နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပူးပေါင်း၍ ငွေညှစ်



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူးတို့က မောရ၀တီရှိ စစ်တပ်သို့ မဟုတ်မမှန် သတင်းများ ပေးပို့ခြင်းနှင့် ဒေသခံများထံမှ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူး ဦးဖော်ခိရ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၅၀ နှစ်) တို့သည် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်းကျန်းနေသည့် ဓါးပြဗိုလ် အဒူလာကိမ်းအား ဒေသခံများက ထမင်းကျွေးမွေး ခဲ့သည်ဟု မောရ၀တီ အခြေစိုက် စစ်တပ်စခန်းသို့ မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့ခဲ့ရာ စစ်သားများနှင့် နယ်မြေ (၇) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များသည် အင်အား အပြည့်ဖြင့် ည ၁၂ နာရီအချိန်တွင် ဦးအဒူမာလဲခ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးဒီလူး (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၅ နှစ်) တို့၏ နေအိမ်များသို့ ၀င်ရောက် ရှာဖွေခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့ နှစ်ဦး၏ နေအိမ်များတွင် နွားကျောင်းသားများ အဖြစ် အလုပ်လုပ်ကိုင် နေသည့် ရှီလ်ခါလီ ရွာသား မိုဟာမတ်ဇူဘိုင်ရ် (အသက် ၂၅ နှစ်) နှင့် ရှော်မ်ရှု (အသက် ၂၇ နှစ်) တို့ကို မောရ၀တီရှိ စစ်တပ် စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပြန်လည် လွှတ်ပေးရန် ငွေကျပ် သိန်း ၂၀ တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ရာအိမ်မှူး တို့သည် အဆိုပါရွာမှ ဦးနူရ်ဟာဆောင်း (ဘ) ဦးဆီဒိတ်ခ် (အသက် ၅၀ နှစ်) ၏ နေအိမ်တွင် တဖက်နိုင်ငံမှ အမျိုးသမီး နှစ်ဦးကို တရားမ၀င် နေထိုင်ခွင့်ပြု ထားသည်ဟု စစ်တပ် စခန်းသို့ မဟုတ်မမှန် လုပ်ကြံ သတင်းပေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေ၍ အိမ်သုံး ပရိဘောဂများနှင့် အိမ်တံခါးများကို ဖျက်ဆီးခဲ့သည်။ မေလ (၁) ရက်နေ့တွင် ရာအိမ်မှူး ဦးဖော်ခိရ်အာမတ်၏ ဇနီးနှင့် ဦးနူရ်ဟာဆောင်း၏ ဇနီးတို့ စကားများခဲ့သည်ကို အကြောင်းပြု၍ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ယခုကဲ့သို့ ဒုက္ခပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဦးမောင်မောင်စိုးသည် ကျေးရွာ တာဝန်ခံ ဦးအဒူကော်ရိမ်းနှင့် ပူးပေါင်းကာ အိမ်ပြုပြင် နေသည့် ဦးအဒူမော်တလိဖ် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၅၀ နှစ်) ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ပြီး ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။

ဒေသခံ တစ်ဦးက “အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တွေက မဟုတ်မမှန် သတင်းတွေ ပေးပြီးတော့ ရွာမတည်မငြိမ် ဖြစ်အောင် လုပ်နေတာကို အချိန်မှီ ရပ်တန့်ဖို့ လိုပါတယ်။ မဟုတ်ရင် နောက်နောင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု စိုးရိမ်မကင်းစွာဖြင့် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus