နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်းတောင်ရှိ စက်လှေဆိပ်



RB News
24.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်သို့ တပ်ကြပ်ကြီး နှစ်ဦး ၀င်ရောက်၍ ပစ္စည်းများ လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၂) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ကင်းတောင် ကျေးရွာ၊ ကင်းတောင်ရွာ အခြေစိုက် အမှတ် (၅၅၁) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး မင်းဇော်နှင့် တပ်ကြပ်ကြီး မင်းနိုင်ဦးတို့ နှစ်ဦးသည် ဦးအဏ္ဏ၀ါဆာဒဲခ် (ဘ) မော်လ၀ီ ဦးကမာလ်၏ အိမ်သို့ ၀င်ရောက်၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“ဦးအဏ္ဏ၀ါဆာဒဲခ်ရဲ့ အိမ်မှာ မိသားစုတွေ တစ်ယောက်မှ မရှိတဲ့ အချိန်မှာပါ။ ခြေမြန် တပ်ရင်း ၅၅၁ က တပ်ကြပ်ကြီး နှစ်ယောက် ၀င်ပြီး၊ ဆိုလာပြား၊ 3K ဘက်ထရီ တစ်လုံး၊ GSM အထိုင် Antenna တစ်ခု တို့ကို လုယူသွားတယ်။ အဲဒီ တပ်ကြပ်ကြီး နှစ်ယောက်က ရွာတွေ လှည့်ပြီး အဲဒီလို မကြခဏ လုပ်လေ့ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယခုကဲ့သို့ မတရားသဖြင့် ပြုလုပ်နေခြင်းမှာ တပ်ရင်းမှူး၏ စီးပွားရေး လုပ်ငန်းကို ၀ိုင်းဝန်း၍ အားမပေးသည့် အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

“တပ်ရင်းမှူးက ဘင်္ဂလား မိုဘိုင်းလိုင်းကို ရွာတွေမှာ ဖြန့်မယ်၊ တစ်ရွာကို တစ်လမှာ နှစ်သိန်းကနေ ငါးသိန်းထိ ပေးရမယ်လို့ ဆိုတယ်။ ကင်းတောင်ရွာက ရွာသားတွေက လစဉ်ငွေလည်း မပေးနိုင်သလို လိုင်းလည်း မယူဘူးလို့ ပြန်ပြောခဲ့ ကြတယ်။ အဲဒါကို အငြိုးထားပြီး အခုလို လုယက်တယ်လို့ ထင်တယ်။ ပုံမှန်အားဖြင့်လည်း ရွာသားတွေကို မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်လေ့ ရှိတယ်၊ အရင်က ရွာသားတွေဆီက ရွှေတွေပါ လုယက်ခဲ့တာတွေ ရှိတယ်။ ရွာသားတွေက မီဒီယာကို ပြောရင် ပိုပြီး နှိပ်စက်ခံရမယ် ဆိုပြီး မပြောခဲ့ကြဘူး။”




MYARF
RB News
24.4.2014

မောင်တော ။ ။ ဧပြီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် (၃) မိုင်စခန်းတွင် အခြေစိုက်သည့် တပ်ရင်းမှ စစ်သား (၈) ဦးသည် ညောင်ချောင်း ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရှာဖွေခဲ့ရာ မတွေ့သဖြင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီး ကျေးရွာရှိ လူဦးရေ (ကျား၊ မ အလိုက်)၊ အိမ်ထောင်စု၊ ဗလီ၊ အရဗီ စာသင်ကျောင်း၊ အစိုးရ စာသင်ကျောင်း၊ အိမ်ခြေနှင့် လမ်း အရေအတွက် တို့ကို မေးမြန်းပြီး မှတ်ယူ သွားခဲ့သည်။ ထို့နောက် နံနက် ၉း၃၀ နာရီတွင် ပန်းတောပြင် ကျေးရွာ၊ နူရူလ္လာဟ်နှင့် ဂေါ်ဒူသာရ ကျေးရွာတို့တွင်လည်း မေးမြန်း ခဲ့သည်။ အဆိုပါ စစ်သားများသည် အပြန်တွင် ပန်းတောပြင် ကျေးရွာနှင့် နူရူလ္လာဟ် ကျေးရွာများမှ ကြက်ဖ နှစ်ကောင်စီ တောင်းယူ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာရှိ လုံခြုံရေး စခန်းသို့ ဧပြီလ ၁၅ ရက်နေ့တွင် ရောက်ရှိလာသည့် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် များက စခန်းရှေ့မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများထံမှ စခန်းရှေ့မှ ဖြတ်သန်းခ ဟုဆိုကာ ငွေကျပ် ၅၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် နယ်မြေ (၇) စခန်း၏ စခန်းခွဲ တစ်ခုဖြစ်သည့် မန်ကျီချောင်း စခန်းမှ ဗိုလ်ကြီး သန်းထွန်းက မေလ အစပိုင်းမှ စ၍ ယခင် န.စ.က လက်ထက်တွင် ကျင့်သုံးခဲ့သည့် မတရား ညှဉ်းပန်း နှိပ်စက်သည့် ဥပဒေများကို ကျင့်သုံးသွားမည်ဟု ဒေသခံ ရိုဟင်ဂျာများကို ပြောကြားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၄) ဦး ဖြစ်သည့် (၁) ဦးအာဇီမုလ္လာ (ဘ) ဦးအဒူရှကုရ် (အသက် ၃၅ နှစ်)၊ (၂) ဦးဖော်ယာဇုလ္လာ (ဘ) ဦးအစ္စလာမ် (အသက် ၂၈ နှစ်)၊ (၃) ကေဖာယဒ်အုလ္လာ (အသက် ၂၀ နှစ်) နှင့် (၄) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးအီဆုပ် (အသက် ၁၂ နှစ်) တို့သည် ယင်းနေ့ နံနက်ပိုင်းတွင် တောင်ပေါ်သို့ ထင်းခုတ်ရန် သွားခဲ့ကြသည်။ နေ့လည် ၁၂ နာရီခန့်တွင် ဇော်မတက် ကျေးရွာ ကိုင်းကြီးရွာ အနီးတွင် ရခိုင် အစွန်းရောက် များဖြစ်သည့် မျိုးချစ်စိန်၊ ကေသားမောင်၊ အတွင်းရေးမှူးဟောင်းနှင့် အခြားတစ်ဦး တို့နှင့် ထိပ်တိုက် တွေ့ဆုံရာ၊ ရခိုင် အစွန်းရောက် များက အကြမ်းဖက် ခဲ့သည်။ ပထမ ဦးစွာ အသက် ၁၂ နှစ် အရွယ် မိုဟာမတ် ဇူဘိုင်ရ် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး၊ ကျန်သည့် ၃ ဦးကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



ဉာဏ်ဝင်းအောင်
23.4.2014

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းပြီး ထွက်ခွာသွားကြတဲ့ နိုင်ငံတကာ အကူအညီပေးရေး ၀န်ထမ်းထဲက တချို့ဟာ အခုတော့ သူတို့လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေကြပါပြီ။

ဒီဝန်ထမ်းတွေ မရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောနေပေမဲ့ ရခိုင်ပြည်နယ် အစိုးရကတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်နေခဲ့တယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေက ဝန်ထမ်းတွေကို ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံတကာ ဝန်ထမ်းတွေကို မြန်မာအစိုးရက အဲဒီဒေသကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဝန်ထမ်းတချို့ကို သူတို့ရဲ့နဂိုမူလ အလုပ်တွေ ပြန်လည် လုပ်ကိုင်ခွင့်ပြုလိုက်ပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရသူ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ NGO တွေက ဝန်ထမ်းအယောက် ၄၀ လောက်ကို ရခိုင်ပြည်နယ်မှာ အလုပ်ပြန်လုပ်ခွင့် ပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ OCHA က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာရှိတဲ့ ကုလသမဂ္ဂနဲ့ တခြားရုံးတွေ အတိုက်ခိုက်ခံရတုန်းက အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး ဝန်ထမ်း ၁၇၀ ကျော်ဟာလည်း တခြားနေရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။”

နိုင်ငံတကာ အကူညီပေးရေးဝန်ထမ်းတွေ ရုတ်တရက် ထွက်ခွာသွားတာကြောင့် သူတို့မှာ အစာအဟာရ ပြတ်လပ်တဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့ရဲ့ ပစ္စည်းသိုလှောင်ရုံတွေ တိုက်ခိုက် ဖျက်ဆီးခံရပြီးနောက် နိုင်ငံ တကာဝန်ထမ်းတွေကို စစ်တွေကနေ ထွက်ခွာခိုင်းခဲ့ပြီး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းနေခဲ့တာပါ။ နောက်ဆက်တွဲ ရလဒ်အဖြစ် သူတို့အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း မူဆလင် ဒုက္ခသည် တဦးက ပြောပါတယ်။

“အကုန်လုံးမှာ ပိုက်ဆံမရှိဘူးပေါ့။ မရှိတော့ အလှူမပေးနိုင်ဘူးပေါ့။ ရိက္ခာရတဲ့အခါ လူတွေက ပိုက်ဆံရှိတယ်ပေါ့၊ အဲဒီကနေ အလှူလုပ်တယ်ပေါ့။ ကျနော်တို့ ၅၀ တတ်နိုင်ရင် ၅၀၊ ၁၀၀ တတ်နိုင်ရင် ၁၀၀ အဲဒီလို ပေးတယ်ပေါ့။”

ဒုက္ခသည်စခန်းတွေထဲမှာ အဟာရချို့တဲ့နေသူ ဦးရေဟာ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာ ပိုများလာပြီး၊ ကလေးတွေဟာ ပုံမှန် ကြီးပြင်းခွင့် မရဘဲ ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် အစိုးရပြန်ကြားရေးဌာန အကြီးအကဲ ဦးဝင်းမြိုင်ကတော့ ဒီအချက်ကို လက်မခံပါဘူး။

“AZG ပဲသွားသွား၊ ကျနော်တို့ ပြည်နယ်အစိုးရကပဲသွားသွား၊ ကျန်းမာရေး ၀န်ကြီးဌာနကပဲသွားသွား၊ ဘယ်သူပဲသွားသွား၊ အဲဒီလိုမျိုး မကုတဲ့လူတွေက သပ်သပ်ရှိတယ်။ မကုတာရှိပြီးတော့ လာလို့ရှိရင် သူက မီဒီယာနဲ့ ကျနော်တို့ ပြည်နယ်အစိုးရကပဲ သူတို့ကို ပစ်ထားပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ကြံဖန်တီးတဲ့ သဘောပါပဲ။”

နိုင်ငံတကာ မီဒီယာတွေကတဆင့် မြန်မာအစိုးရကို ဖိအားပေးနိုင်အောင်လို့ မူဆလင် ဒုက္ခသည်တွေက အဲဒီလို လျှောက်ပြောနေခြင်းသာဖြစ်တယ်လို့ ဦးဝင်းမြိုင်က သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း အနည်းဆုံးလူ ၂၄၀ နီးပါး သေဆုံးခဲ့ရပြီး လူ ၁ သိန်းခွဲနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အထဲမှာ ရိုဟင်ဂျာ မူဆလင် အတော်များများ ပါဝင်ပါတယ်။
နိုင်ငံတကာ NGO ၀န်ထမ်းတွေ စစ်တွေမြို့က ထွက်ခွာရစဉ်ကပုံ (၂၈ မတ်၊ ၂၀၁၄)


ကိုမိုးဇော်
23.4.2014

ရခိုင်ပြည်နယ်မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ ကုလသမဂ္ဂ UN လက်အောက်ခံအဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တချို့ရဲ့ လုပ်ငန်းတွေ အခုအခါ ပြန်လည် လည်ပတ်နေပြီး သူတို့ရဲ့ လုံခြုံရေးကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။

UN နဲ့ INGO လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်လာတာကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ကြိုဆိုလိုက်ပြီး သူတို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရာမှာ သတိရှိဖို့လည်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ၀န်ထမ်းတဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ရုံးတွေ၊ သိုလှောင်ရုံတွေနဲ့ နေအိမ်တွေကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်ပြီးတဲ့နောက် ရပ်နားထားခဲ့ရတဲ့ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့ လုပ်ငန်းတွေကို အခုအခါ တ၀က်နီးပါးလောက် ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းနှင့်မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လောလောဆယ်တော့ သူတို့ကို မြို့ထဲက စက်မှုလက်မှု အထက်တန်းကျောင်းပေါ့နော် အဲ့ဒီမှာ သူတို့ကို နေရာလေးပေးပြီးတော့ လုပ်ပေးထားတာတွေတော့ ရှိပါတယ်။ စက်မှုလက်မှု အထက်တန်းကျောင်းမှာ သူတို့ တချို့အဖွဲ့တွေက သူတို့အဖွဲ့အတွက် သတ်မှတ်တဲ့အခန်းလေးတွေမှာ နေ ရာယူကြတာရှိတယ်။ တချို့ကတော့ စစ်တွေဟိုတယ်မှာရှိတယ်။ တချို့လည်း ရန်ကုန်မှာရှိတယ်။ ဆိုတော့ အခု ဒီဟာကို ကိုင်နေတဲ့ဟာကတော့ကာ ဗိုလ်ချုပ်မောင်မောင်အုန်းတို့အဖွဲ့နော်။ အဲ့ဒီအဖွဲ့က ကိုင်နေတဲ့အခါကျတော့ ဒီလ ၂၆ ရက်လောက်မှာ သူတို့ ပြန်ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်လို့ ပြောတယ်။ လုပ်ပြီးလို့ရှိရင် ရှေ့ကိုဆက်ပြီးတော့ သွားမယ့်ဟာလေးကို သိရမှာပေါ့ဗျာ။”

နိုင်ငံတကာ အဖွဲ့အစည်းတွေ လုပ်ငန်း ပြန်လည် ဆောင်ရွက်ဖို့ အတွက် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရက ပူးတွဲပြီး လုံခြုံရေးလုပ်ငန်းတွေ ကို ဆောင်ရွက်သွားမယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

“ဒီပြန်လည်ဆောင်ရွက်တဲ့အခါမှာတော့ သူတို့အတွက် လိုအပ်တဲ့ လုံခြုံရေးကို ကျနော်တို့ ပြည်နယ် အစိုးရပေါ့ နောက်ပြီးတော့ ပြည်ထောင်စု ပြည်ထဲရေး ၀န်ကြီးဌာန ပေါ့ဗျာ ဒါနဲ့ ပူးပေါင်း ပြီးတော့ ပေးရမယ်။ ပေးမယ် ဆိုတဲ့ အစီအစဉ် ရှိတယ် ဆိုတာတော့ သိပါတယ်။”

ဒီနေ့ထုတ် အစိုးရ သတင်းစာ တွေမှာတော့ ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့ INGO အဖွဲ့ ၂၃ ဖွဲ့ လုပ်ငန်း ဆောင်ရွက် နေရာက အခုအခါ ၁၁ ဖွဲ့ က လုပ်ငန်း ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အနီးကပ် ဆောင်ရွက်ပေး နေကြောင်း ဖော်ပြ ပါတယ်။

UN နဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့ INGO တွေ လုပ်ငန်း ပြန်လည် စတင်တာကို စစ်တွေမြို့နယ်က ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ကြိုဆိုကြောင်း ပြောပါတယ်။

“ကောင်းပါတယ်။ ဒီလုပ်ငန်းကို ပြန်စနိုင်တဲ့ အပိုင်းမှာ။ ဟိုဘက် ဒီဘက် အုပ်စု နှစ်ခုလုံးက အကူအညီ ဆိုတာ လိုအပ် ကြတာ။ ဒီအကူအညီ တွေကလည်း အစိုးရ အနေနဲ့ အဲ့လောက်အထိ မပေးနိုင်ဘူး။ ဒီမှာရှိတဲ့ ကျနော်တို့ Volunteer သီးသန့် ဒီလိုမျိုး အလှူငွေပေးတဲ့သူ တွေလည်း အမြဲတမ်း အဲ့လိုမျိုး ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့လိုဆိုတော့ NGOs တွေ ၀င်လာတဲ့ အပိုင်း အတွက် ကတော့ တော်တော် များများကို ဒီမှာရှိတဲ့ ဒုက္ခသည်တွေ အတွက် ကတော့ အဆင်ပြေ နိုင်မယ့် အစီအစဉ် ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့ ကတော့ ကြိုဆို ပါတယ်။”

နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ်မှာတော့ ဦးအောင်မြကျော်က အခုလို တိုက်တွန်းပါတယ်။

“အဲ့ဒီ NGO တွေလုပ်ဆောင်တဲ့ မူဝါဒ သဘောထား တွေက တော်တော်ကောင်းပါတယ်။ လူမှန်၊ နေရာမှန် အဲ့ဒါ လူတွေကို ခင်းပေးဖို့တော့ လိုမယ်လို့ ထင်ပါတယ်။ အခု ပြန်ပြီး NGO တွေ ရောက်လာတဲ့အချိန်မှာ ဒီပြည်နယ် ဒီဒေသမှာရှိတဲ့ လူတွေရဲ့ Culture၊ အဓိက ဒီမှာဖြစ်နေတဲ့ ပြည်သူလူထုတွေရဲ့ Culture စိတ်အခြေအနေ အဲ့ဒါတွေကို လေ့လာဖို့တော့ တော်တော်များများ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲ့ဒါတွေကို လိုက်နာ ဟိုဟာဖြစ်နိုင်ရင်တော့ ကျနော်တို့ ထပ်ပြီး ပြဿနာဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး။ လူတွေရဲ့ အမြင်ရှင်းဖို့အတွက်ကတော့ ဒီ NGO အဖွဲ့တွေက အများကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

အရင်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်းမှာတော့ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၁၈ ဖွဲ့ရဲ့ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနဲ့ ရုံးသုံးပစ္စည်း စုစုပေါင်း ကျပ်ငွေ သန်း ၄၃၀ နဲ့ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီအကြမ်းဖက်မှု စစ်ဆေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အဖွဲ့အစည်းတခု မမှန်သတင်းထုတ်ပြန်ပြီး လှုံ့ဆော်ခဲ့တာ ရှိခဲ့ကြောင်းနဲ့ ဒေသခံအာဏာပိုင်တွေက လုံခြုံရေးအခြေအနေကို အချိန်တိုအတွင်း မထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။



MYARF
RB News
23.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ ရွာသားများ၏ ထင်းများနှင့် ထင်းများသယ်ရန် ဖောင်ပြုလုပ်ထားသည့် ပုံးများအားလုံး၊ ဆိတ်တစ်ကောင်နှင့် တွန်းလှည်း တစ်စီးတို့ကို လုံထိန်းများနှင့် ရခိုင်များက သိမ်းဆည်း သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ များသည် တောင်မှ ထင်းခုတ် ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှ စ၍ ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များကြောင့် တောင်ပေါ်သို့ ထင်းခုတ်ရန် သွားနိုင်ခြင်း မရှိတော့သည့် အတွက် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ စားဝတ်နေရေးကြောင့် ရွာသားများသည် ရခိုင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ မမြင်နိုင်သည့် နည်းလမ်းဖြင့် တောင်ပေါ်သို့ သွားရောက်၍ ထင်းများ စုဆောင်းခဲ့ကြသည်။ ဧပြီလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဆီပုံးခွံများနှင့် ဖောင်ပြုလုပ်ပြီး ချောင်းမှ တဆင့် ထင်းများကို သယ်လာစဉ် လုံထိန်း ၂၁ ဦးနှင့် ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ ကင်းချောင်းရွာမှ ခြေချိုး (ဘ) ဦးအာရီမောင်၊ မောင်ဘထွေး (ဘ) ဦးရန်အောင်၊ မောင်လှ၊ သာထွေး (အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူ၏ ညီ) နှင့် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရခိုင်ရွာမှ ရခိုင် ၃၀ ဦးခန့် တို့က တုတ်၊ ဓါးများ ကိုင်ဆောင်ပြီး၊ လုံထိန်းများက သေနတ် တစ်ချက် ပစ်ဖောက်ကာ ဖမ်းဆီးရန် ကြိုးစား ခဲ့သဖြင့် ထွက်ပြေး ခဲ့ရသည်။

ထင်းများကို ဖောင်ပေါ်တွင် ထား၍ ထွက်ပြေးခဲ့ ပြီးနောက် ၎င်းတို့၏ ထင်းများနှင့် ပုံးများကို လုံထိန်းများနှင့် ရခိုင်များက သိမ်းဆည်း သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထင်းတစ်စည်း၏ တန်ဖိုးမှာ ငွေကျပ် ၃၀၀၀ ရှိပြီး၊ ပုံးတစ်လုံး၏ တန်ဖိုးမှာ ငွေကျပ် ၈၀၀ ရှိကြောင်း သိရှိရပါသည်။

ထင်းများနှင့် ပုံးများ ဆုံးရှုံးခဲ့ရသူများမှာ --

(၁) ဦးအဒူဇော်ဘောရ် (ဘ) ဦးဆီဒိတ် (ထင်း ၂၀ စည်း၊ ပုံး ၈ လုံး)
(၂) ဦးအာယုဘ် (ဘ) ဦးဖောကိရာ (ထင်း ၇ စည်း၊ ပုံး ၂ လုံး)
(၃) ဦးအေဆာန်အုလ်ဟောက် (ဘ) ဦးအာမန်အုလ္လာ (ထင်း ၇ စည်း၊ ပုံး ၂ လုံး)
(၄) ဦးအာလမ် (ဘ) ဦးအဘူဆီဒိခ် (ထင်း ၁၀ စည်း၊ ပုံး ၇ လုံး)
(၅) ဦးအဒူဆုဗာန် (ဘ) မော်လ၀ီယူနုစ် (ထင်း ၅ စည်း၊ ပုံး ၂ လုံး)
(၆) ဦးအာလမ် (ဘ) ဦးအဒူဇော်လိလ် (ထင်း ၇ စည်း၊ ပုံး ၂ လုံး)
(၇) ဦးဘူးလူ (ဘ) ဦးဆယာဒ် (ထင်း ၁၀ စည်း၊ ပုံး ၄ လုံး)
(၈) ဦးအဒူကော်ရိမ် (ဘ) ဦးမိုဟာမတ်နော်ဘီ (ထင်း ၁၀ စည်း၊ ပုံး ၄ လုံး)
(၉) ဦးအီဗြာဟိမ် (ဘ) ဦးကော်ဘိရ် (ထင်း ၆ စည်း၊ ပုံး ၄ လုံး)
(၁၀) ဦးအဘူကလာမ် (ဘ) ဦးအလီအာမတ် (ထင်း ၁၀ စည်း၊ ပုံး ၄ လုံး)
(၁၁) ဦးအာနိစ် (ဘ) ဦးယူနုစ် (ထင်း ၁၅ စည်း၊ ပုံး ၄ လုံး)
(၁၂) ဦးအဒူရော်ဇက် (ဘ) ဦးအူဇိရ်အာမတ် (ထင်း ၆ စည်း၊ ပုံး ၆ လုံး)
(၁၃) ဦးဟူဆောင်း (ဘ) ဦးဟာရွန် (ထင်း ၁၁ စည်း၊ ပုံး ၄ လုံး)
(၁၄) ဦးလာလူး (ဘ) ဦးရှော်ဖီ (ထင်း ၆ စည်း၊ ပုံး ၂ လုံး)
(၁၅) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအဒူမော်တော်လောဖ် (ထင်း ၁၅ စည်း၊ ပုံး ၄ လုံး)
(၁၆) ဦးရော်ဖိတ် (ဘ) ဦးအစ္စမိုင်လ် (ထင်း ၆ စည်း၊ ပုံး ၂ လုံး)
(၁၇) ဦးရှော်ဖိတ် (ဘ) ဦးနောင်ဒူးမျာ (ထင်း ၄၀ စည်း၊ ပုံး ၄ လုံး)
(၁၈) ဦးရော်ဖိတ် (ဘ) ဦးနောင်ဒူးမျာ
(၁၉) ဦးအီဆုပ် (ဘ) ဦးဆိဒိတ် (ထင်း ၁၅ စည်း၊ ပုံး ၆ လုံး)
(၂၀) ဦးအာယုဘ် (ဘ) ဦးဆိဒိတ် (ထင်း ၆ စည်း၊ ပုံး ၂ လုံး)
(၂၁) ဦးအဒူကော်ရိမ် (ဘ) ဦးဘော်ဆိရ်အာမတ် (ထင်း ၁၀ စည်း၊ ပုံး ၄ လုံး)
(၂၂) ဦးအဒူဇော်ဘော်ရ် (ဘ) ဦးအဘူအာမတ် (ထင်း ၁၅ စည်း၊ ပုံး ၆ လုံး)
(၂၃) ဦးအဘူတာဟဲရ် (ဘ) ဦးအလီဇူဟာရ် (ထင်း ၁၀ စည်း၊ ပုံး ၂ လုံး)
(၂၄) ဦးအဒူရှကုရ် (ဘ) ဦးအဒူဇော်လိလ် (ထင်း ၁၀ စည်း၊ ပုံး ၆ လုံး)
(၂၅) ဦးအာလမ် (ဘ) ဦးဟာလာ (ထင်း ၁၂ စည်း၊ ပုံး ၄ လုံး) -- တို့အပါဝင် ဒေသခံ ရိုဟင်ဂျာ ၁၀၀ နီးပါးထံမှ ထင်းများနှင့် ပုံးများ သိမ်းဆည်း သွားခဲ့သည်။

ထို့အပြင် အဆိုပါ လုံထိန်းများနှင့် ရခိုင်များသည် ဂေါ်ဒူသာရ ကျေးရွာမှ အပြန်တွင် ဦးဟာဆောင် (ဘ) ဦးဘော်နီအာမီးန်၏ တန်ဖိုး ငွေ ငါးသောင်းရှိ ဆိတ်တစ်ကောင်နှင့် ဦးမာမတ်ယူနုစ် (ဘ) ဦးဆယာဒ်၏ တန်ဖိုး တစ်သိန်း ငါးသောင်းကျပ်ရှိ တွန်းလှည်း တစ်စီးတို့ကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
23.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုတွင် အုပ်ချုပ်ရေး ၀န်ထမ်းက ငွေညှစ်ခြင်း၊ ပြည်သူ့စစ် ခေါင်းဆောင်က အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းနှင့် ကလေးငယ် တစ်ဦးက ရဲမိသားစုက ရိုက်နှက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေး ဖြစ်သူ ဦးထွန်းဝင်းက ကြိမ်ချောင်း ကျေးရွာ အုပ်စု မြောက်ရွာမှ ဒေါ်ဒေါက်ယျားခါတူ (ဘ) ဦးအီလီယာစ် (အသက် ၃၆ နှစ်) ထံမှ ငွေကျပ် ၅ သောင်း ညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးထွန်းဝင်းက ဒေါ်ဒေါက်ယျားခါတူကို နေအိမ်၏ ဟောင်းနွမ်း ပျက်စီး နေသည့် ၀ါးထရံ များကို ပြုပြင် နေသည်ဟု အကြောင်းပြ၍ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး ငွေကျပ် ၅ သောင်း မပေးပါက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှတဆင့် အရေးယူရန် ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့ ဧပြီလ (၂၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကြိမ်ချောင်း ကျေးရွာ အုပ်စု မြောက်ရွာမှ နနွင်း၊ ပဲနှင့် ဟင်းသီးဟင်းရွက် ရောင်းဝယ်သော ဦးအာမီရ်ဂျာ (ဘ) ဦးကာလာမျာကို ရေနက်ငါးသား ကျေးရွာ အုပ်စု၊ ဒိုင်းနက်ရွာမှ ပြည်သူ့စစ် ခေါင်းဆောင် ဦးမောင်သာက နနွင်းရောင်းရန် ခေါ်သဖြင့် ဦးမောင်သာအိမ်သို့ လိုက်သွားရာ၊ အိမ်သို့အရောက်တွင် ကြိုးချည်၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် နေခြင်းကို ဦးအာမီရ်ဂျာ၏ ဆွေမျိုးများက သိရှိသွားပြီးနောက် ဦးမောင်သာကို ငွေကျပ် တစ်သိန်း ပေး၍ ပြန်လည် ခေါ်လာခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကြိမ်ချောင်း ကျေးရွာ အုပ်စု အလယ်ရွာရှိ ဗလီပိုင်မြေကို ကျူးကျော်၍ အိမ်ဆောက် နေသည့် ရဲအရာရှိ ဦးစိုးချေ၏ ဇနီး ဒေါ်သန်းသန်း (အသက် ၃၀ နှစ်) သည် အသက် (၈) နှစ် အရွယ် မောင်ရော်ဖိတ် (ဘ) ဦးကမာလ်ကို ဧပြီလ (၂၁) ရက်နေ့က လူမဆန်စွာ ခေါင်းကွဲသည့် အထိ တုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ဒေါ်သန်းသန်းသည် ဗလီပိုင်မြေကို ကျူးကျော်ရုံ သာမက ဗလီခြံဝင်း အတွင်းရှိ အိမ်သာကိုပါ ဖျက်၍ အိမ်ဆောက်ရန် စီစဉ်လျက် ရှိပြီး၊ မောင်ရော်ဖိတ် အိမ်သာ တက်နေစဉ်တွင် အကြောင်းမဲ့ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဗလီမြေပေါ်တွင် ကျူးကျော်၍ အိမ်ဆောက်နေခြင်းနှင့် ပတ်သက်၍ ဗလီ ဂေါပကများနှင့် ဒေသခံများက အာဏာပိုင်များကို အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့်အပြင် ကျေးရွာ အာဏာပိုင် များက ၀ိုင်းဝန်း အားပေးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




ဒေါက်တာ ဇာနည် ရေးသားသည်
ဧပြီလ ၂၃ ရက်၊ ၂၀၁၄။

အိန္ဒိယတိုက်ငယ် နဲ့ပတ်သက်ပြီး အကြောင်းဆက်စပ်လို့ ပြောရရင် "ဘန်ဂါလီ " ဆိုတာဟာ အေ တာ် ကြီး ဂုဏ်သိက္ခာ ရှိတဲ့ အမှတ်တံဆိပ် တစ်ခုလိုပါပဲ။ ကမ္ဘာချီပြီးသိကြတဲ့ အိန္ဒိယ ရဲ့ ယဉ်ကျေး မှု ဖြစ်စဉ် ကြီးထဲက အကောင်းဆုံးသော အစိတ်အပိုင်း အချို့ ကို ဘန်ဂါလီ တွေက ပါဝင်ဖြည့် ဆည်း ရေးထိုးခဲ့ကြတာပါ။

နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်တဲ့ ရာဘင်ဒြာ နတ်တဂိုး၊ ၊ ဒေါက်တာ အမတ္တယာဆဲန်၊ ပါရ်သား ချတ္တာဂျီ၊ ဒေါက်တာ မိုဟာမက် ယူနွတ်စ် တို့စတဲ့ အကျော်ဒေးယျ ပညာရှင်ကြီး တွေဟာ ဘန်ဂါ လီ တွေ ပါပဲ။

ရယ်စရာဖြစ်ချင်တော့၊ ဂုဏ်သိန်ကြီးမားတဲ့ ဒီလိုလူမျိုးတစ်မျိုးရဲ့ နာမည်ကို အမှိုက်ပုံးထဲ ထည့်ပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ မြန်မာနိုင်ငံ သို့မဟုတ် ဗမာနိုင်ငံ မှာ ဘယ် ဗမာ တစ်ယောက်ကမှ ဒီ ဘန်ဂါလီေ တွ စွမ်းဆောင်ပြခဲ့တဲ့ ပညာရပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ အောင်မြင်မှုမျိုး အဆင့်ထိရော က်အောင် လုပ်မပြနိုင်သေးပါဘူး။

ဗမာပြည်နဲ့ စပ်ပြီး ပြောရရင်တော့ ဘန်ဂါလီ ဆိုတာဟာ သူခိုးလိုလို၊ တရားမ၀င် ၀င်ရောက်နေထိုင်ေ န သူတွေ လိုလို၊ မုဒိန်းကောင် လိုလို ငတ်ပြတ်နေလို့ တိုင်းပြည်ထဲ ၀င်ရောက်လာတဲ့ အခြေချ နေ ထိုင်သူတွေလိုလို ဖြစ်နေပါတယ်။ တကယ်တော့ မသိနားမလည်ခြင်း ပညာမဲ့ခြင်းက ၀ိမုတ္တိ လိုလို ဖြစ်နေတာပါ၊ ပြီးတော့ အုပ်စုလိုက်ကြီး မသိမိုက်မဲခြင်း မောဟ ဖုံးလွှမ်းနေတဲ့ သူတွေက ဒါကိုပဲ အဟုတ်ထင် ကရဏာပီတိ ဂွမ်းဆီထိ သလို ဖြစ်နေပုံပါ။

ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ် လုံးလုံး မြန်မာ့အနုစာပေ၊ စာတွေ ကဗျာတွေမှာ အညွန့်အဖူး ဖြစ်နေခဲ့တဲ့ အသုံးအနှုန်းတွေဟာ၊ အမျိုးသားရေးဝါဒ ဆန့်ကျင်တဲ့ အတွေးအခေါ်ရှင် ဘန်ဂါလီ ကဗျာဆရာကြီး ရာဘင်ဒြာ နတ်တ ဂိုး ထွင်ပြီးစပ်ဆိုခဲ့တဲ့ ဝေါဟာရတွေ မြောက်များစွာ ပါနေပါတယ်။ တဂိုး ဟာ ကမ္ဘာ မှာ စာပေဆိုင်ရာ နိုဘယ်လ် ဆုကို ပထမဆုံး ရရှိခဲ့သူပါ။ အဆိုကျော် ခင်မောင်တိုး တို့ ခိုင်ထူး တို့လို သူတွေဟာ တဂိုး ရဲ့ စကားလုံးပေါင်းများစွာကို ငှားရမ်း သုံးစွဲခဲ့ကြပါတယ်။

ကိုလိုနီ ခေတ်ဦးပိုင်းက ပညာရည်ထူးချွန်တဲ့ ဗမာလူမျိုးတွေဟာ သူတို့ရဲ့ ပညာရေးကို ရှေ့ဆက်သင် ကြားနိုင်ဖို့ဆိုရင် ဘင်္ဂလားရဲ့ မြို့တော် ကာလကတ္တား တက္ကသိုလ်ကို သွားရပါတယ်။ ဘန်ဂါလီ ပ ညာရှင် ပါမောက္ခ တွေထံမှာ ပညာရင်နို့ဆက်လက်သောက်စို့ ရပါတယ်။ ရန်ကုန်တက္ကသိုလ် ဟာ တစ်ချိန်တုန်းက Burmah Oil Company College ( ဘီအိုစီ ကောလိပ်) ဆိုပြီး အမည်တွင်ခဲ့ရတာ ပါ။ ဘန်ဂါလီ တွေရဲ့ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံပါ။

ရှေးဦးဆုံး ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြသူ မျိုးချစ်ကြီးတွေ ဖြစ်တဲ့ သူရိယေ န့စဉ် သတင်းစာ ထုတ်ခဲ့သူ ဘကြီး ဘဖေ တို့၊ ကွန်မြူနစ်ခေါင်းဆောင် ကိုသိန်းဖေ ( နောင်မှာ သိန်းဖေမြင့် လို့ ကျော်ကြားလာခဲ့သူ) တို့ဟာ ဘန်ဂါလိ တက္ကသိုလ် ဖြစ်တဲ့ ကာလကတ္တား တက္က သိုလ် မှာ သွားရောက် ပညာဆည်းပူး ခဲ့ကြရသူတွေပါ။

မြန်မာပြည်ဟာ အမှားဝါဒဖြန့်ချိ မှုတွေအောက်မှာ မျက်စေ့ပိတ် နားပိတ် နဲ့ အတွေးအခေါ်ကန်းခဲ့ ရ တဲ့ တိုင်းပြည်လုံးလုံး ဖြစ်ခဲ့ရပါတယ်။ မြန်မာပြည် အတွက် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံး ဟာ စစ်ပွဲ တွေနဲ့ လူမျိုးတုန်းသုတ်သင်မှု ရယ်လို့ မှားယွင်းစွာ အဓိပ္ပါယ် ဖွင့်ခံခဲ့ကြရပြီး လူ့အခွင့်အရေး ကာကွယ်သူ ဆိုတဲ့ စကားလုံး ကို အမျိုးသားရေး ကာကွယ်သူတွေ ယောင်ယောင် လူစားမျိုးတွေ ရယ်လို့ မှားထွင်းစွာ နားလည်စေခဲ့မှုကို ခံခဲ့ကြရပါတယ်။ ဥပမာအားဖြင့် ၈၈မျိုးဆက်ကျောင်းသားေ ခါင်းဆောင်တွေထဲက ကိုကိုကြီးလို လူစားမျိုးတွေပါ။

ကိုကိုကြီးရဲ့ အကြီးဆုံးစွမ်းဆောင်မှုကို ပြပါဆိုရင် နှစ် ၂၀ လောက် ထောင်ထဲသွားနေခဲ့ရတာတစ်ခု ကိုပဲ ပြစရာရှိပါတယ်။ ဘာခိုင်မာတဲ့ အခြေခံယုံကြည်မှု စည်းမျဉ်းမှ မရှိပါဘူး။ ဘာ ခေါင်းဆောင်မှု စွမ်းရည်မှလည်း မရှိသူပါ။ ၈၈ မျိုးဆက်ရဲ့ အမှတ်တံဆိပ် နဲ့ ထိုက်တန်တဲ့ ဘာ မူဝါဒ၊ ဘာအစီအစဉ် မှလည်း ရှိသူ မဟုတ်ပါ။

ဒေါက်တာဇာနည် မူရင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည်ကို Robert Elhose က ဆီလျော်အောင် မြန်မာမှု ပြုပါသည်။

(ဒေါက်တာ ဇာနည်မှာ အမေရိကန်ပြည်ထောင်စု၊ ၀စ္စကွန်ဆင် တက္ကသိုလ် မှ နိုင်ငံရေး သိပ္ပံဖြင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ ယူထားသူဖြစ်ပြီး နာမည်ကျော် London School of Economics and Political Science မှ Fellow ပညာရှင် တစ်ဦး ဖြစ်ပြီး လက်ရှိ မလေးရှား နိုင်ငံတွင် ခေတ္တ နေထိုင် လျက်ရှိသည်။)

ဓာတ်ပုံ - နိုဘယ်လ်ဆုရ ဘန်ဂါလီ ပညရှင်ကြီးများ ဖြစ်သည့် ဒေါက်တာ အမတ္တယာဆဲန်၊ စာဆိုကြီး ရာဘင်ဒြာ နတ်တဂိုး နှင့် ဒေါက်တာ မိုဟာမက်ယူနွတ်စ်။



ကိုဇော်ဝင်းလှိုင်
ဗွီအိုအေမြန်မာပိုင်း
22.4.2014

မြန်မာ အစိုးရနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် အကြား နှစ်ဘက် တိုက်ပွဲတွေ လျှော့ချဖို့ သဘော တူညီမှု ရရှိထားတဲ့ကြားက မြန်မာ စစ်တပ်ဘက် က ထိုးစစ်ဆင် တိုက်ခိုက်နေမှု တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတွက် ယုံကြည်မှုကို လျော့ကျ စေတယ်လို့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဗွီအိုအေနဲ့ သီးသန့် ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်း အတွင်း ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် မြန်မာ ခေါင်းဆောင်ပိုင်း အကြား ဖက်ဒရယ် စနစ်ကို လက်ခံလိုတဲ့ ဆန္ဒရှိပုံ မရဘူးလို့ သူ့အနေနဲ့ မြင်တဲ့ အကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထား ပါတယ်။

အမေရိကန် နိုငံမှာ ရောက်နေတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ဟာ အစိုးရ အရာရှိတွေ၊ ကုလသမဂ္ဂ အရာရှိတွေ၊ အမေရိကန် နိုင်ငံမှာ ရောက်နေကြတဲ့ ကချင် တိုင်းရင်းသားတွေ၊ မြန်မာ့ အရေး စိတ်ဝင်စား သူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ တိုင်းရင်းသား အရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် ဖော်ဆောင်ရေး ကိစ္စတွေကို တင်ပြ ဆွေးနွေး နေတာ ဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ဗွီအိုအေ မြန်မာပိုင်းနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ ကချင်ပြည်နယ်အတွင်း လတ်တလော မြန်မာအစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှုကို ထိခိုက်စေတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်က အခုလို စပြောပါတယ်။

“တဘက်နဲ့တဘက် ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုတွေကို အများကြီး ဟို လျော့သွားစေပါတယ်။ တကယ်တော့ ဒီဆွေးနွေးနေတဲ့ အခြေအနေမှာကော နောက် ကျနော်တို့က မြစ်ကြီးနားမှာ အောက်တိုဘာလမှာ ဒီအစိုးရကိုယ်စားလှယ်များနဲ့ KIO ကိုယ်စားလှယ်များက နှစ်ဘက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတာ ကတိက၀တ်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒီဆွေးနွေးပွဲတွေမှာကော ဒီကတိတွေ ရှိနေရင်းနဲ့လည်း အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဒီဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောင့်အယှက် ပေးနိုင်ပါတယ်။ အဓိကကတော့ ဒီတဘက်နဲ့တဘက် ကတိတွေအပေါ်မှာ အပြန်အလှန် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးကတော့ ဆက်တိုက်လုပ်ရမှာပါ။ အဲတော့ ဒီတိုက်ပွဲတွေ တခါလုပ်လိုက်တိုင်း အရင်တည်ဆောက်ထားတဲ့ ယုံကြည်မှုဟာ တော်တော် လျော့သွားပါတယ်။”

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရရှိပြီလို့ ယူဆလို့ မရနိုင်ကြောင်းနဲ့ သဘေတူ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စနစ်နဲ့ ပတ်သက်လို့ မြန်မာခေါင်းဆောင်တွေအကြား ဘယ်လို သဘောထားမျိုးရှိတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကိုလည်း ဗိုလ်ချုပ် ဂွမ်မော်က အခုလို ရှင်းပြပါတယ်။

“အဓိကကတော့ ဒီဖက်ဒရယ်ကို လက်မခံချင်ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်တာတော့ မဖြစ်နိုင်ပါဘူး။ လက်မခံချင်တာပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထုအားလုံးကတော့ ဖက်ဒရယ်ကို လက်ခံတယ်လို့ပဲ ကျနော် နားလည်တယ်။ အခု ကျနော်တို့ NCCT ကနေ ရေးဆွဲတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်း ဆွေးနွေးမှုမှာ ဒီဖက်ဒရယ်ကို ဆွေးနွေးဖို့ တင်ပြထားတယ်။ အစိုးရဘက်က ပြန်ပြီးရေးဆွဲတဲ့ text ထဲမှာတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံး တနေရာမှာမှ သုံးမထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို အစိုးရက လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ပထမအချက်က တိုင်းရင်းသားများ တောင်းဆိုနေတာက တိုင်းရင်းသားများကို နားလည်ပြီးတော့ အသိအမှတ်ပြုပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ ဒါ ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့ ဒီလက်တွေ့ ညှိနှိုင်းတဲ့အပေါ်မှာ အခြေခံယူဆချက်တွေ အများကြီး ကွာခြားမှုရှိပါတယ်။ အဓိကနှစ်ချက်ကို ဒီလိုပဲ ပြောချင်ပါတယ်။”

တဆက်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်အားဖြင့် ဖက်ဒရယ်စနစ်ပုံစံ ပေါက်တယ်လို့ ယူဆလို့ ရနိုင်ပေမဲ့လည်း လက်တွေ့မှာ အဲဒီလို မဟုတ်ဘူးဆိုတာကို ထောက်ပြ ပြောဆိုပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို တချို့ပညာရှင်တွေက ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ပြောတယ်။ ဇယားအရ format အရ အခြေခံယူဆလို့ ရချင်ရမှာပါ။ သို့သော်လည်းပဲ ဒီအထဲမှာပါဝင်တဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ၊ အာဏာခွဲဝေမှုတွေအရ ဆိုလို့ရှိရင် ကျနော်တို့တွေက ဒီဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံမဖော်နိုင်ဘူးလို့ပဲ မြင်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှု မရှိတဲ့အပေါ် အပြင်မှာ ထောက်ပြ ပြောဆိုမှုတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်း ရှိ မရှိ ဆိုတာ မေးတဲ့အခါ -

“KIO ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့ မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုး ပါဖို့အတွက်က စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါဝင်သင့်တယ်လို့လည်း KIO က ခံယူပါတယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြတာမျိုးတော့ မတွေ့ရသေးဘူး။ သို့သော်လည်းပဲ ဒီတိုင်းရင်းသားများအရေးကို NLD လို ဒီပါတီကြီးတွေကတော့ သူတို့ လက်ခံလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။”

ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကချင်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့ လိုလားကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောတာကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖော်ပြကြသလို၊ မြန်မာအစိုးရဘက်က စစ်ရေးအရ ဖိအားပေးရင် တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမှာ မဟုတ်တဲ့အကြောင်း အမေရိကန်ရောက် ကချင်နဲ့ ချင်း မိသားစုတွေနဲ့ စနေနေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့ပါတယ်။

လုံထိန်းများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဦးမိုဟာမတ်ဟာရှီးမ် 


RB News
22.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးကို လုံထိန်းများက ဖမ်းဆီး၍ တစ်ညလုံး ရိုက်နှက် နှိပ်စက်၍ ဒုက္ခသည်ထံတွင် ပါလာသည့် ငွေများကိုလည်း လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းမှ ဦးမိုဟာမတ် ဟာရှီးမ် (ဘ) ဦးမိုဟာမတ် ဆယာဒ် (အသက် ၃၃ နှစ်) သည် သဲချောင်း ကျေးရွာတွင် အလုပ်လုပ်ကိုင်၍ ပြန်လာစဉ် မန်ဇီ လမ်းဆုံရှိ ရဲကင်းစခန်းမှ လုံထိန်းများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

လုံထိန်းများက ဖမ်းဆီး ခေါ်ဆောင် သွားပြီး ရဲကင်းစခန်းတွင် ဦးမိုဟာမတ် ဟာရှီးမ်၏ အင်္ကျီကိုချွတ်၍ ၎င်းတို့၏ လုံထိန်း အင်္ကျီကို ၀တ်ပေးထား ခဲ့သည်။ ထိုကဲ့သို့ ၀တ်ပေး ထားခဲ့ခြင်းမှာ လမ်းသွားလမ်းလာများ မြင်လျှင် အရပ်သား တစ်ဦးကို ဖမ်းဆီးထားခြင်းမျိုး မယူဆ စေရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဦးမိုဟာမတ်ဟာရှီးမ်ကို ဖမ်းဆီး ခေါ်ဆောင် သွားသည့် အချိန်မှ စ၍ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီထိ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ပြီး၊ ပါသွားသည့် ငွေကျပ် ၃၀၀၀ ကိုလည်း လုံထိန်းများက လုယက် ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သက္ကေပြင် ဒုက္ခသည် စခန်းမှ စခန်း ခေါင်းဆောင်က လုံထိန်းများကို အသနားခံပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။




RB News
22.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူမိုက်ဆန်ဆန် သောင်းကျန်းလျက် ရှိသော လူမိုက် အောင်နိုင်အတွက် ရဲစခန်းတွင် အမှုဖွင့်ရန် တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှ အရေးမယူနိုင်ဟု ဆိုကာ အမှုဖွင့် မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၀) ရက်နေ့ နေ့လည် (၂) နာရီတွင် ဘူးသီးတောင်မြို့နယ်မှ လူမိုက် အောင်နိုင်သည် အလယ်ချောင်း ကျေးရွာ အုပ်စု၊ လသာရွာမှ ဆိုင်ကယ် တက္ကစီ မောင်းနှင်သူ ဦးမိုဟာမတ်ရှာကဲရ် (ဘ) ဦးနော်ဇီရ်အာမတ် ထံမှ ဆိုင်ကယ် တောင်းခဲ့သည်။ ဦးမိုဟာမတ် ရှာကဲရ်က ၎င်း၏ ဆိုင်ကယ်သည် စားဝတ် နေရေးအတွက် ၀င်ငွေရှာသည့် ဆိုင်ကယ် ဖြစ်သည့် အတွက် မပေးနိုင်ဟု ကောင်းမွန်စွာ ပြောဆိုခဲ့သော်လည်း လူမိုက် အောင်နိုင်က ဦးမိုဟာမတ်ရှာကဲရ်ကို ထိုနေရာတွင်ပင် လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက် ခဲ့ရာ မျက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး တစ်နာရီကျော်ကြာ သတိလစ် သွားခဲ့သည်။ ရိုက်နှက်ခဲ့သည့် နေရာသည် အမှတ် (၇) ရပ်ကွက် လမ်းဆုံတွင် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူမဆန်စွာ ရိုက်နှက်ခံရသည့် ဦးမိုဟာမတ် ရှာကဲရ်သည် သတိပြန်ရသည့် အခါ ဘူးသီးတောင်မြို့နယ် ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်၍ တိုင်ကြားရန် ကြိုးစား ခဲ့သော်လည်း မြို့နယ် ရဲစခန်းက လူမိုက် အောင်နိုင်သည် လူမိုက် တစ်ဦး ဖြစ်ပြီး၊ အလွန် ရက်စက်သူ တစ်ဦး ဖြစ်သလို၊ RNDP ပါတီ ခေါင်းဆောင်း တစ်ဦး ဖြစ်သည့် အတွက် အရေးယူရန် မဖြစ်နိုင်ကြောင်း ပြောဆို၍ အမှုဖွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

လူမိုက်အောင်နိုင်သည် ဘူးသီးတောင်မြို့နယ် မူလတန်းလွန်ကျောင်းမှ ကာယ ဆရာ တစ်ဦးဖြစ်ပြီး၊ ယခင်ကလည်း ဆိုင်ကယ် တက္ကစီသမားများ ထံမှ ဆိုင်ကယ် ယူ၍ ရက်ပေါင်းများစွာ စီးသည့် အပြင် ပြန်တောင်းသည့် အခါတွင် ပိုင်ရှင်ထံမှ ငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည် များကို RB News တွင် ဖော်ပြခဲ့သည်။




Sindi Khan
RB News
22.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျားခေါင်းတောင် ကျေးရွာအုပ်စု အခြေစိုက် ရဲကင်း စခန်းမှ ဒုရဲအုပ် အောင်အောင်သည် ဒေသခံ ရိုဟင်ဂျာများကို နေ့စဉ်နှင့် အမျှ နည်းမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၈) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ဦးမော်တော်လောဖ် (ဘ) ဦးအဒူဇော်လိလ်သည် အမဲသား ရောင်းရန် အတွက် နွားတစ်ကောင် လှီးဖြတ်ခဲ့ရာ ရဲကင်းစခန်းမှ ဒုရဲအုပ်အောင်အောင် ရောက်ရှိလာပြီး အမဲသား တစ်ပိဿာ ယူခဲ့သည်။ အမဲသား ရောင်းသူ ဦးမော်တော်လော်ဖ်က အမဲသား တစ်ပိဿာ၏ တန်ဖိုးကို တောင်းရာ ဒုရဲအုပ်အောင်အောင်က သေနတ်ကို ပြ၍ ပစ်သတ်မည်ဟူသည့် အမူအရာဖြင့် ခြိမ်းခြောက်၍ ငွေမပေးဘဲ ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၁၉) ရက်နေ့ ည ၇း၃၀ နာရီတွင် ကျားခေါင်းတောင် ကျေးရွာမှ ရွာသား အချို့သည် ဆိုင်ခန်းများရှေ့တွင် အပျင်းပြေ ထိုင်စကား ပြောနေစဉ် ဒုရဲအုပ်အောင်အောင် ရောက်လာသဖြင့် အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်မည်ကို စိုးရိမ်၍ ထွက်သွား ခဲ့ကြသည်။ ထိုသို့ ထွက်သွားပြီးနောက် ဒုရဲအုပ် အောင်အောင်က နောက်မှ လေးခွဖြင့် ပစ်သဖြင့် ရွာသား နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ကိုကော်ရီမုလ္လာ (ဘ) ဦးဆယာဒုလ္လာ (အသက် ၂၄ နှစ်) ၏ နောက်ကျောကို ထိမှန်၍ ပေါက်ပြဲသွား ခဲ့ပြီး၊ ကိုဂျော်နော်ဒ်အုလ္လာ (ဘ) ဦးအာမိရ်ဟူဆောင်း (အသက် ၂၇ နှစ်) ၏ ခြေထောက်ကို ထိမှန်၍ ပေါက်ပြဲသွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲအုပ်အောင်အောင်သည် ဧပြီလ ၁၆ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာရှိမ်ကို ကျေးရွာ၏ အခြေအနေများ မေးမြန်းခဲ့သည်။ ဒုရဲအုပ်အောင်အောင်သည် ပွင့်ဖြူချောင်း ကျေးရွာတွင် ဖြစ်ပွားသည့် ပြဿနာများကို ပူးပေါင်း၍ ဖြေရှင်းရန် အမိန့်ပေးရာ၊ အုပ်ချုပ်ရေးမှူးက ၎င်း၏ ကျေးရွာတွင် သေးငယ် ပြဿနာများသာ ရှိသည့်အတွက် ပူးပေါင်း ဖြေရှင်းရမည့် ပြဿနာမျိုး မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ဒုရဲအုပ်အောင်အောင်က ကျေးရွာ အုပ်ချုပ်ရေးမှူးကို သေနတ်ကိုင်ခိုင်း စေခြင်း၊ ဓါးများကိုင်ခိုင်း စေခြင်းများ ပြုလုပ်ပြီး စိတ်အနှောက်အယှက် ပေးခဲ့သည်။ အုပ်ချုပ်ရေးမှူးက မိမိအနေဖြင့် သေနတ်ကိုင်ရမည့်သူ မဟုတ်ကြောင်း ပြောဆိုသောအခါ လက်ထိပ်ကို ပြ၍ ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲအုပ်အောင်အောင်သည် ကျားခေါင်းတောင် ကျေးရွာတွင် အခြေစိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ ရွာများမှ ဒေသခံ ရိုဟင်ဂျာ များကို နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှုများကို ထိုကျေးရွာသို့ ပြောင်းရွှေ့လာသည့် နေ့မှစ၍ အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
22.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ရဲအုပ်မြတ်ထွေး၏ အမိန့်ဖြင့် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် ဖရုံချောင်း ကျေးရွာ အုပ်စု ပျဉ်တောင်ရွာမှ ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်းကို ဒေသခံများထံ စေလွှတ်၍ ဘူးသီးတောင် ရဲစခန်းမှ ရဲအုပ်မြတ်ထွေး၏ အမိန့်အရဟု ဆိုကာ အကြောင်းမဲ့ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၅) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပျဉ်တောင်ရွာမှ ဦးမိုဟာမတ် ဆောယာဒ် (ဘ) ဦးခေါ်လီမုလ္လာ (အသက် ၄၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း၊ ဧပြီလ (၁၇) ရက်နေ့တွင် ပျဉ်တောင်ရွာမှ ဦးဆိဒိတ် (ဘ) ဦးဟူစိန်ဂျူဟာရ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် နှစ်သောင်းနှင့် ဦးအဘူဆိဒိတ် (ဘ) ဦးအာဇီရာမန် (အသက် ၅၀ နှစ်) ထံမှ ငွေကျပ် ငါးသောင်းကို ရဲအုပ်မြတ်ထွေး၏ အမိန့်အရ ဟုဆိုကာ အကြောင်းမဲ့ ညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် ပျဉ်တောင်ရွာမှ ဦးဆော်လိမ်ကို အသုံးချ၍ ဒေသခံများထံမှ ရဲအုပ်မြတ်ထွေး၏ အမိန့်အရ ဆိုကာ မကြာခဏ ငွေညှစ်လေ့ရှိပြီး၊ ဒေသခံများက မပေးချင်သော်လည်း ရဲအုပ်မြတ်ထွေး၏ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှု များကို စိုးရိမ်၍ ပေးနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

မောင်တော မြို့နယ် အတွင်း စစ်ဆေးရေးဂိတ်မှာ နေ့စဉ် ဖြတ်သန်း သွားလာနေ ကြသော မူဆလင်များ။


မဆုမွန်
21.4.2014

ရခိုင် ပြည်နယ် တွင်းက ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူ တွေဘက်က ဖြစ်စဉ်မှန်ကို အမြန်ဆုံး သတင်း ထုတ်ပြန်မှု အားနည်းမှု တွေရှိ ခဲ့ပြီး လုံခြုံရေး တာဝန်ယူမှု လျော့နည်း ခဲ့ရတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ထောက်ပြ လိုက်ပါတယ်။

ဒေသခံ ရပ်မိ ရပ်ဖ တွေနဲ့ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့လည်း ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိအောင် မတူကွဲပြားတဲ့ အုပ်စုတွေ ကြားမှာ ချစ်ကြည်မှု တွေရအောင် ဘက်လိုက်မှု ကင်းကင်းနဲ့ လုပ်ဆောင် သင့်တယ် လို့လည်း လူ့အခွင့် အရေး ကော်မရှင် တာဝန်ရှိသူက အကြံပေးလိုက် ပါတယ်။ အပြည့် အစုံကို ဆက်သွယ် မေးမြန်း ထားတဲ့ မဆုမွန်က တင်ပြ ပေးထား ပါတယ်။

ဒေသတွင်းမှာ မမှန်သတင်းတွေ လူထုကြား ပြန့်ကားသွားရာကနေ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ နောင် အလားတူ ပဋိပက္ခတွေ မဖြစ်ပွားရအောင်လို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေဘက်က သတင်းမှန် ထုတ်ပြန်နိုင်ရေးနဲ့ လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်သင့်ပါတယ်လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒုချီးရားတန်းကိစ္စရယ်၊ နောက်စစ်တွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေရယ်ပေါ့လေ။ ဒါတွေကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ့သတင်း စတင်ဖြစ်ပေါ်မှုနဲ့ သတင်းအစအနတွေ ရရှိတဲ့အခါမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လူမှုအဖွဲ့အစည်းအသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဘာသာရေး အဖွဲ့အစည်း အသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေက ဒီသတင်းအပေါ်မှာ မိမိတို့ရဲ့ ရပ်တည်ချက်တွေ မှန်မှန်ကန်ကန်နဲ့ ရေရှည်ကို မျှော်မှန်းပြီးတော့ လေ့လာ ဆန်းစစ် သုံးသပ်သွားဖို့လိုပါတယ်။ သတင်းတွေအပေါ်မှာ အလေးအနက်ထားပြီးတော့ ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေမှာလည်း ကျနော်တို့ အားနည်းတာရှိပါတယ်။"

သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကြိုတင်ကာကွယ် အရေးယူမှုတွေကို အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။

“သတင်းထုတ်ပြန်မှုကောင်းရင် အဲ့ဒီ့အခြေအနေကို အချိန်မှီထိန်းသိမ်းနိုင်တာမျိုးလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်တွေမှာ နံပါတ်တစ် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဒီသတင်းတွေကို ချက်ခြင်း တာဝန်ရှိတဲ့သူတွေက လေ့လာဆန်းစစ်ပြီး သုံးသပ်ဖို့လိုတယ်။ နံပါတ်နှစ် အဲ့ဒီ့သတင်းတွေ အပေါ်မှာ ကြိုတင်ကာကွယ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်။ နောက်ပြီးတော့ သတင်းတွေကို ပြည်သူလူထုကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါကတော့ ကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေပေါ့လေ။

“ကျန်တဲ့ ကျနော်တို့ Community Leaders တွေ၊ CSO (Civil Society Organizations) တွေအနေနဲ့လည်း သတင်းတွေအပေါ်မှာ သူတို့အဖွဲ့အစည်းတွေအနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရပ်တည်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒါတွေဟာ ဒီလိုဖြစ်ပွားစရာအကြောင်း မရှိဘူးလို့ ကျနော့်အနေနဲ့ လေ့လာဆန်းစစ်ရရှိပါတယ်ခင်ဗျ။”

အရပ်ခေါင်းဆောင်တွေဘက်ကလည်း ဖြစ်ပွားမှုတွေမှာ ဘက်လိုက်မှုမရှိပဲ မှန်မှန်ကန်ကန်ရပ်တည်ပြီးတော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေကို အလေးထားလုပ်ဆောင်သင့်တယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုပြောဆိုခဲ့ပါတယ်။

“ဒီနှစ်ဘက်နားလည်မှုကို ထိခိုက်စေမဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကတော့ လုံးဝ အဆုံးသတ်သွားဖို့လိုတာပေါ့ဗျာ။ ဆိုတော့ ဒီဖြစ်စဉ်လေးတွေက နိုင်ငံတော်နဲ့ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကိုတော့ အနှောင့်အယှက်ဖြစ်ပါတယ် ခင်ဗျ။ ဒါတွေကို မဖြစ်အောင် တာဝန်ရှိတဲ့သူတွေအနေနဲ့ ဖိဖိစီးစီးနဲ့ ဆောင်ရွက်ချက်တွေ လျှင်လျှင်မြန်မြန်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလေးတော့ အကြံပြုခဲ့တာ ရှိပါတယ်။”

မတူကွဲပြားတဲ့ အုပ်စုတွေကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေ နှောင့်နှေးခဲ့ရတဲ့အပေါ် နှစ်ဖက်စလုံးက ရန်လိုမုန်းတီးမှုတွေကို လျော့ချပြီး ဒေသကောင်းကျိုးကို အတူလက်တွဲ လုပ်ကိုင်ကြပါလို့ မေတ္တာရပ်ခံလိုတဲ့အကြောင်း လို့လည်း လူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူးက ဆိုပါတယ်။

“ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း နှစ်ဖက်ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ နိုင်ငံတော်ရဲ့အကျိုးပေါ့လေ။ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုး အဲဒါကိုလည်း ရှေ့ရှုပြီးတော့ စဉ်းစားဖို့လိုပါတယ်။

“နောက် နိုင်ငံတော်က ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေတဲ့အနေအထားကိုလည်းပဲ သူတို့အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ နောက် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ရိုက်ခတ်မှုရှိတယ်ဆိုတာလေးကိုတော့ နှစ်ဖက်ခေါင်းဆောင်တွေက သိရှိနားလည်ဖို့လိုပါတယ်။

“အသိပညာပေးတဲ့အပိုင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေက ဆောင်ရွက်နေတာရှိပါတယ်။ ရေရှည်အကျိုးကို မျှော်ကိုးပြီး ဆောင်ရွက်ဖို့လိုတယ် ဆိုတာလေးတွေကတော့ တဖြေးဖြေး သိရှိလာမယ်လို့ ကျနော်တို့ မျှော်မှန်းပါတယ်ဗျာ။”

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်တွေကစလို့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် လူသေဆုံးခဲ့ရတဲ့အထိဖြစ်ရပြီး အိုးအိမ်တွေ ဖျက်ဆီးခံရသလို နှစ်ဖက်စလုံးက မိသားစုတွေလည်း ဒုက္ခသည်တွေအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေကြသလို အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ဖြစ်စဉ်တွေမှာ ကော်မရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရတာဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား Sewol သင်္ဘောမှာ ပါသွားသူတွေရဲ့ ဆွေမျိုး မိသားစုဝင်တွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ် ရလဒ်ကို စောင့်ဆိုင်း နေကြစဉ်


20.4.2014

နစ်မြုပ်နေတဲ့ Sewol တောင်ကိုရီးယားကတို့သင်္ဘောထဲကို ရေငုပ်သမားတွေ ဝင်ရောက်ပြီး အလောင်းတချို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အတည်ပြုနိုင်သလောက် သေဆုံးသူ ၅၆ ယောက်ရှိသွားပြီး ၂၄၆ ယောက်ကတော့ သေသလား ရှင်သလား မသိရသေးပါဘူး။

သေဆုံးသူအများစုဟာ အထက်တန်း ကျောင်းသူ ကျောင်းသားတွေဖြစ်ကြပါတယ်။ သာမန်ပြည်သူလုပ်အားပေးတွေပါဝင်တဲ့ ရေငုပ်သမားတွေဟာ ကြမ်တမ်းတဲ့လှိုင်းဒဏ်နဲ့ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အခြေအနေမှာပဲ နစ်နေတဲ့ သင်္ဘောထဲကို ဝင်နိုင်ဖို့ ကြိုးစားခဲ့ကြရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ပြောခွင့်ရသူ Ko Myung-suk က ခုလို ရှင်းပြခဲ့ပါတယ်။

ရှာဖွေရေးအဖွဲ့တွေဟာ သဘောင်္ထဲကို ဘက်ပေါင်းစုံကနေ ဝင်ရောက်နေပြီး ခက်ခက်ခဲခဲ ပိုက်စိပ်တိုက်ရှာဖွေမှုတွေကို လုပ်နေကြတယ်လို့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ရေငုပ်သမားတွေဟာ စနေနေ့ညနှောင်းပိုင်းမှာ သင်္ဘောအခန်းတွေရဲ့ မှန်ပြူတင်းပေါက်တွေကို ရစ်ုက်ခွဲပြီး အခန်းထဲက ပထမဆုံးအလောင်းကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့ထဲက တိမ်းမှောက် နစ်မြုပ်သွားတဲ့ သင်္ဘောမှာ ခရီးသည် ၄၇၆ ယောက်ပါသွားပြီး ၁၇၄ ယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သင်္ဘော ဘေးစောင်းပြီး နစ်ခဲ့ချိန်တုန်းက စိတ်မချရတဲ့ ရေလမ်းကြောင်းနေရာမှာ အသက် ၂၆ နှစ်အရွယ် သင်္ဘောတတိယအရာရှိက ပဲ့ကို ထိန်းခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ အရင်က သူတခါမှ ပဲ့ ထိန်းခဲ့ဖူးတာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီအချိန်မှာ သင်္ဘော Captain ဟာ သူ့ရဲ့ အခန်းထဲမှာ ရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲထိန်းခန်းထဲမှာထားခဲ့တာဖြစ်တယ်ဆိုတာကိုလဲ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

သင်္ဘောနစ်နေစဉ် ခရီးသည်တွေကို ဒီအတိုင်းထားပြီး ဘေးလွတ်အောင်ထွက်ပြေးခဲ့မှုနဲ့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို ဖမ်းဆီး တရားစွဲထားပါတယ်။




RB News
20.4.2014

ဘူးသီးတောင် ။ ။ ကျေးရွာ အုပ်ချုပ်ရေးမှူး များက လက်ထပ်ခွင့်ကို မှတ်ပုံတင်ရုံသာ လုပ်ပိုင်ခွင့် ရှိသော်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာလှက ဒေသခံ ရိုဟင်ဂျာ ၂၀ ဦးထံမှ ငွေကျပ် ၁၂ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယခင် န.စ.က လက်ထက်တွင် လက်ထပ်ခွင့် ရရှိရန် အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်း ခဲ့ရပြီး၊ ငွေကြေးများစွာ ပေးခဲ့ ရသော်လည်း န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များက မှတ်ပုံတင်ရုံသာ လုပ်ပိုင်ခွင့် ပေးခဲ့သော်လည်း ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာလှက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ၂၀ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေကျပ် ၆၀၀၀၀ စီညှစ်ခံရသည့် ဒေသခံများမှာ --

(၁) အီလီယာစ် (ဘ) ဦးရှော်မ်ရှူ နှင့် မော်ရီယမ်ခါတူ (ဘ) ဦးဂိုရာမျာ (သေကံရွာမှ)
(၂) မိုဟာမတ်အာယုဘ် (ဘ) ဦးနူရ်ဟူဆောင်း နှင့် အမီနာ (ဘ) ဦးအဘူဆယာဒ် (သေကံရွာမှ)
(၃) အဒူရာမန် (ဘ) ဦးရှော်ဘိရ် နှင့် နူရ်ဖာတေမာ (ဘ) ဦးဟာရှီးမ် (သေကံရွာမှ)
(၄) ရှုနာမျာ (ဘ) ဦးကွီလာမျာ နှင့် နူရ်ဖာရာစ် (ဘ) ဦးအဇီဟောက် (သေကံရွာမှ)
(၅) အဒူမာလိခ် (ဘ) ဦးဟူဆောင်အာမတ် နှင့် နူရ်ဟာဘီဘာ (ဘ) ဦးအဒူလ္လာ (သေကံရွာမှ)
(၆) စေတီတောင်မှ သတို့သား နှင့် ဒိလ်ဒါရ်ဘေဂမ် (ဘ) ဦးကာလာမျာ (သေကံရွာမှ)
(၇) ဇော်ဘိုရ် (ဘ) ဦးအဘူဆယာဒ် (သေကံရွာမှ) နှင့် ဖရုံချောင်းရွာမှ သတို့သမီး
(၈) ဆွေတာမတ် (ဘ) ဦးမုစ်တာအာမတ် နှင့် နူရ်ဖာတေမာ (ဘ) ဦးမောဂုလ် (သေကံရွာမှ)
(၉) ဦးဒါလ်လာ (ဘ) ဦးအဘူဆယာဒ် နှင့် ဦးမာဘောရ်၏ သမီး (သေကံရွာမှ)
(၁၀) အလီဟူဆောင် (ဘ) ဦးမာမတ်ဆိဒိတ် နှင့် အာလေမာ (သေကံရွာမှ)
(၁၁) ဟာရိုလ်အာမီးန် (ဘ) ဦးမာတာရှိမ် နှင့် နူရ်နာရ် (ဘ) ဦးနူရ်အာလမ် (သေကံရွာမှ)
(၁၂) ကော်လီမုလ္လာ (ဘ) ဦးအလီအာမတ် နှင့် နူရ်ဇာန် (ဖရုံချောင်းမှ)
(၁၃) ၀က်မကျရွာမှ သတို့သား နှင့် အာယေရှာ (ဘ) ဦးအလီဟူဆောင် (သေကံရွာမှ)
(၁၄) ဆော်လီမုလ္လာ (ဘ) ဦးမာမတ်တော်ယုဘ် (သေကံရွာမှ) နှင့် ဖိုးခေါင်းချောင်း အုပ်စုမှ သတို့သမီး
(၁၅) ဟာမိတ်အစ္စလာမ် (ဘ) ဦးမာမတ်ဆိဒိတ် (သေကံရွာမှ) နှင့် ခွဆုံအုပ်စုမှ သတို့သမီး
(၁၆) မာမတ်ဆော်လိမ် (ဘ) ဦးဖော်ဇော်ကရီးမ် (သေကံရွာမှ) နှင့် ဂူတာပြင် အုပ်စုမှ သတို့သမီး
(၁၇) ၀က်မကျရွာမှ သတို့သားနှင့် နူရ်ကော်လီမာ (ဘ) ဦးအစ္စလာမ် (သေကံပြင်ရွာမှ)
(၁၈) ဟာလာယာ (ဘ) ဦးဖော်ဇော်ကရီးမ် နှင့် ဇာနူခါ (ဘ) ဦးဆီရာဇူလ်ဟောက် (သေကံပြင်ရွာမှ)
(၁၉) ဇာဖောရ် (ဘ) ဦးကာလာမျာ နှင့် ဦးဇာဖောရ်နှင့် သမီး (သေကံပြင်ရွာမှ)
(၂၀) ဆယာဒုလ္လာ (ဘ) ဦးဇာဖော်အုလ္လာ (ဖိုးခေါင်းချောင်းမှ) နှင့် မိနာရာဘေဂမ် (ဘ) ဦးနာဒိရ်ဟူဆောင် (သေကံရွာမှ) -- တို့ဖြစ်သည်။




RB News
20.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စုနှင့် အခြားသော ရွာများမှ ငါးဖမ်း စက်လှေသမား များထံမှ အာဏာပိုင်များက လစဉ် ဆက်ကြေး သဖွယ် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သော ဇန်န၀ါရီလတွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းနှင့် ငါးမွေးမြူရေး ဦးစီးဌာန တို့က အလယ်သံကျော်နှင့် အနီးတ၀ိုက် ရွာများမှ ငါးဖမ်း စက်လှေများနှင့် ငါးအရောင်းအ၀ယ် ပြုလုပ်သူများ အတွက် အဖွဲ့ တစ်ခု ဖွဲ့စည်း ပေးခဲ့သည်။ အဆိုပါ အဖွဲ့တွင် အလယ်သံကျော်မှ ဦးမောင်စောတင်၊ ကညင်တန်းမှ ဦးမောင်မြင့် (ခ) ဘိုက်လာနှင့် မောင်တူလာရွာမှ ဦးမုဖ်တာအာမတ် (ဘ) ဦးဟာဘီ တို့ပါဝင်သည်။ ထိုအဖွဲ့ကို စတင်ဖွဲ့စည်း ပေးသည့်နေ့မှစ၍ ငါးဖမ်း စက်လှေ တစ်စီးလျှင် ငွေကျပ် ၅ သောင်းနှင့် ရိုးရိုးလှေ တစ်စီးလျှင် ငွေကျပ် ၂ သောင်း လစဉ် ဆက်ကြေး သဖွယ် ပေးနေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ လစဉ် ဆက်ကြေး ကောက်ခံရာတွင် တပ်ရင်းမှူး အတွက် တစ်လလျှင် နှစ်သောင်း၊ စ.ရ.ဖ အတွက် တစ်သောင်း၊ သတင်းတပ်ဖွဲ့ (SB) အတွက် တစ်သောင်း၊ လုံထိန်းနှင့် ငါးမွေးမြူရေး ဦးစီးဌာန အတွက်ဟု ဆိုကာ အကြောင်း အမျိုးမျိုး ပြ၍ ကောက်ခံလျက် ရှိသည်။ ငွေပေးရန် ကြန့်ကြာသူများကို ကိုယ်ထိ လက်ရောက် စော်ကားမှုများပါ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

အလယ်သံကျော်နှင့် အနီးတ၀ိုက် ကျေးရွာများတွင် ငါးဖမ်း စက်လှေ ၂၀၀ ခန့်နှင့် ရိုးရိုးလှေ ၁၀၀ ကျော်ရှိသည်။ ငါးဖမ်းသမားများက ၎င်းတို့၏ ခွန်အားဖြင့် ပင်လယ်ပြင်တွင် ပင်ပန်းဆင်းရဲခံကာ ရရှိလာသည့် ၀င်ငွေများမှ ယခုကဲ့သို့ ခေါင်းပုံဖြတ်နေသည်ကို စိတ်ပျက်လျက် ရှိသော်လည်း အာဏာပိုင်များ ကိုယ်တိုင် ဥပဒေမဲ့ ပြုလုပ်လျက် ရှိသဖြင့် တရားမျှတမှု ရရှိရန် နည်းလမ်း မရှိဟု ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က စက်လှေ ပိုင်ရှင် နှစ်ဦး ဖြစ်သည့် ဦးအဘုလ်ကာဆီးမ်နှင့် လောင်းဂျ (ခ) ဦးဆော်လီမုလ္လာ တို့အချင်းချင်း သာမာန် ပြဿနာ ဖြစ်ပြီး ပြေလည်ခဲ့သော်လည်း ဦးမောင်စောတင်နှင့် ဦးမောင်မြင့်တို့က ပြဿနာ ဖြေရှင်းရန်ဟု ဆိုကာ ဦးအဘုလ်ကာဆီးမ် ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။




ဒေါက်တာဇာနည် ရေးသားသည်
20.4.2014

ဒီနေ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း (မ ဘ သ) ဆိုတာ ရွှေဝါရောင် အဆင်းရှိတဲ့ သင်္ကန်းပတ် ထားသူ လူသတ်သမား များက ဦးဆောင်နေပြီး ဗိုလ်ချူပ် ယူနီဖောင်း ၀တ်ဆင်ထားသူ များက ထောက်ခံမှု ပေးထား ပါတယ်။

ခင်ဗျားဟာ ဗမာလူမျိုး အမျိုးသားရေးဝါဒီ တစ်ယောက်ဖြစ်နိုင် ပါတယ်။ မြန်မာ မျိုးချစ် တစ်ယောက်လည်း ဖြစ်ချင် ဖြစ်နိုင် ပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးလည်း ဖြစ်နိုင်တာ ပဲလေ။ ဒါပေမဲ့ တစ် ချိန်တည်းမှာ ခင်ဗျားဟာ ဗမာ အမျိုးသားရေးဝါဒီ တစ်ယောက်ရော ဗုဒ္ဓဘာသာဝင် တစ်ဦးရောပြိုင်တူတော့ ဖြစ်လို့ မရနိုင်ပါဘူး။

သီရိလင်္ကာ မှာရှိတဲ့ ဗမာပြည်က (မ ဘ သ) လို ဗုဒ္ဓဘာသာ အစွန်းရောက်ပြီး အကြမ်ဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်ပေးနေတဲ့ "ဘူးဒူဘားလားဆင်ဟာ (BBS) " အဖွဲ့ရဲ့ ဦးဆောင် ဘုန်းကြီး တစ်ပါးနဲ့ သူ့ဒကာတွေ ဖြစ်တဲ့ အဲဒီ့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ချူို့ နဲ့ ဘန်ကောက်မှာ သုံးနာရီ နီးပါး၊ အပေါ့ အလေး သွားချိန်တောင် မယူဘဲ ဆက်တိုက် စကားတွေ ပြောဖြစ်ခဲ့ ကြတယ်။ ဒီဘုန်းကြီးဟာ မြန်မာပြည်က ၀ီရသူ လို အဲ့ဒီအဖွဲ့ရဲ့ အထင်ကရ ဦးဆောင်သူ ဘုန်းကြီးပါ။

အရုပ်ရော အသံရော ဖမ်းယူထားတဲ့ အဲ့ဒီ စကားပွဲ အပြီးမှာ သင်္ကန်းပတ်ထားတဲ့ အဲ့ဒီလူ (ရဟန်း သံဃာ လို့ မသုံးထားပါ) က သူတို့ဟာ သီရိလင်္ကာက လူများစု မျီူးနွယ်ဝင် ဆင်ဟာလိစ် လူမျိုးး၊ အမျိုးသားရေး ၀ါဒီ များသာ ဖြစ်ပြီး အခြားဘာမျှ မဟုတ်ပါလို့ ကျွန်တော့်ကို ၀န်ခံ ပြောကြား ခဲ့ပါတယ်။ သူတို့ အခု ဗီဒီယို မှတ်တမ်းမှာ ပြောကြားခဲ့ သမျှ သတင်း စကားတွေဟာ သီရိလင်္ကာက သူတို့ ဆင်ဟာလိစ် ဓလေ့ ယဉ်ကျေးမှုနဲ့ နိုင်ငံကို ကာကွယ်ရမယ် ဆိုတဲ့ သဘောတရားများသာ ဖြစ်ပြီး ဗုဒ္ဓ၀ါဒနဲ့ မည်သို့မျှ မပတ်သက်ကြောင်း နှစ်ဦးစလုံးက ၀န်ခံသွား ပါတယ်။

ကျွန်တော်လည်း ဘုန်းကြီး ၀တ်ခဲ့ဘူး ပါတယ်။ ဗုဒ္ဓ၀ါဒကို လေ့လာခဲ့ဘူးပါတယ်။ ကျွန်တော်ဟာ လူသား တစ်ဦး ပီသစွာ အကောင်းနဲ့ အဆိုးကို ခွဲခြား သိမြင်တဲ့ အသိ၊ သတိနဲ့ယှဉ်ပြီး နေထိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။

အဲ့ဒီ သင်္ကန်း ပတ်ထားတဲ့ လူတွေ မိန်းမတွေ (သီလရှင်များ) ဟာ ဗုဒ္ဓဘာသာကိုတောင် နားမလည်ဘဲ အများကို ဇဝေဇ၀ါနဲ့ ထင်ယောင် ထင်မှား ဖြစ်နေစေတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူတွေပါ။ သူတို့ကို ကျွန်တော် ဒီလိုပဲ ခေါ်ဆို ပါတယ်။ သူတို့ဟာ ဗုဒ္ဓရဲ့ အဘိဓမ္မာ ကိုတောင် နားမလည် သူတွေလား ဒါမှမဟုတ် သူတို့ရဲ့ ရည်မှန်းချက်တွေ အတွက် ဗုဒ္ဓဘာသာကို တမင်တကာ အလွဲသုံးစား လုပ်နေ သူတွေလား ဆိုတာပါ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲ။

ဗုဒ္ဓဘာသာ ရဟန်း သံဃာတွေ ရှိပါတယ်။ ပြီးတော့ ဦးပြည်း ကတုံးတုံးပြီး သင်္ကန်း ပတ်ထားတဲ့ လူသတ်သမားတွေ လည်းရှိပါတယ်။ ဒီနေ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း (မ ဘ သ) ဆိုတာ ရွှေဝါရောင် အဆင်း ရှိတဲ့ သင်္ကန်းပတ်ထားသူ လူသတ်သမား များက ဦးဆောင်နေပြီး ဗိုလ်ချူပ် ယူနီဖောင်း ၀တ်ဆင်ထားသူများက ထောက်ခံမူ ပေးထား ပါတယ်။

http://groundviews.org/2014/04/15/the-mad-monk-phenomenon-bbs-as-the-underside-of-sinhala-buddhism/

ဒေါက်တာဇာနည် (Maung Zarni) ရေးသားသည်ကို  Robert Elhose က ဆီလျော်ေ အာင် မြန်မာမှု ပြုသည်။


(ဘာသာပြန်သူ၏ မှတ်ချက် - လက်ရှိ မ ဘ သ နှင့် ၀ီရသူ တို့၏ လှုပ်ရှား ဆောင်ရွက်နေမှု များသည် သီရိလင်္ကာ ပြည်တွင်း စစ်အပြီး ပေါ်ပေါက် လာခဲ့သော ဘူးဒူးဘာလာ ဆင်ဟာ ဆိုသည့် ဗုဒ္ဓဘာသာ အမည်ခံ ထားသော လူမျိုးရေး အစွန်းရောက် အကြမ်းဖက် သတ်ဖြတ်ရေး များကို အဓိက လှုံ့ဆော် ပေးနေသည့် အဖွဲ့၏ လုပ်ရပ်ကို ပုံတူ ကူးချ ထားသည်။ ယခင် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီး သန်းရွှေ၏ သီရိလင်္ကာသို့ သွားရောက် လည်ပတ်သော ခရီးစဉ် အပြီး ထင်ရှား အကောင်အထည် ပေါ်လာသော လှုပ်ရှားမှုလည်း ဖြစ်သည်။ ဘူးဒူး ဘားလားဆင်ဟာ တို့နှင့် ၀ီရသူ တို့၏ ၉၆၉ တဖြစ်လဲ မ ဘ သ တို့၏ လှုပ်ရှားမှုများ အကြား တိုက်ရိုက် ဆက်သွယ်မှုများ ရှိနေကြသည်။)




ရာဇဝင်တွင်မည့် ပြယုဂ်

ငါတို့ အစချီ
သမိုင်းတစ်ခေတ်တည်
လူ့အခွင့်အရေး စံမီဖို့
စုစည်းမှုကို ပြကြစို့.......

ငါတို့ တစ်ခေတ်တည်
ရာဇဝင်တွင်မည့် ပြယုဂ်မည်
သမိုင်းကြောင်းမှန် တည်တံ့ဖို့
ခိုင်မြဲမှုကို ပြကြစို့.......

ငါတို့ သမိုင်းတည်
ရာနှုန်းပြည့် ညွှန်းရည်
မိုးလုံးဟိန်းသံ ဘဝဂ်ညံဖို့
အမျိုးသားလက္ခဏာ ထိန်းသိမ်းစို့.......

မိတ်ဆွေ.....
ထိန်းသိမ်းခြင်းဟာ အစပျိုးခြင်းထက် ပိုခက်တယ်

19.4.2014 တွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ရေးသားသည်။ 




MYARF
RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့တွင် အာဏာပိုင်များက ငွေညှစ်ခြင်း၊ ၉၆၉ အဖွဲ့ဝင်များက ရိုက်နှက်ခြင်း၊ သတင်း တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခြင်းနှင့် သားသတ် လိုင်စင် သမားများက ခေါင်းပုံဖြတ် အမြတ်စားခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၆) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစောလှကြည်သည် ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နေအိမ် ပြုပြင် ခဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေညှစ်ခံရသူ ၃ ဦးမှာ --

(၁) ဦးကာဆိမ်း (ဘ) ဦးတော်ဇုမ်အလီ (ညှစ်ခံရသည့်ငွေ ကျပ် - ၂ သောင်း)
(၂) ဦးရာမတ်အုလ္လာ (ဘ) ဦးလာလူး (ညှစ်ခံရသည့် ငွေ ကျပ် - ၃ သောင်း)
(၃) ဦးဟာဘီအုလ္လာ (ဘ) ဦးရှော်ရ်ဟူစိန်း (ညှစ်ခံရသ်ည့ ငွေ ကျပ် - ၁ သောင်း ၆ ထောင်) -- တို့ဖြစ်သည်။

ဧပြီလ (၁၅) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ ရွာသစ်မှ ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးမိုဟာမတ်အာလမ်၏ သားဖြစ်သူ ကိုမိုဟာမတ်ဟူစိန်း (အသက် ၂၈ နှစ်) သည် ကြိမ်ချောင်းဈေး၌ လုံခြုံရေး တာဝန် ထမ်းဆောင်ရန် လာနေစဉ် သတင်းတပ်ဖွဲ့ (SB) ရုံးရှေ့သို့ ရောက်သည့် အခါ SB ဦးအောင်ကျော်လှနှင့် တပည့် တစ်ဦးတို့က ၎င်းအား ခေါ်၍ မီးခြစ်တောင်းရာ မရှိကြောင်း ကောင်းမွန်စွာ ပြောဆို ခဲ့သော်လည်း အဆိုပါ SB ဦးအောင်ကျော်လှနှင့် တပည့်ကိုက ၎င်းကို ရိုက်နှက် ခဲ့သည်။ ကိုမိုဟာမတ်ဟူစိန်းသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ၎င်းကို ဖမ်းဆီး၍ SB ရုံးရှေ့ရှိ ဦးအီလီယာစ် အိမ်ထဲသို့ ပစ်သွင်းခဲ့သည်။ ဦးအီလီယာစ်၏ သားဖြစ်သူက ရိုက်ရသည့် အကြောင်းရင်းကို SB ဦးအောင်ကျော်လှ ထံမှ မေးမြန်းရာ ဦးအီလီယာစ်၏ သားဖြစ်သူကိုပါ ရိုက်နှက်ခဲ့သည်။

ဦးအီလီယာစ်၏ ဇနီးက အော်ဟစ်၍ ပတ်ဝန်းကျင်ကို အကူအညီ တောင်းသည့်အခါ SB ဦးအောင်ကျော်လှနှင့် အတူ လိုက်ပါသည့် တပည့်က SB ရုံးသို့ ဖုန်းဆက်၍ အကြောင်းကြားသည့်ကြောင့် SB, ရဲနှင့် စ.ရ.ဖ တို့နှင့် အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးပါ ရောက်ရှိလာခဲ့သည်။ ဦးအီလီယာစ်၏ ဇနီးက ဖြစ်ရပ်မှန်ကို ရှင်းပြသည့် အခါ ရောက်ရှိလာသူ များက SB ဦးအောင်ကျော်လှကို အပြစ်ဆိုပြီး ပြန်ခေါ် သွားခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့တွင် ဦးအီလီယာစ်၏ သားဖြစ်သူနှင့် သားမက် ဖြစ်သူ တို့ကို SB မှ တပ်ဖွဲ့ဝင်များက ဦးအောင်ကျော်လှကို ရိုက်နှက် ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေ ခဲ့သည်။ ဦးအောင်ကျော်လှသည် ဦးအီလီယာစ်၏ သမီး ဖြစ်သူ ၉ တန်း ကျောင်းသူကို လမ်းသွားရာတွင် အမြဲတစေ လိုက်လံ နှောက်ယှက်ခြင်းကြောင့် အစ်ကို ဖြစ်သူက အာဏာပိုင်များကို တိုင်တန်းခဲ့သည့် အတွက် ရန်ငြိုးထားကာ ယခုကဲ့သို့ ပြဿနာ ဖန်တီးခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာ အုပ်စု အလယ်ရွာ (မောင်နှမငယ်) မှ ဦးမာမတ်အာမီးန်နှင့် ဦးအဒူဇော်ဘော်ရ် တို့အပါဝင် (၈) ဦးတို့သည် မြို့မ သားသတ် လိုင်စင် ရရှိထားသူ ထံမှ မောင်နှမ ကျေးရွာနှင့် ဖားဝပ် ကျေးရွာ နှစ်ရွာ အတွက် သားသတ်လိုင်စင်ကို ယခင်က ငွေကျပ် သိန်း ၅၀ ပေးရသော်လည်း ယခုနှစ်တွင် သိန်း ၁၀၀ ဖြင့် ရယူခဲ့သည်။ ယခုအခါ ၎င်းတို့သည် ရွာနှစ်ရွာ အတွင်းရှိ နွားတစ်ကောင် ရောင်းလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်း အထိ တောင်းခံနေပြီး၊ ရွာသားများ စုပေါင်း၍ စားသုံးရန် ဆိုပါက ငွေကျပ် ငါးသောင်း တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ နွားရောင်းချသူများနှင့် စုပေါင်းစားသုံးသူ များက လျှော့ယူရန် တောင်းဆို သော်လည်း ၎င်းတို့က ရိုက်နှက်မည်ဟု ခြိမ်းခြောက်၍ အတင်း အဓမ္မ တောင်းခံလျက် ရှိကြောင်း သိရှိရပါသည်။

ဧပြီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မောင်တော မြို့နယ် သ၀န်ချောင်းမှ လမ်းပြုပြင်သည့် အလုပ်သမား တစ်ဦး ဖြစ်သူ ဦးဂျမာလ်အုဒ္ဒိန် (ဘ) ဦးအာစေဒိန်သည် လမ်းပြုပြင် နေစဉ် အင်းဒင်ဈေး အနီးရှိ ရခိုင် အစွန်းရောက် တစ်ဦး ဖြစ်သူ စိုးမိုးက ၎င်း၏ ဆိုင်ရှေ့မှ မြေတူးခဲ့သည်ဟု ဆိုကာ ဆူပူကြိမ်းမောင်း သဖြင့် ၎င်းက ပြန်လည်၍ မြေဖို့ ပေးခဲ့သည်။ သို့သော်လည်း ညနေပိုင်းတွင် အင်းဒင်မှ ဇော်ဇော်၊ စိုးမိုး (ဘ) ဦးမောင်သာ၊ စိုးမိုး၏ ဇနီးနှင့် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်ရင်းမှ ဒု-တပ်ရင်းမှူး တို့က အဆိုပါ အလုပ်သမားထံ လာရောက်ပြီး “မင်းက လုပ်ချင်သလို လုပ်နေတာလား” ဟု ပြောဆိုကာ ဒု-တပ်ရင်းမှူးက ရိုက်နှက်၍ စိုးမိုး၏ ဇနီးဖြစ်သူက ခြေထောက်ဖြင့် ကန်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၃) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာမှ ဦးအဒုလ်အာဇီဇ် (ဘ) ဦးရှားအာလမ်သည် အင်းဒင်ဈေးမှ ပြန်လာစဉ် အင်းဒင်ကျေးရွာမှ ၉၆၉ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရသေ့တောင်သား ဇော်ဇော်က အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၁၁) ရက်နေ့ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် ကင်းစခန်းမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် နှစ်ဦးသည် ရာအိမ်မှူး ဦးမိုဟာမတ်ဆိဒိတ် နှင့်အတူ ကျောက်ပန္ဒူ စေတီရွာရှိ မော်လ၀ီ အဒူရှကူရ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဆိုင်ပြုပြင် နေသည်ဟု ဆိုကာ ငွေကျပ် နှစ်သောင်း ညှစ်ယူသည့် အပြင်၊ ငွေကျပ် ခြောက်သောင်း တန်ဖိုးရှိ မိုဘိုင်းဖုန်းကိုလည်း သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် တပ်ရင်းမှ စစ်သား ၅ ဦးက ကင်းစောင့်နေသည့် ကင်းသမား များကို ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် တပ်ရင်းမှ စစ်သား ၅ ဦးသည် လေယာဉ်ကွင်းရွာ အ၀တွင် ကင်းစောင့် နေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသား နှစ်ဦးကို ရိုက်နှက်၍ တစ်ဦးထံမှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရိုက်နှက်ခံရပြီး၊ ငွေကျပ် ၅ သောင်းစီ ညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးဟာဘီအုလ္လာ (ဘ) ဦးအဲရ်ရှာတ် (အသက် ၃၂ နှစ်)
(၂) ဦးဖာရုခ် (ဘ) ဦးလာလ်မာမတ် (အသက် ၂၉ နှစ်) -- တို့ဖြစ်သည်။

ထို့နောက် အဆိုပါ စစ်သား ၅ ဦးသည် ရွာထဲသို့ ၀င်ရောက်၍ ရွာထဲတွင် ကင်းစောင့် နေသည့် လူငယ် (၄) ဦးကို အသက် မပြည့်ဘဲ ကင်းစောင့်သည်ဟု ဆိုကာ ရိုက်နှက်၍ ကြက်ဖ တစ်ကောင်စီ ပေးရန် တောင်းခဲ့သည်။ သို့သော်လည်း တစ်ဦးက ကြက်ဖ ယူမည်ဆိုကာ အိမ်ပြန်သွားပြီး ပြန်မလာသည့် အတွက်၊ ကျန်သည့် (၃) ဦးက ကြက်ဖ တစ်ကောင်စီ ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရိုက်နှက်ခံရပြီး ကြက်ဖ (၃) ကောင် ပေးခဲ့ရသူ (၄) ဦးမှာ --

(၁) အာန်ဆာရ်အုလ္လာ (ဘ) ဦးအေနာမုလ်ဟောက် (အသက် ၁၉ နှစ်)
(၂) ဇာဖောရ်အာလမ် (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၁၈ နှစ်)
(၃) အေနာတုလ္လာ (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၁၉ နှစ်)
(၄) မာမတ်ရော်ရှိတ် (ဘ) ဦးအေဘာဒုလ္လာ (အသက် ၁၅ နှစ်) -- တို့ဖြစ်သည်။




RB News
18.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် လက်ထပ်ခွင့် လျှောက်ထားသူ များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယခင် န.စ.က လက်ထက်တွင် လက်ထပ်ခွင့် ရရှိရန် ငွေမြောက်မြားစွာ ပေးရသည့် အပြင် လက်ထပ်ခွင့်ကျရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ ထို့အပြင် လက်ထပ်မည့် သတို့သားနှင့် သတို့သမီးကိုလည်း ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် န.စ.က ဖျက်သိမ်းပြီးနောက် လက်ထပ်ခွင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကိုင်တွယ်ရန် ခရိုင်မှ ကြေညာချက် ထုတ်ပြန်သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တာဝန်မှာ လက်ထပ်သူများကို မှတ်ပုံတင် ထားရုံသာ ဖြစ်သော်လည်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုဟာမတ် အာယုဘ်သည် ယခင် န.စ.က လက်ထက်က အတိုင်း သတို့သား၊ သတို့သမီး တို့ကို ခေါ်ယူ စစ်ဆေး၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လက်ထပ်ခွင့် အတွက် ငွေကျပ် ၄ သောင်းမှ တစ်သိန်း အထိ ညှစ်ယူလျက် ရှိကြောင်း သိရှိရပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆွေတာလာမ် (ဘ) ဦးလာလ်မိုဟာမတ် (ညှစ်ခံရသည့်ငွေ ကျပ် - တစ်သိန်း)
(၂) ဦးမာမတ်အာမီးန် (ဘ) ဦးဇော်လာမတ် (ညှစ်ခံရသည့် ငွေ ကျပ် - ၄ သောင်း)
(၃) ဦးမာမတ်ရော်ဖိခ် (ဘ) ဦးဘော်ရှီရ်အာမတ် (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၄) ဦးဖိုက်ဆဲလ် (ဘ) ဦးနူရ်ဟူဆောင်း (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၅) ဦးအီလီယာစ် (ဘ) ဦးအဘူကလာမ် (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၆) ဦးနူရ်မိုဟာမတ် (ဘ) ဦးဆီဒိတ်အာမတ် (ညှစ်ခံရသည့် ငွေ ကျပ် - ၄ သောင်း)
(၇) ဦးဆုလ်တာန်အာမတ် (ဘ) ဦးနော်ဇီရ်အာမတ် (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၈) ဦးရှုနာအလီ (ဘ) ဦးဟာဆောင်း (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၉) ဦးကမာလ်ဘော်ရှော်ရ် (ဘ) ဦးဆုလ်တာန်အာမတ် (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း)
(၁၀) ဦးနူရ်မိုဟာမတ် (ဘ) ဦးအာမီးရ်ဟမ်ဇား (ညှစ်ခံရသည့် ငွေ ကျပ် - ၅ သောင်း) -- တို့ဖြစ်သည်။




MYARF & Sindi Khan
RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲများသည် ဒေသခံ ရိုဟင်ဂျာများ ထံမှ လုယက်ခြင်း၊ ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ကိုအဘူကလာမ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၇ နှစ်) နှင့် ကိုနူးရ်မိုဟာမတ် (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၂၉ နှစ်) တို့သည် ငှက်ပျောသီး များနှင့် ထင်းများ ရောင်းချရန် သွားစဉ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ဒုရဲအုပ် အောင်အောင်က ငှက်ပျောသီး များနှင့် ထင်းများကို လုယက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် အဆိုပါ လူငယ် နှစ်ဦးကို သေနတ်ကိုင်ခိုင်းပြီး ဓါတ်ပုံ (၄) ပုံ ရိုက်ယူ၍ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

ဒုရဲအုပ် အောင်အောင်သည် ငန်းချောင်း၊ ရေတွင်းကျွန်းမှ လမ်းသွား လမ်းလာသူများကို ခေါ်၍ အမျိုးမျိုး ဒုက္ခ ပေးလျက် ရှိပြီး၊ ဆိုင်ကယ်ဖြင့် သွားလာသူများကိုလည်း လေးခွဖြင့် ပစ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျားခေါင်းတောင် ကျေးရွာမှ ဦးမိုဟာမတ် ဟာရှီမ် (ဘ) ဦးမိုဟာမတ်ဇော်လိလ် သည် ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ အိမ်သည် တောင်ကုန်းနှင့် ကပ်လျက် ရှိသည်။ ၎င်းမှ အိမ်သာနှင့် ရေချိုးခန်း ဆောက်လုပ်ရန် အတွက် အိမ်နှင့် ကပ်လျက်ရှိသည့် တောင်ကုန်းမှ သစ်အချို့ ခုတ်ထွင်း ခဲ့ရာ၊ ဧပြီလ ၁၇ ရက်နေ့တွင် ချောင်းဝ ကင်းစခန်းမှ ရဲများ လာရောက်၍ ကြက်ဖ တစ်ကောင် ပေးရန် တောင်းခဲ့သည်။ ဆင်းရဲနွမ်းပါးသည့် ဦးမိုဟာမတ် ဟာရှီမ်သည် ကြက်ဖ ၀ယ်ပေးရန် ငွေမရှိဟု ပြောဆိုခဲ့သော်လည်း ရွာသား တစ်ဦးထံမှ ငွေချေး၍ ၀ယ်ပေးခိုင်းသည့် အတွက် ၀ယ်ပေး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်တွေမြို့ ရဲလုံခြုံရေး ။ (ဧပြီ ၁၊ ၂၀၁၄)


နန္ဒာချမ်း
18.4.2014

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ပိတ်ထားခံခဲ့ရတဲ့ နိုင်ငံတကာ NGO ရုံးတွေ မကြာခင် ပြန်ဖွင့်နိုင်တော့မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရက လုံခြုံရေး တာဝန် ယူပေးတဲ့ နေရာမှာ ဒီ INGO ရုံးတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေ တာဖြစ်ပေမယ့် အစိုးရက တာဝန်ယူမပေးတဲ့နေရာတွေမှာတော့ လုံခြုံရေးအရ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ အရေးပေါ်အမိန့်ကိုတော့ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

အခုဆိုရင် ပိတ်ထားခဲ့ရတာ ၁ လ နီးပါး ရှိလာပြီဖြစ်တဲ့ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေဟာ သိပ်မကြာခင်မှာပဲ ပြန်ဖွင့်နိုင်တော့ မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရုံးတွေပြန်ဖွင့်နိုင်ဖို့နဲ့ NGO ၀န်ထမ်းတွေရဲ့ လုံခြုံရေး အတွက် ပြည်နယ်အစိုးရ ကနေ ရပ်ကွက်တစ်ခုမှာ နေရာချထားဖို့ စီစဉ်နေတာရှိတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။

"NGO၊ INGO တွေအတွက် ပြည်နယ်အစိုးရအဖွဲ့က ဒီ့ပြင် ဟိုတယ် ပတ်ဝန်းကျင်လောက်မှာ နေရာတခု သတ်သတ်မှတ်မှတ် ချပေးမယ်ဆိုပြီး အဲ့လိုမျိုး အစီအစဉ်ဆွဲထားတဲ့အပိုင်းတွေကို ပြောပါတယ်။ နောက်ပိုင်း ချလာမယ့် စစ်တွေ ဟိုတယ်ဘက်အခြမ်းမှာဆိုရင် သီးသန့် တစ်နေရာတည်း စုပြီးရင် ဖြစ်လာတဲ့အပိုင်းဆိုရင် လုံခြုံရေးအပိုင်း အတွက် ပိုပြီးရင် လုပ်ဆောင်နိုင်လာမယ်လို့ ကျနော်တို့ ယူဆတာပေါ့။

အရင်တုန်းကတော့ တမြို့လုံးမှာ ဟိုတစ်စ၊ ဒီတစ်စဆိုတော့ လုံခြုံရေး အဖွဲ့တွေလည်း ပြဿ နာ ဖြစ်တယ်ဆိုတာနဲ့ ဒီဘက်က ဖြစ်လိုက်၊ ဒီဘက်မှာ ဟန့်နေရင်းနဲ့ ဟိုဘက်မှာ ဖြစ်လိုက်ဆိုတော့ လုံခြုံရေးအဖွဲ့ အင်အားကလည်း ဟိုဘက်၊ ဒီဘက် မလိုက်နိုင်ဘူး ဖြစ်သွားတယ်။ အခုဆိုရင်တော့ တစ်စုတည်း နေရာမှာဆိုတော့ ပိုပြီးရင် လုံခြုံရေးပိုလုပ်ပေးနိုင်မယ့် အနေအထားလို့တော့ ကျနော်တို့ တွေ့ရတာပေါ့။ အဲ့လိုမျိုး။ "

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းဖြေဆိုခြင်း မရှိခဲ့ပါဘူး။ တခါ စစ်တွေမြို့မှာ အခုလို ပြဿနာတွေ မဖြစ်ခင်က နိုင်ငံတကာ NGO ရုံးတခုကို ငှားရမ်းခဲ့တဲ့ စစ်တွေဒေသခံ ဦးအေးလှိုင် ကလည်း - နိုင်ငံတကာ NGO ရုံးတွေအတွက် ပြည်နယ် အစိုးရက နေရာချပေးဖို့ စီစဉ်နေတဲ့ အခြေအနေနဲ့ စစ်တွေမြို့ ထဲမှာတော့ ဒေသခံတွေ က သူတို့နေအိမ်တွေကို NGO ရုံးတွေအတွက် ငှားရမ်းဖို့ မ၀ံ့ရဲကြတော့ဘူးလို့ အခုလို ပြောပြပါတယ်။

"ကျနော်တို့ စစ်တွေက တောင်ဘက်ပိုင်းပေါ့။ ဆေးရုံ ပြည်တော်သာ ရပ်ကွက်၊ အဲ့ဒီ့ရပ်ကွက်တစ်ခုကိုတော့ အစိုးရက အာမခံပေး တယ်။ ပြည်တော်သာ ရပ်ကွက်ထဲမှာဆိုလို့ရှိရင်တော့ ပြည်နယ်အစိုးရက NGO၊ INGO ၊ UN တို့ကို ဌားခွင့်ပေးတာပေါ့နော်။ တခြား မြို့ထဲမှာဆိုရင် တော့ အာမ မခံဘူးလို့တော့ ဆိုတယ်။ အဲ့ဒီ့ပြည်နယ်အစိုးရရဲ့ စကားထဲမှာပေါ့နော်။ အဖွဲ့အစည်းတွေကလည်း မြို့ထဲဆိုတော့ နည်းနည်း အဆင်မပြေနိုင်ဘူးလေ။ အစိုးရ အာမခံချက် မပေးဘူး ဆိုတော့။ ဒီပြည်တော်သာ ရပ်ကွက်ထဲမှာဆိုတော့ အဖွဲ့အစည်းတွေ အကုန်လုံးက ဧပြီလ မကုန်ခင် လာမယ်လို့ပြောတယ်ခင်ဗျ။"

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ Malteser လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ၀န်ထမ်း တစ်ဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေနဲ့ နေအိမ်တွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတည်းကစလို့ NGO ရုံးတွေ ပိတ်ထားခဲ့ရပြီး၊ NGO ၀န်ထမ်းတွေ လည်း စစ်တွေမြို့ကနေ ထွက်ခွာခဲ့ရ တာပါ။ ဒါကြောင့်လည်း ဒုက္ခသည်တွေ အတွက် နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ လူသားချင်း စာနာမှု အကူအညီတွေလည်း ရပ်တန့်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ထပ်မဖြစ်အောင် ဟန့်တားဖို့နဲ့ ဒုက္ခသည်တွေထံ အကူအညီတွေ ဖြန့်ဝေနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ မနေ့ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က တိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမှာဖြစ်ပေမဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တော့ အထူးပဲ စိုးရိမ်တဲ့အကြောင်း သံအမတ်ကြီး Power က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ကပဲ အစီရင်ခံ တင်ပြခဲ့တာပါ။

ဒီအထဲမှာ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်နိုင်တယ်လို့ သတင်းတွေ မှာ ဖော်ပြကြပါတယ်။ လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာနေပြီဆိုပေမဲ့ ပြီးခဲ့တဲ့လက INGO ရုံးတွေ တိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က အခုလို ဆက်ပြောပြပါတယ်။

"လုံခြုံရေးကတော့ အခုအခြေအနေကတော့ ဘယ်လိုပြောမလဲ တမြို့လုံးကိုတော့ လုံလုံခြုံခြုံ ဖြစ်အောင်တော့ လုံခြုံရေးတာဝန်ယူတဲ့ ပြည်ထဲရေးဌာနကတော့ ဖိဖိစီးစီး လုပ်နေတာတော့ တွေ့ရပါတယ်။ စဖြစ်တုန်းကတော့ အိမ်တွေ အဖျက်ဆီးခံရတဲ့ အိမ်တွေမှာ ရဲလုံခြုံရေးတွေ၊ ထားပေးတာပေါ့။ အခုနောက်ပိုင်းတော့ အဲ့ဒီ့အိမ်တွေကို ပိုင်ဆိုင်တဲ့ မိသားစုကို ပြန်အပ်လိုက်ပြီး ကာဖျူး ၁၄၄ ညမထွက်ရအမိန့်ကိုလည်း ၉နာရီကနေ မနက် ၅နာရီအထိ လျှော့ချလိုက်တာပေါ့။"

ကုလသမဂ္ဂ အရာရှိတွေကတော့ - မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေက အစိုးရက လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အတော်လေး ခြိမ်းခြောက်နေတယ်လို့ သတိပေးနေကြတာ ဖြစ်ပါတယ်။




RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြင်းလွှတ် ကျေးရွာအုပ်စု၊ ချောင်းဝ ရွာရှိ ကင်းစခန်းမှ ရဲတပ်ကြပ်ကြီးက ဒေသခံ ရိုဟင်ဂျာ ငါးဖမ်းသမား တစ်ဦးကို ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြင်းလွှတ် ကျေးရွာ အုပ်စု၊ ချောင်းဝရွာရှိ ရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး စောမြသည် ဒေသခံ ရိုဟင်ဂျာ ငါးဖမ်း စက်လှေ သမားများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ မတရား ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။ ဧပြီလ (၁၇) ရက်နေ့တွင် မြင်းလွှတ် ကျေးရွာအုပ်စု၊ တောင်ရွာမှ စက်လှေ ပဲ့ကိုင် တစ်ဦး ဖြစ်သည့် ဦးအဆူဒုလ္လာ (ဘ) ဦးအာဇီမုလ္လာကို ပင်လယ်သို့ ငါးဖမ်း ထွက်စဉ် သတင်း မပို့ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်၍ ငွေ သုံးသိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် နေ့စဉ် ငါးဖမ်းထွက်သည့် စက်လှေ များက အဆိုပါ ရဲတပ်ကြပ်ကြီး စောမြကို ငါးတစ်ကီလိုနှင့် ငွေကျပ် တစ်ထောင်စီ ဆက်ကြေး သဖွယ် ပေးနေကြောင်း ဒေသခံများက ပြောပါသည်။

(ဓါတ်ပုံ - Colombo Telegraph)


O'Laie Manzu
RB News
17.4.2014

ဗုဒ္ဓမြတ်စွာ ဘုရားလို့ ထင်ပေါ် လာခဲ့တဲ့ သိဒ္ဓတ္ထ ဂေါတမ မြတ်စွာ ဘုရားဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ခန့်လောက်က နီပေါ နိုင်ငံမှာ ဖွားမြင် ခဲ့တာပါ။ ဘဝ အကြောင်း နားလည် သဘောပေါက်ပြီး ပွင့်လင်း ဖြောင့်မှတ်တဲ့ သဗ္ဗညုတ ညဏ်တော် ကို ရရှိခဲ့တဲ့ ဘုရားရှင်လည်း ဖြစ်ပါတယ်။ တချိန်က သဗ္ဗေညုတ ညဏ်တော် ရရှိစေဖို့ အတွက် ညောင်ပင်ရင်းမှာ ရက်ပေါင်း ၄၀ နေရောညပါ သီတင်းသုံး ကျင့်ကြံ အားထုတ်တော်မူ ခဲ့ပြီ လောဘ၊ ဒေါသ၊ မောဟ တို့ကနေ လွတ်မြောက် ခဲ့တယ်။ ညဏ်အမြော် အမြင်၊ ဂရုဏာ တရား၊ ခွင့်လွှတ် သီးခံမှုနဲ့ လွတ်လပ်မှု တွေကို တိုးပွားခဲ့တယ်။ သက်တော် ထင်ရှား ရှိခဲ့စဉ် ကျန်ရှိတဲ့ ဘုရားရှင်ရဲ့ (၄၅) ဝါ ကာလပတ်လုံး တရားဓမ္မတွေ ဟောပြောတော်မူ ခဲ့တယ်။

ကံမကောင်း အကြောင်း မလှစွာနဲ့ဘဲ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်လာတဲ့ အခါမှာ တချို့သော ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နောက်လိုက်တွေ၊ ဒါမှမဟုတ် တချို့သော ဗုဒ္ဓဘာသာဝင် တွေဟာ ဗုဒ္ဓမြတ်စွာ ဘုရား သွန်သင်ပေး ခဲ့တဲ့ တရားဓမ္မတွေ ဆီက သွေဖီလာ ခဲ့ကြတယ်။ သူတို့တွေဟာ မကောင်းမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖိတ်ခေါ်သူတွေ ဖြစ်လာတယ်။ လက်ရှိ မှာတော့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ သွန်သင်မှု တွေကို လိုက်နာ ကျင့်သုံးဆဲ ဖြစ်တဲ့ အခြားသော အုပ်စုတွေ ကနေ အုပ်စု နှစ်စု ကွဲထွက်လာ ခဲ့ပါတယ်။

တစ်စုကတော့ မြန်မာနိုင်ငံက ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် တွေကို နိုင်ထက် စီးနင်းလုပ်ပြီး သွေးစာစာနဲ့ သတ်ဖြတ်နေကြတဲ့ အရှင်ဝီရသူ တို့ရဲ့ ဗုဒ္ဓဘာသာဝင် အုပ်စု တစ်စုဘဲ ဖြစ်တယ်။ နိုင်ငံရေးအရ ရိုဟင်ဂျာတွေ ပြောင်းရွှေ့ခြင်း ခံရတဲ့ အထိ ဖြစ်လာတာတောင် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဆွတ်ခူး ရရှိခဲ့တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တောင်မှ သူတို့ရဲ့လုပ်ရဲ့တွေ အပေါ် မတုန့်ပြန် ရဲလောက်အောင် ပါဘဲ။ မြန်မာနိုင်ငံမှာ နေထိုင် ကြတဲ့ မွတ်စလင် ထုကြီး တစ်ရပ်လုံးကို နိုင်နှင်းဖို့ ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက် အုပ်စုကြီး အပေါ် ဒေါ်စု ကိုယ်တိုင် ထောက်ခံ နေသလားလို့ မေးစရာတွေ ပေါ်လာတာ တောင်မှ နိုင်ငံ အတွင်း သတ်ဖြတ်မှု တွေနဲ့ ပါတ်သက်ပြီး ဒေါ်စု အပေါ် ဝေဖန်မှုတွေ ကနေ အဟန့် အတား ရှိနေသလို ပါဘဲ။

ဒီလိုဘဲ အလား သဏ္ဍန် တူတဲ့ အခြားသော အကြမ်းဖက် တစ်စု ကတော့ တမီလ်၊ မွတ်စလင်နဲ့ ခရစ်ယာန် လူနည်းစုတွေ အပေါ် အကြမ်းဖက် လှုပ်ရှားမှုတွေ စတင် လာခဲ့တဲ့ သိရီလင်္ကာ နိုင်ငံက Bodu Bala Sena (BBS) အဖွဲ့ဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက သိရီလင်္ကာမှာ စိတ်မချမ်းမြေ့စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ထောင်ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို သတ်ဖြတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ကိုင်နေတဲ့ ၉၆၉ လှုပ်ရှားမှုရဲ့ ခေါင်းဆောင် အရှင် ဝီရသူကို သိရီလင်္ကာ နိုင်ငံသို့ ဖိတ်ခေါ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ Time Magazine က “ကြောက်မက် ဖွယ်ရာ ဗုဒ္ဓဘာသာဝင် မျက်နှာ” လို့ ဝီရသူကို မှန်မှန် ကန်ကန် တင်စား ဖော်ပြ ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံနဲ့ သိရီလင်္ကာ နိုင်ငံက ဗုဒ္ဓဘာသာဝင် အကြမ်းဖက် အုပ်စု နှစ်စုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခြင်းဟာ သိရီလင်္ကာမှာ ရှိနေတဲ့ လူနည်းစုတွေ အတွက် စိတ်မချမ်းမြေ့ ဖွယ်ရာ ပါဘဲ။ မြန်မာ နိုင်ငံမှာ ဆိုရင် အကြီး အကျယ် ရက်စက် ကြမ်းကြုတ်မှု တွေကြောင့် အချို့ အရပ် ဒေသတွေမှာ လူနည်းစုတွေ ပျောက်လု နီးနီး အခြေ အနေကို ရောက်ရှိလာ နေပါပြီ။ သိရီလင်္ကာမှာ ကတော့ ဒီလုပ်ရပ် တွေက သပ်ပြီး မခပ်ထန် ပေမယ့် ဒီ မ,သူတော် မဟာမိတ်ကြောင့် အခြေအနေတွေ ဆိုးရွား လာနိုင် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Navi Pillay ရဲ့ ထောက်ခံမှုကြောင့် သိရီလင်္ကာရဲ့ ပြည်တွင်းစစ်နဲ့ တမီလ် လူနည်းစုတွေ အပေါ် ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှု လုပ်ရပ်တွေကို ကုလ သမဂ္ဂရဲ့ လူ့အခွင့် အရေး ဆိုင်ရာ အထက်တန်းရုံးက စတင် စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အချိန်မှာ Bodu Bala Sena အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက “ဒီဟာမကို အရှင် လက်လက် အရေခွံခွာ လိမ့်မယ်” လို့ Navi Pillay ကို ကြုံးဝါး ဟစ်ကြွေး ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လမှာ ဝီရသူဆီက အထူး မွေးနေ့ လက်ဆောင် လက်ခံ ရယူဖို့ အတွက် မြန်မာပြည်ကို သွားရောက် ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီအကြမ်းဖက် နှစ်စုကြောင့် သိရီလင်္ကာရဲ့ လူများစု ဖြစ်တဲ့ Sinhalese လူမျိုးတွေက စိုးရိမ်မှုတွေ ပွားနေ ရသလို အကြမ်းဖက်မှု တွေကို မြင်တွေ့ ခဲ့ရပြီး ဖြစ်တဲ့ လူနည်းစုတွေ ကလည်း သူတို့ရဲ့လူတွေ၊ ဘာသာရေး အဆောက် အဦ တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အန္တရာယ်ပြု ရန်မူမှုတွေနဲ့ ရင်ဆိုင် ကြရမလား ဆိုတာ စိတ်အနှောက် အယှက် ဖြစ်နေ ကြပါတယ်။ အမှန် တကယ်တော့ ဒါဟာ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ သွန်သင်မှုတွေ မဟုတ်ပါဘူး။

မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကြုံတွေ့ရသလို မ,သူတော် နှစ်ဖွဲ့ ပေါင်းစည်းတဲ့ မဟာမိတ် ကြောင့် သိရီလင်္ကာ ကျွန်းပေါ်က လူနည်းစု တွေလည်း ဒီအဖြစ်မျိုး ကြုံတွေ့ ကြရ မလားလို့ စိုးရိမ် နေကြ ရပါတယ်။ ဒီလိုသာ ဆိုရင် မ,သူတော်တွေရဲ့ မဟာမိတ်ကြီးက သိရီလင်္ကာ နိုင်ငံ အတွက် ဘေးအန္တရာယ်ကြီး ဖိတ်ခေါ် နေသလို ပါဘဲ။

Tariq A. Al-Maeena ရေးသားပြီး Sri Lanka Guardian မှာဖော်ပြခဲ့တဲ့ An Unholy Alliance of Buddhist Terrorists ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန်ထား ပါသည်။




MYARF
RB News
17.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ရွာမှ မလေးရှား နိုင်ငံသို့ စက်လှေဖြင့် သွားနေသည့် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အာဏာပိုင်များနှင့် ၎င်းတို့၏ ပွဲစားများက မလေးရှားရှိ လူမှောင်ခိုဂိုဏ်းသို့ မောင်တောမြို့တွင် ရှိနေစဉ်ပင် ရောင်းချလိုက်ကြောင်း သတင်း ရရှိရပါသည်။

ဧပြီလ ၁၁ ရက်နေ့က မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရွာမှ ဦးဆော်လီမုလ္လာ (ဘ) ဦးအဘူဆိုဖီယန် (အသက် ၃၂ နှစ်) သည် ၎င်း၏ ခယ်မဖြစ်သူ မယာစ်မိန် (ဘ) ဦးဟာဆောင်က မလေးရှား နိုင်ငံသို့ သွားလိုသဖြင့် အာဏာပိုင်များ၏ ပွဲစားများ ဖြစ်သော ကျောက်လှေကား ရွာမှ ဦးဒိလ်ဒါရ်နှင့် ဦးရော်ဖိတ် တို့ကို ပြောဆို၍ အပ်နှံခဲ့သည်။ ထိုပွဲစား နှစ်ဦးက သရက်အုပ်ရွာမှ ပွဲစားကြီးများ ဖြစ်သော --

(၁) ဦးဇာဖောရ် (ဘ) ဦးမာတူး (သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး)
(၂) ဦးဆော်လီမုလ္လာ (ဘ) ဦးဆော်လာမတ်အုလ္လာ
(၃) ဦးမာဒုလ္လာ (ဘ) ဦးဆော်လာမတ်အုလ္လာ
(၄) ဦးမာဒုလ္လာ (ဘ) ဦးလာလူး -- တို့ထံ ထပ်ဆင့် အပ်နှံခဲ့ကြောင်း သိရှိရသည်။

သမီးဖြစ်သူ မလေးရှား နိုင်ငံသို့ သွားနေသည်ကို သိရှိသွားသော ဖခင် ဖြစ်သူ ဦးဟာဆောင်က စက်လှေခ ပေးထားသည့် ငွေကျပ် တစ်သိန်း နှစ်သောင်းကို အဆုံးခံမည်၊ သမီးကို ပြန်ပေးရန် ပွဲစားများထံမှ တောင်းခဲ့သော်လည်း အာဏာပိုင်များမှ ခွင့်မပြုဟု အကြောင်းပြ၍ ဖခင်ထံ ပြန်လည် မအပ်နှံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖခင်ဖြစ်သူ၏ လေ့လာစုံစမ်းမှု အရ ၎င်း၏ သမီးဖြစ်သူကို မလေးရှားရှိ ရှာကဲရ် ခေါင်းဆောင်သည့် လူမှောင်ခိုဂိုဏ်းသို့ ငွေကျပ် ရှစ်သိန်းဖြင့် ရောင်းချ ထားပြီး ဖြစ်သည့်အတွက် ပြန်လည်၍ မအပ်နှံခဲ့ကြောင်း သိရှိရပါသည်။ ဦးဟာဆောင်၏ သမီးဖြစ်သူနှင့် အခြားသော မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်သူများကို ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ဦးရှာလောမ် (ဘ) ဦးဟာဆူမျာနှင့် ဦးမိုဟာမတ်အာလမ် (ဘ) ဦးဆယာဒ်ဒုလ္လာ တို့၏ စက်လှေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် စောင့်ဆိုင်း နေသည့် သင်္ဘောသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ သင်္ဘောသည် ဘင်္ဂလား ပင်လယ်အော်မှ ယနေ့ ဧပြီလ ၁၇ ရက်နေ့ ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီလ ၁၄ ရက်နေ့က ထွက်ခွာသည့် စက်လှေပေါ်တွင် လိုက်ပါသူများထံမှ ပွဲစားများက ငွေကျပ် တစ်သိန်းနှစ်သောင်းစီ ယူခဲ့ရာ အာဏာပိုင်များက တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ စီယူခဲ့ပြီး၊ ကျန်ငွေများကို စက်လှေ ပိုင်ရှင်များနှင့် ပွဲစားများက ခွဲဝေယူခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စု အစိုးရမှ ကျင့်သုံးနေသည့် လူမျိုးတုန်း သတ်ဖြတ်ရေး မူဝါဒအရ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများကို နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ဖြစ်သဖြင့်၊ ဒေသဆိုင်ရာ အာဏာပိုင်များ ကိုယ်တိုင် ထိုင်းနိုင်ငံမှ သင်္ဘော ပိုင်ရှင်များနှင့် ပူးပေါင်း၍ အကျိုးတူ စီးပွား အနေဖြင့် လူကုန်ကူးမှု လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်မှာ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ၎င်းတို့နှင့် အကျိုးတူ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် နေသည့် ဒေသခံများကို ပွဲစားများ အဖြစ် ထားရှိ၍ လူကုန်ကူးမှုလုပ်ငန်းကို မောင်တောမြို့တွင် အခြေစိုက်၍ လုပ်ကိုင် နေခြင်း ဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ လာသည့် သင်္ဘောများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စိန့်မာတင်ကျွန်း အနီးတွင် စောင့်ဆိုင်းပြီး၊ မောင်တောမြို့နယ် မြင်းလွတ်ရွာနှင့် အလယ်သံကျော် ကျေးရွာ တို့မှ တဆင့် စက်လှေငယ်များဖြင့် ပို့ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း နှင့် သင်္ဘောကွဲကျေးရွာနှင့် ကျောက်ပန္ဒူ ကျေးရွာရှိ လုံခြုံရေး စခန်းများမှ ရဲများနှင့် ရွာအုပ်ချုပ်ရေးမှူး တို့က ဒေသခံ ရိုဟင်ဂျာ များကို နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးလျက် ရှိပြီး၊ မြောက်ပိုင်းရှိ တပ်ရင်း ၅၃၅ မှ တပ်ရင်းမှူးက သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၈) ရက်နေ့မှ စ၍ မောင်တောမြို့နယ် တောင်ပိုင်း ဘင်္ဘောကွဲ ကျေးရွာနှင့် ကျောက်ပန္ဒူ ကျေးရွာများရှိ လုံခြုံရေး စခန်းများမှ ရဲများက ဒေသခံ ရိုဟင်ဂျာ များကို အတင်း အဓမ္မ ခိုင်းစေလျက် ရှိပြီး၊ ရွာနှစ်ရွာမှ နေ့စဉ် ရွာသား ၁၅ ဦးစီ လုံခြုံရေး စခန်းများသို့ သွားရောက်၍ လုပ်အားပေး နေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ လုံခြုံရေး တပ်ဖွဲ့ဝင်များ ခိုင်းသည့် အလုပ်တိုင်းကို လုပ်ကိုင် ပေးနေရပြီး နားချိန်နှင့် စားချိန်ပင် မပေးသည့် အပြင် နံနက် ၈ နာရီ ကျော်လွန်၍ ရောက်ရှိပါက ရိုက်နှက်ခြင်း ခံရကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၈) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာသည် ဆယ်အိမ်မှူး ဦးနူရ်အာမတ်နှင့် အခြား ဆယ်အိမ်မှူး ၅ ဦးတို့နှင့် အတူ ဦးဇော်ကိရ်အာမတ် (ဘ) ဦးဇီယာဘူရာမန် (အသက် ၄၀ နှစ်) ကို ဘဘောင်္ကွဲကျေးရွာရှိ ယောက္ခမ ဖြစ်သူ ဦးမိုဟာမတ် ဆူအူရှု၏ အိမ်မှ ဖမ်းဆီးပြီး နွားရုံတွင် နွားများနှင့် အတူ ချည်နှောင်ထားခဲ့ပြီး ဧပြီလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်မှ အကြမ်းဖက်သမား များနှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ အင်းဒင် ရဲစခန်းသို့ အပ်နှံခဲ့သည်။ မိသားစုများက အင်းဒင် ရဲစခန်းမှ တောင်းသည့် ငွေကို ပေး၍ ရွေးမည်ဟု ဆိုကာ လိုက်သွားသော်လည်း အင်းဒင် ရဲစခန်းက မောင်တော ရဲစခန်းသို့ ပို့လိုက်သည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် မောင်တော ရဲစခန်းတွင် စုံစမ်းခဲ့သော်လည်း မရှိဟု ဖြေကြား ခဲ့ကြောင်း သိရှိရပါသည်။ မိသားစုများက ဦးဇော်ကီရ်အာမတ်ကို ရှာမတွေ့သေးသည့် အတွက် စိုးရိမ်လျက် ရှိပြီး၊ ဦးဇော်ကိရ်အာမတ်သည် ကျေးရွာတွင် လူအများ ကြည်ညိုလေးစားခြင်း ခံရသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ရွာသားများက ဦးဇော်ကိရ်အာမတ်ကို အုပ်ချုပ်ရေးမှူးထက် ပိုမို ယုံကြည် လေးစားသောကြောင့် ယခုကဲ့သို့ လုပ်ကြံခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧပြီလ (၁၃) ရက်နေ့ နေ့လည် ၂ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ ငါးခူရ ကျေးရွာ အခြေစိုက် တပ်ရင်း ၅၃၅ မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်လတ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ “မင်းတို့ သန်းခေါင်စာရင်းမှာ ဘာကြောင့် ရိုဟင်ဂျာလို့ ပြောခဲ့သလဲ၊ ရိုဟင်ဂျာ ဆိုတာ ဘာလဲ၊ ရိုဟင်ဂျာဆိုတာ ဘယ်မှာလဲ မင်းတို့ သိလား၊ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး၊ (၁၇) ရက်နေ့ နောက်ပိုင်းမှာ ရိုဟင်ဂျာ ဘယ်ရောက်မယ်၊ ရိုဟင်ဂျာလို့ ပြောတဲ့သူတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်မယ်၊ ရိုဟင်ဂျာလို့ ပြောတဲ့သူတွေကို ပစ်သတ်ခွင့် ရှိတယ်” ဟု ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် “မင်းတို့ နောက်ကွယ်က ဘယ်သူ ကြိုးကိုင် နေတယ် ဆိုတာ ငါတို့ အားလုံး သိတယ်၊ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ အိုဘားမား မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်ဘဲ၊ ငါတို့ကို လစာ ပေးနေတာ အိုဘားမား မဟုတ်ဘူး။ နိုင်ငံတော်က ပေးနေတာ၊ အဲဒီတော့ နိုင်ငံတော် အတွက် ငါတို့ ဘာမဆို လုပ်သွားမှာဘဲ” ဟု တပ်ရင်းမှူးက ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။




Rohingya Eye
RB News
16.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အထက်ပြူးမ ကျေးရွာမှ ငါးဖမ်းသမား ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင်အစွန်းရောက် နှစ်ဦးက ရိုက်နှက်၍ ငါးများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၂) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အထက်ပြူးမ ကျေးရွာမှ ငါးဖမ်းသမား တစ်ဦး ဖြစ်သည့် ကိုအီလီယာစ် (ဘ) ဦးအဒူလ္လာ (အသက် ၂၅ နှစ်) သည် ငါးဖမ်း၍ ပြန်လာစဉ် ရွာ၏ အနောက်ဘက်ခြမ်းရှိ ကန်အနီးသို့ အရောက်တွင် တုတ်နဲ့ ဓါးရှည်များ ကိုင်ဆောင် ထားသည့် ရခိုင်အစွန်းရောက် နှစ်ဦးက ရိုက်နှက်၍ လက်ထဲရှိ ငါးများကို လုယက် ယူသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရခိုင်အစွန်းရောက် နှစ်ဦး၏ ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် ကိုအီလီယာစ်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းထံ တိုင်ကြားခဲ့သော်လည်း စုံစမ်း စစ်ဆေး၍ အရေးယူ ဆောင်ရွက် ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ ကိုအီလီယာစ်၏ ဒဏ်ရာများကို မြင်တွေ့သည့် အုပ်ချုပ်ရေးမှူး ဦးဘသိန်း၏ ဖခင်က သနားကြင်နာ၍ ဆေးကုသ ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရွာအုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ၉၆၉ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်အစွန်းရောက် အုပ်စု တစ်စုဖြင့် ပူးပေါင်းပြီး ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် သင်္ကြန်ရက် အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
16.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာမှ ရိုဟင်ဂျာ လူငယ် လေးဦးကို အင်တာနက်တွင် သတင်းဖြန့်ချီသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး သုံးဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း တစ်ဦးကို အမှုဆင်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲအုပ် မြတ်ထွေးသည် ရဲတပ်ဖွဲ့ ၁၂ ဦး၊ ဆယ်အိမ်မှူး ၂ ဦးတို့နှင့် အတူ ကကျက်ဘက် ကျေးရွာရှိ ဦးရှုနာအလီ၏ နေအိမ်သို့ ၀င်ရောက်၍ ဦးရှုနာအလီ၏ သားလေးဦး ဖြစ်သူ (၁) မော်လ၀ီ အာရောဖ်အာမတ် (၂) ယာဆဲရ်အာရာဖတ် (၃) အလီအာရာဖတ်နှင့် (၄) မိုဟာမတ်ဂျဟာန်ဂိရ် တို့ကို အင်တာနက်တွင် သတင်းဖြန့်ချီသူများဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးရှုနာအလီ၏ နေအိမ်သို့ ၀င်ရောက်၍ မွှေနှောက် ရှာဖွေပြီး အိမ်ထောင်စုစာရင်းနှင့် အခြားသော အရေးကြီးသည့် စာရွက်စာတမ်းများကို ရဲအုပ်မြတ်ထွေးက သိမ်းဆည်း သွားခဲ့သည်။ ယင်းနေ့ ညနေ ၆ နာရီ အချိန်တွင် ဦးရှုနာအလီ ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူ၍ သားသုံးဦးကို ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ကျန်သည့် သားတစ်ဦး ဖြစ်သူ မော်လ၀ီ အာရောဖ်အာမတ်ကို အမှုဆင်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

မော်လ၀ီ အာရောဖ်အာမတ်သည် လွန်ခဲ့သည့် (၇) နှစ်က ဆေးအိုးကျ ကျေးရွာအုပ်စု ၀ါရကျွန်းရွာတွင် နေထိုင်ခဲ့ပြီး၊ ၎င်း၏ အိမ်ထောင်စု စာရင်းကို လက်ရှိ ကကျက်ဘက်ရွာသို့ တရားဝင် ပြောင်းရွှေ့ လာခဲ့သည်။ ရဲအုပ်မြတ်ထွေးက နေအိမ်ကို ၀င်ရောက် ရှာဖွေစဉ် အိမ်ထောင်စု စာရင်းနှင့် အခြားသော စာရွက်စာတမ်းများကို သိမ်းဆည်း လိုက်သဖြင့် အထောက် အထားမဲ့ ဘ၀သို့ တွန်းပို့ပြီး အမှုဆင်၍ ထောင်ချရန် စီစဉ် နေခြင်း ဖြစ်သည်။ အင်တာနက်တွင် သတင်းဖြန့်ချီ နေသည်ဟု စွပ်စွဲ ခဲ့သော်လည်း အထောက် အထား တစ်ခုမှ မရရှိသောကြောင့် ငွေညှစ်၍ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ယခု ကျန်သည့် တစ်ယောက်ကို အမှုဆင်ကာ ငွေကြေး အမြောက်အမြား ညှစ်ယူချင်သောကြောင့် ယခုကဲ့သို့ အမှုဆင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

မော်လ၀ီ အာရောဖ်အာမတ်သည် ကကျက်ဘက် ကံပြင်ရွာတွင် နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံ ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်လှသိန်းကို တောင်းဆို ခဲ့သော်လည်း ဦးမောင်လှသိန်းက မဟုတ်မမှန်သည့် အချက်အလက် များကို ရဲအုပ်မြတ်ထွေးသို့ ပေးပို့၍ ငွေညှစ်ရန် (သို့) ထောင်ချရန် ပူးပေါင်း ကြံစည် နေသည်ဟု ဒေသခံများက ဆိုသည်။




RB News
16.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာ အုပ်စု အခြေစိုက် လုံခြုံရေး စစ်ဗိုလ် တစ်ဦးက ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်မှ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာ အုပ်စု အခြေစိုက် တပ်ရင်း ၃၅၃ မှ လုံခြုံရေး စစ်ဗိုလ် တစ်ဦးသည် ဘဒကား ကျေးရွာ အုပ်စု၊ တောင်ဘဒကားရွာရှိ ဦးအေဒရီးစ် (ဘ) ဦးအဗ်ဒူမာလိခ်၏ နေအိမ်သို့ ၀င်ရောက်၍ ပစ္စည်းများ လုယက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အဲဒီ စစ်ဗိုလ်က ဦးအေဒရီးစ်ရဲ့ အိမ်ကို ၀င်တဲ့ အချိန်မှာ ဦးအေဒရီးစ်က အိမ်မှာ မရှိဘူး။ သူ့ရဲ့ ဇနီး ရှိပါတယ်။ စစ်ဗိုလ်က ဦးအေဒရီးစ်ရဲ့ ဇနီးကို လက်ဆွဲပြီး အိမ်ပြန်ထုတ်လိုက် ပါတယ်။ ပြီးတော့ အိမ်မှာရှိတဲ့ ဆိုလာပြား အကြီးကြီး တစ်ခု၊ ဘက်ထရီ တစ်လုံးနဲ့ ၀ါယာကြိုးခွေ တို့ကို ယူပြီး ထွက်သွားပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်ဗိုလ် လုယက်သွားသည့် ဆိုလာပြားမှာ ငွေကျပ် ၁၂၀၀၀၀ တန်ဖိုးရှိပြီး၊ ဘက်ထရီမှာ ငွေကျပ် ၂၅၀၀၀ တန်ဖိုးရှိကြောင်း သိရှိရပါသည်။

ဦးအေဒရီးစ်က အိမ်သို့ ပြန်လာပြီးနောက် ရွာအုပ်ချုပ်ရေးမှူးကို ၎င်းအိမ်မှ လုယက်ခံရသည့် ကိစ္စကို တိုင်ကြား ခဲ့ပြီး၊ ရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ၎င်း၏ ပစ္စည်းများကို ပြန်လည် ပေးအပ်ရန် စစ်ဗိုလ်ထံမှ တောင်းခဲ့သော်လည်း စစ်ဗိုလ်က ပြန်လည် ပေးခြင်း မရှိသည့်အပြင် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။

Rohingya Exodus