်း နှိပ်စက်၍ အမှုအမျိုးမျိုး လုပ်ကြံ ဖန်တီးပြီး ဒုက္ခရောက်အောင် ပြုလုပ်မည်ဟု ရဲမှူးက ခြိမ်းခြောက်သောကြောင့် တောင်းသည့်ငွေကို ပေး၍ လွတ်မြောက်လာခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 
ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ညစဉ်ညတိုင်း ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေသိန်းချီ ညှစ်လေ့ ရှိသည်။
MYARF
RB News
24.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ တရဂူး ကျေးရွာအုပ်စု (ရခိုင်ရွာ) ရှိ မူလတန်းကျောင်းတွင် စာသင်ကြားပေးနေသည့် ရခိုင်လူမျိုး ကျောင်းဆရာ တစ်ဦးသည် မကြာခဏ ဆိုသလို တောင်ဘဇာရှိ အထက်တန်းကျောင်းသို့ သွားရောက်၍ ယင်းကျောင်းရှိ ၎င်း၏ သူငယ်ချင်း ကျောင်းဆရာများနှင့် အတူ ညအိပ်လေ့ ရှိသည်။ အဆိုပါ ကျောင်းဆရာသည် ဇန်န၀ါရီလ (၁၅) ရက်နေ့ (သောကြာနေ့) နေ့လည်ပိုင်းတွင် တောင်ဘဇာ အထက်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။ 
ကျောင်းသို့ ရောက်ရှိပြီးနောက် ငွေကျပ် ၅၀၀၀ ပျောက်ဆုံးသည်ဟု ဆိုကာ ငရန်းချောင်း ကျေးရွာအုပ်စု၊ ပေါက်တောပြင်ရွာမှ (၁၀) နှစ်အရွယ် မူလတန်း ကျောင်းသား (ရိုဟင်ဂျာ လူမျိုး) က ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ အဆိုပါ ကျောင်းသားကို စစ်ဆေးခဲ့သည်။ ကျောင်းသားက သူမယူခဲ့ကြောင်း ပြောကြားသည့် အပြင် ဆရာကလည်း စစ်ဆေး၍ မတွေ့ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ကျောင်းဆရာက ကျောင်းသားလေးကို ငွေခိုးယူခဲ့သည်ဟု ဆက်လက် စွပ်စွဲ၍ ရိုက်နှက်ရာ၊ ကျောင်းသားလေးက ရိုက်နှက်မှုဒဏ်ကို မခံနိုင်တော့၍ တောင်ဘဇာ ရခိုင်ရွာ ကြားမှ ထွက်ပြေးသွားစဉ် ရခိုင်လူငယ် အချို့က ဖမ်းဆီးပြီး ကျောင်းဆရာထံ အပ်နှံခဲ့သည်။ 
ထို့နောက် ကျောင်းဆရာက အဆိုပါ ကျောင်းသားငယ်ကို ကျောင်းဂိတ်ဝတွင် ရန်သူသဖွယ် ဆက်လက်၍ ခြေထောက်ခြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးကြိတ်ရာ အနီးအနားရှိ လဘက်ရည်ဆိုင်မှ ရိုဟင်ဂျာများ ထွက်လာပြီး ကလေးငယ်အား ဆက်လက် မရိုက်နှက်ရန် ပြောကြားသော်လည်း နားမထောင်ဘဲ ဆက်လက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောပါသည်။
လဘက်ရည်ဆိုင်တွင် လဘက်ရည် သောက်နေသည့် တောင်ဘဇာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦး ထွက်လာပြီး၊ ကလေးငယ်အား ဆက်လက်မရိုက်ရန် ပြောကြားပြီး ကျောင်းဆရာကို လဘက်ရည်ဆိုင် ထဲသို့ ခေါ်သွားကာ တောင်ဘဇာ အနီးအနားရှိ ရခိုင်များနှင့် မွတ်စလင်များ အကြား မည်သည့် ပြဿနာမှ မရှိကြောင်း၊ အတူယှဉ်တွဲ နေထိုင်လာသူများ ဖြစ်ကြောင်း၊ ယခု အခြားဒေသမှ လာရောက်ပြီး လူမျိုးနှစ်မျိုးကြား ပြဿနာ ဖန်တီးပေးနေသလို ဖြစ်နေသောကြောင့် ထိုသို့ ဆက်လက် မပြုလုပ်ရန် ပြောကြားခဲ့သည်။ 
ကျောင်းဂိတ်ဝတွင် လဲကျနေသည့် ကျောင်းသားငယ်ကို အနီးအနားမှ ရောက်လာသည့် ရိုဟင်ဂျာများက တောင်ဘဇာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှ ထံသို့ ခေါ်ဆောင်သွားပြီး တိုင်တန်းခဲ့သည်။ အုပ်ချုပ်ရေးမှူးက ၎င်းက ဖြေရှင်း ပေးမည် ဖြစ်ပြီး၊ အခြား ဌာနဆိုင်ရာများသို့ တိုင်တန်းခြင်း မပြုရန် ပြောကြားခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာများက ကလေးငယ်၏ အခြေအနေ ဆိုးရွားလာ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်ကြားခဲ့သည်။ 
ထို့နောက် နယ်မြေမှူးက နယ်ခြားစောင့်ရဲများ စေလွှတ်ပြီး ကျောင်းဆရာကို ဖမ်းဆီးခဲ့သည်။ ကလေးငယ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ယူပြီး တောင်ဘဇာရှိ ဆရာဝန်ထံတွင် ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။ 
ငွေခိုးယူခဲ့ကြောင်း သက်သေ အထောက်အထား မရှိဘဲ ကျောင်းဆရာက ကလေးငယ် တစ်ဦးအား ခြေလက်များသုံး၍ ရိုက်နှက်ခြင်းမှာ လူမျိုးခွဲခြား၍ ညှဉ်းပန်း နှိပ်စက်ခြင်းသာ ဖြစ်ပြီး၊ ကျောင်းဆရာ၏ ရိုင်းစိုင်းလှသော အပြုအမှုကို ကြည့်ခြင်း အားဖြင့် အဆိုပါ ကျောင်းဆရာမှာ ပညာရှိ မပီသဘဲ အစွန်းရောက် တစ်ဦး ဖြစ်ကြောင်း ထင်ရှားနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
Rohingya Eye
RB News
24.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဆီရာဇ် (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၂၃ နှစ်) နှင့် မာမတ်ဝါရဲစ် (ဘ) ဦးဒေါလ္လာ (အသက် ၂၇ နှစ်) တို့သည် ဇန်န၀ါရီလ (၁၆) ရက်နေ့က ကျီးကန်းပြင် ကျေးရွာ အနီးရှိ တောင်တွင် သစ်ခုတ်ရန် သွားခဲ့သည်။ ၎င်းတို့သည် တောင်ပေါ်တို့ မတက်မှီ သစ်တောဦးစီးဌာနသို့ အခွန်ငွေ ပေးသွင်းပြီး နေ့စဉ် သစ်ခုတ်ယူ၍ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဆင်းရဲသား လူငယ်များ ဖြစ်သည်။ 
ယင်းနေ့တွင် ၎င်းတို့သည် သစ်ခုတ်ပြီး နေအိမ်သို့ ပြန်ရောက်သည့် အခါ ယခင် ရာအိမ်မှူးဟောင်း၊ ယခု ယာယီ ကျေးရွာ တာဝန်ခံ ဦးမုစ်တော်ဗီစ် (အသက် ၃၅ နှစ်) နှင့် ၎င်း၏ လက်ထောက် နှစ်ဦး ဖြစ်သည့် ဦးမော်ဂျီအုလ္လာ (အသက် ၃၇ နှစ်) နှင့် ဦးဟူဆောင်း (ခ) ရှိခူး (အသက် ၃၁ နှစ်) တို့ ရောက်ရှိလာပြီး၊ “မင်းတို့ ဒီနေ့ ခုတ်ယူလာတဲ့ သစ်တွေက ကျွန်းသစ်တွေ ဖြစ်တယ်၊ ငါတို့ ရဲစခန်းကို သွားတိုင်မယ်” ဟု ခြိမ်းခြောက်၍ ဆင်းရဲသား နှစ်ဦး ထံမှ ငွေကျပ် နှစ်သိန်းစီ၊ စုစုပေါင်း ငွေကျပ် လေးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“ငွေညှစ်ခံရတဲ့ ဆင်းရဲသား လူငယ် နှစ်ယောက်ကတော့ အလွန်ကို မကျေမနပ် ဖြစ်နေကြတယ်။ ဒါပေမယ့် ငွေမပေးရင် ထောင်ကျခံရမယ်၊ ရိုက်နှက်ခံရမယ် အဲဒါတွေ ရှိနေတယ် ဆိုတော့ ငွေနှစ်သိန်းစီ ပေးပြီး ရှင်းလိုက်တာပါ။ အခု ယာယီ တာဝန်ခံက အမြဲတမ်း တာဝန်ခံ မဖြစ်ခင် ရွာသားတွေကို ဒီလို မတရားလုပ်နေမယ် ဆိုရင် သူ့ရဲ့ သက်တမ်း တစ်လျှောက်လုံးမှာ မဟုတ်မမှန် စွပ်စွဲမှု၊ မတရားသဖြင့် လုပ်ကြံမှုတွေ ခံစားရမှာကို ရွာသားတွေက အလွန်ကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးကောက်ပွဲ တစ်ခု အမြန်လုပ်ပေးပြီး၊ ရပ်ရွာအတွက် အကျိုးရှိမယ့် လူကောင်းလူမွန် တစ်ယောက်ကို ရွေးချယ်ပေးဖို့ ကျွန်တော်တို့ ရွာသားတွေ အားလုံးက တောင်းဆိုပါတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
23.1.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ကျေးရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းပေး ထားသည့် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အဖွဲ့က ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဦးရှကူရ်က လက်ရှိ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်ကို အနိုင်ရရှိခဲ့သည်။ 
ဦးမောင်မောင်က ယင်းနေ့တွင် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံခဲ့သော်လည်း ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ရွေးကောက်ပွဲမှာ မျှတစွာ ကျင်းပခဲ့ခြင်း မရှိဟုဆိုကာ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တိုင်တန်းခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အဖွဲ့ကို အနောက်ပြင် ကျေးရွာသို့ ထပ်မံ စေလွှတ်ခဲ့သည်။ အဆိုပါ အဖွဲ့ ရောက်ရှိလာပြီး ဆယ်အိမ်စုမှူး များ၏ ဆန္ဒကို ယူခဲ့သည်။ ဆယ်အိမ်စုမှူးများက ဦးရှကူရ်ကိုသာ ဆက်လက်၍ ထောက်ခံကြသည်။ 
သို့ဖြစ်၍ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော လက်ရှိ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်က ရွာသားများနှင့် ဆယ်အိမ်စုမှူး များကို ၎င်းတာဝန် ရှိစဉ် ကာလအတွင်း ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ ရွာသားများက RB News သို့ပြောပါသည်။ 
ဇန်န၀ါရီလ (၂၀) ရက်နေ့မှ စ၍ ဆယ်အိမ်စုမှူး များကို ဦးမောင်မောင်၏ အိမ်သို့ ခေါ်၍ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီ ပေး၍ ရွေးကောက်ပွဲ တစ်ဖန် ကျင်းပမည်ဖြစ်၍ ၎င်းအား ထောက်ခံမဲ ပေးရမည်ဟု ဆိုကာ ဆယ်အိမ်စုမှူး များကို အစ္စလာမ် တရားတော်နှင့် အညီ ကျိန်ဆိုခိုင်းခဲ့သည်။ ထို့နောက် ၎င်းအား ထောက်ခံမဲ မပေးပါက အမှုဖန်တီး၍ ထောင်ကျအောင် လုပ်သွားမည်၊ သို့မဟုတ် ကျေးရွာတွင် မနေနိုင်ဘဲ ထွက်ပြေးသွားရအောင် လုပ်သွားမည်ဟု ခြိမ်းခြောက်လျက် ရှိသည်။ 
ဦးမောင်မောင်က ၎င်းအား မထောက်ခံဘဲ ဝေဖန်နေသူများကို ရိုက်နှက်ရန် လူငယ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ကျေးရွာ အတွင်း လှည့်လည်ခိုင်းသည်။ ထို့ကြောင့် ၎င်းအား မထောက်ခံသူများ အနေဖြင့် အိမ်ပြင်ထွက်ရန်ပင် ကြောက်ရွံနေကြသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် ဦးမောင်မောင်၏ ဦးလေ ဟာဂျီ ဦးဆော်လိမ်ကလည်း ဦးမောင်မောင်၏ လုပ်ရပ်များကို စုံစမ်းခြင်း မရှိဘဲ ၎င်းအား ထောက်ခံမဲ ပေးရန် ရွာသားများကို ဖုန်းဖြင့် တိုက်တွန်းလျက် ရှိသည်။ 
ဟာဂျီဦးဆော်လိမ်သည် လူရိုးလူကောင်း တစ်ဦးဖြစ်၍ အနောက်ပြင် ရွာသားများက အလွန် ကြည်ညို လေးစားကြသည်။ ၎င်း၏ တူတော်မောင်၏ လုပ်ရပ်ကြောင့် ၎င်း၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်လျက် ရှိသည်။ ဟာဂျီဦးဆော်လိမ်က ရွာသားများကို ဦးမောင်မောင်အား ထောက်ခံမဲပေးအောင် တိုက်တွန်းခြင်း မပြုမှီ ၎င်း၏ တူတော်မောင် ဦးမောင်မောင်၏ အကျင့်ပျက်လုပ်ရပ်၊ ရက်စက်မှု၊ မတရား ငွေညှစ်မှု စသော လုပ်ရပ်များကို စုံစမ်း လေ့လာသင့်သည်ဟု ရွာသားများက ပြောဆိုနေကြသည်။
Rohingya Exodus