နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
1.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် မြို့မ ရဲစခန်းမှ နယ်ထိန်းရဲများ ပူးပေါင်း၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် (သပြေကုန်းရပ်ကွက်) မှ ဦးမာမတ်ယာစီးန် (ဘ) ဦးအဒူရော်ဟိမ်းသည် မြို့မဈေးတွင် အလှကုန်ဆိုင် ရောင်းချနေသူ တစ်ဦးဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်း သန်းအေး အပါအ၀င် ရဲတပ်ဖွဲ့ (၃) ဦးသည် ဦးမာမတ်ယာစီးန်၏ ဆိုင်သို့ သွားရောက်၍ ညနေ (၄) နာရီ အချိန်တွင် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစော၏ နေအိမ်သို့ လာရောက်ရန် ပြောကြားခဲ့သည်။ 

ညနေ (၄) နာရီ အချိန်တွင် ဦးမာမတ်ယာစီးန်သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစော၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသောအခါ နယ်ထိန်းရဲများက အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ အကယ်၍ ငွေမပေးပါက ရဲစခန်းသို့ ခေါ်သွားပြီး ချုပ်နှောင်ထားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဦးမာမတ်ယာစီးန်သည် အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 

လွန်ခဲ့သည့် နိုဝင်ဘာလတွင်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစောနှင့် စ.ရ.ဖ မှ ဦးစည်သူအောင်တို့ ပူးပေါင်းပြီး ဦးမာမတ်ယာစီးန်ကို မတရားအသင်းနှင့် ဆက်နွယ်မှုရှိသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ 






RB News
1.1.2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့၌ လူမူကွန်ယက်ပေါ်တွင် ပျံ့နှံ့လာသည့် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုမှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးကိုယ်တိုင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် သံတမန်များ အဖွဲ့သည် မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့နှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာများသို့ သွားရောက်၍ ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ သံတမန်အဖွဲ့ ရောက်ရှိသည့် အချိန်တွင် ဒေသခံများက စာရွက်များတွင် တောင်းဆိုချက်များ ရေးသားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ သံတမန်များ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားပြီးနောက် နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်းမှစ၍ ကိုးတန်ကောက် ကျေးရွာကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ၀ိုင်းခဲ့ပြီး နိုဝင်ဘာလ (၅) ရက်နေ့ နံနက် အစောပိုင်းတွင် ရွာထဲသို့ ၀င်ရောက်၍ အသက် (၈) နှစ် အထက် အမျိုးသားများကို တစ်နေရာတွင် စုဝေးခိုင်း၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဗီဒီယိုထဲတွင် ရိုက်နှက်ခံရသူ (၃) ဦးမှာ --

(၁) လုံချည်အပြာ ၀တ်ဆင်ထားသူမှာ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအဒူလ်အဇီးဇ် (အသက် ၃၅ နှစ်)

(၂) အနီနှင့်အ၀ါ ဘောလုံးသမားတီရှပ် ၀တ်ဆင်ထားသူမှာ ယာစီးန် (ဘ) မော်လ၀ီ အာဘူလ်ကာဆီးမ် (အသက် ၁၅ နှစ်) - ၈ တန်းကျောင်းသား

(၃) အ၀ါရောင် တီရှပ် ၀တ်ဆင်ထားသူမှာ မိုဟာမတ်ဆိုဒိုလုခ် (ဘ) ဦးအဗ်ဒူဆလာမ် (အသက် ၁၃ နှစ်) -- တို့ဖြစ်ကြသည်။



Rohingya Eye
RB News
31.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာအုပ်စု၊ စူရူးဖာရာရွာမှ နေအိမ် (၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ လိပ်ရကျေးရွာအုပ်စု၊ စူးရူးဖာရာရွာသို့ ယင်းကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် (၅) လုံးကို န.စ.က မြေပုံတွင် မပါဟု ဆိုကာ ဖြိုဖျက်ရမည့် အစား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာသို့ ရောက်ရှိလာပြီး နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မီးရှို့၊ ဖြိုဖျက်ခံရသည့် အိမ်များမှာ ၀ါးထရံ၊ ဓနိများဖြင့် ဆောက်လုပ်ထားသည့် အိမ်များ ဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ

(၁) ဦးဘေလာလ် (အသက် ၃၅ နှစ်)
(၂) ဆော်ယာဒ် (ဘ) ဦးအာဘူး (အသက် ၂၄ နှစ်)
(၃) ဦးအမီရ်ဟူးဆောင်း (ဘ) ဦးဟာလူ (အသက် ၅၀ နှစ်)
(၄) ဦးအဒူရော်ဟိမ်း (အသက် ၅၇ နှစ်)
(၅) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။

ဖြိုဖျက်ခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးယူနုစ် (ဘ) ဦးအဒူလ်ဟူစိန်း (အသက် ၄၈ နှစ်)
(၂) ဦးယူဆုဖ် (ဘ) ဦးအလီဟူစိန်း (အသက် ၃၀ နှစ်)
(၃) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးနူရ်အာလောမ် (အသက် ၂၇ နှစ်)
(၄) ဦးနော်ဘီအုလ္လာ (ဘ) ဦးဒိလ်မာမတ် (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

အလားတူ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ယင်းကျေးရွာအုပ်စု၊ အောင်ဂါးရွာမှ တဲအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့သည်။

ဖြိုဖျက်ခံရသည့် တဲအိမ်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်အာလောမ် (ဘ) ဦးဇော်မိလ်အာမတ် (အသက် ၃၂ နှစ်)
(၂) အာဇီဇူလ္လာ (ဘ) ဦးမာမတ်အာလောမ် (အသက် ၂၀ နှစ်)
(၃) ဦးယူနုစ် (ဘ) ဦးနူရ်ဇာမာ (အသက် ၂၉  နှစ်)
(၄) ဦးဒူစ်မာမတ် (ဘ) ဦးဇော်ဘောရ် (အသက် ၂၈ နှစ်) -- တို့ဖြစ်သည်။




Rohingya Eye
RB News
31.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက်ကျေးရွာမှ ရိုဟင်ဂျာများ၏ နေအိမ် ၅ လုံးဖြိုဖျက်ခံရပြီး၊ နောက်ထပ် ၄၆ လုံး ဖြိုမည်ဟု စာရင်းပြကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သာကြူနှင့် ကျေးရွာတာဝန်ခံ ဦးမာမတ်အီနုစ် တို့သည် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ အမိန့်အရဟု ဆိုကာ ဟောဆာရားရွာမှ ရွာသားများ၏ နေအိမ် (၅) လုံးကို န.စ.က ဆွဲခဲ့သည့် မြေပုံတွင် မပါရှိဟု ဆိုကာ ဖြိုဖျက်ခဲ့သည်။ 

ယင်းရွာမှ နောက်ထပ် နေအိမ် (၄၆) လုံးကို ဖြိုဖျက်ရန် စာရင်းပြုစုထားပြီး၊ အိမ်များ မဖြိုလိုလျှင် ငွေကျပ် ၆ သောင်းစီ ပေးသွင်းရမည်ဟု ၎င်းတို့နှစ်ဦးက ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

၎င်းတို့နှစ်ဦးက အိမ်ဖြိုဖျက်ရမည် စာရင်းမှ ပယ်ဖျက်ပေးမည်ဟု ဆိုကာ လိမ်ညာ၍ ဟောဆာရားရွာသား (၉ ) ဦးထံမှ ငွေကျပ် ၆ သောင်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ -- 

(၁) ဦးမာမတ်ရှော်ရိဖ် (ဘ) ဦးမာမတ်အာမီးန်
(၂) ဦးအာဗ်ဒူလ္လာ (ဘ) ဦးနူရ်မာမတ်
(၃) ဦးမာမတ်ဇော်မိလ် (ဘ) ဦးမာမတ်ဆုလ်တာန်
(၄) ဦးမာမတ်အီလီယာစ်
(၅) ဦးအဗ်ဒူလ္လာ (ဘ) ဦးနူရ်ဆလာမ် -- တို့ဖြစ်ကြသည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးမာမတ်ဆိဒိတ် (ဘ) ဦးလာလ်မာမတ်
(၂) ဦးဖော်ဇော်လ်ဟောက် (ဘ) ဦးမီယာဟူစိန်း
(၃) ဦးဘော်ဆိရ်အာမတ် (ဘ) ဦးအီဆုပ်
(၄) ဒေါ်နူရ်ဇာဟန် (ဘ) ဦးအာရှော်ရောဖ်
(၅) ဦးဒိလ်ဒါရ် (ဘ) ဦးအဘူရှောမာ
(၆) ဦးရော်ရှိတ်အာမတ် (ဘ) ဦးဟာဘီရောန်
(၇) ဦးမော်တောလာဖ် (ဘ) ဦးအဗ်ဒူလ်ဟောက်
(၈) ဒေါ်နော်ဆီမာခါတူ (ဘ) ဦးအဗ်ဒူလ္လာ
(၉) ဦးမာမတ်ရှော်ရိဖ် (ဘ) ဦးမီယာဟူစိန်း -- တို့ဖြစ်ပါသည်။ 


MYARF
RB News
31.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင်းပိုက်၊ ဦးရှည်ကျ၊ ဆင်သေပြင်၊ စေတီပြင်၊ ဒိုးတန်း၊ ကျားခေါင်းတောင်၊ ရေခဲချောင်းခွဆုံ၊ ဓါးကြီးစား၊ ပွင့်ဖြူချောင်း၊ မြောတောင်၊ ရေတွင်းကျွန်း၊ ဖားဝပ်ချောင်း၊ မောင်နှမ၊ ၀ါးပိတ်၊ ကျီးကန်းပြင် စသည့်ကျေးရွာများသို့ န.တ.လ ရွာသားများနှင့် မကြာခဏ ၀င်ရောက်၍ ရိုဟင်ဂျာအမျိုးသားများကို ရိုက်နှက် မောင်းထုတ်ကာ၊ စစ်သားများက အမျိုးသမီးများကို မုဒိမ်းကျင့်၊ နယ်ခြားစောင့်ရဲများနှင့် န.တ.လ ရွာသားများက လုယက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်ဘဲများကို ယူဆောင်သွားခဲ့သည်။ လုယက်ခဲ့သမျှ ပစ္စည်းများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များကို န.တ.လ ရွာများတွင် စုဆောင်း ထားခဲ့ပြီး၊ ယခုအခါ န.တ.လ ရွာများမှ တဆင့် ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲနှင့် မောင်တောမြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်များသို့ သယ်ယူသွားပြီး ရောင်းချလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ကျီးကန်းပြင်နှင့် ၀ါးပိတ်ကကျေးရွာများမှ လုယက်ယူဆောင် သွားခဲ့သည့် ကျွဲ၊ နွား၊ ဆိတ်များကို အောင်သာယာ၊ အောင်မင်္ဂလာ၊ ငွေတောင်၊ ရွာသာယာ စသည့် ကျေးရွာများတွင် စုဆောင်းထားခဲ့ပြီး၊ ယခုအခါ မြို့ပေါ်နှင့် ဆင်ခြေဖုံး ကျေးရွာများသို့ ယူဆောင်သွားပြီး ရောင်းချလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မြို့မကညင်တန်း ကျေးရွာဈေးတွင် ရောင်းချနေသည့် အသားများမှာ ယင်းကျေးရွာအုပ်စု ဒဲလ်ဖာရာ (ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြောက်ဘက်) မှ ဦးရှော်ဖိခ်၊ ဦးအီဆက် (ဘ) ဦးအီလီယာစ် တို့အဖွဲ့က န.တ.လ ရွာသားများမှ ၀ယ်ယူ၍ ရောင်းချနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင်းပိုက်၊ ဆင်သေပြင်၊ စေတီပြင်၊ ကျွန်းခေါင်း၊ ကြိုက်ချောင်း၊ ဒိုးတန်း၊ ဦးရှည်ကျ၊ ကျားခေါင်းတောင်၊ ရေတွင်းကျွန်း၊ ရေခဲချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ ဓါးကြီးစား စသောကျေးရွာများမှ လုယက်သွားခဲ့သည့် ကျွဲ၊ နွား၊ ဆိတ်များကို လောင်းဒုံ န.တ.လ ရွာ၊ ကံပြင်၊ စံပယ်ပင်ရင်း၊ ရွက်ညိုတောင် ရခိုင်ရွာ စသည့် ရခိုင်ရွာများနှင့် န.တ.လ ရွာများတွင် စုဆောင်းထားခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကျေးရွာသို့ သယ်ဆောင်သွားကာ သားသတ်လိုင်စင်သမားကို ရောင်းချခဲ့ကြောင်း သိရှိရသည်။ သားသတ်လိုင်စင်သမားက ဘူးသီးတောင် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများသို့ ထပ်ဆင့် ဖြန့်ဝေရောင်းချလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ကျွဲ၊ နွား၊ တိရိစ္ဆာန်များကို တောင်ပြိုလက်ယာ ကျေးရွာအုပ်စုသို့လည်း သယ်ဆောင်သွားပြီး၊ ယင်းကျေးရွာမှ ဦးဟာရှိမ် (ဘ) ဦးအဒူကော်ရိမ်၊ ဦးမာမတ်ဒုလ်ဟောက် (ဘ) ဦးအာဘူဆူးဖီယန်၊ ဦးအုစ်မာန် (ဘ) ဦးရှောမ်ရှု၊ ဦးအာဘူလ်ဟူစိန်း (ဘ) ဦးအာရိဖ်အုလ္လာ၊ ဦးအာရောဖ်အာမတ် (ဘ) ဦးအာဘူဆူးဖီယန် တို့ကို ရောင်းချခဲ့သည်။ ၀ယ်ယူသူများက နယ်စပ်မိုင်တိုင် ၃၄ နှင့် ၃၅ တို့မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောပါသည်။

ရွက်ညိုတောင် ရခိုင်ရွာတွင် စုဆောင်းထားခဲ့သည့် ကျွဲ၊ နွား၊ ဆိတ်များကို သရက်အုပ် ကျေးရွာအုပ်စု တောင်ရွာမှ ဦးအာယုဖ် (ဘ) ဦးဆော်လာမတ်အုလ္လာ အား ရောင်းချခဲ့ပြီး၊ ၎င်းက သရက်အုပ်ကျေးရွာတွင် အသားများရောင်းချခဲ့သည့် အပြင် ကျောက်လှေကား၊ ဇင်ပိုင်ညာ၊ မင်္ဂလာကြီး ကျေးရွာများသို့ အကောင်လိုက် သယ်ဆောင်သွား၍ ရောင်းချခဲ့ကြောင်း သိရှိရသည်။ မောင်တောမြို့ပေါ်သို့ ရောင်းချခဲ့ခြင်းလည်း ရှိသည်ဟု ဒေသခံများက ပြောပါသည်။





RB News
31.12.2016

ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် တစ်မိနစ် ဆယ့်ငါးစက္ကန့် ဗီဒီယိုတစ်ခုကို ရဲတပ်ဖွဲ့ဝင် တစ်ဦး ကိုယ်တိုင် ရိုက်ကူး၍ လူမှုကွန်ယက်ပေါ်သို့ ဖြန့်ဝေလိုက်သည်။ အဆိုပါ ဗီဒီယိုသည် နာရီပိုင်းအတွင်း နိုင်ငံတကာသို့ ပျံ့နှံ့သွားပြီး နိုင်ငံတကာ စာနယ်ဇင်းသမားများက ရိုက်ကူးထားသည့် နေရာကို စုံစမ်းလျက် ရှိသည်။

အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ယခုဗီဒီယိုတွင် ပါသည့် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုပုံစံမျိုးမှာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပွားခဲ့ပြီး၊ RB News မှလည်း ယခု ဗီဒီယိုရိုက်ကူးထားသည့် နေရာကို စုံစမ်းလျက် ရှိသည်။



RB News
29.12.2016

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ အတွက် လူသားချင်း စာနာသည့် အထောက်အပံ့များ ယနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် စတင်ပေးပို့လိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများက ရေးသား ဖော်ပြထားသည်။ 

“ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းထားတဲ့ အတွက် အေးချမ်းစွာ နေထိုင်ရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီက လူသားချင်းစာနာသည့် အထောက်အပံ့ ပစ္စည်းများ Tanjung Priok ဆိပ်ကမ်းမှ တင်ပို့နေစဉ် ပြောကြားခဲ့သည်။ 

သမ္မတဂျိုကိုဝီက ရိုဟင်ဂျာများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စိုးရိမ်ပူပန်မှု၊ တစ်သားတည်း ရှိနေခြင်း တို့ဖြင့် ပေးပို့လိုက်သည့် ပစ္စည်းများကို ကောင်းမွန်စွာ လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။ 

ကုန်သေတ္တာ (၁၀) လုံးပေးပို့လိုက်ခြင်း ဖြစ်ပြီး၊ ခေါက်ဆွဲထုပ်များ၊ ကလေး အစားအစာများ၊ ဂျုံများ၊ အခြား အစားအသောက်များနှင့် ထမိန်များ ပါရှိသည်။ 

မြန်မာအစိုးရနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတို့ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် ယခုပစ္စည်းများ ပေးပို့ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှားသမ္မတက နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ စေလွှတ်၍ ရိုဟင်ဂျာများ လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများ ပေးပို့နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားပါသည်။ 

၂၀၁၆ နိုဝင်ဘာလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံသားများ ရိုဟင်ဂျာများ အတွက် ဆန္ဒပြနေကြစဉ်


(ဓါတ်ပုံ - State Counsellor Office Information Committee)


မောင်သစ္စာ (ရခိုင်ပြည်)
RB News
29.12.2016

အစိုးရရဲ့စိတ်ကြိုက် လက်ရွေးစင် သတင်းသမားအဖွဲ့ ရဲ့ ရခိုင်ခရီးစဉ်ဟာ "မီဒီယာလွတ်လပ်ခွင့်အရ လုံးဝ လွတ်လပ်ပါတယ်လို့ပြောနိုင်တယ်" ဆိုပြီး အဲဒီထဲက သတင်းသမားအချို့တွေ အစီရင်ခံနေခြင်းဟာ "ကိုယ်စီးနေတဲ့မြင်း အထီးမှန်း အမမှန်း မသိ"သလို ဖြစ်နေပါပြီ။

သတင်းထောက် ၁၃ ဦးပါဝင်တဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့တစ်ခုဟာ မြန်မာအစိုးရက နှစ်လကျော် သတင်းအမှောင်ချထားခဲ့တဲ့ မောင်တောခရိုင်ကို မကြာသေးခင်က အစိုးရရဲ့စီစဉ်ပေးမှုနဲ့ ပထမဆုံးအကြိမ်အဖြစ် သွားရောက် သတင်းယူခဲ့ပါတယ်။ အစိုးရကိုယ်တိုင်က သူတို့နဲ့ တစ်သဘောတည်းရှိမယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတွေကိုပဲ ရွေးချယ်စေလွှတ်ခဲ့တာကြောင့် အဲ့ဒီအဖွဲ့ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့တစ်ဖွဲ့ ဖြစ်နိုင်ပါ့မလားဆိုပြီး နိုင်ငံတကာက မေးခွန်းထုတ်ထားပါတယ်။ အစိုးရက စိတ်ကြိုက်ရွေးချယ်ပြီး အစိုးရရဲ့ အစီအမံနဲ့ စေလွှတ်ခဲ့တဲ့ အဲ့ဒီသတင်းအဖွဲ့ဟာ လက်တွေ့မှာရော တကယ်ပဲ လွတ်လပ်တဲ့ မီဒီယာအဖွဲ့ ဖြစ်နိုင်သလား၊ ဒီသတင်းသမား ၁၃ ဦးဟာ ကိုယ်သွားချင်တဲ့နေရာတွေကို သွားပြီး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ခဲ့သလား၊ သတင်းသမားတွေ ကိုယ်တိုင်ကရော ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျတဲ့ သတင်းသမားတွေလား စတဲ့မေးခွန်းတွေ တစ်ပုံတစ်ပင် ရှိနေတာပါ။ ဒီထဲက နာမည်ကျော် သတင်းသမား နှစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ နိုင်ငံခြား သတင်းထောက်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွေးအောင် ခေါ် ဦးဂျင်မီတို့ရဲ့ သတင်းယူနိုင်ခဲ့တဲ့ပုံစံ၊ မြေပြင်က လူတွေရဲ့ ပြောပြချက်တွေကို အခြေခံပြီး လေ့လာသုံးသပ် ကြည့်ကြရအောင်။

မောင်တောမှာ အစိုးရလက်နက်ကိုင်တွေ ဘာတွေကျူးလွန်ခဲ့သလဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းက နယ်ခြားစောင့်ရဲစခန်း နှစ်ခုနဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း တစ်ခုတို့ကို အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်တပ်၊ နယ်ခြားစောင့်ရဲနဲ့ လုံထိန်းရဲတို့ ပူးပေါင်းပြီး ရိုဟင်ဂျာကျေးရွာပေါင်းများစွာကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက် ချေမှုန်းခဲ့ပါတယ်။ အဲလို စီးနင်းဝင်ရောက်ခဲ့တာမှာ အစိုးရလက်နက်ကိုင် တပ်ဖွဲ့တွေက အပြစ်မဲ့ဒေသခံ ရိုဟင်ဂျာတွေအပေါ် လောင်ချာလို လက်နက်သုံးပြီး တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာတောင် ရှိခဲ့တယ်။ နောက်ထပ်လည်း ဒေသခံတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခဲ့တာတွေ ရှိပါတယ်။

အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေက အပြစ်မဲ့ ရိုဟင်ဂျာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်း၊ အမျိုးသမီး ၃၀၀ နီးပါးကိုလည်း အဓမ္မပြုကျင့်ခဲ့ခြင်း၊ အနည်းဆုံး ကျေးရွာငါးရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါတွေအပြင် ရိုဟင်ဂျာတွေရဲ့ ပစ္စည်းဥစ္စာတွေကို လုယက်ခဲ့တာတွေ၊ ကလေးသူငယ်တွေကို အရှင်လတ်လတ် မီးထဲ ပစ်သွင်းလိုက်တာတွေ၊ လူတွေကို အိမ်ထဲ ပိတ်လှောင်ပြီး မီးရှို့ပစ်ခဲ့တာတွေလည်း ရှိပါတယ်။ အပြစ်မဲ့ လူငယ်လူအိုမကျန် လူပေါင်း ၆၀၀ ကျော်ကိုလည်း အကြမ်းဖက်သမား ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးခဲ့ကာ အခုတော့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေလေပြီ။ နောက်ဆုံးတော့ ရွေးချယ်စရာမရှိတော့တဲ့ အားကိုးစရာမဲ့ ရိုဟင်ဂျာ ၃ သောင်းခွဲနီးပါးဟာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်ဘဝနဲ့ ခိုလှုံနေကြရပါပြီ။ တစ်ချို့ကတော့ ထွက်ပြေးစရာ လမ်းစရှာမတွေ့ခဲ့ဘဲ နီးစပ်ရာကျေးရွာတွေမှာ ဖြစ်သလို နေနေရပါတယ်။

နိုင်ငံတကာ မီဒီယာတွေရဲ့တင်ဆက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ မြန်မာအစိုးရရဲ့တုန့်ပြန်ချက်

ဒီလိုမျိုး ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်ထဲက တစ်ချို့တလေကို နိုင်ငံတကာ မီဒီယာတွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ရရာနည်းလမ်းနဲ့ တိတိကျကျ ဖော်ထုတ်ခဲ့ပြီး ကမ္ဘာကိုချပြနေပါတယ်။ ဒီတော့ ဒေသခံရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အထိ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ မြန်မာအစိုးအရအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်သံတွေက ညံသွားခဲ့သလို မြန်မာအစိုးရ အပေါ် ဖိအားပေးမှုတွေကလည်း အလုံးအရင်းနဲ့ ကျရောက်လာနေပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက ပြည်ပမီဒီယာတွေဟာ မဟုတ်မမှန် လုပ်ကြံထားတဲ့ တစ်ဖက်သတ် စွပ်စွဲချက် သတင်းတွေကိုပဲ မီဒီယာ ကျင့်ဝတ်နှင့် မညီဘဲ အဖျက်သဘောနဲ့ ဖြန့်ဝေနေတယ်လို့ စစ်အာဏာရှင်ရဲ့ လမ်းစဉ်အတိုင်း အခြေအမြစ်မရှိ စွပ်စွဲနေတာပါပဲ။ တစ်ဖက်က အရပ်သားအစိုးရလို့ ခေါ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရရဲ့ သတင်းပြန်ကြားရေးကလည်း အာဏာရှင်တွေရဲ့ဝါဒဆိုးအတိုင်း သတင်းအမှန်ကို အမှားနဲ့လဲလှယ်ပြီး ဘာသာစကား များစွာနဲ့ ရေးသားဖော်ပြရင်း ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။

ဒါတွေအပြင် နိုင်ငံတကာက မြန်မာအစိုးရအပေါ် တမင်တကာ ဖိအားပေးနေတယ်လို့ ယခင်က အာဏာရှင်တွေကြောင့် အကျပ်အတည်းကျရောက်ခဲ့တုန်းက သူကိုယ်တိုင် နိုင်ငံတကာရဲ့အကူအညီတွေ ဖောဖောသီသီ ကမ်းလှမ်းခဲ့ဖူးတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြန်လည်စွပ်စွဲခဲ့ပြီး ကျေးဇူးကန်းတစ်ဦးရဲ့ လက္ခဏာကို ရှက်ဖွယ်ရာ ဖြစ်အောင် ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နိုင်ငံရဲ့ မှတ်တမ်းဆိုးပိုင်ရှင် စစ်တပ်ရဲ့လူသတ်ဝါဒကို ကာကွယ်ပေးနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်နေတာပါ။ လျှမ်းလျှမ်းတောက် အာဏာတန်ခိုးရှိတဲ့ ထိုင်ခုံပေါ် ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံးသုတ်သင်ခြင်းခံနေရတဲ့ သူ့နိုင်ငံက လူနည်းစု ရိုဟင်ဂျာတွေကို လိုအပ်တဲ့ ကာကွယ်မှုတွေပေးဖို့ ပျက်ကွက်နေတယ်တဲ့အပြင် ရာဇာဝင်ရိုင်းတဲ့ သူ့နိုင်ငံက စစ်တပ်ကို ပိုဆိုးခွင့်ပေးနေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်လာတာ မဆန်းပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်ဆုရဲ့ပုံရိပ်တောင် သူ့ကြောင့် ရစရာမရှိအောင်ကို ပျက်ယွင်းသွားခဲ့ပါပြီ။

သတင်းသမားအဖွဲ့ရောက်ခဲ့တဲ့ မြေပြင်အခြေအနေ

ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်လေ့လာခဲ့တဲ့ အစိုးရစိတ်ကြိုက် အရွေးခံ သတင်းမီဒီယာ အဖွဲ့ဟာ မောင်တောမြို့ရှိ ကျေးရွာအနည်းငယ်ကိုပဲ ရောက်ခဲ့ပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ရွာ၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝါးပိတ်၊ ပြောင်းပိုက်၊ ငါးခူးရနဲ့ ကြိမ်ချောင်းရွာတွေကိုပဲ သွားရောက်ခဲ့ပါတယ်။ အထိနာဆုံးကျေးရွာတွေဖြစ်တဲ့ ကြက်ရိုးပြင်၊ ဒါးကြီးဇား၊ ပွင့်ဖြူချောင်း၊ ရေခဲချောင်းခွဆုံ၊ ကျားခေါင်းတောင်၊ ကျောက်ပြင်ဆိပ်၊ ဦးရှည်ကျ စတဲ့ ကျေးရွာတွေဖက်ကို ဒီသတင်းသမားအဖွဲ့က လှည့်တောင် ကြည့်ခွင့်မရခဲ့ဘူး။

သတင်းယူချိန်တွေကလည်း အင်မတန် နည်းပါးပါတယ်။ အိမ်တွေမီးရှို့ခံရခြင်း၊ အပြစ်မဲ့ဒေသခံတွေ အသတ်ခံရခြင်း၊ အမျိုးသမီးများစွာ မုဒိမ်းကျင့်ခံရခြင်း စတဲ့ ဥပဒေမဲ့ ထင်ရာစိုင်းခြင်းခံခဲ့ရတဲ့ ပြောင်းပိုက် ကျေးရွာသားတစ်ဦးက " ကျနော်တို့ရွာမှာတော့ သတင်းသမားတွေ ၁၅ မိနစ်လောက်ပဲ နေခဲ့တယ်" လို့ပြောပြတယ်။

နောက်အရေးကြီးတာ တစ်ခုက ဒေသခံတွေဟာ သတင်းသမားအဖွဲ့ကို လွတ်လွတ်လပ်လပ် တွေ့ခွင့်မရခဲ့တာပါပဲ။ ဘာလို့လဲဆိုတော့ သတင်းသမားတွေနဲ့အတူ အစိုးရ လက်နက်ကိုင်တွေဖြစ်တဲ့ စစ်သားတွေ၊ နယ်ခြားစောင့်ရဲတွေ အပြင် စရဖနဲ့ စသုံးလုံးတို့လို့ ထောက်လှမ်းရေး အဖွဲ့တွေလည်း အတူလိုက်ပါသွားခဲ့ပြီး သတင်းသမားတွေနဲ့ အနီးစပ်ဆုံးမှာ နေခဲ့လို့ပါ။ ဒီတော့ ဖြစ်စဉ်တွေ ပြောနိုင်ဆိုနိုင်တဲ့ ပညာတတ် ဒေသခံတွေဟာ သတင်းသမားတွေကို သွားမတွေ့ဝံ့ခဲ့သလို ရဲရဲဝံ့ဝံ့ သွားတွေ့တဲ့လူအနည်းငယ်တွေကလည်း လက်နက်ကိုင်တွေ၊ ထောက်လှမ်းရေးတွေရဲ့ ရှေ့မှောက်မှာ အဲဒီလက်နက်ကိုင်တွေကပဲ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ထွက်ဆိုဖို့ ဘယ်လိုမှ သူရဲကောင်း မဖြစ်နိုင်ခဲ့ပါဘူး။

"ကျနော်တို့ဖက်မှာ ဘာမှမဖြစ်ခဲ့ဘူးလေ။ အဲ့တော့ သူတို့က မောင်တောမှာ စစ်တပ်က မုဒိမ်းကျင့်ခဲ့တာရှိလား ဆိုပြီးမေးတယ်။ ကျနော်တို့ဖက်မှာ အဲ့လိုမျိုးမဖြစ်ခဲ့ဘူး ဆိုပြီးဖြေပေမယ့် သူတို့က မောင်တောအတိုင်းအတာနဲ့ ဖြေခိုင်းတယ်။ ဒါက အနာတခြား ဆေးတခြားဆိုတဲ့ စကားအတိုင်း ဖြစ်နေပါပြီ။ မုဒိမ်းမှု ဖြစ်ပွားခဲ့တာက မောင်တော မြောက်ပိုင်းမှာလေ။" ဆိုပြီး သတင်းသမားတွေရဲ့ လိုရာဆွဲ ကောက်ချက်ချ မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ မောင်တော တောင်ပိုင်း အလယ်သံကျော်ရွာသား တစ်ဦးက ရင်ဖွင့်ပါတယ်။

ဖြစ်ခဲ့သမျှတွေ မကြောက်မရွံ့နဲ့ ပြောပြခဲ့ရင်ရော ဘာဖြစ်မှာလဲ ဆိုပြီး မေးစရာရှိလာပြီ။ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်သားနဲ့ နယ်ခြားစောင့်ရဲတွေ ရှေ့မှောက်မှာ အဲ့ဒီစစ်သားနဲ့ နယ်ခြားစောင့်ရဲတွေ ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုတွေကို ထုတ်ဖော်ပြောပြခဲ့ရင် သတင်းသမား အဖွဲ့ပြန်သွားတာနဲ့ ပြောပြခဲ့သူတွေကို အဲဒီလက်နက်ကိုင်တွေက ညှဉ်းပန်းနှိပ်စက်တော့မှာပေါ့။ အဲ့ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့အခါမှာလည်း ဒီသတင်းသမားအဖွဲ့ကလည်း အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုတဲ့စကားအတိုင်း အကြိမ်ကြိမ် သေနေရတဲ့ ရိုဟင်ဂျာတွေက ဒေသခံအာဏာပိုင်တွေရဲ့ လုပ်ကွက်တွေ ကြိုမြင်နေတတ်ပါတယ်။ တကယ်လည်း အဲ့လို ဖြစ်နေပြီလေ။ အမျိုးသမီးပေါင်း သုံးရာကျော် မုဒိမ်းကျင့် ခံရတဲ့ထဲက အမျိုးသမီးတစ်ဦးက သူ့ကို စစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်ဆိုတာ ဘယ်နေမှာ ဘယ်နှစ်ယောက်က ကျင့်ခဲ့တယ်ဆိုပြီး တိတိကျကျ ပြောပြခဲ့တယ်။ အဲဒီတော့ ဘာဖြစ်လဲ။ အဲဒီသတင်းသမားတွေက သတင်းမထုတ်သေးခင်မှာပဲ အာဏာပိုင်တွေက အဲဒီအမျိုးသမီးကို အမှန်အတိုင်း ပြောရကောင်းလားဆိုပြီး ဖမ်းဆီးဖို့ လိုက်ရှာနေတယ်။ ဒီနေရာမှာ စဉ်းစားစရာ တစ်ခုက သတင်းသမားတွေက သူတို့ရတဲ့ သတင်းကို Public အတွက်ချမပေးခင် အာဏာပိုင်တွေ ဘယ်လို သိသွားခဲ့သလဲ ဆိုတာပါပဲ။ ဒီသတင်းသမားတွေ ကိုယ်တိုင်ကရော အာဏာပိုင်ကို ဒီအမျိုးသမီးကို ဖမ်းပြီး ပညာပေးဖို့ တီးတိုးအသိပေးခဲ့တယ်ဆိုတာ ယုံမှားစရာတောင်မရှိပါဘူး။ သတင်းသမားအဖွဲ့ရဲ့ မီဒီယာကျင့်ဝတ် ဖောက်ပြန်မှုက သိသိသာသာ ပေါ်လွင်ခဲ့လေပြီ။

ပြောရရင် ဒီသတင်းသမားအဖွဲ့က မီဒီယာကျင့်ဝတ်ကို တစ်စက်မှ လိုက်နာမှုမရှိခဲ့တာပါပဲ။ ဥပမာ အနေနဲ့ မုဒိမ်းမှုလို သတင်းတွေလိုက်ရတဲ့အခါ ခံရသူကို celebrity တစ်ယောက်ကို လူစည်းကားတဲ့နေရာမှာ အင်တာဗျူးလုပ်တဲ့ ပုံစံမျိုးနဲ့ အင်တာဗျူးလုပ်ခဲ့တာဟာ မီဒီယာကျင့်ဝတ်နဲ့ လုံးဝကို မညီဘူး။ မီဒီယာကျင့်ဝတ်အရဆို Rape Victim တွေရဲ့ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာ အရ နာမည်တောင် ဖော်ပြခွင့်မရှိပါဘူး။ အခုက ဘယ်အမျိုးသမီး မုဒိမ်းကျင့်ခံရတယ်လို့ ပြောတယ်ဆိုတာကို ဒီသတင်းသမားအဖွဲ့က အစိုးရကို တိတိကျကျ ပြောလိုက်တာပါပဲ။ အဲလိုမျိုး မီဒီယာကျင့်ဝတ်တွေကို ပေါ်တင်ချိုးဖောက်ခဲ့တဲ့ ဒီသတင်းသမားအဖွဲ့ထဲက တစ်ချို့က မီဒီယာလွတ်လပ်ခွင့်ရှုထောင့်ဖက်က လုံးဝ လွတ်လပ်ပါတယ်တို့၊ သူတို့က ဘက်လိုက်မှုကင်းတယ်တို့ စတဲ့ စကားကြီးစကားကျယ်တွေ ပြောနေခြင်းဟာ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိတဲ့ ကိစ္စလို ဖြစ်နေပါပြီ။

လူမျိုးနာမည် အသုံးအနှုန်း

ရခိုင်ပြည်နယ်ရဲ့ပြဿနာဟာ သိမ်မွေ့ နက်နဲတယ်။ ထိရှလွယ်တယ်။ ဒါကြောင့် လူမျိုးနာမည် အခေါ်အဝေါ်ကအစ သတိထားရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာရှိပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလီမခေါ်မိဖို့လည်း သူကိုယ်တိုင်က ညွှန်ကြားချက်ထုတ်ထားခဲ့ပါတယ်။ ဒါပေမယ့် သူ့အစိုးရ ပြန်ကြားရေးဌာနကအစ သူ့ပြန်ကြားချက်ကို လိုက်မနာဘဲ ဘင်္ဂလီဆိုပြီး ဆက်သုံးနေတာပါ။ ဒီထဲမှာ အခုသတင်းသမားအဖွဲ့ကလည်း ပါဝင်နေပါတယ်။ လူတစ်ဦးဟာ မိမိ Identity ကိုလွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါတယ်။ သူတစ်ပါးရဲ့အခွင့်အရေး တစ်ခုကို မလေးစားရင်တောင် အဲဒီလူကို မစော်ကားသင့်ပါဘူး။ ရိုဟင်ဂျာ အဖြစ်မသုံးချင်ရင် ဒေါ်အောင်စုကြည်ပြောသလို ရခိုင်ပြည်က မွတ်စ်လင်မ်များ ဆိုပြီး ရေးနိုင်ရက်သားနဲ့ ဘင်္ဂလီ ဘင်္ဂလီ ဆိုပြီး ဝီရသူအကြိုက် သုံးနှုန်းနေခြင်းကလည်း ဒီသတင်းသမားအဖွဲ့ဟာ ဘယ်လိုမှ သမာသမတ်ကျတဲ့ မီဒီယာသမားတွေ မဟုတ်တော့ဘူးဆိုတာ သိသာနေပါတယ်။

မီဒီယာအဖွဲ့ထဲမှာ ပါခဲ့တဲ့ ဦးစည်သူအောင်မြင့်ရဲ့ ပြောပြချက်

သူတို့အဖွဲ့ သွားရောက်ခဲ့တဲ့အခါ လွတ်လွတ်လပ်လပ်ရှိခဲ့ကြောင်း၊ သွားချင်တဲ့နေရာကို သွားနိုင်ခဲ့ကြောင်း၊ တွေ့ချင်တဲ့လူတွေနဲ့ တွေ့နိုင်ခဲ့ကြောင်း၊ လူတွေကလည်း အကြောက်အရွံ့မရှိ ဖြေဆိုခဲ့ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်ရှု့ထောင်အနေနဲ့ သတင်းတွေကို လုံးဝလွတ်လွတ်လပ်လပ် Cover လုပ်နိုင်ခဲ့ကြောင်း ဆိုပြီး အစိုးရပိုင် သတင်းစာဖြစ်တဲ့ Global New Light of Myanmar ကိုပြောပြခဲ့တယ်။

ဒါပေမယ့် စည်သူအောင်မြင့်က မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ရေခဲချောင်းခွဆုံ၊ ဓားကြီးဇားနဲ့ ပွင့်ဖြူချောင်းကျေးရွာတွေ၊ ပြီးတော့ ရွာလုံးကျွတ်မဟုတ်သော်လည်း အိမ်ခြေပေါင်းများစွာ မီးရှို့ခံရတဲ့ ကြက်ရိုးပြင်၊ ကျားခေါင်းတောင်၊ ဦးရှည်ကျ စတဲ့ ကျေးရွာတွေကိုရော ရောက်ခဲ့ပါသလား။ အများအားဖြင့် အဲ့ဒီကျေးရွာတွေက အမျိုးသမီးတွေပဲ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာ။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုမကျန် အပြစ်မဲ့အရပ်သား အနည်းဆုံး ၄၀၀ ကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေက ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ အဲ့ဒီရွာတွေမှာပဲ။ အိမ်ခြေမဲ့ဖြစ်နေပြီး ဒုက္ခသည်ဘဝရောက်နေရတဲ့လူတွေ၊ အဓမ္မပြုကျင့်ခံရသူတွေ၊ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ စတဲ့ တကယ်တွေ့သင့်တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ချင်ရင် အဲ့ဒီကျေးရွာတွေကိုပဲ သွားရမှာလေ။ အခုက အစိုးရရဲ့ လိမ်ညာမှု မိတ်ကပ်လိမ်း အစီအစဉ်နဲ့ သွားခဲ့ရတဲ့ခရီးစဉ်ကို မီဒီယာလွတ်လပ်ခွင့်ရှုထောင့်အရ လွတ်လပ်တဲ့ ဘာညာ ပြောနေတာဟာ တကယ်တော့ ဦးစည်သူအောင်မြင့်ကိုယ်တိုင်က လူသတ်သမား အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကို ကာကွယ်ပေးနေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ပြီးတော့ သူတို့ရောက်ခဲ့တဲ့ ငါးခူရကျေးရွာ အခြေအနေကို Frontier သတင်းဌာနကိုပြောပြတဲ့အခါမှာလည်း ငါးခူရမှာ လူတွေကို ရိုက်နှက်တာ မရှိခဲ့တဲ့အကြောင်း၊ ဖမ်းဆီးခဲ့သူတွေကိုလည်း ရိုက်နှက်တာတွေ မရှိခဲ့ကြောင်း ဆိုပြီး ပြောပြတယ်။ တကယ်တော့ ကျားကြီးတော့ ခြေရာကြီး ဆိုသလို ရက်စက်လွန်းအားကြီးတော့ ရက်စက်မှု ခြေရာက ဖျောက်မရအောင်ကြီးနေတာပါ။ ငါးခူရကနေ ဖမ်းဆီးခဲ့တဲ့ လူတွေထဲက ဦးဂျိန္နာခါန်အပါအဝင် အနည်းဆုံး နှစ်ဦးကို စစ်ဆေးရင်း သတ်ပစ်ခဲ့တာတွေ၊ ဦးဂျိန္နာခါန်ရဲ့ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်ကို မိခင်ရှေ့မှာပဲ လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး ဖမ်းဆီးသွားခဲ့တာတွေက ကမ္ဘာ့ ကုလသမဂ္ဂရုံးချုပ်အထိ ရောက်သွားခဲ့ပါတယ်။ ဒီတော့ ဦးစည်သူအောင်မြင့်ရဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုတဲ့ အစိုးရအလိုကျ ကြက်တူးရွေး လုပ်နေမှုက အမှန်တရားကို ဖုံးကွယ်ပြီး လူသတ်ကောင်တွေကို အကာအကွယ်ပေးချင်နေတာ သက်သက်ပါပဲ။

သတင်းသမားအဖွဲ့ထဲမှာပါတဲ့ နောက်ထပ်နာမည်ကြီး တစ်ဦးဖြစ်တဲ့ ဦးဂျင်မီက မောင်တော ခရီးစဉ်နဲ့ပတ်သက်ပြီး VOA မြန်မာပိုင်းကို ဒီလိုပြောပြတယ်။

VOA က မဆုမွန်က "ဒေသခံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့အတွက် လုံခြုံရေးစိုးရိမ်မှုတွေရှိနေတာရော တွေ့ခဲ့ပါလား" ဆိုပြီးမေးတာကို ဦးဂျင်မီ ဖြေကြားပုံက --

"မူဆလင်ရွာပေါ့။ အစ္စလာမ်ရွာတွေကတော့ သူတို့ကတော့ အခု ကြောက်နေကြတယ်။ စစ်သားမြင်ရင် ဘာပဲဖြစ်ဖြစ်ကြောက်နေကြတယ်။ တိမ်းရှောင်ကြတယ်။ သူတို့ပြောတာက တချို့ရွာသားတွေက ပြန်မလာကြဘူးပေါ့။ ပြန်မလာကြဘူးဆိုတာ သူတို့ပြောတာက အမျိုးမျိုးရှိတယ်။ ပြစ်မှုနဲ့ဆက်စပ်လို့လား၊ ကြောက်လို့ပဲ ပြန်မလာကြတာလားပေါ့နော်။ အဲ့လိုရှိတယ်။ ကျနော်တို့ မနေ့က သွားတဲ့ရွာဆိုရင် ကျနော်တို့မြင်တာတော့ လေးငါး၊ ဆယ်လုံးလောက်ရှိမယ်ထင်တယ်။ သူတို့ပြောတာတော့ စစ်သားက မီးရှို့တယ်လို့ပြောတယ်။ ကျနော်တို့မေးတော့ သူတို့က သေချာမြင်တယ်လို့ပြောတာပဲ။"

ဦးဂျင်မီကတော့ ဖြစ်ရပ်မှန်တွေကို သိနိုင်ခဲ့ပုံပေါ်ပါတယ်။ ဒေသခံတွေ ကြောက်ကြောက်ရွံ့ရွံ့ ပြောပြခဲ့တာတွေကို အမှန်အတိုင်း ပြန်ချပြရဲတယ်။

"လွတ်လွတ်လပ်လပ်တော့ လုပ်လို့ရပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ မေးမြန်းစုံစမ်းတယ်။ သူတို့ဘက်ကလည်း အဖြစ်အပျက်တွေကို ပြောပြတယ်ပေါ့။"

ဒါပေမယ့် သူလည်းပဲ လွတ်လွတ်လပ်လပ် သွားနိုင်ခဲ့တယ်လို့ ပြောခဲ့တာကတော့ လွဲနေဆဲပါ။ အပေါ်က ဖော်ပြထားသလို အထိနာဆုံးကျေးရွာတွေကို သွားရောက်နိုင်ခဲ့ခြင်းမရှိဘဲ သူတို့ဒီလိုပြောနေခြင်းဟာ ဘယ်လိုမှ ယုတ္တိဆန်မနေပါဘူး။

ဒါပေမယ့် ဦးဂျင်မီရဲ့ ပြောပြချက်ထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်ကတော့ - " ပြောပြတဲ့အခါ အစိုးရဘက်ကလည်း အခုနကပြောသလို Rape Cases တို့ မီးရှို့တဲ့ ကေ့စ်တို့က ကမ္ဘာမှာ တော်တော်လေးကို ပျံ့နှံ့ပြီး သတင်းတွေက မကောင်းဖြစ်နေတယ်။ အဲ့ဒီ့အတွက် နိုင်ငံတော်အနေနဲ့ ဒီဥစ္စာကို ဒီဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း ရှို့ရင်လည်း ဘာကြောင့်ပေါ့၊ စစ်ရေးလိုအပ်ချက်ကြောင့်အရပါ၊ ဒါမျိုး အကြောင်းတခုပေါ့၊ ဒါတွေကို သိသိသာသာ ဖြေရှင်းမှ သင့်တယ်လို့လည်း ကျနော်တို့ အကြံပြုချင်ပါတယ်။ သတ်သတ်မှတ်မှတ်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဒီကိစ္စက ဒီလိုပါ။ ဒီဘက်ကလည်း သက်သေအထောက်အထားတွေနဲ့ ရှင်းသင့်တယ်လို့ ကျနော်လည်း ထင်တယ်လေ။"

စစ်တပ်က မီးရှို့ခဲ့တဲ့ဟာကို အတည်ပြုတဲ့ အနေနဲ့ အဲ့လို မီးရှို့ခဲ့ရမှုက စစ်တပ်ရဲ့စစ်ဆင်ရေး လိုအပ်ချက်အရ ရှို့ခဲ့ရတယ်လို့ နိုင်ငံတော်က ဖြေရှင်းချက်ပေးသင့်ကြောင့် ဆိုပြီး ဖြေကြားသွားပုံက အင်မတန်မှ ယုတ္တိဆန်ပါတယ်။

အစိုးရအနေဖြင့်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေက မီးရှို့ခဲ့တာတွေ၊ သတ်ဖြတ်ခဲ့တာတွေ၊ မုဒိမ်းကျင့်ခဲ့တာတွေ၊ ဖမ်းဆီးခဲ့တာတွေနဲ့ လုယက်ခဲ့တာတွေကို မဟုတ်ပါဘူးလို့ ဇွတ်တရွတ် ဆက်ငြင်းနေမယ့်အစား စစ်ဆင်ရေးလိုအပ်ချက်အရ လုပ်ခဲ့ရတာပါလို့ ရိုးရိုးသားသား ဝန်ခံခဲ့ရင် ခံခဲ့ရသူတွေကိုလည်း အနည်းဆုံး စိတ်ဖြေစေမှာ ဖြစ်ပါတယ်။

ဒီတော့ ခြုံငြုံပြီး ပြောပြရရင် အစိုးရစိတ်ကြိုက် အရွေးခံ ဒီသတင်းသမားအဖွဲ့ဟာ လက်တွေ့မှာတော့ သူတို့ပြောနေသလို လွတ်လွတ်လပ်လပ် မရှိခဲ့ပါဘူး။ ဒေသခံတွေကလည်း ဖြစ်ရပ်အမှန်တွေကို လွတ်လွတ်လပ်လပ် မတင်ပြနိုင်ခဲ့ဘူး။ သတင်းရယူတဲ့အခါမှာလည်း မီဒီယာကျင့်ဝတ်ကို မလိုက်နာခဲ့ဘူး။ အဲ့ဒီသတင်းသမားတွေထဲက ဦးစည်သူအောင်မြင့်လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က အစိုးရဖက်က ဘက်လိုက်မှုတွေရှိနေတယ်။ ဒေသခံတွေရဲ့ ပြောပြချက်တွေကိုလည်း မှန်မှန်ကန်ကန် တင်ပြနေတာ မတွေ့ရဘူး။

မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက "ကျနော်တို့က မောင်တောခရိုင်မှာ ဘယ်နေ့ ဘယ်အချိန် ဘယ်အဖွဲ့က ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်နေသလဲဆိုတာ အသေအချာ အနီးကပ် စောင့်ကြည့်ပြီး မှတ်တမ်းတင်နေတာပါ။ ဒီတော့ ဒီသတင်းသမားအဖွဲ့ထဲမှာပါတဲ့ ဦးစည်သူအောင်မြင့်လို ပုဂ္ဂိုလ်ကတောင် မောင်တောမှာ အစိုးရလက်နက်ကိုင်တွေက လူ့အခွင့်အရေးချိုးဖောက်ခဲ့တာ မရှိပါဘူးဆိုပြီး ပြောနေခြင်းဟာ ဒီလူတွေကလည်း အစိုးရရဲ့အလိုတော်ရိ ဆိုတာ သိသာပါတယ်။ တကယ်လို့ အစိုးရက ဘာကိုမှ ဥပဒေမဲ့ ကျူးလွန်ခဲ့တာ မရှိခဲ့ဘူးဆိုရင် သတင်းသမားတိုင်းကို သတင်းယူခွင့်ပေးပေါ့ " ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ဒီတော့ အစိုးရက သူတို့စိတ်ကြိုက် ရွေးချယ်ပြီး မောင်တောခရိုင်ကို စေလွှတ်ခဲ့တဲ့ ၁၃ ဦးပါဝင်တဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့လေးဟာ မြန်မာအစိုးရဲ့ ရုပ်သေရုပ် သတင်းသမားအဖွဲ့တစ်ခုသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Rohingya Eye
RB News
29.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအုပ်စု၊ ရာမောက်ခါလီရွာမှ ရိုဟင်ဂျာများ၏ နေအိမ် (၁၆) လုံးနှင့် ဆိုင်ခန်း တစ်ခန်း တို့ကို နယ်ခြားစောင့်ရဲများက ဖြိုဖျက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၂) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာအုပ်စု၊ ရာမောက်ခါလီမှ ရိုဟင်ဂျာများ၏ နေအိမ် (၁၆) လုံးနှင့် ဆိုင်ခန်းတစ်ခန်း ဖြိုဖျက်ခဲ့ကြောင်း၊ အိမ်အများစုမှာ ၀ါးထရံ၊ ဓနိဖြင့် ဆောက်လုပ်ထားသည့် အိမ်များဖြစ်ပြီး၊ အိမ်ပိုင်ရှင်များမှ ကျဘန်းလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်ကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ -- 

(၁) အေဆာန်အုလ္လာ (ဘ) ဦးအမိရ်ဟူစိန်း (အသက် ၂၅ နှစ်)
(၂) ဦးရော်ရှိဒူလ္လာ (ဘ) ဦးအဒူရာမန် (အသက် ၃၅ နှစ်) 
(၃) ဖူတူးယာ (ဘ) ဦးဘာဂူးယာ (အသက် ၂၇ နှစ်)
(၄) ဦးဟာလာရှုနာ (ဘ) ဦးလာလူး (အသက် ၃၅ နှစ်) 
(၅) ဦးဇော်မာလ် (ဘ) ဦးအဒူဆလာမ် (အသက် ၃၅ နှစ်)
(၆) ဦးဆွေယာဒ်ကာဆိမ်း (ဘ) ဦးဇော်ကိရ်အာမတ် (အသက် ၄၃ နှစ်)
(၇) ရော်ဖိခ် (ဘ) ဦးရှောမ်ရှု (အသက် ၂၅ နှစ်)
(၈) ဦးဆော်လီမူလ္လာ (ဘ) ဦးအမိရ်အလီ (အသက် ၃၅ နှစ်)
(၉) ဦးရာမတ်အုလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၀ နှစ်)
(၁၀) နူရူ (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၂၀ နှစ်)
(၁၁) ဦးရော်ဖိခ် (ဘ) ဦးအမိရ်အလီ (အသက် ၃၂ နှစ်)
(၁၂) ဦးရော်ဟိမ်မူလ္လာ (ဘ) ဦးအာနိစ်မုစ်တာဖာ (အသက် ၃၅ နှစ်)
(၁၃) ဇူဘိုင်ရ် (ဘ) ဦးနူရ်အာမတ် (အသက် ၂၅ နှစ်)
(၁၄) ရော်ဖိခ် (ဘ) ဦးဆွေတာလာမ် (အသက် ၂၈ နှစ်)
(၁၅) ဦးမောန်တာစ် (ဘ) ဦးဇိုက်ဟူဆောင်း (အသက် ၃၅ နှစ်)
(၁၆) ဆွေတာလာမ် (အသက် ၂၈ နှစ်) -- တို့ဖြစ်ကြပြီး၊ ဆိုင်ဖျက်ခံရသူမှာ ဦးအေဆာန်အုလ္လာ (ဘ) ဦးဆိဒိတ်အာမတ် (အသက် ၂၈ နှစ်) ဖြစ်သည်။ 

ယင်းနေ့တွင်ပင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲမျာစည် ယင်းကျေးရွာအုပ်စု၊ လာလ်လူးခါးရွာမှ နေအိမ် (၆) လုံးကို ဖြိုဖျက်ခဲ့သည်။ အဆိုပါအိမ်များသည် တဲအိမ်များ ဖြစ်ပြီး၊ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ -- 

(၁) ဆော်လိမ် (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၂၁ နှစ်)
(၂) ဟာဖီးဇ်ဇာဟိတ်အုလ္လာ (ဘ) ဦးအဒူလ်ဖော်သာ (အသက် ၂၂ နှစ်)
(၃) ဆူဟိုဖ် (ဘ) မော်လ၀ီအာမာန်အုလ္လာ (အသက် ၂၁ နှစ်) 
(၄) ရာဟဲလ် (အသက် ၂၄ နှစ်) 
(၅) ဦးမာဒူလ္လာ (ဘ) ဦးဇိုက်ဟူဆောင်း (အသက် ၃၁ နှစ်)
(၆) ဦးဇူနိုက် (ဘ) ဦးဖူရုခ်အာမတ် (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။ 

အိမ်ဖျက်ခံရသူတစ်ဦးက “ကျွန်တော်တို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ အိမ်တွေ ဖြိုဖျက်ခံနေရတယ်။ အခု ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေ၊ ကလေးတွေရဲ့ လုံခြုံရေး လုံးဝ မရှိတော့ဘူး။ အခု အာဏာပိုင်တွေ လုပ်နေတဲ့ ပုံစံက ကျွန်တော်တို့ရဲ့ အိမ်တွေ ပြန်ဆောက်နိုင်မယ့် အခွင့်အလမ်းလည်း ပေးမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကို နိုင်ငံခြားသားတွေလို ဆက်ဆံနေတာ အလွန်ကို မတရား လုပ်နေတာ။” ဟု ပြောပါသည်။ 


ဝက်ကျိန်း ကျေးရွာတွင် ရိုဟင်ဂျာများ၏ နေအိမ် ဖြိုဖျက်နေရပုံ

MYARF
RB News
29.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်အရဟု ဆိုကာ ကျေးရွာမြေပုံတွင် ပါဝင်ခြင်း မရှိသည့် နေအိမ်များ၊ ဆိုင်ခန်းများဟု ဆို၍ ရိုဟင်ဂျာများ၏ နေအိမ်များ၊ ဆိုင်ခန်းများကို နေ့စဉ် ဖြိုဖျက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ယခင် နယ်မြေ ၅) မှ နယ်ခြားစောင့်ရဲများသည် လောင်းဒုံကျေးရွာအုပ်စုသို့ သွားရောက်၍ ကျွန်းခေါင်း ကျေးရွာမှ နေအိမ် (၁၁) လုံးနှင့် ဆိုင်ခန်း (၄)ခန်း၊ ကြိုက်ချောင်းကျေးရွာမှ နေအိမ် (၁၅) လုံးတို့ကို အတင်းအဓမ္မ ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဖြိုဖျက်ခံရသည့် နေအိမ်များတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်များလည်း ပါဝင်သည်။

နယ်ခြားစောင့်ရဲများသည် ဆင်သေပြင် ကျေးရွာမှ နေအိမ် (၂၅) လုံး၊ စေတီပြင်ကျေးရွာမှ နေအိမ် (၈) လုံးနှင့် ဆိုင်ခန်း (၃) ခန်း၊ မျှာဇင်ကျေးရွာမှ နေအိမ် (၁၅) လုံး တို့ကို ဖြိုဖျက်ပစ်ရန် အမိန့်ပေးခဲ့ပြီး၊ စံပယ်ကုံး ကျေးရွာအုပ်စု နေအိမ် (၈) လုံးကိုလည်း ဖြိုဖျက်ခဲ့သည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုမှ နေအိမ် (၃) လုံး ဖြိုဖျက်ခဲ့သည်။

ယင်းနေ့တွင်ပင် မောင်တောမြို့နယ် တောင်ပိုင်း၊ ပဒင်းကျေးရွာအုပ်စုမှ နေအိမ် (၁၁) လုံးနှင့် ဆိုင်ခန်း (၆) ခန်း ဖြိုဖျက်ခဲ့သည်။ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင်လည်း ဒုညောင်ပင်ကြီး ကျေးရွာမှ နေအိမ်အချို့ကို ဖြိုဖျက်ခဲ့သည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် မောင်တောမြောက်ပိုင်း၊ သရက်အုပ်ကျေးရွာမှ နေအိမ်အချို့ ဖြိုဖျက်ခဲ့ပြီး၊ ကျောက်ပြင်ဆိပ် ကျေးရွာမှလည်း နေအိမ် (၃၀) နီးပါးနှင့် ဆိုင်ခန်း (၁၅) ခန်း ဖြိုဖျက်ရန် အမိန့်ပေးခဲ့သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က မြို့ပေါ်နှင့် ဆင်ခြေဖုံး ကျေးရွာများမှ နေအိမ်များ ဖြိုဖျက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ စာရင်းပေးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ရိုဟင်ဂျာများ၏ နေအိမ် ၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရာပေါင်းများစွာ နေအိမ်များနှင့် ဆိုင်ခန်းများကို အတင်းအဓမ္မ ဖြိုဖျက်လျက် ရှိသည်။



MYARF
RB News
29.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ လူဦးရေ စစ်ဆေးလျက် ရှိပြီး၊ ဓါတ်ပုံရိုက်ခနှင့် အခြားသော ကိစ္စများ ငွေကြေး အဆမတန် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မ.က.ဖ တို့ ပူးပေါင်း၍ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာတွင် လူဦးရေ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး၊ လူဦးရေ စစ်ဆေးသည်ကို အကြောင်းပြု၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာဘိစ်အာမတ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဓါတ်ပုံ ရိုက်ခဟု ဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀/- စီ ကောက်ခံလျက် ရှိသည်။ ထို့အပြင် မ.က.ဖ က အိမ်ထောင်စု စာရင်းထည့်သွင်းထားရန်ဟု ဆိုကာ ပလတ်စတ်အိတ် တစ်ခုစီ ပေး၍ ငွေကျပ် ၁၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မ.က.ဖ က ငွေကျပ် ၁၀၀၀/- စီ ကောက်ခံလျက် ရှိသည့် ပလတ်စတစ်အိတ်၏ အမှန်တကယ် တန်ဖိုးမှာ ငွေကျပ် ၁၀၀/- သာ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ယခုပြုလုပ်လျက် ရှိသည့် လူဦးရေ စစ်ဆေးမှုသည် နှစ်စဉ် ဆွဲ၊တင်၊စစ် မဟုတ်သောကြောင့် ကလေး မွေးတိုးတင်ခြင်း၊ သေဆုံး၊ ထွက်ပြေးများကို ပယ်ဖျက်ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။ သို့သော်လည်း ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ကလေးမွေးတိုးတင်ပေးခြင်း၊ သေဆုံး၊ ထွက်ပြေးများကို ပယ်ဖျက်ပေးနိုင်ခြင်း မရှိသော်လည်း၊ ကလေးမွေးတိုး တင်ရမည့်သူများကို စာရင်းကောက်ခံပြီး ကလေးတစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- မှ ငွေကျပ် ၂၀၀၀၀/- ထိ ကောက်ခံလျက် ရှိသည်။ သေဆုံးနှင့် ထွက်ပြေးများကို စာရင်းကောက်ခံပြီး ငွေကျပ် ၅၀၀၀/- မှ ၂၀၀၀၀/- ထိ ကောက်ခံလျက် ရှိသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များရှိ ရိုဟင်ဂျာ ကျေးရွာအများစုတွင် ကျောက်ပြင်ဆိပ် ကျေးရွာတွင် ပြုလုပ်လျက် ရှိသည့် လူဦးရေ စစ်ဆေးမှုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ပြီး ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျေးရွာများတွင် အိမ်ထောင်စု တစ်စုလျှင် ဓါတ်ပုံရိုက်ခ ၅၀၀/- မှ ၁၀၀၀/- ကျပ်၊ ဓါတ်ပုံရိုက်ရန် လာသည့် နယ်ခြားစောင့်ရဲများကို ထမင်းကျွေးစရိတ် ၁၀၀၀/- ကျပ် - စုစုပေါင်း ၁၅၀၀/- မှ ၂၀၀၀/- ကျပ်စီသာ ကောက်ခံခဲ့သည်။ အချို့ကျေးရွာများတွင် ငွေကြေး တတ်နိုင်သူများက ထမင်းကျွေးစရိတ်နှင့် ဓါတ်ပုံရိုက်ခ စိုက်ပေးခဲ့သဖြင့် ငွေကောက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။


Rohingya Eye
RB News
28.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုမှ ဆင်အိုးရွာမှ ဒေသခံ ရိုဟင်ဂျာအမျိုးသမီး (၃) ဦးကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စု၊ ဆင်အိုးရွာသို့ စစ်သား (၃၀) ဦးခန့် ၀င်ရောက်လာပြီး လမ်းတွင် တွေ့ရှိသမျှ ကလေး၊ လူကြီးများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများပါ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရွာအတွင်းသို့ စစ်သားများ ၀င်ရောက်လာသည်နှင့် အမျိုးသားများသည် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ အမျိုးသားများ တိမ်းရှောင်သွားသည့် အခါ စစ်သား (၇) ဦးသည် နေအိမ် (၃) လုံးထဲသို့ ၀င်ရောက်၍ အိမ်ထောင်သည် အမျိုးသမီး (၃) ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အသက် (၂၁) နှစ်၊ အသက် (၂၂) နှစ်နှင့် အသက် (၃၀) နှစ် အရွယ်များ ဖြစ်ကြသည်။ 

ဦးအမီးရ်မိုဟာမတ် (အသက် ၃၅ နှစ်) နှင့် ဦးအဗ်ဒူမာဘုတ် (ဘ) ဦးဟိုက်ဒေါရ် (အသက် ၃၆ နှစ်) တို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့မှုကြောင့် ဦးအဗ်ဒူမာဘုတ်၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ဦးအဗ်ဒူမာဘုတ်၏ အိတ်ထဲတွင် ရှိသည့် ငွေကျပ် တစ်သောင်းကိုလည်း စစ်သားများက လုယက်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များကို လုံခြုံရေးနှင့် ဂုဏ်သိက္ခာအရ ချန်လှပ်ထားသည်။)


Rohingya Eye
RB News
28.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံက စီးပွားရေး လုပ်ငန်းရှင် အချို့ကို ဆင့်ခေါ်၍ ငွေကျပ် သိန်း ၃၀ တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံ ဦးမော်နိရ်အာမတ်သည် အနောက်ရွာမှ ဗိုလ်ထင်ကျော်၊ အောင်ဗလရွာမှ ကာလာချေ (အသက် ၃၂ နှစ်) တို့နှင့် ပူးပေါင်း၍ တရားဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော စီးပွားရေး လုပ်ငန်းရှင် (၅) ဦးကို ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ စာရွက်တစ်ရွာ ထုတ်ပြကာ ကျောက်လှေကား ကျေးရွာ အခြေစိုက်၊ နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးက တောင်းခံနေသည်ဟု အကြောင်းပြကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဆင့်ခေါ်ခြင်း ခံရသည့် စီးပွားရေး လုပ်ငန်းရှင်များမှာ -- 

(၁) ဟာဖီးဇ် ရှော်မ်ရှုအာလောမ် (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၄၀ နှစ်)
(၂) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၆ နှစ်) 
(၃) ဦးမူဟိဒ္ဒိန်း (ဘ) ဦးအာဘူလ်ဖော်ယာစ် (အသက် ၃၅ နှစ်)
(၄) ဦးဖေရုစ် (ဘ) ဦးအဒူဆလာမ် (အသက် ၄၂ နှစ်)
(၅) မော်လ၀ီဇော်မိလ် (ဘ) မော်လ၀ီဆီဒီးခ် (အသက် ၄၅ နှစ်) တို့ဖြစ်သည်။ 

ကျေးရွာတာဝန်ခံ အပါအ၀င် (၃) ဦးသည် ဒီဇင်ဘာလ (၁၁) ရက်နေ့ကလည်း အဆိုပါ လုပ်ငန်းရှင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်းစီ ညှစ်ယူခဲ့ကြောင်း ကျေးရွာလူကြီးတစ်ဦးက ပြောပါသည်။ 

အဆိုပါ လုပ်ငန်းရှင်များသည် တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသူများ မဟုတ်ဘဲ၊ အေးဆေးစွာ နေထိုင်ကြသူများ ဖြစ်ကြောင်း အဆိုပါ ကျေးရွာလူကြီးက ပြောပါသည်။ 

ကျေးရွာတာဝန်ခံ အပါအ၀င် (၃) ဦးသည် နယ်မြေ (၆) နယ်မြေမှူး၏ တပည့်များ ဖြစ်ကြပြီး၊ ရွာသားများကိုလည်း မကြာခဏ အနှောက်အယှက် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောပါသည်။ 


MYARF
RB News
26.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ တစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ၀က်ကျိန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာမြေပုံတွင် ပါဝင်ခြင်း မရှိသည့်အိမ်များဟု ဆိုကာ အိမ်ခြေ ၃၀ နီးပါး ဖြိုဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။

နယ်ခြားစောင့်ရဲများက စာရင်းတွင် ပါဝင်သည့် နေအိမ်များကို ဖြိုဖျက်ပစ်ရန် တစ်အိမ်ချင်း လိုက်လံ ပြောဆိုခဲ့ရာ နံနက် (၁၁) နာရီ အချိန်တွင် ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအမီးရ်ဟူစိန်း၏ နေအိမ်သို့ ရောက်ရှိပြီး အိမ်ဖြိုဖျက်ရန် ပြောဆိုခဲ့သည်။ 

ဦးဇာဟိတ်ဟူစိန်းက မိမိအနေဖြင့် အခြားရွာသားများ၏ အခြေအနေကို လေ့လာရမည် ဖြစ်ကြောင်း၊ ရွာသားများ၏ အခြေအနေကို မလေ့လာဘဲ အိမ်ဖျက်နိုင်မည် မဟုတ်ကြောင်း၊ အခြားရွာသားများ ဖျက်မှဖျက်မည် ဖြစ်ကြောင်း စောဒကတက်ခဲ့ရာ နယ်ခြားစောင့်ရဲများက ၎င်းကို ရိုက်နှက်ခဲ့သည့် အပြင် နယ်ခြားစောင့်ရဲ တစ်ဦးက ငါးကိုက်ခန့်အကွာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၎င်း၏ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများက ဦးဇာဟိတ်ဟူစိန်း၏ မိသားစုကို ခြိမ်းခြောက်၍ နေအိမ်ကို ချက်ချင်း ဖြိုဖျက်ခိုင်းခဲ့သည်။ ကျည်ဆံထိမှန်သူ ဦးဇာဟိတ်ဟူစိန်းသည် ထိုနေရာတွင်ပင် ဒဏ်ရာဖြင့် သတိလစ်သွားခဲ့သည်။ ၎င်းအား တမန်းသားကျေးရွာရှိ ဆေးခန်းသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးဇာဟိတ်ဟူစိန်းကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် နယ်ခြားစောင့်ရဲများက အခြား အိမ် (၆) လုံးကို ချက်ချင်း ဖြိုဖျက်ခိုင်းခဲ့သည်။ အခြားသော အိမ်အချို့ကိုလည်း ဖြိုဖျက်ပစ်ရန် အမိန့်ပေးပြီး နယ်ခြားစောင့်ရဲများ ရွာမှ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ယခု ဒီဇင်ဘာလ အတွင်းတွင် နယ်ခြားစောင့်ရဲများက နယ်မြေ (၁) နှင့် (၂) ရှိ ကျေးရွာများမှ ရိုဟင်ဂျာများ၏ နေအိမ် အမြောက်အမြားကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများသည် ရာသီဥတု အေးသည့် ဒဏ်ကြောင့် ခိုလှုံရန် နေရာမရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေကြရသည်။ 

အလားတူ မောင်တောမြို့နယ် တောင်ပိုင်းတွင်လည်း နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များကို နေ့စဉ် ဖြိုဖျက်လျက် ရှိသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ဂေါ်ဒူသာရ တံတားကင်းစခန်းမှ ရဲမှူးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာသို့ သွားရောက်၍ နေအိမ်များ ဖြိုဖျက်ထားခြင်း ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ လမ်းတွင် တွေ့ရှိသမျှ ကြက်၊ ဘဲ၊ ခိုများကို လေးခွနှင့် ပစ်၍ ဖမ်းယူသွားခဲ့သည်။ ငန်းဘဲ ၆ ကောင်၊ ကြက် ၁၀ ကောင်၊ ဘဲများနှင့် ခိုအချို့ကို ဖမ်းယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 


Rohingya Eye
RB News
26.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး လှမြင့်အား မောင်တောမြို့တွင် တဖန် တာဝန်ချပေးမည်ဆိုပါက မူးယစ်ဆေးဝါး လုပ်ငန်းများ ပိုမိုများပြားလာနိုင်သည့် အတွက် ၎င်းအား မောင်တောမြို့တွင် တာဝန်ချထား မပေးရန် မြို့ခံများက တောင်းဆိုနေကြသည်။

မောင်တောမြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီးလှမြင့်သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများထံမှ လစဉ် ပုံမှန် ဆက်ကြေး ကောက်ခံခြင်းအပြင်၊ အခြား လုပ်ငန်းရှင်များထံမှ ဖုန်းငွေဖြည့်ကဒ်များ တောင်းခံခြင်း၊ လူမျိုးဘာသာခွဲခြား၍ ညစ်ညမ်း ကြမ်းတမ်းသော စကားအသုံးအနှုန်းများ  သုံးစွဲ၍ ရိုဟင်ဂျာများကို ဒုက္ခပေးလျက် ရှိသော ရဲဝန်ထမ်းတစ်ဦး ဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူများအား ဖမ်းဆီးနိုင်ရန် ရဲစခန်းမှ အရာရှိများက ကြိုးစား၍ စီစဉ်လျှင် ၎င်းက အဆိုပါ အစီအစဉ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်သူများထံ ကြိုတင် အကြောင်းကြားခြင်းကြောင်း ဖမ်းဆီးနိုင်ခြင်း မရှိဘဲ လွတ်မြောက်သွားခဲ့ခြင်း များကို အရာရှိများက သိရှိသွားခဲ့ရာ ၎င်းနှင့် ပတ်သက်၍ အထက်အရာရှိကြီးများကို တိုင်ကြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ၎င်းအား စစ်တွေမြို့ရှိ ပြည်နယ် ရဲမှူးကြီးရုံးသို့ ပြောင်းရွှေ့ခန့်ထားခဲ့သည်။

တပ်ကြပ်ကြီး လှမြင့်သည် အောက်တိုဘာလတွင် မောင်တောမြို့သို့ ပြန်လည်ရောက်ရှိလာပြီး မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်သူများ ထံမှ ဆက်ကြေး တောင်းခံလျက် ရှိကြောင်း၊ မူးယစ်ဆေးဝါး ရောင်းသူတစ်ဦးနှင့် နီးစပ်သူတစ်ဦး ထံမှ စုံစမ်းသိရှိရသည်။

၎င်းသည် ပြည်နယ်ရဲမှူးကြီး ရုံးမှ (၃) လ ခွင့်ယူ၍ မောင်တောမြို့သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး၊ မြို့နယ် ရဲတပ်မှူး ရဲမှူး ကျော်မြ၀င်းက ၂၀၁၂ ခုနှစ် မီးရှို့မှုနှင့် အမှုရှိသူများကို ဖမ်းဆီးပေးလျှင် မြို့နယ် ရဲစခန်းတွင် တာဝန်တစ်ခု ပြန်လည်ပေးသွားမည်ဟု ပြောဆိုထားသည့် အကြောင်း ၎င်းနှင့် ရင်းနှီးသော လုပ်ငန်းရှင် တစ်ဦးကို ပြောပြထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် (၆) နာရီ အချိန်တွင် ၎င်းသည် ရဲတပ်ဖွဲ့ဝင် (၄) ဦးနှင့် အတူ မော်တော်ဆိုင်ကယ်များဖြင့် မြို့ဦးကျ ကျေးရွာအုပ်စု၊ လသာရွာနှင့် ဘာဆူးရွာသို့ သွားရောက်၍ ဒေသံများကို ၎င်းတောင်းခံသည့် ငွေများ ပေးရမည် ဖြစ်ကြောင်း၊ မပေးလျှင် အမှုဆင်၍ ထောင်ချမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ရပ်ကွက် (၅) ဈေးရှိ ငါးဆိုင်သို့ သွားရောက်၍ ဦးမာမတ်အီလီယာစ် (အသက် ၃၄ နှစ်) အား ဆိုင်ထဲမှ ဖမ်းဆီးခဲ့သည့် အပြင် ဆိုင်ရောင်းရငွေများကိုလည်း လုယက်ယူဆောင် သွားခဲ့သည်။ ထို့နောက် ဦးမာမတ်အီလီယာစ်ကို ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သူဟု လုပ်ကြံ စွပ်စွဲ၍ ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းနေ့တွင် ရပ်ကွက် (၅) မှ WY စိတ်ကြွဆေးပြား လုပ်ငန်းရှင်ကြီး ဦးရော်ဖိခ်၏ သား အတာရ်အာဇီးဇ် (အသက် ၂၃ နှစ်) ကို ဖမ်းဆီး၍ ငွေကျပ် သိန်း (၃၀) ညှစ်ယူခဲ့သည်။ ယင်းနေ့တွင်ပင် ရွှေဇားကျေးရွာအုပ်စု၊ ကပ္ပာကောင်းရွာမှ WY စိတ်ကြွဆေးပြား လုပ်ငန်းရှင် တစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း (၂၀၀) ယူ၍ ပြန်လွှတ်ပေးခဲ့သည်။

တပ်ကြပ်ကြီး လှမြင့်သည် မြို့မကညင်တန်း ကျေးရွာအုပ်စု၊ ဆီတီလ္လာရွာမှ ဦးဟာလူ (အသက် ၅၀ နှစ်) ၏ နေအိမ်သို့ ညအချိန်တွင် သွားရောက်၍ ပြည့်တန်ဆာ အမျိုးသမီးများ ခေါ်ယူကာ ပျော်မြူးလေ့ရှိသည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေး အပါအ၀င် လုပ်ငန်းစဉ် (၃) ရပ်ဖြင့် ရဲဝန်ထမ်းများကို ပြုပြင်မှုများ လုပ်ဆောင်နေသည်ဟု ပြောနေသော်လည်း၊ ရဲတပ်ကြပ်ကြီး လှမြင့်က အဆိုပါ လုပ်ငန်းစဉ်များ အကောင်အထည် မဖော်နိုင်ရန် ဟန့်တားမှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေသည်ကို တွေ့ရသည်။ ၎င်းအား မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ခွင့် ပေးပါက မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကျဆင်းမည် မဟုတ်ကြောင်း၊ ပို၍တိုးပွားသွားမည်သာ ဖြစ်သည့် အတွက် ၎င်းကို ထိရောက်စွာ အရေးယူပေးပါရန် မြို့ခံများက လိုလားလျက် ရှိနေကြသည်။


RB News
26.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ငါးစားကြူး ကျေးရွာအုပ်စု အတွင်းသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်လာပြီး ရိုဟင်ဂျာများ၏ နေအိမ်နှစ်လုံးနှင့် ဆိုင်တစ်ဆိုင် ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ငါးစားကြူး ကျေးရွာအုပ်စု အတွင်းသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်လာပြီး၊ မြောက်ရွာမှ ဒေသခံရိုဟင်ဂျာနှစ်ဦး၏ နေအိမ် နှစ်လုံးကို ဖျက်ဆီးလိုက်သည့် အပြင် အနောက်ရွာမှ ဆိုင်တစ်ဆိုင်ကိုလည်း ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောပါသည်။

နေအိမ်နှစ်လုံး၏ ပိုင်ရှင်များမှာ --

(၁) ဦးဆုလ်တာန်
(၂) ဦးဆလီမ်အုလ္လာ -- တို့ဖြစ်သည်။

ဦးဆလီမ်အုလ္လာ၏ မိသားစုသည် ကလေးနေမကောင်း၍ ကျေးလက် ဆေးခန်းကို သွားနေစဉ် အချိန်အတွင်း နေအိမ်ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အိမ်ပြန်ရောက်သည့် အချိန်တွင် ၎င်းတို့၏ နေအိမ်ကို ဖျက်ဆီးထားခြင်းကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှစ၍ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်ပေါင်း ၂၀၀၀ ကျော်ကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးပြီးနောက် ယခုအခါ နေအိမ်များကို ဖျက်ဆီးခြင်း၊ ယခင် န.စ.က မြေပုံတွင် မပါဟုဆိုကာ အတင်းအဓမ္မ ဖြိုဖျက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

မောင်တော တောင်ပိုင်းတွင် အတင်းအဓမ္မ ဖြိုဖျက်ခိုင်း၍ ဖြိုဖျက်နေသည့် ဆိုင်ခန်းများ

MYARF
RB News
25.12.2016

မောင်တော ။ ။ အောက်တိုဘာလ (၉) ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်နှင့် ရသေ့တောင်မြို့နယ်များမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းခစန်း (၃) ခုကို တိုက်ခိုက်ခံရမှုနှင့် ဆက်နွယ် ပတ်သက်နေသူများဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးထားသည့် ရိုဟင်ဂျာများကို တရားရုံးသို့ ရုံးတင်စစ်ဆေးခြင်း မပြုဘဲ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း သုံးခု တိုက်ခိုက်ခံရမှုနှင့် ဆက်နွယ် ပတ်သက်နေသူများဟုဆိုကာ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသား ၆၀၀ ဦးနီးပါးကို ဒေသဆိုင်ရာ အာဏာပိုင်များက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ရွာများထဲသို့ စီးနင်းဝင်ရောက်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရသူများကို အစပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ကို ဘူးသီးတောင်အကျဉ်းထောင်သို့ လွှဲပြောင်း၍ ချုပ်နှောင်ထားခဲ့ကြောင်း မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက ပြောပါသည်။

ထိုသို့ အပြစ်မဲ့ ဖမ်းဆီးခံရသူ အဆိုပါ ရိုဟင်ဂျာ အမျိုးသား ၆၀၀ ဦးနီးပါးတို့မှ အနည်းဆုံး ၈၀ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း၊ အနည်းဆုံး ၂၀၀ ဦးတို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်းကောင်း မောင်တောခရိုင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ တစ်ဦး၏ အဆိုအရ အချို့ကို ထောင်ဒဏ် ၂၀ နှစ်စီနှင့် အချို့ကို ၂၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

တရားစီရင်ခဲ့ပုံနှင့်ပတ်သက်၍ “တရားခံအဖြစ် စွပ်စွဲခံရသူတွေကို ဘူးသီးထောင် အကျဉ်းထောင်ကနေ မောင်တောခရိုင် တရားရုံးထိ အလုံပိတ်ကားတွေနဲ့ ခေါ်လာတယ်။ အဲ့လိုမခေါ်လာခင်ကတည်းက တရားရုံးအနီးတစ်ဝိုက်ကို နယ်ခြားစောင့်ရဲတွေ လုံခြုံရေးယူလိုက်တယ်။ ဘယ်သူ့မှ အဝင်မခံဘူး။ တရားခံလို့ စွပ်စွဲခံရတဲံလူတွေ တင်လာတဲ့ ကားတွေကိုတော့ တရားရုံးနဲ့ ကိုက် ၇၀ အကွာလောက်မှာ ရပ်ထားတယ်။ ပြီးတော့ တရားခံတွေကို ကားပေါ်မှာဘဲ ထားခဲ့ပြီး အမှုတွဲကိုင်ထားတဲ့ ရဲတွေ တရားရုံးထဲ ဝင်သွားတယ်။ ပြီးတော့ တရားသူကြီးရဲ့ ပြစ်ဒဏ် ချမှတ်တဲ့ အမိန့်စာနဲ့ ပြန်ထွက်လာပြီးတော့ တရားခံတွေကို ပြန်ခေါ်သွားတာပဲ။" ဟု အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက RB News သို့ ပြောပါသည်။

“ဘယ်ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာလဲ၊ ဘယ်နှစ်နှစ် ချမှတ်ခဲ့လဲ ဆိုတာ တရားခံ စွပ်စွဲခံထားရသူတွေကတောင် မသိဘူး။ အမှုတွဲကိုင်ထားသူက မင်းတို့ကို ၂၀ နှစ်နဲ့ ၂၅ နှစ်စီ ချလိုက်ပြီ ဆိုပြီ ပြောပြတာပဲ ရှိတယ်။ ရှေ့နေ ငှားပြီး တရားရင်ဆိုင်ခွင့် မရှိတာထားဦး။ တရားသူကြီးရှေ့ကိုတောင် ရောက်ခွင့်မရဘဲ ပြစ်ဒဏ်ချမှတ်ခံရတာ။ ဒီလူတွေက လူသားတစ်ဦးရဲ့တရားရေးဆိုင်ရာ အခြေခံ အခွင့်အရေးတွေ ဘာဆိုဘာမှ မရခဲ့တာ။" ဆိုပြီး ၎င်းက ဖြည့်စွက် ပြောပါသည်။

ပြည်ထောင်စုအစိုးရက ဖမ်းဆီးထားသူများကို ဥပဒေအညီ တိတိကျကျ တရားစီရင်နေကြောင်း၊ လွတ်လပ်စွာ ခုခံခွင့် ပေးထားကြောင်း ဟူ၍ သတင်းထုတ်ပြန်နေသော်လည်း လက်တွေ့မှာမူ တရားခံအပြစ် စွပ်စွဲခံထားရသူများသည် ဥပဒေမဲ့ တရားစီရင်ခံနေရသည်။

အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်မှုကို "သဒ္ဓါတရား လှုပ်ရှားမှုအဖွဲ့" ဟူသော တုတ်၊ ဓါးများ ကိုင်ဆောင်ထားသူ လူအနည်းစုပါဝင်သော အဖွဲ့က ၎င်းတို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် လူမှုကွန်ရက်တွင် ဗီဒီယိုတင်၍ ဝန်ခံထားသည်။

ယခုဖမ်းဆီးခံရသူများသည် သာမန်အရပ်သား ပြည်သူများသာ ဖြစ်ပြီး အစိုးရက ရိုဟင်ဂျာချေမှုန်းရေး စီမံချက်ဖြင့် မတရား သဖြင့် ဖမ်းဆီး၍ ဥပဒေမဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်ကို တွေ့ရှိရသည်။ ဖမ်းဆီးခံရထားသူများကို ၎င်းတို့၏ မိသားစု၊ ဆွေးမျိုးများကလည်း ယခုအချိန်ထိ ထောင်ဝင်စာ သွားတွေ့ခွင့်မရကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ အစိုးရထုတ်ပြန်ချက်တွင် မောင်တောခရိုင်မှ ရိုဟင်ဂျာ စုစုပေါင်း ၅၇၅ ဦးဖမ်းဆီးထားသည်ဟု ရေးသားဖော်ပြထားသည်။


ဦးရှည်ကျ ကျေးရွာနှင့် ကျားခေါင်းတောင် ကျေးရွာများမှ ရိုက်နှက်ခံရသူများ








RB News
25.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာနှင့် ကျားခေါင်းတောင် ကျေးရွာ အတွင်းသို့ စစ်သားများ ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် ၅ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာကို စစ်သားများက ၀ိုင်းပြီးနောက် ကျေးရွာအတွင်းသို့ သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၆၀ နှစ် အရွယ် ဦးဆေးဖော့တ်အုလ္လာ (ဘ) မော်လ၀ီအာဘူလ်ဘာဆဲရ်၏ တင်ပါးကို ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများသည် ရွာအတွင်းရှိ နေအိမ်များထဲသို့ ၀င်ရောက်၍ လုယက်ခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ကလေး၊ လူကြီးများပါ မကျန် ဒေသခံရွာသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို တစ်နေရာတွင် စုခိုင်းပြီး မုဒိမ်းကျင့်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ ကျားခေါင်းတောင် ကျေးရွာထဲသို့လည်း စစ်သားများ ၀င်ရောက်၍ ဒေသခံ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးများကို အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တင်ပါးတွင် ကျည်ဆံ ထိမှန်ခဲ့သူ







Rohingya Eye
RB News
25.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပြိုလက်ဝဲမြို့ရှိ ကျေးရွာ အချို့ နေအိမ်များနှင့် ဆိုင်ခန်းများကို နယ်ခြားစောင့်ရဲများက ယခင် န.စ.က မြေပုံတွင် မပါရှိသည့် နေအိမ်များဟု ဆိုကာ ဖြိုဖျက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း သဲချောင်း ကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဇူးသားခါလီရွာမှ ရိုဟင်ဂျာများ၏ နေအိမ် (၃) လုံးနှင့် ဖာရီးရွာမှ ဆိုင်ခန်း (၂) ခန်းကို ဒီဇင်ဘာလ (၂၂) ရက်နေ့က ဖြိုဖျက်ခဲ့ပြီး၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ယင်းကျေးရွာအုပ်စု မော်ဒီရွာမှ အိမ်ခြေ (၅) လုံးကိုလည်း ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇူးသားခါလီရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) မော်လ၀ီမိုဟာမတ်ရှာဟဲတ် (ဘ) ဦးအဘုလ်ဟူစိန်း (အသက် ၃၁ နှစ်)
(၂) ဦးဖေရာအလီ (ဘ) ဦးဂေါ်ဖောရ် (အသက် ၂၅ နှစ်)
(၃) ဦးနူရ်မုစ်တာဖာ (ဘ) ဦးနူရူဟောက် (အသက် ၄၂ နှစ်) -- တို့ဖြစ်သည်။ 

ဖာရီးရွာမှ ဖြိုဖျက်ခံရသည့် ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးအေနာတူလ္လာ (ဘ) ဦးဟာလိမ်မူလ္လာ (အသက် ၄၁ နှစ်)
(၂) ဦးဒေါ်လူ (ဘ) ဦးအဘူနူမာန် (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။ 

မော်ဒီရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ -- 

(၁) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဆွေတာလာမ် 
(၂) နူရ်အာလောမ် (ဘ) ဦးမာမတ်အလီ (အသက် ၂၀ နှစ်)
(၃) မာမတ်ရှောရီဖ် (ဘ) ဦးရှောမိန်းဇော်လာလ် (အသက် ၂၅ နှစ်)
(၄) ဇာဖောရ်အာလောမ် (ဘ) မော်လ၀ီဟာကိမ်းအလီ (အသက် ၂၄ နှစ်)
(၅) အာယုဖ် (ဘ) ဦးဆွေယာဒ်နူရ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။

မောင်တောမြို့နယ် မြောတာင် ကျေးရွာအုပ်စု ဘော်သိလ္လာရွာမှ နေအိမ် (၄) လုံးနှင့် အလယ်ရွာမှ အလယ်ရွာမှ နေအိမ် (၂) လုံးတို့ကိုလည်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက န.စ.က မြေပုံတွင် မပါရှိဟု ဆိုကာ ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဖြိုဖျက်ခဲ့သည်။

ဘော်သိလ္လာရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) အေကာမုဒ္ဒိန်း (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်)
(၂) ဦးအဒူဆလာမ် (ဘ) ဦးအော်လီအာမတ် (အသက် ၃၂ နှစ်)
(၃) ဦးအေဆာန် (ဘ) မော်လ၀ီဆော်လာမတ် (အသက် ၂၈ နှစ်)
(၄) ဦးဆီရာဇူလ်အစ္စလာမ်၏ ဇနီး ဒေါ်နူရ်ဇာန် (အသက် ၂၈ နှစ်) -- တို့ဖြစ်သည်။

အလယ်ရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) အလီဇူဟာရ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်)
(၂) ဖူးခါးဟ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၄ နှစ်) -- တို့ဖြစ်သည်။

“အခုဖျက်ခံရတဲ့ အိမ်တွေ အများစုက တဲအိမ်တွေပါ။ ပိုင်ရှင်တွေက တော်တော်လေးကို ဆင်းရဲကြတယ်။ ပလတ်စတစ်နဲ့ အမိုးကာထားတဲ့ အိမ်တွေပါတယ်။ အခု လုပ်ကိုင်စားသောက်လို့လည်း မရကြဘူး။ အငတ်ဘေး ကြုံနေရတဲ့ အချိန်မှာ နိုင်ငံတွင်းကနေ ထွက်ပြေး သွားအောင် မောင်းထုတ်နေတာနဲ့ အတူတူပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့က မြောတောင် ကျေးရွာသို့ မ.က.ဖ အဖွဲ့ ရောက်ရှိလာပြီး ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဓါတ်ပုံရိုက်ခဟု ဆိုကာ ငွေကျပ် ၂ ထောင်စီ ကောက်ခံခဲ့ပြီး၊ ခရီးလွန်သူများ အတွက် အုပ်ချုပ်ရေးမှူးထံမှ ခရီးလွန်နေကြောင်း ထောက်ခံချက် ယူပေးခဲ့ရသည်။ မိသားစုထဲမှ ခရီးလွန်သူ ရှိပြီး၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပြလျှင် မ.က.ဖ အဖွဲ့က ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သဖြင့် ငွေကြေး မတတ်နိုင်၍ စစ်ဆေး မခံနိုင်ခဲ့သည့် အိမ်ထောင်စု (၁၅) စု ရှိကြောင်း ဒေသခံများက ပြောပါသည်။

တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦးသည် ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် လာဖိုယာရွာသို့ သွားရောက်၍ ရိုဟင်ဂျာများ၏ နေအိမ် (၆) လုံးကို ဖြိုဖျက်ခဲ့သည်။ 

ဖြိုဖျက်ခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးဇာဖောရ် (ဘ) ဦးရော်ရှိတ်အာတ် (အသက် ၃၀ နှစ်)
(၂) မာမတ်ရော်ရှိတ် (ဘ) ဦးဆီရာဇူလ္လာ (အသက် ၂၅ နှစ်)
(၃) ဦးဒိလ်မိုဟာမတ် (ဘ) ဦးရော်ဒူဒိန်း (အသက် ၅၀ နှစ်)
(၄) ဖိုက်ဆဲလ် (ဘ) ဦးအစ္စလာမ် (အသက် ၂၄ နှစ်)
(၅) အွစ်မာန် (ဘ) ဦးနူရူး (အသက် ၂၃ နှစ်)
(၆) မာမတ်အာယုဖ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။ 

အဆိုပါ အိမ်များသည် ၀ါးထရံ၊ ဓနိဖြင့် ဆောက်လုပ်ထားသည့် နေအိမ်များ ဖြစ်ပြီး၊ ကွမ်းသီးပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ယင်းအိမ်များကို န.စ.က မြေပုံတွင် တင်ပေးမည်ဟု ဆိုကာ လွန်ခဲ့သည့်နှစ်က ငွေကျပ် ၅ သောင်းစီ ကောက်ခံခဲ့သည်။ သို့သော်လည်း အမှန်တကယ် မြေပုံတွင် တင်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 





RB News
25.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာသို့ 

ယနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့နယ်အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာသို့  တပ်မတော်မှ တပ်ရင်းမှူး တစ်ဦးနှင့် စစ်သား ၃၀ ကျော် ရောက်ရှိလာပြီး အသံချဲ့စက်ဖြင့် နှိုးဆော်၍ လည်းကောင်း၊ ရာအိမ်မှူးများမှ တဆင့် ကျေးရွာသူ၊ ကျေးရွာသားများကို အစည်းအဝေး ခေါ်ယူခဲ့ရာ၊ ကျေးရွာသား ၁၀၀ ကျော်က ကြောက်စိတ်ဖြင့် သွားရောက်၍ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် အမျိုးသမီးများ ပါရမည်ဟုဆိုကာ ထပ်မံခ်ါယူခဲ့ရာ အမျိုးသမီးများက စိုးရိမ်ပူပန်ပြီး တိမ်းရှောင်သွားခဲ့သည်။ တပ်ရင်းမှူးက စစ်သားများကို အမျိုးသမီးများကို ရအောင် ခေါ်ယူလာရန် အမိန့်ပေးလိုက်ရာ၊ စစ်သားများက နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ လုယက်ခြင်းများ ပြုလုပ်ပြီးနောက် သက်ကြီး အမျိုးသမီး ၅၀ ကျော်ကို ခေါ်လာခဲ့သည်။ 

အစည်းအဝေးတွင် တပ်ရင်းမှူးက သောင်းကျန်းသူများနှင့် အဆက်အသွယ် ဖြတ်ရန်၊ အဆက်အသွယ် မဖြတ်လျှင် စစ်မြေပြင်ဖြစ်သွားခဲ့ရသည်ကို သင်ခန်းစာယူရန်၊ စစ်တပ်သည် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကဲ့သို့ မဟုတ်ကြောင်း၊ စစ်တပ်ဝင်လာလျှင် ပြည်သူများ နစ်နာမှု ရှိသည်မှာ သဘာဝ ဖြစ်ကြောင်း ပြောဆို၍ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦး RB News သို့ပြောသည်။ 

အစည်းအဝေး တက်ရန် သွားရောက်ခဲ့သည့် ဦးဟာလဲတ်ဟူစိန်း (ဘ) ဦးအဒူလာကိမ်း (အသက် ၇၀ နှစ်) ကို စစ်သားတစ်ဦးက ၃ ချက် ကန်ကျောက်ပြီး၊ ငွေကျပ် တစ်သောင်း လုယက်ခဲ့သည်။ အဆိုပါကိစ္စကို တပ်ရင်းမှူးက သိရှိသွားသောအခါ တပ်ရင်းမှူးက အဆိုပါ စစ်သားအား ငွေကျပ် ၃ ထောင် ထုတ်ပေးခိုင်းပြီး၊ တောင်းပန် စကားဆိုခဲ့သည်။ 

နေအိမ်များအတွင်းသို့ စစ်သားများ ၀င်ရောက်၍ လုယက်စဉ် ဦးမော်နုမျာ (ဘ) ဦးအာဖာလာတုံ ထံမှ ငွေကျပ် ၉ သိန်း၊ ဦးအာနောရ်အလီ (ဘ) ဦးအဒူလောတီ ထံမှ ငွေကျပ် နှစ်သောင်း တန်ဖိုးရှိ စောင် ၂ ထည် တို့ကို လုယက်ခဲ့သည်။ 

“အစည်းအဝေး ခေါ်တဲ့ ပုံစံနဲ့ အိမ်တွေထဲကို ၀င်လုလို့ ရအောင် အကွက် ဖန်တီး ပေးထားသလို ဖြစ်နေတယ်။ အခုလို လုယက်ပြီး ခြိမ်းခြောက်ရင် လူတွေက ကြောက်လန့်ပြီး ထွက်ပြေး သွားကြမယ်။ အဲဒီလို ဖြစ်စေချင်လို့ အခုလို လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



RB News
24.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ငါးရန့်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လုံး၊ ကျေးရွာတာဝန်ခံ ဦးမာမတ်နှင့် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၃) ဦးတို့သည် ငါးရန့်ချောင်း ကျေးရွာအုပ်စုရှိ ရပ်ကွက် (၁၆) ခုမှ နေအိမ် (၂၂၈) လုံးကို ဖြိုဖျက်ရမည်ဟု ဆိုကာ ရပ်ကွက်များ အတွင်းသို့ သွားရောက်၍ နယ်ခြားစောင့်ရဲများက အိမ်များ ဖြိုနေသည့် ဓါတ်ပုံများ ရိုက်ယူခဲ့သည်။ ဓါတ်ပုံများကို ဟန်ပြသာ ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် အိမ်ထောင်စု (၂၂၈) စုကို ခြိမ်းခြောက်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်းထိ ညှစ်ယူခဲ့ပြီး စုစုပေါင်း ငွေကျပ် (၇၁) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

လူဦးရေ စစ်ဆေးရာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးက တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀/-၊ မွေးတိုးတစ်ဦးလျှင် ငွေကျပ် ၅၀၀၀/-၊ သေဆုံး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀/-၊ ခရီးလွန်တစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- စီ ကောက်ခံခဲ့ပြီး ငွေသိန်းချီ ရယူခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဆိုင်ခန်းများ ဖြိုဖျက်ရေး ကိစ္စနှင့် ပတ်သက်ပြီး ငါးရန့်ချောင်းမှ ကျောင်းအုပ်ဆရာကြီး ဖြစ်သူ ဦးနူရ်မာမတ်နှင့် အုပ်ချုပ်ရေးမှူး ဦးမောင်လုံးတို့ စကားများခဲ့ပြီး၊ ဆရာကြီးနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သော်လည်း မြို့နယ် ပညာရေးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က ကြားဝင်၍ စေ့စပ်ပေးခဲ့ကြောင်း သိရှိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံး သည် ယခင် ရာထူးမှ ရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးကောင်းစိန်လှ၏ ညီဖြစ်ကြောင်း သိရှိရသည်။


RB News
24.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြု၍ ရွာသားများထံမှ ငွေသိန်း ၃၀ ကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမာမတ်အာရော်ဖ်သည် ကျေးရွာအတွင်း လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြု၍ ဒေသခံများထံမှ စားစရိတ်ဟု ဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀/- နှုန်းဖြင့် အိမ်ထောင်စု ၉၆၀ မှ ငွေကျပ် ၂၈ သိန်း ၈ သောင်း ညှစ်ယူခဲ့ပြီး၊ မွေးတိုး တစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ကလေး ၁၇၅ ဦးအတွက် ငွေကျပ် ၈၇၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပညာတတ် တစ်ဦးမဟုတ်ဘဲ၊ စစ်အစိုးရ လက်ထက်တွင် ထောက်လှမ်းရေး၏ သတင်းပေး တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး၊ ရွာသားများကို ထောက်လှမ်းရေးနှင့် ပေါင်း၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေရှာခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကိုလည်း ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးများ ဖြစ်သည့် ဦးမျိုးတင့်ဇော်နှင့် ဦးသန်းရွှေ တို့ကို လာဘ်ငွေ အမြောက်အမြား ပေး၍ ရယူထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

၂၀၁၀ ခုနှစ်တွင် အုပ်ချုပ်ရေးမှူး ရာထူးကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်ကို လာဘ်ငွေ အမြောက်အမြားပေး၍ ရယူခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဆန္ဒမဲဖြင့် ရွေးချယ်ရာတွင် ၎င်းနှင့် ပြိုင်ဘက်ဖြစ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဂျော်မိလ် အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေထံ လာဘ်ငွေ သန်းချီ ပေး၍ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး၊ ရွာသားများကို ခြိမ်းခြောက်၍ မဲများယူကာ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ၂၀၁၅ ခုနှစ်တွင်လည်း ၎င်း၏ ပြိုင်ဘက် ဦးဟာဘီအုလ္လာက မဲအများဆုံး ရခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေအား လာဘ်ငွေ သိန်းရာချီ ပေး၍ ရွေးကောက်ပွဲ တစ်ဖန်ပြုလုပ်ကာ ရွာသားများကို ခြိမ်းခြောက်၍ မဲများယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကို ရယူခဲ့သည်။

၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူး အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း၊ ရာဇ၀တ်မှုများ ကျူးလွန်ခြင်းကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိပြီး၊ ရွာသားများက အထက် အာဏာပိုင်များထံ တိုင်ကြားလျှင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ၎င်းထံမှ သိန်းရာချီ၍ လာဘ်ငွေ ရယူထားသောကြောင့် မည်သည့် အခါမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက RB News သို့ပြောပါသည်။


Rohingya Eye
RB News
24.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက ကျေးရွာအချို့မှ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာ မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် ၎င်း၏ အပိုင် ပဒေါင်းကျေးရွာအုပ်စု၊ ဂဇောန်ဒီးယာ ရွာမှ တဲအိမ် (၄) လုံးနှင့် ဆိုင်ခန်း (၆) ခန်း၊ ခူးန်ခရားဖာရာရွာမှ အိမ် (၄) လုံး၊ ဆိုင်ခန်း (၃) ခန်းနှင့် မန်ကျည်းချောင်းကျေးရွာမှ နေအိမ် (၂) လုံး၊ ဆိုင်ခန်း (၁၀) ခန်းတို့ကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာ မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဒီဇင်ဘာလ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့ များတွင် အတင်းအဓမ္မ ဖြိုဖျက်ခဲ့သည်။

နေအိမ်များ၊ ဆိုင်ခန်းများကို ဖြိုဖျက်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပိုင်ရှင်များကို အမိန့်ပေးခဲ့ပြီး၊ အိမ်ပိုင်ရှင်များက ဆောင်းရာသီတွင် အိမ်များ ဖြိုဖျက် ဖျက်ဆီးလိုက်လျှင် ကလေးသူငယ်များ နေထိုင်ရေး အတွက် ခက်ခဲမည်ဟု ဆိုကာ ဖြိုဖျက်လိုခြင်း မရှိသော်လည်း ရဲမှူးနှင့် အဖွဲ့က အိမ်ပိုင်ရှင်များကို အတင်းအဓမ္မ ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဂဇောန်ဒီးယာရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးအဘူဆော်ယာဒ် (ဘ) ဦးအာနူမျာ (အသက် ၂၇ နှစ်)
(၂) ဦးရာမတ်အုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၂၈ နှစ်)
(၃) ဦးဇူဘိုင်ရ် (ဘ) ဦးမာဆောင်း (အသက် ၃၃ နှစ်)
(၄) ဦးအေနာမုလ္လာ (ဘ) ဦးမာဆောင်း (အသက် ၂၈ နှစ်) -- တို့ဖြစ်ပြီး၊

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၂၈ နှစ်)
(၂) ဦးအစ္စမိုင်လ် (ဘ) ဦးအာဘူတာရ် (အသက် ၂၉ နှစ်)
(၃) ဦးဆော်လမူ (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၄၂ နှစ်)
(၄) ဦးဟာရဲစ်အုလ္လာ (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၂၈ နှစ်)
(၅) ဦးအလီမျာ (အသက် ၅၀ နှစ်)
(၆) ဦးမာမတ်အလီ (ဘ) ဦးနာဂူမျာ (အသက် ၄၂ နှစ်) -- တို့ဖြစ်သည်။

ခူးန်ခရားဖာရာရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးမူဘာရဲခ် (ဘ) ဦးအာဆဲရာ (အသက် ၃၀ နှစ်)
(၂) ဦးဟာဆိမ်း (အသက် ၃၄ နှစ်)
(၃) ဒေါ်ယာစ်မီးန် (အသက် ၄၀ နှစ်)
(၄) ဦးရော်ဟီးမ်မုလ္လာ၏ ဇနီး (အသက် ၅၀ နှစ်) -- တို့ဖြစ်ပြီး

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးရာမတ်အုလ္လာ (ဘ) ဦးအဘူဇော်မိလ် (အသက် ၄၅ နှစ်)
(၂) ဦးရော်ဖိတ် (ဘ) ဦးအီလီယာစ် (အသက် ၃၄ နှစ်)
(၃) မော်လ၀ီအီနုစ် (ဘ) ဦးဘောဆိရ်အာမတ် (အသက် ၃၇ နှစ်) တို့ဖြစ်သည်။

မန်ကျည်းချောင်းမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်ဟာရဲစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၈ နှစ်)
(၂) ဦးဇော်မိလ်ရှား (အသက် ၄၂ နှစ်) -- တို့ဖြစ်ပြီး

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်ဟာရဲစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၈ နှစ်)
(၂) ဦးမာမတ်တော်ယုဖ် (ဘ) ဦးနူရ်အာလောမ် (အသက် ၂၀ နှစ်)
(၃) ဇာဟိတ်အာလောမ် (ဘ) ဦးရှုနာမျာ (အသက် ၂၃ နှစ်)
(၄) မာဘူရောန် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၂၅ နှစ်)
(၅) ဦးမာမတ်နူရ် (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်)
(၆) ဇာဂိရ်အာလောမ် (ဘ) ဦးဖော်ဇော်ဟောက် (အသက် ၁၉ နှစ်)
(၇) ဦးမုစ်တာခ်အာမတ် (ဘ) ဦးဖော်ဇော်ဟောက် (အသက် ၃၅ နှစ်)
(၈) နူရ်ကမာလ် (ဘ) ဦးမာမတ်ဆော်ယောဒ် (အသက် ၂၀ နှစ်)
(၉) မာမတ်အူမောရ် (ဘ) ဦးအာယုဖ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

ဖြိုဖျက်ခံခဲ့ရသည့် အိမ်အများစုမှာ ၀ါးထရံ၊ ဓနိ စသည်တို့ဖြင့် ဆောက်လုပ်ထားသည့် တဲအိမ်များဖြစ်ပြီး၊ ဆိုင်ခန်းအများစုမှာလည်း ၀ါးထရံ၊ ဓနိ စသည်တို့ဖြင့် ဆောက်လုပ်ထားသည့် ဆိုင်များ ဖြစ်သည်။ အိမ်ပိုင်ရှင် အများစုမှာ ကျဘန်းလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ကြကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့ကလည်း အဆိုပါ ရဲမှူးက ဂဇောန်ဒီးယာရွာမှ နေအိမ် (၂) လုံးနှင့် ဆိုင်ခန်း (၃) ခန်း၊ ခူန်းခရားဖာရာရွာမှ ဆိုင်ခန်း (၄) ခန်း ဖြိုဖျက်ရန် ထပ်မံ၍ အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။


RB News
24.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် ဦးလှဖေ တောင်ရွာရှိ ကင်းစခန်းမှူးနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့က အတွင်းငှက်သေ ကျေးရွာအုပ်စု၊ သိမ်တောင်ရွာကြီးမှ ဦးအီဆုပ် (ဘ) ဦးရှာကဲရ်၏ မော်တော်ဆိုင်ကယ်ကို ဦးဆီရာဇုလ်အစ္စလာမ်က ခဏငှားစီးခဲ့ရာ မတော်တဆ လဲကျ၍ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးကို တိုက်မိခဲ့သည်။ တိုက်မိသည့် ကလေးသည် သွေးထွက်သံယို ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ကိစ္စငယ်တစ်ခုကို ၎င်းကိုယ်တိုင် ရှင်းနိုင်သော်လည်း မရှင်းဘဲ ချက်ချင်းဆိုသလို ဦးလှဖေ တောင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ခဏအကြာတွင် ကင်းစခန်းမှူးနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဦးဆီရာဇုလ်အစ္စလာမ်ကို လက်ထိပ်ခတ် ဖမ်းဆီးကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ယင်းနေ့ နေ့လည် တစ်နာရီ အချိန်တွင် ဦးဆီရာဇူလ်အစ္စလာမ်၏ မိဘများကို ဆင့်ခေါ်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆိုင်ကယ် မောင်းနှင်ခဲ့သူ ဦးဆီရာဇူလ်အစ္စလာမ် သည် ငွေကြေး ချို့တဲ့သူ ဖြစ်ပြီး ကွမ်းယာဆိုင်တစ်ဆိုင်နှင့် မိဘကို လုပ်ကျွေးနေသူ တစ်ဦးဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ကို ပိုင်ရှင်ဖြစ်သူ ဦးအီဆုပ်ထံ ပြန်လည် မအပ်နှံဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးကို အပ်နှံလိုက်သည်။ ဦးအီဆုပ်က အကြိမ်ကြိမ် ပြန်တောင်းသောအခါ ယင်းဆိုင်ကယ်ကို ကင်းစခန်းမှူးကို အပြီးပေးလိုက်ပြီ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

အုပ်ချုပ်ရေးမှူးသည် ယခင်ကလည်း န.စ.က များနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်ခဲ့သူ ဖြစ်ပြီး၊ ယခုလည်း နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ မတရားသဖြင့် ငွေညှစ်နေခြင်းကို သက်ဆိုင်ရာမှ အရေးယူပေးရန်နှင့် သိမ်းဆည်း၍ ကင်းစခန်းမှူးကို ဆိုင်ကယ်ပေးလိုက်သည်မှာ မတရားမှုတစ်ခု ဖြစ်သောကြောင့် ဆိုင်ကယ်ကို ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ရေးအတွက် အထက် အာဏာပိုင်များက ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

အလားတူ ကျောက်ဖြူတောင် ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်း၏ သတင်းပေး တစ်ဦးဖြစ်သူ အာယုပ် (ဘ) ဦးအေဖာစ်ဇော်ဒိန်သည် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ယင်းရွာမှ မော်လ၀ီဇာဖော်ရ်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ၎င်းကို တပ်မတော်တပ်ရင်းမှ သတင်းပေး အဖြစ် အသုံးပြုနေသောကြောင့် ရွာထဲတွင် ရွာသားများကို မထီမဲ့မြင်လုပ်ကာ မဟုတ်မမှန် လုပ်ကြံ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။




RB News
23.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ အသက် (၆၅) နှစ် အရွယ် အပြစ်မဲ့ ဒေသခံတစ်ဦးကို စိတ်ကြွဆေးပြားများ လက်ဝယ်ရရှိသည်ဟု ဆိုကာ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် WY စာတမ်းပါ စိတ်ကြွဆေးပြားများ သယ်ဆောင်သွားနေသူ နှစ်ဦးကို ကျောက်ပြင်ဆိပ် ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်ကို ကျေးရွာအတွင်းရှိ ဦးဇာဟိတ်ဟူဆောင်း၏ ဆိုင်တွင် အပ်နှံထားခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာလဲစ်အာမတ် က နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးရှိ ရဲမှူး ထံသို့ ရွာသားများ အရှေ့တွင်ပင် ဖုန်းဆက်၍ အကြောင်းကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“စိတ်ကြွဆေးပြားတွေ သယ်သွားနေတဲ့ လူနှစ်ယောက်ကို .. သူတို့ နာမည်တွေတော့ မသိဘူး .. ကျောက်ပြင်ဆိပ်ကနေ သူဦးလာရွာဘက်ကို သွားနေတဲ့ လမ်းမှာ ကျောက်ပြင်ဆိပ် အုပ်ချုပ်ရေးမှူးက ဖမ်းလိုက်တယ်။ ပြီးတော့ အဲဒီလူနှစ်ယောက်နဲ့ အတူ ဦးဇာဟိတ်ဟူဆောင်းရဲ့ ဆိုင်ကိုလာပြီး၊ စိတ်ကြွဆေးပြား အထုတ် ၄ ထုတ်ကို ဆိုင်မှာ အပ်ပြီး နယ်မြေမှူးဆီ ဖုန်းဆက်တယ်။ အဲဒီ အချိန်မှာ ရွာသားတွေ ၀ိုင်းကြည့်နေတယ်။ ရွာသားတွေ ရှေ့မှာ အုပ်ချုပ်ရေးမှူးက ဖုန်းခေါ်တာ။ ဖုန်းပြောနေတဲ့ အချိန်မှာ ဖမ်းခံထားရတဲ့ လူနှစ်ယောက် ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အုပ်ချုပ်ရေးမှူးက နယ်မြေမှူးနှင့် ဖုန်းပြောနေစဉ် ဖမ်းခံထားရသူ နှစ်ဦး ထွက်ပြေးသွားသောကြောင့် အုပ်ချုပ်ရေးမှူးက ဦးဇာဟိတ်ဟူစိန်း ထံမှ စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်ယူ၍ ဆိုင်ကယ်ပေါ်သို့ တင်ကာ ဆိုင်ကယ်မောင်းနှင်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ထွက်သွားခဲ့သည်။ နယ်မြေရုံး၌ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ အပ်နှံခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ထို့နောက် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဦးဇာဟိတ်ဟူဆောင်းကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဦးဇာဟိတ်ဟူစိန်းကို စိတ်ကြွဆေးပြား ၉၅၀၀ ပြား ဖြင့် ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံများထံမှ စုံစမ်းသိရှိချက်များ အရ စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်၏ ပိုင်ရှင်အမှန်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦး၏ အကျိုးတူ လုပ်ကိုင်နေသူ တစ်ဦး၏ စိတ်ကြွဆေးပြားများ ဖြစ်ကြောင်း၊ အထုတ် (၄) ထုတ်တွင် စိတ်ကြွဆေးပြား (၄) သောင်း ပါကြောင်း စုံစမ်းသိရှိရသည်။

“ပိုင်ရှင်အမှန် ဘယ်သူလဲဆိုတာ နယ်မြေမှူးလည်း သိပါတယ်။ အခု စိတ်ကြွဆေးပြား ပိုင်ရှင်က G-1 အထိ ပေါက်ရောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပိုင်ရှင် ဘယ်သူဆိုတာ သိပေမယ့် နာမည် ထုတ်မပြောရဲဘူး။ ပြောတာနဲ့ G-1 နဲ့ပေါင်းပြီး ကျွန်တော်တို့ ရွာကို ဒုက္ခပေးမယ်။ အထုတ်တွေထဲမှာ ၄ သောင်းပါတယ် ဆိုတာ အဲလို ဆေးပြားတွေ ကယ်ရီလုပ်သူတစ်ယောက်ဆီက သိရတာ၊ အခု စာရင်းပြတော့ ၃၀၅၀၀ ပျောက်နေတယ် ဆိုတော့ နယ်မြေမှူးနဲ့ ဆေးပြား ပိုင်ရှင်တို့ ပေါင်းလုပ်မှန်း သိသာတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသူမှာ အပြစ်မဲ့ တစ်ဦးဖြစ်ပြီး၊ တစ်ရွာလုံးမှလည်း အာမခံပေးနိုင်သူ အသက် ၆၅ နှစ်အရွယ် တစ်ပိုင်တစ်နိုင် ဈေးဆိုင်ရောင်းချနေသူ တစ်ဦး ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ အနေဖြင့် မြေပြင်တွင် တကယ် ဖြစ်ပျက်နေသည်များကို သေချာ စုံစမ်း၍ သတင်းတင်သင့်ပြီး၊ ယခုကဲ့သို့ နေ့စဉ် သတင်းမှားများ တင်နေပါက နိုင်ငံတကာရှေ့တွင်သာမက ပြည်သူများ၏ အယုံအကြည်ပါ ဆုံးရှုံးလာမည်ဟု မောင်တောမြို့ရှိ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူများက ပြောဆိုပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်



Rohingya Exodus