ဘယ်ရွေးကောက်ပွဲ ပုံစံကို ရွေးကြမလဲ
(ဓါတ်ပုံ - Reuters) |
6.6.2013
PR (Proportional Representative) ရွေးကောက်ပွဲ စနစ် ဆိုတာ တစ်နိုင်ငံ လုံးက မဲပေးပွဲတွေ အကုန် ပြီးလို့ ပါတီ အလိုက် ရတဲ့ မဲတွေ စုစုပေါင်းကို မဲဆန္ဒ နယ်မြေတွေ အားလုံး ပေါင်းစည်း တွက်ချက် ပြီးမှ ပါတီ တစ်ခု ချင်းက ရထားတဲ့ စုစုပေါင်း မဲအချိုး အလိုက် အမတ် ခွဲတမ်း ချပေးတဲ့ စနစ် ဖြစ်တယ်။ ပါတီတွေက မိမိရတဲ့ အမတ် ဦးရေ အလိုက် မိမိ ပါတီ သဘောကျ အမတ် အမည် စာရင်းကို အပြီး သတ် ရွေးချယ်တဲ့ စနစ် ရှိသလို၊ မိမိ ပါတီ တွင်းက လူထု ထောက်ခံမဲ ပိုရသူ တွေကိုသာ သက်ဆိုင် ရာ ပါ တီရဲ့ ခွဲတမ်း ဘောင်အတွင်းက ပေးအပ်တာ မျိုးလည်း ရှိပါတယ်။ စနစ်ဟောင်းလို မဲပေးပြီးတာနဲ့ အနိုင်ရသူ ဦးဖြူ ဦးနီဆိုပြီး ချက်ချင်း မသိနိုင်လို့ အားရစရာ မကောင်း ဘူးလို့ ဆိုနိုင် ပါတယ်။
PR စနစ်သစ်ကို မြန်မာ ပြည်သူတွေ အတွေ့ အကြုံ မရှိသေးတဲ့ အတွက် ရှုပ်ထွေး တယ်လို့ ပြောကြ ပေမဲ့ တစ်ကယ်တော့ မဲပေး ရတဲ့ ပြည်သူတွေ အဖို့က မဲပေးတဲ့ အခါမှာ ရှုပ်ထွေး စရာ အကြောင်း မရှိပါဘူး။ စနစ်ဟောင်း အတိုင်းဘဲ ကိုယ်ကြိုက်တဲ့ ပါတီ (သို့မဟုတ်) ကိုယ်ကြိုက် တဲ့လူ (ပါတီ အမည်နဲ့ တွဲထား ပေးတယ်) ကိုဘဲ မဲခြစ်လိုက် ရတာ ပါဘဲ။ ထူးခြားတာက စနစ် ဟောင်းလို ဒီမဲရုံမှာ မဲနိုင်တိုင်း အမတ်တန်း မဖြစ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံ လုံးက မဲတွေ ပေါင်းပြီးမှ မဲရတဲ့ ရာခိုင်နှုံး အရ အမတ် ခွဲတန်း ရတာမို့ မဲဆန္ဒနယ်မြေ တစ်ခုမှာ နိုင်လိုက်တိုင်း အမတ် ချက်ချင်း မဖြစ်ပါဘူး။ PR စနစ်ကို တိုင်းပြည် တွေရဲ့ အခြေ အနေ အလိုက် အနည်းငယ် ခြားနားပြီး ကျင့်သုံးတာ မျိုးလည်း ရှိပေမဲ့ အခြေခံ သဘောက အတူတူ ဖြစ်ပါတယ်။
လက်ရှိ ကျင့်သုံး နေတဲ့ BV (Bloc Voting or Winner Takes All) ရွေးကောက်ပွဲ စနစ်က မဲဆန္ဒ နယ်မြေမှာ တစ်မဲ အသာနဲ့ဘဲ နိုင်နိုင် နိုင်တဲ့ လူကို ချက်ချင်း ရွေးချယ် လိုက်တဲ့ ရွေးကောက်ပွဲ စနစ် ဖြစ် ပါတယ်။ မြန်မာ ပြည်သူတွေ ကျင့်သား ရတဲ့ စနစ် ဖြစ်ပါတယ်။ နိုင် ပြုံး၊ ရှုံး မှိုင်၊ ရော့ ပ တ္တမြား ၊ ရော့ နဂါး စနစ် ဖြစ်တယ်။
ဘယ်စနစ် မဆို အားသာချက် အားနဲချက် ရှိတတ် တာမို့ အသစ် ပုံစံဖြစ်တဲ့ PR စနစ်သစ်ကို သုံးသုံး၊ လက်ရှိ ကျင့်သုံး နေတဲ့ BV စနစ်ဟောင်းကို သုံးသုံး အကျိုး အပြစ်၊ အားသာချက်၊ အားနဲချက် က နှစ်မျိုး လုံးမှာ ရှိပါတယ်။ အကျိုးချည်းဘဲ ရှိတဲ့စနစ်၊ အပြစ် ချည်းဘဲ ရှိတဲ့ စနစ်ဆိုတာ လောကမှာ မရှိစ ကောင်းပါ ဘူး။ ရောဂါ ပျောက်အောင် သောက်တဲ့ ဆေးမှာတောင် ဘေးထွက် ဆိုးကျိုး ဆိုတာ ရှိနေ တတ်ပါတယ်။
သို့သော် ဘယ်စနစ်ကို ကြိုက်သလဲ ဆိုတာက ဘယ်စနစ်ကို သုံးရင် ကိုယ့်ပါတီက ပိုအကျိုး ရှိမလဲ ဆို တဲ့ ပေတံနဲ့ တိုင်းပြီး နိုင်ငံရေး ပါတီတွေက ကြိုက်တယ်၊ မကြိုက်ဘူး ပြောကြ တာကိုး။ ဒါကြောင့် ပါတီ အသီးသီးက မိမိအကျိုးစီးပွါး အလိုက် ကြိုက်သူရှိ သလိုမကြိုက် သူရှိကြမှာပါ။ တစ် ကယ်တော့ နိုင် ငံရေး ပြဿနာ ဆိုတာ အရင်း စစ်ရင် အကျိုးစီးပွါး ပြဿနာကို လူကြား ကောင်းအောင် နိုင် ငံရေး ဆိုတဲ့ နာမည် လှ လှလေး ပေးထား တာဘဲ မဟုတ် ပါလား။ လူထု အကျိုး စီးပွါး ကြည့်တဲ့ ပါတီရဲ့ မြင်ပုံနဲ့ လူ တစ် စု အကျိုး စီးပွါး ကြည့်တဲ့ ပါတီရဲ့ မြင်ပုံ တူနိုင် ပါ့မလား။
ယနေ့ ပြောနေ ကြတဲ့ ရွေးကောက်ပွဲ စနစ်သစ် PR အကြောင်းကို နားလည် လွယ်အောင် ဥပမာ ပေးကြည့် ချင်ပါတယ်။ တစ်ကယ်လို့ PR စနစ်သစ် ကိုသာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျင့်သုံး ခဲ့မယ် ဆိုရင် အင်အယ်လ်ဒီ က အမတ်နေရာ ၈၂%ကို ရခဲ့မှာ မဟုတ်ဘူး။ သူ့နောက်က လူထု ထောက်ခံမဲ အရေ အတွက် ကပ်လိုက် နေတဲ့ တစည ကလည်း လူထု ထောက်ခံမဲ ရသလောက် အမတ် နေရာ ခွဲတမ်း ရမှာမို့ အင်အယ်လ်ဒီက အမတ် ၄၅% သာ ရပြီး (၈၂% မရတော့ဘူး။) ရွေးကောက်ပွဲ စနစ် ဟောင်းအရ မဲအပြတ် ရှုံးနေတဲ့ တစညက ရွေးကောက်ပွဲ စနစ်သစ်မှာ အမတ် ၃၅% ရသွား နိုင်တဲ့ အတွက် အပြတ်ရှုံး မဲ့အစား အင်အယ်လ်ဒီကို ပုခုန်းချင်း ယှဉ်နိုင် မယ်လို့ အကြမ်းဖျဉ်း ပြောနိုင် ပါတယ်။ စနစ်ဟောင်း အရ အမတ် အင်အား ချိနဲ့ သွားခဲ့တဲ့ တစညဟာ စနစ်သစ် အရ သူ့ကို ထောက်ခံ ခဲ့တဲ့ ပြည်သူ တွေရဲ့ ဆန္ဒကို လွှတ်တော်မှာ အင်နဲ့အားနဲ့ ဆက်လက် ကိုယ်စားပြု ထမ်းဆောင်ခွင့် ရသွားမှာ ဖြစ်တယ်။
တစ်ဖန် ၁၉၉၀ ရွေးကောက်ပွဲကို စနစ်သစ် အရ ကျင်းပခဲ့ပြီး အင်အယ်လ်ဒီက အမတ်များ ဆဲမို့ အစိုးရ သာဖွဲ့ခွင့် ရခဲ့မယ် ဆိုရင်လည်း အမတ် ၄၅% သာရတော့တဲ့ အင်အယ်လ်ဒီက သူ့တစ်ပါတီ တည်း အစိုးရ မဖွဲ့နိုင်တဲ့ အတွက် အစိုးရဖွဲ့ဖို့ ပါတီငယ် တွေရဲ့ ထောက်ခံမှုကို ယူရမယ်။ ဒါကြောင့် ပါတီငယ် တွေရဲ့ ဆန္ဒ သဘောထားကို အစိုးရဖွဲ့မဲ့ ပါတီကြီးက မလဲမသွေ ထဲ့စဉ်းစားပေး ရမှာမို့ PR စနစ်ကို အားကောင်းတဲ့ ပါတီ ကြီးတွေက ကြိုက်တတ်တဲ့ သဘော မရှိဘူးလို့ ပြောနိုင်တယ်။ ဒီအတိုင်းဘဲ အားနည်းတဲ့ ပါတီငယ် တွေက မိမိရဲ့ လူထု ထောက်ခံမှု တစ်မဲ ကိုတောင် အလဟသ မဖြစ်စေတဲ့ စနစ်သစ်ကို ပိုကြိုက် တတ်တဲ့ သဘောရှိ တယ်လို့ ပြောနိုင် ပါတယ်။
နောက် ဥပမာ တစ်ခု ထပ်ပေး ပါမယ်။ တစ်ချို့ပါတီ တွေဟာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အင်အားကြီး ပါတီ မဟုတ်သော်လည်း သူတို့ကို ထောက်ခံတဲ့ ပြည်သူ တွေက နိုင်ငံအနှံ့ မဲဆန္ဒ နယ်မြေ အများ အပြား မှာ အထိုက် အလျောက် ရှိနေတယ် ဆိုပါစို့။ အဲဒီလို ပါတီမျိုး တွေဟာ စနစ်ဟောင်း အတိုင်း သွားရင် လာမဲ့ ရွေးကောက်ပွဲမှာ သူတို့ တွေဟာ သူတို့ ယှဉ်ပြိုင်မဲ့ မဲဆန္ဒ နယ်မြေ တွေမှာ မဲ ၁၀%၊ ၂၀%၊ ၃၀% ကနေ ၄၉% လောက်ဘဲ ရနေရင် လူထု ထောက်ခံမှု တစ်စုံတစ်ရာ ရှိပင် ရှိနေငြား သော်လည်း တစ်ကယ် တန်းကျတော့ အမတ် တစ်ယောက်မှ မရဘဲ မျိုးပြုတ် သွားမဲ့ အန္တရာယ် ရှိနေ ပါတယ်။ PR ရွေးကောက်ပွဲ စနစ်သစ် အရ ဆိုရင် သူတို့ ရခဲ့သမျှမဲ ၂၀% ဖြစ်ဖြစ်၊ ၅% ဖြစ်ဖြစ်၊ ၁% ဘဲဖြစ်ဖြစ် ရသလောက် မဲ တွေ ကို နောက်ဆုံးမှာ စုပေါင်း လိုက်ပြီး ရတဲ့ အချိုး အတိုင်း အမတ် ခွဲတမ်း ရမှာဆိုတော့ မျိုးမပြုတ် တော့ဘဲ အမတ် အနဲဆုံး တစ်ယောက် ဖြစ်ဖြစ် ရနိုင်တဲ့ အခွင့် အလန်း ရှိနေနိုင်တယ်။
တစ်ကယ်လို့ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးသိန်းညွန့် တို့လို ပါတီ တွေက သူတို့ရဲ့ အနေ အထားက အဲဒီလို အခြေ အနေ မျိုးမှာ ရှိနေတယ်လို့ ယုံကြည် ကြရင် အနယ်နယ် အရပ်ရပ်သော မဲဆန္ဒ နယ်မြေ တွေက လူထု ထောက်ခံ မှုမဲ စုစုပေါင်း အပေါ်မှာ မူတည်ပြီး အမတ် ခွဲတမ်း ချပေးတဲ့ စနစ်သစ်ကို သဘာဝ ကျစွာဘဲ ထောက်ခံ ကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ စနစ်ဟောင်း အတိုင်း သွားရင် အမတ် တစ်ယောက်မှ မရ တဲ့ အနေ အထား ကနေ စနစ်သစ် အရ အမတ် အချို့ကို ရလာ နိုင်ကြမယ်။ ဒါမှလဲ သူတို့ ပါတီရဲ့ မူဝါဒ ကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်မှာ ကိုယ်စားပြု ပြောဆို နိုင်ခွင့် ရလာ မှာ ဖြစ် ပါတယ်။
တစ်ချို့ ပါတီတွေက တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတိုင်း အတာနဲ့ ဖြစ်ဖြစ် မဲဆန္ဒ နယ်မြေ တွေမှာ ဖျမ်းမျှ ခြင်းအားဖြင့် မဲပေးသူ အများစု (သို့မဟုတ်) တစ်ဝက်ကျော်က သူတို့ကို ထောက်ခံ နေကြတယ်လို့ ယုံကြည် ကြရင် တစ်မဲ ပိုရတာနဲ့ အမတ် ဖြစ် သွားတဲ့ လက်ရှိ စနစ်ကို ပိုကြိုက် ကြမှာ ဖြစ်တယ်။ ဒါမှလည်း သူတို့ပါတီက အခြားပါတီ ငယ်တွေကို မဲရတဲ့ အရေ အတွက် အချိုး အရ အမတ် ခွဲတန်း ခွဲဝေ ပေးစရာ မလိုဘဲ အမတ် အင်အား များများ သပိတ်ဝင် အိတ်ဝင် ချက်ချင်း ရလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ အင်အား ကောင်းနေတဲ့ အင်အယ်လ်ဒီ အပါ အဝင် ဒေသ ဆိုင်ရာမှာ လူထု ထောက်ခံမှု အားကောင်းတဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်စတဲ့ ပါတီတွေက လက်ရှိ မဲပေးပုံ စနစ်ကိုဘဲ ကြိုက်ကြမယ် ဆိုရင် သဘာဝ ကျပါတယ်။ တစ်နိုင်ငံ လုံးမှာ ပြုပြင် ပြောင်းလဲ မှုတွေကို အင်အား ကောင်းကောင်း အရှိန် အဟုန်နဲ့ လုပ်နေ ချင်တဲ့ အင်အယ်လ်ဒီ အ တွက် ကတော့ စနစ်ဟောင်းက သူ့အတွက် ပိုလက်တွေ့ ကျနေပါတယ်။ ဒါကြောင့်လဲ တနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ စနစ်သစ် PR ကို လက်မခံ နိုင်ကြောင်း၊ စနစ် ဟောင်းကိုဘဲ ကြိုက်ကြောင်း အင်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ပြောခဲ့ ပါတယ်။
ဆိုတော့ လာမဲ့ ရွေးကောက်ပွဲက စနစ်ဟောင်း အတိုင်း သွားမလား။ စနစ်သစ်ကို ရွေးမလား ဆိုတာ တွက်ချက် ကြည့်ရအောင်။
ဒီအခါမှာ ရွေးကောက်ပွဲ စနစ်ကို ဘယ်သူက ဆုံးဖြတ် ရွေးချယ် နိုင်ခွင့် ရှိသလဲ ဆိုတဲ့ မေးခွန်းကို အရင် ဆန်းစစ်ဖို့ လိုလာ ပါပြီ။
တိုတို ပြောရရင် လက်ရှိ အနေ အထား အရ ကြံ့ဖွံ့က တရား ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး ဆိုတဲ့ အာဏာ သုံးရပ် စလုံးကို ချုပ်ကိုင် ထားတာ ဖြစ်လေတော့ ဘယ်စနစ်ကို ရွေးမလဲ ဆိုတာ ကြံ့ ဖွံ့ ပေါ်မှာဘဲ လုံးလုံး လျားလျား တည်နေတယ် ဆိုတာ ဗေဒင် မေးစရာ မလိုပါဘူး။ ဒါကြောင့် ကြံ့ဖွံ့က သူ့ အတွက် ဘယ်စနစ်က အကျိုး ရှိမလဲ၊ အကျိုး ဆုတ်မလဲ ဆိုတာ ပေါ်မှာ မူတည်ပြီး မဲပေးပုံ စနစ်ကို လာမဲ့ ရွေးကောက်ပွဲမှာ ရွေးချယ် ကျင့်သုံး မှာက သေချာ နေပါတယ်။
ကြံ့ဖွံ့ ဘယ်လို တွက်မလဲ ဆိုတာကို ဆက်စဉ်းစား ကြရအောင်။
(၁) တစ်ကယ်လို့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလို၊ ၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို တစ်မဲ အသာနဲ့ ဖြစ်ဖြစ်၊ မဲအပြတ်နဲ့ဘဲ ဖြစ်ဖြစ် မဲဆန္ဒ နယ်တွေမှာ သိမ်းကြုံး အနိုင်ယူ နိုင်တဲ့ အနေ အထား ရှိနေတယ်လို့ ကြံ့ဖွံ့က ယုံကြည်ရင် ဘယ်နိုင်ငံရေး ပါတီက ကိုယ့်သေလမ်း ကိုယ်ရွေးပြီး ကိုယ့်အမတ်တွေ မျိုးပြုတ် ကုန်မဲ့ စနစ် ဟောင်းကို ဆက်လက် ဖက်တွယ် နေမှာလဲ။ Do or Die ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဟန့်တား ကာကွယ် ဖို့က တစ်နိုင်ငံ လုံးမှာ လူထု ထောက်ခံမှု အင်အား အတော် အသင့် ရှိနေတဲ့ ကြံ့ဖွံ့ အတွက် ရွေးကောက်ပုံ စနစ်သစ် (PR) ကို မလွဲ မသွေ ရွေးချယ် ဆုံးဖြတ် ရမှာဘဲ။
(၂) အကယ်၍ ကြံ့ဖွံ့က အင်အယ်လ်ဒီကို တရားတဲ့ နည်းအရ ဖြစ်စေ၊ မတရားလုပ်လို့ ဖြစ်စေ မဲဆန္ဒ နယ်မြေ တွေမှာ ယှဉ်ပြိုင် အနိုင် ကြဲနိုင်တယ်လို့ ယူဆ နေသေး ရင်တော့ လက်ရှိ မဲပေးပုံ စနစ်ဟောင်း (BV) ကိုဘဲ သူ ဆက်ရွေး မှာပါ။
စာဖတ်သူ မိတ်ဆွေက ဘယ်လို ထင်ပါသလဲ။
ကျနော့ အမြင်မှာ အင်အယ်လ်ဒီဟာ ၁၉၉၀ က ပုံစံမျိုးလို အပြတ် အသတ် အနိုင် ရမှု မျိုးကို စိတ်ကူး မယဉ် နိုင်သော်လည်း လက်ရှိ မဲပေးပုံ စနစ်ဟောင်း အတိုင်း ဆိုရင် ပြည်မ မဲဆန္ဒ နယ်မြေ တွေမှာ ကြံ့ဖွံ့ကို အလဲ ထိုးနိုင်တယ်လို့ ယုံကြည် တာမို့ ကြံ့ဖွံ အတွက်က စနစ်သစ် ဖြစ်တဲ့ PR ကို မလွဲမသွေ ရွေးချယ် မယ်လို့ ယူဆ မိပါတယ်။