နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းမှ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ဒေသခံများထံမှ ငွေညှစ်

Rohingya Eye
RB News
9.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် အခြေစိုက်သည့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ဒေသခံများထံမှ အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်ရင်း ၅၃၅ မှ တပ်ရင်းမှူးသည်  မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၈) ခုမှ အုပ်ချုပ်ရေးမှူး များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ဆင့်ခေါ်ကာ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူး အတွက် ရေစုပ်စက်တစ်လုံး ၀ယ်ပေးရန်အတွက် တစ်ရပ်ကွက်လျှင် ငွေကျပ် ၆ သောင်းစီ မဖြစ်မနေ ကောက်ခံပေးရန် မှာကြားခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်သားများထံမှ ငွေကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ 

မြင်းလွတ်မြို့နယ်ခွဲရှိ ဒေသခံများသည် တောင်တန်းမှ ထင်းခုတ်လုပ်ငန်း၊ ပင်လယ်ထွက် ငါးဖမ်းလုပ်ငန်းများကို အဓိက ထား၍ လုပ်ကိုင်ခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းများ ပိတ်ပင်ခံရသဖြင့် စားဝတ်နေရေး အလွန်ကျပ်တည်းလျက် ရှိရာ ယခုကောက်ခံနေသည့် ငွေများပေးရန် အခက်အခဲရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ရှီလ်ခါလီကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ  နယ်ခြားစောင့်ရဲများသည် အလယ်သံကျော် ကျေးရွာအုပ်စု။ မောင်တူလာကျေးရွာသို့ သွားရောက် ဦးဝါဒူရောန် (ဘ) ဦးရှော်မူလော့ခ် (အသက် ၅၅ နှစ်) ၏ နေအိမ်ခြံဝင်းသို့ သွားရောက်၍ အိမ်သာနှင့် ရေချိုးခန်းများတွင် ပလတ်စတစ်ဖြင့် အကာအရံများ ပြုလုပ်ထားသည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးအေနာမူလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၄၅ နှစ်) ကိုလည်း အလားတူ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အခြားနေအိမ် (၈) လုံးမှ အိမ်သာနှင့် ရေချိုးခန်းများကို အတင်းအဓမ္မ ဖြိုဖျက်ခဲ့သည်။

ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် အလယ်သံကျော် ကျေးရွာမှ ဒေသခံရိုဟင်ဂျာများသည် ကားများဖြင့် မြို့ပေါ်သို့ သွားနေစဉ် ဗောဓိကုန်း စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံသောအခါ နယ်ခြားစောင့်ရဲများက NVC ကဒ်မပါလျှင် သွားခွင့်မပြုနိုင်ဟု ဆိုကာ ခရီးသည်များနှင့် ယာဉ်မောင်းများကို ဆက်သွားခွင့် မပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။


Comment ရေးရန်

Rohingya Exodus