သိမ်းဝေ
Rohingya Today
ဦးစိန်ဝင်းသည် လွန်ခဲ့သော နှစ်လက ဂူတာပြင်ကျေးရွာအုပ်စုနေ အရီဖုလ္လာဟ် (ဘ) ဦးအဗ်ဒူလ်မဂျီးဒ် (အသက် ၂၇- နှစ်) ကို ပုဇွန်နှင့်အတူ ငါး ၁ သိုက်ခန့် ရောင်းချနေသည်ကို အကြောင်းပြ၍ ပုစွန်ရောင်းလိုင်စင်ဖြင့် ငါးရောင်း၍ မရဟု ပြောဆိုကာ ရိုက်နှက်ပြီး ငွေကျပ် သုံးသောင်း လုယူကာ ငါးရောင်းရန် လိုင်စင် တစ်ခု ထုတ်ပေးခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်လကလည်း ဂူတာပြင်ကျေးရွာအုပ်စုမှ ဦးနူရ်မိုဟမ္မဒ် (ဘ) ဦးရဟ်မဒ်အူလ္လာ (အသက် ၄၅-နှစ်) အား လိုင်စင် သက်တမ်း ကုန်ဆုံးနေသည်ကို အကြောင်းပြု၍ ရိုက်နှက်ကာ ငွေကျပ် သုံးသောင်း လုယူပြီး လိုင်စင် အသစ်တစ်ခု ထုတ်ပေးခဲ့သည်။ ဦးစိန်ဝင်းသည် မကြာခဏ ယင်းဈေးသို့ လာရောက်၍ ယခုကဲ့သို့ ငါးရောင်းသူများကို ရိုက်နှက်နှိပ်စက် ငွေလုခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု ဈေးသည်များက ဆိုသည်။
“ငါးရောင်းဖို့ လိုင်စင်လိုတယ်၊ မလိုဘူး၊ သက်တမ်း ကုန်တယ်၊ မကုန်ဘူး အဲ့တာ ကျနော် နားမလည်ဘူး၊ အဲ့ဒါ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာရင် လုပ်ထုံးလုပ်နည်းအရ ဥပဒေ အတိုင်း ပြစ်ဒဏ်ချမှတ်လို့ရတာပဲ၊ အခုက အဲလို မဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်က ပြည်သူ့ လစာစားပြီး ပြည်သူကို လက်လွတ်စပယ် ရိုက်နှက် နှိပ်စက်တာက အထက်အရာရှိတွေက ဟန့်တားဆုံးမခြင်း မရှိတာရယ်၊ ရိုဟင်ဂျာဆိုတာနဲ့ ဥပဒေမရှိဘူး၊ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာပါ” ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောပါသည်။
Rohingya Today
7.10.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးက ကကျက်ဘက်ဈေးတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ငါးရောင်းသူများကို ရိုက်နှက်ခြင်း၊ ငွေလုယက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဘူးသီးတောင်မြို့နယ် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိန်ဝင်း (အသက် ၅၀ နှစ်ခန့်) က အောက်တိုဘာလ (၇) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ကကျက်ဘက်ဈေးသို့ ရောက်ရှိလာပြီး ငါးရောင်းနေသည့် ဂူတာပြင်ကျေးရွာအုပ်စုမှ မိုဟာမတ်ကာဆိမ်း (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၆ နှစ်) ကို ငါးရောင်းလိုင်စင် သက်တမ်း ကုန်ဆုံးသွားသည်ကို အကြောင်းပြ၍ လူမဆန်စွာ ရိုက်နှက်ကာ ပုဇွန်နှင့် ငါးလိုင်စင် သီးသန့် ခွဲခြား၍ လိုင်စင်သစ်နှစ်စုကို တစ်နှစ်တာ သက်တမ်းဖြင့် ထုတ်ပေးပြီး ငွေကျပ် ခြောက်သောင်း လုယူခဲ့သည်။ ထို့နောက် ငါးရောင်းသူ နောက်တစ်ဦး၏ အင်္ကျီအိတ်ထဲမှ ငွေကျပ် ၇၅၀၀/- လုယက်ပြီး ၎င်းအား လက်စွပ်ဝတ်ဆင် ထားသည့် လက်သီးဖြင့် ထိုးသောကြောင့် နှာခေါင်းကွဲပြဲသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဈေးရောင်းသူများက Rohingya Today သို့ပြောသည်။
“မိုဟာမတ်ကာဆိမ်းရဲ့ ၀မ်းဗိုက်ကို လက်သီးနဲ့ ၂ ချက်ထိုးတယ်၊ ပါးရိုက်တယ်၊ ပြီးတော့ သူတို့စီးလာတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ကားထဲကို ဆွဲသွင်းပြီး ရင်ဘတ်ကို ခြေထောက်နဲ့ ကန်ကျောက်တယ်။ တော်တော်လေး နှိပ်စက်တာဗျာ” ဟု ဈေးသည်တစ်ဦးက ပြောပါသည်။
ဦးစိန်ဝင်းသည် လွန်ခဲ့သော နှစ်လက ဂူတာပြင်ကျေးရွာအုပ်စုနေ အရီဖုလ္လာဟ် (ဘ) ဦးအဗ်ဒူလ်မဂျီးဒ် (အသက် ၂၇- နှစ်) ကို ပုဇွန်နှင့်အတူ ငါး ၁ သိုက်ခန့် ရောင်းချနေသည်ကို အကြောင်းပြ၍ ပုစွန်ရောင်းလိုင်စင်ဖြင့် ငါးရောင်း၍ မရဟု ပြောဆိုကာ ရိုက်နှက်ပြီး ငွေကျပ် သုံးသောင်း လုယူကာ ငါးရောင်းရန် လိုင်စင် တစ်ခု ထုတ်ပေးခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်လကလည်း ဂူတာပြင်ကျေးရွာအုပ်စုမှ ဦးနူရ်မိုဟမ္မဒ် (ဘ) ဦးရဟ်မဒ်အူလ္လာ (အသက် ၄၅-နှစ်) အား လိုင်စင် သက်တမ်း ကုန်ဆုံးနေသည်ကို အကြောင်းပြု၍ ရိုက်နှက်ကာ ငွေကျပ် သုံးသောင်း လုယူပြီး လိုင်စင် အသစ်တစ်ခု ထုတ်ပေးခဲ့သည်။ ဦးစိန်ဝင်းသည် မကြာခဏ ယင်းဈေးသို့ လာရောက်၍ ယခုကဲ့သို့ ငါးရောင်းသူများကို ရိုက်နှက်နှိပ်စက် ငွေလုခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု ဈေးသည်များက ဆိုသည်။
“ငါးရောင်းဖို့ လိုင်စင်လိုတယ်၊ မလိုဘူး၊ သက်တမ်း ကုန်တယ်၊ မကုန်ဘူး အဲ့တာ ကျနော် နားမလည်ဘူး၊ အဲ့ဒါ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာရင် လုပ်ထုံးလုပ်နည်းအရ ဥပဒေ အတိုင်း ပြစ်ဒဏ်ချမှတ်လို့ရတာပဲ၊ အခုက အဲလို မဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်က ပြည်သူ့ လစာစားပြီး ပြည်သူကို လက်လွတ်စပယ် ရိုက်နှက် နှိပ်စက်တာက အထက်အရာရှိတွေက ဟန့်တားဆုံးမခြင်း မရှိတာရယ်၊ ရိုဟင်ဂျာဆိုတာနဲ့ ဥပဒေမရှိဘူး၊ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာပါ” ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောပါသည်။
မောင်ဝံ့သ
Rohingya Today
4.10.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးသည် အလုပ်လုပ်နေစဉ် မတော်မဆ ထိခိုက်၍ သေဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို ဆေးရုံအုပ်ကြီးက ငွေညှစ်ပြီးနောက် မိသားစုဝင်များကို ပြန်လည်ပေးအပ်ခဲ့သည်။
မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် အာလီရွာမှ ဦးနူရ်လ်အာမီးန် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၇ နှစ်) သည် လက်သမားတစ်ဦးဖြစ်ပြီး သားသမီး ငါးဦး၏ ဖခင် ဖြစ်သည်။ ၎င်းသည် အောက်တိုဘာလ (၂) ရက်နေ့တွင် နာရီစင်အနီးရှိ ဆိုင်တစ်ဆိုင်တွင် ငါးထပ်သားများကို ကျောက်စက် (သံခွဲစက်) ဖြင့် ခွဲနေစဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့သည်။ ၎င်း၏ ညာလက်မောင်း အသားကွဲပြီး အရိုးထိမှန်သွားသည့်အပြင် သွေးထွက်လွန်နေသောကြောင့် ညနေ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ တာဝန်ရှိ ဆရာဝန်များက ကြိုးစား၍ ကုသပေးခဲ့သော်လည်း ခန္ဓာကိုယ်တွင် သွေးမရှိသလောက်ပင် နည်းပါးသွားသောကြောင့် ဆေးရုံရောက်ရှိပြီး ဆယ်မိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့သည်။
လုပ်ငန်းခွင်၌ မတော်တဆ ထိခိုက်၍ သေဆုံးသွားခြင်း ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း အပါအ၀င် ဆေးရုံဝန်ထမ်းများက ၎င်း၏ အလောင်းကို ခွဲစိတ်ရမည်၊ သေမှုသေခင်းဖြင့် စစ်ဆေးရမည်ဟု ဆိုကာ ခွဲစိတ်ခန်းသို့ ပို့ဆောင်၍ ထိန်းသိမ်းထားခဲ့သည်။
ဆေးရုံအုပ်ကြီးက ရုပ်အလောင်းကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ရန် ကြန့်ကြာနေသောကြောင့် ဆေးရုံအုပ်ကြီးနှင့် မိသားစုဝင်များနှင့် ညှိနှိုင်းသောအခါ ငွေကျပ် တစ်သိန်းလေးသောင်း ပေးမှသာ ပြန်လည် အပ်နှံမည်ဟု ပြောသောကြောင့် ည ၆ နာရီအချိန်တွင် သေဆုံးသူ၏ ဖခင်ဖြစ်သူက ငွေကျပ် တစ်သိန်းလေးသောင်း ပေး၍ အလောင်းကို ပြန်လည် လက်ခံရယူခဲ့ရကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။
အလောင်းကို ခွဲစိတ်ခန်းမှ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ပြီး၊ ခွဲစိတ်ခြင်း မရှိခဲ့ကြောင်း၊ ငွေညှစ်ရန်အတွက် ခွဲစိတ်ခန်းထဲသို့ ပို့ဆောင်ထားခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“မောင်တောဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကတော့ အင်မတန် စိတ်သဘောထား ကောင်းပါတယ်။ အားလုံးနဲ့လည်း အဆင်ပြေတယ်။ ဆေးရုံအုပ်ကြီးကတော့ အခုထိ အရင်အတိုင်းပဲ။ အခုကိစ္စက တကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ ငွေညှစ်ခံရသူက သားလည်း ဆုံးတယ်၊ ငွေလည်းဆုံးတယ်။ သားက အသက်ရှင်နေလို့ ပေးရတယ်ဆိုရင် ပေးပျော်ပါတယ်။ မိသားစုတွေက ပူဆွေးဝမ်းနည်းနေရတဲ့ အချိန်မှာ ကျန်းမာရေး ၀န်ထမ်းတွေက နှစ်သိမ့်စကား ပြောရမယ့်အစား ငွေညှစ်တာကို ကြည့်ခြင်းအားဖြင့် မောင်တောမြို့ရဲ့ ကျန်းမာရေးစနစ်က အတော်လေး ဆိုးဝါးနေသေးတယ်လို့ ပြောရပါမယ်” ဟု မြို့ခံတစ်ဦးက Rohingya Today သို့ပြောသည်။

3.10.2018
Rohingya Today
3.10.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တဖက်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေသူများ၏ နေအိမ်များတွင် ယာယီနေထိုင်နေသည့် ဆွေမျိုးများထံမှ ငွေညှစ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သာ (အသက် ၄၇ နှစ်) နှင့် ၎င်း၏ တပည့်ဖြစ်သူ နူးရ်မိုဟမ္မဒ် (ဘ) ဦးမက်တုလ်အဟ်မဒ် တို့ပူးပေါင်း၍ တောင်ရွာမှ တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ၏ နေအိမ်များတွင် ပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် အိမ်ခေါင်မိုး ပြုပြင်မွမ်းမံပြီး နေထိုင်လျက်ရှိသည့် ပိုင်ရှင်များနှင့် ဆွေမျိုးတော်စပ်သူများထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
ငွေကျပ် ငါးသောင်းစီ ညှစ်ခံရသူများမှာ --
(၁) ဆလိမ်း (ဘ) ဦးရရှီးဒ်အဟ်မဒ် (အသက် ၂၆ နှစ်)
(၂) ဆိုက်ဖုလ်အစ္စလာမ် (ဘ) ဦးမိုဟမ္မဒ်စလာမ် (အသက် ၂၃ နှစ်)
(၃) ဆနားအူလ္လာ (ဘ) ဦးနူရ်ဟာကိမ်း (အသက် ၂၅ နှစ်)
(၄) အာတာအူလ္လာ (ဘ) ဦးနူးရ်အာလောမ် (အသက် ၂၈ နှစ်)
(၅) ရဖီးခ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၂၃ နှစ်)
(၆) အာန်ဝါရ် (ဘ) ဦးဟူစိန်းအဟ်မဒ် (အသက် ၃၀ နှစ်)
(၇) အဗ်ဒူလ္လာဟ် (ဘ) ဦးဟိုက်ရုလ်ဘရှားရ် (အသက် ၂၄ နှစ်)
(၈) အာမာန်အူလ္လာ (ဘ) ဦးမုခ်တာရ်အဟ်မဒ် (အသက် ၂၃ နှစ်)
(၉) ဆနားအူလ္လာ (ဘ) ဦးနူရူလ်ဟောက် (အသက် ၂၉ နှစ်)
(၁၀) အီမာမ်ဟူစိန်း (ဘ) ဦးမူဇာဖ္ဖောရ် (အသက် ၂၇ နှစ်) -- တို့ဖြစ်ကြသည်။
RB News
2.10.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာမှ ရာအိမ်မှူးတစ်ဦးက တဖက်နိုင်ငံတွင် သွားရောက်ခိုလှုံနေသူ နှစ်ဦး၏ နေအိမ်များကို ရောင်းချ၍ အာဏာပိုင်များကို ဝေစုများ ပေးခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စု အမှတ် (၈) ရပ်ကွက်မှ ရာအိမ်မှူး ရှားကဲရ် သည် သြဂုတ်လ (၁) ရက်နေ့တွင် ယင်းရပ်ကွက်မှ ဒေါ်ဟာလီမာ (ဘ) ဦးအိုင်ရ်ဟမ်ဇား (အသက် ၄၀ နှစ်) ကို နယ်ခြားစောင့်ရဲများက လာရောက် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဒေါ်ဟာလီမာ သည် အကြောင်းမဲ့ ငွေညှစ်ခံရမည်၊ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ၍ နေအိမ်ကို စွန့်ခွာ၍ တဖက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။
ဒေါ်ဟာလီမာ စွန့်ခွာသွားခဲ့သည့် နှစ်ထပ်အိမ်ကို ရာအိမ်မှူး ရှားကဲရ် က ယင်းရပ်ကွက်မှ ဦးကာဆိမ်း အား ငွေကျပ် လေးသိန်းလေးသောင်း ဖြင့် စက်တင်ဘာလ (၂၈) ရက်နေ့က ရောင်းချလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရောင်းချ၍ ရသည့်ငွေကျပ် လေးသိန်းလေးသောင်းမှ တစ်သိန်းလေးသောင်းကို ရှားကဲရ်၊ အမှတ် (၇) ရပ်ကွက်မှ ရာအိမ်မှူး နော်ဇီရ်အာမတ်၊ အမှတ် (၉) ရပ်ကွက်မှ ရာအိမ်မှူး မာတာမီးန် နှင့် အမှတ် (၁) ရပ်ကွက်မှ ရာအိမ်မှူး မိုဟီဘူလ္လာ တို့ ခွဲဝေယူခဲ့ပြီး၊ ကျန်သည့် ငွေကျပ် သုံးသိန်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ကို ငွေကျပ် တစ်သိန်းငါးသောင်း၊ ကျေးရွာတာဝန်ခံ ဇူဘိုင်ရ် ကို ငါးသောင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ငွေကျပ် တစ်သိန်း ခွဲဝေးပေးခဲ့သည်။
အမှတ် (၈) ရပ်ကွက်မှ ရာအိမ်မှူး ရှားကဲရ် သည် အောက်တိုဘာလ (၁) ရက်နေ့တွင်လည်း ယင်းရပ်ကွက်မှ ဦးအဘူဘက္ကရ်၏ နေအိမ်ကို ငွေကျပ် လေးသိန်းဖြင့် ရောင်းချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

MYARF
RB News
1.10.2018
RB News
1.10.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် လူ ၅ ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမြောပါး ဖြစ်နေသည်။
သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင် မော်လ၀ီရွာမှ မိုဟမ္မဒ်တယုဗ် (ဘ) ဦးဆယိဒ် (အသက် ၁၇-နှစ်) နှင့် ဦးဘိုက်လာ (ဘ) ဦးဘော်ဆိရ်အဟ်မဒ် (အသက် ၄၀-နှစ်) တို့အကြား ယခင်က တစ်ဦးနှင့်တစ်ဦး စကားများခဲ့ရသည်ကို ဦးဘိုက်လာက အငြိုးထားကာ တစ်ချိန်ချိန်တွင် တစ်နည်းနည်းနှင့် မိုဟမ္မဒ် တယုဗ် ကို သတ်မည်ဟု စိန်ခေါ်ပြောဆိုလေ့ရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ (၃၀) ရက်နေ့ ည ၇း၀၀ ခန့်အချိန်တွင် ဦးဘိုက်လာနှင့် ၎င်း၏ အစ်ကို ဦးဟူးစိန်းအာမတ် (ဘ) ဦးဘော်ဆိရ်အမဒ် (အသက် ၅၀ နှစ်)၊ ဦးဘိုက်လာ၏ သားဖြစ်သူ အဗ်ဒူလ္လာ (အသက် ၂၂-နှစ်)၊ ဦးဘိုက်လာ၏ သားမက်ဖြစ်သူ မုက်တာရ် (ဘ) ဦးဂါလူဘန်ဂူ (အသက် ၂၆-နှစ်) နှင့် အခြား ဆွေမျိုးတစ်ဦး ဖြစ်သည့် ဘာဂုများ (ခ) ဘာဂျား (ဘ) ဦးအဟ်မဒ်ဟူးစိန်း (အသက် ၂၅-နှစ်) တို့က မိတ်ဆွေနှင့်တွေ့ရန် သွားနေသည့် မိုဟမ္မဒ်တယုဗ် ကို ၎င်းတို့၏ အိမ်နှင့် ကပ်လျက်ရှိသည့် လမ်းမမှ အိမ်ထဲသို့ ဆွဲသွင်းပြီး ကြိုးတုတ်၊ ပါးစပ်ပိတ်ကာ ၅ ဦးစလုံးက လက်ကိုင်တုတ် ကိုယ်စီဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေလုမြောပါး ဖြစ်သွားခဲ့သည်။
မိုဟမ္မဒ်တယုဗ် ကို ရွာသားများက ကျေးရွာတာဝန်ခံ ဦးရော်ရှိတ်၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ရာ ကျေးရွာတာဝန်ခံက ချက်ချင်းဆိုသလို ညောင်ချောင်း နယ်မြေရုံးသို့ သတင်းပို့ခဲ့သည်။ နယ်မြေရုံးမှ ဆေးကုသမှုခံယူရန် ကျန်းမာရေးမှူး ဦးစိုးတင်ထံ စေလွှတ်ခဲ့ပြီး၊ ဦးစိုးတင် ထံတွင် ဆေးကုသမှု ခံယူနေစဉ် အခြေအနေ အလွန် စိုးရိမ်စရာ ဖြစ်လာသဖြင့် ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရွာသားတစ်ဦးက “ဘိုက်လာရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်မယ် ပြောပြီး အခု အခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ စီစဉ်နေတာကြောင့် အခုလို ရိုက်ခံရတာလို့ ပြောဆိုနေတာတွေလည်း ကြားနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
Rohingya Eye
RB News
28.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် နှစ်ရှည် အကျဉ်းကျခံထားရသည့် အကျဉ်းသားတစ်ဦးသည် ဆေးဝါးလုံလောက်စွာ ကုသမှုမရသောကြောင့် သေဆုံးသွားခဲ့သည်။
မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု အာဘော်ရှားရွာမှ ဦးအာဘူရှားမား (ဘ) ဦးဘာဆူမျာ (အသက် ၅၀ နှစ်) နှင့် ၎င်း၏သားဖြစ်သူ မာမတ်ဇူဘိုင်ရ် (အသက် ၂၅ နှစ်) တို့နှစ်ဦးကို ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၁၂) နှစ် ချမှတ်၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
လွန်ခဲ့သည့် (၄) လမှစ၍ ဦးအာဘူရှားမား သည် အသားဝါ (စီ ပိုး) ရောဂါစွဲကပ်လာသောကြောင့် ၎င်း၏ မိသားစုဝင်များက ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူနိုင်ရန် ထောင်အာဏာပိုင်များထံ အကြိမ်ကြိမ် အသနားခံ တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထောင်တွင်းဆေးရုံတွင် လုံလောက်စွာ ဆေးကုသမှု မရရှိခဲ့သောကြောင့် စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
သေဆုံးသွားသူ၏ အသုဘကို မိသားစုဝင်များ လိုက်ပါပို့ဆောင်ခွင့် မရသလို၊ မည်သည့် သင်္ချိုင်း၌ သဂြိုဟ်ခဲ့သည်ကိုလည်း မသိရှိခဲ့ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်များအရ သိရသည်။
ဦးအာဘူရှားမား ရောဂါပြင်းထန်စွာ ခံစားနေရချိန်တွင်လည်း မိသားစုဝင်များက ထောင်အာဏာပိုင်များထံ တွေ့ခွင့်တောင်းခံခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ပေ။
MYARF
RB News
28.9.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာအုပ်စုမှ လောင်းလှေတစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသူများကို နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မိန်းကလေးနှစ်ဦး ရေနစ်သေဆုံးသွားသည်။
မင်္ဂလာကြီးကျေးရွာအုပ်စုမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ သွားနေသည့် ဒေသခံ ရိုဟင်ဂျာအချို့သည် စက်တင်ဘာလ (၂၇) ရက်နေ့ ည ၈း၀၀ ခန့်အချိန်တွင် (လူကြီးခါးနစ်သည့်အထိ) ရေထဲသို့ဆင်း၍ လောင်းလှေတစ်စီးပေါ်တက်နေစဉ် နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက်လု၍ ရှောင်ပြေးရန် ကြိုးစားခဲ့ရာ လူကြီးအချို့ ဖမ်းဆီးခံခဲ့ရပြီး မိန်းကလေး နှစ်ဦး ဖြစ်ကြသည့် ကညင်တန်း (မြို့မ) မှ အာသေဆာ (ဘ) ဦးနူရ်ကာလာမ် (အသက် ၉-နှစ်) နှင့် ရွှေဇားကျေးရွာအုပ်စု၊ ကညင်ချောင်းရွာမှ ဆေးနုဝါးရား (ဘ) ဦးဖောယာဇ်အဟ်မဒ် (အသက် ၁၇-နှစ်) တို့သည် ရေနစ်သေဆုံးသွား၍ ရုပ်အလောင်းများကို နယ်ခြားစောင့်ရဲကားဖြင့် ည ၉း၁၀ ခန့်အချိန်တွင် မောင်တော ပြည်သူ့ဆေးရုံသို့ ယူဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရိုဟင်ဂျာများသည် မောင်တောခရိုင်ရှိ မောင်တော ပြည်သူ့ဆးရုံတွင်ရှိသည့် ကျန်းမာရေးဝန်ဆောင်မှုထက် ပိုမိုကောင်းမွန်သည့် ဆေးဝါးကုသမှုလိုအပ်လျှင် မြန်မာပြည်အတွင်းရှိ အခြားနေရာများသို့ မသွားနိုင်သောကြောင့် ယခင်က ယာယီနိုင်ငံကူး ပါမစ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ကုသမှုခံယူပြီး ပြန်လာလေ့ရှိခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ ဖြစ်စဉ်မှ စ၍ ယင်းကဲ့သို့ သွားလာခွင့်ကို ပိတ်ပင်လိုက်သောကြောင့် အသည်းအသန် ဖြစ်နေသည့် လူနာများကို ဆေးကုသမှုပေးနိုင်ရန် နောက်ဆုံးတွင် မတတ်သာ၍ ခိုးကူးရသည့် လမ်းကြောင်းကို ရွေးချယ်ရသည်ဟု မြို့ခံတစ်ဦးကပြောပါသည်။
“ဟိုဘက် ဘင်္ဂလားဒေ့ရှ် ဘက်ကိုသွားတဲ့ ရိုဟင်ဂျာတွေထဲမှာ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေက မိသားစုတွေထဲက ဝင်ငွေရှာသူ အဖမ်းခံခဲ့ရပြီး အားကိုးရာမဲ့ဖြစ်နေသူတွေ၊ အိမ်မီးရှို့ခံရပြီး အိုးမဲ့အိမ်မဲ့ ဘဝနဲ့ အခြားနေရာတွေမှာ အကြာကြီး ခိုလှုံနေရပြီး အဆင်မပြေတော့ ထွက်ပြေးချင်ကြတဲ့လူတွေနဲ့ နောက်ဆုံး မောင်တော အဆင့်နဲ့ မရဘဲ ဟိုဘက်သွားပြီး ကုသမှုခံယူချင်ကြတဲ့ လူနာတွေ စတဲ့ လူတွေပဲ နောက်ဆုံးမှာ ဒီလမ်းကြောင်းကို ရွေးတာပါ'' လို့ မင်္ဂလာကြီး ရွာသား တစ်ဦးက ပြောပါသည်။
RB News
27.8.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ တဖက်နိုင်ငံတွင် သွားရောက်ခိုလှုံနေသူများ၏ ပိုင်ဆိုင်မှုများကို ရောင်းစားခြင်း၊ ICRC မှ အထောက်အပံ့များကို ဖြတ်စားခြင်းများ ပြုလုပ်နေသည်။
သြဂုတ်လ (၅) ရက်နေ့တွင် ငကျဉ်တောက်ကျေးရွာအုပ်စု၊ သရေကုန်တန်းကျေးရွာမှ ဦးအဒူလ်ဟာရှိမ်း ကို မောင်တောမြို့နယ် အမှတ် (၂) ရဲတပ်ရင်းမှ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဦးအဒူလ်ဟာရှိမ်း၏ ဖခင် ဦးကင်ဒူရာ (ခ) ဦးကာဆိမ်းကို ငကျဉ်တောက် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ဆင့်ခေါ်၍ လူအများရှေ့မှောက်တွင် လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် အမှတ် (၂) ရဲတပ်ရင်းမှူးအတွက်ဟု ဆိုကာ ငွေကျပ် (၂၁) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းသည် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရန်ပုံငွေ ပေးသွင်းရမည်ဟု ဆိုကာ အောင်လံပြင်ကျေးရွာနှင့် သရေကုန်တန်းကျေးရွာများမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ပိုင်ဆိုင်သည့် သစ်ပင်စိုက်ခင်းများကို ခုတ်၍ ရွာမ မွတ်စလင်ရွာမှ ဦးဇူဘိုင်ရ် (ဘ) ဦးဒေါလိလ်အာမတ် ကို ငွေကျပ် သိန်း (၃၀) ဖြင့် ရောင်းချခဲ့ကြောင်း၊ ထို့အပြင် ယင်းကျေးရွာများမှ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ပိုင်ဆိုင်သည့် လယ်ယာမြေ ဧက (၁၀၀) ခန့်ကို တစ်ဧကလျှင် ကျပ် (၅) သောင်းနှုန်းဖြင့် ငှားရမ်းထားကြောင်း၊ အိမ်ပေါင်း (၁၀၀) ခန့်ကိုလည်း ဖြိုဖျက်၍ တစ်အိမ်လျှင် ငွေကျပ် (၅) သိန်းမှ (၁၀) သိန်း နှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူတစ်ဦး၏ နေအိမ်၌ ယာယီခိုလှုံနေသူ သရေကုန်တန်းရွာမှ ဦးဝါရဲစ် (ဘ) ဦးကာလာမျာ ကို ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဇွန်လ (၂၁) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းသည် ICRC မှ ငကျဉ်တောက်ကျေးရွာအုပ်စု အတွက် ထောက်ပံ့သည့် ပစ္စည်းများမှ ပဲအိတ် (၄၀၀) နှင့် ဆန်အိတ် (၁၀၀) ကို ကျေးရွာလူထုကို မပေးဘဲ အတင်းအဓမ္မသိမ်းယူပြီး၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဦးဖိုက်ဆဲလ် (ဘ) ဦးအာဘူတာဟဲရ် ထံသို့ သွားရောက်၍ ပဲတစ်အိတ်လျှင် ငွေကျပ် ၉၀၀၀/-၊ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀/- နှုန်းဖြင့် ရောင်းချခဲ့သည်။ ထို့အပြင် ကျေးရွာအုပ်စုတွင်းရှိ အိမ်ခြေ ၄၀၀ မှ ငွေကျပ် ၅၀၀၀/- စီကို အလုပ်သမားစရိတ်ဟု ဆိုကာ စုစုပေါင်း ငွေကျပ် သိန်း (၂၀) ကောက်ခံခဲ့သည်။
အတင်းအဓမ္မ သိမ်းယူသွားသည့် ဆန်အိတ်များနှင့် ပဲအိတ်များ ပြန်လည်ရရှိရေးအတွက် ဦးမောင်ကြီး အပါအ၀င် ရပ်မိရပ်ဖများက သွားရောက်၍ ဦးကျော်သိန်းထံ တောင်းဆိုရာ ဦးမောင်ကြီးကို အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် သားဖြစ်သူ မောင်သိန်း တို့က ရိုက်နှက်ခဲ့သည်။
၂၀၁၈ စက်တင်ဘာ ၂၅
အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို
ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း
အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာနနှင့် မြန်မာဘာသာစကားဖြင့် တွေ့ဆုံမေးမြန်းစဉ် နိုင်ငံတကာရာဇ၀တ်ခုံရုံးကိစ္စအား ဆန့်ကျင်ကြောင်း ၎င်း၏ သဘောထားအမြင်ကို တင်ပြခဲ့ခြင်း အပေါ် ကျွန်ုပ်တို့ လွန်စွာ စိတ်ပျက်ခဲ့ရသည်။
၎င်းပြောရာဆိုရာတွင် “ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရာတွင် အိုင်စီစီသည် အဖြေမဟုတ်၊ မကြာသေးမီက ထုတ်ဝေခဲ့သည့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည့်အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် အခြားမြန်မာတပ်မတော် ခေါင်းဆောင်များအား အိုင်စီစီ သို့ပို့ဆောင်ရန် ရိုဟင်ဂျာလူထုနှင့် ဒုက္ခသည်များတွင် ဆန္ဒမရှိ” ဟူ၍ ပါရှိလေသည်။
ယင်းကဲ့သို့ ပြောဆိုမှုများသည် ဒဏ်ရာဒဏ်ချက်မျိုးစုံကို အလူးအလဲ ခံစားနေကြရသည့် ကျွန်ုပ်တို့လူမျိုးအား စော်ကားခြင်းဖြစ်သည်။
ယမန်နှစ်က မြန်မာ့လူမျိုးတုံးသတ်ဖြတ်မှုများမှ အသက်ရှင် လွတ်မြောက်လာသူများ၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရသူများ၊ ထို့အပြင် မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် ရခိုင်အသင်းအဖွဲ့များ လက်ချက်ကြောင့် ဘုံပျက်စီးခြင်း ခံလိုက်ရသူ ကျွန်ုပ်တို့၏ညီအစ်ကို ရိုဟင်ဂျာများအနေဖြင့် အခွင့်သာတိုင်း တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် အပြောင်းအလဲမရှိဘဲ တခဲနက် ဆန္ဒဖော်ထုတ်ခဲ့ပြီ ဖြစ်ပါသည်။
ရိုဟင်ဂျာလူမျိုးစုသာမကဘဲ ကချင်နှင့် ရှမ်းပြည်နယ်တို့၌လည်း တိုင်းရင်းသား လူမျိုးစုများအားဆန့်ကျင်၍ “အပြင်းထန်ဆုံး ပြစ်မှုကျူးလွန်မှုများ” အတွက် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာနှင့် လူသားတို့ အကျိုးဆောင်ရွက်မှု ဥပဒေများအရ တာဝန်ခံမှုရှိစေရန် ဝိုင်းဝန်းတောင်းဆိုနေသည်ကို ဝါကာအူဒင်မှ ယခုကဲ့သို့ လူသိရှင်ကြား ဆန့်ကျင်နေခြင်းသည် သိက္ခာမဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဝါကာအူဒင်မှ ကျွန်ုပ်တို့ လူမျိုးစုအပေါ် မဖော်ပြနိုင်လောက်အောင် ကျူးလွန်ခဲ့သော ယုတ်မာသည့်လုပ်ရပ်များ အတွက် ကျူးလွန်သူများကိုယ်တိုင် ကမ်းလှမ်းသည့်အတိုင်း “ပြည်တွင်း စုံစမ်းစစ်ဆေးရေး” ကို အစားထိုး သံယောင်လိုက်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ယင်းကဲ့သို့ အမျိုးသား စုံစမ်းစစ်ဆေးရေး ကော်မရှင်များသည် မြန်မာလူသတ်သမားများ၊ မုဒိမ်းကောင်များ၊ မီးရှို့သမားများနှင့် ကလေးသူငယ်များအား သတ်ဖြတ်သူများအား ပြစ်မှုကျုးလွန်ရာမှ ကင်းလွတ်စေရန် အသုံးပြုခြင်း ဖြစ်သည်။
ဆက်လက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများနှင့် လွတ်လပ်သည့် အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်များ၊ အနောက်နိုင်ငံ အစိုးရနှင့် အိုအိုင်စီ အရာရှိများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာ ဥပဒေပညာရှင်များနှင့် သတင်းစာနယ်ဇင်းသမားများ အပါအဝင် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းတာဝန်ခံမှု လုပ်ဆောင်ချက်နည်းစနစ်ကို အယုံအကြည် လုံးဝကင်းမဲ့ကြောင်း ဖော်ပြပြီး ပယ်ချခဲ့ပြီ ဖြစ်ပါသည်။
စက်တင်ဘာ (၂၄) ရက်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ဦးဆောင်ပြုလုပ်ခဲ့သည့် ကမ္ဘာတဝှမ်း ဒုက္ခသည်များဆိုင်ရာ တစ်သားတည်းရပ်တည်၊ ပူးပေါင်းဆောင်ရွက်မည့် ပုံစံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ “High- level Event on the Global Compact on Refugees: A Model for Greater Solidarity and Cooperation” ၌ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှ အကြံပြုချက် (၃) ခုကို ပန်ကြားခဲ့ရာ ၎င်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ် - အကယ်၍ လိုအပ်ပါက ရိုဟင်ဂျာတို့အတွက် “လုံခြုံရေးဇုံ” အပါအဝင် (နိုင်ငံတကာ) တာဝန်ခံမှုနှင့် ဘေးကင်းလုံခြုံမှု - အကြောင်းပါရှိပါသည်။
ဤတွင် ကျွန်ုပ်တို့အနေဖြင့် OIC မှ ရိုဟင်ဂျာလူမျိုးတို့အား ကိုယ်စားပြုသည့်အဖွဲ့အဖြစ် ဆက်ဆံလျက်ရှိသော အဖွဲ့အစည်းတစ်ခု၏ ညွန်ကြားရေးမှူးချုပ် ရာထူးကို ဆုပ်ကိုင်ထားသူ ခေါင်းဆောင်တစ်ဦးမှ ကျွန်ုပ်တို့ စုပေါင်းဖော်ပြသည့် နိုင်ငံတကာမှ တာဝန်ခံမှုဆန္ဒအား ထိပါးစေခဲ့ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပျက်ပြယ်စေခြင်းအပေါ် လေးနက်စွာ ပူးပင်သောက ရောက်ခဲ့ရပါသည်။
သို့ဖြစ်၍ ဝါကာအူဒင်၏ အမြင်သည် မြန်မာနိုင်ငံတွင် စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု ခံနေကြရသော သားကောင်များနှင့် ကျန်ရစ်သူ ရိုဟင်ဂျာတို့၏ လိုလားချက်နှင့် ဆန္ဒကို တစ်စုံတရာ ရောင်ပြန်ဟပ်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ ပြောကြားလိုပါသည်။ ကျွန်ုပ်တို့အဖို့ လူမျိုးတုံးသတ်ဖြတ်မှုသည် အစုအပြုံလိုက် လူသတ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်သည့် ၂၀၁၇ ခု၊ သြဂုတ်လ (၂၅) ရက်နေ့တွင် စတင်ခဲ့ခြင်းမဟုတ်၊ ကျွန်ုပ်တို့လူမျိုးအား လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူမျိုးတုံးသတ်ဖြတ်မှု အဆင့် (၅) ဆင့်အနက် (၄) ဆင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း ၂၀၁၈ ခု စက်တင်ဘာလ (၁၈) ရက်နေ့ထုတ် ကုလသမဂ္ဂဆိုင်ရာ လွတ်လပ်သည့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ၌ ပြတ်ပြတ်သားသား ဖော်ပြထားပါသည်။
အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ခေါင်းဆောင်မှ ကျွနုပ်တို့လူမျိုး၏ ဆန္ဒနှင့် ရပ်တည်ချက်ကို ပျက်ပြယ်စေခဲ့သည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ရိုဟင်တို့၏ ဆင်းရဲဒုက္ခများအတွက် စစ်မှန်သော စိုးရိမ်ပူပန်မှုများဖြင့် OIC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအား တရားမျှတမှု၊ တာဝန်ခံမှုနှင့် နေရပ်ရင်းပြန်ပို့မှုအပေါ် ဝါကာအူဒင်၏ ရိုဟင်ဂျာလူမျိုးကို ကိုယ်စားမပြုသည့် ထင်မြင်ယူဆချက်များကို လက်မခံကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခုအချိန်တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာလူမျိုးကို ကိုယ်စားပြု၍ တရားဝင်ပြောဆိုနိုင်မည့်၊ ကမ္ဘာအနှံ့ ကျယ်ပြန့်စွာ ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ရပ် မရှိသေးပေ။ ထို့အပြင် ကျွန်ုပ်တို့လူမျိုးသည် မဏ္ဍိုင်ကြီး (၃) ခုကို ဗဟိုပြု၍ နေထိုင်လျက်ရှိသည်၊ ယင်းတို့မှာ - ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက်ရှိသည့် လူမျိုးတုံးသတ်ဖြတ်မှု၌ သေကံမရောက် သက်မပျောက် ကျန်ရစ်သူများ၊ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ကျွန်ုပ်တို့၏ မွေးရပ်ဌာနေအတွင်း IDP စခန်းများ၊ စုပြုံနေထိုင်ရာ လူနေရပ်ကွက်များနှင့် အမိုးပွင့် အကျဉ်းထောင်များတွင် နေထိုင်သူများနှင့် နောက်ဆုံးပြောရလျှင် ကျွန်ုပ်တို့ နိုင်ငံတကာတွင် ပြန့်ကျဲ့အခြေစိုက်နေထိုင်သူများ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အချင်းချင်း အပြန်အလှန် ဆင်ခြင်သုံးသပ်ပြီး ကျွန်ုပ်တို့လူမျိုးများ အလိုရှိသည့်၊ မြင်မက် ဆန္ဒရှိသည့်အတိုင်း ဒီမိုကရေစီ နည်းစနစ်နှင့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် ကြိုးပမ်းအားထုတ်လျက် ရှိနေပါသည်။
ဤအတောအတွင်း ကျွန်ုပ်တို့သည် ဝါကာအူဒင်အား ကျွန်ုပ်တို့၏ ကိုယ်စားပြုသည့် အသံအဖြစ် လက်ခံခြင်း မရှိ သကဲ့သို့ လက်ခံဦးမည်လည်း မဟုတ်ပေ။ ၎င်းသည် ကျွန်ုပ်တို့ ရိုဟင်ဂျာလူမျိုးအတွက် ပြောဆိုခြင်း မဟုတ်ပါ။
ပါဝင်လက်မှတ်ထိုးသည့် အဖွဲ့အစည်းများ -
1. Arakan National Congress (ANC) Party, KSA
2. Arakan Rohingya Development Association – Australia (ARDA)
3. Arakan Rohingya National Organisation (ARNO)
4. British Rohingya Community in UK
5. Arakan Rohingya Youth Association (ARYA) – Bangladesh
6. Burmese Muslims Welfare Association (Pakistan)
7. Burmese Rohingya Association in Queensland-Australia (BRAQA)
8. Burmese Rohingya Association Japan (BRAJ)
9. Burmese Rohingya Community Australia (BRCA)
10. Burmese Rohingya Community in Denmark
11. Burmese Rohingya Organisation UK (BROUK)
12. Burmese Rohingya Community of Wisconsin (BRCW)
13. Canadian Burmese Rohingya Organisation
14. Canadian Rohingya Development Initiative
15. Los Angeles Rohingya Society
16. Myanmar Ethnic Rohingya Human Rights Organisation in Malaysia (MERHROM)
17. Rohingya Advocacy Network in Japan
18. Rohingya American Society
19. Rohingya Action Ireland
20. Rohingya Arakanese Refugee Committee
21. Rohingya Association of Canada
22. Rohingya Community in Finland
23. Rohingya Community in Germany
24. Rohingya Community in Norway (RCN)
25. Rohingya Community in Sweden
26. Rohingya Community in Switzerland
27. Rohingya Culture Center of Chicago (RCC)
28. Rohingya Organisation Norway
29. Rohingya Society Malaysia (RSM)
30. Rohingya Society Netherlands
31. Rohingya Women Development Network (RDWN)
32. Swedish Rohingya Association (SRA)
ပိုမို အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -
ထွန်းခင်(လက်ကိုင်ဖုန်း) ~ +၄၄ ၇၈ ၈၈၇ ၁၄၈၆၆
နေဆန်းလွင်(လက်ကိုင်ဖုန်း)~ +၄၉ ၁၇၆ ၆၂၁၃ ၉၁၃၈
ဇော်မင်းထွဋ်(လက်ကိုင်ဖုန်း)~ + ၈၁ ၈၀ ၃၀၈၃ ၅၃၂၇
MYARF
RB News
26.9.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ကျောက်လှေကားဈေးမှ စားကုန်ပစ္စည်းရောင်းဝယ်သည့် ဆိုင်ရှင်များကို ကျောက်လှေကား နယ်မြေမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် ပူးပေါင်းဆောင်ရွက်နေသူအချို့က ဈေးရောင်းချခွင့် တားဆီးပိတ်ပင်နေသည်။
အမှတ် (၂) ရပ်ကွက်မှ ကာမာလ် (ဘ) အဘူလ်ဟူဆောင်း၊ဟာမိတ် (ဘ) အာက်ဘောရ် နှင့် ကျော်ဝင်း (ခ) အဒူရော်ဇောက် (ကျောက်လှေကားဈေးခေါင်း) တို့ သုံးဦးသည် ကျာက်လှေကားနယ်မြေမှ ရဲတပ်ရင်းမှူးထံက ကိုယ်စားလှယ်ယူထားသည်ဟု ဆိုကာ စားကုန်ပစ္စည်းများကို ၎င်းတို့ သုံးဦးကသာ ရောင်းချခွင့်ရှိနေပြီး သာမန်ဈေးဆိုင်များကို စားကုန်ပစ္စည်းများ လုံးဝ ရောင်းချခွင့် မပေးကြောင်း၊ ထိုကဲ့သို့ လုပ်နေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောပါသည်။

ကျောက်လှေကားဈေး၌ စားကုန်ပစ္စည်းရောင်းဝယ်သည့် ဆိုင်ခန်းပေါင်း ၂၀ ကျော်ရှိနေခဲ့ရာ ယခုအခါ ရဲတပ်ရင်းမှူးနှင့် ပူးပေါင်းဆောင်ရွက်နေသူများ၏ အဓမ္မ ပိတ်ပင်တားဆီးမှုကြောင့် ၎င်းတို့၏ ဆိုင်ခန်းများကို ပိတ်သိမ်းရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။
ထို့အပြင် သာမန်ပြည်သူများလည်း ကုန်ပစ္စည်းများကို ကိုယ်စားလှယ်ယူထားသူများ၏ ဆိုင်ကသာ ဝယ်ယူရသောကြောင့် အဆင်မပြေမှုများ ဖြစ်နေသည်။
"အခု ကျွန်တော်တို့မှာ စားကုန်ပစ္စည်းဆိုရင် သူတို့ဆိုင်ကပဲ ဝယ်ရတယ်။ တခြားဆိုင်က ဝယ်ရင် ပစ္စည်းတွေကို နယ်ခြားစောင့်ရဲတွေခေါ်လာပြီး လုယူလိုက်တယ်။ သူတို့ဆိုင်မှာ ပစ္စည်းတွေလည်း အဆမတန် ဈေးကြီးတယ်။ မောင်တောမြို့ပေါ်က ဝယ်လာရင်တောင် လမ်းတစ်ဝက်ကနေ အတင်းလုယူလိုက်တယ်။ တော်တော်လေး အဆင်မပြေဖြစ်နေတယ်ဗျာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

အမှတ် (၂) ရပ်ကွက်မှ ကာမာလ် (ဘ) အဘူလ်ဟူဆောင်း ဆိုသူသည် အာဏာပိုင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေရှ့်သို့ တင်ပို့နေသူလည်း ဖြစ်သည်။ ၎င်းသည် ယခင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူါ် ရဲမှူးချုပ် သူရစန်းလွင်နှင့် အကျိုးတူလုပ်ငန်းများ လုပ်ခဲ့ဖူးသူဖြစ်ပြီး၊ သူရစန်းလွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက်တွင် ကာမာလ်ကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အလိုရှိနေသည်ဟုဆိုကာ ဖမ်းဆီးနိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ငွေကြေးအမြောက်အမြား လာဘ်ထိုး၍ ၎င်း၏အမှုကို ရုပ်သိမ်းစေခဲ့သည်ဟု သိရသည်။
အာဏာပိုင်များနှင့် ပေါင်းစပ်၍ အကျိုးတူလုပ်ငန်းများ လုပ်ရာတွင် အတွေ့အကြုံရင့်ကျက်သည့် ကာမာလ်က ယခုအခါ ကျောက်လှေကားနယ်မြေရုံးမှ ရဲတပ်ရင်းမှူးနှင့် ပူးပေါင်း၍ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့နေသူဖြစ်ပြီး၊ ၎င်းနှင့်နီးစပ်သူ ဟာမိတ်နှင့် ကျော်ဝင်းတို့ကိုလည်း နယ်မြေရုံး ရဲတပ်ရင်းမှူးအား တစ်လလျှင် ငွေကျပ် (၅) သိန်းစီပေး၍ စားကုန်ပစ္စည်းများ တစ်ဦးတည်းရောင်းချနိုင်ရန် ကိုယ်စားလှယ်ယူထားပေးသည်။
သို့ဖြစ်၍ ထိုကဲ့သို့ အများပြည်သူအပေါ် အနိုင်ကျင့်၍စီးပွားရှာနေသည့်ကိုယ်စားလှယ်ယူထားသူများနှင့် ရဲတပ်ရင်းမှူးကို အထက်အာဏာပိုင်များက အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။

25.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နယ် သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲနှင့် အလွန်ရင်းနှီးသည့် လူပုဂ္ဂိုလ် ၃ - ဦးက ဘင်္ဂလာဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည် တစ်ဦး၏ လယ်ယာမြေကို စာချုပ်အတု ပြုလုပ်၍ အခြားသူ တစ်ဦးသို့ ရောင်းချရန် ကြံစည်နေသည်။
သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ ဆေးသမားရွာမှ ဦးရရှီးဒ်အဟ်မဒ် (ဘ) ဦးမက်တုလ်ဟုဆိန်း (အသက် ၄၀-နှစ်) သည် ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟဆောင်း (အသက် ၃၆-နှစ်) နှင့် အာဏာပိုင်များ၏ သတင်းပေး ဦးလာလ်မျာ (ဘ) ဦးအဒူလီ (အသက် ၅၅ -နှစ်) တို့နှင့် ပူးပေါင်း၍ သိမ်တောင်ပြင်ရွာသား ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည် ဦးအဗ်ဒုလ်ကာဒဲရ် (ဘ) ဦးအဟ်မဒ်ဟုဆိန်း ပိုင်ဆိုင်သည့် ဘုရားပြင်အောင်ပ ရှိ အစိုးရစာသင်ကျောင်း၏ တောင်ဘက် နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်း၏ အနောက်ဘက်ရှိ လယ်ယာမြေ (၀.၈၀) ဧက (ဒေသအခေါ် ၂ - ခါနီ) ကို စာချုပ်အတုတစ်ခု လျှို့ဝှက် လုပ်ကြံဖန်တီးကာ စက်တင်ဘာလ (၂၃) ရက်နေ့မှစ၍ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အောင်ပ ရွာသား တစ်ဦးကို ရောင်းချရန် စီစဉ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
“အဗ်ဒုလ်ကာဒဲရ်က ရရှီးဒ်အဟ်မဒ်နဲ့ ဆွေမျိုးနီးစပ်တော်တယ်၊ အိမ်နီးချင်းတွေပါ။ အဗ်ဒုလ်ကာဒဲရ် နေရပ်မစွန့်ခွာခင်မှာ သူ့ကို ရောင်းလိုက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စာချုပ်အတုလုပ်ကြံဖန်တီးပြီး ရောင်းဖို့ လုပ်နေတယ်၊ ရွာထဲမှာ နယ်ခြားစောင့်ရဲတွေရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ ရရှီးဒ်၊ လာလ်မျာတို့နဲ့ ပေါင်းပြီး လုပ်နေတာ” ဟု ရွာသားတစ်ဦးက ပြောသည်။

24.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံတစ်ဦးထံမှ ငွေညှစ်ရာ တောင်းသလောက်မပေးသဖြင့် လူမဆန်စွာ ရိုက်နှက်မှုကြောင့် အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသည်။
ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်က ယင်းကျေးရွာအုပ်စု ခရုချောင်းရွာမှ ဦးမာမတ်နူးရ် (ဘ) ဦးဘော်ရှီအာမတ် (အသက် ၃၅ နှစ်) ကို စက်တင်ဘာလ (၁၉) ရက်နေ့က နေအိမ်သို့ ဆင့်ခေါ်၍ ငွေကျပ် (၅) သိန်းညှစ်ရာ ဦးမာမတ်နူးရ်က မပေးနိုင်ဟု ပြောသဖြင့် လူမဆန်စွာ ရိုက်နှက်၍ နောက်တစ်နေ့ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ငွေကျပ် နှစ်သိန်း ယူလာရန် မှာကြားရန် ပြန်လည် လွှတ်ပေးခဲ့သည်။
ဦးမာမတ်နူးရ်သည် လွန်စွာဆင်းရဲ နွမ်းပါးသူ ဖြစ်သဖြင့် ယင်းနေ့ညတွင်ပင် ငွေကျပ် ငါးသောင်း စီစဉ်၍ ကျေးရွာမှ လူကြီးအချို့မှ တဆင့် ဦးတင်အောင် ထံ ပေးပို့သော်လည်း ဦးတင်အောင်က ငါးသောင်း မယူနိုင်ဟု ဆိုကာ မယူဘဲ၊ ငွေကျပ် တစ်သိန်း မပေးပါက နိုင်ငံမှ ထွက်ပြေးရအောင် လုပ်မည်ဟု လူကြီးများမှ တဆင့် ခြိမ်းခြောက်ခဲ့သည်။
စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဦးတင်အောင်က ဦးမာမတ်နူးရ်အား ထပ်မံဆင့်ခေါ်ခဲ့ရာ အချိန်မီ မသွားသဖြင့် နွားကျောင်းနေသည့် နေရာသို့ လိုက်လာပြီးနောက် တုတ်ဖြင့် ဦးခေါင်းကွဲသည့် အထိ ရိုက်နှက်ခဲ့သည်။ ဦးတင်အောင်၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ထိုနေရာတွင်ပင် သတိလစ် မေ့မျောသွားခဲ့သည်။ အုပ်ချုပ်ရေးမှူးက သတိလစ်နေသည့် ဦးမာမတ်နူးရ်အား ဆေးကုသခွင့်ပင် မပေးသဖြင့် လူကြီးများက တောင်းပန်ပြောဆို၍ ညနေ ၄ နာရီအချိန်တွင် ဆေးရုံသို့ ပို့ခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဦးမာမတ်နူးရ်အား ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသလျက်ရှိကြောင်း သိရသည်။
၎င်းအား ရိုက်နှက်မှုနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းနှင့် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် တိုင်ကြားထားသည်။
ဦးမာမတ်နူးရ်အား ဦးတင်အောင်က ငွေညှစ်သလောက် မရ၍ ရိုက်နှက်ရခြင်းမှာ ဦးတင်အောင်၏ ဖခင်ဖြစ်သူ ဦးအုန်းဖေသည် ရိုဟင်ဂျာများနှင့် ပူးပေါင်း၍ နွားအရောင်းအ၀ယ် ပြုလုပ်သူဖြစ်ပြီး၊ နွားအချို့ မှောင်ခိုလုပ်နေသည်ကို စစ်တပ် တပ်ရင်းမှ ရိပ်မိ၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ငွေကြေးတစ်စုံတစ်ရာ ညှစ်ယူခြင်း မရှိဘဲ ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးက ဦးမာမတ်နူးရ်က တပ်ရင်းကို တိုင်ကြားခဲ့သည်ဟု ထင်မြင်ယူဆပြီး ငွေညှစ် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ (၁၉) ရက်နေ့က ရိုက်နှက်ခဲ့သည်ကို တပ်ရင်းမှ ဗိုလ်ကြီးက ဒေသခံအချို့၏ သတင်းပေးမှုကြောင့် သိရှိသွားပြီး၊ အုပ်ချုပ်ရေးမှူးကို ရိုက်နှက်မှု ပတ်သက်၍ မေးမြန်းသောကြောင့် အငြိုးထားကာ စက်တင်ဘာလ (၂၀) ရက်နေ့တွင် လူမဆန်စွာ တုတ်ဖြင့် ဦးခေါင်းကွဲသည့်အထိ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
MYARF
RB News
24.9.2018
RB News
24.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာတွင် လည်လှီးသတ်ဖြတ်ခံရသည့် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာ တစ်ဦး၏ ရုပ်အလောင်းကို ချောင်းငယ် တစ်ခုအနီးတွင် တွေ့ရှိသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ် (၄) နှင့် (၅) ရပ်ကွက်များမှ ရခိုင်လူမျိုးအချို့သည် ဖား၊ ဂဏန်းရှာဖွေရန်ဟုဆိုကာ ရိုဟင်ဂျာ ရွာများထဲသို့ ညအချိန်မတော် ၀င်ရော်က၍ ရိုဟင်ဂျာရွာသားများအိပ်နေချိန်တွင် ရိုဟင်ဂျာပိုင်ပစ္စည်းများ ခိုးယူသွားခြင်းများ မကြာခဏပြုလုပ်လေ့ရှိပြီး ယမန်နေ့ စက်တင်ဘာလ (၂၃) ရက်နေ့ ည ၉း၁၅ ခန့်အချိန်တွင် ဂဏန်း၊ ဖား ရှာဖွေသူ ၂ - ဦးသည် ၎င်းတို့အမြဲဝယ်လေ့ရှိသည့် ကျောက်ဖြူတောင်ကျေးရွာထဲရှိ မိုဟမ္မဒ်ဟုဆိန်း (ဘ) ဦးအဗ်ဒုရ်ရဟ်မာန်း (ခ) နာဂူး (အသက် ၁၈-နှစ်) ၏ ကွမ်းယာ၊ မုန့်ခြောက်၊ ဇီးထုပ် စသည့် ပစ္စည်းများ ရောင်းချသည့် ဆိုင်ငယ်သို့ ရောက်ရှိလာပြီး ဆေးလိပ် ကွမ်းယာများဝယ်ယူကာ ပြန်နေစဉ် ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ် ပျက်သွား၍ ပြုပြင်ရန်လိုက်ပါ ကူညီပေးရန် ဆိုင်ရှင်ကို တောင်းဆိုသဖြင့် ဆိုင်ရှင် မိုဟမ္မဒ်ဟုဆိန်းက ဆိုင်ကို ၎င်း၏ ဖခင်နှင့် ညီငယ်တို့အား အပ်၍ ရခိုင်လူမျိုး ၂ - ဦးနှင့် အတူလိုက်ပါသွားခဲ့သည်။ မိသားစုကလည်း သူ့အချိန်နဲ့သူ ပြန်လာမည်ဟု ယူဆကာ အိပ်ရာဝင်သွားခဲ့ကြသည်။ ယနေ့ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် ၅း၀၀ အချိန်တွင် အဆိုပါ ဖားရှာသူ ရခိုင်လူမျိုး ၂ -ဦးက လမ်းတပိုင်းရှိ ချောင်းငယ်အနီးတွင် ရုပ်အလောင်း တစ်လောင်းတွေ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားပြီး သတင်းပို့သဖြင့် အုပ်ချုပ်ရေးမှူးက ရွားသားအချို့နှင့်အတူ ချက်ချင်းသွားရောက်ကြည့်ရှုပြီးနောက် မိုဟမ္မဒ်ဟုဆိန်း ၏ အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်၍ မိသားစုသို့ သတင်းပို့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက နီးစပ်ရာ စစ်တပ်ရင်း ခမရ (၃၇၈) သို့ သတင်းပို့ပြီး တပ်ရင်းမှ အရာရှိ အချို့လာရောက်ကြည့်ရှုကာ သက်ဆိုင်ရာ တောင်ဘာဇာ နယ်ခြားစောင့်ခန်းသို့ သတင်းပို့ခဲ့သောကြောင့် နံနက် ၁၁း၀၀ နာရီအချိန်ခန့်တွင် နယ်ခြားစောင့်ရဲများ လာရောက်၍ အလောင်းကို ဆေးရုံသို့ ပို့ခဲ့သည်။ ဆေးရုံတွင် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံခဲ့ရာ မိသားစုဝင်များက ညနေ ၄း၃၀ နာရီခန့်တွင် မြေမြှပ် သဂြိုလ်ခဲ့သည်။
ဆိုင်ကယ်ပြုပြင်ရန် ခေါ်ဆောင်သွားပြီးနောက် အလောင်းတွေ့ရှိကြောင်း သတင်းပေးပို့သည့် ရခိုင်လူမျိုး နှစ်ဦးကို လက်ဝဲဒက်ပြင်ရှည် အခြေစိုက် အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ရခိုင်လူမျိုးများသည် ဆူး၊ ဓားရှည်၊ လှံ စသည့် လူများကို အသက်အန္တရာယ်ပြုနိုင်သည့် ပစ္စည်းများဖြင့် ညမထွက်ရအမိန့်ကျော်လွန်ပြီး ရိုဟင်ဂျာရွာများထဲသို့ စိတ်တိုင်းကျ သွားလာနေသည်ကို တာဝန်ရှိသူများကသိရှိသော်လည်း မည်သို့မျှ အရေးယူခြင်း မရှိကြောင်း ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောပါသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တင်ဦးကျော်က မြို့မဈေးသို့ လာရောက်၍ ဈေးဝယ်သည့် ရိုဟင်ဂျာများကို ဖမ်းဆီးပြီး မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ဆက်လက် ငွေညှစ်လျက်ရှိသည်။
ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် တင်ဦးကျော် သည် စက်တင်ဘာလ (၇) ရက်နေ့တွင် မြို့မဈေးသို့ ဈေးဝယ်ရန်လာရောက်သည့် မြောင်နား ကျေးရွာမှ အာယုဗ် (ဘ) ဦးတယုဗ် (အသက် ၂၄-နှစ်) ကိုဖမ်းဆီးပြီး နိုင်ငံခြားနှင့် အဆက်အသွယ်ရှိသည်ဟုပြောဆိုကာ ငွေကျပ် ၂၅၀၀၀၀ (နှစ်သိန်းငါးသောင်း) ညှစ်ယူခဲ့သည်။ အလားတူ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုနေ ဆယိဒူလ္လာ (ဘ) ဦးကိုက်ဆဲရ် (အသက်၂၅-နှစ်) ကိုလည်း ဖမ်းဆီး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားခဲ့သည်ဟု ပြောဆိုကာ ငွေကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ "သူက ငွေညှစ်ချင်ရင်၊ နယ်ပိုင်းက လူတွေ ပစ်မှတ်ထားပြီး ညှစ်တာများတယ်၊ ဈေးပြုဖို့လာတဲ့ လူတွေမှာ ပိုက်ဆံပါလာမယ်ဆိုတာ သူသိတယ်လေ၊ အဲ့လို လူတစ်ယောက်ကို ခေါ်ပြီး လဘက်ရည်ဆိုင် ဒါမှမဟုတ် အခြား နေရာတစ်နေရာ ခေါ်သွားတယ်၊ ပြီးတော့ နည်းမျိုးစုံနဲ့ ပုဒ်မ ကြီးကြီးနဲ့ မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်ပြီး ကြောက်သွားအောင်လုပ်တယ်၊ ငွေ ၁၀ သိန်း၊ သိန်း ၂၀၊ ၃၀ စတဲ့ ပမာဏ ကြီးကြီးတောင်း၊ သူတို့ကလည်း တိုင်းပြည်မှာ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးမှုမရှိတော့ တိုင်တန်းရင်လည်း ကိုယ်ကပဲ ခံရတာတွေများတော့ နောက်ဆုံးမှာ အခုလို ပေးပြီးမှပဲ လွတ်မြောက်ရတယ်'' ဟု ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောသည်။ တင်ဦးကျော်သည် ဘူးသီးတောင်ဒေသခံ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ရိုဟင်ဂျာများကို ယခုလို နည်းမျိုးစုံဖြင့် မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညစ်နေသည်များကို အထက်အရာရှိများက သိရှိသော်လည်း ၎င်းတို့ကိုယ်တိုင်ကလည်း ပါဝင်ပတ်သက်မှုရှိသောကြောင့် မည်သို့မှ ဟန့်တား အရေးယူခြင်း မရှိဟု ၎င်းက ဆက်လက်ပြောပါသည်။

ရဲတပ်ဖွဲ့ဝင် တင်ဦးကျော် |
MYARF
RB News
21.9.2018
RB News
21.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက် ထောက်ပံ့ကြေးများသည် ကာယကံရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ လက်ထဲသို့ လုံးဝ မရောက်ခြင်း၊ အပြည့်အ၀ မရောက်ဘဲ ဖြတ်ယူခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူးက သြဂုတ်လတွင် ရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀ (ကိုးသောင်း) စီပေးမည်ဟုဆိုကာ ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၁၀၀ - ကျော် ကို စာရင်းပြုစု၍ စာအုပ်တစ်အုပ်စီထုတ်ပေးကာ ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ အထိစီ ကောက်ခံခဲ့ပြီး စာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်သွင်းခဲ့သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်းစာရင်းအတိုင်း တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀ (ကိုးသောင်း) စီပေးရန် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဘုရားပြင်အောင်ပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးထံသို့ ပေးပို့ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး နှင့် တာဝန်ခံ ဦးဇူဘိုက်ရ် တို့က ရာအိမ်မှူးများမှတဆင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၅ - ဦးကိုသာ ဆင့်ခေါ်၍ တစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ (ခုနှစ်သောင်း) စီ ပေးပြီး ၎င်းငွေထဲက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက် လဘက်ရည်စရိတ်ဟု ဆိုကာ ငွေကျပ် ၅၀၀၀ (ငါးထောင်) စီ ဖြတ်ယူခဲ့ကြောင်း၊ ကျန် ၅၅ - ဦး၏ စာရင်း ရောက်ရှိခြင်းမရှိဟု ပြောကြောင်း ဒေသခံများက RB News သို့ပြောသည်။
ငွေလက်ခံယူသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အချို့က “ကျမတို့ကို မြို့နယ် ထွေအုပ်ရုံးက တစ်ယောက်အတွက် ငွေကိုးသောင်းစီ ပေးမယ်လို့ ပြောပြီး ရာအိမ်မှူးတွေက အမျိုးသမီးတစ်ဦးအတွက် စာရင်းသွင်းခ ငွေ ၅၀၀၀ ကနေ ၇၀၀၀ ထိ ကောက်ခံတဲ့အပြင် ငွေလည်း ဘာလို့ ၇၀၀၀၀ စီပဲ ပေးတာလဲ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးကို မေးမြန်းရာ ဦးမောင်ကြီးက “မှန်ပါတယ်၊ တစ်ဦးအတွက် ကိုးသောင်းစီ ပို့ထားတာပါ၊ အဲဒီကနေ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အတွက် တစ်ဦးချင်းစီကနေ ငွေကျပ် နှစ်သောင်းစီ ဖြတ်ယူထားရတာ” ဟု ၀န်ခံ၍ ဖြေဆိုခဲ့သည်။
ဦးမောင်ကြီးက ငွေကျပ် နှစ်သောင်းစီ ဖြတ်ယူထားခြင်းနှင့် ပတ်သက်၍ မည်သူ့ကိုမှ မပြောရန်၊ ပြောလျှင် နောင်တွင် စာရင်းမှ ဖယ်ထုတ်ခြင်း ခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။
"အခုလို ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပေးတဲ့ ထောက်ပံ့ငွေ ထုတ်ပေးတဲ့ဟာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တောင်မကဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကပါ စားနေတာတွေ့ရတယ်၊ ဥပမာ ဘူးသီးတောင်မြို့နယ်ထဲမှာ အုပ်စုပေါင်း (၈၀) ကျော်ရှိပေမယ့်လည်း ၉-လပိုင်းမှာ အုပ်စု ၁၀-စုကိုသာ ထုတ်ပေးတယ်၊ ပြိုင်းတောင် ကျေးရွာအုပ်စု တစ်ခုလုံးမှာဆိုရင် တစ်ယောက် ၅-သောင်းစီ အမျိုးသမီး ၈-ဦးကိုပဲ ပေးတယ်၊ ဂူတာပြင်ကျေးရွာအုပ်စုမှာ ၇-သောင်းစီ ပေးတယ်၊ ဒါတွေကို သက်ဆိုင်ရာကနေ သူတို့က အကုန်ပုံမှန်အတိုင်း ထုတ်ယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် အောက်ခြေကကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ကျတဲ့ ကျေးရွာအဆင့်စာရေးအထိ အဆင့်ဆင့်က ခွဲဝေစားတာပဲ ဖြစ်ပါတယ်'' ဟု ဘူးသီးတောင် မြို့ခံ တစ်ဦးက ပြောသည်။

20.9.2018
စက်တင်ဘာ ၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ) ၏ ကြိုတင်ကြားနာသည့် တရားသူကြီးအဖွဲ့ (ကနဦး တရားရုံးတော်)မှ ရိုဟင်ဂျာတို့အား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နှင်ထုတ်လိုက်ခြင်းနှင့် အခြားကျူးလွန်နိုင်ဖွယ်ရှိသော ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ အိုင်စီစီ တရားရုံးတော်က စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ယင်းနေရာတွင် ထိုအချက်မှာ အမှန်တကယ်မ ည်သို့ဆိုလိုကြောင်း ရှုပ်ထွေးမှုတစ်ချို့ ရှိကောင်းရှိ သွားပါလိမ့်မည်။ ယင်းကိစ္စအပေါ် အစာကြေသွားစေရန် ဒိုတီလမ်း တရားသူကြီးများခန်းမ Doughty Street Chambers ရှိ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ရှေ့နေ တစ်ယောက်ဖြစ်သော မစ္စမီဂန်ဟားစ် Megan Hirst နှင့် ကျွန်ုပ် စကားစမြည် ပြောကြည့်ခဲ့ပါသည်။ အဆိုပါကိစ္စများတွင် ဆယ်စုနှစ် တစ်ခုစာမျှ အတွေ့အကြုံရှိခဲ့သော မစ္စမီဂန်ဟားစ်မှာ ၂၀၁၈ ခုနှစ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့ဖူးပြီး အိုင်စီစီ ရာဇ၀တ်ခံရုံးသို့ သူမတင်ပြခဲ့သည့် ကျူးလွန်ခံများ၏ လျှောက်လှဲချက်များအတွက် တူလာတိုလီ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲမှ အသက်မသေပဲ ထွက်ပြေး လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များကို ရယူခဲ့ဖူးသူလည်း ဖြစ်ပါသည်။
မေးခွန်း ။ ။ တရားစီရင်ပိုင်ခွင့်ဆိုတာ တကယ်တမ်း ဘာကိုဆိုလိုတာလဲ? မြန်မာနိုင်ငံက ရောမစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံ အနေ နဲ့ လက်မှတ်ရေးထိုး မထားတာကြောင့် အိုင်စီစီက ဘယ်အပိုင်းကို တရားစီရင်ပိုင်ခွင့်ရှိတာလဲ?
မစ္စမီဂန်ဟားစ် ။ ။ အိုင်စီစီက သီးခြားသတ်မှတ်ထားတဲ့ ရာဇ၀တ်မှုတွေအတွက် စီရင်ပိုင်ခွင့်ရှိပြီး အဲဒီရာဇ၀တ်မှုတွေက (က) အိုင်စီစီ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဖြစ်ရပါမယ်။ (ခ) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပိုက်နက် နယ်နိမိတ် တစိတ်တပိုင်း အတွင်းမှာ ( ဒီကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ) အနည်းဆုံး ပေါ်ပေါက်ရပါမယ်။ (ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အိုင်စီစီရုံးတော်ကို လွှဲပြောင်းပေးတဲ့ ရာဇ၀တ်ပစ်မှု ဖြစ်မှသာလျှင် အိုင်စီစီက စီရင်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
မေးခွန်း ။ ။ ဒါဖြင့်ရင် အိုင်စီစီတရားရုံးမှာ ကြန့်ကြာမနေပဲနဲ့ ရှေ့ဆက်တိုး လုပ်နိုင်ပါ့မလား?
မစ္စမီဂန်ဟားစ် ။ ။ တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုရင်တောင်မှ၊ တရားစွဲ အရာရှိ တစ်ယောက်အနေနဲ့ စုံစမ်းစစ်ဆေးမှု စတင်ဖို့ ခုလောလောဆယ် လွယ်လွယ် မဖြစ်နိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးမှုကနေ တဆင့် တရားစီရင်မှု မစခင်အရင်မှာ ခလုပ်နှိပ်ပေးမယ့် ယန္တရားတစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဒီခလုပ်နှိပ်ပေးမဲ့အရာတွေကတော့ (က) အိုင်စီစီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက လွှဲပြောင်းပေးရမယ် (ခ) ကုလ လုံခြုံရေးကောင်စီကနေ လွှဲပြောင်းပေးရမယ်။ ( ) တရားစွဲအရာရှိတစ်ယောက်အနေနဲ့ စုံစမ်းစစ်ခွင့်တစ်ခုကို တရားဝင်ခွင့်ပြုမိန့်ကို တောင်းခံထားရပြီး ကနဦးတရားရုံးတော်ကနေလည်း ခွင့်ပြုမိန့်ပေးပြီး ဖြစ်ရပါမယ်။
မေးခွန်း ။ ။ ဒါဖြင့်ရင် ရိုဟင်ဂျာတွေအနေနဲ့၊ ဒီကိစ္စ အလုပ်ဖြစ်/မဖြစ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ?
မစ္စမီဂန်ဟားစ် ။ ။ ဘင်္ဂလားဒေ့ရှ်အတွင်းမှာ အနည်းဆုံး တစိတ်တပိုင်း ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို ကျူးလွန်ထားတယ် ဆိုတဲ့ ရာဇ၀တ်မှုစွဲချက်တွေအပေါ် အိုင်စီစီက စီရင်ပိုင်ခွင့်ရှိကြောင်း ရုံးတော်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေနေ၊ စုံစမ်းစစ်ဆေးရေး မစတင်ခင် အရင်မှာ (နောက်ဆုံးတော့ အဲဒီကိစ္စတွေဟာ ရုံးတော်ရှေ့မှောက်ကို ရောက်ရမှာပဲဖြစ်တယ်) တရားရုံး စီရင်ဆုံးဖြတ်မှုစဖို့ အတွက် ခလုပ်မောင်းဖြုတ်ပေးမဲ့ အရာတစ်ခုက မဖြစ်မနေလိုအပ်ပါတယ်။ ကုလလုံခြုံရေးကောင်စီက လွှဲပြောင်းပေးဖို့ ဆိုတာကတော့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ရွေးချယ်ရမယ့် ၂ ချက်ပဲ ကျန်ပါတော့တယ်။ တရားစွဲအရာရှိက ကနဦးတရားရုံးတော်ကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့ လုပ်ပိုင်ခွင့် တင်ပြတောင်းခံခဲ့တာကိုတော့ ကျမ အားတက်မိပါတယ်။ အချိန်တန်ရင် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ နောက် ရွေးချယ်စရာလမ်း ရှိနေသေးတာကတော့ အဖွဲ့ဝင်နိုင်ငံတစ်ခုက ဒီအခြေနေတွေကို တရားစွဲအရာရှိကို လွှဲပြောင်းပေးဖို့ပါဘဲ။ (ဘင်္ဂလားဒေ့ရှ်ရယ်လို့မှ မဟုတ်ဘူး) ဘယ်အဖွဲ့ဝင်နိုင်ငံမဆို လွှဲပြောင်းပေးလို့ ရပါတယ်- စွပ်စွဲတဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံဖြစ်ဖို့ မလိုအပ်ပါဘူး။
မေးခွန်း ။ ။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံကနေ လွှဲပြောင်းပေးမှာနဲ့ တရားစွဲအရာရှိကနေ ခွင်ပြုမိန့်တောင်းခံတာနဲ့ယှဉ်ရင် ဘယ် အရာတွေက ကောင်းကျိုး/ ဆိုးကျိုးတွေ ပိုရှိနိုင်မလဲ?
မစ္စမီဂန်ဟားစ် ။ ။ အဖွဲ့ဝင်နိုင်ငံတစ်ခုက လွှဲပြောင်းပေးဖို့ ဖြစ်လာရင်၊ တရားစွဲအရာရှိက ခွင့်ပြုချက်ကျဖို့ ခုံသမာဓိလူကြီးမင်းတွေဆီ ကို တိုက်ရိုက်သွားစရာမလိုတော့ဘဲနဲ့ စုံစမ်းစစ်ဆေးရေး အစပျိုးလုပ်ဆောင်ဖို့ ခွင့်ပြုပြီးသား ဖြစ်ပါလိမ့်မယ်။ အဓိက ကောင်းသွားမှာက ဒီလုပ်ငန်းစဉ်ဟာ တရားသူကြီးတွေရဲ့ တရားဝင်ခွင့်ပြုမိန့်ယူမယ်ဆိုရင် အချိန်အနည်းငယ် ကြန့်ကြာတတ်တာကြောင့် စုံစမ်းစစ်ဆေးမှုဟာ ပိုမို မြန်ဆန်လာဖွယ် ရှိနေပါတယ်။
မေးခွန်း ။ ။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံကနေ အနေနဲ့၊ စိတ်ကူးပြောရမယ်ဆိုရင်၊ မော်လဒိုက်လို နိုင်ငံလိုဟာမျိုး ဖြစ်နိုင်ပါ့မလား?
မစ္စမီဂန်ဟားစ် ။ ။ မော်လဒိုက်လို ဒီကိစ္စနဲ့ ဘာမှ ပတ်သတ်မှုမရှိတဲ့နိုင်ငံမျိုးက ရိုဟင်ဂျာအရေးကို တရားစွဲအရာရှိထံ လွှဲပြောင်း ပေးချင်တယ်ဆိုရင်၊ (သူ့နိုင်ငံဟာ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်နေသမျှ ကာလပတ်လုံး) လွှဲပြောင်းပေးလို့ ရနေပါတယ်။ ဒီလိုလွှဲပြောင်း ပေးလိုက်လို့ ရလာမဲ့အကျိုးသက်ရောက်မှုက ရုံးတော်ရဲ့ တရားစီရင်ပိုင်ခွင့်ကို သိပ်ပြီး ချဲ့ပစ်လိုက်လို့ရမှာမဟုတ်ဘူး။ ဆိုလိုတာက အိုင်စီစီရုံးတော် ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုတာကတော့ ဒီအတိုင်းက ဒီအတိုင်းပဲ။ ဒီရာဇ၀တ်မှု တစိတ်တပိုင်းက ဘင်္ဂလားဒေ့ရှ်ထဲ မှာ ပေါ်ပေါက်ခဲ့လို့ တရားစီရင်ခွင့်ရှိတယ်ဆိုတာ ကနဦး တရားရုံးတော် အမှတ် (၁) က ဆုံးဖြတ်ချက်ပေးပြီးသား။ (ရုံးတော်က မြန်မာပြည်ထဲမှာ တစ်ပြည်လုံးကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကိုတော့ ဆက်လက်ပြီး စီရင်ခွင့်မရှိသေးဘူး။) ဒါပေမယ့် လွှဲပြောင်းပေးလိုက်ရင် ကောင်းသွားမှာက တရားသူကြီးတွေဆီကနေ တရားဝင်ခွင့်ပြုချက်တောင်းခံတဲ့ လုပ်ငန်းစဉ်ကို ရှည်ရှည်ဝေးဝေး အကြာကြီးဖြတ်စရာ မလိုတော့ဘဲနဲ့ စုံစမ်းစစ်ဆေးမှုစတင်ဖို့ တရားစွဲရှေ့နေက ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရသွားတာ ဖြစ်ပါတယ်။
စာရေးသူ- ရှဖီရုလ်ရဟ်မာန် -- ရုပ်သံသတင်းမှတ်တမ်းကား ရိုက်ကူးသူ၊ လက်ရှိတွင် ရိုဟင်ဂျာအရေးအတွက် အလုပ်လုပ်ပေးနေလျက်ရှိသည်။
The ICC & Myanmar — what happens now? ကို နေ၀န်းနီမှ ဘာသာပြန်ဆိုပါသည်။

19.9.2018
RB News
19.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် လွန်ခဲ့သည့်နှစ်က မီးရှို့ခံခဲ့ရသည့် ရိုဟင်ဂျာအိမ်ခြေ ၂၀၀ ကျော်မှ တဲထိုးနေသည့် အိမ်ထောင်စု ၇၆ စုအတွက် အာဏာပိုင်များက အိမ်ဆောက်ပေးရန် အလွန်သေးငယ်သည့် နေရာတစ်ခု သတ်မှတ်ပေးခဲ့သည်။
စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့် ဌာနများမှ အရာရှိများ အပါအ၀င် တာဝန်ရှိသူ ၁၀ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ဂူတာပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မီးရှို့ခံခဲ့ရပြီး ယခုနှစ် မေလတွင် မီးရှို့ခံရသည့် နေရာများတွင် ပြန်လည် တဲထိုးနေထိုင်သည့် အိမ် ၇၇ လုံး (အစိုးရ စာရင်းအရ ၇၆ လုံး) ကို အစိုးရအစီအစဉ်ဖြင့် အိမ်ဆောက်လုပ်ပေးရန် ဂူတာပြင်ရွာကြီး၏ မြောက်ဖက်အစွန်းတွင် ဂူတာပြင်ချောင်းနှင့် လမ်းမကြီးတို့ကြားရှိ နေရာတစ်နေရာ ရွေးချယ်ပေးပြီး နေ့လည် ၂ နာရီအချိန်တွင် အရာရှိများ ထွက်ခွာသွားသည်။
ထို့နောက် ဌာနဆိုင်ရာများမှ လိုက်ပါလာသည့် အခြားတာဝန်ရှိသူများက အိမ်တစ်အိမ်လျှင် အလျား ပေ ၄၀၊ အနံ ပေ ၃၀ (ဒေသအခေါ် ခေါ်ရဖြင့် တွက်ချက်လျှင် ၈.၇ ခေါ်ရ) စီချမှတ်၍ ၇၆ ကွက် သတ်မှတ်ပေးပြီး ညနေ ၅ နာရီအချိန်တွင် ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် ဂူတာပြင်ရွာရှိ ရိုဟင်ဂျာရွာ (၃) ရွာမှ ရိုဟင်ဂျာ အိမ်ခြေ (၂၀၀) ခန့်ကို နယ်ခြားစောင့်ရဲများက ရခိုင်ရွာသား အချို့နှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အနီးအနားရှိ အခြားသော ရိုဟင်ဂျာရွာများသို့ သွားရောက်၍ ခိုလှုံနေခဲ့ရသည်။
အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် အခြားရွာများတွင် ၉ လ တိတိ ခိုလှုံနေခဲ့ပြီး အခြေအနေ တည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် ရွာသားများ အချင်းချင်းတိုင်ပင်ကာ မိမိတို့၏ မူလအရပ် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာတို့တွင် စတင်၍ တဲထိုးနေလာခဲ့ရာ တဲ (၇၇) လုံး ဆောက်လုပ်ပြီး တစ်ပတ်အကြာတွင် ဌာနဆိုင်ရာပေါင်းစုံမှ လာရောက် စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မဲ့ တဲထိုး၍ မရကြောင်း၊ ဆက်လက်၍ တဲထိုးမည်ဆိုပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြား၍ ဟန့်တားခဲ့သည်။
စက်တင်ဘာလ (၁၈) ရက်နေ့က သတ်မှတ်ပေးသည့်နေရာသည် မီးရှို့ခံထားရသည့်နေရာများမှ နေရာအစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ ယခင်က နေအိမ် ၁၆ လုံးသာ ရှိသည့် နေရာတွင် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာ နှစ်ရွာစလုံးမှ တဲထိုးနေသည့် အိမ်ထောင်စု ၇၆ စု အတွက် အိမ်ငယ်လေးများ ဆောက်လုပ်ပေး၍ ခြံစည်းရိုးကာရံကာ ဒုက္ခသည်စခန်း (အကျဉ်းစခန်း) ပုံစံဖြင့် အစိုးရ ထိန်းချုပ်မှုအောက်တွင် ထားသွားမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အခု အစိုးရ မြေနေရာသတ်မှတ်ပေးတာက မီးရှို့ခံရတဲ့ အိမ် ၂၀၀ လောက်ထဲက တဲထိုးပြီးနေတဲ့ ၇၆ အိမ်အတွက်သာ သတ်မှတ်ပေးတာပါ။ ကျန်တဲ့ အိမ် ၁၀၀ ကျော်အတွက်တော့ ဘာမှ မပြောသေးဘူး။ အခု ကျွန်တော်တို့ကို ဒုက္ခသည်စခန်းထဲ ထည့်တဲ့ပုံစံဖြစ်လာရင်တော့ ဒီနေရာကနေ ထွက်ပြေးသွားရမယ်” ဟု အဆိုပါ ဒေသခံက စိုးရိမ်မကင်းစွာဖြင့် ပြောပါသည်။
“ကျွန်တော်တို့အိမ်တွေ သူတို့က မီးရှို့ပြီး ရွာသားတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်တယ်။ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီထောက်ပံ့ပြီး အိမ်ဆောက်ပေးနေသလို ဟန်ပြတာလည်း သူတို့ပဲ၊ မီးရှို့ခံရတာကိုက ပြစ်မှုတစ်ခုကျူးလွန်နေသလိုနဲ့ မီးလောင်တာကို အကြောင်းပြပြီး နေရာသေးသေးလေးမှာ အရမ်းသေးငယ်တဲ့ အိမ်လေးတွေဆောက်ပေး၊ မက်လုံးပေးပြီး ဒုက္ခသည်စခန်းထဲ တွန်းပို့ပြီးတာနဲ့ ဒီလူတွေ ပိုင်ဆိုင်ခဲ့တဲ့ ကြီးကျယ်တဲ့ အိမ်ခြံမြေ၊ လယ်မြေယာတွေကို သိမ်းလိုက်မယ်၊ ဒုက္ခသည်ဆိုတာက လွတ်လပ်မှု ဘာမှမရှိဘူးလေ၊ သူတို့ပေးရင်စား၊ မပေးရင်ငတ်၊ ဒါပါပဲ။ ကိုယ့်ဟာကိုယ် ဘာမှ လုပ်လို့မရဘူးဗျာ” ဟု အိမ်မီးရှို့ခံရပြီး အခြားနေရာတွင် ခိုလှုံနေရသည့် ဒုက္ခသည်တစ်ဦးက ရင်ဖွင့်သည်။
MYARF
RB News
17.9.2018
RB News
17.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။
စက်တင်ဘာလ (၁၁) ရက်နေ့တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်သည့် တင်ဦးကျော်က ဘူးသီးတောင်မြို့ပေါ်သို့ ဈေးဝယ်ရန် သွားနေသည့် စိမ်းညှင်းပြားကျေးရွာအုပ်စုမှ ဦးအာယုပ် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၅၂ နှစ်) ကို လမ်းတစ်ပိုင်းမှ ခေါ်ယူသွားပြီး “မင်း လူကုန်ကူးမှု လုပ်နေတာ ငါတို့သိတယ်” ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက် ပြောဆိုပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။
စက်တင်ဘာလ (၁၄) ရက်နေ့တွင်လည်း ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုမှ ဦးရှော်ဘီရောန် (ဘ) ဦးမူဇာဖောရ် (အသက် ၄၅ နှစ်) အား သားဖြစ်သူ မောန်ဇူရ်အာလောမ် ထွက်ပြေးသွားသည်ကို အကြောင်းပြ၍ ဖခင်က သားဖြစ်သူကို ဆော်ဒီအာရေဗျားနိုင်ငံသို့ သွားရန် ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက RB News သို့ပြောပါသည်။
တင်ဦးကျော်သည် ဘူးသီးတောင်ဒေသခံ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် မဟုတ်မမှန် ခြိမ်းခြောက်၍ ငွေညှစ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေခြင်းမှာ ၎င်း၏ မတရားမှုဒဏ်များကို သည်းမခံနိုင်တော့လျှင် တဖက်နိုင်ငံသို့ ထွက်ပြေးသွားမည်ဟု တွက်ဆ၍ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ရခိုင်လူမျိုး ဒေသခံအရာရှိများ၏ ငွေညှစ်မှုကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသူများ ရှိပြီး၊ ယခုအခါ ထွက်ပြေးသွားသူများ၏ ဆွေမျိုးများကို ပစ်မှတ်ထား၍ မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်နေသည်ကို တွေ့နေရသည်။
မတရားသဖြင့် စွပ်စွဲ ခြိမ်းခြောက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ကျန်ရှိနေသည့် ရိုဟင်ဂျာများ တဖြေးဖြေး ထွက်ပြေးသွားမည်ဟု စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောပါသည်။
ရဲအရာရှိ တင်ဦးကျော် |
MYARF
RB News
17.9.2018
17.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းက တံတားမှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများ မောင်းနှင်သော မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံလျက်ရှိသည်။
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းကို ဖြတ်၍ သရက်ပြင်ကျေးရွာအုပ်စုနှင့် ကြာညိုပြင်ကျေးရွာအုပ်စု တို့ကို ချိတ်ဆက်ပေးထားသည့် စိုင်းဒင်တံတားကို ယခုနှစ် မေလတွင် ဖွင့်လှစ်ပေးခဲ့ပြီး နှစ်လအကြာ ဇူလိုင်လမှစ၍ တံတားနှင့် မနီးမဝေးရှိ လေးမြို့အုပ်စု အခြေစိုက် အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တံတားအနီးတွင် ကင်းရုံငယ် တစ်ခုထိုးကာ နယ်ခြားစောင့်ရဲများက တံတားမှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများ မောင်းနှင်သော မော်တော်ယာဉ်များထံမှ နေ့စဉ်နေ့တိုင်း ငွေကြေး ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
သုံးဘီးတက္ကစီ ယာဉ်မောင်းတစ်ဦးက “ဟုတ်ကဲ့ .. အဲဒီတံတားမှ သုံးဘီးတစ်စီးအတွက် တစ်ထောင်၊ မော်တော်ဆိုင်ကယ်တစ်စီး အတွက်ဆိုရင် ၅၀၀ ကျပ်စီ တစ်နေ့တစ်ကြိမ် နေ့တိုင်းပေးရတယ်၊ ရခိုင်နဲ့ အခြား ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ပေးစရာမလိုဘူး။ ကုန်းလမ်းအတိုင်း တံတားပေါ်က သွားလာရင်လည်း ပေးရသလို တံတားအောက်က ချောင်းကနေ ရေလမ်းအတိုင်း သွားလာတဲ့ လှေ၊ သမ္ဗန်လှေ၊ စက်တပ်လှေ တွေလည်း ပေးရတယ်” ဟု ပြောသည်။
MYARF
RB News
16.9.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စစ်ဆေးရန်ဟု ဆိုကာ စစ်ဘက်ရေးရာ စုံစမ်းရေးအဖွဲ့ (စ.ရ.ဖ) က ခေါ်ဆောင်သွားပြီးနောက် ယခုအခါ ရုံးမှ ပျောက်ဆုံးသွားသည်ဟု မိသားစုကို အကြောင်းကြားသဖြင့် မိသားစုဝင်များက အလွန်စိုးရိမ်မကင်း ဖြစ်နေကြသည်။
ငါးခူရ အခြေစိုက် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းနှင့် လက်အောက်ခံ အမှတ် (၁၄) ကင်းစခန်းတို့မှ နယ်မြေမှူးနှင့် ရဲမှူးတို့အပါအ၀င် နယ်ခြားစောင့်ရဲ အင်အား ၂၀ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ (၈) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မောင်တောမြို့နယ် ရွှေဇားမြောက်ရွာသို့ ရောက်ရှိလာပြီး ရွာရှိ နေအိမ်အချို့ကို ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ဦးကော်ဘီရ် (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်ကိုလည်း ဦးကော်ဘီရ် မရှိသည့်အချိန်တွင် ၀င်ရောက် စစ်ဆေးခဲ့သည်။ မည်သည့်အိမ်တွင်မှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် တစ်ကြိမ်၊ နေ့လည် ၂ နာရီအချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ထပ်မံလာရောက်၍ ဦးကော်ဘီရ်ကို လိုက်ရှာခဲ့ရာ မတွေ့သဖြင့် “သူအိမ်ကို ရောက်လာရင် မနက်ဖြန် ငါတို့နဲ့ စခန်းမှာ လာတွေ့ဖို့ ပြောပေး၊ မတွေ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတယ်လို့ မှတ်ယူပြီး အိမ်ထောင်စု စာရင်းကနေ ပယ်ဖျက်မယ်” ဟု ဇနီးသည်ကို မှာကြားပြီး အိမ်ထောင်စုလူဦးရေစာရင်း (အ.ထ.စ) ကိုလည်း တာင်းယူသွားခဲ့သည်။
ခြိမ်းခြောက်သည့်သဖွယ် မှာကြားသွားပြီး အိမ်ထောင်စုစာရင်းပါ သိမ်းယူသွားခြင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဦးကော်ဘီရ်သည် စခန်းသို့ သွားရောက်၍ တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းရာ ၎င်းကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ငါးခူရ နယ်မြေစခန်းသို့ ပို့ဆောင်၍ တစ်ည ချုပ်နှောင်ထားကာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် မောင်တော စစ်ဖက်ရေးရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (စ.ရ.ဖ) ရုံးသို့ အပ်နှံလိုက်သည်။
စက်တင်ဘာလ (၁၂) ရက်နေ့တွင် စ.ရ.ဖ ရုံးမှ တာဝန်ရှိသူများ ၎င်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ဦးကော်ဘီရ်သည် ချုပ်နှောင်ထားရာမှ ထွက်ပြေးသွားခဲ့ခြင်းကြောင့် အိမ်သို့ ရောက်ရှိနေခြင်း ရှိ/မရှိ လာရောက် စစ်ဆေးခြင်း ဖြစ်သည်ဟု မိသားစုဝင်များကို ပြောသဖြင့် မိသားစုဝင်များက အလွန်အထိတ်တလန့် ဖြစ်ကာ စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။
မောင်တောမြို့ခံ တစ်ဦးက “သူ့ကို ခေါ်သွားတဲ့နေ့ကစပြီး သူနဲ့ သွားတွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ကို တွေ့ခွင့် မပေးခဲ့ဘူး၊ အခု နှစ်ရက်ကြာပြီးမှ ထွက်ပြေးသွားတယ်ဆိုပြီး သူတို့ဘက်က လာပြောတာက သံသယ၀င်စရာ ဖြစ်သွားတာပေါ့။ စ.ရ.ဖ ရုံးကနေ ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ စ.ရ.ဖ အဖွဲ့က အပြစ်မဲ့ ရိုဟင်ဂျာတွေကို ဖမ်းခေါ်သွားပြီး လူမဆန်စွာ ရိုက်နှက်လို့ အသက်ဆုံးရှုံးခဲ့ရတာ၊ မသေရင်လည်း သေလုမြောပါး ဖြစ်သွားခဲ့ရတာ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိတယ်။ အဲဒါကြောင့် အခုလည်း အရမ်းကို ညှဉ်းပန်းနှိပ်စက်ရင်း လက်လွန်သွားလို့ ထွက်ပြေးသွားတယ် ဆိုပြီး သတင်းလွှင့်နေတာ ဖြစ်နိုင်တယ်” ဟု သုံးသပ် ပြောဆိုသည်။
MYARF
RB News
15.9.2018
RB News
15.9.2018
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မန်စီရဲကင်းစခန်း အနီးရှိ ဆိုင်ကလုန်းစင်တာတွင် ဒါးပိုင်ဒုက္ခ သည် စခန်းမှ ရိုဟင်ဂျာလူငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းမှ (ယခင် သံတော်လီရွာသား) ရွှေမောင် (ဘ) ဦးဒူဒူမျာ (အသက် ၂၂ နှစ်) ၏ ရုပ်အလောင်းကို အမှတ် (၃၆) မန်စီရဲတပ်ရင်းနှင့် ကိုက် ၁၀၀ ကျော်ခန့် အကွာအဝေးတွင် ရှိသည့် ဆိုင်ကလုန်းစင်တာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် တွေ့ရှိ ခဲ့ကြောင်း ဒေ သခံများက RB News သို့ပြောပါသည်။
“လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က အဲဒီရဲကင်းစခန်းထဲမှာ သူ့ကို ရဲတစ်ယောက်က ရိုက်နှက်နေတာ ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော်က သူ့ကို ပြောမှားဆိုမှား တစ်ခုခုလုပ်ခဲ့မိလို့ ဒီတိုင်းရိုက်နှက် ဆုံးမနေ တာ ဖြစ်မှာပါလေလို့ ထင်ပြီး အရေးတယူ မလုပ်မိခဲ့ဘူး။ အခုလို သတ်ဖြတ်လိုက်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ နောက်ဆုံးမှာ အလောင်းရှာတွေ့တယ်” ဟု မန်စီလမ်းအတိုင်း အသွားအလာပြုလုပ်ရာတွင် ကင်းစခန်းကို မကြာခဏ ဖြတ်ကျော်လေ့ရှိသည့် ဆိုက်ကားဆရာတစ်ဦးက ပြောသည်။
အဆိုပါ ဆိုင်ကလုန်းစင်တာသည် ဒါးပိုင်ဒုက္ခသည်စခန်းနှင့် ပေ တစ်ထောင်ခန့် ဝေးကွာပြီး ယခင်က ဖဲရိုက်၊ အရက်သောက်သည့် လူအချို့၏ အသွားအလာ အနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ် မေလအစပိုင်းတွင် ယင်းစခန်းမှ ရိုဟင်ဂျာတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ရိုဟင်ဂျာ ရုပ်အလောင်း တစ်လောင်း တွေ့ရှိခဲ့သည့်နေ့မှစ၍ လူသူသွားလာခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
13.9.2018
RB News
13.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင်တွင် လင်မယားရန်ဖြစ်ခဲ့သည်ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာတာဝန်ခံနှင့် နယ်မြေစခန်း ဂိတ်စာရေးတို့က ပူးပေါင်းပြီး ငွေညှစ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင်ရွာမှ ဆောယိဒုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၂၆ နှစ်) နှင့် ၎င်း၏ ဇနီး ဆောမုဒါး (ဘ) ဦးဘုဇားမျာ (အသက် ၂၄ နှစ်) တို့သည် စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၇း၃၀ နာရီအချိန်တွင် အချင်းချင်း စကားများပြီး ခင်ပွန်းဖြစ်သူက ဇနီးကို ဓါးဖြင့်တစ်ချက်ခုတ်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ပြေလည်သွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံထံ အကြောင်းကြားခြင်း မရှိဟုဆိုကာ နံနက် ၁၀း၃၀ နာရီအချိန်တွင် ကျေးရွာတာဝန်ခံ ဦးရော်ရှိဒ် (ဘ) ဦးဟာဆောင်း (အသက် ၃၆ နှစ်) နှင့် အဖွဲ့ဝင်ဟောင်း ဦးလာလ်မျာ (ဘ) ဦးအဒူလ္လာမျာ (အသက် ၅၆ နှစ်) တို့ နှစ်ဦးက ဆောယိဒုလ္လာ ကိုခေါ်ပြီး ကြိုးနှင့် ချည်နှောင်ကာ လူမဆန်စွာ ရိုက်နှက်၍ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ အပ်နှံခဲ့သည်။
ဆောယိဒုလ္လာအား နယ်မြေစခန်းတွင် တစ်ညချုပ်နှောင်ထားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် (၇) သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဆောယိဒုလ္လာ အား နယ်မြေစခန်းသို့ပို့ဆောင်၍ ချုပ်နှောင်ထားစဉ် ကျေးရွာတာဝန်ခံနှင့် ဦးလာလ်မျာ တို့သည် ဆောယိဒုလ္လာ၏ ဖခင်ဖြစ်သူထံ သွားရောက်၍ သားဖြစ်သူ လွတ်မြောက်အောင် လုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း ယူဆောင်သွားခဲ့သော်လည်း လွတ်မြောက်လာချိန်တွင် နယ်မြေစခန်းမှ ဂိတ်စာရေး ဦးသန်းကို ငွေကျပ် (၇) သိန်း ပေးခဲ့ရသည်ဟု ဒေသခံများက ဖြည့်စွက်ပြောသည်။
ဦးလာလ်မျာ သည် သိမ်တောင်ပြင်ရွာတွင် ယခင်က နှစ် ၂၀ တိတိ ရ.ယ.က အဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ ကျေးရွာတာဝန်ခံ၊ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ၎င်းတို့၏ လက်ကိုင်တုတ်အဖြစ် တာဝန်ယူကာ ရွာသားများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး ငွေညှစ်၍ ဝေစုရယူနေသူ ဖြစ်သည်။
MYARF
RB News
13.9.2018
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ ဒူးဝါမြောင်ရွာမှ ရိုဟင်ဂျာတစ်ဦးကို ကင်းလှည့်နေသည့် လုံခြုံရေးရဲများက လူမဆန်စွာ ရိုက်နှက်မှုကြောင့် မျက်စိတစ်ဖက် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေရသည်။
စစ်တွေမြို့ ဥယျာဉ်သာကျေးရွာအုပ်စု၊ ဒူးဝါမြောင်ရွာမှ ဦးလုခ်မာန်ဟကီးမ် (ဘ) ဦးထန်းဒါမျာ (အသက် ၄၂ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ဒါးပိုင်ဈေးရှိ ၎င်း၏ သံ၊ သွပ် သေတ္တာ အရောင်းဆိုင်ကို ပိတ်ပြီး အိမ်ပြန်နေစဉ် ဒူးဝါမြောင်နှင့် ဒါးပိုင်ရွာကြား မင်းဂံရခိုင်ရွာမှ မန်စီလမ်းဆုံထိ အသစ်ဖောက်လုပ်ထားသော ကတ္တရာလမ်းပေါ်တွင် ကင်းလှည့်နေသည့် တပ်ရင်း ၃၆ မှ လုံခြုံရေးရဲများက ၎င်းကို ခေါ်ကာ သံလက်သီးဖြင့် အကြိမ်ကြိမ်ထိုးကြိတ်ခဲ့ရာ မျက်စိတစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့သည်။
ထို့နောက် ရဲများက ဒူးဝါမြောင်သို့ သွားနေသည့် လူငယ် လေးငါးဦးကို ခေါ်၍ “ရွာကိုသွားပြီး သူ့ရဲ့ ဆွေမျိုးတွေကို သတင်းပို့ပြီး ယူသွားခိုင်း” ဟု ဆိုကာ ယင်းနေရာမှ ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
လူငယ်များ၏ သတင်းပေးပို့ချက်အတိုင်း ဆွေမျိုးများက ဦးလုခ်မာန်ဟကီးမ်ကို လမ်းဘေးရှိ ရေမြောင်းအနီး၌ မျက်နှာတွင် သွေးသံရဲရဲ ဒဏ်ရာပြင်းထန်စွာ လဲလျောင်းနေသည်ကို တွေ့ရှိပြီး ရွာသို့ ခေါ်ဆောင်သွားကာ ဆေးကုသပေးလျက် ရှိသည်။
လုံခြုံရေးရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးလုခ်မာန်ဟကီးမ်၏ မျက်စိတစ်ဖက် ဆုံးရှုံးဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အထူးကု သမားတော်များ ရှိရာ နေရာသို့ သွားရောက်၍ ဆေးကုသခွင့် မရခြင်းကြောင့် မျက်စိကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးသည်ဟု ၎င်းတို့က ပြောပါသည်။
MYARF
RB News
11.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာအုပ်စု ကျောက်စာတိုင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲတစ်ဦးက ပိန်းဥရှာ၍ ပြန်လာသည့် ဒေသခံရိုဟင်ဂျာနှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ဂူတာပြင်ကျေးရွာအုပ်စုရှိ ဒေသခံရိုဟင်ဂျာအများစုသည် အနီးအနားရှိ တောတောင်များကို မှီခိုအားထားနေရသူများ ဖြစ်ကြပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများကို တောတောင်များထဲသို့ မသွားရန် အာဏာပိုင်များက တားမြစ်ထားခဲ့သည်။ တစ်နှစ်တိတိကြာမြင့်လာပြီးနောက် ဒေသခံရိုဟင်ဂျာများက အသက်မွေးဝမ်းကျောင်းပြုရန် အလွန်ခက်ခဲနေကြောင်း ညောင်ချောင်းအခြေစိုက် အမှတ် (၁၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူးကို တင်ပြခဲ့သည်။ လွန်ခဲ့သည့် အပတ်တွင် နယ်မြေမှူးက တောတောင်များထဲသို့ သွားခွင့်ပြုကြောင်း၊ နယ်မြေစခန်း လက်အောက်ခံ ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံကလည်း ခွင့်ပြုကြောင်း ဒေသခံများကို အသိပေးခဲ့သည်။
ထိုသို့ ခွင့်ပြုချက်ရရှိပြီးနောက် ရိုဟင်ဂျာအချို့က အနီးအနား တောတောင်များထဲသို့ သွားရောက်၍ ပိန်းဥများ ရှာဖွေခဲ့သည်။ ပိန်းဥ ရှာဖွေလာသူများကို ကျောက်စာတိုင်ရွာမှ ဦးမောင်သန်းဝင်း (အသက် ၅၀ နှစ်) က တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ နှုန်း၊ ဈေးပေါပေါဖြင့် ရောင်းချရန် တောင်းဆိုရာ ဒုက္ခခံ၍ အသက်မွေးဝမ်းကျောင်းပြုနေသူများက ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း ငြင်းဆိုသဖြင့် မကျေနပ်၍ သားမက်ဖြစ်သူ ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုတပ်ကြပ် သန်းနိုင် (အသက် ၂၅ နှစ်) ကို တိုင်တန်းခဲ့သည်။
ဒုတပ်ကြပ်သန်းနိုင်သည် စက်တင်ဘာလ (၁၀) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကင်းစခန်းမှထွက်၍ ပိန်းဥရှာပြီး ပြန်လာနေသည့် သရက်တောင်ရွာမှ ဒေသခံရိုဟင်ဂျာများကို လိုက်လံ ရိုက်နှက်ခဲ့ရာ အချို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဦးအာဘူဆယိဒ် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၄၁ နှစ်) နှင့် ဦးနူရ်မိုဟာမတ် (ဘ) ဦးဖူရုခ်အဟ်မဒ် (အသက် ၄၆ နှစ်) တို့ကို လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ဒုတပ်ကြပ်သန်းနိုင်၏ ရိုက်နှက်မှုကြောင့် ဦးအာဘူဆယိဒ်၏ မျက်နှာတွင် လက်သီးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ ဦးခေါင်းတွင် စစ်ဖိနပ်ဖြင့် ကန်ကျောက်ထားသည့် ဒဏ်ရာ၊ ကြောဘက်တွင် တုတ်ဖြင့် ရိုက်ထားသည့် ဒဏ်ရာများဖြင့် သေလုမြောပါး ဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ဒုတပ်ကြပ်သန်းနိုင်သည် ဘူးသီးတောင်မြို့သို့ တာဝန်ဖြင့် ရောက်ရှိလာပြီး တစ်နှစ်ခန့်အကြာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျောက်စာတိုင်မှ ဦးမောင်သန်းဝင်း ၏ သမီးတစ်ဦးကို လက်ထပ်ယူပြီးနောက် ဂူတာပြင်ရှိ ဒေသခံရိုဟင်ဂျာများထံမှ ဆိုင်ကယ်များ ငှားယူသွားပြီး ငှားရမ်းခ မပေးဘဲ ပြန်ပေးခြင်း၊ ဆိုင်ကယ်များကို အကြမ်းပတမ်း မောင်းနှင်၍ တစ်စုံတစ်ခု ပျက်စီးသွားလျှင် လျော်ကြေးပေးရမည့် အစား အရက်သောက်၍ ဆူပူ သောင်းကျန်းခြင်းများ ပြုလုပ်သည်။
ကျောက်စာတိုင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ အခြား နယ်ခြားစောင့်ရဲများကလည်း ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ ကြက်၊ ဘဲများ ဖမ်းယူခြင်း၊ ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ရေကန်များတွင် မွေးမြူထားသည့် ငါးများကို ဖမ်းယူသွားခြင်း ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။
MYARF
RB News
10.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ရှိ ရိုဟင်ဂျာရွာများကို အခြားနေရာသစ်သို့ ဒုက္ခသည်စခန်းပုံစံဖြင့် အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များက စီစဉ်နေသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာအုပ်စုတွင် ဗုဒ္ဓဘာသာဝင်များ နေထိုင်သည့် ကျောက်စာတိုင်၊ ငှက်ပျောချောင်း နှစ်ရွာနှင့် ရိုဟင်ဂျာများ နေထိုင်သည့် ဂူတာပြင်ရွာကြီး၊ တောင်ရွာနှင့် သရက်တောင်ရွာ သုံးရွာတို့ ရှိကြပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ရိုဟင်ဂျာရွာ (၃) ရွာမှ နေအိမ် ၂၀၀ ခန့်ကို နယ်ခြားစောင့်ရဲများနှင့် ရခိုင်ရွာသားများ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရိုဟင်ဂျာ ရွာသူရွာသား ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အနီးအနားရှိ အခြားသော ရိုဟင်ဂျာရွာတွင် သွားရောက် ခိုလှုံနေခဲ့ရသည်။
အခြားသော ရိုဟင်ဂျာရွာများတွင် ခိုလှုံနေရသူများသည် ၉ လကျော် အကြာတွင် အခြေအနေတည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် အချင်းချင်း ဆွေးနွေးတိုင်ပင်ကာ မိမိတို့၏ မူလနေရပ် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာတို့တွင် တဲများထိုး၍ နေထိုင်လာကြရာ တဲ (၇၆) လုံး ထိုးပြီးချိန် တစ်ပတ်အကြာတွင် အစိုးရဌာနပေါင်းစုံမှ လာရောက်စစ်ဆေးခဲ့သည့် အပြင်၊ ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာန တို့မှ အရာရှိများ ရောက်ရှိလာပြီး ခွင့်ပြုချက်မဲ့ တဲထိုးခွင့် မပြုနိုင်ကြောင်း၊ ဆက်လက်၍ တဲထိုးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးပြောဆိုခဲ့သည်။ တဖန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တဲထိုးနေသည့် အိမ်ထောင်စု (၇၆) စုမှ အိမ်ထောင်ဦးစီးများကို “အစိုးရက မိမိတို့တဲများကို ဖျက်ဆီးပြီး အခြားနေရာသစ်သို့ ပြောင်းရွှေ့ပေးရန် ပြောလာသည့် အချိန်တွင် ချက်ချင်း လိုက်နာဆောင်ရွက်ပါမည်” ဟု ပါရှိသည့် စာရွက်ပေါ်တွင် လက်မှတ်ထိုးစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရွာသားများက မိမိတို့၏ နေအိမ်များ မီးရှို့ခံရပြီး အခြားသူများ၏ နေအိမ်များတွင် အချိန်ကြာ မနေချင်တော့၍ မိမိတို့ ပိုင်ဆိုင်သည့် မြေနေရာတွင် တဲထိုးနေသည်ကို အကြောင်းပြု၍ ဂူတာပြင်ကျေးရွာတာဝန်ခံ ဦးမိုဟာမတ်အာမီးန် ကို ဟန့်တားခြင်းမရှိဟု ဆိုကာ ရာထူးမှ ရပ်စဲလိုက်သည့်အပြင် ဂူတာပြင်တွင် တာဝန်ကျသည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဖြစ်သူ ဦးကော်ဘီရ်အဟ်မဒ် ကိုလည်း ရာထူးမှ ယာယီ ရပ်စဲထားသည်။
သြဂုတ်လ ဒုတိယပတ်တွင် ဂူတာပြင်ရွာသို့ ရခိုင်လူမျိုးနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့သည် ဂူတာပြင်ရွာတွင် အိမ်များဆောက်လုပ်ပေးရန် ကန်ထရိုက်ရရှိထားသူများ ဖြစ်ကြပြီး၊ မကြာခင် အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းကို စတင်တော့မည် ဖြစ်၍ ရွာ၏ အနေအထားကို လာရောက်ကြည့်ရှုရခြင်း ဖြစ်ကြောင်း၊ အိမ်များကို မူလနေရာမဟုတ်သည့် ရွာအပြင်ဖက်ရှိ အခြားနေရာသစ်တစ်ခုတွင် တရုတ်နိုင်ငံမှ ပေးထားသည့် အထောက်အပံ့များဖြင့် လုံးချင်းအိမ်များ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့သည်။
“သပိတ်တောင်အုပ်စု၊ သပိတ်တောင်ရွာက ရခိုင်ရွာသား နှစ်ယောက်က ဂူတာပြင်က ကုလားတွေကို အခု စက်တင်ဘာလ အတွင်းမှာ ဒုက္ခသည်စခန်း ပုံစံမျိုးဆောက်ပြီး နေရာသစ်ကို အာဏာပိုင်တွေက အတင်းရွှေ့မယ်၊ တစ်နေရာတည်းမှာ ထည့်ပြီး သံဆူးကြိုးနဲ့ ခြံစည်းရိုး ကာထားမယ်၊ အပြင်ထွက် အလုပ်လုပ်မယ်ဆိုရင် NVC ယူမှ လုပ်လို့ရမယ်၊ ဂူတာပြင်က ကုလားတွေပြီး အခြားရွာတွေကိုလည်း အဲလိုပဲ လုပ်မယ် ဆိုပြီး ပြောဆိုနေတာကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“ကျွန်တော်တို့ ဂူတာပြင်မှာရှိတဲ့ ရိုဟင်ဂျာရွာတွေက ခရစ်သက္ကရာဇ် ၁၈၀၀ မတိုင်ခင်ကတည်းက တည်ထောင်ထားခဲ့တဲ့ ရွာဟောင်းတွေပါ၊ ခြံတွေလည်း အရမ်းကျယ်တယ်၊ အဓိကကတော့ ကျွန်တော်တို့ သမိုင်းကို ဖျောက်ဖို့ ကျွန်တော်တို့ နေရာတွေကို သိမ်း၊ အရင်သမ္မတ ဦးသိန်းစိန် ပြောခဲ့သလို ဒုက္ခသည်စခန်းထဲ ထည့်ထားမယ်ဆိုတာကို လက်တွေ့ အကောင်အထည်ဖော်နေတာပါ။ ရခိုင်ရွာသားတွေ ပြောသလိုအရဆိုရင် ကျွန်တော်တို့ ရွာပြီးရင် အခြားရွာတွေကိုလည်း လုပ်မယ့်ပုံရှိတယ်။ တဖက်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ပြီး အခုလို အကျဉ်းစခန်းပုံစံ၊ ဒုက္ခသည်အိမ်ရာတွေ ထည့်ဖို့သာဖြစ်တယ်ဆိုတာ သေချာတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။
ဂူတာပြင်ကျေးရွာအုပ်စုရှိ ဒေသခံရိုဟင်ဂျာများသည် မိမိတို့၏ မူလနေရပ်များတွင် နေထိုင်လိုသော်လည်း ဥပဒေ အကာအကွယ်မရှိသည့် အရပ်ဒေသတွင် အာဏာပိုင်များ၏ အနိုင်ကျင့်ခြင်းကို ခံရတော့မည်ဖြစ်သဖြင့် အလွန်ပင် ပူဆွေးဝမ်းနည်းနေရသည်ဟု ဒေသခံများက ဆိုသည်။
MYARF
RB News
7.9.2018
RB News
7.9.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီတွင် အခြေစိုက်သည့် တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ဒေသခံရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်နေသည်။
တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးသည် မောင်တောမြို့နယ် ဝေသာလီတွင် တပ်ရင်း အခြေစိုက်သည့် နေရာ၌ လူကြီးဧည့်သည် ရောက်လာလျှင် နားခိုရန် အဆောက်အဦတစ်ခု ဆောက်လုပ်နေသည်ကို အကြောင်းပြု၍ ရိုဟင်ဂျာစီးပွားရေးသမားများထံမှ ငွေကြေးမြောက်မြားစွာ ညှစ်ယူလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။
“သူက ငွေညှစ်ချင်တဲ့ လူတစ်ဦးကို သူနဲ့ လာတွေ့ဖို့ ဆင့်ခေါ်တယ်။ ပြီးတော့ မင်းက တရားမ၀င် အလုပ်လုပ်နေတယ် ဆိုတာ ငါသိတယ်။ ငါတို့ကို ငွေပေး၊ မပေးရင် မင်းကို ထောင်ချမယ်လို့ ပြောတာနဲ့ လူတွေက အဲဒီတပ်ရင်းမှူးက အရမ်းကို ကြမ်းတမ်းတာ သိနေတော့ စီးပွားရေး အဆင်မပြေရင်လည်း တောင်းတဲ့အတိုင်း ပေးပါမယ်ဆိုပြီး ပေးရတယ်။ ပေးရတဲ့ ငွေပမာဏက ကျွန်တော်တို့ သိရသလောက် အနည်းဆုံး နှစ်သိန်းကနေ အများဆုံး ၁၀ သိန်း ၀န်းကျင်ပါ၊ ငွေမပေးတဲ့လူတွေကို အကြိမ်ကြိမ် ခြိမ်းခြောက်တယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။
အဆိုပါ တပ်ရင်းမှူးသည် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ တာဝန်ကျခဲ့စဉ်က ဒေသခံရိုဟင်ဂျာများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယခု မောင်တောမြို့ပေါ်သို့ ပြောင်းလာသည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သည်။ မြို့ပေါ်ရောက်သည်နှင့် မြို့ခံ ရိုဟင်ဂျာများထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်နေသည့်အပြင် စီးပွားရေး လုပ်ငန်းရှင် ရိုဟင်ဂျာများကိုလည်း ယခု အဆောက်အဦ ဆောက်လုပ်နေသည်ဟု ခေါင်းစဉ်တပ်၍ ငွေညှစ်နေသည်မှာ နှစ်ပတ်ခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောပါသည်။
MYARF
RB News
4.9.2018
RB News
4.9.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်းကို ပြုပြင်မွမ်းမံနေသည်ဟု ဆိုကာ ဗလီဂေါပကအဖွဲ့မှ ငွေညှစ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ (ယခင် ညောင်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ ပေါက်တောကျေးရွာအုပ်စု၊ ရွှေထားရွာမြောက်ရှိ ဗလီဝတ်ကျောင်းတော်၏ ဂေါပကအဖွဲ့ဝင် (၄) ဦးကို သြဂုတ်လ (၂၉) ရက်နေ့တွင် စခန်းသို့ ဆင့်ခေါ်၍ ဗလီခြံဝင်းအတွင်းရှိ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်း အဆောက်အဦကို ပြုပြင်မွမ်းမံခဲ့သည်ဟု ဆိုကာ ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် (၁၀) သိန်း တောင်းခံခဲ့သည်။ ဂေါပက အဖွဲ့ဝင်များက မတရားသဖြင့် ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၇) သိန်း ပေးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်းသည် ယခင်က သွပ်ပြားဖြင့် အမိုးမိုးထားခဲ့ပြီး နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံခွင့် မရရှိသည့်အတွက် ခေါင်မိုးများ ဟောင်းနွမ်းပျက်စီးသွား၍ ၂၀၁၇ ခုနှစ်တွင် မိုးယိုခြင်းကြောင့် ကလေးများ စာသင်ရန် လုံးဝခက်ခဲ့သွားခဲ့ရာ အာဏာပိုင်များက တားမြစ်ထားသည့် အတွက် ခေါင်မိုးတစ်ခုလုံး မပြုပြင်ဘဲ ယခုနှစ် ဧပြီလတွင် သွပ်ပြားများသာ အသစ်လဲလှယ်ခဲ့ရသည်။
ငွေညှစ်ခံရသည့် ဂေါပက အဖွဲ့ဝင် (၄) ဦးမှာ --
(၁) ဦးအဒူဂျဘ္ဘာရ် (ဘ) ဦးအဒူမဂျိတ် (အသက် ၅၅ နှစ်)
(၂) ဦးအီလီယာစ် (ဘ) ဦးဆာဖ်မျာ (အသက် ၃၅ နှစ်)
(၃) ဦးနီရာမောတ် (အသက် ၅၀ နှစ်)
(၄) ဟာဖဲစ်ရော်ဖိတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။
ဂေါပယက အဖွဲ့ဝင်များသည် အလွန်ဆင်းရဲသောကြောင့် နေအိမ်တိုင်းသို့ သွားရောက်၍ ငွေကြေးကောက်ခံ စုဆောင်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
နိုင်ငံတော်အစိုးရက ဘာသာရေး လွတ်လပ်ခွင့်ရှိသည်ဟု ပြောကြားနေသော်လည်း ဗလီဝတ်ကျောင်းတော်များ ပြုပြင်ခွင့်မရခြင်း၊ ဘာသာရေးကျောင်းများ ပြုပြင်ခွင့်မရခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက အမြဲတစေ နှောက်ယှက်ခြင်း၊ ငွေညှစ်ခြင်း၊ ဘာသာရေးဆရာများကို ပစ်မှတ်ထား ရိုက်နှက် ဖမ်းဆီးခြင်းများ မကြာခဏ ကြုံတွေ့နေရသည်။
MYARF
RB News
2.9.2018
ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာအုပ်စုရှိ ချောင်းသို့ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ရိုဟင်ဂျာ ရုပ်အလောင်းတစ်လောင်း မျောပါလာသည်ကို တွေ့ရှိခဲ့သည်။
ကျောက်တော်မြို့နယ် အောက်ပိုင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု၊ ဆင်အိုးပေါက်တောရွာမှ အာဆားအူဒ္ဒိန်း (ဘ) ဦးနူရှ်ရှဘိ (အသက် ၂၅ နှစ်) သည် နားမကျန်းဖြစ်နေသည့် မိခင်ကို ဆရာဝန်နှင့် ပြသရန် မိခင်ဖြစ်သူနှင့် အတူ ကျောက်တော် အထက်ပိုင်း ပိုက်သေကျေးရွာအုပ်စုသို့ သွားရောက်ခဲ့သည်။ လေးငါးရက်ခန့် အကြာတွင် မိခင်ဖြစ်သူ ဆေးကုသမှုခံယူနေစဉ် အသုံးစရိတ် ကုန်သွားသဖြင့် သြဂုတ်လ (၃၁) ရက်နေ့က ရွာသို့ ပြန်၍ ငွေကြေး ရှာဖွေရန် စက်လှေတစ်စီးဖြင့် ပိုက်သေရွာမှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
စက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းတွင် ဒုက္ကချောင်းကျေးရွာအုပ်စုရှိ ချောင်းတွင် ရိုဟင်ဂျာအလောင်းတစ်လောင်း တွေ့ရှိသည်ဟု ဒုက္ကံချောင်း အုပ်ချုပ်ရေးမှူးက ပြောကြားပြီးနောက် ဒေသခံများက စုံစမ်းခဲ့ရာ အာဆားအူဒ္ဒိန်း၏ ရုပ်အလောင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ကျောက်တော်မြို့ အတွင်းရှိ အဆိုပါရွာများကြားတွင် သွားလာနိုင်သည့် ကုန်းလမ်းရှိသော်လည်း ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အသွားအလာ မလုပ်ရန် အာဏာပိုင်များက တားမြစ်ထားသဖြင့် အန္တရာယ်ရှိသည့် ရေလမ်းတစ်ခုတည်းကိုသာ သွားနိုင်လာနိုင်ရန် အသုံးပြုနေရသည်။
ယခု ရုပ်အလောင်းမျောပါလာသည့် ရေလမ်းအတိုင်း အမြဲသွားလာလေ့ရှိသည့် စက်လှေသမား နှစ်ဦးက “ကျွန်တော်တို့ကိုလည်း စက်လှေကြီးတွေနဲ့ သွားလာတဲ့ ရခိုင်လူမျိုးတွေက ခြိမ်းခြောက်လို့ အသက်လု ထွက်ပြေးရတာ နှစ်ခါ ဖြစ်ခဲ့ဖူးတယ်။ အခုတစ်ပတ်အတွင်း ဒီလိုကြုံခဲ့ရတာ။ အရင်တုန်းကတော့ အဲလိုမျိုး သိပ်မကြုံခဲ့ရဘူး။ ကျွန်တော်တို့ကတော့ ဒီလူကို အဲဒီစက်လှေကြီးတွေက သတ်လိုက်သလားလို့ သံသယ ဖြစ်မိတယ်” ဟု မှတ်ချက်ပေးသည်။
MYARF
RB News
2.9.2018
RB News
2.9.2018
ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်ကြန်းကျေးရွာအုပ်စုတွင် နွားကျောင်းနေသည့် ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်ရွာသားများက ၀ိုင်းဝန်းရိုက်မှုကြောင့် သေဆုံးသွားသည်။
ကျောက်တော်မြို့နယ် အထက်ပိုင်း ချောင်ကြန်းကျေးရွာအုပ်စု၊ ပီတန်းရွာရှိ လယ်ကွင်းတွင် နွားကျောင်းနေသည့် ဦးအာဇီဇူ (ဘ) ဦးကာဆိမ်း (အသက် ၄၅ နှစ်) ကို ရခိုင်ရွာသားများက ယနေ့ စက်တင်ဘာလ (၂) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ၀ိုင်းဝန်းရိုက်နှက်၍ နွားများ လုယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရခိုင်ရွာသားများ၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံရသည့် ဦးအာဇီဇူသည် ရိုက်နှက်ခံရပြီး သေလုမျောပါး အနေအထားဖြင့် လဲနေစဉ် ရိုဟင်ဂျာရွာသားများက တွေ့ရှိသွားပြီး နေအိမ်သို့ ခေါ်ဆောင်လာနေစဉ် လမ်းတစ်ပိုင်း၌ သေဆုံးသွားသည်ဟု ရွာသားများက ဆိုသည်။
ပီတန်းရွာ၏ ဘေးပတ်ပတ်လည်တွင် ရခိုင်ရွာများသာရှိပြီး ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများကို ရခိုင်များက မကြာခဏ လုယက်လေ့ရှိပြီး၊ ယခုလည်း ဦးအာဇီဇူ နွားကျောင်းနေစဉ် ဝေးကြီးတောင်ကျေးရွာအုပ်စု၊ ဝေးကြီးတောင်ရွာမှ မောင်ထွန်းအေး (ဘ) ငကျော်ခိုင် (အသက် ၃၅ နှစ်)၊ အောင်မြသိန်း (ဘ) ကျော်အေး (အသက် ၄၀ နှစ်) တို့ အပါအ၀င် ရခိုင်ရွာသား ၅ ဦးခန့် ပါသည့် အုပ်စုက တုတ်များဖြင့် လူမဆန်စွာ ရိုက်နှက်ကာ နွားများ လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံသတင်း
- သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့ - အပိုင်း (၁)
- မြန်မာပြည်မှာ ပြည်သူ့ လွှတ်တော် အမတ်တစ်ပါး ပေါ်လာပြီ-
- ဘူးသီးတောင် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က အာလူးစိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး ငွေအဆမတန် ကောက်ခံနေ
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်
- အစွန်းရောက် ရခိုင်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်တွေ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ တစ်ဦးအသတ်ခံရ၊ ရှစ်ဦး ဒဏ်ရာရ
- မောင်တောမှ မူးယစ်ဆေးဝါး ဘုရင်ကို ပြန်လွှတ်ရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထား
- ဥရောပကော်မရှင်နှင့် ဥရောပပါလီမန် ရှေ့တွင် မောင်တောတွင် ဥပဒေမဲ့ သတ်ဖြတ်နေခြင်းအတွက် ရိုဟင်ဂျာများ ကန့်ကွက် ဆန္ဒပြ
- တောင်ပြိုလက်ဝဲ ရေတွင်းပြင်ရွာမှ နွားတစ်ကောင်ကို စစ်သားများက ဖမ်းဆီးထားပြီး ပိုင်ရှင်ထံမှ ငွေညှစ်
- ရဲအောင်လံ ကျော်ကျော်နှင့် အဖွဲ့ သံတွဲမြို့အတွင်း အကြံကုန် ဂဠုန်ဆားချက်ခြင်း