နောက်ဆုံးသတင်း/ဆောင်းပါးများ

ကိုဖီအာနန် သက္ကယ်ပြင်ရွာရှိ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ်

ကိုထက်အောင်
ဗွီအိုအေမြန်မာပိုင်း
7.9.2016

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ၂ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ် အဆုံးမသတ်ခင်မှာပဲ စစ်တွေမြို့ပေါ်က ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်းဖြစ်တဲ့ ကိုဖီ အာနန် ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူမှုအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာတော့၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအ၀ိုင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဒဏ် ခံခဲ့ကြရသူတွေနဲ့ တွေ့ဆုံဖို့ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားခဲ့တာလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ အကြံပေး ကော်မရှင် အဖွဲ့ဝင်တစ်ဥိးဖြစ်သူ ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

“အောင်မင်္ဂလာရပ်ကွက်ပေါ့နော် စစ်တွေမြို့မှာရှိတဲ့ ပဋိပက္ခထဲမှာ ပါမသွားတဲ့ မွတ်ဆလင်ရပ်ကွက်ကို အရင်ဆုံးသွားပါတယ်ခင်ဗျ။ အဲဒီမှာ သွားပြီးတော့ ကျနော်တို့ ရခိုင် ဗုဒ္ဓဘာသာဒုက္ခသည်စခန်း မင်းဂံ အဲဒီကို ကျနော်တို့ သွားပါတယ်ခင်ဗျ။ အဲဒီကနေပြီးတော့မှ မွတ်ဆလင် ဒုက္ခသည်စခန်း သက္ကယ်ပြင် အဲဒီကို ကျနော်တို့ သွားပါတယ်။ ၁ နာရီထိုးကျတော့ လေဆိပ်ဆင်းပြီးတော့ ၂ နာရီမှာ ရန်ကုန်ပြန်ရောက်ပါတယ်။”

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တဦးလည်းဖြစ်တဲ့ ကိုဖီအာနန်ရဲ့ မနေ့တုန်းက ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာ စုဝေးပြီး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်နေတာကို ကန့်ကွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကော်မရှင်အဖွဲ့ကို ပြည်တွင်း တတ်သိပညာရှင်တွေနဲ့သာ ပြန်လည် ဖွဲ့စည်းသင့်တယ်ဆိုပြီး ရခိုင်အမျိုးသားပါတီက အရေးကြိးအဆိုကို ပြည်သူ့လွတ်တော်မှာ တင်သွားခဲ့တာပါ။ ဒါပေမဲ့လို့ ဒီကော်မရှင်ဟာ မနေ့က ရခိုင်ပြည်နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဒီကနေ့မှာလည်း ရခိုင်နဲ့ မူစလင် အသိုင်းအ၀ိုင်း ဒုက္ခသည် တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ ဒုက္ခသည်တွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြတောင်းဆိုတာတွေ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“အရင်တုန်းက ဆို၇င် မွတ်ဆလင်တွေနဲ့ သွားသွားလာလာနေခဲ့တယ်ပေါ့လေ။ နောက်ပိုင်းမှာတော့ဖြင့် သူတို့ အပြောအရပေါ့နော် တဖက်နိုင်ငံက လူတွေရောက်လာတဲ့အပေါ်မှာ ပြဿနာတွေ ဖြစ်ရပါတယ်ဆိုတဲ့ ကိစ္စပေါ့နော် အဲဒါတွေပြောတယ်။ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းကတော့ သူတို့ကို နေရာစီမံကိန်းအနေနဲ့ အိမ်တွေဘာတွေ ပြန်ဆောက်ပေးမလားတော့မသိဘူး အဲဒီလိုဆောက်နေတဲ့အတွက်ကြောင့် သူတို့ ရိက္ခာတွေဘာတွေ ဖြတ်တောက်ခံရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ သူတို့ အဲဒါပြောတယ်ခင်ဗျ။ နောက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက်ပေါ့လေ စက်ရုံ၊ အလုပ်ရုံတွေလုပ်ပေးဖို့အတွက်ပေါ့ အဲဒါလေးတွေ ပြောပါတယ်။ ဒီ မွတ်ဆလင်တွေဘက်ကကျတော့ သူတို့ ဥပဒေအရ အကာအကွယ်မရဘူး ။ ဥပဒေမှာ မည်သို့ပင်ဆိုစေကာမှာ သူတို့ ခွဲခြားဆက်ဆံခံနေရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးမှာ အဲဒါလေးတွေကို သူတို့ တင်ပြကြပါတယ်ခင်ဗျ။”

ရခိုင်ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ရန်ကုန်မြို့ကို ပြန်ရောက်ရှိခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သမ္မတ ဦးထင်ကျော်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေဆုံဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သူတို့ရဲ့ ပထမဆုံး ရခိုင်ခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရတာတွေကို ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။ အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည် ရင်ကြား စေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။မြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီကော်မရှင်အဖွဲ့ဟာ မကြာမှီအချိန်အတွင်းမှာပဲ ရန်ကုန်မြို့ အမျီုးသား ပြန်လည်သင့်မြတ်ရေးနဲ့ြ့ငိမ်းချမ်းရေး ဗဟိုဌာနမှာလည်း ရုံးတစ်ခု ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Rohingya Eye
RB News
6.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ဦးနူရူဆလာမ် (ဘ) ဦးအဒူမော်ဇီးဒ် ၏ နေအိမ်ကို သြဂုတ်လ (၂၇) ရက်နေ့က အမည်မသိ လက်နက်ကိုင်များက ၀င်ရောက်၍ ဓါးပြတိုက်ခဲ့သည်။

ထိုသို့ ဓါးပြတိုက်မှု ဖြစ်ပွားပြီးနောက် သြဂုတ်လ (၃၀) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ညအချိန် ရွာထဲသို့ ၀င်ရောက်၍ ရှောင်တခင် စစ်ဆေးခဲ့ပြီး၊ ဦးအလီ၏ ဇနီး ဒေါ်မိုက်မူနာ (အသက် ၄၅ နှစ်) ၏ နေအိမ်ကိုလည်း ၀င်ရောက် ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မရရှိသော်လည်း နေအိမ်အသစ် ဆောက်ရာတွင် ခွင့်ပြုချက်ထက် ကျော်လွန်၍ ဆောက်လုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဒေါ်မိုက်မူနာသည် မုဆိုးမတစ်ဦး ဖြစ်ပြီး၊ ၎င်း၏ နေအိမ်ဆောက်လုပ်ရန် အတွက် ဌာနဆိုင်ရာများကို ငွေကျပ် (၁၃) သိန်းပေးပြီး ခွင့်ပြုချက်ယူကာ နေအိမ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့်ရဲ များက မုဆိုးမ တစ်ဦးထံမှ ယခုကဲ့သို့ ငွေညှစ်ခြင်းမှာ အနိုင်ကျင့် ရက်စက်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။


Rohingya Eye
RB News
6.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ အောက်ရွာမှ ကင်းစောင့်နေသူ ရွာသား (၄) ဦးကို ရာအိမ်မှူး (၈) ဦးက ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တူလာအောက်ရွာမှ ဦးအေနာမ်မူလ္လာ (ဘ) ဦးဆိဒိတ် (အသက် ၄၅ နှစ်)၊ ဦးဂျူးန်ဘို (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၇ နှစ်)၊ အာယာစ် (ဘ) ဦးဘော်ဒူရာမန် (အသက် ၁၈ နှစ်) နှင့် ဦမောန်ဇူရာမန် (ဘ) ဦးဖော်ယာစ် (အသက် ၃၇ နှစ်) တို့သည် အလွန် ဆင်းရဲချို့တဲ့သူများ ဖြစ်ကြပြီး သြဂုတ်လ (၂၉) ရက်နေ့ ည (၁၂) နာရီ အချိန်တွင် ရာအိမ်မှူး (၈) ဦးက ကင်းတဲကို စစ်ဆေးရန်လာစဉ် ဓါတ်မီး မထိုးဟု ဆိုကာ ၀ိုင်းဝန်း ရိုက်နှက်၍ ရာအိမ်မှူး ဦးဖွေယာစ်၏ နေအိမ်ကို ခေါ်ဆောင်သွားပြီး ကင်းသမား (၄) ဦးထံမှ ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဝိုင်းဝန်း ရိုက်နှက်၍ ငွေညှစ်ခဲ့သည့် ရာအိမ်မှူး (၈) ဦးမှာ ဦးဖွေယာစ် (အသက် ၄၅ နှစ်)၊ ဟာလဲခ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၄ နှစ်)၊ ရော်ဖိခ် (ဘ) ဦးဖွေယာစ် (အသက် ၃၀ နှစ်)၊ မာမတ်ရော်ဖိခ် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၂၇ နှစ်)။ ဟော်လိလ် (ဘ) ဦးရော်မူလ္လာ (အသက် ၂၅ နှစ်)၊ အေကေရာမ်အုလ္လာ (ဘ) ဦးကာဒဲရ်ဟူဆောင်း (အသက် ၂၈ နှစ်)၊ အာဇော်မ်း (ဘ) ဦးခေါ်ရီမူလ္လာ (အသက် ၂၅ နှစ်)၊ အာစ်မော်သ်အုလ္လာ (ဘ) ဦးအီဆုပ် (အသက် ၂၄ နှစ်) တို့ ဖြစ်ကြသည်။ ၎င်းတို့သည် အလယ်သံကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နယ်မြေ (၇) နယ်မြေမှူး၏ လူယုံတော် ကျော်ဇေယျာဦး တို့၏ တပည့်ရင်းများ ဖြစ်ကြပြီး၊ ထိုသူများ၏ အရှိန်အ၀ါဖြင့် ရမ်းကားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




နိုင်ကွန်းအိမ်
ဗွီအိုအေမြန်မာပိုင်း
6.9.2016

ရခိုင်ပြည်နယ် အတွင်း မတူညီတဲ့ လူမှုအသိုင်းအ၀ိုင်းနှ စ်ခုအကြား ဖြစ်ပွါးနေတဲ့ ပြဿနာအရေးကို အဖြေရှာကြရာမှာ နည်းလမ်းတွေ အကြံပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့မှာရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ကော်မရှင်အနေနဲ့ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့စပ်လျှင်းပြီး အဖြေရှာဖို့ ဖြစ်တယ်လို့ပြောဆိုမှုတွေရှိသလို ရခိုင်ပြည်နယ် လွှတ်တော်အနေနဲ့ ရခိုင်ပြည်ရဲ့တကယ့် အဖြစ်ပျက်မှန်ကို သိရှိဖို့ လိုအပ်တယ်လို့လဲ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေး ပို့ထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကနေ ဒီကနေ့ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့တွေ မြို့မိမြို့ဖ တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့မနက်ရခိုင်ပြည်နယ်အစိုးရရုံးအတွင်း အစိုးရအဖွဲ့ဝင်တွေနဲ့မြို့မိမြို့ဖ တွေနဲ့တွေ့ဆုံပွဲမှာတော့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်တွင်းမှာဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့စပ်လျှင်းပြီး အဖြေရှာဖို့ ဖြစ်တယ် လို့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုဖီအာနန်ကနေ အခုလိုပြောပါတယ်။

"အနာဂတ်ကိုတည်ဆောက်ကြဖို့ဆိုရင် အခရာကျတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခု အကြား ၁၀စုနှစ်တွေနဲ့ချီ မယုံကြတဲ့အဖြစ်တွေကို အတိတ်မှာထားခဲ့ပြီး နှစ်ဘက်စလုံးက တန်ဖိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူရေးကို ပိုက်ထွေးနိုင်ကြဖို့ နည်းလမ်းတွေရှာဖွေကြရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ရခိုင်ပြည်သူတွေကသာ ကိုယ့်လမ်း ကိုယ်ထွင်ပြီး ရှေ့ဆက်နိုင်ကြဖို့ စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့က အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ။ ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲဆိုတာတွေကို အကြံပြု အကူအညီပေးဖို့ လာခဲ့တာဖြစ်ပါတယ်။"

အနာဂတ်ကိုတည်ဆောက်ကြဖို့ဆိုရင် အခရာကျတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခု စလုံးအနေနဲ့ နှစ်ပေါင်းများစွာ အယုံအကြည်မရှိတာတွေကို အတိတ်မှာထားခဲ့ပြီး တရားမျှတမှုနဲ့ တန်းတူရေးစတဲ့ တန်ဖိုးတွေကို အတူတကွမျှဝေ ပိုက်ထွေးနိုင်ကြဖို့ နည်းလမ်းတွေရှာဖွေကြရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ရခိုင်ပြည်သူတွေကသာ ကိုယ့်လမ်း ကိုယ်ထွင်ပြီး လျှောက်လှမ်းနိုင်ကြဖို့ စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့က အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ။ ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲဆိုတာတွေကို အကြံပြု အကူအညီပေးဖို့ လာခဲ့တာဖြစ်ပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွါးနေတဲ့ပဋိပက္ခအရေးနဲ့ပက်သက်ပြီး ဘက်မလိုက်ဘဲမျှတစွာဆောင်ရွက်သွားမယ်လို့မျှော်လင့်ကြောင်း လယ်ယာနဲ့ဆည်မြောင်းဝန်ကြီး ဦးကျော်လွင်က အခုလိုပြောပါတယ်။

“ဒီပုဂ္ဂိုလ်တွေကတော့ နိုင်ငံတကာက လူသိထင်ရှားတဲ့ လူတွေလည်းဖြစ်တယ်။ နောက်မြန်မာနိုင်ငံဘက်က ပါလာတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီဘက်နိုင်ငံမှာ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာ ဘက်မလိုက်ပဲ မျှမျှတတနဲ့ အကောင်းဆုံး တခုကိုတော့ ဆောင်ရွက်သွားလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။”

ကော်မရှင်အဖွဲ့အနေနဲ့ ဒီကနေ့မွန်းလွှဲပိုင်းလောက်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လဲတွေ့ဆုံခဲ့ပါတယ်။ ဒီိတွေ့ဆုံဆွေးနွေးမှုအခြေအနေကိုတော့ ရခိုင်အမျိုးသားပါတီကကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က အခုလိုပြောပါတယ်။

“ဒီနေ့တွေ့ဆုံပွဲမှာ အဓိကကတော့ ဟိုဘက်ကဆို ကိုဖီအာနန်က အဓိကပြောပါတယ်။ ကျနော်တို့ဘက်ကတော့ ဦးစံကျော်လှ လွှတ်တော်ဥက္ကဌက အဓိကပြောပါတယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ဦးစံကျော်လှက ကျနော်တို့ကူညီပါမယ် ဒါပေမယ့် ရောက်လာကြတဲ့ ပုဂ္ဂိုလ်များက ဒီရခိုင်ပြည်ရဲ့ အမှန်တကယ်အဖြစ်အပျက်ကို သိထားဖို့လိုတယ်ဆိုပြီး သူကလည်း ဒီရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အဓိက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိက ရှင်းလင်း ပြောကြားပါတယ်။ ဦးစံကျော်လှ ပြောတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ ဒီဘင်္ဂါလီတွေက ရိုးရိုးနိုင်ငံသားဖြစ်ချင်တဲ့အဆင့်လောက်တောင်မဟုတ်ပဲနဲ့ တိုင်းရင်းသားဖြစ်ချင်နေတာ။ သူတို့က မရှိတဲ့လူမျိုးတမျိုးဖြစ်တဲ့ ရိုဟင်ဂျာဆိုတာကို သူတို့ ရှေ့တန်းတင်ပြီးလုပ်နေကြတယ်။ ဒါကြောင့် ဒီ ပဋိပက္ခတွေဖြစ်နေတာဆိုတာကို ပြောပါတယ်။ ကိုဖီအာနန်တို့အဖွဲ့ကလည်း ဥက္ကဋ္ဌပြောတာကို လေးလေးစားစားနားထောင်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့၂၀၁၂ခုနှစ်ဇွန်လမှာဖြစ်ပွါးခဲ့တဲ့လူမျိုးရေးအသွင်ဆောင်တဲ့ပြဿနာတွေကြောင့်အကြမ်း ဖက်တိုက်ခိုက်မှုတွေအပါအ၀င် ဒေသခံတွေကနေအိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေရှိခဲ့ပါတယ်။

မတူညီတဲ့လူမှုအသိုင်းအ၀ိုင်းနှစ်ခုအကြားဖြစ်ပွါးနေတဲ့ပြဿနာအရေးကို နိုင်ငံတော်အစိုးရကနေ ကော်မရှင်ဖွဲ့ပြီး ညှိ နှိုင်းဆောင်ရွက်နေပေမဲ့ မပြေလည်သေးတဲ့အခြေအနေတွေကြောင့်NLDအစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အရေး ပြဿနာစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့်အကြံပြုနည်းလမ်းတွေကိုရှာဖွေဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ဆုရှင်ကိုဖီအာနန်ဦးဆောင်တဲ့အဖွဲ့ဝင် ၉ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ တာပါ။

ဒီလိုနိုင်ငံခြားသားတွေပါဝင်တဲ့ကော်မရှင်ဖွဲ့စည်းမှုနဲ့ပက်သက်ပြီး ရခိုင်အမျိုးသားပါတီကနေကန့်ကွက်ခဲ့သလို ပြည်ခိုင် ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF တို့ကလည်း ကော်မရှင်ရဲ့ရပ်တည်ချက်အပေါ် စိုးရိမ်မကင်းဖြစ်ပြီး လုပ်ဆောင်ချက်တွေ အပေါ် စောင့်ကြည့် သွားမှာဖြစ်တဲ့ အကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့တွေ ဒီမနက်စစ်တွေလေဆိပ်ကိုရောက်ရှိချိန်မှာ ဒေသခံတွေနဲ့ သံဃာတော် တွေ ကနေဆန္ဒပြမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။



မေခ
ဗွီအိုအေမြန်မာပိုင်း
6.9.2016

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည် ဖွဲ့စည်းရေး အဆိုကို ပြည်သူ့ လွှတ်တော်မှာ ရှုံးနိမ့်သွားပါပြီ။ အစိုးရ အနေနဲ့ ကော်မရှင်ဟာ တည်ဆဲ ဥပဒေကို ကျော်လွန် လုပ်ဆောင်ကာ ဖွဲ့စည်းထားတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့သလို မူဆလင် အချို့ကလည်း ရခိုင်အရေးကို ခုလို လုပ်ဆောင်တာဟာ မသင့်တော်တဲ့လုပ်ရပ် တခု ဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်း ၂ ခုကြား ပြသနာတွေ ရှိနေတဲ့ ရခိုင်ဒေသ အခြေအနေကို နားလည်ဖို့ လိုအပ်တာကြောင့် လက်ရှိ အာဏာရ အစိုးရအနေနဲ့ ရခိုင်ဒေသခံပါတီနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်နေ တယ်လို့ ရခိုင်ပါတီဘက်က ထောက်ပြခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

နိုင်ငံခြားသားများ ပါဝင်နေတာကို ကန့်ကွက်ကာ အကြံ ပေးကော်မရှင် ကို ပြည်တွင်း တတ်သိပညာရှင် များဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ရခိုင်အမျိုး သားပါတီဘက်က အစိုးရသို့ တိုက်တွန်း ခဲ့တဲ့အရေးကြီးအဆိုဟာ လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး အများကမျှော်လင့်ထားတဲ့အတိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ အာဏာရ NLD အစိုးရရဲ့လုပ်ဆောင်ချက်ကို ရခိုင်အမတ်တွေ၊ အချို့သောတိုင်းရင်းသားအမတ်တွေနဲ့ တပ်ကိုယ်စားလှယ်တို့တွေက ကန့်ကွက်မှုတွေလုပ်ခဲ့သလို ဥပဒေဘောင်ကနေကျော်လွန်လုပ်ဆောင်တယ်လို့ စွပ်စွဲမှုတွေလည်း လုပ်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက NLD အစိုးရအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကိုယ်တိုင်က အစိုးရအနေနဲ့ရခိုင်ပြည်နယ် တွင်းမှာရှိတဲ့ ပါတီတွေနဲ့ဆွေးနွေးဖို့ အကြံပြုခဲ့ပေမယ့် ခုချိန်ထိဆွေးနွေးတာမရှိသေးသလို ရခိုင်အရေးကို နိုင်ငံတကာအရေးဖြစ်အောင်လုပ်နေတယ်လို့ အခုလို လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

“ဒီလောက်အင်မတန်အရေးကြီးပါတယ်ဆိုတဲ့ ရခိုင်ပြဿနာကို စဉ်းစားတဲ့အခါမှာ ဒီ NLD ကခေါင်းဆောင်တွေက ကျနော်တို့ကို ဘာဖြစ်လို့ Dialogue partner လို့ မသတ်မှတ်တာလဲ။ ကျနော်တို့ ဒီဟာကို ကန့်ကွက်နိုင်စရာမရှိဘူး။ NLD ကဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် ၊ ဗမာပဲဖြစ်ဖြစ်၊ကရင်ပဲဖြစ်ဖြစ် ထည့်ပါ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ပညာရှင်တွေ အများကြီးရှိပါတယ်။ကိုဖီအာနန်သာ နိုဘယ်ဆုရတယ် ၊ ကိုဖီအာနန် နိုဘယ်ဆုရပေမယ့် အခု ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲ လေ့လာကြည့်ကြပါ။ ဒီကော်မတီက လာတဲ့လူတွေဟာ Research Methodology နဲ့ လုပ်လိမ့်မယ်။ မှန်တယ် သိပ္ပံပညာရချင်ရပါလိမ့်မယ်။ ဒီနေရာမှာ နိုင်ငံရေးပြဿနာ ၊ ကျနော်တို့ စိတ်ခံစားမှုတွေ၊ ကျနော်တို့ သမိုင်းကြောင်းဆိုင်ရာတွေကို ဒီလူတွေ ဘယ်လောက်နားလည်မလဲ ။ အဲဒီလိုသာ နားလည်မယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်ပျောက်သွားတာ ကြာပါပြီ။ ဒီလူတွေလာတယ် ဒီလူတွေနဲ့ OIC ကြားမှာ ဘယ်လို link ရှိသလဲ။ အင်မတန် စိုးရိမ်ဖို့ ကောင်းတဲ့ ကိစ္စတွေ ပြည်တွင်းပြည်ပ ဖြစ်တဲ့ပြဿနာတွေဆိုတာက သူတို့က ဒီပြဿနာကို ဆွဲတင်တာ။ ဒီလိုကော်မတီဖွဲ့လိုက်တာက ကျနော်က သူခိုးကို ဓါးရိုးကမ်းသလို ဖြစ်သွားပြီ။”

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်မှာ နိုင်ငံတကာပုဂ္ဂိုလ်တွေပါနေလို့ နိုင်ငံအချုပ်အခြာအာဏာထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ပယ်ချထားသလို ရခိုင်ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ထားပါတယ်။ နိုင်ငံတော်လုံခြုံရေးကို အထိမခံဘူး။ ဘယ်သူစွက်ဖက်တာမှ မခံဘူးလို့ပြောဆိုထား ပါတယ်။ သူတို့နောက်မှာအများကြီးရှိတယ် အခုလို ကော်မတီဖွဲ့လိုက်တာက ဒီအဆိုနဲ့ပတ်သတ်လို့ လွှတ်တော်ကိုယ်စားလှယ် ၃၄ဦး ဆွေး နွေးခဲ့ပါတယ်။ ဒီကနေ့မှာ လွှတ်တော်မှာ ဒီအဆိုကိုအကြိတ်အနယ်ဆွေးနွေးနေချိန်မှာ ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်နေ့ထဲက အလုပ်စတင် လုပ်ဆောင်နေပြီဖြစ်သလို ဒီနေ့နဲ့ မနက်ဖြန်မှာ ရခိုင် ပြည်နယ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ပြီးရင် နေပြည်တော်ကိုလည်း သွားရောက်မှာပါ။ စက်တင်ဘာ ၈ရက်မှာ ရန်ကုန်မှာ ရခိုင်ကော်မရှင်နဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင် သွားဖို့ရှိပြီးဒီလိုလုပ်ဆောင်ပြီး စက်တင်ဘာ ၉ ရက်မှာမှ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အခုလိုကော်မရှင် ဖွဲ့စည်းလိုက်တာဟာ တည်ဆဲ ဥပဒေ တွေကိုကျော်လွန်ဖောက်ဖျက်ကာဖွဲ့စည်းခဲ့တာဖြစ်နေတယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှုးကြီး မြဦးက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ (ခ) ပါ ပြဌာန်းချက်အရ နိုင်ငံတော်သမ္မတကသာ စာချုပ်များနှင့် သဘောတူညီချက်များကို ဆောင်ရွက်ခွင့်ရှိသည့်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဟာ ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အတွင်း ခွင့်ပြုထားခြင်းရှိမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီမညီ ပြန်လည်သုံးသပ်သင့်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိရမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ တနိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စကို ပြည်သူလူထူကို အသိပေးရှင်းလင်းသင့်ပါတယ်။ ကော်မရှင်ရဲ့ ကုန်ကျစားရိတ်နဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့စည်းခြင်းထုတ်ပြန်ချက်မှာ ဘယ်လိုကျခံ ဆောင်ရွက်သွားမယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။ ကော်မရှင် ကုန်ကျစားရိတ်ဟာ နိုင်ငံတော် ဘဏ္ဍာ ငွေကနေ ကျခံသုံးစွဲမယ်ဆိုရင် နားလည်မှု စာချွန်လွှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအနေနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပဲနဲ့ ပြည်သူ့လွှတ်တော် ခွင့်ပြုချက်ရရှိမှသာ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။”

ဥပဒေကိုဖောက်ဖျက်မှုမရှိဘဲ လုပ်နည်းလုပ်ဟန် အမှန်အတိုင်းဘဲ ကော်မရှင်ကိုဖွဲ့စည်းတာ ဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦး ထွန်းထွန်းဟိန်က အခုလိုချေပခဲ့ပါတယ်။

“နိုင်ငံတကာ အကြံပေး ပုဂ္ဂိုလ်များသည် သူတို့လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် မြန်မာအစိုးရ၏ မှန်ကန်သောဆောင်ရွက်ချက်များကို တွေ့မြင်ရမည်ဖြစ်သောကြောင့် ယင်းတို့ တွေ့မြင်ချက်ကို ကမ္ဘာသို့ ပြန်လည်တင်ပြခြင်းဖြင့် မြန်မာနိုင်ငံအတွက် ၁ ချက်ခုတ်၊ ၂ ချက်ပြတ်သော လမ်းစဉ်ဖြစ်ပါသည်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကိုလေ့လာသုံးသပ်ပါက ပုဒ်မ ၂ (ခ) တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည်မှာ အခန်း ၂ ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ဒီဥပဒေအရ တာဝန်ပေးခြင်းခံရသူကို ဆိုလိုသည်ဟု ပြဌာန်းထားပါတယ်။ ပြဌာန်းထားသည်တို့ကို ဖတ်ရှု့ရပါက အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥပဒေကို ကျော်လွန်ဆောင်ရွက်ထားခြင်းမရှိပါကြောင်း ပြန်လည်တင်ပြအပ်ပါသည်ခင်ဗျ။”

ဝေဖန်မှုတွေရှိနေတဲ့ ဒီကော်မရှင်ရဲ့ ဥက္ကဌ ကုလအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကတော့ ရှုပ်ထွေး နက်နဲတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေ အတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျကျနဲ့ အဖြေရှာသွားမယ်လို့ဂတိပေးထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင် လူမှုအသိုင်း အဝိုင်းတွေ တခုနဲ့ တခုကြား လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ မကျေနပ်မှုတွေ၊ ရန်လိုမှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းခံကို နားလည်အောင်လုပ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အကြံပြုသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒီကနေ့မှာတော့ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်က လက်ရှိအနေအထားကို အကဲခတ်လေ့လာဖို့ ရောက်ရှိနေပါပြီ။ ကိုဖီအာနန်ကို ဒီကနေ့ ခရီးရောက်မဆိုက်မှာဘဲ ဆန္ဒပြသူများက အော်ဟစ်ကြွေးကြောဆန္ဒပြ တာတွေကြုံတွေ့နေရပါတယ်။ ရခိုင် ပြည်နယ်အကြံပေးကော်မရှင်အနေနဲ့ သူတို့ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေကို ၁၂ လအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့် အစိုးရကို တင်ပြရမှာဖြစ်ပါတယ်။



မောင်သစ္စာ (ရခိုင်ပြည်)
RB News
5.9.2016

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံးသော ပြည်နယ်ဖြစ်သည်နှင့်အညီ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြသည့် လူမျိုးတိုင်းသည် ပြဿနာပေါင်းများစွာ ကြုံတွေ့နေရသည်မှာ ငြင်းမရပေ။ ရခိုင်ပြည်၏ စီးပွားရေးအခြေအနေ အဆင်မပြေမှုကြောင့် ရခိုင်ပြည်သူ အများစုသည် မူးယစ်ဆေးဝါးများ ရောင်းဝယ်ရေးကို အဓိက စီးပွားရေးသဖွယ် ရောင်းဝယ်ဖောက်ကားနေကြရသည်။ လမ်းပန်း ဆက်သွယ်ရေးများ ညံ့ဖျင်းလွန်းသည်။ မီးမရှိ လျှပ်စစ်မဖူလုံ။ ရခိုင်ပြည်သူများ၏ လူနေမှုဘဝက ၂၁ ရာစုနှင့် ဖီလာဆန့်ကျင်နေလျက် များစွာ ခေတ်နောက်ကျနေကြသည်မှာလည်း အမှန်အကန်ပင်ဖြစ်သည်။

ထိုအဆင်းရဲဆုံး ပြည်နယ်၌ မှီတင်းနေထိုင်ကြသော လူမျိုးစုထဲတွင် လူနည်းစု ရိုဟင်ဂျာများ၏ ဘဝသည် စစ်အာဏာရှင်အဆက်ဆက်၏ ခွဲခြားဆက်ဆံ ဖိနှိပ်ခဲ့မှုကြောင့် အလွန်ပင် စိုးရမ်စရာအနေအထားရောက်နေသည်။ အဆင်းရဲဆုံးပြည်နယ်၌ မှီတင်းနေထိုင်ကြရသည့်အထဲတွင် စနစ်တကျ ခွဲခြားဆက်ဆံ ဖိနှိပ်ခံလာနေခဲ့ရသည့် ရိုဟင်ဂျာများကို နိုင်ငံတကာက ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးဟူ၍ သတ်မှတ်ခဲ့သည်။ နိုင်ငံသားအခွင့်အရေး၊ အခြေခံလူ့အခွင့်ရေး အစစအရာရာ ဆုံးရှုံးခံနေရသူများ ဖြစ်သည်။ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အဖိနှိပ်ခံ ရိုဟင်ဂျာများ၏ အရေးကို နိုင်ငံတကာက စိုးရိမ်ကြောင်း ဝိုင်းဝန်း ပြောလာသောအခါ စစ်အာဏာရှင်များက အမျိုးမျိုးလိမ်ညာခဲ့ဖူးသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ပဋိညာဉ် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာဥပဒေကိုလည်း လိုက်နာဖို့တာဝန်ရှိသည်။ သို့သော် ထိုတာဝန်များကို ခေတ်အဆက်ဆက် စစ်အာဏာရှင်များက ပေါ်ပေါ်တင်တင် ချိုးဖောက်ခဲ့သောကြောင့် အင်အားကြီး အနောက်နိုင်ငံများ၏ Sanction ချမှတ်ခံခဲ့ရမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်အာဏာရှင်များဖြစ်သည်နှင့်အညီ ၎င်းတို့သည် ဒီမိုကရေစီကိုအားပေးသည့် အနောက်နိုင်ငံများထက် ကွန်မြူနစ် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်သာ ပိုမိုရင်းနှီးခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများ၏ Sanction ချမှတ်ခြင်းကို ခံခဲ့ရသောကြောင့် မြန်မာစစ်အာဏာရှင်များသည် တရုတ်နိုင်ငံနှင့်သာ စီးပွားကူးသန်ကြရသည်။ တရုတ်နိုင်ငံကလည်း ပြေးစရာမရှိသည့် မြန်မာနိုင်ငံကို ငယ်နိုင်သဘောဖြင့် အပိုင်စားနိုင်ငံ အဖြစ် နှစ်အတော်ကြာသည်ထိ ကိုင်တွယ် စားပစ်လာခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ တန်ဖိုးမြင့် သဘာဝသယံဇာတများ သူတို့၏ မူးယစ်ဆေးပြားဖြင့် လဲလှယ်ခဲ့ခြင်းသာဖြစ်သည်။

မြန်မာစစ်အာဏာရှင်များက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးထက် မိမိကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်၍ တရုတ်နိုင်ငံဖြင့် စီးပွားရေးလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံသည်လည်း အင်အားကြီး တရုတ်နိုင်ငံ၏ ခေတ်စစ်ကျွန်ပြုခြင်းခံနေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်မှာ မြန်မာပြည်သူများ မျက်မြင်အသိပဲဖြစ်ပါသည်။ တောတောင်များတွင် သစ်ပင်ဟူ၍ မကျန်အောင် ခုတ်ယူသွားခဲ့သည်။ ရေအားလျှပ်စစ်စီမံကိန်းဆိုပြီး မြစ်များစွာ အပိုင်သိမ်းထားသည်။ မြန်မာပြည်၏ သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကိုလည်း တရုတ်နိုင်ငံအား လုပ်ပိုင်ခွင့်ပေးလိုက်သည်။ ကြေးနီစီမံကိန်းကဲ့သို့ အခြားသော တရုတ်လက်ထဲရောင်းစားလိုက်သည့် စီမံကိန်းများစွာလည်း ရှိနေပါသည်။ ပြောရလျှင် မြန်မာနိုင်ငံ၏ သယံဇာတပေါကြွယ်ဝမှုကို တရုတ်က အပိုင်စီးပြီး ကောင်းစားနေကြသည်။ မြန်မာနိုင်ငံမှာမူ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်း၌ ထိပ်တန်းနေရာကို ရောက်ရှိနေခဲ့ရသည်။

၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဦးဆောင်သည့် အစိုးရသည် ဒီမိုကရေစီအရေခြုံပြီး တက်လာခဲ့သည်။ ဒီမိုကရေစီအစိုးရသာ ပြောသော်လည်း သမ္မတ ဦးသိန်းစိန်အပါအဝင် ထိပ်တန်းတာဝန်ရှိသူအများစုသည် စစ်ယူနီဖောင်းချွတ်များသာဖြစ်ကြသည်။

ယခင် နဝတ၊ နအဖ အစိုးရလက်ထက်တွင် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးများကို မကြည့်ဘဲ တရုတ်နိုင်ငံကို လုပ်ပိုင်ခွင့်ပေးခဲ့သည့် စီမံကိန်းများကို ထိုဦးသိန်းစိန်အစိုးရက ဆက်လက် ဖော်ဆောင်ပေးခဲ့သည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းလည်း အပါအဝင် ဖြစ်ပါသည်။ ပြည်သူ့အကျိုးကို မငဲ့ညှာ၊ မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်၍ ထင်ရာစိုင်းခဲ့သည့် နဝတ၊ နအဖ အစိုးရ၏ အမွေကို ထိန်းသိမ်းပေးနေသော ဦးသိန်းစိန်အစိုးရကို မြန်မာပြည်သူများကလည်း ဒီမိုကရေစီ ဆိုင်းဘုတ်အောက်တွင် ဆန္ဒဖော်ထုတ်ခွင့် ရလာသည်နှင့်အမျှ အကြိမ်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခဲ့သည်။ သို့သော် ဦးသိန်းစိန်အစိုးရက ဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွင်းခဲ့သည်။ အစိုးရအလိုမကျဖြစ်ခဲ့လျှင် ဆန္ဒပြသူသည် သံဃာတော်များဖြစ်လျှင်ပင် ရက်စက်စွာ ဖြိုခွင်းခဲ့သည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။ ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ပညာရေးပြုပြင်ပြောင်းလဲရေး စသည်တို့အတွက် အေးချမ်းစွာ ဆန္ဒပြခဲ့သည့် မြန်မာပြည်သူများကို ဒီမိုကရေစီအမည်ခံ အစိုးရဖြစ်သည့် ဦးသိန်းစိန်အစိုးရက ရက်ရက်စက်စက် ချေမှုန်းခဲ့သည်။ ဤသည်မှာ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံ၏အကျိုးစီးပွားထက် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ပိုမို စောင့်ရှောက်ပေးခဲ့ခြင်းသာဖြစ်သည်။ တရုတ်နိုင်ငံ၏ စီမံကိန်းများကို စောင့်ရှောက်ပေးရေးသည် ဦးသိန်းစိန်အစိုးရအတွက် မဟာစိန်ခေါ်မှု တစ်ခုဖြစ်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း တရုတ်နိုင်ငံကိုရောင်းချလိုက်သည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ရပ်တန့်ပစ်ရန် သို့မဟုတ် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရသည့်ဝင်ငွေကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်သုံးစွဲပေးရန် ရခိုင်ပြည်သူများက အစိုးရကို ပြင်းပြင်းထန်ထန် ဆန္ဒပြတောင်းဆိုလာခဲ့သည်။ သို့သော် ဆန္ဒပြ ရခိုင်ပြည်သူများကို အစိုးရက အကြမ်းဖက် နိမ်နင်းသည့် လမ်းစဉ်မသုံးခဲ့ဘဲ ရေရှည်အသုံးတည်တံ့မည့် အခြားနည်းတစ်နည်းကို သုံးခဲ့သည်။ ဤသည်ကား လူမျိုးရေးဘာသာရေး နွယ်သည့် ပဋိပက္ခတစ်ခု ဖန်တီးပေးခဲ့၍ ရခိုင်ပြည်သူများကို ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အာရုံလွဲလိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ပဋိပက္ခဖြစ်နေသဖြင့် အရေးပေါ်အခြေအနေကြော်ငြာ၍ စစ်တပ်ချခဲ့သည်။ အထူးသဖြင့် ရွှေသဘာဝဓာတ်ငွေ့ သယ်ဆောင်သွားရာ ပိုက်လိုင်းတစ်လျှောက် စစ်တပ်စခန်းများ ချထားနိုင်ရေးသည် ဦးသိန်းစိန်အစိုး၏ လှည့်ကွက်တစ်ကွက် ဖြစ်သည်။ ဤနည်းဖြင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံထဲတွင်ရှိနေသည့် မဟာစီမံကိန်းကြီးတစ်ခုကို ဦးသိန်းစိန်အစိုးရက အကာအကွယ်ပေးခဲ့ကြသည်။

တရုတ်နိုင်ငံကို သယံဇာတများ ဈေးပေါပေါဖြင့် ယူဆောင်ခွင့်၊ လုပ်ပိုင်ခွင့်များ ပေးနေခြင်းမှာ မြန်မာစစ်အာဏာရှင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာစာမျက်နှာတွင် တရုတ်နိုင်ငံက အကာအကွယ် ပေးတတ်သောကြောင့် ဖြစ်သည့်အပြင် စစ်အာဏာရှင်များ အာဏာတည်မြဲအတွက်လည်း ကူညီကြသောကြောင့် ဖြစ်သည်။

ပြောရလျှင် ဦးသိန်းစိန်အစိုးရသည် ၎င်း၏ဆရာ ဦးသန်းရွှေ၏ နအဖ အစိုးရက တရုတ်နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် စီမံကိန်းများကို အပြည့်အဝ အကာအကွယ်ပေးခဲ့သည့် အစိုးရဖြစ်ပါသည်။ ပြည်မက စီမံကိန်းများကို ဆန္ဒပြကန့်ကွက်ခဲ့သူများကို အင်အားသုံးချေမှုန်းခဲ့ပြီး အကာအကွယ်ပေးခဲ့သလို ရခိုင်ပြည်နယ်မှ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကိုမှု လူမျိုးရေးဘာသာရေးနွယ်သည့် ပဋိပက္ခ ဖန်တီးပေးပြီး ရခိုင်ပြည်သူများကို မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူအသွင်ဖြင့် ဂုဏ်တင် လှုံ့ဆော်ပေးခဲ့၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို အာရုံလွှဲစေခဲ့သည့်ပုံစံနှင့် အကာအကွယ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

နောက်အရေးကြီးသည့်အချက်တစ်ခု ရှိသည်။ ရခိုင်ပြည်နယ်၏ အစိုးရဝန်းထမ်းအများစုသည် ရခိုင်လူမျိုးများသာ ဖြစ်ကြသည်။ စစ်တပ်တွင်လည်း ရခိုင်လူမျိုး အတော်များသည်။ ထို့အပြင် AA ဆိုပြီး အင်အားအသင့်အတန်ရှိသော ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့လည်း ရှိပြန်သည်။ ရခိုင်ပြည်သူများကလည်း ရခိုင်ပြည်ကို အဖရခိုင်နိုင်ငံတော်လုပ်ပစ်မည် ဟူ၍ မကြာမကြာ လူသိရှင်ကြား ကြွေးကြော် နေကြသည်။ ဤကဲ့သို့ အခြေအနေများကို မြန်မာစစ်တပ်က လွယ်လွယ်ကူကူ အသာစီးရယူလိုက်သည်မှာ လူမျိုးရေး၊ ဘာသာရေးနွယ်သည့် ပဋိပက္ခကို ဖန်တီးပေးခဲ့၍ပင် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏ ပဋိပက္ခ အကြောင်းရင်းကို ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသည့် ဌာနေရခိုင်ပညာရှိများက အမှန်တရားကို သိကြသည်။ သို့သော် အမှန်တရားကို သိရှိကြသည့် ထိုဌာနေရခိုင်ပညာရှိများကို ခေါင်းမထောင်နိုင်ရန် အဝကျွန်းသား ဒေါက်တာအေးမောင်ကို ဦးသိန်းစိန်အစိုးရက အပြည့်အဝ အသုံးချခဲ့သည်။ စစ်အစိုးရအားပေး တရုတ်နိုင်ငံကလည်း ဒေါက်တာအေးမောင်ကို တရုတ်နိုင်ငံအထိ ခေါ်ပြီး ငွေကြေးမက်လုံးပေးကာ အသုံးခံပစ္စည်းတစ်ခုလို သုံးခဲ့သည်။ ဤအချက်များကို သိရှိကြသော ဌာနေရခိုင်ဖွား ရခိုင်များက ဒေါက်တာအေးမောင်ကို မုန်းတီးကြသည်။ ဒေါက်တာအေးမောင် မလေးရှားနိုင်ငံသို့ သွားစဉ်အခါက ရခိုင်များကပင် လုပ်ကြံသတ်ပစ်ရန် ကြိုးစားခဲ့ဖူးသည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူများက ဒေါက်တာအေးမောင်အပေါ် အယုံအကြည်မရှိကြောင်း လက်တွေ့ပြသခဲ့သည်။

{နောက်ပိုင်းတွင် ရခိုင်ပြည်၌ ဖန်တီးပေးခဲ့သော ပဋိပက္ခကို ဦးသိန်းစိန်အစိုးရက ပြည်မအထိ ဆွဲယူသွားခဲ့သည်။ ၉၆၉ အဖွဲ့ခေါ် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းစေခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူမျိုးရေးဘာသာရေး နွယ်သည့် ပဋိပက္ခများ ဖြစ်ပေါ်လာရန် ဖန်တီးခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး တို့ကိုယ်တိုင်က လူမျိုးရေး၊ ဘာသာရေး နွယ်သည့် သွေးထိုးလှုံဆော်မှုများ ပြုလုပ်ခဲ့၍ ထိုမျိုးချစ်အမည်ခံအဖွဲ့ကို အားဖြည့်ခဲ့ပါသည်။ ဤသည်မှာ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာ၌ NLD ပါတီက ၄၃ နေရာဖြင့် အပြတ်အသတ် အနိုင်ခဲ့သည်မှ စတင်လာခဲ့သော နိုင်ငံရေးပြဿနာမီးတစ်ခု ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကို အသာစီးရအောင် ဦးသိန်းစိန်အစိုးရ၏ USDP ပါတီက ကြံဖန်လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပါသည်။ ဤအကြောင်းကို ရေးပြလျှင် စာရှည်သွားမည်ဖြစ်၍ မရေးတော့ပါ။}

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေ ကော်မီတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ပြဿနာများ၏ မူရင်းဇစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တစ်ခုကို လွန်ခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

ဤအကြံပေးကော်မရှင်အဖွဲ့ကို အကောင်းမြင်သဘောနှင့် ကြိုဆိုနေကြသူများရှိသလို အဆိုးမြင်သဘောဖြင့် ဆန့်ကျင်ကန့်ကွက်နေသူများလည်း ရှိကြသည်။ အထူးသဖြင့် မျိုးချစ်အမည်ခံ NLD ဆန့်ကျင်ရေးအဖွဲ့အစည်းများက ဤအကြံပေးကော်မရှင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြသည်။ ထို့အပြင် ရခိုင်အမျိုးသားပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကလည်း ဤအကြံပေးကော်မရှင်ကို ကန့်ကွက်ကြသည်။ ရခိုင်အမျိုးသားပါတီကဆိုလျှင် အကြံပေးကော်မရှင်အဖွဲ့နှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ဟူ၍ပင် ပြောဆိုနေကြပါသည်။ 

အကြံပေးကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်နေသည့် အကြောင်းပြချက်သည်လည်း လူရယ်စရာဖြစ်သည်။ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသား သုံးဦးပါသောကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာထိပါးမည်ဟူ၍ တစ်မျိုး၊ ပြည်တွင်းပြဿနာကို နိုင်ငံတကာ ပြဿနာပြုလုပ်လိုက်၍ ဆိုပြီးတစ်မျိုး အခြေအမြစ်မရှိ စွပ်စွဲပြောဆိုနေရင်း ကန့်ကွက်နေကြခြင်း ဖြစ်သည်။

စေ့စပ်သေချာစွာ ကြည့်လျှင် ယခင်စစ်အာဏာရှင်ကို အားပေးတတ်သည့် ပုဂ္ဂိုလ်အများစုက ဤအကြံပေးကော်မရှင်ကို ကန့်ကွက်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ရခိုင်သမိုင်းပညာရှင် ဆိုသူများကလည်း အကြံပေးကော်မရှင်နှင့် ပတ်သက်၍ အလွန်စိုးရိမ်နေရကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးကို တိတ်တဆိတ် ရင်ဖွင့်ခဲ့သည်ကို သမ္မတရုံးညွှန်ကြားရေးမှူးက မခံနိုင်သည့် အဆုံး ''ကိုယ့်သမိုင်းကိုယ်မယုံဘူးလား ဆရာရေ'' ဆိုပြီး နှစ်သိမ့်ပေးစကားပြောခဲ့ရသည့်အထိပင် ဖြစ်သည်။ 

အကြံပေးကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြသူများ၏ အဓိက စိုးရိမ်ချက်ဟာ ဘာလဲ။ ရခိုင်သမိုင်းပညာရှင်ဆိုသူများ ဤအကြံပေးကော်မရှင်ကို ဘာကြောင့်များ အစိုးရိမ်ကြီး စိုးရိမ်နေပါသလဲ။ ကိုယ့်ဘက်က မှန်ရင် ကော်မရှင်မှာ မည်သူပင်ပါဝင်ပါစေ စိုးရိမ်စရာလိုနေလို့လား။ အဘယ်ကြောင့် ထိုကော်မရှင်ကို အပြင်းအထန်ကန့်ကွက်နေကြရသလဲ။ ထိုမေးခွန်းများစွာ၏ အဖြေကို အထက်တွင်ရေးသားခဲ့သည်များနှင့် ချိန်ထိုးကြည့်လျှင် သိရှိနိုင်မည်ဖြစ်ပါသည်။

ဤကော်မရှင်ကို ရိုဟင်ဂျာများကသာ အမှန်တကယ် ကန့်ကွက်သင့်သည်။ ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ပြဿနာများ၏ မူလဇစ်မြစ်ကို အဖြေရှာနိုင်ရန် ဖွဲ့စည်းခဲ့သည့် ကော်မရှင်တွင် ရခိုင်ပြည်နယ်၌ မှီတင်းနေထိုင်ကြရင်း ကမ္ဘာ့အဖိနှိပ်ခံဆုံးဟူ၍ သတ်မှတ်ခံရသည့်အထိ မိမိ၏ အခွင့်အရေးမှန်သမျှကို ဆုံးရှံးခံနေရသော ရိုဟင်ဂျာများမှ ကိုယ်စားလှယ် ပါဝင်ခွင့်မရပေ။ သို့သော် ရိုဟင်ဂျာများက ရခိုင်ပြည်နယ်၏ ပြဿနာကို ဖြေရှင်းပေးရန် လာရောက်စုံစမ်းသည့် မည်သည့် အဖွဲ့ကိုမဆို ဆန့်ကျင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ရခိုင်အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ရာတွင် ရိုဟင်ဂျာများဘက်က ကိုယ်စားလှယ်မပါဝင်ခဲ့ပေ။ သို့သော် ရိုဟင်ဂျာများက ထိုကော်မရှင်နှင့် ပူးပေါင်းခဲ့သည်။ (ကျနော့် ပုဂ္ဂလအမြင်မှာ ရိုဟင်ဂျာမပါသည့် မည်သည့်ကော်မရှင်ကို ရိုဟင်ဂျာများ မကြိုဆိုသင့်ပေ။)

ထိုကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်၊ ဒုချီးရာတန်းပြဿနာကို စုံစမ်းစစ်ဆေးရန် ဖွဲ့စသည်းခဲ့သည့် ကော်မရှင်တွင် ဥက္ကဌ ရာထူးယူခဲ့သူလည်းဖြစ်သူ ဒေါက်တာကျော်ရင်လှိုင် သည် နောက်ပိုင်းတွင် CDNH ဆိုသော အဖွဲ့တစ်ခု တည်ထောင်ပြီး ရခိုင်ပြည်နယ်၏ မတူကွဲပြားသော လူမျိုးစုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲပူးတွဲနေနိုင်ရေးအတွက် ပညာပေးဟောပြောပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးရာတွင် မွတ်စလင် အသိုင်းအဝိုင်းဘက်က ပူးပေါင်းမှုရှိပြီး တစ်ဖက်အဖွဲ့အစည်းဖက်က ပူးပေါင်းခြင်းမရှိကြောင်း အင်တာဗျူးတစ်ခုတွင် ဖြေခဲ့ဖူးတာတောင်ရှိပါသည်။ ပြောရလျှင် ဒေါက်တာကျော်ရင်လှိုင်သည် ဦးသိန်းစိန်အစိုးရ၏ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ ရိုဟင်ဂျာများကို နှိမ်နင်းရန်အတွက် အစက ကြိုးဖမ်းခဲ့ဖူးသည်။ သို့သော် ရခိုင်ပြည်ကို ကွင်းဆင်းပြီး လက်တွေ့လေ့လာကြည့်သောအခါ ရိုဟင်ဂျာများ၏ အခြေအနေမှန်၊ သဘောထားမှန်၊ သမိုင်းများကို လက်တွေ့သိခဲ့သည်။ 

သို့ဖြစ်၍ ပြည်တွင်းရှိ ရိုဟင်ဂျာများ၊ အထူးသဖြင့် ရခိုင်ပြည်ရှိ ရိုဟင်ဂျာပြည်သူများ တို့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်နှင့် မကြောက်မရွံ့ပူးပေါင်းရန် တိုက်တွန်းလိုပါသည်။ 

၁။ မိမိ၏ သမိုင်းအမှန်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြပါ။ 

၂။ ယခင် နဝတ၊ နအဖ၊ ဦးသိန်းစိန် အစိုးရ တို့က ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သော အမှုများကို တိတိကျကျ ပြောပြပါ။ 

၃။ ယနေ့အထိ ရက်စက်ဖိနှိပ်နေကြသော ဒေသခံအာဏာပိုင်များအကြောင်းကို နာမည်နှင့်တကွ တိတိကျကျ ပြောပြပါ။ 

နိုင်ငံတကာရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူများကလည်း ရိုဟင်ဂျာကိုယ်စားလှယ်မပါသည့် ဤအကြံပေးကော်မရှင်ကို အနီးကပ်စောင့်ကြည့်ပေးပါဟု တိုက်တွန်းရင်း.......။ 

အမှန်တရားကို မည်သူကမျှ ကြာကြာ မဖုံးဖိနိုင်ပေ။ အမှန်တရားအပေါ် ရပ်တည်နေဖို့အတွက် မည်သည်ကိုမျှ ကြောက်ရွံ့နေဖို့လည်း မလိုပေ။

MYARF
RB News
5.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးလှထွန်းနှင့် ၎င်း၏ တပည့်များဖြစ်သူ ဦးအာယုပ်ခါးန် အပါအ၀င် (၃) ဦးနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ကျေးရွာများကို သွားရောက်၍ တောဝင်ကြေး၊ ထင်းခုတ် လိုင်စင်ကြေးဟု ဆိုကာ ငွေကောက်ခံခဲ့ပြီးနောက် ထင်းခုတ်သမားများကို ဖမ်းဆီး ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၄) ရက်နေ့တွင် ဘုရားပြင်သိန်းတန် ကျေးရွာအုပ်စု ပြင်လှရွာမှ ဦးမာမတ်ဆိဒိတ် (ဘ) ဦးဇော်လာမတ် (အသက် ၃၆ နှစ်) နှင့် ဦးမာမတ်နုရ် (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်း (အသက် ၂၅ နှစ်) တို့ (၁၂) ဦးတို့သည် မေယုတောင်မှ ထင်းခုတ်ပြီး ဖရုံချောင်း တစ်လျှောက် လှေစီး၍ အပြန်တွင် အထက်ဖော်ပြပါ သစ်တောဦးစီးဌာနမှ ဦးစီးမှူး အပါအ၀င် (၃) ဦးသည် ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ထင်းခုတ် လိုင်စင်မရှိဟု ဆိုကာ ဖမ်းဆီးရန် ပြုလုပ်ခဲ့သည်။ ထို့နောက် ၎င်းတို့ထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ခဲ့သည့်အပြင် ထင်းခုတ်သမားများ၏ ဓါးများကို သိမ်းဆည်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းနေ့တွင် မော်တော်ဘိစ်ရွာမှ ဦးအဒူလ္လာ (ဘ) ဦးအဒူလာမီးန် (အသက် ၃၀ နှစ်) နှင့် ဦးအစ္စလာမ် (ဘ) ဦးမာမတ်တော်ယုပ် တို့အပါအ၀င် (၇) ဦးတို့သည် ထင်းခုတ်ပြီး အပြန်လမ်းတွင် ၎င်းတို့၏ ထင်းခုတ်ရန် ယူသွားခဲ့သည့် ဓါးများ သိမ်းဆည်းခံခဲ့ရသည့် အပြင် ငွေကျပ် (၇) သောင်း ညှစ်ခံခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့် အဖွဲ့သည် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ပူးပေါင်း၍ ထင်းခုတ်လိုင်စင်၊ တောဝင်ကြေး ဟုဆို၍ ရိုဟင်ဂျာ အိမ်ခြေ တစ်ထောင်ကျော် ရှိသည့် ယင်းရွာမှ တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ရခိုင်အိမ်ခြေများမှ ကောက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ထိုနည်းတူ ဘူးသီးတောင် မြို့နယ် အပိုင် မေယုတောင်နှင့် မနီးမဝေးရှိ အခြားကျေးရွာများမှ ထင်းခုတ်ရန် သွားရောက် နေကြသည့် ရိုဟင်ဂျာ ထင်းခုတ်သမားများ၏ လှေ၊ စက်လှေများကို ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
5.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအငယ်သည် ဒေသခံရိုဟင်ဂျာ (၃) ဦးကို ၎င်းနှင့် ပတ်သက်၍ မီဒီယာသို့ သတင်းပို့ပေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ 

“အုပ်ချုပ်ရေးမှူး ဦးအငယ်ရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရတဲ့ အဲဒီလူ (၃) ဦးက မရှိဆင်းရဲသားတွေ ဖြစ်ပြီး စာတစ်ကြောင်းတောင်မှ ရေးတတ်တဲ့သူ မဟုတ်ဘူးဆိုတာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်သိလျက်နဲ့ အခုလို ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ ကြိုးစားနေတာက ရထားတဲ့ အာဏာနဲ့ ထင်ရာစိုင်းနေတာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ခြိမ်းခြောက်ခံနေရသည့် ရိုဟင်ဂျာ (၃) ဦးမှာ --

(၁) ဦးဖောကိရ်အာမတ် (ဘ) ဦးကာဆိမ်းအလီ (အသက် ၃၀ နှစ်)
(၂) ဦးဇာဖောရ်အာမတ် (ဘ) ဦးဘော်ရှိရ်အာမတ် (အသက် ၃၂ နှစ်)
(၃) ဦးအီဒီရိစ် (ဘ) ဦးဘော်ဒေါရုလ်ဟောက် (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြသည်။

အုပ်ချုပ်ရေးမှူး ဦးအငယ်သည် ကြက်ကျိန်းရွာမှ ရိုဟင်ဂျာ (၈) ဦးကို သြဂုတ်လ (၂၈) ရက်နေ့က မသွားမနေ အမိန့်ဖြင့် ရုံးသို့ ဆင့်ခေါ်ကာ ရန်အောင်ပြင် ကျေးရွာရှိ အုပ်ချုပ်ရေးမှူးပိုင် သရက်သီးခြံတွင် အတင်းအဓမ္မ အလုပ်လုပ်စေခိုင်းခဲ့သည့် အပြင် ခြံအလုပ် ပြီးစီးသောအခါ ၎င်း၏ နွားတင်းကုတ်တွင် နွားချေး သန့်ရှင်းရေး လုပ်ခိုင်းခဲ့သည့် သတင်းတစ်ပုဒ်ကို သြဂုတ်လ (၃၀) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းကိစ္စနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက အငြိုးထား၍ မရှိဆင်းရဲသော သာမာန်ရွာသားများကို မတရားအနိုင်ကျင့်ပြီး ဓါးစာခံ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


ရခိုင်ကော်မရှင် အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲ သတင်းစာ ရှင်းလင်း

မေခ
ဗွီအိုအေမြန်မာပိုင်း
5.9.2016

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်မှာ နိုင်ငံတကာ ပုဂ္ဂိုလ်တွေပါနေလို့ နိုင်ငံအချုပ်အခြာ အာဏာ ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ ရခိုင်ပြည်တွင်းရေးကို နိုင်ငံတကာ အရေးဖြစ်အောင် လုပ်ဆောင်မယ် ဆိုတဲ့ စွပ်စွဲချက် ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆို ရှင်းလင်းလိုက်တာပါ။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ရှေ့ဆက်  လုပ်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဖွဲ့ရာမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေရှိနေခဲ့ပါတယ်။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ဒီအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မစိုးရိမ်ကြဖို့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ဘယ်လိုအကြောင်းနဲ့ မှ ထိပါးခံမှာ မဟုတ်ဘူးလို့ သူပြောဆိုခဲ့တာပါ။

“နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လို့ အချုပ်အခြာအာဏာကို လုံးဝ ထိခိုက်ခံမှာမဟုတ်ပါဘူး။ ဒီတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားလုံးပိုင်တာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတွေ ပိုင်တာပါ။ အစိုးရလည်း ပိုင်တာမဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ဒီတိုင်းပြည်ကို ပြည်သူတွေကသာ ပိုင်တယ်၊ ပြည်သူတွေရဲ့ တာဝန်ဟာ ဒီတိုင်းပြည် ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝမှုကို လိုလားတယ်ဆိုတာကို ပြသဖို့ဆိုတာကို နားလည်သဘောပေါက် နေသမျှတော့ ဘယ်သူကမှ ဒီတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလို့မရပါဘူး။”

ဒီအပြင် နိုင်ငံတကာက ပုဂ္ဂိုလ်တွေကို ထည့်သွင်းက ကော်မရှင်ဖွဲ့တဲ့အပေါ်မှာရခိုင်ပြည်တွင်းရေးကိုနိုင်ငံ တကာအရေး ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ အစိုးရသစ်ကို စွပ်စွဲပြောဆိုနေတာတွေနဲ့ပတ်သတ်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်း ဆန်လိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို လမ်းမှန်ပေါ် ရောက်အောင် လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ရခိုင်ပြည်နယ်ဆိုင် အကြံပေး ကော်မရှင်ကို ဖွဲ့ခြင်းအားဖြင့် ပြည်တွင်းပြဿနာကို နိုင်ငံတကာ စင်မြင့်ပေါ်ကို ရောက်အောင် လုပ်တယ်လို့ ပြောနေကြတာမျိုးရှိပါတယ်။ လက်ရှိမှာ ဒါမျိုး လုံးဝမရှိပါဘူး။ ကျွန်မတို့တိုင်းပြည်ရဲ့ ပြဿနာတွေ နိုင်ငံတကာ မျက်နှာစာမှာ ရောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်မတို့အနေနဲ့ ဒီတိုင်းပြည်ရဲ့ ပြဿနာတွေဟာ တကမ္ဘာ တဝှမ်းက လူတွေအတွက် ဘာကြောင့် အင်မတန်အရေးပါသလဲဆိုတာကို အဖြေရှာချင်တာပါ။ ကျွန်မတို့အနေနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို လမ်းမှန်ပေါ် ရောက်အောင် ကြိုးစားသွားမှာပါ။”

ကော်မရှင်အနေနဲ့ လက်တွေ့မြေပြင်အခြေအနေတွေက ပြဿနာတွေကို ကိုယ်တိုင် သွားရောက်လေ့လာရမှာဖြစ်တာကြောင့် ၁ ရက်ထဲ ၁ ပတ်ထဲနဲ့ မဟုတ်တော့တဲ့ ပြဿနာ ဇစ်မြစ်တွေရဲ့အဖြေကို ရှာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒီအပြင် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ တိုင်းပြည်ဒဏ်ရာကို အကောင်းဆုံးကုစားနိုင်ဖို့ နည်းလမ်းရှာလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို ဥက္ကဌအဖြစ်ထားပြီး အတွေ့အကြုံရင့် ကျက်သူ မြန်မာ ၆ ဦးအပါအဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာမှာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင် ဖွဲ့စည်းပေးထားတာကြောင့် ဒီကော်မရှင်အပေါ် ရခိုင်ပါတီတွေနဲ့ ပါတီတချို့ကကန့်ကွက်တာတွေရှိခဲ့ပါတယ်။

အစိုးရသစ်အနေနဲ့ ကော်မရှင်အသစ် ထပ်ဖွဲ့စရာမလိုဘဲ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ရခိုင်ပြည် နယ်အရေး စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို အခြေ ခံပြီး ရခိုင်အရေးအဖြေရှာဖို့ ရခိုင်ပါတီအချို့နဲ့ နိုင်ငံရေးပါတီ အချို့က တောင်း ဆိုမှု တွေလုပ်ထားသလို ကိုဖီအာနန်ကို လက်မခံကြောင်းလည်း အတိအလင်းထုတ်ဖော်ပြောဆိုနေမှုတွေရှိပါတယ်။

မစ္စ တာ ကိုဖီအာနန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အရ ဒီကနေ့မှာ အလုပ်စတင် လုပ်ဆောင်တာဖြစ်ပါတယ်။လာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိသလို နေပြည်တော်ကိုလည်း သွားရောက်မှာပါ။ မစ္စတာ အာနန်ဟာ စက်တင်ဘာ ၈ရက်မှာ ရန်ကုန်မှာ ရခိုင်ကော်မရှင်နဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီလိုလုပ်ဆောင်ပြီး စက်တင်ဘာ ၉ ရက်မှာမှ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ကိုဖီအာနန်ကတော့ ရခိုင်အရေးစုံစမ်းစစ်ဆေးမှုလုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် သူ့အနေနဲ့ အကောင်းဆုံးလုပ်သွားမယ်လို့ ပြောဆိုခဲ့ ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ငြိမ်းချမ်းပြီး ပြည့်စုံ ကြွယ်ဝတဲ့ အနာဂတ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းရှာဖွေ နိုင်ဖို့ အကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည် ရင်ကြား စေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။မြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Rohingya Eye
RB News
3.9.2016

မောင်တော ။ ။ သြဂုတ်လ (၃၁) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှ လက်ထောက် ပညာရေးမှူးဟောင်း ဦးမောင်သာကျော်၏ သားမက်ဖြစ်သူ ဦးညီချစ် (အသက် ၄၂ နှစ်)၊ ရဲတပ်ကြပ်တစ်ဦးနှင့် အမည်မသိ ရခိုင်လူမျိုးတစ်ဦး တို့သည် အမည်းရောင် မှန်လုံကား တစ်စီးကို အရှိန်ဖြင့် မောင်းနင်းလာစဉ် မင်းဘာကြီးလမ်း၊ အီးဒ်ဂါ (စုပေါင်း ၀တ်ပြုနေသည့်နေရာ) ရှေ့ တွင် ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သွားခဲ့သည်။

 ကားတိမ်းမှောက်ပြီးနောက် မြို့မ ရဲစခန်းမှ ရဲများ ရောက်ရှိလာကာ ကားအတွင်းရှိ (၃) ဦးကို ဆွဲထုတ်ပြီး ရဲတပ်ကြပ်ကြီးကို လွှတ်ပေးပြီး ကျန်သည့်နှစ်ဦးကို မြို့မရဲစခန်းရှိ အချုပ်ခန်းသို့ ပို့ဆောင်၍ ချုပ်နှောင်ထားခဲ့သည်။ ရဲများက ကားကို ရှာဖွေရာ WY စာတမ်းပါ မူးယစ် စိတ်ကြွဆေးပြား (၃) သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံ တစ်ဦးက RB News သို့ပြောသည်။

ဦးညီချစ်သည် တဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာခဲ့သူ တစ်ဦး ဖြစ်ပြီး၊ မြို့မ အရှေ့ရပ်ကွက် ဗိုလ်မှူးရွာတွင် တိုက်အိမ်တစ်လုံး ဆောက်၍ နေထိုင်လျက်ရှိသည်။

ကားပေါ်တွင် ဖမ်းဆီးရမိသည့် မူးယစ် စိတ်ကြွဆေးပြား (၃) သိန်းကို ရွှေဇားတံတား အနီးရှိ လင်းသစ် လဘက်ရည်ဆိုင် ပိုင်ရှင်ထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ တိမ်းမှောက်သွားသည့် ကားကိုလည်း ၎င်းက ပိုင်ဆိုင်ကြောင်း စုံစမ်းသိရှိရသည်။

မြို့မရဲစခန်းမှ ရဲများသည် ယခုရက်ပိုင်းအတွင်း ရိုဟင်ဂျာရွာများကို ၀န်းရံ၍ တစ်အိမ်တက် တစ်အိမ်ဆင်းကာ မူးယစ်ဆေးဝါးများ ရှာဖွေလျက် ရှိသော်လည်း မည်သည့် ရိုဟင်ဂျာအိမ်တွင်မှ မူးယစ်ဆေးဝါး ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ်တွင်းသို့ ပြည်မမှ မူးယစ်ဆေးဝါး သယ်ဆောင်နေသူ များမှာ ရခိုင်လူမျိုးများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ ဖြစ်သော်လည်း အာဏာပိုင်များက ရခိုင်လူမျိုး အိမ်များကို ရှာဖွေခြင်း မရှိကြောင်း ဒေသခံများက ဆက်လက် ပြောပါသည်။ 



RFA မြန်မာပိုင်း
3.9.2016

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် အငူမော် ကမ်းခြေအနီးက ကုန်တန်းကျေးရွာမှာ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြား အရေအတွက် ၂၂ သိန်းကျော်ကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမူးယစ်ဆေးပြားတွေဟာ ပင်လယ်ထဲကနေ မျောပါလာတာဖြစ်ပြီး ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာလို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

"အရေအတွက်ကတော့ ကျနော်တို့ ဆာလာအိတ်နဲ့ ၉ ထုတ်ပေါ့၊ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၂ သိန်း ၆ သောင်း၊ ကာလတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၄၅ဝဝ ကျော်တာပေါ့၊ အငူမော်ကုန်တန်းက ရွာသားပေါ့ ကိုထွန်းဝင်းချေက ငါးရှာရင်းနဲ့ပေါ့ ပင်လယ်ကမ်းစပ်မှာ ပင်လယ်ကမျောလာတဲ့ သောင်တင်တဲ့အထုတ်တွေတွေ့ပြီး လိုက်ဆယ်ထားတာ၊ အုပ်ချုပ်ရေးမှူးကို သတင်းပို့ပြီးမှတဆင့် စခန်းမှူးနဲ့ကြည့်တော့မှ အထုတ်လေး တစ်ထုတ်မှာကြည့်တဲ့အချိန်မှာ WY စာတမ်းပါတဲ့ဆေးထုတ်ဆိုတာ သိရတာ၊ ပင်လယ်ကမျောလာတာပေါ့"

မနေ့က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးအရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိသမျှထဲမှာ အရေအတွက်အများဆုံး ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း မောင်တောမြို့နယ်မှာ WY မူးယစ်ဆေးဝါးတွေကို နေ့စဉ်ဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပြီး မနေ့ကလည်း မောင်တောမြို့ပေါ်မှာ ကာလတန်ဖိုး ငွေကျပ် သိန်း ၉ဝဝ ကျော် တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြားပေါင်း ၄ သောင်း ၅ ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

(ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေအနီးက ကုန်တန်းကျေးရွာမှာ စက်တင်ဘာလ ၂ ရက်နေ့က သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်)




ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

ဗွီအိုအေမြန်မာပိုင်း
3.9.2016

မြန်မာနိင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ရောက်ရှိစဉ် အတွင်းမှာ လျှော့ပေါ့ ပေးကောင်း ပေးနိုင်တယ်လို့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဘယ်အတိုင်းအတာအထိ လျှော့ပေါ့ပေးမလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး သမ္မတ အိုဘားမား ဆုံးဖြတ်ချက်ချမယ်လို့ ခန့်မှန်းရကြောင်း သတင်းမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့စီးပွါးရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ထိပ်သီး ညီလာခံကို သမ္မတအိုဘားမားတက်ရောက်ပြီးရင် လာ အိုနိုင်ငံ၊ ဗီယန်ကျင်မှာ အင်္ဂါကနေ ကြာသပတေးနေ့အထိကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး အဲဒီထိပ်သီးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလ ၁၄ နဲ့ ၁၅ ရက်နေ့မှာ လာရောက်မှာဖြစ်ပြီး သမ္မတ အိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒန်တို့ အပြင် လွှတ်တော် အမတ်တွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံဖို့ရှိ ပါတယ်။ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလျှော့ချရေးနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ မှတ်ချက်မပေးပါဘူး။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ဒီ အရေးယူဒဏ်ခတ် မှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ ဖိအားပေးရာရောက်တဲ့အတွက် အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ HRW သောကြာနေ့ ကပဲ တောင်းဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကို ရောက်ရှိ လာစဉ်။ (ဓာတ်ပုံ- MOI)

3.9.2016

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ဒီကနေ့ စနေညနေ မွန်းလွဲ ၃ နာရီ ကျော်မှာ မြန်မာနိုင်ငံ ရန်ကုန် လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါပြီ။

မစ္စတာ အာနန်ဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ် မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ မစ္စတာအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြေညာမှာလည်းဖြစ်ပါတယ်။

သူက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ သွားဖို့ ရှိပါတယ်။သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြဖို့လည်း စီစဉ်ထားတာပါ။

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအ၀ိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့ မြန်မာ အစိုးရက ရခိုင်အရေး အကြံပေးကော်မရှင်ကို ဖွဲ့စည်းဖို့ စီစဉ်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံခြားသား ၃ ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တနှစ်အတွင်း အစီရင်ခံတင်ပြဖို့ ဖြစ်ပါတယ်။



3.9.2016

စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ဖို့ ရှိတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးပါတဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းပေးဖို့ စီစဉ်နေတဲ့ အိုဘားမား အစိုးရအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ရေး လမ်းလွဲစေဖို့ စစ်တပ်က မလုပ်နိုင်အောင် ဒီဒဏ်ခတ် မှုတွေကို ဆက်လက်ထားရှိ သင့်တယ်လို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရဲ့ ဒီ အရေးယူဒဏ်ခတ် မှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်း လဲမှုတွေ လုပ်လာစေဖို့ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ အတွက် ဦးတည်ချမှတ်ထားတာ ဖြစ်တဲ့အတွက် ဒါတွေဟာ စစ်တပ်က အရပ်သား အစိုးရကို အာဏာအပြည့်အဝ လွှဲပြောင်းပေးဖို့နဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အဆုံး သတ်စေဖို့ စစ်တပ်ကို ဖိအားပေးရာမှာ အရေးပါတယ်လို့ HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ John Sifton က ပြောပါတယ်။

၂၀၁၂ ဇူလိုင်လကနေ ၂၀၁၆ မေလအတွင်း မြန်မာ့ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းေ တွ၊ သွင်းကုန်တွေနဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ကန့် သတ်ထားမှု အများအပြားကို အမေရိကန်က ဖြေလျှော့ပေးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ပိတ်ပင်မှု အများစုဟာ မြန်မာစစ်ဘက်ဆိုင်ရာတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ SDN ခေါ် လူပုဂ္ဂိုလ် အဖွဲ့စည်း အလိုက် အမေရိကန် ဘဏ္ဍာရေးဌာနက ပစ်မှတ်ထား ကန့်သတ်သူတွေပဲ ကျန်တာပါ။

မေလထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံမှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာလည်း စစ်တပ်က မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခွင့် မပေးမချင်း အရေးယူ ဒဏ်ခတ်ထား မှုတွေ မဖယ်ရှားဖို့ သဘောထား ရှိကြောင်း ၂ ဖက်စလုံးက ပြသခဲ့တယ်လို့ HRW ကပြောပါတယ်။

အမေရိကန် လွှတ်တော်က မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်နေမှုတွေ အတွက် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်တာနဲ့ ဒဏ်ခတ်မှု ဆက်လက်ထားရှိဖို့ လုပ်ဆောင်ရာမှာ အဓိကကဏ္ဍကနေ ပါဝင်နေပြီး အထူးသဖြင့် လူ့အခွင့်ရေး ချိုးဖေါက်မှု အများဆုံး ရှိနေပြီး စစ်ဗိုလ်ကြီးတွေ ကို ငွေကြေးထောက်ပံ့မှု ပေးနေ တဲ့ ကျောက်မျက် ကဏ္ဍဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုတွေ SDN အရေးယူမှုတွေ ဆက်လက် ထားရှိတာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး နောက်ကြောင်း ပြန်မသွားေ စဖို့ အရေးပါတာမို့ ဆက်လက် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်

မသိင်္ဂီထိုက်
2.9.2016

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ လာမယ့် သတင်းပတ်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပြီး ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြဖို့လည်း စီစဉ်ထားတာပါ။ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အကြီးအကဲ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို နောက်သတင်းပတ်တွင်းမှာ ရောက်ရှိလာမှာ ဖြစ်ပြီး ရခိုင်ပြည်နယ် အရေး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်တင်ပြဖို့ ရှိနေတာပါ။ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ပါတယ် ၆ ရက်နေ့ လာပါ့မယ်၊ ၆ ရက် - ၇ ရက် ။ အစီအစဉ်ကတော့ သူနဲ့ ဒီ ကော်မရှင်မှာပါတဲ့ အဖွဲ့ပေါ့နော် ကော်မရှင် တဖွဲ့လုံး ရခိုင်ပြည်နယ်ကိုလာမှာပေါ့ ။ လာပြီးတော့ ဒီမှာရှိတဲ့ stakeholders တွေအားလုံးနဲ့ လာပြီးတော့ မိတ်ဆက်တာပေါ့ မိတ်ဆက်ပြီးရင်တော့ ပြန်မှာပေါ့ ။ နီးတဲ့အခါကျမှ ကျနော်တို့ စီစဉ်ပါ့မယ်ဗျ အခုကတော့ ကျန်ာတို့ မစီစဉ်သေးပါဘူး။ နီးတဲ့အချိန်ကျမှပဲ ကျနော်တိုပ စီစဉ်ပါ့မယ် ကျန်ာတို့ တွေ့မယ့်နေရာတို့ကို စီစဉ်ပါ့မယ်။”

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအ၀ိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် နည်းလမ်းရှာနေတဲ့ မြန်မာ အစိုးရက ရခိုင်အရေး အကြံပေး ကော်မရှင်ကို ဖွဲ့စည်းဖို့ စီစဉ်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံခြားသား ၃ ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တနှစ်အတွင်း အစီရင်ခံတင်ပြဖို့ ဖြစ်ပါတယ်။ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးလည်း ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့လေ Stakeholders ဆိုတာတော့ အကုန်လုံးပဲပေါ့လေ ရခိုင်ပါတီရယ်မဟုတ်ပါဘူး။ အကုန်လုံးပါပဲ ကျနော်တို့ အကုန်လုံးနဲ့ တွေ့ဆုံမှာပါ ။ တွေ့ဆုံတဲ့အခါမှာတော့ လောလောဆယ်တော့ ဒီ ကော်မရှင်ဥက္ကဋ္ဌ လူတွေနဲ့တော့ အရင်ဆုံးမိတ်ဆက်တဲ့ သဘောပါပဲ ဒီကိုလာပြီးတော့ လာရောက်ပြီးတော့ တွေ့ဆုံမိတ်ဆက်တယ်။ နေယင်ပြီးတော့ ဒီမှာသူက အမြဲနေမှာလည်း မဟုတ်ပါဘူး။ နောက်တော့ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျန်တဲ့ တိုင်းရင်းသားကော်မရှင်အဖွဲ့ဝင်တွေနဲ့ပဲ ဆက်ပြီးတော့ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။”

ရခိုင် အရေး အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း အမတ်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အပါအ၀င် အရင် အစိုးရဟောင်းဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တို့လို နိုင်ငံရေး ပါတီတွေကလည်း ကန့်ကွက်ကြတာပါ။ ရခိုင်ပြည်နယ် အစိုးရကတော့ အခု ကော်မရှင်ကို အပြုသဘော လက်ခံ ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဒါကတော့ အပြုသဘောလုပ်ဆောင်မယ့်ကော်မရှင်ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ ခုနကပြောသလို ဒီဟာကိုဆန့်ကျင်တဲ့ အုပ်စုတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါအားလုံးကတော့ အပြုသဘောဆောင်ပြီးတော့ အကောင်းဆုံးဖြစ်မယ်လို့ မျှော်မှန်းထားကြပါတယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်တာဟာ ပြည်တွင်းရေးကို နိုင်ငံတကာ အရေးသဖွယ် ဖြစ်သွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်နဲ့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းထားတာ ဖြစ်ပြီး ဆွေးနွေးကြဖို့လည်း ရှိနေတာပါ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့မှာတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယကဒေါက်တာသာလှရွှေ ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ကဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဌဒေါ်စောခင်တင့်၊ တို့နဲ့အတူကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာနယ်သာလန် သံအမတ်ကြီးဟောင်းလက်တီတီရာဗန်ဒန် အာဆမ် တို့အပါ အဝင် မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံခြားသား ၃ ဦး တို့နဲ့ ဖွဲ့စည်း လိုက်တာပါ။

စစ်တွေအနီး ဒုက္ခသည် စခန်းတခု အတွင်းရှိ မွတ်စလင် ဒုက္ခသည် အမျိုးသမီးများ (ဓာတ်ပုံ – Reuters)

ဆိုင်မွန်လူးဝစ်နှင့် ၀လုံး/ Reuters
2.9.2016

ဩဂုတ်လအတွင်း စစ်တပ်ဝင်းတခု အနီး အဝတ်အစား မပါဘဲ သတိလစ်နေစဉ် တွေ့ရှိပြီးနောက် သေဆုံးသွားခဲ့သော မွတ်စလင် အမျိုးသမီးငယ်တဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ဆော်သြသူများက တောင်းဆိုလိုက်သည်။

ရေစူအာနာ ဟု အမည်ဖော်ထုတ် သိရှိရသည့် အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို မြန်မာနိုင်ငံ အနောက်ပိုင်း ပဋိပက္ခဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ အခြေစိုက် စစ်တပ်ဝင်းနှင့် ကပ်လျက် လမ်းဘေးတွင် တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International – AI က ပြောသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခများကြောင့် စစ်တွေမြို့မှာ ဖျက်စီးခံခဲ့ရပြီး ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ကြသော မွတ်စလင် တသိန်းခန့်မှာ ယာယီစခန်းများတွင် နေထိုင်နေရကာ အဆိုပါ အမျိုးသမီးသည် ယင်းယာယီစခန်းများ အနီးတွင် လမ်းလျှောက်နေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု AI က အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အများစုမှာ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ပြီး ၎င်းတို့ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဟု ယူဆကြသည်။ နိုင်ငံမဲ့ ရိုဟင်ဂျာများသည် လွတ်လပ်စွာ သွားလာခြင်း တားဆီးပိတ်ပင်ခံထားရပြီး ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးမှာလည်း ကန်ု့သတ်ခံထားရသည်။

အုပ်ချုပ်ရေးမှူးတဦး ဖြစ်သူ ဦးလှမြင့်က သြဂုတ် ၁၈ ရက်နေ့ နံနက်စောစောတွင် သူ့အား အမြောက်တပ်ဖွဲ့မှ တပ်ကြပ်တဦးက ခေါ်ယူပြီး သတိမေ့နေသော ရေစူအာနာအား ခေါ်သွားခိုင်းသည် ဟု ပြောသည်။

“ကျနော်သူ့ကို တွေ့တော့ အသက်ရှူနေသေးတယ်။ ဒါပေမယ့် မြေကြီးပေါ်မှာ လဲနေပြီ။ ဘရာစီယာက လွဲပြီး ဘာအဝတ်မှ မပါဘူး။ တယောက်ယောက်က သူ့ကို စောင်နဲ့ အုပ်ထားပေးတယ်” ဟု ဦးလှမြင့်က ပြောသည်။

ရေစူအာနာအား ကျေးရွာဆေးခန်းတခုသို့ ခေါ်သွားသောအခါ ပြုစုပေးသူက သူ၏ လည်ပင်းတွင် ဖူးရောင် ဒဏ်ရာတွေ ရှိနေပြီး အမျိုးသမီးအင်္ဂါကလည်း သွေးများ ထွက်နေသည်ကို တွေ့ရှိကြကြောင်းနှင့် ယင်းနေ့ ညနေတွင် အဆိုပါ အမျိုးသမီး သေဆုံး သွားခဲ့ကြောင်း ဦးလှမြင့်က ပြောသည်။

ပဋိပက္ခဒဏ် ခံနေရသော ဒေသများတွင်း နေထိုင်နေကြရသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက မြန်မာတပ်ဖွဲ့များ သည် အဓမ္မပြုကျင့်မှု အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုများ ပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲချက်များကို အမြဲတမ်း ပယ်ချခဲ့သည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် စစ်တပ်၏ ပြောခွင့်ရသူများကို ဝေဖန်ပြောကြားပေးရန် ဆက်သွယ်ခဲ့သော်လည်း လတ်တလော ဆက်သွယ်မှု မရခဲ့ပါ။ အခင်းဖြစ် ဒေသခံ ရဲအရာရှိတဦးက အဆိုပါအမျိုးသမီး သေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးမှုသာ ဖြစ်သည်ဟု ဆိုသည်။

သံသယရှိသော အဓမ္မပြုကျင့်မှု

တင်းကြပ်မှုများနှင့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့သော စစ်တပ်အစိုးရသည် နိုင်ငံရေးမှ ၂၀၁၁ ခုနှစ်တွင် ဆုတ်ခွာခဲ့ပြီး အထွေထွေရွေးကောက်ပွဲ လမ်းကြောင်းကို ဦးတည်ကာ ယခင်နှစ် ၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်အထိ ပြောင်းလဲလာသည်။ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လည်း ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ထိုဒေသမှ အမည်မဖော်လိုသော အကူအညီပေးရေး လုပ်သားတဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် ရေစူအာနာအား ကိရိယာ မပြည့်စုံသည့် ဆေးခန်းငယ်တခုသို့ ခေါ်သွားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

“သူ အသက်ရှင်နေသေးတယ်၊ ဒါပေမယ့် စကားတော့ မပြောနိုင်တော့ဘူး” ဟု ထိုအကူအညီပေးရေး လုပ်သားက ပြောရင်း ရေစူအာနာအား မြင်ရသူ အမျိုးသမီးများက သူသည် အဓမ္မပြုကျင့်ခံထားရဖွယ် ရှိသည်ဟု သံသယရှိကြကြောင်း ပြောကြသည်ဟု ဖြည့်စွက်ပြောသည်။
မိသားစုက မြှုပ်နှံခဲ့သည့် အလောင်းကို သေမှုသေခင်း စစ်ဆေးခြင်း မလုပ်သကဲ့သို့ အာဏာပိုင်များ ကလည်း သေဆုံးမှုကို စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ ဟု ဦးလှမြင့်နှင့် ထိုအကူအညီပေးရေး လုပ်သားက ပြောသည်။

“မြန်မာ အာဏာပိုင်များ အနေဖြင့် ရေစူအာနာ သေဆုံးမှုနှင့် အဓမ္မ ပြုကျင့်ခံရသည်ဟု သံသယရှိမှု အပေါ် စုံစမ်း စစ်ဆေးမှုတခု ချက်ချင်း စတင်ပြီး ထိုစုံစမ်းစစ်ဆေးမှုသည် လွတ်လပ်၍ ဘက်မလိုက်ဘဲ ထိရောက်မှုရှိရန် Amnesty International က တောင်းဆိုသည်” ဟု AI က ထုတ်ပြန်ကြေညာထားသည်။

စစ်တွေ ရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်လတ်က လူသတ်မှု စုံစမ်းစစ်ဆေးရေး မစတင်ရသေးဟု ပြောသည်။

“ဒါဟာ သာမန် သေဆုံးမှုပဲ ဆိုတော့ ကျနော်တို့က လူသတ်မှု မဖွင့်ခဲ့ဘူး” ဟု သူက ပြောသော်လည်း ထိုအမျိုးသမီး သေဆုံးခဲ့ဖွယ်ရှိသည့် အကြောင်းရင်းကို ရှင်းမပြနိုင်ခဲ့ပေ။

တရားလက်မဲ့ ပြုမူမှုများကို အပြစ်ပေး အရေးယူခြင်း မရှိဟု ရှုတ်ချခံနေရသော မြန်မာ့တပ်မတော်သည် ဂုဏ်သိက္ခာကို ပြောင်းလဲရန် ကြိုးပမ်းမှုအနေဖြင့် လွန်ခဲ့သည့်လက ရှမ်းပြည်မြောက်ပိုင်းရှိ ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့သော တပ်ဖွဲ့ဝင်များအား စစ်ခုံရုံးတင် အရေးယူကြောင်း ကြေညာခဲ့သည်။

MYARF
RB News
2.9.2016

ဘူးသီးတောင်
။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် ရခိုင်လူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ညှဉ်းပန်း နှိပ်စက်မှု၊ ငွေညှစ်မှု၊ အကျင့်ပျက်ခြစားမှု၊ အဓမ္မပြုကျင့်မှု များကို ရိုဟင်ဂျာများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိသည့် အပြင် မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ် အထက်ပိုင်း ယင်းမကျောင်းတောင် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး အတွက် တိုင်ကြားသူများကို အမှုဆင်၍ ထောင်ချရန် ကြံစည်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အထက်ပိုင်း ယင်းမကျောင်းတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းမြင့်သည် ရခိုင်အိမ်ခြေ (၈) အိမ်၏ ထောက်ခံမှုဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်လာပြီး ရိုဟင်ဂျာ အိမ်ခြေ (၆၀၀) ကျော်ကို ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံအား ကျော်၍ ၀င်ရောက် စွက်ဖက်ခြင်း အပြင် ရိုင်းပျစွာ အုပ်ချုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းမြင့်သည် ၂၀၁၂ ခုနှစ်မှ စတင်၍ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်စဉ် ဆင်းရဲသား တစ်ဦးသာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ငွေကြေး သိန်းပေါင်း ရာနှင့်ချီ ချမ်းသာလာသည်ကို တွေ့ရှိရသည်။ အုပ်ချုပ်ရေးမှူး အလုပ်သည် ၎င်းအတွင် ၀င်ငွေ အကောင်းဆုံး ဖြစ်သော စီးပွားရေး တစ်ခုကဲ့သို့ ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ငွေကျပ် သိန်း ၇၀ ခန့် အကုန်အကျခံကာ အုပ်ချုပ်ရေးမှူး တာဝန်ကို ပြန်လည် ရယူခဲ့သည်။

၎င်းသည် ခရိုင်၊ မြို့နယ် အကြီးအကဲများနှင့် နားလည်မှု ရရှိထားသူ ဖြစ်သောကြောင့် မည်သူ့ကိုမှ အရေးမစိုက်ဘဲ ရွာသူ/သား များကို ပေါ်ပေါ်တင်တင် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ ၎င်းသည် ဒုတိယ သက်တမ်းအတွက် အာဏာရလာသည့်နေ့မှ စ၍ ရွာသားများအား နှိပ်စက်နေသည်ကို မခံမရပ်နိုင်ဖြစ်လာသည့် ရွာသား (၁၁) ဦး ပူးပေါင်း၍ သြဂုတ်လ (၂) ရက်နေ့တွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်ကြားခဲ့သည်။ တိုင်ကြားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူပေးခြင်း မရှိသည့်အပြင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ တိုင်ကြားသူ (၁၁) ဦးထဲမှ ဦးဆွေတာလောမ် (ဘ) ဦးဆော့တာလီ (အသက် ၄၅ နှစ်) နှင့် ဦးမူဂျေမေလ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၀ နှစ်) တို့ကို သြဂုတ်လ (၁၀) ရက်နေ့က ဖမ်းဆီး ချုပ်နှောင်လိုက်ပြီး၊ ဦးအဒူမာလေခ် (ဘ) ဦးဂေါ်နိုမျာ (အသက် ၄၀ နှစ်) ကို ဖမ်းဆီးရန် ယခုအချိန်ထိ လိုက်လံရှာဖွေ နေသဖြင့် တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

တိုင်ကြားခဲ့သူများထဲမှ ကျန်သည့် (၈) ဦးကိုလည်း ခြိမ်းခြောက်ဆဲဆို ဒေါသပြ၍ ငွေများတောင်းနေသည်ဟု သိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထုက တင်မြှောက်ပြီး ဌာနဆိုင်ရာက အသိအမှတ်ပြုထားသော ကျေးရွာတာဝန်ခံနှင့် တိုင်ပင်ဆွေးနွေးလျှင် မတရားသဖြင့် ငွေမရှာနိုင်မည်ကို စိုးရိမ်၍ ကျေးရွာတာဝန်ခံနှင့် မပူးပေါင်းဘဲ ရွာအတွင်းရှိ လူဆိုးစာရင်းတွင် အမည်ပါသူ ဦးအဒူရော်ဇက် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၅၀ နှစ်) နှင့် ပူးပေါင်း၍ လက်ကိုင်တုတ် အဖြစ် အသုံးချကာ ရွာသားများကို ညှဉ်းပန်း နှိပ်စက် ငွေညှစ်လျက် ရှိသည်။ 

ထို့ပြင် လျှောက်ထားသူ (၁၁) ဦးအနက် ကျန် (၉) ဦးကိုလည်း ခြိမ်းခြောက်ဆဲဆို ဒေါသ ပြလျက် ငွေများတောင်းနေပါသည်။ပြည်သူလုထုက တင်မြှောက်ပြီး ဌာနဆိုင်ရာက အသိအမှတ်ပြုထားသော ကျေးရွာတာဝန်ခံရှိသော်လည်း ၄င်းကျေးရွာတာဝန်ခံနှင့်တိုင်ပင်ဆွေးနွေးလျှင် မဟုတ်မတရား မပြုလုပ်နိုင်၊ မတရားသဖြင့် ငွေမရှာနိုင် စသည်များကို စိုးရိမ်ပြီး သူနှင့် မပေါင်းဘဲ ရွာ၏ လူဆိုးစာရင်းတွင် အမည်ပါသူ ၊ သူ၏ တပည့်ဖြစ်သူ အဒူရော်ဇောက်(ဘ)မာမောတ်ရှော်ဖီး အသက် ၅၀ နှစ် ကို လက်ကိုင်တုတ် အဖြစ် အသုံးပြု၍ ရွာသားများကို ဆက်လက်နှိပ်စက်လျက်ရှိသည်။

မောင်တော ခရိုင်၊ မြို့နယ်များရှိ ရိုဟင်ဂျာရွာ အားလုံးနီးပါး၏ အနီးဆုံးတွင် န.တ.လ ရွာတစ်ခုစီ တည်ဆောက်ပေးထားသည်။ န.တ.လ ရွာ စတည်ချိန်တွင် သီးခြား အုပ်ချုပ်ရေးမှူးများ ခန့်ထားသော်လည်း ၂၀၁၆ ခုနှစ်မှ စတင်၍ ရိုဟင်ဂျာ ရွာများကိုပါ ပူးတွဲ၍ အုပ်ချုပ်စေသည်။ အုပ်ချုပ်ရေးမှူး ခန့်စာသည် ၎င်းတို့အတွက် ရိုဟင်ဂျာများကို အပြတ်ရှင်းရန် ထုတ်ပေးထားသည့် လိုင်စင်ကဲ့သို့ ဖြစ်နေပြီး၊ ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက် ငွေညှစ်မှုများကို ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး များထံ တိုင်ကြားလျှင် တိုင်ကြားသူများကိုသာ ဖမ်ဆီးချုပ်နှောင်၍ ဒဏ်ခတ် အရေးယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



MYARF
RB News
2.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အောင်စစ်ပြင် ကျေးရွာအုပ်စု ရီးဒါရွာမှ ဦးအဒူဇော်ဘောရ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၅၇ နှစ်) သည် စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၈ နာရီခန့် အချိန်တွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်၍ အိမ်ပြန်နေစဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအနီးသို့ ရောက်သောအခါ တပ်ဖွဲ့ဝင် အချို့က စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ရပ်တန့်ခိုင်းခဲ့သည်။ ၎င်းအား ရှာဖွေပြီး တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းအား Malteser NGO မှ အမျိုးသမီးများကို ထောက်ပံ့နေသော ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ အရောင်းအ၀ယ် ပြုလုပ်နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ရန် ပြုလုပ်ခဲ့သည်။

၎င်းသည် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း ချုပ်နှောင် ထိန်းသိမ်းခံခဲ့ရပါက ရာနှင့်ချီသော ရိုဟင်ဂျာများကဲ့သို့ မဟုတ်မမှန် အမှုဆင်ခံရပြီး ကြီးမားသော ငွေကြေး ပမာဏ ညှစ်ခံရတော့မည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲ များကို ငွေကျပ် သုံးသောင်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 



ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူလ္လာ


Rohingya Eye
RB News
2.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ရှီလ်ခါလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူလ္လာသည် ၀ါးများ ရောင်းချလျက် ရှိရာ ၎င်းနှင့် အတူ ၀ါးရောင်းနေသူ (၆) ဦးကို သြဂုတ်လ (၁၆) ရက်နေ့က ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ လိုင်စင်မရှိဟု အကြောင်းပြ ခြိမ်းခြောက်ကာ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ၆ ဦးကို ၀ါးရောင်းနေသည့် အလုပ်ပျက်သွားအောင် တမင် ရည်ရွယ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ငွေညှစ်ခံရသူ (၆)ဦးမှာ -- 

(၁) ဦးကေဖာယာသ်အုလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၀ နှစ်)
(၂) ဦးအဒူဆလာမ် (ဘ) ဦးအာဖာလာ (အသက် ၄၅ နှစ်)
(၃) ဦးဆော်လိမ်မူလ္လာ (ဘ) ဦးဒေါ်လိလ်အာမတ် (အသက် ၄၂ နှစ်)
(၄) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဆလာမ် (အသက် ၃၇ နှစ်) 
(၅) ဦးမာမတ်ဆူဟိုက်ဖ် (ဘ) ဦးအဒူမူနာဖ် (အသက် ၂၁ နှစ်)
(၆) ဦးမာမတ်နော်ဆိမ် (ဘ) ဦးမာမတ်အစ္စလာမ် (အသက် ၂၃ နှစ်) -- တို့ဖြစ်သည်။ 

သြဂုတ်လ (၂၀) ရက်နေ့တွင် ဦးဆော်လိမ်မူလ္လာ (ဘ) ဦးဖော်ဇူလ်အာမတ် (အသက် ၄၅ နှစ်) ၏ သမီး မဖော်ရ်မိန့် (အသက် ၂၁ နှစ်) သည် ချောင်းဒေါင် ရွာသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီးနောက် ကျန်းမာရေး မကောင်းသောကြောင့် မိဘများ ရှိရာ ရွာသို့ပြန်လာ၍ ဦးဘော်ရှီးအူလ္လာ (ဘ) ဦးမာတ်ကာဆိမ်း (အသက် ၄၈ နှစ်) ၏ နေအိမ်တွင် တည်းခိုနေထိုင်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက သူမသည် တဖက်နိုင်ငံမှ လာရောက်၍ တည်းခိုနေခြင်း ဖြစ်သည်ဟု လုပ်ကြံစွပ်စွဲ၍ အိမ်ရှင်ထံမှ ငွေကျပ် တစ်သိန်းငါးသောင်းနှင့် မဖော်ရ်မိန့် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူလ္လာသည် ရရှိထားသည့် ရာထူး၊ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ရွာသားများအား အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်းများ ဆက်တိုက် ကျူးလွန်နေသူ တစ်ဦးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး များထဲတွင် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

MYARF
RB News
1.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တ၀ိုက်ရှိ နယ်ခြားစောင့်ရဲ များသည် ပြောင်းရွှေ့သွားခါနီးတွင် တွေ့သမျှ ရိုဟင်ဂျာလူမျိုးများ ထံမှ အလွန်အကျွံ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စု၊ နူရူလ္လာရွာမှ ဦးအနိုဝါရ် (ဘ) ဦးနုရ်အစ္စလာမ်သည် သြဂုတ်လ (၂၅) ရက်နေ့ ည ၉ နာရီခွဲခန့် အချိန်တွင် ရွာတွင်းရှိ ဈေးဆိုင်တစ်ဆိုင်၌ ထိုင်နေစဉ် ခရေမြိုင် န.တ.လ ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် စခန်းသို့ ရောက်သည်နှင့် ၎င်းကို လွန်ခဲ့သော ၂၀၁၂ ခုနှစ် ပဋိပက္ခ၌ မီးရှို့မှု (သို့မဟုတ်) မူးယစ်ဆေးဝါး အမှုဖြင့် တရားစွဲသွားမည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ ငွေတောင်းခဲ့သည်။ နောက်ဆုံးတွင် ပြန်လည် လွတ်မြောက်လာနိုင်ရန် နည်းလမ်း မရှိတော့သဖြင့် သြဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် (၅) သိန်းပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ငွေကျပ် (၅) သိန်း ညှစ်ယူသော ခရေမြိုင် စခန်းမှ နယ်ခြားစောင့်ရဲ များသည် ငွေညှစ်သည့်နေ့တွင် အခြားစခန်းတစ်ခုသို့ တာဝန်ဖြင့် ပြောင်းရွှေ့သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

သြဂုတ်လ နောက်ဆုံးအပတ်မှ စ၍ နယ်ခြားစောင့်ရဲ များသည် စခန်းချင်း အပြောင်းအလဲ ပြုလုပ်လျက် ရှိပြီး ပြောင်းရွှေ့သွားမည့် နယ်ခြားစောင့်ရဲ များသည် ၎င်းတို့ လက်အောက်ရှိ ရွာများမှ အုပ်စုအလိုက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တဆင့် ငွေသိန်းချီ ကောက်ယူသွားကြောင်း၊ ၎င်းတို့၏ တပည့်များမှ တဆင့် ငွေကြေး တတ်နိုင်သူများကို အမှုဆင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သည့် သတင်းပို့၍ ငွေညှစ်နေကြောင်း ဒေသခံများက ပြောပါသည်။ 







မသိင်္ဂီထိုက်
1.9.2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကို ဆက်မတက်ဘဲ ထွက်ခွာသွားတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကိုယ်စားလှယ် အဖွဲ့ကို ဖြစ်စဉ်တွေကို ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံမှာ တန်းတူခွင့် မရဘူးဆိုပြီး ၀ ပြည်သွေးစည်း ညီညွှတ်ရေးတပ်ဖွဲ့ ကိုယ်စားလှယ်တွေ ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တန်းတူညီမျှ ဆက်ဆံမခံရဘူးဆိုပြီး ညီလာခံ ဒုတိယနေ့မှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ် အဖွဲ့က ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို ပြန်လည်ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ ၀ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ ခုနက ဒေါက်တာ လျန်မုန်း ရှင်းပြတဲ့ အတိုင်းပါဘဲ။ အဲတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကတော့ ဒါကို ဖြစ်စဉ် အမှန်အတိုင်း ရှင်းပြပေးဖို့၊ နောက် ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်ပါနဲ့။ ဒါဟာ ဖြစ်တတ်တဲ့ ဟာလေးတွေပေါ့နော်။ နည်းပညာဆိုင်ရာ လွဲမှားမှုတွေ ရှိခဲ့တယ်။ အဲဒီအတွက်နဲ့တော့ ကျနော်တို့သွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ပေါ့နော်။ အဲဒါလေးကို လမ်းညွှန်ပါတယ်။ သူလည်း အကုန်လုံးသိပြီးသွားပြီ။ အကုန်လုံးလည်း ရှင်းပြပြီးပြီ။ ဒါ ဘယ်သူ့အပြစ်မှ မဟုတ်ဘူးပေါ့နော်။ ဖြစ်တတ်တဲ့ဟာလေးတွေ ဖြစ်သွားတဲ့ အပေါ်မှာ သူတို့ကို နားလည်မှု ရှိရှိ ကျနော်တို့ ပြန်တောင်းပန်ဖို့။ အလားတူ မိုင်းလားမှာလည်း ဖြစ်သွားတယ်။ ဒါလေးတွေ အကုန်လုံး ရှင်းပြဖို့။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ နားလည်မှုလွဲမှားအောင် လုပ်သလို ဖြစ်သွားပါတယ်။ ဒီအတွက်တော့ ကျနော်တို့ သွားနေတဲ့ Peace Process (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) ကို ကြီးကြီးမားမား မထိခိုက်အောင်ပေါ့နော် ကျနော်တို့ဘက်က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ "

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို တက်ရောက်လာတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ UWSA ရဲ့ လိုလားချက် အသေးစိတ် ဖော်ပြထားတဲ့ စာတမ်း ဖတ်ဖို့ ပြင်ဆင်ထားတာပါ။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင် ကတော့ ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူ အခွင့်အရေး ပေးခဲ့တဲ့ အကြောင်း ဖြေရှင်းပါတယ်။

"ဖွင့်ပွဲနေ့မှာ သူတို့ အနေနဲ့ ရှေ့ဆုံးနေရာမှာ နေရာလိုချင်တယ် ၀ နဲ့ မိုင်းလား က သူတို့ အနေနဲ့ တောင်းဆိုပါတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ၁၇ ဖွဲ့ ရှိတဲ့ အပေါ်မှာ သူတို့ကို အထူးဦးစားပေးပြီးတော့ ရှေ့ဆုံးက ခုံ ၂ ခုံကို ၀ နဲ့ မိုင်းလား အတွက် ကျနော်တို့ ချန်ထားပေးတယ်။ ဆိုတော့ ကျန်တဲ့ ၆ ခုံကို DPN ဘက်က ၃ ခုံ ယူတယ်။ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့က ၃ ခုံ ယူတယ်။ အဲလိုနဲ့ ကျနော်တို့ အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ပြီးတော့ သူတို့ကိုလည်း ရှေ့ဆုံးမှာ နေရာပေးတယ်။ နောက်ပြီးတော့ သူတို့ကိုလည်း ကျနော်တို့ ကျင်းပရေး ကော်မတီမှာ ယနေ့ အထိ အဲလို ပြောတာမျိုး တခုမှ မရှိသေးဘူး။ ပြီးတော့ သူတို့ကို လေ့လာသူ အနေနဲ့ တက်ခွင့်ပေးတယ်ဆိုတာကလည်း လုံးဝ မမှန်ဘူး။ ကျနော်တို့ ဒီ ကျင်းပရေး ကော်မတီမှာ ၁၇ ဖွဲ့ကို ၁၇ ဖွဲ့ဆိုတဲ့ နေရာမှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ ရှိတယ်။ DPN က ၇ ဖွဲ့ ရှိတယ်။ ၀ နဲ့ မိုင်းလား ရှိတယ်။ အားလုံးကို ကျနော်တို့က တရားဝင် တက်ရောက်ခွင့် အဖြစ်နဲ့ တက်ရောင်ခွင့် သူတို့ကို ပေးတဲ့ အတွက်လည်း ရှေ့ဆုံးမှာ ထိုင်ခွင့်ရတာ ဖြစ်ပါတယ်။ "

ညီလာခံ ကျင်းပရေး ကော်မတီက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကတော့ ငြိမ်းချမ်းရေး ညီလာခံကို ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီကို တရားဝင် တက်ရောက်သူ အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်ပေမယ့် မနေ့က ဖွင့်ပွဲမှာတော့ ၀ ကိုယ်စားလှယ်တွေ အတွက် လေ့လာသူ ၀င်ခွင့်ကတ်တွေကို ယာယီ သဘော ထုတ်ပေးခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ နားလည်မှု လွဲတာလို့ ဆိုပါတယ်။ ညီလာခံ ကျင်းပရေး ကော်မတီဘက်က သွားရောက်ညှိနှိုင်းခဲ့ကြပေမယ့် မအောင်မြင်ပါဘူး။ ၀ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA ရဲ့ ပြောခွင့်ရ ယေ့ဗ်နမ်ဆွမ် ကတော့ အခြေအနေကို မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ကဲ့ရှင့်။ ကျမတို့ အဲဒါတော့ ဘာမှ သေသေချာချာ ပြောလို့ မဖြစ်သေးဘူး။

ကျမလည်း သေသေချာချာ မသိသေးဘူး အဲဒီကိစ္စ။ ဟုတ်ကဲ့ရှင့်။ လောလောဆယ် ဒီမှာတော့ ဘာမှ အဲလို ဘာအကြောင်းရယ်လို့ သေသေချာချာ တိတိကျကျ မပြောသေးဘူး။ အဲလိုဘဲ သတင်းတွေ ဖြစ်သေးတာ။ "

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ခွင့်ရရေး ကြိုးပမ်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာတော့ လက်ရှိမှာတော့ အပစ်ရပ်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ ညီလာခံမှာ ဆက်လက် ပါဝင် တက်ရောက်နေကြပါတယ်။




စံမိုးဝေ
1.9.2016

အခု နားဆင်ခဲ့ကြရတာ ကတော့ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ်ခဲ့တဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံ ညီလာခံကြီး အပေါ် ပြည်ပမှာ ရောက်ရှိ နေကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ညီလာခံကြီးမှာ တက်ရောက် နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့ရဲ့ ပြောကြားချက်တွေကို ဦးစံမိုဝေ က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရာစုနှစ်ထက်ဝက်ကျော် ကာလအတွင်း ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြောက်ခဲ့တဲ့ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှု ရည်ရွယ်ကျင်းပတဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ပထမနေ့ကို မနေ့က စတင်ပြီး ဖွင့်လှစ်ခဲ့ရာမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူ ဧည့်သည်တော်တွေ သံတမန်တွေ စုံစုံညီညီတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလိုတက်ရောက်လာကြတဲ့အထဲက “၀” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဌ (၁) ဖြစ်တဲ့ ဦးဆမ်ဆောင်းခါးကတော့ သူတို့ပါတီအနေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ညီလာခံကို တက်ရောက်လာတာ ဖြစ်တဲ့အကြောင်းနဲ့ တိုင်းပြည်တိုးတက်ရေးမှာ ငြိမ်းချမ်းရေးရှိဖို့ အရေးကြီးကြောင်း အခုလို VOA ကို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ကို အေးချမ်းစေချင်တယ်။ ထာဝရငြိမ်းချမ်းရေး ရစေချင်တယ်။ အဲဒါမှပဲ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လို့ကောင်းမှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက တော်တော်လေး ကို ခေတ်နောက် တအားကို ကျနေပါပြီ။ အဲဒါကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်အောင် ကျနော်တို့က ကြိုးစားပြီးတော့ လုပ်ဖို့ လိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ရဲ့ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်း ကတော့ ဒီညီလာခံကြီးဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ နောက်ဆက်တွဲ ညီလာခံတွေ ကျင်းပဖို့ လိုအပ်အုံးမှာ ဖြစ်ကြောင်းပြောပါတယ်။

“ကျမတို့ တိုင်းပြည် တခုလုံးဟာ စစ်ပွဲနဲ့ပဲ အချိန်ကုန်ခဲ့တာ နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ။ ဒါဟာ ငြိမ်းချမ်းရေးအတွက် တံခါးခေါက်လိုက်တယ်။ ငြိမ်းချမ်းရေးအတွက် ခေါင်းလောင်းထိုးလိုက်တယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီညီလာခံတခုတည်းနဲ့တော့ ကျမတို့ မပြီးပြည့်စုံပါဘူး။ ကျမတို့ ညီလာခံမြောက်များစွာကို ဖြတ်သန်းရပါဦးမယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ စကားပြောရမယ့်အနေအထားတွေ အများကြီး ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းက ပါတီတွေ၊ အများကြီး သူတို့ ပါဝင်လာဖို့ အရေးကြီးပါတယ်။ တသံတည်းထွက်ဖို့ လိုပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ တိုင်းပြည် ပြုပြင်တဲ့အခါမှာ ရှေ့ကို ဘယ်လိုသွားမလဲဆိုတာကို ဒီညီလာခံအပြီးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်ပြီးမှ အနာဂတ်တချိန်ချိန်မှာ ဖြစ်ပေါ်လာမယ့် ညီလာခံအတွက် ကျမတို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။”

အခုညီလာခံမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေက စာတမ်းတွေ တင်သွင်းကြမှာဖြစ်ပြီး အဲဒီကနေ ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို မှတ်တမ်းတင်ထားပြီး နောက်ဆက်တွဲညီလာခံတွေမှာ အကျေလည်ဆွေးနွေး ကြရမှာဖြစ်သလို၊ နိုင်ငံရေးမူဘောင်ကိုလည်း ပြန်လည်ရေးဆွဲဖို့ လိုလိမ့်မယ်လို့ ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။ အခုညီလာခံကြီးကနေ ငြိမ်းချမ်းအတွက် အဖြေတခုထွက်နိုင်ဖို့ မလွယ်ကူပေမဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ အခြေခံကောင်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ပြောသူကတော့ ညီလာခံကို လေ့လာသူအဖြစ်တက်ရောက် နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်း မြန်မာအဖွဲ့ ခေါင်းဆောင် ဦးအောင်မျိုးမင်းဖြစ်ပါတယ်။

“ကျနော်တို့က ဒါ ခြေလှမ်းပေါင်းစုံ စမယ့် မိုင်ထောင်ချီခရီးအတွက် ပထမဆုံး ခြေလှမ်းတရပ်လို့ ပြောလို့ရတယ်။ ဒီ ၄ ရက်တာ ဆွေးနွေးမှုတွေကနေ ဖြေရှင်းနိုင်မယ့် ဖြေရှင်းချက်တွေတော့ ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖောင်ဒေးရှင်းလို့ခေါ်တဲ့ တဦးနဲ့တဦး အပြန်အလှန် လေးစားခြင်း၊ တန်းတူညီမျှသာ ဆက်ဆံခြင်း၊ တယောက်နဲ့တယောက် လိုလားချက်များကို ကိုယ်ကျိုးမပါဘဲ တိုင်းပြည်အကျိုးအတွက် ပွင့်လင်းစွာ တင်ပြနိုင်ခြင်းဆိုတဲ့ အစဉ်အလာကို ဒီက စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲတော့ ဒါမျိုးတွေ ကျနော်တို့ လုပ်ဆောင်ခြင်းအားဖြင့် နောက်ထပ် ကျနော်တို့တိုင်းပြည်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ကျနော်တို့ ဆက်လက် ဖြေရှင်းနိုင်မယ့်လမ်းကြောင်းကို ဒီကနေ ဆွဲခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ဦးစိုင်းကျော်ညွန့်ရဲ့ သဘောထားကတော့ -

“မျှော်လင့်ချက်ကတော့ အထွေအထူးတော့ သိပ်မရှိပါဘူး။ အရင်ပွဲနဲ့စာရင် ပိုမိုပြီးတော့ ပါဝင်လာကြတာပေါ့။ ဒါကလည်း နောက်ထပ် ခြေလှမ်းတလှမ်း တက်နိုင်တယ်ဆိုတဲ့သဘောပေါ့။”

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့်ဖြစ်ပါတယ်။ VOA က တွေ့ဆုံမေးမြန်းခဲ့တဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ညီလာခံကို တက်ရောက်ဖို့ ကျန်နေတဲ့ ကိုးကန့်၊ တအာင်းပလောင် TNLA နဲ့ ရခိုင့်တပ်မတော် AA စတဲ့ အဖွဲ့ ၃ ဖွဲ့ ကိုလည်း ဖိတ်ကြားဖို့ သင့်ကြောင်း ဒါမှသာ all-inclusive အားလုံး ပါဝင်တယ်ဆိုတဲ့ သဘောသက်ရောက်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီညီလာခံကြီးကို စက်တင်ဘာလ (၄) ရက် တနင်္ဂနွေနေ့အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

MYARF
RB News
1.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာတစ်ဦးကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၉) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် BD ပြေး တရားခံများကို လိုက်လံ ဖမ်းဆီးရန်ဟု ဆိုကာ ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို ရွာထဲသို့ ခေါ်ဆောင်လာခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကင်းစောင့်နေသည့် ရွာသားများ အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် အတူ ယင်းကျေးရွာအုပ်စု တောင်ရွာမှ ဦးဂျီရာမာန် (ဘ) ဦးဂေါ်နူမျာ (အသက် ၃၃ နှစ်) ၏ နေအိမ်ကို စီးနင်း ၀င်ရောက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ဦးဂျီရာမာန်ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်း ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 


MYARF
RB News
1.9.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ယခင် နယ်မြေ (၁) အပိုင် ရဲအောင်စံရာဖွေ ကျေးရွာအုပ်စု၊ မာဇီးရွာ တံတားအနီးတွင် အခြေစိုက်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် တပ်ကြပ်တို့သည် လူကြီးလူအို မရွေး ကန်ကျောက် ရိုက်နှက် နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ ညသန်းခေါင်ယံ တစ်နာရီခွဲခန့် အချိန်တွင် ရဲအောင်စံရာဖွေ ကျေးရွာအုပ်စု၊ ရဲအောင်ရွာတွင် ကင်းစောင့်နေသည့် ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲများက စစ်ဆေးခဲ့ရာ ကင်းစောင့်နေသူ (၄) ဦးအနက် (၃) ဦးမှာ အသင့်အနေအထား ရှိနေပြီး၊ ကျန်တစ်ဦးမှာ အိမ်သာတက်နေသည်ကို တွေ့ရှိခဲ့သည်။ 

နယ်ခြားစောင့်ရဲ များက ကင်းစောင့်နေစဉ် အိမ်သာ မတက်ရဟု ဆိုကာ ဦးဟာဘီ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၆၀ နှစ်) ကို ကင်းသမား (၃) ဦးရှေ့မှောက်တွင် လက်သီးဖြင့် သုံးလေးချက် ဆင့်ထိုးပြီး ဆိုင်ကယ်ပေါ်သို့ တင်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် စခန်းတွင် တစ်ညလုံး ခြောက်ပေါက်ထဲတွင် ထည့်သွင်းထားပြီး ခြေဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုး၊ တုတ်ဖြင့် ရိုက်ခဲ့သည်။ မိုးလင်းချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လမ်းမလျှောက်နိုင်တော့၍ မိသားစုဝင်များ သွားရောက်၍ ထမ်းပြီး ပြန်လည် ခေါ်ဆောင်လာခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မိသားစုဝင်များက ၎င်းကို တမန်းသား ကျန်းမာရေးဌာနသို့ ပို့ဆောင်ပြီး ဆေးကုသ နေသော်လည်း ယခုအချိန်ထိ အခြေအနေ ကောင်းမလာဘဲ အိပ်ရာထဲ လဲလျောင်း နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

အလားတူ သြဂုတ်လ (၂၀) ရက်နေ့တွင်လည်း ယင်းကျေးရွာအုပ်စု၊ မာဇီးရွာရှိ ကင်းတဲနေရာသို့ နယ်ခြားစောင့်ရဲများ သွားရောက်၍ ကင်းသမားများကို ထအော်ရမည့် တာဝန်မကျေဟု ဆိုကာ ဦးအာဘူလ်ဟူစိန်း (ဘ) ဦးအာရှုအလီ (အသက် ၅၀ နှစ်) ကို ကင်းတဲနေရာတွင်ပင် ထိုးကြိတ် ရိုက်နှက်ပြီး စခန်းသို့ ခေါ်ဆောင်သွားက တစ်ညလုံး ခြောက်ပေါက် ထည့်ထားပြီး လူမဆန်စွာ နှိပ်စက်ခဲ့သည်။ 

နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ နှိပ်စက်မှုကြောင့် အောင်သပြေရှိ ဆေးခန်းတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ဦးအာဘူလ်ဟူစိန်းက အောင်သပြေရှိ ရဲမှူးထံ တိုင်ကြားရန် ကြိုးစားခဲ့သော်လည်း စခန်းရှိ ဒုရဲအုပ်က ရဲမှူးနှင့် တွေ့ဆုံခွင့် မပေးဘဲ “ငါပြောပေးမယ်” ဟု ဆိုကာ နှင်ထုတ်ခဲ့သည်။

မာဇီးရွာ တံတားအနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များ၏ အချိန်မတော် လှုပ်ရှားမှု၊ ရိုင်းစိုင်းစွာ ဆက်ဆံမှု၊ ညှဉ်းပန်းနှိပ်စက်မှု တို့ကြောင့် နယ်မြေ တည်ငြိမ်အေးချမ်းမှုပါ ပျက်ပြားလာနိုင်သောကြောင့် အထက် အာဏာပိုင်များ အနေဖြင့် အမြန်ဆုံး အရေးယူ ဟန့်တားပေးပါရန် ပန်ကြားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 



Rohingya Eye
RB News
31.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးအစ္စမိုင်လ် (ဘ) ဦးရှာဘော်ဒိန်း (အသက် ၃၀ နှစ်) ၏ တစ်နှစ်ခွဲ အရွယ် သမီးငယ်သည် သြဂုတ်လ (၂၉) ရက်နေ့တွင် အလွန်အဖျားတက်လာ သဖြင့် ယင်းနေ့ နေ့လည် (၁) နာရီ အချိန်တွင် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၊ အဆောင်သစ်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူရန် တက်ခဲ့ရသည်။ 

ယင်းနေ့ ညသန်းခေါင်ယံ အချိန်တွင် ကလေးငယ်၏ အခြေအနေ အလွန်ဆိုးဝါး လာသဖြင့် တာဝန်ကျသည့် သူနာပြု ဆရာမကို သွားရောက်ပြောဆိုခဲ့ရာ သူနာပြုဆရာမက “ငါနဲ့ မဆိုင်ဘူး၊ ငါ့ကို ပြောပြီး ဘာရမလဲ၊ ကိုယ့်ဟာကိုယ်လုပ်” ဟု ရိုင်းပျစွာ တုန့်ပြန်ခဲ့သည်။ ကလေးငယ်၏ အနီးရှိ ဗုဒ္ဓဘာသာဝင် လူနာတစ်ဦးက အဆိုပါ သူနာပြုဆရာမကို သွားရောက် ခေါ်ခဲ့ရာ ချက်ချင်း ရောက်ရှိလာပြီး ဂရုတစိုက် ကြည့်ရှု စစ်ဆေးပေးသည့် အပြင် အားပေး နှစ်သိမ့်စကားပင် ပြောဆိုပြ၍ ၎င်း၏ လူမျိုး၊ ဘာသာ ခွဲခြားသည့် စိတ်ဓါတ်ကို ပေါ်ပေါ်တင်တင် ပြသခဲ့သည်။ 

ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်နေသည့် ရိုဟင်ဂျာ ကလေးငယ်လေးမှာ ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြု ဆရာမများ၏ အနီးကပ် ပြုစု စောင့်ရှောက်မှု မရရှိခဲ့သဖြင့် သြဂုတ်လ (၃၀) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် သေဆုံးသွားခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ နယ်ခံ ရိုဟင်ဂျာများသည် အဆိုပါ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူရန် တက်ရောက်သူ များကို ဆေးရုံရှိ တာဝန်ကျ ၀န်ထမ်းများက ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခြင်း၊ ဆူပူအော်ဟစ် ကြိမ်းမောင်းခြင်းများ ပြုလုပ်နေခြင်းကို နေ့စဉ် ကြုံတွေ့နေရသည်။ 

ဆေးရုံတက်နေသူ တစ်ဦးက “ဒီဆေးရုံတက်ရတာနဲ့ ရဲအချုပ်စခန်း ၀င်ရတာနဲ့ အတူတူပါပဲ။ ရဲအချုပ်ဝင်ရင် ရိုင်းပျစွာ ပြုမှု ဆက်ဆံသလို၊ အခုဆေးရုံမှာ ရောဂါသက်သာဖို့နေနေသာသာ စိတ်ဓါတ်ကျ ရောဂါ တစ်ခု ပိုတိုးတယ်” ဟု ပြောသည်။ 

ကျန်းမာရေး ၀န်ကြီးဌာနက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ကြားသိနေရသော်လည်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ ၀န်ထမ်းများသည် ရိုဟင်ဂျာ လူနာများအား ပြုမှု ဆက်ဆံပုံများ၊ လုပ်နည်းလုပ်ဟန်များ လုံးဝ ပြောင်းလဲသွားခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 



Rohingya Eye
RB News 
31.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ ဂူနာရွာမှ ဦးမောင်မောင်တင် (ဘ) ဦးအာချော်ဖ်အလီ (အသက် ၃၇ နှစ်) သည် သြဂုတ်လ (၂၉) ရက်နေ့ ည ၇း၁၅ နာရီအချိန်တွင် ၎င်း၏ မှန်လုံကားကို ပြုပြင်ရန် မြို့ပေါ်သို့ သွားရောက်စဉ် နာရီစင်ခွဆုံရှေ့ ခေတ္တ ရပ်နားခဲ့ရာ ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲအဖွဲ့မှ တပ်သားစိုးဝင်းနှင့် အခြားတစ်ဦး ရောက်ရှိလာပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ 

ရှာဖွေပြီးနောက် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းတို့အား ငွေကျပ် ၃ သောင်း ပေးရန် တောင်းသောကြောင့် ယာဉ်ပိုင်ရှင်နှင့် အချေအတင် စကားများခဲ့ကြသည်။ ထို့နောက် ကားပိုင်ရှင် ဖြစ်သူ ကားပေါ်မှ ဆင်းနေစဉ် စိုးဝင်းက အများပြည်သူများ ရှေ့မှောက်တွင် ပါးရိုက်ပြီး လက်ထိပ်ခတ်ကာ ကားထဲသို့ ပြန်သွင်းခဲ့သည်။ နာရီဝက်ခန့် အကြာတွင် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ တပ်ကြပ်ကြီး စံလှအောင် ရောက်ရှိလာကာ ယာဉ်ပိုင်ရှင်ကို ကားနှင့်အတူ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ည (၉) နာရီအချိန်တွင် ဖမ်းဆီးသည့် ရဲ (၃) ဦးကို ငွေကျပ် တစ်သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

တပ်ကြပ်ကြီး စံလှအောင်သည် ငွေကြေး တတ်နိုင်သည့် မြို့ခံ ရိုဟင်ဂျာများထံမှ အချိန်မတော် ငွေတောင်းခံခြင်း၊ ငွေမပေးပါက ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေညှစ်ကြောင်း၊ တပ်သားစိုးဝင်းသည် ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ဥာဏ်ဝင်းဦါ်၏ တပည့်အရင်း တစ်ဦး ဖြစ်သောကြောင့် ၎င်း၏ အရှိန်အ၀ါကို သုံး၍ နည်းမျိုးစုံဖြင့် ငွေညှစ်နေသော အကျင့်ပျက် ရဲဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

တာဝန်ရှိ အာဏာပိုင် လူကြီးမင်းများ အနေဖြင့် အဖြစ်မှန်ကို သေချာစွာ စုံစမ်းလေ့လာ၍ အကျင့်ပျက်ပြီး သောင်းကျန်းသူများ ပမာ သောင်းကျန်းနေသည့် ရဲဝန်ထမ်းများကို ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် မြို့ခံ လူထုကိုယ်စား ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 



Rohingya Exodus