နောက်ဆုံးသတင်း/ဆောင်းပါးများ



သို့

ကွပ်ကဲရေးမှူး
အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့
ကျီးကန်းပြင်၊ မောင်တောမြို့

ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ် ဇွန်လ (၁၇) ရက်

အကြောင်းအရာ ။ ။ ပန်းတောပြင် တံတား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများ၏ လူမဆန်မှု များကို အမြန်ဆုံး ဖြေရှင်းပေးပါရန် ကိစ္စ

လေးစားစွာဖြင့်

(၁) အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မောင်တော မြို့နယ် တောင်ပိုင်းမှ ကျောင်းသား/သူ များသည် မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းတက်ရန် သွားနေစဉ် ပန်းတောပြင် တံတား ကင်းစခန်းမှ ရဲများက ရွာထွက် လက်မှတ်များကို စစ်ဆေးနေပါသည်။ ကျောင်းသားပါ၊ ကျောင်းဝတ်စုံနှင့်ပါ ဆိုပြီး ပြောပြသော်လည်း ကျောင်းသားကဒ် ပြခိုင်းပါသည်။ ယခုအချိန်သည် ကျောင်းဖွင့်ခါစ အချိန်ဖြစ်သဖြင့် ကျောင်းသားကဒ် ထုတ်မပေးသေးကြောင်း ပြောပြပြန်သော်လည်း ကင်းစခန်း ဖြတ်ကျော်ခ အဖြစ် ငွေကျပ် ငါးရာ တောင်းပါသည်။

“မကျေနပ်ရင် ကုလားမ စုကြည်ကို သွားတိုင်ကွာ၊ နွားကုလား ကျောင်းသားတွေ၊ ဒီမြို့နယ်မှာ ကုလားမ စုကြည်ထက် ငါတို့ ရဲမှူးချုပ်ကပဲ အရေးပါတာ၊ ရဲမှူးချုပ် ခွင့်ပြုလို့ ငွေတောင်းနေတာ၊ ဒါပဲ” ဟု အော်ဟစ် ဆဲဆို၍ သေနတ်ချိန်ရွယ်ပြီး ခြိမ်းခြောက်ပါသည်။

(၂) မောင်တော မြို့နယ် တောင်ပိုင်းမှ မြို့ပေါ်သို့ နေ့စဉ် ဆိုင်ရောင်းရန် သွားနေသူများကိုလည်း အဆိုပါ ကင်းစခန်းမှ ရဲများက ရွာထွက် လက်မှတ် စစ်ဆေးပါသည်။ ရွာထွက် လက်မှတ် ယူလာပြီး ပြသော်လည်း ရွာထွက် လက်မှတ်တွင် ဓါတ်ပုံမပါဟု ဆိုကာ ငွေကျပ် ငါးရာစီ တောင်းပါသည်။ ရွာထွက် လက်မှတ် မပါလျှင် ငွေကျပ် တစ်ထောင်စီ တောင်းသည်။ နေ့စဉ်နေ့တိုင်း ဆိုင်သွားရောင်း နေသည့် ဆိုင်ရှင်ပါ ဆိုပြီး ရှင်းပြ ပြောဆိုသောအခါ သေနတ်ချိန်ရွယ်ပြီး ခြိမ်းခြောက်သည်။ နောက်ဆုံးတွင် ရဲများ တောင်းသည့် ငွေကိုပေးမှ သွားခွင့်ပြုသည်။

(၃) အဆိုပါ ကင်းစခန်းမှ ရဲသားများသည် လမ်းသွားလမ်းလာတိုင်း ထံမှ ရွာထွက် လက်မှတ် စစ်ဆေးယောင်ဆောင်၍ အမျိုးမျိုး အကွက်ဆင်ကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိသည်။ အဆိုးဆုံးမှာ အမျိုးသမီးများကို ၀တ်ရုံ (ဘုရ်ခါ) ချွတ်ခိုင်းပြီး စစ်ဆေးပြီးနောက် ၎င်းတို့ ရှေ့မှောက်မှ လမ်းလျှောက် သွားခိုင်းသည်။ မြို့ပေါ် ဆေးကုသရန် သွားသည့် လူနာများကိုပင်လျှင် အလွတ်မပေးဘဲ ကားပေါ်၊ ဆိုက်ကားပေါ်မှ ဆင်းခိုင်း၍ လမ်းလျှောက် သွားခိုင်းသည်။

(၄) အဆိုပါ ကင်းစခန်းမှ ရဲများသည် ကင်းစခန်း ဖြတ်ကျော်ခ အဖြစ် ကားတစ်စီးလျှင် ငွေကျပ် နှစ်ထောင်စီ၊ လက်တွန်းလှည်းဖြင့် ပစ္စည်းများ သယ်ယူလာလျှင်လည်း ငွေသောင်း ဂဏန်းနီးပါး တောင်းသည်။ ၎င်းတို့ တောင်းသလောက် မပေးလျှင် သေနတ်ဖြင့် ချိန်ရွယ်၍ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေညှစ်လျက် ရှိသည်။



(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတိုင်း၏ ရှေ့မှောက်တွင် “စစ်ဆေးရေးဂိတ် များတွင် ဖြတ်ကျော်ခ အတွက် ငွေကြေး တစ်စုံတစ်ရာ ပေးစရာမလိုပါ၊ ပြည်သူများ အနေဖြင့် ဒေသအတွင်း လုံခြုံရေး အတွက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံခြင်းဖြင့် ကူညီပါရန်၊ ငွေကြေးတောင်းခံခြင်းများ ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ပါသည်။ ဖုန်း - 043-22208, 043- 21048” ဆိုသော အနီရောင် နောက်ခံ အပေါ် အဖြူရောင် စာလုံးဖြင့် ရေးထားသော ဆိုင်းဘုတ် ကြီးကြီး တင်ထားသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတိုင်းမှ ရဲများက လမ်းသွားလမ်းလာ များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိနေသည့် အပြင် တစ်ခါတစ်ရံ အခန့်မသင့်လျှင် ဆဲဆို ရိုက်နှက်သည်။ အထူးသဖြင့် ပန်းတောပြင် တံတား ကင်းစခန်းမှ ရဲများက ထိုအနီရောင် ဆိုင်းဘုတ်ကို ညွန်ပြပေး၍ မကျေနပ်လျှင် ၎င်းတို့အတွက် တိုင်တန်းနိုင်ကြောင်း ပြောဆိုလေ့ရှိသည်။ ထိုဆိုင်းဘုတ်သည် ကုလားဆီက တရားဝင် ငွေကောက်ခံရန် တင်ထားသည့် ဆိုင်းဘုတ်သာ ဖြစ်ကြောင်းလည်း ပြောဆိုလေ့ ရှိသည်။

(၆) အဆိုပါ ပန်းတောပြင် ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ကျောင်းပြုပြင်ရန် သယ်ယူလာသည့် ပစ္စည်းများ အတွက် ငွေတောင်းခံခဲ့သဖြင့် ကျောင်းအုပ် ဆရာမကြီးနှင့် အချင်းများခဲ့သည့် သတင်းကိုလည်း ၂၀၁၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့တွင် RB News ၌ အသေးစိတ် ရေးသားဖော်ပြခဲ့သော်လည်း တာဝန်ရှိ ပုဂ္ဂိုလ်များက ယခုထိ မည်သို့မျှ လာရောက် ဖြေရှင်း ပေးခဲ့ခြင်း မရှိသေးပေ။ (သတင်းဖတ်ရန် -- http://bit.ly/1PwPS9F)

(၇) ယခုအချိန်သည် မွတ်စလင်များ၏ ဥပုသ်လ ဖြစ်သည်နှင့် အညီ မွတ်စလင်တိုင်းသည် ဥပုသ်သီလ စောင့်ထိန်း နေချိန် ဖြစ်သည်။ တစ်နေကုန် အစာရေစာ ငတ်ခံ၍ ဘာသာတရား ကိုင်းရှိုင်းနေသော လူများအပေါ် နယ်ခြားစောင့်ရဲ များ၏ ရက်စက်နေမှု များသည် အလွန်ပင် လူမဆန်ဘဲ ဆိုးရွားနေပါသည်။

(၈) သို့ဖြစ်ပါ၍ ပန်းတောပြင် တံတား ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များ၏ ဒေသခံ ကျောင်းသား/သူများ၊ ဈေးဆိုင်ရောင်းသူ များနှင့် အများပြည်သူများ အပေါ် ဤကဲ့သို့ တရားလွန် ပြုကျင့်နေမှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပင်လျှင် ကုလားမစုကြည်ဟု ခေါ်ဆိုမှု၊ ကုလားဆီက ငွေကောက်ခံရန် ဆိုင်းဘုတ်တင်ထားသည်ဟု ဆိုကာ ပြောဆိုနေမှု စသည်တို့ကို ရဲမှူးချုပ်မှ အမြန်ဆုံး အရေးယူပေးပါရန် လေးစားစွာ အသိပေး တောင်းဆိုအပ်ပါသည်။

အကယ်၍ ရဲမှူးချုပ်မှလည်း မည်သို့မျှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ အဆိုပါ တံတားကင်းစခန်းမှ ရဲတပ်ဖွဲ့များက ဤကဲ့သို့ ဆက်လက်၍ ဥပဒေမဲ့ ပြုကျင့်နေလျှင် အဆိုပါ ကင်းစခန်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ကျောင်းသား/သူများ၊ ဈေးဆိုင်ရောင်းသူ များနှင့် အများပြည်သူများ အနေဖြင့် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ထံ စာရေးသား တိုင်တန်းရမည် ဖြစ်ကြောင်း အသိပေးအပ် ပါသည်။

မှတ်ချက် ။ ။ ပန်းတောပြင် တံတားစခန်း၏ တရားလွန် ပြုကျင့်နေမှုကို အရပ်သား ၀တ်စုံဖြင့် သွားရောက်၍ စုံစမ်းလျှင် ဖြစ်စဉ် အမှန်ကို လက်တွေ့ မြင်တွေ့ရမည် ဖြစ်ပါသည်။

မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာများ

မိတ္တူကို --

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နေပြည်တော်
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရုံး၊ စစ်တွေမြို့



RB News
16.6.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယနေ့ ဇွန်လ (၁၆) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် လ.၀.က ဦးစီးမှူးတို့ ဦးဆောင်သည့် အဖွဲ့က စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာမှ ရိုဟင်ဂျာလူထုနှင့် တွေ့ဆုံ၍ NVC ကဒ်နှင့် ပတ်သက်၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက “ခင်ဗျားတို့ကို အခုပေးနေတဲ့ NVC ကဒ်က ခင်ဗျားတို့ အတွက် အလွန်အသုံးဝင်မှာပါ၊ ခင်ဗျားတို့ သားသမီးတွေ အခွင့်အရေးတွေ ရလာမှာပါ။ မြေပုံနဲ့ ကျောက်ဖြူ မြို့နယ် တွေမှာလည်း လူတွေက ဒီ NVC ကဒ်ကို ယူနေကြတယ်။ ဒါက ပထမအဆင့် အနေနဲ့ ခင်ဗျားတို့ကို အထောက်အထား တစ်ခု အဖြစ် ပေးနေခြင်း ဖြစ်တယ်။ ခင်ဗျားတို့ ဒီကဒ်ကို ယူပြီး နိုင် (၂) နဲ့ အစစ်ဆေးခံရမှာ ဖြစ်ပြီး၊ အထောက်အထား ပြည့်စုံတဲ့သူက နိုင်ငံသားကဒ် ရမှာ ဖြစ်တယ်” ဟု အချိုသတ်၍ ပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါသည်။

ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် အာဘူဆိဒိတ်က ထ၍ တင်ပြရန် ပြုလုပ်နေစဉ် ပြည်နယ် လ.၀.က ဦးစီးမှူးက ၎င်း၏ နာမည်ကို မေးမြန်းရာ ၎င်းက “ကျွန်တော့်နာမည် ရိုဟင်ဂျာ အာဘူဆိဒိတ်ပါ၊ ကျွန်တော် တင်ပြချင်တာကတော့ ဒီ NVC ကဒ်က နိုင်ငံခြားက ၀င်ရောက်လာတဲ့ သူတွေကို နိုင်ငံသားလျှောက်ဖို့ အစစ်ဆေးခံရန် ပေးတဲ့ ကဒ်သာ ဖြစ်တယ်။ ကျွန်တော်တို့က မွေးရာပါ နိုင်ငံသားဖြစ်တဲ့အတွက် ဒီ NVC ကဒ်နဲ့ ကျွန်တော်တို့နဲ့ ဘာမှ သက်ဆိုင်မှု မရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒီ NVC ကဒ်ကို လက်မခံနိုင်ပါဘူး” ဟု တင်ပြခဲ့သည်။

ထို့နောက် ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးစောအေးထွန်း (ခ) ကာလူမောင် က “ကျွန်တော်တို့က ရှေးနှစ်ပေါင်းများစွာ ကတည်းက ဒီမြေ ဒီဒေသမှာ မွေးဖွားသူများ ဖြစ်သော်ငြားလည်း ကျွန်တော်တို့မှာ ဒီ NVC ကဒ်ကို လက်ခံရယူပြီး တစ်ဖန် နိုင်ငံသား အစစ်ဆေးခံရရင် ခိုးဝင်လာတဲ့ ရခိုင်တွေကျတော့ ဘာမှ အစစ်ဆေးခံဖို့ မလိုအပ်ဘူးလား။ သူတို့ကျတော့ ၀င်ချင်တိုင်း ၀င်ပြီး နိုင်ငံသား ဖြစ်ခွင့် ရှိတယ်။ ကျွန်တော်တို့ ဟိုးနှစ်ပေါင်းများစွာ အရင်ကတည်းက ဒီနေရာ ဒီဒေသမှာ မွေးဖွားပြီး နိုင်ငံသား ဖြစ်ခွင့် မရှိဘူး။ ဒါက တရားမျှတမှုလား” ဟု တင်ပြခဲ့သည်။

ဆက်လက်၍ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက “အမျိုးသား မှတ်ပုံတင် (အမတ) ကိုင်ဆောင်ခဲ့တဲ့ ရခိုင်တွေနဲ့ သူတို့ သားသမီးတွေ ကျတော့ အမတ ကနေ နိုင်ငံသားကဒ် ကိုင်ဆောင်လို့ ရတယ်။ ကျွန်တော်တို့မှာ အမတ ကဒ် ကိုင်ဆောင်ထားတဲ့ သူတွေလည်း မနည်းပါဘူး။ သူတို့ကျတော့ ဘာလို့ နိုင်ငံသားကဒ် ကိုင်ဆောင်ခွင့် မရှိတာလဲ။ သူတို့ သားသမီးတွေ ဘာဖြစ်လို့ NVC ကဒ် ကိုင်ဆောင်ရမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

အစည်းအဝေးကို ဦးဆောင်ကျင်းပသည့် အစိုးရ အဖွဲ့မှ လက်ခံနိုင်သည့် အဖြေ တစ်စုံတစ်ရာ မပေးနိုင်ဘဲ ညနေ ၄း၄၅ နာရီ အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းပြီး ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။

15.6.2016

မြန်မာ၊ အင်္ဂလိပ်၊ အာရဗီဘာသာတွေနဲ့ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ရေးသားထားတဲ့ ပြက္ခဒိန် ရိုက်နှိပ်ခဲ့တဲ့ ကျော် ပုံနှိပ်တိုက် မန်နေဂျာ အပါအ၀င် ၄ ဦးကို ပုဇွန်တောင်မြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ မနေ့က ချမှတ်လိုက် ပါတယ်။

အဲဒီအမှုမှာ ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအ၀င် ၅ ဦးဖြစ်ပြီး ပိုင်ရှင်ဖြစ်သူဟာ ပုဒ်မ ၅၀၅ ခ နဲ့ ငြိစွန်းမှု မရှိဘူးလို့ ဆုံးဖြတ်ပြီး အပြီးလွှတ်ပေးလိုက်တယ်လို့ ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးမြင့်ကျော် က ပြောပါတယ်။

“တရားခံငါးယောက်ထဲမှာ ဦးအုန်းရွှေ ခေါ် ဦးကျော်ကျော် ကို အမှုကနေလွှတ်လိုက်ပါတယ်၊ သူကစွဲထားတဲ့ပုဒ်မနဲ့ မငြိစွန်းလို့ လွှတ်လိုက်တာပါ၊ နောက်တရားခံလေးယောက်ကို အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ်စီ ထောင်ချလိုက် တယ်”

အဲဒီပြက္ခဒိန်ရိုက်နှိပ်ဖို့ အပ်နှံသူဖြစ်တဲ့ ဦးအောင်ခင် (စစ်တွေ) က လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်ပါတယ်။

ကျော် ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ ပုံနှိပ်တိုက်မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားတွေဖြစ်တဲ့ ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ၅ ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ပုံနှိပ်ခြင်း နဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ -၂၀ နဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ထုတ်ဝေဖို့ ရိုက်နှိပ်ထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်မှာ ရိုဟင်ဂျာတွေဟာ မြန်မာ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတဲ့ ရုပ်ပုံစာသားတွေနဲ့ သမိုင်းအထောက်အထား အချို့ကို ဖော်ပြထားပြီး အဲဒီဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လာရာ ပုဇွန်တောင်ရဲတပ်ဖွဲ့က ပုံနှိပ်တိုက်မှာ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ (ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က "ကျော်” ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့တဲ့ ရိုဟင်ဂျာပြက္ခဒိန်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကတွေ့ရစဉ်)



အေးနိုင်
ဒီဗွီဘီ
15.6.2016

မနေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၀န်ကြီးချုပ်က စစ်တွေနဲ့ ကျောက်ဖြူမြို့ တွေက အိုင်ဒီပီစခန်း တွေမှာရှိတဲ့ မွတ်ဆလင် လူကြီးတချို့ကို ခေါ်ယူပြီး ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးက အကောင်အထည် စတင်ဖော်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံသား စိစစ်ခံရမယ့်တွေရဲ့ သက်သေခံ ကတ်ပြား (Identity Card for National Verification, NVC) ထုတ်ပေးမှုကို အများလိုက်ပါဆောင်ရွက်အောင် တိုက်တွန်းပေးဖို့ စစ်တွေမြို့  အိုင်ဒီပီစခန်း တခုက မွတ်ဆလင် ကျောင်းဆရာတဦးက ပြောပါတယ်။

သူက “မနေ့က ကျနော်တို့ ဒီကလူကြီးတွေနဲ့ ကျောက်တော်ကလူကြီး ၄ ယောက်ပေါ့။ ကျနော်တို့ ဆီက မွတ်ဆလင် လူကြီး ၉ ယောက်ပေါ့။ ကျောက်တော်က ၄ ယောက်နဲ့ မနေ့က ရခိုင်ပြည်= ၀န်ကြီးချုပ်နဲ့ တွေ့တယ် သူတို့။ အဲဒီမှာ နယ်လုံ ဗိုလ်မှူးထိန်လင်းလည်းပါတယ်၊ လ၀က လည်းပါတယ်။ သူတို့ NVC ကို လက်ခံဖို့အတွက် သူတို့က နည်းနည်းဖိအားပေးတဲ့ သဘောမှာ ရှိတယ်။ အန်ဗွီစီကတ်ကို လက်ခံအောင် စည်းရုံးပေးပါပေါ့နော်။ community ကို စည်းရုံးပေး ပါပေါ့။” လို့ ပြောပါတယ်။

အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို မေလကုန်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်စတင်ဖော်နေပါတယ်။ လုပ်ငန်းကော်မတီတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ တရပ်လည်း ပါဝင်ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအစိုးရမတိုင်ခင် ယခင်အစိုးရတွေလက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်မပြေမှုတွေကြောင့် မအောင်မမြင်ရပ်နားခဲ့ရဖူးပြီး ယခုအစီအစဉ်မှာလည်း ဒီအစီအစဉ်ရဲ့ အောင်မြင်မှုကို မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် လ၀က ညွန်ကြားရေးမှူးက ရှင်းလင်းပြောကြားချက်အရ ဒီ NVC ကတ် ထုတ်ပေးတဲ့အစီအစဉ်ဟာ နိုင်ငံသားစီစစ်တဲ့အဆင့်မဟုတ်ဘဲ နိုင်ငံသား အဖြစ် စိစစ်ခံမယ့်သူတွေကို ကတ်ထုတ်ပေးတဲ့ အစီအစဉ်သာ ဖြစ်တယ်လို့သိရပါတယ်။ ပူးပေါင်းဆောင်ရွက်သူရှိသလို ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ငြင်းပယ်မှုတွေလည်း ကြုံနေရတာပါ။

ယခင်အစိုးရတွေလက်ထက် စီစစ်တဲ့အခေါက်တွေတုန်းက သူတို့ရဲ့ လက်ဝယ်ရှိတဲ့ အထောက်အထားတွေကို အုပ်ချုပ်ရေးပိုင်းက သိမ်းဆည်းယူငင်ပြီး ပြန်လည်မပေးတာကြောင့် လက်ရှိအစိုးရက စိစစ်မယ့်အပေါ်ကိုလည်း သံသယရှိပြီး NVC အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ ငြင်းဆန်မှုတွေ ထွက်ပေါ်နေကြတာဖြစ်ပါတယ်။

မွတ်ဆလင်ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရကို ပြန်လည်ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ သူက “ကျနော်တို့ဒီကလူကြီးတွေက တင်ပြတယ်၊ ကျနော်တို့က ၁၉၄၈ ခုနှစ်ကနေ ၂၀၁၀ အထိ မဲပေးခွင့်ရခဲ့တယ်ပေါ့နော်။ ၂၀၁၅ ကျမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး စစ်ဆေးခံရတာပေါ့။ NVC ကတ်ကတော့ ကျနော်တို့ဆီမှာ သုံးခေါက်ချိုးရှိတယ်။ နိုင်ငံသားကတ်ရှိတဲ့သူရှိတယ်။ နောက်ပြီးတော့ အဆက်ဆက် အိမ်ထောင်စုစာရင်းတွေနဲ့ တရားဝင်လုံးဝဖြစ်တဲ့သူရှိတယ်။ အဲဒါကြောင့် ဘယ်လိုမှ NVC ကတ်ကိုယူဖို့ဆိုတာ အဆင်မပြေနိုင်ဘူးပေါ့နော်။ အဲလို ပြန်တင်ပြတာပေါ့။ တဖက်ကလည်း ဘာဖြစ်ဖြစ် ရက်တရာစီမံချက်မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကူညီပေးပါ၊ ၀ိုင်းဝန်းပေးပါဆိုပြီးအဲလို အတင်းအကျပ်လိုလို၊ အကူညီတောင်းတဲ့သဘောလိုလိုနဲ့ တိုက်တွန်းတယ်လို့ပြောတယ်” လို့ ပြောပြပါတယ်။

သုံးခေါက်ချိုးအထောက်အထားလက်မှတ်ကိုင်ဆောင်ထားတာချင်းတူရင် ဗုဒ္ဓဘာသာဝင်ဆိုရင် နိုင်ငံသားဖြစ်တာလွယ်ပြီး မွတ်ဆလင်ဆိုရင် သုံးခေါက်ချိုးကို သိမ်းလိုက်ပြီး NVC ကတ်ထုတ်ပေးတာ မြေပုံမှာဖြစ်နေတယ်လို့ မွတ်ဆလင်ကျောင်းဆရာက ပြောပါတယ်။

“လ၀ကနဲ့ အဆင်မပြေလို့လည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်လို့လည်း မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းကို မကြိုက်လို့ အဲဒါ”လို့ ပြောပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တာကို ကန့်ကွက်တာမဟုတ်ဘဲ နစ်နာမှုတွေကိုသာ ကန်ကွက်တာလို့သူက ဖြည့်စွက်ပြောဆိုပါတယ်။

“ကျနော်တို့လိုချင်တာက ဘယ်လိုလဲဆိုရင် စစ်ရတယ်၊ သေသေချာချာစစ်လို့ ရတယ်ဆိုရင် နိုင်ငံသားတန်းပေး၊ ပြီးပြီ။ NVC တွေ လာမလုပ်နဲ့ ကျနော်တို့ ဆိုလိုချင်တာက၊ တဆင့်ခံနှစ်ဆင့်ခံ အဲလိုလုပ်စရာမလိုဘူး။ စစ်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့လူအကုန်လုံးကိုစစ် ၈၂ ဥပဒေနဲ့၊ အကုန်လုံး ကို အကြုံးဝင်အောင် စစ်၊ ရခိုင်မှာဆိုအများကြီးဘဲ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်လာတာ ရခိုင်ဘင်္ဂလီ တွေ၊ အဲဒါတွေ အစိုးရတွေမမြင်ဘူးလား။ ရခိုင်ဖက်မှာရော နိုင်ငံသားဖြစ်ပြီး တော့ ဘင်္ဂလားဖက် မှာလည်း နိုင်ငံသားဖြစ်ခွင့်ရှိတယ်။ သူက ဗုဒဘာသာဖြစ်လို့ပေါ့။ အဲဒါ အကိုတို့ မြင်တာပဲလေ။ နေ့တိုင်းဝင်တာပဲ၊ နေ့တိုင်းဝင်နေတာပဲ။ မွတ်ဆလင်တွေဝင်တာမရှိဘူး။ မွတ်ဆလင်တွေ ထွက်တာပဲရှိတယ် ရခိုင်ပြည်နယ်မှာ။ ရခိုင်ဘင်္ဂလီတွေပဲ ၀င်တာ။ သတင်းမှာအမြဲတမ်းပါတာပဲ ဘာလှူတယ် ညာလှူတယ်ဆိုတာက။ ဗုဒ္ဓဘာသာဖြစ်လို့ သူတို့ ကျတော့ နိုင်ငံသားတန်းဖြစ်ပြီးမှ ကျနော်တို့ ဒီမြေမှာ၊ ဒီဒေသမှာ မွေးပြီးတော့ တသက်လုံးနိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုရင် ရယ်စရာပေါ့ အဲဒါက။ လုံးဝ ကျနော်တို့ကို နှိပ်စက်နေတာပေါ့ တဖက်သတ် အခွင့်အရေး ချုပ်ချယ်နေတာပေါ့။”“ကျနော်တို့ဆိုလိုချင်တာက ၈၂ ဥပဒေနဲ့ ရက်တရာမဟုတ်ဘူး၊ ရက် ၂၀၀ စစ်ပါ၊ စစ်ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့လူအ ကုန်လုံးကို စစ်ပါ။ ရခိုင်ပြည်မှာရှိတဲ့ တခြားေ နာက်အကုန်လုံး အကုန်လုံးကိုစစ်။ ဟုတ်တယ် အဲဒီမှာ ဥပဒေနဲ့ ညီတယ်ဆိုရင် ချက်ခြင်း နိုင်ငံသားထုတ်ပေးပါ။ NVC မလိုဘူး။ နိုင်ငံသားမဖြစ်ဘူး၊ အထောက်အထား မပြနိုင်ဘူး။ အဲဒီလူကို သူ့ရဲ့ ဥပဒေအရ အရေးယူမလား ယူ။ ရတယ်ကိစ္စမရှိဘူး ကျနော်တို့ လက်ခံတယ်။ ကျနော်တို့ လက်မခံဘူး မစစ်နဲ့လို့ပြောတာမဟုတ်ဘူး။ အကုန်လုံးကို တရားမျှတစွာစစ်ပါ။ ရခိုင်ကိုလည်း စစ်ပါ၊ မူဆလင်ကိုလည်းစစ်ပါ။ ဒီပြင်လူလည်းစစ်ပါ။ အဲဒီမှာ တရားမ၀င်တဲ့ လူကိုတွေ့ရင် ချက်ခြင်း အရေးယူ၊ အပြစ်ပေးပါ။ တရားဝင်တယ်၊ ညီတယ်ဆိုရင် အကုန်လုံးကို တန်းတူနိုင်ငံသား အခွင့်အရေးပေးပါ။ ကျနော်တို့တောင်းဆိုချင်တာ ဒါပါပဲ။” လို့ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် ရှေ့နေတဦးလည်းဖြစ်၊ နိုင်ငံရေးပါတီတခုရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးလှသိန်းက NVC (National Varification Card) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မပါဝင်သလို မြန်မာနိုင်ငံမှာထုတ်ပြန်ထာတဲ့ ဥပဒေတွေမှာ မပါဘူးလို့ ပြောပါတယ်။

သူက “နိုင်ငံတော်အစိုးရက ဒီလူတွေကို စစ်ချင်တယ်ဆိုရင် ၁၉၈၂ ဥပဒေနဲ့စစ်ရင်လည်းစစ် အရေးမကြီးဘူး။ အခုက မဆိုင်တဲ့ကတ်ပြားတွေ ပေးနေပြီးတော့၊ ဟိုတခါကလည်းပေးပြီးပြီလေ လက်မခံဘူးဆိုတာ သိနေပြီးသားပဲ။ ဘာလို့ဒီဟာတွေထပ်ပေးနေတာလဲ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ၊ နောက်ပြီးတော့ ဒီကတ်ပြားကိုထုတ်ပေးဖို့အတွက် ရဲတပ်ရင်း ၃ ရင်းတောင် ပို့ပေးရတယ်ဆိုတော့ အတင်အဓမ္မလုပ်တယ်ဆိုတဲ့သဘော မသက်ရောက်ဘူးလား။ ဒီလူတွေက သူတို့တွေက နိုင်ငံသားစိစစ်ရေးကတ်ပြား လိုချင်တယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပေးရင် သူတို့လည်းမယူဘူး။ လူမျိုးဆိုတာ ပယ်ရင်လည်း လက်မခံဘူး သူတို့ပြောပြီးသား။ လူမျိုး၊ ဘာသာ။ ဘာသာအရေးမကြီးဘူး။ အခုလုပ်နေတဲ့ကတ်ပြားဟာ နိုင်ငံတော်အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတခုနဲ့မှ မကိုက်ညီဘူး။ ကိုက်ညီမှုမရှိတဲ့ဟာတခုကို လူသားတွေကိုသွားပေးရင် လက်ခံပါ့မလား။ ကျနော်လည်း ဥပဒေသဘောအရ လက်မခံဘူး အဲဒါကို” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ်မြို့ ၃ မြို့မှာ နိုင်ငံသားစိစစ်မှု အစပျိုးလုပ်ငန်းကို စတင်ခဲ့ပါတယ်။

ကျောက်ဖြူနဲ့ မြေပုံမြို့နယ်က ဘင်္ဂလီ ဒုက္ခသည်စခန်း ၂ ခုနဲ့ ပုဏ္ဍားကျွန်းမြို့က ဘင်္ဂလီကျေးရွာတရွာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံသားစိစစ်ခံရမယ့် တွေရဲ့ သက်သေခံကတ်ပြား (Identity Card for National Verification, NVC) ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကတ်ပြားဟာ ကြည်ပြာရောင်ရှိပြီး လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာကို ထည့်သွင်းဖော်ပြ ထားခြင်း မရှိပါဘူး။ NVC ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဒုက္ခသည်စခန်းနှစ်ခုမှာ ဆောင်ရွက်နိုင်ပေမယ့် ပုဏ္ဏာကျွန်းမြို့နယ်က ကျေးရွာမှာတော့ လူမျိုး၊ ဘာသာ ထည့်သွင်း မဖော်ပြထားတာကြောင့် ညှိနှိုင်းနေဆဲလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လ၀က တာဝန်ရှိသူတွေအဆိုအရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ အမေက နိုင်ငံသားဖြစ်ပြီး အဖေက နိုင်ငံသားဖြစ်တယ်ဆိုရင် မွေးလာတဲ့ကလေးသည် နိုင်ငံသားဖြစ်ပါမယ်။ အဖေက နိုင်ငံသားပြုခွင့်ရသူဖြစ်တယ်၊ အမေက နိုင်ငံသား ပြုခွင့်ရသူဆိုရင် မွေးလာတဲ့ကလေးဟာ နိုင်ငံသား ဖြစ်ချင်မှဖြစ်မှာဖြစ်ပါတယ်။

သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရှိတယ်၊ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ အငြင်းပွားမှု ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျယ်ကျယ်လောင်လောင် အငြင်းပွားခဲ့ကြပါတယ်။ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေက ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုထားပြီး အသိအမှတ်မပြု သူတွေက ဒီအမည်ကို ဆန့်ကျင်ကန့်ကွက်ပွဲတွေ မကြာခဏ ကျင်းပလေ့ရှိပါတယ်။

RB News
15.6.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင်ရွာမှ ဆော်လိမ် (ဘ) ဦးနူရူဆလာမ်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ပြီး၊ ဆင်ခုန်းတိုင် ကျေးရွာအနီးရှိ ဘူးသီးတောင် မြို့နယ် စပါးထား (ရခိုင်) ရွာတွင် လခစား အလုပ်လုပ်ကိုင်လျက် ရှိသည်။

၎င်းသည် လယ်ကွင်း၌ ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လယ်ထွန် နေစဉ် တောထဲမှ ရုတ်တရက် လူစိမ်းတစ်ဦး ထွက်လာပြီး လေးခွဖြင့် ပစ်ခတ်ခဲ့သည်။ ၎င်းအား လေးခွ လောက်စလုံး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းနှင့် အတူ လယ်ထွန်နေသော ဒေသခံ ရိုဟင်ဂျာ (၅) ဦးက ဆင်ခုန်းတိုင် ကျေးရွာသို့ ခေါ်ဆောင်လာပြီး ဆေးကုသပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လေးခွနှင့် ပစ်ခတ်ခဲ့သူမှာ အစွန်းရောက် တစ်ဦး ဖြစ်ပြီး၊ ရိုဟင်ဂျာများက ရခိုင်ရွာတွင် ငြိမ်းချမ်းစွာ အတူတကွ လုပ်ကိုင် စားသောက်နေသည်ကို အခဲမကျေ ဖြစ်ကာ ပစ်ခတ်ခြင်း ဖြစ်ပြီး၊ ၎င်းက “နောက်နေ့ ရခိုင်ရွာမှာ တွေ့ရင် အသေသတ် ပစ်မယ်” ဟု ကြုံးဝါး သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။




(ဓါတ်ပုံ - လေးခွဖြင့် ပစ်ခတ်ခံရသူ) 



RB News
15.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်တွင်း လူဦးရေ စာရင်း ပြုစုပြီး လူမျိုးအမည် နေရာတွင် တာဝန်ကျ စာရေးများက ၎င်းတို့ စိတ်တိုင်းကျ ရေးသွင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ကျွန်တော်တို့ ဘူးသီးတောင် ထွေအုပ်က မြို့နယ်တွင်း လူဦးရေ စာရင်း ပြုစုပြီး တာဝန်ကျ စာရေးတွေက လူမျိုးအမည် နေရာမှာ ဘင်္ဂါလီလူမျိုး၊ ကုလားလူမျိုး ဆိုပြီး နှိမ့်ချပြီး သူတို့ ရေးချင်တဲ့ ပုံစံအတိုင်း စိတ်တိုင်းကျ ရေးသွင်းနေတာ တွေ့ရတယ်၊ ပြီးတော့ ဌာနဆိုင်ရာတွေကလည်း လူမျိုးရေးအရ အလွန်ကို ခွဲခြား ဆက်ဆံတာတွေ၊ နှိမ့်ချ ဆက်ဆံတာတွေ အရမ်းလုပ်နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒေသခံများ အနေဖြင့် အစိုးရသစ် ပြောင်းလဲ သွားပြီ ဖြစ်၍ ယခင် အစိုးရ လက်ထက်က ကဲ့သို့ ခွဲခြား ဆက်ဆံနေခြင်း၊ နှိမ့်ချ ဆက်ဆံနေခြင်း၊ ယခုကဲ့သို့ မဟုတ်သည့် လူမျိုးအမည်များကို ၀န်ထမ်းများ စိတ်တိုင်းကျ ဖြည့်သွင်းနေခြင်း တို့ကို အစိုးရ အကြီးအကဲများက လမ်းညွန်၍ ဟန့်တားပေးပါရန် တောင်းဆိုကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


ပန်းတောပြင် တံတား စခန်းတွင် ဖြတ်သန်း သွားလာသူ များကို စစ်ဆေး၍ ငွေညှစ်နေပုံ

RB News
15.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် မိုးယိုနေသည့် ညောင်ချောင်း မူလတန်းလွန်ကျောင်း ပြုပြင်ရန် မောင်တော မြို့မဈေးမှ လက်တွန်းလှည်းဖြင့် သယ်ယူလာသည့် ပစ္စည်းများအတွက် ငွေတောင်းခံခဲ့သဖြင့် ညောင်ချောင်း မူလွန်ကျောင်းမှ ဆရာမကြီးနှင့် စကားများခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၄) ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် မောင်တော မြို့မဈေးမှ လက်တွန်းလှည်းဖြင့် သယ်ယူလာသည့် ပစ္စည်းများ အတွက် အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လက်တွန်းလှည်း သမားထံမှ ကင်းစခန်း ဖြတ်ကျော်ခ အဖြစ် ငွေကျပ် တစ်သောင်း တောင်းခံခဲ့သည်။ လက်တွန်းလှည်းသမားက ဤပစ္စည်းများသည် မူလွန်ကျောင်း ပြုပြင်ရန် အတွက် မောင်တောဈေးမှ ၀ယ်လာသည့် ပစ္စည်းများ ဖြစ်ကြောင်း ပြောဆို၍ ၀ယ်ယူထားသည့် ပြေစာကိုလည်း ပြခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက “ဘယ်ကျောင်း အတွက်ပဲ ဖြစ်ဖြစ် စခန်းဖြတ်ကျော်ခ ပေးရမယ်၊ မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်” ဟု ပြောဆိုခဲ့ကြောင်း နယ်ခြားစောင့်ရဲ များနှင့် လက်တွန်းလှည်းသမားတို့ ပြောဆိုနေသည်ကို စခန်းရှေ့မှ ဖြတ်သွားစဉ် ကြားသိသူ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

လက်တွန်းလှည်းသမားက ၎င်းအနေဖြင့် လက်တွန်းလှည်း တွန်းပြီး ငွေတစ်သောင်း မရသေးကြောင်း၊ ၎င်းတွင် ငွေနှစ်ထောင်သာ ရှိသည်ကို ယူရန်နှင့် ၎င်းအား သွားခွင့်ပြုရန် အနူးအညွတ် တောင်းပန်ပြီး ပြောသော်လည်း၊ နယ်ခြားစောင့်ရဲ တစ်ဦးက ၎င်းကို ရိုက်နှက်ခဲ့သည်။ ရိုက်နှက်နေရာမှ ရုန်းထွက်၍ ပြေးသွားပြီး ညောင်ချောင်း မူလွန်ကျောင်းအုပ် ဆရာမကြီးကို အကျိုးအကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဆရာမကြီး ကိုယ်တိုင် ကင်းစခန်းသို့ ရောက်ရှိလာခဲ့ပြီး နယ်ခြားစောင့်ရဲ များကို ကျောင်းပြုပြင်ရန် သယ်ယူလာသည့် ပစ္စည်းများ အတွက် ငွေကျပ် တစ်သောင်း တောင်းရခြင်း အကြောင်း မေးမြန်းရာ နယ်ခြားစောင့်ရဲ များက အစပိုင်းတွင် တင်းတင်းမာမာ ပြန်ပြောခဲ့သော်လည်း ဆရာမကြီးက ဤကိစ္စကို မြို့နယ် ပညာရေးဌာန အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ်ထိ တိုင်တန်းမည် ဖြစ်ကြောင်း၊ ပစ္စည်းများ သယ်ခွင့် မပေးလျှင် စခန်းတွင် သိမ်းထားနိုင်ကြောင်း ပြောဆို၍ ပြန်ရန် ဟန်ပြင်နေစဉ် စခန်း၏ တာဝန်ခံ ရဲအရာရှိက ဆရာမကြီးကို ထိုကဲ့သို့ မပြုလုပ်ရန် တောင်းပန်ပြီး နောက်ဆုံးတွင် ပစ္စည်းများကို သယ်ခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်ပတ်ကလည်း မောင်တော မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ရပ်ကွက် ကျေးရွာတိုင်းမှ စာသင်ကျောင်းများ၏ ကျောင်းကော်မတီများကို ခေါ်ယူ၍ စာသင်ကျောင်းများ အတွက် White Board များပေးခဲ့ရာ ထို White Board များ သယ်ယူခဲ့စဉ်ကလည်း အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက “ကုလားကျောင်း အတွက်ဆို ငွေပေးမှ သယ်ခွင့်ပေးမယ်” ဟု ဆိုကာ ငွေကျပ် နှစ်ထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ များကို နေ့စဉ် ရက်ဆက် အနှောက်အယှက် ပေးနေပြီး၊ ကင်းစခန်း တာဝန်ခံ ရဲအရာရှိ ကိုယ်တိုင်က အတင်းအဓမ္မ ငွေညှစ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein

ကိုဇော်ဝင်းလှိုင်
ဗွီအိုအေမြန်မာပိုင်း
14.6.2016

ကမ္ဘာ့တ၀ှမ်း လူ့အခွင့်အရေး စံတန်ဖိုးတွေနဲ့ လွတ်လပ်မှုတွေကို တိုက်ခိုက် ခံနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ပြောကြား လိုက်ပါတယ်။ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံ အဖွင့် မိန့်ခွန်းအတွင်း မဟာမင်းကြီးက အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သူ့အဆိုအရ တားဆီးလို့ ရနိုင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ချက်တွေကိုလည်း ချပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ ကိုလည်း မဟာမင်းကြီးက ညီလာခံအတွင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အားနဲပြီး ခိုကိုးရာမဲ့တဲ့သူတွေအပေါ် နိုင်ငံရေးသမားတွေက ရိုင်းစိုင်းစွာ မတရားပြုကျင့်နေကြတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနေတာလို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က သတိပေး ပြောကြားလိုက်ပါတယ်။

လူသားတွေ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ထိန်းချုပ်ပေးထားတဲ့ ဥပဒေတွေ၊ အဖွဲ့အစည်းတွေနဲ့ စံတန်ဖိုးတွေဟာ ကောက်ကွေးနေပြီလို့ သူက ပြောပါတယ်။ အများပြည်သူ လွတ်လပ်မှုအပေါ် နှိမ်နင်း ဖြိုခွဲမှုတွေ များပြားလာတာနဲ့အမျှ အမုန်းတရားဟာ ပင်မရေစီးကြောင်းပေါ် ရောက်ရှိလာနေပြီး အဟန့်အတား ဖြစ်စေတဲ့ တံတိုင်းတွေတည်ဆောက်၊ မသင်္ကာမှုတွေ တိုးမြင့်လာနေတယ်လို့ Zeid က ပြောပါတယ်။ ကြောက်ရွံ့ တုန်လှုပ်ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာကြီးအနေနဲ့ နေ့စဉ် မြင်တွေ့နေရတယ်လို့ Zeid Hussein က ပြောပါတယ်။

“အပြစ်မဲ့သူတွေကို အလျဉ်းသင့်သလို ရွေးချယ်ပြီး ၊ သို့တည်းမဟုတ် သူတို့ရဲ့ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ထင်မြင်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သို့တည်းမဟုတ် မနေ့က ကျနော်တို့ မြင်တွေ့လိုက်ကြရသလို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်ကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက် အစွန်းရောက် တိုက်ခိုက်မှုတွေအပေါ် ကျနော့်အနေနဲ့ အပြင်းထန်ဆုံး နည်းလမ်းနဲ့ ပြစ်တင် ရှုတ်ချပါတယ်။”

လူ့အခွင့်အရေး မဟာမင်းကြီးက စနေနေ့ညက ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့က လိင်တူချင်း စုံမက်သူတွေ သွားလေ့ရှိတဲ့ ညကပွဲရုံမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၅၀ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ညီလာခံ အဆုံးမသတ်ခင်မှာ မဟာမင်းကြီးက ပြောကြားဖို့ ရှိတဲ့အတွက် မြန်မာနိုင်ငံအတွင်းက လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်ကြသလဲလို့ သိရှိနိုင်အောင် မေးကြည့်တဲ့အခါ - မြန်မာနိုင်ငံအတွင်းက လူ့အခွင့်ရေး အခြေအနေတွေဟာ ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်လာတာကို တွေ့ရတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာညွန်ကြားရေးမှူး Brad Adam က ပြောပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စတဲ့ ကဏ္ဍတွေမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံထဲမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ဒေသလုံခြုံရေး စတဲ့ ၀န်ကြီးဌာန ၃ ခုကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံထဲက အခြေအနေတွေအပေါ် ကျနော်တို့အနေနဲ့ အထူး စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဆန္ဒြုပပွဲတွေမှာ ပါဝင်မှု၊ Facebook စာမျက်နှာပေါ်မှာ ရေးသား ပြောဆိုမှုတွေကြောင့် လူတချို့ ဖမ်းဆီးခံရတာကိုလည်း ကျနော်တို့ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။”

ဒါကြောင့် မြန်မာနိုင်ငံမှာ ဥပဒေရေးရာကိစ္စတွေမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း Brad Adam က ပြောပါတယ်။ လွှတ်တော်အတွင်း ဥပဒေရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ပြုပြင်ပြောင်းလဲဖို့ စတင် လုပ်ဆောင်တာကို တွေ့ရပေမယ့် လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ Brad Adam က ထောက်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေ အရေးကို ယခင် အစိုးရတွေက ကိုင်တွယ်ခဲ့ပုံနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအတွက် အမြဲတမ်း ဝေဖန် ထောက်ပြစရာ ဖြစ်ခဲ့တာပါ။

လက်ရှိ NLD အစိုးရဟာ အရင် အစိုးရရဲ့ အမွေကိုဆက်ခံလိုက်ရပြီး ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျဉ်းထဲ ကြပ်ထဲရောက်နေတဲ့ အနေအထားမှာ ဖြစ်နေတယ်လို့ Brad Adam က ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့မဆန်စွာ တယူသန် မုန်းတီးနေတဲ့သူတွေ ရှိနေတဲ့အတွက် အစိုးရသစ်ဟာလည်း ခက်ခဲတဲ့အနေအထားမှာ ရောက်နေပါတယ်။ ၉၆၉ လို၊ မဘသလို အဖွဲ့အစည်းတွေကလည်း ရှိနေတာပါ။ အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ လူတဖက်သားအပေါ် နှိမ်ချ ဆက်ဆံလိုစိတ် မရှိတဲ့ လူတော်တွေကို စည်းရုံး သိမ်းသွင်းပြီး ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး ဦးဆောင်မှုပေး လုပ်ဆောင်သင့်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ - မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက်နေလာသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာအောင်လဲ နိုင်ငံသားဆိုင်ရာ ဥပဒေကို ပြင်ဆင်သင့်ပါတယ်။”

ရိုဟင်ဂျာတွေအရေးထက် အစိုးရအတွက် ဖြေရှင်းဖို့ ပိုမို ခက်ခဲတဲ့ ကိစ္စကတော့ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စအဖြစ်တယ်လို့လည်း Brad Adam က ပြောပါတယ်။

မကြာသေးခင် ကာလတွေအထိ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ရှိနေတဲ့ တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို အစိုးရအနေနဲ့ ဟန့်တားနိုင်ခြင်း မရှိတာဟာ ဖွဲ့စည်းပုံရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ Brad Adam က ထောက်ပြပါတယ်။

“လက်ရှိ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရက စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတာဟာ ဖွဲ့စည်းပုံရဲ့ ပြဿနာပါ။ ရွေးကောက် တင်မြောက်ခံထားရတဲ့ အစိုးရက စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နိုင်ငံ ဒီကမ္ဘာမြေပေါ်မှာ ကျနော် မတွေ့ဘူးပါဘူး။ မြန်မာနိုင်ငံမှာပဲ ရှိပါတယ်။ ဒါဟာ သမ္မတနဲ့ နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် အပါအ၀င် ရွေးကောက်တင်မြောက်ခံထားရသူ အားလုံးက စစ်တပ်အပေါ် သြဇာမရှိဘူးဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ စစ်တပ်က သူလုပ်ချင်ရာကို လုပ်နေတာပါ။ စစ်တပ်အနေနဲ့ လက်ရှိအစိုးရကို ထောက်ခံပြီး ထိုးစစ်ဆင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်လိမ့်မယ်လို့ လူတွေက မျှော်လင့်ခဲ့ကြတာပါ။ ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။”

NLD အစိုးရက မကြခင်ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေနဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းပေးနိုင်ဖို့ အလားအလာ ရှိတယ်လို့ Brad Adam က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်ရာမှာ စစ်တပ်အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်သူ အားလုံးရဲ့ စဉ်းစား တွေးခေါ်မှုတွေ၊ အယူအဆတွေ အရင် ပြောင်းလဲကြဖို့ လိုမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၂ ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား တိုင်းရင်းသား လူနဲစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာကို ညီလာခံအတွင်း လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က တင်သွင်းသွားမှာ ဖြစ်ပါတယ်။

တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံစဉ် (ဇွန်လ ၂၀၁၂)

ဗွီအိုအေမြန်မာပိုင်း
14.6.2016

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ လျော့ကျအောင် ကြိုးပမ်းဖို့ နိုဘဲလ် ငြိမ်းချမ်ရေးဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သူ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

မြန်မာအစိုးရသစ် လက်ထက် နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် တာဝန် ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံက လူနည်းစုမူစလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ကြား တင်းမာနေတဲ့ အခြေအနေတွေ လျော့ပါးအောင် ဆောင်ရွက်သင့်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ သူ တိုက်တွန်းပြောဆိုခဲ့တဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ၀ါရှင်တန်မြို့တော်မှာ ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းချိန်မှာ ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီကိစ္စက ရှုပ်ထွေးတဲ့ကိစ္စတခုဖြစ်တယ်ဆိုတာကို သူ့ကို ပြန် ပြောပြခဲ့တဲ့အကြောင်းနဲ့၊ သူ့အနေနဲ့ အခြေအနေကို အပြည့်အ၀ နားမလည်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆို ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ သံဃာတချို့ဟာ မူစလင် လူနည်းစုတွေအပေါ် အမြင်ကောင်းပုံမရဘူးလို့လည်း ဆိုပြီး ဒီလို အမြင်မကောင်းသူတွေ အနေနဲ့ ဗုဒ္ဓ ရဲ့ တရားတွေကို ပြန်လည်သတိရပြီး ဗုဒ္ဓသာရှိရင် လူနည်းစု မူစလင်မောင်နှမတွေကို ကာကွယ်ပေးမှာ သေချာ တယ်လို့လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြား သွားပါတယ်။



မသိင်္ဂီထိုက်
ဗွီအိုအေမြန်မာပိုင်း
14.6.2016

မြန်မာနိုင်ငံကို အလည် ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီးမူဆလင် အသိုင်းအ၀ိုင်း အတွက်ရော စစ်ရှောင် ဒုက္ခသည်တွေ အတွက်ပါ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။တူရကီ နိုင်ငံ အနေနဲ့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံကို ကူညီသွားမှာ ဖြစ်တယ်လို့လည်း တူရကီ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပြီး နောက်မှာဘဲ အခုလို အကူအညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တူရကီ နိုင်ငံခြားရေး ၀န်ကြီးရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်လို့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်နဲ့ လာရောက်တဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီး Mevlut Cavusoglu ဟာ မနေ့ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး မူဆလင် အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မူဆလင် အသိုင်းအ၀ိုင်း အတွက်ရော စစ်ရှောင် ဒုက္ခသည်တွေကိုပါ အကူအညီ ခွဲဝေ ပေအပ်ခဲ့တယ်လို့ ရခိုင်အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင်က ခရီးစဉ်ကို အခုလို ပြောပါတယ်။

“စစ်တွေကို မနေ့က ညနေဘက် ၄ နာရီကျော်ကျော်လောက်မှာရောက်တယ်ခင်ဗျ။ သူကလေယာဉ်ကွင်းကိုရောက်တဲ့အချိန်မှာ လေယာဉ်ကွင်းမှာ အဆင်သင့်လုပ်ထားတဲ့ ကူညီကယ်ဆယ်ရေး ကျနော်တို့ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားတွေ၊ ဒီနိုင်ငံသူနိုင်ငံသားတွေအတွက် ကျနော်တို့ကို ဆန်အိတ် ၅၀၀ ကူညီခဲ့တယ်။ ဒီပြင့် ဒုက္ခသည်စခန်းကတော့မသွားဘူး အဲဒီ စစ်တွေမြို့မှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေအများစုနေထိုင်ကြတယ် အဲဒီမှာ လူဦးရေး ၄၀၀၀ လောက်ရှိတယ်။ အဲဒီမှာတော့ ၁၀၀၀ လောက်လှူခဲ့တယ်။ ကျနော်တို့ တိုက်ပွဲရှောင် မှာကျတော့ ကျနော်တို့ လူဦးရေ ၁၈၀၀-၂၀၀၀ လောက်ရှိတယ်။ အဲဒီအတွက်ကို ဆန်အိတ် ၅၀၀ လှူခဲ့တယ်။”

တူရကီ နိုင်ငံခြားရေး ၀န်ကြီး Mevlut Cavusoglu က နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြုလုပ်တဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ လူမျိုး ဘာသာ မခွဲခြားဘဲ အကူအညီတွေ ပေးအပ်သွားမယ်လို့ အခုလို ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း တူရကီအနေနဲ့ ဆက်လက် ကူညီသွားမှာ ဖြစ်သလို ဒီလိုလုပ်ဆောင်ရာမှာလည်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်ထောင်စုအစိုးရ၊ ကုလသမဂ္ဂ၊ အေဂျင်စီတွေ၊ ဒေသအာဏာပိုင်တွေနဲ့ အတူ ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Cavusoglu က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။”

ရခိုင်ပြည်နယ် ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် လူမှုအသိုင်းအ၀ိုင်း ၂ ခုကြား ကွဲပြားမှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် ရခိုင်ပြည်နယ်တွင်း မြို့နယ် သုံးခုမှာ လူဝင်မှု ကြီးကြပ်ရေး စတင်ဆောင်ရွက်မှုတွေမှာတော့ အဆင်ပြေ ချောမွေ့ပေမယ့် အချိန်ယူ စေ့စပ်နေရတာတွေလည်း ရှိနေတယ်လို့ ရခိုင် အစိုးရ ပြောခွင့်ရ ဦးမင်းအောင်က ပြောပါတယ်။

“ကျောက်ဖြူနဲ့ မြေပုံတို့ကတော့ အေးအေးဆေးဆေး လိုလိုလားလား ပါပဲ၊ အခု ဒီ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ကာတီဆိုတဲ့ရွာမှာတော့ သူတို့ စဉ်းစားပါမယ်ဆိုပြီး တပတ်လောက်အချိန်ပေးပါ ဆိုပြီးပြောထားတာရှိပါတယ်။”

မနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ၂ ဦးတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရခိုင် အရေးကိစ္စ အပေါ်မှာ တူရကီ ဘက်က နားလည်မှု ရှိရှိ ဆောင်ရွက်တဲ့ အပေါ် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က စတင်ခဲ့တဲ့ တူရကီနဲ့ မြန်မာ နှစ်နိုင်ငံ သံခင်းမန်ခင်း ဆက်ဆံရေးက ဆယ်စုနှစ် ၆ ခုနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုချိန်ထိတော့ တူရကီ နိုင်ငံမှာ မြန်မာသံရုံး မဖွင့်လှစ်နိုင်သေးဘဲ အီဂျစ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပူးတွဲတာဝန်ယူထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံရုံးကိုတော့ ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ ထိုင်းနိုင်ငံ ဆိုင်ရာ တူရကီ သံရုံးက မြန်မာနိုင်ငံနဲ့ သံတမန်ရေးကို ပူးတွဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။



RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် စေတီတောင် နယ်မြေတွင် ရခိုင်ရွာ (၁၂) ရွာနှင့် ရိုဟင်ဂျာရွာ (၁၅) ရွာ ရှိပြီး၊ စေတီတောင် နယ်မြေရှိ ဆေးရုံတွင် တာဝန်ကျနေသည့် ဆရာဝန် ဒေါက်တာမောင်မောင်ဝင်းက ရခိုင်လူမျိုး များကိုသာ ဆေးကုသပေးပြီး၊ ရိုဟင်ဂျာ လူမျိုးများကို ဆေးကုသပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ဆရာဝန်က လူမျိုးခွဲခြားပြီး ရခိုင်တွေကိုသာ ဆေးကုပေးတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို ဆေးမကုပေးဘူး။ ဒီလိုလုပ်နေတာ သူပြောင်းလာကတည်းကပါ။ ဆေးကုလို့ မရတော့ ရောဂါဒဏ် ခံနေရတယ်။ တခါတရံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကလေး မမွေးဖွားနိုင်ဘဲ သေဆုံးတာတွေ အထိ ရှိနေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုကဲ့သို့ လူမျိုး ခွဲခြား၍ ဆေးကုသ မပေးသော ဆရာဝန်ကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ စီစစ်၍ လိုအပ်သလို ဆောင်ရွက်ပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောသည်။



MYARF
RB News
12.6.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့၏ သတင်းပေး ဗန္ဓုလ ဆိုသူက အပြစ်မဲ့ လူငယ်တစ်ဦးကို နွားရုံတစ်ရုံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

“အမှန်အတိုင်း ပြောရမယ်ဆိုလို့ ရှိရင် ဒါက ပေါ့ဆမီးလို့ လူအများက ပြောနေကြတယ်။ ပြီးတော့ ဒီကောင်လေးက လူတွေနဲ့ စကားအပိုမပြောတတ်တဲ့ လူရိုးလူကောင်း တစ်ယောက်ပါ။ အဲလိုကောင်လေးက နွားရုံ မီးရှို့ဖျက်ဆီး ပစ်တယ်ဆိုတာ လုံးဝ ယုံနိုင်စရာ အကြောင်းမရှိဘူး” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဇွန်လ (၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် အောက်နန့်ရာ ကျေးရွာမှ နယ်ခြားစောင့်ရဲ များ၏ သတင်းပေး ဗန္ဓုလ (ဘ) ဦးအဒူဆလင်ပိုင် နွားရုံတစ်ရုံ မီးလောင်ပျက်စီးခဲ့သည်။ ထိုမီးလောင်မှုနှင့် ပတ်သက်၍ နွားရုံ ပိုင်ရှင်ဖြစ်သူ ဗန္ဓုလက ယင်းကျေးရွာမှ ဒိလ်မာမတ် (ဘ) ဦးစိုးဘီးကို သက်သေမရှိဘဲ မတရားသဖြင့် စွပ်စွဲပြစ်တင်ပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲများ ခေါ်ဆောင်လာပြီးမှ လွှတ်ပေးခဲ့သည်။ ထို့နောက် ညနေ (၄) နာရီခန့်တွင် မတရားစွပ်စွဲခံရသူ ဒိလ်မာမတ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ထပ်မံ ဖမ်းဆီးခေါ်ဆောင်လာပြီး ထပ်မံ ရိုက်နှက်ပြီး ငွေကျပ် တစ်သိန်း ညှစ်ယူပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရို-ပန်းက​လေးများပွင့်လန်းပြီ

ရေးသားသူ -- ယျာတင်​ (ရိုဟင်းသား)
RB ကဗျာ
12.6.2016

အမိုးပွင့် အကျဉ်း​ထောင်​ထဲမှာ
အချိန်​တန်​​တော့ ပွင့်လန်းလာပြီ
ရို-ပန်းက​လေးများ ​ရောင်​စုံညီ။

အနာဂတ်​မြန်​မာ့ဥယျာဉ်​ သာယာလှဖို့ကြံ
ကျရာဏ္ဍ၌ အလှဆင်​​ပေးဖို့ရန်
နှိမ့်ချမှု​တွေ အမျိုးမျိုးခံရလည်း
အပြုံးမပျက်​ ဖူးတံဝင့်လို့ချီ
ရို-ပန်းပွင့်များ​ ပွင့်လန်းလာခဲ့ပြီ။

ခက်​ခဲ​ပေါင်းများစွာကို အံတု ကျော်​လွှား
အခါခါသိမ်​ငယ်​ခဲ့ရမှုကို အကြိမ်​ကြိမ်​ဖယ်​ချ
အခါခါ လှဲချခံရတာမှ အကြိမ်​ကြိမ်​ပြန်​ထ
ဒီလိုပုံစံက နှစ်​နဲ့ချီလည်း
ရို-ပန်းပွင့်များ​ ပွင့်လန်းလာခဲ့ပြီ။

အမယ်​-
ခေတ်​အဆက်​ဆက်​ သမိုင်းမှာ
ရို-ပန်း​​​ပွင့်ပေါင်းများစွာ
နိုင်​ငံ့အလှ ဆင်​ခဲ့တဲ့ ပမာ
အနာဂတ်​မျိုးဆက်​ ရို-လူငယ်​များလည်း
အစဉ်​မပျက်​ ​ဆောင်​ကျဉ်းနိုင်​ဖို့ရာ
နှိပ်​ကွပ်​ခံရတဲ့ကြားမှ အားထုတ်ကြိုးစား
ခေါင်း​မော့ ရင်​​မော့လို့ ​ရှေ့သို့လှမ်းချီ
ရို-ပန်းက​လေးများ ပွင်လန်းလာခဲ့ပြီ။

သင်​တို့ သိကြရဲ့လား...
"​အဆိပ်​ပင်​မှာ ​ရေမ​လောင်းရ"
အဲ့ဒါ ရို-အ​ပေါ်ထားတဲ့
ဒေသခံ ပညာ​ရေးဌာနရဲ့မူဝါဒ​ပါ။
ဒါ​ပေမယ့်​ ဒီ ရို-​တွေ​လေ
ခွဲခြားမှု နှိမ့်ချမှု ​တွေကို အားဖြစ်​​သို့ပြောင်း
အရာရာကို ​မေ့၊ နိုင်​ငံ့အလှဆင်​ဖို့အ​ရေး
အမြဲ ဦးထိပ်​ထားပါ​ကြောင်း။

ကြည့်လှည့်​ပါလေ...
အဆိပ်​ပင်​နဲ့ အနှိုင်းခံ ရို-​တွေက
သူများမြို့နယ်​​ရှေ့ ကိုယ့်မြို့နယ်
သူများပြည်​နယ်​​ရှေ့ ကိုယ့်​ပြည်​နယ်
သူများနိုင်​ငံ​ရှေ့ ကိုယ့်နိုင်​ငံ
ဂုဏ်​မငယ်​ရ​အောင်​​ပါ့
နိုင်​တဲ့ဖက်​က တာဝန်​​ကျေပြ
အားမာန်​ပြည့်​နဲ့ ပွင့်လန်းလို့လာ
ငါးဘာသာ၊ ​လေးဘာသာ၊ သုံးဘာသာ
ဂုဏ်​ထူးရှင်​များ ​​ပေါ်ထွန်းလာ
ပန်းပွင့်-ရို များ ​ရောင်​စုံပြာ။

သက်​ဆိုင်​သူတို့​ရေ...
ပွင့်လန်းလာတဲ့ ဒီ ရို-ပန်းပွင့်​တွေကို
သက်​ဆိုင်​ရာ နယ်​​​ပယ်​ ကျရာအခန်းမှာ
နိုင်​ငံကိုယ်​စား အလှဆင်​ခွင့်​လေး
ပိတ်​ပင်​ မတားဆီး လိုက်​ပါနဲ့လား။

မှတ်​ချက်​။ ။ အမိုးပွင့် အကျဉ်း​ထောင်ဟူ၍ တင်​စားခံရ​သော​ ရခိုင်​ပြည်​နယ်​က ရိုဟင်​ဂျာများထဲမှ တက္ကသိုလ်​ဝင်​တန်းကို ခွဲခြားဆက်​ဆံမှု အမျိုးမျိုးကြားက ​အောင်​မြင်​ခဲ့​သော ရိုဟင်​ဂျာ ​ကျောင်းသား/သူ များကို ဂုဏ်​ပြု၍ ​ရေးဖွဲ့ပါသည်​။

မောင်​​တောမြို့နယ် မြောက်​ပိုင်း ကြိမ်​​ချောင်းစာစစ်​ဌာနမှ (၅) ဘာသာ ဂုဏ်​ထူးရှင်​ ​မောင်​​မောင်​မြင့်၊ ​မောင်​​တော စာစစ်​ဌာနမှ ​(၄) ဘာသာ ဂုဏ်​ထူးရှင်​ မယုနန္ဒာခင်၊ ဘူးသီး​တောင်​ စာစစ်​ဌာနမှ ​(၄) ဘာသာ ဂုဏ်​ထူးရှင် မောင်စိုးနိုင်​နှင့် အခြား​သော ဂုဏ်​ထူးရှင်​များ အားလုံးကို ဤက​ဗျာဖြင့် အထူး ဂုဏ်​ပြု လိုက်​ပါ​ကြောင်း။


Yar Tin (Rohinnthar)
Freelance Writer 





MYARF
RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူရန် ရောက်ရှိလာသည့် အထက်တန်း၊ အလယ်တန်း အဆင့် ကျောင်းသား/သူ အသစ်များကို ကျောင်းအုပ်ဆရာကြီးက လက်ခံရန် ငြင်းဆိုလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ညောင်ချောင်း အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဖြစ်သူသည် ယခု ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် အခြားကျောင်းများမှ TC ကျောင်းထွက်လက်မှတ်ဖြင့် ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာ ကျောင်းသား/သူသစ် များကို နေရာလပ်မရှိဟု ဆိုကာ လက်ခံရန် ငြင်းဆိုနေသဖြင့် ကျောင်းသား/သူ အများအပြားမှာ ကျောင်းနားလိုက်ရတော့မည် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျောင်းသား/သူ အချို့ကို ငွေကျပ် နှစ်သောင်း ပေးလျှင် လက်ခံမည်ဟု ကျောင်းအုပ်ဆရာကြီးက ပြောဆိုကြောင်း ကျောင်းသားမိဘ အချို့က ပြောသည်။ ယင်းကျောင်းတွင် ပညာသင်ယူရန် ပြောင်းရွှေ့လာသော ကျောင်းသား/သူ များမှာ အခြား အထက်တန်းကျောင်း တစ်ခုခုသို့ သွားရောက် ပညာဆည်းပူးရန်လည်း ငွေကြေးအရ မတတ်နိုင်သဖြင့် ယင်းကျောင်းတွင် မတက်နိုင်ပါက ပညာဆည်းပူးရန် ရောက်ရှိလာသော ရာနှင့်ချီသည့် ကျောင်းသား/သူများ ကျောင်းတက်ခွင့် ဆုံးရှုံး၍ ကျောင်းနားလိုက်ရတော့မည် ဖြစ်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

ပြည်သူပြည်သားများ၏ ပညာရည်မြင့်မားရေးနှင့် ရခိုင်ပြည်နယ်၏ ပညာရေး မြှင့်တင်ရေး ရည်မှန်းချက်နှင့် အညီ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ကဏ္ဍများတွင် ပညာရေးကို ဦးစားပေး ဆောင်ရွက်နေသည့် ဦးဆောင် လှုပ်ရှားသူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရိုဟင်ဂျာလူမျိုးများ၏ ပညာရေး အတွက် လေးလေးနက်နက် စဉ်းစားပေးပါရန်၊ ဆရာ/မ များက အစ ပညာရေးဝန်ကြီးဌာန ၀န်ကြီးက အဆုံး ဌာနစုံမှ နှိမ်ချ၍ ဆက်ဆံနေသော ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ ပညာရေး လမ်းကြောင်းများ အထူးသဖြင့် အဆင့်မြင့် ပညာ သင်ယူဆည်းပူးခွင့် များကို ပြန်လည် ဖွင့်လှစ်ပေးရန် ဒေသခံများက အထူး မေတ္တာရပ်ခံကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် အချို့သည် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ သွားရောက်၍ နည်းမျိုးစုံဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဦးစံရွှေလှ အပါအ၀င် တပ်ဖွဲ့ဝင် နှစ်ဦးသည် ရာအိမ်မှူး ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘုလ်ဟူဆောင်းနှင့် အတူ ဖရုံချောင်း ကျေးရွာအုပ်စု ဒိုးတန်း (၂) ရွာမှ ရော်ရှိဒူလ္လာ (ဘ) ဦးအာဘုလ်ကာဆိမ်း (အသက် ၂၂ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့ ငွေညှစ်ရခြင်းမှာ ညောင်ချောင်းဈေးမှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် လမ်းတစ်ဝက်တွင် ရုတ်တရက် ဆိုင်ကယ် လဲကျပြီး ဆိုင်ကယ်ပေါ်၌ တင်ဆောင်လာသည့် ဆန်နှစ်အိတ်သည် တံတားအောက်သို့ ကျသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အလားတူ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် အချို့သည် ဒေသခံ ရိုဟင်ဂျာများကို နှိပ်စက်ခြင်း၊ ခိုင်မာသော အကြောင်းပြချက် မရှိဘဲ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ တဖက်သတ် အနိုင်ကျင့်ခြင်းများကို နေ့စဉ်နေ့တိုင်း ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

သို့ဖြစ်ပါ၍ ဘူးသီးတောင် မြို့နယ် အခြေစိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေ အာဏာပိုင်များက အေးချမ်းစွာ နေထိုင်လိုသော ရိုဟင်ဂျာ လူထုကို မတရားသဖြင့် အနိုင်ကျင့်နေသည်များကို အချိန်မှီ တားဆီး ပေးရန် အထူးလိုလားကြောင်း ဒေသခံများက ပြောပါသည်။



RB News
10.6.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ချိန်ခါလီ ရိုဟင်ဂျာ ကျေးရွာတွင် ယခင်နှစ်ပေါင်းများစွာ ကတည်းက မိမိတို့၏ ကျေးရွာသူ/သား တို့၏ လုပ်အားဖြင့် ကိုယ်ထူကိုယ်ထ အခြေခံပညာ မူလတန်း တွဲဖက်ကျောင်းကို ချိန်ခါလီ ရခိုင်ရွာရှိ အစိုးရ မူလတန်းကျောင်းနှင့် တွဲ၍ ကျောင်းသား/သူ များကို ပညာသင်ကြား ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်မှစ၍ အခြေခံပညာ မူလတန်းလွန် ကျောင်းအဖြစ် သင်ကြားပေးလျက်ရှိရာ ကျောင်းဝင်ကြေး၊ အားကစားကြေး၊ အထွေထွေကြေး အဖြစ် လက်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်လှကို နှစ်စဉ် ကျောင်းသား ဦးရေ အပေါ်မူတည်၍ ငွေကျပ် ၅ သိန်းအထက် ပေးသွင်းရသည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က ကိုယ်ထူကိုယ်ထ ကျောင်းဆောင်ဟောင်းကို UNHCR မှ အကူအညီဖြင့် အခိုင်အမာ ကျောင်းဆောင်တစ်ဆောင် ရရှိလာခဲ့ရာ၊ ကျေးရွာသားများက ပညာရေးကို ပိုမို ဦးစားပေးလာပြီး အလယ်တန်းပညာ သင်ကြားမည့် ကျောင်းသားများလည်း ရရှိခဲ့သည်။

ယခု ပညာသင်နှစ် ၂၀၁၆ - ၂၀၁၇ နှင့် ပတ်သက်၍ ချိန်ခါလီ ရခိုင်ရွာမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်လှက ချိန်ခါလီရှိ မူလတန်းလွန်ကျောင်းနှင့် ချိန်ခါရီ IDP စခန်းရှိ မူလတန်းလွန်ကျောင်း တို့ကို ဖွင့်ခွင့် မပေးဟု ပြောဆိုလိုက်ကြောင်း သိရှိရသည်။ IDP ကျောင်းနှင့် ရွာရှိ မူလတန်းလွန် ကျောင်းတို့တွင် ကျောင်းသား/သူ ၇၀၀ ကျော် ရှိပြီး၊ ထိုကျောင်းသား/သူ များအားလုံး ချိန်ခါလီ ရခိုင်ရွာတွင်သာ တက်ရောက်ရမည်ဟု အဆိုပါ ဆရာမကြီး ဒေါ်ခင်ခင်လှက ပြောဆိုလိုက်သည်ဟု ဒေသခံများက ပြောပါသည်။

“ဒီနှစ် ကျောင်းခွဲ မပေးဘူး၊ ငါ့အမိန့် ငါ့အာဏာနဲ့ ငါပြောနေတာ၊ နင်တို့ငါ့အတွက် ဘယ်နေရာမှာ သွားတိုင်တိုင်၊ ငါရှိနေတဲ့ ကာလပတ်လုံး ကျောင်းလုံးဝ ခွဲမပေးဘူး၊ နင်တို့ငါ့ကို ကျော်နိုင်ရင်ကျော်” ဟု ဒေါ်ခင်ခင်လှက ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဒေါ်ခင်ခင်လှ၏ နှုတ်မိန့်ကြောင့် ကျောင်းနှစ်ကျောင်း ပိတ်ရတော့မည် ဖြစ်ပြီး တိုးတက်လာသော ပညာရေးလည်း ဆုံးရှုံးရတော့မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဒေါ်ခင်ခင်လှနှင့် ရင်းနှီးသည့် ကျောင်းဆရာ တစ်ဦးထံမှ ကြားသိရသည်မှာ ဒေါ်ခင်ခင်လှအား အုပ်ချုပ်ခငွေ ၆ သိန်းနှင့် ရွာခန့် ဆရာတစ်ဦး၏ လစဉ်တစ်လစာ ပေးမည်ဆိုပါက ကျောင်းများ ဖွင့်လှစ်ခွင့် ပေးမည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဇွန်လ (၇) ရက်နေ့ ည (၇) နာရီအချိန်တွင် သံဒါကျေးရွာသို့ သွားနေစဉ် လမ်းတစ်ဝက်တွင် မော်လ၀ီမော်ဂျီအူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၃၆ နှစ်) အားတွေ့ရှိပြီး လမ်း၏ တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ၎င်း၏ အိတ်ထဲတွင် ပါလာသော ငွေများအပါအ၀င် လက်နှိပ်ဓါတ်မီးကိုပါ လုယက်၍ ပြန်လည် လွှတ်ပေးခဲ့သည်။

သံဒါရွာမှ ဦးမာမတ်ဆလာမ် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၃၆ နှစ်) နှင့် ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးမူခ်တာရ်အာမတ် (အသက် ၃၂ နှစ်) တို့ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဦးဟာရှိမ်းမူလ္လာ၏ ရင်ဘတ်ပေါ်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့သည် နောက်ဆုံး မတတ်သာတော့၍ ငွေကျပ် နှစ်သိန်း ပေးမှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းက စစ်ဆေးရာတွင် ရိုက်နှက်ခြင်း မပြုလုပ်ရန် အမိန့်ထုတ်ထားသော်လည်း အဆိုပါ အမိန့်ကို နယ်ခြားစောင့်ရဲ များက လိုက်နာခြင်း မရှိဘဲ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်နေခြင်းများ ရပ်တန့်သွားရန် အထက်အရာရှိများ အနေဖြင့် အချိန်မှီ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။



Rohingya Eye
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများသည် မောင်တောမြို့ပေါ်မှ ဆန်အိတ်များ သယ်ယူလာလျှင် ကျောက်ပန္ဒူ၊ ဟိုက်ဒေါရ်ဂူန္နား အခြေစိုက် စစ်တပ်စခန်းမှ ဆန်တစ်အိတ်လျှင် ငွေကျပ် ငါးရာစီ ကောက်ခံလျက် ရှိသည်။ ထို့အပြင် ကားတစ်စီး ဖြတ်သန်းခ ငွေကျပ် တစ်ထောင်စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယင်းရွာမှ ဦးအီလီယာစ် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၄၅ နှစ်) သည် မြို့ထဲမှ ဘတ်စ်ကားဖြင့် ဆန် (၁၀) အိတ် သယ်ယူလာရာ အဆိုပါ စစ်တပ်စခန်းမှ ငွေကျပ် လေးထောင် အတင်းအဓမ္မ ယူခဲ့သည်။

အစိုးရသစ်က အဂတိတရား ကင်းသည့် အစိုးရ တစ်ရပ်ဖြစ်ရမည်ဟု ပြည်သူလူထုကို ကတိပေးထားသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ယခုအချိန်ထိ ဆက်ကြေးသဖွယ် ကောက်ခံလျက် ရှိနေသည်မှာ ၀မ်းနည်းစရာပင် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။




MYARF
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာမှ ဦးမူဇဲရ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ တဖက်သတ် ဆုံးဖြတ်ချက်ကြောင့် ရွှေ ၃ ကျပ်သား နီးနီး ပေးလျော်ရမည် ဖြစ်သဖြင့် တိမ်းရှောင်နေသည်လား (သို့မဟုတ်) မဟုတ်မတရား တရားပြိုင်နေကြသည့် ဦးအီမာန်ဟူစိန်း၏ လက်ချက်ကြောင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီလားဟု မိဘနှစ်ပါးက စိုးရိမ်မကင်း ဖြစ်နေကြောင်း ဒေသခံများက RB News သို့ပြောသည်။

သီဟိုဠ်ကျွန်း ကျေးရွာမှ ဦးမူဇဲရ် (ဘ) ဦးဆွေယာဒ်နူးရ်သည် မောင်နှမကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထိမ်းမြားရန် စေ့စပ်ထားခဲ့ပြီး၊ မင်္ဂလာဆောင်ပွဲကို လွန်ခဲ့သည့် မေလ (၁၇) ရက်နေ့က ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း စေ့စပ်ထားသည့် မိန်းကလေး ဖြစ်သူ မဒိလ်ကာယာစ်က နောက်တစ်ဦးနှင့် လက်ထပ်ရန် စီစဉ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ မောင်တောမြို့နယ် (၃) မိုင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ စခန်းမှ တပ်ဖွဲ့ဝင် (၅) ဦးသည် ၎င်းနှင့် အတူ လိုက်လာ၍ ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ခြင်း မရှိဘဲ ဦးမူဇဲရ် အနေဖြင့် မဒိလ်ကာယာစ်အား ရွှေ (၃) ကျပ်သား နီးပါးကို နှစ်ရက်အတွင်း ပေးလျော်ရမည်ဟု တဖက်သတ် ဆုံးဖြတ်ခဲ့သည်။ ပေးလျော်ရမည့် ရွှေကို မပေးမချင်း လက်ထပ်ခွင့် မပြုရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်ခြားစောင့်ရဲ များက မှာကြားခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အာမခံ ခဲ့ခိုင်းသည်။ ဦးမူဇဲရ်သည် ဆင်းရဲနွမ်းပါးသူ ဖြစ်၍ ရွှေ (၃) ကျပ်နီးပါးကို ပေးလျော်နိုင်ရန် အင်အား မရှိကြောင်း ဒေသခံများက ပြောပါသည်။

ယင်းနေ့မှစ၍ ဦးမူဇဲရ်သည် ရွာမှ ပျောက်ဆုံးသွားပြီး ရွှေ (၃) ကျပ်သားနီးပါး ပေးလျော်ရမည်ကို ကြောက်၍ တိမ်းရှောင်သွားသည်လား သို့မဟုတ် လုပ်ကြံ သတ်ဖြတ်ခံရပြီလားဟု မိဘနှစ်ပါးနှင့် ရွာသူရွာသား များက စိုးရိမ်နေကြသည်။ တရားလိုအဖြစ် တိုင်တန်းခဲ့သူ မဒိလ်ကာယာစ်၏ ဖခင်ဖြစ်သူက “ဒီကောင့်ကို ငါ့သမီးလည်း မပေးဘူး၊ သူ့ကို လွှတ်ပေးမှာလည်း မဟုတ်ဘူး” ဟု ကြုံးဝါးခဲ့ကြောင်း၊ မေလ (၃၁) ရက်နေ့က အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဦးမူဇဲရ်၏ နေအိမ်သို့ သွားရောက်ကာ မိဘများကို အိမ်မှ နှင်ထုတ်ခဲ့ပြီး အိမ်ကို သော့ခတ် သိမ်းထားကြောင်း၊ ယခုအခါ ဦးမူဇဲရ်၏ မိဘများမှာ ဆွေမျိုးများ၏ အိမ်တွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
9.6.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကွမ်းသီးပင် ကျေးရွာအုပ်စု နံသာတောင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ သတင်းပေး မောမ်တာဇုလ်ဟောက် (ဘ) ဦးဘော်ရှ်အာမောတ်သည် ရိုဟင်ဂျာတစ်ဦး၏ အိမ်သို့ စီးဝင်၍ မိသားစုဝင်များကို ထိုးကြိတ် ရိုက်နှက်သည့် အပြင် အိမ်ပစ္စည်းများ ဖျက်ဆီးပြီး ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင် ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ သတင်းပေး မောမ်တာဇုလ်ဟောက်သည် ဇွန်လ (၅) ရက်နေ့တွင် ဦးအီဆုဖ် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၆၀ နှစ်) ၏ နေအိမ်သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ သွားရောက်၍ အိမ်တံခါးများကို ချိုးဖောက် ၀င်ရောက်၍ မိသားစုဝင် များကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့အပြင် ဦးအီဆုဖ်ကို နေအိမ်တွင် ဧည့်စာရင်း တိုင်ကြားခြင်း မရှိဘဲ ဧည့်သည်များ တည်းခိုနေထိုင်ခွင့် ပြုသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ ဇွန်လ (၃) ရက်နေ့တွင် မောမ်တာဇုလ်ဟောက်သည် နယ်ခြားစောင့်ရဲ များနှင့်အတူ ဦးဇော်မိရ်ဟူစိန်း (ဘ) ဦးအတာရုဇမာန် (အသက် ၆၀ နှစ်) ၏ နေအိမ်သို့ သွားရောက်ကာ ကင်းစောင့်နေစဉ် အိပ်စက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။

မောမ်တာဇုလ်ဟောက်သည် လွန်ခဲ့သည့် မေလ (၂၄) ရက်နေ့မှ စ၍ နံသာတောင် အရှေ့ရွာရှိ နေအိမ်များမှ နှစ်ထောင်ကျပ်တန် ၀ါးနက်များနှင့် ဓနိရွက်များ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း၊ ယိုယွင်း ပျက်စီးနေသည့် နေအိမ်များသို့ သွားရောက်၍ “မင်းတို့ နေအိမ်တွေ ပြုပြင်မယ်ဆိုရင် ငါ့ကို ငွေကျပ် ၃ သိန်း ပေးရမယ်၊ မပေးရင် အိမ်တွေ ဘယ်တော့မှ ပြင်လို့ရမှာ မဟုတ်ဘူး” ဟု ခြိမ်းခြောက်၍ မရှိဆင်းရဲသားများထံမှ ငွေအမြောက်အမြား ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

၎င်းသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို နှိပ်စက်ခြင်း၊ စော်ကားခြင်း၊ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ ရိုဟင်ဂျာများ ကင်းစောင့်ပေးနေစဉ် အိပ်စက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်ခြင်း များကို နေ့စဉ် ရက်ဆက် ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ ယခုကဲ့သို့ ပြုမှုနေသည်များကို တောင်ပြိုလက်ဝဲ အခြေစိုက် စစ်ဗျူဟာမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး တို့အနေဖြင့် မိမိတို့၏ နယ်မြေအတွင်း ဆူပူ သောင်းကျန်းနေသည့် သာမာန် အရပ်သား တစ်ဦးအား ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် ပန်ကြားလိုသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
8.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မောရ၀တီ (န.တ.လ ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်းမှ တာဝန်ခံ ဒု-တပ်ရင်းမှူးသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အနှောက်အယှက်ပေးခြင်း၊ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မေလ (၂၄)ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်ခန့်တွင် သ၀န်ချောင်း ကျေးရွာမှ ဦးဖိရ်မာမတ် (ဘ) ဦးနော်ဇူမျာ သည် မောင်တောမြို့မှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်သွားနေစဉ် မောရ၀တီ တပ်စခန်းသို့ ရောက်သောအခါ ဒု-တပ်ရင်းမှူးနှင့် အဖွဲ့က ၎င်းအား ရပ်တန့်ခိုင်းပြီး ငွေညှစ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။ ထိုနည်းတူ ယင်းစခန်းနားမှ ဖြတ်သန်းသမျှ ကုန်တင်ကားနှင့် ဘတ်စ်ကားများ၊ သုံးဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး အကြောင်းအမျိုးမျိုး ပြကာ ခရီးသည်များထံမှ ငွေညှစ်ခြင်း၊ စကားကုန်ပစ္စည်းများ လုယူခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။ 

မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း ၅၆၄ မှ တာဝန်ခံ တပ်ရင်းမှူးသည် လူတော်လူကောင်း တစ်ဦး ဖြစ်ပြီး၊ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့လာသည့်နေ့မှ စ၍ ယခုတိုင်အောင် မည်သို့မှ မတော်မတရား ပြုလုပ်ခြင်း၊ ငွေညှစ်ခြင်း၊ မတရားအနိုင်ကျင့်ခြင်းများ ပြုလုပ်သည်ဟူ၍ မရှိသောကြောင့် ၎င်း၏ လက်အောက်ငယ်သား များက ယခုကဲ့သို့ သောင်းကျန်းနေသည်ကို သိပါလျက် မသိဟန်ဆောင် နေမည် မဟုတ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ထို့ကြောင့် မောရ၀တီ စခန်း တာဝန်ခံက ယခုကဲ့သို့ သောင်းကျန်း နေသည်ကို အချိန်မှီ ဟန့်တား အရေးယူပေးမည်ဟု ဒေသခံများက မျှော်လင့် နေကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာ နေထိုင်တဲ့ မွတ်စလင် လူဦးရေ စာရင်းကို ပြည်နယ် အစိုးရ အစီအစဉ်နဲ့ မေလ ၂၂ ရက်နေ့က လိုက်လံ ကောက်ခံနေစဉ်

7.6.2016

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ် တွေမှာရှိတဲ့ မွတ်စလင် လူဦးရေ စာရင်းကို အစိုးရက ဒီနေ့ စတင်ပြီး လူဦးရေစာရင်း ကောက်ယူရာမှာ ပုဏ္ဏားကျွန်း မြို့နယ် ကာဒီကျေးရွာက ရွာသားတွေက လူဦးရေ စာရင်း ကောက်ယူတာကို ငြင်းဆန်ခဲ့ကြပါတယ်။

အစိုးရက ထုတ်ပေးမယ့် အစိမ်းရောင်ကဒ်တွေမှာ လူမျိုးအမည်မပါရှိတဲ့အတွက် လူဦးရေစာရင်း ကောက်ယူမယ့် အစီအစဉ်ကို ရွာသားတွေက ငြင်းဆန်ခဲ့ကြတာ လို့ ကာဒီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောပါတယ်။

"လူမျိုးနာမည်မပါရင်တော့ ဘယ်လိုလက်ခံမှာတုန်း၊ ကျနော်တို့ကလက်မခံဘူးလို့ပြောတယ်"

ဒီနေ့မနက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ပြည်နယ် လ.ဝ.က မှူးတို့ပါဝင်တဲ့ အဖွဲ့က လူဦးရေ စာရင်းကောက်မယ့်အကြောင်း ရွာခံတွေကို ရှင်းပြခဲ့ကြရာမှာ ကန့်ကွက်ခဲ့ ကြတာကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ကြပါဘူး။

လူဦးရေ စာရင်းကောက်ယူတဲ့ အဖွဲ့ဟာ ကျောက်ဖြူမြို့နယ်နဲ့ မြေပုံမြို့နယ်မှာ မွတ်စလင် လူဦးရေစာရင်း ကောက်ယူ ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ နောက် တစ်ပတ်မှာ ပြန်လည်ကောက်ယူသွားမယ်လို့ အစိုးရအဖွဲ့က ဆုံးဖြတ် ထားပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စီစစ်မှုတွေလုပ်ဖို့အတွက် အစိုးရက မွတ်စလင် လူဦးရေစာရင်းကောက် ယူနေတာ ဖြစ်ပါတယ်။



MYARF
RB News
7.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာများတွင် ပြင်ဖြူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ၏ သတင်းပေး ဦးလှဘော် ဆိုသူက ဖားဝပ်ချောင်း လူသတ်မှုကို အမြတ်ထုတ်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေညှစ်နေသည်ဟု သတင်း ရရှိပါသည်။

“အဲဒီ ဒေသမှာ ရှိတဲ့ မရှိဆင်းရဲသား ရိုဟင်ဂျာများက သူတောင်းတဲ့ငွေ မပေးလို့ရှိရင် လူသတ်မှု တရားခံ ဒါမှမဟုတ် အားပေးသူ စာရင်း တစ်ခုခုမှာ ပါသွားမှာကို စိုးရိမ်ပြီး လက်ဝတ်လက်စားတွေ၊ လယ်ယာမြေတွေ ပေါင်နှံ ရောင်းချပြီး သူ့ကို ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးလှဘော် (ဘ) ဦးအီဆက် (အသက် ၃၅ နှစ်) သည် ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာများ၏ အနောက်ဘက်ခြမ်း ဒေသရှိ အိမ်တိုင်းသို့ သွားရောက်၍ ဖားဝပ်ချောင်း လူသတ်မှုနှင့် ခြိမ်းခြောက်၍ ငွေညှစ်နေကြောင်း၊ ထိုသို့ ငွေညှစ်နေခြင်းမှာ ပြင်ဖြူ စခန်းတာဝန်ခံ ရဲမှူး၏ မှာကြားချက် အရ ဖြစ်သည်ဟု ၎င်းက ပြောကြောင်း၊ အိမ်တိုင်းရာရောက် ငွေညှစ်ရာတွင် ၎င်းနှင့် အတူ လှဖိုးခေါင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် တစ်ဦးလည်း ပါလာကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့် မေလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် ဖားဝပ်ချောင်း ကျေးရွာမှ ရ.ယ.က ဥက္ကဌဟောင်း ဦးကော်ဘိရ်အာမတ် (ဘ) ဦးဆိဒိတ် (အသက် ၅၂ နှစ်) သည် ဖားဝပ်ချောင်း ရခိုင်ရွာတွင် ရှိသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ရပ်မိရပ်ဖများနှင့် အတူ စကားပြောနေစဉ် မိုးကာ အင်္ကျီဝတ်၍ မျက်နှာဖုံးတပ်ထားသော သေနတ်သမား လူစိမ်း နှစ်ဦးက မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ရုတ်တရက် ရုံးသို့ စီးဝင်၍ ဦးကော်ဘိရ်အာမတ်အား ပစ်မှတ်ထားကာ သေနတ်ဖြင့် (၃) ချက်တိတိ ပစ်ခတ်ခဲ့သည်။ ဦးကော်ဘိရ်အာမတ်သည် ထိုနေရာတွင်ပင် ကျည်ဆံထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သေနတ်သမား နှစ်ဦးသည် သေနတ်ပစ်ပြီးသည်နှင့် ဆိုင်ကယ်ပေါ်တက်၍ မောင်တော - ကြိမ်ချောင်း လမ်းမတစ်လျှောက် ဆိုင်ကယ် မောင်းနင်း၍ ကြိမ်ချောင်းဘက်သို့ ထွက်ပြေး သွားခဲ့သည်။ မိုးကာ အင်္ကျီဝတ် လူစိမ်း သေနတ်သမား နှစ်ဦးသည် ကံပြင် (ရခိုင်ရွာ) မှ သွားနေသည်ကို လမ်းတစ်လျှောက် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများက မြင်တွေ့ခဲ့ကြောင်း ပြောဆိုနေကြသည်။ ထို့အပြင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာသို့ ဖုန်းဆက် တိုင်ကြားခြင်း မပြုရန် တားဆီးခံရသည့် အပြင် နီးစပ်ရာ ဖားဝပ်ချောင်းမှ နယ်ခြားစောင့်ရဲ များကလည်း လာရောက် စစ်ဆေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမနှင့် ကျောက်ပြင်ဆိပ် ကျေးရွာများမှ ကျေးရွာ တာဝန်ခံများ အပါအ၀င် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အချို့ကို ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ မေလ (၂၇) ရက်နေ့တွင် ဖမ်းဆီး ချုပ်နှောင်၍ ငွေကျပ် သန်းပေါင်းများစွာ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။



MYARF
RB News
7.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာ အခြေစိုက် အမှတ် (၅၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး သန်းမြင့်အောင်၊ ဗိုလ်ကြီးကျော်သူအောင်နှင့် တပ်တာဝန်ခံ ဗိုလ်ကြီး တစ်ဦးတို့သည် ဒေသခံ ရိုဟင်ဂျာများကို ထိုးကြိတ် ရိုက်နှက်၍ ဆိုင်ကယ် တစ်စီးလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ငါးရန့်ချော်ငး ယင်းမရွာမှ ဦးမာမတ်ဇာဟိတ်သည် တောင်ဘဇာဈေးတွင် ဆိုင်ခန်းဖွင့်လှစ်၍ ဆိုင်ကယ် ပြုပြင်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး မေလ (၂၉) ရက်နေ့ ည ၈း၃၀ နာရီ အချိန်ခန့်တွင် ၎င်း၏ ဆိုင်ခန်းပိတ်ပြီး ဆိုင်ကယ်တစ်စီးဖြင့် အိမ်သို့ အပြန်လမ်းတွင် ခြေမြန်တပ်ရင်း (၅၅၂) မှ ဗိုလ်ကြီး အဖွဲ့က ၎င်းကို ရပ်တန့်ခိုင်းပြီးနောက် အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်၍ ၎င်း၏ ဆိုင်ကယ်ကို အတင်းအဓမ္မ လုယက်ခဲ့ကြောင်း၊ ဗိုလ်ကြီးနှင့် အဖွဲ့သည် အရက်သေစာ သောက်သုံးထားပြီး၊ ဆိုင်ကယ် လုယက်သည့် အပြင် သင်္ဂနား၊ ယင်းမချောင်းတောင်၊ တောင်ဘဇာ ကျေးရွာများမှ လမ်းတစ်လျှောက် တွေ့သမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာ (၁၀) ဦးကိုလည်း မတရားသဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
7.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ထင်းခုတ်သမား များထံမှ မောင်တော ခရိုင် သစ်တော ဦးစီးဌာနမှ ဇော်မတက် တာဝန်ကျ ၀န်ထမ်း ဦးသန်းနိုင်က ထင်းတစ်စည်းလျှင် ငွေကျပ် ၂၅၀ စီ ကောက်ခံလျက် ရှိပြီး၊ ငွေမပေးနိုင်သည့် ထင်းသမားများထံမှ ထင်းစည်းများ အတင်းအဓမ္မ သိမ်းဆည်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယခင်က ထင်းခုတ်သမား တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီ တောအုပ်ကို ပေးသွင်း၍ တောင်တန်းမှ ထင်းခုတ်နိုင်ခဲ့ပြီး၊ ယခုအခါ ဦးသန်းနိုင်ဆိုသူ ရောက်လာသည့်နေ့မှ စ၍ မတရားသဖြင့် ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇွန်လ (၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် သံဒါရွာမှ ဆရာဦးဆိဒိတ် (ဘ) ဦးဟာမိတ်ဟူဆောင်း (အသက် ၂၅ နှစ်) သည် ထင်းခုတ်၍ ထင်းစည်း (၄၀) စည်းယူလာစဉ် ဦးသန်းနိုင်က ပါမစ်မပါဘဲ ထင်းခုတ်သည်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။ ယင်းနေ့တွင်ပင် သံဒါရွာမှ အဒူရော်ဟိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၂၃ နှစ်) ၏ ထင်း (၄၄) စည်း အတွက် ငွေကျပ် တစ်သောင်းတစ်ထောင်၊ ဦးကော်ဘိရ်အာမတ် (ဘ) ဦးရော်ရှိတ်အာမတ်၏ ထင်း (၇၀) စည်းအတွက် ငွေကျပ် တစ်သောင်းခုနှစ်ထောင် ညှစ်ယူခဲ့သည်။

ထို့အပြင် ရှာအာလောမ် (ဘ) ဦးဟာဆောင်း (အသက် ၂၇ နှစ်) ၏ ထင်း (၇၀) စည်းနှင့် ဦးအာဘူဆိဒိတ် (ဘ) ဦးအလီ (အသက် ၅၀ နှစ်) ၏ ထင်း (၂၀) စည်းတို့ကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ငွေညှစ်ခံရသူများနှင့် ထင်းသိမ်းဆည်းခံရသူ များအားလုံးသည် ဆင်းရဲသားများ ဖြစ်ကြပြီး ထင်းရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။

မွတ်စလင် ရှေ့နေများ အသင်းရဲ့ နာယက တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ်

RFA မြန်မာပိုင်း
7.6.2016

မြန်မာနိုင်ငံက မွတ်စလင် ဘာသာဝင်တွေ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတာတွေနဲ့ ခွဲခြား ဆက်ဆံ ခံနေရတာတွေ ကို ဥပဒေကြောင်း အရ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ အတွက်ဆိုပြီး မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းကို ဖွဲ့စည်း လိုက်ပါတယ်။

တရားဝင် အသင်းအဖွဲ့ အဖြစ် ရပ်တည်နိုင်ဖို့ မှတ်ပုံတင် သွားမယ်လို့ အသင်းရဲ့နာယက အဖြစ်တာဝန်ယူထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။

"အသင်းအဖွဲ့ မှတ်ပုံတင်ဖို့ သူတို့ဖွဲ့တဲ့နေ့ကပဲ ဆုံးဖြတ်ချက်ချတယ်၊ ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေအားလုံးကို လည်း တရားဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်မှာဆိုတော့ မှတ်ပုံတင်ပြီးတော့မှ ဆက်ပြီးလုပ်မှာပါ၊ စည်းရုံးရေးပိုင်းတွေကို မှတ်ပုံတင်ပြီးမှ ဆက်ပြီးစည်းရုံးရေးဆင်းမှာပါ၊ နေရာအနှံ့တော့မရှိပါဘူး၊ ဥပမာ မန္တလေး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့ကြီးပြကြီး များတဲ့နေရာမှာရှိနိုင်မှာပါပဲ"

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

မွတ်စလင်ဘာသာဝင်တွေဟာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတွေမှာ အခက်အခဲတွေရှိနေပြီး အသင်းအနေနဲ့ အဲဒီလို ကိစ္စမျိုးတွေကို လိုက်ပါကူညီပေးဖို့နဲ့ အကြံဥာဏ်တွေ ပေးဖို့ စီစဉ်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ မွတ်စလင်ဘာသာဝင်ရှေ့နေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အသင်းမှတ်ပုံတင် ရရှိလာတဲ့အခါ မွတ်စလင်ဘာသာဝင် ရှေ့နေတိုင်း အသင်းဝင်ဖြစ်ရေး အတွက် စည်းရုံးသွားမယ်လို့ ဦးကိုနီက ပြောပါတယ်။

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပထမဆုံး ဖွဲ့စည်းတာဖြစ်ပြီး နာယက အဖြစ် ဦးကိုနီ၊ ဥက္ကဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။


RB News
7.6.2016

စစ်တွေ
။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများကို ပြုနိုင်ငံသားကဒ် (အစိမ်းကဒ်) များ လက်ခံရန် အတွက် ဖိအားပေးရန် စစ်တွေနှင့် ကျောက်တော်မြို့မှ လူ (၆) ဦးကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၏ အမိန့်ဖြင့် ပုဏ္ဏားကျွန်းမြို့သို့ ယမန်နေ့ ဇွန်လ (၆) ရက်နေ့က ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

“မနေ့က ဗိုလ်မှူးကြီးထိန်လင်း အမိန့်နဲ့ ခေါ်သွားတာပါ။ စစ်တွေက ရပ်မိရပ်ဖ (၄) ယောက်နဲ့ ကျောက်တော်က ရပ်မိရပ်ဖ (၂) ယောက်ပါ။ အားလုံး (၆) ယောက်ပေါ့။ အဓိက ပုဏ္ဏားကျွန်းက ရိုဟင်ဂျာတွေကို အစိမ်းကဒ် လက်ခံဖို့ အတွက် စည်းရုံးခိုင်းဖို့ပါ။ ခေါ်သွားတဲ့ လူ (၆) ယောက်ထဲမှာ (၂) ယောက်က ဘာသာရေးဆရာ တွေပါ။ ကျန်တာတွေကတော့ ဥပဒေတွေ ဘာတွေ သိပ်နားလည်တဲ့ လူတွေ မဟုတ်ဘူး။ ပြည်နယ် အစိုးရနဲ့ ရင်းရင်းနှီးနှီး ရှိတဲ့လူတွေ၊ အစိုးရ စကားနားထောင်မယ့်လူတွေပါ” ဟု စစ်တွေမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းအရ နိုင်ငံသား စီစစ်ရေးလုပ်ငန်းကို စတင်တော့မည် ဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ယခင်အစိုးရ လက်ထက်က အတိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဖိအားပေး ခြိမ်းခြောက်၍ ပြုနိုင်ငံသားကဒ်များ ထုတ်ပေးရန် ကြိုးစားလျက် ရှိသည်။

“ကျွန်တော်တို့ကတော့ နိုင် (၂) ပုံစံမှာ ရိုဟင်ဂျာလူမျိုးထည့်ပြီး လျှောက်လို့ ရမှ လျှောက်မယ်။ ကျွန်တော်တို့ အခြားသော နိုင်ငံသားများ တန်းတူ ပန်းရောင်ကဒ်၊ လူမျိုး ရိုဟင်ဂျာနဲ့ ရမှ ယူမှာပါ။ ကျွန်တော်တို့မှာ မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိတယ်။ ကျွန်တော်တို့ကို စွပ်စွဲနေသလို ကျွန်တော်တို့က ခိုးဝင်တွေလည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ မတရားသဖြင့် သိမ်းဆည်းခဲ့တဲ့ ကျွန်တော်တို့ မိဘဘိုးဘွားတွေရဲ့ အထောက်အထားတွေလည်း ပြန်ထုတ်ပေးဖို့ လိုပါမယ်။ ရှိသမျှ အထောက်အထား အကုန်ကို နှစ်ရှည် စီမံကိန်းချ သိမ်းဆည်းပြီးမှ အခု ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ပြုနိုင်ငံသားကဒ်ကိုင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတာကတော့ အလွန်ကို မတရားလုပ်နေတာပါ” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြဌာန်းခဲ့ပြီး၊ နိုင်ငံတော်ကောင်စီ၏ သဘော ဆန္ဒအတိုင်း ရိုဟင်ဂျာ လူမျိုးကို တိုင်းရင်းသား စာရင်းမှ ပယ်ဖျက်ခဲ့ပြီး၊ ယခုအခါ တရားမ၀င် ရောက်ရှိလာသူများ ပမာ နိုင်ငံသား စီစစ်၍ ပြုနိုင်ငံသားကဒ် ထုတ်ပေးရန် ကြိုးစားနေသော်လည်း ရိုဟင်ဂျာများက ယခုကဲ့သို့ မတရားသဖြင့် လုပ်ဆောင်နေခြင်းကို လက်ခံသွားမည် မဟုတ်ဟု ပြောဆိုနေကြသည်။



MYARF
RB News
5.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ပဒကား ဒေ၀ါနာလီ (ယခင် နတ်ချောင်း) မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး (တောင်ပေါ်သား မြို လူမျိုး) သည် နိုင်ငံခြား ထွက်ပြေးတစ်ဦးကို အသုံးပြု၍ ရိုဟင်ဂျာ ရွာသူ/သား များထံမှ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် တောင်ပေါ်သာ မြိုလူမျိုး တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ခံခဲ့ရသည့် နေ့မှစ၍ ရိုဟင်ဂျာများ ရှိရာ အရပ်သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့သည်။ ၎င်းသည် ရိုဟင်ဂျာများ၏ နေအိမ်များတွင် တည်းခို နေထိုင်၍ ရိုဟင်ဂျာ သမီးပျိုများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အစောပိုင်းမှ စ၍ ယင်းကျေးရွာအုပ်စု၊ သဲချောင်းရွာမှ ဆယ်အိမ်မှူး ဖြစ်သူ ဦး ---- (ဘ) ----- ၏ နေအိမ်တွင် နေထိုင်၍ ဆယ်အိမ်မှူး၏ အသက် (၂၁) နှစ် အရွယ် သမီးကို ခြိမ်းခြောက်၍ တစ်နှစ်တိုင်တိုင် တရားမ၀င် ပေါင်းသင်းခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ကိုယ်ဝန် (၆) လ ရှိနေသည်ကို ၎င်းက သိရှိသည့်အခါ သစ်မြစ်များ သုံး၍ သဘာဝ မဟုတ်သည့် နည်းလမ်းဖြင့် ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မမှန်ကန်သည့် ဆေးများကြောင့် သွေးလွန်ပြီး သတိလစ်မတတ် ခံစားခဲ့ရကြောင်း RB News တွင် ဧပြီလ (၄) ရက်နေ့က ဖော်ပြခဲ့သည်။

ဦးဝင်းဘိုးသည် ရိုဟင်ဂျာများကို ခွဲခြား ဆက်ဆံခြင်း၊ ထောက်ခံစာများ ထုတ်ပေးရာတွင် လည်းကောင်း၊ အမှုကိစ္စများကို စီရင် ဆုံးဖြတ်ရာတွင် လည်းကောင်း အကျပ်ကိုင်၍ ငွေညှစ်ခြင်း၊ ဆင်းရဲသည့် ရိုဟင်ဂျာ အမျိုးသမီးများကို အနိုင်ကျင့်၍ မဖွယ်မရာ ပြုလုပ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းများ အစဉ်တစိုက် ပြုလုပ်သည့်အပြင် ထွက်ပြေး တရားခံ တစ်ဦးကို ကျေးရွာ အတွင်းတွင် တရားဝင် နေထိုင်ခွင့်ပေးပြီး ရိုဟင်ဂျာများ ထံမှ နည်းမျိုးစုံ သုံး၍ ငွေညှစ်ရန် လိုင်စင် ထုတ်ပေးထား သကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောသည်။

နတ်ချောင်းကျေးရွာ လဘောဝရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး၏ လက်ကိုင်တုတ် ဖြစ်သူ ဦးဇာဖော်ရ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၅၆ နှစ်) သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကျေးရွာမှ ထွက်ပြေးသွားသူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ ရိုဟင်ဂျာ ရွာသားများ ထံမှ ခေါင်းပုံဖြတ်ခြင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ဇိမ်ခံ ကုလားထိုင်ပေါ်တွင် ထိုင်၍ အမှုစီရင် ဆုံးဖြတ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်လခန့်မှ စ၍ ကျေးရွာရှိ ဆင်းရဲသား ရိုဟင်ဂျာများ ထံမှ ငွေသန်းချီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအာဘူအာမတ် (ဘ) ဦးကာလူ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၂) ဦးဆွေယာဒ်ဟူစိန်း (ဘ) ဦးအာမတ်ဟူစိန်း - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၃) ဦးဖော်ကိရ်အာမတ် (ဘ) ဦးအဒူဟာလဲက် - ညှစ်ခံရငွေကျပ် ၁၄ သိန်း
(၄) ဦးဆော်ဒူလ်အာမီးန် - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း တို့ဖြစ်သည်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်  Photo: Min Thein Aung/ RFA

5.6.2016

ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်သွားဖို့ အတွက် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေး အတွက် အစိုးရက ရဲတပ်ရင်း ၃ ခုကို ဒီနေ့ကနေ စတင်ပြီး တိုးမြှင့်ချ ထားပါတယ်။

အဲဒီရဲတပ်ရင်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်ပြီးတဲ့နောက်မှာ ပြန်လည်ရုတ်သိမ်း မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ကအဲ့ကိစ္စပြီးရင် ပြန်မှာပေါ့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆောင်ရွက်တဲ့အချိန်မှာတော့ အဲ့မှာရှိမှာပေါ့၊ ဒါကတော့ စမ်းသပ်ပြီးမှလုပ်မယ့်သဘောပါပဲ၊ ပုဏ္ဏားကျွန်းမှာလည်း တပ်ရင်းရောက်တယ်၊ ကျောက်ဖြူမှာလည်းရောက်တယ်"

ရခိုင်ပြည်နယ် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်နှစ်ခုကို ပိုင်းလော့ဧရိယာအဖြစ်သတ်မှတ်ပြီး မွတ်ဆလင် တွေကို အစိုးရက အခုလအတွင်းမှာပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေနဲ့ စီစစ်ဖို့ပြင်ဆင်နေတာလို့ လည်းပြောပါတယ်။

အခုတိုးမြှင့်ထားတဲ့ ရဲတပ်ရင်းတစ်ခုစီမှာ အင်အား ၃၀၀ လောက်ပါဝင်ပြီး မြေပုံမြို့မှာတော့ ရဲတပ်ရင်း တစ်ခုလုံး ဒီနေ့စတင်ရောက်ရှိလာကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလည်း မြေပုံမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အနှံ့က မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စိစစ်ခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ရပါတယ်။



Rohingya Eye
RB News
5.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာအုပ်စု၊ ကိုင်းကြီး (န.တ.လ) ရွာမှ ဦးတင်ဗိုလ် (အသက် ၃၅ နှစ်) သည် ရွာ၏ အရှေ့ဘက်၊ ရွာလမ်း၏ အနောက်ဘက်တို့တွင် တဲများထိုး၍ အရက်များ ရောင်းချလျက်ရှိရာ အနီးအနားရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ လာရောက်၍ အရက်သောက် မူးယစ်ကာ ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာ ထင်းခုတ်သမား များကို ရိုက်နှက်ခြင်း၊ ငါးရောင်းသူများမှ ထံမှ ငါးများ အတင်းအဓမ္မ လုယက်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၂၇) ရက်နေ့တွင် ဇော်မတက်ရွာမှ ဦးအီနုစ် (ဘ) ဦးနော်ဇီရ် (အသက် ၄၅ နှစ်) ၏ ဆိတ်တစ်ကောင်နှင့် ဦးမာမတ်ဇော်ကော်ရီယာ (အသက် ၅၅ နှစ်) ၏ ဆိတ်တစ်ကောင် တို့ကို အဆိုပါ အရက်ဆိုင်တွင် အရက်သောက်နေသည့် ကိုင်းကြီး (န.တ.လ) ရွာမှ နယ်ခြားစောင့်ရဲ များက လိုက်လံ ဖမ်းဆီး၍ သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဆိတ်ပိုင်ရှင်များက ပြောပါသည်။ အဆိုပါ အရက်ဆိုင်တွင် မူးယစ်နေသည့် နယ်ခြားစောင့်ရဲများ၊ ရခိုင်လူမျိုးများ၏ ရန်ပြုခြင်းကို ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများ အမြဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောပါသည်။

ယင်းအရက်ဆိုင်မှ ယခုမှ အသစ်ဖွင့်ထားသည့် အရက်ဆိုင် ဖြစ်ပြီး၊ ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာ များကို အမြဲစော်ကားခြင်း၊ ရန်ပြုခြင်းများ အမြဲပြုလုပ်နေသည့် အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ရွာသား များက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ယင်းအရက်ဆိုင်ကို မဖွင့်ရန် န.တ.လ ရွာသားများက ကန့်ကွက်ခဲ့ကြောင်း၊ ၎င်းတို့လည်း ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။ 

ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အဆိုပါ အရက်ဆိုင်ကို အမြန်ဆုံး ဖျက်သိမ်း ပေးရန် ရွာသားများက လိုလား နေကြသည်။

Rohingya Exodus