နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
10.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သတင်းပေးထား၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ မာမတ်အာလောမ် (ဘ) ဦးမာမတ်အစ္စလာမ် ကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းပေးရန်အတွက် ထားရှိပြီး မဟုတ်မမှန် သတင်းများဖြင့် ငွေညှစ်နေခြင်းကြောင့် ဒေသခံရွာသားများ ဒုက္ခရောက်နေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ပေါင်းဇားကျေးရွာတွင် စခန်းချထားသည့် စစ်တပ်မရှိသော်လည်း နယ်မြေ (၆) တွင် လှည့်ကင်းအဖြစ် လုံခြုံရေး ဆောင်ရွက်နေသော စစ်သားများသည် ပေါင်းဇားကျေးရွာသို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်စီ လာရောက်လေ့ရှိသည်။ ၎င်းတို့သည် ရွာတစ်ရွာသို့ ရောက်လျှင် တစ်ည သို့မဟုတ် နှစ်ည အိပ်လေ့ရှိသည်။ ၎င်းတို့သည် မာမတ်အာလောမ်ကို သတင်းပေးအဖြစ် ထားရှိပြီး၊ မာမတ်အာလောမ်က မည်သူအတွက် မလေးရှားရှိ သားက ငွေပို့ခဲ့သည်၊ မည်သူက တရားမ၀င် ပစ္စည်းရောင်းဝယ်နေသည်၊ မည်သူက မည်သို့ချမ်းသာသည်ဟု မဟုတ်မမှန် လုပ်ကြံ ပြောဆိုလေ့ရှိသည်။

စစ်သားများက ၎င်းပြောသည့်အတိုင်း ကာယကံရှင်များကို ဆင့်ခေါ်၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်။ ရွာသားများက ၎င်းအား ယခုကဲ့သို့ လုပ်နေခြင်းမှာ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုသောအခါ စစ်သားများအား စစ်တပ်ကို ဝေဖန်နေသည်ဟု တိုင်ကြားသည်။ စစ်သားများက စစ်တပ်ကို ဝေဖန်သူများဟု ဆိုကာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်၍ ဒုက္ခပေးသည်ဟု ဒေသခံများက ဆိုသည်။

မာမတ်အာလောမ် နှင့် မောင်တောမြို့ပေါ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲများကလည်း ချိတ်ဆက်ထားသည်။ မာမတ်အာလောမ်သည် မောင်တောမြို့ပေါ်သို့ မကြာခဏသွားရောက်၍ ပေါင်းဇားကျေးရွာမှ မြို့မဈေးသို့ ဈေးဝယ်ရန်လာကြသူများကို ရဲများအား ပြပေးသည်။ ထို့နောက်ရဲများက အပြစ်မဲ့ ပေါင်းဇားရွာသားများကို အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်သည်။ ငွေညှစ်ခံရခြင်းကြောင့် ပေါင်းဇားရွာသားများ မြို့ပေါ်သို့မသွားနိုင် ဖြစ်နေပြီး အရေးပေါ်သွားရလျှင်လည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲများ၏ ငွေညှစ်ခြင်းကို ခံနေရသည်။

မာမတ်အာလောမ် က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ကျေးကျွန် ဖြစ်နေပြီး စစ်သားများနှင့် ရဲများ ငွေညှစ်နိုင်ရန် အတွက် မဟုတ်မမှန် လုပ်ကြံပြောဆို သတင်းပေးနေခြင်းကြောင့် ရွာသားများ မကျေမနပ် ဖြစ်နေကြသည်။ ၎င်း၏ လုပ်ရပ်ကြောင့် မလိုလားအပ်သည့် ပြဿနာ ဖြစ်လာမည်ကို ကျေးရွာမှ ပညာတတ်များက အထူးစိုးရိမ်လျက် ရှိနေကြသည်။




MYARF
RB News
8.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများထံမှသာ ငွေညှစ်လျက် ရှိသည်။

မောင်တောမြို့ပေါ်တွင် ဆိုင်ကယ်နှင့် CNG သုံးဘီးကား မောင်းနှင်သော ရိုဟင်ဂျာများကို မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံး၏ အရှေ့ဘက်ရှိ ယာဉ်ထိန်းရဲရုံးရှေ့မှ ဖြတ်သွားလျှင် ရပ်တန့်ခိုင်းပြီး ဆိုင်ကယ် ဦးထုပ်ဆောင်း/မဆောင်း၊ ယာဉ်လိုင်စင်ရှိ/မရှိနှင့် ယာဉ်မောင်းလိုင်စင်ရှိ/မရှိ စစ်ဆေးသည်။ 

ဆိုင်ကယ်ဦးထုပ် ဆောင်းရန် ပျက်ကွက်သူများထံမှ ငွေကျပ် ၃ သောင်းမှ ၆ သောင်းထိ၊ ယာဉ်မောင်းလိုင်စင် မရှိပါက ငွေကျပ် ၁ သိန်းမှ ၂ သိန်းထိ ညှစ်ယူနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ အချို့က ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ မပျက်စီးသွားအောင် မူရင်းကို အိမ်တွင် သိမ်းထားပြီး မိတ္တူဆောင်ထားလေ့ရှိသည်။ ထိုသို့ မိတ္တူဆောင်ထားသူများကိုလည်း မိတ္တူနှင့် မောင်းနှင်ခွင့်မရှိဟု ဆိုကာ ဆိုင်ကယ်ကို ထိန်းသိမ်းထားပြီး မူရင်းကို ယူလာပြခိုင်းသည်။ မူရင်းယူလာလျှင်လည်း စည်းကမ်းလိုက်နာခြင်း မရှိဟုဆိုကာ ငွေကျပ် ၃ သောင်းမှ ၇ သောင်းထိ ညှစ်ယူလျက်ရှိသည်။ 

ယာဉ်လိုင်စင်မရှိသူများကို တရားစွဲဆို၍ တရားရုံးက လိုင်စင်မဲ့ယာဉ်များကို အပြီးပိုင်သိမ်းဆည်းသည်ဟု ဒေသခံများက ဆိုသည်။

ယာဉ်မောင်းလိုင်စင်မရှိသူနှင့် ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများကိုလည်း တစ်ခါတစ်ရံ တရားစွဲဆို၍ တရားရုံးမှ ငွေဒဏ်ချမှတ်ကြောင်း သိရသည်။

ယာဉ်ထိန်းရဲများ၏ စည်းကမ်းများသည် ရိုဟင်ဂျာများအတွက်သာ ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် အခြားလူမျိုးများ အတွက် အကျုံးဝင်ခြင်းမရှိဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ ဗုဒ္ဓဘာသာဝင်များ ယာဉ်မောင်းလိုင်စင်မရှိ၊ ဦးထုပ်မဆောင်းဘဲ မောင်းနှင်သွားလျှင်လည်း ယာဉ်ထိန်းရဲများက ၎င်းတို့ကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း လုံးဝမရှိဘဲ၊ စည်းမဲ့ကမ်းမဲ့ မောင်းနှင်လျှင်ပင် ရပ်တန့်ခိုင်းခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများကိုသာ စစ်ဆေး၍ ငွေညှစ်လျက်ရှိပြီး၊ ဗုဒ္ဓဘာသာဝင်များဆိုလျှင် စစ်ဆေးခံရန် မလိုအပ်ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောသည်။ 

ယာဉ်ထိန်းရဲများ၏ လုပ်ရပ်သည် လူမျိုး၊ ဘာသာခွဲခြား ပစ်မှတ်ထား၍ ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 




MYARF
RB News
5.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုး အကာများကို ပယ်ဖျက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များသို့ အမိန့်စာ ပေးပို့ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ပေးပို့ခဲ့သည့် အမိန့်စာတွင် (၇) ရက်အတွက် ပယ်ဖျက်ပေးရန် ရေးသားထားပြီး အကယ်၍ (၇) ရက်အတွင်း ပယ်ဖျက်ခြင်းမရှိပါက ကွင်းဆင်းစစ်ဆေးသည့်အခါ တွေ့လျှင် အရေးယူသွားမည်ဟု ရေးသားထားသည်။ အဆိုပါ အမိန့်စာကို ဇူလိုင်လ (၂) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ရပ်ကွက်ကျေးရွာအချို့တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများကို လုံးဝ ပယ်ဖျက်ရန် အမိန့်ပေးပြီးနောက် နယ်ခြားစောင့်ရဲများ ကွင်းဆင်း၍ ခြံစည်းရိုးများကို ကိုယ်တိုင် ဖျက်ဆီးခဲ့သည်။

ထိုအချိန်မှစ၍ ယနေ့ထိ မောင်တောရှိ ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများ လုံလုံခြုံခြုံ မရှိပေ။ လမ်းမကြီး တစ်လျှောက်ရှိ အိမ်ခြံဝင်းများတွင် အမျိုးသမီးများ လုံလုံခြုံခြုံ ဖြစ်စေရန် ခြံဝင်း၏ အစိတ်အပိုင်း အချို့ကို တာပေါ်လင်၊ ပလတ်စတစ်များဖြင့် ကာထားရသည်။ အချို့က သွပ်၊ ၀ါးများဖြင့် ကာထားသည်။ ထိုသို့ကာထားသည်ကိုလည်း ပယ်ဖျက်ရန်၊ လမ်းမကြီးမှ ကြည့်လျှင် အိမ်နောက်ဖေးထိ မြင်ရအောင် ထားရမည်ဟု နယ်ခြားစောင့်ရဲများက အမိန့်ပေးသည်။

“ရိုဟင်ဂျာတွေ ခြံစည်းရိုး ကာထားတာက အမျိုးသမီးတွေနဲ့ အိမ်နဲ့ခြံဝင်း လုံခြုံဖို့ပါ။ အခု ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကြောင့် အမျိုးသမီးတွေ မလုံခြုံတော့ဘူး။ အမိန့်ကလည်း ရိုဟင်ဂျာတွေ အတွက်သီးသန့် ဖြစ်နေတယ်။ အခြားလူမျိုး၊ ဘာသာဝင်တွေ အတွက် မဟုတ်ဘူး။ အရင် ကွပ်ကဲရေးမှူးကလည်း ရိုဟင်ဂျာတွေရဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့ပြီး အခြားလူမျိုး ဘာသာဝင်တွေရဲ့ ခြံစည်းရိုးတွေ လုံးဝ ဖျက်ဆီးခြင်း၊ ပယ်ဖျက်ခြင်း မရှိခဲ့ဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက ခြံစည်းရိုးများ ပယ်ဖျက်ပေးရန် အမိန့်မထုတ်ပြန်မီ ဇွန်လ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် ဒုညောင်ပင်ကြီး၊ ပန်းတောပြင် ကျေးရွာများသို့ သွားရောက်၍ ခြံစည်းရိုးများ ပယ်ဖျက်ရန်၊ ပုဇွန်ကန်များရှိ တဲများ၏ နံရံများ ဖျက်ပစ်ရန် ပြောဆိုခဲ့သည်။

ယခု ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ထုတ်ပြန်ချက်မှာ တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူး၏ ပယောဂကြောင့်သာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။




MYARF
RB News
4.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တပ်ရာကျေးရွာမှ CNG သုံးဘီးကား မောင်းနှင်သူ ဦးဟာမိဒူလ္လာ (ဘ) ဦးဟာမိတ်ဟူစိန်း သည် ဇွန်လ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်း၏ ညီဖြစ်သူကို သုံးဘီးကားပေါ်တင်၍ မောင်းနှင်ကာ ဘူးသီးတောင်မြို့မဈေးမှ နေအိမ်သို့ သွားနေစဉ် လမ်းတွင် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး က ကားကို ရပ်တန့်ခိုင်းပြီး WY စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားနေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ငွေတောင်းခံခဲ့သည်။ ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သောကြောင့် ငွေမပေးနိုင်ဟု ပြောသောအခါ ဒုရဲအုပ်ကျော်စိုးက ၎င်းတို့အား ရိုက်နှက်သည့်အပြင် စိတ်ကြွဆေးပြားများ ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက် တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေ နှစ်သိန်း ညှစ်ယူပြီး ည (၇) နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဇွန်လ (၃၀) ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် ဦးဟာမိဒူလ္လာသည် ၎င်း၏ သုံးဘီးကားဖြင့် ဘူးသီးတောင်ဈေးရှေ့သို့ ရောက်ရှိသည်နှင့် ယာဉ်ထိန်းရဲများက ခေါ်၍ မင်းကို မနေ့က ရဲတွေဖမ်းခဲ့တယ်၊ ရဲတွေကို မင်းက ငွေပေးခဲ့တယ်၊ မင်း WY ရောင်းနေတယ်၊ ငါတို့ အကုန်သိတယ် ဟု ပြောဆို၍ ငါတို့ကိုလည်း ငွေနှစ်သိန်း ပေးရမယ်၊ မဟုတ်ရင် ဖမ်းပြီး ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်၍ ယင်းနေရာမှ ထွက်ခွာခွင့် မပြုဘဲ နေ့လည် ၂ နာရီထိ ထားရှိပြီး ငွေကျပ် တစ်သိန်း ပေးမှ လွှတ်ပေးခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများက နေ့စဉ်နှင့် အမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ၎င်းတို့နှင့် အတူ အသင့်ပါလာသည့် WY စိတ်ကြွဆေးပြားများကို ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူပြီးနောက် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

“ရဲတွေက ရွာထဲမှာ သူတို့ကို သတင်းပေးဖို့ လူတွေထားတယ်။ တပ်ရာရွာမှာဆိုရင် မာမတ်အီနုစ် (ဘ) ဦးဖူတိန္နား ကို ရဲတွေက သတင်းပေးအဖြစ် ထားတယ်။ သတင်းပေးက ရဲတွေ ငွေရအောင် ကြံဖန်ပြီး သတင်းပေးရတယ်။ ငွေကြေး နည်းနည်းပြေလည်တဲ့လူတွေကို ပစ်မှတ်ထားဖို့အတွက် ရဲတွေကို သတင်းပေးတော့ ရဲတွေက အဲဒီလူတွေကို ပစ်မှတ်ထားပြီး လုပ်ကြံစွပ်စွဲပြီး ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။




MYARF
RB News
4.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC မပါဘဲ ဂိတ်မှ ကျော်ဖြတ်ခွင့် မပေးတော့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လွန်ခဲ့သည့် သုံးရက်မှ စ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC ရှိမှသာ ကျော်ဖြတ်ခွင့်ပေးပြီး၊ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ကွပ်ကဲရေးမှူး အမိန့်အရ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်ရဲများက ပြောကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်

“NVC ရှိမှ ဂိတ်​​ကျော်​ခွင့်​​ပေးတာ။ NVC မရှိရင်​ ဖြတ်​​ကျော်​ခွင့်​ လုံးဝ မ​ပေးဘူး။ ကွပ်​ကဲ​ရေးမှူး အမိန့်​အရ လုပ်​​နေတာ ဖြစ်​တယ်​လို့ နယ်ခြားစောင့်ရဲတွေက ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

မောင်​​တော ​တောင်​ပိုင်းတွင်​ ရိုဟင်​ဂျာများ​နေထိုင်​ခဲ့သည့်​ ​ကျေးရွာ​ပေါင်း ၂၅ ရွာ​ကျော်​ရှိခဲ့သည့်​အနက်​ ယခုအခါ ​ကျေးရွာ​ သုံးရွာတွင်​ လူအနည်းငယ်​စီသာ ရှိသည်​။ ကျန်​​ကျေးရွာများကို လွန်ခဲ့သည့်နှစ်က နယ်​​မြေရှင်းလင်း​ရေးခေါင်းစဉ်တပ်၍ အာဏာပိုင်​များက မီးရှို့​ခဲ့ခြင်းကြောင့် ဒေသခံရိုဟင်ဂျာအများစုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။

မောင်​​တော ​တောင်​ပိုင်း၌ ကျန်​ရှိ​နေသည့်​ ရိုဟင်​ဂျာ​ကျေးရွာများမှာ ပန်း​တောပြင်​၊ ​ညောင်​​ချောင်းနှင့်​ ဒု​ညောင်​ပင်​ကြီး ​ကျေးရွာများဖြစ်​ကြပြီး ယခုအခါ အဆိုပါ ​ကျေးရွာသားများသည်​ ၎င်းတို့၏ရွာများထဲတွင် ပိတ်​မိ​နေသကဲ့သို့ ဖြစ်​​နေသည်။

ပန်း​တောပြင်​​ကျေးရွာသည်​ ​မောင်​​တောမြို့နှင့်​ တစ်​မိုင်​ခန့်​သာ ​ဝေး​ပြီး ရွာသားအများစုသည်​ မြို့​ပေါ်တွင် အ​ရောင်းအဝယ်​ ပြုလုပ်​၍ အသက်​​မွေးဝမ်း​ကျောင်း ပြုနေသူများဖြစ်ကြသည်။ ယခုအခါ အဆိုပါ တံတားကင်းစခန်းမှ နယ်​ခြား​စောင့်​ရဲများက အသွားအလာ ကန့်​သတ်​လိုက်​မှု​ကြောင့်​ ​ကျေးရွာသားများ အလွန်​တရာ ဒုက္ခ​ရောက်​​နေသည်ဟု ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။ 

“NVC ကိုင်​တာ မကိုင်​တာက ဒီနယ်​ခြား​စောင့်​ရဲ​တွေနဲ့ ဘာမှ​တော့ ဆိုင်​တာ မဟုတ်​ဘူး။ ဒါက လူ​တွေကို တမင်​သက်သက် ဒုက္ခ​ပေး​နေတာ။ ကျွန်တော်တို့က မြို့​ပေါ် အ​ရောင်းအဝယ်​ သွားလုပ်​​နေရသူ​တွေ ဖြစ်​​တယ်​။ အခုကျ သူတို့က သွားခွင့်​မ​ပေး​တော့ အ​တော်​​လေး ဒုက္ခ​ရောက်​​နေကြတာ​ပေါ့​ဗျာ။ ရွာထဲ ပိတ်​မိ​ထားသလို ဖြစ်​​နေတယ်​” ဟုဆိုသည်။

ထို့အပြင် မြို့ပေါ်သွား၍ ​ကျောင်းတက်​​နေရသည့်​ ​ကျောင်းသား​ကျောင်းသူများသည်​လည်း လမ်းတွင် လူအသွားအလာ နည်းပါး​နေမှု​ကြောင်း မြို့​ပေါ်သို့ မသွားမဝံ့ဖြစ်​​​နေ​ကြောင်း ​ကျောင်းသားမိဘ တစ်​ဦးက ပြောသည်။

“သာမန်​လူ​တွေကို အသွားအလာကန့်​သတ်​လိုက်​​တော့ လမ်းမှာက လူသူမရှိဘူး ဖြစ်​​နေတယ်​။ အဲ့​တော့ က​လေး​တွေက ဒီစခန်းကို ဖြတ်​ပြီး မသွားဝံ့ဘူး ဖြစ်နေတယ်။ ​ကြောက်​တာ​ပေါ့​ဗျာ။ က​လေး​တွေကို လိုက်​ပို့ဖို့ သွားတဲ့ မိဘ​တွေကို ဂိတ်​​ကျော်​ခွင့်​မ​ပေးဘူး​လေ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကင်းစခန်းက နယ်​ခြား​စောင့်​ရဲများသည်​ ကင်းစခန်းကို ဖြတ်​​ကျော်​သွားလာသည့်​ CNG ယာဉ်​များမှ တစ်​ကြိမ်​လျှင်​ ​ငွေကျပ်​ငါးရာစီ၊ ​ယာဉ်​ကြီးဆိုလျှင်​ ​ငွေကျပ်​ ၁၀၀၀ စီ ကောက်​ခံ​နေ​သည့်​အပြင်​ ​မော်​တော်​ဆိုင်​ကယ်​ဖြင့်​ သွားသည့်​ လမ်းသွားလမ်းလာများကိုလည်း ဆိုင်​ကယ်​​ပေါ်က ဆင်းပြီး တွန်း၍သွားခိုင်း​နေ​ကြောင်း သိရှိရပါသည်​။ 

ပန်း​တောပြင်​ တံတားစခန်းမှ နယ်​ခြား​စောင့်​ရဲများ၏ ​ဒေသခံပြည်​သူများအ​ပေါ် မ​တော်​မတရား ပြုလုပ်​​နေ​သည်များကို တာဝန်​ရှိ ကွပ်​ကဲ​ရေးမှူးက ဟန့်​တားအ​ရေးယူ​ပေးရန် ​ဒေသခံများက လိုလား​နေကြသည်။




MYARF
RB News
2.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မဈေးဂိတ်ဝရှေ့တွင် ရိုဟင်ဂျာများ မောင်းနှင်သည့် သုံးဘီး CNG ကားများရပ်လျှင် ရိုက်နှက် လုယက်ခံရသည်။

ဘူးသီးတောင်မြို့နယ် မြို့ဈေးဂိတ်ဝရှေ့တွင် CNG သုံးဘီးကားများရပ်၍ ခရီးသည်တင်သည့် နေရာဖြစ်သော်လည်း ယင်းနေရာတွင် ရိုဟင်ဂျာများ မောင်းနှင်သည့် CNG သုံးဘီးကားများ ရပ်၍ ခရီးသည်တင်လျှင် ရခိုင်လူမျိုး CNG မောင်းနှင်သူများက ရိုက်နှက်ခြင်း၊ ငွေပစ္စည်းများလုယက်ခြင်း၊ ဘီယာဘူးများ ၀ယ်ပေးခိုင်းခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ မတရားသဖြင့် ပြုမှုခံရသည်များကို ဘူးသီးတောင်မြို့နယ် အခြေစိုက် ယာဉ်ထိန်းရဲများကို တိုင်ကြားသော်လည်း ယာဉ်ထိန်းရဲများက ဖြေရှင်းမပေးဘဲ ၎င်းတို့နှင့် မသက်ဆိုင်သလိုနေ၍ သောင်းကျန်းနေသူများကို သွယ်ဝိုက်၍ အားပေးနေသည်ဟု ဒေသခံများက ဆိုသည်။ အရေးယူမှုတစ်စုံတစ်ရာ မရှိသောကြောင့် နေ့စဉ်ရက်ဆက် အနိုင်ကျင့်လျက်ရှိသည်။ 

“မြို့မဈေးရှေ့ ဂိတ်ဝမှာ ရပ်စောင့်ပြီး ခရီးသည်မတင်ရင်တောင် အဲဒီနေရာက ခရီးသည်များ အများစု အတက်အဆင်း လုပ်တဲ့နေရာဖြစ်နေတော့ မဖြစ်မနေ အဲဒီကို သွားကိုသွားရတယ်။ ရခိုင် CNG သမားတွေက ရိုဟင်ဂျာ CNG သမားတွေ့တာနဲ့ ဒုက္ခပေးတော့တာပဲ။ သက်ဆိုင်ရာကို တိုင်ရင်လည်း အရေးမယူဘူး။ အဓိက ဒီအရပ်ဒေသမှာ ရိုဟင်ဂျာတွေဘက်က ရပ်တည်ပေးတဲ့ ဥပဒေဆိုတာ မရှိဘူး” ဒေသခံတစ်ဦးက ပြောသည်။



MYARF
RB News
2.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် မောင်တော တောင်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ခြိမ်းခြောက်ခဲ့သည်။ 

ဇွန်လ (၂၉) ရက်နေ့တွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအုပ်စု ဝေသာလီစခန်းတွင် တာဝန်ကျနေသည့် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အင်အား (၅၀) ခန့်ရှိသည့် အဖွဲ့သည် ဒုညောင်ပင်ကြီးနှင့် ပဒင်းကျေးရွာသို့များသို့ လုံခြုံရေး ကင်းလှည့်သည့် ပုံစံဖြင့် သွားရောက်၍ ရွာများကို လှည့်လည်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ လမ်းတစ်လျှောက်ရှိ အိမ်များတွင် အမျိုးသမီးများအတွက် အကာဖြစ်အောင် ကာထားသည့် ခြံစည်းရိုးများ ပယ်ဖျက်ပေးရန်နှင့် ပုဇွန်ကန်များတွင် ဆောက်လုပ်ထားသော တဲများ၏ နံရံများ ပယ်ဖျက်ပေးရန် အမိန့်ပေးခဲ့သည်။ 

ထို့အပြင် ယင်းရွာများတွင် ဘင်္ဂလားဒေ့ရှ်မှ လူများပြန်ဝင်လာသည်များ ရှိကြောင်း၊ ထိုလူများကို ရွာမှ အမြန်ဆုံး နှင်ထုတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ဒီတစ်ကြိမ်ဘဲပြောတာ၊ နောက်မပြောတော့ဘူး၊ ၀င်လာရင် တွေ့မယ်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇွန်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဒု-တပ်ရင်းမှူးနှင့် အဖွဲ့သည် ပန်းတောပြင်ကျေးရွာသို့ သွားရောက်၍ ဒု-ညောင်ပင်ကြီးနှင့် ပဒင်းကျေးရွာများတွင် ပြောဆိုခဲ့သည့်အတိုင်း ပြောဆိုခဲ့သည်။

တပ်ရင်း (၅၅၁) မှ ဒု-တပ်ရင်းမှူးသည် ၎င်းသွားသည့် ကျေးရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မင်းတို့ ငါတို့နဲ့ ပူးပေါင်းမှုမရှိဘူးဟု စွပ်စွဲပြောဆို၍ ရှောင်တခင် ၀င်စစ်တဲ့အခါမှာ တစ်ခုခုတွေ့ရင် တစ်ရွာလုံး အပြစ်ပေးခံရမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်ခြင်းမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို ၎င်းအား ငွေဆက်သခြင်း မရှိခြင်း၊ မဟုတ်မမှန်သတင်းများ ပေး၍ ငွေညှစ်၍ရအောင် ဖန်တီးမပေးခြင်း တို့ကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

Rohingya Eye
RB News
2.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် ဒုက္ခသည်များထံမှ နယ်ခြားစောင့်ရဲများက ငွေညှစ်ခဲ့သည်။

ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်အား ၁၀၀ ကျော်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင် ကျေးရွာအတွင်း လက်ကျန်ရှိနေသည့် အိမ် (၁၀) လုံးအနီးတွင် တဲထိုး၍ နေထိုင်ကြသည့် ဒုက္ခသည်များရှိရာသို့ ရောက်ရှိလာပြီး၊ ၆၀ ခန့်က တဲများနှင့် အိမ်များကို ၀ိုင်းရံ၍ ကျန်သည့် နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် တဲများနှင့် နေအိမ်များအတွင်းသို့ ၀င်ရောက်သွားခဲ့သည်။

ထို့နောက် ၎င်းတို့သည် အိမ်ထောင်စုစာရင်းများနှင့် လူဦးရေများ တိုက်ဆိုင် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် မိသားစုစာရင်းများအတွင်း လိုတိုပိုလျှော့ ဖြစ်နေခြင်း၊ ဥပဒေနှင့် မလွတ်မကင်းသည့် အရာများ တွေ့ရှိခြင်းများ မရှိခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ၀ိုင်းရံထားပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေ တိုက်ဆိုင် စစ်ဆေးနေသဖြင့် ဦးဆယာဒ်အဟမွတ်သည် ငါးကန်တွင် ငါးသွားဖမ်းနေသည့် ၎င်း၏သား ဖြစ်သူ မိုဟာမတ်ဟာရှိမ်း (အသက် ၂၀ နှစ်) ကို အိမ်ပြန်လာရန် အကြောင်းကြားလိုက်သဖြင့် အိမ်ပြန်လာနေစဉ် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် မိုဟာမတ်ဟာရှိမ်းသည် ရွာသားတစ်ဦး ဖြစ်သည်ဟု အာမခံ၍ ပြောကြားပေးသော်လည်း ၎င်းအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၀ ခန့်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဖြူထွန်းနှင့် အတူ ပြန်လည်ရောက်ရှိလာပြီး ဦးဟာရွန်၏ သားများဖြစ်ကြသည့် ဦးမိုစ်တော်ဗစ် (အသက် ၄၂ နှစ်) နှင့် ဦးဇော်မိလ် (အသက် ၃၈ နှစ်) တို့ ညီအစ်ကိုအား လာရောက်ရှာဖွေခဲ့သည်။ ၎င်းတို့နှစ်ဦးအား နံနက်ပိုင်းတွင် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့စဉ် စစ်ဆေးခဲ့ပြီး ထပ်မံရှာဖွေသဖြင့် စိုးရိမ်ကြောင့်ကြ၍ ရွာမှ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောပါသည်။

“ရွာထဲကို အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ ၀င်ပြီး စစ်တယ်ဆိုရင် အမျိုးသားတွေကို အကြောင်းမဲ့ ဖမ်းပြီး ငွေညှစ်တယ်၊ ရိုက်တယ်နှက်တယ် ဆိုတော့ ပစ်မှတ်ထား ရှာဖွေခံရင် ထွက်ပြေး တိမ်းရှောင်ရတယ်။ ဒီညီအစ်ကို နှစ်ယောက် အပြစ်မဲ့တွေဖြစ်ပေမယ့် ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခံရမှာ စိုးလို့ တိမ်းရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




MYARF
RB News
30.6.2018

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာရှိ အထက်တန်းကျောင်းတွင် ကျောင်းဆောင် ဆောက်လုပ်ရန် သွားသည့် ပန်းရံသမားများကို အထူးထောက်လှမ်းရေး SB က ခြိမ်းခြောက်၍ မောင်းထုတ်ခဲ့သည်။ 

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဆော်နာအုလ္လာသည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ ဦးထွန်းလှစိန် တို့၏ ခွင့်ပြုချက်ဖြင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာကျေးရွာရှိ အထက်တန်းကျောင်း၌ ကျောင်းဆောင် ဆောက်လုပ်ရန် ရိုဟင်ဂျာ ပန်းရံလုပ်သား (၃၀) ဦးနှင့် ဗမာလူမျိုး ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးတို့ကို ဇွန်လ (၂၅) ရက်နေ့က လွှတ်ခဲ့သည်။ 

အဆိုပါ ပန်းရံလုပ်သားများနှင့် အင်ဂျင်နီယာတို့ တောင်ပြိုလက်ယာရှိ အထက်တန်းကျောင်းသို့ ရောက်သည်နှင့် အနီးအနားကျေးရွာများမှ ရခိုင်နှင့် မာရမာကြီးလူမျိုး ၃၀၀ ခန့် တုတ်၊ ဓါးများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ၀န်းရံခဲ့ရာ ပန်းရံသမားများက မောင်တောမှ ဦးထွန်းလှစိန်က ခင်ဗျားတို့အတွက် ကျောင်းဆောင် ဆောက်လုပ်ပေးရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှင်းပြရာ အဆိုပါ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် လူအုပ် ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ထို့နောက် တောင်ပြိုလက်ဝဲတွင် တာဝန်ကျနေသည့် စစ်တပ်တပ်ရင်းမှ စစ်သားများ ရောက်ရှိလာပြီး ပန်းရံသမားများအား စစ်ဆေးရာ ခွင့်ပြုချက်အရ ကျောင်းဆောက်လုပ်ရန် ရောက်ရှိလာကြောင်း ရှင်းပြသဖြင့် စစ်သားများလည်း ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

စစ်သားများ ထွက်သွားပြီးနောက် တောင်ပြိုလက်ဝဲမှ အထူးထောက်လှမ်းရေး SB တစ်ဦး ရောက်ရှိလာပြီး မင်းတို့ ဘယ်က ကုလားလဲ၊ ငါ့နယ်ကို ဘယ်သူဝင်ခွင့်ပြုတာလဲ၊ ကုလားဆိုတာ ငါမမြင်ချင်ဘူး၊ ကုလားမြင်ရင် ငါသတ်ပစ်လိုက်ချင်တယ်၊ ငါ့နယ်က အခုချက်ချင်းထွက် မဟုတ်ရင် ငါမင်းတို့ကို သတ်ပစ်မယ် ဟု အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုခဲ့သည်။ 

အဆိုပါ SB က ဗမာလူမျိုး အင်ဂျင်နီယာကို မြေပေါ်တွင် ဒူးထောက်ခိုင်းပြီး လက်များကို ခေါင်းပေါ်သို့ တင်ကာ ဦးညွတ်ခိုင်း၍ မင်းက အကြမ်းဖက်ခေါင်းဆောင်လား၊ မင်းက အကြမ်းဖက်သမားတွေကို ခေါ်လာတာလားဟု အမျိုးမျိုးစော်ကား ပြောဆို၍ ချက်ချင်း ထွက်သွားဟု ဆိုကာ နှင်ထုတ်ခဲ့သည်။ 

ထိုစဉ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ယခု နေ၀င်ချိန်ဖြစ်နေ၍ ထွက်သွားရန် မဖြစ်နိုင်ကြောင်း၊ မနက်ကျလျှင် ထွက်သွားစေရမည်ဟု ကတိပေးမှ ၎င်းတို့အားလုံးကို ညအိပ်ခွင့်ပေးခဲ့ကြောင်း၊ ဇွန်လ (၂၆) ရက်နေ့ နံနက်အစောပိုင်းတွင် မောင်တောမှ ကားပို့၍ ပြန်ခေါ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စစ်တပ်နှင့် ရခိုင်၊ မာရမာကြီးများက ၎င်းတို့အတွက် ကျောင်းဆောင် ဆောက်လုပ်ပေးမည်ကို သိ၍ ပြန်သွားသော်လည်း SB ကြမ်းတမ်းရိုင်းပျစွာ ဆက်ဆံ၍ နှင်ထုတ်ခြင်းမှာ နံ့သာတောင်ကျေးရွာရှိ နံ့သာတောင်ကျောင်းတိုက်မှ ဘုန်းကြီး၏ ပယောဂကြောင့်သာ ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် လက်နက်များ တင်သွင်း၍ စုဆောင်းထားခဲ့ကြောင်း၊ ယင်းကျေးရွာတွင် နေထိုင်သူများနှင့် ဘုန်းကြီးများသည် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်နေထိုင်သူများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောပါသည်။ 




MYARF
RB News
29.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ တာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။

ဇွန်လ (၁၉) ရက်နေ့မှစ၍ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ခေါ်ယူ၍ အလုပ်လုပ်ခိုင်းခဲ့သည့် ရိုဟင်ဂျာ အလုပ်သမား (၄) ဦးကို ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီးနောက် ဇွန်လ (၂၅) ရက်နေ့တွင် မောင်တောတရားရုံးမှ ရမန်ယူကာ (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

အဆိုပါ အလုပ်သမား (၄) ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဇွန်လ (၂၈) ရက်နေ့တွင် ကျီးကန်းပြင်ကျေးရွာတာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးလှရွှေအား ဖမ်းဆီးခံထားရသည့် အလုပ်သမား (၄) ဦးက ကျီးကန်းပြင်ကျေးရွာတွင် အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများရှိသည်ဟု ထွက်ဆိုထားသည်ဟု ပြောဆို၍ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အလုပ်သမား (၄) ဦးကို ဖမ်းဆီးစဉ်က ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆို၍ ဖမ်းဆီးခဲ့သော်လည်း ယခုအခါ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများက ပြောဆိုနေသည်။ 

ကျေးရွာတာဝန်ခံ စစ်ဆေးခံရသဖြင့် ရွာကိုလည်း ၀န်းရံ၍ စစ်ဆေးကာ အပြစ်မဲ့များကို ဖမ်းဆီးနိုင်သည့် အခြေအနေ ရှိနေသဖြင့် အမျိုးသားများ နေအိမ်များတွင် နေထိုင်ရန် ကြောက်ရွံနေကြသည်။

“အစိုးရ လက်နက်ကိုင်တွေ လာပြီး စစ်ရင်တော့ တွေ့သမျှ အမျိုးသားတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲမယ်။ မတရားဖမ်းမယ်။ တစ်ချို့ကို ငွေညှစ်ပြီး ပြန်လွှတ်ပေးမယ်၊ တစ်ချို့ကို မတရားထောင်ချလိုက်မယ်၊ အဲဒါတွေကြောင့် အမျိုးသားတွေက အိမ်တွေမှာ နေဖို့ ကြောက်နေကြတယ်။ အမျိုးသားတွေ အိမ်မှာမရှိတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ဆိုသူတွေက အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ လိင်အကြမ်းဖက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဆက်စပ်သတင်း -- https://bit.ly/2MymvZr




MYARF
RB News
28.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ မူလွန်ကျောင်းတွင် ဆရာမက ကျောင်းသူများကို ဖိနပ်ဖြင့် ရိုက်နှက်ခဲ့သည်။ 

ဇွန်လ (၂၇) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ပထမတန်းမှ အတန်းပိုင်ဆရာမက ကျောင်းသား/သူများကို စာရေးခုံပေါ်တွင် ခေါင်းမှောက်၍ မျက်စိမှိတ် ငြိမ်နေရန် ပြောကြားခဲ့ပြီးနောက် ကျောင်းသား/သူများကလည်း ဆရာမမှာကြားသည့်အတိုင်း ငြိမ်နေခဲ့ကြသည်။ ထိုစဉ် ကျောင်းသူ (၃) ဦးက မျက်စိဖွင့်၍ နောက်ဘက်သို့ လှည့်ကြည့်သဖြင့် ဆရာမက အားမနာဟု ဆိုကာ စီးထားသည့် ဖိနပ်ကိုချွတ်၍ ကျောင်းသူငယ် (၃) ၏ နောက်ကျောကို ဖိနပ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ကျောင်းသည် ယခင်က မူလတန်းကျောင်း (စံပြ) ဖြစ်ခဲ့ပြီး ယခုအခါ မူလတန်းလွန်ကျောင်း (စံပြ) ဖြစ်လာသည့် ကျောင်းဖြစ်သည်။ 

ယင်းကျောင်းတွင် ပညာသင်ယူနေသည့် ကျောင်းသား/သူများမှာ ရိုဟင်ဂျာကလေးများသာ ဖြစ်ကြသည်။ အချို့ဆရာမများက ကျောင်းသား/သူများနှင့် မိဘများကို “ကုလား” ဟု သုံးနှုန်းခေါ်ဝေါ်၍ ခွဲခြားဆက်ဆံလေ့ရှိသည်။ 

“အခုခေတ် ပညာရေးဥပဒေမှာ စာသင်ခန်းထဲကို ဆရာ/မ တွေ တုတ်တောင် ကိုင်လို့မရဘူး၊ ကလေးတွေကို ရိုက်လို့လည်း မရဘူး။ ဆိုဆုံးမခွင့်သာ ရှိတယ်။ ကျောင်းသား/သူတွေ စည်းကမ်းဖောက်ရင် မိဘတွေကို ခေါ်ပြီး သတိပေးတာ၊ ခံဝန်လက်မှတ်ထိုးခိုင်းတာ၊ ကျောင်းကထုတ်လိုက်တာ စတာတွေသာ လုပ်ခွင့်ရှိတယ်။

“ကျောင်းသားတွေကို တုတ်နဲ့ ရိုက်ခွင့်မရှိတဲ့အချိန်မှာ ဆရာမက ဖိနပ်နဲ့ ရိုက်တာကတော့ လူမျိုးရေးခွဲခြားပြီး တမင်လုပ်တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



Armaan Arakani
RB News
28.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ယနေ့ ဇွန်လ (၂၈) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် ငါးခူရကျေးရွာမှ အစ္စမိုင်လ် (ဘ) ဦးဘောဒူရောန် (အသက် ၂၃ နှစ်) ကို ကပ္ပကောင်းကျေးရွာအုပ်စုမှ အမြဲအရက်သောက်ပြီး ပြဿနာ ဖန်တီးလေ့ရှိသည့် မောင်လှဝင်း က ငါးခူရဈေးတွင် ၎င်း၏ ဆိုင်ကယ်ကို ထိသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အစ္စမိုင်လ်သည် မောင်လှဝင်း၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် သတိလစ်သွားသလို ဖြစ်နေချိန်တွင် ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်းနှင့် မောင်စောဝင်း တို့ရောက်ရှိလာပြီး ငါးခူရကျန်းမာရေးဌာနသို့ပို့၍ အသက်ကယ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ကပ္ပကောင်းကျေးရွာမှ မောင်လှဝင်းသည် စိတ်ကြွဆေးပြား လုပ်ငန်း၊ ပုဇွန်ကန်လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သောကြောင့် အာဏာပိုင်များက ၎င်းအား မည်သည့်အခါကမှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ ထို့ကြောင်း ၎င်းက ငါးခူရဈေးသို့ ဈေးဝယ်ရန်လာသည့် ဒေသခံရိုဟင်ဂျာများကို အမြဲရိုက်နှက်၍ ဒုက္ခပေးလေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ငါးခူရကျေးရွာတစ်နေရာ

Rohingya Eye
RB News
28.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျန်ရှိနေသည့် ငန်းချောင်းရွာကို အစိုးရမှ ပြောင်းရွှေ့ မပေးလျှင် မီးရှို့ပစ်မည်ဟု ပြောဆိုခဲ့ကြောင်း လျှို့ဝှက်အစည်းအဝေးတွင် ပြောဆိုခဲ့သည့် သတင်းအချို့ ထွက်ပေါ်နေသည်။

ဇွန်လ (၂၀) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာတွင် ဒေသခံရခိုင်များနှင့် အာဏာပိုင်အဖွဲ့အစည်း အချို့ ပူးပေါင်း၍ လျှို့ဝှက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ဒေသခံရခိုင်များက မောင်တော (၃) မိုင်မှ မြောက်ပိုင်း ဗန္ဓုလထိ ကားလမ်းတစ်လျှောက်တွင် ငန်းချောင်းကျေးရွာတစ်ရွာတည်း မွတ်စလင်ရွာ ကျန်ရှိနေပြီး ယင်းရွာမှ ဖြတ်သန်းသွားလျှင် စိုးရိမ်စရာရှိနေသောကြောင့် အဆိုပါရွာကို အစိုးရက ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ပြောင်းရွှေ့ မပေးပါက မီးရှို့မည်ဟု အာဏာပိုင်များထံ တင်ပြခဲ့ကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သူတစ်ဦးနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် မောင်တောမြို့ပေါ်မှ ရခိုင်လူကြီးအချို့လည်း တက်ရောက်ခဲ့သည်။

ဖားဝပ်ချောင်းရွာတွင် လမ်းခင်းရန်အတွက် ငန်းချောင်းရွာသားများ သွားရောက်လေ့ရှိသဖြင့် အစည်းအဝေးနေ့ မတိုင်မီတစ်ရက်အလိုတွင် ဖားဝပ်ချောင်း အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ငန်းချောင်းရွာသားများကို လုပ်ငန်းခွင်သို့ မလာရန် တားမြစ်ခဲ့ကြောင်း ဒေသခံအချို့က RB News သို့ပြောသည်။

ယခုကဲ့သို့ သတင်းထွက်ပေါ်နေခြင်းကြောင့် ငန်းချောင်းရွာသားများ စိတ်မချမ်းမသာ ဖြစ်နေရသည်။ ငန်းချောင်းရွာသားများသည် အာဏာပိုင်များနှင့် ပူးပေါင်း၍ လုံခြုံရေးကို အမြဲသတိထား၍ နေထိုင်သူများ ဖြစ်ပြီး၊ အာဏာပိုင်များကလည်း ၎င်းတို့၏ ပူးပေါင်းမှုအပေါ် အသိအမှတ်ပြု၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သည်။




MYARF
RB News
27.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရိုဟင်ဂျာအလုပ်သမား (၄) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ အလုပ်ခိုင်းပြီးနောက် လုပ်ကြံဖန်တီး၍ ဖမ်းဆီးထိန်းသိမ်း ထားသည်။

မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာမှ ဈေးသည်တစ်ဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့တွင် နေ့စဉ် ဟင်းသီးဟင်းရွက် ရောင်းချလေ့ရှိပြီး နယ်ခြားစောင့်ရဲများက ၎င်းထံမှ ဟင်းသီးဟင်းရွက် ၀ယ်ယူသဖြင့် အချင်းချင်း ရင်းနှီးမှု ရှိကြသည်။ ဇွန်လ (၁၈) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက အဆိုပါ ဈေးသည်အား နယ်ခြားစောင့်ရဲတပ်ဖွဲ့ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် မြက်ရိတ်ရန်နှင့် သန့်ရှင်းရေး ပြုလုပ်ရန် အလုပ်သမား (၄) ဦးခေါ်ပေးရန်၊ လုပ်ခလည်း ပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဟင်းသီးဟင်းရွက် ရောင်းချရန်သွားသည့် အချိန်တွင် ကျီးကန်းပြင်တောင်ရွာမှ လူငယ် အလုပ်သမား (၄) ဦးကို အတူခေါ်ဆောင်သွားပြီး နယ်ခြားစောင့်ရဲများ လက်ထဲသို့ အပ်နှံခဲ့သည်။

အလုပ်သမား (၄) ဦးသည် ယင်းနေ့တွင် အလုပ်လုပ်၍ ညနေ အိမ်ပြန်ချိန် လုပ်ခ အချို့လည်း ရရှိခဲ့သည်။ ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ပြီးနောက် ညနေအိမ်ပြန်ချိန်တွင် နယ်ခြားစောင့်ရဲများက ၎င်းတို့ (၄) ဦးအား စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့သည်။

ဇွန်လ (၂၅) ရက်နေ့တွင် ၎င်းတို့အား ကျောက်လှေကား နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် မောင်တော တရားရုံးသို့ ခေါ်ဆောင်သွားကာ ရမန်ယူ၍ ဌာနချုပ်တွင် ဆက်လက် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းမ်ကဒ် ရရှိသောကြောင့် ဖမ်းဆီးထားသည်ဟု လုပ်ကြံဖန်တီး ပြောဆိုနေသော်လည်း ဒေသခံများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ သွားရောက်၍ အလုပ်လုပ်မည့် အချိန်တွင် ဘင်္ဂလားဆင်းမ်ကဒ် ထည့်ထားသည့် ဖုန်းများအား ယူဆောင်သွားခြင်း ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်သည့် လုပ်ကြံဖန်တီးမှုတစ်ခုသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

မောင်တောခရိုင်တွင် ယခင်က စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘင်္ဂလားဆင်းမ်ကဒ်များကို လစဉ်ကြေးဖြင့် ငှားရမ်းသောကြောင့် ဒေသခံရိုဟင်ဂျာအချို့ သုံးစွဲခဲ့သော်လည်း ငွေညှစ်မှုကို ဒဏ်ကို မခံနိုင်သည်က တစ်ကြောင်း၊ ယခုအခါ နေရာတိုင်းတွင် MPT Network ရှိနေသည်က တစ်ကြောင်း တို့ကြောင့် ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲသူ မရှိတော့သော်လည်း နယ်ခြားစောင့်ရဲများက ဖုန်းများကို စစ်ဆေး၍ ၎င်းတို့ ကိုယ်တိုင် အသင့်ယူဆောင်လာသည့် ဘင်္ဂလားဆင်းမ်ကဒ်များကို ထည့်ပေးပြီး လုပ်ကြံဖန်တီး၍ ငွေညှစ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက် ရှိနေသေးသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ဖြစ်ကြသည်။




Rohingya Eye
RB News
27.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အဝေးသင်တက္ကသိုလ် စာစစ်ဌာနတစ်ခု ဖွင့်လှစ်၍ သင်ကြားပို့ချရာတွင် မြန်မာစာနှင့် သမိုင်း အထူးပြု ဘာသာရပ်နှစ်ရပ်သာ သင်ကြားပေးမည် ဖြစ်ပြီး၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ကျောင်းသားများ အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့သည်။

ဇွန်လ (၂၇) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် ရိုဟင်ဂျာကျောင်းသား/သူများနှင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ 

ညွန်ကြားရေးမှူးနှင့် ပါမောက္ခချုပ်တို့က ကျောင်းသား/သူများ၏ ပညာရေးနှင့် ပတ်သက်၍ အစိုးရမှ ကူညီရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မောင်တောခရိုင်မှ ကျောင်းသား/သူများ အင်္ဂလိပ်စာတော်သည့် အတွက် မြန်မာစာနှင့် သမိုင်း ဘာသာရပ် နှစ်ရပ်ကိုသာ ပို့ချသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ ဤသည်မှာ ပထမ ခြေလှမ်းဖြစ်ကြောင်း၊ ပူးပေါင်းမည် ဆိုလျှင် နောက်ထပ်လည်း ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရိုဟင်ဂျာကျောင်းသားတစ်ဦးက မိမိတို့၏ အနာဂတ်ပညာရေးအတွက် မောင်တောသို့ ကွင်းဆင်း လာရောက် ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစိုးရမှ ကူညီပေးနေခြင်းတွင် အဝေးသင် မြန်မာစာနှင့် သမိုင်း အထူးပြု နှစ်ဘာသာကိုသာ သင်ယူရမည်ကိုလည်း နားလည်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ထားသည့် ကျောင်းသား/သူများလည်း အဝေးသင် မြန်မာစာနှင့် သမိုင်းကိုသာ ရွေးချယ်သင်ယူရမည် ဆိုလျှင် မျှတမှု မရှိပါကြောင်း၊ နောင်နှစ်တွင် ၁၀ တန်းကျောင်းသားများ စိတ်ဓါတ်ကျ၍ စာမကြိုးစားလျှင် အောင်ချက် ရာခိုင်နှုန်း နည်းသွားနိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဤ အထက်တန်းကျောင်းကို ဒေသကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးနိုင်လျှင် အားလုံးအတွက် အဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။ 

အစိုးရ ကိုယ်စားလှယ် အဖွဲ့က ယခုအချိန်တွင် တောင်းဆိုချက်များကို လောလောဆယ် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း ပြန်ကြား၍ ကျောင်းသား/သူများ၏ တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရ အကြီးအကဲများထံ တင်ပြပေးမည်ဟု ပြောဆို၍ အစည်းအဝေး ပြီးဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မောင်တောမြို့ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “၁၀ တန်းအောင်ကျောင်းသား/သူတွေ တက္ကသိုလ်တက်ခွင့်မရတာ ၆ နှစ်ရှိနေပြီ။ အခုတက်ခွင့်ပေးမယ်ဆိုတော့ အဝေးသင်၊ အဝေးသင်မှာလည်း သမိုင်းနဲ့ မြန်မာစာ နှစ်ဘာသာပဲ ဆိုတော့ ကြိုးစား ထူးချွန်ထားတဲ့ ကျောင်းသား/သူတွေရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်သလိုဖြစ်နေပြီ။ အရင်တုန်းက ရိုဟင်ဂျာကျောင်းသား/သူတွေ အမှတ်မှီရာ တက္ကသိုလ်တက်ခွင့်ရှိတယ်။ စစ်အစိုးရက ပိတ်ပင်ခဲ့လို့ ဒီလိုဖြစ်ရတာ။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လုပ်နေတာက စစ်အစိုးရထက်တောင် ပိုဆိုးနေသလို ဖြစ်နေတယ်။ သွားလာခွင့် မပေးဘူးဆိုရင်တောင် မောင်တောခရိုင်မှာ တက္ကသိုလ်တွေ ဆောက်ပြီး သင်ခွင့်ပေးသင့်တယ်” ဟု ပြောသည်။ 

ဇွန်လ (၂၂) ရက်နေ့ က အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုပါမောက္ခချုပ် လက်မှတ်ရေးထိုး၍ သမိုင်းနှင့် မြန်မာစာ အထူးပြုဘာသာရပ် နှစ်ရပ် ပို့ချသင်ကြားပေးမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အစိုးရ အဖွဲ့အစည်း၏ ကြေညာချက်တွင် ဘင်္ဂါလီ ကျောင်းသားများဟု သုံးနှုန်းခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရကိုယ်တိုင် ရိုဟင်ဂျာကျောင်းသား/သူများကို လူမျိုးခွဲခြား၍ ပစ်မှတ်ထားသည်မှာ ပေါ်လွင်နေသည်။



MYARF
RB News
24.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မကြာခင် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားမည်ဟု အာဏာပိုင်များနှင့် ရခိုင်အသိုင်းအ၀ိုင်းများက ပြောဆိုနေကြသည်ဟု ဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ARSA အဖွဲ့က ကင်းစခန်းများကို တိုက်ခိုက်သည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း တို့ကြောင့် ဒေသခံရိုဟင်ဂျာ (၇) သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသည်။ 

ယခုအခါ နယ်မြေ အေးချမ်းတည်ငြိမ်လာသည့် အခြေအနေတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာမည်ဟု သတင်းထွက်ပေါ်လာသည်။ 

ဇွန်လ (၂၂) ရက်နေ့ညပိုင်းက မောင်တော မုခ်ဦးစခန်း (မြို့မကညင်တန်းနှင့် မြို့သူကြီးကြားရှိ တံတားကင်းစခန်း) မှ သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဇွန်လ (၂၄) ရက်နေ့ နံနက် အစောပိုင်းတွင် ဝေသာလီကျေးရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ ဒု-တပ်ရင်းမှူးနှင့် အင်အား ၃၀ ခန့်ရှိ အဖွဲ့သည် အမှတ် (၅) ရပ်ကွက်နှင့် မြို့မကညင်တန်း ကျေးရွာတွင် ကင်းလှည့်ခဲ့သည်။ ထို့နောက် မြို့မကညင်တန်းနှင့် ပန်းတောပြင် ကြားရှိ တံတားကင်းစခန်းသို့ သွားရောက် နယ်ခြားစောင့်ရဲများနေရာတွင် အစားထိုး၍ နေရာယူထားသည်။ 

မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များကိုလည်း အပြောင်းအရွှေ့ လုပ်နေသည်ဟု သိရသည်။ အချို့စခန်းများတွင် နယ်ခြားစောင့်ရဲများ နေရာတွင် စစ်သားများကို အစားထိုးထားကြောင်း၊ အင်အားကိုလည်း တိုးချဲ့ထားကြောင်း ဒေသခံများက ဆိုသည်။ 

ဇွန်လ (၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ့်ညှင်းပြားကျေးရွာ အနောက်ဘက် တောတောင်ထဲတွင် ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း တောတောင်များထဲသို့ ရိုဟင်ဂျာများ သွားခွင့်မရှိသောကြောင့် အသေးစိတ် စုံစမ်း၍ မရပေ။

“မောင်တောမြို့ပေါ်မှာ တိုက်ခိုက်မယ်၊ ပေါက်ကွဲမှုတွေ ဖြစ်မယ်လို့ အာဏာပိုင်တွေ၊ ရခိုင်တွေ ဘက်ကနေ တဆင့် ကြားရတာပါ။ သူတို့ဆီမှာ အကုန်သတင်းရှိတယ်လို့ ပြောတယ်။ လူစိမ်းတွေလည်း မြင်နေရတာ ရှိတယ်။ မောင်တောမှာ နေရာတိုင်းမှာ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်၊ အာဏာပိုင်တွေမှာ သတင်းလည်း ရှိတယ်။ အဲဒီကြားက ဖြစ်လာရင်တော့ အာဏာပိုင်တွေ ကိုယ်တိုင် အလိုတူအလိုပါ ဖြစ်လို့ ဒီလို ဖြစ်ရတယ်လို့သာ ပြောရမှာပါ” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက RB News သို့ပြောသည်။ 




RB News
24.6.2018

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်းကျေးရွာသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဒေသခံရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ခြံစည်းရိုးများ ဖျက်ဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ယနေ့ ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူး ဇေယျာထွန်း အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးသည် ဆင်ခုန်တိုင်း ရိုဟင်ဂျာရွာသို့ ရောက်ရှိလာပြီး ခြံအချို့တွင် ကာရံထားသော ခြံစည်းရိုးများကို ဖျက်ဆီးခဲ့သည့်အပြင် ခြံပိုင်ရှင်များထံမှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများသည် လမ်းသွားလမ်းလာများကို ရိုက်နှက်၍ ငွေညှစ်ခြင်းများလည်း ပြုလုပ်ခဲ့သည့်အပြင် ဦးမာမတ်ဆာလေ (ဘ) ဦးအလီအာမတ်၏ နေအိမ်ကို ၀ိုင်း၍ နေအိမ်ထဲသို့ ၀င်ရောက်ပြီး အမျိုးသမီးများကို ရိုက်နှက်ထိုးကြိတ်၍ ဆဲဆိုခြင်း၊ လိင်အကြမ်းဖက်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့သည်။ 

ထို့အပြင် အမျိုးသားများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

နယ်ခြားစောင့်ရဲများသည် ရွာအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ လိုင်စင်ရ သောင်းကျန်းသူများပမာ စိတ်တိုင်းကျ သောင်းကျန်း၍ ညနေ ၄ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။



Rohingya Eye
RB News
23.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာအုပ်စုရှိ မူလွန်ကျောင်းတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသောကြောင့် ကျောင်းသား/သူများ ပညာသင်ကြား၍ မရ ဖြစ်နေသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကားကျေးရွာအုပ်စု သဲချောင်းရွာတွင် ၂၀၁၇ ခုနှစ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အစိုးရပိုင် အခြေခံပညာ မူလတန်းလွန်ကျောင်း အဆောက်အဦ တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသည့် အချိန်မှစ၍ ကျောင်းအဆောက်အဦ ပြန်လည် ပြင်ဆင်ရန်အတွက် အစိုးရမှ ငွေကြေးတစ်စုံတစ်ရာထောက်ပံ့ခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရွာသားများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပလတ်စတစ်အကာများဖြင့် မွမ်းမံပြင်ဆင်၍ ကျောင်းသား/သူများပညာသင်ကြားနိုင်ရန် စီစဉ်ထားသည်။

ယင်းကျောင်း၌ မီးရှို့ခံထားရသည့် ကျောက်ပြင်ဆိပ်၊ လှဖိုးခေါင်၊ ဇင်ပိုင်ညာနှင့် ကျောက်လှေကားကျေးရွာများမှ ကျောင်းသား/သူ ၆၀၀ ကျော် ပညာသင်ကြားလျက် ရှိသည်။

ယခုအခါ မိုးတွင်းကာလတွင် မိုးရွာသည့်အချိန်များ၌ မိုးယိုနေသဖြင့် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ခြင်း မရှိတော့ဟု ဒေသခံများက ဆိုသည်။

ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးသည် ရသေ့တောင်မြို့နယ်မှ ဖြစ်ပြီး၊ အစိုးရ ဆရာမ ၆ ဦး ရှိသော်လည်း တစ်ပတ်လျှင် ၃ ရက်ခန့်သာ ကျောင်းသို့ လာရောက်သည်ဟု သိရသည်။

အဖက်ဖက် ယိုယွင်းပျက်စီးနေသည့် အခြေအနေ ဖြစ်နေပြီး၊ ကျောင်းသား/သူများ ပညာသင်ကြားနိုင်ခြင်း မရှိတော့သောကြောင့် နိုင်ငံတော်အစိုးရ၏ အကူအညီ အပူတပြင်း လိုအပ်ကြောင်း၊ ကျောင်းကို ပြုပြင်မွမ်းမံပြီး ဆရာမများ နေ့စဉ် လာရောက်၍ ကျောင်းသား/သူများကို ပညာသင်ကြားပေးရန် နိုင်ငံတော်အစိုးရမှ စီစဉ်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။


ကျောက်လှေကားမှ မူလွန်ကျောင်း

MYARF
RB News
22.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာမှ မီးရှို့ခံရသည့် နေအိမ်ခြံဝင်း အတွင်းကျန်ရှိနေသည့် အပင်များကို တပ်ရင်း (၅၅၁) မှ စစ်သားများ ခုတ်ယူလျက် ရှိသည်။

မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ဝေသာလီရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ စစ်သားများသည် ညောင်ချောင်းကျေးရွာသို့ သွားရောက်၍ မီးရှို့ခံရသည့် နေအိမ်ခြံဝင်းများအတွင်း ကျန်ရှိနေသည့် အပင်များကို ခုတ်ယူလျက်ရှိသည်။

ယနေ့ ဇွန်လ (၂၂) ရက်နေ့တွင် စစ်သားများ ရောက်ရှိလာပြီး အပင်များကို ခုတ်ယူနေစဉ် ယင်းရွာမှ ရပ်မိရပ်ဖများနှင့် ခြံပိုင်ရှင်အချို့ သွားရောက်၍ အပင်များကို မခုတ်ရန် ဟန့်တားသော်လည်း စစ်သားများက “ငါတို့မှာ ငွေလိုနေလို့ သစ်ပင်တွေ လာခုတ်တာ၊ ဘယ်သူဘယ်ဝါမှ ခုတ်ခိုင်းတာ မဟုတ်ဘူး၊ သစ်ပင်တွေ မခုတ်စေချင် ငါတို့ကို ငွေပေး၊ ငွေပေးရင် မခုတ်တော့ဘူး” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ခြံပိုင်ရှင်များက မိမိတို့၏ ခြံများမှ အပင်များ ခုတ်ယူနေသောကြောင့် ဟန့်တားနေခြင်း ဖြစ်ရာ ငွေပေးရန် မလိုကြောင်း၊ ယခုကဲ့သို့ မတရားသဖြင့် မခုတ်ရန်သာ လိုကြောင်း ပြောသော်လည်း စစ်သားများက အပင်များကို ခုတ်ယူသွားသည်ဟု ဆိုသည်။

ညောင်ချောင်းကျေးရွာအုပ်စု အရှေ့ရွာနှင့် တောင်ရွာများရှိ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါရွာများမှ ရွာသား အနည်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး အများစုသည် ရွာ၏ မြောက်ဘက်၊ အနောက်ဘက်နှင့် အလယ်ပိုင်းသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။

သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် တပ်ရင်း (၅၅၁) သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ နယ်မြေတွင် တာဝန်ကျစဉ် အနီးအနားရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများ၊ ရွှေ ငွေများ၊ အိမ်သုံး အဖိုးတန်ပစ္စည်းများ လုယက်ခဲ့သည့် အပြင် ရိုဟင်ဂျာ အမြောက်အမြားကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။




MYARF
RB News
21.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်သို့ ၀င်သွားသည့် နွားများကို ငွေပေး၍ ရွေးယူခဲ့ရသည်။ 

ဇွန်လ (၁၉) ရက်နေ့ မွန်းလွှဲပိုင်းတွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာအုပ်စု အနောက်ရွာမှ ဦးကော်ရီမူလ္လာ၏ နွားအုပ် (နွား ၁၄ ကောင်) သည် မြို့မကညင်တန်း အရှေ့ရွာ အရှေ့ဘက်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက် ရှေ့လမ်းတွင် ကျက်စားနေစဉ် နွားမနှစ်ကောင်နှင့် နွားငယ်နှစ်ကောင်သည် ကျောင်းခြံဝင်းထဲသို့ ၀င်သွားခဲ့ရာ ကျောင်းတိုက်မှ ဘုန်းကြီးက ကျောင်းတွင် နေထိုင်သော ရခိုင်ရွာသားနှစ်ဦးကို နွားများအား ကြိုးဖြင့် ချည်နှောင်ထားခိုင်းခဲ့သည်။ ထို့နောက် ရခိုင်ရွာသားများက နွားအုပ်တစ်အုပ်လုံးကို ကျောင်းခြံဝင်းထဲသို့ ခေါ်သွင်း၍ ချည်နှောင်ထားခဲ့သည်။ 

ညနေပိုင်းအချိန်တွင် ဦးကော်ရီမူလ္လာ၏ နွားကျောင်းသားက နွားများကို ရှာဖွေစဉ် ကျောင်းခြံဝင်းအတွင်းတွင် ချည်နှောင်ထားသည်ကို တွေ့ရှိခဲ့သည်။ 

ထို့နောက် ဦးကော်ရီမူလ္လာ၏ သားဖြစ်သူက နွားများကို ပြန်လည်ယူရန်အတွက် ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်ရာ ဘုန်းကြီးက ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်သည့်အတွက် ဒဏ်ငွေပေးရမည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ထိုသို့ ဒဏ်ငွေဟု ဆိုကာ ငွေညှစ်ခြင်းကြောင့် အပြန်အလှန် စကားများပြီး နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ပေးခဲ့ရသည်ဟု ဒေသခံများက  RB News သို့ပြောသည်။ 

လွန်ခဲ့သည့်သီတင်းပတ်ကလည်း ယင်းရွာမှ ကားပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအဒူလာမီးန် ၏ နွားများသည် အဆိုပါ ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်သွားခဲ့ရာ အလားတူ ချည်နှောင်ထားခံခဲ့ရပြီး ဒီဇယ်ဆီ ၁၀ ဂါလံ ညှစ်ခံခဲ့ရသည်။ 

ယခင်ကလည်း ရခိုင်ရွာသားများက လမ်းပေါ်မှ နွားများကို ကျောင်းထဲသို့ မောင်းထဲ၍ ကျောင်းခြံဝင်း အတွင်းသို့ နွားများ ၀င်ရောက်သည်ဟု ဆိုကာ ငွေညှစ်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က ယင်းကျောင်းခြံဝင်းအတွင်း စစ်သားများ စခန်းချနေစဉ် ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ လမ်းပေါ်မှ ဆိတ်များကို ဖမ်းဆီး၍ သတ်ဖြတ် စားသောက်ခဲ့ခြင်းများလည်း ရှိခဲ့သည်။ 



MYARF
RB News
21.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းမှ ရဲများသည် ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများထံမှ ငွေကောက်ခံလျက်ရှိသည်။

မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အရှေ့တောင်ဘက်စွန်း မြို့မကညင်တန်းသို့ သွားသည့်လမ်းတွင် ရှိသော ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့များသည် စခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများ၊ စီအန်ဂျီ ကားများကို နံပါတ်များနှင့် ယာဉ်မောင်းများ၏ အမည်များကို ရေးမှတ်ကာ ကားတစ်စီးလျှင် ငွေကျပ် တစ်ထောင်၊ စီအန်ဂျီတစ်စီးလျှင် ငွေကျပ် ငါးရာစီ နေ့စဉ် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ဖြတ်တိုင်း ပေးရတာတော့ မဟုတ်ဘူး။ တစ်နေ့ကို တစ်ကြိမ်တော့ အနည်းဆုံး ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကားပေါ်ရှိ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခြင်း ပြုလုပ်လေ့ရှိပြီး၊ ဖုန်းများကိုသာ ဦးစားပေး၍ စစ်ဆေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နံပါတ်တစ်ခုခု သိမ်းထားသည်ကို တွေ့လျှင် ငွေညှစ်သည်ဟု အဆိုပါ ဒေသခံကပြောသည်။

ဦးထုပ်ဆောင်းထားသည့် အစ္စလာမ်ဘာသာဝင်ဆိုလျှင် ဦးထုပ်ချွတ်ခိုင်းသည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောပါသည်။



MYARF
RB News
18.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အပိုင် ကမ်းခြေတွင် စက်လှေပျက်၍ သောင်တင်ခဲ့သည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အပ်နှံလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများ ၉၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးတို့သည် စက်လှေတစ်စီးဖြင့် မလေးရှားနိုင်ငံသို့ သွားနေစဉ် လမ်းခရီး၌ စက်လှေပျက်၍ ရသေ့တောင်မြို့နယ်အပိုင် ကမ်းခြေတွင် ဇွန်လ (၁၁) ရက်နေ့က သောင်တင်ခဲ့သည်။ 

ကမ်းခြေတွင် ခိုလှုံနေသူ (၁၀၄) ဦးကို ရခိုင်ရွာသားများက တွေ့ရှိခဲ့ပြီးနောက် တုတ်၊ ဓါးများဖြင့် ၀န်းရံထားခဲ့သည်။ ထို့နောက် ၎င်းတို့အား အာဏာပိုင်များက ယင်းနေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာရှိ ပြန်လည် လက်ခံရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

၎င်းတို့ကို ပြန်လည်လက်ခံရေး စခန်းတွင် စိစစ်ပြီးနောက် အသက် (၁၀) နှစ်အထက် ရိုဟင်ဂျာများကို NVC ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇွန်လ (၁၅) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခေါ်၍ ရိုဟင်ဂျာ ၉၂ ဦးကို ကျေးရွာအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကြောင်း သိရှိရသည်။ 

ကျေးရွာမီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူးမရှိသော ရွာများမှ ရွာသားများကို နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အပ်နှံခဲ့သည်။ 

အပ်နှံစဉ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လူကြီးများကို တစ်ဦးလျှင် ဆန် ၇ ပြည်ခန့်၊ ထမင်းနှင့်ဟင်းအိုး တစ်စုံ၊ ပလတ်စတစ်ဖျာ တစ်ချပ်စီ ထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

ရိုဟင်ဂျာ ၉၂ ဦးအား ငါးခူရကျေးရွာ၊ မြောတောင်၊ ကျောက်လှေကား၊ ပေါင်းဇား၊ မြို့မတောင်ရပ်ကွက်၊ မြို့မရွာသစ်ကေရပ်ကွက်နှင့် မြို့မကညင်တန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရိုဟင်ဂျာ ၉၂ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မိသားစုများကို ပြန်ခေါ်လာရန်၊ မောင်တောခရိုင်သည် အေးချမ်းသည့် နယ်မြေဖြစ်သွားကြောင့် မည်သည့်ရွာတွင်မဆို နေထိုင်နိုင်သည်ဟု အာဏာပိုင်များက မှာကြားခဲ့ကြောင်း သိရှိရသည်။ 



MYARF
RB News
16.6.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင်ပင် စုပေါင်းဝတ်ပြုခွင့် ပိတ်ပင်ခံရသည်။ 

ဘူးသီးတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် အနီးတ၀ိုက်ကျေးရွာများတွင် လူစုလူဝေးဖြင့် အီးဒ်နေ့၌ ၀တ်ပြုခြင်း မပြုရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း က ဇွန်လ (၁၅) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ အမိန့်စာပေးပို့၍ တားမြစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဘူးသီးတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုခွင့် ပိတ်ပင်ထားသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ဖြစ်သည်။ 

ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုခွင့်မရသောကြောင့် ဒေသခံများက မိသားစု ၅ စုခန့် စုပေါင်း၍ နေအိမ်များတွင် ၀တ်ပြုလေ့ရှိသော်လည်း ထိုကဲ့သို့ ၀တ်ပြုခြင်း မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တားမြစ်ခဲ့သည်။ 

ဇွန်လ (၁၃) ရက်နေ့တွင် ဒေသခံရိုဟင်ဂျာများက ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ သင်္ချိုင်းသို့ သွားရောက်၍ ဆုတောင်းရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့သည်။ 

ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ရှိသည်ဟု ပြောဆိုနေသော်လည်း မောင်တောခရိုင်တွင် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေသည်မှာ ၆ နှစ်ကျော်နေပြီ ဖြစ်သည်။ 



Rohingya Eye
RB News
13.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးများသည် ၎င်းတို့ တာဝန်ကျရာ ကျေးရွာအသီးသီးတွင် လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ အမည်ပြောင်းပေးခြင်း ဆောင်ရွက်ပေးရန်အတွက် ငွေကြေး အမြောက်အမြား ယူနေသည်။ 

ယခင်က လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ ကွယ်လွန်သွားလျှင်လည်း မိသားစုဝင်များက အမည်မပြောင်းဘဲ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုနှစ်မှစ၍ ပိုင်ရှင်များ ကွယ်လွန်သွားလျှင် သက်ရှိထင်ရှားရှိသည့် မိသားစုဝင်များ၏ အမည်သို့ ပြောင်းလဲရမည်ဟု မေလ (၁၂) ရက်နေ့က မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာတွင် သက်ဆိုင်ရာဌာနက ပြောဆိုခဲ့သည်။ 

အမည်ပြောင်းလျှင် မြေတိုင်းစာရေးအား လယ်မြေ ၀.၄ ဧက အတွက် ငွေကျပ် နှစ်သောင်းငါးထောင်၊ ပုဇွန်ကန်တစ်ဧကလျှင် ငွေကျပ် ခုနှစ်သောင်းငါးထောင် ပေးနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

မြေတိုင်းစာရေး တောင်းခံသည့် ငွေကို မပေးပါက ပိုင်ရှင်မဲ့ မြေဟု သတ်မှတ်မည်ကို စိုးရိမ်ရသည်ဟု လယ်မြေပိုင်ရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

“မြေတိုင်းစာရေး တောင်းတဲ့ငွေမပေးဘူးဆိုရင် ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေကို ပိုင်ရှင်မဲ့ သတ်မှတ်ပြီး ကုမ္ပဏီတွေကို ငှားရမ်းဖို့လုပ်နိုင်တယ်” ဟု ပြောသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ငန်းချောင်းကျေးရွာနှင့် ငါးစကြူးကျေးရွာ စသည့် ကျေးရွာများတွင်လည်း လယ်မြေပိုင်ရှင်များထံမှ မြေတိုင်းစာရေးများက အမည်ပြောင်းခိုင်း၍ ငွေယူခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

မြေတိုင်းစာရေးများသည် ရွာတစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ နီးပါးရရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 

လယ်မြေပိုင်ရှင်းတစ်ဦးက “ကျွဲ၊ နွားတွေ ရှားသွားတာကြောင့် စပါးစိုက်ပျိုးရန် အခက်အခဲ ဖြစ်နေတဲ့အချိန်မျာ ဒီလိုမျိုး ငွေညှစ်နေတာတွေက အရမ်းကို ရက်စက်သလို ဖြစ်နေတယ်။ လယ်မြေပိုင်ရှင် နာမည် ပြောင်းပေးရမှာ သူတို့တာဝန်ပဲ၊ အခုလို အကျပ်အတည်းမှာ အဆမတန် ငွေညှစ်နေတာက အထက်က အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေက လုပ်နေတာလား ဆိုတာတော့ သိချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



RB News
12.6.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီဝတ်ကျောင်းဝတ်တော်များကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ပိတ်ပင်ထားခဲ့ရာ ယခုအချိန်ထိ ပြန်လည် ၀တ်ပြုခွင့် မပေးသည့်အပြင် ဥပုသ်လတွင် နေအိမ်များအတွင်း ၀တ်ပြုခြင်းကိုပင် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်လျက် ရှိသည်။

နိုင်ငံတော်အစိုးရက ဘာသာရေးလွတ်လပ်ခွင့် ရှိသည်ဟု နိုင်ငံတကာအား ပြောဆိုလျက်ရှိသော်လည်း မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များကို ပိတ်ပင်ထားသည်မှာ ၆ နှစ်တိတိရှိပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၆ နှစ်မှစ၍ လွတ်လပ်စွာ ၀တ်ပြုခွင့် ဆုံးရှုံးလာသည့် မောင်တောခရိုင်မှ ရိုဟင်ဂျာမွတ်စလင်များသည် ဥပုသ်လအတွင်းတွင် နေအိမ်များအတွင်း စုပေါင်း ၀တ်ပြုရန် ကြိုးစားရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်ပင် တားမြစ်ခြင်းကို ခံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

“အဓိက ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်မှာ ပိုဆိုးနေတယ်။ အိမ်နီးချင်း နှစ်အိမ်၊ သုံးအိမ်လောက် ပေါင်းပြီး စုပေါင်း ၀တ်ပြုတာကို ရဲတွေက လာတားတယ်။ သူတို့စကား နားမထောင်ရင် ငွေညှစ်မယ်၊ ဖမ်းမယ်လုပ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေထဲက အဆိုးဆုံး သောင်းကျန်းနေသူက ရဲတပ်ကြပ်ကြီး စံထွန်းသိန်း ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အစ္စလာမ်ဘာသာဝင်များသည် တစ်နှစ်လျှင် တစ်လ ဥပုသ်စောင့်ထိန်းကြပြီး၊ ဥပုသ်လတွင် ညပိုင်း စုပေါင်း ၀တ်ပြုကြသည်။ မည်သည့်အရပ်ဒေသတွင်မှ ကန့်သတ်မှု မရှိသည့် ကန့်သတ်မှုများ မောင်တောခရိုင်တွင် ရှိနေသည်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်သည်။

ယခင် စစ်ယူနီဖောင်းချွတ် အစိုးရ လက်ထက်တွင် ကန့်သတ်ပိတ်ပင်ခဲ့သည်များကို အရပ်သားအစိုးရ လက်ထက်တွင် ပြောင်းလဲသွားမည်ဟု ဒေသခံများက မျှော်လင့်ခဲ့သော်လည်း ၎င်းတို့၏ မျှော်လင့်ချက်များ ပြည့်ဝ လာခြင်း မရှိဟု ဆိုသည်။

“အစိုးရပြောင်းသွားတာ နှစ်နှစ်ကျော်ပြီ။ အခုထိ ပြောင်းလဲလာတာ ဘာမှ မရှိဘူး။ အရင် စစ်အစိုးရ လက်ထက်ကလိုပါပဲ” ဟု အဆိုပါ ဒေသခံက ဝေဖန်ပြောဆိုသည်။

“ကျွန်တော်တို့ကို လွတ်လပ်စွာ ၀တ်ပြုခွင့်လေးတော့ ပေးသင့်ပါတယ်။ အရမ်းကို အခြေခံကျတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ အရှေ့မှာကျရင် ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားတယ်လို့ အမြဲပြောနေပေမယ့် တကယ်တမ်း မြေပြင်မှာ ကိုယ့်အိမ်မှာတောင် ကိုယ်ဝတ်ပြုခွင့် မရဘဲ ဘာသာရေး လွတ်လပ်ခွင့် အကြီးအကျယ် ဆုံးရှုံးနေရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


MYARF
RB News
5.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေများပေါ်တွင် ဟိန္ဒူများအတွက် တိုက်အိမ်များ ဆောက်လုပ်လျက် ရှိသည်။

မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) ၏ အနောက်ဘက် နယ်စပ် ခြံစည်းရိုး အရှေ့ဘက်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေများပေါ်တွင် ဟိန္ဒူများအတွက် တိုက် အိမ် များ ဆောက် လုပ်လျက် ရှိပြီး အလျား ၂၄ ပေ၊ အနံ ၁၈ ပေရှိ တိုက်အိမ် အလုံး (၅၀) ကို အိန္ဒိယနိုင်ငံ မှ ထောက် ပံ့ပေးနေခြင်း ဖြစ်ကြောင်း ဟိန္ဒူဒေသခံများ၏ ပြောကြားချက်များ အရသိရှိသည်။ 

မောင်တောမြို့နယ် မြို့ပေါ် အနီးတ၀ိုက် ကျေးရွာများ ဖြစ်သော မြို့မအရှေ့ရပ်ကွက်၊ မြို့မအနောက် ရပ်ကွက်၊ ရွှေဇားကျေးရွာ၊ ဧတာလျာကျေးရွာအုပ်စု လသာရွာနှင့် လေးမိုင်ရပ်ကွက်များတွင် ဟိန္ဒူရွာများ ရှိသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အဆိုပါရွာများရှိ ဟိန္ဒူများကို မည်သူတစ်ဦးတစ်ယောက်ကမှ တိုက် ခိုက်ခဲ့ခြင်း၊ ဖျက်ဆီးခြင်းများ မရှိခဲ့သော်လည်း အာဏာပိုင်များက အဆိုပါရွာများမှ ဟိန္ဒူများကို စစ်တွေ သို့ ခေါ်ဆောင်သွားပြီး ဒုက္ခသည်များအဖြစ် ဟန်ဆောင်စေခြင်း၊ မြို့မကညင်တန်းကျေးရွာရှိ အထက် တန်းကျောင်း အမှတ် (၁) တွင် ဒုက္ခသည်များ အဖြစ်ဟန်ဆောင်စေခိုင်းခဲ့သည်။ ၎င်းတို့ထဲမှာ အချို့ကို ရိုဟင်ဂျာများက မိမိတို့၏ နေအိမ်များကို မီးရှို့နေသည့်ပုံစံ သရုပ်ဆောင်ခိုင်း၍ ဓါတ်ပုံရိုက်ကူးပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကိုယ်တိုင် လူမှုကွန်ယက်တွင် ၀ါဒဖြန့်ခဲ့သည်။ 

ထို့အပြင် အဆိုပါ ဟိန္ဒူများကို သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည့် မြို့မကညင်တန်းကျေးရွာအုပ်စု ဒိလ်ဖာရာ မီးလောင်ပြင်တွင် တဲထိုး၍ ဒုက္ခသည်များ အဖြစ် ဆက်လက်၍ ဟန်ဆောင်နေစေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုအခါ ဟိန္ဒူများအတွက် အိန္ဒိယနိုင်ငံမှ တိုက်အိမ် အလုံး (၅၀) ဆောက်လုပ် ရန် ငွေကြေး ထောက် ပံ့ထားရာ မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများပေါ် တွင် ဆောက် လုပ်လျက် ရှိသည်။ 

အသက်ပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အပြင် ရွာပေါင်း ရာနှင့်ချီ၍ မီးရှို့ခံရသည့် ရိုဟင်ဂျာ များကို တစ်စုံတစ်ရာ ကူညီခြင်းမရှိသည့် အပြင် ရိုဟင်ဂျာများ၏ လယ်မြေများကို လုယက်၍ ဆုံးရှုံးမှု လုံးဝ မရှိသည့် ဟိန္ဒူများ အတွက် အိမ်ဆောက်လုပ်ပေးနေခြင်းကြောင့် ဒေသခံများက အလွန် စိတ်ပျက်နေ သည်ဟု ဆိုသည်။ 







Rohingya Eye
RB News
4.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက မြို့ပေါ်ရှိ ရခိုင်လူမျိုးများ၏ ရပ်ကွက်များရှိ ရေမြောင်းများကို ရှင်းလင်းပေးသော်လည်း ရိုဟင်ဂျာများ၏ ရပ်ကွက်များတွင် လုပ်ဆောင်မပေးဘဲ ထောင်ကျမည်ဟု ဆိုကာ ခြိမ်းခြောက်၍ မိမိတို့၏ အစီအစဉ်ဖြင့် လုပ်ဆောင်ရန် ခိုင်းစေလျက် ရှိသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးရွှေမောင်သည် မြို့မ လမ်းမကြီးတစ်လျှောက် ရှိ နေအိမ်များမှ အိမ်ရှင်များကို ဧပြီလတွင် ဆင့်ခေါ်ခဲ့ပြီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ဧပြီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ နေအိမ်များကို အစိမ်းနုရောင် ဆေး သုတ်ရန် ညွန်ကြားခဲ့သဖြင့်  ရိုဟင်ဂျာများအားလုံးက လိုက်နာဆောင်ရွက်ခဲ့ကြသည်။

ဇွန်လ (၁) ရက်နေ့တွင်လည်း လမ်းမကြီး၏ တစ်ဘက် မြို့မတောင်ရပ်ကွက်ရှိ အိမ်ရှေ့ရေမြောင်းများ တူးဖော်ရှင်းလင်းရန် စည်ပင်သာယာရေး ဦးစီးဌာနက စာထုတ်ခဲ့သည်။ အဆိုပါစာကို ဒု-ဦးစီးမှူး အဆင့်ရှိသူ ဦးညိုမျိုးထွန်းနှင့် အတူ ၀န်ထမ်းနှစ်ဦးက အိမ်ရှင်များအား ပေးအပ်ခဲ့သည်။ ယင်းစာကို ပေးအပ်စဉ် ၁၀ ရက်အတွင်း လုပ်ရမည်၊ မလုပ်လျှင် ထောင် (၁၀) နှစ် ကျမည်၊ ရေမြောင်းများ တူးဖော်ရှင်းလင်းပြီးလျှင် အမှိုက်များကို လမ်းတစ်ဘက်တွင် ပုံမထားရန်၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်သွားရမည် ဟု မောက်မာစွာ ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စည်ပင်သာယာရေးဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း အိမ်ခွန်ဟုဆိုကာ ငွေကျပ် ၈၄၀၀ ကောက်ခံပြီး၊ အဆိုပါ အခွန်တွင် အိမ်ခွန်၊ လမ်းမီးခွန်နှင့် အမှိုက်ခွန်များ ပါရှိသည်။ ထို့အပြင် ဆိုင်များမှာ ဆိုင်လိုင်စင်ကြေးဟု ဆိုကာ တစ်နှစ်လျှင် ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ ကောက်ခံလျက်ရှိသည်။

“ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ မြို့ကို သန့်ရှင်းသပ်ရပ်လာအောင် လုပ်ဆောင်ရမယ့် တာဝန်က စည်ပင်ရဲ့ တာဝန်ဖြစ်ပေမယ့်လည်း အခုလို အိမ်ရှေ့ရေမြောင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တူးဖော် ရှင်းလင်းရမယ်လို့ စာထုတ်တာက န.၀.တ၊ န.အ.ဖ ခေတ်က ပုံစံအတိုင်း လုပ်နေတာနဲ့ တူနေတယ်” ဟု ရပ်ကွက်လူကြီးတစ်ဦးက ဝေဖန်ပြောဆိုသည်။

“မြို့ထဲက ရေမြောင်းတွေက ရေတွေစီးပြီး ရိုဟင်ဂျာရွာတွေထဲကို ၀င်တယ်။ ရွာထဲမှာ ရေ၀ပ်နေတာကြောင့် မိုးရာသီကျရင် အသွားအလာလုပ်ဖို့ ခက်ခဲလာတယ်။ ရေ၀ပ်မနေအောင် ရေမြောင်းတွေ လုပ်ပေးဖို့ စည်ပင်ကို တင်ပြတော့လည်း ဘာမှ လုပ်မပေးဘူး။ ဆိုင်တွေရှေ့ ရေ၀ပ်နေတာမြင်ရင် ဆိုင်ရှင်တွေကို စည်ပင်ရုံးကို ဆင့်ခေါ်ပြီး ငွေညှစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များတွင်မူ စည်ပင်သာယာရေး ဦးစီးဌာနမှ နှစ်စဉ်နှစ် တိုင်း ရေမြောင်း များမှ အမှိုက်များ ရှင်းလင်းရေးများ လုပ်ဆောင်ပေးသလို၊ ရပ်ကွက်ထဲရှိ ကြားလမ်းများ အားလုံးကိုလည်း ကွန်ကရစ်လမ်းဖောက်လုပ်ပေးနေသည်။

ရိုဟင်ဂျာရပ်ကွက်များတွင် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးခြင်း မရှိသလို၊ ရေမြောင်းများလည်း ရှင်းလင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် လူမျိုးခွဲခြား၍ လုပ်ဆောင်နေသည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင်သည်ဟု ဒေသခံများက ဆိုသည်။

“ခွဲခြားပြီး လုပ်နေတာက အထက်အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေမှာ ခွဲခြားနေတာလား ဆိုတာ ကျွန်တော်တို့ သေချာသိချင်တယ်။ အခွန်တွေ ကောက်ပြီးတော့ တာဝန်မကျေနိုင်ဘူးဆိုရင် ဘာကြောင့် အခွန်တွေ ကောက်နေတာလဲ၊ ကျွန်တော်တို့ဆီကနေ ဓါးပြတိုက်နေတာ လားလို့ မေးခွန်း ထုတ်ချင်တယ်၊ နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများ အလုပ်လုပ်ရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်လို့ ပြောတဲ့စကားကို ဆန့်ကျင်နေတဲ့ အတွက် အထက်အရာရှိများအနေနဲ့ ထိရောက်စွာ အရေး ယူပေးဖို့ တောင်းဆိုပါတယ်” ဟု ရပ်ကွက်လူကြီးက ပြောပါသည်။

MYARF
RB News
28.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းက မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိသည်။

မြို့မရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အနောက်အုပ်စုနှင့် မြို့မအရှေ့ရပ်ကွက် (အမှတ် ၄ ရပ်ကွက်) စံပြရွာ ခွဆုံရှိ ရဲကင်းစခန်းသည် မေလ (၂၆) ရက်နေ့မှစ၍ ကားများနှင့် သုံးဘီးတက္ကစီများကို မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဧပြီလကုန်ပိုင်းတွင် စစ်ဆေးမှုခံယူစဉ် ငွေတောင်းခံပါက ဆက်သွယ်တိုင်ကြားရန်ဟုဆိုကာ မြို့နယ် စခန်းမှူးနှင့် ဒု-စခန်းမှူးတို့၏ ဖုန်းနံပါတ်များကို ရေးသား၍ စာရွက်ချိတ်ဆွဲထားသည့်နေ့မှစ၍ ငွေကောက်ခံခြင်းကို ရပ်တန့်ခဲ့သည်။ သို့သော်လည်း ယခုအခါ ပြန်လည် ကောက်ခံနေပြီး ချိတ်ဆွဲထားသည့် စာရွက်လည်း မတွေ့ရှိရတော့ဟု ဒေသခံများက ဆိုသည်။ 

“သုံးဘီးတက္ကစီသမား တစ်ယောက်က မြို့မရွာသစ်ကေကို တစ်ရက်ကို အနည်းဆုံး ၃ ကြိမ်နဲ့ အထက် သွားနေရတယ်။ မသွားရင် ၀င်ငွေက ဘယ်လိုမှ ပြည့်မှာ မဟုတ်ဘူး။ အခု ၀င်တိုင်း ၅၀၀ ကျပ်စီ ပေးနေရတော့ သွားချင်စိတ် မရှိတော့ဘူး။ မြို့ထဲကနေ လူတစ်ယောက်ကို ၅၀၀ နဲ့ တင်သွားတာ ရဲကင်းစခန်းကို ၅၀၀ ပေးလိုက်ရတော့ ကိုယ့်ဖက်က ဆီဖိုးက အရှုံးဖြစ်နေတယ်။ ရဲကို ရှာကျွေးနေသလို ဖြစ်နေတယ်။ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီ ၀န်းကျင်ထိ ဖြတ်သန်း သွားလာတိုင်း ကောက်ခံတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ တချို့ကပေးရတယ်။ တချို့ကမပေးရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



Rohingya Eye
RB News
19.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည် ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင် ထားသည်။

၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာများကို စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက်၍ အရေးပေါ်ဆေးကုသခွင့် ပိတ်ပင်ထားခဲ့သည်။ မောင်တောခရိုင်ရှိ ဆေးရုံများတွင် ကုသ၍ မရနိုင်သည့် နာတာရှည်ရောဂါသည်များ၊ အရေးပေါ် ခွဲစိတ်ခံရယူရမည့်သူများသည် စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက် ဆေးကုသခွင့်မရသောကြောင့် တဖက်နိုင်ငံသို့သာ သွားရောက်ဆေးကုသကြရသည်။

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာမှ ဦးမာမတ်နော်ဆိမ်း၏ သမီးဖြစ်သူ မဆူဖိုက်ရာ (အသက် ၂၂ နှစ်) သည် လက်တဖက်ကျိုးသွားသဖြင့် တဖက်နိုင်ငံသို့ သွားရောက်၍ သံမဏိတစ်ချောင်းအစားထိုး၍ ဆေးကုသမှု ခံယူခဲ့သည်။ ဆရာဝန်ဖြစ်သူက (၄) လ အကြာတွင် သံမဏိချောင်းကို ပြန်လည် ထုတ်ယူရမည်ဟု မှာကြားခဲ့သောကြောင့် မဆူဖိုက်ရာတို့ ညီအစ်မနှစ်ဦးသည် တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး မေလ (၁၂) ရက်နေ့တွင် မောင်နီရွာသို့ ကားဖြင့် ပြန်လာခဲ့သည်။

၎င်းတို့နှစ်ဦး ပြန်လာနေစဉ် ရွှေဇားတံတားပေါ်တွင် အသင့်စောင့်နေသည့် ရဲအုပ်စံမင်း ဦးဆောင်သည့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က တဖက်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ကားနှင့် အတူ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး၍ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်။

ရဲအုပ်စံမင်းက ကားပိုင်ရှင်ထံမှ ငွေကျပ်တစ်သိန်းယူ၍ ကားကို ပြန်လည် ပေးလိုက်သော်လည်း အမျိုးသမီးနှစ်ဦးကို ဆက်လက်ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီးနှစ်ဦးသည် တဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် ခိုလှုံနေရမှ တရားမ၀င် ပြန်လည် ၀င်ရောက်လာသူများ မဟုတ်ဘဲ၊ ဆေးကုသရန် သွားရောက်ခဲ့သူများသာ ဖြစ်သည်။ ၎င်းတို့သည် ၂၀၁၈ ခုနှစ် ဆွဲ၊ တင်၊ စစ် တွင် စစ်ဆေးမှု ခံယူခဲ့သူများလည်း ဖြစ်ကြသည်။

ဆရာဝန်ထံ အချိန်မီ သွားရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် သွားရောက်၍ ဆေးကုသမှု ခံယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အလားတူ မြို့မတောင်ရပ်ကွက်မှ ဦးအီနုစ် (ဘ) ဆရာဦးခင်မောင် (အသက် ၄၈ နှစ်) နှင့် အိမ်နီးချင်း ဦးလာလားယား (အသက် ၃၃ နှစ်) တို့နှစ်ဦးသည် လွန်ခဲ့သည့် အပတ်က တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး ပြန်လာခဲ့ရာ နှစ်ရက်အကြာတွင် ရဲအုပ်စံမင်းက ခိုးဝင်လာသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သိန်းခွဲစီ ညှစ်ယူခဲ့သည်။

“ဒီလူတွေက တရားမ၀င် ခိုးဝင်နေတာလည်း မဟုတ်ဘူး။ ဆွဲတင်စစ် မှာ ပါဝင် စစ်ဆေးခံခဲ့သူတွေပါ။ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုလို့ သွားခဲ့တာ။ နိုင်ငံတော် အစိုးရက ပြည်တွင်းမှာ ဆေးကုသခွင့် မပေးလို့ သူတို့အသက်ကယ်ဖို့အတွက် ဆေးကုသမှု ခံယူဖို့ တဖက်နိုင်ငံကို သွားခဲ့ရတာပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သိသိကြီးနဲ့ မတရားစွပ်စွဲပြီး ဖမ်းဆီး ငွေညှစ်နေတာ” ဟု မောင်တောမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
18.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးနှင့် အဖွဲ့က မြောတောင်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့သည်။

ယနေ့ မေလ (၁၈) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆) ဦးသည် မြောတောင်ကျေးရွာသို့ ရောက်ရှိလာပြီး ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနုရ်အာမတ် (အသက် ၄၅ နှစ်) ကို ခေါ်ဆောင်သွားပြီး ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးဟာမိတ်ဟူစိန်းသည် ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူး (ရဲမှူး) ကို မတ်လမှစ၍ မေလအထိ တစ်လလျှင် ငွေကျပ် တစ်သိန်းစီ ပေး၍ ၎င်း၏ ရွာအနီးအနားရှိ သစ်ပင်များကို ခုတ်လှဲ၍ သစ်ခွဲသည့် လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်သည်။ 

ယခု အဆိုပါ ရဲမှူး ပြောင်းသွားသောကြောင့် သရက်အုပ်မှ စခန်းမှူးက “ဒီလုပ်ငန်းက ငါ့ဧရိယာအတွင်းမှသာ ရှိတာကြောင့် ငါ့ကိုသာ ငွေပေးရမယ်” ဟု ဆိုကာ ပြောဆို၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 



Rohingya Exodus