နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
6.8.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦး တို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လစဉ်ကြေးပေးနေရသည်ဟု ဆိုကာ ခရီးသွားပြည်သူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ညီအစ်ကိုနှစ်ဦးဖြစ်သူ ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦး တို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လစဉ်ကြေးပေးနေရသည်ဟု ဆိုကာ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ မော်တော်ယာဉ်များမှ တစ်စီးလျှင် ငွေကျပ် တစ်ထောင်နှင့် ပစ္စည်းအထုပ်တစ်ထုပ်လျှင် ငွေကျပ် သုံးထောင်စီ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့က “မင်းတို့မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်လို့ရတယ်၊ ပြည်နယ်မှူးက ငါတို့လူ မင်းတို့ကို စောက်ဂရုစိုက်စရာ မလိုဘူး” ဟု ကြုံးဝါးလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အပြင် တောင်ပြိုလက်ဝဲမြို့ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာ ရိုဟင်ဂျာ အမျိုးသမီးများကိုလည်း မဖွယ်မရာ ပြုလုပ်ခြင်းများ မကြာခဏပြုလုပ်ကြောင်း၊ အမျိုးသားများကို ခေါ်ယူစစ်ဆေး၍ မြန်မာဆင်းမ်ကဒ်များ တွေ့သော်လည်း ဘင်္ဂလားဆင်းမ်ကဒ်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး ငွေညှစ်ကြောင်း၊ ဒုတပ်ကြပ်ကျော်ဌေးက ဆင်းမ်ကဒ်တစ်ကဒ် အတွက် ၎င်းအဆင့်အား အနည်းဆုံး ငွေကျပ် (၅) သိန်း ပေးရမည်ဖြစ်ကြောင်း၊ မပေးနိုင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒုတပ်ကြပ်ကျော်ဌေးသည် စခန်းမှူး ဖြစ်သူ စောရွှေမောင်၏ ညာလက်ရုံး ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ရဲသင်တန်း အတူတက်ရောက်ခဲ့သူများ ဖြစ်ကြသည်။ 

ဒုတပ်ကြပ်ကျော်ဌေး တို့ညီအစ်ကိုနှစ်ဦးသည် ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး လုပ်ငန်းလုပ်ကိုင်ပြီး ကြွယ်ဝချမ်းသာနေသူများလည်း ဖြစ်ကြပြီး၊ တောင်ပြိုလက်ဝဲမြို့ အတွင်း ငွေကြေးချမ်းသာသည့် ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များသို့ ညအချိန်သွားရောက်၍ ၎င်းတို့နှင့် အတူပါလာသော မူးယစ်ဆေးဝါးများကို စစ်ဆေးနေသည့် အိမ်မှ တွေ့ရှိသည်ဟု လုပ်ကြံ၍ ငွေညှစ်ခြင်းများလည်း ရှိကြောင်း ဒေသခံများက ပြောပါသည်။ လွန်ခဲ့သည့် (၁၅) ရက်ခန့်က တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက်မှ ဦးကိုလာ (ဘ) ဦးအဒူရှော်ရှီး၏ နေအိမ်သို့ ညအချိန်ဝင်ရောက်၍ ဦးကိုလာ၏ နေအိမ်မှ မူးယစ်ဆေးဝါး တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဦးကိုလာက လမ်းတစ်ဝက် ထွက်ပြေးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အား ဒုတပ်ကြပ်ကျော်ဌေးမှ စခန်းမှူး စောရွှေမောင်ကို လုပ်ကြံဇတ်များနှင့် အတူ အစီရင်ခံခဲ့သည်။ ထို့နောက် စခန်းမှူးက ဦးကိုလာ၏ ညီဖြစ်သူ ဦးဗွေးရှာကို စခန်းသို့ ဆင့်ခေါ်၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့သည်။ 

ဇူလိုင်လ (၂၇) ရက်နေ့တွင်လည်း တမန်းသားကျေးရွာအုပ်စု၊ သဲကုန်းရွာမှ ဦးဆွေဒူရာမင် (ဘ) ဦးအာဘူ (အသက် ၄၂ နှစ်) နှင့် အခြားတစ်ဦး တို့သည် တောင်ပြိုလက်ဝဲမြို့ အမှတ် (၄) ရပ်ကွက်မှ ဦးရှုနာအလီ၏ နေအိမ်သို့ လူနာသတင်းမေးရန် လာနေစဉ် ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦးတို့က ၎င်းတို့အား လက်ထိပ်ခတ်ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။ စခန်းမှူး စောရွှေမောင်က ဇူလိုင်လ (၂၈) ရက်နေ့တွင် ၎င်းတို့နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းခွဲကို တပ်ကြပ်ကြီးနိုင်နိုင်မှတစ်ဆင့် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 


Saed Arakani
RB News
5.8.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်ခံရသည့် ရိုဟင်ဂျာတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၅) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် စစ်တွေမြို့ ခေါင်းဒုက္ကာရွာမှ ဦးမိုဟာမတ်အဗ်ဒူလ် (ဘ) ဦးအလီအဟမတ် (အသက် ၄၅ နှစ်) သည် ဘုမေလမ်းဆုံတွင် နားကပ်တစ်စုံရောင်းချ၍ မိသားစုဝင်များအတွက် အစားအသောက်ဝယ်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် စစ်တွေတက္ကသိုလ် ၀င်ပေါက်အနီးတွင် မင်းဂံ ရခိုင်ရွာမှ ရခိုင်ကျောင်းသားတစ်ယောက်က ၎င်းအား ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်။ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီးနောက် နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်။ 

ဆိုင်ကယ်တိုက်မှု ဖြစ်ပွားသည့် နေရာသို့ စစ်တွေတက္ကသိုလ်တွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ရင်း ၃၆ မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရခိုင်ကျောင်းသားကို စစ်တွေမြို့ပေါ်သို့ ဆေးကုသမှု ခံယူရန် လွှတ်လိုက်ပြီး ဦးမိုဟာမတ်အဗ်ဒူလ်ကို ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ဦးမိုဟာမတ်အဗ်ဒူလ်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ရာတွင် သေဆုံးသွားခဲ့ပြီး နံနက် ၁၁ နာရီခန့် အချိန်တွင် စစ်တွေဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးမိုဟာမတ်အဗ်ဒူလ်ကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ဒဏ်ရာများ ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတွင် ပန်းနာရင်ကြပ်ရောဂါ ရှိကြောင်း လိမ်ညာ၍ ပြောဆိုနေသော်လည်း၊ ရဲတပ်ရင်းရှေ့မှ ဆိုက်ကားစီး၍ ဖြတ်သွားသည့် မျက်မြင်သက်သေတစ်ဦးက ဦးမိုဟာမတ်အဗ်ဒူလ်ကို ရဲများက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည်ကို မြင်တွေ့ခဲ့ကြောင်း RB News သို့ပြောပါသည်။ 

ဦးမိုဟာမတ်အဗ်ဒူလ်၏ ရုပ်အလောင်းကို စစ်တွေဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးပြီးနောက် နေ့လည် ၁ နာရီ အချိန်တွင် ရဲများက ၎င်း၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ 






ယျာတင် (ရိုဟင်းသား)
RB News
5.8.2017

သူတို့မီဒီယာ၏ မျက်​နှာဖုံး​များကို ခွာချကြည့်​ခြင်း (၁)

(သို့မဟုတ်​)
BBC သတင်း​ထောက်​၊ Narinjara အယ်​ဒီတာ ခိုင်​မြဲ​ကျော်​၏ မျက်​နှာဖုံးကို ခွာချကြည့်​ခြင်း

အချိန်​က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်​။

"ဟဲလို ... ကိုခိုင်​မြဲ​ကျော်​ .... ကျ​နော်​ ကိုင်းကြီးက စိန်​လှ​​မောင်​ပါ ... ​ကျ​နော်​တို့ရွာရဲ့ အ​ရှေ့ဖက်​ ​တောထဲက မြိုတစ်​ချို့ အသတ်​ခံရတယ်​​ဗျာ ... "

"အို ...ဟုတ်​လား ... ဘယ်​သူ​တွေ ဘာ​ကြောင့်​ သတ်​တာလဲ ... ဘယ်​နှစ်​​ယောက်​အသတ်​ခံရလဲ ... ဘင်္ဂလီ​တွေက သတ်​တာလား ... ရှင်းရှင်း​ပြောပြ​လေ ... ကိုစိန်​လှ​မောင်​"
Narinjara သတင်းဌာနရဲ့ အယ်​ဒီတာလည်းဖြစ်​ ရခိုင်​ဆိုင်​ရာ BBC မြန်​မာပိုင်းရဲ့ သတင်း​ထောက်​လည်းဖြစ်သူ ခိုင်​မြဲ​ကျော်​က သတင်းသမားပီပီ ဖြစ်​စဉ်​ကို သိချင်​စိတ်​​ပြင်းစွာနှင့်​ အ​သေးစိတ်​ ​မေးချလိုက်​သည်​။ ထိုအခါ စိန်​လှ​မောင်​က သက်​ပြင်းတစ်​ခုကို ​လေး​လေးပင့်​ပင့်​ ချပြီး​နောက်​ -
"​ဘင်္ဂလီ​တွေ မဟုတ်​ဘူး​ဗျာ ... ​ဘယ်​လို​ပြောရမှန်း​တောင်​မသိဘူး ...အချင်းချင်း ဖြစ်​တာ​ဗျာ ... ကိုင်းကြီးက WY ဂိုဏ်း လုပ်​ချလိုက်​တာ​လေ ... ဒီမူးယစ်​ရာဇာ​တွေ​ကြောင့်​ တစ်​ရွာလုံးခံရမလိုပဲ​ဗျာ ..."

စိန်​လှ​မောင်​၏ စကားထဲ၌ စိုးရိမ်​ပူပင်​​သောကကို အ​ဝေးက​နေ ခိုင်​မြဲ​ကျော်​ မြင်​​နေရသည်​။

"ကိုစိန်​လှ​မောင်​... ဒီထက်​နဲနဲ ရှင်း​အောင်​​ပြောပြပါလား ... ပြဿနာ ဖြစ်​တဲ့အချိန်​ ... အ​ကြောင်းရင်း ... ဘယ်​နှစ်​​ယောက်​အသတ်​ခံရ ... အ​လောင်းကို ဘယ်​မှာ​တွေ့ ... စသဖြင့်​​ပေါ့ ... "
"ကိုခိုင်​မြဲ​ကျော်​​ရေ ... သတင်းပျံ့​နေတာက ၁၁ နာရီ​နောက်​ပိုင်းမှာပဲ ... သိသိချင်း စုံစမ်းကြည့်​တာ အခု ၂ နာရီ​လောက်​မှပဲ သတင်းအတိအကျရတာ​လေ ...ဟို ရွှေမောင်​တို့အဖွဲ့က လုပ်​ချလိုက်​တာ​​ဗျာ .. (​ရွှေ​မောင်​ဆိုတာ WY နှင့်​ ထိုင်းမှာ အဖမ်းခံရပြီး ထိုင်းအစိုးရက မြန်​မာဖက်​​ လွှဲပြောင်း​ပေး၊ လွန်​ခဲ့​သော ၆ လခန့်​မှ ​ထောင်​က လွတ်​​မြောက်​လာသူ) ... သူတို့အဖွဲ့က ဘူးသီးတောင်က​နေ တစ်​လခန့်​အရင်​က အဲ့​တောင်​ကြားလမ်းက​တဆင့်​ WY​တွေ သယ်​လာတာ ... ဟိုမြို​တွေက ဝိုင်းဓားပြတိုက်​တယ်​... အကြိမ်​ကြိမ်​ ပြန်​​တောင်းတယ်​... မ​ပေးဘူး... ဒီ​တော့ သတ်​ဖို့​အကွက်​​စောင့်​​နေတာ ဒီ​နေ့မှာ သီးခြား​တွေ့လို့ ရှင်းလိုက်​တာ​လေ ... အခုသူတို့အဖွဲ့လည်း ​ပျောက်​​နေတယ်​ ... ဟိုမှာ အသတ်​ခံရတာက ၈ ​ယောက်​လို့ ​ပြောသံကြား​နေတာပဲ ... မနက်​​စော​စော ရှင်းလိုက်​တာ ရှိမယ်​​... ​တော်​​တော်​ လူကြားမ​ကောင်းဘူး​ဗျာ ... အချင်းချင်း ဒီလိုလုပ်​လိုက်​တာ ဖြစ်​ရပ်​မှန်​ကိုသာ တခြားလူ​တွေ သိရင်​ တကယ်​ ​လှောင်​စရာဖြစ်​မှာပေါ့​ဗျာ ..."

စိန်​လှ​မောင်​က စိတ်​မရှည်​တရှည်​နှင့်​ အ​ကြောင်းစုံ ရှင်းပြလိုက်​လျှင်​ ခိုင်​မြဲ​ကျော်​တစ်​​ယောက်​ ငြိမ်​​နေရင်း စဉ်းစားခန်း ဝင်​​နေမိသည်​။ အတန်​ကြာမှ-
"ကိုစိန်​လှ​မောင်​ ... ဒီအဖွဲ့သတ်​တယ်​လို့ အစိုးရက လူ​တွေ အစအန ​တွေ့လိုက်​လား ... အစိုးရက ဘာ​သံ​ပေး​နေကြလဲ"

ခိုင်​မြဲ​ကျော်​က ​အေး​အေး​ဆေး​ဆေး ​မေးလိုက်​လျှင်​-

"ဘယ်​သူမှ မမြင်​လိုက်​ဘူး ကိုခိုင်​မြဲ​ကျော်​... ကျ​နော်​က သတင်းကြားကြားချင်း လိုက်​စုံစမ်းကြည့်​​တော့ ... သူတို့​ဘော်​ဒါတစ်​​ယောက်​က ကျ​နော့်​ကို အဖြစ်​မှန်​​ပြောပြတာ ... သာမန်​​လူ​တွေ​တောင်​ အဖြစ်​မှန်​ ​သေချာမသိ​သေးဘူး ... တစ်​ခုခု လုပ်​ပါဦး ကိုခိုင်​မြဲ​ကျော်​ရာ... "
စိန်​လှ​မောင်​က ပြဿနာ၏ ဖြစ်​ရပ်​အမှန်​ကို သေချာ​ ​ပြောပြလိုက်​သည်​။

"ကိုစိန်​လှ​မောင်​... ဒါဆို အဆင်​​ပြေပြီ ... ကုလားဖက်​ ထိုးချလိုက်​မယ်​​လေ ... အခု ဖုန်းကိုချလိုက်​ပြီး ပြန်​​ခေါ်မယ်​ ... ကုလား​တွေ လာသတ်​တယ်​လို့သာ ​ပြောပြ ... record မှာ မှတ်​တမ်းရှိ​အောင်​"
ပြောပြီး​နောက်​ ခိုင်​မြဲ​ကျော်​က ဖုန်းကို ချလိုက်​သည်​။ ​ခဏ​အကြာမှ ပြန်​​ခေါ်လိုက်​၏။ ပြီးလျှင်​ အစက​နေ ပြန်​​မေးသည့်​ပုံစံဖြင့်​ စကား​ပြောလာသည်​။

"ဟဲလို ... ကျ​နော်​ BBC သတင်းဌာနက ခိုင်​မြဲ​ကျော်​ပါ ...ကိုင်းကြီး (မြို) ရွာသား​တွေ အသတ်​ခံရတယ်​ သတင်းကြားလို့ ... အ​သေးစိတ်​ခဏ ​ပြောပြနိုင်​မလား... ကိုစိန်​လှ​မောင်​..." 

"​အော်​ ... ဟုတ်​ကဲ့ ... ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာပါ ... အ​လောင်း​တွေ ၈ နာရီမှာ ​တွေ့တယ်​ ... အမျိုးသမီး​တွေလည်း ပါတယ်​ ... အာဏာပိုင်​နဲ့ ​ဒေသခံရခိုင်​​တွေက အ​လောင်း​တွေ သွားယူ​​နေကြပြီ ... ၈ ​ယောက်​လို့ ကြား​နေရတယ်​ ..."

ပြောပြီး ဖုန်းချလိုက်​သည်​။ ပြီးလျှင်​ ခိုင်​မြဲ​ကျော်​က ခဏ​အကြာ ဖုန်းထပ်​ခေါ်လာ၏။

"ကိုစိန်​လှ​မောင်​ ... record အဆင်​​ပြေပြီ ... ဘယ်​က ​မေး​မေး အဲ့လိုပဲ​ဖြေ​နော်​ ...​​ကောင်းပြီ​ဗျာ ... သတင်း​ ခပ်​မြန်​မြန်​ ရေးတင်​လိုက်​ဦးမယ်​ ... ​နောက်​ဆက်​တွဲလည်း ​စောင့်​ကြည့်​ပါ..."

×××

တစ်​နာရီ​လောက်​အကြာတွင်​ Narinjara သတင်း၌ "အကြမ်းဖက်​သမားများ သတ်​ဖြတ်​၍ ကိုင်းကြီးမြို့ရွာမှ အရပ်​သား ရှစ်​ဦး​သေဆုံး" ​ခေါင်းစီးဖြင့်​ သတင်းတက်​လာသည်။ သတင်းကိုယ်​ထဲတွင်​လည်း "မြိုမိသားစု ၈ ဦးအား မူဆလင်​ အကြမ်းဖက်​သမားများမှ ယ​နေ့နံနက်​ ၈ နာရီက ​သေနတ်​ဖြင့်​ ပစ်​လိုက်​သည်​ဟု သတင်းရရှိပါသည်​" ဆိုပြီး မဖြစ်​ဖြစ်​​အောင်​ ထည့်​​ရေး​ပေးလိုက်​သည်​။

ပြီး​နောက်​ Narinjara မှာ ​ရေးတင်​သည့်​ အ​ရေးအသားကို နည်းနည်းပါးပါး ပြင်​ဆင်​ပြီးလျှင်​ BBC မြန်​မာပိုင်း Mail ကို လှမ်းပို့လိုက်​သည်​။ ခဏကြာ​သော်​ ... BBC မြန်​မာပိုင်းကလည်း ခိုင်​မြဲ​ကျော်​ပို့လာသည့်​ အတိုင်း သတင်း​ရေးတင်​လိုက်​​လေ၏။
××

ခိုင်​မြဲ​ကျော်​နှင့်​ စိန်​လှ​မောင်​တို့ ​နှစ်​​ယောက်​ သတင်းများ၏ ​အောက်​တွင်​ ​ဘုမသိဘာမသိ​သော စာဖတ်​ပရိသတ်​များ၏ Comment များကို ဖတ်​ပြီး အကျေနပ်​​ကြီး ​ကျေနပ်​နေသည့်​ ပုံစံဖြင့်​ တိတ်​တဆိတ်​ ပြုံးမိ​နေ​တော့သည်​။
အနိုင်​ပိုင်းသည့်​ အပြုံးများ​၏ မျက်​နှာဖုံး​အောက်တွက်​ ပြောမဆုံးသည့်​ ​ယုတ်​မာမှုများ ကိန်းဝပ်​​နေသည်​ကို စာဖတ်​ပရိသတ်​များ သိရှိခွင့်​ရခဲ့ရင်​ .....။

ယျာတင်​ (ရိုဟင်းသား)


MT Rafique
RB News
4.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာကို နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များ ၀င်ရောက် စီးနင်းပြီးနောက် ဒေသခံရိုဟင်ဂျာ (၅) ဦး ပစ်ခတ်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ အပြစ်မဲ့ရွာသား (၄) ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၄) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များသည် အောက်နန်းရာရွာသို့ ၀င်ရောက်၍ ရိုဟင်ဂျာ အမျိုးသားများကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားစေသည့် အထိ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်ခဲ့သည်။ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားနေသည်ကို မကြည့်ရက်နိုင်သည့် ရွာသားများက ၀ိုင်းလာသည့်အခါ နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ၏ ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ (၅) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ --

(၁) အဗ်ဒူဆူဗာန် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၁၇ နှစ်)
(၂) ဆယာဒ်အူလ္လာ (ဘ) ဦးကာရီးမ်အူလ္လာ 
(၃) ဘရှီးရ်အဟမတ် (ဘ) ဦးမိုဟာမတ်ဟာဆန် (အသက် ၂၀ နှစ်)
(၄) ယူနုပ်စ် (ဘ) ဦးနူရ်အာလာမ် (အသက် ၂၄ နှစ်)
(၅) မော်လ၀ီအဗ်ဒူဆူဗူရ် (ဘ) ဦးမိုတီအူရ်ရဟ်မာန် (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ဒေသခံ (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးရာဟ်မတ်အူလ္လာ (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၃၀ နှစ်)
(၂) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးရာဟ်မတ်အူလ္လာ (အသက် ၄၁ နှစ်)
(၃) နာဆာရ်အူလ္လာဟ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များသည် သောကြာနေ့ နေ့လည် ၀တ်ပြုချိန်မတိုင်မှီ ထပ်မံ၍ ၀င်ရောက်စီးနင်းခဲ့ရာ အမျိုးသားအများစု ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း အသက်ကြီး၍ ရောဂါမျိုးစုံဒဏ်ခံနေရသည့် ဦးဝလီအဟမတ် (ဘ) ဦးကုလ္လားမျာ (အသက် ၅၀ နှစ်) မှာ မတိမ်းရှောင်နိုင်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ 

ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အထက်နန်းရာရွာကို ၀င်ရောက်စီးနင်းပြီးနောက် ဒေသခံရိုဟင်ဂျာ (၃) ဦး အသတ်ခံခဲ့ရပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 



MYARF
RB News
3.8.2017

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​၊ ကိုင်းကြီးကျေးရွာမှ အ​ရှေ့ဖက်​ ၅ မိုင်​ခန့်​အကွာ ​တောထဲရှိ မြို​ကျေးရွာတွင်​ ဩဂုတ်​လ ၃ ရက်​၊ နံနက်​ပိုင်းအချိန်​၌ မြိုလူမျိုး လူ​သေအ​လောင်းများ ​တွေ့ရှိခဲ့ရပြီး၊ ​နီးစပ်​ရာ ရခိုင်​ရွာသားတစ်​ဦး၏ ​ပြောပြချက်​​အရ မြိုလူမျိုး ၆ ဦး​သေဆုံး၍ ၂ ဦး​ပျောက်​ဆုံး​နေ​ကြောင်း သိရှိရပါသည်​။

အဆိုပါ လူသတ်​မှုကြီးဖြစ်​စဉ်​ ဖြစ်​ပွားသည့်​အချိန်​အတိအကျ၊ ဖြစ်​ပွားခဲ့ခြင်း၏ ​အ​ကြောင်းရင်း တို့ကို အတည်​ပြုရန်​ အလွန်​ခက်ခဲ​နေသည်​ဟု ​မောင်​​တောခရိုင် လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ​​မောင်​​တော​တောင်​ပိုင်း တာဝန်​ခံ ကိုမြင့်​နိုင်​က RB News သို့​ပြောပါသည်​။

“ကိုင်းကြီး န.တ.လ ရွာနဲ့​တောင်​ ၄ မိုင်​လောက်ဝေးတဲ့ ​တောထဲက မြိုရွာမှာ ဖြစ်​တာ။ ကိုင်းကြီး န.တ.လ ရွာနဲ့ နီးစပ်​တဲ့ အနီးအနား ရွာ​တွေလူ​တွေကလည်း ဘာသေနတ်​သံမှ မကြားမိဘူး​ပြောတယ်​။ မွန်းလွဲပိုင်း​လောက်​မှပဲ ဒီသတင်းက ထွက်လာတာပါ” ဟု ကိုမြင့်နိုင်က ပြောသည်။

ပြဿနာ၏ ​နောက်​ကွယ်​တွင်​ မီဒီယာများရှိနေ

အဆိုပါ ဖြစ်​စဉ်​ကို သတင်း​ရေးသားဖော်ပြရာတွင်​ ရခိုင်​အမျိုးသားဝါဒီ တစ်​ဦးဖြစ်​သည့်​ BBC သတင်း​ထောက်​ ဦးခိုင်​မြဲ​ကျော်​၏ Narinjara တွင်​ အ​လောင်း ​တွေ့ရှိချိန်​မှာ ၈ နာရီဟု ​ဖော်​ပြထားပြီး ရခိုင်​မီဒီယာ ​နောက်​တစ်​ခုဖြစ်​သည့်​ DMG ကမူ လူ​သေအ​လောင်း ​တွေ့ရှိချိန်​ကို ၉ နာရီဟု ​ဖော်​ပြထားပါသည်​။ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီကမှု နံနက်​ ၁၀ နာရီတွင်​ ​သေနတ်​သံကြား၍ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာတွင်​ မြိုလူမျိုး ၆ ဦးအ​လောင်းကို ​တွေ့ရှိခဲ့ရသည်​ဟု ​ဖော်​ပြထားသည်​ကို ​တွေ့ရှိရပါသည်​။ အဆိုပါ သတင်း ၃ ခု၏ သတင်း​ဖော်​ပြမှုတွင်​ အချိန်​လွှဲမှား​နေသည်​မှာ စိတ်​ဝင်​စားဖွယ်​ရာ တစ်​ခုဖြစ်​ပါသည်​။ ၎င်းကဲ့သို့ အချိန်​ လွှဲ​နေသည်​နှင့်​ ပတ်​သက်​၍ ကိုမြင့်​နိုင်​ကို ​မေးမြန်းကြည့်​ရာ ၎င်းက..

“Narinjara က လူ​သေအ​လောင်းကို ၈ နာရီမှာ ​တွေ့တယ်​လို့ ​ရေးတယ်​။ တစ်​ဖက်​က နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက ပြဿနာ စဖြစ်​တာ၊ ​သေနတ်​သံကြားတာ​တောင်​ နံနက်​ ၁၀ နာရီလို့ ​ဖော်​ပြထားတယ်​။ ဒါဆို အ​လောင်း​တွေ ၈ နာရီမှာ ဘယ်​လိုလုပ်​ ​တွေ့နိုင်​မလဲ​​။ တစ်​ဖက်​မှာ DMG က ၉ နာရီလို့ ​ပြောပြန်​တယ်​။ ဒါ​တွေကြည့်​ရင်​ ဒီပြဿနာက သူတို့အချင်းချင်း ဖြစ်​တာကို ရိုဟင်​ဂျာ​တွေအ​ပေါ် အပြစ်​ပုံချချင်​တာနဲ့ သတင်းကို လုပ်​ကြံပြီး လျင်​လျင်​မြန်​မြန်​ လုပ်​လိုက်​တာမှာ Narinjara ရဲ့ အမှားမှားအယွင်းယွင်း လုပ်​ရပ်​က သိသာ​​ပေါ်လွင်​​နေတယ်” ဟု သုံးသပ်ပြောဆိုသည်။ 

ထို့အပြင်​ Narinjara သတင်းတွင်​ “ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာ” ဟု ​ဒေသခံ ဦးစိန်လှမောင်ဆိုသူကို ကိုးကား၍ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က Narinjara သို့ အတည်ပြု ပြောကြားသည်ဟု ​ရေးသားဖော်​ပြထား​သော်​လည်း ကုလားဆိုး​များက သတ်​သည်​ကို ခိုင်​လုံသည့်​ သက်​​သေမပြနိုင်​ခဲ့​ပေ။ DMG ကမှု မောင်တောမြို့၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး သူရစန်းလွင်ကို ကိုးကားပြီး “ ဘယ်သူက ပစ်တာလဲဆိုတာ အတည်ပြုလို့မရသေးဘူး။ တပ်ကလည်း နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေတယ်ဗျာ။ ကျနော်တို့လည်း စုံစမ်းနေဆဲ။ အခုနောက်ထပ်ကြားတာတစ်ခုကတော့ ပျောက်ဆုံးနေတဲ့ ၄ ယောက်ထဲက အမျိုးသမီးတစ်ဦးကို တွေ့ရှိရတယ်လို့လည်း သတင်းကြားပါတယ်။ ဒါပေမယ့် အတည်ပြုလို့ မရသေးပါဘူး ” ဟု ​ဖော်​ပြထားပါသည်​ကို ​တွေ့ရှိရသည်​။ 

ဤသို့ အတိုင်းအ​ဖောက်​မညီစွာ သတင်း​ရေးသားမှုကို ကိုမြင့်​နိုင်​က “သူရစန်းလွင်​က ​မောင်​​တောမှာ အစိုးရအဖွဲ့အစည်းထဲက အကြီးဆုံး။ သူ့​လို အကြီးအကဲက​တောင်​ ​ဘယ်​သူသတ်​လဲ ဆိုတာကို အတည်​ပြု မ​ပြောနိုင်​ခင်​ Narinjara က မွတ်​စလင်​​တွေဖက်​ လွှဲချတာ ဒီလူသတ်​မှုဖြစ်​စဉ်​မှာ ပါဝင်​ပတ်​သတ်​တဲ့ လူ​တွေက Narinjara နဲ့ နီးစပ်​တဲ့လူ​တွေပဲ ဖြစ်​မှာ ​သေချာတယ်​” ဟု ​ထောက်​ပြသည်။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီ၏ သတင်းထုတ်​ပြန်​ချက်​ကို ကြည့်​လျှင်​လည်း ​သေနတ်​သံကြား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်​ဟု တစ်​ဖက်​က ​ရေးသား​ဖော်​ပြထားပြီး ​နောက်​တစ်​ဖက်​တွင်​ ​အသတ်​ခံရသူများ၏ ဒဏ်​ရာများမှာ ၈ လက်မခန့်၊ ၆ လက်​မခန့်​၊ ၅ လက်မခန့် စသည့်​ ပြတ်ရှဒဏ်ရာများသာ ဖြစ်​သည်​ဟု ​ရှေ့​နောက်​မညီ ​ဖော်​ပြထားသည်​ကို ​တွေ့ရှိရပါသည်​။ လူသတ်​တရားခံ မည်​သူမည်​ဝါ ဖြစ်​သည်​ကိုလည်း အတိအကျ ​ဖော်​ပြခဲ့ခြင်း မရှိဘဲ အစွန်းရောက် အကြမ်းဖက်​သမားဟုသာ ​ဖော်​ပြထားသည်​ကို ​တွေ့ရှိရပါသည်​။
လူသတ်​မှုကြီး၏ ဖြစ်​ရပ်​အမှန်

လူ​ ၆ ဦး​သေပြီး ၂ ဦး ​ပျောက်​ဆုံး​နေသည့်​ ဖြစ်​စဉ်​၏ ဖြစ်​ရပ်​အမှန်​မှာ လွန်​ခဲ့​​သော တစ်​လခန့်​က ​တောင်​ကြားလမ်းမှတဆင့်​ WY မူးယစ်​​ဆေးဝါး သယ်​​ဆောင်​လာသည့်​ ကိုင်းကြီး န.တ.လ ရွာသား အဖွဲ့ထံမှ WY များကို အဆိုပါ မြိုရွာသားများက ​တောထဲ၌ လုယက်​ခဲ့သည်​။ ​အလုယက်​ခံခဲ့ရသည့်​ ကိုင်းကြီးရွာသားအဖွဲ့က ၎င်းမြိုရွာသားများကို ၎င်းတို့ပစ္စည်းများအား ပြန်​လည်​​ပေးအပ်​ရန်​ အကြိမ်​ကြိမ်​ ​တောင်းဆိုခဲ့​သော်​လည်း ​ပေးအပ်​ခြင်း မရှိ​သေးခြင်းကြောင့် ကိုင်းကြီး န.တ.လ ရွာသားအဖွဲ့က မြိုရွာသားများကို လက်​စား​ချေခြင်း ဖြစ်​သည်ဟု မောင်​​တောခရိုင်​ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ​​မောင်​​တော​တောင်​ပိုင်း တာဝန်​ခံ ကိုမြင့်​နိုင်​က ဆိုသည်။

“အဓိက ဖြစ်​တာက WY ကိစ္စပဲ။ အခုအသတ်​ခံရတဲ့ မြို​တွေ​နေတဲ့ ​တောကိုဖြတ်​ပြီး​တော့ လွန်​ခဲ့တဲ့ တစ်​လ​လောက်​က​ ကိုင်းကြီးရွာသား ၆ ဦးပါ အဖွဲ့တစ်​ဖွဲ့က WY သယ်​လာတယ်​။ အဲဒါကို မြိုရွာသား​တွေက ဓားပြတိုက်​တယ်။ ဒီလူ​တွေက အကြိမ်​ကြိမ်​ပြန်​​တောင်းတယ်​။ ဟိုက မ​ပေးဘူး။ လက်​စား​ချေဖို့ ​အခွင့်​​စောင့်​​နေတာ ကြာပြီ။ အခွင့်မသာလို့။ ဒီ​နေ့မှ ရွာသားတွေကို သီးသီးသန့်သန့်တွေ့လို့ ရှင်းလိုက်တာ။ အဲဒီကိုင်းကြီးရွာသား အဖွဲ့က သူတို့ကိုသူတို့ ၉၆၉ ဂိုဏ်းဆိုပြီး အမြဲလိုလို လူဆိုးလို ​နေပြီး WY ​တွေ သယ်​​လာလေ့ရှိတယ်” ဟု ကိုမြင့်နိုင်က ရှင်းပြသည်။

ကိုမြင့်​နိုင်​ ​ပြောပြသည့်​ ကိုင်းကြီးရွာသား WY အဖွဲ့၊ မြိုရွာသားများကို သတ်ဖြတ်သည့် တရားခံများ၏ အမည်​စာရင်းမှာ -

၁။ ​ရွှေမောင်​ (ဘ) ဦး​အောင်​​ကျော်​ဝင်း (WY နှင့်ပတ်​သက်​ပြီး ထိုင်းနိုင်ငံတွင် အဖမ်းခံရ၊ မြန်​မာဘက်​​ပြောင်း​ပေး၊ လွန်​ခဲ့​သော ၆ လခန့်​မှ ​ထောင်​က လွတ်​​မြောက်​လာ)

၂။ ​ဇော်​လင်း (ဘ) ဟဲ​ဗီး

၃။ ​ဇော်​ဝင်းစု (ဘ) ​နေ​မောင်

၎။ ဖားလုံးချေ (ဘ) စန်း​ရွှေ

၅။ ရီးဇား (ဘ) မိုးသီး

၆။ မဲ​ခေါင်​ဖြူ (ဘ) --- တို့ဖြစ်​ကြသည်​။

ယ​နေ့ လူသတ်​မှုကြီး ဖြစ်​ပွားခဲ့သည့်​ မြိုရွာရှိရာ ​တောထဲသို့ ၂၀၁၂ ဇွန်​လ ပြဿနာဖြစ်​ပွားခဲ့သည့်​အချိန်​မှ စ၍ ကိုင်းကြီး န.တ.လ ​ကျေးရွာ၊ ခ​ရေမြိုင် န.တ.လ ရွာနှင့်​ တော​​တောင်​တစ်​​လျှောက်​၌ စစ်​တပ်​စခန်း​နှင့်​ နယ်​ခြား​စောင့်​စခန်း​များ မှို​ပေါက်​​နေသလို ချထား​သော​ကြောင့်​ မည်​သည့်​ ရိုဟင်​ဂျာများ သွားခွင့်​မရှိ​​​ဟု ​မောင်​​တော ​တောင်​ပိုင်း ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။




(ဓါတ်ပုံ - Refugees International)


ထုတ်ပြန်ကြေညာချက်

ရိုဟင်ဂျာ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းခြင်း

ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃) ရက်

မတူကွဲပြားသည့် ရိုဟင်ဂျာအရေးလှုပ်ရှားသူများနှင့် အသိုင်းအဝိုင်းခေါင်းဆောင်များသည် နေရာဒေသ ဖော်ပြထားခြင်း မရှိသည့်နေရာတွင် တွေ့ဆုံ၍ ညီလာခံတစ်ရပ်ကျင်းပခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံရခြင်းမှာ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ရိုဟင်ဂျာများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည့်ကိစ္စများကို အတူတကွ ပူးပေါင်းလုပ်ကိုင်၍ ဖြေရှင်းရန်ဖြစ်သည်။

ညီလာခံတက်ရောက်သူများက ရိုဟင်ဂျာများ၏ ဆန္ဒသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်၍ အခြားသောလူမျိုးစုများကဲ့သို့ လေးစားမှုနှင့် တူညီသောအခွင့်အရေးများ ရရှိရန် ဖြစ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ညီလာခံတက်ရောက်သူများက ရခိုင်ဒေသ၏ မူလဘူတ ဌာနေလူမျိုးဖြစ်သည့် ရိုဟင်ဂျာများက ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ပြည့်ဝသော နိုင်ငံသားအခွင့်အရေးနှင့် အခြေခံအခွင့်အရေးများ ရရှိရန် ဆက်လက်ဆောင်ရွက်ကြမည်ဟု သဘောတူခဲ့ကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကမ္ဘာအဝှမ်းမှ ကိုယ်စားလှယ်များပါဝင်သော ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ လက်အောက်ခံ လုပ်ငန်းဖော်ဆောင်ရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။

ညီလာခံတွင် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ပြီး အတိုင်ပင်ခံအဖွဲ့က မြန်မာအစိုးရအား အောက်ပါ အချက်များ တောင်းဆိုပါသည်။

(၁) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား ချက်ချင်းရပ်တန့်ပေးရန်။
(၂) ဒေသတွင်းဒုက္ခသည်များနှင့် လူသားဖြစ်တည်မှုဆိုင်ရာ ကပ်ဆိုက်နေသည့် နေရာများရှိ အခြားသော ဖိနှိပ်ခံနေရသူများထံ ကန့်သတ်မှုမရှိသည့် လူသားချင်းစာနာသည့် အထောက်အကူ ပစ္စည်းများ ရောက်ရှိရေး အတွက် ခွင့်ပြုပေးရန်။

(၃) ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အား ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား စုံစမ်းစစ်ဆေးခွင့်ပြုရန်။

(၄) ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒေသတွင်းရှိ ဒုက္ခသည်များ ၎င်းတို့၏ မူရင်းနေရပ်၊ နေအိမ်များသို့ လုံခြုံစွာပြန်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်။

(၅) မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် အခြားသောလူထုနှင့်အတူ ရိုဟင်ဂျာများ ပါဝင်ခွင့်ရရေးအတွက် အခွင့်အရေးများ ပြန်လည်ပေးအပ်ရန်။
(၆) မြန်မာနိုင်ငံရှိ ရိုဟင်ဂျာပြည်သူများ၏ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ ပြန်လည် ပေးအပ်ရန်။

အတိုင်ပင်ခံအဖွဲ့က နိုင်ငံတကာအသိုင်းအ၀ိုင်းများ ဖြစ်ကြသည့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား အောက်ပါအချက်များ တောင်းဆိုပါသည်။

(၁) ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များ အကာအကွယ်ရရှိရေး၊ စာရွက်စာတမ်းများ ရရှိရေးနှင့် လူသားချင်းစာနာသည့် အထောက်အကူများ ရရှိရေးတို့အတွက် ပိုမိုထိရောက်သည့် လုပ်ထုံး လုပ်နည်းများ ချမှတ်ပေးပါရန်။

(၂) ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ လတ်တလောထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာကလေးငယ် ရှစ်သောင်းကျော် အာဟာရချို့တဲ့ခြင်း ရင်ဆိုင်နေရသည်ကို ချက်ချင်းကြားဝင် ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို အမြန်ဆုံးပြုလုပ်ပါရန်။
အတိုင်ပင်ခံအဖွဲ့က မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်သို့ အမြန်ဆုံးသွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေအမှန်ကို လေ့လာရန်လည်း တိုက်တွန်းအပ်ပါသည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် —

(၁) ထွန်းခင် - +44 7888714866
(၂) နေဆန်းလွင် - +49 69 26022349



မိုးသီး​ပေါက်​​အောက်​က အပြုံးများ

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
2.8.2017

အစုတ်​မှာမှ ကမ်းကုန်​စုတ်​တာ
ဒီမှာ တစ်​ချက်​!!!
မြင်​​အောင်​ကြည့်​​လိုက်​စမ်း
ပန်းချီကားနွမ်း တစ်​ကား
အဲ့ဒါ​လေ ...
ငါတို့ရဲ့ နားခိုစရာ​။

မမြင်​ရ​သေးဘူး​လား
အပြုံး​တွေကို ​ကျော်​ပြီးကြည့်​လိုက်​ပါ
အဲ့ဒါ​လေ...
"တဲ"လို့​ခေါ်တဲ့ ဒီအ​ဆောင်​စုတ်
ငါတို့ရဲ့ ရာသီစုံဒဏ်​စုံ ​ဖြေစရာ​။

ပန်းချီကားနွမ်း​လေးကို ​နောက်​ခံထား
ဘဝဟာ ခါးသီးမှုသက်​သက်​ပဲလား
နာကြည်းမှု​တွေ ခဏ​မေ့ထားပြီး
အပြုံးသန့်​သန့်​​တွေ ပြိုင်​တူထုတ်​လွှင့်​​​တယ်
စကြာဝဠာတစ်​ခွင်​ လင်း​စေချင်​တဲ့ ဆန္ဒနဲ့​ပေါ့
ငါတို့ဟာ ...
ကမ္ဘာ့အဖိနှိပ်​ခံဆုံး မျိုးလူသား။

ဆက်​​​ခေါ်ချင်​​သေးသလား!
ငါတို့ကို အကြမ်းဖက်​သမား
"ဖြစ်​ရ​လေခြင်း" စကားလုံးကို 
တအံ့တဩ ရေရွှတ်​ရင်းနဲ့သာ
အနာဂတ်​ကို ကြိုတင်​​ကြောက်​​နေရတယ်
အကြမ်းဖက်​သမားလို့ ​ခေါ်ချင်​​နေသူများ
ငါတို့အပြုံး​တွေကို ဘာသာပြန်​လွဲ​နေတယ်​။

သိ​စေချင်​လိုက်​တာ!
"မျှော်​လင့်​ချက်​​တွေ
ထပ်​တလဲလဲ မုဒိမ်းကျင့်​ ခံ​​နေရခြင်း​ရဲ့​နောက်​မှာ
မျက်​ရည်​စက်​များ ...
သွေးရည်​စက်​များ ...
နှလုံးသားရဲ့ ဗဟိုချက်မှမြေသို့ခ
အဆက်မပြတ် စီးကျနေဆဲပါ။

စုံလင်​တဲ့ မတရားမှုနဲ့ အ​လဲထိုးခံရလည်း
လွယ်​လင့်​တကူ လက်​မ​လျှော့တတ်​သူများ
ငါတို့ စစ်​မှန်​စွာ ပြုံးနိုင်​​နေဆဲပါ
မေးချင်​မိတာ​လေး​ တစ်​ခု!
ငါတို့ မရှုံးနိမ့်​​သေးဘူးမလား 
ငါတို့ အ​ရေးမနိမ့်​​သေးဘူးမလား

ပြုမိတဲ့ ​ဆန္ဒတစ်​ခု!
"ငါတို့ရဲ့ ​မိုးသီး​ပေါက်​​အောက်​က အပြုံး​တွေ
ငြိမ်းချမ်း​ရေး ပန်းပွင့်​များအဖြစ်​ပဲ
ထာဝရ ရှင်​သန်​ခွင့်​ရပါစေ​သား။"

ယျာတင်​ (ရိုဟင်းသား)

MYARF
RB News
1.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေတစ်ဝိုက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒေသခံရိုဟင်ဂျာ ဆင်းရဲသားများကို အတင်းအဓမ္မ လုပ်အားပေးနေသောကြောင့် ဆင်းရဲသားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေမြောက်ပိုင်း ဂုတ်ပီရွာ အထက်ပိုင်း ခမွီးရွာအနီးရှိ ချောင်းဗွေ ရေနက်ပိုင်းတွင် လွန်ခဲ့သော ရက်ပိုင်းက စက်လှေတစ်စီး နစ်မြှပ်သွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးသွားခဲ့သည်။ 

ပျောက်ဆုံးသွားသူများ၏ အလောင်းများကို (၃) ရက်အကြာတွင် တစ်လောင်း၊ ငါးရက်အကြာတွင် နှစ်လောင်း တွေ့ရှိခဲ့သော်လည်း ၎င်းတို့၏ လက်နက်များ ပျောက်ဆုံးသွားခြင်းကြောင့် ချောင်းဘေး ကမ်းနားရွာများရှိ ရိုဟင်ဂျာများအတွက် အငတ်ဘေး စိုက်ရောက်ရခြင်း၏ လမ်းစဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

စက်လှေနစ်မြှပ်ခဲ့သည့်နေ့မှစ၍ နယ်ခြားစောင့်ရဲများက ပတ်ဝန်းကျင်ရွာများမှ ရိုဟင်ဂျာရွာသားများကိုသာ သီးသန့်ရွေးချယ်၍ အတင်းအဓမ္မ ဆွဲခေါ်လာကာ ရေငုတ်ခိုင်းပြီး အလောင်းများနှင့် လက်နက်များကို တစ်ပတ်တိတိ ရှာဖွေစေခဲ့သည်။ ယခုတစ်ဖန် ချောင်းကမ်းဘေးရွာများ ဖြစ်ကြသည့် ကျောင်းတောင်၊ ဂုတ်ပီ၊ ကျွန်းပေါက်၊ မောင်နှမ၊ ငါးရန့်ချောင်း၊ မိကျောင်းဈေး၊ ဖောင်တော်ပြင်၊ သင်္ဂနက်၊ တောင်ဘဇာ၊ ပေါက်တောပြင် စသည့် ရွာများမှ ရွာအထက်ပိုင်းတွင် ၂၀ ဦး၊ အောက်ပိုင်းတွင် ၂၀ ဦးစီ အစောင့်များ ထားရှိပြီး လက်နက်များ ရေစီးအတိုင်း မျှောပါလာလျှင် ဆယ်ယူနိုင်ရန် အဆင်သင့်လုပ်ထားသည်ဟု ဒေသခံများက ပြောပါသည်။ 

တစ်နေကုန် ချောင်းထဲသို့ မျက်ခြေမပြတ် ကြည့်နေရပြီး ညပိုင်းတွင် ဓါတ်မီးများထိုး၍ စောင့်ကြည့်နေရသည်။ စောင့်ကြည့်နေရသူများ တစ်ရက်လျှင် ၃၀၀ ဦးရှိပြီး လူတစ်ဦးလျှင် နှစ်ရက်လျှင် တစ်ကြိမ် သွားနေရကြောင်း၊ အလုပ်လုပ်ချိန်မရတော့ကြောင်း၊ အလှည့်ကျသွားနေရ၍ နေ့စားအလုပ်သမားများမှာ မိသားစု ၀မ်းစာအတွက်ပင် ငွေရှာရန် အချိန်မပေးနိုင်တော့ခြင်းကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ဆိုသည်။ 




MYARF
RB News
1.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု၊ ချွတ်ပြင်ရွာမှ သားအဖ (၃) ဦးကို အစိုးရလက်နက်ကိုင်အဖွဲ့များက ကျောထောက်နောက်ခံပြုထားသည့် အစွန်းရောက်များက ရက်ရက်စက်စက် ဓါးဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရသေ့တောင်မြို့နယ်၊ အထက်နန်းရာကျေးရွာအုပ်စု ချွတ်ပြင် ရိုဟင်ဂျာရွာကို ဇူလိုင်လ (၃၀) ရက်နေ့ နယ်ခြားစောင့်ရဲများ၊ စစ်သားများနှင့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုး (၇၀၀) ကျော်တို့က ၀န်းရံပိတ်ဆို့ပြီး ဆော်လီမူလ္လာနှင့် အေနာယာဒ်အုလ္လာ တို့ကို ရွာသူရွာသားများရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် အိတ်များစွတ်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့အား မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရတော့ကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။ 

ထို့အပြင် ချွတ်ပြင် သက်ရွာ၏ အနောက်ဘက် တောင်ခြေရင်းရှိ လယ်ကွင်းတွင် လယ်လုပ်နေသည့် သားအဖ (၃) ဦး ဖြစ်ကြသော ဦးအီမာန်ဟူစိန်း၊ နူရူလ်ဟာကိမ်း (အသက် ၂၂ နှစ်) နှင့် နူရ်အာလောမ် (အသက် ၁၈ နှစ်) တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး စေတီပြင် ချောင်းဖျားတွင် ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။

အစိုးရလက်နက်ကိုင် အဖွဲ့များက ကျောထောက်နောက်ခံပေးထားသည့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုးများက သားအဖ (၃) ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ချွတ်ပြင် သက်ရွာအနီးရှိ ချောင်တစ်နေရာတွင် ထားရှိခဲ့သည်။ ဦးအီမာန်ဟူစိန်း၏ သားကြီးဖြစ်သူ နူရူလ်ဟာကိမ်း၏ ခေါင်းကို ရက်ရက်စက်စက် ဖြတ်၍ သတ်ဖြတ်ခဲ့ပြီး၊ ခေါင်းကို ယူသွားကြောင်း၊ ဖခင် ဦးအီမာန်ဟူစိန်းနှင့် သားငယ်ဖြစ်သူ နူရ်အာလောမ် တို့ကို ဓါးများဖြင့် ရက်ရက်စက်စက် ထိုးသတ်ထားသည့် အပြင် လည်ပင်းလှီးထားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု အလောင်းများကို ရှာတွေ့ခဲ့သည့် ဒေသခံများက ပြောပါသည်။ 

အလောင်းများကို ရွာသားများက ရှာတွေ့သည့်အခါ သယ်ယူသွားရန် ကြိုးစားသော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့က သယ်ခွင့်မပေးဘဲ သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွာသားများကို ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

အလောင်းများကို တွေ့ရှိသည့်နေရာမှ သယ်ခွင့်မပေးခြင်းသည် အသတ်ခံရသူများကို ရိုဟင်ဂျာများက အချင်းချင်း သတ်ဖြတ်သည်ဟု လုပ်ကြံဖန်တီးရန် ဖြစ်ပြီး၊ တရားခံအစစ်များဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုး (၇၀၀) ကျော်တို့ ကျူးလွန်သော ရာဇ၀တ်မှုများကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ ထို့အပြင် စစ်သားများက ကျောပိုးအိတ်များ၊ ဒန်အိုးဒန်ခွက်များ၊ အိပ်ရာများကို ဓါတ်ပုံရိုက်၍ အကြမ်းဖက်သမားများထံမှ တွေ့ရှိသည်ဟု လုပ်ကြံဇတ်များ ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းများ ကြားသိရကြောင်း ဒေသခံများက ပြောပါသည်။ 



MYARF
RB News
31.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အထက်နန်းရာ ကျေးရွာအုပ်စုရှိ IDP စခန်းသို့ အစိုးရ လက်နက်ကိုင်အဖွဲ့များက ရခိုင်အမျိုးသားများကို သွင်းပေးပြီး ရိုဟင်ဂျာအမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားမှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၈) ရက်နေ့တွင် ရခိုင်အမျိုးသားတစ်ဦး ပျောက်ဆုံးသွားဟု အကြောင်းပြ၍ နယ်ခြားစောင့်ရဲများ၊ စစ်သားများနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသားများ ရာနှင့်ချီ စုဝေးပြီး အထက်နန်းရာ ရိုဟင်ဂျာရွာနှင့် IDP စခန်းများသို့ အ၀င်အထွက်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေခဲ့သည်။ အဆိုပါအဖွဲ့သည် ဇူလိုင်လ (၂၉) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ကလေးငယ်တစ်ဦးကို ဓါးဖြင့်ခုတ်၊ ဆိတ်ကျောင်းသားတစ်ဦးကို လေးခွဖြင့်ပစ်၊ ဆိတ်တစ်ကောင် ဖမ်းယူသွားပြီး ရန်ရှာခဲ့သော်လည်း ဒေသခံရိုဟင်ဂျာများက သည်းခံခဲ့သည်။

ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် အဆိုပါအဖွဲ့သည် အင်အားတိုးချဲ့၍ IDP စခန်းနှင့် ရိုဟင်ဂျာရွာများကို ၀န်းရံပိတ်ဆို့ခဲ့သည်။ နေ့လည် (၁) နာရီခန့် အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့က ရိုဟင်ဂျာရွာမှ ဆော်လီမူလ္လာ (ဘ) ဦးရှော်ဖီအူလ္လာ (အသက် ၂၂ နှစ်) နှင့် အေနာယာသ်အူလ္လာ (ဘ) ဦးရှော်ဖီရောန် (အသက် ၁၈ နှစ်) တို့နှစ်ဦးကို နေအိမ်များမှ ဖမ်းဆီး၍ ရွာသူရွာသားများ ရှေ့မှောက်တွင်ပင် မခံမရပ်နိုင်အောင် ရိုက်နှက်ခဲ့ပြီးနောက် တစ်ကိုယ်လုံး အိတ်စွတ်ကာ စခန်းသို့ ခေါ်ဆောင်သွားသော်လည်း ရွာသူရွာသားများက သည်းခံခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

တဖန် ညနေ ၅ နာရီအချိန်တွင် IDP စခန်းသို့ ရခိုင်အမျိုးသားများ ၀င်ရောက်၍ ဦးကုရ်ဘာန်အလီ၏ ဇနီးကို ကိုယ်ထိလက်ရောက် ကာအိနြေ္ဒပျက်ပြားစေသည့်အထိ ရမ်းကားဆွဲခေါ်စဉ် ဘေးပတ်ဝန်းကျင်မှ မိသားစုများက ကယ်ထုတ်ခဲ့ရသည်။ ထိုစဉ် အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ရခိုင်အမျိုးသားများကို ခေါ်ယူသွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။

အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရခိုင်အမျိုးသားများကို ဓါးရှည်များ ကိုယ်စီဖြင့် ခေါ်ယူစုဝေးစေပြီး ရိုဟင်ဂျာလူမျိုးများအား တိုက်ခိုက်ရန် အားပေးနေမှုသည် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေပြီး၊ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဦး ပျောက်ဆုံးသည်ဟု အကြောင်းပြကာ ပြဿနာဖန်တီးမည်ကိုလည်း အထူးစိုးရိမ်နေရသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
30.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေ၊ ချွတ်ပြင်ကျေးရွာအုပ်စုသို့ ရသေ့တောင်မြို့နယ် တစ်ဝိုက်ရှိ ရခိုင်ရွာများမှ ရခိုင်လူမျိုး ၅၀၀ ကျော်ကို အစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက ဦးဆောင်၍ ခေါ်ဆောင်လာပြီး ရွာများအတွင်းသို့ ၀င်ထွက်ခိုင်းပြီး လမ်းတစ်လျှောက်တွေ့ရှိသမျှ ဒေသခံရိုဟင်ဂျာများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းယူသွားခြင်းများ ပြုလုပ်၍ နှစ်ဖက်အသိုင်းအ၀ိုင်း အတွင်း ပြဿနာ ဖြစ်ပွားစေရန် ဖန်တီးလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၉) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ချွတ်ပြင်ကျေးရွာအုပ်စု သက်ရွာသို့ အနယ်နယ်အရပ်ရပ်မှ ရခိုင်လူမျိုး ၅၀၀ ကျော်တို့သည် စက်လှေများ၊ လှေများ၊ မော်တော်ဆိုင်ကယ်များဖြင့် ဓါးရှည်များ ကိုယ်စီကိုင်ကာ စုဝေး၍ ရောက်ရှိလာခဲ့သည်။ အဆိုပါ လူအုပ်ကြီးကို နယ်ခြားစောင့်ရဲများနှင့် စစ်သား (၅၀) ခန့်က ဦးဆောင်၍ အထက်နန်းရာ ရိုဟင်ဂျာရွာကို ဓါးများကိုင်၍ အင်အားပြ ခြိမ်းခြောက်သည့် ပုံစံဖြင့် ဖြတ်ကျော် ၀င်ထွက်စေခဲ့သည်။ ခရုရှာရန်သွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦး ပျောက်ဆုံးနေသည်ဟု ဆိုကာ ရွာ၏ အနောက်ဘက်ရှိ မေယုတောင်တန်းသို့လည်း အနည်းငယ် ၀င်ရောက်ခဲ့ကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 






ပျောက်ဆုံးနေသူကို ရှာဖွေနေသည်ဟု ဆိုသူများသည် တောလေ့လာခရီးသွားသည့်ပမာ ပျော်ပျော်ပါးပါးဖြင့် မေယုတောင်တန်းမှ ပြန်လာစဉ် ရွာအတွင်း လမ်းဘေးတွင် တွေ့ရှိသော အသက် (၁၄) နှစ်အရွယ် မိုဟာမတ်ယာစီးန် (ဘ) ဦးဟူစိန်းအာမတ် ကို ဓါးရှည်ဖြင့် ခုတ်ခြင်း၊ ဆိတ်ကျောင်းနေသည့် ဦးခင်ဇော်၏ အလုပ်သမားကို လေးခွဖြင့် ပစ်ခတ်ခြင်း၊ ဆိတ်တစ်ကောင်ကို ယူဆောင်သွားခြင်းများ ပြုလုပ်၍ ပြဿနာ ဖန်တီးရန်ကြိုးစားခဲ့ကြောင်း၊ ဒေသခံရိုဟင်ဂျာများက အခြေအနေကို ခန့်မှန်းနိုင်ခဲ့ပြီး ပြဿနာကို ရှောင်ရှားသည့် အနေဖြင့် နေအိမ်များမှမထွက်ဘဲ နေခဲ့ကြောင်း၊ အစိုးရလက်နက်ကိုင်များက လူမျိုးစုနှစ်စုကြား ဖြစ်ပွားသည့် ပြဿနာကို ဖြေရှင်းရာတွင် ပစ်ခတ်လိုက်ရသည်ဟု အကြောင်းပြ၍ ရိုဟင်ဂျာများကို နောက်ထပ်တစ်ကြိမ် သတ်ဖြတ်နိုင်အောင် တမင်ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 



Rohingya Eye
RB News
30.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် စံကားပြင်ကျေးရွာအုပ်စု ထရိန်းရွာမှ ရွာသားများက ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများကို ဖမ်းဆီးထားပြီး ပိုင်ရှင်များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း စံကားပြင်ကျေးရွာအုပ်စု၊ အာယာစ်ဆောရ်ရွာမှ မော်လ၀ီဆော်လီမူလ္လာ (ဘ) ဦးဆော်တာမော်သ် (အသက် ၄၀ နှစ်) ၏ ကျွဲများသည် ဇူလိုင်လ (၂၈) ရက်နေ့တွင် ယင်းရွာ၏ အနောက်ဘက်၊ ကိုနီခေတ်က အသုံးပြုခဲ့သောလမ်း၏ မြောက်ဘက် ထရိန်းရွာရှိ ရိုဟင်ဂျာများပိုင်ဆိုင်သည့် လယ်မြေပေါ်တွင် ကျက်စားခဲ့ရာ ထရိန်းရွာသား အေးမောင်နှင့် သန်းထွန်းမောင် (ဘ) ဦးသန်းထွန်းဖြူ တို့က ထိန်းသိမ်း ထားခဲ့သည်။ ပိုင်ရှင်ဖြစ်သူက ညနေ (၄) နာရီ အချိန်တွင် သွားရောက်တောင်းခံခဲ့ရာ အေးမောင်နှင့် သန်းထွန်းမောင် တို့က ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး၊ ည (၆) နာရီ အချိန်တွင် ငွေကျပ် တစ်သောင်း ညှစ်ယူ၍ ကျွဲများကို ပြန်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ ဇူလိုင်လ (၂၆) ရက်နေ့တွင်လည်း မြို့မိချောင်းရွာမှ ဦးအီဒီရီစ် (ဘ) ဦးဇိုက်နူရ်အူဒီးန် (အသက် ၃၅ နှစ်) ၏ ကျွဲများကို အဆိုပါ ထရိန်းရွာသားနှစ်ဦးက ထိန်းသိမ်းထားခဲ့ပြီး ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။

ထရိန်းရွာမှ ရွာသားနှစ်ဦး ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ထရိန်းရွာသားများက တမင်ပြဿနာဖန်တီးရန် ကြိုးစားသည့် အနေဖြင့် ယခုကဲ့သို့ ကျွဲများကို ဖမ်းဆီးထားပြီး ငွေညှစ်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တိရိစ္ဆာန်များ ပျောက်ဆုံးနေသည်ဟုလည်း ရွာသားများက ဖြည့်စွက်ပြောပါသည်။ 

ယခုကဲ့သို့ ဖြစ်ပွားနေမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ညီစိုးမောင် ကို တိုင်တန်းလျှင်လည်း ဗုဒ္ဓဘာသာဝင် အချင်းချင်းဖြစ်နေသောကြောင့် တရားမျှတအောင် ဖြေရှင်းပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ အာဏာပိုင်များ ကိုယ်တိုင် အားပေးအားမြှောက်ပြုနေမှုကြောင့် ယခုကဲ့သို့ နှစ်ဖက်အသိုင်းအ၀ိုင်း အတွင်း အမုန်းပွားမှုများ ထပ်မံဖြစ်ပေါ်လာနေခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက သုံးသပ်နေကြသည်။


Rohingya Eye
RB News
28.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်မှ နယ်ခြားစောင့်ရဲများက ဖြတ်သန်းသွားလာသည့် ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၂၅) ရက်နေ့တွင် မောင်တောမြို့နယ် မောင်နှမကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာမှ ကော်ရီးမ်မူလ္လာ (ဘ) ဦးဘော်ဒူရူအစ္စလာမ် (အသက် ၁၈ နှစ်) သည် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် မောင်တောမြို့ပေါ်သို့ သွားရောက်၍ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဘတ်စ်ကားဖြင့် ပြန်သွားနေစဉ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံခဲ့ရသည်။ 

စစ်ဆေးခံရသူ ကော်ရီးမ်မူလ္လာ က ယာယီသက်သေခံ လက်မှတ်ထုတ်ပြခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ငွေကျပ် တစ်ထောင် တောင်းခံခဲ့သည်။ ကော်ရီးမ်မူလ္လာက ၎င်းထံတွင် ငွေကျပ် တစ်ထောင် မရှိသဖြင့် ငွေကျပ် ငါးရာသာ ထုတ်ပေးသဖြင့် နယ်ခြားစောင့်ရဲများက ၎င်းအား ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ နောက်ဆုံးတွင် ဘတ်စ်ကား ယာဉ်မောင်းက နယ်ခြားစောင့်ရဲများကို တောင်းပန်၍ ငွေကျပ် ၆ သောင်းပေးမှ ကော်ရီးမ်မူလ္လာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်ဆေးရေး ဂိတ်တွင် ရိုဟင်ဂျာများ ဖြတ်သန်းသွားလာရာတွင် ယာယီသက်သေခံလက်မှတ်များနှင့် အတူ ရွာထွက်လက်မှတ်များ ထုတ်ပြသော်လည်း ငွေကျပ် တစ်ထောင်စီ အတင်းအဓမ္မ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
28.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းအနီးရှိ အောင်စစ်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၎င်း၏ လယ်ယာလုပ်ငန်းခွင်တွင် ဒေသခံရိုဟင်ဂျာရွာသားများကို အတင်းအဓမ္မ အလုပ်သမားများ အဖြစ် ပြန်လည်အသုံးပြုနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဒေသခံရိုဟင်ဂျာများ၏ ဘိုးဘွားပြင် လယ်မြေများကို န.တ.လ စီမံကိန်းကို အကြောင်းပြ၍ သိမ်းယူခြင်း၊ တိုင်းရင်းသား အုပ်ချုပ်ရေးဖြစ်နေသည်ဟု ဆိုကာ သြဇာအာဏာသုံး၍ အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် ဒေသခံရိုဟင်ဂျာများ၏ လယ်မြေ (၁၀) ဧက ကျော်ကို ၎င်း၏ ကိုယ်ပိုင်မြေများအဖြစ် သိမ်းယူထားပြီး ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံရိုဟင်ဂျာများထံမှ မတရားသဖြင့် သိမ်းယူထားသည့် လယ်ယာမြေများကို ယခင်နှစ်များက ငှားရမ်း၍ ငှားရမ်းခသာ ယူခဲ့သော်လည်း ယခုနှစ်တွင် ၎င်းကိုယ်ပိုင် ကျွဲ၊ နွားမရှိဘဲ အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစားပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာများကို အတင်းအဓမ္မကို ကျွဲ၊ နွားများ ယူလာခိုင်းပြီး လယ်ထွန်ခိုင်းနေကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ကြက်ကျိန်းရွာမှ လယ်သမား (၂၀) ဦးကို ၎င်းတို့၏ နွားများနှင့် အတူ အတင်းအဓ္မ ဆွဲခေါ်လာက တစ်နေကုန် ထွန်ယက်စိုက်ပျိုးခိုင်းခဲ့ပြီး၊ နေ့စဉ်နေ့တိုင်း အလားတူ ခိုင်းစေမှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 



Rohingya Eye
RB News
27.7.2017 

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရွက်ညိုတောင်ကျေးရွာကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဇူလိုင်လ (၂၅) ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် ၀န်းရံပိတ်ဆို့ပြီးနောက် နံနက် ၇ နာရီခန့်အချိန်တွင် နေအိမ်များသို့ ၀င်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် အမျိုးသားများနှင့် အမျိုးသမီးများကို နေအိမ်များ၏ အပြင်သို့ ခေါ်ထုတ်၍ အစိုးရ မူလတန်းကျောင်းတွင် စုဝေးခိုင်းခဲ့သည်။ 

ထိုသို့ စုဝေးခိုင်းခဲ့ပြီးနောက် အိမ်ထောင်စုစာရင်းနှင့် လူဦးရေများကို စစ်ဆေးပြီး နေ့လည် ၂ နာရီအချိန်တွင် နေအိမ်အသီးသီးသို့ ပြန်လည်သွားခွင့်ပြုခဲ့သော်လည်း လူငယ် ၆ ဦးကို ဖမ်းဆီး၍ ရွက်ညိုတောင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံထားရသူများမှာ --

(၁) ကေဖာယာတ်အုလ္လာ (ဘ) ဦးမာမတ်ခေါ်ဘိရ် (အသက် ၁၉ နှစ်)
(၂) ခေါ်ဘိရ်အာမတ် (ဘ) ဦးဟူဆောင်းအာမတ် (အသက ၂၀ နှစ်)
(၃) ဟာလာ (ဘ) ဦးဖူသ်သား (အသက် ၂၄ နှစ်)
(၄) အာဘူး (ဘ) ဦးရှောမ်ရှု (အသက် ၂၀ နှစ်) နှင့် အခြား နှစ်ဦး တို့ဖြစ်ကြသည်။ 

“ဒီရက်ပိုင်းအတွင်း ရွာတွေကို ပိတ်ဆို့ပြီးတော့ အပြစ်မဲ့ ရွာသားတွေကို လိုက်ဖမ်းနေတယ်။ ဒါက နောက်ထပ် နှိပ်ကွပ်မှုတစ်ခုပါ။ အဲလိုဝင်ဖမ်းတဲ့ ရွာတွေက အထိုက်အလျောက် တည်ငြိမ်နေတဲ့ ရွာတွေပါ။ အဲဒါကို မတည်မငြိမ်ဖြစ်အောင် ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြိုးစားနေတာပါ။ စပါးစိုက်ပျိုးနေတဲ့ ကာလ ဖြစ်နေတယ်။ အာဏာပိုင်တွေက နှောက်ယှက်ရင် လုပ်ငန်းပျက်မယ်။ ပြီးရင် အငတ်ဘေးကြုံလာမယ်။ သေချာအကွက်ချပြီး နှိပ်ကွက်နေတာပါ” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ် ပြောဆိုသည်။



MYARF
RB News
27.7.2017

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကားကျေးရွာမှ အပြစ်မဲ့ ဒေသခံ ၅ ဦးကို ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် အမှတ် (၆) နယ်မြေ ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးအပါအ၀င် နယ်ခြားစောင့်ရဲ (၂၀) ဦးကျော်တို့သည် ကျောက်လှေကား ကျေးရွာသို့ ၀င်ရောက်၍ မိသားစုတိုင်းကို အိမ်ထောင်စုစာရင်း ကိုင်ခိုင်းပြီး တစ်ဦးချင်းစီ အမည်ခေါ်၍ စစ်ဆေးခဲ့သည်။ ရွာသားများက ကြည်ဖြူစွာ လက်ခံ၍ စစ်ဆေးခံခဲ့သော်လည်း စစ်ဆေးသူများက အပြစ်တစ်စုံတစ်ရာမရှိသူ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် (၃၁) ဦးကို အကျိုးအကြောင်း တစ်စုံတစ်ရာ မပြောဘဲ ဖမ်းဆီး၍ ကျီးကန်းပြင်ရှိ ဌာနချုပ်သို့ ခေါ်ဆောင်၍ ချုပ်နှောင်ထားခဲ့သည်။ 

ဖမ်းဆီးချုပ်နှောင်ထားသူများထဲမှ ၂၆ ဦးကို စိတ်တိုင်းကျ ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဇူလိုင်လ (၂၄) ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း (၅) ဦးကို ယခုအချိန်ထိ ပြန်လည်မလွှတ်ပေးသေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဆက်လက်ချုပ်နှောင်ခံထားရသူများမှာ --

(၁) ဟာဖီးဇ်အာနိုမျာ (ဘ) ဦးအာဘူကာလာမ်
(၂) နူရ်မိုဟာမတ် (ဘ) ဦးအာဘူကာလာမ်
(၃) မိုဟာမတ်ဟာရှိမ်း (ဘ) ဦးခေါ်ဘိရ်အာမတ်
(၄) မော်လ၀ီဘော်ဒီအာလောမ် (ဘ) ဦးဆယာဒ်ဟူစိန်း
(၅) ဆော်ယာဒ်အာလောမ် (ဘ) ဦးမော်တော်လောဖ် -- တို့ဖြစ်ကြသည်။

ချုပ်နှောင်ခံရခြင်းမှ လွတ်မြောက်လာသူများ၏ ပြောကြားချက်များ အရ အပြစ်မဲ့ ရိုဟင်ဂျာများကို ဖမ်းဆီးချုပ်နှောင်ပြီးနောက် အချုပ်ခန်းထဲတွင် ညှဉ်းပန်းနှိပ်စက်ခြင်းမှာ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ကြောင်း၊ အချုပ်ခန်းမှ အပြင်သို့ရောက်လျှင် လုပ်ကိုင်စားသောက်၍ မရနိုင်အောင် တမင်ရည်ရွယ်၍ ခန္ဓာကိုယ်၏ အရေးကြီးသော အပိုင်းများကို ပစ်မှတ်ထား၍ ထိုးကြိတ် ရိုက်နှက်ကြောင်း သိရှိရသည်။




MYARF
RB News
24.7.2017

ဘူးသီး​တောင်​ ။ ။ ရခိုင်​ပြည်​နယ်​၊ ဘူးသီး​တောင်​ မြို့နယ်​၊ ​အမှတ် (၃) တောင်​ဘာဇာ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ နယ်​​မြေစခန်းမှ နယ်​ခြား​စောင့်​ ၇ ဦးသည် ​ကျောင်း​တောင်​ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စက်​​လှေဖြင့်​ ပြန်​လာစဉ်​ ​​မိုးများပြီး ရေစီးသန်​​​နေသာ​ကြောင့်​ စက်​​လှေနစ်​မြုပ်​သွားခဲ့ရာ ၃ ဦး အသက်​ရှင်​ခဲ့ပြီး ကျန်​ ၄ ဦး ပျောက်​ဆုံး​နေကြောင်း သတင်းရရှိပါသည်​။ 

ပျောက်​ဆုံး​နေသူများလည်း ​​ရေစီးသန်​​နေ​သော ​ချောင်း​တွင်​ အသက်​ရှင်​လျက်​ရှိရန်​ ​မျှော်​လင့်​ချက်​မရှိတော့​ကြောင်း ​ဒေသခံများက RB News သို့ပြောပါသည်။

နယ်​ခြား​စောင့်​ရဲများအဖွဲ့သည်​ ​တောင်​ဘာဇာ နယ်​​မြေစခန်းမှ ဖြစ်​ကြပြီး ၎င်းတို့သည်​ သတင်းသမားများနှင့်​ ​တွေ့ဆုံပြီး မိမိခံစား​နေရသည်​များကို ရင်​ဖွင့်​ခဲ့​သော တင်း​မေရွာသူရွာသားများအ​ပေါ် စစ်​ဆင်​​ရေးလုပ်​ပြီး ပြန်​လာသည့်​ အဖွဲ့ဖြစ်​သည်​။ အဆိုပါအဖွဲ့သည် တင်း​မေရွာမှ ပြန်​လာပြီး ​ကျောင်းတောင် နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ စခန်းမှ တဆင့်​ စက်​​လှေစီး၍ တောင်​ဘာဇာသို့ ပြန်​နေခြင်းဖြစ်​သည်​။

၎င်းတို့ စီးနင်းလာသည့်​ စက်​​လှေသည်​ ဇူလိုင်လ (၂၃) ရက်နေ့ ည ၇ နာရီခန့်​အချိန်​တွင်​ ကျောင်း​တောင်​စခန်းမှ ထွက်ခွာ​လာပြီး​နောက်​ မိနစ်​ ၂၀ ခန့်​အကြာ၌ ခမွှီး​ကျေးရွာအနီး ​​ချောင်းခွဆုံ (​ဒေသအ​ခေါ်-Kabarastainna ခွဆုံ) တွင်​ နစ်​မြုပ်​သွားခဲ့​သည်။ စက်​​လှေ​ပေါ်တွင်​ ​တောင်​ဘာဇာ နယ်​​မြေစခန်းမှ ရဲမှူးလည်း ပါရှိ​နေသည်​ဟု ယူဆရပြီး စုစု​ပေါင်း တပ်​ဖွဲ့ဝင်​​ ခုနှစ်​ဦး ပါရှိ​နေ​ကြောင်း သိရှိရသည်​။ စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် တပ်​ဖွဲ့ဝင်​ သုံးဦးနှင့်​ စက်​​လှေ​မောင်းသမားတို့ ​ရေကူး၍ ကမ်းတက်​လာနိုင်​ခဲ့ပြီး ကျန်​​လေးဦးကို ယခုထိ ​ရှာ​ဖွေတွေ့ရှိရခြင်း မရှိ​ကြောင်း ဒေသခံများက ပြောပါသည်။

စက်​​လှေ​မောင်းသူမှာ ​တောင်​ဘာဇာနယ်​​မြေမှူး၏ လူယုံ​တော်​ မုစ်​တာဖာဆိုသူ ဖြစ်​သည်​။ ၎င်းသည်​ ​တောင်​ဘာဇာနယ်​​မြေစခန်း လက်အောက်ခံ ကျေးရွာများရှိ စက်​​လှေများမှ စခန်းကိုယ်​စား ဆက်​​ကြေး​​ကောက်​ခံ​ပေး​နေသူ တစ်​ဦးလည်းဖြစ်​သည်​။

စက်​​လှေနစ်မြုပ်​ပြီး​နောက် စက်​​လှေ​ပေါ်ပါလာသည့်​ အရာရှိများကို ကယ်​တင်​ရန်​ကြိုးပမ်းခဲ့​သော်​လည်း ​မိုးများ၍ ​တောင်​ကျ​ရေများ ပြင်း​ထန်​​နေသော​ကြောင့်​ မကယ်နိုင်ဖြစ်​ခဲ့သည်​စက်​​လှေမောင်းသမားက ကမ်းတက်​ပြီး​သောအခါ ရွာသားများကို ​ပြောပြခဲ့သည်​။ ရွာသားများကလည်း အနီးအနားတွင်​ ဝိုင်းဝန်းရှာဖွေကြည့်​​သော်​လည်း ရှာမ​တွေ့သည့်​အဆုံး စက်​​လှေ​မောင်းသူ ကိုယ်​တိုင် ကျောင်း​တောင်​စခန်းသို့ သွား၍ အ​ကြောင်းကြားခဲ့သည်​။ အ​ကြောင်းကြားသူ စက်​​လှေ​မောင်းသမားကို ​ကျောင်း​တောင်​စခန်း၌ ချုပ်​​နှောင်​ထားကြောင်း သိရှိရသည်။

ယ​နေ့ ဇူလိုင်လ (၂၄) ရက် နံနက်​ပိုင်းတွင်​ စက်​​လှေကို ကျွန်း​ပေါက်​အုပ်​စုအလွန်​ ​ချောင်းကမ်းပါး တစ်​ခုတွင်​ ပြိုလဲ​ကန့်​လန့်​ဖြစ်​​နေသော ကုက္ကိုပင်​၌ ငြိလျက်​ ​တွေ့ရှိရသည်​ဟု ​ဒေသခံများက ဆိုသည်​။

စက်​​လှေ​ပေါ် ပါလာသည့်​ တပ်​ဖွဲ့များ၏ ​သေနတ်​များ ​ပျောက်​ဆုံး​လျက်ရှိခဲ့ရာ ထိုအထဲမှ သေနတ်​ ၂ လက်​ကို စက်​​လှေ ဝမ်း​ဗိုက်​၌ ပြန်​​တွေ့ရှိခဲ့သည်​ဟု ​ဒေသခံများက ပြောပါသည်​။

ယခုအခါ အဆိုပါ ​နေရာသို့ အမှတ်​(၁) နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ ကွပ်​​ကဲ​ရေးမှူး အပါအဝင်​ အရာရှိကြီးများ ​ရောက်​ရှိလာပြီး အနီးအနား​ကျေးရွာများဖြစ်​​သော ​ကျောင်း​တောင်​​ကျေးရွာ၊ ဂုတ်​ဖီကျေးရွာနှင့်​ ကျွန်း​ပေါက်​​ကျေးရွာများမှ ရွာသားများကို ​ခေါ်ပြီး ​ပျောက်​ဆုံးသွား​သော ​သေနတ်​နှင့်​ တပ်​ဖွဲ့ဝင်​များကို ရှာ​ဖွေ​ပေးရန်​ အမျိုးမျိုး ခြိမ်း​ခြောက်​​နေကြောင်း သိရှိရသည်​။ စက်​​လှေကို အကြမ်းဖက်​သမားများက တိုက်​ခိုက်​​ခြင်းကြောင်း နစ်​မြုပ်​ခဲ့ရ​သည်ဟု မဟုတ်​မှန်​ စွပ်​စွဲ​၍ ရွာသားများကိုလည်း ​ရေစီးသန်​​နေ​သော ​ချောင်းသို့ အတင်းတွန်းချပြီး ​သေနတ်​နှင့်​ တပ်​ဖွဲ့ဝင်​များ မ​တွေ့မချင်း ပြန်​မတက်ရန် ကျွန်များသဖွယ်​ အတင်းအဓမ္မ ခိုင်း​နေ​သည်ဟု ​ဒေသခံများက ​ပြောပါသည်​။

မောင်​​တောခရိုင်​အ​ခြေစိုက်​ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ကို​ထွန်းနိုင်​ (အမည်​လွှဲ) က မိုးများ၍ ​တောင်​ကျ​ရေများ စီးဆင်းမှုများသောကြောင့်​ ​​ရေစီးသန်​​နေရာမှ စက်​​လှေနစ်​မြုပ်​ခဲ့​ကြောင်းသာ ဖြစ်​သည်​ဟု အတည်​ပြု​ပြောပါသည်​။ သဘာဝ ​ဘေးအန္တရယ်​ တစ်​ခု​ကြောင့်​ နစ်​မြုပ်​သွားခဲ့သည့်​ စက်​​လှေကို အ​ကြောင်းပြု၍ ​အပြစ်​မဲ့​ဒေသခံများအ​ပေါ် စွပ်​စွဲချက်​အမျိုးမျိုးဖြင့်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​​မှုများ မဖြစ်​ရန်​ ​လိုအပ်​သည်ဟု ၎င်းက ဆိုသည်​။

အဆိုပါ ဖြစ်​စဉ်​၏ ​နောက်​ဆက်​တွဲအ​ခြေအ​နေကိုလည်း အနီးကပ်​​စောင့်​ကြည့်​​နေ​ကြောင်း ကိုထွန်းနိုင်​က ဖြည့်​စွက်​​ပြောကြားပါသည်​။


Rohingya Eye
RB News
24.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာအုပ်စုတွင် စစ်သားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဆန်သယ်သူ ရိုဟင်ဂျာလူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ်မှ ဆန်ကုန်သည် ရခိုင်လူမျိုး တစ်ဦးက ဆန်များကားဖြင့် သယ်ဆောင်လာပြီး ၎င်း၏ ဖောက်သည်ဖြစ်သူ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာအုပ်စု အရှေ့ရွာ၏ အနောက်ဘက်ရှိ ဆန်ဆိုင်တွင် ရောင်းချရန် ဆန်အိတ်များကို ကွန်ကရစ်လမ်းတစ်ဖက်တွင် ချထားခဲ့သည်။ ဆိုင်ရှင်ဖြစ်သူက ဆန်သယ်သည့် အလုပ်သမားများ ငှားရမ်း၍ ဆန်အိတ်များကို ဆန်အတွင်းသို့ သယ်ဆောင်နေစဉ် စစ်သားများ ရောက်ရှိလာပြီး ဆန်အိတ်များကို သိမ်းယူရန် ကြိုးစားသော်လည်း ဆန်အိတ်များ သယ်ဆောင်လာသူမှာ ရခိုင်လူမျိုး ဖြစ်၍ သိမ်းယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

စစ်သားများရောက်ရှိနေချိန်တွင် အနီးအနားမှ ရွာသားများ ၀ိုင်းဝန်းကြည့်ရှုနေသဖြင့် ဆန်သယ်သည့် အလုပ်သမားတစ်ဦး ဖြစ်သူ အာဇီးဇ်ခါန် (ဘ) ဦးအာဘူဆီဒိခ် (အသက် ၁၉ နှစ်) က ၀ိုင်းဝန်းကြည့်ရှုနေသူများကို မကြည့်ရန်နှင့် မိမိတို့၏ နေရာသို့ ပြန်သွားရန် ပြောဆိုခဲ့ရာ၊ စစ်သားများက “ဘာပြောတာလဲ” ဟု မေးပြီးသည်နှင့် တပြိုင်နက် သေနတ်ဖြင့် အာဇီးဇ်ခါန်၏ ခြေထောက်ကို ပစ်ခတ်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 

ထိုသို့ ပစ်ခတ်ပြီး ခဏအကြာတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ ဦးဆွေယာဒ်ဟူဆောင်းနှင့် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်တို့ ရောက်ရှိလာပြီး ကံဘူးကျေးရွာ အခြေစိုက် တပ်ရင်းမှ တပ်ရင်းမှူးကို အကြောင်းကြားခဲ့ရာ၊ တပ်ရင်းမှူး ရောက်ရှိလာပြီး အခင်းဖြစ်စဉ်ကို လေ့လာခဲ့သည်။

ထို့နောက် တပ်ရင်းမှူးက အကြောင်းကြားခဲ့သူ နှစ်ဦးထံမှ “မတော်တဆ ထိမှန်ခြင်း ဖြစ်ကြောင်း၊ မည်သည့် ဌာနဆိုင်ရာကိုမှ အကြောင်းကြားမည် မဟုတ်ကြောင်း” ခံဝန် လက်မှတ်ယူ၍ ဒဏ်ရာရရှိသွားသူ အာဇီးဇ်ခါန်ကို ဆေးကုသပေးလျက် ရှိကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၅) ရက်နေ့မှစ၍ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရိုဟင်ဂျာများထံ ဆန်တင်ပို့ခြင်းကို စစ်သားများက ပိတ်ပင်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ဆန်တစ်အိတ်ထက် အပိုသယ်ဆောင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်ဟု သိရှိရသည်။ 

ဆန်ဆိုင်ပိုင်ရှင်မှာ ဦးနူရ်အာမီးန် ဖြစ်ပြီး မြို့မကညင်တန်းဈေးမှ ဆန်များဝယ်ယူ၍ ကားဖြင့် သယ်ဆောင်နေစဉ် စစ်သားများ တားမြစ်ခြင်းကို ခံခဲ့ရပြီးနောက် ရခိုင်လူမျိုး ဆန်ကုန်သည်ထံမှ ဆန်မှာယူ၍ ၀ယ်သည့်အခါ စစ်သားများက ဆန်ရောင်းချသူသည် ရခိုင်လူမျိုးဖြစ်နေသောကြောင့် ဘာမှ မလုပ်နိုင်၍ တမင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 



Rohingya Exodus