နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မအရှေ့ ရပ်ကွက်မှ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်နေသည့် လူငယ်တစ်ဦးကို နယ်ထိန်း တပ်ကြပ်ကြီး လှမြင့်နှင့် အဖွဲ့ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ်၊ မြို့မအရှေ့တောင် ရပ်ကွက်မှ ကိုမာဒူး (ဘ) ဦးဆွေတာမတ် (အသက် ၂၆ နှစ်) သည် မြို့တော်ခန်းမရှေ့၊ ရှေ့နေ ဦးသာထွန်းအောင်၏ ဆိုင်တန်းလတွင် စားကုန်ဆိုင် တစ်ဆိုင်ဖွင့်၍ မိသားစုအတွက် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရာ ၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် ၎င်း၏ ဆိုင်မှ ပစ္စည်းများကို မြို့မ အရှေ့ရပ်ကွက်၊ ရွာသစ်ရွာမှ ရခိုင်အစွန်းရောက်များက ၃ ရက်တိုင်တိုင် ဖောက်ထွင်း၍ ယူဆောင် သွားခဲ့သည်။ ဆိုင်ဖောက်ထွင်းခံရခြင်းကြောင့် ၎င်း၏ လုပ်ငန်းလည်း ပျက်ပြားသွားခဲ့ပြီး မိသားစု စားဝတ်နေရေး အကျပ်အတည်း ဖြစ်ခဲ့ရသည်။ ယင်းအချိန် မောင်တောမြို့နယ်၌ ပဋိပက္ခ ဖြစ်ပွားနေချိန် ဖြစ်ပြီး၊ မီးရှို့မှုတွင် ပါဝင်သူများဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ချိတ်ဆွဲထားသည့် စွပ်စွဲခံရသူများ စာရင်းတွင်လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။

ကိုမာဒူးသည် အရင်းအနှီး အနည်းငယ်ဖြင့် မြို့မတောင်ရပ်ကွက်ရှိ မြို့မငခူရဈေး (ယခုအခေါ် ရိုဟင်ဂျာဈေး) တွင် ၂၀၁၃ ခုနှစ်မှစ၍ စားကုန်ဆိုင် တစ်ဆိုင် ဖွင့်လှစ်၍ လုပ်ကိုင်စားသောက် နေသည်မှာ ယနေ့တိုင်ဖြစ်ရာ၊ ၎င်းကို မည်သည့် အခါကမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ရှာဖွေခဲ့ခြင်းမျိုး မရှိခဲ့ပေ။

ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် ၁၀း၃၅ နာရီ အချိန်တွင် မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့ တပ်ကြပ်ကြီးလှမြင့်၊ ဒုတပ်ကြပ်ထွန်းလှကျော် အပါအ၀င် ရဲတပ်ဖွဲ့ဝင် (၄) ဦးက ၎င်းကို ဖမ်းဆီး၍ ရဲစခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

၎င်းကို ရဲတပ်ဖွဲ့ဝင်များက ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် လုပ်ကြံ ဖန်တီး၍ ဖမ်းဆီးထားခြင်း ဖြစ်ပြီး၊ ၎င်း၏ လုပ်ငန်းပါ ပျက်ပြားသွားအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ကိုမာဒူးသည် ရိုးသား၍ အေးချမ်းစွာ နေထိုင်သူ ဖြစ်ပြီး၊ အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦး ဖြစ်ကြောင်း၊ ၎င်းကို မတရားသဖြင့် ဖမ်းဆီးထားခြင်းသာ ဖြစ်သည်ဟု ရပ်ကွက်သူ/သားများက တညီတညွတ်တည်း ပြောဆိုလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

“တပ်ကြပ်ကြီး လှမြင့်က စီးပွားရေး အဆင်ပြေတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးပြီး မီးရှို့မှုနဲ့ လုပ်ကြံနေတာ အတော်လေး ဆိုးတယ်။ ပဋိပက္ခ ဖြစ်ခဲ့တာ အခုဆိုရင် (၅) နှစ်ရှိပြီ၊ အခုထိ မီးရှို့မှုမှာ ပါနေတယ်ဆိုပြီး စာရင်းလုပ်နေတာ အတော်လေး အံ့သြစရာကောင်းတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ဥပဒေကို မိမိရဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်နေတဲ့ အကျင့်ပျက် ဦးလှမြင့်လို ရဲတပ်ဖွဲ့ဝင်ကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ အခုဖမ်းထားတဲ့ လူငယ်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 




MYARF
RB News
11.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေများကို ထပ်မံ သိမ်းယူလိုက်ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနေရာတွင် လွန်ခဲ့သည့် (၈) နှစ်ခန့်က န.စ.က နယ်မြေ (၁၁)စခန်းအခြေစိုက်စဉ် ဘုရားပြင်အောင်ပ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၂၀) ဧက ကျော် သိမ်းပိုက်၍ စခန်းကို တည်ဆောက်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက လယ်မြေပိုင်ရှင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာပင် မပြုလုပ်ဘဲ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၈) ဧက ကို အဖက်ဖက်မှ အလံနီများ စိုက်ထူကာ အုတ်များဖြင့် ခြံစည်းရိုး ကာရံရန် အတွက် အုတ်များ စုဆောင်း ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“လွန်ခဲ့တဲ့ (၈) နှစ်ကလည်း လယ်မြေ ဧက ၂၀ ကျော် သိမ်းယူပြီး အခု (၈) ဧက ထပ်သိမ်းတာ ပိုင်ရှင်တွေ အကြောင်းတောင် မကြားဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

လယ်မြေ (၈) ဧက သိမ်းဆည်းခံရသည့် ပိုင်ရှင်များမှာ --

(၁) ဦးမူဇေရ် (ဘ) ဦးအဒူလော်တီ (သိမ်းခံရသည့် လယ်မြေဧက ၀.၄ ဧက)
(၂) ဦးဆောမောတ် (ဘ) ဦးကာလူ (သိမ်းခံရသည့် လယ်မြေဧက ၁ ဧက)
(၃) ဦးအဒူရောန် (ဘ) ဦးအာနိုမျာ (သိမ်းခံရသည့် လယ်မြေဧက ၂.၄ ဧက)
(၄) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအဒူရှကူရ် (သိမ်းခံရသည့် လယ်မြေဧက ၂.၈ ဧက)
(၅) ဦးအာမိရ်ဟူဆောင်း (ဘ) ဦးဆိဒိတ် (သိမ်းခံရသည့် လယ်မြေဧက ၁.၄ ဧက) -- တို့ဖြစ်ကြသည်။




MYARF
RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း မှ ရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို NVC ကဒ် လက်ခံရန် ခြိမ်းခြောက် ပြောဆိုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၅) မှ ရဲမှူး ကျော်သူရီ အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် ငါးစီးဖြင့် တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်း၊ ရပ်မိရပ် ဦးမာမတ်နုရ် တို့ကို ခေါ်ယူကာ ယင်းကျေးရွာအုပ်စု၊ နူရူလ္လာရွာ သို့သွားရောက်၍ ယင်းရွာမှ NVC လက်ခံမည်ဟု ပြောကြားထားသော အာမတ်ရှား (ဘ) ဦးအာမိရ်ဟမ်ဇား (ပါတီကောင်စီခေတ် ကျေးရွာ အတွင်းရေးမှူးဟောင်း) နှင့် ရှောမ်ရှုအာလောမ် (ဘ) ဦးလာလ်မာမတ် တို့နှင့် အတူ ရွာအတွင်း လှည့်လည်၍ တွေ့သမျှ ရွာသားများကို NVC လက်ခံမည်လားဟု မေးမြန်းခဲ့သည်။

ရွာသားများက လက်မခံနိုင်ဟု ဖြေကြားသောအခါ ရဲမှူးနှင့် အဖွဲ့က NVC လက်မခံလျှင် ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမည် ဖြစ်ကြောင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားခွင့် ပေးမည် မဟုတ်တော့ကြောင်း၊ လုပ်ငန်းများ အားလုံး ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထောင်ချမည် ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ခြိမ်းခြောက်မှုမျိုးစုံ လုပ်သော်လည်း ရွာသားတစ်ဦး တစ်ယောက်ကမှ NVC ကဒ် လက်ခံရန် သဘောမတူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရဲမှူးနှင့် အဖွဲ့ ညနေ ၄ နာရီထိ ရွာအတွင်း လှည့်လည်၍ ရွာသားများကို ခြိမ်းခြောက်ခဲ့သော်လည်း NVC ကဒ် လက်ခံမည့်သူ မရသဖြင့် ညနေ ၄ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။




RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် တူရကီနိုင်ငံ အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့် ဆန်အိတ်များ လက်ခံရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုသို့ တူရကီနိုင်ငံသူ နှစ်ဦးနှင့် အတူ မြန်မာနိုင်ငံသား (၄) ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး၊ ဆန်အိတ် ၃၀၄ အိတ် လှူဒါန်း၍ ဓါတ်ပုံများ ရိုက်ကူးယူပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

လှူဒါန်းသည့် အဖွဲ့အစည်းမှာ TIKA ဖြစ်ပြီး၊ တူရကီနိုင်ငံနှင့် ပြည်သူပြည်သားများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ဖြစ်သည်။

ကျီးကန်းပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက ဆန်အိတ် ၃၀၄ အိတ်မှ ၄၄ အိတ်ကို န.တ.လ ရွာငယ်များ ဖြစ်သည့် အောင်ဇေယျနှင့် အောင်သာယာ များသို့ ခွဲဝေပေးခဲ့ပြီး၊ အလယ်ရွာသားများ အတွက် ၆၂ အိတ်၊ အနောက်ရွာသားများ အတွက် ၆၁ အိတ်၊ ၀ါးပိတ်ရွာသားများ အတွက် ၆၀ အိတ်၊ တောင်ရွာသားများ အတွက် ၆၀ အိတ် အသီးသီး ခွဲတမ်း ပေးခဲ့ကြောင်း၊ ကျန်သည့် ၁၇ အိတ်ကို အုပ်ချုပ်ရေးမှူးက လမ်းစရိတ်ဟု ဆိုကာ ဖြတ်တောက်ယူခဲ့ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူးက သူ့မှာ ကုန်ကျစရိတ်ရှိတယ်။ လမ်းစရိတ်၊ သယ်စရိတ် ဆိုပြီး ၁၇ အိတ် ဖြတ်ယူလိုက်တယ်။ အခုပေးတဲ့ ဆန်အိတ်တွေက အနည်းဆုံး ၂ သောင်း တန်ပါတယ်။ ၁၇ အိတ်ဆိုတော့ ၃၄၀၀၀၀ ပေါ့။ တကယ်တမ်း စရိတ်ရှိမယ် ဆိုရင်တော့ အများဆုံး ၈ သောင်းပါ။ အုပ်ချုပ်ရေးမှူးရဲ့ အခွင့်အာဏာ ရထားတော့ ဆင်းရဲသားတွေဆီက ရသလို ဖြတ်တာပေါ့ဗျာ” ဟု ကျီးကန်းပြင်မှ ဒေသခံတစ်ဦးက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၀ါးပိတ်ရွာမှ ရိုဟင်ဂျာ ရွာသားများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်၍ ရွာမှ မောင်းထုတ်ပြီးနောက် ရွာလုံးကျွတ် မီးရှို့ခဲ့သည်။ တစ်လကျော်ခန့် အကြိမ်ကြိမ် မီးရှို့ခဲ့သည့် အတွက် ၀ါးပိတ်ရွာတွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် လုံးဝ မရှိတော့ကြောင်း ကျီးကန်းပြင်မှ ဒေသခံများက ပြောပါသည်။ အလားတူ အောက်တိုဘာလ တတိယပတ်တွင် ကျီးကန်းပြင် အလယ်ရွာမှ ဒေသခံရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်အရဟု ဆိုကာ ရွာမှ မောင်းထုတ်ခဲ့သည်။

ဝါးပိတ်ရွာနှင့် အလယ်ရွာများမှ ဒေသခံများသည် အခြားသော ရွာများတွင် ခိုလှုံနေထိုင်လျက် ရှိပြီး၊ အချို့လည်း တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေကြကြောင်း သိရှိရသည်။

ဆန်အိတ်များ ခွဲတမ်းကို ရွာငယ်များ အလိုက် ပေးခဲ့သောကြောင့် ၎င်းတို့၏ ရွာငယ် အမည်များ ပါဝင်နေခြင်း ဖြစ်ပြီး၊ ၀ါးပိတ်ရွာနှင့် အလယ်ရွာများတွင် ဒေသခံများ လုံးဝ နေထိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများက ရှင်းပြသည်။




RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာမှ အုပ်ချုပ်ရေးမှူးက အာဏာပိုင်များ၏ အမည်များကို အသုံးချ၍ ဒေသခံ ရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာအချို့သည် လှဖိုးခေါင် ကျေးရွာမှတဆင့် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ကြိုးစားနေစဉ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လှဖိုးခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒုလ်အာမီးန်က ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်အောင် ပြုလုပ်ပေးမည်ဟု ဆိုကာ မိသားစု တစ်စုလျှင် ငွေကျပ် ၂၁ သိန်း ပေးရမည် ဆိုကာ ဖမ်းဆီးခံရသူများ ထံမှ ငွေညှစ်ခဲ့သည်။ ဖမ်းဆီးခံရသူများ ထဲတွင် လှဖိုးခေါင် ကျေးရွာမှ ဒေသခံ ရွာသား (၁၀) ဦးပါဝင်ကြောင်း သိရှိရသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဇိုင်နာသ်အုလ္လာ (ဘ) ဦးမိုဂုလ်အာမတ် (ငွေကျပ် ၉  သိန်း လက်ငင်း ပေးရ၊ ကျန်သည့် ၁၂ သိန်းကို အုပ်ချုပ်ရေးမှူးက ယခုအချိန်ထိ တောင်းခံလျက်ရှိ)
(၂) ဦးဇူဘိုင်ရ် (ဘ) ဦးအဒူဆူဘူရ် (ငွေကျပ် ၂၁ သိန်းပေးရ)
(၃) ဦးကရိမူလ္လာ (ဘ) ဦးရှုနာမျာ (ငွေကျပ် ၂၆ သိန်းပေးရ)
(၄) ဦးအဟဆန် (ဘ) ဦးအာဘူဂျမိလ် (ငွေကျပ် ၂၁ သိန်းရ)
(၅) ဦးအီဆက် (ဘ) ဦးအီဗရာဟီးမ် (ငွေကျပ် ၂ သိန်းပေးရ) -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူများအနက် ဦးအီဆက်၊ ၎င်း၏ ဇနီး၊ သား၊ ခယ်မနှင့် ယောက္ခမ တို့ ပြန်လည် လွတ်မြောက် မလာဘဲ ထောင်ဒဏ် (၆) လစီ ချမှတ်ခံရကြောင်း၊ အလားတူ ဦးအဟဆန် (ဘ) ဦးအာဘူဂျမိလ် ဆိုသူလည်း ထောင်ဒဏ် (၆) လ ချခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်များနှင့် ဆိုင်ခန်းတစ်ခန်း ဖြိုဖျက်ခံရမည်ဟု ခြိမ်းခြောက်၍ ဒေသခံ ရွာသား (၉) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးမိုဟာမတ်အာမီးန် (ညှစ်ခံရငွေ ၂ သိန်း)
(၂) ဒေါ်ရော်ရှီဒါ (ဦးဆေတာယာ၏ ဇနီး) (ညှစ်ခံရငွေ ၂ သိန်း)
(၃) ဒေါ်ရရှီဒါ (ဦးအေဒရီစ်၏ ဇနီး) (ညှစ်ခံရငွေ ၂ သိန်း)
(၄) ဦးရော်ဖိခ် (ညှစ်ခံရငွေ ၂ သိန်း)
(၅) ဦးဆလာမတ်အုလ္လာ (ချိန်ခါလီမှ) (ညှစ်ခံရငွေ ၅ သိန်း)
(၆) ဦးမာမတ်ကာဆိမ်း (ဘ) ဦးဟာဂျီအေလီယာစ် (ညှစ်ခံရငွေ ၂ သိန်း)
(၇) ဦးအီမာန်ဟူစိန်း (ဘ) ဦးနာဇီမျာ (ညှစ်ခံရငွေ ၂ သိန်း)
(၈) ဦးမာမတ်ဆီဒိတ် (ဘ) ဦးအူလာမျာ (ညှစ်ခံရငွေ ၂ သိန်း)
(၉) ဦးဘိုဒူ (ဘ) ဦးဟန်ဒူ (ညှစ်ခံရငွေ ၂ သိန်း) -- တို့ဖြစ်သည်။

လှဖိုးခေါင်ရွာမှ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ် သက်တမ်း ပြည့်၍ ပြန်လည် လွတ်မြောက်လာသူ ဦးနူရ်မိုဟာမတ် (ဘ) ဦးအီမာန်ဟူစိန်းကို အုပ်ချုပ်ရေးမှူးက ပြန်ရောက်လာသည့် အကြောင်း ၎င်းအား အကြောင်းမကြားဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း တောင်းခံလျက်ရှိကြောင်း၊ အကယ်၍ ငွေကျပ် တစ်သိန်းငါးသောင်း မပေးပါက အာဏာပိုင်များက ပြန်လည် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

အုပ်ချုပ်ရေးမှူးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အမိန့်အရဟု ဆိုကာ နေအိမ်နှစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းကို ဖြိုဖျက်ခဲ့ပြီး၊ ဆိုင်ခန်းကို ဖြိုဖျက်နေစဉ် ဆိုင်ခန်းမှ ပစ္စည်းများကို အပြင်သို့ လွှင့်ပစ်၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

နေအိမ်နှစ်လုံး၏ ပိုင်ရှင်များမှာ ဟာဖီးဇ် ဒိလ်မိုဟာမတ် (ဘ) ဦးဂူရာမျာနှင့် ဦးအာဘူဆိဒိတ် (ဘ) ဦးမာဒူး တို့ဖြစ်ကြပြီး၊ ဆိုင်ခန်းပိုင်ရှင်မှာ ဦးယူနုစ် (ဘ) ဦးအာဘူလ်ကာဆိမ်း တို့ဖြစ်ကြသည်။


Rohingya Eye
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ဒေသခံတစ်ဦးကို ကံပြင် အခြေစိုက် တပ်ရင်းမှ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာတွင် ဇန်န၀ါရီလ (၈) ရက်နေ့၌ အာဏာပိုင်များ ဆန်အိတ် (၅၄) အိတ် ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ဆန်အိတ်များကို ရွာသူရွာသားများအား အညီအမျှ ပေးရန်အတွက် ရွာလူကြီး (၅) ဦးကို တာဝန်ပေးခဲ့သဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်ခန့်စီ ခွဲဝေပေးခဲ့သည်။ 

ယင်းနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများ ရွာထဲသို့ရောက်ရှိလာပြီး ဆန်ခွဲဝေပေးသည့် ရွာလူကြီး (၅) ဦးကို ရဲမှူးနှင့် တွေ့ဆုံရန်ဟု ဆိုကာ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရွာလူကြီးများက ကင်းစခန်းတွင် ရဲမှူးနှင့် စကားပြောနေစဉ် ည ၆ နာရီခွဲ အချိန်တွင် ကံပြင်ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးနှင့် စစ်သား ၅၀ ကျော် ရောက်ရှိလာပြီး၊ ကင်းစခန်းကို ၀ိုင်းကာ ရွာလူကြီး တစ်ဦးဖြစ်သူ ဆရာဦးကော်ရိမူလ္လာ (ဘ) ဦးရှာဟာသ်တူလ္လာ (အသက် ၃၇ နှစ်) ကို စစ်သားများက ကြိုးဖြင့် ချည်နှောင်၍ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်လာပြီး၊ လက်နက်များ မြှပ်ထားသည့် နေရာကို ပြပေးရန် ပြောဆိုခဲ့သည်။ ဦးကော်ရီမူလ္လာက အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သော်လည်း စစ်သားများက ၎င်း၏ နေအိမ်တွင်ပင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် နံနက် (၄) နာရီ အချိန်တွင် ဦးကော်ရိမူလ္လာကို စစ်သားနှစ်ဦးက ထမ်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်တပ်မှ တပ်ရင်းမှူး ဖြစ်သူက ဦးကော်ရိမူလ္လာကို ပြန်လည် လွှတ်ပေးရန် အတွက်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ ဦးကော်ရိမူလ္လာ၏ မိသားစုကလည်း ပိုမို ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ တပ်ရင်းမှူး တောင်းခံသည့် ငွေကျပ် ၁၀ သိန်းကို ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဦးကော်ရိမူလ္လာကို ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် အစောပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

အဆိုပါ တပ်ရင်းမှူးသည် ကျားခေါင်းတောင် ကျေးရွာတွင် စစ်သားများက ရွာသားများကို အကြမ်းဖက်မှုတွင် အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ငွေညှစ်ခံရသူ ဦးကော်ရိမူလ္လာသည် WFP ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး၊ အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


MYARF
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှ နယ်ခြားစောင့်ရဲများနှင့် မြောက်ပိုင်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ကံပူးကျေးရွာ အပိုင်း အုန်းတောချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၅) စီးဖြင့် ကံပူးကျေးရွာသို့ ဇန်န၀ါရီလ (၈) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရောက်ရှိလာပြီးနောက် ရွာသားများက ခြံစည်းရိုးများ ဖျက်ခံရပြီးနောက် ပလတ်စတစ်များဖြင့် ကာထားသည့် ရေချိုးခန်းများ၊ အချို့က လမ်းမှ အိမ်ထဲသို့ မမြင်ရအောင် တံခါးတွင် ပလတ်စတစ်များဖြင့် ကာထားသည်ကို တွေ့ရှိပြီး၊ အိမ်ရှင်များထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးမိုဂျီဘုလ္လာ (ဘ) ဦးဆာလေ (အသက် ၅၅ နှစ်)
(၂) ဦးရိုဟီဒူလ္လာ (ဘ) ဦးအုမာရ်ဟာကိမ်း (အသက် ၄၀ နှစ်)
(၃) ဦးအဒူကရိမ်း (ဘ) ဦးဆာလေ (အသက် ၄၅ နှစ်)
(၄) ဦးဒူဒူမျာ (အသက် ၅၀ နှစ်)
(၅) ဦးနူရူလ်ဟောက် (အသက် ၆၀ နှစ်)
(၆) ဦးအဒူမူနာဖ် (အသက် ၅၀ နှစ်)
(၇) ဦးအိုဘိုက်ဒူလ္လာ (အသက် ၅၀ နှစ်)
(၈) ဦးအဒူဆလာမ် (အသက် ၅၀ နှစ်)
(၉) ဦးဒူဒူမျာ (အသက် ၅၅ နှစ်) -- တို့ဖြစ်ကြသည်။ 

သပြေတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘိစ်အာမတ် သည် ကျေးရွာတွင်း နေအိမ်များ ဖြိုဖျက်ရန် စာရင်းတွင် ပါဝင်နေသည့် အိမ်များဟု ဆိုကာ အိမ်ထောင်စု (၆) စုမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသူများထဲတွင် မုဆိုးမတစ်ဦး ပါဝင်ပြီး၊ ငွေညှစ်ခံရပြီးနောက် နေအိမ်ဖြိုဖျက်ခံရသောကြောင့် ငွေများ ပြန်တောင်းသည့် အခါ အုပ်ချုပ်ရေးမှူးက ငွေပြန်မပေးဘဲ ဆဲဆိုခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ကျိန်း တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက တံတားဖြတ်သန်းခဟု ဆိုကာ ကိုယ်ပိုင် ဆိုင်ကယ်သမားများထံမှ တစ်စီးလျှင် ငွေကျပ် ၅၀၀ နှင့် ဆိုင်ကယ်နောက်တွင် လူပါလျှင် (အငှားဆွဲနေသည့် ဆိုင်ကယ်) ၁၀၀၀ ကျပ်စီ ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 


MYARF
RB News
10.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ဒေသခံ ရွာသားများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ဇန်န၀ါရီလ (၅) ရက်နေ့တွင် ဦးနူရ်ဆော်လာမ် (ဘ) ဦးမူဇဲရ် (အသက် ၄၀ နှစ်) ကို ရခိုင်လူစိမ်းတစ်ဦးကို ထမင်းကျွေးပြီး နေအိမ်တွင် ညနေပိုင်း ပေးနေသည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ (၃) ရက်နေ့တွင်လည်း ဦးရော်ရှိတ် (ဘ) ဦးနူရ်မာမတ် (အသက် ၅၂ နှစ်) ဆိုသူက သားမက်ဖြစ်သူကို တရားမ၀င် အလုပ်လုပ်ရန် ငွေကြေးထောက်ပံ့နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် သုံးသိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ ယင်းနေ့တွင်ပင် ဦးရှော်ဘိရ်အာမတ် (ဘ) ဦးလာလ်မောတ် (အသက် ၅၀ နှစ်) ကိုလည်း နိုင်ငံခြားမှ အထောက်အပံ့ရသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကို --

(၁) ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ရှိရ်
(၂) ဦးဘော်ရှိရ် (ဘ) ဦးရှာအိုရ်မာမတ်
(၃) ဦးမာမတ်အာမီးန် (ဘ) ဦးရော်ဇက်ဘော်လိ 
(၄) ဦးရော်ရှိတ် (ဘ) ဦးဟာမ်ဇား
(၅) ဦးရွှေလုံး (ဘ) ဦးအစ္စမိုင်လ် -- တို့ကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်ကြီးက အဆိုပါ ဒေသခံ (၅) ဦးကို အတွင်းရေးမှူးဟောင်း ဦးမိုဟာမတ်တာဟဲရ် (ဘ) ဦးကာဆိမ်း (အသက် ၆၂ နှစ်)၊ ဦးအစ္စမိုင်လ် (ဘ) ဦးကာဆိမ်း (အသက် ၄၆ နှစ်) နှင့် ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၁ နှစ်) တို့ကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခံထားရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၆ သိန်းစီ - စုစုပေါင်း သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ညှစ်ယူခဲ့သည့် ငွေများကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကိုယ်တိုင် မယူဘဲ၊ ရာအိမ်မှူး ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ ထံမှ တဆင့် ယူခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးက ဦးမူဟိဖ်ဘူလ္လာကို လက်ကိုင်တုတ်သဖွယ် အသုံးချလျက် ရှိကြောင်း သိရှိရသည်။ 




MYARF & Rohingya Eye
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာမှ ရွာသားများ ငွေညှစ်ရခံကြောင်း၊ သ၀န်ချောင်း ကျေးရွာမှ ရွာသားများ ခြိမ်းခြောက်ခံရပြီး နေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ခံရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း (ယခု မြင်းလွတ်မြို့အပိုင်) ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ ရွာကြီးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာကြီးရွာမှ ဦးဒိလ်မာမတ် (ဘ) မော်လ၀ီ မာမတ်ဆီဒိတ် (အသက် ၃၇ နှစ်) အား ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဦးဒိလ်မာမတ်သည် အိမ်ဆောက်ရန် အတွက် သစ်သားများ စုဆောင်းထားသည်ကို တွေ့ရှိ၍ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း၊ အဆိုပါ နေအိမ် ဆောက်လုပ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ ၎င်းအား ပြန်လည် လွှတ်ပေးရန် အတွက် နယ်ခြားစောင့်ရဲများက ငွေကျပ် (၈) သိန်း တောင်းခံနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယင်းနေ့ ညနေ (၄) နာရီ အချိန်တွင် ဟိုက်ဒေါရ်ဂူန္နားရွာမှ ဦးဆွေယောဒ်ကာဆိမ်း (ဘ) ဦးမာမတ် (အသက် ၄၀ နှစ်) သည် စပါးရိတ်သိမ်းနေစဉ် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ စေတီရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးရှိပြီး၊ ခွေး ၁၀ ကောင် မွေးထားသည်။ အဆိုပါ ခွေးများသည် စခန်း၏ အနီးအနားရှိ လယ်ကွင်းများတွင် ကျက်စားနေသော ဆိတ်များကို ကိုက်သတ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ခွေးများက ကိုက်သတ်သည့် ဆိတ်များကို နယ်ခြားစောင့်ရဲများက ချက်ပြုတ်စားသောက်လေ့ ရှိသည်။ နယ်ခြားစောင့်ရဲများက ခွေးများကို ထိန်းထားရမည့် အစား ဆိတ်များ ကျက်စားနေသည့် လယ်ကွင်းသို့ မကြာခဏစေလွှတ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဇန်န၀ါရီလ (၂) ရက်နေ့က စေတီရွာမှ မော်လ၀ီ အာဘုလ်ကာဆိမ်း (ဘ) ဦးဖောဇောလောက် (အသက် ၂၅ နှစ်) ၏ ဆိတ်တစ်ကောင်၊ ဦးမာမတ်အာလောမ် (ဘ) ဦးဇော်နူ (အသက် ၃၀ နှစ်) ၏ ဆိတ်တစ်ကောင် တို့ကို ခွေးများက ကိုက်သတ်ပြီးနောက် နယ်ခြားစောင့်ရဲများက ယူ၍ ချက်ပြုတ် စားသောက်ခဲ့သည်။ ဆိတ်ပိုင်ရှင်များက နယ်ခြားစောင့်ရဲများအား တိုင်ကြားသော်လည်း နယ်ခြားစောင့်ရဲများ၏ ဆဲဆို ခြိမ်းခြောက်ခြင်းကိုသာ ခံခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

အဆိုပါ နယ်ခြားစောင့်ရဲများသည် နေ့စဉ် ရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို မဟုတ်မမှန် စွပ်စွဲကာ ငွေညှစ်လျက် ရှိသည်။ ဇန်န၀ါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ စေတီရွာမှ ဆင်းရဲသား လယ်သမား (၈) ဦးကို ၎င်းတို့၏ ရွာနှင့် ကပ်လျက်ရှိသော စိုက်ခင်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ အကြောင်းမကြားဘဲ စိုက်ခင်းသို့ သွားရောက်ခဲ့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်းစီ - စုစုပေါင်း ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆီးရာဇ်အာမတ် (ဘ) ဦးဟာလာမျာ (အသက် ၄၇ နှစ်)
(၂) မော်လ၀ီရှော်ဖိခ် (ဘ) ဦးအဒူလော်တီ (အသက် ၄၂ နှစ်)
(၃) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအီလီယာစ် (အသက် ၂၆ နှစ်)
(၄) အာဆော်ဒူလ္လာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၂ နှစ်)
(၅) မူဟိဖ်ဘူလ္လာ (ဘ) ဦးအီဆက် (အသက် ၂၃ နှစ်)
(၆) အဒူရှကူရ် (ဘ) ဦးမူဘာရဲခ် (အသက် ၁၉ နှစ်)
(၇) ဇော်ဖော်ရ် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၂၅ နှစ်)
(၈) ဦးဟိုက်ရူး (ဘ) ဦးဂေါ်နူမျာ (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။

အဆိုပါ နယ်ခြားစောင့်ရဲများကို စေတီရွာမှ နေ့စဉ် ဆိုင်ကယ် နှစ်စီးစီ ပေးထားရကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် သ၀န်ချောင်း ကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲများက ယင်းကျေးရွာအုပ်စုရှိ ကျွဲ၊ နွား၊ ဆိတ်၊ နေအိမ်များ၏ စာရင်းများ ပြုစု၍ နယ်ခြားစောင့်ရဲများအား ပေးရန်၊ အိမ်၌ ဧည့်စာရင်း မတိုင်ကြားဘဲ ဧည့်သည်များ မထားကြရန်၊ အကယ်၍ တွေ့ရှိပါက အိမ်ရှင်ကို ထောင်ဒဏ် (၃) နှစ်၊ ဧည့်သည်ကို ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ထို့နောက် အဆိုပါ နယ်ခြားစောင့်ရဲများသည် ယင်းနေ့တွင်ပင် သ၀န်ချောင်း ကျေးရွာအုပ်စု၊ သ၀န်ချောင်းရွာမှ နေအိမ်တစ်လုံး၊ ဆူရာလီရွာမှ နေအိမ် (၄) လုံး၊ ခွဆုံရွာမှ နေအိမ် (၆) လုံးနှင့် ဆိုင်ခန်း (၈) ခန်း တို့ကို န.စ.က မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အခြားအိမ်ရှင် အမြောက်အမြားကိုလည်း အိမ်ဖြိုဖျက်ခံရမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေ့စဉ် ရွာထဲသို့ ၀င်ရောက်၍ ကြက်၊ ဘဲ၊ ခိုများကို လေးခွနှင့် ပစ်ခတ်၍ ဖမ်းယူလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


Rohingya Eye
RB News
9.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာနှင့် မြောက်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းနှစ်ခုမှ နယ်ခြားစောင့်ရဲများသည် ဇန်န၀ါရီလ (၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ယင်းကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ခြံများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ရိုဟင်ဂျာများ၏ ခြံဝင်းများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့သည့် အပြင် ယင်းနေ့တွင်ပင် စေတီပြင်ရွာ၏ တောင်ဘက်ဗလီ၏ အနောက်ဘက်ခြမ်း ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နာရွာမှ အခြေခံ အရဗီ စာသင်ကျောင်း တစ်ကျောင်းကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ ထို့အပြင် မြောက်ရွာမှ ဦးဆွေယောဒ်နူရ် (ဘ) ဦးအီနုစ် (အသက် ၃၀ နှစ်) ၏ တဲအိမ်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ခြံစည်းရိုး တိုင်တစ်လုံး တွေ့လျှင်ပင် ဒဏ်ငွေဆောင်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ခြံစည်းရိုး မရှိတော့သဖြင့် အမျိုးသမီးများ နေအိမ်မှ အပြင်ထွက်၍ အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ ရေခတ်ခြင်းများ လုပ်ဆောင်ရန် အလွန် ခက်ခဲနေကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများကို ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်အဖွဲ့က မြို့သူကြီး ကျေးရွာတွင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံစဉ် ကျေးရွာသားများက တင်ပြခဲ့ရာ၊ ဦးမြင့်ဆွေက အဆိုပါ အခက်အခဲများ ပြေလည်အောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကို ပြောသွားမည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါ ခြံစည်းရိုး အတိုအစ၊ အိမ်ခြံဝင်း အတွင်းရှိ ရေချိုးခန်း၊ အိမ်သာများပါ ဖြိုဖျက် နေသည်ကို ကြည့်ခြင်းအားဖြင့် ဦးမြင့်ဆွေ၏ ပြောဆိုချက်များသည် လိမ်ညာခြင်းသာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 


RB News
8.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ နေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ရန် သွားနေစဉ် ဒေသခံ အချို့၏ အိမ်မွေးတိရိစ္ဆာန်များ လုယက်သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်းကျေးရွာအုပ်စု၊ ချောင်းကုလားကျေးရွာနှင့် ချောင်းကုလား မြောက်ရွာသို့ ဇီးပင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ ၁၀ ဦး ၀င်ရောက်လာပြီး လူနေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ရန် သွားနေစဉ် ဒေသခံ ရိုဟင်ဂျာ ရွာသား အချို့၏ အိမ်မွေးတိရိစ္ဆာန်များကို လုယက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ချောင်းကုလားမြောက်ရွာမှ ဦးနော်ဘီဟူဆောင်း (ဘ) ဦးအဒူလာကိမ်း၏ အိမ်မှ ခို (၄) ကောင်၊ ဦးမာဆောင်း (ဘ) ဦးအဒူလာကိမ်း၏ အိမ်မှ ခို (၂) ကောင်၊ ဦးဒိလ်မာမတ် (ဘ) ဦးကာမာလ်ဟူစိန်း၏ အိမ်မှ ကြက် (၃) ကောင်၊ ဦးရှာဘဲကူနာရ် (ဘ) ဦးမာမတ်ရှော်ဖီ၏ အိမ်မှ ခို (၈) ကောင်နှင့် ကြက် (၆) ကောင်၊ ဦးဟာရွန်ရော်ရှိတ် (ဘ) ဦးဖော်ဇော်လာကိမ်း၏ အိမ်မှာ ခို (၄) ကောင်နှင့် ကြက် (၃) ကောင်၊ ဦးနူမာလ်ဟာကိမ်း၏ အိမ်မှ ဘဲ (၃) ကောင်တို့ကို လုယက်သွားခဲ့သည့် အပြင် လူမျိုးရေးနှင့် ဘာသာရေး စော်ကား ပုတ်ခတ်သည့် စကားများဖြင့် ညစ်ညမ်းစွာ ဆဲဆို၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာသို့ တိုင်တန်းလျှင် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် ချောင်းကုလားရွာမှ ဦးမာမတ်အလီ (ဘ) ဦးကာမာလ်ဟူစိန်း၏ ဆိတ် (၁) ကောင်ကို နယ်ခြားစောင့်ရဲများက ၎င်းတို့နှင့် အတူ ပါလာသည့် ခွေးကောင် (၄) ကောင်ဖြင့် ကိုက်စေပြီး သတ်ဖြတ်၍ ယူဆောင် သွားခဲ့သည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့တွင် ဖြိုဖျက်ခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ -- 

(၁) ဦးနူရ်အာမတ် (ဘ) ဦးအဒူဆလာမ် 
(၂) ဦးမာမတ်အာလောမ် (ဘ) ဦးရှော်ရီဟူဆောင်း
(၃) ဦးရှော်မုလုခ် (ဘ) ဦးအဒူရှကူရ် 
(၄) မော်လ၀ီဟာမီဒူလ္လာ (ဘ) ဦးအဒူရှကူရ်
(၅) ဦးအလီဇူဟာရ် (ဘ) ဦးအလီဟူစိန်း
(၆) ဦးဇာဖောရ် (ဘ) ဦးဆွေတူဆောင်း -- တို့ဖြစ်ကြသည်။ 

ဆိုင်ခန်း ဖျက်ခံရသည့် ဆိုင်ပိုင်ရှင်များမှာ -- 

(၁) ဦးရော်ရှီဒူလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ
(၂) ဦးအာယာစ်အုလ္လာ (ဘ) ဦးအဒူရှကူရ် -- တို့ဖြစ်ကြသည်။

ဖြိုဖျက်ခံရသည့် နေအိမ်များနှင့် ဆိုင်ခန်းများမှာ ချောင်းကုလားရွာနှင့် ချောင်းကုလားမြောက်ရွာတို့တွင် ဆောက်လုပ်ထားသည့် နေအိမ်များ ဆိုင်ခန်းများ ဖြစ်ကြသည်။




MYARF
RB News
8.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အတွင်းသို့ စစ်သားများ ၀င်ရောက်၍ ရွာသားများကို ရိုက်နှက်ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သည့် စစ်သားများကို တပ်ရင်းမှူးက ရိုက်နှက်၍ တပ်ရင်းသို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၇) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သားများ ၀င်ရောက်လာပြီး ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် အမျိုးသားများ ရွာမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် စစ်သားများက အမျိုးသမီးများကို ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများ ပြုလုပ်၍ လက်ဝတ်ရတနာများ၊ ငွေသားများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ည ၈ နာရီခန့် အချိန်တွင် အဆိုပါ စစ်သားများသည် ရွာထဲသို့ တဖန်ရောက်ရှိလာပြီး အနောက်ရွာနှင့် တောင်ရွာများရှိ အိမ်များထဲသို့ ၀င်ရောက်၍ အမျိုးသား၊ အမျိုးသမီးများ အားလုံးကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် အမျိုးသား (၇) ဦးကို ဖမ်းဆီးသွားခဲ့သည်။ အမျိုးသမီးများကို ရိုက်နှက်၍ ရွှေ၊ ငွေများ လုယက်ခဲ့သည့် အပြင် လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

ည ၁၂ နာရီ အချိန်တွင် ဖမ်းဆီးထားသည့် အမျိုးသားများကို ကျောင်းသို့ ခေါ်သွားပြီး ကျောင်းခန်းထဲတွင် ပိတ်ထားပြီးနောက် စစ်သားများက လုယက်ထားသည့် ပစ္စည်းများကို ခွဲဝေနေစဉ် ဖမ်းဆီးခံထားရသူများ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ စစ်သားများသည် ညအချိန်တွင် ကျောင်းအတွင်း၌ စခန်းချ နေထိုင်ခဲ့သည်။

ယနေ့ ဇန်န၀ါရီလ (၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဂေါ်ဒူသာရ တံတားစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူရီနှင့် အဖွဲ့သည် ရွာထဲသို့ ရောက်ရှိလာပြီး၊ ရိုက်နှက်ခံရသူများ၊ လုယက်ခံရသူများ၏ ရွှေ၊ ငွေ ပစ္စည်းများ၊ လိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ စာရင်းများကို ပြုစု၍ အထက်အရာရှိများကို တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောရ၀တီ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူး ရောက်ရှိလာပြီး ရိုက်နှက်ခံရသူများကို စစ်သားများ စခန်းချထားသည့် ကျောင်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေး၍ ဆေးကုသပေးခဲ့ပြီး၊ စစ်သားများကို ရိုက်နှက်၍ မောရ၀တီရှိ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူရီ၏ စာရင်းအရ အမျိုးသမီး ၃၀ ဦးနှင့် အမျိုးသား ၇ ဦး ရိုက်နှက်ခံခဲ့ ရကြောင်း သိရှိရပါသည်။


RB News
8.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများက မောင်ကြီးတောင် ကျေးရွာမှ အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၃၅) နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ပြီး၊ တစ်ဦးကို စစ်သားနှစ်ဦးက မုဒိမ်းကျင့်ခဲ့ပြီး၊ အခြားတစ်ဦးကို စစ်သားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မောင်ကြီးတောင် ကျေးရွာအုပ်စု မြစ်နားရွာမှ ဖော်ယာစ် (ဘ) ဦးနာဆဲရ် (အသက် ၂၀ နှစ်) ကို ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ရဲတပ်ရင်း (၃) သို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ၎င်းကို လက်နက်များ ထားသည့် နေရာကို အတင်းအဓမ္မ ရိုက်နှက်၍ ပြောခိုင်း၍ ၎င်းက နေရာကို မသိသော်လည်း ရိုက်နှက်မှုဒဏ်မှ သက်သာစေရန် အတွက်ဟု ဆိုကာ မြစ်ကမ်းနားတွင် ရှိသည်ဟု ပြောဆိုခဲ့သည်။

ယနေ့ ဇန်န၀ါရီလ (၈) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် စစ်သားများက ဖော်ယာစ်ကို လက်ထိပ်ခတ်၍ မြစ်နားရွာရှိ မြစ်ကမ်းနားသို့ ခေါ်လာခဲ့သည်။ ၎င်းတွင် ပြပေးစရာ နေရာမရှိသောကြောင့် မြစ်ထဲသို့ ခုန်ချ၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း စစ်သားများနှင့် အတူ လိုက်ပါလာသည့် ဒေသခံတစ်ဦးက မြစ်ထဲမှ ပြန်လည် ဖမ်းဆီးပေးလိုက်သောကြောင့် စစ်သားများက လူမဆန်စွာ ရိုက်နှက်၍ ခမရ (၅၆၄) တပ်ရင်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

စစ်သားအချို့သည် ဖော်ယာစ်နှင့် အတူ ရွာမှ ထွက်ခွာသွားပြီး၊ အချို့သည် ရွာထဲသို့ ၀င်ရောက်ပြီးနောက် အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ စစ်သားများ ၀င်ရောက်လာသည့် အခါ ရွာမှအမျိုးသားများ ထွက်ပြေးသွားခဲ့ကြပြီး၊ စစ်သားများက အိမ်များမှ ကလေးများကို မောင်းထုတ်၍ အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးနှစ်ဦး စလုံးမှာ အိမ်နီးချင်းများ ဖြစ်ကြသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး နှစ်ဦးစလုံးမှာ အိမ်ထောင်သည်များ ဖြစ်ကြပြီး၊ ကလေးများ၏ မိခင်များ ဖြစ်ကြသည်။

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များကို လုံခြုံရေးနှင့် ဂုဏ်သိက္ခာပိုင်း အရ ချန်လှပ် ထားသည်)




မောင်မှန်မြည်
RB News
8.1.2017

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကျော် သတင်းဌာနတစ်ခု ဖြစ်တဲ့ Al Jazeera က #AJNewsGrid အစီအစဉ်မှာ ရိုဟင်ဂျာသတင်းနဲ့ ပတ်သက်ပြီး ထုတ်လွှင့် ပြသခဲ့ပါတယ်။ အစီအစဉ်တင်ပြသူ ပြောပြသွားခဲ့တာက ရခိုင်မှာ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံအမှားတွေ Rohingya hashtag နဲ့ တက်လာတာ ရှိကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အာဖရိကနိုင်ငံရဲ့ အဖြစ်အပျက် ဓာတ်ပုံတစ်ပုံကို ရခိုင်ကပုံဆိုပြီး hashtag နဲ့တွဲထားတာ တွေ့ရှိကြောင်း၊ ဒါပေမယ့် မြောက်မြားစွာသော သတင်းမှန်တွေလည်း မြန်မာနိုင်ငံထဲမှ ထွက်ပေါ်လာလျက်ရှိကြောင်း၊ မီးရှို့ခံရတဲ့ ရိုဟင်ဂျာတွေရဲ့အိမ်တွေကို အစောပိုင်းတုန်းက Human Rights Watch က ရိုက်ယူထားတဲ့ satellite ဓာတ်ပုံတွေလို ရိုနေဆန်းလွင်ကလည်း မီးလောင်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ကြောင်း၊ သူက မြောက်မြားစွာသော တခြား အထောက်အထားတွေလည်း တင်နေလျက်ရှိနေကြောင်း၊ ကျမ (Al Jazeera သတင်းတင်ပြနေသူ) သူနဲ့ စကားပြောကြည့်တဲ့အခါ သူပြောပြသွားတာက ရခိုင်က သတင်းများစွာ ထွက်လာနေကြောင်း၊ မြန်မာအာဏာပိုင်များက အမြဲစောင့်ကြည့်နေတာကြောင့် ဓာတ်ပုံသွားရိုက်ယူရန် ဒေသခံရိုဟင်ဂျာများအကြား ကြောက်ရွံ့မှု ရှိနေတာကြောင့် ဓါတ်ပုံအကုန် ရရှိကြဖို့ မလွယ်ကူကြောင်းဆိုပြီး တင်ပြသွားတာ တွေ့ရပါတယ်။

အသေးစိတ်ကို ဒီမှာ ဝင်ကြည့်ရှုလို့ရပါတယ်-




ဒီသတင်းကို တစ်လခွဲကျော်ပြီးမှ မြန်မာအစိုးသတင်းဌာနများက တလွဲဘာသာပြန်ပြီး မြန်မာပြည်သူများအကြား မဟုတ်မမှန် ဝါဒဖြန့်နေတာ တွေ့နေရပါတယ်။ အစိုးရက သတင်းရေးသား မထုတ်ပြန်ခင် ပထမဆုံး မဟုတ်မမှန်ရေးသားပြီး ဝါဒဖြန့်ခဲ့တာက ကောင်းမြတ်မင်းစိုး ဆိုတဲ့ Facebook User တစ်ဦးဖြစ်ပါတယ်။ ဒါကို အစိုးရပြန်ကြားရေး လုပ်နေသူတွေကလည်း ကောင်းမြတ်မင်းစိုးကို အားကျပြီး နိုင်ငံပိုင် သတင်းဌာနတွေမှာ တင်ပြီး အကြီးအကျယ်ဝါဒဖြန့်လိုက်တာပါပဲ။

အစိုးရ ဘာသာပြန်ခဲ့တဲ့အထဲမှာ Al Jazeera သတင်းမှာ မပါတဲ့ အချက်အလက်တွေကို အပိုထည့်ရေးခဲ့တာ တွေ့ရပါတယ်။ ရိုနေဆန်းလွင်က သတင်းအမှားတွေ ဖြန့်ချိနေတယ်ဆိုပြီး Al Jazeera မှာ တစ်ခွန်းမှ မဟခဲ့ပေမယ့် အစိုးရက ရိုနေဆန်းလွင်ကပဲ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ လုပ်ကြံ သတင်းမှားများဖြန့်ချိနေတယ်လို့ Al Jazeera မှာ ပြောပြသွားခဲ့သလို ပုံစံမျိုးနဲ့ တလွဲဘာသာပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းဌာနတွေမှာ တင်ပြီး ဝါဒဖြန့်နေပါတော့တယ်။

အစိုးရထုတ်ပြန်တဲ့ သတင်းကို ဒီမှာ ဝင်ဖတ်နိုင်ပါတယ်-- 



ဒီလိုမျိုး Al Jazeera ကိုကိုးကားပြီး မဟုတ်မမှန် ဝါဒဖြန်နေတဲ့ အစိုးရရဲ့ ဝါဒဖြန့် သတင်းအောက်မှာ ဘုမသိဘာမသိတဲ့ မြန်မာပြည်သူ အများစုက ရိုနေဆန်းလွင်ကို သတင်းမှားဖြန့်ချိနေသူ ဆိုပြီး အမျိုးမျိုး ဆဲကြဆိုကြနဲ့ ပွဲကြမ်းနေတာ တွေ့ရှိရပါတယ်။ တစ်ချို့ကတော့ အမှန်ကို လေ့လာပြီး ပုဒ်မ ၆၆ ဃ ရဲ့အန္တရယ်ကြားကနေ အစိုးရရဲ့အမှားတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြနေတာ တွေ့ရပါတယ်။

Facebook user တစ်ဦးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Soe Moe Hlaing ဆိုသူက "ပြန်ကြားရေးအဖွဲ့ထဲ အင်္ဂလိပ်ဘာသာပြန်ကောင်းကောင်းတတ်တဲ့သူ ထည့်ထားပါလား....ကိုယ်တွေက ဖာချင်တာတောင် ဇော်ဌေးတို့လုပ်ထားတာက လုံးဝကြီးလွဲနေတော့ ဘာမှ လုပ်မရဘူးဖြစ်နေတယ်... ဦးဖေမြင့်လို နိုင်ငံကျော် ဘာသာပြန်စာရေးဆရာကို ဒီလိုနေရာမှမသုံးရင် ဘယ်နေရာသွားသုံးရမှာလဲ.... ကုလားကို ဆော်ချင်ပါတယ်ဆို
ကိုယ့်လူတွေက အသုံးမကျတော့ ကိုယ်တွေပဲ ခံနေရတယ်.." ဆိုပြီး အစိုးရရဲ့ ပြန်ကြားရေးမှာ အဓိက ဇတ်ကောင်နေရာ ယူထားတဲ့ ဦးဇော်ဌေးကို ပစ်မှတ်ထား ဝေဖန်ပြီး ရေးသားတင်ထားပါတယ်။ 

သူ့ရဲ့ နောက် Post တစ်ခုအောက်မှာ Tun Win ဆိုတဲ့ လူကလည်း မြန်မာအစိုးရရဲ့ ဘာသာပြန်မှုဟာ ထက်ထက်စင်အောင် လွှဲမှားနေကြောင်း ဆိုပြီး မှတ်ချက်ပြု ရေးသားခဲ့တာပါတယ်။

နောက် State Counseller Facebook page မှာတင်တဲ့ အဲ့ဒီ ဝါဒဖြန့်သတင်း အောက်မှာ မှတ်ချက်ဝင်ပေးခဲ့တဲ့ စာဖတ်ပရိသတ် ရာကျော်ထဲက Myo Zin ဆိုတဲ့လူက မြန်မာအစိုးရရဲ့ ဘာသာပြန် အလွန်အားနည်းမှုကို ထောက်ပြပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဒီလို မဟုတ်မမှန် ရေးသာဖြန့်ချိနေတာဟာ နိုင်ငံတကာအလည်မှာ မြန်မာနိုင်ငံကို သိက္ခာချစေတယ် ဆိုပြီး မှတ်ချက်ပြု ရေးသားထားပါတယ်။ 

မြန်မာအစိုးရရဲ့ စွပ်စွဲမှုခံထားရသူ ရိုနေဆန်းလွင်ရဲ့ Facebook စာမျက်နှာပေါ် ရေးသားတင်ပြချက်အရတော့ သူ့ကို Al Jazeera သတင်းဌာနက သတင်းအမှန်ရေးသားသူ၊ ပုံအမှန်တွေ တင်နေသူ အဖြစ် အသိအမှတ်ပြုပြီး ကမ္ဘာသိအောင် ကြော်ငြာပေးခဲ့တာသာ ဖြစ်ကြောင်း၊ တကယ်လည်း သူကိုယ်တိုင်က အမှန်ကို ချပြနေသူ ဖြစ်၍ အစိုးရနဲ့ တခြား အစွန်းရောက်လူတစ်ချို့ရဲ့ ဝါဒဖြန့်နေမှုတွေကို ဂရုစိုက်စရာမလိုကြောင်း ဆိုပြီး ရေးထားပါတယ်။ နောက်ပြီးတော့ မြန်မာအစိုးရက Al Jazeera သတင်းဌာနကို ကိုးကားလျက် တလွဲဘာသာပြန်ပြီး သူ့ကို ဂုဏ်သိက္ခာကျဆင်းအောင် တမင်လုပ်ကြံနေတာနဲ့ ပတ်သက်ပြီး Al Jazeera သတင်းဌာနကို သူအသိပေးထားကြောင်း၊ Al Jazeera ကလည်း သူတိုသတင်းတစ်ခုကို တလွဲဘာသာပြန်ပြီး ဝါဒဖြန့်နေတာနဲ့ ပတ်သက်၍ တုန့်ပြန်သွားမှာ ဖြစ်တယ် ဆိုပြီး ရိုနေဆန်းလွင်ကို ပြောကြားခဲ့ကြောင်း ရိုနေဆန်းလွင်က သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

ခြုံငြုံပြီး သုံးသပ်လိုက်ရင် ဒီဇတ်လမ်းမှာ ဇတ်ကောင်က ၄ မျိုးရှိနေတာ တွေ့လိုက်ရပါတယ်။

၁။ Al Jazeera
၂။ ရိုနေဆန်းလွင်
၃။ မြန်မာအစိုးရပြန်ကြားရေးနဲ့
၎။ ပြည်သူပြည်သားများ ဖြစ်ကြပါတယ်။

ဒီဇတ်ကောင် ၄ မျိုးထဲမှာ မဟုတ်တာကို ဟုတ်သလိုလို လိုရာဆွဲဘာသာပြန်တဲ့၊ လူထုကို ထင်ယောင်ထင်မှားသွားအောင် သတင်းအမှားဖန်တီးပြီး လုပ်ကြံ ဝါဒဖြန့်နေခြင်းများ ပြုလုပ်နေတဲ့ မြန်မာအစိုးရနဲ့ ဘုမသိဘာမသိဘဲ မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုအောက် အရူးမီးဝိုင်းခံလိုက်ရတဲ့ အသိပညာနိမ့်ပါးတဲ့ မြန်မာပြည်သူအချို့တွေဟာ ကမ္ဘာအလယ်မှာ လူရယ်စရာ ဗီလိန်ဖြစ်သွားခြင်း ခံလိုက်ရပြီး ရိုနေဆန်းလွင်က အမှန်တရားကို အခက်အခဲများစွာကြားကနေ ရုန်းကန် ဖော်ထုတ်နေတဲ့ အကယ်ဒမီရသွားလောက်တဲ့အထိ ဦးဆောင်မင်းသား ဖြစ်သွားကြောင်း ရေးသားတင်ပြလိုက်ပါတယ်။






MYARF
RB News
7.1.2017

မောင်တော ။ ။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့ရာတွင် မောင်တောမြောက်ပိုင်း၌ စစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက်မှုကို အများဆုံးခံရသည့် ကျေးရွာများသို့ သွားရောက်လေ့လာခဲ့ကြောင်း မရှိသည့်အပြင် သွားရောက်ခဲ့သည့် ကျေးရွာအချို့တွင်လည်း ဒေသခံရိုဟင်ဂျာများကို NVC ကဒ်ယူရန်သာ ခြိမ်းခြောက်၍ ဖိအားပေးတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

ခရီးစဉ် ပထမနေ့

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့၌ အဆိုပါ ကော်မရှင်အဖွဲ့သည် ဦးစွာ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဇင်ပိုင်ညာကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံအချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် ကော်မရှင်အဖွဲ့ဝင်များက ဇင်ပိုင်ညာကျေးရွာ၌ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မုဒိမ်းကျင့်ခံရမှု ရှိမရှိ၊ အိမ်များ မီးရှို့ခံရခြင်း ရှိမရှိ မေးမြန်းခဲ့ရာ ဒေသခံများက သူတို့ကျေးရွာတွင် မုဒိမ်းမှု မဖြစ်ပွားခဲ့ကြောင်း၊ အိမ်အနည်းငယ် မီးရှို့ခံခဲ့ရကြောင်း အမှန်အတိုင်း ဖြေကြားခဲ့ပါသည်။ ကော်မရှင်နှင့် တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သည့် ဇင်ပိုင်ညာကျေးရွာသား တစ်ဦးက "သူတို့က တကယ်ဖြစ်ပွားခဲ့တဲ့ ရွာတွေကို သွားမမေးဘဲ ဘာလို့ ကျနော်တို့ကို လာမေးနေတာလဲ မသိဘူး။ မုဒိမ်းမှုဖြစ်တာ၊ အိမ်တွေ အများကြီးမီးရှို့ခံခဲ့ရတာတွေက လောင်းဒုံတို့ ရေခဲချောင်းခွဆုံတို့၊ ပွင့်ဖြူချောင်းတို့ စတဲ့ ရွာတွေမှာလေ" ဟု RB News သို့ ပြောသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောမြို့၏ အရှေ့ဖက် နှစ်မိုင်ခန့်အကွာမှ မြို့သူကြီး ကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာသား အချို့နှင့် တွေ့ဆုံခဲ့သည်။ ထို့သို့တွေ့ဆုံရာတွင် ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့ကျေးရွာတွင် မုဒိမ်းမှုရှိမရှိ၊ အိမ်များ မီးရှို့ခံရခြင်းရှိမရှိ မေးမြန်းခဲ့ရာ ဒေသခံများကလည်း ထိုသို့မရှိခဲ့ကြောင်း အမှန်အတိုင်း ဖြေကြားခဲ့သည်။ သို့သော် ၎င်းတို့ကျေးရွာတွင် စစ်သားများက အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရွာသား ၇ ဦးကို အကြောင်းမဲ့ သေနတ်ပစ်ခတ်သဖြင့် အပြစ်မဲ့ရွာသား ၇ ဦးစလုံး အသက်ဆုံးရှုံးသွားခဲ့ကြောင်းကို ကျေးရွာသား တစ်ဦးက အမည်နှင့်တကွ တိတိကျကျ ပြောပြခဲ့သည်။ တွေ့ဆုံပွဲ ပြီးနောက်တွင် ရွာသား ၇ ဦးကို စစ်များက သေနတ်ပစ်ခတ်၍ သတ်ဖြတ်လိုက်သည့် နေရာများသို့ ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပါသည်။

အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ငိုက်မန် တို့သည် အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျေးရွာတွင်းမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများအား တွေ့ဆုံ၍ ဖြစ်စဉ်များတွင် အမျိုးသမီးများအား အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေများ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို လွတ်လပ်ပွင့်လင်းစွာဖြင့် သီးခြားစီတွေ့ဆုံ၍ မေးမြန်းခဲ့ကြရာ ဒေသခံအမျိုးသမီးများ က ၎င်းတို့ ကျေးရွာများတွင် ယင်းဖြစ်စဉ်မျိုး လုံးဝဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ပတ်ဝန်းကျင်၌ သူပြောကိုယ်ပြော ကောလာဟလ အနေဖြင့်သာ ကြားသိရပါကြောင်း စသည်ြ့ဖင့် ဖြေကြားကြသည်။

အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သက်သက်ဇင်တို့ အမျိုးသမီး အဖွဲ့သည် မြို့သူကြီးကျေးရွာသို့ မောင်တော အာဏာပိုင်များက ကြိုတင် ခေါ်ထားသည့် မြို့ပေါ်က ရိုဟင်ဂျာ အမျိုးသမီးများ ၁၀ ဦးကျော်ခန့်နှင့် သီးခြားတွေ့ဆုံခဲ့ရာတွင် သူတို့ကျေးရွာများ၌ အမျိုးသမီးများအပေါ် မုဒိမ်းကျင့်မှု ရှိမရှိ မေးမြန်းခဲ့ရာ တက်ရောက်လာကြသည့် ရိုဟင်ဂျာ အမျိုးသမီးများက သူတို့ မြို့ပေါ်ကျေးရွာများတွင် မရှိခဲ့ကြောင်း အမှန်အတိုင်း ဖြေကြားခဲ့ပါသည်။ သို့သော် မောင်တောမြို့နယ် မြောက်ပိုင်းတွင် မုဒိမ်းမှုများ အများအပြား ဖြစ်ပွားခဲ့သည်ဟု နေ့စဉ်နှင့်အမျှ ကြားနေရကြောင်း ပြောကြားခဲ့ရာ အမျိုးသမီး ကော်မရှင်အဖွဲ့ဝင်များက အခြားနေရာက အကြောင်းကို ပြောပြစရာ မလိုဘူးဆို၍ တားမြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ခရီးစဉ် ဒုတိယနေ့

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပိုင် ဘဂုံးနားကျေးရွာ အုပ်စု နူရူလ္လာရွာသို့ သွားရောက်ခဲ့ပြီး ရွာသားအချို့ကို ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သည်။ ကော်မရှင်အဖွဲ့က နူရူလ္လာကင်းစခန်းကို ဘယ်သူ တိုက်ခိုက်ခဲ့သလဲဟု မေးမြန်းခဲ့ရာ ရွာသားများကလည်း ကင်းစခန်းမှာ ရွာနှင့် အလှမ်းဝေးနေသည်က တစ်ကြောင်း၊ အခင်းဖြစ်ပွားခဲ့ချိန်သည် ညနေ နေဝင်ခါနီးဖြစ်၍ ထိုအချိန်တွင် မိမိတို့ လမ်းပေါ်က သွားလာခွင့်မရှိသည့်အတွက် တိုက်ခိုက်ခဲ့သည် မည်သူမည်ဝါ ဖြစ်သည်ကို မမြင်တွေ့ ခဲ့ရကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အချင်းချင်းသာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ကို ယနေ့ညပိုင်းတွင် ကြားမိကြောင်း ဖြေကြားခဲ့သည်။ အလားတူ မုဒိမ်းမှု ရှိမရှိ၊ အိမ်များ မီးရှို့ခံရမှု ရှိမရှိ မေးမြန်းခဲ့ကြရာ ရွာသားများကလည်း ထိုသို့ မရှိကြောင်း အမှန်အတိုင်း ဖြေကြားခဲ့ပါသည်။

ထို့နောက် ကော်မရှင်အဖွဲ့က ရွာသားများ၏ အသွားအလာ အကြောင်း မေးကြရာ ရွာသားများက မှတ်ပုံတင်ကဒ်အပ်ပြီး ပေးသည့် ဖြတ်ပိုင်းပြ၍ သွားရကြောင်း၊ တစ်ခါတရံ ရွာထွက်လက်မှတ်နှင့် သွားရကြောင်း၊ တစ်ခါတရံ နှစ်ခုစလုံးနှင့်လည်း သွားခွင့်မပေးကြောင်း ဆိုကာ အဖြစ်မှန်ကို တင်ပြခဲ့ရာ ကော်မရှင်ဥက္ကဌက NVC ကဒ်ယူလျှင် အရာရာ လွတ်လပ်စွာ အသွားအလာ ပြုလုပ်နိုင်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ရွာသား တစ်ဦးက အဆိုပါ NVC ကဒ်နှင့် မြန်မာနိုင်ငံအနှံ့ သွားလာနိုင်မလား ဟု မေးမြန်းခဲ့ရာ ကော်မရှင်ဥက္ကဌက မောင်တော ဘူးသီးတောင် အတွင်းသာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ မည်သို့ပင် ဖြစ်စေ NVC ကဒ် မယူလျှင် ယခုပုံစံအတိုင်းသာ နေရမည်ဖြစ်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်သည့် ပုံစံဖြင့် ပြောကြားခဲ့ပါသည်။ 

ထို့နောက် ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်သို့ သွားရောက်ခဲ့ပြီး ဒေသခံအချို့နှင့် တွေ့ဆုံခဲ့ရာတွင်လည်း အထူးသဖြင့် NVC ကဒ် အကြောင်းသာ တရားဟောခဲ့ပြီး ရွာသားများကို ဖိအားပေး၍ NVC ကဒ် ယူမယူ ကိုယ်စီမေးမြန်းခဲ့ကြောင်း၊ ရွာသားများကလည်း NVC ကဒ်သည် ၎င်းတို့နှင့် သက်ဆိုင်သည့် ကဒ်မဟုတ်၍ ယူရန် ဆန္ဒမရှိကြောင်း ဖြေကြားခဲ့ပါသည်။ 

ကော်မရှင်၏ နှစ်ရက်ကြာ ခရီးစဉ်နှင့် ပတ်သက်၍ မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက - “ဒေသခံတွေအကြားမှာတော့ ဒီကော်မရှင်နဲ့ ပတ်သက်ပြီး သိပ်ပြီး အရေးတယူ စိတ်ဝင်စားမှုတွေ မရှိတာ တွေ့ရတယ်။ အဓိက ယုံကြည်မှု မရှိတာ။ ဒီကော်မရှင်ကို ဘယ်လိုအမှန်တရားတွေ ထုတ်ဖော်ပြောပြော နောက်ဆုံးတော့ ဓာတ်ပြားဟောင်း ဖွင့်လိုက်မှာပဲလေ။ ပထမတစ်ခေါက်တုန်းကတော့ လူတွေက စိတ်ဝင်တစား သွားတွေ့ခဲ့တယ်။ ခံစားခဲ့ရတာတွေ ပြောပြတယ်။ ဒါပေမယ့် ကော်မရှင် အစီရင်ခံစာမှာတော့ တကယ်ပြစ်မှုကျူးလွန်ခဲ့တဲ့ အစိုးရတပ်ကို သူတော်စင်လို ဖော်ပြထားပြီးတော့ ညှဉ်းပန်းခံရတဲ့ ဒေသခံတွေကိုတော့ အကြမ်းဖက်သမား ပုံစံနဲ့ ဖော်ပြခဲ့တယ် ဆိုတော့ ဒီကော်မရှင်အပေါ် ယုံကြည်မှု မရှိတာ။

နောက်တစ်ခုက သူတို့်က တကယ် အထိနာခဲ့တဲ့ ကျေးရွာတွေဖက်ကို လှည့်တောင်မကြည့်တာပါပဲ။ ဥပမာ အမျိုးသမီးတွေ အကြမ်းဖက်မှု ခံရတာတွေ၊ အိမ်တွေ ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ လူတွေ အသတ်ခံရတာတွေ တကယ်သိချင်ရင်တော့ ရေခဲချောင်းခွဆုံ၊ ဓားကြီးစား၊ ပွင့်ဖြူချောင်း၊ လောင်းဒုံ၊ ကြက်ရိုးပြင် စတဲ့ ကျေးရွာတွေကို သွားရမှာလေ။ အခုက အပ်ပျောက်တာ တစ်နေရာ ရှာနေတာ တစ်နေရာ ဖြစ်နေတယ်။ 

နောက်တစ်ခုစိတ်ဝင်စားဖို့ ကောင်းတာက သူတို့အလုပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိ စုံစမ်းဖို့၊ အခုသူတို့ တရားဟောနေတာက သူတို့နဲ့ ဘာမှမဆိုင်တဲ့ NVC အကြောင်း၊ မယူရင် ဘာဖြစ်မယ် ဘာညာ ခြိမ်းခြောက်ပြောတယ်။ ဒါက စုံစမ်းစစ်ဆေးရေး ကော်မရှင်အလုပ်လား။ 

ခြုံပြီးပြောရရင် ဒီကော်မရှင် ဒီကို မလာခင်တည်းက နေပြည်တော်ရုံးမှာ အစီရင်ခံစာ ကြိုတင်ရေးပြီးပြီဆိုတာပါပဲ။" ဟူ၍ မှတ်ချက် ပေးသည်။

(ဓါတ်ပုံ သမ္မတရုံး) 
Rohingya Eye
RB News
5.1.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မြင်းလွတ်မြို့ ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ဆင့်ခေါ်၍ ဒေသခံများကို NVC ကဒ် ယူရန်အတွက် စည်းရုံးပေးရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ (၄) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မြင်းလွတ်မြို့ အခြေစိုက် နယ်မြေ (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ခံရဲမှူးက ရပ်ကွက် (၈) ခုမှ အုပ်ချုပ်ရေးမှူးများကို နယ်မြေရုံးသို့ ဆင့်ခေါ်ခဲ့သည်။ ထို့နောက် တာဝန်ခံရဲမှူးက ရွာသားများ NVC ကဒ် မဖြစ်မနေ ကိုင်ဆောင်ရန် အတွက် စည်းရုံးပေးကြရန်၊ အကယ်၍ NVC ကဒ် မကိုင်ဆောင်ပါက ပင်လယ်သို့ ထွက်၍ ငါးဖမ်းခွင့်၊ တောင်တန်းသို့ သွားရောက်၍ ထင်းခုတ်ခွင့်၊ တစ်ရွာမှ တစ်ရွာသို့ သွားလာခွင့်များ ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ရွာထွက် လက်မှတ် မထုတ်ပေးကြရန် မှာကြားခဲ့သည်။ 

ထို့အပြင် ဆွဲ၊တင်၊စစ် ဓါတ်ပုံများ ထုတ်ယူရန် အတွက် နယ်မြေရုံးတွင် ငွေပေးသွင်းကြရန်လည်း မှာကြားခဲ့ကြောင်း သိရှိရသည်။ 

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း မြင်းလွတ်မြို့တွင် န.စ.က မြေပုံတွင် မပါရှိသည့် အိမ်များဟု ဆိုကာ နေအိမ် (၇၂) လုံးကို ဖြိုဖျက်ခဲ့သည်။ အဆိုပါ နေအိမ်များကို ကိုယ့်အိမ်ကိုယ်ဖြိုဖျက်ခဲ့သည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများအား ခံဝန်လက်မှတ် အတင်းအဓမ္မ ထိုးခိုင်းခဲ့ကြောင်း အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နီးစပ်သူ တစ်ဦးက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် အပတ်တွင် မောင်တောမြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁) နယ်စပ် ကုန်သွယ်ရေး စခန်းတွင် ကုန်တင်/ကုန်ချ ပြုလုပ်နေသည့် အလုပ်သမားများကို အာဏာပိုင်များက NVC ကဒ်မရှိလျှင် ကုန်တင်/ကုန်ချ လုပ်ခွင့်ရတော့မည် မဟုတ်ကြောင်း ပြောဆိုသဖြင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ထို့အပြင် စက်လှေသမားများလည်း စက်လှေမောင်းနှင်ခွင့် မရှိတော့သဖြင့် ၎င်းတို့၏ နေရာတွင် ဟိန္ဒူအမျိုးသားများ အစားထိုး ၀င်ရောက်လုပ်ကိုင်လျက် ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ 

တဖက်နိုင်ငံသို့ နယ်စပ်နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်လိုလျှင် NVC ကဒ် ကိုင်ဆောင်သူ ဖြစ်ရမည်ဟု အမှတ် (၁) အ၀င်/အထွက် စခန်းရှိ နယ်ခြားစောင့်ရဲများနှင့် လ.၀.က များက ပြောဆိုသဖြင့် ရိုဟင်ဂျာ ကုန်သည်များ အခက်တွေ့လျက် ရှိနေကြသည်။ 

အဆိုပါ ညွန်ကြားချက်ကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပေးထားခြင်း ဖြစ်သည်ဟု ဌာနဆိုင်ရာများနှင့် အကျွမ်းတ၀င်ရှိသူ တစ်ဦးက ပြောသည်။ 

မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်သူ တစ်ဦးက “ဒီကဒ်က အဆင့်အတန်း ခွဲခြားတဲ့ ကဒ်တစ်ခုလို ဖြစ်နေတယ်။ ပြီးတော့ ၈၂ ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူး။ အဲဒါကြောင့် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ခု ပြောချင်တာက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို မေတ္တာတရားနဲ့ အုပ်ချုပ်ပါမယ်၊ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်ရမယ်လို့ ကတိပြုခဲ့တယ်။ အခု ရိုဟင်ဂျာတွေရဲ့ အသွားအလာ၊ အလုပ်အကိုင်တွေကို အကျပ်ကိုင်ပြီး NVC ကိုင်အောင် ဖိအားပေးနေတာက ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပါ။ ရိုဟင်ဂျာတွေကို ငတ်မွတ်သည် အထိ အကျပ်ကိုင်နေတာက မေတ္တာတရားနဲ့ အုပ်ချုပ်နေတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် လုပ်ခိုင်းနေတာက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ကိုက်ညီမှုရှိရဲ့လား၊ အခုလို အကျပ်ကိုင်ပြီး လုပ်နေတဲ့ အစိုးရက လူ့အခွင့်အရေးကို အမှန်တကယ် နားလည်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်တယ်” ဟု RB News သို့ပြောပါသည်။ 


RB News
5.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာတွင် လက်နက်များ မိသည့် အကြောင်းများ ပေါ်လာခြင်းမှာ ခမရ (၅၆၄) မှ ခေတ္တတပ်ရင်းမှူး၏ ငွေညှစ်မှုကိစ္စ ဖိအားပေးခံရသောကြောင့် အာရုံလွှဲရန် တမင်ကြံစည်၍  ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ယနေ့ ဇန်န၀ါရီလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများနှင့် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ဒါးပိုင်ဆရာ ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ စဥ့်အောင်းကျေးရွာ၊ ဒါးပိုင်ဆရာကျေးရွာနှင့် ဂေါ်နီရွာများမှ ဒေသခံ ရိုဟင်ဂျာများကို အိမ်ထောင်စု စာရင်းများနှင့် အတူ ဒါးပိုင်ဆရာကျေးရွာရှိ စာသင်ကျောင်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။

စာသင်ကျောင်းသို့ ရောက်ရှိလာသည့် မိသားစုများကို တစ်ဦးချင်းစီ စစ်ဆေး၍ မိသားစု (၈) စုကို ထိန်းသိမ်းထားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးရှုနာမျာ (ဘ) ဦးအာဘုလ်ကာဆိမ်းနှင့် သားနှစ်ဦးကိုလည်း ကျေးရွာတွင်းမှ ဖမ်းဆီး၍ ကျောင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ရှုနာမျာ အမည်ရှိ ရွာသားများ အားလုံးကို ဖမ်းဆီးခဲ့ပြီး၊ ည (၇) နာရီ အချိန်တွင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးရှုနာမျာကို ခေါ်ဆောင်သွားကြောင်း၊ ကျောင်းအတွင်း စစ်ဆေးစဉ် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးရှုနာမျာသည် ဌာနဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဖြစ်ပြီး၊ အေးချမ်းစွာ နေထိုင်သူ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် မောင်ကြီးတောင် ကျေးရွာမှ ဖမ်းဆီးသွားသူ (၇) ဦးမှ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ (၄) ဦးကိုသာ သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သည့် (၃) ဦးနှင့် ပတ်သက်၍ သတင်းအစအန မရသည့်အပြင် အခြား မိသားစု (၃) စုလည်း ကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်၍လည်း သတင်းလုံးဝ မရရှိသေးဟု ဒေသခံများက ပြောပါသည်။

မိသားစု (၃) စုမှာ --

(၁) ဦးမာမတ်ဆိဒိတ် (ဘ) ဦးအာဘုလ်ကာဆိမ်း (အသက် ၃၅ နှစ်)၊ ၎င်း၏ ဇနီးနှင့် သမီး (၂) ဦး
(၂) ဦးအဒူရော်ဟိမ်း (ဘ) ဦးဂျမာလ် (အသက် ၆၅ နှစ်) ၏ ဇနီး၊ သား (၂) ဦးနှင့် သမီး (၂) ဦး
(၃) ဒေါ်လိုင်လာ (ဘ) ဦးမာမတ်ရှော်ရိဖ်၊ ၎င်း၏ သား (၂) ဦး၊ သမီး (၃) ဦး -- တို့ဖြစ်သည်။

ခမရ (၅၆၄) တွင် တပ်ခွဲမှူး ဗိုလ်မှူးက ခေတ္တတပ်ရင်းမှူး တာဝန်ယူထားပြီး ရာထူး အရှိန်အ၀ါကို အသုံးပြု၍ ဒေသခံများ ထံမှ ငွေညှစ်လျက် ရှိရာ၊ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ခရီးလွန်နေသူများ ပြန်ရောက်လာလျှင် ငွေကျပ် တစ်သိန်းစီ ယူပေးရန် မောင်ကြီးတောင် ရွာသား ဦးဂျမာလ် (ဘ) ဦးမာမတ်ဟာရှိမ်းနှင့် ရာအိမ်မှူး ဦးဇော်မိရ်ဟူစိန်း တို့ကို မှာကြားခဲ့သည်။

ဦးဂျမာလ်နှင့် ဦးဇော်မိရ်ဟူစိန်း တို့က ခေတ္တတပ်ရင်းမှူး၏ မှာကြားချက် အတိုင်း ငွေညှစ်ခဲ့ရာ စုစုပေါင်း (၂၂) သိန်း ရရှိခဲ့ပြီး၊ ခေတ္တတပ်ရင်းမှူး၏ တပည့်ဖြစ်သူ တပ်ကြပ်ကြီး ဘကျော်ကို ငွေကျပ် (၁၆) သိန်း လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ၎င်းတို့ (၄) ဦးကြားတွင် ငွေကြေး ခွဲဝေမှုများကြောင့် စကားများ ရန်ဖြစ်ခဲ့ခြင်းများ ရှိခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

အဆိုပါ ခေတ္တတပ်ရင်းမှူးသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင်လည်း မိကျောင်းဈေး ရွာသစ်ရွာနှင့် ရွာသစ်ရွာ တို့ရှိ ဒေသခံ (၂) ဦးထံမှ ငွေကျပ် ၆ သိန်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ မိကျောင်းဈေး ရွာသစ်ရွာနှင့် ရွာသစ်ရွာ တို့ရှိ ဒေသခံ (၇) ဦးထံမှ ငွေကျပ် ၂၄ သိန်း ညှစ်ယူခဲ့သည်။ ငွေကျပ် သိန်း (၃၀) ညှစ်ယူမှုနှင့် ပတ်သက်၍ RB News ၌ ဖော်ပြပြီးနောက် အထက်အရာရှိများ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး၊ ၎င်းအပေါ် ဖိအားပေးမှုများကို အာရုံလွှဲရန် အတွက် ၎င်းနှင့် ရင်းနှီးသူများ ဖြစ်ကြသည့် ဦးဂျမာလ်၊ ဦးဇော်မိရ်ဟူစိန်း တို့နှင့် အတူ လက်နက်မိသည့် ဇတ်လမ်းတွင်၍ အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် ဖမ်းဆီးခံရသူများကို ရိုက်နှက်နှိပ်စက်၍ အခြေအနေ ဆိုးရွားလာသောကြောင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင် ထားရကြောင်း၊ ဘူးသီးတောင်မြို့ ပေါ်မှ တွင်ခုံ လုပ်ငန်း လုပ်ကိုင်သူ (၆) ဦးကို ဖမ်းဆီးထားကြောင်း မြို့ခံတစ်ဦးက ပြောကြားသော်လည်း RB News မှ သီးခြင်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။



Rohingya Eye
RB News
5.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ဘာသာရေးကျောင်းတစ်ကျောင်းနှင့် နေအိမ်အချို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖြိုဖျက်ဖျက်ဆီးခဲ့ပြီး၊ ငွေညှစ်ခြင်းများလည်း ရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သံဒါကျေးရွာ၏ အနောက်ဘက်တွင် ဗလီဝတ်ကျောင်းတော်နှင့် တွဲလျက် အခြေခံ အာရဗီ စာသင်ကျောင်းနှစ်ကျောင်း တည်ရှိသည်။ အဆိုပါ ဗလီဝတ်ကျောင်းတော်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဇန်န၀ါရီလ (၄) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်မြေ (၇) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၁၁) ဦးသည် ကားတစ်စီးဖြင့် သံဒါကျေးရွာရှိ အဆိုပါ ဗလီဝတ်ကျောင်းတော်၏ ခြံဝင်း အတွင်းသို့ ၀င်ရောက်လာပြီး၊ အခြေခံ ကျောင်းတစ်ကျောင်းကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ဗလီဝတ်ကျောင်းတော် ခြံဝင်းအတွင်းရှိ အုန်းပင်များမှ အုန်းသီးများ အပါအ၀င် ဗလီခြံစည်းရုံး သစ်သားတိုင်များ အားလုံးကို ဖြုတ်ယူ၍ ကားပေါ်သို့ တင်ဆောင်၍ ယူဆောင်သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်လည်း နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲများက န.စ.က ရေးဆွဲခဲ့သည့် မြေပုံတွင် မပါရှိသည့် အိမ်များဟု ဆိုကာ နေအိမ် အချို့ကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ ဖြိုဖျက် ဖျက်ဆီးခံရသည့် နေအိမ်များတွင် ၁၅ နှစ်ကျော် သက်တမ်းရှိသည့် အိမ်များလည်း ပါဝင်ပြီး၊ ၀ါးထရံ၊ သစ်သားကြမ်းခင်း၊ ဓနိဖြင့် ဆောက်လုပ်ထားသည့် အိမ်များ ဖြစ်သည်။

ဖြိုဖျက်ခံရသည့် အိမ်များမှ ပိုင်ရှင် အချို့မှာ --

(၁) ဦးဟာဘီအုလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၅၅ နှစ်)
(၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးရော်ဟိမူလ္လာ (အသက် ၃၂ နှစ်)
(၃) ဦးအဒူရှကူရ် (ဘ) ဦးအာဘုလ်ဟာရှိမ်း (အသက် ၃၆ နှစ်)
(၄) ဦးဟဲဗ်ဇူရာမန် (ဘ) ဦးဟာရွန် (အသက် ၃၇ နှစ်) -- တို့ဖြစ်သည်။

နေအိမ်များ မဖြိုဖျက်ခင် တစ်ပတ် အလိုတွင် ရာအိမ်မှူး ဖြစ်သူ ကျော်ဇေယျာဦးက နေအိမ်များ ဖြိုဖျက်ခြင်း မခံရအောင် လုပ်ပေးမည်ဟု ဆိုကာ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ ==

(၁) ဦးဒိလ်မိုဟာမတ် (ဘ) ဦးရော်ဟိမူလ္လာ (အသက် ၃၂ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၂) ဦးအဒူရှကူရ် (ဘ) ဦးအာဘုလ်ဟာရှိမ်း (အသက် ၃၆ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၁၀ သိန်း
(၃) ဦးဟဲဗ်ဇူရာမန် (ဘ) ဦးဟာရွန် (အသက် ၃၇ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၁၁ သိန်း -- တို့ဖြစ်သည်။

“ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက နယ်ခြားစောင့်ရဲနဲ့ လ.၀.က တို့ပေါင်းပြီးတော့ နေအိမ်တွေ ဖြိုဖျက်တာတွေကို ရပ်တန့်ပေးဖို့ အမိန့်စာ ပို့ခဲ့တယ်လို့ သိရတယ်။ အမိန့်စာ ပို့ပြီးမှ ဘာသာရေးကျောင်းကို ပစ်မှတ်ထားပြီး ဖြိုနေတာက တည်ငြိမ်အေးချမ်းမှုကို တမင်တကာ ပျက်ပြားအောင် လုပ်နေတာလို့မြင်တယ်” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် များတွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်ပေါင်းများစွာကို နယ်ခြားစောင့်ရဲများက ဖြိုဖျက် ဖျက်ဆီးခဲ့ရာ၊ ကုလသမဂ္ဂက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ သတိပေးစာ ပေးပို့ခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဦးတင်မောင်ဆွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများကို နေအိမ်များ ဖြိုဖျက်ခြင်း ရပ်တန့်ရန် အမိန့်စာ ထုတ်ပြန်ခဲ့သည်ဟု RFA မြန်မာပိုင်းသို့ ပြောကြားသော်လည်း အမှန်တကယ် မြေပြင်တွင် ရပ်တန့်သွားခြင်း မရှိသည်ကို တွေ့ရှိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာတွင် ဖြိုဖျက် ဖျက်ဆီးခံရသည့် ဘာသာရေးကျောင်း ဓါတ်ပုံ



Rohingya Eye
RB News
4.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျက်တောင်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများသည် ၎င်းတို့ရွာမှ လက်နက်များ ရရှိသည်ဟု လုပ်ကြံခံရမည်ကို အထူး စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျက်တောင် ကျေးရွာ အလယ်ပိုင်းရှိ ဗလီကြီး၏ ရေကန်သို့ ပြသရွာ (ရခိုင်ရွာ) တွင် နေထိုင်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင် ရောက်ရှိလာပြီး ရိုဟင်ဂျာရွာသား အချို့ကို အတင်းအဓမ္မ ခေါ်ယူကာ ဗလီကြီးရှိ ရေကန်ထဲသို့ ပိုက်ကွန် ပစ်ခိုင်း၍ ငါးဖမ်းခဲ့သည်။

ဦးစိန်မြအောင်သည် ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် တစ်ဖန် ရောက်ရှိလာပြီး ရေစုတ်စက် (၃) လုံးဖြင့် ရေကန်မှ ရေများကို စုတ်ထုတ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့ ရေကန်ကြီးမှ ရေစုတ်ထုတ်နေသည်ကို ဗလီဂေါပကဖြစ်သူ ဦးဖော်ဇော်လ် (အငြိမ်းစား၊ အကောက်ခွန်ဦးစီးဌာန၊ ယခု အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ) က သိရှိသွားသည့် အခါ နွားရုံတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင် ထံ ဖုန်းဆက်၍ ရေမစုတ်ရန် ပြောသော်လည်း၊ ဦးစိန်မြအောင်က မိမိ အနေဖြင့် ငါးဖမ်းရမည် ဖြစ်သည့် အတွက် ရေစုတ်ထုတ်နေခြင်း ဖြစ်ကြောင်း ပြောကြားရာ၊ ဂေါပက ဖြစ်သူ ဦးဖော်ဇော်လ်က ငါးလိုချင်လျှင် ငါးဝယ်ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသော်လည်း ဦးစိန်မြအောင်က မိမိအနေဖြင့် ငါးရောင်းရန် ငါးဖမ်းနေခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားပြီး ရေကန်ကြီးထဲမှ ရေများကို ဆက်လက် စုတ်ထုတ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“ကျွန်တော်တို့ ရွာမှာ ဒီရေကန်ကြီးကိုပဲ အားကိုးနေရတယ်။ ဗလီမှာ ၀တ်ပြုတဲ့လူတွေ မျက်နှာသစ်တော့လည်း ဒီရေကန်ပါပဲ။ သောက်သုံးရေ၊ အိမ်သုံးရေ ချက်ပြုတ်ဖို့ အားလုံးအတွက် ဒီရေကန်ကို အားထားနေရတာ၊ အခုလို ရေစုတ်ထုတ်လိုက်တော့ ကျွန်တော်တို့ တစ်ရွာလုံး ရေအတွက် ဒုက္ခရောက်တော့မယ်” ဟု ရွာမှ လူကြီးတစ်ဦးက ပြောပါသည်။

“အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုပြီးတော့ တစ်ပတ်လောက် အကြာမှာ ကျွန်တော့်တို့ ရွာထဲကို ရခိုင်တစ်ယောက် လက်နက်ကိုင်ပြီး ၀င်လာတယ်။ အမှန်တော့ အဲဒီ လက်နက်ကို ရွာထဲက တစ်နေရာရာမှာ ထားပြီး လုပ်ကြံဖို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ရွာသားတွေ အချိန်မီ ဖမ်းနိုင်ခဲ့တယ်။ သက်ဆိုင်ရာကို အပ်ဖို့ လုပ်တော့ အုပ်ချုပ်ရေးမှူး စိန်မြအောင်က ဖားဖမ်းဖို့ ရွာထဲကို ၀င်လာတာပါ ဆိုပြီး ပြန်လွှတ်ပေးဖို့ ဖိအား ပေးတော့ ကျွန်တော်တို့လည်း ပြန်လွှတ် ပေးလိုက်ရတယ်။ အခုလည်း စိန်မြအောင် ကိုယ်တိုင် ငါးဖမ်းတာကို အကြောင်းပြပြီး အဲဒီရေကန်ထဲမှာ တစ်ခုခု ထားသွားတာတို့၊ ဒါမှ မဟုတ် ရွာအ၀င် အထွက်မှာ လက်နက်တွေ ထားသွားတာမျိုး လုပ်ပြီး ကျွန်တော်တို့ ရွာကို အခြားရွာတွေလို ဖြစ်အောင် လုပ်မှာကို အရမ်းစိုးရိမ် နေရတယ်” ဟု အဆိုပါ လူကြီးက ပြောပါသည်။


RB News
4.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်ကြီးတောင် ကျေးရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ရောက်ရှိလာပြီး လက်နက် ရှာဖွေသည်ဟု ဆိုကာ ဒေသခံရွာသားများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာအုပ်စု၊ မောင်ကြီးတောင် ကျေးရွာသို့ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၆၄) မှ စစ်သားများနှင့် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက ၀ိုင်းရံထားခဲ့ပြီး၊ နံနက် မိုးလင်းသည့် အချိန်တွင် တစ်အိမ်မှ တစ်ဦးစီ စာသင်ကျောင်းသို့ လာရောက်ရန် အသံချဲ့စက်ဖြင့် အော်၍ ကြေညာခဲ့သည်။ ဒေသခံရွာသား အချို့က စာသင်ကျောင်းသို့ သွားရောက်ခဲ့သော်လည်း အချို့မှာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ မသွားကြကြောင်း၊ အချို့မှာ ရွာမှ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နံနက် (၄) နာရီ အချိန်တွင် ဦးမာမတ်အာယုဖ်၏ သားသမီးများ ဖြစ်ကြသည့် နော်မာန်၊ အာရ်မာန်နှင့် ကော်ဆေရာ တို့ မောင်နှမ (၃) ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ ယခုအချိန်ထိ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဟု အဆိုပါ ဒေသခံက ပြောပါသည်။

စာသင်ကျောင်းသို့ သွားရောက်သူများကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်လျက် ရှိပြီး၊ လူငယ် ပညာတတ်တစ်ဦး ဖြစ်သည့် ဦးမာမတ်ဒုလ္လာ (ဘ) ဦးမာမတ်အာမီးန်နှင့် ရ.ယ.က ဥက္ကဌ ဟောင်း ဦးအလီအာမတ် တို့ကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှုကြောင့် အခြေအနေ အလွန် ဆိုးရွားလျက် ရှိကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာရွာသားများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုတစ်ခု လှုမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လက်နက်ကိုင် တပ်ဖွဲ့များကို ဥပဒေနှင့် အညီ စစ်ဆေးရန်၊ လူ့အခွင့်အရေး မချိုးဖောက်ရန် မှာကြားထားသည်ဟု ပြောဆိုခဲ့သော်လည်း ဗီဒီယိုထဲတွင် မြင်ရသည့် အခြေအနေ အတိုင်း ဆက်လက်၍ ဖြစ်ပွားလျက် ရှိသည်။

မောင်ကြီးတောင် ကျေးရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ရောက်ရှိလာပြီး၊ လက်နက် ရှာဖွေသည်ဟု အကြောင်းပြ၍ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်လျက်ရှိပြီး၊ လက်လုပ်သေနတ်များ မိသည်ဟု ဆိုကာ လုပ်ကြံ ဓါတ်ပုံများဖြင့် စစ်တပ်ဘက်လိုက် မြန်မာမီဒီယာများကို အသုံးချ၍ ၀ါဒဖြန့်နေသည်များကိုလည်း တွေ့ရှိရသည်။

နောက်ဆက်တွဲ သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက လက်လုပ်သေနတ် (၁၄) လက်ကို ဦးမာမတ်ဒုလ္လာ၏ ကွမ်းခြံမှ ရရှိခဲ့ကြောင်း၊ ဦးမာမတ်ဒုလ္လာနှင့် အတူ လေးဦးကို ဖမ်းဆီး ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ဦးမာမတ်ဒုလ္လာသည် လူငယ်ပညာတတ်တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ဖခင်ကို ရဲနှင့် စစ်သားများက စာသင်ကျောင်းတွင် ရိုက်နှက်နှိပ်စက်နေစဉ် ၎င်းက ဖခင်ကို မရိုက်နှက်ရန်၊ ဖခင်ကို ရိုက်နှက်မည့် အစား ၎င်းကိုသာ ရိုက်နှက်ရန်ဟု ပြောဆိုပြီး ရိုက်နှက်ခံခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းနှင့် အတူ ဖမ်းဆီးခံရသူများမှာ မည်သည့် စစ်သင်တန်းမှ တက်ရောက်ခဲ့သူများ မဟုတ်ကြောင်း၊ လက်လုပ်သေနတ်များ မိသည်ဆိုသည်မှာလည်း လုပ်ကြံမှုသာ ဖြစ်ကြောင်း၊ ဦးမာမတ်ဒုလ္လာသည် ခေတ်ပညာတတ်တစ်ဦးပီပီ အေးချမ်းစွာ နေထိုင်သူဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



(ဓါတ်ပုံ - Ro Arif Kassim Facebook)

ကမ္ဘာကြီး ရင်​နာမှာ​ပေါ့​ဗျာ

ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
3.1.2017

နွေမိုး​ဆောင်းဒဏ်​ခံ ​နေစရာအိမ်
မီးရှို့ခံရ ပြာဖြစ်​သွားလည်း
မျှော်​လင့်​ချက်​​တွေ ရှိ​နေဆဲ​ပဲလေ။

သားရဲ့ဖတ်​စာ မီးပြာထဲမှာ
ကျန်​​ကောင်းပါရဲ့ လိုက်​လို့ရှာမယ်
မီးစားပြီးလို့ တစ်​ပိုင်းတစ်​စ​လေ​။

ဖောင်​တိန်​တစ်​​ချောင်း တစ်​ရာကျတာ
မများ​ပေဘူး ခင်​​ဗျားဆိုလည်း
တစ်​ပြား​တောင်​မှ မကျန်​​တော့ဘူး​လေ။

အင်္ကျီ​အထည်​ သားမဝတ်​အား
ဝရုန်းသုန်​ကား အိမ်​ကထွက်​ရ
ဖြစ်​ပါ​စေ​တော့ သားမဝတ်​ချင်
လူ့ဂုဏ်​အ​ရေ ခြုံလို့ရရင်
နေ​ပျော်​တယ်​ဆို ခင်​​ဗျားယုံ​မလား။

ဟေ့-- ဒီမှာ
ညီမ​လေးရဲ့ အရိုး​တွေ့ပြီ
သိမ်းထားချင်​လို့ ​ကောက်​ခံခဲ့ရင်
တရားခံက သားများဖြစ်​မလား။

ဟင့်​-- ​ပြောရင်းနဲ့ ကျ​နေ​လေပြီ
သားမျက်​ရည်​​လည်း ကုန်​ခမ်းခါနီး
အခုထိ-
သားတို့အိမ်​ကို သားတို့ကိုယ်​တိုင်
မီးရှို့တယ်​လို့ စွပ်​စွဲ​နေရင်
ဒီကမ္ဘာကြီး ရင်​နာမှာ​ပေါ့​ဗျာ။

ရိုနေဆန်းလွင်
RB News
3.1.2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာများနဲ့ MRTV သတင်းတွေမှာ ကျွန်တော် Ro Nay San Lwin ရဲ့ Facebook အကောင့်ကနေ သတင်းမှားတွေ ဖြန့်နေတဲ့ အကြောင်း၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့မှာ ကာကွယ်ဆေးထိုးပြီးနောက် ကလေးတစ်ဦး သေဆုံးသွားတာ မမှန်ကန်တဲ့ အကြောင်း၊ အဲဒီကလေးငယ်က သူ့ဟာသူ အခြားဝေဒနာနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။

အဲဒါအပြင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှာ ဗွီအိုအေမြန်မာပိုင်းက ကိုစည်သူအောင်မြင့်ရဲ့ ဆောင်းပါးမှာ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက သတင်းမှားတွေနဲ့ ၀ါဒဖြန့်နေတဲ့ အကြောင်း၊ ပြီးတော့ ကျွန်တော့်ရဲ့ Facebook မှာ ရေးခဲ့တဲ့ ကာကွယ်ဆေးကိစ္စက သတင်းမှား ဥပမာ တစ်ခု ဖြစ်တယ်လို့ အစိုးရသတင်းတွေကို ကိုးကားပြီး စွပ်စွဲထားပါတယ်။

ကိုစည်သူအောင်မြင့် ဆိုတာကတော့ တပ်မတော် ထောက်လှမ်းရေးက စစ်ဗိုလ်ချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်အောင်ရဲဝင်း တို့နဲ့ ဗိုလ်သင်တန်း အပတ်စဉ် ၂၅ အတူတက်ခဲ့သူ တစ်ဦးပါ။ သူက ဗိုလ်သင်တန်းကျောင်းက ထုတ်ခံရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီထဲ ၀င်ရောက်ခဲ့တယ်။ အဲဒီနောက်မှာ အခု စာနယ်ဇင်းသမား တစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်တယ် ဆိုတာ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြလို့ သိရတယ်။ ဒါကို ဒီဆောင်းပါးမှာ ထည့်ရေးခြင်း အကြောင်းရင်းက ဘာကြောင့် စစ်လော်ဘီတစ်ဦး ဖြစ်နေရသလဲ ဆိုတာ သိသာအောင်ပါ။

ကာကွယ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး ရေးပါမယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ၊ အမှတ် (၄) ရပ်ကွက် (မင်းခမောင်း ရပ်ကွက်)၊ မကျည်းချောင်း ကျေးရွာက ကျန်းမာရေး လုပ်သားတစ်ဦးဖြစ်တဲ့ ဦးမာမတ်အူမောရ်က တမန်းသားကျေးရွာ အခြေစိုက် ကျန်းမာရေးမှူးရဲ့ ညွန်ကြားချက်အရ ကာကွယ်ဆေးထိုးဖို့အတွက် မကျည်းချောင်းရွာမှာ ရှိတဲ့ တစ်နှစ်အောက် ကလေးတွေရဲ့ စာရင်းကို ပြုစုခဲ့တယ်။ ကလေးတွေရဲ့ မိဘတွေက ကာကွယ်ဆေး မထိုးချင်ဘူး၊ ကာကွယ်ဆေးထိုးရင် ကလေးတွေ ဖျားတတ်တယ် ဆိုပြီး စာရင်း မပေးကြလို့ ကျန်းမာရေး လုပ်သားဖြစ်တဲ့ ဦးမာမတ်အူမောရ်က မထိုးလို့မရဘူး၊ ဒါက အစိုးရ အမိန့်၊ မထိုးရင် ဖမ်းဆီးထောင်ချခံရမယ်၊ ငွေညှစ်ခံရမယ်၊ မင်းတို့ ဆင်းရဲသားတွေ ငွေဘယ်လိုပေးနိုင်မလဲ၊ ငွေမပေးနိုင်ရင် ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ပြီး စာရင်းကောက်ခံခဲ့တယ်။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မနက် (၉) နာရီ အချိန်မှာ မင်းခမောင်းရပ်ကွက်မှာ တာဝန်ကျနေတဲ့ သူနာပြု (သွားဖွားဆရာမ) ဒေါ်မြကေခိုင်၊ ရဲအောင်ရွာမှာ တာဝန်ကျနေတဲ့ သူနာပြု၊ ခွဆုံရွာမှာ တာဝန်ကျနေတဲ့ သူနာပြုတွေနဲ့ မင်းခမောင်း ကင်းစခန်းက နယ်ခြားစောင့်ရဲ (၅) ယောက်တို့ဟာ မင်းခမောင်းရပ်ကွက် ဆေးခန်းကို ရောက်ရှိလာပြီး ကလေးတွေကို ဆေးထိုးပေးခဲ့တယ်။ မနက် ၉း၃၀ နာရီမှာ မင်းခမောင်းရပ်ကွက်၊ မကျည်းချောင်းရွာက ဦးနူရ်အာလောမ်ရဲ့ (၈) လ အရွယ်သားလေး ယာစီးန်ဂျူဟာရ်ကိုလည်း ဆေးထိုးပေးခဲ့ပြီး၊ အခြား ကလေး အယောက် ၂၀ ကျော်ကို ဆေးထိုးပေးခဲ့တယ်။

ဆေးထိုးပေးပြီး ခဏအကြာမှာ ကလေးတွေ အန်တယ်၊ ၀မ်းသွားတယ်၊ နွမ်းနယ် ပင်ပန်းလာပြီး ငိုက်လာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ နောက်တော့ ယာစီးန်ဂျူဟာရ် အပါအ၀င် ကလေးငယ် (၇) ယောက် အသက်စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိလာပြီး ည ၉ နာရီ အချိန်မှာ ယာစီးန်ဂျူဟာရ် သေဆုံးသွားခဲ့တယ်။

ဦးရှော်ဖီအာလောမ်၏ (၈) လ အရွယ် အမွှားပူး သမီးနှစ်ဦးဖြစ်တဲ့ ဂျန္နသ်တာရာနဲ့ ကော်ဆေရာ၊ ဦးဇာဟိတ်ဟူစိန်းရဲ့ (၇) လ အရွယ်သမီး ဟာရေဆာ၊ ဦးနူရ်ဆလာမ်ရဲ့ (၈) လ အရွယ်သား အာဇီဇုလ်မုစ်တာဖာ၊ ဦးကာမာလ်ဟူစိန်းရဲ့ (၉) လ အရွယ်သား နော်ဂျီမူလ္လာနဲ့ အခြားကလေးတစ်ဦးတို့ အသက်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေလို့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ တမန်းသား ကျန်းမာရေးဌာနကို ပို့ဆောင်ပြီး ဆေးကုသခဲ့ရတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ဒေါ်မြကေခိုင် အပါအ၀င် သူနာပြု သုံးယောက်၊ မင်းခမောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး၊ တမန်းသားရွာ အခြေစိုက် ကျန်းမာရေးမှူး၊ နယ်ခြားစောင့်ရဲတွေနဲ့ ကျန်းမာရေးလုပ်သား ဦးမာမတ်အူမောရ် တို့က ဦးနူရ်အာလောမ်ကို ခေါ်ပြီး ယာစီးန်ဂျူဟာရ်ကို ကာကွယ်ဆေး ထိုးပေးခဲ့ခြင်းမရှိ ဟုဆိုပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်။ ပြီးတော့ တစ်ယောက်ယောက် လာမေးရင်လည်း ဆေးမထိုးပေးခဲ့ဘူး၊ ၀မ်းပျက်ဝမ်းလျှော ရောဂါနဲ့သာ သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ပြောဖို့၊ တကယ်လို့ ကာကွယ်ဆေး ထိုးပေးတာကြောင့် သေဆုံးခဲ့တာလို့ ပြောရင် ဖမ်းဆီး ထောင်ချမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ အဲဒီနောက် ကလေးရဲ့ ကာကွယ်ဆေးထိုး မှတ်တမ်းကိုလည်း လဲပေးလိုက်တယ်။

ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ တမန်းသားရွာ အခြေစိုက် ကျန်းမာရေးမှူး၊ မင်းခမောင်း ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေနဲ့ နယ်ခြားစောင့်ရဲတွေဟာ မကျည်းချောင်းရွာကို ရောက်ရှိလာပြီး ကာကွယ်ဆေး ထိုးခံခဲ့ရတဲ့ ကလေးမိဘတွေကို ခေါ်ပြီး ယာစီးန်ဂျူဟာရ် သေဆုံးခဲ့ရတာက ကာကွယ်ဆေးကြောင့် မဟုတ်ဘဲ၊ သူ့ကံတရားကြောင့် အသက်သေဆုံးသွားခဲ့ရတာ ဖြစ်ကြောင်း၊ ကာကွယ်ဆေး အပေါ် သံသယ မ၀င်ဖို့၊ အခု ၀မ်းပျက်ဝမ်းလျှော ရောဂါက အခြားရွာတွေမှာလည်း ဖြစ်နေကြောင်း၊ အဲဒါကြောင့် မိဘတွေ အနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ ရေကိုကျိုချက်ပြီး သောက်သုံးဖို့၊ မသန့်ရှင်းတဲ့ အစားအစာတွေ ရှောင်ရှားဖို့ မှာကြားပြီး၊ သောက်ဆေး အချို့ပေးခဲ့တယ်။

အဲဒါတွေအပြင် အခြေအနေ စိုးရိမ်ဖွယ်ရာ ဖြစ်နေတဲ့ ကလေး (၆) ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးလာရင် သူ့ကို ခေါ်ဖို့၊ ဒါမှမဟုတ်ရင် တမန်းသား ကျန်းမာရေးဌာနကို ပို့ဖို့ မှာကြားခဲ့တယ်။ အဲဒီကလေး (၆) ယောက်ရဲ့ ကျန်းမာရေး အခြေအနေကတော့ အခုထိ စိုးရိမ်နေရဆဲပါ။

NGO ၀န်ထမ်းတစ်ဦးကတော့ ကာကွယ်ဆေးတွေကို အအေးခန်းထဲမှာ မထားလို့ အခုလို ကလေး သေဆုံးရတဲ့ အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သာမာန် ရိုဟင်ဂျာ ပြည်သူတွေကို ဆေးကုသခွင့် မပေးထားတဲ့ အချိန်မှာ အခု ကလေးတွေကို အတင်းအဓမ္မ ခေါ်ပြီး ဆေးထိုးခိုင်းတာက သံသယ ဖြစ်စရာပါ။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းကစပြီး စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အနည်းဆုံး အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၄၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်ပေါင်း ၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ မိန်းကလေးငယ်များ အပါအ၀င် အမျိုးသမီး ၃၀၀ နီးပါးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ထဲမှာ အစိုးရက စာနယ်ဇင်းသမား ၁၃ ဦးကို ရွေးချယ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ ရွာအချို့ကို ခေါ်သွားခဲ့တယ်။ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ရွာတွေကိုတော့ ခေါ်မသွားခဲ့ဘူး။ အချို့ စာနယ်ဇင်းသမားတွေက အမှန်တရား တစ်ချို့ကို သိခဲ့ပေမယ့် ဖော်ထုတ်ဖို့ မ၀ံ့မရဲ ဖြစ်နေတဲ့ ပုံစံမျိုး တွေ့နေရပေမယ့် စစ်လော်ဘီ တစ်ဦးဖြစ်တဲ့ ကိုစည်သူအောင်မြင့် ကတော့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယို ထွက်လာတာတောင် အစိုးရ လက်နက်ကိုင် အဖွဲ့တွေက ရာဇ၀တ်မှု လုံးဝ မကျူးလွန်ခဲ့တဲ့ ပုံစံမျိုးနဲ့ ၀ါဒဖြန့်နေတာကတော့ အလွန်ကို ရှက်ဖို့ ကောင်းပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ နာမည်ကို တပ်ပြီး သတင်းမှားတင်နေသူလို့ စွပ်စွဲနေတာကတော့ အလွန်ကို ရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ တင်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံနဲ့ သတင်းတွေမှာ အမှားတစ်ခုမှ မပါဘူးဆိုတာ ကြိုက်တဲ့ပုံစံနဲ့ အာမခံရဲတယ်။ အခုရေးထားတဲ့ ခမောင်းဆိပ်မြို့က ကာကွယ်ဆေး ကိစ္စမှာ အစိုးရက သေချာ အကွက်ချစီစဉ်ပြီးမှ ကျွန်တော့်ကို နာမည်ဖျက်ဖို့ လုပ်ခဲ့တာပါ။ အဲဒါကို သတင်းသမားတစ်ဦး ဖြစ်သူ ကိုစည်သူအောင်မြင့်က မြေပြင်က သတင်းအမှန်ကို မစုံစမ်းဘဲ စစ်လော်ဘီ တစ်ဦးပီပီ ဗွီအိုအေမြန်မာပိုင်းမှာ နာမည်ကိုင်ပြီး စွပ်စွဲတာကတော့ ကိုယ့်ရဲ့ သတင်းသမား သိက္ခာကို ကိုယ့်ဟာကိုယ် ချလိုက်တာနဲ့ အတူတူပါပဲ။ ငါးခူရကျေးရွာက အသတ်ခံရသူနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရ သတင်းကိုသာ ကိုးကားပြီး ပြောနေတာကိုက သတင်းသမား မပီသဘူးဆိုတာ ပြနေတယ်။

ကျွန်တော့် အနေနဲ့ “ဒီအစိုးရက ရိုဟင်ဂျာတွေကို နည်းပေါင်းစုံနဲ့ ဆက်ပြီး သတ်ပါလိမ့်မယ်” လို့ ရေးခဲ့ပါတယ်။ အဲဒါကလည်း လူပေါင်း ၄၅၀ ကျော်ကို မညှာမတာ သတ်ခဲ့တဲ့ အတွက် ရေးခဲ့ရခြင်း ဖြစ်ပြီး၊ နောက်နောင် မသတ်တော့ပါဘူးလို့ အစိုးရ ကိုယ်တိုင်က အာမခံထားခြင်း မရှိတဲ့ အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဆက်သတ်မလဲဆိုတာ စိုးရိမ်နေရဆဲပါ။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ထုတ် သတင်းစာဖြတ်ပိုင်း



RB News
2.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၆၄) မှ ခေတ္တ တပ်ရင်းမှူးသည်တပ်ရင်းနှင့် နီးစပ်ရာ ကျေးရွာများရှိ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၆၄) မှ တပ်ခွဲမှူးသည် ယခုအခါ ခေတ္တတပ်ရင်းမှူး တာဝန်ထမ်းဆောင်လျက် ရှိပြီး တပ်ရင်းနှင့် နီးစပ်ရာ ကျေးရွာများရှိ ဒေသခံများထံမှ ဓါးပြကဲ့သို့ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့တွင် ငွေညှစ်ခံရသူများမှာ --

(၁) ဦးအာဘူတော်ယုဖ် (ဘ) ဦးဘူဇူရ်မျာ (မိကျောင်းဈေး ရွာသစ်ရွာမှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဦးအန်ဝါရ် (ဘ) ဦးကာဆိမ်း (မိကျောင်းဈေး ရွာသစ်ရွာမှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၃) ဦးဟူမာယုံကော်ဘိရ် (ဘ) ဦးမာမတ်ရှော်ရိဖ် (ရွာသစ်ရွာမှ) - ညှစ်ခံရသည့် ငွေကျပ် ၆ သိန်း
(၄) ဦးဟူဆောင်း (ဘ) ဦးအိဒိရိစ် (မိကျောင်းဈေး ရွာသစ်ရွာမှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၅) ဦးတော်ယုဖ် (ဘ) ဦးရော်ရှိဒ် (မိကျောင်းဈေး ရွာသစ်ရွာမှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၆) ဦးဇူဟာရ် (ဘ) ဦးအာဘူလ်ဟူစိန်း (ရွာသစ်မှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၇) ဦးနော်ဇူမူဒိန် (ဘ) ဦးမျာဟူစိန်း (ရွာသစ်မှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း -- တို့ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ငွေညှစ်ခံရသူများမှာ --

(၁) ဦးရော်ရှိတ် (ဘ) ဦးဆော်ယိဒ်အာမတ် (မိကျောင်းဈေး ရွာသစ်မှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဦးဆော်ယိဒ်အာဇီးမ် (ဘ) ဦးအဒူရာဇက် (ရွာသစ်မှ) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း -- တို့ဖြစ်သည်။




MYARF
RB News
2.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများ ခြံစည်းရိုး ကာရံရန် အတွက်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က နယ်မြေ (၇) စခန်း) ကို ခြံစည်းရိုး ကာရံရန် အတွက်ဟု ဆိုကာ အလယ်သံကျော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထူးနှင့် ယင်းကျေးရွာအုပ်စု၊ ဈေးကုန်တန်း ကျေးရွာမှ ဆယ်အိမ်မှူး တစ်ဦးတို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့ထိ ဈေးကုန်တန်း ကျေးရွာမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀/- စီ ကောက်ခံခဲ့သည်။ 

ထို့နောက် ဒီဇင်ဘာလ (၂၉) ရက်နေ့မှစ၍ အိမ်ထောင်စု တစ်စုလျှင် လုပ်အားပေး တစ်ယောက်ကျစီ ခေါ်၍ အလုပ်လုပ်ခိုင်းလျက် ရှိပြီး၊ လုပ်အားပေးရန် လူမရှိသည့် အိမ်ထောင်စုများမှ ငွေကျပ် ၅၀၀၀/- မှ ၇၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း တပ်ဦးချောင်း ကျေးရွာအုပ်စု၊ နူရူလ္လာရွာ ကျောင်းအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို ခြံစည်းရိုး ကာရံရန် အတွက်ဟု ဆိုကာ ယင်းကင်းစခန်း တာဝန်ခံ ရဲအုပ်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းနှင့် ဘဂုံးနား အရှေ့ရွာမှ ရပ်မိရပ်ဖ ဦးမာမတ်နုရ် တို့ကို ခေါ်၍ ငွေကျပ် ၁၀ သိန်း ကောက်ခံပေးရန် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြောဆိုခဲ့သည်။ 

သို့ဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းနှင့် ရပ်မိရပ်ဖ ဦးမာမတ်နုရ် တို့က နူရူလ္လာရွာ၊ မာဒိလာရွာ (မာဇိလ္လားဖာရာ) နှင့် တပ်ဦးအနောက်ရွာ များမှ ရွာမျက်နှာဖုံးများကို ခေါ်၍ နူရူလ္လာရွာမှ ငွေကျပ် ၆ သိန်း၊ မာဒိလာရွာမှ ငွေကျပ် ၂ သိန်းနှင့် တပ်ဦးအနောက်ရွာမှ ငွေကျပ် ၂ သိန်း ပေးရမည်ဟု ပြောဆိုခဲ့သည်။ 

တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းသည် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ G-1 အတွက်ဟု ဆိုကာ နူရူလ္လာရွာမှ ငွေကျပ် ၁၅ သိန်း ကောက်ခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ မန်ကျည်းချောင်း စခန်း (စခန်း ၁၅) မှ တာဝန်ခံ ရဲမှူးကျော်သူရီကလည်း နူရှုလ္လာရွာမှ ဒေသခံ (၁၃) ဦးကို လူဆိုး စာရင်း၌ ပါဝင်နေသည်ဟု ခြိမ်းခြောက်၍ ငွေကျပ် (၂၆) သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။ 



Rohingya Eye
RB News
2.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကြိမ်ချောင်းမှ စစ်သားများသည် ဒေသခံတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်နှင့် ကြိမ်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သား (၅) ဦး တို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ယင်းကျေးရွာအုပ်စု၊ ဆော်မန္နားဟ်ရွာမှ ဦးရှောမ်ရှု (ဘ) ဦးအဒူဆောမောဒ် (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးပြီး ကီးယာမောတ်ခါလီရွာရှိ ဈေးသို့ ခေါ်ဆောင်သွားပြီး၊ သောင်းကျန်းသူများကို ထမင်းကျွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

သို့သော်လည်း ဖမ်းဆီးခံရသူ ဦးရှောမ်ရှုက မဟုတ်မမှန်သည့် ကိစ္စတစ်ခုကို ၀န်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် လူမဆန်စွာနှိပ်စက်နေသည်ကို မခံနိုင်တော့၍ ငွေကျပ် (၇) သိန်း ပေးခဲ့ရကြောင်း၊ ငွေကျပ် (၇) သိန်း ပေးပြီးမှ ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဦးရှောမ်ရှုကို ဖမ်းဆီးသည့် ကိစ္စတွင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လုပ်ကြံခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့ကလည်း တောင်ပြိုလက်ဝဲမြို့ နယ်ခွဲ အခြေစိုက် တပ်ရင်းမှ စစ်သားအချို့သည် သဲချောင်းကျေးရွာအုပ်စု၊ မော်ဒီရွာသို့ သွားရောက်နေစဉ် ကျွန်းပေါက်ပြုစု ကျေးရွာမှ နွား (၁၇) ကောင် ၀ယ်ယူ၍ ပြန်လာနေသည့် သဲချောင်းရွာသားများ ဖြစ်သော မာမတ်ရှော်ရီဖ် (ဘ) ဦးဇော်လာလ် (အသက် ၂၀ နှစ်) နှင့် ဘော်ဒီး (အသက် ၂၈ နှစ်) တို့ကို ဖမ်းဆီး၍ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။

အဆိုပါ သဲချောင်းရွာသားနှစ်ဦးသည် သဲချောင်းကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို အကြောင်းကြား၍ နွားများ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း စစ်သားများက အတင်းအဓမ္မ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။




RB News
1.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ၊ ဘာသာရေးကျောင်းများနှင့် ဆိုင်ခန်းပေါင်းများစွာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အတင်းအဓမ္မ ဖြိုဖျက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က ယခင် န.စ.က လက်ထက်တွင် ရေးဆွဲခဲ့သည့် မြေပုံတွင် မပါရှိသော အဆောက်အဦများဟူ၍ ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဖြိုဖျက်ခံရသည့် နေအိမ်အများစုတွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တရားဝင် ဆောက်လုပ်ခွင့် ရှိသော်လည်း န.စ.က မြေပုံတွင် မပါဟု ဆိုကာ ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

(၁) ပညောင်ပင်ကြီး ကျေးရွာတွင် နေအိမ် (၂၇) လုံး
(၂) ဂေါ်ဒူသာရ ကျေးရွာတွင် နေအိမ် (၄၅) လုံး
(၃) ဘဂုံးနား ကျေးရွာတွင် နေအိမ် (၁၀) လုံးနှင့် ဘာသာရေးကျောင်း တစ်ကျောင်း
(၄) ပန်းတောပြင် ကျေးရွာတွင် နေအိမ် (၁၀) လုံး
(၅) ကံပူးကျေးရွာတွင် နေအိမ် (၁၉) လုံးနှင့် ဆိုင်ခန်း တစ်ခန်း
(၆) အုန်းတော ကျေးရွာတွင် နေအိမ် (၂၁) လုံးနှင့် ဆိုင်ခန်း (၃) ခန်း
(၇) ဇော်မတက် ကျေးရွာတွင် နေအိမ် (၇) လုံးနှင့် ဆိုင်ခန်း (၄) ခန်း
(၈) သရေကုန်းတန်း ကျေးရွာတွင် နေအိမ် (၁၆) လုံးနှင့် ဆိုင်ခန်း (၄) ခန်း
(၉) သရေကုန်းဘောင် ကျေးရွာတွင် နေအိမ် (၁၁) လုံးနှင့် ဆိုင်ခန်း (၃) ခန်း
(၁၀) ကညင်တန်း ကျေးရွာအုပ်စု၊ ဒိုးတန်းရွာတွင် နေအိမ် (၂) လုံး
(၁၁) ပဒင်းကျေးရွာအုပ်စု၊ ဂဇောန်းဒီးယားရွာ နေအိမ် (၄) လုံးနှင့် ဆိုင်ခန်း (၆) ခန်း
(၁၂) ပဒင်းကျေးရွာအုပ်စု၊ ခွန်ကရာရွာတွင် နေအိမ် (၄) လုံးနှင့် ဆိုင်ခန်း (၃) ခန်း
(၁၃) မန်ကျည်းချောင်း ကျေးရွာတွင် နေအိမ် (၂) လုံးနှင့် ဆိုင်ခန်း (၁၀) ခန်း
(၁၄) ဒုချီးရားတန်း ကျေးရွာတွင် နေအိမ် (၃၀) လုံးနှင့် ဆိုင်ခန်း (၃)ခန်း
(၁၅) အလယ်သံကျော် ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းရွာတွင် နေအိမ် (၁၇) လုံး
(၁၆) အလယ်သံကျော် ကျေးရွာအုပ်စု၊ ကံပူးရွာတွင် နေအိမ် (၅) လုံး
(၁၇) အလယ်သံကျော် ကျေးရွာအုပ်စု၊ အထက်ကံပိုင်ကြီးရွာတွင် နေအိမ် (၇) လုံး
(၁၈) အလယ်သံကျော် ကျေးရွာအုပ်စု၊ အ၀က်ကံပိုင်ကြီးရွာတွင် နေအိမ် (၁) လုံး
(၁၉) အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာကုန်းရွာတွင် နေအိမ် (၁၀) လုံး
(၂၀) အလယ်သံကျော် ကျေးရွာအုပ်စု၊ ဈေးကုန်းတန်းရွာတွင် နေအိမ် (၉) လုံး
(၂၁) အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာတွင် နေအိမ် (၂၉) လုံး -- တို့ဖြစ်သည်။




Rohingya Exodus