နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
5.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော ရဲစခန်းမှ နယ်ထိန်း အဖွဲ့ခေါင်းဆောင် ရဲအုပ်တိုးတိုးနှင့် အဖွဲ့က ဒေသခံ အချို့ကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် ရဲစခန်းမှ နယ်ထိန်း အဖွဲ့ခေါင်းဆောင် ရဲအုပ်တိုးတိုးနှင့် အဖွဲ့သည် မြို့မတောင် ရပ်ကွက် (အမှတ် ၂ ရပ်ကွက်)၊ အာလီရွာ လမ်းဘေးတွင် ထိုင်စကားပြောနေသည့် ဒေသခံများ ဖြစ်သည့် အေဇာဇုလ်ဟောက် (ဘ) ဦးအလီ (အသက် ၂၇ နှစ်)၊ ဟားဘိတ် (ဘ) ဦးအဘူဂျမီလ် (အသက် ၂၅ နှစ်)၊ ဂျမာလ် အပါအ၀င် လူငယ် (၇) ဦးတို့ကို လူ (၅) ဦးထက် ပိုစုခြင်းမှာ ပုဒ်မ ၁၄၄ ကို မလိုက်နာခြင်း ဖြစ်သည်ဟု ပြောဆို၍ ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင် သွားကာ ငွေကျပ် (၁၀) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရဲအုပ်တိုးတိုးနှင့် အဖွဲ့သည် ည ၁၁ နာရီ ကျော်အချိန်တွင် စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ များနှင့် အတူ မြို့မကညင်တန်း ကျေးရွာ အုပ်စု ဒိလ်ဖာရာသို့ ၀င်ရောက်ပြီး ပန်းရံဆရာ ဦးအာဘူကာလာမ်၏ နေအိမ်ကို ရှာဖွေခဲ့ပြီး၊ အိမ်ရှင် ဖြစ်သူ ဦးအာဘူကာလာမ်ကို တရားမ၀င် ဖုန်းကိုင်ဆောင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ တဖန် ဦးနူရ်ဟူစိန်း၏ နေအိမ်မှ သားမက် ဖြစ်သူ ဦးဆုလ်တာန်ကို ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

ရဲအုပ်တိုးတိုးနှင့် အဖွဲ့သည် ဦးအာဘူကာလာမ် ထံမှ ငွေကျပ် (၄) သိန်း ညှစ်ယူပြီး ချက်ချင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးဆုလ်တာန်ကို အမှုဖွင့် အရေးယူခဲ့ရာ၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် တရားရုံးက ဒဏ်ငွေ (၇) သောင်း ပေးဆောင် စေပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
5.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ  ကျေးရွာမှ ကျွဲဝယ်ယူသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က မတရားသဖြင့် ဖမ်းဆီး၍ ငွေကျပ် (၁၈) သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဦးအာဘူကာလာမ်သည် ကျောက်ပန္ဒူ ကျေးရွာ (ရှိတာဖ်) သို့ သွားရောက်ပြီး ၎င်းရွာမှ ဦးအဒူဟာကီးမ်နှင့် ဦးမိုဟာမတ် ရှောဘူတို့ထံမှ ကျွဲ (၇) ကောင်ကို ငွေကျပ် ၄၉ သိန်းဖြင့် ၀ယ်ယူခဲ့သည်။ ထို့နောက် ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းကို အကြောင်းကြားပြီး ကျွဲတစ်ကောင်လျှင် ငွေကျပ် ၂၀၀၀ နှုန်းပေး၍ သယ်ယူခွင့် ရယူခဲ့သည်။

ဦးအာဘူကာလာမ်က ကျွဲများကို ၎င်း၏ ရွာသို့ သယ်ဆောင်သွား နေစဉ် အင်းဒင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့ကို အကြောင်းကြားရန် ပျက်ကွက်သည်ဟု ဆိုကာ ကျွဲများနှင့် အတူ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအာဘူကာလာမ်ကို နိုဝင်ဘာလ (၄) နံနက် ၁၁ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် (၁၈) သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးအာဘူကာလာမ်သည် ကျောက်ပန္ဒူ၊ အင်းဒင်၊ သ၀န်ချောင်း စသည့် ကျေးရွာများမှ ကျွဲ၊ နွားများ ၀ယ်ယူ၍ အလယ်သံကျော်နှင့် မောင်တောမြို့ပေါ်တွင် ပြန်လည် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။


Watch live streaming video from webshare at livestream.com


RB News
4.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကုန်သွယ် လယ်ယာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ မဖြန့်မှီ ကြိုတင်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉ နာရီခွဲခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ ကုန်သွယ် လယ်ယာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ မဖြန့်မှီ၊ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်းနှင့် မောင်တောမြို့မှ စီးပွားရေး သမား အယောင်ဆောင် အစွန်းရောက်များ ဖြစ်ကြသည့် မောင်မောင်၊ ခင်မောင်ရွှေနှင့် ခင်အောင်ရွှေ တို့သည် ဘူးသီးတောင် မြို့နယ်ရှိ ရခိုင် အမျိုးသားပါတီ (ANP) ရုံးတွင် အစည်းအဝေး တစ်ရပ် ကျင်းပ၍ ကြိုတင် ပြင်ဆင် ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ယင်းနေ့ ည ၉ နာရီခွဲခန့်မှ စ၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြည်ပရှိ အသံလွှင့် မီဒီယာများနှင့် ပြည်တွင်း မီဒီယာများသို့ သတင်း ပေးပို့၍ အမှန်တကယ် ပေါက်ကွဲ သယောင် ပြုလုပ်ပြီး၊ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ အောက်တိုဘာလ (၃၁) ရက်နေ့ မတိုင်မှီ ၃ ရက်ခန့်မှ စ၍ မြို့နယ် အတွင်း လျှပ်စစ်မီး များကို ဖြတ်တောက် ထားခဲ့ပြီး၊ တယ်လီဖုန်းလိုင်း များဖြင့်လည်း ကောင်းမွန်စွာ ဆက်သွယ်၍ မရခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုလျက် ရှိသည့် နေရာ အနီးတွင် အစိုးရ ဌာနဆိုင်ရာ ရုံးများနှင့် ရခိုင်လူမျိုးများ ပိုင်ဆိုင်သည့် ဆိုင်များသာ ရှိပြီး၊ ဆိုင် (၅) ဆိုင်သာလျှင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်များ ဖြစ်ပြီး၊ ၎င်းဆိုင်ရှင် များမှာလည်း ထိုနေရာနှင့် ဝေးလံသည့် နေရာများ နေထိုင်ကြောင်း သိရှိရပါသည်။ ညအချိန်ဖြစ်ပြီး ညမထွက်ရ အမိန့် အချိန် မရောက်သေးသော်လည်း လက်နက်ကိုင် အာဏာပိုင်များက မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်လေ့ ရှိသောကြောင့် ရိုဟင်ဂျာများ လမ်းသွားလမ်းလာ မပြုလုပ်သော အချိန်ဖြစ်ပါသည်။

ဗုံးပေါက်ကွဲသည်ဟု သတင်းဖြန့် ထားသည့် နေရာ အနီးတွင် ရခိုင် လူမျိုးပိုင် လဘက်ရည်ဆိုင် တစ်ဆိုင် ရှိပြီး၊ ၎င်းဆိုင်ကို နေ့ည ဖွင့်လှစ် ရောင်းချကြောင်း သိရှိရပါသည်။ ထိုနေရာ အနီးတွင် လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်းနှင့် မင်းမင်း ဆိုသူ၏ ဆိုင်များ ရှိပြီး၊ ဦးဇော်လင်းက ၎င်း၏ စီးပွားပြိုင်ဘက် ဖြစ်သူကို အကွက်ဆင်၍ ထိုးနှက်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု လုပ်ကြံမှု ဇတ်လမ်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်း၏ စီးပွားပြိုင်ဘက် ဖြစ်သူ ဦးမာမတ်ဒူလ္လာနှင့် အခြား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဦးအာဘာရ်မျာ၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ဦးအာဘူအာမတ် (ဘ) ဦးဘော်ရှော်ရ် တို့ကို ထပ်မံ ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး အတင်း အဓမ္မ ၀န်ခံခိုင်း နေကြောင်း ဘူးသီးတောင် မြို့နယ် ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်း သိရှိရပါသည်။ ဖမ်းဆီးခံ ထားရသည့် အပြစ်မဲ့ များကို မိသားစုများနှင့် တွေ့ဆုံခွင့် မပေးကြောင်း သိရှိရပါသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေမှ ပြည်ပ အခြေစိုက် အသံလွှင့် မီဒီယာများကို ပြောဆိုသည့် ဘင်္ဂလား ဆင်းမ်ကဒ် ဖမ်းဆီးရမိသည် ဆိုသည်မှာလည်း လုပ်ကြံ၍ ဖမ်းဆီးခြင်းသာ ဖြစ်ပြီး၊ အခြားသော ၀ါယာများ ရရှိသည်ဆိုမှာလည်း ကွန်ပျူတာ ဆိုင်ရှိ ကွန်ပျူတာနှင့် ဆိုင်သည့် ပစ္စည်းများမှ ၀ါယာများကို လုပ်ကြံ၍ ပြောခြင်းသာ ဖြစ်သည်ဟု ဒေသခံ များက RB News သို့ပြောပါသည်။

မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက်များ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို မတရား သဖြင့် ထောင်ချမည်ကို ဒေသခံများက အထူး စိုးရိမ်လျက် ရှိကြသည်။



ဟားဗတ် တက္ကသိုလ်တွင် ရိုဟင်ဂျာအရေး ညီလာခံ ကျင်းပနေစဉ် တိုက်ရိုက်ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာ

RB News
3.11.2014

အမေရိကန်ပြည်ထောင်စု၊ မက်ဆားချူဆက် ပြည်နယ်၊ ကမ်းဘရစ်ခ်ျမြို့ရှိ ဟားဗတ် တက္ကသိုလ်တွင် နိုဝင်ဘာလ (၄) ရက်နေ့ နေ့လည် ၃ နာရီမှ ၆ နာရီထိ (မြန်မာ စံတော်ချိန် နိုဝင်ဘာလ (၅) ရက်နေ့ နံနက် ၂း၃၀ နာရီ) ကျင်းပမည့် ရိုဟင်ဂျာအရေး ညီလာခံကို အောက်ပါ အင်တာနက် စာမျက်နှာမှ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။





RB News
2.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် (၃၇၈) အမြောက်တပ်မှ ဒေသခံ ရိုဟင်ဂျာများကို အတင်းအဓမ္မ ပေါ်တာဆွဲ၍ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) စစ်ဗျူဟာ (အခြေချ) လက်အောက်ခံ အမှတ် (၃၇၈) အမြောက်တပ်မှ တပ်ရင်းမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး နေ၀င်း၏ အမိန့်အရဟု ဆိုကာ တပ်ကြပ်ကြီး မြင့်အေးသည် အောက်တိုဘာလ (၁၃) ရက်နေ့မှ စ၍ တပ်ရင်း အနီးရှိ လက်ဝဲဒက် ပုဇွန်ချောင်း၊ ကျောက်ဖြူတောင် ကျေးရွာများသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ပေါ်တာဆွဲ၍ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နေ့စဉ် နေ့တိုင်း လူပေါင်း (၄၀) ဦးခန့်ကို ကျွန်ဖမ်းသလို ဖမ်းဆီး၍ ဒေသခံ ရိုဟင်ဂျာ လယ်သမားများ ထံမှ အတင်း အဓမ္မ သိမ်းယူထားသည့် လယ်ယာမြေများ၌ လည်းကောင်း၊ တပ်ရင်း အတွင်းရှိ လုပ်ငန်း များတွင် လည်းကောင်း အတင်း အဓမ္မ စေခိုင်းမှုများ ပြုလုပ်နေသည့် အပြင် ညှဉ်းပန်း နှိပ်စက်မှုများပင် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

လုပ်အားခ မပေးဘဲ အလကားရသည့် ကျွန်များသဖွယ် ခိုင်းစေသည့် အပြင်၊ အစာရေစာ မကျွေးသော်လည်း ကိုယ်ပိုင် အစားအစာများကိုပင် စားခွင့် မပေးခြင်း၊ နားချိန်မပေးဘဲ တောက်လျှောက် ညဥ့်နက်သည့် အထိ ခိုင်းစေခြင်း၊ အလုပ်မလုပ်နိုင်သူ များကို ထိုးကြိတ်၍ ရိုက်နှက်ခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း သိရှိရပါသည်။

တပ်ရင်းအတွက် ငွေကျပ် သိန်း ၇၀ ကျော် အမြတ်ငွေ ရရှိမည့် ဆောင်းသီးနှံ စိုက်ဧက ၁၀၀ တွင် ဒေသခံ ရိုဟင်ဂျာများ လာရောက်၍ လုပ်အား မပေးပါက ရွာသားများကို မနေနိုင်အောင်၊ ဘင်္ဂလားဒေ့ရှ်ထိ ထွက်ပြေးရအောင် ပြုလုပ်မည်ဟု တပ်ကြပ်ကြီး မြင့်အေးက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တပ်ကြပ်ကြီး မြင့်အေး ဆိုသူသည် တပ်ရင်းမှူးနှင့် ဝေစားမျှစား လုပ်နေသူ တစ်ဦး ဖြစ်ပြီး၊ တပ်ရင်း၏ အနီးအနားရှိ ရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်းပြီး ငွေညှစ်လေ့ ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတင်း အဓမ္မ ခိုင်းစေမှု မရှိဟု ကြေညာထားသော်လည်း မောင်တော ခရိုင်ရှိ တပ်ရင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အတင်း အဓမ္မ ခိုင်းစေမှုကို နေ့စဉ် ကျူးလွန်လျက် ရှိသော်လည်း နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်ရမည့် မူဝါဒကြောင့် ဥပဒေမဲ့ လုပ်ရပ်များကို ခွင့်ပြု ထားသည်ကို တွေ့ရှိရပါသည်။



Rohingya Eye
RB News
1.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ အုပ်စု၊ ရေဘော်ကျားရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးကို တရားမ၀င် လျှပ်စစ် ပစ္စည်းများ ရောင်းဝယ် ဖောက်ကား နေသည်ဟု စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့များက ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၅) ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ အုပ်စု၊ ရေဘော်ကျားရွာသို့ နယ်မြေ (၂) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ ဦးဖဲတာန်အလီ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၃၅ နှစ်) နှင့် အခြားသော ဒေသခံ ရိုဟင်ဂျာ ရွာသား (၁၀) ဦးကို တရားမ၀င် လျှပ်စစ် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားလျက် ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ များမှာ လျှပ်စစ် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားလျက် ရှိသော်လည်း၊ ၎င်းပစ္စည်းများမှာ နိုင်ငံခြားမှ တရားဝင် တင်သွင်းလာသည့် ပစ္စည်းများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကိုလည်း ရောင်းဝယ် ဖောက်ကားခွင့် အတွက် လစဉ် ဆက်ကြေး ပေးနေသော်လည်း ယခုအခါ ငွေကြေး မြောက်မြားစွာ လိုချင်၍ တရားမ၀င် ပစ္စည်းများ ရောင်းဝယ်နေသည်ဟု စွပ်စွဲ ပြောဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ယခုကဲ့သို့ ဖမ်းဆီး ထားခြင်းသည် ဥပဒေနှင့် မညီညွတ်သော်လည်း အောက်တိုဘာလ (၂၇) ရက်နေ့က မြို့နယ် တရားရုံးက ရီမန် ထုတ်ပေးခဲ့သည့် အတွက် ၎င်းတို့ကို မောင်တောမြို့ ၄ မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ဆက်လက် ချုပ်နှောင် ထားပြီး၊ မိသားစုများနှင့် တွေ့ဆုံခွင့် မပေးကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသူ များမှာ --

(၁) ဦးဆွေဒူရာမန် (ဘ) ဦးအာဘူဟူဆောင်း (အသက် ၄၇ နှစ်) - တမန်းသားရွာမှ
(၂) ဦးဖဲတာန်အလီ (ဘ) ဦးနော်ဇိရ်ဟူဆောင်း (အသက် ၃၅ နှစ်) - ခမောင်းဆိပ်ရွာမှ
(၃) ဦးမာတာလောမ် (ဘ) ဦးနော်ဇိရ်ဟူဆောင်း (အသက် ၃၀ နှစ်) - ခမောင်းဆိပ်ရွာမှ
(၄) ဦးဇော်လာလ် (ဘ) ဦးမူခ်တူလ်ဟူဆောင်း (အသက် ၃၆ နှစ်) - လိုင်သီရွာမှ
(၅) အဒူဆော်ဖီ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၂၃ နှစ်) - လိုင်သီရွာမှ
(၆) မာမတ်ရှော်ဖိခ် (ဘ) ဦးအာမတ်ဟူစိန်း (အသက် ၁၆ နှစ်) - လိုင်သီရွာမှ
(၇) ကိုဆာဂျန် (ဘ) ဦးဆလာမောက် (အသက် ၂၀ နှစ်) - လိုင်သီရွာမှ
(၈) ဦးအဒူကော်ရီးမ် (ဘ) ဦးဆလာမောက် (အသက် ၃၀ နှစ်) - လိုင်သီရွာမှ
(၉) ဦးမာတာလောမ် (ဘ) ဦးတာန်ဒါမျာ (အသက် ၃၅ နှစ်) - လောင်းဒုံး အုပ်စုမှ
(၁၀) ရှော်ဖိခ် (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၂၁ နှစ်) - လောင်းဒုံးအုပ်စုမှ
(၁၁) အာဘူကာလာမ် (ဘ) ဦးဂူရာမျာ (အသက် ၁၅ နှစ်) - လောင်းဒုံးအုပ်စုမှ -- တို့ဖြစ်ပါသည်။



RB News
1.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဗုံးဖောက်ခွဲသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို မတရား သဖြင့် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ဘူးသီးတောင် မြို့နယ် ကုန်သွယ် လယ်ယာ ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ဆိုကာ ရခိုင် အစွန်းရောက် များက ရဲတပ်ဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာများသို့ သတင်း ပေးပို့ခဲ့သည်။ ထို့အပြင် ပြည်တွင်း မီဒီယာများကိုလည်း သတင်း ဖြန့်ဝေခဲ့သည်။

ရခိုင် အစွန်းရောက်များ ဖြန့်ဝေသည့် ဗုံးပေါက်ကွဲမှု သတင်းနှင့် ပတ်သက်၍ ဘူးသီးတောင် မြို့နယ် အခြေစိုက် စစ်ဗျူဟာနှင့် တပ်မတို့က မသိရှိကြောင်း စုံစမ်း သိရှိရပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုနေသည့် ကုန်သွယ် လယ်ယာရုံး ဘေးပတ်လည်တွင် တပ်မကြားစခန်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ရိပ်သာ၊ မ.က.ပ ရုံး၊ စ.ရ.ဖ ရုံးနှင့် အထူး သတင်းတပ်ဖွဲ့ (SB) ရုံးများ ရှိပြီး ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များ မရှိသည့် အပြင် ညပိုင်းတွင် မည်သည့် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်မှ အသွားအလာ မပြုလုပ်ကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အထူး သတင်း တပ်ဖွဲ့၊ ကုန်သွယ် လယ်ယာရုံး၊ လ.၀.က နှင့် ရဲများ ပူးပေါင်း၍ ရသေ့တောင် မြို့နယ်မှ လက်ပစ်ဗုံး ပြုလုပ်ရာတွင် ကျွမ်းကျင်သူများကို ခေါ်ယူလာပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ပစ်ဗုံး ပြုလုပ်နည်း သင်တန်းများ ပို့ချလျက် ရှိကြောင်း ဒေသခံများမှ တဆင့် စုံစမ်း သိရှိရပါသည်။

အဆိုပါ သင်တန်းကို လ.၀.က ဒု-ဦးစီးမှူး (ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ) ဦးဇော်လင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲအုပ် မြတ်ထွေး၊ မြို့မ စခန်းမှူး ဦးတင်လှ၊ ဦးမောင်လှိုင်စိုးနှင့် ဒုရဲအုပ်ဟောင်း ဦးကျော်လှ တို့က ဦးဆောင်၍ တပ်မနှင့် စစ်ဗျူဟာတို့ မသိအောင် ပို့ချလျက် ရှိသည်ဟု ဆိုသည်။

သင်တန်းပို့ချ နေသည့် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သင်တန်းသားများ အချင်းချင်းကြား ပြောဆိုနေမှုကို ကြားသိခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြောဆိုနေသည့် နေရာမှာ ဒေသခံ ရိုဟင်ဂျာများနှင့် ဝေးကွာနေသည့် နေရာ ဖြစ်သောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ အဆိုပါ ပေါက်ကွဲမှု အသံကို မကြားခဲ့ရဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လ.၀.က ဒု-ဦးစီးမှူး၊ ကွန်ပျူတာဆိုင် ဖွင့်လှစ် ရောင်းချနေသူ ဦးဇော်လင်းက ရဲများနှင့် ပူးပေါင်း၍ ၎င်း၏ စီးပွား ပြိုင်ဘက် ဖြစ်သူ ကွန်ပျူတာ ဆိုင်ရှင် ဦးမာမတ်ဒူလ္လာ (ဘ) ဦးအီဆုပ်ဇော်လာလ်နှင့် အခြား (၂) ဦးကို နိုဝင်ဘာလ (၁) ရက်နေ့ နံနက် ၈ နာရီကျော်တွင် ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၈) နာရီကျော် အချိန်တွင် ဦးမာမတ်ဒူလ္လာ၏ ဆိုင်ကို ရဲအုပ်မြတ်ထွေးနှင့် အဖွဲ့ရောက်ရှိ လာပြီး၊ ဦးမာမတ်ဒူလ္လာနှင့် အခြား (၂) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး၊ နေ့လည် ၂ နာရီ အချိန်တွင် ဦးမာမတ်ဒူလ္လာ၏ ဆိုင်သို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဘင်္ဂလား မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ခု ဆိုင်ထဲတွင် ထား၍ ဆိုင်အတွင်းမှ ဘင်္ဂလား ဆင်းမ်ကဒ် ရသည်ဟု ဆိုကာ ဆိုင်မှ အလုပ်သမား တစ်ဦးကို ထပ်မံ ဖမ်းဆီး သွားခဲ့သည်။

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ ဘူးသီးတောင်မြို့မှာ ရှိတဲ့ ရဲတွေရဲ့ အိတ်ထဲမှာ WY ဆေးပြား၊ ဆေးခြောက်နဲ့ ဘင်္ဂလား ဆင်းမ်ကဒ်တွေ အမြဲရှိတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို အဲဒါတွေနဲ့ အကွက်ဆင် ဖမ်းပြီး ငွေညှစ်တယ်၊ ရိုက်နှက် နှိပ်စက်မှုတွေ လုပ်တယ်။ ငွေမပေးနိုင်တဲ့ သူတွေကို အမှုဆင်ပြီး ထောင်ချတယ်။ အခုလည်း ဆိုင်ထဲက ဘင်္ဂလား ဆင်းမ်ကဒ် ရတယ်ဆိုပြီး အလုပ်သမား တစ်ယောက်ကို ဖမ်းသွားတာပါ” ဟု RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုလျက် ရှိပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ထားသော်လည်း၊ ကုန်သွယ် လယ်ယာရုံး အနီး ပတ်ဝန်းကျင်တွင် နေထိုင်သည့် ရခိုင်လူမျိုး များ၏ နေအိမ်များကို စစ်ဆေးခြင်း လုံးဝ မရှိဘဲ၊ အနေဝေးသည့် ဒေသခံ ရိုဟင်ဂျာများကို တမင် ပစ်မှတ် အဖြစ် ထား၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

မတရား စွပ်စွဲ ဖမ်းဆီးခံထားရသူ ဦးမာမတ်ဒူလ္လာနှင့် အခြား (၃) ဦးကို မြို့နယ် ပြည်သူ့ ဆေးရုံသို့ ခေါ်ဆောင် သွားပြီး၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးသည့် အချိန်တွင် ဗုံးနှင့် သက်ဆိုင်သည့် မည်သည့် ပစ္စည်း တစ်စုံတစ်ရာ သိမ်းဆည်း မရခဲ့သော်လည်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေက ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွင် ဗုံးနှင့် ပတ်သက်သည့် သက်သေခံ ပစ္စည်းများ ရရှိခဲ့သည်ဟု လိမ်ညာ၍ ပြောဆိုခဲ့သည်။

ရခိုင် အစွန်းရောက်များ၊ မြို့နယ် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ပုဒ်မ ၁၄၄ ကို မရုပ်သိမ်း စေရန်၊ တည်ငြိမ်နေသော မြို့နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြား လာစေရန်၊ အေးချမ်းစွာ နေထိုင်နေသည့် ဒေသခံ ရိုဟင်ဂျာများ အပေါ် ပြည်ထောင်စု အစိုးရမှ အယုံအကြည်မဲ့ လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တမင် ဖန်တီးခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။




MYARF
RB News
31.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက နယ်မြေရုံး ခြံစည်းရိုး ကာရန်အတွက် ဒေသခံများထံမှ အတင်းအဓမ္မ တောင်းခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက နယ်မြေရုံး ခြံစည်းရိုး ကာရန် အတွက် အလယ်သံကျော်၊ ကံပူးနှင့် ၀ါးချ ကျေးရွာ အုပ်စုများရှိ ဒေသခံ ရိုဟင်ဂျာများထံမှ အိမ်ထောင်စု တစ်စုလျှင် သစ်သားတိုင် ၁၀ တိုင်စီ ကောက်ခံပေးရန် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို အမိန့်ပေးခဲ့သည်။

ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များက နယ်မြေမှူး၏ အမိန့်အတိုင်း ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများကို ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ သစ်သားတိုင် ၁၀ တိုင်စီ ပေးရန် အတင်း အဓမ္မ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယခုအချိန်တွင် ဒေသခံများမှာ တောင်ပေါ်သို့ သွားရောက်၍ သစ်မခုတ်နိုင်သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တောင်းခံသည့် သစ်သားတိုင်များ ပေးရန် အခက်ကြုံလျက် ရှိကြသည်။ သွားလာရေး ကန့်သတ် ပိတ်ပင် ထားခံရသည့် ဒေသခံများ စားသောက်ရန်ပင် ခက်ခဲလျက် ရှိချိန်တွင် အုပ်ချုပ်ရေးမှူးများက သစ်သားတိုင် ၁၀ တိုင် မပေးနိုင်လျှင် တိုင်တစ်တိုင်လျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ငွေကျပ် ၇၀၀၀ ပေးရန် ဖိအားပေး နေကြောင်း ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံး၏ ခြံစည်းရိုး ကာရန် အတွက် နိုင်ငံတော်၏ ငွေကြေးဖြင့် စီမံရမည် ဖြစ်သော်လည်း ဒေသခံ ရိုဟင်ဂျာများ ထံမှ လိုင်စင်ရ ဓါးပြများ သဖွယ် တောင်းခံလျက် ရှိနေခြင်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန်မှာ နယ်မြေ လုံခြုံရေး အတွက်သာ ဖြစ်သော်လည်း ၎င်းတို့သည် နယ်မြေတွင်းတွင် လိုင်စင်ရ ဓါးပြများ ကဲ့သို့ ပြုမှုလျက် ရှိသည်။



Rohingya Eye
RB News
30.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လွန်ခဲ့သည့်လမှ စ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို တဖက်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့ရာ၊ ဖမ်းဆီးခံထားရသူ များထဲမှ ၁၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်စခန်းများမှ စစ်သားများသည် လွန်ခဲ့သည့်လမှ စ၍ ရွာများထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို တဖက်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ လုပ်ကြံ ဖမ်းဆီးခံထား ရသူများထဲမှ (၁၇) ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ များကို တရားခွင်တွင် ချေပနိုင်ရန် အတွက် ရှေ့နေ ငှားရမ်းခွင့် မပေးဘဲ၊ မတရား သဖြင့် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းသာ ဖြစ်သည်။ တရားခွင်တွင် အပြစ်မဲ့သော်လည်း တရားခံ ဖြစ်နေရသူ တစ်ဦး ဖြစ်သော ဗန္ဓုလ ကျေးရွာမှ ဦးမူဖီဇူရာမန် (ခ) ကျော်မြင့် (ဘ) ဦးဘာဆာမျာ (အသက် ၄၂ နှစ်) က “မိမိသည် တဖက်နိုင်ငံသို့ မည်သည့်အခါကမှ သွားရောက်ဖူးခြင်း မရှိသလို၊ ယင်းနိုင်ငံကို မြင်လည်း မြင်ဖူးခြင်း မရှိကြောင်း” ပြောဆိုသော်လည်း၊ တရားသူကြီးက “မင်းတို့ နယ်စပ်မှာ နေတဲ့အတွက် အခုလို ထောင်ချရတာ ဖြစ်တယ်” ဟုသာ ပြန်လည် ဖြေဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အပြစ်မဲ့ ရိုဟင်ဂျာ (၁၇) ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်လိုက်သော်လည်း တရားလို အဖြစ် တရားစွဲဆိုခဲ့သော နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ၎င်းတို့ စွပ်စွဲသည်ကို သက်သေပြရန် မည်သည့် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ၊ တရားသူကြီးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ၎င်းတို့ လက်ဝယ်ရှိ အာဏာဖြင့် မတရားသဖြင့် ထောင်ချလိုက်ခြင်း ဖြစ်သည်။

အခြားသော အပြစ်မဲ့ ရိုဟင်ဂျာ (၆) ဦးကိုလည်း ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆို ထားသဖြင့် မိသားစုများက အထူး စိုးရိမ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

အာဏာပိုင်များက ဖမ်းဆီးထားသူ များကို မိသားစုနှင့် တွေ့ဆုံခွင့် မပေးသလို၊ တရားခွင်သို့လည်း မိသားစုများကို လာရောက်၍ ကြားနာ စစ်ဆေးမှုကို နားထောင်ခွင့် မပေးကြောင်း သိရှိရပါသည်။



အင်ကြင်းနိုင်
30.10.2014

၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ၊ ဥပဒေသစ် ပြဌာန်းမှုတွေနဲ့ အတူ ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ အခုထိ မလျော့ပါး သေးတာ အတွက် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လကနေ ၂၀၁၄ ခုနှစ် သြဂုတ်လ အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာကို ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က တင်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိပေမဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု၊ အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ပြန်ပြီး ဖြစ်ပေါ်စေခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မစ္စတာ ဗွီဂျေး နမ်ဘီးယားက ထောက်ပြ ပြောဆိုသွားတာပါ။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအရ ကွဲပြားမှုဟာ အတော်လေး နက်ရှိုင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကြီးမားလာခဲ့သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေရဲ့ အခြေအနေဟာ အတော်လေးကို ပြင်းထန်ဆိုးရွားတဲ့အဆင့် ရောက်နေတာမို့ အထူးစိုးရိမ်မိကြောင်း ပြောသွားပါတယ်။ အခုလို အခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရက ရခိုင် Action Plan စီမံကိန်း ရေးဆွဲခဲ့တာကို တွေ့ရပြီး ဒီစီမံကိန်းဟာ ကောင်းမွန်တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ဒါပေမဲ့လို့ တတိယကော်မတီ အစည်းအဝေးမှာ ကိုယ်တိုင် တက်ရောက်နားထောင်ခဲ့တဲ့ မြန်မာနဲ့ နိုင်ငံတကာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ဦးဆောင်လှုပ်ရှားနေသူ မဝေေ၀နု ကတော့ ဒီစီမံကိန်းမှာ တရားမျှတမှုရှိတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“သူပြောသွားတာ မဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့လည်း ပြန်ကြည့်ရမှာက ရေရှည်အတွက် တည်မြဲမယ့် အဖြေမျိုးဖြစ်ဖို့လိုတယ်။ Rakhine Action Plan မှာ တကယ်ပဲ အဲ့ဒါ ရနိုင်မလားဆိုတာကို ကျမတို့ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဒီ Rakhine Action Plan ဆိုပြီး ချပြီးတော့ အစိုးရတင်သွင်းလာတဲ့ကိစ္စဟာ တကယ်ပဲ ဒီလူတွေအတွက် တရားမျှတမှု ရှိမလား။ မျှတတဲ့အဖြေ၊ တရားတဲ့အဖြေ ဖြစ်မလားဆိုတဲ့ဟာလည်း အရေးကြီးပါတယ်။ နောက်ပြီးတော့ အဲ့ဒီ Action Plan တခုလုံးကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား ဆိုတဲ့ဟာကိုလည်း ဆန်းစစ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တကယ့် Stakeholder တွေ သူတို့ ထည့်သွင်းပြီးတော့ လုပ်ဆောင်တာမျိုး မတွေ့ရဘူး။ အစိုးရက သူ့ဟာနဲ့သူ ဒီဟာကို ရေးဆွဲပြီးမှ နောက်ဆုံးမှာ တချို့ NGO တွေ၊ UN အေဂျင်စီတွေနဲ့ Concern လုပ်ပြီးတော့ ဒါကို သူတို့ အတည်ပြုချင်တဲ့ သဘောမျိုးမှာ တွေ့ရတယ်။ ဆိုတော့ အဓိက Stakeholder ဖြစ်တဲ့ ရခိုင် Community နဲ့ ရိုဟင်ဂျာ Community နှစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ပါသင့်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့ ဒါ တဘက်သတ် တင်သွင်းတဲ့ Action Plan ဖြစ်မယ်။ ဒီ Action Plan ရဲ့ Process တခုချင်းစီမှာလည်း အများကြီး လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်။ နောက်ပြီး တကယ်လို့သာ အတင်းအဓမ္မ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ပြဿနာတွေ ဆိုးရွားလာနိုင်စရာ ရှိပါတယ်။”

မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်နေတာ တွေ့ရပြီး လွှတ်တော်ကနေ ဥပဒေသစ်တွေ ပြဌာန်းပေးနိုင်ခဲ့သလို ဒီဥပဒေတွေဟာ မြန်မာ့အသွင် ကူးပြောင်းရေးအတွက် လိုအပ်ချက်တွေ၊ တာဝန်ယူမှုတွေကို အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။ နောက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ ရှိနေပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးအတွက် မူဘောင်တွေ ချမှတ် တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာကိုလည်း ထည့်သွင်းပြောသွားပါတယ်။

မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ဗွီဂျေး နမ်ဘီးယားရဲ့ ပြောဆိုချက်တွေဟာ အချိန်စောနေသေးတယ်လို့ မဝေေ၀နုက ပြောပါတယ်။

“Special Advisor က ကျမတို့ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောသွားဘူး။ ဒီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ နောက် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံနေရမှုတွေ၊ ဒီတိုင်းရင်းသားဒေသတွေမှာ ဒါတွေကိုလည်း သူ ဘာမှ Highlight မပြောသွားသလို၊ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍတွေကိုလည်း သူ ဘာမှ မပြောသွားဘူး။ နောက်တခါ လယ်ယာမြေသိမ်းဆည်းရေး ပြဿနာတွေ အကြီးအကျယ်ဖြစ်နေတယ် တတိုင်းပြည်လုံးနီးပါး။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်တယ်။ လယ်သမားတွေ အများကြီး ဒုက္ခရောက်နေပါတယ်။ ဒီကိစ္စကိုလည်း သူ Highlight လုပ်သွားတာ မတွေ့ရဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်လို့ ပြောပေမဲ့လည်း ထပ်ထပ်ပြီး ဖမ်းတဲ့ဟာတွေ၊ ပြန်ပြန်ပြီး ဖမ်းတဲ့ဟာတွေ၊ အဲ့ဒါတွေ အများကြီးကို ကျမတို့ တွေ့ရတယ်။ တကယ်တမ်း ထုတ်ဖော်စည်းဝေးခွင့်တွေ ခုန ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း ခံထားရတာတွေကိုလည်း ပိုပြီး Highlight လုပ်ဖို့ ကောင်းတယ်ပေါ့နော်။ ဒီလို Report မျိုး တင်မယ်ဆိုရင် ပိုပြီးတော့ ကျမတို့ Civil Society အောက်ခြေမှာရှိတဲ့လူတွေ ပိုပြီးတော့ Consult လုပ်သင့်တယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသင့်တယ်၊ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောသွားပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဟာ အစိုးရရုံးဆိုက်ရာ နေပြည်တော်မှာ ဒေသတွင်း အာဆီယံ အစည်းအဝေးတွေအပြင် နိုင်ငံတကာ အစည်းအဝေးတွေကိုလည်း အောင်အောင်မြင်မြင် ဦးစီးကျင်းပပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ အပါအ၀င် အခြားဖွံ့ဖြိုးရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဌာန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအေဂျင်စီနဲ့ ရန်ပုံငွေထောက်ပံ့ရေး အစီစဉ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ တွေ့ရပြီး ကုလသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံနဲ့ အနီးကပ်လက်တွဲပြီး ဆက်လက် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ပြောဆိုသွားပါတယ်။



RB News
30.10.2014

ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ် တစ်ခု ဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ မက်ဆားချူဆက် ပြည်နယ်၊ ကမ်းဘရစ်ခ်ျမြို့ရှိ ဟားဗတ် တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး အရေးနှင့် ပတ်သက်၍ ညီလာခံ တစ်ရပ်ကို လာမည့် နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ညီလာခံကို နိုဝင်ဘာလ (၄) ရက်နေ့ နေ့လည် ၃ နာရီမှ ညနေ ၆ နာရီထိ ကျင်းပမည် ဖြစ်ပြီး၊ Harvard Global Equity Initiative မှ ဦးဆောင် ကြီးမှူး၍ ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။

တငွေ့ငွေ့ လောင်ကျွမ်းနေသည့် ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုဟု ခေါင်းစဉ် တပ်ထားသည့် ညီလာခံကို ၁၉၉၈ ခုနှစ်တွင် စီးပွားရေးနှင့် ပတ်သက်၍ နိုဗယ်ဆု ရရှိခဲ့သူ ဟားဗတ် တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Amartya Sen က ဦးဆောင်မည် ဖြစ်ပြီး၊ Harvard Global Equity Initiative ၏ ညွန်ကြားရေးမှူး ဒေါက်တာ Felicia Knaul၊ China Medical Board မှ ဥက္ကဌ ဒေါက်တာ Lincoln Chen၊ ဟားဗတ်တက္ကသိုလ် HMS – Department of Global Health and Social Medicine မှ ကထိက ဒေါက်တာ မောင်ဇာနည်၊ Parliament of the World’s Religions နှင့် Justice for All တို့၏ ဥက္ကဌ Mr Malik Mujahid နှင့် Humanitarian Policy Group, Oversea Development Institute, UK မှ Research Fellow Ms Lilianne Fan တို့က ပါဝင် ဆွေးနွေးမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်မှ စ၍ ယနေ့ထိ ရိုဟင်ဂျာ လူမျိုးများ တွေ့ကြုံနေရသည့် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှု များနှင့် နိုင်ငံသား အခွင့်အရေးများနှင့် ပတ်သက်၍ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ပါမောက္ခ ဒေါက်တာ ၀ါကာအူဒင်၊ Rohingya Blogger တည်ထောင်သူ ဦးဘစိန်၊ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှနှင့် ဗြိတိန်နိုင်ငံရောက် မြန်မာ ရိုဟင်ဂျာများ အသင်း ဥက္ကဌ ဦးထွန်းခင် တို့က တင်ပြသွားမည် ဖြစ်ပါသည်။

ညီလာခံ စသည်မှ ဆုံးသည်အထိ အင်တာနက်မှ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး၊ ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာ လင့်ခ်ကို RB News တွင် မကြာခင် တင်ဆက် ပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။



Rohingya Eye
RB News
28.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများက ပွင့်ဖြူချောင်း ကျေးရွာ (ဇိုက်မူန္နား) သို့ ဒုတိယ အကြိမ် ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြမ်းဖက်၍ လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အဆိုပါ ရွာတွင် စခန်းချထားသည့် စစ်သားများ ပူးပေါင်း၍ ပွင့်ဖြူချောင်း ကျေးရွာသို့ ဒုတိယ အကြိမ် ၀င်ရောက်၍ ဖော်ရီးဒ်ခါးန် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၁၆ နှစ်)၊ မော်လ၀ီ အဒူရာမန် (ဘ) ဦးဖော်ဇော်ကော်ရီးမ် (အသက် ၃၃ နှစ်)၊ အေမာရာန် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၁၆ နှစ်) နှင့် အေကာရာမ် (ဘ) ဦးရာဘီအုလ္လာ (အသက် ၁၄ နှစ်) တို့ကို လူမဆန်စွာ အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနူရ်ဟာရှီးမ် (ဘ) ဦးအာဘူရှော်ရီးဖ် (အသက် ၄၂ နှစ်) ကိုလည်း ပါးရိုက်ခဲ့ပြီး၊ ဦးအာဇီဇူလ်ဟောက် (ဘ) ဦးအာရှော်ဖ်ဇူမာ (အသက် ၃၁ နှစ်) ကိုလည်း လူမဆန်စွာ ရိုက်နှက်မှုကြောင့် နဖူးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများသည် ဟာဖီးဇ် ယူနုစ် (ဘ) ဦးအာနူမျာ (အသက် ၃၅ နှစ်) ၏ ၄၅၀၀၀/- ကျပ် တန်ဖိုးရှိ ဆိတ်တစ်ကောင်၊ ဦးနူရ်အာမီးန် (ဘ) ဦးဘာဆာမျာ (အသက် ၄၃ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ စားသောက်ဖွယ်ရာများ လုယက် ယူဆောင် သွားခဲ့သည်။ ထို့အပြင် ဟာဖီးဇ် အဒူရာမန် (ဘ) ဦးဟူဆောင်း (အသက် ၄၃ နှစ်) ၏ စားကုန်ဆိုင်မှ ငွေကျပ် တစ်သောင်းကျော် တန်ဖိုးရှိ ပစ္စည်းများလည်း လုယက် ယူဆောင် သွားခဲ့သည်။

ဦးနူရူအစ္စလာမ် (ဘ) ဦးဟာဘီဒူရာမန် (အသက် ၃၄ နှစ်) နှင့် ဦးရှော်မ်ရှုး (ဘ) ဦးဟာဘီအာမောက် (အသက် ၃၅ နှစ်) တို့၏ ငွေကျပ် ၈၀၀၀/- ကျော်စီ တန်ဖိုးရှိသည့် ကြက်နှစ်ကောင်ကို စစ်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက တုတ်ဖြင့် ရိုက်၍ ဖမ်းဆီးနေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာရှီးမ်က ယခုကဲ့သို့ လုပ်ရပ်များသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ ရပ်တန့် ပေးရန် တောင်းဆိုသောအခါ စစ်တပ်မှ အရာရှိ တစ်ဦး “မင်းနဲ့ ဘာဆိုင်လဲ၊ ငါတို့ လုပ်ချင်သလို လုပ်မယ်၊ ငါတို့ လုပ်လို့ရလို့ လုပ်တာကွ၊ မင်းကဘာကောင်လဲ” ဟု ကြိမ်းမောင်း၍ ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။

လိုင်စင်ရ ဓါးပြများကဲ့သို့ လုပ်ဆောင် နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများသည် ဦးဟာလူ (ဘ) ဦးဘာဆာမျာ (အသက် ၄၈ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး သေတ္တာဖျက်၍ ငွေကျပ် ၃ သောင်း လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်စခန်းများကို လုံခြုံရေး တာဝန်ယူ၍ နယ်မြေ များတွင် ချထားသော်လည်း ၎င်းတို့၏ အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်မှု၊ လုယက်မှုများကြောင့် ပြည်သူများ အနေဖြင့် သောင်းကျန်းသူများနှင့် ခွဲခြား၍ မရသည့် ပုံသဏ္ဍန် ဖြစ်နေသည်ဟု ဆိုသည်။



Rohingya Eye
RB News
25.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် စခန်းချထားသည့် စစ်ကြောင်း (စစ်တပ်) အဖွဲ့သည် ပွင့်ဖြူချောင်း ကျေးရွာအုပ်စု အတွင်းသို့ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်စု (မိုက်မူန္နာ)၊ မာဂျာန်တော်လီရွာသို့ ရွက်ညိုတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် စခန်းချ ထားသော စစ်ကြောင်း (စစ်တပ်) အဖွဲ့သည် မြောတောင် ကျေးရွာမှ တဆင့် ရောက်ရှိလာပြီး၊ ကွမ်းရွက်ခြံသို့ သွားနေသည့် ဦးမာမတ်ဆော်ယောဒ် (ဘ) ဦးဆွေယာဒ်ဟူစိန်း (အသက် ၃၈ နှစ်) ကို အကြောင်းမဲ့ လူမဆန် ရိုက်နှက်ခဲ့ရာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ အဆိုပါ စစ်ကြောင်းသည် လမ်းသွားနေသည့် ဆာလေအာမတ် (ဘ) ဦးနူရ်အာလမ် (အသက် ၂၄ နှစ်) ကိုလည်း သေနတ်ဖြင့် ရိုက်ရာ၊ ခြေထောက်တွင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည့် အပြင် နားတဖက်မှလည်း ယခုအချိန်ထိ သွေးထွက်လျက် ရှိနေကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် အဆိုပါရွာရှိ မာတာလောမ် (ဘ) ဦးနူရ်အာလမ် (အသက် ၂၈ နှစ်) ၏ စားကုန်ဆိုင်ထဲသို့ ၀င်ရောက်၍ ဘီစကွတ်မုန့်များ၊ ရေသန့်ဘူးများနှင့် ဆေးလိပ်ဘူးများကို လိုင်စင်ရ ဓါးပြများ သဖွယ် ယူဆောင်သွားသည့် အပြင်၊ ရွာအတွင်းမှ ကြက်များနှင့် ဆိတ်များကိုလည်း ဖမ်းဆီး ယူဆောင် သွားသည်ဟု ဆိုသည်။

၎င်းရွာရှိ ကျောင်းသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် စစ်ကြောင်း အဖွဲ့မှ ဗိုလ်ကြီးတို့ လာရောက်၍ ရပ်မိရပ်ဖများကို ဆင့်ခေါ်၍ “ခင်ဗျားတို့ရွာမှာ လူမိုက်တွေ ရှိနေတဲ့ အတွက်ကြောင့် ခင်ဗျားတို့ကို ကျုပ်တို့က ကျွဲ၊ နွားလို ဆက်ဆံ ရမယ်” ဟု ရိုင်းပျစွာ ပြောဆိုသည့် အပြင် ခြိမ်းခြောက်စကား များလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာသို့ စစ်ကြောင်း အဖွဲ့ ၀င်ရောက်လာစဉ် အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံ ရမည်ကို စိုးရိမ်၍ ဆိုင်တစ်ဆိုင်တွင် ထိုင်နေရာမှ ထ၍ အိမ်ပြန်သူ အဒူရှကူရ် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၁ နှစ်) ကို လိုက်လံ ဖမ်းဆီးပြီး စစ်သားများက ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ရာ၊ ပြင်းထန်သော ဒဏ်ရာများဖြင့် သွေးထွက်လျက် ရှိနေခဲ့သော်လည်း ဆေးကုခွင့် မပေးဘဲ ရွက်ညိုတောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် ဒုချီယားတန်းရွာ မီးလောင်မှုဖြစ်စဉ် (ဓာတ်ပုံ - ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)
အင်ကြင်းနိုင်
22.10.2014

မြန်မာနိုင်ငံမှာ ဘာသာရေး အစွန်းရောက် မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းရေး သမ္မတ ဦးသိန်းစိန် အစိုးရကို ကမ္ဘာ့ ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ အတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေး မတိုင်ခင် အခုလို တိုက်တွန်း လိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

နောက်လမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒို၊ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

ကနဦးအစမှာပဲ ရှိနေသေးတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ဂရုစိုက်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေဟာ ထိရောက်မှုရှိတယ်လို့ အရှေ့အာရှရေးရာတာဝန်ခံ Brad Adam က ပြောပါတယ်။

“မြန်မာ့ပြုပြင်ပြောင်းလဲရေး အစကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လိုနေတာပါ။ တကယ်လို့ ဆိုးဆိုးရွားရွားတွေ ပြန်ပြီး ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံကို ၀ိုင်းဝန်း ဒဏ်ခတ်ကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို မြန်မာခေါင်းဆောင်တွေက အဖြစ်မခံနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တိုက်တွန်းချက်တွေကို ဂရုတစိုက် နေထိုင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာအများစုဟာ လူမျိုးရေးခွဲခြားတယ်လို့လည်း ကျနော်မမြင်ပါဘူး။ အဓိကအချက်က ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းဖို့ လိုနေတာပါ။”

မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေးတွေ ဟောပြောနေတာ အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ HRW က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေနဲ့ အခြားရာဇ၀တ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ရေးသားထားတာပါ။ ဒါနဲ့ပတ်သက်လို့ Brad Adam က -

“အဒေါ့ဟစ်တလာဦးဆောင်တဲ့ နာဇီတွေဟာ ဂျူးတွေဆီက ပစ္စည်းတွေမ၀ယ်ဖို့ တားမြစ်ခဲ့ပြီး ဂျူးတွေကို ခွဲခြားတဲ့ အမှတ်တံဆိပ်တွေ တပ်ခိုင်းခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှုထိ ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်ကို ဦးတည်ခဲ့တာပါ။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒေသတွင်း နိုင်ငံတချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းက ကမ္ဘောဒီးယားမှာဆိုရင် လူနည်းစု ဗီယက်နမ်တွေကို ခွဲခြားပြီး အကြမ်းဖက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေကို တိုက်ခိုက်တာမျိုးတွေပါ။ ဘာသာ၊ လူမျိုး မတူကွဲပြားတဲ့အပေါ်မှာ အများစုက အုပ်စုလိုက် အကြမ်းဖက်တဲ့ ဖြစ်ရပ်မျိုးတွေဟာ အစွန်းရောက်မှုကို ဦးတည်စေတာပါ။ ဒါတွေကို လူ့အဖွဲ့အစည်းတွေအနေနဲ့ လက်ခံလို့ မသင့်ပါဘူး။”

မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာစေတဲ့ အမုန်းစကား ဟောပြောချက်တွေ၊ စည်းရုံးလှုပ်ရှားမှုတွေကို အစိုးရအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး မရှိတာကြောင့် အကြမ်းဖက်တာတွေ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်နေကြောင်း ပြည်တွင်းအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

ဒါကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေတာတွေ မြန်မာအစိုးရအနေနဲ့ အလေးထားဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရလိမ့်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ ၀ါရှင်တန်ဒီစီကို ခေတ္တခဏ ရောက်ရှိနေတဲ့ မဇင်မာအောင်က ပြောပါတယ်။

“အာဆီယံအစည်းအဝေးပွဲကြီးပေါ့နော် ဥက္ကဌအဖြစ်နဲ့ တာဝန်ခံပြီးတော့ ကျင်းပရတဲ့ အခွင့်အရေးဟာ ဘာမှမဟုတ်ဘူး။ ဒီလိုမျိုးပဲ နိုင်ငံတကာက ခေါင်းဆောင်တွေလာပြီးတော့ ပြောသွားဆိုသွားကြပြီးတော့ ကျမတို့သာမန် လူထုတွေ၊ နိုင်ငံသားတွေအတွက်ကတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ဒီအစည်းအဝေးပွဲကြီး လုပ်ရတာဟာ ကျမတို့ပြည်သူလူထုတွေ အတွက်ကတော့ ထူးမခြားနားပဲ။ ဘာမှမထူးဘူး။ ဒီအုပ်ချုပ်နေတဲ့ လူတန်းစားအတွက်ပဲ ခရက်ဒစ်တွေရသွားတဲ့ ကိစ္စလို့ပဲ ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့လို့ ကမ္ဘာအနှံ့ကနေ လာကြမယ့် ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကပါလို့ ပြောနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ဗမာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့ လက်ရှိ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကို ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပြုမူမှုတွေ၊ နောက်ပြီးတော့ စီမံခန့်ခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့လို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား ဂိုဏ်းဂဏကွဲပြားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာလည်း မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအ၀င် အခြားဒေသတချို့မှာလည်း ဖြစ်ခဲ့တာပါ။ အခုလို ပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။



ကိုမိုးဇော်
22.10.2014

နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေး အဖွဲ့ ICG က ဒီကနေ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တွေကို နိုင်ငံသား စိစစ်ရာမှာ ဘင်္ဂါလီ အဖြစ် အသုံးပြုတာဟာ အကျပ်အတည်း တခု ဖြစ်လာနိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ ပိုမို မြင့်မား လာနိုင်ကြောင်းကို သုံးသပ် ဖော်ပြထား ပါတယ်။

ဒီအစီရင်ခံစာ အပေါ်မှာ ရခိုင်ပြည်နယ် အရေး ဆောင်ရွက်သူတွေရဲ့ အမြင် သဘောထား တွေကို မေးမြန်းပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေကို တားဆီးနိုင်ဖို့ အတွက် သုံးသပ်ချက်တွေ၊ မူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်တွေ ထောက်ကူပေးနေတဲ့ နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေး အဖွဲ့ ICG က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၅ မျက်နှာပါဝင်တဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရာမှာ အစိုးရနဲ့ ရခိုင်တိုင်းရင်းသားတွေက “ရိုဟင်ဂျာ” ဆိုတဲ့အမည်ကို လက်မခံတာနဲ့ သူတို့တွေခေါ်ဝေါ်နေတဲ့ “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းကို အစ္စလာမ်ဘာသာဝင်တွေက လက်မခံတာဟာ အကျပ်အတည်းတခုဆီကို ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီသုံးသပ်ချက်အပေါ် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်မှာ ပါဝင်ခဲ့သူ၊ နိုင်ငံတော်သမ္မတ အကြံပေးနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဒေါ်ရင်ရင်နွယ်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ICG က သူတို့က ပြောတယ်။ ဗမာပြည်ကိုပဲ ထုံးစံအတိုင်း အပြစ်တင်နေတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုသင့်တယ်ပေါ့။ အစိုးရကလည်း အသိအမှတ် မပြုဘူး။ ရခိုင်ကလည်း အသိအမှတ် မပြုဘူးပေါ့။ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ သတ်မှတ်ချက်ကိုပဲ လက်ခံရမယ်။ အဲ့လိုလက်မခံနိုင်ရင်တော့ ဘယ်လိုလုပ်ပြီး ဒီပြဿနာက သွားပြီးမတုန်း။ ၁၉၈၂ ဒီနိုင်ငံသားဥပဒေကို လုပ်တုန်းက သူတို့တွေကိုချည်းသက်သက် ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ။ နိုင်ငံခြားသားတွေ၊ နိုင်ငံသားဖြစ်ချင်တဲ့သူတွေ အားလုံးကို ရည်ရွယ်တာပဲ။ ဘယ်နိုင်ငံကမှ ဒီ citizenship ကို လာပြီး နိုင်ငံခြားသားတွေ လာပြောလို့ ရမှာမဟုတ်ဘူး။ ဗိုလ်ကျလို့လည်းမရဘူး ကိုယ်တို့နိုင်ငံကိုလေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်က အစ္စလာမ်ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရွှေမောင်ကတော့ အခုလို သုံးသပ်ပါတယ်။

“ဒီနေရာမှာ အဓိက key point အနေနဲ့ ပြောချင်တာက ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မူဆလင်အများစုတွေကို သူတို့က ဘင်္ဂါလီလို့ ကြိုတင်သတ်မှတ်ပြီးတော့မှ ဘင်္ဂါလီအဖြစ် သတ်မှတ်ရေးပေါ့နော် အဲ့ဒါကို တစိုက်မတ်မတ် လုပ်နေတဲ့အတွက် အဲ့ဒါလေးကတော့ နည်းနည်း မသင့်တော်ဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီလူမျိုးစုတခုရဲ့ နာမည်က အဲဒီလူမျိုးစုအုပ်စုတွေနဲ့ ဆွေးနွေးတိုင်ပင် ပြောဆိုပြီးတော့မှလေ ဒါမျိုးကို လုပ်ရမှာ။ ဘင်္ဂါလီလူမျိုးအဖြစ် သတ်မှတ်မှ လျှောက်ခွင့်ရှိတယ်။ အဲ့လို ကြိုတင်သတ်မှတ်ချက်တွေဟာ ဒီ process ကို နှောင့်နှေးစေတယ်၊ အခက်အခဲဖြစ်စေတယ်။ ဒီလိုပဲ ကျနော် ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျပြီး အလွန်အမင်း ဆင်းရဲမွဲတေနေတာနဲ့ ဘာသာလူမျိုးမတူတဲ့ အသိုင်းအ၀ိုင်း ၂ ခုအကြား ပဋိပက္ခတွေ၊ တင်းမာမှုတွေ ရှိနေတာတွေဟာ သမိုင်းစဉ်ဆက် အဆိပ်အတောက်လို ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီတင်းမာမှုတွေက ၂၀၁၂ ခုနှစ်နဲ့ နောက်ပိုင်းကာလတွေမှာ ပဋိပက္ခတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဒီအခြေအနေတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပိုမို မြင့်တက်လာနိုင်တယ်လို့လည်း ICG က သုံးသပ်ပါတယ်။

ဒေါ်ရင်ရင်နွယ်ကတော့ လက်ရှိ ရခိုင်ပြည်နယ်အစိုးရက အခြေအနေတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“သဘောက ဒီပါဝင်တဲ့လူတွေအပေါ် မူတည်တာပေါ့။ ပြဿနာတွေ ပိုကြီးထွားလာသလားဆိုတာ။ ယုံကြည်ပါတယ်။ အခု ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ကိုင်တွယ်နေတာတော့ မှန်တယ်လို့ ပြောရမှာပဲလေ။ တရားဥပဒေစိုးမိုးရေးကို အားပေးပြီး ကိုင်တွယ်နေတာ။”

ဦးရွှေမောင်ကတော့ အရင်ရွေးကောက်ပွဲတွေတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေဟာ မဲထည့်ခွင့်၊ နိုင်ငံရေးပါတီတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံသားစိစစ်ပြီး နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ဆောင်ရွက်လာတာကြောင့် ICG က ၂၀၁၅ ရွေးကောက်ပွဲမှာ ပဋိပက္ခတွေ ပိုများလာနိုင်ကြောင်း သုံးသပ်တာဖြစ်မယ်လို့ ယူဆပါတယ်။

“အရင်တုန်းကနေ အပြည့်အ၀ ရလာတဲ့ အခွင့်အရေးရတဲ့ ဗမာလူမျိုးစုတခုကို တဖြည်းဖြည်း တဖြည်းဖြည်း အခွင့်အရေးတွေကို လျှော့ချမယ်၊ ရုပ်သိမ်းမယ် အဲ့လိုဆိုရင်တော့ ဘယ်လိုပြောမလဲ ၂၀၁၅ ကျနော်တို့ ရွေးကောက်ပွဲရောက်တဲ့အခါကျ ဒါ All Inclusive ဖြစ်တဲ့၊ Free and Fair ဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေ၊ ကျနော်တို့ရဲ့ ဝေဖန်သုံးသပ်မှုတွေ၊ အများကြီး ပေါ်လာနိုင်စရာ အကြောင်းရှိပါတယ်။ အဲ့ဒီဟာကိုများ အခြေခံပြီးတော့ ICG က သုံးသပ်ထားပုံရတယ်”

ICG ရဲ့ အစီရင်ခံစာမှာ ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နေရသလို တရားမ၀င် ၀င်ရောက်လာတဲ့ မူဆလင်တွေရဲ့ လွှမ်းမိုးတာကိုလည်း စိုးရိမ်နေရကြောင်း ဖော်ပြထားပြီး ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရာမှာ ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ချက်ကို ပပျောက်ဖို့ နည်းလမ်းရှာရမှာဖြစ်သလို မူဆလင်လူမှုအဖွဲ့အစည်းရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ဖို့ လိုအပ်ကြောင်း ဖော်ပြပါတယ်။



Rohingya Eye & MYARF
RB News
21.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွှေဇားကျေးရွာ အုပ်စု၊ မြောက်ရွာတွင် လာရောက်၍ ဂဏန်းရှာသည့် ရခိုင် အမျိုးသမီးများက လီဆယ် တိုင်ကြားသည်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်း မပြုဘဲ၊ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ ဖမ်းဆီးထားသူ များထဲမှ (၃) ဦးကို ယခု အချိန်ထိ ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွှေဇား ကျေးရွာ အုပ်စု၊ မြောက်ရွာမှ ဦးဘော်ရှော်ရ် (၂၀၁၂ ဇွန်လ ဆူပူမှုတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲခံရပြီး ထောင်ဒဏ် ၇ နှစ် ကျခံနေရသူ) ၏ ပုဇွန်ကန်တွင် ၎င်းပိုင်ဆိတ်များ ကျက်စားနေစဉ်၊ အောင်ဗလ (ရခိုင်ရွာ) မှ ရခိုင် အမျိုးသမီး (၃) ဦးသည် ခွေးနှစ်ကောင် နှင့်အတူ ဂဏန်းရှာရန် ရောက်ရှိလာခဲ့သည်။ ၎င်းတို့နှင့် အတူ ပါလာသည့် ခွေးနှစ်ကောင်က ဆိတ်များကို ကိုက်ရန် ကြိုးစားသောကြောင့် ဆိတ်ကျောင်းနေသည့် အာဇီမူလ္လာ (အသက် ၂၈ နှစ်) က ခွေးများကို တုတ်တစ်ချောင်းဖြင့် ခြောက်၍ မောင်းထုတ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ရခိုင် အမျိုးသမီးများက ၎င်းတို့ကို ရန်ပြု တိုက်ခိုက်သည်ဟု လီဆယ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တိုင်ကြားခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပုဇွန်ကန် ပိုင်ရှင်၏ ဇနီး ဖြစ်သူ ဒေါ်ရှာမိုနီး (အသက် ၅၅ နှစ်) ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ တဖန် ညနေ (၄) နာရီ အချိန်တွင် ဆိတ်ကျောင်း နေသည့် အာဇီမူလ္လာနှင့် ပုဇွန်ကန်တွင် ရှိနေသည့် အာစ်မောတ်အုလ္လာ (ဘ) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၂၈ နှစ်) နှင့် ရီဇူဝါန် (ဘ) ဦးအာဘူကလာမ် (အသက် ၁၉ နှစ်) တို့ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ပုဇွန်ကန် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ရှာမိုနီးထံမှ ငွေကျပ် ၈ သိန်းယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ ယင်းနေ့ ညသန်းခေါင်ယံ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်တို့သည် ရွာအတွင်းသို့ ၀င်ရောက်၍ အပြစ်မဲ့ (၅) ဦးကို ထပ်မံ၍ ဖမ်းဆီးပြီး (၃) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ အပြစ်မဲ့ (၅) ဦးထံမှ ငွေကျပ် ၁၈ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ ဆိတ်ကျောင်းသား အာဇီမူလ္လာနှင့် ပုဇွန်ကန်တွင် ရှိနေခဲ့သူ နှစ်ဦးကို ယခု အချိန်ထိ ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ငွေကျပ် ၁၈ သိန်း ညှစ်ခံရသူ (၅) ဦးမှာ --

(၁) မူဟီဘုလ္လာ (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၂၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၂) ရှာဖော်ဒီးန် (ဘ) ဦးနူရ်အာမီးန် (အသက် ၂၂ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၃) ဟူစိန်းဇူဟာရ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၃ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း)
(၄) ဦးနူရ်မာမတ် (ဘ) ဦးအဗ်ဒူလ္လာ (အသက် ၆၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၅) ကျော်မင်း (ဘ) ဦးနူရ်မာမတ် (အသက် ၂၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း) -- တို့ဖြစ်ပါသည်။



RB News
21.10.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျောင်းချောင်း ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်အောင်အောင်ကျော်သည် အစ္စလာမ် ဘာသာဆိုလျှင် ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းမည်ဟု ကြွေးကြော်၍ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်မှုများ၊ ငွေညှစ်ခြင်းများ နေ့စဉ် ကျူးလွန်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျောက်ချောင်း ချောင်းဝ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ် အောင်အောင်ကျော်သည် နေ့စဉ် နေ့တိုင်း ကျွန်းပေါက် ဆင်အိုး လမ်းခွဆုံတွင် ထိုင်၍ လမ်းသွားလမ်းလာ များကို ဥပဒေမဲ့ စစ်ဆေးခြင်း၊ အမျိုးသမီး များကို စစ်ဆေးသည်ဟု အကြောင်းပြ၍ ကာအိနြေ္ဒ ပျက်လောက်သည့် အထိ မဖွယ်မရာများ ပြုလုပ်ခြင်း၊ ဒေသခံများ ထံမှ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒုရဲအုပ် အောင်အောင်ကျော်သည် စစ်တွေမြို့ ဇာတိ ရခိုင်လူမျိုး တစ်ဦး ဖြစ်ပြီး၊ ယခင်က ကင်းစခန်းများမှ ပြောင်းရွှေ့ခြင်း ခံခဲ့ရသော်လည်း ယခုအချိန်ထိ အတင့်ရဲစွာ ဥပဒေမဲ့ လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

၎င်းသည် “အစ္စလာမ် ဘာသာ ဆိုလျှင် ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်မည်” ဟု အမြဲတစေ ကြွေးကြော်၍ ဒေသခံများကို ညှဉ်းပန်း နှိပ်စက်လေ့ ရှိကြောင်း သိရှိရပါသည်။



MYARF
RB News
20.10.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသီဟန်က အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသီဟန်သည် မောင်တောမြို့နယ် မြောက်ပိုင်း ယခင် န.စ.က နယ်မြေ (၂) အောင်ဇံ ကျေးရွာရှိ နယ်မြေရုံးသို့ ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို အစည်းအဝေး ခေါ်ယူ၍ ကျေးရွာတိုင်းတွင် လူဆိုးလူမိုက်များ၊ အကြမ်းဖက် အဖွဲ့အစည်း များနှင့် ဆက်နွယ်သူများ ရှိနေကြောင်း၊ ၎င်းတို့ကို ၃ ရက်အတွင်း ကျေးရွာသားများက စာရင်းပြုစု၍ ဖမ်းဆီး ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ဖမ်းဆီးမပေးပါက ၎င်းတို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးမည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးချိန်တွင် လူဆိုး လူကောင်း မရွေးဘဲ တွေ့ရှိသမျှ လူကို ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ညအချိန် မတော် ရွာထဲသို့ ၀င်ရောက်၍ အပြစ်မဲ့များကို ဖမ်းဆီးလျက် ရှိရာ၊ အမျိုးသား အများစုမှာ မိမိတို့၏ နေအိမ်များတွင် မအိပ်ရဲကြတော့ဘဲ၊ ညအချိန်တွင် ရွာအပြင်သို့ တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက လူဆိုးများ ဖြစ်သောကြောင့် ညပိုင်းတွင် ရွာအပြင်သို့ တိမ်းရှောင် နေကြသည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် လမှစ၍ ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက် အဖွဲ့များနှင့် အဆက်အသွယ် ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးလျက် ရှိသည့်အပြင် အသက် သေဆုံးသည့် အထိ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။



MYARF
RB News
20.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ပြန်ပေးဆွဲထားမှုကို သိရှိသူဟု စွပ်စွဲ၍ ဖမ်းဆီးပြီး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက် (အမှတ် ၂ ရပ်ကွက်) မှ ဦးအီနုစ်၏ ဇနီးဖြစ်သူ ဒေါ်လိုင်လာကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ကျေးရွာ အုပ်ချုပ်ရေး ရုံးစာရေး အဖြစ် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကညင်တန်း ကျေးရွာတွင် ခန့်အပ်၍ တာဝန်ချထားသည်။ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးအီနုစ်က ဗျူဟာမှူးထံမှ ပုဇွန်ကန် တစ်ကန် ငှား၍ လုပ်ကိုင်လျက် ရှိပြီး၊ ဒေါ်လိုင်လာသည် ခင်ပွန်းနှင့် အတူ ပုဇွန်ကန်တဲတွင် နေထိုင်လေ့ ရှိသည်။ အောက်တိုဘာလ (၂) ရက်နေ့က ခင်ပွန်းဖြစ်သူ မြို့မတောင် ရပ်ကွက်ရှိ နေအိမ်သို့ ပြန်နေစဉ် ပုဇွန်ကန်တွင် အငှားလုပ်သားများနှင့် အတူ ရှိနေခဲ့ရာ၊ အမည်မသိ လူတစ်စု ရောက်ရှိလာပြီး၊ သူမ၏ ခင်ပွန်းထံမှ ငွေရရန် ရှိသည်ဟု ပြောဆို၍ သူမကို ခေါ်ဆောင် သွားခဲ့သည်။

ဒေါ်လိုင်လာကို ပြန်ပေးဆွဲထားသည်ဟု ယုံကြည်ရသော်လည်း ယခုအချိန်ထိ နောက်ဆက်တွဲ သတင်းများကို စုံစမ်း၍ မရသေးပေ။ ထိုကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ (၄) ရက်နေ့တွင် သရေကုန်တန်း ကျေးရွာမှ ပုဇွန်များ စုဆောင်း၍ ပြန်လည်ရောင်းချသူ ဦးဇူဘိုင်ရ် (ဘ) ဦးအဒူကော်ရီးမ်ကို အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေါ်လိုင်လာ ရှိသည့် နေရာကို သိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးဇူဘိုင်ရ်၏ လိင်အင်္ဂါတွင် အုတ်တစ်လုံးကို ကြိုးဖြင့်ချည်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းဝင်း အတွင်း ပတ်ပြေးခိုင်းခဲ့သည်။ ဦးဇူဘိုင်ရ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ယခုအချိန်ထိ ပြင်းထန်စွာ ခံစားနေရဆဲ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဦးဇူဘိုင်ရ်ကို စိတ်တိုင်းကျ ညှဉ်းပန်း နှိပ်စက်ပြီးနောက် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ငွေကျပ် ငါးသိန်း ငါးသောင်း ညှဏ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
19.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အုပ်စု၊ သရေကုန်းဘောင် ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အချို့၏ နေအိမ်များ ဖျက်ဆီး၍ ဒေသခံ အချို့ကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း မန်းကျည်းချောင်း အခြေစိုက် စခန်း အမှတ် (၁၅) မှ ရဲအုပ်သန်းလွင် ဦးဆောင်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဂေါ်ဒူသာရ ကျေးရွာ အုပ်စု၊ သရေကုန်းဘောင် ရွာသို့ ၀င်ရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်ရီမုလ္လာ (ဘ) ဦးအိုမောရ်အာဘာစ်၏ နေအိမ်ကို အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့သည်။ သို့သော်လည်း တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ထို့နောက် အဆိုပါ ကျေးရွာမှ ဦးရော်ဖိတ် (ဘ) ဦးနာဂူး၊ ဦးမော်ဂျီအုလ္လာ (ဘ) မော်လ၀ီ ဦးဟာဘီအုလ္လာ နှင့် ဦးဆော်လီမုလ္လာ (ဘ) ဦးကုလ္လာမျာ တို့၏ နေအိမ် တံခါးများကို ရိုက်ချိုး ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဖမ်းအဆီး မရှိခဲ့သော်လည်း နေအိမ် တံခါးများ ဖျက်ဆီးခဲ့သည့် အပြင် အိမ်သား အချို့ကို ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မော်လ၀ီ (ဘာသာရေး ဆရာ) များ ပုန်းအောင်း နေသည်ဟု အကြောင်းပြ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုတလော မောင်တောမြို့တွင် အာဏာပိုင်များက မော်လ၀ီများကို ပစ်မှတ်ထား၍ စစ်ဆေးလျက် ရှိသည့် အပြင် အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း ပြုလုပ်လျက် ရှိသည်။ လမ်းများရှိ စစ်ဆေးရေး ဂိတ်များတွင်လည်း မော်လ၀ီများကို အထူး ဦးစားပေး၍ စစ်ဆေးလျက် ရှိပြီး၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် စစ်ဆေးရေး ဂိတ် ၂၀ ခန့်ရှိသည့် အနက် ဒုချီးရားတန်းနှင့် ဂေါ်ဒူသာရ ကြားရှိ တံတား ကင်းစခန်း၊ သရေကုန်းဘောင်ရွာ ဘုန်းကြီးကျောင်းစောင့် အဖွဲ့နှင့် ဇော်မတတ်ရှိ စခန်းများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းသွားလမ်းလာ များကို ရိုက်နှက်ခြင်း၊ ငွေနှင့် ပစ္စည်းများကို လုယက်ခြင်း၊ အမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်၍ ဆက်ဆံခြင်းများ ပြုလုပ်လျက် ရှိသည်။ ထို့အပြင် ရွာများအတွင်းသို့လည်း ညပိုင်းဝင်၍ ဒေသခံများကို နှောက်ယှက်လျက် ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
19.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ဒေသဆိုင်ရာ အာဏာပိုင်များက ငွေယူ၍ အလယ်သံကျော်မှ မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေ တစ်စီး ထွက်ခွာခွင့်ပြု ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၆) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာဈေး၏ တောင်ဘက် မောင်တူလာရွာနှင့် ကပ်လျက်ရှိသည့် ဂူးဒါချောင်းမှ ထွက်ခွာသော မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေ တစ်စီးကို ဒေသဆိုင်ရာ အာဏာပိုင်များက ငွေယူ၍ ထွက်ခွာခွင့်ပြု ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ စက်လှေတွင် လူ (၅၀) ခန့်လိုက်ပါသွားပြီး လူကုန်ကူးသည့် ပွဲစားများက တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ယူခဲ့ကြောင်း သိရှိရပါသည်။ လူကုန်ကူးမှုကို ဦးဆောင်သူမှာ ဦးဇော်ထူး (ယခင် ဥက္ကဌဟောင်း၊ ရခိုင်လူမျိုး) ဖြစ်ပြီး၊ ၎င်းနှင့် အတူ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဟာမ်ဖူရာရွာနေ ဦးဆော်လိမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၇ နှစ်)၊ ဦးရှော်မ်ရှုကော်ရီးမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၂ နှစ်) နှင့် ဦးကော်ရီးမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၀ နှစ်) တို့ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

စက်လှေထွက်ခွာစဉ် ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများ လာရောက်၍ လုံခြုံရေး တာဝန်ယူ ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

လူကုန်ကူးသူများ ရရှိသည့် ငွေကျပ် ၇၅ သိန်းမှ စစ်တပ်သို့ ငွေကျပ် ၆ သိန်း၊ အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရဲမှူးအား ငွေကျပ် ၅ သိန်း၊ သတင်းတပ်ဖွဲ့ (SB) အား ငွေကျပ် ၄ သိန်း၊ စ.ရ.ဖ အဖွဲ့အား ငွေကျပ် ၃ သိန်းနှင့် အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအား ငွေကျပ် ၄ သိန်း ပေးခဲ့ရကြောင်း လူကုန်ကူးသူများနှင့် နီးစပ်သူများမှ တဆင့် စုံစမ်း သိရှိရပါသည်။

အာဏာပိုင်များနှင့် လူကုန်ကူးသူများသည် မကြာမီ ရက်ပိုင်း အတွင်းတွင် မြင်းလွှတ် ကျေးရွာမှ စက်လှေများဖြင့် မလေးရှားနိုင်ငံသို့ လူကုန်ကူးရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။




တို့ရွှေပြည် (၃) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
19.10.2014

ထလော့ထလော့ | အိုရိုဟင်ဂျာ့ 
အားမပျော့နှင့် | မလျှော့လုံ့လ 
သူကစ၍ | ငါကအားလုံး 
ကိုယ့်စွမ်းကိုယ့်စ | ဥာဏ်အမြင်နှင့် 
ငါတို့အရေး | အကျိုးဆောင်လော့ 
ဤမြေဤရွာ | ဘယ်သူ့ရွာလဲ 
ဤယာစပါး | ဘယ်သူ့စပါးလဲ 
ဤဗလီတွေ | ဘယ်သူ့ဗလီလဲ 
ကိုယ်စီတာဝန် | ခံယူပါလော့ 
ဥာဏ်သုံးချ၍ 
တစ်ဝမ်းတစ်စိတ် | ညီစေသတည့်း့ 
တစ်သွေးတစ်သား | ဖြစ်စေသတည့်း့။



RB News
19.10.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ ဒေသခံများထံမှ ငွေနှင့် ပစ္စည်းများကို ဓါးပြများကဲ့သို့ တောင်းယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ တပ်ရင်းမှ ဗိုလ်မှူး တစ်ဦးနှင့် တပ်ထောက် ဗိုလ်ကြီးတို့က အောက်တိုဘာလ (၁၇) ရက်နေ့တွင် သင်္ဂနာ ကျေးရွာ အုပ်စု၊ ယင်းမကျောင်းတောင် ကျေးရွာ အုပ်စုနှင့် ငရန်းချောင်း ကျေးရွာ အုပ်စု တို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူ၍ ဆိုင်ကယ် ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို တပ်ရင်း အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ဓါးပြများကဲ့သို့ ခြိမ်းခြောက်၍ တောင်းခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ဆိုင်ကယ်ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို ရုံးစာဖြင့် ဆင့်ခေါ်၍ --

- ဆိုင်ကယ်ပိုင်ရှင်များမှ ငွေကျပ် ၁၅၀၀၀/- စီပေးရန်
- လဘက်ရည်ဆိုင်ပိုင်ရှင်များ စုပေါင်း၍ ပလတ်စတစ် ထိုင်ခုံ ၅၀ ပေးရန်
- ဗီဒီယိုရုံ ပိုင်ရှင်များ စုပေါင်း၍ ၂၁ လက်မ တီဗွီ တစ်လုံး ပေးရန် -- ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့ တောင်းခံသည့် အတိုင်း အချိန်မှီ မပေးပါက မပေးသူများ၏ တာဝန်သာ ဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

တပ်ရင်း ၅၅၂ ၏ မတရားသဖြင့် တောင်းခံမှုကို ယင်းမကျောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းမြင့်က အကောင်အထည် ဖော်မပေးနိုင်ဟု ပြောသောကြောင့် ၎င်းကို တရာဂူ ကျေးရွာ အုပ်စုရှိ ဦးအောင်ထွန်းလှ၏ လဘက်ရည်ဆိုင်တွင် တပ်ရင်းမှ အရာရှိများက လူမဆန်စွာ ရိုက်နှက်၍ အမျိုးမျိုး ခြိမ်းခြောက် ခဲ့ကြောင့် သိရှိရပါသည်။



MYARF
RB News
18.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး၍ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ ရကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် (၃) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ငါးစားကြူး ကျေးရွာ အုပ်စု ရွာသစ်မှ ဦးအာဘူတော်ယုဖ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးအာဘူတော်ယုဖ်ကို မုတ်ဆိတ်ရှိ၍ ဗလီဆရာဟု ပြောဆိုပြီး၊ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ရာ အခြေအနေ ဆိုးရွားလာသဖြင့် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကြိမ်ချောင်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဦးအာဘူတော်ယုဖ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးအာဘူတော်ယုဖ်၏ ရုပ်အလောင်းကို ကြိမ်ချောင်း တိုက်နယ် ဆေးရုံတွင် ခွဲစိတ်ပြီး မိသားစုများထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



MYARF
RB News
18.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပုဇွန်ကန် စောင့်နေသည့် အစောင့်များကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၆) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာ (ဒေါင်းခါလိ) အုပ်စု၊ မှော်ရွာ (ဘော်ဒ္ဒော်ဖာရာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပညောင်ပင်ကြီး ကျေးရွာတွင် ပုဇွန်ကန် စောင့်နေသူ နှစ်ဦးကို ဖမ်းဆီး၍ တစ်ညလုံး ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူ၍ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးကာလူ (အသက် ၃၅ နှစ်)
(၂) ဦးနူရ်မာမတ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

ဦးဒိလ်မာမတ်သည် ပုဇွန်ကန် အစောင့် လုပ်သား တစ်ဦး ဖြစ်ပြီး၊ ဦးနူရ်မာမတ်သည် ငါးဖမ်းသမား တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။



တို့ရွှေပြည် (၂) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
18.10.2014

ထလော့အစ်ကို | အိုရိုဟင်ဂျာ့ 
တို့အာရ်ကာန်မြေ | တို့ရွှေမြေဝယ် 
ရေချိုသောက်ရန် | မြစ်ချောင်းကန်နှင့် 
ဘိုးဘွားပေးမွေ | ရိုဟင်မြေဝယ် 
သီးနှံချိုပျား | များလည်းများ၏ 
များပါလေလည်း | တမွဲမွဲနှင့် 
ဆင်းရဲကာသာ | ကာလကြာလျှင် 
မြင်သာမြင်ရ | မစားရ၍ 
သူတောင်းစားတွေ | မဖြစ်မြောက်အောင် 
ရိုဟင်ဂျာတွေ | သတိနှင့်ဆောင် 
ရွှေမြေအာရ်ကာန် | မဆုံးရှုံးအောင် 
အားလုံးညီညွှတ်ကြရအောင့့်။


အပိုင်း (၃) -- ဆက်ရန် ..



အင်ကြင်းနိုင်
17.10.2014

ရမည်းသင်းထောင်မှာ ထိန်းသိမ်း ထားတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေတစ်သိန်း ချမှတ် လိုက်ပါတယ်။ ဒီစီရင်ချက်ကို မကျနပ်တဲ့အတွက် အယူခံ အဆင့်ဆင့် ၀င်သွားမယ်လို့ ဦးဆန်းဆင့်ရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာ နဲ့ ပတ်သက်လို့ တရားခံ ရှေ့နေ ဦးတင်ထွန်းကို မေးကြည့်ပါတယ်။

"ဒီကနေ့ မနက် ဆယ်နာရီခွဲကျော်ကျော်လောက်မှာ ဒက္ခိဏာတရားရုံးက စွဲဆို ထားတဲ့ ပုဒ်မ ၄၀၉ နဲ့ပဲ ရာဇဝတ် မကင်းတဲ့ ယုံကြည် အပ်နှံမှု ဖောက်ဖျက်လို့ ဆိုပြီးတော့ ထောင်ဒဏ် သုံးနှစ် ချတယ်။ နောက်တခါ ပြစ်မှုကြီး အမှတ် ၄၂/ ၂၀၁၄ တရားလိုက ဦးခင်ဋ္ဌေး၊ သတင်းတပ်ဖွဲ့က တရားလို ရဲမှူးကြီး တရားလိုပြု လုပ်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပေါ့ ရာဇသတ်ကြီး ဥပဒေ ၁၂၄ (က) အရ နိုင်ငံတော် အစိုးရအပေါ်မှာ အကြည်ညိုပျက်စေတဲ့ အမှုနဲ့ တရားစွဲတယ်။

အဲ့ဒီ့အမှုကိုလည်း တရားလို၊ တရားခံ သက်သေတွေ အားလုံးကို ကျနော်တို့ အကုန်လုံးကို စစ်ဆေးပြီးတော့ ဒီနေ့ မနက်ပဲ ဦးဆန်းဆင့်အပေါ်မှာ ပြစ်မှုထင်ရှား စီရင်ပြီးတော့ ထောင်ဒဏ် ဆယ်နှစ်၊ ဒဏ်ငွေက တစ်သိန်း အဲ့ဒီ့ဒဏ်ငွေတစ်သိန်းကို ကျနော်တို့ဘက်က ဒဏ်ဆောင်လိုက်တော့ ဆယ်နှစ်ပဲပေါ့။

VOA။ ။ အဲ့တော့ ဒီစီရင်ချက်အပေါ် ဘယ်လို သဘောထား ရှိပါလဲရှင့်။

"အန်ကယ်လ်တို့က မကျေနပ်ဘူးပေါ့။ အန်ကယ်လ်တို့က လွှတ်ဖို့ပဲ ပြောတာပေါ့။ အယူခံမယ် ကျနော်တို့ မကျေနပ်ဘူး။ အမိန့်ကို ကုးလိုက်ပြီ လာမယ့် အင်္ဂါနေ့မှာ ရမယ်။ ရရင် ကျနော်တို့ မန္တလေးတိုင်း ဒေသကြီးကို တက်မယ်။ အဲ့ဒီ့ကမှ မအောင်မြင်ဘူးဆိုရင် တရားလွှတ်တော်ချုပ်ကို တက်မယ်။ တရားလွှတ်တော်ချုပ် မှာမှ ပြင်ဆင်မှု မအောင်မြင်ဘူးဆိုရင် အထူးအယူခံကို တက်မယ်။

VOA။ ။ ဦးဆန်းဆင့်ဟာ နိုင်ငံပိုင်ငွေ ကျပ်သိန်း၁၀၀ အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်ကရော ရှင့် ။

"နောက်ဆုံး စစ်စစ်ပေါက်ပေါက် လုပ်တော့ ၇၂သိန်းတည်းပါ။ အလွဲသုံးစား လုပ်တယ် လို့ ဆိုတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တလကို ဝန်ကြီးတစ်ပါးက သိန်း ၃၀ လစာ ရတယ်။ Facility တွေအပြည့်ရှိတယ်။ အဲ့ဒီ့လို ရတဲ့ လူတစ်ယောက်ဟာ ၇၂သိန်းကို ကိုယ်ကျိုးအတွက်နော် ကျနော်တို့ ဥပဒေစကားပဲပြောတာ။ ကိုယ်ကျိုးအတွက် သုံးပါ့မလား။ ကျနော်တို့က that is the question? ။

VOA။ ။ နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုတဲ့ပုဒ်မမှာ အစိုးရဘက်က ဦးဆန်းဆင့်ကို ဘာကြောင့် ဒီလိုမျိုးစွဲချက်တင်ခဲ့တာလဲရှင့်။

"ရှင်းရှင်းပြောရရင် ကျနော်တို့ မပြောခဲ့တဲ့ စကားတွေကို သက်သေတွေနဲ့ ဖွဲ့စည်းပြီးတော့ ပြောတယ်လို့ ဆိုတယ်ပေါ့ဗျာ။ ဥပမာဆိုပါတော့ တရုတ်ပြည် လောက်ရမ်မြို့မှာ ရွှေတိဂုံစေတီ ဘုရားပုံစံ တည်တယ်။ အဲ့ဒီ့တည်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီး ဦးဆောင်ပြီး ကျင်းပပါတယ်။ အဲ့ဒီ့ဝန်ကြီးဦးဆောင်ပြီး ကျင်းပတဲ့ အစည်းအဝေးမှာ ဒီအစိုးရက အတု၊ အခုတက်မယ့် အစိုးရ အတုလို့ ဘာအကြောင်းအရာနဲ့မှ ဆက်စပ်မှု မရှိပဲ ပြောတယ်လို့ စွပ်စွဲတာ။ ဦးဆန်းဆင့်ကိုယ်တိုင်က ပြည်ထောင်စုဝန်ကြီး သူကိုယ်တိုင် ပါဝင်တဲ့ အစိုးရကို အတုလို့ သူပေါ်တင်ပြောမလား။ ဒါ တချက်။ ဒါ ဘာအကြောင်းအရာနဲ့ဆက်စပ်သလဲ ဒီလိုသဘောပေါ့။

အစည်းအဝေးတက်တာလည်း နိုင်ငံဝန်ထမ်းတွေ၊ အဆင့်မြင့်ဝန်ထမ်းတွေ၊ ညွှန်ချုပ်တို့ ညွှန်ကြားရေးမှူးတို့ ဒုဝန်ကြီးတို့ အဲ့ဒီ့ဝန်ထမ်းတွေအပြင်ကို အဲ့ဒီ့ လူငါးဆယ်လောက် တက်တဲ့ အစည်းအဝေးမှာ ပညာရှင်တွေ ပါတယ်။ ကျနော်တို့က အဲ့ဒီ့အထဲက နှစ်ယောက်ကို ခေါ်ပြတယ်။ အဲ့ဒီ့လူတွေက ဘာပြောလည်းဆိုတော့ အဲ့လိုဝန်ကြီးက တစ်လုံးမှ မပြောပါဘူးတဲ့။ ကဲ... ဘယ့်နှယ့်လုပ်မလဲ ကျနော်ပြောတာက။"

တရားရုံးစီရင်ချက် မချခင် ရက်ပိုင်းအလိုက ဦးဆန်းဆင့်ကို စွဲဆိုထားတဲ့ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးရဲ့ လက်မှတ်ရေး ထိုးတောင်းဆို ထားချက်တွေကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ပေးပို့ထားပါတယ်။

ဦးဆန်းဆင့် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကို မေးကြည့်တော့-

"ဦးဆန်းဆင့်အပေါ် ထားတဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ကို အရင်ပြောရမယ်။ ဦးဆန်းဆင့်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့သူအဖြစ် ကျနော်တို့ အတိုက်အခံ ပါတီတွေက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လက်ခံ ယုံကြည် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်နိုင်ငံရေး အဖြစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ လွှတ်တော်ကနေ အစိုးရ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ မမှန်မကန် လုပ်ဆောင် တာတွေ တွေ့ရတဲ့ အခါမှာ အစိုးရ အဖွဲ့ကို စွပ်စွဲပြစ်တင်တဲ့အနေနဲ့ Impeach လုပ်လာတဲ့ ဥက္ကဋ္ဌ တယောက် အဖြစ် ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အရင်ဆုံး အသိအမှတ်ပြုထားတာဖြစ်တယ်။"

ဦးဆန်းဆင့်ဟာ အရင်နအဖ စစ်အစိုးရ လက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အာဏာရ ပါတီဖြစ်တဲ့ ကြံ့ခိုင် ဖွံဖြိုးရေး ရဲ့လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူ ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန်လ အဖမ်း မခံရခင်မှာ သာသနာရေး ၀န်ကြီး အဖြစ် လွှဲပြောင်း တာဝန် ပေးခြင်းခံ ခဲ့ရပါတယ်။



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၅) ဦး ကို စစ်သား များက လူမဆန်စွာ ရိုက်နှက် ခဲ့ရာ၊ ဒေသခံ နှစ်ဦး၏ အသက် အန္တရာယ် စိုးရိမ် ရကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း (ရာမ်မီးဘီးလ်) ကျေးရွာ အတွင်းသို့ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်တပ် စခန်းမှ စစ်သားများ ၀င်ရောက် လာစဉ် ဒေသခံ ရိုဟင်ဂျာ ရွာသား တစ်ဦး ဖြစ်သူ ဦးယူမာယူ(န်) ကော်ဘိရ် (ဘ) ဦးအီဆုပ် (အသက် ၂၉ နှစ်) က စစ်သားများကို တွေ့ရှိပြီး အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားခဲ့ရာ၊ စစ်သားများက လိုက်လံ ဖမ်းဆီးပြီး စစ်ဖိနပ်များ ကန်သည့် အပြင် သေနတ်ဖြင့် မျက်နှာကို ထုရိုက်၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် သွားများ ကျိုး၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုက်နှက်ခံရသူမှာ ယခု အချိန်ထိ သွေးများ အန်လျက် ရှိပြီး၊ အသက် အန္တရာယ် အလွန် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဦးဟူမာယူ(န်) ကော်ဘိရ်ကို စစ်သားများ လိုက်လံ ဖမ်းဆီးနေစဉ် လမ်းတွင် တွေ့ရှိသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကိုလည်း လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သိရှိရပါသည်။

ရိုက်နှက်ခံရသူ (၄) ဦးမှာ --

(၁) မော်ဂျီအူလ္လာ (ဘ) ဦးရှော်ဖီ (အသက် ၂၁ နှစ်)
(၂) ဟာမီဒူလ္လာ (ဘ) ဦးဟာဘီအူလ္လာ (အသက် ၁၇ နှစ်)
(၃) ဟာရွန် (ဘ) ဦးအစ္စလာမ် (အသက် ၁၇ နှစ်)
(၄) ဦးရှောဖီကူလ္လာ (ဘ) ဦးမူဖီဇူရာမန် (အသက် ၃၇ နှစ်) -- တို့ဖြစ်ပါသည်။

ရိုက်နှက်ခံရသူ (၄) ဦးမှ မော်ဂျီအူလ္လာ၏ အခြေအနေမှာလည်း အထူး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရပါသည်။

လူမဆန်စွာ ရိုက်နှက် နှိပ်စက်သည့် စစ်သားများကို ဗိုလ်ကြီး တစ်ဦးက ဦးဆောင်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် ဒုချီးရားတန်း ကျေးရွာ အကြားရှိ တံတား စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းသွားလမ်းလာ များထံမှ ငွေညှစ်ခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်းကြောင့် လမ်းသွားလမ်းလာ နည်းပါးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၅) ရက်နေ့ နောက်ပိုင်းမှ စ၍ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် ဒုချီးရားတန်း ကျေးရွာ အကြားရှိ တံတား စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများ ထံမှ ရွာထွက်လက်မှတ် တောင်းခံခြင်း၊ ရွာထွက် လက်မှတ်ပြလျှင် ယာယီကဒ်ပြား တောင်းခံခြင်း၊ ယာယီကဒ်ပြား ပြလျှင်လည်း ငွေကျပ် ၅၀၀ ညှစ်ယူခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ အမျိုးသားများကို ကိုယ်ထိ လက်ရောက် စော်ကားခြင်းတို့ကို နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိသောကြောင့် လမ်းသွားလမ်းလာများ နည်းပါးလာသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ငွေညှစ်ခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အမျိုးသားများကို ကိုယ်ထိ လက်ရောက် စော်ကားခြင်းများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအောင်က ဦးဆောင်၍ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း လှဘော်ဇား ကျေးရွာမှ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၂၄ နှစ်) သည် ကျီးကန်းပြင် ကျေးရွာမှ ပြန်လာစဉ် ဇင်ပိုင်ညှာ ကျေးရွာ အုပ်စု၊ ဖူးတ်ခါလီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရှေ့မှ ဖြတ်ကျော် သွားသူများကို နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ယခုရက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာနှင့် မြောက်ပိုင်း ဇင်ပိုင်ညှာ ကျေးရွာ တို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများသည် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး စခန်းများ ဖြစ်လာသည်ဟု ဒေသခံများက ဆိုသည်။

Rohingya Exodus