နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို နံ့သာတောင်မှ နယ်ခြားစောင့်ရဲများက ကလေး ကျူရှင်သွားကြိုသည့် အုပ်ထိန်းသူများကို ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်

Rohingya Eye
RB News
10.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံ့သာတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျူရှင်သွားကြိုသည့် ကလေးများ၏ အုပ်ထိန်းသူများကို ဖမ်းဆီး၍ ရိုက်နှက်ပြီးနောက် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံ့သာတောင် ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ဖေဖော်ဝါရီလ (၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် လာဖိုယာရွာအတွင်း ကင်းလှည့်နေစဉ် ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ အဆိုပါနေအိမ်တွင် စာသင်နေသည့် ကလေးငယ်များ၏ ဖခင်များကို တွေ့ရှိပြီးနောက် ၎င်းတို့ကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အား ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ငွေညှစ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးဆီရာဇူလ္လာ၏ နေအိမ်တွင် မူလတန်းအဆင့် ကျောင်းသား/သူများကို ကျူရှင်ပြလျက်ရှိပြီး၊ မိဘများက ၎င်းတို့၏ သားသမီးများကို အိမ်ပြန်ခေါ်သွားရန် လာရောက်သည့် အချိန်တွင် နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း
(၂) ဟူစိန်း (ဘ) ဦးအာမိရ်ဟူစိန်း (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၃ သိန်း
(၃) နော်ယိမ်း (ဘ) ဦးဆီရာဇူလ်အစ္စလာမ် (အသက် ၂၂ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း
(၄) ဦးနူရ်ဟူဆောင်း (ဘ) ဦးဂူရာမျာ (အသက် ၅၆ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း 
(၅) ဦးဇိုက်သ်ဟူဆောင်း (ဘ) ဦးဂေါ်ဖ်ဖော်ရ် (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း တို့ဖြစ်ကြသည်။ 

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ (၅) ဦးကို နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus