နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
15.5.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကူတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစန်းမှူးနှင့် ပူးပေါင်း၍ ဒေသခံရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သည် ကူတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးနှင့် ပူးပေါင်း၍ ဒေသခံရွာသားများကို အပြစ်မရှိ အပြစ်ရှာ၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အနောက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ကင်းစခန်းမှူးတို့သည် မေလ (၇) ရက်နေ့တွင် ဆရာဦးဆုလ်တာန် (ဘ) ဦးနူရ်အစ္စလာမ်က ၎င်း၏ ဖခင်ဖြစ်သူကို စစ်တွေသို့ ဆေးကုသရန် ခေါ်သွားခဲ့မှုနှင့် ပတ်သက်၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဥက္ကဌဟောင်း ဦးအီဆုပ်၏ ညီဖြစ်သူ ဦးအဒူရာမာန်အား လယ်ဝယ်ယူထားမှုနဲ့ ပတ်သက်ပြီး ပုဒ်မ အမျိုးမျိုးတပ် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းရှစ်သောင်း၊ အချင်းချင်း စကားများခဲ့သည့် အမျိုးသမီးနှစ်ဦးကို ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း၊ ဦးအာမီးရ်ဟမ်ဇား ထံမှ ငွေကျပ် ၂၅ သိန်းတန် မြေကွက်တစ်ကွက်တို့ကို ညှစ်ယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေခြင်း၊ ကင်းစခန်းမှူး၏ သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ ဓါးပြများသဖွယ် ပြုလုပ်နေခြင်းတို့ကို အထက်အာဏာပိုင်များက အရေးယူဆောင်ရွက် ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။


MYARF
RB News
15.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ မြောက်ပိုင်း ကျောင်းတောင်ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာအမျိုးသမီး ၃၂ ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မေလ (၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲများနှင့် စစ်သား အင်အား ၃၀၀ ကျော်တို့သည် ကျောင်းတောင်ကျေးရွာအုပ်စုသို့ ရုတ်တရက် ၀င်ရောက်လာပြီး တစ်ရွာလုံးကို ၀န်းရံပိတ်ဆို့ကာ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် အမျိုးသားများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အိမ်ပြင်ထုတ်၍ တန်းစီးခိုင်းကာ တစ်ကိုယ်လုံး လက်နှိုက်ရှာဖွေ၍ ရသမျှ ရွှေ၊ ငွေများ လုယက်ခြင်း၊ အိမ်တွင်းရှိ ဘီရိုများနှင့် သေတ္တာများကို ရိုက်ချိုး၍ ရသမျှ ရွှေ၊ ငွေများ လုယက်ယူသည့် အပြင် စားသောက်ဖွယ်ရာများ၊ အိမ်သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် မေလ (၈) ရက်နေ့တွင် တောင်ဘဇာရှိ နယ်မြေရုံးနှင့် ကျောင်းတောင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့မှ နယ်ခြားစောင့်ရဲများ တစ်ဖွဲ့၊ ခမရ (၅၅၂) နှင့် ခမရ (၂၃၂) တို့မှ တစ်ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းတောင် ကျေးရွာအုပ်စု အလယ်ရွာနှင့် စာကိုင်းရွာသို့ ၀င်ရောက်လာခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ၀င်ရောက်လာသည်နှင့် တပြိုင်နက် ဒေသခံများက မေလ (၆) ရက်နေ့တွင် အကြမ်းဖက်ခံထားရသည်ကို ကြောက်လန့်၍ အမျိုးသားများနှင့် အမျိုးသမီး သုံးပုံနှစ်ပုံခန့် ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ရွာတွင်းတွင် တစ်အိမ်တက် တစ်အိမ်ဆင်း၍ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် တွေ့ရှိသမျှ အမျိုးသမီး၊ မိန်းကလေး အသက်အရွယ် မရွေးကို မုဒိမ်းကျင့်ခြင်းများကို နေ့စဉ်ရက်ဆက် မေလ (၁၁) ရက်နေ့ထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိမ်းကျင့်ရာတွင် အများဆုံး မုဒိမ်းကျင့်ခဲ့သူ နှစ်ဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ကိုကိုဦးနှင့် မောင်မောင်ဌေး တို့ဖြစ်သည်ဟု သိရှိရသည်။ 

ဒေသခံများ၏ ပြောကြားချက်များနှင့် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ ပြောကြားချက်များအရ (၃၂) ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး၊ ၎င်းတို့ထဲတွင် နှစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်ဟု သိရှိရသည်။ 

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးများက စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများထံ တိုင်တန်းထားကြောင်း ဒေသခံများက ပြောပါသည်။ 

ဒေသခံများနှင့် အမျိုးသမီးများ၏ ပြောကြားချက်များအရ မေလ (၉) ရက်နေ့တွင် ကျောင်းတောင် ကျေးရွာအုပ်စု အလယ်ရွာတွင် အမျိုးသမီး (၇) ဦး၊  မေလ (၁၀) ရက်နေ့တွင် စာကိုင်းရွာမှ အမျိုးသမီး (၁၆) ဦး၊ မေလ (၁၁) ရက်နေ့တွင် အလယ်ရွာမှ အမျိုးသမီး (၉) ဦးတို့ကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သိရှိရသည်။ 

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များ၊ ၎င်းတို့၏ မိဘ အမည်များနှင့် အသက်အရွယ်များ အပြင် ၎င်းတို့၏ ထွက်ဆိုချက် ဗီဒီယိုများကို လက်ခံရရှိထားသော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို လေးစား၍ ထိန်ချန်ထားခြင်း ဖြစ်သည်။)




RB News
13.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်စု၊ ရှုနာလီရွာကို စစ်သားများက ၀င်ရောက်စီးနင်းပြီးနောက် ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်သည့် အပြင် အပြစ်မဲ့ ရွာသား (၃) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

ယနေ့ မေလ (၁၃) ရက်နေ့ နံနက် ၈ နာရီ အချိန်မှစ၍ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်းချောင်း ကျေးရွာအုပ်စု ရှုနာလီရွာကို စစ်သား အင်အား ၁၀၀ ကျော်က ၀န်းရံ ပိတ်ဆို့ထားခဲ့ပြီး၊ နေ့လည် ၁၂ နာရီအချိန်တွင် ရွာသို့ ၀င်ရောက်၍ ရွာသူရွာသားများ အားလုံးကို နေအိမ်များမှ ထွက်ခိုင်းပြီးနောက် လယ်ကွင်းထဲသို့ ခေါ်ဆောင်သွားကာ နေပူလှန်းထားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် စစ်သားများက နေအိမ်များထဲသို့ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

“အဓိက မိုဘိုင်းဖုန်းတွေနဲ့ ပိုက်ဆံတွေ လုပါတယ်။ အိမ်တွေထဲက ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ထိုသို့ ရွာသူရွာသားများကို ညှဉ်းပန်းနှိပ်စက်၍ ပစ္စည်းများ ဖျက်ဆီးလုယက်ပြီးနောက် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီး၍ စခန်းအမှတ် (၂၄) သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ ရွာသား (၃) ဦးမှာ -- 

(၁) ဦးအီဒီရီစ် (ဘ) ဦးဖော်ဇောလ်ကော်ရီးမ် (အသက် ၂၈ နှစ်)
(၂) ဦးရော်ရှိဒူလ္လာ (ဘ) ဦးရှောရ်အလီ (အသက် ၅၀ နှစ်)
(၃) ဦးနော်ဂျူမုလ္လာ (ဘ) ဦးနီရ်အာမတ် (အသက် ၂၆ နှစ်) -- တို့ဖြစ်ကြသည်။


Rohingya Eye
RB News
13.5.2017

မောင်တော ။ ။ မေလ (၁၁) ရက်နေ့ နံနက် ၁၀း၅၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ်သို့ မောင်းနှင်လာသော Fuso ကုန်တင်ကားကို ၆ မိုင် စစ်ဆေးရေးဂိတ်တွင် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်းအဖွဲ့က ရှာဖွေ စစ်ဆေးခဲ့ရာ ပီနံအိတ် (၅) အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိခဲ့ပြီး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အမှုဖွင့် အရေးယူလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသော်လည်း စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်အမည်ကို ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရှိရသည်။ 

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်မှာ MD Plus ရေသန့်လုပ်ငန်းနှင့် Dynamic စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဖြစ်သူ တ.စ.ည ပါတီ မောင်တော ဥက္ကဌ ဦးကျော်အေး၏ သားမက်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်နေ ဦးဆန်းမောင် (အသက် ၄၅ နှစ်) ဆိုသူ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ပိုင်ရှင်ဖြစ်သူသည် ၎င်း၏ စိတ်ကြွဆေးပြားများကို ဖမ်းဆီးလိုက်သည့် သတင်း ရရချင်း မောင်တော - အငူမော်ကားလမ်းမှတဆင့် စစ်တွေသို့ သွားရောက် တိမ်းရှောင်ရန် ၎င်း၏ ဇနီးနှင့် အတူ သွားနေစဉ် အငူမော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် အဖမ်းခံခဲ့ရသည်။ သို့သော်လည်း လာဘ်ငွေ အများအပြား ပေးလိုက်ခြင်းကြောင့် လွတ်မြောက်သွားခဲ့ပြီး ယခုအခါ စစ်တွေမြို့တွင် တိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်။ 

မေလ (၁၂) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က Dynamic စက်သုံးဆီ အရောင်းဆိုင်ကို ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

ဦးဆန်းမောင်သည် ရန်ကုန်မြို့မှ WY စိတ်ကြွဆေးပြားများ သယ်ဆောင်လာပြီး မောင်တောမြို့နယ်တွင် ဖြန့်ချီနေသူ ဖြစ်သည်။ ၎င်း၏ လုပ်ငန်းများ အဆင်ပြေချောမောစွာ လုပ်ကိုင်နိုင်ရန် အတွက် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မျိုးဝင်းကို တစ်လလျှင် ငွေကျပ် သိန်း ၅၀ ပေးနေရကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။ 

“ဆန်းမောင်က ကံပြင်ရွာ ဇာတိပါ။ စိတ်ကြွဆေးပြား အလုပ်လုပ်ပြီး ဌာနဆိုင်ရာတွေနဲ့ အရမ်းရင်းနှီးလာတယ်။ သူ့ရဲ့ သင်္ကြန်မဏ္ဍာပ်ကို ဘူးသီးတောင်က ဗျူဟာမှူးတောင်လာပြီး အားပေးခဲ့တယ်။ အခု ဖမ်းမိတဲ့ ကားသမားနဲ့ ဘာမှ မဆိုင်ဘူး။ ကားက ကုန်ပို့တဲ့ကားပါ။ ဦးစိုးဝင်းရဲ့ကား သူတို့က ပစ္စည်းသယ်တာ။ သူတို့ကားနဲ့ ပါလာတယ်ဆိုတာ သိချင်မှ သိမယ်။ ဒါပေမယ့် ဆန်းမောင်က ငွေကြေးနိုင်တယ်။ ပေါက်ရောက်တယ် ဆိုတော့ နောက်ဆုံးမှာ ဦးစိုးဝင်း ခံရဖို့ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်သည့် သတင်းမှ ဓါတ်ပုံ

MYARF
RB News
11.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ နေပြည်တော် ခရီးစရိတ် အတွက်ဟု ဆိုကာ ၎င်း၏ တပည့်ဖြစ်သူက လှဘော်ဇား ရွာသားနှစ်ဦးကို ခြောက်လှန့်၍ ငွေကျပ် သိန်း ၅၅၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ မာမတ်ဆလာမ် ဆိုသူသည် ကျီးကန်းပြင် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အယုံကြည်ရဆုံး တပည့် တစ်ဦး ဖြစ်ပြီး ၎င်းက မေလ (၇) ရက်နေ့တွင် ရဲမှူးချုပ်သူရစန်းလွင်က နေပြည်တော်သို့ ခရီးသွားရန် လမ်းစရိတ်ဟု ဆိုကာ လှဘော်ဇားရွာမှ ငွေကြေးတတ်နိုင်သူ အပြစ်မဲ့ ရွာသားနှစ်ဦးကို WY စိတ်ကြွဆေးပြား ဖမ်းဆီးရမိသည့် အမှုနဲ့ ဆက်နွယ်နေသူများဟု လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၅၅၀ ညှစ်ယူခဲ့ကြောင်း သိရှိရသည်။ 

“မင်္ဂလာကြီးရွာသား မာမတ်ဆလာမ်က ကွပ်ကဲရေးမှူးရဲ့ အယုံကြည်ရဆုံး ဖြစ်နေတယ်။ လှဘော်ဇား ရွာက ဒေါ်ဆော်ဖူရာ ဆိုသူဆီက WY စိတ်ကြွဆေးပြား ၄ ထုပ် မိထားတဲ့ အမှုတစ်ခု ရှိနေတော့ အခု လှဘော်ဇားက ငွေကြေးတတ်နိုင်တဲ့ ရွာသားနှစ်ယောက်ကို အဲဒီအမှုရဲ့ ကွင်းဆက် တရားခံတွေဆိုပြီး လုပ်ကြံ စွပ်စွဲပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးမှာ ငွေ သိန်း ၅၅၀ ညှစ်ပြီး ကွပ်ကဲရေးမှူးကို ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသည့် လှဘော်ဇား ရွာသား နှစ်ဦးမှာ ဦးမိုဟာမတ်ဇူဟားရ် (ဘ) ဦးဆီဒိတ်ခ် (အသက် ၃၅ နှစ်) နှင့် ဦးလဘော့ (ဘ) ဦးအီဆက် (အသက် ၃၇ နှစ်) တို့ဖြစ်ကြသည်။ 

“ဒေါ်ဆော်ဖူရာဆီက စိတ်ကြွဆေးပြား မိတာ ၄ ထုပ်ပါ။ အဖမ်းပြတော့ ၂ ထုပ်ပဲ ပြတယ်။ ကျန်တဲ့ နှစ်ထုပ်ကို မာမတ်ဆလာမ်နဲ့ နယ်ခြားစောင့်ရဲတွေက အပြင်မှာရောင်းပြီး ငွေကို ခွဲယူလိုက်တယ်” ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောပါသည်။ 

ငွေကျပ် သိန်း ၅၅၀ ကို မေလ (၅) ရက်နေ့တွင် ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ရဲမှူးချုပ်သူရစန်းလွင် (ဓါတ်ပုံ - Reuters)
Rohingya Eye
RB News
11.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ငွေကြေးတတ်နိုင်သူတစ်ဦးကို နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်စု၊ မောင်တူလာအောက်ရွာမှ ဦးဘော်ရှော်ရ် (ဘ) ဦးဆော်လာမောတ် (အသက် ၄၅ နှစ်) ၏ နေအိမ်ကို မေလ (၁၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ နယ်ခြားစောင့်ရဲ (၂၅) ဦးခန့်က ၀န်းရံပိတ်ဆို့၍ အိမ်ရှင်ဖြစ်သူ ဦးဘော်ရှော်ရ်နှင့် အတူ နွားကျောင်းသား မာမတ်ဆုလ်တာန် (အသက် ၂၈ နှစ်) နှင့် အိမ်တွင် အလုပ်လုပ်ကိုင်သူ ဦးအဒူရောန် (အသက် ၄၅ နှစ်) တို့ကို ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

နံနက် ၉ နာရီအချိန်တွင် နွားကျောင်းသားနှင့် နေအိမ်တွင် အလုပ်လုပ်ကိုင်သူတို့ နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးဘော်ရှော်ရ်ကို မောင်တောမြို့ပေါ်ရှိ ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးဘော်ရှော်ရ်နှင့် ၂၀၁၂ ခုနှစ် ပဋိပက္ခ တစ်စုံတစ်ရာ ဆက်နွယ်မှု မရှိသော်လည်း ပဋိပက္ခ နောက်ပိုင်းတွင် ဌာနဆိုင်ရာများက ပဋိပက္ခတွင် ပါဝင်ခဲ့သူဟု လုပ်ကြံ စွပ်စွဲ၍ ငွေသိန်းရာချီ ညှစ်ယူခဲ့ကြောင်း သိရှိရသည်။ 

“အခု ဦးဘော်ရှော်ရ်ကို ဖမ်းသွားတာကို ကြည့်ရင် လုပ်ငန်းရှင်ဖြစ်လို့ ပစ်မှတ်ထားပြီး ဖမ်းသွားတာ ဖြစ်ပါတယ်။ ၂၀၁၂ ကိစ္စနဲ့ လုံးဝ ဆက်နွယ်မှု မရှိပေမယ့် ငွေသိန်းချီ ညှစ်ခံရတယ်။ အခု လာဖမ်းတာမှာ ကျေးရွာ အုပ်ချုပ်ရေးက ဘယ်သူ့မှ မပါဘူး။ အဓိက ငွေများများ ညှစ်ဖို့ ဖမ်းသွားတာပါ။ တရားဥပဒေစိုးမိုးမှု မရှိတော့ ဘယ်ကိုမှ တိုင်လို့လည်း မရဘူး ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



Rohingya Eye
RB News
11.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးမှ တပ်ကြပ်အဆင့်ရှိသူ အောင်လှမြင့်သည် ရုံးမှ ထမင်းချက်အား ငွေညှစ်နိုင်ရန် အခွင့်အလမ်း ရှာမပေးသည့် အတွက်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးသို့ လွန်ခဲ့သည့် တစ်ပတ်က တပ်ကြပ် အဆင့်ရှိသူ အောင်လှမြင့် ရောက်ရှိလာခဲ့သည်။ ၎င်းသည် မေလ (၆) ရက်နေ့တွင် သောက်စားမူးယစ်ပြီးနောက် စ.ရ.ဖ ရုံးတွင် ထမင်းချက် တာဝန်ထမ်းဆောင်လျက် ရှိသော အင်းဒင်ကျေးရွာအုပ်စု အလယ်ရွာမှ ဦးယာစီးန် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၀ နှစ်) ကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အောင်လှမြင့်၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ဦးယာစီးန်သည် ပြင်ပ ဆေးခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။ ဦးယာစီးန်ကို ရိုက်နှက်ရခြင်းမှာ ရွာသားများအား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်နိုင်ရန် အခွင့်အလမ်း ရှာဖွေ မပေးသောကြောင့် ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

“စ.ရ.ဖ တပ်ကြပ် အောင်လှမြင့် ကတော့ လူမဆန်ဘူးလို့ ပြောရမယ်။ သူ့ကို ချက်ပြုတ်ကျွေးမွေး နေတဲ့လူ တစ်ယောက်ကို ဒီလောက် မရက်စက်သင့်ဘူး။ ထမင်းချက် တစ်ယောက်က ငွေညှစ်နိုင်ဖို့ ဂွင်မဖန် ပေးနိုင်လို့ ရိုက်တယ်ဆိုတာ တော်တော် ယုတ်မာတာပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဦးယာစီးန်သည် စ.ရ.ဖ ရုံးတွင် လုပ်ကိုင်နေသည့် ထမင်းချက်အလုပ် မလုပ်တော့ဟုဆိုကာ နုတ်ထွက်ရန် တင်ပြခဲ့သော်လည်း အောင်လှမြင့်က ပစ္စည်းပျောက်ဆုံးသည်ဟု ဆိုကာ ထောင်ချမည်ဟု ခြိမ်းခြောက် သောကြောင့် အလုပ်ဆက်လက် လုပ်ကိုင်နေသည်ဟု သိရှိရသည်။




Rohingya Eye
RB News
10.5.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ အမှတ် (၈) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသည် မသိနားမလည်သည့် ရွာသားများကို ခြောက်လှန့်၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မြင်းလွတ်မြို့နယ်ခွဲ အမှတ် (၈) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဟာမိတ်ဒူလ္လာသည် လွန်ခဲ့သည့် ဧပြီလက မသိနားမလည်သည့် ဆင်းရဲသား ရွာသားများကို အိမ်ဖျက်ရန် စာရင်းတွင် ပါရှိနေသောကြောင့် အဆိုပါ စာရင်းမှ ပယ်ဖျက်နိုင်ရန်ဟု ဆိုကာ ခြောက်လှန့်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဇာဖော်ရ်အာမတ် (ဘ) ဦးအလီအာမောတ် (အသက် ၂၅ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း
(၂) ကော်ရီမူလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၉ သောင်း
(၃) ဘူလူ (ဘ) ဦးအဒူလ်မာဘူသ် (အသက် ၂၇ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း
(၄) ဖာရုခ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၃ သောင်း -- တို့ဖြစ်ကြသည်။

“အုပ်ချုပ်ရေးမှူးက မသိနားမလည်သူတွေကို လိမ်ညာပြီးတော့ ငွေညှစ်ခဲ့တာ။ သူရထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်နေတာ။ အထက်အာဏာပိုင်တွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




မေခ
10.5.2017

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာရှိတဲ့ တိုက်ခန်းတခုမှာ တရားမဝင်နေထိုင်သူတွေရှိတယ်ဆိုပြီး သံဃာတချို့ ပါဝင်တဲ့ မျိုးချစ်အင်အားစုဆိုသူ လူတစုက အတင်းဝင်ရောက်ရှာဖွေပြီးတော့ ရုန်းရင်းဆန်ခတ်လုပ်ခဲ့တဲ့အပေါ် အဲဒီမှာ နေထိုင်သူတွေက ရှုတ်ချကြပါတယ်။ ဒီဖြစ်ရပ်အပေါ် ရဲဖက်ကကိုင်တွယ်တာ အားနည်းတဲ့အတွက် ပြဿနာကြီးထွားခဲ့ရတာလို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်က ဝေဖန်သလို အစိုးရပိုင်းက ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပြီလို့လဲ ပြောပါတယ်။အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အမျိုးသားရေးအင်အားစုဆိုတဲ့ လူအုပ်ရဲ့ ရုန်းရင်းဆန်ခတ်လုပ်ရပ်အပေါ် အဲဒီနေရာမှာနေထိုင်သူတွေက ရှုံ့ချကြသလို ဘာသာ ရေးအသွင်ဆောင် ဖြစ်ရပ်တွေ ထပ်ဖြစ်မလာအောင် အစိုးရဘက်က ကြပ်မတ်လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၂ လမ်းထိပ်မှာ ဈေးရောင်းအသက်မွေးသူ ကိုသန်းစိုး က အင်္ဂါညကအဖြစ်အပျက်ကြောင့် မတူညီတဲ့လူမှုအ၀န်းအ၀ိုင်းတွေကြား တည်ဆောက်ထားပြီးသား ဆက်ဆံရေး ပျက်မသွားအောင် လက်တွဲ ကာကွယ်မယ်လို့ပြောလိုက်ပါတယ်။

“အားလုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တာလေ၊ ဘယ်သူမှ ပြဿနာနဲ့ မနေချင်ဘူး။ အေးအေးချမ်းချမ်းပဲ နေချင်တာ အေးချမ်းရင်ပြီးတာပဲ အားလုံးကတော့ အဓိက အေးချမ်းဖို့ပဲ။ အေးချမ်းပြီဆိုရင်အကုန်လုံး အလုပ်တွေဘာတွေရောကောင်းနေမှာပဲလေ။ သူက ပြဿနာမှ မရှိတာ။ အဓိက အေးချမ်းဖို့ပဲလိုချင်တာပေါ့နော်။ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းဖို့ပဲ။”

အဲဒီ ၁၂၂ လမ်းထဲမှာနေထိုင်လာတာ နှစ် ၄၀ ကျော်နေပြီဖြစ်တဲ့ ကို ဝင်းခိုင် ကတော့ ဘယ်ဘာသာဝင်တွေနဲ့မဆို ငြိမ်းချမ်းစွာ အတူနေထိုင်မှုကို အပျက်မခံဘဲ ဒီလိုအကြမ်းဖက်မှုတွေကို စုပေါင်း ကာကွယ်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ မနေ့က တွေ့တဲ့အမြင်ကတော့ ရဲကားတွေကတော့ ရှိပါတယ် ဒီလမ်းမမှာ။ ရဲကားတွေရှိပေမယ့် ကျနော်တို့လမ်းကို ကျနော်တို့ ကာကွယ်ရမယ် ဒီလမ်းမှာ ။ ကျနော်တို့ကတော့ မလုံခြုံဘူးလို့ထင်တယ်၊ ထင်တဲ့အတွက် ကိုယ့်လမ်းကို ကိုယ်ကာကွယ်တယ်။ ကာကွယ်တယ်ဆိုတာက ကျနော်တို့ ရမ်းကားဖို့အတွက်မဟုတ်ဘူး။ ကျနော်တို့ကြောက်တာက ကျနော်တို့လမ်းကိုလာပြီးမီးရှို့မှာတို့၊ တချို့ရှိတယ် ဓါတ်ဆီပုလင်းနဲ့ ပစ်သွားတာ ကားတစီးကို ထိတာနဲ့ဆက်တိုက်ပေါက်မှာ ဒါလေးတွေ ကိုယ့်မိသားစုကို ကာကွယ်တာ စည်းစည်းရုံးရုံး။ ညကဆိုရင်လည်း လူမျိုးရေးတွေအားလုံးဆဲတယ် အားလုံးကာကွယ်တယ် စည်းစည်းရုံးရုံးပဲ။”

အင်္ဂါညက အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်သွားပြီး ကူညီဖြေရှင်းပေးခဲ့တဲ့ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကတော့ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က ကိုင်တွယ်လုပ်ဆောင်တဲ့အပေါ် အခုလို ဝေဖန်ပါ တယ်။

“အစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့တာမျိုးပေါ့နော်။ သို့မဟုတ်ထိရောက်မြန်ဆန်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ အဲဒီလိုဖြေရှင်းမှလည်း အဆင်ပြေမယ် မဟုတ်ဘူးဆိုရင် တစတစပိုပြီးတော့ လူထုက သူတို့ကိုသူတို့ လုံခြံမှုမရှိဘူးလို့ ခံယူလာရပြီဆိုရင် သူတို့နည်းသူတို့ဟန်နဲ့ လုံခြံရေးကို တည်ဆောက်ရပြီဆိုရင်တော့ အစိုးရရဲ့ အာနိသင် ကလည်း ကျဆင်းမှာဖြစ်တယ်။ ဒါကိုလည်း အစိုးရအနေနဲ့ အလေးအနက်ထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

မင်္ဂလာတောင်ညွှန့်မြို့နယ်တ၀ိုက် လက်ရှိအခြေအနေကတော့ တည်ငြိမ်နေပြီး အခင်းဖြစ်တဲ့ ၁၂၂ လမ်းထိပ်မှာလဲ ပုံမှန် ဈေးရောင်းဈေးဝယ်တွေနဲ့ လည်ပတ်နေတာကို ဒီကနေ့မနက်ပိုင်းမှာတွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအရေးယူ လုပ်ဆောင်မလဲဆိုတာကို သိရဖို့ ဗွီအိုအေက သာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့ဌာနကို အကြောင်း ကြားစာ ရောက်မလာသေးတဲ့အကြောင်းနဲ့ အရေးယူတဲ့အပိုင်းက တိုင်းဒေသကြီးအစိုးရနဲ့ပဲ သက်ဆိုင်တဲ့အကြောင်း တုန့်ပြန်ဖြေဆိုပါ တယ်။

“ကျနော်တို့ကတော့ ဘာမှမပြောနိုင်သေးပါဘူးခင်ဗျ၊ ဒါ ကျနော်တို့ဆီကတော့ ဆောင်ရွက်တာမဟုတ်တော့ တိုင်းဒေသကြီးအစိုးရကို မေးကြည့်လိုက်ပါ ခင်ဗျ။ ကျနော်တို့ဆီကိုတော့ တင်ပြတာတော့ မရှိသေးပါဘူးခင်ဗျ။ ကျနော်တို့ဆီက ဘုန်းကြီးဘယ်နှစ်ပါး ပါသလဲခင်ဗျ ၊ ကျနော်တို့ဆီကို ဘယ်နှစ်ပါးပါတယ်ဆိုတဲ့သတင်းအတိအကျ မထွက်လာသေးပါဘူးခင်ဗျ။”

ဒါ့အပြင် မင်္ဂလာတောင်ညွှန့်ရဲစခန်းကို VOA က လူကိုယ်တိုင် သွားရောက်မေးမြန်းတာကို ဖြေဆိုဖို့ငြင်းသလို တယ်လီဖုန်းဆက် မေးမြန်းတဲ့အခါမှာလဲ အချက်အလက်တွေ စုဆောင်းနေဆဲရှိတာကြောင့် ပြောလို့မရတဲ့အကြောင်းပဲ အကြောင်းပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကလဲ သံဃာတော်တချို့နဲ့ အမျိုးသားရေးအင်အားစုဆိုသူတွေ အပါအ၀င် လူအင်အား ၁၀၀ နီးပါး ဟာ မြို့နယ်အာဏာပိုင်တွေကို သွားရောက်ဖိအားပေးတာကြောင့် သာကေတမြို့နယ်မှာရှိတဲ့ အစ္စလာမ် စာသင်ကျောင်း နှစ်ကျောင်းကို အာဏာပိုင်တွေက ယာယီ ချိတ်ပိတ်ခဲ့ပါသေးတယ်။
MYARF
RB News
9.5.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့တွင် တာဝန်ကျနေသည့် စ.ရ.ဖ မှ ဆရာကြီး ဆိုသူသည် ယခင်က ထောက်လှမ်းရေး ပုံစံအတိုင်း ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မေလ (၃) ရက်နေ့တွင် ခမောင်းဆိပ်မြို့ ရဲဘောကျား (မြောက်) ရပ်ကွက်မှ ကွယ်လွန်သူ ဦးမိုဟာမတ်တာဟဲရ်၏ ဇနီးဖြစ်သူ ဒေါ်ရောမ်ဘာဟားရ် (အသက် ၅၅ နှစ်) သည် ၎င်း၏ မိသားစု ရိက္ခာအတွက် စပါးတင်း ၁၀၀ ကို အရှေ့ခမောင်းဆိပ်မှ ၀ယ်ယူလာခဲ့ပြီး၊ နေအိမ်တွင် ဆန်စက်ဖြင့် ကြိတ်ပြီးနောက် ဆန် ၁၆ အိတ်ရရှိခဲ့သည်။ အဆိုပါ ဆန်အိတ်များကို စ.ရ.ဖ မှ ဆရာကြီးဆိုသူက တစ်စုံတစ်ရာ အကြောင်းပြချက် မရှိဘဲ ဓါးပြတိုက်သည့် ပုံစံဖြင့် သိမ်းယူ၍ ခမောင်းဆိပ်ဈေးတွင် လျှော့ဈေးဖြင့် ပြန်လည် ရောင်းချခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။

အဆိုပါ စ.ရ.ဖ ဆရာကြီး ဆိုသူသည် ခမောင်းဆိပ်မြို့တွင် အာဏာရှင်တစ်ဦး ပုံစံဖြစ်နေပြီး၊ အမှုအခင်းများ ဖြစ်ပေါ်လျှင် သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းလျှင်ပင် ၎င်းကို ငွေပေးရကြောင်း၊ ဒေသခံများထံမှ မတရားသဖြင့် မကြာခဏ ငွေညှစ်လျက်ရှိကြောင်း၊ အချို့ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများက ၎င်းနှင့် ပူးပေါင်း၍ ငွေညှစ်ကာ ဝေစုခွဲဝေယူခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောပါသည်။






RB News
8.5.2017

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့ရောက် ကချင်၊ ရိုဟင်ဂျာများနှင့် အခြားလူမျိုးများက စုပေါင်း၍ ယနေ့ မေလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ၂ နာရီထိ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

City of London Guildhall တွင် Freedom of the City ဆုယူရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အင်အား ၅၀ ခန့်ရှိသည့် အဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှယ်များက ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲသို့ နိုင်ငံတကာ မီဒီယာများ တက်ရောက်၍ သတင်းယူခဲ့ကြသည်။

ဆန္ဒပြပွဲမတိုင်မှီ လန်ဒန်မြို့ အခြေစိုက် Kachin National Organisation (KNO) မှ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူမျိုးများကို ကိုယ်စားမပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ KNO ဥက္ကဌ ဖြစ်သူ ဦး Ring Du Lachyung က ဆန္ဒပြပွဲတွင်လည်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက Suu Kyi is lying; Rohingyas are dying, Suu Kyi is lying; Kachins are dying, Suu Kyi is lying; Minorities are dying ဟု ကြွေးကြော်ခဲ့သည်။

ကချင်၊ ရိုဟင်ဂျာနှင့် မြန်မာမွတ်စလင် ကိုယ်စားလှယ်များက ၎င်းတို့၏ လူမျိုးစုများ ကြုံတွေ့နေရသည့် အခြေအနေများ၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို လန်ဒန်မြို့အခြေစိုက် Kachin National Organisation UK, Burmese Rohingya Organisation UK, Burmese Muslim Association, RestlessBeings နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင် တို့မှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲသို့ လူမျိုးစုများနှင့် အတူ ဒေါက်တာမောင်ဇာနည်လည်း တက်ရောက်ခဲ့သည်။









MYARF
RB News
7.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျေးရွာ အုပ်ချုပ်ရေးတာဝန်ကို အလေးမထားဘဲ ငွေရရှိပြီး ချမ်းသာကြွယ်ဝရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသောကြောင့် ကျေးရွာတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မြို့မကညင်တန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဒုတိယသက်တမ်း အတွက် ရာထူးရရှိလာသည့်အချိန်မှစ၍ ရွာသူရွာသားများ၏ အကျိုး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဂရုမစိုက်ဘဲ ၎င်း၏ ဘ၀ နောက်ဆုံးအခွင့်အရေး အဖြစ် တွေးတော၍ တရားသည် မတရားသည်၊ သင့်တော်သည် မသင့်တော်သည် တို့ကို မချင့်ချိန်တော့ဘဲ ငွေရရှိပြီး ချမ်းသာလာရေးသည်သာ အဓိကဟု တွေးတောကာ ရုံးထိုင်ခြင်း မရှိတော့ဘဲ ငွေ၏ နောက်ကို လိုက်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူးသည် ကျေးရွာတွင်း ဖြစ်ပွားလျက် ရှိသော အမှုဟူသမျှကို ဖြေရှင်းမပေးဘဲ နှစ်ဖက်စလုံးကို ငွေညှစ်၍ ရက်ချိန်း ပြောင်းပေးခြင်းဖြင့် အချိန်ဆွဲထားခြင်း၊ ရုံးအသုံးစရိတ် ရန်ပုံငွေအတွက်ဟု ဆိုကာ ရွာသားများက ဆောက်လုပ်ပေးခဲ့သည့် အများပြည်သူပိုင် ကညင်တန်းဈေးအလယ် အုပ်ချုပ်ရေးမှူးရုံး အောက်ရှိ ဆိုင်ခန်း ၂၂ ခန်းကို တစ်ခန်းလျှင် တစ်နှစ် ၅ သိန်းကျပ် နှုန်းဖြင့် ကြိုတင် ငှားရမ်းပြီး ငွေများအားလုံးကို ကိုယ်ပိုင်ငွေများကဲ့သို့ သိမ်းလိုက်ကာ နှစ်ချုပ်စာရင်းကို ရွာသားများက မပြခြင်း၊ ကျေးရွာတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများထံမှ လစဉ်ကြေး ကောက်ခံခြင်း၊ ချဲဒိုင်၊ အရက်ဆိုင်၊ ပြည့်တန်ဆာ များကို လစဉ်ကြေးယူ၍ ခွင့်ပြုထားခြင်းများ အပြင် လက်အောက်ငယ်သားများထံ ငွေကြေး တစ်ပြားတစ်ချပ်မှ မရောက်ရှိရေး အတွက်ဟု ဆိုကာ ရုံးခန်းကို ပိတ်ထားခြင်း စသည် အုပ်ချုပ်ရေးမှူးနှင့် မသင့်တော်သည့် အလုပ်များကို လုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး တစ်ဦး အနေဖြင့် ၎င်း၏ တာဝန်ကို မကျေပွန်ဘဲ လောဘစိတ်၊ ကောက်ကျစ် ယုတ်မာသည့် စိတ်များဖြင့် ပြဿနာများကို မဖြေရှင်းဘဲ တစ်မိသားစုနှင့် တစ်မိသားစု၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ မပြေမလည် ဖြစ်ပြီး ကျေးရွာတွင်း မတည်မငြိမ်မှုများ ဖြစ်လာနေကြောင်း၊ ဒုစရိုက်လုပ်ငန်းများကို ဆက်ကြေးယူ၍ ခွင့်ပြုထားခြင်းကြောင့် ကျေးရွာ ပျက်စီးသွားရမည့် အခြေအနေကို ရောက်ရှိနေကြောင်း၊ သို့ဖြစ်၍ အထက် အာဏာပိုင်များက အမြန်ဆုံး အရေးယူ ဟန့်တားပေးရန် တောင်းဆိုကြောင်း၊ ဒေသခံများက RB News သို့ပြောပါသည်။ 



Rohingya Eye
RB News
7.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည် ယခင်က ယာယီသက်သေခံ ကဒ်ပြား အပ်နှံထားသည့် လက်မှတ်များဖြင့် မြို့ပေါ်သို့ သွားရောက်နိုင်သော်လည်း နယ်ခြားစောင့်ရဲများ၏ ငွေညှစ်ခြင်းကို ခံနေရကြောင်း သတင်းရရှိပါသည်။ 

မေလ (၆) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာ အချို့သည် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ရှေ့ စစ်ဆေးရေး ဂိတ်ရှေ့တွင် စစ်ဆေးမှု ခံယူစဉ် စစ်ဆေးရေး ဂိတ်တွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများနှင့် လ.၀.က များသည် ယာယီသက်သေခံကဒ်ပြား အပ်နှံထားသည့် လက်မှတ်ပြသော်လည်း ရွာထွက် လက်မှတ်တောင်းခံပြီး၊ ရွာထွက်လက်မှတ် ပြလျှင်လည်း ဓါတ်ပုံ မပါရှိဟု ဆိုတာ ငွေကျပ် တစ်ထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မြို့ပေါ်သို့အ၀င် မြို့မကညင်တန်းကျေးရွာနှင့် မြို့သူကြီးကျေးရွာ အကြားရှိ တံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲများကလည်း ကားပေါ်သို့ တက်၍ အထက်ပါ အတိုင်း လုပ်ဆောင်၍ ငွေကျပ် တစ်ထောင်စီ ညှစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

ခရီးသည်တစ်ဦးက “ကျွန်တော်တို့ကို လပေါင်းများစွာ ပိတ်ဆို့ထားပြီးမှ အခုလို ပြန်သွားလာခွင့် ပေးတော့လည်း ငွေညှစ်တယ်။ ကျွန်တော်တို့ကို အရေးတကြီး လိုအပ်လို့ သွားနေတာ၊ စီးပွားရေး ကျပ်တည်းနေတဲ့ ကာလမှာ အခုလို ဆက်ကြေး ပေးနေရတယ်။ လမ်းတစ်လျှောက်မှာ ကင်းစခန်းတစ်ခု ဖြတ်တိုင်း အနည်းဆုံး ၅၀၀ ပေးနေရတယ်” ဟု ပြောပါသည်။ 






ယျာတင် (ရိုဟင်းသား)
RB News
6.5.2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်ကို ရောက်ရှိနေခိုက်​ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ ၂၀၁၇ ခုနှစ်​ ​မေလ (၂) ရက်​​နေ့တွင်​ ဆွေးနွေးခဲ့အပြီး ဥရောပ ကောင်စီရဲ့ ဒုတိယ အကြီးအကဲလည်းဖြစ် နိုင်ငံခြားရေးရာနဲ့ လုံခြုံရေး မူဝါဒရေးရာအကြီးအကဲ Federica Mogherini နဲ့အတူ ပြုလုပ်​ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်​ဂျာ​တွေ ၁၈ ရာစုကတည်းက ရခိုင်​ပြည်​နယ်​မှာ ရှိ​နေ​ကြောင်း ဝန်​ခံ​ပြောကြားလိုက်​တာ ဖြစ်​ပါတယ်​။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်​ဦးက မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင်​ဒေသမှာ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်​မရတာ​တွေ၊ ရိုဟင်​ဂျာ​တွေအ​ပေါ် စစ်​တပ်​ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘာကြောင့် လစ်လျူရှုထားပါသလဲလို့ ​မေးမြန်းခဲ့တာကို ​ဒေါ်​အောင်​ဆန်းစုကြည်​က--

"ကျမတို့ တွေ့ကြုံ​နေရတဲ့ အခက်အခဲတွေကို နားလည်ဖို့ လိုပါတယ်။ ကျမတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်က မလှုပ်သာ မလှည့်သာ အခြေအနေမျိုးရှိနေတာပါ။ လူမှုအသိုင်းအ၀ိုင်း နှစ်ခုလုံးက တစ်​ဖက်နဲ့ တစ်​ဖက် မယုံကြည်ကြတာဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီးရှိ​နေတာ။ ရခိုင်ပြည်​နယ်​ ပြဿနာက ၁၈ ရာစုကတည်းပါ။ ဒါကို တစ်​နေ့တည်း တစ်​ညတည်း တစ်​ထိုင်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ အချိန်ပေးဖို့ ကျမတို့ ပြောနေတာပါ။ အဓမ္မပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ စတဲ့ စွပ်စွဲချက်တွေကို ကျမတို့ လစ်လျူရှု မထားပါဘူး။ လူတိုင်းကို တိုင်ကြားခွင့် ပေးထားပါတယ်​" ဆိုပြီး ​ဖြေကြားခဲ့ပါတယ်​။

ဒေါ်​အောင်​ဆန်းစုကြည်​ ​ပြောသွားတဲ့ "၁၈ ရာစုက ပြဿနာ" စကားလုံးနဲ့ ပတ်​သက်​ပြီး လူမှုကွန်​ရက်​ စာမျက်​နှာ​ပေါ်မှာ လူမှုကွန်​ရက်​ သုံးစွဲသူများက မှတ်​ချက်​အမျိုးမျိုး ​ပေး​နေကြတာ​တွေ့ရပါတယ်​။ ဒီအထဲမှာ ​(ကို) Swe Mon ဆိုတဲ့ Facebook သုံးစွဲတစ်​ဦး ရဲ့ မှတ်​ချက်​စကားက --

"၁၈ ရာစု ဆို​တော့ ... သက္ကရာဇ်​ ၁၇၀၁ ဇန်​န၀ါရီ ကနေ သက္ကရာဇ်​ ၁၈၀၀ ဒီဇင်​ဘာ အထိ။ ဒါနဲ့ပဲ အဲဒီ​လူတွေ ခိုးဝင်​ ဟုတ်​မဟုတ်​ တစ်​ခွန်းတည်းနဲ့ ပြတ်​​ရော။" ဆိုပြီး ​ဖြစ်​ပါတယ်​။

နောက်​ ဥ​ရောပမှာ အ​ခြေစိုက်​​နေထိုင်​တဲ့ (ကို) Nyein Chan Aung ဆိုသူက သူ့ရဲ့ Facebook စာမျက်​နှာမှာ "ရိုဟင်ဂျာတွေ နဲ့ တိုင်းပြည် တည်ဆောက်မယ်​" ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ ​ဆောင်းပါးတစ်​ခု​ရေးတင်​တာမှာ ​ဒေါ်​အောင်​ဆန်းစုကြည်​​ပြောသွားတဲ့ "၁၈ ရာစုပြဿနာ"ကို အခုလို ​ထောက်​ပြ​ဆွေး​နွေးသွားပါတယ်​။

"နှစ်ပေါင်း ၃၀၀ ကျော်လောက် အတူနေပြီး ပြဿနာဖြစ်နေတဲ့ လူ့အသိုင်းအ၀န်း နှစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၀န်ခံလိုက်ပါပြီ။ လူတယောက်ဟာ အဲဒီ မြေမှာ နှစ်ပေါင်း ၃၀၀ လောက် နေထိုင်နေရင် နိုင်ငံသား ဖြစ်ခွင့် မရှိဘူးလား။ နိုင်ငံသားတစ်​ယောက်ဟာ သူ့လူမျိုးအမည်ကို သူ့ဘာသာသူ ပေးခွင့်မရှိဘူးလား။

နိုင်ငံတကာ ပဋိညာဉ်တွေ ၊ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ နှစ်ပေါင်း ၃၀၀ ကျော် နေထိုင်လာတဲ့ လူမျိုးစုတစ်​စုဟာ အခုလို ကမ္ဘာ့ရွာကြီးဖြစ်နေတဲ့ ခေတ်ထဲမှာ အနိုင်ကျင့်ခံ လူတန်းစားတစ်​ရပ်အဖြစ် နေသင့်ပါသလား။

ဟုတ်​ကဲ့ ... ရိုဟင်ဂျာတွေ နဲ့ တိုင်းပြည်ကို တည်ဆောက်ရင် စင်ကာပူ မပြောနဲ့ အမေရိကန်ကို ၁၀ နှစ်နဲ့လည်း ကျော်တက်ပါတယ်။ ဘာကြောင့်လည်း မေးရင် ရိုဟင်ဂျာတွေက ပါးစပ်မဟုတ်ဘူး၊ လက်တွေ့ကို ကြိုးစားလို့၊ လက်တွေ့ကို ညီညွတ်လို့ပါပဲ" လို့ ​မေးခွန်းထုတ်​​ရေးသားထားပါတယ်​။

အဲဒါ အပြင်​ (ကို) Nyein Chan Aung က "လောကတွင် တန်ဖိုးဖြတ်မရသည်မှာ လူသားများပင် ဖြစ်သည်။ ဗမာစကားပုံအရ ပြောလျှင်ပင်-
လူမသေ ငွေမရှား။ လူရှင်ရင် ဆုံးရှုံးတာတွေ ပြန်ရှာလို့ရသည်။ စသည်ဖြင့် လူ့တန်ဖိုးတွေကို ချီးကျူးထားသည့် စကားပုံတွေက အများကြီး။ ဘာကြောင့် ဘာသာမတူ၊ အသားအရောင်မတူ၊ စကားမတူတာနဲ့ ခင်ဗျားတို့ ခွဲခြားနေရတာလဲ" ဆိုပြီး မြန်​မာအစိုးရနဲ့ ပြည်​သူ​တွေကို ​မေးခွန်းထုတ်​လိုက်​ပါတယ်​။

နောက်​ထပ်​ ဥ​ရောပ​အ​ခြေစိုက်​ ရိုဟင်​ဂျာအ​ရေး လှုပ်​ရှားသူ (ကို) Ro Nay San Lwin​ ဆိုသူက -" ရခိုင်ပြဿနာက ၁၈ ရာစုကတည်းက ရှိနေတဲ့ ပြဿနာလို့ ပြောခြင်းက - ၁၈ ရာစုဆိုတာ ၁၇၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ၁၈၀၀ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ထိကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ မှီတင်းနေထိုင်သူများကို တိုင်းရင်းသားလို့ သတ်မှတ်တယ်။ ရိုဟင်ဂျာတွေက ၁၈၂၃ မတိုင်မီကတည်းက ရခိုင်ပြည်နယ် (အဲဒီတုန်းက အာရ်ကာန်ဒေသ) မှာ ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ၀န်ခံလိုက်ရပါပြီ။" ဆိုပြီး ​ထောက်​ပြ​ရေးသားပါတယ်​။

မောင်​​တောအ​ခြေစိုက်​ ရိုဟင်​ဂျာအ​ရေးလှုပ်​ရှားသူ ​ဦးဝေမိုးကို ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ ​ပြောဆိုချက်​ အ​ပေါ်ဘယ်​လို မြင်​ပါသလဲလို့ ​မေးမြန်းကြည့်​တဲ့အခါ-

"၁၈ ရာစုကတည်းက ဖြစ်​လာတဲ့ ​ပြဿနာဆို​တော့ ဒီလူ​တွေ ၁၈ ရာစုကတည်းက ရခိုင်​ပြည်​နယ်​မှာ ရှိ​နေတာ ​သေချာသွားပြီ။ ဒီ​တော့ ဒီလူ​တွေရဲ့ တိုင်​ရင်းသားအခွင့်​အ​ရေး၊ နိုင်​ငံသား အခွင့်​အ​ရေး​တွေကို ဘာ​ကြောင့်​ ပိတ်​ပင်​တားဆီး​ထား​တာလဲ။ ၁၉၈၂ နိုင်​ငံသားဥပ​ဒေအရကို ဒီလူ​တွေက တိုင်းရင်းသားဆိုတာ ငြင်းမရဘူး။ 

ပထမ တိုင်းရင်းသားဖြစ်​​ကြောင်း လက်​မှတ်​ထုတ်​​ပေးတယ်​။ ​နောက်​​တော့ အမျိုးသားမှတ်​ပုံတင်​ကဒ်​။ ​နောက်​​တော့ ယာယီသက်​​သေခံလက်​မှတ်​။ ​နောက်​ဆုံး​တော့ အဲ့ဒါလည်း သိမ်းလိုက်​ပြီး ပြန်​ပြီးနိုင်​ငံသား ​လျှောက်​ခိုင်း​နေတာ ဒါ​တွေက လူ့အခွင့်​အ​ရေးချိုး​ဖောက်​တာ မဟုတ်​ဘူးလား။ တကယ်​​တော့ ​ဗမာအစိုးရက လူနည်းစု​တွေအ​ပေါ် ​ခေတ်​အဆက်​ဆက်​မှာ လိုသလို အနိုင်​ကျင့်​​နေတာပါပဲ။

ရခိုင်​ပြဿနာကို တစ်​ထိုင်​တည်း တစ်​ညတည်း တစ်​​နေ့တည်းလို့ ​ဖြေရှင်းလို့မရဘူး ​ပြောရ​အောင်​ အဲ့ဒီပြဿနာကို ရှုပ်​​အောင်​ဖန်​တီး​နေတာ ဘယ်​သူလဲ။ အစိုးရပပဲ​လေ။

အဓမ္မပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ စတဲ့ စွပ်စွဲချက်တွေကို ကျမတို့ လစ်လျူရှု မထားပါဘူး။ လူတိုင်းကို တိုင်ကြားခွင့် ပေးထားတယ်​ဆိုတာ ရယ်​စရာပြက်​လုံးတစ်​ခုပါပဲ။ ​ဒေါ်​အောင်​ဆန်းစုကြည်​က ဒီလို ပြက်​လုံး​တွေကို သူ့ကို မတရားဖမ်းဆီးပြီး ​နေအိမ်​အကျယ်​ချုပ်​ထားတုန်းက စစ်​​ခေါင်း​ဆောင်​​တွေ အမျိုးမျိုး ပြက်​လုံးထုတ်​ခဲ့တာက​နေ သင်​ယူခဲ့တာရှိမယ်​။" ဆိုပြီး သူ့ရဲ့အမြင်​ကို ​ပြောပြသွားပါတယ်​။

ဒေါ်​အောင်​ဆန်းစုကြည်​က သူ့အ​နေနဲ့ ကုလ ဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်​ကြောင်း၊ ဒီဆုံးဖြတ်ချက်က တကယ့် အဖြစ်အပျက်တွေနဲ့ ကိုက်ညီတယ်လို့ မထင်ပါ​ကြောင်း၊ ဒေါက်တာ အာနန်ရဲ့ အကြံပြုချက်တွေကို လုံးဝ လက်ခံပါ​ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ သူ့ကော်မရှင်က ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အချက်အလက် စုဆောင်းပြီး တွေ့ခဲ့ရတဲ့ အခြေအနေမှန်တွေ အပေါ် အခြေခံပြီး အဆိုပြုတာကြောင့်​ဖြစ်​​ကြောင်း ဆိုပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ထည့်​သွင်း​ပြောကြားသွား​သော်​လည်း လက်​​တွေ့မှာ​တော့ အာနန်​ကော်​မရှင်​ရဲ့ အကြံပြုချက်မျာစွာထဲက ယခုထိ ဘာတစ်​ခုမှ လက်​​တွေ့ကျကျ အ​ကောင်​အထည်​​ဖော်​​ပေးတာ မရှိ​ကြောင်း အဆိုပါ ​မောင်​​တော ​ဒေသခံက ဖြည့်စွက်ပြောပါတယ်။

လူနည်းစုအ​ပေါ် လူ့အခွင့်​အ​ရေးချိုး​ဖောက်​​နေတဲ့ မြန်​မာစစ်​တပ်​ကို သူ့ရဲ့ ဩဇာအာဏာသုံးပြီး အကာအကွယ်​​ပေး​နေတဲ့အ​ပေါ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့က ကချင်၊ ကရင်၊ မြန်မာမွတ်စလင်နဲ့ ရိုဟင်ဂျာများက မေလ (၈) ရက်နေ့မှာ နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ၊ ဆန္ဒပြမယ်​လို့လည်း သိရပါတယ်​။

MYARF
RB News
5.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း နယ်မြေပိုင်း စံကားပင်ရင်း ရခိုင်ရွာမှ ဦးမောင်မြင့် (ယခင်ကျေးရွာ ဥက္ကဌဟောင်း၊ ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ၂၀၁၅) နှင့် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးတို့ နှစ်ဦး ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုးများ ပိုင်ဆိုင်သည့် သစ်တောခြံဝင်းများရှိ သစ်ပင်များကို အတင်းအဓမ္မ ခုတ်လှဲ ခွဲဖြတ်၍ ရောင်းချခြင်းဖြင့်  စီးပွားရှာလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဦးမောင်မြင့်နှင့် ကင်းစခန်းမှူး တို့နှစ်ဦး ပူးပေါင်း၍ အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး၊ သစ်ပင်ပိုင်ရှင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ အတင်းအဓမ္မ ခုတ်ယူခွဲဖြတ်ကာ စခန်းဆောက်လုပ်ရန်ဟု အကြောင်းပြပြီး အပြင်သို့ ရောင်းချခြင်းဖြင့် မတရားစီးပွားရှာနေသည်မှာ နှစ်လရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သစ်ပင်များကို စံကားပင်ရင်း ကျေးရွာအုပ်စုမှ (၁) ဦးဆုလ်တာန်အာမတ် (ဘ) ဦးအဘူလ်ဟာရှိမ် (၂) ဦးဇာဖော်ရ်အာလောမ် (၃) မော်လ၀ီအီဆုပ် (ဘ) ဦးဟောလိလ်အာမတ် တို့၏ ခြံများမှ ခုတ်ယူ၍ ရောင်းချခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။

သစ်ပင်များ ခွဲဖြတ်၍ လွှသမားများကို ရခိုင်ရွာအတွင်း ခေါ်ယူစုဆောင်းထားပြီးနောက် သစ်ပင်များ ခုတ်လှဲနိုင်ရန် ပုဆိန်နှင့် ဓါးများကို ထင်းခုတ်ရန် သွားနေကြသည့် ဘေးပတ်ဝန်းကျင် ရွာသားများထံမှ ကင်းစခန်းမှူး ကိုယ်တိုင် အတင်းလုယူ၍ စုဆောင်းပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

မေလ (၃) ရက်နေ့တွင် ကြက်ကျိန်းရွာသား ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးမိုဟာမတ်အာမီးန် ထံမှ ဓါးတစ်လက်၊ မင်းကြီးရွာသား ဦးမိုဟာမတ်ဆော်လိမ် ထံမှ ဓါးနှင့် ပုဆိန်တစ်လက်စီ၊ ဦးဆွေယဒူရာမာန် (ဘ) ဦးအဒူမာလေခ် ထံမှ ဓါးတစ်လက် အတင်းအဓမ္မ လုယက်ခဲ့ကြောင်း၊ အလားတူ ယခင်ရက်များကလည်း အများအပြား လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

MYARF
RB News
4.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သင်္ဂနက်ကျေးရွာအုပ်စုတွင် အခြေစိုက်သော ခမရ ၅၅၂ တပ်ရင်းမှ တပ်ရင်းမှူးက ပုံစံ (၄) ဖြင့် အလည်အပတ် ရောက်ရှိနေသည့် မောင်တောမှ ဧည့်သည်များကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ (၁) ရက်နေ့တွင် မီးချောင်းဈေးကျေးရွာအုပ်စုမှ မော်လ၀ီအဒူလ်ဟာမိတ် (ဘ) ဦးရှော်ဖီ၏ နေအိမ်သို့ မောင်တောမြို့နယ် အမှတ် (၁) ရပ်ကွက်မှ တရားဝင် ပုံစံ (၄) ကိုင်ဆောင်ပြီး အလည်အပတ် ရောက်ရှိလာကြသည့် သားမက်အရင်း ဖြစ်သူ ဇူဘိုင်ရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ သူငယ်ချင်း ရာရှိဒ် (အသက် ၂၇ နှစ်) တို့နှစ်ဦးကို နံနက် ၁၀ နာရီခန့် အချိန်တွင် တစ်စုံတစ်ရာ အကြောင်းပြချက် မရှိဘဲ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

၎င်းတို့ကို တပ်ရင်းမှူး ကိုယ်တိုင် စစ်ဆေးမေးမြန်းရာတွင် တရားဝင် ပုံစံ (၄) ကိုင်ဆောင်ထားသည်ကို တွေ့ရှိပြီး၊ အပြစ်ရှာမတွေ့သော်လည်း နောက်ဆုံးတွင် ထုံးစံအတိုင်း အကြမ်းသမားဟု မဟုတ်မမှန် လီဆယ် စွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၅ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း၊ ထို့အပြင် မော်လ၀ီအဒူလ်ဟာမိတ်၏ နေအိမ်မှ ဖမ်းဆီးစဉ် အဖိုးတန် မိုဘိုင်းဖုန်း နှစ်လုံး သိမ်းဆည်းခဲ့ပြီး၊ မောင်တောမြို့သား နှစ်ဦးကို စစ်ဆေးစဉ် ၎င်းတို့၏ မိုဘိုင်းဖုန်း နှစ်လုံး တို့ကို သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


MYARF
RB News
3.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းအခြေစိုက် သစ်တောစခန်းမှ အရာရှိ၏ တပည့်များက အရာရှိ၏ အမည်ကို အလွဲသုံးစား ပြုလုပ်၍ ဆင်းရဲသား ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် သစ်တောဦးစီးဌာနမှ အရာရှိ၏ တပည့်များ ဖြစ်ကြသည့် အာယုပ်ခါန်း (ဘ) ဦးရှော်ရီဟူဆောင်း (အသက် ၃၇ နှစ်) နှင့် မျက်မမြင် ရခိုင်လူမျိုး တစ်ဦး - တို့နှစ်ဦးသည် သစ်တောရုံးမှ ၀န်ထမ်းတစ်ဦးတစ်ယောက်မှမပါဘဲ သစ်တောအရာရှိက စေလွှတ်သည်ဟု ပြောဆို၍ ညောင်ချောင်းသစ်တောစခန်း အပိုင် ကျေးရွာများသို့ သွားရောက်၍ နေအိမ်များ ဟောင်းနွမ်းပျက်စီးပြီး လူမနေနိုင်တော့အောင် ဖြစ်နေသဖြင့် ယာယီတိုင်ထောက်၊ ထရံကာထားသည်ကို အကြောင်းပြကာ တစ်အိမ်ချင်းစီမှ အနည်းဆုံး ၄ သောင်းမှ ၁ သိန်းထိ ညှစ်ယူကြောင်း အမည်မဖော်လိုသည့် ငွေညှစ်ခံရသူ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့က ငွေမပေးလျှင် ထောင်ကျအောင် ပြုလုပ်မည်ဆိုကာ ခြိမ်းခြောက်ကြောင်း သိရှိရသည်။

အလားတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ တရားဝင်ခွင့်ပြုစာဖြင့် ပြုပြင်ဆောက်လုပ် ထားသည့် နေအိမ်များမှလည်း ငွေကျပ် ၅ သောင်းမှ တစ်သိန်းခွဲထိ အမျိုးမျိုး ခြိမ်းခြောက်၍ ညှစ်ယူခဲ့ကြောင်း၊ ထို့အပြင် မျက်မမြင်ရခိုင်လူမျိုး ဖြစ်သူက ဆဲဆိုစော်ကားခြင်းကြောင်း ရွာသူရွာသားများက ပိုမိုစိတ်ပျက်၍ အမျက်ဒေါသ ထွက်နေကြကြောင်း၊ ယခုကဲ့သို့ ဆက်လက်၍ ငွေညှစ်နေမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
3.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ယင်းမကျေးရွာသို့ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး တာဝန်တို့ဖြင့် ရောက်ရှိနေသည့် ခမရ (၅၅၂) မှ တပ်ရင်းမှူးက လက်ကိုင်တုတ် တပည့်များကို အသုံးပြု၍ ရွာသားများထံမှ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မေလ (၁) ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ခမရ (၅၅၂) မှ တပ်ရင်းမှူးသည် ၎င်း၏ လက်ကိုင်တုတ် တပည့်ဖြစ်သူ မောင်လှရွှေ (ဘ) ဦးဇူဟူးရိုဒိန်ကို ရွာသား (၄) ဦးအား ဆင့်ခေါ်ခိုင်းပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၂၄ သိန်းကျော် ညှစ်ယူခဲ့သည့် အပြင် ဖုန်းတစ်လုံး သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများနှင့် ဖုန်းသိမ်းဆည်းခံရသူမှာ -- 

(၁) လာလာယား (ဘ) ဦးအဒူလော်တီ (အသက် ၁၈ နှစ်) - ငါးရန့်ချောင်းကျေးရွာအုပ်စု ပေါက်တောပြင်ရွာ ထံမှ ငွေကျပ် ၁၂ သိန်း

(၂) အာယာစ် (ဘ) ဦးဆာဒဲခ် (အသက် ၂၂ နှစ်) ထံမှ ငွေကျပ် ၂၆၀၀၀၀/-

(၃) ဇူနှိုက် (ဘ) ဦးအာဇီရာမာန် (အသက် ၁၉ နှစ်) - သင်္ဂနက်ကျေးရွာအုပ်စု ဒုံးပိုက်ရွာ ထံမှ ငွေကျပ် ၁၀ သိန်း 

(၄) အစ္စလာမ် (ဘ) ဦးဆူလေမာန် - ငါးရန့်ချောင်းရွာ ထံမှ ငွေကျပ် ၁၄၀၀၀၀/- Vivo ဖုန်းတစ်လုံး -- တို့ဖြစ်သည်။

အဆိုပါ တပ်ရင်းမှူးသည် ၎င်းတာဝန်ကျရာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသမှ ဒေသခံမျက်နှာဖုံးများကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်ကာ ငွေညှစ်ခြင်း၊ လုပ်ကြံစွပ်စွဲပြီး အတင်းအဓမ္မ ၀န်ခံခိုင်းပြီး အမှုဖွင့်၍ နှစ်ရှည်ထောင်ချခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 




DASSK EU Headquaters in Brussels

အင်ကြင်းနိုင်
3.5.2017

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စုံစမ်းဖို့ စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာ အစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ပါတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့ မနေ့ အင်္ဂါနေ့က ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတဲ့အပေါ် တုံ့ပြန်ပြောဆိုကြတာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini နဲ့ မေလ (၂) ရက်နေ့က တွေ့ဆုံပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းကို စေလွှတ်မယ့် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက သဘောမတူတဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အပါအ၀င် အခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ နိုင်ငံတကာ စုံစမ်းစစ်ရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ အစိုးရအတွက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့နည်လမ်းလို့ Burma Campaign UK နဲ့ အခြား လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြတ်ပြတ်သားသားပဲ မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း သူတို့မှာ ရခိုင်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းထားကြောင်း အမြဲပဲ တုန့်ပြန်ပြောဆိုလေ့ရှိပါတယ်။ ”

ဒါပေမယ့်လည်း မြန်မာအစိုးရရဲ့ ရခိုင်ကော်မရှင်အပါအ၀င် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်နဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်အသီးသီးနဲ့ တာဝန်အသီးသီး ကွဲပြားမှုတွေရှိကြောင်း Mark Farmaner ကပြောပါတယ်။

ဒါကြောင့် ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရှိနေပြီဖြစ်တဲ့အတွက် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ အချက်ဟာ အထင်အမြင် လွဲမှားစေကြောင်း Mark Farmaner ကပြောပါတယ်။

“နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ စတင်ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ကတော့ ကျယ်ပြန့်ပြီး နှစ်ဘက် လူမှုအသိုင်းအ၀ိုင်း ဖွံဖြိုးတိုးတက်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အချက်အလက်တွေကို အကြံပြု တင်ပြမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။နောက်ပြီး အပြစ်ကျူးလွန်မှုတွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီအတွက် ဘာတွေ လုပ်ရမလဲဆိုတာတွေကို ပြောဆိုဖို့ ခွင့် မပြုထားပါဘူး။ ”

ဥရောပသမဂ္ဂကရော ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေကို လက်ခံနားထောင်နိုင်မယ့် အလားအလားရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့-

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ရင် ဥရောပသမဂ္ဂက သူရဲ့ ထုံးတမ်း စဉ်လာအတိုင်း သဘောထား ပျော့ပြောင်းလေ့ ရှိပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုလည်း အပြည့်အ၀ ထောက်ခံထားတာပါ။ ဒါကြောင့်လည်း စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စမှာ သဘောထား ကွဲလွဲပေမဲ့ ဘာမှတော့ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး။”

ဂျာမနီအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးနွယ်အောင်ကတော့ ဥရောပနိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေကို လက်ခံ စဉ်းစား နိုင်လိမ့်မယ်လို့ မြင်ကြောင်း အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာကတော့ တော်တော်လေးကို ထောက်ခံအားပေးတဲ့ ကိစ္စမျိုးတွေ Political Dialogue Partner အနေနဲ့ကိုတောင်မှ သူတို့က သတ်မှတ်ထားတာလို ဖြစ်တာကိုး မြန်မာနိုင်ငံကို။ မကြာသေးခင်ကဘဲ ဦးကိုနီ ကိစ္စမှာလည်းဘဲ သူတို့ EU ကနေပြီးတော့ Human Award တွေ ဘာတွေ ပေးတာတွေ ဘာတွေ လုပ်ခဲ့တာတွေ ရှိခဲ့တယ်လေ။ နောက်ပြီးတော့ မြန်မာပြည် ကိစ္စမှာ ဆိုလို့ရှိရင်လည်းဘဲ သူတို့က Election စောင့်ကြည့်ရေး မှာလည်း EU အနေနဲ့ တော်တော်လေးဘဲ ထဲထဲဝင်ဝင် ပါဝင်ပြီး လုပ်ခဲ့တာတွေ ရှိခဲ့တော့ ကျနော့် အထင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အခု ရောက်လာပြီးတော့ ဒီ UN က စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့တွေ ဘာတွေ အတွက် ပြောဆိုခဲ့တာတွေကတော့ သူပြောတဲ့ဟာတွေက ထိရောက်လိမ့်မယ်လို့ EU ခေါင်းဆောင်တွေက စဉ်းစားလိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံကနေ ဒီကနေ့ အီတလီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီကနေမှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး Freedom of the City of London ဆိုတဲ့ ဂုဏ်ထူးဆောင် ဆုကို လက်ခံ ရယူမှာဖြစ်ပါတယ်။ သူရဲ့ ဗြိတိန်ခရီးစဉ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆန္ဒပြဖို့ အစီအစဉ် ရှိကြောင်းလည်း Mark Famaner က ဗွီအိုအေကိုပြောပါတယ်။

MYARF
RB News
1.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ မြို့ဝင် ဘီးခွန်နှင့် ယာဉ်ရပ်နားခ ကောက်ခံရန် လိုင်စင်ရရှိထားသူများက ယာဉ်မောင်းများနှင့် ဆိုင်ကယ်တက္ကစီသမားများ ထံမှ အဆမတန် ငွေကောက်ခံလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁) စစ်ဗျူဟာရုံးမှ ချပေးထားသည့် မြို့ဝင် ဘီးခွန်နှင့် ယာဉ်ရပ်နားခံ ကောက်ခံသည့် လိုင်စင်ကို ယာဉ်ထိန်းရဲတပ်ကြပ်ကြီး သန်းရွှေ၏ အစ်ကိုဖြစ်သူ ဦးမောင်ခင်သိန်းနှင့် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု အိုးသည်ရွာသား ဦးအစ္စမိုင်လ် တို့နှစ်ဦးက ရရှိထားသည်။

ဘီးခွန်အဖြစ် မော်တော်ယာဉ် တစ်စီးလျှင် တစ်ရက်အတွက် ငွေကျပ် ၅၀၀ စီနှင့် မော်တော်ဆိုင်ကယ် တစ်စီးလျှင် ၂၀၀ ကျပ်စီ ကောက်ခံလျက်ရှိပြီး၊ ငွေကြေး ကောက်ခံရာတွင်လည်း ရိုင်းပျစွာ ဆက်ဆံ၍ တောင်းဆိုခြင်း၊ ငွေကျပ် နှစ်ရာ အကြွေမရှိလျှင် လက်သီးဖြင့် ထိုးခြင်းများ ပြုလုပ်ကြောင်း အမည်မဖော်လိုသည့် ဆိုင်ကယ် တက္ကစီသမား တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ်တွင် ယခင်နှစ်များက ဆိုင်ကယ်တစ်စီးလျှင် တစ်နှစ်အတွက် ငွေကျပ် ၁၈၀၀၀ သာ လိုင်စင်ခွန် ကောက်ခံခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၇၀၀၀၀ ကျော် ကောက်ခံလျက်ရှိပြီး၊ ဆိုင်ကယ် အရေအတွက်လည်း ယခင်ကထက် နှစ်ဆကျော် တိုးပွားလာသည်ကို တွက်ချက်၍ လိုင်စင်ခွန် လျှော့၍ ကောက်ခံပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

အလားတူ မောင်တောမြို့နယ်တွင် ဦးထွန်းလင်းကျော်က လိုင်စင်ရယူထားပြီး၊ ရခိုင်လူမျိုးများထံမှ ကောက်ခံခြင်း မပြုလုပ်ဘဲ၊ ရိုဟင်ဂျာလူမျိုးများ ထံမှသာ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် နှစ်သောင်းစီကို အတင်းအဓမ္မ ကောက်ခံလျက်ရှိသည်။ ထို့အပြင် မင်းတို့ကို ဓါးပြတိုက်တာ မကျေနပ်ရင် တိုင်ချင်တဲ့ နေရာ သွားတိုင်ဟု ဆိုကာ ရိုင်းပျစွာ ဆဲဆို၍ ကောက်ခံလျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။




ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ တွေ့ဆုံစဉ်။

အင်ကြင်းနိုင်
30.4.2017

ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရှုပ်ထွေးပြီး အခက်အခဲတွေ ရှိပေမဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာ အစိုးရဘက်က သံဓိဌာန် အခိုင်အမာ ချထားကြောင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက် လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်။ ဧပြီလ (၂၉)ရက် စနေနေ့က အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ တွေ့ဆုံရာမှာ ရိုဟင်ဂျာ အရေးနဲ့ ရခိုင်ပြည်နယ်က လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Retno Marsudi က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေထားပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေး ပြင်ပ သီးခြား ဆွေးနွေးပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီုးရှား နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။ မိနစ်၃၀ ကြာမြင့်တဲ့ တံခါးပိတ် ဆွေးနွေးပွဲမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခြေအနေ အကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆို ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ခွဲခြား ဆက်ဆံမှုမရှိပဲ တည်ငြိမ် အေးချမ်းရေးဟာ မြန်မာနိုင်ငံ အတွက်သာ မက ဒေသတွင်းအတွက်ပါ အရေးကြီးကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ Retno Marsudi က ဆိုပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြား ကဏ္ဍတွေမှာ နှစ်နိုင်ငံ အစိုးရကြားမှာ ရေရှည်၊ ရေတို ပူးပေါင်း ဆောင်ရွက်ဖို့ အင်ဒိုနီးရှား ဘက်က တင်ပြခဲ့ကြောင်း သူက ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ အတွက် ဗလီကျောင်း တကျောင်းကို အင်ဒိုနီးရှားက ကူညီ ဆောက်လုပ်ပေးမယ့် အစီအစဉ် ကိုလည်း မြန်မာအစိုးရက ခွင့်ပြုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံဘက်က မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားကတော့ မြန်မာအစိုးရကို အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ အကြီးအကျယ် အငြင်း ပွားခဲ့ရကြောင်း

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“မြန်မာအစိုးရက ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေ လုပ်ခဲ့တဲ့ ကိစ္စမှာဆိုရင် အာဆီယံက တစုံတရာ ဖိအားပေး ပြောဆိုဖို့တောင် အကြီးအကျယ် တိုက်ပွဲ ဆင်နွှဲရသလိုမျိုး ဖြစ်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ကိုင်တွယ် ပုံကို နိုင်ငံတကာက ဝေဖန် နေတဲ့အပေါ်မှာ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့်က အခုလို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

“အဲဒါသည် အမေရိကားမှာ ဖြစ်တဲ့ 9/11 တိုက်သလို၊ နေရာ Target တွေ ရွေးထား ပြီးတော့ ၀င်တိုက်တဲ့ ကိစ္စကြီးပဲ။ တော်တော် ကြီးကျယ်တဲ့ တိုက်ခိုက်မှု တရပ်ပေါ့နော်။ ဒါပေမယ့် အဲဒီ အချက်ကို အာရုံ မစိုက်ဘဲနဲ့ အဲဒါကို ပြန်ပြီးတော့ တုန့်ပြန်တဲ့ ဒီ ကိစ္စတွေ အပေါ်မှာ မူတည်ပြီးတော့ပဲ သူက Humanitarian view point ကနေ ပြီးတော့ Highlight လုပ်ပြီးတော့ အဲဒီဟာကိုပဲ ပိုပြီးတော့ သတင်း ယူကြတယ်ပေါ့နော်။”

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်ဒိုနီးရှား အပြင် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte၊ ဗီယက်နမ်၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေက ခေါင်းဆောင် တွေနဲ့လည်း သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စရပ်တွေ အပြင် စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

MYARF
RB News
30.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်ရှိ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့က အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်သည့် အပြင် ကွမ်းယာဆိုင်မှလည်း ခိုးယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ လိုင်စင်ရ ဓါးပြကဲ့သို့ သောင်းကျန်းလျက် ရှိသည့် တပ်ကြပ်ကြီးလှမြင့် ဦးဆောင်သည့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ ခေါ် ဒနအဖွဲ့သည် ဧပြီလ (၂၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မြို့မကညင်တန်း ကျေးရွာအုပ်စု ဒေစ်လ်ပါရာရွာသို့ ၀င်ရောက်၍ ရွာလယ်ရှိ ကွမ်းယာဆိုင်တွင် ထိုင်နေသည့် ဖာရုခ်အာမတ် (ဘ) ဦးအီဆက်၊ အာဇီမုလ္လာ (ဘ) ဦးကာလာမျာနှင့် ကွမ်းယာဆိုင်ပိုင်ရှင် ဇီယာဘုလ်ဟောက် (ဘ) ဦးဟာဘီအုလ္လာ တို့ကို အိမ်ပြင်တွင် တွေ့သည်ဟု ဆိုကာ ဖမ်းဆီး၍ မောင်တောမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ချုပ်နှောင်ထားခဲ့သည်။ ထို့နောက် ၎င်းတို့ ၃ ဦးထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယင်းနေ့ညတွင်ပင် အဆိုပါ အပြစ်မဲ့ ရွာသား ၃ ဦးကို ဖမ်းဆီးပြီးနောက်၊ အနီးရှိ ကွမ်းယာဆိုင်မှ ကွမ်းယာရောင်းသူ အဒူမိုနာဖ်သည် အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ဆိုင်မှ တိမ်းရှောင်သွားခဲ့သည်။ ၎င်း၏ ဆိုင်သို့ ရဲများ ၀င်ရောက်၍ ငွေသေတ္တာထဲမှ ငွေကျပ် နှစ်သောင်း၊ မိုဘိုင်းဖုန်း တစ်လုံးနှင့် စီးကရက်ဗူးများနှင့် အချိုရည်ဗူးများ ခိုးယူသွားကြောင်း မျက်မြင်သက်သေများက ပြောပါသည်။ 



MYARF
RB News
30.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၌ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကြက်ရိုးပြင်ကျေးရွာနှင့် ငါးစားကြူးကျေးရွာအုပ်စု၊ ပြောင်းပိုက် ကျေးရွာတို့ကို မူလနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ရွာသူရွာသားများကို ဖိအားပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဧပြီလ (၂၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာနှင့် ငါးစားကြူး ကျေးရွာအုပ်စု ပြောင်းပိုက်ကျေးရွာများသို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး နေအိမ်မီးရှို့ခံခဲ့ရသည့် ရွာသူရွာသားများကို ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ရွာသူရွာသားများကို မိမိတို့ ကြိုက်သည့်နေရာတွင် ကြိုက်သလို အိမ်များ ဆောက်လို့ရမည် မဟုတ်ကြောင်း၊ အစိုးရက ချမှတ်ပေးသည့် နေရာသို့ ရွှေ့ပြောင်း နေထိုင်ရမည်ဟု ဖိအားပေး ပြောဆိုသွားကြောင်း ရွာသားများက RB News သို့ပြောပါသည်။

အစိုးရက ချမှတ်ပေးသည့် နေရာသည် ရွာ၏ ပြင်ပတွင် ရေ၀ပ်သော၊ ချောင်ကျသည့် နေရာဖြစ်ကြောင်း၊ မိမိတို့သည် အခြားနေရာမှ ပြောင်းဝင်လာသူများ မဟုတ်ကြောင်း၊ မိမိတို့တွင် မိမိတို့ပိုင်ဆိုင်သည့် မြေနေရာ ရှိနေသဖြင့် အခြားသူများ၏ လယ်မြေများတွင် သွားရောက်၍ နေထိုင်လိုခြင်း မရှိကြောင်း၊ မိမိတို့၏ နေအိမ်များကို စစ်တပ်က နယ်မြေရှင်းလင်းစဉ် မီးရှို့ခဲ့ခြင်း ဖြစ်၍ မိမိတို့တွင် အပြစ်မရှိကြောင်း၊ ဥပဒေအရ မူလနေရာတွင်သာ အစိုးရစရိတ်ဖြင့် ပြန်လည် ဆောက်လုပ်ပေးမည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း တို့ကို ရွာသားများက အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရှိရပါသည်။ 



Rohingya Eye
RB News
30.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာ၏ အရှေ့ဘက်တွင် တပ်စခန်းချထားသည့် စစ်သားများက ကလေးငယ်များ အပါအ၀င် ရွာသား (၅) ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ၏ အရှေ့ဘက်တွင် တပ်စခန်းချထားရာ စစ်သား ၄၅ ဦးခန့်ရှိပြီး၊ အဆိုပါ စခန်းမှ စစ်သားအချို့သည် ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ပဲသီးနှံ စိုက်ခင်းမှ နေအိမ်သို့ ပြန်နေသည့် မာမတ်တော်ယူဖ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၁၆ နှစ်) ကို ထမ်းပိုးဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရိုက်နှက်ခံရသူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း၊ စကားပင် မပြောနိုင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ကျွဲကျောင်းနေသူ ၄ ဦးကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ 

ရိုက်နှက်ခံရသူများမှာ --

(၁) ဟဲဖ်ဇူရာမာန် (ဘ) မော်လ၀ီအဒူဆလာမ် (အသက် ၁၁ နှစ်)
(၂) အဒူရှုကူရ် (ဘ) ဦးဒုစ်မာမတ် (အသက် ၁၂ နှစ်)
(၃) အုမောရ်ဖာရုခ် (ဘ) ဦးဆုလ်တာန် (အသက် ၈ နှစ်)
(၄) ဦးဆာလေအာမတ် (ဘ) ဦးမိုဟာမတ် (အသက် ၅၅ နှစ်) -- တို့ဖြစ်သည်။ 

၎င်းတို့ အားလုံးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

တပ်စခန်းချထားသည့် စခန်းရှိ စစ်သားများသည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အခြေစိုက် တပ်ရင်း၏ လက်အောက်ခံ စခန်းမှ ဖြစ်ကြောင်း သိရှိရသည်။ 

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် မာမတ်တော်ယူဖ်



Rohingya Eye
RB News
29.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စုရှိ မူလွန်ကျောင်းတွင် တပ်စွဲထားသည့် စစ်သားများ၏ လုပ်ဆောင်မှုများကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမကျေးရွာအုပ်စုရှိ အစိုးရ မူလတန်းလွန်ကျောင်းတွင် ဧပြီလ (၂၅) ရက်နေ့မှစ၍ စစ်သား (၄၅) ဦးက စခန်းချထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

မောင်တောမြို့နယ်တွင် ည (၉) နာရီမှ နံနက် (၅) နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း အဆိုပါ စစ်သားများ ရောက်ရှိလာသည့်နေ့မှစ၍ ည (၇) နာရီမှ နံနက် (၅) နာရီထိ အိမ်အပြင်မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ရွာထဲသို့ အချိန်မတော်ဝင်ရောက်၍ အိမ်ရှင်များကို အသိမပေးဘဲ သရက်ပင်များမှ သရက်သီးများကို စိတ်တိုင်းကျ ခူးယူခြင်း၊ အုန်းပင်မှ အုန်းသီးများ ခူးယူခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ နေ့စဉ် ဓါတ်ဆီ ၄ လီတာ၊ ထင်းများနှင့် ရေသန့်ဘူးများ ပေးနေရကြောင်း သိရှိရသည်။ 

“လူငယ်တွေ ကျောင်းရှေ့ကနေ ဖြတ်သွားရင် စစ်သားတွေက ခေါ်စစ်တယ်။ အခုဆိုရင် လူတွေက စိုးရိမ်တကြီးနဲ့ သွားလာနေရတယ်။ ဒီထက်မက ပိုဆိုးလာမှာ စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




Rohingya Eye
RB News
29.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမကျေးရွာအုပ်စုမှ အသက် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ အချို့နှင့် ယင်းရွာမှ ရဲဝန်ထမ်းဟောင်း ဦးသန်းလွင် (အသက် ၅၅ နှစ်) တို့ပူးပေါင်း၍ ဧပြီလ (၂၅) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် အလယ်ရွာမှ ဇူဘိုင်ရ် (ဘ) ဦးနူရူဆလာမ် (အသက် ၁၅ နှစ်) ကို နေအိမ်မှ အပြင်ထွက်နေစဉ် လမ်းပေါ်မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားခဲ့သည်။ 

၎င်းအား ဘင်္ဂလားဆင်းမ်ကဒ်ဖြင့် မိသည်ဟု လုပ်ကြံစွပ်စွဲ၍ နောက်တစ်နေ့တွင် ငွေကျပ် ၁၁ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူဘိုင်ရ်၏ ဖခင်ဖြစ်သူက ယခင်က တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သော်လည်း ယခုအခါ တောင်ယာသို့ သွားရောက်နိုင်ခြင်း မရှိသောကြောင့် မိသားစုကို ခက်ခက်ခဲခဲ ရုန်းကန်ကျွေးမွေးနေရသည့် ကာလတွင် ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်ခံရခြင်း ဖြစ်သည်။

“အခုဆိုရင် တောင်ယာကိုလည်း သွားလို့မရဘူး၊ အသွားအလာ အခက်အခဲကြုံနေရတယ်၊ အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်မှာ မတရားသဖြင့် ငွေညှစ်ခံရတာပါ။ အခုရဲတွေကိုပေးရတဲ့ငွေတွေကိုလည်း ရွာသားတွေဆီက အလှူခံပြီး ပေးတာ” ဟု ရပ်ရွာလူကြီးတစ်ဦးက ပြောပါသည်။




သာကေတ အာရဗီကျောင်း တရားရုံးအမိန့်မပါပဲ ချိပ်ပိတ်။ (ဧပြီ ၂၈-၂၀၁၇)


အင်ကြင်းနိုင်
29.4.2017

ဧပြီလ (၂၈) ရက်နေ့ ညနေပိုင်းက သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေးဝါဒီတွေ သွားရောက်ပြီး အာဏာပိုင်တွေကို ဖိအားပေးတောင်းဆိုနေတဲ့ မှတ်တမ်းတင် ဗွီဒီယိုဖိုင် တွေဟာ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေ ပေါ်မှာ အချိန်ပိုင်းအတွင်း ပြန့်နှံခဲ့ပါတယ်။

ဒါအပြင် အဲဒီမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကို အမျိုးသားရေး အင်အားစုဆိုသူတွေက အကြမ်းဖက်တုန့်ပြန်ရာမှာ အေပီသတင်းဌာနက ရုပ်သံသတင်းထောက် ကိုမင်းကြည်သိန်းကို အဲဒီလူအုပ်ကနေ အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတာဝန်ရှိသူကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

မအင်ကြင်း။ ။ ချိပ်ပိတ်တဲ့ကိစ္စမှာ တရားရုံးရဲ့ခွင့်ပြုချက်ပေါ့နော်။ တရားရုံးရဲ့အမိန့်များ ပါပါသလားလို့ နောက်ပြီးတော့ ဘာကြောင့် အဲ့ဒီ့လို ချိပ်ပိတ်ခံရတာလဲရှင့်။

"အဲ့တာက ကျနော်တို့ဆီကို စာတွေ ဘာတွေ ဘာမှ ပေးမထားသေးဘူးခင်ဗျ။ အမတို့သိချင်တယ်ဆိုရင် တိုင်းကို မေးကြည့်မှ ရမယ်ဗျ။"

မအင်ကြင်း။ ။ လောလောဆယ် ကျောင်းတွေက ဘယ်နှစ်ကျောင်း ချိပ်ပိတ်ခံထားရပါလဲရှင့်။ အစ္စလာမ်ကျောင်းလေ။

"အဲ့တာတော့ ဘယ်နှစ်ကျောင်းဆိုတာ ကျနော်တို့မသိဘူးခင်ဗျ။ လောလောဆယ်သိတာတော့ တစ်ကျောင်းတော့သိတယ်။"

မအင်ကြင်း။ ။ အခုလောလောဆယ် လုံခြုံရေးအခြေအနေကရော ဘယ်လိုပါလဲ။

" အေးဆေးပဲ အမ ဘာမှ မဖြစ်ပါဘူး။ အေးဆေးပါပဲ ကျနော်တို့ဆီက တပ်ဖွဲ့ဝင်တွေလည်း ရှိပါတယ်။"

အဲဒီဗွီဒီယိုတွေထဲမှာ အမျိုးသားရေးဝါဒီဆိုသူတွေက သူတို့ အစ္စလာမ် ဘာသာရေးကျောင်းတွေကို ပိတ်ခိုင်းရသလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်တဲ့ ကိုလတ်က အခုလို ပြောသွားပါတယ်။

"ကျနော်တို့ အမျိုးသားအင်အားစုတွေ အနော်မာ ၁ရပ်ကွက်ကို ရောက်ရှိရတဲ့ အကြောင်းရင်း ကတော့ အာရဗီစာသင်ကျောင်းတွေကို အသုံးပြုပြီးတော့ ဗလီ ဝတ်ပြုကျောင်းတွေ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်က ဒီနေရာကို လာရောက်လေ့လာကြည့်ရှုရခြင်းဖြစ်တယ်။ ပြောရင်တော့ စာသင်ကျောင်း ပြီးရင်တော့ ဗလီတက်တယ်။ ဒါမျိုးတွေကို ကျနော်တို့က ဆက်လက်မလုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ တားမြစ်ပေးဖို့ အုပ်ချုပ်ရေးပိုင်း စည်ပင်ပိုင်းတွေကနေ ဒီဟာတွေကို တားမြစ်ပေးဖို့ မျိုးနွယ်စုတခုနဲ့တခု ပဋိပက္ခရေရှည်မဖြစ်စေဖို့အတွက်ကို ကျနော်တို့ အမျိုးသားရေးတွေက ရောက်လာရတာဖြစ်ပါတယ်။"

သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာကျောင်းတွေဟာ ဥပဒေနဲ့အညီ တရားဝင်ဖွင့်ထားတာ ဖြစ်တဲ့အပြင် ကျောင်းသား ၃၀၀ကျော် တက်ရောက်သင်ကြားနေတာဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကျောင်းရဲ့ ဥက္ကဋ္ဌ ဦးတင်ရွှေက သတင်းထောက်တွေ ကိုပြောပါတယ်။ ဥပဒေအရ ကျူးလွန်ဖောက်ပြန်ခြင်းမရှိပေမဲ့ ပြသာနာ ပိုပြီး မကြီးထွားစေဖို့ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက စာရွက်စာတမ်းမပါပဲ ပါးစပ်နဲ့ပြောပြီး ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း ဦးတင်ရွှေက အခုလို ဆက်ပြောပါတယ်။

"မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီ ထိန်းသိမ်းထားပါတယ်ဆိုပြီး ကျနော်တို့ကို ပြောပါတယ်။"

စာသင်ကျောင်းတွေ ချိတ်ပေးခံရတဲ့ကိစ္စမှာ တရားဥပဒေအရ အကာအကွယ်မပေးနိုင်တဲ့ ၀မ်းနည်းမိတယ်လို့ ဦးတင်ရွှေကပြောပါတယ်။

အစ္စလာမ်ဘာသာကျောင်းတွေမှာ ဘုရားဝတ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ လူငယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ကိုရှိုင်းက အခုလိုပြောပါတယ်။

"စာသင်ကျောင်းမှာ ဝတ်မပြုရဘူးဆိုတဲ့ဟာကိုပြောတဲ့အခါမှာ ကျနော်က ဘာနဲ့သွားပြီး နှိုင်းယှဉ်ပြလို့ရတုန်းဆိုတော့ ဗုဒ္ဓဘာသာကျောင်းတွေမှာ ယဉ်ကျေးလိမ္မာတို့ ဘာတို့ သင်တဲ့အခါကျရင် ဘုရားဘယ်လိုရှိခိုးရတယ်ဆိုတာကအစ အဲ့မှာ သင်ပေးတယ်။ အဲ့တော့ ကျနော်တို့ အစ္စလာမ်စာသင်ကျောင်းတွေမှာလည်း ကျနော်တို့ ဘယ်လိုဘုရားရှိခိုးရလဲ ဘယ်လို ဘုရားဝတ်ပြုရလဲဆိုတာကို သင်ပေးတယ်။ ဆိုတော့ ဒါကို ကြည့်ပြီးတော့မှ ဝတ်ပြုကျောင်းဆိုပြီး ဗလီကို စွပ်စွဲတယ်ဆိုတော့ လုံးဝ အခြေအမြစ်မရှိတဲ့ကိစ္စတခုပဲနော်။"

ဒါအပြင် မြန်မာနိုင်ငံမှာ ဘာသာရေးအရဖိနှိပ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စွပ်စွဲဝေဖန်နေချိန်မှာ အခုလို ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးတာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ပိုကြီးအကြပ်အတည်းဖြစ်စေတယ်လို့ မြင်ကြောင်း ကိုရှိုင်းက ပြောပါတယ်။

သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း လေးကျောင်းလုံးကို ပိတ်ဖို့ သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေးအင်အားစုဆိုတဲ့ အဖွဲ့က အရင်ကတည်းက ဖိအားပေးနေခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်နေတဲ့အချိန်မှာ အခုလို အခြေအနေတွေ ပိုပြီး ဆိုးလာတာဖြစ်ပါတယ်။

MYARF
RB News
27.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စုမှ ရွာသား အချို့ထံမှ ငွေများနှင့် ပစ္စည်းများကို စစ်သားများက လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် ငါးခူရနယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး တာဝန်ယူထားသည့် ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်သည့် စစ်သားများ အဖွဲ့တစ်ဖွဲ့သည် ဧပြီလ (၂၇) ရက်နေ့တွင် ငါးစားကြူး ကျေးရွာအုပ်စု ပြောင်းပိုက်ရွာတွင် ကင်းလှည့်နေစဉ် ကြိမ်ချောင်းဈေးတွင် ဈေးရောင်းရန် သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးရန်ဟု ဆိုကာ ရပ်ခိုင်းပြီး ငွေနှင့် ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးမာမတ်အီနုစ် (ဘ) ဦးမာမတ်အာလောမ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၅၀၀၀/- မာမတ်ဆော်လိမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၀ နှစ်) ထံမှ ကြက်မကြီးတစ်ကောင် အပါအ၀င် အခြားသော ဒေသခံရွာသားများထံမှ လုယက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။

စစ်သားများ လုယက်ခဲ့သည့် နေရာကို အဝေးမှ ရိုက်ကူးထားသည့် ဓါတ်ပုံ



MYARF
RB News
27.4.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံ ရွာသား (၆) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေး၍ မဟုတ်မမှန်သည်ကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ဧပြီလ (၂၅) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် ကျောင်းတောင်ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ နေအိမ်တံခါးများကို ရိုက်ချိုးပြီး နေအိမ်များသို့ ၀င်ရောက်စီးနင်းကာ --

(၁) မော်လ၀ီယာစီးန် (ဘ) ဦးအဗ်ဒူမော်တော်လော်ဖ် (အသက် ၅၀ နှစ်)
(၂) မာမတ်တာဟေရ် (ဘ) ဦးမီယာဟူစိန်း (အသက် ၂၆ နှစ်)
(၃) ဦးဒိလ်မာမတ် (ဘ) ဦးအူလာမျာ (အသက် ၃၀ နှစ်)
(၄) ဦးဆယာဒ်အာလောမ် (ဘ) ဦးရုစ်တူမ်အလီ (အသက် ၃၅ နှစ်)
(၅) ဦးနော်ဘီဟူစိန်း (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၅ နှစ်)
(၆) ဦးမိုဟာမတ်ဆော်ယာဒ် (ဘ) ဦးကုလ္လာမျာ (အသက် ၄၀ နှစ်) တို့ကို ဖမ်းဆီး၍ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသူ (၆) ဦးကို ဖမ်းဆီးသွားချိန်မှစ၍ နေ့ည မပြတ် ရိုက်နှက်ထိုးကြိတ်ခြင်း၊ မျက်နှာဖုံးစွပ်ပြီး ရေပူလောင်းခြင်း၊ လျှပ်စစ်ဓါတ်ဖြင့်တို့ခြင်း တို့များ ပြုလုပ်၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ကာ အကြမ်းဖက်သမားများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ကြောင်း အတင်းအဓမ္မ ခံဝန် လက်မှတ် ထိုးခိုင်းပြီး၊ အမှုဖွင့် အရေးယူထောင်ချနိုင်ရန် အတွက် တောင်ဘဇာရှိ နယ်မြေရုံးသို့ ဧပြီလ (၂၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပို့ဆောင်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 



Rohingya Eye
RB News
27.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာအုပ်စုမှ အပြစ်မဲ့ရွာသား (၇) ဦးကို ဓါးပြများဟု မတရားသဖြင့် စွပ်စွဲကာ နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီးပြီးနောက် နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၅ ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သ၀န်ချောင်းကျေးရွာသို့ ဧပြီလ (၁၇) ရက်နေ့ ည ၉  နာရီအချိန်တွင် အဒူလာကိမ်း ဦးဆောင်သည့် ဓါးပြအဖွဲ့ ၀င်ရောက်လာစဉ် ရွာသားများက ၀ိုင်းဝန်း၍ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ၊ ဓါးပြအဖွဲ့က သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သဖြင့် ယင်းရွာမှ မော်လ၀ီဟာမိတ် (အသက် ၂၈ နှစ်) ၏ ညာဘက်ခြေထောက်တွင် သေနတ်ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး၊ ဓါးပြများ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 

ထို့နောက် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ အခြေစိုက် စစ်တပ်မှ စစ်သားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသွားသူကို ဆေးကုသပေးခဲ့ပြီး၊ စစ်ချက်များ ယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဧပြီလ (၁၈) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် အာဏာပိုင်များက ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ ရွာအတွင်းသို့ ဓါးပြအဖွဲ့ ၀င်ရောက်လာလျှင် ဖမ်းဆီးပေးရန် ပြောဆိုခဲ့ရာ ရွာသားများက မိမိတို့တွင် လက်နက်မရှိသည့် အတွက် အဆိုပါ အဖွဲ့ကို ဖမ်းပေးရန် ခက်ခဲနေကြောင်း၊ မိမိတို့၏ နေအိမ်များရှိ တုတ်၊ ဓါးများကို အာဏာပိုင်များက သိမ်းဆည်းသွားသဖြင့် လက်နက်ရှိသည့် ဓါးပြအဖွဲ့ကို ဖမ်းဆီးနိုင်ရန် မဖြစ်နိုင်ကြောင်း တင်ပြခဲ့သည်။ 

ယင်းနေ့ ည ၇ နာရီ အချိန်မှစ၍ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ အင်းဒင်ကျေးရွာအုပ်စု၊ အနောက်ရွာကို ၀န်းရံခဲ့ရာ နံနက် ၃ နာရီအချိန်တွင် ဆီဗုံးခွံများဖြင့် ချောင်းအတွင်း ငါးဖမ်းရန်သွားနေသူ ရွာသား (၇) ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားခဲ့သည်။ ဧပြီလ (၂၀) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေးကော်မတီက ဖမ်းဆီးခံရသည့် အပြစ်မဲ့ရွာသားများကို ဓါးပြအဖွဲ့နှင့် ဆက်နွယ်၍ ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ရွာသားများသည် တံငါးသည်များဖြစ်ကာ ရွာတွင် အေးချမ်းစွာ နေထိုင်သူများ ဖြစ်ကြောင်း၊ ရိုးသား၍ တံငါးသည်ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြောင်း၊ ဒေသခံရွာသူရွာသားများက တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသည်။ 

“ဒါက အတိုင်ပင်ခံရုံးကို အောက်ခြေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဗြောင်လိမ်နေတာပါ။ တကယ်တမ်းမှာ ဓါးပြအဖွဲ့နဲ့ နယ်ခြားစောင့်ရဲတွေက တစ်ပေါင်းတည်းပါ။ ဓါးပြအဖွဲ့ကို မဖမ်းဘဲ အပြစ်မဲ့ရွာသားတွေကို ဓါးပြတွေ အဖြစ် အဖမ်းပြလိုက်ခြင်း ဖြစ်ပါတယ်။ အဒူလာကိမ်းက မောင်တောတောင်ပိုင်းမှာ သောင်းကျန်းနေတာ နှစ်နဲ့ချီနေပြီ။ သူ့ကို ဘယ်ရဲမှ မဖမ်းကြဘူး။ နယ်ခြားစောင့်ရဲတွေက ဝေစုရနေလို့ အခုလို လွှတ်ပေးထားတယ်ဆိုတာ သိသာတယ်။ အခု ဖမ်းထားတဲ့ အပြစ်မဲ့ရွာသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မောင်တော အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ရွာသား (၇) ဦးမှာ --

(၁) ခိုက်ရိုဆလာမ် (ဘ) ဦးအေရှာဒူလ္လာ (အသက် ၂၀ နှစ်)
(၂) နူရူလာမီးန် (ဘ) ဦးနူရူဆလာမ် (အသက် ၂၆ နှစ်)
(၃) ဦးရော်ဘီ (ဘ) ဦးအာနို (အသက် ၃၇ နှစ်)
(၄) ဦးမာမတ်အီဆုဖ် (ဘ) ဦးအဒူဆလာမ် (အသက် ၄၅ နှစ်)
(၅) ရော်ဖီခ်အူလ္လာ (အသက် ၂၃ နှစ်)
(၆) ဆီရာဇူ (အသက် ၂၅ နှစ်)
(၇) နူရူဆလာမ် (ဘ) ဦးမာမတ်အော်လီ (အသက် ၂၄ နှစ်) တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရထားသူ (၇) ဦးမှ ဘင်္ဘောကွေ့ရွာသား ခိုက်ရိုဆလာမ်နှင့် ကျောက်ပန္ဒူရွာသား နူရူလာမီးန် တို့နှစ်ဦးကို ဧပြီလ (၂၄) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အင်းဒင်ရွာသား (၅) ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။ 


Rohingya Exodus