နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
3.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စုနှင့် ဂုတ်ဖီ ကျေးရွာအုပ်စုများတွင် တာဝန်ကျနေသော စစ်သားများက ရခိုင်ရွာသား ဘထွန်း ဆိုသူနှင့် ပူးပေါင်း၍ ရွာသားများထံမှ ကြက်၊ ငှက်၊ ထီး၊ လုံချည် စသော အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ငွေများကို လုယက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စုတွင် ရသေ့တောင် အခြေစိုက် ခမရ (၅၃၆) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်သော အင်အား (၁၀၀) ကျော်ရှိ တပ်ရင်း (၃) ခုမှ ရွေးချယ်ထားသော ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ စခန်းချနေသည်မှာ ယခုအခါ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် စခန်းအခြေစိုက်ရာ ကျွန်းပေါက်ကျေးရွာအုပ်စုနှင့် အနီးရှိ ဂုတ်ဖီကျေးရွာအုပ်စုများသို့ နေ့စဉ်နေ့တိုင်း ၀င်ရောက်၍ ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သည့် ဆိတ်၊ ကြက်၊ ဘဲများနှင့် ခိုများ၊ ထီး၊ လုံချည်၊ စောင်၊ အင်္ကျီ၊ နာရီ၊ မိုဘိုင်းဖုန်း၊ ဖိနပ် စသည့် အသုံးအဆောင်ပစ္စည်းများကို အတင်းအဓမ္မ လုယက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့ လုယက်ထားသည့် အိမ်မွေးတိရိစ္ဆာန်များကို ချက်ပြုတ်စားသောက်နိုင်ရန် အတွက် ထင်း၊ ဟင်းသီးဟင်းရွက်၊ ဆား၊ ဆီ၊ မဆလာ၊ ဟင်းချိုမုန့်များကိုလည်း ရွာသားများ၏ နေအိမ်များရှိ မီးဖိုချောင်ထဲထိ အတင်းအဓမ္မ ၀င်ရောက် လုယက်လျက်ရှိကြောင်း၊ ၎င်းတို့ကြောင့် စားသောက်ဖွယ်ရာများပင် ၀ယ်ယူထား၍ မရနိုင် ဖြစ်နေကြောင်း၊ စစ်သားများ နေအိမ်ထဲသို့ ၀င်ရောက်လာလျှင် အိမ်သူအိမ်သားများ ကြောက်လန့်၍ ထွက်ပြေးသည်ကို အခွင့်ကောင်းယူ၍ ဆိုလာပြားများနှင့် ဘက်ထရီများပါ လုယက်သွားကြောင်း သိရှိရပါသည်။

အဆိုပါ တပ်ရင်းမှ ဒုတပ်ရင်းမှူးက နယ်မြေလုံခြုံရေး တာဝန်ယူထားသည်ကို အခွင့်ကောင်းယူ၍ ရခိုင်ရွာများမှ ရခိုင်အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားသည့် အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း ပြုလုပ်နေသည်များ ရှိနေကြောင်း၊ ဗိုလ်ကြီးတစ်ဦးက ငွေညှစ်၊ အခြား ဗိုလ်ကြီး တစ်ဦးက အိမ်မွေးတိရိစ္ဆာန်များ လုယက်လျက်ရှိပြီး၊ စစ်သား ၂၀ ဦးခန့်နှင့် ကျွန်းပေါက်ရွာမှ မောင်ဘထွန်း (ဘ) ဦးကျော်သာ တို့ပူးပေါင်း၍ ရွာနှစ်ရွာရှိ ရွာသားများကို မတရားသဖြင့် ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့် အတွင်းတွင် ကျွန်းပေါက်ရွာမှ ရွာသားများ ဖြစ်ကြသည့် --

(၁) ဦးဂူရာမျာ (ဘ) ဦးဟာဆောန် ထံမှ ငွေကျပ် ၂ သိန်း
(၂) ဦးရှောင်ရှု ထံမှ ငွေကျပ် ၂ သိန်း
(၃) ဦးအိုမောရ်ဟမ်းဇား (ဘ) ဦးကာဆိမ်း ထံမှ ငွေကျပ် ၂ သိန်း
(၄) ဦးဆော်ယာဒ်ကရီးမ် (ဘ) ဦးမူဇာဖော်ရ် ထံမှ ငွေကျပ် ၂ သိန်း
(၅) ဦးမူဆောလိမ် (ဘ) ဦးမူဇာဖော်ရ် ထံမှ ငွေကျပ် ၂ သိန်း -- တို့ထံမှ စုစုပေါင်း ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း၊ အလားတူ ဂုတ်ဖီရွာမှလည်း ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း၊ ရွာနှစ်ရွာ အတွင်းရှိ အိမ်ခြေ (၁၀၀) ခန့် အသုံးအဆောင်ပစ္စည်းများ၊ စားသုံးကုန် ပစ္စည်းများ လုယက်ခဲ့ကြောင်း၊ ယနေ့ထိ နေ့စဉ် ရက်ဆက် လုယက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။



MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ထိန်းရဲ အဖွဲ့တို့ ပူးပေါင်း၍ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ နယ်ထိန်းရဲ ဒုရဲအုပ်နှင့် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရှော်ဖိခ်၊ တာဝန်ခံ ဦးရှော်ဖီအုလ္လာ၊ ဆယ်အိမ်မှူး ဦးအာလောမ်နှင့် ဦးရှားအာလောမ် တို့ပူးပေါင်း၍ ဒေသခံများထံကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်လျက်ရှိသည်။ ဇွန်လ (၂၂) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်မှ ဦးအီလီယာစ် (ဘ) ဦးဆုလ်တာန်သည် ရွာတွင်းလမ်းမှ ပုဇွန်ကန်သို့ သွားနေစဉ် ၎င်းတို့က ၀ိုင်းဝန်း ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း၊ ဇွန်လ (၂၆) ရက်နေ့တွင် ဦးဖော်ဇော်လ်ဟာကိမ်းက လယ်ကွင်း၌ ကျွဲ ၅ ကောင် ကျောင်းနေသည်ကို အကြောင်းပြု၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ အုပ်ချုပ်ရေးမှူး ဦးရှော်ဖိခ်၏ နေအိမ်ကို ညစဉ် စောင့်ပေးနေသည့် ဆယ်အိမ်မှူး ဦးအာလောမ်နှင့် ဦးရှားအာလောမ် တို့နှစ်ဦး အတွက် လစဉ်ကြေးဟု ဆိုကာ တစ်အိမ်လျှင် ဆန် ၃ ပြည်ခန့်စီ လစဉ် ကောက်ခံလျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး နှစ်ဦးအတွက်ဟု ဆိုကာ ဆန်များ ကောက်ခံလျက် ရှိသော်လည်း ဆန်များကို ရောင်းချ၍ ၎င်းနှင့် ဆယ်အိမ်မှူး ၂ ဦး ညစဉ် အရက်သောက်ရန် အတွက် ငွေရှာခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးစလုံး ညစဉ်ညတိုင်း အရက်သောက် မူးယစ်၍ ရွာသားများကို ဆဲဆိုခြင်း၊ ဆင်းရဲသားများ၏ အိမ်တွင်းသို့ ၀င်ရောက် ရမ်းကားခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစား ပြုလုပ်၍ ရမ်းကား သောင်းကျန်းနေခြင်းကြောင့် ဆက်လက် ပြုလုပ်နေလျှင် ရွာသားများက မကျေနပ်မှုများ ပြင်းထန်လာပြီး အသတ်ခံရဖွယ် အထိ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့မှ သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင်က လိုင်စင်ခ အဆမတန် ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတွင် တောင်ပြိုလက်ဝဲမြို့ အတွက် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်၏ သားသတ်လိုင်စင် ကိုယ်စားလှယ်ကို အမှတ် (၂) ရပ်ကွက်မှ ဦးလှတင် ကို လိုင်စင်ချပေးခဲ့ကြောင်း၊ လိုင်စင်ကြေး အဖြစ် ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းနှုန်း ကောက်ခံရန် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုအခါ သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင်က ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းနှင့် အသား တစ်ပိဿာစီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင် သည် မည်သည့်အခါကမှ မရရှိခဲ့သည့် အခွင့်အရေးကို ရရှိထားခြင်း ဖြစ်ပြီး၊ မြို့အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လိုင်စင်ချပေးသည်ကို မာန်မာန ထောင်လွှား၍ ဒေသခံများကို မောက်မာစွာ ဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ စော်ကားခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဇွန်လ (၂၆) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်မှ ဦးအဒူကော်ရီးမ် (ဘ) ဦးဖော်ကိရ်အာမတ်၏ နွားတစ်ကောင် အတွက် လိုင်စင်ကြေး ၃ သောင်းကျပ်နှင့် အသား တစ်ပိဿာ၊ ဦးဆိဒိခ် (ဘ) ဦးရှိကန်ဒေါရ်၏ နွားတစ်ကောင် အတွက် လိုင်စင်ကြေး ၃ သောင်းကျပ်နှင့် အသားတစ်ပိဿာ တို့ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း၊ မြို့အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးထားသည့် အတိုင်း ကောက်ခံခြင်း မရှိဘဲ အဆမတန် ကောက်ခံလျက် ရှိကြောင်း၊ ၎င်းနှင့် မသက်ဆိုင်သည့် လယ်ယာသုံးရန် ကျွဲ၊ နွားများ ရောင်းဝယ်မှုများမှလည်း အလားတူ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနပေါင်းစုံ ပါဝင်သော စစ်ဆေးရေးဂိတ်တွင် မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ အ၀င်ဝ တံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ နယ်မြေရဲ၊အထွေထွေ အုပ်ချုပ်ရေး၊ စ.ရ.ဖ၊ အထူးသတင်းတပ်ဖွဲ့ စသော ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့က ပူးပေါင်း၍ မြို့ဝင်မြို့ထွက်များကို စစ်ဆေးလျက်ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် ခရီးသွားပြည်သူများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တောင်ပြိုလက်ဝဲမြို့သည် လွန်ခဲ့သည့်နှစ် အနည်းငယ် မြို့အဆင့်သို့ သတ်မှတ်ပေးခဲ့သည့် မြို့ဖြစ်ပြီး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည့်နှက်လျက် ရှိသည်။ သာမာန်ပြည်သူများမှာ ယခင်က ကျေးရွာများတွင်ပင် နေထိုင်လျက်ရှိပြီး၊ မြို့ဟုသတ်မှတ်ထားသည့် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူဟူ၍ လုံးဝမရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့သော နေရာဒေသတွင် ဌာနဆိုင်ရာပေါင်းစုံက စစ်ဆေးရေးဂိတ်ချ ထားပြီး၊ အထူးသဖြင့် တောင်ပြိုယာသို့ ဒေသခံများက ဈေးဝယ်ရန် သွားလာရာတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

ဇွန်လ (၂၈) ရက်နေ့တွင် မီးတိုက်ကျေးရွာအုပ်စု၊ ဖွန်းတီးရွာမှ မော်လ၀ီကာမာလ် (ဘ) ဦးဒီလူးဟူဆောင်း ၏ ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖုန်းနံပါတ် တွေ့ရှိသည်ကို အကြောင်းပြု၍ ငွေကျပ် ၇ သောင်း၊ တောင်ပြိုယာမှ ဦးဇူဘိုင်ရ် (ဘ) ဦးဇာဟိတ်ဟူစိန်း ကိုလည်း အလားတူ အကြောင်းပြ၍ ငွေကျပ် ၅၅၀၀၀/- ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။




2.7.2017

ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကိုယ်စားပြုအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုခြင်းအားဖြင့် အခြေအနေတွေကို နိုင်ငံတကာက ရှင်းရှင်းလင်းလင်း ပိုပြီးသိနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ၀င်ရောက်ခွင့် ပြုသင့်ကြောင်း ဦးထွန်းခင်ကဆိုပါတယ်။

“ကျနော်တို့ တွေ့တာက ဒေါ်စုက စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့သူက စစ်တပ်ကျူးလွန်တဲ့ ဖေါက်ဖျက်မှုတွေကို ဖိအား ပေးနိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့တဖက်က ဒေါ်စုဟာ စစ်တပ်ကို ကာကွယ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ နိုင်ငံတကာကနေ ကုလသမဂ္ဂ fact finding mission ပေါ့နော် .. ဒီ မစ်ရှင်ကို နိုင်ငံတကာကနေ လွှတ်တယ်ဆိုတာက အလကားတော့ မဟုတ်ဘူး။ သူတို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိလို့ ဒီဟာကို လွှတ်ခြင်းဖြစ်တယ်။ ပြီးတော့ ဒီဟာက အခြေနေ ပိုပြီး ဆိုးဝါးသွားနိုင်တယ်လို့ ထင်တယ်”

ဗွီအိုအေမြန်မာပိုင်း၏ သတင်း “မြန်မာလုံခြုံရေး အကြံပေးရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစတင်” မှ ဦးထွန်းခင် ပြောကြားသည့် အပိုင်းကို ကူးယူဖော်ပြထားသည်။









MYARF
RB News
1.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများတွင် အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ခေါ်ယူ၍ ခံဝန်လက်မှတ်များ ထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇူလိုင်လ (၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ အဆိုပါ စခန်း၏ လက်အောက်ခံ ကျေးရွာအုပ်စု (၁၀) ခုမှ အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် အစည်းအဝေး တက်ရန်ဟု ဆင့်ခေါ်၍ အဆင်သင့်ရေးသားထားသော ခံဝန်ချက် စာရွက်ပေါ်တွင် လက်မှတ်များ ထိုးထားကြောင်း၊ ဇွန်လ (၂၉) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ ယင်းစခန်း၏ လက်အောက်ခံ ကျေးရွာအုပ်စုများမှ အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ဆင့်ခေါ်၍ အလားတူ လက်မှတ်များ ထိုးခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ခံဝန်ချက်လက်မှတ်ထိုးရာတွင် စာရွက်ပါ အကြောင်းအရာများကို ဖတ်ရှုခွင့်မပေးဘဲ လက်မှတ်သာ ထိုးပေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 



၂၀၁၇ ခုနှစ်​ ဇွန်​လ (၂၆) ရက်​​နေ့မှာ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ကို နယ်​ခြား​စောင့်​ရဲများက မဟုတ်​မမှန်​တဲ့ စွပ်​စွဲချက်​​တွေနဲ့ ဖမ်းဆီးခဲ့ပြီး​တော့ လူမဆန်​​အောင်​ ညှဉ်​ပန်းနှိပ်​စက်​ပြီး သတ်​ဖြတ်​လိုက်​တာကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက နှလုံး​ရောဂါနဲ့ သာမန်​ သေဆုံးသွားတဲ့ ဖြစ်​ရပ်ဆိုပြီး​ သတင်းကို လိမ်​လည်​ထုတ်​ပြန်​လာခဲ့တာ ​တွေ့ရှိရတယ်​။

(နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​​ရေး ​ကော်​မတီရဲ့ သတင်းထုတ်​ပြန်​မှု --




ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် အသတ်​ခံရမှု ဖြစ်​ရပ်​အမှန်ကို​ဖော်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးကို တုန့်​ပြန်​ ရှုတ်​ချသည့်​စာ -- goo.gl/Wjkk2J)


နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီ ​ဖြေရမယ့်​ ​မေးခွန်းများ

၁။ "ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်သည်​ ရင်ဘတ်အောင့်သည်​ဟုပြောပြီး ထိုင်နေရာမှ လဲကျသွားသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ည ၁၁ နာရီ ၁၅မိနစ်တွင်သေဆုံးခဲ့သည်​၊ သေဆုံးသူမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က နှလုံးရောဂါရှိသူဖြစ်ပြီး ဆရာဝန်၏ရင်ခွဲစစ်ဆေးချက်အရ ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးရခြင်းဖြစ်သည်​" ဆိုပြီး နိုင်​ငံ​တော်​အတိုင်​ခံရုံးရဲ့ သတင်းထုတ်​ပြန်​ချက်​ထဲမှာ ပါရှိပါတယ်​။ ဒီ​တော့ ​မေးခွန်းက နှလုံး​ရောဂါနဲ့​သေဆုံးတယ်​ဆိုရင်​ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ရဲ့ ခန္ဓာကိုယ်​အနှံ့ ဒဏ်​ရာဒဏ်​ချက်​များ ဘာ​ကြောင့်​ ရှိ​နေရတာလဲ။ (သက်​​သေ- ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ ရုပ်​အ​လောင်း ဓာတ်​ပုံ) 




၂။ လေ့လာ​တွေ့ရှိချက်​အရ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ဟာ နှလုံး​ရောဂါရှိသူတစ်​ဦးမဟုတ်​​ဘဲ၊ ၎င်းရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေမှာ ​ဒေါင်း​ဒေါင်းမြည်​ ဖြစ်​ပါတယ်​။ (ရှု -ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ရဲ့ အဖမ်းမခံရခင်​က ဓာတ်​ပုံ)



ဒီလိုမျိုး ကျန်းမာ​ရေး​ကောင်းမွန်​သူ တစ်​ဦးကို ဘာကြောင့်​ နှလုံး​ရောဂါရှင်​ဟု သတ်​မှတ်​ရတာလဲ။ မိသားစုဝင်​များကို ဖိအား​ပေးပြီး နှလုံး​ရောဂါရှင်​ဟု အတင်းအဓမ္မ ဝန်​ခံခိုင်းတာ​ရော ဘာကြောင့်​လဲ။ ဆရာဝန်​စစ်​​ဆေးချက်​နဲ့ မလုံ​လောက်တာလား။ သက်​သက်​ လိမ်​ညာနိုင်​​အောင်​လား။ ​နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုန်​ပြန်​​ရေး​ကော်​မတီက ​ဖြေ​ကြားပေးဖို့လို​နေပါပြီ
၃။ နှလုံး​ရောဂါနဲ့ သာမန်​​သေဆုံး သွားခဲ့ရင်​ အ​လောင်းကို မိသားစုဝင်​များထံ ဘာကြောင့်​ လွှဲ​ပြောင်း​ပေးခြင်းမပြုဘဲ လုံခြုံ​ရေးအတင်းအကျပ်​ချထားပြီး သဂြိုလ်​ခဲ့ရတာလဲ။

၎။ တကယ်​​တော့ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်​ကို လိင်​အင်္ဂါရဲ့ ​ဝှေး​စေ့နှစ်​လုံးကို ဖြတ်​ပစ်​ခြင်း၊ ​ခြေ​ချောင်းတစ်​​လျှောက်​ ဒလိမ့်​တုံးများနဲ့ ဖိလိမ့်​ပြီး ရက်​စက်​ခြင်း၊ ​ပေါင်​နှစ်​ဖက်​ကို လှီးဖြတ်​လိုက်​ခြင်း စတဲ့ ညှဉ်းပန်းမှု​တွေနဲ့ လူမဆန်​​အောင်​ ရက်​စက်​ကြမ်းကြုတ်​စွာပဲ သတ်​ဖြတ်​ခဲ့တာ ဖြစ်​ပါတယ်​။

၅။ အပြစ်​မဲ့ ပြည်​သူတစ်​ဦးကို မခိုင်​မာတဲ့ စွပ်​စွပ်​ချက်​များနဲ့ ညှဉ်းပန်းနှိပ်​စက်​ပြီး သတ်​ဖြတ်​ခဲ့တဲ့ လူသတ်​တရားခံ နယ်​ခြား​စောင့်​ရဲများကို အကာအကွယ်​​ပေးတဲ့အ​နေနဲ့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက လိမ်​လည်​လှည့်​ဖျား​နေတာဟာ တကယ်​ပဲ ရှက်​စရာဖြစ်ပါ​တယ်​။ နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံရုံး ဝန်​ကြီးဌာန ဆိုတာက ပြည်​သူကို သက်​သက်​လိမ်​ညာလှည့်​ဖျား​နေဖို့များလား။

၆။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ​ဦး​ဇော်​​ဌေးကလည်း ဒီကိစ္စနဲ့ ပတ်​သက်​ပြီး VOA နဲ့ အင်​တာ​ဗျူးတဲ့အခါ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး၊ သတင်းထုတ်​ပြန်​​ရေး​ကော်​မတီရဲ့ လိမ်​ညာမှုလို လိမ်သွားခဲ့ပါ​သေးတယ်​။ ဒါ​တွေက အားလုံး တိုင်​ပင်​ပြီး အတိုင်​အလှည့်​ညီညီ လိမ်​ညာပွဲ ​ဆော့ကစား​နေတာဆိုတာ သိသာပါတယ်။ နိုင်​ငံကို လိမ်​ညာမှုနဲ့ အုပ်​ချုပ်​​ပြီး ဖျက်​ဆီး​နေတာလား။

ခြုံငုံပြီး ​ပြောရရင်​ အခုဖြစ်​ရပ်​ဟာ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီရဲ့ လိမ်​လည်​လှည့်​ဖျား​နေမှုများကို ပိုပြီး ထင်​ရှား​ပေါ်လွင်​​စေတာပါပဲ။
ဒါ​ကြောင့်​ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်​ မတရားသဖြင့်​ ရက်​ရက်​စက်​စက်​ အသတ်​ခံခဲ့ရတာနဲ့ ပတ်​သက်​ပြီး လူသတ်​တရားခံ နယ်​ခြား​စောင့်​ရဲ​တွေကို ဘယ်​လို အ​ရေးယူ​မလဲဆိုတာ ​အနီးကပ်​​စောင့်​ကြည့်​​နေမယ်​။

အပြစ်​မဲ့လူတစ်​ဦးကို နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့က ရက်​ရက်​စက်​သတ်​လိုက်​တဲ့ ဖြစ်​ရပ်​အမှန်​နဲ့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီရဲ့ ဖြစ်​ရပ်​အမှန်​ကိုဖုံးကွယ်​ပြီး အရှက်​မရှိလိမ်​ညာ​နေတဲ့ အ​ကြောင်း​တွေကို ဓာတ်​ပုံသက်​​သေနဲ့တကွ သက်​ဆိုင်​ရာ နိုင်​ငံတကာ လူ့အခွင့်​အ​ရေး အဖွဲ့အစည်းများထံ ပို့​ပေးခဲ့ပြီး ဖြစ်​​ကြောင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး တာဝန်​ရှိသူ​တွေကို အသိပေးပါတယ်​။

(​မောင်​​တောခရိုင် လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့)

RB News
29.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဇွန်လ (၂၇) ရက်နေ့က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားတစ်ဦး သေဆုံးခဲ့ပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ပစ်သတ်ခံရသည့် ငါးဖမ်းသမားမှာ မုစ်တာခ်အာမတ် (ဘ) ဦးဟာလာမျာ (အသက် ၂၅ နှစ်) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူမှာ အဘူဆယီဒ် (ဘ) ဦးရရှိတ်အာမတ် (အသက် ၂၇ နှစ်) တို့ဖြစ်ကြပြီး၊ နှစ်ဦးစလုံးမှာ ရှီလ်ခါလီ ကျေးရွာ (ကျောက်ချောင်း) မှ ဖြစ်ကြသည်။

ငါးဖမ်းသမား နှစ်ဦးသည် နံနက် ၁၀ နာရီခန့်အချိန်တွင် နတ်မြစ်၌ ငါးဖမ်းရန် လှေတစ်စီးဖြင့် ထွက်ခွာခဲ့ပြီး၊ ကမ်းပြန်ကပ်ရန် ပြင်ဆင်နေစဉ် စက်သေနတ်တပ် စက်လှေတစ်စီး တွေ့ရှိခဲ့သည်။ အဆိုပါ စက်သေနတ်တပ် စစ်လှေသည် ငါးဖမ်းသမားများ၏ လှေသို့ ချဉ်းကပ် လာစဉ် ငါးဖမ်းသမားတစ်ဦးက ကြောက်ရွံ၍ လှေပေါ်မှ ခုန်ချခဲ့ပြီး၊ ကျန်သည့် ငါးဖမ်းသမားတစ်ဦးသည် လှေဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ 

စက်သေနတ်တပ် စက်လှေပေါ်မှ စစ်သားများသည် ထွက်ပြေးနေသည့် ငါးဖမ်းသမားကို သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်သောကြောင့် ကျည်ဆံထိမှန်၍ သေဆုံးသွားပြီး လှေပေါ်မှ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ ရေထဲသို့ ခုန်ချ၍ ထွက်ပြေးနေသည့် ငါးဖမ်းသမားကို စစ်သားများက ဖမ်းဆီး၍ ရိုက်နှက်၍ ပြူးမကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးသွားသည့် ငါးဖမ်းသမားကို စစ်သားများက ငွေကျပ် ၁၀ သိန်း ညှစ်ယူ၍ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ပစ်သတ်ခံရသူ၏ အလောင်းကိုလည်း ညပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇွန်လ (၂၄) ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့သည် ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ နေအိမ်များအတွင်းမှ လုယက်ခြင်း၊ ရွာသူရွာသားများကို အကြမ်းဖက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်နေသည့် အပြင်၊ ၂၀၁၂ ခုနှစ်ကဲ့သို့ လူမျိုးရေး ပဋိပက္ခပုံစံ အသွင် ဖန်တီးယူရန် အတင်းအဓမ္မ ကြိုးစားလျက် ရှိသည်။

ရိုက်နှက် ငွေညှစ်ခံရသူ အဘူဆယီဒ်

ပစ်သတ်ခံရသူ မုစ်တာခ်အာမတ်

နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီက လိမ်​လည်​လှည့်​ဖျား၍ သတင်း ထုတ်​ပြန်​​နေခြင်းကို ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​ ရှုတ်​ချခြင်း

ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် ဇွန်လ (၂၈) ရက်

မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ကို နယ်​ခြား​စောင့်​ရဲများက ဖမ်းဆီး၍ မဟုတ်​မမှန်​စွပ်​စွဲချက်​ဖြင့်​ လူမဆန်​စွာ ညှဉ်​ပန်းနှိပ်​စက်​ စစ်​​ဆေး၍ သတ်​ဖြတ်​လိုက်​သည်​ကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက နှလုံး​ရောဂါဖြင့်​ သာမာန်​ သေဆုံးသွားသည့်​ ဖြစ်​ရပ်​ဟု လိမ်​လည်​လှည့်​ဖျား သတင်းထုတ်​ပြန်​လာသည်​ကို (မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့) မှ ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​ ရှုတ်​ချလိုက်​ပါသည်​။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီ၏ လိမ်​လည်​ သတင်းထုတ်​ပြန်​မှုထဲတွင်​ --

ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည်​ အကြမ်းဖက်သင်တန်းတက်ရောက်သူများအား ထောက်ပံပေးနေသူတစ်​ဦး ဖြစ်​၍ ဖမ်းဆီး​ခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းနေစဉ် ရင်ဘတ်အောင့်သည်ပြောကာ ထိုင်နေရာမှလဲကျသွားသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ည ၁၁ နာရီ ၁၅မိနစ်တွင်သေဆုံးခဲ့ခြင်းဖြစ်​​ကြောင်း၊ သေဆုံးသူသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က နှလုံးရောဂါရှိသူဖြစ်ပြီး ဆရာဝန်၏ရင်ခွဲစစ်ဆေးချက်အရ ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်ဟု ​ရေးသားထားပါသည်​။

ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် အသတ်​ခံရမှု ဖြစ်​ရပ်​အမှန်​မှာ --

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ ဦးနော်ဇိရ်အာမတ်၏သား အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် (အသက် ၃၅ နှစ်) ကို မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်​ ဘဂုံးနား နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်​၊ ဇွန်​လ ၂၆ ရက်​​နေ့၊ နံနက်​ ၁၀ နာရီခန့်​အချိန်​တွင် ဖမ်းဆီးခဲ့သည်​။

ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်သည်​ ဘာသာရေးပွဲတော် အီးဒ်နေ့တွင် ဝတ်​ပြုပြီး​နောက်​ ဘဂုံးနားဈေးရှိ လဘက်ရည်ဆိုင်၌ အသိမိတ်​​ဆွေများနှင့်​အတူ လဘက်ရည် ထိုင်​သောက်နေစဉ် အဆိုပါ နယ်​ခြား​စောင့်​ရဲအဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန်ကျည်ချောင်း စခန်းသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းစခန်း၌ ချုပ်​​နှောင်​ထားပြီး တနေကုန် ​ညှဉ်းပန်းနှိပ်စက်ပြီးနောက် ည ၁၁ နာရီ​ကျော်​ အချိန်​တွင် နယ်​ခြား​စောင့်​ရဲများက ၎င်းကို သတ်​ဖြတ်ပြီးနောက် အ​လောင်းကို ​မောင်​​တောပြည်​သူ့​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့သည်​။ 

ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ နေအိမ်သို့ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ ဇနီးကို ခင်ပွန်းဖြစ်သူထံတွင် ရောဂါရှိနေကြောင်း၊ ယင်းရောဂါကြောင့် မောင်တောဆေးရုံတွင် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခင်ပွန်းသည်တွင် ယခင်ကတည်းက ရောဂါရှိနေသည်ဆိုသည်မှာ မှန်ကန်သည်ဟု ရေးသား၍ အတင်းအဓမ္မ ဖိအားပေး ၀န်ခံ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ 

အသတ်​ခံရသူ ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်၏ အလောင်းကို မိသားစုဝင်များက ဇာတိရွာတွင် မြှပ်နှံသဂြိုဟ်ရန် အာဏာပိုင်များထံ တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များ ခွင့်မပြုဘဲ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် တာဝန်ခံကို ခေါ်၍ အပ်နှံပြီး ယင်းရပ်ကွက် သင်္ချိုင်းတွင် လုံခြုံ​ရေးထူထပ်​စွာချထားပြီး မြှပ်နှံသဂြိုလ်​ ခိုင်းခဲ့သည်။ ​ဇွန်​လ ၂၇ ရက်​​နေ့၊ နံနက်​ ၁၁ နာရီခန့်​အချိန်​တွင်​ မြုပ်​နှံ သဂြိုလ်​ခဲ့သည်။

တုန့်​ပြန်​ချက်

နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့က ရက်​ရက်​စက်​စက်​ ညှဉ်းပန်းနှိပ်စက်ကာ သတ်​ဖြတ်​လိုက်​သူ ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည်​ နှလုံး​ရောဂါရှိသူ တစ်​ဦးမဟုတ်​​ကြောင်းကို ၎င်း၏ မိသားစုဝင်​များ၊ အိမ်​နီးနားချင်းများနှင့်​ ၎င်း၏ သူငယ်​ချင်းမိတ်​​ဆွေများ၏ ​ပြောပြချက်​အရ အတည်​ပြု သိရှိရပါသည်​။ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီက "နှလုံး​ရောဂါ" ဖြင့်​ ရိုးရိုး​သေဆုံးသွားသည်​ဟု ​ရေးသားထားခြင်းမှာ လူသတ်​တရားခံ နယ်​ခြား​စောင့်​ရဲများကို အကာအကွယ်​​ပေး​လို၍ တမင်​အ​ကြောင်းပြချက်​ဖန်​တီး ​ရေးသားခြင်းဖြစ်​သည်​။ အသတ်​ခံရသူ၏ ရုပ်​အ​လောင်းကို ပြန်​လည် တူး​ဖော်​၍ စစ်​​ဆေးလျှင်​ နယ်​ခြား​စောင့်​ရဲများက ၎င်းကို မည်​ကဲ့သို့ လူမဆန်​စွာ ညှဉ်​ပန်းနှိပ်​စက်​၍ သတ်​ဖြတ်​လိုက်​သည်​ကို ​အမှန်​အတိုင်း ​တွေ့ရှိရမည်​ဖြစ်​ပါသည်​။

ထို့အပြင်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည်​ အကြမ်းဖက်သင်တန်း တက်ရာက်သူများအား ထောက်ပံ့ပေးနေသူ ဆိုပြီး စွပ်​စွဲ​ရေးသားထားသည်​မှာလည်း လုံးဝမှန်​ကန်​မှု မရှိ​ပေ။ ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည်​ အကြမ်းဖက်သင်တန်း တက်ရာက်သူများအား ထောက်ပံ့ပေးနေသူတစ်​ဦး ဖြစ်​ခဲ့လျှင်လည်း ၎င်းကို ဖမ်းဆီး၍ ဥပ​ဒေအတိုင်း စစ်​​ဆေးကာ ပြစ်​ဒဏ်​​ပေးရမည်​သာ ဖြစ်​သည်​။ ယခုကဲ့သို့ ဖမ်းဆီးပြီး ၁၂ နာရီ​ကျော်​အတွင်း သတ်​ဖြတ်​လိုက်​သည်​မှာ မည်​သို့မျှ လက်​ခံနိုင်​စရာ မရှိ​သော လုပ်​ရပ်​ဖြစ်​ပါသည်​။

သို့ဖြစ်​ပါ၍ အပြစ်​မဲ့ပြည်​သူတစ်​ဦးကို အ​ခြေအမြစ်​မရှိ​သော စွပ်​စွဲချက်​ဖြင့်​ ဖမ်းဆီးပြီး လူမဆန်​စွာညှဉ်းပန်းနှိပ်​စက်​ကာ သတ်​ဖြတ်​လိုက်​သည့်​ ဖြစ်​စဉ်​၏ အမှန်​ကိုဖုံးကွယ်​၍ လိမ်​လည်​လှည့်​ဖျား သတင်းထုတ်​ပြန်​ခဲ့သည့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကို ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​ ရှုတ်​ချလိုက်​​ပါသည်​။

(​မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့)


MYARF
RB News
28.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း - တောင်ပြို ကားလမ်း နေရာအနှံ့တွင် အစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက ရိုဟင်ဂျာလူမျိုးများကို စစ်ဆေးသည်ဟု အကြောင်းပြ၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း - တောင်ပြို ကားလမ်းတစ်လျှောက်ရှိ ကြိမ်ချောင်း၊ ကြက်ကျိန်း၊ စံကားပင်ရင်း၊ ကျွန်းပေါက်ပြုစု၊ သင်္ဘောလှ၊ ရဲအောင်ချောင်း၊ တောင်ပြိုယာ ကျေးရွာများနှင့် တောင်ပြိုမြို့ဝင် စသည့်နေရာများတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ၂၄ နာရီတိုင်တိုင် စောင့်၍ ရိုဟင်ဂျာလူမျိုးများကို သီးသန့် စစ်ဆေးသည်ဟု အကြောင်းပြ၍ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဗုဒ္ဓဘာသာဝင်များ ဆိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်လျှင်ပင် စစ်ဆေးခြင်း မရှိကြောင်း ဒေသခံများက ဖြည့်စွက်ပြောပါသည်။

တပ်ဖွဲ့ဝင်များက “တိုင်းရင်းသားတွေ ထိုင်နေ၊ ကုလားတွေ အကုန်ဆင်းကြ၊ တန်းစီပြီးလာခဲ့၊ ငါလိုးမသားတွေ ဦးထုပ်နဲ့ ဘုရ်ခါချွတ်” ဟု ခွဲခြား၍ နှိမ့်ချ ဆက်ဆံ ဆဲဆိုစော်ကား စစ်ဆေး၍ တစ်ဦးလျှင် ငွေကျပ် ၅၀၀ စီ ညှစ်ယူလျက် ရှိကြောင်း၊ မော်တော်ဆိုင်ကယ် အငှားလိုက်သူများ ထံမှ တစ်စီးလျှင် ခရီးတစ်ခေါက်အတွက် ငွေကျပ် ၅၀၀ စီ ညှစ်ယူလျက်ရှိကြောင်း၊ အဆိုပါ အဖွဲ့များအပြင် ဌာနပေါင်းစုံ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့များက ရဲအောင်ချောင်း၊ အောင်စစ်ပြင်နှင့် ကြိမ်ချောင်းတို့တွင် လမ်းဘေး၌ ထိုင်၍ မကြာခဏ စစ်ဆေးကြောင်း၊ အဆိုပါ ဌာနပေါင်းစုံ အဖွဲ့က စစ်ဆေးရာတွင် ငွေကျပ် သိန်းနှင့်ချီ၍ ညှစ်ယူကြောင်း၊ လွန်ခဲ့သည့် အပတ်တွင် စံပယ်ကုံးမှ ဆိုင်ကယ် ကယ်ရီသမား ဦးမာမတ်ရီယာစ် (ဘ) ဦးနုရ်ဘော်ရှော်ရ် (အသက် ၂၇ နှစ်) ထံမှ ရဲအောင်ချောင်းတွင် စစ်ဆေးသော ပူးပေါင်းအဖွဲ့က ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း၊ ဇွန်လ (၂၄) ရက်နေ့တွင် ကြိမ်ချောင်း မြောက်ပိုင်းမှ ကြိမ်ချောင်း ဈေးနေ့သို့ ဈေးဝယ်ရန်လာရောက်သေ ရိုဟင်ဂျာလူမျိုးများကို ပူးပေါင်းတပ်ဖွဲ့က စစ်ဆေးပြီး Receipt Card ၏ အချိန်ကုန်လွန်သွားပြီဟု ဆိုကာ ဈေးဝယ်ရန် လာခွင့်မပေးဘဲ အားလုံးကို အိမ်ပြန်ခိုင်းခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။



MYARF
RB News
28.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးကိုယ်တိုင် ဦးဆောင်ကာ ရွာထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ဒေသခံများကို ဖမ်းဆီးကာ ငွေညှစ်နေသည့် အပြင် ရွာသားများကို အကြမ်းဖက်သမားများ ဖြစ်လာအောင် ဖန်တီးနေကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၂၅) ရက်နေ့တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကိုယ်တိုင် ဦးဆောင်၍ ၎င်း၏ စခန်းမှ တပ်ဖွဲ့အချို့၊ လက်အောက်ခံ ကြားစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အတူ အင်အား ၂၀ ခန့်ပါဝင်သော အဖွဲ့သည် စိမ်းညှင်းပြာ ကျေးရွာအုပ်စု တောဂံရွာသို့ သွားရောက်၍ နေအိမ်အချို့ကို ဟန်ပြ စစ်ဆေးခဲ့သည်။

ထို့နောက် ရွာမှအပြန်လမ်းတွင် တွေ့ရှိသော လယ်သမားများ ဖြစ်ကြသည့် (၁) ဦးမာမတ်ကာဆိမ်း (အသက် ၆၀ နှစ်)၊ (၂) ဦးရှော်ဖီအာလောမ် (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)၊ (၃) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးအေဇာရ်မျာ၊ (၄) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးအေဇာရ်မျာ တို့ မိသားစုဝင် (၄) ဦးစလုံးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ (၄) ဦးကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူ၍ လွှတ်ပေးခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ ပြောပါသည်။

ဇွန်လ (၂၀) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် အဆိုပါရဲမှူးနှင့် အဖွဲ့တို့သည် စိမ်းညှင်းပြာ ရွာသို့ ရှောင်တခင် ၀င်ရောက်၍ အပြစ်မဲ့ဒေသခံများများ ဖြစ်ကြသည့် --

(၁) ဦးမိုဟာမတ်ဆာဒဲခ် (ဘ) ဦးဆွေတာမောက် (အသက် ၆၇ နှစ်)
(၂) ဦးမာမတ်တာဟဲရ် (ဘ) ဦးမာမတ်ဆိက် (အသက် ၃၁ နှစ်)
(၃) ဦးအီဗြာဟိမ်း (ဘ) ဦးအာမတ်ဟာရှိမ်း (အသက် ၃၀ နှစ်)
(၄) ဦးဇာဖောရ် (ဘ) ဦးဟာဆောင်းရှော်ရ်ရိဖ် (အသက် ၂၉ နှစ်)
(၅) ဦးအာဘူဆော်ယာဒ် (ဘ) ဦးဟာဆောင်းရှော်ရ်ရိဖ် (အသက် ၂၆ နှစ်) တို့ (၅) ဦးကို ဖမ်းဆီး၍ ညောင်ချောင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယခုအခါ ၎င်းတို့ကို လက်သည်းများ၊ အရေပြားများကို ခွာခြင်း၊ လိင်အင်္ဂါများ မီးရှို့ခြင်း စသည့်လူမဆန်စွာ နှိပ်စက်မှုများ ပြုလုပ်ပြီးနောက် ၎င်းတို့၏ ရွာနှင့် ၃ မိုင်အကွာတွင် တွေ့ရှိခဲ့သည်ဟု ဆိုသော လိုဏ်ဂူနေရာ၏ ပိုင်ရှင်များအဖြစ် အတင်းအဓမ္မ ထွက်ဆိုခိုင်း၍ အမှုဖွင့် အရေးယူလျက်ရှိကြောင်း၊ ထိုကဲ့သို့ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၏ စိတ်ဓါတ်များကို အစွန်းရောက်စေရန်၊ အကြမ်းဖက်စေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
27.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးကို နယ်ခြားစောင့်ရဲများက အီးဒ်နေ့အခါသမယတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

နယ်ခြားစောင့်ရဲများ၏ သတ်ဖြတ်ခြင်းကို ခံရသူသည် မောင်တောမြို့မှ ၄ မိုင်ခန့်အကွာ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ ဦးနော်ဇိရ်အာမတ်၏ သား အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် (အသက် ၃၅ နှစ်) ဖြစ်သည်။ ၎င်းကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀) နာရီခန့် အချိန်တွင် မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးရောက်ရှိလာပြီး ဘဂုံးနား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ဘဂုံးနားဈေးရှိ လဘက်ရည်ဆိုင်၌ လဘက်ရည်သောက်နေစဉ် ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန်ကျည်ချောင်း စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ၎င်းကို မန်ကျည်ချောင်းစခန်း၌ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ယူဆရပြီး သေလုမျောပါး ဖြစ်နေချိန် ည ၁၁ နာရီကျော်အချိန်တွင် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ယူဆရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ဖမ်းသွား​တော့ ဘယ်​သူ့မှ သွားပြီး သတင်း​မေးခွင့်​မရှိဘူး​။ မနက်​မှ ​ဆေးရုံမှာ သူ သေဆုံး​နေတယ်​ဆိုပြီး သတင်း​ပြောလာတာ။ မ​နေ့ည ၁၁ နာရီလောက်​မှာ ကားနှစ်​စီးနဲ့ ​မော်​​တော်​ဆိုင်​ကယ်​ ၇ စီး ​မောင်​​တော​တောင်​ပိုင်းက​နေလာပြီး မြို့ထဲဝင်​သွားတာ ကျွန်တော်​တို့ သိလိုက်​တယ်​။ အဲဒါက မိုဟာမတ်​ဆာဒဲခ်​ကို သတ်​ပြီး ​ဆေးရုံခေါ်သွားတာဖြစ်မယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။ 

ယနေ့ ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ နေအိမ်သို့ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ ဇနီးကို ခင်ပွန်းဖြစ်သူထံတွင် ရောဂါရှိနေကြောင်း၊ ယင်းရောဂါကြောင့် မောင်တောဆေးရုံတွင် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခင်ပွန်းသည်တွင် ယခင်ကတည်းက ရောဂါရှိနေသည်ဆိုသည်မှာ မှန်ကန်သည်ဟု ရေးသား၍ အတင်းအဓမ္မ ဖိအားပေး ၀န်ခံ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ 

ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်၏ အလောင်းကို မိသားစုဝင်များက ဇာတိရွာတွင် မြှပ်နှံသဂြိုဟ်ရန် အာဏာပိုင်များထံတွင် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များ ခွင့်မပြုဘဲ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် တာဝန်ခံကို ခေါ်၍ အပ်နှံပြီး ယင်းရပ်ကွက် သင်္ချိုင်းတွင် မြှပ်နှံခိုင်းခဲ့သည်။

“သေသူက ​သေပြီ။ ကျွန်မတို့က ကိုယ့်​ရွာမှာ မြှပ်​နှံဖို့ အ​လောင်းကိုပဲ ​တောင်းခဲ့တာ။ ဒါ​ပေမယ့်​ သူတို့က လွှဲ​ပြောင်းမ​ပေးဘူး" ဟု အသတ်​ခံရသူ၏ ​ဆွေမျိုး​တော်​စပ်​သူတစ်​ဦးကို ကိုးကား၍ ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။
အ​လောင်းကို ယနေ့ ဇွန်လ (၂၇) ရက်​​နေ့၊ နံနက်​ ၁၁ နာရီအချိန်​တွင်​ အမှတ်​(၂) ရပ်​ကွက်​ရှိ သင်္ချိုင်းတွင်​ နယ်​ခြား​စောင့်​ရဲ​ မြောက်​မြားစွာ အ​စောင့်​ချထားပြီး မြှပ်​နှံခိုင်းခဲ့ပါသည်​။

မောင်​​တောအ​ခြေစိုက်​ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​ လေ့လာ​ရေးအဖွဲ့၏ ​ပြောကြားချက်​အရ နယ်​ခြား​စောင့်​ရဲများက ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်၏ လိင်​အင်္ဂါကို ဖြတ်​​​ပစ်​ခြင်း၊ ခြေ​​​ထောက်​ကို ရိုက်​ချိုးပစ်​ခြင်း၊ တင်းပါးတစ်​ဖက်​ကို ခုတ်​ပစ်​လိုက်​ခြင်းနှင့်​ အခြား​သော နည်းအမျိုးမျိုးဖြင့်​ ညှဉ်းပန်း နှိပ်​စက်​ခဲ့သည်​ဟု သိရှိရသည်​။
“လူတစ်​​ယောက်​ကို မသင်္ကာပြီး ဖမ်းတယ်​ဆိုပါစို့။ ဖမ်းပြီးရင်​ တရားဥပ​ဒေအတိုင်း ရုံးတင်​ စစ်​​ဆေးရပြီး အပြစ်​ထင်​ရှားရင်​ အ​ရေးယူရမှာ​လေ။ အခုက ဖမ်းချင်​လို့ ဖမ်းတယ်​။ သတ်​ချင်​လို့ သတ်​လိုက်​တယ်​။ ရဲစခန်းလည်း မအပ်​ဘူး။ တရားရုံးလည်း မတင်​ဘူး။ တကယ်​ပဲ တရားဥပ​ဒေမဲ့ သတ်​​နေတာ။ ဒါက Ethnic Cleansing မဟုတ်​ရင်​ ဘာလဲ။" ဟု အဆိုပါ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ပြောပါသည်။ 

မောင်​​တောခရိုင်​တွင်​ အာဏာပိုင်​များက အ​ကြောင်းအမျိုးမျိုးဖြင့်​ ပြဿနာ ဖန်​တီးရန်​ ကြိုးစား​နေလျက်​ရှိနေသည်ကို ​လေ့လာ​တွေ့ရှိ​ထားကြောင်း အဆိုပါ အဖွဲ့က ​ပြောပါသည်​။ 

ဇွန်​လ ၂၅ ရက်​​နေ့တွင်​လည်း ​ဘဂုံး​နား​ကျေးရွာမှ မိုဟာမတ်​​တော်​ယုပ်​ (ဘ) ဦးနာဇိရ်​ ကို အဆိုပါ နယ်​ခြား​စောင့်​ရဲများက ဖမ်းဆီးကာ မဟုတ်​မမှန်​ စွပ်​စွဲချက်​အမျိုးမျိုးဖြင့်​ ညှဉ်းပန်း​နှိပ်စက်လျက်​ရှိပြီး ယ​နေ့ထိ ပြန်​လည်​ လွှတ်​​ပေးခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

ထို့အပြင်​ ​မောင်​​တော​ မြောက်​ပိုင်းတွင်​လည်း အာဏာပိုင်​များက ပြဿနာဖန်​တီး၍ ​ဒေသခံရိုဟင်​ဂျာများကို ညှဉ်းပန်းနှိပ်​စက်​နိုင်​ရန်​ ကြံစည်လျက်ရှိသည်။

မောင်​​တောခရိုင်​အတွင်း၌ အပ်​ကျလျှင်​ပင်​ မဟုတ်​မမှန်​ ဆွဲဆန့်​ကာ သတင်း​ရေးတင်​တတ်​သည်​ State Counsellor Information Committee စာမျက်​နှာတွင် နယ်ခြားစောင့်ရဲများက ဟာဖီးဇ်​ မိုဟာမတ်​ဆာဒဲခ်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် သတင်းကို ဇွန်​လ ၂၇ ရက်​​နေ့၊ မြန်​မာစံ​တော်​ချိန်​ ည ၁၁ နာရီခွဲ အချိန်​အထိ မထုတ်​ပြန်​​သေးသည်​ကို ​လေ့လာ​တွေ့ရှိရသည်​။




RB News
25.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်းကျေးရွာအုပ်စုတွင် ရခိုင်ရွာသား ၄ ဦး လိပ်ရှာနေစဉ် ရွှေဒင်္ဂါးများထည့်ထားသည့် မြေအိုးငယ် ရှာဖွေတွေ့ရှိကာ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည့် ပြဿနာကို ဒေသခံရိုဟင်ဂျာများ၏ ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၂၄) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း စံကားပင်ရင်းကျေးရွာအုပ်စု တူရိန်းရခိုင်ရွာမှ ဦးစံသာ (အသက် ၃၃ နှစ်)၊ ဦးကျန်သိန်းအောင် (အသက် ၂၈ နှစ်)၊ ဦးအောင်ကျော် (အသက် ၅၀ နှစ်) နှင့် ဦးကိုကိုသိန်း (အသက် ၃၉ နှစ်) တို့သည်  တောင်ပြိုလက်ဝဲမြို့ ဇီးပင်ချောင်းကျေးရွာအုပ်စု အရှေ့ဖက် တောင်ခြေတစ်လျှောက်တွင် လိပ်ရှာနေစဉ် တောင်ခြေနားမှ တွင်းတစ်တွင်းကို တူးဖော်ခဲ့ရာ တွင်းထဲမှ မြေအိုးငယ်ဖြင့် အပြည့်ထည့်ထားသော ရွှေဒင်္ဂါးများ တွေ့ရှိခဲ့ကြောင်း အနီးအနားတွင် နွားကျောင်းနေစဉ် တွေ့ရှိခဲ့သော အမည်မဖော်လိုသော နွားကျောင်းသားတစ်ဦးက RB News သို့ပြောပါသည်။ 

ရွှေဒင်္ဂါးအပြည့်ထည့်ထားသည့် မြေအိုးငယ်ကို ရရှိသည့် ရခိုင်ရွာသား ၄ ဦးတို့သည် ဝေစုများခွဲဝေရန် ပြင်ဆင်နေစဉ် ဦးစံသာနှင့် ဦးကျန်သိန်းအောင် တို့က အညီအမျှ ဝေစုထက် ပိုမိုတောင်းခံသဖြင့် အချင်းချင်း စကားများခဲ့ကြောင်း၊ ထို့နောက် ဦးစံသာနှင့် ဦးကျန်အောင်သိန်း တို့နှစ်ဦးက ဦးအောင်ကျော်နှင့် ဦးကိုကိုသိန်းတို့ နှစ်ဦးကို ရိုက်နှက်၍ တောတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါ နွားကျောင်းသားက ပြောပါသည်။

ယခုအခါ ဦးစံသာနှင့် ဦးကျန်သိန်းအောင် တို့သည် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုကို ဒေသခံရိုဟင်ဂျာများ၏ ခေါင်းပေါ်သို့ ပုံကျသွားအောင် ၎င်းတို့နှင့်အတူ ရှိခဲ့သည့် ရွာသားနှစ်ဦးကို ရိုဟင်ဂျာများပင် သတ်လိုက်သည်ဟု လီဆယ်လုပ်ကြံ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ လီဆယ်လုပ်ကြံ တိုင်ကြားမှုကို လှုမှုကွန်ယက်ပေါ်တွင် ဖော်ပြလျက်ရှိပြီး၊ အဆိုပါ ရခိုင်ရွာသား ၄ ဦးတို့ စကားများခဲ့သည့် နေရာမှာ ဇီးပင်ချောင်းကျေးရွာအုပ်စုတွင် ဖြစ်သော်လည်း ကျွန်းပေါက်ပြုစုကျေးရွာအုပ်စုဟု မှားယွင်းစွာ ဖော်ပြထားကြောင်း တောင်ပြိုလက်ဝဲမှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ယနေ့ ဇွန်လ (၂၅) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နယ်ခြားစောင့်ရဲ အင်အား ၃၀ ကျော်သည် ကျွန်းပေါက်ပြုစု ဘော်တလီ ၁ ရွာနှင့် ကျွန်းပေါက်ပြုစု ရွာဟောင်း တို့သို့ အလုံးအရင်းဖြင့် စီးနင်းဝင်ရောက်၍ အမျိုးသမီးများကို နေအိမ်များမှ ဆွဲထုတ်ကာ ကျွန်းပေါက်ပြုစုဈေးတွင် စုရုံးစေခဲ့ပြီး နေပူကျဲကျဲတွင် နှစ်နာရီခန့် နေလာသည့်ဘက်သို့ မျက်နှာမူခိုင်းထားပြီး အစည်းအဝေးတစ်ရပ် စတင်ခဲ့သည်။ အမျိုးသမီးများ နေအိမ်မှ နှင်ထုတ်ခံရပြီးနောက် နယ်ခြားစောင့်ရဲများသည် လူနေအိမ်များမှ အိမ်သုံးပစ္စည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အစည်းအဝေးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ခံက အမျိုးသမီးများအား မလျော်သြဇာအာဏာသုံး၍ အပြစ်မဲ့များကို အပြစ်ရှိသယောင် ပြောဆို၍ ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။ 

ရခိုင်ရွာသားများ အချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် ဖြစ်ပွားခဲ့သည်များကို ရိုဟင်ဂျာများ ကျူးလွန်သယောင် ဇတ်လမ်းတစ်ရပ်ထွင်၍ ဒေသခံရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်နိုင်ရန် ထောင်ချောက်ဆင်သကဲ့သို့ ဖြစ်နေပြီး၊ ယခုကိစ္စကို အကြောင်းပြု၍ လူမျိုး ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်။ 

နိုင်ငံတော်အစိုးရအား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ဖိအားပေးနေချိန်တွင် လူမျိုးရေး ပဋိပက္ခဖန်တီး၍ အာရုံလွှဲရန် ကြိုတင်စီမံ၍ ဖန်တီးလေသလားဟု ဒေသခံများက သံသယ ဖြစ်နေကြသည်။ 




RB News
22.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် နယ်ခြားစောင့်ရဲများသည် ဒေသခံများကို လူမဆန်စွာ ရိုက်နှက်ပြီး နေအိမ်များမှ မြေများ တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၂၀) ဦးသည် ကျောက်ချောင်း ဂီလာတူလီကျေးရွာသို့ ၀င်ရောက်၍ ပုဇွန်ကန်တွင် ပိုက်ကွန်ဖြင့် ငါးရှာနေသူ ဦးရှော်ဘိရ် ကို ရဲမှူးကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်၍ ပိုက်ကွန်ကို လုယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့အပြင် ဦးမောက်တုလ်ဟူစိန်းနှင့် ဦးနူရ်အစ္စလာမ် တို့၏ နေအိမ်များမှ ကြက်ဖ တစ်ကောင်စီကိုလည်း လုယက်သွားခဲ့သည်။ 

ထို့နောက် ရဲမှူးနှင့် အဖွဲ့သည် ဦးမုခ်တာရ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ်၊ ဦးလာလူး (ဘ) ဦးအလီအာမတ်၊ ဦးဘေလာလ် (ဘ) မော်လ၀ီကာဒိရ်ဟူစိန်း၊ ဦးဆိုက်ဖုလ် (ဘ) မော်လ၀ီဇော်လာလ်အာမတ်နှင့် ဦးဆော်ဒူလ်အာမီးန် တို့၏ နေအိမ်များမှ မိသားစုဝင်များကို ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်၍ နေအိမ်များတွင် နေထိုင်ရန်ပင် ခက်ခဲသွားအောင် မြေများကို တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

လွန်ခဲ့သည့် ရက်ပိုင်းက ကျောက်ချောင်းကျေးရွာအုပ်စု၊ ဂီလာတူလီရွာသို့ နယ်ခြားစောင့်ရဲများက ၀င်ရောက်၍ နေအိမ်များမှ မြေများ တူးဆွ၍ ဖျက်ဆီးခဲ့မှုကို RB News တွင် ဖော်ပြပြီးနောက် ရဲမှူးက အငြိုးထား၍ ယခုတစ်ဖန် ၀င်ရောက်၍ ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Khin Maung
RB News
22.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာ အခြေစိုက် စစ်တပ်မှ စစ်သားများသည် ကျောက်ချောင်းကျေးရွာသို့ ၀င်ရောက်၍ ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၂၁) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ အလယ်ရွာမှ မူဂျီဘုရ်ရာမာန် (ဘ) ဦးဆော်ဒူလ်ရာမာန် (အသက် ၂၀ နှစ်) သည် MPT ဆင်းမ်ကဒ် ထည့်ထားသည့် ဖုန်းဖြင့် ဂိမ်းကစားနေစဉ် လိပ်ရကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများ ရုတ်တရက် ရောက်ရှိလာပြီး ၀ိုင်းဝန်းဖမ်းဆီးကာ ငွေကျပ် ၂ သိန်း တောင်းခံခဲ့သည်။ 

ဖမ်းဆီးခံရသူက မိမိသည် တရားဝင် ဆင်းမ်ကဒ်ကို သုံးနေခြင်း ဖြစ်သည့်အတွက် ငွေမပေးနိုင်ဟု ငြင်းဆန်သောအခါ စစ်သားများက ငွေမပေးလျှင် ရဲစခန်းသို့ ပို့မည်ဟု ခြိမ်းခြောက်သောကြောင့် နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် လိပ်ရ အခြေစိုက် စစ်သားများသည် ကျောက်ချောင်းကျေးရွာသို့ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ရာ မီးဖိုချောင်မှ မီးဖိုအတွင်းရှိ ပြာများကိုပင် စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

စစ်သားများ စစ်ဆေးနေသည်ကို ကျောက်ချောင်း အလယ်ရွာမှ မော်လ၀ီဆော်ယောဒ်တာလောမ် (ဘ) ဟာဂျီဦးဟာဆောင်းအလီ (အသက် ၃၆ နှစ်) က သတင်းကြား၍ နေအိမ်တွင်းရှိ ငွေများ လုယက်ခံရမည်ကို စိုးရိမ်ကာ ငွေများယူ၍ အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ရွာအတွင်းရှိ အိမ်ငယ်တစ်လုံးတွင် ပုန်းအောင်းနေစဉ် စစ်သားများ ရောက်ရှိလာပြီး ၎င်းနှင့် အတူပါလာသည့် ငွေကျပ် ၂၇ သိန်းကို စစ်သားများက လုယက်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျောက်ချောင်းကျေးရွာအုပ်စုသို့ လိပ်ရအခြေစိုက် တပ်ရင်းမှ စစ်သားများ မကြာခဏ ၀င်ရောက်လာပြီး ငွေလုယက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသဖြင့် ပြည်ထောင်စု အစိုးရမှ စစ်ဆေး၍ အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


RB News
21.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက ဒေသခံရွာသား ၄ ဦးကို ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၈) ရက်နေ့ ည ၁၂ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့ လိပ်ရကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၁၂) ဦးသည် လိပ်ရကျေးရွာအုပ်စု မြောက်ရွာသို့ ၀င်ရောက်၍ ယင်းရွာမှ (၁) ဦးယာစီးန် (ဘ) ဦးဒိလ်မာမတ် (၂) ဦးဟူစိန်း (ဘ) ဦးဒိလ်မာမတ် (၃) ဦးဆွေတူဆောင်း (ဘ) ဦးဖော်ဇော်လ် (၄) ဦးမောန်ဇုရ် (ဘ) ဦးအူမောရ်ဟာကိမ်း တို့ကို နေအိမ်များ၌ အိပ်ပျော်နေစဉ် ဖမ်းဆီးချုပ်နှောင်၍ စခန်းသို့ ခေါ်ဆောင်သွားပြီး တစ်ညလုံး လူမဆန်စွာ ရိုက်နှက်နှိပ်စက်၍ ဇွန်လ (၁၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ငွေကျပ် သိန်း ၃၀ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

လိပ်ရကျေးရွာအုပ်စု မြောက်ရွာသားများကို နယ်ခြားစောင့်ရဲများ လာရောက်ဖမ်းဆီးပြီး ငွေညှစ်ရန် မဟုတ်မမှန် သတင်းပေးသူမှာ နူရ်ဟူဆောင်း (ဘ) ဦးဟာဘီအုလ္လာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ နယ်ခြားစောင့်ရဲများကို လမ်းပြပေးသူမှာလည်း ၎င်းပင်ဖြစ်သည်ဟု ပြောပါသည်။


MYARF
RB News
21.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကီစိုးနှင့် ၎င်း၏ အရက်သောက်ဖော်သောက်ဖက် နှစ်ဦးတို့ ပူးပေါင်း၍ ရွာသားများထံမှ နှစ်လအတွင်း ငွေကျပ် သိန်း ၁၀၀ ကျော် ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

နန်းရာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကီစိုးနှင့် ၎င်း၏ အရာက်သောက်ဖောက်သောက်ဖက် နှစ်ဦးဖြစ်သည့် မာမတ်တော်ယုပ် (ဘ) ဦးဂူလာဟူစိန်းနှင့် ဂျီယာဘုလ်ဟောက် (ခ) မောင်စိုးနိုင် (ဘ) ဦးအဒူရော်ကိမ်း တို့ပူးပေါင်း၍ ရွာသားများကို “လူကုန်ကူးမှုဌာနက ခေါ်နေတယ်၊ ငါတို့နဲ့ ရှင်းရမယ်၊ ဘူးသီးတောင်မြို့ပေါ် ရောက်သွားရင် ပြန်လာလို့ရမှာ မဟုတ်ဘူး။ ဌာနပေါင်းစုံက သိသွားရင် ဘယ်သူ့မှ ကယ်နိုင်မှာ မဟုတ်ဘူး။ ထောင်ဒဏ် ၁၄ နှစ် ချခံရမယ်” စသည်ဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။

လွန်ခဲ့သည့် မေလမှ စ၍ ယနေ့ထိ နှစ်လနီးပါးအတွင်း 

(၁) ဦးဆယဒူရာမာန် (ငါးခြောက်သည်) (အသက် ၅၀ နှစ်) ထံမှ ငွေကျပ် ၁၅ သိန်း
(၂) ဦးအုစ်မာန် (ဘ) ဦးမာမတ်နော်ဘီ (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၁၅ သိန်း
(၃) ဦးအဒူလဟာဖေဇ် (ဘ) ဦးဖော်ရိုဇုလ်အာလောမ် (အသက် ၂၈ နှစ်) ထံမှ ငွေကျပ် ၈ သိန်း
(၄) မော်လ၀ီဆော်လိမ် (ဘ) မော်လ၀ီနေဇာမ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၅ သိန်း
(၅) ဦးမေရ်အလီနှင့် ဦးမာမတ် (ဘ) ဦးဟာလာမျာ (အသက် ၅၀ နှစ်၊ ၄၅ နှစ်) တို့ထံမှ ငွေကျပ် ၅ သိန်း
(၆) ဦးဆော်လိမ် (ဘ) ဦးအဒူဂဖားရ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၈ သိန်း
(၇) ဦးဝါရေစ် (အသက် ၅၅ နှစ်) ထံမှ ငွေကျပ် ၃ သိန်း
(၈) ဦးဒိလ်မာမတ် (ဘ) ဦးကာဒေရ်ဟူစိန်း (အသက် ၅၅ နှစ်) ထံမှ ငွေကျပ် ၃ သိန်း
(၉) ဦးနူရ်အစ္စလာမ် (အသက် ၆၀ နှစ်) ထံမှ ငွေကျပ် ၂ သိန်း
(၁၀) ဦးဟာန်ဖြူး နှင့် ဦးဟာဘီဘုလ္လာ (အသက် ၆၀ နှစ်၊ ၃၀ နှစ်) တို့ထံမှ ငွေကျပ် ၅ သိန်း - စသည်တို့ အပါအ၀င် ရွာသား ၃၀ ဦးခန့် ထံမှ ငွေကျပ် သိန်း ၁၀၀ ကျော်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ညှစ်ယူခဲ့သည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးမောင်ကီစိုး၏ သက်တမ်း ၆ နှစ်ခွဲ ကာလအတွင်း ရွာသားများထံမှ သိန်းထောင်ချီ ညှစ်ယူခဲ့ကြောင်း၊ ရွာသားများထံမှ မတရားသဖြင့် ညှစ်ယူထားသော ငွေများဖြင့် ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် တိုက်အိမ်တစ်လုံး၊ ရွာတွင် နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံး၊ လယ် ၄၀ ဧကတို့ ပိုင်ဆိုင်ထားကြောင်း၊ ငွေညှစ်ရာတွင် ဘူးသီးတောင်မြို့ပေါ်ရှိ လူကုန်ကူးမှုဌာန၏ အမည်ကို အလွဲသုံးစား ပြုလုပ်ရသောကြောင့် တစ်ခါတစ်ရံ အစုရှယ်ယာ ပေးလေ့ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF (Myanmar Youth Activists for Rohingya Freedom) အဖွဲ့ ဖွဲ့စည်းခြင်း ငါးနှစ်ပြည့် အခမ်းအနားကို ၂၀၁၇ ခုနှစ် ဇွန်လ (၁၃) ရက်နေ့က ရခိုင်ပြည်နယ်တွင် ကျင်းပခဲ့သည်။

MYARF ၏ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အချက် (၁၀) ချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်၍ မြန်မာအစိုးရထံ တောင်းဆိုအပ်ပါသည်။

တောင်းဆိုချက်များမှာ --

(၁) ၁၉၈၂ ခုနှစ် နိုင်ငံသား မတရားဥပဒေကို ဖျက်သိမ်း၍ ၁၉၄၇ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီ ၁၉၈၉ ခုနှစ်တွင် ရိုဟင်ဂျာ တစ်မျိုးသားလုံးက နိုင်ငံသားစီစစ်ရေးကဒ်ပြားများ လဲလှယ်ရန် အတွက် လျှောက်လွှာတင်ခဲ့သည်များကို စီစစ်ပေးပါရန်။

(၂) ဌာနဆိုင်ရာဝန်ထမ်းများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ခွဲခြားဆက်ဆံမှု၊ ကုလား၊ ခိုးဝင်ဘင်္ဂါလီဟု နှိမ်ချခေါ်ဝေါ်ပြောဆိုနေမှုများကို ရပ်တန့်ပေးပါရန်။

(၃) ပညာရေးကဏ္ဍ တွင် ရိုဟင်ဂျာ လူငယ်များအား တက္ကသိုလ်၊ ကောလိပ် များသို့ တက်ရောက် ပညာသင် ယူခွင့်ပေးပါရန်နှင့် အခြေခံအဆင့်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလက်ခံပြီး စာသင်မပေးဘဲ အချိန်ဖြုန်း ဘဝဆုံးအောင် ပြုလုပ်နေမှုများ ရပ်တန့်ပေးပါရန်။
(၄) စီးပွားရေးနှင့် ခရီးသွာလာရေးကဏ္ဍ တွင် ခရီးသွားလာခြင်း ပိတ်ပင်မှုများကို ရုတ်သိမ်းပေးပါရန်၊ မည်သူမဆို စီးပွားရေး လုပ်ကိုင်ခွင့်များ ရရှိအောင် အတားအဆီးများ ဖယ်ရှားပေးပါရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ၎င်းတို့၏ စပ်တူရှယ်ယာရှင်ဒေသခံများ အား ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီး အရေးယူပေးပါရန်။

(၅) ကျန်းမာရေးကဏ္ဍတွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ နေရာအလိုက် ချပေးပါရန်၊ ကျေးရွာများတွင် တာဝန်ကျသော သားဖွားဆရာမများ သွားရောက် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုအား စီစစ်ပြီး အရေးယူပေးပါရန်၊ အချို့သော ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများက လူနာများအား ဆဲဆိုစော်ကားခြင်း ၊ရိုက်နှက်ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်းတို့အား တားဆီးအရေးယူပေးပါရန်။

(၆) ဘာသာရေးကဏ္ဍတွင် ဗလီကျောင်းများနှင့် ဘာသာရေးစာသင်ကျောင်းများ ဖွင့်လှစ်ခွင့်ပေးပြီး လွတ်လပ်စွာဝတ်ပြုခွင့်နှင့် ပညာသင်ယူခွင့်ပြုရန်၊ ဘာသာရေး အဆောက်အအုံများ ပြုပြင်ဆောက်လုပ်ခွင့်ပြုပါရန်။

(၇) IDP စခန်းများရှိ ဒုက္ခသည်များနှင့် နေအိမ် မီးရှို့ဖျက်ဆီးခံ ဒုက္ခသည်မိသားစုများအား ၎င်းတို့၏ မူလနေရာဟောင်းများတွင် ပြန်လည်သွားရောက်၍ နေအိမ်များ ဆောက်လုပ်ခွင့်ပြုရန်။

(၈) ၂၀၁၆ ခုနှစ် အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းတွင် သက်သေအထောက်အထားမရှိဘဲ မသင်္ကာမှုဖြင့် ဖမ်းထားသူ အသက်မပြည့်ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ သာမာန် အရပ်သားများအား ဥပဒေမဲ့ မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ ရှေ့နေငှားရမ်း ခွင့်မပြုခြင်း၊ သက်သေအထောက်အထား မခိုင်လုံဘဲ လက်နက်အားဖြင့် အတင်းအဓမ္မ ထွက်ဆိုခိုင်း၍ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းများအား ရပ်တန့်ပေးရန်နှင့် စီစစ်အရေးယူပေးပါရန်။

(၉) ရိုဟင်ဂျာလူမျိုးများ၏ ဘိုးဘွားပိုင်လယ်မြေများ၊ ယာမြေများ မတရားသိမ်းပိုက်ခြင်းများ ရပ်တန့်ပေးပါရန်၊ ၁၉၉၂ ခုနှစ်မှ စ၍ တရားဝင်သိမ်းဆည်းထားသော လယ်မြေများနှင့် ယာမြေများအတွက် ထိုက်တန်သော လျော်ကြေးပေးပါရန်၊ သိမ်းပိုက်ခံမြေများ၏ အနီးအနားရှိ မြေများကို အာဏာစက်ဖြင့် အတင်းအဓမ္မ လုယူထားသည်များကို ပြန်လည် ပေးအပ်ပါရန်။

(၁၀) ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင မှ ဖွဲ့စည်းပေးသော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့အား လက်ခံပြီး ဝင်ရောက်စုံစမ်းခွင့်ပြုပါရန်။ 


Rohingya Eye
RB News
19.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအနီးရှိ ဖုသ်ခါလီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးက ဒေသခံရိုဟင်ဂျာတစ်ဦး၏ လည်ပင်းကို ဓါးဖြင့် လှီးဖြတ် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၁၇) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အလယ်ရွာမှ  ရရှိတ်အာမတ် (ဘ) ဦးဆယာဒ်အာမတ် သည် ဇင်ပိုင်ညှာဈေးမှ ဓါးသွေး၍ ပြန်လာနေစဉ် ဖုသ်ခါလီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း အနီးသို့ ရောက်သောအခါ နယ်ခြားစောင့်ရဲ နှစ်ဦးက ၎င်းထံမှ ဓါးကို လုယက်၍ လည်ပင်းကို ဓါးဖြင့် လှီးဖြတ် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။ 

ရရှိတ်အာမတ်အား နယ်ခြားစောင့်ရဲများက လည်ပင်းကို ဓါးဖြင့် လှီးဖြတ်ရန်ကြိုးစားနေစဉ် ဆိုင်ကယ်ဖြင့် သွားနေသည့် ရွာသားနှစ်ဦးက တွေ့ရှိသွားပြီး ၀င်ရောက်၍ ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဓါးဖြင့် လည်ပင်းကို တိုက်ခိုက်ခံနေရသူကို ရွာသားနှစ်ဦးက ကယ်တင်ပြီးနောက် နယ်ခြားစောင့်ရဲနှစ်ဦးသည် ကင်းစခန်းသို့ ထွက်ခွာသွားခဲ့သည်။ 

ရရှိတ်အာမတ်အား အဆိုပါ ရွာသားနှစ်ဦးက သွေးသံရဲရဲဖြင့် ရွာသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ 

ရရှိတ်အာမတ်သည် ၀ါးများခုတ်၍ ခြင်းထောင်းများ ပြုလုပ်၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူဖြစ်ပြီး ၎င်း၏ လုပ်ငန်းသုံး ဓါးကို ဇင်ပိုင်ညှာဈေးသို့ သွားရောက်၍ သွေးခဲ့ခြင်း ဖြစ်ပြီး၊ အပြန်လမ်းတွင် နေအိမ်များမရှိသော လမ်းမှ ဖြတ်၍ ပြန်လာစဉ် နယ်ခြားစောင့်ရဲနှစ်ဦးက လူမရှိသည့် အရပ်ဒေသတွင် အခွင့်ကောင်းယူ၍ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 



Rohingya Eye
RB News
18.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ ကွမ်းသီးပင် ကျေးရွာအုပ်စု အခြေစိုက် တပ်ရင်းမှ စစ်သားများသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၁၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် ဗိုလ်မှူးကျော်ဇေယျ ဦးဆောင်သော တပ်ရင်း (၅၅၁) မှ စစ်သား (၄) ဦးသည် သဲချောင်းကျေးရွာအုပ်စု၊ ဂေါ်ဒူရွာဈေးသို့ သွားရောက်၍ ဦးအာမီးရ် (အသက် ၄၅ နှစ်) အပါအ၀င် ဒေသခံ ၁၅ ဦးကို ဖမ်းဆီး၍ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်ကာ ကြက်သွန်နီအိတ်တစ်အိတ် လုယက်ပြီး နေ့လည် တစ်နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဇွန်လ (၁၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင်လည်း အဆိုပါ စစ်သားများသည် ကွမ်းသီးပင်ကျေးရွာအုပ်စု၊ လာဖိုယာရွာသို့  သွားရောက်၍ တွေ့သမျှ ရွာသားများကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယင်းရွာမှ ဦးအဒူလ် (ဘ) ဦးအော်လီဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်မှ ငွေကျပ် တစ်သိန်းခြောက်သောင်း လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 


MYARF
RB News
18.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံး၏ တာဝန်ခံ ရဲမှူးထွန်းနိုင်က ယခုတလော ၀င်ငွေနည်းလာသောကြောင့် နယ်သို့ ခရီးထွက်၍ ငွေလာမပေးသူမ၏ နေအိမ်ကို သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီခန့် အချိန်တွင် နယ်မြေတာဝန်ခံ ရဲမှူးထွန်းနိုင်နှင့် တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် လောင်းလှေမြင့် တင်းမေကျေးရွာသို့ သွားရောက်၍ မော်လ၀ီအီမာန်ဟူစိန်း၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်၌ မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ မတွေ့ရှိသဖြင့် အပြင်သို့ ထွက်လာ၍ အိမ်ခြံစည်းရိုး အနားတွင် ရပ်၍ နေအိမ်ကို သေနတ်ဖြင့် အကြိမ် (၂၀) ကျော် ပစ်ဖောက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူးထွန်းနိုင်နှင့် အဖွဲ့သည် လွန်ခဲ့သည့် ၄ ရက်ခန့်က တင်းမေရွာသို့ သွားရောက်၍ မော်လ၀ီအီမာန်ဟူစိန်းကို ၎င်းနှင့် လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သည်။ သို့သော် မော်လ၀ီအီမာန်ဟူစိန်းက ၎င်းနှင့် တွေ့ဆုံလျှင် ငွေကျပ် သိန်း (၅၀) ပေးရမည် ဖြစ်သဖြင့် ငွေမစုဆောင်းနိုင်၍ မိသားစုနှင့်ပါ တိမ်းရှောင်နေခဲ့ရသည်။ ရဲမှူးထွန်းနိုင်က ၎င်းကိုယ်တိုင် မှာကြားထားသည်ကို မလိုက်နာဟုဆိုကာ နေအိမ်သို့ သွားရောက်၍ သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ရဲမှူးထွန်းနိုင်နှင့် အဖွဲ့သည် ယခုအခါ ကျောင်းတောင်စခန်း၌ ညအိပ်ခရီးဆက်နေပြီ၊ ဘေးပတ်ဝန်းကျင်ရှိ ရွာသားများက ၎င်းတို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
18.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက် ကျေးရွာအုပ်စုနှင့် ဂုတ်ဖီကျေးရွာအုပ်စု တို့တွင် လုံခြုံရေး တာဝန်ယူထားသည့် ခမရ (၂၃၆) မှ တပ်ရင်းမှူး ဦးဆောင်သော စစ်သားများက ရွာသားများထံမှ ကြက်၊ ငှက်၊ စားသောက်ဖွယ်ရာများ လုယက်ခြင်း၊ ရွာသားများထံမှ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စုတွင် ရသေ့တောင်မြို့နယ် အခြေစိုက် ခမရ (၂၃၆) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်သည့် အင်အား ၁၅၀ ခန့်ရှိသော စစ်သားများ ပူးပေါင်း အဖွဲ့တစ်ဖွဲ့ တပ်စွဲ စခန်းချနေသည်မှာ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ အဆိုပါ စစ်သားများ အဖွဲ့သည် စခန်းအခြေစိုက်ရာ ကျွန်းပေါက် ကျေးရွာအုပ်စုနှင့် အနီးရှိ ဂုတ်ဖီကျေးရွာအုပ်စုများသို့ နေ့စဉ်နေ့တိုင်း ၀င်ရောက်၍ ရွာသားများ၏ အိမ်မွေး တိရိစ္ဆာန်များ၊ ဆိတ်၊ ကြက်၊ ဘဲများနှင့် ခိုများကို အတင်းအဓမ္မ ဖမ်းယူ သတ်ဖြတ်၍ စားသုံးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့သတ်ဖြတ်ထားသည့် အိမ်မွေးတိရိစ္ဆာန်များကို ချက်ပြုတ်စားသောက်ရန် အတွက် ထင်း၊ ဟင်းသီးဟင်းရွက်၊ ဆား၊ ဆီ၊ မဆလာများကို ရွာသားများ၏ နေအိမ်များရှိ မီးဖိုဆောင်များသို့ အတင်းအဓမ္မ ၀င်ရောက်၍ လုယက်ကြောင်း၊ ၎င်းတို့၏ လုယက်မှုကြောင့် အိမ်တွင်း စားသောက်ဖွယ်ရာများပင် ၀ယ်မထားနိုင်ကြောင်း၊ စစ်သားများ အိမ်ထဲသို့ ၀င်လာလျှင် အိမ်သူအိမ်သားများ ကြောက်လန့်၍ အားလုံး ထွက်ပြေးသွားသည်ကို အခွင့်ကောင်းယူ၍ အိမ်အတွင်း တွေ့ရှိသမျှ အင်္ကျီ၊ လုံချည်၊ ဆိုလာပြား၊ ဘက်ထရီ၊ နာရီ စသော အသုံးအဆောင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။ 

ယင်းတပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် စစ်သား ၁၀ ဦးတို့သည် ကျွန်းပေါက် ရခိုင်ရွာမှ မောင်ဘထွန်း (ဘ) ဦးကျော်သာ၊ ဦးကျော်သိန်း၊ ဦးအာမတ်ကော်ဘိရ်၊ ဦးအီဆက် တို့နှင့် ပူးပေါင်း၍ ရွာသားများကို မတရားသဖြင့် ဖမ်းဆီးပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

လွန်ခဲ့သည့် တစ်ပတ်အတွင်း ကျွန်းပေါက်ရွာမှ (၁) ဦးအီဗြာဟိမ်း (ဘ) ဦးဒေါ်လိလ် (အသက် ၅၈ နှစ်) ထံမှ ငွေကျပ် (၄) သိန်း၊ (၂) မော်လ၀ီအဗ်ဒူဆလာမ် ထံမှ ငွေကျပ် (၂) သိန်း၊ (၃) ဦးအဒူလ္လာ (ဘ) ဦးအလီဟူဆောင်း ထံမှ ငွေကျပ် (၅) သောင်း၊ (၄) ဦးမာမတ်ရှော်ဖီ (ဘ) ဦးအဒူရော်ကိမ်း ထံမှ ငွေကျပ် (၅) သောင်း၊ (၅) ဦးမာမတ်ဒူလ္လာ (ဘ) ဦးအဒူရှကူရ် ထံမှ ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့သည့် အပြင် ဂုတ်ဖီရွာမှ ရွာသားများထံမှလည်း ငွေညှစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 




RB News
18.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ဇီးပင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ကျောက်ချောင်း ကျေးရွာအုပ်စု ဂီလာတူလီ ရွာထဲသို့ ၀င်ရောက်၍ နေအိမ်များ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ၁၄ ဦးသည် ဆိုင်ကယ် (၇) စီးဖြင့် ကျောက်ချောင်းကျေးရွာအုပ်စု၊ ဂီလာတူလီ ကျေးရွာသို့ ၀င်ရောက်၍ ယင်းရွာမှ ရိုဟင်ဂျာနေအိမ် အများအပြားကို အတင်းဝင်ရောက်၍ ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မရရှိသော်လည်း ဦးလာလူးနှင့် ဦးမော်တူ တို့၏ နေအိမ်များကို လက်ထွန်သကဲ့သို့ တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဦးအာဘူ (ဘ) ဦးအာရှူအလီ၏ အိမ်မွေး ကြက်ဖတစ်ကောင်ကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။ 

ထိုကဲ့သို့ လိုင်စင်ရသောင်းကျန်းသူများသဖွယ် ပြုလုပ်နေခြင်းမှာ လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး၏ စေခိုင်းချက်အရ ဖြစ်သည်ဟု နယ်ခြားစောင့်ရဲတစ်ဦးက ရပ်မိရပ်ဖတစ်ဦးကို ပြောဆိုခဲ့သည်။ အဆိုပါ ရဲမှူးသည် ယခင်က လိပ်ရကျေးရွာနေ ၀င်းလှိုင်ဆိုသူ၏ နေအိမ်တွင် ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်း နေထိုင်သည်ဟု သတင်းဆိုး ထွက်ခဲ့ဖူးသော အရာရှိဖြစ်သည်။ 

၎င်းသည် ဒေသခံများကို အမြဲရန်လိုနေသူဖြစ်ပြီး လူမျိုးရေး ပဋိပက္ခ ဖန်တီးလိုစိတ် ရှိသူ ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများမှ သိရှိရသည်။ ရဲမှူး၏ မလိုမုန်းတီးမှုကြောင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။ 




MYARF
RB News
16.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် စစ်ဆေးရေး ခေါင်းစဉ်တပ်၍ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲများနှင့် ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များ ခေါ်ယူ၍ ဘေးပတ်ဝန်းကျင်ရွာများသို့ စစ်ဆေးရေး ၀င်သည်ဟု ခေါင်းစဉ်တပ်ကာ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို မတရားသဖြင့် ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၂) ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် ဖိုးခေါင်းချောင်း ကျေးရွာအုပ်စု၊ ဖိုးခေါင်းချောင်းရွာမှ ဆာဒဲက်ဟူစိန်း (ဘ) ဦးဂျော်လိလ်ဟူစိန်း (အသက် ၂၀ နှစ်) သည် ၎င်း၏ နေအိမ်တွင် နေမကောင်းဖြစ်နေသူ အတွက် ဆေးဝယ်ရန် စိမ်းညှင်းပြင်းဈေးရှိ ဆေးဆိုင်သို့ ဆေးလာဝယ်စဉ် ညောင်ချောင်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ညမထွက်ရ အမိန့်ကို ကျော်လွန်သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ အတင်းအဓမ္မ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ညမထွက်ရ အမိန့်မှာ ည ၉  နာရီအချိန်တွင် စတင်သော်လည်း နယ်ခြားစောင့်ရဲများက ည ၇ နာရီခန့် အချိန်တွင် ဒေသခံရွာသားများကို ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လျက် ရှိသည်မှာ ၂၀၁၂ ခုနှစ်ကတည်းပင် ဖြစ်သည်။ 


MYARF
RB News
16.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း ဖမ်းဆီး၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းကျေးရွာအုပ်စုနှင့် ပဒကားရွာသစ် ကျေးရွာအုပ်စုကြားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ပဒကားရွာသစ်သို့ ဆိုင်ကယ်ဖြင့် ရုတ်တရက် ၀င်ရောက်လာပြီး မုဆိုးများက အမဲလိုက်သကဲ့သို့ အနည်းဆုံး ဒေသခံရွာသားတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စခန်းတွင် တစ်ညလုံး ခြောက်ပေါက်ထည့်၍ နှိပ်စက်ကာ နောက်နေ့ မနက်တွင် ငွေကျပ် တစ်သိန်းမှ သုံးသိန်းထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၄) ရက်နေ့တွင် အဆိုပါ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၃) ဦးတို့သည် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် ရွာတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး ရွာတွင်းလမ်းပေါ်တွင် တွေ့ရှိသော မာမတ်အာလောမ် (ဘ) ဦးမာဆောင်း (အသက် ၂၆ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စခန်းတွင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ နောက်ဆုံးတွင် အကြမ်းဖက်သမား အဖြစ် ပုဒ်မတပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ အလားတူ ရွာသား (၄) ဦးကိုလည်း ဖမ်းဆီးပြီး ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


MYARF
RB News
16.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်မှ  ထောင်ထားသော မိုင်းဗုံးထိပြီး ရိုဟင်ဂျာတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တောင်ခြေတစ်လျှောက်၌ မြန်မာစစ်တပ်က မိုင်းဗုံးများ နေရာအနှံ့ မြှပ်နှံထားပြီး၊ တောတောင်များမှ သစ်ဝါးများ ခုတ်လှဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူ ဆင်းရဲသားများ၊ တောင်ခြေ၀န်းကျင်တွင် ကျင်လည် စားသောက်နေသည့် အိမ်မွေး တိရိစ္ဆာန်များ၊ တောရိုင်း တိရိစ္ဆာန်များ မိုင်းဗုံးထိနေသည်မှ မနည်းလှကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သောလတွင် ခမောင်းဆိပ်မြို့မှ ဦးအာဇီဇုလ်မုစ်တာဖာ သည် ရွာအနောက်ဖက်ရှိ တောင်တန်းတစ်လျှောက်တွင် ၀ါးခုတ်သွားရင်း မြန်မာစစ်တပ်က မြှပ်နှံထားသည့် မိုင်းဗုံးထိမှန်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း၊ ၎င်းကို ဒေသတွင်း ဆေးကုသရန် မလွယ်ကူသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့၍ စစ်တကောင်းမြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသနေရကြောင်း ဒေသခံများက ပြောပါသည်။ 


RB News
16.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်မှ ရာအိမ်မှူးသည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၅) ရက်နေ့တွင် ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ မိုဟိဘူလ္လာဟ် (ဘ) ဦးဆယာဒ်ခေါ်ရီးမ် သည် ဦးတော်ယုဖ် (ဘ) ဦးဆိဒိတ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ဦးတော်ယုဖ်ထံမှ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့ရာ နောက်ဆုံးတွင် ငွေကျပ် ၄ သိန်းဖြင့် ညှိ၍ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ရာအိမ်မှူးသည် ဆိုင်ကယ်ကယ်ရီသမားဖြစ်သူ ဦးဂျာကဲရ် (ဘ) ဦးမိုဟာမတ်ရှော်ဘီကိုလည်း ဆိုင်ကယ်ဖြင့် လဲကျခဲ့သည်ဟု စွပ်စွဲ၍ နယ်ခြားစောင့်ရဲနှင့် အတူ ငွေကျပ် တစ်သောင်းငါးထောင် ညှစ်ယူခဲ့သည်။ 

ဦးအဗ်ဒူလ်မော်တလာဖ် (ဘ) ဦးရာဘီအူလ္လာဟ် ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ လူကုန်ကူးနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇွန်လ (၇) ရက်နေ့တွင် ဟာဖီးဇ် ဂျူဘိုင်ရ် (ဘ) ဦးဆာဗ်မျာသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ငွေပေး၍ နေအိမ်၏ အစိတ်အပိုင်းတစ်ခု ပြုပြင်ခဲ့သည်။ အိမ်ပြုပြင်နေသည်ကို အကြောင်းပြ၍ ရာအိမ်မှူး မိုဟိဘူလ္လာဟ် ကငွေတောင်းရာ ဟာဖီးဇ် ဂျူဘိုင်ရ်က မပေးသဖြင့် အုပ်ချုပ်ရေးမှူးကို ဆဲဆိုသည်ဟု ဆိုကာ လုပ်ကြံသဖြင့် ယခုအခါ ရွာထဲတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ 

ဇွန်လ (၈) ရက်နေ့တွင် ဦးယာစီးန် (ဘ) ဦးယူနုစ်သည် နေ့လည်ပိုင်း၌ အနီးအနားမှ နေအိမ်တစ်အိမ်သို့ အလုပ်ကိစ္စဖြင့် သွားနေစဉ် ရာအိမ်မှူးက တွေ့ရှိပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည့် အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် အပ်နှံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

ရာအိမ်မှူး မိုဟိဘူလ္ဘာဟ်သည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသားများကို နေ့စဉ် အကြောင်းမဲ့ ငွေညှစ်သည့် အပြင် နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဟန့်တားပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


RB News
16.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရနှင့် ကျောက်ချောင်းကျေးရွာတို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ လိပ်ရနှင့် ကျောက်ချောင်းကျေးရွာ တို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဇွန်လ (၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ဒေသခံ (၃) ဦး၏ နေအိမ်များကို လိုင်စင်ရဓါးပြများသဖွယ် မွှေနှောက်ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မရရှိသောအခါ MPT ဆင်းမ်ကဒ်များဖြင့် သုံးနေသော မိုဘိုင်းဖုန်းများကို တရားမ၀င်ဟု ပြောဆိုပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးမာဇဲတ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၂) ဦးရော်ဖိတ်ခ် (ဘ) ဦးအစ္စမိုင်လ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၃) ဦးမာမတ်အလီ (ဘ) ဦးဆီဒိတ် (ညှစ်ခံရငွေကျပ် ၂ သိန်း) -- တို့ဖြစ်သည်။ 

အဆိုပါ စစ်သားများသည် ယင်းနေ့ ည ၁၁ နာရီကျော် အချိန်တွင် လိပ်ရကျေးရွာအုပ်စု မြောက်ရွာမှ ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးရှောမ်ရှုအာလာမ်၏ နေအိမ်ထဲသို့ အတင်းဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူအား လူမဆန်စွာ ရိုက်နှက်၍ လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇွန်လ (၁၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ငွေကျပ် ၃ သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ထို့အပြင် ဇွန်လ (၁၄) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် မြောက်ရွာမှ မော်လ၀ီ အီနုစ် (ဘ) ဦးနော်ဘီအူလ္လာ၏ နေအိမ်တံခါးကို ရိုက်ချိုး ဖျက်ဆီး ၀င်ရောက်၍ နေအိမ်အတွင်းရှိ ပစ္စည်များကို ဖျက်ဆီးခဲ့ပြီး၊ အစ္စလာမ်ဘာသာရေး ဆိုင်ရာ ကျမ်းစာ (၇) အုပ်နှင့် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်တို့ကို လုယက် သိမ်းဆည်းသွားခဲ့သည်။ ဇွန်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် မော်လ၀ီ အီနုစ်၏ ဇနီးကို လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ဆင့်ခေါ်၍ သက်ဆိုင်ရာသို့ တိုင်တန်းခြင်း မပြုရန်နှင့် တိုင်တန်းပါက အသေသတ်ပစ်မည်ဟု သေနတ်ထောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက  RB News သို့ပြောပါသည်။ 

တပ်ရင်း ၅၅၁ မှ စစ်သား ၇ ဦးသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဖက်လိပြင်ရွာသို့ သွားရောက်၍ ဦးမော်နုမျာ (ဘ) ဦးအာဖာလာတုံ၏ နေအိမ်ထဲသို့ ၀င်ရောက် ရှာဖွေပြီး၊ ၎င်း၏ သားဖြစ်သူ ဟာရွန်ရော်ရှိတ် သုံးစွဲနေသော MPT ဆင်းမ်ကဒ်ပါ မိုဘိုင်းဖုန်းကို အကြောင်းပြ၍ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ 

စစ်သားများက MPT ဆင်းမ်ကဒ်ကို အကြောင်းပြ၍ ငွေညှစ်လျက် ရှိသောကြောင့် ဒေသခံများသည် MPT ဆင်းမ်ကဒ်သည်ပင်လျှင် နိုင်ငံအတွင်း တရားမ၀င် ဖုန်းကုမ္ပဏီ ဖြစ်နေသလားဟု သံသယ၀င်လျက် ရှိသည်ဟု ဆိုသည်။ 

အဆိုပါ စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်၍ ပြန်လာသော ဒေသခံရိုဟင်ဂျာများထံမှ ငွေလုယက်ခြင်း၊ စားသောက်ဖွယ်ရာများ လုယက်ခြင်းများ အပြင် အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။ 

ထိုသို့ လုယက်၊ ရိုက်နှက်နေစဉ် စစ်သားတစ်ဦးက “မင်းတို့ ကုလားတွေကို လုပ်ချင်သလို နှိပ်စက်ပြီး တစ်ဖက်နိုင်ငံကို တွန်းပို့ပေးဖို့ အတွက် အထက်လူကြီးတွေက ငါတို့ တပ်ရင်း ၅၅၁ ကို ဒီနယ်ကို အပိုင်စားလို ပေးထားတယ်။ သေချာမှတ်ထား တပ်မတော်က ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ 


RB News
15.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစုနှင့် ကျောက်ချောင်းရွာများတွင် စစ်သားများက ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာတွင် တာဝန်ကျနေသည့် စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဦးမော်နိုမျာ (ဘ) ဦးအာဖောလောတော်န် (အသက် ၄၀ နှစ်) ၏ နေအိမ်ခေါင်မိုးပေါ်တွင် ဆိုလာပြားတွေ့ရှိသည်ကို အကြောင်းပြု၍ နေအိမ်ထဲသို့ ၀င်ရောက်၍ ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၄) ရက်နေ့တွင်လည်း ကျောက်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများသည်  ကျောက်ချောင်းရွာမှ ဦးဒူဒူအာလောမ် (ဘ) ဦးအေဇာရ်ဟူစိန်း (အသက် ၃၇ နှစ်) ၏ ဆိုင်ထဲသို့ ၀င်ရောက်၍ ဆိုင်ထဲတွင် စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဆိုင်ရှင်ဖြစ်သူ ဦးဒူဒူအာလောမ်ကို ဆိုင်ပြင်သို့ ထုတ်၍ ဆိုင်ထဲရှိ ငွေသေတ္တာထဲမှ ငွေကျပ် တစ်သိန်းခွဲကို ခိုးယူပြီး ဘင်္ဂလား တာကာငွေ ၂၀၀ ထည့်ပေးခဲ့သည်။ ထို့နောက် ဆိုင်ရှင်ဖြစ်သူကို ဆိုင်ထဲမှ ဘင်္ဂလားငွေ ရရှိသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူသည့် အပြင် ဆိုင်ထဲမှ ကုန်ပစ္စည်းများ တန်ဖိုးငွေကျပ် တစ်သိန်းကျော်ဖိုး လုယက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ဆိုင်ရှင်ဖြစ်သူမှာ ငွေကျပ် ၄ သိန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ စစ်သားများသည် ရွာများထဲသို့ ၀င်ရောက်၍ ကြက်၊ ခိုများ ရသမျှကို ဖမ်းယူ စားသောက်နေသည့် အပြင် အပြစ်မဲ့ ရွာသားများကို ရိုက်နှက် နှိပ်စက်ကြောင်း၊ ၎င်းတို့၏ နေ့စဉ် ညှဉ်းပန်းနှိပ်စက် လုယက်မှုများကြောင့် ရွာသူရွာသားများမှာ စားသောက်ရေးပင် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 


RB News
15.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျောက်ချောင်း ကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများက ဒေသခံတစ်ဦးထံမှ ငွေကျပ် ၇ သောင်း လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျောက်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကြိမ်ချောင်းဈေးမှ ပြန်လာနေသည့် ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ ဦးဇူဘိုင်ရ်အာမတ် (ဘ) ဟာဂျီဦးဟာရွန်ရော်ရှိတ် ထံမှ ငွေကျပ် ၇ သောင်း တိတိ လုယက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သားများသည် နေ့စဉ်နေ့တိုင်း ရွာထဲသို့ အချိန်မတော် ၀င်ရောက် နည်းမျိုးစုံဖြင့် နှောက်ယှက်လေ့ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Rohingya Exodus