နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
5.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းရွာမှ ဒေသခံ ရွာသား အများအပြား ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။

(၁) ဦးနော်ဘီဟူစိန်း၏ အသက် (၁၄) နှစ်အရွယ် သားဖြစ်သူ မောင်ဂျော်နာလ် သည် တက်သည့် ရောဂါရှိသူ တစ်ဦး ဖြစ်ပြီး၊ ဇူလိုင်လ (၁၅) ရက်နေ့က ကျွဲကျောင်းနေစဉ် ရုတ်တရက် ရောဂါဖောက်လာပြီး ရေနစ် သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးမှုကို အကြောင်းပြု၍ အလယ်သံကျော် အုပ်ချုပ်ရေးမှူး၏ တပည့်ရင်း ဖြစ်သူ၊ လေယာဉ်ကွင်း ရွာမှ လူကုန်ကူးမှု၊ လက်နက်မှုဖြင့် ထောင်ဒဏ် (၁၃) နှစ် ကျခံနေရာမှ အယူခံဝင်ပြီးနောက် လွှတ်လာခဲ့သူ ဦးလာလူးက အုပ်ချုပ်ရေးမှူး အတွက်ဟု ပြောဆိုကာ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

(၂) ဇူလိုင်လ (၁၈) ရက်နေ့တွင် ဦးကံဖူရာ (အသက် ၅၅ နှစ်) သည် ၎င်း၏ အိမ်ဝရံတာ ဆေးသုတ်နေသည်ကို ဦးလာလူးက အိမ်ပြုပြင်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ 

(၃) လေယာဉ်ကွင်းရွာမှ ဦးရော်ဟီမူလ္လာ (ဘ) ဦးဒေါလိလ် (အသက် ၅၃ နှစ်) ၏ သမီးဖြစ်သူသည် တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်၍ ဆေးကုသမှု ခံယူပြီး ပြန်လာသည်ဟု ဦးလာလူးက ဇူလိုင်လ (၁၉) ရက်နေ့တွင် မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

(၄) ဇူလိုင်လ (၂၇) ရက်နေ့တွင် ဦးလာလူးက လေယာဉ်ကွင်း ရွာမှ ဦးဟူစိန်းဂျူဟာရ် (ဘ) ဦးဖော်ဇော်လောက် အား နေအိမ်တွင် အသက် (၁၂) နှစ် အရွယ် နွားကျောင်းသား တစ်ဦးကို ဧည့်စာရင်း မတိုင်ဘဲ ထားရှိသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ 

(၅) ဇူလိုင်လ (၂၀) ရက်နေ့တွင် အမှတ် (၄) နယ်ခြားစောင့် တပ်ခွဲ လက်အောက်ခံ အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၃၀) ဦးနှင့် ကျော်ဇေယျာဦး တို့သည် လေယာဉ်ကွင်း ရွာသို့ ည ၁၁း၃၀ နာရီတွင် ရောက်ရှိလာပြီး ဦးအဒူမာလိခ် (ဘ) ဦးဆုလ်တာန်၏ နေအိမ်ကို ၀င်ရောက် ရှာဖွေပြီး တရားမ၀င် ဆင်းမ်ကဒ် မိသည်ဟု စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ည ၁၂ ကျော်ခန့်တွင် ဦးမျာဟူစိန်း (ဘ) ဦးနော်ဇိရ်အာမတ် နေအိမ်သို့ သွားရောက်ရာ အိမ်ရှင်က ဓါးပြဟု ထင်မှတ်ပြီး အနီးအနား ပတ်ဝန်းကျင် အိမ်များကို အော်ဟစ် အကူအညီတောင်းနေသောကြောင့် နယ်ခြားစောင့်ရဲ များကို မိုးပေါ်သို့ သေနတ် (၃) ချက် ပစ်ဖောက်ပြီး၊ အိမ်တံခါးကို ချိုးဖျက်၍ အထဲသို့ ၀င်ရောက်ကာ အိမ်ရှင် ဖြစ်သူ ဦးမျာဟူစိန်း၏ ခေါင်းကို သေနတ်ဖြင့် ရိုက်ခဲ့သည်။ သေနတ်ဖြင့် ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာမှ သွေးအလွန် ထွက်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နှစ်ရက်အကြာတွင် တရားမ၀င် လက်ထပ်ခဲ့သည်ဟု စွပ်စွဲ၍ အရေးယူရန် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ဇူလိုင်လ (၂၂) ရက်နေ့ ညပိုင်းတွင် ဈေးကုန်တန်းရွာမှ ဈေးခေါင်း ဦးအာနိုဝါရ် (ဘ) ဦးဟာမိတ် ကို ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။ နောက်နေ့တွင် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးက စခန်းမှူးထံ လိုက်သွား၍ ၂၀၁၂ ခုနှစ်တွင် အလယ်သံကျော်၌ ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း၊ မိမိလည်း ရခိုင်လူမျိုးတစ်ဦး ဖြစ်ကြောင်း၊ အလယ်သံကျော်တွင် မီးရှို့မှု၌ ပါဝင်သူ လုံးဝ မရှိကြောင်း သက်သေခံ ပြောဆိုခဲ့သည်။ ထို့နောက် စခန်းမှူးက ဦးအာနိုဝါရ်ကို လွှတ်ပေးမည်ဟု ပြောဆိုပြီး မိသားစုထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

(၆) ဇူလိုင်လ (၂၉) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် လေယာဉ်ကွင်းရွာသို့ ကျော်ဇေယျာဦး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချို့ ရောက်ရှိလာပြီး ဦးအာဘူလ်ဖော်ယာစ် (ဘ) ဦးဒူဒူမျာ (အသက် ၅၆ နှစ်) ၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့ရာ ၉ ပေ သစ်ဖြူတိုင် (၁၂) လုံး တွေ့သောကြောင့် ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

အထက်ဖော်ပြပါ ငွေညှစ်မှုများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူး ကိုယ်တိုင် ပါဝင်ခြင်း မရှိသောလည်း ၎င်း၏ တပည့်များနှင့် ရာအိမ်မှူးများ ကျူးလွန်ခြင်း ဖြစ်သည်။ ရာအိမ်မှူးများ၊ ၎င်း၏ တပည့်များ ကျူးလွန်ခြင်းကို ၎င်းအနေဖြင့် အရေးယူရန် တာဝန်ရှိသော်လည်း အရေးယူခြင်း မရှိသည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်ထူး အနေဖြင့် ဝေစုရနေသောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။


Rohingya Eye
RB News
5.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံသည် သြဂုတ်လ (၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်ခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် လမ်း၏ တဖက်တွင် မတ်တပ်ရပ်နေသည့် မောရီချောင်း ရွာသား ဦးဖေရုစ် (ဘ) ဦးနူရူဆလာမ် (အသက် ၃၅ နှစ်) ကို တိုက်မိခဲ့သည်။

တိုက်မိသည့် တပ်မတော်သားက အတိုက်ခံရသူ ရွာသားကို တောင်းပန်၍ လိုအပ်သည့် ဆေးကုသမှုများကို တာဝန်ယူပေးရမည့် အစား ဆိုင်ကယ်ပေါ်မှ ဆင်း၍ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း တို့ကို လူအများရှေ့မှောက်တွင် လူမဆန်စွာ ပြုလုပ်ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောသည်။

ဆိုင်ကယ် အတိုက်ခံရသူ ဦးဖေရုစ်သည် မျက်နှာပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။


Rohingya Eye
RB News
5.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်သည့် အချိန်မှစ၍ ရာအိမ်မှူးများ ဖြစ်သည့် ကျော်ဇေယျာဦး၊ ဦးဖွေယာစ်၊ ဦးဂျာမာလ် တို့ကို အသုံးပြု၍ ရွာသားများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၃၀) ရက်နေ့က ဦးဟူဆောင်းန်၏ ဇနီး ဒေါ်ဂျမီလာခါတူ (အသက် ၃၅ နှစ်) ကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကင်းမစောင့်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သြဂုတ်လ (၂) ရက်နေ့က ဦးဒိလ်မိုဟာမတ် (ဘ) ဦးဝါဇူလ်ဟောက် (အသက် ၄၀ နှစ်) ၏ သမီးဖြစ်သူသည် တဖက်နိုင်ငံသို့ တရားဝင် နယ်စပ် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် ခဲ့သော်လည်း တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ရုံးတွင် ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ဇူလိုင်လ (၂၉) ရက်နေ့ကလည်း အာလောမ်ရှားဟ် (ဘ) ဦးအဒူရော်ရှီးဒ် (အသက် ၂၁ နှစ်) နှင့် အာယာစ် (ဘ) ဦးကာလာမ် (အသက် ၂၁ နှစ်) တို့၏ လက်ထပ်ခွင့် အတွက် ငွေကျပ် (၂) သိန်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် အုပ်ချုပ်ရေးမှူး၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ယခုကဲ့သို့ ရွာသားများကို အနိုင်ကျင့်၍ ငွေညှစ်နေခြင်းကို အထက် အာဏာပိုင်များက အမြန်ဆုံး အရေးယူပေးပါရန် ရွာသားများ တောင်းဆိုနေကြသည်။


Rohingya Eye
RB News
5.8.2016

မြောက်ဦး
။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းတွင် တစ်ရွာမှ တစ်ရွာသို့ သွားလျှင် ရွာထွက် လက်မှတ်ဖြင့် သွားလာခွင့် ရခဲ့သည်။ ရွာထွက် လက်မှတ် တစ်စောင် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၂၀၀ စီ ပေးရသည်။

အုပ်ချုပ်ရေးမှူး ထံမှ ရွာထွက် လက်မှတ် ရယူပြီး ရွာအပြင် ထွက်လျှင် ကျေးရွာ အခြေစိုက် လုံထိန်းစခန်း၌ ရွာထွက် လက်မှတ် ပြမှသာ ရွာပြင်သို့ ထွက်ခွင့်ပြုသည်။

ယခုအခါ ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ ကျေးရွာ အပြင်ထွက်ခွင့်ကို လုံထိန်းစခန်းမှ ပိတ်ပင်လိုက်ရာ အလုပ်လက်မဲ့ ပိုမိုများပြားလာပြီး ရွာသားများ စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကမှ ထောက်ပံ့နေခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ တပိုင်တနိုင် အလုပ်လုပ်နေသူများ လုပ်ငန်းများ လည်ပတ်နိုင်အောင် NGO တစ်ခုမှ ထောက်ပံ့ပေးမည်ဟု ဆိုကာ ရာအိမ်မှူး ဖြစ်သူ ဦးရှော်ဘိရ်က ရွာသား တစ်ရာကျော် ထံမှ ငွေကျပ် ၂၀၀၀ စီ ကောက်ခံခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။

ငွေကြေး ကောက်ခံပြီးနောက် မည်သည့် NGO မှ လာရောက် ထောက်ပံ့ခြင်း မရှိကြောင်း၊ ကျေးရွာ အပြင်သို့ ထွက်၍ မရသဖြင့် စားဝတ်နေရေး အလွန် ခက်ခဲလာသဖြင့် အရေးပေါ် အကူအညီ လိုအပ်ကြောင်း၊ အခြားရွာများမှ ရိုဟင်ဂျာ ရွာသားများလည်း ယခုကဲ့သို့ ပိတ်ဆို့ ခံနေရသည်ဟု ပေါင်းတုတ်မှ ဒေသခံများက ပြောပါသည်။


(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ)

သား​ရေ ... အ​မေ့ကို ခွင့်​မလွှတ်​ပါနဲ့

အပိုင်း (၂)

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
4.8.2016

ယနေ့သည်​ အာနိစ့်​ဘဝတွင်​ အ​ပျော်​ရဆုံး ​နေ့တစ်​​နေ့နှင့်​ ဝမ်းနည်းရဆုံး ​နေ့တစ်​​နေ့ ဖြစ်​လို့​နေသည်​။

အ​မေဖြစ်​သူ၏ အဖြစ်​ချင်​ဆုံး ဆန္ဒတစ်​ခုကို ဖြည့်​ဆည်း​ပေးနိုင်​​သော​ကြောင့်​ သား​ကောင်းတစ်​​ယောက်​အ​နေဖြင့်​ ကိုယ့်​ကိုကိုယ်​ ဂုဏ်​ယူရင်း ​ကျေနပ်​ပီတိ ဖြစ်​​နေ၍ အ​ပျော်​ဆုံး​နေ့တစ်​​နေ့ ဖြစ်​​နေခြင်းပင်​ဖြစ်​သည်​။

အာနိစ်​သည်​ မ​လေးရှားသွားမည့်​ အစီအစဉ်​ကို အ​မေ၏ ဟန့်​ထားမှု​ကြောင့်​​ရော အခြား​သော အ​ခြေအ​နေအမျိုးမျိုး​ကြောင့်​​ရော စွန့်​လွှတ်လိုက်​​ခဲ့၍ အ​မေ တိုက်​တွန်းသည့်​ အိမ်​​ထောင်​ပြုရန်​ ကိစ္စကို လက်​ခံလိုက်​လေသည်​။

သူ့အိမ်​​ထောင်​ဖက်​ဖြစ်​လာမည့်​ တစ်​ရွာတည်းမှ သမီးပျို​လေး၏ အ​ကြောင်းနှင့်​ ပတ်​သက်​၍ အ​မေက သူ့သ​ဘောထားကို ​မေး​ကြည့်​​သောအခါ တစ်​ရွာတည်းက ဖြစ်​​နေ၍ သူလည်း အမျိုးသမီး၏ မိဘအသိုင်းအဝိုင်းများအ​ကြောင်း ဂဃနဏ သိသည်​မို့ အ​မေ့​ရွေးချယ်​မှုကို ကြည်​ဖြူစွာ သ​ဘောတူလိုက်​သည်​။ ဘဝတစ်​သက်​ လက်​တွဲ​ဖော်​ဖြစ်​လာမည့်​သူကို သိပ်​​ချော​မောလှပသည်​ မဟုတ်​​သော်​လည်း မိ​ကောင်း ဖ​ကောင်း သမီးမို့ သူ လွယ်​လွယ်​ကူကူ သ​ဘောတူ လက်​ခံလိုက်​ခြင်းဖြစ်​၏။

တကယ်​တမ်းမှာမှု အ​မေ့၏ အိမ်​​ထောင်​ပြုရန်​ ကမ်းလှမ်းချက်​ကို သူ အစက ငြင်းပယ်​ခဲ့ဖူးသည်​။ ၂၁ နှစ်​သာ ရှိ​သေးသည့်​ သူ့အသက်​အရွယ်​ကို အ​ကြောင်းပြ၍ သူငြင်းပယ်​ဖူးခြင်းဖြစ်​​သော်​လည်း အ​မေ၏ ​အကျိုးအ​ကြောင်းပြ အေး​ဆေးစွာ ရှင်းပြခဲ့မှု၏ အဆုံး၌ သူ လက်​ခံလိုက်​ရသည်​။

'ကြည့်​စမ်း.... ဒီ​နေ့ အ​မေ ဘယ်​​လောက်​​ပျော်​​နေလဲ'

သူ့အခန်းထဲ ဝင်​လာ​သော အ​မေတို့ အမျိုးသမီးအဖွဲ့၏ မင်္ဂလာပွဲ၌ ​ပျော်​​နေမိ​သော ပွဲကျ မြူးတူးတက်​ကြွ ရယ်​​မောသံ​ကို ကြား​နေ၍ အာနိစ်​က သူ့ဘာသာ စိတ်​ထဲ ​ပြော​နေမိ၏။ အ​မေ​ပျော်​​နေသည်​ကို ကြားသိ မြင်​မိ​သောအခါတိုင်း သူ့ရင်​​ထဲ ​အေးမြသွားတတ်​သည်​။ အ​မေ့အ​ပျော်​ သူ့ထံ အမြဲကူးစက်​တတ်​​သည်။ သူ့ဘဝတွင်​ သည်​အ​မေသာလျှင်​ အရာရာ ဖြစ်​လို့​နေ​လေပြီ​လေ။

သို့​သော်​ ဒီနေ့လို ​ပျော်​ရွှင်​ရမည့်နေ့မြတ်​ အခါသမယတွင်​ သူ့ ချစ်​လှစွာ​သော အ​ဖေက မရှိ​တော့။ လွန်​ခဲ့သည့်​ နှစ်​နှစ်​နီးပါး၊ ၂၀၁၃ ခုနှစ်​ ​ဖေ​ဖော်​ဝါရီလ ပထမပတ်​ တစ်​ရက်​​နေ့၌ သူ့အ​ဖေ တစ်​​ယောက်​ နှလုံး​ရောဂါဖြင့်​​ လောကကြီးကို အပြီးအပိုင်​ နှုတ်​ဆက်​သွားရှာ၏။ ရောဂါ အလွန်​ဆိုးရွားလာခဲ့ချိန်​တွင်​ သူတို့မြို့တွင်​ရှိ​သော အ​ထွေ​ထွေ​ရောဂါကု ဆရာဝန်​ကြီးက ​ရောဂါကို ဒီမှာ ကု၍ မနိုင်​​တော့​ကြောင်းဟု ​ပြောပြခဲ့​သော်​လည်း ရန်​ကုန်​လို မြို့ကြီးပြကြီးသို့ သွားပြီး ​ဆေးကုသမှုခံယူဖို့လည်း အာနိစ်​တို့ မတတ်​နိုင်​ခဲ့ရှာပါ။ ​ငွေး​ရေး​ကြေး​ရေးအခက်​အခဲထက်​ အစိုးရ၏ ရိုဟင်​ဂျာများအ​ပေါ် သွား​ရေးလာ​ရေးကို တင်းတင်းကျပ်​ကျပ်​ ပိတ်​ပင်​ထား​သော​ကြောင့်​ပင်​ ဖြစ်​သည်​။

'ဒီ​​နေ့ အ​ဖေသာ ရှိခဲ့ရင်​ သိပ်​​ကောင်းမှာပဲ ... သူလည်း သိပ်​​ပျော်​မိမှာပဲ'

အာနိစ်​က ကိုယ့်​ဘာသာ စိတ်​ထဲ​ပြော​ပြီး အ​ဖေ့ကို တသ​နေမိ၏။ အခုနက ဖြစ်​​တည်​ခဲ့မိ​သော သူ့ရင်​ထဲက အ​ပျော်​များလည်း ​နေလာ နှင်း​ပျောက်​သွားသလို အလိုလို ​ပျောက်​ကွယ်​သွား​ချေပြီ။

သူသည်​ အ​ဖေ့ကို ခါတိုင်းထက်​ ယနေ့ ပြင်းပြင်းရှရှ သတိရ​နေ၍ လွမ်းပို​နေမိ၏။ 'စားဝတ်​​နေ​ရေး ​ငွေရှာ​ပေး၊ ​ကျေးဇူးကြီး​ပေ တို့​ဖေ​ဖေ' ဟူ​သော မူလတန်း၌ သင်​ယူဖူးသည့်​ တို့​ဖေ​ဖေ ကဗျာ​လေးကို​တောင်​ သွားသတိရလိုက်​​သေးသည်​။ အာနိစ်​၏ ပါးပြင်​​​​နုနု၌ ဝမ်းနည်းမှု မျက်​ရည်​စက်​များ ​နေရာအပြည့်​ ယူနှင့်​​နေခဲ့ပြီ။ ထိုမှတဆင့်​ ​မျက်​ရည်​စက်​များသည်​ မြေပြင်​သို့ တ​ပေါက်​​ပေါက်​ ကျ​သွား​နေလေ၏​။ အ​ဖေ့ကို လွမ်းဆွတ်​၍ ကျသွားသည့်​ မျက်​ရည်စိန်​ပွင့်​များကို တမလွန်​က အ​ဖေသာ သိခဲ့လျှင်​ ......။

"​ဒေါက်​...​ဒေါက်​...​ဒေါက်​"

အခန်းတံခါး​လာခေါက်​သံ​ကြောင့်​ အာနိစ်​၏ ​တွေးလက်​စ အ​တွေးများ ပျက်​သွား​ခဲ့ချေပြီ။

"ဟေ့... အာနိစ်​... ထွက်​လာခဲ့​လေ ... မင်းလည်း မိန်းက​လေး ကျ​နေတာပဲ ... အဲ့​လောက်​ထိ အလှပြင်​ရလားကွာ... ဒီမှာ ဧည့်သည်​တွေ စ​ရောက်​​နေ​လေပြီ"

သူ့ ငယ်​သူငယ်​ချင်း တာဟဲရ်​၏ ​တရဆက်​ ထွက်​လာသည့်​ အသံများ သူ့နားထဲသို့ အပြည့်​ဝင်​မပြီးခင်​ တာဟဲရ်​က ​အာနိစ်​၏ အခန်းထဲသို့ တံခါးတွန်း၍ ဝင်​လာခဲ့​လေပြီ။

"ပြီး​တော့မယ်​ သူငယ်​ချင်း ... ခဏ​လေးပါ ... ငါ အ​တွေးခဏ လွန်​သွားလို့ပါဟ... အဝတ်​​တွေ လဲလိုက်​ရင်​ ရပြီ "

အာနိစ်​က ​ပြောလည်း​ပြော အဝတ်​လည်း မြန်​မြန်​လဲ​နေ၏။ ပါးပြင်​​ပေါ်က မျက်​ရည်​စက်​များကို မျက်​နှာသုတ်​ပုဝါ​လေးနှင့်​ ကတိုက်​ကရိုက်​ သုတ်​လိုက်​ချိန်​ဝယ်​-

"ဟေး... သူငယ်​ချင်း...မင်း ငို​နေတာလား... ဘာလို့လဲကွာ... ဒီ​လောက်​​ပျော်​ရမယ့်​ အခိုက်​မှာ မင်းက ငို​နေပြီ... တစ်​ခုခုများ လွဲ​နေပြီလား ... ငါ့ ​ပြောပြပါကွာ ...ငါ အတတ်​နိုင်​ဆုံး ကူညီ​ပေးပါမယ်​ ..."

တာဟဲရ်​က အာနိစ်​၏ မျက်​ရည်​ကို ရိပ်​မိ၍ အကျိုးအ​ကြောင်းကို စိုးရိမ်​​စွာ ​မေးလိုက်​​သည်​။ ငယ်​သူငယ်​ချင်း၏ စိုးရိမ်​စွာ ​မေး​နေသည့်​အသံထဲတွင်​ ကူညီ​ပေးတတ်​သည့်​ သူငယ်​ချင်း​ကောင်း တစ်​ဦး၏ စိတ်​ထားကို အာနိစ်​က အနီးကပ်​ မြင်​​တွေ့ခံစားလိုက်​​လေ၏။

မျက်​နှာ​ပေါ် Fair Lovely လိမ်း၊ ဆံပင်​​ပေါ် ​ခေါင်းအုံးဆီ လိမ်းပြီး ဘီးဖြင့်​ သလိုက်​၍ ဦးထုပ်​ကို ​ဆောင်း၊ လုံချည်နှင့်​ အင်္ကျီကို မြန်​မြန်​ဝတ်​၊ လက်​ပတ်​နာရီ​လေးကို ပတ်​၊ အသစ်​ဝယ်​လာသည့်​ All ကတ္တီပါ ဖိနပ်​ကိုစီး၊ ​ရေ​မွှေးနည်းနည်း ဖျန်းလိုက်​ပြီးလျှင်​ အာနိစ်​၏ အလှပြင်​မှုက ပြီးသွားလေသည်​။

"ဘာမှ လွဲမ​နေပါဘူး သူငယ်​ချင်းရာ ... အ​ဖေ့ကို သွားသတိရလိုက်​လို့ အလိုလို မျက်​ရည်​ကျသွားတာပါ ... ရပြီ သူငယ်​ချင်း ... သွားကြမယ်​​လေ..."

အာနိစ်​က မျက်​နှာကို အားတင်​ကာ ပြုံး​ယောင်​​ဆောင်​လိုက်​ပြီး သူ့ငယ်​သူငယ်​ချင်းကို ​ဖြေလိုက်​သောကြောင့် တာဟဲရ်​ကလည်း နားလည်​သွားပြီး ထိုအ​ကြောင်းကို ထပ်​၍ မ​ပြောမိခဲ့​ချေ။

သို့​သော်​ တာဟဲရ်က ​ဘေးချင်းတိုက်​ လမ်း​လျှောက်​လာရင်းနှင့်​ စကားတစ်​ခွန်းနှစ်​ခွန်းကို ​လေးနက်​စွာ ​ပြောလိုက်​သည်​။

"လူဆိုတာက ​မွေးကတည်းက ​သေရမယ့်​ ​နေ့ကို ​စောင့်​​မျှော်​​နေရတဲ့ အမျိုးပါ ... ဒါ​ပေမယ့်​ ​သေရမှာချင်း အတူတူ တို့တစ်​​တွေက မ​သေမီ ​ကောင်းမှုကုသိုလ်​​တွေ လုပ်​ကြဖို့ လိုတာ​ပေါ့​လေ... ငါတို့ အခု လုပ်​​နေတဲ့ ပရဟိတလို အလုပ်​မျိုး​ပေါ့...”

သူငယ်​ချင်း ပြော​နေသည့်​စကားကို တိတ်​၍ နား​ထောင်​​နေရင်း အိမ်​​ရှေ့ကြမ်းပြင်​သို့ ​အာနိစ်​တို့ ​ရောက်​ရှိလာခဲ့သည်​။
………………………………………………………………

အိမ်​​ရှေ့ကြမ်းပြင်​တွင်​ ​ယာယီ​ဆောက်​ခဲ့​သော မင်္ဂလာ​ဆောင်​ မဏ္ဍပ်​သည်​ မြို့ကြီးပြကြီးလို ​ရောင်​စုံမီးသီးအမျိုးမျိုး၊ ​ရောင်​စုံစက္ကူပန်းအမျိုးမျိုးနှင့်​ အဆင့်​မြင့်​သည့်​ အဆင်​တန်​ဆာဖြင့်​ ကြီးကျယ်​ခမ်းနား ​နေခြင်းမရှိ​သော်​လည်း သူ့ဇတ်​နှင့်​ သူ​တော့ ခမ်းနားလို့​နေ​လေသည်​။

ရိုးသား​ဖြောင့်​မတ်​ပြီး စိတ်​သ​ဘောထားကြီးသူ၊ သူတစ်​ပါးအ​ပေါ် ပရဟိတစိတ်​ဖြင့်​ အမြဲကူညီ​​ပေးတတ်​သူ၊ ဒုက္ခ​ရောက်​​နေသူ​များကို နိုင်​သည့်​ဖက်​က ​မဖြစ်​​မ​နေ ဖေးမ တတ်​သူ၊ ရွာက က​လေး​ငယ်​များကို စာသင်​ပြသည့်​ ဆရာတစ်​ပါး ဖြစ်​သူပီပီ သူ့​ကျေးရွာက လူများအပြင်​ အနီးအနား​ကျေးရွာမှ လူများကလည်း သူ့ကို ချစ်​ခင်​​လေးစားသည်​။ ​ပြောရလျှင်​ လူလတ်​၊လူငယ်​၊ လူကြီး အားလုံးနှင့်​ ခင်​မင်​ရင်းနှီးသူ ဖြစ်​သည်​။ ထို့အတွက်​​ကြောင့်​ ဒီနေ့ကျင်းပ​နေ​သော သူ့မင်္ဂလာ​ဆောင်​ပွဲသို့ ဖိတ်​ကြားထားသည့်​ အရွယ်​စုံလူများ မဏ္ဍပ်​နှင့်​ မဆန့်​​အောင်​ထိ ကြွ​ရောက်​လာခဲ့ပြီ​လေ။ အချို့က မင်္ဂလာလက်​ဖွဲ့များ ယူလာသည်​။ သို့​သော်​ ထိုသို့ မင်္ဂလာလက်​ဖွဲ့များကို သူမကြိုက်​နှစ်​သက်​ပေ။ ထိုသို့ မကြိုက်​မနှစ်​သက်ခြင်း​၏ အ​ကြောင်းသည်​လည်း သူ့မှာ ရှိသည်​။

'ထားပါ​တော့​လေ ... သူ့ဇတ်​နှင့်​သူ​ပေါ့...ဒီလက်​ဖွဲ့​တွေထဲက တစ်​ချို့ကို ​ရောင်းပြီး မရှိဆင်းရဲသား​တွေကို လှူဒါန်းလို့ရတာပဲ​လေ' ဟု အာနိစ်​က စိတ်​ထဲသာ ​ပြော​နေမိ၏။

ကြွ​ရောက်​လာသူများကို အပြုံး​တွေနှင့်​ ​တွေ့ဆုံနှုတ်​ဆက်​​နေရသည်​မှာ​ လူ​တောင်​ ပင်​ပန်း​လာ​အောင်​ထိပင်​။ သို့​သော်​ ကြွ​ရောက်​လာသူများကို ​ကျွေး​မွေး​နေ​သော ​မဏ္ဍပ်​ကို တစ်​ချက်​ ​ငေးကြည့်​မိလျှင်​ သူ့ရင်​ထဲ ​ခေါင်းစဉ်​တပ်​၍ မရသည့်​ ​အေးချမ်းကြည်​နူးမှုမျိုးကို သူ အစိမ်းလိုက်​ ခံစား​နေရ၏။ သူတစ်​ပါးကို ​ကျွေး​မွေးနိုင်​လျှင်​ ​ပျော်​တတ်​သည်​က သူ့ပင်​ကိုယ်​ စိတ်​ဓာတ်​လား​တော့မသိ။ သူ့ရင်​ထဲ ​ပျော်​ရွှင်​မှု လှိုင်းများ တက်​ကြွစွာ ရိုက်​ခတ်​​နေ​လေပြီ။ သူ အင်​မတန်​ ​ပျော်​​နေ၏။

အ​မေ၏ အဖြစ်​ချင်​ဆုံး ဆန္ဒတစ်​ခုကို ဖြည့်​ဆည်း​ပေးနိုင်​သည်​က တစ်​​ကြောင်း၊ အရွယ်​စုံလူများ သူ့မင်္ဂလာပွဲသို့ ကြွ​ရောက်​လာ​​၍ အားပေးသည်​က တစ်​​ကြောင်း၊ ထိုအ​ကြောင်း​များ​ကြောင့်​ အာနိစ်​တစ်​​ယောက်​ ​ဝမ်းသာလို့မဆုံး၊ ပျော်ရွှင်​လို့မဆုံး ဖြစ်​လို့​နေ​လေ၏။ အခု​တော့​လည်း သူ့မျက်​နှာပြင်​​ပေါ်တွင်​ ရင်​ထဲ၌ ဖြစ်​​ပေါ်​နေ​သော ဝမ်းသာပီတိမှု၏ သ​င်္ကေတဖြစ်​သည့်​ ရိုးရှင်းဖြူစင်​သည့်​ အပြုံးက​လေးများသာ ​နေရာယူထား​ခဲ့လေပြီ။

ခဏ​နေ သူ့ရွာက ​ကျေးရွာတာဝန်​ခံတို့အဖွဲ့ ​ရောက်​လာသည်​။ သူ့အတွက်​ လက်​​ဆောင်​ အထုပ်​တစ်​ထုပ်​လည်း ပါလာ၏။ ​ကျေးရွာတာဝန်​ခံကို မြင်​မိသည်​နှင့်​ အာနိစ့်​​ခေါင်းထဲသို့ အ​တွေးတစ်​ခု ဖျက်​ခနဲ ဝင်​​ရောက်​လာမိသည်​။

သူတို့​ကျေးရွာတွင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ ကင်းစခန်းတစ်​ခု ရှိသည်​။ ထိုစခန်း၌ ရှိ​နေကြ​သော ရဲသားများအတွက်​ အစားအစာ ပို့ချင်​စိတ်​ ​ဖြစ်​ပေါ်လာခြင်းဖြစ်​၏။

နယ်​ခြား​စောင့်​ရဲများက ​ဒေသခံ ရိုဟင်​ဂျာများကို အကွက်​အမျိုးမျိုးဆင်​၍ ဖမ်းဆီး ​ငွေညှစ်​ခြင်း၊ ​အ​ကြောင်းမဲ့ ရိုက်​နှက်​ခြင်း၊ အနိုင်​ကျင့်​ခြင်း၊ ဆဲဆိုခြင်း စ​သော လူမဆန်​မှုများကို ​နေ့စဉ်​မပျက်​ ကျူးလွန်​တတ်​​သော်​လည်း ၎င်းတို့ကို ခဏ ​ဘေးဖယ်​ထားပြီး အာနိစ်​သည်​ သူ့ရွာက နယ်​ခြား​စောင့်​ရဲများကို သူ့မင်္ဂလာပွဲ၏ အစားအစာများ ​ကျွေး​မွေးချင်​သည်​။

'လူမျိုး ဘာသာ မတူသူများ ဖြစ်​​သော်​လည်း ...ငါတို့အ​ပေါ် ​နေ့စဉ်​မပျက်​ ရက်​စက်​​နေသူများ ဖြစ်​​သော်​လည်း သူတို့လည်း ငါတို့ ရွာမှာ​နေ​တော့ ငါတို့ရွာသားပဲ​လေ... '

အာနိစ်​က တစ်​ကိုယ်​တည်း​တွေးမိပြန်​၏။

ပြီး​နောက်​ ​ကျေးရွာတာဝန်​ခံကို ​ပြောကြည့်​လိုက်​သည်​။ ကင်းစခန်းက ရဲသားများအတွက်​ အစားအစာ ပို့ချင်​​နေ​ကြောင်း၊ ဆယ်​အိမ်​မှူး တစ်​​ယောက်​ကို ပို့ခိုင်း၍ရမည်လား ဆိုပြီး ​ပြောပြ​ ​မေးသောအခါ ​ကျေးရွာတာဝန်​ခံကလည်း ရသည်ဟုဆိုကာ သ​ဘောတူလိုက်​သည်​။

ခဏ​နေလျှင်​ ငါးထပ်​ပါရှိသည့်​ ချိုင့်တစ်​ခုကို လက်​ဆွဲယူသွား​နေသူ ရွာက ဆယ်​အိမ်​မှူးကို ​ငေးကြည့်​ရင်း အာနိစ့်​ရင်​ထဲ အစမ်းတကြယ်​ ​ပျော်​ရွှင်​မှုမျိုး ခံစား​နေရသည်​။

သူတို့ ရိုဟင်​ဂျာလူမျိုးအ​ပေါ် လူမဆန်​စွာ​ ဆက်​ဆံတတ်​သည့်​ နယ်​ခြား​စောင့်​ရဲများအ​ပေါ် ထားရှိသည့်​ သူ၏ စိတ်​ဓာတ်​ကို အ​ခြားလူများ မည်​သို့ ထင်​မြင်​ယူဆနိုင်​သည်​ကို သူမသိ။

သို့​သော်​ ဘာသာခွဲခြား၊ လူမျိုးခွဲခြား​သော စိတ်​ဓာတ်​မျိုးသည်​ သူ့လို သာသနာ့ပညာဆည်းဖူးသူ တစ်​ဦး၏ ရင်​ထဲ၌ ဖြုတ်​မျက်​လုံး တစ်​လုံး​လောက်​​တောင်​ လားလားများ မရှိသည်​မှာ သူသာလျှင်​ အသိဆုံး ဖြစ်​​လေသည်​။

'အမုန်းတရားကို မေတ္တာတရားနဲ့ အနိုင်​ယူနိုင်​တယ်​'

ဤသည်မှာ အာနိစ်​၏ ဘာသာ​ရေးပင်​။ ဤသည်မှာ အာနိစ်​၏ လူသားဝါဒပင်​။

'ငါ့​ကျေးရွာမှာ တာဝန်​ကျတဲ့သူ ငါ့ရွာသားပဲ​လေ' ဟု အာနိစ်​ ရင်​ထဲ သူ့ဟာသူ ​ပြောဖြစ်​မိပြန်​သည်​။

အကယ်​၍ အာနိစ်​သာ အနာဂါတ်​ အချိန်​တစ်​ခုကို ယခုအချိန်​၌ ကြိုတင်​သိရှိခဲ့လျှင်​...... ။

အပိုင်း (၃) ဆက်​ရန်​။ 

မှတ်​ချက်​။ ။ ဖြစ်​ရပ်​မှန်​ အဖြစ်​အပျက်​​လေးကို ဇတ်​လမ်းဆင်​ပြီး ​ရေးဖွဲ့ခြင်းဖြစ်​ပါသည်​။


MYARF
RB News
4.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာတွင် တစ်မြို့နယ်လုံး ဆိုင်ရာ သားသတ်လိုင်စင်စီ၏ ကိုယ်စားလှယ် ဦးတော်မီဇူရာမာန် (ဘ) ဦးဂေါ်နီမျာသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ ကျွဲ၊ နွားတစ်ကောင် ဖော်ရန် အတွက် ငွေကျပ် ၅၀၀၀ အပြင် စ.ရ.ဖ နှင့် အထူး သတင်းတပ်ဖွဲ့ (SB) အတွက် ငွေကျပ် ၇၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် အမှတ် (၂) ရပ်ကွက်မှ သားသတ်လိုင်စင်စီ မောင်မော်စိန်သည် ဥဒေါင်း ကျေးရွာအုပ်စု တစ်ခုလုံးတွင် သားသတ်လိုင်စင်ခွန်များ ကောက်ခံနိုင်ရန် အတွက် ဇူမ္မာရွာမှ ဦးမိုဟာမတ်ဟာရှိမ် (ဘ) ဦးနာဇိရ်ဟူစိန်းသို့ လွှဲပြောင်း ရောင်းချလိုက်သည်။ တစ်ဖန် တစ်ဆင့်ခံ ကိုယ်စားလှယ် ဦးမိုဟာမတ်ဟာရှိမ်က ယင်းရွာမှ ဦးတော်မီဇူရာမာန် အား ဥဒေါင်းမြောက်ရွာတွင် ၅ လတာ ကာလအတွက် ကျွဲ၊ နွားဈေးကောက် ကောက်ခံနိုင်ရန် ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းချလိုက်သည်။
ဦးတော်မီဇူရာမာန်က ၎င်း၏ ကျေးရွာဖြစ်သည့် ဥဒေါင်း မြောက်ရွာတွင် ဖော်မည့် ကျွဲ၊ နွားတစ်ကောင်လျှင် လိုင်စင်စီ အတွက် ငွေကျပ် ၅၀၀၀၊ စ.ရ.ဖ အတွက် ငွေကျပ် ၅၀၀၀ နှင့် SB အတွက် ငွေကျပ် ၂၀၀၀ နှုန်း အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

စားသုံးရန် ကျွဲ၊ နွားများ ဖော်ခြင်းသည် စည်ပင်သာယာရေး အဖွဲ့နှင့်သာ သက်ဆိုင်ပြီး အခြား မည်သည့် အစိုးရ ဌာနနှင့် သက်ဆိုင်ခြင်း အလျဉ်း မရှိပေ။ အလယ်သံကျော် အခြေစိုက် စ.ရ.ဖ နှင့် SB ရုံးများက မသက်ဆိုင်ဘဲ ပတ်သက်နေခြင်းကြောင့် နားလည်မှု လွှဲမှား၍ ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာနိုင်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်ဟု ဆိုသည်။




MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် - ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ဒေသခံ တစ်ဦးကို လိုင်စင်မဲ့ သစ်အရောင်းအ၀ယ် ပြုလုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၃၀) ရက်နေ့ မွန်းလွှဲ ၁း၂၀ နာရီ အချိန်ခန့်တွင် သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် စခန်းမှူးသည် သီဟိုဠ်ကျွန်း အရှေ့ရွာမှ ဦးဟာရွန် (ဘ) ဦးဆင်မျာ၏ နေအိမ်သို့ သွားရောက်ပြီး လိုင်စင်မဲ့ သစ်ရောင်းဝယ် နေသည်ဟု စွပ်စွဲ၍ လက်ထိပ်ခတ် ဖမ်းဆီး၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ သြဂုတ်လ (၁) ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် အဆိုပါ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် ဆယ်အိမ်မှူး တစ်ဦးနှင့် အတူ သီဟိုဠ်ကျွန်း ရွာမှ တံငါးသည် ဦးနော်ဇိရ်အာမတ်ကို အမျိုးသမီး နှစ်ဦးနှင့် လက်ထပ်ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

သီဟိုဠ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ဆယ်အိမ်မှူး တစ်ဦးနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလျက် ရှိပြီး ငွေလိုသည့် အခါ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖန်တီး၍ ငွေညှစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။




MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာတွင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်းစာရေး ဦးသိန်းကျော်မောင် က ဒေသခံ ရိုဟင်ဂျာများကို အိမ်ခြံမြေ ပုံစံ (၁၀၅) မရှိ၊ BD ပြေး တရားခံများ၏ အိမ်ခြံမြေတွင် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်းချီ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တော မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ စာရေးဖြစ်သူ ဦးသိန်းကျော်မောင်သည် ဇူလိုင်လ (၉) ရက်နေ့မှ (၁၅) ရက်နေ့ အကြားတွင် ဥဒေါင်း ကျေးရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အိမ်ခြံမြေ ပုံစံ (၁၀၅) မရှိ၊ BD ပြေး တရားခံများထံမှ ရရှိသည့် အိမ်ခြံမြေများတွင် နေထိုင်သည်ဟု လုပ်ကြံစွပ်စွဲ၍ အောက်ဖော်ပြပါ ဒေသခံ ရွာသားများထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးအာလောမ် (ဘ) ဦးရှော်ရ်မောတ် (အသက် ၄၅ နှစ်) ဥဒေါင်း မြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၂) ဦးအာဘူတာဟဲရ် (ဘ) ဦးဆူလေမာန်၊ ဥဒေါင်း ဇူမ္မာရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၃) ဦးအဒူ (ဘ) ဦးဟာလာ၊ ဥဒေါင်းမြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၄) ဦးမာဆီဒိတ် (ဘ) ဦးရှားဒီးဟူဆောင်း (အသက် ၄၅ နှစ်) ဥဒေါင်း ကုန်တန်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၅) ဦးမောတ္တုလ်ဟူဆောင်း (ဘ) ဦးရှော်ရ်မောတ် (အသက် ၅၀ နှစ်) ဥဒေါင်း ကုန်တန်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၆) ဦးရှောမ်ရှူန္နာရ် (ဘ) ဦးအဒူဆောဒူ (အသက် ၄၀ နှစ်) ဥဒေါင်း ဖာစ်ကူရီးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၇) ဦးရော်ရှိဒူလ္လာ (ဘ) ဦးဒေါအိဇ္ဖာ (အသက် ၂၀ နှစ်) ဥဒေါင်း မြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၈) ဦးဘောက္ကရီ (ဘ) ဦးရှော်ရ်မောတ်၊ ဥဒေါင်းမြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။




MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ မြေစာရင်း ဦးစီးဌာနမှ မြေတိုင်းစာရေးနှင့် တောင်ပြိုလက်ယာ ကျေးရွာတာဝန်ခံတို့ ပူးပေါင်း၍ ဒေသခံ ရွာသားများ၏ စားကျက် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းယူ၍ ငှားစားနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ယာ ကျေးရွာအုပ်စုမှ တောင်ဗလီပိုင် လယ်ယာမြေ၊ ကွင်းအမှတ် (၂၆)၊ ဦးပိုင်အမှတ် (၁၄၄/၇)၊ မြေချိန် (၀.၆၀) ဧကနှင့် ဦးနူရူလ်ဟောက် (ဘ) ဦးဘော်ဒီရာမန်ပိုင် လယ်ယာမြေ၊ ကွင်းအမှတ် (၂၆)၊ ဦးပိုင်အမှတ် (၁၄၄/၈)၊ မြေချိန် (၀.၄၀) ဧက များကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ မြေစာရင်း ဦးစီးဌာန မြေတိုင်းစာရေး ဦးခင်မောင်သန်းနှင့် တောင်ပြိုလက်ယာ ကျေးရွာတာဝန်ခံ ဦးအာဖ်တာရ်အာလောမ် တို့ပူးပေါင်း၍ အတင်းအဓမ္မ သိမ်းယူပြီး အခြားသူများကို ငှားရမ်းလိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
2.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၅) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးကာမာလ်ဟူဆောင်း (ဘ) ဦးနာဂူး (အသက် ၃၅ နှစ်) က မော်လ၀ီ အဘူဆော်လာမ် အပါအ၀င် (၄) ဦးပိုင် ပုဇွန်ကန်မှ ငါးခိုးခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ခေါ်ဆောင် သွားခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာလဲစ်အာမတ်က ၎င်းကို ငွေကျပ် ၃ သိန်း ပေးလျှင် လွှတ်ပေးမည်ဟု ပြောဆိုသောအခါ ၎င်းက အပြစ်တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသည့်က တစ်ကြောင်း၊ ဤမျှများပြားသည့် ငွေကြေး မတတ်နိုင်သည်က တစ်ကြောင်း၊ ထို့ကြောင့် ငွေမပေးနိုင်ဟု ဆိုကာ ငွေပေးရန် ငြင်းဆိုခဲ့သည်။

ထို့နောက် တစ်နာရီခန့် အကြာတွင် ဦးကာမာလ်ဟူဆောင်းကို ချုပ်နှောင်ထားရာမှ ကျောက်ပြင်ဆိပ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွှဲပြောင်း ပေးခဲ့သည်။ နယ်ခြားစောင့်ရဲများက ဇူလိုင်လ (၂၆) ရက်နေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် ဦးကာမာလ်ဟူဆောင်း ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးကာမာလ်ဟူဆောင်းသည် အထက်ဖော်ပြပါ ပုဇွန်ကန် အပါအ၀င် အခြားသော ပုဇွန်ကန်များတွင် သွားရောက်၍ ငါးဖမ်းလုပ်သား အဖြစ် လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူ တစ်ဦး ဖြစ်သည်။



(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ)

သား​ရေ ... အ​မေ့ကို ခွင့်​မလွှတ်​ပါနဲ့

အပိုင်း (၁)

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
1.8.2016

"မသွားရဘူးလို့ အ​မေ​ပြော​နေတယ်​​နော်​ သား ... ဘယ်​​တော့မှ ဘယ်​ကိုမှ သား မသွားရဘူး... ဒါပဲ"

အ​မေဖြစ်​သူ၏ မာဆတ်​ဆတ်​ တစ်​ချက်​လွှတ်​ အမိန့်​​စကားကြောင့်​ အာနိစ်​သည်​ ​ခေါင်းကို ​ငုတ်လိုက်​၍ ထမင်းကိုသာ စားမြဲမပျက်​ စား​နေသည်​။ သို့​သော် စားချင်​စိတ်​မရှိ​တော့သဖြင့်​ ''အ​မေ့လက်​ရာ သိပ်​​ကောင်းတယ်​အ​မေ​ရေ"​ ဟု ခဏခဏ ချီးမွမ်းတတ်​​သော အ​မေ့လက်​ရာကို သူကိုယ်​တိုင်​ ယနေ့ ခံတွင်းမ​တွေ့​ပေ။

ဒီတစ်​ပတ်​ မ​လေးရှားသို့ ထွက်​ခွာသွား​တော့မည့်​ စက်​​လှေ တစ်​စင်းက အသင့်​။ ထိုစက်​​လှေနှင့်​ အတူ သူ့ရွာက ငယ်​သူငယ်​ချင်း​တွေ ဒါဇင်​​ကျော်​ သွား​နေ​ကြောင်း၊ သူလည်း သူတို့နှင့်​အတူ မ​လေးရှား သွားချင်​နေသည်​ဟု အ​မေကို လာဖွင့်​​ ပြောပြသောအခါ အ​မေက ခါတိုင်းလို တစ်​ချက်​လွှတ်​ အမိန့်ဖြင့် ဟန့်​ထားလိုက်လေပြီ။

အာနိစ်​သည်​ ယခင်ကလည်း သူ့အ​မေကို မ​​လေးရှား သွားချင်​​နေပြီဟု ​ပြောတိုင်း အ​မေက "မသွားရဘူး... သား" ဆိုပြီး တစ်​ချက်​လွှတ်​ အမိန့်​​စကားဖြင့်​ ဟန့်​ထားတတ်​သည်​။

သာသနာ့ပညာကို ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​ ဆည်းဖူးပြီးသူ အာနိစ်​သည်​ အ​မေဖြစ်​သူကို ​မည်​သည့်​အခါမှ အာခံပြီး ပြန်​​ပြောခြင်းမရှိ။ အ​မေကို စကားသံကျယ်​ကျယ်​ဖြင့်​ ပြန်​​ပြောဖူးတာ သူ့ဘဝတစ်​​လျှောက်​လုံးမှာ မရှိခဲ့​ပေ။ အ​မေ၏ စကားလုံးများသည်​ သူ့အတွက်​ မလိုက်​၍ မရသော "အမိန့်​" သဖွယ်​ ဖြစ်​သည်​။

သားအမိ နှစ်​​ယောက်​၏ ထမင်းစားဝိုင်းပွဲသည်​ ဒီနေ့​တော့ ခါတိုင်းနှင့်​မတူဘဲ ငြိမ်​သက်​လွန်း​နေပါသည်​။

အတန်​ကြာမှ အ​မေက ​စကားဆိုလာသည်​။

"သား​ရေ... ဘာလို့ မျက်​နှာ မ​ကောင်းပြန်တာလဲ... အဲ့လို မျက်​နှာမျိုးကို အ​မေ ကြာကြာမကြည့်​ရက်​ဘူးသား... သားပဲ စဉ်းစားကြည့်​​လေ... ​အ​မေ မွေးတဲ့ သားသမီး ​လေး​ယောက်​ထဲမှာ သားပဲ အ​မေနဲ့ အတူ ရှိ​နေတာ... သားလည်း အ​မေ့ကို ထားသွားချင်​​နေပြီလား... သား အ​ဖေလည်း ကျန်းမာ​ရေး သိပ်​​ကောင်းတာ မဟုတ်​ဘူး ... နှလုံး​ရောဂါ ဆိုတာက အချိန်​မ​ရွေး ​ဖောက်​တတ်​တာပဲ ... ဒီလို အ​ခြေအ​နေမျိုးမှာ သားက အ​မေကို ထားသွားချင်​​နေပြီ​ပေါ့ ... အ​မေ အားကိုးစရာမဲ့ ဖြစ်​သွားမှာကို သား ထည့်​မစဉ်းစား ​တော့ဘူးလား ...

ပြီး​တော့ အ​မေက ​မြေး​လေး​တွေ ချီချင်လှပြီ သား​ ... အ​​မေ့ ဆန္ဒ​တွေ ဖြည့်​ဆည်း ​ပေးပါ သား​ရေ ... ''

အ​မေက ​ပျော့​​ပျော့​ပျောင်း​ပျောင်း ​ပြော​နေ​သော်​လည်း သူက မည်​သို့မျှ ဝင်​မ​ပြော။

"ဟုတ်​တယ်​ သား... သား အ​မေ ​ပြော​နေတာ​တွေ စဉ်းစားပြီး သားပဲ ဆုံးဖြတ်​​တော့... အခုဆို သားက ပညာလည်းတတ်​ အသက်​အရွယ်​လည်း ရလာသူ ဖြစ်​နေပြီပဲ​လေ ... တကယ်​​တော့ သား​ရေ ... မိဘ ဆိုတာ ဘယ်​သားသမီးကိုမှ သူတို့နဲ့ အ​ဝေးကို မသွား​စေချင်​ဘူး ... အဲ့ဒါ သားကိုယ်​တိုင်​ ဖခင်​ဖြစ်​မှ အပြည့်​အဝ ခံစားတတ်​မှာ ... "

သူ့အ​ဖေကလည်း ​သူ့အ​ပေါ် အာဏာအပ်​သည့်​ ပုံစံဖြင့်​ စဉ်းစား၍ ဆုံးဖြတ်​ချ ချခိုင်း​နေသည်​။

ထမင်း စားပြီး​သည်​မို့ ပန်းကန်​ကို ​ဆေးလိုက်​ပြီး ထမင်းစားဝိုင်းမှ သူ တိတ်​တိတ်​​လေး ထွက်​လာလိုက်​ပြီး ​ဝရံတာတွင်​ ရှိ​သော ပက်​လက်​ကုလားထိုင်​​ပေါ် လှဲလိုက်​၍ မျက်​စိနှစ်​လုံးကို ပိတ်​လိုက်​ပြီး ​နွေရာသီ၏ အပူဒဏ်​ကို ​ည​နေခင်း ​လေ​ပြေနှင့်​ ကုစား​​နေစေသည်​။ သို့​သော်​ သူ့ရင်​ထဲမှာ​တော့ ပူစပ်​ပူ​လောင်​ ​နေသလို ခံစား​နေရသည်​။

သူ တကယ်​ပဲ ဆုံးဖြတ်​ရခက်​​နေပြီ​လေ။

အစ်​ကို နှစ်​​ယောက်​က နိုင်​ငံခြားမှာ။ အစ်​မကြီးကလည်း သူ့အိမ်​​ထောင်​နှင့်​ သူ။ ​အ​မေနှင့်​ အ​ဝေးမှာ။ အ​ဖေကလည်း ကျန်းမာ​ရေး ​ကောင်းသည်​မဟုတ်​။ အိမ်​မှာ အားကိုးစရာ ဆို၍ သူပဲ ကျန်​​နေခြင်းဖြစ်​သည်​။

သို့​သော်​ ဒီ​နိုင်​ငံမှာလည်း သူဆက်​မ​နေချင်​​တော့။ အထူးသဖြင့်​ ၂၀၁၂ ခုနှစ်​၊ ဇွန်​လတွင်​ ဖြစ်​ပွားခဲ့​သော ပဋိပက္ခ​ကြောင့်​ နိုင်​ငံထဲ​နေရသည်​မှာ သူ့လို လူငယ်​ သာသနာ့ပညာရှင်​ တစ်​​ယောက်​အတွက်​ လုံခြုံမှုမရှိဟု အမြဲခံစား​နေရသည်​။

တကယ်​​တော့လည်း ၂၀၁၂ ခုနှစ်​၊ ဇွန်​လတွင်​ ဖြစ်​ပွားခဲ့​သော ပဋိပက္ခကို အ​ကြောင်းပြပြီး ​​ရခိုင်​ပြည်​နယ်​အနှံ့က ပညာတတ်​လူငယ်​ ရိုဟင်​ဂျာ​တိုင်းကို ​ဒေသဆိုင်ရာ အာဏာပိုင်​​တွေက တရားခံသဖွယ်​ ဖမ်းဆီး​နေ​ပြီး ပုဒ်​မအမျိုးမျိုး တပ်၍ ​ငွေညှစ်​ခြင်း၊ ​ငွေမ​ပေးနိုင်​လျှင်​ ညှဉ်းပန်းနှိပ်​စက်​၍ နှစ်​ရှည်​ ​ထောင်​ဒဏ်​ ချမှတ်​လိုက်​ခြင်းများ ​နေ့စဉ်​ရက်​ဆက်​ ပြုလုပ်​​နေ​လေသည်​။ အထူးသဖြင့်​ ​သူ့လို သာသနာ့ပညာ ဆည်းပူးထားသူများ၊ ဘွဲ့ရပညာတတ်​များ၊ ​ငွေး​ရေး​ကြေး​ရေးချမ်းသာ​နေပြီး မျက်​နှာဖုံးသဖွယ်​ ဖြစ်​​နေသူများကို ပစ်​မှတ်​ထား၍ ဖမ်းဆီး​နေခြင်း ဖြစ်​သည်​။

သူတို့​နေ​သော ​မောင်​​တောခရိုင်​မှာ ဆိုလျှင်​ ၂၀၁၂ ခုနှစ်​၊ ဇွန်​လတွင်​ ဖြစ်​ပွားခဲ့​သော ပဋိပက္ခကို အ​ကြောင်းပြု၍ ရိုဟင်​ဂျာ​ ၈၀၀ ​ကျော်​ကို ဖမ်းဆီးပြီး နှစ်​ရှည်​​ထောင်​ဒဏ်​ ချမှတ်​လိုက်​သည်​အား သူ့အ​နေဖြင့်​ ကိုယ်​​တိုင် သိရှိထားသည်​။ ထိုအထဲတွင်​ ဒါဇင်​​ပေါင်းများစွာ​သော လူများသည်​ စစ်​​ကြော​ရေးကာလ အ​တောအတွင်း အာဏာပိုင်​များ၏ လူမဆန်စွာ ညှဉ်းပန်းမှု​ကြောင့်​ အကျဉ်း​ထောင်​ထဲ၌ အသက်​ပါ ဆုံးရှုံးသွားရသူများ ရှိသည်။ သူတို့ရွာမှ ဆိုလျှင်​ ၁၅ ​ယောက်​​ကျော်​ အဖမ်းခံခဲ့ရပြီး ထိုအထဲတွင်​ တစ်​​ယောက်​ အသတ်​ခံခဲ့ရသည်​။

ထိုအ​ခြေအ​နေများ​ကြောင့်​ လူ​များစွာသည်​ အမိနိုင်​ငံကို စွန့်​ခွာ၍ ရရလမ်းဖြင့်​ နိုင်​ငံရပ်​ခြားကို ထွက်​သွား​နေလေပြီ။ အများစုမှာ စက်​​လှေစီးပြီး မ​လေးရှားသို့ သွားနေခြင်း ဖြစ်​၏။ လမ်းခရီးတွင်​ စက်​​လှေနစ်​၍ အသက်ဆုံးရှုံးသွားသူများလည်း ရှိသည်​။ တစ်​ချို့ဆို ထိုင်းနယ်​စပ်​တွင်​ အဖမ်းခံရပြီး ထိုင်းအစိုးရ၏ ထိန်းသိမ်း ချုပ်​နှောင်ခြင်းကို ခံနေရသည်။

သူသွားမည်​ဟု အကြောင်းဖန်​လာလျှင် သူလည်း ထိုစက်​​လှေမျိုးဖြင့်​ ထိုလမ်းအတိုင်းသာ သွားရမည်​ ဖြစ်​သည်​။ သို့​သော်​ အ​မေ၏ တစ်​ချက်​လွှတ်​ အမိန့်​သာ မရှိခဲ့လျှင်​ သူ ရောက်သွားတာ ကြာလှပြီ။ ​ပင်​လယ်​ထဲ စက်​​လှေနစ်​ပြီ သေခြင်းကိုလည်း သူမမှုချင်​။ ထိုင်းနယ်​စပ်​မှာ အဖမ်းခံရနိုင်​သည်​ကိုလည်း သူ မ​ကြောက်​ချင်​။ ဒီနိုင်​ငံမှာ ​နေရခြင်းသည်​ ထိုအန္တရယ်​ နှစ်​ပါးထက်​ အဆ​ပေါင်းများစွာ ပိုသည်​မဟုတ်​လား။

'ငါ နိုင်​ငံရပ်​ခြားကို သွားသင့်​သလား ... သွားခဲ့ရင်​​တော့ ပြန်​လာခွင့်​လည်း ဒီတစ်​သက်​ ရမယ်​မထင်​ ... မိဘ နှစ်​ပါးကို ထားရစ်​ပြီး အဲ့​လောက်​ ​ဝေးလံတဲ့ ​နေရာဆီ ငါ ထွက်​ခွာသင့်​သလား ... ငါ မရှိရင်​ အသက်​အရွယ်​လည်း ရလာတဲ့ သူတို့ခမျာ ဘယ်​သူ့ကို အားကိုးရမှာလဲ... ပြီး​တော့ သူတို့ ဆန္ဒတစ်​ခု။ ​မြေး​လေး​တွေ ချီချင်​ပြီတဲ့ ... ဟုတ်​ပါပြီ...ငါ မသွားသင့်​ဘူး...'

အာနိစ်​က မိဘ နှစ်​ပါး၏ ခံစားချက်​များကို စဉ်းစား၍ မသွားသင့်​​ကြောင့်​ ဆုံးဖြတ်​ချက်​ ချလိုက်​သည်​။

'ဒါ​ပေမယ့်​.... ငါ အဖမ်းခံ ရရင်​​ရော ... ပထမဆုံး ငါ့မိဘတွေရဲ့ ​ငွေ​တွေ ကုန်​သွားမယ်​... ပြီး​တော့ ငါလည်း ညှဉ်းပန်းနှိပ်စက် ခံရမယ်​... ​နောက်​ဆုံး​တော့ သံတိုင်​​နောက်​ အကျဉ်း​ထောင်​ကို ​ရောက်​သွားမယ်​ ... အို... ငါ ထွက်​သွားမှပဲ တော်​ကာကျမယ်​...'

အာနိစ်​၏ ဆုံးဖြတ်​ချက်​ကို မတရားမှု၏ အ​ကြောက်​တရားက ​ပြောင်းသွား​​စေသည်။

'​ဟေ့ ... အာနိစ်​...သူရဲ​ဘော်​ ​ကြောင်​မ​နေနဲ့ ... မင်းမိဘ​တွေက မင်းအတွက်​ အ​ရေးကြီးဆုံးပဲ ... မင်းမျက်​နှာကိုပဲ ကြည့်​ပြီး အသက်​ရှင်​​နေသူ​တွေပါ ... မင်း မသွားသင့်​ဘူး... ဘယ်​အ​ခြေအ​နေမှာပဲ ဖြစ်​ဖြစ်​ မိဘကို ထားရစ်​ပြီး ဘယ်​မှ မသွားနဲ့... '

အာနိစ်​က သူ့ကိုသူ အား​ပေး၍ သူ့ကိုသူ တရားချ ​နေသည်။

"သား... ဝတ်​ပြုချိန်​ နီးပြီ"

"ဗျာ...!!! ဟုတ်​ ဟုတ်​ အ​မေ... သား သွား​တော့မယ်​"

အ​မေ၏ သတိ​ပေးသံ​​ကြောင့်​ အ​တွေးကမ္ဘာထဲ ​ရောက်​​နေ​သော အာနိစ်​ တစ်​​ယောက်​ ​ရုတ်​တရက်​ ​ကြောင်​သွား၏။ ထို့​နောက်​ အ​မေကို ​ပျာပျာသလဲလဲ ဟုတ်​ကဲ့ ​လိုက်​ရသည်​။ သူ့အ​တွေးသည်​လည်း ဝင်​သွား​သော ​နေမင်းနှင့်​အတူ ​ပျောက်​ကွယ်​သွား​လေပြီ။

(ဆက်ရန်)

မှတ်​ချက်​။ ။ ဖြစ်​ရပ်​မှန်​ အဖြစ်​အပျက်​​လေးကို ဇတ်​လမ်းဖွဲ့ ရေးသားခြင်းဖြစ်​ပါသည်​။

Rohingya Eye
RB News
1.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရော်ကိလ္လာရွာ၏ ရာအိမ်မှူး ဦးမာမတ်ဇော်လိလ် (ဘ) ဦးမုစ်တာဖာအာမတ် (အသက် ၄၀ နှစ်) ၏ နွားများသည် ဇူလိုင်လ (၃၀) ရက်နေ့က ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ န.တ.လ ရွာသားများပိုင် လယ်မြေများတွင် ကျက်စားခဲ့သဖြင့် န.တ.လ ရွာသားများက ဖမ်းဆီး ထိန်းသိမ်းထားသဖြင့် နွားတစ်ကောင်လျှင် ငွေကျပ် ၂ သောင်းစီ ပေး၍ ပြန်လည် ရွေးယူခဲ့ရသည်။

ငွေကျပ် ၂ သောင်းစီ ပေး၍ ရွေးယူပြီး အိမ်ပြန်နေစဉ် လမ်းတစ်ဝက်တွင် မြင်းလွတ် အခြေစိုက် စစ်တပ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီးက တွေ့ရှိခဲ့ပြီး နွားတွေကို ဘယ်ကနေယူလာတာလဲ ဟု မေးမြန်းရာ ၎င်းက န.တ.လ ရွာသား တစ်ဦးက နွားများကို ထိန်းသိမ်းထားသဖြင့် ငွေကျပ် ၂ သောင်းစီ ပေး၍ ရွေးယူလာခြင်း ဖြစ်သည်ဟု အမှန်အတိုင်း ဖြေဆိုခဲ့သည်။ သို့သော်လည်း ဗိုလ်ကြီးက လိမ်လည် ပြောဆိုသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

တပ်မတော်မှ ဗိုလ်ကြီး တစ်ဦးက ရရှိထားသည့် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ယခုကဲ့သို့ ငွေညှစ်ခြင်းမှာ တရားဥပဒေကို ချိုးဖောက်၍ ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်သည့် အတွက် တပ်မတော်မှ တာဝန်ရှိသူများက အရေးယူ ဟန့်တား ပေးပါရန် ရွာသားများက တောင်းဆိုကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။






Rohingya Eye
RB News
1.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၉) နယ်မြေမှူး ရဲမှူး အဆင့်ရှိသူသည် သ၀န်းချောင်း ကျေးရွာမှ ဟာဖီးဇ် ဒိလ်မိုဟာမတ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၃၁ နှစ်) ကို ဇူလိုင်လ (၂၆) ရက်နေ့က ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။

၎င်းကို တရားမ၀င် လက်ထပ်ထားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ (၂၇) ရက်နေ့တွင် ငွေကျပ် ၂ သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ၎င်းသည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး၊ ငွေကျပ် ၂ သိန်းခွဲ ပေး၍ ပြန်လည် လွတ်မြောက်လာရန် အတွက် အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်း ရှေ့မှ ဖြတ်သန်းလျှင် ရွာထွက်လက်မှတ် ပြရမည်ဟု ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အမိန့်ထုတ်ပြန်လိုက်သဖြင့် ရွာထွက်လက်မှတ် ပြနိုင်သူမှသာ ဖြတ်သန်းခွင့် ပေးကြောင်း၊ အင်းဒင်ကျေးရွာအုပ်စု အတွင်း နေထိုင်သူများပင် ရွာထွက် လက်မှတ် ပြနိုင်မှ ဖြတ်သန်းခွင့် ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။




MYARF
RB News
31.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် နေ့လည် ၂ နာရီ အချိန်တွင် အလီဂျူဟာရ် (ဘ) ဦးလာလူး (အသက် ၂၃ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

WFP မှ ၀န်ထမ်း ၁၀ ဦးသည် သိမ်တောင်ပြင် ကျေးရွာမှ ဦးမာမတ်ဆော်လာမ် (ဘ) ဦးဒူဒူများ၏ နေအိမ်တွင် ခေတ္တတည်းခို နေထိုင်ခဲ့ကြပြီး ဇူလိုင်လ (၂၈) ရက်နေ့ ည ၁၂ နာရီအချိန်တွင် ၎င်းတို့က ဆမ်ဆောင်း မိုဘိုင်းဖုန်း နှစ်လုံးနှင့် ငွေကျပ် ၅ သောင်း ခိုးခံခဲ့ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ထံသို့ တိုင်ကြားခဲ့သည်။

ဖုန်းနှစ်လုံးနှင့် ငွေကျပ် ၅ သောင်း ခိုးယူသွားသူများမှာ ယခင် ရ.ယ.က အဖွဲ့ဝင်ဟောင်း ဦးလာလ်မျာ (ဘ) ဦးအဒူလော်တီ ၏ သား အာနာစ်နှင့် ဦးအဒူကာဒေရ် ၏ သား တာရဲခ် တို့နှစ်ဦး ဖြစ်ကြောင်း စုံစမ်း သိရှိခဲ့သော်လည်း၊ အမှန်တကယ် ခိုးယူခဲ့သူများကို အရေးယူခြင်း မပြုလုပ်ဘဲ ကျဘန်း အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ အလီဂျူဟာရ် (ဘ) ဦးလာလူး ကို မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
31.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ဒုံးပိုက်ရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်သာ၏ အကျင့်ပျက် ခြစားမှုကြောင့် ကျောင်းဆရာများ ကျောင်းတက်ရန် ပျက်ကွက် နေသဖြင့် ကျောင်းသား/သူ များ၏ ပညာရေးမှာ ဆိုးရွားစွာ ပျက်စီး ဆုံးရှုံးနေရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒုံးပိုက် မူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူ ဦးရေ ၂၀၀၀ ခန့်ရှိပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်သာ အပါအ၀င် အစိုးရခန့် ဆရာ/မ (၄) ဦးနှင့် ရွာခန့် ဆရာတစ်ဦး ရှိသည်။

အစိုးရခန့် ဆရာ/မ များသည် တစ်ပတ်လျှင် နှစ်ရက် သုံးရက်ခန့်သာ ကျောင်းတက်သည့် အပြင် တက်သည့်နေ့များတွင်လည်း မွန်းတည့် ၁၂ နာရီတွင် ကျောင်းသို့ လာရောက်ပြီး မွန်းလွှဲ ၁ နာရီတွင် ကျောင်းမှ ပြန်သွားကြောင်း၊ ဆရာ/မများ ကျောင်းတက် ပျက်ကွက်သည့်နေ့များ အတွက် ကျောင်းအုပ်ကြီးက လစာငွေမှ ဝေစုရနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဇူလိုင်လ (၁၁) ရက်နေ့တွင် မြို့နယ် ပညာရေးမှူး ဦးဆောင်သည့် စစ်ဆေးရေး အဖွဲ့က ကျောင်းသို့ လာရောက် စစ်ဆေးသည့် အချိန်တွင် အစိုးရခန့် ဆရာ/မ များ ကျောင်းတက်ရန် ပျက်ကွက်သည့် လေ့လာ သိရှိသွားခဲ့ကြောင်း၊ သို့သော်လည်း စစ်ဆေးရေး အဖွဲ့ လာရောက်တိုင်း ကျောင်းအုပ်ကြီးက ဆရာ/မများဘက်မှ ရပ်တည်ပြီး ဖြေရှင်း ပေးကြောင်း သိရှိရသည်။
ကျောင်းသား ဦးရေ ၂၀၀၀ ခန့်ရှိသည့် အဆိုပါ မူလတန်းလွန်ကျောင်းတွင် ကျောင်းဆရာ/မ လုံလောက်မှု မရှိ၍ ရွာသူရွာသားများ၏ ထောက်ပံ့မှုဖြင့် လုပ်အားပေး ဆရာတစ်ဦးကို စေတနာ့ လစာ ၄ သောင်းကျပ်ဖြင့် ခန့်အပ်ထားသည်။

သူငယ်တန်း များကို သင်တန်းဆင်း ဆရာမများက သင်ကြားပေးခြင်း မရှိဘဲ ရွာခန့် ဆရာဖြစ်သူကိုသာ သင်ကြားပေးစေခြင်း ဖြစ်သည်။



Rohingya Eye
RB News
30.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးနှင့် ရာအိမ်မှူး ဦးဖွေယာစ် (ဘ) ဦးဖော်ဇော်လ်ကော်ရီးမ် (အသက် ၅၀ နှစ်) တို့သည် မောင်တူလာ ကျေးရွာအတွင်းရှိ အိမ်ခြေ (၁၀၀) ကျော်မှ အိမ်ခြေ (၇၀) မှ အိမ်ရှင်များကို ၃ ရက် တစ်ကြိမ် ကင်းစောင့်ခိုင်းပြီး၊ ကျန်သည့် အိမ်ခြေ (၃၀) ကျော်မှ လစဉ် ငွေကျပ် ၅ သောင်းကျော် ယူ၍ ကင်းမစောင့်ခိုင်းကြောင်း ဒေသခံများက  RB News  သို့ပြောသည်။

မောင်တူလာ ကျေးရွာအတွင်းရှိ ရွာသား အများစုမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သဖြင့် ညပိုင်းတွင် ငါးဖမ်းရသဖြင့် ကင်းစောင့်ရသည့် တာဝန်ကို ပုံမှန် ကျေပွန်နိုင်ခြင်း မရှိသည့် အတွက် ရွာသားအချို့ကို အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ပြီး ရိုက်နှက် ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဟာနီဖာ (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၅ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၂) ဦးအာနီစူရာဟ်မန် (ဘ) ဦးအာရှော်ရော်ဖ် (အသက် ၂၅ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၃) ဦးအဒူလ္လာ (ဘ) ဦးဟာဘီဇူလ္လာ (အသက် ၂၇ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၄) ဦးဆွေယာဒ်ဒူလ္လာ (အသက် ၂၈ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူ ၄ ဦးမှာ ငွေကြေးတတ်နိုင်သူများ မဟုတ်ဘဲ၊ ငွေကြေး ဆင်းရဲသူများ ဖြစ်သောကြောင့် ပိုင်ဆိုင်မှုများကို ရောင်းချ၍ အုပ်ချုပ်ရေးမှူး ညှစ်သည့် ငွေကို ပေးခဲ့ရသူများ ဖြစ်သည်။

အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ငွေညှစ်ခြင်းမှာ ဥပဒေမဲ့ မတရားသဖြင့် ညှစ်ယူခြင်း ဖြစ်သဖြင့် တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူပေး ပါရန် ဒေသခံများက တောင်းဆိုနေကြသည်။



အသတ်ခံရသည့် မော်လ၀ီ အာနီစူရာဟ်မာန်

သို့/

ဦးထင်​​ကျော်
နိုင်​ငံ​တော်​သမ္မတ
သမ္မတရုံး၊ ​နေပြည်​​တော်​။

ရက်​စွဲ ။ ။ ၂၀၀၆ ခုနှစ်​၊ ဇူလိုင်​လ (၃၀) ရက်

အ​ကြောင်းအရာ ။ ။ လူငယ်​ ဘာသာ​ရေး ဆရာ တစ်​ဦးကို လူမဆန်​စွာ ညှဉ်းပန်း နှိပ်​စက်​၍ သတ်​ဖြတ်​ခဲ့သည့် နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ကို​ အ​ရေးယူ​ပေးပါရန်​ တိုင်​ကြားခြင်း။

လေးစားစွာဖြင့်

၁။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​​ တောင်​ပိုင်း၊ ပဒင်း​ကျေးရွာ အ​ခြေစိုက်​၊ မကျည်း​ချောင်း နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်းမှ နယ်​ခြား​စောင့်​ရဲ များသည် ၂၀၁၆ ခုနှစ်​ ဇူလိုင်လ (၅) ရက်နေ့၊ ညသန်း​ခေါင်​​ကျော်​ (၁) နာရီခန့်​အချိန်​တွင်​ ​ဂေါ်ဒူသာရ​ကျေးရွာ​မှ လူငယ်​ ဘာသာ​ရေးဆရာ မော်လဝီအာနီစူရာဟ်မာန် (ဘ) မော်လဝီဆီးရာစ် (အသက် ၂၂ နှစ်) ၏ ​နေအိမ်​ကို စီးနင်းဝင်​​ရောက်၍ တစ်​အိမ်​လုံးကို ပိုက်​စပ်​တိုက်​ရှာ​ဖွေခဲ့ပြီး ​ဥပ​ဒေနှင့်​ ဆန့်​ကျင်​​သော အရာတစ်ခုမှ မ​တွေ့ရှိခဲ့​သော်​လည်း ၎င်းကို RSO နှင့်​ အဆက်​အသွယ်​ ရှိသည်​ဟု စွပ်စွဲ၍ ဖမ်းဆီး ​ခေါ်​ဆောင်​သွားခဲ့ပါသည်​။ ထို့​နောက်​ မကျည်း​ချောင်း စခန်းမှ နယ်​ခြား​စောင့်​ရဲများက မော်လဝီအာနီစူရာဟ်မာန်ကို တစ်​ညလုံး ရိုက်​နှက်​၍ စစ်​​ဆေးခဲ့​​သော်​လည်း မော်လဝီအာနီစူရာဟ်မာန်က ၎င်းသည်​ မည်​သည့်​ အဖွဲ့အစည်းနှင့်​မှ ဆက်​နွယ်​ ပတ်​သက်​​နေမှု မရှိပါဟု အမှန်​အတိုင်း ​ဖြေဆိုခဲ့ပါသည်​။ ထို့​နောက်​ မကျည်း​ချောင်း စခန်းမှူးက ၎င်းကို ​ငွေကျပ်​ သိန်း (၅၀) ​ပေးလျှင်​ လွှတ်​​ပေးမည်​ဟု ​ပြောဆိုခဲ့​သော်​လည်း မော်လဝီအာနီစူရာဟ်မာန်က ၎င်းတွင် ဤမျှ များပြားသည့် ငွေကြေး မတတ်နိုင်ဟု ဆိုကာ ​​ငွေပေးရန်​ ငြင်းဆန်​ခဲ့သည်​။ ထို့​ကြောင့်​ ​​နောက်​တစ်​​နေ့တွင်​ မော်လဝီအာနီစူရာဟ်မာန်ကို မကျည်း​ချောင်းစခန်းမှ (၄) မိုင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်းသို့ လွှဲ​ပြောင်း​ပေးခဲ့သည်​။

၂။ (၄) မိုင် နယ်​ခြား​စောင့်​စခန်းမှ ရဲများကလည်း မော်လဝီအာနီစူရာဟ်မာန်ကို အလွန်​တရား ညှဉ်းပန်းနှိပ်​စက်​ပြီး စစ်​​ဆေးခဲ့​သော်​လည်း ၎င်းက မည်​သည့်​အဖွဲ့နှင့်​မှ ဆက်​နွယ်​ ပတ်​သက်​​နေခြင်း မရှိဟု အမှန်​အတိုင်းသာ ထွက်​ဆို ​ခဲ့သော်​လည်း ၎င်းကို အဆိုပါ (၄) မိုင်​ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့စခန်းမှ ရဲအုပ်​တစ်​ဦးက တရားလိုပြု၍ ဇူလိုင်​လ (၆) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​ တရားရုံးသို့ တင်​ပြီး ရမန်​ရယူကာ ဘူးသီး​တောင်​ အကျဉ်း​ထောင်သို့ ပို့​ဆောင်​၍ ချုပ်​​နှောင်​ ထားခဲ့ပါသည်​။

၃။ ​ထို့​နောက်​​ မော်လဝီအာနီစူရာဟ်မာန်ကို RSO နှင့်​ ဆက်​နွယ်​ ပတ်​သက်​မှု၊ လူသတ်​မှု၊ ၂၀၁၂ အ​ရေးအခင်းတွင်​ ပါဝင်​ခဲ့မှု စသည့်​ ပုဒ်​မများဖြင့်​ ဇူလိုင်​လ (၂၀) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​ တရားရုံး၌ စစ်​​ဆေးခဲ့ပါသည်​။ သို့​သော်​လည်း တရားသူကြီးက တရားခံနှင့်​ တရားလို တို့ကို အပြန်​အလှန်​ စစ်​​ဆေးသောအခါ တရားလို ရဲအုပ်​၏ စွပ်​စွဲမှုများ မမှန်​ကန်​​ကြောင်း ​တွေ့ရှိရသဖြင့်​ ဇူလိုင်​လ (၂၉) ရက်​​နေ့တွင်​ ထပ်မံ၍ ရုံးချိန်းချိန်းဆိုခဲ့သည်​။ ထို့​နောက်​ တရားလိုလုပ်​သူ ရဲအုပ်​က မော်လဝီအာနီစူရာဟ်မာန်ကို ဘူးသီး​တောင်​ အကျဉ်း​ထောင်​သို့ မပို့​ဆောင်​ဘဲ (၄) မိုင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်း၌ ချုပ်​​နှောင်​ထားပြီး စွပ်​စွဲထားချက်​များကို ဝန်​ခံလာ​အောင်​​ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်​စက်​၍ စစ်​​ဆေးခဲ့​သော်​လည်း မမှန်​သည့်​ စွပ်​စွဲချက်​များကို မော်လဝီအာနီစူရာဟ်မာန်က ဝန်​ခံခြင်း အလျဉ်းမရှိခဲ့​ပေ။

၎။ တရားလို ရဲအုပ်​သည်​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​ကို ဆင့်​​ခေါ်၍ ၎င်း၏ သားကို​ စွပ်​စွဲထားသည့်​ အမှုများကို ​ဖယ်​ဖျက်​ပြီး BD ​ပြေး ပုဒ်​မ တစ်​ခုတည်းဖြင့်​သာ အမှု​ပေါ့​လျော့အောင် လုပ်​​ပေးမည်​ဟု ဆိုကာ ​ငွေသိန်း (၅၀)​ တောင်းခံခဲ့ပြီး မိခင်ဖြစ်​သူကလည်း သားဖြစ်သူ ညှဉ်းပန်းနှိပ်စက် ခံ​နေရမှုဒဏ်​ကို မကြည့်​ရက်​သည့်​အဆုံး ​ဆွေးမျိုးသားချင်း များထံမှ ​ချေးယူ၍ ​ငွေကျပ်​ သိန်း (၄၀) ​ကျော်​​ ​ပေးခဲ့​ကြောင်းလည်း စုံစမ်းသိရှိရပါသည်​။ ထို့​နောက်​ အဆိုပါ တရားလိုပြုလုပ်​​နေသူ ရဲအုပ်​က ဂေါ်ဒူသာရ ​ကျေးရွာတာဝန်​ခံကို ဆင့်​​ခေါ်၍ မော်လဝီအာနီစူရာဟ်မာန်သည်​ BD ပြေး (ဘင်္ဂလား​ဒေရှ့်​ သို့ ထွက်​​ပြေးခဲ့သူ) တစ်​ဦးဖြစ်​​သည်​မှာ မှန်​ကန်​ကြောင်းဟု ဆို၍ ​ထောက်​ခံ​ပေးရန်​ ဖိအား​ပေးခဲ့သဖြင့်​ ​ကျေးရွာတာဝန်​ခံကလည်း ရဲအုပ်​၏ ဖိအား​ပေးမှုကို မခံနိုင်​သည့်​အဆုံး ​ထောက်​ခံ​ပေးခဲ့​ရသည်​။

၅။ သို့​သော်​ ဇူလိုင်​လ (၂၈) ရက်​ညတွင်​ ​ မော်လဝီအာနီစူရာဟ်မာန်သည်​ (၄)​ မိုင်​စခန်းမှ နယ်ခြားစောင့်ရဲများ၏ အလွန်​တရာ လူမဆန်​စွာ ညှဉ်းပန်းမှု​ကြောင့်​ သေဆုံးသွားခဲ့ရသည်။ (၄) မိုင်​စခန်းမှ နယ်​ခြား​စောင့်​ရဲများသည် ဇူလိုင်​လ (၂၉) ရက်​​နေ့၊ နံနက်ပိုင်း အချိန်​တွင်​ မော်လ၀ီအာနီစူရာဟ်မာန်၏ ရုပ်ကလာပ်ကို ​မောင်​​တောပြည်​သူ့​ဆေးရုံသို့ ယူ​ဆောင်​လာပြီး မိသားစုဝင်​များကို ​သတင်း​ပေး ခေါ်ခဲ့သဖြင့်​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​​သည်​ ​ဆေးရုံသို့ အ​ပြေးအလွှားရောက်​လာချိန်​တွင်​ တရားလိုလုပ်​ခဲ့သူ ရဲအုပ်​ဖြစ်​သူက​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​​ကို ၎င်း၏ သားသည်​ ညအချိန်​တွင်​ ကိုယ့်​ကိုကိုယ်​ အဆုံးစီရင်​ သွားခြင်းသာဖြစ်​၍ ၎င်းတို့မှာ မည်​သည့်​ တာဝန်​မှ မရှိ​ကြောင်း၊ ဤကိစ္စကို ဌာနဆိုင်ရာသို့ သွား၍ တိုင်​ကြားခြင်း မပြုလုပ်​ရန်နှင့်​ အကယ်​၍ ထိုကဲ့သို့ တိုင်​ကြားခဲ့လျှင်​ သင့်​ကိုပါ သတ်​ဖြတ်​မည်​ဟု ခြိမ်း​ခြောက်ခဲ့ပါသည်​။ အမှန်​တကယ်​တွင်​မှု ရင်​နှစ်​သည်းချာ သား​လေးအသတ်​ခံရ၍ ပူ​ဆွေး​သောက ​ရောက်​​နေမည့်​ မိခင်​တစ်​ဦးကို ​လျော်​​ကြေး​ပေး နှစ်​သိမ့်​​ပေးရမည့်​အစား အပြန်​ ခြိမ်း​ခြောက်​​နေခဲ့မှုသည်​ အလွန်​ပင်​ ရုပ်​ဆိုးအကျည်းတန်​​သော လုပ်​ရပ်​ပင်​ ဖြစ်​​သည်​ဟု ထင်​မြင်​ပါသည်​။

မော်လဝီအာနီစူရာဟ်မာန်​သည်​ လွန်​ခဲ့​သော တစ်​နှစ်​ခွဲ​ကျော်​က အိမ်​​ထောင်​ကျခဲ့သူဖြစ်​ပြီး အမွှာပူး သားနှစ်​ဦး ​ထွန်းကားခဲ့သည်။ ၎င်း၏ ဖခင်​မှာ လွန်​ခဲ့​သော ၃ နှစ်​​ကျော်​ခန့်​က ကွယ်​လွန်​သွားခဲ့ပြီး ၎င်းတွင်​ အားကိုးစရာ ဟူ၍ မိခင်​တစ်​ဦးတည်းသာ ရှိ​နေပါသည်​။
ဆေးရုံတွင်​ ရုပ်​က​လာပ်​ကို ခွဲစိတ်​ပြီးချိန်​၌ မိခင်​ဖြစ်​သူက ၎င်း၏ သားကို မိမိ​ကျေးရွာသို့ ယူ​ဆောင်​သွားပြီး သဂြိုလ်​ခွင့်​ပြုပါရန်​ နယ်​ခြား​စောင့်​ရဲများကို ခယစွာ ​တောင်းပန်​ပြီး ​ပြောဆိုခဲ့​သော်​လည်း နယ်​ခြား​စောင့်​ရဲများက ရုပ်​အ​လောင်းကို မိခင်​ကျေးရွာသို့ ယူ​ဆောင်​ခွင့်​ မ​ပေးခဲ့သည့်​အပြင်​ ရုပ်​ကလာပ်ကို​ အစ္စလာမ်​ဘာသာ​ရေး တရား​တော်​အရ ​ရေးချိုး​ပေးရသည့်​ အခွင့်​မျိုးကို​တောင်​ လုပ်​​ပေးခွင့်​ မ​ပေးဘဲ ည​နေ (၄) နာရီအချိန်​တွင်​ ​မောင်​​တောပြည်​သူ့​ဆေးရုံနှင့်​ နီးစပ်​သည့်​ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ တောင်ရွာဗလီ သင်္ချိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များစွာက လုံခြုံရေးတင်းကျပ်​စွာ ချထားပြီး အတင်းအဓမ္မ သဂြိုလ်​ခိုင်းခဲ့ပါသည်​။

၆။ အသတ်​ခံရသူ၏ ရုပ်​ကလာပ်​ကို အနီးစပ်​ဆုံး မြင်​လိုက်​ရသူ အချို့၏ ​ပြောပြချက်​အရ အသတ်​ခံရသူ၏ ခန္ဓာကိုယ်​​ပေါ်တွင်​ များစွာ​သော ဒဏ်​ရာဒဏ်​ချက်​များ အထင်းသား​ ပေါ်လွင်​​နေ​ကြောင်း၊ ​ခြေကျင်းဝတ်​ကို ဓားဖြင့်​ ခြစ်​​ထားကြောင်း၊ လည်ပင်းတွင်​ ကြိုးစွပ်ပေးထားသလို အနာတရ ဖြစ်​​နေ​ကြောင်း စသည်​တို့ကို ​တွေ့ရှိရသည်​ဟု သိရှိရပါသည်​။

၇။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌် NVC ကဒ်နှင့် ပတ်သက်ပြီး ဇွန်လ(၂၀) ရက်နေ့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးက ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများထံက ငွေညှစ်ခြင်း၊ အနှောက်အယှက် ပေးခြင်း များရှိခဲ့လျှင် ၎င်းထံ တိုက်ရိုက်တင်ပြရန်နှင့် ထိုသို့ တင်ပြခဲ့လျှင် အမြန်ဆုံး အရေးယူပေးမည် ဖြစ်ကြောင်း စသည် တို့ကို ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်တို့ အဖွဲ့နှင့် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ မြို့မိမြို့ဖ (၁၀၀) ဦးခန့်တို့၏ ရှေ့မှောက်တွင် အတိအလင်း ပြောကြားခဲ့သော်လည်း အဆိုပါ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးကိုယ်​တိုင်​က ​၎င်း၏ လက်​​အောက်​ခံ တပ်​သားများကို မည်​သို့မျှဆုံးမ​ပေးခဲ့ခြင်း မရှိသည့်​အပြင်​ ပြည်​သူများကို ပို၍ပင်​ နှိပ်​စက်​​နေရန်​ ​နောက်​ကွယ်​က လမ်းညွှန်​ထားဟန်​ ရှိပါသည်။ လွန်​ခဲ့​သော ဇွန်လ (၂၂) ရက်နေ့ ကလည်း အဆိုပါ အမှတ်​(၁) နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့၏ လက်​​အောက်​ခံစခန်းဖြစ်​​သော P.O.E စခန်းမှ နယ်​ခြား​စောင့်​ရဲများက တံငါးသည်​တစ်​ဦးကို အ​ကြောင်းမဲ့ သတ်​ဖြတ်​ခဲ့ပါသည်​။ ၎င်းဖြစ်​စဉ်​နှင့်​ ပတ်​သက်​၍ ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်ထံ လိပ်​မူ၍ တိုင်​ကြားစာ ​ရေးခဲ့​သော်​လည်း ကျူးလွန်​သူကို မည်​သို့မျှ အ​ရေးယူခဲ့ခြင်း မရှိ​ပေ။ [အဆိုပါ တိုင်​ကြားစာမှာ - http://bit.ly/2aGWBCa ]
ထို့အပြင် ကွပ်ကဲရေးမှူးတစ်ဦးထံသို့ ကိုယ်တိုင်သွားရောက်ပြီး မိမိတို့ ခံခဲ့ရမှုကို အသိပေး တိုင်ကြားရေးသည် ဒေသခံ ပြည်သူများအတွက် လုပ်ဆောင်ရန် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်၍ ပြည်သူများအနေဖြင့် နယ်ခြားစောင့်ရဲတပ်​ဖွဲ့ဝင်​များ အပါအဝင် ဒေသခံအာဏာပိုင်များ၏ မတရားသဖြင့် ဥပဒေမဲ့ ဆန်ဆန် ကျူးလွန်နေသည့် ဖြစ်ရပ်များကို RB News ကဲ့သို့ မီဒီယာမှတဆင့်နှင့်​ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်များ၏ ရုံး E-Mail သို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ တင်ပြ ပို့​ပေး၍ အသိပေးတိုင်ကြားခြင်း ဖြစ်ပါသည်။

၈။ ယခုအချိန်​ကာလသည်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည် ​ဦး​ဆောင်​​၍ ရခိုင်​ပြည်​နယ်​ ဖွံ့ဖြိုး​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ကော်​မတီ ဖွဲ့စည်းပြီး ​ဆောင်​ရွက်​​နေချိန်​၌ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့များ၏ ဤကဲ့သို့ ဥပ​ဒေမဲ့ ​သောင်းကျန်း​နေမှု၊ အပြစ်​မဲ့ပြည်​သူများကို ​ငွေညှစ်​ရန်​ ရည်​ရွယ်​၍ ဖမ်းဆီးပြီး မဟုတ်​မတရား ပုဒ်​မတပ်၍ ​ငွေမ​ပေးနိုင်​လျှင်​ သတ်​ဖြတ်​​နေသည့်​အထိ ညှဉ်းပန်းနှိပ်​စက်​​နေမှုများသည်​ ထို​ကော်​မတီ၏ ငြိမ်းချမ်း​ရေးလုပ်​ငန်းစဉ်​များ ပျက်​ပြားသွား​အောင်​ တမင်​ရည်​ရွယ်​၍ ​သောင်းကျန်း​ နေဟန်​ရှိသည်​ဟု ယူဆရပါသည်​။

အနီးစပ်​သုံး သုံးသပ်​ကြည့်​လျှင်​ တရားခံအဖြစ်​ စွပ်​စွဲ၍ ဖမ်းဆီး​နေသူတစ်​ဦးကို ပြစ်​မှုထင်​ရှားလျှင်​ တည်​ဆဲဥပ​ဒေအရ တိုက်​တန်​သည့်​ ပြစ်​ဒဏ်​​ပေးရမည်​ ဖြစ်​​သော်​လည်း မမှန်​မကန်​စွပ်​စွဲမှုများကို ဝန်​မခံ၍ အသက်​ပါ ဆုံးပါးသွား​အောင်​ထိ ညှဉ်းပန်း​နှိပ်​စက်​တတ်​သည့်​ နိုင်​ငံ့ဝန်​ထမ်းများ၏ လုပ်​ရပ်​ဆိုးများသည်​ ဒီမိုက​ရေစီသို့ ငြိမ်းချမ်းစွာ ချီတက်​​နေသည့်​ ကျ​နော်​များ ပြည်​​ထောင်​စုမြန်​မာနိုင်​ငံ​တော်​၏ ​နောင်​​ရေးအတွက်​ အလွန်​ပင်​ အဟန့်​အထား ပြုလုပ်​​ပေးရာ ​ရောက်​ပါသည်​ဟု ယုံကြည်​ပါသည်​။

သို့ဖြစ်​ပါ၍ နိုင်​ငံ​တော်​ သမ္မတကြီးအ​နေဖြင့်​ အပြစ်​မဲ့ ပြည်​သူများကို မညှာမတာ ညှဉ်းပန်းနှိပ်​စက်​၍ သတ်​ဖြတ်​မှုများ ကျူးလွန်​​နေ​သော နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ဝင်​ များကို ထိထိ​ရောက်​​ရောက်​ အ​ရေးယူပေးပါရန်​နှင့်​ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ လက်အောက်ခံ ကင်းစခန်းများ၏ ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် ညှဉ်းပန်း နှိပ်စက် ရက်စက်နေမှု၊ ကင်းစခန်းဖြတ်ကျော်ခများ အဖြစ်​ ​ငွေ​ကြေး ကောက်ခံနေမှုများအပြင် အောက်ခြေအာဏာပိုင်များ၏ ပြည်သူများအပေါ် ဥပဒေမဲ့ ပေါ်ပေါ်တင်တင် ညှဉ်းပန်းနှိပ်စက်နေမှု စသည်တို့ကို အရေးမယူဘဲရှိနေသည့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးကိုလည်း လိုအပ်သလို ညွှန်ကြားချက်ပေးပါရန် အသတ်ခံခဲ့ရသူများကိုယ်​စား ကျွန်ုပ်တို့ မောင်တောခရိုင်​မှ ဒေသခံပြည်သူများက လေးစားစွာ တိုင်ကြားအပ်ပါသည်။



မောင်တောခရိုင်​မှ ဒေသခံပြည်သူများ



မိတ္တူကို -

၁။ နိုင်​ငံ​တော်၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ရုံး
၂။ ရခိုင်​ပြည်​နယ်​ ဖွံ့ဖြိုးတိုးတက်​​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ဖော်​​ဆောင်​​ရေး ​ကော်​မတီရုံး
၃။ ပြည်​ထဲ​ရေးဝန်​ကြီးဌာန
၎။ ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​ရုံး


Rohingya Eye
RB News
29.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း နယ်မြေ (၉) တာဝန်ခံ ရဲမှူးသည် ဇူလိုင်လ (၂၂) ရက်နေ့မှ စ၍ ငါးဖမ်းစက်လှေများကို ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွင့် ပိတ်ပင်ခဲ့သည်။ ၎င်းက တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများ ၀င်ရောက်လာမည်ဟု သတင်းရထားသည်ဟု ဆိုကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ပင်လယ်ပြင်တွင် ငါးများများ ရနိုင်မည့်နေ့ကို ရွေး၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး၊ ယခင်ကလည်း ရာသီဥတု အခြေအနေကို ကြည့်၍ ငါးများများ ဖမ်းနိုင်မည့် အချိန်များတွင် ပိတ်ပင်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

အင်းဒင်အခြေစိုက် နယ်မြေ (၉) လက်အောက်ခံ ကျေးရွာများ ဖြစ်ကြသည့် ကျောက်ပန္ဒူ၊ ခလုံး၊ အင်းဒင်၊ ခွချောင်း၊ ကိုးတန်ကောက်၊ ရှီလ်ခါလီ စသည့် ကျေးရွာများမှ ငါးဖမ်းစက်လှေများ ငါးဖမ်းခွင့် ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာများမှာ ငါးဖမ်းစက်လှေများ ငါးဖမ်းခွင့် အတွက် တစ်လလျှင် ငွေကျပ် ၃ သောင်း ပေးသွင်းရသည့် အပြင်၊ ငါးဖမ်းရန် တစ်ကြိမ် ထွက်ခွာတိုင်း အင်းဒင်မှ နယ်မြေ စခန်းသို့ ငွေကျပ် တစ်သောင်း၊ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ငွေကျပ် နှစ်ထောင်စီ ပေးသွင်းရသည်။ 

ထိုကဲ့သို့ ပုံမှန်ပေးသွင်း နေသည့်ကြားမှပင် ငါးဖမ်းခွင့် ပိတ်ပင်ခြင်းမှာ ဒေသခံ ရိုဟင်ဂျာများ အလုပ်လက်မဲ့ ဖြစ်စေရန် တမင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ငါးဖမ်းစက်လှေ တစ်စီး ငါးလုပ်သား (၈) ဦး လိုက်ပါ၍ အသက်မွေးဝမ်းကျောင်း ပြုကြသည်။

ယခုအခါ ဇူလိုင်လ (၂၇) ရက်နေ့မှစ၍ အင်းဒင် နယ်မြေ စခန်းမှ ရဲမှူးကို ငါးဖမ်းစက်လှေ တစ်စီးလျှင် ငွေကျပ် ၃ သောင်းစီ ပေး၍ ငါးဖမ်းခွင့် ပြန်လည် ရယူလျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။ ယခုကဲ့သို့ ပေးနေရခြင်းမှာလည်း အဆမတန် ဖြစ်သဖြင့် လုပ်ကိုင်စားသောက်ရန် လွယ်ကူတော့မည် မဟုတ်ဟု ဆိုသည်။ 


MYARF
RB News
28.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒုအိုးသည်မ ကျေးရွာမှ ဦးဘော်ရှိရ်အာမတ် (ဘ) ဦးရှီကာန်ဒေါရ် (အသက် ၄၁ နှစ်) နှင့် ယင်းကျေးရွာမှ ဦးရှော်ရိပ် (ဘ) ဦးမော်ဂုလ်အာမတ် တို့သည် ဇူလိုင်လ (၂၀) ရက်နေ့တွင် အချင်းချင်း စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးမာမတ်အလီက ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ချဲ့ကားပြီး အကြောင်းကြားခဲ့သည်။


ထို့နောက် ဇူလိုင်လ (၂၃) ရက်နေ့တွင် ညောင်ချောင်းစခန်းမှ ဦးဘော်ရှိရ်အာမတ်ကို ဆင့်ခေါ်စာ ပို့၍ ဆင့်ခေါ်ပြီး ချုပ်နှောင် ထိန်းသိမ်း ထားခဲ့သည်။ ကျေးရွာ ရပ်မိရပ်ဖ နှစ်ဦးက အာမခံ၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ဇူလိုင်လ (၂၄) ရက်နေ့တွင် ငွေကျပ် ၄ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။


Rohingya Exodus