နောက်ဆုံးသတင်း/ဆောင်းပါးများ



30.7.2015

ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူး ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ ကိုရောက်ရှိနေ တဲ့ ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည် စခန်းကို ဒီကနေ့ သွားရောက် ခဲ့ပါတယ်။ ဒုက္ခသည် စခန်း အတွင်း မှာတော့ ၂၀၁၂ ခုနှစ်တုန်း ကတည်းက အစိုးရရဲ့ဖမ်းဆီး  ထိမ်းသိမ်းခံထားရတဲ့ ဦးဘရန်ရှောင် မိသားစုဝင် အချို့နဲ့ တွေ့ဆုံစကားပြော ခဲ့ပါတယ်။ ဒီနောက် ညနေပိုင်း မှာတော့ မြစ်ကြီးနားမြို့ပေါ် မှာပဲ ကချင် အရပ်ဖက် အဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နဲ့တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ မနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေကို သွားဖို့ စီစဉ်ထားပေမယ့်၊ ရာသီဥတုဆိုးဝါးပြီး လေယာဉ်မဆင်းနိုင်တာကြောင့် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေအရေးကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေ ကို ဆွေးနွေးမေးမြန်းဖို့အတွက် လာရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Angelina Jolie ဟာ ယခင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို လာရောက်ခဲ့ဖူးပြီး၊ အခု တကြိမ် လာရောက်ခြင်း ကတော့ မြန်မာနိုင်ငံတွင်းကို တရားဝင် ပထမဆုံးအကြိမ် လာရောက်မှုဖြစ်ပါတယ်။

မနေ့တုန်းကတော့ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုရတဲ့နောက်၊ အခု ဒီခရီးစဉ်ဖြစ်လာတာလို့လည်း Jolie ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



MYARF
RB News
30.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) နှင့် သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များသည် သင်္ဘောကွေ့ ကျေးရွာသို့ ဇူလိုင်လ (၂၈) ရက်နေ့တွင် ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား လက်ခံယူရန် အတွက် ဓါတ်ပုံ အရိုက်ခံရန် ခေါ်ကြရာ၊ ရွာသား တစ်ဦး တစ်ယောက်မှ လာရောက်၍ ဓါတ်ပုံ အရိုက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မည်သူတစ်ဦး တစ်ယောက်မှ လာရောက်ခြင်း မရှိသောကြောင့် နယ်ခြားစောင့် ရဲမျာက ရွာထဲပတ်၍ ၎င်းတို့ မျက်စိရှေ့ တွေ့သမျှ ရွာသားများကို အတင်းအဓမ္မ ခေါ်သော်လည်း ရွာသားများကို နယ်ခြားစောင့် ရဲများကို မြင်လျှင် အဝေးမှ နေ၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြသည်။ 

သင်္ဘောကွေ့ ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးဟူစိန်းအာမတ်၏ ၁၈ နှစ် အရွယ် သားဖြစ်သူကို နယ်ခြားစောင့် ရဲများက ဓါတ်ပုံအရိုက်ခံရန် ခေါ်ရာ မလာသဖြင့် လက်သီးဖြင့် ထိုးကြိတ်ခဲ့သောကြောင့် နှုတ်ခမ်းကွဲပြတ်သည့် အထိ ဒဏ်ရာ ရရှိခဲ့သည်။ ထိုကဲ့သို့ အခြားသော ရွာသား အချို့ကို ရိုက်နှက် ထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၇) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ ကျောက်လှေကား စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များသည် မင်္ဂလာကြီး ကျေးရွာနှင့် ဇူလိုင်လ (၂၈) ရက်နေ့တွင် လှဖိုးခေါင် ကျေးရွာ များသို့ သွားရောက်၍ ဒေသခံ ရွာသားများကို အစိမ်းနုရောင် ကဒ်ပြား လက်ခံယူရန် အတွက် ဓါတ်ပုံ အရိုက်ခံရန် ပြောဆို ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။



Rohingya Eye
RB News
29.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ပွင့်ဖြူချောင်း ကျေးရွာရှိ အစိုးရ မူလတန်း လွန်ကျောင်းတွင် ရိုဟင်ဂျာ ကျောင်း/သူ ၆၀၀ ခန့် ရှိပြီး အစိုးရခန့် ဆရာမ (၃) ဦးနှင့် ရွာမှ ခန့်ထားသည့် ဆရာ (၅) ဦး ရှိသည်။ ကျောင်းအုပ် ဆရာကြီးမှာ ဦးသန့်ဇင်ဦး ဖြစ်သည်။ အဆိုပါ ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဆရာမ များသည် တစ်ပတ်တွင် တစ်ကြိမ်သာ ကျောင်းသို့ လာရောက်လေ့ ရှိပြီး ရွာမှ ခန့်ထားသည့် ဆရာများဖြင့် ကျောင်းတွင်း လည်ပတ်ခြင်းကိုသာ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် စာသင်နှစ် စာမေးပွဲတွင် ကျရှုံးခဲ့သော စတုတ္တတန်း ကျောင်း ၂၅၀ ဦးထံမှ တစ်ဦးလျှင် ငွေ ၁ ထောင်မှ ၅ ထောင် ထိယူ၍ ပဉ္စမတန်းသို့ တက်ရောက်ခွင့် ပြုခဲ့သည်။ ငွေရေးကြေး အဆင်မပြေမှုဖြင့် ပညာသင်ကြားမှုကို နှစ်နှစ်ကြာ ရပ်ဆိုင်း၍ ယခုနှစ်တွင် ကျောင်းပြန်တက်နိုင်ရန် ကျောင်းအပ်ရာတွင် ကျောင်းအုပ်ကြီးက ငွေကျပ် ၅ သောင်းစီ တောင်းခံ နေသဖြင့် အဆိုပါ ငွေကြေး မတတ်နိုင်သူများ၏ သားသမီးများကို ယခုအချိန်ထိ ကျောင်းအပ်နိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ငွေကျပ် ၅ သောင်းစီ မပေးနိုင်သဖြင့် ကျောင်းမအပ်နိုင်သည့် ကျောင်းသား များမှာ -- 

(၁) မာမတ်တော်ကီ (ဘ) ဦးမာမတ်ဆူဖိတ် -- တတိယတန်း တက်ရန်
(၂) အေကေရာမ် (ဘ) ဦးအဒူရှကူရ် -- ပဉ္စမတန်း တက်ရန်
(၃) ဖေရူဒူစ် (ဘ) ဦးမာမတ်ဆီဒိခ် -- ပဉ္စမတန်း တက်ရန် -- တို့ဖြစ်သည်။ 

ရွာမှ ခန့်ထားသည့် ဆရာတစ်ဦး ဖြစ်သူ ဦးရှောမ်ရှု (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၃၅ နှစ်) က ကျောင်းပြောင်းရန် အတွက် ကျောင်းပြောင်း လက်မှတ် ယူလျှင် ငွေကျပ် တစ်သိန်း ပေးရမည်ဟု ကျောင်းအုပ်ကြီးက ပြောဆိုကြောင်း ငွေကျပ် ၅ သောင်းကြောင့် ကျောင်းမအပ်နိုင်သည့် မိဘများကို ပြောဆိုခဲ့ကြောင်း သိရသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ကျောင်းသား/သူ ၅၀၀ ခန့် ရှိသည့် မူလတန်း လွန်ကျောင်းတွင်လည်း အစိုးရခန့် ဆရာ/မ ၅ ဦး နှင့် ရွာမှ ခန့်ထားသည့် ဆရာ/မ ၅ ဦး ရှိပြီး၊ အစိုးရခန့် ဆရာ/မ များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ကျောင်းသို့ လာရောက်သောကြောင့် ရွာမှ ခန့်ထားသည့် ဆရာ/မ များကသာ စာသင်ကြား၍ ကျောင်းလည်ပတ်လျက် ရှိသည်။

ကျေးရွာများရှိ ကျောင်းများတွင် မြို့နယ် ပညာရေးမှူး၏ ညွန်ကြားချက်ဖြင့် ရွာခန့် ဆရာများ အကန့်အသတ်ဖြင့် ခန့်ထားခဲ့ရသည်။ အစိုးရ ဆရာ/မ များ ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် ရွာခန့် ဆရာများကိုလည်း အကန့်အသတ်ဖြင့် ထားရသောကြောင့် ကျောင်းသား/သူ များ၏ ပညာရေး အခြေအနေမှာ ဆိုးရွားလျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အမည်မဖော်လိုသော ဆရာမ တစ်ဦးက “နယ်မှာ တာဝန်ကျတဲ့ ဆရာ/မ တွေကို ကျောင်းပုံမှန် သွားဖို့ ညွန်ကြား ထားသလို၊ ပုံမှန် မသွားတဲ့ ဆရာ/မ တွေကို အရေးယူမယ်လို့လည်း ပညာရေးမှူးက စာထုတ်ထားတာ ရှိပါတယ်။ ဒါပေမယ့် ကျောင်းပုံမှန် မတက်တာကို ပညာရေးမှူးက ကောင်းကောင်း သိတယ်။ အရေးယူမှာ မဟုတ်ဘူး။ တကယ်လို့ ရခိုင်ကျောင်းသား တွေချည်း သင်တဲ့ ကျောင်းမှာ ပုံမှန်မသွားဘူးဆိုရင် အရေးယူကောင်း ယူနိုင်တယ်” ဟု ပြောပါသည်။ 

ရိုဟင်ဂျာ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက “မောင်တော မြို့ရဲ့ ပညာရေး စနစ်က အစိုးရ ဆရာ/မတွေ ကျောင်းကို ပုံမှန် မတက်ဘဲ အိမ်မှာ နေပြီး နိုင်ငံတော် လစာ စားနိုင်တဲ့ ပညာရေး စနစ်ဖြစ်ပြီး၊ ရွာခန့် ဆရာတွေ လုံလုံလောက်လောက် ထားဖို့ မပေးတာက ပညာရေး နိမ့်ကျသွားအောင် တမင်လုပ်နေတာ ဖြစ်ပါတယ်။ ပညာရေး ၀န်ကြီးဌာနက လာရောက်ပြီး သေချာ စုံစမ်း အရေးယူသင့်တယ်” ဟုပြောသည်။



MYARF
RB News
28.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အစိမ်းနုရောင်ကဒ်များ လက်ခံလာအောင် ခြိမ်းခြောက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၆) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးနှင့် မ.က.ဖ ဦးစီးတို့က အင်းဒင်ရွာမှ ရပ်မိရပ်ဖ များကို စခန်းသို့ ဆင့်ခေါ်ပြီး နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (အစိမ်းနုရောင် ကတ်ပြား) လက်ခံရန်၊ ရွာသားများကိုလည်း အစိမ်းနုရောင် ကတ်ပြား လက်ခံလာအောင် စည်းရုံးပေးရန် ပြောကြားရာ ရပ်မိရပ်ဖ များက ချက်ချင်း လက်မခံဘဲ ရွာသူရွာသား များနှင့် တိုင်ပင်ရမည်ဟု ဖြေကြားခဲ့သည်။ 

ထို့နောက် ရဲမှူးငြိမ်းချမ်းအေးက ရပ်မိရပ်ဖ များနှင့် အတူ ဒုရဲအုပ် တစ်ဦး အပါအ၀င် နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ (၁၅) ဦးကို အင်းဒင်တောင်ရွာသို့ စေလွှတ်ခဲ့သည်။ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များက အင်းဒင်တောင်ရွာရှိ အာရဗီ စာသင်ကျောင်းတွင် နေရာယူခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာဆော်မှ တစ်ဆင့် ရွာသားများကို ဆွေးနွေးရန်ဟု လိမ်လည်၍ ခေါ်သဖြင့် ရွာသားအချို့ အာရဗီ စာသင်ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ရွာသားများ ရောက်ရှိလာည်နှင့် နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး “မင်းတို့ အစိမ်းကဒ် မဖြစ်မနေ လျှောက်ရမယ်၊ အဲဒါကြောင့် အိမ်ထောင်စု စာရင်းနဲ့ အတူ မိသားစုကိုပါ အခု ချက်ချင်း ခေါ်လာခဲ့” ဟုဆိုကာ နယ်ခြားစောင့် ရဲတစ်ဦးစီနှင့် အတူ စေလွှတ်ခဲ့သည်။ နယ်ခြားစောင့် ရဲများနှင့် အတူ လာရောက်နေသည်ကို မိသားစု အချို့က သိရှိသွားပြီး နေအိမ်များမှ ထွက်ပြေး သွားခဲ့သည်။ နယ်ခြားစောင့်ရဲ တစ်ဦးစီနှင့် အတူ နေအိမ်များသို့ ရောက်ရှိလာသူများက နယ်ခြားစောင့် ရဲများကို အိမ်ရှေ့တွင် ထား၍ နောက်ဖေးပေါက်မှ ထွက်ပြေးသွားခဲ့သည်။ အများစု ထွက်ပြေးနိုင်ခဲ့သော်လည်း ရွာသား (၃) ဦးမှာ ထွက်မပြေးနိုင်၍ နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ထပ်မံခံခဲ့ရသည်။ 

ထို့နောက် အဆိုပါ ရွာသား (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ များ နေရာယူထားသည့် အာရဗီ ကျောင်းသို့ ခေါ်ဆောင်လာပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရိုက်နှက်ခံရသူ များမှာ -- 

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၆၂ နှစ်)
(၂) ဦးကော်ရီမူလ္လာ (ဘ) ဦးနောဇူမျာ (အသက် ၄၇ နှစ်)
(၃) ဦးဂျမာလ်ဟူစိန်း (ဘ) ဦးဂျော်လာအူဒင် -- တို့ဖြစ်သည်။ 

ဦးနူရ်အစ္စလာမ်သည် ဖမ်းဆီးခံရသော်လည်း ၎င်း၏ မိသားစုမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သဖြင့် ၎င်းတစ်ဦးသာ ဓါတ်ပုံ ရိုက်ခံခဲ့ရသည်။ သို့သော်လည်း ၎င်း၏ အိမ်ထောင်စု စာရင်းကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဦးကော်ရီမူလ္လာသည် ၎င်း၏ ဇနီးနှင့်ပါ ဖမ်းဆီးခံရသဖြင့် နှစ်ဦးလုံး ဓါတ်ပုံ ရိုက်ခံခဲ့ရသည်။ 

ထို့နောက် နယ်ခြားစောင့် ရဲများက ဇူလိုင်လ (၂၇) ရက်နေ့တွင် လာရောက် ဓါတ်ပုံ ရိုက်လျှင် အရိုက်မခံပါက ညအချိန်တွင် အိမ်ထဲသို့ ၀င်ရောက် ဖမ်းဆီး ထောင်ချမည်၊ ထွက်ပြေးသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှုကြောင့် ရွာသူရွာသား များသည် နေအိမ်တွင် မနေဘဲ တိမ်းရှောင် နေခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဇူလိုင်လ (၂၇) ရက်နေ့တွင် နယ်ခြားစောင့် ရဲများ ထပ်မံ၍ ရောက်ရှိလာခဲ့သော်လည်း ရွာသူရွာသားများက သွားရောက်၍ ဓါတ်ပုံ အရိုက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။ ရွာသူရွာသားများ ရောက်ရှိလာခြင်း မရှိသောကြောင့် နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များက အမျိုးမျိုး ခြိမ်းခြောက် ပြောဆို၍ ညနေပိုင်းထိ စောင့်ဆိုင်း၍ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရပါသည်။



MYARF
RB News
28.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ရခိုင် အစွန်းရောက် များနှင့် နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသောကြောင့် ဒေသခံများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ ညနေပိုင်းမှ စ၍ ရသေ့တောင် မြို့နယ် ကျေးရွာ အသီးသီးမှ ရခိုင် အစွန်းရောက် များသည် ရသေ့တောင် မြိုကနယ် ကူတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် စုဝေး၍ ရသေ့တောင် မြို့နယ်တွင် ရိုဟင်ဂျာ ရွာတစ်ရွာ ဖြစ်သော အနောက်ပြင် ကျေးရွာကို အကြမ်းဖက် ဖြိုကွဲရန် စီစဉ်နေသည်ဟု ရသေ့တောင် မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း (၅၆၄) မှ ယင်းနေ့ ည ၈း၁၅ နာရီ အချိန်တွင် အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များကို ဖုန်းဆက်၍ အသိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ သတင်းကို ရရှိပြီးနောက် အနောက်ပြင် ကျေးရွာရှိ ရိုဟင်ဂျာများသည် ယင်းနေ့ ညတွင် ညမအိပ်ပဲ တစ်ညလုံး ကင်းစောင့် ခဲ့ကြသည်။ သို့သော် ရခိုင်အစွန်းရောက်များ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရခိုင် အမျိုးသမီးများနှင့် အမျိုးသား ဈေးသည်များသည် အနောက်ပြင် ကျေးရွာသို့ နေ့စဉ် လာရောက်၍ ဈေးရောင်းလေ့ ရှိသည်။ ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် အဆိုပါ ရခိုင် ဈေးသည်များ လာရောက်၍ ဈေးရောင်းချခြင်း မရှိသဖြင့် ဇူလိုင်လ (၂၇) ရက်နေ့ ညပိုင်းတွင် ကြားခဲ့သည့် သတင်းအပေါ် အနောက်ပြင်ရွာသား များက စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
27.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖေါင်တော်ပြင် ကျေးရွာရှိ အထက်တန်း ကျောင်းခွဲသည် ဘူးသီးတောင် မြို့နယ်တွင် အောင်ချက် အကောင်းဆုံး ကျောင်းတစ်ကျောင်း ဖြစ်သောကြောင့် အာဏာပိုင်များက ယခု ပညာသင်နှစ်တွင် အောင်ချက်ကျသွားစေရန် စနစ်တကျ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ခြင်းသမား ကျေးရွာ အုပ်စု၊ ဖောင်တော်ပြင် ကျေးရွာရှိ အထက်တန်း ကျောင်းခွဲသည် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်တွင် တစ်မြို့နယ်လုံး၌ အောင်ချက် ရာခိုင်နှုန်း အများဆုံး၊ အမှတ် အများဆုံးဖြင့် ဂုဏ်ယူစွာ ရပ်တည် နိုင်ခဲ့ပြီး၊ များသောအားဖြင့် ဒေသခံ ရိုဟင်ဂျာ ဆရာ/မ များက ၀င်ရောက်၍ စာသင်ကြား ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကျောင်းသည် ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ အကျိုးကို သယ်ပိုးနေပြီး၊ စည်းကမ်းပိုင်း ရေးရာသော် လည်းကောင်း၊ သင်ကြားရေး အပိုင်းသော် လည်းကောင်း၊ အဖက်ဖက်မှ တိုးတက် အောင်မြင်လာပြီး မြို့နယ် အတွင်းတွင် စံပြကျောင်း သဖွယ် ဖြစ်လာသည်ကို မြို့ပေါ်မှာ အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက် များ၏ လတ်တလော လုပ်ရပ်များက မူလအခြေအနေနှင့် ဆန့်ကျင်ဘက်သို့ တွန်းပို့လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုအခါ အဆိုပါ ကျောင်းတွင် ရိုဟင်ဂျာ ဆရာ/မ များကို သင်ကြားပေးခွင့် ရပ်တန့်လိုက်ပြီး၊ ရခိုင် ဆရာ/မ များသာ သင်ကြားပေး ရမည်ဟု ပြုလုပ်လိုက်ပြီး၊ ရခိုင် ဆရာ/မ များ၏ လုံခြုံရေးကြောင့် နေရပ်သို့ ချက်ချင်း ပြန်ရမည် စသည်ဖြင့် မူအသစ်များ ပြုလုပ်ကာ ရခိုင် ဆရာ/မ များက နံနက်ပိုင်းတွင်လည်း ကျောင်းချိန် အတိုင်း ကျောင်းသို့ မလာရောက်ဘဲ၊ ရောက်သည့် အခါတွင်လည်း ထမင်းစား၊ စကားပြော စသည်ဖြင့် အချိန်ဖြုန်းကာ ကျောင်းချိန် မပြီးဆုံးမှီ စောလျင်စွာ ပြန်သွားသည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့က ကျောင်းသား/သူ များ၏ စာသင်ချိန်များကို အလဟသ ဖြုန်းတီးကာ ကျောင်းသား/သူများ စာသင်ချိန် နည်းပြီး စာမတတ်ရန် တမင် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ 

သဘောထား ပျော့ပျောင်းသည့် ယခင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဆရာ/မ များ ညအိပ်ရန် အဆောင် တစ်ဆောင် ဆောက်ပေးခဲ့သော်လည်း၊ ယခု အုပ်ချုပ်ရေးမှူး ဖြစ်သူ ရခိုင် အစွန်းရောက် ဦးသန်းရွှေက ညအိပ်ရန် ခွင့်မပြုသည်မှာ ရိုဟင်ဂျာ ကျောင်းသား/သူများကို စာသင်ချိန် အပြည့်အ၀ ပေးနိုင်မည် ဖြစ်သောကြောင့် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် စာသင်ချိန် နီးပါးအောင်၊ ဆရာ/မ များ သွားလာရေးကြောင့် စာသင်ကြားရန် စိတ်ဝင်စားမှု နည်းပါးအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၀) ရက်နေ့က ဗုံးပေါက်ကွဲမည်ဟု အခြေအမြစ် မရှိသည့် ကောလဟလ သတင်းတစ်ခုကို လုပ်ကြံ ဖန်တီးပြီး ဖေါင်တော်ပြင် အ.ထ.က ကျောင်းခွဲကို ၁၀ ရက်တိတိ ပိတ်လိုက်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ကြေညာခဲ့ပြီး၊ ကျောင်းကို ၁၀ ရက် ပိတ်လိုက်ကြောင်း သိရသည်။

ယမန်နှစ်က အောင်ချက် အကောင်းဆုံး၊ စည်းကမ်း အကောင်းဆုံးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသည့် ကျောင်းကို ယခုကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်လာအောင် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက်များက ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေသဖြင့် မြို့နယ် ပညာရေး ဦးစီးဌာန၊ ပြည်နယ် ပညာရေး ဦးစီးဌာန တို့မှ စီစစ်၍ ယခင် အတိုင်း ကောင်းမွန်သည့် စာသင်ကြားမှု ဖြစ်လာစေရန် ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာ အုပ်စုမှ ဒေသခံများ၏ နွားများကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ၊ အောင်ဇံ ကျေးရွာ အုပ်စု၊ ကြောင်တိုးရွာမှ ဦးကာမာလ်ဟူစိန်း (ဘ) ဦးအဒူမာလဲခ်၏ ခြံပေါက် နွားတစ်ကောင်ကို ဝေလတောင်ရွာ စခန်း၌ တာဝန်ကျနေသည့် ခမရ (၅၆၄) မှ တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများက ယခု ၁၅ ရက် အတွင်း သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက် နေသည်မှာ နွားသုံးကောင် ရှိပြီး ဖြစ်ကြောင်း၊ စစ်သားများက ပြည်သူများ၏ ဥစ္စာ ပစ္စည်းများကို ကာကွယ် ပေးရမည့် အစား ယခုကဲ့သို့ လိုင်စင်ရ သောင်းကျန်းသူများ သဖွယ် မတရားသဖြင့် နစ်နာအောင် ပြုလုပ်နေသည်ကို အထက် အရာရှိကြီးများက အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် လိုလားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
27.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင် ရွာမှ ဒေသခံ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့က မတရား သဖြင့် ဖမ်းဆီး၍ ဘူးသီးတောင် ထောင်သို့ ပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင် ရွာမှ နယ်ခြားစောင့် ရဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် တပည့် ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း၊ ရာအိမ်မှူး ဦးမော်တော်လောဖ် တို့ပူးပေါင်း၍ ညောင်ချောင်း စခန်းမှ နယ်ခြားစောင့် ရဲများ ခေါ်လာပြီး၊ နယ်ခြားစောင့် ရဲများ၏ တပည့် ဖြစ်သူ ဦးဆော်လီမူလ္လာနှင့် ရန်ငြိုးရှိသူ ကွမ်းယာရောင်းသည့် ဦးမာမတ်ဟူစိန်း (ဘ) ဦးဘော်ဒီအာလောမ် (အသက် ၄၅ နှစ်) ကို ဖရုံချောင်း ပြိုင်းတောင်ရွာရှိ နေအိမ်မှ ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်လာပြီး၊ ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကို ဆဲဆိုခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ နယ်ခြားစောင့် ရဲများနှင့် ဦးဆော်လီမူလ္လာ တို့က လူမဆန်စွာ ရိုက်နှက်ပြီး ညောင်ချောင်း စခန်းတွင် ညပိုင်း ချုပ်နှောင် ထားကာ ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီး တရားစွဲဆိုရန် ပြင်ဆင် နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် နှစ်လခန့်က ဦးဆော်လီမူလ္လာက ဦးမာမတ်ဟူစိန်း ထံမှ ငွေကျပ် တစ်သိန်း တောင်းခဲ့သည်ကို မပေးခဲ့သဖြင့် ဦးဆော်လီမူလ္လာက ရိုက်နှက်ခဲ့ရာ၊ ဦးမာမတ်ဟူစိန်းက ဘူးသီးတောင် ရဲစခန်းတွင် တိုင်တန်းခဲ့သည်ကို အကြောင်းပြု၍ ရန်ငြိုးထားကာ ယခုကဲ့သို့ နယ်ခြားစောင့် ရဲများ၊ ကျေးရွာ အုပ်ချုပ်ရေး တို့နှင့် ပူးပေါင်း၍ လုပ်ကြံပြီး မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာ ရွာသားများကို မတရား ဖမ်းဆီး ရိုက်နှက် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၁၂) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ ကင်းလှည့်နေစဉ် ဦးအလီ (ဘ) ဦးဇော်မလုခ် (အသက် ၅၀ နှစ်) တို့ ဇနီးမောင်နှံတို့ အိမ်ထဲတွင် စကားပြောနေသည်ကို ကြား၍ အိမ်ထဲသို့ ၀င်ရောက်ပြီး စကားပြောနေသည့် ဘင်္ဂလားဖုန်းကို ထုတ်ပေးဟု တောင်းရာ ဦးအလီက ဖုန်းဖြင့် စကားပြောခြင်း မဟုတ်ကြောင်း၊ ဇနီးမောင်နှံ နှစ်ဦး အချင်းချင်း စကားပြောနေခြင်း ဖြစ်ကြောင်း ပြောကြားသော်လည်း နယ်ခြားစောင့် ရဲများက ဦးအလီကို အိမ်ထဲတွင်ပင် ရိုက်နှက်၍ စခန်းသို့ ခေါ်ဆောင် သွားကာ အတင်းအဓမ္မ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ဦးဒေါလူဟူစိန်း (ဘ) ဦးဟာမိတ် (အသက် ၃၅ နှစ်) သည် အလုပ်ကိစ္စ တစ်ခုဖြင့် သူငယ်ချင်း အိမ်သို့ ရောက်နေစဉ် အဆိုပါ ကင်းစခန်းများ နယ်ခြားစောင့် ရဲများ လာရောက်၍ ဤနေရာသည် ဘင်္ဂလားဖုန်း Network မိသော နေရာဖြစ်၍ ဘင်္ဂလားဖုန်းနှင့် စကားပြောဆိုရန် လာရောက်သည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် မည်သည့်ဖုန်းမှ မတွေ့ရှိသော်လည်း ၎င်းကို ဖမ်းဆီးခဲ့သည်။ ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးကာလူ (အသက် ၄၀ နှစ်) (မြေတူးလုပ်သား) သည်လည်း အဆိုပါ အိမ်မှ အိမ်သား တစ်ဦးကို ၎င်းနှင့် အတူ အလုပ်လုပ်ရန် သွားခေါ်ရတွင် ၎င်းကိုလည်း ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

ထို့နောက် ဖမ်းဆီးခံရသည့် အပြစ်မဲ့ နှစ်ဦးကို စခန်းသို့ ခေါ်ဆောင် သွားပြီး နယ်ခြားစောင့် ရဲများက ၎င်းတို့ စိတ်တိုင်းကျ လူမဆန်စွာ ရိုက်နှက်ပြီး တစ်ညလုံး ထိပ်တုံးခတ် ထားခဲ့သည်။ ဇူလိုင်လ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးဒေါလူဟူစိန်း ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့သည်။ ဦးဇာဖောရ်ဟူစိန်းကို ပြန်လည် လွှတ်ပေးရန် ငွေကျပ် ၅ သောင်း တောင်းခံရာ ၎င်းက မိမိမှာ အလွန်ဆင်းရဲ၍ ငွေပေးရန် မတတ်နိုင်ကြောင်း ပြောရာ နယ်ခြားစောင့် ရဲတစ်ဦးက ငွေမရှိဟူသော စကားကို နယ်ခြားစောင့် ရဲစခန်းတွင် မပြောရန်၊ နယ်ခြားစောင့် ရဲစခန်းသို့ ရောက်လျှင် ငွေပေးမှ ပြန်လွတ်သည်ဟု ဆိုသဖြင့် နောက်ဆုံးတွင် ငွေကျပ် နှစ်သောင်း ပေးမှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၁၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် အမျိုးသမီး (၃) ဦး လမ်းလျှောက် သွာေးနသည်ကို နယ်ခြားစောင့် ရဲများက ရပ်တန့်ခိုင်းပြီး၊ ဘယ်ရွာကလဲ၊ ဘယ်ကို သွားနေတာလဲ ဟု မေးမြန်းကြရာ အမျိုးသမီးများက နားမလည် သဖြင့် နယ်ခြားစောင့် ရဲများက လယ်ကွင်းပြင်တွင် အလုပ်လုပ်ပြီး အိမ်ပြန်နေသည့် မော်လ၀ီ အာရော်ဖ်အုလ္လာ (ဘ) မော်လ၀ီ အဒူဂေါ်ဖာရ်ကို ခေါ်၍ ဘာသာပြန်ခိုင်း ခဲ့သည်။ မော်လ၀ီ အာရော်ဖ်အုလ္လာက ဘာသာပြန်ပေးပြီးနောက် အမျိုးသမီး များကို သွားခွင့် ပေးလိုက်ပြီး၊ ဘာသာပြန်ပေးသည့် မော်လ၀ီကို စခန်းထဲသို့ ခေါ်သွင်းကာ ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲကြရာ မော်လ၀ီက ၎င်းတွင် ဘင်္ဂလားဖုန်း မရှိဟု ငြင်းဆန်သဖြင့် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်သည့် အပြင် လူမျိုး၊ ဘာသာခွဲခြား၍ စော်ကား ပြောဆိုပြီး ချုပ်နှောင် ထားခဲ့သည်။ ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ မော်လ၀ီ ထံမှ ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ထိုသို့ မတရားသဖြင့် ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
27.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပြင်ရွာမှ လယ်သမား (၃) ဦးကို ရခိုင် အစွန်းရောက် များနှင့် စစ်သား တစ်ဦးတို့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ အချိန်တွင် ရသေ့တောင် မြို့နယ်၊ အနောက်ပြင်ရွာမှ လယ်သမား (၃) ဦးသည် လယ်ပြင်တွင် လယ်ထွန်နေစဉ် ကူတောင်ရွာမှ ရခိုင် အစွန်းရောက် (၂၀) ဦးခန့်နှင့် ခမရ (၅၆၃) တပ်ရင်း၊ ကူတောင် တပ်စခန်းမှ တပ်မတော်သား တစ်ဦးတို့ ပူးပေါင်းပြီး လယ်ပြင်သို့ လာရောက်ပြီး အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အကြောင်းမဲ့ ရိုက်နှက်ခံရသည့် လယ်သမားများက ကူတောင် တပ်စခန်းသို့ သွားရောက်၍ တပ်စခန်း တာဝန်ခံကို တိုင်ကြားခဲ့သော်လည်း စခန်း တာဝန်ခံက ရခိုင် တိုင်းရင်းသား များကိုသာ ကူညီ ကာကွယ် ပေးရန် ဖြစ်ကြောင်း၊ မင်းတို့ ဘင်္ဂလီများ အတွက် မဟုတ်ကြောင်း ပြောဆို၍ ကြိမ်းမောင်းခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရိုက်နှက်ခံရသည့် လယ်သမား (၃) ဦးမှာ -- 
(၁) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးအီဆုဖ် (အသက် ၄၀ နှစ်)
(၂) ဦးမာမတ်ဆော်လိမ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၃၅ နှစ်)
(၃) မာမတ် (ဘ) ဦးဆယိဒ်ဆုလ်တာန် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

ဘ၀သစ် အရက်ဆိုင်၊ မောင်တောမြို့ (ဓါတ်ပုံ - RB News)


RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဘင်္ဘောဆိပ်လမ်းရှိ ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ရခိုင် အစွန်းရောက် တစ်ဦးတို့ ပူးပေါင်း၍ ရိုဟင်ဂျာ ဆိုက္ကားသမား တစ်ဦးထံမှ ငွေလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇူလိုင်လ (၂၇) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် ဘင်္ဘောဆိပ်လမ်းရှိ ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ရခိုင်အစွန်းရောက် တစ်ဦးတို့ ပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်မှ ရိုဟင်ဂျာ ဆိုက္ကားသမား တစ်ဦး ဖြစ်သည် ဦးဇော်ဟိရ်အာမတ်ကို အရက်ဆိုင်ထဲသို့ ခေါ်သွင်းပြီး ရိုက်နှက်ကာ ဆိုက္ကားသမား ထံမှ ငွေကျပ် ၅ ထောင် လုယက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ၎င်းတို့ နှစ်ဦးက ညစ်ညမ်းစွာ ဆဲဆိုပြီး ဘင်္ဂလီများကို နိုင်ငံတွင်းမှ မောင်းထုတ်ပစ်မည်ဟု စော်ကား ပြောဆိုခဲ့ကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။ 

ငွေလုယက်ရာတွင် ပါဝင်ခဲ့သည့် ရခိုင် အစွန်းရောက်သည် ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ပူးပေါင်း၍ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ခြင်း၊ လုယက်ခြင်း၊ အကြောင်းမဲ့ ငွေတောင်းခြင်း၊ များကို မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောပါသည်။

မောင်တောမြို့ သင်္ဘောဆိပ်လမ်း (ဓါတ်ပုံ - RB News)



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၄) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ကင်းလှည့်နေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် ၎င်း၏ တပည့်များ ဖြစ်သည့် ဦးအီဗြာဟိမ်း၊ ဦးအဒူမူနာဖ်၊ ဦးအဒူဆော်လာမ်၊ ဦးလေဒူး တို့နှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဦးအေနာမူလ္လာ၏ နေအိမ်တွင် သောင်းကျန်းသူများ ရှိနေသည်ဟု ဆိုကာ ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် မည်သည့် သောင်းကျန်းသူ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့သော်လည်း ဦးအေနာမူလ္လာကို ဖမ်းဆီး ရိုက်နှက်ကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က စစ်ဆေးပြီး အပြစ်မရှိသောကြောင့် ငွေမညှစ်ဘဲ ဦးအေနာမူလ္လာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ သို့သော် နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့က ဦးအေနာမူလ္လာ၏ အိမ်ကို စစ်ဆေးစဉ် အုပ်ချုပ်ရေးမှူး၏ တပည့်များက ဘီဒိုထဲမှ ငွေကျပ် တစ်သိန်း ငါးသောင်း ခိုးယူ သွားသည်ကို နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ထွက်သွားမှသာ ဦးအေနာမူလ္လာ၏ မိသားစုဝင်များက သိရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ယင်းနေ့ညတွင်ပင် ဦးအဘူကော်ဆီဒိခ်၏ နေအိမ်သို့ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၀င်ရောက်ပြီး ဦးအာဘူကော်ဆီဒိခ်၏ သားများ ဖြစ်ကြသော ဇူဘိုင်ရ်နှင့် မာမတ်ဆီဒိခ် တို့ကို ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ခြောက်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီး၍ နှစ်ဦးကို ငွေညှစ်ပြီး ပြန်လွှတ်ပေး ခဲ့သော်လည်း ငွေမပေးသည့် တစ်ဦးကို ထောင်ချခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာတွင် ဗလီ ပြုပြင်ခဲ့သည့် အတွက် ဗလီ ဂေါပက အဖွဲ့ဝင် (၇) ဦးမှ (၅) ဦးကို ၂၀၀၇ ခုနှစ်တွင် န.စ.က က ဖမ်းဆီးပြီး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။ ကျန်သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးသည် ထိုအချိန်ကစ၍ တိမ်းရှောင် နေခဲ့သည်။ 

ဇူလိုင်လ (၁၃) ရက်နေ့ ညပိုင်းတွင် တိမ်းရှောင် နေခဲ့သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးကို သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့က ဖမ်ဆီး၍ ငွေညှစ်ခဲ့ကြောင်း၊ ဦးဂေါ်နီအာမတ် (ဘ) ဦးအဒူရှကူရ် ထံမှ ငွေကျပ် ၁၃ သိန်းနှင့် ဦးမော်ဂီး (ဘ) ဦးမောင်ဂုလ်အာမတ် ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုငွေများကို နယ်ခြားစောင့်ရဲများက တိုက်ရိုက် မယူဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် တပည့်ဖြစ်သူ ဦးအဒူမူနာဖ် တို့ထံမှ တစ်ဆင့် ယူခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယင်းနေ့ညတွင်ပင် ဘင်္ဘောကွေ့ ကျေးရွာမှ ဦးရှုနာမီယာ၏ သားတစ်ဦးကို နေအိမ်မှ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ငွေညှစ်ရန် ကြိုးစားရာ ဖမ်းဆီးခံရသူက ငွေမပေးနိုင်သဖြင့် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မောင်တော တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်မှု (လ.၀.က အမှု) ဖြင့် အမှုဆင် တရားစွဲဆို၍ ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



RB News
24.7.2015

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော မြို့နယ်​တွင်​ ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​ လျှောက်​ထားသူများကို ​နိုင်​ငံခြားသားများ အခွန်​​ဆောင်​ပြီး ​နေရသကဲ့သို့ မောင်​​တော လဝကမှ အခွန်​​ဆောင်​ခိုင်း ခဲ့​ကြောင်း သတင်းရရှိပါသည်​။

လွန်​ခဲ့​သော အပတ်​က ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​သို့ ရခိုင်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီ တာဝန်​ခံ ဗိုလ်ချုပ်သိန်းဆွေ နှင့်အဖွဲ့​ရောက်​ရှိလာခဲ့ပြီး ပြည်​နယ်​ လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အောင်​မျိုးမင်း အပါအဝင်​ ပြည်​ခိုင်​ဖြိုး အဖွဲ့ဝင်​များ ရိုဟင်​ဂျာအချို့နှင့်​ ​တွေ့ဆုံ၍ နိုင်​ငံသား စီစစ်​​ရေးကိစ္စနှင့်​ ပတ်​သက်​ပြီး ​ဆွေး​နွေးခဲ့သည်​။ ထိုသို့​ ဆွေး​နွေးခဲ့ရာတွင် ဗိုလ်ချုပ်သိန်းဆွေက ​အမျိုးသားမှတ်​ပုံတင်​ကဒ်​ ရှိ​သူများသည်​ နိုင်​ငံသား စီစစ်​​ရေးကဒ်​ ​လျှောက်​နိုင်​​ကြောင်း၊ ​လျှောက်ထားသူ၏ မိဘနှစ်​ဖက်​ နှင့်​ နှစ်​ဖက်​​သော အဘိုးအဘွား များတွင်​ အမျိုးသား မှတ်​ပုံတင်​ ရှိသူများသည်​ နိုင်​ငံသား ဖြစ်​​ခွင့်​ရှိကြောင်း၊ အ​ထောက်​အထား မစုံလျှင်​​တော့ ပြုနိုင်​ငံသားသာ ​လျှောက်​ထားနိုင်​​ကြောင်း စသည်​ဖြင့်​ ရှင်းလင်း​ပြောပြသွားခဲ့ပါသည်​။

ဗိုလ်ချုပ်သိန်းဆွေ၏ ပြောစကား​အရ ​မောင်​​တောမြို့နယ်​မှ အမျိုးသားမှတ်​ပုံတင်​ကဒ်​ စုံလင်​​သော ရိုဟင်​ဂျာ အချို့သည်​ ​မောင်​​တော လ.ဝ.က သို့ နိုင်​ငံသား​စီစစ်​​ရေးကဒ်​ လျှောက်​ထားခဲ့သည်​။ ထိုသို့ နိုင်​ငံသား​ လျှောက်​ထားသူ များကို လ.ဝ.က မှ ဇူလိုင်​လ (၂၂) ရက်​​နေ့တွင် ဆင့်​​ခေါ်၍ အခွန်​​​ငွေ အဖြစ် ​ငွေကျပ်​ ၃၀ စီကို​ မြန်​မာ့စီးပွား​ရေးဘဏ်​သို့ သွင်းခိုင်းခဲ့ခြင်းဖြစ်​သည်​။ 

အမည်​မ​ဖော်​လို​သော လျှောက်​ထားသူ၏ မိသားစုဝင်​တစ်​ဦးက -- "ဟုတ်​ပါတယ်​၊ ​ငွေကျပ်​ ၃၀ စီ အခွန်​​ဆောင်​ခိုင်းပါတယ်​၊ ဒါ​ပေမယ့်​ ဘယ်​သူ့မှ မ​ဆောင်​ရ​သေးဘူး၊ ဗိုလ်ချုပ်သိန်းဆွေ ​ပြောသွားခဲ့တာနဲ့ လ.ဝ.က အရာရှိကြီးများ လုပ်​​နေတာနဲ့ တစ်​ခြားစီဗျာ၊ နိုင်​ငံသား​လျှောက်​တာမှာ နိုင်​ငံခြားသားပုံစံနဲ့ စီစစ်​​ဆောင်​ရွက်​​နေတာ​တွေ စိတ်​ပျက်​မိပါတယ်​၊ ရှုပ်​​ထွေးတဲ့ ​မေးခွန်း​တွေလည်း တပုံကြီးပါပဲ၊ ဘယ်နိုင်​ငံက​ ရောက်​လာသလဲ၊ ဘယ်​နှစ်​ခုနှစ်​က ​ရောက်​လာတာလဲ စသည်​ဖြင့်​​ပေါ့ဗျာ၊ ကျ​နော်​တို့ အ​ခြေအ​နေကို ​စောင့်​ကြည့်​ပြီးမှသာ တစ်​ခြားသူ​တွေ ​လျှောက်​သင့်မ​လျှောက်​သင့်​ ဆုံးဖြတ်​ပါလို့ အကြံ​ပေးချင်​ပါတယ်​" ဟု RB News သို့ပြောသည်။

ယခုအချိန်​ထိ ဘင်္ဂလီအမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ထားသူသည်​ ​မောင်​​တောမြို့နယ်​တွင်​ ဆယ်​ဂဏန်း​​အောက်​သာ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

လွန်​ခဲ့​သော အပတ်​ကစ၍ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အောင်​မျိုးမင်းထံ နိုင်​ငံသား​ လျှောက်​ရန်​ စာရင်း​ပေးသူများကလည်း ဤကဲ့သို့ အခွန်​​ဆောင်​ခိုင်း​နေ​သော သတင်း​ကြောင့်​ စိတ်​ကသိက​အောက်​ ဖြစ်​နေလျက်​ရှိပြီး အများစုက ဦး​အောင်​မျိုးမင်းထံ သွား​ရောက်​၍ ၎င်းတို့ မ​လျှောက်​လို​ကြောင်း ပြန်​အသနားခံလျက်​ ၎င်းတို့၏ အမည်​စာရင်းကို ဖျက်​ခဲ့​ကြောင်းလည်း စုံစမ်း သိရှိရပါသည်။ 

တစ်​ဆက်​တည်းမှာပင်​ ဇူလှိုင်​လ (၂၂) ရက်​​နေ့၊ ည​နေ (၇) နာရီတွင်​ ရန်​ကုန်​မြို့​​နေ ပြည်​ခိုင်​ဖြိုး အဖွဲ့ဝင်​ ဘင်္ဂလီ လူမျိုး အမည်ခံရန် သဘောတူနေသည့် ရိုဟင်ဂျာ အချို့်​ ​မောင်​​တောမြို့သို့ ရောက်​ရှိလာခဲ့သည်​။ ၎င်းတို့သည်​ ဇူလှိုင်​လ (၂၃) ရက်​​နေ့တွင်​ ​မောင်​​တောမြို့မှ လ.ဝ. ၏က ခရိုင်​မှူး၊ အမှတ်​(၁) နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူး ရဲမှူးချုပ်​တင်​ကိုကို တို့နှင့်​ ​တွေ့ဆုံခဲ့​ကြောင်း မောင်တောမြို့မှ ဒေသခံများက ပြောပါသည်။ 

၎င်းတို့အဖွဲ့က ​ဒေသခံ ရိုဟင်​ဂျာများကို ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ရန်​ စည်းရုံး​လိမ့်မည်​ဟု ​ဒေသခံများက သုံးသပ်​လျက်​ရှိ​နေကြပြီး ​အကယ်​၍ ရန်​ကုန်​မှ ​ရောက်​ရှိ လာ​သောအဖွဲ့က ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ရန်​ မက်လုံးပေး၍ စည်းရုံးခဲ့လျှင်​လည်း လုံးဝ လက်​ခံမည်​ မဟုတ်​​ကြောင်း ​မောင်​​တော ဒေသခံများက ပြောဆိုနေကြသည်။ 

မောင်​​တော​မြို့​ပေါ်​နေ ရိုဟင်​ဂျာ ပညာတတ်​တစ်​​ဦး​က -- "ရန်​ကုန်​ကလာတဲ့လူ​တွေက ကျ​နော်​တို့ ရိုဟင်​ဂျာတစ်​မျိုးလုံးကို ကိုယ်​စားပြုတဲ့ ​ခေါင်း​ဆောင်​တွေ မဟုတ်​ဘူး၊ ကျ​နော်​တို့​ ​ဒေသခံ​တွေက ၂၀၁၀ မှာ ကိုယ်​တိုင်​ မဲ​ပေးလို့ ​ရွေး​ကောက်​တင်​​မြှောက်​တဲ့ လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေ ရှိတယ်​ဗျာ၊ သူတို့ကလည်း မဲသာ ယူသွားတာ၊ ​နောက်​ ဘယ်​​တုန်းကမှ ပြန်​လာပြီး ဘာတစ်​ခုမှ ​ဆော်​ရွက်​​ပေးခဲ့တာ မရှိဘူး၊ ၂၀၁၂ ခုနှစ်​ အ​ရေးအခင်း ကာလတုန်းက ကျွန်တော်တို့လူ​တွေကို မတရား အုပ်​စုလိုက်​ဖမ်းပြီး ​ထောင်​ချခဲ့တာ​တွေကို ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်​ဦး အ​နေနဲ့ ဘာမှ အကာအကွယ်​ မ​ပေးခဲ့ဘူး၊ အခုမှ လာပြီး အဓိပ္ပာယ်​မရှိတာ​တွေ ​ပြော​နေ​တော့ ​ဒေသခံ​တွေက စိတ်​ပျက်​မိပါတယ်​၊ ကျွန်တော် က​တော့ ဘင်္ဂလီနာမည်​နဲ့ ဘာကဒ်​​ပေး​ပေး လက်​မခံဘူးဗျာ...." ဟု RB News သို့ပြောပါသည်။



RB News
24.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဇူလိုင်လ (၁၈) ရက်နေ့က ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးသိန်းဆွေ ရောက်ရှိလာပြီး၊ မောင်တော မြို့နယ်ရှိ ပါတီရုံးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း အပါအ၀င် ပါတီဝင် အချို့နှင့် ပါတီကိစ္စရပ် ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး၊ ဦးအောင်မျိုးမင်း နှင့်လည်း သီးသန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ယာယီ သက်သေခံ ကဒ်ပြား (၀ှိုက်ကဒ်) ကိုင်ဆောင်သူများသည် ဥပဒေအရ မဲပေးပိုင်ခွင့် မရှိသောကြောင့် ဥပဒေအရ နိုင်ငံသား စီစစ်ခံရမည် ဖြစ်ကြောင်း၊ ပါတီ အောင်နိုင်ရေးနှင့် မဲထည့်ပိုင်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းပြီး၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ရှိသူများကို ဘင်္ဂလီ လူမျိုး အမည်ဖြင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) ထုတ်ပေးမှာ ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား မရှိသူများ အနေဖြင့် အစိမ်းနုရောင် ကဒ်ပြား ယူပြီး နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားရမှာ ဖြစ်ကြောင်း၊ ပြင်ပ စကားနားထောင်ပြီး စစ်ဆေးမခံရင် ရသင့် ရထိုက်သည့် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ကြောင်း၊ ယခု လွှတ်တော်တွင် ခင်ဗျားတို့ လူမျိုး ရှိနေတာကြောင့် ခင်ဗျားတို့ အခြေအနေကို တင်ပြခွင့် ရနေကြောင်း၊ မဲထည့်ခွင့် ဆုံးရှုံးသွားလျှင် လွှတ်တော်မှာ ခင်ဗျားတို့ အနေဖြင့် တင်ပြခွင့် ဆုံးရှုံး သွားမှာ ဖြစ်ကြောင်း၊ အစိမ်းနုရောင် ကဒ်ပြား လက်ခံပြီး စစ်ဆေးခံရန် ဦးအောင်မျိုးမင်းမှ စည်းရုံးရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဦးသိန်းဆွေက ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့တွင် မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း၏ ညီဖြစ်သူ ဦးမျိုးကိုကို ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ရန်ကုန်မြို့မှ မောင်တောမြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ အဖွဲ့တွင် (၁၁) ဦး ပါရှိပြီး မောင်တောမြို့ဖွား (၇) ဦးနှင့် ဘူးသီးတောင်မြို့ဖွား (၄) ဦး ဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် မောင်တောမြို့ ခွဆုံရှိ ဒေသဖွံ့ဖြိုးရေး ရုံးခန်းတွင် ကျေးရွာ အသီးသီးမှ ကျေးရွာ လူကြီး အချို့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

အဆိုပါ (၁၁) ဦးအဖွဲ့မှ တစ်ဦးက ပြောဆိုရာတွင် မိမိတို့ ခေတ်အဆက်ဆက်က အခွင့်အရေး ဆုံးရှုံးလာသည်မှာ နှစ် ၂၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံကမှ မိမိတို့၏ အခွင့်အရေး ယူပေးနိုင်ခြင်း မရှိကြောင်း၊ ပေးနိုင်မည်လည်း မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် ပြင်ပ စကားနားထောင်လျှင် သမိုင်းတွင် မှားလိမ့်မယ် ဖြစ်ကြောင်း၊ အစိုးရက မည်သည် အခါမှ ရိုဟင်ဂျာကို လက်ခံမည် မဟုတ်ကြောင်း၊ ယခု အစိုးရပေးနေသည့် အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ရှိသူများ နိုင်ငံသား လျှောက်လျှင် ဘင်္ဂလီဖြင့် တစ်ပတ်အတွင်း ပန်းရောင်ကဒ် ရမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် မရှိပါက အစိမ်းနုရောင် ကဒ်ပြားကို လက်ခံရမည် ဖြစ်ကြောင်း၊ ထိုကဒ်ပြားကို လက်ခံလျှင် ပန်းရောင် ရရန် လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လက်မခံသူများကို ငွေဖြင့် မက်လုံးပေး၍ လက်ခံလာအောင် ကြိုးစား စည်းရုံးရန် လိုကြောင်း၊ မိမိတို့ကို ပေးနေသည့် အခွင့်အရေးကို မယူတတ်လျှင် ယခုထက် အခက်အခဲ ရောက်သွားမည်မှာ သေချာကြောင်း ပြောဆိုခဲ့သည်။ 

ဒေသခံများက ၎င်းတို့ အနေဖြင့် အမျိုးမျိုး မက်လုံးပေး ပြောဆိုနေသော်လည်း အာမခံချက်နှင့် ယုံကြည်နိုင်ရန် မရှိသည့် စကားများ ဖြစ်သောကြောင့် အစိုးရ ဘက်တော်သားများ အပ ကျန်သည့် ရိုဟင်ဂျာများက လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုနေကြသည်။



အောင်အောင်
23.7.2015

ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲ စခန်းမှာ ထိန်းသိမ်း ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေထဲက ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့တယ်လို့ မြန်မာဖက်က ပြောဆို လိုက်ပါတယ်။ မကြာခင် ရက်ပိုင်းတွေ အတွင်းမှာ လည်း နောက်ထပ် လွှဲပြောင်း ပေးသွားဖို့ ၂ နိုင်ငံကြား သဘောတူညီ ထားခဲ့တယ်လို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

လွန်ခဲ့တဲ့ မေလ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅၀၀ ကျော်လောက် ပါဝင်တဲ့ လှေစီး ဒုက္ခသည်တွေကိုမြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဖမ်းဆီးထိန်းသိမ်း လိုက်နိုင်တာပါ။ အခုအခါမှာ အဲဒီထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးလိုက်ပြီလို့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"တောင်ပြို လက်ဝဲမှာ ရှိနေတဲ့ လှေစီးဘင်္ဂလီတွေပေါ့လေ ကျနော်တို့ ထိန်းသိမ်း ထားတာ ရှိတယ် မဟုတ်လား။ အဲ့ဒီ့ဥစ္စာက ကျနော်တို့က ဒါကို မနေ့တနေ့ကပဲ ၂၂ရက်နေ့ကပဲ ၁၅၅ယောက် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ပြီးသွားပြီလေ။ "

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေအရေးနဲ့ ပါတ်သတ်ပြီး ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ထပ်မံ လွှဲပြောင်းပေးသွားဖို့ရှိတယ်လို့ ဦးသန့်ကျော်ကပြောပါတယ်။

" ဒီနေ့လည်း ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ကျနော်တို့ကို နောက်ထပ် ၁၅၉ယောက် သူတို့နိုင်ငံသားဖြစ်ကြောင်း သူတို့ဘက်က အတည်ပြုတဲ့အတွက် ကျနော်တို့က လာမယ့် ၃၀ရက်နေ့လောက်မှာ နောက်ထပ် ၁၅၉ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်ပို့ဖို့ ကျနော်တို့ အစီအစဉ် စလုပ်နေပါပြီ။

ဆင်းရဲလွန်းလှတဲ့ အခြေအနေနဲ့ ဖိနှိပ်ခံရမှုတွေကြောင့်မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင် လူနည်းစုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟာ နေရပ်ရင်း ကို စွန့်ခွါပြီး အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လှေစီးဒုက္ခသည်အဖြစ် သွားရောက်နိုင်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့မေလနဲ့ ဇူလိုင်လ အတွင်းမှာ အဲဒီလှေစီးဒုက္ခသည်တွေကို ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း အနီးနဲ့ မြန်မာနိုင်ငံတောင်ဘက် စွန်းက မြန်မာ့ရေပိုင်နက်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။



RB News
22.7.2015

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားစာ တစ်စောင်ကို ယခုလတွင် ထုတ်ပြန်လိုက်ပြီး ယင်းစာကို မြောက်ဦး မြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုးများ နေထိုင်သည့် ကျေးရွာများသို့ ပေးပို့ခဲ့သည်။ ယင်းစာတွင် မြို့နယ် ကျော်လွန်၍ ခရီးသွားလိုပါက ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် အတူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခွင့်ပြုချက် ရယူပြီး သွားရမည်ဟု ပါရှိသည်။ အကယ်၍ ယင်းညွန်ကြားချက်ကို မလိုက်နာဘဲ မြို့နယ် ကျော်လွန်၍ ခရီးသွားသည်ကို စစ်ဆေး တွေ့ရှိရပါက ပုဒ်မ (၁၈၈) အရ အရေးယူ ဆောင်ရွက်မည်ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါစာနှင့် ပတ်သက်၍ မင်းပြား မြို့နယ်မှ ဒေသခံ တစ်ဦးက “အထူးသဖြင့် ဒီစာက ကျွန်တော်တို့ မင်းပြား မြို့နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုးများနဲ့ မြောက်ဦး မြို့နယ်မှာ ရှိတဲ့ ရိုဟင်ဂျာလူမျိုး များကို ရည်ညွန်းပြီး ထုတ်လိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးများကို ထုတ်ပေးနေတဲ့ အစိမ်းရောင် ကဒ်ပြားတွေကို လက်မခံတဲ့ အတွက် ဒီစာကို ထုတ်ပြီး သွားလာခွင့်ကို ပိုပြီး တင်းကျပ်လိုက်တယ်လို့ ယူဆတယ်။ နောက်တစ်ခု မင်းပြား မြို့နယ်မှာ ရှိတဲ့ ကျွန်တော် ရိုဟင်ဂျာ လူမျိုး အားလုံးက မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာကို သွားပြီး ဈေးဝယ် ဈေးရောင် လုပ်ကိုင် စားသောက် နေကြရတာပါ။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

၎င်းက ဆက်လက်၍ “ကျွန်တော်တို့ လုပ်ကိုင် စားသောက် နေတဲ့ လုပ်ငန်းတွေ၊ သွားလာရေး၊ စားရေး သောက်ရေး ကိစ္စတွေ အားလုံးကို အဆင့်ဆင့် ပိတ်ပင်ပြီး သူတို့ လိုချင်တဲ့ ပုံစံခွက်ထဲကို ထည့်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ ဒေသခံတွေက ယူဆပါတယ်” ဟု ပြောပါသည်။



သို့/-

ဦး​အောင်​မျိုးမင်း
ပြည်​နယ်​ လွှတ်​​တော် ​ကိုယ်​စားလှယ်
မောင်တောမဲဆန္ဒနယ်
မောင်​​တောမြို့၊ ရခိုင်ပြည်နယ်

ရက်​စွဲ။ ။ ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၂) ရက်

အ​ကြောင်းအရာ ။ ။ ပြည်သူများ အကျိုးကို ထိခိုက်စေမည့် စည်းရုံးမှုနှင့် ပတ်သက်၍ ရင်ဖွင့်ခြင်း။

လေးစားစွာဖြင့်

၁။ ကျွန်​​တော်​ ရင်​ဖွင့်​​နေသူသည်​ ရခိုင်​ပြည်​နည်​၊ ​မောင်​​တောမြို့​ပေါ်​နေ ဘွဲ့ရပညာတတ်​ ရိုဟင်​ဂျာ တစ်​ဦး ဖြစ်​ပါသည်​။ ကျွန်​​တော်​သည်​ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ (ပြည်​ခိုင်​ဖြိုး) ပါတီဝင်​ တစ်​ဦးလည်း ဖြစ်​ပါသည်​။ ၂၀၁၀ ခုနှစ်​တွင်​ ကျင်းပပြုလုပ်​ခဲ့​သော အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ၌ လူကြီးမင်းတို့၏ ပြည်​ခိုင်​ဖြိုးပါတီကို ကိုယ်​တိုင်​လည်း မဲထည့်​ခဲ့ပြီး ​ဒေသခံများကိုလည်း ပြည်​ခိုင်​ဖြိုးပါတီကိုသာ မဲထည့်​ရန်​ စည်းရုံးခဲ့သူ တစ်​ဦးဖြစ်​ပါသည်​။ ထိုသို့ ပြည်​ခိုင်​ဖြိုးပါတီထဲဝင်၊​ ပြည်​ခိုင်​ဖြိုးပါတီကို မဲထည့်​၊ ပြည်​ခိုင်​ဖြိုးပါတီ ​အနိုင်​ရ​ရေး ကြိုးပမ်းခဲ့ခြင်း၏ အဓိက အချက်​မှာ မဲဆွယ်​ခဲ့သည့် အချိန်က ​ပေးခဲ့​သော လူကြီးမင်းတို့၏ ကတိကဝတ်များကို ယုံကြည်​ခဲ့​သော​ကြောင့်​ပင်​ ဖြစ်​ပါသည်​။

၂။ ခေတ်​အဆက်​ဆက်​ အစိုးရလက်​ထက်​၌ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ဆုံးရှုံးခဲ့ရ​သော ရခိုင်​ပြည်​ဖွား ရိုဟင်​ဂျာများ၏ ​မွေးရာပါ တိုင်းရင်းသား နိုင်​ငံသား အခွင့်​အ​ရေးများကို ဒီမိုက​ရေစီအစိုးရလက်​ထက်​တွင်​ တရားမျှတ​သော ဥပ​ဒေ​ဘောင်​အတွင်းက လှုပ်​ရှား၍ ​ဆောင်​ကြဉ်​​ ပေးပါမည်​ဟု ​လူကြီးမင်း အ​နေဖြင့်​ လူထု​ဟော​ပြောပွဲ အလယ်​၌ ဟစ်​​အော်​၍ အာမခံခဲ့ဖူးပါသည်​။ ကျွန်​​တော်​တို့၏ မဲများဖြင့်​ ပြည်​ခိုင်​ဖြိုးပါတီသည်​လည်း ​မောင်​​တောခရိုင်းတွင်​ ရာနှုန်းပြည့်​ နိုင်​ခဲ့ပြီး လူကြီးမင်းသည်​လည်း ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်​ဦး ဖြစ်​လာခဲ့ပါသည်​။

၃။ သို့​သော်​ လူကြီးမင်းသည်​ မဲ​ပေးခဲ့သူ ပြည်​သူများအတွက်​ မည်​ကဲ့သို့မျှ အကျိုးဖြစ်​ထွန်း​သည့်​ လုပ်​​ဆောင်​ချက်​မျိုးကို စွမ်း​ဆောင်​​ ပေးနိုင်​ခြင်း မရှိခဲ့သလို ၂၀၁၂ ခုနှစ်​ ဇွန်​လတွင်​ ဖြစ်​ပွားခဲ့​သော ပဋိပက္ခ​နောက်​ပိုင်း လူကြီးမင်း၏ လွှတ်​​တော်​သည်​ မိမိ၏​နေအိမ်​ ဖြစ်​လာခဲ့သည်​မှာ လက်​​တွေ့ပင်​ဖြစ်​ပါသည်​။ ပြည်​ခိုင်​ဖြိုးပါတီသည်​ လက်​ရှိအာဏာရပါတီ ဖြစ်​​နေ​လင့်​ကစား ပြည်​ခိုင်​ဖြိုးပါတီဝင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦးဖြစ်​​သော လူကြီးမင်းကို သက်​ဆိုင်​ရာ အာဏာပိုင်​များက လွှတ်​​တော်​တက်​ခွင့်​ ရနိုင်​ရန်​ ​ဆောင်​ရွက်​မ​ပေးခဲ့ခြင်းသည်​ကို ကျွ​န်​​တော်​ မဲဆန္ဒရှင်​ ပြည်​သူတစ်​ဦးအ​နေဖြင့်​ အလွန်​ပင်​ စိတ်​မ​ကောင်း ဖြစ်​မိပါသည်​။ သို့​သော်​လည်း လစာကို ပုံမှန်​ ထုတ်​ယူခွင့်​ရ​နေသည်​ကို သိရှိရသဖြင့်​ တဖန်​ ဝမ်းသာပီတိဖြစ်​မိပါသည်​။

၎။ လွန်​ခဲ့​သော ​မေလ (၃၁) ရက်​​နေ့ ​နောက်​ဆုံးထား၍ နိုင်​ငံ​တော်​သမ္မတ၏ အမိန့်​ဖြင့်​ ကျွန်​​တော်​ ရိုဟင်​ဂျာများ၏ ယာယီသက်​​သေခံ ကဒ်​ပြားများကို သိမ်းယူလိုက်ပါသည်​။ ယခုအခါ လ.ဝ.က အရာရှိကြီးများက ကျွန်​​တော်​တို့ ရိုဟင်ဂျာ များကို နိုင်​ငံခြားသားများသာ ကိုင်​​ဆောင်​ရ​သည့်​ "နိုင်​ငံသားစီစစ်​ခံရမည့်​သူ၏သက်​​သေခံကဒ်​ပြား" (ခ) "အစိမ်းနု​ရောင်​ကဒ်​ပြား" ကို (၂) နှစ်​ယာယီ​နေထိုင်​ခွင့်​သ​ဘောဖြင့်​ ထုတ်​​ပေးရန်​ ပြင်​ဆင်​လျက်​​ရှိ​သော်​လည်း စစ်​မှန်​ မှန်​ကန်​​သော သမိုင်း​ကြောင်းအရ ရခိုင်​ပြည်​နယ်​၏ မူလဘူတ တိုင်းရင်းသား လူမျိုးဖြစ်​​သော ကျွန်​​တော်​တို့ ရိုဟင်​ဂျာ ပြည်​သူပြည်​သားများက ထိုကဲ့သို့ နိုင်​ငံခြားသားများသာ ကိုင်​​ဆောင်​ရ​သော ကဒ်​မျိုးကို မကိုင်​​ဆောင်​လို​ကြ​ပေ။ မြန်​မာနိုင်​ငံ၏ တည်​ဆဲဥပ​ဒေအရ​သော်​လည်း ထိုကဒ်​မျိုးကို ကျွန်​​တော်​တို့ ရိုဟင်​ဂျာလူမျိုးမှ ကိုင်​စရာမလိုဟု ကျွန်​​တော်​​ လေ့လာသိရှိရပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ကျွန်​​တော်​တို့ ရိုဟင်​ဂျာလူမျိုးသည်​ ယခုထုတ်​​ပေး​နေ​သော "နိုင်​ငံသားစီစစ်​ခံရမည့်​သူ၏ သက်​​သေခံကဒ်​ပြား" ထက်​ အလွန်​အဆင့်​မြင့်​​သော အမျိုးသားမှတ်​ပုံတင်​ကဒ်​ပြားကို လက်​ဝယ်​ပိုင်​ဆိုင် ကိုင်​​ဆောင်​​နေသူများ ဖြစ်​​နေ​သော​ကြောင့်​ပင်​ ဖြစ်​ပါသည်​။ အမျိုးသားမှတ်​ပုံတင်​ကဒ်​ပြားသည်​ တစ်​ချိန်​က မြန်​မာတစ်​နိုင်​ငံလုံးရှိ တိုင်းရင်းသား နိုင်​ငံသားများ အားလုံးကို တစ်​​ပြေးညီ ထုတ်​​ပေးခဲ့​သော ကဒ်​တစ်​မျိုးဖြစ်​ပါသည်​။ မည်​သည့်​ နိုင်​ငံခြားသားကိုမျှ အမျိုးသာမှတ်​ပုံတင်​ကဒ်​ ထုတ်​​ပေးခဲ့ခြင်း မရှိသည်​ကိုလည်း ကျွန်​​တော်​ ​လေ့လာ​တွေ့ရှိရပါသည်​။

၅။ သို့​သော်​ ယခုအခါ ​ဒေသခံ ရိုဟင်​ဂျာပြည်​သူပြည်​သားများ လက်​မခံလို​သော နိုင်​ငံခြားသားများသာ ကိုင်​​ဆောင်​ရ​သည့်​ "နိုင်​ငံသားစီစစ်​ခံရမည့်​သူ၏ သက်​​သေခံကဒ်​ပြား" (ခ) "အစိမ်းနု​ရောင်​ကဒ်​ပြား" ကို လက်​ခံယူရန်​ ​ဒေသခံရိုဟင်​ဂျာပြည်​သူပြည်​သားမျာကို လူကြီးမင်းမှ စည်းရုံး ​​ပြောဆို​နေခြင်းသည်​ လူကြီးမင်းအ​ပေါ်ထားရှိသည့်​ ကျွန်​​တော်​တို့ ပြည်​သူပြည်​သားများ၏ ​မျှော်​လင့်​ချက်​ကို လူကြီးမင်းက ရစရာမရှိ​အောင်​ ဖျက်​ဆီးလိုက်​တာနှင့်​ အတူတူပင်​ ဖြစ်​​နေပါသည်​။

ထို့အပြင်​ မဲဆွယ်​ခဲ့တုန်းက ပြုခဲ့​သော လူကြီးမင်း၏ ကတိကဝတ်​နှင့်​လည်း လုံးဝ ဆန့်​ကျင်​ဖီလာ ဖြစ်​​နေ​ပါသည်​။

၆။ သို့ဖြစ်​ပါ၍ ပြည်​သူများ၏ အသည်းထဲမှ မဲများဖြင့်​ ​ရွေး​ကောက်​တင်​​မြှောက်​​ပေးခဲ့​သော လူကြီးမင်းအ​နေဖြင့်​ ပြည်​သူများ၏ အကျိုးစီးပွားကို ​ဆောင်​ရွက်​မ​ပေးနိုင်​ခဲ့ခြင်းကို နားလည်​​ပေးနိုင်​​သော်​လည်း ယခုလို ပြည်​သူများ၏ ဆန္ဒကို ငဲ့ညှာ​ထောက်​ထားခြင်းမပြုဘဲ ကိုယ်​ကျိုးစီးပွားကို​ရှေ့တန်းတင်​လျက်​ ပြည်​သူများ၏ ဆန္ဒနှင့်​ ဆန့်​ကျင်​စွာ ​ပြောဆို လုပ်​​ဆောင်​​နေခြင်းကို ကျွန်​​တော်​ မဲဆန္ဒရှင်​ ပြည်​သူတစ်​ဦးအ​နေဖြင့်​ လုံးဝ လုံးဝကို မကြိုက်​မနှစ်​သက်​ သ​ဘောမတူ​ပါ။ ထို့အပြင်​ လူကြီးမင်း၏ ​ဘေးပတ်​ဝန်းကျင်​ ပုဂ္ဂိုလ်​အချို့က လူကြီးမင်း၏ အခွင့်​အာဏာ နာမည်​ဂုဏ်​ပုဒ်​ကို အလွဲသုံးစားပြုလုပ်​၍ သူတို့၏ ကိုယ်​ကျိုးစီးပွားအတွက်​ ရခိုင်​ပြည်​နယ်​၏ မူလဘူတ ဌာ​နေတိုင်းရင်းသား နိုင်​ငံသားဖြစ်​​သော ရိုဟင်​ဂျာများကို နိုင်​ငံခြားသားဖြစ်​​သွားအောင် စည်းရုံး၍​ ကြံစည်​ လုပ်​​ဆောင်​​နေခြင်းသည်​ကိုလည်း ကျွန်​​တော်​ မဲဆန္ဒရှင်​ ပြည်​သူတစ်​ဦးအ​နေဖြင့်​ လုံးဝ လုံးဝကို မကြိုက်​မနှစ်​သက်​ သ​ဘောမတူ​ကြောင်း RB News မှတဆင့်​ လွတ်​လပ်​စွာ ရင်​ဖွင့်​ လိုက်​ပါသည်​။

ကျေးဇူးတင်​ပါသည်​။

မောင်​​တော​​ဒေသခံ ရိုဟင်​ဂျာပြည်​သူတစ်​ဦး



Rohingya Eye
RB News
20.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာရှိ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ခံ ဒုရဲမှူး တစ်ဦး ပြောင်းရွှေ့လာသည်မှာ တစ်လခန့် ရှိပြီး၊ ၎င်းရောက်ရှိ လာသည့်နေ့မှ စ၍ နယ်မြေရုံး ခြံဝင်း အတွင်းသို့ နွား၊ ဆိတ်များ ၀င်ရောက်ပါက သိမ်းဆည်း ထားခြင်းများ လုပ်ဆောင်လျက် ရှိသည်။ 

အဆိုပါ ဒုရဲမှူးသည် နယ်ခြားစောင့်ရဲ (၇) ဦးကို ဟော်ရော်တော်လီ ဖာရာ GE ခွဆုံသို့ စေလွှတ်ပြီး၊ ကား၊ ဆိုင်ကယ်များဖြင့် သွားလာ နေသည့် ဒေသခံ ရိုဟင်ဂျာများကို ရပ်တန့်ခိုင်းကာ ယာဉ်မောင်း လိုင်စင်၊ ဆိုင်ကယ် လိုင်စင်၊ ဘီးခွန်၊ ဆိုင်ကယ် ဦးထုပ် ရှိ/မရှိ စစ်ဆေးပြီး မည်သည့် အပြစ်မှ မတွေ့ရှိပါက ဆိုင်ကယ်၊ ကား ၀ယ်ယူရန်ငွေ ဘယ်က ရသလဲဟု မဆိုင်သည့် မေးခွန်း မေးမြန်းပြီး အကြောင်း အမျိုးမျိုးပြကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇူလိုင်လ (၁၁) ရက်နေ့တွင် မင်္ဂလာကြီး ကျေးရွာမှ ဦးဆွေယောဒ်ဟူဆောင်း (ဘ) ဦးအူလာမျာ (အသက် ၂၇ နှစ်) သည် ဆိုင်ကယ်ဖြင့် မောင်တော မြို့ပေါ်သို့ သွားနေစဉ် အဆိုပါ ခွဆုံတွင် နယ်ခြားစောင့် ရဲများက စစ်ဆေးကာ ဆိုင်ကယ် ဦးထုပ်မပါဟု လုပ်ကြံ စွပ်စွဲပြီးနောက် ငွေကျပ် ၅ သောင်း အတင်းအဓမ္မ ညှစ်ယူရာ နောက်ဆုံးတွင် ငွေကျပ် တစ်သောင်း ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။

ထို့အပြင် နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် အ၀တ်လျှော်၊ အိမ်အကူ လုပ်ငန်း လုပ်၍ ၀မ်းစာရှာနေသူ ကျောက်လှေကား ကျေးရွာမှ အာမီနာ (ဘ) ဦးမောင်ဖြူ (အသက် ၂၅ နှစ်) ကို အဆိုပါ ဒုရဲမှူး ပြောင်းလာသည့် နေ့မှစ၍ ညစဉ်ညတိုင်း ပျော်ပါးနိုင်ရန် အတွက် မိန်းကလေး တစ်ဦး ခေါ်ယူလာပေးရန် အတင်းအကျပ် ဖိအားပေး စေခိုင်းလျက် ရှိနေသလို၊ အာမီနာကိုလည်း ပြည့်တန်ဆာ အဖြစ် အသုံးပြုနေကြောင်း၊ တစ်ညအတွက် ငွေကျပ် နှစ်သောင်းကျပ်စီ အာမီနာကို ပေးလျက် ရှိသည်ဟု နယ်မြေရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောပါသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျေးရွာ လူကြီး တစ်ဦးက “ဒီလို မိန်းကလေးတွေနဲ့ ပျော်ပါးနေတာ သူတို့ ကိုယ်တိုင် ဥပဒေကို ချိုးဖောက် နေတာပါ။ ကျွန်တော်တို့ ရွာသားတွေရဲ့ ကိုယ်ကျင့်တရား ပေါ်မှာလည်း အလွန်ကို စိုးရိမ်စရာ အခြေအနေ ဖြစ်လာပါပြီ။ အဲဒီရဲမှူးက နယ်မြေ အနီးအနားမှရှိတဲ့ ဆင်းရဲတဲ့ မိန်းကလေး တွေကို လက်နက် အာဏာနဲ့ ဖိအားပေးပြီး ပြည့်တန်ဆာ အဖြစ် ခိုင်းစေနေတာက ရင်နာစရာ ဖြစ်နေတယ်။ ရဲမှူးရဲ့ တာဝန် ၀တ္တရားနဲ့ လုပ်ရပ်တွေက လုံးဝ ကိုက်ညီမှု မရှိတာကြောင့် အထက်အရာရှိများ အနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်ပါတယ်” ဟု ပြောပါသည်။



Rohingya Eye
RB News
20.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၈) ဦးသည် ဇူလိုင်လ (၁၈) ရက်နေ့ ည(၈) နာရီ အချိန်တွင် ဆိုင်ကယ်များဖြင့် ဦးရှဥ့်ကျ ကျေးရွာသို့ သွားရောက်၍ ကွမ်းယာဆိုင်တွင် မိုဘိုင်းဖုန်း အခွံများတွင် memory ကဒ်ထည့်၍ သီချင်း နားထောင်နေသည့် လူငယ် (၃) ဦးကို ဘင်္ဂလားဖုန်းများ သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ ဖမ်းဆီး၍ နယ်မြေ (၅) ရုံးသို့ ခေါ်ဆောင် သွားပြီး ဇူလိုင်လ (၁၉) ရက်နေ့တွင် ဖမ်းဆီးခံရသူ အပြစ်မဲ့ (၃) ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူပြီး၊ နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း တစ်ဦးကို ယခု အချိန်ထိ ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၃) ဦးမှာ ဦးမာမတ်အာလောမ် (ဘ) ဦးရှောမ်ရှုအာလောမ် (အသက် ၃၆ နှစ်)၊ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနာဇဲရ်ဟူဆောင်း (၃၇ နှစ်) နှင့် ဦးဖော်ရိတ်အာလောမ် (ဘ) ဦးအေရှာတ်အာလောမ် (အသက် ၂၈ နှစ်) တို့ဖြစ်ပြီး၊ ဦးဖော်ရိတ်အာလောမ်ကို ယခု အချိန်ထိ ချုပ်နှောင် ထားခြင်း ဖြစ်သည်။ 

အဆိုပါ ကျေးရွာမှ လူကြီးလည်းဖြစ်၊ ယခင် န.စ.က များ၏ တပည့်ဟောင်း ဖြစ်ခဲ့သူ၊ ယခု လက်ရှိ နယ်ခြားစောင့် ရဲများ၏ ပွဲစားဖြစ်နေသူ ဦးမောင်မောင်စိုး (ခ) ရှုနာမျာ (ဘ) ဦးဒူဒူ (အသက် ၃၉ နှစ်) ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းသည် နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း ဖမ်းဆီး၍ ငွေညှစ်၍ ရသည်ထဲမှ ဝေစု ရနေသောကြောင့် မမှန်မကန် သတင်းပေးပြီး ကျေးရွာသားများကို ဒုက္ခပေးလျက် ရှိသည်ဟု ဆိုသည်။



MYARF
RB News
20.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ အောင်ဇံ ကျေးရွာ၊ မိုင်တိုင် ၄၀ ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့် ရဲများသည် ခမောင်းဆိပ် ဈေးရှိ ဒေါ်မနီ (ရခိုင် လူမျိုး) ၏ အရက်ဆိုင်တွင် အရက်သေစာ သောက်သုံးနေစဉ် အချင်းချင်း စကားများကာ ဒုရဲအုပ် ဖြစ်သူက နယ်ခြားစောင့် ရဲတစ်ဦး၏ လက်ထဲမှ AK 47 သေနတ် တစ်လက် ဆွဲယူကာ ၎င်းအရက်ဆိုင်နှင့် ကိုက် ၂၀ ခန့် အကွာရှိ ဦးမောင်စူရ်အာလောမ်၏ ဆိုင်တည့်တည့်သို့ သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့သည်။ 

ဒုရဲအုပ် ပစ်လိုက်သည့် သေနတ် ကျည်ဆံများသည် ဦးမောင်စူရ်အာလောမ်၏ ဆိုင်တွင် ဈေးဝယ်နေသည့် ကြောင်နဖေ ကျေးရွာမှ ဦးဇော်လာအာမတ် (ဘ) ဦးရိုရှောင်းအလီ (အသက် ၆၅ နှစ်) ၏ ယာဖက် လက်မောင်းကို ထိမှန်၍ နောက်ဖက်မှ ပေါက်ထွက် သွားပြီး နောက်ကျည်ဆံ တစ်တောင့်မှာ ခမောင်းဆိပ် ကျေးရွာ အုပ်စု အရှေ့ ခမောင်းဆိပ် ကျေးရွာမှ မာမတ်ရော်ရှိတ် (ဘ) ဦးဆာဘဲရ်အာမတ် (အသက် ၂၅ နှစ်) ၏ ၀ဲဖက် လက်မောင်းကို ထိမှန်ခဲ့ပြီး ကျည်ဆံမှာ လက်မောင်း ထဲတွင် ကျန်ရစ်ခဲ့သည်။ 

ထို့နောက် ခမောင်းဆိပ်ရှိ တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးနှင့် အဖွဲ့၊ နယ်မြေ (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးတို့သည် သေနတ် ပစ်ဖောက်သံ ကြား၍ အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိ လာပြီး သေနတ် ပစ်ဖောက်သည့် ဒုရဲအုပ်နှင့် နယ်ခြား စောင့်ရဲများကို နယ်မြေ (၂) စခန်းသို့ ခေါ်ဆောင် သွားပြီး၊ ကျည်ဆံထိမှန်၍ ဒဏ်ရာ ရရှိသွားသူ ဒေသခံ ရိုဟင်ဂျာ (၂) ဦးကို တမန်သား တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ထိုမှတဆင့် ကြိမ်ချောင်း ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ကြိမ်ချောင်း ဆေးရုံတွင် ဆေးဝါး လုံလောက်မှု မရှိသဖြင့် ည ၉ နာရီ အချိန်ထိ မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဒဏ်ရာရရှိပြီး ဆေးဝါး ကုသမှု ခံယူနေသည့် လူနာများ၏ ပတ်ပတ်လည်တွင် နယ်ခြားစောင့် ရဲများ အစောင့်ချထားပြီး မည်သူ တစ်ဦးတစ်ယောက်မှ အနားကပ်ခွင့်ပင် မပေးဘဲ၊ ဇူလိုင်လ (၁၈) ရက်နေ့ နံနက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် နယ်မြေ (၂) ရဲမှူးတို့ ရောက်ရှိလာပြီး လူနာ နှစ်ဦးကို လိမ်လည်၍ ထွက်ဆိုခိုင်းပြီး အတင်းအဓမ္မ ခံဝန်ချက် ရယူခဲ့သည်။ ခံဝန်ချက်တွင် ၎င်းတို့ နှစ်ဦးသည် နယ်ခြားစောင့် ရဲများ ရှေ့မှောက်တွင် ရန်ဖြစ်၍ နယ်ခြားစောင့် ရဲများက တားမြစ်သည်ကို မနာခံဘဲ နယ်ခြားစောင့် ရဲများကို ဆဲဆိုသည့် အတွက် နယ်ခြားစောင့် ရဲများက ဒေါသထွက်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ရေးသား ထားကြောင်း သိရသည်။ 

ခမောင်းဆိပ် ဈေးတွင် ၂၀၁၄ မတိုင်မှီက အရက်သေစာဆိုင် လုံးဝ မရှိခဲ့သဖြင့် ယခုကဲ့သို့ ပြဿနာမျိုး ပေါ်ပေါက် ခဲ့ခြင်း လုံးဝ မရှိခဲ့ကြောင်း၊ ၂၀၁၄ နောက်ပိုင်းတွင် ခမောင်းဆိပ် ဈေးတွင် လိုင်စင်မဲ့ အရက်သေစာဆိုင် ၂၀ ခန့် ဖြစ်လာပြီးနောက် ထိုဆိုင်များသို့ လက်နက်ကိုင် ၀န်ထမ်းများ နေ့စဉ် နေ့တိုင်း အရက်သေစာ လာရောက် သောက်သုံးပြီး ယခုကဲ့သို့ ပြဿနာများ မကြာခဏ ပေါ်ပေါက်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
20.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဦးရှဥ့်ကျ ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်း ကျောင်းခွဲတွင် အစိုးရမှ ထောက်ပံ့သော ကျောင်းသုံး ပုံနှိပ် စာအုပ်များကို ကျောင်းသား/သူ များကို မပေးဘဲ အပြင်သို့ ရောင်းချ လိုက်ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် ဦးရှဥ့်ကျ ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်း ကျောင်းခွဲတွင် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သော ပုံနှိပ်စာအုပ် များကို ကျောင်းအုပ် ဆရာကြီး ဖြစ်သူ ဦးရှာကေရ်က အလယ်တန်း ကျောင်းသားများကို မပေးဘဲ ကြက်ရိုးပြင် ဈေးတွင် ရောင်းချခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

၎င်းကျောင်းတွင် အလယ်တန်း ကျောင်းသား/သူ ဦးရေ ၁၀၀ ပတ်ဝန်းကျင် ရှိပြီး၊ မူလတန်း ကျောင်းသား/သူ ၁၀၀၀ ကျော် ရှိသည်။ 

အလားတူ မူလတန်း ကျောင်းသား/သူ များရရှိသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် အခြား အစိုးရမှ အခမဲ့ ထောက်ပံ့သော ပစ္စည်းများကို ကျောင်းသား/သူ ၄၀% ခန့်သာ ရရှိပြီး၊ ကျန်သည့် ကျောင်းသား/သူ ၆၀% ကျော် မရရှိဟု ဒေသခံများက ဆိုသည်။ ကျောင်းသား/သူ အများစုမှာ ဆင်းရဲသော မိဘများ၏ သားသမီးများ ဖြစ်သောကြောင့် ပြင်ပမှ ၀ယ်ယူရန် အခက်အခဲများစွာ ကြုံတွေ့လျက် ရှိကြောင်း သိရသည်။ 

ကျောင်းတွင် အစိုးရမှ ခန့်ထားသည့် ဆရာ/မ ၁၆ ဦး ရှိသော်လည်း တစ်ဦးမှ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိဟု ဆိုသည်။ ရွာမှ ခန့်ထားသည့် ဆရာ/မ ၇ ဦးရှိသော်လည်း ၎င်းတို့ထဲတွင် မူလတန်းပြ ဆရာ/မ ၂ ဦးသာ ပါဝင်သဖြင့် အဆိုပါ ၂ ဦးက ကျောင်းသား/သူ ၁၀၀၀ ကျော်ကို သင်ကြား ပေးနေရကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
20.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၂) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး၏ ကိုယ်ရံတော် ဖြစ်သူ ကောင်းလင်းသူသည် နေ့စဉ် နံနက် ၁၀ နာရီ ထိုးသည်နှင့် လှိုင်သီ ကျေးရွာ အုပ်စု၊ ထုံးချောင်း ရွာရှိ ဦးအဒူရော်ကိမ် (ဘ) ဦးအလီအာမတ်၏ နေအိမ်သို့ သွားရောက်ပြီး ယင်းအိမ်တွင်ပင် အနားယူ အိပ်စက်လေ့ ရှိကြောင်း သိရသည်။ 

၎င်းအိပ်နေချိန်တွင် အိမ်ရှင် ဖြစ်သူ ဦးအဒူရော်ကိမ်က ၎င်း၏ စေခိုင်းချက်အရ ဘေးပတ်ဝန်းကျင် အိမ်များသို့ သွားရောက်ပြီး ငွေ၊ ကြက်၊ ဆီ၊ ဆေးလိပ်ဘူးများ တောင်းယူပြီး စီစဉ် ပေးရသည်။ ဦးအဒူရော်ကိမ် တောင်းသည်ကို မပေးလျှင် ကောင်းလင်းသူ ကိုယ်တိုင် သွားရောက်၍ မပေးသူများကို မတရားသဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့ကြောင့် ဦးအဒူရော်ကိမ်က ကောင်းလင်းသူ အတွက် လိုအပ်သည်များကို လာတောင်းလျှင် ကြောက်လန့်၍ ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။ 

ဇူလိုင်လ (၁၇) ရက်နေ့တွင် ကောင်းလင်းသူသည် ဦးအဒူရော်ကိမ်၏ အိမ်သို့ ရောက်သည်နှင့် ဦးအဒူရော်ကိမ်က ဦးဖေရာန်အလီ (ဘ) ဦးရှုနာအလီ (အသက် ၃၀ နှစ်) ၏ ဆိုင်သို့ သွားရောက်၍ ဆေးလိပ်ဘူး တစ်ဘူးကို ဖွင့်၍ ၁၀ လိပ်ယူကာ ကျန်သည့် ၁၀ လိပ်ကို ဆိုင်တွင် ဘူးဖြင့် ထားခဲ့ပြီး ကောင်းလင်းသူ အတွက် ယူဆောင် သွားခဲ့သည်။ မိနစ်ပိုင်း အကြာတွင် ကောင်းလင်းသူ ကိုယ်တိုင် ဦးဖေရာန်အလီ၏ ဆိုင်သို့ ရောက်ရှိလာပြီး ကျန်သည့် ဆေးလိပ် ၁၀ လိပ်နှင့် ဘူးကို တောင်းယူပြီး ဘူးခွံထဲတွင် ဘင်္ဂလားဖုန်း ငွေဖြည့်ကဒ် ROBI 10 Taka ကို ထည့်၍ ဘင်္ဂလားဖုန်း ငွေဖြည့်ကဒ် ရရှိသည်ဟု ဆိုကာ လုပ်ကြံ ဖန်တီးပြီး ဦးဖေရာန်အလီကို ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ယခုလို ရဲမှူး၏ ကိုယ်ရံတော် တစ်ဦး ဖြစ်ပြီး ရဲမှူး၏ အနီးအနားတွင် တာဝန် မထမ်းဆောင်ဘဲ ရွာထဲသို့ ၀င်ရောက်၍ ရွာသား တစ်ဦး၏ အိမ်တွင် အိပ်နေပြီး၊ အိမ်ရှင်ကို အသုံးချ၍ ရွာသားများ ထံမှ ငွေညှစ်ခြင်း အပြင် စားသောက်ဖွယ်ရာ များကို အတင်း အဓမ္မ တောင်းယူခြင်း တို့သည် လိုင်စင်ရ ဓါးပြ တစ်ဦးကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်သဖြင့် ရဲမှူး အနေဖြင့် ၎င်း၏ ကိုယ်ရံတော် ကောင်းလင်းသူကို အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် ဒေသခံများက လိုလားသည်ဟု ပြောပါသည်။



ကျော်စွာဝင်း
RB News
20.7.2015

ပြည်ခိုင်ဖြိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ - USDP) ဆိုတာ ယခင် စစ်အစိုးရရဲ့ ပါတီ ဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့တုန်းက စစ်အစိုးရက ရိုဟင်ဂျာများ ဆုံးရှုံးသွားတဲ့ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးများ ပြန်လည် ရရှိမယ်လို့ ကတိပေးပြီး ထောက်ခံခိုင်း ခဲ့လို့ ထောက်ခံပေးခဲ့ပါတယ်။ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး။

၂၀၁၀ ခုနှစ်က ယနေ့ သမ္မတ တာဝန်ယူထားတဲ့ ဦးသိန်းစိန် ကိုယ်တိုင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဘ၀နဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် တွေကို လာရောက်ပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့၊ အခွင့်အရေးများ အားလုံး ပြန်လည် ရရှိမယ်လို့ ကတိပေးခဲ့သလို၊ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အမတ်များကလည်း တူညီတဲ့ ကတိက၀တ် ပြုပြီး ရိုဟင်ဂျာ ပြည်သူများဆီက မဲယူခဲ့တယ်။ အခြေအနေ ထူးခြားမလာတဲ့ အပြင် အဆိုးဆုံး အခြေအနေကို ယနေ့ ရင်ဆိုင်နေရပါတယ်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်ခိုင်ဖြိုး အမတ်များက ရွေးချယ်ခံဖို့ အမတ်များ စာရင်းကို တင်သွင်းခဲ့တယ်။ ဘူးသီးတောင်နဲ့ မောင်တော ဒေသမှာ ပြည်ခိုင်ဖြိုး အမတ် (၅) ဦး ရှိပြီး၊ နှစ်စု ကွဲနေတယ်လို့ ပြောရင် မှားမယ် မထင်ဘူး။ အဲဒီတော့ နှစ်စုလုံးက မိမိတို့နဲ့ အဆင်ပြေမယ့်သူတွေရဲ့ အမည်များကို တင်သွင်းခဲ့တယ်။ 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာများ ယှဉ်ပြိုင်ရင် အနိုင်ရမယ့် မဲဆန္ဒနယ် (၁၃) နေရာ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက မဲကို ညှိနှိုင်းခဲ့လို့ ရိုဟင်ဂျာ အမတ်နေရာ နည်းခဲ့ခြင်း ဖြစ်ပါတယ်။ 

ဗြိတိသျှ လက်အောက်ခံ လက်ထက် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်ကလည်း ရိုဟင်ဂျာများဟာ မြန်မာ တိုင်းရင်းသားများ အဖြစ် မဲပေးခွင့် ရခဲ့ပြီး၊ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာလည်း ရိုဟင်ဂျာ အမတ် နှစ်ဦး ပါဝင်ခဲ့သလို၊ လွတ်လပ်ရေး ရပြီး ဦးနုခေတ်၊ မ.ဆ.လ ပါတီ ဦးနေ၀င်းခေတ်မှာလည်း ရွေးချယ်ခံခွင့်၊ မဲပေးပိုင်ခွင့်များ ရရှိခဲ့ပါတယ်။ 

စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့သလို၊ ရွေးချယ်ခံခွင့် ရှိခဲ့လို့သာ အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေး ပါတီ (NDPH) က လွှတ်တော်အမတ် လေးဦး ရွေးချယ်ခံခဲ့ရတာပါ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့လို့ ယနေ့ ပြည်ခိုင်ဖြိုးက လွှတ်တော် အမတ် (၅) ဦး ရှိနေခြင်း ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားများ၊ နိုင်ငံသားများနဲ့ တန်းတူ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ ကိုင်ဆောင်ခွင့် ရခဲ့ပြီး၊ စစ်အစိုးရ လက်ထက်မှာ စနစ်တကျ စီမံကိန်း ရေးဆွဲပြီး၊ ယာယီ သက်သေခံ ကဒ်ပြားများကို အတင်းအဓမ္မ ကိုင်ဆောင်ခိုင်းခဲ့တယ်။ ယခုအခါမှာတော့ အစိမ်းနုရောင် ယာယီ နေထိုင်ခွင့် ကဒ်ပြားများ သဖွယ် အတင်းအဓမ္မ ကိုင်ခိုင်း နေတာကို ရိုဟင်ဂျာ မိဘ ပြည်သူများ အားလုံး အသိပင် ဖြစ်ပါတယ်။ 

ရိုဟင်ဂျာများ အနေနဲ့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသား အဖြစ် ရပ်တည်နိုင်ခဲ့ပြီးမှ ယခု အစိုးရ လက်ထက်မှာ ခိုးဝင် ဘင်္ဂါလီများ အဖြစ် သတ်မှတ်ခံရခြင်း ဘ၀ကို ရောက်ရှိခဲ့ရတော့ပါတယ်။ 

ဝှိုက်ကဒ် ယာယီ သက်သေခံ ကဒ်ပြားများကို သိမ်းဆည်းပြီး အစိမ်းနုရောင် ကဒ်ပြားများ ထုတ်ပေးပြီး နိုင်ငံသား လျှောက်ထားခိုင်းခြင်းရဲ့ ရည်ရွယ်ချက်မှာ ရာစုနှစ်ပေါင်းများစွာ မိမိတို့ရဲ့ ပင်ရင်း နိုင်ငံအဖြစ် နေထိုင်လာတဲ့ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ရိုဟင်ဂျာ များကို နိုင်ငံခြားမှ ရောက်ရှိလာသူများ အဖြစ် သတ်မှတ်ပြီး ပြုနိုင်ငံသား ကဒ်ပြား (အစိမ်းရောင်) များ ကိုင်ဆောင်ခိုင်းဖို့ လုပ်ဆောင် နေတာကြောင့် ရိုဟင်ဂျာ ပြည်သူတွေက အခုထုတ်ပေးနေတဲ့ နှစ်နှစ် သက်တမ်း ရှိတဲ့ အစိမ်းနုရောင် ကဒ်ပြားကို ခါးခါးသီးသီး ငြင်းဆန် နေကြခြင်း ဖြစ်ပါတယ်။ 

နိုင်ငံသား၊ ပြုနိုင်ငံသားနဲ့ ဧည့်နိုင်ငံသားများသာ မဲပေးခွင့် ရှိမယ့် လာမယ့် ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေဆီက မဲရဖို့ ရိုဟင်ဂျာများကို ၂ လ - ၃ လ အတွင်း ပြုနိုင်ငံသား ထုတ်ပေးနိုင်မှသာ မဲရမှာ ဖြစ်တယ်ဆိုတာ ပြည်ခိုင်ဖြိုး ပါတီလည်း သိပါတယ်။ အဲဒီတော့ အစိမ်းနုရောင် ကဒ်ပြားကို ငြင်းနေတဲ့ ရိုဟင်ဂျာ ပြည်သူများဆီက မဲရမယ်ဆိုတာကို မျှော်လင့်လို့ မရတော့တဲ့ အတွက် ရိုဟင်ဂျာ အမတ်များကို မရွေးချယ်ဖို့ ပြည်ခိုင်ဖြိုး ဗဟိုက ဆုံးဖြတ်လိုက်တာကို မြေပြင်မှာ ရှိတဲ့ ပါတီ အကြီးအကဲ အချို့ဆီက သိလာရတယ်။ 

ယခု နောက်ဆုံးရ သတင်းများအရ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်ခိုင်ဖြိုး ပါတီဝင် မွတ်စလင် အမတ် ရွေးထားတယ်လို့ နိုင်ငံတကာကို ပြရုံသက်သက် အနေနဲ့ အမတ်တစ်ယောက်ကိုသာ ရွေးချယ်ခံခွင့် ပေးမှာ ဖြစ်ပြီး၊ ကျန်တဲ့ မဲဆန္ဒနယ် (၁၂) နေရာမှာ ဘယ်မွတ်စလင် ရိုဟင်ဂျာကိုမှ ရွေးချယ်ခံခွင့် ပေးမှာ မဟုတ်ဘူးလို့ သိရတယ်။ ရွေးချယ်ခံခွင့် ပေးမယ် ဆိုတဲ့ တစ်ယောက်ကလည်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အတူ နိုင်ငံခြား ခရီးစဉ်တွေမှာ အစိုးရ အလိုကျ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကို နှိပ်စက်နေခြင်း မရှိဘူး၊ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ မိမိရဲ့ ကိုယ်ကျိုး စီးပွားကို ရှေ့ရှုပြီး လိမ်ညာပေးခဲ့သူမို့ အခုလာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခွင့်နဲ့ ဂုဏ်ပြုခံနေရခြင်း ဖြစ်ပါတယ်။ အဲဒီ အမတ်တစ်ယောက် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ မဲအရေအတွက်ကလည်း အဲဒီ မဲဆန္ဒနယ်ထဲက ၆၀၀၀ ကျော်လောက်သာ လိုအပ်တာမို့ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ အလိုတော်ရိ မိသားစုဝင်များကို စည်းရုံးပြီး အစိမ်းနုရောင် ကဒ်ပြား ကိုင်ခိုင်း၊ ဘင်္ဂါလီနဲ့ ပြုနိုင်ငံသား ထုတ်ပေးပြီး မဲရအောင် ယူသွားမယ်လို့ စီစဉ်ထားတာ သိရတယ်။ 

အဲဒီတော့ ပြည်ခိုင်ဖြိုး အမတ်တွေထဲက အုပ်စုတစ်စု (အစိုးရ အလိုကျ နှုတ်ပိတ်နေခဲ့တဲ့ အုပ်စု) ကတော့ သူတို့ ရွေးချယ်ခံခွင့် ရရှိရေးအတွက် ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား ကိုင်ခိုင်းဖို့ စည်းရုံးပေးမယ်လို့ ပါတီ ဗဟိုကို ကတိပြုပြီး ရိုဟင်ဂျာ လူထုများ ရှိတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ စစ်တွေ မြို့များကို ဖုန်းများဆက်ပြီး လိုက်လံ စည်းရုံးနေတာလည်း ကြားသိနေရပါတယ်။ 

အဲဒီတော့ ရိုဟင်ဂျာလူထုမှာ ရွေးချယ်စရာ နှစ်လမ်း ရှိနေပါတယ်။ အစိမ်းနုရောင် ကဒ်ပြားကိုင်၊ နိုင်ငံသား စီစစ်ခံပြီး၊ ပြုနိုင်ငံသား ကဒ်ပြား ကိုင်မလား? ဒါမှမဟုတ် ရိုဟင်ဂျာနဲ့ နိုင်ငံသားကဒ် (ပန်းရောင်) ရအောင် ဆက်လက် ချီတက်မလား? 

ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် နိုင်ငံသား အခွင့်အရေး အပြည့်အ၀နဲ့ နေထိုင်လာတဲ့ ရိုဟင်ဂျာများ အတွက် ပြည်ခိုင်ဖြိုး အမတ် ရွေးချယ်ခံခွင့်နဲ့ မဲပေးခွင့်က အရေးမကြီးပါဘူး။ အရေးကြီးတာက “ရိုဟင်ဂျာ” သာ ဖြစ်ပါတယ်။ 

အဲဒီတော့ ရိုဟင်ဂျာများကို လူမျိုး၊ ဘာသာ မပါတဲ့ ပန်းရောင်ကဒ်ပြားများ ထုတ်ပေးရင် လက်ခံနိုင်ဖွယ် ရှိသလို၊ လူမျိုး နေရာမှာ “ရိုဟင်ဂျာ” ပါတဲ့ ပန်းရောင် ကဒ်ပြား ထုတ်ပေးရင်လည်း မှန်ကန်တဲ့ ရပိုင်ခွင့်သာ ဖြစ်ပါတယ်။ 

အဲဒီနှစ်မျိုးကလွဲပြီး ကျန်တာတွေ ရိုဟင်ဂျာ လူထု အတွက် အရေးမကြီးသလို၊ နှစ်ကြိမ်တိုင်တိုင် အလိမ်ခံရဖူးသူတွေမို့၊ ဘယ်လိုဖြစ်လာမှာဆိုတဲ့ မက်လုံးများကို မယုံကြည်ဘဲ မိမိတို့ ဆုံးရှုံးသွားတဲ့ ရပိုင်ခွင့်များအတွက် ဆက်လက်ချီတက်ကြပါလို့ မြေပြင်က ရိုဟင်ဂျာ ညီနောင် တစ်ဦးက ရိုဟင်ဂျာများ အားလုံးကို တိုက်တွန်း နှိုးဆော်အပ် ပါကြောင်း။



နေဆန်းလွင်
RB News
18.7.2015

MOI Webportal Myanmar ကနေ ဇူလိုင်လ (၁၆) ရက်နေ့က “ဘင်္ဂါလီ ဒုက္ခသည်များ အတွက် ထောက်ပံ့ပေးသည့် ပစ္စည်းများ လိုအပ်သည့် အတိုင်း အတာထက် ပိုမိုများပြား နေမှုကြောင့် လမ်းဘေး ဈေးဆိုင်များဖွင့်၍ တစ်ဆင့် ပြန်လည် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် တက်လာတယ်။

အဲဒီသတင်းကို အင်္ဂလိပ်လို ဘာသာပြန်ရေးထားတာတော့ မတွေ့မိဘူး။ ရေးရင်လည်း နိုင်ငံတကာ အစိုးရများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ မီဒီယာများနဲ့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားများ အတွက် “Joke of the year” ဖြစ်သွားမှာကြောင့် ထင်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာများကို သတ်ပွဲ၊ ရိုဟင်ဂျာအိမ်များ မီးရှို့ပွဲများ အပြီးမှာ စစ်တွေမြို့ တစ်မြို့ထဲမှာဘဲ ရိုဟင်ဂျာ တစ်သိန်းကျော် ဒုက္ခသည်စခန်းကို ရောက်ရှိသွားပြီး၊ တရားဝင် ဒုက္ခသည်များ အဖြစ် အခုအချိန်ထိ ၃ နှစ်ကျော်ကျော် ဒုက္ခသည် စခန်းထဲမှာဘဲ ရှိနေကြတယ်။ အဲဒါအပြင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဒုက္ခသည် စခန်းများမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀၊ အောင်မင်္ဂလာ ရပ်ကွက်မှာ ၄၀၀၀ ကျော်နဲ့ ရွာတွေမှာ ဒုက္ခသည် မဟုတ်ဘဲ ဒုက္ခသည်များ သဖွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော် ရှိနေတယ်။

တရားဝင် မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် စခန်းများမှာ ရှိနေတဲ့ ဒုက္ခသည်များက အထောက်အပံ့တွေ၊ ရိက္ခာတွေ ရနေကြပေမယ့်၊ ကျန်တဲ့ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဒုက္ခသည်တွေ၊ အောင်မင်္ဂလာ ရပ်ကွက်က ရိုဟင်ဂျာတွေ၊ ရွာတွေမှာ ရှိကြတဲ့ ရိုဟင်ဂျာတွေက ဘာအထောက်အပံ့၊ ရိက္ခာမှ မရကြဘူး။

လူသတ်ပွဲ၊ မီးရှို့ပွဲများ အပြီးမှာ စစ်တွေမြို့က ရိုဟင်ဂျာတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်း လုံးဝ (လုံးဝ) မရှိကြတော့ဘူး။ အဲဒီတော့ ဒုက္ခသည်စခန်း ပြင်ပနဲ့ တရားမ၀င် ဒုက္ခသည် စခန်းများမှာ နေထိုင်သူတွေက ပြည်တွင်းနဲ့ ပြည်ပ အလှူရှင်များရဲ့ အထောက်အပံ့များနဲ့သာ ရပ်တည်နေကြရတယ်။

တရားဝင် ဒုက္ခသည်တွေကို ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) က လစဉ် ရိက္ခာပေးနေတာမှာ -- လူတစ်ယောက်ကို တစ်လမှာ ဆန် ၁၃ ကီလို၊ ပဲ ၂ ကီလိုနဲ့ ဆီ ၁ လီတာ ပေးပါတယ်။ အဲဒီတော့ ဟင်းချက်စရာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်၊ ဂျင်း၊ ငရုတ်သီးနဲ့ အခြား ဟင်းချက်ဖို့ လိုအပ်တာတွေ ဘယ်ကရမလဲ? အဲဒီတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း အလှူရှင်များက ဒုက္ခသည်စခန်းတွေကို သွားပြီး စောင်၊ အ၀တ်အထည်နဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေ ပေးတာတွေကို ဈေးပေါပေါနဲ့ ပြန်လည် ရောင်းချပြီး၊ ဟင်းချက်စရာနဲ့ အခြား အရေးကြီး လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူဖို့ လုပ်ကြရတယ်။

ဒီနေရာမှာ အထူးသတိထားစေချင်တာက ရခိုင်ပြည်နယ် အစိုးရက လစဉ်ထောက်ပံ့နေတယ်လို့ MOI ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ သတင်းမှာ ရေးထားပါတယ်။ ဒါက တကယ်ကို လွန်လွန်ကျူးကျူး အရှက်မရှိ ရေးထားခြင်းသာ ဖြစ်ပါတယ်။ တကယ်တမ်းမှာ WFP အဖွဲ့က ဒုက္ခသည်စခန်းတွေမှာ ရိက္ခာဖြန့်ဖြူးဖို့ planning မှာ ရခိုင်ပြည်နယ် အစိုးရက ပါဝင် ကူညီပေးတာက လွဲလို့ ရိက္ခာနဲ့ အသုံးအဆောင် ပစ္စည်း ထောက်ပံ့ပေးနေတာ လုံးဝ (လုံးဝ) မရှိဘူး။

၂၀၁၂ ခုနှစ် ဇွန်လကစပြီး ယနေ့ အချိန်ထိ ၃ နှစ်ကျော်ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက ရိက္ခာ ထောက်ပံ့တာ၊ အသုံးအဆောင် ပစ္စည်း ထောက်ပံ့တာ လုံးဝ (လုံးဝ) မရှိခဲ့ဘူး။ အစိုးရက ရှိတယ်လို့ ပြောရင်လည်း အရှက် သိက္ခာမဲ့စွာ လိမ်ညာခြင်းပါပဲ။ အစိုးရက အမှန်ပြောတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာလည်း မြန်မာ ပြည်သူတွေ အားလုံး သိပါတယ်။

တရားဝင် ဒုက္ခသည် စခန်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ရိက္ခာရနေကြပေမယ့်၊ တရားမ၀င် ဒုက္ခသည်တွေ၊ အောင်မင်္ဂလာ ရပ်ကွက်က လူတွေ၊ ရွာတွေမှာ ရှိနေတဲ့ လူတွေ ရိက္ခာမရတဲ့ အတွက် သူတို့ရဲ့ အခြေအနေက ပိုဆိုးနေတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက အောင်မင်္ဂလာ ရပ်ကွက်မှာ လူဦးရေ တစ်သောင်းနီးပါး ရှိခဲ့ပေမယ့် အခုဆိုရင် ၄၀၀၀ ကျော်သာ ကျန်တော့တယ်။ စားသောက်ဖို့ ခက်ခဲလာတာကြောင့် စက်လှေပေါ် တက်သွားတဲ့လူတွေ ရှိသလို၊ အချို့လည်း ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့ သွားတာ ရှိပါတယ်။

အဲဒီတော့ MOI က ရေးသလို ပိုလျှံနေလို့ ရောင်းချနေတာ မဟုတ်ဘဲ၊ မိမိတို့မှာ လိုအပ်နေတဲ့ ကွက်လပ်ပေါင်းများစွာကို ဖြည့်ဖို့ ရောင်းချနေရတာ ဖြစ်ပါတယ်။

ဒါတွေအပြင် ဒုက္ခသည်စခန်း တစ်ခုကနေ နောက်တစ်ခုကို သွားလာတဲ့ အခါ လုံခြုံရေး ကင်းစခန်းတွေက ရဲတွေ၊ စစ်သားတွေရဲ့ လုယက်ခြင်း၊ ရိုက်နှက်ခြင်းကိုလည်း မကြာခဏ ခံနေရတယ်။ တစ်ခါတစ်ရံမှာ အသတ်ခံရတာလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စစ်တွေ ဆေးရုံကြီးကို တက်ပြီး ကလေးမွေးတဲ့ အခါ ကလေးရော၊ မိခင်ပါ သေဆုံးရတာတွေလည်း မနည်းလှဘူး။

ကျန်းမာရေးအတွက် နိုင်ငံတကာ အန်ဂျီအိုများက ကူညီဆောင်ရွက် ပေးနေပေမယ့် လုံလောက်မှု လုံးဝ မရှိဘူး။ အခုဆိုရင် နိုင်ငံတကာ အန်ဂျီအိုတွေကို ပိုပြီးကန့်သတ်ထားလို့ အရင်ထက် ပိုပြီး ဒုက္ခရောက်နေကြတယ်။ နိုင်ငံတကာက ဆရာဝန်တွေကိုလည်း တစ်လအတွက် တစ်ကြိမ် ဗီဇာထုတ်ပေးပြီးရင် နောက်တစ်ကြိမ် ထုတ်မပေးတော့ဘူး။ အဲဒီတော့ volunteer လုပ်ချင်တဲ့ ဆရာဝန်တွေခမျာ ကူညီချင်ပေမယ့် ကူညီခွင့်မရကြဘူး။

နိုင်ငံတကာ အန်ဂျီအိုများ၊ ပြည်တွင်း၊ ပြည်ပ အလှူရှင်များရဲ့ အထောက်အပံ့ ပစ္စည်းတွေ စစ်တွေမြို့က ဒုက္ခသည် စခန်းကို ၅၀% ကနေ ၇၀% လောက်သာ ရောက်ပါတယ်။ ကျန်တဲ့ ၃၀% ကနေ ၅၀% က ပြည်နယ် အစိုးရကို လိုင်းကြေး အဖြစ်ပေးရလို့ပါ။ နိုင်ငံတကာ အန်ဂျီအိုများ၊ ပြည်တွင်း ပြည်ပ အလှူရှင်များ ဘယ်လိုပုံစံမျိုးနဲ့ အဲဒီ အထောက်အပံ့ ပစ္စည်းတွေ ရောက်အောင် လုပ်ရတယ်ဆိုတဲ့ မပြောသင့်တဲ့ အမှန်တရားတွေ အများကြီး ရှိနေပါတယ်။

ဒါပေမယ့် အရှက်ရှိပါ မြန်မာအစိုးရလို့ ပြောရင် လုံလောက်မှာပါ။


RB News
16.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငကျည်းတောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းက ရဲများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၁၄) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်၊ ငကျည်းတောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းသည် စာရေး ဖြစ်သူ ဦးဆော်ယာဒ်ဟူဆောင်းနှင့် ပေါင်တော်ပြင် ကင်းစခန်းမှ ဒုရဲအုပ် အေးမြနှင့် ရဲတပ်ဖွဲ့ (၆) ဦးတို့နှင့် ပူးပေါင်း၍ ငကျည်းတောက် ကျေးရွာ အုပ်စု၊ သီရိကုန်တန်း ကျေးရွာမှ ဦးအာဘူကာလာမ် (ဘ) ဦးအဒူရာမန်ကို အကြောင်းမဲ့ လက်ထိပ်ခတ် ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ခေါ်ဆောင်လာပြီး တိရစ္ဆာန် သဖွယ် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းသည် ဒိုင်းနက်လူမျိုး တစ်ဦး ဖြစ်ပြီး ယခင်က နေစရာ အိမ်ပင် မရှိခဲ့သော်လည်း၊ ယခု အခါ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ပြီး သန်းပေါင်း များစွာ ချမ်းသာ နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းကို မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ ၎င်းသည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်း၍ ဒေသခံများကို လယ်ယာမြေများ ခွင့်ပြုချက် မပါဘဲ ရောင်းချသည်၊ အိမ်များကို ခွင့်ပြုချက် မပါဘဲ ဆောက်လုပ်သည်၊ ပြုပြင်သည်ဟု လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ပေါင်တော်ပြင် ကင်းစခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ်အေးမြကို ရွာထဲသို့ ခေါ်ဆောင်လာကာ ဒေသခံများကို ခြိမ်းခြောက် လေ့ရှိပြီး၊ ဒုရဲအုပ်အေးမြ ဆိုသူသည်လည်း လိုင်စင်ရ ဓါးပြ သဖွယ် သောင်းကျန်းလျက် ရှိသည်ဟု ဆိုသည်။ ဒုရဲအုပ် အေးမြနှင့် ပတ်သက်၍ ဒေသခံများက ရဲမှူးကြီး စွမ်းဇာနည်ထံ တိုင်ကြားသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ အရာရှိကြီးများက ၎င်းတို့၏ လက်အောက်ငယ်သားများ ဥပဒေ ချိုးဖောက်၍ လိုင်စင်ရ ဓါးပြများကဲ့သို့ သောင်းကျန်းနေသည်ကို အရေးယူ ဆောင်ရွက် မပေးပါက ဒေသခံ ရွာသားများနှင့် တနေ့နေ့ တချိန်ချိန်တွင် ထိပ်တိုက် တွေ့ရန် အလားအလာများ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
15.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်လှေကား ကျေးရွာရှိ အမှတ် (၆) နယ်မြေ စခန်းမှ နယ်ခြားစောင့် ရဲများသည် ဇင်ပိုင်ညာ ကျေးရွာ ခွဆုံသို့ သွားရောက်ပြီး တစ်နေကုန် စောင့်ကာ ဆိုင်ကယ်၊ ကားများဖြင့် သွားလာသော ရိုဟင်ဂျာများကို ယာဉ်မောင်း လိုင်စင်၊ ယာဉ်မှတ်ပုံတင်၊ ဘီးခွန်သွင်း ပြေစာ၊ ဆိုင်ကယ် ဦးထုပ်များ စစ်ဆေးပြီး အကြောင်း အမျိုးမျိုး ပြကာ ငွေညှစ်လျက် ရှိသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု၊ အရှေ့ရွာမှ ဦးအာဗ်ဒူလ္လာ (ဘ) ဦးမာမတ်ဆောလာမ် သည် ဆိုင်ကယ်စီး၍ မောင်တော မြို့သို့ သွားနေစဉ် အဆိုပါ နယ်ခြားစောင့် ရဲများက စစ်ဆေး၍ ယာဉ်မောင်း လိုင်စင်မှ ဓါတ်ပုံ အနည်းငယ် ပျက်စီး နေသည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သောင်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ယာဉ်မှတ်ပုံတင်၊ ယာဉ်မောင်း လိုင်စင်၊ ဘီးခွန် စစ်ဆေးခြင်းမှာ နယ်ခြားစောင့် ရဲများနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း နယ်ခြားစောင့် ရဲများက ၎င်းတို့ ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ ငွေညှစ်နေခြင်း ဖြစ်သည်။ ထို့သို့ စစ်ဆေးရာတွင် ရိုဟင်ဂျာများမှ အပ အခြား လူမျိုးများကို စစ်ဆေးခြင်း မရှိသဖြင့် လူမျိုးဘာသာ ခွဲခြား၍ တမင် ညှဉ်းပန်း နှိပ်စက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ လှိုင်သီ ကျေးရွာ အုပ်စု၊ ထုံးချောင်းရွာမှ ဦးဆောယဒ်ကာဆိမ် (ဘ) ဦးမာမတ်အလီ (အသက် ၃၂ နှစ်) သည် အောင်ဇံ ကျေးရွာအုပ်စု၊ ဆာလေတောင် ရွာသို့ ကွမ်းညွန့် ၀ယ်ယူရန် သွားနေစဉ် ဆာလေတောင် မိုင်တိုင် ၄၅ အနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ယင်းရွာသို့ ရောက်ရှိသည်ကို သတင်းပို့ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီး၊ နေ၀င်ချိန် အချိန်တွင် နယ်ခြားစောင့် ရဲများက ၎င်း၏ မိသားစုထံ သွားရောက်၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
15.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စုတွင် တောင်ရိုင်းဆင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် မိခင်ကို သဂြိုဟ်ရန် အတွက် သားဖြစ်သူထံမှ နယ်ခြားစောင့် ရဲများက ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၂း၃၀ အချိန်ခန့်တွင် မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အရှေ့ရွာသို့ ၀င်ရောက်လာပြီး မုဆိုးမ တစ်ဦး ဖြစ်သူ ဒေါ်လိုင်လာ (အသက် ၅၂ နှစ်) (ကွယ်လွန်သူ ဦးရော်ရှိတ်အာမတ်၏ ဇနီး) ၏ အိမ်ခြံဝင်းတွင် ကာရံထားသည့် ထရံများကို ဖြိုဖျက်နေသဖြင့် ဒေါ်လိုင်လာက တောရိုင်းဆင်မှန်း မသိဘဲ “ဘယ်သူလဲ” ဟု အော်ဟစ်၍ အိမ်ရှေ့သို့ ထွက်ကြည့်ရာတွင် တောရိုင်းဆင်က ရှေ့မှောက်သို့ ရောက်ရှိလာပြီး နှာမောင်းပတ်၍ ဝေ့ရမ်း၍ အဝေးသို့ ပစ်လိုက်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

ထို့နောက် နံနက်ပိုင်း အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့် ရဲအချို့ ရောက်ရှိလာပြီး ဒေါ်လာလိုင်၏ ရုပ်အလောင်းကို စစ်ဆေးရန်ဟု ဆိုကာ မောင်တော ဆေးရုံသို့ ပို့ခဲ့သည်။ နယ်ခြားစောင့် ရဲများက ဒေါ်လိုင်လာ၏ သားဖြစ်သူကို ၎င်းတို့၏ ခွင့်ပြုချက် မပါဘဲ သဂြိုဟ်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ သဂြိုဟ်ရန် အတွက် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
15.7.2015

ဘူးသီးတောင် ။ ။ ​ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ လက်ဝဲဒက် ပြင်ချေ ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ဒေသခံ အမျိုးသမီး မုဆိုးမ တစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့က ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၂၈) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် လက်ဝဲဒက် ပြင်ချေ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဒိလ်မာမတ်နှင့် ရာအိမ်မှူး ဖြစ်သူ ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးမာမတ်အာလောမ် တို့ပူးပေါင်း၍ ရွာသစ်ရွာမှ မုဆိုးမ အမျိုးသမီး တစ်ဦး ဖြစ်သူ ဒေါ်မော်ရီယံခါတူ (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၃၅ နှစ်) ကို လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဒေါ်မော်ရီယံခါတူ အတွက် ငွေကျပ် ၅ သိန်းကို နိုင်ငံခြားရှိ သားဖြစ်သူက ပေးပို့လိုက်ခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့က လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲများနှင့် ဖမ်းဆီးခိုင်းပြီး ထောင်ချမည်ဟု ခြိမ်းခြောက် သဖြင့် မတရားသဖြင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ၍ ငွေ ၅ သိန်း ပေးလိုက်ရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
15.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပန္ဒူး ကျေးရွာတွင် အခြေချ ထားသည့် တပ်မတော် တပ်ရင်းမှ တပ်သားများက ည ၁၂ နာရီ နောက်ပိုင်းတွင် မီးသုံးခွင့် ပိတ်ပင်ထား၍ ဥပုသ်စောင့်သူများ အခက်ကြုံနေရကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ ဟိုက်ဒေါရ်ဂူးနာ ကျေးရွာ၌ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အခြေချထားသည့် တပ်မတော် တပ်ရင်းမှ တပ်သား အချို့သည် ရွာအတွင်း ကင်းလှည့်နေစဉ် မော်လ၀ီ ဟာဘီအူလ္လာ (ဘ) ဦးနူရူဟောက် (အသက် ၅၀ နှစ်) ၏ နေအိမ် မီးဖိုချောင်မှ မီးကို မြင်သဖြင့် နေအိမ် ထဲသို့ ၀င်ရောက် ရှာဖွေခဲ့သည်။ ရှာဖွေ ရာတွင် နေအိမ်ထဲတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နံနက် (၃) နာရီ အချိန်တွင် မီးသုံးနေခြင်း အကြောင်း မေးမြန်းရာ အိမ်ရှင် ဖြစ်သူက ဥပုသ် စောင့်ရန် အတွက်ဟု ဖြေကြားသော်လည်း လက်မခံဘဲ ဆူပူ ပြုလုပ်ရန် တမင် ကြံစည် နေခြင်း ဖြစ်နိုင်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ယင်းတပ်ရင်းမှ တပ်သားများက ရွာသားများကို ညသန်းခေါင်ယံ အချိန်တွင် မီးမသုံးရန် မှာထားသဖြင့် ဥပုသ်စောင့်ရန် ထမင်း၊ ဟင်းချက်ခြင်းကို ညသန်းခေါင်ယံ အချိန်တွင် ချက်နိုင်ခြင်း မရှိဘဲ၊ ည ၈ နာရီခန့်တွင် ကြိုတင် ချက်ထားပြီး၊ ညသန်းခေါင်ယံ အချိန်တွင် အေးနေသည့် ထမင်း၊ ဟင်းများကို စားသုံးပြီး ဥပုသ်စောင့် နေရကြောင်း၊ ည ၁၂ နာရီ နောက်ပိုင်းတွင် ဓါတ်မီးပင် သုံးစွဲခွင့် မရှိကြောင်း ဒေသခံများက ပြောပါသည်။

Rohingya Exodus