နောက်ဆုံးသတင်း/ဆောင်းပါးများ



RFA မြန်မာပိုင်း
8.8.2015

ဝှိုက်ကဒ် (White Card) ခေါ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းရှိတဲ့ မွတ်စလင်တွေကို လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူးလို့ သတ်မှတ် လိုက်တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို စနစ်တကျ ခွဲခြား ဆက်ဆံမှုလို့ သတ်မှတ် ရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ က ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးမှာ ကျင်းပတဲ့ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ မစ္စရန်ဟီးလီက အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းလောက်ရှိမယ့် မွတ်စလင်တွေကို မဲပေးခွင့် ပိတ်ပင်လိုက်တာဟာ ခွဲခြားဆက်ဆံမှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ တချို့က ဒီလိုကိစ္စတွေကို အများကို ချပြပြောဆိုတာဟာ နှစ်ဘက်တင်းမာမှုတွေ ပိုများတဲ့သဘောရှိတာကြောင့် ထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့အကြံပေးပါတယ်၊ ဒါပေမယ့် မိမိရဲ့ တာဝန်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုရမှာဖြစ်သလို အကောင်းဆုံး အကြံဥာဏ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်၊ ဒါ့အပြင် မိမိပြောဆိုတာဟာ မြန်မာအစိုးရလေးစားလိုက်နာရမယ့် လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီပါတယ်”

ဒါ့အပြင် အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လည်ပတ်ခွင့် တောင်းဆိုတာကိုလည်း အစိုးရက ငြင်းဆိုလိုက်တာကိုလည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း မစ္စရန်ဟီးလီက ပြောပါတယ်။ လက်ရှိအချိန်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် တရားဝင်အသိအမှတ်ပြုမှု တစ်ခုခုရလာအောင် ကြိုးပမ်းရမယ့်အချိန် ဖြစ်ကြောင်းလည်းပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရေဘေးရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ မိမိနဲ့တွေ့ဆုံဖို့အတွက် ခေါ်လာတဲ့ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေကို တွေ့ဆုံခွင့်ရတာကိုလည်း ဝမ်းမြောက်ကြောင်းလည်း ပြောပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လက်ရှိအကျဉ်းထောင်ထဲမှာရှိနေတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ ၊ အင်းစိန်ထောင်မှာရှိနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့တာဖြစ်ပါတယ်။



8.8.2015

ရိုဟင်ဂျာ မူဆလင် တွေရဲ့ ကံကြမ္မာဟာ မဖြေရှင်းနိုင် သေးတဲ့ ပြဿနာ  တခု ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က သောကြာနေ့မှာ ပြောကြား လိုက်ပါတယ်။ ဗာတီကန် နန်းတော် က ဆဌမမြောက် ပေါလ် ခန်းမဆောင်မှာ ပရိတ်သတ် ကို ဟောကြားရာမှာ - ရိုဟင်ဂျာ မူဆလင်တွေ ပြုမူဆက်ဆံ ခံနေရတဲ့ အပေါ် ပုပ်ရဟန်းမင်းကြီးက ဝေဖန် လိုက်သလို၊ ကြုံတွေ့ နေရတဲ့ အခြေအနေ ဟာလည်း စစ်ပွဲတပွဲ လိုပဲလို့ ရည်ညွှန်း ပြောကြား သွားပါတယ်။

“ရိုဟင်ဂျာတွေ ထဲက ညီအကို မောင်နှမတွေ အတွက် စဉ်းစား ကြည့်မယ် ဆိုရင်၊ ဒီလူတွေဟာ တနေရာကနေ တနေရာကို မောင်းထုတ်ခံကြရသူတွေဖြစ်တယ်။ ပင်လယ်ကိုဖြတ်ပြီး ဆိပ်ကမ်းတခု၊ ကမ်းခြေတခုကို ရောက်ပြီးတော့၊ သောက်ရေနဲ့ အစားအစာတွေ ပေးပြီးတော့မှ သူတို့ဟာ ပင်လယ်ထဲ နောက်တခါ မောင်းထုတ် ခံရပြန်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခု၊ စစ်ပွဲတပွဲဖြစ်သလို၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုလို့လည်း ခေါ်နိုင်ပါတယ်။” - လို့ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ ဟောကြားသွားခဲ့တာပါ။

ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကြောင့်ဆိုပြီး ရိုဟင်ဂျာ မူဆလင်တွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ ထွက်ခွာပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်း နိုင်ငံတွေ ဆီကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာနိုင်ငံက လူမျိုးတမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုမထားပါဘူး။



RFA မြန်မာပိုင်း
7.8.2015

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ် သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့် တောင်းခံ ခဲ့တာကိုလည်း ၅ ရက်ပဲ ခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်က လာရောက်တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံ ခဲ့သူတွေကို အစိုးရက မေးမြန်း စောင့်ကြည့်တာတွေရှိ တယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့် ပိတ်ပင်တာတွေ၊ ကြိုတင် အသိပေးခြင်း မရှိပဲ တွေ့ဆုံချိန် အနီးကပ်ပြီး မှ အကြောင်း တစုံတရာ မပြပဲ ဖျက်သိမ်း လိုက်တာတွေ ရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေ အပေါ် ချုပ်ချယ်မှုတွေ ရှိနေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။

ဘူးသီးတောင် မြို့နယ် ဓမ္မာရုံ၌ ရခိုင် ဒုက္ခသည် များကို ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ် (ဓါတ်ပုံ MOI)

MYARF
RB News
7.8.2015

ဘူးသီးတောင် ။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အဖွဲ့သည် သြဂုတ်လ (၇) ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိ လာခဲ့ကြောင်း သတင်း ရရှိပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ သမ္မတရုံး ၀န်ကြီး အချို့နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တို့လည်း အတူလိုက်ပါလာခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဘူးသီးတောင် မြို့နယ် ရခိုင်လူမျိုး မြို့မိမြို့ဖ (၁၆) ဦးနှင့် ရိုဟင်ဂျာ လူမျိုး မြို့မိမြို့ဖ (၁၆) ဦး တို့နှင့် အမှတ် (၁) အခြေချ စစ်ဗျူဟာ ခန်းမ၌ သီးခြား တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ယခုလို လူမျိုးစု နှစ်စု [ရခိုင်နှင့် ရိုဟင်ဂျာ] တို့ကို တစ်ခန်းထဲတွင် အတူတကွ ထိုင်နေသည်ကို မြင်နေရသဖြင့် အလွန်ပဲ ၀မ်းသာကြည်နူးမိကြောင်း၊ ဘူးသီးတောင် မြို့တွင် လူမျိုးပေါင်းစုံတို့ ဘာသာ၊ လူမျိုး မခွဲခြားဘဲ အေးချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်လာသည်ကို ချီးကျူး ဂုဏ်ပြုလိုကြောင်း၊ နောင်တွင်လည်း ပဋိပက္ခများကို ရှောင်၍ ဤကဲ့သို့ အေးအတူပူအမျှ အတူယှဉ်တွဲ နေထိုင်သွားရန် မှာကြားလိုကြောင်း၊ စသည်ဖြင့် ဘူးသီးတောင်မှ ဒေသခံ ပြည်သူများကို ဂုဏ်ပြု စကားပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော် သမ္မတက မိမိသည် ရခိုင်ပြည်နယ်ကို ရောက်ရှိလာခြင်းမှာ မုန်တိုင်းသင့် ပြည်သူများကို ကူညီ ထောက်ပံ့ အားပေးလို၍သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော ဒေသခံများကို တင်ပြစရာရှိလျှင် တင်ပြနိုင်သည်ဟု ပြောဆိုသော အခါ ရခိုင်လူမျိုး မြို့မိမြို့ဖ တစ်ဦးက မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်း အများအပြား ရှိကြောင်းနှင့် ရခိုင်လူမျိုး ဒုက္ခသည်များ အကြောင်းကို တင်ပြခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများဖက်မှ ဘူးသီးတောင် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဘော်ရှီရ်အာမတ်က မုန်တိုင်းကြောင့် ပျက်စီးသွားသည့် သာသနာ့ အဆောက်အဦ များကို ပြန်လည် ပြင်ဆင်လိုသည်ဟု တင်ပြရာ နိုင်ငံတော် သမ္မတက ပျက်စီးသွားသည့် သာသာနာ့ အဆောက်အဦ မှန်သမျှကို အမြန်ဆုံး ပြန်ဆင်ရန် ပြောကြား၍ ခွင့်ပြုချက် ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် မုန်တိုင်းသင့် ရခိုင်ဒုက္ခသည်များ စုဝေးနေထိုင်ရာ ဓမ္မရုံသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။ 

ဘူးသီးတောင် မြို့နယ်တွင် ရိုဟင်ဂျာ ကျေးရွာပေါင်း ၂၀ ကျော် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရပြီး အတည်ပြုနိုင်သည့် သတင်းများအရ ရိုဟင်ဂျာ လူမျိုး စုစုပေါင်း (၃၂) ဦး အသက်ဆုံးရှုံး ခဲ့ရသည့် အပြင် ရာပေါင်းများစွာသော အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ရိုဟင်ဂျာ လူမျိုးများပိုင် လယ်ယာမြေ ဧကပေါင်းများစွာလည်း ရေကြီးမှုကြောင့် ပျက်စီး သွားခဲ့ရသည်။ 

သို့သော် မုန်တိုင်းသင့် ပြည်သူများကို ကူညီ ထောက်ပံ့ပေးရန် ရောက်ရှိလာပါသည်ဟု ဆိုသော နိုင်ငံတော် သမ္မတနှင့် အဖွဲ့က အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အထိ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသည့် မုန်တိုင်းသင့် ရိုဟင်ဂျာ ဒုက္ခသည်များကို မည်သည့် အကူအညီ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့ခြင်း မရှိဟု အဆိုပါ ဒေသခံက ပြောပါသည်။ ၎င်းက ဒေသဆိုင်ရာ အာဏာပိုင်များကို ပေးအပ်ရန် တာဝန်ပေးထားသည်ဟု ပြောဆိုခြင်းမျိုးလည်း မရှိသဖြင့် သြဂုတ်လ (၆) ရက်နေ့၌ စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရ တာဝန်ခံများ၊ ရခိုင် လူမှု့အဖွဲ့ အစည်းများ၊ မြို့မိမြို့ဖများကို တွေ့ဆုံခဲ့ရာတွင် လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့ရန် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ပြောဆိုခဲ့သည်နှင့် သမ္မတ ကိုယ်တိုင် လုပ်ရပ်မှာ လုံးဝ ဆန့်ကျင်လျက် ရှိသည်ဟု ဆိုသည်။ 

နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် ဘူးသီးတောင် မြို့ကို ကားများဖြင့် လှည့်လည် ကြည့်ရှုခဲ့ပြီး ပြန်လည် ထွက်ခွာ သွားခဲ့သည်။ 

မောင်တောမြို့မှ မုန်တိုင်းသင့် ဒေသခံ ပြည်သူများက နိုင်ငံတော် သမ္မတ ကိုယ်တိုင် လာရောက် အားပေးမည်ဟု သတင်းများ ကြား၍ စောင့်မျှော်နေခဲ့သော်လည်း မောင်တောမြို့ကို ရောက်ရှိလာခြင်း မရှိခဲ့သဖြင့် ဒေသခံများ စိတ်မကောင်း ဖြစ်နေရသည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်နဲ့ စစ်တွေ မြို့ခံတွေ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံ ကြစဉ်

6.8.2015

ရခိုင်ပြည်နယ် ရေဘေး ဒုက္ခသည်တွေကို လူမျိုး ဘာသာ မခွဲခြားဘဲ လူသား အချင်းချင်း ကူညီရမယ် ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်း ကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။

"ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီစောင့်ရှောက် ရမယ် ဆိုတဲ့ဟာက တာဝန် မဟုတ်သော်လည်းပဲ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်ဓါတ်၊ ဒီအချိန်မှာတော့ ဖြူတာတွေ မဲတာတွေ လူမျိုးတွေ ဘာသာတွေ ခွဲလို့ မရတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် လူသားတွေ လူသားတစ်ဦး အသက်ရှင် ရပ်တည် နိုင်ရေး အတွက် လူသား အချင်းချင်း ကယ်တင် ရမယ်ဆိုတဲ့ ဒီလို စိတ်ဓါတ်မျိုး ခေါင်းထဲမှာ ထည့်ထားဖို့ လိုပါတယ်"

အစိုးရက ရခိုင်ပြည်နယ်ရေဘေးအတွက် ကျပ်သိန်းပေါင်းနှစ်သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ငွေကြေး အကူ အညီပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းကြောင်းနဲ့ အသက်ရှင်ကျန်တဲ့သူတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေက ရေဘေးဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရေဘေးကြောင့် သေဆုံးသူ ဦးရေ ၅၅ ဦးရှိပြီး ကျွဲနွားအကောင်ရေ ၅ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းကျော်၊ စာသင်ကျောင်း ၃၀၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာတန်ဖိုး ငွေကျပ်သန်းပေါင်း သုံးသောင်းလေးထောင်ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာရေဘေးကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၇ သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။



RFA မြန်မာပိုင်း
7.8.2015

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကနေ နှုတ်ထွက် လိုက်ပြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တစ်သီး ပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ၀င်သွားမယ်လို့ ပြောပါတယ်။ နိုင်ငံရေး လှုပ်ရှားမှု တွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက် လိုတာကြောင့် ပါတီကနေ နှုတ်ထွက် လိုက်တာ ဖြစ်တယ်လို့ ဦးရွှေမောင်က ပြောပါတယ်။

"အဓိကကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လတ်တလော ပြဿနာတွေလည်း အများကြီးထဲက လူ့အခွင့်အရေး အခြေအနေတွေကလည်း မျှော်မှန်းထားသလောက် မတိုးတက်လာဘူးပေါ့နော်၊ ဒါကြောင့်မို့ ဒါတွေကို ကျနော်တို့ ဆက်လုပ်စရာတွေရှိတယ်၊ အဓိကကတော့ ဒေသကပြည်သူတွေကို ဆောင်ရွက်ပေးစရာ လုပ်ငန်းတွေက အများကြီးကျန်ပါသေးတယ်၊ ဒီဟာတွေကို လုပ်ဖို့အတွက်ကတော့ နိုင်ငံရေးဆက်လုပ်မှဖြစ်မှာပါ၊ ပိုပြီးတော့ လွတ်လွတ်လပ်လပ်လုပ်လို့ရအောင်ဆိုတဲ့သဘောနဲ့ ရိုးရိုးသားသားပဲနှုတ်ထွက်လိုက်တာပါ၊ တခြားဟာတော့မရှိပါဘူး"

ဦးရွှေမောင်ဟာ ဘူးသီးတောင်မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအဖြစ် ထပ်မံယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြော ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းရမှာ ဖြစ်ပါတယ်။



RB News
4.8.2015

အဲစ်ဗီယာ၊ ဒိန်းမတ် ။ ။ ဒုတိယကြိမ်မြောက် ဥရောပရောက် ရိုဟင်ဂျာများ ညီလာခံကို ဒိန်းမတ်နိုင်ငံ၊ အဲစ်ဗီယာမြို့တွင် သြဂုတ်လ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့သည်။ ညီလာခံသို့ ဒိန်းမတ်၊ ဗြိတိန်၊ နော်ဝေး၊ နယ်သာလန်၊ ဂျာမဏီ၊ ဆွဇ်ဇာလန်နှင့် အီတလီနိုင်ငံတို့မှ ကိုယ်စားလှယ်များ ၆၀ ကျော်တက်ရောက်ခဲ့သည်။ အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့၊ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်)၊ ရိုဟင်ဂျာ အသင်း (နော်ဝေး)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဂျာမဏီ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဆွဇ်ဇာလန်)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (အီတလီ)၊ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (နယ်သာလန်) တို့မှ ကိုယ်စားလှယ်များနှင့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူများ တက်ရောက်ခဲ့ကြသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် ရေကြီးမှု ကြုံတွေ့နေရသည့် ရေဘေး ဒုက္ခသည်များကို အကူအညီများ ပေးရေး အတွက် လိုအပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ နိုင်ငံအသီးသီးမှ အလှူငွေများ ပေးပို့နိုင်ရန် အတွက် ပထမဦးစွာ ဆွေးနွေးခဲ့ကြပြီး၊ ရိုဟင်ဂျာများ၏ မူရင်းဌာနေ ဖြစ်သော အာရ်ကာန်/ရခိုင်ဒေသမှ ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် မြန်မာအစိုးရမှ စနစ်တကျ ဂျီနိုဆိုက် ပြုလုပ်နေခြင်းကို ရှုတ်ချခြင်း၊ လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ထားသည့် ပါတီမှ ကိုယ်စားပြု၍ ရွေးချယ်ခံခွင့် မပြုခြင်း၊ ခေတ်အဆက်ဆက်တွင် ရရှိခဲ့သည့် မဲပေးခွင့်ကို ရုပ်သိမ်းလိုက်ခြင်းများကို ရှုတ်ချခြင်းနှင့် ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် အစွန်းရောက် အုပ်စုများက တားမြစ်ခြင်းများ ပြုလုပ်နေသည်ကို ရှုတ်ချခြင်းများ ပြုလုပ်ခဲ့ပြီး၊ ကွန်ဖရင့် အပြီးတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကွန်ဖရင့်၏ ကြေညာစာတမ်းတွင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာသည့် အထောက်အပံ့များ ကန့်သတ်မှု မရှိဘဲ ပေးခွင့် ရရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက် ပေးရန်၊ တငွေ့ငွေ့ လောင်ကျွမ်းနေသည့် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်၊ လူမျိုးတုန်း သန့်စင်ခြင်း၊ လူသားများ အပေါ် ကျူးလွန်နေသည့် ပြစ်မှုများကို နိုင်ငံတကာမှ လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်မှ စုံစမ်း စစ်ဆေးပြီး၊ ပြစ်မှု ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အပြစ်ပေးရေး၊ မြန်မာအစိုးရကို ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ပြန်လည် အပ်နှင်းရေး၊ မသင့်မြတ် ဖြစ်နေသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင် တို့အကြား ယခင်အတိုင်း ငြိမ်းချမ်း ပြန်လည် နေထိုင်နိုင်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန်၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အမြန်ဆုံး ဆောင်ရွက်ပေးရန် ထည့်သွင်း တောင်းဆိုထားသည်။

ထို့အပြင် ရိုဟင်ဂျာများ ထံမှ ယခင် စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင် ကတ်ပြားများ သိမ်းဆည်း၍ အဖြူရောင် ယာယီ သက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီး၊ ယခု အဖြူရောင် ကတ်ပြားများ သိမ်းဆည်း၍ ယာယီ နေထိုင်ခွင့် ကတ်ပြား (အစိမ်းရောင်) ကဒ်ပြားများ အတင်းအဓမ္မ ကိုင်ဆောင် ခိုင်းခြင်းကိုလည်း အပြင်းအထန် ရှုတ်ချခဲ့သည်။

ဥရောပ ပါလီမန်သို့ မကြာခဏ သွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေများ တင်ပြလေ့ရှိသည့် ကိုယ်စားလှယ်များက ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းထက် ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် ပြုလုပ်နေသည့် ဂျီနိုဆိုက်အား အမြန်ဆုံး ဟန့်တား အရေးယူပေးရန် ပိုမိုကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

ကွန်ဖရင့် ပထမနေ့တွင် မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်) မှ ဦးဇကရီယာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့ အခြေချသည့် နိုင်ငံများရှိ ရိုဟင်ဂျာများ၏ အခြေအနေများ၊ အစိုးရများ၏ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မူဝါဒကို အကျယ်အ၀န့် ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) မှ အထွေထွေ အတွင်းရေးမှူး ဦးအဟမတ်ဂျမာလ်က ၎င်းတာဝန်ယူထားသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မီတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဥက္ကဌ ဦးထွန်းခင်က ဥရောပနှင့် အမေရိကား နိုင်ငံများတွင် သွားရောက်၍ ရိုဟင်ဂျာအရေး လှုပ်ရှားမှုများ၏ အခြေအနေများ၊ ရှေ့လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ရှိသည့် ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေများ၊ ပြည်တွင်းတွင် ရိုဟင်ဂျာများ၏ လက်ရှိ နိုင်ငံရေး အခြေအနေများ၊ မီဒီယာများ၏ အခန်းကဏ္ဍများကို ဂျာမဏီနိုင်ငံမှ ဦးနေဆန်းလွင်က ဆွေးနွေးပြီးနောက်၊ ရိုဟင်ဂျာများ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့မှ ဥက္ကဌ ဦးနူရ်အစ္စလာမ်က ဆွေးနွေးခဲ့သည်။

ဧည့်သည်အဖြစ် ရောက်ရှိလာသည့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူ မစ္စတာ နူရ်အူဒင်ဝိုက်(လ်)မန်းက ဘင်္ဂလားဒေ့ရှ်နှင့် မလေးနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များကို ကူညီနေသည်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ အားလုံးက ရှေ့ဆက် လှုပ်ရှားသင့်သည်များကို တစ်ဦးချင်းစီ ဆွေးနွေး တင်ပြခဲ့ပြီး ပထမနေ့ ကွန်ဖရင့်ကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဒုတိယနေ့တွင် တက်ရောက်လာသူများ တင်ပြခဲ့သည်များကို နော်ဝေးနိုင်ငံမှ ဦးဆယာဒ်ဟူစိန်းက ပြန်လည်၍ ဆွေးနွေး အဖြေရှာခဲ့ပြီး၊ လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ကော်မီတီများ ဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ ဦးဆယာဒ်ဟူစိန်းက ကွန်ဖရင့် ကြေညာစာတမ်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြီးနောက်၊ ကွန်ဖရင့် အပိတ်အမှာစကားကို ဗြိတိန်နိုင်ငံမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှက ပြောကြားပြီး နေ့လည် ၂ နာရီ အချိန်တွင် ကွန်ဖရင့်ကို ရုပ်သိမ်းခဲ့ပါသည်။

ကွန်ဖရင့်သို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားသော တက်ရောက် လာသူများ အားလုံးက ရိုဟင်ဂျာများ နှစ်ပေါင်းများစွာ ကြုံတွေ့ နေရသည့် အတိဒုက္ခများ အားလုံးမှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဥရောပနိုင်ငံများရှိ အစိုးရများ၊ ဥရောပ သမဂ္ဂ၊ ဥရောပ ပါလီမန်၊ အခြားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စည်းလုံး ညီညွတ်စွာဖြင့် အဖြေရှာ သွားမည်ဟု တစ်ညီတစ်ညွတ်တည်း စည်းစည်းလုံးလုံးဖြင့် သဘောတူခဲ့ကြသည်။ 


















 






မောင်တောမြို့၌ ရေကြီး နေပုံ


MYARF
RB News
3.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဆန်ဈေးများ အဆမတန် မြှင့်တက် လာသောကြောင့် ဒေသခံများ အခက်ကြုံလျက် ရှိနေသည်ဟု သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၉) ရက်နေ့၊ ညသန်းခေါင်ယံ အချိန်မှ စ၍ တိုက်ခတ်ခဲ့သည့် လေပြင်း မုန်တိုင်းကြောင့် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် အိမ်အများအပြား ပြိုကျသွားခဲ့သည်။ သစ်ပင်များ၊ အိမ်ခြံ၊ အကာအရံများလည်း ပြိုလဲသွားခဲ့သည်။ ထို့အပြင် မကြုံစဖူး ရေကြီးမှုကြောင့် အိမ်အများအပြား ရေလွှမ်းမိုးခြင်း ခံခဲ့ရသည်။ အသက်ဆုံးရှုံးမှုများ ရှိသော်လည်း သွားလာရေး ဆက်သွယ်ရေး ခက်ခဲလျက် ရှိသဖြင့် ယခုအချိန်ထိ အသေအပျောက် စာရင်းများ အတိအကျ မရနိုင်သေးကြောင်း ဒေသခံများက ပြောပါသည်။

ရေကြီးမှု၊ မုန်တိုင်းကြောင့် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ပြီး ဒုက္ခသည် ဖြစ်လာသည့် ဒေသခံ ရိုဟင်ဂျာများကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် NGO များက ယခု အချိန်ထိ ထိရောက်သော အကူအညီများ မပေးသေးသည့် အပြင် ပြိုလဲသွားသည့် အိမ်များ ပြန်လည် ပြုပြင်နိုင်ရန် ၀ါး၊ သစ်များ ခုတ်ယူရန် အတွက် ရိုဟင်ဂျာများကို အာဏာပိုင်များက တောတောင်သို့ သွားရောက်ခွင့် မပေးကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ သို့ဖြစ်၍ ဒေသခံ ရိုဟင်ဂျာများသည် စားဝတ်နေရေး အတွက် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေရသည်ဟု ဆိုသည်။ 

ယနေ့ သြဂုတ်လ (၃) ရက်နေ့တွင် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များ၌ ဆန် တစ်အိတ် ၃၀၀၀၀/- ကျပ် ဖြစ်နေပြီး၊ လေပြင်းမုန်တိုင်း မကျမှီက ဆန် တစ်အိတ်နှင့် ၁၅၀၀၀/- ကျပ် ရှိခဲ့သဖြင့် နှစ်ဆ ဈေးတက်သွားသည်ဟု ဒေသခံများက ပြောပါသည်။ ထို့အပြင် အခြားသော စားကုန်ပစ္စည်းများ၏ ဈေးများလည်း အဆမတန် ဈေးတက်လျက် ရှိသည်ဟု ဆိုသည်။ ၀ါး၊ သစ်များ၏ ဈေးများလည်း အဆမတန် ဈေးတက်လျက် ရှိကြောင်း သိရသည်။ 

ဒေသခံများက ၎င်းတို့ အနေဖြင့် အရေးပေါ် အကူအညီများစွာ လိုအပ်နေကြောင်း၊ နိုင်ငံတကာ အကူအညီရမှသာ ယခု ကြုံတွေ့နေရသည့် အဆမတန် ဈေးကြီးမှု ပြဿနာများပါ ပြေလည် သွားမည်ဟု ဆိုသည်။



ကမ္ဘာ့ ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် လူ့အခွင့်အရး ကောင်စီသို့ တင်သွင်းမည့် အစီရင်ခံစာ ပြုစုရေးအတွက် မြန်မာနိုင်ငံသို့ တတိယ အကြိမ် အဖြစ် ယနေ့နေ့လည် နှစ်နာရီခွဲ အချိန် တွင် ပီဂျီ-၇၀၇ လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ရောက်ရှိရာတွင် နိုင်ငံခြာရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြ သည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ် အချိန်အတွင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအကြံပေး အဖွဲ့များ ၊ ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် နှစ်ရပ်လုံး၏ ဥပဒေကြမ်းကော်မတီ များ၊ အခြေခံအခွင့်အရေးကော်မတီ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ ပြည်ထောင်စု ၀န်ကြီးများဖြင့် တွေ့ဆုံ သွားမည်ဖြစ်ပြီး ၄င်းတင်သွင်းမည့်အစီရင်ခံစာ နှင့်ပတ်သက်ပြီး လိုအပ်သည့်နေရာ များသို့ ပါ သွားရောက် လေလာမည်ဖြစ်ကြောင်းသိရသည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံတွင် သြဂုတ်လ (၂)ရက်မှ (၇ )ရက်နေ့ အထိ နေထိုင်သွား မည် ဖြစ်ပြီး ၄င်းပြန်မည့် သြဂုတ်လ (၇)ရက်နေ့တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MOIWeb Portal Myanmar Facebook မှ ကူးယူ ဖော်ပြသည်။

ရခိုင်ပြည်နယ် အတွင်း ရေနစ်မြုပ်သည့် မြို့နယ် များမှ ရေဘေးသင့် ပြည်သူ များသို့ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် သယ်ဆောင် လာစဉ်။ (ဓာတ်ပုံ- MOI) သြဂုတ် ၂၊ ၂၀၁၅။

မအေးအေးမာ
2.8.2015

ရခိုင်ပြည်နယ် အတွင်းမှာ ရေဘေးဒဏ်ကြောင့် သေဆုံး ပျောက်ဆုံးသူ ရာဂဏန်းလောက် ရှိနေကြောင်းနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးတကြီး လိုအပ် နေပေမယ့် အစိုးရပိုင်းက ကယ်ဆယ်ရေး ကိစ္စတွေ အဆင်သင့် မဖြစ်သလို အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်ကလည်း အစိုးရနဲ့သာ ပူးပေါင်း ဆောင်ရွက် ရမှာဖြစ်လို့ အစိုးရ ခွင့်ပြုချက် မရဘဲ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လက်တွဲ ဆောင်ရွက်နိုင်မယ့် အခြေအနေ မတွေ့ရပါဘူး။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ ထားပါတယ်။

ဆိုးဝါးတဲ့ သဘာဝ ရေးဘေးကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ သေဆုံးမှုတွေရှိနေသလို ပျောက်ဆုံးမှုတွေလည်း ရာဂဏန်းရှိနေပြီလို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောက ဆိုပါတယ်။

“သေဆုံးတဲ့သူစာရင်းဟာ ရွာတွေမှာ ဟိုမှာ (၂၀) ဒီမှာ (၁၅) ယောက်ဆိုတော့ (၃၀၀) နီးပါးလောက်တော့ ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ အလောင်းတွေလည်း တချို့ မျောနေတာတွေရှိတယ်လို့ ကျနော်တို့ ကြားရတယ်ဗျ။ အလောင်းတွေမျောတော့ အဲဒီအလောင်းတွေကောက်တဲ့၊ ဆယ်တဲ့အလုပ်က ဘာမှမလုပ်ရသေးဘူး။ ရာဂဏန်းကတော့ အေးအေးဆေးဆေး ရှိသွားပါပြီ။ ဧရိယာတခုလုံး အင်မတန်ကျယ်ပြောတယ်- မြောက်ဦး၊ ကျောက်တော်၊ မင်းပြားက - နော်၊ အထူးသဖြင့် ကျေးလက်တောရွာတွေပေါ့။”

ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၄) မြို့နယ်လောက် ရေပြင်ကြီးဖြစ်နေတဲ့အတွက် ကျေးရွာနေ ပြည်သူတွေအတွက် အသက်ကယ်ဖို့ အခြေအနေ အရေးတကြီးလိုအပ်နေတဲ့အကြောင်း အခုလို ပြောပါတယ်။

“သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ၊ ဗွီဒီယို ဓာတ်ပုံမှတ်တမ်းတွေကို ကျနော်တို့ ကြည့်ရတဲ့အခါမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါတော အဲဒီဒေသတခုလုံး ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ကလေးတွေကအကုန်လုံး အိမ်ခေါင်မိုး အပေါ်ထပ် တွေမှာ တွေ့ရတဲ့အပိုင်းတွေရှိတယ်။ အဲဒီတော့ ဘယ်လောက်ပျောက်လို့၊ ဘယ်လောက် အဝှာဖြစ်တယ်ဆိုတဲ့ဟာကို တအိမ်နဲ့ တအိမ်တောင်ကို အခု လောလောဆယ်မှာ ဆင်းပြီးတော့ အဆက်အသွယ် လုပ်လို့မရနိုင်တဲ့ နေရာဒေသတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်လှမြင့်တို့၊ ဗိုလ်မှူးကြီးစံရွှေအောင်တို့ လေယာဉ်နဲ့လိုက်ကြည့်တယ်၊ ဟိုက်စကီးနဲ့လိုက်ကြည့်တယ်။ ဟိုက်စကီးကလည်း တစီးတည်း ရှိတယ်။ အဲဒီဟိုက်စ်ကီးမှာ ဘာရိက္ခာမှလည်း ပါမသွားဘူး။ အဲဒီတော့ သူတို့က ဒေသတွေကိုလိုက်ကြည့်တဲ့ အဆင့်ပဲ ရှိတယ်။ ကျေးလက်ဒေသတွေကို ရောက်ဖို့က တော်တော်လေးကို ခက်ခဲနေတယ်။ ဟိုက်စကီးတွေနဲ့ စနစ်တကျ အဲဒီဟာ လုပ်ဖို့လိုတယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။”

ဒီနေ့မှာပဲ ဘူးသီးတောင်၊ မောင်တောကိုသွားရာလမ်းမှာ တောင်ပြိုသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်သွားပါတယ်။ တချို့စက်လှေတွေဟာ ရေစီးမကျော်နိုင်တဲ့အတွက် လှေမှောက်ပြီး သေဆုံး၊ ပျောက်ဆုံးနေတာတွေလည်း ရှိနေပါတယ်။ မနေ့ကတော့ ရခိုင်ခေါင်းဆောင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ရေဘေးနဲ့ပတ်သက်လို့ အကူအညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် မပြေလည်ခဲ့ဘူးလို့လည်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့နဲ့တွေ့တဲ့အဖွဲ့က ICRC ပါတယ်၊ UNOCHAR ပါတယ်။ နောက်အဖွဲ့အစည်းတွေ ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း ငါးဖွဲ့နဲ့ ကျနော်တို့တွေ့တယ်။ တွေ့ပြီးတော့ ဒီလိုဟာတွေကို ကျနော်တို့က အကူအညီတောင်းတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးကယ်လို့ရအောင်လုပ်ပေးဖို့၊ နောက်တခါ ရေကျသွားတဲ့အခါမှာ ဒီလူတွေဟာ ရောဂါဘယ ထူထပ်နိုင်တယ်။ အဲဒီဟာကို အကူအညီပေးဖို့၊ အခုအချိန်မှာ သောက်သုံးရေရှားပါးမှုဖြစ်နေတယ်။ မိုးရေကို ခံသောက်လို့ ရအောင် ပလပ်စတစ်တာလပတ်လှူပေးဖို့၊ နောက်တခါ ထမင်းချက်စားစရာမရှိဘူး၊ ဘာမှ မရှိဘူးဆိုတဲ့အခါမှာ ရိက္ခာခြောက်တွေပေးဖို့၊ ခင်ဗျားတို့ မသွားနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ဆီကတဆင့်လှူပြီးတော့ ကျနော်တို့သွားသင့်တယ်ဆိုတဲ့ဟာတွေ တောင်းတဲ့အခါမှာ သူတို့ဆီက ဒီဟာတွေနဲ့ ပတ်သက်လို့ အဆင့်သင့် လုပ်ထားတာပဲရှိတယ်တဲ့။ ကျနော်တို့မှာ အဲသလို ပေးလို့မရဘူးဆိုတဲ့ဟာကို တရားဝင်ပြောတယ်။ အစိုးရက သွားဆိုမှ သွားမယ်ဆိုလို့ရှိရင်တော့ အဲဒီလူတွေအကုန်လုံး သေမှာပဲ-လို့၊ အဲဒါကြောင့် ခင်ဗျားတို့ရခိုင်ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေတဲ့အခါမှာ ဘာမှ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလားလို့ ကျနော်တို့ကမေးတယ်။ ကျနော်တို့က အစိုးရနဲ့ပဲ လုပ်လို့ရမယ်-တဲ့။ အဲဒါဆိုလို့ရှိရင် နောက်ဆို ကျနော်တို့နဲ့ မပြောနဲ့တော့-လို့။ အစိုးရပိုင်းကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေကို သွားပြောရတဲ့အနေအထား ရှိတယ်။ ဘယ်ရွာမှာကတော့ ဘယ်လိုဖြစ်နေပြီ။ အဲဒီဟာတွေကို အနိမ့်ဆုံးကယ်ခဲ့ပါ - ဆိုတဲ့ဟာ၊ သူတို့မှာကလည်း ဘာပစ္စည်းမှ၊ ဘာယန္တရားမှမရှိဘူး။ ကျနော်တို့တွေ့ရတာ။”

ရခိုင်ပြည်နယ်အတွင်းက အသေအပျောက်စာရင်းနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ဖုန်းခေါ်ခဲ့ပေမယ့် တာဝန်ခံဖြေမယ့်သူ မရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်း နေရာတချို့ကိုတော့ စနေနေ့ကစပြီး အစိုးရတာဝန်ရှိသူတွေ ရဟတ် ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့တာတော့ ရှိပါတယ်။ သီတင်း ၂ ပတ်ကျော် ကြာတဲ့အထိ တိုင်းနဲ့ပြည်နယ် (၁၁) ခုတို့မှာ ရေဘေးဒဏ်ကို အကြီးအကျယ် ခံစားနေရပေမယ့် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမှု အားနည်းပျက်ကွက်တယ် ဆိုပြီး ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးနေတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။



ပဲခူးတိုင်းအပါအဝင် တခြား တိုင်းနဲ့ပြည်နယ်တချို့မှာလည်း သဘာဝရေဘေးဒဏ်ကြောင့် ပျောက်ဆုံး၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီအထဲမှာလက်ရှိ အသက်ဘေးအန္တရာယ် ကျရောက်နေတဲ့အထိ ဆိုးဆိုးဝါးဝါး ရေဘေးဒဏ် ခံစားနေရတာက ရခိုင်ပြည်နယ်အတွင်းက ကျေးရွာအများစုဖြစ်ပြီး ရဟတ်ယာဉ်တွေ၊ စက်လှေတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုနေကြောင်း ဒေသခံတွေက ပြောနေကြတာလည်း ဖြစ်ပါတယ်



MYARF
RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးသည် ငွေကောက်ခံရသည့် ခရီးသည် တစ်ဦးကို ပစ္စတို သေနတ် ကောက်ရသည်ဟု ဆိုကာ ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၄) ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ သ၀န်ချောင်း ကျေးရွာမှ ဆိုင်ကယ် အငှားလိုင်း ဆွဲသူ ဦးအေနာတူလ္လာက ဆိုင်ကယ်ပေါ်တွင် ခရီးသည် တစ်ဦးတင်ဆောင်၍ သ၀န်ချောင်း ကျေးရွာမှ ကိုးတန်ကောက် ကျေးရွာအုပ်စုသို့ သွားနေစဉ် သ၀န်ချောင်း ကျေးရွာ အလွန် လမ်းမပေါ်တွင် ငွေကျပ် နှစ်သိန်း ငါးသောင်း ကောက်ရခဲ့သည်။ ထို့နောက် ဦးအေနာတူလ္လာက ရိုးသားစွာဖြင့် လမ်းတစ်လျှောက် တွေ့သည့်သူများကို ငွေကောက်ရထားကြောင်း ပိုင်ရှင် ပေါ်လာလျှင် ပြန်လည် ပေးမည် ဖြစ်ကြောင်း အသိပေး၍ ပြောသွားခဲ့သည်။ 

ထိုသတင်းကို သ၀န်ချောင်း ကျေးရွာသား ရဲမှူးငြိမ်းချမ်းအေး၏ တပည့် ဖြစ်သူ ဘာက္ကူးက သိရှိသွားပြီး ရဲမှူးငြိမ်းချမ်းအေး ထံသွားကာ ဦးအေနာတူလ္လာက ငွေကျပ် နှစ်သိန်းငါးသောင်း ကောက်ရထားကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဇူလိုင်လ (၂၅) ရက်နေ့တွင် ရဲမှူးငြိမ်းချမ်းအေးက ၎င်း၏ တပ်ဖွဲ့ဝင် တစ်ဦး စေလွှတ်ပြီး ဦးအေနာတူလ္လာကို ဖမ်းဆီးခေါ်ဆောင် လာကာ ရဲမှူးငြိမ်းချမ်းအေးက “ငွေနှစ်သိန်းခွဲနဲ့ ပစ္စတိုတစ်လက် ကောက်ရထားတာက အဒူလာကိမ်းတို့ ကျကျန်ခဲ့တဲ့ ငွေနဲ့ ပစ္စတိုသာ ဖြစ်မယ်။ ဘာကြောင့် ငါတို့ကို မအပ်ဘဲ သိမ်းထားသလဲ” ဟု မေးမြန်းရာ၊ ဦးအေနာတူလ္လာက မိမိသည် ငွေကျပ် နှစ်သိန်းငါးသောင်း ကိုသာ ကောက်ရခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့် ပစ္စတိုမှ ကောက်ရခဲ့ခြင်း မရှိကြောင်း ရှင်းပြသော်လည်း ရဲမှူးငြိမ်းချမ်းအေးက လူမဆန်စွာ ရိုက်နှက်၍ ထိပ်တုံးခတ် ချုပ်နှောင် ထားခဲ့သည်။ ဦးအေနာတူလ္လာကို အခြေအမြစ် မရှိ မတရားသဖြင့် စွပ်စွဲ၍ ယခု အချိန်ထိ ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၂၉) ရက်နေ့၌ ဦးအေနာတူလ္လာ၏ အခြေအနေမှာ အသက်ဆုံးရှုံးဖွယ် အခြေအနေသို့ ရောက်နေသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) နှင့် နီးစပ်သူ တစ်ဦးက ပြောပါသည်။ 

ရဲမှူးငြိမ်းချမ်းအေးသည် ယခင်က ဂေါ်ဒူသာရ တံတား ကင်းစခန်း၌ တာဝန် ထမ်းဆောင်စဉ် ကလည်း ဂေါ်ဒူသာရ ကျေးရွာမှ မော်လ၀ီ ရှောမ်ရှုးကို ဆိုင်ခန်းထဲမှ ဖမ်းဆီးပြီး ကျေးရွာတွင် ဆူပူမှု ဖြစ်အောင် အားပေးခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ထောင်ချခဲ့ဖူးသည်။ ဒုချီရားတန်း ကျေးရွာမှလည်း အပြစ်မဲ့ ဒေသခံ ရွာသား (၃) ဦးနှင့် ပညောင်ပင်ကြီး ကျေးရွာမှ ဒုချီရားတန်းရှိ ယောက္ခမအိမ်သို့ အလည်လာသည့် အပြစ်မဲ့ ဒေသခံ တစ်ဦးကိုလည်း ဖမ်းဆီးပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား သတ်ဖြတ်ခဲ့သူများဟု လုပ်ကြံ စွပ်စွဲ၍ ထောင်ချခဲ့သည်။ 

ထိုသို့ ရဲမှူးငြိမ်းချမ်းအေး၏ လူမျိုးသာသာ ခွဲခြား၍ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှုများနှင့် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေမှုများကို အထက်အရာရှိများက စီစစ်၍ အရေးယူ ဟန့်တားပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။



30.7.2015

ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူး ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ ကိုရောက်ရှိနေ တဲ့ ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည် စခန်းကို ဒီကနေ့ သွားရောက် ခဲ့ပါတယ်။ ဒုက္ခသည် စခန်း အတွင်း မှာတော့ ၂၀၁၂ ခုနှစ်တုန်း ကတည်းက အစိုးရရဲ့ဖမ်းဆီး  ထိမ်းသိမ်းခံထားရတဲ့ ဦးဘရန်ရှောင် မိသားစုဝင် အချို့နဲ့ တွေ့ဆုံစကားပြော ခဲ့ပါတယ်။ ဒီနောက် ညနေပိုင်း မှာတော့ မြစ်ကြီးနားမြို့ပေါ် မှာပဲ ကချင် အရပ်ဖက် အဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နဲ့တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ မနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေကို သွားဖို့ စီစဉ်ထားပေမယ့်၊ ရာသီဥတုဆိုးဝါးပြီး လေယာဉ်မဆင်းနိုင်တာကြောင့် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေအရေးကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေ ကို ဆွေးနွေးမေးမြန်းဖို့အတွက် လာရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Angelina Jolie ဟာ ယခင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို လာရောက်ခဲ့ဖူးပြီး၊ အခု တကြိမ် လာရောက်ခြင်း ကတော့ မြန်မာနိုင်ငံတွင်းကို တရားဝင် ပထမဆုံးအကြိမ် လာရောက်မှုဖြစ်ပါတယ်။

မနေ့တုန်းကတော့ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုရတဲ့နောက်၊ အခု ဒီခရီးစဉ်ဖြစ်လာတာလို့လည်း Jolie ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



MYARF
RB News
30.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) နှင့် သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များသည် သင်္ဘောကွေ့ ကျေးရွာသို့ ဇူလိုင်လ (၂၈) ရက်နေ့တွင် ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား လက်ခံယူရန် အတွက် ဓါတ်ပုံ အရိုက်ခံရန် ခေါ်ကြရာ၊ ရွာသား တစ်ဦး တစ်ယောက်မှ လာရောက်၍ ဓါတ်ပုံ အရိုက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မည်သူတစ်ဦး တစ်ယောက်မှ လာရောက်ခြင်း မရှိသောကြောင့် နယ်ခြားစောင့် ရဲမျာက ရွာထဲပတ်၍ ၎င်းတို့ မျက်စိရှေ့ တွေ့သမျှ ရွာသားများကို အတင်းအဓမ္မ ခေါ်သော်လည်း ရွာသားများကို နယ်ခြားစောင့် ရဲများကို မြင်လျှင် အဝေးမှ နေ၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြသည်။ 

သင်္ဘောကွေ့ ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးဟူစိန်းအာမတ်၏ ၁၈ နှစ် အရွယ် သားဖြစ်သူကို နယ်ခြားစောင့် ရဲများက ဓါတ်ပုံအရိုက်ခံရန် ခေါ်ရာ မလာသဖြင့် လက်သီးဖြင့် ထိုးကြိတ်ခဲ့သောကြောင့် နှုတ်ခမ်းကွဲပြတ်သည့် အထိ ဒဏ်ရာ ရရှိခဲ့သည်။ ထိုကဲ့သို့ အခြားသော ရွာသား အချို့ကို ရိုက်နှက် ထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၇) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ ကျောက်လှေကား စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များသည် မင်္ဂလာကြီး ကျေးရွာနှင့် ဇူလိုင်လ (၂၈) ရက်နေ့တွင် လှဖိုးခေါင် ကျေးရွာ များသို့ သွားရောက်၍ ဒေသခံ ရွာသားများကို အစိမ်းနုရောင် ကဒ်ပြား လက်ခံယူရန် အတွက် ဓါတ်ပုံ အရိုက်ခံရန် ပြောဆို ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။



Rohingya Eye
RB News
29.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ပွင့်ဖြူချောင်း ကျေးရွာရှိ အစိုးရ မူလတန်း လွန်ကျောင်းတွင် ရိုဟင်ဂျာ ကျောင်း/သူ ၆၀၀ ခန့် ရှိပြီး အစိုးရခန့် ဆရာမ (၃) ဦးနှင့် ရွာမှ ခန့်ထားသည့် ဆရာ (၅) ဦး ရှိသည်။ ကျောင်းအုပ် ဆရာကြီးမှာ ဦးသန့်ဇင်ဦး ဖြစ်သည်။ အဆိုပါ ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဆရာမ များသည် တစ်ပတ်တွင် တစ်ကြိမ်သာ ကျောင်းသို့ လာရောက်လေ့ ရှိပြီး ရွာမှ ခန့်ထားသည့် ဆရာများဖြင့် ကျောင်းတွင်း လည်ပတ်ခြင်းကိုသာ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် စာသင်နှစ် စာမေးပွဲတွင် ကျရှုံးခဲ့သော စတုတ္တတန်း ကျောင်း ၂၅၀ ဦးထံမှ တစ်ဦးလျှင် ငွေ ၁ ထောင်မှ ၅ ထောင် ထိယူ၍ ပဉ္စမတန်းသို့ တက်ရောက်ခွင့် ပြုခဲ့သည်။ ငွေရေးကြေး အဆင်မပြေမှုဖြင့် ပညာသင်ကြားမှုကို နှစ်နှစ်ကြာ ရပ်ဆိုင်း၍ ယခုနှစ်တွင် ကျောင်းပြန်တက်နိုင်ရန် ကျောင်းအပ်ရာတွင် ကျောင်းအုပ်ကြီးက ငွေကျပ် ၅ သောင်းစီ တောင်းခံ နေသဖြင့် အဆိုပါ ငွေကြေး မတတ်နိုင်သူများ၏ သားသမီးများကို ယခုအချိန်ထိ ကျောင်းအပ်နိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ငွေကျပ် ၅ သောင်းစီ မပေးနိုင်သဖြင့် ကျောင်းမအပ်နိုင်သည့် ကျောင်းသား များမှာ -- 

(၁) မာမတ်တော်ကီ (ဘ) ဦးမာမတ်ဆူဖိတ် -- တတိယတန်း တက်ရန်
(၂) အေကေရာမ် (ဘ) ဦးအဒူရှကူရ် -- ပဉ္စမတန်း တက်ရန်
(၃) ဖေရူဒူစ် (ဘ) ဦးမာမတ်ဆီဒိခ် -- ပဉ္စမတန်း တက်ရန် -- တို့ဖြစ်သည်။ 

ရွာမှ ခန့်ထားသည့် ဆရာတစ်ဦး ဖြစ်သူ ဦးရှောမ်ရှု (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၃၅ နှစ်) က ကျောင်းပြောင်းရန် အတွက် ကျောင်းပြောင်း လက်မှတ် ယူလျှင် ငွေကျပ် တစ်သိန်း ပေးရမည်ဟု ကျောင်းအုပ်ကြီးက ပြောဆိုကြောင်း ငွေကျပ် ၅ သောင်းကြောင့် ကျောင်းမအပ်နိုင်သည့် မိဘများကို ပြောဆိုခဲ့ကြောင်း သိရသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ကျောင်းသား/သူ ၅၀၀ ခန့် ရှိသည့် မူလတန်း လွန်ကျောင်းတွင်လည်း အစိုးရခန့် ဆရာ/မ ၅ ဦး နှင့် ရွာမှ ခန့်ထားသည့် ဆရာ/မ ၅ ဦး ရှိပြီး၊ အစိုးရခန့် ဆရာ/မ များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ကျောင်းသို့ လာရောက်သောကြောင့် ရွာမှ ခန့်ထားသည့် ဆရာ/မ များကသာ စာသင်ကြား၍ ကျောင်းလည်ပတ်လျက် ရှိသည်။

ကျေးရွာများရှိ ကျောင်းများတွင် မြို့နယ် ပညာရေးမှူး၏ ညွန်ကြားချက်ဖြင့် ရွာခန့် ဆရာများ အကန့်အသတ်ဖြင့် ခန့်ထားခဲ့ရသည်။ အစိုးရ ဆရာ/မ များ ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် ရွာခန့် ဆရာများကိုလည်း အကန့်အသတ်ဖြင့် ထားရသောကြောင့် ကျောင်းသား/သူ များ၏ ပညာရေး အခြေအနေမှာ ဆိုးရွားလျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အမည်မဖော်လိုသော ဆရာမ တစ်ဦးက “နယ်မှာ တာဝန်ကျတဲ့ ဆရာ/မ တွေကို ကျောင်းပုံမှန် သွားဖို့ ညွန်ကြား ထားသလို၊ ပုံမှန် မသွားတဲ့ ဆရာ/မ တွေကို အရေးယူမယ်လို့လည်း ပညာရေးမှူးက စာထုတ်ထားတာ ရှိပါတယ်။ ဒါပေမယ့် ကျောင်းပုံမှန် မတက်တာကို ပညာရေးမှူးက ကောင်းကောင်း သိတယ်။ အရေးယူမှာ မဟုတ်ဘူး။ တကယ်လို့ ရခိုင်ကျောင်းသား တွေချည်း သင်တဲ့ ကျောင်းမှာ ပုံမှန်မသွားဘူးဆိုရင် အရေးယူကောင်း ယူနိုင်တယ်” ဟု ပြောပါသည်။ 

ရိုဟင်ဂျာ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက “မောင်တော မြို့ရဲ့ ပညာရေး စနစ်က အစိုးရ ဆရာ/မတွေ ကျောင်းကို ပုံမှန် မတက်ဘဲ အိမ်မှာ နေပြီး နိုင်ငံတော် လစာ စားနိုင်တဲ့ ပညာရေး စနစ်ဖြစ်ပြီး၊ ရွာခန့် ဆရာတွေ လုံလုံလောက်လောက် ထားဖို့ မပေးတာက ပညာရေး နိမ့်ကျသွားအောင် တမင်လုပ်နေတာ ဖြစ်ပါတယ်။ ပညာရေး ၀န်ကြီးဌာနက လာရောက်ပြီး သေချာ စုံစမ်း အရေးယူသင့်တယ်” ဟုပြောသည်။



MYARF
RB News
28.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အစိမ်းနုရောင်ကဒ်များ လက်ခံလာအောင် ခြိမ်းခြောက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၆) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးနှင့် မ.က.ဖ ဦးစီးတို့က အင်းဒင်ရွာမှ ရပ်မိရပ်ဖ များကို စခန်းသို့ ဆင့်ခေါ်ပြီး နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (အစိမ်းနုရောင် ကတ်ပြား) လက်ခံရန်၊ ရွာသားများကိုလည်း အစိမ်းနုရောင် ကတ်ပြား လက်ခံလာအောင် စည်းရုံးပေးရန် ပြောကြားရာ ရပ်မိရပ်ဖ များက ချက်ချင်း လက်မခံဘဲ ရွာသူရွာသား များနှင့် တိုင်ပင်ရမည်ဟု ဖြေကြားခဲ့သည်။ 

ထို့နောက် ရဲမှူးငြိမ်းချမ်းအေးက ရပ်မိရပ်ဖ များနှင့် အတူ ဒုရဲအုပ် တစ်ဦး အပါအ၀င် နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ (၁၅) ဦးကို အင်းဒင်တောင်ရွာသို့ စေလွှတ်ခဲ့သည်။ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များက အင်းဒင်တောင်ရွာရှိ အာရဗီ စာသင်ကျောင်းတွင် နေရာယူခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာဆော်မှ တစ်ဆင့် ရွာသားများကို ဆွေးနွေးရန်ဟု လိမ်လည်၍ ခေါ်သဖြင့် ရွာသားအချို့ အာရဗီ စာသင်ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ရွာသားများ ရောက်ရှိလာည်နှင့် နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး “မင်းတို့ အစိမ်းကဒ် မဖြစ်မနေ လျှောက်ရမယ်၊ အဲဒါကြောင့် အိမ်ထောင်စု စာရင်းနဲ့ အတူ မိသားစုကိုပါ အခု ချက်ချင်း ခေါ်လာခဲ့” ဟုဆိုကာ နယ်ခြားစောင့် ရဲတစ်ဦးစီနှင့် အတူ စေလွှတ်ခဲ့သည်။ နယ်ခြားစောင့် ရဲများနှင့် အတူ လာရောက်နေသည်ကို မိသားစု အချို့က သိရှိသွားပြီး နေအိမ်များမှ ထွက်ပြေး သွားခဲ့သည်။ နယ်ခြားစောင့်ရဲ တစ်ဦးစီနှင့် အတူ နေအိမ်များသို့ ရောက်ရှိလာသူများက နယ်ခြားစောင့် ရဲများကို အိမ်ရှေ့တွင် ထား၍ နောက်ဖေးပေါက်မှ ထွက်ပြေးသွားခဲ့သည်။ အများစု ထွက်ပြေးနိုင်ခဲ့သော်လည်း ရွာသား (၃) ဦးမှာ ထွက်မပြေးနိုင်၍ နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ထပ်မံခံခဲ့ရသည်။ 

ထို့နောက် အဆိုပါ ရွာသား (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ များ နေရာယူထားသည့် အာရဗီ ကျောင်းသို့ ခေါ်ဆောင်လာပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရိုက်နှက်ခံရသူ များမှာ -- 

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၆၂ နှစ်)
(၂) ဦးကော်ရီမူလ္လာ (ဘ) ဦးနောဇူမျာ (အသက် ၄၇ နှစ်)
(၃) ဦးဂျမာလ်ဟူစိန်း (ဘ) ဦးဂျော်လာအူဒင် -- တို့ဖြစ်သည်။ 

ဦးနူရ်အစ္စလာမ်သည် ဖမ်းဆီးခံရသော်လည်း ၎င်း၏ မိသားစုမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သဖြင့် ၎င်းတစ်ဦးသာ ဓါတ်ပုံ ရိုက်ခံခဲ့ရသည်။ သို့သော်လည်း ၎င်း၏ အိမ်ထောင်စု စာရင်းကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဦးကော်ရီမူလ္လာသည် ၎င်း၏ ဇနီးနှင့်ပါ ဖမ်းဆီးခံရသဖြင့် နှစ်ဦးလုံး ဓါတ်ပုံ ရိုက်ခံခဲ့ရသည်။ 

ထို့နောက် နယ်ခြားစောင့် ရဲများက ဇူလိုင်လ (၂၇) ရက်နေ့တွင် လာရောက် ဓါတ်ပုံ ရိုက်လျှင် အရိုက်မခံပါက ညအချိန်တွင် အိမ်ထဲသို့ ၀င်ရောက် ဖမ်းဆီး ထောင်ချမည်၊ ထွက်ပြေးသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှုကြောင့် ရွာသူရွာသား များသည် နေအိမ်တွင် မနေဘဲ တိမ်းရှောင် နေခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဇူလိုင်လ (၂၇) ရက်နေ့တွင် နယ်ခြားစောင့် ရဲများ ထပ်မံ၍ ရောက်ရှိလာခဲ့သော်လည်း ရွာသူရွာသားများက သွားရောက်၍ ဓါတ်ပုံ အရိုက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။ ရွာသူရွာသားများ ရောက်ရှိလာခြင်း မရှိသောကြောင့် နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များက အမျိုးမျိုး ခြိမ်းခြောက် ပြောဆို၍ ညနေပိုင်းထိ စောင့်ဆိုင်း၍ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရပါသည်။



MYARF
RB News
28.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ရခိုင် အစွန်းရောက် များနှင့် နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသောကြောင့် ဒေသခံများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ ညနေပိုင်းမှ စ၍ ရသေ့တောင် မြို့နယ် ကျေးရွာ အသီးသီးမှ ရခိုင် အစွန်းရောက် များသည် ရသေ့တောင် မြိုကနယ် ကူတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် စုဝေး၍ ရသေ့တောင် မြို့နယ်တွင် ရိုဟင်ဂျာ ရွာတစ်ရွာ ဖြစ်သော အနောက်ပြင် ကျေးရွာကို အကြမ်းဖက် ဖြိုကွဲရန် စီစဉ်နေသည်ဟု ရသေ့တောင် မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း (၅၆၄) မှ ယင်းနေ့ ည ၈း၁၅ နာရီ အချိန်တွင် အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များကို ဖုန်းဆက်၍ အသိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ သတင်းကို ရရှိပြီးနောက် အနောက်ပြင် ကျေးရွာရှိ ရိုဟင်ဂျာများသည် ယင်းနေ့ ညတွင် ညမအိပ်ပဲ တစ်ညလုံး ကင်းစောင့် ခဲ့ကြသည်။ သို့သော် ရခိုင်အစွန်းရောက်များ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရခိုင် အမျိုးသမီးများနှင့် အမျိုးသား ဈေးသည်များသည် အနောက်ပြင် ကျေးရွာသို့ နေ့စဉ် လာရောက်၍ ဈေးရောင်းလေ့ ရှိသည်။ ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် အဆိုပါ ရခိုင် ဈေးသည်များ လာရောက်၍ ဈေးရောင်းချခြင်း မရှိသဖြင့် ဇူလိုင်လ (၂၇) ရက်နေ့ ညပိုင်းတွင် ကြားခဲ့သည့် သတင်းအပေါ် အနောက်ပြင်ရွာသား များက စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
27.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖေါင်တော်ပြင် ကျေးရွာရှိ အထက်တန်း ကျောင်းခွဲသည် ဘူးသီးတောင် မြို့နယ်တွင် အောင်ချက် အကောင်းဆုံး ကျောင်းတစ်ကျောင်း ဖြစ်သောကြောင့် အာဏာပိုင်များက ယခု ပညာသင်နှစ်တွင် အောင်ချက်ကျသွားစေရန် စနစ်တကျ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ခြင်းသမား ကျေးရွာ အုပ်စု၊ ဖောင်တော်ပြင် ကျေးရွာရှိ အထက်တန်း ကျောင်းခွဲသည် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်တွင် တစ်မြို့နယ်လုံး၌ အောင်ချက် ရာခိုင်နှုန်း အများဆုံး၊ အမှတ် အများဆုံးဖြင့် ဂုဏ်ယူစွာ ရပ်တည် နိုင်ခဲ့ပြီး၊ များသောအားဖြင့် ဒေသခံ ရိုဟင်ဂျာ ဆရာ/မ များက ၀င်ရောက်၍ စာသင်ကြား ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကျောင်းသည် ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ အကျိုးကို သယ်ပိုးနေပြီး၊ စည်းကမ်းပိုင်း ရေးရာသော် လည်းကောင်း၊ သင်ကြားရေး အပိုင်းသော် လည်းကောင်း၊ အဖက်ဖက်မှ တိုးတက် အောင်မြင်လာပြီး မြို့နယ် အတွင်းတွင် စံပြကျောင်း သဖွယ် ဖြစ်လာသည်ကို မြို့ပေါ်မှာ အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက် များ၏ လတ်တလော လုပ်ရပ်များက မူလအခြေအနေနှင့် ဆန့်ကျင်ဘက်သို့ တွန်းပို့လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုအခါ အဆိုပါ ကျောင်းတွင် ရိုဟင်ဂျာ ဆရာ/မ များကို သင်ကြားပေးခွင့် ရပ်တန့်လိုက်ပြီး၊ ရခိုင် ဆရာ/မ များသာ သင်ကြားပေး ရမည်ဟု ပြုလုပ်လိုက်ပြီး၊ ရခိုင် ဆရာ/မ များ၏ လုံခြုံရေးကြောင့် နေရပ်သို့ ချက်ချင်း ပြန်ရမည် စသည်ဖြင့် မူအသစ်များ ပြုလုပ်ကာ ရခိုင် ဆရာ/မ များက နံနက်ပိုင်းတွင်လည်း ကျောင်းချိန် အတိုင်း ကျောင်းသို့ မလာရောက်ဘဲ၊ ရောက်သည့် အခါတွင်လည်း ထမင်းစား၊ စကားပြော စသည်ဖြင့် အချိန်ဖြုန်းကာ ကျောင်းချိန် မပြီးဆုံးမှီ စောလျင်စွာ ပြန်သွားသည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့က ကျောင်းသား/သူ များ၏ စာသင်ချိန်များကို အလဟသ ဖြုန်းတီးကာ ကျောင်းသား/သူများ စာသင်ချိန် နည်းပြီး စာမတတ်ရန် တမင် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ 

သဘောထား ပျော့ပျောင်းသည့် ယခင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဆရာ/မ များ ညအိပ်ရန် အဆောင် တစ်ဆောင် ဆောက်ပေးခဲ့သော်လည်း၊ ယခု အုပ်ချုပ်ရေးမှူး ဖြစ်သူ ရခိုင် အစွန်းရောက် ဦးသန်းရွှေက ညအိပ်ရန် ခွင့်မပြုသည်မှာ ရိုဟင်ဂျာ ကျောင်းသား/သူများကို စာသင်ချိန် အပြည့်အ၀ ပေးနိုင်မည် ဖြစ်သောကြောင့် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် စာသင်ချိန် နီးပါးအောင်၊ ဆရာ/မ များ သွားလာရေးကြောင့် စာသင်ကြားရန် စိတ်ဝင်စားမှု နည်းပါးအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၀) ရက်နေ့က ဗုံးပေါက်ကွဲမည်ဟု အခြေအမြစ် မရှိသည့် ကောလဟလ သတင်းတစ်ခုကို လုပ်ကြံ ဖန်တီးပြီး ဖေါင်တော်ပြင် အ.ထ.က ကျောင်းခွဲကို ၁၀ ရက်တိတိ ပိတ်လိုက်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ကြေညာခဲ့ပြီး၊ ကျောင်းကို ၁၀ ရက် ပိတ်လိုက်ကြောင်း သိရသည်။

ယမန်နှစ်က အောင်ချက် အကောင်းဆုံး၊ စည်းကမ်း အကောင်းဆုံးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသည့် ကျောင်းကို ယခုကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်လာအောင် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက်များက ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေသဖြင့် မြို့နယ် ပညာရေး ဦးစီးဌာန၊ ပြည်နယ် ပညာရေး ဦးစီးဌာန တို့မှ စီစစ်၍ ယခင် အတိုင်း ကောင်းမွန်သည့် စာသင်ကြားမှု ဖြစ်လာစေရန် ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာ အုပ်စုမှ ဒေသခံများ၏ နွားများကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ၊ အောင်ဇံ ကျေးရွာ အုပ်စု၊ ကြောင်တိုးရွာမှ ဦးကာမာလ်ဟူစိန်း (ဘ) ဦးအဒူမာလဲခ်၏ ခြံပေါက် နွားတစ်ကောင်ကို ဝေလတောင်ရွာ စခန်း၌ တာဝန်ကျနေသည့် ခမရ (၅၆၄) မှ တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများက ယခု ၁၅ ရက် အတွင်း သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက် နေသည်မှာ နွားသုံးကောင် ရှိပြီး ဖြစ်ကြောင်း၊ စစ်သားများက ပြည်သူများ၏ ဥစ္စာ ပစ္စည်းများကို ကာကွယ် ပေးရမည့် အစား ယခုကဲ့သို့ လိုင်စင်ရ သောင်းကျန်းသူများ သဖွယ် မတရားသဖြင့် နစ်နာအောင် ပြုလုပ်နေသည်ကို အထက် အရာရှိကြီးများက အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် လိုလားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
27.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင် ရွာမှ ဒေသခံ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့က မတရား သဖြင့် ဖမ်းဆီး၍ ဘူးသီးတောင် ထောင်သို့ ပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင် ရွာမှ နယ်ခြားစောင့် ရဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် တပည့် ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း၊ ရာအိမ်မှူး ဦးမော်တော်လောဖ် တို့ပူးပေါင်း၍ ညောင်ချောင်း စခန်းမှ နယ်ခြားစောင့် ရဲများ ခေါ်လာပြီး၊ နယ်ခြားစောင့် ရဲများ၏ တပည့် ဖြစ်သူ ဦးဆော်လီမူလ္လာနှင့် ရန်ငြိုးရှိသူ ကွမ်းယာရောင်းသည့် ဦးမာမတ်ဟူစိန်း (ဘ) ဦးဘော်ဒီအာလောမ် (အသက် ၄၅ နှစ်) ကို ဖရုံချောင်း ပြိုင်းတောင်ရွာရှိ နေအိမ်မှ ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်လာပြီး၊ ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကို ဆဲဆိုခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ နယ်ခြားစောင့် ရဲများနှင့် ဦးဆော်လီမူလ္လာ တို့က လူမဆန်စွာ ရိုက်နှက်ပြီး ညောင်ချောင်း စခန်းတွင် ညပိုင်း ချုပ်နှောင် ထားကာ ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီး တရားစွဲဆိုရန် ပြင်ဆင် နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် နှစ်လခန့်က ဦးဆော်လီမူလ္လာက ဦးမာမတ်ဟူစိန်း ထံမှ ငွေကျပ် တစ်သိန်း တောင်းခဲ့သည်ကို မပေးခဲ့သဖြင့် ဦးဆော်လီမူလ္လာက ရိုက်နှက်ခဲ့ရာ၊ ဦးမာမတ်ဟူစိန်းက ဘူးသီးတောင် ရဲစခန်းတွင် တိုင်တန်းခဲ့သည်ကို အကြောင်းပြု၍ ရန်ငြိုးထားကာ ယခုကဲ့သို့ နယ်ခြားစောင့် ရဲများ၊ ကျေးရွာ အုပ်ချုပ်ရေး တို့နှင့် ပူးပေါင်း၍ လုပ်ကြံပြီး မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာ ရွာသားများကို မတရား ဖမ်းဆီး ရိုက်နှက် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၁၂) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ ကင်းလှည့်နေစဉ် ဦးအလီ (ဘ) ဦးဇော်မလုခ် (အသက် ၅၀ နှစ်) တို့ ဇနီးမောင်နှံတို့ အိမ်ထဲတွင် စကားပြောနေသည်ကို ကြား၍ အိမ်ထဲသို့ ၀င်ရောက်ပြီး စကားပြောနေသည့် ဘင်္ဂလားဖုန်းကို ထုတ်ပေးဟု တောင်းရာ ဦးအလီက ဖုန်းဖြင့် စကားပြောခြင်း မဟုတ်ကြောင်း၊ ဇနီးမောင်နှံ နှစ်ဦး အချင်းချင်း စကားပြောနေခြင်း ဖြစ်ကြောင်း ပြောကြားသော်လည်း နယ်ခြားစောင့် ရဲများက ဦးအလီကို အိမ်ထဲတွင်ပင် ရိုက်နှက်၍ စခန်းသို့ ခေါ်ဆောင် သွားကာ အတင်းအဓမ္မ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ဦးဒေါလူဟူစိန်း (ဘ) ဦးဟာမိတ် (အသက် ၃၅ နှစ်) သည် အလုပ်ကိစ္စ တစ်ခုဖြင့် သူငယ်ချင်း အိမ်သို့ ရောက်နေစဉ် အဆိုပါ ကင်းစခန်းများ နယ်ခြားစောင့် ရဲများ လာရောက်၍ ဤနေရာသည် ဘင်္ဂလားဖုန်း Network မိသော နေရာဖြစ်၍ ဘင်္ဂလားဖုန်းနှင့် စကားပြောဆိုရန် လာရောက်သည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် မည်သည့်ဖုန်းမှ မတွေ့ရှိသော်လည်း ၎င်းကို ဖမ်းဆီးခဲ့သည်။ ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးကာလူ (အသက် ၄၀ နှစ်) (မြေတူးလုပ်သား) သည်လည်း အဆိုပါ အိမ်မှ အိမ်သား တစ်ဦးကို ၎င်းနှင့် အတူ အလုပ်လုပ်ရန် သွားခေါ်ရတွင် ၎င်းကိုလည်း ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

ထို့နောက် ဖမ်းဆီးခံရသည့် အပြစ်မဲ့ နှစ်ဦးကို စခန်းသို့ ခေါ်ဆောင် သွားပြီး နယ်ခြားစောင့် ရဲများက ၎င်းတို့ စိတ်တိုင်းကျ လူမဆန်စွာ ရိုက်နှက်ပြီး တစ်ညလုံး ထိပ်တုံးခတ် ထားခဲ့သည်။ ဇူလိုင်လ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးဒေါလူဟူစိန်း ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့သည်။ ဦးဇာဖောရ်ဟူစိန်းကို ပြန်လည် လွှတ်ပေးရန် ငွေကျပ် ၅ သောင်း တောင်းခံရာ ၎င်းက မိမိမှာ အလွန်ဆင်းရဲ၍ ငွေပေးရန် မတတ်နိုင်ကြောင်း ပြောရာ နယ်ခြားစောင့် ရဲတစ်ဦးက ငွေမရှိဟူသော စကားကို နယ်ခြားစောင့် ရဲစခန်းတွင် မပြောရန်၊ နယ်ခြားစောင့် ရဲစခန်းသို့ ရောက်လျှင် ငွေပေးမှ ပြန်လွတ်သည်ဟု ဆိုသဖြင့် နောက်ဆုံးတွင် ငွေကျပ် နှစ်သောင်း ပေးမှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၁၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် အမျိုးသမီး (၃) ဦး လမ်းလျှောက် သွာေးနသည်ကို နယ်ခြားစောင့် ရဲများက ရပ်တန့်ခိုင်းပြီး၊ ဘယ်ရွာကလဲ၊ ဘယ်ကို သွားနေတာလဲ ဟု မေးမြန်းကြရာ အမျိုးသမီးများက နားမလည် သဖြင့် နယ်ခြားစောင့် ရဲများက လယ်ကွင်းပြင်တွင် အလုပ်လုပ်ပြီး အိမ်ပြန်နေသည့် မော်လ၀ီ အာရော်ဖ်အုလ္လာ (ဘ) မော်လ၀ီ အဒူဂေါ်ဖာရ်ကို ခေါ်၍ ဘာသာပြန်ခိုင်း ခဲ့သည်။ မော်လ၀ီ အာရော်ဖ်အုလ္လာက ဘာသာပြန်ပေးပြီးနောက် အမျိုးသမီး များကို သွားခွင့် ပေးလိုက်ပြီး၊ ဘာသာပြန်ပေးသည့် မော်လ၀ီကို စခန်းထဲသို့ ခေါ်သွင်းကာ ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲကြရာ မော်လ၀ီက ၎င်းတွင် ဘင်္ဂလားဖုန်း မရှိဟု ငြင်းဆန်သဖြင့် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်သည့် အပြင် လူမျိုး၊ ဘာသာခွဲခြား၍ စော်ကား ပြောဆိုပြီး ချုပ်နှောင် ထားခဲ့သည်။ ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ မော်လ၀ီ ထံမှ ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ထိုသို့ မတရားသဖြင့် ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
27.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပြင်ရွာမှ လယ်သမား (၃) ဦးကို ရခိုင် အစွန်းရောက် များနှင့် စစ်သား တစ်ဦးတို့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ အချိန်တွင် ရသေ့တောင် မြို့နယ်၊ အနောက်ပြင်ရွာမှ လယ်သမား (၃) ဦးသည် လယ်ပြင်တွင် လယ်ထွန်နေစဉ် ကူတောင်ရွာမှ ရခိုင် အစွန်းရောက် (၂၀) ဦးခန့်နှင့် ခမရ (၅၆၃) တပ်ရင်း၊ ကူတောင် တပ်စခန်းမှ တပ်မတော်သား တစ်ဦးတို့ ပူးပေါင်းပြီး လယ်ပြင်သို့ လာရောက်ပြီး အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အကြောင်းမဲ့ ရိုက်နှက်ခံရသည့် လယ်သမားများက ကူတောင် တပ်စခန်းသို့ သွားရောက်၍ တပ်စခန်း တာဝန်ခံကို တိုင်ကြားခဲ့သော်လည်း စခန်း တာဝန်ခံက ရခိုင် တိုင်းရင်းသား များကိုသာ ကူညီ ကာကွယ် ပေးရန် ဖြစ်ကြောင်း၊ မင်းတို့ ဘင်္ဂလီများ အတွက် မဟုတ်ကြောင်း ပြောဆို၍ ကြိမ်းမောင်းခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရိုက်နှက်ခံရသည့် လယ်သမား (၃) ဦးမှာ -- 
(၁) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးအီဆုဖ် (အသက် ၄၀ နှစ်)
(၂) ဦးမာမတ်ဆော်လိမ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၃၅ နှစ်)
(၃) မာမတ် (ဘ) ဦးဆယိဒ်ဆုလ်တာန် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

ဘ၀သစ် အရက်ဆိုင်၊ မောင်တောမြို့ (ဓါတ်ပုံ - RB News)


RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဘင်္ဘောဆိပ်လမ်းရှိ ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ရခိုင် အစွန်းရောက် တစ်ဦးတို့ ပူးပေါင်း၍ ရိုဟင်ဂျာ ဆိုက္ကားသမား တစ်ဦးထံမှ ငွေလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇူလိုင်လ (၂၇) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် ဘင်္ဘောဆိပ်လမ်းရှိ ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ရခိုင်အစွန်းရောက် တစ်ဦးတို့ ပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်မှ ရိုဟင်ဂျာ ဆိုက္ကားသမား တစ်ဦး ဖြစ်သည် ဦးဇော်ဟိရ်အာမတ်ကို အရက်ဆိုင်ထဲသို့ ခေါ်သွင်းပြီး ရိုက်နှက်ကာ ဆိုက္ကားသမား ထံမှ ငွေကျပ် ၅ ထောင် လုယက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ၎င်းတို့ နှစ်ဦးက ညစ်ညမ်းစွာ ဆဲဆိုပြီး ဘင်္ဂလီများကို နိုင်ငံတွင်းမှ မောင်းထုတ်ပစ်မည်ဟု စော်ကား ပြောဆိုခဲ့ကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။ 

ငွေလုယက်ရာတွင် ပါဝင်ခဲ့သည့် ရခိုင် အစွန်းရောက်သည် ဘ၀သစ် အရက်ဆိုင်မှ ပိုင်ရှင်နှင့် ပူးပေါင်း၍ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ခြင်း၊ လုယက်ခြင်း၊ အကြောင်းမဲ့ ငွေတောင်းခြင်း၊ များကို မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောပါသည်။

မောင်တောမြို့ သင်္ဘောဆိပ်လမ်း (ဓါတ်ပုံ - RB News)



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၄) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ကင်းလှည့်နေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် ၎င်း၏ တပည့်များ ဖြစ်သည့် ဦးအီဗြာဟိမ်း၊ ဦးအဒူမူနာဖ်၊ ဦးအဒူဆော်လာမ်၊ ဦးလေဒူး တို့နှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဦးအေနာမူလ္လာ၏ နေအိမ်တွင် သောင်းကျန်းသူများ ရှိနေသည်ဟု ဆိုကာ ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် မည်သည့် သောင်းကျန်းသူ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့သော်လည်း ဦးအေနာမူလ္လာကို ဖမ်းဆီး ရိုက်နှက်ကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က စစ်ဆေးပြီး အပြစ်မရှိသောကြောင့် ငွေမညှစ်ဘဲ ဦးအေနာမူလ္လာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ သို့သော် နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့က ဦးအေနာမူလ္လာ၏ အိမ်ကို စစ်ဆေးစဉ် အုပ်ချုပ်ရေးမှူး၏ တပည့်များက ဘီဒိုထဲမှ ငွေကျပ် တစ်သိန်း ငါးသောင်း ခိုးယူ သွားသည်ကို နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ထွက်သွားမှသာ ဦးအေနာမူလ္လာ၏ မိသားစုဝင်များက သိရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ယင်းနေ့ညတွင်ပင် ဦးအဘူကော်ဆီဒိခ်၏ နေအိမ်သို့ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၀င်ရောက်ပြီး ဦးအာဘူကော်ဆီဒိခ်၏ သားများ ဖြစ်ကြသော ဇူဘိုင်ရ်နှင့် မာမတ်ဆီဒိခ် တို့ကို ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ခြောက်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီး၍ နှစ်ဦးကို ငွေညှစ်ပြီး ပြန်လွှတ်ပေး ခဲ့သော်လည်း ငွေမပေးသည့် တစ်ဦးကို ထောင်ချခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာတွင် ဗလီ ပြုပြင်ခဲ့သည့် အတွက် ဗလီ ဂေါပက အဖွဲ့ဝင် (၇) ဦးမှ (၅) ဦးကို ၂၀၀၇ ခုနှစ်တွင် န.စ.က က ဖမ်းဆီးပြီး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။ ကျန်သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးသည် ထိုအချိန်ကစ၍ တိမ်းရှောင် နေခဲ့သည်။ 

ဇူလိုင်လ (၁၃) ရက်နေ့ ညပိုင်းတွင် တိမ်းရှောင် နေခဲ့သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးကို သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့က ဖမ်ဆီး၍ ငွေညှစ်ခဲ့ကြောင်း၊ ဦးဂေါ်နီအာမတ် (ဘ) ဦးအဒူရှကူရ် ထံမှ ငွေကျပ် ၁၃ သိန်းနှင့် ဦးမော်ဂီး (ဘ) ဦးမောင်ဂုလ်အာမတ် ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုငွေများကို နယ်ခြားစောင့်ရဲများက တိုက်ရိုက် မယူဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် တပည့်ဖြစ်သူ ဦးအဒူမူနာဖ် တို့ထံမှ တစ်ဆင့် ယူခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယင်းနေ့ညတွင်ပင် ဘင်္ဘောကွေ့ ကျေးရွာမှ ဦးရှုနာမီယာ၏ သားတစ်ဦးကို နေအိမ်မှ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ငွေညှစ်ရန် ကြိုးစားရာ ဖမ်းဆီးခံရသူက ငွေမပေးနိုင်သဖြင့် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မောင်တော တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်မှု (လ.၀.က အမှု) ဖြင့် အမှုဆင် တရားစွဲဆို၍ ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



RB News
24.7.2015

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော မြို့နယ်​တွင်​ ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​ လျှောက်​ထားသူများကို ​နိုင်​ငံခြားသားများ အခွန်​​ဆောင်​ပြီး ​နေရသကဲ့သို့ မောင်​​တော လဝကမှ အခွန်​​ဆောင်​ခိုင်း ခဲ့​ကြောင်း သတင်းရရှိပါသည်​။

လွန်​ခဲ့​သော အပတ်​က ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​သို့ ရခိုင်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီ တာဝန်​ခံ ဗိုလ်ချုပ်သိန်းဆွေ နှင့်အဖွဲ့​ရောက်​ရှိလာခဲ့ပြီး ပြည်​နယ်​ လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အောင်​မျိုးမင်း အပါအဝင်​ ပြည်​ခိုင်​ဖြိုး အဖွဲ့ဝင်​များ ရိုဟင်​ဂျာအချို့နှင့်​ ​တွေ့ဆုံ၍ နိုင်​ငံသား စီစစ်​​ရေးကိစ္စနှင့်​ ပတ်​သက်​ပြီး ​ဆွေး​နွေးခဲ့သည်​။ ထိုသို့​ ဆွေး​နွေးခဲ့ရာတွင် ဗိုလ်ချုပ်သိန်းဆွေက ​အမျိုးသားမှတ်​ပုံတင်​ကဒ်​ ရှိ​သူများသည်​ နိုင်​ငံသား စီစစ်​​ရေးကဒ်​ ​လျှောက်​နိုင်​​ကြောင်း၊ ​လျှောက်ထားသူ၏ မိဘနှစ်​ဖက်​ နှင့်​ နှစ်​ဖက်​​သော အဘိုးအဘွား များတွင်​ အမျိုးသား မှတ်​ပုံတင်​ ရှိသူများသည်​ နိုင်​ငံသား ဖြစ်​​ခွင့်​ရှိကြောင်း၊ အ​ထောက်​အထား မစုံလျှင်​​တော့ ပြုနိုင်​ငံသားသာ ​လျှောက်​ထားနိုင်​​ကြောင်း စသည်​ဖြင့်​ ရှင်းလင်း​ပြောပြသွားခဲ့ပါသည်​။

ဗိုလ်ချုပ်သိန်းဆွေ၏ ပြောစကား​အရ ​မောင်​​တောမြို့နယ်​မှ အမျိုးသားမှတ်​ပုံတင်​ကဒ်​ စုံလင်​​သော ရိုဟင်​ဂျာ အချို့သည်​ ​မောင်​​တော လ.ဝ.က သို့ နိုင်​ငံသား​စီစစ်​​ရေးကဒ်​ လျှောက်​ထားခဲ့သည်​။ ထိုသို့ နိုင်​ငံသား​ လျှောက်​ထားသူ များကို လ.ဝ.က မှ ဇူလိုင်​လ (၂၂) ရက်​​နေ့တွင် ဆင့်​​ခေါ်၍ အခွန်​​​ငွေ အဖြစ် ​ငွေကျပ်​ ၃၀ စီကို​ မြန်​မာ့စီးပွား​ရေးဘဏ်​သို့ သွင်းခိုင်းခဲ့ခြင်းဖြစ်​သည်​။ 

အမည်​မ​ဖော်​လို​သော လျှောက်​ထားသူ၏ မိသားစုဝင်​တစ်​ဦးက -- "ဟုတ်​ပါတယ်​၊ ​ငွေကျပ်​ ၃၀ စီ အခွန်​​ဆောင်​ခိုင်းပါတယ်​၊ ဒါ​ပေမယ့်​ ဘယ်​သူ့မှ မ​ဆောင်​ရ​သေးဘူး၊ ဗိုလ်ချုပ်သိန်းဆွေ ​ပြောသွားခဲ့တာနဲ့ လ.ဝ.က အရာရှိကြီးများ လုပ်​​နေတာနဲ့ တစ်​ခြားစီဗျာ၊ နိုင်​ငံသား​လျှောက်​တာမှာ နိုင်​ငံခြားသားပုံစံနဲ့ စီစစ်​​ဆောင်​ရွက်​​နေတာ​တွေ စိတ်​ပျက်​မိပါတယ်​၊ ရှုပ်​​ထွေးတဲ့ ​မေးခွန်း​တွေလည်း တပုံကြီးပါပဲ၊ ဘယ်နိုင်​ငံက​ ရောက်​လာသလဲ၊ ဘယ်​နှစ်​ခုနှစ်​က ​ရောက်​လာတာလဲ စသည်​ဖြင့်​​ပေါ့ဗျာ၊ ကျ​နော်​တို့ အ​ခြေအ​နေကို ​စောင့်​ကြည့်​ပြီးမှသာ တစ်​ခြားသူ​တွေ ​လျှောက်​သင့်မ​လျှောက်​သင့်​ ဆုံးဖြတ်​ပါလို့ အကြံ​ပေးချင်​ပါတယ်​" ဟု RB News သို့ပြောသည်။

ယခုအချိန်​ထိ ဘင်္ဂလီအမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ထားသူသည်​ ​မောင်​​တောမြို့နယ်​တွင်​ ဆယ်​ဂဏန်း​​အောက်​သာ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

လွန်​ခဲ့​သော အပတ်​ကစ၍ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အောင်​မျိုးမင်းထံ နိုင်​ငံသား​ လျှောက်​ရန်​ စာရင်း​ပေးသူများကလည်း ဤကဲ့သို့ အခွန်​​ဆောင်​ခိုင်း​နေ​သော သတင်း​ကြောင့်​ စိတ်​ကသိက​အောက်​ ဖြစ်​နေလျက်​ရှိပြီး အများစုက ဦး​အောင်​မျိုးမင်းထံ သွား​ရောက်​၍ ၎င်းတို့ မ​လျှောက်​လို​ကြောင်း ပြန်​အသနားခံလျက်​ ၎င်းတို့၏ အမည်​စာရင်းကို ဖျက်​ခဲ့​ကြောင်းလည်း စုံစမ်း သိရှိရပါသည်။ 

တစ်​ဆက်​တည်းမှာပင်​ ဇူလှိုင်​လ (၂၂) ရက်​​နေ့၊ ည​နေ (၇) နာရီတွင်​ ရန်​ကုန်​မြို့​​နေ ပြည်​ခိုင်​ဖြိုး အဖွဲ့ဝင်​ ဘင်္ဂလီ လူမျိုး အမည်ခံရန် သဘောတူနေသည့် ရိုဟင်ဂျာ အချို့်​ ​မောင်​​တောမြို့သို့ ရောက်​ရှိလာခဲ့သည်​။ ၎င်းတို့သည်​ ဇူလှိုင်​လ (၂၃) ရက်​​နေ့တွင်​ ​မောင်​​တောမြို့မှ လ.ဝ. ၏က ခရိုင်​မှူး၊ အမှတ်​(၁) နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူး ရဲမှူးချုပ်​တင်​ကိုကို တို့နှင့်​ ​တွေ့ဆုံခဲ့​ကြောင်း မောင်တောမြို့မှ ဒေသခံများက ပြောပါသည်။ 

၎င်းတို့အဖွဲ့က ​ဒေသခံ ရိုဟင်​ဂျာများကို ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ရန်​ စည်းရုံး​လိမ့်မည်​ဟု ​ဒေသခံများက သုံးသပ်​လျက်​ရှိ​နေကြပြီး ​အကယ်​၍ ရန်​ကုန်​မှ ​ရောက်​ရှိ လာ​သောအဖွဲ့က ဘင်္ဂလီ အမည်​ဖြင့်​ နိုင်​ငံသား​လျှောက်​ရန်​ မက်လုံးပေး၍ စည်းရုံးခဲ့လျှင်​လည်း လုံးဝ လက်​ခံမည်​ မဟုတ်​​ကြောင်း ​မောင်​​တော ဒေသခံများက ပြောဆိုနေကြသည်။ 

မောင်​​တော​မြို့​ပေါ်​နေ ရိုဟင်​ဂျာ ပညာတတ်​တစ်​​ဦး​က -- "ရန်​ကုန်​ကလာတဲ့လူ​တွေက ကျ​နော်​တို့ ရိုဟင်​ဂျာတစ်​မျိုးလုံးကို ကိုယ်​စားပြုတဲ့ ​ခေါင်း​ဆောင်​တွေ မဟုတ်​ဘူး၊ ကျ​နော်​တို့​ ​ဒေသခံ​တွေက ၂၀၁၀ မှာ ကိုယ်​တိုင်​ မဲ​ပေးလို့ ​ရွေး​ကောက်​တင်​​မြှောက်​တဲ့ လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေ ရှိတယ်​ဗျာ၊ သူတို့ကလည်း မဲသာ ယူသွားတာ၊ ​နောက်​ ဘယ်​​တုန်းကမှ ပြန်​လာပြီး ဘာတစ်​ခုမှ ​ဆော်​ရွက်​​ပေးခဲ့တာ မရှိဘူး၊ ၂၀၁၂ ခုနှစ်​ အ​ရေးအခင်း ကာလတုန်းက ကျွန်တော်တို့လူ​တွေကို မတရား အုပ်​စုလိုက်​ဖမ်းပြီး ​ထောင်​ချခဲ့တာ​တွေကို ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်​ဦး အ​နေနဲ့ ဘာမှ အကာအကွယ်​ မ​ပေးခဲ့ဘူး၊ အခုမှ လာပြီး အဓိပ္ပာယ်​မရှိတာ​တွေ ​ပြော​နေ​တော့ ​ဒေသခံ​တွေက စိတ်​ပျက်​မိပါတယ်​၊ ကျွန်တော် က​တော့ ဘင်္ဂလီနာမည်​နဲ့ ဘာကဒ်​​ပေး​ပေး လက်​မခံဘူးဗျာ...." ဟု RB News သို့ပြောပါသည်။



RB News
24.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဇူလိုင်လ (၁၈) ရက်နေ့က ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးသိန်းဆွေ ရောက်ရှိလာပြီး၊ မောင်တော မြို့နယ်ရှိ ပါတီရုံးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း အပါအ၀င် ပါတီဝင် အချို့နှင့် ပါတီကိစ္စရပ် ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး၊ ဦးအောင်မျိုးမင်း နှင့်လည်း သီးသန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ယာယီ သက်သေခံ ကဒ်ပြား (၀ှိုက်ကဒ်) ကိုင်ဆောင်သူများသည် ဥပဒေအရ မဲပေးပိုင်ခွင့် မရှိသောကြောင့် ဥပဒေအရ နိုင်ငံသား စီစစ်ခံရမည် ဖြစ်ကြောင်း၊ ပါတီ အောင်နိုင်ရေးနှင့် မဲထည့်ပိုင်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းပြီး၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ရှိသူများကို ဘင်္ဂလီ လူမျိုး အမည်ဖြင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) ထုတ်ပေးမှာ ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား မရှိသူများ အနေဖြင့် အစိမ်းနုရောင် ကဒ်ပြား ယူပြီး နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားရမှာ ဖြစ်ကြောင်း၊ ပြင်ပ စကားနားထောင်ပြီး စစ်ဆေးမခံရင် ရသင့် ရထိုက်သည့် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ကြောင်း၊ ယခု လွှတ်တော်တွင် ခင်ဗျားတို့ လူမျိုး ရှိနေတာကြောင့် ခင်ဗျားတို့ အခြေအနေကို တင်ပြခွင့် ရနေကြောင်း၊ မဲထည့်ခွင့် ဆုံးရှုံးသွားလျှင် လွှတ်တော်မှာ ခင်ဗျားတို့ အနေဖြင့် တင်ပြခွင့် ဆုံးရှုံး သွားမှာ ဖြစ်ကြောင်း၊ အစိမ်းနုရောင် ကဒ်ပြား လက်ခံပြီး စစ်ဆေးခံရန် ဦးအောင်မျိုးမင်းမှ စည်းရုံးရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဦးသိန်းဆွေက ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့တွင် မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း၏ ညီဖြစ်သူ ဦးမျိုးကိုကို ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ရန်ကုန်မြို့မှ မောင်တောမြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ အဖွဲ့တွင် (၁၁) ဦး ပါရှိပြီး မောင်တောမြို့ဖွား (၇) ဦးနှင့် ဘူးသီးတောင်မြို့ဖွား (၄) ဦး ဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် မောင်တောမြို့ ခွဆုံရှိ ဒေသဖွံ့ဖြိုးရေး ရုံးခန်းတွင် ကျေးရွာ အသီးသီးမှ ကျေးရွာ လူကြီး အချို့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

အဆိုပါ (၁၁) ဦးအဖွဲ့မှ တစ်ဦးက ပြောဆိုရာတွင် မိမိတို့ ခေတ်အဆက်ဆက်က အခွင့်အရေး ဆုံးရှုံးလာသည်မှာ နှစ် ၂၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံကမှ မိမိတို့၏ အခွင့်အရေး ယူပေးနိုင်ခြင်း မရှိကြောင်း၊ ပေးနိုင်မည်လည်း မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် ပြင်ပ စကားနားထောင်လျှင် သမိုင်းတွင် မှားလိမ့်မယ် ဖြစ်ကြောင်း၊ အစိုးရက မည်သည် အခါမှ ရိုဟင်ဂျာကို လက်ခံမည် မဟုတ်ကြောင်း၊ ယခု အစိုးရပေးနေသည့် အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ရှိသူများ နိုင်ငံသား လျှောက်လျှင် ဘင်္ဂလီဖြင့် တစ်ပတ်အတွင်း ပန်းရောင်ကဒ် ရမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် မရှိပါက အစိမ်းနုရောင် ကဒ်ပြားကို လက်ခံရမည် ဖြစ်ကြောင်း၊ ထိုကဒ်ပြားကို လက်ခံလျှင် ပန်းရောင် ရရန် လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လက်မခံသူများကို ငွေဖြင့် မက်လုံးပေး၍ လက်ခံလာအောင် ကြိုးစား စည်းရုံးရန် လိုကြောင်း၊ မိမိတို့ကို ပေးနေသည့် အခွင့်အရေးကို မယူတတ်လျှင် ယခုထက် အခက်အခဲ ရောက်သွားမည်မှာ သေချာကြောင်း ပြောဆိုခဲ့သည်။ 

ဒေသခံများက ၎င်းတို့ အနေဖြင့် အမျိုးမျိုး မက်လုံးပေး ပြောဆိုနေသော်လည်း အာမခံချက်နှင့် ယုံကြည်နိုင်ရန် မရှိသည့် စကားများ ဖြစ်သောကြောင့် အစိုးရ ဘက်တော်သားများ အပ ကျန်သည့် ရိုဟင်ဂျာများက လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုနေကြသည်။

Rohingya Exodus