နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
15.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုတပ်ကြပ် ဆရာချေ အပါအ၀င် (၃) ဦးနှင့် ဖောင်တော်ပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဆရာစိုးဝင်း ဆိုသူ တို့သည် သြဂုတ်လ (၁၂) ရက်နေ့ နံနက် (၁၁) နာရီခန့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာရောဖ် မှတဆင့် ဆင့်ခေါ်ခဲ့သည်။ ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆက်အသွယ် ရရှိရန် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူးက ချိတ်ဆက်ပေးခဲ့သည်။

ဒေသခံ ရိုဟင်ဂျာနှစ်ဦးမှာ မောင်နုရွာမှ ဦးဟာရွန် (ဘ) ဦးနူရ်အစ္စလာမ်နှင့် ဦးမာမတ်ဆော်လိမ် (ဘ) ဦးကာလူ တို့ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖောင်တော်ပြင် ဈေးထဲရှိ ဦးကေဖာယောတုလ္လာ၏ လဘက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင် သွားပြီး လူအများ ရှေ့မှောက်တွင် ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း၊ လူမျိုး ဘာသာ ခွဲခြား၍ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဦးမာမတ်ဟာရွန် ထံမှ ငွေကျပ် ၅ သောင်းနှင့် ဦးမာမတ်ဆော်လိမ် ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ေ

ငွေညှစ်ခံရသူနှစ်ဦးက ငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းထံ လိပ်မူ၍ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရှိရသည်။


MYARF
RB News
15.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဒုအိုးသည်မ ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအီနုစ်သည် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးနှင့် ပူးပေါင်း၍ ဒေသခံ ရွာသားများထံမှ ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၂) ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် ဒုအိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးနှင့် ပူးေါပင်း၍ ညောင်ချောင်း ကျေးရွာအုပ်စု ဘော်လီ - ၂ ရွာသို့ BD ပြေး တရားခံ လိုက်လံရှာဖွေ ဖမ်းဆီးရန်ဟု ဆိုကာ ရောက်ရှိလာခဲ့သည်။ 

ထို့နောက် အောက်ပါ ရိုဟင်ဂျာ ရွာသားများ နေအိမ်များသို့ စီးဝင်၍ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်း မရှိသူများကို အကြောင်းမဲ့ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားရန် ပြုလုပ်ပြီး ငွေကျပ် တစ်သိန်းခွဲစီ ပေးပါက ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူ (၃) ဦးက စခန်းသို့ ရောက်သွားလျှင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းခွဲစီ ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ (၃) ဦးမှာ -- (၁) အဒူလ္လာ (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၂၅ နှစ်)၊ (၂) အဒူလ္လာ (ဘ) ဦးဟာမန်ဖိုရို (အသက် ၃၀ နှစ်) နှင့် (၃) ဦးအာရှော်အလီ (ဘ) ဦးဆုလ်တာန် (အသက် ၄၀ နှစ်) တို့ဖြစ်သည်။ 

ယခုလ နောက်ဆုံးပတ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးကောက် တင်မြှောက်ရန် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်လျက် ရှိရာ လက်ရှိ အုပ်ချုပ်ရေးမှူးက တရားခံများကို ဖမ်းဆီးနိုင်ရေးဟု ခေါင်းစဉ်တပ်ပြီး နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်းကာ မရှိဆင်းရဲသည့် ရွာသားများ၏ နေအိမ်များသို့ ညအချိန်မတော် ၀င်ရောက်၍ အမျိုးမျိုး လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် အပြင် ငွေညှစ်ပြီးနောက် ငွေညှစ်ခံရသူများကို စာရွက်အလွတ် ပေါ်တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
15.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မဈေးကြီးတွင် ဘီးခွန် ကောက်ခံနေသည်ဟု သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် ရွက်ညိုတောင် ကျေးရွာမှ ဦးရာမတ်အုလ္လာ (ဘ) ဦးဆွေယောတဒ်အုလ္လာသည် ဘူးသီးတောင် နယ်ပိုင်းမှ မြို့မဈေးသို့ ဈေးဝယ်ရန်၊ ဆေးဝါးကုသမှု ခံယူရန်နှင့် အခြားကိစ္စများဖြင့် ရောက်လာကြသော ရိုဟင်ဂျာများ၏ စက်လှေများ လှောင်းလှေများမှ အခွန်များကို ယခင် ဆယ်စုနှစ်ကတည်းကပင် ကောက်ခံလျက် ရှိသည်။ 

ယခုအခါ ၎င်းသည် ဘူးသီးတောင် မြို့နယ် အမှတ် (၃) ရပ်ကွက်မှ မောင်ခင်သိန်း ဆိုသူနှင့် ပူးပေါင်း၍ ဘူးသီးတောင် အခြေစိုက် စစ်ဗျူဟာရုံးမှ လိုင်စင် ရယူခဲ့သည်ဟု ဆိုကာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များမှ ဘီးခွန် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဘီးခွန်များကို သြဂုတ်လ (၁၂) ရက်နေ့မှ စ၍ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကားတစ်စီးလျှင် (သုံးဘီးယာဉ် အပါအ၀င်) ငွေကျပ် ၁၀၀၀၊ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံနေပြီး၊ ဘူးသီးတောင် မြို့မဈေးသို့ ရောက်လာသည့် မော်တော်ဆိုင်ကယ် ၂၀၀ ကျော်ရှိသည်ဟု သိရသည်။


တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ရေးရာဌာန ၀က်ဘ်ဆိုက် မှာ ဖေါ်ပြ ထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဝန်ကြီး Mr. Song Tao တို့ တွေ့ဆုံနေပုံ။

မအင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
14.8.2016

မြန်မာနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီးက စစ်အစိုးရ ခေါင်းဆောင်းဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် တွေ့ဆုံခဲ့တာဟာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသေးတယ် ဆိုတာကို တရုတ်ကွန်မြူနစ် ပါတီက အသိအမှတ်ပြုောရောက်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

လက်ရှိမြန်မာ နိုင်ငံရဲ့ အသွင် ကူးပြောင်းရေး အခြေအနေ တိုးတက်မှုဟာ အရေးကြီးဆုံးအဆင့်မှာ ရောက်ရှိနေကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှု အတွေ့ အကြုံတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် လေ့လာဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တွေဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံကို သြဂုတ်လ (၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီရဲ့ နိုင်ငံ တကာရေးရာဌာန ဝန်ကြီး Mr. Song Tao ဟာ သြဂုတ်လ (၁၁)ရက်နေ့ က နေပြည်တော်မှာ စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက်တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်ဖွံ့ဖြိုးအောင် တရုတ်နိုင်ငံဟာ နှစ်ပေါင်း များစွာ ကူညီပံပိုးပေးခဲ့တဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ တရုတ်ကွန်မြူနစ် ပါတီရဲ့ နိုင်ငံ တကာရေးရာဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ ကဏ္ဍပေါင်းစုံမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာဖို့နဲ့ တရုတ်ရဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ တွေကိုလည်း မြန်မာအနေနဲ့ နောက်ထပ် လေ့လာဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါအပြင်မြန်မာနိုင်ငံမှာ လက်ရှိအသွင်ကူးပြောင်းရေးအခြေအနေ တိုးတက်မှုဟာ အရေးကြီးတဲ့ အဆင့်မှာ ရောက်နေကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ နိုင်ငံရေး အင်အားစု အသီးသီးနဲ့ ဆက်လက်ပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံတဲ့အပေါ်မှာ သူ့အနေ နဲ့လေးစား မိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။



မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီတွေ့ဆုံမှု ဟာ မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အရေး ပါမှုကို တရုတ်ဘက်က တရားဝင်အသိအမှတ် ပြုလိုက်တဲ့သဘောဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ အခုလို သုံးသပ်ခဲ့ပါတယ်။

“ အဓိကတော့ပေါ့လေ တရုတ်နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ် နိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အခန်းကဏ္ဍ ဟာ တော်တော် အရေးပါတဲ့ အနေအထားမှာ ရှိတယ်ဆိုတာကို တရုတ်ကွန်မြူနစ် ပါတီအနေနဲ့ တရားဝင် အသိမှတ်ပြုလိုက်တဲ့ သဘောမျိုးလည်း သက်ရောက်နေ တယ် လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ အယ် နောက်ပြီးတော့ အခုနောက် ပိုင်းမှာ ဒီတရုတ် ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင် တဦးကို ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေက တွေ့ဆုံတာဟာ ဒါသူ့အတွက်လဲပဲ ဒါ ပထမဆုံးပေါ့လေ ၊ နိုင်ငံခြား ဧည့်သည်တဦးကို လက်ခံတွေ့ဆုံတာပဲ။ အဲဒီ အပြင် အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက် ပြီးတော့၊ တရုတ်ကွန်မြူနစ်ပါတီကရော တရုတ်သတင်း မီဒီယာတွေကရော နေ့ မကူးခင် အလျှင်မြန် သတင်း ထုတ်ပြန်တာတွကို ကြည့်မယ်ဆိုရင် အဲဒီနောက် ကွယ်မှာ အကျိုးစီးပွားတွေ အများကြီး ဆက်စပ်နေမယ်လို့တော့ ကျနော် သုံးသပ် ပါတယ်ဗျ ”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ စတင်အကောင်အထည်ဖေါ်ခဲ့တဲ့ မြစ်ဆုံဆည် စီမံကိန်းလို တရုတ်အလိုကျ ဆောင်ရွက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားကို လာပြီး မေးမြန်းတာဖြစ်နိုင်ကြောင်း စစ်ဖက်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လည်း ကနေ့ထိဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ သိရသလောက်တော့၊ ဒီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာ အရိပ်အောက်မှာပဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဆိုတော့ ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာတွေကို ဖျက်ဖို့အတွက် သူ့အနေနဲ့ လုပ်ခွင့် မရှိပါဘူး။ လုပ်လို့လဲ ရမယ့်အနေထားမျိုး မရှိတဲ့ အတွက်ကြောင့်မို့လို့၊ တရုတ် ဖက်က မက်ဆေ့ခ်ျ ပေးချင်တာကတော့ ဒီတပ်မတော်နဲ့ ပတ်သက်ပြီးတော့မှ ဒီငြိမ်းချမ်းရေးကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ အတွက်ကို ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဘက်ကနေပြီးတော့မှ .. ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောမှ၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က လုပ်မှာကိုးဗျ၊ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စ ကိုလည်း ပြော နိုင်ပါတယ်။ အလားတူပဲ ဒီမြစ်ဆုံကိစ္စက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် သဘော တူခဲ့တဲ့ ကိစ္စ၊ နောက် ဂက်စ်ပိုက်လိုင်း၊ ရထားလမ်း ကိစ္စတွေဟာ ဒါတွေကို ဗိုလ်ချုပ် မှူးကြီး သန်းရွှေအနေနဲ့ ဘယ်လို သဘောထား မလဲဆိုတဲ့ ဥစ္စာကိုလည်း တရုတ် ဘက်က လာပြီးတော့မှ တီးခေါက်တဲ့ အနေထားမျိုး ရှိတယ်လို့ ကျနော်ထင်တယ်။ ”

ဒီတွေဆုံမှုနဲ့ ပတ်သက်လို့ တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူ တရုတ်နိုင်ငံ အခြေစိုက် ဒေါက်တာလှကျော်ဇောက သူရဲ့ အမြင်ကို တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ အခုလိုပြောဆိုခဲ့ပါတယ်။

“ အစပိုင်းကတည်းက သူတို့က ကြည့်ရတာ ဟို .. ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော ဦးသိန်းစိန်နဲ့ရော သူတို့က တော်တော်ရင်းနှီး ကြတာဖြစ် တာကိုး နော်။ စီးပွားရေး လုပ်ငန်းတွေ ဘာတွေလည်း တောက်လျှောက် လုပ်နေတာဖြစ်တော့ အဲဒီအတွက် ၊ နောက် ခင်ဗျားတို့အားလုံး အသိ ပဲလေ န၀တခေတ်တို့ နအဖခေတ်တို့မှာ တကမ္ဘာ လုံးက ၀ိုင်းပိတ်ဆို့နေတဲ့ အခါမှာ တရုတ်ကပဲ သူတို့ကို အကာကွယ်ပေးထား သလို ဖြစ်တာကိုး၊ အဲဒီတော့ အဲဒီဟာကို အခု အပြန်အလှန် သွားပြီးနှုတ်ဆက်တဲ့ သဘောလောက်ပဲ ရှိမယ်ထင်ပါတယ် ”

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံ တကာရေးရာဌာနဝန်ကြီး Mr. Song Tao ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကြံခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

MYARF
RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ တံတားအနီးတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ရဲအုပ်နှင့် ခမောင်းဆိပ် ကျေးရွာအုပ်စု မကျီးချောင်းရွာ ယာယီ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းအေးတို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် ခမောင်းဆိပ် ကျေးရွာအုပ်စု မကျီးချောင်းရွာမှ ဦးရော်ဖိတ်အာလောမ်၏ (၃) နှစ်အရွယ် သားဖြစ်သူ အာနိုဝါရ်မုစ်တာဖာ သည် ပြူးမချောင်း ကမ်းစပ်တွင် ဆော့ကစားနေစဉ် ရုတ်တရက် ကမ်းပြို၍ ကမ်းပြိုမှုတွင် ပါသွားပြီး ရေနစ်သေဆုံး သွားခဲ့သည်။ 

ထိုသို့ ရေနစ်သေဆုံးသွားသည်ကို အကြောင်းပြု၍ သေဆုံးသွားသူ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးရော်ဖိတ်အာလောမ် အား အထက်ဖော်ပြပါ ကင်းစခန်းမှ ရဲအုပ်နှင့် ယာယီ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ဆင့်ခေါ်၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ပြူးမချောင်းကြီးတွင် မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ အရှိန်အဟုန်ဖြင့် စီးဆင်းလာသော ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျကာ နှစ်စဉ်လိုလို ရာချီသော အိမ်ခြေများ ပြိုလဲပျက်စီးသည့် အပြင် လူပေါင်းများစွာ (အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီး၊ မသန်မစွမ်းသူများ)၊ တိရိစ္ဆာန်များ သေကြေပျက်စီး ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။ 

သဘာဝဘေး အန္တရာယ်ကြောင့် သေဆုံးသွားသည့် ရင်သွေးငယ်ကြောင့် ၀မ်းနည်းပူဆွေး နေသည်ကို နှစ်သိမ့်အားပေးရမည့် အချိန်မျိုးတွင် ယခုကဲ့သို့ မညှာမတာ လူမဆန်စွာ၊ ကိုယ်ချင်းစာ တရားကင်းမဲ့စွာ ငွေညှစ်ခြင်းမှာ အလွန်အံ့သြဖွယ် ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 




မမြင့်မြင့်ခိုင်
ဗွီအိုအေမြန်မာပိုင်း
11.8.2016

သြဂုတ်လ ၁၀ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီအရင်ခံစာမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေပြဌာန်းမှုနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အတွင်း ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေကို ဖော်ပြထားတာ ဖြစ်ပြီး အဲ့ဒီကာလအတွင်း ဥပဒေကြောင်း အရဘာသာရေး လွတ်လပ်ခွင့် ကန့်သတ်ခံ ခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာမျိုးစောင့်ဥပဒေဆိုတဲ့ ဥပဒေလေးရပ်ပြဌာန်းပြီးဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးချိုးဖောက်ခဲ့သလို၊ လက်ရှိအစိုးရသစ်အနေနဲ့လည်းဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာမျိုးမတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဘာသာရေးပုတ်ခတ်စော်ကားမှုကြောင့် အရေးယူတဲ့ ဥပဒေတွေ၊ ဘာသာကူးပြောင်းမှုကြောင့် အရေးယူနိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတွေကိုဒီအစီရင်ခံထဲရွေးထုတ်ဖော်ပြရာမှာ မြန်မာနိုင်ငံလည်းပါဝင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်အတွင်းမျိုးစောင့်ဥပဒေလို့ ခေါ် တဲ့ ဥပဒေ ၄ခုနဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံခဲ့ရသလိုဘာသာရေးကို နိုင်ငံရေးအလို့ငှာ ခုတုံးလုပ်ခဲ့တာမျိုးတွေလည်းရှိတယ်လို့ Triangle အမျိုးသမီးအဖွဲ့က မခင်လေးကပြောပါတယ်။

“ကျမတို့အနေနဲ့ ဒီ ဥပဒေ ၄ ခုနဲ့ ပတ်သက်ပြီးတော့ ပြဌာန်းမယ့်ကိစ္စကို ပြန်လည်ပြီးတော့ စဉ်းစားသင့်ပါတယ်ဆိုပြီးတော့ ကျမတို့ကိုယ်တိုင်တိုက်တွန်းတာတွေ ဆွေးနွေးတာတွေ လွှတ်တော်မှာလည်းလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲဘူးပေါ့။ ဒီဥပဒေတွေကို အခုအချိန်မှာ ပြဌာန်းဖို့မသင့်တော်သေးဘူးလို့ ကျမတို့ဆွေးနွေးပေမယ့် ဆွေးနွေးတဲ့လူတွေက ကျမတို့ ကို အမျိုးသားသစ္စာဖောက်အဖြစ်နဲ့ သမုတ်ခံရတယ်။ ဆိုတော့ လွတ်လပ်ခွင့်မရှိတာကတော့ ကျမတို့ကိုယ်တိုင်တွေ့မို့လို့အတိအကျပဲ။ နောက်သမ္မတ ဦးသိန်းစိန်လက်ထက်မှာတုန်းကတော့ ဘာသာရေးနဲ့ အမျိုးသားရေးတက်ကြွ တဲ့သူတွေကို နိုင်ငံရေးမှာအသုံးချဖို့အတွက် ကြံစည်ပြီးတော့လုပ်ထားတဲ့ဟာဆိုတာ ကျမတို့မှာ တိတိကျကျကြီးရှိတယ်။ နိုင်ငံရေးအတွက်ဆိုတာ ရွေးကောက်ပွဲအတွက်၊ အခြားသောကိစ္စတွေမှာပေါ့နော် လိုရင်လိုသလိုအသုံးချဖို့အတွက် ဂိုဏ်း တဂိုဏ်းကိုမွေးထားသလိုမျိုးပေါ့နော် အဲဒီလို ကျမတို့မြင်တယ် အဲလိုလဲ လုပ်ခဲ့တယ်။”

အစိုးရသစ်လက်ထက်မှာတော့ ဘာသာရေးအကြမ်းဖက်မှုတွေ၊ ပုတ်ခတ်စော်ကားမှုတွေကိုကိုင်တွယ် လိုတဲ့သဘောထားရှိတာမျိုးတော့ တွေ့ရတယ်လို့ မခင်လေးကပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၁၅ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ အစိုးရအာဏာပိုင်တွေရဲ့ မူဝါဒတွေ၊ ကျင့်ထုံးတွေဟာသူ့တို့ကိုယ်သူ့တို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ရခိုင်ပြည်နယ်ကလူနည်းစုမူဆလင်တွေအပေါ်မှာခွဲခြားဆက်ဆံမှုတွေလည်းရှိတယ်လို့လည်းဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေ၊ လူနည်းစု ဘာသာခြားတွေရဲ့ အခွင့်အရေးချိုးဖောက် ခံရမှုတွေနဲ့ ပတ်သက်လို့ Gender Equality အဖွဲ့ကမမေစံပယ်ဖြူကအခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာထက် ကျမအမြင်ကတော့ လူနည်းစု ဘာသာခြားတွေအပေါ်မှာ ထိပါးတဲ့ အပြုအမူ၊ ပြီးတော့ တခြားဘာသာဝင် လူနည်းစု တွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမူမရှိတဲ့ အပြုအမူတွေကို ကျမတို့အများကြီးပဲ တွေ့လာမြင်လာရတဲ့အတွက်ကြောင့် ဒါတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာတွေ အရေးယူတာတွေ မရှိခဲ့တဲ့အတွက်ကြောင့် ကျမတို့ကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ တော်တော်လေး အခြေအနေအရ မကောင်းသေးဘူးလို့ ကျမလည်း အဲဒီလိုထောက်ခံပြောဆိုလိုပါတယ်။”

မျိုးစောင့်ဥပဒေ ၄ခုကို အတည်ပြုပြဌာန်းနိုင်မှုကို၂၀၁၅ခုနှစ် စက်တင်ဘာလက နိုင်ငံအဝှမ်း အောင်ပွဲခံခဲ့တဲ့ မဘသအဖွဲ့နဲ့ ပတ်သက်လို့တော့ အစိုးရသစ်လက်ထက် ဇူလိုင်လ ၁၂ရက်နေ့ကနိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က မဘသဟာတရားဝင်သံဃာ့အဖွဲ့အစည်းမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာအပေါ် မြန်မာ နိုင်ငံ ခြားရေးဝန်ကြီးဌာနဘက်ကတော့ တိတိကျကျ တုန့်ပြန်ချက်မပေးနိုင်သေးဘူးလို့ တာဝန်ရှိသူကပြောပါတယ်။

“ကျနော်တို့တွေကတော့ အဲဒါကို ထုတ်ပြန်မယ်ဆိုရင် အစအဆုံး သေချာဖတ်ပါတယ်။ ကျနော်တို့လုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ကိုက်ညီမူရှိမရှိဆိုတာ ပုံမှန်ကတော့ လိုရင်လိုသလိုမျိုး ဒီသတင်းထုတ်ပြန်တာတွေ လုပ်လေ့လုပ်ထရှိပါတယ်။ သို့သော် ဒီလက်ရှိအစိုးရသစ်လက်ထက်မှာတော့ ကျနော်တို့တွေအပေါ်ကို ဝေဖန်တယ်ဆိုရင် ကျနော်တို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက်ပေါ့နော် constructive သဘောနဲ့ ဝေဖန်တာဟုတ်လားဆိုတာကို ကျနော်တို့နားထောင်ဖို့အတွက် မူဝါဒအသစ်ရှိပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနကအခုလိုထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေဟာသက်ဆိုင်ရာ နိုင်ငံတွေအပေါ် အမေရိကန်အစိုးရရဲ့ မူဝါဒချမှတ်ရာမှာ ထင်ဟပ်ဖော်ပြရလေ့ရှိပါတယ်။ ဒါဟာအမေရိကန်အစိုးရရဲ့ အကူအညီပေးရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိသလို၊ တဘက်မှာအရေးယူမှုတွေလည်း ပါဝင်တတ်ပါတယ်။

(ဓါတ်ပုံ - ရဲဇာနည်)

RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင် များသည် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၁၀) နာရီခန့်အချိန်တွင် မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ သစ်သီးဝလံရောင်းသည့် ဆိုင်တန်းအနီးနေ ရခိုင်လူမျိုး ဦးထွန်းထွန်းဝင်း (ဘ) ဦးမောင်ရွှေဖြူ အသက်(၄၀) နှစ်ကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်တောင့် ၂၃ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးရမိသော ဦးထွန်းထွန်းဝင်းသည် မောင်တောမြို့နယ် ANP ပါတီ၏ မြို့နယ်ပါတီဝင်တစ်ဦး ဖြစ်သလို WY ဟုခေါ်သည့် စိတ်ကြွစေသည့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်သဖွယ် အကြီးအကျယ် တင်ပို့ရောင်းချနေသူလည်း ဖြစ်ပါသည်။ ၎င်းသည် မောင်တောမြို့ပေါ်နေ ရခိုင်လူမျိုးများအနက် အင်အားအကြီးဆုံး လူတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကာလတွင် ရိုဟင်ဂျာများ၏ ဆိုင်ခန်းအများအပြားကို နေ့ခင်းအချိန်၌ လူအများရှေ့မှောက်တွင် ဖျက်ဆီး၍ ပစ္စည်းများ လုယက်ခဲ့သူများထဲတွင် အဓိက ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

သေနတ်နှင့် ကျည်ဆံအများအပြားနှင့် တကွ ဖမ်းဆီးရမိသူ ဦးထွန်းထွန်းဝင်း သတင်းကို နေပြည်တော် ရဲဌာနက "လောင်းကစားဒိုင်အား ဖမ်းဆီးစဉ် လုပ်သေနတ်နှင့် ကျည်ဆံများပါ သိမ်းဆည်းရမိသူကို မောင်တောမြို့မရဲစခန်းမှ(ပ)၁၇၅/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) နှင့် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်'' ဟူ၍သာ ရေးသား ဖော်ပြထားသော်လည်း အမှန်တကယ်မှာမှု ထွန်းထွန်းဝင်းသည် မည်သည့်လောင်းကစားဒိုင်ကိုမျှ လုပ်နေသူမဟုတ်ပါ။ ၎င်းသည် WY ဟုခေါ်သော စိတ်ကြွစေသည့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်သဖွယ် အကြီးအကျယ် တင်ပို့ရောင်းချပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်နက်များ တင်သွင်းနေသူသာ ဖြစ်ပါသည်။

ထွန်းထွန်းဝင်းနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi တို့အဖွဲ့ထံ မူးယစ်ဆေးဝါး ပို့ပြီး Bodi တို့အဖွဲ့ထံမှ လက်နက်များ မောင်တောမြို့နယ်သို့ တင်သွင်းနေသူဖြစ်ပါသည်။ မောင်တောမြို့နယ်တွင် ရခိုင်လူမျိုးများက အမှန်တကယ်မရှိသည့် RSO ဝင်နေသည်ဟု ကောလဟလ သတင်းများ အကြိမ်ကြိမ်လွင့်ကာ ၎င်းတို့သာ လက်နက်များ နေ့စဉ်နှင့်အမျှ တင်သွင်းနေခြင်း ဖြစ်သည်။ မောင်တောခရိုင်၌ ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်တိုင်းနီးပါးတွင် တရားမဝင် လက်နက်များ ရှိနေနိုင်သည်မှာ ယုံမှားဘွယ်မရှိပေ။

လွန်ခဲ့သော အပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့၏ လွှတ်တော်အမတ် Bodi တို့အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်နေမှု၊ မှောင်ခိုလက်နက်များ ရောင်းဝယ်နေမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း အကြမ်းဖက်မှု ခေါင်းစဉ်ဖြင့် ဖမ်းဆီးနိုင်ရန် မရှိသည့် RSO နာမည်ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi ၏ ဖခင် အေဇာရ်မျှသည် မောင်တောမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ရခိုင်လူမျိုး ဦးဝေသာမောင်၏ ညီမ အရင်းဖြစ်သူကို လက်ထပ်ထိမ်းမြားခဲ့သူ ဖြစ်သောကြောင့် လွှတ်တော်အမတ် Bodi သည်လည်း ရခိုင်လူမျိုးများနှင့်သာ အရောတဝင် ရှိနေသူဖြစ်ပါသည်။ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၇) ရက် နယ်စပ်နိုင်ငံကူး လက်မှတ်ဖြင့် ခရီးသွားသူများထဲတွင် ရခိုင်လူမျိုးဖြစ်လျှင် မည့်သည့်စစ်ဆေးမှုများ မလုပ်ရန် Bodi က ၎င်း၏ လက်အောက်ခံ လဝက၊ ရဲ စသည့် အာဏာပိုင်များကို ညွှန်ကြားထားကြောင်းလည်း စုံစမ်းသိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ လဝက၊ ရဲ စသည့် အာဏာပိုင်များက ရိုဟင်ဂျာများကိုမှု အမျိုးမျိုးစစ်ဆေး၍ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်မှုများ ရှိနေသည်ဟူ၍လည်း စုံစမ်းသိရှိရပါသည်။ 

ရခိုင်လူမျိုးများကို ဤကဲ့သို့ လက်နက်၊ ကျည်ဆံအမြောက်အများ များနှင့်အတူ ဖမ်းဆီးရသည့် အဖြစ်အပျက်များ အကြိမ်ကြိမ် ရှိနေသည်ကြားက မည်သည့်အခါမှ ဖမ်းဆီးရခြင်းမရှိဖူးသော RSO အဖွဲ့ ဝင်လာနေသည်၊ ဘင်္ဂလီများ ဗုံးဖောက်ခွဲမည် စသည့် မဟုတ်မမှန် သတင်းများကို ရေးသားနေတတ်သည့် မြန်မာ့ မီဒီယာ တစ်ချို့နှင့် ရခိုင်အမျိုးသားရေး ဝါဒီများကို အစိုးရတာဝန်ရှိသူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း အလို့ငှါ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း မောင်တောဒေသခံ ရိုဟင်ဂျာများက RB News သို့ ပြောကြားပါသည်။

(ဓါတ်ပုံ - AFP)

ထွန်းခင်
RB News
12.8.2016

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးသည် "မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စ်လင်မ်များနှင့် အခြားလူနည်းစုများ" ဆိုင်ရာ အစီရင်ခံစာ တစ်ရပ်အား ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့ပြီး၊ ကျွန်ုပ်တို့ရိုဟင်ဂျာများ အပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများသည် လူသားထု တစ်ရပ်လုံး အပေါ် ပြစ်မှုကျူးလွန်သည့် ပမာဖြစ်ကြောင်း ၎င်း အစီရင်ခံစာ ၏ကောက်ချက်ချမှုတွင် ပါဝင်သည်။

ယခင်အစိုးရများကချမှတ်ခဲ့သော ရိုဟင်ဂျာများအားဆန့်ကျင်နှိပ်ကွပ်သည့်မူဝါဒများကို အဆုံးသတ်စေရန် လက်ရှိအစိုးရအနေဖြင့်အရေးပေါ် အကောင်အထည်ဖော်မှုပြုလုပ်ရမည်ဟူ၍လည်း၎င်းအစီရင်ခံစာတွင် ဖော်ပြ ပါရှိပါသည်။ သို့ရာတွင် NLD ဦးဆောင်သောအစိုးရနှင့်အခြားအပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းတို့မှာ တိတ်ဆိတ်မှုဖြင့်သာတုန့်ပြန်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှု အထောက်အထားများကို ထပ်မံ တင်ပြခဲ့သော်လည်း မည်သည့်အရေးယူမှုမျှပြုလုပ်ခဲ့ခြင်းမရှိပါ။ ထို့အတွက် ကျွန်ုပ်တို့ ရိုဟင်ဂျာများသည် အတိဒုက္ခများကိုဆက်လက်ခံစားရလျှက်ရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာထုတ်ပြန်ပြီးသည့်နောက်နေ့တွင် "ရိုဟင်ဂျာ" စကားလုံးအား အသုံးမပြုရန် ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အား မြန်မာနိုင်ငံတွင်အခြေစိုက်လျှက်ရှိသော ဥရောပ သမဂ္ဂ သံတမန်များမှတုန့်ပြန်ရာ၌ ရိုဟင်ဂျာလူမျိုးများနှင့်ပတ်သက်၍ပြောဆိုရေးသားရာတွင် "ရိုဟင်ဂျာ" စကားလုံးအားရှောင်ရှားမည်ဟု ကြေငြာခဲ့ခြင်းသည် ပို၍ဆိုးရွားသည်။

ကျွန်ုပ်တို့ရိုဟင်ဂျာများ၏ လူမျိုးဖြစ်တည်မှုအားငြင်းပယ်ခြင်းသည် ကျွန်ုပ်တို့တွေ့ကြုံရင်ဆိုင်ရလျှက်ရှိသည့် ခွဲခြားဆက်ဆံမှု၏ အဓိကအစိတ်အပိုင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ရိုဟင်ဂျာများသည်မြန်မာနိုင်ငံ၏ လူမျိုးစုမဟုတ် ကြောင်းနှင့် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံနှင့် မသက်ဆိုင်ကြောင်း အမျိုးသားရေးဝါဒီများနှင့် ယခင် သမ္မတ ဦးသိန်းစိန်၏လက်အောက်ရှိအစိုးရအုပ်ချုပ်ရေးပိုင်းမှ စည်းရုံးဝါဒဖြန့်ရာ၌ "ရိုဟင်ဂျာ" အမည်အား အသုံး မပြုရေးလှုပ်ရှားမှုကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗျူဟာကျကျမြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေရှ်နိုင်ငံမှ ရွှေ့ပြောင်းလာခဲ့သည့် "ဘင်္ဂါလီ"များဖြစ်သည်ဟု ၎င်းတို့က အစဉ်တစိုက်ကြွေးကြော်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုကဲ့သို့သော မုသာဝါဒီများ၊ ၎င်းတို့၏ မုသားများနှင့်ဆန့်ကျင်စွာရပ်တည်ရမည့်အစား၊ "ရိုဟင်ဂျာ" ဟူသောအမည်သည် အငြင်းပွါးဖွယ်ရာ အမည် ဖြစ်သည့်အတွက် သံတမန်များသည် ကျွန်ုပ်တို့ရိုဟင်ဂျာများအား"ရခိုင်ပြည်မှမွတ်စ်လင်မ်များ" ဟု ခေါ်ဝေါ် သုံးနှုန်းသင့်ကြောင်းပြောကြားခဲ့သည်။

အမျိုးသားရေးဝါဒီများက ဒေါ်အောင်ဆန်းစုကြည်၏ယင်းပြောကြားချက်အား၎င်းတို့၏အောင်မြင်မှု တစ်ရပ် အဖြစ်ရှုမြင်ကြပြီး၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအား ဘင်္ဂါလီ ဟုတရားဝင်ခေါ်ဝေါ် လာရန် တောင်းဆိုလျှက်ရှိသည်။ ကျွန်ုပ်တို့အား ရိုဟင်ဂျာ ဟုမခေါ်ဝေါ်ခြင်းသည် ၎င်းအမျိုးသားရေးဝါဒီများအား အားပေးအားမြှောက်ပြုရာရောက်သည်။ မြန်မာအစိုးရနှင့် ဥရောပသမဂ္ဂတို့သည်အဖိနှိပ်ခံများဘက်မှ ရပ်တည် ရမည့်အစား လူမျိုးရေးအစွန်းရောက်သည့်အမျိုးသားရေးဝါဒီတို့ဘက်မှရပ်တည်လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လေးနှစ်က အစွန်းရောက်လူအုပ်ကြီးများသည် ရိုဟင်ဂျာများ၏ နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံရိုဟင်ဂျာများအား သတ်ဖြတ်ခြင်းတို့ကြောင့် မိမိတို့၏ နေရပ်များကိုစွန့်ခွါထွက်ပြေးခဲ့သောကျွန်ုပ်တို့ ရိုဟင်ဂျာများသည် ယခုအခါ ဒုက္ခသည်စခန်းများ ၌ သေဆုံးလျှက်ရှိကြသည်။ လူသားချင်းစာနာသည့် အကူ အညီများပေးအပ်သည့်လုပ်ငန်းများအပေါ် အစိုးရမှ ကန့်သတ်ပိတ်ပင်မှုများစွာပြုလုပ်ထားသောကြောင့် ယင်းသို့တမြေ့မြေ့သေဆုံးနေကြခြင်းဖြစ်သည်။ မြို့များ၊ရွာများတွင် နေထိုင်လျှက်ရှိသော ကျွန်ုပ်တို့ ရိုဟင်ဂျာ များသည်လည်း အချိန်မရွေးတိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရမည့်အရေးစိုးရိမ်ကာ အကြောက်တရားဖြင့်နေထိုင် ရလျှက်ရှိသည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာများသည်နိုင်ငံအနှံ့လွတ်လပ်စွာခရီးသွားလာခွင့်ပိတ်ပင် ခံထားရခြင်း၊ နိုင်ငံသားဖြစ်မှုမှ ငြင်းပယ်ခံရခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ငြင်းပယ်ခံရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ် ခံရခြင်းတို့အား ခံစားရလျှက်ရှိသည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာများ၏သားသမီးများသည် အဆင့်မြင့်ပညာရေးနှင့် တက္ကသိုလ်အဆင့်ပညာရေးတို့မှ ပိတ်ပင်ခြင်းခံရလျှက်ရှိသည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာများသည် NLD အစိုးရ အပေါ်မျှော်လင့်ချက်များစွာထားခဲ့သော်လည်း NLD အစိုးရအာဏာရရှိလာသည့်အချိန်မှ ယခုအချိန်အထိ အစစအရာရာပိုမိုဆိုးရွားလျှက်ရှိသည်။

ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် အစိုးရအနေဖြင့်အချိန်နှင့် အခြေအနေ တို့လိုအပ်သည်ဟုဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ကျွန်ုပ်တို့ရိုဟင်ဂျာများအားမုန်းတီးမှုများသည် မြန်မာနိုင်ငံတွင် အလွန်အမင်းများပြားလျှက်ရှိကြောင်း ကျွန်ုပ်တို့နားလည်သည်။ ပြီးပြည့်စုံစွာကိုင်တွယ်ဖြေရှင်း ရန် အချိန်လိုအပ်ကြောင်းကိုလည်း ကျွန်ုပ်တို့နားလည်သည်။ သို့ရာတွင် အကူအညီများအပေါ်ကန့်သတ် ချက်များအားရုပ်သိမ်ခြင်း၊ အမုန်းဝါဒနှင့်အကြမ်းဖက်မှုတို့လှုံ့ဆော်နေသူများအားအရေးယူခြင်း၊ ကျွန်ုပ်တို့ ရိုဟင်ဂျာများရထိုက်သည့်အခွင့်အရေးများကိုပိတ်ပင်တားဆီးရာ၌ ရေသောက်မြစ်သဖွယ်ဖြစ်သည့် ၁၉၈၂ နိုင်ငံသားဥပဒေအားဆန်းသစ်ခြင်းတို့ကိုမူ ကာလတိုအတွင်းစတင်ဆောင်ရွက်နိုင်သည်။ ကျွန်ုပ်တို့ရိုဟင်ဂျာ များသည် များစွာသောအတိဒုက္ခတို့ကိုခံစားရလျှက် သေကြေပျက်စီးလျှက်ရှိရာ ကျွန်ုပ်တို့၌ အချိန်များစွာ မရှိသည့်အလျောက် အထက်ပါလုပ်ငန်းဆောင်တာများအားချက်ခြင်းလက်ငင်းအကောင်အထည်ဖော်ပေးရန် ကျွန်ုပ်တို့လိုလားလျှက်ရှိပါသည်။
လူသားထုအပေါ်ကျူးလွန်သည့်ပြစ်မှုသည် သာမန်ဥပဒေချိုးဖောက်မှုထက်များစွာကြီးမားပါသည်။ ထိုသို့ သောပြစ်မှုချိုးဖောက်မှုများရှိကောင်းရှိမည်ဟု ကောက်ချက်ချပြီးနောက်တွင်လည်း ကမ္ဘာ့ကုလသမဂ္ဂ (သို့မဟုတ်) မြန်မာအစိုးရသည် မည်သည့် အရေးယူမှုမျှ ပြုလုပ်ခြင်းမရှိပါ။ ဤလုပ်ရပ်သည် လူသတ်မှု တစ်ရပ်ကျူးလွန်မှု ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဝန်ခံပြောကြားသော်လည်း၊ ထိုလူသတ်မှုနှင့်ပတ်သက်၍ မည်သည့် စုံစမ်းစစ်ဆေးအရေးယူမှုကိုမျှ ပြုလုပ်မည်မဟုတ်ဟုလည်းထိုရဲတပ်ဖွဲ့ကပင် ပြောကြားသည့် ပမာနှင့်အလားတူနေသည်။

မြန်မာနိုင်ငံ၌အခြားမြောက်များစွာသောလူများအတွက် များစွာသောမျှော်လင့်ချက်များရှိနေချိန်တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာများအတွက်မူ အလွန်ဆိုးရွားသည့် အချိန်ဖြစ်နေပါသည်။ ၎င်းတို့၏ နေအိမ်များမှ အတင်း အဓမ္မ နှင်ထုတ်ခြင်းခံရသောကြောင့်လွန်ခဲ့သည့်လေးနှစ်မှစ၍ လူတို့၏နေထိုင်မှုစနစ်နှင့်လုံးဝမညီသော ဒုက္ခသည် စခန်းများတွင် နေထိုင်ရလျှက်ရှိသည့် ကျွန်ုပ်တို့ ရိုဟင်ဂျာများအတွက် လူသားချင်းစာနာမှု အကူအညီများ အပေါ်ထားရှိသည့် အစိုးရ၏ အကန့်အသတ်အတားအဆီးများကို ချက်ခြင်းရုပ်သိမ်းပေးရန်အလို့ငှါ NLD ဦးဆောင်သောအစိုးရအပေါ် ဖိအားပေးရန်လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်က ပြောကြားခဲ့သည့် ၁၉၈၂နိုင်ငံသားဥပဒေအား ပြင်ဆင်သင့်သည်ဟူသော ပြောကြားချက်အတိုင်း ဆက်လက် ရပ်တည်စေရန် ဖိအားပေးရမည်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်လည်းကျွန်ုပ်တို့ ရိုဟင်ဂျာများ ကျူးလွန်ခြင်းခံနေရသည့် လူ့အခွင့်အရေးဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းရမည်ဖြစ်သည်။ လာမည့်လ၌ကျင်းပရန်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးများသည် ဤကိစ္စအားအကောင်အထည်ဖော်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါသည်။

ရိုဟင်ဂျာများနှင့်ဆန့်ကျင်ကာ အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများသည် စဉ်ဆက်မပြတ်များမြောင်စွာ ကျူးလွန်ဖြစ်ပေါ်လျှက်ရှိကြောင်း အစီရင်ခံစာတိုင်းက ဖော်ပြ ကောက်ချက်ချခဲ့သည်ဖြစ်ရာ၊ ထိုဖြစ်ရပ်များအား မိမိတို့မသိရှိပါဟုမည်သည့်အစိုးရကမျှ ပြောကြားနိုင်မည်မဟုတ်ပါ။ ယင်းဖြစ်ရပ်များအားဆက်လက် ဖြစ်ပွါးနေ စေရန် ခွင့်ပြုထားခြင်းသည် အလွန်အရှက်ရစေသည့် လုပ်ရပ်သာဖြစ်ပါလိမ့်မည်။

ဦးထွန်းခင်သည် မြန်မာရိုဟင်ဂျာအစည်းအရုံး (UK)၏ ဥက္ကဋ္ဌဖြစ်ပြီး၊ ရိုဟင်ဂျာတို့၏ အသံအား ကမ္ဘာ သိအောင်ဦးဆောင်ကြေငြာလျှက်ရှိသူပြည်ပရောက်ရိုဟင်ဂျာများအနက်မှတစ်ဦးဖြစ်သည်။

MYARF
RB News
12.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု ဂုံးနားရွာတွင် တည်ရှိသော ဈေးတွင် ဈေးခေါင်းဖြစ်သူ ထွန်းမြင့်နိုင်နှင့် ရော်ရှိတ် တို့သည် မြောက်ဘက်ဒေသများမှ မောင်တော မြို့မဈေးသို့ သွားရောက် ဈေးဝယ်သည့် ဈေးသည်များကို အပြန်တွင် ၎င်းတို့ ဈေးနားရောက်သောအခါ မတရားသဖြင့် ဈေးကောက် ကောက်ခံနေသည်ဟု သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ရွှေဇား တံတား မြောက်ဘက် အစွန်းတွင် တည်ရှိသော ရွှေဇာဈေးတာဝန်ခံများ ဖြစ်သူ ထွန်းမြင့်နိုင်နှင့် ရော်ရှိတ် တို့သည် မောင်တော မြို့မ ဈေးပေါ်သို့ လာရောက်သည့် ဈေးသည်များ ရွှေဇားဈေးကို ဖြတ်သန်း၍ ၎င်းတို့၏ နေရပ်များသို့ အပြန်တွင် ဈေးကောက်ဟု ဆိုကာ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ မော်တော်ယာဉ်ပေါ် တင်ထားသည့် ကုန်ပစ္စည်းများ အပေါ် မူတည်၍ ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ လည်းကောင်း၊ မတရားသဖြင့် ငွေညှစ်နေသည်ဟု ငွေညှစ်ခံရသူ ရိုဟင်ဂျာ ကုန်သည်တစ်ဦးက RB News သို့ပြောသည်။

“သူတို့က အဲဒီဈေးကို လာပြီး အရောင်းအ၀ယ် လုပ်သူတဲ့ ဈေးသည်တွေကဆီကသာ ဈေးကောက် ကောက်ခွင့်ရှိတာ၊ အခုကျတော့ အခြားဈေးက ရောင်းကုန်တွေ ၀ယ်ပြီး ပြန်နေတဲ့ ကုန်သည်တွေကို ဈေးကောက်ဆိုပြီး ငွေညှစ်နေတယ်” ဟု ဒေသခံများနှင့် ငွေညှစ်ခံရသည့် ဈေးသည် အချို့က ပြောသည်။ 

ယခုကဲ့သို့ မိမိတို့၏ လုပ်ပိုင်ခွင့် ဘောင်ကိုကျော်၍ မတရားသဖြင့် ဈေးကောက် ကောက်ခံနေသည့် ရွှေဇားဈေးမှ ဈေးခေါင်းများကို သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အချိန်မှီ ဟန့်တား အရေးယူ ဆောင်ရွက် ပေးပါရန် ဒေသခံများက မေတ္တာရပ်ခံကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


MYARF
RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး ချုပ်နှောင်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၇) ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် အချို့သည် လောင်းဒုံ ကျေးရွာအုပ်စု ဖေါ်ကီတောင်ရွာမှ ရပ်မိရပ်ဖဟောင်း ဦးရွှေမောင် (မာရမာကြီး လူမျိုး) နှင့် ရာအိမ်မှူး ဦးနူရူဟောက် (အသက် ၅၀ နှစ်) တို့နှင့်အတူ ဖေါ်ကီတောင်ရွာတွင် ယာယီနေထိုင်သူ ကြိမ်ချောင်း ရွာသား ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးဆော်ယောဒ်ဟူဆောင်း (အသက် ၄၅ နှစ်) နှင့် ဖေါ်ကီတောင် ရွာမှ ဦးနုရ်အာလောမ် (ဘ) ဦးအလီအာမတ် (အသက် ၄၃ နှစ်) တို့နှစ်ဦးကို ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ဖမ်းဆီးခံရသူ နှစ်ဦးကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် လိုင်စင်မရရှိဘဲ သစ်များ အရောင်းအ၀ယ် ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုင်ငံခြား အခြေစိုက် တရားမ၀င် အဖွဲ့အစည်းများနှင့် ပတ်သက်မှု ရှိခြင်း ဟူ၍ စသော အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ စွဲတင်ပြီး ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ၃ နာရီကြာကြာ ချုပ်နှောင် ထားပြီးနောက် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းနှင့် နီးစပ်ရာ ဒေသဖြစ်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၅) ငါးခူရ နယ်မြေ လက်အောက်ခံ စခန်းဖြစ်သော လောင်းဒုံ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး ပဋိပက္ခ နောက်ပိုင်းမှ စ၍ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း၊ ပြင်ပလောကတွင် အမှန်တကယ် မရှိသည့် RSO နှင့် ဆက်သွယ် ပတ်သက်မှု ရှိသည်ဟု ခြိမ်းခြောက်၍ မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် ထောင်ချခြင်းများကို ယခင် န.၀.တ ခေတ်ကထက် ပို၍ပင် ကျူးလွန် လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု ဒေသခံ လူကြီးတစ်ဦးက ပြောပါသည်။


USCIRF ၂၀၁၆ အစီရင်ခံစာ

10.8.2016

ဘာသာရေး လွတ်လပ်ခွင့် အဆင့်မှာ မြန်မာနိုင်ငံကို Tier 1 အဆင့်ထဲ ဆက်ပြီး သတ်မှတ်ဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင် USCIRF က ထောက်ခံ တင်ပြလိုက်ပါတယ်။

အထူးသဖြင့် စိုးရိမ်မှုရှိတဲ့နိုင်ငံများစာရင်း CPC ထဲမှာ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တာ့ခ်မေနစ္စတန်၊ ဥဇဘက်ကစ္စတန်တို့နဲ့အတူ မြန်မာနိုင်ငံကိုလည်း ဆက်ပြီး ထည့်သွင်း သတ်မှတ်ဖို့ USCIRF ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ တင်ပြထားတာပါ။

Tier 1 အဆင့်မှာ ဆက်ပြီးသတ်မှတ်ဖို့ ထောက်ခံတင်ပြတဲ့ အဓိကအကြောင်းကတော့ ရိုဟင်ဂျာ မူစလင်တွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့်လို့ USCIRF ရဲ့အစီရင်ခံစာမှာဖော်ထားပါတယ်။

နိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်အဆင့်ကို သတ်မှတ်တာမှာ Tier 1 နဲ့ Tier2 အဆင့် ၂ ဆင့်ရှိပြီး Tier 1 ကတော့ ပိုဆိုးတဲ့အဆင့်ဖြစ်ပါတယ်။

ကမ္ဘာတ၀န်းမှာလည်း ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ ဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်နိုင်ငံတွေက အခြေအနေတွေကို အထူး ထောက်ပြထားတာပါ။

ကမ္ဘာတ၀န်းမှာ အစိုးရတွေဟာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အထူးသဖြင့်တော့ လူနည်းစု ဘာသာရေးအစုအဖွဲ့တွေနဲ့ အဲဒီတိုင်းပြည်တခုခုက အစဉ်အလာ ကိုးကွယ်ယုံကြည်လာတာမဟုတ်တဲ့ ဘာသာရေးတွေအပေါ် ထိန်းချုပ်မှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Tier 2 အဆင့်နိုင်ငံတွေအဖြစ်တော့ အာဖဂန် နစ္စတန် ၊ အဇာဘိုင်ဂျန်၊ ကျူးဘား ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကစ္စတန်၊ လာအို၊ မလေးရှား၊ ရုရှားနဲ့ တူရကီတွေကို သတ်မှတ်ဖို့ အကြံပြုဖော်ပြထားပါတယ်။ USCIRF ဟာ ပါတီစွဲကင်းပြီး သီးခြားလွတ်လပ်တဲ့ အမေရိကန် ဖက်ဒရယ်အဆင့် အဖွဲ့အစည်းတခုဖြစ်ပါတယ်။

(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ) 

သား​ရေ ... အ​မေ့ကို ခွင့်​မလွှတ်​ပါနဲ့

အပိုင်း (၃)

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
9.8.2016

"သားသား​ရေ... ဘာဘးရဲ့အသည်းလေး​ရေ....​အောင်​မလေး.... ဘာဘားကို ရယ်​ပြ​နေပြီ... သားသား​လေး လိမ္မာလိုက်​တာ... အမ​လေး.... "

အာနိစ်​သည်​ (၄) လသား သူ့အမွှာပူး သားနှစ်​​ယောက်​ထဲက တစ်​​ယောက်​ကို ယုယစွာ ​ရင်​ခွင်​ပိုက်​ ပွေ့ချီကာ စကားတတွတ်​တွတ်​ ​ပြောဆိုရင်း ချွဲနွဲ့နေသည်​။ သား​လေး၏ ပါးပြင်​၊ နဖူး၊ ဝမ်းဗိုက်​ စသည်​တို့ကို နမ်းရင်းနှင့်​လည်း တီတီတာတာ စကားဆို​နေ၏။ သား​လေး ​နောက်​တစ်​​ယောက်​​က​တော့ ပုခက်​တွင်​ ငြိမ်​သက်​စွာ အိပ်​​မောကျ​နေ​လေ၏။

တစ်​​နေကုန်​ အလုပ်​လုပ်​ပြီး ပင်​ပန်းလာခဲ့​သော်​လည်း ဒီသားရတနာ​နှစ်​​ယောက်​ကို ​ရင်​ခွင်​ပိုက်​ ပွေ့ချီပြီး တီတီတာတာ ချွဲနွဲ့နိုင်​ခဲ့လျှင်​ သူ့ပင်​ပန်းမှုက အလိုလို ​ပျောက်​သွားတတ်​သည်​။ အလုပ်​လုပ်​နေချိန် ​ဆိုလျှင်​လည်း ဒီသားနှစ်​​ယောက်​အ​ကြောင်းပဲ သူ့​ခေါင်းထဲ အလိုလို ဝင်​လာ​နေတတ်​၏။

သူ့အ​ဖေ​ပြောဖူး​သော စကားတစ်​ခွန်းကို​တောင်​ သူမကြာကြာ သွားသတိရတတ်​သေးသည်​။

"သားကိုယ်​တိုင်​ ဖခင်​ဖြစ်​မှ သားသမီး​တွေအ​ပေါ်ရှိတဲ့ မိဘ​မေတ္တာကို နားလည်​နိုင်​မှာ”

မှန်​သည်​။ အ​ဖေ​ပြောခဲ့တာ သိပ်​မှန်​သည်​။ အခုဆိုလျှင်​ ဒီသားနှစ်​​ယောက်​က သူ့အတွက်​ အ​မော​ပြေ​စေသူများ၊ သူ့​ပျော်​ရွှင်​မှုကို ​ဆောင်​ကြဉ်း ပေးသူများ၊ သူ့မနက်​ဖြန်​များကို လင်းလက်စေသူများ စသည့်​ အရာရာ ဖြစ်​လို့​နေ၏။ အနှိုင်းမဲ့​သော အရှင်​မြတ်​ကလည်း သူ့အား တစ်​ကြိမ်​တည်း၌ သားရတနာ နှစ်ဦး​​ ချီး​မြှောက်​လိုက်​သည်​ကို အရှင်​မြတ်​ကို ​သူ ကျေးဇူးတင်​၍ မဆုံး။ ​သေချာပြီ။ သူ့ရင်​ထဲ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​ ဖခင်​စိတ်​ အပြည့်​အဝ ဖြစ်​တည်​လာခဲ့ပြီ။

"အာနိစ်​​ရေ... သူငယ်​ချင်း​ရေ.... ရှိ​နေလား"

သူ့သူငယ်​ချင်း တာဟဲရ်​၏ ​ခေါ်သံ။ အာနိစ်​၏ အ​တွေးများ ပျက်​သွား​ချေပြီ။

"ရှိပါ့ သူငယ်​ချင်း... ဝင်​လာခဲ့​လေ... "

အာနိစ့်​အိမ်​ထဲ တာဟဲရ်​ ဝင်​လာခဲ့၏။

"မင်းက​တော့ကွာ ... ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ က​လေးအ​ဖေ ဖြစ်​​နေပြီဆိုမှ တစ်​ခါတည်း သားနှစ်​​ယောက်​ ဖခင်​ ... ကံ​ကောင်းတဲ့လူ​တွေကလည်း ကံကို​ကောင်းလွန်းလို့... အားကို ကျလိုက်​တာဗျာ"

တာဟဲရ်​က သူ့ငယ်​သူငယ်​ချင်း အာနိစ်​ကို ​မြှောက်​ပင့်​​ပေးသလိုလို ​ပြောလိုက်​သည်​။

"သူများကို သိပ်​အားကျ​နေလည်း ကိုယ့်​ဟာကို စွံနိုင်​​အောင်​ကြိုးစား​ပေါ့ကွာ... သူများကို လာမြှောက်​ပင့်​​ပေးပြီး စားရမယ်​ကြံ​နေ​သေးတယ်​.... "

အာနိစ်​ကလည်း သူ့ငယ်​သူငယ်​ချင်း တာဟဲရ်​ကို ​ပြောင်​သံစွက်​စွက် ​ချေပပြာဆိုလိုက်​၏။ 

"ဟားဟား... မင်း မ​ကျွေးလည်း ​နေ​ပေါ့... အန်​တီ့ကို​ပြောရင်​ ​ကျွေးပါတယ်​ကွာ .... အန်​တီ​ရေ... အန်​တီ့သားက မာန်တက်​ပြီ သူများကို နှိမ်​​နေပြီ "

တာဟဲရ်​ကလည်း အားကျမခံ ​စနောက်လိုက်​သည်​။ တစ်​ဆက်​တည်း အာနိစ့်​အ​မေကိုလည်း လှမ်း​ခေါ်ပြီး တိုင်​တန်းလိုက်​သည်​။

တာဟဲရ်​၏ ​ခေါ်သံ​ကြောင့်​ အာနိစ့်​အ​မေက မီးဖိုခန်းမှ တာဟဲရ်​တို့ရှိရာ အိမ်​​ရှေ့ခန်းသို့ ​ရောက်​လာခဲ့ပြီ။

"ဟုတ်​ပါ့ သား... သား သူငယ်​ချင်းက ဒီ​မြေးနှစ်​​ယောက်​နဲ့ အိမ်​​ရောက်​​ရောက်​ချင်း ရှုပ်​ကို​နေတာ ... အိမ်​လာတာနဲ့ တစ်​အိမ်​လုံးမှာ ဘယ်​သူမှ မရှိသလို ​ဒီမြေး​တွေနဲ့ပဲ ပဲကိုများ​နေတာ... တ​စ်​လောကလုံးကို ​မေ့​နေတတ်​တာ ... "

အာနိစ့်​အ​မေကလည်း တာဟဲရ်​ဖက်​မှ တပြုံးပြုံးနှင့်​ ဝင်​​ထောက်​ခံလိုက်​သည်​။

စကားဝိုင်းသည် ရယ်​သံများဖြင့်​ ဖုံးလွှမ်း​နေသည်​။ ည ၁၀ နာရီခန့်​ ဖြစ်​​နေ​သော ဆယ့်သုံးရက်​​မြောက်​ လဆုတ်​ ညသည်​ သည်းထန်​​နေသည့်​မိုးနှင့်​အတူ မည်း​မှောင်​​နေ၏။

'​ပျော်​ရွှင်​ချမ်း​မြေ့စရာ မိသားစု ဆိုတာ ဒီလိုမျိုး​ပေါ့​လေ'

တာဟဲရ်​က မဆီမဆိုင်​ ​တွေးမိလိုက်​သည်​။

"ကဲ ... သားတို့ စကားစမြည်​ ​ပြောဆိုကြ​ပေါ့.... အန်​တီ ​ကျွေးစရာ ယူလာခဲ့မယ်​... "

ပြောရင်းဆိုရင်း အာနိစ့်​အ​မေ အိမ်​​နောက်​ခန်းသို့ ဝင်​သွားသည်​။ ခဏကြာလျှင်​ ပဲ​လုံး​ကြော်​နှင့်​ ဘယာ​ကြော်​ ယူလာ​ပေး၍ "စားကြ​တော့ သားတို့ " ဆိုပြီး ​မြေး​လေးကို အာနိစ်​ထံက လွှဲယူလိုက်​ပြီး အိပ်ခန်းထဲသို့ ဝင်​သွားသည်​။

အဘွားက သူ့​မြေး​လေးနှင့်​ ချွဲနွဲ့​နေရင်း စကားတတွတ်​တွတ်​ ​ပြော​နေတာ တာဟဲရ်​ကြား​နေရသည်​။

တာဟဲရ်​ နှင့်​ အာနိစ်​ တို့နှစ်​​ယောက်​ အာနိစ့်​အ​မေ ချ​ပေးသွား​သော ပဲလုံး​ကြော်​နှင့်​ ဘယာ​ကြော်​​တွေ စား​နေရင်း-

"ဒီနှစ်​ ရာမ်​ဇာန်​ (ဥပုသ်​လ) ကလည်း ကုန်​ မြန်​လိုက်​တာ​နော်​ ... ဘာလိုလိုနဲ့ ၂၈ ရက်​​နေ့​မြောက်​​တောင်​ ကုန်​ခဲ့ပြီ ... နှ​မြောလိုက်​တာကွာ ... ဘာကုသိုလ်​​ကောင်းမှုကလည်း မယ်​မယ်​ရရ မလုပ်​နိုင်​ခဲ့ဘူး... ​နောက်​တစ်​နှစ်​ ရာမ်​ဇာန်​လထိ အသက်​ရှင်​ခွင့်​ရမယ်​ ဆိုတာကလည်း အရှင်​မြတ်​ရဲ့အစီအမံထဲမှာ ... "

အာနိစ်​က ရာမ်​ဇာန် ​ဥပုသ်​လ ​မြန်​မြန်​ဆန်​ဆန်​ ကုန်​လွန်​ခဲ့သည်​ကို နှ​မြော​နေ​ကြောင်း ​မှတ်​ချက်​ပြု ပြောသည်။

တာဟဲရ်​ကလည်း ဝင်​​ထောက်​ခံလိုက်​၏။

"ဟုတ်​တယ်​​နော်​ သူငယ်​ချင်း... ​နေ့​ရက်​​တွေက တိုလာသလိုပဲ... ငါတို့​တွေ အတူတူ ​ကျောင်းသွား ​ကျောင်းပြန်​လုပ်​ခဲ့တာ ပြန်​​တွေးကြည့်​​တော့ မ​နေ့တ​နေ့က လိုပါပဲ​လေ ... ဘဝဆိုတာကလည်း ပင်​လယ်​ကမ်းပါးနဲ့တူပါ့... ​နေ့ရက်​ဆိုတဲ့ ​ရေလှိုင်းက ဘဝဆိုတဲ့ ကမ်းပါးကို အမြဲမပြတ်​ လာတိုက်​​နေ​တော့ ကမ်းပါးကလည်း တဖြည်းဖြည်း ပြိုလာတာ​ပေါ့.... ဒီလိုနဲ့ ဇရာဆိုတဲ့ ​ထောင်​​ချောက်​ထဲကို ငါတို့​တွေ သတိမမှုဘဲနဲ့ မသိမသာ ဝင်​သွားရ​ရော့... ဒီကြားထဲ ​သေမင်းကလည်း မဖိတ်​ဘဲနဲ့ ​လာလည်​သွားတတ်​တာ... ဒါ​ကြောင့်​​ပေါ့ သူငယ်​ချင်းရာ... အချိန်​ရှိခိုက်​ လုံ့လစိုက်​လို့ ​ပြောစမှတ်​ပြုတာ​လေ.... "

အာနိစ်​၏ ငယ်​သူငယ်​ချင်း တာဟဲရ်​သည်​ တက္ကသိုလ်​ဝင်​တန်း​ခေါ် ဆယ်​တန်းကို (၃) ဘာသာ ဂုဏ်​ထူးဖြင့်​ ​အောင်​မြင်​ခဲ့သူပီပီ ဉာဏ်​ပညာထက်​မြက်​ပြီး ဗဟု​သုတ​ ကြွယ်​ဝကြသည်​။ စကား​ပြောလျှင်​ အမြဲတမ်း ဒဿနတရား ပါပါ ​ပြောဆိုတတ်​၏။ 

ပဲလုံး​ကြော်​ကို ငုံ့စား​နေရင်း တရား​ဟောသလို ပြော​ဆို​နေ​သော တာဟဲရ်​ကို အာနိစ်က ငေး​မောစိုက်​ကြည့်​​နေသည်​ကို တာဟဲရ်​က မြင်​မိလိုက်​​သောအခါ မ​နေနိုင်​၍ ​မေးလိုက်​သည်​။

"ဘာလဲကွာ ... လူကို သူစိမ်း​တွေ့သလို ​ငေးကြည့်နေတာပဲ ... ​ပြောပါဦး ... ဘာ​တွေး​နေတာလဲ ..."

"ပထမ​တော့ မင်းအတွက်​ နှ​မြောတယ်​ ... ဒုတိယက​တော့ အမိတိုင်းပြည်​အတွက်​ နှ​မြောမိတယ်​ ... မင်းလို လူ​တွေ ဆယ်​တန်း​အောင်​ပြီး ပညာဆုံးခန်းတိုင်​သွားရတာ ငါ သိပ်​နှ​မြောတယ်​ .... မင်းဘဝအတွက်​လည်း နစ်​နာတယ်​... တိုင်းပြည်​ အတွက်​လည်း နစ်​နာတယ်​ "

အာနိစ်​က ​တွေး​တွေးဆဆ ​ပြောလာသောအခါ​ တာဟဲရ်​ကလည်း သူ့ငယ်​သူငယ်​ချင်း ဘာကို ဆိုလို​နေသလဲဆိုတာ ချက်​ချင်း သ​ဘော​ပေါက်​လာ​ခဲ့​လေပြီ။

"အဲဒါ​တွေ ထားပါ​တော့ကွာ ... သူတို့(အစိုးရ) မူဝါဒကိုက အဲ့လို ဖြစ်​​နေတာ ... ဒါ​ပေမယ့်​ ... ငါ စိတ်​ဓာတ်​မကျဘူးကွာ .... အချိန်​ရရင်​ ​ဗဟုဟုတ ရတဲ့ စာ​ပေ​တွေ ​​လေ့လာတယ်​ ... အဲ့ဒါ​တွေကို ငါ့ ​နောင်​လာ​နောက်​သား မျိုးဆက်​​တွေကို လက်​ဆင့်​ကမ်း​ပေး​နေတယ်​​ ... ဒါက ငါ့ ရည်​ရွယ်​ချက်​ပဲ ... ငါ့ကိုငါ ပြုခဲ့တဲ့ အဓိဌာန်​ပဲ ... အမှတ်​မီလျက်​နဲ့ နိုင်​ငံသားကဒ်​မရှိလို့ အသက်​​မွေးဝမ်း​ကျောင်း မတက်​ရဘူး ဆိုတဲ့ အစိုးရရဲ့ မူဝါဒကို ငါ့လို အားနွဲ့တဲ့ ရိုဟင်​ဂျာ တစ်​​ယောက်​က ဘယ်​လို အာခံနိုင်​မလဲ ... အသက်​​မွေးဝမ်း​ကျောင်း တက်​ခွင့်​မ​ပေးတာ အပထားဦး... အခုဆိုလို့ရှိရင်​ ရိုးရိုး​မေဂျာနဲ့​တောင်​ တက္ကသိုလ်​ တက်​ခွင့်​​မပေးဘူး​လေ... ဒါ​ပေမယ့်​ အချိန်​ဆိုတဲ့ တရားသူကြီးက အရာရာကို တရားသဖြင့်​ စီရင်​​ပေးမှာပါ ... ငါတို့​တွေ စိတ်​ရှည်​ရှည်​ထားဖို့နဲ့ စိတ်​ဓာတ်​မကျမိဖို့ပဲ အ​ရေးကြီးတာ ... ပြီး​တော့ ဒီလို အနှိမ်​ခံဘဝမှ လွှတ်​​မြောက်​ဖို့ တစ်​ခုတည်း​သော လက်​နက်​ကလည်း ပညာလက်​နက်​ပဲ ဆို​တော့ ငါတို့​တ​တွေ ငါတို့တတ်​တဲ့ပညာ​တွေကို မျိုးဆက်​သစ်​​တွေဆီ လက်​ဆင့်​ကမ်း​ ပေးရမယ်​ ...ဒါက ငါတို့ တာဝန်​ဆိုလည်းဟုတ်​တယ်​ ... ဝတ္တရား ဆိုလည်း ဟုတ်​တယ်​ ... ယုတ်​စွအဆုံး ​ပြောရရင်​ ... ​တော်​လှန်​​ရေး ဆိုတာလည်း ဟုတ်​တယ်​ "

တာဟဲရ်​က အကျယ်တ၀န့် ရှင်းပြ​ပြောဆို​ခဲ့သည်​။

"ဒါ​ပေါ့ကွာ... ဒီအသိ​တရား​တွေ ရှိ​နေလို့ပဲ ငါနဲ့မင်း ဒီအလုပ်​​တွေ တတ်​နိုင်​သ​လောက်​ လုပ်​​နေတာ​ပေါ့ "

အာနိစ်​က ဝင်​​ထောက်​ခံလိုက်​၏။

စကားပွဲသည်​ မသိမသာ ငြိမ်​သွားသည်​။ နှစ်​​ယောက်​စလုံး အ​တွေးကိုယ်​စီနှင့်​ ပဲ​လုံးကြော်​နှင့်​ ဘယာ​ကြော်​များကိုသာ ငုံ့၍ စား​နေ၏။

စား၍ပြီးလျှင်​ တာဟဲရ်​က အာနိစ့်​အ​မေ မကြားမိ​အောင်​ ​တိုးတိုး​လေး မေးလိုက်​သည်​။

"ဒါနဲ့.... သူငယ်​ချင်း... မကျီး​ချောင်းစခန်းက ​ခေါ်​နေတဲ့ ကိစ္စကို ဘယ်​လိုလုပ်​မလဲ... "

"ငါ​ပြောမယ်​... ပထမ တစ်​ချက်​က ငါတို့ ဘာပြစ်​မှုမှ ကျူးလွန်​ထားတာ မရှိဘူး ... ဒုတိယ တစ်​ချက်​က သူတို့ တရားဝင်​စာထုတ်​ပြီး ​ခေါ်တာလည်း မဟုတ်​ဘူး... ဒါ​ကြောင့်​ ငါတို့မှာ ဘယ်​အ​ကြောင်းနဲ့မှ သူတို့ကို သွား​တွေ့စရာ မလိုဘူး.... ငါ​တော့ ဒီလိုပဲ ထင်​တယ်​... "

အာနိစ်​က ပြတ်​ပြတ်​သားသား ​ဖြေချလိုက်​သည်​။

"ဟုတ်​တယ်​... မင်း​ပြောတာ သိပ်​မှန်​တယ်​... သွား​တွေ့တာနဲ့ ဟိုအ​ကြောင်း ဒီအ​ကြောင်း ပြပြီး ​ငွေ​တောင်းမှာ တစ်​ခုပဲ... ဒါ​ပေမယ့်​ ​... ​​ရှေ့​နောက်​ဆက်​စပ်​ပြီး စဉ်းစားရင်​​တော့ ရှောင်​​နေရင်​လည်း ငါတို့မှာ အလိုလို အပြစ်​ရှိသလို ဖြစ်​​နေမယ်​ ....​လော​လောဆယ်​ ငါတို့ ​ကျေးရွာတာဝန်​ခံကို သွား​တွေ့ရင်​ မ​ကောင်းဘူးလား.... သူ့ဆီက အကျိုးအ​ကြောင်း နည်းနည်းပါးပါး​လောက်​​တော့ သိရတာ​ပေါ့... "

တာဟဲရ်​က ​ရှေ့​ရေးကို​တွေးပြီး ဖြစ်​သင့်​တာ တစ်​ခုကို တိုင်​ပင်​ကြည့်​သည်​ကို အာနိစ်​ကလည်း ​ထောက်​ခံလိုက်​သည်​။ ​ကျေးရွာတာဝန်​ခံကို နောက်နေ့ မနက်​ ၁၁ နာရီ သွား​တွေ့ရန်​ စီစဉ်​လိုက်​သည်​။

"အို​ကေ... သူငယ်​ချင်း... မိုးလည်း တိတ်​ပြီ... ညဉ့်​လည်း နက်​လာပြီဆို​တော့ ငါ အိမ်​ပြန်​​တော့မယ်​... "

တာဟဲရ်​က သူ့အိမ်​ပြန်​ရင်​ လုပ်​​နေသည်​။ အာနိစ်​ကလည်း သူငယ်​ချင်း​လေးကို အိမ်​ခြံဂိတ်​ဝထိ လိုက်​ပို့လိုက်​သည်​။

တစ်​ရွာတည်းက ဆို​ပေမယ့်​ အိမ်​ချင်း ​ဝေးသည်​။ လမ်း​လျှောက်​သွားရင်​ နှစ်​အိမ်​ကြား ဆယ်​မိနစ်​​လောက်​ ​လျှောက်​ရသည်​။

အာနိစ်​သည်​ အိမ်​ထဲဝင်​လာပြီး အိပ်​ရာထဲ သွားလှဲ​လျောင်းပြီး တွေး​နေသည်​။ အ​တွေး အမျိုးမျိုးက သူ့ဦး​နှောက်​ထဲသို့ အလိုလို ဝင်​ဝင်​လာ​နေ​၏။

သို့​သော်​ တစ်​​နေကုန်​ ဥပုသ်​​စောင့်​ပြီး က​လေးများကို စာပြရသည့်​အပြင်​ မိုးယို​နေ​သော သူ့အိမ်​နားက ဗလီ​ခေါင်​မိုး၏ သွပ်​ကိုလည်း သူကိုယ်​တိုင်​ ​ခေါင်​မိုး​ပေါ်တက်​၍ သွပ်​ဖာ​ထေးသည့်​ ​ကော်​ဖြင့်​ ဖာ​​ပေးလိုက်သည်​မို့ သူ အင်​မတန် ပင်​ပန်း​နေသည်​။ ထို့​ကြောင့်​ ​အချိန်​ သိပ်​မကြာလိုက်​ပါ။ သူ နှစ်​နှစ်​ခြိုက်ခြိုက် အိပ်​​ပျော်​သွား​လေပြီ။

သူတို့​ကျေးရွာတာဝန်​ခံကို မနက်​ဖြန်​သွား​တွေ့မည်​ဆို​သော ဒီသူငယ်​ချင်း နှစ်​​ယောက်​သာ ထိုမနက်​ဖြန်​၏ ကံစီမံရာ အချိန်​ဇယားကို ကြိုတင်​ သိရှိမြင်​မိခဲ့လျှင်​ ----

_________________________________
အပိုင်း-၄ (သို့မဟုတ်​) ဇတ်​သိမ်းပိုင်းကို ​မျှော်​။

Rohingya Eye
RB News
9.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရော်ကိလ္လာရွာ၏ ရာအိမ်မှူး ဦးမာမတ်ဇော်လိလ် (ဘ) ဦးမုစ်တာဖာအာမတ် (အသက် ၄၀ နှစ်) ၏ နွားများသည် ဇူလိုင်လ (၃၀) ရက်နေ့က ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ န.တ.လ ရွာသားများပိုင် လယ်မြေများတွင် ကျက်စားခဲ့သဖြင့် န.တ.လ ရွာသားများက ဖမ်းဆီး ထိန်းသိမ်းထားသဖြင့် နွားတစ်ကောင်လျှင် ငွေကျပ် ၂ သောင်းစီ ပေး၍ ပြန်လည် ရွေးယူခဲ့ရသည်။

ငွေကျပ် ၂ သောင်းစီ ပေး၍ ရွေးယူပြီး အိမ်ပြန်နေစဉ် လမ်းတစ်ဝက်တွင် မြင်းလွတ် အခြေစိုက် စစ်တပ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီးက တွေ့ရှိခဲ့ပြီး နွားတွေကို ဘယ်ကနေယူလာတာလဲ ဟု မေးမြန်းရာ ၎င်းက န.တ.လ ရွာသား တစ်ဦးက နွားများကို ထိန်းသိမ်းထားသဖြင့် ငွေကျပ် ၂ သောင်းစီ ပေး၍ ရွေးယူလာခြင်း ဖြစ်သည်ဟု အမှန်အတိုင်း ဖြေဆိုခဲ့သည်။ သို့သော်လည်း ဗိုလ်ကြီးက လိမ်လည် ပြောဆိုသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည့် သတင်းကို သြဂုတ်လ (၁) ရက်နေ့တွင် RB News ၌ ဖော်ပြခဲ့သည်။ 

ထိုသို့ ဖော်ပြပြီးနောက် သြဂုတ်လ (၄) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ငွေငါးသောင်း ညှစ်ခဲ့သည့် ဗိုလ်ကြီးက ဦးမာမတ်ဇော်လိလ် ကို ဆင့်ခေါ်၍ “ငွေယူတာ မင်းနဲ့ငါနဲ့သာ သိတာ၊ ဘယ်လို ပေါက်ကြားသွားလဲ၊ အဲဒါ မင်းလုပ်တာ၊ မင်းက ပြည်ပ သတင်းဌာနတွေကို သတင်းပို့နေတာ၊ အဲဒါကြောင့် မင်းကို ချုပ်ထားရမယ်” ဟု ခြိမ်းခြောက်၍ အတင်းအဓမ္မ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“အစိုးရသစ် တက်လာပေမယ့် စစ်သားတွေရဲ့ လုပ်ရပ်တွေက ယခင် အာဏာရှင် အစိုးရ လက်ထက်က အတိုင်း ရှိနေတယ်။ ဘာမှ ပြောင်းလဲ သွားတာ မရှိဘူး။ ကျွန်တော်တို့ ရွာသားတွေကို လက်နက်ပြပြီး ခြိမ်းခြောက် သောင်းကျန်းနေတာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
9.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် တစ်ဦးနှင့် ဂေါဒူသာရာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်တို့ ပူးပေါင်း၍ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ကိုးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့်ရဲ နှစ်ဦးသည် မောင်တော မြို့နယ် တောင်ပိုင်း တပ်ဦးချောင်း (ယခင် ဘဂုံးနား) ကျေးရွာမှ ဦးအဒူလ်မော်တော်လောဘ် (အသက် ၆၅ နှစ်) ထံမှ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ဦးအဒူမော်တော်လောဘ် ဆိုသူအား သြဂုတ်လ (၂) ရက်နေ့ မတိုင်မီ မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်စာ ပေးပို့ခဲ့သည်။ သြဂုတ်လ (၂) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ဦးအဒူမော်တော်လော်ဘ်က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားနေစဉ် ၎င်းအား ဖမ်းဆီးရန် လာနေသည့် အထက်ဖော်ပြပါ ဒုရဲအုပ်နှစ်ဦးက လမ်းတစ်ဝက်တွင် တွေ့ရှိသွားပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးပြီး ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ ငွေကျပ် သုံးသိန်းငါးသောင်း ပေးလျှင် ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ဦးအဒူမော်တော်လော်ဘ်က ငွေကျပ် သုံးသိန်းငါးသောင်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ သြဂုတ်လ (၃) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်တွင် ဘဂုံးနား ဈေးမှ ဖိုင်ဆဲလ် (ဘ) ဦးရော်ဖိတ် (အသက် ၂၂ နှစ်) ၏ ဆေးဆိုင်သို့ အဆိုပါ ဒုရဲအုပ်နှစ်ဦး သွားရောက်၍ “ဖိုင်ဆဲလ်ဆိုတာ မင်းလား” ဟု မေးမြန်းပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဖိုင်ဆဲလ်ကလည်း စခန်းသို့ လိုက်သွားရလျှင် မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် လေးသိန်း ပေးခဲ့ရကြောင်း သိရှိရသည်။ 

သြဂုတ်လ (၄) ရက်နေ့ ညနေ (၅) နာရီ အချိန်ခန့်တွင် အဆိုပါ ဒုရဲအုပ်နှစ်ဦးသည် ဘဂုံးနား ဈေးသို့ သွားရောက်၍ ဆေးရောင်းသူ ဇာဘို (ဘ) ဦးဇော်ဖောရ်အာမတ် (အသက် ၃၂ နှစ်) ၏ ဆိုင်သို့ ၀င်ရောက်ပြီး ၎င်းအား ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် မီးရှို့မှု၌ ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

မန်ကျည်းကျောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် များသည် ယခု ရက်ပိုင်း အတွင်းတွင် ဘဂုံးနား အပါအ၀င် နီးစပ်ရာ ကျေးရွာများသို့ အချိန်မတော် သွားရောက်၍ အပြစ်မဲ့ ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် မီးရှို့မှု၌ ပါဝင်သည်၊ မရှိသည့် RSO နှင့် ဆက်သွယ်နေသည်ဟု အခြေအမြစ်မရှိ စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက RB News သို့ပြောသည်။




နေ့စွဲ၊ ၂၀၁၆ ခု သြဂုတ်လ ၇ ရက်

ပြတ်သားထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခြင်း

တရား ဥပဒေ စိုးမိုးရေး နှင့် ဒီမိုကရေစီ ထွန်းကားရေး ကတိများဖြင့် ရွေးကောက်ပွဲနိုင်သော အစိုးရ အနေဖြင့်- လူနည်းစု ဘာသာဝင်များ ဖြစ်သည့် အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာဝင်တို့အား အနိုင်ကျင့် စော်ကား အကြမ်းဖက်သော အုပ်စုများအား ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိသည့် အပြင်-ကရင်ပြည်နယ်တွင်းမှ ခရစ်ယာန်ဘုရားကျောင်ဝန်း အတွင်း အဓမ္မစေတီတည်ခြင်း ကိစ္စ၊ ပဲခူး သရဲသမိန် ဗလီ ဖျက်ဆီးခြင်း ကိစ္စ၊ ဖားကန့် ၀တ်ပြုဆောင် ဖျက်ဆီးခြင်း ကိစ္စ နှင့် ယခု ရက်ပိုင်း သင်္ကန်းကျွန်းတွင် ဖြစ်နေသည့် အနိုင်ကျင့်နေမှုတို့အား အရေးမယူဘဲ အချိန်ဆွဲထားခြင်း ကိစ္စများက အဆိုပါ အကြမ်းဖက် အုပ်စုများဘက်မှ အာဏာပိုင် အစိုးရကိုယ်တိုင် ဘက်လိုက်သည့် ပုံသဏ္ဍာန်တို့ အား မြင်တွေ့နေရသည်။

ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြစ်ရန် အမုန်းဝါဒ ဖြန့်ဝေ လှုပ်ရှားမှုများအား အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဟု လက်ရှိ အစိုးရ၏ သာသနာရေးဝန်ကြီး ဦးအောင်ကိုမှ ကတိ ပေးသည်မှာလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းအား မျက်နှာချိုသွေး လိမ်လည်လှည့်စားသော စကားများသာ ဖြစ်ကြောင်း လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများမှ ထင်ဟပ်နေသည်။

မတရားသဖြင့် ပြသနာ ရှာခံရသူ လူနည်းစုနှင့် ပြသနာရှာသည့် လူများစုတို့ အကြား ဖြစ်တည် လာသည့် ပဋိပက္ခအား ချက်ချင်း မဖြေရှင်းဘဲလျှက် အချိန်ဆွဲထားခြင်းများမှာ အစိုးရ ကိုယ်တိုင် မရိုးမသား ဆန္ဒရှိကြောင်းကိုလည်း သက်သေပြရာ ရောက်သည်။ ဤပြသနာအား အခြေခံ၍ ပဋိပက္ခကြီး အသွင် ဖြစ်လာခဲ့သော်- လက်ရှိ အစိုးရတွင်သာ ရာနှုန်းပြည့် တာဝန်ရှိနေသည်။

လူနည်းစုတို့အား စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့အား - ရပ်တန်းက ရပ်ရန် - အဆိုပါ အနိုင်ကျင့်သူ အကြမ်းဖက်သူတို့အား အချိန်မဆွဲဘဲ ပြတ်သားထိရောက်စွာ အရေး ယူပေးရန်- အာဏာပိုင်အစိုးရအား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှာ တောင်းဆိုပါသည်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

သင်္ဃ်န်းကျွန်း မြို့နယ် တိုးချဲ့ရပ်ကွက်တွင်း သြဂုတ်လ (၄)ရက်နေ့ညက ဧည့်စာရင်း ၀င်ရောက် စစ်ဆေးနေစဉ် (ဓါတ်ပုံ- မသီတာ)

မအင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
8.8.2016

သင်္ဃန်းကျွန်း မြို့နယ်မှာ မျိုးချစ် ရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့ကနေ ဘာသာရေးအဓိက ရုန်းဖြစ်အောင် စည်းရုံး လှုံဆော်နေတာကြောင့် အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်း သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်က ပြောကြား လိုက်ပါတယ်။ သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်မှာ မျိုးချစ်အဖွဲ့တွေဆိုပြီး သံဃာတချို့နဲ့ လူအုပ်စုတစုက မနေ့ညက ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် အခြားဘာသာဝင်တွေ အနေနဲ့ စိုးရိမ် ထိန့်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အခြေအနေတွေကို စုံစမ်းမေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ် ပြောပြမှာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်မှာ ဘာသာခြား လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စကို အခြေခံပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့တခုကနေ ဘာသာရေး အဓိကရုန်း ပုံစံမျိုးဖြစ်အောင် ဖန်တီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ NLD သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဓိကတော့ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုပြီးတော့ ပြောတာခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ အဲဒါကို ဘယ်လိုဆက်ပြီးတော့ ကိုင်တွယ်ဖို့ရှိမလဲ။

ဖြေ။ ။ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတော့ အစိုးရကို မေးရမှာပဲခင်ဗျ။ အမှန်တော့ အဲဒီရပ်ကွက်က အဲလိုပဲ ကျနော်တို့ သင်္ဃန်းကျွန်းမှာလာပြီးတော့ ဘာသာရေး လှုံ့ဆော်မှုတွေ လုပ်နေတာ ၂ ခါ ၊ ၃ ခါ လောက်ရှိပြီ။”


ဇူလိုင်လကဖြစ်ခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပတ်သက်သူကို ရဲဘက်က ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒီအတောအတွင်း အခင်းဖြစ်ပွားချိန်မှာ ၀င်ရောက်တားဆီးခဲ့တာကြောင့် ဓါးဒဏ်ရာရခဲ့တဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့က အဆုပ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အခြေခံပြီး သံဃာတချို့နဲ့ လူအုပ်တချို့က သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်ဘက်မှာနေထိုင်တဲ့ အခြား အစ္စလာမ်ဘာသာဝင်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိခဲ့တာကြောင့် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေကြောင်း ဒေသခံ မသီတာကပြောပါတယ်။

မနေ့ညကဖြစ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက စတင်မေးမြန်းရာမှာ-

“အခုဘာတွေဖြစ်နေသလဲဆိုတော့ ဖြစ်တဲ့ ရပ်ကွက် ၃ ရပ်မှာပေါ့နော် ၉၆၉ အဖွဲ့တွေက အစ္စလာမ်ဘာသာဝင်တွေကို မီးရို့မယ် ၊ ဘာညာပေါ့နော် ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တော့ အစ္စလာမ်ဘာသာဝင်တွေ ရပ်ကွက်ထဲမှာ မနေရဲပဲနဲ့ အ၀တ်အစားထုတ်ကလေးတွေ ထုတ်ပြီးတော့ တိမ်းရှောင်နေရတယ်။ ရဲတွေကလည်း ခဏရှောင်နေဖို့ပဲပြောတာပေါ့နော်။ အခု ကျမတို့ကျတော့ ဖမ်းထားတဲ့လူတွေရဲ့အရှေ့မှာပဲ ကျမတို့ စောင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုလည်း အန္တရာယ်ပြုမှာဆိုပြီး ကျမတို့ ၄-၅၀ ယောက်ပေါ့နော်ဒီ ၂၄ ယောက်ကို ညဘက်ကို ထိုင်စောင့်နေတယ်။

မေး။ ။သူတို့ကို အခု ဘယ်မှာ ထိန်းသိမ်းထားတာလဲရှင့်။

ဖြေ။ ။ ထိန်းသိမ်းထားတာက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးဘေးက ပြည်သူ့ဝန်ဆောင်မှုရုံး အဲဒီအထဲမှာ

မေး။ ။ ဟုတ်ကဲ့ ၉၆၉ က ဘယ်တုန်းက အဲဒီလို ခြိမ်းခြောက်တာလဲရှင့်။

ဖြေ။ ။စဖြစ်တဲ့ညကပေါ့နော်။ ကြာသပတေးညက လာစစ်တာဘုန်းကြီးတွေ မပါဘူး။ အဲဒီ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျမတို့ မသိတဲ့လူတွေနဲ့ လာစစ်တယ်။ အဲဒီ ရပ်ကွက်ရုံးကို ခေါ်သွားတော့မှ ဘုန်းကြီးတွေနဲ့ နောက်လူတွေကိုပါ သွားတွေ့တယ်။

မေး။ ။ ဘုန်းကြီးတွေနဲ့ ဘာကြောင့်ပါလာပြီးတော့ သူတို့က အဲဒီမှာ မေးတာလဲရှင့်။

ဖြေ။ ။ဘာတွေမေးတာလဲဆိုတော့ ကျမတို့လူတွေကိုပေါ့နော် ဘယ်ကလာတာလဲ ဘင်္ဂါလီပုံစံမျိုးပေါ့အမရယ် ရခိုင်ပြည်ကလာတယ်ဆိုပြီးတော့ ရိုဟင်ဂျာဆိုပြီးတော့ စွတ်စွဲတာတို့ အဲလိုမျိုးစွတ်စွဲတယ်။ နောက်နေ့ လ၀က ကလည်း စစ်တဲ့အချိန်မှာ သူတို့က လ၀က ကလူကြီးကိုတောင် အဲဒီလိုမျိုး စကားများကြတယ်။ အဖြူကတ်တွေထုတ်ပေးတာတွေလေ အဲဒီကတ်တွေကို ဘာကြောင့် လွယ်လွယ်ကူကူထုတ်ပေးရမှာလဲ ဘာညာဆိုပြီးတော့ အဲဒီမှာ ဘုန်းကြီးတွေကပြောတယ်။

မေး။ ။ ပြောတော့ အဲဒီမှာ လ၀က အရာရှိတွေကရော သူတို့ကို ဘာပြန်ပြောလဲ။

ဖြေ။ ။ လ၀က အရာရှိတွေက သူတို့ကို ဘာပြန်ပြောလဲဆိုတော့ သူတို့နဲ့ စကားများတဲ့ ဗွီဒီယို ဖိုင်ကိုတော့ ကျမတို့လုပ်ထားတယ်။ သူတို့က အပြစ်မရှိတာကို ဘယ်လိုဖမ်းရမလဲ ဆိုပြီးတော့ လ၀က လူကြီးတယောက်က မေးတယ်။ သူတို့ကိုပြောတာပေါ့နော် အဲဒါကို သူတို့က ဒီလိုမျိုးဖြစ်နေတာကို ဘာကိုအပြစ်မရှိရမှာလဲဆိုပြီးတော့ ဒီလ၀က လူကြီးနဲ့ သူတို့နဲ့ စကားများကြတယ်။ အဲဒီအထဲမှာ

မေး။ ။ ထိန်းသိမ်းခံထားရတဲ့လူတွေကရော ဘုန်းကြီးတွေ စွပ်စွဲသလို ရခိုင်ပြည်နယ်က မဟုတ်ဘူးဆိုရင် သူတို့ဘယ်ကလာကြတဲ့ လူတွေလဲရှင့်။

ဖြေ။ ။ သူတို့က အခုလက်ရှိက သင်္ဃန်းကျွန်း မြို့နယ်မှာ မွေးပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်မှာပဲ ကြီးတဲ့လူတွေ အများဆုံးပါတယ်။ ဒီနေရာမှာမွေး ဒီမှာကြီးတာတွေ အဲဒီ မော်လမြိုင် က ကျောင်းသားတွေကျတော့ သထုံဘက်မှာနေတဲ့လူတွေ မော်လမြိုင်ဇာတိတွေ ၊ ထောက်ခံစာတွေလည်း မော်လမြိုင် ကပဲယူထားတာ ၂၀၁၅ ထောက်ခံစာတွေ ဒါတွေတောင်မှပဲ ယူလာတာ သူတို့တွေက။ သာကေတ ကတယောက်ပါတယ် သာကေတ ထောက်ခံစာနဲ့ နယ်တွေကတောင်မပါဘူး။

မေး။ ။ အခုလောလောဆယ် သူတို့ကို ဘာအမှုနဲ့ ထိန်းသိမ်းထားသလဲဆိုတာ အမတို့ သေချာမသိသေးဘူးလား။

ဖြေ။ ။ ကျမတို့က တနေကုန်လုံးကိုမေးနေတာ လာတဲလူတိုင်းကိုလည်းမေးတယ်၊ ရဲကိုလည်းမေးတယ်။ ဘာမှန်းကို သူတို့လည်းမသိဘူးတဲ့ မနက်ဖြန်ကိုတော့ တရားရုံးတင်မယ်တဲ့ အဲဒီလိုပဲ ပြောတယ်။”

ဒီအခြေအနေနဲ့ပတ်သက်လို့ တာဝန်ကျ သုဝဏ္ဏရဲစခန်းရဲ့ စခန်းမှုးသန်းစိုးကို ဆက်သွယ်မေးမြန်းရာမှာ-

“ဒီမှာ ကျနော်တို့ရဲတပ်ဖွဲ့ လုံခြုံရေးအပြည့်ရှိပါတယ်။ ဘာမှထူးခြားမှုမရှိပါဘူး။

မေး။ ။ ဟိုတနေ့က ထိန်းသိမ်းခံထားရတဲ့အစ္စလာမ်ဘာသာဝင်တွေ အခြေအနေကရော ဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ အဲဒါတော့ပြောလို့မရသေးဘူးအမ”

အခုလို သင်္ဃန်းကျွန်းမြို့နယ်မှာ ဆူပူမှုတွေဖြစ်အောင် အင်တာနက်တွေက နေတဆင့်လှုံဆော်နေတာတွေကိုလည်း သတိထားကြဖို့ ဦးနေဖုန်းလတ်က ပြောပါတယ်။

“သာမန်ပြောဆိုတဲ့ကိစ္စတွေကို အခြေခံပြီးတော့ ဘာသာရေးလှုံ့ဆော်ပေးနေတဲလူတွေက တမင်သတ်သတ် အပြင်မှာရော၊ အွန်လိုင်းမှာရော လိုက်ပြီးတော့ လှုံ့ဆော်နေတာတွေရှိနေတယ်ခင်ဗျ။ အပြင်မှာလိုက်ပြီးတော့ လှုံ့ဆော်နေတဲ့အဖွဲ့တွေကို ကျနော်တို့ တစုံတရာ အရေးယူဆောင်ရွက်မှုတွေလုပ်သင့်တယ် အစိုးရအနေနဲ့လေ။ ပြည်သူတွေအနေနဲ့ကတော့ အခြေအနေမှန်တဲ့အချက်အလက်တွေကိုသုံးပြီးတော့ အွန်လိုင်းပေါ်မှာ ဘာသာရေးလှုံ့ဆော်နေတာတွေကို ချင့်ချိန်ပြီး ကျနော်တို့စဉ်းစားသင့်တယ်ခင်ဗျာ။”

မျိုးစောင့်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဇူလိုင်လက သံဃာ့မဟာနာယကအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ဘာသာတခုနဲ့တခုကြား၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခတွေဖြစ်ပွားအောင် အမုန်းစကားတွေ ဖြန့်ဝေတဲ့လှုပ်ရှားမှုတွေကို အစိုးရအနေနဲ့ ထိထိရောက်အရေးယူ ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။



ယျာတင် (ရိုဟင်းသား)
RB News
8.8.2015

၈-​လေးလုံး အ​ရေး​တော်​ပုံကြီး ​ပေါ်​ပေါက်​ခဲ့တာ ဘာလိုလိုနဲ့ ၂၇- နှစ်​တိုင်​ခဲ့​လေပြီ။ အဲ့ဒီအချိန်​တုန်းမှာ ကျ​နော်​က ပုခက်​က​လေးရဲ့ ဝမ်းဗိုက်​ထဲမှာပဲ လှဲ​နေရပြီး ဘာဆိုဘာမှ မသိတဲ့ ၁-နှစ်​​ကျော်​ အရွယ်​သား​လေးပါပဲ။

၈-​လေးလုံး​နေ့မှာ လမ်း​ပေါ်က လူထု​ရဲ့​ကြွေး​ကြော်​သံနဲ့အတူ ပုခက်​ထဲက ကျ​နော်​လည်း မျက်​နှာကိုတင်း လက်​ကို ချီလို့ လှုပ်​လှုပ်​ရွရွ ဖြစ်​ခဲ့တယ်​လို့ ​နောင်​ ၈-​လေးလုံး နှစ်​ပတ်​လည်​​နေ့​ရောက်​တိုင်း အ​မေက ကျ​နော့်​ကို ပြန်​​ပြောပြဖူးပါတယ်​။

ကိုယ်​တိုင်​မမြင်​ဖူး​ပေမယ့်​ ၈- ​လေးလုံး ရဲ့ဖြစ်​ရပ်​​တွေကို ကြားမိတိုင်း အပြစ်​မဲ့ပြည်​သူများကို ရက်​ရက်​စက်​စက်​ ဖြိုခွင်းလိုက်​တဲ့ အာဏာရှင်​များအ​ပေါ် ကြက်​သီး​တွေထ ​ဒေါသ​တွေက အလိုလို ဆွလာတတ်​တာဟာ ကျ​နော့်​ ခန္ဓာကိုယ်​ထဲမှာလည်း အာဏာရှင်​ကို အမြစ်​ဖြတ်​ ဖြုတ်​ချချင်​တဲ့ ဆန္ဒတစ်​ခု ကိန်း​ဝပ်​​နေလို့ပဲ ထင်​ပါရဲ့။

ရေဒီယိုကို ငယ်​ငယ်​ကတည်းက စွဲစွဲမြဲမြဲ နားဆင်​တတ်​​လေတော့ ပုဂ္ဂိုလ်​တစ်​ချို့ကို အဲ့​ရေဒီယို ​လေလှိုင်း​ပေါ်ကပဲ ကျ​နော်​ ရင်းနှီးလာပါ​တော့တယ်​။ အဲ့ဒီ ပုဂ္ဂိုလ်​များဟာ ကျ​နော့်​အတွက်​ "​လေလိုင်း​ပေါ်က သူရဲ​ကောင်းများ" ဖြစ်​လာပါရဲ့။ တကယ်​​တော့ ထိုပုဂ္ဂိုလ်​များဟာ ​လေလှိုင်း​ပေါ်မှာသာ သူရဲ​ကောင်းများ မဟုတ်​ဘဲ လက်​​တွေ့နယ်​​ပယ်​မှာလည်း အများရဲ့ အတုယူခြင်းခံရသူ၊ အများ​ရဲ့​လေးစားခြင်း ခံရသူ သူရဲ​ကောင်းစစ်​စစ်​များ ဖြစ်​​နေပါတယ်​။

"​ဒေါ်​အောင်​ဆန်းစုကြည်​၊ ကိုမင်းကိုနိုင်​၊ ကိုမြ​အေး" စတဲ့ ပုဂ္ဂိုလ်​များဟာ အာဏာရှင်​များရဲ့ ပုလ္လင်ကို လှုပ်​ခါ​စေခဲ့သူ​တွေအဖြစ်​ ကျ​နော့်​ ရင်​ဘတ်​ထဲ ​နေရာယူလာခဲ့တာ အ​တော်​ကြာခဲ့​လေပြီ။ ၈-​လေးလုံး အ​ရေးအခင်းမှာ ကိုယ်​တိုင်​ပါဝင်​ခဲ့တဲ့ ကျ​နော့်​အ​ဖေနှင့်​ သူ့သူငယ်​ချင်းအချို့ရဲ့ ပြန်​​​ပြောပြချက်​အရ ကျ​နော်​ သိလာတဲ့ ​ပုဂ္ဂိုလ်​တစ်​ချို့ဟာ ၈-​လေးလုံးရဲ့ မရဏလမ်း​ပေါ်က လင်းလက်​လာတဲ့ ကြယ်​စင်​​တွေပါပဲ။ သူတို့ရဲ့ ထူးကဲတဲ့ လှုပ်​ရှား​ဆောင်​ရွက်​ခဲ့မှု​တွေက ကျ​နော့်​ နှလုံးသားကို ဒီမိုက​ရေစီ အလင်း​တန်း​တွေနဲ့ ထုဆစ်​​ပေးခဲ့သလို ဖြစ်​​နေပါတယ်​။ ထိုကြယ်​စင်​များကို ကျ​နော်​ သိတတ်​စ အရွယ်​ကတည်းက အတုယူ ​အထင်​ကြီး လေးစားလာခဲ့တာ ယခုအချိန်​အထိဆိုပါ​တော့။

၈-​လေးလုံးအ​ရေး​တော်​ပုံ​ကြောင့်​ပဲ မြန်​မာနိုင်​ငံရဲ့ ဒီမိုက​ရေစီ ​ရေစီး​ကြောင်း အသက်​ဝင်​လာတယ်​လို့ ဆိုရင်​ လွန်​မယ်​မထင်​ပါဘူး။ ၈-​လေးလုံး​မှာ ပါဝင်​လှုပ်​ရှားခဲ့သူ မှန်​သမျှကို အမိမြန်​မာနိုင်​ငံရဲ့ ဒုတိယအကြိမ်​ လွတ်​လပ်​​​ရေးအတွက်​ တိုက်​ပွဲဝင်​ခဲ့သူ​တွေပါလို့ ကျ​နော့်​အ​နေဖြင့်​ တင်​စားချင်​ပါတယ်​။ အထူးသဖြင့်​ ၈-​လေးလုံးက ​ကျောင်းသား​ကျောင်းသူ​ကြီးတွေဟာ​ အာဏာရှင်​ကို ​မ​ကြောက်​မရွံ့တော်​လှန်​​ရမယ်​ဆိုတဲ့ အသိတရားတစ်​ခုကို ပြည်​သူများအတွက်​ မွေးထုတ်​​ပေးနိုင်​ခဲ့တာနဲ့အတူ မြန်​မာ့နိုင်​ငံ​ရေး နယ်​ပယ်​မှာလည်း ​ကျောင်းသားများရဲ့ အခန်းကဏ္ဍကို ပိုအသက်​ဝင်​​စေခဲ့ပါတယ်​။

Social မီဒီယာ​တွေ မ​ပေါ်မီကာလမှာ ၈-​လေးလုံး​ရဲ့ နှစ်​ပတ်​လည်​နေ့​ ​ရောက်​တိုင်း ကျ​နော်​ ​ရေဒီယို​လေးကို အ​ဖော်​ပြုလို့ ၈-​လေးလုံး​နေ့က အဖြစ်​အပျက်​များကို ​လေလှိုင်း​ပေါ်က နား​ထောင်​ရင်း ခံစားကြည့်​ခဲ့ပါတယ်​။ အပြစ်​ကင်းစင်​ပြီး အမိနိုင်​ငံ​တော်​ကြီး ​အေးချမ်းသာယာ တိုးတက်​​ရေးအတွက်​ ​အေး​အေးချမ်းချမ်း ဆန္ဒပြခဲ့သူများကို လူစိတ်​ကင်းမဲ့တဲ့ အာဏာရှင်​များက သူတို့အာဏာ တည်​မြဲ​ရေးတစ်​ခုကိုသာ ရှေ့ရှုပြီး ရက်​ရက်​စက်​စက်​ ဖြိုခွင်းလိုက်​တာကို သိလာ​လေ​လေ အာဏာရှင်​အ​ပေါ် ကျ​နော့်​ အမုန်းစိတ်​ကလည်း တိုးမြှင့်​လာ​လေ​လေ ဖြစ်​လာခဲ့ပါတယ်​။ ​BBC..VOA...RFA...DVB တို့က ထုတ်​လွှင့်​တတ်​တဲ့ "ကမ္ဘာမ​ကြေဘူး" သီချင်းရဲ့အပိုင်းအစများ ကျ​နော့်​ နားထဲတိုးဝင်​လာတိုင်း အာဏာရှင်ကို မုန်းတဲ့ ကျ​နော့်​အမုန်းတရားကလည်း မြင့်​တက်​လာပါ​တော့တယ်​။ ပြီး​လျှင်​ ၈-​လေးလုံးအ​ရေး​တော်​ပုံ၌ မိမိအသက်​ကို စ​တေးလိုက်​ရ​တဲ့ အာဇာနည်းများကို ကျ​နော်​ အ​ဝေးက​နေ၍ အ​လေးပြုခဲ့ပါ​တော့တယ်​။ တစ်ဆက်တည်း အာဇာနည်​များအတွက်​ ဆု​မွန်​​ကောင်းများစွာ ​တောင်း​ပေးပါ​တော့တယ်​။

ယ​နေ့လို social မီဒီယာ ​ပေါ်လာတဲ့အချိန်​မှာ ၈-​လေးလုံးနဲ့ပတ်​သက်​ပြီး ​အ​တော်​ကြာ ဝှက်​ကွယ်​ထားခြင်းခံခဲ့ရတဲ့ အ​ကြောင်းအရာများစွာကို ကျ​နော်​ ပို၍ပို၍ သိရှိလာပါ​တော့တယ်​။ ကိုမင်းကိုနိုင်​​ရေးတဲ့ "​နောက်​ကြည့်​မှန်​" စာအုပ်​ကို ဖတ်​တဲ့အချိန်​မှာ ၈-​လေးလုံးအ​ရေး​တော်​ပုံ၌ ကျ​နော်​ကိုယ်​တိုင်​ ပါဝင်​ လှုပ်​ရှားခဲ့သလို ခံစားရပြီး "ကိုမင်းကိုနိုင်​" နှင့်​အတူ ​ကျောင်းသားများ၊ ပြည်​သူများရဲ့ လှုပ်​ရှားခဲ့ပုံများစွာကို သိရှိလာပါ​တော့တယ်​။

ဒီ​နေ့ ကျ​ရောက်​တဲ့ ၈-​လေးလုံးရဲ့ ၂၇ နှစ်​​မြောက်​ နှစ်​ပတ်​လည်​​နေ့မှာ​တော့ ကျ​နော်​ဟာ အရင်​ နှစ်​ပတ်လည်​​နေ့က လုပ်​ခဲ့သလိုထက်​ ပိုပြီး ထူးခြား​အောင်​ လုပ်​​နေပါပြီ။ ရန်​ကုန်​လိုမြို့ကြီး​တွေမှာ ​၈-​လေးလုံးအ​ရေး​တော်​ပုံမှ ​ပေါ်ထွန်းလာတဲ့ ကျောင်းသား​ခေါင်း​ဆောင်​များ ကျင်းပပြုလုပ်​​နေတဲ့ ၈-​လေးလုံးရဲ့ ​အောက်​​မေ့ပွဲ အခမ်းအနားကို ကျ​နော်​သာ သွားတက်​နိုင်​ခဲ့မယ်​ဆိုရင်​ ဆိုတဲ့အ​တွေးနဲ့ ကျ​နော်​က ​မိမိအိမ်​မှာ ​ဆောင်း​ဘောစ်​အကြီးကြီးကိုဖွင့်​၊ "ကမ္ဘာမ​ကြေဘူး" သီချင်းကို အားရပါးရ နား​ဆင်​​နေပြီးတဲ့​နောက်​ ကျဆုံး​လေပြီးတဲ့ အာဇာနည်​​ကျောင်းသား​ကျောင်းသူများ၊ ပြည်​သူပြည်​သားများအား ​အောက်​​မေ့ရင်း အ​လေးပြုလိုက်​ပါတယ်​။ ပြီးလျှင်​ အာဏာရှင်​များရဲ့​နေ့ရက်​​တွေ အဆုံးသတ်​သွားဖို့ မိမိကိုယ်​တိုင်​လည်း တစ်​​ထောင့်​တစ်​​နေရာက တတ်​နိုင်​သမျှ ပါဝင်​လှုပ်​ရှား​နေပါ့မယ်​လို့ မိမိကိုယ်​မိမိ သစ္စာစကား ဆိုလိုက်​ပါ​တော့တယ်​။ ဒီ့အပြင်​ အမိမြန်​မာနိုင်​ငံ​တော်​ကြီး အမြန်​ဆုံး ​အေးချမ်းသာယာ တိုးတက်​လာပါ​စေ​ကြောင်း ဆန္ဒပြုလိုက်​ပါတယ်​။

ဒီမိုက​ရေစီအ​ရေး လှုပ်​ရှား​နေသူများအားလုံး ကိုယ်​ကျန်းမာ စိတ်​ချမ်းသာ ရှိကြပြီး အမိနိုင်​ငံ​တော်​ကြီးရဲ့ ​အေးချမ်းသာယာတိုးတက်​​ရေးအတွက်​ စွမ်းစွမ်းတမံ ​ဆောင်​ရွက်​နိုင်​ကြပါစေ။ အမိမြန်​မာနိုင်​ငံမှာ လူလူချင်း ညှင်းပန်း နှိပ်​စက်​မှု၊ နှိမ့်​ချခွဲခြားမှု​တွေ အမြန်ဆုံး ပ​ပျောက်​ပြီး တန်းတူညီမျှတဲ့ ဒီမိုက​ရေစီ ​နေ့ရက်​များ အမြန်​ဆုံး ​ရောက်​ရှိလာဖို့ ​မျှော်​လင့်​မိပါ​ကြောင်းပါ။

ကျ​နော်​ ရိုဟင်​ဂျာသား- ယျာတင်​ပါ။



ကိုဉာဏ်ဝင်းအောင်

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အပြောင်းအလဲကို ရောက်နေပြီလို့ ပြောနေကြပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်တာကာလ ဖြတ်သန်းမှု ပေးဆပ်မှုတွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ စနစ်ဟာ စပ်ကူးမတ်ကူး အခြေနေသာရှိပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ မဟုတ်သေးဘူးလို့ ရှစ်လေးလုံးမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက သုံးသပ် လိုက်ကြပါတယ်။ ရှစ်လေးလုံး အရေးတော် အခမ်း အနားတွေကို ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖို့ ကြိုတင် ပြင်ဆင်နေတဲ့ အခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၁၉၈၈ ခုနှစ်မှာစတင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ အခု သြဂုတ်လ (၈) ရက်နေ့ဆိုရင်၂၈ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း ဖြိုခွင်းခဲ့တာကြောင့် ရှစ်လေးလုံးကာလအတွင်း လူအများအပြားသေဆုံး ပျောက်ဆုံးခဲ့ရသလို၊ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ကိုလည်း တောခိုခဲ့ကြတာပါ။ ဒီလိုဘ၀နဲ့ရင်းပြီး ပေးဆပ်မှုတွေရှိလာခဲ့တဲ့ ရှစ်လေးလုံး (၂၈) နှစ်ကာလကို ပြန်ပြောင်းသုံးသပ်ရင် ဒီကနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အားရစရာမရှိသေးဘူးလို့ လက်ရှိအမေရိကန် ပြည်ထောင်စုမှာနေထိုင်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းက ပြောဆိုလိုက်ပါတယ်။

“၁၉၈၈ ခုနှစ်က တပါတီ အာဏာရှင်စံနစ် ပျောက်ဆုံးဖို့၊ စစ်အာဏာရှင်စံနစ် ပျောက်ဆုံးဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလို ပျောက်ဆုံးဖို့ ခရီးလမ်းတလျှောက်မှာ သေသွားတဲ့ သူရဲကောင်းတွေ အများကြီး ရှိခဲ့သလို နစ်နာခဲ့တဲ့သူတွေ၊ ဘ၀ပျက်သွားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲဒီ ပေးဆပ်မှုတွေဟာ ဒီကနေ့ ဒီအချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောနေပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံရဲ့ စပ်ကူးမတ်ကူး ဒီမိုကရေစီနဲ့ ကျနော်တို့ ဖြတ်သန်းနေရတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ခေါင်းစဉ် တပ်ထားပေမယ့် ၂၈ နှစ်တာကာ ကျနော်တို့ ရင်းနှီး ပေးဆပ်မှုတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ အားရတဲ့အခြေအနေ မရှိသေးပါဘူး။”

ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့က ကိုကျော်မိုးလှိုင်ကလည်း (၂၈) နှစ်တာကာလကို အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ကျောင်းသားနဲ့ ပြည်သူတွေ အနစ်နာခံပြီးတော့ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ဟာတွေရဲ့ ရလဒ်ကတော့ အတိုင်းအတာ တခုအထိတော့ အပြောင်းအလဲ ဖြစ်လာခဲ့ပြီးပြီ။ ဒါပေမယ့် ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော့ ကျနော်တို့ လက်ရှိ အချိန်အထိက မဖြစ်ပေါ်သေးဘူး။”

ရှစ်လေးလုံး (၂၈) နှစ်တာကာလ ဆုံးရှုံးမှု အောင်မြင်မှုတွေကိုတော့ ကိုဇော်မင်းက ခုလိုသုံးသပ်ပါတယ်။

“ခေတ်ပြောင်း စံနစ်အပြောင်းမှာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဆုံးရှုံးမှုကို ကျနော်က အဓိကထားပြီး မပြောချင်ပါဘူး။ အဲ…. အောင်မြင်မှုအရ တစ်အချက်က ဒီ အရပ်သားအစိုးရ တခုကို လူထုက နှစ်နှစ်ကာကာ လိုချင်ကြတယ်၊ စစ်ဝါဒီနဲ့ စစ်အာဏာရှင်စံနစ်ကို မုန်းတီးကြတယ် ဆိုတဲ့အသိ၊ သူတို့ ဒီမိုကရေစီကို မြတ်နိုးတဲ့ စိတ်ဓာတ်၊ အဲဒါတွေကို သူတို့ လက်ခံလာတဲ့အတွက် ဒါဟာ ကျနော်တို့အတွက် အကြီးဆုံးသော အောင်မြင်မှု၊ အနာဂတ် ဒီမိုကရေစီမှာ တွန်းအားတခုအနေနဲ့ ခိုင်ခိုင်မာမာဖြစ်လာတဲ့ အခြေအနေ တခုလို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

ဒီမိုကရေစီ စပ်ကူးမတ်ကူး အခုလိုကာလမှာ NLD အစိုးရအနေနဲ့ နိုင်ငံရေးအင်အားစုတွေကို အခုထက်ပိုပြီးပါဝင်ခွင့်ပေးဖို့ တိုက်တွန်းလိုက် သလို၊ ၈၈မျိုးဆက်တွေ အနေနဲ့လည်း ဒီထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ကြဖို့ ၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက တိုက်တွန်းလိုက် ပါတယ်။

“တချက်ကတော့ လက်ရှိနိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက် အစိုးရပေါ့နော်။ သူတို့တွေမှာ အကျပ်အတည်းတခု ရှိပါတယ်။ အဲဒီ အကျပ်အတည်းက သူတို့ စိတ်ထင်တိုင်းသွားလို့မရဘူး၊ သူတို့ ရုန်းထရမှာ ကျနော်တို့ နားလည်တယ်။ အဲဒီလို ရုန်းထတဲ့အခါမှာ ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကို ပါဝင်လာဖို့၊ ပါဝင်လာနိုင်ဖို့ အခွင့်အရေး သူတို့ ဖန်တီးပေးသင့်တယ်လို့ ကျနော် မြင်တယ်။ နောက်တချက်၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေပေါ့နော်၊ ၁၉၈၈ က အသက် (၂၀) အရွယ် ကျောင်းသားတွေပေါ့၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေဟာ သူတို့ ထိထိရောက်ရောက် ဆုံးဖြတ်ချက်တွေကို တိတိကျကျ မဆုံးဖြတ်နိုင်သေးဘူးဆိုတာကို ကျနော်တို့ သွားတွေ့တယ်။ ဒါက ကျနော်တို့တွေဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်၊ ဒါကြောင့်မို့လို့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရဲရဲတင်းတင်း လုပ်ဆောင်ပါ၊ အမျှော်အမြင်ကြီးစွာ လုပ်ဆောင်ပါလို့ ကျနော်တို့ ခေတ်ပြိုင်တွေကို ပြောချင်ပါတယ်။”

မုံရွာမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံးအခမ်းအနားနဲ့ပတ်သက်လို့ ကိုကျော်မိုးလှိုင်က ရှင်းပြပါတယ်။

“အဲဒီ ရှစ်လေးလုံးအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် ကျဆုံးသွားတဲ့ အာဇာနည်တွေကို ပထမ အလေးပြုမယ့် အစီအစဉ် ဖြစ်ပါတယ်။ နောက် လူကြီးပိုင်းက ကျနော်တို့ မုံရွာ ရှစ်လေးလုံး သမိုင်းဖြစ်စဉ်ကို ပြောမယ်ပေါ့လေ။ အခမ်းအနားရှေ့မှာလည်း မှတ်တမ်း ပြခန်းဆိုပြီး လုပ်ပါမယ်။ အဲဒီ “သမိုင်းနဲ့မှတ်တမ်း ပြခန်း” ဆိုရင် အရေးအခင်းကာလမှာ ဓါတ်ပုံ မှတ်တမ်းတွေ၊ ကျနော်တို့ ဂျာနယ်တွေ၊ စာဆောင်တွေ၊ အဲဒီ စာအုပ်တွေ၊ စာဆောင်တွေဆိုတာကလည်း တကယ်တန်းက တချို့ဆို ဆယ်စုနှစ်နဲ့ချီပြီးတော့ မြေအောက်မှာ အသေအချာ လုံအောင်ထုပ်ပိုးပြီးတော့ မြုပ်ထားခဲ့တဲ့ စာရွက် စာတမ်းတွေ ဖြစ်ပါတယ်။ အဲဒီစာရွက် စာတမ်းတွေကို ကျနော်တို့ ပြန်လည် ပြသမှာ ဖြစ်ပါတယ်။”

မုံရွာမြို့မှာတော့ ရှစ်လေးလုံး အခမ်းအနားကို အရှေ့ရေမိန်ကျောင်းတိုက် နာရီစင်အနီးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ (၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကိုတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီး သြဂုတ်လ ၈ ရက်နေ့၊ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယသာသနာ့ရိပ်သာမှာ ကျင်းပသွားမှာဖြစ်ပြီး အားလုံးကို တက်ရောက်ကြဖို့ ဖိတ်ကြားထားပါတယ်။

RB News
5.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းရွာမှ ဒေသခံ ရွာသား အများအပြား ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။

(၁) ဦးနော်ဘီဟူစိန်း၏ အသက် (၁၄) နှစ်အရွယ် သားဖြစ်သူ မောင်ဂျော်နာလ် သည် တက်သည့် ရောဂါရှိသူ တစ်ဦး ဖြစ်ပြီး၊ ဇူလိုင်လ (၁၅) ရက်နေ့က ကျွဲကျောင်းနေစဉ် ရုတ်တရက် ရောဂါဖောက်လာပြီး ရေနစ် သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးမှုကို အကြောင်းပြု၍ အလယ်သံကျော် အုပ်ချုပ်ရေးမှူး၏ တပည့်ရင်း ဖြစ်သူ၊ လေယာဉ်ကွင်း ရွာမှ လူကုန်ကူးမှု၊ လက်နက်မှုဖြင့် ထောင်ဒဏ် (၁၃) နှစ် ကျခံနေရာမှ အယူခံဝင်ပြီးနောက် လွှတ်လာခဲ့သူ ဦးလာလူးက အုပ်ချုပ်ရေးမှူး အတွက်ဟု ပြောဆိုကာ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

(၂) ဇူလိုင်လ (၁၈) ရက်နေ့တွင် ဦးကံဖူရာ (အသက် ၅၅ နှစ်) သည် ၎င်း၏ အိမ်ဝရံတာ ဆေးသုတ်နေသည်ကို ဦးလာလူးက အိမ်ပြုပြင်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ 

(၃) လေယာဉ်ကွင်းရွာမှ ဦးရော်ဟီမူလ္လာ (ဘ) ဦးဒေါလိလ် (အသက် ၅၃ နှစ်) ၏ သမီးဖြစ်သူသည် တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်၍ ဆေးကုသမှု ခံယူပြီး ပြန်လာသည်ဟု ဦးလာလူးက ဇူလိုင်လ (၁၉) ရက်နေ့တွင် မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

(၄) ဇူလိုင်လ (၂၇) ရက်နေ့တွင် ဦးလာလူးက လေယာဉ်ကွင်း ရွာမှ ဦးဟူစိန်းဂျူဟာရ် (ဘ) ဦးဖော်ဇော်လောက် အား နေအိမ်တွင် အသက် (၁၂) နှစ် အရွယ် နွားကျောင်းသား တစ်ဦးကို ဧည့်စာရင်း မတိုင်ဘဲ ထားရှိသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ 

(၅) ဇူလိုင်လ (၂၀) ရက်နေ့တွင် အမှတ် (၄) နယ်ခြားစောင့် တပ်ခွဲ လက်အောက်ခံ အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၃၀) ဦးနှင့် ကျော်ဇေယျာဦး တို့သည် လေယာဉ်ကွင်း ရွာသို့ ည ၁၁း၃၀ နာရီတွင် ရောက်ရှိလာပြီး ဦးအဒူမာလိခ် (ဘ) ဦးဆုလ်တာန်၏ နေအိမ်ကို ၀င်ရောက် ရှာဖွေပြီး တရားမ၀င် ဆင်းမ်ကဒ် မိသည်ဟု စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ည ၁၂ ကျော်ခန့်တွင် ဦးမျာဟူစိန်း (ဘ) ဦးနော်ဇိရ်အာမတ် နေအိမ်သို့ သွားရောက်ရာ အိမ်ရှင်က ဓါးပြဟု ထင်မှတ်ပြီး အနီးအနား ပတ်ဝန်းကျင် အိမ်များကို အော်ဟစ် အကူအညီတောင်းနေသောကြောင့် နယ်ခြားစောင့်ရဲ များကို မိုးပေါ်သို့ သေနတ် (၃) ချက် ပစ်ဖောက်ပြီး၊ အိမ်တံခါးကို ချိုးဖျက်၍ အထဲသို့ ၀င်ရောက်ကာ အိမ်ရှင် ဖြစ်သူ ဦးမျာဟူစိန်း၏ ခေါင်းကို သေနတ်ဖြင့် ရိုက်ခဲ့သည်။ သေနတ်ဖြင့် ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာမှ သွေးအလွန် ထွက်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နှစ်ရက်အကြာတွင် တရားမ၀င် လက်ထပ်ခဲ့သည်ဟု စွပ်စွဲ၍ အရေးယူရန် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ဇူလိုင်လ (၂၂) ရက်နေ့ ညပိုင်းတွင် ဈေးကုန်တန်းရွာမှ ဈေးခေါင်း ဦးအာနိုဝါရ် (ဘ) ဦးဟာမိတ် ကို ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။ နောက်နေ့တွင် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးက စခန်းမှူးထံ လိုက်သွား၍ ၂၀၁၂ ခုနှစ်တွင် အလယ်သံကျော်၌ ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း၊ မိမိလည်း ရခိုင်လူမျိုးတစ်ဦး ဖြစ်ကြောင်း၊ အလယ်သံကျော်တွင် မီးရှို့မှု၌ ပါဝင်သူ လုံးဝ မရှိကြောင်း သက်သေခံ ပြောဆိုခဲ့သည်။ ထို့နောက် စခန်းမှူးက ဦးအာနိုဝါရ်ကို လွှတ်ပေးမည်ဟု ပြောဆိုပြီး မိသားစုထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

(၆) ဇူလိုင်လ (၂၉) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် လေယာဉ်ကွင်းရွာသို့ ကျော်ဇေယျာဦး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချို့ ရောက်ရှိလာပြီး ဦးအာဘူလ်ဖော်ယာစ် (ဘ) ဦးဒူဒူမျာ (အသက် ၅၆ နှစ်) ၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့ရာ ၉ ပေ သစ်ဖြူတိုင် (၁၂) လုံး တွေ့သောကြောင့် ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

အထက်ဖော်ပြပါ ငွေညှစ်မှုများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူး ကိုယ်တိုင် ပါဝင်ခြင်း မရှိသောလည်း ၎င်း၏ တပည့်များနှင့် ရာအိမ်မှူးများ ကျူးလွန်ခြင်း ဖြစ်သည်။ ရာအိမ်မှူးများ၊ ၎င်း၏ တပည့်များ ကျူးလွန်ခြင်းကို ၎င်းအနေဖြင့် အရေးယူရန် တာဝန်ရှိသော်လည်း အရေးယူခြင်း မရှိသည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်ထူး အနေဖြင့် ဝေစုရနေသောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။


Rohingya Eye
RB News
5.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံသည် သြဂုတ်လ (၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်ခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် လမ်း၏ တဖက်တွင် မတ်တပ်ရပ်နေသည့် မောရီချောင်း ရွာသား ဦးဖေရုစ် (ဘ) ဦးနူရူဆလာမ် (အသက် ၃၅ နှစ်) ကို တိုက်မိခဲ့သည်။

တိုက်မိသည့် တပ်မတော်သားက အတိုက်ခံရသူ ရွာသားကို တောင်းပန်၍ လိုအပ်သည့် ဆေးကုသမှုများကို တာဝန်ယူပေးရမည့် အစား ဆိုင်ကယ်ပေါ်မှ ဆင်း၍ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း တို့ကို လူအများရှေ့မှောက်တွင် လူမဆန်စွာ ပြုလုပ်ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောသည်။

ဆိုင်ကယ် အတိုက်ခံရသူ ဦးဖေရုစ်သည် မျက်နှာပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။


Rohingya Eye
RB News
5.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်သည့် အချိန်မှစ၍ ရာအိမ်မှူးများ ဖြစ်သည့် ကျော်ဇေယျာဦး၊ ဦးဖွေယာစ်၊ ဦးဂျာမာလ် တို့ကို အသုံးပြု၍ ရွာသားများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၃၀) ရက်နေ့က ဦးဟူဆောင်းန်၏ ဇနီး ဒေါ်ဂျမီလာခါတူ (အသက် ၃၅ နှစ်) ကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကင်းမစောင့်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သြဂုတ်လ (၂) ရက်နေ့က ဦးဒိလ်မိုဟာမတ် (ဘ) ဦးဝါဇူလ်ဟောက် (အသက် ၄၀ နှစ်) ၏ သမီးဖြစ်သူသည် တဖက်နိုင်ငံသို့ တရားဝင် နယ်စပ် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် ခဲ့သော်လည်း တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ရုံးတွင် ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ဇူလိုင်လ (၂၉) ရက်နေ့ကလည်း အာလောမ်ရှားဟ် (ဘ) ဦးအဒူရော်ရှီးဒ် (အသက် ၂၁ နှစ်) နှင့် အာယာစ် (ဘ) ဦးကာလာမ် (အသက် ၂၁ နှစ်) တို့၏ လက်ထပ်ခွင့် အတွက် ငွေကျပ် (၂) သိန်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် အုပ်ချုပ်ရေးမှူး၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ယခုကဲ့သို့ ရွာသားများကို အနိုင်ကျင့်၍ ငွေညှစ်နေခြင်းကို အထက် အာဏာပိုင်များက အမြန်ဆုံး အရေးယူပေးပါရန် ရွာသားများ တောင်းဆိုနေကြသည်။


Rohingya Eye
RB News
5.8.2016

မြောက်ဦး
။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းတွင် တစ်ရွာမှ တစ်ရွာသို့ သွားလျှင် ရွာထွက် လက်မှတ်ဖြင့် သွားလာခွင့် ရခဲ့သည်။ ရွာထွက် လက်မှတ် တစ်စောင် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၂၀၀ စီ ပေးရသည်။

အုပ်ချုပ်ရေးမှူး ထံမှ ရွာထွက် လက်မှတ် ရယူပြီး ရွာအပြင် ထွက်လျှင် ကျေးရွာ အခြေစိုက် လုံထိန်းစခန်း၌ ရွာထွက် လက်မှတ် ပြမှသာ ရွာပြင်သို့ ထွက်ခွင့်ပြုသည်။

ယခုအခါ ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ ကျေးရွာ အပြင်ထွက်ခွင့်ကို လုံထိန်းစခန်းမှ ပိတ်ပင်လိုက်ရာ အလုပ်လက်မဲ့ ပိုမိုများပြားလာပြီး ရွာသားများ စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကမှ ထောက်ပံ့နေခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ တပိုင်တနိုင် အလုပ်လုပ်နေသူများ လုပ်ငန်းများ လည်ပတ်နိုင်အောင် NGO တစ်ခုမှ ထောက်ပံ့ပေးမည်ဟု ဆိုကာ ရာအိမ်မှူး ဖြစ်သူ ဦးရှော်ဘိရ်က ရွာသား တစ်ရာကျော် ထံမှ ငွေကျပ် ၂၀၀၀ စီ ကောက်ခံခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။

ငွေကြေး ကောက်ခံပြီးနောက် မည်သည့် NGO မှ လာရောက် ထောက်ပံ့ခြင်း မရှိကြောင်း၊ ကျေးရွာ အပြင်သို့ ထွက်၍ မရသဖြင့် စားဝတ်နေရေး အလွန် ခက်ခဲလာသဖြင့် အရေးပေါ် အကူအညီ လိုအပ်ကြောင်း၊ အခြားရွာများမှ ရိုဟင်ဂျာ ရွာသားများလည်း ယခုကဲ့သို့ ပိတ်ဆို့ ခံနေရသည်ဟု ပေါင်းတုတ်မှ ဒေသခံများက ပြောပါသည်။


(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ)

သား​ရေ ... အ​မေ့ကို ခွင့်​မလွှတ်​ပါနဲ့

အပိုင်း (၂)

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
4.8.2016

ယနေ့သည်​ အာနိစ့်​ဘဝတွင်​ အ​ပျော်​ရဆုံး ​နေ့တစ်​​နေ့နှင့်​ ဝမ်းနည်းရဆုံး ​နေ့တစ်​​နေ့ ဖြစ်​လို့​နေသည်​။

အ​မေဖြစ်​သူ၏ အဖြစ်​ချင်​ဆုံး ဆန္ဒတစ်​ခုကို ဖြည့်​ဆည်း​ပေးနိုင်​​သော​ကြောင့်​ သား​ကောင်းတစ်​​ယောက်​အ​နေဖြင့်​ ကိုယ့်​ကိုကိုယ်​ ဂုဏ်​ယူရင်း ​ကျေနပ်​ပီတိ ဖြစ်​​နေ၍ အ​ပျော်​ဆုံး​နေ့တစ်​​နေ့ ဖြစ်​​နေခြင်းပင်​ဖြစ်​သည်​။

အာနိစ်​သည်​ မ​လေးရှားသွားမည့်​ အစီအစဉ်​ကို အ​မေ၏ ဟန့်​ထားမှု​ကြောင့်​​ရော အခြား​သော အ​ခြေအ​နေအမျိုးမျိုး​ကြောင့်​​ရော စွန့်​လွှတ်လိုက်​​ခဲ့၍ အ​မေ တိုက်​တွန်းသည့်​ အိမ်​​ထောင်​ပြုရန်​ ကိစ္စကို လက်​ခံလိုက်​လေသည်​။

သူ့အိမ်​​ထောင်​ဖက်​ဖြစ်​လာမည့်​ တစ်​ရွာတည်းမှ သမီးပျို​လေး၏ အ​ကြောင်းနှင့်​ ပတ်​သက်​၍ အ​မေက သူ့သ​ဘောထားကို ​မေး​ကြည့်​​သောအခါ တစ်​ရွာတည်းက ဖြစ်​​နေ၍ သူလည်း အမျိုးသမီး၏ မိဘအသိုင်းအဝိုင်းများအ​ကြောင်း ဂဃနဏ သိသည်​မို့ အ​မေ့​ရွေးချယ်​မှုကို ကြည်​ဖြူစွာ သ​ဘောတူလိုက်​သည်​။ ဘဝတစ်​သက်​ လက်​တွဲ​ဖော်​ဖြစ်​လာမည့်​သူကို သိပ်​​ချော​မောလှပသည်​ မဟုတ်​​သော်​လည်း မိ​ကောင်း ဖ​ကောင်း သမီးမို့ သူ လွယ်​လွယ်​ကူကူ သ​ဘောတူ လက်​ခံလိုက်​ခြင်းဖြစ်​၏။

တကယ်​တမ်းမှာမှု အ​မေ့၏ အိမ်​​ထောင်​ပြုရန်​ ကမ်းလှမ်းချက်​ကို သူ အစက ငြင်းပယ်​ခဲ့ဖူးသည်​။ ၂၁ နှစ်​သာ ရှိ​သေးသည့်​ သူ့အသက်​အရွယ်​ကို အ​ကြောင်းပြ၍ သူငြင်းပယ်​ဖူးခြင်းဖြစ်​​သော်​လည်း အ​မေ၏ ​အကျိုးအ​ကြောင်းပြ အေး​ဆေးစွာ ရှင်းပြခဲ့မှု၏ အဆုံး၌ သူ လက်​ခံလိုက်​ရသည်​။

'ကြည့်​စမ်း.... ဒီ​နေ့ အ​မေ ဘယ်​​လောက်​​ပျော်​​နေလဲ'

သူ့အခန်းထဲ ဝင်​လာ​သော အ​မေတို့ အမျိုးသမီးအဖွဲ့၏ မင်္ဂလာပွဲ၌ ​ပျော်​​နေမိ​သော ပွဲကျ မြူးတူးတက်​ကြွ ရယ်​​မောသံ​ကို ကြား​နေ၍ အာနိစ်​က သူ့ဘာသာ စိတ်​ထဲ ​ပြော​နေမိ၏။ အ​မေ​ပျော်​​နေသည်​ကို ကြားသိ မြင်​မိ​သောအခါတိုင်း သူ့ရင်​​ထဲ ​အေးမြသွားတတ်​သည်​။ အ​မေ့အ​ပျော်​ သူ့ထံ အမြဲကူးစက်​တတ်​​သည်။ သူ့ဘဝတွင်​ သည်​အ​မေသာလျှင်​ အရာရာ ဖြစ်​လို့​နေ​လေပြီ​လေ။

သို့​သော်​ ဒီနေ့လို ​ပျော်​ရွှင်​ရမည့်နေ့မြတ်​ အခါသမယတွင်​ သူ့ ချစ်​လှစွာ​သော အ​ဖေက မရှိ​တော့။ လွန်​ခဲ့သည့်​ နှစ်​နှစ်​နီးပါး၊ ၂၀၁၃ ခုနှစ်​ ​ဖေ​ဖော်​ဝါရီလ ပထမပတ်​ တစ်​ရက်​​နေ့၌ သူ့အ​ဖေ တစ်​​ယောက်​ နှလုံး​ရောဂါဖြင့်​​ လောကကြီးကို အပြီးအပိုင်​ နှုတ်​ဆက်​သွားရှာ၏။ ရောဂါ အလွန်​ဆိုးရွားလာခဲ့ချိန်​တွင်​ သူတို့မြို့တွင်​ရှိ​သော အ​ထွေ​ထွေ​ရောဂါကု ဆရာဝန်​ကြီးက ​ရောဂါကို ဒီမှာ ကု၍ မနိုင်​​တော့​ကြောင်းဟု ​ပြောပြခဲ့​သော်​လည်း ရန်​ကုန်​လို မြို့ကြီးပြကြီးသို့ သွားပြီး ​ဆေးကုသမှုခံယူဖို့လည်း အာနိစ်​တို့ မတတ်​နိုင်​ခဲ့ရှာပါ။ ​ငွေး​ရေး​ကြေး​ရေးအခက်​အခဲထက်​ အစိုးရ၏ ရိုဟင်​ဂျာများအ​ပေါ် သွား​ရေးလာ​ရေးကို တင်းတင်းကျပ်​ကျပ်​ ပိတ်​ပင်​ထား​သော​ကြောင့်​ပင်​ ဖြစ်​သည်​။

'ဒီ​​နေ့ အ​ဖေသာ ရှိခဲ့ရင်​ သိပ်​​ကောင်းမှာပဲ ... သူလည်း သိပ်​​ပျော်​မိမှာပဲ'

အာနိစ်​က ကိုယ့်​ဘာသာ စိတ်​ထဲ​ပြော​ပြီး အ​ဖေ့ကို တသ​နေမိ၏။ အခုနက ဖြစ်​​တည်​ခဲ့မိ​သော သူ့ရင်​ထဲက အ​ပျော်​များလည်း ​နေလာ နှင်း​ပျောက်​သွားသလို အလိုလို ​ပျောက်​ကွယ်​သွား​ချေပြီ။

သူသည်​ အ​ဖေ့ကို ခါတိုင်းထက်​ ယနေ့ ပြင်းပြင်းရှရှ သတိရ​နေ၍ လွမ်းပို​နေမိ၏။ 'စားဝတ်​​နေ​ရေး ​ငွေရှာ​ပေး၊ ​ကျေးဇူးကြီး​ပေ တို့​ဖေ​ဖေ' ဟူ​သော မူလတန်း၌ သင်​ယူဖူးသည့်​ တို့​ဖေ​ဖေ ကဗျာ​လေးကို​တောင်​ သွားသတိရလိုက်​​သေးသည်​။ အာနိစ်​၏ ပါးပြင်​​​​နုနု၌ ဝမ်းနည်းမှု မျက်​ရည်​စက်​များ ​နေရာအပြည့်​ ယူနှင့်​​နေခဲ့ပြီ။ ထိုမှတဆင့်​ ​မျက်​ရည်​စက်​များသည်​ မြေပြင်​သို့ တ​ပေါက်​​ပေါက်​ ကျ​သွား​နေလေ၏​။ အ​ဖေ့ကို လွမ်းဆွတ်​၍ ကျသွားသည့်​ မျက်​ရည်စိန်​ပွင့်​များကို တမလွန်​က အ​ဖေသာ သိခဲ့လျှင်​ ......။

"​ဒေါက်​...​ဒေါက်​...​ဒေါက်​"

အခန်းတံခါး​လာခေါက်​သံ​ကြောင့်​ အာနိစ်​၏ ​တွေးလက်​စ အ​တွေးများ ပျက်​သွား​ခဲ့ချေပြီ။

"ဟေ့... အာနိစ်​... ထွက်​လာခဲ့​လေ ... မင်းလည်း မိန်းက​လေး ကျ​နေတာပဲ ... အဲ့​လောက်​ထိ အလှပြင်​ရလားကွာ... ဒီမှာ ဧည့်သည်​တွေ စ​ရောက်​​နေ​လေပြီ"

သူ့ ငယ်​သူငယ်​ချင်း တာဟဲရ်​၏ ​တရဆက်​ ထွက်​လာသည့်​ အသံများ သူ့နားထဲသို့ အပြည့်​ဝင်​မပြီးခင်​ တာဟဲရ်​က ​အာနိစ်​၏ အခန်းထဲသို့ တံခါးတွန်း၍ ဝင်​လာခဲ့​လေပြီ။

"ပြီး​တော့မယ်​ သူငယ်​ချင်း ... ခဏ​လေးပါ ... ငါ အ​တွေးခဏ လွန်​သွားလို့ပါဟ... အဝတ်​​တွေ လဲလိုက်​ရင်​ ရပြီ "

အာနိစ်​က ​ပြောလည်း​ပြော အဝတ်​လည်း မြန်​မြန်​လဲ​နေ၏။ ပါးပြင်​​ပေါ်က မျက်​ရည်​စက်​များကို မျက်​နှာသုတ်​ပုဝါ​လေးနှင့်​ ကတိုက်​ကရိုက်​ သုတ်​လိုက်​ချိန်​ဝယ်​-

"ဟေး... သူငယ်​ချင်း...မင်း ငို​နေတာလား... ဘာလို့လဲကွာ... ဒီ​လောက်​​ပျော်​ရမယ့်​ အခိုက်​မှာ မင်းက ငို​နေပြီ... တစ်​ခုခုများ လွဲ​နေပြီလား ... ငါ့ ​ပြောပြပါကွာ ...ငါ အတတ်​နိုင်​ဆုံး ကူညီ​ပေးပါမယ်​ ..."

တာဟဲရ်​က အာနိစ်​၏ မျက်​ရည်​ကို ရိပ်​မိ၍ အကျိုးအ​ကြောင်းကို စိုးရိမ်​​စွာ ​မေးလိုက်​​သည်​။ ငယ်​သူငယ်​ချင်း၏ စိုးရိမ်​စွာ ​မေး​နေသည့်​အသံထဲတွင်​ ကူညီ​ပေးတတ်​သည့်​ သူငယ်​ချင်း​ကောင်း တစ်​ဦး၏ စိတ်​ထားကို အာနိစ်​က အနီးကပ်​ မြင်​​တွေ့ခံစားလိုက်​​လေ၏။

မျက်​နှာ​ပေါ် Fair Lovely လိမ်း၊ ဆံပင်​​ပေါ် ​ခေါင်းအုံးဆီ လိမ်းပြီး ဘီးဖြင့်​ သလိုက်​၍ ဦးထုပ်​ကို ​ဆောင်း၊ လုံချည်နှင့်​ အင်္ကျီကို မြန်​မြန်​ဝတ်​၊ လက်​ပတ်​နာရီ​လေးကို ပတ်​၊ အသစ်​ဝယ်​လာသည့်​ All ကတ္တီပါ ဖိနပ်​ကိုစီး၊ ​ရေ​မွှေးနည်းနည်း ဖျန်းလိုက်​ပြီးလျှင်​ အာနိစ်​၏ အလှပြင်​မှုက ပြီးသွားလေသည်​။

"ဘာမှ လွဲမ​နေပါဘူး သူငယ်​ချင်းရာ ... အ​ဖေ့ကို သွားသတိရလိုက်​လို့ အလိုလို မျက်​ရည်​ကျသွားတာပါ ... ရပြီ သူငယ်​ချင်း ... သွားကြမယ်​​လေ..."

အာနိစ်​က မျက်​နှာကို အားတင်​ကာ ပြုံး​ယောင်​​ဆောင်​လိုက်​ပြီး သူ့ငယ်​သူငယ်​ချင်းကို ​ဖြေလိုက်​သောကြောင့် တာဟဲရ်​ကလည်း နားလည်​သွားပြီး ထိုအ​ကြောင်းကို ထပ်​၍ မ​ပြောမိခဲ့​ချေ။

သို့​သော်​ တာဟဲရ်က ​ဘေးချင်းတိုက်​ လမ်း​လျှောက်​လာရင်းနှင့်​ စကားတစ်​ခွန်းနှစ်​ခွန်းကို ​လေးနက်​စွာ ​ပြောလိုက်​သည်​။

"လူဆိုတာက ​မွေးကတည်းက ​သေရမယ့်​ ​နေ့ကို ​စောင့်​​မျှော်​​နေရတဲ့ အမျိုးပါ ... ဒါ​ပေမယ့်​ ​သေရမှာချင်း အတူတူ တို့တစ်​​တွေက မ​သေမီ ​ကောင်းမှုကုသိုလ်​​တွေ လုပ်​ကြဖို့ လိုတာ​ပေါ့​လေ... ငါတို့ အခု လုပ်​​နေတဲ့ ပရဟိတလို အလုပ်​မျိုး​ပေါ့...”

သူငယ်​ချင်း ပြော​နေသည့်​စကားကို တိတ်​၍ နား​ထောင်​​နေရင်း အိမ်​​ရှေ့ကြမ်းပြင်​သို့ ​အာနိစ်​တို့ ​ရောက်​ရှိလာခဲ့သည်​။
………………………………………………………………

အိမ်​​ရှေ့ကြမ်းပြင်​တွင်​ ​ယာယီ​ဆောက်​ခဲ့​သော မင်္ဂလာ​ဆောင်​ မဏ္ဍပ်​သည်​ မြို့ကြီးပြကြီးလို ​ရောင်​စုံမီးသီးအမျိုးမျိုး၊ ​ရောင်​စုံစက္ကူပန်းအမျိုးမျိုးနှင့်​ အဆင့်​မြင့်​သည့်​ အဆင်​တန်​ဆာဖြင့်​ ကြီးကျယ်​ခမ်းနား ​နေခြင်းမရှိ​သော်​လည်း သူ့ဇတ်​နှင့်​ သူ​တော့ ခမ်းနားလို့​နေ​လေသည်​။

ရိုးသား​ဖြောင့်​မတ်​ပြီး စိတ်​သ​ဘောထားကြီးသူ၊ သူတစ်​ပါးအ​ပေါ် ပရဟိတစိတ်​ဖြင့်​ အမြဲကူညီ​​ပေးတတ်​သူ၊ ဒုက္ခ​ရောက်​​နေသူ​များကို နိုင်​သည့်​ဖက်​က ​မဖြစ်​​မ​နေ ဖေးမ တတ်​သူ၊ ရွာက က​လေး​ငယ်​များကို စာသင်​ပြသည့်​ ဆရာတစ်​ပါး ဖြစ်​သူပီပီ သူ့​ကျေးရွာက လူများအပြင်​ အနီးအနား​ကျေးရွာမှ လူများကလည်း သူ့ကို ချစ်​ခင်​​လေးစားသည်​။ ​ပြောရလျှင်​ လူလတ်​၊လူငယ်​၊ လူကြီး အားလုံးနှင့်​ ခင်​မင်​ရင်းနှီးသူ ဖြစ်​သည်​။ ထို့အတွက်​​ကြောင့်​ ဒီနေ့ကျင်းပ​နေ​သော သူ့မင်္ဂလာ​ဆောင်​ပွဲသို့ ဖိတ်​ကြားထားသည့်​ အရွယ်​စုံလူများ မဏ္ဍပ်​နှင့်​ မဆန့်​​အောင်​ထိ ကြွ​ရောက်​လာခဲ့ပြီ​လေ။ အချို့က မင်္ဂလာလက်​ဖွဲ့များ ယူလာသည်​။ သို့​သော်​ ထိုသို့ မင်္ဂလာလက်​ဖွဲ့များကို သူမကြိုက်​နှစ်​သက်​ပေ။ ထိုသို့ မကြိုက်​မနှစ်​သက်ခြင်း​၏ အ​ကြောင်းသည်​လည်း သူ့မှာ ရှိသည်​။

'ထားပါ​တော့​လေ ... သူ့ဇတ်​နှင့်​သူ​ပေါ့...ဒီလက်​ဖွဲ့​တွေထဲက တစ်​ချို့ကို ​ရောင်းပြီး မရှိဆင်းရဲသား​တွေကို လှူဒါန်းလို့ရတာပဲ​လေ' ဟု အာနိစ်​က စိတ်​ထဲသာ ​ပြော​နေမိ၏။

ကြွ​ရောက်​လာသူများကို အပြုံး​တွေနှင့်​ ​တွေ့ဆုံနှုတ်​ဆက်​​နေရသည်​မှာ​ လူ​တောင်​ ပင်​ပန်း​လာ​အောင်​ထိပင်​။ သို့​သော်​ ကြွ​ရောက်​လာသူများကို ​ကျွေး​မွေး​နေ​သော ​မဏ္ဍပ်​ကို တစ်​ချက်​ ​ငေးကြည့်​မိလျှင်​ သူ့ရင်​ထဲ ​ခေါင်းစဉ်​တပ်​၍ မရသည့်​ ​အေးချမ်းကြည်​နူးမှုမျိုးကို သူ အစိမ်းလိုက်​ ခံစား​နေရ၏။ သူတစ်​ပါးကို ​ကျွေး​မွေးနိုင်​လျှင်​ ​ပျော်​တတ်​သည်​က သူ့ပင်​ကိုယ်​ စိတ်​ဓာတ်​လား​တော့မသိ။ သူ့ရင်​ထဲ ​ပျော်​ရွှင်​မှု လှိုင်းများ တက်​ကြွစွာ ရိုက်​ခတ်​​နေ​လေပြီ။ သူ အင်​မတန်​ ​ပျော်​​နေ၏။

အ​မေ၏ အဖြစ်​ချင်​ဆုံး ဆန္ဒတစ်​ခုကို ဖြည့်​ဆည်း​ပေးနိုင်​သည်​က တစ်​​ကြောင်း၊ အရွယ်​စုံလူများ သူ့မင်္ဂလာပွဲသို့ ကြွ​ရောက်​လာ​​၍ အားပေးသည်​က တစ်​​ကြောင်း၊ ထိုအ​ကြောင်း​များ​ကြောင့်​ အာနိစ်​တစ်​​ယောက်​ ​ဝမ်းသာလို့မဆုံး၊ ပျော်ရွှင်​လို့မဆုံး ဖြစ်​လို့​နေ​လေ၏။ အခု​တော့​လည်း သူ့မျက်​နှာပြင်​​ပေါ်တွင်​ ရင်​ထဲ၌ ဖြစ်​​ပေါ်​နေ​သော ဝမ်းသာပီတိမှု၏ သ​င်္ကေတဖြစ်​သည့်​ ရိုးရှင်းဖြူစင်​သည့်​ အပြုံးက​လေးများသာ ​နေရာယူထား​ခဲ့လေပြီ။

ခဏ​နေ သူ့ရွာက ​ကျေးရွာတာဝန်​ခံတို့အဖွဲ့ ​ရောက်​လာသည်​။ သူ့အတွက်​ လက်​​ဆောင်​ အထုပ်​တစ်​ထုပ်​လည်း ပါလာ၏။ ​ကျေးရွာတာဝန်​ခံကို မြင်​မိသည်​နှင့်​ အာနိစ့်​​ခေါင်းထဲသို့ အ​တွေးတစ်​ခု ဖျက်​ခနဲ ဝင်​​ရောက်​လာမိသည်​။

သူတို့​ကျေးရွာတွင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ ကင်းစခန်းတစ်​ခု ရှိသည်​။ ထိုစခန်း၌ ရှိ​နေကြ​သော ရဲသားများအတွက်​ အစားအစာ ပို့ချင်​စိတ်​ ​ဖြစ်​ပေါ်လာခြင်းဖြစ်​၏။

နယ်​ခြား​စောင့်​ရဲများက ​ဒေသခံ ရိုဟင်​ဂျာများကို အကွက်​အမျိုးမျိုးဆင်​၍ ဖမ်းဆီး ​ငွေညှစ်​ခြင်း၊ ​အ​ကြောင်းမဲ့ ရိုက်​နှက်​ခြင်း၊ အနိုင်​ကျင့်​ခြင်း၊ ဆဲဆိုခြင်း စ​သော လူမဆန်​မှုများကို ​နေ့စဉ်​မပျက်​ ကျူးလွန်​တတ်​​သော်​လည်း ၎င်းတို့ကို ခဏ ​ဘေးဖယ်​ထားပြီး အာနိစ်​သည်​ သူ့ရွာက နယ်​ခြား​စောင့်​ရဲများကို သူ့မင်္ဂလာပွဲ၏ အစားအစာများ ​ကျွေး​မွေးချင်​သည်​။

'လူမျိုး ဘာသာ မတူသူများ ဖြစ်​​သော်​လည်း ...ငါတို့အ​ပေါ် ​နေ့စဉ်​မပျက်​ ရက်​စက်​​နေသူများ ဖြစ်​​သော်​လည်း သူတို့လည်း ငါတို့ ရွာမှာ​နေ​တော့ ငါတို့ရွာသားပဲ​လေ... '

အာနိစ်​က တစ်​ကိုယ်​တည်း​တွေးမိပြန်​၏။

ပြီး​နောက်​ ​ကျေးရွာတာဝန်​ခံကို ​ပြောကြည့်​လိုက်​သည်​။ ကင်းစခန်းက ရဲသားများအတွက်​ အစားအစာ ပို့ချင်​​နေ​ကြောင်း၊ ဆယ်​အိမ်​မှူး တစ်​​ယောက်​ကို ပို့ခိုင်း၍ရမည်လား ဆိုပြီး ​ပြောပြ​ ​မေးသောအခါ ​ကျေးရွာတာဝန်​ခံကလည်း ရသည်ဟုဆိုကာ သ​ဘောတူလိုက်​သည်​။

ခဏ​နေလျှင်​ ငါးထပ်​ပါရှိသည့်​ ချိုင့်တစ်​ခုကို လက်​ဆွဲယူသွား​နေသူ ရွာက ဆယ်​အိမ်​မှူးကို ​ငေးကြည့်​ရင်း အာနိစ့်​ရင်​ထဲ အစမ်းတကြယ်​ ​ပျော်​ရွှင်​မှုမျိုး ခံစား​နေရသည်​။

သူတို့ ရိုဟင်​ဂျာလူမျိုးအ​ပေါ် လူမဆန်​စွာ​ ဆက်​ဆံတတ်​သည့်​ နယ်​ခြား​စောင့်​ရဲများအ​ပေါ် ထားရှိသည့်​ သူ၏ စိတ်​ဓာတ်​ကို အ​ခြားလူများ မည်​သို့ ထင်​မြင်​ယူဆနိုင်​သည်​ကို သူမသိ။

သို့​သော်​ ဘာသာခွဲခြား၊ လူမျိုးခွဲခြား​သော စိတ်​ဓာတ်​မျိုးသည်​ သူ့လို သာသနာ့ပညာဆည်းဖူးသူ တစ်​ဦး၏ ရင်​ထဲ၌ ဖြုတ်​မျက်​လုံး တစ်​လုံး​လောက်​​တောင်​ လားလားများ မရှိသည်​မှာ သူသာလျှင်​ အသိဆုံး ဖြစ်​​လေသည်​။

'အမုန်းတရားကို မေတ္တာတရားနဲ့ အနိုင်​ယူနိုင်​တယ်​'

ဤသည်မှာ အာနိစ်​၏ ဘာသာ​ရေးပင်​။ ဤသည်မှာ အာနိစ်​၏ လူသားဝါဒပင်​။

'ငါ့​ကျေးရွာမှာ တာဝန်​ကျတဲ့သူ ငါ့ရွာသားပဲ​လေ' ဟု အာနိစ်​ ရင်​ထဲ သူ့ဟာသူ ​ပြောဖြစ်​မိပြန်​သည်​။

အကယ်​၍ အာနိစ်​သာ အနာဂါတ်​ အချိန်​တစ်​ခုကို ယခုအချိန်​၌ ကြိုတင်​သိရှိခဲ့လျှင်​...... ။

အပိုင်း (၃) ဆက်​ရန်​။ 

မှတ်​ချက်​။ ။ ဖြစ်​ရပ်​မှန်​ အဖြစ်​အပျက်​​လေးကို ဇတ်​လမ်းဆင်​ပြီး ​ရေးဖွဲ့ခြင်းဖြစ်​ပါသည်​။


Rohingya Exodus