နောက်ဆုံးသတင်း/ဆောင်းပါးများ




မသိင်္ဂီထိုက်
1.9.2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကို ဆက်မတက်ဘဲ ထွက်ခွာသွားတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကိုယ်စားလှယ် အဖွဲ့ကို ဖြစ်စဉ်တွေကို ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံမှာ တန်းတူခွင့် မရဘူးဆိုပြီး ၀ ပြည်သွေးစည်း ညီညွှတ်ရေးတပ်ဖွဲ့ ကိုယ်စားလှယ်တွေ ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တန်းတူညီမျှ ဆက်ဆံမခံရဘူးဆိုပြီး ညီလာခံ ဒုတိယနေ့မှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ် အဖွဲ့က ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို ပြန်လည်ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ ၀ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ ခုနက ဒေါက်တာ လျန်မုန်း ရှင်းပြတဲ့ အတိုင်းပါဘဲ။ အဲတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကတော့ ဒါကို ဖြစ်စဉ် အမှန်အတိုင်း ရှင်းပြပေးဖို့၊ နောက် ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်ပါနဲ့။ ဒါဟာ ဖြစ်တတ်တဲ့ ဟာလေးတွေပေါ့နော်။ နည်းပညာဆိုင်ရာ လွဲမှားမှုတွေ ရှိခဲ့တယ်။ အဲဒီအတွက်နဲ့တော့ ကျနော်တို့သွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ပေါ့နော်။ အဲဒါလေးကို လမ်းညွှန်ပါတယ်။ သူလည်း အကုန်လုံးသိပြီးသွားပြီ။ အကုန်လုံးလည်း ရှင်းပြပြီးပြီ။ ဒါ ဘယ်သူ့အပြစ်မှ မဟုတ်ဘူးပေါ့နော်။ ဖြစ်တတ်တဲ့ဟာလေးတွေ ဖြစ်သွားတဲ့ အပေါ်မှာ သူတို့ကို နားလည်မှု ရှိရှိ ကျနော်တို့ ပြန်တောင်းပန်ဖို့။ အလားတူ မိုင်းလားမှာလည်း ဖြစ်သွားတယ်။ ဒါလေးတွေ အကုန်လုံး ရှင်းပြဖို့။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ နားလည်မှုလွဲမှားအောင် လုပ်သလို ဖြစ်သွားပါတယ်။ ဒီအတွက်တော့ ကျနော်တို့ သွားနေတဲ့ Peace Process (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) ကို ကြီးကြီးမားမား မထိခိုက်အောင်ပေါ့နော် ကျနော်တို့ဘက်က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ "

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို တက်ရောက်လာတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ UWSA ရဲ့ လိုလားချက် အသေးစိတ် ဖော်ပြထားတဲ့ စာတမ်း ဖတ်ဖို့ ပြင်ဆင်ထားတာပါ။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင် ကတော့ ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူ အခွင့်အရေး ပေးခဲ့တဲ့ အကြောင်း ဖြေရှင်းပါတယ်။

"ဖွင့်ပွဲနေ့မှာ သူတို့ အနေနဲ့ ရှေ့ဆုံးနေရာမှာ နေရာလိုချင်တယ် ၀ နဲ့ မိုင်းလား က သူတို့ အနေနဲ့ တောင်းဆိုပါတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ၁၇ ဖွဲ့ ရှိတဲ့ အပေါ်မှာ သူတို့ကို အထူးဦးစားပေးပြီးတော့ ရှေ့ဆုံးက ခုံ ၂ ခုံကို ၀ နဲ့ မိုင်းလား အတွက် ကျနော်တို့ ချန်ထားပေးတယ်။ ဆိုတော့ ကျန်တဲ့ ၆ ခုံကို DPN ဘက်က ၃ ခုံ ယူတယ်။ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့က ၃ ခုံ ယူတယ်။ အဲလိုနဲ့ ကျနော်တို့ အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ပြီးတော့ သူတို့ကိုလည်း ရှေ့ဆုံးမှာ နေရာပေးတယ်။ နောက်ပြီးတော့ သူတို့ကိုလည်း ကျနော်တို့ ကျင်းပရေး ကော်မတီမှာ ယနေ့ အထိ အဲလို ပြောတာမျိုး တခုမှ မရှိသေးဘူး။ ပြီးတော့ သူတို့ကို လေ့လာသူ အနေနဲ့ တက်ခွင့်ပေးတယ်ဆိုတာကလည်း လုံးဝ မမှန်ဘူး။ ကျနော်တို့ ဒီ ကျင်းပရေး ကော်မတီမှာ ၁၇ ဖွဲ့ကို ၁၇ ဖွဲ့ဆိုတဲ့ နေရာမှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ ရှိတယ်။ DPN က ၇ ဖွဲ့ ရှိတယ်။ ၀ နဲ့ မိုင်းလား ရှိတယ်။ အားလုံးကို ကျနော်တို့က တရားဝင် တက်ရောက်ခွင့် အဖြစ်နဲ့ တက်ရောင်ခွင့် သူတို့ကို ပေးတဲ့ အတွက်လည်း ရှေ့ဆုံးမှာ ထိုင်ခွင့်ရတာ ဖြစ်ပါတယ်။ "

ညီလာခံ ကျင်းပရေး ကော်မတီက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကတော့ ငြိမ်းချမ်းရေး ညီလာခံကို ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီကို တရားဝင် တက်ရောက်သူ အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်ပေမယ့် မနေ့က ဖွင့်ပွဲမှာတော့ ၀ ကိုယ်စားလှယ်တွေ အတွက် လေ့လာသူ ၀င်ခွင့်ကတ်တွေကို ယာယီ သဘော ထုတ်ပေးခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ နားလည်မှု လွဲတာလို့ ဆိုပါတယ်။ ညီလာခံ ကျင်းပရေး ကော်မတီဘက်က သွားရောက်ညှိနှိုင်းခဲ့ကြပေမယ့် မအောင်မြင်ပါဘူး။ ၀ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA ရဲ့ ပြောခွင့်ရ ယေ့ဗ်နမ်ဆွမ် ကတော့ အခြေအနေကို မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ကဲ့ရှင့်။ ကျမတို့ အဲဒါတော့ ဘာမှ သေသေချာချာ ပြောလို့ မဖြစ်သေးဘူး။

ကျမလည်း သေသေချာချာ မသိသေးဘူး အဲဒီကိစ္စ။ ဟုတ်ကဲ့ရှင့်။ လောလောဆယ် ဒီမှာတော့ ဘာမှ အဲလို ဘာအကြောင်းရယ်လို့ သေသေချာချာ တိတိကျကျ မပြောသေးဘူး။ အဲလိုဘဲ သတင်းတွေ ဖြစ်သေးတာ။ "

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ခွင့်ရရေး ကြိုးပမ်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာတော့ လက်ရှိမှာတော့ အပစ်ရပ်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ ညီလာခံမှာ ဆက်လက် ပါဝင် တက်ရောက်နေကြပါတယ်။




စံမိုးဝေ
1.9.2016

အခု နားဆင်ခဲ့ကြရတာ ကတော့ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ်ခဲ့တဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံ ညီလာခံကြီး အပေါ် ပြည်ပမှာ ရောက်ရှိ နေကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ညီလာခံကြီးမှာ တက်ရောက် နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့ရဲ့ ပြောကြားချက်တွေကို ဦးစံမိုဝေ က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရာစုနှစ်ထက်ဝက်ကျော် ကာလအတွင်း ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြောက်ခဲ့တဲ့ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှု ရည်ရွယ်ကျင်းပတဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ပထမနေ့ကို မနေ့က စတင်ပြီး ဖွင့်လှစ်ခဲ့ရာမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူ ဧည့်သည်တော်တွေ သံတမန်တွေ စုံစုံညီညီတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလိုတက်ရောက်လာကြတဲ့အထဲက “၀” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဌ (၁) ဖြစ်တဲ့ ဦးဆမ်ဆောင်းခါးကတော့ သူတို့ပါတီအနေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ညီလာခံကို တက်ရောက်လာတာ ဖြစ်တဲ့အကြောင်းနဲ့ တိုင်းပြည်တိုးတက်ရေးမှာ ငြိမ်းချမ်းရေးရှိဖို့ အရေးကြီးကြောင်း အခုလို VOA ကို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ကို အေးချမ်းစေချင်တယ်။ ထာဝရငြိမ်းချမ်းရေး ရစေချင်တယ်။ အဲဒါမှပဲ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လို့ကောင်းမှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက တော်တော်လေး ကို ခေတ်နောက် တအားကို ကျနေပါပြီ။ အဲဒါကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်အောင် ကျနော်တို့က ကြိုးစားပြီးတော့ လုပ်ဖို့ လိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ရဲ့ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်း ကတော့ ဒီညီလာခံကြီးဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ နောက်ဆက်တွဲ ညီလာခံတွေ ကျင်းပဖို့ လိုအပ်အုံးမှာ ဖြစ်ကြောင်းပြောပါတယ်။

“ကျမတို့ တိုင်းပြည် တခုလုံးဟာ စစ်ပွဲနဲ့ပဲ အချိန်ကုန်ခဲ့တာ နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ။ ဒါဟာ ငြိမ်းချမ်းရေးအတွက် တံခါးခေါက်လိုက်တယ်။ ငြိမ်းချမ်းရေးအတွက် ခေါင်းလောင်းထိုးလိုက်တယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီညီလာခံတခုတည်းနဲ့တော့ ကျမတို့ မပြီးပြည့်စုံပါဘူး။ ကျမတို့ ညီလာခံမြောက်များစွာကို ဖြတ်သန်းရပါဦးမယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ စကားပြောရမယ့်အနေအထားတွေ အများကြီး ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းက ပါတီတွေ၊ အများကြီး သူတို့ ပါဝင်လာဖို့ အရေးကြီးပါတယ်။ တသံတည်းထွက်ဖို့ လိုပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ တိုင်းပြည် ပြုပြင်တဲ့အခါမှာ ရှေ့ကို ဘယ်လိုသွားမလဲဆိုတာကို ဒီညီလာခံအပြီးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်ပြီးမှ အနာဂတ်တချိန်ချိန်မှာ ဖြစ်ပေါ်လာမယ့် ညီလာခံအတွက် ကျမတို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။”

အခုညီလာခံမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေက စာတမ်းတွေ တင်သွင်းကြမှာဖြစ်ပြီး အဲဒီကနေ ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို မှတ်တမ်းတင်ထားပြီး နောက်ဆက်တွဲညီလာခံတွေမှာ အကျေလည်ဆွေးနွေး ကြရမှာဖြစ်သလို၊ နိုင်ငံရေးမူဘောင်ကိုလည်း ပြန်လည်ရေးဆွဲဖို့ လိုလိမ့်မယ်လို့ ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။ အခုညီလာခံကြီးကနေ ငြိမ်းချမ်းအတွက် အဖြေတခုထွက်နိုင်ဖို့ မလွယ်ကူပေမဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ အခြေခံကောင်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ပြောသူကတော့ ညီလာခံကို လေ့လာသူအဖြစ်တက်ရောက် နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်း မြန်မာအဖွဲ့ ခေါင်းဆောင် ဦးအောင်မျိုးမင်းဖြစ်ပါတယ်။

“ကျနော်တို့က ဒါ ခြေလှမ်းပေါင်းစုံ စမယ့် မိုင်ထောင်ချီခရီးအတွက် ပထမဆုံး ခြေလှမ်းတရပ်လို့ ပြောလို့ရတယ်။ ဒီ ၄ ရက်တာ ဆွေးနွေးမှုတွေကနေ ဖြေရှင်းနိုင်မယ့် ဖြေရှင်းချက်တွေတော့ ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖောင်ဒေးရှင်းလို့ခေါ်တဲ့ တဦးနဲ့တဦး အပြန်အလှန် လေးစားခြင်း၊ တန်းတူညီမျှသာ ဆက်ဆံခြင်း၊ တယောက်နဲ့တယောက် လိုလားချက်များကို ကိုယ်ကျိုးမပါဘဲ တိုင်းပြည်အကျိုးအတွက် ပွင့်လင်းစွာ တင်ပြနိုင်ခြင်းဆိုတဲ့ အစဉ်အလာကို ဒီက စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲတော့ ဒါမျိုးတွေ ကျနော်တို့ လုပ်ဆောင်ခြင်းအားဖြင့် နောက်ထပ် ကျနော်တို့တိုင်းပြည်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ကျနော်တို့ ဆက်လက် ဖြေရှင်းနိုင်မယ့်လမ်းကြောင်းကို ဒီကနေ ဆွဲခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ဦးစိုင်းကျော်ညွန့်ရဲ့ သဘောထားကတော့ -

“မျှော်လင့်ချက်ကတော့ အထွေအထူးတော့ သိပ်မရှိပါဘူး။ အရင်ပွဲနဲ့စာရင် ပိုမိုပြီးတော့ ပါဝင်လာကြတာပေါ့။ ဒါကလည်း နောက်ထပ် ခြေလှမ်းတလှမ်း တက်နိုင်တယ်ဆိုတဲ့သဘောပေါ့။”

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့်ဖြစ်ပါတယ်။ VOA က တွေ့ဆုံမေးမြန်းခဲ့တဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ညီလာခံကို တက်ရောက်ဖို့ ကျန်နေတဲ့ ကိုးကန့်၊ တအာင်းပလောင် TNLA နဲ့ ရခိုင့်တပ်မတော် AA စတဲ့ အဖွဲ့ ၃ ဖွဲ့ ကိုလည်း ဖိတ်ကြားဖို့ သင့်ကြောင်း ဒါမှသာ all-inclusive အားလုံး ပါဝင်တယ်ဆိုတဲ့ သဘောသက်ရောက်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီညီလာခံကြီးကို စက်တင်ဘာလ (၄) ရက် တနင်္ဂနွေနေ့အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

MYARF
RB News
1.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာတစ်ဦးကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၉) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် BD ပြေး တရားခံများကို လိုက်လံ ဖမ်းဆီးရန်ဟု ဆိုကာ ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို ရွာထဲသို့ ခေါ်ဆောင်လာခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကင်းစောင့်နေသည့် ရွာသားများ အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် အတူ ယင်းကျေးရွာအုပ်စု တောင်ရွာမှ ဦးဂျီရာမာန် (ဘ) ဦးဂေါ်နူမျာ (အသက် ၃၃ နှစ်) ၏ နေအိမ်ကို စီးနင်း ၀င်ရောက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ဦးဂျီရာမာန်ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်း ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 


MYARF
RB News
1.9.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ယခင် နယ်မြေ (၁) အပိုင် ရဲအောင်စံရာဖွေ ကျေးရွာအုပ်စု၊ မာဇီးရွာ တံတားအနီးတွင် အခြေစိုက်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် တပ်ကြပ်တို့သည် လူကြီးလူအို မရွေး ကန်ကျောက် ရိုက်နှက် နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ ညသန်းခေါင်ယံ တစ်နာရီခွဲခန့် အချိန်တွင် ရဲအောင်စံရာဖွေ ကျေးရွာအုပ်စု၊ ရဲအောင်ရွာတွင် ကင်းစောင့်နေသည့် ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲများက စစ်ဆေးခဲ့ရာ ကင်းစောင့်နေသူ (၄) ဦးအနက် (၃) ဦးမှာ အသင့်အနေအထား ရှိနေပြီး၊ ကျန်တစ်ဦးမှာ အိမ်သာတက်နေသည်ကို တွေ့ရှိခဲ့သည်။ 

နယ်ခြားစောင့်ရဲ များက ကင်းစောင့်နေစဉ် အိမ်သာ မတက်ရဟု ဆိုကာ ဦးဟာဘီ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၆၀ နှစ်) ကို ကင်းသမား (၃) ဦးရှေ့မှောက်တွင် လက်သီးဖြင့် သုံးလေးချက် ဆင့်ထိုးပြီး ဆိုင်ကယ်ပေါ်သို့ တင်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် စခန်းတွင် တစ်ညလုံး ခြောက်ပေါက်ထဲတွင် ထည့်သွင်းထားပြီး ခြေဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုး၊ တုတ်ဖြင့် ရိုက်ခဲ့သည်။ မိုးလင်းချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လမ်းမလျှောက်နိုင်တော့၍ မိသားစုဝင်များ သွားရောက်၍ ထမ်းပြီး ပြန်လည် ခေါ်ဆောင်လာခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မိသားစုဝင်များက ၎င်းကို တမန်းသား ကျန်းမာရေးဌာနသို့ ပို့ဆောင်ပြီး ဆေးကုသ နေသော်လည်း ယခုအချိန်ထိ အခြေအနေ ကောင်းမလာဘဲ အိပ်ရာထဲ လဲလျောင်း နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

အလားတူ သြဂုတ်လ (၂၀) ရက်နေ့တွင်လည်း ယင်းကျေးရွာအုပ်စု၊ မာဇီးရွာရှိ ကင်းတဲနေရာသို့ နယ်ခြားစောင့်ရဲများ သွားရောက်၍ ကင်းသမားများကို ထအော်ရမည့် တာဝန်မကျေဟု ဆိုကာ ဦးအာဘူလ်ဟူစိန်း (ဘ) ဦးအာရှုအလီ (အသက် ၅၀ နှစ်) ကို ကင်းတဲနေရာတွင်ပင် ထိုးကြိတ် ရိုက်နှက်ပြီး စခန်းသို့ ခေါ်ဆောင်သွားက တစ်ညလုံး ခြောက်ပေါက် ထည့်ထားပြီး လူမဆန်စွာ နှိပ်စက်ခဲ့သည်။ 

နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ နှိပ်စက်မှုကြောင့် အောင်သပြေရှိ ဆေးခန်းတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ဦးအာဘူလ်ဟူစိန်းက အောင်သပြေရှိ ရဲမှူးထံ တိုင်ကြားရန် ကြိုးစားခဲ့သော်လည်း စခန်းရှိ ဒုရဲအုပ်က ရဲမှူးနှင့် တွေ့ဆုံခွင့် မပေးဘဲ “ငါပြောပေးမယ်” ဟု ဆိုကာ နှင်ထုတ်ခဲ့သည်။

မာဇီးရွာ တံတားအနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များ၏ အချိန်မတော် လှုပ်ရှားမှု၊ ရိုင်းစိုင်းစွာ ဆက်ဆံမှု၊ ညှဉ်းပန်းနှိပ်စက်မှု တို့ကြောင့် နယ်မြေ တည်ငြိမ်အေးချမ်းမှုပါ ပျက်ပြားလာနိုင်သောကြောင့် အထက် အာဏာပိုင်များ အနေဖြင့် အမြန်ဆုံး အရေးယူ ဟန့်တားပေးပါရန် ပန်ကြားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 



Rohingya Eye
RB News
31.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးအစ္စမိုင်လ် (ဘ) ဦးရှာဘော်ဒိန်း (အသက် ၃၀ နှစ်) ၏ တစ်နှစ်ခွဲ အရွယ် သမီးငယ်သည် သြဂုတ်လ (၂၉) ရက်နေ့တွင် အလွန်အဖျားတက်လာ သဖြင့် ယင်းနေ့ နေ့လည် (၁) နာရီ အချိန်တွင် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၊ အဆောင်သစ်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူရန် တက်ခဲ့ရသည်။ 

ယင်းနေ့ ညသန်းခေါင်ယံ အချိန်တွင် ကလေးငယ်၏ အခြေအနေ အလွန်ဆိုးဝါး လာသဖြင့် တာဝန်ကျသည့် သူနာပြု ဆရာမကို သွားရောက်ပြောဆိုခဲ့ရာ သူနာပြုဆရာမက “ငါနဲ့ မဆိုင်ဘူး၊ ငါ့ကို ပြောပြီး ဘာရမလဲ၊ ကိုယ့်ဟာကိုယ်လုပ်” ဟု ရိုင်းပျစွာ တုန့်ပြန်ခဲ့သည်။ ကလေးငယ်၏ အနီးရှိ ဗုဒ္ဓဘာသာဝင် လူနာတစ်ဦးက အဆိုပါ သူနာပြုဆရာမကို သွားရောက် ခေါ်ခဲ့ရာ ချက်ချင်း ရောက်ရှိလာပြီး ဂရုတစိုက် ကြည့်ရှု စစ်ဆေးပေးသည့် အပြင် အားပေး နှစ်သိမ့်စကားပင် ပြောဆိုပြ၍ ၎င်း၏ လူမျိုး၊ ဘာသာ ခွဲခြားသည့် စိတ်ဓါတ်ကို ပေါ်ပေါ်တင်တင် ပြသခဲ့သည်။ 

ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်နေသည့် ရိုဟင်ဂျာ ကလေးငယ်လေးမှာ ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြု ဆရာမများ၏ အနီးကပ် ပြုစု စောင့်ရှောက်မှု မရရှိခဲ့သဖြင့် သြဂုတ်လ (၃၀) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် သေဆုံးသွားခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ နယ်ခံ ရိုဟင်ဂျာများသည် အဆိုပါ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူရန် တက်ရောက်သူ များကို ဆေးရုံရှိ တာဝန်ကျ ၀န်ထမ်းများက ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခြင်း၊ ဆူပူအော်ဟစ် ကြိမ်းမောင်းခြင်းများ ပြုလုပ်နေခြင်းကို နေ့စဉ် ကြုံတွေ့နေရသည်။ 

ဆေးရုံတက်နေသူ တစ်ဦးက “ဒီဆေးရုံတက်ရတာနဲ့ ရဲအချုပ်စခန်း ၀င်ရတာနဲ့ အတူတူပါပဲ။ ရဲအချုပ်ဝင်ရင် ရိုင်းပျစွာ ပြုမှု ဆက်ဆံသလို၊ အခုဆေးရုံမှာ ရောဂါသက်သာဖို့နေနေသာသာ စိတ်ဓါတ်ကျ ရောဂါ တစ်ခု ပိုတိုးတယ်” ဟု ပြောသည်။ 

ကျန်းမာရေး ၀န်ကြီးဌာနက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ကြားသိနေရသော်လည်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ ၀န်ထမ်းများသည် ရိုဟင်ဂျာ လူနာများအား ပြုမှု ဆက်ဆံပုံများ၊ လုပ်နည်းလုပ်ဟန်များ လုံးဝ ပြောင်းလဲသွားခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 



Rohingya Eye
RB News 
31.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ ဂူနာရွာမှ ဦးမောင်မောင်တင် (ဘ) ဦးအာချော်ဖ်အလီ (အသက် ၃၇ နှစ်) သည် သြဂုတ်လ (၂၉) ရက်နေ့ ည ၇း၁၅ နာရီအချိန်တွင် ၎င်း၏ မှန်လုံကားကို ပြုပြင်ရန် မြို့ပေါ်သို့ သွားရောက်စဉ် နာရီစင်ခွဆုံရှေ့ ခေတ္တ ရပ်နားခဲ့ရာ ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲအဖွဲ့မှ တပ်သားစိုးဝင်းနှင့် အခြားတစ်ဦး ရောက်ရှိလာပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ 

ရှာဖွေပြီးနောက် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းတို့အား ငွေကျပ် ၃ သောင်း ပေးရန် တောင်းသောကြောင့် ယာဉ်ပိုင်ရှင်နှင့် အချေအတင် စကားများခဲ့ကြသည်။ ထို့နောက် ကားပိုင်ရှင် ဖြစ်သူ ကားပေါ်မှ ဆင်းနေစဉ် စိုးဝင်းက အများပြည်သူများ ရှေ့မှောက်တွင် ပါးရိုက်ပြီး လက်ထိပ်ခတ်ကာ ကားထဲသို့ ပြန်သွင်းခဲ့သည်။ နာရီဝက်ခန့် အကြာတွင် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ တပ်ကြပ်ကြီး စံလှအောင် ရောက်ရှိလာကာ ယာဉ်ပိုင်ရှင်ကို ကားနှင့်အတူ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ည (၉) နာရီအချိန်တွင် ဖမ်းဆီးသည့် ရဲ (၃) ဦးကို ငွေကျပ် တစ်သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

တပ်ကြပ်ကြီး စံလှအောင်သည် ငွေကြေး တတ်နိုင်သည့် မြို့ခံ ရိုဟင်ဂျာများထံမှ အချိန်မတော် ငွေတောင်းခံခြင်း၊ ငွေမပေးပါက ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေညှစ်ကြောင်း၊ တပ်သားစိုးဝင်းသည် ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ဥာဏ်ဝင်းဦါ်၏ တပည့်အရင်း တစ်ဦး ဖြစ်သောကြောင့် ၎င်း၏ အရှိန်အ၀ါကို သုံး၍ နည်းမျိုးစုံဖြင့် ငွေညှစ်နေသော အကျင့်ပျက် ရဲဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

တာဝန်ရှိ အာဏာပိုင် လူကြီးမင်းများ အနေဖြင့် အဖြစ်မှန်ကို သေချာစွာ စုံစမ်းလေ့လာ၍ အကျင့်ပျက်ပြီး သောင်းကျန်းသူများ ပမာ သောင်းကျန်းနေသည့် ရဲဝန်ထမ်းများကို ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် မြို့ခံ လူထုကိုယ်စား ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 



MYARF
RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအငယ် သည် ယင်းကျေးရွာအုပ်စု၊ ကြက်ကျိန်းရွာမှ အောက်ဖော်ပြပါ ရွာသား နှစ်ဦး အပါအ၀င် (၈) ဦးကို သြဂုတ်လ (၂၈) ရက်နေ့တွင် ဆယ်အိမ်မှူး ဦးအာတာအုလ္လာ မှတဆင့် မလာမနေရ အမိန့်ဖြင့် ဆင့်ခေါ်ကာ ရန်အောင်ပြင် ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ သရက်သီးခြံတွင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ ရွာသား (၈) ဦးကို တစ်နေကုန် သရက်သီးခြံတွင် အလုပ်လုပ်ခိုင်းခဲ့ပြီး ခြံအလုပ် ပြီးစီးသောအခါ ၎င်း၏ နွားတင်းကုတ်ရှိ နွားများ၏ နောက်ချေးများ သန့်ရှင်းရေး ပြုလုပ်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက  RB News သို့ပြောသည်။ 

အတင်းအဓမ္မ ခိုင်းစေ ခံခဲ့ရသူများမှာ -- 

(၁) ဦးဟာရှ်မောတ်အုလ္လာ (ဘ) ဦးအဒူကော်ရိမ်
(၂) ဦးမာဘူ (ဘ) ဦးဒူဘိုင်ဒူလ္လာ အပါအ၀င် (၈) ဦးတို့ ဖြစ်သည်။ 

တစ်နေကုန် အတင်းအဓမ္မ ခိုင်းစေပြီး ရေတစ်ခွက်ပင် မတိုက်ဘဲ နောက်ဆုံး အိမ်အပြန်တွင် ငွေကျပ် တစ်ထောင်စီ ပေးပြီး ပြန်လွှတ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ စံကားပင်ရင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်၊ စ.ရ.ဖ စခန်းမှူး၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် ကြက်ကျိန်း တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး တို့ပူးပေါင်း၍ မဟုတ်မမှန် အမှုတစ်ခု ဖန်တီး၍ ငွေညှစ်ပြီး ဝေစုခွဲစားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၃) ရက်နေ့က စံကားပင်ရင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်သည် ၎င်း၏ တပည့်ဖြစ်သူ ရှောင်ရှုယား မှတဆင့် ယင်းရွာနေ ဦးရော်ရှိတ်အာမတ်၏ သားဖြစ်သူ ဆယာဒုလ်အစ္စလာမ် ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ပြီး ခြောက်ပေါက် ထည့်ထားကာ တစ်ရွာတည်းနေ ဦးနာဇိရ်ဟူစိန်း၏ သမီးဖြစ်သူ --------- တွင် ၎င်း၏ ကိုယ်ဝန် ရရှိနေသည်ဟု စွပ်စွဲသည့် အပြင် ကိုယ်ဝန်ကို ဖျက်ချခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ၀န်ခံခိုင်းသည်။ ဖမ်းဆီးခံရသူအား အမျိုးမျိုး ခြိမ်းခြောက်၍ စစ်ဆေး မေးမြန်းသော်လည်း ၀န်ခံခြင်း မရှိသည့် အတွက် ရုံးတွင် ဆက်လက် ချုပ်နှောင်ထားပြီး၊ ရှောင်ရှုယား မှတဆင့် ဦးနာဇိရ်ဟူစိန်း၏ သမီး ဖြစ်သူကို ဆင့်ခေါ်၍ ကြိမ်ချောင်းရှိ စ.ရ.ဖ စခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ကြိမ်ချောင်းရှိ စ.ရ.ဖ စခန်းမှူးက ဦးနာဇိရ်ဟူစိန်း၏ သမီးဖြစ်သူကို ကိုယ်ထိလက်ရောက် စော်ကား ဆဲဆိုခြင်း၊ မိန်းကလေး ဖြစ်သူ၏ အရှက်အင်္ဂါကို လှန်ကြည့်၍ ကိုယ်ဝန် ဖျက်ချခြင်း ရှိ/မရှိ စစ်ဆေးခြင်း တို့အပြင် နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထိုသို့ မသမာသောနည်းဖြင့် ထွက်ဆိုချက် ရယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ချုပ်နှောင်ထားသော ဆယာဒုလ်အစ္စလာမ် ကို ကြိမ်ချောင်းရှိ စ.ရ.ဖ ရုံးသို့ ခေါ်ဆောင်လာပြီး မိန်းကလေး၏ ထွက်ဆိုချက်ဟု ဆိုကာ ဖတ်ပြခဲ့သည်။ 

သြဂုတ်လ (၂၄) ရက်နေ့တွင် ဆယာဒုလ်အစ္စလာမ် ကို ငွေပေးလျှင်ပေး၊ မပေးလျှင် ထောင် (၁၀) နှစ် ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၁၅ သိန်းကို အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်၊ ကြိမ်ချောင်း စ.ရ.ဖ စခန်းမှူး၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးနှင့် ကြက်ကျိန်းတံတား အနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် တပည့်ဖြစ်သူ ရှောင်ရှုယား တို့ပူးပေါင်း၍ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ သြဂုတ်လ (၂၁) ရက်နေ့ကလည်း ဦးဟောလိခ်အာမတ် (ဘ) ဦးကာဒေရ်ဟူစိန်း ထံမှ ငွေကျပ် ၉  သောင်းကို အဆိုပါ အဖွဲ့မှ ညှစ်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ 




(Photo Credit to Original Photographer)


အခြွေခံ ချယ်ရီပန်းပွင့်များ

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
30.8.2016

နေထွက် နေဝင်...
နေဝင် နေတွက်...
ဒီအချိန်ခဏလေး အတောအတွင်းမှာပေါ့
အနာဂတ် ဥယျာဉ်ကို ဝေဆာစေမယ့်
အပြစ်ကင်းတဲ့ ချယ်ရီပန်းပွင့် နုနုလေးတွေ
အဆက်မပြတ် အခြွေခံနေရရှာတဲ့ အကြောင်း ...။

ရက်စက်တဲ့ မတရားမှုလေရိုင်းရဲ့ရန်
တန်ပြန်နိုင်စွမ်းမဲ့ နုနေတဲ့ ချယ်ရီပန်း
မြေသို့ တောင်ပြိုကမ်းပြို ဖြိုချခံရတာ
သိပ်ထူးဆန်းမနေဘူး ထင်ပါရဲ့...။ 

မမျှမတ စီရင်ခံရတဲ့ ချယ်ရီပန်းပွင့်တွေ 
သွေးစွန်းနေတဲ့ သမိုင်းအင်္ကျီကို ဝတ်ဆင်ပြီး
နောင်တစ်ချိန်မှာ ဖူးဖွင့်လာဖို့အရေး
အပင်အောက်က ချယ်ရီပန်းပွင့်ကလေးများကို
လူသူမမြင်အောင် ညသန်းခေါင်ယံမှာ
တိတ်တိတ်ကလေးပဲ သွားကောက်ပြီး
စီရရီ စီကုံးပါ တော့မယ်...။ 

အခြွေခံ ချယ်ရီပန်းပွင့် နုနုတွေ
တစ်ပွင့် ... နှစ်ပွင့် ... သုံးပွင့် ...
လေးပွင့် ... ငါးပွင့် ... ခြောက်ပွင့် ...
ဟော... ရေတွက်မဆုံး အသင်္ချေပါပဲမို့
တစ်ကိုယ်တော် ကောက်၍မနိုင်
ကူသူကူလောင်ဖက် ပေါ်လာတော်မူပါအံ့ ....။ 

ညသန်းခေါင်ယံ အမှောင်ထဲမှာ
စိတ်တူကိုယ်တူ နှလုံးရည်ပိုင်သူတစ်ဦးမျှ
ပြင်းပြင်းပြပြ တောင့်တနေမိတဲ့ ငါ့ဖြစ်အင်
ရင်ဝယ်ပိုက်ထားတဲ့ ဟောဒီ နှလုံးသားရဲ့
အနီးကပ်ဆုံးက ချယ်ရီပန်းပွင့်တွေ
စစ်မှန်တဲ့ သက်သေပါပဲလေ ...။ 

-- ရခိုင်ပြည်နယ် အမိုးပွင့် အကျဉ်းထောင်ထဲက ပညာသင်ယူခွင့် မရရှာတဲ့ ရိုဟင်ဂျာ ကလေးငယ် များ၏ ဘဝကို "အခြွေခံ ချယ်ရီပန်းပွင့်'' များနှင့် တင်စား၍ ရေးဖွဲ့ခြင်း ဖြစ်ပါသည်။

ယျာတင် (ရိုဟင်းသား)




မသိင်္ဂီထိုက်
30.8.2016

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ထည့်သွင်း ဖွဲ့စည်းမယ့် ကိစ္စကို ရခိုင်အမျိုးသား ပါတီရဲ့ လွှတ်တော် အမတ်က ကန့်ကွက်ကြောင်း အရေးကြီး အဆိုကို လွှတ်တော်မှာ တင်သွင်း ပါတယ်။ ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ ဝေဖန်မှုနဲ့ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ နိုင်ငံခြားသားတွေကို ထည့်သွင်း ဖွဲ့စည်းတာဟာ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စ ဖြစ်သွားစေနိုင်တယ် ဆိုပြီး အခုလို ကန့်ကွက်ရတာ ဖြစ်တယ်လို့ အရေးကြီး အဆို တင်သွင်းခဲ့တဲ့ ပေါက်တော လွှတ်တော် အမတ် ဦးအောင်ကျော်ဇံက ပြောပါတယ်။ မသိင်္ဂီထိုက်က ဦးအောင်ကျော်ဇံကို ဆက်သွယ်မေးမြန်းတာမှာ အခုလို စပြီး ပြောပါတယ်။

“ကျနော်တို့က စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက သာမန်ပြည်တွင်းက လူတွေလုပ်တာတောင် အခက်ကြုံဖြစ်မယ့်ကိစ္စကို နိုင်ငံခြားသားတွေ ခေါ်ပြီးတော့မှ လုပ်မယ်ဆိုတာ မအောင်မြင်နိုင်ဘူး ပိုပြီး ဇာတ်လမ်းရှည်စရာပဲ ရှိတယ်လို့ မြင်လို့ ကျနော်တို့ ကန့်ကွက်တာပါ။

မေး။ ။ ဒီ နိုင်ငံတကာက လေးစားခံရတဲ့ လူတွေပါဝင်လာမယ်ဆိုတဲ့ အခါမှာ ရခိုင်အရေးမှာ ဘက် ၂ ဘက် ကြားမှာ ကြားလူအနေနဲ့များ မဖြစ်နိုင်ဘူးလားရှင့်။

ဖြေ။ ။ ကြားလူကတော့ မဖြစ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူရဲ့အာဘော်အရ ဟိုးအရင် သူတို့ရဲ့ History ကိုကြည့်လိုက်တဲ့အခါကျတော့ လူ့အခွင့်အရေး ၊ လူ့အခွင့်အရေးနဲ့ တောက်လျှောက်အော်လာပြီးခါမှ တဘက်ဘက်ကို ရပ်တာတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ဒီတခါမှာလည်း ဒီလိုပဲ လာလိမ့်မယ်လို့ ကျနော် အဆိုပြုချက်ထဲမှာလည်း ပါပါတယ်။ မယုံမှုပေါ့လေ။

မေး။ ။ ဆရာတို့က တဘက်က ဒီ မွတ်ဆလင်အသိုင်းအ၀ိုင်း ဘက်ကို ပိုပြီးတော့ ဒီလူတွေဟာ ရပ်တည်လိမ့်မယ်လို့ ဆိုလိုပါသလားဆရာ။

ဖြေ။ ။ အဲလိုကတော့ တရားဝင်တော့ ပြောလို့မရဘူး သို့သော်သံသယရှိတယ်ပေါ့ဗျာ။

မေး။ ။ အဲဒီတော့ ဒီကော်မရှင်ထဲမှာ ဦးဝင်းမရ တို့လို ထင်ရှားတဲ့ ရခိုင် ကိုယ်စားလှယ်တော်ကြီးတွေလည်း ပါပါတယ်ဆရာ။ ဒီမွတ်ဆလင်ဘက်က နည်းတောင်နည်းနေတယ်လို့တောင်ပြောလို့ ရမလားမသိပါဘူး။ အဲဒီတော့ ဒီ ကော်မရှင်အပေါ်မှာရော ဆရာတို့အနေနဲ့ အားရကျေနပ်မှု မရှိဘူးလား။

ဖြေ။ ။ ကော်မရှင်အပေါ်မှာ အားရကျေနပ်မှုမရှိဘူးလို့ တော့မပြောဘူး။ ကျနော်တို့ ကော်မရှင် ဖျက်သိမ်းလိုက်ပါ လို့မပြောဘူး။ ဒီလူတွေကို တိုင်းရင်းသားတွေနဲ့ အစားထိုးလိုက်ပါလို့ပဲပြောတာ။ ကျနော်က ဖျက်သိမ်းဖို့လည်းမပြောဘူး ကော်မရှင်က လုပ်တဲ့အလုပ်ကိုလည်း ကျနော်တို့ မကန့်ကွက်ဘူး။ Foreigner ကို ကန့်ကွက်တာ။

မေး ။ အဲဒီတော့ ဆရာတို့က ဒီနေရာမှာ ဘယ်သူတွေနဲ့ အစားထိုးဖို့များ ဆရာတို့ ရည်ရွယ်ထားတာ ရှိပါသလား။

ဖြေ။ကျနော်တို့မှာတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ်လို့တော့ တိတိကျကျ ရည်ရွယ်ထားတာမရှိဘူး။ သို့သော်လည်း ကျနော့် Proposal ထဲမှာလည်း ပါပါတယ်။ တိုင်းရင်းသား ညီအကိုများထဲကပဲ ၊ တိုင်းရင်းသားညီအကိုထဲမှာလည်း Politician ၊Technician တွေရှိတာကိုဗျ ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေနဲ့ အစားထိုးဖို့ပါပဲ။”

ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ အရေးကြီး အဆိုကို ဆွေးနွေးဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်အရ ဆွေးနွေးဖို့ လွှတ်တော် ဥက္ကဌက သဘောတူလိုက်ပြီး လာမယ့် သတင်းပတ် အတွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် အမတ်တွေ ကြီးစိုးတဲ့ လွှတ်တော်တွင်း မဲခွဲရာမှာတော့ အနိုင်ရနိုင်ခြေ မရှိဘူးလို့လည်း အရေးကြီး အဆိုတင်တဲ့ ပေါက်တော လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ထုတ်ပြန်ထားချက် အရ ဖွဲ့စည်းမယ့် ရခိုင်ပြည် အကြံပေး ကော်မရှင်မှာတော့ မြန်မာနိုင်ငံသား အဖွဲ့ဝင်တွေနဲ့ အတူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ နိုင်ငံတကာက ထင်ရှားကျော်ကြားသူ ၃ ဦးလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)

သားညွန့်ဦး
30.8.2016

မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူအားလုံးဟာ တန်းတူရည်တူ နိုင်ငံသားအခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာလည်း လက်ရှိ အစိုးရကို ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ညဦးပိုင်း နေပြည်တော် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပဲ အဓိကထားပြီး ပြောဆိုထားတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ချီးကျူး ပြောဆိုခဲ့ပေမယ့် စိန်ခေါ်အကဲစမ်းချက်တွေ ရှိတယ်ဆိုတာလည်း ထောက်ပြသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။

“ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ၊ဘယ်လိုစီးပွားရေးအခြေအနေ အောက်မှာဖြစ်ဖြစ် မြန်မာပြည်သူအားလုံးဟာ လွတ်လပ်မျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့အခြေအနေအောက် ၊ ပိုပြီးကောင်းမွန်တဲ့ လူမှုစီးပွား အခွင့်အလမ်းတွေ လိုလားနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ကျနော်ပါ သဘောထားတူခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းဖို့ကလည်း အစိုးရက လိုလားတာတွေ့ရပါတယ်။ IDP ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာဆင်းဆင်းရဲရဲ ကျပ်တည်းတဲ့ အနေအထားတွေအောက်နေနေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ကျနော်ပြောပြပါတယ်။ တခြားနေရာက ပြည်သူတွေလိုပဲ သူတို့ဟာလည်း သူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ လူသားဂုဏ်သိက္ခာတွေ ရသင့်ပါတယ်။ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမျိုး လက္ခဏာသတ်မှတ်ချက်အခွင့်အရေးရဖို့ သတ်သတ် မဟုတ်ပါဘူး။ မတူတဲ့ဘာသာ မတူတဲ့ လူမျိုးရှိတဲ့ မြန်မာပြည်သားအားလုံး အခွင့်အရေး မျှမျှတတနဲ့ ဟန်ချက်ညီညီ အတူတကွ ယှဉ်တွဲနေထိုင်သွားလာဖို့ လိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံအတွက် မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးရဖို့ အခြေအနေကိုလည်း သူက မီးမှောင်းထိုးပြောသွားပါတယ်။ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်တလျှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။

အထူးသဖြင့်တော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရတာဝန်ယူချိန်မှာ အတူတကွ တွဲလုပ်ရတာကို သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲလုပ်နိုင်တာအတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုမျိုး အစိုးရအဖွဲ့အတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကာလမျိုးမှာ ကုလသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အစဉ်မပျက်ထောက်ခံခဲ့တာပါ။”

သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် တိုက်တွန်းခဲ့တာကိုလည်း ပြောဆိုသွားသလိုပဲ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်စတင်ဆောင်ရွက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်အတွက် အကဲစမ်းမှုတွေ အခက်အခဲတွေ ရှိပေမယ့်လို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ရှေ့တိုးဆောင်ရွက်နိုင်ဖို့ဟာ နိုင်ငံတကာ မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

၂၁ ပင်လုံနဲ့ ပတ်သက်လို့တော့ ပါဝင်သူတွေရဲ့ စိတ်ရှည်မှု၊ ပိုင်းဖြတ်မှုနဲ့ ဆွေးနွေးလိုစိတ်တွေအပေါ်မှာ သူ့အနေနဲ့ ချီးကျူးကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် လူ ထိခိုက်သေဆုံးမှုတွေနဲ့ သမိုင်းဝင် ဘုရားပုထိုး ပျက်စီးမှုတွေအပေါ်မှာ ၀မ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။

Rohingya Eye
RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာဆိမ်း သည် နည်းမျိုးစုံသုံး၍ ရွာသားများ ထံမှ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

(၁) ဦးဂျာမာလ်ဟူဆောင်း (ဘ) ဦးအူလ္လာမျာ (အသက် ၄၅ နှစ်) ကို အခြားအိမ်တစ်အိမ်သို့ ၀င်ရောက်သည်ဟု စွပ်စွဲ၍ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့သည်။

(၂) ဦးအာဖာတာရ်ဟူဆောင်း (ဘ) ဦးနော်ဇူမျာ (အသက် ၅၀ နှစ်) ထံမှ လက်ထပ်ခွင့်အတွက် ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့သည်။

(၃) ဒေါ်ဇော်ရီနာခါတူ (အသက် ၅၅ နှစ်) ၏ သမီးဖြစ်သူ လက်ထပ်ခွင့် အတွက် ငွေကျပ် တစ်သိန်း လေးသောင်း ညှစ်ယူခဲ့သည်။

(၄) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၀ နှစ်) ကို ကင်းမစောင့်ဟု ဆိုကာ ငွေကျပ် ငါးထောင် ညှစ်ယူခဲ့သည်။

(၅) ဦးအာဖာတာရ်ဟူဆောင်း (ဘ) ဦးနော်ဇူမျာ (အသက် ၄၅ နှစ်) ကို အိမ်ပြင်သည်ဟု ဆိုကာ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။

(၆) ဒေါ်လ္လာ (ဘ) ဦးနူရ်အာဟာမတ် (အသက် ၁၆ နှစ်) ကို ရန်ဖြစ်သည်ဟု ဆိုကာ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့သည်။

(၇) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနော်ဇူမျာ (အသက် ၄၅ နှစ်) ၏ နွားများ စပါးဖျက်ဆီးသည်ဟု ဆိုကာ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့သည်။

(၈) ရာမတ်အူလ္လာ (ဘ) ဦးအာနူမျာ (အသက် ၂၅ နှစ်) ကို သတင်းပို့သည်ဟု ဆိုကာ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့သည်။

(၉) ဇာဖောရ်အာမတ် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၂၇ နှစ်) ကို ကင်းမစောင့်ဟု ဆိုကာ ငွေကျပ် ငါးထောင် ညှစ်ယူခဲ့သည်။

(၁၀) ဟာဖီးဇ် မော်ဂျီအုလ္လာ (ဘ) ဦးအာနူမျာ (အသက် ၃၀ နှစ်) ကို ရန်ဖြစ်သည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။



Rohingya Eye
RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ဦးနူရူဆလာမ် (ဘ) ဦးအဒူမော်ဇီးဒ်၏ နေအိမ်သို့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် ၁၂း၃၀ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်များ ၀င်ရောက်လာပြီး ရွှေနားကွင်း (၂) စုံ လုယက် ယူဆောင်သွားခဲ့သည်။ 

အခင်းဖြစ်ပွားပြီးနောက် နံနက် (၃) နာရီအချိန်တွင် အလယ်သံကျော် အခြေစိုက် နယ်မြေ (၇) ရုံးမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဦးအဒူဆလာမ်၏ ဇနီး၊ သားသမီးများနှင့် အိမ်နီးချင်း (၄) ဦးကို နယ်မြေရုံးသို့ ခေါ်ဆောင်သွားကာ တစ်နေကုန် နီးပါး စစ်ဆေးခဲ့သည်။ ဓါးပြများက အိမ်သို့ အလည်ရောက်ရှိနေသည့် သားမက်ဖြစ်သူ ဦးဆော်နာမူလ္လာ (ဘ) ဦးဖော်ယာစ် (အသက် ၃၅ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ (၂၈) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ (သတင်း အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်သည် -- http://bit.ly/2bY7sd3)

နယ်မြေ (၇) က နယ်ခြားစောင့်ရဲများက ဓါးပြတိုက်ခံရသည့် မိသားစုကို နှစ်ကြိမ်တိုင်တိုင် စစ်ဆေးပြီးနောက် ဦးအဒူဆလာမ်၏ သားမက်ဖြစ်သူ ၀ါးချ ကျေးရွာသား ဦးဆော်နာအူလ္လာ ကို WY မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။


Rohingya Eye
RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာရှိ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား/သူ များအား သြဂုတ်လ (၁၇) ရက်နေ့တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ပုံစံများ ထုတ်ပေးခဲ့ရာ ပုံစံတစ်စောင်လျှင် ငွေကျပ် ၅၀၀၀/- စီ ကောက်ခံခဲ့သည်။

ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးသိန်းက ထောက်ခံစာ တစ်စောင်အတွက် ငွေကျပ် ၂၀၀၀/- စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက  RB News သို့ပြောသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ပုံစံနှင့် ထောက်ခံစာကို အခမဲ့ ရယူရန် ပညာရေးဌာနမှ ညွန်ကြားချက် ရှိသော်လည်း အဆိုပါ ညွန်ကြားချက်မှာ စာရွက်ပေါ်တွင်သာ ရှိပြီး တကယ်လက်တွေ့တွင် မရှိဟု ကျောင်းသား/သူ များက ဝေဖန် ပြောဆိုနေကြသည်။

ထို့အပြင် ရဲစခန်း ထောက်ခံစာ တစ်စောင်အတွက် ငွေကျပ် ၅၀၀၀/- ကို သက်ဆိုင်ရာ ရဲစခန်းမှူးအား ပေးရသလို၊ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ အတွက်လည်း မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်မောင်မောင်သိန်း ကို ငွေကျပ် ၂၀၀၀/- ပေးရကြောင်း သိရှိရသည်။

တက္ကသိုလ် ၀င်ခွင့် လျှောက်ထားမည့် ကျောင်းသား/သူ တစ်ဦးလျှင် ၁၄၀၀၀/- ကျပ် ကုန်ကျလျက် ရှိသောကြောင့် မလိုအပ် ၀န်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေသည်။







သို့/-


ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
နေပြည်တော်


ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ် သြဂုတ်လ (၃၀) ရက်


အကြောင်းအရာ ။ ။ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တားမြစ် ပေးပါရန် မေတ္တာရပ်ခံခြင်း။

လေးစားစွာဖြင့် 

(၁) ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များသည် ရခိုင်ဒေသ၏ မူလဘူတ ဌာနေတိုင်းရင်းသားများ ဖြစ်ကြပြီး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းခင် အချိန်ထိ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေးများကို မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားများ၊ နိုင်ငံသားများ နည်းတူ ခံစားခဲ့ကြသည်။ (မိမိရေးသားထားသည့် ဆောင်းပါးတွင် အကျဉ်းချုပ် ရေးသားတင်ပြသည်။ http://bit.ly/2cmjcYv တွင် ဖတ်ရှုနိုင်ပါသည်)

(၂) စစ်အာဏာရှင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် ၁၉၇၄ ခုနှစ်မှ စ၍ ရိုဟင်ဂျာမွတ်စလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ စတင်ခဲ့ပြီး နိုင်ငံမဲ့ အနေအထားသို့ အရောက်ပို့ရန် နှစ်ရှည်စီမံကိန်းများ ချမှတ်ခဲ့သည်။

(၃) ဦးနေ၀င်း လက်ထက် ချမှတ်ခဲ့သည့် နှစ်ရှည်စီမံကိန်းများကို နိုင်ငံတော်ငြိမ်ဝိပိပြားမှုတည်ဆောက်ရေး အဖွဲ့ (စစ်အစိုးရ) လက်ထက်တွင် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်က ၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (န.စ.က) ကို တည်ထောင်၍ ရိုဟင်ဂျာလူမျိုးများ၏ သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ အမှုထမ်းခွင့်၊ ဆေးကုသခွင့်၊ မွေးဖွားခွင့်၊ လက်ထပ်ခွင့်နှင့် အခြား အခြေခံ လူ့အခွင့်အရေးများစွာကို ပိတ်ပင်ကန့်သတ်၍ လူမျိုးတုန်းသတ်ဖြတ်မှုကို ဦးတည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ စတင်ခဲ့သည်။

(၄) ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ၌ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော န.စ.က ကို ဖျက်သိမ်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဖြင့် အစားထိုးကာ ရိုဟင်ဂျာမွတ်စလင်များကို စစ်အစိုးရ လက်ထက် လူ့အခွင့်အရေးချိုးဖောက်သည်ထက် ပိုမိုဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

(၅) ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းသည့် ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ယခင်အစိုးရများ လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည်များ ရပ်တန့်မသွားဘဲ တစ်ရက်ထက်တစ်ရက် ပိုမို၍ပင် ဆိုးရွားလာသည်ကို တွေ့ရှိရသည်။ ယခုရက်ပိုင်းအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကို အထူးတပ်ဖွဲ့ဖြင့် အစားထိုးမည်ဟု သတင်းများပေါ်ထွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ အချို့ရွှာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နေရာ၌ ရဲလုံထိန်း ၀တ်စုံဖြင့် အထူးတပ်ဖွဲ့များ အစားထိုး ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များကို မင်းပြားမြို့နယ်၌ အသုတ်လိုက် သင်တန်းပို့ချနေခြင်းကြောင့် ကရင်ပြည်နယ်မှ ရဲလုံထိန်းများကို ယာယီသဘောဖြင့် အစားထိုးထားသည်ဟု ကြားသိနေရသည်။ ယာယီရောက်ရှိလာသည့် ရဲလုံထိန်း ၀တ်စုံဖြင့် အထူးတပ်ဖွဲ့သည် ချက်ချင်းဆိုသလို နယ်ခြားစောင့်ရဲများထက် ပိုမိုဆိုးရွားသည့် ညှဉ်းပန်းနှိပ်စက်မှုများ စတင်ခဲ့သည်ဟု ဒေသခံများကိုယ်တိုင် မိမိအား ပြောကြားချက်များအရ သိရှိရသည်။

(၆) မည်သို့ပင်ဆိုစေကာမူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖြစ်စေ၊ အထူးတပ်ဖွဲ့ ဖြစ်စေ၊ ယခင် က န.စ.က များဖြစ်စေ ရိုဟင်ဂျာလူမျိုးများကို တစ်ဖွဲ့ထက် တစ်ဖွဲ့က ပိုမိုဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်နေလျက်သာဖြစ်သည်။

(၇) နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ နေ့စဉ် ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှ အချို့အချက်အလက်များကို တင်ပြလိုပါသည်။

(က) မိုဘိုင်းဖုန်း ကိုင်ဆောင်သူများကို နယ်ခြားစောင့်ရဲများက ဖုန်းစစ်ဆေးရန်ဟု ဆိုကာ ဖုန်းကိုယူ၍ ၎င်းတို့တွင် အသင့်ပါသည့် ဘင်္ဂလားဒေ့ရှ်ဆင်းမ်ကဒ် ထည့်သွင်းပေးကာ စစ်ဆေးခံရသူကို ဘင်္ဂလားဒေ့ရှ်ဆင်းမ်ကဒ် သုံးနေသည်ဟု ပေါ်ပေါ်တင်တင် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်ကာ ငွေညှစ်ခြင်း။ (ငွေမပေးနိုင်သူများကို ချုပ်နှောင်ထားပြီး ချေးငှား၍ ငွေပေးသည့်အထိ ညှဉ်းပန်းနှိပ်စက်ခြင်း)

(ခ) နယ်ခြားစောင့်ရဲ ကင်းစခန်းများရှေ့မှ ဆိုင်ကယ်စီးနင်းသွားသူများကို စစ်ဆေးရန်ဟု ဆိုကာ ရပ်တန့်ခိုင်းပြီး ဆိုင်ကယ်ကိုယ်ထည်ထဲတွင်ပါ စစ်ဆေးသည်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက ဆိုင်ကယ်ကိုယ်ထည်ထဲသို့ ဘင်္ဂလားဒေ့ရှ်ဆင်းမ်ကဒ် (သို့မဟုတ်) WY စာတမ်းပါ စိတ်ကြွဆေးပြားများ ထည့်သွင်းပေးပြီး ဘင်္ဂလားဒေ့ရှ်ဆင်းမ်ကဒ် (သို့မဟုတ်) WY စာတမ်းပါ စိတ်ကြွဆေးပြားများ မိသည်ဟု ပေါ်ပေါ်တင်တင် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်ကာ ငွေညှစ်ခြင်း။ (ငွေမပေးနိုင်သူ၏ ဆိုင်ကယ်ကို ထိန်းသိမ်းထားပြီး ငွေပေး၍ ပြန်ရွေးခိုင်းခြင်း)

(ဂ) ကင်းစခန်းများရှေ့မှ ဖြတ်သန်းသွားလာသော အမျိုးသမီးများ၊ မိန်းကလေးများကို ဘင်္ဂလားဒေ့ရှ် ဆင်းမ်ကဒ်ရှာရမည်ဟု ဆိုကာ ကင်းစခန်းထဲရှိ အခန်းထဲသို့ သွင်း၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြိုးစားခြင်း၊ ညစ်ညမ်းစကားများ ပြောဆိုခြင်း၊ ခန္ဓာကိုယ်အနှံ့ တို့ထိ၍ ရှာဖွေခြင်းများ ပြုလုပ်ခြင်း။ (တခါတရံတွင် အခန်းထဲတွင် လူမဆန်စွာ မုဒိန်းကျင့်သည်များအထိ ပြုလုပ်သည်များလည်း ရှိသည်)

(ဃ) ညအချိန်မတော်နေအိမ်များ အတွင်းသို့ စီးနင်းဝင်ရောက်၍ ရှာဖွေရန် ရှိသည်ဟုဆိုကာ နယ်ခြားစောင့်ရဲများက အသင့်ပါလာသည့် ဘင်္ဂလားဒေ့ရှ် ဆင်းမ်ကဒ် (သို့မဟုတ်) WY စာတမ်းပါ စိတ်ကြွဆေးပြားများ အိမ်ထဲတစ်နေရာရာတွင် ထား၍ ဘင်္ဂလားဒေ့ရှ်ဆင်းမ်ကဒ် (သို့မဟုတ်) WY စာတမ်းပါ စိတ်ကြွဆေးပြားများ မိသည်ဟု ပေါ်ပေါ်တင်တင် လုပ်ကြံစွပ်စွဲ၍ အိမ်သူအိမ်သားများ အားလုံးကို ရိုက်နှက်ခြင်း၊ အိမ်ထောင်ဦးစီးကို ဖမ်းဆီးသွားပြီး ငွေသိန်းချီညှစ်ပြီးမှ ပြန်လွှတ်ပေးခြင်း။

(င) ညအချိန်မတော်နေအိမ်များ အတွင်းသို့ စီးနင်းဝင်ရောက်၍ ရှာဖွေရန် ရှိသည်ဟုဆိုကာ အိမ်အနှံ့ ရှာဖွေမှုများ ပြုလုပ်၍ သေတ္တာ၊ ဘီဒိုတို့တွင် တွေ့ရှိသော ရွှေ၊ ငွေများကို ဓါးပြများကဲ့သို့ ပေါ်ပေါ်တင်တင် လုယက်သွားခြင်း။

(စ) ခြံစည်းရိုးများ ယိုင်နေသည်ကို တည်နေအောင် ပြုလုပ်သည်ဖြစ်စေ၊ နေအိမ်အပြင်ပိုင်းတွင် ဆေးတစ်ကွက်သုတ်မိလျှင် ဖြစ်စေ ခွင့်ပြုချက်မဲ့ နေအိမ်ပြုပြင်သည်ဟု ဆိုကာ ငွေညှစ်ခြင်း။

(ဆ) သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်ဖြင့် နေအိမ်ပြုပြင်လျှင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြောင်းမကြားဟုဆိုကာ ငွေညှစ်ခြင်း။ (ခွင့်ပြုချက်ယူလျှင်လည်း နေအိမ်ပြုပြင်သည်ကို တိုးချဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်း)

(ဇ) ပင်လယ်ပြင်သို့ စက်လှေများဖြင့် ငါးဖမ်းထွက်သည့် ငါးဖမ်းသမားများမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်ယူရပြီး၊ လစဉ်ကြေးအပြင် တစ်ကြိမ် ငါးဖမ်းရန် ထွက်တိုင်း ဂိတ်တွင် တာဝန်ကျသည့် နယ်ခြားစောင့်ရဲများ တောင်းသည့် အတိုင်း ထပ်မံပေးရသည်။ ငါးဖမ်း၍ ပြန်လာလျှင်လည်း နယ်ခြားစောင့်ရဲများက ဖမ်းလာသည့် ငါးများကို လုယက်ခြင်း။

(ဈ) တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသည့် ဟင်းသီးဟင်းရွက် ရောင်းသည့် ဈေးသည်များ ကင်းစခန်းများ ရှေ့မှ ဖြတ်သန်းသွားလျှင် ဟင်းသီးဟင်းရွက်များ လုယက်ခြင်း။

(ည) မော်တော်ဆိုင်ကယ်၊ စက်ဘီး စီးသွားသူများကို ကင်းစခန်းများရှေ့တွင် ရပ်တန့်ခိုင်းပြီး ဆိုင်ကယ်၊ စက်ဘီးများကို တွန်းခိုင်း၍ ကင်းစခန်း၏ မျက်စိတစ်ဆုံးအထိ လမ်းလျှောက် သွားခိုင်းခြင်း။

(ဋ) မိမိတို့၏ ရွာမှ အခြားရွာတွင် စက်ဘီးစီး၍ ကျောင်းသွားတက်ရသည့် ကျောင်းသား/သူ ငယ်လေးများကိုလည်း ကင်းစခန်းရှေ့တွင် စက်ဘီးမှ ဆင်းခိုင်းပြီး ကင်းစခန်း၏ မျက်စိတစ်ဆုံးထိ စက်ဘီးတွန်းခိုင်း၍ သွားခိုင်းခြင်း။ (ကျောင်းသား/သူ ငယ်လေးများကို စိတ်နာကျင်မှု ရစေသည် အထိ လူမျိုး၊ ဘာသာ ခွဲခြား၍ ညစ်ညမ်းစွာ ဆဲဆိုခြင်းများလည်း ပြုလုပ်သည်)

(ဌ) ရိုဟင်ဂျာများမှာ တစ်ရွာမှ တစ်ရွာသို့ သွားလျှင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ ရွာထွက်လက်မှတ် ယူရပြီး၊ ကင်းစခန်းများ ရှေ့တွင် ရွာထွက်လက်မှတ် အစစ်ဆေးခံရသည်။ နယ်ခြားစောင့်ရဲ များက ရွာထွက်လက်မှတ် ပါလျှင်လည်း ဂိတ်ဖြတ်သန်းခ ဆက်ကြေး ကောက်သည့် ပုံစံမျိုးဖြင့် ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ လူ့ဂုဏ်သိက္ခာကျဆင်းသည့် အထိ ညစ်ညမ်းစွာ ဆဲဆိုခြင်း။

(ဍ) ကားနှင့် ခရီးသွားလာသည့် ခရီးသည်များကိုလည်း ကားပေါ်မှ ဆင်းခိုင်း၍ လမ်းလျှောက်သွားခိုင်းခြင်း၊ သက်သေခံ အထောက်အထားများ ပြည့်စုံနေလျှင်လည်း အကြောင်းမဲ့ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ လူ့ဂုဏ်သိက္ခာကျဆင်းသည့် အထိ ညစ်ညမ်းစွာ ဆဲဆိုခြင်း။

(ဎ) ဈေးများအတွင်းသို့ ၀င်ရောက်၍ ဈေးရောင်းနေသည့် ဈေးသည်များကို ခွင့်ပြုချက်မဲ့ ပစ္စည်းများ ရောင်းချနေသည်ဟု ဆိုကာ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း။

(ဏ) ခြံဝင်းအတွင်းရှိသည့် အပင်ခုတ်လှဲလျှင်ပင် ခွင့်ပြုချက်မယူဟု ဆိုကာ ငွေညှစ်ခြင်း။

(တ) အလွန်ဆင်းရဲသောသူများသည် သစ်တောဦးစီးဌာနသို့ ငွေပေးသွင်းပြီး ခွင့်ပြုချက် ရယူကာ တောတောင်များမှ ထင်းခုတ်၍ ဈေးတွင် ပြန်လည် ရောင်းချလျက် အသက်မွေးဝမ်းကျောင်း ပြုနေကြရာ၊ ၎င်းတို့ အပြန်လမ်းတွင် နယ်ခြားစောင့်ရဲများက ထင်းတစ်စည်း ဘယ်လောက်နှုန်းဟု ဆိုကာ ဆက်ကြေးသဖွယ် ငွေညှစ်ခြင်း။

(ထ) တရားဝင် လက်ထပ်ထားသော ဇနီးမောင်နှံများကို တရားမ၀င် ပေါင်းသင်း နေထိုင်သည်ဟု စွပ်စွဲ၍ လက်ထပ်ထားသည့် အထောက်အထားများကိုပင် စီစစ် မကြည့်ဘဲ ငွေညှစ်ခြင်း။

(ဒ) မောင်တောခရိုင်မှ ရိုဟင်ဂျာများမှာ စစ်တွေ၊ ရန်ကုန်မြို့သို့ သွားရောက်၍ ဆေးကုသခွင့် မရကြသဖြင့် တရားဝင် နယ်စပ်နိုင်ငံကူးလက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ဆေးကုသပြီး ပြန်လာလျှင်လည်း တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံစွပ်စွဲကာ ငွေညှစ်ခြင်း။

(ဓ) ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ (၄) နှစ်ကျော်ပြီ ဖြစ်သော်လည်း မောင်တောမြို့နယ် နယ်ပိုင်းမှ မြို့ပေါ်တက်၍ ဈေးဝယ်သူများကို ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုဆို၍ အမည်စာရင်းအတုပြုလုပ်ကာ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း။

(န) မိုဘိုင်းဖုန်းများတွင် နိုင်ငံခြားရှိ ဆွေမျိုးမိတ်သင်္ဂဟများ၏ ဖုန်းနံပါတ်တွေ့လျှင်လည်း နိုင်ငံခြားနှင့် ဆက်သွယ်နေသည်ဟု ဆိုကာ ငွေညှစ်ခြင်း။

အထက်တွင် မိမိတင်ပြထားသည့် အချက်များအပြင် နယ်ခြားစောင့်ရဲများက အခြားသော ပုံစံမျိုးစုံဖြင့် နေ့စဉ် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက်ရှိသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများကို ဆက်ဆံရာတွင် လူသားများကို ဆက်ဆံသကဲ့သို့ မဆက်ဆံဘဲ၊ တိရိစ္ဆာန်များကို ဆက်ဆံသကဲ့သို့ ဆက်ဆံလျက် ရှိသည်။ ၂၁ ရာစုတွင် တိရိစ္ဆာန်များကို ညှဉ်းပန်းနှိပ်စက်လျှင်ပင် ပြစ်မှုကြီး ကျူးလွန်ရာရောက်ပြီး၊ တိရိစ္ဆာန် အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်းများက ကာကွယ်ပေးလျက် ရှိသည်။

ရိုဟင်ဂျာမွတ်စလင်များမှာ မြန်မာနိုင်ငံမှ လူသားများဖြစ်ပြီး၊ လူသားများကို လူသားများက ဥပဒေဖြင့် ကာကွယ်စောင့်ရှောက် မပေးသည်ကို ၀မ်းနည်းစွာ လေ့လာတွေ့ရှိရပါသည်။

စစ်အစိုးရ အဆက်ဆက် မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ခဲ့စေကာမူ ယခုအခါ ပြည်သူများ ရွေးချယ်တင်မြှောက် ထားသည့် ဒီမိုကရေစီ အရပ်သား အစိုးရ အုပ်ချုပ်နေပြီ ဖြစ်သည်။ ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စစ်အစိုးရ လက်ထက်က ကဲ့သို့ ညှဉ်းပန်းနှိပ်စက်၍ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းသည် ဒီမိုကရေစီ အစိုးရ၏ ပုံရိပ်ကို အလွန်ထိခိုက်စေပါသည်။

၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ရိုဟင်ဂျာလူမျိုးများက မျှော်လင့်ချက်များစွာ ထားခဲ့ကြသည်။ ယခုအခါ နိုင်ငံတော်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင် အုပ်ချုပ်နေသည့် အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကိုလည်း ဥက္ကဌအဖြစ် တာဝန်ယူကာ ဖြေရှင်းရန် ကြိုးစားနေသည်ကို တွေ့ရှိရပါသဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လူမဆန်သော လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံး ရပ်တန့်သွားစေရန် အတွက် တားမြစ်ပေးပါရန် ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာမွတ်စလင်များ ကိုယ်စား အထူးမေတ္တာရပ်ခံအပ်ပါသည်။



ရိုနေဆန်းလွင်
(ရိုဟင်ဂျာအရေးလှုပ်ရှားသူ)
ဖရန့်ဖွတ်မြို့၊ ဂျာမဏီနိုင်ငံ
ဖုန်း - +၄၉ ၆၉ ၂၆၀၂၂၃၄၉

MYARF
RB News
29.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ စံကားပင်ရင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်သည် နီးစပ်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကမ်းပြိုရာ၌ အိမ်ပြိုခဲ့ပြီး ဒုက္ခရောက်နေသူများ ထံမှ မတရားသဖြင့် ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း မင်းကြီးကျေးရွာအုပ်စုတွင် မိုးရာသီ၌ ရေကြီးပြီး ပြူးမချောင်း ကမ်းပါးပြိုကျရာတွင် လူနေအိမ်များလည်း ပါသွားခဲ့သည်။ ထိုသို့ ပြိုကျရာတွင် ပါသွားခဲ့သည့် အိမ်အချို့ကို နောက်ဆုတ်ပြီး ပြန်လည် ဆောက်လုပ်ရန် နေရာရှိသော်လည်း အောက်ဖော်ပြပါ (၃) ဦးတို့မှာ ၎င်းတို့၏ ကျေးရွာအုပ်စု အတွင်း နေအိမ်ဆောက်လုပ်ရန် နေရာလုံးဝ မရှိတော့၍ ရွာ၏ အနောက်ဘက်ရှိ စံကားပင်ရင်း ကျေးရွာအုပ်စုပိုင် တောင်စောင်း နေရာများတွင် ဆောက်လုပ်ခဲ့ရသည်။ အဆိုပါ မိသားစု (၃) စုသည် ၎င်းတို့၏ အိမ်များကို တောင်စောင်း နေရာတွင် ပြောင်းမဆောက်လုပ်ခင် တောင်စောင်း ပိုက်နက်၏ အုပ်ချုပ်ရေးမှူး ဖြစ်သော စံကားပင်ရင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင် တောင်းသလောက်နှင့် ဦးအင်စိုးမောင် လမ်းညွန်သည့် အတိုင်း ဌာနဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ ပေးပြီးနောက် နေအိမ်များ ဆောက်လုပ်ခဲ့သည်။ နေအိမ်များ ဆောက်လုပ်ပြီး တစ်လခန့် အကြာတွင် ထပ်မံ၍ ငွေကျပ် ၁၀ သိန်းစီ တောင်းခံသည်ကို မိသားစု (၃) စု က မပေးနိုင်သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင် က လယ်ယာမြေပေါ်တွင် အိမ်ဆောက်သည်ဟု အစီရင်ခံစာ ရေးသားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ထံတင်ပြခဲ့သည်။ ထို့နောက် အိမ်များ ပြန်လည် ပြိုဖျက်ခွင့် အမိန့်စာ ရယူပြီး သြဂုတ်လ (၂၃) ရက်နေ့က ဦးအင်စိုးမောင် ကိုယ်တိုင် ဦးဆောင်၍ နေအိမ် သုံးလုံး စလုံးကို ပြိုဖျက်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။


အိမ်ဆောက်လုပ်ရန် ငွေပေးရသူ (၃) ဦးမှာ --

(၁) ဦးအေနာယောတူရာမန် (ဘ) ဦးဇာဖောရ်အာလောမ်
(စံကားပင်ရင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင် ကို ငွေကျပ် ၂၀၅၀၀၀/-
မင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်း ကို ငွေကျပ် ၁၂၅၀၀၀/-
ကြိမ်ချောင်းရဲစခန်းမှ တာဝန်ခံအရာရှိ ဆရာဦးဘထွန်း ကို ငွေကျပ် ၅၀၀၀၀/-
စံကားပင်ရင်း ကျေးရွာအုပ်စု မြေတိုင်းစာရေး ဦးစံလှမောင် ကို ငွေကျပ် ၁၅၀၀၀၀/- ပေးခဲ့ရသည်)
(
၂) ဦးမော်ဆောန်အလီ (ဘ) ဦးအာဘူလ်ဟူစိန်း
(စံကားပင်ရင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင် ကို ငွေကျပ် ၂၆၀၀၀၀/-
မင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်း ကို ငွေကျပ် ၂၂၅၀၀၀/-
ကြိမ်ချောင်းရဲစခန်းမှ တာဝန်ခံအရာရှိ ဆရာဦးဘထွန်း ကို ငွေကျပ် ၅၀၀၀၀/-
စံကားပင်ရင်း ကျေးရွာအုပ်စု မြေတိုင်းစာရေး ဦးစံလှမောင် ကို ငွေကျပ် ၂၈၀၀၀၀/- ပေးခဲ့ရသည်)

(၃) ဦးမာဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်း
(စံကားပင်ရင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင် ကို ငွေကျပ် ၅၀၀၀၀/-
မင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်း ကို ငွေကျပ် ၅၀၀၀၀/-
ကြိမ်ချောင်းရဲစခန်းမှ တာဝန်ခံအရာရှိ ဆရာဦးဘထွန်း ကို ငွေကျပ် ၂၅၀၀၀/-
စံကားပင်ရင်း ကျေးရွာအုပ်စု မြေတိုင်းစာရေး ဦးစံလှမောင် ကို ငွေကျပ် ၁၅၀၀၀/- ပေးခဲ့ရသည်)

ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦး၊ ရဲစခန်း တာဝန်ခံ အရာရှိနှင့် မြေတိုင်းစာရေး တို့ ပူးပေါင်း၍ ငွေညှစ်ပြီး အိမ်ဆောက်လုပ်ခွင့် ပေးပြီးမှ တစ်လကြာမှ ထပ်မံညှစ်သော ငွေကို မပေးသောကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်ယူ၍ ဆောက်ပြီးသား အိမ်များ ပြိုဖျက်လိုက်ခြင်းကြောင့် နဂိုကတည်းက အိုးမဲ့အိမ်မဲ့ ဖြစ်နေခဲ့ရသူများ ထပ်မံ၍ အိုးမဲ့အိမ်မဲ့ ဘ၀သို့ ရောက်နေရသည်။ ငွေမရတော့သဖြင့် အငြိုးဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်း အလွန်ပင် မတရားသော လုပ်ရပ်ဖြစ်သဖြင့် အထက်အာဏာပိုင်များက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် ဒေသခံများ အားလုံးက တောင်းဆိုနေကြသည်။



Rohingya Eye
RB News
28.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ဦးနူရူဆလာမ် (ဘ) ဦးအဒူမော်ဇီးဒ်၏ နေအိမ်သို့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် ၁၂း၃၀ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်များ ၀င်ရောက်လာပြီး ရွှေနားကွင်း (၂) စုံ လုယက် ယူဆောင်သွားခဲ့သည်။ 

အခင်းဖြစ်ပွားပြီးနောက် နံနက် (၃) နာရီအချိန်တွင် အလယ်သံကျော် အခြေစိုက် နယ်မြေ (၇) ရုံးမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဦးအဒူဆလာမ်၏ ဇနီး၊ သားသမီးများနှင့် အိမ်နီးချင်း (၄) ဦးကို နယ်မြေရုံးသို့ ခေါ်ဆောင်သွားကာ တစ်နေကုန် နီးပါး စစ်ဆေးခဲ့သည်။ ဓါးပြများက အိမ်သို့ အလည်ရောက်ရှိနေသည့် သားမက်ဖြစ်သူ ဦးဆော်နာမူလ္လာ (ဘ) ဦးဖော်ယာစ် (အသက် ၃၅ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ (၂၈) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဦးအဒူဆလာမ်၏ ဇနီး၊ သားသမီးနှင့် အိမ်နီးချင်း (၄) ဦးတို့ကို ယနေ့ (သြဂုတ်လ ၂၈ ရက်) နံနက်ပိုင်းတွင် လာရောက် အစစ်ဆေးခံရန် ဆင့်ခေါ်သဖြင့် သွားရောက်၍ ထပ်မံ စစ်ဆေးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

၎င်းတို့နှင့် အတူလိုက်သွားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာဆိမ်း ကလည်း ငွေကြေးတောင်းခံနေသလို၊ နယ်မြေရုံးမှ နယ်ခြားစောင့်ရဲ များကလည်း ငွေတောင်းခံနေသဖြင့် ဓါးပြတိုက် ခံရသည့် မိသားစု တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဓါးပြတိုက် သွားသည့် လက်နက်ကိုင် အဖွဲ့နှင့် ပတ်သက်၍ ရွာသားများက တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း၊ ယခင် န.စ.က လက်ထက်ကလည်း ဓါးပြတိုက်ခံရပါက လုယက်ခံရသည့် မိသားစုကို ဒဏ်ငွေ ရိုက်သည့် သဘောဖြင့် ငွေညှစ်ကြောင်း၊ ယခုလည်း ဒီမိုကရေစီ အစိုးရလက်ထက်တွင် ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။



MYARF
RB News
28.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နေရာတွင် အစားထိုး ရောက်ရှိလာသည့် အထူးတပ်ဖွဲ့ ဆိုသည့် တပ်ဖွဲ့သစ်က ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်မှုများ စတင်လျက် ရှိကြောင်း သတင်းရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ နေရာတွင် အစားထိုးလိုက်သည့် အထူးတပ်ဖွဲ့သည် သြဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ၀တ်စုံများသည် လုံထိန်းရဲ၏ ၀တ်စုံနှင့် တူညီနေသည်။ သြဂုတ်လ (၂၇) ရက်နေ့ နံနက်ပိုင်းမှ စ၍ အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို အလွန်ပင် ဖိနှိပ် နှိပ်စက်နေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“သူတို့က ၂၆ ရက်နေ့ ညနေပိုင်း ရောက်လာတာပေါ့နော်၊ စရောက်ပြီး နောက်တစ်နေ့ မနက်ကစပြီးတော့ သူတို့ကင်းစခန်းကို ဖြတ်ပြီး သွားနေတဲ့ လမ်းသွားလမ်းလာတွေကို အမျိုးမျိုးနှိပ်စက်နေတာဗျ၊ ကားနဲ့သွားတဲ့ လူတွေကို ကားပေါ်က ဆင်းခိုင်းပြီးတော့ အမျိုးမျိုး စစ်ဆေးတယ်၊ လမ်းလျှောက်သွားခိုင်းတယ်၊ ဆိုင်ကယ်မောင်းပြီး သွားလာသူတွေကိုလည်း ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီးတော့ လမ်းလျှောက်သွားခိုင်းတယ်၊ အရင်က အဲ့လို ဆင်းမသွားရဘူးဆိုတော့ လူတွေက အရင်ကလိုပဲ မောင်းသွားကြတယ်။ အဲလို မောင်းသွားတဲ့လူကို ရပ်ခိုင်းတယ်၊ ပြီးတော့ဆင်းခိုင်းပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး ပက်ပက်စက်စက် ဆဲတယ်၊ လူတွေလည်း အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေကြပြီ” ဟု အဆိုပါဒေသခံက ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်နေရာတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ တံတားကင်းစခန်းနှင့် ပန်းတောပြင် တံတားကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ အဆိုးဆုံးဖြစ်သည်။ အဆိုပါ ကင်းစခန်းများ၏ အနီးတွင် စခန်းအသစ်တစ်ခု ဆောက်လုပ်လျက်ရှိပြီး၊ ဆောက်လုပ်ပြီးပါက ယင်းစခန်းတွင် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရွာထွက်လက်မှတ် စစ်ဆေးရန် ဖြစ်သည်ဟု အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကြိုတင်၍ ခြိမ်းခြောက်သည့် ပုံစံဖြင့် ပြောဆိုနေကြောင်း သိရှိရသည်။ 

“မင်းတို့ ကုလားတွေကို ဖိနှိပ်ဖို့ အထက်က အထူးစေလွှတ်လိုက်တာ၊ မကျေနပ်တာရှိရင် ကြိုက်တဲ့နေရာကို သွားတိုင်လို့ ရတယ်။ ကိုဖီအာနန်အဖွဲ့ကို တိုင်ချင်လည်း တိုင်ကွာ” ဟု ဆိုကာ တပ်ဖွဲ့ဝင်သစ်များက လမ်းသွားလမ်းလာများကို ခြိမ်းခြောက် ပြောဆိုနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

ယခုအခါ ဒေသခံ ရိုဟင်ဂျာများသည် အလွန်ပင် ထိတ်လန့်လျက် ရှိနေပြီး၊ မိမိတို့၏ ကျေးရွာမှ အပြင်သို့ သွားရန်ပင် ကြောက်ရွံနေသည်ဟု ဒေသခံများက ဆိုသည်။ ဖော်ပြပါ အဆိုးရွားဆုံး ကင်းစခန်းနှစ်ခုကို ဖြတ်ကျော်၍ ကျောင်းတက်နေရသော ကျောင်းသား/သူ ငယ်များသည် ကင်းစခန်းများကို ဖြတ်ကျော်၍ ကျောင်းတက်ရန်ပင် မ၀ံ့မရဲ ဖြစ်နေကြောင်း ကျောင်းသားမိဘ တစ်ဦးက RB News သို့ပြောသည်။

NLD အစိုးရက ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ပြဿနာဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းမလာခင် ဒေသခံရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ကြောက်ရွံအောင် တမင်လုပ်နေခြင်းသာ ဖြစ်သည်ဟု မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူများက သုံးသပ်နေကြသည်။

ဒီမိုကရေစီ ခေတ်သစ်တွင် ရိုဟင်ဂျာလူမျိုးများ အပေါ် ဤကဲ့သို့ စနစ်တကျ ပေါ်ပေါ်တင်တင် ခွဲခြား နှိပ်စက်နေခြင်းသည် အလွန်ပင် မတရားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့၏ တရားဥပဒေနှင့် ဆန့်ကျင်၍ လုပ်ဆောင်နေမှုများကို ပြည်ထောင်စု အစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။ 

မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူများက အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့၏ တရားဥပဒေ ချိုးဖောက်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ် စောင့်ကြည့် လော့လာ၍ မှတ်တမ်းပြုစုနေသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ကတော့ သူတို့ရဲ့ တရားဥပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီးတော့ သေချာ မှတ်တမ်းပြုစုနေတယ်၊ အဲဒါတွေကို လအလိုက် ဗဟိုအစိုးရဆီကိုရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော ပို့ပေးမှာပါ၊ ကုလသမဂ္ဂထိ လစဉ်မပျက် ပို့ပေးဖို့ ရှိတယ်၊ ဒေသခံတွေ အနေနဲ့ကတော့ အလွန်အကျွံ ထိတ်လန့် ကြောက်ရွံ မနေဘဲ မတရားမှုတွေကို တရားဥပဒေဘောင် အတွင်းက ဖြေရှင်းဖို့နဲ့ ဖြစ်လာသမျှ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ သတ္တိမွေးဖို့ လိုအပ်တယ်” ဟု ဖြည့်စွက် ပြောကြားပါသည်။



(ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ)


ဘူတာမှန်သို့ မဆိုက်ရောက်တဲ့ ည-ရထား

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
27.8.2016

မနာလိုမှု၊ မွန်ကြပ်မှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံမှာ
တစ်နေကုန် ရုန်းကန်စွာ လှုပ်ရှားနေရတော့
နေဝင်ချိန် အမြန်ရောက်လာဖို့
ငါတို့တွေ လည်ပင်းရှည်စွာ စောင့်မျှော်တတ်ခဲ့။
နေဝင်ချိန် နီးလာလေတိုင်း
ခြေကုန်လက်ပန်း၍ ငါတို့မျက်နှာကညို
အိမ်အမြန် ပြန်ချင်စိတ်က ငါတို့မှာပိုပိုလိုလို
ငြိမ်းချမ်းသာယာတဲ့ အိမ်ကြီးကိုပေါ့။

ည-ရထားက
နေဝင်ပြီး ခဏအကြာ
ဘူတာကို အရောက်ဆိုက်လာခဲ့တော့
ငါတို့တွေလည်း ရထားထဲ အလုအယှက်ဝင်ခဲ့ကြပေါ့
ည-ရထားကို စီးပြီး
ငြိမ်းချမ်းသာယာတဲ့ အိမ်ကို ပြန်ကြဖို့က
ငါတို့ရဲ့တစ်ခုတည်းသော ပန်းတိုင်ပေါ့လေ။

ည-ရထားပေါ်က အိမ်ပြန်ခရီးသည်များ
တစ်နေကုန် ဆင်းရဲပင်ပန်းစွာ တိုက်ပွဲဝင်ခဲ့ရမှုကြောင့်
လျင်မြန်စွာ အိပ်မောကျသွား
"ရထား'' ကတော့ နိုးနိုးကြွကြွ
အရှိန်မပျက် တရွေ့ရွေ့ ချီတက်နေဆဲပါ။

ဒါပေမယ့်
အိမ်ပြန်ခရီးသည်တွေ မကျေနပ်တာတစ်ခု
အိမ်ပြန်ခရီးသည်တွေကို ရထားက ဘူတာမှန်သို့မပို့
ပြန်ပို့လိုက်တာက မနက်ခင်းဘူတာရုံသို့
မနာလိုမှု၊ မွန်းကြပ်မှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံရဲ့ ဂိတ်ရှေ့ဝကိုပေါ့။
ဒီသံသရာထဲ ထပ်ဖန်တလဲလဲ
ငါတို့တွေ လည်ပတ်နေရတာကလည်း
နှစ်၊လ၊ရက်တွေ ကြာညောင်းလှခဲ့ပေါ့။

ဒီနေရာမှာ
ည-ရထားကိုပဲ ဇွတ်တရွတ် စီးတတ်တဲ့
ငါတို့ အိမ်ပြန်ခရီးသည်တွေရဲ့အမှားလား
လိုရာဘူတာသို့ ပို့မပေးတဲ့ ည-ရထားရဲ့ အပြစ်လား
တွေးကြပါ ... ပြန်စီစစ်ပါ
ငါတို့တွေ ည-ရထားစီးပြီး အိမ်ပြန်နေကြတာ
နည်းမှန်လမ်းမှန် လက်တွေ့ရော ကျရဲ့လား။

မနာလိုမှု၊ မွန်းကြပ်နေမှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံမှာ
ပင်ပန်းတဲ့ အလုပ် ဆက်မလုပ်ရဖို့နဲ့
လိုရာခရီးဖြစ်တဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ကြီးသို့
မလွဲမသွေ အရောက် ရောက်နိုင်ဖို့
ဘူတာမှန်သို့ ဆိုက်ရောက်တဲ့ ရထားကိုပဲ
ငါတို့တွေ ပြောင်းစီးကြရအောင်လေ။

ရခိုင်ပြည်ရှိ ပြည်သူပြည်သားများဖြစ်တဲ့
ငါတို့တစ်တွေမှာ-
လူသားဆန်တဲ့ ဆန္ဒလှလှလေးတစ်ခု
အမှန်တကယ် ကိန်းဝပ်နေရင်ပေါ့........။

*** ရခိုင်ပြည်မှ ပြည်သူပြည်သားများ၏ ပကတိဘဝကို တင်စား၍ ရေးဖွဲ့ပါသည်။
ရခိုင်ပြည်ရှိ ပြည်သူပြည်သားများ အမြင်မှန်ရကြပြီး လိုရာဘူတာကို ပို့ပေးမယ့် ရထားကို မှန်ကန်စွာရွေးချယ် စီးတတ်ပါစေ။

Rohingya Exodus